ပညာဆိုသည်မှာ“ခွဲခြားသိမြင်နိုင်သောအသိဉာဏ်၊ အတတ်”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူသားတို့သည်ပညာတတ်မြောက်ပါက တွေ့ကြုံနေရသည့်ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲများကိုကျော်လွှားဖြတ်သန်းနိုင်သည်။ အလုပ်ကိုအလွယ်တကူလုပ်လာနိုင်သည်ကိုလည်း သိရှိလာကြသည်။ ပညာရှိများသည် လုပ်ငန်းအမျိုးမျိုးတွင် ဦးဆောင်သူဖြစ်လာသကဲ့သို့ တွေးခေါ်ဆင်ခြင်တတ်သည့်လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များဖြစ်လာကြသည်။
ပညာတတ်၊ ပညာရှိဖြစ်လာမှုတွင် ပညာရေးသည်အခြေခံကျလှသည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီးသင်ကြားပေးမှု၊သင်ယူမှုတို့ဖြင့် ဆက်နွှယ်နေသောလုပ်ငန်းစဉ်ဖြစ်ပေသည်။ ပညာရေးဆိုသောစကားသည် လက်တင်ဘာသာစကား Educate မှ ဆင်းသက်လာကာ အဓိပ္ပာယ်မှာ“ဦးဆောင်ဦးရွက်ပြုခြင်း”ဆိုသည့်သဘောကိုဆောင်နေသည်။ ထို့ကြောင့် မာန်လည်ဆရာတော်ကြီး၏မဟာသုတကာရီမဃဒေဝလင်္ကာသစ်တွင် “လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ်ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်လိမ့်” ဟု ရေးသားခဲ့သည်။
ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များပေါများခြင်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာတတ်မြောက်မှသာ လူ့ဘဝရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သောလုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးကိုရရှိစေသည်။ စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှုနှင့်ပူးပေါင်းဆောင်ရွက်တတ်မှုတို့ပိုင်ဆိုင်လာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေသည်။ ဘဝအောင်မြင်မှုရရှိရေးကြိုးစားရာတွင်ပညာသည်အဓိကကျသည်။
ပညာရေးရည်မှန်းချက်ဆိုသည်မှာ လူတစ်ဦး၏အကြံဉာဏ်စိတ်ကူးကိုအခြားတစ်ယောက်ထံသို့ လွှဲပြောင်းပေးမှုကိုခေါ်ဆိုသည်။ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းနိုင်စွမ်းရှိရမည်။ ပညာရေးနယ်ပယ်တွင် မည်သည့်စနစ်သည် အထိရောက်ဆုံးဖြစ်သည်။ အသိပညာရရှိစေရန် မည်သို့သင်ကြားပေးသင့်သည်။ မည်သည့်အတတ်ပညာသည်အဆီလျော်ဆုံးဖြစ်မည်၊ ရရှိပြီးပညာရပ်ကို မည်သို့ဆက်လက်ထိန်းသိမ်းရမည်ဆိုသောအချက်များအား အလေးထားစဉ်းစားရမည်။ ပညာဗဟုသုတရရှိစေရန် အားထုတ်နေရုံသာမက ၎င်းပညာရပ်သည် ကောင်း၊ မကောင်း၊ မှန်၊ မမှန်ကိုလည်း ဆုံးဖြတ်ရမည်။ပညာရေးတည်ရှိစေရန် စာသင်ကျောင်းဆိုသည်ကလည်းရှိရမည်။
ကမ္ဘာပေါ်တွင် ပညာသင်ကြားပေးရန်နည်းလမ်းအမျိုးမျိုးရှာဖွေရာမှ စာသင်ကျောင်းဟူ၍ပေါ်ပေါက်လာသည်။ “စာ”ဟူသည်ကား“အက္ခရာအရေးအသား၊ သုတရသဆိုင်ရာအရေးအသား၊ ကျောင်းသင်ပညာရေးဆိုင်ရာအရေးအသား”ဟု မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။
တစ်နည်းအားဖြင့် ပညာရရှိစေရန် စာတတ်ရမည်။ စာတတ်စေရန်ကျောင်းနေရမည်။ စာသင်ကျောင်းဆိုသည်မှာ လူသားများ၏လိုအပ်ချက်ကို ကလေးဘဝမှစတင်၍ နည်းလမ်းအမျိုးမျိုးဖြင့် ပညာပေးဝေသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကလေးများစုဝေးပြီး စနစ်တကျပညာသင်ပေးသည့်ဌာနဟုလည်းခေါ်ဆိုကြသည်။ ထို့ကြောင့် ကျောင်းနေခြင်းဆိုသည့်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင်ထွန်းကားလာသည်။ စာသင်ကြားရာတွင်ကျောင်းသင်ခန်းစာများသင်ယူမှု(Formal Learning)၊ ကျောင်းပြင်ပသင်ယူမှု(Non-Formal Learning)နှင့် အတွေ့အကြုံများမှကိုယ်တိုင်လေ့လာသင်ယူမှု(Informal Learning)ဟူ၍သုံးမျိုးရှိသည်။ ထိုသုံးမျိုးဖြင့်ဘဝတစ်သက်တာလေ့လာသင်ယူသွားကြရမည်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အတတ်သင်ကျောင်းစသည်ဖြင့်ခေါ်ဆိုကြသော်လည်း ၎င်းတို့သည် စာသင်ကျောင်းများသာဖြစ်ကြသည်။
ကမ္ဘာပေါ်တွင် ကျောင်းသင်ခန်းစာသင်ယူမှု(Formal Learning)ကိုအစိုးရကကြီးကြပ်လေ့ရှိသည်။ အစိုးရပညာရေးဌာနများက ဆရာ၊ ဆရာမများခန့်ထားပေးသည်။ ဆရာ၊ ဆရာမများအားကြီးကြပ်သည့်ပညာရေးမှူးများရှိကြသည်။ အစိုးရကျောင်းများသည် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ပညာသင်စရိတ်အားလုံးကို နိုင်ငံတော်အစိုးရမှကျခံပေးသည်။ ကျောင်းသား၊ ကျောင်းသူများသင်ကြားလေ့လာရမည့်သင်ရိုးကို ဗဟိုအစိုးရကရေးဆွဲပေးသည်။ အစိုးရကျောင်းများ၏အားသာချက်မှာ ငွေကြေးအကုန်အကျနည်းကာ ကျောင်းပြီးပါက အစိုးရယန္တရားတွင်ဝင်ရောက်လုပ်ကိုင်ခွင့်ပိုမိုရရှိကြောင်း လေ့လာသိရှိရသည်။
စာရေးသူတို့မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ အသိပညာနှင့်အတတ်ပညာပြည့်စုံသည့် လူချွန်လူကောင်းများဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေသည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ သတ်မှတ်ခဲ့ရာ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍အကောင်အထည်ဖော်လျက်ရှိသည်။ ယခုအခါ KG မှစတင်ပြီး Grade -12 အထိအတန်းများသင်ကြားပို့ချနေပြီဖြစ်သည်။ အခြေခံပညာဦးစီးဌာနသည် မူလတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းအဆင့်အထိ အစိုးရမှဖွင့်လှစ်ပေးသော အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကအခြေခံပညာကျောင်းများကိုကြီးကြပ်ရသည်။ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း၊ ပညာရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့် ပညာရေးအကဲဖြတ်ခြင်းစသည်တို့ဆောင်ရွက်သည်။
တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့အခြေအနေတွင်နိုင်ငံသားတစ်ဦးသည် အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့်အထိတတ်မြောက်သင့်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူတစ်ဦးတစ်ယောက်ချင်းစီသည် KG+9 အတန်းအထိ ပညာသင်ကြားရေးဦးတည်ချက်ချမှတ်ထားသည်။ အလယ်တန်းအဆင့် Grade - 9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်သက်မွေးပညာသင်ယူမှုအခွင့်အလမ်းများကို ဖော်ထုတ်ပေးနေသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ပေးထားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထားသည့်နိုင်ငံဖြစ်ပေရာ စနစ်ကျသော ကုန်ထုတ်လုပ်မှုများပြုလုပ်နိုင်ရန်ကျွမ်းကျင်သူများလိုအပ်လျက်ရှိသည်။ထို့ကြောင့် ခရိုင် ၈၄ ခုတွင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၅ ကျောင်းဖြင့်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက်လိုအပ်သည့်ကျွမ်းကျင်မှုအရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် သင်ကြားပေးနေသည်။
အတန်းပညာသင်ကြားရာတွင် စာသင်ဆောင်၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ အားကစားကွင်း၊ သင်ထောက်ကူပစ္စည်း၊ သောက်ရေသုံးရေရရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်မှုတို့ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အရည်အချင်းရှိသော ဆရာ၊ ဆရာမအရေအတွက်လုံလောက်မှုရှိရေးကိုလည်း လုပ်ဆောင်ပေးနေသည်။ မွမ်းမံသင်တန်းပို့ချမှု၊ သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ သက်သာချောင်ချိမှုတို့ကိုလည်း ဆောင်ရွက်ပေးနေသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်၊ ရိုးသားဖြောင့်မတ်စေရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် ကိန်းအောင်းစေရန်၊ စုပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်စသည့် အမူအကျင့်ကောင်းများဖြင့် လေ့ကျင့်ပျိုးထောင်လျက်ရှိသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးပိုမိုမြှင့်တင်ရေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃-၂၀၂၄)နှင့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)တို့ကိုကျင်းပခဲ့ပြီးဖြစ်သည်။
အခြေခံပညာကဏ္ဍတွင် ကိုဗစ်-၁၉ အလွန် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၅ ဒသမ ၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ရှစ်သန်းကျော်အထိတိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်အထိကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော်ရှိခဲ့သည်။
ပြည်သူများအနေဖြင့် အခြေခံပညာစာသင်ကျောင်းများကိုအားကိုးကြသည်။မြန်မာမှုနယ်ပယ်တွင် မိဘများသည် မိမိတို့၏သားသမီးများပညာသင်ယူရမည့်အရွယ်သို့ရောက်လာလျှင် စာသင်ကျောင်းဆီသို့သွားကာကျောင်းအပ်နှံကြသည်။ “အရွယ်ရောက်လာကျောင်းအပ်ကာ ပညာပေးပေ တို့မေမေ”ဟုပင် “တို့မေမေ”ကဗျာထဲတွင် ရေးသားထားသည်က အထင်အရှားဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှဇွန်လ ၁ ရက်အထိကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)နှင့်ခြောက်နှစ်အရွယ်ကလေးများကို(Grade-1)သို့အပ်နှံရမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံတို့အခမဲ့ပံ့ပိုးမည်ဖြစ်ကြောင်း၊ အခကြေးငွေကောက်ခံခြင်းမပြုကြောင်း၊ပညာရေးအတွက် မိဘ၊ ဆရာနှင့်ကျောင်းသားတို့ပူးပေါင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက်၊ Vape-စီးကရက်၊ ကွမ်းယာမသုံးစွဲရေးကြပ်မတ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ပြန်ထားသည်။ မိဘ၊ အုပ်ထိန်းသူများအနေဖြင့် မြို့နယ်အလိုက်သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်မေတ္တာရပ်ခံထားသည်။
အချုပ်အားဖြင့်ဆိုရလျှင်လူသားတို့တွင် အသိပညာ၊ အတတ်ပညာများတည်ရှိပါက လူ့ဘောင်လောကကြီးသည် ဖွံ့ဖြိုးတိုးတက်မည်မှာအသေအချာဖြစ်သည်။ လူသားတိုင်းသည် ပညာတတ်မြောက်အောင်ကြိုးပမ်းရမည်။ အသိပညာဗဟုသုတများရရှိရေးဆောင်ရွက်ရာတွင် ပညာရေး၊ စာ၊ စာသင်ကျောင်းတို့သည်ဒွန်တွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံရှိမိဘများအနေဖြင့် မိမိတို့၏သားသမီးများစာတတ်မြောက်စေရန်ပန်းကလေးများဖူးတံဖြင့် ပွင့်နေသောစာသင်ကျောင်း၊ နေရောင်အောက်တွင်ရွှေရည်လောင်းနေသောစာသင်ကျောင်းသို့ သွားရောက်အပ်နှံကြပါရန် နှိုးဆော်ရေးသားလိုက်ရပါသည်။ ။
Source: Myawady Web Portal
ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက် ပုံစံအမျိုးမျိုးဖြင့် အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
ဝါသီးနှံကိုမြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဝါမျိုးစုံစိုက်ပျိုးမှုမှာ ဧက ၅ ဒသမ ၄၅ သိန်းစိုက်ပျိုးပြီးဖြစ်ရာ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုမှာ စုစုပေါင်း ဝါမျိုးစုံစိုက်ပျိုးမှု၏ ၉၄ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ချည်မျှင်တိုဝါ စိုက်ပျိုးမှုမှာ ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။
လက်ရှိစိုက်ပျိုးလျက်ရှိသော ချည်မျှင်ရှည်ဝါမျိုးများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးသော ငွေချည် -၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ ချည်မျှင်ရှည်ဝါမျိုးများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှဖြန့်ဖြူးသောမျိုးများဖြစ်သည့် ရာကာ-၆၆၆၊ ဘီ-၃၁နှင့် တီဘီအယ်လ်-၁၉၅ တို့ဖြစ်ပြီး ချည်မျှင်တိုဝါမျိုးများမှာ မလှိုင်ဝါ၊ ဝါကြီး၊ ဝါကလေးတို့ဖြစ်သည်။ ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း ရွှေတောင်-၁၀ကို အများဆုံး စိုက်ပျိုးပြီး စုစုပေါင်း ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၄၈ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးမှာ ရွှေတောင်-၈ ဖြစ်ပြီး ၃၄ ဒသမ ၆၉ ရာခိုင်နှုန်း စိုက်ပျိုးသည်။ တိုင်းဒေသကြီးအလိုက်၊ မျိုးအလိုက်စိုက်ပျိုးမှုကိုကြည့်ပါက ရွှေတောင်-၁၀ ဝါမျိုးကို မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံး၊ ရွှေတောင်-၈ ဝါမျိုးကို မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၂၇ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်းတို့ဖြစ်သည်။
စိုက်ပျိုးထွက်ရှိသောဝါများအား ကြိတ်ခွဲထုတ်လုပ်၍ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဝါ ၃၉၈၅၆၄ မက်ထရစ်တန် (ဂွမ်း ၁၃၁၅၂၆ မက်ထရစ်တန်) ထွက်ရှိ၍ ပြည်တွင်းသုံးစွဲမှုမှာ ဂွမ်း ၂၆၃၄၅ မက်ထရစ်တန်ဖြစ်ပြီး ပြည်ပတင်ပို့မှုမှာ ဂွမ်း ၉၄၁၉ မက်ထရစ်တန်ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများအနေဖြင့် ဝါသီးနှံအထွက်နှုန်းတိုးတက်၍အရည်အသွေးကောင်းမွန်သော ဝါများရရှိပါက ဈေးကောင်းရရှိကာ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးအတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ရည်ရှိသော ဝါမျိုးများ ကို စဉ်ဆက်မပြတ်သုတေသနပြု၍ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းအပြင် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကိုလည်း သုတေသနပြုလုပ်၍ ရရှိလာသော ရလဒ်ကောင်းများကို တောင်သူများထံသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ ချည်မျှင်ရှည်ဝါ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၉၇ ဒသမ ၅၁ ပိဿာဖြစ်သည်။ တောင်သူများအနေဖြင့် တစ်ဧကဝါပိဿာ ၇၀၀ ထွက်ရှိပါကလက်ရှိဝါရောင်းချဈေးနှုန်းသည် ၁ ပိဿာလျှင် ပျမ်းမျှငွေကျပ် ၃၀၀၀ မှ ငွေကျပ် ၄၀၀၀ အတွင်း ရရှိသည်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ၂၁ သိန်းမှ ငွေကျပ် ၂၈ သိန်းရရှိမည်ဖြစ်ပြီး တစ်ဧက ဝါစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်ရှစ်သိန်းကျော် ဖြစ်သဖြင့် ၁ ဧကလျှင် ငွေကျပ် ၁၃ သိန်းမှ ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိမည်ဖြစ်သည်။
မျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုခြင်းနှင့်စိုက်ပျိုးနည်း
ဝါစိုက်ပျိုးရာတွင် ထည့်သွင်းရမည့် သွင်းအားစုများအနက်မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုး ခြင်းသည်အဓိကကျသောအချက်ဖြစ်သည်။ မည်မျှပင်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုပါစေ “မျိုးစေ့မမှန်ပင်မသန်”ဆိုသည့် ဆိုရိုးစကားအတိုင်း မျိုးကောင်းမျိုးသန့်အသုံးပြု စိုက်ပျိုးထားခြင်းမဟုတ်ပါက မျှော်မှန်းအထွက်နှုန်းနှင့် အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်ပါ။သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့စီးဆင်းမှုစနစ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်- ၉၊ ရွှေတောင်-၁၀နှင့် ငွေချည်-၁၁ ဝါမျိုးများကို စိုက်ပျိုးရန်ဖြစ်ပြီး ကုမ္ပဏီများမှ မှတ်ပုံတင်၍ ဖြန့်ဖြူးသော မျိုးဝါများကိုလည်း စိုက်ပျိုးနိုင်ပါသည်။
ဝါမျိုးစေ့များကိုကြိုတင်စုဆောင်း၍ အနည်းဆုံး သုံးရက်နေလှန်းပြီးမှသာ အသုံးပြုစိုက်ပျိုးရန် ဖြစ်သည်။ ဝါမျိုးစေ့အိတ်များကို မြေကြီးပေါ်တွင်ထားပါက အစိုပြန်၍ ပျက်စီးတတ်သဖြင့် စင်ပေါ်တွင်ဖြစ်စေ၊ တုံးခံ၍ဖြစ်စေ၊ ဝါးကပ်ခင်း၍ဖြစ်စေ တင်ထားရန်လိုအပ်သည်။ ဝါစေ့များကို မစိုက်ပျိုးမီ ၁၅ ရက်ခန့် ကြိုတင်၍ အပင်ပေါက်စမ်းသပ်ကြည့်ပြီး ဝါစေ့ ၁၀၀ လျှင် ၇၅ စေ့ အပင်ပေါက်မှ မျိုးအဖြစ် အသုံးပြုရမည်ဖြစ်သည်။
မြေအမျိုးအစားရွေးချယ်ခြင်း
ဝါသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုကောင်းသော နုန်းမြေ၊ သဲနုန်းမြေ ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်ပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိရပါမည်။ ဆပ်ပြာ၊ ယမ်းစိမ်းမပေါက်သောမြေဖြစ်ရပါမည်။
စိုက်ချိန်မှန်ကန်စေခြင်း၊ ထယ်ရေးနက်နက်နှင့် ညက်ညက်ရအောင်ဆောင်ရွက်ခြင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတို့တွင်စိုက်ပျိုးလျက်ရှိရာ ဆည်ရေသောက်ဒေသများတွင် မိုးကြိုရာသီစိုက်ဝါကို ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးကောင်းသောက် ဧရိယာများတွင် မိုးရာသီစိုက်ဝါကို မေလလယ်မှ ဇွန်လကုန်အတွင်း၊ မိုးနှောင်းရာသီစိုက် ဝါကို ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အတွင်း အပြီးရာသီချိန်မီစိုက်ပျိုးရန် လိုအပ်ပါသည်။ ဝါစိုက်ထယ်ရေးအဖြစ် ထယ်နှစ်စပ်(ခါ)ထိုးပြီး စက်ထွန်နှစ်စပ်(ခါ)(သို့) နွားထွန် လေးစပ်(ခါ)ထွန်မွှေပေးခြင်းဖြင့် ထယ်ရေးနက်နက်နှင့်ညက်ညက်ရအောင်ဆောင်ရွက်ရပါသည်။ ဤသို့မြေကို စနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေအတွင်းအစိုဓာတ်ကို ကောင်းစွာထိန်းနိုင်ခြင်း၊ မြေအတွင်းလေဝင်လေထွက်ကောင်းခြင်း၊ မြေအတွင်း အကျိုးပြုပိုးများလှုပ်ရှားနိုင်ခြင်းကြောင့် အပင်အတွက် အာဟာရဓာတ်ကောင်းစွာရရှိနိုင်ခြင်း၊ ပေါင်းမြက်များကိုသေစေနိုင်ခြင်းနှင့် အပင်၏အမြစ်ဖွဲ့စည်းမှု ကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ မြေအတွင်းရှိ အစိုဓာတ်မပျက်စေရန် ကျမ်းတုံးဖြင့်မြေကိုဖိ၍ညီညာအောင်ညှိပြီး စိုက်ကြောင်းဆွဲပေးရပါမည်။
တစ်ဧက သတ်မှတ်အပင်ဦးရေပြည့်မီအောင်ဆောင်ရွက်ခြင်း
တစ်ဧကတွင် ဝင်ဆံ့ရမည့် သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်းသည် အထွက်နှုန်းတိုးတက်ရန်အတွက် အရေးကြီးသည်။ သို့ဖြစ်၍ မိမိစိုက်ပျိုးသည့် မြေအမျိုးအစားအလိုက် သတ်မှတ်အပင်ဦးရေပြည့်မီရေး ပင်ကြား၊ တန်းကြားအကွာအဝေးကို ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမည့်မြေသည် မြေကောင်းဖြစ်ပါက တန်းကြား (တစ်တန်းနှင့် တစ်တန်းအကွာအဝေး) ၃ ပေ၊ ပင်ကြား (တစ်ကျင်းနှင့် တစ်ကျင်းအကွာအဝေး) ၃ ပေဖြင့်လည်းကောင်း၊ မြေသင့်ဖြစ်ပါက တန်းကြား ၃ ပေ၊ ပင်ကြား ၂ ပေဖြင့်လည်းကောင်း၊ မြေညံ့ဖြစ်ပါက တန်းကြား ၂ ဒသမ ၅ ပေ၊ ပင်ကြား ၂ ဒသမ ၅ ပေဖြင့် လည်းကောင်း စိုက်ပျိုးသင့်သည်။ စိုက်ပေါင်ဖော်ပြီးပါက သတ်မှတ်ထားသည့် ပင်ကြား၊ တန်းကြားအကွာအဝေးအတိုင်း တစ်ကျင်းလျှင် ဝါမျိုးစေ့ သုံးစေ့ထက်မပိုဘဲ မြေချစိုက်ပျိုးပြီး မျိုးစေ့များအပေါ်တွင် မြေပါးပါးပြန်ဖုံးပေးရပါမည်။ စိုက်ပျိုးပြီး သုံးရက်မှ ငါးရက်အကြာ ဝါပင်ပေါက်စုံလျှင် မပေါက်သည့်နေရာ ကျင်းလပ်များအား အမြန်ဆုံးမျိုးစေ့ချ၍ အစိုဓာတ်ရအောင်ဆောင်ရွက်ပြီး ပြန်လည်ဖာထေးစိုက်ပျိုးရပါမည်။ ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅ ရာခိုင်နှုန်းပြည့်မီစွာ ဝါကောက်သိမ်းနိုင်ရေးအတွက် ဝါပင်များအသေအပျောက်မရှိစေရေးကို အလေးထားစီစဉ်ဆောင်ရွက်ရပါမည်။
သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတွဲဖက်၍အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုခြင်းဝါသီးနှံစိုက်ပျိုးရာတွင် ဝါအထွက်နှုန်းတိုးတက်ရေးနှင့် ဂွမ်းမွေးအရည်အသွေးကောင်းမွန်ရေးတို့အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို အချိန်ကိုက် အချိုးကျ တွဲဖက်ထည့်သွင်းအသုံးပြုရေးသည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်သည်။
သို့ဖြစ်၍ တစ်ဧကလျှင် သဘာဝမြေဩဇာ နွားချေးလှည်း ၁၀ စီး၊ ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့် ပိုတက်မြေဩဇာအိတ်ဝက်ကို မြေခံအဖြစ်လည်းကောင်း၊ အပိန့်ဝင်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်၊ ယူရီးယားအိတ်ဝက်နှင့် ပိုတက်အိတ်ဝက်ရောပြီး အပင်ခြေမှ ၆ လက်မအကွာတွင်လည်းကောင်း၊ ပန်းပွင့်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မအကွာတွင်လည်းကောင်း၊ ဝါသီးကြီးထွားမှုနောက်ပိုင်းကာလ၇၅-၈၀ ရက်သားတွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင်လည်းကောင်း အချိန်ကိုက် အချိုးကျ ထည့်သွင်းပေးရန်လိုအပ်သည်။ ပိုတက်ဆီယမ်ရွက်ဖျန်းမြေဩဇာ၊ အနည်းလို အာဟာရဘိုရွန် ရွက်ဖျန်းမြေဩဇာနှင့် ဇင့်ရွက်ဖျန်းမြေဩဇာများ ဖြည့်စွက်အသုံးပြုနိုင်သည်။ ဝါသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန်အတွက် ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေဩဇာများကိုလည်း မဖြစ်မနေတွဲဖက် အသုံးပြုရန်လိုအပ်ပါသည်။
သဘာဝမြေဩဇာအားသုံးစွဲခြင်းဖြင့်အဓိကလိုအပ်သော အာဟာရဓာတ်၊ သာမန်လိုအပ်သော အာဟာရဓာတ်နှင့် အနည်းလိုအာဟာရဓာတ်များစုံလင်စွာရရှိနိုင်ခြင်း၊ မြေအတွင်းအဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှုကောင်းမွန်စေခြင်း၊ မြေဆီလွှာဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်စေခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး စိုက်ပျိုးရေးတိုးတက်မှုကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။
အချိန်မီအပင်သားခွဲခြင်း
ရွက်ဆစ် ၃-၄ ရွက်ထွက်ချိန်တွင် စိုက်ပြီး ၁၈-၂၁ရက်အတွင်း စိုက်ကျင်းတစ်ကျင်းလျှင် နှစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ စနစ်တကျနှင့် အချိန်မီသားခွဲခြင်းဖြင့် ဝါပင်ပုံမှန်ဖြစ်ထွန်းစေခြင်း၊ သီးကိုင်းများ ပုံမှန်ကြီးထွားခြင်း၊ ဂွမ်းနှင့် ဝါစေ့အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်စေမည်ဖြစ်သည်။
ပေါင်းမြက်နှိမ်နင်းခြင်း၊ ကြားထွန်ဝင်ခြင်း
အပင်ငယ်စဉ် မြစ်စဉ်ထုအား ကြီးထွားမှုမြန်ပြီး အပင်ပိုင်းကြီးထွားမှုနှေးသဖြင့် ဝါပင်သက်တမ်းနှစ်လအတွင်း ပေါင်းမြက်မအုပ်မိစေရန်အတွက် ငယ်ပေါင်းနှိမ်နင်းရန် အထူးလိုအပ်သည်။
နောက်ပိုင်းကြားထွန်ဝင်ခြင်းကို ၁၅ ရက်တစ်ကြိမ်(သို့)ရေသွင်းပြီးတိုင်း၊ မိုးရွာပြီးတိုင်း၊ ပေါင်းမြက်ထတိုင်းဆောင်ရွက်ရပါမည်။ ကြားထွန်ဝင်ခြင်းကို အပင်ခြေမှ အနည်းဆုံး ၆ လက်မခွာ၍ ပြုလုပ်ရမည်။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန်လိုအပ်သည်။
အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း၊ လိုအပ်သလို ရေသွင်း၊ ရေထုတ်ပြုလုပ်ခြင်းဖြည့်စွက်ရေသည် ဝါအထွက်နှုန်းတိုးတက်ရေးအတွက် အရေးကြီးသော သွင်းအားစုတစ်ခုဖြစ်သည်။ ရေပေးသွင်းခြင်းကို ဝါစိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက်အလိုက် မိုးကြိုရာသီတွင် စိုက်ရေ တစ်ကြိမ်၊ အပင်ဖြစ်ရေ ၄-၅ ကြိမ် သွင်းပေးခြင်းနှင့် မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂-၃ ကြိမ် သွင်းပေးရမည်။ အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်း မိုးများ၍ ရေဝပ်နေလျှင် ရေထုတ်ပေးခြင်း၊ အထူးသဖြင့် အပင်ငယ်စဉ်တွင် ရေမဝပ်စေရန်နှင့် ရေပို၊ ရေလျှံများ အမြန်ဆုံးထုတ်ပေးခြင်းတို့ ဆောင်ရွက်ရမည်။ အပိန့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့တွင် အစိုဓာတ်လုံလောက်စွာမရပါက ရေသွင်းရန်လိုအပ်ပါသည်။
ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
ဝါသီးနှံ၏အထွက်နှုန်းကိုလျော့ကျစေသော အချက်များတွင် ပိုးမွှားရောဂါကျရောက်မှုသည် အဓိကအချက်ဖြစ်သဖြင့် ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းရန် အရေးကြီးပါသည်။ ဝါသီးနှံတွင်ကျရောက်တတ်သော ပိုးများမှာ အရွက်များတွင်ကျရောက်တတ်သော ဖြုတ်စိမ်း၊ ပျ၊ ယင်ဖြူ၊ ရွက်လိပ်၊ ရွက်စားပိုးများနှင့် သီးပွင့်အင်္ဂါများတွင် ကျရောက်တတ်သော အစိမ်းရောင်သီးလုံးဖောက်ပိုး၊ ပန်းရောင်သီးလုံးဖောက်ပိုး၊ အစက်အပြောက်သီးလုံးဖောက်ပိုး၊ ဝါဂွမ်းပိုးနီနှင့် ပင်စည်တွင်ကျရောက်တတ်သော ပင်စည်ထိုးကျိုင်းတို့ဖြစ်သည်။ ထို့ကြောင့် အပင်ငယ်စဉ်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများကိုကာကွယ်ရန် မျိုးစေ့လူးနယ်ဆေး လူးနယ်ထားသော မျိုးစေ့ကို စိုက်ပျိုးရမည်။ ဝါပင် ၅၀ ရက်သားအထိ စုပ်စားပိုးကာကွယ်ဆေးနှစ်ကြိမ်နှင့် ဝါပင် ၆၀ ရက်သား နောက်ပိုင်း ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုးနှင့် စုပ်စားပိုးကာကွယ်ဆေးလေးကြိမ် ပက်ဖျန်းရမည်ဖြစ်ပြီး လိုအပ်ပါက အခြားပိုးများအတွက်လည်း ဆေးဖျန်းကာကွယ်ရပါမည်။ ထို့ပြင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုလည်း အသုံးပြုရန်လိုအပ်သည်။
ပိုးသတ်ဆေးများကို ကျရောက်သော ပိုးအမျိုးအစားအလိုက် တစ်ဧကသုံးစွဲရမည့်နှုန်းထားအတိုင်းမှန်ကန်စွာသုံးစွဲရန်ဖြစ်သည်။ ပိုးသတ်ဆေးများကို ကိုင်တွယ်ပက်ဖျန်းသည့်အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ ဖိနပ်များကို ပြည့်စုံစွာဝတ်ဆင်ရမည်။ ဆေးဖျန်းလုပ်သားသည် အမြဲတမ်း လေတင်မှနေ၍ ဖျန်းရမည်။
စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလိုက်နာခြင်း
ဝါစိုက်တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါခင်းအတွင်း၌ ဝါသီး ၃၀ ရာခိုင်နှုန်းကွဲချိန်တွင် စတင်ကောက်သိမ်း၍ ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို အလေအလွင့်မရှိအောင် ကောက်သိမ်းရမည်။ ဝါကောင်းနှင့်ကြွယ်ဝါကို ခွဲခြားကောက်သိမ်းရမည်။ ဝါကို ၁-၂ ရက်ခန့် နေလှန်းပြီးမှသာ သိုလှောင်သိမ်းဆည်းရမည်။ အလွန်ပူသော နေ့လယ်ခင်း၊ အလွန်စိုစွတ်သော ရာသီဥတုအခြေအနေများနှင့် မိုးရွာပြီးစအချိန်တို့တွင် ဝါကောက်သိမ်းခြင်းမပြုလုပ်သင့်ပါ။ ကောင်းစွာခြောက်သွေ့သော ဝါပေါက်ကိုကောက်သိမ်းခြင်းသည် ဝါစေ့များတွင် အစိုဓာတ်ပါဝင်မှုနည်းပြီး မျိုးစေ့အပင်ပေါက်မှု စွမ်းရည်ကောင်းမည်။ ဝါကောင်းမှ အရည်အသွေးကောင်းဝါမျိုးစေ့များရရှိမည်။
ဝါကြိတ်ခွဲသူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါကြိတ်ခွဲသူများအနေဖြင့် ဝါအရည်အသွေးစစ်ဆေးဝယ်ယူခြင်းနှင့် အရည်အသွေးကောင်းဝါများကို ဈေးကောင်းသတ်မှတ်ဝယ်ယူခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝါ၏ပင်ကိုအရည်အသွေး ထိန်းသိမ်းနိုင်ရန် ချည်မျှင်တို၊ ချည်မျှင်လတ်၊ ချည်မျှင်ရှည်ခွဲခြား၍ ကြိတ်ခွဲခြင်း၊ ဝါမျိုးအလိုက် ခွဲခြားသိုလှောင်ပြီး အရောင်အစွန်းအထင်းပါသော ဝါပေါက်များကို ဖယ်ရှားသန့်စင်ပြီးမှ ကြိတ်ခွဲခြင်း၊ မျိုးတစ်မျိုးနှင့်တစ်မျိုး ပြောင်းလဲကြိတ်ခွဲပါက မျိုးကွဲများရောနှောခြင်းမရှိစေရန်အတွက် စက်အစိတ်အပိုင်းများအားလုံးကို စနစ်တကျ အသေးစိတ်သန့်စင်ပြီးမှ ကြိတ်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။ ကြိတ်ခွဲပြီးဂွမ်းများအား ကူးစက်ညစ်ညမ်းမှုများမရှိစေရန် စနစ်တကျ ထုပ်ပိုးသိုလှောင်ခြင်း၊ မျိုးစေ့များကို ဆန်ခါချ၍ လုံးပိန်၊ လုံးညှက်၊ အရောင်ပျက်များ ဖယ်ရှားခြင်းတို့ ဆောင်ရွက်ရမည်။
