ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သက်ကြီးရွယ်အိုများကို သက်တမ်းအရ အသက် ၆၀ နှစ်အထက်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ သတ်မှတ်ထားသည်။ ဆေးပညာသဘော အရ အသက် ၆၀ မှ ၇၄ နှစ်ကြားကို အိုစအရွယ်၊ အသက် ၇၅ နှစ်မှ ၈၄  နှစ်ကြားကို အိုလယ်အရွယ်နှင့် အသက် ၈၅ နှစ်အထက်ကို အိုမင်းမစွမ်း အရွယ်ဟုလည်း   သတ်မှတ်ပါသည်။    သို့ရာတွင်    သက်တမ်းအရ အိုရွယ်ခြင်းကို  မသတ်မှတ်နိုင်ပေ။  တချို့သောသူများတွင်  လောကဓံ အခက်အခဲပေါင်းများစွာ၊ ရောဂါဝေဒနာများစွာ ခံစားနေရသဖြင့် ရှိရင်းစွဲ အသက်ထက် အိုမင်းနေရသကဲ့သို့ လူကြီးတချို့မှာ အသက် ၇၀ ကျော် ရှိနေသော်ငြားလည်း သွက်လက်ဖျတ်လတ်၊ စီမံခန့်ခွဲလုပ်ဆောင်နေနိုင်သည်ကို တွေ့ရပါသည်။

သက်ကြီးရွယ်အိုများကို    တချို့သောလူ့ဘောင်အဖွဲ့အစည်းတွင် ဉာဏ်ပညာကြီးသူ၊ လေးစားခံထိုက်သူဟုသတ်မှတ်သော်လည်း ယဉ်ကျေးမှုအဖွဲ့အစည်း တချို့၌ ပြုစုစောင့်ရှောက်ရန်လိုအပ်သော၊ အားနည်းသောလူတန်းစားတစ်ရပ်ဟုမှတ်ယူကြသည်။ မြန်မာ့လူ့ဘောင်ယဉ်ကျေးမှုတွင် မိအို၊ ဖအို၊ သက်ကြီးရွယ်အိုများအား မိသားစုဝင်များက အိမ်ဦး ခန်း၌ထားကာ  ကျွေးမွေးပြုစုစောင့်ရှောက်ကြသည့်အပြင်  လေးစားစွာ ဦးစားပေးဆက်ဆံကြပါသည်။

အသက်အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းပြုပြင်ပြောင်းလဲလာမှုများ

အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများကြောင့် ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်းအားနည်းလာပြီး လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများကျဆင်းလာသည့်အပြင် ရောဂါများ တစ်စတစ်စ နှင့်   အလွယ်တကူဝင်ရောက်လာကြသည်။ နှလုံးသွေးကြောဆောင် ရွက်မှုများကိုကြည့်ပါက နှလုံးညှစ်အားကျဆင်းလာပြီး သွေးလည်ပတ်မှုလျော့နည်းလာသည်။ သွေးကြောနံရံများမာလာသဖြင့် သွေးပေါင်ချိန် မြင့်တက်လာကာ သွေးတိုးရောဂါဖြစ်နိုင်ခြေများလာပါသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းပါးလာခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရန် နှလုံးခုန် တုံ့ပြန်မှုများလည်း နှေးကွေးလာသည်။ အဆုတ်တွင်း လေဝင်လေထွက် ကောင်းမွန်အောင်   အဆုတ်ကျယ်ပြန့်နိုင်စွမ်း  လျော့နည်းလာသောကြောင့် ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ရရှိနိုင်မှု၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် လဲလှယ်နိုင်မှုများအားနည်းလာကြသည်။ ထိုသို့ လုပ်ဆောင်နိုင်စွမ်းနည်းလာခြင်းသည်   အသက်ရှူခြင်းကို   အထောက်အပံ့ပြုသောကြွက်သားများ အားနည်းလာခြင်းကြောင့်လည်းဖြစ်သည်။  ချွဲသလိပ်များ ကောင်းစွာမဟပ်ထုတ်နိုင်ခြင်းနှင့်အတူ ကိုယ်ခံစွမ်းအားကျဆင်းလာသောကြောင့် အဆုတ်တွင်းပိုးဝင်ရောင်ရမ်းမှုများ ပို၍ရှိလာနိုင်ပါ သည်။

ခန္ဓာကိုယ်တွင်းရှိ Estrogen မဟော်မုန်း၊ Testosterone ဖိုဟော်မုန်းများ အားနည်းလာသည့်အပြင် Thyroid ဟော်မုန်းထုတ်မှုနည်းလာခြင်းကြောင့် ခန္ဓာကိုယ်ရှိကြွက်သားထုများ နည်းပါးအားပျော့လာခြင်းနှင့် အတူ အရိုးများသန်မာမှုလျော့နည်းလာကြသည်။ ထို့ပြင် အရိုးအဆစ် များကြား အရိုးနုများပါးလာသောကြောင့် အဆစ်များတောင့်တင်းလာသဖြင့် လှုပ်ရှားသွားလာနိုင်စွမ်းလျော့နည်းကာ အလွယ်တကူချော်လဲ၊ အရိုးကျိုးခြင်းများဖြစ်လာနိုင်သည်။  ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်း၊ခံစားသိမြင်နိုင်စွမ်းနည်းလာသကဲ့သို့ အကြားစွမ်းရည်၊ အရသာခံနိုင်မှု စွမ်းရည်များလည်း ကျဆင်းလာကြသည်။ မှတ်ဉာဏ်အားနည်းလာပြီးတွက်ချက်နိုင်စွမ်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းများပါ လျော့နည်းလာသည်။ ခန္ဓာကိုယ်လှုပ်ရှားသွားလာနိုင်မှုနှင့် ဦးနှောက်စွမ်းရည်များ ကျဆင်းလာခြင်းကြောင့် စိတ်သွားတိုင်းကိုယ်မပါ၊ စိတ်အလိုမကျဖြစ်ရသကဲ့သို့  စိတ်ကျဝေဒနာများပါခံစားရနိုင်ပါသည်။ သက်ကြီးသတိမေ့ရောဂါ၊ နာတာရှည်ရောဂါများခံစားရခြင်း၊ အထီးကျန်ခြင်း၊ မိမိချစ်ခင်သူများဆုံးရှုံးသွားရခြင်းတို့ကြောင့်လည်း  ကောင်းစွာအိပ်မပျော်၊  နေ့ညအိပ်ချိန်လွဲခြင်းမှသည်  စိတ်ကယောင်ကတမ်းဖြစ် လာတတ်သည်။   ထင်ယောင်ထင်မှားဖြစ်ခြင်း၊   မိသားစုဝင်များကို အကောင်းမမြင်ခြင်း၊ သံသယဝင်ခြင်း၊  ဒေါသမထိန်းနိုင်ခြင်းနှင့်အတူ  အပြုအမူနေထိုင်ပုံပြောင်းလဲလာတတ်သည်။

အစာကြေစေသည့် Enzyme  များထုတ်လုပ်မှုအားနည်း၍   အစာကောင်းစွာမခြေနိုင်ခြင်း၊ သွားများကျိုးပဲ့ မစုံလင်တော့သဖြင့် ကြေညက် အောင်မဝါးနိုင်ခြင်း၊ အစာမျိုခြင်းကိုလုပ်ဆောင်ပေးသော ကြွက်သား များအားနည်းလာသဖြင့်  သီးလွယ်ခြင်း၊  အူလှုပ်ရှားမှုနည်းလာသော ကြောင့် ဝမ်းချုပ်ခြင်းများ ခံစားရနိုင်သည်။ မူလကပင် အစားနည်းလာပြီး အစာချေဖျက်မှုအားမကောင်းခြင်းကြောင့် စားသလောက် အာဟာရ မပြည့်ဝဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ အာဟာရမပြည့်ဝခြင်း၊ ကိုယ်ခံစွမ်းအား စနစ်ကျဆင်းလာခြင်းကြောင့်လည်း ရောဂါပိုးများ အလွယ်တကူဝင်ရောက်ပြင်းထန်နိုင်ပြီး ပြန်လည်နာလန်ထရန်ခက်ခဲကြသည်။ ရောဂါ ကာကွယ်ဆေးများကိုပင် ထိရောက်စွာတုံ့ပြန်မှုမရှိသောကြောင့် ထပ်မံ ထိုးနှံရန် လိုအပ်ပါသည်။ ကျောက်ကပ်မှ အညစ်အကြေးများစွန့်ထုတ်နိုင် သည့် စွမ်းရည်လျော့နည်းလာခြင်းကြောင့် ခန္ဓာကိုယ်အဆိပ်အတောက် ဖြစ်စေသော ဓာတ်သဘာဝများစုပုံလာနိုင်သည့်အပြင် သောက်သုံးနေရ သော ဆေးဝါးများ၏ဆိုးကျိုးများကို ပို၍ခံစားရနိုင်ခြေရှိသည်။ Insulin ဟော်မုန်းကို တုံ့ပြန်မှုနည်းလာခြင်းကြောင့်လည်း ဆီးချိုရောဂါခံစားရစေ ပါသည်။

သက်ကြီးရွယ်အိုများတွင် အဖြစ်များသောရောဂါများ

ထိုကဲ့သို့ အသက်အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းပြောင်းလဲ လာမှုများကြောင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေလက်သွေး ကြောများ သွေးလျှောက်နည်းလာသည့်ရောဂါနှင့် နှလုံးအားနည်းခြင်း များဖြစ်လာကြသည်။ ဦးနှောက်သွေးကြောပိတ်ဆို့မှုကြောင့် လေဖြတ် ရောဂါခံစားရနိုင်သကဲ့သို့ ဦးနှောက်တွင်း ရှိရမည့်ပုံမှန်ဓာတ်ပစ္စည်းများ မထုတ်ဘဲ ပုံမှန်မဟုတ်သောဓာတ်သဘာဝများစုပုံလာမှုကြောင့် ပါကင် ဆန်ရောဂါ(Parkinson’s disease)၊ သက်ကြီးသတိမေ့ရောဂါ(Dementia) များခံစားရနိုင်ပါသည်။ ဆီးချိုရောဂါနှင့် Thyroid ဟော်မုန်းနည်းသည့် ရောဂါ၊ အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါ၊ နာတာရှည်ကျောက်ကပ်အား နည်းရောဂါ၊ အရိုးပွ၊ အဆစ်ရောင်၊ ကျီးပေါင်းရောဂါများလည်း ခံစားကြ ရသည်။ အတွင်းတိမ်၊ ရေတိမ်ဖြစ်လာခြင်းနှင့်အတူ အမြင်၊ အကြားအာရုံ များလည်း လျော့နည်းလာရသည်။ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ကြွက်သားများအားနည်းလာခြင်းကြောင့် အရိုးကျိုးလွယ်ပြီး တင်ပါးဆုံ ရိုး၊ ပေါင်ရိုးကျိုးကာ အိပ်ရာထဲလဲရသည့်အဖြစ်သို့ရောက်ရသည်။ ကိုယ်ခံ စွမ်းအားစနစ်အားနည်းခြင်းကြောင့် ခန္ဓာကိုယ်အနှံ့ ရောဂါပိုး အလွယ် တကူဝင်ရောက်နိုင်သည့်အပြင်  ကင်ဆာရောဂါကိုလည်း  ခံစားကြရပါသည်။ သက်ကြီးရွယ်အိုများသည် အဓိကအားဖြင့် နှလုံးရောဂါ၊ လေဖြတ် ရောဂါ၊ ကင်ဆာရောဂါ၊ အဆုတ်ရောဂါတို့ဖြင့် အသက်ဆုံးရှုံးကြရသည်။ အသက်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း အထွေထွေအားနည်းနေ သောကြောင့် ရောဂါတစ်ခုဝင်ရောက်လာပါက ပြန်လည်ကောင်းမွန်ရန် ခက်ခဲပြီး အသက်အန္တရာယ်တွေ့ကြုံနိုင်ပါသည်။

သက်ကြီးရွယ်အိုများကျန်းမာသောလူနေမှုဘဝရစေရန် လုပ်ဆောင်သင့်သည်များ

အသက်အရွယ်ရလာသော်လည်း ကိုယ်စိတ်တက်ကြွလန်းဆန်းစွာနေထိုင်ခြင်း၊ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းကို ဆက်လက်တည်ဆောက် ထားခြင်းဖြင့် အဓိပ္ပာယ်ရှိသောသက်ကြီးလူမှုဘဝကိုရရှိပြီး ပျော်ရွှင်နိုင်မည်ဖြစ်သည်။  ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးအတွက်  တတ်နိုင်သမျှတက်ကြွစွာနေထိုင်ရပါမည်။ လူကြီးများနှင့်သင့်လျော်သော ကြွက်သား ပျော့ပျောင်းစေသည့် တိုက်ချိ၊ ယောဂကဲ့သို့  လေ့ကျင့်ခန်းများ၊  နှလုံး၊ အဆုတ်ဆောင်ရွက်မှုကိုကောင်းစေသော Aerobic လေ့ကျင့်ခန်းများ၊ ကြွက်သားများကိုသန်မာစေပြီး    ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်သောလေ့ကျင့်ခန်းများ  ပုံမှန်လုပ်ဆောင်သင့်သည်။  လေကောင်းလေသန့်ရှူရှိုက်ရင်း နေ့စဉ်လမ်းလျှောက်ခြင်းကပင် ကျန်းမာရေးကိုအထောက် အကူပြုနိုင်ပါသည်။ အသက်အရွယ်ကြီးသူများ အုပ်စုလိုက် တိုက်ချိ ကစားခြင်း၊ တေးသီချင်းများဖြင့်ကခုန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စုပေါင်း လမ်းလျှောက်ခြင်းသည် ပို၍သွက်လက်ပျော်ရွှင်စေနိုင်မည်ဖြစ်သည်။

အာဟာရပြည့်ဝသည့် အသီးအရွက်၊ အသား၊ ငါး၊ အစေ့အဆန်၊ အသီး အနှံများကို စုံလင်စွာ ကြေညက်လွယ်အောင် ချက်ပြုတ်စားသောက်သင့်ပါသည်။ ရေကိုလည်း လုံလောက်စွာသောက်ရန် လိုအပ်သည်။ တတ်နိုင်သမျှ  အိပ်ချိန်မှန်ရန်၊  အိပ်စက်မှုဝေဒနာများမခံစားရရန်  တရားထိုင်၊ တရားနာခြင်း၊ မိမိအိပ်ရာနေရာကို အိပ်ချင်စဖွယ်သပ်ရပ်စွာထားခြင်း၊ လိုအပ်ပါက ဆေးဝါးအကူအညီရယူကာ ကောင်းမွန်သောအိပ်စက်ခြင်းကို ရယူကြရပါမည်။ ပုံမှန် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး    မိမိတွင်တွေ့ရှိသောရောဂါအလိုက်   စနစ်တကျကုသမှုခံယူရမည့်အပြင် လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံထားသင့်သည်။ ကျန်းမာရေးစောင့်ရှောက်ပေးမည့်  ဆရာဝန်နှင့်လည်း  ပုံမှန်တွေ့သင့်သည်။ ဆေးလိပ်၊  အရက်သောက်ခြင်းသည်  မိမိကျန်းမာရေးကိုပိုဆိုးစေနိုင်သဖြင့် ရှောင်ကြဉ်သင့်သကဲ့သို့ ခံတွင်းသန့်ရှင်းရေးနှင့် ခြေထောက်များကို သန့်ရှင်းနေရန်လည်း ဂရုတစိုက်ဆောင်ရွက်ရပါမည်။

စာဖတ်ခြင်း၊ ခေတ်နှင့်အညီပြောင်းလဲမှုများကို မျက်ခြည်မပြတ် လေ့လာနေခြင်း၊ ဘာသာစကား သို့မဟုတ် မိမိစိတ်ဝင်စားရာပညာရပ်များကို စဉ်ဆက်မပြတ်သင်ယူလေ့လာနေခြင်း၊ ဉာဏ်စမ်းကစားခြင်းများဆောင်ရွက်ခြင်းသည် ဦးနှောက်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေသည်။ မိမိဝါသနာပါရာအလုပ်များ ဆက်လက်လုပ်ဆောင်ခြင်းဖြင့် စိတ်တည်ငြိမ်မှု၊   စိတ်ပျော်ရွှင်မှုရစေပါသည်။   စိတ်စွမ်းရည်ဆိုင်ရာကျင့်စဉ်များ၊  စိတ်ကိုလျှော့ချပေးသည့်လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊  တရားထိုင်၊  ပုတီးစိပ်ခြင်း၊  သဘာဝအလှအပများကိုခံစားခြင်း၊ သာယာနာပျော်ဖွယ်တေးသီချင်းများနားထောင်ခြင်းသည် စိတ်ဖိစီးမှု လျော့နည်းကာ စိတ်စွမ်းရည်တိုးတက်စေပါသည်။  ထို့ပြင်  မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်း၊  ဆွေမျိုးများနှင့်  အဆက်အသွယ်မပြတ် ထိတွေ့နေခြင်း၊ ဖုန်းပြောခြင်း၊ တွေ့ဆုံပွဲများကျင်းပခြင်း၊ ခရီးစုဝေးသွားခြင်းသည်  စိတ်ပျော်ရွှင်မှုရစေပြီး  စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန် စေပါသည်။ မိမိနှင့်ဆက်ဆံနေရသူများကို အကောင်းမြင်စိတ်၊ ကျေးဇူးတင်စိတ်ဖြင့်နေထိုင်ခြင်းသည် မိမိဘဝကို ပို၍ကျေနပ်ပျော်ရွှင်စေပါသည်။

ထို့ပြင် သက်ကြီးရွယ်အိုများအတွက် လုံခြုံဘေးကင်းစေမည့် နေထိုင်ရာဝန်းကျင်ကို ဖန်တီးပေးရန်လိုသည်။ ချော်မလဲစေရန် ရေချိုးခန်းတွင် မလဲနိုင်သည့် အခင်းများခင်းပေးခြင်း၊ အိမ်သာအထလွယ်ကူစေရန်နှင့် ရေချိုးခန်းအတွင်း အဆင်ပြေစေရန် လက်ကိုင်တန်းများတပ်ဆင်ခြင်း၊ အခန်းတွင်း အလင်းရောင်လုံလောက်စွာထားခြင်း၊ လိုအပ်သောပစ္စည်းများအခန်းအတွင်း အလွယ်တကူရရှိအောင်ပြုလုပ်ပေးခြင်း၊ သွားလာမှုလွယ်ကူစေသည့် အကူတုတ်ကောက်၊  Wheel  Chair  များထားရှိခြင်း၊ နားကြားကိရိယာတပ်ဆင်ခြင်း စသည့်အထောက်အပံ့များပေးထားရပါမည်။ ခေတ်နှင့်အညီ လူမှုကွန်ရက်မှသတင်းများသိနိုင်ရန်၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်နိုင်ရန်၊   TV ၊ စမတ်ဖုန်းများအသုံးပြုတတ်ရန်  သင်ကြားပေးရန်လိုပါသည်။ စိတ်ခံစားချက်ကိုပြောဆိုနိုင်သော စကားပြောဖော် မိတ်ဆွေအပေါင်းအသင်းများရှိခြင်း၊   အဖော်ပြုစောင့်ရှောက်မည့်သူဆွေမျိုးသားချင်းများထားရှိခြင်း၊ မိသားစုမှလည်း သည်းခံနားလည်မှု ဖြင့် ဖြစ်ချင်သည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် အထီးကျန်မှုဝေဒနာမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ မိမိကိုးကွယ်ရာဘာသာအလိုက်  ဘာသာရေး အဆုံးအမများ လက်ခံကျင့်သုံးစေခြင်းဖြင့်လည်း စိတ်ကျေနပ်မှု၊ စိတ် အေးချမ်းမှုကို ရစေနိုင်ပါသည်။

