မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် UAV စေလွှတ်ခဲ့မှုနှင့်ပတ်သက်၍ တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူးတစ်ဦးကို ဖမ်းဆီး

News Image

  • မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် UAV စေလွှတ်ခဲ့မှုနှင့်ပတ်သက်၍ တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူးတစ်ဦးကို ဖမ်းဆီး

၂၀၂၄ ခုနှစ် အောက်တိုဘာလက ပြုံယမ်း၏ လေကြောင်း နယ်နိမိတ် အတွင်း တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်းများ ပျံသန်းစေခဲ့သည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး Kim Yong-dae အား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

အစိုးရရှေ့နေ Cho Eun-seok ဦးဆောင်သော သမ္မတဟောင်း Yoon Suk-yeol ကို စုံစမ်းစစ်ဆေးနေသည့် အထူးရှေ့နေအဖွဲ့သည် ဇူလိုင် ၂၀ ရက်တွင် တောင်ကိုရီးယားစစ်တပ်၏ ဒရုန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်ချုပ်ကြီး Kim Yong-dae အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့သည်။ 

တင်းမာမှုများဖန်တီးရန် မြောက်ကိုရီးယား လေပိုင်နက်အတွင်းသို့ မောင်းသူမဲ့လေယာဉ်များ (UAV) များ စေလွှတ်ရန် သမ္မတဟောင်း ယွန်း က လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟူသောစွပ်စွဲချက်များနှင့် စပ်လျဉ်း၍ Kim Yong-dae အား အစိုးရရှေ့နေများက ဇူလိုင် ၁၇ ရက်တွင် ဆင့်ခေါ် ခဲ့သည်။ သမ္မတဟောင်း ယွန်းက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ 

အထူးစုံစမ်းရေးအဖွဲ့သည် ဗိုလ်ချုပ်ကြီး Kim Yong-dae အား နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု နှင့် အာဏာအလွဲ သုံးစားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးနေပါသည်။ ၎င်းတို့သည် ကင်အား ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် စာရွက်စာတမ်းအတုပြုလုပ်မှု စွပ်စွဲချက် ကို အဓိကအသုံးပြုခဲ့သည်။

တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ မှ အမတ် Boo Seung-chan ၏ ယခင်က ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တပ်ဖွဲ့တစ်ခုအား UAV (ဒရုန်း) နှစ်စီး စေလွှတ်ရန် အမိန့် ပေးခဲ့သော်လည်း တစ်စီးသာ အမှန်တကယ်စေလွှတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ ထို့အပြင် တပ်ဖွဲ့အတွင်းမှ ထွက်ဆိုချက်များအရ "ပုံမှန် ပျံသန်းစဉ် အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားသည်ဟု အစီရင်ခံစေခဲ့သည်" ဟု ဆိုသည်။

ထိုစဉ်က ပြုံယမ်းအစိုးရက တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်း သည် "နိုင်ငံရေးရည်ရွယ်ချက်ဖြင့်" ၎င်းတို့၏ လေကြောင်း နယ်နိမိတ် အတွင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုကာ နောက်ထပ်အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်ပါက ပြင်းထန်စွာတုံ့ပြန်မည်ဟု သတိပေးခဲ့သည်။ သို့သော် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က မြောက်ကိုရီးယား၏ပြောဆိုချက်များသည် "အတည်ပြုရန် သို့မဟုတ် တုံ့ပြန်ရန် မလိုအပ်" ဟု ပယ်ချခဲ့သည်။

အထူးစုံစမ်းရေးအဖွဲ့က ယခင်သမ္မတ ယွန်းဆက်ယိုး သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ကို ကျော်ဖြတ်ကာ Kim Yong-dae ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အား ပြုံယမ်းသို့ UAV များ ပျံသန်းစေရန် တိုက်ရိုက်အမိန့်ပေးခဲ့သည်ဟု သံသယရှိနေသည်။

သို့သော် ဗိုလ်ချုပ်ကြီး Kim Yong-dae က အဆိုပါစစ်ဆင်ရေးသည် မြောက် ကိုရီးယား၏ အမှိုက်ပူဖောင်းများ တောင်ကိုရီးယားသို့ စေလွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် JCS ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒရုန်းစစ်ဆင်ရေးနှင့် စစ်အုပ်ချုပ်ရေးအမိန့်အကြား ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းအနေဖြင့် သမ္မတရုံး သို့မဟုတ် ယွန်းဆက်ယိုးထံမှ သီးသန့်ညွှန်ကြားချက် မရရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