ထူးခြားသတင်းများ - နိုင်ငံတကာ

အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် AI နှင့် ဒရုန်းများကို အသုံးပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

နယူးဒေလီအစိုးရသည် အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကာကွယ်ရန် AI အခြေပြု AI facial recognition ၊ Smart lighting systems နှင့် ဒရုန်းများကို အသုံးပြု၍ အန္တရာယ်ရှိသော နေရာ များကို စောင့်ကြည့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ တွင် အိန္ဒိယဖက်ဒရယ်တရားလွှတ်တော်ချုပ်သို့ ပြောကြားခဲ့သည်။

Hindustan Times ၏ သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါ ကြေညာချက်ကို အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများ တိုးမြင့်လာမှုနှင့်ပတ်သက်၍ Supreme Court Women Lawyers' Association မှ တင်သွင်းခဲ့သည့် အများပြည်သူ အကျိုးစီးပွား ဆိုင်ရာ တရားစွဲဆိုမှု (PIL) တစ်ရပ်ကို တုံ့ပြန်၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Times of India ၏ သတင်းတွင် ဖြည့်စွက်ဖော်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ဒေလီ၊ မွန်ဘိုင်းစသည့် မြို့ကြီးများရှိ ရထားဘူတာရုံ ၇ ခု တွင် AI စနစ်များ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားရာတွင် အန္တရာယ် မြင့်မား သော နေရာများကို စောင့်ကြည့်ရန် ကားနံပါတ်ပြား အလိုအလျောက် မှတ်တမ်းတင်စနစ် (automatic license plate recognition) ၊ Smart lighting systems နှင့် ဒရုန်းများကဲ့သို့သော အခြားအစီအမံများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

Hindustan Times ၏ ဖော်ပြမှုအရ ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (ဥပမာ – မုဒိမ်းမှု၊ ခြေရာခံ နှောင့်ယှက်မှု၊ ကလေးအလွဲသုံးစားမှု) တွင် ပါဝင်ခဲ့သူများ၏ အမည်၊ လိပ်စာ၊ ဓာတ်ပုံနှင့် လက်ဗွေရာများ အပါအဝင် အရေးကြီး အချက်အလက် များကို National Data Sharing and Exchange Platform တွင် သိမ်းဆည်းထားကြောင်း ဖက်ဒရယ်တရားလွှတ်တော်ချုပ်သို့ တင်ပြခဲ့သည် ဟု ဆိုသည်။

လက်ရှိတွင် ယင်းဒေတာဘေ့စ်တွင် အချက်အလက် ၂.၀၂ သန်း ပါဝင်ပြီး Inter-Operable Criminal Justice System ဒေတာဘေ့စ်မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ ရဲစခန်းများနှင့် တရားစီရင်ရေးအဖွဲ့အစည်းများက ဝင်ရောက် ကြည့်ရှုနိုင်သည်။ ဤသည်မှာ ရဲ၊ တရားရုံး၊ ထောင်၊ မှုခင်းဆေးဘက် ဆိုင်ရာဓာတ်ခွဲခန်းများနှင့် အမှုစစ်ဆေးရေးဌာနများကို နည်းပညာ အကူအညီဖြင့် ပေါင်းစည်းရန် ရည်ရွယ်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Hindustan Times ၏ ဖော်ပြချက်အရ Supreme Court Women Lawyers' Association က ဝန်ကြီးဌာန၏ လက်ရှိအစီအမံများသည် လုံလောက်သော ထိရောက်မှုမရှိသေးဟု ယူဆပြီး အမျိုးသမီးများအပေါ် ရာဇဝတ်မှုများကို ပိုမိုကာကွယ်နိုင်ရန် ထပ်မံအလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်လာနိုင်မှုအကြောင်း ပူတင် ပြောဆို

သမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပေါ်သာ မှီခိုပြီး ပြည်တွင်းထုတ်လုပ်မှုများကို စွန့်လွှတ်ကာ သွင်းကုန်များကိုသာ အလေးပေးပါက အချုပ်အခြာအာဏာ ဆုံးရှုံးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် ထုတ်လွှင့်ခဲ့သော သတင်းထောက် Pavel Zarubin နှင့်အင်တာဗျူးတစ်ခုတွင် ပူတင်က ရုရှား၏ ကားထုတ်လုပ်မှု လုပ်ငန်းကို ပြည်တွင်းအခြေစိုက်ရန် ဆယ်စုနှစ်များစွာ အားထုတ်မှုကို ကာကွယ်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးလွတ်လပ်မှု အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက ၎င်း၏ အစိုးရလုပ်ဖော်ကိုင်ဖက်များစွာသည် ကားလုပ်ငန်းဖွံ့ဖြိုးရေးအားစွန့်လွှတ်ကာ နိုင်ငံခြားထုတ်ကားများကိုသာ အားထားရန် လိုလားခဲ့ကြသော်လည်း ၎င်းက ယင်းအမြင်ကို ကန့်ကွက်ခဲ့ကြောင်း ပြန်လည်သတိရကာ ပြောကြားခဲ့သည်။