သို့ဖြစ်ပါ၍ ဝါစိုက်တောင်သူများ၊ ဝါကြိတ်ခွဲထုတ်လုပ်သူများ၊ တစ်ဦးချင်းအနေဖြင့် အထက်ပါနည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်လာခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေမည်ဖြစ်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းဝါလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်းအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိ၍နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ ။
Source: Myawady Web Portal
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိကို သာမန်အားဖြင့် လေယာဉ်စီးမယ်ဆိုရင် အချိန်ကရှစ်နာရီ ကျော်ကြာမြင့်မှာပါ။ အကွာအဝေးကလည်း ကီလို မီတာပေါင်း ၅၅၅၄ ကီလိုမီတာကျော်ပါတယ်။
တကယ်လို့များ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို လေယာဉ်စီးပြီးသွားရမယ်ဆိုရင်တော့ အချိန်အားဖြင့်တစ်နေကုန်လောက်ယူရမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များက အဲဒီလိုမျိုးကြာမြင့်ချိန်ကိုလျှော့ချနိုင်စေဖို့အတွက် တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်လာတာတွေ့ရပါတယ်။ အဓိကအားဖြင့် မြန်နှုန်းမြင့်လေယာဉ်တွေကို တီထွင်လာကြတာပါ။
ဒီလိုမျိုး တီထွင်လာကြခြင်းရဲ့အကျိုးရလဒ်တစ်ခုအနေနဲ့ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီလိုမျိုးအရောက်သွားနိုင်ဖို့ဆိုရင် အသံထက်အလွန်မြန်တဲ့နှုန်းနဲ့သွားမှသာရောက်ရှိမှာပါ။
အခုတော့ A-HyM Hypersonic Air Master ဆိုတဲ့လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းထွက်ပေါ်လာပါပြီ။ ဒီလေယာဉ်ကအပေါ်မှာပြောခဲ့သလိုမျိုးပဲ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်စေမှာပါ။ ဒီလိုသွားနိုင်ဖို့အတွက်သူ့ရဲ့အမြန်နှုန်းက အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းနဲ့သွားမှာဖြစ်ပါတယ်။
အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းဆိုတာကို ရှင်းလင်းမြင်သာအောင်ပြရရင် တစ်နာရီကိုမိုင်ပေါင်း ၅၆၀၀ ကျော်နှုန်း၊ ကီလိုမီတာအားဖြင့် ၉၀၀၀ ကျော် နှုန်းနဲ့သွားနိုင်တာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့အဆင့်အမြင့်ဆုံးခရီးသည်တင်လေယာဉ်တောင်မှ အမြန်ဆုံးအနေနဲ့ တစ်နာရီကိုမိုင် ၅၆၀ နှုန်းနဲ့သာ ပျံသန်းနိုင်ပါသေးတယ်။ အတိတ်တုန်းက လန်ဒန်က နေ နယူးယောက်ကို ကြာမြင့်ချိန်သုံးနာရီခွဲဝန်းကျင်နဲ့ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာကျော်ကွန်းကော့လေယာဉ်တောင်မှ A-HyM Hypersonic Air Master ရဲ့နောက်မှာပြတ်ကျန်ခဲ့ရမယ့်အနေအထားဖြစ်ပါတယ်။
A-HyM Hypersonic Air Master ဆိုတာ စပိန် နိုင်ငံမှလေကြောင်းအာကာသ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အော်စကာဗီနာရဲ့စိတ်ကူးဖြစ်ပါတယ်။သူ့ရဲ့စိတ်ကူးထဲမှာ ခရီးသည် ၁၇၀ ကိုတင်ဆောင်ပြီး မြေမျက်နှာပြင်အထက် ၉၈၄၂၅ ပေကနေပျံသန်းမယ့် အသံ နှုန်းလွန်ခရီးသည်တင်လေယာဉ်ကို ဖန်တီးဖို့ဖြစ်ပါ တယ်။ ဒီအမြင့်ပေဆိုတာကလည်း သာမန်ခရီးသည် တင်လေယာဉ်တွေ ပျံသန်းတဲ့အမြင့်ပေထက်ကိုနှစ်ဆကျော်ရှိပါတယ်။
“အခုလိုမျိုးလေယာဉ်ကိုစိတ်ကူးပုံဖော်ဖန်တီးရ တဲ့အကြောင်းရင်းက လေယာဉ်စီးသူတွေအနေနဲ့ သူမတူထူးခြားတဲ့အတွေ့အကြုံကိုခံစားရရှိနိုင်စေဖို့နဲ့ ခရီးသွားရတဲ့ကြာမြင့်ချိန်ကိုလည်း သိသိသာသာ လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ကြောင့် လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်ကနေ လေယာဉ်ပေါ် တက်ပြီးချိန်မှ နယူးယောက်မြို့ရှိ လော့အိန်ဂျလိ လေဆိပ်ကိုဆိုက်ရောက်ပြီးဆင်းပြီးသည့်အချိန်အထိစုစုပေါင်းကြာမြင့်ချိန် တစ်နာရီခွဲပဲရှိမှာဖြစ်ပါတယ်လို့ အော်စကာဗီနာကပြောပါတယ်။
အခုလိုမျိုးအသံထက်အလွန်မြန်တဲ့နှုန်းနဲ့ပျံသန်း မယ်ဆိုတာက အဲဒီလေယာဉ်ကိုအမြန်သွားစေတာ တစ်ခုတည်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။ သူနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရတာဖြစ်ပါတယ်။ အထင်ရှားဆုံးသောနည်း ပညာပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ အပူချိန်မြင့်တက် မှုကိုခံနိုင်ရည်ရှိစေရေးဖြစ်ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ သာလေထဲမှာပျံသန်းမယ်ဆိုရင် လေယာဉ်ကလေထု နဲ့ပွတ်တိုက်မှုကြောင့် အပူချိန် ၁၀၀၀ ဒီဂရီစင်တီ ဂရိတ်အထိကိုရင်ဆိုင်ရမှာပါ။
ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့အတွက် အော်စကာဗီနာက လေယာဉ်ရဲ့ကိုယ်ထည်ကို တိုက်တေနီယံ၊ ကာဗွန်ဖိုက်ဘာတို့နဲ့ပေါင်းစပ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေက အလေးချိန်အား ဖြင့်ပေါ့ပါးတဲ့အပြင် အပူဒဏ်ကိုလည်းအလွန်ခံနိုင် ရည်ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကိုကမ္ဘာ့မြေ မျက်နှာပြင်အမြင့်ပိုင်းတွေမှာ အသုံးပြုဖို့အတွက် အသင့်လျော်ဆုံးသော ကုန်ကြမ်းပစ္စည်းတွေဖြစ်စေ တာပါ။
အခုလောက်ထိမြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင် အသံ ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့ ကြီးမားပြီးကျယ်လောင်တဲ့အသံကို ထွက်ပေါ်စေမှာအမှန်ပါပဲ။ ဒီအခက်အခဲကိုဖြေရှင်း ဖို့အတွက်ကျတော့ Sonic Boom Mitigation စနစ် ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဒီစနစ်ဆိုတာကလေယာဉ်က လေထုကိုဖြိုခွဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံပေါက်ကွဲမှုကို လျှော့ချပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။
တကယ်လို့သာ ဒီစနစ်အောင်မြင်သွားပါကသူ့ကိုသာမန်အသံနှုန်းလွန်ပျံသန်းမှုတွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် တိုက် လေယာဉ်တစ်စင်းဆိုလျှင် အသံထက်မြန်စနစ်ကို ဖွင့်ပြီးသွားပါက အလွန်ကိုဆူညံတဲ့လေကိုထိုးခွဲသံ ထွက်ပေါ်စေပါတယ်။ ဒီအသံကို အောက်မှာရှိနေတဲ့ ပြည်သူတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ ဒါကြောင့် လည်း အသံထက်မြန်စနစ်အသုံးပြုမယ်ဆိုရင် လူထု ကိုကြိုတင်အသိပေးကြရတာပါ။
A-HyM Hypersonic Air Master အနေနဲ့အခုလိုမျိုးအမြန်နှုန်းနဲ့ပျံသန်းနိုင်ဖို့အတွက် အဓိကကျတဲ့ အရာက သူ့ရဲ့အင်ဂျင်ဖြစ်ပါတယ်။ ဒီနေရာမှာလည်း သူ့ရဲ့နည်းပညာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေ တာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အင်ဂျင် အတွက်လိုအပ်တဲ့လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမယ်လို့ဆိုထားတဲ့အတွက်ပါ။ အင်ဂျင် စနစ်ကလည်း ပေါင်းစပ်အင်ဂျင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ Turbojet၊ Ramjet နဲ့ Oblique Detonation Engine နည်းပညာတွေကို ပေါင်းစပ်ထားတာကြောင့် စတင် ပျံတက်ချိန်မှသည် အသံနှုန်းလွန်အမြန်နှုန်းဖြင့်ပျံသန်းချိန်အထိကို အရှိန်အမျိုးမျိုးတင်နိုင်စေမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ သက်သောင့်သက်သာဖြစ် မှုပါ။ လေယာဉ်က အသံထက် ၇ ဆမြန်တဲ့နှုန်းနဲ့ပျံသန်းမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်လိုက်ပါစီးနင်း ကြမယ့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် သမား ရိုးကျလေယာဉ်တွေလိုမျိုး ပြတင်းပေါက်သေးသေး လေးတွေနဲ့မဟုတ်ဘဲ မြင်ကွင်းကျယ်ပုံရိပ်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်မယ့်စနစ်ကို အသုံး ပြုသွားမယ်လို့ အော်စကာဗီနာကဆိုပါတယ်။ ဒီစနစ် ကဖြစ်ပေါ်နေတဲ့အခြေအနေများကိုသာမက ဖျော် ဖြေရေးနဲ့သတင်းအချက်အလက်ပေးရေးလုပ်ငန်းကိုလည်း တာဝန်ယူသွားမှာပါ။
ဒါ့အပြင် လေယာဉ်ရဲ့အတွင်းပိုင်းမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ ကျယ်ဝန်းပြီးသက်သောင့်သက် သာဖြစ်စွာ စီးနင်းရတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေ ဖို့အတွက် လိုအပ်တဲ့အကျယ်အဝန်းကိုထားရှိပေးဦးမှာပါ။ အထူးသဖြင့် အပေါ်မှာပြောခဲ့သလိုမျိုးပဲ မြန် နှုန်းမြင့်အရှိန်နဲ့ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ သက် သောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်စေ ဖို့ဖြစ်ပါတယ်။
A-HyM Hypersonic Air Master အသံနှုန်းလွန် လေယာဉ်က လက်ရှိမှာစိတ်ကူးနဲ့ဒီဇိုင်းဖော်ထားတဲ့ အဆင့်မှာသာရှိနေသေးပေမယ့် ဒီစိတ်ကူးကြောင့်ပဲ အလွန်လျင်မြန်တဲ့ လေကြောင်းခရီးသွားလာမှုနည်း ပညာကို တစ်ဖန်ပြန်လည်ဆန်းသစ်လာစေတာဖြစ် ပါတယ်။ ဒါ့အပြင် အရင်တစ်ချိန်တုန်းက သိပ္ပံစိတ် ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ မြင်တွေ့ခဲ့ရဖူးတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်စနစ်၊ အသံပေါက်ကွဲမှုထိန်းချုပ်ရေးစနစ် အစရှိတဲ့ နည်းပညာတွေဆိုရင်လည်း လက်ရှိမှာလက်တွေ့ဖန်တီးစမ်းသပ်မှုတွေလုပ်ဆောင်လာနိုင်နေပြီဖြစ်တာကြောင့် အသံ ထက် ၇ ဆမြန်တဲ့ခရီးသည်တင်လေယာဉ်ဆိုတာက လည်း သိပ်မဝေးတော့တဲ့အချိန်ကာလမှာ လက်တွေ့ ကမ္ဘာဆီကို ပေါ်ထွက်လာမှာအမှန်ဖြစ်ကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။ ။
Ref: IE
Source: Myawady Web Portal
တရုတ်သိပ္ပံပညာရှင်တွေက အမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်ဖြစ်တဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ ထိရောက်မှုကို ချိုးနှိမ်နိုင်မယ့် ပစ္စည်းအသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီပစ္စည်းကို အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့ထောက်လှမ်းရေးစနစ်တွေကို ရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးပြုနိုင်ပြီး မြန်နှုန်းမြင့်လေယာဉ်နဲ့ ဒုံးကျည်တွေအတွက် အထူးသင့်လျော်တယ်လို့ဆိုနိုင်ပါတယ်။
ခေတ်သစ်စစ်မြေပြင်စောင့်ကြည့်ထောက်လှမ်းရေးစနစ်တွေမှာအနီအောက်ရောင်ခြည် (infrared) နဲ့ မိုက်ခရိုဝေ့ (microwave) ထောက်လှမ်းမှုတွေကို အဓိကအားထားပါတယ်။ အနီအောက်ရောင်ခြည်စနစ်တွေက အရာဝတ္ထုတွေကထွက်တဲ့အပူရောင်ခြည်ကိုဖမ်းယူကာ မိုက်ခရိုဝေ့စနစ်တွေက ရေဒါသုံးပြီး ပစ်မှတ်တွေကို ရှာဖွေပါတယ်။
ထောက်လှမ်းရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်ပျောက်ခြင်းနဲ့ဆိုင်တဲ့ကုန်ကြမ်းပစ္စည်းတွေလည်း အဆင့်မြင့်လာပါတယ်။ အခုဆိုရင် မြင်နိုင်တဲ့အလင်းရောင်မှသည် မိုက်ခရိုဝေ့အထိပါဝင်တဲ့ ရောင်စဉ်လှိုင်းအမျိုးမျိုးကို ရှောင်ရှားနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေရှိနေပါပြီ။
ဒါပေမဲ့ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတွေက အပူချိန်မြင့်မားတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတတ်ပါတယ်။ ဒီအပူတွေက လေယာဉ်ပျံသန်းရာမှာဖြစ်တဲ့ အပူ ဒါမှမဟုတ် အင်ဂျင်ကနေထွက်တဲ့ အပူကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက အနီအောက်ရောင်ခြည်ဖြင့်ထောက်လှမ်းမှုကို ပိုမိုထင်ရှားစေပါတယ်။
ဒါ့အပြင် အပူချိန်မြင့်လာရင်သမားရိုးကျကိုယ်ပျောက်ပစ္စည်းတွေရဲ့ အရည်အသွေးကျဆင်းပြီး ပျက်စီးတာတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောင်စဉ်လှိုင်းအမျိုးမျိုးကိုရှောင်ရှားနိုင်ပြီး အပူထိန်းချုပ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေလိုအပ်နေပါတယ်။
ကျဲကျန်းတက္ကသိုလ်မှ ပါမောက္ခလီကျန်း ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိခံနိုင်ရည်ရှိပြီး လှိုင်းတို၊ လှိုင်းလတ်၊ လှိုင်းရှည်အနီအောက်ရောင်ခြည်အမျိုးမျိုးနဲ့ မိုက်ခရိုဝေ့လက်လှမ်းမီတဲ့အကွာအဝေးအတွင်း ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ကုန်ကြမ်းပစ္စည်းအသစ်ကို တီထွင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုကို Nano-Micro Letters ဆိုတဲ့ ဂျာနယ်မှာ မတ်လ ၂၄ ရက်က ဖော်ပြခဲ့တာပါ။
ဒီကုန်ကြမ်းပစ္စည်းရဲ့ ကိုယ်ပျောက်နိုင်စွမ်းကို သက်သေပြဖို့အတွက် ပါမောက္ခလီကျန်းရဲ့အဖွဲ့က လျှပ်စစ်သံလိုက်သတ္တိကြွခြင်းကိုစုပ်ယူနိုင်စွမ်းရှိတဲ့ သမားရိုးကျအရာဝတ္ထု Blackbody နဲ့နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်အထိအပူပေးလိုက်တဲ့အခါ အဲဒီကုန်ကြမ်းပစ္စည်းက Blackbody ထက် အပူချိန် ၄၂၂ ဒီဂရီစင်တီဂရိတ်မှသည် ၂၆၈ ဒီဂရီစင်တီဂရိတ်အထိ နည်းပါးတာကိုတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွခြင်းအပိုင်းမှာတော့ Blackbody ထက် လှိုင်းလတ်မိုက်ခရိုဝေ့မှာ ၆၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ လှိုင်းတိုမိုက်ခရိုဝေ့မှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။