သက်တမ်းအရ အိုမင်းလာသောကြောင့်  ခန္ဓာကိုယ်၊  စိတ်ပိုင်းနှင့်ဦးနှောက်စွမ်းရည်များကျဆင်းလာသော်လည်း ကျန်းမာသောနေထိုင်မှု ဘဝကို  ကျင့်သုံးနေထိုင်ခြင်းဖြင့်  ဘဝကို  အနှစ်သာရရှိစွာနေထိုင်ကာအိုမင်းခြင်းကိုနှေးသွားအောင် လုပ်ဆောင်ကြရပါမည်။ အိုခြင်းသဘော နှင့် နောက်ဆက်တွဲဖြစ်စဉ်များကို မိမိကိုယ်တိုင်က နားလည်သဘော ပေါက်ရန်လိုအပ်ပြီး မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းမှလည်း ဝိုင်းဝန်း ဖေးမကူညီစောင့်ရှောက်ကြရမည်ဖြစ်သည်။  အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှလည်း  ခိုကိုးရာမဲ့ဘိုးဘွားးများကို စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊   တတ်စွမ်းသူများက  ဝိုင်းဝန်းကူညီပံ့ပိုးခြင်းဖြင့် သက်ကြီးရွယ်အိုများ၏ဘဝစိုပြည်စေ‌ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ဒေါက်တာဥမ္မာစော

သနပ်ခါးကို  မြန်မာအမျိုးသမီးများနှစ်သက်စွာလိမ်းကြသည်။   သနပ်ခါးမလိမ်းသည့်မြန်မာအမျိုးသမီးမှာ နည်းပါးလှသည်။ မြန်မာအမျိုးသမီးများအနေဖြင့် လူကြီး၊ လူငယ်၊ လူလတ်မကျန် သနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးအများစုကိုကြည့်လိုက်ပါက သနပ်ခါးလိမ်းထားသည်ကိုတွေ့ရသည်။   အထူးသဖြင့် ကျေးလက်နေအမျိုးသမီးအများစုမှာ သနပ်ခါးလိမ်းကြသည်ကို ပိုတွေ့ရသည်။ထို့ပြင် မြန်မာ့သနပ်ခါးကို တစ်ခါတစ်ရံအမျိုးသားများပါ နှစ်သက်စွာလိမ်းကြသည်ကိုလည်း တွေ့ရသည်။

“ဆောင်းမှာနွေး၊ နွေမှာအေး”ဆိုသည့်ဆိုစကားအရ   ဆောင်းတွင်းရာသီမှာသနပ်ခါးလိမ်းထားလျှင် အနွေးဓာတ်ကိုရရှိပြီး နွေရာသီမှာ  သနပ်ခါးလိမ်းပါက အအေးဓာတ်ကိုရရှိသည်ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းလှသောနွေရာသီတွင် အမျိုးသမီးများအပြင် အမျိုးသားများပါ  သနပ်ခါးလိမ်းကြခြင်းဖြစ်သည်။ ထို့ကြောင့် သနပ်ခါးသည်  မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတစ်မျိုးဟုပင်ဆိုရပေမည်။ အကြောင်းမှာ မြန်မာလူမျိုးတို့သည် သနပ်ခါးကို ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ  စွဲစွဲမြဲမြဲလိမ်းခဲ့ကြသောကြောင့်ဖြစ်သည်။

သနပ်ခါး၏အဓိပ္ပာယ်၊ သနပ်ခါးသမိုင်းနှင့်သနပ်ခါးရာဇဝင်

သနပ်ခါးသည် စွဲလမ်းနှစ်ခြိုက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် နှစ်သက်စွာအသုံးပြုခဲ့ကြသည်။   မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုသည် အေဒီ ၅ ရာစုမှ အေဒီ၉ ရာစုအတွင်း ထွန်းကားခဲ့သည်ဟုယူဆကြသည်။ သနပ်ခါးလိမ်းသည့်ဓလေ့ကိုမူ လွန်ခဲ့သည့်နှစ်ပေါင်း ၂၄၀၀ ကျော်ခန့်က  စတင်ခဲ့သည်ဟုဆိုသည်။ တချို့ကလည်းလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ဟုဆိုကြသည်။ မည်သို့ဆိုစေကာမူ မြန်မာတို့သနပ်ခါးလိမ်းသည့်ဓလေ့သည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်ကိုတော့ ငြင်းမရပေ။ သရေခေတ္တရာခေတ် ဗိဿနိုးမိဖုရားတို့ခေတ်တွင် သနပ်ခါးလိမ်းခြင်းကို သဲသဲမဲမဲ စွဲစွဲလမ်းလမ်းကြီးဖြစ်လာခဲ့သည်ဟုပညာရှင်များက ယူဆကြောင်း သိရသည်။သနပ်ခါးနှင့်ပတ်သက်ပြီး  ပုဂံရှိနဂါးရုံဘုရားနှင့်အပယ်ရတနာဘုရားရှိ    နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေသည့်မိန်းမပျိုပုံများကိုတွေ့ရသောကြောင့်  ပုဂံခေတ်မှာလည်းမြန်မာမိန်းမပျိုတို့သနပ်ခါးလိမ်းကြောင်းသိနိုင်သည်။

 သနပ်ခါးရာဇဝင်ကို ပြောမည်ဆိုပါကပခန်းသားတို့၏ ပါးစပ်ရာဇဝင်ကိုသာဖော်ပြရပေလိမ့်မည်။ အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်အခါက   ပခုက္ကူခရိုင်ပခန်းကြီးမြို့အနောက်ဘက် ၂ မိုင်ခန့်ကရှင်မတောင်အနီးရှိ  တောင်နီတောင်အနီးသို့ရောက်သောအခါ  မိဖုရားကြီးအသုံးပြုလေ့ရှိသော သနပ်ခါးအစ်(အလွန်မွှေးကြိုင်သော   သနပ်ခါးအရည်ထည့်ထားသောကွမ်းအစ်)သည် တိမ်းမှောက်သွားသဖြင့်   အဆိုပါတောင်နီတောင်ဒေသတစ်ဝိုက်တွင် ပေါက်ရောက်သောသနပ်ခါးသည် အခြားသောဒေသထွက်သနပ်ခါးများထက်ပိုမွှေးသည်ဟု အယူရှိကြသည်။  ဤကားပခန်းသားတို့၏ ပါးစပ်ရာဇဝင်ပင်ဖြစ်သည်။  ထို့ပြင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဓာတုကလျာမင်းသမီးအမည်ပါသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓောဘုရား၌တွေ့ရသည်ဟုလည်း  မှတ်သားရသည်။ထို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် တောင်ငူခေတ်မင်းတစ်ပါးဖြစ်သဖြင့်သနပ်ခါးကို  တောင်ငူခေတ်မှာလည်းလိမ်းကြောင်းသိနိုင်သည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တွင် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်အနောက်ဘက် သီဟတောဘုရား၏တောင်ဘက် ၂ မိုင်ခန့်ရှိ ကပွတ်ရွာဆိုလျှင် ရှေးကနန်းတော်သုံး   တော်ဝင်သနပ်ခါးထွက်ရှိကြောင်းသိရသည်။

မြန်မာ့ရိုးရာသနပ်ခါးအဓိပ္ပာယ်

သနပ်ခါးဟူသောစကားတွင် “သနပ်ခါ”ဟူသောစကားမှဆင်းသက်လာပြီး“သနနှင့်ခါ”ဟူသောစကားကို ပေါင်းစပ်ထားခြင်းဖြစ်သည်။    “သန”ဟူသည် “မသန့်မရှင်းဖြစ်သည်၊ ယုတ်ညံ့သွားသည်”ဟုအဓိပ္ပာယ်ရသည်။ “ခါ”ဟူသည်စွန့်ထုတ်ခြင်းဟု   အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနပ်ခါ”ဟူသည်   မကောင်းသောအညစ်အကြေးများနှင့်ယုတ်ညံ့စေသောအရာများကို   ဖယ်ထုတ်သည်။စွန့်ထုတ်သည်။ ခါထုတ်ပစ်သည်ဟူသောအဓိပ္ပာယ်   ကောက်ယူရပေလိမ့်မည်။မြန်မာ့ယဉ်ကျေးမှုဖြစ်သောရိုးရာသနပ်ခါးသည်  မြန်မာလူမျိုးတို့၏အယူအဆအရသန့်ရှင်းခြင်းသဘောကို ဆောင်သည်။  အမှန်စင်စစ်လည်း မြန်မာ့သနပ်ခါးကိုလိမ်းခြယ်ထားသူများကို  ကြည့်ပါကသန့်ရှင်းနေသည်ကို တွေ့ရပေလိမ့်မည်။

ဆေးကျမ်းလာမြန်မာ့နံ့သာအမျိုးမျိုး

မြန်မာလူမျိုးတို့ အသုံးပြုလေ့ရှိသောနံ့သာများရှိသည်။ အဆိုပါနံ့သာများကိုဆေးဖက်မှာလည်း  အသုံးပြုကြသလိုလူတို့၏အလှအပရေးရာအတွက်လည်းအသုံးပြုကြသည်။ သနပ်ခါးကို အင်္ဂလိပ်အမည်ဖြင့် Chinese Box Tree ဟုခေါ်ပြီး သိပ္ပံအမည်မှာ   Naringi    Crenulata ဖြစ်သည်။ မျိုးရင်းက  Rutaceae ဖြစ်ပြီး မျိုးစိတ်မှာ  Acidissma  ဖြစ်သည်။ကျောက်ပျဉ်ပေါ်တင်သွေးရသောနံ့သာအမျိုးမျိုးရှိသည်။   မာဂဓအဘိဓာန်ကျမ်း၌  လေးမျိုးရှိပြီး   ယင်းတို့မှာ(၁)ကုင်္ကုမံ၊ (၂)လေးညှင်း၊ (၃)ကက္ကုကမျဉ်း၊ (၄)တောင်ဇလပ်တို့ဖြစ်သည်။  ဗိန္ဓောဆေးကျမ်းလာ နံ့သာငါးမျိုးရှိသည်။ ယင်းတို့မှာ  (၁)နံ့သာဖြူ၊  (၂)နံ့သာနီ၊ (၃)ကရမက်၊ (၄)အကျော်၊ (၅)စမ္ပာတို့ဖြစ်သည်။ ထို့ပြင် သာရတ္ထသင်္ဂဟကျမ်းမှာမူနံ့သာ ၁၀ မျိုးရှိကြောင်း  ဖော်ပြထားသည်ဟုသိရသည်။ ထိုနံ့သာ ၁၀ မျိုးမှာ(၁)အမြစ်နံ့သာ၊ (၂)အနှစ်နံ့သာ၊ (၃)အကာနံ့သာ၊ (၄)အခေါက်နံ့သာ၊ (၅)အလွှာနံ့သာ၊ (၆)အရည်နံ့သာ၊   (၇)အရွက်နံ့သာ၊(၈)အပွင့်နံ့သာ၊ (၉)အသီးနံ့သာ၊ (၁၀)အလုံးစုံအနံ့နှင့်ပြည့်စုံသော ပင်စည်နံ့သာတို့ဖြစ်သည်။ မြန်မာ့သနပ်ခါးသည် သာရတ္ထသင်္ဂဟကျမ်းလာနံ့သာ ၁၀ မျိုးအနက် အခေါက်နံ့သာ၊ အမြစ်နံ့သာ၊ အလွှာနံ့သာသုံးမျိုးတွင် အကျုံးဝင်သည်။

စာပေထဲက မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို ကမ္ဘာကပင် သိကြသည်။ မြန်မာ့သနပ်ခါးသည် ကမ္ဘာကျော်သည်။ ကမ္ဘာကျော်သလို ရှေးစာဆိုများက   အမြတ်တနိုးပင်စာဖွဲ့ခဲ့ကြသည်။ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ကြီးမားသော   အစွဲအလမ်းတစ်ခုဖြစ်သလို  အလေးထားအသုံးပြုသောနံ့သာတစ်မျိုးလည်းဖြစ်ကြောင်း  သိနိုင်သည်။ မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက်  ကဗျာစာဆိုတို့က ကဗျာစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ သက္ကရာဇ် ၇၄၅  ခုနှစ်  ရာဇဓိရာဇ်မင်းသားသည်မင်းသားဘဝနှင့် ဒဂုံသို့ချီတက်ရာတွင်ကြင်သူသက်ထားထံသို့ရေးပို့ခဲ့သောသုံးထောင့်အိုင်ချင်းတစ်ပုဒ်တွင် “သနပ်ခါးကျောက်ပျဉ်ပေါ်တွင် သောက်တော်ရေနှင့်ရောသွေးပါလျှင် နံ့သာပေါ်ကျဲတတ်တယ်”ဟုလည်းကောင်း၊ ရှေးခေတ်ဆန်ဖွပ်တေးတစ်ပုဒ်တွင်   “ရွှေနံ့သာခေါက်ကိုလ၊  ကျောက်ပျဉ်မှာ  အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး”ဟုလည်းကောင်း၊  တောဓလေ့တေးတစ်ပုဒ်မှာလည်း    “သနပ်ခါးငယ်  တစ်ကွက်၊ ရွှံ့တစ်စက်ကယ်နှင့်တွဲလျက်ကယ်တူညီ၊ စိုက်လယ်ကွင်းဆီက သီချင်းသံပြိုင်ဆိုတော့”ဟုလည်းကောင်း   ရေးဖွဲ့ထားသည်မှာ သနပ်ခါးပါးကွက်ကြားနှင့်ကောက်စိုက်သူလုံမလေးတို့၏ ဟန်နှင့်သီချင်းသံကိုကြားယောင်မြင်ယောင်လာစေသည်။ ထို့ပြင် သက္ကရာဇ် ၈၅၅ ခုနှစ်အင်းဝခေတ်ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရရေးစပ်ခဲ့သောဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတစ်သုန် လိမ်းလင့်ကုန်”ရေးဖွဲ့ထားခဲ့သည်။ စာဆိုတော်ဦးကြီးကလည်း   သူ၏ကဗျာတစ်ပုဒ်တွင်“ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့်ရေခပ်လမ်းမှာ   စခန်းသင့်လို့၊ ထက်ဆင့်နီရောင်ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့”ဟုလည်းကောင်း၊   ခါတစ်ခေါက်ရွာရောက်ငယ်လှမ်းခဲ့ပ အသချီထားသောကဗျာတစ်ပုဒ်တွင် “တစ်ဖက်ကယ်မှောင်ကာ၊ တခြမ်းတာမှာ၊ နံ့သာလိမ်းကွက်၊လရောင်ပြက်မှာ”ဟုလည်းကောင်း ရေးဖွဲ့ထားသည်။  ထို့ပြင် အမည်မသိစာဆိုတစ်ဦးရေးဖွဲ့ခဲ့သော ရွှေမနသူတမ်းချင်းတွင် “သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်းသူတော့်၊ ကျုပ်အလှဆုံး”ဟုလည်းကောင်း  ရေးဖွဲ့ထားသည့် သနပ်ခါးကဗျာများကိုတွေ့ရသည်။ နန်းတော်ရှေ့ဆရာတင်ကလည်း “ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူ”ဟု သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့သည်။

မြန်မာ့ရိုးရာသနပ်ခါးပွဲတော်များ

မြန်မာလူမျိုးတို့သနပ်ခါးကို  မည်မျှကြိုက်နှစ်သက်လည်းဆိုလျှင် မြန်မာနိုင်ငံနေရာအနှံ့တွင် သနပ်ခါးပွဲတော်များကျင်းပကြခြင်းကို  ကြည့်ခြင်းအားဖြင့်သိနိုင်သည်။ အချမ်းအအေးလွန်ကဲသောတပို့တွဲလရာသီမျိုးတွင် မြန်မာ့သနပ်ခါးနှင့်နံ့သာများကိုရောနှောမီးရှို့၍ မြတ်စွာဘုရားရှင်အား မီးပုံပွဲအလှူကို ကျင်းပလှူဒါန်းကြသည်။ ထို့ပြင်  ရခိုင်တိုင်းရင်းသားတို့သည်   ရခိုင်ရိုးရာဓလေ့တစ်ခုအနေဖြင့်    သင်္ကြန်အကြိုနေ့မတိုင်မီလူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမကျန်နံ့သာဖြူ၊ သနပ်ခါး စသည်တို့နှင့်ကျောက်ပျဉ်ကိုယူဆောင်ပြီး စုပေါင်းကာ အတီးအမှုတ်များဖြင့် နံ့သာသွေးပွဲကိုကျင်းပလေ့ရှိကြသည်။ ယောနယ်ဘက်မှာလည်း သီတင်းကျွတ်လပြည့်နေ့တွင်လူပျို၊ အပျိုတို့သည် သနပ်ခါးပွဲတော်ကိုပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်   ကျင်းပလေ့ရှိကြောင်းသိရသည်။ စာရေးသူတို့မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီအလိုက်  သနပ်ခါးပွဲတော်များရှိသည်။ မင်းဘူးရွှေစက်တော်ဘုရားပွဲတွင် တပို့တွဲလမှတန်ခူးလအထိလည်းကောင်း၊ စလင်းမြို့ရှိ ရွှေပြည်အေးဘုရားပွဲတွင် ကဆုန်လ၌လည်းကောင်း၊ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတွင် နယုန်လ၌လည်းကောင်း၊ ဝါခေါင်လတွင် မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၌လည်းကောင်း၊တော်သလင်းလတွင်  တံတားဦးမြို့နယ်ငါန်းဇွန်ဘုရားပွဲ၌လည်းကောင်း၊ သီတင်းကျွတ်လတွင်   မကွေးမြသလွန်စေတီ၌လည်းကောင်း၊ တန်ဆောင်မုန်းလတွင်ရွှေစည်းခုံဘုရားပွဲ၌လည်းကောင်း၊နတ်တော်လတွင် ကျောက်ပန်းတောင်းရှိစေတီကြီးဘုရားပွဲနှင့်    ပြာသိုလတွင်အာနန္ဒာဘုရားပွဲ၌လည်းကောင်း သနပ်ခါးပွဲတော်များ ကျင်းပလေ့ရှိသည်။

