ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဥဩတေးသီသံချိုချိုများကြားတွင် မတ်လ  ၂၂ ရက် ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ဇီဝအမြုတေဖြစ်သော ရေသယံဇာတအရင်းအမြစ်များအား ကမ္ဘာသူ၊ကမ္ဘာသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပကြလေ့ရှိသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်

၂၀၂၅ ခုနှစ်အတွက်  ကမ္ဘာ့ရေနေ့ဆောင်ပုဒ် (Theme) မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့”(Glacier Conservation) ဖြစ်သည်။ ရေအရင်းအမြစ် ထိန်းသိမ်းမှုအတွက် အများစုသတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့်အလွန်ထူးခြားသည်။   ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ(World Water Development Report) အားနှစ်စဉ်ထုတ်ပြန်သည်။  ထိုအစီရင်ခံစာပါအကြောင်းအရာများပေါ်မှီတည်၍ ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်(Theme) အား UN-Water မှ ရွေးချယ်သတ်မှတ်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ်အား နိုင်ငံတကာရေခဲမြစ်များထိန်းသိမ်းရေး စတင်မိတ်ဆက်သည့်နှစ်အဖြစ်သတ်မှတ်၍ မတ်လ ၂၁ ရက်အား ကမ္ဘာ့ရေခဲမြစ်များနေ့(World day for Glaciers) အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ရန်အတွက်၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံတွင်ကျင်းပသောကုလသမဂ္ဂပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံတွင် အစီအစဉ်အမှတ်(၂၁)ဖြင့် ပဏာမအဆိုပြုခဲ့ကာ ထိုနှစ်ဒီဇင်ဘာလတွင်ကျင်းပသော  ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် -A/RES/47/193 ဖြင့် အတည်ပြုခဲ့သည်။၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်မှစ၍ ယခုနှစ်တိုင်အောင် နှစ်စဉ်ကမ္ဘာ့ရေနေ့အခမ်းအနားအား ကမ္ဘာတစ်ဝန်းလုံးတွင်ကျင်းပကြရာ ၂၀၂၅ ခုနှစ်သည် (၃၃) ကြိမ်မြောက်ဖြစ်သည်။

ကမ္ဘာ့ရေနေ့၏ အဓိကရည်ရွယ်ချက်များမှာ   ရေအရင်းအမြစ်ထိန်းသိမ်းရန် လိုအပ်ချက်များအား သတိပြုမိစေရန်နှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများအား မတူကွဲပြားသောနည်းလမ်းများဖြင့် စုပေါင်းဖြေရှင်းနိုင်ကြရန်တို့ဖြစ်ကြသည်။ ကမ္ဘာ့ရေနေ့တွင် ရေအရင်းအမြစ်ထိန်းသိမ်းရေးပြပွဲများပြသခြင်း၊ မှတ်တမ်းရုပ်ရှင်များထုတ်ဝေခြင်း၊ ညီလာခံနှင့်စာတမ်းဖတ်ပွဲများကျင်းပခြင်း၊  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ကြသည်။

ရေသည် ဤမြေကမ္ဘာအတွက် သဘာဝတရား၏     အလှပထူးခြားဆုံးသောလက်ဆောင်မွန်ဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေများဖုံးလွှမ်းလျက်ရှိသည်ဟူသော   အချက်အရရုတ်တရက်စဉ်းစားပါက ရေသည်ကမ္ဘာပေါ်တွင်  အပေါများဆုံးအရာဟု  မှတ်ထင်နိုင်သည်။ သို့ရာတွင် “နာမည်ကြီး ထမင်းငတ်” ဟူသော စကားပုံကဲ့သို့ ထိုရေတို့သည် ရှိကားရှိ၏ အကုန်သုံးမရ။ ရေထု၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်ရေငန်ဖြစ်ပြီး  ၃ ရာခိုင်နှုန်းသာလျှင် ရေချိုဖြစ်၏။ ဤတွင်မပြီးသေး။ ထိုရေချိုထု၏ ၇၀ ရာခိုင်နှုန်းသည် ရေခဲပြင်၊ ၃၀ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်ပြီး မြစ်ချောင်းများအတွင်းတွင် စုစုပေါင်းရေချိုပမာဏ၏ သုညဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ သို့ဖြစ်ရာ ရေခဲမြစ်များသည် ကမ္ဘာ့ရေချိုထုအများဆုံးသိုလှောင်ထိန်းသိမ်းထားသည့် ရေချိုဘဏ်တိုက်များဖြစ်ကြသည်။

ရေခဲမြစ် (Glacier) ဆိုသည်မှာ ကိုယ်ပိုင်အလေးချိန်နှင့် ကမ္ဘာမြေဆွဲအားကြောင့် ကုန်းမြေပေါ်တွင် နိမ့်ရာသို့ ဖြည်းညင်းစွာရွေ့လျားနေသော ရေခဲပြင်အစုအဝေးများအား ခေါ်ဆိုခြင်းဖြစ်သည်။  ထို့ကြောင့် ရေခဲမြစ်ဟူသော အသုံးအနှုန်းတွင် တောင်ကြားရေခဲမြစ် (Valley Glacier) များသာမက ရေခဲပြင် (Ice Sheet) များကိုလည်း ရေခဲမြစ်အမျိုးအစားများအဖြစ် သတ်မှတ်နိုင်ကြောင်းသိရသည်။ အလွန်အေးသောဒေသများတွင် ဆီးနှင်းများ အထပ်ထပ်ကျရာမှ အချိန်ကြာမြင့်လာသောအခါတွင် သိပ်သည်းဆများလာပြီး ရေခဲပြင်များ တစ်လွှာပြီးတစ်လွှာဖြစ်ပေါ်ရာမှ ရေခဲမြစ်များဖြစ်ပေါ်လာကြသည်။ ရေခဲမြစ်များသည် အေးသောရာသီများတွင် နှင်းများအေးခဲခြင်းမှ  ရေခဲအဖြစ်သိုလှောင်၍ နွေရာသီပူပြင်းချိန်တွင်  အရည်ပျော်ကာ မြစ်ချောင်းများအတွင်းစီးဆင်းခြင်း ရေသံသရာဖြင့် ကမ္ဘာ့ရေချိုလိုအပ်မှုအား ဖြည့်ဆည်းပေးလျက်ရှိသည်။

ကမ္ဘာပေါ်တွင် ရေခဲမြစ်များအား ခေတ်အဆက်ဆက်လေ့လာခဲ့ကြပြီး ၁၉၇၂ ခုနှစ်မှစ၍ LANDSAT ကဲ့သို့သော ခေတ်မီနည်းပညာများ အသုံးပြုလေ့လာနိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင်ရေခဲမြစ်စုစုပေါင်း ၁၉၈၀၀၀ မှ ၂၀၀၀၀၀ ကျော်ခန့်အထိတည်ရှိ၍ ကမ္ဘာ့ရေချိုပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်အားပိုင်ဆိုင်သည်။ အန္တာတိကတိုက်တွင် ၉၁ ရာခိုင်နှုန်း၊ ဂရင်းလန်းတွင် ၈ ရာခိုင်နှုန်းနှင့်ဟိမဝန္တာတောင်တန်းကဲ့သို့သော ကျန်ကမ္ဘာ့နေရာများတွင် ၁  ရာခိုင်နှုန်းခန့်ပျံ့နှံ့တည်ရှိကြသည်။

အာရှတိုက်ရှိ ဟိမဝန္တာရေခဲတောင်တန်းဒေသသည် အာဖဂန်နစ္စတန်၊ တရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘူတန်၊နီပေါ၊ မြန်မာနိုင်ငံတို့ပါဝင်ပြီး အာရှ၏အဓိကမြစ်ကြီးများဖြစ်သော ဂင်္ဂါမြစ်၊ဗြဟ္မပုတ္တရမြစ်၊ ယန်စီမြစ်၊ မြစ်ဝါမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်စသည့် မြစ်ကြီးများ၏မွေးဖွားရာဒေသဖြစ်သည်။ အာရှတိုက်သားတို့၏ အဓိကရေအရင်းအမြစ်ဖြစ်၍ ထိုရေခဲတောင်ဒေသတွင်    လူဦးရေသန်း ၂၄၀ နေထိုင်ပြီး ရေခဲတောင်မှမြစ်ဖျားခံသောမြစ်ဝှမ်းများတွင် လူဦးရေသန်း ၂၀၀၀ ခန့်နေထိုင်လျက်ရှိကြသည်။ အာရှတိုက်၏အကြီးဆုံးရေခဲမြစ်မှာ ၄၇ မိုင်ရှည်လျားသည့် စီချန်း (Sichen) ရေခဲမြစ်ဖြစ်၍ အိန္ဒိယ- ပါကစ္စတန်နယ်စပ်ကက်ရှ်မီးယားဒေသတွင်  တည်ရှိသည်။

မြန်မာနိုင်ငံတွင် မြောက်ဘက်ပိုင်းကချင်ပြည်နယ် ပူတာအိုဒေသတွင် ရေခဲတောင်ရေခဲမြစ်များတည်ရှိပြီး အဓိကအသက်သွေးကြောမြစ် ဧရာဝတီမြစ်သည် ရေခဲတောင်ဒေသမှ မြစ်ဖျားခံစီးဆင်းသည်။သံလွင်မြစ်နှင့်မဲခေါင်မြစ်များသည်လည်းဟိမဝန္တာရေခဲတောင်ဒေသတွင် မြစ်ဖျားခံ၍တရုတ်နိုင်ငံမှတစ်ဆင့်  မြန်မာနိုင်ငံအတွင်းစီးဆင်းကြသည်။  ထို့ကြောင့် မြန်မာ့မြောက်ဖျား  ရေခဲမြစ်တို့သည်မြန်မာပြည်သူတို့၏ အနာဂတ်အတွက် များစွာအရေးပါလှသည်။

ခါကာဘိုရာဇီနှင့်ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်တို့သည် ရေခဲတောင်ဂေဟစနစ်ဖြင့်ဖွဲ့စည်းတည်ရှိကာ ရေခဲတောင်တောရိုင်းတိရစ္ဆာန်များ၊ ဌာနေငှက်များ၊ ရေခဲငါးများ၊ ဆေးဖက်ဝင်သစ်သီးသစ်ဥများ၊ ရေခဲတောင်သစ်ခွများ ပေါများကြွယ်ဝလှသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံရေခဲတောင်များနှင့် ဆက်စပ်နေပြီးတောရိုင်းတိရစ္ဆာန်နှင့်နို့တိုက်သတ္တဝါ ၄၃ မျိုး၊ ငှက်မျိုးစိတ် ၄၇၀ နီးပါးနေထိုင်ကျက်စား၍  အပင်မျိုးစိတ်  ၂၉၇  မျိုးရှိ၍ရှားပါးဆေးဖက်ဝင် အပင် ၂၄ မျိုးခန့် ကြွယ်ဝသောဂေဟစနစ်ဖြစ်သည်။ ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်သည် အိန္ဒိယရေခဲတောင်များနှင့် ဆက်စပ်တည်ရှိပြီး တောရိုင်းတိရစ္ဆာန်နှင့် တွားသွားသတ္တဝါ  ၈၂  မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာမျိုးစိတ် ၃၆၀ ခန့်မှီတင်းနေထိုင်ကြသည်။

ရေခဲမြစ်များသည် ဤကမ္ဘာမြေအတွက် ရေချိုအများဆုံးသိုလှောင်ထားရာ အရင်းအမြစ်များဖြစ်သည်။ ရေသည် ကောက်ပဲသီးနှံစားရေရိက္ခာတို့၏ ဖန်တီးရှင်၊ လျှပ်စစ်စွမ်းအား၏ အခြေခံကုန်ကြမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ပထဝီဝင်နိုင်ငံရေးအထိ အရေးပါသောအရာဖြစ်သည်။ နွေရာသီပူပြင်း၍ မိုးရေမရရှိသည့်ကာလများတွင် မြစ်ချောင်းများသည် ရေခဲမြစ်များ၏ ကျေးဇူးကြောင့်သာ  အသက်ဆက်နိုင်ကြခြင်းဖြစ်သည်။ ရေခဲမြစ်များသည် ပိုလာဝက်ဝံများ၊ရေခဲတောင်ဒေသငှက်များ၊ ငါးများ၊ တောင်ဆိတ်များအပါအဝင်   အခြားတောရိုင်းတိရစ္ဆာန်များအတွက်   မရှိမဖြစ်သော ဂေဟစနစ်များဖြစ်ကြသည်။ ရေခဲတောင်ဒေသသက်ရှိများအတွက် အခြားပတ်ဝန်းကျင်များ ဂေဟစနစ်များတွင် ရှင်သန်နေထိုင်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။

ရေခဲမြစ်များသည်   တိုက်စားမှုဖြင့် မတ်စောက်သော  တောင်ကြားနှင့် ကျောက်ဆောင်ကျောက်ကမ်းပါးကဲ့သို့ဆန်းသစ်လှပသည့် ဘူမိဗေဒရုပ်သွင် မြေယာရှုခင်းများအား ထုဆစ်ပေးနိုင်သည်။ ထို့ပြင် ကမ္ဘာ့မျက်နှာပြင်အား ရေခဲဖုံးအုပ်ထားမှုကြောင့်  အပူချိန်အားထိန်းညှိပေးနိုင်ခြင်း၊ မြစ်ရေများအား အေးမြသန့်စင်စေခြင်း၊ မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တဝါများအတွက်   လိုအပ်သောအာဟာရများ ပျော်ဝင်စီးဆင်းစေခြင်း၊ ရေခဲတောင်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးစေခြင်းစသည့်အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးနိုင်သည်။ မြေထုအား ရေခဲမြစ်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့်မပျက်စီးမတူးဖော်ရသေးသည့် ကမ္ဘာ့သယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ပေးကာသယံဇာတအလွန်အကျွံထုတ်ယူမှုကြောင့်ဂေဟစနစ်ပျက်စီးနိုင်မှုအား   တစ်ဖက်တစ်လမ်းမှ  ကာကွယ်ပေးနေကြသည်။

အခြားထူးခြားချက်မှာ ရေခဲမြစ်များသည် မှီတင်းနေထိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ်ရာဘာသာရေး၊ယဉ်ကျေးမှုဓလေ့ထုံးစံတို့ တည်ရှိမှီခိုရာလည်းဖြစ်သည်။ ရေခဲဒေသ အက်စကီးမိုးလူမျိုးတို့၏ ဓလေ့ထုံးတမ်းများ၊ ဟိမဝန္တာတောင်တန်းဒေသ၏ သူတော်စင်ဒဏ္ဍာရီများ၊ တိဗက်ကုန်းပြင်မြင့်၏ စိတ်ဝိညာဉ်ငြိမ်းချမ်းရေးကျင့်စဉ်များသည် ရေခဲမြစ်များနှင့်ထူးခြားစွာဆက်စပ်ထောက်ကူလျက်ရှိကြသည်။   ဟိန္ဒူနှင့်တိဗက်ဘာသာရေးအယူအဆများတွင် ရေခဲတောင်တို့သည်သူတော်စင်တို့ မှီတင်းနေထိုင်သော မြင့်မြတ်သောနေရာများဖြစ်ကြသည်။

ရေခဲမြစ်များအား အဓိကခြိမ်းခြောက်လျက်ရှိသောအန္တရာယ်မှာ  ကမ္ဘာကြီးပူနွေးလာမှုဖြစ်သည်။  ၁၈ ရာစု စက်မှုလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီးနောက်   လေထုအတွင်း  ကာဗွန်ထုတ်လွှတ်မှုနှင့်  ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများပြားလာပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာခဲ့သည်။ ထို့ပြင် သစ်တောများပျက်စီးလာမှု၊ မြို့ပြဧရိယာများချဲ့ထွင်လာမှု၊ လေထုညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် ကမ္ဘာ့ပူနွေးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကထက်  ၁ ဒီဂရီဖာရင်ဟိုက်၊ သုညဒသမ ၅  ဒီဂရီစင်တီဂရိတ်ခန့်ပိုမိုပူနွေးလာကြောင်းသိရသည်။

တစ်နှစ်ထက်တစ်နှစ်   ပိုမိုပူနွေးလာမှုအား သိသာစေသောအချက်မှာ ၂၀၂၃ ခုနှစ်တွင်  စက်မှုတော်လှန်ရေးမတိုင်မီ    ၁၈၅၀-၁၉၀၀ ပြည့်နှစ် ပျမ်းမျှအခြေခံအပူချိန်ထက် ၁ ဒသမ ၄၅ ဒီဂရီ စင်တီဂရိတ်ပိုပူပြီး ၂၀၂၃ ခုနှစ်အား ကမ္ဘာ့အပူဆုံးနှစ်အဖြစ် သတ်မှတ်ခဲ့သည်။  သို့ရာတွင် ၂၀၂၄ ခုနှစ်တွင်လည်း ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် ၂၀၂၃ ခုနှစ်၏ စံချိန်ကိုချိုး၍ ၂၀၂၄ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်ဖြစ်လာခဲ့ပြန်သည်။

ကမ္ဘာ့အပူချိန်ကြောင့် ရေခဲမြစ်များ၏ အရည်ပျော်နှုန်းမှာလည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အတွင်းတွင် ကမ္ဘာ့ရေခဲမြစ်အရည်ပျော်နှုန်းမှာ  ၂၆၇ Gigaton/year ဖြစ်သည်။ဂရင်းလန်းရေခဲပြင်များသည် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လေးဆခန့် မြန်ဆန်စွာအရည်ပျော်ကျလျက်ရှိသည်။ အာဖရိကတိုက်ရှိ ကီလီမန်ဂျာရို ရေခဲတောင်သည် ၁၉၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုအား ထပ်မံလျှော့ချနိုင်ခြင်းမရှိပါက ၂၁၀၀  ပြည့်နှစ်တွင် ကမ္ဘာ့လက်ရှိရေခဲမြစ်များ၏ သုံးပုံတစ်ပုံမှာ အရည်ပျော်ကျသွားလိမ့်မည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် အာတိတ်ဒေသ၏ နွေရာသီများတွင် ရေခဲများတွေ့ရှိရတော့မည်မဟုတ်ပါဟုဆိုကြသည်။

တတိယဝင်ရိုးစွန်းဟုလူသိများသည့် ဟိမဝန္တာရေခဲတောင်ဒေသသည် ကမ္ဘာ့ပျမ်းမျှ အပူချိန်ထက်  သုံးဆခန့်ပိုမိုပူနွေးကာ ရေခဲမြစ်များမြန်ဆန်စွာ အရည်ပျော်နေကြောင်း သိရသည်။  The International Center  for  Integrated  Mountain Development (ICIMOD) မှ အချက်အလက်များအရ ဟိမဝန္တာရေခဲမြစ်တို့သည် ၂၁၀၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားနိုင်ကြောင်း တွေ့ရသည်။ ထိုကဲ့သို့ရေခဲမြစ်များအရည်ပျော်ကျပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သိသာစွာ မြင့်တက်လာပြီး ကမ္ဘာ့အစိတ်အပိုင်းအများစုသည် ပင်လယ်ရေမျက်နှာပြင်အောက် ထာဝရနစ်မြုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့ရေခဲထုအားတိကျစွာတိုင်းတာနိုင်ရန်ခက်ခဲသော်လည်း ကမ္ဘာ့ရေခဲထုအားလုံး အရည်ပျော်ပါက ပင်လယ်ရေမျက်နှာပြင်သည် ၁၉၅ ပေမှ ၂၃၀ ပေခန့်အထိ မြင့်တက်လာနိုင်သည်ဖြစ်ရာ မီယာမီ၊ ရှန်ဟိုင်း၊ အမ်စတာဒမ်၊ ဗင်းနစ်စသည့်မြို့ကြီးများနှင့် ကမ္ဘာ့ကမ်းရိုးတန်းဒေသများသည် ရှေးဟောင်းရေအောက်မြို့တော်များကဲ့သို့ ရေအောက်နစ်မြုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ရေခဲမြစ် လျင်မြန်စွာအရည်ပျော်ကျမှုကြောင့် သာမန်ထက်ရေပိုစီးဆင်းကာ မြစ်ဝှမ်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများတွေ့ကြုံခံစားရမည်ဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံများ၏ရေခဲတောင်ဒေသရေကြီးမှုများသည် ရေခဲမြစ်အရည်ပျော်မှုကြောင့် ပိုမိုပြင်းထန်လာသည်။ အဆိုးရွားဆုံးဖြစ်လာမည့် အခက်အခဲမှာ ရေချိုအရင်းအမြစ်များ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဟိမဝန္တာရေခဲတောင်များအရည်ပျော်ပြီး တောင်ကတုံးများဖြစ်ပေါ်လာပါက ထိုရေခဲတောင်ဒေသရှင်သန်မှုမှာထိတ်လန့်ဖွယ်ဖြစ်ပြီးအောက်ဘက်မြစ်ဝှမ်းဒေသများတွင်လည်းဆိုးရွားစွာ ရေပြတ်လပ်မှုများ  ဖြစ်ပေါ်လာမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှုအား ပြန်လည်စိုက်ပျိုး၍ရသော်လည်း မြစ်ချောင်း တိမ်ကောမှုအား ပြန်တူးဖော်၍ရသော်လည်း အရည်ပျော်ကျသွားသောရေခဲမြစ်အား မည်သို့ ပြန်လည်ရေဖြည့်တင်းနိုင်ပါအံ့နည်း။ မဖြစ်ခင်က ကြိုတင်ကာကွယ်ရန် တစ်နည်းသာရှိသည်။

လေ့လာမှုစာတမ်းတစ်ခုတွင် ခါကာဘိုရာဇီ ရေခဲတောင်တန်းဒေသရှိ ရေခဲမြစ်၁၃၁ ခု အားလေ့လာချက်အရ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရေခဲဖုံးလွှမ်းမှုဧရိယာ ၅၄ ရာခိုင်နှုန်းကျော် ပျောက်ဆုံးပြီး  ရေခဲထုထည်အားဖြင့်  ၆၀  ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ကြောင်းသိရသည်။ ထိုပျောက်ကွယ်မှုနှုန်းသည် လာမည့်နှစ် ၄၀ မှ ၅၀ အတွင်း မြန်မာ့ရေခဲမြစ်များ၏  အနာဂတ်သည်အဆိုးဆုံးအခြေအနေအား  ရင်ဆိုင်ရနိုင်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။

ကမ္ဘာ့ဂေဟစနစ် အချက်အချာနေရာ(Global Biodiversity Hotspots) ၂၅ ခု ဧရိယာအတွင်း ကျရောက်သော ပူတာအိုရေခဲတောင်ဒေသသည် ဇီဝမျိုးစိတ်များအတွက် အဓိကအရေးပါသော ဂေဟစနစ်နယ်မြေတစ်ခုဖြစ်သည်။ ရေခဲတောင်ဒေသ ရှားပါးတောရိုင်းတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ကတိုးဂျီ (ချေ)၊ အင်းကျား၊ ရေခဲတောင်ဆိတ်၊ ဟိမဝန္တာဝက်ဝံ၊ ပန်ဒါနီ၊ မျက်ခုံးဖြူ မျောက်လွှဲကျော်၊ ရေခဲငါးများအားတွေ့ရ ရပြီး   ရေခဲတောင်ဂျင်ဆင်း၊   ရှီးပတီး၊မချစ်ဥ၊ ခန်းတောက်မြစ်စသည့် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်ရာဒေသဖြစ်သည်။ ရေခဲမြစ်တို့သည် ကမ္ဘာမြေဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်အား ဖုံးလွှမ်းထားသည်ဆိုသော်လည်း အများစုမှာ ဝင်ရိုးစွန်းဒေသများဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် နိုင်ငံ ၅၀ ခန့်သာ ရေခဲမြစ်များအားပိုင်ဆိုင်ကြခြင်းဖြစ်ရာမိမိတို့နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပိုင်ဆိုင်မှုလည်းဖြစ်သည်။

မြန်မာ့ရေခဲမြစ်များအား စနစ်တကျမှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ဒေသခံပြည်သူများအားကာကွယ်ထိန်းသိမ်းမှုအသိပညာမျှဝေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ရေခဲတောင်ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ နည်းပညာအတွေ့အကြုံဖလှယ်ခြင်းတို့ဖြင့် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်သည်။ ရေခဲမြစ်ထိန်းသိမ်းကာကွယ်ခြင်းအတွက် ပေါ်လစီများ၊ ဥပဒေနည်းဥပဒေများ၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်ပါက ပို၍စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အပူချိန်အား လျှော့ချရန်ဆိုသည်မှာ တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ရမည့် ဖြစ်စဉ်တစ်ခုဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်သင့်သည်။

အချုပ်အားဖြင့် ကမ္ဘာ့ရေချိုဘဏ်တိုက်များဖြစ်သော ရေခဲမြစ်များသည် များစွာသတိမထားမိချိန်များအတွင်း တိတ်ဆိတ်လျင်မြန်စွာပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ရေချိုရရှိမှုသည် လူသားတိုင်း၏အခွင့်အရေးဟုဆိုပါက ရေအရင်းအမြစ်ဖြစ်သော ရေခဲမြစ်များ ထိန်းသိမ်းရေးသည်လည်း လူသားတိုင်း၏တာဝန်ဖြစ်သည်။ ထို့ကြောင့်“ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟု ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့အား ကဗျာတစ်ပုဒ်ဖြင့် နှုတ်ဆက်ဂုဏ်ပြုပါသည်။
“ရေခဲမြစ်တွေအရည်ပျော်သောအခါ”