ဒီကုန်ကြမ်းပစ္စည်းမှာ အဓိကဆန်းသစ်မှုက အလွှာလိုက်ပေါင်းစပ်ဖွဲ့စည်းပုံဖြစ်ပါတယ်။ အပေါ်ဆုံးအလွှာက စိုထိုင်းမှုကို ကာကွယ်ပေးပြီး အောက်ခြေအလွှာက မျက်နှာပြင်နဲ့ ကောင်းစွာကပ်နိုင်အောင် ကူညီပေးပါတယ်။ဒါ့အပြင် လေဆာနဲ့တိကျစွာ အပေါက်ဖောက်ထားတဲ့ အလွှာစုံဖလင်ပြားက မိုက်ခရိုဝေ့ဖြတ်သန်းမှုကိုခွင့်ပြုပေးပြီး အနီအောက်ရောင်ခြည်ကိုလည်းရှောင်ရှားနိုင်စွမ်းရှိပါတယ်။
ပါမောက္ခလီကျန်းက “ကျွန်တော်တို့ရဲ့ ကုန်ကြမ်းပစ္စည်းက အပူချိန်မြင့်မားတဲ့အခြေအနေမှာတောင်အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့တို့ရဲ့ရန်မှ ရှောင်ရှားတဲ့ကိုယ်ပျောက်စွမ်းရည်ကို တစ်ပြိုင်နက် တည်းထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်”လို့ ဆိုပါတယ်။
ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်နဲ့တရုတ်ရဲ့ လျှို့ဝှက်နည်းပညာ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရက အမေရိကန်ရဲ့ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ကို လာမယ့်နှစ်အနည်းငယ်အတွင်းတည်ဆောက်မယ်လို့ မေလ ၂၀ ရက်မှာကြေညာခဲ့ပါတယ်။ ဒီစနစ်က ဒုံးကျည်တွေ၊ အသံနှုန်းလွန်လက်နက်တွေ၊ အနိမ့်ပျံဒုံးကျည်တွေရဲ့ရန်ကနေ ကာကွယ်ဖို့ရည်ရွယ်ပြီး အာကာသမှ ခြေရာခံနိုင်တဲ့ စနစ်တွေပါဝင်မယ်လို့ သိရပါတယ်။
L3Harris ဆိုတဲ့ကုမ္ပဏီက အမေရိကန်ရဲ့ အသံနှုန်းလွန်လက်နက်တွေကို အာကာသကနေ ခြေရာခံဖို့ ဂြိုဟ်တုတွေကို လွှတ်တင်ခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီရဲ့ အာကာသနဲ့လေကြောင်းစနစ်များဌာနမှတာဝန်ရှိသူတစ်ဦးက The Washington Times သတင်းစာနဲ့ တွေ့ဆုံစဉ် “ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေက ကမ္ဘာပေါ်က အပူလက္ခဏာတွေကို အာကာသကနေခြေရာခံနိုင်ပါတယ်။ အသံနှုန်းလွန်လက်နက်ရဲ့ အပူချိန်ကို ရှာဖွေပြီး ခြေရာခံနိုင်တယ်”လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်က အနီအောက်ရောင်ခြည်နည်းပညာကို အဓိကသုံးမယ်ဆိုရင် တရုတ်နိုင်ငံကတီထွင်လိုက်တဲ့ ကိုယ်ပျောက်ကုန်ကြမ်းပစ္စည်းက ဒုံးကျည်တွေကို ဖမ်းမိနိုင်စေမယ့်အခွင့်အလမ်းကို သိသိသာသာလျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒီပစ္စည်းက အပူစွန့်ထုတ်မှုကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်ပါတယ်။ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ်မှာ သာမန်သတ္တုတွေထက် အပူကိုပိုမိုထိထိရောက်ရောက်ဖြန့်ထုတ်နိုင်ပါတယ်။ အသံထက် နှစ်ဆမြန်တဲ့အရှိန်နဲ့ ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းရဲ့ အခြေအနေမှာဆိုရင် ဒီပစ္စည်းက သာမန်ပစ္စည်းတွေထက် အပူချိန် ၇၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ပိုအေးနေစေမှာပါ။
ဒါကြောင့် ပါမောက္ခလီကျန်းက “ဒီပစ္စည်းကို ထုတ်လုပ်တဲ့နည်းပညာက ရိုးရှင်းပြီးစက်မှုလုပ်ငန်းတွေမှာအလွယ်တကူအသုံးချနိုင်ပါတယ်။ ဒီတီထွင်မှုက စစ်ရေးနဲ့ အရပ်ဘက်နည်းပညာတွေအတွက် အလားအလာကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အမေရိကန်ရဲ့ ရွှေကွန်ချာစနစ်က အဆင့်မြင့်ဒုံးကျည်တွေကို ထောက်လှမ်းသိရှိပြီး ပစ်မှတ်အဖြစ်မှတ်သားနိုင်စွမ်းရှိမယ်လို့ အမေရိကန်အစိုးရကဆိုထားချိန်မှာ ဒီလိုမျိုးထောက်လှမ်းမှုကိုကျော်လွှားနိုင်မယ့် နည်းပညာမြင့်ပစ္စည်းတစ်မျိုးကို တရုတ်နိုင်ငံကဖော်ထုတ်ပြသလိုက်တာကြောင့် ဒီကုန်ကြမ်းပစ္စည်းဟာ အမေရိကန်ရဲ့ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်လာစေမှာ အမှန်ပဲဖြစ်ပါတယ်။ ။
Ref: SCMP
Source: Myawady Web Portal
သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားရောဂါများမကျရောက်အောင် ကြိုတင်ကာကွယ်ရေးသည် အထူးအရေးကြီးလှသည်။ ပိုးမွှားရောဂါကင်းပါမှ သီးနှံများအထွက်နှုန်းကောင်းမှာဖြစ်သလို အရည်အသွေးလည်းကောင်းမှာဖြစ်သည်။ ထို့ကြောင့် တောင်သူဦးကြီးများ၏ သီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲသင့်သည်။
သဘာဝပိုးပြေးဆေးဆိုသည်မှာ ဖျက်ပိုးတစ်မျိုးတည်းကိုသာ ဦးတည်တိုက်ခိုက်သည့် ဓာတုပိုးသတ် ဆေးကဲ့သို့မဟုတ်ဘဲ ပိုးမွှားရောဂါများကို ကာကွယ်ဟန့်တားနိုင်သည့် အာနိသင်များရှိသည်။ဓာတု ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ကာသီးနှံများတွင် ဓာတု ဓာတ်ကြွင်းများပါသွားပြီး စားသုံးသည့်အခါ ဘေးအန္တရာယ်များဖြစ်နိုင်သည်။
ထို့ကြောင့် တောင်သူများ၏ပတ်ဝန်းကျင်အနီးတွင် အလွယ်တကူရရှိနိုင်သည့်ပစ္စည်းများကိုအသုံးပြု၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရာတွင် လိုအပ်သည့်ပစ္စည်းများမှာကြက်သွန်ဖြူ ၁ ပိဿာ၊ချင်းတက် ၁ ပိဿာ၊ ငရုတ်သီးစိမ်း ၁ ပိဿာ၊ တမာရွက် ၁ ပိဿာ၊ဆင်တုံးမနွယ် ၁ ပိဿာ၊ ဆေးရွက်ကြီး ၁ ပိဿာ၊ အီးအမ်ဖျော်ရည်၁ လီတာ၊တင်လဲရည် ၂ လီတာ၊ ဒုတ္ထာ ၂၅ ကျပ်သား၊ရေ ၁၀၀ လီတာ၊ရာဝင်စဉ့်အိုးကြီး တစ်လုံး သို့မဟုတ် ပလတ်စတစ်ပုံးကြီး တစ်ပုံးတို့ဖြစ်သည်။
လိုအပ်သည်များ စုဆောင်းပြီးပါက ဦးစွာ ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်းများကို ကြေညက် အောင်ထောင်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်သည်။ ပြီးပါက တမာရွက်နှင့် ဆင်တုံးမနွယ် ကို ဓားဖြင့်နုပ်နုပ်စဉ်းပါ။ ဆေးရွက်ကြီးကို ကြေညက်အောင်ခြေပေးရမည်။ ထိုသို့ဆောင်ရွက်ပြီးပါက ရာဝင်စဉ့်အိုးကြီး သို့မဟုတ် အဖုံးပါ ပလတ်စတစ်ပုံးကြီးတွင် ပြင်ဆင်ပြီးသွားသော ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်း၊ တမာရွက်၊ ဆင်တုံးမနွယ်နှင့် ဆေးရွက်ကြီးတို့ကို စုပေါင်း၍ထည့်ပေးရသည်။ ထို့နောက် ဒုတ္ထာ၊ တင်လဲရည်နှင့် အီးအမ်ဖျော်ရည်တို့ကိုထပ်ထည့်ပေးပြီး ရေ ၁၀၀ လီတာထည့်ကာ တုတ်ဖြင့်နှံ့စပ်အောင် မွှေပေးရမည်။ ပြီးပါက သဘာဝပိုးပြေးဆေးစဉ့်အိုးကို လေလုံအောင်ပိတ်ပေး ရမည်။ သဘာဝပိုးပြေးဆေးအိုးကို တစ်ရက်ခြားမွှေပေးရပြီး အဖုံးကို လေလုံအောင် ပြန်ဖုံး ပေးရသည်။ ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာသောအခါ အဖတ်များကိုဆယ်ယူပြီး ဆေးရည်ကို ရေစစ်ဖြင့် စစ်ယူ၍ လေလုံ သော ပလတ်စတစ်ပုံးများတွင်ထည့်ကာ အဖုံးပြန်ပိတ်ထားရသည်။
သီးနှံများတွင်ပက်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံးတစ်ပုံးလျှင် သဘာဝပိုးပြေးဆေး တစ်လီတာနှုန်း ထည့်ပြီး တစ်ဧကလျှင် ဆေးဖျန်းပုံးငါးပုံး ပက်ဖျန်းရန်အတွက် သဘာဝပိုးပြေးဆေးငါးလီတာကိုသာ သုံးစွဲရသည်။သီးနှံပင်များကို ၁၄ ရက်သားမှ စတင်ဖျန်းပေးနိုင်ပြီး ခုနစ်ရက် သို့မဟုတ် ၁၀ ရက်ခြားတစ်ကြိမ် သီးနှံပင်သက်တမ်းတစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ် နိုင်သည်။
သဘာဝပိုးပြေးဆေးကို တောင်သူကြီးများ ဖျော်စပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ တစ်ဧက ကုန်ကျစရိတ်သက်သာခြင်း၊ တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း၊ ဓာတုဆေးများကဲ့သို့ လူနှင့်တိရစ္ဆာန်များအပေါ် အဆိပ်အတောက်မဖြစ်ခြင်း၊ သီးနှံ များ၏အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း၊ သဘာဝဂေဟစနစ်ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
တောင်သူလယ်သမားအများစုသည် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်လာမှ ဓာတုပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲမည့်အစား သဘာဝပိုးပြေးဆေးများကိုပြုလုပ်ထားရှိပြီး သီးနှံပင်သက်တမ်း တစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါများကို ကြိုတင်ကာ ကွယ်နိုင်မည်ဖြစ်သည်။ သဘာဝ ပိုးပြေးဆေး တစ်အိုးကုန်ကျစရိတ်မှာ ငွေကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်သာကုန်ကျပြီး ဆေးတစ်လီတာ လျှင် ငွေကျပ် ၅၀၀ မှ ၆၀၀ သာ ကုန်ကျသဖြင့် တောင်သူကြီးများ မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်သည်။ ဆေးရည်စစ်ယူပြီး ကျန်ရှိသည့် စစ်ဖတ်များကိုလည်း စိုက်ခင်းပတ်လည်တွင်ချပေးခြင်းဖြင့် ကြွက်များ မလာအောင် ကာကွယ်တားဆီးနိုင်သည်။
သို့ဖြစ်ပါ၍ ဓာတုဆေးများကဲ့သို့ ပြင်းထန်သော ထိသေ၊ စားသေ အဆိပ်အာနိသင်မျိုးမဟုတ်ဘဲ ဖျက်ပိုးများ မကြိုက်နှစ်သက်သည့် အနံ့အရသာများနှင့် ပက်ဖျန်းထားခြင်းဖြစ်၍ ပိုးမွှားများ မလာရောက်နိုင်သည့် သဘာဝပိုးပြေးဆေးများကို တောင်သူတိုင်းသုံးစွဲကြခြင်းဖြင့် သီးနှံဖျက်ပိုးမွှား အန္တရာယ်များမှကင်းလွတ်နိုင်ပါသဖြင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲ ပေးသင့်ပါကြောင်းရေးသားလိုက်ရပါသည်။ ။
Source: Myawady Web Portal
မြန်မာ့ ၁၂ လရာသီဘွဲ့စာလင်္ကာများကိုရေးစပ်ကြသည့်စာဆိုတော်များ ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့ကြသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တစ်လျှောက်ရေးစပ်ခဲ့ကြသည်ကိုတွေ့ရ သည်။ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မဟာအတုလမင်းကြီး၊ ဆီသည်ရွာစား ဦးအောင်ကြီး၊ မယ်ခွေ၊ ဦးကြင်ဥ၊ ဦးကြော့၊ ဦးယာ၊ ဦးပုည၊ ကင်းဝန်မင်းကြီး စသည်ဖြင့်စာဆိုအသီးသီးသည်သူ့နည်းသူ့ဟန်နှင့် ဥတုသုံးလီ လရာသီ ၁၂ ခုကို ရှုထောင့်တွေးထောင့်များနှင့် အသီးသီးရှုမြင်ခဲ့ကြသည်မျိုးရှိသည်။ တချို့ရာသီဖွဲ့စာပေများသည် ပြောင်မြောက်ကောင်းမွန်သော်လည်း စာဆိုသူမထင်ရှားဘဲ ခေတ်အဆက်ဆက် တည်တံ့လာသည်ကိုလည်း တွေ့ရသည်။ ဤ၌ ပထမဆုံးတင်ပြမည့် ပေါ့ပေါ့ပါးပါး ကဆုန်လစာ အလင်္ကာကိုဦးစွာတင်ပါမည်။
“ခွန်းထောက်သဖြန်” -
ကဆုန်လကြုံရပါတဲ့မြတ်ပွဲတော်၊သွန်းညောင်ရေ စုကာပေါင်းတယ်လောင်းကြပျော်ပျော်။
မြတ်ဗုဒ္ဓေါ်ရည်မြော်လို့အေးစေကြောင်း၊ဗောဓိပင် ပလ္လင်နန်းကို ဖျန်းလို့ဆုတောင်း..။
အပူဝေးလို အေးကြပါစေကြောင်း….. ။
ဖော်ပြပါ ခွန်းထောက်မှာ ဇာတ်ပွဲတွင် မင်းသား၊ မင်းသမီးမထွက်မီ လူရွှင်တော်များက ဤနေ့ည ကပြ အသုံးတော်ခံကြမည့် မင်းသမီး၊ မင်းသား၊ ဇာတ်စီး၊ ဇာတ်နင်း၊ ရှေ့ပိုင်း၊ နောက်ပိုင်းများကို နိဒါန်း အနေဖြင့်ပြည်ဖုံးကတ္တီပါကားကြီးရှေ့သို့ပြောရန်ထွက်လာကြသောအခါလူရွှင်တော်တစ်ဦးစီကတစ်ပိုဒ်စီဆိုကြရသော ခွန်းထောက်လေးဆစ်သဖြန် အမျိုးအစားဖြစ်ပေသည်။ ခွန်းထောက်သဖြန် ဆို သောအခါ အသံကိုဖြန့်၍ဆိုရလေသည်။
ဒွေးချိုး၊လေးဆစ်ကဗျာအမျိုးအစားဖြစ်သည်။သီချင်းကြီးကဏ္ဍနှင့်ဆက်စပ်ပါကပတ်ပျိုးဆုံးသည့် အခါတွင်ဆက်ဆိုရသော စာကဗျာများဖြစ်သည်။ ဇာတ်ထွက်ရာတွင်မူ ပဏာမဆိုရသော အကြောင်းအရာဖြစ်သည်။ အချို့ကလည်း တောခရီးလမ်းတွင် စခန်းခွန်းထောက် ရပ်နားရာတွင်ဆိုရန် ဖွဲ့ဆိုထားသောကြောင့် ခွန်းထောက်ကဗျာဟုလည်း မှတ်ယူကြပေသည်။ဤခွန်းထောက်မှာ အလွန်အသိခက်သော ဝေါဟာရအသုံးအနှုန်းမပါဘဲ အများသူငါသိနိုင်သော အကြောင်းခြင်းရာဖြစ်သည်။ ပေါ့ပေါ့ပါးပါးဆိုနိုင်သည့် ကဆုန်လဘွဲ့ စာအလင်္ကာဖြစ်ပေသည်။
အပိုင်းလေးပိုင်း လေးချိုးရှိသဖြင့် လေးဆစ်သဖြန်၊ လေးဆစ်ခွန်းထောက်သဖြန်ဟုခေါ်ရပေမည်။လေးချိုးကြီး၊မဟာလေးချိုးကြီး စသည်ကဲ့သို့ အတွန့်အတက်မရှိ သာမန်ရေးစပ်သုံးထားသည့် ကဆုန်လဘွဲ့ ဖြစ်သည်။ စာဆိုအမည်မှာမထင်ရှားပေ။ ကဗျာရေးချင် စာစပ်သင်ဆိုသောသူများ ရေးဖွဲ့နိုင်သောစာပေဖြစ်ပေသည်။ အောက်ပါလေးချိုးသဖြန်မှာ စာဆိုတော် ဖိုးသူတော်ဦးမင်း၏ လေးချိုးသဖြန်ဖြစ်သည်။
စံကားဝါ ငုံသင်းလို့ ကြယ်မင်းတည့်(တဲ့) ဝိသာခါ၊
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း ထွန်းတဲ့ချိန်ခါ၊စုံကန္တာ ဟေမာ မြိုင်ထဲ၊
ရွှေကျေး အပျံသင်လို့ စံပျော်ရွှင် သည်ဟိုကူးလို့ငယ်… မြူးကြစမြဲ….။
ဤစာအလင်္ကာမှာ ဖိုးသူတော်ဦးမင်း၏ စာကဗျာဖြစ်သည်။ ဖိုးသူတော်ဦးမင်း (၁၁၆၀ ခန့်-၁၂၁၀ ခန့်) မှာ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ဦးလန်း၊ ဦးအိ၊ ဦးနု၊ ဦးမင်း စသည့် စာဆိုများကဲ့သို့ ထင်ရှားခဲ့သောစာဆိုဖြစ်သည်။ ဦးမင်းစာဆို နှစ်ဦးရှိခဲ့သည်။ ကွဲပြားရန် ဖိုးသူတော်ဦးမင်း၊ လူဦးမင်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဖိုးသူတော်ဦးမင်းဟု ခေါ်ခြင်းမှာလည်း ငယ်စဉ်က ရှင်ဣန္ဒောဘာသ ဓဇဘွဲ့နှင့် ကိုရင်ကြီးအနေနှင့် နေခဲ့ဖူးသည်။ နောင်လူထွက်၍ နန်းမတော်မိဖုရားကြီးဖြစ်သူ မယ်နုထံတွင် ခစားစာဆိုရကြောင်းသိရပေသည်။ သဖြန်လေးဆစ် ၁၂ ပုဒ်၊ ၁၂ ရာသီလွမ်းချင်း၊ နွေဘွဲ့၊ မိုးဘွဲ့၊ ဆောင်းနွေမိုး လေးချိုးကြီးများကိုစပ်၍ ရတု ဒုံးချင်းများလည်း ရေးသားခဲ့သည်။ ဤလေးဆစ်သဖြန် သည်လည်းပဲ အထက်ဖော်ပြပါစာအလင်္ကာကဲ့သို့ လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးပင်ရွတ်ဆို အသိလွယ် သည့်စာဖြစ်သည်။
“တေးထပ်” -
ပရမေ ဘဂဝါအမြတ် ဇလာကပ်သွန်းလှူ နံ့သာဓာတ်မွှန်းကြူကျွန်းဇမ္ဗူခြိမ့်သဲ…
ပုညာဘိညွှန်းပြောင်ဝေသည် သွန်းညောင်ရေ ပြုသည့်ခါပွဲ…
မြန်မာတို့စဉ်အလာနွယ် မင်္ဂလာခြယ်တင့်ဆဲ သဘင်မဟာ အယဉ်နွှဲပါလို့ ရွှင်စမြဲကြည်ပေရာ…
ရပ်ပေါင်းစုံ တအိမ်မလပ် အချိန်မြတ်ကောင်းမှုပူဇော် ဝတိံနတ်အဇဋာကျော်အောင်..
