ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ကစိုးရိမ်မိသလို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါလက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့ စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအားမြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်း လျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန်တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်က ဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စု ဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ်ထွက်လာတာကို ကမ္ဘာက စောင့်ကြည့်နေကြပြီဖြစ်ပါ တယ်။

လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ဦး ကူးစက်ခံခဲ့ရ ပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာတွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိတိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံ မှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။

Nimbus (NB.1.8.1) ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင် အချိန်တိုအတွင်း ကူးစက်ခံရသူအရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းတွေအရသိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့သိရပါတယ်။ ရောဂါကို ဖြစ်မလာခင် ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှုခံယူဖို့လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက် ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြား သတိထားကြဖို့လိုပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာ ဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူတွေကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလမှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေထိုးနှံပေးလာတဲ့အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကို စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။       ။

MOI

သာထူး

အစေ့ထုတ်ပြောင်းသီးနှံသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျုံနှင့်စပါးသီးနှံပြီးလျှင် စားသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု  တတိယမြောက်အများဆုံးသီးနှံဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာဖြစ်ရုံသာမက စက်မှုကုန်ကြမ်းနှင့် အစားထိုးကုန်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ အစေ့ထုတ်ပြောင်းကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်ထွက်ရှိမှု၏  ၄၅ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ကုန်းလမ်းနယ်စပ် ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိသည်။ အလားတူ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းကို ဝယ်ယူတင်သွင်းလျက်ရှိနေသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်းသီးနှံသည် တောင်သူများအတွက် ဝင်ငွေတိုးစေမည်မှာ မလွဲမသွေမှန်ကန်နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို နှစ်စဉ် စိုက်ဧရိယာတိုးတက်စိုက်ပျိုးလျက်ရှိသည်။ မိုးအစေ့ထုတ် ပြောင်းနှင့် ဆောင်းအစေ့ထုတ်ပြောင်းဟူ၍ မိုးနှင့်ဆောင်းရာသီ နှစ်ရာသီစလုံးတွင် စိုက်ပျိုးလျက် ရှိသော်လည်း စုစုပေါင်းစိုက်ဧက၏ ၈၆ ဒသမ ၁၇ရာခိုင်နှုန်းခန့်ကို မိုးရာသီတွင် အဓိကစိုက်ပျိုးပြီး ဆောင်းရာသီတွင် စုစုပေါင်းစိုက်ဧက၏ ၁၃ ဒသမ ၈၃ရာခိုင်နှုန်းခန့်ကို ဒုတိယသီးနှံအဖြစ် သီးထပ်အနေနှင့် စိုက်ပျိုးသည်။ အစေ့ထုတ်ပြောင်းကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်သည် အများဆုံးစိုက်ပျိုးသောဒေသဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အစေ့ထုတ်ပြောင်းစိုက်ဧက၏ ၆၄ ဒသမ ၅၀ ရာခိုင်နှုန်းကိုစိုက်ပျိုးလျက် ရှိနေသည်။

အစေ့ထုတ်ပြောင်းသည် တောင်သူများအတွက် ဝင်ငွေတိုးတက်ရရှိနိုင်သောသီးနှံဖြစ်သော်လည်း စိုက်ပျိုးရာမှာ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များအတိုင်း စိုက်ပျိုးရန်လိုအပ်သည်။ အစေ့ထုတ်ပြောင်းစိုက်တောင်သူဦးကြီးများ လိုက်နာ ဆောင်ရွက်နိုင်စေရန် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ်များ ကိုပြောပြပေးချင်သည်။

မျိုး

အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ပြည်ပမှမှာယူရသော  မျိုးများဖြစ်သည်။  စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှလည်း ပြည်တွင်းမျိုးများ ထုတ်လုပ်ဖြန့်ဖြူးနေသည်။ 

CP မျိုးများဖြစ်သည့် CP-808၊ CP-222၊ CP-809 မျိုးများကို အများဆုံးစိုက်ပျိုးသည်။

NK-621၊ NK-625၊ JD-8၊ TF-222၊ GT-722၊ TP စသည့် မျိုးများလည်း စိုက်ပျိုးသည်။

အထွက်ကောင်းမျိုး  ရေဆင်း-၁၀ မျိုးကိုလည်း အသုံးပြုနိုင်သည်။

မြေအမျိုးအစား

မြေဩဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေ၊ လေဝင်လေထွက်မျှတ၍ ရေဝပ်ခြင်းမရှိသည့် မြေဆီလွှာနက်သော မြေမျိုးတွင် အထူးသင့်လျော်သည်။ မြေအချဉ်ငန်ဓာတ် (၅ ဒသမ ၃ မှ ၇ ဒသမ ၃) အတွင်း စိုက်ပျိုးနိုင်ပြီး မြေအချဉ်ငန်ဓာတ် (၆ မှ ၇)သည် အကောင်းဆုံးဖြစ်သည်။

စိုက်ပျိုးချိန်

မိုးရာသီတွင် မေလဆန်းမှ ဇွန်လကုန်၊ ဆောင်းရာသီတွင် စက်တင်ဘာလမှ   အောက်တို ဘာလအတွင်း စိုက်ပျိုးသင့်သည်။

မြစ်ဝကျွန်းပေါ်ဒေသနှင့် ကိုင်း/ကျွန်း စိုက်ဧရိယာများတွင် နိုဝင်ဘာလကုန် ဒီဇင်ဘာလ ဆန်းပိုင်းအထိ စိုက်ပျိုးကြသည်။

စိုက်နည်းစနစ်

မိုး၊ ဆောင်းရာသီများတွင် အပင်ရေ ၂၀၀၀၀ မှ ၂၅၀၀၀ ရရှိရန် တန်းကြား x ပင်ကြား (၃၀ လက်မ x ၉ လက်မ ) ခြား၍ မျိုးစေ့နှုန်း တစ်ဧကမှာ ၅ ကီလိုဂရမ်နှုန်းသုံးစွဲစိုက်ပျိုးရမည်။

မြေပြင်စဉ်တွင် ကျွဲ၊ နွား တိရစ္ဆာန်အညစ်အကြေးများကို တစ်ဧကလျှင် ၁၂၅ တင်း ထည့်ပေးသင့်သည်။ တိရစ္ဆာန်အညစ်အကြေးများကို ၃ လမှ ၄ လအထိ ကောင်းစွာဆွေးမြည့်အောင်ထားပြီးမှ  သဘာဝမြေဩဇာအဖြစ် အသုံးပြုသင့်သည်။

မြေပြင်စဉ်တွင်  အထွက်နှုန်းပိုမိုရရှိရန် ယူရီးယား  ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက်  ၅၆ ပေါင်နှုန်းတို့ကိုထည့်ရန်လိုအပ်သည်။

စိုက်ပျိုးချိန်နှင့် နို့ရည်တည်ချိန်တွင် ကြွက်ဝမ်းဖြူများ ဖျက်ဆီးတတ်သဖြင့် စိုက်ခင်းပတ်လည်သန့်ရှင်းရန်နှင့်ကြွက်ဆေးချပေးရမည်။

သက်တမ်းအလိုက် အပင်ပြုစုစောင့်ရှောက်ခြင်း

စိုက်ပြီး ခုနစ်ရက်အကြာတွင် အပင်မပေါက်သည့် ကျင်းများတွင် မျိုးစေ့ထပ်ချပေးရမည်။

အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်းလျှင်တစ်ပင်ချန် မဖြစ်မနေသားခွဲပြီး အပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။

အပင် ၂၀-၂၁ ရက်သားတွင် ယူရီးယား ၅၆ပေါင်၊ ပိုတက် ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာ ထည့်သွင်းပြီး ကြားထွန်လိုက်ပေးရမည်။

၃၅-၄၀ ရက်သားတွင် ယူရီးယား ၅၆ ပေါင်၊ ပိုတက်   ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာထပ်မံထည့်သွင်းပြီး ပေါင်တင်ပေးရမည်။

စိုက်ကွက်တွင် ရေမဝပ်စေရန် ဆောင်ရွက်ပေးရမည်။

ပေါင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။

ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တည်ချိန် အစိုဓာတ်မလုံလောက်ပါက ရေသွင်းပေးရမည်။

ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

ပြောင်းဖူးဖက်များအဝါရောင်သန်းစပြုပြီး ပြောင်းဖူးအညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက  အမည်းရောင်အမှတ်တွေ့ရှိချိန် သို့မဟုတ် ပြောင်းရွက်များ ၈၀-၉၀ ရာခိုင်နှုန်းခြောက်သွေ့ချိန်တွင် ရိတ်သိမ်းရမည်။

မရင့်မှည့်ခင်  ရိတ်သိမ်းခြင်း၊ နောက်ကျမှ ရိတ်သိမ်းခြင်းတို့ကို ရှောင်ရမည်။

ရိတ်သိမ်းပြီး ချက်ချင်းပြောင်းဖူးဖက်ခွာ၍ ၅-၇ ရက်ခန့်နေလှန်းပြီးအစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိချိန်တွင် စနစ်တကျခြွေပေးရမည်။

ခြွေပြီးအစေ့များကို မြေကြီးနှင့် တိုက်ရိုက်မထိစေရန် ဖျာ၊ မိုးကာ၊ ကွန်ကရစ်အခင်းပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေလှန်းအခြောက်ခံပြီး  အစေ့များအစိုဓာတ် ၁၂ ရာခိုင်နှုန်းရှိချိန်တွင် သန့်စင်ပြီး လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျသိုလှောင်ရမည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ

အစေ့ထုတ်ပြောင်းကို မွေးမြူရေးလုပ်ငန်းသုံးအစာအဖြစ် အသုံးပြုခြင်း၊ ပြောင်းဖူးဆီ (စားသုံးဆီ)၊ ပြောင်းဖူး ကစီမှုန့်၊ ပြောင်းဖူး ကလူးကို့စ် (အရည်/အမှုန့်)၊ ပြောင်းဖူးနှင့်ပြုလုပ်သော  တစ်ဆင့်မြင့်အရည်၊ အီသနောလောင်စာ၊ အရက်ချက်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။

ပြောင်းဖူးစေ့သည် ဝမ်းပြည့်စာဖြစ်ပြီး လူနှင့်တိရစ္ဆာန်များအတွက် အာဟာရဓာတ်တစ်ပြိုင်တည်း ရရှိနိုင်ခြင်း၊ ပြောင်းဖူးစေ့ကို ဆီကြိတ်၍လည်း ဆီကြမ်းကို ဆပ်ပြာနှင့် အလှဆီတို့အတွက် ထုတ်ယူ

အသုံးပြုနိုင်ခြင်း၊ ပြောင်းဖူးဆီကိုသန့်စင်ပြီး စားသုံးသောဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်းရှိသည်။   သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ပြောင်းဖူးဆီသည် စားအုန်းဆီထက် ပိုမိုကောင်းမွန်ပြီး မြေပဲဆီ၊ နေကြာဆီများကဲ့သို့ အရည်အသွေးမကွာခြားလှကြောင်း သိရှိရသည်။

ထို့ပြင်  ပြောင်းဖူးဖက်ကိုလည်း ဆေးပေါ့လိပ်အဆီခံအဖြစ် အသုံးပြုနိုင်သည့်အတွက်ပြောင်းဖူးဖက်ဈေးကွက်သည်လည်း အထိုက်အလျောက်ရှိသည်။ ဖျော်ရည်နှင့်ယမကာလုပ်ငန်းများတွင်လည်း အစေ့ထုတ်ပြောင်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသုံးပြုကြသည်။

အစေ့ထုတ်ပြောင်း၏ ဈေးကွက်အခြေအနေမြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ဒေသတွင်းနှင့် နိုင်ငံတွင်းဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချလျက်ရှိသည်။ ကျေးလက်ဒေသများတွင် ပြောင်းဖူးကို စားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ မြို့ကြီးများတွင် ပြောင်းဖူးဆန်၊ ပြောင်းဖူးဆီ၊ ပြောင်းဖူးမှုန့်စသည့်ထုတ်ကုန်များကို စားသောက်ကုန်ဆိုင်များတွင် ရောင်းချသည်။ ထို့ပြင် ပြောင်းဖူးကိုစက်မှုလုပ်ငန်းများတွင်ကုန်ကြမ်းအဖြစ်အသုံးပြုကြသည်။ နိုင်ငံခြားတင်ပို့ခြင်းအနေဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဟောင်ကောင်၊  အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့    ရောင်းချလျက်ရှိသည်။ အစေ့ထုတ်ပြောင်း၏ဈေးနှုန်းသည် ဒေသ၊ ရာသီဥတု၊ ထုတ်လုပ်မှုပမာဏနှင့် ဈေးကွက်လိုအပ်ချက်တို့အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

မြန်မာနိုင်ငံရှိ တောင်သူများအတွက် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရန် အားသာချက်များစွာရှိသည်။ အစေ့ထုတ်ပြောင်းသည် ပြည်ပကိုတင်ပို့နိုင်သောဈေးကွက်ဝယ်လိုအားကောင်းသည့်သီးနှံဖြစ်ပြီး ပြည်တွင်းမွေးမြူရေးကဏ္ဍသည်လည်း နှစ်စဉ်တိုးတက်လာခြင်းကြောင့်  တိရစ္ဆာန်အစားအစာအတွက် မရှိမဖြစ်ရောစပ်အသုံးပြုရသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ခိုင်မာသော အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်တိုးတက်လျက်ရှိသည်။

အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံခြားသို့တင်ပို့မှု ပိုမိုတိုးတက်စေရန် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ရန်လိုအပ်သည်။

မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းနှင့်  ထွက်ကုန်အရည်အသွေးကို ပိုမိုတိုးတက်စေနိုင်သည်။  မျိုးကောင်းမျိုးသန့်များစိုက်ပျိုးပြီး ပြောင်းဖူးစေ့များ၏ အရည်အသွေးပိုမိုကောင်းမွန်ပါက ဈေးကောင်းရရှိနိုင်သည်။ ထို့ပြင် ပြောင်းဖူးဆီနှင့် ပြောင်းဖူးမှုန့်ကဲ့သို့သော ထုတ်ကုန်များ၏ ဈေးနှုန်းမှာလည်း နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီအောင် သတ်မှတ်ထားသည်။ အစေ့ထုတ်ပြောင်းသည် လူထုအတွက်အကျိုးပြုမှုများစွာရှိသည်။

ကျေးလက်ဒေသများတွင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ကျေးရွာလူထု၏ဝင်ငွေကို မြှင့်တင်ပေးနိုင်သည်။လူထုအတွက် အကျိုးပြုမှုများစွာရှိသော အစေ့ထုတ်ပြောင်းကို စနစ်တကျစိုက်ပျိုးထုတ်လုပ်သင့်သည်။

အစေ့ထုတ်ပြောင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး ဈေးကွက်အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ နိုင်ငံခြားသို့တင်ပို့မှုကိုမြှင့်တင်ခြင်းဖြင့်နိုင်ငံ၏စီးပွားရေးကို ပိုမိုတိုးတက်စေနိုင်သည်။ မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် ကျေးလက်ဒေသများတွင် အဓိကကျသော စိုက်ပျိုးသီးနှံတစ်ခုဖြစ်ပြီး  ဒေသတွင်းနှင့်နိုင်ငံခြားဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချနိုင်သောကြောင့် တောင်သူဦးကြီးများအတွက်  စိုက်ပျိုးနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးနိုင်လျှင် သီးနှံထွက်ကုန်အရည်အသွေးကောင်းသဖြင့် ဈေးကောင်းရရှိကာ အမှန်တကယ် ဝင်ငွေတိုးပွားစေနိုင်ကြောင်း တင်ပြလိုက်ပါသည်။       ။

