“အသည်းအဆီဖုံးခြင်း” ဟာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်လာပါတယ်။ အဆီဓါတ်တွေဟာ အသည်း ပေါ်မှာ စုပုံလာပြီး အချိန်ကြာလာတဲ့အခါ အသည်းတစ်ခုလုံးဟာ အဆီတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ … အသည်းရောင်/အသည်းဝါ၊ အသည်းခြောက်၊ အသည်းကင်ဆာ အသည်းအစားထိုးရတာတို့ ဖြစ်တတ်ပါတယ်။
အသည်းအဆီဖုံးခြင်းကို ဆေးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းများကို လေးစား ချစ်ခင်စွာဖြင့် မျှဝေရေးသားလိုက်ပါတယ် ခင်ဗျာ..
၁၀% ဝိတ်ချခြင်း
“အဝလွန်ခြင်း” ဟာ အသည်းအဆီဖုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်.
(ဘာလုပ်မလဲ?)
မိမိကိုယ်အလေးချိန်ရဲ့ ၁၀% ကို လျှော့ချခြင်းဖြင့် အသည်းအဆီဖုံးတာကို သိသာစွာ သက်သာပျောက်ကင်းနိုင်ပါ တယ်…
(ဥပမာ- အလေးချိန် ပေါင် ၁၅၀ ရှိရင် ၁၅ ပေါင်လျော့ချခြင်း)
ကိုလက်စထရော လျော့ချခြင်း (အဆီဓါတ်)
ကိုလက်စထရော (၂) မျိုး ရှိတဲ့အထဲက “LDL ကိုလက်စထရော”ဟာ အသည်းအဆီဖုံးစေပါတယ်.
(ဘာလုပ်မလဲ?)
ငါးအဆီနဲ့ အသီးအရွက်အဆီတွေကို ပိုစားသုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို လျော့ကျစေပါတယ်…
ကာဗိုဟိုက်ဒရိတ် လျော့စားခြင်း (ကစီဓာတ်)
“ကာဗိုဟိုက်ဒရိတ်ဓာတ်” အမြောက်အများပါတဲ့ အစားအစာတွေဟာ အသည်းအဆီဖုံးစေပါတယ်.
(ဘာလုပ်မလဲ?)
နေ့စဉ် ကာဗိုဟိုက်ဒရိတ်ဓာတ် လျှော့စားသုံးခြင်းဖြင့် အသည်းအဆီဖုံးတာရဲ့ ၅၀% ကျော်ကို သက်သာစေပါတယ်…
(ဥပမာ. ဆိုဒါ/ သကြားဓာတ်/ ကွတ်ကီး/ ရေခဲမုန့် အစရှိသဖြင့် … )
အရက်/ဘီယာ/ဝိုင် လျှော့သောက်ခြင်း
“အရက်” အလွန်သောက်ခြင်းဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေပါတယ်.
(ဘာလုပ်မလဲ?)
တစ်ပတ်ကို ဘီယာ ၇ ဘူး ထက်ပိုပြီး ‘မ’သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို သက်သာလာစေပါတယ်…
ဆီးချို ထိန်းခြင်း
“ဆီးချို” ရှိတဲ့သူများမှာ အသည်းအဆီဖုံးတာ တော်တော်အဖြစ်များပါတယ်.
(ဘာလုပ်မလဲ?)
ဆီးချို မတက်အောင် သေချာဂရုစိုက်ပြီး ထိန်းသိမ်းခြင်းဖြင့် အသည်းအဆီဖုံးတာကို လျော့ကျစေပါတယ်…
အထက်ပါ နည်းလမ်းများကို ပြုလုပ်နိုင်မယ်ဆိုရင်တော့ အသည်းအဆီဖုံးရောဂါဟာ သိသိသာသာ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်ခင်ဗျာ…
Source: https://www.facebook.com/photo/?fbid=737138621144335&set=a.192764588915077
Photo: hellosayarwon
အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ယူဆချက်များ(အဆက်)
၃။ အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက်များလာသည်
အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျာက်ပိုများလာနေသည်ဆိုသော ယူဆချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေ အတွက် စုစုပေါင်းတိုးတက်လာခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးမှုတိုးလာခြင်းဟု နှစ်မျိုးခွဲနိုင်ပြီး ထိုနှစ်မျိုးသည်လည်း တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်စပ်နေပါသည်။ ထိုယူဆချက်၏ မူလအစမှာ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပုံသဏ္ဍာန်နှင့် အရွယ် အစားသည် ယခင်ကနှင့် များစွာခြားနားသွားပြီ ၊ ၉/၁၁ နောက်ပိုင်းတွင် အကြမ်းဖက်ဝါဒသည် အတိတ်ကထက် များစွာပိုမိုကြီးမားသော အန္တရာယ်ဖြစ်လာနေသည် ဆိုသော အယူအဆတွင် အခြေခံသည်။ ပထမဆုံးပြောကြားခဲ့သူမှာ ထိုအချိန်က အမေရိကန် ဒုတိယသမ္မတ ဒစ်ချေနီ (Dick Cheney) ဖြစ်ပြီး ၎င်းက နိုင်ငံတစ်ခုအနေဖြင့် မိမိတို့ရင်ဆိုင်နေရသည့် အကြီးဆုံး အန္တရာယ်မှာ သိန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများကို သေစေနိုင်သည့် ဓာတု၊ ဇီဝ နှင့် အနုမြူ လက်နက်များဖြင့် အမေရိကန်မြို့ကြီးများ၏အလယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရ နိုင်သည့် အန္တရာယ်ဖြစ်သည်ဟု ၂၀၀၄ ခုနှစ်တွင် ပြောကြားခဲ့မှုဖြစ်သည်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူပြောကြားခဲ့သည်။ လက်နက်နည်းပညာတွင် တိုးတက်မှုများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ယခင်ကထက် သေကြေ ဖျက်ဆီး နိုင်စွမ်း ပိုလာခဲ့ပြီး အကြမ်းဖက်သမားများတွင် လက်နက်မျိုးစုံရှိပြီး ပို၍လည်း တိုးလာနေ သည်ဟု ၎င်း၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ လန်ဒန် ကိန်းစ်ကောလိပ်မှ ဂျာမန်လူမျိုးပညာရှင် ပီတာ နျူမန်း (Peter Neumann)ကလည်း အရပ်သားများကို အများ အပြား သေကြေအောင် အကြမ်းဖက်တိုက်ခိုက်မှုသည် ထုံးစံဖြစ်လာပြီး နိုင်ငံတကာတွင် ဖြစ်ပွားလာနေသည်ဟု ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ ထိုယူဆချက်များသည် တကယ် အမှန်လောဆိုသည်ကို လေ့လာပါမည်။
၉/၁၁ တိုက်ခိုက်မှုနှင့် မွမ်ဘိုင်း၊ ဘယ်ဆလင်၊ ဘဂ္ဂဒက်နှင့် ဘာလီ အကြမ်းဖက် တိုက်ခိုက်မှုများတွင် လူအများအပြားသေကြေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အကြမ်းဖက် သမားများသည် အဆင့်မြင့်ပေါက်ကွဲပစ္စည်းများကို အသေခံဗုံးခွဲမှုများတွင် သုံးလာကြသလို အကြမ်းဖက်သမားတို့၏ အလေ့အထမှာလည်း ပြောင်းလဲလာသည်။ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ယန်ဂျန်ကင် (Bryan Jenkins)က အကြမ်းဖက်သမားတို့၏ အဓိက ရည်ရွယ်ချက်မှာ လူများများ သေစေရန်မဟုတ်၊ လူများများကြည့်ကြစေရန်ဖြစ်သည်ဟု ၁၉၇၅ ခုနှစ်က ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက်ဝါဒတွင် အကြီးကျယ်ဆုံး ပြောင်းလဲမှု မှာ သေကြေဖျက်ဆီးမှု များနိုင်သမျှများရေး ဖြစ်လာပြီး ယနေ့ခေတ် အကြမ်းဖက်သမားများ အနေဖြင့် လူများများ သေစေရန်နှင့် လူများများကြည့်စေရန် ရည်ရွယ်လာကြသည်ဟု ၂၀၀၆ ခုနှစ်တွင် ၎င်းက ပြောင်းလဲပြောဆိုခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် လူများများ သေစေလိုသည် ဟု ဘရိုင်ယန်ဂျန်ကင် ပြောသည်မှာ အမှန်လော။ အကြမ်းဖက်သမားများ အနေဖြင့် ထိုသို့လူများများသေအောင် လုပ်နေကြသည်လော။ အကြမ်းဖက်မှုများသည် ယခင် ဆယ်စုနှစ်များကထက် သေကြေပျက်စီးမှု ပိုများလာသည်လော။ ကျွန်တော်တို့အနေဖြင့် ထိုယူဆချက်မှန်/ မမှန်ဘာကြောင့် ဆန်းစစ်ဖို့ လိုပါသနည်း။ အကယ်၍သာ အကြမ်းဖက်မှု များကြောင့် သေကြေပျက်စီးမှုပိုများလာနေသည်ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ထိုအန္တရာယ်ကို ပိုမို၍ ပြင်းပြင်းထန်ထန် ကာကွယ်ရမည်ဖြစ်သည်။ တကယ်မဟုတ်ခဲ့လျှင်တော့ အကြမ်းဖက် နှိမ်နင်းရေးအတွက် သုံးရမည့်ရင်းမြစ်များကို ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး တို့အတွက် သုံးစွဲနိုင်မည်ဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် သေကြေဖျက်ဆီးမှု တိုးတက်လာခြင်းရှိ/မရှိကို မာရီလန်း တက္ကသိုလ် အခြေစိုက် start ဟုခေါ်သော အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒကို တုန့်ပြန်ရေး အား လေ့လာသည့်အမျိုးသားပူးပေါင်းအဖွဲ့ (the national consortium for the study of terrorism and responses to terrorism, also known as start) က ပြုစုထားသည့် ၉/၁၁ မတိုင်မီ ၁၀ နှစ်နှင့် ၉/၁၁ နောက်ပိုင်း ၁၀ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်အပေါ် အခြေခံပြီး သုံးသပ်သွားပါမည်။ အောက်ပါဂရပ်တွင် ၁၉၉၁ ခုနှစ် မှ ၂၀၁၀ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေအတွက်ကို တွေ့နိုင်ပါသည်။

ထိုဂရပ်တွင် ၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များက သေဆုံးသူအရေအတွက် ၈၀၀၀ မှ တစ်သောင်းအထိ မြင့်မားခဲ့ကာ ၁၉၉၅ ခုနှစ်တွင် ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ဖန် ၉/၁၁ မတိုင်မီအထိ အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်နိမ့်ကျသွားခဲ့ပြီး ၁၉၉၉ နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် ၄၀၀၀ အောက်သာရှိသည်ကို မြင်တွေ့နိုင် သည်။ ၂၀၁၁ တွင်မူ သေဆုံးသူအရေအတွက် ၆၀၀၀ ကျော်အထိပြန်လည်မြင့်တက်လာခဲ့ပြီး ၉/၁၁ တိုက်ခိုက်မှု တစ်ခုတည်းကပင် သေဆုံးသူအရေအတွက် ၃၀၀၀ ဝန်းကျင်ရှိသည်။ ၎င်းနောက် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များတွင် သေဆုံးသူအရေအတွက် ပြန်လည်ကျဆင်းသွားပြီး ၂၀၀၄ ခုနှစ်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ၁၂၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ၂၀၀၈ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် အနည်းငယ် ပြန်လည် ကျဆင်းခဲ့သော်လည်း ၈၀၀၀ ဝန်းကျင် ရှိနေဆဲ ဖြစ်သည်။ ထိုအချက်အလက်များအရ အကြမ်းဖက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်သည် တစ်နှစ်နှင့်တစ်နှစ် မတူညီပဲ အတက်အကျများရှိပြီး ယေဘုယျအားဖြင့် သေဆုံးသူအရေအတွက် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည်ဟု ပြော၍မရနိုင်ကြောင်း တွေ့ရှိရသလို အနာဂတ်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ရသည်။ သို့သော်လည်းဒေသအလိုက်ခွဲခြားလေ့လာလျှင်မူ အချို့ဒေသများတွင် သေဆုံးမှု ပိုမို မြင့်တက်လာနေပြီး အထူးသဖြင့်အရှေ့တောင်အာရှဒေသတွင် သေဆုံးမှု မြင့်တက်နေသည့် အလားအလာရှိကြောင်း တွေ့ရှိရသည်။

ယခုဆက်လက်ပြီး တိုက်ခိုက်မှုတစ်ခုချင်းစီတွင် သေဆုံးမှု ပိုမိုတိုးလာခြင်း ရှိ/မရှိ လေ့လာဆန်းစစ်ပါမည်။ ထိုသို့လေ့လာရာတွင် ၂၀၀၉ ခုနှစ်က ဂျိမ်း ပီယာဇာ(James Piazza) ၏ လေ့လာချက်ပါ နိုင်ငံတကာအကြမ်းဖက်မှုများတွင် တိုက်ခိုက်မှုတစ်ခုချင်း၏ ထိခိုက် သေဆုံးမှုအရေအတွက်များကို အခြေခံပါမည်။ ၎င်း၏လေ့လာတွေ့ရှိချက် အရ ၁၉၆၈ မှ ၁၉၇၉ ခုနှစ်အတွင်း နိုင်ငံတကာအကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ခိုက်မှုတစ်ခု၏ ပျမ်းမျှ သေဆုံး ၊ ဒဏ်ရာရရှိသူအရေအတွက်သည် ၂ ကျော်ရုံသာရှိရာမှ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ၄ ဦး အထိ တိုးလာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုစီ၏ ပျမ်းမျှသေဆုံး ဒဏ်ရာရသူ အရေအတွက်မှာ ၁၀ ဦးကျော် ဖြစ်လာကာ ၂၀၀၀ မှ ၂၀၀၅ ခုနှစ် ကြားတွင်မူ ၁၁ ဦးအထိ တိုးတက်လာခဲ့သည်။ ထိုအချက်အလက်များအရ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုချင်း တွင် သေဆုံးဒဏ်ရာရသူအရေအတွက် ပိုမို တိုးတက်လာနေသည်မှာ ထင်ရှားပါသည်။
ထို့ကြောင့် အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက် ပိုများလာနေ သည်ဆိုသော ယူဆချက်သည် လေ့လာတွေ့ရှိချက်များအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် စုစုပေါင်းတိုးတက်များပြားနေခြင်း မရှိသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနေသည့်အတွက် တစ်စိတ်တစ်ပိုင်း မှန်ကန်သည် ဟု ဆိုနိုင် ပါသည်။
၄။ အကြမ်းဖက်ဝါဒသည်အဓိကအားဖြင့်အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒဖြစ်သည်
ဆက်လက်၍ အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သော ဝါဒ ဖြစ်သည် ဟူသော ယူဆချက် မှန်/မမှန် လေ့လာသုံးသပ်ပါမည်။ ပထမဆုံးအနေဖြင့် အကြမ်းဖက်ဝါဒ၏ ပစ်မှတ်များသည် အဓိကအားဖြင့် အနောက်တိုင်းသားများ ဟုတ်/မဟုတ် လေ့လာသုံးသပ်ပါမည်။ ၎င်းနောက် အကြမ်းဖက်ဝါဒ၏ ကြွေးကြော်သံများကို အနောက်နိုင်ငံ များကို ဆန့်ကျင်သောကြွေးကြော်သံ ဟုတ်/မဟုတ် ဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒ ဖြစ်သည် ဟူသော ယူဆချက်သည် မည်သည့်နေရာမှ စထွက်လာသနည်းဆိုသည်ကို ရှာဖွေကြည့်ပါ မည်။ တကယ်တမ်းတွင် ထိုယူဆချက်ကို ပထမဆုံး ထုတ်ဖော်သူသည် အမေရိကန်သမ္မတ ဂျော့ဘုရှ် (George W Bush) ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုအပြီး ၁၀ ရက်အကြာ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတ ဘုရှ်က “သူတို့(အယ်ဂိုဒ်ဒါက) က ကျွန်တော်တို့ကို ဘာလို့ မုန်းကြတာလဲလို့ အမေရိကန်တွေက မေးကြတယ်။ အမေရိကန်ဟာ ဒီမိုကရက်တစ်နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပြီး သူတို့က ကိုယ့်ဘာသာကိုယ် ခန့်ထားတဲ့ ခေါင်းဆောင်တွေဖြစ်လို့ ကျွန်တော်တို့ကို မုန်းကြတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောကြားခွင့်၊ လွတ်လပ်စွာ မဲပေးခွင့်နဲ့စုဝေးခွင့်၊ ပြီးတော့တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်စွာသဘောကွဲလွဲခွင့်တွေ ကို မုန်းကြတယ်” ဟု ပြောကြားခဲ့သည်။ ထိုစကားသည် အကြမ်းဖက်သမားများအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် အတွေးအခေါ် (သို့မဟုတ်) အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ်ရှိကြောင်း ပြနေသည်။ ထိုအချိန်က အယ်ဂိုဒ်ဒါခေါင်းဆောင် အိုစမာ ဘင်လာဒင် နှင့်အင်တာဗျူးများစွာသည်လည်း ၎င်းအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ် ရှိကြောင်း သက်သေပြနေသည်။ ဥပမာအားဖြင့် ၂၀၀၂ ခုနှစ်က ဘင်လာဒင်နှင့် အယ်လ်ဂျာ ဇီးယားအင်တာဗျူးတွင် ဘင်လာဒင်က ၎င်း၏ အကြမ်းဖက်စစ်ပွဲတွင် အဓိက ဦးစားပေး ပစ်မှတ် များမှာ အစ္စလာမ်ကို မယုံကြည်သူများ၊ ၎င်းတို့၏မတရားမှုများကို မရပ်တန့်သည့် အမေရိကန် နှင့်ဂျူးများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူများနှင့် ပညာရှင် များကလည်း အကြမ်းဖက်သမားများ၏ အနောက်နိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ထောက်ပြခဲ့ပြီး ၎င်းတို့တွင် ဂျီဟတ်ဝါဒနှင့် ဂျီဟတ်များ အကြောင်း စာအုပ်များစွာ ရေးသား ခဲ့သည့် ဝါလစ်ဖားရစ် (Walid Fharis) လည်း ပါဝင်သည်။ ဝါလစ်သည် အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်သမားတစ်ဦးချင်းအနေဖြင့် အနောက်နိုင်ငံများကို တိုက်ခိုက်သည့် ဘာသာရေးစစ်ပွဲ၊ အနောက်တိုင်းယဉ်ကျေးမှုနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အယူအဆ ရေးရာစစ်ပွဲ (ideological war ) မည်သို့ မည်ပုံဆင်နွှဲသည်ကို လေ့လာသုံးသပ်သည့် စာအုပ် များစွာ ရေးသားခဲ့သည်။
