၂ဝ၂၅ နှစ်ဦးပိုင်းကစပြီး မြန်မာပြည်တစ်လွှား အင်အားအသင့်အတင့်ရှိသော မြေငလျင်တချို့ ခပ်စိပ်စိပ် လှုပ်ခတ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၃ နာရီ ၃၅ မိနစ် ၁၄ စက္ကန့်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့၏ ၁၅ မိုင်ခန့်အကွာ၌ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ဝ၃ မိနစ် ၃ဝ စက္ကန့်က ဟားခါးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၇၃ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (မတူပီမြို့၏ အရှေ့ဘက် ၂၂ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၅၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၇၈ ဒီဂရီ၊ အနက် ၅၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
မတ်လ ၃ ရက် မြန်မာစံတော်ချိန် ၁ဝ နာရီ ဝ၃ မိနစ် ၁၃ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၇ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ဝ၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
မတ်လ ၅ ရက် မြန်မာစံတော်ချိန် ဝ၄ နာရီ ၃၆ မိနစ် ၄၇ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂ဝ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ဝ၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ရာ ယင်းပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှကြေညာခဲ့သည်။
မြေငလျင်လှုပ်ခြင်း
ဘူမိဗေဒသဘောတရားအရ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိသောအခါ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားပြီးနောက်အပေါ်တစ်ခုမှာ တွန်းတိုက်ခံလိုက်ရသည့်အတွက် တွန့်ခေါက်လာပြီး ထိုနေရာတွင် အားတွေတဖြည်းဖြည်း စုစည်းမိလာသည်။ တစ်ချိန်ချိန်မှာ ၎င်းစုစည်းမိသော အားများက ရုတ်တရက်ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားသည်။
ထိုအခါ ၎င်းအားတွေဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါသွားသည့်ဖြစ်စဉ်ကို “မြေငလျင်လှုပ်ခြင်း (Earthquake)” ဟုခေါ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသောမြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။
မြေငလျင်လှုပ်သောအခြားအကြောင်းများ
အောက်ဖော်ပြပါအကြောင်းများကြောင့်လည်း မြေငလျင်လှုပ်တတ်သည်။
- မြေအောက်ကျောက်လွှာများ လှုပ်ရှားမှု။ (အဖြစ်အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်၏)
- မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထု ချပ်ကြီးများ တစ်ခုနှင့်တစ်ခု တွန်းကန်မှု သို့မဟုတ် ကျွံကျနိမ့်ဆင်းမှု။ (ပျက်စီးအား ပြင်းထန်လေ့မရှိပေ)
- မြေအောက်မိုင်းခွဲခြင်း သို့မဟုတ် ဖောက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအားပြင်းထန်သည့် လူတို့လုပ်ဆောင်မှု။
- အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်မှု။
သတိပြုစေလို
သတိထားရမည့်အချက်မှာ မြန်မာနိုင်ငံသည် မြောက်ဘက် ကချင်ပြည်နယ်ပူတာအိုမှ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ကိုဖြတ်ကာ အက်ဒမန်ပင်လယ်ထဲသို့ ဝင်ရောက်သွားသော အရှည်မိုင် ၆ဝဝ ကျော်သည့် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောကြီးပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် ငလျင်အန္တရာယ် အချိန်မရွေး ကျရောက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကျောက်ကြမ်း၊ ကဘော်၊ ရွှေတြိဂံ၊ ဒေးဒရဲ စသည့် ငလျင်ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက အများပြည်သူတို့ ကြိုတင်စုဝေးနိုင်သည့် နေရာများကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ငလျင်နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ထားသင့်ပါသည်။
ထို့ပြင်အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများ ဖြန့်ချိမှုများကိုစိစစ်ကာ သတင်းမှန်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့ကိုလည်း အလေးထားလုပ်ဆောင်သင့်ပါသည်။
မြေငလျင်ရှေ့ပြေးလက္ခဏာများ
ဗဟုသုတတစ်ရပ်အနေဖြင့် ငလျင်မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိနိုင်သော ရှေ့ပြေးလက္ခဏာများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။
-တိရစ္ဆာန်များ ပုံမှန်မဟုတ်သော အပြုအမူများ ပြုမူအော်ဟစ်တတ်ခြင်း။ (အထူးသဖြင့် ပျား၊ ငှက်၊ ဝက်ဝံများသည် ၎င်းတို့ခိုအောင်းနေရာက ထွက်လာခြင်း၊ ငလျင်လှုပ်ခါနီးနိမိတ်တွင် ကြက်များဥဥတာ ရပ်သွားခြင်း၊ ငါးခူများက လျှပ်စစ်သံလိုက်လှိုင်းများကို အာရုံခံနိုင်စွမ်းကောင်းသည့်အတွက် ငလျင်လှုပ်ခါနီးမှာ ငါးခူများ ကြမ်းကြမ်းတမ်းတမ်း ကူးခပ်နေကြခြင်း၊ ခွေးနှင့်ကြောင်များ ကြောက်လန့်နေပုံပေါ်ခြင်း)
- ဆိုးဝါးသောအနံ့များရခြင်း။
- ရေတွင်းများပုံမှန်မဟုတ်ဘဲ ရေခန်းသွားခြင်း။
- ရေမျက်နှာပြင်မြင့်တက်လာခြင်း။
- အပူချိန်တိုးလာခြင်း။
- ငလျင်လှုပ်မည့်ဒေသအောက်တွင် တော်လည်းသံများ ကြိုတင်ဖြစ်ပေါ်တတ်ခြင်း စသည်တို့ဖြစ်ကြသည်။
မြေငလျင်မလှုပ်မီ ကြိုတင်ဆောင်ရွက်သင့်သည့် အချက်များ
(၁) မိမိအိမ် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်နေရာများအတွင်းရှိ လုံခြုံသော နေရာများကို လေ့လာထားပါ။
(၂) အန္တရာယ်ရှိတတ်သည့်နေရာများကို သတိထားပါ။
(၃) အိမ်အပြင်ဘက် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်ခန်းအပြင်ဘက်တွင်လည်း လုံခြုံစိတ်ချရသည့်နေရာများကို ကြိုတင်လေ့လာထားပါ။
(၄) မိမိနေထိုင်ရာနေရာသည် မည်သည့် ငလျင်ဇုန်တွင် ကျရောက်နေသည်၊ မည်ကဲ့သို့ပြင်ဆင်ထားသင့်သည်ကို လေ့လာထားပါ။
(၅) ဘေးကင်းလုံခြုံသော နေရာလမ်းကြောင်းများကို သတ်မှတ်ထားပါ။ ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင်ရမည့် နည်းလမ်းများကို မိသားစုဝင်များအား အသိပေးလေ့ကျင့်ထားပါ။
(၆) ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။
(၇) မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။
(၈) မိမိအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်း ခိုင်မာအောင်ပြုလုပ်ထားပါ။ (၉) ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးအားမြှင့်စက်စသည့် အရေးပေါ်ကိစ္စများအား ဖြတ်တောက်နိုင်မည့် နေရာများကို လေ့လာထားပါ။
(၁ဝ) ရှေးဦးသူနာပြုပစ္စည်း၊ စားစရာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲအပို၊ ခရီးဆောင်ရေဒီယိုနှင့် အရန်ဓာတ်ခဲများဆောင်ထားပါ။
(၁၁) မြေသားမခိုင်မာသည့် နေရာများရှိ အဆောက်အအုံများနှင့် သက်တမ်းလွန် အဆောက်အအုံများကို ရှောင်ပါ။
မြေငလျင်လှုပ်ရှားနေစဉ် ဆောင်ရွက်သင့်သည့် အချက်များ
(၁) ကြောက်ရွံ့ထိတ်လန့်မှုမရှိပါနှင့်။ သတိရှိပါ။ တည်ငြိမ်မှုရှိပါ။
(၂) မီးသုံးနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ၊ မီးခလုတ်များကိုပိတ်ပါ။
(၃) ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အအုံများအနီးမှ အမြန်ဆုံးရှောင်ရှားပါ။
(၄) ၅ စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် (ဝပ် ကာ ကိုင်) ပုံစံဖြင့်နေပါ။ (ဝပ် = ဘေးအန္တရာယ်ကင်းသောနေရာတွင် ဝပ်နေပါ။ ကာ = ခိုင်ခံ့သောစားပွဲ၊ ခုတင်အောက်တွင် မိမိကိုယ်ကို အကာအကွယ်ယူပါ။ ကိုင် = ခိုင်ခံ့သောစားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာ ကိုင်ထားပါ။
(၅) အိမ်ထဲတွင်ရှိနေပါက ခုတင်၊ စားပွဲခုံအောက်သို့ ဝင်နေပါ။ ခုတင်၊ စားပွဲမရှိလျှင် အဆောက်အအုံ၏ အတွင်းနံရံတစ်လျှောက် သို့မဟုတ် ထောင့်တစ်ခုခုတွင် အကာအကွယ်ယူပါ။
(၆) တံခါးပေါက် သို့မဟုတ် ပြတင်းပေါက် သို့မဟုတ် ဝရန်တာမှ ဝေးဝေးနေပါ။
(၇) မြင့်မားလေးလံသော ဗီရို သို့မဟုတ် ရေခဲသေတ္တာ စသည့် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများမှ ဝေးဝေးနေပါ။
(၈) အိပ်ရာထဲရောက်နေပါက ဦးခေါင်းကို ခေါင်းအုံးအောက်မှာ ထားပြီးကာကွယ်ပါ။ (၉) မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အအုံအတွင်း မနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။
(၁ဝ) အဆောက်အအုံကို စွန့်ခွာရမည်ဆိုလျှင် ဓာတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ။
(၁၁) မီးများငြှိမ်းသတ်ထားပါ။
(၁၂) မြေငလျင်လှုပ်နေစဉ် အပြင်သို့လုံးဝထွက်မပြေးပါနှင့်။
(၁၃) အထပ်မြင့်တိုက်များ၏ တံခါးပေါက်များမှ ခုန်ထွက်၊ ခုန်ချခြင်း မပြုပါနှင့်။
(၁၄) ဓာတ်လှေကားထဲသို့ တိုးဝှေ့ခြင်းမပြုရ။
(၁၅) ငလျင်လှုပ်စဉ် လမ်းပေါ်သို့ရောက်နေပါက မြင့်မားသော တိုက်တာ အဆောက်အအုံများ၊ မီးတိုင်၊ သစ်ပင်၊ လျှပ်စစ်ဓာတ်ကြိုးတန်းနှင့်ဝေးရာသို့ အမြန်ရှောင်ရှား၍ မြေပြင်မှာဝပ်နေပါ။
(၁၆) ငလျင်လှုပ်စဉ် ကားထဲတွင်ရှိနေပါက ကားကိုအရှိန်လျှော့၍ ဘေးကင်းမည့်နေရာကိုမောင်းသွားပြီးရပ်ထားပါ။ ကားကိုစက်သတ်ကာ ကားထဲမှာပဲ ဆက်ထိုင်နေပြီး တံတား၊ အဆောက်အအုံများနှင့် ဝေးရာမှာနေပါ။
(၁၇) နိမ့်သောကမ်းပါး သို့မဟုတ် ရေတွင်းရေကန်တို့မှ ဝေးဝေးနေပါ။
(၁၈) ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများဖြစ်ပါက မြေပြင်တောင်ကုန်း ရှိရာနေရာသို့အမြန်ဆုံးသွားပါ၊ ဆူနာမီလှိုင်းကြီးများ ဝင်ရောက်လာနိုင်သဖြင့် ပင်လယ်ကမ်းခြေမှ ဝေးဝေးနေပါ။
မြေငလျင်လှုပ်ပြီးနောက် ဆောင်ရွက်သင့်သည့် အချက်များ
(၁) မိသားစုဝင်များကို စစ်ဆေးပါ။ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
(၂) မိမိကိုယ်ကို အနာတရဖြစ်၊ မဖြစ်စစ်ဆေးပါ။