MWD Web Portal

ရှမ်းကလျာသွေး

နှလုံးအကြောင်း သိကောင်းစရာလူသားတို့၏နှလုံးသည်တစ်ပေါင်အောက်လေးပြီးအမျိုးသားတို့၏ နှလုံး က အမျိုးသမီးတို့ထက်နှစ်အောင်စခန့်ပိုလေးသည်။အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတစ်ဦး၏   နှလုံးသည် တစ်ရက်လျှင် အကြိမ် ၁၁၅၀၀၀ ခန့် စည်းချက်မှန်မှန်ခုန်သည်။ အမျိုးသမီးတို့က အမျိုးသား များထက် နှလုံးခုန်နှုန်းအနည်းငယ်ပို၍မြန်ဆန်သည်။ လူ့ခန္ဓာကိုယ်မှ နှလုံးကိုထုတ်လိုက်လျှင်စက္ကန့် တော်တော်ကြာသည်အထိ  နှလုံးက ဆက်လက်ခုန်နိုင်သည်။

ရင်ကွဲနာကျသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း  သုတေသီများကအတည်ပြုထားကြပြီးယင်းကို ဆေးသိပ္ပံ နည်းအရ နှလုံးကွဲကြေရောဂါဟုခေါ်သည်။      ထိုရောဂါသည်   နှလုံးတိုက်ခိုက်ခံရခြင်းနှင့် ပုံစံတူညီကာ  ရုတ်တရက်အသက်သေဆုံးတတ်သည်။  နှလုံးသွေးကြောပိတ်ခြင်းကြောင့်လည်း  နှလုံးတိုက်ခိုက်ခံ ရတတ်သည်။ နှလုံးကွဲကြေရောဂါကမူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ  အလွန်အမင်း ထိခိုက်ပင်ပန်းမှုများကြောင့်    ဖြစ်ပေါ်လာရသည်။ တစ်နည်းဆိုသော် စိတ်ဖိစီးမှု ဟော်မုန်းများကြောင့် နှလုံးကွဲကြေရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။

အထူးသဖြင့် အသက် ၇၀ ကျော်လာလျှင် လူကြီးများသည် သွားလာလှုပ်ရှားမှု နည်းပါးလာရာမှ နှလုံး ကျန်းမာရေး ကျဆင်းလာတတ်သည်။ ထိုသို့   နှလုံးကျန်းမာရေးဆုတ်ယုတ်လာကာ နောက်ပိုင်းတွင် အသက် ၈၀ မတိုင်မီ နှလုံးထိခိုက်မှုကြောင့် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်။ ထိုကြောင့်  အသက် ၇၀ ကျော်လာလျှင် အမျိုးသားရော အမျိုးသမီးပါ နှလုံးအားကောင်းစေရန်တစ်ရက်လျှင် မိနစ်  ၂၀  ကြာမျှကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ  ပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့်  သွေးလည်ပတ်စီးဆင်းမှုမြန်ဆန်လာကာ နှလုံးကျန်းမာရေး  ကောင်းမွန်လာရုံသာမက သွေးဖိအား၊ သွေးတွင်းရှိ သကြားဓာတ်ပါဝင်မှုတို့ကိုလည်း ထိန်းညှိပေးနိုင်သည်။

ဆီးချိုရောဂါ

ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး  ကုသပျောက်ကင်းရန် မဖြစ်နိုင်သော်လည်း ကျန်းမာ ရေးစောင့်ရှောက်မှုကို စနစ်တကျခံယူပါက သက်တမ်းစေ့နေနိုင်သည့်ရောဂါဖြစ်သည်။    မကူးစက်တတ် သောရောဂါဖြစ်သော်လည်း လူတို့၏  နေထိုင်စားသောက်မှုပုံစံအပြောင်းအလဲကြောင့် ရောဂါဖြစ်ပွားမှု နှုန်း ပိုများလာသည်။ ယေဘုယျအားဖြင့် မျိုးရိုးဗီဇနှင့် နေထိုင်မှုဘဝပုံစံကြောင့်  ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ   ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင့်  ဖြစ်ပွားမှုနှုန်းပိုများလာသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းဇယားများအရကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ  ၁၀ ဦးတွင် တစ်ဦးသည် ဆီးချို၊ သွေးချိုရောဂါ ခံစားနေရပြီး အဆိုပါရောဂါကြောင့်  နှစ်စဉ် လူဦးရေ နှစ်သန်းကျော်      အသက်သေဆုံးနေရကြောင်း သိရသည်။ ၂၀၂၁  ခုနှစ်က ထုတ်ပြန်ခဲ့သော အပြည်ပြည် ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ် (IDF) ၏ ထုတ်ပြန်ချက်ကလည်း ကမ္ဘာပေါ်တွင်   အသက်  ၂၀ မှ  ၇၉ နှစ်အတွင်း   ဆီးချို၊   သွေးချိုရောဂါ  ဖြစ်ပွားနေသူ   ၅၃၇  သန်းရှိပြီး  ရောဂါဖြစ်ပွားသူထက်ဝက်နီးပါး ခန့်သည်  မိမိတွင် အဆိုပါရောဂါရှိနေသည်ကို မသိရှိကြဟုဆိုသည်။    

၂၀၃၀    ပြည့်နှစ်တွင်  လူဦးရေ ၆၄၃ သန်း၊  ၂၀၄၅ ခုနှစ်တွင်  ၇၈၃ သန်းအထိ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားသူ  မြင့်တက်လာမည်ဟုခန့်မှန်းထားသည်။

ဆီးချိုနှင့် နှလုံးရောဂါ ဆက်စပ်မှုရှိ

သွေးတွင်း ဂလူးကို့စ်ပမာဏ မြင့်မားခြင်းသည် သွေးကြောများ၏ ပျော့ပြောင်းမှုကို လျော့ကျ စေသည့်အပြင် သွေးကြောများကို ကျဉ်းမြောင်းစေပြီး သွေးစီးဆင်းမှုကို ဟန့်တားနိုင်သည်။ ထို့ပြင် သွေး နှင့် အောက်ဆီဂျင်ထောက်ပံ့မှုလျော့ကျစေပြီး သွေးတိုးရောဂါ၊ သွေးကြောငယ်များနှင့် နှလုံးသွေးကြော စနစ် ပျက်စီးနိုင်ခြေ အလားအလာတို့ကို မြင့်တက်စေသည်။ သွေးတိုးခြင်းသည် နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသောအချက်ပြသင်္ကေတတစ်ခုလည်းဖြစ်သည်။    သွေးပေါင်ချိန်မြင့်မားခြင်းက  သွေးလွှတ်ကြောများမှ တစ်ဆင့်   သွေးဖိအားကိုတိုးစေပြီး သွေး လွှတ်ကြောနံရံများကို    ပျက်စီးစေနိုင် သည်။ အမေရိကန်ပြည်ထောင်စုရှိ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးစင်တာ  (CDC) ၏ အတည်ပြု ချက်အရ ဆီးချို ရောဂါရှိသော အရွယ်ရောက်ပြီးသူများ၏ ၇၄ ရာခိုင်နှုန်းမှာ သွေးတိုး ရောဂါရှိသူများ ဖြစ်ကြောင်း၊  သွေးတိုးနှင့် ဆီးချိုရောဂါ နှစ်မျိုးစလုံးရှိနေခြင်းသည်  နှလုံးရောဂါ ဖြစ်နိုင် မှုကို    မြင့်မား စေကြောင်း  သိရ သည်။

သွေးကြောကြီးများ ပျက်စီးခြင်း၏ နောက်ဆက်တွဲပြဿနာများမှာရုတ် တရက် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ခြင်း တို့ဖြစ်သည်။ သေးငယ်သော ဆံချည်မျှင် သွေးကြောများ ပျက်စီးခြင်းသည် မျက်စိ၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်တို့ကို အနှောင့်အယှက်ဖြစ်စေသည်။ နှလုံးရောဂါ သည် ပြင်းထန်သောအခြေအနေတစ်ခု ဖြစ်သော်လည်း နှလုံးခုန်ရပ်တန့်သွားခြင်း မျိုးမဟုတ်ဘဲ နှလုံးကသွေးကိုကောင်းစွာ စုပ်ယူနိုင်ခြင်းမရှိတော့ပေ။ ထိုအခါ ခြေထောက်များရောင်ရမ်းပြီး   အဆုတ်ထဲတွင် အရည်များစုနေသောကြောင့် အသက်ရှုရခက်ခဲစေသည်။  နှလုံးရောဂါ၏ သဘောသဘာဝသည် အချိန်ကြာလာသည်နှင့်အမျှ  ပိုမိုဆိုးရွားလာတတ်သော်လည်း စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် ရောဂါလက္ခဏာများကိုသက်သာရာရစေသည်။  ထို့ပြင် ရောဂါအခြေအနေပိုမိုဆိုးရွားလာခြင်းကို ရပ်တန့်စေနိုင် သို့မဟုတ် နှောင့်နှေးစေနိုင်သည်။

ထို့ကြောင့်နောက်ဆက်တွဲကျန်းမာရေး ဆိုးကျိုးများ မဖြစ်ပေါ်စေရန် နှလုံးရောဂါကိုမွေးမထားဘဲ ဆောလျင်စွာကုသမှု ခံယူသင့်သည်။

ဆီးချိုရောဂါရှိသူများ  နှလုံးသွေးကြောကျဉ်းရောဂါအဖြစ်များ

ဆီးချိုရောဂါသည်  နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှင့်လည်း ဆက်စပ်နေသည်။   အဝလွန်လေ ဆီးချို၊ သွေးချို ရောဂါဖြစ်ရန် အခွင့်အလမ်းများလေဖြစ်သည်။ အဝလွန်သောအခါ မကောင်းသော  အဆီဓာတ်များခြင်းကြောင့် နှလုံးသွေးကြောနံရံများတွင် အဆီများစုကာ နှလုံးသွေးကြောကျဉ်းရောဂါ ကိုဖြစ်စေနိုင်သည်။  ဆီးချို၊   သွေးချိုရောဂါရှိသူများ တွင် အာရုံကြော စနစ်အားနည်း ခြင်းအပြင် သွေးချိုဓာတ်များခြင်းကြောင့်   ဆဲလ်များတွင် မူမမှန်ပြောင်းလဲမှုများဖြစ်ပေါ်ကာ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေပိုများသည်။

ဆီးချိုရောဂါလူနာများတွင်အလိုအလျောက် အာရုံကြောတုံ့ပြန်မှုစနစ်များ ချို့ယွင်းနေခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါခံစားရသောအခါ တခြားသူများကဲ့သို့  ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေနည်းသည်။ ဥပမာ-အစာမကြေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊   နုံးခြင်း စသည့် မသိသာသောဝေဒနာများ ခံစားရသည့်အတွက် ပေါ့ပေါ့ဆဆနေထိုင်မိခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေများသည်။

ထို့ကြောင့်   ဆီးချိုရောဂါလူနာများတွင် နှလုံးသွေးကြောကျဉ်းရောဂါကို   အထူးဂရုပြုရန်လိုသည်။အောက်ဖော်ပြပါ နည်းလမ်းတို့ဖြင့်မိမိကျန်းမာရေးကို စစ်ဆေးသင့်သည်။

- သွေးချိုဓာတ် ပုံမှန်စစ်ဆေးပါ။

- သွေးတွင်းအဆီဓာတ်စစ်ဆေးပါ။

- ဆရာဝန်နှင့်ပုံမှန်ပြသပြီး ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။

-  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ။

- နှလုံးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ။

ယာဉ်မမောင်းသင့်

နှလုံးရောဂါနှင့်ယှဉ်တွဲနေသော ဆီးချို၊ နှလုံးရောဂါဝေဒနာရှင်များသည်  ယာဉ် မောင်းနှင်ရာတွင်သာမန်လူများထက် ဂရုစိုက်သင့်သည်။အဘယ်ကြောင့်ဆိုသော် လမ်းဘေး ဝဲ၊ ယာ အာရုံစူးစိုက်၍ ယာဉ်မောင်းနှင်ရခြင်း၊  အချက်ပြမီးပွိုင့်များကို ဂရုစိုက်ခြင်း၊  ယာဉ်လမ်းကြောင်း ရွေးချယ်ရခြင်း၊ တခြားသောယာဉ်များကို သတိထားရခြင်းနှင့်အတူ မထင်မှတ်သော အချိန်၊နေရာတို့တွင်မထင်မှတ်သော တခြားယာဉ်တစ်စီးစီး၏ကျော်တက် ဖြတ်မောင်းသောအန္တရာယ်ကိုရှောင်ကွင်းရခြင်း စသည်တို့ကြောင့် မူလအရင်းခံ နှလုံးရောဂါရှိသူများတွင် ဘေးဖြစ်စေနိုင်သည်။ အကယ်၍ ဆီးချို၊ သွေးချို မြင့်တက်နေချိန်နှင့်တိုက်ဆိုင်နေပါက အန္တရာယ်ကိုရှောင်လွဲရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

မဖြစ်မနေ ယာဉ်မောင်းရမည်ဆိုပါက  အဖော်တစ်ယောက်ခေါ်သွားပါ။ ယာဉ်မောင်းနှင်နေချိန်တစ်စုံတစ်ရာခံစားရပါက လမ်းဘေးတွင်ယာဉ်ခေတ္တရပ်ပြီး ရောဂါလက္ခဏာများ သက်သာသွားသည်အထိ အချိန်တစ်ခုမျှ အနားယူပါ။ (စကားချပ်)   ယာဉ်မောင်းနှင်ခြင်းဟုဆိုရာဝယ် အနှေးယာဉ်၊    အမြန်ယာဉ်၊   စက်ဘီး၊ ဆိုင်ကယ်အားလုံးကို ရည်ညွှန်းပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်သော အချက်အလက်များ

နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများသော   အချက်အလက်တချို့ကိုကျန်းမာသုတအနေဖြင့်    အကြံပြုလိုပါသည်။    အသက်အရွယ်ကြီးရင့်လာခြင်း (ပျမ်းမျှ အမျိုးသားများတွင်  အသက် ၅၅ နှစ်ကျော်အရွယ်၊    အမျိုးသမီးများတွင် သွေးဆုံးပြီးချိန်)၊ သွေးပေါင်ချိန်များခြင်း၊ ကိုယ်အလေးချိန်များ ခြင်း    သို့မဟုတ် အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊   မိသားစုမျိုးရိုးတွင်  နှလုံးသွေးကြော ကျဉ်းရောဂါရှိခြင်း၊ ဆီးချို၊ သွေးချို ရောဂါ သို့မဟုတ် Metabolic Syndrome  (ခေါ်) ဇီဝဖြစ် ပျက်ရောဂါစုရှိခြင်း၊ LDL (ခေါ်)  မကောင်းသော   ကိုလက်စထရော  များနေပြီး၊   HDL  (ခေါ်)   ကောင်းသော ကိုလက်စထရောနည်းနေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည်တို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ   ဖြစ်စေနိုင်သည်။ အချုပ်အားဖြင့်ဆိုသော်  ကျား၊ မ အားလုံးတွင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့်    ဆီးချိုရောဂါတို့   ဖြစ်ပေါ်ခံစားရနိုင်သည်။  ဓမ္မတာ မမှန်သော  အမျိုးသမီးများသည်  ဆီးချို၊သွေးချိုရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း၊ ဆေးလိပ်၊  အရက်သောက်သုံးသော အမျိုးသားများနှင့် အမျိုးသမီးများ မီးယပ်ဆုံးချိန်  (ဝါ) အသက် ၅၀ ကျော် အမျိုးသားများတွင်လည်း  ဆီးချို၊ သွေးချို ရောဂါနှင့်   နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း သုတေသီများ၏လေ့လာချက်အရ သိရသည်။