အချို့ကမူ အနောက်တိုင်းကို ဆန့်ကျင်သည့် ဘာသာရေးစစ်ပွဲ အသွင်ဆောင်သော အကြမ်းဖက်ဝါဒ (anti-western jihadist terrorism) (သို့မဟုတ်) အစ္စလာမ်မစ် အကြမ်းဖက် ဝါဒသည် အကြမ်းဖက်ဝါဒပုံစံသစ် တစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် မာရသာ ခရမ်းရှော (MarthaCrenshaw) က ၂၀၀၀ ပြည့်နှစ်ထုတ် စာအုပ်တွင် “အကြမ်းဖက်ဝါဒသစ် သည် ဘာသာရေးယုံကြည်ချက်က လှုံ့ဆော်ပေးပြီး အကြမ်းဖက်ဝါဒဟောင်းများထက် ဘာသာရေးအယူ ပိုသည်း၊ သေကြေဖျက်ဆီးမှုပိုများကာ ပိုမိုပျံ့နှံ့မှုများပြီး တစ်ကမ္ဘာလုံးတွင် ပိုမိုဖြစ်လာနေသည်။ အကြမ်းဖက်ဝါဒသစ်သည် အနောက်တိုင်းကို ဆန့်ကျင်သည့် အကြမ်း ဖက် ဝါဒဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ အစပြုပြီး အစ္စလာမ်မစ် အခြေခံဝါဒီများနှင့် ဆက်စပ်သည်” ဟု ဖော်ပြခဲ့သည်။ ၎င်းက အစ္စလာမ်မစ်အခြေခံဝါဒီ အကြမ်းဖက်သမားများ သည် အရပ်သားများကို အကြီးအကျယ်သေစေလိုစိတ်ရှိပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ ကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။
အဆိုပါ ယူဆချက် မှန်/မမှန်ကို လေ့လာဆန်းစစ်ကြည့်ပါမည်။ ထိုသို့လေ့လာဆန်းစစ် ရန် ပထမဦးစွာ ၂၀၁၅ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ဒေသများ၏ မြေပုံကို လေ့လာကြည့်ပါမည်။

ထိုမြေပုံအရ အကြမ်းဖက်တိုက်ခိုက်မှု အခံရဆုံးဒေသများသည် အနောက်အုပ်စုနိုင်ငံ များ မဟုတ်သည်ကိုတွေ့ရပါမည်။ အနောက်အုပ်စုနိုင်ငံများအနေဖြင့် အကြမ်းဖက် တိုက်ခိုက် ခံရမှု အလွန်နိမ့်ပါသည်။ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အနောက်ဥရောပ နှင့် သြစတေးလျတိုက်များတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ယှဉ်ကြည့်နိုင်ပါသည်။ တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှုကို အဓိကရင်ဆိုင်နေရသည့်နိုင်ငံများမှာ မူဆလင်နိုင်ငံများ ဖြစ်သည်။
တစ်ဖန် အကြမ်းဖက်တိုက်ခိုက်ခံရမှုများတွင် သေဆုံးသူများကို လေ့လာဆန်းစစ်ရာတွင်လည်း မူဆလင်များသာ ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား အကြမ်းဖက်နှိမ်နင်းရေးစင်တာ၏ ၂၀၁၁ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုအစုစုကြောင့် သေဆုံးသူစုစုပေါင်း ၏ ၈၂% မှ ၉၇ % အထိ သည် မူဆလင်များဖြစ်သည်ဟု သိရသည်။၂၀၀၃ ခုနှစ်တွင် အမေရိကန်က ဦးဆောင် ကျူးကျော်ခဲ့ပြီးနောက် အီရတ်တွင် အနောက်နိုင်ငံများမှ တပ်အများအပြားရှိနေစဉ်မှာပင် အယ်လ်ဂိုဒ်ဒါ နှင့် ၎င်း၏ဆက်စပ်အဖွဲ့များ၏ တိုက်ခိုက်မှုအများစုသည် အနောက်နိုင်ငံများကို တပ်များကို ပစ်မှတ်ထားခြင်းမဟုတ်ပဲ ၎င်းတို့နှင့်ဘာသာတူ မူဆလင်များကိုသာ အဓိက တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် အနောက်နိုင်ငံ များကို ပစ်မှတ်ထားသည်ဟု ကြွေးကြော်ကြသော်လည်း တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအများစုမှာ အနောက်နိုင်ငံသားများမဟုတ်ဘဲ မူဆလင်များ သာ ဖြစ်ကြောင်း တွေ့ရသည်။
အနောက်နိုင်ငံများတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို လေ့လာပါမည်။ ဥရောပရဲတပ်ဖွဲ့ Europol ၏ ၂၀၁၃ အကြမ်းဖက်မှုအစီရင်ခံစာအရ ဥရောပသမဂ္ဂအတွင်း ၂၀၁၂ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ၎င်းတို့ အနက် အစ္စလာမ္မစ်အစွန်းရောက်အုပ်စု၊ သို့မဟုတ် ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့်သေဆုံးသူမှာ တစ်ဝက်အောက်သာ ရှိသည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်း ဥရောပ သမဂ္ဂတွင် အကြမ်းဖက်တိုက်ခိုက်မှုစုစုပေါင်း ၂၁၉ ခု ဖြစ်ပွားခဲ့သည့်အနက် အများစုမှာ ပြင်သစ်နှင့် စပိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (ပြင်သစ်တွင် ၁၂၅ ခု စပိန်တွင် ၅၄ ခု) ခွဲထွက်ရေး သမားများ (သို့မဟုတ်) လူမျိုးစုအမျိုးသားရေးဝါဒီအကြမ်းဖက်အုပ်စုများက လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၂ အတွင်း ဘာသာရေးအခြေခံအကြမ်းဖက်အုပ်စုများက ဥရောပသမဂ္ဂအတွင်း တိုက်ခိုက်မှုစုစုပေါင်းမှာ ၆ ခုသာ ရှိသည်။ ထို့ကြောင့် ဥရောပတွင်ပင် အကြမ်းဖက်တိုက်ခိုက်မှု အများစုမှာ အနောက်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်သော တိုက်ခိုက်မှုများဟု မဆိုနိုင်ပါ။
အမေရိကန်ပြည်ထောင်စုကိုကြည့်ပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်တွင် အနောက်အုပ်စုကိုဆန့်ကျင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ မရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဟူသော ယူဆချက်ကို လေ့လာကြည့်ရာတွင် အယ်ဂိုဒ်ဒါနှင့် အခြားသော အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များ(သို့မဟုတ်) ဂျီဟတ်အဖွဲ့များ၏ကြွေးကြော်သံမှာ အနောက်ဆန့်ကျင်ရေး ဖြစ်ပြီး ဘာသာရေးကိုအခြေခံသည့် ထိုအကြမ်းဖက်အုပ်စုများသည် လက်ရှိအကြမ်းဖက်လှိုင်း တွင် အလွှမ်းမိုးဆုံးလည်း ဖြစ်ပုံရပြီး အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို ထိုအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူများ နှင့် အကြမ်းဖက်တိုက်ခိုက်သည့်ပစ်မှတ်များကို ကြည့်လိုက်သောအခါ အနောက်နိုင်ငံသားများ အလွန်နည်းပါးကြောင်းတွေ့ရသည်။ ဘာသာရေးအခြေခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု များကြောင့် သေဆုံးသူအများစုမှာ မူဆလင်နိုင်ငံများမှ မူဆလင်များဖြစ်သည်ကို တွေ့ရသည်။ အနောက်နိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ ခွဲထွက်ရေးအုပ်စုများ၊ လက်ယာစွန်း နှင့် လက်ဝဲစွန်းအဖွဲ့များနှင့်ဆက်စပ်နေသည်ကများပြီး အနောက်ဆန့်ကျင်ရေး ဘာသာရေး အခြေခံအကြမ်းဖက်အဖွဲ့များနှင့် အဆက်အစပ်နည်းကြောင်း တွေ့ရသည်။ ထို့ကြောင့် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဆိုသော ယူဆချက်သည် တစ်ဝက်မှန် တစ်ဝက်မှားဖြစ်သည်ဟု သုံးသပ်ရသည်။
၅။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်
အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်ဆိုသော ယူဆချက်ကို ဆက်လက်၍ လေ့လာသုံးသပ်ပါမည်။ အကြမ်းဖက်သမားများ အောင်မြင်နေသည်ဟု မည်သူက ပြောခဲ့ သနည်း၊ အကြမ်းဖက်မှုသတင်းများသည် မီဒီယာများ၏ ခေါင်းစည်းပိုင်းတွင် နေရာယူနေပြီး အကြမ်းဖက်နှိမ်နင်းရေးကို နိုင်ငံအသီးသီးမှ အစိုးရများက အထူးအလေးထားနေရခြင်းသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်ဟု ဆိုနိုင်ပါမည်လော။ ထိုအချက်များသည် အကြမ်းဖက်သမား များ အလိုရှိသည့်အချက်များ ဖြစ်ပါ၏လော။ နိုင်ငံရေးဖိုရမ်များတွင် အကြမ်းဖက်ဝါဒကို အလေးပေးဆွေးနွေးကြရုံနှင့်် အကြမ်းဖက်ဝါဒ အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ပါမည်လော ဆိုသည်ကို လေ့လာဆန်းစစ်ပါမည်။ ထို့ပြင် အကြမ်းဖက်ဝါဒသည် များသောအားဖြင့် နိုင်ငံရေး ရည်မှန်းချက်ပါရှိသောကြောင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်း ရှိ/မရှိ ကို လည်း လေ့လာဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒအောင်မြင်ခြင်း ရှိ/မရှိ တိုင်းတာရန် မတူကွဲပြားသော စံချိန်စံညွှန်းနှင့် နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် အကြမ်းဖက်သမားများအနေဖြင့် အသေအပျောက် အကြီးအကျယ်မြင့်မားအောင် လုပ်နိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်မည်လော (သို့မဟုတ်) အစိုးရများအနေဖြင့် အကြမ်းဖက်သမားများနှင့် ဆွေးနွေးညှိနှိုင်းရသည် အထိ အကြမ်းဖက်များအင်အားကြီးလာပါက အောင်မြင်သည်ဟုဆိုမည်လော (သို့မဟုတ်) အကြမ်းဖက် သမားများအနေဖြင့် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းမရှိပဲ ၎င်းတို့၏အကြမ်းဖက်အဖွဲ့များ သည် ဆယ်စုနှစ်ပေါင်း များစွာဆက်လက်ရှင်သန်နေပါက အောင်မြင်သည်ဟု ဆိုမည်လော စသည်ဖြင့် ဖြစ်သည်။
အကြမ်းဖက်ဝါဒကိုလေ့လာသည့် ပညာရှင်အများစုလုပ်ကြသည်မှာ သက်ဆိုင်ရာ အကြမ်းဖက်အဖွဲ့များက ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်ကို ကြည့်ပြီး ထိုအဖွဲ့များ အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက် ထမြောက်ခြင်း ရှိ/မရှိကို ကြည့်ပြီး အောင်မြင်မှု ရှိ/မရှိ ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ ကျဉ်းမြောင်းလွန်းသည်ဟုယူဆပြီး အကြမ်းဖက် အဖွဲ့များကပေးနိုင်သောကြောက်ရွံ့မှုနှင့် မီဒီယာများပေါ်တွင် ဖော်ပြခံရမှုကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် အကြမ်းဖက် အဖွဲ့များ၏ အန္တိမရည်မှန်းချက်မဟုတ်သော်လည်း အရေးကြီးသည့် ကြားရည်မှန်းချက်များ (intermediate goals) ဖြစ်သောကြောင့် ဖြစ်သည်။ အများပြည်သူ၏ အရေးစိုက်မှုမရဘဲ၊ အကြောက်တရားကို အဆင့်တစ်ခုအထိမဖြစ်စေပဲ အကြမ်းဖက်သမားများ၏ နိုင်ငံရေး ရည်မှန်းချက်မရနိုင်သောကြောင့် ဖြစ်သည်။
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်းရှိ/မရှိကို ပထမဆုံး လေ့လာပါမည်။ ပညာရှင်အများစုသည် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိ/မရှိ လေ့လာ ဆန်းစစ်ရာတွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေး ရည်မှန်းချက်များကို အဓိကထားကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုသို့လေ့လာရာတွင် အကြမ်းဖက်ဝါဒသည် ရည်မှန်းချက်ကို ရောက်ရှိ စေနိုင်သည့် လက်သုံးကရိယာအဖြစ် ရှုမြင်ပါသည်။ အကြမ်းဖက်သမားများသည် အရှုံးအမြတ် တွက်တတ်သော ဆင်ခြင်တုံတရားရှိသူများဖြစ်၍ ၎င်းတို့အနေဖြင့် အနည်းဆုံးအားဖြင့် ၎င်းတို့ ၏ နိုင်ငံရေးရည်မှန်းချက်အချို့အောင်မြင်ရန် အခွင့်အလမ်းအနည်းငယ်မျှပင်ဖြစ်စေရှိနေ သည်ဟု ထင်မြင်သောကြောင့်သာ အကြမ်းဖက်ဝါဒကို ကျင့်သုံးခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ ၂၈ ဖွဲ့ကို မက်စ် အဘရာဟမ်(Max Abrahms)က လေ့လာခဲ့ရာတွင် သုံးသပ် ချက် ၂ ခု ထွက်လာခဲ့သည်။ ပထမအချက်မှာ ထိုအဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များအနက် ၇% သာလျှင် အောင်မြင်ထမြောက်ခဲ့ပြီး ဒုတိယအချက်မှာ ၎င်းတို့၏ အောင်မြင်မှုသည် နည်းဗျူဟာရွေးချယ်မှု၊ အထူးသဖြင့် ပစ်မှတ်ရွေးချယ်မှုအပေါ် များစွာ မူတည်နေခြင်းဖြစ်သည်။ စစ်ဘက်ပစ်မှတ်များထက် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်မှု ပိုများသည့် အဖွဲ့များသည် ၎င်းတို့၏ ပေါ်လစီရည်မှန်းချက် အောင်မြင်လေ့မရှိကြောင်း တွေ့ရ သည်။ ထိုလေ့လာမှု၏ တွေ့ရှိချက်များအရ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များ အောင်မြင်မှုရရှိလေ့မရှိပဲ ထိုသို့ အောင်မြင်မှုနှုန်း နည်းရခြင်းမှာလည်း အကြမ်းဖက်ဝါဒ၏ နည်းဗျူဟာကိုယ်တိုင်ကြောင့်ဖြစ်သည်။ အရပ်သားများကို တိုက်ခိုက်ခြင်း သည် အကြမ်းဖက်အဖွဲ့များ အရေးနိမ့်မှု၏ အဓိကအကြောင်းဖြစ်သည်။
အခြားသော အကြမ်းဖက်ဝါဒလေ့လာသူများကလည်း အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိဟု သုံးသပ်ခဲ့ကြသည်။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိလျှင်၊ အကြမ်းဖက်ဝါဒသည် နိုင်ငံရေးရည်မှန်းချက်ရရှိနိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် အကြမ်းဖက်သမားများ ဆက်လက် အကြမ်းဖက်နေကြသနည်းဟု မေးခွန်းထုတ်စရာရှိလာပါသည်။ အချို့သော အကြမ်းဖက်သမားများသည် ၎င်းတို့၏ရန်သူကို ခြိမ်းခြောက်ခြင်းဖြင့် အဆုံးသတ်တွင် ၎င်းတို့လိုလားချက်များ ပြည့်ဝပြီး အကြမ်းဖက်ဝါဒသည် ၎င်းတို့အတွက် အမြဲအလုပ်ဖြစ်ပုံရသည်ဟု ယုံကြည်ကြပုံ ရှိသည်ဟု ပေါလ် ဝီကန်ဆန် (Paul Wilkison) က ဆိုသည်။ သို့သော်လည်း တကယ်တမ်းတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များ ရရှိခဲ့သည်မှာ အလွန် ရှားပါးပြီး ကိုလိုနီလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဗြိတိသျှနှင့်ပြင်သစ်တို့ကို တွန်းလှန်ခဲ့စဉ် ကာလအတွင်း အချို့အကြမ်းဖက်အဖွဲ့များသာ အောင်မြင်မှုရရှိခဲ့သည်ဟုဆိုကာ အယ်လ်ဂျီး ယားမှ FLN (Front dela Liberation Nationale) အဖွဲ့ကို အောင်မြင်သည့် အကြမ်းဖက်အဖွဲ့ အဖြစ် သူကဥပမာပေးသည်။ သို့သော်လည်း FLN ၏ အယ်ဂျီးယားလွတ်မြောက်ရေးလှုပ်ရှားမှု ကို အကြမ်းဖက်မှုအဖြစ် တံဆိပ်ကပ်သည်ကို လက်မခံသူများ အများအပြား ရှိနိုင်သည်။ နယ်ချဲ့လွတ်မြောက်ရေး လှုပ်ရှားမှုနောက်ပိုင်းတွင်မူ နိုင်ငံတစ်ခုကို ထိန်းချုပ်သိမ်းပိုက် နိုင်သည့်အဆင့်နှင့် တိုင်းတာလျှင် အောင်မြင်မှုရရှိခဲ့သော အကြမ်းဖက်လှုပ်ရှားမှုဟူ၍ တစ်ခုမှ မရှိပါ။ အစ္စလာမ်မစ်နိုင်ငံတော်(IS)အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအချို့ကို ယာယီ သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့တစ်ခုအနေဖြင့် နိုင်ငံတစ်ခုကိုသိမ်းပိုက်နိုင်ခြင်း၊ အာဏာရယူနိုင်ခဲ့ခြင်းမျိုး မရှိပါ။ အကြမ်းဖက်ဝါဒကို လက်နက်တစ်ခုအဖြစ် အသုံးပြုသော သူပုန်များအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဒေသခံလူထု၏ ထောက်ခံမှုမရဟု ဝီကန်ဆန်က ဆိုသည်။
