အတိတ်သမိုင်းမှ သင်ခန်းစာယူရန် ရှီ၏ တိုက်တွန်းမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပြောဆိုလျက်ရှိ

News Image

အတိတ်သမိုင်းမှ သင်ခန်းစာယူရန် ရှီ၏ တိုက်တွန်းမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပြောဆိုလျက်ရှိ

အတိတ်သမိုင်းမှ သင်ခန်းစာယူရန်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို သင်ခန်းစာယူရန် တိုက်တွန်းထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား မကြာမီက Russian Gazette သတင်းစာ၌ ဖော်ပြခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းက ယင်းအား ထောက်ခံပြောဆိုလျက်ရှိသည်။ “အတိတ်သမိုင်းမှ သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု အမည်ပေးထားသော အဆိုပါ ဆောင်းပါး၌ ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲမှ အသိပညာ များ၊ ခွန်အားများ ရယူရန်၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အင်အားသုံး၍ လွှမ်းမိုး ခြယ်လှ

အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 အား တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

News Image

အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 အား တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ပြုပြင်ပြောင်းလဲထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုပြီး အဝေးထိန်း အာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 ကို ဒေသစံတော်ချိန် မေ ၁၂ ရက် ည ၉ နာရီ ၂၇ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပြီး လွှတ်တင်ရေး မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။ Yaogan-40 02 ဂြိုဟ်တု အုပ်စုကို အဓိကအားဖြင့် လျှပ်စစ်သံလိုက်ဝန်းကျင် စူးစမ်းရှာဖွေရေးလုပ်ငန်းများနှင့် သက်ဆိုင်သော နည်းပညာစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်နှင့် မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍ

Posted_Date

Image

ငလျင်ဘေးအန္တရာယ်နှင့် မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍ

Body

ယနေ့ကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးသက်ရောက်မှုများကို  ခံစားလျက်ရှိရာ   မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံ၏ ပထဝီအနေအထားအရ အယ်လ်ပိုဒ် (Alpide) ငလျင်ရပ်ဝန်းအတွင်းတည်ရှိနေပြီး  အဆိုပါငလျင်ရပ်ဝန်းသည်   ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့်   ဇုန်တစ်ခုဖြစ်သည်။ ထို့ပြင်  နိုင်ငံအတွင်း ပြတ်ရွေ့များစွာရှိပြီး အဆိုပါပြတ်ရွေ့များထဲတွင်   စစ်ကိုင်းပြတ်ရွေ့သည်  အရှည်လျားဆုံးဖြစ်ပြီး  နိုင်ငံ၏အလယ်ကိုဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။

ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများသည်   အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်သည်။  ငလျင်မှလွဲ၍ ကျန်ရှိသောဘေးအန္တရာယ်များသည်   ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်သည်။ ငလျင်ဘေးအန္တရာယ်မှာမူ ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြင်းထန်သော ငလျင်လှုပ်မည်ဆိုပါက   တုံ့ပြန်နိုင်မှုစွမ်းရည်နည်းပါးခြင်း၊ အသက်အိုးအိမ်စည်းစိမ်များ  ထိခိုက်ဆုံးရှုံးနိုင်ခြင်းနှင့် ငလျင်လှုပ်မည်ကို ကြိုတင်သတိပေးမည့် စနစ်များမရှိသေးခြင်းကြောင့် ငလျင်ဘေးအန္တရာယ်မှာ    အဖျက်စွမ်းအားအကြီးမားဆုံးသော  ဘေးအန္တရာယ်အဖြစ်ဆက်လက်တည်ရှိနေသည်။

မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် အင်အားအလွန်ပြင်းထန်သည့်ငလျင်များလှုပ်ခတ်ခဲ့သည်။ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက် အင်းဝဒေသ၌လှုပ်ခဲ့သော ငလျင်မှာ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၅ အထက်ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ အချို့မှတ်တမ်းများအရ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၉ ရှိသည်ဟုလည်း  ဆိုသည်။  ငလျင်ကြောင့် လူ ၅ဝဝ ကျော်ခန့်သေဆုံးခဲ့ပြီး စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရှိကြောင်းတွေ့ရသည်။