အထူးသတိပေးလိုသည်မှာယနေ့ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါ ပုံပြောင်းဗိုင်းရပ်စ်သစ်များ အားကောင်းကောင်းဖြင့် ထွက်ပေါ်နေဆဲဖြစ်ရာ ယင်းဗိုင်းရပ်စ်များက နှလုံးကြွက်သားကို တိုက်ရိုက်ထိခိုက်စေကြောင်း   သုတေသနရလဒ်များအရ သိရသည်။ ထို့ပြင် နှလုံးနှင့် ဆီးချိုရောဂါတို့၏ဇီဝဖြစ်ပျက်မှု က   လူတစ်ဦးမှ တစ်ဦးဆီသို့  မကူးစက်နိုင်သော်လည်း လုံးဝပျောက်ကင်းရန်မလွယ်သည့် နာတာရှည်ရောဂါတစ်မျိုး    ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင်  အသက်ဘေးကိုခြိမ်းခြောက်နိုင်ကြောင်း၊ ယခင်က  နှလုံးလုပ်ငန်းဆောင်တာပျက်စီးမှုရှိခဲ့ဖူးသူက    ကိုဗစ်-၁၉ ရောဂါကာလအတွင်းသေဆုံးနိုင်ခြေ ၂ ဒသမ ၀၉ ဆ ပိုများကြောင်း၊ ယခင်က နှလုံးသွေး ကြောပိတ်ဆို့မှုရှိခဲ့ဖူးသူက သေဆုံးနိုင်ခြေ   ၁ ဒသမ ၁၁ ဆ ပိုများကြောင်း၊ ဆီးချိုရောဂါရှိသူများက ထို့ထက်ပင် ဘေးအန္တရာယ်ပိုများကြောင်း သတိပေးထားသည်။ ထို့ကြောင့်  ဆီးချို၊ နှလုံးရောဂါယှဉ်တွဲဝေဒနာခံစားရသူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါမဖြစ်အောင် အထူးသတိပြု၍ကိုဗစ်-၁၉   ရောဂါစည်းကမ်းချက်များနှင့်အညီလိုက်နာရင်း ကြိုတင်ကာကွယ်    ပြုမူနေထိုင်သင့်ပါကြောင်း     အကြံ ပြုရေးသားတင်ပြလိုက်ရပါသည်။    

MWD Web Portal

ပေါက်ပေါက်

hengdu J-36 နဲ့ Shenyang J-50 တို့ဆိုတာက တရုတ်နိုင်ငံရဲ့  နောက်ထပ်မျိုးဆက်သစ်ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် တိုက်လေယာဉ်များကို စောင့်ကြည့်နေကြတဲ့လေ့လာသူများက မထင်ထားလောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့် ဘယ်လိုမျိုးနည်းပညာတွေကိုအသုံးပြုထားတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။   ခန့်မှန်းပြီးတော့သာတစ်ယောက်တစ်မျိုး ထင်ကြေးပေးခဲ့ ကြတာပါ။

အခုဆိုရင် အဲဒီလေယာဉ်တွေထွက်ပေါ်လာတာ  အချိန်အားဖြင့်  ခြောက်လထဲကိုရောက်လာပါပြီ။ ဒီလေယာဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း တစ်စွန်းတစ်စထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ပညာရှင်များစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့အဆင့်မြင့်တိုက်လေယာဉ်များ အကြောင်းနဲ့ပတ်သက်လို့ SCMP ဝက်ဆိုက်မှာဖော်ပြထားတာကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။

Chengdu J-36

သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီးခေါ်ရမယ်ဆိုရင် "Gingko Leaf" (ကမ္ဘာဦးပင်အရွက်)လို့ခေါ်နိုင်ပေမယ့် ချန်ဒူးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ထားတဲ့လေယာဉ်ရဲ့တရားဝင်အမည် ကထွက်ပေါ်လာခြင်း   မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့အမှတ်အသားနဲ့ နံပါတ်စဉ်ကိုလိုက်ပြီးခေါ်ဝေါ် ထားတာက တော့ Chengdu J-36 ဆိုပြီးဖြစ်ပါတယ်။

ပုံစံအပိုင်းကိုအရင်ပြောရမယ်ဆိုရင် J-36 ကစိန်ပွင့်ပုံစံရှိပါတယ်။ တောင်ပံက တြိဂံပုံစံရှိပါတယ်။ ဒီလိုတောင်ပံပုံစံကြောင့် လေယာဉ်ကအလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ လေဆွဲအားကိုလျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာနောက်တစ်ခုထူးခြားတာက အမြီးပိုင်းမပါဝင်ပါဘူး။ ဒီလိုပုံစံနဲ့ဒီဇိုင်း ထုတ်ထားခြင်းက  အထူးသဖြင့်  ရေဒါရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေဖို့ ဖြစ်ပါတယ်။

လေယာဉ်တစ်စင်းအတွက်အဓိကကျတဲ့အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင် သမားရိုးကျတိုက် လေယာဉ်တွေမှာအများဆုံးအနေနဲ့ အင်ဂျင်နှစ်လုံးပဲပါတာပါ။ ဒါပေမဲ့ J-36   မှာတော့  အင်ဂျင်သုံးလုံးအထိ တပ်ဆင်ထားပါတယ်။ အင်ဂျင်အမျိုးအစားက ဘာဖြစ်မလဲဆိုတာကိုအသေးစိတ် မသိရပေမယ့် လက်ရှိအသုံးပြုလျက်ရှိတဲ့ J-20 တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ WS-10C Taihang အမျိုးအစား အင်ဂျင် ဒါမှမဟုတ် အင်ဂျင်ရဲ့တွန်းအားညွှန်ရပ် ကိုလိုသလိုပြောင်းလဲနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ WS-10 အင်ဂျင် သို့မဟုတ် ပိုမိုအဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာသာလွန်လှတဲ့ WS-15 Emei ကိုတပ်ဆင်ထားနိုင်ဖွယ်ရှိပါတယ်။ဒီဇိုင်းပိုင်းအနေနဲ့ပြောရရင်သူ့မှာမြင့်မားလှတဲ့ကိုယ်ပျောက် စွမ်းရည် ရရှိစေဖို့ အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။

J-36 တိုက်လေယာဉ်က ဆဋ္ဌမမျိုးဆက်ဖြစ်တာကြောင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များနဲ့ တစ်မူထူးခြားတာတစ်ခုပါဝင်နေပါတယ်။ အဲဒါကတော့ လေယာဉ်ရဲ့ ပတ်ပတ်လည်မှာ ရေဒါနဲ့လျှပ်စစ်-မျက်မြင်ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေကိုမြင်ရသလောက်ဆိုရင် J-36 တိုက်လေယာဉ် ကို J-20S လေယာဉ်က ဘေးကနေအတူ ယှဉ်တွဲလိုက်ပါတာကိုတွေ့ရတဲ့အတွက် J-36 ရဲ့အရွယ်အစားကိုလည်း ခန့်မှန်းရလွယ်ကူသွားပါတယ်။ ခန့်မှန်းချက်အရဆိုရင် အလျားက J-20 ရဲ့အလျားဖြစ်တဲ့ ၂၁ မီတာအောက်နဲ့ တောင်ပံအလျား ၃ မီတာအောက်သေးဖို့တော့ မရှိပါဘူး။

ဒါကြောင့် အတိအကျပြောနိုင်တဲ့တစ်ချက် က J-36 ဟာ အကြီးစားတိုက်လေယာဉ် ဖြစ်တဲ့ J-20 ထက်ကိုကြီးမားနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒီလိုမျိုးအရွယ်အစားကြီးမားနိုင်တယ်ဆိုခြင်းကြောင့် သူ့မှာလက်နက်အများ အပြားပိုမိုတပ်ဆင်လာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီအိုရီအရဆိုရင် သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှာတပ်ဆင်ထားတဲ့ လက်နက် အိမ်ထဲမှာ  တာဝေးပစ်ဒုံးကျည်ခြောက်စင်းကနေ ရှစ်စင်းအထိသယ်ဆောင်နိုင်ဖွယ်ရှိမှာပါ။ ဘေးတစ် ဖက်တစ်ချက် စီမှာတော့ အသေးစားဒုံးကျည်နှစ်စင်းစီသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က လက်ရှိထွက်ပေါ်လာတဲ့ဓာတ်ပုံအရ လေယာဉ်ဦးခန်းထဲမှာထိုင်ခုံနေရာက သမားရိုးကျတိုက် လေယာဉ်တွေလိုမျိုး ရှေ့တစ်ခုံ၊ နောက် တစ်ခုံမဟုတ်ဘဲ ဘေးကပ်ရပ်နှစ်ခုံတွဲပုံစံ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးနဲ့သာ အမှန်တကယ်ထွက်ပေါ်လာရင် ဒါကဒရုန်း တွေကိုထိန်းချုပ်ဖို့အတွက်ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Shenyang J-50

Chengdu J-36 လိုမျိုးပဲ စွမ်းဆောင်ရည်ပိုင်းမှာယှဉ်ပြိုင်လာနိုင်တဲ့ နောက်ထပ်လေယာဉ်တစ်စင်းက Shenyang J-50  ဖြစ်ပါတယ်။ သူ့ကို ရှန်းယန်းလေယာဉ် ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ဖန်တီးထားတာပါ။ သူသည်လည်း J-36 လိုမျိုးပဲ အမြီးပိုင်းမပါတဲ့ တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် J-50 က J-36 လိုမျိုး ပျံသန်းမှု   စွမ်းဆောင်ရည်များပါရှိတဲ့ လေယာဉ်တစ်စင်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ နှစ်လုံးတည်းပါပဲ။ J-36 လိုမျိုး သုံးလုံးမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးသော အင်ဂျင်အမျိုးအစားက တွန်းအား ညွှန်ရပ်ကို လိုသလိုပြောင်းလဲထိန်းချုပ်နိုင်စွမ်းရှိတဲ့ WS-10B/C အမျိုးအစားအင်ဂျင်ကိုအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။

ဒီအင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် လေယာဉ်ရဲ့လှုပ်ရှားသွားလာမှုကို ပိုမိုမြန်ဆန်စေမယ့်အပြင် လေယာဉ်ရဲ့ကိုယ်ပျောက်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မားစေမှာဖြစ်ပါတယ်။

J-50 ရဲ့အရွယ်အစားကို J-16 နဲ့ယှဉ် ကြည့်လိုက်ချိန်မှာ အရွယ်အစားအားဖြင့် J-16 နဲ့အတူတူ ဖြစ်နေပေမယ့် တောင်ပံအလျားမှာတော့ J-50 ကပိုမိုရှည်လျား တာကိုတွေ့ရပါတယ်။ ဒါ့အပြင် J-50 ရဲ့ အရွယ်အစားက J-36 လောက်ကြီးမားခြင်းမရှိတဲ့အတွက် သူ့ကိုလေယာဉ်တင် သင်္ဘောပေါ်မှာ တင်ဆောင်အသုံးပြုသွား နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

လေယာဉ်ရဲ့ဝမ်းဗိုက်အောက်မှာ အချိုး ညီမျှစွာတည်ရှိနေတဲ့ လက်နက်အိမ်နှစ်ခုက တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးသော  ဝေဟင်မှ  ဝေဟင်တာဝေးပစ်ဒုံးကျည်ဖြစ်တဲ့ PL-17 ကိုတင်ဆောင်ဖို့ အထိအရွယ်အစားကြီးမားတာကိုမြင်ရပါ တယ်။ PL-17 ဒုံးကျည်ဆိုတာ ရေဒါလမ်း ညွှန်စနစ်သုံး ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် J-50 ဟာ ပစ်ကူပေးရေးနဲ့ဝေဟင် ကာကွယ်ရေးမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် စေမယ်လို့‌ မျှော်မှန်းရပါတယ်။

ချန်ဒူးကုမ္ပဏီနဲ့ ရှန်းယန်းကုမ္ပဏီတို့သာမက တခြားတာဝန်ရှိသူများကလည်း J-36 နဲ့ J-50 တိုက် လေယာဉ်နှစ်စင်းစလုံးရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပါဘူး။

ဒါကြောင့် ဒီလေယာဉ်တွေထွက်ပေါ်လာမယ့်အချိန်၊ တပ်တော်ဝင်နိုင်မယ့်အချိန်၊ ထုတ်လုပ်သွားမယ့်အရေအတွက် အစရှိတာတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှမသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှစစ်လက်နက်နည်းပညာပိုင်းမှာလည်း ကိုယ့်အားကိုယ်ကိုးလာတာကြာနေပါပြီ။ လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသံနှုန်းလွန် ဒုံးကျည်တွေကိုလည်း ကိုယ်တိုင်ပဲထုတ်လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။   တစ်နည်းပြောရရင် စစ်လက်နက်နည်းပညာပိုင်းမှာ တခြားပြိုင်ဘက်နိုင်ငံတွေထက်ခြေတစ်လှမ်း နောက်ကျနေခြင်း မရှိဘဲ အမီလိုက်နိုင်နေတာကို တွေ့ရပါတယ်။

ဒီအချိန်မှာ အံ့ဩမင်သက်လောက်စရာကောင်းတဲ့ တိုက်လေယာဉ်နှစ်စင်းထွက်ပေါ်လာတာက ပြိုင်ဘက်နိုင်ငံတွေအပေါ်ကျော်လွန်သွားစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။

အစောပိုင်းတုန်းကတော့ ရှေ့ပြေးပုံစံတူ လေယာဉ်တွေကိုစမ်းသပ်ပျံသန်းနေရာမှ လေ့လာစောင့်ကြည့် သူတွေကသတိထားမိပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစူးစမ်းလေ့လာရင်း အခုလိုမျိုး အချက်အလက်တွေကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့များတရားဝင် ထုတ်ပြန်ချက်တွေထွက်လာရင် အခုလေယာဉ်နှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ဝေဟင်အရေးသာမှုကို ဦးဆောင်မယ့် လေယာဉ်များဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။     ။

Ref: SCMP

ကိုထက်

ယနေ့ကမ္ဘာကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့် တက်လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကလည်း  ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ တွဲလျက်မြင့်တက်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အဆိုပါအခြေအနေ အပေါ်မှာ စိုးရိမ်မှုမြင့်တက်လာနေခြင်းသည် အံ့ဩစရာတော့မဟုတ်ပါ။ မျှော်လင့်ချက်ပျောက်သွား ပြီလားလို့တောင်ထင်ရသည့်အခြေအနေတွင် လေ့လာမှုတစ်ရပ်က  ၂၀၁၅ ပါရီသဘောတူညီချက်အချို့ သည်လမ်းကြောင်းမသွေဖည်သေးဘူးဆိုသည့် အကြောင်းအရာငါးချက်ကိုဖော်ပြခဲ့သည်။ Decarbonisation (ကာဗွန်ထုတ်လွှတ်မှုရပ်တန့်ရေး)နဲ့ Net Zero (ကာဗွန်ထုတ်လွှတ်မှုအလုံးစုံကွယ်ပျောက်ရေး) ဆိုသည့် ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသော်လည်း လက်တွေ့တွင် အဆိုပါဖြစ်စဉ်များကို လိုက်နာနိုင်မှုအားနည်းနေဆဲပင်ဖြစ်သည်။

ဂျာမန်အကျိုးအမြတ်မယူသော  အဖွဲ့အစည်းတစ်ခုဖြစ်သည့် New Climate Institute ၏ လေ့လာမှုအရ  ဆိုလာစွမ်းအင်သုံးလုပ်ငန်းများနှင့် လျှပ်စစ်ယာဉ်များတိုးတက်လာခြင်းကိုလည်း  ငြင်းမရဘဲ အဆိုပါကိစ္စသည် လမ်းကြောင်းမှန်ဆီကိုဦးတည်နေခြင်းကလည်း အမှန်ပဲဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှုပြဿနာသည်   ကမ္ဘာတစ်ဝန်းရှိ လူထုနှင့်နိုင်ငံရေးဟောပြောချက်များတွင် အဓိကအကြောင်းအရာဖြစ်လာနေသည်။ မီဒီယာများတွင်လည်းအဆိုပါကိစ္စသည် လွှမ်းခြုံကြီးထွားလာသလို ပညာရေးတွင်လည်း ထည့်သွင်းပါဝင်မှုများရှိလာသည်။  လက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း အဆိုပါအကြောင်းရင်းသက်ရောက်မှုများနှင့်စပ်လျဉ်း၍  အသိပညာဗဟုသုတများတိုးပွားနေသည်။

