နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကျင်းပကြတာ ဖြစ်ပါ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။
အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပခဲ့တဲ့ ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါ တယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်အခမ်းအနားတွေကိုတော့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဖြစ်ပါတယ်။
ဆောင်ပုဒ်၏ ရည်ရွယ်ချက်
အဆိုပါဆောင်ပုဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့မှီခိုရှင်သန်ရာသဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်း တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး စုပေါင်းအားနဲ့ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်း အဝေးမှာနိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘော တူညီချက် တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကိုယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က အသိ အမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်
ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ် အတည်းပြဿနာ (၃)ရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုဉ်း ပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။
ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လျက်ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွား လာခြင်းနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးလာပြီး လူနေမှုအဆင့် အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါ တယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ထူးကဲသာလွန်ပြီး စွဲမက်စရာကောင်းတဲ့ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာ အနှံ့မှာလွှမ်းမိုးနေရာယူလာပါတယ်။ ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကိုယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာတွေ့ကြုံရင်ဆိုင်လာကြရပါတယ်။
ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ
ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန် သန်းပေါင်း ၂၃၄ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက် တိုးတက်နေဦးမယ်ဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့ စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏဖြစ်နေပါတယ်။
ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံးပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလပ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်းလွယ်ကူပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်မူလကုန်ကြမ်း(ကော်စေ့ကုန်ကြမ်း) ၄၀၀ တန်ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာနေကြောင်း ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ
ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်က ထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေပဲ ဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေ၊ မြေကြီးထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။ ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစား ခွဲခြား ကြည့်ရင် ၈၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့် ပစ်ပစ္စည်း တွေချည်း ဖြစ်နေပါတယ်။
ဒါတွေဟာ ကုန်းမြေပေါ်က အခြေပြုရောက်ရှိလာတာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော် ဝယ်ယူ သောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၅ ထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမာဏ ဖြစ်ပါတယ်။
ပလတ်စတစ်၏ ဆိုးကျိုးများ
တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ သဘာဝသယံဇာတအရင်းအမြစ် တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ ၎င်းရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။
ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။
ရုပ်ကြွင်းလောင်စာတွေအသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။
ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့အစားအသောက်တွေကို ကြွပ်ကြွပ် အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင် ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါ အပါအဝင် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။
တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက မြို့၊ ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/ သစ်ပင်တွေ ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့ သွားပြီး မြို့လယ်ခေါင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချိုသယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားတဲ့အခါမှာလည်း အဏ္ဏဝါ ညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကိုမီးရှို့ဖျက်ဆီးပါကလည်းအီသိုင်လင်းအောက်ဆိုက်၊ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင် စတဲ့အဆိပ်ဓာတ်ငွေ့တွေထွက်ရှိလာပြီးလေထု ညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင်အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲအထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည် အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုး အန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။
မိုက်ခရိုပလတ်စတစ် (Microplastics)မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့ ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်က ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွားရင်တောင် ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။ ယနေ့အချိန်အခါမှာ Microplastics တွေဟာ ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာ တွေထဲထိ အောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် Microplastics အမှုန်အမွှားတွေကို စစ်ထုတ်သန့်စင်ဖို့ခက်ခဲနေကြပါတယ်။
Microplastics တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့ မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ Microplastics တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ Microplastics တွေပါဝင်နေတဲ့ ညစ်ညမ်းရေ၊ လေနဲ့အစား အစာ တွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် Microplastics တွေကို ပင်လယ်ထဲက အသံတိတ်လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ လူတစ်ဦးဟာ တစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိအစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် အရွယ်ပေါ်မူတည်ပြီး Microplastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာ သာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက် စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ် ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများလက်ရှိအချိန်မှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေး ထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (United Nations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက်အမှတ်(၅/၁၄)မှာ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာ စာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း လုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိနေပါ တယ်။
ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းအစီအစဉ်ရဲ့ အဓိကမျှော်မှန်း ချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်စေရေးပင်ဖြစ်ပါတယ်။
ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထား ဆောင်ရွက် လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါ တယ်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစားအစာထုပ်ပိုးရာကစလို့ယာဉ်၊ လူ့အသုံးအဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေလုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့စနစ်ကျတဲ့နည်းလမ်းကောင်းတွေနဲ့အတူသေချာပေါက်ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာတက်ကြွစွာစုပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သင့်လျော်တဲ့ ပလတ်စတစ်ဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အသိပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအား ပေးကြရမှာဖြစ်ပါတယ်။
ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့ တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာတစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကိုရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက်(Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်သုံးစွဲနှုန်း(Recycling Rate)ဟာ ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ်(Circular Economy)ကိုအကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကို လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း(Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ် အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလို လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့ လက်ဝယ်မှာ အသင့်ရှိနေပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။
တိုက်တွန်းနှိုးဆော်ချက်
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့ ကျွန်ုပ်တို့ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ်သုံးစွဲစွန့်ပစ်နေသမျှကာလပတ်လုံး ကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား ဆက်လက်တိုးပွားနေဦးမှာဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီလိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီးစိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ။