အကြမ်းဖက်ဝါဒအောင်မြင်မှု ရှိ/မရှိ လေ့လာခဲ့သော အရေးကြီးသည့် စာရေးသူ တစ်ဦး မှာ ဘရိုင်ယန် ဂျန်ကင် (Brian Jenkins) ဖြစ်သည်။ ၂၀၀၆ ခုနှစ်က ရေးခဲ့သော ဆောင်းပါး တစ်ပိုဒ်တွင် သူက အကြမ်းသမားများ ပရော်ဖက်ရှယ်ဆန်လာမှု ပိုမိုတိုးတက်လာခြင်းနှင့် အကြမ်းဖက်မှုများကြောင့် သေဆုံးသူတိုးတက်လာခြင်းတို့ကို စိတ်ပူကြောင်း ဖော်ပြခဲ့သော် လည်း အကြမ်းဖက်ဝါဒ အောင်မြင်မှုအပေါ်တွင် ၎င်းက သံသယရှိသည်။ အကြမ်းဖက်သမား များသည် အကြမ်းဖက်မှုများ ပြန့်ပွားအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ၎င်းတို့၏လုပ်ငန်းများ အတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုနည်းသစ်များ တီထွင်ခဲ့ကာ ဆက်သွယ်ရေး မဟာဗျူဟာသစ်များ ဖော်ထုတ်ခဲ့ကြသလို ဖွဲ့စည်းပုံ မော်ဒယ်သစ်များ ဖန်တီးခဲ့ကြကြောင်း၊ သို့ရာတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ မအောင်မြင် ခဲ့ကြောင်း ရေးသားခဲ့ပြီး ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ ဝိရောဒိဟု ဆိုသည်။ အကြမ်းဖက် သမားများသည် ရံဖန်ရံခါတွင် နည်းဗျူဟာအောင်မြင်မှုရရှိပြီး လူအများ၏ အာရုံစိုက်မှုရရှိကာ သတိပေးမှုဖြစ်စေပြီး လူသစ်များကို ဆွဲဆောင်နိုင်သည်။ သို့ရာတွင် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များနှင့် တိုင်းတာလျှင်မူ အကြမ်းဖက်သမားများ၏ အရေးတော်ပုံမှာ အောင်မြင်မှုမရှိပါ။ ထိုအမြင်အရ အကြမ်းဖက်ဝါဒမှာ အောင်မြင်မှုမရှိဟု ဆိုနိုင်သော်လည်း အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေသည်ဟု ဂျန်ကင်က ဆိုသည်။
ထိုအချက်များနှင့်တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်မည်လော။ သို့တည်း မဟုတ် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ အနာဂတ်တွင် ပြည့်ဝဖွယ်ရှိသလော။ ထိုနေရာတွင် ပြဿနာမှာ အယ်ဂိုဒ်ဒါကို အဓိပ္ပာယ်ဖွင့်ရန် အခက်အခဲ ဖြစ်သည်။ အယ်ဂိုဒ်ဒါဆိုသည်မှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင်ရှိသော အမာခံ အယ်ဂိုဒ်ဒါအဖွဲ့ကို ဆိုလိုသည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါနှင့် အီရတ်နှင့် အာရေဗျ ကျွန်းဆွယ်ရှိ ၎င်း၏ အနီးကပ်ပေါင်းစည်းထားသည့် ဆက်စပ်အဖွဲ့များပါ ပါဝင်သည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါအဖွဲ့ နှင့် အိုင်ဒီယိုလိုဂျီအရ တစ်နည်းနည်းဖြင့်ဆက်စပ်နေသော အဖွဲ့များပါ ပါဝင်သည့် အယ်ဂိုဒ်ဒါကွန်ယက်ကို ဆိုလိုသည်လော စသည်ဖြင့် ဖြစ်သည်။ အယ်ဂိုဒ်ဒါအဖွဲ့၏ ရည်မှန်းချက်မှာ လက်ရှိ အစ္စလာမ်မစ်အစိုးရများကို ဖြုတ်ချပြီး အစ္စလာမ် မစ် ကာလီဖိတ်နိုင်ငံထူထောင်ရန်၊ မူဆလင်နိုင်ငံများမှ နိုင်ငံခြားသားအားလုံးကို မောင်းထုတ် ရန်နှင့် ဂျူး၊ အမေရိကန်နှင့် အခြားသော မယုံကြည်သူများကို သတ်ဖြတ်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်မှု ရှိ/မရှိနှင့် တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အကြီး အကျယ် အရေးနိမ့်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အယ်ဂိုဒ်ဒါအဖွဲ့သည် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များကို အာဖဂန်နစ္စတန်တွင် အကုန်အကျများလှသော စစ်ပွဲတစ်ခုအတွင်း ဆွဲသွင်းခြင်းနှင့် အခြားကမ္ဘာ့ဒေသများတွင် စစ်ဆင်ရေးများ ဆင်နွှဲစေရန် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံအများအပြားမှ တာဝန်ရှိသူများအနေဖြင့် အယ်ဂိုဒ်ဒါနှင့် ဆက်စပ် အဖွဲ့များ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် လုပ်ဆောင်နေရဆဲဖြစ်ပြီး အယ်ဂိုဒ်ဒါအဖွဲ့အနေဖြင့် ၎င်း၏ခေါင်းဆောင်များစွာ အဖမ်းခံရ၊ အသတ်ခံရသော်လည်း သတင်းထိပ်စည်းများ လုပ်နိုင် နေဆဲဖြစ်သည်။
ထိုနေရာတွင် အကြမ်းဖက်အဖွဲ့များ၏ အောင်မြင်မှုကို အယ်ဂိုဒ်ဒါအဖွဲ့ကဲ့သို့ ၎င်းတို့ ထုတ်ပြန်ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်အောင်မြင်ခြင်း ရှိ/မရှိတစ်ခုတည်းကိုသာ ကြည့်၍ ဆုံးဖြတ်၍ ရပါမည်လော၊ အကြောက်တရား မြင့်မားစေမှု၊ သို့တည်းမဟုတ် အကြမ်းဖက်ဝါဒကို တန်ပြန်ရန် အကြီးအကျယ်ရင်းနှီးမြှပ်နှံနေရမှု၊ သို့မဟုတ် အကြမ်းဖက်ဝါဒ ၏ ခြိမ်းခြောက်မှုသည် နိုင်ငံရေးလုပ်ငန်းအစီအစဉ်တွင် ဦးစားပေးမြင့်နေဆဲ ဖြစ်သည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုတော့ပြီလော၊ ထိုအချက်များသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှု သင်္ကေတများ မဟုတ်ပါသလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်၍သာ ထိုအချက်များဖြင့် အကြမ်းဖက်ဝါဒ၏အောင်မြင်မှုကို တိုင်းတာပါက မကြာသေးမီနှစ်များအတွင်း အကြမ်းဖက် ဝါဒနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် မည်မျှအောင်မြင်မှု ရခဲ့ပါသနည်း။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို ထိပ်စည်းသတင်းဖြစ်မှုနှင့် တိုင်းတာလျှင် အကြမ်းဖက်သမားများအနေဖြင့် ထိပ်စည်းသတင်းများလုပ်ရာတွင် အလွန်တော်သည် ၊ သို့တည်းမဟုတ် အကြမ်းဖက်သမားများနှင့် မီဒီယာသည် အကြမ်းဖက်ဝါဒနှင့်ပတ်သက်သည့် ထိပ်စည်းသတင်း များ ဖန်တီးရာတွင် အလွန်တော်သည်ဟု ဆိုနိုင်သည်။ တကယ်တမ်းတွင် ထိပ်စည်းသတင်း များကိုရေးသူမှာ အကြမ်းဖက်သမားများမဟုတ်ပဲ ဂျာနယ်လစ်များဖြစ်ပြီး ထိုသို့ ရေးကြသည် မှာလည်း တောင်းဆိုမှုရှိသောကြောင့်ဖြစ်သည်။ အကြမ်းဖက်မှုနှင့် ဆက်စပ်သောသတင်းများ သည် ကမ္ဘာ့နေရာ အများအပြားမှ မီဒီယာတွင် နေ့စဉ်လိုလိုပင် ထိပ်စည်းသတင်းအဖြစ် ပါနေ သည်။ ၁၉၈၇ ခုနှစ်တွင်ပြုလုပ်ခဲ့သော အိုင်ယန်ဂါ နှင့် ခိုင်ဒါ (Iyengar and Kinder) တို့၏ လေ့လာချက်အရ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုမှ ရုပ်သံဌာန များဖြစ်သော ABC ၊ CBS နှင့် NBC တို့သည် အကြမ်းဝါဒအကြောင်းကို ဆင်းရဲမှု၊ အလုပ် လက်မဲ့၊ လူမျိုးရေးမညီမျှမှုနှင့် ရာဇဝတ်မှုများထက် ပိုမို ဖော်ပြခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၉/၁၁ ဖြစ်ရပ်မတိုင်မီကတည်းကပင် အကြမ်းဖက်ဝါဒ အကြောင်းသည် သတင်းခေါင်းကြီး ဖြစ်နေပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်တွင် မမျှော်လင့်ပဲ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်မူ မီဒီယာများတွင် အကြမ်းဖက်ဝါဒအကြောင်းဖော်ပြသည် မှာလည်း မျှော်လင့်မထားလောက်အောင် များပြားလာသည်။ လူသုံးဦးသာ သေဆုံးခဲ့သော ဘော့စတွန်မာရသွန်ကို ဗုံးခွဲတိုက်ခိုက်မှုသည် အီရတ်၊ အာဖဂန်စသော ဒေသများတွင် လူများစွာ သေဆုံးသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နှိုင်းစာလျှင် အသေးစားတိုက်ခိုက်မှု သာ ဖြစ်သော်လည်း ကမ္ဘာတစ်လွှား သတင်းခေါင်းကြီး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကံမကောင်း အကြောင်းမလှစွာပင် အကြမ်းဖက်သမားများသည် ထိပ်တန်းသတင်းများဖြစ်လာရန် အလွယ် တကူပြုလုပ်နိုင်ကြောင်းတွေ့ရသည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို အကြောက်တရား ဖြန့်ဖြူးနိုင်မှုနှင့် တိုင်းတာရန် မကြာသေးမီနှစ်များ အတွင်းက ပြုလုပ်ခဲ့သော လူထုထင်မြင်ချက်စစ်တမ်းများကို လေ့လာ ကြည့်ပါမည်။ အမေရိကန်များကို ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုသားကောင်ဖြစ်မည်ကို စိတ်ပူခြင်းရှိ/မရှိ နှစ်စဉ်ကောက်ယူခဲ့သော Gallop စစ်တမ်း အရ ၁၉၉၆ ခုနှစ်တွင် စိတ်ပူသူ ၃၉% ရှိရာမှ ၂၀၀၀ ပြည့်နှစ် ဧပြီတွင် ၂၅% အထိ ကျဆင်း သွားခဲ့သည်။ ၉/၁၁ အကြမ်းဖက်မှုဖြစ်ပွားပြီး ပထမပတ်အတွင်းတွင် ၅၉% အထိ မြင့်တက် ခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ၂၈ နှင့် ၄၈% အကြား ပြောင်းလဲနေခဲ့သည်။ ဘော့စတွန် မာရသွန်ဗုံးခွဲမှုအပြီး ၂၀၁၃ အစောပိုင်း တွင် ၄၀% ဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်ကနှင့် အတူတူ နီးပါးဖြစ်သည်။ ဥရောပသမဂ္ဂအတွင်း Eurobarometer ၏ လူထုထင်မြင်ချက် စစ်တမ်းအရ ပြီးခဲ့သည့် ဆယ်စုနှစ်တွင်းအကြမ်းဖက်မှုအပေါ် စိုးရိမ်မှုမှာ အတက်အကျရှိပြီး အမေရိကန် ထက်များစွာ နိမ့်ပါသည်။ သို့သော်လည်း ယနေ့တွင်ပင်အနောက်နိုင်ငံများစွာတွင် အကြမ်း ဖက်မှုသည် ၎င်းတို့လူထု၏ ထိပ်တန်းစိတ်ပူစရာဆယ်ခုတွင် ပါဝင်နေဆဲဖြစ်သည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကိုတိုင်းတာရန်မှာ အောင်မြင်မှုအပေါ် အဓိပ္ပာယ်ဖွင့်ဆို ချက်အပေါ် များစွာ မူတည်ပါသည်။ အလွန်နည်းပါးလှသော အကြမ်းဖက်အဖွဲ့အစည်းများ သည်သာ ၎င်းတို့ကြေညာထားသော နိုင်ငံရေးရည်မှန်းချက်များ ရရှိခဲ့သော်လည်း ၎င်းတို့သည် မီဒီယာ၏ စိတ်ဝင်စားမှုများစွာ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အပေါ် ကြောက်ရွံ့မှုအဆင့်မှာ ၎င်းတို့၏လုပ်ဆောင်မှုအပေါ်မူတည်ပြီး တစ်သက်လုံး ကြောက်နေကြ သည် မဟုတ်ပါ။ နှစ်အနှစ်ငယ်ကြာပြီးနောက်တွင် အကြမ်းဖက်အဖွဲ့များမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့များသည် လူအများ၏ အလေးထား မှုကိုရရှိသော်လည်း များစွာအောင်မြင်သည်ဟု မဆိုနိုင်ပါ။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၄)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4217
အောက်ဖော်ပြပါ အကြောင်းတရားများကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ် …
(၁) ဦးခေါင်းတခုလုံးကိုက်ခဲခြင်း
(၂) ခေါင်းတခြမ်းကိုက်ခြင်း
(၃) မျက်စိတဝိုက် ခေါင်းကိုက်ခြင်း
(၄) ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း
(၅) ရုတ်တရက်ပြင်းထန် ခေါင်းကိုက်ခြင်း
(၁) ဦးခေါင်းတခုလုံးကိုက်ခဲခြင်း
နဖူး၊ နားထင်၊ ခေါင်းနောက်စေ့ခြမ်းနဲ့ ဦးခေါင်းတခုလုံးမှာ တင်းကျပ်ပြီး ကိုက်ခဲနေတတ်ပါတယ်။ ဆေးပညာမှာတော့ "Tension headache" လို့ ခေါ်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ စိတ်ဖိစီးခြင်း၊ အိပ်ရေးမဝခြင်း၊ ဦးခေါင်းအနေအထား ကိုယ်နေဟန်ထား မမှန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်လဲ
ယေဘုယျအားဖြင့် ဒီလိုခေါင်းကိုက်ခြင်းဟာ မစိုးရိမ်ရပါဘူး အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း၊ ဥပမာ ပါရာစီတမော ဒိုင်ကလို (ကျောက်ကပ်ဝေဒနာရှင်များ အထူးသတိပြု) မျက်စိအနားပေးခြင်း၊ ရှူဆေးရှူခြင်း တို့ ပြုလုပ်နိုင်ပါတယ်။
(၂) ခေါင်းတခြမ်းကိုက်ခြင်း
သွေးခုန်သလို တဒိန်းဒိန်းနဲ့ ခေါင်းကိုက်နေတတ်ပါတယ်။ ဦးခေါင်းတခြမ်းမှာပဲ ကိုက်ခဲနေတတ်ပါတယ်။
ဆေးပညာမှာတော့ "Migraine" လို့ ခေါ်ပါတယ် ပျို့အန်ခြင်း၊ အမြင်ဝေဝါးခြင်းတို့လည်း တပြိုင်နက် ခံစားရ တတ်ပါတယ်။ အမျိုးသမီးတွေမှာပိုပြီး အဖြစ်များပါတယ်။ အသံဆူညံတာတို့ စူးရှတဲ့အလင်းရောင်တို့ကို လုံးဝ မခံနိုင်ပါဘူး။ ဒီလို ခေါင်းကိုက်တဲ့ဝေဒနာ ခံစားနေရရင်တော့ အမှောင်ခန်းထဲမှာပဲ တိတ်တဆိတ် အနားယူချင် ကြပါတယ်။
ဘာလုပ်သင့်လဲ
ခေါင်းကိုက်တာ မပြင်းထန်ရင်တော့ အကိုက်အခဲ ပျောက်ဆေးတွေဖြစ်တဲ့ ဥပမာ ပါရာစီတမောနဲ့ ဒိုင်ကလိုတို့ကို သောက်သုံးနိုင်ပါတယ် မသက်သာရင် (သို့) ၁ လမှာ လေးကြိမ်လောက်အထိ မကြာခဏခေါင်းကိုက်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
(၃) မျက်စိတဝိုက် ခေါင်းကိုက်ခြင်း
အများအားဖြင့် မျက်လုံးတဖက်ကို ဗဟိုပြုပြီး ပြင်းပြင်းထန်တန် ခေါင်းကိုက်တတ်ပါတယ်။ ဆေးပညာမှာတော့ “Cluster Headache” လို့ ခေါ်ပါတယ်။
နှာရည်ယိုခြင်း မျက်လုံးနီခြင်း မျက်ရည်ကျခြင်းတို့လည်း တပြိုင်နက် ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အရက်သောက်ရင် ဆေးလိပ်သောက်ရင် ပိုဆိုးစေနိုင်ပါတယ်။
ဘာလုပ်သင့်လဲ
ဆေးရုံဆေးခန်းမှာ ကုသမှုခံယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အောက်စီဂျင်ပိုက် ရှူလိုက်ရင် ခေါင်းကိုက်တဲ့ ဝေဒနာဟာ အလျင်အမြန် ပျောက်ကင်းနိုင်ပါတယ်။
(၄) ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း
နှာခေါင်းတဝိုက်နဲ့ နဖူးတဝိုက်မှာ ကိုက်ခဲတဲ့ဝေဒနာကို ခံစားကြရပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း လေထုညစ်ညမ်းခြင်း ဓါတ်မတည့်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။
ခေါင်းကိုက်ဝေဒနာနှင့်အတူ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်းတို့လည်း တပြိုင်နက် ခံစားရတတ် ပါတယ်။
ဘာလုပ်သင့်လဲ
နှာခေါင်းဖြန်းဆေးများ နှာခေါင်းအစက်ချဆေးရည်များကို အသုံးပြုနိုင်ပါတယ်။
မသက်သာဘူး (သို့) ပိုဆိုးလာရင်တော့ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။
(၅) ရုတ်တရက်ပြင်းထန် ခေါင်းကိုက်ခြင်း
ချက်ချင်းဆိုသလို ဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပြီး အဆိုးဝါးဆုံးနဲ့ အစိုးရိမ်ရဆုံး ဖြစ်ပါတယ်။
အချိန် ၁ မိနစ်လောက်အတွင်းမှာပဲ မိမိဘဝမှာ အပြင်းထန်ဆုံးလို့ ဆိုနိုင်လောက်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားကြရပါတယ်။
ဆေးပညာမှာတော့ “Thunderclap” လို့ ခေါ်ပါတယ် မြန်မာလို ဘာသာပြန်ရင်တော့ လျှပ်စီးလက်သလို မိုးကြိုးပစ်လိုက်သလို ခေါင်းကိုက်ခြင်းလို့ အဓိပ္ပာယ်ပြန်ဆိုနိုင်ပါတယ်။
လေဖြတ်ခြင်း၊ ဦးနှောက်ထဲမှာ သွေးယိုစီးခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်လဲ
ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ် နောက်ကျရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
https://www.facebook.com/photo/?fbid=737138621144335&set=a.192764588915077
မာလကာသီးက စားလို့ကောင်းတာတင်မဟုတ်ဘူး။ အသားအရေကိုလည်းလှပစေပါတယ်တဲ့။ ဒီတစ်ခေါက်တော့ မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ မာလကာသီးက ပေးတဲ့ အသားအရေလှပခြင်းက ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်တော့နော်။
မာလကာသီးမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ!