ဇလာအဖျော်အမွှေးရေ ကရမက်ကယ်နှင့်ပရမေဓမ္မစက် စေတီယင်သွန်းပြုရေစင်…
ဥဒ္ဓိဿနှင့် မာတုဓမ္မအရှင်ကို သာဓုနရ သဘင် အောင်ပွဲတော်မို့လေး…..။ ။
ဤကဗျာမှာ တေးထပ်အမျိုးအစားဖြစ်သည်။ ထပ်တွန့်တေးထပ်ဖြစ်သည်။ တေးထပ်များမှာ သာမည တေးထပ်၊ တေးထပ်ဆန်း၊ တေးထပ် ပိုဒ်စုံ၊ ၈၀- ပေါ်တေးထပ် စသည်ဖြင့် ကွဲပြားမှုအမျိုးမျိုး ရှိပေသည်။ တကယ့်ပွဲကြီးလမ်းကြီးများဖြင့် သဘင်ခံရသောအခါ ၈၀-ပေါ်တေးထပ်၊ ထပ်တွန့်ကြီးတေးထပ်များဖြင့် သီဆိုတီးမှုတ်ကြသည်ကများသည်။ ၈၀-ပေါ်တေးထပ်ဆိုသည်မှာ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၀ ပြည့်နှစ်ကစ၍ ပေါ်ပေါက်လာသောကြောင့် ၈၀-ပေါ်တေးထပ်ဟုခေါ်ကြောင်း ရှေးကဗျာဆရာ များက ဆိုမိန့်ကြလေသည်။ ၈၀ - ပေါ် အရေးကောင်းသူများ၏ စာအလင်္ကာများကို ဂီတနှင့်တွဲဖက်၍ သီဆိုပါက အလွန်သာယာနာပျော်ဖွယ် ရသပေါ်လွင် ခံစားရပေသည်။
“၈ လုံးဘွဲ့ကဗျာ” -
• အလောင်းတော်ကြီး၊ ပျော်မှီး.နတ်ပြေ၊ ဗြဟ္မနတ်ပေါင်း၊ ပန်တောင်း.ထွေထွေ၊ သန္ဓေမှီးလို့၊ ရိပ်ထီးလူ့ပြေ၊ဖွားမြင်မှု၊ ရတုကဆုန်နွေ။
• ဖွားတော်မူက၊ လူမျာ့ညွတ်ရုံ၊ ကပ္ပီလနန်း၊ စံမြန်းသုံးဘုံ၊တောထွက်စခန်း၊ မြိုင်နန်းရဂုံ၊ဘုရားဖြစ်၊ အားသစ်လ, ကဆုန်။
• ၄၅-မြောက်၊ သက်ရောက်ရှစ်ဆယ်၊ မလ္လာအင်ကြင်း၊ ပင်မင်းအလယ်၊ဝမ်းတော်လားလို့၊ ရွှေအားတော်ငယ်၊နိဗ္ဗာန်နန်း၊ စံမြန်းကဆုန်ဝယ်။
• ရှင်တော်ရုပ်ကလာပ်၊ တုပ်ဝပ်လုံးစုံ၊နံ့သာရှိန်မီး၊ ထိန်ညီးဖုံဖုံ၊ဓာတ်တော်ကြွင်းကြ၊ မင်းမျာ့ဝေပုံ၊ စေတီများ၊ တည်ထားလ, ကဆုန်။
• ဖွားမြင်မြောက်တော့၊ နွေပေါက်ကဆုန်၊ဗောဓိပလ္လင်နန်း၊ စံမြန်းကဆုန်၊နိဗ္ဗူခြွေကြ၊ နွေလကဆုန်၊ကိလန၊ ညီမျှလကဆုန်။
• ကဆုန်မာသ၊ ကာလကိုမျှော်၊ ထိပ်တင်ဥက္ကဋ္ဌ၊ တုပ်ဝပ်ကော်ရော်၊ ရှင်တော်ငြိမ်းဇာတ်၊ ထိမ်းမှတ်အလျော်၊ညီအမျှ၊ ဤလရေပူဇော်။
ဤကဗျာမှာ ၈ လုံးဘွဲ့ကဗျာဖြစ်သည်။ ၈ လုံးဘွဲ့ကဗျာများကို ဘာသာရေးဆိုင်ရာပူဇော်ပွဲများတွင် အသုံး ပြုကြသည်။ ပူဇော်မည့်အကြောင်းအရာကိုလိုက်၍ (ဝါ) ဒုရေး(ဒုမင်္ဂလ)၊ သုရေး (သုမင်္ဂလ) တွင်သုံးကြ ပေသည်၊၊ ဒုရေးတွင် သံဝေဂ သဘောပါသောအဓိပ္ပာယ်များကို ရေးစပ်ကြသည်။ သုရေးတွင်မူ ဘွဲ့တံ ဆိပ်တော် ဂုဏ်ပြုကြည်ညိုဖွယ် သဒ္ဓါစိတ်ဖြစ်စေမည့် အကြောင်းခြင်းရာများကို ရေးစပ်ကြရ သည်။ အများနားလည်နိုင်သော ဝေါဟာရအသုံးအနှုန်းများကိုသုံးတတ်ကြသည်။ ကာရန်အနေနှင့် ၂ မတြာဒီဃ၊ ၃ မတြာ၊ ၃-မတြာ အထက် ပလုတ အသုံးများကို များသောအားဖြင့်သုံးရပေသည်။
ကိုလိုနီခေတ်နှောင်းနှင့် လွတ်လပ်ရေးရပြီးခါစ ဝန်းကျင်တွင် ယပ်လှဲတရားဟောပုဂ္ဂိုလ်များ ဟောစာ များ အလွန်ပေါ်ပေါက်လာသည်။ ထိုတရားပွဲကြီးများမဟောကြားမီ ရွတ်ဆိုကြသည့် ဒုရေး၊ သုရေးနှစ်ခု လုံးပင် ၈ လုံးဘွဲ့ကဗျာကိုသုံးကြသည်။ အကြောင်းအရာကိုလိုက်၍ တိုတိုလည်းရသလို ရှည်၍လည်း ရနိုင်သည်။
“လူးတား” -
သာစွလေ-ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင်သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာအညီ၊ ရာသီပြိဿ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစံကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်
၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူ,တာ,တကောင်း၊ မတင့်တောင်းဝယ်၊ သွန်းလောင်းရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်.. အခါညောင်ရေ သွန်းတည့်လေ…..ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး……။ ။
ဖော်ပြပါစာအလင်္ကာမှာ ကဆုန်လဘွဲ့ လူးတားဖြစ်သည်။ ကဗျာသဘောတရား၌ ၃မတြာ ၃မတြာထက် အထက်အသံကိုရှည်ရှည်ရွတ်ဖတ်ရလျှင် ပလုတဖြစ်ပေသည်။ ကဗျာသာရတ္ထသင်္ဂြိုဟ်နှင့် ဆရာကြီး ဓမ္မာစရိယဦးထွန်းရွှေ၏ကဗျာ့စွယ်စုံကျမ်းကြီးတွင်ပလုတမှရွေ့လျားလာကာ လူးတားဖြစ်သည် ဟုဖွင့် ဆိုလေသည်။
အချို့ပညာရှင်များကလည်း ရေစီးသန်သောချောင်းမြစ်ကြောင်းတို့တွင် လှေဆန်တက်သောအခါ ကြိုးဖြင့် ဟိုဘက်ဒီဘက်ဆိုင်း၍ဆွဲ၍ လှော်တက်သွားသည်ကို “လူးတားပေါက်” သည်ဟုခေါ်သည်။ ထိုအခေါ်ကို အကြောင်းပြု၍ “လူးတား” ဟုခေါ်ဆိုခြင်းကိုလည်း ဖွင့်ဆိုပေသည်။
လေးလုံးစပ်လင်္ကာဖြင့် နှစ်ပိုဒ်ဖြစ်စေ၊ သုံးပိုဒ်ဖြစ်စေ၊ လေးပိုဒ်ဖြစ်စေ ခံပြီး သုံးလုံးတစ်ပိုဒ်ကို “လေ”ဟူသော အက္ခရာထား၏။ ရတုလင်္ကာများကဲ့သို့ပင် လေးလုံးစပ်လင်္ကာပင်ဖြစ်သည်။ အချပိုဒ်နှင့် အက္ခရာ ခုနစ်လုံးဖြင့်ဆင့်၍ချရသည်။ဤလူးတားမှာအချသည် “အခါညောင်ရေ သွန်းတည့်လေ၊ ရွှေပြည်ရွှေဝ နန်းတည့်လေး” ဟုချထား၍ လူးတားအနေနှင့် ရေးထားသော ကဆုန်လ စာအလင်္ကာဖြစ်သည်။
“အဲချင်း”
ဖန်နန်းမှ မျက်အုံလေ… နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစ ယှက်သွယ်၊ မင်းမူဟန်ကျယ်လှ၊ မိုးလယ်ဘုံမှာတည့်လေး…
ကဆုန်ငယ်မှရတု၊ မြနီလာစစ်၊ အပြာရစ်သို့၊ ရှစ်မျက်နှာစို၊ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှလဲ့ပြာ။ စံကားထုံသင်း၊ဂေါစာချင်းတွင်၊တုကင်းလွတ်ကွာ၊ငှက်ပေါင်းသာလို့၊ညှာခြွေငယ်စံသည်(ညာကြေငယ်ပျံသည်)၊ ယုဂန်မှာ တိမ်တစ်ပုံက၊ ဂဠုန်လို ဝဲ။ အသည်းမှာဆွတ်ကျင်၊ သောင် သင်ဖြူးခင်း၊ မြစ်ကြီး တွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတန်မြူးသည်၊ ပိုက်ဦးငင်လို့၊ သဘင်မှဖြိုးဝေ။ စင်ရော်,သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုတ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ခြွေသည်။ ဂြိုဟ်စနေ ဖီလာပိုင်း ဆီက၊ မုန်တိုင်းချီပြင်း။ ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တံငါ့တာရာ၊ ကြယ်ဥက္ကာနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းပွေဆိုင်ညီ၊ သေမင်းပင် မှီရော့ထင့်။ စက်ရာသီ ပြိဿရေးတဲ့၊ ငိုကြွေးခင်း လေး.….။
စာဆိုမယ်ခွေ၏ ကဆုန်လဘွဲ့ အဲချင်းဖြစ်သည်။ စာဆိုတော်မယ်ခွေမှာ ကုန်းဘောင်ခေတ် ထင်ရှားခဲ့ သောစာဆိုတစ်ဦးဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက် နန်းတွင်း၌ ခစားရသော စာဆိုအမျိုးသမီး တစ်ဦးဖြစ်သည်။
အဲချင်းအမျိုးအစားမှာ အစပိုဒ်၌ “နေနက်ကယ်မှ ရာဇာလေ… ခမောက်ကယ်မှ စိန်တောင်လေ… မင်္ဂလာရယ်မှ မဏ္ဍိုင်လေး…”
စသည်ဖြင့် ခြောက်လုံးဖြစ်စေ၊ ခုနစ်လုံးဖြစ်စေ စ၍ သုံးချိုး၊ လေးချိုးဖြင့် စပ်ဆိုရေးသားထားသောစာပေ အမျိုးအစားဖြစ်သည်။ အဲချင်းမှာ အရှင်သခင်အကြီးအကဲကို ပသတမ်းတပြီး ဆိုသောသဘောလည်း ဖြစ်ပေ သည်။ ထို့ကြောင့် နတ်ပွဲအစ အဲချင်းကဟုဆိုရိုးရှိပေသည်။
စာဆိုမယ်ခွေ၏ အဲချင်းထူးခြားချက်မှာ ဝေဒပညာနှင့်ကြည့်ပါကရာသီစက်၊တိတ်စွဲဒေသ၊ ဂြိုဟ်နက္ခတ် တာရာ၊ ရာသီပန်း၊ ပတ်ဝန်းကျင်မြင်ကွင်း၊ ရာသီပွဲ စသည်တို့ကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့် ပေါ်လွင်အောင်ရေးသားထားလေသည်။ နက္ခတ်ဗေဒင် ကျွမ်းကျင်သူများ အနေနှင့်ကြည့်ပါက အလွန် ပညာရပ်ဆန်သော၊ ကောင်းမွန်တန်ဖိုးရှိသော စာပေအမျိုးအစားဖြစ်ပေသည်။ ဝေဒပညာရပ်နှင့် တိုင်းနိုင်ငံ တိတ်စွဲများကို မူကွဲတွေ့ပါက မယ်ခွေ၏အဲချင်းပါ တိတ်စွဲနှင့် ညှိရသည်။ ထိုအနေအထား မျိုးကိုရေးသားထားသော အဆင့်မြင့်ရာသီဘွဲ့အမျိုးအစားဖြစ်သည်။
“ကြိုး သီချင်း”
အောက်တွင်ဖော်ပြမည့် “တေတလေ တေတေလေ ထံဒျန့်ဒျန့်တေ...” စသောတေးသွားမှာ ဗောဓိ ညောင်ရွက်သံ ကြိုးသီချင်းဖြစ်သည်။
အလောင်းဘုရားလက်ထက် မြင်းရည်တက် ၆ ကျိပ် ၈ ယောက် (၆၈) တွင်ပါဝင်သော လက်ဝဲနော်ရထာ ဦးနေဆိုသည့် ပုဂ္ဂိုလ်ဖွဲ့ခဲ့သော (သို့) ရှေးကရှိခဲ့ပြီးသော ဗောဓိညောင်စာအလင်္ကာကို ဂီတသင်္ကေ တပြု ခဲ့သော တေးသွားဖြစ်ပေသည်။
ထိုကဲ့သို့ ဂီတတေးသွားသင်္ကေတများကို ဒူပေါင် ထန်ပေါင်ဟုခေါ်သည်။ ဆရာပန်းမူ ဆရာရိပ်မူ မည်သည့်ဆရာမူ စသည်ဖြင့် ဂီတမျိုးဆက်တွင်ရှိပါ၏။ မြဝတီမင်းကြီးဦးစ၏ သီချင်းစာသားအချို့တွင် ဖောင်လားကြိုး၊ ဖောင်ငင်ကြိုး၊ ဖောင်ဆိုက်ကြိုး စသည်ဖြင့် မည်သည့် စာသားဝေါဟာရ မျှမပါဘဲ တေတလေ၊ ဒူတေလေ၊ ဒျန့်ဒျန့်ဒူ စသည်ဖြင့် ရေးဖွဲ့ထားမှု အများပင်တွေ့ရသည်။
ဤသည်ကို တေးတွဲ့ဟုလည်းခေါ်ကြောင်းသိရသည်။ ဂီတပညာရှင်များဖြစ်ကြသည့် ပုသိမ် ဒေါ်တင်တင်၊ ဣန္ဒဝဇီရ ခေါ် သခင်အောင်ရှိန်(ဘိသိက်မင်္ဂလာကျမ်းပြု) ဤကဲ့သို့ သဘောသက်ဝင် သော တံတျာတေရှင် ပုစဉ်း တောင်သံကြိုးကို ပဉ္စသင်္ခနတ်စောင်း သဘောဖြင့် အနက်အဓိပ္ပာယ် ကြံဆဖွင့်ဆိုခဲ့ဖူးသည်ကို အမျိုးသား စာပေဆုများရှင် (ဓာတ်ပြား) ဦးမောင်မောင် သူ၏မဟာဂီတ ပေါင်းချုပ်စွယ်စုံကျမ်း၌ ထိုခေတ်ပညာရှင် များ၏သဘောမှတ်ချက်ကို လေ့လာဖော်ပြထားလေသည်။
ဥပမာအနေနှင့်ပြောရပါက မှုန်ရွှေရည် သီချင်းအလိုက်ကို စာသားမရ၍ဖြစ်စေ၊ ရ၍ဖြစ်စေ လေချွန် သောအခါ (သို့) ပါးစပ်ကညည်းသောအခါ.. ဒီဒီဒီ .... ဒီဒီဒီဒီဒီ.... စသဖြင့်ထွက်လာသည်။ နိဂ္ဂဟိတ် အသံကိုရေးထားသော စာသားမပါ (Word Lose) စာလုံးပျောက် သင်္ကေတ ဖြစ်သည်။ Melody သဘောဖြစ်ပေသည်။ စာရှုသူဒူပေါင်ထန်ပေါင်ကို စာလုံးသွင်း၍ရှေးခေတ်က ရေးခဲ့ သောကဆုန် ဗောဓိညောင်ရေသွန်း .... စာကြောင်းစာသားအကြောင်းအရာကို ဖြည့်စွက်၍ စာအလင်္ကာမြူးကြည့်ပါဘိ။
ကမ္ဘာကျော်စစ်တုရင်ကစားကွက်ဖြစ်သည့်ဗော်လကာတောင်တန်းကိုဖြတ်ကျော်ခြင်းဆိုသော စစ်တုရင် ကွက်ကို တစ်ကွက်ချန်၍ (ဝါ) မြှုပ်၍ကစားကြရာ ယနေ့တိုင် ထိုအတိုင်း ကစားပွဲ မသိမ်းနိုင်သေး ဆိုသော အဆိုတစ်ခုရှိပေသည်။
ဤဗောဓိညောင်ရွက်သံကြိုးသီချင်းသည်လည်း ကဆုန်ညောင်ရေသွန်းအကြောင်းပင်လော သို့မဟုတ် ဤနေမျိုးမဟာကျော်ထင်ပင် ရေးဖွဲ့သော (၁၁၃၂ တန်ဆောင်မုန်းလ) ဗောဓိရွက်သံကြိုးကဲ့သို့ ဆောင်းဘွဲ့လော(နိုင်ငံတော်မူ မဟာဂီတ) စာရှုသူများ ဉာဏ်ကစားရမည့် ဗောဓိရုက္ခေ ကဆုန်လ ဗောဓိညောင်ကြိုး သီချင်းကြီးဖြစ်ပါတော့သည်။ ။
(တေတလေ)J ထံတုံ့တုံ့ (တေ)J လေ (တေလေ) ထံတုံ့တုံ့တေ (တေလေ) တလေထူ (ထံ)/တျာ (တာလျာ) တို့တို့တေ တေတလေ တေတေ တျာထူတုံ့ တေ ထူတျော တေတျော (ထံ) တေတျော (ထူတျော)ပ ထူထပ်တာ တေထံတျာ ထပ်တျာ တေတျော (ထံတျာ)' တျော တေထူထံတ္တံ့ တျော ထပ်တျာ
Source: Myawady Web Portal
အားလပ်ရက်များတွင်မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့် စားသောက်ဖွယ်ရာများကိုစုဝေးစားသောက်ခြင်းသည် စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိသည်။ အပြုသဘောဆောင်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းနှင့်အစားအစာရွေးချယ်စားသောက်မှုအရသာသည်ပျော်ရွှင်သောဟော်မုန်းများကိုထွက်စေသဖြင့် လူတို့ကို ပိုမိုပျော်ရွှင် ကျန်းမာသောဘဝနှင့်အသက်ပိုရှည်အောင်ကူညီပေးနိုင်သည်ကိုတွေ့ရှိခဲ့သည်။
ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအပေါ်မူတည်၍ ဘူဖေး အမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ဘူဖေးစားသောက်ခြင်းမှာခေတ်စားလာသည်။ ဘူဖေးစားသောက်ခြင်းသည် ဟင်းပွဲမျိုးစုံ၊ အချိုပွဲမျိုးစုံကို မည်မျှစားသည်ဖြစ်စေ ပုံမှန်သတ်မှတ်ထား သောစျေးနှုန်းဖြင့် စားနိုင်သမျှစား၍ရသော အစားအသောက်အစီအစဉ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သော်လည်း ပျော်စရာနည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် သွေးချိုဆီးချို ရောဂါရှိသူများ အတွက် ဘူဖေးစားသောက်ခြင်းသည် အထူးစိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ပါသည်။
သို့ရာတွင် သွေးချိုဆီးချိုရောဂါရှိသူများသည် ကြိုတင်စီစဉ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောစား သောက်ဖွယ်ရာများကို ရွေးချယ်ခြင်းနှင့် အစားအစာများ၏ အရွယ်အစားပမာဏကို ကြည့်ရှုခြင်းဖြင့် ဘူဖေးအရသာကို ကောင်းစွာခံစားနိုင်ပြီး စိတ်ပျော်ရွှင်မှုကိုရရှိနိုင်ပါသည်။ ဖော်ပြပါ ဘူဖေးအကြံပြုချက်များကိုအသုံးပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပညာရှိစွာ ရွေးချယ်နိုင်ပါသည်။
အထွေထွေအကြံပြုချက်များ