MWD Web Portal
Photo - The Ocean Cleanup
ပဲစောင်းလျားသီး (Winged Bean)
ပဲစောင်းလျားသီးကိုမြန်မာတို့၏ထမင်းဝိုင်းတွင် တို့စရာနှင့်ချဉ်ဖတ်အဖြစ် လည်းကောင်း၊ ပဲစောင်းလျားသီးအနု လေးများကို ရေနွေးဖြော၍ ပါးပါးလှီးပြီးသံပရာသီးညှစ်၊ ပုစွန်ခြောက်ထည့်ကာဆီချက်နှင့်သုပ်စား၍သော်လည်းကောင်း၊ သီးစုံပဲကုလားဟင်းနှင့်ချဉ်ဟင်း၊ ဟင်းချို ထဲထည့်သွင်းချက်ပြုတ်၍သော်လည်း ကောင်း စားသုံးကြသည်။ ပဲစောင်းလျား သီးမှာ ဈေးတွင်အမြဲရှိသော်လည်း အမြဲ ဝယ်မစားဖြစ်သည့်အထဲတွင် ပါဝင်သည်။ ရံဖန်ရံခါမှ စားဖြစ်တတ်သည့် ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ကာတကူးတက ဝယ်စားခြင်းမျိုးသိပ်မရှိတတ်ကြသော်လည်း ယင်း၏အကျိုးကျေးဇူးများကို သိရှိမည်ဆိုပါကအမြဲမဟုတ်တောင် မကြာခဏစားမိမည်ဟု ယူဆပါသည်။
ပဲစောင်းလျားသီးတွင်ပါဝင်သောအာဟာရတန်ဖိုးများ
ပဲစောင်းလျားသီးတွင် ဗီတာမင် A၊ဗီတာမင် B၊ ဗီတာမင် C နှင့် ဗီတာမင် E အာဟာရဓာတ်များ ပါဝင်မှုများသကဲ့သို့ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စ ဖရပ်စ်တို့ကဲ့သို့ အရေးပါသောသတ္တုဓာတ်များ အများအပြားပါဝင်သည်။ ထို့ပြင် ဖောလိတ်ဓာတ်၊ ပရိုတင်းဓာတ်များနှင့် အင်ဇိုင်းများလည်း ကြွယ်ဝစွာပါဝင်သည်။ ပဲစောင်းလျားသီး၏ ပရိုတင်းပါဝင်မှုမှာ ပဲပိစပ်နှင့်ဆင်တူသည်။ တခြားပဲများ ကဲ့သို့ ပဲစောင်းလျားသီးအစေ့၏ပရိုတင်းပမာဏက ပြောင်းဖူးနှင့် တွဲဖက်လိုက် ပါက နွားနို့ကိုမီနိုင်သည်ဟုသိရပါသည်။ပဲစောင်းလျားသီးတွင် သံဓာတ်မျိုးစုံနှင့် ဗီတာမင်မျိုးစုံပါဝင်သဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပြီး အသား အရေတင်းရင်းစေသည့်အပြင် ကယ်လိုရီ ပါဝင်မှုပမာဏနည်းသဖြင့် ဝိတ်ချလိုသူများ အတွက် အထူးစားသုံးပေးသင့်ကြောင်း၊ ဗီတာမင် C ပါဝင်မှုများသဖြင့် ကိုယ်ခံအားစနစ်အားကောင်းစေကြောင်း၊ ကယ်လ် စီယမ်ဓာတ်ပါဝင်မှု မြင့်မားသည့်အတွက်အရိုးများသန်မာစေပြီး ခွန်အားတိုးစေ ခြင်းနှင့် အာရုံကြောအားကောင်းစေသည့် အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်း စားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျားသီးကို မကြာခဏ စားသုံးသင့်သည့် အကြောင်းရင်းများကိုဖော်ပြလိုပါသည်။
ကိုယ်ခံအားကောင်းစေနိုင်သောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် အချဉ်ဓာတ် လုံးဝမရှိသော်လည်း ဗီတာမင် C နှင့် ဗီတာမင် A ကြွယ်ဝစွာပါဝင်သော ကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး တခြားရောဂါပိုးများ၊ ကူးစက်ရောဂါများနှင့်ဖျားနာမှုများအလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ သည်။ ဗီတာမင် C သည် ရေတွင်ပျော်ဝင် နိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် မျိုးဖြစ်ပြီး သွေးကြောများ၏ကျုံ့ခြင်း၊ ဆန့်ခြင်းကို ကူညီပေးနိုင်သကဲ့သို့ ကင်ဆာ ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။
အရွယ်တင်နုပျိုစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ဗီတာမင် C နှင့်ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး ယင်း ဗီတာမင်နှစ်မျိုးစလုံးက ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidant) အဖြစ် လုပ်ဆောင်ပေးသည့်အပြင် အရေးအကြောင်း များကဲ့သို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော် မှုလက္ခဏာများကို ကာကွယ်ပေးနိုင် သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်မှုကြောင့် အသားအရေကိုတင်းရင်း စေပြီး နုပျိုစေသည်။
ကိုယ်အလေးချိန်လျော့ကျစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီး ၁၀၀ ဂရမ်တွင် စွမ်းအင် ၄၉ ကယ်လိုရီနှင့် ဗီတာမင် C ၃၁ ရာခိုင်နှုန်းပါဝင်သောကြောင့် ဝိတ်ချ လိုသူများအနေဖြင့် စားသုံးသင့်သည်။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျား သီးသုပ်၊ ပဲစောင်းလျားသီးချက် စသည် ဖြင့် ချက်ပြုတ်စားပါက တဖြည်းဖြည်း ကိုယ်အလေးချိန် လျော့ကျလာမည်ဖြစ် သည်။ ထို့ကြောင့် ပဲစောင်းလျားသီးသည် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပါဝင်မှုများသောကြောင့် အစာခြေစနစ် ကောင်းမွန်စေပြီး ဝမ်းမှန်စေခြင်းဖြင့် အဆီပိုများအား ဖယ်ရှားပေးနိုင်ပြီး ကိုယ် အလေးချိန်လျော့ကျစေရန် ကူညီပေးနိုင် သည်။
အမြင်အာရုံကောင်းမွန်စေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် အမြင်အာရုံနှင့် သက်ဆိုင်သည့်ပြဿနာများကို လျော့နည်းသက်သာစေနိုင်သော နောက်ထပ်ကောင်းကျိုးတစ်ခုရှိပါသည်။ လူများတွင် သိုင်ယာမင်း (Thiamine) ဓာတ်ချို့တဲ့ သည့်အခါ အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်သည်။ ပဲစောင်းလျားသီး တွင် သိုင်ယာမင်းဓာတ်များပါဝင်သဖြင့်မျက်စိကျန်းမာရေးအတွက် ကောင်းမွန် စေပြီး ရေတိမ်နှင့်အတွင်းတိမ်ကဲ့သို့ အမြင် အာရုံဆိုင်ရာပြဿနာများကို လျော့နည်း သက်သာစေနိုင်သည့်အပြင် သိုင်ယာမင်းဓာတ်မှာ ဦးနှောက်ဆီသို့ အချက်ပြ မှုများပေးပို့ခြင်းကို လုပ်ဆောင်ပေးသည့် မျက်လုံး၏ကြွက်သားများနှင့် အာရုံ ကြောများကို ကျန်းမာကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်သည်။
စိတ်ဖိစီးမှုနှင့်ထုံကျဉ်ကိုက်ခဲမှုကိုသက်သာစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင်ပါဝင်သည့် ဖော့စဖရပ်စ်၊ လပ်တို့စ်နှင့် ဖရပ်တို့စ်ကဲ့သို့ သကြားဓာတ်များသည် ခန္ဓာကိုယ်တွင်ရှိသည့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးနိုင် ပြီး မောပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ခေါင်းနှစ်ဖက်ကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ခန္ဓာကိုယ်ထုံကျဉ် ကိုက်ခဲခြင်းတို့ကိုလည်းလျော့နည်း သက်သာစေနိုင်သည်။
ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသောဗီတာမင် D နှင့် ကယ်လ်စီယမ်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွား မှုကိုကာကွယ်ပေးပါသည်။
အစာအိမ်ပြဿနာများကိုလျော့ပါးစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင်ပါဝင်သည့် အမျှင်ဓာတ်များက ကိုယ်အလေးချိန်တက်မှုကိုလျှော့ချပေးနိုင်ရုံသာမက အစာအိမ်ထဲတွင်ရှိနေသည့်ဗက်တီးရီးယားများကိုတိုးပွားစေပြီး အစာချေဖျက်နိုင်ရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် ပဲစောင်းလျားသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် အစာအိမ်ဆိုင်ရာပြဿနာများကို လျော့ပါးစေနိုင်သည်။
အရိုးများကိုသန်မာစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ပါဝင်သည့် ကယ်လ်စီယမ်ဓာတ်သည်အရိုးစနစ်ကိုတည်ဆောက်ပေးပြီး ရောဂါဝေဒနာများ မရှိစေရန်သန်စွမ်းမှုကိုပေးသည်။ ပဲစောင်းလျားသီးတွင် ကယ်လ်စီယမ်ဓာတ်ပါဝင်မှုမြင့်မားသဖြင့် အရိုးနှင့်သွားများကို ကြီးထွားသန်မာစေပြီး ထိခိုက်ဒဏ်ရာများသက်သာရန်နှင့် အနာကျက်စေရန်အတွက် ကူညီပေးနိုင်သည်။ နေမကောင်း ဖြစ်နေသူများ၊ အားနည်းနေသူများကိုခွန်အားတိုးစေခြင်းနှင့်အာရုံကြော အားကောင်းစေသည့်အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်းစားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံ ဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျား သီးမှာပါဝင်သည့် ကယ်လ်စီယမ်ဓာတ်က အရိုးပွခြင်းကဲ့သို့ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
သွေးအားနည်းခြင်းနှင့်ပန်းနာရင်ကျပ်ကို သက်သာစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် မဂ္ဂနီစီယမ်ဓာတ်လည်းအတော်အသင့်ပါဝင်နေသောကြောင့်အဆုတ်ပြွန်နှင့်သက်ဆိုင်သည့် ကြွက်သားများကိုပြေလျော့စေနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုကာကွယ်ပေးနိုင်သည်။ အသက်ရှူလမ်းကြောင်းကို ကောင်းစွာထိန်းညှိ ပေးနိုင်သောကြောင့် နာတာရှည်ပန်းနာ ရင်ကျပ်ရောဂါခံစားနေရသူများအတွက် လည်းသင့်တော်သည်။ ပဲစောင်းလျားသီး တွင် ဗီတာမင် B ပါဝင်နေခြင်းမှာ ခန္ဓာ ကိုယ်၏သွေးပမာဏနှင့် အရည်အသွေး ကို တိုးတက်ကောင်းမွန်စေပြီး သွေးအား နည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် ပဲစောင်းလျားသီးကို ဖြည့် စွက်စာအနေဖြင့် ပုံမှန်စားသုံးပေးပါကပန်းနာရင်ကျပ်နှင့် သွေးအားနည်းခြင်းတို့ ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ကိုယ်ဝန်ဆောင်များအတွက်အထောက်အကူပေးနိုင်သောပဲစောင်းလျားသီး
ပဲစောင်းလျားသီးအပါအဝင် ပဲအမျိုး မျိုးတွင် ဖောလစ်အက်စစ်ဓာတ်ကြွယ်ဝ စွာပါဝင်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင် များအတွက် သင့်တော်ပါသည်။ ပဲစောင်း လျားသီးတွင် ကိုယ်ဝန်ရခါစအမျိုးသမီး နှင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာ အာဟာရမှ ဒီအင်န်အေ (DNA)နှင့် ဆဲလ် (Cell) များအတွက် မရှိမဖြစ်လိုအပ်သည့် ဖောလိတ်ဓာတ်ရရှိမှုလုံလောက်အောင်အထောက်အကူပေးနိုင်သည်။ ဖောလစ် အက်စစ်ဓာတ်သည် သန္ဓေသားကြီးထွား ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပြီးလွယ်ကူ ချောမွေ့စွာမွေးဖွားနိုင်ရန်လည်း ကူညီပေး နိုင်သည့်အပြင် ပဲစောင်းလျားသီးတွင်ပါဝင် သည့်သံဓာတ်သည် ကိုယ်ဝန်ဆောင်မိခင် များတွင် သွေးဆုံးရှုံးမှုဖြစ်နိုင်ခြေကိုလျှော့ ချပေးနိုင်ပြီးမွေးကင်းစကလေးငယ်၏ ကိုယ်အလေးချိန် လျော့နည်းမှုများကိုလည်းကာကွယ်ပေးနိုင်သည်။ ပဲစောင်း လျားသီးတွင်သံဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် ပေါင်မပြည့်သောကလေးမွေးဖွားခြင်းကို ကာကွယ်ပေးပြီး မဂ္ဂနိစ် ဓာတ် ကြွယ်ဝစွာပါဝင်နေခြင်းသည် ကလေးမမွေးဖွားမီနှင့်မွေးဖွားပြီးနောက် တွင်ဖြစ်တတ်သည့်ရောင်ရမ်းခြင်းနှင့် ညောင်းညာကိုက်ခဲခြင်းများကိုလည်း သက်သာစေသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ပဲစောင်းလျားသီးကိုဖြည့်စွက်စာအဖြစ်စားသုံးပေးမည်ဆိုပါကကောင်းကျိုးများရရှိနိုင်မည်ဖြစ် သည်။
သို့ဖြစ်ပါ၍အစာလည်းဆေး၊ဆေး လည်းအစာဆိုသကဲ့သို့ အစားအသောက်များကို ဉာဏ်ရှိသလို အသုံးချရင်း မိမိကျန်းမာရေးကိုစောင့်ရှောက်သင့်ပါသည်။ အသီးအနှံများစားသုံးခြင်းဖြင့် ဘေးထွက် ဆိုးကျိုးနှင့်တာရှည်ခံပစ္စည်းများ၏ အန္တရာယ်ကင်းစင်စေမည်ဖြစ်သည်။ ပဲစောင်းလျားသီးမှ အမြစ်ကျသွားလျှင်လူကြိုက်များသည့် ပဲမြစ်ကိုတူးဖော်ရောင်းချ၍လည်းရသဖြင့် အမြစ်အထိဝင်ငွေရရှိနိုင်ပြီး အကျိုးဖြစ်ထွန်းစေသောကြောင့်စီးပွားဖြစ်စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: MWD Web Portal