"နည်းပညာပိုင်းဆိုင်ရာ လွတ်လပ်မှုအကြောင်း မိမိတို့ ပြောဆိုရမည်၊ ရေနံနှင့်ဓာတ်ငွေ့ ဝင်ငွေများဖြင့် အရာအားလုံးကို ဝယ်ယူမည်ဆိုပါက အနောက်နိုင်ငံများက ယခုအခါ မိမိတို့အား ရေနံနှင့်ဓာတ်ငွေ့ ကုန်သွယ်မှု ဖြတ်တောက်ရန် ကြိုးစားနေကြသည်။ ထိုသို့ဆိုလျှင် ရုရှားနိုင်ငံသည် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးရမည်ဖြစ်ပြီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးရမည်ဖြစ်သည်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပူတင်အဆိုအရ ပြည်တွင်းကား လုပ်ငန်းတိုးတက်ရေး အားထုတ်မှု များကို အနောက်တိုင်းမိတ်ဖက်များနှင့် ပူးပေါင်းကာ ရုရှားတွင် ဖက်စပ် စက်ရုံများ တည်ဆောက်ရန် လိုင်စင်ခွင့်ပြုပေးခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအစောပိုင်းမှစ၍ အစိုးရသည် ကားထုတ်လုပ် သူများအား ပြည်တွင်းတွင် အစိတ်အပိုင်းများ ပိုမိုထုတ်လုပ်ရန် တွန်းအား ပေးလာကာ တဖြည်းဖြည်း ပြည်တွင်းအခြေစိုက်မှု ကန့်သတ်ချက်များကို တင်းကျပ်လာခဲ့သည်။

"ဒါဟာ အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုပါ။ အခြေအနေအရ မိမိ တို့အနေဖြင့် ကိုယ်ပိုင်ကားတွေကို ဖန်တီးထုတ်လုပ်နေခြင်းပါပဲ" ဟု ပူတင်က မှတ်ချက်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ မြင့်တက် လာပြီးနောက် အနောက်နိုင်ငံများက မော်စကိုအပေါ် ပိတ်ဆို့ အရေးယူမှု များ ချမှတ်ခဲ့သည့်အခါ အနောက်တိုင်းကုမ္ပဏီများ ရုရှားမှ ဆုတ်ခွာ သွားခဲ့သော်လည်း ယခင်က အားထုတ်ခဲ့မှုများသည် အကျိုးရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကရိန်းက မော်စကိုနှင့် ရုရှားနယ်မြေများကို ပစ်မှတ်ထားကာ ဒရုန်းများဖြင့် တိုက်ခိုက်

တနင်္ဂနွေ ည နှင့် တနင်္လာ နံနက်စောစော (ဇူလိုင် ၂၀-၂၁) ကာလအတွင်း ရုရှားနယ်မြေများသို့ ဦးတည်ပျံသန်းတိုက်ခိုက်လာသော ဒါဇင်နှင့်ချီသည့် ယူကရိန်းဒရုန်းများကို ရုရှားလေကာစနစ်များက ဖျက်ဆီးနိုင်ခဲ့သည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆိုပြီး နောက်ပိုင်း တွင်ပင် ယူကရိန်းသည် ရုရှားနယ်မြေအတွင်းပိုင်းသို့ ဒရုန်းတိုက်ခိုက်မှု များကို ပိုမိုအရှိန်မြှင့်လာခဲ့သည်။ 

မော်စကိုမြို့တော်ဝန် Sergey Sobyanin က Telegram တွင် တနင်္လာ နံနက် ၆:၃၀ နာရီအထိ ရုရှားမြို့တော်ဆီဦးတည်လာသော ဒရုန်း ၁၃ စင်း အား ကာကွယ်ရေးစနစ်များက ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ ပျက်ကျ အကြွင်းအကျန်များရှိရာ နေရာများတွင် အရေးပေါ်ဝန်ဆောင်မှုများ ဆောင်ရွက် နေကြောင်း ထုတ်ပြန်ခဲ့သည်။

ဒရုန်းပျက်ကျအကြွင်းအကျန်တစ်ခုသည် မော်စကို၏ New Moscow ဆင်ခြေဖုံးရှိ အထပ်မြင့်တိုက်တစ်ခု၏ ခေါင်မိုးပေါ်သို့ ကျရောက်ကာ မီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာရသူမရှိကြောင်း Sobyanin က ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသော Belgorod ဒေသရှိ သာမန် အရပ်သားကားတစ်စီးနှင့် သီးသန့်အိမ်တစ်လုံးကို ဒရုန်းတိုက်ခိုက်မှုတွင် လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ပြောကြားခဲ့သည်။

Rostov ဒေသ၏ အုပ်ချုပ်ရေးမှူး Yury Slyusar က Shakhty ၊ Novoshakhtinsk နှင့် Novocherkassk မြို့များတွင် ဒရုန်းများကို ကာကွယ်ရေးစနစ်များ ဖြင့် ဖြတ်တောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရသူမရှိသော်လည်း Shakhty အနီးရှိ သတ္တုတွင်းကျေးရွာတစ်ခုမှ ရထားဘူတာ၏ ထိန်းချုပ်ရေးအဆောင်ဟောင်းကို ဒရုန်းတစ်စင်း ထိမှန်မှုကြောင့် ပျက်စီးခဲ့ပြီး အခြားဒရုန်းပျက်ကျ အကြွင်းအကျန် များသည်ကျေးရွာတစ်ခုအတွင်း ထိခိုက်စေခဲ့ကြောင်း Slyusar က ဖြည့်စွက် ပြောကြားခဲ့သည်။

ယူကရိန်းသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ရုရှားနယ်မြေ အတွင်း သို့ ဒရုန်းဖြင့်တိုက်ခိုက်မှုများကို သိသိသာသာ မြှင့်တင်လာခဲ့သည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်ဒရုန်းများကို ကာကွယ်ဖြတ်တောက် နိုင်ခဲ့ကြောင်း အစီရင်ခံထားသည်။ နောက်ဆုံးထုတ်ပြန်ချက်အရ တနင်္ဂနွေ ည ၈:၀၀ မှ ၁၁:၃၀ အထိ Bryansk ၊ Oryol ၊ Kaluga ၊ Belgorod နှင့် မော်စကိုဒေသများတွင် ဒရုန်း ၄၃ စင်းကို ဖျက်ဆီးနိုင်ခဲ့သည်။

