တံတားဦးမြို့နယ်တွင် ဝါးထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဝါးထရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူများထံမှ သိရသည် ။

အမြဲအမှတ်ရနေရမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ

Posted_Date

Image

အမြဲအမှတ်ရနေရမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ

Body

ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့  ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။  နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက်  အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။  ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့  ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။   ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပအဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကိုခြိမ်းခြောက်လာတဲ့  ရန်သူတွေကိုတိုက်ခိုက်ခြင်းဖြင့်အသက်ပေးလှူခဲ့ကြရသူ   ဆိုဗီယက်စစ်သည်နဲ့   အရပ်သားစုစုပေါင်း  ၂၆  သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေမည်မျှပင်ကြာမြင့်လာသည်ဖြစ်စေမေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊   အမှန်တရားအတိုင်းအောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသောနေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။

ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာရဲ့အစိုးရနဲ့ သူ့ဥရောပအဆွယ်အပွားတွေရဲ့   စစ်အင်အားကိုအလုံးစုံပျက်သုဉ်းအောင်   ချေမှုန်းနိုင်ဖို့အတွက် တိကျပြတ်သားပြီးအခြေခံကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲရဲ့ပထမသုံးနှစ်တာကာလအတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုကနာဇီဂျာမနီတို့ကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး အဲဒီအချိန်တုန်းက  သိမ်းပိုက်ခံထားရတဲ့ ဥရောပဒေသတစ်ခွင်လုံးဟာ နာဇီတပ်တော်ကြီးအတွက်သာ အလုပ်တွေလုပ်ခဲ့ရတာပါ။ ဂျာမနီတို့ကလက်နက်ချအညံ့ခံသွားပြီးနောက်     ဆိုဗီယက်ပြည်ထောင်စုက  မဟာမိတ်များအပေါ်ပေးထားတဲ့သူ့ရဲ့ကတိပြုမှုများကိုလိုက်နာတဲ့အနေနဲ့ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ဂျပန်တို့ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။    ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်၊ ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ ဘေးဒုက္ခပေါင်းများစွာသင့်ခဲ့ရတာပါ။

မိမိတို့အနေနဲ့ ဝင်ရိုးတန်းတပ်ဖွဲ့များဖြစ်တဲ့ နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနဲ့ ဂျပန်အင်ပါယာတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ တရုတ်နိုင်ငံမှစစ်သည်များနဲ့ထောက်ခံသူများအားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ ဒီလိုမျိုး စုပေါင်းစွမ်းအားတွေကြောင့်ပဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့တာပါ။ဒါကြောင့် မိမိတို့က ဘုံရန်သူနဲ့ပတ်သက်ပြီး မိမိတို့ရဲ့အတူတကွလက်တွဲလှုပ်ရှားမှုများနဲ့ မဟာမိတ်များရဲ့အစဉ်အလာများကို ထာဝရအမှတ်ရနေမှာဖြစ်ပါတယ်။

မဟာအောင်ပွဲကြီးက အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာအားပေးမြှင့်တင်နိုင်ခဲ့ပြီး နယ်ချဲ့ကိုလိုနီ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းစဉ်ကိုလည်း စတင်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများကိုချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင်ဗမာ)အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)    တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို    ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကိုစုစည်းခဲ့တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို  မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးကနေထွက်ပေါ်လာတဲ့ အရေးအကြီးဆုံးသောရလဒ်များအနက် တစ်ခုမှာ ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အောင်နိုင်သူအင်အားကြီးနိုင်ငံဖြစ်တဲ့    ရုရှားနိုင်ငံက  ဒီနှစ်မှာပဲနှစ်(၈၀)ပြည့်မြောက်မယ့်  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးပေါ်ပေါက်လာဖို့နဲ့   ကောင်းစွာရပ်တည်နိုင်စေဖို့   ကြီးမားသောကူညီထောက်ပံ့မှုတွေပေးနိုင်ခဲ့ပါတယ်။  အခုဆိုရင်  ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာတစ်ခုကို  မှန်ကန်စွာရယူထားနိုင်တာဖြစ်ပါတယ်။