     ပူပြင်းကာလ   ချိန်ကျရောက်

       ရေခဲမြစ်တွေ တစ်စစပျောက်။

     ပင်လယ်ကြီးက စိတ်ဆိုးပြီ

       မြစ်ရိုး လှိုင်းထန်မည်။

     ဟိမဝန္တာ ရေခဲမြစ်

       အရည်ပျော်စီးရစ်။

     အာရှတစ်လွှား ရေတွေမှာ

       ဘယ်မှာ ဘယ်လိုရှာ။

     ရေခဲမြစ်ပျော် သက်ရှိများ

       ဘယ်မြစ်ကမ်းမှာနား။

     ဧရာဝတီက ရေကြည်ကြည်

       လျော့ပါး နွေရာသီ

     မျိုးဆက်သစ်တွေ တိုးတက်ဖို့

       ရေခဲမြစ်တွေ ထိန်းကြစို့။

          ရေမြေကမ္ဘာ သာယာဖို့။    ။

အေးမြင့်ဆွေ

မီးခိုးမြူငွေ့ဆိုတာ

ဒီနေ့ခေတ်ကမ္ဘာကြီးမှာဖွံ့ဖြိုးတိုးတက်မှုတွေများလာတာနဲ့အမျှ  လေထုညစ်ညမ်းမှုတွေလည်းများပြားလာပါတယ်။လူနေထူထပ်တဲ့မြို့ပြတွေမှာ စက်ရုံအလုပ်ရုံတွေနဲ့ မော်တော်ယာဉ်များမှ အခိုးအငွေ့များထွက်ရှိခြင်း၊ အမှိုက်မီးရှို့ခြင်းစတာတွေကြောင့် လေထုညစ်ညမ်းမှုတွေဖြစ်လာတာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင်လည်း တောမီးနဲ့အခြားမီးလောင်ကျွမ်းမှုတွေကြောင့်မီးခိုးမြူငွေ့တွေဖြစ်လာပြီး လေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရပါတယ်။ မီးခိုးမြူငွေ့တွေမှာ အလွန်သေးငယ်တဲ့ အချင်း ၂ ဒသမ ၅၊ ၁၀ တို့ထက်မပိုတဲ့အမှုန်အမွှားများ(Particulate Matter, PM 2.5 နှင့် PM 10)၊ ကာဗွန်ဒိုင်အောက်ဆိုက်၊   ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊   ဆာလ်ဖာဒိုင်အောက်ဆိုက်၊ မြေပြင်အလွှာရှိအိုဇုန်း၊ ရေငွေ့နဲ့  လေထုကိုညစ်ညမ်းစေနိုင်တဲ့ အခြားဓာတ်ငွေ့များစွာ ရောနှောပါဝင်နေပါတယ်။

မီးခိုးမြူငွေ့တွေဟာ   လေတိုက်ခတ်မှုလမ်းကြောင်းပေါ်မူတည်ပြီး တစ်နေရာမှ အခြားတစ်နေရာဆီကို အလွယ်တကူ ရွေ့လျားပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။ ကျေးလက်တွေမှာဖြစ်ပေါ်တဲ့ မီးခိုးမြူငွေ့တွေ ဟာ မြို့ပြတွေကိုရောက်လာနိုင်ပါတယ်။ နယ်စပ်ဒေသတွေမှာဆိုရင် မူလဖြစ်ပေါ်ရာနိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်လွန်ပြီး အခြားနိုင်ငံကိုလည်း ရောက်သွားနိုင်တာကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပါတယ်။

မီးခိုးမြူတွေ ဆိုးဝါးစွာကျရောက်တဲ့အခါ  ကျောင်းများ၊ စျေးများ၊ စက်ရုံ အလုပ်ရုံများ ပိတ်ရခြင်း၊ ယာဉ်သွားလာမှုများခက်ခဲခြင်း၊ လေယာဉ်ခရီးစဉ်များ နှောင့်နှေးရခြင်း စတဲ့ပြဿနာများကြုံတွေ့ပြီး လူမှုစီးပွား ဘဝတွေ ထိခိုက်လာရပါတယ်။ မီးခိုးမြူငွေ့မှာပါဝင်တဲ့ PM 2.5 ဟာ လူသားတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့အတွက်  မမြင်နိုင်တဲ့လူသတ်သမားလို့တောင်မှ တင်စားခေါ်ဝေါ်လာကြပါတယ်။ ဒါ့အပြင် မီးခိုးမြူငွေ့တွေဟာ အပင်နှင့်တိရစ္ဆာန်တွေအပေါ်မှာလည်းအလွန်အန္တရာယ်ဖြစ်စေနိုင်ပြီး ပတ်ဝန်းကျင်သဘာဝဂေဟစနစ် ပျက်စီးခြင်းများနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း ဖြစ်ပေါ်စေပါတယ်။

မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ

မီးခိုးမြူငွေ့တွေဟာ တောမီးအပါအဝင်   အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွားတဲ့ မီးလောင်မှု၊ မီးရှို့မှုတွေကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်ခြင်း၊  ပူပြင်းခြောက်သွေ့ခြင်း စတာတွေကြောင့် သဘာဝအတိုင်း တောမီးတွေလောင်နိုင်ပါတယ်။ တောထဲမှာလူတွေအမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်းစတာတွေဆောင်ရွက်ရာကနေပြီးလည်း တောမီးတွေလောင်နိုင်ပါတယ်။  တချို့နေရာတွေမှာဆိုရင်စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မီးရှို့လေ့ရှိကြပါတယ်။ဥပမာဆိုရင်ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ စိုက်ပျိုးဖို့ မြေပြုပြင်တဲ့အခါ  ရှေ့သီးနှံစိုက်ခင်းရိုးပြတ်များအား မီးရှို့ရှင်းလင်းခြင်း၊   စိုက်ပျိုးရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများအား မီးရှို့ခြင်းစတာတွေဖြစ်ပါတယ်။  တစ်ခါတစ်ရံမှာ တောမီး လောင်ရာမှတစ်ဆင့် စိုက်ခင်းတွေကို ကူးစက်လောင်ကျွမ်းနိုင်သလိုစိုက်ပျိုးဖို့မီးရှို့တာကနေပြီးတော့လည်းတောမီးအဖြစ် ကူးစက်လောင်နိုင်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းအမျိုးမျိုးနဲ့ မီးရှို့တာတွေကြောင့်လည်း မီးခိုးမြူငွေ့တွေဖြစ်ပေါ်လာရပါတယ်။  ပွင့်လင်းရာသီတွေမှာ မီးလောင်တာ၊ မီးရှို့တာတွေအဖြစ်များတာဖြစ်လို့ မီးခိုးမြူငွေ့တွေဟာ နိုဝင်ဘာလမှာစတင်ဖြစ်ပေါ်လေ့ရှိပြီး ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

တောင်သူလယ်သမားတွေက ဘာကြောင့်မီးရှို့တာလဲ

မြန်မာနိုင်ငံမှာ  စပါးစိုက်ဧရိယာဧက ၁၇ သန်းခန့်ရှိတာဖြစ်ပြီးစပါးကိုလက်ဖြင့်ရိတ်သည်ဖြစ်စေ၊ စက်ဖြင့်ရိတ်သည်ဖြစ်စေ စိုက်ခင်းထဲမှာ ကောက်ရိုးပြတ်များ အနည်းနှင့်အများ အမြဲကျန်ခဲ့လေ့ရှိပါတယ်။ တောင်သူများအနေနဲ့ အလုပ်သမားရှားပါးလာခြင်း၊  နောက်သီးနှံအချိန်မီစိုက်ပျိုးလိုခြင်း၊ အချို့ဒေသတွေမှာဆိုရင် စိုက်ခင်းတွေဟာရွာနဲ့ဝေးလွန်းတဲ့အတွက်  သွားလာရန်ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊ ပိုးမွှားရောဂါနဲ့   ပေါင်းပြဿနာများဖြေရှင်းလိုခြင်းအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် စပါးခြွေလှေ့ပြီးရင် ကောက်ရိုးတွေနဲ့ စိုက်ခင်းရိုးပြတ်တွေကိုမီးရှို့ပြီး ရှင်းလင်းဖယ်ရှားလေ့ရှိပါတယ်။ စပါးခင်းတွေသာမကပါဘူး တခြားသောသီးနှံစိုက်ခင်း ရိုးပြတ်၊ ပြောင်းရိုး၊ ကြံရွက်ခြောက်စတဲ့ သီးနှံအကြွင်းအကျန်တွေ၊  လယ်ယာမြေနဲ့ ဥယျာဉ်ခြံထွက်အမှိုက်တွေကို  မီးရှို့ပစ်တာဟာ စရိတ်ကုန်၊အချိန်ကုန်သက်သာတယ်လို့မှတ်ယူပြီး တောင်သူအများစုက အလွယ်တကူမီးရှို့ကြပါတယ်။

တောင်ကုန်း၊ တောင်တန်းဒေသတွေမှာဆိုရင်တော့ ဒေသခံတွေဟာ  ဒေသရဲ့မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စားဝတ်နေရေးအခက်အခဲ၊ ဗဟုသုတနည်းပါးမှု စတာတွေကြောင့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ရှေးယခင်ကတည်းက ကျင့်သုံးစိုက်ပျိုးခဲ့ကြပြီး    စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် သစ်တောများခုတ်ခြင်း၊ ချုံရှင်းခြင်း၊ မီးရှို့ခြင်းလုပ်ငန်းများကို ရိုးရာဓလေ့အတိုင်း ဆောင်ရွက်လေ့ရှိတာဖြစ်ပါတယ်။

မီးရှို့ခြင်းကြောင့် မြေဆီလွှာအပေါ် ဆိုးကျိုးသက်ရောက်မှုများ မီးရှို့ရှင်းလင်းမှုကြောင့်ရွှေ့ပြောင်းတောင်ယာစိုက်ခင်းတွေမှာ  ပထမဆုံးစိုက်ပျိုးတဲ့နှစ်မှာတော့ ပိုးမွှားရောဂါနဲ့ ပေါင်းပြဿနာများ ကင်းဝေးလေ့ရှိတတ်ပေမယ့် နောင်နှစ်တွေမှာ မြေဆီသြဇာအာဟာရဓာတ်များခန်းခြောက်ပြီး မြေဆီလွှာကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ သီးနှံတွေစိုက်ပျိုးရာမှာ စိုက်ပျိုးတဲ့မြေဆီလွှာ ကောင်းမွန်ထက်သန်ရေးဟာ အလွန်အရေးပါပါတယ်။  မြေဆီလွှာရဲ့ရုပ်ဂုဏ်သတ္တိနဲ့  ဓာတ်ဂုဏ်သတ္တိကိုကောင်းမွန်စေဖို့   အော်ဂဲနစ်ပစ္စည်းများပါရှိဖို့လိုသလို ဇီဝဂုဏ်သတ္တိကောင်းစေဖို့၊ သက်ရှိအဏုဇီဝများပေါကြွယ်ဝဖို့လိုပါတယ်။အော်ဂဲနစ်ပစ္စည်းတွေဟာ အပင်အတွက်အာဟာရဓာတ်ထောက်ပံ့ပေးနိုင်ရုံသာမက မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်ရန်နဲ့ ရေထိန်းစွမ်းအားကောင်းစေရန်အတွက်လည်း အထူးအရေးကြီးတဲ့ ပစ္စည်းဖြစ်ပါတယ်။ မီးရှို့ခြင်းကြောင့်   အော်ဂဲနစ်ပစ္စည်းများဆုံးရှုံးခြင်း၊မြေတွင်းရှိ သက်ရှိအဏုဇီဝများသေဆုံးခြင်း၊ မြေအစိုဓာတ်ဆုတ်ယုတ်သွားခြင်း၊ မြေကျပ်ခြင်း၊ မြေကြီးအတွင်းသို့ရေစိမ့်ဝင်မှုနည်းသွားခြင်း၊မြေချဉ်ငန်ကိန်းမျှခြေပျက်သွားခြင်း၊ မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်စေခြင်း စတာတွေဖြစ်ပေါ်နိုင်ပြီး  မြေဆီလွှာအာဟာရဓာတ်ပျက်သုဉ်းခြင်းများ ဖြစ်လာမှာဖြစ်ပါတယ်။

မီးရှို့စိုက်ခင်းများမှထွက်ကုန်

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နိုင်ငံရဲ့အကျိုးစီးပွားတိုးတက်စေဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့လိုသလို အခြားတစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက် ဟန်ချက်ညီညီ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

ယခုအခါမှာဆိုရင် ကမ္ဘာ့နိုင်ငံအများစုမှာ သီးနှံစိုက်ခင်းများမီးရှို့မှုလျှော့ချရေးကို နည်းလမ်းပေါင်းစုံသုံးပြီး အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။အာဆီယံဒေသတွင်း နိုင်ငံများအနေနဲ့ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံမဟာဗျူဟာ (ASEAN Carbon Neutrality Strategy)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ရာမှာ အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီးတော့ “သီးနှံမီးရှို့မှုလျှော့ချရေးအတွက် အာဆီယံလမ်းညွှန်ချက်များ (ASEAN   Guidelines for Crop Burning Reduction)” ကိုလည်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။ စိုက်ခင်းတွေမှာ    မီးရှို့တာတွေလျော့ကျစေဖို့ရည်ရွယ်ပြီးဈေးကွက်ကိုလည်း ထိန်းချုပ်လာတာမျိုး လုပ်လာပါတယ်။ မီးရှို့ထားတဲ့စိုက်ခင်းမှ လယ်ယာထွက်ကုန်များ ဥပမာ- ပြောင်းသီးနှံကို ထိုင်းနိုင်ငံမှဝယ်ယူမှာမဟုတ်တဲ့အတွက် တောင်သူလယ်သမားတွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်မှစိုက်ခင်းများမီးရှို့ခြင်းကို မပြုလုပ်ဖို့လိုအပ်ပါတယ်။

မီးရှို့ခြင်းတွေပပျောက်ဖို့

မြန်မာနိုင်ငံအနေနဲ့ အခြားကမ္ဘာ့နိုင်ငံများနည်းတူ လယ်ယာကဏ္ဍမှာ မီးရှို့ခြင်းအလေ့အထများ ပပျောက်အောင်ဆောင်ရွက်ရမှာဖြစ်သလို  မိမိနိုင်ငံအနေအထားအရ တောင်သူလယ်သမားများ အကျိုးစီးပွားထိခိုက်မှုမရှိစေဖို့အတွက်   မီးရှို့ခြင်းပြဿနာကိုဖြေရှင်းပေးနိုင်မယ့်  အကျိုးရှိထိရောက်တဲ့ အခြားနည်းလမ်းများကို သုတေသနများပြုလုပ်ပြီး တီထွင်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။   စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းများ၊   သီးနှံအကြွင်းအကျန်များ တိုးတက်များပြားလာတာကြောင့် ဒီပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ မူဝါဒများ ချမှတ်ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါတယ်။ သီးနှံစိုက်ခင်းအကြွင်းအကျန်များ မီးရှို့ခြင်းကိုရှောင်လွှဲနိုင်မယ့် ဘေးကင်းပြီး ရေရှည်တည်တံ့မှုရှိတဲ့ နည်းလမ်းများ ဥပမာ- သီးနှံစိုက်ခင်း အကြွင်းအကျန်များအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာများထုတ်လုပ်ခြင်း အစရှိတဲ့ အခြားရွေးချယ်စရာနည်းလမ်းများ ဖွံ့ဖြိုး တိုးတက်လာစေဖို့ အားပေးမြှင့်တင်ပေးရပါမယ်။

ပညာပေးလုပ်ငန်းများ

လက်ရှိကာလမှာ ပြည်သူများစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်လာအောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ရွှေ့ပြောင်းတောင်ယာစနစ်ကိုအမှီပြုနေရတဲ့ ကုန်းမြင့်ဒေသနေပြည်သူများ လူနေမှု ဘ၀မြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရေးစတာတွေအတွက် ကုန်းမြင့်တောင်တန်းဒေသများမှာ လှေကားထစ်လယ်ယာမြေ၊   ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။                                                 

စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်ပေါ်ဒေသတွေမှာ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးမယ့်အစား   စိုက်ပျိုးရေးနည်းစနစ်သစ်များပြောင်းလဲစိုက်ပျိုးနိုင်ဖို့ရန်အတွက်  ပညာပေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာအနေဖြင့် တင်ပြရမယ်ဆိုရင် နှစ်စဉ်ဝင်ငွေရရှိနိုင်တဲ့ နှစ်ရှည်သီးပင် စားပင်များ အစားထိုးစိုက်ပျိုးလာစေခြင်း၊နှစ်ရှည်သစ်ပင်ပျိုးပင်များ ဖြန့်ဖြူးပေးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးစေခြင်း၊    ကွန်တိုလိုင်းဖော်သရုပ်ပြပညာပေးစိုက်ပျိုးခြင်း၊ တောင်စောင်းစိုက်ပျိုးနည်းစနစ် (Sloping    Agricultural  Land Technology, SALT) ဖြင့်   စိုက်ပျိုးစေခြင်းစသဖြင့်  ဆောင်ရွက်နေတာဖြစ်ပါတယ်။ နှစ်ရှည်ပင်များစိုက်ပျိုးရာမှာ  အချိန်တိုအတွင်းဝင်ငွေရရှိစေဖို့အတွက်လည်း ဒေသရေမြေရာသီဥတုနဲ့ကိုက်ညီပြီးရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့် များရွေးချယ်၍   ကိုင်းကူး/ကိုင်းဆက်ပျိုးပင်များအား   ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချပေးခြင်း၊ ကိုင်းကူး/ ကိုင်းဆက် နည်းပညာများ ဖြန့်ဝေပေးနိုင်ဖို့ မျိုးပွားခင်းများ ထိန်းသိမ်းထားရှိပြီး စိုက်ပျိုးနည်းစနစ်များအား စာတွေ့လက်တွေ့သင်ကြား၍  နည်းပညာဖြန့်ဝေပေးခြင်းများကို လည်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် စိုက်ခင်းများမှ စွန့်ပစ်ဖယ်ရှားရမယ့် သီးနှံအကြွင်းအကျန်များကို တောင်သူများအကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်စေဖို့အတွက်  ပညာပေးသင်တန်းများပြုလုပ်ပြီး မြေဆွေး၊ ဘိုင်အိုချာ စတဲ့သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနိုင်ရန် အသိပညာပေးခြင်း၊ လက်တွေ့ ပြုလုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ ပညာပေးစာအုပ်များဖြန့်ဝေပေးခြင်း၊  ရိုးပြတ်များကို ထယ်မှောက် ဆွေးမြည့်စေပြီး စိုက်ခင်းအတွင်းပြန်လည်ထည့်သွင်းစေခြင်း၊ သီးနှံအကြွင်းအကျန်များအား မြေဖုံးပစ္စည်းအဖြစ် အသုံးပြုစိုက်ပျိုးသည့်စနစ်များအား လက်တွေ့သရုပ်ပြပညာပေးခြင်း စတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

စိန်ခေါ်မှုများ

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ သီးနှံအကြွင်းအကျန်များ(crop residues) နဲ့ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ (Agricultural wastes)ပေါများစွာ  ရရှိနေပါတယ်။ ပဲမှော်၊ နှမ်းမှော်၊ ကောက်ရိုးစတဲ့ သီးနှံအကြွင်းအကျန်အချို့ကိုတောင်သူများမှ တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊    မြေဆွေးပြုလုပ်ပြီး စိုက်ခင်းများမှာ ထည့်သွင်းအသုံးပြုခြင်း၊ပြည်တွင်းရှိလုပ်ငန်းရှင်များမှ သဘာဝမြေဩဇာအဖြစ်   စီးပွားဖြစ်ထုတ်လုပ်ခြင်းများ ရှိနေသော်လည်းပဲ  အများစုကိုတော့စနစ်တကျ စီမံခန့်ခွဲနိုင်မှု အားနည်းနေပါသေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ သီးနှံအကြွင်းအကျန်များကိုအသုံးချပြီး တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်ခြင်းကဲ့သို့သောလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် အခြေခံအဆောက်အဦများ၊ ပညာရှင်များ၊ စက်ကိရိယာများစတဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များစွာရှိနေပါတယ်။  ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ငွေကြေးနဲ့နည်းပညာ အကူအညီအထောက်အပံ့များလည်း   အများအပြားလိုအပ်နေပါတယ်။

လိုက်နာကျင့်သုံးသင့်သည့် စိုက်ပျိုးနည်းစနစ်များ

မီးခိုးမြူငွေ့ပြဿနာဟာ ဒေသတွင်းပြဿနာသာမဟုတ်ဘဲတစ်ကမ္ဘာလုံးနှင့် သက်ဆိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မီးရှို့မှုများအားရှောင်ရှားပြီး ပတ်ဝန်းကျင်၊ လူထုကျန်းမာရေး၊ လူမှုအသိုက်အဝန်း၊ ဂေဟစနစ် စသည်တို့ကို ထိခိုက်မှုမရှိတဲ့ ရေရှည်တည်တံ့စေမယ့် စိုက်ပျိုးရေးနည်းစနစ်များဖြစ်တဲ့ ရာသီဥတုနဲ့လိုက်လျောညီထွေရှိမယ့်နည်းလမ်း၊   သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမရှိသောနည်းလမ်းတွေကို လိုက်နာကျင့်သုံးဆောင်ရွက်သင့်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလေ့ရှိတဲ့ ဒေသများမှာ အမြဲတမ်းစိုက်ခင်းများဖြင့် အစားထိုးစိုက်ပျိုးသင့်ပါတယ်။ ကုန်းမြင့်လယ်ယာမြေများမှာ ကုန်းမြင့်လှေကားထစ် စပါးစိုက်ပျိုးခြင်း၊ စပါးအခြေခံနှစ်သီးစားသီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်းများ ဆောင်ရွက်သင့်ပါတယ်။  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ဒေသနှင့်သင့်တော်ပြီး ဝင်ငွေကောင်းမည့်နှစ်ရှည်သီးနှံပင်များစိုက်ပျိုးခြင်း၊တောင်စောင်းစိုက်ပျိုးခြင်း၊လှေကားထစ်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့်ဒေသခံတွေဟာ နေရာဒေသတစ်ခုမှာ ကောင်းမွန်စွာအခြေချနေထိုင်လာနိုင်ပြီး လူနေမှုအဆင့်အတန်းလည်း တိုးတက်လာနိုင်မှာဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့ နောက်သီးနှံစိုက်ပျိုးဖို့ မြေပြုပြင်တဲ့အခါ ရှေ့သီးနှံ စိုက်ခင်းရိုးပြတ်တွေကို ယူရီးယားအသုံးပြုပြီး ဆွေးမြည့်မှုမြန်စေဖို့  ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့မှ ထယ်ထိုး၊ ထွန်မွှေပြီး စိုက်ခင်းအတွင်း ပြန်လည်ထည့်သွင်းသင့်ပါတယ်။   သီးနှံအကြွင်းအကျန်တွေကို မြေဆွေးပုံများ၊ အမှိုက်ကျင်းများ၊မြေဆွေးကျင်းများပြုလုပ်ပြီးတော့ စိုက်ခင်းအတွင်းပြန်ထည့်ခြင်း၊  မြေဖုံးပစ္စည်းများအဖြစ်အသုံးပြုပြီး စိုက်ခင်းအတွင်းပြန်လည်ထည့်ခြင်း၊ မှိုစိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုခြင်း၊ ဖရဲ၊ သခွားစတဲ့သီးနှံတွေ စိုက်တဲ့အခါပလတ်စတစ်တွေနဲ့ ဖုံးအုပ်မယ့်အစား သီးနှံအကြွင်းအကျန်တွေ အသုံးပြုဖုံးအုပ်ပေးခြင်းအစရှိတဲ့  စိုက်ပျိုးရေး အလေ့အထကောင်းများကိုကျင့်သုံးဆောင်ရွက်သင့်ပါတယ်။  စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကိုအသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားအခြေခံပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုသင့်ပါတယ်။မီးရှို့မှုကိုရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတွေကိုတောင်သူများအချင်းချင်းမျှဝေပြီး အပြန်အလှန်လေ့လာဆည်းပူးဖို့လည်းလိုအပ်ပါတယ်။တောင်သူလယ်သမားတွေအနေနဲ့ အထက်ဖော်ပြပါ စိုက်ပျိုးရေးနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မီးခိုးမြူငွေ့ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်သလိုကျန်းမာရေးအတွက် လေကောင်းလေသန့်များရရှိနိုင်ခြင်း၊ စိုက်ခင်းများရေလိုအပ်မှုများလျော့နည်းခြင်း၊မြေဆီလွှာအရည်အသွေးတိုးတက်ကောင်းမွန်လာခြင်း၊ သီးနှံအထွက်နှုန်းတိုးလာခြင်းစတဲ့  အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါကြောင်း  တင်ပြလိုက်ရပါတယ်။       ။ 

Source: https://myawady.net.mm/stories

 

 