(၃) ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကိုကူညီပြီး ရှေးဦးပြုစုပါ။
(၄) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မကျန်းမာသူများ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးကယ်တင်ပါ။
(၅) အင်အားကြီးသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင်ဆက်မလှုပ်မီ အဆောက်အအုံ အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ပါ။
(၆) မိမိအိမ်နှင့်ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ၊ ပျက်စီးမှုများ အားလုံးကို ပြန်လည်စစ်ဆေးပါ။
(၇) ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့်နေရာများတွင် ခေတ္တယာယီနေပါ။
(၈) အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကိုမသုံးပါနှင့် မီးလောင်နိုင်သည်။
(၉) မီးခလုတ်များကိုပိတ်ထားပြီး ဓာတ်မီးနှင့် ဘက်ထရီမီးများကိုသာ သုံးပါ။
(၁ဝ) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စသောလောင်စာနံ့များရပါက အမြန်ဆုံး ထွက်ခွာပါ။
(၁၁) ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ်ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာနှင့် ဆည်များပြိုကျခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် ရေကြီးရေလျှံခြင်းများဖြစ်တတ်၍ မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။
(၁၂) သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာထားသော သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုမျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။
အချုပ်ဆိုသော် မြန်မာနိုင်ငံတွင်းတည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ လွန်စွာစိတ်ဝင်စားကြသော မိုင် ၆ဝဝ ကျော်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ အလယ်မှဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။ ဥတုရာသီ၊ ချိန်ခါမရွေး ငလျင်လှုပ်နိုင်သည်။ ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်၍ ပျက်စီးဆုံးရှုံးမှုများတတ်သည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများလည်း ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ပြည်သူလူထုများ ငလျင်ဘေးဆိုင်ရာ အသိပညာများ ရရှိလာစေရန် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနက မြန်မာပြည်တစ်ဝန်း လူနေရပ်ကွက်များ၊ စာသင်ကျောင်းများတွင် ငလျင်ဘေးကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။
သို့ပါ၍ မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးမှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလတို့အတွက် သတိပေးနှိုးဆော်မှု၊ ပညာပေးလေ့ကျင့်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ဖြင့် ရင်ဆိုင်ကြရခြင်းဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အရည်အချင်းပြည့်ဝမှု၊ လူသားချင်းစာနာမှုတို့ဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို ကျော်လွှားကြရမည်သာ ဖြစ်ပါကြောင်း ထပ်ဆင့် အကြံပြုအပ်ပါသည်။ ။
သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းသည် သက်ကြီးရွယ်အိုများ အထူးသဖြင့် ဆေးရုံတက်နေရသူများ၊နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ကင်ဆာရောဂါများကဲ့သို့ နာတာရှည်ကျန်းမာရေးပြဿနာရှိသူများတွင် တွေ့ရနိုင်ပါသည်။ လူဦးရေအခြေပြုလေ့လာမှုများအရ လူထုအတွင်း သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာဖြစ်ပွားမှုသည် ၈ ရာခိုင်နှုန်းခန့်ရှိပြီး အသက်ကြီးလာသည်နှင့်အမျှ သိသိသာသာ တိုးမြင့်လာကြောင်းတွေ့ရှိရသည်။ အသက် ၅၅ နှစ်နှင့်အထက် ပါဝင်သူများ၏ ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အသက် ၇၅ နှစ်ကျော်သူများ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်းတွင်အဖြစ်များပြီး ကျန်းမာရေးဌာနများ၊ ဘိုးဘွားရိပ်သာနှင့် ဆေးရုံတက်လူနာများတွင် ပို၍တွေ့ရသည်။ သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းကို ဆေးရုံတက်လူနာများ၏ ၁၅-၃၀ ရာခိုင်နှုန်းနှင့် သက်ကြီးလူနာများတွင် ၅၀ ရာခိုင်နှုန်းအထိ တွေ့နိုင်ကြောင်းအစီရင်ခံထားပါသည်။ အသက်အရွယ်ကြီးခြင်းသည်သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းအန္တရာယ် ဖြစ်နိုင်ခြေပိုများသောအချက်တစ်ခုဖြစ်သည်။ မကြာသေးမီ ဆယ်စုနှစ်များတွင် သက်ကြီးရွယ်အိုလူဦးရေတိုးလာခြင်းနှင့်အတူ သက်ကြီးရွယ်အိုများတွင်သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းနှင့်ဆက်စပ်သောရောဂါဖြစ်ပွားမှုများ ပိုမိုတွေ့ရှိလာသောကြောင့် Hyponatremia ခေါ် သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာမှာ အရေးပါလာသည်။
သွေးတွင်းဆိုဒီယမ်ကို "ပုံမှန်" အားဖြင့် ၁၃၅-၁၄၂ mmol/L အဖြစ်သတ်မှတ်သည်။ ဆိုဒီယမ် ၁၃၅ mmol/L အောက်ကျဆင်းသွားသောအခါ ယင်းကိုသွေးတွင်းဆိုဒီယမ်လျော့နည်းခြင်း Hyponatremia ဟုသတ်မှတ်သည်။ ခန္ဓာကိုယ်တွင် ဆိုဒီယမ်သည် အာရုံကြောကျန်းမာရေးနှင့် ကြွက်သားများ၏ လုပ်ဆောင်မှုကို ထိန်းသိမ်းရန်၊ ခန္ဓာကိုယ်အတွင်းအရည်များကိုထိန်းညှိပေးပြီး အာရုံကြောများသို့ လှုံ့ဆော်မှုများပေးပို့ရန်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်ဖြစ်သည်။ သွေးတွင်းဆိုဒီယမ်ပမာဏလျော့နည်းခြင်းသည် သွေးထဲရှိ ဆိုဒီယမ်ပမာဏ ပုံမှန်ထက်နည်းနေချိန် သို့မဟုတ် သွေးထဲတွင် ရေပါဝင်မှုများလွန်းနေချိန်တွင်ဖြစ်ပေါ်ပြီး ရောဂါလက္ခဏာများနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဆိုဒီယမ်လျော့နည်းနိုင်သောအကြောင်းရင်းများ
သက်ကြီးရွယ်အိုများတွင် သွေးတွင်းဆိုဒီယမ်လျော့နည်းရသောအကြောင်းရင်းများမှာအသက်အရွယ်ကြီးလာခြင်းကြောင့် ရေကိုစွန့်ထုတ်နိုင်စွမ်းကျဆင်းခြင်း၊ ခန္ဓာကိုယ်တွင်း စုစုပေါင်းရေပါဝင်မှုရာခိုင်နှုန်းလျော့နည်းလာခြင်း၊ ကျောက်ကပ်၏အတွင်းပိုင်းတွင်Prostaglandins ထုတ်လုပ်မှုလျော့နည်းသွားခြင်းတို့ကြောင့်ဖြစ်သည်။ နှလုံးချို့ယွင်းခြင်း၊ ကျောက်ကပ်နှင့်အသည်းရောဂါများကြောင့် ခန္ဓာကိုယ်အတွင်း ပိုလျှံနေသော အရည်များကို စွန့်ထုတ်နိုင်စွမ်းကျဆင်းသွားသဖြင့် ခန္ဓာကိုယ်အတွင်း အရည်များကျန်ရှိနေသောအခါ ဆိုဒီယမ်ပါဝင်မှုအချိုးအစား လျော့နည်းသွားနိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့်ရေတို့ကို ဟန်ချက်ညီအောင်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေသော ဟော်မုန်းထုတ်ပေးနိုင်သည့် အဒရီနယ်ဂလင်းများ၏စွမ်းရည်ကျဆင်းခြင်းနှင့် ခန္ဓာကိုယ်တွင် ပုံမှန်ဆီးသွားခြင်းကိုထိန်းထားနိုင်သော ADH ဟော်မုန်းကို အလွန်အကျွံထုတ်လုပ်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ နာတာရှည်ရောဂါများကြောင့်ဆေးဝါးများ မကြာခဏသောက်ရခြင်း ဥပမာ-ဆီးဆေးများ၊ တချို့သော အတက်ကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကျရောဂါကုသသောဆေးအမျိုးအစားများကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ သို့မဟုတ် နှလုံးရောဂါရှိသူများအနေဖြင့် ဆားဓာတ်နည်းသောအစာကို စားရခြင်းနှင့် အာဟာရချို့တဲ့မှုကြောင့် သွေးတွင်းဆိုဒီယမ် ကျဆင်းခြင်းကို ဖြစ်စေနိုင်သည်။ အဆုတ်ကင်ဆာ အပါအဝင် တချို့သောကင်ဆာရောဂါရှိသူများတွင်လည်း သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာတွေ့ကြုံနိုင်သည်။ နွေရာသီတွင် ကျောက်ကပ်ဆိုင်ရာလုပ်ဆောင်ချက်ချွတ်ယွင်းလာခြင်း၊ ဆားဆုံးရှုံးမှုများလာခြင်း၊ ဆားစားသုံးမှုလျော့နည်းခြင်း၊ ရေသောက်သုံးမှုတိုးလာခြင်းကြောင့် သွေးတွင်းဆိုဒီယမ်လျော့နည်းမှုပိုများသည်။ ထို့ပြင် မကြာခဏပြင်းထန်စွာအော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ချွေးအလွန်ထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ဆားများ ဆုံးရှုံးသွားခြင်းဖြစ်နိုင်သည်။
သွေးတွင်းဆိုဒီယမ်လျော့နည်းသောလက္ခဏာများ
သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်း ရောဂါလက္ခဏာများ၏ပြင်းထန်မှုသည် လျော့နည်းသောဆိုဒီယမ်ပမာဏ၊ လူနာ၏အခြေခံကျန်းမာရေး၊လျော့နည်းမှု၏ကြာချိန်နှင့် ရောဂါလက္ခဏာများဖြစ်ပေါ်မှု၏ကြာချိန်ကဲ့သို့သော အကြောင်းရင်းများစွာတွင် မူတည်သည်။ နာတာရှည်ဆိုဒီယမ်လျော့နည်းခြင်းနှင့်ဆက်စပ်သော အပျော့စားလက္ခဏာများဖြစ်သည့်ပင်ပန်းနွမ်းနယ်ခြင်း၊မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လမ်းလျှောက်ရခက်ခြင်းကြောင့် ချော်လဲခြင်း၊ အရိုးပွရောဂါနှင့် အရိုးကျိုးခြင်းများအပေါ် ဆိုးရွားသောသက်ရောက်မှုများသည် သက်ကြီးရွယ်အိုလူနာများတွင် မကြာခဏတွေ့ရပြီး ပို၍ပြင်းထန်နိုင်သည်။
သွေးတွင်းဆိုဒီယမ် ပုံမှန်ထက်အနည်းငယ်လျော့နည်းခြင်းသည် အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ ၁၂၅ mmol/L အောက်လျော့ကျသွားလျှင် ပျို့အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထုံထိုင်းခြင်းတို့ကို အများအားဖြင့်တွေ့ရသည်။ ထို့ပြင် ၄၈ နာရီတွင် ရုတ်တရက် သွေးတွင်းဆိုဒီယမ် ၁၁၅ mmol/L အောက် သိသိသာသာကျဆင်းသွားလျှင် ဖြစ်ပေါ်လာသည့် ပြင်းထန်သောလက္ခဏာများဖြစ်သည့် ပျို့ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိမေ့မြောခြင်း၊ တက်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ကုသမှု
သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းအတွက် ကုသမှုသည် ယင်း၏ပြင်းထန်မှုနှင့် အရင်းခံအကြောင်းရင်းပေါ်မူတည်၍ ကွဲပြားသည်။ ပုံမှန်ထက် အနည်းငယ်လျော့နည်းခြင်းတွင် ဆိုဒီယမ်များသောအစားအစာများကို စားသုံးခြင်း၊ချွေးအလွန်အကျွံထွက်ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကြောင့်ဖြစ်လျှင်ဓာတ်ဆားရည်များသောက်ခြင်းနှင့် ဆားဖြည့်စွက်စာများ သောက်သုံးခြင်းဖြင့် သက်သာစေပါသည်။ တစ်ခါတစ်ရံတွင် အရည်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်နိုင်ခြေရှိသဖြင့် သောက်သည့်အရည်ပမာဏကို လျှော့ချလိုက်ရုံဖြင့် ဆိုဒီယမ်ပမာဏကို ပုံမှန်ဖြစ်အောင်ကူညီပေးနိုင်သည်။ နှလုံးရောဂါ၊အသည်းရောဂါ၊ ကင်ဆာရောဂါရှိသူများနှင့် ဆီးဆေးများ သို့မဟုတ် ဆေးဝါးအများအပြားကို သောက်သုံးနေသူများ၊ နာတာရှည်လူနာများတွင် သံသယရှိသောဆေးဝါး(များ)ကို လတ်တလောရပ်ဆိုင်းခြင်းသည် သွေးတွင်းဆိုဒီယမ်မြင့်တက်မှုကို အထောက်အကူပြုသည်။
သို့သော် သက်ကြီးရွယ်အိုများတွင် မကြာခဏသွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာဆေးဝါးများသည် သွေးတွင်းဆိုဒီယမ်လျော့နည်းမှု ဖြစ်နိုင်ခြေရှိသော အရေးကြီးသည့်အချက်ဖြစ်သဖြင့် လူနာများသည် ကုထုံးကိုကောင်းစွာတုံ့ပြန်ပါက (ဥပမာ- စိတ်ကျရောဂါတိုက်ဖျက်ရေးဆေးဖြင့် ကောင်းစွာထိန်းချုပ်နိုင်သောလူနာ)ကုသမှုများကို ရပ်ဆိုင်းရန်ဖြစ်သည်။သွေးတွင်းဆိုဒီယမ်လျော့နည်းမှုဖြစ်နိုင်သော ရောဂါအခံများ( ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အသည်းရောဂါ၊ အဒရီနယ်ဂလင်းများ၏ဟော်မုန်းမလုံလောက်မှုအပါအဝင် တခြားဆေးဘက်ဆိုင်ရာပြဿနာများ)ကို ရှာဖွေဖော်ထုတ်ကုသရန်လိုအပ်ပါသည်။ ပြင်းထန်သောအခြေအနေများတွင် ဆိုဒီယမ်ပမာဏကို လျင်မြန်စွာမြှင့်တင်ရန် သွေးကြောမှတစ်ဆင့် ဆိုဒီယမ်များများပါသောဆားရည်ကို ဆရာဝန်များကပေးနိုင်သည်။
ဆိုဒီယမ်လျော့နည်းခြင်းကိုကာကွယ်ရန် နည်းလမ်းများ
ခန္ဓာကိုယ်တွင် ဆိုဒီယမ်သည် သွေးထုထည်၊ သွေးပေါင်ချိန်နှင့် ခန္ဓာကိုယ်အရည်များကို ထိန်းညှိပေးသောကြောင့် ပုံမှန်ဆိုဒီယမ်ပမာဏကို ထိန်းသိမ်းထားရန် အရေးကြီးပါသည်။ နေ့စဉ် ဆားစားသုံးမှုသည် ၅ ဂရမ်ထက် မပိုစေရန်အတွက် ရေနှင့် အရည်လုံလောက်စွာသောက်ရန်လိုအပ်သည်။ သို့သော် ရေဓာတ်လွန်ကဲခြင်းသည်လည်း ပြဿနာတစ်ခုဖြစ်နိုင်သည်။ အများအားဖြင့် ရေငတ်ခြင်းနှင့် ဆီးအရောင်သည် ရေမည်မျှလိုအပ်ကြောင်းကို အထင်ရှားဆုံး ညွှန်ပြသည်။ ဆီးသည် အဝါဖျော့ဖျော့(ကောက်ရိုးအရောင်) ဖြစ်နေလျှင် ရေဓာတ်ပုံမှန်ဖြစ်သည်ဟုယူဆနိုင်ပါသည်။ ရေဓာတ်ခန်းခြောက်လျှင် ဆီးအရောင်ရင့်နိုင်သဖြင့် ရေလုံလောက်စွာ သောက်ရန်လိုအပ်သည်။
သက်ကြီးရွယ်အိုများတွင် လက္ခဏာမပြသော်လည်း နာမကျန်းဖြစ်လျှင် သွေးတွင်းဆိုဒီယမ်ကိုဂရုတစိုက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လိုအပ်သည်။ အဓိကအားဖြင့် နာတာရှည်ရောဂါလက္ခဏာရှိသောလူနာများကို ဆေးညွှန်းများပေးရာတွင် ဆိုဒီယမ်လျော့နည်းခြင်းကို သတိပြုကာကွယ်ရန်လိုအပ်သည်အထူးသဖြင့် ဆီးဆေးများသည် သက်ကြီးရွယ်အိုများတွင် ဆိုဒီယမ်လျော့နည်းခြင်း အဖြစ်အများဆုံးအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ တချို့သော ကျန်းမာရေးအခြေအနေများဖြစ်လျှင် (ဥပမာ-အန်ခြင်းနှင့် ဝမ်းလျှောခြင်း၊ နွေရာသီတွင်ပြင်းထန်သောအပူဒဏ်ကို ခံစားရခြင်း) ဓာတ်ဆား ဖျော်ရည်များကို သောက်သုံးခြင်းသည် ဆုံးရှုံးသွားသော ဆိုဒီယမ်နှင့် ရေဓာတ်ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ပါသည်။
အနှစ်ချုပ်မှာ သက်ကြီးရွယ်အိုများ၏ အထွေထွေကျန်းမာရေးသည် ခန္ဓာကိုယ်ရှိ ဆိုဒီယမ်သတ္တုဓာတ်ကို မှန်ကန်သောဟန်ချက်အတွင်း ထိန်းသိမ်းနိုင်ခြင်းအပေါ်မူတည်ပါသည်။ အကယ်၍ သွေးတွင်းဆိုဒီယမ်ပါဝင်မှုလျော့နည်းပါက အစားအစာများတွင် ဆိုဒီယမ်ကြွယ်ဝသောအစားအစာပမာဏကို တိုးမြင့်စေခြင်း၊ အားဖြည့်အချိုရည်များ သို့မဟုတ် ဓာတ်ဆားရည်များသောက်ခြင်းနှင့် ဖြည့်စွက်ဆားများစားသုံးခြင်းက အနည်းငယ်လျော့နည်းခြင်းကိုသက်သာစေသည်။ အထူးသဖြင့် နှလုံး သို့မဟုတ် ကျောက်ကပ်ဆိုင်ရာ နာတာရှည်ပြဿနာများရှိနှင့်ပြီးဖြစ်သည့်သက်ကြီးရွယ်အိုလူနာများတွင် ဆေးဝါးများကို သတိဖြင့်ညွှန်းသင့်သည်။ထို့ပြင်သက်ကြီးရွယ်အိုလူနာများတွင် ဆိုဒီယမ်လျော့နည်းမှုဖြစ်နိုင်ခြေရှိသောဆေးဝါးများ သို့မဟုတ် အစားထိုးကုထုံးများကိုပမာဏနည်းပါးစွာအသုံးပြုခြင်းသည်လျော့နည်းခြင်းမှများသောအားဖြင့်ရှောင်ရှားနိုင်သည်။သက်ကြီးရွယ်အိုများ တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊အိပ်ငိုက်ခြင်းကဲ့သို့သော သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းလက္ခဏာများ ခံစားရပါက ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ရန်လိုအပ်ကြောင်း သတိပေးအပ်ပါသည်။
Source: https://myawady.net.mm/stories
ဝါးပင်သည် မြန်မာလူမျိုးတို့အသုံးများသောအပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။ ဝါးကိုရှေးယခင်ကတည်းက ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဖြစ်သည်။ ဝါးကိုလူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ်လည်းကောင်း၊အိမ်ဆောက်ပစ္စည်းများအဖြစ်လည်းကောင်း၊ ဝါးလက်မှုထုတ်ကုန်များအဖြစ်လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသောအပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝါးပင်သည်အဓိကစိုက်ပျိုးသင့်သောအပင်တစ်မျိုးပင်ဖြစ်သည်။
ဝါးမျိုးစိတ်နှင့်ဝါးပင်၏သဘာဝ
ဝါးကို မြန်မာအဘိဓာန်တွင် အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်ပြီးပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်းစသည့် ရက်လုပ်ရသောအပင်ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝါးသည်မြက်မျိုးရင်းဝင်ဖြစ်သည်။ မြက်အမျိုးပေါင်း ၄၂၀ ရှိသည့်အနက် ၈၆ မျိုးသည် ဝါးမျိုးများဖြစ်ကြောင်းသိရသည်။ မျိုးစဉ်မှာ Poales ဖြစ်ပြီး မျိုးရင်းမှာ Poaceae ဖြစ်သည်။ အင်္ဂလိပ်အမည်အားဖြင့် Bamboo ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bambusa Vulgaris/ Phyllostachys edulis ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်၁၀၀ ကျော်ခန့် အလေ့ကျပေါက်ရောက်ရှင်သန်ကြသည်။ ထိုမျိုးစိတ်များအနက်မှ မြန်မာနိုင်ငံတွင် ဝါးမျိုး ၂၀ မျိုးပေါက်ရောက်ရှင်သန်ကြသည်။ ဝါးပေါက်ရောက်ပုံသဘာဝကိုအကြမ်းအားဖြင့်သုံးမျိုးခွဲခြားနိုင်သည်။ (၁) တစ်ပင်ချ ပေါက်ရောက်လေ့ရှိသောဝါး၊ (၂) အစုလိုက် သို့မဟုတ် အုပ်စုလိုက်ပေါက်လေ့ရှိသောဝါး၊ (၃) အထက်ပါအုပ်စုနှစ်စုရော၍ ပေါက်သောဝါး (စကဝါး)တို့ဖြစ်သည်။ ဝါးပင်သည် စုစုရုံးရုံးပေါက်ရောက်လေ့ရှိသည့်သဘာဝကြောင့် စည်းရုံးခြင်းသဘောကိုဆောင်သည်။ ဝါးပင်သည် အတ္တကင်းသောသဘောသဘာဝလည်းရှိပေသည်။ အကြောင်းမှာ ဝါးပင်ပေါက်ရောက်သော ပတ်ဝန်းကျင်တွင်အခြားသောအပင်များကိုလည်း ရှင်သန်ပေါက်ရောက်ခွင့်ပေးသည်။ ဝါးပင်သည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင်အများဆုံးရှင်သန်ပေါက်ရောက်ကြသည်။ ရာသီဥတုအနေဖြင့် အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့်မိုးရေချိန်အနေဖြင့် ၃၁ လက်မမှ ၂၅၄ လက်မအတွင်းဖြစ်ထွန်းပြီး ရေမဝပ်သောမြေမျိုးနှင့်ဆားငန်ရေဝင်သောမြေမှလွဲ၍ အခြားမြေမျိုးများတွင် ရှင်သန်ပေါက်ကြသည်။ ဝါးသည်စုစုရုံးရုံးပေါက်ရောက်ကြသဖြင့်အပင်ရှုပ်ပြီး အပင်ကျပ်သည့်သဘောရှိသည်။ ထို့ကြောင့်ဝါးခုတ်ရာတွင် မလွယ်ကူပေ။ ပင်စည်တစ်ဝက်ကျော်ကျော်မှစ၍အတက်အရွက်ထွက်သည်။ အပင်အမြင့်ပေ ၈၀ မှ ၉၀ အထိရှိတတ်သည်။ အပင်လုံးပတ်မှာ ၉ လက်မခန့်မှ ၁ ပေအထိရှိတတ်သည်။ ထိုလုံးပတ်သည် ဝါးပိုးဝါးလိုဝါးမျိုးဖြစ်နိုင်သည်။ ဝါးပိုးဝါးသည် အလုံးကြီးသောကြောင့်ဖြစ်သည်။ ဝါးအဆစ်မှာ ၁၂ လက်မမှ လက်မ ၃၀ ခန့်အထိရှိတတ်ကြောင်း သိရသည်။ ဝါးပင်၏အသားသည် အရင်းပိုင်းအသားထူပြီး အဖျားပိုင်းကအသားပါးသည်။ ဝါးပင်သည် တစ်နေ့၁ မီတာအထိရှည်သည်ဟု သိရသည်။
ဝါးအမည်များ
အထက်ဖော်ပြပါဝါးမျိုးစိတ်များအနက်ဝါးအမျိုးအမည်များကိုဖော်ပြပါမည်။ယင်းတို့မှာ-ဝါးပိုး၊ ဝါးပိုးမျက်ဆန်ကျယ်၊ မြင်ဝါး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလို့ဝါး၊ တင်းဝါး၊ ခရင်ဝါး၊ သိုက်ဝါး၊ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီး၊ ထီးရိုးဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊တင်းလယ်မဲ၊ ကြခတ်မ၊ ဝါးမင်း၊ ခဲလံဝါး၊ ဝါးဖယောင်း၊ ပီလောပီနံဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ ဝါးကြီး၊ ဝါးထွန်၊ ဝါးဘိုးအေ၊ ဝါးပြောက်(တနင်္သာရီဒေသတွင်ပေါက်သည်)၊ ဝါးသပွတ်၊ ကရင်ဝါး စသည်တို့ဖြစ်သည်။ ဖော်ပြပါဝါးများသည် အမည်မတူသည့်အမည်များကိုဖော်ပြထားခြင်းဖြစ်သည်။ သို့သော်ဒေသအခေါ်အရ အမည်မတူသော်လည်း ဝါးအမျိုးတူသည်များလည်းရှိနိုင်သည်။ စာရေးသူအနေဖြင့် အမည်မတူသည်ကိုသာ အဓိကဖော်ပြထားခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့်ဝါးပင်