ရုရှားနိုင်ငံက    နောက်ထပ်ကမ္ဘာစစ်ပွဲကြီးတွေဖြစ်ပွားစေမယ့်ကပ်ဆိုးကနေ ကမ္ဘာကြီးကိုဘေးကင်းအောင်ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက်   သမိုင်းကြောင်းအရ ရယူရမယ့်တာဝန်ဝတ္တရားကို နားလည်သိရှိထားပါတယ်။ မိမိတို့ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒသဘောတရားက လက်ရှိထွန်းသစ်စဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှု  ဗဟိုပူးပေါင်းဆောင်ရွက်မှုယန္တရားအဖြစ်ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးအပေါ် ဦးစားပေးထားပါတယ်။ ဒီရည်မှန်းချက်ဆီဦးတည်သွားရာမှာ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို  အများစုအဖြစ်   ကိုယ်စားပြုတဲ့စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မှာပြီးဆုံးခဲ့ပေမယ့်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခကြီးတွေမှာ သူ့ရဲ့ပဲ့တင်ထပ်သံကို ကြားယောင်နေရဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေကိုဖန်တီးသူတွေက Das Dritte Reich ရဲ့ဘာလင်စာအုပ်ထဲမှာဖော်ပြထားသလိုမျိုး မတူကွဲပြားသောဝါဒနဲ့ သာလွန်မှုကိုကြိုက်နှစ်သက်ပါတယ်ဆိုသောသူများဖြစ်ပါတယ်။   ကိုလိုနီနယ်ချဲ့မူဝါဒကို လိမ်လည်လှည့်စားမှုနဲ့လှည့်ဖြားမှုတို့ဖြင့် ဖုံးကွယ်ထားတဲ့အနောက်အုပ်စုအင်အားကြီးနိုင်ငံများကြောင့် ဒုတိယကမ္ဘာစစ်ဆိုတဲ့အကြောင်းရင်းများ၊   အကျိုးရလဒ်များနဲ့ပတ်သက်တဲ့ သမိုင်းအချက်အလက်အမှားတွေကိုမိမိတို့အနေနဲ့သိမြင်ခဲ့ကြရပါတယ်။ သူတို့က မျိုးနွယ်စုများကြား၊ ဘာသာရေးအသိုက်အဝန်းများကြားဒေသတွင်းပဋိပက္ခများဖြစ်ပွားအောင် မီးထိုးပေးခြင်းအားဖြင့် ရောမအင်ပါယာရဲ့အဆိုအမိန့်ဖြစ်တဲ့ “သွေးခွဲအုပ်ချုပ်” ဆိုတဲ့ဆိုရိုးစကားနဲ့အညီ တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်တွေကနေ အချုပ်အခြာအာဏာနဲ့ လွတ်လပ်သောနိုင်ငံများကို အခြားနိုင်ငံများနဲ့ ခွဲထုတ်ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဥရောပဒေသအနှံ့အပြားမှာ နာဇီဝါဒကိုအမွှမ်းတင်ဖို့ လုပ်ဆောင်တဲ့ကြိုးပမ်းမှုတွေကို ထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ ဘောတစ်ဒေသနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံတို့မှာ ပြည်တွင်း နာဇီရာဇဝတ်သမားများနဲ့ ကြံရာပါပူးပေါင်းဆောင်ရွက်သူများ ပြန်လည်နိုးထလာခြင်းဟာ ဥရောပသမဂ္ဂရဲ့တရားဝင်မူဝါဒနဲ့အညီဆိုသလိုဖြစ်လာပြီး ဒါဟာ နိုင်ငံရေးနဲ့စိတ်ဓာတ်ရေးရာမှာနိမ့်ကျခြင်းတို့ရဲ့  ထင်သာမြင်သာရှိသော ဥပမာများကို  မျက်စိစုံမှိတ်ထားသလိုဖြစ်နေပါတယ်။

