အာဆတ်၏ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်းက ရုရှား အလယ်ပိုင်းတွင် ၎င်း၏ အသက်မွေးဝမ်းကြောင်းမှုအသစ်ကို ဖော်ပြ

News Image

  • အာဆတ်၏ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်းက ရုရှား အလယ်ပိုင်းတွင် ၎င်း၏ အသက်မွေးဝမ်းကြောင်းမှုအသစ်ကို ဖော်ပြ

ဆီးရီးယားသမ္မတဟောင်း ဘာရှာအာဆတ်၏ တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးသည် ရုရှားအလယ်ပိုင်းတွင် ခိုလှုံနေထိုင်လျက်ရှိပြီး ဒေသခံမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည်။ 66.RU သတင်းဌာနနှင့် အမည်မဖော်ပြရန် တောင်းဆိုချက်ဖြင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ၎င်းက ရုရှားလူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းရန် ရည်မှန်းထားပြီး ဆီးရီးယားသို့ ပြန်လည်အခြေချရန် စဉ်းစားမထားကြောင်း ပြောကြားခဲ့သည်။ 

၎င်းကို “Wolf” ဟူသော အမည်ဖြင့်သာ ဖော်ပြရန် တောင်းဆိုခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်းက ဒီဇင်ဘာလတွင် အစ္စလာမ်မစ် အစိုးရ ဆန့်ကျင်ရေး အုပ်စုများ၏ လျင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် အာဆတ်အစိုးရ ပြုတ်ကျခဲ့ပုံကို ပြန်လည်သတိရနေခဲ့သည်။ ထိုအချိန်က ၎င်း၏ အကြီးအကဲများအပါအဝင် တပ်ဖွဲ့ဝင်များစွာ တာဝန်မှ စွန့်ခွာထွက်ပြေးခဲ့ရကြသည် ကို ပြန်လည်မြင်ယောင်နေခဲ့သည်။

“မိမိ နားလည်ဖို့ ခက်ခဲပါသည်။ ဒါဟာ သစ္စာဖောက်မှုပါပဲ၊ အခြား နည်းလမ်း မရှိပါ” ဟု Wolf က ရုရှားသတင်းထောက်များအား ပြောကြားခဲ့သည်။

အာဏာသိမ်းခံရပြီးနောက် ထိုဗိုလ်ချုပ်ကြီးဟောင်းသည် အကြမ်းဖက် သမားများ၏ ညှဉ်းပန်းနှိပ်စက်မှုကို စိုးရိမ်သည့်အတွက် ဇနီးနှင့် သားသမီးများကို ပုန်းအောင်းရာတွင် ချန်ထားခဲ့ပြီး ညီမနှင့် တူနှစ်ဦးတို့နှင့်အတူ ရုရှား Khmeimim လေတပ်စခန်းသို့ ထွက်ပြေးရောက်ရှိခဲ့သည်။ ၎င်း၏ သားသမီးများအနေဖြင့် ထိုအန္တရာယ်များပြားသည့်ခရီးကို ပြီးဆုံးအောင် သွားရောက်နိုင်မည် မဟုတ်ကြောင်း ရှင်းပြခဲ့သည်။

ရုရှားသို့ ရောက်ရှိပြီးနောက် Sverdlovsk ဒေသသို့ ရောက်ရှိခဲ့သည်။ ဆိုဗီယက်ယူနီယံခေတ်က Leningrad (ယခု St. Petersburg) တွင် ပညာသင်ကြားခဲ့ဖူးသော Wolf သည် ရောက်ရှိချိန်တွင် ရုရှားစကားကို ကောင်းစွာပြောနိုင်သော်လည်း ဆက်လက်လေ့လာနေဆဲဖြစ်သည်။ 

ယာယီကာကွယ်စောင့်ရှောက်မှု (temporary protection status) ရရှိထားသော ၎င်းသည် ၎င်းနှင့်မိသားစုအတွက် ငွေကြေး အခက်အခဲ မရှိစေရန် အချိန်ပိုင်းအလုပ်တစ်ခုကို ရှာဖွေလုပ်ကိုင်နေရသည်။

“မိမိအနေဖြင့် စက်ရုံတစ်ခုခုမှာ တရားဝင်အလုပ်လုပ်နိုင်ရန်အတွက် စာရွက်စာတမ်းများကို စောင့်နေပါသည်။ နေထိုင်ခွင့်လျှောက်ထားချက် ကိုလည်း လုပ်ဆောင်နေပါသည်” ဟု ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား ခဲ့ပြီး တစ်နေ့လျှင် ၁၀ နာရီမှ ၁၂ နာရီအထိ မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ရန် အဆင်သင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံသည် နောက်ထပ်အနည်းဆုံး ၁၀ နှစ်ခန့် မငြိမ်မသက် ဖြစ်နေဦးမည်ဟု ၎င်းယုံကြည်သောကြောင့် ပြန်လည်အခြေချရန် မရည်ရွယ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “မိမိ၏ သားသမီး များကို ရုရှားမှာ သာမန်လူတွေလို နေထိုင်ခွင့်ပေးပါ” ဟု ဗိုလ်ချုပ်ကြီး ဟောင်းက အဆုံးသတ်ပြောကြားရင်း ယခုအခါ ၎င်းသည် “ဆီးရီးယား ထက် ရုရှားလူမျိုးတစ်ဦးကဲ့သို့ ပိုခံစားရကြောင်း” ခိုင်ခိုင်မာမာ ပြောကြား ခဲ့သည်။

၂၀၂၄ နှစ်ကုန်ပိုင်းတွင် လက်နက်ကိုင်ဆန့်ကျင်ရေးအုပ်စုများ အာဏာရလာပြီးနောက် အစ္စလာမ်မစ်ဝါဒီသမားများသည် အလာဝှိုတ်ဘာသာဝင် အနည်းစုအပါအဝင် ခရစ်ယာန်နှင့် ဒရူဇ်အသိုင်းအဝိုင်းများကို ဆီးရီးယား နိုင်ငံတစ်ဝှမ်း လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု သတင်းများအရ သိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