ဝါးပင်သည် သဘာဝပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသည်။ လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး သက်ရှိတို့အတွက် အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးသည်။ပတ်ဝန်းကျင် အစိုဓာတ်ရှိနေချိန်တွင် ထိုအစိုဓာတ်ကိုစုပ်ယူထားပြီး ပတ်ဝန်းကျင်ခြောက်သွေ့နေချိန်တွင် စုပ်ယူထားသောအစိုဓာတ်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ရေမှုန်လေးများကိုထုတ်ပေးကြောင်းလည်းသိရသည်။ ဝါး ၂ ဒသမ၄၇၁ ဧကရှိသောဝါးစိုက်ခင်းတစ်ခင်းသည် လေထုကိုညစ်ညမ်းစေသည့်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကာဗွန်၆၂ တန်အထိ နှစ်စဉ်စုပ်ယူပေးနိုင်သည်။ တချို့က ၁၂ တန်ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေ ဝါးပင်သည်ပတ်ဝန်းကျင်ကို အကျိုးပြုသည်ကတော့ အမှန်ဖြစ်သည်။ အခြားသော အပင် ၂ ဒသမ ၄၇၁ ဧကသည် နှစ်စဉ်ကာဗွန် ၁၅ တန်ခန့်သာစုပ်ယူနိုင်သည်။ ဤကား ဝါးပင်နှင့်အခြားအပင်တို့၏ ကွာခြားချက်ဖြစ်သည်။ထို့ပြင် ဝါးပင်၏ အမြစ်ဖွဲ့စည်းမှုသည် အခြားအပင်များနှင့်မတူအမြစ်ကျစ်လျစ်သည်။ ထို့ကြောင့် မြေဆီလွှာကိုရေတိုက်စားမှုမှ ကာကွယ်ပေးသည်။ ဝါးပင်သည် အစိုဓာတ်ကိုထုတ်လွှတ်ပေးသလို ရာသီဥတုပူနွေးမှုကိုလည်းလျှော့ချပေးနိုင်သည်။ အကြောင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုများသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးသည့်ဝါးပင်ကို တိုးချဲ့စိုက်ပျိုးသင့်သလို ဝါးပင်များကိုလည်း ထိန်းသိမ်းပေးသင့်သည်။ ထိုကဲ့သို့အရေးပါသော ဝါးပင်ကို လေးစားပြီး ဂရုပြုသည့်အနေဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၈ ရက်နေ့ကို "ကမ္ဘာ့ဝါးပင်များနေ့"အဖြစ်သတ်မှတ်ထားကြသည်။ ထို့ပြင်ဝါးပင်သည်ဂေဟဗေဒစနစ်ဖြင့် ကိုက်ညီသည့်အချက်များရှိသည်။ လျင်မြန်စွာကြီးထွားခြင်း၊ ထွက်ရှိနှုန်းများခြင်း၊ ဝါးနှင့်ပတ်သက်သောအသက်မွေးမှုရှိခြင်း၊မြေဆီလွှာကိုကာကွယ်ပေးခြင်း၊ လေထုကိုသန့်စင်ပေးခြင်း စသည်တို့ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးသင့်သော မြန်မာတို့၏ဝါး
ဝါးကိုယခုအခါ စနစ်တကျစိုက်ပျိုးလာကြသည်။ ဝါးစိုက်ပျိုးရာတွင် မျိုးပွားစိုက်ပျိုးနည်းနှင့် အစေ့မှလည်း မျိုးပွားယူကြသည်ဟုသိရသည်။ စီးပွားဖြစ်ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ်သက်သော မြေ၊ ရာသီဥတုအပြင် သင့်လျော်သော ဝါးမျိုးစိတ်ကိုရွေးချယ်စိုက်ပျိုးဖို့လည်းလိုပါသည်။ ဝါးစိုက်ပျိုးမည့် မြေကိုရွေးချယ်မည်ဆိုပါက ဝါးစိုက်မြေကို လမ်းပန်းဆက်သွယ်ရေးကောင်းသည့်မြေနေရာမျိုးကိုရွေးချယ်ဖို့လိုသည်။ဝါးထုတ်ကုန်များထုတ်လုပ်သည့်နေရာနှင့်နီးသောနေရာမျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ထိုအခါ သယ်ယူစရိတ်သက်သာမည်ဖြစ်သည်။ ဝါးကိုအများအားဖြင့်တော့ အမြစ်ဆုံမှမျိုးပွားစိုက်ပျိုးနည်းနှင့် အဆစ်မှမျိုးပွားစိုက်ပျိုးနည်းဟူ၍နှစ်မျိုးရှိသည်။ စာရေးသူတို့ဒေသဘက်မှာတော့ အဆစ်မှမျိုးပွားစိုက်ပျိုးလေ့ရှိကြသည်။ ဝါးကိုစီးပွားဖြစ် သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၀ ပေခြားစိုက်ပျိုးရသည်။ ဝါးပင်သည် တဖြည်းဖြည်းအုံလိုက်ကျင်းလိုက် ပြန့်ပွားလာသောကြောင့်ဖြစ်သည်။ မျှစ်ဝါးဆိုလျှင် ဝါးတစ်ရုံတွင် အပင်ခြောက်ပင်ခန့်သာထားရမည်။ ယခုအခါစာရေးသူတို့ဒေသဘက်တွင် ဝါးနက်ဝါးတစ်လုံးကို ၂၀၀၀ -၃၀၀၀ ခန့်ပေးရသည်။ အစေ့ကိုပျိုးစိုက်မည်ဆိုပါက ခုနစ်နှစ်ခန့်ကြာသည်ဟုသိရသည်။ ဝါးပင်သည်အလေ့ကျပေါက်ရောက်မှုရှိသလို စနစ်တကျစီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။
ကမ္ဘာ့ဝါးယဉ်ကျေးမှု
ဝါးသည် ကမ္ဘာသုံးအပင်ဖြစ်သည်။ယဉ်ကျေးမှုနှင့်ဝါးသည် ဆက်စပ်မှုရှိသည်။ လူတို့သည် ရှေးက သားစိမ်းငါးစိမ်းများကိုသာစားခဲ့ကြသည်။ ထို့နောက်ဝါးပင်အချင်းချင်းပွတ်တိုက်ရာမှစ၍မီးကိုတွေ့ရှိခဲ့ပြီးနောက် သားစိမ်းငါးစိမ်းများကို မီးဖုတ်၊ မီးကင်၍ စားသုံးသည့်ယဉ်ကျေးမှုပေါ်ပေါက်လာခဲ့သည်။ ဤကား ဝါးကိုအခြေခံ၍ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်တရုတ်နိုင်ငံတို့တွင် ဝါးယဉ်ကျေးမှုထွန်းကားခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ အဓိကရိုးရာပွဲတစ်ခုတွင် ဝါးသည် မြန်မာလူမျိုးတို့၏ကန်တော့ပွဲကဲ့သို့အရေးပါကြောင်းသိရသည်။ တရုတ်နိုင်ငံတွင်ဝါးကိုရှေးနှစ်ပေါင်း ၅၀၀၀ ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြောင်းသိရသည်။ မြန်မာစာပေများမှာလည်း ဝါးပင်မှာသန္ဓေတည်၍ဖြစ်လာသော "ဝေဠုဝန်မင်းသမီး" ဟူ၍လည်းရှိခဲ့သည်။ ဝါးမှရရှိသောဝါးအမြုတေဟုလည်းရှိကြောင်း မှတ်သားရဖူးသည်။တရုတ်လူမျိုးတို့သည် ဝါးကိုအသုံးများသည်။ စာပေများရေးသားရာတွင်ဝါးစုပ်တံကိုအသုံးပြုကြသလို တရုတ်နိုင်ငံ၏ ပထမဆုံးစာအုပ်ကို ဝါးပြားပေါ်တွင်ရေးသားကြောင်းသိရသည်။ ဝါးသည် စာပေနှင့်သာဆက်စပ်နေသည်မဟုတ်ပေ။ ဂီတနှင့်လည်းဆက်စပ်နေသည်။ ဝါးဖြင့်ပြုလုပ်သောတူရိယာများလည်းရှိသည်။ ဝါးပလွေ၊ ဝါးလက်ခုပ်၊ ဝါးပတ္တလား စသည်တို့သည် ဝါးနှင့်အနုပညာတူရိယာကို ပေါင်းစည်းထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးနှင့်ဝါးထုတ်ကုန်
ဝါးကိုစီးပွားဖြစ်စိုက်ပျိုးပါက ဝါးတစ်လုံးကို ၂၀၀၀-၃၀၀၀ ခန့်စျေးရှိသည်။ ဝါးရုံတစ်ရုံတွင် ဝါးအလုံးရေ၄၀-၅၀ ခန့်ရှိကြသည်။ ဤကားခန့်မှန်းခြေသာဖြစ်သည်။ ထိုဝါးရုံမှဝါးများအနက်ရောင်းတန်းဝင်ဝါး ငါးလုံး ၁၀ လုံးခန့်ခုတ်ယူနိုင်သည်။ ဝါးတစ်ဧကတွင်ဝါးရုံ ၄၂၀ ခန့်ဝင့်ဆံ့သည်။ ဝါးရုံတစ်ရုံတွင်ပျမ်းမျှဝါး ငါးလုံးခန့်ခုတ်ယူနိုင်လျှင် ယနေ့ဝါးစျေး ပျမ်းမျှ တစ်လုံး ၃၀၀၀နှင့်တွက်လျှင် ဝါးရုံ ၄၂၀ အတွက် တစ်ရုံငါးလုံးဆိုလျှင် ဝါးအလုံးရေ ၂၁၀၀ ခန့်ရမည်ဖြစ်သည်။ ဝါးအလုံးရေ ၂၁၀၀ ကို ဝါးတစ်လုံးငွေကျပ် ၃၀၀၀ နှင့်ဆိုလျှင် ငွေကျပ် ၆၃၀၀၀၀၀ ရရှိမည်ဖြစ်သည်။
ဤကားကုန်ကြမ်းခေါ် အလုံးလိုက်ရောင်းချရငွေဖြစ်သည်။ ထိုဝါးများကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ ဝါးလက်မှုပစ္စည်းများအဖြစ်လည်း ထုတ်လုပ်ရောင်းချကြသည်။ဝါးလက်မှုပစ္စည်းများကို အနည်းငယ်ဖော်ပြပါမည်။ ယင်းတို့မှာ- ဝါးခမောက်၊ဝါးပလွေ၊ ဝါးပတ္တလား၊ ဝါးလက်ခုပ်၊ စပါးထည့်သည့်ဝါးပုတ်၊ ငါးဖမ်းရာတွင်အသုံးပြုသည့်ယင်း၊
ဝါးမြှုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ပုသိမ်ထီး၊နှီးကြောဖျာ၊ မြန်မာ့ယွန်းထည်နှင့်ဝါးကုလားထိုင်အမျိုးမျိုးတို့ဖြစ်သည်။ စာရေးသူတို့ဘက်မှာဆိုဝါးကုလားထိုင်များပြုလုပ်ရောင်းချကြသူများရှိသည်။ ဝါးထရံရက်လုပ်ရောင်းချကြသူများလည်းရှိသည်။ ဝါးပုတ်ပြုလုပ်သူများလည်းရှိသည်။ ဝါးကုလားထိုင်တစ်လုံးလျှင် ယခင်ကငွေကျပ် ၅၀၀၀ ခန့်ပေးရသည်။ ယခုဆို အနည်းဆုံး ငွေကျပ် ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်လောက်ရှိပေလိမ့်မည်။ ဝါးထရံရက်လုပ်ခြင်းနှင့်ဝါးပုတ်ပြုလုပ်ခြင်း၊ ဝါးကုလားထိုင်ပြုလုပ်ခြင်းသည် ထိုသူတို့၏ စီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။ ယခင်ကတည်းက ယနေ့အထိပြုလုပ်နေကြဆဲ ဝါးဖြင့်စီးပွားရှာသည့်လက်မှုဝါးစီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ မြန်မာ့ပုသိမ်ထီးနှင့်မြန်မာ့ယွန်းထည်ဆိုလျှင် ကမ္ဘာသိမြန်မာ့ဝါးလက်မှုအနုပညာယဉ်ကျေးမှုပင်ဖြစ်သည်။ ဝါးပင်သည်ကုန်ကြမ်းသာဖြစ်သည်။ အဆိုပါဝါးကို လက်မှုပစ္စည်းများဖြစ်သည့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ မြန်မာ့ယွန်းထည်နှင့်မြန်မာ့ရိုးရာပုသိမ်ထီးဆိုလျှင် ကမ္ဘာသိဝါးလက်မှုကုန်ချောပစ္စည်းဖြစ်သည်။ ထိုကဲ့သို့ဝါးလက်မှု အခြေခံထုတ်ကုန်များဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်ကလည်းအားပေးလျက်ရှိသည်။ ဝါးလက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားရေးလည်း တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း ဝါးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများထုတ်ပေးပြီး အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသအသီးသီးမှာလည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ယခုအခါစိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေကြီးကရွှေသီးဟု ဆိုရမည့်အချိန်ပင်ဖြစ်သည်။ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းအသီးသီးတွင် ဝါးစိုက်ပျိုးရေးသည်လည်း ပါဝင်သည်။ ဝါးသည် ယဉ်ကျေးမှုအရလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အရလည်းကောင်း၊ MSME အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများအရလည်းကောင်း ဘက်စုံအသုံးဝင်သောအပင်ဖြစ်သည်။ ထို့ကြောင့် ဘက်စုံအသုံးဝင်သည့်ဝါးပင်ကို စိုက်ပျိုးသင့်သလို အစဉ်ထိန်းသိမ်းသင့်ပါကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
တပ်မတော် မရှိသောနိုင်ငံဟူ၍ ကမ္ဘာတွင် မရှိသေးသည်မှာ တပ်မတော်၏ အရေးပါမှု၊ အရာရောက်မှုကို ညွှန်းဆိုနေခြင်းဖြစ်သည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။
အခြားသောနိုင်ငံများထက် မြန်မာနိုင်ငံတွင် တပ်မတော်ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းမှာ ထူးခြားလှသည်ဟုဆိုနိုင်သည်။ မလွတ်လပ်သောနိုင်ငံအဖြစ် နေထိုင်ကြရစဉ် တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာအောင် လှုပ်ရှားရုန်းကန်ခဲ့ရသည့် သမိုင်းကြောင်းသည် အမြဲထာဝစဉ် မမေ့အပ်သည့်သမိုင်းကြောင်း ဖြစ်သည်။ တပ်မတော်တစ်ရပ်အဖြစ်ထင်ရှားစွာပေါ်ပေါက်လာသည့်အတွက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။
မြန်မာ့သမိုင်းကို အကျဉ်းမျှဖော်ပြရလျှင် ၁၉ ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများတွင် စက်မှုအတတ်ပညာများ ထွန်းကားလာသည်။ မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ် ကျင့်သုံးနေသည်။ နိုင်ငံတော်ကာကွယ်ရေးအင်အား အနေဖြင့်ရှိနေသော်လည်း ခေတ်မီလက်နက်၊ ခေတ်မီစစ်အတတ်ပညာတို့တွင် အားနည်းသည်။ ထိုသို့သော အခွင့်ကောင်းကိုယူကာ အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့သည်။ ထိုစစ်ပွဲသုံးကြိမ်တွင် မြန်မာတို့စစ်ရှုံးခဲ့သည်။