ထိုသို့ဆိုးလာသည့်တိုင်အောင် ယူကရိန်းနိုင်ငံအတွင်းရှိ နာဇီကိုလိုလားတဲ့အစွန်းရောက်အမျိုးသားရေးအင်အားစုများကို အနောက်အုပ်စုမှခေါင်းဆောင်များက မသိမသာအတည်ပြုထောက်ခံပေးနေခြင်းကြောင့်ယူကရိန်းအစိုးရကိုယ်တိုင်ကရုရှားနိုင်ငံသားများအများဆုံး နေထိုင်လျက်ရှိတဲ့ဒေသများရှိ သာမန်ပြည်သူများနဲ့ နိုင်ငံရေးအတိုက်အခံအင်အားစုများအပေါ် ကြမ်းကြုတ်ရက်စက်မှုများစွာကျူးလွန်လာနိုင်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားတဲ့ သွေးမြေကျ   အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ယူကရိန်းအစိုးရက ဒွန်းဘက်ဒေသမှာဆိုးရွားပြင်းထန်လှတဲ့ စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲကာ မြို့ကြီးပြကြီးတွေမှာ   မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ အရပ်သားပြည်သူထောင်ပေါင်းများစွာရဲ့အသက်ဇီဝိန်များကို ခြွေယူခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်းခေါင်းဆောင်များက သူတို့ကိုယ်သူတို့ NATO တပ်ဖွဲ့အတွက် မြို့တံခါးဖျက်သစ်တုံးအဖြစ်ကိုရွေးချယ်ခဲ့တာကြောင့် ဒါဟာရုရှားနိုင်ငံအတွက် စစ်ရေးအရတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့်လည်း ပဋိပက္ခက မလွဲမသွေဖြစ်လာရတာဖြစ်ပါတယ်။  ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းအထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့စစ်သည်တွေကို    မိန့်ခွန်းပြောကြားရာမှာ “ဒီကနေ့အချိန်အခါမှာ ရဲဘော်တို့က အတိတ်မှာဆိုရင်လည်း အမိမြေရဲ့လုံ ခြုံရေးနဲ့အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ရသလို ဒုတိယကမ္ဘာစစ်ကြီးကပေးတဲ့သင်ခန်းစာကိုလည်း ဘယ်သူမှမေ့ပျောက်လို့မရအောင်စွမ်းဆောင်ခဲ့ပြီး ကမ္ဘာကြီးမှာ နှိပ်စက်ညှဉ်းပန်းသူများ၊ လူသတ်သမားများနဲ့   နာဇီများအတွက် နေစရာနေရာမရှိအောင်   ဆောင်ရွက်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့တာရှိပါတယ်။

အာရှနဲ့ပစိဖိတ်ဒေသမှာဆိုရင် ဂျပန်အာဏာပိုင်များက   အင်ပါယာစနစ်ဆိုးကြီးရဲ့အမှားများကို ဘယ်တုန်းကမှ  နောင်တမရခဲ့ဘဲ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်နဲ့ထိပ်တိုက်ရင်ဆိုင်ရန်လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ပုံပြုခြင်းလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းပြီး   မဟာမိတ်ဖွဲ့စည်းတည်ထောင်မှုများကို  လုပ်ဆောင်လာလျက်ရှိပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ အငြင်းပွားမှုများစွာရှိသော်လည်း ရုရှားနိုင်ငံကတော့ တူညီမှုရှိပြီး ခွဲခြားလို့မရနိုင်တဲ့လုံခြုံရေးစနစ်တည်ဆောက်မှုကိုသာ အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ ဒီလုံခြုံရေးစနစ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ်အရေးကြီးတဲ့စနစ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ BRICS အဖွဲ့တို့မှာရှိတဲ့ စိတ်တူသဘောတူရှိသောမိတ်ဖက်နိုင်ငံများနဲ့အတူ မဟာယူရေးရှားဒေသနဲ့နောက်ပိုင်းမှာလုံခြုံရေးပုံစံအသစ်ထွက်ပေါ်လာရေးကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဘုံရန်သူကိုတိုက်ခိုက်ရာမှာတွေ့ကြုံခဲ့ရတဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံတို့အပေါ်ယုံကြည်မှုက နိုင်ငံအားလုံးရဲ့ လွတ်လပ်ပြီးကိုယ်ပိုင်သတ်မှတ်ချက်ရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက်တူညီသောအခွင့်အလမ်းမူဝါဒများအပေါ် အခြေခံတဲ့မျှတမှုရှိသောကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာမှာအခြေခိုင်စေမှာဖြစ်ပါတယ်။