သို့ဖြစ်ရာ ရာသီဥတုဆိုင်ရာဆန္ဒပြမှုများနှင့် လူမှုရေးလှုပ်ရှားမှုများ အားကောင်းလာသည်နှင့်အမျှ အရေးယူဆောင်ရွက်ရန် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်ဖိအားများ တိုးလာနေသည်။ 

ရာသီဥတုဆိုင်ရာ တရားစွဲဆိုမှုမှတစ်ဆင့် ၎င်းတို့အား တရားရုံးတွင် တာဝန်ခံနိုင်စေရန် ထည့်သွင်းတွက်ချက်ခြင်းဆိုင်ရာ သိပ္ပံပညာတွင်လည်း တိုးတက်မှုရှိလာခဲ့သည်။ ယခုနှစ်တွင် ပေါ်တူဂီလူငယ်များ၊ ယူကေ သဘာဝပတ်ဝန်းကျင်ပရဟိတအဖွဲ့နှင့် ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg  တို့သည် ၎င်းတို့၏နိုင်ငံများကို တရားစွဲဆိုနိုင်ခဲ့ကြသည်။

နိုင်ငံအများစုသည် ကာဗွန်ထုတ်လွှတ်မှု သုညကို ရည်မှန်းလာကြပြီး  အပူချိန်မြင့်တက်မှုခန့်မှန်းချက်ကတော့ နည်းပါးနေပါသေးသည်။ အစိုးရများကနေ စီးပွားရေးလုပ်ငန်းကြီးများသို့ ကာဗွန်ထုတ်လွှတ်မှု သုညပန်းတိုင်ဖြစ်စေရန် ညွှန်ကြားချက်တွေပေးနေခြင်းကတော့   နေရာအနှံ့မှာရှိလာသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်တုန်းက ဘူတန်နိုင်ငံတစ်ခုတည်းသာထိုကဲ့သို့ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုသည့် နိုင်ငံ ၉၀ ကျော်က ၎င်းနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်နေကြပြီလည်းဖြစ်သည်။ ကာဗွန်ကင်းစင်ရေးနှင့်ပတ်သက်သည့်အမြင်တွေက နိုင်ငံအချင်းချင်းကြားက စီးပွားရေးလုပ်ငန်းများပူးပေါင်းလုပ်ဆောင်မှုမှာ ကမ္ဘာ့အဆင့်အနေနှင့် ပါဝင်လာနေသည်။ ဤလျှော့ချမှုများကိုပြီးမြောက်စေရန်နှင့်  ၁ ဒသမ ၅ ဒီဂရီ ကန့်သတ်ချက်အတွက်လည်း ဦးစားပေးလာကြသည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် ၂၁၀၀ ပြည့်နှစ်တွင် အပူချိန် ၃ ဒသမ ၆ ကနေ ၃ ဒသမ ၉ ဒီဂရီအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ အဆိုပါခန့်မှန်းချက်များသည်  ၂ ဒသမ ၇ ဒီဂရီသို့ကျဆင်းသွားသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ရာသီဥတုဖောက်ပြန်မှုများကိုကာကွယ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက တီထွင်ကြံဆထုတ်လုပ်လာသည့် ကျောက်မီးသွေးအစားထိုးနိုင်သော ပစ္စည်းတစ်မျိုးမှာ အနာဂတ်တွင် ဈေးကွက်ဖြစ်ထွန်းလာနိုင်မည့် ဇီဝမီးသွေးပဲဖြစ်သည်။ ဇီဝမီးသွေး(ဘိုင်အိုချာ)ဆိုတာက စိုက်ပျိုးရေးလုပ်ငန်းများက ထွက်လာသည့် အပင်ထွက်အစအနအလေအလွင့်များကို မီးသွေးဖြစ်အောင်ဖုတ်ထားခြင်းဖြစ်သည်။

Biochar သည် Pyrolysis ဟုခေါ်သော အောက်ဆီဂျင်နည်းသောအခြေအနေတွင် ဇီဝဒြပ်ထု(Biomass)ကို အပူပေးခြင်းဖြင့် ထုတ်လုပ်သောမီးသွေးနှင့်တူသောပစ္စည်း ဇီဝမီးသွေးပင်ဖြစ်သည်။  ၎င်း၏ထူးခြားသောဂုဏ်သတ္တိများနှင့်   ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေသော အလားအလာကောင်းများကြောင့်   ကာဗွန်စုပ်ယူခြင်းအတွက် အစွမ်းထက်သောကိရိယာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံနေရသည်။ ဇီဝမီးသွေး(Biochar)သည် အလွန်တည်ငြိမ်ပြီး ကာဗွန်ကိုမြေဆီလွှာတွင် ရာစုနှစ်များစွာ သိမ်းဆည်းထားနိုင်သည်။ အဘယ်ကြောင့်ဆိုသော်  Pyrolysis လုပ်ငန်းစဉ်သည် ဇီဝဒြပ်ထု (Biomass) အတွင်းရှိ ကာဗွန်ကိုပြိုကွဲပျက်စီးမှုခံနိုင်ရည်ရှိသောပုံစံသို့ ပြောင်းလဲပေးသောကြောင့်ဖြစ်သည်။ မြေဆီလွှာတွင် ထည့်သွင်းသောအခါ ဇီဝမီးသွေး (Biochar)သည် ၎င်းမြေကြီး၏ မြေဆီဩဇာ၊ ရေထိန်းသိမ်းမှုနှင့် အာဟာရရရှိနိုင်မှုတို့ကို တိုးတက်မြင့်မားစေသည်။   ၎င်းသည် အပင်ကြီးထွားမှုကို အားကောင်းစေပြီး လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကို  ပိုမိုစုပ်ယူနိုင်သည်။ ဇီဝမီးသွေး (Biochar) ထုတ်လုပ်မှုသည် မီသိန်း (Methane) နှင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကဲ့သို့သော ဖန်လုံအိမ် ဓာတ်ငွေ့များထွက်လာမည့် ပြိုကွဲ (Decompose) နိုင်သော စိုက်ပျိုးရေးနှင့်  သစ်တောစွန့်ပစ်ပစ္စည်းများကို အသုံးချနိုင်သည်။ ၎င်းစွန့်ပစ်ပစ္စည်းများကို ဇီဝမီးသွေး (Biochar) အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များ  ထုတ်လွှတ်မှုကိုလျှော့ချပေးနိုင်သည်။ သိပ္ပံသဘောအရဆိုလျှင် ဇီဝအကြွင်းအကျန်များကို ပိုင်ရိုလိုက်စစ်ဖြစ်စဉ်အရ အောက်ဆီဂျင်နည်းတဲ့နေရာမှာမီးရှို့ပြီး ကျန်တဲ့အကြွင်းအကျန်အခဲတွေကို ဆိုလိုခြင်းဖြစ်သည်။ ဘိုင်အိုချာတွေကို Pyrolysis ဟုခေါ်သော ဖြစ်စဉ်မှတစ်ဆင့် အောက်ဆီဂျင်အကန့်အသတ်ဖြင့် အော်ဂဲနစ်ပစ္စည်းများကို အပူပေးခြင်းဖြင့် ပြုလုပ်ထားသည်။

စိုက်ပျိုးရေးလုပ်ငန်းများက အကြွင်းအကျန်များနဲ့ အခွံမာသီး၊ အစေ့ထုတ်လုပ်ငန်းများကထွက်လာသည့်အကြွင်းအကျန်များကို မီးသွေးဖုတ်လိုက်ခြင်းသည် မြေဩဇာရအောင် အပုပ်ခံအဆွေးခံဒီအတိုင်းလွှင့်ပစ်ပြီးထားခြင်းထက် ကာဗွန်ကိုပိုမိုထိန်းသိမ်းထားလို့ရသည့်အပြင် စွမ်းအင်အတွက်အထောက်အကူဖြစ်စေသည်။ ၎င်းကိုဆေးဝါးပါဝင်ပစ္စည်းအဖြစ်၊ လမ်းတည်ဆောက်ရေးပစ္စည်းအဖြစ်၊  အုတ်ကွန်ကရစ်အဖြစ်စသည်ဖြင့် အသုံးပြုနိုင်သည်။  “ဒါ့ကြောင့် ဘိုင်အိုချာကို အသုံးချမှုမှာအကန့်အသတ်မရှိပါဘူး” ဟု ဘိုင်အိုချာထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးကဆိုဖူးသည်။ စိုက်ပျိုးရေးလုပ်ငန်းများကထွက်လာသည့်  ဘိုင်အိုချာများက စိုက်ပျိုးရေးလုပ်ငန်းများကို အများကြီးအကျိုးဖြစ်ထွန်းစေသည်။ ဘိုင်အိုချာသုတေသီ ရီဘတ်ကာက ဘိုင်အိုချာများသည် မြေဆီလွှာ၏ထုတ်လုပ်မှုနှင့် အထွက်နှုန်းကို မြှင့်တင်ပေးနိုင်ကြောင်းပြသသည့် သုတေသနများစွာလုပ်ခဲ့ပြီးပြီဟုဆိုသည်။ မြေဆီလွှာကို ကာဗွန် ၁  ရာခိုင်နှုန်းတိုးပြီးထည့်တိုင်း   တစ်ဟက်တာမှာ ရေကို ၁၀ တန်ကနေ ၃ဝ တန်အထိ ထိန်းသိမ်းနိုင်မှုတိုးလာမည်ဟု ၎င်းကဆိုသည်။ ဩစတြေးလျတွင်ဘိုင်အိုချာတစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ ခန့်ဈေးပေါက်သည်။ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များကိုရောင်းလျှင် ယခင်တုန်းက တစ်တန်ကို ဒေါ်လာ ၂၀၀ လောက်ရနေရာက  နောက်ပိုင်းမှာတစ်တန်ကို ဒေါ်လာ ၃၀ ပဲရတော့သည့်အတွက် ဘိုင်အိုချာလုပ်ပြီးရောင်းတာကပိုပြီး အကျိုးအမြတ်ရသည်ဟုဆိုသည်။ ရိုးရိုးမီးသွေးကိုသုံးလျှင်  အပူချိန်က ၃၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်ပဲရသည်။ ဘိုင်အိုချာတွေကတော့ ၆၀၀ ကနေ  ၁၀၀၀ အတွင်းရနိုင်သည်။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ အစားထိုးသုံးနိုင်သလို   LPG ဓာတ်ငွေ့နေရာတွင်လည်း  အစားထိုးလို့ရနိုင်သည်။

သဘာဝပတ်ဝန်းကျင်ကိုအထောက်အပံ့ဖြစ်စေရုံမက ချွေတာရာလည်း အများကြီးဖြစ်သည့်အတွက် အနာဂတ်ဘိုင်အိုချာများကဈေးကွက်တစ်ခုဖြစ်လာနိုင်စရာရှိတယ်လို့ ပညာရှင်များက တညီတညွတ်တည်းသုံးသပ်ထားကြသည်။

အချုပ်အားဖြင့်ဆိုရပါလျှင်လျှပ်စစ်စွမ်းအင်လိုအပ်ချက်မြင့်မားနေသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံမျိုးတွင်ယခုကဲ့သို့စွမ်းရည်မြင့်မားသော ကျောက်မီးသွေး အစားထိုးနိုင်သည့် ဇီဝမီးသွေးလိုပစ္စည်းမျိုးကို တွင်ကျယ်စွ ာအသုံးပြုလာနိုင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသန့်စင်စွာထုတ်လုပ်လာနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များပြားစွာ ထွက်ရှိနေရာ အလဟဿဆုံးရှုံးသွားစေမည့်အစား လျှပ်စစ်စွမ်းအင်မြောက်မြားစွာထုတ်လုပ်နိုင်သော ဇီဝမီးသွေးကိုသာ စီးပွားဖြစ်ထုတ်လုပ်လာနိုင်မည်ဆိုပါက  အနာဂတ်ကာလတွင်လျှပ်စစ် စွမ်းအင်ရရှိရေးအတွက် များစွာခေတ်စားလာနိုင်မည့်ပစ္စည်းတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

MWD Web Portal

မောင်မောင်စွယ်စုံထွန်း

သဘာဝပတ်ဝန်းကျင်ကို   လူတိုင်းတန်ဖိုးထားမြတ်နိုးကြရပေမည်။ ယနေ့ရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာ ရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှုအန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊  အရိပ် အာဝါသရရှိခြင်းကိုဖြစ်စေသည်။   သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့်သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။ သစ်ပင်သည်  လေကိုသန့်စင်စေသည့် အလုပ်ကို တာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။

လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် လေထုညစ်ညမ်းမှုပြဿနာကိုကာကွယ်ရန် နည်းလမ်းမျိုးစုံအသုံးပြုလာခဲ့ကြသည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေးအစီအစဉ်များလည်း တစိုက်မတ်မတ် ကြိုးစားမှုအဖြစ် သစ်တော ပြုန်းတီးမှုပြဿနာကို အဖြေရှာဖွေလျက်   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး   အားထုတ်လျက်ရှိပေသည်။

သစ်တောများကို ကမ္ဘာကြီး၏အဆုတ်ဟုပင် တင်စားထားရှိသဖြင့် သစ်တောသစ်ပင်များကို လိုအပ်သည်ထက်ပိုမိုမထုတ်ယူကြရန်လိုအပ်ခြင်းနှင့်အတူ ဆုံးရှုံးသွားသောသစ်တောများ၊သစ်ပင်များကိုပြန်လည်  အစားထိုးစိုက်ပျိုးသွားရန်လိုအပ်သည်။ သစ်တစ်ပင်ကောင်း  ငှက်တစ်သောင်းမက နားခိုနိုင်သည့် စကားရပ်အတိုင်း သစ်တစ်ပင်၊ ဝါးတစ်ပင်၏ တန်ဖိုး ကိုသိရှိမှသာ တန်ဖိုးထားနားလည်နိုင်မည်ဖြစ်သည်။

သစ်ပင်သည် မြေဆီလွှာဖြစ်တည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သစ်ပင်များကို တန်ဖိုးထားစိုက်ပျိုး သွားကြရမည်ဖြစ်သည်။

သစ်ပင်များကို မြတ်နိုးတန်ဖိုးထား၍ စိုက်ပျိုးခြင်းသည် လောကကိုအလှဆင်ခြင်းဖြစ်ပြီး သစ်ပင်၊ ဝါးပင်၊ ပန်းအလှပင်ဟူသမျှ အမြင်အရ လှပသည်သာမက စိတ်ကြည်နူးမှုကိုပါဖြစ်စေသည်။   ခြံဝင်းထဲတွင်  သီးပင်၊  စားပင်များစိုက်ပျိုးခြင်းဓလေ့သည် ကျေးလက်သာမက  မြေဧရိယာကျယ်ဝန်းသူတိုင်း  တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအလေ့အထရှိကြပေသည်။ ပျိုးပင်မြေချ  အမြစ်ခိုင်လာသည့်အချိန်မှစ၍ သစ်ပင်တန်ဖိုးသိရှိခွင့်ရကြသည်။  အညွန့်အဖူးသည်  သစ်ပင်စိုက်သူ၏ ပီတိဖြစ်သည်။ ပန်းပွင့်ချိန် စိတ်ကူးအထူးပင်ပျော်ရွှင်ရသည်။ ပန်းပင်စိုက်ပျိုးလျှင် ဘုရားပန်းကပ်လှူနိုင်ပြီး ခြံဝင်းအတွင်း ပန်းရနံ့ တို့မွှေးကြိုင်စေမည်ဖြစ်သည်။

အလားတူသီးပင်စားပင်စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုချောင်ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖေးကူနိုင်စွမ်းရှိပေသည်။ စိုက်ပျိုးရေးဝါသနာပါသူတိုင်း သစ်ပင်လေးများကို ချစ်မြတ်နိုးကြသည်။အစေ့ပေါက်ပင်စိုက်သူတစ်ယောက်အတွက် အပင်ကို အရိပ်တကြည့်ကြည့်ကြည့်သည်။ အညှောက်မှ  အပင်လေးကြီးလာသည့်ကာလတစ်လျှောက်   ကြည်နူးပီတိဖြစ်ရသည်။