ကျန်းမာရေးကိုကောင်းစေတဲ့ မာလကာသီးကို ဖျော်ထားတဲ့ မာလကာသီး ဖျော်ရည်လေးထဲမှာ
ကစီဓာတ်
သကြားဓာတ်
အမျှင်ဓာတ်
ဆိုဒီယမ်
ပိုတက်ဆီယမ်
ဗီတာမင် B
ဗီတာမင် C တို့ ပါဝင်နေပါတယ်။
မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း
မာလကာသီးက အသားအရေကို လှပစေသလားဆိုတော့ လှပစေပါတယ်။ ဘယ်လို လှပစေလဲ ဆိုတာကိုတော့
အသားအရောင် ညီစေတယ်
အရေပြားပေါ်က အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို သက်သာချင်တယ်ဆိုရင်တော့ မာလကာသီးကို စားပေးလို့ရပါတယ်။ မာလကာသီးက အသားအရေကို ကြည်လင်လန်းဆန်းစေပြီး အသားအရောင်ကို ညီစေ သလို အသားအရေကို ကြည်လင်လှပစေမှာပါ။ မာလကာသီးကို စားပေးလို့ ရသလို မာလကာသီးကို အရေပြား ပေါ်မှာ တိုက်ရိုက်သုံးပေးတာကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဆဲလ်သေတွေကို ထိထိ ရောက်ရောက် ဖယ်ရှားပေးပြီး အညစ်အကြေးကင်းပြီး ကြည်လင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
နေလောင်ဒဏ် ကာကွယ်ပေးတယ်
မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေလောင်ဒဏ် ကနေ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ မာလကာသီးမှာ Lycopene ပါဝင်နေတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေပျက်စီးတာမျိုးမဖြစ်ဖို့ရော ညစ်ညမ်းမှုတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မရှိစေဖို့ပါ ထောက်ကူပေးပါတယ်။
အရွယ်တင်စေနိုင်တယ်
မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အတူ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ပိုတက် ဆီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အရွယ်တင် နုပျိုစေဖို့ ထောက်ကူ ပေးပါတယ်။
သဘာဝရဲ့ Toner တစ်ခုပါ
မာလကာသီးအစိမ်းက မျက်နှာသစ်ပြီးချိန်မှာ အရေပြားပေါ်က ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးသလို အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းတွေ ကင်းစေဖို့လည်း ထောက်ကူပေး ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း အသားအရေကို တင်းရင်းစေဖို့ ထောက်ကူ ပေးနိုင်မှာပါ။
ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေနိုင်တယ်
မာလကာသီးတင်မဟုတ်ပါဘူး။ မာလကာရွက်မှာလည်း ဝက်ခြံကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ အမည်းစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ မာလကာသီးကို ပုံမှန်စားပေးလို့ရသလို။ မာလကာသီးကို အနှစ်တိုက်ပြီးလိမ်းတာ၊ မာလကာရွက်ကို အနှစ်ကြိတ်ပြီးလိမ်းတာကလည်း ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာ စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
တစ်နေ့တာကို ရေ ၈ ခွက်ပြည့်အောင် သောက်ဖို့ပျင်းတယ်။ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေချင်တယ် ဆိုရင် ရေဓာတ် ၈၁% ပါဝင်နေတဲ့ မာလကာသီးကို စားပေးလို့ရပါတယ်။ အရေပြားဆဲလ်တွေကို ရေဓာတ် ပြည့်ဝစေပြီး အရေပြားဆဲလ်တွေအတွက် လိုအပ်တဲ့အာဟာရတွေကို ဖြည့်ပေးပါတယ်။
ဆားဝက်ခြံကို သက်သာစေတယ်
ဆားဝက်ခြံ သက်သာဖို့ မာလကာသီးကို အရေပြားမှာ တိုက်ရိုက်လိမ်းပေးလို့ရသလို မာလကာရွက်ကို အနှစ် တိုက်ပြီး ဆားဝက်ခြံဖြစ်တဲ့နေရာမှာလည်း လိမ်းပေးလို့ရပါတယ်။ အရေပြားယားယံတာကို သက်သာစေသလို ဓာတ်မတည့်တာကြောင့် အသားအရေနီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အဆီပြန်တာကို သက်သာစေတယ်
အဆီပြန်တာက ဝက်ခြံကိုဖြစ်စေသလို ဆားဝက်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ မာလကာရွက်တွေကို အနှစ်ဖြစ်အောင် ကြိတ်ခြေပြီးသံပုရာရည်လေး နည်းနည်းထည့်လို့ မျက်နှာပေါ်မှာ လိမ်းပေးလို့ ရပါတယ်။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို သိသိသာသာ သက်သာစေမှာပါ။
အရေပြား အနာအဆာကင်းစေတယ်
မာလကာသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် K တွေ ပါဝင်နေတာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြား ပေါ်က အနက်ရောင် အစက်အပြောက်တွေ၊ အရေပြားပြဿနာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။
မာလကာသီး စားပေးတာဖြစ်ဖြစ် မာလကာရွက်ကို အရေပြားမှာ တိုက်ရိုက်အသုံးပြုပေးတာဖြစ်ဖြစ် လုပ်ပေး တာက အသားအရေကို ကျန်းမာစေပြီး လှပစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
ကိုးကား- https://hellosayarwon.com/
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည် သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာနယ်စပ် မြို့များမှာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းသွင်းခဲ့ခြင်းနည်းတူကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနှင့် မြန်မာအကြား တုတ်တပြက်၊ ဓားတပြက် ဖြစ်လာမည်လားဟု နှစ်နိုင်ငံပြည်သူများအတွင်း မှာသာမက နိုင်ငံတကာ မှာပါ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ရပါသည်။
မြန်မာ ချင်းတွင်းမြစ် နှင့် အိန္ဒိယ မဏိပူရပြည်နယ်အကြား ၈.၅၇၅ စတုရန်းမိုင်ကျယ်ဝန်းသော မြေပြန့် လွင်ပြင်ဒေသသည် ၁၄၅ဝ ပြည့်နှစ်ကတည်းက မဏိပူရ၏ နယ်မြေ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မဏိပူရလွှတ်တော်အမတ်ကစွပ်စွဲပြောခဲ့ပါသည်။
၎င်းပြောသည့် အတိုင်း မှန်ကန်ပါသလားဟု လက်လှမ်းမီသမျှ ရှာဖွေကြည့်မိပါသည်။ ၁၄၇ဝ ပြည့်နှစ်မှာ မေထေး(ကသည်း) ဘုရင်နှင့် တိုင်(ရှမ်း) ဘုရင်တို့က “ကဘော်” ဟု ခေါ်သည့် အဆိုပါ နယ်မြေကို အတူတကွ အောင်နိုင်ခဲ့ကြောင်း မဏိပူရ် သမိုင်းမှတ်တမ်းများမှာ တွေ့ရှိရပါသည် ။ယနေ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် သောင်ထွဋ်မှ ယနေ့ ချင်းပြည်နယ် အစပ် ခန်းပတ်မြို့အထိ ဖြစ်ဖွယ် ရှိပါသည်။ ၎င်းတို့နှိမ်နင်းခဲ့သည် ဆိုသော “ကျန်း” ဆိုသည်မှာ ယနေ့ “ချင်း” လူမျိုးများဖြစ်ပြီး အိန္ဒိယဘက်မှာ “ကူကီး” ဟု ခေါ်ပါသည်။ မေထေး တို့သည် မြန်မာဘက်မှာ ကသည်းများအဖြစ် သိရှိကြပြီး ဇာတ်မြင့် ဟိန္ဒူ ပုဏ္ဍားများဖြစ်ကြပါသည်။
အိန္ဒိယနိုင်ငံ၏အဓိကလူမျိုးနွယ်ကြီး ၄-ခုမှာ လူမျိုးစုပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ အဆိုပါလူမျိုးစု များသည် အရှေ့မြောက် ပြည်နယ် (၈) တွင် အများဆုံးနေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွာခြားကြ ပါသည်။ ချင်း မျိုးနွယ်ကြီးတစ်ခုတည်းမှာပင် ချင်းလူမျိုးစု ၇၀ ခန့် ရှိပြီး ၄၀ ခန့်မှာ မြန်မာပြည်ဘက်ရောက်နေပါသည်။ အတိတ်ကာလ ကမ္ဘာအရပ်ရပ်မှာ ကျေးရွာ များကို စုပေါင်းပြီး မြို့ပြနိုင်ငံအဖြစ်ထူထောင်အုပ်ချုပ်သော ဘုရင့်နိုင်ငံငယ်များ ထွန်းကားခဲ့ပါ သည်။ ၁၅၅၅-ခုနှစ် တောင်ငူ မင်းဆက် ဘုရင့်နောင်လက်ထက် ယနေ့ခေတ် မြန်မာ ဖြစ်လာမည့် တစ်နိုင်ငံလုံးကို စုစည်းခဲ့ရာမှာ မဏိပူရနှင့် အာသံသည် မြန်မာဘုရင်လက်အောက်ခံ သက်ဆိုင်ရာ စော်ဘွားများ အုပ်ချုပ်သည့် နယ်မြေ ဖြစ်လာပါသည်။ ယနေ့ခေတ် မဏိပူရ်တို့ကို ကမ္ဘာသိဖြစ်စေမည့် “ပိုလိုကစားနည်း” အတွက် မြင်းစီးခြင်း အတတ်ပညာကို မြန်မာတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ သို့သော် မြန်မာတို့ အင်အား ချိနဲ့သည့် (၁၇၁၄-၁၇၅၄) ခုနှစ်၌ ကသည်းတို့သည် စစ်ကိုင်းနှင့် အင်းဝမြို့တော်အထိ လာရောက် တိုက်ခိုက်ခဲ့ဖူးပါသည်။
၁၇၅၂ ခုနှစ်၊ ကုန်းဘောင်မင်းဆက်အလောင်းဘုရားက တတိယမြန်မာနိုင်ငံတော်ကို ပြန်လည် စုစည်းစဉ် သောင်ထွဋ်-တမူး-ကလေးနှင့် ခန်းပတ်အပါအဝင် မဏိပူရနှင့် အာသံတို့လည်း ပါဝင်ခဲ့ပါ သည်။၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အာသံ-မဏိပူရအရေးနှင့်ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားခဲ့ပါသည်။၂ နှစ်ခန့်အကြာမှာ မြန်မာတို့စစ်ရှုံးသည့်အတွက် စစ်လျော်ကြေး စတာလင်ပေါင် တစ်သန်းအပြင် ကမ်းရိုးတန်းဒေသ ရခိုင်နှင့် တနင်္သာရီတို့ကို အင်္ဂလိပ်ထံ ပေးအပ် ရပါသည်။ အာသံနှင့် မဏိပူရတို့ကိုလည်း မြန်မာတို့လက်လွှတ်ခဲ့ရသော်လည်း ကဘော်ချိုင့်ဝှမ်း သည် မြန်မာ့ပိုင်နက်အဖြစ် အင်္ဂလိပ်က သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အင်္ဂလိပ် သံအမတ်ဖြစ်သူ မေဂျာဘာနေး၏ “၁၃၇ဝ ပြည့်နှစ်မှ စစ်ပွဲမတိုင်မီ ၁၂ နှစ်အထိ ကဘော်ချိုင့်ဝှမ်းသည် မြန်မာတို့ ပိုင်နက်ဖြစ်ကြောင်း” အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံချက်သည် အမှန်ဖြစ်ပါလိမ့်မည်။ မြန်မာနောက်ဆုံး မင်းဆက် မင်းတုန်း-သီပေါမင်းဘုရင်တို့လက်ထက် ဝန်ကြီး ၄ ပါးအနက် “ခန်းပတ်မင်းကြီး”သည် အဆိုပါမြို့ကို စားရသော ဘုန်းကြီးလူထွက်ဖြစ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ကဘော်ချိုင့်ဝှမ်းအတွက် မဏိပူရထံ လစဉ် ရူးပီး ၅၀၀ ပေးရသည် ဆိုသည်မှာ ဗြိတိသျှအိန္ဒိယအစိုးရက ပေးခြင်းဖြစ်ပါသည်။ နေရူး၏ဦးနုထံလက်ဆောင်က အထောက်အထား မတွေ့ရပါ။ တမူးမြို့နယ်အတွင်း ပါဝင်သည့် ချင်းနယ်စပ် ခန်းပတ်မြို့ကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလမှာ PDF တို့က သိမ်းယူထားပါသည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းသောင်းကျန်းမှုအတွင်း ရှေးယခင် ကျွန်တော်တို့ ဘိုးဘေးများ ထူထောင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာပိုင်နက်မှာ စိန်ခေါ်မှုများ ပြည့်နှက်လာပါသည်။ မြို့ပေါင်း ၉၀ ခန့် ကို လက်နက်ကိုင်အုပ်စုအသီးသီးတို့က တိုက်ခိုက်သိမ်းပိုက်ထားပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့က ၎င်းတို့လူမျိုးစုအလိုက် ကွန်ဖက်ဒရေးနိုင်ငံငယ် ထူထောင်မည့်အကြောင်း ကြုံးဝါးနေကြစဉ် အိမ်နီးချင်း တိုင်းပြည်များကလည်း နယ်စပ် မြန်မာနယ်မြေအချို့သည် ၎င်းတို့အပိုင်ဖြစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများအထိ တွေ့ရှိလာ ရပါသည်။
စင်စစ်၌ ယနေ့ကမ္ဘာမှာ ကွန်ဖက်ဒရေးရှင်းများ စုပေါင်းပြီး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင် ထားခြင်း တစ်နိုင်ငံမျှ မရှိပါ။ ၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်ကို တော်လှန်ပြီး ကွန်ဖက်ဒရေးရှင်း ပြည်နယ်များနှင့် ထူထောင်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ယခုလို ပြည်ပ ခြိမ်းခြောက်မှု များကို တွန်းလှန်နိုင်မှု မရှိခြင်းအပါဝင် အခြား ဘဏ္ဍာရေး ဥပဒေရေးပြဿနာများကြောင့် (၁၈၆၁-၁၈၆၅ ခုနှစ်) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပါသည်။ ကွန်ဖက်ဒရေးရှင်းများ၏အားနည်းချက်ကိုမြန်မာပြည် မည်သည့်မီဒီယာ မည်သည့်နိုင်ငံရေးသမားမျှ မရေးကြ ၊မပြောကြပါ၊ ကဘော်ချိုင့်ဝှမ်း နှင့် မဏိပူနိုင်ငံရေးသမားများကတော့ ကွန်ဖက်ဒရေးရှင်းထူထောင်မည် ဆိုသည့် မြန်မာ လက်နက်ကိုင် များကို သင်ခန်းစာ ပေးနေပါပြီ။
လွှစာမှုန့် စူပါပါဝါ- သစ်သားစွန့်ပစ် ပစ္စည်းအသုံးပြုထားသည့် ဘက်ထရီသည် အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့် နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို သိုလှောင်ထိန်းသိမ်းထားနိုင်ပါသည်။
အဆိုပါစနစ်သည် ကုန်ကျစရိတ်နည်းသော လျှပ်ကူးပစ္စည်းများဖြင့် မြင့်မားသောစွမ်းအင်ကို သိုလှောင်ထားပြီး 700 Wh/kg တွင် 105 Wh/kg ကို ပေးစွမ်းနိုင်သည်။
Basque Country (UPV/EHU) တက္ကသိုလ်မှ သုတေသီများသည် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်း များမှရရှိသော ကာဗွန်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်အတွက် လီသီယမ်-အိုင်းယွန်းနည်းပညာနှင့် လျှပ်စစ်နှစ်ထပ်အလွှာ လျှပ်ကူးပစ္စည်း (Capacitor (EDLC)) တည်ဆောက်မှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လျှပ်ကူးပစ္စည်း (Hybrid supercapacitor) ကို တီထွင်ခဲ့သည်။
လီသီယမ်-အိုင်းယွန်း capacitor တွင် စွန့်ပစ်ထားသော သစ်သားအမှုန်များနှင့် ပြုလုပ်ထားသည့် လျှပ်ကူးပစ္စည်း ပါ၀င်သောကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ်သက်သာသော စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်တစ်ခုလည်း ဖြစ်ပါသည်။
စပိန်နိုင်ငံရှိ Basque ဒေသတွင် ဇီဝလောင်စာအရင်းအမြစ်များ ပေါများသဖြင့် သုတေတီအဖွဲ့သည် စွမ်းဆောင်ရည် မြင့်မားသော လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ဈေးနှုန်း သက်သာသော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အသုံးပြုခဲ့ပါသည်။ ၎င်းတို့၏ တွေ့ရှိချက်များသည် ထိရောက်မှုရှိပြီး ဂေဟစနစ်သုံး စွမ်းအင်သိုလှောင်မှုစနစ်များ ထုတ်လုပ်ရာတွင် ဇီဝလောင်စာအခြေခံပစ္စည်းများ၏ အသုံးဝင်ပုံကို မီးမောင်းထိုးပြခဲ့သည်။
သုတေသီများ၏ အဆိုအရ လွှစာမှုန့်များမှစွမ်းအင်သိုလှောင်မှုစနစ် တီထွင်ဖန်တီးခြင်းသည် စွမ်းအားမြင့် စွမ်းအင် သိုလှောင်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မှုကို လျှော့ချနိုင်မည့် အခြားရွေးချယ်စရာများ (Greener Alternatives) အတွက် နည်းလမ်းတစ်ခုအဖြစ် လမ်းခင်းပေးနိုင်ပြီး သမားရိုးကျပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ စွမ်းအားမြင့် စွမ်းအင်သိုလှောင်မှုကဏ္ဍတွင်လည်း ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်ပါသည်။
ဇီဝလောင်စာစွမ်းအင်သုံး လျှပ်ကူးပစ္စည်းများ (Biomass-powered capacitors)
ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို မဖြစ်စေမည့် ရေရှည်တည်တံ့သော စွမ်းအင်သိုလှောင်မှုရွေးချယ်စရာများ လိုအပ်လာပါသည်။ စွမ်းအင်သိုလှောင်ရာတွင် လစ်သီယမ်- အိုင်းယွန်းဘက်ထရီများ (LIBs) နှင့် supercapacitor (SCs) တို့ကို အသုံးပြုမှု များပြားသော်လည်း၎င်းတို့တစ်ခုချင်းစီတွင် အားနည်းချက်များရှိပါသည်။ SCs များတွင် စွမ်းအင် မြင့်မားသော်လည်း လျင်မြန်စွာ အလိုအလျောက် အားလျော့သွားနိုင်ပြီး၊ LIBs များသည် စွမ်းအင်မြင့်မားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းသွားနိုင်ပါသည်။
နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လီသီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်းများ (LICs) သည် မြင့်မားသော စွမ်းအင်၊ ပါဝါနှင့် ကြာရှည်စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနိုင်သောကြောင့် ၎င်းတို့ကို လျှပ်စစ်ကားများနှင့် လေအားသုံးတာဘိုင် များတွင် အသုံးပြုရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
လျှပ်ကူးပစ္စည်းရွေးချယ်မှုသည် LICs ၏ စွမ်းဆောင်ရည်အပေါ် သိသာသည့် သက်ရောက်မှုရှိပါသည်။ လျှပ်ကူးပစ္စည်းအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် ဂရပ်ဖိုက် (Graphite) သည် အဓိကကုန်ကြမ်းဒြပ်စင်ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်အတွက် စျေးနှုန်းကြီးမြင့်ပါသည်။ ဘက်ထရီ အမတိုင် (Anode Material) အတွက် အသုံးပြုရသော မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူမပြောင်းနိုင်သည့် (Hard Carbon)များ၊ မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူပြောင်းနိုင်သည့် (Soft Carbon)များနှင့် နာနိုကာဗွန်များကဲ့သို့သော အခြားရွေးချယ်စရာများကို လျှပ်ကူးပစ္စည်းများအဖြစ် အသုံးပြုမည့် အလားအလာရှိသော်လည်း ၎င်းတို့၏ ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် ရှုပ်ထွေးမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်း မရှိပါ။