၁၉၃ဝ ပြည့်နှစ် မေလ ၅ ရက် ပဲခူးဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၃ အထက်ရှိသည့်ငလျင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၅ဝ ခန့်သေဆုံးခဲ့ကာ  နေအိမ်များနှင့် ရှေးဟောင်းသမိုင်းဝင်   အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါငလျင်သည် ပြင်းထန်စွာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အနည်းငယ်သာကွာခြားသည်ဟု သိရသည်။    

ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၁၀ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၀၈ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၉ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ၃၇ ကြိမ် စသည်ဖြင့် လှုပ်ခတ်ခဲ့ပြီး အကြမ်းအားဖြင့် အကြိမ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်လာသည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်မှုများနှင့်အတူ ၁၉၃၀ ပြည့်နှစ် အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးသည်မှာလည်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်သည်။ အင်အားပြင်းထန်သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၀၀ ခန့်လျှင် တစ်ကြိမ်လှုပ်ခတ်ကြောင်း အရပ်စကားလည်းရှိသည်။ အထက်ပါအကြောင်းအရာများနှင့် ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များအရ စစ်ကိုင်းငလျင်ကြောကြီးသည်   နောက်ထပ်တစ်ဖန် ပြန်လည်လှုပ်ခတ်ရန်အချိန်သို့ များစွာကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ထင်မြင်ယူဆခဲ့ကြဟန်ရှိသည်။   ဆိုလိုသည်မှာ ငလျင်ကြီးတစ်ခု   အချိန်မရွေးလှုပ်ခတ်နိုင်သည့် သဘောဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အဆောက်အအုံများပြိုကျပျက်စီးခြင်းကြောင့် သေကျေပျက်စီးမှုကြီးမားနိုင်ခြင်း၊ မီးလောင်ကျွမ်းနိုင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ ရေတွင်းများပျက်စီးခြင်း၊  တယ်လီဖုန်းတိုင်များ၊  လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မြို့ရေပေးဝေရေးစနစ်များ၊   မြို့ပြစက်မှုလုပ်ငန်းများ စသည့်   နိုင်ငံ၏ အရေးပါသောအသက်သွေးကြောလုပ်ငန်းစနစ်များ ပြတ်တောက်ခြင်းများဖြစ်ပွားလာနိုင်သည်။

နိုင်ငံတော်၏   မူဝါဒ/လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့် အညီ မီးသတ်ဦးစီးဌာနမှ  ဌာနအကြီးအကဲနှင့် အရာရှိကြီးများသည်   ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက   များပြားလှသော အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြသည်။ လိုအပ်သည့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဝယ်ယူဖြည့်တင်းခဲ့သည်။

ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊  လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်အတွက် မီးသတ်စခန်းအလိုက် လေ့ကျင့်ခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။   ထို့ပြင်  မေလ  ၅  ရက်တွင်  နှစ်စဉ်ကျရောက်သည့်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအဆင့် အင်အား ၁၁၆ ဦးဖြင့် နိုင်ငံတကာအဆင့်မီ ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းအစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နှစ်စဉ်နီးပါး အခါအားလျော်စွာ ထည့်သွင်းပြုလုပ်မှုများက သက်သေဖြစ်ပေသည်။

မတ်လ  ၂၈  ရက်တွင်   အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇  အဆင့်ရှိ   မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ နေရာဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။ယင်းငလျင်သည် အနက်တိမ်သောကြောင့်  (အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့်) သေဆုံးထိခိုက်ပျက်စီးမှုများပြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့်ဒေသများဖြစ်သော နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်    ရှမ်းပြည်နယ်တို့တွင် ဒေသခံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍   အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကနဦးဆောင်ရွက်ခဲ့ကြသည်။  အဆိုပါနေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသောဒေသများမှ   ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထပ်မံစုဖွဲ့၍ ငလျင်ဘေးဒဏ်သင့်ဒေသများသို့  အင်အားများဖြန့်ခွဲစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ   အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