သနပ်ခါးအရည်မပုပ်အောင်ပြုလုပ်နည်း

ဤနည်းသည် မြန်မာအမျိုးသမီးများအတွက် အဆင်ပြေသောနည်းဖြစ်သည်။ မြန်မာအမျိုးသမီးတို့သည် သနပ်ခါးကြိုက်ကြသဖြင့် ခရီးသွားလျှင်သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူလေ့ရှိကြသည်။သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူရသည်မှာ   လွယ်ကူသည်မဟုတ်ပေ။ထို့ကြောင့်  ခရီးသွားရာတွင်သနပ်ခါးနှင့်ကျောက်ပျဉ်ကိုသယ်စရာမလိုဘဲ သနပ်ခါးမပုပ်အောင်ပြုလုပ်နည်းကိုဖော်ပြပါမည်။သနပ်ခါးကို   မိမိလိုသလောက်သွေး၍ ထည့်စရာကြုတ် သို့မဟုတ် ဘူးအတွင်းထဲ၍ သံပရာရည် သို့မဟုတ်  ရှောက်ရည်ထည့်၍ ယူဆောင်သွားခြင်းဖြစ်သည်။  နောက်တစ်နည်းမှာ သနပ်ခါးဘူးအတွင်းကျောက်ချဉ်အနည်းငယ်ကိုလည်းကောင်း၊အရက်ပြန်အနည်းငယ်ကိုလည်းကောင်းထည့်ကြသည်။ ထို့ပြင် သနပ်ခါးရည်ဘူးထဲသိုငွေမတ်စေ့ထည့်စိမ်ထားပါကလေးငါးရက်ခန့်သနပ်ခါးရည်မပုပ်ဟုသိရသည်။

မြန်မာ့သနပ်ခါးနှင့်ကျန်းမာရေး

မြန်မာ့သနပ်ခါးသည် မြန်မာ့ယဉ်ကျေးမှုဖြစ်သလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည်။ ဆေးကျမ်းအရသနပ်ခါးသည်  ပူ၏။  သွေးကိုကြွစေသည်။  ငန်းမန်းကိုနိုင်သည်။  အပူနာ၊အအေးနာနှစ်မျိုးစလုံးတွင် သုံးနိုင်သည်။အပင်၊ အရွက်၊ ပင်စည်၊ အမြစ်အားလုံးကိုအသုံးပြုနိုင်သည်။ သနပ်ခါးရွက်သည် ဝက်ရူးပြန်ရောဂါကုသသည့်ဆေးဖော်စပ်ရာတွင်ထည့်သွင်းအသုံးပြုသလို ဆီးချိုရှိသူများအမှုန့်ပြုလုပ်၍ သောက်သုံးကြသည်။    အသီးကိုမူ  အဆိပ်ဖြေဆေးဖော်စပ်ရာတွင်အသုံးပြုသည်။ နွေရာသီတွင်ဖြစ်တတ်သော မိတ်ဖု၊ ယားယံနာများဖြစ်လျှင် သနပ်ခါးရေကျဲသွေးလိမ်းပေးနိုင်သည်။ သနပ်ခါးမြစ်ကို  ဆားနှင့်သွေးလိမ်းပေးပါက ညောင်းညာကိုက်ခဲခြင်းကိုသက်သာစေသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏   အသည်းစွဲနံ့သာဖြစ်သည်။ သနပ်ခါးသည် အသားအရည်ကိုအကျိုးပြုသည်။ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေကို နူးညံ့စိုပြည်စေပါသည်။ ကလေးငယ်များကိုလူကြီးများက  သနပ်ခါးခွံ့ကြသည်ကိုတွေ့ဖူးသည်။ ကလေးငယ်များအားသနပ်ခါးခွံကျွေးခြင်းဖြင့် ကျောက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။သနပ်ခါးသည် နေပူဒဏ်ကိုကာကွယ်ပေးသည်။ နေရောင်မှာပါဝင်သည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို  ကာကွယ်ပေးသည်။၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီတို့၏လေ့လာချက်အရ သနပ်ခါးပင်၏အခေါက်သည် အင်တီအောက်ဆီးဒင့် ခေါ်ခန္ဒာကိုယ်ကိုအကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း၊ အသားအရည်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်များအပြင် ဗက်တီးရီးယားများကိုပါသေစေနိုင်သော   ဓာတ်နှင့်အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေနိုင်သောဓာတ် သနပ်ခါးလိမ်းပေးခြင်းဖြင့်မျက်နှာပေါ်တွင်ဖြစ်လေ့ရှိသော ဝက်ခြံကိုသက်သာပျောက်ကင်းစေပြီး နေလောင်ခြင်းကိုလည်း   ကာကွယ်ပေးသည်။ထို့ကြောင့် နေပူပူမှာ အလုပ်လုပ်သူများသည်သနပ်ခါးကိုပါးမှာ ခပ်ထူထူလိမ်းကြခြင်းဖြစ်သည်။ ဒူးဆစ်ရောင်ရမ်းခြင်းကို သနပ်ခါးမြစ်ကို သွေးလိမ်းပေးလျှင်ပျောက်ကင်းနိုင်သည်။

လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန်ကြိုးပမ်း

မြန်မာနိုင်ငံတွင် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ ရှေးဟောင်းမြို့များ၊ ရှေးဟောင်းကျောက်စာများ၊ရှေးဟောင်းအဆောက်အအုံများ စသည်ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များရှိသည်။ ဒြပ်မဲ့ဟူသည်ထိတွေ့ကိုင်၍မရသော သဘောဆောင်သည်။ ဥပမာ-မြန်မာ့ရိုးရာသင်္ကြန်ကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည်   လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းယူဆောင်လာခဲ့သည့် ထိတွေ့ကိုင်တွယ်၍မရသောအစဉ်အလာအားဖြင့်ထိန်းသိမ်းလာခဲ့သည့်  ဓလေ့တစ်ခုဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ မြန်မာ့သင်္ကြန်ကိုတော့ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ်အသိအမှတ်ပြုမှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်။

ယခုအခါ  မြန်မာ့ရိုးရာသနပ်ခါးကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် စာတမ်းပြုစုလျက်ရှိကြောင်းသိရသဖြင့် ဝမ်းမြောက်မိသည်။ ထိုစာတမ်းကိုရှေးဟောင်းသုတေသနနှင့်   အမျိုးသားပြတိုက်ဦးစီးဌာနအပါအဝင်   မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးNGO အဖွဲ့အစည်းများနှင့်ပူးပေါင်းရေးဆွဲပြီး   ဘာသာစကားအနေဖြင့်  မြန်မာ၊အင်္ဂလိပ်၊ ပြင်သစ်သုံးဘာသာဖြင့် ရေးဆွဲကြောင်းသိရသည်။ မြန်မာ့သနပ်ခါးသည် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတွင်ပါဝင်ခြင်းလျှင်မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုတစ်ခုအဖြစ်   နိုင်ငံတကာက  အသိအမှတ်ပြုတန်ဖိုးထားပြီး မြန်မာတို့၏ယဉ်ကျေးမှုဂုဏ်ကိုဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ရှိပါသေးသည်။ ယင်းကား မြန်မာ့ရွှေချည်ထိုးအနုပညာဖြစ်သည်။ မြန်မာ့ရွှေချည်ထိုးလက်မှုအနုပညာကိုလည်း   ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်မှတ်တမ်းဝင်ရန်ကြိုးပမ်းစေလိုကြောင်း   စာရေးသူအနေဖြင့်နှိုးဆော်လိုက်ပါသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်  မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတို့ရှေးအစဉ်အဆက်ကတည်းက နှစ်ခြိုက်စွာအသုံးပြုခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သနပ်ခါးကိုမနှစ်သက်သည့်မြန်မာအမျိုးသမီးက ရှားလှသည်။ စာရေးသူမန္တလေးရောက်စဉ်က ကုသိုလ်တော်ဘုရား၌  နိုင်ငံခြားအမျိုးသမီးတစ်ဦးမြန်မာ့သနပ်ခါးလိမ်းထားသည်ကို တွေ့ဖူးသည်။  ထိုအချိန်ကတည်းက  မြန်မာသနပ်ခါးကို နိုင်ငံခြားသားများစိတ်ဝင်စားနှစ်သက်ကြသည်ကို ခန့်မှန်းမိသည်။ ယခုအခါ နိုင်ငံတော်နှင့်သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများက   မြန်မာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင်ကြိုးစားနေကြောင်းကြားသိရဖြင့်ဝမ်းမြောက်ဂုဏ်ယူပီတိဖြစ်ရသည်။မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း မိမိနိုင်ငံ၏သနပ်ခါးအပါအဝင်အခြားသော  ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းသင့်သည်။ ထို့ပြင် မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက်ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

ကိုကျော်စွာ(ကျိုက်ပိ)

မြန်မာနိုင်ငံ၏   စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ရေ၊ နည်း ဤ လေးချက်အား ကောင်းမွန်မှန်ကန်စွာ အသုံးချဆောင်ရွက်လျက်ရှိရာတွင် ရေချိုလုံလောက်စွာရရှိရေးသည် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက်သော်လည်းကောင်း၊   စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်စေရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရန်အတွက်  သော်လည်းကောင်း  မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်ဖြစ်သည်။

 ဧရာဝတီတိုင်းဒေသကြီးသည် မိုးစပါး ဧက ၃၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် မိုးစပါးအများဆုံးစိုက်ပျိုးသောဒေသကြီးတစ်ခုဖြစ်သည်။ ဒုတိယသီးနှံ စိုက်ပျိုးနိုင်မှုမှာ ဧရိယာဧက ၂၆ သိန်းခန့်ရှိရာ မစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန် ဧရိယာမှာ  ဧက ၁၁ ဒသမ ၂၀ သိန်းခန့် ကျန်ရှိသည်ကိုတွေ့ရှိရသည်။ သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သော ရိုးပြတ် ကျန်ဧရိယာအများစုမှာ    ရေငန်ဒေသအတွင်းကျရောက်နေသော စိုက်ဧရိယာများဖြစ်သည်ကို  တွေ့ရှိရသည်။ ထိုသို့ စိုက်ပျိုးနိုင်မှုမရှိခြင်းမှာ ရေငန်ဝင်ရောက်ခြင်း၊ ရေချိုရရှိမှုမသေချာခြင်း၊ ရွှံ့စေး-နုန်းဆန်သော အောက်ခံမြေစေးများရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးတစ်သီးသာစိုက်ပျိုးနိုင်သော   ရိုးပြတ်ကျန်နေရာများမှာ ရေငန်ဝင်ရောက်သည့်ဧရိယာများဖြစ်သော ဖျာပုံခရိုင်၊ လပွတ္တာခရိုင်နှင့်ပုသိမ်ခရိုင်ဒေသတို့ဖြစ်သည်ကို တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန် ဧရိယာဧက ၁၁ ဒသမ ၂၀ သိန်း ရှိရာတွင် ဖော်ပြပါ ခရိုင်သုံးခုအတွင်း ဧက၁၀ ဒသမ ၉၅ သိန်းခန့်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရိုးပြတ်ကျန်များသည် ရေငန်ဝင်ရောက်သောဒေသများအတွင်း အများဆုံးတွေ့ရှိရသည်။

ဖျာပုံခရိုင်  သို့မဟုတ်  ရေချိုရေငန်စပ် ဧရိယာ

ဖျာပုံခရိုင်အတွင်း ၁၉၉၀  ဝန်းကျင်နှစ်များတွင်  ရေငန်တားတာတမံများတည်ဆောက်ထားခြင်းမရှိခြင်းကြောင့်မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။   မိုးစပါးစိုက်ပျိုးချိန်ကာလတစ်လျှောက် လပြည့်လကွယ်ရက်များရောက်တိုင်း    ပင်လယ်ဒီရေများစိုက်ခင်းများအတွင်းသို့ တက်ရောက်လေ့ရှိပြီး မိုးစပါးများရေနစ်မြုပ်ပျက်စီးထိခိုက်လေ့ရှိသည်။  အဆိုပါကာလများတွင်မိုးစပါးတစ်သီးကိုပင်  အခက်အခဲများဖြင့် စိုက်ပျိုးခဲ့ရပြီး မိုးစပါးစိုက်ပျိုးသော ဧရိယာမှာလည်း ဧက ငါး သိန်းဝန်းကျင်ခန့်သာရှိခဲ့သည်။  ယခုအခါ  ဖျာပုံခရိုင်အတွင်း မိုးစပါးစိုက်ဧက ၈ ဒသမ ၇၀ သိန်းကျော်ရှိလာပြီဖြစ်သည်။  တာတမံ၊ရေတံခါးများနှင့် ရေနုတ်မြောင်းများကြောင့် မိုးစပါးစိုက်ဧရိယာများသိသာစွာတိုးတက်လာပြီး မိုးစပါးစိုက်ဧက ၂ ဒသမ ၆၀ သိန်းကျော်မှာ တာတမံများနှင့် ကျွန်းပတ်တာများအတွင်း စိုက်ပျိုးလာနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးစပါးများ အောင်မြင်စွာစိုက်ပျိုးလာနိုင်သော်လည်း   နွေစပါးစိုက်ပျိုးရန်အတွက်မူ ရေငန်ဧရိယာအတွင်းကျရောက်နေခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျွန်းပတ်တာနှင့်    ရေတံခါးများတည်ဆောက်ခဲ့ခြင်း

၁၉၇၆-၁၉၈၅ ခုနှစ်အတွင်း စပါး(၁) စီမံကိန်းနှင့် ၁၉၈၆-၁၉၉၅ ခုနှစ်အတွင်း စပါး(၂)စီမံကိန်းများဖြင့် ဖျာပုံခရိုင်အတွင်း ရေငန်တားတာတမံ ၁၂ ခုနှင့် ရေထုတ်ရေတံခါး ၄၁ လုံးကို တည်ဆောက်ခဲ့ပြီး မိုးစပါးစိုက်ပျိုးချိန် ပင်လယ်ရေဝင်ရောက် နစ်မြုပ်ဖျက်ဆီးခြင်းမှကာကွယ်လျှော့ချနိုင်ခဲ့သည်။ ကျွန်းပတ်တာနှင့်ရေတံခါးများသည်   မိုးစပါးစိုက်ပျိုးမှုများစွာကို  အထောက်အကူပြုခဲ့ရုံသာမက ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော  နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်စဉ်တွင်လည်းတာအတွင်းရှိ  ဧရိယာများအတွင်း ထိခိုက်ဆုံးရှုံးမှု သက်သာရာရခဲ့သည်ကို တွေ့ရှိရသည်။ ဤကဲ့သို့ ရေငန်တားတာတမံများ၏အကျိုးကျေးဇူးများဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက်  အထောက်အကူပြုလျက်ရှိနေသော်လည်း   နွေစပါးစိုက်ပျိုးနိုင်ရေးအတွက်မူ   ရေငန်ဧရိယာဖြစ်သည့်အလျောက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရသည်။ ဖျာပုံခရိုင်အတွင်း လက်ရှိတွင်မိုးစပါးစိုက်ပျိုးမှုမှာ ဧက ၈ ဒသမ ၇၀ သိန်းကျော်ဖြစ်သော်လည်း နွေသီးထပ် စိုက်ပျိုးနိုင်မှုမှာ ဧက ၄ ဒသမ ၁၀ သိန်းကျော်ခန့်သာရှိရာ   ထက်ဝက်ခန့်မှာမိုးစပါးတစ်သီးသာ   စိုက်ပျိုးနိုင်သောဧရိယာများ(နွေသီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သောရိုးပြတ်ကျန်များ)အဖြစ် ကျန်ရှိသည်ကိုတွေ့ရှိရသည်။

ရေငန်ဝင်ရောက်မှုအခြေအနေနှင့်စိုက်ပျိုးနိုင်မှုအခြေအနေရေငန်လိုင်း (ရေငန်တက်ရောက်မှု)

သည် ဖျာပုံမြစ်၊ ဘိုကလေးမြစ်နှင့်ဒေးဒရဲမြစ်တို့အတွင်း ဒီဇင်ဘာလမှစ၍ပင်လယ်ဘက်မှမြစ်ကြောင်းများအတိုင်း တဖြည်းဖြည်းကုန်းတွင်းပိုင်းသို့   ဝင်ရောက်လာခဲ့ပြီး မတ်လနှင့်ဧပြီလအတွင်းတွင် ရေငန်ဝင်ရောက်မှုအမြင့်ဆုံးဖြစ်သည်။ ရေငန်တိုင်းတာချက်များအရ ဖျာပုံမြစ်အတွင်း ဖျာပုံမြို့အထက်နားအထိ    ရေငန်ဝင်ရောက်မှုရှိပြီး   ဒေးဒရဲမြစ်အတွင်းဒေးဒရဲမြို့အထိလည်းကောင်း၊ ဘိုကလေးမြစ်အတွင်း  ဘိုကလေးမြို့အထက်နားအထိ ရေငန်တက်ရောက်လေ့ရှိသည်။  ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်များစိုက်ပျိုးရာတွင် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့အတွင်း စတင်စိုက်ပျိုးလေ့ရှိရာ အဆိုပါကာလများသည် မြစ်များအတွင်း ရေချိုရရှိသောကာလများဖြစ်သည်။သို့သော်လည်း  နွေစပါးများ အောင်ရေ လိုအပ်ချိန်ဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လရောက်ချိန်တွင်မူ (ရေချိုရေငန်စပ် ဧရိယာအတွင်းရှိ)မြစ်ရေသည် ပင်လယ်ရေငန်ဝင်ရောက်လျက်ရှိပြီးဖြစ်ရာ စိုက်ပျိုးရန်အတွက်  သင့်တော်ခြင်းမရှိတော့ပါ။ ထိုကဲ့သို့သော အခြေအနေများကြောင့် နွေသီးထပ်(နွေစပါး)စိုက်ပျိုးရန် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။  ဖျာပုံခရိုင်အတွင်း   မြို့နယ်လေးမြို့နယ်ရှိရာတွင်  ကျိုက်လတ်မြို့သည် ပင်လယ်မှရေငန်တက်ရောက်နိုင်မှုမရှိခြင်းကြောင့်(ပင်လယ်နှင့်ဝေးကွာခြင်းကြောင့်) တစ်နှစ်ပတ်လုံး ရေချိုလုံလောက်စွာရရှိလျက်ရှိပြီး ကျိုက်လတ်မြို့နယ်သည် မိုးစပါးဧက၁၃၀၀၀၀ ကျော်တွင်   နွေစပါး ၁၃၀၀၀၀ ကျော်ဖြင့် သီးထပ်အပြည့် စိုက်ပျိုးနိုင်သော ဖျာပုံခရိုင်အတွင်းရှိ တစ်ခုတည်းသောမြို့နယ်ဖြစ်သည်။ ကျန်သုံးမြို့နယ်ဖြစ်သော ဖျာပုံ၊ ဘိုကလေးနှင့်    ဒေးဒရဲမြို့နယ်တို့မှာမူ   မိုးစပါးတစ်သီးသာကောင်းစွာ စိုက်ပျိုးနိုင်ပြီး နွေစပါးဧရိယာများစွာ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည်။