သိုးငယ်ကို ဝံပုလွေအနိုင်ကျင့်သကဲ့သို့ အနိုင်ကျင့်ခံခဲ့ရသော အဖြစ်အပျက်သည် မြန်မာတို့အတွက် နာကြည်း၊ မုန်းတီး၊ စက်ဆုပ်ဖွယ်ဖြစ်သည်။ စာထဲတွင်သာသင်ကြားဖတ်ရှုခဲ့ရသော ကိုယ်တွေ့မကြုံသည့် သမိုင်းကြောင်းကိုပင် ကျွန်တော်တို့ ခံစားနေရသေးလျှင် ထိုခေတ်ထိုအခါက လူငယ်တို့စိတ်တွင် မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပါသည်။ သူ့ကျွန်အဖြစ်နေရစဉ်အတွင်း မြန်မာလူငယ်တို့ နာကျင်ခံခက်ဖြစ်နေမည်သာဖြစ်သည်။ ထို့ကြောင့်လည်းအရေးကြုံလာသည်နှင့် “အင်္ဂလိပ်အခက် ဗမာ့အချက်” စွဲမှတ်ကာ အင်္ဂလိပ်တို့အခက်အခဲကြုံနေစဉ် မြန်မာလူငယ်တို့ ပြည်ပသို့ထွက်ခွာသွားကာ စစ်ပညာများ တတ်မြောက်အောင် သင်ယူခဲ့ကြသည်။
“တပ်မတော်အစ ဘီအိုင်အေက” ဆိုစကားအတိုင်း တပ်မတော်၏အစ ဘီအိုင်အေစတင်ဖွဲ့စည်းစဉ်က ဦးဆောင် ပါဝင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်အကြောင်းကို မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ သခင်လူငယ်ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခေါင်းဆောင်ဖြစ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌စတင်ဖွဲ့စည်းခဲ့ကြသည်။
“ငါတို့ဗမာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊သခင်လူမျိုးဖြစ်သည်၊ မည်သည့်လူမျိုးအောက်မှ ဒူးထောက်ကာ ကျွန်ခံခဲ့သောလူမျိုးမဟုတ်၊ လာရောက် လွှမ်းမိုးသောလူမျိုးတို့အား အစဉ်သဖြင့် တော်လှန်သုတ်သင်ခဲ့ကြသည်ချည်းဖြစ်၏။ သို့ဖြစ်၍ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်ကြကုန်အံ့။ ပုန်ကန်ကြကုန်အံ့။ ငါတို့သည်လွတ်လပ်ရေးကို သွေးနှင့်လဲခဲ့ကြသည့် လူမျိုးဖြစ်သည့်အလျောက် ဗမာ့မြေပြင်တွင် ဗမာ့သွေးများကို သွန်းလောင်းကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းကြကုန်အံ့”ဟု ဗမာတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် ငြာသံပေးကာ နိပွန်(ဂျပန်)တို့၏အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)နှင့် မျိုးချစ်လူကြီးလူငယ်၊ လူရွယ်၊ မိန်းမ၊ ယောက်ျားမကျန်ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ချေမှုန်း မောင်းနှင်လိုက်ကြသည်။
ဘီအိုင်အေသည် ဂျပန်တပ်မတော်၏စစ်ဦး၌ ဘီလူးအဖြစ်ဖြင့် အမှုထမ်းခဲ့ရသည်။ ဂျပန်တပ်မတော်နှင့်အမြဲပူးပေါင်း တိုက်ခိုက်လေ့ရှိသည်။ တစ်ခါတစ်ရံ ဂျပန်တပ်များ၏ရှေ့ပြေးအဖြစ် လည်းကောင်း၊ လမ်းကြောင်းအဖြစ် လည်းကောင်း၊ တပ်တောင်ပံတစ်ရပ်အဖြစ်ဖြင့် လည်းကောင်း တိုက်ပွဲဝင်ခဲ့ရသည်။ မြန်မာပြည်မှအင်္ဂလိပ်တပ်များကို မောင်းထုတ်ရာ၌ ရက်ပေါင်း ၇၀ ကြာခဲ့သည်။ ရက်ပေါင်း ၇၀ အရေးတော်ပုံတွင် ဘီအိုင်အေက ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင်အောင် အထမြောက်အောင်မြင်စွာ သွေးနှင့်ချွေးနှင့် ရင်းနှီးကာ တိုက်ပွဲဝင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာ့မြေပေါ်မှ ဆုတ်ခွာထွက်ပြေးခဲ့သည်။
နယ်ချဲ့လက်အောက် ကျရောက်နေရာမှ သခင်ဘဝသို့ ပြန်လည် ရောက်ရှိလာသောအခါ တစ်တိုင်းပြည်လုံးမှာ ရေတွေ့သောကြာပန်းကဲ့သို့ ရွှင်လန်းဝမ်းမြောက် ကြည်နူးခြင်းသို့ ရောက်ရှိလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာထွက်ပြေးရခြင်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ၏ တိုက်စွမ်းရည်နှင့် ဇွဲသတ္တိမှာ အကြောင်းရင်းခံဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်၍ တကယ်ပင် ရွပ်ရွပ်ချွံချွံ ရင်မြေကတုတ်လုပ်ပြီး တိုက်ခိုက်ခြင်းပြုခဲ့ကြသော မျိုးချစ်ပုဂ္ဂိုလ်များအား အစဉ်သဖြင့် ရင်ထဲနှလုံးသည်းပွတ်ထဲတွင် အမြဲထာဝရအောက်မေ့ သတိရသင့်ပေသည်။
ဂျပန်တို့အနေဖြင့် မြန်မာနိုင်ငံအား ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးကိုအတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးဟု ဆိုခဲ့သည်။ လွတ်လပ်ရေးပေးသည် ဆိုသော်လည်း မြန်မာတို့တွင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိခဲ့သည်မဟုတ်၍ ရွှေရည်စိမ်ဟု နာမဝိသေသနပြုခြင်းဖြစ်သည်။
ဂျပန်များအုပ်စိုးနေသည့်ကာလတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ပြည်သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြီးစွာနေထိုင်ကြရသည်။ အနေအထိုင်အစားအသောက် ဆင်းရဲသည်သာမက လူလုံခြုံမှု၊ ပစ္စည်းလုံခြုံမှုများလည်း ကင်းမဲ့နေသည်။ အထူးသဖြင့် မြန်မာတိုင်းရင်းသားများ ခံစားနေရသည်မှာ ချွေးတပ်စွဲခြင်းဖြစ်သည်။
ချွေးတပ်စခန်းမှာ ဖျားနာသေဆုံးသည့်ဦးရေများလာသည်။ မသေဘဲ ပြန်ရောက်လာသူများမှာလည်း လူစဉ်မမီဖြစ်သွားကြသည်။ ချွေးတပ်လိုက် နေရသည့်အတွက် လယ်ယာလုပ်ငန်းများကိုထိခိုက်သည်။ ထိုစဉ်က ဒေါက်တာဘမော် အစိုးရအနေဖြင့်လည်း လုပ်ပိုင်ခွင့်မရှိဖြစ်နေသည်။ ထို့ကြောင့် ဂျပန်ဆန့်ကျင်ရေး၊ မုန်းတီးရေး နာကြည်းစိတ်များ တစ်နိုင်ငံလုံးတွင်ပျံ့နှံ့လာသည်။ ထိုအချိန်က ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ်ပြန်လည်ဖွဲ့စည်းသည်။
အင်အား ၃၀၀၀ ခန့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ပျဉ်းမနားတွင်ဌာနချုပ်ထားကာ ဖွင့်လှစ်သည်။ ထို့နောက် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင်ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော် (ပီဘီအက်ဖ်)ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဤသည်မှာ တပ်မတော်ကို အမည်အမျိုးမျိုးပြောင်းလဲကာ ဖွဲ့စည်းခဲ့ကြခြင်းအကြောင်းဖြစ်သည်။
တပ်မတော်သည် မည်သို့သော အမည်များပြောင်းလဲနေစေကာမူ တိုင်းပြည်အတွက်သာအဓိကဖြစ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ကြီးပွားရေးအတွက် စစ်ရေးဆိုင်ရာကိစ္စရပ်များတွင် အောင်မြင်အောင်ကြိုးစားသည်။ မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကာလသည် အလွန်ပင် ကြမ်းတမ်းခက်ခဲလှသည့် ကာလဖြစ်သည်။
တပ်မတော်သားများ၊ ပြည်သူများကြုံတွေ့ရသော အခက်အခဲများမှာ ပင်လယ်သမုဒ္ဒရာရေပြင်အဝှမ်းထက်ပင် များပြားလှသည်ဟုဆိုနိုင်သည်။
ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ခဲ့သည်။ တပ်မတော်သားတို့၏ စစ်ရေးစွမ်းအားမှာလည်းမြင့်မားခဲ့သည်။ မတ်လ ၂၇ ရက်မှစပြီးတပ်မတော်သည် မည်သူ၏လက်အောက်ခံမှမဟုတ်ဘဲ မိမိတို့ဘာသာကိုယ်ပိုင် ရပ်တည်နိုင်သည့် တပ်မတော်ဖြစ်သည့်အတွက် ထိုနေ့ကိုတပ်မတော်နေ့ဟု သတ်မှတ်ခဲ့သည်။ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ) ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၄ ရက်တွင် တပ်မတော်(ရေ)ကို လည်းကောင်း စတင်ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်အထိဖြစ်ပွားခဲ့သည်။ တပ်မတော်အနေဖြင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားဆဲ ကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ တစ်ကျော့ပြန်သိမ်းပိုက်သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းရန်တိုက်တွန်းခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကလည်း မြန်မာပြည်ကို လွတ်လပ်ရေးမပေးဘဲ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းခဲ့လျှင် ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ထားပြီးဖြစ်သည်။
အင်္ဂလိပ်တို့အနေဖြင့် မျိုးချစ်ဗမာ့တပ်မတော်ကို မဖျက်သိမ်းရဲတော့ဘဲ ကန္ဒီစာချုပ်ချုပ်ဆိုကာ အရာရှိ ၂၀၀၊ တပ်သား ၅၂၀၀ နှင့်ဗမာ့တပ်မတော်အသစ်ကို ပြန်လည်ဖွဲ့စည်းရန် သဘောတူခဲ့ကြရသည်။ လွတ်လပ်ရေးရယူရန် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းထူထောင်ပေါ်ပေါက်လာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် အတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) တည်းဟူသော အင်အားကြီးတစ်ရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ဤသည်ကား လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်၏ သမိုင်းအကျဉ်းချုပ်ပင်ဖြစ်ပါတော့သတည်း။ ။
အကြမ်းဖက်အဖွဲ့များ၏ မဟာဗျူဟာများအား လေ့လာခြင်း
ယနေ့ခေတ်တွင် နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့်အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား တတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးသည် နိုင်ငံတိုင်း၏ ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်သမားများ ကျင့်သုံးတတ်သည့် မဟာဗျူဟာများကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်နိုင်ရန် လိုအပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာများကို မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့များအသုံးပြုတတ်သည့် မဟာဗျူဟာများနှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးသွားပါမည်။
အကြမ်းဖက်အဖွဲ့များ အသုံးပြုတတ်သည့် မဟာဗျူဟာများအနက် ပထမဆုံးဆွေးနွေး လိုသည့်မဟာဗျူဟာမှာ ချွေစစ် (attrition) ဖြစ်ပါသည်။ ချွေစစ်ဆိုသည်မှာ များသောအားဖြင့် မိမိအင်အားနည်းနည်းဖြင့် ရန်သူ၏စစ်သည်များကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများကိုဖျက်ဆီး ခြင်းဖြင့် ရန်သူကိုဖြေးဖြေးချင်းအားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ စိတ်ဓာတ်ပျက်ပြားလာပြီး အစိုးရအနေဖြင့်လည်း လုံခြုံရေးအတွက်ပိုမိုသုံးစွဲလာရကာ အခြားတစ်ဖက်တွင် လူထုအနေဖြင့်လည်း ထိုသို့လုံခြုံရေးတွင် များစွာရင်းနှီးမြှုပ်နှံရသည်မှာ တန်ပါ၏လော၊ ထိုဒေသကို အကြမ်းဖက်အဖွဲ့ လက်ထဲအပ်ခဲ့ပြီး အိမ်ပြန်သည်က ပိုမကောင်းလောဟု မေးခွန်းထုတ်လာကြပါသည်။