UPV/EHU အဖွဲ့သည် စပိန်နိုင်ငံ၊ Biscay ဒေသရှိ ပေါများပြီး ရေရှည်တည်တံ့သော အရင်းအမြစ်တစ်ခုဖြစ်သည့် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်းများမှ ကာဗွန်ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာသော LIC ကို တီထွင် ခဲ့သည်။ ကုန်ကျစရိတ်ကြီးမားသည့် ဓာတုပစ္စည်းများ သို့မဟုတ် စွမ်းအင်အများအပြား သုံးစွဲရန်လိုအပ်သည့် လုပ်ငန်းစဉ်များအစား ဇီဝလောင်စာမှ ကာဗွန်အရင်းအမြစ်ကို အသုံးပြု၍ စွမ်းဆောင်ရည်မြင့် လျှပ်ကူးပစ္စည်းကို ထုတ်လုပ်ခဲ့သည်။
“မိမိတို့အနေဖြင့် စွမ်းအင်ကို သိုလှောင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းအသစ်များကို တီထွင်နေပါကြောင်း၊ ပတ်ဝန်းကျင်ရှိ ထင်းရှူးပင်များ၏ သစ်သားအမှုန်အမွှားများမှ ကာဗွန်များကို လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် ပြင်ဆင်ထားပြီး လက်သမားအလုပ်ရုံများတွင် အဆိုပါပစ္စည်းများကို အသုံးပြုကြပါကြောင်း” UPV/EHU မှ ကထိကနှင့် သုတေသနအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Idoia Ruiz de Larramendi က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ဘက်ထရီများ (Eco-friendly Batteries)
ဘက်ထရီနှင့် Supercapacitors များသည် စွမ်းအင်သိုလှောင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး တစ်ခုစီတွင် ထူးခြားသော အားသာချက်များရှိသည်။ Supercapacitors များသည် အချိန်တိုအတွင်း ကြီးမားသော စွမ်းအင်ထုတ်ပေးနိုင်မှု (Power Output) ရှိသော်လည်း ဘက်ထရီများသည် စွမ်းအင်ကို ပိုမိုထိန်းသိမ်းပေးသည်။ Supercapacitors များသည် ကြာရှည်စွမ်းအင်ထောက်ပံ့မှုအတွက် အသုံးပြုရန် သင့်တော်မှုမရှိသော်လည်း ၎င်းတို့သည် အမြန်စွမ်းအင် ထုတ်လွှတ်မှု လိုအပ်သော Application များအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
သုတေသနသည် နည်းပညာနှစ်ခုလုံး၏ အားသာချက်များကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လစ်သီယမ်-အိုင်းယွန်း စက်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းပစ္စည်းသည် ဘက်ထရီကဲ့သို့ ပါဝါမြင့်မားသော စွမ်းအင်ကို သိမ်းဆည်းထား နိုင်ပြီး supercapacitor ၏ ကြံ့ခိုင်မှုနှင့် အားသွင်းမြန်ဆန်မှု အရည်အသွေးများလည်း ပါဝင်ပါသည်။ ဘက်ထရီနှင့် Supercapacitor အမျိုးအစားများ၏ လျှပ်ကူးပစ္စည်းကိုများ ပေါင်းစပ်ခြင်းဖြင့် အဆိုပါစက်ပစ္စည်း၏ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပါသည်။
ဇီဝလောင်စာအရင်းအမြစ်များမှ ဂရုတစိုက်ရွေးချယ်ထားသော ကာဗွန်အမျိုးအစား အမျိုးမျိုးကို လျှပ်ကူးပစ္စည်း ဖန်တီးရန် အသုံးပြုခဲ့ကြသည်။ ဇီဝလောင်စာအားလုံးသည် စွမ်းအင်သိုလှောင်မှုအတွက် သင့်လျော်သည့် ကာဗွန်ကို ပေးနိုင်ခြင်းမရှိသော်လည်း ရလဒ်များက ထင်းရှူးပင် (insignis pine) မှရရှိသော ကာဗွန်၏ထိရောက်မှုကို သက်သေ ပြနိုင်ခဲ့ပါသည်။
လျှပ်ကူးပစ္စည်းတစ်ခုသည် Hard carbon နှင့် အခြား Activated carbon တို့ဖြင့် ဖွဲ့စည်းထားကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်သက်သာသော ပေါင်းထည့်ပစ္စည်းများ (cost-effective additives) ကို အသုံးပြုပြီး ဓာတုတုံ့ပြန်မှုပြုလုပ်မည့် သီးခြားအပူချိန် (synthesis temperatures) 700°C အောက်ကို ထိန်းသိမ်းထားသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ရေရှည်တည်တံ့မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို ဦးစားပေးထားသည်။
ယခု တီထွင်လိုက်သည့် ပုံစံအသစ်တွင် တူညီသောကာဗွန်ဖြင့်ဖွဲ့စည်းထားသည့် အဖိုဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Positive Electrode) သည် ကြီးမားသောမျက်နှာပြင်ဧရိယာရှိပြီး အမဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Negative Electrode) သည် စျေးနှုန်းကြီးမားသော ဓာတုပစ္စည်းများ လိုအပ်ခြင်းမရှိဘဲ စွမ်းအင်များစွာကို သိမ်းဆည်းထားနိုင်သည်။ အဆိုပါ စနစ်သည် 700 W/kg တွင် 105 Wh/kg စွမ်းအင်ထောက်ပံ့ပေးနိုင်ပြီး အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့်နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။
ယခုလေ့လာမှုသည် လစ်သီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်း (Lithium-ion Capacitors) များအတွက် ကုန်ကျစရိတ် သက်သာပြီး ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် အစားထိုးရွေးချယ်မှုအဖြစ် ဒေသတွင်း ဇီဝလောင်စာ၏ အလားအလာကို ထောက်ပြထားသည်။ သုတေသီအဖွဲ့အနေဖြင့် ဇီဝလောင်စာမှရရှိသောပစ္စည်းများသည် စွမ်းအင်မြင့်မားသော စွမ်းအင်သိုလှောင်မှုအတွက် အလားအလာရှိသောအခွင့်အလမ်းများကို ပေး ဆောင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ရေရှည်တည်တံ့သောဖြေရှင်းချက်များဖြင့် စွမ်းအင်သိုလှောင်မှုနည်းပညာများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်သုတေသနပြုရန် လိုအပ်ကြောင်းလည်း အလေးပေးဖော်ပြထားသည်။
သုတေတီအဖွဲ့၏ သုတေသန အသေးစိတ် စာတမ်းအား Power Sources ဂျာနယ်တွင် ထုတ်ဝေထားပြီးဖြစ်ပါသည်။
Source: https://interestingengineering.com/energy/sawdust-superpower-wood-waste-battery-breakthrough
(Interesting Engineering တွင် စာရေးသူ Jijo Malayil ရေးသားသည့် “Sawdust superpower: Wood waste battery retains 60% capacity after 10,000 cycles” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်လျှင် နိုင်ငံရေးအချိုးအကွေ့များရှိခဲ့သည်။ ထိုနိုင်ငံရေးအချိုး အကွေ့များတွင် နိုင်ငံရေးပါတီများ၏ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များသည် နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် အကြောင်းအချက်များကို သေချာစွာဆန်းစစ်ခြင်းမရှိခဲ့ကြပေ။ ဆန်းစစ်ခြင်းလည်း ရှိဟန် မတူ။ မိမိတို့၏ တစ်ဖက်စောင်းနင်းအယူအဆ၊ အတွေးအခေါ်များကိုသာ နှလုံးသွင်းကာ တိုင်းပြည်၏ မျက်နှာကိုမထောက်၊ မိမိတို့၏ကိုယ်ကျိုး အတ္တများကိုသာ မျက်မှောက်ပြုထားပြီး နိုင်ငံရေး ရေလိုက်လွဲ လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအနေဖြင့် စစ်ပွဲ သံသရာတွင် လည်ရင်း ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။
နိုင်ငံရေးရေလိုက်လွဲခဲ့သူများ
ဂဠုန်ဦးစော
နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဂဠုန် ဦးစောသည် အာဏာလောဘဇောကြောင့် နိုင်ငံရေး ရေလိုက် လွဲခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့လျှင် ၎င်းသည်သာ နန်းရင်းဝန်ဖြစ်လာမည်၊ ဝန်ကြီးချုပ် ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။ ထိုသို့ ယုံကြည်အောင်လည်း ဗြိတိသျှတို့က အထောက်အကူပြု ပေးထားသည်။ လုပ်ကြံမှု မတိုင်မီ လက်နက်အမြောက်အမြားထုတ်ပေးခဲ့ခြင်းဖြင့် လုပ်ကြံမှု အထမြောက် အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။ လက်နက်များထုတ်ပေးခဲ့ခြင်းမှာ ဗြိတိသျှစစ်အရာရှိ အချို့၏ ဆောင်ရွက်ချက်သာဖြစ်သည်ဟုဆိုခြင်းမှာ ထမင်းရေပူ လာလျှာလွှဲ ပြောဆိုခြင်းသာဖြစ်သည်။
ဂဠုန်ဦးစော၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများအား လုပ်ကြံမှုတွင် နိုင်ငံရေးသင်ခန်းစာ ရယူ စရာများရှိသည်။ ဂဠုန်ဦးစောသည် တိုင်းတစ်ပါးသား ဗြိတိသျှတို့၏ သပ်လျှိုမွေးစားခြင်းကို ခံလိုက်ရသူ ဖြစ်သည်။ လုပ်ကြံမှုအောင်မြင်ခဲ့သော်လည်း တကယ့်အမှုအခင်း ဖြစ်ရပ်တွင် ၎င်း၏ ဆရာသခင် မွေးစား ဖခင် ဗြိတိသျှတို့သည် ၎င်းကို မျက်နှာလွှဲခဲ့ကြသည်။ ဦးစောသည် သူမှန်းထားသည့် အတိုင်းဖြစ်မလာခဲ့ရှာဘဲ သေဒဏ်ကျခံသွားရသည်။ နိုင်ငံအတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော နိုင်ငံ့ခေါင်းဆောင် ကောင်းများကိုဆုံးရှုံးလိုက်ရသည်။ ပေးဆပ်ရမှုကြီးမားပါ၏။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တောခိုသောင်းကျန်းသူများ
နောက်ထပ်နိုင်ငံရေး ရေလိုက်လွဲခဲ့သူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)နှင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) (အလံနီ)ပါတီခေါင်းဆောင်များ ဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ရယူ ခဲ့သော မြန်မာနိုင်ငံလွတ်လပ်ရေးကို ရွှေရည်စိမ်လွတ်လပ်ရေး၊ အတုအယောင်လွတ်လပ်ရေးဟု ဆိုကာ အသိအမှတ်မပြုနိုင်ခဲ့ကြ။ နု-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လုံးဝ လွတ်လပ်ရေးကိုရရှိသည် မှန်သော်လည်း အင်္ဂလိပ်တို့က မြန်မာနိုင်ငံအတွက်ကုန်ကျခဲ့ရသည့် အကြွေးငွေ (၁၄၇)ကုဋေကို အရစ်ကျပြန်ဆပ်ရမည်ဟုဆိုသည်။ အင်္ဂလိပ် ကြည်း၊ ရေ၊ လေ မစ်ရှင်ကိုလည်း မြန်မာ နိုင်ငံတွင် ဆက်လက်ထားရှိရမည် ဟုဆိုသည်။ ထို့ကြောင့်ကွန်မြူနစ်တို့က မြန်မာနိုင်ငံသည် စစ်ရေး၊ စီးပွားရေးကဏ္ဍတို့တွင် မလွတ်လပ်ဟု လက်ညှိုးထိုးဝေဖန်ခဲ့ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံအား ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ သို့ဖြင့် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုကိုင်စွဲပြီး လွတ်လပ်ရေးရပြီး ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ဖဆပလ အစိုးရကိုဆန့်ကျင်တိုက်ခိုက်ခြင်းဖြင့် နိုင်ငံသားအ ချင်းချင်းသတ်ဖြတ်သည့်စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ မြန်မာနိုင်ငံသည် စစ်ပွဲအတွင်း နစ်မွန်းကာတိုင်းပြည် တိုးတက်ရေးကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ဗမာပြည် ကွန်မြူနစ်ပါတီသည် အိန္ဒိယ ကွန်မြူနစ်ပါတီ၏ အတွေးအခေါ်များ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ရရှိခဲ့သော မြန်မာ့ လွတ်လပ်ရေး၏ပကတိအမြင်ကို ဆင်ခြင်သိရှိခြင်း မရှိခဲ့ဘဲ ပုဂ္ဂိုလ်ရေး အာဃာတများ၊ မိမိပါတီနှင့်မိမိတို့ အာဏာရရှိရေးကိုသာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေး ရေလိုက်လွဲခဲ့ရာမှ တိုင်းပြည်မှာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရသည်။ ပြည်သူများ ဆင်းရဲတွင်း ရောက်ခဲ့ရသည်။ ပြည်သူများ၏ ပေးဆပ်ခဲ့ရမှုမှာ ရင်နင့်စရာလည်းဖြစ်သည်။
NLDပါတီ
(၁၉၈၈)ခုနှစ်တွင် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးသောဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ခြေ လှမ်းနိုင်ခဲ့သော ကာလတစ်ခုလည်းဖြစ်သည်။ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် နိုင်ငံတော်အာဏာကို (၁၉၇၄)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရွေးကောက်ပွဲမှတစ်ဆင့်လွှဲပြောင်းပေးရန် ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးမောင်မောင်က နိုင်ငံတော်အာဏာ လွှဲပြောင်းရေးကို ဖွဲ့စည်းပုံ အခြေခံ အတိုင်းသာဖြစ်စေချင်သည်။ သမိုင်းတွင် အမည်းစက်အထင်မခံစေချင်။ ထို့ကြောင့် လွှတ်တော်ခေါ်ယူပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ဆုံးဖြတ်ပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့သည်။ သို့ရာတွင် NLD ပါတီ၏အမြုတေဖြစ်သည့် နိုင်ငံရေးအင်အားစုက ရွေးကောက်ပွဲဖြင့် နိုင်ငံတော်အာဏာလွှဲပြောင်းပေးခြင်းကိုလက်မခံခဲ့။ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန်သာ တောင်းဆို ခဲ့သည်။ နိုင်ငံတော်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်တိုးခဲ့သည်။ မိမိတို့နှင့်အတူ ပြည်သူများရှိသည်ဟု ဘဝင် သွေးနားထင်ရောက်နေခဲ့ကြသည်။ ရရှိခဲ့သောအခွင့်အရေးကို ရယူနိုင်ခြင်းမရှိခဲ့ကြ။
သို့ဖြင့်ဆူပူအုံကြွမှုများပြင်းထန်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး တပ်မတော်က နိုင်ငံတော် အာဏာ ကိုလွှဲပြောင်းရယူခဲ့ရသည်။ နိုင်ငံရေးရေလိုက်လွဲခဲ့ခြင်းဖြစ်ပါ၏။ (၁၉၉၀)ပြည့်နှစ်တွင် ထိုစဉ်ကအာဏာ သိမ်းအစိုးရက ပြည်လုံးကျွတ်ရွေးကောက်တင်မြှောက်ပွဲကိုလုပ်ပေးခဲ့သည်။ NLD ပါတီသည် တောင်ပြို ကမ်းပြိုအနိုင်ရခဲ့သည်။ အစိုးရဖွဲ့စည်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေး။ ထို့ကြောင့် အနိုင်ရပါတီနှင့် ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် တပ်မတော်ကစီစဉ်ဆောင်ရွက်ခဲ့သည်။ အနိုင်ရပါတီက လက်ခံခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။ ဦးစိန်ဝင်း ဦးဆောင်သော ပြည်ပြေး အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံခြားထွက်သွားကြသည်။ ကျန်ရစ်သူပါတီဝင်များကလည်း နိုင်ငံတော် မှဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အမျိုးသားညီလာခံမှထွက်သွားခဲ့ခြင်းဖြင့် နိုင်ငံရေး ဇာတ်မျောကြီး ဖြစ်ခဲ့ရပြီး စစ်အုပ်ချုပ်ရေး ကာလကသာ သက်ဆိုးရှည်ခဲ့သည်။ မိမိတို့ပါတီ၏သဘောထား အမြင်များ ပါဝင်ခြင်းမရှိနိုင်ခဲ့။ သို့ရာတွင် NLD ပါတီသည် တပ်မတော်အစိုးရအဖွဲ့မှရေးဆွဲခဲ့သော (၂၀ဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပသောရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားချက်အတိုင်း နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်သည်။ NLD ပါတီ သည် အတွေးမှား၍ အမြင်မှားခဲ့ကာ နိုင်ငံရေးရေ လိုက်လွဲခဲ့သည်ကို တွေ့မြင် ရသည်။
(၂၀၂၁)ခုနှစ်တွင်လည်း ရွေးကောက်ပွဲ မသမာမှုများကိုနိုင်ငံရေးပါတီများနှင့် တပ်မတော်က အဆင့်ဆင့် တင်ပြ တောင်းဆိုခဲ့သော်လည်း ပြုလုပ်ပေးခြင်းမရှိခဲ့။ ငါတို့သာအနိုင်ရသည်ဟူသော အမြင်(မာန)ဖြင့် လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်းရန်ကြိုးစားခဲ့သဖြင့် တပ်မတော်က (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားချက်အတိုင်း နိုင်ငံတော်အာဏာကိုရယူထိန်းသိမ်းခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်သိမ်းခြင်းမပြုခဲ့ပေ။
CRPH နှင့် NUG
(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်တွင် တပ်မတော်မှနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ (၆)လသာ တာဝန်ယူမည်။ အများဆုံး (၂)နှစ်သာ တာဝန်ယူ ခွင့်ရှိသည်။ ဤကာလအတွင်း မဲစာရင်းများကိုစစ်ဆေးမည်။ ပြီးလျှင် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပကာ အနိုင်ရသောပါတီအား နိုင်ငံ့တာဝန်ကို လွှဲပြောင်းပေးမည် ဟုကြေညာခဲ့သည်။ သို့သော် (၂၀၂၀) ရွေးကောက် ပွဲတွင်အနိုင်ရခဲ့သည်ဆိုသော NLD လွှတ်တော် ကိုယ်စားလှယ်များက ထိုအချိန်ကိုပင် စောင့်စားနိုင်ခြင်းမရှိခဲ့ကြ။ မိမိတို့ကိုယ်မိမိတို့အမတ်အဖြစ် အတည်ပြုပြီး CRPH ကိုဖွဲ့စည်းကာ NUG စင်ပြိုင် အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး နိုင်ငံတော်အား ပုန်ကန် ခြားနားလျက်ရှိသည်။ NLD အဖွဲ့အနေဖြင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းတို့သည် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဖြစ် ပေါ်လာရသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာကျင့်သုံးရန် သာ ရှိသည်။
CRPH နှင့် NUG တို့သည် နိုင်ငံရေး အတ္တမာနလွှမ်းမိုးကာ နိုင်ငံရေး ရေလိုက်လွဲခဲ့သည်။ အကျိုးဆက်ကား နိုင်ငံသားအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုကိုဖြစ်ပေါ်စေပြီး ပြည်သူများအား ဆင်းရဲဒုက္ခ ရောက်စေကာ ဆင်းရဲခြင်းနွံအတွင်းသို့ ဆွဲချသလိုဖြစ်နေခဲ့ရသည်။ NUG အဖွဲ့မှာလည်း နိုင်ငံရေးနွံနစ်သွားခဲ့ကာ နွံအတွင်း မှရုန်းထွက် နိုင်ခြင်း မရှိတော့။ နိုင်ငံရေးရေလိုက်လွဲရင်း နိုင်ငံအား စစ်ပွဲ အန္တရာယ်အတွင်း နစ်သည်ထက် နစ်မွန်းစေခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သည့် ANDO (ကရင်တိုင်းသားလက်နက်ကိုင်)များ၏ သောင်းကျန်းမှုနှင့်အတူ နိုင်ငံတော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် မိမိတို့တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် အရေးဆို တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက်လည်း တတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။
