အထူးမိုးလေဝသသတင်း (၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

News Image

  • weather forecast
  • weather forecast
  • weather forecast

၁။      ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော‌ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၅-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့်ရှိ နိုင်ပါသည်။”

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