မိမိတို့အနေဖြင့်   အနိုင်မခံအရှုံးမပေးသောအောင်နိုင်သူမျိုးဆက်များအဖြစ် ဂုဏ်ယူဝင့်ကြွားရပါတယ်။ သူတို့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ မိမိတို့အနေနဲ့ ဒုတိယကမ္ဘာစစ်မှကြမ်းတမ်းတဲ့သင်ခန်းစာများကိုမှတ်သားလေ့လာပြီး ဒီအမှားများကိုနောက်တစ်ကြိမ်မကျူးလွန်စေဖို့နဲ့   နာဇီဝါဒကိုအောင်နိုင်ခဲ့သူများရဲ့ အမှတ်တရများကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်  တာဝန်ရှိပါတယ်။

သူတို့က မိမိတို့ကို တာဝန်ဝတ္တရားနဲ့  နိုးကြားမှုရှိကာနောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို   ရှောင်လွှဲနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ဆောင်မယ့်သူများအဖြစ် ယုံကြည်ကိုးစားခဲ့ကြတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

Source: https://myawady.net.mm/stories 

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

News Image

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၀ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦးက လတ်တလောကာလများတွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှု အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယက-ပါကစ္စတန် Nur Khan လေတပ် စခန်း စသည့်အဆောက်အဦများကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပါကစ္စတန်ဘက်က “Operation Bunyan-ul-Marsoos” စစ်ရေးလှုပ်ရှားမှု စတင်လိုက်ပြီဖြစ်သည်ဟု ပါကစ

လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးများ လန်းဆန်းရှင်သန်ကြပါစေ

Posted_Date

Image

လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးများ လန်းဆန်းရှင်သန်ကြပါစေ

Body

တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်ကကြီးမှူးကျင်းပစစ်ဆေးပေးသည့် နိုင်ငံတော်အဆင့်စာမေးပွဲဖြစ်သည်။ ထိုစာမေးပွဲအောင်မြင်သည့်ရမှတ်အပေါ်မူတည်ပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များနှင့် အခြားသောတက္ကသိုလ်များသို့ ဆက်လက်သင်ယူကြရသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသူများသည် ရည်မှန်းချက်အမျိုးမျိုးရှိသည်။  ရည်မှန်းချက်ပြည့်မြောက်အောင်သင်ယူလေ့လာဆည်းပူးကြသည်။ ကြိုးစားပမ်းစားအားထုတ်ကြသည်။ ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ကြိုးစားပြင်ဆင်လျက်ရှိကြသည်။  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်သူများအားလုံးသည် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်လိုကြသူများချည်းသာ ဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင်  ရုတ်တရက်အင်အားပြင်းငလျင်လှုပ်ခတ်သည့်အချိန်တိုအတွင်း တစ်ခဏချင်းမှာပင် ငလျင်ဘေးဒဏ်သင့်နေရာအသီးသီး၌ လမ်းများ၊ တံတားများ၊ လူနေအဆောက်အအုံများ၊   ဘာသာရေးအဆောက်အအုံများ၊  ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ စသည့်အဆောက်အအုံများ  ထိခိုက်ပျက်စီးခြင်းနှင့်အတူ ဆက်သွယ်ရေးလမ်းကြောင်းများ၊ လျှပ်စစ်မီးများပါထိခိုက်ပျက်စီးခဲ့ရသည်။ အဆောက်အအုံအသီးသီးပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။  အချို့သေဆုံးခဲ့ကြရသည်။  စိတ်မသက်သာစရာအနိဋ္ဌာရုံများက တစ်မုဟုတ်ချင်းဖြစ်ပေါ်လာသည်။

ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်သည် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် မီးလောင်မှုပါဖြစ်ပေါ်ခဲ့ရသည်။ ထိုမီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်သို့ရောက်ရှိလျက်ရှိသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစာအုပ်များမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။  ထိုအဖြေလွှာစာအုပ်များမှာ မန္တလေးတိုင်းဒေသကြီးမှ  ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏အဖြေလွှာအုပ်ရေ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့ဖြစ်ကြောင်း ကြားသိရသည်။ ထိုဒေသများရှိ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားကြသော ကျောင်းသား၊ ကျောင်းသူလေးများအရေး  စိတ်မအေးဖြစ်ရသည်။ စိတ်ပူမိသည်။ 

စာမေးပွဲစစ်ဆေးခြင်းသည် တတ်မြောက်ကျွမ်းကျင်မှုအရည်အချင်းကိုစစ်ဆေးခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုကြမည့်သူတိုင်း အောင်လိုစိတ်ချင်းတူညီကြသည်။ အောင်လိုစိတ်ချင်းတူညီနေလင့်ကစား တစ်ဦးနှင့်တစ်ဦး၏ ရည်မှန်းချက်ချင်းတူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။