ဒေါက်တာသူဇာဝင်း

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံမှ ထူးခြားသည့် ခေါင်းဆောင်များသည် လူသားချင်း စာနာမှုအတွက်   စည်းလုံးညီညွတ်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ဦးဖြစ်သူ စတိဝှစ်ကော့က ပြောကြားခဲ့သည်ကို တွေ့ရသည်။

စတိဝှစ်ကော့၏ အဆိုပါပြောကြားချက်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က အမေရိကန်အစိုးရ၏ အဆိုပြုချက်ကို   သဘောတူလိုက်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ထရမ့်နှင့်ပူတင်တို့ကြား သဘောတူညီချက် ချမှတ်နိုင်ခဲ့သည့်နည်းတူ အမေရိကန်-ရုရှား ဆက်ဆံရေးမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာမည့် အလားအလာရှိသည်ဟု     စတိဝှစ်ကော့က ဆက်လက်ပြောကြား ထားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ သမ္မတများဖြစ်သည့် ထရမ့်နှင့်ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ခြင်းသည် အမေရိကန်နှင့်ရုရှားနိုင်ငံတို့ကြား ကာလရှည်ကြာဖြစ်ပေါ်နေခဲ့သည့် မယုံကြည်မှု တံတိုင်းကြီးကို အပြီးအပိုင်ဖြိုချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရုရုားအစိုးရကလည်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထရမ့်နှင့်ပူတင်တို့သည် ယူကရိန်းနှင့်ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မတ်လ ၁၈ ရက်တွင် ၂ နာရီခွဲခန့်ကြာမြင့်သည့် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးစဉ် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးကြား တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုကို မော်စကိုစံတော်ချိန်  ညနေ ၅ နာရီတွင် စတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားတို့ကြား ချမှတ်ခဲ့သည့် သဘောတူညီချက်အရ ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် တစ်နိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို  အခြားတစ်နိုင်ငံက တိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိ ဝှစ်ကော့ကပြောသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံရှိ အဓိကစွမ်းအင် စက်ရုံများအပေါ် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်နေခဲ့ပြီး ရုရှားတပ်မတော်ကလည်း ယူကရိန်းက လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်များအား ပစ်ချ၍ ယူကရိန်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်နေခဲ့သည်။ သို့သော် ယခုအခါ   အဆိုပါတိုက်ခိုက်မှုများအား ရပ်တန့်ရမည်ဖြစ်သည်။

ထို့ပြင် ရုရှားအနေဖြင့် ထရမ့်ကအဆိုပြုသည့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်ခြင်းအား ရက်ပေါင်း ၃၀ ကြာ ရပ်တန့်ရန်၊ ရုရှားနှင့် ယူကရိန်းတို့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်ရန်၊ ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်လွှဲပြောင်းရန်နှင့် ပင်လယ်ပြင်အတွင်း၌လည်း အပစ်အခတ်ရပ်စဲရန်တို့ကို သဘောတူခဲ့သည်။

အမေရိကန်နှင့် သဘောတူညီချက် ချမှတ်ပြီးနောက်ပိုင်းတွင်  ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်ဆိုင်းရန်နှင့် စွမ်းအင်စက်ရုံများအား တိုက်ခိုက်ရန် လွှတ်တင်ထားသည့် ရုရှားမောင်းသူမဲ့ လေယာဉ်ခုနစ်စင်းအား ပစ်ချရန် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို သမ္မတပူတင်ကအမိန့်ပေးခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေနိုင်ရန်အတွက်  အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု   သမ္မတပူတင်က   အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်။

သမ္မတပူတင်သည် စိတ်ဓာတ်ခိုင်မာသူ တစ်ဦးဖြစ်ပြီး   ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ဆန္ဒရှိနေကြောင်း၊ ၎င်းနှင့်ဖုန်းပြောဆိုမှုသည်  အလွန်ကျေနပ်ဖွယ် ကောင်းသည်ဟု ထရမ့်က နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။

ထရမ့်၏ပြောဆိုမှုများကို လေ့လာမည်ဆိုပါက ယူကရိန်းပဋိပက္ခသည် ယခင်ဂျိုးဘိုင်ဒင် အစိုးရ၏ ရုရှားဆန့်ကျင်ရေး သဘောထားကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်ကို တွေ့ရပြီး အကယ်၍ ဘိုင်ဒင်၏နေရာတွင် ၎င်းသာသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည် ဆိုပါက ယူကရိန်းပဋိပက္ခသည် မည်သည့်အခါမျှဖြစ်လာနိုင်စရာ အကြောင်းမရှိဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။

ထို့ပြင် ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာ  တန်ဖိုးရှိ အကူအညီများ ပေးအပ်ခြင်းသည် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခကို ပိုမိုရှည်ကြာစေရန် ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ထရမ့်ကဆိုထားသည်။

အမေရိကန်နှင့် ရုရှားတို့ကြား သဘောတူညီခဲ့သည့် စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်မှုနှင့် ပင်လယ်ရေပြင်အတွင်း ယာယီအပစ်အခတ် ရပ်စဲမှုကို ယူကရိန်းက ထောက်ခံလျက်ရှိသော်လည်း အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရက ထုတ်ပြန်သည့် အချိန်အထိ စောင့်ဆိုင်းမည်ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီက မတ်လ ၁၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော် ထရမ့်နှင့် ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်မှုအပြီးတွင် ယူကရိန်းက တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရက ထုတ်ပြန်ထားသည်။ ထို့ကြောင့် ယူကရိန်း၏ လုပ်ဆောင်ချက်များကို  ရုရှားကစောင့်ကြည့်သွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ ထရမ့်နှင့်ပူတင်တို့ကြား ချမှတ်နိုင်ခဲ့သည့် ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကြုံတောင့်ကြုံခဲဖြစ်သည့် သဘောတူညီချက်ဖြစ်ပြီး ယင်းသဘောတူညီချက်သည် ယူကရိန်းတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် အမေရိကန်-ရုရှားဆက်ဆံရေးအား ပုံမှန်အတိုင်းပြန်လည်ဖြစ်စေရန် အတွက် အထောက်အပံ့ပြုနိုင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

(မောင်ယုယစုစည်းတင်ပြသည်။)

အကြမ်းဖက်ဝါဒအားတန်ပြန်ရေးနှင့်ပတ်သက်ပြီးယူဆချက်များကိုလေ့လာသုံးသပ်ခြင်း

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော ယူဆချက်(၅)ခုသည် မည်မျှမှန်ကန်ခြင်း ရှိ/မရှိ လက်တွေ့အထောက်အထားများဖြင့် လေ့လာသုံးသပ်ပြီးနောက် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နှင့် ပတ်သက်သော ယူဆချက်(၅)ခုကို လေ့လာသုံးသပ်သွားပါမည်။ပထမဆုံးယူဆချက်မှာ အကြမ်းဖက်သမားတစ်ဦးကို သိရှိပုံဖော်နိုင်သည်ဆိုသော အယူအဆဖြစ်သည်။ ဒုတိယ ယူဆ ချက်မှာ အကြမ်းဖက်သမားများအား အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်ဖြစ်သည်။ တတိယယူဆချက်မှာ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည်ဆိုသော ယူဆချက် ဖြစ်သည်။ စတုတ္ထယူဆချက်မှာ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရနိုင်ဟု ဖြစ်ပြီး နောက်ဆုံး ယူဆချက်မှာ အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟူသည့် ယူဆချက် ဖြစ်ပါသည်။

၁။           အကြမ်းဖက်သမားများကို ပုံဖော်သိရှိနိုင်သည်ဆိုသောယူဆချက်အား လေ့လာသုံးသပ်ခြင်း

အကြမ်းဖက်ဝါဒကို သုတေသနလုပ်ရာတွင် အဓိကပြဿနာများအနက်တစ်ခုမှာ အကြမ်းဖက်သမားများသည် အလွန်လျှို့ဝှက်ပြီး အမှောင်ထဲတွင် အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုပြဿနာသည် ပေါ်လစီမိတ်ကာများအတွက်လည်း စိန်ခေါ်မှုဖြစ်သည်။ အကြမ်းဖက်သမား များနှင့်ရင်ဆိုင်နေရသည့် ပေါ်လစီမိတ်ကာများအနေဖြင့် ၎င်းတို့နှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်သမားများသည် မည်သူတို့ဖြစ်သည်ကို တိုက်ခိုက်မှုများမဖြစ်ပွားမီ သိရှိဖော်ထုတ် လိုကြသည်။ အကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်မီ ရှာဖွေဖော်ထုတ်ရေးမှာ ကောက်ရိုးပုံထဲတွင် အပ်ပျောက်ရှာရသလို ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ၎င်းတို့တိုက်ခိုက်မှုများ မပြုလုပ်မီ ရှာဖွေဖော်နိုင်သည်များလည်းရှိ၍ မဖြစ်နိုင်သည့် အလုပ်တော့မဟုတ်ပါ။ သို့ဆိုလျှင် အကြမ်းဖက်သမားများကို ခွဲခြားသိရှိနိုင်သည်လော။ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သမားမဟုတ်သူများတွင် ကွဲပြားခြားနားချက်များ ရှိပါသည်လော။ 

ထိုသို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်သမားမဟုတ်သူများကြား ခွဲခြားသည့်ဖြစ်စဉ် ကို profiling ဟု ခေါ်သည်။ အကြမ်းဖက်သမား (သို့) ရာဇဝတ်သားတစ်ဦးနှင့် အကြမ်းဖက် သမား(သို့) ရာဇဝတ်သားမဟုတ်သူ တစ်ဦးအကြား ခွဲခြားနိုင်ရန်အတွက် အသုံးအများဆုံး profiling မှာ ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားရေး ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမျိုးဆိုင်ရာ အချက်အလက်များကို စုစည်း ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အကြမ်းဖက်သမားများသည် မည်သည့် ပုံသဏ္ဍာန် မျိုးရှိသည်၊ ၎င်းတို့၏အပြုအမူနှင့် ကိုယ်ရည်ကိုယ်သွေးမှာ မည်သို့ဖြစ်သည်၊ ၎င်းတို့အနေဖြင့် မည်သည့်အခြေအနေမျိုးတွင် နေထိုင်လုပ်ကိုင်သည်စသည့် အညွှန်းများသတ်မှတ်ပြီး လူအများအပြားအနက်မှ ထိုညွန်းကိန်းများနှင့် ကိုက်ညီသူများကိုခွဲထုတ်ပြီး အကြမ်းဖက်သမား ဖြစ်နိုင်သူများအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ တကယ်တမ်းသာ အလုပ်ဖြစ်မည်ဆိုပါက တန်ပြန်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် အခြားသောအကြမ်းဖက်အဖွဲ့များ၏ အတိတ်ကအဖြစ်အပျက်များသက်သက်ကို အခြေခံပြီး ယခင်က သတင်းများများစားစား မရှိထားသည့် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်မည် ဖြစ်သည်။

Profiling သည် တကယ် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် လေ့လာသုံးသပ်ရန်အတွက် ထိုအယူ အဆ မည်သို့ ဖြစ်ပေါ်လာသည်၊ ယခင်က မည်သို့အသုံးချခဲ့ဖူးသည်ကို လေ့လာပါမည်။ အကြမ်းဖက်သမားများကို ပုံဖော်ယူနိုင်သည် ဆိုသည့်အယူအဆ၏အခြေခံမှာ ရာဇဝတ်သား များနှင့် အကြမ်းဖက်သမားများသည် အခြားသူများနှင့်မတူကြဆိုသော ထင်မြင်ချက်မှ လာခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားမရှိသည်ကို လေ့လာခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားမဟုတ်သူများနှင့် မတူကွဲပြားသော ကိုယ်ရည်ကိုယ်သွေး (သို့မဟုတ်) အပြုအမူဆိုင်ရာ လက္ခဏာရပ်များ ရှိနိုင်သည်ဟု အချို့ကယူဆကြသည်။ ထိုယူဆချက်သည် မှန်ကောင်းမှန်မည် ၊ မှားကောင်းမှားမည် ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ခွဲခြား သိရှိရန် ဖြစ်နိုင်သည်ဆိုသော အယူအဆကို အရေးကြီးသော ရှင်းပြချက် ဖြစ်သည်။ သို့သော် အကြမ်းဖက်သမားများကိုယ်တိုင်က profiling သည် ဖြစ်နိုင်သည်ဟု ယူဆကောင်း ယူဆ ထားနိုင်သည်။ အကြမ်းဖက်သမားများသည် ရဲ (သို့မဟုတ်) ထောက်လှမ်းရေးအဖွဲ့များ၏ သတိထားမခံရစေရန်အတွက် တတ်နိုင်သမျှ သံသယဖြစ်စရာမရှိအောင် ပုံမှန်အတိုင်း ပြုမူ လေ့ရှိသည်။ ဥပမာ ဂျီဟတ်ဝါဒီများနှင့် အစ္စလာမ်မစ် အကြမ်းဖက်သမားများသည် သံသယ ဖြစ်စရာပုံစံ မရှိစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များတွင် အမျိုးသမီးများ (သို့) ဥရောပသား များ(သို့) ဘာသာပြောင်းထားသည့်လူဖြူများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏ ဝတ်စားပုံ၊ ဆံပင်ပုံစံ၊ လမ်းလျှောက်ပုံ စသည်တို့ကို ပြောင်းလဲ၍ ၎င်းတို့၏ ပုံစံကို ပြောင်းလဲရန် ကြိုးစားကြသည်။ 

profiling နှင့် ဒေတာများအား ဆန်းစစ်ခြင်းတွင် ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်လွန်နှစ် များနှောင်းပိုင်းတွင် ဂျာမန်ဖက်ဒရယ်ရဲတပ်ဖွဲ့က လက်ဝဲစွန်းအကြမ်းဖက်အဖွဲ့ဖြစ်သည့် တပ်နီ အဖွဲ့ကို ဖော်ထုတ်ခဲ့မှုဖြစ်သည်။ အကြမ်းဖက်သမားများသည် ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်နိုင်ရန်အတွက် ၎င်းတို့အခန်းကို နာမည်တုဖြင့်ငှားပြီး လျှပ်စစ်ဓာတ်အားခများကို ငွေသားဖြင့်ပေးချေကြောင်း ဂျာမန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဓာတ်အားခကို ငွေသားဖြင့် ပေးချေသူများစာရင်းအား လျှပ်စစ်ကုမ္ပဏီကို ရဲတပ်ဖွဲ့က တောင်းခံခဲ့သည်။ ၎င်းနောက် ဒုတိယအဆင့်အနေဖြင့် အပြစ်ကင်းစင်သူများကို ရွေးထုတ်နိုင်ရန် မှတ်ပုံတင်ရုံး နှင့် အခြားဌာနများမှအချက်အလက်များဖြင့် ထိုလူစာရင်းကိုနှိုင်းယှဉ်ကာ တပ်နီအဖွဲ့မှ ငှားရမ်း ထားသော တိုက်ခန်းတစ်ခန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး တပ်နီတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါသည်။ ရဲတပ်ဖွဲ့အနေဖြင့် အင်အားအများအပြားသုံးပြီး အကြီးအကျယ် ကြိုးစားဖော်ထုတ်ခဲ့ရသဖြင့် အချို့သူများအနေဖြင့် ထိုဖြစ်ရပ်ကို အောင်မြင်မှုအဖြစ် သတ်မှတ်လိုကောင်းမှ သတ်မှတ်မည် ဖြစ်သည်။ ပညာရပ်ဆိုင်ရာ စာပေများတွင်လည်း အကြမ်းဖက်နှိမ်နင်းရေးတွင် ပြတ်ပြတ် သားသား အောင်မြင်သော profiling ဥပမာမရှိပါ။

တကယ်တမ်းတွင် ပညာရှင်များ၏ အရေးပါသောလေ့လာမှုအားလုံးလိုလိုတွင် ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်၍ ပုံဖော်ခြင်း (personal profiling) သည် မဖြစ်နိုင်ဟု ဆိုကြသည်။ အကြမ်းဖက်သမား၏ ကိုယ်ရည်ကိုယ်သွေး (terrorist personality) ဟု မရှိ ၊ အကြမ်းဖက်သမားများသည် သာမန်လူများနှင့် ကွဲပြားခြားနားမှုမရှိ၊ အနည်းဆုံးအားဖြင့် ၎င်းတို့အား ခွဲခြားပုံဖော်နိုင်လောက်အောင် ကွဲပြားခြားနားခြင်းမရှိဟု ဆိုသည်။ ပညာရှင် အများစုက profiling သည် အခက်အခဲများစွာရှိသကဲ့သို့ မှားယွင်းနိုင်ခြေလည်း များသည်ဟု ဆိုသည်။ အကြီးမားဆုံးအန္တရာယ်တစ်ခုမှာ မမှန်ကန်သောသတင်းအချက်အလက်များကို အခြေခံ၍ ပုံဖော်မိသည့်အတွက် false positives နှင့် false negatives ဟုဆိုသော မှားယွင်းမှု များ ဖြစ်စေနိုင်ခြင်းဖြစ်သည်။ မှန်ကန်မှုမရှိသောပုံစံ (incorrect profile) နှင့် ကိုက်ညီနေ သည့် အပြစ်မရှိသူတစ်ဦးကို စုံစမ်းစစ်ဆေးမိခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်း ဖြစ်စေနိုင်ပြီး အခြားသဲလွန်စများကို စုံစမ်းစစ်ဆေးမှု မလုပ်ခြင်းနှင့် မဟုတ်သောသူများကို အာရုံစိုက်နေ သဖြင့် အချို့သောအုပ်စုများကို စုံစမ်းမှုမလုပ်ခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့ပြင် နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ အသက်၊ ကျား/မ စသည်တို့အပေါ် အခြေခံပြီး ပုံဖော် ခြင်းသည် အချို့သောအုပ်စုများကို ဆိုးကျိုး သက်ရောက်စေပြီး နိုင်ငံများနှင့် အသိုင်းအဝိုင်း များအကြား ဆက်ဆံရေးကိုလည်း ဆိုးကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် အကြမ်းဖက် သမားတစ်ဦးကို profiling နည်းဖြင့် ခွဲခြားသိရှိနိုင်သည်ဆိုသော ယူဆချက်သည် မှားယွင်း ပါသည်။ 

၂။      အကြမ်းဖက်သမားများ၏ အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း

အစွန်းရောက်အစွဲကိုချွတ်ခြင်း (deradicalization) ဆိုသည်မှာ အကြမ်းဖက်သမား တစ်ဦး အနေဖြင့် ၎င်း၏ရပ်တည်ချက်နှင့် အပြုအမူများ ပြောင်းလဲသွားပြီး အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခြင်းကို ဆိုလိုသည်။ deradicalization ကို မူဝါဒ၊ သို့မဟုတ် အစီအစဉ်တစ်ခုအဖြစ် လည်း ချမှတ်ဆောင်ရွက်နိုင်ပါသည်။ သို့ဖြစ်၍ deradicalization သည် တစ်ဦးချင်း၊ သို့မဟုတ် အုပ်စုဖြစ်စဉ်တစ်ခုသာမဟုတ်ပဲ အစိုးရ(သို့မဟုတ်) အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ အစီအစဉ် တစ်ခုလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ယခင်က အစွန်းရောက်ခဲ့သူများကို အစွန်း ရောက်စိတ် ပျောက်စေရန် ၊ သို့မဟုတ် ၎င်းတို့ပါဝင်ခဲ့သည် အစွန်းရောက်အုပ်စုများနှင့် အဆက်ဖြတ်ရေး ကူညီပေးရန် လုပ်ဆောင်သည့် အစီအစဉ်ဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးကို အစွန်းရောက်စိတ်ပျောက်အောင် လုပ်နိုင်သည်ဟု မည်သူပြောခဲ့ပါသနည်း။ ဝါရှင်တန် ရှိ RAND သုတေသနဌာနမှ အန်ဂယ် ရဘာဆာ ( Angel Rabasa) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းသည် မြင်သာသောကိစ္စဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ ၂၀၁၃ အစီရင်ခံစာတွင် လူတစ်ဦးကို အစွန်းရောက်ဖြစ်စေရန် ဖြတ်သန်းရသည့်ဖြစ်စဉ်များရှိသကဲ့သို့ အစွန်းရောက်တစ်ဦးသည်လည်း အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး ၎င်း၏အဖွဲ့၊ သို့မဟုတ် လှုပ်ရှားမှုကို စွန့်ခွာကာ အစွန်းရောက်အမြင်ကို စွန့်လွှတ်ရာတွင် ဖြတ်သန်းရသည့် ဖြစ်စဉ်များ ရှိသည်ဟု ဆိုသည်။ လူတစ်ဦးအနေဖြင့် ၎င်း၏အစွန်းရောက်အမြင်များကို အမှန်တကယ် စွန့်လွှတ်ပါမည်လော၊ ၎င်းသည်ဖြစ်နိုင်ပါ၏လော၊ လူတစ်ဦးကို အစွန်းရောက်ဝါဒ အစွဲချွတ်၍ ရပါမည်လော၊ ရသည်ဆိုလျှင် မည်သို့လုပ်မည်နည်း ဆိုသော မေးခွန်းများသည် အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရာတွင် အလွန်အရေးကြီးသော မေးခွန်းများဖြစ်သည်။

လူတစ်ဦးအနေဖြင့် အစွန်းရောက်စိတ် ပျောက်သွားနိုင်သည်ကို ပြသနိုင်သည့် ပထမ ဆုံးသက်သေမှာ အကြမ်းဖက်ဝါဒကို စွန့်ခွာပြီးအစွန်းရောက်ဝါဒကို တန်ပြန်ခြင်း (counter radicalization) နှင့် အစွန်းရောက်စိတ်ပျောက်အောင်လုပ်ခြင်း (deradicalization) အစီအစဉ် များတွင် တက်ကြွစွာ ပါဝင်နေသူများ ဖြစ်သည်။ အကြမ်းဖက်ဝါဒလေ့လာရေးနယ်ပယ်တွင် ထိုသို့အကြမ်းဖက်ဝါဒကို စွန့်ခွာခဲ့သော လူသိများသူ အတော်များများရှိပါသည်။ ဥပမာအား ဖြင့် အယ်လ်ဂိုဒ်ဒါအဖွဲ့ကို ငွေကြေးထောက်ပံ့ပေးသည့် ဝါဟာဘီ ချယ်ရတီ (Wahhabi Charity) တွင် အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဝါရှင်တန်အခြေစိုက် the Foundation for the Defense of Democracies ၏ ဒါရိုက်တာနှင့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒတန်ပြန် ရေးတွင် ပညာရှင်တစ်ဦးဖြစ်နေသူ ဒေဗီးဂါတန်စတိုင်း-ရော့စ် (Daveed Gartenstein-Ross) ဖြစ်သည်။ နောက်တစ်ဦးမှာ အာဖဂန်နစ္စတန်တွင် တက်ကြွစွာ တိုက်ခိုက်ခဲ့သော Libyan Islamic Fighting Group ခေါင်းဆောင်တစ်ဦးဖြစ်သူ နော်မန် ဘီနော့မန်း (Norman Benotman) ဖြစ်ပြီး ၎င်းသည် ယခု ဗြိတိသျှအစိုးရကထောက်ပံ့သည့် အရှေ့အလယ်ပိုင်းရေးရာ Think Tank တစ်ခုဖြစ်သော Quilliam Foundation တွင် senior analyst အဖြစ် လုပ်နေ ပါသည်။ နောက်တစ်ဦးမှာ ၁၉၇၉ ခုနှစ်တွင် Irish Republican Army-IRA အဖွဲ့သို့ ဝင်ရောက် ခဲ့သော မြောက်အိုင်ယာလန်မှ ဟင်နရီ ရော်ဘင်ဆင် (Henry Robinson) ဖြစ်ပါသည်။ ၎င်းသည် IRA မှ ထွက်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် IRA ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သော Families Against Intimidation and Terror ကို ပူးတွဲ တည်ထောင်သူ ဖြစ်လာခဲ့သည်။ ၎င်းတို့အပြင် အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခဲ့သော အခြားအကြမ်းဖက်သမား ဟောင်းများလည်း ရှိပါသည်။