တစ်သက်လုံးပျော်ချင်လျှင်    သစ်ပင်စိုက်ရမည့် သဘောတရားကိုပို၍လက်ခံလာကြသည်။  မိုးတွင်းကာလသည် သစ်ပင်လေးများ ရှင်သန်ဖြစ်ထွန်းရန်အကောင်းဆုံးအချိန်ကာလဖြစ်ခြင်းကြောင့်   မိုးရွာမြေစိုလျှင် မျိုးစေ့ချသည်။ သစ်ပင်ကလေးများ နုရာမှ ရင့်၊ ဖူးရာမှ သီးပွင့်လာလျှင် မောသမျှ အမောပြေပျောက်ကြရပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ အကျိုးများသော ချစ်စဖွယ်အလုပ်တစ်ခုဖြစ်သည့်အပြင်   လေထုညစ်ညမ်းမှုပြဿနာကို  ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံးလက်နက်တစ်ခုလည်းဖြစ်သည်။

သို့ဖြစ်၍ သစ်တောသစ်ပင် ရှင်အောင်စိုက်ရမည် ဖြစ်သည်။ ရှင်သန်အောင်ထိန်းသိမ်းရမည်ဖြစ်သည်။ အဆိုပါ သစ်ပင်ကလေးများ  ရှင်သန်ရေးအတွက်မြေနေရာရွေးချယ်သတ်မှတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေတောင်မြှောက်ခြင်းဆိုင်ရာ စိုက်ပျိုးပြီးအပင်များ ရှင်သန်ရေး ပြုစုစောင့်ရှောက်ခြင်း များပြုလုပ် ရလေ့ရှိသည်။ သစ်ပင်များရှင်သန်ကြီးထွားမှုဖြစ်စဉ်တွင် အလင်းရောင်နှင့် ရေသည်အဓိကကျသည်။ လောင်းရိပ်ကျသောအပင်များ၊ ချုံနွယ်ပင်တက်နေသောအပင်များသည် လွတ်လပ်စွာ ရှင်သန်ကြီးထွား ခွင့်များ ဆုံးရှုံးရလေ့ရှိသည်။ ကိုင်းထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရမည်။  အလင်းဖွင့်ပေး ရမည်။ ချုံနွယ်ပင်များကို ရှင်းလင်းပေးရမည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးခြင်းသည်  သစ်ပင်များရှင်သန်ရန် အကောင်းဆုံးအချိန်ကာလဖြစ်ပေသည်။

ထို့ကြောင့်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ   သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃၆၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

သစ်ပင်စိုက်ပျိုးရသည့်ရည်ရွယ်ချက်များစွာရှိသည်။  သစ်ပင်စိုက်ပျိုးခြင်းမှတစ်ဆင့်ရာသီဥတုကောင်း မွန်ရေးအတွက်အထောက်အကူဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အကျိုးပြုခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေခြင်းတို့ကိုဖြစ်စေသည်။ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အကျိုးရလဒ်များစွာရရှိနိုင်ပေသည်။ရာသီဥတုပြောင်းလဲမှုဒဏ်ကို   ကောင်းစွာအန်တုနိုင်သည်။ လေထုအတွင်းတည်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက် များကို စုပ်ယူပြီးနောက် လူနှင့်သက်ရှိတိရစ္ဆာန်များကို အကျိုးပြုစေမည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင် စွမ်းရှိသည့်အပြင်သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်း၊ လေကောင်းလေသန့်ထုတ်လုပ်ပေးခြင်း၊အေးမြသည့်အရိပ်များဖန်တီးပေးခြင်းနှင့်  ထင်းအဖြစ်သုံးစွဲနိုင်ခြင်းအစရှိသည့်လူသားအကျိုးပြုနိုင်စွမ်းရှိပေသည်။ သို့သော်လောင်စာအတွက်သစ်ပင်များကိုအဆမတန်ခုတ်လှဲခြင်း၊ ပရိဘောဂနှင့်အိမ်ဆောက်ပစ္စည်းအသုံးပြုရန်အတွက် သစ်ပင်များကို အလုံးအရင်းခုတ်လှဲခြင်းများကို ထိန်းညှိဆောင်ရွက်သင့်လှသည်။

သစ်ပင်တစ်ပင်အတွက်  တန်ဖိုးသတ်မှတ်ချက်မထားရှိသင့်ပေ။ သစ်ပင်မှရရှိနိုင်သည့်အကျိုးကျေးဇူးများကို တန်ဖိုးသတ်မှတ်ရန်ခက်ခဲလှသည်။ အဓိကအားဖြင့် ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် လုပ်ဆောင်ချက်ကြောင့်သစ်ပင်စိုက်ပျိုးခြင်းကို လူတိုင်းအားဖြည့်ပါဝင်ကူညီသင့်သည်။ သစ်တော ဖုံးလွှမ်းမှုပြန်လည်အားကောင်းလာစေရေး သစ်တောစိုက်ကွင်း၊ စိုက်ခင်းများ အစားထိုး ဖော်ဆောင်ခြင်းသာ အကောင်းဆုံးကုစားမှုတစ်ခုဖြစ်သည်။သစ်ပင် စိုက်ပျိုးပွဲများတွင်လည်း ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါကဲ့သို့ ရတနာတန်းဝင်အပင်များနှင့်အရိပ်ရလေကာပင်များ စိုက်ပျိုးကြသည်ကိုတွေ့ရှိရသည်။ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များသည် ဇူလိုင်လ၏ မိုးဖွဲများအောက် မြေပြင်ခြင်း၊ ကျင်းတူးခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများပျော်ရွှင်စွာပြုလုပ်ကြသည်။ ပူပြင်းခြောက်သွေ့သော အခြေအနေမှ စိမ်းလန်းသောကမ္ဘာတစ်ခုဖြစ်ပေါ်ရေး သစ်ပင်စိုက်ပျိုးနိုင်စွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။ အရိပ်လိုနေပူကစောင့်ရန်မလိုသည့် သစ်တောအုပ်များဖြစ်ပေါ်ပါက သက်ရှိသက်မဲ့အားလုံးအတွက် ပင်ပန်းဆင်းရဲခြင်းဒုက္ခမှ အထိုက်အလျောက်သက်သာစေမည်ဖြစ်သည်။ သို့ဖြစ်၍ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုစေသော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များအလိုက်သော်လည်းကောင်း ပြုလုပ်သင့်ပေသည်။ သစ်ပင်သစ်တော အမြစ်တွယ်ရှင်သန်ခြင်းမှတစ်ဆင့် အမြဲတစေခြိမ်း ခြောက်နေသည့် သဘာဝဘေးအန္တရာယ်များမှ  စွမ်းနိုင်သမျှ ကာကွယ်သွားနိုင်လိမ့်မည်ဟု   ယုံကြည်စွာ  ရေးသားတင်ပြလိုက်ရပါသည်။    ။

MWD Web Portal

ထက်ဝေအောင်(စစ်ကိုင်း)

သရက်သီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးသောအသီးဖြစ်ပြီးရာသီစာအသီးတစ်မျိုးဖြစ်သည်။ သရက်သီးကို  လူကြိုက်လည်းများသည်။ သရက်သီးမကြိုက်သူက အလွန်ရှားပါးသည်။   ဆီးချိုရှိသူနှင့် သရက်သီးဓာတ်မတည့်သူလောက်သာ သရက်သီးကိုရှောင်ကြသည်။ 

ထို့ကြောင့်  ရှေးလူကြီးများက “အသီးမှာ သရက်”ဟု  ဆိုရိုးပြုကြဟန်တူသည်။ သရက်သီးသည် ရာသီ ပေါ်အသီးတစ်မျိုးဖြစ်သော်လည်း ယခုအခါ  ရာသီမရွေးဝယ်ယူစားသုံးနိုင်သော   အသီးဖြစ်လာသည်။  

တချို့သရက်သီးများဆိုလျှင် ရာသီကုန်သွားသော်လည်း   စျေးကွက်မှာဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးကြီးလှသည်။ သရက်သီးကို အစိမ်းစားကြသည်။ အမှည့်အဖြစ်လည်းစားကြသလို သရက်ယို၊ သရက်ပျဉ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ယနေ့ခေတ်မှာ သရက်သီး သည်  စျေးကွက်ရှိသောအသီးတစ်မျိုးဖြစ်လာသလို  စျေးကောင်းသောအသီး တစ်မျိုးလည်း ဖြစ်လာသည်။ ထို့ကြောင့် နှစ်ရှည်ပင်ဖြစ်သောသရက်သီးကို စီးပွားဖြစ်စိုက်ပျိုးသင့်သည်။ နှစ်ရှည်ပင်အသီးတစ်မျိုးဖြစ်သောသရက်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးရာတွင်  သိသင့်သည်များကိုလေ့လာတင်ပြသွားမည်ဖြစ်သည်။

သရက်ပင်၏မူရင်းဒေသနှင့်သရက်မျိုးများ

သရက်ပင်၏မူရင်းဒေသကို အိန္ဒိယနိုင်ငံ၊  အရှေ့တောင်အာရှနှင့်မြန်မာနိုင်ငံဟုသတ်မှတ်ထားကြသည်။  သရက်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အခြားသောအသုံးအဆောင်နှင့်စားဖွယ်များပြုလုပ်ရန်အတွက်လည်းကောင်းစိုက်ပျိုးခဲ့ကြသည်။  သရက်သီး၏ သိပ္ပံအမည်မှာ Mangiferaindica ဖြစ်ပြီး မျိုးရင်းမှာ Anacardiaceae ဖြစ်သည်။ အင်္ဂလိပ်လို Mango ဟုခေါ်သည်။ သရက်မျိုးအများအပြားရှိသည်။ စာရေးသူသိသလောက်ကိုဖော်ပြပါမည်။ မစိုးမင်းသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ နို့ဆီသရက်၊ စိမ်းစားသရက်၊ ပါးနီသရက်၊ ဒူးရင်းသရက်၊  စိန်တစ်လုံးသရက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက် စသည်ဖြင့်အမျိုးမျိုးရှိသည်။ အခြား သရက်မျိုးများလည်းရှိနိုင်သေးသည်။ ယနေ့မြန်မာနိုင်ငံတွင် လူသိများသောသရက်မျိုးမှာ  စိန်တစ်လုံး သရက်ဖြစ်သည်။ သရက်သီးကို မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာ အနီးအဝေး စသည်တို့မှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုး၍ သော်လည်းကောင်း ဖြစ်ထွန်းသည်။ သရက်မျိုးပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။  နိုင်ငံ ၆၄ နိုင်ငံမှ သရက်မျိုးပွားပေါင်း ၁၅၉၅ မျိုးခန့်ရှိ ကြောင်းလည်းသိရသည်။ သရက်သီးကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးထုတ်လုပ်ရာတွင်   လုပ်ဆောင်သင့်သည်များကိုဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

စိုက်ပျိုးမြေနှင့်ရာသီဥတု

နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမြေရွေးချယ်ခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။ စိုက်ပျိုးမြေသည် ဇီဝနှင့်ဓာတုဆိုင်ရာအန္တရာယ်ရှိသည့်မြေမျိုးမဖြစ်ရပါ။  ထိုမြေမျိုးဖြစ်ပါက စိုက်ပျိုးမည့်အပင်သည် ရှင်သန်မှုရှိမည်မဟုတ်ပေ။ သရက်စိုက်ပျိုးမည့်မြေသည် ရေစိမ့်ဝင်မှုကောင်းသောမြေမျိုးဖြစ်ရမည်။ မြေချဉ်ငန်ကိန်းသည် ၅ ဒသမ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။  သရက်ပင်စိုက်ပျိုးမည့်မြေသည် မြေအောက်ရေမျက်နှာပြင်   မြေအနက်  ၆ ပေ အောက်ရှိခြင်းကိုနှစ်သက်သည်။ ရာသီဥတုအနေဖြင့် သရက်ပင်သည်ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီတို့ကို နှစ်သက်သည်။ အပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၀ မှ ၁၅ အကြားနှင့် မိုးရေချိန်လက်မ ၃၀ မှ ၁၀၀ ခန့်ရွာသောဒေသများ၌ ပိုဖြစ်ထွန်းရှင်သန်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုးနိုင်သလို ပင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ အောက်ဒေသများမှာလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ထို့ပြင် အမြင့်ပေ ၂၀၀၀ အထက်မြင့် သောဒေသများမှာ စီးပွားဖြစ်မစိုက်ပျိုးသင့်ဟုဆိုသည်။ ရေဝပ်သည့်မြေမျိုးမှ လုံးဝမစိုက် ပျိုးသင့်ပါ။ ထို့ပြင် စိုက်ပျိုးမည့်ဒေသသည်  တစ်နှစ်လျှင် ငါးလ၊ ခြောက်လခန့် ခြောက်သွေ့ ရန်လည်း လိုအပ်သည်။

မျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း

သရက်ပင်သည်  နှစ်ရှည်ပင်ဖြစ်သည့်အတွက်  စတင်စိုက်ပျိုးတော့မည်ဆိုလျှင်  မျိုးကောင်းမျိုးသန့်ကို  ရွေးချယ်စိုက်ပျိုးဖို့လိုသည်။စိုက်ပျိုးမည့်ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းရှင်းရမည်။ အရည်အသွေးကောင်းပြီး စျေးကွက်ဝင်သောမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ သရက်ပင်ကို အစေ့မှလည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။  ပျိုးထောင်ရာတွင် သရက်သီးမျိုးကောင်း၊ မျိုးသန့်၊ပိုးမွှားရောဂါကင်းရှင်းသောအသီးမှ အစေ့ကိုယူ၍ ပျိုးထောင်ရမည်။

သရက်ပင်ကိုင်းဆက်မျိုးပွားနည်း

အထက်ဖော်ပြပါအတိုင်း အစေ့ကိုပျိုးထောင်မစိုက်ဘဲ ကိုင်းဆက်မျိုးပွား၍လည်းစိုက်ပျိုးနိုင်သည်။ ကိုင်းဆက်မျိုးပွားရာတွင် မျိုးပွားနည်း သုံးနည်းရှိသည်။

၁။  သစ်နုပိုင်းကိုင်းဆက်ခြင်း - သစ်နုပိုင်းကိုင်းဆက်မည်ဆိုပါလျှင် ကိုင်းဆက်မည့်အပင်သည် သက်တမ်းတစ်နှစ်သားအရွယ်ဖြစ်ရမည်။

တစ်နှစ်သားအရွယ်အောက်ခံပင်အဖြစ်အသုံးပြုလျှင် အညွန့်သစ်ထွက်ပြီး အရွက်ကြေးနီရောင်ပြောင်းလျှင် သစ်နုပိုင်းကိုင်းဆက်ရန်အကောင်းဆုံးဖြစ်သည်။ အဖူးကိုင်းအတွက်မူ သက်တမ်း ၃-၄ လရှိသော အကိုင်းကို အသုံးပြုရမည်။ အဖူးကိုင်းမှအရွက်ပြားများကို ကိုင်းမဆက်မီတစ်ပတ်က ကြိုတင် ဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်၏အညွန့်အဖျားပိုင်းကိုဖြတ်ပြီး အဖူးကိုင်းကိုသပ်သွင်းဆက်နည်းဖြင့် အောက်ခံပင်ပေါ်တွင်ဆက်ပေးရမည်။ ကိုင်းဆက်ထားသည့် နေရာကို ပလတ်စတစ်ဖြင့် ပတ်ပေးထားပါ။

၂။  ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း - ဤနည်းဖြင့် ကိုင်းမျိုးပွားမည်ဆိုလျှင် အဖူးကိုင်းသည် သုံးလသားရှိပြီး အဖူးကိုင်းနိုးကြားစေရန် သစ်နုကိုင်းနည်းမှာကဲ့သို့ အရွက်ပြားများကိုဖြတ်ပေးထားရသည်။