ကြိုးစားအားထုတ်ဝါယမစိုက်ထုတ်ပုံချင်း တူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်ပုံချင်းတူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။ တစ်ဦးနှင့်တစ်ဦးကား အလုံးစုံမတူညီနိုင်ပေ။ ထိုမတူညီသောအခြေအနေအရပ်ရပ်အပေါ်တည်မှီပြီး အချို့စာမေးပွဲအောင်ကြသည်၊ အချို့စာမေးပွဲကျရှုံးကြသည်။ ရိုးရိုးသာမန်အောင်ကြသူများလည်းရှိသည်၊ ထူးချွန်စွာအောင်ကြသူများလည်းရှိပေသည်။  ကြိုးစားအားထုတ်ဝါယမစိုက်မှုအပေါ်မူတည်ပြီး အောင်မြင်မှုအဆင့်ချင်းကွဲပြားခြားနားရခြင်းဖြစ်ပေသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်  မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်မှုဖြစ်ပွားရာ၌ လောင်ကျွမ်းပျက်စီးသွားသောအဖြေလွှာများထဲတွင် ကျရှုံးမည့်အဖြေလွှာများ၊ အမှတ်အနည်းအများအလိုက်အောင်မြင်မည့်အဖြေလွှာများ၊ ထူးချွန်စွာအောင်မြင်မည့်အဖြေလွှာများပါဝင်နေမည်မှာသေချာသည်။  လက်လွတ်စပယ် မစဉ်းစားမချင့်ချိန်ဘဲ  လျစ်လျူရှုမထားသင့်သောကိစ္စဖြစ်သည်။ အချို့က လတ်တလောဖြစ်ပေါ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မီးလောင်ပျက်စီးသွားသည့် အဖြေလွှာစာအုပ်များကိစ္စအတွက်  ရေရှည်မစဉ်းစားဘဲ လတ်တလောစိတ်ခံစားမှုကို ရှေ့တန်းတင်လာကြသည်။ ဖြစ်စဉ်ပါ ဖြေဆိုခဲ့သည့်ကျောင်းသား၊ ကျောင်းသူတို့၏ရေရှည်အကျိုးကိုမျှော်မှန်းပြီး အများစုက ပြန်လည်စစ်ဆေးဖြေဆိုစေချင်ကြသည်။ ရေရှည်ကောင်းကျိုးကိုမစဉ်းစားဘဲ လတ်တလောစိတ်ခံစားချက်ကို ရှေ့တန်းတင်သည့်လူအနည်းစုက ပြန်လည်စစ်ဆေးဖြေဆိုခြင်းမပြုဘဲ ဖြစ်စဉ်ပါ ဖြေဆိုသူအားလုံးကို သနားကရုဏာသက်ကာ အအောင်ပေးစေချင်ကြသည်။  သနားကရုဏာသက်ကာ အအောင်ပေးချင်သူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဟူသည် အခြေခံပညာမှအဆင့်မြင့်ပညာသို့ကူးပြောင်းရာ  လမ်းခွဲလမ်းဆုံဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။

သတိမူမိရာမှ သတိရလာပြန်သည်။  ဖ.ဆ.ပ.လအစိုးရလက်ထက်တွင် အလယ်တန်းအဆင့်ခုနစ်တန်းကို နိုင်ငံတော်အဆင့်စာမေးပွဲဖြင့်စစ်ဆေးသည်။  အများစုက ထိုသို့စစ်ဆေးသောစာမေးပွဲကို အစိုးရစစ်စာမေးပွဲဟုခေါ်ဆိုကြသည်။ ဖ.ဆ.ပ.လအစိုးရလက်ထက် အာဏာရအစိုးရသည် ၁၉၅၆ ခုနှစ် ခုနစ်တန်းအစိုးရစစ်စာမေးပွဲဖြေဆိုဆဲကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့်ဖြေဆိုမှုကိုရပ်ဆိုင်းပစ်လိုက်သည်။ ထို့ပြင် ဖြေဆိုသူအားလုံးကို အအောင်ပေးပစ်လိုက်သည်။ ခုနစ်တန်းအစိုးရစစ်စာမေးပွဲသို့ဝင်ရောက်ဖြေဆိုသူအားလုံးသည် ခုနစ်တန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ် ရရှိကြသည်။