အစွန်းရောက်အစွဲချွတ်သည့် deradicalization programs များတွင် လူတစ်ဦးချင်းကို စိတ်ပညာ(သို့မဟုတ်) ဘာသာရေးအရဆွေးနွေးလမ်းညွှန်ခြင်း(religious counseling)တို့ဖြင့် အစွဲချွတ်ခြင်းနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကာ အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) လက်နက်ဖြုတ်သိမ်းမှုဖြစ်စေခြင်းဖြင့် စုပေါင်းအစွဲချွတ်ခြင်းဟု ၂ မျိုး ရှိပါသည်။ ဥရောပနိုင်ငံ များ အထူးသဖြင့် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် လက်ယာ အစွန်းရောက်များကို ရည်ရွယ်သည့် deradicalization programs များ ရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံတွင်လည်း အကျဉ်းသားများကို အဓိကထားသည့် deradicalization programs များရှိပြီး ယခင်ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများအနက် အချို့သည် ရဲနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသည်။ ဆော်ဒီအာရေဗျနှင့် ကိုလမ်ဘီယာတို့တွင်လည်း deradicalization programs များရှိပါသည်။ ထို deradicalization programs များ၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်ဝါဒကို စွန့်လွှတ်၍ ၎င်းတို့၏ သဘောထားရပ်တည်ချက်များနှင့် အပြုအမူများကို ပြောင်းလဲစေရန်ဖြစ်သည်။ သို့ရာတွင် deradicalization programs များတက်ပြီးသော်လည်း ၎င်းတို့ပြန်လွတ်သည့်အချိန်တွင် အကြမ်းဖက်ဝါဒကို ပြန်သွားကြသူများလည်းရှိပါသည်။ အထူးသဖြင့် ဆော်ဒီအာရေဗျတွင် ဖြစ်သည်။ သို့ရာတွင် ဆော်ဒီအာရေဗျနိုင်ငံ၏ deradicalization programs မှာ အလွန်ကြီးမားပြီး အကျဉ်းသား ၄၀၀၀ ကျော်ကို ပညာပေးနိုင်ခဲ့ကာ ၎င်းတို့ အနက် အနည်းငယ်သာ အကြမ်းဖက်အဖွဲ့များထံ ပြန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် deradicalization programs များသည် အောင်မြင်မှု အတန်အသင့်ရှိသည်ဟု ဆိုနိုင်ပြီး အစွန်းရောက်အစွဲကို ချွတ်နိုင်သည်ဆိုသည့် ယူဆချက် မှန်ကန်သည်ဟု ဆိုနိုင်ပါ သည်။

၃။       ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း

အကြမ်းဖက်အဖွဲ့များကို ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် ဖြိုခွဲနိုင်သည်ဆိုသော ပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှိပါ သည်။ အမေရိကန်နှင့်အစ္စရေးအပါအဝင် နိုင်ငံအများအပြားသည် အကြမ်းဖက်ဝါဒကို တန်ပြန် ရာတွင် အကြမ်းဖက်အဖွဲ့မှ အရေးပါသည့် ခေါင်းဆောင်များကို သတ်ဖြတ်သည့် ၊ သို့မဟုတ် ဖမ်းဆီးသည့် နည်းဗျူဟာကိုသုံးစွဲကြသည်ဟု ထင်ရှားသည့် ပညာရှင်တစ်ဦး ဖြစ်သော ဘရိုင်ယန် ပရိုက်စ် (Brian Price) က ၂၀၁၂ ခုနှစ်တွင် ရေးခဲ့သည်။ အရေးပါသော အကြမ်းဖက် ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ သို့မဟုတ် ဖမ်းဆီးခြင်း လုပ်နိုင်ပါက အကြမ်းဖက်အဖွဲ့ များအနေဖြင့် အကြီးအကျယ်ခံလိုက်ရပြီဖြစ်ကြောင်း နိုင်ငံရေးသမားများက မကြာခဏ ဆိုသလို ကြေညာတတ်သည်။ ဘတ်စ်(Basque) ခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ အီတာ (ETA) ၏ စစ်ဆင်ရေးခေါင်းဆောင်ကို ၂၀၀၈ ခုနှစ်က ဖမ်းဆီးနိုင်ခဲ့သည့်အချိန်တွင် ထိုအချိန်က စပိန် ဝန်ကြီးချုပ် ဇပါးတေးရိုး (Zapatero) က ETA အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်ပိုင်း တွင် များစွာထိခိုက်သွားပြီး အားနည်းသွားကြောင်း ပြောခဲ့သည်။ ဖာ့စ် (FARC) သူပုန် ခေါင်းဆောင် အယ်လ်ဖွန်ဆိုကာနို (Alphonso Cano)ကို ၂၀၁၁ ခုနှစ်က သတ်နိုင်ခဲ့ပြီး နောက်တွင် ကိုလမ်ဘီယာသမ္မတ ဟွန် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က ၎င်းသည် FARC အဖွဲ့၏သမိုင်းတွင် အထိအနာဆုံးဖြစ်ကြောင်း ပြောခဲ့သည်။ အိုစမာ ဘင်လာဒင် ကို သတ်နိုင်ခဲ့သည့် အချိန်ကလည်း ၂၀၀၁ ခုနှစ်က နယူးယောက် မြို့တော်ဝန်ဖြစ်ခဲ့သည့် မြို့တော်ဝန်ဟောင်း ရုဒီ ဂူလီယာနီ (Rudy Giuliani) က ဘင်လာဒင်သည် အကြမ်းဖက် သမားများအတွက် အရေးကြီးသည့်သင်္ကေတတစ်ခုဖြစ်ပြီး ဘင်လာဒင်အား သတ်နိုင်ခြင်း သည် ရေရှည်တွင် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာ၌ များစွာ အထောက်အကူ ဖြစ်စေပြီး လူအများထင်ထားသည်ထက် ပိုမိုကြီးမားသော ခြေလှမ်း ဖြစ်သည်ဟု ပြောခဲ့သည်။

ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အကြမ်းဖက်ဝါဒကို နှိမ်နင်းရာတွင် ထိရောက်သည့် မဟာဗျူဟာအဖြစ် ယူဆသူများက အကြမ်းဖက်အဖွဲ့များသည် ခေါင်းဆောင် ၏အရည်အချင်းကို များစွာမှီခိုနေသည်ဟု ယူဆထားသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အားထားရသည့် ခေါင်းဆောင်မရှိတော့သည်နှင့် ခေါင်းဆောင်မှု အကြပ်အတည်းနှင့် ကြုံတွေ့ရပြီး ခေါင်းဆောင်သစ်ရွေးရန် အချိန်များစွာယူရပြီး ထိုကာလအတွင်း ထိရောက် သည့် တိုက်ခိုက်မှုမျိုးမလုပ်နိုင်၊ သို့တည်းမဟုတ် သင့်တော်သည့် စွမ်းရည်နှင့် အတွေ့အကြုံ ရှိသော ခေါင်းဆောင်သစ်ကိုပင် ရှာမတွေ့ ဖြစ်တတ်သည်။ အိုစမာဘင်လာဒင်နှင့် ဂျပန်မှအုမ် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ ဘာသာရေးအခြေခံသည့် အကြမ်းဖက်ခေါင်းဆောင်အချို့ကို သူရဲကောင်းသဖွယ် လေးစားကြသူများ ရှိသည်။ ထို့ကြောင့် ခေါင်းဆောင်များကို သတ်ဖြတ် ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို မတည်မငြိမ်ဖြစ်စေရုံသာမက ၎င်းတို့၏ ဆွဲဆောင်နိုင်မှုကိုလည်း အားနည်းစေသည်။

အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းသည် ထိရောက်မှု ရှိ၊မရှိ လေ့လာဆန်းစစ်ရခြင်းမှာ ဥပဒေပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်သည်။ အထူးသဖြင့် သတ်ဖြတ်ရာတွင်ဖြစ်သည်။ ထိုသို့ ထိရောက်မှုလေ့လာရာတွင် လက်တွေ့ အထောက်အထားများနှင့် ပညာရပ်ဆိုင်ရာစာပေများကို ကြည့်ပါမည်။ ၂၀၀၉ ခုနှစ် က ဂျီနာ ဂျော်ဒန် ( Jenna Jordan) လုပ်ခဲ့သော သုတေသနတွင် ၁၉၄၅ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်၊ ဖမ်းဆီးနိုင်ခဲ့သည့် အမှု ၂၉၈ ခု ကို လေ့လာခဲ့သည်။ အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ခေါင်းဆောင် အသတ်ခံရပြီးနောက် ၂ နှစ်အထိ လှုပ်ရှားတက်ကြွခြင်းမရှိပါက အောင်မြင်မှုရရှိသည့် ကိစ္စဟု သူက သတ်မှတ်ခဲ့သည်။ အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးသတ်ဖြတ်ခြင်း  ထိရောက်မှု ရှိ/မရှိသည် အဖွဲ့သက်တမ်း၊ အဖွဲ့အရွယ်အစားနှင့် အဖွဲ့ပုံစံတို့အပေါ် မူတည်သည်ဟု ၎င်းက ဆိုသည်။ သေးငယ်ပြီး သက်တမ်းနုသောအဖွဲ့များသည် ခေါင်းဆောင်မရှိသည်နှင့် မတည်မငြိမ်ဖြစ်သည်က များပြီး သက်တမ်းရှည်ပြီး၊ ကြီးမားသောအဖွဲ့များမှာ နောက်ဆက်တွဲအကျိုးသက်ရောက်မှုနည်းသည်၊ ဘာသာရေးအခြေခံ အကြမ်းဖက်အုပ်စုများမှာ ပိုမိုခံနိုင်ရည်ရှိပြီး ၉၆% သော ဘာသာရေး အခြေခံအဖွဲ့များသည် ဆက်လက်လှုပ်ရှားကြသည်၊ ခွဲထွက်ရေးအုပ်စုများ အနက် ၈၉ % မှာ ဆက်လက်လှုပ်ရှားကြသော်လည်း လက်ဝဲစွန်းနှင့် လက်ယာစွန်းအဖွဲ့များကဲ့သို့ အိုင်ဒီယိုလိုဂျီ ကို အခြေခံသည့် အဖွဲ့များမှာ သုံးပုံနှစ်ပုံခန့် (၆၇%) သာ ဆက်လက်လှုပ်ရှားနိုင်သည်ဟု ဆိုသည်။ အားလုံးခြုံလိုက်လျှင် ခေါင်းဆောင် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းကြောင့် ဆက်လက်လှုပ်ရှားနိုင်ခြင်းမရှိတော့ပဲ ပြိုကွဲသွားသည့်အဖွဲ့များမှာ ၁၇% သာ ရှိသည်၊ သို့သော် လည်း ခေါင်းဆောင်များ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း မခံရသည့် အခြားအဖွဲ့များနှင့် နှိုင်းယှဉ် လေ့လာရာတွင် ခေါင်းဆောင်များ ဖမ်းဆီး၊သတ်ဖြတ်ခံရသော အဖွဲ့များ၏ ပြိုကွဲနှုန်းသည် ထူးထူးခြားခြား မမြင့်မားဟုဆိုသည်။ ထို့ကြောင့် ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ် ခြင်းသည် ထိရောက်သော အကြမ်းဖက်ဝါဒတန်ပြန်နည်းမဟုတ်ဟု ဂျော်ဒန်က သုံးသပ်ခဲ့ သည်။ ထို့ပြင်ခေါင်းဆောင် ဖမ်းဆီး၊ သတ်ဖြတ်ခံရခြင်းကြောင့် ဒေါသထွက်ကာ လက်စားချေ လိုစိတ်ကြောင့် အဖွဲ့၏ သန္နိဌာန်ကို ပိုမိုခိုင်မာစေခြင်းနှင့် လူထု၏ ဂရုဏာပိုမို ရရှိစေနိုင်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်ဟု ၎င်းကဆိုသည်။

ယခု ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သော ဘရိုင်ယန် ပရိုက်စ် (Brian Price) ၏ သုတေသနကို လေ့လာပါမည်။ ပရိုက်စ် က ဂျော်ဒန်၏ လေ့လာမှုတွင် ခေါင်းဆောင်ကို သတ်ဖြတ်ဖမ်းဆီး ခံရခြင်း၏ အကြမ်းဖက်အဖွဲ့အပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာ ၊ အကဲဖြတ်သည့် အချိန်ကာလ တိုလွန်းသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များသည် အခြားသော အဖွဲ့အစည်း များနှင့် မတူခြားနားသည့်အတွက် ခေါင်းဆောင်ကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်နှိမ်နင်းရေးတွင် ထိရောက်သည်ဟု ပရိုက်စ် က ဆိုသည်။ အကြမ်းဖက်အဖွဲ့များ သည် လျှို့ဝှက်ပြီး တန်ဖိုးကို အခြေခံ (values-based) သော အဖွဲ့များဖြစ်၍ စီးပွားရေး လုပ်ငန်း စသော အခြားအဖွဲ့အစည်းများနှင့်နှိုင်းစာလျှင် ခေါင်းဆောင်သည် ၎င်းတို့အတွက် ပိုမို အရေးပါသည်၊ အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှို့ဝှက်သည့်သဘာဝရှိပြီး ပုဂ္ဂိုလ်ရေး အတွေး အခေါ်နှင့် ပုဂ္ဂိုလ်ရေးသြဇာသည် အလွယ်တကူ အစားမထိုးနိုင်သောကြောင့် ခေါင်းဆောင်မှု ဆက်ခံခြင်းသည် အခြားအဖွဲ့အစည်းများထက် ပိုမိုခက်ခဲသည် ၎င်းက ဆိုသည်။ ပရိုက်စ် ၏ တွေ့ရှိချက်များအနက် အချက်လေးချက်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ပထမဆုံးအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းခံရသော အကြမ်းဖက်အဖွဲ့များသည် ဂျော်ဒန်၏ လေ့လာမှုတွင် အချိန်သတ်မှတ်ချက်ဖြစ်သော ၂ နှစ်တာကာလအတွင်း ပြိုကွဲသွားသည့် အဖွဲ့ ၃၀% သာ ရှိသော်လည်း ရေရှည်တွင်မူ ခေါင်းဆောင်များ သတ်ဖြတ်ဖမ်းဆီးမခံရသည့်အဖွဲ့ များထက် အဖွဲ့ပြိုကွဲပျက်စီးမှုနှုန်း များစွာပိုမြင့်သည်ဟု ဆိုသည်။ ဒုတိယအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ခံရချိန်တွင် အဖွဲ့သက်တမ်း နုလေ၊ ပိုမိုပျက်စီး ပြိုကွဲလွယ်လေ ဟုဆိုသည်။ တတိယအချက်မှာ အဖွဲ့အရွယ်အစားသည် အဖွဲ့သက်တမ်း အပေါ် အကျိုးသက်ရောက်မှု မရှိဟု ဆိုသည်။ နောက်ဆုံးအချက်မှာ ဘာသာရေးအခြေခံ အကြမ်းဖက်အဖွဲ့များသည် အမျိုးသားရေးအဖွဲ့များထက် ချေမှုန်းဖျက်ဆီးရန် ပိုလွယ်သည်ဟု ပရိုက်စ်က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအခြေခံအကြမ်းဖက်အဖွဲ့များတွင် အဖွဲ့၏ ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ပုံဖော်ခြင်းနှင့် အဓိပ္ပာယ်ကောက်ခြင်းတို့တွင် ခေါင်းဆောင်သည် အရေးကြီးသောကဏ္ဍမှ ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်နှိမ်နင်းရေးမဟာဗျူဟာတွင် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းအား အသုံးပြုခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို တတ်နိုင်သမျှ စောစော ပစ်မှတ်ထားချေမှုန်းသင့်သည်ဟု ဆိုသည်။

ယခုပြခဲ့သည့် နမူနာသုတေသန ၂ ခုတွင် ဂျော်ဒန်က အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ထိရောက်မှုမရှိဟု သုံးသပ်ခဲ့ပြီး ပရိုက်စ်က ထိရောက်မှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ထိုလေ့လာမှု ၂ ခု စလုံးက အဖွဲ့များ၏အင်္ဂါရပ်၊ သို့မဟုတ် အဖွဲ့အစည်းများကြား ခြားနားသည့်အချက်များက အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်းများ၏ ထိရောက်မှုကို အကျိုးသက်ရောက်မှုရှိသည်ဟု ထောက်ပြထားပြီး ၎င်းသည်ပင် ထိုလေ့လာမှု ၂ ခုမှ အရေးအကြီး ဆုံးသင်ခန်းစာ ဖြစ်ပါသည်။ အခြားသော အကြမ်းဖက်တန်ပြန်နည်းများ ကဲ့သို့ပင် ခေါင်းဆောင်မှုဖြိုခွဲရာတွင်လည်း အောင်မြင်မှုသည် ဆက်စပ်အခြေအနေများအပေါ် မူတည်နေပါသည်။ အဖွဲ့တစ်ခုသည် ခေါင်းဆောင်သေသွားသည်နှင့် ပြိုကွဲသွားနိုင်သော်လည်း အခြားအဖွဲ့ကမူ ခေါင်းဆောင်သေသွားသည်နှင့် ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှုများ ပြုလုပ်လာ နိုင်ပါသည်။ ထို့ကြောင့် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းသည် အကြမ်းဖက်အဖွဲ့အားလုံးကို ဖြိုခွဲ နိုင်သည့်အဖြေမဟုတ်ပါ။ ဂျပန်မှ အုမ်မ်ဂိုဏ်းနှင့် ပီရူးမှ Shining Path အဖွဲ့တို့မှာ ခေါင်းဆောင် များအဖမ်းခံရသည်နှင့် ပြိုကွဲသွားခဲ့သော်လည်း ဟားမက် (Hamas) နှင့် ဂျာမနီမှ တပ်နီ တို့မှာ ခေါင်းဆောင်များ အသတ်ခံရ၊ အဖမ်းခံရသော်လည်း ပြိုကွဲသွားခြင်း မရှိပါ။ 

နောက်ထပ်အရေးကြီးသည့်အချက်မှာ လူ့အခွင့်အရေးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် ၎င်း၏ အကြမ်းဖက်မှုအပေါ် စစ်ပွဲတွင် တာလီဘန်၊ အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို သတ်ဖြတ်ရန် မောင်းသူမဲ့လေယာဉ်သုံး၍ တိုက်ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်နေပြီး ထိုအဖွဲ့များမှ အဆင့်မြင့်ခေါင်းဆောင် အများအပြား ထိုတိုက်ခိုက်မှုများတွင် သေဆုံးခဲ့ပါသည်။ သို့ရာတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများတွင် အရပ်သားအများအပြားသေဆုံးခဲ့သဖြင့် အငြင်းပွားဖွယ်ရာများရှိပါသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုမှာလည်း မေးခွန်းထုတ်စရာရှိပါသည်။ Standford တက္ကသိုလ်နှင့် New York တက္ကသိုလ်တို့၏ အစီရင်ခံစာအရ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများသည် အမေရိကန်ပြည်ထောင်စုကို ပိုမိုဘေးကင်းစေခြင်း ရှိ/မရှိ မသေချာဟု ဆိုသည်။

အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ချေမှုန်းခြင်း၏ ထိရောက်မှုသည် အဖွဲ့အစည်း အမျိုးအစားပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက် အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်သည် တစ်စိတ်တစ်ပိုင်း မှန်သည်ဟု ဆိုနိုင်ပါသည်။

Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org

Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org

အပိုင်း(၅) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4373

 

ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

မွေးလို့ရတဲ့ရွှေ သို့မဟုတ် ဆိတ်၊ သိုးမွေးမြူရေး

ဆိတ်၊ သိုးမွေးမြူရေးအား လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ခန့်ကပင် စတင်ဆောင်ရွက်ခဲ့ကြပြီး လူသားတို့မွေးမြူသည့် တိရစ္ဆာန်များထဲမှ   ရှေးအကျဆုံးတိရစ္ဆာန်များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဆိတ်၊ သိုးမွေးမြူရေးသည် လူသားများအတွက် အသားနှင့်နို့ရရှိမှုသာမက အမွေးနှင့်သားရေမှ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများစွာအတွက်  အသုံးဝင်သောမွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်လာသည်။ ကမ္ဘာ့ရေမြေရာသီဥတု သဘာဝများအရ မျိုးရိုးပုံပန်းသဏ္ဌာန်နှင့်အရည်အသွေးများကွဲပြားကြသည်။ မှတ်တမ်းတင်မှုများအရ ကမ္ဘာပေါ်တွင် ဆိတ်၊ သိုးမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး အုပ်စုအားဖြင့် အသားတိုးဆိတ်၊ နို့စားဆိတ်နှင့်အမွေးအမှင်ရရှိရန် ရည်ရွယ်မွေးမြူ သောဆိတ်မျိုးဟူ၍ အုပ်စုသုံးစုခွဲခြားနိုင်သည်။ မူလတောရိုင်းဆိတ်၊ သိုးများအားဖမ်းယူ၍ ယဉ်ပါးအောင်မွေးမြူကြခြင်း ဖြင့် ထိန်းကျောင်းမွေးမြူခြင်းအလေ့အထများစတင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူဖြစ်ထွန်းနေသော ဆိတ်မျိုးများမှာ ရှေးယခင်ကာလ နိုင်ငံအချင်းချင်း၊ဒေသအချင်းချင်း ကုန်စည်ကူးသန်းရောင်းဝယ်ကြရာမှအစပြုခဲ့ကြောင်းသိရှိရသည်။ရေလမ်းကြောင်း၊ကုန်းလမ်းကြောင်းများဖြင့် ရက်ပေါင်းများစွာခရီးသွားကုန်သွယ်ကြရာ ခရီးကာလအတွင်း လမ်းခရီး၌အသား၊ နို့နှင့်ဥများရရှိနိုင်ရန် ဆိတ်၊ သိုးနှင့်အခြား တိရစ္ဆာန်များအား ခရီးသွားရင်းသယ်ဆောင်သွားကြသောအလေ့အထများရှိခဲ့သည်။ ထိုမှတစ်ဆင့် ဒေသတစ်ခုမှတစ်ခုသို့ ရောက်ရှိပျံ့နှံ့ရာမှ မြန်မာနိုင်ငံသို့ရောက်ရှိပြီး မွေးမြူခဲ့ကြရာ အချိန်ကာလကြာမြင့်လာပြီး ရေမြေရာသီဥတုနှင့် အသားကျ သင့်လျော်သောမျိုးများ ကျန်ရှိဖြစ်ထွန်းခဲ့ရာ ယနေ့ထိတိုင်ဒေသမျိုးရင်းများအဖြစ် မွေးမြူဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောဆိတ်၊ သိုးမျိုးများ

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမှု၊ ၂၀၂၃ ခုနှစ် စာရင်းကောက်ယူမှုနှင့်လက်ရှိမြေပြင် စာရင်းများအရ ဆိတ်၊ သိုးကောင်ရေ နှစ်သန်းခွဲခန့်ရှိပြီး အသားကဏ္ဍဖူလုံရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် တန်ဖိုးကြီးသည့်အရင်းအမြစ်များဖြစ်သည်။ အဓိကအားဖြင့် ဒေသမျိုးရင်းဆိတ်များဖြစ်သော ထိန်စမ်း၊ ဂျိတ်နီနှင့် ဝေသာလီမျိုးများ ဖြစ်ကြသည်။   ပြည်ပမှတင်သွင်းမွေးမြူသောဆိတ်မျိုးများမှာ ဘိုဝါအသားတိုးဆိတ်မျိုးနှင့် ဆာနန်နို့စားဆိတ်မျိုးများ ဖြစ်ကြသည်။

ထိန်စမ်းဆိတ်မျိုးမှာ   မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်စမ်းရွာမှ စတင်အောင်မြင်ပြန့်ပွားသောဆိတ်မျိုးဖြစ်ပြီး ပုပ္ပားနယ်တစ်ဝိုက်၊ ချောက်၊ မြိုင်နှင့်နတ်မောက်မြို့နယ်တို့၌ အဓိကတွေ့ရှိရပြီးဒေသတော်တော်များများတွင် မွေးမြူ ဖြစ်ထွန်းလျက်ရှိသည်ကိုတွေ့ရှိရသည်။ ကိုယ်လုံးဖြူ၊ ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းအမွေးဖြူတတ် ပြီး  အများအားဖြင့် မုတ်ဆိတ်ပါသည်။ နားရွက်ရှည်ကာ  မျက်နှာခုံးပြီး ဦးချိုနောက်ဘက်လန်ပြီးကွေးနေတတ်သည်။ သာမန်အား ဖြင့်  အရွယ်ရောက်ပြီးသော  ဆိတ်ထီးသည် ကိုယ်အလေးချိန် ၅၀ ကီလိုနှင့် အမသည် ၃၀ ကီလိုခန့်ရှိသည်။

ဒေသမျိုးရင်းဆိတ်ဂျိတ်နီမျိုးမှာ မန္တလေးတိုင်းဒေသကြီးတံတားဦး၊စဉ့်ကိုင်နှင့်ကျောက်ဆည်နယ်တစ်ဝိုက်တွင် မွေးမြူဖြစ်ထွန်းလျက်ရှိသည်ကိုအများဆုံးတွေ့ရှိရသည်။ နီညိုရောင်၊ အုန်းခွံရောင်နှင့် မန်ကျည်းစေ့ရောင် ရှိပြီးအရွယ် ရောက်ပြီး သောဆိတ်ထီးမှာ ကိုယ်အလေးချိန် ၅၀ ကီလိုခန့်နှင့် အမမှာ၄၀ ကီလိုခန့်ရှိနိုင် ပြီး  အရပ်အမောင်းကောင်းကြသည်။ အရောင်နှင့်ပုံပန်းသဏ္ဌာန်မှာ နှစ်လိုဖွယ်ရှိပြီးဒေသရာသီဥတုနှင့် အစာကြမ်း ဒဏ်အားခံနိုင်ရည်ရှိကြသည်။

ဝေသာလီဆိတ်မျိုးအား မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့်မြိုင်မြို့နယ်တစ်ဝိုက်တို့တွင် အဓိကတွေ့ ရသည်။အဖြူရောင်၊အနက်ရောင်နှင့်အညိုရောင်များတွေ့ရပြီး  အဖြူနှင့်အနက်ကျားအရောင်များ တွေ့ရသည်။ အရပ် အမောင်းကောင်းပြီး အရွယ်ရောက်သည့် အထီးသည်ကိုယ်အလေးချိန် ၄၀ ကီလိုခန့်နှင့်   အမသည် ၃၀ ကီလိုခန့် ရှိတတ်သည်။ အသားတိုးဆိတ်ဘိုဝါမျိုးမှာတောင်အာဖရိကမျိုးရင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်လည်း  အောင်မြင်ဖြစ်ထွန်းကြောင်း  တွေ့ရှိရသည်။

