သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၂:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၁၃)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် နမ့်စန်ငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေး မြို့၏ မြောက်-အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၂) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၇.၉၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Myanmar National Portal

ဟီမာချယ်ပရာဒေ့ရှ်၌ မုတ်သုံမိုးကြောင့် လူ ၃၄ ဦးသေဆုံးထား

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်၌ ပြီးခဲ့သည့် ကိုးရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုနှင့်ဆက်စပ်၍ အနည်းဆုံးလူ ၃၄ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးကာ ၇၄ ဦး  ဒဏ်ရာရရှိထားကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၉ ရက်တွင်ပြောသည်။

ထိုသို့သော ရက်အနည်းငယ်အတွင်း ပြင်းထန်သော ရာသီဥတုနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများမှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၂ သန်းအထိရှိမည်ဟု ခန့်မှန်းရကြောင်း   ပြည်နယ်အရေးပေါ်လုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ပြည်နယ်အတွင်းရှိ မြစ်များ၊ ချောင်းများတွင် ရေအမှတ်များ မြင့်တက်လျက်ရှိပြီး မိုးရွာသွန်းမှုနှင့် အတူဖြစ်ပွားသော မြေပြို မှုများကြောင့် လမ်းပေါင်း ၄၀ နီးပါးမှာ ပိတ်ဆို့လျက် ရှိကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လာမည့်နှစ်ရက်အတွင်း မိုးရွာသွန်းမှု အခြေအနေသည် ပုံမှန်သည်းထန်မှုထက် အလွန်သည်းထန်လာနိုင်သောကြောင့် မိုးလေဝသဌာနက လိမ္မော်ရောင်အဆင့် သတိပေးချက်ကို  ထုတ်ပြန်ထားကြောင်း သိရသည်။

MWD Web Portal

ပါကစ္စတန်၌ ရုတ်တရက်ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေး ၁၆ ဦးအပါအဝင် လူ ၃၂ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ရုတ်တရက်ရေကြီးမှုနှင့် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကလေးငယ် ၁၆ ဦးအပါအဝင် လူ ၃၂ ဦးသေဆုံးကြောင်း သဘာဝဘေးစီမံခန့်ခွဲရေး တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

သဘာဝဘေးကြောင့် သေဆုံးရသူများထဲတွင် ရေကြီးမှုနှင့် ဆက်စပ်၍ဖြစ်ပွားသည့် နံရံပြိုကျမှုများနှင့် မိုးကြီးမှုနှင့်ဆက် စပ်၍ဖြစ်ပွားသည့် အိမ်ခေါင်မိုးပြိုကျမှု များကြောင့် သေဆုံးသူများလည်း ပါဝင်ကြောင်း သက်ဆိုင်ရာဒေသများမှ တာဝန် ရှိသူများကပြောသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံအတွင်း မိုးကြီးမှုနှင့် ရေကြီးမှုတို့သည် ဇူလိုင်လ ၁ ရက် အထိ   ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ပါကစ္စတန်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးကို အဆိုးဆုံးခံစားရသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်မေလတွင် ထိုနိုင်ငံ၌ မိုးသက်မုန်တိုင်းများ ကျရောက်ခြင်း၊ မိုးသီးများ ကြွေကျခြင်းတို့အပါအဝင် ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးထားကြောင်း သိရသည်။

MWD Portal

ဂရိနိုင်ငံ ချီယို့စ်ကျွန်း၌ တောမီးအရေးပေါ်အဆင့်သို့ရောက်ရှိနေ၍ ဩစတြေးလျမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တချို့စေလွှတ်ပေး