ရုရှားအစိုးရက ယူကရိန်း၏ တိုက်ခိုက်မှုများကို "အကြမ်းဖက်လုပ်ရပ် များ" အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ထိုကဲ့သို့သော တိုက်ခိုက်မှုများသည် မကြာခဏဆိုသလို နေအိမ်များနှင့် ပြည်သူ့အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားကြောင်း ဆိုသည်။ တုံ့ပြန်သည့်အနေဖြင့် ရုရှားစစ်တပ်က လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဒရုန်းနှင့်ဒုံးကျည်အစိတ်အပိုင်းများ ထုတ်လုပ်သည့် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အဦ များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက စနေနေ့ (ဇူလိုင် ၁၉) တွင် "ဆွေးနွေးပွဲများ၏အရှိန်ကို မြှင့်တင်ရမည်" ဟုဆိုကာ အစ္စတန်ဘူလ် တွင် ဆွေးနွေးပွဲအသစ်ကျင်းပရန် အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက် သည် မော်စကိုက ယူကရိန်းအား “ဆွေးနွေးမှုများကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးစေသည်ဟု စွပ်စွဲပြီး ထရမ့်အား ယူကရိန်းအပေါ် ဖိအား ပေးရန်” တိုက်တွန်းခဲ့သည့် နောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် UAV စေလွှတ်ခဲ့မှုနှင့်ပတ်သက်၍ တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူးတစ်ဦးကို ဖမ်းဆီး

၂၀၂၄ ခုနှစ် အောက်တိုဘာလက ပြုံယမ်း၏ လေကြောင်း နယ်နိမိတ် အတွင်း တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်းများ ပျံသန်းစေခဲ့သည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး Kim Yong-dae အား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

အစိုးရရှေ့နေ Cho Eun-seok ဦးဆောင်သော သမ္မတဟောင်း Yoon Suk-yeol ကို စုံစမ်းစစ်ဆေးနေသည့် အထူးရှေ့နေအဖွဲ့သည် ဇူလိုင် ၂၀ ရက်တွင် တောင်ကိုရီးယားစစ်တပ်၏ ဒရုန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်ချုပ်ကြီး Kim Yong-dae အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့သည်။ 

တင်းမာမှုများဖန်တီးရန် မြောက်ကိုရီးယား လေပိုင်နက်အတွင်းသို့ မောင်းသူမဲ့လေယာဉ်များ (UAV) များ စေလွှတ်ရန် သမ္မတဟောင်း ယွန်း က လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟူသောစွပ်စွဲချက်များနှင့် စပ်လျဉ်း၍ Kim Yong-dae အား အစိုးရရှေ့နေများက ဇူလိုင် ၁၇ ရက်တွင် ဆင့်ခေါ် ခဲ့သည်။ သမ္မတဟောင်း ယွန်းက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ 

အထူးစုံစမ်းရေးအဖွဲ့သည် ဗိုလ်ချုပ်ကြီး Kim Yong-dae အား နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု နှင့် အာဏာအလွဲ သုံးစားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးနေပါသည်။ ၎င်းတို့သည် ကင်အား ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် စာရွက်စာတမ်းအတုပြုလုပ်မှု စွပ်စွဲချက် ကို အဓိကအသုံးပြုခဲ့သည်။

တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ မှ အမတ် Boo Seung-chan ၏ ယခင်က ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တပ်ဖွဲ့တစ်ခုအား UAV (ဒရုန်း) နှစ်စီး စေလွှတ်ရန် အမိန့် ပေးခဲ့သော်လည်း တစ်စီးသာ အမှန်တကယ်စေလွှတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ ထို့အပြင် တပ်ဖွဲ့အတွင်းမှ ထွက်ဆိုချက်များအရ "ပုံမှန် ပျံသန်းစဉ် အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားသည်ဟု အစီရင်ခံစေခဲ့သည်" ဟု ဆိုသည်။

ထိုစဉ်က ပြုံယမ်းအစိုးရက တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်း သည် "နိုင်ငံရေးရည်ရွယ်ချက်ဖြင့်" ၎င်းတို့၏ လေကြောင်း နယ်နိမိတ် အတွင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုကာ နောက်ထပ်အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်ပါက ပြင်းထန်စွာတုံ့ပြန်မည်ဟု သတိပေးခဲ့သည်။ သို့သော် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က မြောက်ကိုရီးယား၏ပြောဆိုချက်များသည် "အတည်ပြုရန် သို့မဟုတ် တုံ့ပြန်ရန် မလိုအပ်" ဟု ပယ်ချခဲ့သည်။

အထူးစုံစမ်းရေးအဖွဲ့က ယခင်သမ္မတ ယွန်းဆက်ယိုး သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ကို ကျော်ဖြတ်ကာ Kim Yong-dae ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အား ပြုံယမ်းသို့ UAV များ ပျံသန်းစေရန် တိုက်ရိုက်အမိန့်ပေးခဲ့သည်ဟု သံသယရှိနေသည်။