မတ်လ ၂၉ ရက်မှစတင်၍  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊  စင်ကာပူနိုင်ငံ၊  ထိုင်းနိုင်ငံ၊     ဗီယက်နမ်နိုင်ငံ၊   လာအိုနိုင်ငံ၊ တရုတ်နိုင်ငံမှ China Search and Rescue Team၊ China International Search and Rescue Team၊ Yunnan Rescue and Medical Team  နှင့် Hong Kong Search and Rescue Team၊ အိန္ဒိယနိုင်ငံ၊    ဘင်္ဂလားဒေရှ့်နိုင်ငံ၊   UAE နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ တူကီယဲနိုင်ငံ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးဆိုင်ရာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။       

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့်ဒေသများတွင်   ယင်းဒေသရှိ   ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ  အသင့်လေ့ကျင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များကို ဖြန့်ခွဲစေလွှတ်ခဲ့ရာ နေပြည်တော်သို့ ၃၆၈ ဦး၊ မန္တလေးမြို့သို့ ၂၁၇ ဦး၊ စစ်ကိုင်းမြို့သို့ ၃၈ ဦးအား မတ်လ ၂၈ ရက်ညနေ ၃ နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ စေလွှတ်၍  လုပ်ငန်းများကို   ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည်   နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ   မရောက်ရှိမီ ငလျင်လှုပ်ခတ်ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံးသူ ၁၄၅ ဦး၊ ၃၆ နာရီအတွင်း အသက်ရှင်လျက် ၆၀၄ ဦး၊ သေဆုံးသူ ၃၄၈ ဦးတို့၏ ရုပ်အလောင်းများအား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့သည်။ မော်ကွန်းတင်ထားထိုက်သောမှတ်တမ်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှုမှာလည်း ကျေနပ်အားရစရာဖြစ်သည်။ စုဖွဲ့လေ့ကျင့်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်သည်။

နိုင်ငံတကာ  ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍  အသက်ရှင်သူ  ရှစ်ဦးနှင့်  သေဆုံးသူ ၁၉၉ ဦးတို့အား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့အနေဖြင့်    ဖြစ်စဉ်တစ်ခုလုံးတွင် အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၈၈ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့စာရင်းများအရသိရသည်။    ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်လျှင် တကယ်ဖြစ်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။

မီးသတ်တပ်ဖွဲ့အဖြစ်   ပေါ်ပေါက်လာသည့်အချိန်မှစ၍   ယနေ့အချိန်အထိ   နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူများ၏   အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သောအခြေအနေ မျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနဲ့   ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုတစ်ရပ်လုံးက မီးသတ်တပ်ဖွဲ့ကို အလေးထားအားကိုးကြသည်မှာ လွဲမည်မထင်ပါကြောင်းနှင့် မြန်မာ့လူ့ဘောင်အတွက်လည်း မရှိမဖြစ်အရေးပါသော တပ်ဖွဲ့ကြီးတစ်ခုဖြစ်သည်ဟု  ယုံကြည်ပါကြောင်း  (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုလျက်တင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories

 

မြေပဲသီးနှံအထွက်တိုးရေးအတွက် ဂရုပြုဆောင်ရွက်သင့်သည့်အချက်များ

Posted_Date

Image

မြေပဲသီးနှံအထွက်တိုးရေးအတွက် ဂရုပြုဆောင်ရွက်သင့်သည့်အချက်များ

Body

မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး   ၂၀၂၃-၂၀၂၄  ခုနှစ်   ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ  ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့်   မြေပဲသီးနှံမှဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်းဆီထွက်ရှိမှု၏ ၅၂ ဒသမ ၄၁ ရာခိုင်နှုန်း ထွက်ရှိခဲ့သည်။