 အသားတိုးနှုန်းနှင့် အသားအရည်အသွေးကောင်းပြီး သားပေါက်နှုန်းကောင်းသည်။ ခန္ဓာကိုယ်အဖြူနှင့် ဦးခေါင်းနီညို ရောင်ရှိသည်။ ဦးချိုမှာအနောက်ဘက်နှင့် အောက်ဘက်ကိုကွေးဆင်းပြီး မျက်နှာအခုံးနှင့်လိုက်ဖက်တင့်တယ်သည်။ သန်မာ၍ အချိုးကျသောခြေလက်များရှိပြီး အထီးသည် ကိုယ်အလေးချိန် ၁၆၀ ကီလိုနှင့် အမသည် ၁၁၀ ကီလိုအထိ ကြီးထွားနိုင်ကြသည်။ မြန်မာနိုင်ငံတွင် လတ်တလောမွေးမြူကောင်ရေနည်းပါးသေးသော်လည်း ရေမြေရာသီဥတုနှင့်သင့်လျော်၍ ဖြစ်ထွန်းမှုအလားအလာကောင်းသော အသားတိုးဆိတ်မျိုးဖြစ်သည်။

ဆာနန်နို့စားဆိတ်မျိုးမှာ နို့ရရှိရန်အတွက် အဓိကရည်ရွယ်မွေးမြူကြပြီး အဖြူရောင်နှင့် နို့နှစ်ရောင်ရှိတတ် သည်။   အရွယ်ရောက်ပြီးအထီးသည်ကိုယ်အလေးချိန် ၇၀ ကီလိုနှင့် အမသည်   ၅၀ ကီလိုခန့်ရှိနိုင်ပြီး အရွယ်အစားကြီး သကဲ့သို့ နို့ထွက်နှုန်းနှင့် နို့အရည်အသွေးကောင်းမွန်ကြသည်။ နို့အုံနှင့်ခန္ဓာကိုယ်ပုံစံအချိုးကျနပြီးပြေပြစ်လှပသည်။ ဦးခေါင်းသေးသည်။ နားရွက်များမှာ ချွန်၍ ထောင်ပြီး အရွယ်အစားသေးသည်။

 

သိုးမွေးမြူရေးတွင်လည်း ဒေသသိုးမျိုးကိုသာ အဓိကမွေးကြသည်။ ခန္ဓာကိုယ်အဖြူရောင်ရှိပြီးဦးခေါင်းဝါနှင့်အမြီးမှာ တံကောက်ကွေးအောက်အထိရှည်သောခေါင်းဝါမျိုး(ကုလားသိုးဟုလည်း ခေါ်ကြသည်)အား အဓိကမွေးမြူကြပြီး ဦးခေါင်းမည်းအမြီးတိုမျိုးများထက် ကြီးထွားနှုန်းပိုမိုကောင်းမွန်ကြသည်။ အသားနှင့်သိုးမွေးရရှိရေးအတွက်ရော အဓိကရည်ရွယ်မွေးမြူခဲ့ကြသည်။ ယခုအချိန်တွင် သိုးမွေးဈေးကွက်အခက်အခဲအရအသားအတွက်သာအဓိကထားမွေးမြူကြကြောင်းတွေ့ရှိရသည်။ သိုးများမှာ ဆိတ်နှင့်အခြားသတ္တဝါများထက် အုပ်စုဖွဲ့နေထိုင်တတ်ခြင်း၊ အစာကြမ်းဒဏ်ပိုမို ခံနိုင်ခြင်းများကြောင့် ထိန်းကျောင်းမွေးမြူရန်လွယ်ကူကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင် မွေးမြူတောင်သူများအနေဖြင့် ဆိတ်၊သိုးမျိုးများရရှိနိုင်မှု အားသာချက်များမှာ အရည်အသွေးကောင်းမွန်ပြီးဒေသရာသီဥတု၊သဘာဝပေါက်ပင်များနှင့် အသားကျပြီးသော ဒေသမျိုးရင်းများအလွယ်တကူရရှိနိုင်ခြင်း၊ ဒေသနှင့်သင့်လျော်သောနိုင်ငံခြားမျိုးများ ဝယ်ယူရရှိနိုင်ခြင်းအပြင် ဆိတ်မေထုန်မဲ့သားစပ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဆိတ်မျိုးရည်ခဲချောင်းထုတ်လုပ်ရေး၊ နည်းပညာဖြန့်ဝေရေးနှင့် မြေပြင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

အစာကျွေးမွေးခြင်းနည်းစနစ်

အစာစားသုံးမှုအနေဖြင့် ဆိတ်၊ သိုးများမှာ အစာအိမ်အခန်းလေးခန်းပါသော စားမြုံ့ပြန်သတ္တဝါများဖြစ်ပြီး အခြားတိရစ္ဆာန်များမစားသောအသီးအရွက် အတော်များများကို  စားနိုင်ကြသည်။  ဆီး၊ ဆီးခလောက်၊ ခံပင်၊ ဇင့်နီ၊ ဘောစကိုင်း၊ မြေစာမြက်၊ မန်ကျည်းရွက်၊ တမာ၊ ရှားရွက်၊ ကုက္ကိုရွက်၊ ထနောင်းရွက်၊ ဝါးရွက်၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲမျိုးစုံအရွက်များ၊ အဝေရာရွက်၊ အဝေရာသီး၊ မဲဇလီ၊ မြင်းခွာရွက်၊ အခြားအသီးအစေ့အဆန်များအား ကြိုက်နှစ်သက်ကြသည်။ ဖြည့်စွက်စာအနေနှင့် ပဲဖတ်၊နှမ်းဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ ဆန်ကွဲ၊ ဖွဲနု၊ ကုလားပဲခွံ၊ပဲမျိုးစုံခွံ၊ နေကြာစေ့ဖတ် စသည်ဖြင့် မိမိတို့လက်လှမ်းမီရာ ကျွေးမွေးနိုင်သည်။ ဖြည့်စွက်စာအား မတူညီသော အစာအမယ်အမျိုးမျိုးကို စနစ်တကျရောစပ်၍ကျွေးရန် လိုအပ်သည်။အစာတွင်အိမ်သုံးဆားထည့်ကျွေးခြင်း၊ သတ္တုဓာတ်များပြည့်စုံစေရန် ယူရီးယားသကာတုံးကဲ့သို့သော ဓာတ်ဆားခဲတုံးများအားလျှာဖြင့်လျက်၍ စားနိုင်ရန် ချိတ်ဆွဲပေးထားခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။ သို့မှသာ ၎င်းတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုနှင့် သားမွေးခြင်းကိစ္စများအတွက် အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းမည် ဖြစ်သည်။  အစာကျွေးမွေးရာတွင် အသက်အရွယ်နှင့် ခန္ဓာကိုယ်အလေးချိန်အရွယ်အစားပေါ်  မူတည်၍ကျွေးရပြီး ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလေးချိန်၏ (၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း)အထိ အစာစားကြ၍ လုံလောက်အောင် တွက်ချက်ကျွေးရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင်ဆိတ်မများ၊ နို့တိုက်ဆိတ်မများအတွက် အစာနှင့်ဓာတ်ဆားများ ပိုပြီးလိုအပ်သည်။ လိုအပ်သောစွမ်းအင်ဓာတ်၊ အသားဓာတ်နှင့်သတ္တုဓာတ်များစုံလင်အောင် အချိုးကျရောစပ်ကျွေးရန်လိုအပ်သည်။ ဖြည့်စွက်စာအတွက် အစာစပ်ခြင်းအား ဖော်ပြပါအတိုင်း နမူနာတွက်ချက်ကျွေးမွေးနိုင်သည်။

အစာကျွေးမွေးမှုမှာ မွေးမြူသောနည်းစနစ်ပေါ်တွင်လည်း မူတည်သည်။   မြန်မာနိုင်ငံတွင် မွေးမြူနည်းစနစ်သုံးမျိုးတွေ့ရှိရပြီး  လွှတ်ကျောင်းစနစ်၊တစ်ဝက်လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်တို့ဖြစ်ကြသည်။ လွှတ်ကျောင်းစနစ်တွင် ဆိတ်၊ သိုးများအားလွှတ်ကျောင်းခြင်းဖြင့်အစာစားစေပြီး ခြံသို့ပြန်သိမ်းချိန်တွင်   ဖြည့်စွက်စာအနည်းငယ်သာ  ကျွေးရန်လို သောစနစ်ဖြစ်သည်။

လွှတ်ကွင်း၌ အစာပင်ပေါများပါက   ဖြည့်စွက်စာကုန်ကျစရိတ်နည်းသည်။ တစ်ဝက်လွှတ်ကျောင်းစနစ်မှာ  အချို့အချိန်တွင် လွှတ်ကွင်းသို့လွှတ်ခြင်း၊ ခြံသို့ပြန်သွင်းချိန်တွင် အစာကြမ်းနှင့်ဖြည့်စွက်စာ အစာနုကျွေးခြင်းဖြင့်မွေးမြူသောစနစ်ဖြစ်သည်။ လွှတ်ကျောင်းစနစ်ထက်စာလျှင် အစာကုန်ကျမှုပိုများသည်။

ခြံလှောင်မွေးစနစ်မှာ ဆိတ်၊ သိုးများအားလမ်းလျှောက်ရန် ခြံတွင်းလွှတ်ကွင်းသို့ လွှတ်သည်မှအပ အစာရိတ် သိမ်းကျွေး မွေးခြင်း၊ ဖြည့်စွက်စာကျွေးမွေးခြင်းတို့အား လုံလောက်စွာစီမံကျွေးမွေးပြီး ခြံလှောင်မွေးသော  စနစ်ဖြစ်သည်။ ထိန်းသိမ်း စောင့်ရှောက်မှုအားသာချက်များရှိပြီး အစာကုန်ကျမှုနှင့်လုပ်အားစရိတ်များ  ပိုမိုကုန်ကျသောစနစ်ဖြစ်သည်။ မည်သည့် စနစ်ဖြင့်မွေးမြူစေကာမူ  သန့်ရှင်းလတ်ဆတ်သော သောက်သုံးရေလုံလောက်စွာရရှိရန်အတွက် စီမံ ဆောင်ရွက်ပေးရ သည်။ လုပ်အားအနေဖြင့်   သာမန်အခြေအနေတွင် ဆိတ်၊ သိုး ၃၅ ကောင်မှ အကောင်  ၅၀ အတွက် လုပ်သား တစ်ယောက်နှုန်းလိုအပ်ပြီးသောက်သုံးရေအနေဖြင့်တစ်ကောင်လျှင်တစ်ရက်တစ်လီတာနှုန်းခန့်လိုအပ်သည်။   နေထိုင်စားသောက်ရာတွင်  သန့်ရှင်းမှုကိုနှစ်သက်ကြပြီးခုန်ပေါက်ဆော့ကစားခြင်း၊ သစ်တုံးနှင့်အရာဝတ္ထုများ အပေါ် တက်လိုက် ဆင်းလိုက် ဆော့ကစားရခြင်းတို့ကို နှစ်သက် သည်။ ဆော့ကစားနိုင်ရန် စီမံဆောင်ရွက် ပေးထားခြင်း ဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုတိုးတက် စေကြောင်းသိရှိရသည်။

မွေးခြံဆောက်လုပ်ခြင်း

အဆောက်အအုံအနေဖြင့် သစ်သား၊ ဝါး၊ သက်ငယ်များဖြင့် အဆင်ပြေသလိုဆောက်လုပ်နိုင်ပြီး လေဒဏ်နှင့် မိုးဒဏ် ကာကွယ်နိုင်ပြီးသန့်ရှင်းခြောက်သွေ့ရန်အဓိကလိုအပ်သည်။  အရွယ်အလိုက် ကြမ်းခင်းအကျယ်လိုအပ်မှုမှာ အောက်ပါ အတိုင်းဖြစ်သည်။

လိုအပ်သောအဆောက်အအုံ၊ ကပ်ပါးရောဂါနှင့် အခြားလိုအပ်သော ကာကွယ်ဆေးများပုံမှန်ထိုးနှံပေးထားပါက ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အခြားတိရစ္ဆာန်များထက်   ရောဂါဖြစ်ပွားမှု နည်းပါးသည်။

ဈေးကွက်အားသာချက်အနေဖြင့်  ဆိတ်၊ သိုးမွေးမြူရေးလုပ်ငန်းသည်  အခြားသောမွေးမြူရေး လုပ်ငန်းများထက် ပိုမိုအားသာကြောင်းတွေ့ရှိရသည်။ တရုတ်၊ ယိုးဒယား၊ မလေးရှား  စသောပြည်ပနိုင်ငံများသို့ တရားဝင်ပို့ဆောင် နိုင်သောဈေးကွက်ရှိနေခြင်းမှာ အားသာချက်တစ်ခုဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့်လည်း နို့ခွဲအရွယ် သုံးလသား၊ လေးလသားမှစတင်၍ ဈေးကွက်ပို့ဆောင်နိုင်ပြီဖြစ်သည်။ မျိုးလိုင်းမွေးမြူသူ၊ ကဆီ(သင်းကွပ်၍ အသားတိုးမွေးခြင်း) မွေးမြူသူများအနေဖြင့် အရွယ်စုံဝယ်ယူမွေးမြူကြသည်ကိုတွေ့ရှိရပြီး အသားခြောက်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိရာ အသားဈေးကွက်နှင့် မွေးမြူရေး ဈေးကွက်များ အနေဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိနိုင်သော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။  ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှလူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျ ကာကွယ်ထိန်းချုပ်ရန်   လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြသည်။ လေ့လာသူများသိရှိနိုင်ရန် ဆိတ်၊ သိုးမွေးမြူထုတ်လုပ်ရေး ခြံများတွင် ကျွမ်းကျင်ပညာရှင်များဖြင့်မဖြစ်မနေ ထိုးနှံပေးရမည့်တိရစ္ဆာန်ကူးစက်ရော ဂါကာကွယ်ဆေးများ ကို ဖော်ပြလိုသည်။

ယင်းတို့မှာ-(၁) ခွာနာလျှာနာရောဂါကာကွယ်ဆေး

(၂) ထောင့်သန်းနာရောဂါကာကွယ်ဆေးတန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ် GAHP များအတိုင်းလိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာစံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးသားနှင့်ကလီစာအတွက်စံချိန်စံညွှန်း

ဤစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးသားနှင့်ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်း နှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍  အပိုင်းသုံးပိုင်းရှိသည်ဟုယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှပြည်တွင်းသာမက ပြည်ပပို့ကုန် အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်းသိရှိနိုင်သည်။

ထုတ်ပြန်ပြီး ဆိတ်၊ သိုးသားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့်အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်သည်-

(၁)  ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးဆိတ်သားနှင့် စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၂)  သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း

(၃)  သားသတ်ပြီးနောက်တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း

(၄)  နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို  အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

(၅)  နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့်အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

(၆)  သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၇)  မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက်  ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ

(၈)  အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၉)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း

(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း

နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှခွင့်ပြုချက်ရရှိပြီး  ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်း များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်  ဆက်သွယ်မေးမြန်းလေ့လာနိုင်သည်။

မွေး၍ရသောရွှေ

မြန်မာနိုင်ငံအနေဖြင့်  ဆိတ်၊ သိုးမွေးမြူရေးလုပ်ငန်းတွင် အထက်ဖော်ပြပါအားသာချက်များဖြစ်သော ဒေသမျိုးရင်း မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိနိုင်မှု၊ ဆိတ်မွေးမြူရေးအား ရင်းနှီးကျွမ်းဝင်ပြီးသော မွေးမြူတောင်သူများ ရှိခြင်း၊ ဆိတ်၊ သိုးမွေးမြူရေးအောင်မြင်ဖြစ်ထွန်းနိုင်သော သဘာဝပေါက်ပင်နှင့် ရေမြေရာသီဥတုများရှိခြင်း၊ လက်ရှိ ဈေးကွက်အပြင် ဈေးကွက်ထပ်မံချဲ့ထွင်နိုင်သောအခြေအနေကောင်းများရှိခြင်း၊ နည်းပညာအကူအညီများရယူနိုင် သော  အခွင့်အလမ်းများရှိခြင်းစသောအားသာချက်များအား ဟန်ချက်ညီညီအသုံးချ၍ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါ က တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအထိ တောင်သူများဝင်ငွေတိုးတက်ရေးနှင့်  နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုဖြစ်ထွန်းမည့် “မွေး၍ရသောရွှေ”ဟုတင်စားခေါ်ဆိုနိုင်သော  မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း   တင်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

 

အောင်သက်စိုး(သဖန်း)

ခံနိုင်ရည်ရှိသောစိုက်ပျိုးရေးအစားအစာစနစ်များနှင့် သစ်တောဂေဟစနစ်များ

စားရေရိက္ခာဖူလုံရေးသည်  မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးအစားအစာစနစ်များ(Agrifood Systems)နှင့်သစ်တောဂေဟစနစ်များ(Forest Ecosystems)သည် အစားအစာများ၊ ဇီဝလောင်စာများ ၊ သစ်တောထွက်ပစ္စည်းများ၊ စွမ်းအင်၊ ဆီထွက်သီးနှံများ၊ စားရေရိက္ခာများ  စသည့်ထုတ်ကုန်များထုတ်လုပ်ရုံသာမက အပန်းဖြေမှု၊ ယဉ်ကျေးမှုအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုးကို လူသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးလျက်ရှိပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ “အစားအစာစနစ်”ဟူသော ဝေါဟာရတွင် အစားအစာထုတ်လုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးခြင်းတို့ပါဝင်သည်။ အစားအစာစနစ်များ မှန်ကန်ကောင်းမွန်ပါမှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့်ပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုးသက်ရောက်မည်ဖြစ်သည်။ အစားအသောက်ဘေးကင်းရေးသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ခုသာမက အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကိုလျှော့ချရာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။

ကမ္ဘာလုံးဆိုင်ရာ ဇီဝစီးပွားရေး (Global Bioeconomy) သည် ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖွဲ့စည်းထားရုံသာမက အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စိုက်ပျိုးရေးအစားအစာနှင့်သစ်တောဂေဟစနစ်များသည်  တစ်ခုနှင့်တစ်ခုနီးကပ်စွာချိတ်ဆက်လျက်ရှိပြီး အဆိုပါစနစ်များ၏ ကုန်ပစ္စည်းထုတ်လုပ်မှုများသည် ရေ၊ မြေဆီလွှာ၊ ဇီဝအာဟာရကြွယ်ဝမှု၊ စွမ်းအင်၊ ရာသီဥတု  စသည့်    သဘာဝပတ်ဝန်းကျင်အခြေအနေများပေါ်တွင် မူတည်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေးအစားအစာစနစ်များနှင့်သစ်တောဂေဟစနစ်များသည် မြေဆီလွှာဖွဲ့စည်းပုံနှင့်  မြေဩဇာထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာဇလဗေဒ ထိန်းညှိခြင်းစသည့်အရေးကြီးသော အခန်းကဏ္ဍများတွင်  အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သကဲ့သို့ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိပါက ရေနှင့်မြေဆီလွှာညစ်ညမ်းမှုနှင့် မြေဆီလွှာနှင့် သဘာဝမြေသယံဇာတများပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ယခုအခါ စိုက်ပျိုးရေးစားရေရိက္ခာများ၊ လယ်ယာထွက်ကုန်များနှင့် သစ်တောသယံဇာတများ၊ အစားအစာစနစ်နှင့် သစ်တောဂေဟစနစ်များသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မကြုံစဖူးဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ကျူးကျော်မျိုးစိတ်များဝင်ရောက်မှု၊ ရေ၊ လေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေအသုံးချမှုပြောင်းလဲခြင်း (ဥပမာ မြို့ပြအဖြစ်ပြောင်းလဲခြင်းအပါအဝင်) စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရလျက်ရှိသည်။ ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စားရေရိက္ခာနှင့် သစ်တောထွက်ပစ္စည်းများ ဝယ်လိုအားသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာလျက်ရှိသည်။ အကန့်အသတ်ဖြင့်သာရှိသော သဘာဝသယံဇာတအရင်းအမြစ်များအပေါ် မှီခိုမှုအဆမတန်များပြားလာခြင်း၊ လိုအပ်ချက်များ မြင့်တက်၍ ဝယ်လိုအားတိုးပွားလာခြင်းသည် သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်စေရန်   ဦးတည်လျက်ရှိသဖြင့်ပိုမိုထိရောက်သောအသုံးချမှုနှင့်ကာကွယ်ထိန်းသိမ်းမှုများကို အလေးထားဆောင်ရွက်ကြရန် မီးမောင်းထိုးပြလျက်ရှိသည်။

ဘေးကင်းပြီး  အာဟာရပြည့်ဝသည့်စားရေရိက္ခာများ

စားရေရိက္ခာဆိုသည်မှာသက်ရှိသတ္တဝါများ  ရှင်သန်ကြီးထွားနိုင်ရန်အတွက်လိုအပ်သော   အာဟာရဖြစ်စေသည့်အရာများဖြစ်ပြီး လူသားတို့အသက်ရှင်မှုအတွက်    စွမ်းအင်ကိုပြည့်ဝစေရန်အဓိကထောက်ပံ့သော ပစ္စည်းများဖြစ်သည်။ စားရေရိက္ခာများသည် လူ့ဘ၀၏ဗဟိုချက်ဖြစ်ပြီး လူသားများ၏တည်ရှိမှုအတွက်သာမက လူသားများ၏ ယဉ်ကျေးမှုစံနှုန်းများနှင့်   လူမှုဘဝနေထိုင်မှုအတွက်လည်း   အခြေခံအုတ်မြစ်ဖြစ်သည်။    လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သော စွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်သည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံးလိုအပ်ချက်လည်းဖြစ်သည်။

မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့်ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော    လယ်ယာထွက်ကုန်အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ထုတ်ကုန်များဖြစ်ကြသည်။    အပင်အမျိုးမျိုးမှ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အဆီများနှင့်တိရစ္ဆာန်များမှအသားနှင့်အဆီ စသည့်စားရေရိက္ခာတို့ကိုရရှိသည်။ မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့်ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော လယ်ယာထွက်ကုန်အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များဖြစ်ကြသည်။ စားရေရိက္ခာသည် လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန်အဓိကထောက်ပံ့သောပစ္စည်းများဖြစ်သည်။

ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ပန်းတိုင် ၂ သည် “ဆာလောင်မွတ်သိပ်မှု လုံးဝမရှိ”ရန်ဖြစ်ပြီး“ငတ်မွတ်မှုရပ်တန့်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့်ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့်ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ရန်”ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင်ငတ်မွတ်ခေါင်းပါးမှုနှင့်အာဟာရချို့တဲ့မှုပုံစံအားလုံးကို အဆုံးသတ်ရန် ရည်မှန်းထားပြီး လူသားအားလုံး အထူးသဖြင့် ကလေးငယ်များ တစ်နှစ်ပတ်လုံးအာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာရရှိကြောင်းသေချာစေရန်ချမှတ်ထားသည့်ရည်မှန်းချက်လည်းဖြစ်သည်။

အစားအစာဖူလုံရုံသာမက ဘေးကင်းပြီး  အာဟာရပြည့်ဝသောအစားအစာ၊ အရည်အသွေးပြည့်ဝသော အစားအစာလုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးသည်။ အစားအသောက်ကြောင့်ဖြစ်သော ရောဂါအမျိုးပေါင်း ၂၀၀ ခန့်ကြောင့် နှစ်စဉ် သန်း ၆၀၀ ဖျားနာကြပြီး နှစ်စဉ်သေဆုံးမှု ၄၂၀,၀၀၀ ကျော်ရှိကြောင်းသိရှိရသည်။  ၂၀၁၉  ခုနှစ်တွင် ကမ္ဘာပေါ်ရှိခန့်မှန်းခြေလူပေါင်း ၂  ဘီလီယံခန့်သည် ဘေးကင်းသော၊  အာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာကို ပုံမှန်လက်လှမ်းမီနိုင်ခြင်းမရှိကြောင်း သိရှိရပြီး အဆိုပါအတိုင်းဆက်လက်ဖြစ်ပေါ်နေပါက ငတ်မွတ်မှုဒဏ်ခံရသောလူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် သန်း ၈၄၀ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ၈ ရာခိုင်နှုန်းကျော်သွားမည်ဖြစ်သည်။