ထိုစဉ်က အစိုးရစစ်ခုနစ်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ကြောင်း အောင်လက်မှတ်ရရှိထားကြသူများသည် အသက်မွေးဝမ်းကျောင်းသင်တန်းအချို့သို့တက်ရောက်ခွင့်ရှိသည်။ သင်တန်းကာလပြီးဆုံးပါကသက်ဆိုင်ရာဌာနများတွင် ဝင်ရောက်အမှုထမ်းခွင့်ရသည်။  အချို့သောဌာနဆိုင်ရာများတွင် အမှုထမ်းခွင့်ရရှိသည်။ ထိုခေတ်က သတ္တမတန်းအစိုးရစစ်စာမေးပွဲကိုအောင်မြင်ကြောင်းထုတ်ပေးသည့် အောင်လက်မှတ်သည်တန်ဖိုးရှိလှပေသည်။  သတ္တမတန်းအစိုးရစစ်စာမေးပွဲသည်ဘဝအတွက်အရေးကြီးသောစာမေးပွဲဖြစ်သည်။ ထို့ကြောင့်သတ္တမတန်းအစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်ရန် အသည်းအသန်ကြိုးစားကြရပေသည်။

ဖ.ဆ.ပ.လ အစိုးရလက်ထက်က သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်သည်တန်ဖိုးရှိလှ၏။ သို့ပေမယ့် ဖ.ဆ.ပ.လအစိုးရလက်ထက်မှာပင် ၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်သည် တန်ဖိုးမရှိဘဲ  တန်ဖိုးမဲ့သွားသည်။  အကြောင်းမှာသတ္တမတန်းအစိုးရစစ်စာမေးပွဲဖြေဆိုရန်စာရင်းသွင်းထားသူအားလုံးကိုစာမေးပွဲမစစ်ဆေးဘဲ အအောင်ပေးလိုက်သောကြောင့်ဖြစ်သည်။

၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်ကိုအရည်အသွေးမပြည့်မီသောအောင်လက်မှတ်များအဖြစ် သတ်မှတ်ကြသည်။ အသက်မွေးဝမ်းကျောင်းသင်တန်းများသို့တက်ရောက်ရန် အခွင့်အလမ်းမရရှိသကဲ့သို့  ဌာနဆိုင်ရာများတွင် ဝန်ထမ်းလုပ်ကိုင်ရန် အခွင့်အလမ်းလည်း မရရှိနိုင်တော့ပေ။ ၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်ကို  ပိုက်ထားကြရသူများခမျာ မျက်နှာငယ်နေကြရရှာသည်။ ထိုသို့မဖြေဆိုရဘဲ ရရှိလာသောအောင်လက်မှတ်ကြောင့် ရည်မှန်းချက်များပျောက်ကွယ်သွားကြရသည်။ ကြိုးစားအားထုတ်ရသည်များက အရာမထင်အလဟဿဖြစ်သွားရသည်။ ဉာဏ်ရည်ဉာဏ်သွေးအညွန့်အဖူးများ နွမ်းရိညှိုးခွေသွားသည်။  စာမေးပွဲမဖြေဆိုရဘဲ အောင်ခဲ့ရသောကြောင့်ရရှိခဲ့ရသည့်ဆိုးကျိုးများဖြစ်သည်။