မြေပဲသီးနှံသည် တစ်နှစ်ခံပဲမျိုးရင်းဝင်ပင်ဖြစ်ပြီး မြေပဲမျိုးကွဲများသည် စိုက်ပျိုးသည့်ဒေသအလိုက် ကွဲပြားလေ့ရှိပြီး အဓိကအားဖြင့် ပင်ထောင်မြေပဲမျိုးနှင့် ပင်ပြန့်မြေပဲမျိုးဟု ခွဲခြားထားသည်။ ပင်ထောင်မျိုးသည် ဘေးကိုင်းများထောင်၍ အပင်အမြင့်မှာ ၁၂ လက်မခန့်ရှိပြီး  ပင်စည်တွင် ပန်းပွင့်၍ သီးတောင့်နှစ်ဆစ်ပါပြီး သီးတောင့်တိုမျိုးဖြစ်သည်။ ပင်ပြန့်မျိုးတွင် ဘေးကိုင်းများသည် မြေတွင်ကပ်၍ ကြီးထွားပန်းပွင့်ပြီး အပင်သိပ်မမြင့်ဘဲ သီးတောင့်အဆစ်မှာ    ၂ - ၄ ဆစ်အထိရှိပြီး အတောင့်ကြီးမျိုးဖြစ်သည်။

မြေပဲစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြားဆီထွက်သီးနှံများထက်များလာခဲ့သော်လည်း မြေပဲစိုက်ပျိုးထုတ်လုပ်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။   ယခုအချိန်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး နိုင်ငံခြားမှ သွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ဆီထွက်သီးနှံအထွက်တိုးရေးအတွက် ဆီထွက် သီးနှံဇုန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တောင်သူများသည် ဆီထွက်သီးနှံများအထွက်တိုးရေးကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ရေးတို့သည် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်လာသည်။

ရာသီဥတု

မြေပဲသီးနှံသည် အပင်အညှောက်ပေါက်သည်မှ ရိတ်သိမ်းချိန်အထိ မျိုးကွဲအလိုက် အသက် ရက် ၁၁၀ - ၁၃၀ ခန့်ရှိပြီး တစ်နှစ်မိုးရွာသွန်းမှု ၂၀ - ၃၉  လက်မ စိုက်ပျိုးနိုင်သော်လည်း မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်အတွက် မိုးရေချိန် ၁၂ - ၁၆ လက်မ ရွာသွန်းသည့်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်သည် မြေပဲစိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း မြေပဲပန်းပွင့်ခြင်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး သီးနှံအထွက်နှုန်းကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံကြိုက်နှစ်သက်မှုမရှိသည့် ရာသီဥတုအခြေအနေများကိုလည်း ရှောင်လွှဲပြီး စိုက်ပျိုးမည့်ရာသီချိန်ကို သေချာစွာဂရုပြုရွေးချယ်သင့်သည်။

မြေအမျိုးအစား

မြေပဲသီးနှံသည် ရေစိမ့်ဝင်အားကောင်းပြီး မြေသားပွရွ၍ ကယ်စီယမ်နှင့် မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြေပဲပင်များကောင်းစွာကြီးထွားပြီး မြေပဲစွယ်များမြေထဲသို့ လွယ်ကူစွာထိုးဝင်နိုင်ရန်နှင့် ရိတ်သိမ်းရာတွင် မြေပဲတောင့်များ မြေထဲတွင်ကျန်ရစ်နိုင်မှု နည်းပါးစေရန်အတွက် မြေပဲစိုက်ပျိုးသည့်မြေသည် မြေမှုန်ဖွဲ့စည်းမှုအသွင်အပြင်နှင့် မြေမှုန်ဖွဲ့စည်းမှုကောင်းမွန်ရန် လိုအပ်သည်။ မြန်မာနိုင်ငံရှိ မြေပဲစိုက်ပျိုးရာဒေသများတွင် သဲနုန်း၊ နုန်းမြေ၊ နုန်းမြေစေးနှင့် သမမြေစေး စသည့်မြေများတွင်   စိုက်ပျိုးလျက်ရှိသော်လည်း ရွှံ့စေးမြေများတွင်စိုက်ပျိုးပါက နုတ်သိမ်းရာတွင် အခက်အခဲရှိသဖြင့် ရွှံ့စေးများတွင် မြေပဲစိုက်ပျိုးရန် မသင့်လျော်ပါ။ မြေပဲသီးနှံကို အနည်းငယ်စေးသောမြေများတွင် မြေပဲစိုက်ပျိုးပါက သဘာဝမြေဆွေးများနှင့်ရောမွှေ၍ ထွန်ရေးမှုန့်ညက်အောင် ပြုပြင်ဆောင်ရွက်သင့်သည်။ မြေပဲသီးနှံအား  မြေချဉ်ငန်ကိန်း   ၆ - ၆ ဒသမ ၅   တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။