တိုင်းရင်းသားပြည်သူများ၏ ခေါင်းဆောင်ဆိုသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လုပ်ဆောင်ခဲ့သည်။ နောက်ဆုံး (၂၀၁၅) ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကိုလက်မှတ် ရေးထိုးခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစကိုစတင်နိုင်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသည် (၂၀၂၁) ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏နိုင်ငံရေး အကျပ်အတည်းတွင် မိမိတို့၏ အခွင့်ကောင်း ဟုယူဆကာ လက်နက်ကိုင်တိုက်ပွဲများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
(NCA)ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည်လည်း (NCA)စာချုပ်ကို မျက်ကွယ်ပြု သွားခဲ့သည်။ (NCA) စာချုပ် ဖြစ်ပေါ်လာရေးအတွက် စတင်ဦးဆောင်သည့် အဖွဲ့အစည်းတွင်ပါဝင်ခဲ့သည့် (KIA) ကချင်သောင်းကျန်းသူအဖွဲ့သည် (NCA)စာချုပ်လက်မှတ်ရေးထိုးရာတွင် မပါဝင်ဘဲ ရှောင်ထွက်နေခဲ့ သလို မိမိ၏သိမ်းသွင်းမှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သစ်များကိုပါ လေ့ကျင့်မွေးထုတ်ပေးခဲ့သည်။ သို့ဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဖြစ်ခဲ့ရသော လက်နက်ကိုင်ပဋိပက္ခမှာ ပိုမို ကျယ်ပြန့်ပြီး သက်ဆိုးရှည်ခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင် တိုက်ပွဲဝင် လာခြင်းမှာ နိုင်ငံတော်အာဏာကို ရယူရန်မဟုတ်ဘဲ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး အတွက် တိုက်ပွဲဝင်နေခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အာဏာကိုရယူခဲ့သည့် နိုင်ငံတော်အစိုးရအဆက်ဆက် သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း လုပ်ဆောင်ပေးနိုင်သမျှ လုပ်ဆောင်ပေးခဲ့သည်။
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက်များကို ကျေနပ်လက်ခံခြင်းမရှိသည်များကိုလည်း ဖြေလျှော့ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးသဘောတူညီချက်အချို့လည်းရရှိနိုင်သလောက် ရရှိခဲ့ပြီး ဖြစ်စေ ကာမူ (၂၀၂၃) ခုနှစ်တွင် တရုတ်နိုင်ငံမှစတင်ခဲ့သည့် ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှ (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် လက်နက်ကိုင်ပဋိပက္ခကို တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်ခဲ့သောတိုက်ပွဲများကြောင့် မိမိတို့ဒေသနေ တိုင်းရင်းသားပြည် သူများသာ အတိဒုက္ခရောက်ခဲ့ကြရသည်။ နေအိမ်စွန့်ခွာရမှု၊ ပညာရေး နိမ့်ကျမှု၊ စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးမှု စသည်များဖြင့်သာ ကြုံတွေ့နေကြရသည်။ (၁၀၂၇) စစ်ပွဲများမှာ ယခုအခါ တစ်နှစ်ကျော်လာပြီ ဖြစ်သည့်တိုင် အဖြေပေါ်ခြင်းမရှိသလို တိုင်းရင်းသားလူငယ်များ သေကျေဆုံးရှုံးရမှုဖြင့် လူသား အရင်းအမြစ်တွေ ပြုန်းတီးခဲ့ရပြီး ဒေသနေပြည်သူများ၏အတိဒုက္ခ သာပို၍ဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး စကားဝိုင်းသို့ရောက်ရှိရန် စတင်ကြိုးပမ်းလာနေကြသည်ကိုကြားသိနေရသည်။ မြောက်ပိုင်း အဖွဲ့များ၏ခေါင်းကိုင် ဖခင်ကြီးဖြစ်သောကချင် (KIA)အဖွဲ့ကပင် စစ်ပွဲများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ပြောကြားလာသည်ကိုတွေ့ရသည်။ တကယ်တော့ (၁၀၂၇)စစ်ပွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ နယ်မြေချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်ရယူခြင်းမှာ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည် များသာဖြစ်သော်ငြား လက်နက်ကိုင်တိုက်ပွဲဖြင့် နယ်မြေသိမ်းယူရေးဆောင်ရွက်နေကြသည်မှာ နိုင်ငံရေး ရေလိုက်လွဲခြင်းပင်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အခြေအနေမှန်ကို မသိမဟုတ်။ သိလျက်နှင့် နိုင်ငံရေး ရေလိုက်လွဲကာ တိုက်ပွဲများဖြင့်သာ မိမိတို့လိုလားချက်ကိုရရှိနိုင်မည်ဟု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုးစီးပွားကိုရှုမြင်သုံးသပ် ကြရန်လိုနေပြီဖြစ်သည်။
နိုင်ငံရေးရေလိုက်မလွဲစေချင်
မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာများ တစ်စိုက်မတ်မတ် လေ့လာဖော်ထုတ်ရေးသားခဲ့သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းသင်ကြားခြင်းမှာ မအအောင်ဟုဆိုခဲ့သည်။ သမိုင်းကြောင်း အမှန်ကိုသိမှ ကောင်းသည်၊ ဆိုးသည်များ ကိုသင်ခန်းစာရယူနိုင်ကြမည်။ အထူးသဖြင့် နိုင်ငံရေး ခေါင်းဆောင်ဆိုသူများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများအားလုံး သမိုင်းကြောင်းကို သိရှိထားကြရန်လိုသည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူအားလုံး၏ စေတနာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားပြည်သူများတို့၏ လူမှုစီးပွား ဘဝတိုးတက်ရေးပင်ဖြစ်သည်။ ဤသို့ဆောင်ရွက်နိုင်ရန်မှာ မိမိတို့နိုင်ငံ၏နိုင်ငံသမိုင်းကြောင်းဆိုင်ရာများကို ဓမ္မဓိဋ္ဌာန်ကျကျလေ့လာ သိမြင်ကြရန်ဖြစ်သည်။ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင် ကောင်းသည်များရှိခဲ့မည်၊ ထို့အတူဆိုးရွားသည့် ဖြစ်စဉ်များရှိခဲ့မည်။ ကောင်းသည်များကိုပို၍ကောင်းအောင် လုပ်ဆောင်သွားနိုင်ရေး ၊ ဆိုးရွားသည့်ဖြစ်စဉ် ဖြစ်ရပ်များဆိုပါက ယင်းကဲ့သို့ဖြစ်စဉ်ဖြစ်ရပ်များ ဆက်လက်မဖြစ်ပွားရအောင် တားဆီးကာကွယ်နိုင်ရေး ဆောင်ရွက်ကြရန်မှာ သမိုင်းကြောင်းကို ပကတိအမြင်ဖြင့်လေ့လာ သုံးသပ်ရှုမြင်ကြရန် ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားများ၏လူမှုစီးပွားတိုးတက်ရေးဆောင်ရွက်သွားနိုင်ကြရန်၊ သမိုင်းကို မြင်အောင်ကြည့် တတ်ကြရန်လိုသည်။
နိုင်ငံတစ်နိုင်ငံကိုထူထောင်ရာတွင် ပြည်သူများပါဝင်သော နိုင်ငံရေးလမ်းစဉ်ဖြင့်ဆောင်ရွက်ကြခြင်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများကသာ နိုင်ငံနှင့်နိုင်ငံသားတို့၏ ကံကြမ္မာကို ဖန်တီးပေးနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့သမားတို့၏ နယ်ချဲ့သိမ်းပိုက်ခြင်းကို (၁၈၈၅) ခုနှစ်တွင် ခံခဲ့ ရသည်။ မြန်မာပဒေသရာဇ်မင်းတို့၏ အုပ်စိုးခြင်းချုပ်ငြိမ်းကာ ဗြိတိသျှကိုလိုနီလက်အောက်သို့ ရောက်ခဲ့ ရသည်။ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ဆင်နွှဲခဲ့ကြသော်လည်း တစ်ဗိုလ်တစ်မင်းလုပ်ရေး စိတ်ဓာတ်ဖြင့် ခေါင်းဆောင်တစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် တစ်ဗိုလ်တစ်မင်း လုပ်ရေးမှသည် နိုင်ငံနှင့်လူမျိုး လွတ်မြောက်ရေးကို ဦးတည်သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံရေး နိုးကြားလာခဲ့သည်မှာ (၁၉၀၆)ခုနှစ်တွင်ဖြစ်သည်။ ထိုမှစတင်၍ (၁၉၂၀) ပြည့်နှစ်မှသာ ပြည်သူများ ပါဝင်သည့် နိုင်ငံချစ်စိတ်ဓာတ်များနိုးကြားလာခဲ့ပြီး (၁၉၃၀) ပြည့်ကာလမှ စတင်ကာ အမျိုးသားရေး စိတ်ဓာတ်အင်အားဖြင့် ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှုမှာအရှိန် ရလာခဲ့သည်။ ထိုအချိန်မှစတွက်လျှင် မြန်မာနိုင်ငံ၌ ပြည်သူများပါဝင်သောနိုင်ငံရေး ယဉ်ကျေးမှုစတင်ထွန်းကားခဲ့သည်မှာ နှစ်ပေါင်း (၁၀ဝ) ကျော်ကာလမျှ သာရှိသေးသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအနေဖြင့် မြန်မာနိုင်ငံ အရေး စဉ်းစားလျှင် နှစ်ပေါင်း (၁၀ဝ) ကျော်ကာလ၊ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးသည့် အချိန်မှ ယနေ့အထိ ကာလအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ သမိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အမှား နှင့်အမှန် သိမြင်နိုင်အောင် ဆင်ခြင်သုံးသပ်တတ်ရန်လိုသည်။ သို့မှသာ နိုင်ငံရေးရေလိုက်မလွဲဘဲ တိုင်းပြည်နှင့်လူမျိုးတို့၏ ကောင်းကျိုးကို သယ်ပိုးနိုင်ကြပေလိမ့်မည်။
ကုန်စည်သင်္ဘောများနှင့် စစ်သင်္ဘောများ အမြဲတမ်း ချောမွေ့စွာ သွားလာနိုင်မည်ဟု ယူဆကာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်လမ်းကြောင်းလုံခြုံရေးကို အမေရိကန်က ဆယ်စုနှစ်များစွာ အလေးမမူခဲ့ပေ။ သို့သော် အမေရိကန်က ငြိမ်သက်နေချိန်တွင် တရုတ်သည် ၎င်း၏ရေကြောင်း စိုးမိုးမှုကို နည်းလမ်းတကျချဲ့ထွင်ကာ ၎င်း၏ကိုယ်ပိုင်ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ ထောက်ပံ့ရေးကွင်းဆက်များကို အလိုအလျောက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပိုလန်နိုင်ငံရှိ စစ်ရေးဆိုင်ရာသင်္ဘောအချိန်းအပြောင်းတွင် တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းသည် သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်ကူးယဉ်ခြိမ်းခြောက်မှုသက်သက် မဟုတ်ကြောင်း ပေါ်လွင်ပေသည်။ ကမ္ဘာလုံးဆိုင်ရာဆိပ်ကမ်းများနှင့် သင်္ဘောကုန်စည်ပို့ဆောင်ရေး တို့အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုသည် ပထဝီနိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရလျှင် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်တပ်၏ စည်းရုံးရေးစွမ်းရည်တို့ကို အလှည့်အပြောင်းဖြစ်စေ နိုင်သည့် တုန်လှုပ်ဖွယ်အဖြစ်မှန်ပင်ဖြစ်သည်။
ရေကြောင်းဆိုင်ရာ အားနည်းချက်များ
အမေရိကန်သည် သမိုင်းတွင် တစ်ခုတည်းသော ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ထင်ရှား သော်လည်း ရေကြောင်းကုန်သွယ်ရေးနှင့်ပတ်သက်လာလျှင် ဩချရလောက်အောင် အားနည်းသည့် အနေအထားဖြင့် ရောင့်ရဲနေပုံရသည်။ တရုတ်နိုင်ငံသည် ပင်လယ်ကူးကုန်သင်္ဘော ၅၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး အမေရိကန်က အစီး ၈၀ မျှသာ ထိန်းချုပ်ထားနိုင်သည်။ တရုတ်နိုင်ငံ၏ သင်္ဘော တည်ဆောက်မှုစွမ်းရည်သည် အမေရိကန်နိုင်ငံထက် အဆပေါင်း ၂၃၂ ဆ သာလွန်နေပြီး တရုတ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဆိပ်ကမ်းပေါင်း ၁၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားသော်လည်းအမေရိကန်တွင် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှု အနည်းငယ်မျှသာရှိသည်။ အမေရိကန်နိုင်ငံ အတွင်း၌ပင် ဆိပ်ကမ်းအများစုကို နိုင်ငံခြားအဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ အနှစ်ချုပ် အားဖြင့် အမေရိကန်သည် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်များ ဆက်လက်လည်ပတ်နေစေရန် အတွက် မိတ်ဖက်များနှင့် နိုင်ငံခြားအော်ပရေတာများ၏ ရှုပ်ထွေးပွေလီသောကွန်ရက်ပေါ်တွင် မှီခို နေရသည်။
တရုတ်နိုင်ငံ၏ ရေကြောင်းချဲ့ထွင်မှုသည် သမားရိုးကျသင်္ဘောလမ်းကြောင်းများနှင့်ပင် ရပ်တန့်မနေပေ။ သူ့ကိုယ်သူ “အာတိတ်အနီးပတ်ဝန်းကျင်နိုင်ငံ” ဟု တံဆိပ်တပ်ခြင်းဖြင့် ပေကျင်းသည် မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းတွင် ရေခဲခွဲသင်္ဘောများ ဖြန့်ကျက်ချထား၍ ရုရှားနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ကာ အာတိတ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် သဘာဝ အရင်းအမြစ်များကိုအသုံးချရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံသည် အနောက်နိုင်ငံ များမှ ထိန်းချုပ်ထားသော သမရိုးကျသင်္ဘောလိုင်းများကို ကျော်ဖြတ်ရန် အခြားလမ်းကြောင်း များကို လုံခြုံအောင်ပြုလုပ်နေပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပေါ်တွင် ၎င်း၏သြဇာလွှမ်းမိုးမှု တိုးမြှင့်ရန် တပြိုင်နက်တည်းလုပ်ဆောင်နေသည်ကို ရှင်းလင်းစွာ တွေ့နိုင်ပါသည်။
ကူးသန်းရောင်းဝယ်ရေးကို လွှမ်းမိုးမှုအပြင် ရေကြောင်းပို့ဆောင်ရေးအပေါ် တရုတ်၏ ထိန်းချုပ်မှုသည် စစ်ရေးအကျိုးဆက်များကိုပါ ဆက်လက်ရရှိစေမည်ဖြစ်သည်။ ကြီးမားသော ပြဿနာတစ်ခုမှာ အမေရိကန်စစ်တပ်သည် ၎င်း၏ကုန်ပစ္စည်းပို့ဆောင်ရေး၏ ၉၀ ရာခိုင်နှုန်းအထိ စီးပွားဖြစ်သင်္ဘောများပေါ်တွင် မှီခိုနေရသည်။ ထို့ကြောင့် အမေရိကန်သည် ၎င်း၏ကိုယ်ပိုင် ကုန်တင်သင်္ဘောမရှိပါက ပြည်ပအလံတင်သင်္ဘောများပေါ်တွင် မှီခိုနေရမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ အလွယ်တကူ အသုံးချနိုင်သည့် အားနည်းချက်တစ်ခုဖြစ်နေသည်။
တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာထိန်းချုပ်မှု
တရုတ်နိုင်ငံသည် ကုန်ပစ္စည်းတင်ပို့မှုများအပေါ် အချိန်နှင့်တစ်ပြေးညီ ခြေရာခံပေးသည့် နိုင်ငံတော် ကျောထောက်နောက်ခံပြု LOGINK ဆော့ဖ်ဝဲမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ပို့ဆောင်မှုအပေါ် အရေးပါသောထိန်းချုပ်မှုကိုလည်း ဆောင်ရွက်ထားသည်။ ဤဆော့ဖ်ဝဲကို ဂျပန်၊ တောင်ကိုးရီးယားနှင့် ဥရောပတစ်ဝှမ်းရှိ အဓိကကုန်သွယ်ရေးဗဟိုချက်မများတွင် အသုံးပြု ထားပြီး ထောက်ပံ့ရေးကွင်းဆက်များနှင့် စီးပွားရေး သို့မဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှု များတွင် လွှမ်းမိုးမှုရစေနိုင်သည့် အလားအလာတစ်ရပ်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်အနေဖြင့် ပင်တဂွန်အား LOGINK အသုံးပြုထားသည့် ဆိပ်ကမ်းများအသုံးပြုခြင်းကို တားမြစ်ထားသော်လည်း ကုန်သွယ်မှုသည် ဆက်လက်ပုံပေါ်နေဆဲပင်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှု
LOGINK မှ အချက်အလက်များသည် အမေရိကန်၏အားနည်းချက်များကို ရှာဖွေဖော်ထုတ် နိုင်စွမ်းရှိသကဲ့သို့ ဆိပ်ကမ်းများတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများသည် ထိုသို့သိမြင်ထားမှုအပေါ် အမြတ်ထုတ်ခွင့်ရရှိစေနိုင်သည်။ BRI ၏ တိုးချဲ့မှုတစ်ခုဖြစ်သည့် ရေကြောင်းပိုးလမ်းမကြီးသည် ပေကျင်းအား ကမ္ဘာတစ်ဝှမ်းရှိ အရေးပါသောဆိပ်ကမ်းများကို လည်ပတ်ထိန်းချုပ်နိုင်စေခဲ့သည်။ ဂရိနိုင်ငံရှိ Piraeus ဆိပ်ကမ်းနှင့် သီရိလင်္ကာနိုင်ငံရှိ Hambantota ဆိပ်ကမ်းကဲ့သို့သောနေရာ များတွင် တရုတ်သည် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို ဗျူဟာမြောက်ခြေကုပ်စခန်း များအဖြစ် ပြောင်းလဲကာ အမေရိကန်နှင့်မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အရေး ပါသောဒေသများသို့ လက်လှမ်းမီနိုင်စေခဲ့သည်။
ဤထိန်းချုပ်မှုအဆင့်သည် တရုတ်နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်ရန်၊ စီးပွားရေးဖိအားများကို တွန်းလှန်ရန်နှင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအပါအဝင် ပြိုင်ဘက် နိုင်ငံများထက် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်ရန် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ဥပမာအားဖြင့် ကမ္ဘာ့ဆိပ်ကမ်းအခြေခံအဆောက်အအုံတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှုသည် နိုင်ငံတကာပင်လယ်ရေကြောင်းစည်းမျဉ်းများနှင့် စံနှုန်းများကို ပုံဖော်နိုင်စေပါသည်။ ဆိပ်ကမ်း များနှင့်ဆက်စပ်သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ထိန်းချုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် သင်္ဘောခ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် စည်းမျဉ်းများနှင့် အကောက်ခွန်မူဝါဒများအတွက် စံနှုန်းသစ် များကို သတ်မှတ်နိုင်သည်။ ဤစီးပွားရေးသြဇာလွှမ်းမိုးမှုသည် ပေကျင်း၏မူဝါဒများနှင့် လိုက်လျော ညီထွေဖြစ်စေရန် နိုင်ငံငယ်များကို ဖိအားပေးနိုင်သည် သို့မဟုတ် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အကယ်၍ တင်းမာမှုများ ဆက်လက်တိုးပွားလာပါက တရုတ်သည် သင်္ဘော ပို့ဆောင်ခွင့်ကို နှောင့်ယှက်နိုင်ပြီး ထောက်ပံ့ပို့ဆောင်မှုကို နှေးကွေးစေနိုင်သည် သို့မဟုတ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည်။ မကြာသေးမီက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (DoD) မှ COSCO Shipping Holdings ကို ပုဒ်မ 1260H အမျိုးသား လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိစာရင်းတွင် ထည့်သွင်းရန်ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ၏ ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်နိုင်မှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်မှု ကြီးထွား လာကြောင်း ထင်ဟပ်စေပါသည်။