သစ်တောဂေဟစနစ်ဝန်ဆောင်မှုများသစ်တောအခြေခံစိုက်ပျိုးရေးစားရေရိက္ခာစနစ်များနှင့်  အစားအစာစနစ်များသည် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ပေါင်းစည်းထားသည့်စနစ်များဖြစ်သည်။ သစ်တောအခြေခံစိုက်ပျိုးရေး အစားအစာစနစ်များ (Forests-based agrifood systems) သည် သဘာဝဂေဟစနစ်များနှင့် လူသားများ၏ ခံနိုင်ရည်အားကို  ကောင်းမွန်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေဖြစ်စေရေးကို အထောက်အကူပြုစေသည်။ ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော  သစ်တောစီမံအုပ်ချုပ်မှုစနစ်၊ စိုက်ပျိုးရေးစနစ်နှင့်အာဟာရဆိုင်ရာအလေ့အကျင့်ကောင်းများကို  ကျယ်ပြန့်စွာကျင့်သုံးခြင်းဖြင့် ပျက်စီးယိုယွင်းနေသော မြေဆီလွှာများကို ပြန်လည်ထိန်းသိမ်းမည်ဖြစ်သည်။ 

သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများသည်  စားရေရိက္ခာထုတ်လုပ်မှုတိုးတက်စေရေးအတွက်သာမက  ငွေကြေးဖြင့်တန်ဖိုးမဖြတ်နိုင်သော  အကျိုးကျေးဇူးအမျိုးမျိုးပံ့ပိုးလျက်ရှိသောကြောင့် သက်ရှိလောကအတွက်    အဖိုးတန်လှသည်။
သစ်တောများမှ

(က) ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှု (Provisional Services)၊ဥပမာ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ စားရေရိက္ခာ၊   ရေကောင်းရေသန့်ရရှိစေခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ 

(ခ)ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာဝန်ဆောင်မှု(Regulating Services)၊ ဥပမာ ရာသီဥတုပြောင်းလဲမှုအားထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်း ဆိုင်ရာဝန်ဆောင်မှု၊ ရေ၊ လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက်စားမှုမြေပြိုမှုများမှကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့်ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်းစသည့်ဝန်ဆောင်မှုလုပ်ငန်းများ၊  

(ဂ)ယဉ်ကျေးမှုနှင့်စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Spirit)၊ ဥပမာ  အပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာဝန်ဆောင်မှု၊ ယုံကြည်ကိုးကွယ်မှုရိုးရာဓလေ့ဆိုင်ရာ ဝန်ဆောင်မှုများနှင့် (ဃ)ဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အကူပေးသည့်လုပ်ငန်းများ (Supporting Services)၊ ဥပမာမြေဆီလွှာဖြစ်ပေါ်လာမှုဖြစ်စဉ်အဆင့်ဆင့်အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများအား ချိတ်ဆက်ပေါင်းစပ်ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို သစ်တောများက ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသည်။

ကောင်းမွန်သောဂေဟစနစ်နှင့်ဘေးကင်းသောစားရေရိက္ခာများ

တည်ငြိမ်ကောင်းမွန်သော ဂေဟစနစ်များသည် အပင်များနှင့်တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ စားရေရိက္ခာထုတ်လုပ်သည့်နည်းလမ်းနှင့် အစားအစာများသည် သဘာဝပတ်ဝန်းကျင်နှင့်နက်ရှိုင်းစွာဆက်စပ်နေသည်။ ဂေဟစနစ်တည်ငြိမ်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စားရေရိက္ခာထုတ်လုပ်မှု ဖြစ်ထွန်းအောင်မြင်နိုင်သည်။ရေရှည်မတည်တံ့နိုင်သောအစားအစာထုတ်လုပ်မှုနှင့် စားသုံးမှုအလေ့အထများကျယ်ပြန့်လာပြီး အစားအစာစနစ်များ ပျက်စီးလာသောအခါ အကျိုးဆက်အနေဖြင့်  ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာရသည်။

အစားအစာအရင်းအမြစ်များဖြစ်သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင်၊ သဘာဝပတ်ဝန်းကျင်နှင့်   လိုက်လျောညီထွေဖြစ်အောင် စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိပါက စားနပ်ရိက္ခာထုတ်လုပ်ရေးကို ထိခိုက်စေရုံသာမက မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော ဘေးအန္တရာယ်များကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း စသည့်ဆိုးကျိုးများစွာ ဖြစ်လာစေနိုင်သည်။

သဘာဝဂေဟစနစ်များသည် စားရေရိက္ခာများ တိုက်ရိုက်ထုတ်လုပ်ပေးသည့် အရင်းအမြစ်များဖြစ်ပြီး ဝတ်မှုန်ကူးခြင်း၊မြေဆီလွှာဖွဲ့စည်းခြင်း၊ အာဟာရစက်ဝန်းလည်ပတ်ခြင်းနှင့်ရေထိန်းညှိခြင်း စသည့်ဂေဟစနစ်ဝန်ဆောင်မှုများကို  ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးနှင့်အာဟာရပြည့်စုံကြွယ်ဝစေရေးအတွက် ပံ့ပိုးပေးသည်။ ရေရှည်တွင် သဘာဝနှင့်လိုက်လျောညီထွေရှိသောခံနိုင်ရည်ရှိသော   အစားအစာစနစ်များ၊စားရေရိက္ခာထုတ်လုပ်မှုပုံစံများသာလျှင်လူသားများအတွက် ကျန်းမာဘေးကင်းပြီး ယုံကြည်စိတ်ချရသော အစားအစာအရင်းအမြစ်ကို ထုတ်လုပ်ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိနှင့်အနာဂတ်မျိုးဆက်များ၏  ကောင်းကျိုးချမ်းသာအတွက်၊ စားရေရိက္ခာပြည့်စုံဖူလုံစေရေးအတွက် သစ်ပင်သစ်တောများ၊ဂေဟ စနစ်များ၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလွန်အရေးကြီးသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ သစ်တောများ၏ အရေးပါသည့်အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်နှင့်သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ  ၂၁ ရက်ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) ၏ဆောင်ပုဒ်မှာ “သစ်တောများနှင့် စားရေရိက္ခာများ” (Forests and Foods) ဖြစ်သည်။ သစ်ပင်သစ်တောများသည် စားရေရိက္ခာဖူလုံခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အာဟာရပြည့်ဝ စေခြင်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အလွန်အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်နေခြင်းကို မီးမောင်းထိုးပြသည့်အနေဖြင့် အဆိုပါဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကထုတ်ပြန်ထားသော သစ်တောများနှင့် စားရေရိက္ခာဆက်စပ်နေသည့် အဓိကသတင်းစကားများ မျှဝေထားသည်ကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်-

     ရာသီဥတုပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ စီးပွားရေးကျဆင်းမှု၊မညီမျှမှုနှင့်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာပေါ်ရှိလူပေါင်း ၇၃၃ သန်းခန့်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၁၅ သန်းသည် အာဟာရချို့တဲ့လျက်ရှိပြီး တစ်နေ့လျှင်ကလေး ၁၆၀၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးခြင်းကြောင့်သေဆုံးနေကြောင်း၊

     သစ်တောများသည် လူသန်းပေါင်းများစွာအတွက် စားရေရိက္ခာ၊ ဆေးဝါးနှင့်အသက်မွေးဝမ်း‌ကျောင်းများကို ပံ့ပိုးပေးကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူ ၅ ဘီလီယံကျော်သည် သစ်တောနှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုကြလျက်ရှိကြောင်း၊ နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိကြောင်း၊

     အပူပိုင်းသစ်တောများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့်ညီမျှသော စိုက်ပျိုးရေးအတွက် ဝတ်မှုန်ကူးခြင်းကို ကူညီထောက်ပံ့ပေးကြောင်း၊ ကမ္ဘာ့စားရေရိက္ခာ၏ ၃ ပုံ ၁ ပုံခန့်ကို တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများမှ ထုတ်လုပ်ပေးကြောင်း၊

     သစ်တောများနှင့် သစ်ပင်များသည် အစေ့အဆန်များ၊ သစ်သီးများ၊ အစေ့များ၊ အမြစ်များ၊ ဥများ၊အရွက်များ၊ မှိုများ၊ ပျားရည်၊ တောရိုင်းအသားများနှင့် အင်းဆက်ပိုးမွှားများကြွယ်ဝသော အရင်းအမြစ်များဖြစ်ပြီး လူတို့၏အစားအသောက်အတွက် မရှိမဖြစ်လိုအပ်သောအာဟာရများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊

     သစ်တောများမှ တောရိုင်းတိရစ္ဆာန်အသားများသည် ပရိုတင်းနှင့်အဏုအာဟာရဓာတ်များ၏ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများနှင့် ကျေးလက်နေပြည်သူများအတွက် အရေးကြီးသော ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၂၀၀ ကျော်ကို အစာအဖြစ် အသုံးပြုကြကြောင်း၊

     ပုံမှန်စားရေရိက္ခာရင်းမြစ်များ မရရှိနိုင်သောကာလများ၊ ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ ကျရောက်သောကာလများ၊ အကျပ်အတည်းကာလများတွင် သစ်တောများသည် စားရေရိက္ခာဘေးကင်းရေးနှင့်အစားအစာရရှိရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုအဖြစ်ပံ့ပိုးကြောင်း၊

     လူဦးရေ ၂ ဘီလီယံကျော်သည် အစားအစာချက်ပြုတ်ရန်အတွက် သစ်သားနှင့်အခြားရိုးရာလောင်စာများကို မှီခိုအားထားနေရပြီး အဆိုပါလောင်စာများကို သစ်တောများမှရရှိကြောင်း၊

     အပူပိုင်းသစ်တောများသည် လူများအတွက် ကျန်းမာရေးဂရုစိုက်မှုအဖြစ် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့်ညီမျှသည့် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးကြောင်း၊

     ကမ္ဘာ့သစ်တောဧရိယာ ဟတ်တာသန်းပေါင်း ၃၃၀ သည် မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးပေးကြောင်း၊

     သစ်တောပြုန်းတီးသောရေဝေရေလဲများသည် ကမ္ဘာ့မြို့ကြီးများ၏ ၈၅  ရာခိုင်နှုန်းကျော်အတွက် ရေချိုကိုထောက်ပံ့ပေးပြီး ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုသည် မြို့ပြကြီးများတွင် နေထိုင်သူ ၁ ဒသမ ၇ ဘီလီယံကျော်အတွက် ရေအရည်အသွေးကိုမြှင့်တင်ပေးနိုင်ကာ ၎င်းတို့၏ စားနပ်ရိက္ခာနှင့်ရေဖူလုံမှုကိုအထောက်အကူပြုကြောင်း၊

     သစ်တောများမှ ထုတ်လုပ်ပေးသော စွမ်းအင်သည် ဆိုလာ၊ ရေအားလျှပ်စစ်သို့မဟုတ်လေအားလျှပ်စစ်တို့မှ ထုတ်လုပ်ပေးသော စွမ်းအင်ထက်ပိုမိုပြီး ကမ္ဘာ့ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

ဘေးကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့ စိုက်ပျိုးရေးနှင့်သစ်တောဂေဟစနစ်များထိန်းသိမ်းစို့

ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင် ၁၅ တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ထိန်းသိမ်းကာကွယ်ပြီး စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ သစ်တောများထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ရေးကို   ရည်မှန်းချက်ပန်းတိုင်အဖြစ်  သတ်မှတ်ထားသည်။  လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝအခြေခံအရင်းအနှီးများဖြစ်သည့် မြေသယံဇာတ၊ ရေအရင်းမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ်ကမ်းရိုးတန်းတို့သည် အရေးကြီးသော သဘာဝအခြေခံအရင်းအမြစ်များဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော သစ်တော ဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းများကို အောင်မြင်ရန် ပံ့ပိုးနိုင်သဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များကို ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းရန် လိုအပ်သည်။

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) ကဲ့သို့သော မြေအသုံးချမှုနည်းစနစ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပေါင်းစုဆောင်ရွက်နိုင်သည့် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based solutions)၊ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းများဖြစ်သဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက အကျိုးကျေးဇူးများစွာရနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးအစားအစာစနစ်များ (Agrifood Systems) နှင့်သစ်တောဂေဟစနစ်များ(Forest Ecosystems) ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ သုတေသနနှင့်သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့်သုတေသနအဖွဲ့အစည်းများနှင့်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ဆက်စပ်ပတ်သက်သူများအားလုံး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ပြီး စားရေရိက္ခာဖူလုံကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်းတင်ပြလျက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (၂၀၂၅) အား ဂုဏ်ပြုအပ်ပါသည်။ ။

Source: https://myawady.net.mm/stories

 

သစ်တောမောင်

အနံ့အရသာနှင့်ပြည့်စုံပြီး     အသားထူသော Mulberry မျိုးနွယ်ဝင် ပိန္နဲသီးပင်ကို ဘီစီ ၂ဝဝဝ ခန့်ကတည်းကစ၍ အိန္ဒိယနိုင်ငံတောင်ဘက်ပိုင်းတွင် စတင်တွေ့ရှိခဲ့သည်။ ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများမှာသာမက အပူပိုင်း စိုစွတ်သော ဒေသများဖြစ်ကြသည့် ဂျမေကာ၊ ထရီနီးဒတ်နှင့် အာဖရိကအရှေ့ပိုင်း တို့မှာလည်း ကျယ်ပြန့်စွာတွေ့ရှိရသည်။ 

ယနေ့ကမ္ဘာပေါ်တွင် မလေးရှားနိုင်ငံ၏ ပိန္နဲသီးသည် အရသာအကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့သစ်သီး ဈေးကွက်တွင် လူကြိုက်များ၍ နိုင်ငံခြားဝင်ငွေ အမြောက်အမြားရရှိနေပြီဖြစ်သည်။

ပိန္နဲပင်တို့သည် ကမ္ဘာ့အကြီးဆုံး သီးနှံပင် အမျိုးအစားဖြစ်ကာ အစိမ်းရောင် နှစ်ရှည်ခံပင်များဖြစ်ကြသည်။ သူရှင်သန် ပေါက်ရောက်ရာဒေသနှင့် အမျိုးအစားပေါ် မူတည်ကာ တစ်ခါတစ်ရံတွင် ၉ဝ စင်တီမီတာအထိ မြင့်သော အပင်ကြီး များကို တွေ့ရတတ်သည်။ အပင်၏ ပင်စည်ထဲမှာသာမက အရွက်နှင့် အသီးထဲရှိ အူလယ်တိုင်များမှာလည်း အဖြူရောင် အစေးများ ပါရှိကြသည်။

အသီးပုံသဏ္ဌာန် အမျိုးမျိုးရှိတတ်ပြီး အရွယ်အစားမှာ ၁၅ ကီလိုမှ ၅ဝ ကီလိုအထိ ရှိတတ်သည်။ သစ်သီးများ ထုံးစံ အတိုင်း မမှည့်ခင်မှာ အခွံစိမ်းဖြစ်ပြီး မှည့်လာသောအခါ အဝါရောင်သန်းကာ ရနံ့လည်း မွှေးလာသည်။ မမှည့်ခင် အသီး ထဲရှိအသားမှာ ဖြူဖျော့ဖျော့နှင့် အချိုပေါ့သည်။ အသီးအမြန်မှည့်စေရန် အသီး၏အညှာရိုးတံ နားကပ်ပြီး သစ်သား တုတ်ချောင်း ရိုက်ထည့်ပေးရပြီး မြန်မာအယူအဆအရ “သပ်ရိုက်တယ်” ဟုခေါ်သည်။ အသီးမှည့်လာသောအခါ အခွံပျော့ လာပြီး အထဲရှိ အသားမှာအဝါရောင် ဖြစ်ကာ မွှေးကြိုင်ချိုမြ၍ အလွန်အရသာကောင်းသည်။

ပိန္နဲသီးနှင့်ကျန်းမာရေး

ပိန္နဲသီးသည် အနံ့အရသာရှိရုံမျှမက လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ဖြစ်ကြသည့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်း၊ မဂ္ဂနီစီယမ်၊ ဇင့် စသည်တို့ အမြောက်အမြားပါရှိသည့်အပြင် ဘေးဥပဒ်ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုနည်းကာ ကြေညက်လွယ်သော အမျှင်ဓာတ် အလုံအလောက်ပါရှိနေသည်။ ၎င်းအစွမ်းသတ္တိများက လူကိုခွန်အားဖြစ်စေသည်။

အသီးသာမက အစေ့နှင့်အမြစ်တို့ကလည်း ဆေးဖက်ဝင်ကြသည်။

ပိန္နဲသီးတွင် လူကိုအကျိုးပြုစေသော ဗီတာမင်စီ များစွာပါဝင်သဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးကဲ့သို့ ဗိုင်းရပ် ရာသီဖျား များနှင့်ပြင်ပဘက်တီးရီးယားပိုး အမျိုးမျိုးတို့ မကူးစက်နိုင်အောင် ကာကွယ်ပေးသည်။

ထို့ပြင် သွေးဖြူဥဆဲများကို ကောင်းကျိုးပြု၍ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်နေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို ပိန္နဲသီး တစ်ခွက်စာထဲမှာ အလုံအလောက် ရရှိ နိုင်သည်။

ပိန္နဲသီးတွင် ဗီတာမင်စီ နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သော Phytonutrients များ၊ Lignans, Isoflavones နှင့် Saponins ဓာတ်များ ပါရှိကြသည်။ ၎င်းဓာတ်များက ခန္ဓာကိုယ် ထဲမှာ ကင်ဆာဖြစ်လာမှုကို အားပေးသည့် Free radicals များကို ဖယ်ရှားသုတ်သင်ရုံမျှမက ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်စေနိုင်သော ဆဲလ်များကို ကာကွယ်ပေးသည်။

ပိန္နဲသီးတွင် အမျှင်ဓာတ်များစွာ ပါရှိခြင်းကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ အူကို ကောင်းစွာ အလုပ်လုပ်စေသဖြင့် ဝမ်းမှန်စေသည့်အပြင် အူအမြှေးပါးတွေကို ကျန်းမာစေကာ အူမကြီးကင်ဆာ မဖြစ်စေနိုင် တော့ပေ။   ပိန္နဲသီးမှာ ခန္ဓာကိုယ်တွင်း ဖက်ခွက်နာ၊ ပြည်တည်နာများ မဖြစ်အောင် ကာကွယ်ပေးသည့် အာနိသင်များ ပါရှိနေ၍ အစာအိမ်နာ နှင့် အူလမ်းကြောင်း ရောဂါဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်သည်။

ပိန္နဲသီးတစ်ခွက်စာ ပမာဏထဲတွင်ပါရှိသော ဗီတာမင်အေသည် မုန်လာဥနီ တစ်ခွက်စာထဲတွင် ပါရှိမှု၏ လေးပုံ တစ်ပုံဖြစ်သည်။ ထို့ကြောင့် ဗီတာမင်အေ ပေါကြွယ်ဝသော ပိန္နဲသီးကိုစားပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အမည်းရောင် အစက်အပြောက်များပေါ်ခြင်းနှင့် ကြက်မျက်သင့်ရောဂါစသည့် မျက်ကြည်လွှာ အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်သည်။

ပိန္နဲသီးတွင် ဖရက်တို့နှင့် ဆူးခရို့ကဲ့သို့ အသီးအနှံမှရသော    သဘာဝသကြားဓာတ်တွေ ပါဝင်နေသဖြင့် ပိန္နဲသီး စားပြီးသည် နှင့် တစ်ပြိုင်နက် သိသိသာသာ ခွန်အားတိုးပွားလာစေမည်ဖြစ်သည်။

ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေသော ပြည့်ဝဆီနှင့် ကိုလက်စထရော လုံးဝမပါရှိပေ။

ထို့ကြောင့် နှလုံးကို ကျန်းမာစေသည်။

ပိန္နဲသီးမှာ ဗီတာမင် B-6 ပါရှိ၍ သွေးထဲရှိ Homocystein ပမာဏကို ချပေးနိုင်သည်။ ထို့ပြင် ပိုတက်စီယမ်ဓာတ် ပါဝင်သဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက် သွေးပေါင်တက်ခြင်း၊ ကျခြင်းတို့ မဖြစ်စေနိုင်ပေ။ ထို့ပြင် သွေးတိုးကျစေပြီး သွေးတိုးရောဂါနှင့် ဆက်စပ်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်ပေါ်မှု အလားအလာကို နည်းပါးစေသည်။

ပိန္နဲသီးထဲရှိ ပိုတက်စီယမ်သည် ငှက်ပျောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်၏ ထက်ဝက်မျှပမာဏ ပါရှိသဖြင့် အရိုး များကို ကျန်းမာသန်စွမ်းစေသည်။ ထို့ပြင် ပိန္နဲသီးထဲတွင် မဂ္ဂနီစီယမ်ဓာတ်ပေါကြွယ်ဝသဖြင့် ကယ်စီယမ်စုပ်ယူခြင်းကို   အားပေးသည့်အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေသည်။ ဗီတာမင်ဒီ နှင့် ဟော်မုန်း ပြောင်းလဲခြင်းကြောင့်ဖြစ်တတ်သော အရိုးကြွပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါနှင့် အရိုးအလွယ်တကူ ကျိုးခြင်းတို့မှ ကာကွယ်ပေးသည်။ ကလေးငယ်များ အရိုးသန်စွမ်းစေရန်အတွက် ပိန္နဲသီးက အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်သည်။ သံဓာတ်ပါရှိသဖြင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် ထဲရှိသွေးများကို ကောင်းစွာ လည်ပတ်စီးဆင်း စေသည်။

ပိန္နဲသီးထဲတွင်ပါရှိနေသော ကော့ပါးသတ္တုဓာတ်များက သိုင်းရွိုက်၏ ဇီဝကမ္မ လုပ်ဆောင်ချက်များကို ကောင်းစွာ အကျိုးသက်ရောက်မှုဖြစ်စေသည်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးတွင်ပါဝင် ကူညီပေးသဖြင့် သိုင်းရွိုက်ကို ကျန်းမာစေသည်။

ပိန္နဲသီးထဲတွင် ကယ်လိုရီနှင့် အဆီဓာတ်ပမာဏ ပါဝင်မှုလွန်စွာ နည်းပါးသဖြင့်   ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်း လိုသူများအတွက်  အထူးသင့်လျော် ကောင်းမွန်သည်။သွေးမတိတ်ရောဂါ ဝေဒနာသည်များကို ကောင်းကျိုးပြုပါသည်။ ထို့ပြင် သွေးမတိတ်နာများ နှင့် အနာမကျက်ဘဲ မြုံနေသော ယဉ်းနာများကို ပိန္နဲသီး အသားဖြင့်အုံပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ပိန္နဲသီးထဲတွင် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုမှ  ကာကွယ်ပေးသည်။  အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှလည်း  ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။ ပိန္နဲသီးသည် စိတ်ဖိစီးခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ကောင်းစွာ ပျောက်ကင်းစေသည်။ ခံတွင်း ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည်။

ပိန္နဲသီးအစေ့နှင့် ကျန်းမာရေး

ပိန္နဲသီးအစေ့ကို ပြုတ်စားပါက သွေးလေလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ သက်သာခြင်း၊ခန္ဓာကိုယ်တွင်း အညစ်အကြေး စင်ကြယ်ခြင်း၊ အသားအရေကြည်လင်ခြင်း၊ ကင်ဆာဆဲလ်များကို တိုက်ဖျက် ပေးနိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ပိန္နဲသီးအစေ့ တစ်စေ့ကို နွားနို့အေးအေး ထဲမှာ ခေတ္တစိမ်ထားပြီးနောက် အနှစ်ဖြစ်လာသည်အထိ ကြိတ်ခြေပါ။

မျက်နှာပေါ်ရှိ အရေးအကြောင်းများပေါ်သို့ ၎င်းအနှစ်ဖြင့် သုတ်လိမ်းပေးခြင်းအားဖြင့် ရက်သတ္တလေး ပတ်အကြာ အသားအရေ သိသိသာသာ ထူးခြားကောင်းမွန်လာစေနိုင်သည်။ မျက်နှာပေါ်ရှိ အမာရွတ်များ အတွက် ပိန္နဲသီးအစေ့ကို အခြောက်ခံပြီးနောက် နွားနို့၊ ပျားရည်တို့ဖြင့် အနှစ်ရအောင်ကြိတ်ခြေ၍လိမ်းပေးပါ။

ပိန္နဲသီးပင်အမြစ်နှင့် ကျန်းမာရေး

ပိန္နဲသီးပင်အမြစ်မှ ထုတ်ထားသော အဆီသည် ဝမ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည်။

ပိန္နဲသီးပင် အမြစ်ဟာ အရေပြားပေါ်မှာဖြစ်တတ်သည့် ရောဂါတော်တော်များများကို ပျောက်ကင်းစေသည်။

သနပ်ခါးဖြင့်ရောလိမ်း၍သော်လည်းကောင်း၊ သူ့ချည်းသက်သက်သွေး၍သော်လည်းကောင်း လိမ်းကျံပေးနိုင်သည်။ ပန်းနာရင်ကျပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အပူကြီးဖျားနာခြင်းတို့အတွက် ပိန္နဲသီးပင်အမြစ်ကို ပြုတ်၍သော်လည်းကောင်း၊ သွေး၍သော်လည်းကောင်း သောက်သုံးပေးနိုင်သည်။

ပိန္နဲပင်နှင့်မျက်နှာပေါင်းတင် နည်းလမ်းနှစ်သွယ်

ပိန္နဲသီး၊ အရွက်နှင့် အပင်မြစ်တို့သည် အသားအရေကို ကျန်းမာစေသဖြင့် ယခုအခါ ၎င်းတို့ဖြင့် စီမံ ပြုလုပ်ထားသော ရေချိုးခရင်၊ ဆပ်ပြာရည်၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်း နှင့် ခေါင်းလျှော်ရည် စသည်တို့ကို အလှကုန် ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။   