ထို့နောက် အောက်ခံပင်စည်ကို အလျား ၅ စင်တီမီတာခန့်စောင်း၍ အခေါက်နှင့်အသားအနည်း ငယ်ပြတ်အောင် အတွင်းဘက်သို့စိုက်လှီးပေးရမည်။ထို့နောက်ပထမဓားချက်အဆုံး အထက်နားလောက်တွင်အထစ်ကျန်စေရန် ဒုတိယဓားချက်လှီးခြင်းဖြင့် အောက်ခံပင်မှ အခေါက်နှင့် အသားစကိုဖယ်ထုတ်ပါ။  အဖူးကိုင်းအပင်ကိုလည်းအောက်ခံပင်ဖြတ်သည့်အတိုင်းဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်နှင့်အဖူးကိုင်းကို  ပါးချင်းအပ်ဆက်ပြီး ၁ ဒသမ ၅ စင်တီမီတာ အပြားရှိသောကြိုးဖြင့်တင်းကျပ်အောင်ချည်ပေးရမည်။ အဖူးကိုင်းအဖျားမှအညွန့်သစ်များထွက်လာပြီး သုံးပတ်အကြာ အောက်ခံပင်အပေါ်ပိုင်းကိုဖယ်ရှားဖြတ်တောက်ပါ။  နှစ်လသုံးလကြာမှ ချည်ထားသော ပလတ်စတစ်ကြိုးကိုဖယ်ပါ။

၃။ အစေ့အညှောက်ကိုင်းဆက်ခြင်း - ဤနည်းဖြင့်ကိုင်းဆက်မည်ဆိုပါက အစေ့မှအညှောက်ပေါက်ပြီး ၄-၈  ရက်သားအပင်ကို  အောက်ခံပင်အဖြစ်   အသုံးပြုရသည်။  သင့်လျော်သောလုံးပတ်ရှိသည့်  အဖူးကိုင်းကို  ကြိုတင်အရွက်ခြွေထားရမည်။  ထို့နောက် သစ်နုပိုင်းကိုင်းဆက်နည်း  သို့မဟုတ်   ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း တစ်နည်း နည်းကိုအသုံးပြု၍ကိုင်းဆက်နိုင်သည်။

သရက်ပင်စိုက်နည်းစနစ်

သရက်စတင်စိုက်ပျိုးတော့မည်ဆိုလျှင်  စိုက်ပျိုးမည့်နေရာကို မိုးမကျမီ မတ်လ၊ ဧပြီလလောက်ကတည်းက ကြိုတင်ပြုပြင်မှုများပြုလုပ်ရမည်။မြေပြင်ခြင်း၊  မြေအနေအထားအရ ရေသွင်း၊ ရေထုတ် ပြုလုပ်နိုင်မည့် ရေနုတ်မြောင်းများကို ပြုလုပ်ထားရမည်။  စိုက်ပျိုးမြေအမျိုးအစား၊ လေဝင်လေထွက် ကောင်းစေရန် သင့်လျော်သောပင်ကြား၊ တန်းကြားဖြင့်  ကျင်းတူး၍စိုက်ပျိုးရမည်။   စိုက်ကျင်းအရွယ် အစားမှာမူ ၂ ပေပတ်လည်ဖြစ်သည်။

- ပင်ကြားပေ ၃၀၊ တန်းကြားပေ ၃၀ စိုက်မည်ဆိုလျှင် တစ်ဧကကို ၄၈ ပင်ဝင်ဆံ့သည်။

- ပင်ကြားပေ ၂၀၊ တန်းကြားပေ ၂၀ စိုက်မည်ဆိုလျှင်တစ်ဧကကို ၁၀၈ ပင်ဝင်ဆံ့သည်။

- ပင်ကြား ၁၅ ပေ၊ တန်းကြား ၁၅ ပေစိုက်မည်ဆိုလျှင် တစ်ဧက ကို ၁၉၃ ပင်ဝင်ဆံ့သည်။ သတိပြုရမည့်အချက်မှာ သရက်ပင်သည်  ကိုင်းဖြာထွက်သောအပင်မျိုးဖြစ်သဖြင့် ခပ်စိပ်စိပ်စိုက်မည် ဆိုပါက  အပင်ငယ်စဉ်ကပင် ကိုင်းဖြတ်ပုံသွင်းပေးဖို့လိုအပ်သည်။

စိုက်ကျင်းအတွင်းသို့ နွားချေးရှစ်ပြည်၊ ကျောက်မှုန့်နို့ဆီဘူးလေးဘူး၊ပိုတက်နို့ဆီဘူးတစ်ဘူး၊ စပါးခွံ ရှစ်ပြည်တို့ကို အပေါ်ယံမြေနှင့်ရော၍ဖို့ပေးရမည်။ အပင်များကို စိုက်ပျိုးရာတွင် ညနေပိုင်း၌သာ စိုက်ပျိုး ရမည်။

ပေါင်းမြက်နှိမ်နင်းခြင်းနှင့်ရေသွင်းခြင်း

ပေါင်းမြက်ကိုမူ အပင်ပတ်ဝန်းကျင်အပေါ်မူတည်၍ ရှင်းလင်းပေးသင့်သည်။ အပင်ပတ်ဝန်းကျင်၌ ပေါင်းမြက်ထူလာပါက ရှင်းလင်း‌ပေးရမည်။ ပေါင်းသတ်ဆေးမကြာခဏအသုံးပြုခြင်းကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ရေသွင်းရာတွင်မြေအနေအထားကိုကြည့်ရမည်။ ပထမအကြိမ်ရေပေးသွင်းခြင်းကို သရက်သီးကင်းဝင်ချိန်ဆောင်ရွက်ပါ။ ဒုတိယအကြိမ်ရေပေးသွင်းခြင်းကို ပထမအကြိမ်ရေပေးသွင်းပြီး တစ်လအကြာမှာ ပေးသွင်းရမည်။ ထိုအချိန်၌  သရက်သီးသည်  ပေသီးလုံးအရွယ်ခန့်ဖြစ်နေသည်။

တတိယအကြိမ်ရေပေးသွင်းခြင်းကို ဒုတိယအကြိမ်ရေသွင်းပြီး ရက် ၂၀-၃၀ သရက်သီးမရင့်မီ ပေးသွင်းရမည်။  ရေပေးသွင်းရာတွင်သတိပြုရမည့် အချက်မှာ  သရက်ပန်းပွင့်ချိန်နှင့်သရက်သီးမခူးမီ   တစ်လအလိုတွင်ရေသွင်းခြင်းမပြုလုပ်ရပါ။ အပင်ငယ်စဉ်  နွေရာသီလိုအခါမျိုး၌ နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရသည်။  အထူးသဖြင့်  သရက်သီးကင်းဝင်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ   ရေအလို အပ်ဆုံးအချိန်ဖြစ်သည်ကိုသတိပြုဖို့လိုသည်။

သက်တမ်းအလိုက်မြေဩဇာကျွေးခြင်း

မြေဩဇာကျွေးရာတွင်    အသီးမတင်သေးသည့်အပင်အတွက် မြေဩဇာနှင့်  အသီးသီးလျက်ရှိနေသော အပင်အတွက်မြေဩဇာဟူ၍ခွဲထားသည်။  တစ်နှစ်သားအရွယ်သရက်ပင်ငယ်များအတွက် ယူရီးယား ၁၇၀ ဂရမ်၊ စူပါဖော့စဖိတ် ၁၁၂ ဂရမ်၊ ပိုတက်ဆီယမ်ကလိုရိုက် ၁၁၄ ဂရမ်နှုန်းကျွေးပေးရသည်။ ဓာတ်မြေဩဇာကို အပင်သက် ၁၀ နှစ်အထိ ပထမနှစ်ကျွေးသည့်နှုန်းထားကို  ဆတိုးထည့်သွင်းပေးရ ကြောင်း  သိရသည်။

အသီးသီးနေသောအပင်များအတွက် ဇွန်၊ ဇူလိုင်လတို့တွင် N P K ထည့်ရမည့်ပမာဏ အတိုင်း ထည့်ပေးပါ။ N ၁၇၀ ဂရမ်၊ P2O2 ၁၈၀ ဂရမ်၊ K2O ၆၈၀ ဂရမ်ကို နှစ်ကြိမ်ခွဲကျွေးပေးရမည်။ အပင် သက်တမ်းအလိုက်မြေဩဇာကျွေးနှုန်းကိုလည်းဖော်ပြပါမည်။

ပင်သက်/သဘာဝမြေသြဇာ/ N. /  Ph. /  P

- ၁နှစ်သား   - ၅.                    - ၁၀၀- ၅၀. - ၁၀၀

- ၂ နှစ်သား   - ၁၀.                  - ၂၀၀-၁၀၀ - ၂၀၀

- ၃ နှစ်သား - ၁၅.                   -  ၃၀၀ - ၂၀၀ - ၃၀၀

- ၄ နှစ်သား - ၂၀.                    - ၄၀၀ - ၃၀၀ - ၄၀၀

- ၅ နှစ်သား - ၂၅.                    - ၅၀၀ - ၄၀၀ - ၅၀၀

- ၆ နှစ်သား - ၃၀.                   - ၆၀၀ - ၅၀၀ -၆၀၀

- ၇ နှစ်သား  -  ၃၅.                 - ၇၀၀ - ၆၀၀ - ၇၀၀

- ၇ နှစ်သားအထက် - ၅၀.        - ၁၀၀၀ - ၅၀၀ - ၁၀၀၀

 အထက်ဖော်ပြပါသက်တမ်းအလိုက်အစာကျွေးနှုန်းများတွင် သဘာဝမြေဩဇာသည်ကီလိုဂရမ်ဖြစ်ပြီး နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(Ph)နှင့်ပိုတက်ဆီယမ်(P)သည် ဂရမ်ဖြစ်သည်။  

ဖျက်ပိုးနှင့်ရောဂါများ

သရက်ပင်၌ ဖျက်ပိုးများ ကျရောက်တတ်သည်။ သီးထိုးယင်၊ အစေ့ထိုးပိုး၊ အသားထိုးပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး၊ အကြေးပိုးနှင့် ပိုးစေးနှဲတို့ဖြစ်သည်။ သီးထိုးယင်သည်  သရက်သီးမှည့်ကိုဖျက်ဆီးတတ်သည်။ ထိုပိုးကျပါက အသီးအရောင်ပျက်ခြင်း၊ အက်ကွဲခြင်း၊ အနာကွက်များဖြစ်ခြင်း စသည့်လက္ခဏာများတွေ့ရတတ်သည်။ ထိုအခါ  ထိသေဆေးတစ်မျိုးမျိုးကိုအညွှန်းအတိုင်းအသုံးပြုပါ။ အစေ့ထိုးပိုးသည် သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်အထိကျရောက်တတ်သည်။ လက္ခဏာမှာ သေးငယ်မည်းနက်သောမျဉ်းကွေးပုံသဏ္ဌာန်အစက်များအသီးပေါ်တွင်တွေ့ရတတ်သည်။ထိုအခါ ထိသေပိုးသတ်ဆေးကိုအညွှန်းအတိုင်းအသုံးပြုပေးရမည်။

ပင်စည်ထိုးပိုးသည် သရက်ပင်အတွက်  အလွန်အန္တရာယ်များသော ပိုးဖြစ်သည်။ အပင်ခြောက်၍သေခြင်း၊ အကိုင်းခြောက်ခြင်းဖြစ်တတ်သည်။ ထိုအခါ အသီးအထွက်လျော့နိုင်သည်။ ထိုပိုးကျပါက ပိုးကျသောကိုင်းကိုဖြတ်ပါ။ ပိုးသတ်ဆေးနှင့်ထုံးရော၍ ပင်စည်ကိုသုတ်ပေးရမည်။ သရက်ပင်ရောဂါများမှာ မှည့်ပြောက်စွန်းရောဂါ၊ ပန်းခိုင်ခြောက်ရောဂါ၊  ကိုင်းဖျား‌ခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊  မီးခိုးရောင်ရွက်ပြောက်ရောဂါ  စသည်တို့ဖြစ်သည်။

မှည့်ပြောက်စွန်းရောဂါသည် အရွက်နုထွက်ချိန်၊  ပန်းခိုင်ထွက်ချိန်နှင့်အသီးခူးပြီးချိန်၊ ပူပြင်းစိုစွတ်ချိန်တို့မှာဖြစ်တတ်သည်။အရွက်၊ အကိုင်း၊ အသီးတို့တွင်ရွက်ခြောက်လက္ခဏာများတွေ့ရသည်။ ထိုအခါ  ဓာတုမှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရသည်။ ဖားဥမှိုရောဂါသည် ပွင့်ပိုင်းများမှ အဓိကဝင်ရောက်သည်။ ထိုအခါ  အသီးတင်နှုန်းကိုထိခိုက်စေသည်။  အရွက်ပေါ်တွင်  အဖြူ သို့မဟုတ် မီးခိုးရောင်မှိုမျှင်ကွက်များ ဖြစ်ပေါ်နေတတ်သည်။ ထိုအခါ  သင့်လျော်ရာဓာတုဆေးတစ်မျိုးမျိုးဖျန်းပေးရမည်။

သရက်သီးထုတ်ကုန်နှင့်ပြည်ပပို့ကုန်သရက်သီး

သရက်သီးသည်စျေးကွက်ဝင်သောအသီးဖြစ်သည်။ ယနေ့စျေးကွက်မှာလည်း စျေးကောင်းသည်။ သရက်ပင်က နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပြီး  တစ်သက်အကျိုးအမြတ်ရနိုင်သောအပင်မျိုးဖြစ်သည်။ ၅-၁၀ နှစ်သားအပင်တစ်ပင်ကို အလုံး ၁၀၀ ခန့်သီးနိုင်ပြီး ၁၂ နှစ်သားတစ်ပင်လျှင် အလုံး ၅၀၀ မှ ၁၅၀၀ အထိ သီးနိုင်သည်။ ၂၁ နှစ်သားအထက်သရက်တစ်ပင်ဆိုလျှင် ၁၅၀၀ ခန့် သီးနိုင်သည်။     သရက်ပင်က သီးကင်းလေးများကြွေကျတတ်သည်။   ထိုသီးကင်းလေးများကိုကောက်ယူ၍ သရက်သီးဆားရည်စိမ်ပြုလုပ်၍  ရောင်းချသည်လည်းရှိသည်။

ထို့ပြင် သရက်သီးပိုးတီလှီး၍ သရက်ချဉ်ပြုလုပ်ပြီးလည်းရောင်းချကြသည်။ ထို့ပြင် သရက်သီးသနပ်၊ သရက်သီးယို၊ သရက်ပျဉ်စသည်ဖြင့်  သရက်သီးထုတ်ကုန်များပြုလုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်လူကြိုက်များသောစိန်တစ်လုံးသရက်လည်းရှိသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်က တစ်လုံး ၅၀၀ လောက်ပေးရသည်။ယခုဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။  ရုရှားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စိန်တစ်လုံးသရက်သီးနှင့်သရက်ခြောက်များကို ဝယ်ယူဖို့ကမ်းလှမ်းထားကြောင်း သတင်းစာတစ်စောင်မှာ  ဖော်ပြထားသည်ကိုတွေ့ရသည်။  ထို့ကြောင့်   မြန်မာ့စိန်တစ်လုံးသရက်သည်   ပြည်ပစျေးကွက်ဝင်သရက်ဖြစ်သည်။သရက်သီးသည်  ယခင်ကလည်းပြည်ပပို့ကုန်တစ်ခုဖြစ်ခဲ့သည်။