အကွဲကွဲ အပြားပြား တုံ့ပြန်မှုများ
ခြိမ်းခြောက်မှုမှာ ပြင်းထန်နေသော်လည်း အမေရိကန်၏တုံ့ပြန်မှုသည် ပြဿနာ၏ ကိစ္စရပ်ပေါင်းများစွာကို သီးခြားစီဖြေရှင်းနေသည့် အေဂျင်စီပေါင်းများစွာဖြင့် အဆီအငေါ်မတည့် ရှိနေဆဲပင်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်တွင် ရေတပ်အခြေခံအဆောက် အအုံသစ်များ တည်ဆောက်နေစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန တို့သည် မဟာဗျူဟာကျသော အမေရိကန်ဆိပ်ကမ်းများ လုံခြုံစေရန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးလုံခြုံမှုကို အဓိကထားလုပ်ဆောင်ရန်အတွက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမိမြေလုံခြုံရေးဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ် တို့သည် အမေရိကန်၏ဆိပ်ကမ်းအခြေခံအဆောက်အအုံများအပေါ် ပြည်ပထိန်းချုပ်မှုများ(အထူးသဖြင့် သတင်းထောက်လှမ်းစုဆောင်းနိုင်စွမ်းရှိသည်ဟု ယူဆရသော တရုတ်ပြည်ထုတ် ဝန်ချီစက်များ ရှိနေခြင်း) ကို စောင့်ကြည့်လျက်ရှိသည်။ တရုတ်ပိုင် COSCO ကုမ္ပဏီသည် Long Beach ကွန်တိန်နာဆိပ်ကမ်းရှိ ၎င်း၏ရှယ်ယာများကို ရောင်းထုတ်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာကော်မတီက အရေးယူ ခဲ့သည်။ ဖက်ဒရယ်ရေကြောင်းကော်မရှင်က မျှတမှုမရှိသောဆောင်ရွက်ချက်များကို စုံစမ်းစစ်ဆေး နေသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း တို့ကဲ့သို့အေဂျင်စီများသည် ပေကျင်း၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို တန်ပြန်ရန် ဘဏ္ဍာရေး စွမ်းအားမရှိသော်ငြား တရုတ်နိုင်ငံ၏ပြည်ပဆိပ်ကမ်းရင်းနှီးမြုပ်နှံမှုများတွင် စဉ်းစားစရာများ ဖြစ်စေရန် လုပ်ဆောင်နေကြသည်။ အမျိုးသားလုံခြုံရေးကောင်စီသည် ပင်လယ်ရေကြောင်း အန္တရာယ်ကိုအလေးထားသည့် အခန်းကဏ္ဍသစ်တစ်ရပ်ကို ထူထောင်ထားသော်လည်း အခြေ တည်ရန် ကြိုးစားနေရဆဲဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မည့် အာဏာပိုင်များလည်း မရှိသေးပေ။
လုပ်ဆောင်ရန် လိုအပ်သည့်အချက်များ
အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် အနည်းငယ်မျှသာဖြစ်ပြီး ညှိနှိုင်း ဆောင်ရွက်မှုလည်းမရှိပါ။ ကမ္ဘာ့အချက်အချာကျသောနေရာများတွင် တရုတ်နိုင်ငံက ထောက်ပံ့ ပို့ဆောင်ရေးကို ဆက်လက်လွှမ်းမိုးနေပါက အမေရိကန်ဆိပ်ကမ်းများကို တရုတ်ကသုံးစွဲမှုအား ပိတ်ဆို့ခြင်းမှာ အနည်းငယ်မျှသာ ထိရောက်မည်ဖြစ်သည်။ ပင်လယ်ရေကြောင်း ကူးသန်း ရောင်းဝယ်ရေးတွင် ဦးဆောင်မှုပြန်လည်ရရှိရန် အမေရိကန်သည် ပိုမိုဗျူဟာမြောက် တက်ကြွသော ချဉ်းကပ်မှုတစ်ရပ်ကို ကျင့်သုံးရမည်ဖြစ်သည်။
ပထမဦးစွာ အစိုးရအနေဖြင့် မည်သည့်ကမ္ဘာ့ဆိပ်ကမ်းများသည် အမေရိကန်၏စီးပွားရေးနှင့် စစ်ရေးအကျိုးစီးပွားအတွက် အရေးကြီးကြောင်း ခွဲခြားသတ်မှတ်ပြီး ၎င်းတို့သည် ကြားနေနိုင်ငံ သို့မဟုတ် အမေရိကန်၏ မဟာမိတ်နိုင်ငံတို့၏ လက်ဝယ်တွင်ရှိကြောင်း သေချာစေရန် ဆောင်ရွက် ရမည်ဖြစ်သည်။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို လက်မခံရန် အခြားနိုင်ငံများကို သတိပေးရုံမျှဖြင့် မလုံလောက်နိုင်ပေ။ မဟာဗျူဟာကျသော အခြေခံအဆောက်အအုံများ လုံခြုံမှုရှိစေရန်အတွက် အမေရိကန်သည် ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် မဟာမိတ်အစိုးရများနှင့် ပူးပေါင်းကာ အပြိုင်အဆိုင် ရွေးချယ်စရာများကို ပံ့ပိုးပေးရမည်ဖြစ်သည်။ မကြာသေးမီက BlackRock ဦးဆောင်သော ရင်းနှီး မြုပ်နှံမှုအစုအဖွဲ့တစ်ခုသည် ပနားမားရှိ အဓိကဆိပ်ကမ်းနှစ်ခုကို ဝယ်ယူခဲ့ပြီး ယခုအခါ ယခင် ဟောင်ကောင်မှပိုင်ရှင်ဟောင်းအစား ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုမှ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ယင်းလုပ်ရပ်မျိုးသည် သမ္မတ၏အာရုံစိုက်မှုရရှိရန် ဆောင်ရွက်ချက်သက်သက်မျှသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် စုစည်းလုပ်ဆောင်နေသည့် ကြိုးပမ်းမှုမျိုးဖြစ်ရပါမည်။
ဒုတိယအချက်မှာ အမေရိကန်သည်ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် တရုတ်၏ ဒီဂျစ်တယ်နည်းပညာလွှမ်းမိုးမှုကို တန်ပြန်ရမည်ဖြစ်သည်။ LOGINK နှင့် အလားတူ တရုတ် ကျောထောက်နောက်ခံပြု နည်းပညာများသည် ပေကျင်းအား ကုန်သွယ်မှုအချက်အလက်များနှင့် ပို့ဆောင်မှုပုံစံများကို မကြုံစဖူးအခွင့်အရေးများ ရရှိစေသည်။ ပိုမိုအားကောင်းသော ဆိုက်ဘာ လုံခြုံရေးအစီအမံများ လိုအပ်သော်လည်း မလုံလောက်ပါ။ တရုတ်၏ အချက်အလက်စုဆောင်း ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးဆင်းမှုအလားအလာများကို ခြယ်လှယ်ခြင်းမှ ကာကွယ်ရန် ဝါရှင်တန်အနေဖြင့် အစားထိုးထောက်ပံ့ပို့ဆောင်ရေးပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနိုင်မှုတို့အတွက် ပံ့ပိုးပေးရမည်ဖြစ်သည်။
တတိယအချက်မှာ အမေရိကန်သည် ၎င်း၏ကိုယ်ပိုင်ရေကြောင်းဆိုင်ရာ စွမ်းဆောင်မှု များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မဟာမိတ်နိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့်ရန် လိုအပ်သည်။ ပြည်တွင်း၌ မည်ကဲ့သို့ ရင်းနှီးမြုပ်နှံမှုအမျိုးအစားများ ဆောင်ရွက်သင့်သည်၊ မဟာမိတ်များနှင့် မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည် စသဖြင့် ဆန်းစစ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ဗျာများနေရသည့်အချိန်များတွင် လိုအပ်သော သင်္ဘောနှင့် သင်္ဘော တည်ဆောက်ရေးစွမ်းရည်ရှိရမည်ဖြစ်သည်။ ကနေဒါနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့နှင့် မကြာသေးမီက ICE Pact ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သော အစပျိုးမှုတစ်ရပ်ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလိုအပ်မည်ဖြစ်ပေသည်။
စတုတ္ထအချက်မှာ ဌာနဆိုင်ရာများနှင့် အေဂျင်စီများအားလုံး၏ အမျိုးမျိုးကွဲပြားနေသော ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ကြောင်းသေချာစေရန် ပေါင်းစည်းရေကြောင်းလုံခြုံရေးမဟာဗျူဟာကို ဖော်ဆောင် သင့်ပေသည်။
တောင်တရုတ်ပင်လယ်၊ ပင်လယ်နီနှင့် ပနားမားတူးမြောင်း ကဲ့သို့သော ရေလမ်းကျဉ်း နေရာများတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ရေကြောင်းအခြေခံအဆောက်အအုံဆိုင်ရာအားနည်းချက်များသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ် စေနိုင်သည်။ အမေရိကန်အနေဖြင့် ပြုသမျှနုနေ၍ မရတော့ပါ။ အကွဲကွဲ အပြားပြားနှင့် ဟိုတစ်စု ဒီတစ်ခု တုံ့ပြန်မှုများသည် တရုတ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ သြဇာချဲ့ထွင်မှုကို တန်ပြန်ရန် လုံလောက်မည် မဟုတ်ပေ။
အရေးပါသော ထောက်ပံ့ရေးကွင်းဆက်များနှင့် စစ်ရေးအသင့်ဖြစ်မှုတို့အပေါ် မူတည် နေသည့် ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းများ လုံခြုံစေရန်အတွက် အမေရိကန်သည် ပြည်တွင်း မူဝါဒများကို ညှိနှိုင်းခြင်း၊ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ခိုင်မာစွာဆောင်ရွက်ခြင်းတို့ဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်ပြီး ကောင်းမွန်သော ညှိနှိုင်းဗျူဟာဖြင့်သာ ကမ္ဘာ့ကုန်သွယ်ရေးသည် ပေကျင်း၏ စွက်ဖက်မှုများကို ဆန့်ကျင်၍ လွတ်လပ်၊ ပွင့်လင်းပြီး ကြံ့ကြံ့ခံနိုင်ဆဲဖြစ်ကြောင်း အမေရိကန်က သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ပေသည်။
(အမေရိကန်အခြေစိုက် Wilson Center ၏ Analysis ကဏ္ဍတွင် ဆောင်းပါးရှင် Mark Kennedy နှင့် Christa Brzozowski တို့ ပြုစုရေးသားသည့် “America’s Maritime Blind Spot: How China is Gaining the Upper Hand on the High Seas” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်မှာ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်မှ ၉ ရက်အထိ ကြာမြင့်ခဲ့သည်။ ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့မှုများမှာ နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားလှသည်။ ကာလအားဖြင့် ရက်သတ္တပတ်မျှသာ ကြာမြင့်ခဲ့သော ထိုခရီးစဉ်မှာ နိုင်ငံတော်အတွက် မှတ်တမ်း၊ မှတ်တိုင်၊ မော်ကွန်းတင်ထိုက်သည့် ခရီးစဉ်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်သည်။
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်နှင့်ပြည်သူ အကျိုးကိုရှေးရှု၍ မှန်ကန်သော ရည်ရွယ်ချက်၊ ခိုင်မာသောသန္နိဋ္ဌာန်၊ ပြင်းပြထက်သန်သော လုံ့လဥဿာဟတို့ဖြင့် အောင်မြင်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ကြသည်။
ဖိတ်ကြားခဲ့သည့် အိမ်ရှင်နိုင်ငံတို့သည် နိုင်ငံတော်အကြီးအကဲအား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ကော်ဇောနီခင်း၍ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်သည်။
တိုတောင်းလှသော ခရီးစဉ်အတွင်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool အား လက်ခံတွေ့ဆုံခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲ H.E.Mr. Batu KHASIKOV နှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခြင်း၊ စိန့်ပီတာစဘတ် မြို့အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များ ပူးတွဲထုတ်ပြန်ခြင်း၊ ဆာမားရာမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာခြင်းကို နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
ထိုတွေ့ဆုံမှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြသည်။
နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်း သတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင် ရွက်ရေးနားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း) အပေါ်ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တို့ကို ထုတ်ပြန်နိုင်ခဲ့သည်။
ထို့အတူ ရုရှား-အာဆီယံ စီးပွားရေး ကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့် အဖွဲ့ကို လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီး စသည့် သီးနှံများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် အခြေအနေများ၊ စွန့်ပစ်အမှိုက်များကို Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့သည်။ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်နှင့် အခွင့်အလမ်းများကို လမ်းဖွင့်ပေးနိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် ခရီးစဉ်အတွင်း မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင် အချိန်ကိုမရရအောင် ကြံဆထုတ်နုတ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ရှိ ပညာတော်သင်ကျောင်းသားများကို တွေ့ဆုံအားပေးခဲ့သည်။ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အလားတူ သံရုံး၊ စစ်သံရုံးမိသားစုများကိုလည်း နွေးနွေးထွေးထွေး သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အကြီးအကဲကိုယ်တိုင်က လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အလေးထားချီးမြှင့်ခြင်းဖြစ်သဖြင့် ပညာတော်သင်များနှင့် မိသားစုဝင်များအဖို့ ရေခြားမြေခြား၌ စိတ်ဓာတ်ခွန်အားများ မြင့်မားတိုးတက်လာကြမည်မှာ ဧကန်ဖြစ်သည်။
ခရီးစဉ်အတွင်းမှာပင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်းနှင့်အတူ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် အချက်အချာ ကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာနိုင်ငံကောင်စစ် ဝန်ချုပ်ရုံးနှစ်ခုကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်ကပင် အပြန်အလှန် တည်ဆောက်ထားနိုင်ခဲ့သည်။ ယနေ့တိုင် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်ဆံရေး၊ အစိုးရဌာနအချင်းချင်း ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ခြင်းမှ တစ်ဆင့် အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်ခိုင်မာလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲသည် ဘယ်လာရုစ်နိုင်ငံ၌ နိုင်ငံတော်အဆင့်တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ နှစ်နိုင်ငံသဘောတူညီချက်များ ပူးတွဲထုတ်ပြန်ကြေညာခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုလက်မှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ သိပ္ပံနှင့် ခေတ်မီပညာရပ်များ လေ့လာနိုင်စေရန်အတွက် ပညာသင်ကျောင်းသားများ စေလွှတ်နိုင်ရေးအစရှိသည့် ဆွေးနွေးညှိနှိုင်းမှုများကို အစပြုနိုင်ခဲ့ပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်မှာ အမိနိုင်ငံတော်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဘက်စုံအောင်မြင်သော ခရီးစဉ်တစ်ခုဟုဆိုရပါမည်။
ထိုသို့ချစ်ကြည်ရေး ခရီးစဉ်များအတွင်း နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာရှီအာယ်မွတ်စ်လင်မ် ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ လူမျိုး ပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် အကျိုးဆောင်အဖွဲ့(ယာယီ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ MSME (Cluster) ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်အစရှိသော အဖွဲ့အစည်း အသီးသီးတို့က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထားများကို ကိုယ်စီကိုယ်စီ ထုတ်ပြန်ကြေညာခဲ့ကြသည်မှာ ဦးဆောင်သူ နိုင်ငံ့ခေါင်းဆောင်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏အမိနိုင်ငံအပေါ်ထားရှိအပ်သည့် ကောင်းမြတ်သော စိတ်စေတနာများ တစ်သားတည်းတစ်ထပ်တည်း ဖြစ်ကြောင်းပြဆိုနေခြင်းပင်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ မြန်မာစံတော်ချိန် ညနေပိုင်းအချိန်ဖြစ်သည်။ ညနေခင်းလေပြည်သည် အေးမြသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေသည်။ “တပေါင်းသာခေါင် လများနောင်” ဆိုသည့်အတိုင်း ဝန်းကျင်တစ်ခွင်မှာ အေးမြခြင်း၊ သာယာခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်းတို့ဖြင့်အတိပြီးကာ အကြီးအကဲ၏ခရီးစဉ်ကို နွေးထွေးစွာဆီးကြိုနေဘိသို့ တင့်တယ်သောအသွင်ကို ဆောင်လျက်ရှိသည်။
နေပြည်တော် တပ်မတော်လေဆိပ်သို့ အထူးလေယာဉ် ဆင်းသက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် အကအဖွဲ့များ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များကလည်း ပျော်ရွှင်ဝမ်းမြောက်စွာ တီးမှုတ်ကခုန်၍ ဂုဏ်ပြုကြိုဆိုကြသည်။ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်ပြန်လည် ရောက်ရှိမှုကို ဝမ်းပန်းတသာကြိုဆိုနှုတ်ဆက်ကြခြင်းပင်ဖြစ်သည်။
အမိအဖသဖွယ်ဖြစ်သော နိုင်ငံ့ခေါင်းဆောင်အပေါ် သူတို့တစ်တွေ၏ ယုံကြည်ကိုးစားမှုနှင့် အားပေးထောက်ခံမှုကို တစ်ခဲနက်ပြသကြခြင်းလည်း ဖြစ်သည်။