ဘူဖေးစားသောက်ရန်မသွားမီ မည်သည့်အစားအစာများကိုစားမည်၊ မည်သည့်အစားအစာများကို ရှောင်မည်၊ မည်သည့်အစားအစာများကို ကန့်သတ်လိုသည်ကို ကြိုတင်စဉ်းစားထားပါ။ ကိုယ်တိုင် မရွေးချယ်မီ ဘူဖေးတွင် ခင်းကျင်းထားသော စားစရာများအားလုံးကိုစစ်ဆေးပါ။ ကာဗိုဟိုက်ဒရိတ်နည်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ်မပါဝင်သော ဟင်းလျာများကိုရှာဖွေပါ။ ထို့နောက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များနှင့်အတူ အကြိုက်ဆုံးဟင်းပွဲတစ်ခု သို့မဟုတ် နှစ်ခုကိုရွေးချယ်ပါ သို့မဟုတ် ဟင်းအနည်းငယ်ကိုသာရွေးချယ်ပါ။
ပန်းကန်အများစုကို ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များဖြင့်ဖြည့်ပါ။ အဆီများသောအစားအစာများ၊ ကြော်ထားသောအစားအစာများ၊ ဘေကွန်၊ ဝက်သားနှင့်ချိစ်ပါသောအစားအစာများ၊ ချိုသော၊ ငန်သောအစားအစာများ၊ အချိုပွဲများကို အနည်းငယ်သာစားသုံးပါ သို့မဟုတ် ရှောင်ကြဉ်ပါ။ အရေပြား မပါသောအသား၊ ကြက် သို့မဟုတ် ငါးကိုရွေးပါ။ ထောပတ်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီနှင့် ဖရဲသီးကဲ့သို့သော ကယ်လိုရီပါဝင်မှုနည်း၍ လတ်ဆတ်သော အသီးအနှံများကိုရွေးချယ်ပါ။ ရေ၊ သကြား မပါသောဖျော်ရည်များ၊ အချိုမပါသောလက်ဖက်ရည်သို့မဟုတ် ကော်ဖီ သို့မဟုတ် အသီးဖျော်ရည် သောက်ပါ။ ဖြစ်နိုင်ပါက အဆီနည်းသောအဓိကဟင်းလျာများကိုစားပါ။
အကယ်၍ အရက်သောက်သုံးပါက အမျိုးသမီးဖြစ်လျှင် တစ်နေ့တစ်ယူနစ်ထက်ပို၍မသောက်ပါနှင့်၊ အမျိုးသားဖြစ်လျှင် တစ်နေ့နှစ်ယူနစ်ထက်ပိုမသောက်ပါနှင့်။ သောက်နေသောသွေးချိုကျဆေးများ ကိုချိန်ညှိပါ။ အင်ဆူလင်ထိုးသူများ ဆေးပမာဏကို ချိန်ညှိရန် စဉ်းစားပါ။ ဘူဖေးစားသောနေ့တွင် အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်ကို တိုင်းတာရန်နှင့် နောက်နေ့နံနက်ခင်း အစာမစားမီ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ အစာစားပြီးနောက် လမ်းလျှောက်ခြင်းပင်လျှင် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးပြီး ကိုယ်အလေးချိန်အလွန် အကျွံတက်ခြင်းမှကာကွယ်ပေးနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများအတွက် ပန်းကန်ပြား အခြေပြုပြင်ဆင်စားသောက်မှုအစီအစဉ်သည် ရိုးရှင်းပြီး တစ်ဦးချင်းစီအတွက် လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် အာဟာရဓာတ်များ၏ အမျိုးအစားနှင့် ပမာဏကို ခန့်မှန်းတွက်ချက်၍ တစ်ဦးချင်းစိတ်ကြိုက် ပြင်ဆင်စားသောက်နိုင်ပါသည်။ ရိုးရှင်းသော ၉ လက်မ ပန်းကန်တွင် အစားအစာများကိုခွဲဝေပုံမှာအဆီမပါသော ဟင်းသီးဟင်းရွက်များအတွက်ပန်းကန်တစ်ဝက်၊ပရိုတင်းအတွက် ပန်းကန်၏ လေးပုံတစ်ပုံ၊ ကာဗိုဟိုက်ဒရိတ်အတွက် ပန်းကန်၏ လေးပုံတစ်ပုံထည့်ရန်ဖြစ်သည်။ ယဉ်ကျေးမှုနှင့်ဦးစားပေးမှုများအပေါ် အခြေခံ၍ တချို့သော အစား အစာများကို လျှော့ချခြင်း သို့မဟုတ် ကန့်သတ်ခြင်းဖြင့် စားသောက်ခြင်း၏ ပျော်ရွှင်မှုကို ထိန်းသိမ်းရန်၊ ကျန်းမာသောစားသောက်မှုပုံစံများဖန်တီးရန် အကြံပြုချက်များရှိပါသည်။
အာဟာရပညာရှင်များက ဘူဖေးမစားခင် ကျန်းမာရေးနှင့်ညီညွတ်သောသရေစာစားရန် အကြံပြု ထားသည်။ ကယ်လိုရီနည်းသော အသီးအနှံများ၊ ဂျုံလုံးပေါင်မုန့်တစ်ချပ်၊ သခွားသီးချောင်းများ သို့မဟုတ် ဆားမပါသော အခွံမာသီးများကဲ့သို့သော ရွေးချယ်မှုများသည် သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေဘဲ အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ ဦးနှောက်က ပြည့်နေကြောင်း အချက်ပြရန် မိနစ် ၂၀ ခန့်လိုအပ်သဖြင့် အစာကိုဖြည်းဖြည်းဝါးပြီးဝါးတိုင်းအရသာခံပါ။ ထို့ပြင် အစားအစာများကို အာရုံစိုက်မည့်အစား မိသားစုနှင့် သူငယ်ချင်းများ၊ ချစ်ခင်ရသူများ ကိုအာရုံစိုက်ပါ။
ဟင်းသီးဟင်းရွက်အကြံပြုချက်
ပန်းကန်၏တစ်ဝက်ကို ကစီဓာတ်မပါသော ဘရိုကိုလီ၊ ငရုတ်ပွ၊ ပဲတီစိမ်း၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီးနှင့် ဟင်းနုနယ်ရွက်စသည့်အသီးအရွက်ရောင်စုံများကိုရွေးထည့်ပါ။ လတ်ဆတ်သော သို့မဟုတ်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များကိုရွေးချယ်၍ သံလွင်ဆီနှင့်ရှလကာရည် အနည်း ငယ်ဖြင့် အသုပ်အတွက် ကိုယ်တိုင်ပြင်ဆင်ပါ။ ထောပတ်၊ ခရင်မ်၊ မရိုးနိစ် သို့မဟုတ် ဒိန်ခဲပါသော ဟင်းရွက်များနှင့် ဆော့စ်ပါသော ဟင်းရွက်များကို သတိထားပါ။ ဝက်ဆီ သို့မဟုတ် ဝက်ပေါင် ခြောက်နှင့် ဝက်ဗိုက်သားကဲ့သို့ အဆီများသော အသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို အနည်းငယ်သာစားသုံးပါ။
ကောက်နှံများနှင့် ကစီဓာတ်အကြံပြုချက်ပန်းကန်၏လေးပုံတစ်ပုံကို အမျှင်ဓာတ်မြင့်မားသော ဆန်လုံး ညိုထမင်း၊ ဆန်ညို၊ ကြာဆံနှင့် ဂျုံလုံးခေါက်ဆွဲ သို့မဟုတ် ဂျုံလုံးပေါင်မုန့် စသည်များကိုရွေးထည့်ပါ။ ကစီဓာတ်ရှိသော အသီးအရွက်များ (အာလူး၊ ကန်စွန်းဥ သို့မဟုတ် ပဲတီစိမ်း)မှ သေးငယ်သော အရွယ်အစားကိုရွေးထည့်ပါ။ ပေါင်မုန့်၊ ထမင်းနှင့် တခြားအစေ့အဆန်များတွင် ထောပတ် သို့မဟုတ် မာဂျရင်းအသုံးပြုခြင်းကိုရှောင်ပါ။ ဒိန်ခဲနှင့် ဆော့စ်များဖြင့် သုပ်ထားသော အာလူးကဲ့သို့ ကစီဓာတ်များကိုရှောင်ပါ သို့မဟုတ် အနည်းငယ်ယူပါ ။
ပရိုတင်းအကြံပြုချက်
ပန်းကန်၏ လေးပုံတစ်ပုံကိုအရေခွံမပါသော ကြက်၊ ငါး (၃.၅-၅) ကျပ်သားခန့် သို့မဟုတ် ပဲဟင်းလျာများဖြင့်ဖြည့်ပါ။ ကြက်၊ ငါး၊ ပုစွန်သို့မဟုတ်အမဲသားကဲ့သို့ကင်ထားသော အသားများကိုရွေးပါ။ ကြက်သားကြော်ကဲ့သို့အဆီများသောသို့မဟုတ်ဆော့စ်ဖြင့်ပြုလုပ်ထားသောအသားများကိုအနည်းငယ်သာမြည်းစမ်းကြည့်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝသော ပဲဟင်းလျာများကိုရွေးချယ်ပါ။ သို့သော် သကြားနှင့် အဆီများဖြင့်ချက်ထားသောပဲများကို လျှော့စားပါ။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များကိုသတိထားပါ။
အချိုပွဲအကြံပြုချက်
အမျှင်ဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝသော ဘယ်ရီသီး၊သခွားမွှေးသီး၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီးနှင့် ဖရဲသီးကဲ့သို့ လတ်ဆတ်၍ ကယ်လိုရီပါဝင်မှုနည်းသော အသီးအနှံများကိုရွေးချယ်ပါ။ ကွတ်ကီး၊ ကိတ်မုန့်များ၊ ပူတင်းများကဲ့သို့ သကြားအလွန်များသောအချိုပွဲများနှင့် အဆီများသောအစားအစာများကိုရှောင်ပါ သို့မဟုတ် အနည်းငယ်သာစားသုံးပါ။ သကြားမပါသောဖျော်ရည်များ၊ အချိုမပါသော ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ။ အကယ်၍ အရက်သောက်သုံးပါက ဗိုက်ထဲတွင် အစာမရှိဘဲသောက်ခြင်းသည် သွေးတွင်းသကြားဓာတ်လျော့ကျခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
Source: Myawady Web Portal
Photo - CDC
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။ ဝဥသီးနှံသည် မြန်မာနိုင်ငံတွင် တစ်ချိန်က သဘာဝတောင်တန်းများ၌ ပေါက်ရောက်လျက်ရှိသည်။ ဝဥကို ကျေးလက်နေ တိုင်းရင်းသားများ ချက်ပြုတ်စားသောက်ခဲ့သည်။ ယခုအခါ ကုန်ချော ထုတ်လုပ်ပြုပြင်၍ စားသုံးကုန်များ၊ ဆေးဝါးအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်လာကြသည်။ သို့ဖြစ်ပါ၍ ဘက်စုံအသုံးဝင်သော ဝဥသီးနှံအား စနစ်တကျစိုက်ပျိုးလာခြင်း ဖြစ်သည်။
ဝဥသီးနှံ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့တွင် စတင်ပေါက်ရောက်သည်။
ဝဥ သီးနှံတွင် မျိုးကွဲပေါင်း ၈၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၌ ဝဥအသားမှာ ပန်းရောင်ရှိသောမျိုးရင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အသားအဖြူရောင်မျိုးရင်းများ ပေါက်ရောက်လျက်ရှိသည်။ တစ်ချိန်က သဘာဝပေါက်နေသော်လည်း ယခုအခါ ဥယျာဉ်ခြံများတွင် ကြားသီးနှံအနေဖြင့် အိတ်ထည့်စိုက်ပျိုးခြင်း၊ ပေါင်ဖြင့် စိုက်ပျိုးခြင်း၊ ကျင်းဖြင့်စိုက်ပျိုးခြင်းများ စိုက်ပျိုးလာကြသည်။
ဝဥစိုက်ပျိုးနိုင်သောမြေ
ဝဥစိုက်ပျိုးရန် သင့်လျော်သော ရာသီဥတုမှာ ပျမ်းမျှမိုးရေချိန် ၆၀ မှ ၁၂၀ လက်မဖြစ်ပြီး အပူချိန်၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ တောင်လတ္တီကျု၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု ၃၀ ဒီဂရီ မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၀၀၀-၅၀၀၀ အကြားတွင် စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ၂၅၀၀ အထက်တွင် စိုက်ပျိုးပါက အရိပ်ပြုလုပ်ပေးရန် မလိုအပ်ဘဲ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၀၀အောက်တွင် စိုက်ပျိုးပါက ၆၀-၇၅ ရာခိုင်နှုန်းအရိပ်ပြုလုပ်ပေးရသည်။ ဝဥကြိုက်နှစ်သက်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ၌ မြေဆွေးဓာတ်များပြီး ရေမဝပ်သောမြေနှင့် သဲဆန်သောမြေများတွင် စိုက်ပျိုးနိုင်သည်။
မျိုးရွေးချယ်စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးနည်း
ဝဥမျိုးရယူစိုက်ပျိုးရန် မျိုးဥခွဲခြမ်းစိုက်ပျိုးခြင်း၊ ရွက်ကြားဖုသီး၊ အဖူးသီးများ စိုက်ပျိုးနိုင်သည်။
မျိုးနှုန်းထားအနေဖြင့် တစ်ဧကလျှင် မျိုးဥ ၅၀၀၀ မှ ၆၀၀၀ အထိ စုဆောင်းစိုက်ပျိုးရသည်။ အဖူးတံအသီးကို တစ်နှစ်စိုက်ပျိုးမွေးမြူပါက အရွက်သီးအရွယ် ဥငယ်များရရှိသည်။ အရွက်သီးတစ်နှစ် စိုက်ပျိုး မွေးမြူပြီးလျှင် ၁၅-၂၅ ကျပ်သား ဝဥငယ်များရရှိသည်။ မျိုးဥ ၂၅-၃၀ ကျပ်သားအရွယ် မျိုးဥကို တစ်နှစ်စိုက်ပျိုးလျှင် ၈၀-၉၀ ကျပ်သားအရွယ်ရရှိသည်။
အရိပ်ရှိသော ဥယျာဉ်ခြံများတွင် အပင်ကြီးများ၏အမြစ်များမှာ ဝဥကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် ဘိလပ်မြေအိတ်ခွံတစ်အိတ်လျှင် ကြက်ချေးနှစ်ဘူး၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံမြေသား ရောနှောအိတ်ထည့်၍ စိုက်ပျိုးရသည်။ ပေါင်စနစ်၊ ကျင်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေ စိုက်ပျိုးနိုင်ပြီး တစ်ဧက အပင် ဝင်ဆံ့မှု ၅၄၄၅ ပင် ဝင်ဆံ့အောင်စိုက်ပျိုးသင့်သည်။
စိုက်ပျိုးပြီး တစ်လခွဲသားတွင် တစ်ကြိမ်၊ နှစ်လခွဲသားတွင်တစ်ကြိမ် ပေါင်းရှင်းခြင်းနှင့် သဘာဝမြေဩဇာ ထည့်သွင်းပြီး ပေါင်တင်ပေးရသည်။ နောက်နှစ်တွင် တစ်ပင်လျှင် ကြက်ချေးနှစ်ဘူးနှင့် မဖောက်ထုံးသုံးကျပ်သား၊ မြေဆွေးနှစ်ပြည်နှုန်း နှစ်စဉ်ထည့်သွင်းပေးရသည်။
တစ်ဧကအပင်ဝင်ဆံ့မှု ပြည့်မီသော ငါးနှစ်သားစိုက်ခင်းကို ရိတ်သိမ်းပါက တစ်ဧက အထွက်နှုန်း ဝဥအစို ပိဿာချိန် ၁၀၀၀၀ ထွက်ရှိနိုင်သည်။
ဝဥသီးနှံမှ အသုံးဝင်သောအစိတ်အပိုင်းမှာ ဥကိုသာ ထုတ်လုပ်အသုံးပြုကြသည်။ ဝဥအား ကုန်ချောထုတ်လုပ်ရန်အတွက် စက်ရုံသို့မပို့မီနှင့် မျိုးဥအဖြစ် အသုံးမပြုမီ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောနေရာတွင် သိုလှောင်ထားနိုင်သည်။
ဝဥထုတ်ကုန်နှင့်ဈေးကွက်
ဝဥကုန်ချောထုတ်လုပ်ရန် ဝဥအစိုများကို ရေဆေးသန့်စင်ပြီး ပါးပါးလှီး အခြောက်ခံရသည်။ ဝဥအခြောက်ပြားရရှိမှုမှာ အစိုချိန်၏ ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကုန်ချောရရှိနိုင်သည်။
အခြားတစ်နည်းအားဖြင့် (အမှုန့်ကြိတ်နည်း) ဝဥ အစိုအား ရေဆေးသန့်စင်၊ အမှုန့်ကြိတ် အခြောက်ခံရာတွင် ပေါ့ပါးသောအမှုန့်နှင့် အလေးချိန်ရှိသော အမှုန့်/အပွင့်များရရှိသည်။ အလေးချိန်ရှိသော ဝဥ အမှုန့်/အပွင့် များကို ကုန်ချောပြုလုပ်ရန် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး ပေါ့ပါးသော အမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။
ဝဥကို အာရှနိုင်ငံများ(ထိုင်း၊ အိန္ဒိယ၊ တရုတ်)သို့ တင်ပို့လေ့ရှိသည်။ တရုတ်နိုင်ငံသည် ဝဥ၏ အဓိက တင်ပို့ဈေးကွက်ဖြစ်ပြီး ထိုင်းဈေးကွက်တွင် ဝဥကို ဟင်းလျာများနှင့် ဆေးဘက်ဆိုင်ရာထုတ်ကုန်များတွင် အသုံးပြုသည်။
မြန်မာနိုင်ငံမှ ဝဥ တင်ပို့ရောင်းချမှု အခြေအနေသည် နိုင်ငံတကာဈေးကွက်နှင့် ပြည်တွင်းလိုအပ်ချက်ပေါ်တွင် မူတည်လျက်ရှိသည်။ ဝဥသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော သီးနှံတစ်မျိုး ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးသည်။ စိုက်ပျိုးနည်းပညာများ တိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှု ပမာဏလည်း တိုးတက်လာစေသည်။