ပိန္နဲသီးအရွက် ၁ဝ ရွက်ကို ရေစင်အောင်ဆေးပြီးနောက်  ရေအနည်းငယ်ဖြင့် ညှစ်ချပါ။ ရရှိလာသော ပိန္နဲရွက် အရည် (သတ္တုရည်)ကို မျက်နှာအနှံ့ လိမ်းကျံပြီးနောက် အခြောက်ခံထားပါ။  ၁၅ မိနစ်ခန့်အကြာ ရေခပ်နွေးနွေးဖြင့် မျက်နှာ သစ်ပေးလိုက်ပါ။  အသားအရေ   နူးညံ့သန့်စင် သွားစေပါလိမ့်မည်။  အစေ့ဖယ်ထားသော ပိန္နဲသီးမှည့် ငါးမြွှာ၏ အသား ကို ကြိတ်စက်ဖြင့်ကြိတ်ခြေပြီးနောက် ရရှိလာသော အနှစ်ကို  သကြားစားပွဲတင် ဇွန်းနှစ်ဇွန်းရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။   မိနစ် ၂ဝ ခန့်အကြာ   ရေအေးအေးလေး ဖြင့် ဆေးကြောသန့်စင်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ်လုပ်ပေးရုံမျှဖြင့် မျက်နှာအရေပြားပေါ်ရှိ  ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေလေး ဝင်းမွတ်တောက်ပလာပါလိမ့်မည်။ ပိန္နဲသီးအဆန်ကြီး၊ မကြီးကို အသီးခွံကြည့်ပြီး ခွဲခြားနိုင်သည်။ အပြင်က ပိန္နဲခွံဆူး တွေကြီးပြီး ကျဲနေလျှင် အသီးရင့်ပြီး အဆန်ပြည့်ပါသည်။ အခွံဆူးတွေ စိပ်ပြီးသေးနေလျှင် အသီးနုပြီး အဆန်ကျဲ ပါသည်။

ပိန္နဲသီးအစေးသည် အလွန်စေးကပ်သဖြင့် အဝတ်အစားများ စွန်းထင်းပါက ရေဖြင့်မည်မျှပင် ဆေးကြောပါသော်လည်း မပြောင်နိုင်တော့ပေ။ အသီးခွံကို ခွဲသည့်အခါ အစေးများ ကပ်မနေစေရန်အတွက် လက်နှင့် ဓားတို့ကို ဦးစွာ ဆီသုတ် လိမ်းပါ။ အစေးများ လက်ပေါ်ပေသွားပါက လက်ကို ဆန်အိုးထဲထည့်ပြီး ဆန်စေ့များဖြင့် ပွတ်သပ်ပေးပါ။

သတိပြုရန်

-  ပိန္နဲသီးကို ပျားရည်နှင့် တွဲဖက်စားမိပါက အော့အန်တတ်သည်။

-  ဆီးချိုရောဂါသည်များ မစားသင့်ပါ။

-  ကိုယ်ဝန်ဆောင်သည်များနှင့်   အမျိုးသမီးများ ဓမ္မတာလာစဉ်တွင် ပိန္နဲသီးကို အလွန်အကျွံမစားသင့်ပေ။ estrogen hormone ကို ပျက်စီးစေနိုင်ပါသည်။

- ပိန္နဲသီးသည် ပင်ကိုသဘာဝအရ ကြေညက်ခဲသော အစာဖြစ်၍   ညက်ညက်ဝါးစားပါ။    အစာအိမ်ရောဂါသည်များ အလွန်အကျွံ စားပါက အစာကို ချေဖျက်ပေးသည့် အက်စစ်ဓာတ်များ တဖြည်းဖြည်း တိုးပွားလာကာ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်တတ်သည်။

-  ပိန္နဲသီးအပါအဝင် အစေးပါသော သစ်သီးများက အပူဓာတ်ဖြစ်၍ အလွန်အကြူး မစားသင့်ပေ။

အချုပ်အားဖြင့်ဆိုသော် ပိန္နဲသီးသည် အနံ့၊ အရသာနှင့်ပြည့်စုံသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင် ဓာတ်စာ တစ်မျိုးလည်း ဖြစ်ပေသည်။ သို့သော်မည်သည့်အစားအစာကိုမဆို တန်ဆေးလွန်ဘေးဖြစ်တတ်၍ အလွန်အကျွံ မစားသင့်ပေ။ ကျန်းမာရေးအတွက် အရေးကြီးသော အာဟာရဓာတ်ပြည့်ဝ ကစီဓာတ်၊ ဗီတာမင် နှင့် သတ္တုဓာတ်တို့ အများအပြားပါဝင်နေသော အံ့မခန်း ပိန္နဲသီးကို သဘာဝ၏ အာဟာရအဖြစ် သင့်တင့်မျှတစွာစားသုံးကြရန် တိုက်တွန်း လိုက်ရပါသည်။ 

ပေါက်ပေါက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အမေရိကန် အပါအဝင် ဥရောပနိုင်ငံအချို့က ယူကရိန်းအပေါ် ငွေကြေးအား၊ စစ်လက်နက်တို့ကို သွယ်ဝိုက်သောနည်းဖြင့်တစ်မျိုး၊ တိုက်ရိုက်တစ်ဖုံ ထောက်ပံ့ ပေးပို့ခဲ့ကြပါသည်။ တစ်ချို့မှာ ပြောင်ပြောင်တင်းတင်း၊ တစ်ချို့မှာ နောက်ကွယ်မှ ပုန်းလျှိုးကွယ်လျှိူး‌ ထောက်ပံ့ နေသည်မှာ ရုရှားအင်အားကို အတတ်နိုင်ဆုံး ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကို ပေါ်လွင်နေပါသည်။ ထိုအကူအညီ ပေးမှုများထဲတွင် ထူးခြားဖွယ်ကောင်းသည့် ထောက်ပံ့မှုတစ်ခုမှာ “G7 ERA” ဟု နာမည်ပေးထားသည့် ထောက်ပံ့ ချေးငွေအစီအစဉ် ဖြစ်ပါသည်။

G7 ERA ဆိုတာ ဘာလဲ?

“G7 ERA 3 Extraordinary Revenue Acceleration for Ukraine Emergency Leading Programe” ဟု ခေါ်ကြပါသည်။ ဆိုလိုရင်းက ယူကရိန်းကို အဖက်ဖက်အတွက် အသုံးပြု၍ရနိုင်ရန် G7 ဟု ခေါ်သည့် အီတလီ၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျပန်နှင့် ကနေဒါ စသည့်နိုင်ငံတို့ အားလုံးသဘောတူညီချက်ဖြင့် ယူကရိန်းကို ထောက်ပံ့နေသည့် ချေးငွေအစီအစဉ် ဖြစ်ပါသည်။

G7 ERA ရန်ပုံငွေတွေက ဘယ်ကငွေတွေလဲ? 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲလိုက်သည့် ရုရှားအပေါ် အမေရိကန်အပါအဝင် ဥရောပ နိုင်ငံများက ပိတ်ဆို့မှုများ အမြောက်အမြား ချမှတ်လိုက်ကြပါသည်။ အမျိုးမျိုးသော ပိတ်ဆို့အရေးယူမှုများအနက် ပြည်ပနိုင်ငံများရှိဘဏ်များတွင် လည်ပတ်လျက်ရှိနေသော ရုရှားပိုင်ငွေများကို G7 နိုင်ငံများက ထိန်းချုပ်လိုက်ကြပြီး ထိုငွေများကို ချေးငှားပြီး ရရှိလာသည့် အတိုးရငွေဖြင့် G7 ERA ရန်ပုံငွေကို ထူထောင်လိုက်ခြင်းပဲ ဖြစ်ပါသည်။

G7 နိုင်ငံများ ချုပ်ကိုင်ထားသည့် ရုရှားပိုင်ဆိုင်မှုများမှာ ထိုနိုင်ငံများရှိ ဘဏ်များတွင် လည်ပတ်နေသော ရုရှားအစိုးရ ပိုင်ငွေနှင့် ပိုင်ဆိုင်မှုများ ၊ ရုရှားဗဟိုဘဏ်ခွဲတမ်း ဘဏ္ဍာငွေများ၊ အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်များ၊ အထွေထွေ လုပ်ငန်းများမှဝင်နေသော ငွေကြေးအရပ်ရပ်ပါဝင်နေပါသည်။ ထို့ပြင်ရုရှားနိုင်ငံနှင့် ဆက်နွှယ်ပြီး လုပ်ဆောင်နေသည့် လုပ်ငန်းရှင်အချို့၏ ငွေကြေးနှင့်ပိုင်ဆိုင်မှုများလည်း ပါဝင်နေပါသည်။ ပြည်ပရှိ ထိုရုရှားပိုင်ဆိုင်မှုများကို G7 နှင့်ဥရောပသမဂ္ဂတို့က ပိုင်ဆိုင်မှု ချုပ်ကိုင်ခြင်း (Frozen Assets ) ပြုလုပ်လိုက်ခြင်းဖြစ်ပါသည်။

G7 ERA ရန်ပုံငွေတွေကို ဘယ်လိုအသုံးချနေကြလဲ? 

G7 နှင့် ဥရောပနိုင်ငံများသည် ယူကရိန်းစစ်ပွဲစတင်ချိန်မှ ၂၀၂၃ ခုနှစ် အကုန်အထိ ရုရှားပိုင် ပြည်ပငွေများကို Frozen Assets ပြုလုပ်ထားသည်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ခန့်ရှိပါသည်။ ထိုငွေရပ်များကို ရုရှားအသုံးပြုခွင့်မရရှိစေဘဲ ၎င်းတို့၏ ဘဏ်များတွင် ထိန်းချုပ်ထားကြပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂသည် ရုရှားပိုင် ယူရို ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၈ ဘီလီယံ) ကို ဘယ်ဂျီယန်၊ ဘရပ်ဆဲလ်ရှိ EUROCLEAR (ဘဏ္ဍာရေးအဖွဲ့) တွင် ထိန်းချုပ် ထားကြပါသည်။ ထိုငွေများမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ယူရို ၃ ဘီလီယံ ( အမေရိကန် ၃.၂ ဘီလီယံ) အမြတ်ရရှိနေပြီး ထိုအမြတ်ငွေများကို ယူကရိန်းအတွက် အသုံးချနိုင်ရန် G7 နှင့် ဥရောပသမဂ္ဂတို့က ချေးပေးနေခြင်းလည်း ဖြစ်ပါသည်။

မကြာသေးမီကပင် ကနေဒါနိုင်ငံက ယူကရိန်းကို G7 ERA ရန်ပုံငွေမှ ဒေါ်လာ ၁.၇ ဘီလီယံခန့်ကို ယခုမတ်လ ၁၄ ရက်မှာ ချေးပေးလိုက်ပါသည်။ ယူကရိန်း ဝန်ကြီးချုပ် အယ်နစ်ရှ်မီဂဲလ်ကလည်း ထိုချေးငွေရရှိကြောင်းကို တရားဝင် ကြေညာခဲ့ပါသည်။ ဒေါ်လာ ၁.၇ ဘီလီယံက ကနေဒါဒေါ်လာနှင့်တွက်ကြည့်ပါက ၂.၅ ဘီလီယံ ခန့်ရှိပါသည်။ တစ်ဆက်တည်းမှာပင် ကနေဒါက ယူကရိန်းကို အဆိုပါအစီအစဉ်အောက်မှ ဒေါ်လာ ၅ ဘီလီယံအထိ ပေးချေးမည်ဟု ဆိုထားပါသည်။

G7 က ချေးပေးထားသည့် “ယူကရိန်းအတွက် အရေးပေါ်ငွေကြေးထောက်ပံ့ စီးဆင်းမှုငွေ” ဟု အမည်ပေးထားသော ထိုငွေများကို ယူကရိန်းအနေဖြင့် စစ်ပွဲကာလအတွင်း နိုင်ငံရေးတည်ငြိမ်ရန်၊ စီးပွားရေးနှင့် စစ်ဘက်ရေးရာ လိုအပ်ချက်များကို အသုံးပြုသွားမည်ဟု ယူကရိန်းဝန်ကြီးချုပ်က ကတိကဝတ် ပြုထားပါသည်။

G7 နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ကို အမြဲတစေ ခြိမ်းခြောက်နေသော ရုရှားကို မီးလောင်ရာ လေပင့် ဆိုသလို ဒုက္ခရောက်စေရန်၊ စစ်ဘက်ဆိုင်ရာ ပင်ပန်းနွမ်းနွယ်စေရန်၊ ရုရှားစစ်အင်အား ပမာဏ ခန့်မှန်းနိုင်စေရန်၊ စစ်အင်အား တတ်နိုင်သမျှ လျော့ကျစေပြီး ကမ္ဘာ့စစ်ရေးချိန်ခွင်လျှာတွင် အဆင့်ချနိုင်ရန် စသည့်အချက်များဖြင့် ယူကရိန်းကို ပြောင်ပြောင်တင်းတင်း တွန်းတိုက် ထောက်ပံ့နေခြင်းလည်း ဖြစ်ပါသည်။

ရုရှားဘက်က ဘယ်လိုတုံ့ပြန်ထားလဲ? 

G7 နှင့် ဥရောပသမဂ္ဂတို့၏ G7 ERA အစီအစဉ်သည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေမှု ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရဘက်က ပြင်းပြင်းထန်ထန်ဝေဖန် ပြောကြားထားပါသည်။ ထိုအစီအစဉ်မှာ G7 နှင့် ဥရောပတို့ “သူခိုးကျင့်သူခိုးကြံ” လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြေညာထားပါသည်။ ထိုကျူးလွန်မှုအတွက် အနာဂတ်တွင် မိမိလုပ်ဆောင်ချက်ကို မိမိတို့ တာဝန်ခံကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဥပဒေအကြောင်းအရ အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံ ပြန်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြုံးဝါးထားပါသည်။

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ထွန်းသစ်စနေရောင်ခြည်အောက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကုန်းခြံကျေးရွာလေးသည် ရှမ်းအိုးစည်သံများ၊ တိုးနရားကကွက်ဆန်းများ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားသော အင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ လှပညီညာသော ရိုးရာအကများဖြင့် စည်ကားပျော်ရွှင် အသက်ဝင်လျက်ရှိသည်။

ပျော်ရွှင်မှုအပြည့်နှင့် ကျေနပ်မှုများ ထင်ဟပ်နေသော မျက်နှာဟန်ပန်အမူအရာများဖြင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ရွာအလယ်ဗဟိုရှိ မဏ္ဍပ်နေရာတွင် စုဝေးရောက်ရှိနေကြသည်။ ကျေးရွာအတွက် အထူးလိုအပ်လျက်ရှိသော သန့်ရှင်းသောသောက်သုံးရေကို အချိန်မရွေးရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာရေပေးရေးစီမံကိန်း အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။

သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ရေသည်မရှိမဖြစ် အရေးပါသည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက်လည်း ရေသည် အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်သည်။ မိုးရေစက်များ ဆင်းသက်လာသည်နှင့်အမျှ မြန်မာ့ကျေးလက်ရှုခင်းသည် စိမ်းစိုနေသော စိုက်ခင်းပြင်များ၊ သစ်ပင်များဖြင့် ပြည့်နှက်လှပနေသည်။ သို့သော် မိုးရာသီပြီးဆုံး သွားသည်နှင့် အချို့ကျေးလက်ဒေသများသည် ရေရှားပါးမှုဒဏ်ကို ခံစားကြရသည်။

သောက်သုံးရေရရှိစေရန် ဝေးလံသော ရေအရင်းအမြစ်မှ ရေကို သယ်ယူသုံးစွဲကြရသည်။ ချိုးရေကိုခံယူ၍ တိရစ္ဆာန်များ သောက်ရေအဖြစ်အသုံးပြုကြရသည်။ တောင်ပေါ်ဒေသများတွင်တော့ မိုးရာသီတွင် စိမ့်စမ်းများအတွင်း ရေများနောက်ကျိနေပြီး နွေရာသီတွင် ကြည်လင်သွားသဖြင့် မိုးရာသီတွင် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားကြရပြန်သည်။

မြန်မာ့ကျေးလက်ဒေသ၏ ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲချမှတ်ကာ ကျေးလက်သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ ပြည်တွင်း/ ပြည်ပအလှူရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ယခုအခမ်းအနားကျင်းပနေသော ကုန်းခြံကျေးရွာလေးအပါအဝင် ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာနှင့် လွိုင်လင်မြို့နယ် ဆင်တောင်ကျေးရွာတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရေသန့်စင်စနစ်ပါဝင်သော အိမ်တိုင်ရာရောက်ရေရရှိရေး စီမံကိန်းကို ကျေးလက်ဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

သတ်မှတ်စီမံကိန်းကာလမှာ နှစ်နှစ်ဖြစ်သော်လည်း ကျေးလက်ဦးစီးဌာန၏ ကြိုးပမ်းအားထုတ်မှု၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် တစ်နှစ်အတွင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ပြီးစီးခဲ့သဖြင့် ယခုလိုစီမံကိန်းအောင်မြင်ခြင်း အခမ်းအနားဆင်နွှဲနေကြခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်းစီမံကိန်း စတင်ဖြစ်ပေါ်လာပုံ

မဲခေါင်-လန်ချန်းစီမံကိန်း စတင်ဖြစ်ပေါ်လာခဲ့ပုံမှာ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား မဲခေါင်မိသားစု အယူအဆ (Mekong Family Concept) ကို မြန်မာနိုင်ငံ နေပြည်တော်မှ သန္ဓေတည်အစပျိုးခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်နေသည့်အတွက် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ထူထောင်ရန် တရုတ်နိုင်ငံမှ အဆိုပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဒေသတွင်းနိုင်ငံများအကြား ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်၏ ရစ်ပတ်စုစည်းထားမှုပုံစံဖြင့် တင်စားဂုဏ်ပြုပြီး “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong- Lancang Cooperation - MLC)” ဟု ခေါ်ဆိုခဲ့ကြသည်။

ထိုအချိန်မှစ၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်စတင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာခဲ့ရသည်။

မဲခေါင်-လန်ချန်းစီမံကိန်း ရည်ရွယ်ချက်

မဲခေါင်-လန်ချန်းစီမံကိန်းကို မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များ (The 2030 Agenda for Sustainable Development) ကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ

သမဝါယမကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်မှစတင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းမှုအစီအစဉ်တွင် ပါဝင်ခဲ့သည်။ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးစီမံကိန်း ၁၅ ခုကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး လက်ရှိတွင် စီမံကိန်းကိုးခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကာ စီမံကိန်းခြောက်ခုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကိုးခုကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယင်းတို့တွင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများပါဝင်သော ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစီမံကိန်းသုံးခု၊ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာသန့်ရှင်းသောသောက်သုံးရေရရှိရေး စီမံကိန်းနှစ်ခုနှင့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး (Mini-Grid) စီမံကိန်းလေးခုတို့ ပါဝင်သည်။ ဆောင်ရွက်ပြီး စီမံကိန်းငါးခု၏ အသီးအပွင့်များကို ပြည်သူများ အကျိုးခံစားနေရပြီဖြစ်ပြီး ဆောင်ရွက်ဆဲ စီမံကိန်းလေးခုသည်လည်း မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ယခု အခမ်းအနားဆောင်ရွက်နေသော ညောင်ရွှေ မြို့နယ် ကုန်းခြံကျေးရွာတွင် ကျေးရွာနေပြည်သူ ၅၄၀ ကြုံတွေ့ခံစားနေရသော သောက်သုံးရေ ပြဿနာကို ရေရှည်ဖြေရှင်းပေးနိုင်ရန်အတွက် ရေတားတမံတည်ဆောက်ခြင်း၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေမီတာတပ်ဆင်ထားသော အိမ်သွယ်ရေတိုင်များသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။

ရေပေးရေးလုပ်ငန်းများ ရေရှည်လည်ပတ်နိုင်စေရန်အတွက် ကျေးရွာရေကော်မတီများဖွဲ့စည်းခြင်း၊ လည်ပတ်ထိန်းသိမ်းရေးသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ရေဖိုးရေခကောက်ခံခြင်းတို့ကို စနစ်တကျ စီစဉ်ထားကြောင်းလည်း သိရှိလေ့လာခဲ့ရသည်။ ထို့ပြင် ကျေးလက်ဦးစီးဌာနဝန်ထမ်းများကလည်း ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်၍ ကျေးရွာရေရရှိရေးစနစ်များကို လေ့လာခဲ့သလို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ ဖလှယ်ခဲ့ကြောင်း သိရှိရ၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းနေသည်ကို ဝမ်းမြောက်စွာသိရှိရသည်။

နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Ms.Ma Jia နှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ရောက်ရှိလာချိန်တွင် အခမ်းအနားတက်ရောက်လာသော ဒေသခံပြည်သူ ၄၅၀ ကျော် ၏ လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သံများက မိုးယံသို့ ပျံ့လွင့်သွားခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက “မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်လျက်ရှိသလို နိုင်ငံတော်အစိုးရ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုအကျိုးရှိမည့် စီမံကိန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် လက်တွဲညီညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့ရာ ဒေသခံတိုင်းရင်းသားများ၏ မျက်နှာထက်ဝယ် နိုင်ငံတော်အစိုးရ၏ စေတနာနှင့် လက်တွေ့ဆောင်ရွက်ချက်များအပေါ် ကျေနပ်အားရ ဝမ်းမြောက်သည့် အမူအရာများကို တွေ့မြင်ခဲ့ရသည်။

တရုတ်နိုင်ငံမှ ဆက်လက်ကူညီမည်

ဆက်လက်ပြီး သံအမတ်ကြီး H.E. Ms. Ma Jia ကလည်း “သေးသော်လည်း လှနေဆဲ”ဟူသည့် စကားအတိုင်း ကျေးလက်ဦးစီးဌာနက ယခုဆောင်ရွက်ခဲ့သော စီမံကိန်းသည် အခြေခံပြည်သူများ၏ လူနေမှုဘဝကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ခဲ့ပြီး တရုတ်-မြန်မာ အသိုက်အဝန်း၏ အေးအတူပူအမျှ မျှဝေခံစားလိုသည့် စိတ်ဓာတ်ကို ထင်ရှားပေါ်လွင်စေခဲ့ကြောင်း၊ တရုတ် - မြန်မာ ဆွေမျိူးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုဖြင့် မြန်မာနိုင်ငံကို ငွေကြေး၊ နည်းပညာများ ဆက်လက်ကူညီပံ့ပိုးပေးပြီး မြန်မာနိုင်ငံ လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို အားတက်ဖွယ်ကြားသိခဲ့ရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ရှည်လျားပြီး နက်ရှိုင်းသောဆက်ဆံရေးရှိမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော စေတနာ၊ အပြုသဘောဆောင်သော သဘောထားရပ်တည်မှုနှင့် အားပေးကူညီမှုများသည် သံအမတ်ကြီး၏ မိန့်ခွန်းတွင်ထင်ရှားပေါ်လွင်လျက်ရှိသည်။

အကျိုးဖြစ်ထွန်းမှု

ယခု ဆောင်ရွက်ပေးခဲ့သော “တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း”ကြောင့် စီမံကိန်းကျေးရွာသုံးရွာမှ အိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁၆၂၇ ဦးတို့သည် သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေကို ရာသီမရွေး အချိန်ပြည့်ရရှိနိုင်ပြီဖြစ်ကာ ရေကြောင့်ဖြစ်ပွားသော ရောဂါများအန္တရာယ်ကို လျှော့နိုင်ခဲ့ကာ လူနေမှုအဆင့်အတန်းကို မြင့်မားစေခဲ့မည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ကျေးရွာနေတိုင်းရင်းသူတစ်ဦးက “အရင်က ကျွန်မတို့ရွာလေးဟာ ရေရှားပါးမှုဒဏ်ကို အတော်လေး ခံစားခဲ့ရပါတယ်။ အိမ်တွေ၊ စာသင်ကျောင်းတွေအတွက် လိုအပ်တဲ့သောက်ရေ၊ သုံးရေကို ရွာနဲ့ နှစ်မိုင်ကျော်ခန့်ဝေးတဲ့ ချောင်းမှာ ကျေးရွာလူကြီးတွေရော ကလေးမိဘတွေပါ သွားရောက်ခပ်ယူရပါတယ်။ အချိန်ကုန် လူပင်ပန်းဖြစ်ရပါတယ်။ အခုလို ကျေးလက်ဦးစီးဌာနက သန့်စင်ပြီးသားရေကို အိမ်တိုင်ရာရောက်ရရှိအောင် ဆောင်ရွက်ပေးတဲ့အတွက် သုံးစွဲရတာလွယ်ကူပြီး ပေါပေါများများ သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ ရေသန့်ဝယ်ယူသောက်သုံးနေရတဲ့ အခြေအနေကနေ ရေသန့်နဲ့ ရေချိုးနိုင်တဲ့အထိပါ ရောက်ရှိလာလို့ ကျေးရွာလူထုရဲ့ ကျန်းမာရေးတွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရွာလေးမှာ စိုက်ဧက ၅၀၀ ကျော်ရှိပြီး မိုးရာသီမှာသာ စိုက်ပျိုးနိုင်ပါတယ်။ အခုဆိုရင်တော့ ရေလုံလောက်စွာရလာပြီဖြစ်လို့ စိုက်ဧက ၄၀၀ ကျော်ဟာ နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံး စိုက်ပျိုးနိုင်တော့မှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာကို ကြားသိခဲ့ရပါသည်။ မြို့ကြီးပြကြီးတွေမှာသာ ရရှိနိုင်သည့် ရေပေးဝေရေးဝန်ဆောင်မှုမျိုးကို ယခုလို တောင်ပေါ်ဒေသ ကျေးရွာလေးများတွင်ပါ ရရှိလာသဖြင့် ဒေသခံများ၏အိပ်မက်တကယ်ဖြစ်လာပြီဟု ပြောလျှင်မမှားပါ။