သို့သော် ဗိုလ်ချုပ်ကြီး Kim Yong-dae က အဆိုပါစစ်ဆင်ရေးသည် မြောက် ကိုရီးယား၏ အမှိုက်ပူဖောင်းများ တောင်ကိုရီးယားသို့ စေလွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် JCS ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒရုန်းစစ်ဆင်ရေးနှင့် စစ်အုပ်ချုပ်ရေးအမိန့်အကြား ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းအနေဖြင့် သမ္မတရုံး သို့မဟုတ် ယွန်းဆက်ယိုးထံမှ သီးသန့်ညွှန်ကြားချက် မရရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မက် က ကလေးများအတွက် AI အက်ပ်တစ်ခု ဖန်တီးရန် အစီအစဉ်များကို ကြေညာ

အီလွန်မက်က ၎င်း၏ AI စတင်အခြေခံလုပ်ငန်း xAI မှ ကလေးများအား ဦးတည်သည့် "Baby Grok" အပ်ကို မိတ်ဆက်မည်ဟု ကြေညာလိုက် ပါသည်။ ၎င်း၏ အဓိက AI စနစ် Grok သည် ပြဿနာများကြောင့် ဝေဖန်မှုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

"xAI တွင် ကလေးများအတွက် သင့်တော်သော Baby Grok အက်ပ်ကို ဖန်တီးမည်" ဟု အမေရိကန်ဘီလီယံနာ မက်က စနေနေ့ (ဇူလိုင် ၁၉) တွင် X (Twitter) တွင် ရေးသားခဲ့သော်လည်း အက်ပ်၏ အသေးစိတ် အချက်အလက်များနှင့် လွှင့်တင်မည့်အချိန်ကို မဖော်ပြခဲ့ပေ။

Google မှ ကလေးများအတွက် အိမ်စာ၊ မေးခွန်းဖြေခြင်းနှင့် ပုံပြင် ဖန်တီးခြင်းစွမ်းရည်ပါသည့် Gemini အက်ပ်ကို မိတ်ဆက်ပြီးနောက် လ အနည်းငယ်အကြာတွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ Google ၏ အက်ပ်တွင် မိဘများအနေဖြင့် Family Link အက်ပ်မှတစ်ဆင့် ကလေး၏အသုံးပြုမှုကို ထိန်းချုပ်နိုင်သည်။

မက်၏ကြေညာချက်သည် ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော Grok 4 ဗားရှင်းအပါအဝင် ၎င်း၏ AI လုပ်ငန်းနှင့်ပတ်သက်သည့် ဝေဖန်ငြင်းခုံမှုများ တိုးပွားလာနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Grok 4 ဗားရှင်း မိတ်ဆက်ပြီးနောက် အငြင်းပွားမှုများ ပိုမိုမြင့်တက်လာ ခဲ့သည်။ အသုံးပြုသူများက နိုင်ငံရေးဆိုင်ရာ မေးခွန်းများကို ဖြေကြားရာတွင် မက်၏ ကိုယ်ပိုင်အမြင်များနှင့် လိုက်လျောညီထွေရှိသည့် အဖြေများ ကို မကြာခဏ ထုတ်ပေးသည်ကို သတိပြုမိကြပြီး ၎င်းသည် AI ၏ ဘက်လိုက်မှုကို စိုးရိမ်ဖွယ်ရာ အချက်အဖြစ် သိသာစေခဲ့သည်။

ထို့အပြင် Grok Companions အင်္ဂါရပ်တွင် ပါဝင်သော "Ani" အမည်ရှိ anime-style avatar တစ်ခုသည် ကလေးများအတွက် ဖန်တီးထားသည် ဟု ကြော်ငြာထားသော်လည်း မဖွယ်မရာစကားများ ပြောဆိုခြင်းနှင့် မလုံမခြုံဝတ်ဆင်ထားသည့် ဖော်ပြမှုများကြောင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

AI ၏ အလျင်အမြန် တိုးတက်မှုနှင့်အတူ မှားယွင်းသော သတင်း အချက် အလက်များ ပျံ့နှံ့ခြင်း၊ ဘက်လိုက်မှုများ ပိုမိုအားကောင်းလာခြင်းနှင့် တာဝန်ယူမှု အားနည်းခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။ ကျွမ်းကျင်သူများက ထိန်းချုပ်မှု အားနည်းသော AI ကိရိယာများသည် ကလေးများအား မသင့်လျော်သော အကြောင်းအရာများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ရင်ဆိုင်စေနိုင်ကြောင်း သတိ ပေးထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဇီလန်စကီးက ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုဟု ဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားသမ္မတ ဗလာ ဒီမာ ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးရန် နောက်ထပ် တစ်ကြိမ် တောင်းဆိုလိုက်ပြီး ၎င်းသည် ရေရှည်ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ အခြေခံသဘောတူညီမှုရရှိသည်အထိ ထိုကဲ့သို့တွေ့ဆုံမှုသည် အဓိပ္ပာယ် မရှိဟု မော်စကိုက ယူဆထားသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းက တစ်ဖက်သတ်ဆွေးနွေးပွဲများကို ရပ်စဲခဲ့သည့် အချိန်မှ စတင်၍ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မေလတွင် ပူတင်က အဆိုပြုခဲ့သည်။ သို့သော် ဇီလန်စကီးက အစ္စတန်ဘူလ်တွင် ကိုယ်တိုင်လာရောက်တွေ့ဆုံရန် စိန်ခေါ်ခဲ့သည်။ ဝါရှင်တန်ဘက်မှဖိအားပေးမှုများကြောင့် နောက်ဆုံးတွင် ယူကရိန်းက ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် သဘောတူခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်သည် ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ကာ အကျဉ်းသားလဲလှယ်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပဋိပက္ခကို အဆုံးသတ်ရန် အောင်မြင်မှုတစ်စုံတစ်ရာ မရရှိသေးပေ။