စိုက်ပျိုးချိန်မြေပဲအစေ့အဆန်သည် အခြားဆီထွက်သီးနှံများထက် အစေ့အရွယ်အစားပိုကြီးသဖြင့် မြေပဲပင်မျိုးအညှောက်ပေါက်ရန်အတွက် အခြားသီးနှံများထက် အစိုဓာတ်ပိုမိုလိုအပ်သည်။ မိုးမြေပဲအား မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲအား အထက်မြန်မာပြည်တွင် စက်တင်ဘာလ၌ စိုက်ပျိုးကြပြီး ကိုင်းမြေကျွန်းမြေ၊ နုန်းတင်မြေနုမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးစိုက်ပျိုးအပြီးတွင် စိုက်ပျိုးကြသည်။

မြေပြုပြင်ခြင်း

မြေပဲသီးနှံကို ယာသီးနှံများအဖြစ်စိုက်ပျိုးကြရာတွင် မိုးရေများစိမ့်ဝင်ပြီး အစိုဓာတ်ထိန်းထားရန်အတွက် မိုးကြိုထယ်ရေးကြိုတင်ဆောင်ရွက်ထားသင့်သည်။ ထိုသို့ထယ်ရေးပြင်သည့်အခါ သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များကို မီးမရှို့ဘဲ မြေထဲသို့ပြန်ထည့်ခြင်းဖြင့် မြေဆွေးဓာတ်ရရှိစေပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုင်းမြေများနှင့် လယ်သီးထပ်စိုက်သောမြေများတွင် ထယ်ရေးကောင်းစေရန်အတွက် ပထမအကြိမ်ထယ်ထိုးပြီး ကျမ်းတုံးရိုက်ကာ  တစ်ညသိပ်ထားပြီးသည့်နောက် ထွန်မွှေခြင်းသည်လည်း မြေတွင်းအပူချိန်နှင့်    အစိုဓာတ်များထွက်ရှိလာမှုတို့ကြောင့်မြေသားမွလာပြီး ထယ်ရေးကောင်းစေမည်ဖြစ်သည်။ မြေမာကြော( Hard pan)ဖြစ်ပေါ်တတ်သည့် သဲမြေများတွင် မြေပဲစိုက်ပျိုးပါက မြေပဲပင်အမြစ်များသည် မြေမာကြောကို မထိုးဖောက်နိုင်ဘဲ အပေါ်ယံမြေရှိ အစိုဓာတ်နှင့်အာဟာရဓာတ်ကိုသာစုပ်ယူနိုင်ပြီး မြေမာကြောအောက်ရှိအစိုဓာတ်နှင့် အာဟာရဓာတ်များကို မစုပ်ယူနိုင်သည့်အတွက် မြေပဲအထွက်နှုန်းကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့်  မြေပဲသီးနှံစိုက်ပျိုးရာတွင် မြေသားမွပြီး ရေနှင့်အာဟာရဓာတ်စုပ်ယူမှုကောင်းစေရန်အတွက် ထယ်ရေးနက်နက် ပြုပြင်ခြင်းအားဖြင့် မြေပဲသီးနှံအထွက်တိုးရေးကို ဆောင်ရွက်သင့်သည်။

မျိုးရွေးချယ်ခြင်း

မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အရည်အသွေးကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသည့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မျိုးစေ့အဆန်ရွေးချယ်ရာတွင် မျိုးစေ့အဆန်ကွဲများ၊ လုံးပိန်လုံးညှက်များကိုဖယ်ရှား၍ မျိုးစေ့လုံးချောများကိုသာ   ရွေးချယ်စိုက်ပျိုးသင့်သည်။ လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် မြေပဲမျိုးများမှာ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ SP-121၊ တွန်တာနီ၊ မကွေး-၁၀၊ မကွေး-၁၁၊ မကွေး-၁၂ နှင့်  ကျောင်းကုန်းပင်ပြန့်တို့ဖြစ်သည်။ မြေပဲသီးနှံသည် ပဲမျိုးရင်းဝင်အပင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများထွက်ရှိပြီး လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်ရန်အတွက် မြေပဲမျိုးဆန်များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ ထို့ပြင် အပင်ပေါက်အားကောင်းစေရန်နှင့်  မှိုနှင့်ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေးအတွက် မျိုးဆန်အား မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရန် လိုအပ်သည်။

စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းမြေပဲသီးနှံအထွက်တိုးရေးတွင် တစ်ဧကသတ်မှတ်အပင်ဦးရေဝင်ဆံ့မှုသည် အရေးကြီးသည်။ ထို့ကြောင့် သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရာတွင် လွယ်ကူစေရန်အတွက် မြေပဲအားကြဲပက်စိုက်ပျိုးခြင်းထက် အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပင်ထောင်မြေပဲအား ပင်ကြား၊ တန်းကြား ၁၅"x ၄"နှင့် ပင်ပြန့်မြေပဲကို ပင်ကြား၊ တန်းကြား ၁၈" x ၆"ဖြင့် မျိုးစေ့အား ၁ ဒသမ ၅ လက်မ အနက်ထား၍ တစ်ဧကလျှင် မြေပဲမျိုးတောင့် ၆-၈ တင်း စိုက်ပျိုးသင့်သည်။ မြေပဲစိုက်ပျိုးရာတွင် အပူချိန်များ၍ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် နံနက်စောစောမှ နံနက် ၁၀ နာရီခွဲအထိနှင့် ညနေ နေကျချိန် ၄ နာရီနောက်ပိုင်းတွင်သာ စိုက်ပျိုးသင့်သည်။ ထို့ပြင် မြေပဲမျိုးစေ့ဆန်မျိုးစေ့ချပြီးပြီးချင်း (သို့) နာရီဝက်အတွင်း ကျမ်းတုံးရိုက်၍ ဖုံးအုပ်ရန်လိုအပ်သည်။ မြေပဲစိုက်ပျိုးရာတွင် အစိုဓာတ်အုပ်မိစေရန်၊ သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရန်နှင့် မျိုးစေ့နှုန်းထားသက်သာစေရန်အတွက်    လက်ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာကိုအသုံးပြု၍ စိုက်ပျိုးသင့်သည်။

မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈-၁၀ ပတ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီးသီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံးကာလများဖြစ်သည်။  ထို့ကြောင့်  ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင်ဆောင်ရွက်ပေးခြင်းသည် မြေပဲသီးနှံအထွက်တိုးစေနိုင်မည်ဖြစ်သည်။

မြေပဲသီးနှံစိုက်ပျိုးရာတွင် ပေါင်းမြက်နှင့် ပိုးမွှားရောဂါကြောင့် သီးနှံအထွက်ထိခိုက်စေနိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်သည်။ မြေပဲစိုက်ပျိုးပြီး ၄ - ၅ ရက်သားတွင် စိုက်ပျိုးမြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်း၍ မြေတွင်းအပူချိန်လျော့နည်းပြီး အစာရေစာချက်လုပ်မှုအားကောင်းစေရန် မျိုးအညှောက်ကုန်းချိန် ကြားတိုက်ပေးရန်လိုအပ်သည်။ ထို့ပြင်  ကြားတိုက်ခြင်းအားဖြင့် တန်းကြားတွင်ပေါက်ရောက်နေသည့် ပေါင်းမြက်များကို ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေသည်။ လေ့လာတွေ့ရှိချက်များအရ မြေပဲသီးနှံအတွက် ပေါင်းမြက်ကင်းစင်ရန်ကာလသို့မဟုတ်လက်ပေါင်းရှင်းသင့်သည့်အချိန်မှာ စိုက်ပျိုးပြီး ၁၀ - ၂၀ ရက်သားတွင် အလေးပေးဆောင်ရွက်သင့်သည်။ လက်ပေါင်းလိုက်ခြင်းအပြင် ဓာတုပေါင်းသတ်ဆေးများကိုလည်းအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။