၂၀၁၅-၂၀၁၆ လောက်က သရက်တန်ချိန်ထောင်ပေါင်း ၂ ဒသမ ၇၈ တန်တင်ပို့နိုင်ခဲ့ရာ ပြည်ပဝင်ငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၄၇ သန်းရရှိခဲ့သည်ဟု  မှတ်သားခဲ့ရဖူးသည်။ စိန်တစ်လုံးသရက်ကိုလည်း နိုင်ငံခြားစျေးကွက်သို့တင်ပို့ရာ ၂၅၀ ဂရမ်၊ ၃၀၀ ဂရမ်အရွယ်အစားရှိ စိန်တစ်လုံးသရက်သီးတစ်တန်ကို ၁၂၅၀၀၀၀ ကျပ်ရရှိကြောင်း သိရသည်။ သရက်ထုတ်ကုန်အနေဖြင့် သရက်ပျဉ်ရသည်။ ထိုခြံများမှ သရက်သီးစိမ်းများကိုဝယ်ယူ၍ သရက်ချဉ်ပြုလုပ်ရောင်းချသူများလည်းရှိသည်။  ထိုလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သည်။  

ယခုကာလပေါက်စျေးများအရ သရက်သီးသည်   စျေးကောင်းသောအသီးဖြစ်သည်။   အထက်မှာလည်း သရက်တစ်ပင်မှ ရရှိနိုင်သောဝင်ငွေကိုပျမ်းမျှခန့်မှန်းတွက်ချက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သရက်သီးသည် နှစ်ရှည်ပင်ဖြစ်သလို အကျိုးအမြတ်လည်းရရှိနိုင်သောကြောင့်စီးပွားဖြစ်သရက်စိုက်ပျိုးမည်ဆိုလျှင်    သိသင့်သည်များကို  လေ့လာတင်ပြလိုက်ပါသည်။    ။ 

MWD Web Portal

ကိုကျော်စွာ(ကျိုက်ပိ)

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည်  အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ  ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက်ပုံက အသက်ရှူလမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ်ရောင်ရောဂါနှင့်  နမိုးနီးယားရောဂါတို့ ဖြစ်ပွားရသည့်အတွက်  ရောဂါပြင်းထန်ပြီး သေဆုံးမှုများပြားရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၄၁၂၈၃ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာရခြင်းမှာ မုတ်သုံအဝင်စောခြင်းနှင့် ကျောင်းများဖွင့်လှစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု  ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်လာမှုများခြင်း၊ လူစုလူဝေးနှင့်  ပွဲလမ်းသဘင်များပြုလုပ်လာခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာရခြင်း ဖြစ်သည်။

အိုမီခရွန်မျိုးကွဲအသစ် JN.1 နှင့် XEC

လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာ ခြင်းဖြစ်ပြီး  JN.1 အုပ်စုနှင့် ၎င်းမှတစ်ဆင့်ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ၎င်းမျိုးကွဲကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။  ထိုင်းနိုင်ငံ၌  ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲမှာ XEC ဖြစ်ပြီး ကူးစက်နှုန်းပိုမြန်သော်လည်း     တုပ်ကွေးကဲ့သို့သောလက္ခဏာများသာရှိသည်။ ထို့ကြောင့် တုပ်ကွေးဖြစ်ခြင်း၊  အအေးမိခြင်းတို့ကြောင့်ဖြစ်သော  ရောဂါလက္ခဏာများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်သော ရောဂါလက္ခဏာများကိုခွဲခြားရန် ခက်ခဲနိုင်သော်လည်း ကုသမှုနည်းလမ်းများမှာမူ တူညီမှုရှိသည်။ ကိုဗစ်-၁၉ ရောဂါမပြင်းထန်သော လူနာများနှင့် အခြေအနေမဆိုးသောအုပ်စုဝင်များကို အအေးမိခြင်းအတွက် ကုသသည့်နည်းလမ်းအတိုင်း  ကုသမှုပေးနိုင်သည်။  ဆေးကုသမှုခံယူရန် လိုအပ်သူများသည် ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း  သို့မဟုတ်  သွေးအတွင်း  အောက်ဆီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိမှသာ ကုသမှုခံယူရမည်ဖြစ်သည်။ စိုးရိမ်ရသည့်အုပ်စုဝင်များတွင် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။

ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် JN.1 နှင့် XEC ၏ရောဂါလက္ခဏာများ

အဆိုပါကိုဗစ်မျိုးကွဲအသစ်များ ကူးစက်ခံရပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင် နေ့ရက်အလိုက် ထူးခြား လာနိုင်သောရောဂါလက္ခဏာများနှင့်ပတ်သက်၍    ထိုင်းနိုင်ငံ   ချူလာလောင်ကွန်ဆေးရုံက  သုတေသန ပြုလုပ်ထားသည်။ ထိုသုတေသနအရဆိုလျှင် ရောဂါပိုးကူးစက်ပြီး ပထမဆုံးရက်များဖြစ်သည့် တစ်ရက်မှ သုံးရက်အတွင်း  အအေးမိခြင်း၊  လည်ချောင်း အနည်းငယ်နာခြင်းများသာဖြစ်တတ်ပြီး  ဖျားခြင်း၊  ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်မှုမရှိသေးပေ။ ရောဂါပိုးကူးစက်ပြီး လေးရက်မှငါးရက် အတွင်းဆိုပါက အာသီးရောင်ပြီး လည်ချောင်းနာလာခြင်း၊ ကိုယ်အပူချိန် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ  ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိ လာပြီး  အစာမျိုချရခက်ခဲခြင်း၊  ခေါင်းကိုက်ခြင်း၊ အနည်းငယ်မူးဝေမှုများ နှင့်အတူ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဆစ်အမျက်ကိုက်ခဲခြင်းများကို ခံစားရမည်ဖြစ်သည်။ ခြောက်ရက်မြောက်နေ့မှစ၍ ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ထိ  သိသိသာသာမြင့်တက်လာပြီး   ချောင်းခြောက်ဆိုးခြင်း၊  လည်ချောင်းနာခြင်း၊  အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်းတို့  ဖြစ်လာနိုင်သည်။ ထို့နောက် ကိုယ်အပူချိန်  ၃၇ ဒသမ  ၄  ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပြီး အသက်ရှူရခက်လာခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊  ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်ကာ  ကိုးရက်မြောက်နေ့အထိ  ရောဂါအခြေအနေ သက်သာလာခြင်းမရှိဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲလာပါက အထူးကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေသည့်အချက်များ

အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများစွာတိုးမြင့်လာပြီး  ၂၀၂၅ ခုနှစ်  မေလကုန်တွင် ကူးစက်သူ ၂၇၀၀ ကျော်အထိရောက်ရှိကာ ခုနစ်ဦးသေဆုံးထားသည်။ ထို့ကြောင့် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ လူစုလူဝေး သို့မဟုတ် လေဝင်လေထွက် မကောင်းသော နေရာများတွင်    နှာခေါင်းစည်းတပ်ခြင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင်   ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်များအတွက်လည်း   ဓာတ်ခွဲခန်းများတွင်   စမ်းသပ်စစ်ဆေးလျက်ရှိသည်။

ထိုင်းနိုင်ငံ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသည် အထူးသဖြင့် ဗန်ကောက်နှင့်  ချွန်ဘူရီပြည်နယ်တို့တွင်  ဖြစ်ပွားလျက်ရှိပြီး  ၂၀၂၅ ခုနှစ် မေလ  ၃၀ ရက်ထုတ်ပြန်ချက်အရ လူနာအသစ် ၄၁၂၈၃ ဦးရှိရာ ယခုနှစ်အတွက် ရောဂါပိုးကူးစက်ခံရသူ   စုစုပေါင်း  ၂၅၇၂၈ဝ   ဦးနှင့် သေဆုံးသူ ၅၂  ဦးအထိရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့်   သက်ကြီးရွယ်အိုများ၊  နာတာရှည်ရောဂါရှိသူများနှင့်  ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး  ဗီဇပြောင်းမျိုးကွဲအသစ်များ  ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍  သင့်လျော်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင်လူစုလူဝေးနေရာများကိုရှောင်ရှားရန်၊  လက်ကိုပုံမှန်ဆေးကြောရန်၊   လူစည်ကားသောနေရာများတွင်နှာခေါင်းစည်းတပ်ရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်နှင့် ဖျားနာခြင်း၊  ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်း  သို့မဟုတ် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့မဟုတ် ဆေးရုံသို့အမြန်ဆုံးပြသကြရန် အစိုးရက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာမှုနှင့် ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ  ၂၃ ရက်တွင်  ပထမဆုံး အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း  နိုင်ငံအနှံ့အပြား၌ ကူးစက်မှုများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် မျိုးကွဲအသစ်များ ရောက်ရှိလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  စောင့်ကြည့်ကာ  သတိပေးချက်များနှင့်  သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အလားတူကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ပြည်တွင်းရောဂါ ဖြစ်ပွားမှုနှုန်းများ၊  နိုင်ငံတကာနှင့်  အိမ်နီးချင်းနိုင်ငံများတွင်  ဖြစ်ပွားလျက်ရှိသည့် ဗီဇပြောင်းမျိုးကွဲ အသစ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် PCR  စစ်ဆေးမှုများ၊ Rapid Antigen Test (RAT) စစ်ဆေးမှုများဆောင်ရွက်ကာရောဂါကူးစက်မှုမြင့်တက်လာပါကသို့မဟုတ် ထူးခြားသည့်လက္ခဏာများတွေ့ရှိရပါက မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်း (genomic sequencing)များ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရောဂါကူးစက်မှုနှုန်း၊   သေဆုံးမှုနှုန်း၊   ဆေးရုံတက်ရမှုနှုန်း စသည့် အချက်အလက်များကို   စနစ်တကျမှတ်တမ်းတင်ခြင်း၊   ကူးစက်မြန်သောမျိုးကွဲအသစ်များအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ (လက်ဆေးခြင်း၊  နှာခေါင်းစည်းတပ်ခြင်း၊  လူစုလူဝေးရှောင်ရှားခြင်း) စသည်တို့ကို  မီဒီယာမျိုးစုံမှတစ်ဆင့်  အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက မျိုးကွဲအသစ်များနှင့်ကိုက်ညီသော ကာကွယ်ဆေးများရရှိရေး စီမံခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်သင့်သည့်အချက်များ

ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်JN.1 နှင့် XEC တို့၏ကူးစက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုကာကွယ်ရေးတို့အတွက်ခြောက်လသို့မဟုတ် တစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်သည်။  ကိုဗစ်-၁၉  ရောဂါ မကူးစက်ဖူး၊ မဖြစ်ဖူးသူများနှင့်   ရာသီတုပ်ကွေးကဲ့သို့   ရောဂါလက္ခဏာပြင်းထန်သူများ    ကိုဗစ်ရောဂါစစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊နာတာရှည်ရောဂါအခံရှိသူများနှင့်   ကိုယ်ဝန်ဆောင်မိခင်များ  ကိုဗစ် စစ်ဆေးသင့်သည်။

မြန်မာနိုင်ငံသည်  ကိုဗစ်-၁၉  ရောဂါမျိုးကွဲသစ်များကို ဗီဇဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိန်းချုပ်ရေးအစီအမံများ  စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအားနှင့်အချက်အလက်စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့်  မျိုးကွဲသစ်များ၏ခြိမ်းခြောက်မှုအောက်တွင် အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များသည် လူ့ခန္ဓာကိုယ်၏ကိုယ်ခံအား စနစ်ကိုရှောင်ရှားပြီးကူးစက်မှုမြန်ဆန်စေသည်။ အဆိုပါမျိုးကွဲများသည် ယခင်ကာကွယ်ဆေးများ၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ယခင်က ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကိုယ်ခံအား နည်းလာကာ ပြန်လည်ကူးစက်ခံရနိုင်မှုနှုန်းများ မြင့်မားလာနိုင်သဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိအချိန်ကာလသည်စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ကာလဖြစ်ခြင်းကြောင့် လူစုလူဝေးပိုမိုများပြားခြင်း၊    မိုးရာသီကာလ ဖြစ်ခြင်းကြောင့် တုပ်ကွေးရောဂါများဖြစ်ပွားလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားမှုအရှိန်မြင့်တက် နေခြင်းတို့ကြောင့်   ပြည်သူလူထုကိုယ်တိုင်    ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအစီအမံများဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့်  မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံ ကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းအပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့်  ဝယ်ယူဖြည့်တင်းခြင်းများဆောင်ရွက်သင့်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal

ရွှေပြည်အေး

ကမ္ဘာတစ်လွှား ကိုဗစ်- ၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်က စိုးရိမ်မိသလိုသက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါ လက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအား မြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်းလျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန် တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်ကဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စုဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ် ထွက်လာတာကို ကမ္ဘာကစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ယောက် ကူးစက်ခံခဲ့ရပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာ တွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိ တိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံမှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။

Nimbus (NB.1.8.1)ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင်အချိန်တိုအတွင်း ကူးစက်ခံရသူ အရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းများအရ သိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါကို ဖြစ်မလာခင်ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏ ဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြားသတိထားကြဖို့လိုပါတယ်။

ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူများကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလ မှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇ ပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတွေ ထိုးနှံပေးလာတဲ့ အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကိုယ် စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။     ။

MOI

သာထူး

ကလေးတို့သည် ငယ်စဉ်က ပထမဆရာဖြစ်သော မိဘပတ်ဝန်းကျင်ကို ဖြတ်သန်းရသည်။ ကျောင်းနေသည့်အရွယ်တွင် ဒုတိယဆရာဖြစ်သော ဆရာ၊ ဆရာမတို့နှင့်ထိတွေ့ရသည်။ ဤတွင် ဆရာ၊  ဆရာမများသည် ကလေးအားလုံးကို သာတူညီမျှ တော်စေတတ်စေချင်ကြသည်။ သို့သော် မတစ်ထောင်ဖွားကလေးများသည် တတ်သိလိမ္မာမှုတွင်မတူညီကြပေ။ စိတ်ဓာတ်အခြေခံစရိုက်ချင်းလည်း မတူကြပေ။ ဤသို့ဖြစ်ရခြင်းသည် မိဘပတ်ဝန်းကျင်စရိုက်ပေါ်တွင် များစွာမူတည်နေလေသည်။

ကျွန်တော်တို့သည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်နေကြရသူများဖြစ်ရာ အခြေခံပညာကျောင်းများတွင် စရိုက်ဗီဇအမျိုးမျိုးကွဲပြားလျက်ရှိသော  ကလေးများကို ကြုံတွေ့ကြရစမြဲဖြစ်သည်။

ကလေးတို့၏ ထိုစရိုက်ဗီဇတို့သည် မိဘပတ်ဝန်းကျင်တွင် အခြေတည်စမြဲဖြစ်သည်။ အတန်းထဲတွင် အလွန်ဆိုးလွန်းနွဲ့လွန်းသော ကလေးမျိုးကိုတွေ့ဖူးသည်။ အတန်းဖော်သူငယ်ချင်းတို့နှင့် သဟဇာတမဖြစ်။

အရာရာကို သူကအနိုင်ယူချင်သည်။ အသာရချင်သည်။ ဤကလေးမျိုးသည် ဘိုးဘွားမိဘအလိုလိုက်ခံရသော ကလေးမျိုးဖြစ်နေတတ်သည်။ ကျောင်းဟူသောပတ်ဝန်းကျင်သစ်တွင် အခြားကလေးများနှင့် တွေ့ကြုံရသောအခါ အချင်းချင်း သဟဇာတဖြစ်အောင် မနေတတ်ဘဲ အိမ်မှာသူနေထိုင်ရသည့်အတိုင်း အရာရာအသာစီးရချင်စိတ်ဖြင့် ဗိုလ်ကျစိုးမိုးချင်ကြလေသည်။ သူ့အလိုမကျလျှင် အတူနေကလေးများနှင့် အချင်းများကာ ရန်ဖြစ်လေတော့သည်။ ထိုအခါ ကျွန်တော်တို့ ဆရာ၊ ဆရာမများက ကလေးကိုဆုံးမသွန်သင်ရလေသည်။ ဆုံးမသွန်သင်ရာ၌ ဆရာတစ်ယောက်၏ သြဇာအာဏာကိုသုံးပြီး ကိုယ်ထင်သလို သုံးသပ်ဆုံးဖြတ်ဆောင်ရွက်၍မရပေ။ ပြဿနာဖြစ်သောကလေး၏  အကြောင်းခြင်းရာဇာစ်မြစ်ကို  သေချာစွာစုံစမ်းလေ့လာပြီးမှ သင့်လျော်သော ဆုံးမပဲ့ပြင်မှုကိုပြုရသည်။အချို့ကလေးများသည် အိမ်တွင် မိဘ၏ဂရုစိုက်ခြင်းကို မခံရ။