ထိုနေရာတွင် အောင်မြင်မှုသည် အကြမ်းဖက်အဖွဲ့က ဆန့်ကျင်တိုက်ခိုက်နေသော အစိုးရအပေါ်တွင် မူတည်ပါသည်။ ပထမဆုံးအချက်မှာ အစိုးရအနေဖြင့် လူထုထင်မြင်ချက်ကို မည်မျှအလေးထားသနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ အာဏာရှင်အစိုးရဆိုပါက လူအများ အပြားသေကြေပျက်စီးရသည်ကို လျစ်လျူရှုပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ပါသည်။ ဒုတိယမေးခွန်းမှာ အကြမ်းဖက်အုပ်စုက ဆန့်ကျင်တိုက်ခိုက်နေသည့် အစိုးရအတွက် ထိုဒေသ /နိုင်ငံသည် မည်မျှအရေးပါသနည်းဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ လက်ဘနွန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားစေရန် အကြမ်းဖက်သမားများက အမေရိကန်တို့ကို တိုက်ခိုက်လျှင် အမေရိကန်အနေဖြင့် လက်ဘနွန်ကို သိပ်ဂရုမစိုက်သဖြင့် အလွယ်တကူ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့ အလွန်နက်ရှိုင်းပြီး အခြေခံကျသည့်အချက်ကို အလိုရှိပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ချွေစစ်မဟာဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်ရေးတွင် အဓိက ပြဿနာတစ်ခုမှာ ၄င်းတို့အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့ထက် လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သည့် အစိုးရ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံနေရချိန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုများသည် ၄င်းတို့ဦးဆောင်မှုရလိုသည့် လူထုကြားတွင် များသော အားဖြင့် လူကြိုက်များခြင်းမရှိပါ။ အကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အခြားဖက်မှအပြစ်မဲ့သူများကိုသတ်ပစ်ရန် လိုအပ်ခြင်း ရှိ/မရှိ လူထုက မေးခွန်းထုတ် တတ်ပါသည်။
အောင်မြင်သော ချွေစစ်မဟာဗျူဟာဥပမာတစ်ခုမှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) ဖြစ်သည်။ ၂၀ ရာစုတစ်လျှောက်တွင် IRA သည် ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့်တည်ရှိ ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကုန်ခါနီးနှစ်များတွင် ၄င်းတို့သည် အိုင်ယာလန်မြောက်ပိုင်းတွင် အကြီး အကျယ်လှုပ်ရှားခဲ့ပါသည်။ IRA သည် အိုင်ယာလန်မြောက်ပိုင်းမှ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှ သင်္ကေတအမှတ်သရုပ်များကို ပုံမှန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ အနေဖြင့် အိုင်ယာလန်မြောက်ပိုင်းတွင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားခဲ့ရပြီး အကြမ်းဖက်မှုများ အမြင့်မားဆုံးအချိန်တွင် စစ်သည် ၂၀,၀၀၀ အထိ တပ်ဖြန့်ချထားခဲ့ရပါသည်။ IRA ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Martin Mc- Guinness က “ဗြိတိသျှတွေ ထွက်မသွားမချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမှာပဲ” ဟု ပြောကြားခဲ့ပါသည်။ ၄င်းသည် IRA မဟာဗျူဟာ ကို အတိုဆုံး၊ အရှင်းဆုံး ဖော်ပြခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေပါက ဗြိတိသျှတို့အနေဖြင့် အိုင်ယာလန်အပေါ် ၄င်းတို့သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာလာမည်ဟု IRA က ယုံကြည်ထား၍ ဖြစ်ပါသည်။ နောက်ဆုံးတွင် ဗြိတိသျှခေါင်းဆောင်များက စစ်ရေးနည်းလမ်းဖြင့် IRA ကို အမြစ်မဖြတ်နိုင်ဟု နားလည်လာပြီး ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်ဟု လက်ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် IRA သည် ၄င်း၏ရည်မှန်းချက်အားလုံး ထမြောက်အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ရည်မှန်းချက် အချို့ အောင်မြင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
အကြမ်းဖက်အဖွဲ့များအသုံးပြုသည့် ဒုတိယမဟာဗျူဟာမှာ အဖွဲ့ငယ်အဆင့်မှ ပိုမိုကြီးမားသည့် သောင်းကျန်းသူအဖွဲ့အစည်းများ (insurgent organization) တည်ဆောက်ပြီး ပျောက် ကျားစစ်ဆင်နွှဲခြင်းဖြစ်ပါသည်။ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်သောင်းကျန်းမှု (insurgency) တို့အကြား ကွဲပြားခြားနားမှုများရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် မကြာခဏဆိုသလိုပင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပိုမိုကြီးမားသော သောင်းကျန်းသူအဆင့်သို့ ကူးပြောင်းလေ့ ရှိပါ သည်။ ထင်ရှားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် လက်ဘနွန်မှ ဟစ်ဇဘိုလာ၊ တူရကီမှ PKK ၊ ပီရူး မှ Shining Path စသောအဖွဲ့များသည် အကြမ်းဖက်မှုကိုလည်းအသုံးပြုသော သောင်းကျန်းသူအဖွဲ့များဖြစ်သည်။ သောင်းကျန်းသူများ၏ ရည်ရွယ်ချက်မှာ အစိုးရက မဖြစ် မနေတုန့်ပြန်လာစေရန် အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ပြီး ဖိအားပေးရန်ဖြစ်ပါသည်။
အစိုးရများအနေဖြင့် များသောအားဖြင့် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အကြမ်းဖက်အဖွဲ့သက်သက်ကိုထက် ယေဘုယျအားဖြင့် လူထုတစ်ရပ်လုံး အပေါ်တုန့်ပြန်လေ့ရှိပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ မည်သူ၊ မည်ဝါ ဖြစ်သည်ဟု တိတိကျကျမသိသဖြင့် လူငယ်ယောကျ်ားလေးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အသိုင်းအဝိုင်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း စသောအမှားများကျုးလွန်တတ် ကြပြီး ထိုသို့သောအမှားများသည် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များစွာရှိပါသည်။ လူထုက အစိုးရအပေါ် အယုံအကြည်မဲ့သွားတတ်ပြီး ထိုသို့သိမ်းကျုံးဖမ်းဆီးခြင်းကြောင့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်းမရှိသလို လူထုကိုလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ပါ။ ပို၍အရေးကြီးသည်မှာ လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အားကိုးလာခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသူများသဖွယ် ဖြစ်လာကာ လူသစ်များရရှိလာသလို ထောက်ပံ့ငွေများလည်း ရရှိလာနိုင်ပါသည်။
ငွေအင်အား၊ လူအင်အား ပိုမိုတောင့်တင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပိုမိုဆောင် ရွက်နိုင်လာကာ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပိုလုပ်လေ၊ အစိုးရက ပိုနှိမ်နင်းလေ၊ အကြမ်းဖက်အဖွဲ့ကို လူထုထောက်ခံမှုပိုရလေဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်လာသည့် သောင်းကျန်းသူအဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အချို့သောအဖွဲ့ များသည် လူထုကိုဆွဲဆောင်နိုင်ရန် ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးဝန်ဆောင်မှုများကိုပင် ဆောင်ရွက်ပေးတတ်ကြပါသည်။ အချို့အဖွဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေပါ ထိန်းချုပ်နိုင်လာပြီး လူထုအားအခွန်ကောက်ခြင်းစသည်ဖြင့် အစိုးရအသေးစားကဲ့သို့ ပြုမူဆောင်ရွက်ကြပါသည်။ ထိုသို့ နယ်မြေထိန်းချုပ်နိုင်သောအချိန်တွင်မူ သောင်းကျန်း သူများသည် ၄င်းတို့ ထိန်းချုပ်နယ်မြေမှပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်တတ်ကြပါသည်။
ထိုမဟာဗျူဟာသည် ထိရောက်မှုရှိသော မဟာဗျူဟာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည်လည်း ချွေစစ်မှာကဲ့သို့ပင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၄င်းထက်ရင်းမြစ်များ ပိုမိုပြည့်စုံသောအစိုးရအား ကာလရှည် စစ်ဆင်နွှဲနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လူထုအနေဖြင့် အရပ်သားများအားသတ်ဖြတ်ခြင်း ကဲ့သို့ အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များကို လက်မခံခြင်းနှင့် အစိုးရက လက်တုန့်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သည့်အတွက် အနည်းဆုံးအားဖြင့် အစပိုင်းတွင် ၎င်းတို့ကို လက်မခံခြင်းမျိုး ရှိနိုင်ပါသည်။
ထိုမဟာဗျူဟာကိုကျင့်သုံးသော အကြမ်းဖက်အဖွဲ့များသည် ရေရှည်ရပ်တည်နိုင်စွမ်း နည်းပါသည်။ ဥပမာတစ်ခုမှာ အီရတ်မှ အယ်ဂိုဒ်ဒါနှင့်ဆက်စပ်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ခဲ့ရာ အီရတ်တွင် အာဏာလေဟာနယ်(Power Vacuum) ဖြစ်လာခဲ့ပြီး အမေရိကန်တို့ သိမ်းပိုက်ပြီး အစပိုင်းလများတွင် အမေရိကန်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၊ လူမျိုးစုသူပုန်များ၊ ဆက်ဒမ်အစိုးရဟောင်းမှအဖွဲ့များ စသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုမျိုးစုံ ထကြွခဲ့သလို ရာဇဝတ်မှုများလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ပါသည်။ လူထုအနေဖြင့် လုံခြုံမှုမရှိဘဲ အစိုးရက ၄င်းတို့ကို အကာအကွယ်မပေးနိုင်ဟု ခံစားကြရပါသည်။
အီရတ်အနောက်ပိုင်းတွင် ဆွန်နီအများစုနေထိုင်ပြီး ၄င်းတို့ကအမေရိကန်သည် ရှီးယိုက် လွှမ်းမိုးထားသောအစိုးရကို တင်မြောက်ပြီး ဆွန်နီမူဆလင်များကို အာဏာလက်မဲ့ဖြစ်အောင် လုပ်နေသည်ဟု ယုံကြည်ကြပါသည်။ ထိုအချိန်တွင် အယ်ဂိုဒ်ဒါနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့များ အီရတ်အနောက်ပိုင်းကို ဝင်လာသောအခါ ဒေသခံလူထုသည် ထိုအဖွဲ့များ၏ ရည်မှန်းချက်အားလုံးကို လက်ခံကောင်းမှလက်ခံမည်ဖြစ်သော်လည်း ထိုအဖွဲ့များအား ၄င်းတို့ အသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ အစိုးရခိုင်ခိုင်မာမာမရှိသည့်အတွက် လူမှုဖူလုံရေးမရှိ၊ ရဲတပ်ဖွဲ့လည်း မရှိသည့်အတွက် လူထုမှာ ကိုယ့်အားကိုယ်ကိုးနေရရာ ထိုအဖွဲ့များနှင့် အတူတွဲ အလုပ်လုပ်ရန်ကလွဲပြီး ရွေးစရာမရှိခဲ့ပေ။