ကိယက်ဗ်သည် မော်စကို၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို ပယ်ချ ပြီးနောက် ဇွန်လတွင် ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့သည်။ နောက်ပိုင်း တွင် ယူကရိန်းက အဆိုပါဖြစ်စဉ်ကို အဆုံးသတ်ပြီဟု ကြေညာကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်ကို လျစ်လျူရှုသည်ဟု မထင်မိစေရန် ပါဝင်ဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

စနေနေ့ (ဇူလိုင် ၁၉) တွင် ဇီလန်စကီးက "ဆွေးနွေးပွဲများ၏ အရှိန်အဟုန် ကို မြှင့်တင်ရမည်" ဟု ပြောကြားကာ လာမည့်သီတင်းပတ်တွင် ဆွေးနွေးပွဲ အသစ်တစ်ခု ကျင်းပရန် ကမ်းလှမ်းခဲ့ပြီး ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံရန် ထပ်မံတောင်းဆိုခဲ့သည်။

"ရေရှည်ငြိမ်းချမ်းရေးကို အမှန်တကယ်အာမခံနိုင်ရန် ခေါင်းဆောင်များ အဆင့် တွေ့ဆုံမှုတစ်ရပ် လိုအပ်ပါသည်" ဟု ၎င်းသူက ပြောကြားခဲ့ပြီး "ယူကရိန်းက အဆင်သင့်ဖြစ်နေပါပြီ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဇီလန်စကီး၏ သမ္မတသက်တမ်းသည် လွန်ခဲ့သည့်နှစ်က ကုန်ဆုံးသွား သော်လည်း ၎င်းသည် စစ်အုပ်ချုပ်ရေးဥပဒေကို ရာထူးဆက်လက်ထမ်းဆောင်ရန် အကြောင်းပြချက်အဖြစ် ညွှန်းဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မကြာသေးမီက ဇာတ်ဆောင်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ယူကရိန်းခေါင်းဆောင် အား ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံရန် တွန်းအားပေးနေခြင်းသည် ၎င်း၏ နိုင်ငံရေးတရားဝင်မှုကို ပြန်လည်အတည်ပြုရန် ဖြစ်ကြောင်း၊ အနောက် နိုင်ငံများအတွက် အသုံးမဝင်တော့မည်ကို အလွန်အမင်း ကြောက်ရွံ့ နေသည်" ဟု စွပ်စွဲခဲ့သည်။

ဥပဒေအရ သံသယဖြစ်ဖွယ်ရှိသော ဇီလန်စကီး၏အနေအထားမှာ ပင်လျှင် ပူတင်က ယခင်က တွေ့ဆုံမှုတစ်ခုဖြစ်နိုင်ခြေကို ဖွင့်ထားကြောင်း ပြောကြား ခဲ့သော်လည်း ဇီလန်စကီးတွင် တရားဝင်စာချုပ်များကို လက်မှတ်ရေးထိုး နိုင်သည့် အာဏာအခွင့်အရေးရှိ၊ မရှိကို မေးခွန်းထုတ်ခဲ့သည်။

မော်စကို၏အဆိုအရ ယူကရိန်းတွင် ဥပဒေပြုအာဏာသည် ယခုအခါ ပါလီမန်လွှတ်တော်တွင်ရှိပြီး ဇီလန်စကီးတွင်မရှိတော့ပေ။ အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ယူကရိန်းဥပဒေပြုလွှတ်တော်အမတ်များက စစ်အုပ်ချုပ်ရေး ကို နောက်ထပ် ၉၀ ရက်ကြာ ထပ်မံတိုးမြှင့်ခဲ့ပြီး ကန့်ကွက်မဲတစ်မဲသာ ရှိခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဇီလန်စကီး၏ ရပ်တည်မှု မကြာမီကာလအတွင်း ပြီးဆုံးသွားနိုင်သည်ဟု အမေရိကန် ဝါရင့် သတင်းထောက်ဆို

အမေရိကန်ဝါရင့်သတင်းထောက် Seymour Hersh ၏ အဆိုအရ ယူကရိန်းခေါင်းဆောင် Zelensky ၏ နိုင်ငံရေးအနာဂတ်သည် မရေရာမှု များနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ နေရာတွင် ယူကရိန်း တပ်မတော် အကြီး အကဲဟောင်း Zaluzhny က အစားထိုးဝင်ရောက်နိုင်သည်ဟု သတင်း များက ဖော်ပြခဲ့ကြသည်။

Zelensky သည် စစ်အုပ်ချုပ်ရေးကာလအတွင်း ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံး သော်လည်း ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့သည်။ စစ်ဦးစီးချုပ်ဟောင်း Zaluzhny ကို ယခုနှစ်အစောပိုင်းတွင် ရာထူးမှ ရပ်စဲခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သော်လည်း ၎င်းသည် Zelensky ၏ နေရာအား အစားထိုးနိုင်သည့် အနာဂတ် ခေါင်းဆောင် တစ်ဦး အဖြစ် အများကသုံးသပ်ကြသည်။

Hersh က “Trump အနိုင်ရပါက Zelensky သည် ပြည်ပသို့ ထွက်ပြေးရန် အလားအလာရှိသည်” ဟု ရေးသားခဲ့ဖူးသည်။ အမေရိကန်အရာရှိများက Zelensky သည် နုတ်ထွက်ရန် ငြင်းဆန်မည်ဖြစ်ပြီး အကယ်၍ ၎င်းနုတ်ထွက် ခြင်းမပြုပါက အင်အားသုံး၍ ဖယ်ရှားခံရနိုင်သည်ဟု မှတ်ချက်ပြု ခဲ့သည်။