ပြည်သူတို့သည် ခရီးစဉ်တစ်လျှောက် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တိုင်းပြည်နှင့်လူမျိုး အကျိုးကိုရှေးရှုသည့် တွေ့ဆုံဆွေးနွေးမှုများနှင့် ကြိုးပမ်းအားထုတ်မှုများကို ကောင်းစွာသိမြင်နားလည်ထားကြပြီးဖြစ်သည်။ ဤသို့သော အကြောင်း ရင်းခံများကြောင့်ပင် သူတို့ကိုယ်တိုင်၏ ရင်တွင်းစိတ်ဆန္ဒအခံဖြင့် ယခုလိုလာရောက် ကြိုဆိုကြခြင်းဖြစ်သည်။
ကြိုဆိုသူတိုင်း၏လက်ဝယ်တွင် မြန်မာနိုင်ငံအလံ၊ ရုရှားနိုင်ငံအလံနှင့် ဘယ်လာရုစ်နိုင်ငံ အလံငယ်လေးများမှာ အေးမြသော လေပြည်နှင့်အတူ တလူလူတဖျပ်ဖျပ် လွင့်မြူးလျက်ရှိနေကြသည်။
“ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ၊ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်။ ရုရှားမြန်မာ ချစ်ကြည်စွာတွဲလက်မြဲပါစေ၊ မြန်မာ-ရုရှားပူးပေါင်းအား မုချအောင်မြင်ပါစေ၊ ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏၊ ရုရှား-မြန်မာချစ်ကြည်ရေးကို ခိုင်မြဲစေသော နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါ၏၊’’ စသည့်ဆိုင်းဘုတ်များကိုလည်းကောင်း၊ အကြီးအကဲ၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်များအတွင်း စွမ်းစွမ်းတမံလှုပ်ရှား ဆောင်ရွက်ခဲ့သည့် ရုပ်ပုံများကိုလည်းကောင်း လက်ဝယ်ကိုယ်စီ အမြတ်တနိုး ကိုင်ဆောင်ထားကြသည်။
“အမျိုး၊ ဘာသာ၊ သာသနာအတွက်ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျန်းမာပါစေ၊ ရုရှား-မြန်မာချစ်ကြည်ရေး၊ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ ခိုင်မြဲပါစေ ခိုင်မြဲပါစေ”အစရှိသော ကြွေးကြော်သံများကိုသံပြိုင်ညီညီဟစ်ကြွေး၍ သောင်းသောင်းဖြဖြ ကြိုဆိုနေကြပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်သည်။ အကြီးအကဲကလည်း ကားမှန်ကိုချ၍လက်ပြကာ အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက်သည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာအရင်းခံဖြင့် ကြိုးစားအားထုတ်ခဲ့မှုများကို ပြည်သူအပေါင်းက ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြု ဂုဏ်ပြုကြိုဆိုကြသည်။
ယင်းတို့၏ စေတနာစိတ်ဖြင့်ကြိုဆိုမှုများကို အကြီးအကဲက မေတ္တာစိတ်ဖြင့် ကမ်းလင့်တုံ့ပြန်သည်။ မေတ္တာဆိုသည်မှာ အလျားအနံမရှိသော်ငြား ကူးလူးတုံ့တင် အသွားအပြန်ရှိတတ်သည်ဆိုခြင်းမှာ မှန်လှပါသည်။ အပေးအယူမျှမျှ သဟဇာတကျကျဖြင့် မင်္ဂလာရှိသောမြင်ကွင်းတစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း မိမိတို့မြန်မာနိုင်ငံနှင့် ရာသီဥတုကွာခြားချက်အရ အပူချိန် အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီစင်တီဂရိတ်အထိ အနေအထားရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ အသွားအပြန် မိုင်ပေါင်း ၁၀၀၀၀ကျော်ခန့်အထိ သွားရောက်၍ နိုင်ငံတော် အကျိုးစီးပွားကို တစိုက်မတ်မတ်စွမ်းဆောင်ပေးခဲ့ကြသည်။ အမိနိုင်ငံတော်အတွက် မသွေသော သစ္စာတရားတို့ဖြင့် ထိုသို့ စွမ်းစွမ်းတမံကြိုးစား အားထုတ်ခဲ့ကြသည်ကို တိုင်းရင်းသားပြည်သူအပေါင်းကလည်း မပြယ်သောမေတ္တာတရားတို့ဖြင့် ဤသို့ ညီညီညွတ်ညွတ်၊ လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုဂုဏ်ပြုနေကြပုံများမှာ နိုင်ငံသားတစ်ယောက်အနေဖြင့် ဝမ်းသာကြည်နူး၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။ ။
“နယူးဒေလီအနေဖြင့် “ကြက်လည်ချောင်းစင်္ကြံ” ဟု အများသိထားကြသည့် “ဆီလီဂူရီတောင်ကြားလမ်း” တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သင့်ကြောင်း ၊ ဒေသခံပြည်သူတို့လည်းပါဝင်သည့် အဆိုပါ လေ့ကျင့်မှုအတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ကို အသိပေးရမည်ဖြစ်ပြီး ယင်းနည်းလမ်း ဖြင့် အိမ်နီးချင်းနိုင်ငံကို ရှင်းလင်းပြတ်သားသည့် သတင်းစကားပေးပို့ရာ ရောက်ရှိလိမ့်မည်” ဟု အိန္ဒိယစစ်ရေးလေ့လာသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက “ထရိုင်ဗြွန်း သတင်းစာ” ၌ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာရေးသားခဲ့ပါသည်။
ဆီလီဂူရီစင်္ကြံသည် အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသကို ဆက်သွယ် ပေးထားပြီး စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် အရေးပါသည့် ကုန်းလမ်း ဖြစ်ပါသည်။(၁၂)မိုင်မှ(၁၄)မိုင်ခန့်သာ ကျယ်ဝန်းပြီး အရှေ့မြောက်မှ အနောက်တောင် ခပ်စောင်းစောင်း မိုင်(၁၂၀)မျှ ရှည်လျားစွာတည်ရှိနေပုံအရ ‘ကြက်လည်ချောင်းစင်္ကြံ’ ဟု ခေါ်ဆို ကြခြင်းဖြစ်ပါသည်။ နိုင်ငံ့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားသည့် နယ်မြေ သည် ထိုနေရာမှာ ရုတ်တရက်ကျဉ်းမြောင်းသွားသလိုဖြစ်နေပါသည်။ မြောက်ဘင်္ဂလားဒေသကို အာသံပြည်နယ်နှင့်ဆက်သွယ်ပေးထားပြီး၊ အနောက်ဘက်မှာ နီပေါနိုင်ငံ၊ မြောက်ဘက်မှာ ဘူတန် နှင့် တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်တို့က ဝန်းရံထားပါသည်။ အိန္ဒိယ-နီပေါနယ်စပ်ရှိ နာဇာဘာရီ နှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖန်ဆီဒီဝါတို့အကြား တောင်ကြားဟာ (၁၂) မိုင်သာရှိသည့် အတွက်အကျဉ်းဆုံးဟု ဆိုနိုင်ပါသည်။ နီပေါနိုင်ငံက ကာဘီတာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဂလာ ဘန်ဒါတို့အကြား ကုန်သွယ်ရေး ဘုံလမ်းကြောင်းသည် (၁၈)မိုင်ခန့်ရှိနေပြီး ဘူတန်နှင့် ဘင်္ဂလားဒေ့ရှ်ကြား အိန္ဒိယနယ်မြေ၏ အကျဉ်းဆုံးနေရာသည် (၂၇)မိုင်ရှိပါသည်။
အမှတ် (၁၇)နှင့် (၂၇) အဝေးပြေးလမ်းမကြီး၊ မီးရထားလမ်း ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အမျိုးသားဓာတ်အားလိုင်းများ ဖြတ်သန်းသွားပြီး လေယာဉ်ကွင်း (၂)ခု မြို့ကြီး (၃)မြို့နှင့် အရေးကြီး စစ်ဌာနချုပ်များသည် အဆိုပါတောင်ကြား နယ်မြေအတွင်း တည်ရှိနေပါသည်။မြောက်ဘက် ဘူတန်နိုင်ငံ တောင်ပိုင်းသည် တရုတ်နိုင်ငံ ချမ်ဘီ ချိုင့်ဝှမ်းနှင့် (၂၅) မိုင်ခန့် ကွာဝေးပါသည်။ သို့သော် စင်္ကြံ၏ တောင်ဘက်တစ်လျှောက်လုံးက ဘင်္ဂလားဒေ့ရှ်နယ်စပ်မြစ်ဝှမ်း ဒေသဖြစ်နေပြီး တောင်ကုန်းများကြား တိုးဝင်နေသည့် ရွံ့နွံအတိဖုံးလွှမ်းရာဧရိယာဖြစ်နေပါသည်။
သုံးနိုင်ငံအကြား နယ်စပ်တစ်လျှောက် စောင့်ရှောက်ရမည့် အလုပ်သည် ဥပဒေမဲ့ ရွှေ့ပြောင်း နေထိုင်သူများ၊မှောင်ခိုသမားများ၏ ရန်ကိုကာကွယ်ရန်အတွက်ပင် အတော်ခက်ခဲနေပါပြီ။ အိန္ဒိယဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ လူဦးရေ ပြွတ်သိပ်နေထိုင်ကြပါသည်။ (ရှိတ်ဟာဆီနာ ဖယ်ရှားခံရပြီးနောက်ပိုင်း) အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်၏ မငြိမ်သက်မှုနှင့် အကြမ်းဖက်မှု များက နယ်စပ်ကို ဖြတ်ကျော်ပြီး အထူးသဖြင့် ဆီလီဂူရီစင်္ကြံလမ်းမျိုးလို ထိရှလွယ်ဒေသများ အပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရောင်ပြန်ဟပ်နေပါသည်။ အဆိုပါဒေသ၏ မြေမျက်နှာ သွင်ပြင်နှင့် တည်ရှိနေပုံ ထူးခြားချက်က အဖျက်အမှောက် လုပ်ဆောင်လိုသူများအတွက် မျက်စိ ကျချင်စရာဖြစ်နေပြီး သမားရိုးကျမဟုတ်သည့် နည်းလမ်းများကို အလွယ်တကူ အသုံးချ နိုင်ပါသည်။
ဆီလီဂူရီချိုင့်ဝှမ်းအတွက် သာမန်သမားရိုးကျ ခြိမ်းခြောက်မှုတစ်ခုခုသည် အလွန်အမင်း ကြီးကျယ် လိမ့်မည်ဟု ထင်မှတ်စရာရှိပါသည်။ အကယ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဘူတန်နိုင်ငံမှတစ်ဆင့် မြောက်ဘက်မှဖြစ်စေ ဘင်္ဂလားဒေ့ရှ်တပ်တွေက တောင်ဘက်မှဖြစ်စေ ဝင်ရောက်လာမည်ဆိုပါက တားဆီးရန်အတွက် အိန္ဒိယတပ်မတော်အနေဖြင့် ပုံမှန်မဟုတ်သည့် အခင်းအကျင်းမျိုးနှင့်စစ်ခင်းရပါလိမ့်မည်။ အမှန်တကယ် ခြိမ်းခြောက်မှုမှာ သမားရိုးကျမဟုတ်သည့် နည်းလမ်းအမျိုးမျိုး ရှိနေပါသည်။ဥပဒေမဲ့ ဖြတ်ကျော် ဝင်ရောက်မှုများ၏ များပြားလှသည့် အရေအတွက်က လူဦးရေ ပြောင်းလဲမှုကို အရှိန်မြှင့်ပေးနေပြီး၊ လူမျိုးရေးအရ ပုန်ကန်မှုများ နှင့် နယ်ခြားတစ်ဖက်မှ ထောက်ပံ့မှုများသည် လုံခြုံရေးဆိုင်ရာအမှန်တကယ်စိန်ခေါ်မှုများ ဖြစ်နေပါသည်။
ဘင်္ဂလားဒေ့ရှ်မှ ဥပဒေမဲ့ရွှေ့ပြောင်းနေထိုင်မှုများသည် အဆိုပါဒေသ၏လူမျိုးအရ ဖွဲ့စည်း တည်ရှိနေဟန်ကို ထိခိုက်စေခဲ့ပါသည်။ အလုပ်သမားများ၊ ပြည်တွင်းလုပ်သားများနှင့် နယ်စပ် ဖြတ်ကျော် မှောင်ခိုမှုများအပါအဝင် အငယ်စားစီးပွားရေးလုပ်ငန်းများ အသွင်နှစ်ပေါင်းများစွာ အုံဖွဲ့ထားသလို ရှိနေပါသည်။ အဆိုပါအချက်များ အားလုံးသည် အိန္ဒိယ၏ အရေးပါသည့် ဒေသတစ်ခုမှာ မငြိမ်သက်မှုများဖန်တီးပေးမည့် လူသားအရင်းအမြစ်ကိုပံ့ပိုးပေးနေပါသည်။
အာသံနှင့် အရှေ့မြောက်ဖျားပြည်နယ်(၇)ခုသည် အလွန်ရှုပ်ထွေးများပြားလှသော လူမျိုးစု အသီးသီး တို့နေထိုင်ရာဖြစ်ပြီး တချို့လူမျိုးစုများသည် သီးခြားအုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးရရှိရေး အတွက် နယူးဒေလီကို ပုန်ကန်တိုက်ပွဲဝင်နေကြပါသည်။ လူမျိုးစုအချင်းချင်း အဓိကရုဏ်း များလည်း မကြာခဏဖြစ်ပွားတတ်ပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် အာရူနာ ချယ်ပရာဒက်ရှ် ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရာမှ နှစ်နိုင်ငံ စစ်တပ်များ ရန်စောင်နေရပါသေးသည်။ ပြည်တွင်းစစ်ပြင်းထန်နေသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင်များ၊ တရားမဝင် လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုများလည်း ရှိနေပါသည်။
ဆီလီဂူရီစင်္ကြံလမ်းသာ ပိတ်ဆို့ခံရလျှင် အိန္ဒိယ၏ ‘ညီအစ်မခုနှစ်ဖော်’ဟု လူသိများသည့် အရှေ့မြောက် ဝေးလံခေါင်ဖျားပြည်နယ်(၇)ခုသည် ကျန်အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုပြတ်တောက် သွားနိုင်ပါသည်။ ထိန်းသိမ်းကာကွယ်ရန်အတွက် အိန္ဒိယအစိုးရအဆက်ဆက်က အထူးဂရုပြု နေရပါသည်။
အိန္ဒိယတိုက်ငယ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး (ဘာသာရေးအရ) တိုင်းပြည်အဖြစ် ပိုင်းခြားမယ့် (၁၉၄၇) ခုနှစ်မတိုင်မီနှင့် နောက်ပိုင်း၊ အရှေ့ဘင်္ဂလား (ယခု ဘင်္ဂလားဒေ့ရှ်)မှာ မွတ်စလင် အစွန်းရောက် အစ္စလာမ္မစ် ဝါဒ၏အားကောင်းသည့် လှိုင်းများက ခြေကုပ်ရနှင့်ပြီး ဖြစ်ပါသည်။ (၁၉၇၁) ခုနှစ် “ဘင်္ဂလားလွတ်လပ် ရေးလှုပ်ရှားမှု” သည် အဆိုပါ အစွန်းရောက် များကို ဖယ်ရှားနိုင်ခြင်းမရှိခဲ့ပါ။ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ရန် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ၏ အားထုတ်မှုကို ‘အော့ပရေးရှင်း ဆာ့ချ်လိုက်’ဖြင့် သွေးချောင်းစီး ဖြိုခွင်းခဲ့သည့် ပါကစ္စတန် စစ်တပ်သည် အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသိအမှတ် ပြုသည့် ပါကစ္စတန် ခေါင်းဆောင် အလီဘူတိုကို (၁၉၇၄)ခုနှစ် ဒါကာက သူရဲကောင်းတစ်ဦး ပမာကြိုဆိုခဲ့ပါသည်။
(၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆)ခုနှစ်အထိ ခါလီဒါ ဇီယာအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန် ထောက်လှမ်းရေးလွှမ်းမိုးမှု အထွတ်အထိပ်ကာလဖြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အတွင်း မွတ်စလင် အစွန်းရောက်များပါဝင်နေခဲ့ပါသည်။
‘‘ဟာကတ် အူလ်ဂျီဟဒ် အစ္စလာမ်မီ” အဖွဲ့သည် အိန္ဒိယ အကျိုးစီးပွားကိုပစ်မှတ်ထားသည့် အကြမ်းဖက် လုပ်ငန်းများကို ဗြောင်ကျကျလွတ်လပ်စွာ လုပ်ဆောင်ခဲ့ပါသည်။ ရှိတ်ဟာဆီနာ လက်ထက်မှာတော့ ဘုံရန်သူကို အာရုံစိုက်ခဲ့ပေမယ့် အားကောင်းလှသည့် အစ္စလာမ္မစ် သဘောထားအမြင်များကိုဖယ်ရှားနိုင်ခဲ့ခြင်း မရှိပါ။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ကြား နီးကပ်သော မဟာမိတ်ဖွဲ့မှုသည် နယ်နိမိတ်ချင်းဆက်စပ်နေသည့်ဒေသများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် မကောင်း သည့်နိမိတ်လက္ခဏာဖြစ်ကြောင်း၊ ရှိတ်ဟာဆီနာခေတ်နောက်ပိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာသော ဘင်္ဂလားဒေ့ရှ်အစွန်းရောက်များနှင့် ISIS ပါကစ္စတန် ထောက်လှမ်းရေးသည် အိန္ဒိယတိုက်ငယ် အတွင်း အကျိုးစီးပွားတူ ဆိုးသွမ်းဖက်များကို ရှာဖွေနေမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုထောက်ပံ့ရေးစခန်းများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် အိန္ဒိယပိုင်နက်ကို မငြိမ်မသက်ဖြစ်စေလိမ့်မည်ဟု အိန္ဒိယအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးက ရေးသားထားပါသည်။
ဘင်္ဂလားဒေရှ့် ဂျီဟတ်ဝါဒီများဟု သံသယဖြစ်ဖွယ် နယ်စပ်ကိုဖြတ်ကျော် ရေဒီယိုဆက်သွယ်မှု များကို မကြာသေးမီ အိန္ဒိယထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူနိုင်ခဲ့ပါသည်။အိန္ဒိယကိုဆန့်ကျင်ရန် အတွက် ပါကစ္စတန် ထောက်လှမ်းရေးနှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အလွယ်တကူ ရရှိနိုင်သည့် ဘင်္ဂါလီဒုက္ခသည်များနှင့် လူသစ်စုဆောင်းရေးစခန်းသည် အိန္ဒိယအတွက် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးကိုစတင်ဖို့ ဖြစ်လာရပါသည်။
ဆီလီဂူရီစင်္ကြံ အပါအဝင် မိုင်ပေါင်း (၂၅၅၀) ရှည်လျားသည့် နယ်စပ်ကိုစောင့်ကြပ်ခြင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BSF က တာဝန်ယူရပါသည်။ပင်မလက်နက်ကိုင် ရဲတပ်ဖွဲ့များထဲ အရေအတွက် အများဆုံးဖြစ်ပြီး ကောင်းမွန်သည့်ဖွဲ့စည်းပုံနှင့် ခေတ်မီလက်နက်များ တပ်ဆင် ထား ပါသည်။ စင်္ကြံအနီးမှာ ဘင်္ဂလားဒေ့ရှ်စစ်စခန်း အနည်းငယ်ရှိပါသည်။ အဆိုပါနယ်မြေမှာ စစ်တပ်ရော နယ်ခြားစောင့်ရဲကင်းများပါရှိသင့်သော်လည်း BSF စခန်း တစ်ခုမှမရှိပါ။
လွန်ခဲ့သည့် ရက်သတ္တပတ် နယူးဒေလီမြို့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲတုန်းက ကျန်ရှိနေသည့် နယ်နိမိတ်ဒေသများတွင် နယ်ခြား စောင့်ကင်းစခန်း တည်ဆောက်ခြင်း၊ အိန္ဒိယ နယ်ခြားဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ လှုပ်ရှားမှုများ၊ အိန္ဒိယကိုဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များကို ထိန်းချုပ်ခြင်း၊ လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်ခြင်းစသည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပါသည်။ သို့သော် အဆိုပါကိစ္စရပ် အားလုံး သည် မည်သည့် အကောင်အထည်မျှ ပေါ်လာခြင်းမရှိဘဲ ပြန်လည်ကြုံတွေ့ရမြဲ ပြဿနာများသာ ဖြစ်နေပါသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သည် တက်တက်ကြွကြွရှိသော်လည်း ဟိုဘက် ဒီဘက် တရားမဝင် ဘင်္ဂလားဒေ့ရှ်များနှင့် ၎င်းတို့ကိုစာနာသည့် အိန္ဒိယတို့နေထိုင်ရာ မြို့ရွာများ အကြား ပိတ်မိသလိုခံစား နေရပုံပေါ်ပါသည်။ လူကုန်ကူး မှု၊ ကျွဲနွားမူးယစ်ဆေး မှောင်ခိုကိစ္စ များကို တားဆီးဖို့ ကြိုးစားတိုင်း ခါးခါးသီးသီး ပြုမူနေပါသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိုးရိမ်စရာကိစ္စရပ်အားလုံးကို အဓိကအာရုံစိုက်သင့်ပါသည်။ နယ်ခြားစောင့် တပ်ကို ပိုမိုအားထည့်ပြီး နယ်ခြားဆိုင်ရာမှုခင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်သင့် ပါသည်။ အိန္ဒိယအနေဖြင့်လည်း ကြက်လည်ချောင်းစင်္ကြံတစ်လျှောက် ဒေသခံများပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်သင့်ပြီး အဆိုပါလေ့ကျင့်မှုသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကိုလည်း အသိပေးခြင်းဖြင့် အိန္ဒိယ၏လုံခြုံရေးကာကွယ်ရေးနှင့် မတူညီသည့် ခြိမ်းခြောက်မှု များကိုဟန့်တားရန် ခိုင်မာသည့် စွမ်းရည်ရှိကြောင်း ရှင်းလင်းစွာပြသရလိမ့်မည်ဟု အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက ဆိုပါသည်။