ဥရောပတောင်ပိုင်း၌ အပူလှိုင်းများ ပြင်းထန်စွာမြင့်တက်နေ တောမီးလောင်နိုင်ခြေ သတိပေးချက် ထုတ်ပြန်ထားရ

News Image

  • ဥရောပတောင်ပိုင်း၌ အပူလှိုင်းများ ပြင်းထန်စွာမြင့်တက်နေ တောမီးလောင်နိုင်ခြေ သတိပေးချက် ထုတ်ပြန်ထားရ

ဥရောပတောင်ပိုင်းဒေသ တစ်ဝန်းတွင် အပူလှိုင်းများသည် ပြင်းထန်စွာမြင့်မားလာနေကြောင်း၊ အီတလီ၊ စပိန်နှင့် ဂရိတို့ အပါအဝင် နိုင်ငံအများအပြား၌ နေ့အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေကြောင်းနှင့် တာဝန်ရှိသူများက တောမီးလောင်နိုင်ခြေနှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုကဲ့သို့ အပူချိန်မြင့်တက်လာခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါပြင်းထန်သော ရာသီဥတုဖြစ်စဉ်များသည် ဥရောပတောင်ပိုင်းဒေသတစ်ဝန်း၌ ပိုမိုဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

အလားတူ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ အပူချိန်သည် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကာ နိုင်ငံ၏နယ်မြေသုံးပုံနှစ်ပုံသည် ဇွန်လ ၂၉ ရက်တွင် မြင့်မားသည့် အပူချိန်ကိုခံစားရပြီး တောမီးလောင်နိုင်ခြေလည်းရှိကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် အီတလီကျန်းမာရေးဝန်ကြီးဌာနသည် ရောမ၊ မီလန်နှင့် နေပယ်တို့ကဲ့သို့ ခရီးသွားများအများဆုံး လာရောက်ရာမြို့များ အပါအဝင် စောင့် ကြည့်ခံရသည့်မြို့ပေါင်း ၂၇ မြို့အနက် ၂၁ မြို့အတွက် အပူချိန်မြင့်တက်မှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အတူ ဂရိနိုင်ငံ အေသင်မြို့တောင်ပိုင်း၌ သီတင်းပတ်အကုန်တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ ပိုဆိုက်ဒန်ဘုရား ကျောင်းအနီး၌ လမ်းများကို ပိတ်ပြီး ကယ်ဆယ်ရေးများ လုပ်ရသည်အထိဖြစ်သည်။ အဆိုပါ တောမီးကို မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

MWD Web Portal