ထိုကာလက ခုနစ်တန်းအစိုးရစစ်စာမေးပွဲထက် ယခုတက္ကသိုလ်ဝင်စာမေးပွဲက ပိုပြီးအရေးကြီးလှသည်။ ယခုတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည်  ကြိုးစားအားထုတ်ဝါယမစိုက်ခဲ့မှုနှင့်အညီရရှိခဲ့သော အမှတ်ပေါင်းကိုအခြေပြုပြီး အဆင့်မြင့်တက္ကသိုလ်အသီးသီးသို့တက်ရောက်သင်ယူနိုင်သည့်အခွင့်အလမ်းရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဟူ၍ခေါ်ဆိုသည့်အတိုင်း အဆင့်မြင့်တက္ကသိုလ်များသို့တက်ရောက်သင်ယူနိုင်ရန် အရည်အချင်းပြည့်မီသူများကို ရွေးချယ်ပေးသည့်စာမေးပွဲဖြစ်သည်။ သို့မှလည်း ဖြေဆိုသူတစ်ဦးချင်းစီ၏အရည်အချင်းအစစ်အမှန်ပေါ်လာမည်ဖြစ်သည်။ အင်အားပြင်းငလျင်ဘေးဒဏ်သင့်သဖြင့် ပျက်စီးခဲ့ရသော ကချင်ပြည်နယ်၊    စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့်  နေပြည်တော်ကောင်စီနယ်မြေတို့မှ ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပိုင်ရှင်  ဖြေဆိုသူများအားလုံးကိုသက်ညှာကာ  အအောင်ပေးလိုက်မည်ဆိုပါက ကျန်ပြည်တွင်းစာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနများအသီးသီးတို့တွင်ဖြေဆိုခဲ့ကြသူများထဲမှ ကျရှုံးသူများ၏မျက်နှာကို မထောက်ထားမငဲ့ညှာရာဖြစ်ချေမည်။ ရည်မှန်းချက်ကြီးကြီးနှင့်ကြိုးစားအားထုတ်ဝါယမစိုက်ခဲ့သူများနှင့်ထူးချွန်ထက်မြက်သူများကိုလျစ်လျူရှုရာဖြစ်ချေမည်။ မိဘတို့၏ရင်သွေး၊ နိုင်ငံတော်၏ရင်သွေးဖြစ်သော မျိုးဆက်သစ်လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးတို့ကိုချိုးနှိမ်ပစ်ရာဖြစ်ချေမည်။

နိုင်ငံတော်အစိုးရနှင့်   ပညာရေးဝန်ကြီးဌာနတို့သည် ရှုထောင့်ပေါင်းစုံကကြည့်ပြီး  အစစအရာရာဆင်ခြင်သုံးသပ်ချင့်ချိန်ကာ    အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများပျက်စီးခဲ့ရသည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့်  မန္တလေးတိုင်းဒေသကြီးတို့မှ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများကို ပြန်လည်ဖြေဆိုနိုင်ရန်အတွက်အမြော်အမြင်ကြီးကြီးနှင့် စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ သတ်မှတ်ဒေသအသီးသီးရှိ စာဖြေဌာနအသီးသီးသို့ ဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း၊    ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တက္ကသိုလ်အသီးသီးမှဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက စခန်းသွင်းသင်ကြားလေ့ကျင့်ပေးခြင်း၊   လိုအပ်သည့်လိုအပ်ချက်များကိုကူညီဖြည့်ဆည်းပံ့ပိုးပေးခြင်းစသည်ဖြင့် ဘက်ပေါင်းစုံအောင်အားပေးလျက်ရှိသည်။ထိုသို့စီမံဆောင်ရွက်ပေးနေခြင်းသည် မိဘတို့၏ရင်သွေးရတနာများဖြစ်ကြသော နိုင်ငံတော်၏ရင်သွေးရတနာများဖြစ်ကြသည့် လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးများကိုမညှိုးမနွမ်း၊ မခြောက်မသွေ့ဘဲ လန်းဆန်းရှင်သန်နေအောင် ပြုစုစောင့်ရှောက်မြေတောင်မြှောက်ပေးနေခြင်းပင်ဖြစ်သည်။

ယခုအချိန်အခါသည် အင်အားပြင်းငလျင်ဒဏ်ကြောင့် အမျိုးမျိုးအဖုံဖုံအနိဋ္ဌာရုံများဖြစ်အောင် ပြိုလဲပျက်စီးသွားသည်များကိုကြည့်ပြီး ကြေကွဲဝမ်းနည်းနေရမည့် အချိန်အခါမဟုတ်တော့ပေ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ သတ်မှတ်ဒေသများရှိစာဖြေဌာနအသီးသီးတွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရေးလုပ်ငန်းများစသည့် လုပ်ငန်းစဉ်များကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးက တက်ညီလက်ညီ၊  အင်တိုက်အားတိုက်၊အားတက်သရောပူးပေါင်းပါဝင်ကာ အမျိုးသားရေးတာဝန်များအဖြစ် လေးလေးနက်နက်ခံယူပြီး အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ကြရမည့်အချိန်အခါပင်မဟုတ်ပါလော။        ။

Source: https://myawady.net.mm/stories