အမေရိကန်နှင့် အီရတ်အစိုးရတို့က သောင်းကျန်းသူများကို တုန့်ပြန်ချိန် အစဦးပိုင်းတွင် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် လူမှားဖမ်းခြင်းများ မကြာခဏလုပ်ခဲ့ကြပါသည်။ အမေရိကန်နှင့် အစိုးရတပ်များက လူတစ်ယောက်ကို သတ်လိုက်သည်နှင့် ၄င်း၏ ညီအကိုများ၊ မိသားစုဝင်များက လက်စားချေရန် သောင်းကျန်းသူအဖွဲ့ထဲ ဝင်ကြပါသည်။ သို့ဖြင့် အစပိုင်းက အင်အားနည်းနည်းသာရှိသော သောင်းကျန်းသူအဖွဲ့များသည် အင်အားကောင်းသည်ထက်ကောင်းလာကာ ပျောက်ကျား စစ်ဆင်မှုများပင် လုပ်နိုင်လာခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ခဲ့ပါသည်။
သို့သော် ထိုအဆင့်ရောက်ရှိချိန်တွင် ၄င်းတို့သည် အစိုးရ၏ချေမှုန်းမှုကို ခံနိုင်ရည်အလွန် နည်းလာပါသည်။ ၄င်းတို့၏ ထိန်းချုပ်နယ်မြေတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားကြသဖြင့် ၄င်းတို့၏အဖွဲ့ဝင်များကို လူအများက သိသွားကြပါသည်။ ထို့ပြင် ပြည်တွင်းစစ်စတင်သည့် ၂၀၀၆ ခုနှစ် ဝန်းကျင်ခန့်တွင် အီရတ်လူထုသည် အယ်လ်ဂိုဒ်ဒါနှင့်ဆက်စပ်သောအဖွဲ့များကို ဆန့်ကျင်လာကြပါသည်။ ထိုသို့လူထုက ဆန့်ကျင်လာခြင်းမှာ ထိုအဖွဲ့များ၏ အလွန်အကျွံ အကြမ်းဖက်မှုနှင့် ၄င်းတို့ သူစိမ်းဆန်သော အိုင်ဒီယာများကြောင့်ဖြစ်သလို အမေရိကန်အား ဆွန်နီအသိုင်းအဝိုင်းကို ကာကွယ်ပေးသူအဖြစ် စတင်ရှုမြင်လာခြင်းကြောင့်လည်း ဖြစ်ပါသည်။ အီရတ်အနောက်ပိုင်းရှိ လူမျိုးစုများသည် အမေရိကန်ကို ထောက်ခံလာကြပြီးနောက် အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်သောအဖွဲ့အစည်းများသည် အလွန်လျင်မြန်စွာပင် ပြိုကွဲသွားကြ သည်။ သောင်းကျန်းသူများကို လူထုကထောက်ခံမှုမရှိတော့ခြင်းနှင့် တိကျသည့်ထောက်လှမ်း ရေးသတင်းများရရှိလာခြင်းတို့ကြောင့် အမေရိကန်သည် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အယ်လ်ဂိုဒ်ဒါများကို အီရတ်နိုင်ငံတွင်းမှ မောင်း ထုတ်နိုင်ခဲ့ပါသည်။
တတိယမဟာဗျူဟာမှာ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှုဖန်တီးပြီး အစိုးရအား လူထုက ထကြွဆန့်ကျင်စေရန် ဝါဒဖြန့်ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အများစုက လူထုသည် ၄င်းတို့ဘက်တွင်ရှိသည်ဟု ယုံကြည်ကြပြီး လူထုသည် ကြောက်ရွံ့နေသောကြောင့်၊ သို့မဟုတ် နိုင်ငံရေးအရနိုးကြားမှုမရှိသောကြောင့်၊ သို့မဟုတ် ထိုအကြောင်းရင်းနှစ်ခုလုံးကြောင့်သာ ငြိမ်နေကြခြင်းဖြစ်ပြီး ၄င်းတို့ကသာ လူထု၏မျက်စိကို ဖွင့်ပေးနိုင်မည်ဆိုလျှင် လူထုသည် ၎င်းတို့နှင့်ပူးပေါင်းကြလိမ့်မည်ဟုယုံကြည်ကြပါသည်။ အကြမ်းဖက်မှုသည် အစိုးရ အပေါ် လူထု၏အကြောက်တရားများပျောက်စေပြီး လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း၊ သို့မဟုတ် ရန်ပုံငွေထည့်ဝင်ခြင်း စသည်ဖြင့် တတ်နိုင်သည့်နည်းဖြင့် ပူးပေါင်းပါဝင် လာကြမည် ဟု ၄င်းတို့က ယုံကြည်ထားပါသည်။
အကြမ်းဖက်လုပ်ဆောင်မှုကို ဝါဒဖြန့်ရာတွင် အဓိကအချက်မှာ မီဒီယာများတွင်ပါဝင် ရေး ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ဝါဒဖြန့်နိုင်ရန်အတွက် လူအများက ဂရုစိုက်ရန် လိုပါသည်။ ၁၉၇၂ မြူးနစ်အိုလံပစ် ဓားစာခံအရေးအခင်းနှင့် ၉/၁၁ တိုက်ခိုက်မှုတို့သည် တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ဆောင်ချက်ကို လူအများအပြားက သတိထားမိသွားပြီး အချို့က အကြမ်းဖက်အဖွဲ့ ကို ထောက်ခံကြသလို ဆန့်ကျင်သူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုအနေ ဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ် နှင့် ရည်ရွယ်ချက်ကို မဖြစ်မနေ သတိထားမိသွားပြီ ဖြစ်ပါသည်။
သို့ရာတွင် အကြမ်းဖက်လုပ်ရပ်ကိုဝါဒဖြန့်ချိခြင်းသည် ၄င်းသက်သက်ဆိုလျှင် ထိရောက်မှုမရှိပါ။ လူသိများသည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပါ။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုသို့ လူသိများသည့်တိုက်ခိုက်မှုမျိုး ထပ်တ လဲလဲလုပ်နိုင်သည်မှာလည်း အလွန်ရှားပါးပါသည်။ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားသည်နှင့် အစိုးရကလည်း ထိုအကြမ်းဖက်အဖွဲ့ကို အကြီးအကျယ်နှိမ်နင်းတော့သည်။ ထို့ကြောင့် လူသိများသည့် တိုက်ခိုက်မှုဖန်တီးပြီး ဝါဒဖြန့်ခြင်းသည် လူထုအားလှုံ့ဆော်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်ပွဲရရန်အတွက်မူ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များသုံးသည့် စတုတ္ထမဟာဗျူဟာမှာ နှောင့်ယှက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပျက်စီးအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် ဘက်အားလုံးမှ အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး လူထုအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချိန်မဟုတ်ဟု ထင်မြင်လာစေပြီး လူထု ကိုယ်တိုင် အစွန်းရောက်ကာ အကြမ်းဖက်မှုများကို လက်ခံလာတတ်ပါသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆွေးနွေးမှုပျက်စေရန် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအချိန်က ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းနေပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်နေပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်ယှက်ရန် ဟားမက်နှင့် ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တို့သည် ဗုံးခွဲမှုများစွာလုပ်ခဲ့ပြီး အစ္စရေးအများအပြား သေဆုံးခဲ့ပါသည်။ ထိုသို့ ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အာရာဖတ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း ရှိ/မရှိ အစ္စရေးတို့က မေးခွန်းထုတ်လာကြပါသည်။ အကယ်၍ အာရာဖတ်သာ အကြမ်းဖက်များကို ရပ်တန့်စေနိုင်လျှင် အာရာဖတ်သည် အကြမ်းဖက်မှုများကို ကြိုးကိုင်သူဖြစ်ပြီး လူသတ်မှုများအတွက် တာဝန်ရှိသူဖြစ်မည် ဖြစ်သည်။ အကယ်၍ အာရာဖတ်သည် အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် ၄င်းနှင့် စေ့စပ်ဆွေးနွေးမည်နည်း၊ အာရာဖတ်သည် အကြမ်းဖက်မှုများကို မရပ်တန့်စေနိုင်လျှင် ၄င်းနှင့် ညှိနှိုင်းရရှိလာသည့် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပာယ်ရှိမည်မဟုတ် စသည်ဖြင့် အစ္စရေးတို့ က အာရာဖတ်အပေါ် များစွာသံသယဝင်လာခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အစ္စရေးနိုင်ငံရေးသမားများအနေဖြင့်လည်း အလျော့ပေးလိုက်လျောမှုများလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ ထိုသို့ဖြင့် အစ္စရေးတို့သည် သဘောတူညီချက်အများအပြားကို အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းထားခဲ့တော့သည်။ ပါလက်စတိုင်းလူထုဖက်ကလည်း ငြိမ်းချမ်းရေးသည် ၄င်းတို့လိုချင်သော ရလဒ် မထွက်သဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတော့ပဲ အကြမ်းဖက်မှုများကို ပိုမိုထောက်ခံလာ ကြပါသည်။ ထိုသို့ဖြင့် အကြမ်းဖက်များသည် အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး အစွန်းရောက်များကို ပိုအားကောင်းစေကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားခဲ့ပါသည်။
နောက်ဆုံးဆွေးနွေးလိုသည့် အကြမ်းဖက်သမားများ၏ နည်းဗျူဟာတစ်ခုမှာ တစ်ကိုယ်တော်အကြမ်းဖက်မှု(Lone Wolf Terrorism) ဖြစ်သည်။ လူတစ်ဦးချင်း (သို့) နှစ်ဦး/ သုံးဦးပါ အဖွဲ့ငယ်လေးများဖြင့် အကြမ်းဖက်ခြင်းသည် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ထိုးဖောက်သတင်းရယူရန် အဖွဲ့ဟူ၍ မယ်မယ်ရရမရှိ၊ ဖမ်းဆီးရမည့် ခေါင်းဆောင်ဟုလည်းမရှိသဖြင့် ရပ်တန့်ရန် အလွန့်အလွန်ခက်ခဲလှပါသည်။ ထို့ပြင် မည်သူမဆိုအကြမ်းဖက်သမားဖြစ်နိုင်ပြီး မည်သည့်အချိန်မဆို တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် လူထုကို အကြီးအကျယ် ကြောက်လန့်စေနိုင်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်မှုများကို တစ်နေ့တစ်ခြားအတွေ့များလာနေပြီး အင်တာနက်ကြောင့် တစ်ကိုယ်တော်အကြမ်းဖက်မှုလုပ်ရန် ပိုလွယ်စေပါသည်။ အင်တာနက်သည် လူတစ်ဦးကို လူများစွာနှင့်ဆက်သွယ်နိုင်လာသည့်အတွက် လူတစ်ဦးက ဖော်ထုတ်လိုက်သည့် အကြမ်းဖက်သဘောတရားကို လက်ခံသဘောကျသူများက လိုက်လုပ် လာနိုင်ပါသည်။ သီးခြားစီဖြစ်သော တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပိုမို ကျယ်ပြန့်သော ဂလိုဘယ်အိုင်ဒီယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်ပါသည်။
တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ ဖော်ထုတ်ဖမ်းဆီးရန် အလွန်တရာခက်ခဲသော်လည်း ၄င်းသည် ထိရောက်သည့် နည်းဗျူဟာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် များ သောအားဖြင့် ကျယ်ပြန့်သည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုမရှိသောကြောင့် ဖြစ်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများကို လူထုကလည်းယေဘုယျအားဖြင့် လုံးဝအနှုတ် လက္ခဏာဆောင်သည်ဟု ယူဆကြပြီး ထောက်ခံမှုမရှိကြပါ။ ထို့ကြောင့် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းပြီးရပ်တန့်ရန် အလွန်တရာ ခက်ခဲသော်လည်း ထိရောက်သည့် မဟာဗျူဟာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် အထက်ပါနည်းဗျူဟာများကို ပေါင်းစပ်၍လည်း သုံးစွဲတတ်ကြပါသည်။ ယေဘုယျအားဖြင့် အကြမ်းဖက်သမားများအသုံးပြုကြသော မဟာဗျူဟာများမှာ အားနည်းချက်များရှိပြီး အကောင်းဆုံးမဟာဗျူဟာသည်ပင်လျှင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ပြင် ၄င်းတို့၏ အောင်မြင်မှုသည် အဓိကအားဖြင့် အစိုးရ၏တုန့်ပြန်မှုပေါ်တွင် များစွာမူတည်နေပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ အောင်မြင်မှုသည် အစိုးရက အမှားများလုပ်မိခြင်းအပေါ် မူတည်နေပြီး ပြီးပြည့်စုံသည့် အစိုးရ မရှိဆိုသည့်တိုင် အကြမ်းဖက်ဝါဒကိုတန်ပြန်ရာတွင် အမှားကြီးများကို အစိုးရအချို့ ကျူးလွန်ကောင်းကျူးလွန်မိမည်ဖြစ်သော်လည်း အစိုးရအားလုံး ကျူးလွန်ခြင်းမရှိကြပါ။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့အများစုအနေဖြင့် ၎င်းတို့ရည်မှန်းချက် ထမြောက်အောင်မြင်ခဲ့ခြင်း မရှိကြကြောင်း တွေ့ရှိရပါသည်။