ယာသီးနှံများစိုက်ပျိုးရာတွင် မြေကြီးအစိုဓာတ်ထိန်းရန်နှင့် သီးနှံပင်အတွက်သစ်ဆွေးဓာတ်များရရှိစေရန်အတွက် သဘာဝမြေဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် တင်း ၂၀ ပါ လှည်းငါးစီးမှခြောက်စီးနှုန်းကို နှစ်စဉ်ထည့်ပေးသင့်သည်။ မြေပဲသီးနှံသည် ပဲမြစ်ဖုဗက်တီးရီးယား (Rhizobium) ၏အစွမ်းဖြင့် လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမျိုးရင်းဝင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများဖြစ်ပေါ်ရန်အတွက် နိုက်ထရိုဂျင်မြေဩဇာအား  သီးနှံစိုက်ပျိုးချိန်တွင် ထည့်သွင်းပေးသင့်

သည်။ ပဲမြစ်ဖုများမှ ဖမ်းယူပေးသော  နိုက်ထရိုဂျင်သည် သီးနှံပင်လိုအပ်သည့် နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းကို သာရရှိနိုင်သဖြင့် မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင်မြေဩဇာထည့်သွင်းပေးခြင်း အားဖြင့် သီးတောင့်အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်သည်။ မြေပဲပန်းတိုင်သီးနှံ အထွက်တိုးရန်အတွက် ယူရီးယား တစ်ဧက ၁၉ ကီလိုဂရမ်အား မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်းပေးသင့်သည်။

 မြေပဲမြစ်ဖုများများထွက်စေရန်နှင့် မြေပဲအတောင့်များဖြစ်ပေါ်စေရန်အတွက် တစ်ဧကလျှင် တီစူပါ ၃၈ ကီလိုဂရမ်နှုန်းနှင့်  မြေပဲသီးနှံပင်များ အစာချက်လုပ်ရန်နှင့် အတောင့်ကြီးထွားစေရန် ပိုတက်မြေဩဇာအား တစ်ဧက ၁၉ ကီလိုဂရမ်တို့အား မြေပြုပြင်ချိန်တွင် ထည့်သွင်းပေးသင့် သည်။ မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆမ်ကျောက်မှုန့်အား ထည့်သွင်းပေးခြင်းအားဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင်လိုအပ်သည့် ကယ်စီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဂျစ်ပဆမ် ကျောက်မှုန့်အား စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၁၁၄-၁၃၆ ကီလိုဂရမ်အား ထည့်သွင်း ပေးသင့်သည်။

သို့ရာတွင် ဂျစ်ပဆမ်ကျောက်မှုန့်ထည့်သွင်းချိန်တွင် အစိုဓာတ်လုံလောက်ရန်လည်း အရေးကြီးသည်။

လေ့လာတွေ့ရှိချက်များအရ ပိုးမွှားရောဂါကျရောက်မှုကြောင့် နှစ်စဉ်သီးနှံ၏အထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်ပြီး မိုးမြေပဲတွင် ပင်ငယ်စဉ်တွင် ဖိုးလမင်းကျိုင်း၊ ခြ၊ ရွက်လိပ် ရွက်ကပ်ပိုးနှင့် စုပ်စားပိုးများကျရောက်တတ်ပြီး ဆောင်းမြေပဲတွင် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှောင်တောင်နှင့် ရွက်စုံစားခူများ ကျရောက်တတ်သည်။ မြေပဲသီးနှံသည် ရောဂါကျရောက်မှုများသော သီးနှံဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မြေပဲရွက်ပြောက်ရောဂါ၊ ပင်စည်ရင်းပုပ်၊ ပင်စည်ပုပ်နှင့် သံချေးရောဂါများ ကျရောက်ကြောင်းတွေ့ရှိရသည်။ မြေပဲရွက်ပြောက်ရောဂါကာကွယ်ရန်အတွက် သီးနှံပင်မြေပဲပင်အကြွင်းအကျန်များကို မီးရှို့ခြင်း၊ အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးဖျန်း၍ ကာကွယ်သင့်သည်။ မြေပဲအညွန့်ပုပ်( Aspergilus crownrot)၊ ပင်စည်ရင်းပုပ်နှင့် အပင်ပေါက်လောင်မီးရောဂါတို့သည် မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မြေပဲပင် သက်တမ်းတစ်လျှောက် ကျရောက်နိုင်သဖြင့် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် သေချာစွာ လူးနယ် စိုက်ပျိုးသင့်သည်။