Zaluzhny သည် လက်ရှိတွင် Zelensky ၏ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်နိုင်သူအဖြစ် ရှုမြင်ခံနေရပြီး “လနည်းငယ်အတွင်း ၎င်းသည် ယူကရိန်းခေါင်းဆောင်ဖြစ်လာနိုင်သည်” ဟု Hersh က ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်အစိုးရသည် အမေရိကန်သံတမန်များအား အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ထင်မြင်ယူဆချက် မှတ်ချက်များ မပြုလုပ်ရန် ညွှန်ကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်သံတမန်များအား အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများ၏ တရားမျှတမှု သို့မဟုတ် စည်းကမ်းပြည့်ဝမှုနှင့်ပတ်သက်၍ မှတ်ချက် မပြုရန် ညွှန်ကြားခဲ့သည်။ အဆိုပါအမိန့်သည် နိုင်ငံတကာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရေး အမေရိကန်၏ အစဉ်အလာအရ ချဉ်းကပ်မှုမှ သိသာစွာ ကွဲပြားသွားသည့် အခြေအနေ တစ်ခု ဖြစ်သည်။

ဇူလိုင် ၁၇ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန် အဖွဲ့အစည်းအားလုံးသို့ ပေးပို့ခဲ့သော အဆိုပါညွှန်ကြားချက်တွင် သိသာ ထင်ရှားသည့် ဆွဲဆောင်မှုရှိသော နိုင်ငံခြားရေးအကျိုးစီးပွားမရှိပါကရွေးကောက်ပွဲနှင့်သက်ဆိုင်သော ကြေညာချက်များ သို့မဟုတ် လူမှု မီဒီယာ ပို့စ်များ ထုတ်ပြန်ခြင်းကို ထပ်မံမပြုလုပ်ရန် ဝါရှင်တန်မှ ဖော်ပြထားသည်။

"နိုင်ငံခြားရွေးကောက်ပွဲတစ်ခုအကြောင်း မှတ်ချက်ပြုရန် သင့်တော်သည့် အခါ မိမိတို့၏ သတင်းစကားသည် တိုတောင်းပြီး အနိုင်ရသူကို ဂုဏ်ပြု ခြင်းနှင့် (သင့်လျော်ပါက) ဘုံနိုင်ငံခြားရေးအကျိုးစီးပွားများကို ထောက်ပြ ရန်သာ အာရုံစိုက်သင့်သည်" ဟု အရေးကြီး (sensitive) အဆင့်သတ်မှတ် ထားသော်လည်း လျှို့ဝှက်အဆင့်အတန်းမဟုတ်သည့် ထိုညွှန်ကြားချက် တွင် ဖော်ပြထားသည်။

"မှတ်ချက်များတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ တရားမျှတမှု၊ စည်းကမ်း ပြည့်ဝမှု၊ ၎င်း၏တရားဝင်မှု သို့မဟုတ် အဆိုပါနိုင်ငံ၏ ဒီမိုကရေစီ တန်ဖိုး များနှင့်ပတ်သက်၍ အမြင်ကိုမထုတ်ပြန်ရ" ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော သတင်းစကားများကို နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် သို့မဟုတ် ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူမှသာ ထုတ်ပြန်ရမည်ဖြစ်ပြီး၊ အမေရိကန်သံတမန်များအနေဖြင့် ဌာန၏အကြီးအကဲများထံမှ ခိုင်လုံသောခွင့်ပြုချက်မရှိဘဲ ထိုကဲ့သို့ကြေညာချက်များ ထုတ်ပြန်ခြင်း ကို တားမြစ်ထားသည်။

ထိုညွှန်ကြားချက်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ မေလ ၁၃ ရက်က ရီယာ့ဒ်မြို့တွင် ပြောကြားခဲ့သောမိန့်ခွန်းကို ကိုးကားထားပြီး ထိုမိန့်ခွန်း တွင် ၎င်းသည် အရှေ့အလယ်ပိုင်းနိုင်ငံများအား ၎င်းတို့၏ကိုယ်ပိုင်ကိစ္စရပ် များကို စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ "အနောက်နိုင်ငံများ၏ ဝင်ရောက် စွက်ဖက်မှု" (Western interventionists) ကို ဝေဖန်ခဲ့ပြီး ထိုသို့ ဝင်ရောက် စွက်ဖက်ခြင်းသည် ဝါရှင်တန်၏လုပ်ငန်းစဉ်မဟုတ်တော့ဘဲ မိတ်ဖက် ပြုလုပ်ရန်သာ ဖော်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုသည် မိမိ၏ဒီမိုကရေစီတန်ဖိုးများကို ခိုင်မြဲစွာ ကိုင်စွဲထားပြီး အခြားနိုင်ငံများက အလားတူလမ်းကြောင်းကို ရွေးချယ် ပါက ထိုတန်ဖိုးများကို ဂုဏ်ပြုမည်ဖြစ်သော်လည်း၊ သမ္မတထရမ့်က အမေရိကန်သည် မဟာဗျူဟာမြောက်အကျိုးစီးပွားတူညီသည့် မည်သည့် နိုင်ငံနှင့်မဆို မိတ်ဖက်ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်" ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီးမေးလ်ဖြင့် ပေးပို့သော ညွှန်ကြားချက်ပါ အချို့အချက်များကို ပြန်လည်ဖော်ပြခဲ့ပြီး အဆိုပါချဉ်းကပ်မှုသည် အမေရိကန်အစိုးရ၏ "နိုင်ငံ၏ အချုပ်အခြာ အာဏာ" (national sovereignty) အပေါ် အလေးထားမှုနှင့် ကိုက်ညီကြောင်း ထိုညွှန်ကြားချက်နှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် သမိုင်းကြောင်းအရ လူ့အခွင့်အရေး၊ ဒီမိုကရေစီစနစ်နှင့် သတင်းလွတ်လပ်ခွင့်များကို မြှင့်တင်ရေးကို အဓိက နိုင်ငံခြားရေးမူဝါဒအဖြစ် သတ်မှတ်ခဲ့သော်လည်း၊ ဝေဖန်သူများက ဝါရှင်တန်အာဏာပိုင်များသည် မိမိမဟာမိတ်နိုင်ငံများနှင့်ပတ်သက်၍ နှစ်မျိုးနှစ်စား ဆက်ဆံမှုများ ပြုလုပ်နေကြောင်း အကြိမ်ကြိမ် ထောက်ပြ ခဲ့ကြသည်။