ထိုအခါ သူ့ရင်ထဲတွင် မကျေနပ်စိတ်များခိုအောင်းနေတတ်ပြီး ကျောင်းပတ်ဝန်းကျင်ရောက်သည့်အခါ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် အဆင်မပြေဖြစ်တတ်သည်။ အိမ်တွင် အလိုမကျခဲ့သောစိတ်များဖြင့် ဆရာ၊ ဆရာမစကားကို နားမထောင်ချင်ဘဲ သူငယ်ချင်းများကိုလည်း အနိုင်ကျင့်ဗိုလ်ကျချင်စိတ်များလွှမ်းမိုးနေရာ ကျောင်းပတ်ဝန်းကျင်တွင် လူဆိုးလေးဖြစ်လာရသည်။ မိဘဂရုစိုက်မခံရသော ကလေးများတွင် အခြေခံဇာစ်မြစ်အကြောင်းရင်းအမျိုးမျိုးရှိတတ်သည်။ မိဘက စီးပွားရေးလုံးပန်းနေရသဖြင့် ဂရုစိုက်မခံရသောကလေး၊  မိဘ၏ အိမ်ထောင်ရေးပြဿနာကြောင့်  ဂရုစိုက်မခံရသောကလေး၊ မိဘနှင့် ဝေးကွာနေသောကြောင့် ဂရုစိုက်မခံရသောကလေး စသည်ဖြင့် ရှိသည်။ စာရေးသူ၏ တပည့်မတစ်ဦးသည် ဖခင်က နောက်အိမ်ထောင်နှင့်ဖြစ်၍ မိဘနှင့် နီးနီးကပ်ကပ်မနေရ။ ဘိုးဘွားများနှင့်သာနေရပြီး သူ့ကို အချိန်ပြည့်မကြီးကြပ်နိုင်ပေ။  ထိုအခါ ကျောင်းစာကို ပုံမှန်မလုပ်၊ ဖုန်းတစ်လုံးနှင့် ဂိမ်းကို ညပိုင်းညဉ့်နက်သည်အထိ အလွန်အကျွံ ကစားသည်။ ဖုန်းအင်တာနက်အတွင်းမှ မတော်မလျော်သော ဗီဒီယိုများကို ကြည့်သည်။ ထိုသို့ဖြင့် သင်ခန်းစာများ ပုံမှန်မလုပ်နိုင်၊ အိပ်ရေးလည်းပျက်သဖြင့် မလန်းမဆန်းဖြစ်ကာ ကျောင်းမတက်နိုင်။ သင်ခန်းစာများ မလိုက်နိုင်သောအခါ ကျောင်းမတက်ချင်စိတ်များ ဖြစ်လာသည်။ ထို့နောက် ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်မိသူအချို့နှင့် အပြင်၌သွားလာတွေ့ဆုံကာ ဆယ်ကျော်သက်အရွယ်တို့၏စိတ်ကစားခြင်းများဖြင့် မဆီလျော်သော လူမှုအကျင့်အကြံများကို ပြုလုပ်မိသည်။ တာဝန်သိတတ်သော လူကြီးအချို့က ထိုကလေးကို အပြင်တွင် ရုတ်တရက် တွေ့ဆုံမိပြီး ကျွန်တော်တို့ထံအကြောင်းကြားပေးခဲ့သည်။ ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာ၊ ဆရာမအဖွဲ့သည် ထိုကလေးရှိသည့်နေရာသို့လိုက်သွားခဲ့ကြပြီး ကျောင်းသို့ ပြန်လည်ခေါ်ယူထိန်းသိမ်းနိုင်ခဲ့သည်။ ကလေး၏ မိဘထံ အသိပေးအကြောင်းကြားကာ ကလေး၏ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ရသည်။

တစ်နေ့တွင် ကလေးတစ်ဦး အတန်းထဲ၌ဆူပူသောင်းကျန်းနေသည်ဟု သိရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်အတန်းထဲသို့သွားရောက် တွေ့ဆုံကာ အကြောင်းရင်းကိုစုံစမ်းရသည်။ အလယ်တန်းကျောင်းသား အရွယ်သာရှိသေးသောကလေးသည် အမူအရာတစ်မျိုးဖြစ်နေသည်ဟု အကဲခတ်မိသည်။ သို့သော် သံသယဖြစ်ဖွယ်အခြားအကြောင်းရှာမတွေ့။

နောက်မှအနံ့မထွက်သော ယနေ့ယမကာများအကြောင်းစဉ်းစားမိပြီး အသေအချာစစ်ဆေးသောအခါမှ ယမကာသုံးစွဲထားကြောင်း သိရတော့သည်။ ထိုကလေးသည် ယမကာကို မည်သို့ဝယ်ယူရရှိပုံနှင့် သုံးစွဲသည့်နေရာကိုစစ်မေးသောအခါ ဖြစ်ပုံကိုထူးဆန်းအံ့ဩစွာသိရသည်။ ထိုကလေး၏ မိဘသည် ယမကာရောင်းသူဖြစ်ပြီး ယမကာမျိုးစုံ အချိန်မရွေးရသည်ဟုဆိုသည်။ သို့ဖြစ်ရာ မိဘ၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး အလွယ်တကူရရှိသော ယမကာ၏ အကြောင်း ကလေးကစမ်းသပ်သောက်ကြည့်ချင်သည်။ စမ်းသပ်ပြီးသော် ဆက်သောက်ချင်စိတ်သာ လွှမ်းမိုးလာသည်။ ယမကာ၏ ဆိုးကျိုးကိုပြောပြပြုပြင်ပေးမည့်သူမတွေ့မီ ဆက်မှားနေခြင်းဖြစ်သည်။ ဆရာများသိပြီးနောက်ပိုင်းတွင် ကလေး၏မိဘများနှင့် တွေ့ဆုံအသိပေးညှိနှိုင်းစဉ်မှာတော့ ကလေးက ယမကာကို ယူငင်သုံးစွဲနေမှန်းမသိဟု ပြောပြလာသည်။ အကြောင်းစုံသိလျှင်သိချင်း ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးထိုင်၍အဖြေရှာရခဲ့သည်။ မိဘကလည်း သားသမီးကို ဂရုစိုက်ထိန်းသိမ်းမည်၊ ဆရာကလည်း ဆုံးမသွန်သင်မည်၊ တပည့်ကလည်း လိုက်နာရမည်၊ မလိုက်နာဘဲ ဆက်လက်ကျူးလွန်လျှင် ကျောင်းစည်းကမ်းအရ အရေးယူမည်ဟု ၀န်ခံကတိယူရသည်။ သည့်နောက်ပိုင်းတွင်မှ ကလေးအခြေအနေပုံမှန်ဖြစ်ကာ ပညာကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။

ကျောင်းခဏခဏပျက်နေသော ကျောင်းသားတစ်ဦး တွေ့ခဲ့ဖူးသေး၏။ ရိုးရိုးသားသားနှင့်စာကြိုးစားသူဟု ဆရာသမားများသိထားကြသည်။ သို့သော် မည်သည့်အကြောင်းမျှမသိရဘဲ ကျောင်းခဏခဏပျက်ကာ စာမလိုက်နိုင်ဖြစ်လာသည်။ ထို့ကြောင့် မိဘကိုခေါ်ယူတွေ့ဆုံရပြန်သည်။ ဖခင်ကိုယ်တိုင်ရောက်လာပြီး ဆရာနှင့်ဆွေးနွေးသည်။

ဖခင်က နောက်အိမ်ထောင်ပြုထားသဖြင့် ကလေးက မိထွေးနှင့် နေထိုင်ရသည်။ လက်လုပ်လက်စားဘဝဖြစ်၍ မျှစ်ချိုး၊ ဝါးခုတ်၊ ပေါင်းနုတ်၊ နှမ်းရိတ်၊ ကောက်ရိတ် စသည်ဖြင့် ကြုံရာကျပန်း အကုန်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုရသည်။ မိထွေးက မွေးစကလေးငယ်လေးနှင့် အိမ်မှာရှိပြီး ဖခင်ကနေ့တိုင်းတောထဲအလုပ်သွားရသဖြင့် ကလေးနှင့် အေးအေးဆေးဆေးမတွေ့ဖြစ်။မိထွေးနှင့် အဆင်မပြေတော့ ကျောင်းစာကြိုးစားနေသောကလေးအတွက် အနှောင့်အယှက်ဖြစ်ရသည်။ တစ်ခါတစ်ရံ ဖခင်နှင့်အတူ အဖော်ရရန်တောထဲလိုက်ရသည့်အခါများလည်းရှိသည်။ နောက်ပိုင်း ကလေးကစာမလိုက်နိုင်သည့်အခါ အိမ်ကိုမပြောဘဲကျောင်းလစ်သည်။ တစ်နေရာမှစောင့်၍ သူငယ်ချင်းများကျောင်းဆင်းချိန်တွင် အိမ်သို့ရောနှောပြန်သည်။အကြောင်းစုံသိရသည့်အခါ ကလေး၏ လိုအပ်ချက်များကို ဆရာများက ဖြည့်ဆည်းပေးမည်၊ အိမ်တွင် မိဘက ကြီးကြပ်ထိန်းကျောင်း၍ ကျောင်းမှန်မှန်တက်ရေး ဂရုစိုက်ပေးရမည်ဟု ညှိနှိုင်းဆွေးနွေးကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။အချို့ကလေးများသည် မှားယွင်းသောအတွေးကို လက်ကိုင်ပြုလျက်  အကောင်းမှတ်ထင်ကာတလွဲဂုဏ်ယူနေတတ်ကြသည်။

၎င်းအချက်သည်လည်း မိဘများ၏ စရိုက်မှားများမှဆင်းသက်လာသည်။ ရပ်ရွာထဲတွင် မိဘအသိုင်းအဝိုင်းက အများရွံ့ကြောက်ရသူများ(လူမိုက်များ)ဟု မကောင်းသတင်းကျော်ကြားသည်။ ထိုအခါ သားသမီးများကလည်း မည်သူမျှယှဉ်ပြိုင်မပြောဝံ့သော၊ အများကြောက်ရွံ့ရသော လူမိုက်ဟူသော မကောင်းသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူစရာဟု ထင်နေသည်။  ထို့ကြောင့် ကျောင်းပတ်ဝန်းကျင်တွင် အများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၊  လူမိုက်ဆန်နိုင်မှဂုဏ်ရှိသည်ဟု တလွဲမှတ်ယူနေတော့သည်။ ထိုကလေးမျိုးသည် ဆရာကပင် ဆုံးမသွန်သင်ရခက်တတ်သည်။  လူချင်းယှဉ်လိုက်လျှင်   ကိုယ်ကဦးအောင်ချခဲ့ဟု တလွဲသင်မိဘမိုက်အချို့၏စရိုက်ကြောင့်လည်း ကလေးတို့ ရိုင်းပျတတ်ကြသည်။ ထိုကလေးမျိုးကို ဆရာက ခပ်တင်းတင်း ကိုင်တွယ်ဆုံးမရုံသာမက မိဘကိုပါနားလည်အောင်ရှင်းပြ၍ မှန်ကန်သော သွန်သင်ဆုံးမမှုပေးရန် ညှိနှိုင်းရသည်။ မိဘရော ကျောင်းသားပါ နားလည်လိုက်နာသည်နှင့် တစ်ဆစ်ချိုးပြောင်းလဲ၍ လိမ္မာသွားလေတော့သည်။

အချို့ကလေးများသည် မိဘ၏ ကဲကဲလှုပ်တလွဲအလိုလိုက်ခြင်းကို ခံရသည်။ သူ့ကလေးကို မည်သူမျှမထိနှင့်၊ ထိလျှင် ပြဿနာတက်သွားမည်ဆိုသော မိဘအချို့ရှိသည်။ ထိုမိဘမျိုး၏ ကလေးကို ဆရာ၊ ဆရာမလည်း ဆိုဆုံးမရခက်သည်။ ကလေးမှာ အပြစ်ရှိ၍ မလိမ္မာ၍အနည်းငယ် ရိုက်နှက်မိသည်ကိုပင် အပြစ်အနာလုပ်၍ တိုင်ကြားတတ်သည်။

ကိုယ့်ကလေးကို နည်းနည်းလေးမှမထိနှင့်၊ ထိလျှင် တိုင်တောမည်ဖြစ်နေသော မိဘမျိုး၏ကလေးသည် ဆရာတို့ပစ်ပယ်ခြင်းကိုခံရသည်။ ဆရာပစ်ပယ်ထားသောကလေးသည် ပို၍ဆိုးသွမ်းတတ်ပြန်လေသည်။ ထိုသို့မဖြစ်ရန် ဆရာကလည်း ဆရာပီသစွာ ကျောသားရင်သားမခွဲခြားဘဲ ဆိုဆုံးမတတ်ရမည်။ မိဘကလည်း ကိုယ့်ကလေး တတ်သိလိမ္မာရေးအတွက် ဆရာ၊ ဆရာမများအပေါ် အမြင်မှန်ဖို့လိုသည်။ တပည့်ကလည်း ဆရာ၊ ဆရာမ၏ စေတနာ၊ မေတ္တာကို နားလည်သိမြင်လျက် ဆိုဆုံးမမှုကို နှစ်လိုခံယူတတ်ရမည်။ သာဓကအနေဖြင့် တင်ပြရလျှင် မင်းတုန်းမင်းကြီးငယ်စဉ် ဆရာဘုန်းတော်ကြီးထံ မိဘက အပ်နှံသင်ကြားစေသည်။ ဆရာဘုန်းတော်ကြီးက သိမ်းခိုင်းထားသော ငါးခြောက်ပြားပျောက်သည်ကို အကြောင်းပြု၍ တာ၀န်ကျေပွန်ရန်၊နောက်နောင် ဤသို့ မဖြစ်ရန် ပြောဆိုသွန်သင်၍ ရိုက်နှက်ဆုံးမခဲ့သည်။

စည်းကမ်းရိုသေ၍ အသိပညာအတတ်ပညာပြည့်စုံသွားသော ဘုန်းကြီးကျောင်းသားလေးသည် သမိုင်းတွင်ထင်ရှားသော မင်းတုန်းမင်းကြီးဖြစ်ခဲ့သည်။

ဆိုရသော် မိဘတို့သည် သားသမီးကို ကျောင်းပို့ရုံနှင့်တာဝန်မကျေပါ။ ဆရာသည်လည်း ပုံမှန်စာသင်ရုံနှင့် တာဝန်မပြီးပါ။ ကျောင်းသားသည်လည်း မိဘဆရာဆိုဆုံးမစကား နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေ၍မရပါ။ မိဘသည် သားသမီးကို အမြဲစောင့်ကြပ်ကြည့်ရှု၍ မှန်ကန်သောလမ်းကို ညွှန်နိုင်ရမည်။ ဆရာသည် တပည့်တို့၏ အမူအကျင့်နှင့် ပြဿနာဇာစ်မြစ်ကို မှန်ကန်စွာရှာဖွေ၍ သင်နိုင်၊ ပြင်နိုင်ရမည်။

ထို့ကြောင့် ဆရာသည် တပည့်တို့ကို “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍” ဆုံးမသွန်သင်ရန် လိုအပ်သကဲ့သို့ မိဘများကလည်း သားသမီးအပေါ်တွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” မှသာ တတ်သိလိမ္မာသောလူငယ်များဖြစ်လာပေလိမ့်မည်။  ဆရာ၊ မိဘ၊ ကျောင်းသားဟူသော ပညာရေးတြိဂံ၏ အနားများညီနေလျှင် လှပသောပညာရေးတြိဂံအဖြစ်  မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။    ။

MWD Web Portal

ညွန့်ဝင်း(နတ်တလင်း)