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ဖရဲသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သည်။
မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း
ဖရဲစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်သုံးစွဲခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဆိုသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။ ထို့ပြင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအား မြင့်မားသောမျိုးများကို ရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသောမျိုးများကိုဦးစားပေးရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသောမျိုးများကို ဦးစားပေးရွေးချယ်သင့်သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသောမျိုးများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးများဖြစ်သည်။
မြေပြုပြင်ခြင်း
ဖရဲသီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ ဖရဲသီးနှံသည် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားကို နှစ်သက်သည်။ ထို့ကြောင့် မြေကိုကောင်းစွာပြုပြင်ပြီး မြေဆီလွှာတွင် သဘာဝမြေဩဇာများ ထည့်သွင်းပေးသင့်သည်။ မြေကို ကောင်းစွာထွန်ယက်ပြီး မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းမွန်စေရန် ပြုလုပ်ပေးရမည်။
စိုက်ပျိုးနည်းစနစ်
ဖရဲကိုမိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။ ဖရဲစေ့ကို မြေတွင်တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်သည်။ ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင်ပြုပြင်ပြီး စိုက်ပေါင်များဖော်ရမည်။ ဖရဲပင်များစိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့်ရှိလာချိန်တွင် နွယ်များကိုဖြောင့်တန်းပေးပြီး တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုပ်တွယ်ထားခြင်းဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရစေနိုင်သည်။
ရာသီဥတုဒဏ်ခံနိုင်ရည်
ဖရဲသည် ပူပြင်းသောရာသီဥတုကို နှစ်သက်သော်လည်း မိုးရွာသွန်းမှုများပါက ရောဂါပိုးမွှားများကျရောက်နိုင်သည်။ ထို့ကြောင့် ရွေးချယ်မည့် မျိုးသည် မိုးရွာသွန်းမှုများပြားသောဒေသများတွင် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။
ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်
ဖရဲသည် ရောဂါပိုးမွှားများစွာကျရောက်နိုင်သောသီးနှံဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မည့်မျိုးသည် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးဖြစ်ရမည်။
အထွက်နှုန်းကောင်းမွန်ခြင်း
ဖရဲမျိုးရွေးချယ်ရာတွင် အထွက်နှုန်းကောင်းမွန်သောမျိုးဖြစ်ရမည်။ အထွက်နှုန်းကောင်းမွန်သောမျိုးများကိုရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။
ဈေးကွက်တွင် ဝယ်လိုအားမြင့်မားခြင်း
မျိုးကောင်းမျိုးသန့်ဆိုသည်မှာ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော မျိုးဖြစ်ရမည်။ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသောမျိုးများကို ရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။
သီးနှံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း
ဖရဲသီးနှံစိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများကိုကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော ဇီဝပိုးသတ်ဆေးများသုံးစွဲခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ “ဖရဲ သရဲထက်ကြောက်စရာကောင်းတယ်’’ဟူသောတောင်သူများ၏ အဆိုအရ ဖရဲသီးနှံတွင် ကြောက်စရာအကောင်းဆုံးပြဿနာမှာ မှိုရောဂါပင်ဖြစ်သည်။ သက်ရှိမှိုမျှင်များသည် မြေကြီးထဲ၌ ၁၀ နှစ်မှ ၁၅ နှစ်အထိရှင်သန်နိုင်ပြီး အပင်များကို အမြစ်ကနေဝင်ရောက်ပြီး ဒုက္ခပေးလေ့ရှိသည်။ ထိုမှိုရောဂါကိုဖြေရှင်းနိုင်မည့်နည်းလမ်းသည် ဓာတုဆေးဝါး များဖြင့် နှိမ်နင်းလို့မရချေ။ အကောင်းဆုံးနည်းလမ်းမှာ သီးလှည့်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ထို့ပြင် ပိုးမွှားနှင့်ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် စိုက်ခင်းကိုပုံမှန်စစ်ဆေးပေးရမည်။
တစ်ဧကအထွက်နှုန်း တိုးတက်စေရေး
တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ခြင်း၊ မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း၊ သီးနှံပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းစသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ ထို့ပြင်သီးနှံအထွက်နှုန်းကို တိုးတက်စေရန် သင့်လျော်သော မြေဩဇာများကို ထည့်သွင်းပေးရမည်။
နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများ
နိုင်ငံတော်အစိုးရမှလည်း ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပံ့ပိုးမှုများကိုရယူခြင်းဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများတွင် မျိုးကောင်းမျိုးသန့်များပံ့ပိုးပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖြန့်ဖြူးခြင်း၊ ငွေကြေးကူညီပံ့ပိုးမှုများပေးခြင်း စသည့်အစီအစဉ်များပါဝင်သည်။
ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ
ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို လေ့လာခြင်းဖြင့် ဖရဲသီးနှံ၏ ဈေးကွက်လိုအပ်ချက်များကိုသိရှိနိုင်ပြီး ထိုအချက်များကို အခြေခံကာ စိုက်ပျိုးထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကိုသိရှိရန် ဈေးကွက် စစ်တမ်းများကောက်ယူခြင်း၊ ဒေသခံလယ်သမားများနှင့်တိုင်ပင်ဆွေးနွေးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။
ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက်သာမက စားသုံးသူများအတွက်ပါ အကျိုးပြုမှုများစွာရှိသည်။ ဖရဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး လူတို့၏အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။
ဥယျာဉ်ခြံသီးနှံတစ်မျိုးဖြစ်သည့် ဖရဲသီးနှံသည် သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိပါက စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်သည်။ ဖရဲသီးနှံကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားနှင့် ရောဂါဒဏ်ကာကွယ်ခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်း စသည့်အချက်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်မှ ပံ့ပိုးမှုများနှင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကိုသိရှိခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ။
Source: MWD Web Portal
ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၏တစ်ဖက်တစ်ချက်တွင် အုပ်ဆိုင်းနေသော သစ်ပင်တန်းလေးသည် မိုးဖွဲဖွဲ၏နမ်းရှိုက်မှုကြောင့် စိမ်းစိုတောက်ပလျက်ရှိသည်။ မေလတွင် ရုတ်တရက် ရွာသွန်းလိုက်သော မိုးသည်းသည်းကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း မိုးရေတို့ဖုံးလွှမ်းခဲ့ပြီး မိုးတိတ်သွားချိန် နေခြည်ပေါ်ထွန်းလာစဉ်တွင် သစ်ပင်သစ်ကိုင်းတို့၌ တွယ်ငြိနေသော မိုးရေစက်တို့သည် ပင်ရွက်ထိပ် တို့တွင်တွဲခိုလျက် မြေပြင်သို့သက်ဆင်းရန် အားယူကြလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်သည် အေးချမ်းတိတ်ဆိတ်လျက် ဘွဲ့နှင်းသဘင်ခန်းမကြီးသည် တည်ငြိမ်ခံ့ညားလျက်ရှိကာ ကျေးငှက်သံတို့ နှင့်အတူ သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့် အမိတက္ကသိုလ်ကြီး၏ ထည်ဝါခံ့ညားမှုကို ပေါ်လွင်စေလျက်ရှိသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်သည် ရန်ကုန်တက္ကသိုလ်၏သက်တမ်းသည် နှစ်(၁၀၀)သို့ တိုင်ခဲ့ပြီဖြစ်၍ ယခုဆိုလျှင် နှစ်ပေါင်းရာကျော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ်နှင့် ဂျပန်ခေတ်ကိုလည်း ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။
သမိုင်းအစဉ်အလာကြီးမားသော တက္ကသိုလ်ကြီးဖြစ်သည်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးတစ်ခုအဖြစ် ယနေ့တိုင်တည်ရှိလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်၏ရင်ခွင်တွင် ခိုလှုံခဲ့ကြသော ကျောင်းသားဟောင်းကြီးများ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ကျောင်းတော်ကြီးကို ကြည့်လိုက်လျှင် ဖြစ်စေ၊ အဓိပတိလမ်းပေါ်မှကြည့်လိုက်သည်ဖြစ်စေ၊ တက္ကသိုလ်ရိပ်သာလမ်း ကျောင်းတံခါးအဝင်အဝမှ ဘွဲ့နှင်းသဘင်ခန်းမကြီးကိုမြင်တွေ့လိုက်သည်ဖြစ်စေ တစ်ချိန်က ကျောင်းသားဘဝ၏အငွေ့အသက်တို့သည် ရုတ်ခြည်းဝင်ရောက်လာလျက် လွမ်းမောဖွယ်ငယ်ဘဝပုံရိပ်တို့နှင့်အတူ ကြည်နူးအေးချမ်းမှုတို့ကိုပေးစွမ်းလျက်ရှိသည်။ အမိရင်ခွင်သို့ရောက်ရှိလာသော သားသမီးများကို နွေးထွေးစွာကြိုဆိုနေသော ရန်ကုန်တက္ကသိုလ်ကြီးသည် မေတ္တာဓာတ်ကြီးမားစွာ သားကြီး၊ သမီးကြီးများနှင့် သားငယ်၊ သမီးငယ်တို့ကို အပြုံးချိုချိုဖြင့် အစဉ်ထာဝရ လက်ကမ်းကြိုဆိုလျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်ဟုဆိုလျှင် အဓိပတိလမ်း(Chancellor Road)နှင့် ယုဒဿန်ကောလိပ်(Judson College)၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အင်းယားကန်၊ ပုဂံလမ်း၊ ပုဂံခြံဝင်း၊ စစ်ကိုင်းလမ်း၊ သစ်ပုပ်ပင်၊ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့သည် အမိတက္ကသိုလ်ရင်ခွင်တွင် ခိုလှုံသူတို့၏ နှလုံးသားတို့၌ ပုံရိပ်များစွာစွဲကျန်လျက်ရှိသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ်နှင့် သစ်ပုပ်ပင်၊ သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တို့သည် ကဗျာဝါသနာရှင်နှင့် စာပေဝါသနာရှင်တို့အတွက် အထူးအမှတ်ရဖွယ် အတိတ်ပုံရိပ်များဖြစ်သည်။ သစ်ပုပ်ပင်ကြီးအောက်တွင် စာဖတ်ခြင်းနှင့် ဝိုင်းဖွဲ့အနားယူခဲ့ကြသူများပို၍ သတိရဖွယ်များပင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မတည်ထောင်မီက တည်ရှိခဲ့သော