ဒေါ်နယ်ထရမ့်လက်ထက်တွင် အစိုးရသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများမှ တဖြည်းဖြည်း စွန့်ခွာလာခဲ့ပြီး ယင်းကိစ္စ များကို အခြားနိုင်ငံများ၏ ကိုယ်ပိုင်အရေးကိစ္စများတွင် မလိုလားအပ်သော ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်လာခဲ့သည်။ ဥပမာအားဖြင့် ၎င်းတို့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးဌာနကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုဌာနသည် "လက်ဝဲပြုပြင်ရေးသမားများက 'လူမှုရေး တန်းတူမှု လှုပ်ရှားမှုများကို ဆန့်ကျင်မှု' (anti-woke) ( 'woke' ဆိုသည်မှာလူမှုရေးတရားမျှတမှုဆိုင်ရာ အသိပညာမြင့်မားခြင်းကို ရည်ညွှန်းပြီး 'anti-woke' မှာ ယင်းအယူအဆများကို ဆန့်ကျင်သူများ ) ခေါင်းဆောင် များကို လိုက်လံတိုက်ခိုက်ရန် လက်နက်တစ်ခု" အဖြစ် ပြောင်းလဲသွား ခဲ့သည်ဟု ပြောဆိုခဲ့သည်။

(ဤစာပိုဒ်ကို ရိုးရှင်းစွာပြန်ဆိုပါက “ထရမ့်အစိုးရက ထောက်ခံသည့်ခေါင်းဆောင်များကို လူ့အခွင့်အရေးဌာနက အဆိုပါခေါင်းဆောင်၏ မူဝါဒများကို "လူမျိုးရေးခွဲခြားမှု" ဟု ဝေဖန်မှုများရှိလာပြီး ထရမ့်အစိုးရက ယင်းကို လက်ဝဲယိမ်း နိုင်ငံရေးသမားများ၏ နိုင်ငံရေး အငြိုးအတေး အဖြစ် ရှုမြင်နေသည်ဟု” ဖော်ပြနိုင်ပါသည်)

ထရမ့်အစိုးရအရာရှိများသည် ရိုမေးနီးယား၊ ဂျာမနီနှင့် ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများရှိ လက်ယာဝါဒီ ခေါင်းဆောင်များအား ဖိနှိပ်မှုဟု ၎င်းတို့ ရှုမြင်သည့်အရာများကို မကြာခဏ ဝင်ရောက်ဝေဖန်လေ့ရှိပြီး ဥရောပ အာဏာပိုင်များအား “သတင်းအမှားများကို တိုက်ဖျက်ရေးအမည်ဖြင့်” လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝေဖန်မှုများကဲ့သို့သော အမြင်များကို နိုင်ငံရေးအရ တင်းကျပ်စွာ ထိန်းချုပ်ထားသည်ဟု စွပ်စွဲခဲ့ကြသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားစစ်သည်တစ်ဦးက ယူကရိန်းဒရုန်းကို လက်ဗလာဖြင့် ဖမ်းကာ ဖျက်ဆီး

ရုရှားစစ်သည်တစ်ဦးသည် ၎င်း၏ဘန်ကာအနီးသို့ ပျံဝဲလာသော ယူကရိန်း အသေခံဒရုန်းကို ဖမ်းယူပြီး ဖျက်ဆီးလိုက်သည့် ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ယက် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

ဇူလိုင် ၁၇ ရက်က ရုရှားမီဒီယာများမှ ဖော်ပြသည့် ဗီဒီယိုတစ်ခုတွင် ယူကရိန်းအသေခံဒရုန်းတစ်စင်းသည် Kharkiv ပြည်နယ်တွင် တိုက်ပွဲ ဝင်နေသည့် ရုရှားစစ်သည်များ၏ သစ်ပင်များဖြင့်ဖုံးအုပ်ထားသော ဘန်ကာအနီးသို့ အနိမ့်ပျံသန်းလာကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော် အဆိုပါဒရုန်း ပေါက်ကွဲခြင်း မရှိသည့် အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

ထို့နောက် ရုရှားစစ်သည်က ဒရုန်းကို ဘန်ကာမှ ဝေးရာသို့ ယူဆောင် သွားကာ အနီးရှိ သစ်ပင်တစ်ပင်နှင့် ထပ်ခါထပ်ခါ ထုရိုက်ပြီး ပန်ကာ ဒလက်များကို ကျိုးပဲ့စေခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် ဖျက်ဆီး ပစ်လိုက်သော ဒရုန်းကို ဗုံးခိုကျင်းတစ်ခုအတွင်း ပစ်ထည့်ကာ ဘန်ကာအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