သီးထပ်စွမ်းအားတိုးတက်စေရန် ရေချို အရင်းအမြစ်ရရှိနိုင်မှုအခြေအနေကောင်းများ

ရေချိုရေငန်စပ်ဧရိယာများအတွင်းနွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ ရေချိုလုံလောက်စွာရရှိရေးနှင့် ရေငန်မဝင်ရောက်စေရေးပင်ဖြစ်သည်။    ဖျာပုံခရိုင်အတွင်းသို့  ရေချိုလုံလောက်စွာရရှိစေနိုင်သော ကြီးမားသောရေချိုအရင်းအမြစ်ရှိပြီး   ၎င်းမှာ ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်းလာသောတိုးမြစ်ဖြစ်သည်။ တိုးမြစ်သည် မအူပင်ခရိုင်မှ ဖျာပုံခရိုင်အတွင်းသို့ စီးဆင်းလာပြီး ဒေးဒရဲမြို့နယ်တွင် တိုးမြစ်(ဒေးဒရဲမြစ်)အဖြစ်  ပင်လယ်တွင်းသို့  စီးဝင်သည်။မအူပင်ခရိုင်မှ ဖြတ်သန်းစီးဆင်းလာသောတိုးမြစ်သည်  ကျိုက်လတ်မြို့အနီးတွင် ကျိုက်လတ်မြစ်အဖြစ်  စီးဆင်းလာပြီး ဖျာပုံမြို့အထက်နားအရောက်တွင် ဂုံညင်းတန်းမြစ်အဖြစ် ခွဲထွက်စီးဆင်းလျက်ရှိသည်။ ရေချိုသယ်ဆောင်ရာ အဓိကရေချိုအရင်းအမြစ်ဖြစ်သော ဂုံညင်းတန်းမြစ်သည်  ဘိုကလေးမြစ်အတွင်း  စီးဝင်၍ ပင်လယ်အတွင်း စီးဆင်းလျက်ရှိသည်။ 

ဂုံညင်းတန်းမြစ်သည်   ရေငန်လိုင်း (ရေငန်တက်ရောက်မှု)နှင့်  လွတ်ကင်းလျက်ရှိခြင်းကြောင့်  တစ်နှစ်ပတ်လုံး ရေချိုရရှိသော ဖျာပုံခရိုင်အတွက် ကြီးမားသော  ရေချိုအရင်းအမြစ် တစ်ခုဖြစ်သည်။

ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေး ဆောင်ရွက်ခြင်း

ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်းတည်ရှိပြီး ရေငန်ဧရိယာအတွင်းတည်ရှိသော ကျွန်းပတ်တာတစ်ခုဖြစ်သည်။   ရေချိုရေငန်စပ် ဧရိယာများအတွင်း  နွေသီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လေးခုရှိပြီး  (က) ရေငန်တားခြင်း၊(ခ) ရေချိုသွင်းယူခြင်း၊ (ဂ) ရေချိုပေးဝေခြင်းနှင့်   (ဃ)ရေချိုထိန်းခြင်းတို့ဖြစ်သည်။  ပင်လယ်ရေမဝင်စေရန်  ရေငန်တားတာများတည်ဆောက်ခြင်း၊ ရေချို အရင်းအမြစ်မှ  ရေချိုသွင်းမြောင်းများ ဆက်စပ်တူးဖော်၍ ရေချိုသွင်းယူခြင်း၊ရေချိုသွင်းရေတံခါးများတည်ဆောက်၍ ရေချိုသွင်းယူခြင်း၊ ဝင်ရောက်လာသော ရေချိုများအား စိုက်ပျိုးသော လယ်ကွက်များဆီသို့ရောက်ရှိစေရန် ရေချိုသွင်းမြောင်းဆက်စပ်တူးဖော်ပေးခြင်း၊ ဝင်ရောက်လာသောရေချိုများ ပင်လယ်တွင်းသို့စီးထွက်၍ ရေချိုဆုံးရှုံးခြင်းများမရှိစေရန် ရေထုတ်ရေတံခါးများကို ရေထိန်းတံခါးများအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်ရေထိန်းရေတံခါးများတည်ဆောက်ခြင်း စသည်တို့ပင်ဖြစ်သည်။

(က) ရေငန်တားခြင်း

ကြက်ဖမွေးဇောင်း   ကျွန်းပတ်တာ အတွင်းသို့   ရေငန်မဝင်ရောက်စေရန်အတွက် အလျား ၄၆ မိုင်ရှိသောကျွန်းပတ်တာကို ၁၉၇၆-၁၉၈၅ ခုနှစ်   စပါး(၁)စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည်။တာပျမ်းမျှ အမြင့် ၅ ပေခန့်ရှိပြီး သတ်မှတ်တာအမြင့် ၈ ဒသမ ၅ ပေဖြင့်တည်ဆောက်ခဲ့သည်။ ပင်လယ်ရေငန်တက်ရောက်မှုမှာ အမြင့်ဆုံး ၆ ဒသမ ၀ ပေအထိဖြစ်ရာလုံလောက်သောတာအမြင့်ဖြင့် ရေငန်ဝင်ရောက်မှုမှ အကျိုးပြုကာကွယ်ပေးလျက်ရှိသည်။

(ခ) ရေချိုသွင်းယူခြင်း

ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချို ရေရရှိနိုင်စေရေးအတွက် အဓိကကျသောဂုံညင်းတန်းမြစ်သည် ရေနည်းချိန်တွင်ပင်၅၀၀၀၀ ကုဗပေ/စက္ကန့် ပမာဏကျော်ရှိခြင်းကြောင့် လိုအပ်သည်ထက်များစွာပိုလျှံသော ရေချိုအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ သို့ဖြစ်ရာ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း စိုက်ဧကများတိုးချဲ့နိုင်ရန်  လိုအပ်သောရေချိုကို  ဂုံညင်းတန်းမြစ်မှရယူလျက်ရှိသည်။  ဂုံညင်းတန်းမြစ်မှတစ်ဆင့် ကျုံကန်ချောင်းအတွင်းသို့ ရေချိုရယူနိုင်ရေးအတွက်  ဆက်စပ်ချောင်းများတူးဖော်လျက်ရှိပြီး ကျုံကန်ချောင်းမှတစ်ဆင့် ကျွန်းပတ်တာအတွင်းသို့   ရေချိုသွင်းယူနိုင်စေရန်အတွက်(မမိုးသူ၊ အောင်ချမ်းသာ)စသော ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးလျက်ရှိသည်။

(ဂ) ရေချိုပေးဝေခြင်း

 ရေချိုသွင်းရေတံခါးများမှ ဝင်ရောက်လာသော  ရေချိုများအား နွေစပါးစိုက်တောင်သူများ လွယ်ကူစွာစုပ်တင်သွင်းယူ၍   စိုက်ပျိုးနိုင်စေရန် ရေချိုသွင်းမြောင်းများ  တူးဖော်ပေးလျက်ရှိသည်။ ရေချိုသွင်းမြောင်းများတူးဖော်ရာတွင် ရေချိုလိုအပ်သော စိုက်ပျိုးမြေများဆီသို့ လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်း အပြည့်အဝရရှိနိုင်စေရန် စနစ်တကျသွင်းယူတူးဖော်ပေး
လျက်ရှိသည်။

(ဃ) ရေချိုထိန်းခြင်း

ဝင်ရောက်လာသော ရေချိုများပင်လယ်အတွင်းသို့ ပြန်လည်စီးထွက်ခြင်းမရှိစေရန်(ရေချိုလေလွင့်ဆုံးရှုံးမှုများ   မဖြစ်ပေါ်စေရန်)ရေထုတ်ရေတံခါးများတွင် ယာယီရေချိုထိန်းခြင်း၊ စပါး(၁)စီမံကိန်းအတွင်းတည်ဆောက်ခဲ့သော ရေထုတ်ရေတံခါးများအား ရေချိုထိန်းရေတံခါးများအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ရေထိန်းတံခါးများတည်ဆောက်ခြင်း   စသောရေချိုထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်စိုက်ပျိုးလာသော  အခြေအနေများကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မတိုင်မီတွင်နွေစပါးအနည်းငယ်သာ စိုက်ပျိုးလျက်ရှိပြီးပျမ်းမျှနွေစပါးစိုက်ပျိုးဧက ၆၀၀၀ ဝန်းကျင်သာရှိသည်။ ရေချိုရေရရှိမှုမသေချာသောအခြေအနေများနှင့် ရေထုတ်ရေတံခါးများမှရေငန်ဝင်ရောက်သော အခြေအနေများကြောင့် အခက်အခဲများရှိခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်မှစတင်ကာ ကြက်ဖမွေးဇောင်းကျွန်းပတ်တာရေချိုရေရရှိရေးလုပ်ငန်းများ   စတင်လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများ  အရှိန်အဟုန်ဖြင့် တိုးတက်စိုက်ပျိုးလာသည်ကို လည်း တွေ့ရှိရသည်။ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ပျမ်းမျှစိုက်ပျိုးမှု ဧက ၆၀၀၀ ဝန်းကျင်ခန့်သာရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးထပ်ဧရိယာ ဧက၉၆၀၀ ကျော်အထိ တိုးတက်စိုက်ပျိုးခဲ့သည်။ ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဧက ၁၄၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဖော်ပြပါတိုးတက်စိုက်ပျိုးမှုများအား Euro space agency မှ အခမဲ့ရယူနိုင်သော website တစ်ခုဖြစ်သည့် Copernicus browser  (https://datas-pace.copernicus.eu/analyse/data-workspace)တွင် NDVI စိုက်ပျိုးမှုမြေပုံများ(Normalized Difference Vegetation Index)နှင့် NDWI စိုက်ပျိုးသီးနှံရေရရှိမှု မြေပုံများ(Normalized Difference Water Index)တို့ကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကြက်ဖမွေးဇောင်း   ကျွန်းပတ်တာသည် မိုးစပါးစိုက်ပျိုးဧရိယာဧက ၂၉၀၀၀ ကျော်ရှိရာ ယခုဆောင်ရွက်နေသောရေချိုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မိုးစပါးနည်းတူ နွေစပါးဧက ၂၉၀၀၀ ကျော်အထိ   သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရေချိုရေငန်စပ်ဧရိယာများအတွင်း  သီးထပ်စွမ်းအားတိုးတက်စေခြင်း

ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ  ရေချိုရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်နည်းတူ အခြားသော ရေချိုရေငန်စပ်ဧရိယာများတွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး  ဖျာပုံခရိုင်အတွင်း ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်ဒေးဒရဲမြို့နယ်တို့တွင်  ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်  လပွတ္တာခရိုင်အတွင်း   လပွတ္တာမြို့နယ်တွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။  ရေငန်ဧရိယာများအတွင်း  အထက်ဖော်ပြပါ ရေချိုရရှိစေမည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ်စွမ်းအားများတိုးတက်ရရှိစေမည်ဖြစ်သည်။ ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စိုက်စွမ်းအားတိုးတက်စေရေး အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး   တစ်ဧကကုန်ကျစရိတ်     ခြောက်သိန်းကျော်ခန့်ဖြစ်သည်။ ကုန်ကျစရိတ်နှင့်အရင်းပြန်ပေါ်နိုင်မှုအချိုးမှာ ၁ ဒသမ ၇ ခန့်ဖြစ်ပြီး  Internal Rate of Return အရင်းပြန်ပေါ်နိုင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်ရာ သုံးနှစ်အတွင်း အရင်းကျေနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ 

အချုပ်အားဖြင့်ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုအချိုးအရလိုအပ်သည်ထက် ပိုလျှံသောဒေသကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း နိုင်ငံတော်အတွက် ဆန်အိုးကြီးသဖွယ် တည်ရှိခြင်းကြောင့် ယခုထက်ပိုမိုသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းကောင်းမွန်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သီးထပ်စိုက်စွမ်းအားတိုးတက်လာမှု (သီးနှံစိုက်ဧကများတိုးချဲ့နိုင်မှု) စသည်တို့သည် လိုအပ်လျက်ရှိဆဲပင်ဖြစ်သည်။သို့ဖြစ်ရာ  နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးနှင့်  နိုင်ငံ့အကျိုးစီးပွားအတွက်လွန်စွာအရေးကြီးသောသီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များအား  စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရေချိုရေငန်စပ်ဧရိယာများအတွင်း ရေချိုရေရရှိရေး အဓိကလုပ်ငန်းစဉ်များအား ဖော်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

 

ကိုဇေယျာ

အသည်းရောင်အသားဝါ ရောဂါပိုးများမှာ အေပိုး (Hep A)၊ ဘီပိုး (Hep B)၊ စီပိုး (Hep C)၊ ဒီပိုး (Hep D)၊ အီးပိုး (Hep E)၊ အက် (ဖ်) ပိုး (Hep F) နှင့် ဂျီပိုး (Hep G) ဟူ၍ အတိုကောက် ခေါ်ဆိုကြသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါ ရောဂါပိုးများ၏ မိသားစုဝင်ပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးများမှာ အဓိက အသည်းကို တိုက်ခိုက်သည့် ပိုးဖြစ်သော်လည်း ကူးစက်ပုံခြားနားကြသည်။

အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ) ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူကူးစက်တတ်စေ၍ ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်သည်။ ပုံမှန်အားဖြင့် အစာသွင်းသည့် လမ်းကြောင်းနှင့် စအိုလမ်းကြောင်းမှတစ်ဆင့် ပြန့်ပွားခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေသန်းဆယ်ချီ၍ အေပိုးကူးစက်ခံကြရသည်။ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်သည်။

တိုးတက်ဆဲနိုင်ငံများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းနည်းပါးသည့် နိုင်ငံများတွင် ကူးစက်နိုင်မှုနှုန်းသည် ပိုမိုများပြားပြီး အများအားဖြင့် ငယ်ရွယ်စဉ်ကတည်းက ကူးစက်ခြင်းခံရသည်။ မြန်မာနိုင်ငံတွင် အေပိုးပြန့်ပွားပုံမှာ တိုးတက်ဆဲနိုင်ငံများတွင် ဖြစ်ပေါ်သည့်အတိုင်း သန့်စင်သောသောက်သုံးရေ မရရှိခြင်း၊ ပိုးရှိနေသော မသန့်စင်သည့် အစား အသောက်များမှ စားသုံးသူသို့ ကူးစက်ခြင်း၊ စနစ်တကျအိမ်သာများ အသုံးမပြုခြင်းများမှ အဓိက ရောဂါ ပြန့်ပွားကြသည်။

ရောဂါလက္ခဏာများ

ရောဂါပိုးဝင်စတွင် လက္ခဏာတိတိကျကျ မရှိဘဲဖျားခြင်း၊ အဆစ်နာခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ဖောရောင်ခြင်း ဖြစ်တတ်သည်။

အသားမဝါခင်အဆင့်တွင် နုံးခြင်း၊ ကိုယ်လက် နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့ခြင်းဖြစ်တတ်သည်။

အသားဝါအဆင့်တွင် မျက်လုံးနှင့် အရေပြားဝါခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပျို့အန်မှု ပိုမိုဆိုးရွားလာခြင်း၊ အရေပြားယားယံခြင်း ဖြစ်တတ်သည်။

ပြင်းထန်စွာ အသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

အသည်းရောင်အသားဝါ (ဘီ) သို့မဟုတ် (စီ) ရောဂါပိုးရှိသူများ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ တွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။

ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ

ရောဂါပိုးရှိသူ ခန္ဓာကိုယ်မှထွက်သော အညစ် အကြေးများပါရှိသော မသန့်ရှင်းသည့်အစား အသောက်များကို စားသောက်မိခြင်း။

မိလ္လာစနစ် မကောင်းသည့်နေရာတွင် မသန့်ရှင်းသောရေကို သောက်မိခြင်း။

အသည်းရောင်အသားဝါ (အေ) ရောဂါပိုးရှိသူ လူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်း။

ရောဂါပိုးဝင်စမှ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်မှ ခြောက်ပတ်ကြာသည်အထိ တခြားသူကို ကူးစက်နိုင်သည်။

ကာကွယ်နိုင်သည့် နည်းလမ်းများ

ကာကွယ်ဆေးရှိပါသည်။ ခြောက်လကြား နှစ်ကြိမ် ထိုးနှံရပါမည်။

အဓိက လိုအပ်ချက်သည် အစားအသောက် သန့်ရှင်းရေးဖြစ်သည်။ အစားအသောက်မှ ကူးစက်နိုင်သည့်အတွက် အစားအသောက်များကို သန့်သန့်ရှင်းရှင်းထားပါ။

အကယ်၍ အပြင်စာ ဝယ်စားမည်ဆိုပါက သန့်ရှင်းသည့်ဆိုင်ကိုရွေးချယ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး သတိပြုပါ။ အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြော ခြင်းကို ဆောင်ရွက်ပါ။

အစားအစာများအား မချက်ပြုတ်မီ သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပါ။

ဆူပွက်သည်အထိ ကျိုချက်ထားသည့်ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား အသုံးပြုသန့်စင်ထားသည့်ရေ သို့မဟုတ် FDA အသိ အမှတ်ပြုရေသန့်ကို သောက်သုံးပါ။

အစားအစာများအား အစိမ်းစားသုံးခြင်းမှရှောင်ကြဉ်ပါ၊ ယင်နားစာများကို စားသုံးခြင်းမှရှောင်ကြဉ်ပါ။

အိမ်သာနှင့် မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန် သတိပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ။

ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် အနည်းဆုံး ၁၀ ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအားရပ်နားပါ။

အချုပ်ဆိုသော် မိမိတို့ လက်တစ်ကမ်းတွင် အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ) ရောဂါပိုး များ ရှိနေနိုင်ပြီး ရောဂါပိုးဝင်တိုင်း သိသိသာသာ လက္ခဏာမပြ၍ သတိမထားမိခြင်းသာဖြစ်သည်။ ရောဂါ ရှိ၊ မရှိကို ဆေးစစ်ကြည့်လျှင်သိနိုင်သည်။ ဝေဒနာသည်အများစုသည် ရက်သတ္တလေးပတ်မှ ရှစ်ပတ်အကြာတွင် သူ့အလိုလို ရောဂါပျောက်သွားတတ်သည်။ ကိုယ်ဝန်ဆောင်များအတွက် စိုးရိမ်ရသဖြင့် သတိရှိစေလိုပါသည်။ သို့ပါ၍ ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်းစသည့် အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါရန် သတိပေးလိုပါသည်။ ။

Source: www.moi.gov.mm

 

ပေါက်ပေါက်

ဒီကနေ့ခေတ်မှာ အရွယ်သုံးပါး၊ ကျား၊ မ မရွေး သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာဆိုတာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၉၇ ခုနှစ်တုန်းက Six Degrees၊ ၂၀၀၂ ခုနှစ် ရောက်တော့ Friendster ဆိုတဲ့ ပလက်ဖောင်းတွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ MySpace နဲ့ LinkedIn၊ ၂၀၀၆ ခုနှစ်မှာ Facebook စတာတွေ ပေါ်ပေါက်လာရာက လူအချင်းချင်း ဆက်သွယ်နိုင်သလို သတင်းအချက်အလက်လည်း မျှဝေနိုင်တဲ့ ပလက်ဖောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှု

အဲဒီနောက် ၂၀၀၆ ခုနှစ်မှာပဲ Twitter၊ ၂၀၁၀ ပြည့်နှစ်မှာ Instagram၊ ၂၀၁၁ ခုနှစ်မှာ Snapchat နဲ့ ၂၀၁၆ ခုနှစ်မှာ TikTok တို့ပေါ်ပေါက်လာပြီး ဗီဒီယိုအတိုလေးတွေ မျှဝေမှုများပြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်းပေါင်း ၄၉၀၀ ကျော်ဟာ ဆိုရှယ်မီဒီယာကို အသုံးပြုနေကြပြီး Facebook နဲ့ YouTube ကတော့ လူကြိုက်အများဆုံး ပလက်ဖောင်းတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရောက်လာတော့ သုံးစွဲသူဦးရေဟာ ငါးဘီလီယံကျော်အထိ ဆက်လက်တိုးပွားလာခဲ့ပါတယ်။ လူအများစုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်နေ့ပျမ်းမျှနှစ်နာရီ ၂၀-၂၁ မိနစ်ခန့် အသုံးပြုနေကြပြီး Facebook ၊ YouTube ၊ Instagram နဲ့ WhatsApp စတာတွေအပြင် အထူးသဖြင့် လူငယ်တွေအကြားမှာ TikTok အသုံးပြုမှုက ပိုမိုတိုးတက်မြင့်မားလာပါတယ်။ ဆိုရှယ်မီဒီယာဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ကို အပြောင်းအလဲဖြစ်လာစေခဲ့ပါတယ်။ လူတစ်ဦးချင်းအတွက်သာမက အဖွဲ့အစည်းတွေနဲ့ အများသူငါ အကြား ဆက်သွယ်ရာမှာ Facebook ၊ Twitter/X ၊ Instagram နဲ့ LinkedIn လို ပလက်ဖောင်းတွေဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ရှိ ပညာရှင်တွေနဲ့ပါ ဆက်သွယ်နိုင်ဖို့အတွက် အခွင့်အရေးပေးစွမ်းလာနိုင်သလို သုံးစွဲသူတွေကြားမှာလည်း ပိုပြီးထိတွေ့ဆက်ဆံနိုင်စေခဲ့ပါတယ်။

အဲဒီလို ကောင်းမွန်တဲ့နည်းလမ်းမျိုးနဲ့ အသုံးပြုမှုတွေရှိသလိုပဲ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ မက်ဆေ့ချ်ပေးပို့တဲ့ အက်ပလီကေးရှင်းတွေ ဒါမှမဟုတ် အွန်လိုင်းဖိုရမ်တွေကနေ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး ကိရိယာကိုအသုံးပြုပြီး တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ရှက်ရွံ့စေတာ၊ နှောင့်ယှက်တာမျိုးတွေ ပြုလုပ်တဲ့ ဆိုက်ဘာနှောင့်ယှက်မှုလည်း တိုးတက်များပြားလာပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှုပုံစံများ

ဆိုရှယ်မီဒီယာနဲ့ ဆိုက်ဘာနှောင့်ယှက်မှုအကြား ဆက်နွှယ်မှုကရှုပ်ထွေးပြီး အဲဒီပလက်ဖောင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကို ဖြစ်စေပေမယ့်လည်း ဥပဒေကိုချိုးဖောက်ချင်သူအတွက် သားကောင်တွေကို ပစ်မှတ်ထားဖို့ လက်နက်ကိရိယာတစ်ခုလည်းဖြစ်လာပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှု ပုံစံတွေ ကတော့-

ဆိုရှယ်မီဒီယာမှာ ဆိုက်ဘာနှောင့်ယှက်မှု အခန်းကဏ္ဍကြီးထွားလာခြင်း

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြုမှု အားကောင်းလာတာကြောင့် လူအများအပြားဟာ အွန်လိုင်းမှာ အချိန်ဖြုန်းလာကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ နယ်ပယ်အသီးသီးမှ လူတွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုလာကြပါတယ်။ အသုံးပြုသူတွေ များပြားလာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေအတွက် ပစ်မှတ်တွေပိုမိုရရှိလာပါတယ်။ အဲဒီလို အသုံးပြုသူ တိုးပွားလာတာရယ်၊ နည်းပညာတိုးတက်မှုရယ်ကြောင့် ဆိုက်ဘာနှောင့်ယှက်မှုတွေကလည်း သိသိသာသာကြီးထွားလာပါတယ်။ အင်တာနက်အသုံးပြုသူ တိုးပွားလာတာနဲ့အမျှ အချက်အလက်တွေ လွယ်ကူစွာရယူနိုင်လာပြီး ဆိုက်ဘာရာဇဝတ်မှုတွေလည်း ပိုမိုများပြားလာပါတယ်။

နည်းပညာတိုးတက်လာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေဟာ ပိုမိုခေတ်မီတဲ့ နည်းလမ်းတွေနဲ့တိုက်ခိုက်နိုင်လာပါတယ်။ အချက်အလက် ခိုးယူတာ၊ ဗိုင်းရပ်စ်ဖြန့်ဝေတာ၊ အယောင်ပြ အကောင့်တွေနဲ့ လှည့်ဖြားတာ စတဲ့နည်းလမ်းတွေက ပိုမိုဆန်းပြားလာပါတယ်။ AI ဉာဏ်ရည်တုနည်းပညာတွေနဲ့ သတင်းမှားဖြန့်ဝေတာကလည်း အန္တရာယ်တစ်ခုဖြစ်လာပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ ခက်ခဲလာသလိုပဲ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက်စွာတားဆီးနိုင်ဖို့ဆိုတာကလည်း ပိုပြီးခက်ခဲလာပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှု အများဆုံးခံစားရသူများ

ဆိုက်ဘာနှောင့်ယှက်မှုကိုအများဆုံးခံစားရသူတွေကတော့-

 

ဆိုက်ဘာနှောင့်ယှက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများ

ဆိုက်ဘာနှောင့်ယှက်မှုဟာ ယနေ့ကာလဖြစ်တဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့ အစည်းအပေါ် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေမှုတွေ ပေါ်ပေါက်လာပြီး လူမှုဆက်ဆံရေးကိုလည်း အောက်ပါအတိုင်းထိခိုက်စေနိုင်ပါတယ်-

(က)    စိတ်ကျန်းမာရေးရဲ့အကျိုးဆက်များ။ ဆိုက်ဘာနှောင့်ယှက်မှုများသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ဒဏ်ရာရခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေပြီး လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် လူမှုမီဒီယာပေါ်မှာ အင်တာနက်အနိုင်ကျင့်ခံရခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက် ထုတ်ဖော်ခံရခြင်း၊ လူနည်းစုတွေဖြစ်တဲ့ LGBTQ+ လူတစ်ဦးချင်းစီဟာ လိင်ပိုင်းဆိုင်ရာအမုန်းစကားတွေကို ပြောဆိုခံရမယ်ဆိုရင် စိတ်ဓာတ်ကျလာပြီး မိမိကိုယ်ကို ယုံကြည်လေးစားမှု ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသမားတွေ၊ သံတမန်တွေနဲ့ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အင်တာနက်အနိုင် ကျင့်ခံရခြင်းနဲ့ ကြုံတွေ့ရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ပိုမိုခံစားရနိုင်ပါတယ်။

(ခ) လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုကြောင့် ဒစ်ဂျစ်တယ်ကမ္ဘာမှာ လူမှု ဆက်ဆံရေးကို သိသိသာသာထိခိုက်နိုင်စေပြီး မိသားစု၊ သူငယ်ချင်းတွေရဲ့အကြား ဆက်ဆံရေးတွေကိုလည်း တင်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆုံးရှုံးခြင်း၊ အထီးကျန်ခြင်းနဲ့ လူမှုရေးဖိအားတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီနှောင့်ယှက်မှုတွေဟာ လူတစ်ဦးချင်းစီရဲ့ပညာ ရပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်၊ လေ့လာဆည်းပူးမှုနဲ့ လူမှုရေးကိစ္စရပ်တွေမှာ ပါဝင်ဖို့ခက်ခဲခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ယခုအခါ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ ဆိုရှယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှာ ပိုမိုလျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် ပိုပြီးထိခိုက်လွယ်လာပါတယ်။ ဒီပြဿနာတွေဟာ လူမှုဆက်ဆံရေးကို ပိုမိုထိခိုက်စေပြီး ခံစားရသူတွေရဲ့ ရေရှည်ဘဝ တက်လမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(ဂ) နိုင်ငံတကာဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းအရာတွေနဲ့ ဆက်နွှယ်နေပြီး နိုင်ငံတကာဆက်ဆံရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေနဲ့ စီးပွားရေးလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆိုက်ဘာနှောင့်ယှက်မှုတွေထဲမှာ သတင်းမှားဖြန့်ဝေခြင်း (Disinformation)၊ လိမ်လည်အတုအယောင် ပြုလုပ်ခြင်း (Impersonation) နဲ့ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု (Election Interference) တို့ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေက ဒီမိုကရက်တစ်ပါတီရဲ့ဒေတာကို Hack လုပ်ပြီး Wiki-Leaks မှတစ်ဆင့် ထုတ်ဖော်ခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်က ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံအကြား တင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာမှ အရာရှိကြီးတွေကို ပစ်မှတ်ထားတာ ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို လွှမ်းမိုးခြယ်လှယ်ဖို့အသုံးချတာ စတဲ့ဆိုက်ဘာနှောင့်ယှက်မှုတွေကြောင့် နိုင်ငံရေးပဋိပက္ခတွေကို မြင့်တက်လာစေပြီး သံတမန်ဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင်နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့သတင်းတွေ ပျံ့နှံ့စေတာမျိုးလို သတင်းအမှားတွေ ဖြန့်ဝေတာဟာ နိုင်ငံတကာ မျက်နှာစာမှာ မိမိနိုင်ငံရဲ့ဂုဏ်သတင်းကို ထိခိုက်စေပြီး နိုင်ငံအပေါ်ယုံကြည်မှုကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Sony Pictures Hack ဖြစ်ရပ်ကို တင်ပြလိုက်ရပါတယ်-

(၁) ၂၀၁၄ ခုနှစ်မှာ အမေရိကန်က မြောက်ကိုရီးယားရဲ့လက်ချက်လို့ စွပ်စွဲထားတဲ့ “Guardians of Peace” (GOP) အမည်တပ် ဟက်ကာအဖွဲ့တစ်ဖွဲ့ရဲ့ Sony Pictures Entertainment (SPE) ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုဟာ နိုင်ငံတကာဆက်ဆံရေးအပေါ် နက်ရှိုင်းစွာသက်ရောက် မှုရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အကြီးအကဲ ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်ပုံဖော်ထားတဲ့ဟာသရုပ်ရှင် “The Interview” ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး Shamoon Wiper Malware ကို အသုံးပြုထားတဲ့ ဟက်ကာတွေက Sony ရဲ့စနစ်အတွင်းကို ထိုးဖောက်ဝင် ရောက်ပြီး ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေနဲ့ မထုတ်ပြန်ရသေးတဲ့ ရုပ်ရှင်တွေ အပါအဝင် အရေးကြီးတဲ့အချက်အလက်တွေကို ခိုးယူထုတ်ဖော်ခဲ့ကာ ရုပ်ရှင်ရုံတွေကို အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ရုပ်ရှင်ပြသမှုကို ပယ်ဖျက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်စေခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုချမှတ်ကာ တိုက်ခိုက်မှုကို “ဆိုက်ဘာအကြမ်းဖက်မှု” လို့သတ်မှတ်ခဲ့ပါတယ်။ Sony အနေနဲ့ သိသာထင်ရှားတဲ့ ငွေကြေးဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေ၊ အားနည်းချက်ရှိနေတဲ့ အရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်တွေဟာ ပထဝီနိုင်ငံရေးပဋိပက္ခတွေကို ဘယ်လိုမီးမွှေးပေးနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။

(၂) Sony Pictures Hack ဖြစ်ရပ်ဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် သက်ရောက်မှုကို နားလည်ဖို့နဲ့ကာကွယ်ဖို့အရေးကြီးတယ်ဆိုတဲ့ ဥပမာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်မှ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ရှုပ်ထွေးမှုနဲ့စပ်လျဉ်းပြီး အောက်ပါသင်ခန်းစာ တွေကို ဖော်ထုတ်နိုင်ပါတယ်-

(ကက) ဆိုက်ဘာတိုက်ခိုက်မှုဟာ ပုဂ္ဂလိကကဏ္ဍသာမက နိုင်ငံရေးနဲ့ သံတမန်ရေးရာ အကျပ်အတည်းတွေ ဖြစ်ပေါ်စေနိုင်တယ်။

(ခခ) နိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေး ပိုမိုအားကောင်းစေဖို့လိုအပ်ပြီး နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုမြှင့်တင်ဖို့နဲ့ AI ကဲ့သို့သော အဆင့်မြင့်နည်းပညာ တွေကို အသုံးပြုဖို့ လိုအပ်တယ်။

(ဂဂ) ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာဥပဒေမူဘောင်တွေ ချမှတ်ဖို့လိုအပ်ပြီး နိုင်ငံတွေအကြား ဆိုက်ဘာသံခင်းတမန်ခင်း (Cyber Diplomacy) ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်။

(ဃဃ) ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဆိုက်ဘာနှောင့်ယှက်မှုကို တားဆီးကာကွယ်ရန်နှင့် တုံ့ပြန်ရန် အကြံပြုချက်များ

ဆိုက်ဘာနှောင့်ယှက်မှုတွေကို တားဆီးကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဥပဒေမူဘောင်တွေကို အစိုးရဘက်က ချမှတ်ပေးဖို့နဲ့ ကာကွယ်ရေးနည်းပညာတွေကိုလည်း အရေးကြီးတဲ့ကဏ္ဍအဖြစ် သတ်မှတ် ပြီး အောက်ပါအချက်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်-

(က) ဥပဒေမူဘောင်များ ပိုမိုအားကောင်းလာစေရေး။ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရေးအတွက် ဥပဒေမူဘောင်တွေ အားကောင်းစေဖို့ နိုင်ငံတကာဥပဒေတွေနဲ့ နိုင်ငံအလိုက် စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာစေရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှုပုံစံတွေကို ဥပဒေအရ ရှင်းလင်းစွာ ဖွင့်ဆိုပြီး ပြစ်မှုအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီအတွက် Budapest Convention on Cybercrime (၂၀၀၁) လို နိုင်ငံတကာ စာချုပ်တွေကို ကိုးကားရပါမယ်။ EU ရဲ့ General Data Protection Regulation (GDPR) (၂၀၁၈) ကဲ့သို့ ကိုယ်ရေးကိုယ်တာ ဒေတာလုံခြုံရေးကို မြှင့်တင်ရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ဒဏ်ငွေတွေချမှတ်တာနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာတို့ကို ပြုလုပ်ရပါမယ်။ သံတမန်နဲ့ အစိုးရတာဝန်ရှိသူတွေအတွက် ဆိုက်ဘာလုံခြုံရေး အကြံပြုချက်တွေကတော့ လုံခြုံတဲ့ဆက်သွယ်ရေးကိရိယာတွေအသုံးပြုဖို့၊ လုံခြုံရေးဆက်တင်တွေ အသုံးပြုဖို့၊ AI နဲ့ Machine Learning ကိုအသုံးပြုပြီး ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေး နည်းလမ်းတွေကို သင်ကြားပို့ချပေးဖို့ စတာတွေပဲဖြစ်ပါတယ်။

(ခ) ကာကွယ်ခြင်းတွင် နည်းပညာ၏ အရေးကြီးသော အခန်းကဏ္ဍ။ နည်းပညာဟာဆိုက်ဘာ နှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ AI ကို အသုံးပြုပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးနိုင်မှုအတွက် အသေးစိတ်ဖော်ပြ ချက်တွေကတော့-

(ဂ) ပညာပေးအစီအစဉ်များ။ ပညာပေးအစီအစဉ်တွေက ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ နောက်ထပ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှ အနှောင့်အယှက်ပေးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သိရှိစေတာမျိုးနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းတဝင်ရှိမှုကို မြှင့်တင်ပေးတာမျိုးက လူတစ်ဦးချင်းစီအတွက် ဆိုရှယ်မီဒီယာကိုသတိရှိရှိ အသုံးပြုတတ်စေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ ကျောင်း၊ တက္ကသိုလ်နဲ့ လူမှုအဖွဲ့အစည်းတွေမှာ နည်းပညာကို ကျင့်ဝတ်နဲ့အညီ အသုံးပြုနည်း၊ အနှောင့်အယှက်ပေးမှုတွေကို မိမိကိုယ်ကို ကာကွယ်နည်းတွေ သင်ကြားပေးတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် မိမိတို့ပတ်ဝန်းကျင်မှာ ဆိုက်ဘာနှောင့်ယှက်မှုတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာ နစ်နာသူဘက်က ထောက်ခံပြောဆိုပြီး အားပေးစကားပြောကြားပေးသင့်ပါတယ်။

(ဃ) သံတမန်ရေးရာ ကြိုးပမ်းမှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေကိုဖြေရှင်းရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ သံတမန်ရေးကြိုးပမ်းမှုတွေက အရေးကြီးပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ ပရိုတိုကောတွေချမှတ်ဖို့၊ အကောင်းဆုံးလုပ်ဆောင်မှုတွေနဲ့ နည်းပညာဆိုင်ရာ တီထွင်ကြံဆမှုတွေကို မျှဝေဖို့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာစာချုပ်တွေနဲ့ သဘောတူညီချက်တွေ ဖန်တီးတာမျိုးနဲ့ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ပြစ်မှုအဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုမှာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရပါမယ်။ စည်းလုံးညီညွတ်တဲ့ ကြိုးပမ်းမှုတွေနဲ့သာ ကမ္ဘာ့အသိုင်းအဝိုင်းဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အကျဉ်းချုပ်ဖော်ပြရရင် ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေရေးရာ၊ နည်းပညာ၊ ပညာရေးနဲ့ သံတမန်ရေးရာမဟာဗျူဟာတွေကို ပေါင်းစပ်ထားတဲ့ ဘက်စုံချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။ ဥပဒေရေးရာကိစ္စရပ်တွေအပေါ် အားဖြည့်တာက တာဝန်ယူမှုကို သေချာစေပြီး နည်းပညာကတော့ စောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးအတွက် ပံ့ပိုးပေးပါတယ်။ ပညာရေးဆိုင်ရာ အစီအစဉ်တွေက တာဝန်ယူမှုရှိတဲ့ အွန်လိုင်းအပြုအမူကို မြှင့်တင်ပေးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုက စည်းလုံး ညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုကို အားပေးပါတယ်။ ဒီအချက်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာမက လူတိုင်းအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုကို ဖန်တီး နိုင်ဖို့အတွက်ပါ ပြည့်စုံတဲ့မူဘောင်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ဆိုရှယ်မီဒီယာဟာ အရေးပါတဲ့သတင်းအချက်အလက်မျှဝေရာ နေရာတစ်ခုဖြစ်လာသလို ဆိုက်ဘာနှောင့်ယှက်မှုတွေက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အင်တာနက်အသုံးပြုသူတွေ တိုးပွားလာတာနဲ့အမျှ လူငယ်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ပစ်မှတ်ဖြစ်လာကြပြီး သူတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာတိုးတက်မှုနဲ့ လူမှုကောင်းကျိုးကို ဟန်ချက်ညီအောင် ထိန်းညှိဖို့လိုအပ်ပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက် တဲ့ ဖြေရှင်းနည်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုက်ဘာနှောင့်ယှက်မှုဟာ နိုင်ငံတော်ရဲ့ လူမှုစည်းလုံးညီညွတ်မှု၊ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ လိုအပ်လျက်ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်အပေါ် ထိခိုက်စေတဲ့အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် အချိန်မီကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Source: https://www.moi.gov.mm/article/68406