သစ်ပုပ်ပင်နှင့် ဒုတိယကမ္ဘာစစ်ကာလကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့သည် သမိုင်းဝင်ညီအစ်ကိုပမာ တစ်ယောက်အကြောင်းကို တစ်ယောက်သိကြသည့် ခေါင်းနှင့်ပန်းဒင်္ဂါးပြားကဲ့သို့ ယှဉ်တွဲလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့မှ သစ်ပုပ်ပင်ကြီးကို လှမ်းမြင်ရသည့်နည်းတူ သစ်ပုပ်ပင်ကြီးအနီးတွင် ထည်ဝါစွာတည်ရှိနေသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးကို လှမ်းမြင်ရမည်ဖြစ်သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးနှင့်ကပ်လျက်တွင် ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည်လည်း ခံ့ညားထည်ဝါစွာ တည်ရှိလျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏အမျိုးသားစာပေ၊ ခေတ်မီစာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်တို့ စုဝေးထားရှိရာနေရာဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ပညာတတ်များစွာ မွေးထုတ်ပေးနေသော တက္ကသိုလ်ကြီးတည်ရှိရာ နေရာတစ်ခုအဖြစ် ဂုဏ်ရောင်လွှမ်းလျက်ရှိသည်။ စာတွေ့၊ လက်တွေ့သင်ကြားပေးမှုနှင့်အတူ ကမ္ဘာ့စာပေဗဟုသုတများစွာ သိုလှောင်ဖြန့်ဖြူးပေးရာ နေရာလည်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ချိန်၌ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟူ၍ မရှိသေးပေ။ မြန်မာနိုင်ငံဘုရင်ခံ တက္ကသိုလ်အဓိပတိဖြစ်သော ဆာဟာကုတ်ဘတ္တလာ(Sir Hercourt Butler)က ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် စာကြည့်တိုက်ကြီးကိုတည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။ စာကြည့်တိုက်အဆောက်အအုံအတွက် စေတနာရှင် Rao Bahudur Sithamlera Reddier က ရူပီးငွေနှစ်သိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်သည် L ပုံစံနှစ်ထပ်တိုက်ဖြစ်ပြီး စာအုပ်ထားသိုခန်းကို အထပ်လေးထပ်ဖြင့် ဖွဲ့စည်းထားသည်။ လေးထပ်စာအုပ်စင်၏ ကြမ်းခင်းများမှာ မြေညီထပ်မှလွဲ၍ ခိုင်မာသောဆန်ခါပေါက်ကြမ်းခင်းများဖြစ်သည်။ စာကြည့်တိုက်အကျယ်အဝန်းမှာ ပေ ၁၂၀ x ၃၆ ပေနှင့်အမြင့် ၇၂ ပေရှိပြီး မြေအောက်ခန်းပါရှိသည်။ ဒေါင်လိုက်ပြတင်းပေါက်များ လုံလောက်စွာဖောက်ထားပြီး လေဝင်လေထွက်ကောင်းမွန်သော စာကြည့်တိုက်ကြီးဖြစ်သည်။
တည်ဆောက်မှုကို ၁၉၃၁ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး ထိုနှစ်မှာ မြန်မာပြည်ဘုရင်ခံ Sir Charles Alexander Innes က ဖွင့်လှစ်ပေးခဲ့သည်။ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် သက်တမ်းသည် ၉၂ နှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးနှင့် စာအုပ်စာပေစုံလင်သောစာကြည့်တိုက်ကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
စစ်ပြီးခေတ်တွင် ပြည်ထောင်စုပါလီမန်က ပြဋ္ဌာန်းပေးခဲ့သော ပုံနှိပ်တိုက်အက်ဥပဒေ(ပြင်ဆင်ချက်) အရ မြန်မာနိုင်ငံတစ်ဝန်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ပြီးကာလတွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် ပြာပုံဘဝမှ ပြန်လည်ထူထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုနီး ၁၉၄၅ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့မှပြန်လည်ဆုတ်ခွာသွားသော ဂျပန်များသည် စာကြည့်တိုက်အဆောက်အအုံကိုဖောက်ခွဲဖျက်ဆီးခဲ့ရာ စာကြည့်တိုက်အဆောက်အအုံအမိုးများမရှိဘဲ စာအုပ်ထားသိုခန်းနှင့်စာအုပ်စင်များ မီးလောင်မှုကြောင့် ကောက်ကွေ့ကျိုးပျက်ခဲ့ပြီး စာကြည့်တိုက်အဝင်အဝ အခန်းကြမ်းပြင်သည် ပြိုကျခဲ့သည်။ စာအုပ်များမီးလောင်ကျွမ်းမှုကြောင့် ပြာပုံအတိကျန်ရစ်ခဲ့သည်။ သံမဏိဗီရိုအတွင်း သိမ်းဆည်းထားသော ပေပုရပိုက်များသည် ပြာခဲများဖြစ်နေခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ရန်ကုန်မြို့သာမက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စုဆောင်းထားရှိသော စာအုပ်စာတမ်းများအားလုံးနီးပါး ဝါးမျိုဖျက်ဆီးခံခဲ့ရသည်။
၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံတည်ဆောက်ပြီးချိန်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံးစာကြည့်တိုက်ပညာဘွဲ့ရရှိထားသော ဆရာဦးခင်ဇော်သည် ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးအမြဲတမ်း စာကြည့်တိုက်မှူးဖြစ်ခဲ့သည်။
ဆရာကြီးစုဆောင်းခဲ့သော စာပေရတနာသိုက် ကြီးသည် စစ်အတွင်း၌ ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြီးပြီးချိန်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ပြန်လည်တည်ထောင်ခဲ့သော ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၄၆ ခုနှစ်တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ ဦးသိန်းဟန်(ဆရာဇော်ဂျီ) တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၄ ခုနှစ်တွင် စနစ်သစ်ပညာရေးစနစ်မူဝါဒအရ တက္ကသိုလ်၊ ကောလိပ်များအားလုံး ကိုယ်စားပြုသည့် စာကြည့်တိုက်ကြီးတစ်ခုကို ဖွဲ့စည်းတည်ထောင်မှုဖြင့် ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြုပြင်ဖွဲ့စည်းမှုအရ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟူ၍ စာကြည့်တိုက်နှစ်ခုကပ်လျက် သီးခြားယှဉ်တွဲပြီး ပေါ်ထွန်းလာခဲ့သည်။ ဆရာကြီးဦးသော်ကောင်းသည် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ဒေါ်မြင့်မြင့်ခင်က ရန်ကုန်တက္ကသိုလ်၏ စာကြည့်တိုက်မှူးအဖြစ် ပထမဆုံးတာဝန်ယူ၍ ၁၉၉၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးတာဝန်ကို ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၆၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်းက စာကြည့်တိုက်မှူးတာဝန်ကို ဆက်လက်ထမ်းဆောင်၍ စာကြည့်တိုက်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မှုဖြင့် စာအုပ်စာတမ်းများတိုးတက်များပြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၈၇ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ချိန်တွင် စာကြည့်တိုက်မှူးအဖြစ် ဒေါ်မြင့်မြင့်ခင်က စတင်တာဝန်ယူခဲ့ပြီး ၁၉၉၅ ခုနှစ်မှစ၍ ဆရာဦးမြတ်စိုး၊ ဦးကျော်ဝင်း၊ ဒေါ်ခင်နှင်းဦး၊ ဒေါက်တာလှိုင်လှိုင်ကြီး၊ ဒေါ်သင်းသင်းစိုးတို့ အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြကာ ယနေ့အချိန်တွင် ဒေါ်သန်းသန်းဌေးကတာဝန်ယူထမ်းဆောင်လျက်ရှိသည်။
ယနေ့အချိန် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မြန်မာစာအုပ် ၈၁၈၆၈ အုပ်၊ အင်္ဂလိပ်စာအုပ် ၄၈၆၀၉ အုပ်၊ စာနယ်ဇင်း ၂၈ မျိုးနှင့် ပေစာ ၁၈၈ ကျမ်းတို့ စုဆောင်းထားရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် စာအုပ်စာတမ်းများတိုးတက်စုဆောင်းလာလျက်ရှိသည်။ စာဖတ်သူတို့အား စာကြည့်တိုက်အတွင်းဖတ်ရှုသည့် သမားရိုးကျစနစ်နှင့် Electronic စနစ်တို့ဖြင့် ဝန်ဆောင်မှုနှစ်မျိုးပေးထားသည်။ သမားရိုးကျစနစ်၌ ကတ်တလောက်စနစ်၊ စာဖတ်သူနှင့်စာအုပ်များရင်းနှီးမှုရှိစေရန် အသစ်ဝယ်ယူထားသော ပညာရပ်ဆိုင်ရာစာအုပ်များနှင့် ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို စင်ဖွင့်စနစ်အသုံးပြုထားခြင်း၊ စာအုပ်အသစ်များအားဖတ်ရှုနိုင်ရန် Display ပြသပေးခြင်း၊ စာဖတ်သူများတောင်းဆိုပါက စာအုပ်များထားသိုခန်းအတွင်း ကိုယ်တိုင်ရှာဖွေလေ့လာနိုင်ခြင်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ ကြေညာဘုတ်တွင်ဖော်ပြပေးထားသည့်အပြင် စာကြည့်တိုက်၏ Facebook မှ New Arrival စာအုပ်များကိုကြေညာပေးခြင်း၊ Library Orientation များပြုလုပ်ပေးခြင်းတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်သူများ စာဖတ်ရှိန်မြင့်မားစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကျမ်းစာအုပ်များနှင့်သုတေသနစာစောင်များကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာနိုင်လျက်ရှိသည်။ စာပေဖတ်ရှုသူများသိလိုသော အထောက်အထားနှင့် အချက်အလက်အချို့များ စာကြည့်တိုက်တွင်မရှိပါက စာကြည့်တိုက်အချင်းချင်း စာပေပစ္စည်းခွဲဝေသုံးစွဲမှုစနစ် (Resources Sharing System) ဖြင့် အခြားသောစာကြည့်တိုက်များထံဆက်သွယ်ကူညီရှာဖွေပေးလျက်ရှိပြီး စာပေအချက်အလက်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကာ စာကြည့်တိုက်ဝန်ဆောင်မှုအား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရုံးဖွင့်ရက်အပြင် စနေနေ့တွင်လည်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ပေးထားလျက်ရှိသည်။
Open Society Foundation ၏အဆင့်မြင့် ပညာရေးအထောက်အကူပြုအစီအစဉ်ဖြစ်သော Electronic Information for Libraries(EIFL) Project အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။
ထို Project သည် ပညာရပ်မျိုးစုံပါဝင်သော Online database ပေါင်း ၃၅ ခုဖြင့် ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်တို့တွင်အသုံးပြုနိုင်ခဲ့သည်။
ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်(ရန်ကုန်)တို့တွင်လည်း အသုံးပြုနိုင်ခဲ့သည်။ e-Journal ပေါင်း ၁၀၀၀၀ ကျော်၊ e-book ပေါင်း ၁၃၀၀၀၀ ကျော်ကို သင်ကြားရေးနှင့် သုတေသနပြုရေးတို့အတွက် အဆင့်မြင့်အရည်အသွေးရှိသော နိုင်ငံတကာဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်းများကို Electronic Libraryအသွင်ဖြင့် Online မှတစ်ဆင့် ဖတ်ရှု၊ ကိုးကား အသုံးပြုလျက်ရှိသည်။ Database ၃၅ ခုကို စုစည်းထားပြီး EBSCO Discovery Service (EDS)မှတစ်ဆင့် အသံဖိုင်၊ ဗီဒီယိုဖိုင်၊ ရုပ်ပုံများ၊ သတင်းစာအဆောင်ရေ ၄၀ ကျော်နှင့် ရည်ညွှန်းစာအုပ်များဖြင့် တက္ကသိုလ်ဆိုင်ရာ ပညာရတနာသိုက်တစ်ခုအဖြစ် ထိန်းသိမ်းထားလျက်ရှိသည်။ ထို Online Database တို့ကို မည်ကဲ့သို့အသုံးပြုပုံနှင့် ရှာဖွေမှုတို့ကို စဉ်ဆက်မပြတ် သင်တန်းများပေးလျက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ရှားပါးစာအုပ် ၁၈၈ အုပ်နှင့် ပညာရပ်ဆိုင်ရာ e-books ၃၅၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေပြီး လိုအပ်သောအချက်အလက်များကို CD ဖြင့်ကူးပေးခြင်းနှင့် စာဖတ်သူတို့သိလိုသည်များကို တယ်လီဖုန်း၊ e-mail၊ facebook တို့မှပြန်လည်ဖြေကြားပေးလျက်ရှိသည်။