အခမ်းအနားပြီးမြောက်ပြီး ဓာတ်ပုံပြခန်းနေရာကို ရောက်ရှိချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က တရုတ်သံအမတ်ကြီးနှင့် ဧည့်သည်တော်များအား ၎င်းတို့ဦးစီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၄၄၂၁၀၊ ကျေးလက်မီးလင်းရေး လုပ်ငန်း ၁၆၂၇၂ ရွာ၊ ကုန်ထုတ်လမ်း ၄၀၁၂ မိုင်၊ တံတား ၆၁၇၃ စင်း၊ မြစိမ်းရောင်စီမံကိန်း ၁၅၁၇၆ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း ၁၅၇ ရွာ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ၁၂၈ ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၁၉၄၁၇ ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၅၉၆၆ ကြိမ်တို့ကို နိုင်ငံအနှံ့ဆောင်ရွက်ပေးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းဝေဝေဆာဆာဖြင့် ရှင်းပြနေသည်ကို တွေ့မြင်ခဲ့ရပြန်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို အပြောမဟုတ်၊ အလုပ်နှင့်သက်သေပြပြီး အားမာန်အပြည့်ဖြင့် ဇွဲထက်သန်စွာ ဆောင်ရွက်ပေးနေကြောင်း မျက်မြင်တွေ့ရှိ ခံစားခဲ့ရသည်။

မြစ်တစ်စင်း၏ မိသားစု

မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားသော ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည့် မဲခေါင်မြစ်ကို အခြေခံ၍ တည်ဆောက်ထားသော မဲခေါင်မိသားစု၊ တစ်နည်းဆိုသော် “ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်း၏ မိသားစု” (A River’s Family for Regional Development)သည် နက်နဲလှသော တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ သဘောထားကြီးမှု၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုများဖြင့် တည်ဆောက်ထားပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။

အဖွဲ့ဝင်ခြောက်နိုင်ငံအနေဖြင့် “မြေထိုးစက်စိတ်ဓာတ်” (Bulldozer Spirit) ဖြင့် ဒေသအတွင်း ကြုံတွေ့နေရသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးဆိုင်ရာ အခက်အခဲမှန်သမျှကို စုပေါင်းအင်အားပြင်းထန်သော အရှိန်အဟုန်များဖြင့် တွန်းတိုက်ဖယ်ရှားလျက်ရှိသည်။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပူးတွဲလုပ်ငန်းအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြသည်။

မဲခေါင်မြစ်အထက်ပိုင်းတွင်တည်ရှိသော မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်။ ဤပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ လျှပ်စစ်စွမ်းအင်၊ သတင်းမီဒီယာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍများတွင် အကျိုးကျေးဇူးများ ရရှိလျက်ရှိသည်။

သို့သော် လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် စိန်ခေါ်မှုများလည်း ရှိနေမည်ဖြစ်၍ ယင်းစိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အာမခံရန်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားစိုက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထာဝရအဓွန့်ရှည် တည်တံ့စေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအားကောင်းစေရေး သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

Source: https://www.moi.gov.mm

 

 

 

 

ဇာနည်(ကျေးလက်)

နွေရာသီကျောင်းပိတ်ပြီ၊ တစ်နှစ်ပညာသင်နှစ်ပြီးဆုံးလို့ စာမေးပွဲကို အတတ်နိုင်ဆုံး ကြိုးစား ဖြေဆိုကာ သုံးလတာ ကျောင်းတက်ပညာသင်ယူမှုမှ ကင်းလွတ်ကြပြီပေါ့။  ကိုယ်ငယ်စဉ်က   စာမေးပွဲ ဖြေဆိုဖို့ အိမ်ထဲမှာမိဘမျက်စိအောက် စာကြိုးစားကျက်စဉ်   လမ်းပေါ်မှာစာမကျက်ဘဲ  ဆော့ကစား နေကြတဲ့ အိမ်နီးချင်းကိုယ့် သူငယ်ချင်းများကို အားကျမိခဲ့သည်။ အခုတော့   မိဘရဲ့စေတနာ တန်ဖိုးကိုနားလည်မိသည်။  ဘဝကံကြမ္မာအလှည့် အပြောင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှာ အရာထမ်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အငယ်တန်း စာရေးဘဝကနေ ပြန်တမ်းဝင် အရာရှိတစ်ယောက်ဖြစ်အောင် ဆယ်စုနှစ် ဝက်နီးပါးထိ အချိန်ယူကာ ယခင်အခေါ်ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က  နေ့စဉ်ထုတ်သတင်းစာများမှခေါ်ယူသော   မိမိဘွဲ့နှင့်ကိုက်ညီသော ရာထူးဝင်ရောက် ဖြေဆိုရင်း  အားကစားနှင့်ကာယပညာဦးစီးဌာနမှာ  ဦးစီးအရာရှိ(စီမံ)ရာထူးဖြင့် ရွေးချယ်ခန့်အပ် ခြင်းခံရသည်။ အားကစားဆိုင်ရာရုံးလုပ်ငန်းများကို    ဦးစီးဌာနနှင့်ဝန်ကြီးရုံးတွင် တစ်လှည့်စီပေးအပ်ရာ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရာက ယခုအားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲတွင် တာဝန်ယူရသည်။ အလုပ်စတင်ဝင်စဉ်က ယှဉ်ပြိုင်ရေးနှင့်    လေ့ကျင့်ရေးဌာနခွဲအပြည်ပြည်ဆိုင်ရာအားကစားရေးရာဌာနစုမှာ အားကစားတာဝန်ဖြင့် ပြည်ပထွက်ခွာမည့်အဖွဲ့များအတွက်   အစိုးရအဖွဲ့ရုံးသို့  အမှာစာတင်ပြခြင်းကအစ နိုင်ငံကူးလက်မှတ်ရရှိရေးဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေလဲလှယ်ဆောင်ရွက်ပေးရခြင်းမှသည် လေဆိပ်ထိပို့ဆောင်ခြင်း၊ ကြိုဆိုခြင်းလုပ်ငန်းတို့ကို    ရုံးပိတ်ရက်မကျန် တာဝန်ကျေအောင်ဆောင်ရွက်ပေးရသည်။  

ထိုမှတစ်ဖန် ဝန်ကြီးရုံးတစ်လှည့် တာဝန်ထမ်းဆောင်ရပြန်သည်။ နောက်တစ်ဖန်  အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲတွင် ညွှန်ကြားရေးမှူးတာဝန်ပေးအပ်ခြင်းခံရပြန်တော့အတတ်နိုင်ဆုံး အားကစားစီမံကိန်းနှင့်သုတေသနကော်မတီနဲ့ စီနီယာပညာရှင်များရဲ့ အကြံဉာဏ်နဲ့အဓိကအားဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲတွေမှာ အားကစားအသင်းတွေရဲ့ နည်းပြ/အုပ်ချုပ်အားကစားသမားများရဲ့စစ်တမ်းကောက်ယူပြုစုပြီး ပြိုင်ပွဲ၏ရလဒ်ပေါ်မူတည်၍  တစ်သင်းချင်း၏အားသာချက်၊ အားနည်းချက်များကို ဌာနအကြီးအကဲထံ တင်ပြခဲ့မှုအပေါ်ပြည်ထောင်စုဝန်ကြီး၏အရေးတယူနဲ့မှတ်ချက်ကောင်းတွေ၊ လမ်းညွှန်မှုတွေပေးခြင်းခံရတာကို ဂုဏ်ယူမိခဲ့သည်။

ထိုမှတစ်ဖန်  နှစ်စဉ်ကျင်းပနေကျ ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကိုလည်း   မိမိရဲ့အားကစားဌာနမှာ တာဝန်ထမ်းဆောင်ရတဲ့အတွေ့အကြုံကလေးတွေနဲ့ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက်ဝင်ပြိုင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဆောင်းပါးပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့သည်။ အဲဒီဆုရရှိခြင်းကလည်း  ကျွန်တော့်ကိုအခြားဌာနခွဲတစ်ခုဖြစ်တဲ့ ယခုလက်ရှိတာဝန်ယူနေရသော  လူထုအားကစားနှင့်ပညာပေးဌာနခွဲကို ပြောင်းရွှေ့စေခြင်းခံရပါတယ်။  ယခင်ညွှန်ကြားရေးမှူး ဦးဌေးအောင်(သက်ပြည့်အငြိမ်းစား)ယူချိန်  ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်ကို “ခင်ဗျားကဆောင်းပါးဆုရရှိထားတော့  ဒီဌာနနှင့်သင့်လျော်လို့ပြောင်းပေးတာ”ဆိုပြီး ရာထူးတိုးသူများနှင့် ပြောင်းရွှေ့သူများကို ခေါ်ယူတွေ့ဆုံဩဝါဒပေးတဲ့နေ့တွင် အများရှေ့မှာ ဂုဏ်ပြုပြောဆိုခဲ့လို့ ကျွန်တော်အံ့အားသင့်ခဲ့ရပါတယ်။  ယခုတစ်ဖန်လည်း တစ်ချိန်က ကျွန်တော့်ရဲ့ဦးစီးအရာရှိဘဝ    ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ဖူးတဲ့လက်ရှိပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်း EC အစည်းအဝေးမှာ  “နေ့စဉ်ထုတ်သတင်းစာတွေမှာ အားကစားဆိုင်ရာဆောင်းပါးတွေ တစ်လတစ်ပုဒ်လောက်တော့ရေးပါ”လို့တာဝန်ပေးအပ်ပြန်တော့ကျွန်တော်ယခုဆောင်းပါးကို စတင်ရေးသားရပါတော့တယ်။ ကိုယ့်အတွေ့အကြုံနဲ့ ဌာနအကျိုးပြု၊ နိုင်ငံ့အကျိုးပြုစာပေများ  ရေးသားလိုစိတ်ရှိတဲ့အတွက် ယခုလိုကြိုးစားရေးသားရခြင်းဖြစ်ပါတယ်။

ယခုရေးတဲ့ဆောင်းပါးက လက်ရှိကျောင်းပိတ်ရာသီနဲ့ကိုက်ညီတဲ့ဆောင်းပါးလေးပါ။  မိမိဌာနခွဲတာဝန်များအနက်နွေရာသီအားကစားသင်တန်းများဆိုင်ရာကိစ္စလည်းပါဝင်ပါတယ်။ ဟိုယခင်နှစ်များကလို ပြည်နယ်နှင့်တိုင်းဒေသကြီးများရဲ့  အားကစားလှုပ်ရှားမှုတွေကိုအကဲဖြတ်အမှတ်ပေးရာမှာ  ဒီ Topic လည်း အရေးပါပါတယ်။    ယခုနှစ်အတွက် ပြည်ထောင်စုနယ်မြေ  နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးတွေအားလုံး နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ကြဖို့ အမှန်တကယ်ဆောင်ရွက်နိုင်မည့် အားကစားသင်တန်းများဖွင့်လှစ်ရေးစီမံချက်ကိုတောင်းခံပြီး ဌာနအကြီးအကဲထံပြုစုတင်ပြခဲ့ပြီးဖြစ်ပါတယ်။ယခုတစ်ဖန် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများမှာရှိတဲ့ဝန်ထမ်းသားသမီး ကျောင်းသား၊ကျောင်းသူများ  နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာဖြတ်သန်းနိုင်စေရန်  နိုင်ငံအကျိုးပြု ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်လာစေရေး  တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအလို့ငှာ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ရေးကို ဌာနအကြီးအကဲက တာဝန်ပေးလို့   ပြေးခုန်ပစ်၊  ရေကူး၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့်ဘောလုံးအားကစားနည်း ငါးနည်းကို ပြည်ထောင်စုဝန်ကြီးဌာနများသို့ တရားဝင်အကြောင်းကြားပေးပို့ဆောင်ရွက်ထားရှိသည်။

ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်ကြီးကလည်း  ပြီးသွားတာမကြာသေးပါဘူး။  ကျွန်တော်တို့ဌာနကလည်း  လူထုအားကစား(လူများစုပါဝင်ကစားခွင့်)မှသည် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့လက်ရွေးစင်အားကစားသမားများထွက်ပေါ်လာပါက တိုင်းတစ်ပါးမြေမှာ အမိနိုင်ငံတော်ရဲ့အလံကို  ပြိုင်ဘက်နိုင်ငံအလံများရဲ့ထိပ်(အလံတိုင်ထိပ်)ထိရောက်အောင်  စွမ်းဆောင်နိုင်မည့်အားကစားသူရဲကောင်းတွေပေါ်ထွက်အောင်ကြိုးစားရမည့်တာဝန်က အခြားဌာနတွေထက် ပိုအရေးကြီးတယ်၊ ပိုမိုမွန်မြတ်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အလုပ်ဝင်ခါစကကျွန်တော့်ဌာနခွဲ ညွှန်ကြားရေးမှူး   ဦးမောင်ဝင်းရဲ့လမ်းညွှန်စကားဖြစ်တဲ့ “ဝန်ထမ်းဘဝမှာ ကိုယ်ကျရာတာဝန်ကို စေတနာနဲ့ပေါင်းဖက်လုပ်ပါ”ဆိုတဲ့စကားကို ယနေ့ထိ သတိရ၊အမှတ်တရနှင့်ပင်စင်ယူချိန်ထိနာခံလျက်ကြိုးစားတာဝန်ထမ်းရွက်နေမှာပါ။

မိဘများကလည်းနွေရာသီအားကစားသင်တန်းများကို မိမိတို့သားသမီးများကိုအရောက်ပို့ဖို့ရန် အမျိုးသားရေးတာဝန် (National Task)လို့ သဘောထားကာ ဆောင်ရွက်စေလိုပါတယ်။  ကျွန်တော့်ဌာနခွဲမှာ “အားကစားပြတိုက်”ရှိပါတယ်။ ဧည့်သည်တွေလာကြည့်ရင်  ဗိုလ်ကြီးတင်အောင်(ဂိုး)၊ ဗိုလ်မှူးဗဟာဒူး၊ ဗိုလ်ကြီးမောင်မောင်၊ဆပ်သီး(ခ)သန်းစိုး၊ ဦးအေးမောင်ကြီး၊ ဗိုလ်ကြီးအေးမောင်လေးတို့ခေတ်က အာရှလူငယ်ဘောလုံးပြိုင်ပွဲတွေမှာချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးတာ၊ကျွန်းဆွယ်ပွဲ   (အရှေ့တောင်အာရှ)အားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်း ငါးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးတာ၊ ဦးမြင့်အောင်က ကျွန်းဆွယ်ပြိုင်ပွဲတစ်ခုတည်းမှာ ကျွမ်းဘားအားကစားနည်းနဲ့ရွှေခြောက်ခု၊ ဒေါ်ဂျနီဖာတင်လေးက ကျွန်းဆွယ်ပွဲတစ်ခုတည်းမှာ မတူညီတဲ့အားကစားနည်းနှစ်ခုဖြစ်တဲ့ အပစ်အားကစားနဲ့  ဘော်လီဘောအားကစားနည်းနှစ်ခုလုံးမှာ ရွှေတံဆိပ်နှစ်ခုယူနိုင်ခဲ့တာ၊   သူတို့ရဲ့ငယ်ရွယ်နုပျိုတဲ့ဘဝကို အားကစားလောကထဲမှာ   မြှုပ်နှံကာ နိုင်ငံတော်အတွက်ပေးဆပ်ကာ တာဝန်ကျေခဲ့ကြကြောင်း    စသဖြင့်စိတ်ဓာတ်ခွန်အားတက်ကြွအောင် ပြောရပါတယ်။ လက်ရှိ နိုင်ငံတော်အစိုးရလက်ထက်မှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတဲ့ လက်ရွေးစင်အားကစားသမားဟောင်းကြီများအပါအဝင်  လက်ရှိနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ယခင်ကထက်အဆပေါင်းများစွာရရှိအောင်   ပံ့ပိုးနေတယ်ဆိုတာပြောပြီး  ကျောင်းသားလူငယ်တွေအားကစားကို စိတ်ပါဝင်စားဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်ပြောကြားရပါတယ်။

မြန်မာ့အားကစားအောင်မြင်မှုသမိုင်းပြန်သုံးသပ်ရလျှင် မြန်မာ့အားကစားအဖွဲ့တွင် ဘောလုံး၊ ဘော်လီဘော၊ ရေကူး၊ပြေးခုန်ပစ်၊ ကျွမ်းဘားတို့ ရွှေရောင်လွှမ်းသည့်ခေတ်က  အမျိုးသားအားကစားပွဲတော်တစ်ကြိမ်မျှကျင်းပခဲ့ခြင်းမရှိတာကိုလေ့လာကြည့်ရင်သိရှိရမှာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကျွန်တော်တို့ကျောင်းသား‌ခေတ်ကဆိုလျှင်ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ အခြေခံမူလတန်းကျောင်းအားကစားပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများခြိမ့်ခြိမ့်သဲကျင်းပခဲ့တာ အမှတ်ရမိပါတယ်။ကျောင်းသားအရွယ်ဆိုတာ  အပူပင်ကင်းပါတယ်၊ အသွေးအရောင်ကင်းပါတယ်၊ကျွန်တော်တို့က လမ်းကြောင်းမှန်(အားကစားလမ်းကြောင်း)ပေါ် ဝိုင်းဝန်းတွန်းတင်ပေးကြဖို့လိုပါတယ်။

ကျွန်တော်ဆိုလည်း ကျောင်းသားအရွယ်က ယနေ့ထိ အားကစားကို ခုံမင်စွာကစားဆဲပါ။ သို့သော်ကျွန်တော်မထူးချွန်ပါ၊ဘာကြောင့်လဲဆိုတော့ နည်းပြကောင်းတွေဆီမှာ စနစ်တကျမသင်ယူခဲ့ဖူးလို့ပါ။ ကျွန်တော့်အနေဖြင့် ပြည်သူ့ကောင်စီခေတ်က မြို့နယ်ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအဆင့်ထိသာ   ကစားဖူးပါတယ်။ ဒါကြောင့်   ယနေ့ခေတ်ကျောင်းသားလူငယ်များ ကျွန်တော်တို့အားကစားနှင့်ကာယပညာဦးစီးဌာနက ခန့်အပ်ထားတဲ့ ဝါရင့်သမ္ဘာရင့်အားကစားနည်းပြတွေဆီမှာ မိမိတို့ရဲ့ရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူများကို နှစ်သက်တဲ့ အားကစားနည်းတစ်ခုခုမှာ လာရောက်သင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။

၁၄-၂-၂၀၂၅ ရက်နေ့က နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်းအမှတ်စဉ်(၂) သင်တန်းသား၊ သင်တန်းသူများကို   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က  သိမှတ်ဖွယ်ရာများကို  အမှာစကားပြောကြားခဲ့သည့် အပြင်ကျွန်တော်တို့ဌာန ညွှန်ကြားရေးမှူးချုပ်က Sport Lecture ပို့ချရာတွင်လည်း “အခြေခံပညာဦးစီးဌာနက ကာယဆရာ၊ ဆရာမများအနေနဲ့ တာဝန်ကျရာဒေသမှာ  အားကစားသင်တန်း၊ အားကစားပြိုင်ပွဲများကျင်းပရင် ကျွန်တော်တို့ဌာနမှ    အားကစားအရာရှိများနဲ့လက်တွဲညှိနှိုင်း ဆောင်ရွက်ကြဖို့၊ အားကစားနှင့်ပတ်သက်ပြီး လိုအပ်တာရှိရင် ပူးပေါင်းဆက်သွယ်ပေးဖို့’’ တာဝန်နှင့်စေတနာပေါင်းစပ်မှာကြားသွားခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့အိမ်နီးချင်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ  ယခင်နှစ်က ပထမအကြိမ်  ကျောင်းသားလူငယ်ပွဲတော် 1st Student (Youth) Games ကျင်းပခဲ့ရာကျောင်းသားလူငယ်အားကစားသမားများက တရုတ်နိုင်ငံ၏ပြည်တွင်းစံချိန်များသာမက   ကမ္ဘာ့လူငယ်စံချိန်များကို ချိုးခဲ့တာ   တွေ့ရပါတယ်။ အကျိုးဆက်အနေနဲ့ (၃၃)ကြိမ်မြောက် ပြင်သစ်နိုင်ငံပါရီအိုလံပစ်ပြိုင်ပွဲမှာ ပထမရတဲ့ အမေရိကန်နိုင်ငံနဲ့  ရွှေတံဆိပ်အရေအတွက်တူညီကာ   ငွေတံဆိပ်အရေအတွက်ကွာခြားမှုနဲ့  နိုင်ငံအလိုက်ဒုတိယဆုရရှိခဲ့တာတရုတ်ကျောင်းသားလူငယ်များရဲ့အစွမ်းလို့ပဲ မိမိအနေနဲ့မှတ်ယူမိပါတယ်။ ယနေ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကလည်း   ကျောင်းသားဗဟိုပြုစဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်ပေးနေတဲ့စနစ် တစ်နည်းအားဖြင့် အခြေခံပညာအဆင့်မှာ Grade - 12 မှလွဲ၍ အကျမရှိတဲ့စနစ်ဖြစ်လို့ လက်ရှိပညာရေးစနစ်ကလည်း  အားကစားနဲ့ပညာရေးကို ယခင်ခေတ်များထက် ပိုမိုပေါင်းစပ်ဆောင်ရွက်နိုင်တဲ့အနေအထားမှာရှိပါတယ်။၂၀၂၄ ခုနှစ်ဒီဇင်ဘာလ၉ ရက်က နေပြည်တော်တွင်ကျင်းပသော ပဉ္စမအကြိမ်   အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမိန့်ခွန်းမှာလည်း“ပညာရေးဝန်ကြီးဌာနက ယနေ့ခေတ်ကျောင်းသားဗဟိုပြုပညာရေးစနစ်တွင် ကျောင်းသားတိုင်း   အားကစားနည်းတစ်ခုခုကို မသင်မနေရ ထည့်သွင်းပြဋ္ဌာန်းပေးထားကြောင်းနှင့် အားကစားကိုအမှတ်ပေးစနစ်တွင် ထည့်သွင်းပေးထားကြောင်း” နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့သည်ကိုလည်း နာယူမှတ်သားခဲ့ရပါတယ်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ နွေရာသီကျောင်းပိတ်ရက်များတွင်   ကျောင်းသား၊ကျောင်းသူ၊လူငယ်၊ လူရွယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများတွင် နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းများကို   ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် နေပြည်တော်အခြေစိုက် ပြည်ထောင်စုဝန်ကြီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုဝင်   ကျောင်းသား၊ကျောင်းသူများကို   နွေရာသီအခြေခံအားကစားသင်တန်းအဖြစ် အားကစားနည်း (၅)မျိုး ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသွားရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘောလုံးနှင့် ပြေးခုန်ပစ်အားကစားနည်းကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)တွင် လည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းကို ဝဏ္ဏသိဒ္ဓိ(Sports Complex)အတွင်းရှိ တိုက်ကွမ်ဒိုရုံတွင်လည်းကောင်း၊ ရေကူးအားကစားနည်းကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင်လည်းကောင်း၊ ဝူရှူးအားကစားနည်းကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)တွင်လည်းကောင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၄-၄-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိပြီး အမှတ်စဉ်(၂/၂၀၂၅) ကို ၂၈-၄-၂၀၂၅ ရက်နေ့မှ ၂၃-၅-၂၀၂၅ ရက်နေ့ထိ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖုန်း-၀၆၇-၈၁၀၄၃၃၅ သို့ ဆက်သွယ်စုံစမ်းတက်ရောက်နိုင်ပါသည်။

သို့ဖြစ်ရာ အားကစားကို ကျောင်းသား၊  ကျောင်းသူများ စိတ်ဝင်စားမှုပိုမိုမြင့်မားအောင် မိဘဆရာများကလည်း  တိုက်တွန်းအားပေးခြင်းဖြင့် နွေရာသီအားကစားသင်တန်းများသို့ ကျောင်းသား၊ကျောင်းသူများတက်ရောက်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် ရေးသားတင်ပြလိုက်ပါသည်။     ။

ကလောင်အမည်  -        ရဲလွင်အောင်(ရန်ကုန်တက္ကသိုလ်)

အမည်                -        ဦးရဲလွင်

လိပ်စာ               -        အားကစားနှင့်ကာယပညာဦးစီးဌာန။ ညွှန်ကြားရေးမှူး

Source: https://myawady.net.mm/stories

 

ရဲလွင်အောင်(ရန်ကုန်တက္ကသိုလ်)