အေသင် ဇွန် ၂၅

ဂရိနိုင်ငံ ချီယို့စ်ကျွန်းတွင် ဇွန် ၂၂ ရက်က စတင်လောင်ကျွမ်းခဲ့သောတောမီးမှာ ထိန်းချုပ်ရခက်သည့်အဆင့်သို့ရောက်ရှိနေသဖြင့် ဩစတြေးလျမီးသတ်တပ်ဖွဲ့က ဇွန် ၂၄ ရက်တွင် တောမီးကိုအမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တချို့ကို စေလွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည် ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ချီယို့စ်ကျွန်းတွင် သစ်တောမြေ ဧက ၆၀၀၀၀ကျော်ထိလောင်ကျွမ်း ပျက်စီးခဲ့ပြီး ဂရိမီးသတ်တပ်ဖွဲ့ အနေဖြင့် တောမီးကိုထိန်းချုပ်ရာတွင် လေကြောင်းအကူအညီ ကိုရယူထားကြောင်း၊ ရဟတ်ယာဉ် ၁၄ စင်းနှင့် လေယာဉ် လေးစင်း ကိုအသုံးပြုနေပြီး မြေပြင်မှသွား ရောက်ငြှိမ်းသတ်ရန် ခက်ခဲနေသည့်ဧရိယာများသို့ လေကြောင်း အကူအညီဖြင့် ငြှိမ်းသတ်ပေး လျက်ရှိကြောင်း၊ မြေပြင်မှလည်း မီးသတ် တပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များကလည်း ကူညီငြှိမ်းသတ်ပေးလျက်ရှိပြီး မီးငြှိမ်းသတ်နိုင်ရေးအတွက် လူအင်အား ၆၀၀ ခန့်ထိအသုံးပြုထားကြောင်း သိရသည်။

“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ဂရိတောမီးကို ကူညီငြိမ်းသတ်ဖို့ အတွက် ရဟတ်ယာဉ်တချို့နဲ့ ဝန်ထမ်းတချို့ စေလွှတ်ပေးထားပါတယ်။ ကျွန်တော်တို့အတွက် ဂရိနိုင်ငံကို ငါးနှစ်ဆက်တိုက် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂရိပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြောကြားလိုပါတယ်”ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် McDermott Aviation ကုမ္ပဏီ တည်ထောင်သူ ဂျွန်မက်ဒါမော့က ပြောကြားခဲ့သည်။

Ref: Sputnik News

Trs: Sai Sat

YDNB Newspaper

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေကြီးမှုကြောင့် လူဦးရေ ၄၃ဝ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

ပေကျင်း ဇွန် ၂၄

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄၃၀ ကျော်ကို ဇွန် ၂၃ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုရန် သင်ကြားပေးနေသော ဆရာ၊ ဆရာမ ဦးရေ ၃၀ နှင့် စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေသော ကျောင်းသား၊ ကျောင်းသူ ဦးရေ ၄၀၀ ကျော် ရှိကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှုကြောင့် စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရာ Tian'e ကောင်တီ တိုင်းရင်းသား အထက်တန်းကျောင်းသည် ဒေသ ၏ မြေနိမ့်ပိုင်းတွင် တည်ရှိသဖြင့် ဇွန် ၂၂ ရက်ကစ၍ အဆိုပါကျောင်း မှာ စတင်ရေနစ်မြုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းမှုများကို နိုင်ငံ့အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုရန် သင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် စာသင်နေသော ကျောင်းသား၊ ကျောင်းသူများကို ရေလွှမ်းမိုးမှု ဖြစ်ပွားရာမှ ရေဘေးလွတ်ရာ ဒုတိယထပ် အဆောင်များနှင့် စာသင်ခန်းအဆောက်အအုံများသို့ ဇွန် ၂၂ ရက်ကစပြီး ရွှေ့ပြောင်း ပေးခဲ့ရကာ ဇွန် ၂၃ ရက် နံနက် ၄ နာရီတွင် အလုံးစုံရွှေ့ပြောင်းနိုင်ခဲ့သော်လည်း ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ထပ်မံ ရွာသွန်းမှုကြောင့် ကျောင်းသား များနှင့် ဆရာ၊ ဆရာမများကို အရန်စာမေးပွဲနေရာအဖြစ် ဒေသအတွင်းရှိ အခြားကျောင်းသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ယနေ့မှ ဇွန် ၂၆ ရက်ထိမိုးသက်မုန်တိုင်းများ ဖြစ်လာနိုင်သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး လာမည့် ရက်များအတွင်း တရုတ်နိုင်ငံ၏ နေရာတော်တော်များများတွင် မိုးဆက်တိုက်ရွာသွန်းနိုင်သည်ဟု တရုတ်မိုးလေဝသဌာနက ခန့်မှန်း ထားကြောင်း သိရသည်။

Ref: Sputnik News

Trs: KZ

Photo - Xinhua

ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်

ပို့မော်ရက်စ်ဘီ ဇွန် ၂၄

ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် ဇွန် ၂၃ ရက်က ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျူရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်တိုင်းတာ ရေးဌာန(EMSC)က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ငလျင်သည် ပါပူဝါးနယူးဂီနီနိုင်ငံ၏ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း EMSC က ထုတ်ပြန်ခဲ့သည်။

ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူနေအဆောက် အအုံ၊အခြေခံ အဆောက်အအုံများပျက်စီးခဲ့သည့်အပြင် ဒေသခံ များ သွားလာဆက်သွယ်ရေး အတွက် အသုံးပြုသည့် လမ်း၊ တံတား တချို့ ပျက်စီးခဲ့ကြောင်း၊ သစ်ပင်တချို့ လဲကျမှုကြောင့် ဓာတ်တိုင်တချို့လည်း ပြိုလဲခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငလျင်ကြောင့် အက်ကွဲ၊ ပြိုကျလုနီးပါးအန္တရာယ် ရှိသောအဆောက်အအုံ၊ အပျက်အစီးများကြား ပိတ်မိနေသူအချို့ ရှိသည့်အတွက် ကယ်ဆယ်ရေး အဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊လတ်တလော လူသေဆုံးမှုမရှိသေးသော်လည်း ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း ပြည်နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper

 

earthquake

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၉)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၅၆၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၈.၈၇)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၀၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ 

earthquake

(မြန်မာစံတော်ချိန် ၀၈:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၀၃)မိနစ်၊ (၃၃) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၅၂၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၉.၄၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၂၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

 မိုး/ဇလ

မိုးကြီး၍ တရုတ်အနောက်တောင်ပိုင်းဒေသ ရေအောက်ရောက်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း Guizhou ပြည်နယ်တွင် မိုးရက်ဆက်ရွာသွန်းခဲ့ပြီး မြစ်ကြောင်းများစွာတွင် မြစ်ရေလျှံတက်ခဲ့သောကြောင့် ဘေးဒဏ်သင့်လွယ်သော လူမှုအသိုက်အဝန်းများအနေဖြင့် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တို-က်တွန်းထားသည်။
           
လူဦးရေ ၃ သိန်းခန့်စီနေထိုင်ရာ မြစ်ကမ်းဘေးမြို့နှစ်ခုဖြစ်သော Congjiang နှင့် Rongjiang ရှိ မြစ်ကမ်းဘေးနှင့် မြေနိမ့်ဒေသများတွင် နေထိုင်သော ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်ရှားကြရန် အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။
      
တရုတ်နိုင်ငံ ဒေသအချို့တွင် စံချိန်တင် မိုးရွာသွန်းမှုများကို ဖြစ်စေသော နှစ်စဉ် အရှေ့အာရှမုတ်သုံ အရှိန်မြင့်ဝင်ရောက်သည့်ကာလဖြစ်သောကြောင့် တောင်ပေါ်ဒေသ Guizhou နှင့် အခြားနိုင်ငံတောင်ပိုင်းဒေသများတွင် ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။
            
Guizhou ပြည်နယ်တွင် မြေပြိုမှုများကြောင့် အဝေးပြေးလမ်းများစွာ ပိတ်ဆို့ပြတ်တောက်သွားခဲ့သည်။
          
Rongjiang ကဲ့သို့ မြို့များတွင် လမ်းများရေမြုပ်ကုန်ကာ ယာဉ်အသွားအလာ ပြတ်တောက်သွားခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များ၊ မြေအောက်ကားဂိုဒေါင်များနှင့် ဈေးဝယ်ကုန်တိုက်များ၏ မြေအောက်ခန်းများ ရေအောက်ရောက်သွားခဲ့သည်။
          
နောက်ရက်အနည်းငယ်အထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ပြည်နယ်မိုးလေဝသပညာရှင်များက ခန့်မှန်းထားပြီး Guizhou အပါအဝင် ပြည်နယ်များတွင် မုန်တိုင်းများ စုဆုံကျရောက်မှုကြောင့် အထူးသဖြင့် အကာအကွယ်များဆောင်ရွက်ထားသင့်သည်ဟု သတိပေးခဲ့သည်။
            
ဆန့်ကျင်ဘက်အားဖြင့် ဟီနန်၊ ရှန်တုံနှင့် ဟီပေအပြင်မြို့တော် ပေကျင်းကဲ့သို့ မြောက်ပိုင်းဒေသများသည် အပူချိန်များမြင့်တက်နေပြီး အင်္ဂါနေ့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ကြောင်း သိရသည်။

Popular Myanmar