Electronic စနစ်တွင် Electronic Library Management System(ELIB)ဖြင့် အင်္ဂလိပ်၊ မြန်မာစာ၊ ကျမ်းစာ၊ ပေစာနှင့် စာနယ်ဇင်းအမျိုးမျိုးတို့ကို ထည့်သွင်းထားသဖြင့် စာပေဖတ်ရှုသူတို့လိုအပ်သော စာအုပ်အမျိုးအစားများကိုအချိန်တိုအတွင်းရှာဖွေဖတ်ရှုနိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်ရှိသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တို့တွင် ထိန်းသိမ်းထားရှိသော စာအုပ်စာပေမှတ်တမ်း၊ ပုရပိုက်များနှင့်ဒေတာအချက်အလက်များသည် နိုင်ငံအတွက်တန်ဖိုးဖြတ်၍မရသော မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ အမြုတေများ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း စာကြည့်တိုက်များအသီးသီးရှိကြရာ စာပေ၊ ယဉ်ကျေးမှုနှင့်အတူ ရှေးဟောင်းအဆောက်အအုံအမွေအနှစ်တို့ကို နိုင်ငံ၏အမျိုးသားအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဂုဏ်ယူကြလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များယနေ့ကမ္ဘာသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ စာပေထက် စမတ်ဖုန်းနှင့်ကွန်ပျူတာကို တွင်ကျယ်စွာအသုံးပြုလာလျက်ရှိသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော ရှေးစကားနေရာတွင် “အင်တာနက်ကမ္ဘာ နစ်မျောရှာ” ဟု ဆိုရမလိုဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည်နိုင်ငံသားများစာပေဆိုင်ရာဖတ်ရှုလေ့လာနိုင်ရန် တိုက်တွန်းအား ပေးကြလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း စာပေဖတ်ရှုမှုထက် အင်တာနက်ဖြင့် ဖုန်းအသုံးပြုသော ယဉ်ကျေးမှုသည် သက်ကြီးရွယ်အိုမှစ၍ ထိုင်တတ်စကလေးအရွယ်အထိ စွဲမြဲစွာအသုံးပြုလာကြလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်မှ စာပေဖတ်ရှုလေ့လာရန် တွန်းအားတစ်ရပ်အနေဖြင့် အစဉ်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ စာကောင်းပေမွန်များသည် စာကြည့်တိုက်များအတွင်း တည်ရှိနေပြီး ထိုစာပေများကို လေ့လာဖတ်ရှုခြင်း၊ စာတမ်းများရေးသားပြုစုခြင်းနှင့် ကျမ်းပြုစုခြင်းတို့ဖြင့် ပညာရည်ထူးချွန်ထက်မြက်သောဘဝကို ပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ စာပေထက်မြက်ခြင်းသည် အရာရာကိုလွှမ်းမိုးကြီးစိုးနိုင်သော အသိပညာကိုပေးစွမ်းခြင်းဖြစ်ရာ ထိုသို့ပေးစွမ်းနေသော သာဓကများအဖြစ် ကမ္ဘာ့စာကြည့်တိုက်များက မီးမောင်းထိုးပြလျက်ရှိသည်။ ထို့ကြောင့် စာကြည့်တိုက်များကို ကမ္ဘာကြီး၏ ပြတင်းပေါက်များဟု အသိအမှတ်ပြုထားခြင်းဖြစ်သည်။
The British Library
The British Library သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌တည်ရှိပြီး ၁၉၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့၍ကမ္ဘာပေါ်တွင် အကြီးဆုံးစာကြည့်တိုက်ကြီးဖြစ်သည်။ ထိုစာကြည့်တိုက်ကြီးတွင် Karl Marx ၊ Oscar Wide နှင့် Mahatma Gandhi စသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ စာပေလေ့လာလိုက်စားခဲ့သော စာကြည့်တိုက်ကြီးဖြစ်သည်။ စာကြည့်တိုက်တွင် ရှေးဟောင်းနှင့် ကာလပေါ်စာအုပ်စာပေများအပြင် ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်း သန်း ၁၇၀ မှ သန်း ၂၀၀ကြား စုဆောင်းထားရှိသည့် စာကြည့်တိုက်ကြီးဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးတွင် ဂူတင်ဘတ်၏ သမ္မာကျမ်းစာနှစ်အုပ်၊ လီယိုနာရိုဒါဗင်ချီ၏ ရှားပါးမှတ်စုစာအုပ်တစ်အုပ်ကိုလည်း စုဆောင်းထားရှိသည်။
Library Of Congress
Library Of Congress စာကြည့်တိုက်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌တည်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စာကြည့်တိုက်တစ်ခုဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်းများစွာ စုစည်းထားရှိသော စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။ အဆိုပါ စာကြည့်တိုက်အတွင်း နာမည်ကျော် Stradivarius ၏ တယောနှင့် ရှားပါးစာအုပ်များ၊ ရုပ်ပုံကားချပ်များပြသထားပြီး ဘာသာစကား ၄၅၀ ခန့် ရေးသားထား၍ စာအုပ်စာပေ ၃၉ သန်းခန့်ထားရှိသည်။ ရှားပါးစာအုပ် ရှစ်သိန်းခန့်ရှိပြီး အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၊ ကမ္ဘာပေါ်တွင် သုံးအုပ်တည်းသာရှိသည့် ၁၅ ရာစုထုတ် ဂူတင်ဘတ်သမ္မာကျမ်းစာနှင့် ၁၆၄၀ ပြည့်နှစ်ထုတ် ကျမ်းစာအုပ်ကိုလည်း ထိန်းသိမ်းထားရှိသည်။ ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးစာကြည့်တိုက်ဖြစ်သည့် New York Public Library စာကြည့်တိုက်ကြီးသည်လည်း အမေရိကန်နိုင်ငံနယူးယော့ခ်မြို့ Manhattan တွင် ဖွင့်လှစ်ထားရှိလျက်ရှိသည်။
Shanghai Library
Shanghai Library သည်ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၃၈၄ ပေမြင့်သည့် ၂၄ ထပ်အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ရှန်ဟိုင်းအရှေ့စာကြည့်တိုက်အပါအဝင် စာကြည့်တိုက်များစွာပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကြီးတွင် ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာကျောင်းကိုလည်း ဖွင့်လှစ်ထားပြီး ရှားပါးစာအုပ်များအပြင် ကမ္ဘာ့နိုင်ငံများမှ ဘာသာစကားပေါင်းစုံနှင့် စာအုပ်ပေါင်းများစွာ ထိန်းသိမ်းထားရှိ၍ စာအုပ်စာပေပေါင်း ၅၆ သန်းခန့် စုဆောင်းထားရှိသည်။
The Joe and Rika Mansueto
စာကြည့်တိုက်ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာကြည့်တိုက်များတွင်ပါဝင်သော University of Chicago တွင်ရှိ သည့် The Joe and Rika Mansueto စာကြည့်တိုက်ကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံဗိသုကာလက်ရာများသည် Modernized ဖြစ်သောကြောင့် ခေတ်မီဆန်းသစ်လျက်ရှိသည်။ အဆောက်အအုံအမိုးကိုဖန်သားပြင်ဖြင့် တည်ဆောက်ထားပြီး ညပိုင်းစာကြည့်ချိန်နှင့်မိုးရွာနေချိန်တို့တွင် မိုးကောင်းကင်၏သဘာဝအလှကို တိုက်ရိုက်တွေ့မြင်ရသည့်အတွက် စာပေဖတ်ရှုမှုစွမ်းရည်မြှင့်တင်ခြင်းကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။ စာကြည့်တိုက်အတွင်းဖတ်ရှုလိုသော စာအုပ်၊ စာတမ်းများကို မြန်ဆန်လွယ်ကူစွာဖတ်ရှုနိုင်ရန် Robotic Cranes များထား၍ ရှာဖွေဖတ်ရှုမှုတွင် အဆင်ပြေမြန်ဆန်စေလျက်ရှိသည်။
Hachioji Library
ဂျပန်တက္ကသိုလ် Tama Art University တွင်ရှိသော Hachioji Library စာကြည့်တိုက် အဆောက် အအုံ၏ ဗိသုကာလက်ရာမှာ ဥရောပပုံစံလက်ရာဖြစ်ပြီး အင်္ဂတေမျက်နှာကြက်အခုံးများဖြင့် အလှဆင် ထားပြီး ယခင်ခေတ်ကအဆောက်အအုံအား ခေတ်မီအဆောက်အအုံအဖြစ် ပြန်လည်မွမ်းမံထားသော စာကြည့်တိုက်အပြင်အဆင်ကဲ့သို့ ထူးခြားလှပလျက်ရှိသည်။ စာအုပ်စာပေစုံလင်စွာ ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Johns Hophins University မှ George Peabody Library
ခေတ်မီအိုင်တီနည်းပညာခေတ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နှစ်ပေါင်း ၂၀၀ ကျော်ကတည်ဆောက်ခဲ့သော စာကြည့်တိုက်များကို ပြန်လည်ပြုပြင်မွမ်းမံ၍ ထိန်းသိမ်းစောင့် ရှောက်လျက်ဖွင့်လှစ်ထားသော စာကြည့်တိုက်အိုကြီးများ၏ ကျော်ကြားမှုကိုလည်း ယနေ့ခေတ် တက္ကသိုလ်စာကြည့်တိုက်များ ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်နေသည်မှာ ဆန်းကြယ်လှသည်မဟုတ်ပေ။ အမေရိကန်နိုင်ငံ၌ ၁၈၇၈ ခုနှစ်တွင် တည်ရှိခဲ့သော Johns Hophins University မှ George Peabody Library သည် မှတ်တမ်းသုတေသနဟောင်းများစွာ သိုမှီးထိန်းသိမ်းထားသော ကမ္ဘာ့တက္ကသိုလ်စာကြည့်တိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
University of Coimbra မှ The Joanine Library
University of Coimbra မှ The Joanine Library သည်လည်း ရှေးကျသော စာကြည့်တိုက်တစ်ခုဖြစ်ပြီး အဆိုပါစာကြည့်တိုက်ကြီးအား ၁၈ ရာစုတွင် ပေါ်တူဂီဘုရင် King John V အမိန့်ဖြင့် တည်ဆောက်ခဲ့ရာ ပေါ်တူဂီနိုင်ငံ၏ အမွေအနှစ်တစ်ခုလည်း ယနေ့တိုင် ထိန်းသိမ်းထားရှိလျက်ရှိသည်။
ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာကြည့်တိုက်
ကမ္ဘာပေါ်တွင် ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များ ဂုဏ်ယူဖွယ်တည်ရှိသည့်အပြင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များလည်း တည်ရှိလျက်ရှိသည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ရတနာများစုဝေးရာ ရတနာသိုက်ကြီးလည်းဖြစ်သည်။
ဟားဗတ်စာကြည့်တိုက်
ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တက္ကသိုလ်တွင် ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်များ တည်ရှိနေခြင်းသည် ထူးခြားမှုမဟုတ်သော်လည်း ထိုစာကြည့်တိုက်များအတွင်း၌ ရှားပါးစာအုပ်များ၊ ရှားပါးဓာတ်ပုံများနှင့် ရှားပါး Collection များသည် အံ့ဩဖွယ်ထူးခြားမှုတစ်ခုပင်ဖြစ်သည်။ ဟားဗတ်စာကြည့်တိုက်ကို ၁၆၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၈၇ နှစ် သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ဟားဗတ်စာကြည့်တိုက်သည် အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းအရင့်ဆုံး တက္ကသိုလ်စာကြည့်တိုက်တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Academic စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။ အွန်လိုင်းနှင့်ငှားရမ်းဖတ်ရှုလေ့လာနိုင်သော ပညာရပ်ဆိုင်ရာ စာအုပ်များစွာရှိပြီး Digitized ဖြင့်ပြုလုပ်ထားသော Item ပေါင်းခြောက်သန်းကျော်ရှိကာ လက်ရေးမူဖြင့် သန်း ၄၀၀ ကျော်ပြုစုထားသည်။ ထို့ပြင် Digital Image ပေါင်း သန်းချီပိုင်ဆိုင်ထားသောကြောင့် စာအုပ်စာတမ်း ကြွယ်ဝမှုတွင် ဟားဗတ်စာကြည့်တိုက်၏တန်ဖိုးသည် တန်ဖိုးဖြတ်၍မရကြောင်းကို တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လူသားတို့၏ သိပ္ပံဆိုင်ရာတွေ့ရှိချက်များကို ရေးသားပြုစုထိန်းသိမ်းထားရာ စာကြည့်တိုက်ကြီးတစ်ခုဖြစ်၍ ကမ္ဘာ့ရတနာသိုက်ကြီးသဖွယ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် တည်ရှိသော University of Chicago ၏ The Joe and Rika Mansueto Library သည် ခေတ်မီသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ၍ စာအုပ်စာပေများစွာ သိုမှီးထားသော မှန်သားအမိုးဖြင့် တည်ဆောက်ထားသည့် တက္ကသိုလ်စာကြည့် တိုက်တစ်ခုအဖြစ် ကျော်ကြားလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်ရှိသော Tama Art University ၏ Hachioji Library တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏ဂုဏ်ယူဖွယ် စာကြည့်တိုက်တစ်ခုအဖြစ်တည်ရှိလျက် ရှိပြီး ရှေးစာပေများပါမကျန် စုဆောင်းထားရှိသော စာကြည့်တိုက်တစ်ခုအဖြစ် ဖွင့်လှစ်လျက်ရှိကာ စာကြည့်တိုက်အဆောက်အအုံကို ဥရောပဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင် Johns Hopkins University ၏ George Peabody Library ၊ ပေါ်တူဂီနိုင်ငံ University of Coimbra ၏ The Joanina Library တို့သည် ၁၈ ရာစုတွင်တည်ဆောက်ခဲ့သော စာကြည့်တိုက်များဖြစ်ပြီး ယနေ့တွင် ခေတ်မီစာပေများအပြင် သုတေသနအတွက် ရှေးဟောင်းစာပေများ ထိန်းသိမ်းထားရှိရာ စာပေဘဏ်တိုက်ကြီးများအဖြစ် တည်ရှိလျက်ရှိသည်။ ကမ္ဘာ့တက္ကသိုလ်များတွင် စာကြည့်တိုက်ကိုယ်စီရှိကြပြီး စာပေအသိမြင့်မားမှုမှ နည်းပညာခေတ်မီတိုးတက်သောခေတ်သို့ တဖြည်းဖြည်းတက်လှမ်းလာကြလျက်ရှိသည်။ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယစသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့တွင် ကမ္ဘာ့စာကြည့်တိုက်များဖွင့်လှစ်ထားရှိပြီး ခေတ်မီတိုးတက်လာခြင်းသည် စာပေလေ့လာဖတ်ရှုမှု၊ သင်ကြားမှုတန်ဖိုးပေါ်မူတည်၍ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။
စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ်တစ်ချိန်က အရှေ့တောင်အာရှ၌ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးတွင် စာပေပညာရပ်များကိုလေ့လာ၍ ရန်ကုန်တက္ကသိုလ်ကြီးတွင် ဥရောပနှင့်အာရှသားများ ပညာဆည်းပူးခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်သည် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးတစ်ခုအဖြစ်သင်းပျံ့ခဲ့ပြီးရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည်လည်း ကမ္ဘာ့စာပေများစုဝေးရာရတနာဘဏ်တိုက်ကြီးပမာကျော်ကြားခဲ့သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာကို ထုတ်ဖော်ပြသခြင်းဖြစ်၍ နှစ်ပေါင်း ၉၂ နှစ်တိုင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီး ဆက်လက်အဓွန့်ရှည်တည်တံ့လျက် အရှေ့တောင်အာရှတွင် စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။ ။
Source: MWD Web Portal
နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပပြုလုပ်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally )” ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/article/70669
လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။
“လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင်အလေးထားဆောင်ရွက်သွားမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ခုဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအားနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်ရှေ့လုပ်ငန်းစဉ်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲသည် ပင်မမဏ္ဍိုင်ဖြစ်သည်။
လွတ်လပ်၍တရားမျှတမှသာ ပြည်သူ့ဆန္ဒအမှန်ကိုဖော်ထုတ်နိုင်မည်ဖြစ်သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေရန်အတွက် မဲစာရင်းများမှန်ကန်ပြီး တရားမျှတ၍ လွတ်လပ်မှုရှိသော၊ ပွင့်လင်းမြင်သာသောရွေးကောက်ပွဲကိုကျင်းပပေးရမည်ဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲသို့ရောက်ရှိလာစေရေးအတွက် လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူအကုန်ယူစနစ် (First Past the Post - FPTP) အပြင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR) ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်။
ရွေးကောက်ပွဲတစ်ခု၏စံနှုန်းကို လွတ်လပ်ပြီးတရားမျှတမှု ရှိ/မရှိ Free and Fair ဖြစ်/မဖြစ်ဟူသည့်ပေတံဖြင့် တိုင်းတာလေ့ရှိသည်။ ထိုသို့တိုင်းတာသုံးသပ်ရာတွင် ရွေးကောက်ပွဲကျင်းပသောနေ့တစ်နေ့တည်း၏ဖြစ်စဉ်ကိုလေ့လာသုံးသပ်ရုံမျှဖြင့်လုံလောက်မှုမရှိပေ။
ရွေးကောက်ပွဲစက်ဝန်းပါကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလတို့အထိ ဘက်လိုက်မှုကင်းစေရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊မဲမသမာမှု၊ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိနေသည့်အတွက်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ရှင်းလင်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ကြသည်။ ပါတီတစ်ခုချင်းက သီးခြားစီထုတ်ပြန်၍လည်းကောင်း၊ နိုင်ငံရေးပါတီ ၂၃ ပါတီတို့မှ ပူးတွဲ၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
ထိုစဉ်က NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းမျိုးလုပ်ဆောင်ရမည့်အစား အရာရာတွင် လျစ်လျူရှုခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်သည်သမာသမတ်ကျစွာရပ်တည်ရမည့်အစား အာဏာရပါတီ၏ခိုင်းစေသမျှလိုက်ပါလုပ်ဆောင်ပေးခဲ့သည်။ နိုင်ငံရေးပါတီများနှင့် တပ်မတော်အနေဖြင့် ကြေညာချက်များထုတ်ပြန်၍ ရွေးကောက်ပွဲနှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းဖြေရှင်းပေးရန် ပထမအဆင့်ပြောကြားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန်ငြင်းဆန်သည့်အခါ ဒုတိယအဆင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၇ တို့နှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှလေးဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦးစုစုပေါင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ပေးရန်တင်ပြခဲ့ကြသည်။
အဆိုပါတောင်းဆိုချက်မှာ ဥပဒေနှင့်ညီညွတ်သောတောင်းဆိုမှုဖြစ်သော်လည်း ငြင်းပယ်ခဲ့ပြန်သည်။ ထို့ကြောင့် ကြုံတွေ့ခဲ့ရသောအခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာပေးရန် တတိယအဆင့်အနေဖြင့် ထပ်မံတောင်းဆိုခဲ့ကြသည်။ အဆိုပါအဆင့်အားလုံးကိုငြင်းပယ်ခံရသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကိုကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေး ခေါ်ယူ၍တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သည်။
ထိုစဉ်က နိုင်ငံရေးပါတီများနှင့်တပ်မတော်အနေဖြင့်ဤသို့လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြပေ။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသည်မှ ယနေ့တိုင်ကျင့်သုံးနေသည့်နိုင်ငံရေးစနစ်များကိုဖော်ပြရမည်ဆိုပါက ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်(တစ်ပါတီစနစ်)တို့ကိုကျင့်သုံးခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်သူလူထု၏ဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့်လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည်။ အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မရှိမဖြစ်လိုအပ်သည့်အတွက် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့်ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်ခဲ့ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည့်အခါ ပါတီများဖွဲ့စည်းခွင့်ပြုပြီး ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်စတင်ကျင်းပပေးခဲ့သည်။ ပထမဆုံးဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး ငါးနှစ်တာကာလ အောင်မြင်စွာအုပ်ချုပ်ခဲ့သည်။
ထို့အတူ သက်ဆိုင်ရာလွှတ်တော်များကလည်း မိမိတို့လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် အစိုးရနှစ်ဆက်ပြီးနောက် တတိယအကြိမ်အစိုးရသက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ စသည်တို့တွင် တရားမဲ့ပြုကျင့်မှုနှင့်မဲမသမာမှုများစွာရှိခဲ့သည်။ ထိုပြဿနာကိုပြေလည်အောင်ဖြေရှင်းခြင်းမပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ခေတ္တရပ်နားခဲ့ရသည်။
ထိုသို့သောဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံအပေါ် စေတနာမမှန်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် လူအချို့သည် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့်ဆူပူဆန္ဒပြမှုများမှတစ်ဆင့် နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ရေကြီးရေလျှံမှုနှင့်ငလျင်ဘေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်တွင် မည်သို့သော အခက်အခဲများနှင့်ကြုံရသည်ဖြစ်စေ နိုင်ငံနှင့်ပြည်သူများအတွက် အကောင်းဆုံးအနေအထားတွင်ရှိနေအောင် ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးအတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကိုချမှတ်ပြီး စုစုပေါင်း ၅၉၈၀၆၆၄ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန်ကျန်ရှိနေသူများကိုလည်း ရွေးကောက်ပွဲကာလမတိုင်မီ အပြီးရရှိအောင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညတွင် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ပြီး ယခုရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ခိုင်လုံသည့်မဲစာရင်းများအဖြစ် စနစ်တကျပြုစုလျက်ရှိသည်။
အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာထုတ်ဖော်ပြသခြင်းပင်ဖြစ်သည့်အတွက် ဥပဒေအရနှင့် လူထုသဘောထားအမြင်အရ ပြည့်စုံကောင်းမွန်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးရန်နှင့် သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၃ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် “မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့်မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့်မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီစနစ်သို့လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အသက်ဟုပင်ဆိုနိုင်သည်။ ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန် ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့အသုံးပြုရာတွင် အခက်အခဲမရှိစေရေးအတွက် မဲပေးနည်းစနစ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သရုပ်ပြရှင်းလင်းလျက်ရှိသည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။ မဲပေးစက်များကိုကျွမ်းကျင်စွာကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းအားဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများအနေဖြင့်လည်း ကိုယ်စီတာဝန်ကျေပွန်စွာ ရွေးကောက်ပွဲကို ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာအီလက်ထရောနစ်မဲပေးစက်များဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးရမည်ဖြစ်၍အချိန်ကုန်သက်သာခြင်းနှင့် မဲရလဒ်များကို လျင်မြန်စွာသိရှိနိုင်ခြင်း အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၇၇ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ နှစ်ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ ထိုသို့ကျင်းပပြုလုပ်မည့်အကြောင်းကိုလည်း နိုင်ငံတကာကသိရှိအောင်ပြောကြားထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံ၏အနာဂတ်ကောင်းကျိုးကို သယ်ပိုးမည့် လွှတ်တော်ကိုယ်စားလှယ်များကို မိမိတို့စိတ်တိုင်းကျရွေးချယ်ကြရမည်ဖြစ်သည်။ ထိုသို့မဲပေးရွေးချယ်ရာတွင် ဒေသနှင့်နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန်ဖြစ်သည်။ အရည်အချင်းရှိသောကိုယ်စားလှယ်လောင်းများများစွာပေါ်ထွန်းလာမှသာ နိုင်ငံတော်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်နေမည်ဖြစ်သည်။ ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့်ဆောင်ရွက်ကြသော်လည်း အခြေခံအကျဆုံးလိုအပ်ချက်မှာ တရားဥပဒေကိုစောင့်ထိန်းလိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ စည်းကမ်းဥပဒေများလိုက်နာခြင်း၊ အမှန်တရားကိုမြတ်နိုးပြီး ဖြောင့်မတ်တည်ကြည်ခြင်း စသောအခြေခံများကိုလိုက်နာကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပေရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် နှစ်ကုန်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီးမြောက်ရေး အတူယှဉ်တွဲပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။ ။
Source: MWD Web Portal
ရေနွေးကြမ်း သို့မဟုတ် လက်ဖက်စိမ်းရည်(Green Tea) သောက်လျှင် ပိန်စေသည်။ အဆီကျစေသည်ဟူသော အယူအဆများနှင့်ပတ်သက်၍ တင်ပြလိုပါသည်။စာရေးသူ၏မိတ်ဆွေတစ်ဦးသည် အသက် ၅၀ ကျော်သောအခါ အတန်အသင့်ဝလာသဖြင့် ဆရာဝန်ပြပြီး ဆေးစစ်သောအခါ ကိုလက်စထရောတက်နေသည်ဟု သိရသည့်အတွက် အဆီကို လျှော့စားသည်၊ သို့သော် အဆီကား ကျမလာပါ။
ကျန်းမာရေးဂျာနယ်များ၌ ရေနွေးကြမ်းသောက်ခြင်းဖြင့် အဆီကျ စေနိုင်သည်ဟုဆိုသဖြင့် ရေနွေးကြမ်းသောက်သည်။ လက်ဖက်ခြောက် အဖန်ဓာတ်က ကိုလက်စထရောကို ဖျက်နိုင်သည်ဟု ဆိုသဖြင့် လက်ဖက်ခြောက်များများထည့်ပြီး ဖန်သောရေနွေးကို ကျင့်သောက် သည်။ ရေနွေးအဖန်သောက်ပြီး ခြောက်လကြာသောအခါ သွေးဖောက်ပြီး ကိုလက်စထရောစစ်ကြည့်ရာတွင်လည်း ကျသွားခြင်းမရှိ။ ရေနွေးကြမ်းအဖန်ရည်သောက်ခြင်းကြောင့် နောက်ဆက်တွဲဝေဒနာမှာ ဝမ်းချုပ်ခြင်းပင်ဖြစ်လာတော့သည်။
သူ၏ကျန်းမာရေးမှာ ယခင်က စားကောင်းသောက်ကောင်း၊ ဝမ်းမှန်၊ ဝလို့လှလို့ဖြစ်နေရာမှ ရုတ်တရက် ဗိုက်ထွက်လာပြီး ဝတ်နေကျအဝတ်များပင် မတော်တော့ဘဲ ဖြစ်လာသည်။ ဤသည်မှာ ဝိတ်ချရန်စဉ်းစားမိလာခြင်းဖြစ်သည်။ ယင်းအတွက် ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးစစ်ရာတွင် အသည်းအဆီဖုံးခြင်း၊ ကိုလက်စထရောများခြင်းတို့ကို တွေ့ရသည်။ဆရာဝန်ပေးသည့်ဆေးကို ညအိပ်ရာဝင်ချိန်တွင် တစ်လုံးသာ သောက်ရသည်။ သို့သော် ထိုဆေးသောက်ပြီး ၁၀ ရက်ခန့်ကြာသော အခါ အစားအသောက်ပျက်လာသည်။ ကတုန်ကယင်နှင့် ပစ္စည်းများ ကိုင်လျှင် လွတ်ကျလာသည်။ ဆရာဝန်အား ပြန်ပြောပြသောအခါ ထိုဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သည်ဟုဆိုသဖြင့် ဆက်မသောက်တော့ဘဲ ရပ်လိုက်ရလေသည်။ ထိုဆေးသည် သွေးအတွင်းမှ အဆီများကို ကျစေသည်မှန်သော်လည်း လူတချို့တွင် အစား ပျက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ နှာစေးနှာပိတ် ခြင်း၊ ထို့ထက်ဆိုးသည်မှာ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ စိတ်ဓာတ် ကျခြင်းများပါ ဖြစ်နိုင်သည်ဟု ဆိုသည်။
ထို့နောက် တိုင်းရင်းမြန်မာဆေးဘက် လှည့်လာသည်။ ပထမဆုံး အဆီကျပိန်ဆေးတစ်မျိုးကို စိတ်ဝင်စားမိသည်။ မြန်မာဆေးဆိုသည်မှာ ဘေးထွက်ဆိုးကျိုးမရှိဟု ထင်မိသည်။ သို့သော် အထင်နှင့်အမြင်လွဲလေသည်။ ထိုဆေးဝယ်စားမိသည့်ညက မအိပ်ရ။ တစ်ညလုံးဗိုက်နာပြီး ဝမ်းခဏခဏသွားသည့်အတွက် တစ်နေ့ ဝမ်းသုံးကြိမ်၊ လေးကြိမ်သွားသည့်နည်းဖြင့် အဆီကျ ဝိတ်ချရမည်ဆိုလျှင် နည်းလမ်းမမှန်သေးဟု စိတ်ထဲတွင် ထင်မိသည်။နောက်တော့ အဆီကျပိန်စေသော ဓာတ်စာများကို လေ့လာပြီးစားရန် သူဆုံးဖြတ်လိုက်တော့သည်။ အဆီကျစေသော အစားအသောက်များ၊ ရှောင်ရမည့်အစားအသောက်များကို လေ့လာသည်။ ကျန်းမာရေးဆိုင်ရာစာအုပ်များကိုလည်း ဝယ်ဖတ်သည်။ ယင်းနောက် မြန်မာ့အစား အစာဖြင့် အဆီကျစေသောနည်းလမ်းများကို လေ့လာပါတော့သည်။
အဆီကျစေရန် ကူညီပေးနိုင်သည့် မြန်မာ့အစားအစာများကို ဖော်ပြ လိုက်ပါသည်။ ဥပမာ-
- ငါးကြင်းဖြူ၊ ငါးခူ၊ ငါးမျက်ဆန်နီ၊
- ဆန်ကြမ်း(ငစိန်ဆန်၊ ရွှေဝါထွန်း)၊
- ရှောက်သီး၊ ကျွဲကောသီး၊
- ဖီးကြမ်းငှက်ပျောသီး၊
- ပဲရာဇာ (ပဲနီလေး)၊
- ဂေါ်ဖီထုပ်၊
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
- ကန်စွန်းရွက်၊ မှိုနားတို၊ လယ်ပတူ၊ ကညွတ်၊ ပုစွန်စာ၊ မြင်းခွာရွက် စသည့်အရွက်များ၊
- ထမင်းရည်၊
- ရေနွေးကြမ်း စသည့် ဓာတ်စာများစားပေးလျှင် အဆင်ပြေမည်ဟု ထင်မြင်ယူဆသည်။
ငါးကြင်းဖြူ၊ ငါးမျက်ဆန်နီ၊ ငါးခူ စသည်တို့မှာ အဆီမတက်စေသည့် အပြင် ကောင်းသောအဆီကို တိုးစေသည့်ငါးများဖြစ်သည်။ ငါးမြင်း၊ ငါးပတ်၊ ငါးသလောက်၊ ငါးဖယ်တို့မှာ ရှောင်ကြဉ်သင့်သောငါးမျိုးဖြစ် သည်။ဆန်ကြမ်းမှာ အားဖြစ်သည်။ အစာကြေလွယ်သည်။ အဆီကျလိုသူ များမှာ ဧည့်မထ၊ ပေါ်ဆန်းမွှေး၊ တောင်ပျံ စသည့်ဆန်များကို ရှောင်သင့် သည်။ ကြေခဲသည့် ရှမ်းဆန်နှင့် ကောက်ညှင်းကိုလည်း ရှောင်သင့်သည်။ ရှောက်သီး၊ ကျွဲကောသီးတို့မှာ အဆီပိုကျစေသော အစားအစာများဖြစ်သည်။ ဖီးကြမ်းငှက်ပျောသီးမှာ အကောင်းဆုံးဓာတ်စာဖြစ်သည်။ အလွယ် တကူဝယ်ယူနိုင်သည်။
ပဲရာဇာ (ပဲနီလေး)မှာ အဆီကျပြီး ပေါ့ပါးသော ပဲမျိုးဖြစ်သည်။ ပဲရာဇာသည်လဟုဂုဏ်ပေါ့ပါးသောဂုဏ်ရှိသည်။ ကုလားပဲသည် ဂရုဂုဏ် လေးလံသောဂုဏ်ရှိသည်။ အဆီကျလိုသူ၊ ပိန်လိုသူများ မစားသင့်ဟု ဓာတ်ဆရာကြီးများ အဆိုရှိသည်။
ဂေါ်ဖီထုပ်မှာ အဆီချလိုသူများအတွက် အသုံးဝင်သည့်ဓာတ်စာဖြစ် သည့်အပြင် အသားအရေလှစေသည်။ အနောက်တိုင်းဆေးပညာအရ လည်း ဂေါ်ဖီထုပ်သည် အင်တီအောက်စီးဒင့် ခေါ် ဓာတ်တိုးဆန့်ကျင် သော အစာအာဟာရဖြစ်ပြီး လေဖြတ်ခြင်းကိုပင် ကာကွယ်နိုင်သည်ဟု ဆိုသည်။ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ကိုလက်စထရောကျစေလိုသော ရည်ရွယ်ချက်ဖြင့် စားသုံးမည်ဆိုလျှင် ခပ်ပါးပါးလှီးပြီး လေသလပ်ခံထား ကာ အချဉ်အနည်းငယ်ညှစ်ပြီး စားသုံးပေးပါက အဆီကျနိုင်သည်ဟု သုတေသနပြုသူများက ဆိုထားသည်။ဟင်းသီးဟင်းရွက်မျိုးစုံကို နေ့စဉ် မှန်မှန်စားသုံးပေးပါ။ အသားစားချင်လျှင် အသီးအရွက်တို့နှင့်ရော၍ ကြော်ချက်စားပါ။ နေ့စဉ် အသီးအရွက်စားခြင်းဖြင့် သဘာဝဗီတာမင်ဓာတ်များရနိုင်သည်။ အဆီကျပြီး အသားကျစ်စေသည်ဟုဆိုသည်။
ထမင်းရည်သည် အာဟာရဖြစ်သည်။ ဦးစွာပွက်လာသော ထမင်းရည် ကို ငှဲ့ယူပြီး ဆေးဖက်ဝင်အဖြစ် သောက်သုံးလေ့ရှိကြသည်။ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူချက်ပြုတ် ကြသဖြင့် ထမင်းရည်မရနိုင်တော့ပေ။ အကယ်၍ ထမင်းပေါင်းအိုးမှ ဦးရည်ကို ရယူလိုလျှင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ပေါင်းအိုးတွင် ပွက်ပွက်ဆူသောအခါ လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှ ထမင်း ပေါင်းရည်ကို ဇွန်းဖြင့် ခပ်ယူပါ။ ဤနည်းဖြင့် ထမင်းပေါင်းဦးရည်ကို ဆားအနည်းငယ်ခတ်ပြီး နေ့စဉ် သောက်သုံးပေးလျှင် အဆီကျစေနိုင် ပါသည်။ပိန်လိုသူများသည် နံနက်စောစောထ၍ ရေနှင့်ပျားရည်ရောသောက် လျှင်လည်း ပိန်နိုင်သည်ဟု သိရသည်။
ဤနည်းသည် အိမ်တိုင်းတွင် အလွယ်တကူပြုလုပ်နိုင်သော ပိန်ဆေးနည်းဖြစ်သည်။ နေ့စဉ်မှန်မှန် တစ်လခန့်ပြုလုပ်ကြည့်လျှင် သိနိုင်ပါသည်။ရေနွေးကြမ်း၊ တစ်နည်းအားဖြင့် လက်ဖက်ခြောက်ခတ်ထားသော အဖန်ရည်ကို အနောက်တိုင်းသုတေသီများက Green Tea ဟု ရေးသားကြသည်။လက်ဖက်ရွက်သစ်နုလေးများကိုမီးပြင်းပြင်းအပူပေးပြီး ရိုးရာနည်းဖြင့် အခြောက်ခံထားသောလက်ဖက်ကို ရေနွေးဆူဆူတွင် ခတ်လိုက်သောအခါ အရွက်စိမ်းများမှ စိမ်းဖန့်ဖန့်အရည်များ ထွက်လာသည်။ မြန်မာလက်ဖက်ခြောက်အတော်များများမှာ နီရဲရဲအရောင်များ ထွက်သဖြင့် Green Tea နှင့် မတူပါ။ တချို့မှာ ဆိုးဆေးကြောင့်အလွန်နီရဲနေတတ်သည်။ မသောက်သင့်ပါ။
Green Tea ကြောင့် ကိုလက်စထရောကျသည်ဆိုသည်မှာ အနောက်တိုင်းမှ သုတေသနဖြစ်ပါသည်။ Green Tea သောက်လျှင် ပိန်သည်။ တရုတ်၊ ဂျပန် စသည့်နိုင်ငံများ၌ ဥရောပလောက် အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ အဖြစ်မများရခြင်းမှာ ရေနွေးကြမ်း (Green Tea) ကြောင့်ဖြစ်သည်ဟု သုတေသနဆေးပညာရှင်များက ခန့်မှန်းကြသည်။
မြန်မာလူမျိုးတို့သည်ရေနွေးကြမ်းတွင်ရှမ်းပြည်မှလာသော လက်ဖက်ခြောက်ကို ခတ်သောက်ကြသည်။ Green Tea ဟုတော့ မခေါ်ကြပါ။ အဖန်ရည်၊ ရေနွေးကြမ်းဟုသာခေါ်ကြပါသည်။ရေနွေးကြမ်းအဖန်ရည်ဖြင့်လည်း အဆီကျနိုင်သည်။ သို့သော်အဖန်မှာချုပ်သောသတ္တိရှိသဖြင့် ဝမ်းချုပ်၊ လေချုပ်၊ အစားပျက်ဖြစ်လာတတ်သည်။ လိပ်ခေါင်းရှိသူများဆိုလျှင် အဖန်ရည်နှင့် မတည့်ပါ။ရေနွေးကြမ်းအဖန်ရည်ကို သောက်ခြင်းဖြင့် ကိုလက်စထရော ခေါ် မကောင်းသောအဆီ(LDL) ကို ကျစေနိုင်ကြောင်း သုတေသနပြုချက်များတွင် လေ့လာဖူးသည်။ သို့သော် တစ်နေ့လျှင် ကော်ဖီကိုင်းပန်းကန်ဖြင့် နှစ်ခွက်ခန့်သာ သောက်ရမည်ဖြစ်သည်။
အချုပ်ဆိုရသော်ရေကိုကျွက်ကျွက်ဆူအောင် အပူပေးပြီး အအေးခံ ထားသော ရေကျက်အေးကို သောက်လျှင်ပင် လူကို ပိန်စေသောသတ္တိရှိပါသည်။ ဆူပွက်အောင်ကျိုထားပြီး အအေးခံထားသောရေသည် လူကို ပိန်စေသောသတ္တိရှိသည်။ လက်ဖက်ခြောက်ခတ်သော ရေနွေးကြမ်းအဖန်ရည်သည် လူကို ကောင်းသောအကျိုးပြုပါသည်။ အဝလွန်ခြင်းကိုလည်းတားဆီးနိုင်သည်။သို့သော်တစ်နေ့လျှင် ကော်ဖီခွက်နှစ်ခွက်၊သုံးခွက်ထက်ပိုသောက်ပါက ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်း၊ စမြင်းခံခြင်း စသော ဆိုးကျိုးအနည်းငယ်မျှရှိနိုင်သည်ကို သတိပြုသင့်ပေသည်။ ဆေးဖက်ဝင်သောအရာတိုင်းတွင် တန်ဆေးလွန်ဘေး သတိထားသင့်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။