Photo Credit to https://houseofit.ph/

ဣန္ဒြေ (MOFA)

ဆားရည်ကို လည်ချောင်းနာသည့်အခါတွင် အများဆုံးအသုံးပြုကြသည်။ ထို့ကြောင့် လည်ချောင်းနာ၍ ဆားရည်ဖြင့် အာလုတ်ကျင်းသည့်အခါ မည်ကဲ့သို့ အကျိုးကျေးဇူးများရရှိစေသည်ကို ဖော်ပြပေးပါမည်။

ဆားရည်ဖြင့် ပလုတ်ကျင်းသည့်အခါ ဘက်တီးရီးယားများကြောင့် လည်ချောင်းထဲရှိ အက်ဆစ်များမညီမမျှခြင်းကို ထိန်းညှိပေးသည်။ ထို့ပြင် ခံတွင်းထဲရှိ ဘက်တီးရီးယားများ မပေါက်ဖွားစေရန် ကာကွယ်ပေးသည်။ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် အသက်ရှူလမ်းကြောင်းနှင့် နှာခေါင်းထဲရှိ ချွဲများကို ဖယ်ရှားပေးနိုင်သည်။ နာကျင်မှုများကို သက်သာစေသကဲ့သို့ ရောင်ရမ်းမှုကိုလည်း လျော့ကျစေသည့်အပြင် နှာခေါင်းတွင်းရှိ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် များကို ဖယ်ရှားပေးနိုင်သည်။ ထို့ပြင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကြောင့် အာသီးရောင်ခြင်းကို ဆားရည်နွေးနွေး လေးဖြင့် အာလုတ်ကျင်းပေးလျှင် သက်သာပျောက်ကင်းစေသည်။ 

သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ သွားကိုက်၊သွားနာခြင်းများကိုလည်း သက်သာစေ နိုင်သည်။ ပါးစပ်အတွင်းဖြစ်လေ့ရှိသော အနာဖြူဖြူလေးများကို သက်သာစေရန် ဆားရည်ဖြင့် ပလုတ်ကျင်းပေးလျှင် အနာသက်သာစေပြီး အနာကျက် မြန်စေနိုင်သည်။

အစာစားခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ ခံတွင်းနံ့နံခြင်းကို သက်သာစေရန် ဆားရည်ဖြင့် အာလုတ်ကျင်းပေးလျှင် သက်သာပျောက်ကင်းစေသည်။ သုတေသနပြုချက်များအရ တစ်နေ့လျှင် ဆားရည်နွေးနွေးဖြင့် ၃ ကြိမ် ပလုတ်ကျင်းပေးခြင်း က အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေရန် ၄၀ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်သည် ဟု အဆိုပြုထားကြသည်။ 

ကိုးကား- Royal A အာရုံကြောဆေး

Photo: hellosayarwon

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၅ ခုနှစ်  မတ်လ  ၁၇  ရက်တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော် ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ၇ ခု ၏  အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး  စီမံကိန်းများစွာကိုလက်တွေ့သွားရောက်  စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏  ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ‌ ဝေဝေဆာဆာဖူးပွင့်နေသည်ကို    ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏အမြန်နှုန်း၊ အင်အားနှင့်နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း”၏ “ထိရောက်မှုနှုန်းထား” သည် အလွန်မြင့်ပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဖွံ့ဖြိုးရေးကို အဓိကထားပြီး ပြည်သူ့လူနေမှုဘဝကို  အခြေခံသောရည်ရွယ်ချက်နှင့်   မူလရည်မှန်းချက်ကို စွဲကိုင်ထားသောကြောင့်  လက်တွေ့ဘဝနှင့်နီးစပ်ပြီး  ပြည်သူများအတွက်အကျိုးကျေးဇူးများစွာရရှိစေကာ ထိရောက်သောလုပ်ဆောင်မှုများကို  ဖော်ဆောင်နေပါသည်။ တရုတ်နိုင်ငံ၏ထောက်ပံ့ထားသော ရန်ပုံငွေဖြင့် တည်ထောင်ထားသော  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည်မြန်မာနိုင်ငံတွင်စီမံကိန်း ၁၁၈ ခုလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက်စီမံကိန်း ၇၂ ခုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။  ထိုစီမံကိန်းများသည် ပြည်သူများ၏ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့်ဝင်ငွေတိုးတက်ရေးစသောဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူနေမှုဘဝနှင့် သက်ဆိုင်သော ပြဿနာများကို  အဓိကဖြေရှင်းပေးနေပါသည်။  ရန်ပုံငွေ၏ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း၊ ဆင်တောင်၊ ကျောက်တော်ကျေးရွာတို့မှ   ရွာသူရွာသား၂၀၀၀ ခန့်သည် သန့်ရှင်းသောသောက်သုံးရေကို ရရှိခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ဘုတ်ပြင်းခရိုင်မှ ကံမော်ကြီးကျေးရွာ၊ ရေငံကြီး ကျေးရွာတို့မှ ရွာသူရွာသား ၂၇၀၀ ခန့်သည် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှတစ်ဆင့် ၂၄ နာရီလျှပ်စစ်မီးရရှိခဲ့ပြီး လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ်ကို ၆၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ကြသည်။ ကော်ဖီ၊ ရော်ဘာ၊  သစ်သီး၊ပိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းများစသည့်    စိုက်ပျိုးမွေးမြူရေးစီမံကိန်းများမှတစ်ဆင့်  ကျေးလက်ဒေသမှ လယ်သမားများကို  အရည်အသွေးမြင့်မျိုးစေ့များ၊ လေ့ကျင့်ရေးသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးခဲ့ပြီး  ထုတ်လုပ်မှုတိုးတက်စေရန်၊ ဝင်ငွေတိုးစေရန်နှင့် အလုပ်အကိုင်ဝင်ရောက်ခွင့်များ   တိုးပွားလာအောင်ကူညီပေးခဲ့သည်။ “သေးငယ်သော်လည်းလှပဆဲ” စီမံကိန်းများသည် မြန်မာပြည်သူများ၏ တောက်ပသောဘဝ အတွက်မျှော်လင့်ချက်များကို  ပံ့ပိုးပေးနေပြီး   သာယာလှပသောအိမ်များကိုတည်ဆောက်ရာတွင် ကူညီပေးနေပါသည်။လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်  အိမ်နီးချင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမြဲကျင့်သုံးပါသည်။ပူးပေါင်းဆောင်ရွက်မှုတွင် တိုင်ပင်ဆွေးနွေးမှုများရှိပြီး  ဆက်ဆံရေးတွင်ချစ်ကြည်ရင်းနှီးမှုရှိ၍   အချင်းချင်းသက်သောင့်သက်သာရှိမှုကို အပြည့်အဝထည့်သွင်းစဉ်းစားပြီး မည်သည့်နိုင်ငံရေးအကြောင်းအရာများကိုမှ မချိတ်ဆက်ထားပါ။ မိမိတို့၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အပြန်အလှန်ထောက်ခံကြပါသည်။ မြန်မာနိုင်ငံရှိ လန်ချန်း-မဲခေါင် စီမံကိန်းများ၏ အကောင်အထည်ဖော်သူများသည် မြန်မာပြည်သူများ၏လက်တွေ့လိုအပ်ချက်များကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများကိုလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။တရုတ်သံရုံးသည် စီမံကိန်းအကောင်အထည်ဖော်သူများ၊ ပါဝင်သူများနှင့်အကျိုးခံစားသူများ၏ လိုအပ်ချက်များကို အခြေခံ၍မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့်ရင်းနှီးစွာတွဲဖက်ဆောင်ရွက်ပြီး  တရုတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် လုပ်ငန်းများကို စီမံကိန်းများအတွက်အကူအညီပေးရန် ညှိနှိုင်းပေးကာ ပိုမိုကောင်းမွန်သော စီမံကိန်းရလဒ်များရရှိစေရန် အတူတကွကြိုးပမ်းဆောင်ရွက်နေပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည်  အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပွင့်လင်းမြင်သာသော  သဘောထားနှင့် ဦးတည်ချက်ကို အမြဲကျင့်သုံးပါသည်။ ပိတ်ဆို့ခြင်း  “အသေးစားစက်ဝိုင်း” များကို မလုပ်ဆောင်ဘဲ တံခါးများပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြီးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊  ဧရာဝတီ-ကျောက်ဖရား-မဲခေါင်  စီးပွားရေးပူးပေါင်း‌ဆောင်ရွက်မှု  ယန္တရားများနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းအသိုက်အဝန်းတည်ဆောက်ရာတွင် ပူးပေါင်းကူညီကာ ဒေသတွင်းအုပ်ချုပ်မှုကို ပြည့်စုံစေရန်အတွက် “လန်ချန်း-မဲခေါင် အစီအစဉ်” နှင့် “လန်ချန်း-မဲခေါင် ဉာဏ်ပညာ” ကို ပံ့ပိုးပေးနေပါသည်။

လွန်ခဲ့သော ၉ နှစ်အတွင်းက ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တဖြည်းဖြည်းပိုမိုပြည့်စုံလာပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဆက်လက်ကျယ်ပြန့်လာကာ အတွင်းအားများအဆက်မပြတ်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုသည် ဆက်လက်နက်ရှိုင်းလာပြီးနှစ်နိုင်ငံဆက်ဆံရေးနှင့်ဘက်ပေါင်းစုံ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို အကောင် အထည်ဖော်ရာတွင် အပြည့်အဝလွှမ်းခြုံနိုင်ခဲ့သည်။ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးခေတ်၏ ရှေ့ဆုံး၌ အတူတကွလျှောက်လှမ်းနေကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားသည် တစ်နေ့တခြားပိုမိုအားကောင်းလာပြီး တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသငါးနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၀၀ ဘီလီယံကျော်လွန်သွားခဲ့သည်။ ယခုပမာဏသည် လွန်ခဲ့သော ၁၀ နှစ်ကထက် နှစ်ဆပိုများပြီး တရုတ်-လာအို၊ တရုတ်-ထိုင်း ရထားလမ်းများ၊ ကမ္ဘောဒီးယား-တရုတ် အမြန်လမ်းမကြီးကဲ့သို့သောစီမံကိန်းများသည် “ရွှေလမ်းမကြီး”ကို ဖောက်လုပ်ပေးခဲ့သည်။ အမြန်ရထား၊ လေဆိပ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းအားတို့သည်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော လန်ချန်း-မဲခေါင်အဖြစ် အရှိန် မြှင့်ပေးနေသည်။ “လန်ချန်း-မဲခေါင် ချစ်ကြည်ရေး” သည် ပိုမိုနက်ရှိုင်းလာပြီး “နေရောင်ခြည်စွမ်းအင်ကျေးရွာစီမံကိန်း” သည် ထောင်ပေါင်းများစွာသောအိမ်ထောင်စုများအတွက် လျှပ်စစ်မီးဖြင့် အလင်းရောင်ထွန်းလင်းစေခဲ့သည်။ “စမ်းရေချိုလှုပ်ရှားမှု” (Operation Sweet Spring)သည် ထောင်ပေါင်းများစွာသော ရွာသူရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေကို ရရှိစေခဲ့သည်။“လန်ချန်း-မဲခေါင် အမြင်အာရုံပြန်လည်ရရှိရေးလှုပ်ရှားမှု” သည် ရေတိမ်ရောဂါခံစားနေရသော လူနာရာပေါင်းများစွာကိုပြန်လည်အမြင်အာရုံရစေခဲ့သည်။  တရုတ်နိုင်ငံမှ ထုတ်ပေးသော “လန်ချန်း-မဲခေါင်ဗီဇာ” သည်   နိုင်ငံခြောက်နိုင်ငံမှပြည်သူများကြား ပိုမိုရင်းနှီးစွာဆက်ဆံလာစေရန် တွန်းအားပေးခဲ့သည်။ “လန်ချန်း-မဲခေါင် လုံခြုံအေးချမ်းရေး” တည်ဆောက်မှုသည် ပိုမိုနက်ရှိုင်းစွာ အကောင် အထည်ဖော်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ၏ “စင်ရော်” ပူးပေါင်းလှုပ်ရှားမှုဖြင့် မှုခင်းသံသယရှိ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဤသို့ဖြင့်ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့်ပစ္စည်းဥစ္စာများကို ထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်မှုကို  ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခဲ့သည်။

မကြာသေးမီက အောင်မြင်စွာ ပြီးဆုံးခဲ့သော တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ထာဝရတံခါးဖွင့်  ပွင့်လင်းမြင်သာမှုကို မြဲမြံစွာကိုင်စွဲထားမည်ဖြစ်ပြီး စနစ်တကျ တံခါးဖွင့်ပွင့်လင်းမြင်သာမှုကို တည်ငြိမ်စွာတိုးချဲ့သွားမည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင်  ကိုယ်ပိုင်ပွင့်လင်းမှုနှင့်  တစ်ဖက်သတ်ပွင့်လင်းမှုကို စနစ်တကျ တိုးချဲ့သွားမည်ဖြစ်ကာ ပွင့်လင်းမှုဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် Two Sessions အစည်းအဝေးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထူးဖော်ပြခဲ့သည်မှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ပွင့်လင်းမှုကို  ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး   တစ်ဖက်သတ်ပွင့်လင်းမှုများလည်း  ပါဝင်မည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှဝေသွားမည်ဖြစ်သည်။ ၎င်းသည် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းအတွက်စွမ်းအားအသစ်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များ ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။ ဒီနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်စမှတ်အသစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ကျွန်တော်တို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအသစ်ရရှိစေရန် မြှင့်တင်ပေးနိုင်မည်ဟု  ယုံကြည်ပါတယ်။

မြန်မာစကားပုံတွင် “တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက်” ဟူသော ဆိုရိုးစကားအတိုင်း  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလက်တွဲကာ၊ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သမိုင်းဝင်ခရီးတွင် အပြန်အလှန်ဖေးမကူညီကာတရုတ်-မြန်မာနှင့် လန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းတို့၏ စာမျက်နှာသစ်ကို အတူတကွ ရေးသား၍  တရုတ်-မြန်မာဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတို့၏    ပိုမိုလှပသောအနာဂတ်ကို အတူတကွဖန်တီးရန် ဆန္ဒရှိပါသည်။   ။
(စာရေးသူ၏အာဘော်သာဖြစ်ပါသည်)

Source: https://myawady.net.mm/stories

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး  H.E.Ms. Ma Jia

အာဟာရပညာရှင်တွေက ဇီဝဖြစ်ပျက်မှုကိုမြှင့်တင်ဖို့ အကြံပေးတတ်ကြပြီး စားသုံးလိုက်တဲ့အစားအစာတွေက စွမ်းအင်ပိုမိုလောင်ကျွမ်းစေဖို့ အကူအညီဖြစ်တယ်လို့ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဇီဝဖြစ်ပျက်မှုက တစ်နေ့တာအတွင်း  လမ်းလျှောက်တာ၊  လေ့ကျင့်ခန်းလုပ်တာကနေ အသက်ရှင်သန်ဖို့  ဆဲလ်တွေလုပ်ငန်း လုပ်ဆောင်တဲ့အထိ  သုံးစွဲရတဲ့ စွမ်းအင်တွေပဲဖြစ်တယ်။ စွမ်းအင်တွေ ပိုမိုလောင်ကျွမ်းလေလေ ဇီ၀ ဖြစ်ပျက်နှုန်းများလေလေ ဖြစ်တယ်။ တက်ကြွစွာနေထိုင်တာ၊ ကြွက်သား ထုထည်များလာတာတွေက စွမ်းအင်ကို လောင်ကျွမ်းစေဖို့ အကောင်း ဆုံးပဲဖြစ်တယ်။  ဥပမာ-လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ  ဇီဝဖြစ် ပျက်မှုက သာမန်အချိန်မှာထက် ၁၅ ဆပိုမြန်စေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေက နေ့စဉ် ကယ်လိုရီ ၁၆ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်း အသုံးပြုပါတယ်။ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်နှစ်ကြိမ် ဒါမှမဟုတ် နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်မယ်ဆိုရင် ဇီဝဖြစ်ပျက်မှုက ၉ ဒသမ  ၅ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ ဇီဝဖြစ်ပျက်မှုကောင်းမွန်စေဖို့ အောက်ဖော်ပြပါအစားအစာတွေကို စားသုံးပေးဖို့လို ပါတယ်။

အစေ့အဆန်စားသင့်ပါတယ်။    သိုင်းရွိုက်လုပ်ငန်းလုပ်ဆောင်ဖို့ ဆီလီနီယမ်ဓာတ်လိုအပ်ပါတယ်။ သိုင်းရွိုက်ကနေ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်ပျက်မှုနှုန်းနဲ့ အစာချေဖျက်တဲ့ လုပ်ငန်းစဉ်ကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ ဆီလီနီယမ်ဓာတ်ကို အစေ့အဆန်တွေကနေ ရရှိနိုင်ပြီး တစ်နေ့ကို အစေ့အဆန်ငါးမျိုးလောက် စားပေးသင့်ပါတယ်။

ပဲအမျိုးမျိုးစားသင့်ပါတယ်။ ပဲမှာပါဝင်တဲ့ ဒုတိယတန်းစားပရိုတင်းက စွမ်းအင်တွေကို လောင်ကျွမ်း စေတဲ့ကြွက်သားနဲ့ ဆဲလ်တွေကို တည်ဆောက်ပေးပါတယ်။ ပဲအမျိုးမျိုးကိုစားသုံးမယ်ဆိုရင် ပရိုတင်းများစွာရရှိ ပြီး အဆီတွေလျော့နည်းသွားစေတယ်။ ခန္ဓာကိုယ်အတွက် ပရိုတင်း စားသုံးမှုမလုံလောက်တဲ့အခါ ကြွက်သားတွေပြိုကွဲပြီး ပရိုတင်းတွေထွက် လာစေပါတယ်။ အဲဒီအခါ ကြွက်သားတွေဆုံးရှုံးပြီး စွမ်းအင်လောင်ကျွမ်း မှုလည်း နည်းသွားပါတယ်။

အဆီထုတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသောက်သင့်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့နို့က  ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ အစာရှောင်သူတွေအနေနဲ့ ဇီဝဖြစ်ပျက်မှုကောင်းမွန်စေဖို့ နို့ကိုသောက်သုံးနိုင်ပါတယ်။ ပညာရှင်တွေရဲ့လေ့လာမှုအရ နေ့စဉ် နို့ပုံမှန် သောက်ပေးမယ်ဆိုရင်  အဆီပြိုကွဲမှုကိုကောင်းမွန်စေပြီး  စွမ်းအင်အသုံးပြုမှုကို ကောင်းမွန်စေလို့ ကိုယ်အလေးချိန်မတက်အောင် ကူညီပေး နိုင်ပါတယ်။

ဆန်လုံးညိုစားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက် အဓိကစွမ်းအင်တစ်ခုဖြစ်တယ်။ ခန္ဓာကိုယ်မှာ ကာဗိုဟိုက်ဒရိတ်မလုံ လောက်တဲ့အခါ စွမ်းအင်အသုံးပြုမှုအတွက် ပြဿနာရှိလာနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်အစား  ပရိုတင်းတွေကိုဖြိုခွဲပြီး  စွမ်းအင်အသုံးပြုရ တဲ့အခါ  ကြွက်သားဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။   ဆန်လုံးညိုက စွမ်းအင်ထုတ်လုပ်မှုကိုနှေးစေပြီး  ဇီဝဖြစ်ပျက်မှုကို  ပုံမှန်ရှိနေအောင် ထိန်းပေးပါတယ်။

ကိုကိုးစားသင့်ပါတယ်။ ကိုကိုးက စွမ်းအင်ထုတ်ပေးတဲ့ ဆဲလ်တည်ဆောက်ပုံဖြစ်တဲ့ မိုက်တိုခွန်ဒရီးယားကို အားကောင်းစေပါတယ်။ ကိုကိုးက အဆီလောင်ကျွမ်းမှုကိုဖြစ်စေပြီး ကိုယ်အလေးချိန်မတက်အောင်နဲ့ အင်ဆူလင်ခံနိုင်ရည်ရှိမှုကို  လျော့နည်းစေပါတယ်။  အညိုရောင်ချောကလက်စားပေးနိုင်ပါတယ်။

ကော်ဖီသောက်သင့်ပါတယ်။ ကော်ဖီ ဒါမှမဟုတ် ကဖင်းဓာတ်ပါတဲ့လက်ဖက်ရည်တွေကို အနည်းငယ် သောက်မယ်ဆိုရင် တစ်နေ့ကို စွမ်းအင်သုံးစွဲမှုက ကယ်လိုရီ ၁၀၀ လောက် တိုးလာနိုင်ပါတယ်။ လေ့လာမှုတွေအရ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ဇီဝဖြစ်ပျက်မှု ၃ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိတိုးမြင့်နိုင်ပါတယ်။ နို့ဆီ၊ သကြားနဲ့ တခြားအရသာ တွေထပ်ဖြည့်ထားတဲ့ 3 in1 ကော်ဖီမစ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ သဘာဝကော်ဖီစစ်စစ်ကို နို့၊ သကြားနဲ့ သေချာဖျော်စပ်ထားတဲ့ကော်ဖီ ကိုဆိုလိုပါတယ်။ ဒါပေမဲ့ သောက်တာများရင်တော့ ဆန့်ကျင်ဘက်အကျိုး ကို  ရရှိစေပါတယ်။  ကော်ဖီသောက်တာများတဲ့အခါ  အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဇီဝဖြစ်ပျက်မှုနှေးလာတာကြောင့် အဝလွန် တာနဲ့ ဆီးချိုသွေးချိုအမျိုးအစား (၂) ရောဂါဖြစ်စေနိုင်ပါတယ်။

ပင်လယ်စာစားသင့်ပါတယ်။  ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့  သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ဇင့်ဓာတ်က သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်လုပ်ငန်း ဆောင်တာတွေကိုကောင်းမွန်စေပြီး  ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။  ကမာကောင်တွေမှာ  တခြားအစားအစာတွေထက်  ဇင့်ပါဝင်မှုများပြီး ကဏန်း၊ ပုစွန်တွေမှာလည်း ဇင့်ဓာတ်ကြွယ်ဝလို့ စားပေးသင့်ပါ တယ်။

ဒိန်ချဉ်စားသင့်ပါတယ်။  အကျိုးပြုဗက်တီးရီးယားတွေရရှိနိုင်တဲ့ဒိန်ချဉ်ကိုစားသုံးမယ်ဆိုရင် အစာချေဖျက်မှု ကောင်းမွန်စေပြီး ခုခံစွမ်းအားစနစ်ကို မြင့်မားစေပါတယ်။ လေ့လာမှုတွေအရ အူလမ်းကြောင်းထဲက ဗက်တီးရီးယားတွေက အဝလွန်ရောဂါဖြစ်စေနိုင်သလို ဒိန်ချဉ်စား သုံးမယ်ဆိုရင်  အူလမ်းကြောင်းထဲမှာ  ကောင်းတဲ့ဗက်တီးရီးယားတွေ တိုးပွားစေပြီး အကျိုးမပြုတဲ့ဗက်တီးရီးယားတွေ နည်းသွားစေပါတယ်။ ဒါ့ပြင် ဇီဝဖြစ်ပျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ငရုတ်သီးစားသင့်ပါတယ်။  ဘယ်အစားအစာကိုမဆို  စားသုံးလိုက်ရင် အပူထွက်လာပြီး စွမ်းအင်အဖြစ် လောင်ကျွမ်းစေပါတယ်။ ဒါကို အပူထုတ်လွှတ်တာလို့ခေါ်ပါတယ်။ ငရုတ်သီးစားတဲ့အခါ ခန္ဓာကိုယ်ပူလာ တာက ငရုတ်သီးထဲမှာ ကပ်ဆယ်စင်ဓာတ်ပါဝင်တာကြောင့် ဖြစ်တယ်။

လေ့လာမှုတွေအရ ငရုတ်သီးစားသုံးတာက အစာစားချင်စိတ်ကိုလျော့ နည်းစေပြီး ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ်ရရှိမှုကို လျော့နည်းသွားစေပါတယ်။ ချင်းနဲ့နနွင်းတွေကလည်း အပူထုတ်နိုင်တဲ့ စွမ်းအင်အနည်းငယ်စီ ရှိကြပါတယ်။

ဗီတာမင်ဒီပါဝင်တဲ့အစားအစာကို စားသင့်ပါတယ်။ အမေရိကန်နိုင်ငံ မှာ ဗီတာမင်ဒီကို ဖြည့်စွက်အာဟာရအနေနဲ့ သောက်သုံးကြပါတယ်။ လေ့လာမှုတွေအရ  အမေရိကန်နိုင်ငံသားတွေရဲ့  ၂၀  ရာခိုင်နှုန်းက ဗီတာမင်ဒီဓာတ်ချို့တဲ့ နေပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မှို၊  နို့၊ ကြက်ဥ စတာတွေကနေ ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။ အစားအသောက် တွေကနေ လုံလုံလောက်လောက်ရရှိနေမယ်ဆိုရင် ဗီတာမင်ဒီကို ဖြည့် စွက်သောက်သုံးဖို့ မလိုပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီတွေအရမ်းများ ရင် ဇီဝဖြစ်ပျက်မှုကို နှေးသွားစေပါတယ်။

ရောင်ရမ်းမှုကိုလျော့စေတဲ့အစားအစာတွေ စားသင့်ပါတယ်။ ရောင်ရမ်းမှုကိုလျော့စေပြီး   အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကောက်နှံတစ်ခုလုံးပါအစာ (ကွေကာ)၊ လတ်ဆတ်တဲ့အသီးအနှံ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်  စတာတွေက  ဇီဝဖြစ်ပျက်မှုကို  မြန်ဆန်စေပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး အစားအစာကနေ ကယ်လိုရီရရှိမှုကိုလည်း လျော့နည်းစေပါတယ်။ တစ်နေ့ကို ရောင်ရမ်းမှုလျော့နည်းစေတဲ့ အစာနှစ်မျိုးလောက်စားမယ်ဆိုရင်  ကယ်လိုရီပမာဏ ၄၆ ရာခိုင်နှုန်း စားသုံးမှု လျော့နည်းသွားပါတယ်။

အစာစားတိုင်းမှာ  ပရိုတင်းပါဝင်တဲ့အစာကို စားပေးသင့်ပါတယ်။  ပရိုတင်းပါဝင်တဲ့အစားအစာကိုစားခြင်းက ဇီဝဖြစ်ပျက်မှုကို  နာရီအနည်း ငယ်အတွင်း  မြင့်တက်စေနိုင်ပါတယ်။  ပရိုတင်းက   အစာကြေစေဖို့၊ စုပ်ယူဖို့နဲ့  ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုကယ်လိုရီတွေကြောင့်ဖြစ်တယ်။ ဒါကို အစားအစာရဲ့ အပူစွမ်းအင်လို့ခေါ်တယ်။  ပရိုတင်းက ဇီဝဖြစ် ပျက်မှုနှုန်းကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းနဲ့ ကစီဓာတ်အတွက် ၅ ရာခိုင်နှုန်းကနေ ၁၀  ရာခိုင်နှုန်းတိုးမြှင့်ပေးပြီး အဆီအတွက် သုညရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းမြှင့်တင်ပေးနိုင်ပါတယ်။ ပရိုတင်းစားခြင်းက အစာပိုခံနိုင်စေပါတယ်။

လက်ဖက်စိမ်းရည်သောက်သင့်ပါတယ်။ လက်ဖက်စိမ်းရည်သောက် ခြင်းက ဇီဝဖြစ်ပျက်မှုကို  ၄ ရာခိုင်နှုန်းကနေ ၅  ရာခိုင်နှုန်းတိုးမြင့်စေကြောင်း တချို့စစ်တမ်းတွေအရ တွေ့ရပါတယ်။ လက်ဖက်စိမ်းရည်က ခန္ဓာကိုယ်မှာသို လှောင်ထားတဲ့ အဆီတချို့ဖြိုခွဲအသုံးပြုနိုင်ဖို့ Free Fatty Acid အဖြစ် ပြောင်းလဲပေးတယ်။ အဆီလောင်ကျွမ်းမှုကိုလည်း  ၁၀ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ တိုးစေပါတယ်။

ဇီဝဖြစ်ပျက်မှုက နေ့တစ်နေ့ရဲ့နံနက်ပိုင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်။

ဒါကြောင့်  နံနက်စာကို များများစားသင့်ပါတယ်။  နေ့လယ်စာကိုတော့ ပုံမှန်စားပြီး ညစာကို ထမင်း ၁၂ ဇွန်း၊ အရွက်သုပ်ကြိုက်သလောက်စား၊ စွပ်ပြုတ်ရည်ကြိုက်သလောက်သောက်မယ်ဆိုရင် ကျန်းမာပြီး ပုံမှန် ကိုယ်အလေးချိန်အချိုးအဆ ဘီအမ်အိုင်(၁၈ ဒသမ ၉-၂၄ ဒသမ ၉) အတွင်း  ထိန်းထားမယ်ဆိုရင် ကျန်းမာပြီးကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို  အမြဲ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၂၁ ရာစုမှာ လူတို့ရဲ့နေထိုင်မှုစနစ်ပြောင်းလဲလာပြီး အထိုင်များလာကာ လေ့ကျင့်ခန်းလုပ်တာနည်းလာတယ်။  ပိုလျှံတဲ့အဆီတွေစုဝေးပြီး အ၀ လွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊  နှလုံးသွေးကြောရောဂါ၊  သွေးတိုးရောဂါ တွေ ဖြစ်စေပါတယ်။  ဒါကြောင့်  လေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပါတယ်။

ပြင်းထန်တဲ့အားကစားတွေလုပ်မယ်ဆိုရင်   သွေးပူလေ့ကျင့်ခန်းပုံမှန်လုပ်ပြီးမှ အားကစားပြုလုပ်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။      ။

Source: https://myawady.net.mm/stories

ဒေါက်တာလွင်သန့်

“မတ်လ”တစ်နည်းအားဖြင့် မြန်မာနှစ်တပေါင်းလ အခါသမယ၏  နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်”ဆိုစကားနှင့်အညီပတ်ဝန်းကျင်တစ်ခွင်မှာ  သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသောရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည်  တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင်တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင်မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့်ဝင့်ဝင့်ကြွားကြွားလွင့်ပျံ့နေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကားမြန်မာနိုင်ငံ၏အထင်ကရ နိုင်ငံခြားရေးဝန်ကြီးဌာနပင်ဖြစ်ပါသည်။

စတင်အုတ်မြစ်တည်ခဲ့သည့် သမိုင်းမှတ်တိုင်များ

လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင် မော်ကွန်းတင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းစာမျက်နှာများသည် “Diplomacy is the first line of defense” ဆိုသောစကားရပ်နှင့်အညီ မြန်မာနိုင်ငံ၏ဖြတ်သန်းခဲ့ရသော  ခရီးလမ်းတစ်လျှောက်တွင် အရေးပါသော တစ်ထောင့်တစ်နေရာမှ အစဉ်အမြဲ ပါဝင်ခဲ့၊ ပါဝင်လျက်၊ ပါဝင်သွားမည်မှာ မငြင်းဆန်နိုင်သော အမှန်တရားပင်ဖြစ်ပါသည်။

သမိုင်းစာမျက်နှာများကို လွမ်းမောဖွယ်အဖြစ် လှန်လှောကြည့်မိပါက လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဌာနကို  “Department of Foreign Affairs”အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။  စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်းတစ်ဦး၊   အမှုထမ်းရှစ်ဦးစုစုပေါင်းဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ အခြေအနေအရ နည်းပါးသောအင်အားဖြင့် စတင်ခဲ့ရသော်လည်းခိုင်မာသည့်   အခြေခံအုတ်မြစ်ဖြစ်ပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၈ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး “Foreign Office”ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန “Ministry of Foreign Affairs” (MoFA)အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင်သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ  နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စွမ်းအားများကိုစီမံခန့်ခွဲ၍ နိုင်ငံအကျိုးကိုဖော်ဆောင်သည့်  အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ အနှစ်သာရသည်  အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်ခြင်းဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး  တည်ငြိမ်အေးချမ်းသည့်   ကမ္ဘာ့ပတ်ဝန်းကျင်တိုးတက်ဖြစ်ထွန်းရေးကို ဦးတည်ချက် ထားရှိကြပါသည်။ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊    ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  အလေးထားမှု စသည်တို့ကို တန်ဖိုးထားဖော်ဆောင်သည့် မူဝါဒဖြစ်ပါသည်။

မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်ရပ်တည်၍  တန်းတူရည်တူရှိမှု၊ ကမ္ဘာ့ရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ  မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊ ကုလသမဂ္ဂအဖွဲ့ကြီးအား  အားပေးထောက်ခံမှု၊  ပူးပေါင်းဆောင်ရွက်ရေးကို  အကျိုးတူမှု၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော  ပြင်ပအကူအညီထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး စသည့်အခြေခံမူများနှင့်အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည်လည်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံသမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ အဆင့်ဆင့်ပြောင်းလဲခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်လွတ်လပ်ရေးရရှိချိန်တွင် အင်အားကြီးအုပ်စုများအကြား   ရှောင်ရှားလိုသည့်“အပြုသဘောထားသည့် ကြားနေဝါဒ”( Positive Neutrality)ဖြင့်ရပ်တည်ခဲ့သည်။၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တော်လှန်ရေးကောင်စီအစိုးရလက်ထက်ကာလများတွင် “ Positive Neutrality ”ကို ဆက်လက် ကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပါသည်။၁၉၇၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏  ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ” (Inde-pendent Foreign Policy)ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏စတုတ္ထအကြိမ် ပါတီညီလာခံမှ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးဝါဒ” (Independent and Active Foreign Policy)ကိုလည်းကောင်း၊  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏   အမိန့်ကြော်ငြာချက်(၃/၈၈)ဖြင့်“လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒ”ကို   ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁ အရ)   “လွတ်လပ်၍တက်ကြွပြီး  ဘက်မလိုက်သော  နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-aligned Foreign Policy)အဖြစ်လည်းကောင်း၊   ခေတ်အဆက်ဆက်အဆင့်ဆင့်  တိုးတက်ပြောင်းလဲခဲ့သော်လည်း   အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ရေးနှင့်ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားရေး အကျိုးစီးပွားကို  တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါသည်။

မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအပေါ် ရပ်တည်၍ နိုင်ငံတကာဆက်ဆံရေးကိုနှစ်နိုင်ငံဆက်ဆံရေး(Bilateral relations)၊ ဒေသတွင်းနိုင်ငံများနှင့်  ပေါင်းစပ်ရေး(Regional integration)နှင့်  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး(Multilateralism)စသည့် နယ်ပယ်များတွင်   ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။

 မျက်မှောက်ကာလမော်ကွန်း

နိုင်ငံခြားရေးဝန်ကြီးဌာန   စတင်တည်ထောင်ပြီးချိန်မှ ခေတ်အဆက်ဆက်များတွင်  သမိုင်းပေးတာဝန်များကိုအောင်မြင်စွာ မော်ကွန်းတင်နိုင်စေရန် လက်ဆင့်ကမ်းတာဝန်ယူသူများအဖြစ်(၇၈)နှစ်တာကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး  ၂၅  ဦး (ဦးနု၊ ဦးစဝ်ခွန်ချိုနှင့် ဦးဝဏ္ဏမောင်လွင်တို့သည်နှစ်ကြိမ်စီတာဝန်ထမ်းဆောင်ခဲ့ပါသည်)နှင့် ဒုတိယဝန်ကြီး  ၁၈ ဦးတို့မှ ထမ်းဆောင်ခဲ့ကြပါသည်။   လက်ရှိကာလတွင်   ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဦးဆောင်မှု၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်တို့၏ တက်ညီလက်ညီ   ပူးပေါင်းအကောင်အထည်ဖော်မှုတို့ဖြင့် ပြည်တွင်းပြည်ပရှိ  ဝန်ထမ်းထောင်ကျော်အင်အားတို့သည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက်   ထမ်းဆောင်လျက်ရှိပါသည်။အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံရှိရုံးဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီးသုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင်    အသီးသီးကာလအလိုက်  အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိပါသည်။

လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု   တိုးမြှင့်ရေးသည်အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ကုလသမဂ္ဂနှင့်  နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့်သံတမန်ရေးရာများတွင် ထုံးတမ်းအစဉ်အလာအရ အပြန်အလှန်အသိအမှတ်ပြုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  နှစ်နိုင်ငံဆက်ဆံရေးအရ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို   ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ   လက်ရှိတွင်မြန်မာသံရုံး ၃၇ ရုံး၊  မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သုံးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁၁  ရုံး စုစုပေါင်း ၅၁ ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်      ၂၀၂၂ ခုနှစ်တွင်တရုတ်နိုင်ငံရှိ ချုံချင့်မြို့၊ ၂၀၂၃ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)ရှိ ဒူဘိုင်းမြို့၊ ဘယ်လာရုစ် သမ္မတနိုင်ငံရှိ မင့်စ်မြို့၊ရုရှားနိုင်ငံ နိုဗိုစီဗစ်နှင့်စိန့်ပီတာစဘတ်မြို့များတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗာတီကန်နိုင်ငံနှင့်ယူအေအီးနိုင်ငံတို့မှ  မြန်မာနိုင်ငံတွင်  သံရုံးသစ်များ လာရောက်ဖွင့်လှစ်ခဲ့ပါသည်။  ယခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)၊ အဘူဒါဘီမြို့တို့တွင် မြန်မာသံရုံးအသစ်များဖွင့်လှစ်သွားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကာတာနိုင်ငံ  ဒိုဟာမြို့တွင်လည်း  မြန်မာသံရုံး အသစ်ဖွင့်လှစ်နိုင်ရေးညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၆) နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထူထောင်ထားရှိပြီး၊ ကမ္ဘာ့နိုင်ငံ (၄၆)နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံး (၅၀)ရုံးကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်  နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့မှုများအနေဖြင့် ၆-၃-၂၀၂၃ ရက်တွင် ဂီနီဘစ်ဆောနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတိုးချဲ့ထူထောင်ခဲ့ပြီး ယူဂန္ဓာ၊ နမီးဘီးယား၊ မိုဇမ်းဘစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးထပ်မံတိုးချဲ့ ထူထောင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည်   ပြည်ပနိုင်ငံများမှသံအမတ်ကြီး (၂၁) ဦး၏သံအမတ်ခန့်အပ်လွှာများအား အခမ်းအနားဖြင့် လက်ခံပေးခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင် အကောင်အတည်ဖော်ဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာအစည်းအဝေးများ  ပါဝင်တက်ရောက်မှုများ၊  ခရီးစဉ်သွားရောက်မှုများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏မကြာသေးမီရက်ပိုင်းဆီက သွားရောက်ခဲ့သော  ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်   ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များသည်အထင်ကရဖြစ် ပါသည်။ ၂၀၂၁ ခုနှစ်တွင် ASEAN ထိပ်သီးအစည်းအဝေး၊ ၂၀၂၂ ခုနှစ်တွင်   ကမ္ဘာ့အရှေ့ဖျားစီးပွားရေးဖိုရမ်၊၂၀၂၄ ခုနှစ်တွင်   GMS  ထိပ်သီးအစည်းအဝေး၊ ACMECS ထိပ်သီးအစည်းအဝေး၊ CLMV   ထိပ်သီးအစည်းအဝေးများသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ်နှင့်၂၀၂၃ ခုနှစ်တွင် MLC ထိပ်သီးအစည်းအဝေးများတွင် Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ ၂၀၂၂ တွင် BIMSTECS ထိပ်သီးအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် NAM ထိပ်သီးအစည်းအဝေးနှင့် ACD ထိပ်သီးအစည်းအဝေးများသို့နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ် ASEAN ထိပ်သီးအစည်းအဝေးများသို့  အမြဲတမ်းအတွင်းဝန်က တက်ရောက်ခဲ့ပါသည်။

လက်ရှိကာလ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကုလသမဂ္ဂအေဂျင်စီ (၁၆) ခုနှင့် INGO (၂၁၆) ဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများနှင့် ဒေသခန့်ဝန်ထမ်းများဖြင့်   နိုင်ငံအနှံ့လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၊ တစ်နှစ်လျှင် (၂)ကြိမ် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီး  စီမံကိန်း ဒေသများသို့လည်း ခရီးစဉ်များ  ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

ICRC, UNOCHA, UNHCR, UNOPS, UNODC, IFRC, UNDSS, UNEDG, UNICEF, IOM, UNFPA တို့မှ အဆင့်မြင့် အရာရှိကြီးများ မြန်မာနိုင်ငံသို့လာရောက်တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များကိုလည်းလက်ခံဆောင်ရွက်ပေးခဲ့ပါသည်။

အာဆီယံ AHA ၏ ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်အားလုံးကို ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၃ ပထမအဆင့်တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများသို့ အမေရိကန်ဒေါ်လာ (၁၅) သန်းဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝါးအကူအညီများ လက်ခံဖြန့်ဝေနိုင်ခဲ့ကာ၊ ၂၀၂၃-၂၀၂၅ ဒုတိယအဆင့်တွင် စစ်ကိုင်း၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆီဆိုင်၊ မောက်မိုင်၊ ညောင်ရွှေ၊ မုံရွာ၊ ရွှေဘို၊ ကျောက်ထု၊ ထီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ဘားအံ၊ ကော့ကရိတ်၊   သံဖြူဇရပ်၊  ကျိုက်မရော၊ကျိုက်ထို၊ ဘီးလင်း၊ လွိုင်လင်မြို့နယ်များတွင် အမေရိကန်ဒေါ်လာ (၄) သန်းကျော်တန်ဖိုးရှိ  အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပြီး AHA monitoring Team ဖြင့်လည်း လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်းနိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်ခြင်းအနေဖြင့်  မြန်မာနိုင်ငံနှင့် အိမ်နီးချင်း (၅) နိုင်ငံတွင် လူဦးရေသန်း(၃,၂၀၀)ကျော်နေထိုင်ပြီး လူမျိုး၊ ဘာသာ၊နိုင်ငံရေးနှင့်အုပ်ချုပ်ရေးစနစ် မတူကွဲပြားသည့်အတွက်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား နီးကပ်သောဆက်ဆံမှုနှင့်ဖြေရှင်းကျော်လွန်နိုင်ရန်  အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်း ထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အလွတ်သဘောအစည်းအဝေးများတွင် ပိုမိုထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို အဓိကစိန်ခေါ်နေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လက်နက်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်တက်လာပြီး၊ မြန်မာ့နိုင်ငံအရေးကို မြန်မာကိုယ်တိုင်ဦးဆောင်သည့်မြန်မာ့၏   ကိုယ်ပိုင်အစီအမံဖြင့်သာ ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှသိရှိလက်ခံလာခဲ့သလို၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် (၂)နိုင်ငံကြား  ရွှေ့ပြောင်းလူအုပ်စုများ ကိစ္စကိုလည်း ပြင်ပစွက်ဖက်မှုမပါဘဲ (၂) နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးသဘောထား ရရှိခဲ့ပါသည်။

ဒေသတွင်း နိုင်ငံများမှ ပြစ်ဒဏ်ကျခံနေရသည့်အကျဉ်းသားများအား   အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊   အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်နေသောနိုင်ငံများမှ  နိုင်ငံခြားသားများအား  ရှာဖွေကယ်ဆယ်ဖမ်းဆီး၍သက်ဆိုင်ရာနိုင်ငံများသို့   ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံမှ  အိမ်နီးချင်းနိုင်ငံများသို့ရောက်ရှိသွားသူများအား   သံတမန်လမ်းကြောင်းမှ ညှိနှိုင်း၍   ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေပြီး မမျှော်လင့်ဘဲ အခက်အခဲများကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်အကူအညီများပေးအပ်နိုင်ရေး၊ လိုအပ်ပါက အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကိုလည်းမြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးမှု များမှာလည်း   သိသာထင်ရှားသောသံတမန်ရေးရာဆောင်ရွက်ချက်များဖြစ်ပါသည်။

နိဂုံး

နိဂုံးချုပ်အနေဖြင့် ထင်ရှားပေါ်လွင်သည့်  အစဉ်အလာကောင်းများရှိသောမြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏   အကျိုးစီးပွားကိုဖော်ဆောင်ရန် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းစွမ်းဆောင်ခဲ့မှုကြောင့်တည်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး  လာမည့်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်တံ့ ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သစ္စာရှိရှိတာဝန်သိသိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်မှာ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်းဖော်ပြလျက် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်တွင်ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား  မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။   ။

Source: https://myawady.net.mm/stories

 

 

ဇေယျာမျိုးမြင့်(MoFA)

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်   မိမိတို့မြန်မာနိုင်ငံ၌   နိုင်ငံ့လူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိနေသော်လည်း ပြည်ပမှတင်သွင်းသော    စားသောက်ကုန် လူသုံးကုန်များကို   များစွာမှီခိုနေရဆဲဖြစ်ရာ ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးနှင့်နိုင်ငံခြားငွေသုံးစွဲရမှု   လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေးနှင့်  စိုက်ဧရိယာ တိုးတက်ရေးကို အလေးထားစီမံ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးပြီးလျှင် စားသုံးမှုအများဆုံး သီးနှံတစ်မျိုးဖြစ်သည့် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးလည်း ပါဝင်ကြောင်း တွေ့ရှိ ရမည်ဖြစ်သည်။

ရှေးယခင်က မိမိတို့နိုင်ငံတွင် ဂျုံစားသုံးမှုအနေဖြင့် ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ၊  ဘီစကွတ်နှင့်လူတန်းစား အလွှာစုံစားသုံးသည့် ရွှေကြည်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များကိုသာ အသုံးပြုမှု များပြားခဲ့သော်လည်း   ဆယ်စုနှစ်အနည်းငယ်အတွင်း၌ အသင့်စားခေါက်ဆွဲထုပ် စားသုံးခြင်း တွင်ကျယ်လာမှုနှင့်အတူ  မာလာရှမ်းကော၊   မာလာမောက်ချိုက်အပါအဝင် ချက်ပြုတ်နည်းမျိုးစုံ၊ စားသုံးသည့် ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့်  ခေါက်ဆွဲစားသုံးမှုများစွာ တိုးတက်လာသည်ကို သတိပြုမိကြမည်ဖြစ်သည်။  အလားတူ ဂျုံအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများက ထုတ်လုပ်သည့် စားသောက်ကုန်အများအပြား ဈေးကွက်ဝင်လာသကဲ့သို့ စားသုံးမှုပမာဏသည်လည်း တစ်နေ့တခြား တိုးပွားလာလျက်ရှိနေသည်။

ပြည်တွင်းဂျုံသီးနှံထုတ်လုပ်မှုအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုတွင် ဧက ၁၂၆၀၀၀ ကျော်စိုက်ပျိုးလျက်ရှိပြီး  စုစုပေါင်းဂျုံအထွက် တင်း ၂,၉၇၀,၀၀၀ ကျော်ထွက်ရှိကာ ဂျုံမှုန့်တန်ချိန် ၇၂၇,၀၀၀ ကျော်ကို  နှစ်စဉ်ထုတ်လုပ်လျက် ရှိနေသော်လည်း ကမ္ဘာ့ဂျုံတင်သွင်းသည့်နိုင်ငံ ၁၂၅ နိုင်ငံတွင် မြန်မာနိုင်ငံက ၆၉ နိုင်ငံမြောက် ဂျုံအများဆုံး တင်သွင်းသည့်  နိုင်ငံဖြစ်နေခြင်းက ပြည်တွင်းဂျုံလိုအပ်ချက်ကို သိသာထင်ရှားစေလျက်ရှိသည်။

သို့ဖြစ်၍လည်း ဖေဖော်ဝါရီလ ၆ ရက်က မြန်မာနိုင်ငံ ဂျုံစက်လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး   နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန  နဝရတ်ခန်းမ၌  ဂျုံအခြေခံသည့်  စားသောက်ကုန်များ ထုတ်လုပ်ရန်အရည်အသွေးကောင်းသည့်  ပြည်တွင်းထုတ်ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ညှိနှိုင်းဆွေးနွေးပွဲမကျင်းပမီ  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ ဂျုံသီးနှံပညာရှင်များ၊ သုတေသီများက ပြည်တွင်းဂျုံမျိုးများဖြင့် ထုတ်လုပ်ထားသည့် ပေါင်မုန့်၊ ပေါက်စီနှင့်ဂျုံအခြေခံ စားသောက်ကုန်နမူနာများကို ပြသကာ ဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို ဂျုံစက်လုပ်ငန်းရှင်များအား  လက်တွေ့မြည်းစမ်းနိုင်ကြစေရန် စီစဉ်ပေးထားသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အဓိကဆွေးနွေးချက်အနေဖြင့် ပြည်တွင်းစားသုံးသူများ ကြိုက်နှစ်သက်သော   အရည်အသွေးနှင့် အနံ့အရသာကောင်းမွန်သည့် ဂျုံမျိုးများကို နှစ်အလိုက်တိုးချဲ့စိုက်ပျိုး၍   ဂျုံစေ့၊  ဂျုံမှုန့်များတိုးမြှင့်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင်  တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့်  ဂျုံကို ဝယ်ယူမည့်ဈေးကွက် သေချာစေရန် ဂျုံစက်လုပ်ငန်းရှင်များနှင့် ပဏာမ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုအပ်သည့်  ဂျုံအမျိုးအစားနှင့် လိုအပ်ချက်ပမာဏကို သိရှိမှသာ မျိုးပွားခြင်း၊ မျိုးဖြန့်ခြင်းနှင့်အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို  စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် အမှန်တကယ်အကျိုးရှိစေပြီး ရေရှည်ဖွံ့ဖြိုးသည့် စီမံဆောင်ရွက်မှုဖြစ်မှသာ    ပြည်ပမှဂျုံကုန်ကြမ်းမှီခိုမှုကင်းသော အခြေအနေကို  ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊  ဂျုံစက်လုပ်ငန်းရှင်များ လက်တွေ့မြည်းစမ်းထားကြသည့် ပြည်တွင်းဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို လွတ်လပ်ပေါ့ပါးစွာ အားမနာစတမ်း သဘောထားမှတ်ချက်ပေးကြရန်နှင့် အသုံးပြုလိုသည့်  အခြားဂျုံမျိုးကို သဘောထားမှတ်ချက်ပေးမည် ဆိုပါကလည်း ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လုပ်ငန်းရှင်များ၏ တင်ပြချက်များကို  အနှစ်ချုပ်လေ့လာကြည့်ပါက ပြည်ပမှတင်သွင်းသော ဂျုံကုန်ကြမ်းများမှာ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး ကုန်ကြမ်းအရည်အသွေး တည်ငြိမ်မှုရှိသဖြင့်  ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို   တင်သွင်းအသုံးပြုရခြင်း ဖြစ်ကြောင်းနှင့်  ပြည်တွင်းထွက် ဂျုံကုန်ကြမ်းများ အရည်အသွေးတည်ငြိမ်မှုရှိရန် စီမံဆောင်ရွက်နိုင်ပါက ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ   အသုံးပြုလိုကြကြောင်း  မှတ်သားခဲ့ရသည်။  အဆိုပါအချက်သည် ဂျုံသီးနှံတွင်သာမက သီးနှံများ   ရောင်းဝယ်ဖောက်ကားရာတွင် ကြားသိနေရသည့်  ပြဿနာတစ်ခုဖြစ်သည်။ ရိတ်သိမ်းခြွေလှေ့မှုတွင် ဖုန်၊ သဲ၊ ခဲ အနည်းငယ်   ပါဝင်မှုရှိနိုင်သော်လည်း မသမာသူအချို့ကြောင့်    ဈေးကောင်းမရခြင်း၊ ဈေးကွက်ပျက်ရခြင်းများကို တားဆီးကာကွယ်နိုင်စေရန် ရိတ်သိမ်းသူ၊ သိုလှောင်သူ၊ သယ်ယူဖြန့်ချိသူ စသည့် ဈေးကွက်စီးဆင်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်သူ အားလုံးသတိပြု၍ ဝိုင်းဝန်းထိန်းကျောင်း သွားကြရန်  လိုအပ်မည်ဖြစ်သည်။

လုပ်ငန်းရှင်များ တင်ပြသကဲ့သို့ ပြည်တွင်း၌စားသုံးလျက်ရှိသည့် ဂျုံအခြေခံစားသောက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အပြည့်အဝအသုံးပြု သွားမည်ဆိုပါက ဂျုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တွင်ပါဝင်သည့်   အသေးစား၊ အငယ်စားနှင့်  အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းလည်း   များစွာဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

တောင်သူများထံမှ သတင်းစကားများအရ ပုံမှန်စိုက်ပျိုးပြုစုမှုဖြင့် ထွက်ရှိသည့် ဂျုံအထွက်နှုန်းနှင့် သီးနှံပေါက်ဈေးအရ ဝင်ငွေအကျိုးအမြတ် သင့်တော်ကောင်းမွန်မှုရှိကြောင်း၊ သို့သော် အချို့ဒေသများတွင် လုပ်ငန်းရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့်   ဝယ်လက်သေချာသော်လည်း  အချို့ဒေသများအတွက် ဝယ်လက်ချိတ်ဆက်မှု လိုအပ်နေကြောင်း သိရှိရသည်။

လက်ရှိပြည်တွင်း၌ အဓိကစိုက်ပျိုးသည့်ဂျုံမျိုးများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ရေဆင်းဂျုံ-၉၊ ရေဆင်းဂျုံ-၁ဝ၊ ရေဆင်းဂျုံ-၁၁ နှင့် ရေဆင်းဂျုံ-၁၂ တို့ဖြစ်ပြီး အဆိုပါဂျုံမျိုးများမှာ Mexico နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးနှင့်ဂျုံသုတေသနဌာန(International Maize and Wheat Improvement Center, CIMMYT)မှ တင်သွင်း၍ မျိုးရွေးချယ်ရရှိထားသော ဂျုံမျိုးများဖြစ်ကာ အပူဒဏ်၊ ရေငတ်ဒဏ်နှင့်ရောဂါဒဏ်ခံနိုင်ပြီး အထွက်ကောင်းသည့်  ပေါင်မုန့်ဂျုံမျိုးများဖြစ်၍  အမှန်တကယ်  တိုးချဲ့စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက  စိုက်ပျိုးသူတောင်သူများနှင့် ကုန်ကြမ်းအသုံးပြုသူ လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။

သို့ဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများစွာ ရှိနေသော မိမိတို့နိုင်ငံတွင်  စိုက်ပျိုးအောင်မြင်သော ဂျုံမျိုးများ အသင့်ရှိနေပြီးဖြစ်သကဲ့သို့   ဂျုံစက်လုပ်ငန်းရှင်များ၏ ပြည်တွင်း ဂျုံကုန်ကြမ်းအသုံးပြုလိုမှု တောင်းဆိုချက်များလည်း ရှိနေပြီဖြစ်ရာ အသေးစား၊ အငယ်စားနှင့်  အလတ်စား(MSME)လုပ်ငန်းများ အားပြုစရာ  ဂျုံသီးနှံ  တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို  တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့က ကျရာအခန်းကဏ္ဍများမှ   ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းသွားကြရန် တိုက်တွန်းလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

အောင်မိုး(လယ်ယာပြန်ကြားရေး)