မြေပဲအထွက်နှုန်းလျော့နည်းမှုမဖြစ်စေရန်အတွက် ရိတ်သိမ်းချိန်တွင် ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည်။ မျိုးကွဲအလိုက်သက်တမ်းအလိုက် မြေပဲရွက်များ အဝါရောင်သို့ပြောင်းသည့်အချိန်တွင် အပင်အချို့အားနုတ်ယူ၍ မြေပဲတောင့်ရင့်မှည့်မှုအား စစ်ဆေးရ မည်ဖြစ်သည်။ မြေပဲအတောင့် ၇၀ ရာခိုင်နှုန်းနှင့်အထက် ရင့်မှည့်ပါက မြေပဲအား ရိတ်သိမ်းရန် လိုအပ်သည်။ မရင့်မှည့်သေးသည့် မြေပဲအတောင့်အနုများကို စောင့်ဆိုင်းခြင်းဖြင့် ရင့်မှည့်ပြီး မြေပဲတောင့်များ အဆန်များကွဲထွက်၍ ဆုံးရှုံးစေနိုင်သဖြင့် ရိတ်သိမ်းရန်စစ်ဆေးခြင်းအား တောင်သူ များဂရုပြု၍ ဆောင်ရွက်သင့်သည်။ ရိတ်သိမ်းပြီးသည့်အခါ မြေပဲအတောင့်ခူးဆွတ်ခြင်းအား အလျင်အမြန်ဆောင်ရွက်နိုင်ရန် ရိတ်သိမ်းပြီး မြေပဲပင်များအား ခုနစ်ရက်ခန့်နေလှန်း၍ အသီးတောင့် ခြွေခြင်းများပြုလုပ်သင့်သည်။ ခူးဆွတ်ပြီးမြေပဲတောင့်များသိုလှောင်ရာတွင် မှိုကြောင့် အတောင့်များ မပုပ်စေရန်အတွက် မြေပဲအတောင့်အား အစိုဓာတ် ၆-၈ ရာခိုင်နှုန်းမှာ လေလုံအိတ်/ခွက်များ အတွင်း သိမ်းဆည်းသိုလှောင်သင့်ပါသည်။

မြေပဲသီးနှံပန်းတိုင်အထွက်နှုန်း တင်း ၇၀ ရရှိရေးဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် လုပ်ငန်းများမှာ-

(၁) မျိုးရွေးချယ်ရာတွင် မိုးခေါင်ဒဏ်ခံရသည့် မြေပဲစိုက်ခင်းမှမြေပဲကို မျိုးအဖြစ်အသုံးမပြုရန်၊

(၂) မျိုးစေ့အဆန်ရွေးချယ်ရာတွင်  နုလွန်း၊ ရင့်လွန်းခြင်းမရှိစေရေန်နှင့် အစေ့၊  အခွံထိခိုက်သော အစေ့များအား ဖယ်ရှားရန်၊ မျိုးစေ့- အပင်ပေါက်ရာခိုင်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးရန်၊

(၃) စိုက်ပျိုးရာသီချိန်မှန်ကန်စွာရွေးချယ်ရန်၊

(၄) စိုက်ပျိုးမည့်မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊

(၅) ကယ်စီယမ်ဓာတ် အပြည့်ပါရန် အပင် ၄၅ ရက်သား၌ လချေး/ကျောက်မှုန့် သုံးထားသော အကွက်မှ မြေပဲကိုမျိုးအဖြစ်သုံးပါ။

(၆) မျိုးထားမည့်စိုက်ခင်းအား နုတ်သိမ်းချိန်နီးက ရေမသွင်းရန်၊

(၇) ရိတ်သိမ်းချိန် စောလွန်း/နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်အချက်များအား အလေးထား ဆောင်ရွက်သင့်သည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ

မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်သည်။ မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြ သည်။

နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုး၍ ရရှိသည့်မြေများတွင်  နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။    ။      

Source: https://myawady.net.mm/stories