ဝဥစိုက်ပျိုးထုတ်လုပ်မှုတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် လိုအပ်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်မှု အားနည်းလျက်ရှိသည်။
ဝဥတင်ပို့မှုကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများ၊ ထုတ်လုပ်မှုစနစ်များနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်လာစေရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်တွင် ဝဥ၏ အရည်အသွေးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများကို မြှင့်တင်ခြင်းဖြင့် တင်ပို့မှုကို ပိုမိုတိုးတက်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဝဥတင်ပို့မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်လာနိုင်သော်လည်း စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်သည်။
ဝဥနှင့် ကျန်းမာရေး
ဝဥသည် ကျန်းမာရေးအတွက် စားသုံးရန်သင့်လျော်သော သီးနှံတစ်မျိုးဖြစ်သည်။ ၎င်း၏ အရည်အသွေးနှင့် ထုတ်ကုန်အရည်အသွေး တိုးတက်လာရန် စိုက်ပျိုးရေးနည်းပညာ၊ ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်လျက်ရှိသည်။
ဝဥအစိုကို ကျေးလက်ဒေသများတွင် ရိုးရာ ဝတုန် ပြုလုပ်စားသုံးလေ့ရှိကြသည်။ ဝဥအစို ၅ ပိဿာအား ဝဥပေါ်ရှိ မြေသားနှင့်အမွေးများကိုဖယ်ရှားပြီး ရေဆေးသန့်စင်ရသည်။ သန့်ရှင်းစင်ကြယ်ပြီးသော ဝဥအလုံး လိုက်သော်လည်းကောင်း၊ အလုံးကြီးလျှင် ခွဲစိတ်၍သော်လည်းကောင်း ကျက်သည်အထိ ပြုတ်ရသည်။ ကျက်ပြီးသော ဝဥများကို ဆုံထဲထည့်၍ ကြေမွသည်အထိ ထောင်းရသည်။ ထောင်းပြီး ကြေမွနေသော ဝဥများကို ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ထိုသို့ နယ်နေစဉ် ခြောက်လာပါက နယ်လို့ကောင်းရုံ ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ဝဥနယ်နေစဉ် မကြေသော ဝဥအသားစေ့များ/ အဖတ်များကို ဖယ်ရှားသန့်စင်ရသည်။ ဝဥအပြုတ် ပွသည်အထိနယ်ပြီး (ဝဥ ၅ ပိဿာတွင်) ဖောက်ထုံး၂၀ ကျပ်သားထည့်ကာ သမစွာရောနှော၍ နှံ့စပ်စွာမွှေနယ်ပေးရသည်။ ထိုကဲ့သို့ ထုံးထည့်မွှေပြီး ၃ မိနစ်အတွင်း ဝဥများမာလာသည်။ ထိုအခါ ဗန်း(ထည့်ခွက်)ထဲထည့်၍ ဓားဖြင့် ၄ လက်မအရွယ် အတုံးများစိတ်ပြီး ရေနွေးအိုးတွင် တစ်နာရီခန့် ပြုတ်ပါက အသင့်သုပ်စားရန် ဝတုန်များရရှိသည်။ ဝဥအစို ၅ ပိဿာအား ဝတုန်ပြုလုပ်လျှင် ဝတုန် ၁၀ ပိဿာရရှိသည်။ အဆိုပါ ဝတုန် ၁၀ ပိဿာတွင် ဝဥအစို ၅ ပိဿာ၊ ဖောက်ထုံး ၂၀ ကျပ်သားနှင့် ရေ ၄ ဒသမ ၈ ပိဿာ ပါဝင်သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝဥအစို တစ်ပိဿာ ဈေးနှုန်းမှာ ၃၀၀၀ ကျပ်နှုန်းရှိပြီး ဝတုန်တစ်ပိဿာဈေးနှုန်းမှာ ၄၀၀၀ ကျပ်နှုန်းရရှိသည်။ ကျေးလက်ဒေသများတွင် ဝတုန်ကို သုပ်စားခြင်း၊ ချက်စားခြင်းနှင့် တုတ်ထိုးလုပ်စားလေ့ရှိကြသည်။
ဝဥ၏အပေါ်အရောင်သည် အညိုရောင်ဖျော့ဖျော့ သို့မဟုတ် မီးခိုးရောင်ဖြစ်ပြီး အတွင်းသားသည် အဖြူရောင်၊ ပန်းရောင်နှင့် အဝါရောင်များရှိသည်။ အနံ့သည် ပေါ့ပါးပြီး သဘာဝအတိုင်းရှိသည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် ဝဥတွင် ပိုးမွှားများ၊ မှိုများနှင့် ဓာတုပစ္စည်းများ ကင်းစင်ရန် လိုအပ်သည်။ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို အသုံးပြုရန် လိုအပ်သည်။ ထုတ်လုပ်မှု စံချိန်စံညွှန်း ဝဥထုတ်ကုန်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။ ထုတ်ကုန်များကို သန့်ရှင်းသောပတ်ဝန်းကျင်တွင် ထုတ်လုပ်ရပြီး ထုပ်ပိုးမှုနှင့် သိုလှောင်မှုစနစ်များလည်း စနစ်တကျ ဖြစ်ရန် လိုအပ်သည်။
ဝဥစိုက်ပျိုးခြင်းသည် ကျေးရွာများတွင် လူမှုရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပြီး စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေသည်။ ဝဥသည် မြေဆီလွှာတွင် အာဟာရဓာတ်များကို ထိန်းသိမ်းပေးပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးသည်။ ဝဥစိုက်ပျိုးခြင်းသည် ရေအရင်းအမြစ်ကို ထိရောက်စွာ အသုံးပြုနိုင်သည်။ ဝဥသည် ရေလိုအပ်ချက်နည်းပြီး ရေရှားပါးသောဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။ ဝဥသည် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော သီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံမှ ဝဥကို အာရှနိုင်ငံများသို့ ဝဥတင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေသည်။
ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ထို့ပြင် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်မှု များတိုးတက်လာခြင်းဖြင့် ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာ့လူထုအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်သည်။ ထို့ကြောင့် ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသည်။ သို့ဖြစ်ပါ၍ ဝဥသီးနှံအား တောင်သူများ တိုးချဲ့စိုက်ပျိုးထုတ်လုပ် သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။
နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ အောင်မြင်မှုဟူသည် အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊ ရိက္ခာဖြစ်ပေသည်။ အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။ အလုပ်မကြိုးစားသူ တစ်ယောက်၏စိတ်တွင်မူ နာရီပိုင်းအချိန်လေး အတွက်ကိုယ်စားပြုသည်ကို လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုသည့်စကားအတိုင်း အလုပ်မရွေး၊ နေရာမရွေး လုပ်ဆောင်ကြရမည်ဖြစ်သည်။
နေ့စဉ်ဘဝ ဖြတ်သန်းကြရာတွင် စိတ်ကောင်းနှလုံးကောင်းဖြင့် စိတ်ဖြူစင်မှုဖြစ်ပေါ်အောင် နေထိုင်ကြရမည်ဖြစ်သည်။ လူတစ်ယောက်သည် ရုပ်ဆိုးသော်လည်း စိတ်ဖြူစင်မှုရှိလျှင် အလွန်တရာ ကြည့်လို့ကောင်းလှသည်။ ရုပ်လှသော်လည်း စိတ်ဖြူစင်မှုမရှိ ကောက်ကျစ်လျှင် အလွန်တရာ အရုပ်ဆိုးအကျည်းတန်လှပေသည်။ မိတ်ဆွေကောင်းနှင့်လည်း ဝေးကွာနိုင်သည်။ အရေးကြုံ သက်လုံမလှ ဖြစ်ရသည့်ပမာ ကိုယ်ခံအားမကောင်းသဖြင့် မျက်မှောက်ဘဝ၌ပင် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်ပေသည်။ စိတ်ဖြူစင်မှုစုဆောင်းရယူနိုင်ပေသည်။ စိတ်သည် ပေါ်ရာအာရုံနောက်သို့ တကောက်ကောက် လိုက်ပါနေလေ့ရှိသဖြင့် မနောနှင့်တိုက်မိတိုင်း စိတ်ဖြစ်ပေါ်လျက် ပင်ပန်းကြရသည်။ အာရုံဟူသမျှ စိတ်ညွှတ်မိတိုင်း စိတ်ပင်ပန်းရသည်ကို သတိချပ်လျက် နေထိုင်ရမည်ဖြစ်သည်။ သတိတစ်လုံး အခက်ဆုံးဖြစ်ပေသည်။
လူတိုင်း ကိုယ့်ကိုယ်ကိုယ် သတိရှိသည်ဟု ထင်မြင်ကြသည်။ သာမန်သိနေသော သတိ၊ စူးစိုက် လေ့ကျင့်မှုမှ ဖြစ်ပေါ်သောသတိ လွန်စွာကွဲပြားခြားနားသည်။ သာမန်သိသော သတိသည် အသိမမြဲ၊ အသေးစိတ် သိရှိနေခြင်းမျိုးမဟုတ်ပေ။ စူးစိုက်တည်ကြည်မှုမှ ဖြစ်ပေါ်သော သတိသည် မိမိနှင့် ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အာရုံများစွာကို သတိဖြင့် ကြည့်ရှုနိုင်သည်။ တဖြည်းဖြည်း ကြည့်ပါများလာလျှင် အာရုံများကို သတိဖြင့်စောင့်ကြည့်နိုင်မည်ဖြစ်သည်။ မည်သို့အကျိုးကျေးဇူးရမည်နည်း။ လူအများစုသည် အကျိုးမဖြစ်ထွန်းလျှင် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကြလေ့မရှိကြပေ။ သတိထားမမှားပါပေ။ မျက်မှောက်ကာလ လုပ်ငန်းခွင်တွင် ပြုမူနေထိုင်မှုပုံစံများကအစ ပြုပြင်ပြောင်းလဲလာမည်ဖြစ်သည်။ မိမိစိတ်တွင်ဖြစ်ပေါ်နေသော ဒေါသ၊ လောဘ၊ မောဟအနုအရင့်ကို သရုပ်ခွဲခြားနိုင်စွမ်းရှိလာမည်ဖြစ်သည်။ အလားတူ ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှုဟူသမျှကိုလည်း နားလည်လာမည်ဖြစ်သည်။
ရွှေသည် သတ္တုတစ်မျိုးဖြစ်သော်လည်း လူတို့၏ အဆင်တန်ဆာ၊ စည်းစိမ်ဥစ္စာအဖြစ်တည်ရှိပေသည်။ လူတွင်လည်း စိတ်သည် အကြီးအမှူးဖြစ်ပေသည်။ စိတ်ဆောင်၍ အောင်မြင်ကြရသည်။
စိတ်ဇွဲကြီး၍ ကြီးပွားချမ်းသာကြသည်။ သို့တိုင် စိတ်သည် အပြုသဘော၊ အဖျက်သဘောကိုဆောင် ပေသည်။ အပြုသဘောဆောင်သော စိတ်ပျော်ရွှင်မှုရရှိအောင်၊ စိတ်တည်ငြိမ်မှုရရှိအောင် နေထိုင် ကြရမည်ဖြစ်သည်။ စိတ်မညစ်အောင် နေထိုင်ပြုမူကြရမည်ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးသည် ဒွန်တွဲနေလေ့ရှိသဖြင့် စကားအပြောအဆို ထိန်းသိမ်း၍နေထိုင်မည်။ ကိုယ်အမူအရာ မျက်နှာပေးပြုပြင်၍ နေထိုင်မည်။ ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်မည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုစကားကို လက်ကိုင်မထားဘဲ၊ သင်ကောင်းခြင်း၊ မကောင်းခြင်းကို မျက်နှာမမူဘဲ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းအောင် နေထိုင်သွားကြရမည်ဖြစ်သည်။
ထို့အတူ သည်းခံခြင်းသဘော လက်ကိုင်ထားသင့်ပေသည်။ သည်းခံခြင်းသည် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရာတွင် လွန်စွာခက်ခဲလှသည်။ လူတစ်ဦး၏ စကား၊ အမူအရာ ရိုင်းပျမှုကို လူအများစု သည်းခံနိုင်စွမ်းမဲ့ကြသည်။ သည်းမခံနိုင်၍ ရန်ဖြစ်ကြသည်။ စကားများကြသည်။ လက်ပါခြေပါပြုမူကြသည်။ဒေါသလွန်၍ လူသတ်မှုဖြစ်ကြသည်။ ဒေါသသည် လွန်စွာကြောက်စရာကောင်းလှသည်။ ဒေါသကိုဖြစ်စေသော လောဘသည်လည်း ထိုနည်းတူစွာ ကြောက်စရာ အထူးကောင်းလှသည်။ လောဘကြောင့် လိုချင်မှုတို့ ဒီရေအလားတိုးတက်လာသည်။ မထားအပ်သည့် မာနထားရှိတတ်လာသည်။ ပစ္စည်းတစ်ခုပိုင်ဆိုင်ဖူးလျှင် ငါ့ပစ္စည်းဆိုသည့် လောဘကြောင့် စိတ်ပင်ပန်း ကြရသည်။ ပစ္စည်းဥစ္စာများပျက်စီးခြင်းကြောင့် သောကပူဆွေးဖြစ်ကြရသည်။ စိတ်အတွင်းဖြစ်ပွားသည့် သောကအပူမီးကို ငြှိမ်းသတ်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းသည် သတိတရား လက်ကိုင်ထား၍ ဖြေရှင်းဆောင်ရွက်ခြင်းသာဖြစ်သည်။ ပျက်စီးသွားသောပစ္စည်း၊ စွန့်လွှတ်လိုက်ရသော ပစ္စည်းများအတွက် တရားနည်းလမ်းတကျ ရှုမြင်နိုင်လျှင် စိတ်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။
လောကဓံနှင့်ကြုံ စိတ်မတုန်လှုပ်အောင် သတိထားရမည်ဖြစ်သည်။ သာတစ်လှည့်နာတစ်လှည့် အခွင့်အရေးပေးနေသည့် လောက၏ ထိုးနှက်ချက်မျိုးစုံကြား၌ စိတ်ကို အလှည့်အပြောင်းမရှိ နေသားတကျရှိအောင် နေထိုင်ရမည်သာဖြစ်သည်။ အဆိုးလောကဓံသည် အမြဲမရှိနိုင်ပါပေ။ အဆိုးပြီးလျှင် အကောင်းလာမည်ဖြစ်သည်။ စိတ်များပျော့မသွားအောင်၊ ယိမ်းယိုင်မသွားအောင် တည့်မတ်လျက် ဘေးအပေါင်းကို ကျော်လွှား ရမည်ဖြစ်သည်။ စိန်သားသည် မာကြောသကဲ့သို့ တန်ဖိုးလည်းကြီးသည်။ စိတ်ကို စိန်ကဲ့သို့တန်ဖိုးကြီးအောင် ပုံဖော်၍ ဘဝကိုထုဆစ်နိုင်ရမည် ဖြစ်သည်။ အပြောင်းအလဲမြန်လှသည့် စိတ်၏ ဖြစ်စဉ်များကို စုစည်းနိုင်စွမ်းအားဖြင့် တည်ငြိမ်မှုရရှိ အောင်ကြိုးစား၍ လောကဓံကို အန်တုရင်ဆိုင်ကြရမည်ဖြစ်သည်။
ကမ္ဘာကြီးသည် ရုပ်ဝတ္ထုဖွံ့ဖြိုးခြင်းများဖြင့် ခရီးဆက်လာသည်မှာ နေသားတကျ ရှိလာပြီဖြစ်သော်လည်း ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်မှုများကြောင့် မမျှော်မှန်းနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ပေါက်လာခဲ့ရသည်။
မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း အစရှိသော ဘေးအပေါင်းသည် ကမ္ဘာကြီးကို ဝန်းရံလျက်ရှိပြီး အချိန်မရွေးဖျက်ဆီးနိုင်စွမ်း ရှိကြောင်းပြဆိုနေသည်။ သဘာဝဘေးအန္တရာယ်သည် လူတို့မျှော်မှန်းသည့်အတိုင်း ဖြစ်ပေါ်လာလေ့မရှိဘဲ မထင်မှတ်သည့် အချိန်များတွင် မျက်လှည့်ပြသည့်အလား ဝင်ရောက်လာလေ့ရှိသည်။ ဘေးမကြုံအောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ နှစ်အလိုက်ရရှိခဲ့သည့် အတွေ့အကြုံ၊ သင်ခန်းစာများကို ဆောင်ရန်နှင့် ရှောင်ရန်သတ်မှတ်လျက် တစ်ဦးချင်းလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တစ်ဦးချင်းပါဝင်မှုမှသည် အဖွဲ့အစည်းများအသွင်ဖြင့် ရိုင်းပင်းကူညီကြရမည်ဖြစ်သည်။