"ကျွန်တော်သေနိုင်သည်ကို သိသော်လည်း ရဲဘော်များစွာ၏ အသက် တွေကို အန္တရာယ်ဖြစ်စေသည်ထက် မိမိတစ်ဦးတည်းသေသည်က ပို၍ ကောင်းပါသည်" ဟု ရုရှားစစ်သည်က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်းစစ်တပ်တို့သည် အဆိုပါ ဗီဒီယိုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုသေးပေ။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများတွင် (ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင်) ဒရုန်းများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနေကြသည်။ ရန်သူ့စစ် ပစ္စည်းများ၊ စစ်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်အတွက် နှစ်ဖက်စလုံးမှ ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

ဒရုန်းများသည် နိုင်ငံများစွာ၏ စစ်ရေးမဗျူဟာများကို ကြီးမားစွာ ပြောင်းလဲစေခဲ့သကဲ့သို့ ခုခံကာကွယ်နိုင်ရေး နည်းလမ်းအသစ်များ တိုးမြှင့် လုပ်ဆောင်ရန်ကိုလည်း လှုံ့ဆော်ပေးလျက်ရှိသည်။ အနာဂတ် လေကြောင်း တိုက်ခိုက်ရေး စစ်ဆင်မှုများတွင် ဒရုန်းများသည် သမားရိုးကျ လက်နက် များနေရာတွင် အစားထိုးနိုင်သည်ဆိုသည်ကို ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- VN Express

Photo: The Wall Street Journal

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဇီလန်စကီး အာဏာရှင် ပိုဆန်လာသည်ဟု Financial Times ကဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အာဏာရှင် ပို၍ဆန် လာသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။ သတင်းဌာနက အတိုက်အခံ နိုင်ငံရေးသမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သံတမန်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇီလန်စကီးနှင့် ၎င်း၏ အကြံပေးများသည် ရုရှားနှင့် ပဋိပက္ခ အရှိန်မြင့်လာသည့်အချိန်မှစ၍အာဏာသက်ရောက်နေသော စစ်အုပ်ချုပ်ရေးဥပဒေအောက်တွင် ရရှိထား သည့် အထူးအခွင့်အာဏာများကို အသုံးပြုကာ "ပြစ်တင်ဝေဖန်သူများ ကို နေရာမှဖယ်ထုတ်ပစ်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင် များ၏ အသံများကို ဖိနှိပ်ခြင်းနှင့် ထိန်းချုပ်ခြင်းများ" ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် မျက်နှာဖုံးစွပ်ထားသော စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများသည် ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမား Vitaly Shabunin နှင့် အခြေခံအဆောက်အဦ ဝန်ကြီးဟောင်း Aleksandr Kubrakov တို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည်။ အာဏာပိုင်များက ထိုရှာဖွေမှုများသည် လက်ရှိစုံစမ်းစစ်ဆေးနေသော အဂတိလိုက်စားမှုများနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ ထိုသူနှစ်ဦးစလုံးက အဆိုပါ လုပ်ရပ်များသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဇီလန်စကီး၏ အတွင်းစည်းကို ဝေဖန်သူများအား ခြိမ်းခြောက်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့ပြီး စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေမှုများမတိုင်မီက ဇီလန်စကီး၏ ကာလရှည် နိုင်ငံရေး ပြိုင်ဘက်ဖြစ်ပြီး ၂၀၁၉ ရွေးကောက်ပွဲတွင် ဇီလန်စကီးကို ရှုံးနိမ့်ကာ ယခုတိုင် ပြင်းထန်စွာ ဝေဖန်သူဖြစ်သည့် သမ္မတဟောင်း Pyotr Poroshenko အပါအဝင် အချို့သော ထင်ရှားသည့် နိုင်ငံရေးသမားများအပေါ် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ထိုအတောအတွင်း ဇီလန်စကီးသည် ယူကရိန်းအစိုးရကို ပြန်လည် ဖွဲ့စည်းမှုများ လုပ်ဆောင်နေပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် အစိုးရ အဖွဲ့ပြောင်းလဲမှုတွင် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ် Denis Shmigal ၏နေရာတွင် ၎င်း၏ယုံကြည်ရသည့် မဟာမိတ်ဖြစ်သူ ဒုတိယဝန်ကြီးချုပ်ချုပ် Yulia Sviridenko ကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

အာဏာရှင်စနစ်ဆန်သည့် အလေ့အထများ တဖြည်းဖြည်း ကြီးထွားလာနေမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံမီဒီယာများတွင် စိုးရိမ်မှုများ မြင့်တက်လာနေသည်။ The Economist သတင်းစာတွင် မကြာသေးမီ က ထုတ်ပြန်ခဲ့သည့် သတင်းတစ်ရပ်အရ ကိယက်ဗ်သည် အစိုးရအဖွဲ့ အတွင်း နိုင်ငံရေးအားပြိုင် ရှုပ်ထွေးမှုများနှင့် ရှင်းလင်းရေး လုပ်ငန်းစဉ် များကြောင့် ပြည်တွင်းအခြေအနေအရပင် ပြိုကွဲမည့် အန္တရာယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။

ယခုသတင်းပတ်အစောပိုင်းက ယူကရိန်းလွှတ်တော်သည် ဇီလန်စကီး၏ တောင်းဆိုချက်အရ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၉၀ ရက် ထပ်မံ တိုးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့်ပဋိပက္ခ အရှိန်မြင့်လာချိန်မှစ၍ ယခုထပ်မံ တိုးမြှင့်မှုသည် ၁၆ ကြိမ်မြောက် သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