Photo - LinkedIn
Source: MWD Web Portal
(Ending Plastic Pollution Globally)
ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။
ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။ ၂၀ ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။
ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့် စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန် ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။
နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက ၂၀၂၅ ခုနှစ်တွင် ပင်လယ်ပြင်အတွင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ် (Microplastics) အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။
ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ထိခိုက်စေသည်။ ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော ဇီဝမျိုးစုံမျိုးကွဲများသည်လည်း ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။ ပလတ်စတစ်များသည် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်
ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့် ပလတ်စတစ်အမှုန်များက လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။
ပလတ်စတစ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။
သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။ ၁၉၈၇ ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး ကတိကဝတ်သည် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့် ဆန်းသစ်တီထွင်မှုရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက် အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊ ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return) စသည်တို့ကို အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။
ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည် မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။
Source: MWD Web Portal
ရေခဲတောင်ကြီးများဆိုတာ အခုနောက်ပိုင်းမှာ မကြာခဏပြိုကျလာနေရတဲ့ တောင်ကြီးများထဲမှ တစ်ခုဖြစ်လာပါတယ်။ ရေခဲကိုအရည်ပျော်စေတာက အပူချိန်လို့ဆိုနိုင်သလိုမျိုးပဲ ရေခဲတောင်ကြီးများကို အရည်ပျော်ပြီးပြိုကျလာစေတာကလည်း ကမ္ဘာ့အပူချိန်ကြောင့်ပါပဲ။ တစ်နည်းပြောရရင် ကမ္ဘာ့ အပူချိန်မြင့်တက် လာနေတာကြောင့် ရေခဲတောင်ကြီးများပြိုကျလာ ရခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆွစ်ဇာလန်နိုင်ငံမှာရေခဲတောင်တစ်တောင်ပြိုကျရာ တောင်ခြေမှာရှိတဲ့ကျေးရွာတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ ဒီအခြေအနေမျိုးဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်သလို ရှေ့လျှောက်လည်းဒီထက်ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သိပ္ပံပညာရှင်များကသတိ ပေးထားပါတယ်။
ရေခဲတောင်တွေအရည်ပျော်ပြိုကျလာတာနဲ့အမျှ သူတို့ရဲ့အောက်ခြေမှာ ရေကန်ကြီးတွေဖြစ်ပေါ်လာရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာဆိုးဝါးလှတဲ့အကျိုး ဆက်တွေကိုလည်း ရင်ဆိုင်လာရပါတယ်။ အလက်စကာပြည်နယ်မှာဆိုရင် အရည်ပျော်သွားတဲ့ရေခဲ တောင်မှထွက်ပေါ်လာတဲ့ရေများကြောင့် ရေကြီးမှု ဖြစ်ပွားပြီး အဲဒီရေကြီးမှုက ဂျူးနိုမြို့အထိရောက်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံရှိ မာမိုလာဒါရေခဲတောင်ကြီးပြိုကျခဲ့တဲ့အတွက် ရေခဲတောင်တက်သမား ၁၁ ဦးအသက်ဆုံးရှုံးခဲ့ရတာ တွေ့ရပါတယ်။
ရေခဲတောင်ကျွမ်းကျင်ပညာရှင်များရဲ့ပြောဆိုမှု အရဆိုရင် ၂၀၁၆ ခုနှစ်တုန်းက တိဗက်ဒေသရှိ အာရူရေခဲတောင်ပြိုကျသလိုမျိုး ရုတ်တရက်ဆိုသလို ရေခဲတောင်တွေပြိုကျမှုဟာ ဖြစ်မြဲဖြစ်လာနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပြီလို့သိရပါတယ်။ နောက်ထပ်လအနည်းငယ်မျှအကြာမှာတော့ တိဗက်ဒေသရဲ့အာရူရေခဲတောင်မှာပဲ ရေခဲတောင်ပြိုကျမှုထပ်မံဖြစ်ပွားခဲ့တာကို တွေ့ရှိလိုက်ရပါတယ်။
၂၀၀၆ ခုနှစ်တုန်းကဆိုရင်လည်း ပီရူးနိုင်ငံမှာ ရေခဲတောင်တစ်ခုပြိုကျမှုဟာ ဆူနာမီအသေးစား လေးဖြစ်ပွားရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ဧပြီလမှာပဲ ရေခဲတောင်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ရေကန်မှာ ရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားတဲ့အတွက်လူနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။
အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးရေခဲတောင်တွေ မကြာခဏဆိုသလိုပြိုကျလာမှုများက ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူထောင်ပေါင်းများစွာရဲ့အသက်အိုးအိမ် စည်းစိမ်များကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ အန္တရာယ်သတိပေးချက်ကြီးတစ်ခုဖြစ်လာ နေပြီလို့ သိပ္ပံပညာရှင်များကအကြိမ်ကြိမ်သတိပေးလာကြတာကိုတွေ့ရပါတယ်။
အထူးသဖြင့် လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ရေခဲတောင်များအရည်ပျော်ကျမှုဟာ အလွန်မြန်ဆန်စွာဖြစ်ပေါ်လာနေတာပါ။ အပ်(စ်)တောင်တန်း တစ်ခုတည်းမှာကိုပဲ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက နေ အခုချိန်အထိကို ရေခဲတောင်ထက်ဝက်လောက် အရည်ပျော်သွားတာတွေ့ရပါတယ်။ လက်ရှိအပူချိန် မြင့်တက်မှုက ဒီနှုန်းအတိုင်းဆက်သွားနေမယ်ဆိုရင် အခုရာစုနှစ်အကုန်ပိုင်းမှာ အပ်(စ်)တောင်တန်းမှာရှိ တဲ့ရေခဲတွေအားလုံးအရည်ပျော်ပျောက်ဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်များကပြောထားပါတယ်။
မကြာသေးခင်က ရေခဲတောင်ပြိုကျမှုဖြစ်ပွားတဲ့ ဆွစ်ဇာလန်နိုင်ငံဆိုတာ ဥရောပဒေသမှာရှိတဲ့ရေခဲတောင်များအနက် ရေခဲတောင်အများဆုံးရှိရာဒေသ တစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ၂၀၂၂ ခုနှစ်တုန်း က ရေခဲအရည်ပျော်မှု ၆ ရာခိုင်နှုန်းရှိပြီး နောက်ပိုင်းမှာလည်း ရေခဲတွေအရည်ပျော်မှုက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ပီရူးနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရေခဲတောင်စုစုပေါင်း ၁၇၅ လုံးအထိပြိုကျသွားတာကိုလည်းတွေ့ရှိရပါတယ်။ ဒီလို မျိုးရေခဲတွေအရည်ပျော်ကျမှုက ကမ္ဘာ့အပူချိန်မြင့်တက်လာလို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
လက်ရှိသိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်အရပြော ရမယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ လက်ရှိအခြေအနေ အတိုင်းပဲဆက်ရှိနေမယ်ဆိုပါက ကမ္ဘာကြီးရဲ့ပင်မ ရေအရင်းအမြစ်များဖြစ်တဲ့ ရေခဲတောင် ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။
အကယ်၍များ ကမ္ဘာ့အပူချိန်ကို ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုသဘောတူညီချက်အတိုင်း ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက် ရှိနေအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ရေခဲတောင်တွေရဲ့အရည်ပျော်ကျမှုနှုန်းကိုနှစ်ဆပိုမိုထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပညာရှင်များရဲ့ လေ့လာချက်မှာဖော်ပြထားပါတယ်။
ရေခဲတောင်တွေဆိုတာက ကမ္ဘာကြီးရဲ့ရာသီဥတု ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်းစောင့်ရှောက်ပေးနေသူများဖြစ်ရုံသာမက လူသားတို့အတွက်မရှိ မဖြစ်အရေးကြီးတဲ့ ရေချိုအရင်းအမြစ်ကိုပေးစွမ်းနေသူလည်းဖြစ်ပါတယ်။ အကယ်၍ ရေခဲတောင်များရဲ့ အရည်ပျော်ကျမှုနှုန်းက အခုထက်ပိုများလာမယ် ဆိုရင် ကမ္ဘာ့အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုများစွာ ဖြစ်ပေါ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။
Ref: IE
Source: MWD Web Portal
ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။
ညစ်ညမ်းပစ္စည်းများဖြစ်သော သတ္တုများ၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်များသည် ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ အစားအစာကွင်းဆက်တွင် တဖြည်းဖြည်း စုပြုံလာပြီး များပြားလာခြင်း၊ ကမ်းရိုးတန်းဒေသရှိ သဘာဝရေပြင်များတွင် ဗက်တီးရီးယား အမြောက်အမြားရှိနေခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ မြို့ပြစွန့်ပစ်အညစ်အကြေးများသည် ထိတ်လန့်စရာ ကောင်းသော အချက်တစ်ခုအထိ ဖြစ်လာခဲ့ပါသည်။
ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လေထုနှင့် သမုဒ္ဒရာတို့သည် ယခုအခါ သိသာစွာ ပြောင်းလဲနေပါသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်း စသည်တို့ ကြောင့် အချိန်တိုင်း လျင်မြန်စွာ ပြောင်းလဲနေသည် ကို တွေ့ရှိနေရပါသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယင်းအကျိုးဆက်အဖြစ် ရင်ဆိုင်နေရပြီး အဆိုပါ ဖြစ်ရပ်များအနက် အချို့သိသိသာသာ မြင့်တက်လာသော အခြေအနေများမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်ခြင်း၊ သမုဒ္ဒရာတွင် အက်ဆစ်ဓာတ် လွန်ကဲခြင်း၊ တခြား ကျူးကျော်ဝင်ရောက်လာနိုင်သော မျိုးစိတ်များရောက်ရှိလာခြင်းတို့ဖြစ်ပါသည်။
အဆိုပါ သက်ရောက်ပြောင်းလဲခြင်းများက ကမ်းရိုးတန်းဒေသတွင် နေထိုင်သော လူ့အဖွဲ့အစည်းတို့ကို များစွာဆိုးကျိုးပေးနိုင်ပါသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများအတွင်းရှိ မီတာရာ နှင့်ချီသော မြေပြင်များ နိမ့်ဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ကြီးမားသော ကပ်ဆိုက်မှုဖြစ်ပေါ်လာနိုင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ရိုးရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့ကို များစွာ ထိခိုက်စေနိုင်ပါသည်။ သေးငယ်သော ကျွန်းနိုင်ငံများအနေဖြင့် ထိုအန္တရာယ်များနှင့် ကြုံတွေ့လာပါက စီးပွားရေးထိခိုက်စေနိုင်ခြင်း၊ ကုန်သွယ်မှု ပြုလုပ်နေသည့် ကမ်းရိုးတန်း မြေနိမ့်ဒေသများနှင့် ကမ္ဘာ့လူဦးရေအများဆုံးရှိသည့် ကမ္ဘာ့နိုင်ငံများမှ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိကိုပါ ထိခိုက်စေနိုင်ပါသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/annnnwrepngnng-pttwnkngthinsimre-acnyalethaape