အတွေ့အကြုံသည် ဘဝသင်ခန်းစာဖြစ်ပေသည်။ ဘေးအန္တရာယ်အသွယ်သွယ်မှ ရုန်းထွက်နိုင်သူများ၏ ကြံ့ခိုင်မှုကိုပြဆိုနေသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြင့် ဘဝအဆင့်ဆင့် ပြန်လည်ဦးမော့အောင် ကြိုးစား ကြသည်။ ယနေ့ကမ္ဘာသည် မနေ့က ကမ္ဘာမဟုတ်သည်ကိုတွေ့ရမည်ဖြစ်သည်။ လဲလျှင်ပြန်ထနိုင်စွမ်းရှိသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ညွှန်းဆိုသည့်အတိုင်း နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှု စိတ်ရင်းစေတနာများ အထင်းသားတွေ့မြင်ကြရသည်။ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများ၊ ရေထု၊ မြေထု စနစ်တကျ စီစဉ်ဆောင်ရွက်မှုများကို ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲလျက် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရှေ့သို့ချီရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော နေ့ရက်များဆီ ဦးတည်ကြရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်အတူ စိတ်ဓာတ်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကိုလည်း ကျယ်ပြန့်သောလူ့အဖွဲ့အစည်း တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
လူသည် တွေးကြံဆောင်ရွက်လျက် ဘဝကိုထူမတ်နိုင်စွမ်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ဆုံးနှင့် စိတ်ဓာတ်သန်မာသူများဖြစ်ကြသည်။ ခယောင်းလမ်းကို ပန်းပွင့်စေနိုင်သူဖြစ်သည်။ ဆန်းသစ်သော တီထွင်ဖန်တီးမှုစွမ်းအားများဖြင့် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သည်။ သစ်လွင်သောစိတ်ကူးများကို အပျက်ဆီသို့ တွန်းမပို့ဘဲ ပိုကောင်းသောစိတ်ကူးများ ဖြစ်စေသည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိသော အသက်ရှင်သန်ခြင်းဖြင့် ယခုလည်းကောင်း နောင်လည်းကောင်းမည့် အလုပ်များကို ပြုံး၍ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။ ကံရှိသလောက် ရှင်သန်ကြရသည့် လောက၏ ဝှက်ဖဲအောက်တွင် မသေသေးသရွေ့ ကုသိုလ်ဖြစ်စေမည့် အလုပ်များကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းသောဘဝကို ထူထောင်ကြရေး ဆန္ဒမွန်ဖြင့် တိုက်တွန်း ရေးသားလိုက်ရသည်။ ။
ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့် အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင် ခပ်ရွယ်ရွယ် အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင် ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့် အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင့်ချိန်တွင် အလွန်လှပသော အပင်ဖြစ်သည်။ မက်မွန်သီး၏ ပုံသဏ္ဌာန်မှာလည်း ခပ်လုံးလုံး ဖြစ်ပြီး အသားများ၍အရည်ရွှမ်းပြီး အနံ့ အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ အပင်၏အရွယ်အစားမှာ အမြင့် ၁ဝ ပေမှ ပေ ၂ဝ ခန့်အထိ ရှိတတ်သည်။ မက်မွန်ပင်သည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင့်အတူ Rosaceae မျိုးရင်းတွင် Prunus မျိုးစု၌ ပါဝင်သဖြင့် ယင်း၏ရုက္ခဗေဒအမည်မှာ Prunus Persica ဖြစ်သည်။ အပင်၏အနေအထားနှင့် တကွ အသွင်အပြင်ရော အလေ့အထပါ ဗာဒံပင်နှင့် အလွန်တူသည့်အပြင် မျိုးချင်း လည်းတူကြသည်။
မက်မွန်သီးအမျိုးအစားများ
ကမ္ဘာပေါ်တွင် မက်မွန်ပင်အမျိုးအစား ပေါင်း ၂၀၀ ခန့်ရှိပြီး အစေ့ကျွတ်မျိုး၊ အစေ့ကပ်မျိုး၊ အသားဖြူမျိုးနှင့် အသားဝါ မျိုးဟူ၍ ခွဲခြားထားသည်။ တချို့မက်မွန် သီးမှအစေ့များသည် အသားနှင့်ကပ်မနေဘဲ လွယ်ကူစွာ ထုတ်ယူနိုင်သောကြောင့် အစေ့ကျွတ်မျိုးဟုခေါ်သည်။
တချို့အသီးမှအစေ့များမှာ အသားတွင် ကပ်နေ၍ လွယ်ကူစွာ ထုတ်မယူနိုင်သောကြောင့် အစေ့ကပ်မျိုးဟု ခေါ်သည်။ တချို့အသီး၏ အသားရောင်ဖြူသော အသီးကို အသားဖြူမျိုးဟုခေါ်ပြီး အသားဝါသော အသီးကို အသားဝါမျိုးဟုခေါ်သည်။ မက်မွန်သီးအမှည့်များသည် ရက်အနည်းငယ် အတွင်းပုပ်၍ ပျက်စီးတတ်သဖြင့် ဈေးကွက်သို့တင်ပို့ရာတွင် အခက်အခဲရှိသဖြင့် မက်မွန်သီးများကို မှည့်လျှင်မှည့်ချင်း ခူးဆွတ်မှသာ အဆင်ပြေသည်။ သို့သော်လည်းယခုခေတ်တွင် စည်သွတ်စက်ရုံကြီးများ ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဈေးကွက်သို့အချိန်မီ မတင်ပို့နိုင်သော အသီးမှည့်များကို စည်သွတ်ကာ နိုင်ငံတကာသို့ တင်ပို့ရောင်းချနေကြပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၌ မက်မွန်ပင်များကို မှန်အိမ်များဆောက်လုပ်၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ပေပေါင်း ၃ဝဝဝ ကျော်အမြင့်ရှိသော ရှမ်းကုန်းပြင်မြင့်၏ ဒေသများဖြစ်သည့် ပြင်ဦးလွင်၊ ကလောနှင့် တောင်ကြီးမြို့တို့၏ အနီးပတ်ဝန်းကျင် ၌ မက်မွန်ခြံများကို တွေ့မြင်နိုင်သည်။
မက်မွန်သီးစိုက်ပျိုးမှုပုံစံ
မက်မွန်ပင်သည် သမပိုင်းရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီးခြောက်သွေ့၍ အပူ၊ အအေးမျှတသော ရာသီဥတုကိုနှစ်သက်သည်။ သဲမြေနှင့် နုန်းမြေတို့တွင် ကောင်းစွာကြီးထွားနိုင်သည်။ မက်မွန်ပင်စိုက်ပျိုးသူများသည် အသီးခူးရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင်လည်းကောင်း သက်သာလွယ်ကူစေရန် အပင်ကိုမြင့်မြင့်မထားဘဲ အကိုင်းအခက်များကိုချိုင်၍ ၁၂ ပေခန့် သာထားခြင်းဖြင့် အစိမ်းတောက်တောက် အရွက်လေးများသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သော အရွက်လေးများထွက်လာသည်။ နွေဦးပေါက်ရာသီတွင် ပင်လုံးကျွတ်လှပ၍ နူးညံ့သောပန်း ရောင်အပွင့်လေးများ ပွင့်လာပြီးနောက် အရွက်များ ထွက်လာသည်။ မက်မွန်သီး အမျိုးအစားအားလုံးသည် နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီအထိ အသီးမှည့်ကြသည်။ နွေဦးပေါက်ရာသီတွင် စောစောပွင့်သော အပွင့်များကို နှင်းခါးရိုက်တတ်သဖြင့် အသီးမတင်သောကြောင့် နှင်းခါးလွတ်သော နေရာများ၌သာ အမြောက်အမြား စိုက်ပျိုးကြ သည်။
မက်မွန်ပင်ကို အစေ့မှတိုက်ရိုက်စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက် ကောင်းသောနေရာ၌ စိုက်ပျိုးသင့်သည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးနှင့် အပင်ပုမျိုးဟူ၍နှစ်မျိုးရှိသည်။ အပင်ကြီးမျိုးကိုစိုက်ပျိုးပါက ပင်ကြားတန်းကြား အကွာအဝေးကို ၁၅ ပေမှ ပေ ၂၀ ထား၍ စိုက်ပျိုးနိုင်သည်။ အပင်ပုမျိုးစိုက်ပျိုးပါက ပင်ကြားတန်းကြားအကွာအဝေးကို ၁၀ ပေ မှ ၁၂ ပေထား၍စိုက်ပျိုးနိုင်သည်။ မက်မွန်သီးအထဲတွင်ရှိသော အစေ့မာတစ်စေ့၏အတွင်း၌မျိုးစေ့ရှိပြီး ထိုမျိုးစေ့မှ အပင်ပေါက်ခြင်းဖြစ်သော်လည်း များသောအား ဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသော အပင်မှသီးသည့် အသီးလောက်မကြီးဘဲ ညံ့သွားတတ်သည်။
ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အာဟာရဓာတ်ကြွယ်ဝသည့် မက်မွန်သီး
မက်မွန်သီးတွင် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ကယ်လ်လိုရီ၊ ပရိုတင်း (Protein)၊ အဆီ (Fat)၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate)၊ အမျှင်ဓာတ် (Fiber)၊ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်ဆီယမ် (K)၊ နီကာဆင်၊ ဗီတာမင်E၊ ဗီတာမင် K၊ ကော့ပါး (Cu)၊ မဂ္ဂနိစ် (Mn)၊ ကယ်လ် စီယမ် (Ca)၊ သံဓာတ် (Fe)စသည့် ဗီတာမင်၊ သတ္တုဓာတ်နှင့် တခြားအကျိုးပြု ဒြပ်ပေါင်းများပါဝင်သောကြောင့် မက်မွန် သီးစားပေးမည်ဆိုပါက ခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေသည်။
အစာခြေစနစ်ကိုကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် အမျှင်ဓာတ်ပါဝင်နေသောကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာများကို ကြေညက်စေနိုင်သကဲ့သို့ အူနံရံကိုအာဟာရဓာတ်များ စုပ်ယူရန်လည်း ကူညီပေးနိုင်သည်။ ဝမ်းမမှန်ခြင်းနှင့် အစာခြေ စနစ်ပြဿနာများမဖြစ်စေရန် တားဆီး ပေးနိုင်သောကြောင့် အူမကြီးကိုကျန်းမာစေနိုင်သော အသီးတစ်မျိုးဖြစ်သည်။
နှလုံးကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် နှလုံးကျန်းမာစေသည့်ဓာတ် များစွာပါဝင်နေသောကြောင့် မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုသာ နည်းစေခြင်းမဟုတ်ဘဲ သွေးတိုး နှင့် သွေးတွင်းကိုလက်စထရောမြင့်တက်မှုမဖြစ်ရန်လည်း ကာကွယ်ပေးသည်။ သွေးတိုးနှင့် သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာလိုသူများအနေဖြင့် တစ်ရက်လျှင် မက်မွန်သီးတစ်လုံးစားပေးခြင်းသည် နှလုံးကျန်းမာရေးကို စောင့်ရှောက်နေခြင်း ဖြစ်သည်။
အသားအရေကို ကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကိုတင်းရင်းစေနိုင်သကဲ့သို့ အရေပြားပြဿနာကင်းကာ ကျန်းမာသည့်အသားအရေကို ပိုင်ဆိုင်စေနိုင်သည်။ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုမှကာကွယ် ပေးနိုင်ပြီး အရေပြားကိုကျန်းမာစေနိုင် သည့် အာနိသင်ရှိသည်။
ကင်ဆာကာကွယ်ပေးနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်တခြားအသီးများကဲ့သို့ ခန္ဓာကိုယ်ကိုအကျိုးပြုသည့် ဒြပ်ပေါင်းများစွာပါဝင်နေသကဲ့သို့ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်သည့် ပရိုတင်း လည်းပါဝင်သည်။ မက်မွန်သီး၏အသားလွှာတွင် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် ကာရိုတီးနွိုက် (Carotenoid)နှင့် ကဖိန်းအက်စစ် (Caffeic acid) တို့ ပါဝင်သည်။ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများအတွက် တစ်ရက်လျှင် မက်မွန်သီးနှစ်လုံး ပုံမှန်စားပေးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်ဟု သိရသည်။
ဓာတ်မတည့်မှုကိုသက်သာ လျော့ပါးစေနိုင်သော မက်မွန်သီး
ခန္ဓာကိုယ်က ဓာတ်မတည့်သောအရာ တစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓာတ်မတည့် မှုကိုတုံ့ပြန်ရန် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ Histamines ဟုခေါ်သည့် ဓာတု ပစ္စည်းကိုထုတ်လွှတ်ပြီး ခန္ဓာကိုယ်မှ နှာချေခြင်း၊ ယားယံခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ ဓာတ်မတည့်မှု လက္ခဏာများဖြစ်ပေါ်လာသည်။ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်သည့် ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေနိုင်သောကြောင့် ဓာတ်မတည့်မှုဖြစ်တတ်သူများ အနေဖြင့် မက်မွန်သီးသည် စားပေးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။
အနာကျက်စေနိုင်သော မက်မွန်သီး
နူးညံ့ပြီးစားကောင်းသည့် မက်မွန်သီးတွင် ဗီတာမင် C ၁၅ ရာခိုင်နှုန်းပါဝင်နေခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သကဲ့သို့ အနာများကိုလည်း မြန်မြန် ကျက်စေနိုင်သည်။ ဆဲလ်များထိခိုက် ပျက်စီးမှုမရှိစေရန်လည်း ကာကွယ်ပေးနိုင်သည်။
အမြင်အာရုံ ကောင်းစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် ဘီတာကယ်ရိုတင်း (Beta-carotene) ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုး ပါဝင်နေသောကြောင့် မက်မွန်သီးကို စားလိုက်သည့်အခါ အဆိုပါဓာတ်က ခန္ဓာကိုယ်အတွင်း ဗီတာမင်A အဖြစ် ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေရန် အထောက်အပံ့ပေးသည်။ မက်မွန်သီးက အမြင်အာရုံသာမကဘဲ ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓာကိုယ်ကို များစွာအထောက် အပံ့ပေးနိုင်သည်။
ဆီးချိုသမားများနှင့် သင့်တော်သော မက်မွန်သီး
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်ဟု လေ့လာတွေ့ရှိရသောကြောင့် မက်မွန်သီးစားခြင်းဖြင့် အမျိုး အစား (၁) ဆီးချိုသမားများနှင့် အမျိုးအစား (၂) ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်သည်။
သတိထားစားသင့်သော မက်မွန်သီး
မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန်သောက်နေ ရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
Source: Myawady Web Portal