Reference;
(1) GeorgetownX: Terrorism and Counterterrorism, www.edx.org
(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
ကျေးလက်ဒေသကြက်မွေးမြူရေးသည်အရေးပါသောအသားကဏ္ဍထုတ်လုပ်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။ တိုင်းရင်းကြက်ဆိုသည်မှာ မြန်မာနိုင်ငံတစ်ဝန်းဒေသအသီးသီး၏ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေများနှင့်ယဉ်ပါးပြီးဖြစ်သောမိဘဘိုးဘွားလက်ထက်အစဉ်အဆက်မွေးမြူလာခဲ့ကြသည့် ကျေးလက်ကြက် သို့မဟုတ် ဒေသကြက်မျိုးများဟုခေါ်သည်။ မြန်မာတစ်နိုင်ငံလုံး ကြက်မွေးမြူရေး၏၈၅ ရာခိုင်နှုန်းသည် တိုင်းရင်းကြက်မွေးမြူရေးဖြစ်သည်။ တိုင်းရင်းကြက်ကို ကျေးလက်ဒေသများတွင် ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူမွေးမြူနိုင်သည်။ တိုင်းရင်းကြက်မွေးမြူခြင်းသည် မိသားစုဝင်ငွေတိုးတက်စေရေးအတွက် အထောက်အကူပြုပေးနိုင်သောလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံသားများ ကြက်သား၊ ကြက်ဥစားသုံးမှု တိုးမြင့်လာစေရေးအတွက် အဓိကကျသောလုပ်ငန်းတစ်ခုဖြစ်သည်။လက်ရှိမွေးမြူနေသောလွှတ်ကျောင်းစနစ်ကိုပင်အခြေခံ၍ ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရောဂါကာကွယ်ခြင်းလုပ်ငန်းများ ပိုမိုစနစ်ကျအောင်ဆောင်ရွက်ခြင်းဖြင့် ကြက်သား၊ ကြက်ဥပိုမိုထွက်ရှိလာမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် စုစုပေါင်းဒေသကြက်ကောင်ရေ ၄၁ သန်းကျော်မွေးမြူထားရှိသည်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့်(အနောက်ပိုင်း)တို့တွင် ဒေသကြက်ကောင်ရေ ၁၀ သန်းကျော် မွေးမြူထားရှိပြီး တစ်နိုင်ငံလုံးရှိ ဒေသကြက်ကောင်ရေ၏ ၂၇ ရာခိုင်နှုန်းရှိသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသကြက်၁၉ ရာခိုင်နှုန်းကိုမွေးမြူထားရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စုစုပေါင်းဒေသကြက်ကောင်ရေ၏ ၂၁ ရာခိုင်နှုန်းကို မွေးမြူထားရှိသည်။ တိုင်းရင်းကြက်စားသုံးသူများလာခြင်း၊ ဈေးကောင်းရရှိခြင်းတို့ကြောင့် တိုင်းရင်းကြက်မွေးမြူခြင်းကိုတစ်နိုင်တစ်ပိုင်မွေးမြူခြင်းအပြင် စီးပွားဖြစ်မွေးမြူခြင်းလည်း ဆောင်ရွက်လာလျက်ရှိသည်။ ထင်ရှားသော တိုင်းရင်းကြက်မျိုးများမှာ လည်ပြောင်ကြက်၊ အင်ပင်ဝကြက်နှင့်စစ်တကောင်းကြက်တို့ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းအောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့်အကြောင်းအရာများအနက် ကူးစက်ရောဂါသည် အဓိကပါဝင်လျက်ရှိသည်။ ကူးစက်ရောဂါများကိုမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယင်းကဲ့သို့ ကူးစက်တတ်သောရောဂါများထဲမှ ကြောက်စရာကောင်းသည့်ရောဂါတစ်မျိုးဖြစ်ပြီး တိုင်းရင်းကြက်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုတွင် အကြီးမားဆုံးသောအတားအဆီးမှာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ကြက်လည်လိမ်ရောဂါဖြစ်သည်။ ကြက်လည်လိမ်ရောဂါသည် Avian paramyxovirus Type 1 (APVM-1) virus ကြောင့်ဖြစ်သောကူးစက်မြန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး ကြက်၊ ကြက်ဆင်၊ ငှက် (ခို၊ စာကလေး၊ ကြက်တူရွေး၊ ကျီးကန်း၊ ဒီးဒုတ်၊ ပျံလွှား၊ ရေကြက်)တို့တွင် ဖြစ်ပွားလေ့ရှိသည်။ အသက်အရွယ်မရွေး ရောဂါကူးစက်နိုင်သည်။ ကြက်လည်လိမ်ရောဂါသည် ၁၉၂၆ ခုနှစ်တွင် Java Indonesia နှင့် ၁၉၂၇ ခုနှစ်တွင် Newcastle upon Tyne, England ၌ စတင်ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အတွင်းအခြားနိုင်ငံများသို့ကူးစက်ပျံ့နှံ့ခဲ့သည်။ ကူးစက်ပျံ့နှံ့မှုမြန်သဖြင့် ကြက်တစ်အုပ်လုံး ရက်ပိုင်းအတွင်းဆုံးရှုံးနိုင်သည့် သေပျောက်နှုန်းများသောရောဂါဖြစ်သည်။
ကြက်လည်လိမ်ရောဂါ ကူးစက်ပျံ့နှံ့မှု
အိပ်တန်းပေါ်မှပြုတ်ကျသေဆုံးသဖြင့်“တန်းကျနာ”ဟုလည်းကောင်း၊ ကြက်များဖျားနာကာ အများအပြားသေဆုံးသဖြင့်“ကြက်နာကျ”သည်ဟုလည်းကောင်း ဒေသအလိုက်ခေါ်ဝေါ်ကြသည်။ ရောဂါပိုးကူးစက်ခံရသောကြက်သည် အာရုံကြော၊ အသက်ရှူလမ်းကြောင်းနှင့်အူလမ်းကြောင်းတို့တွင်ပြဿနာဖြစ်လာသည်။ ကြက်လည်လိမ်ရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်နိုင်သကဲ့သို့ ရောဂါဖြစ်သည့်ကြက်မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အခြားကြက်များသို့ကူးစက်ပျံ့နှံ့နိုင်သည်။ အနီးအနားရှိ ကြက်အုပ်တွင် လည်လိမ်ရောဂါကျရောက်ခြင်းကြောင့်လည်းကောင်း၊ ရောဂါဖြစ်နေသောကြက်ကို မိမိကြက်အုပ်အတွင်းသွင်းမိခြင်းကြောင့်လည်းကောင်း ကူးစက်နိုင်သလိုရောဂါဖြစ်၍သေသောကြက်များ၏အမွေးအတောင်၊ အူစသည့်စွန့်ပစ်ပစ္စည်းများမှတစ်ဆင့်လည်းကောင်း ရောဂါပိုးကူးစက်နိုင်သည်။ အနီးပတ်ဝန်းကျင်ရှိ စာကလေး၊ခို၊ ကျီးကန်း စသည့်ငှက်ရိုင်းများသည်လည်လိမ်ရောဂါပိုးသယ်ဆောင်ထားနိုင်သဖြင့် ၎င်းငှက်ရိုင်းများမှတစ်ဆင့်လည်းရောဂါဖြစ်ပွားနိုင်ပါသေးသည်။
ကြက်လည်လိမ်ရောဂါဗိုင်းရပ်ပိုး၏ ရှင်သန်နိုင်မှု
ကြက်ချေးထဲတွင် နှစ်လခန့်၊ ကြက်သေကောင်တွင်တစ်နှစ်ခန့်နှင့် အေးခဲသည့်နေရာတွင် နှစ်ပေါင်းများစွာရှင်သန်နိုင်သော်လည်း နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ပါက အချိန်တိုအတွင်းသေဆုံးနိုင်သည်။
ကြက်လည်လိမ်ရောဂါလက္ခဏာများ
(၁) အပြင်းစားကူးစက်မြန်
ပြင်းထန်သည့်ရောဂါ အမျိုးအစားဖြစ်ပွားပါက တိုင်းရင်းကြက်များသည် မည်သည့်လက္ခဏာမှမပြဘဲ ရုတ်တရက်သေဆုံးမှုများရှိမည်။ သေနှုန်း ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိရှိနိုင်သည်။ ကြက်ငယ်နှင့်ကြက်လတ်ပိုင်းများတွင် အတောင်ပံကျပြီး အမွေးပွကာမှိုင်ကုပ်နေမည်။ အစာစားနှုန်းကျဆင်းကာအစိမ်းရောင်ဝမ်းသွားမည်။အသက်ရှူစဉ်ချွဲသံကြားမည်။ ကြက်ဥနှုန်း ရုတ်တရက်ကျဆင်းမည်။ကြက်ဥခွံပျော့ခြင်း၊ ဥခွံမပါသည့်ဥဥခြင်း၊ ကြက်ဥပုံသဏ္ဌာန်မမှန်ခြင်းများ၊ ကြက်ဥအကာများအရည်ကဲ့သို့ကျဲသွားခြင်းများဖြစ်မည်။ အာရုံကြောထိခိုက်မှုရှိ၍ ခြေထောက်နှင့်တောင်ပံများ အကြောဆွဲနေခြင်း၊ လည်လိမ်ရောဂါဆိုသည့်အတိုင်း လည်ပင်းလိမ်ခြင်း၊ ကောင်းသောလည်ပင်းစောင်းနေခြင်း၊ မျက်ရည်ကျ၍မျက်နှာရောင်နေခြင်းများအတွေ့ရများသည်။
(၂) အသင့်အတင့်ပြင်းသောအမျိုးအစား
ပြင်းအားအသင့်အတင့်ရှိ ရောဂါပိုးကြောင့်ဖြစ်ပွားပါက ခေါင်းမော့၍ ခက်ခက်ခဲခဲ အသက်ရှူရသည်။ အသက်ရှူစဉ် ချွဲသလိပ်သံကြားရမည်။ မျက်ရည်၊ နှာရည်များကျမည်။ အစိမ်းရောင်ဝမ်းသွားမည်။ကြက်ဥဥနှုန်းကျဆင်းမည်။ အကြောသေခြင်း၊ လည်ပင်းလိမ်ကောက်ခြင်းဖြစ်မည်။ကူးစက်မှုနှုန်းအနည်းနှင့်အများရှိနိုင်၍တဖြည်းဖြည်းချင်းသေဆုံးမည်။ သေနှုန်း၅၀ ရာခိုင်နှုန်းထိရှိနိုင်သည်။
(၃) အပျော့စားအမျိုးအစား
အပျော့စားဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါကအသက်ရှူခက်ခဲခြင်းအချိန်တိုဖြစ်မည်။ရောဂါလက္ခဏာမတွေ့ရဘဲ ကြက်ဥဥနှုန်းအနည်းငယ်ကျဆင်းမည်။ မျက်စိနာခြင်းအနည်းငယ်ရှိမည်။
ကြက်အသေကောင်ခွဲစိတ်တွေ့ရှိချက်
ကြက်အစာခြေလမ်းကြောင်း၏အစိတ်အပိုင်းဖြစ်သော ကြက်အမြစ်ညှာ(Proven-triculus)၊ အူသိမ်(Small intestine)နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သွေးယိုစိမ့်မှုကြောင့်နီရဲ၍ အစက်အပြောက်များရှိမည်။ အူအတက်ဆုံတွင် အနီဖုအနာသေးများရှိမည်။ လေပြွန်(Trachea)တွင် သွေးပြည့်နေခြင်းနှင့်သွေးယိုခြင်းများ၊ ဥဥသောကြက်များတွင် လေအိတ်ရောင်ခြင်း(Airsac-culitis)နှင့် ဥအနှစ်ရောင်ခြင်း (Egg yolk peritonitis) တို့ကိုတွေ့ရှိနိုင်သည်။
ကြက်လည်လိမ်ရောဂါကူးစက်ဖြစ်ပွားလာပါကကုသရန်နည်းလမ်းမရှိပါ။ ကာကွယ်ရန်သာနည်းလမ်းရှိသည်။ ရောဂါကူးစက်ခံရသောကြက်ကို ရောဂါပြန့်ပွားမှုမှကာကွယ်ရန် အခြားကြက်များနှင့်သီးခြားခွဲထားသင့်သည်။ ရေကောင်းရေသန့်၊ သင့်လျော်သောလေဝင်လေထွက်နှင့်လုံလောက်သောအာဟာရပေးခြင်းများသည် ကြက်၏ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေသဖြင့် ကြက်လည်လိမ်ရောဂါကူးစက်ခံရခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုစေသည်။ ရောဂါမဖြစ်သေးသောကြက်အုပ်များကို ကြက်လည်လိမ်ကာကွယ်ဆေးပေးသင့်ပြီး ရောဂါဖြစ်ကြက်များကို နေရာရွှေ့ပြောင်းခြင်းမပြုလုပ်ရပါ။
အပူဒဏ်ခံကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး (Thermostable Newcastle disease vaccine, I2 Strain)

ကြက်လည်လိမ်ရောဂါသည် ကုသရန်ဆေးမရှိသဖြင့် ရောဂါမဖြစ်မီကာကွယ်ဆေးအသုံးပြု၍ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ တိုင်းရင်းကြက်များအတွက် အသင့်တော်ဆုံး ကြက်လည်လိမ်ရောဂါကာကွယ်ဆေးမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်လုပ်သော အပူဒဏ်ခံ I2 ကြက်လည်လိမ်ကာကွယ်ဆေးမျက်စဉ်းဖြစ်သည်။ အခြားသော ကြက်လည်လိမ်ရောဂါကာကွယ်ဆေးများထက် အပူဒဏ်ကိုခံနိုင်စွမ်းရည်ရှိသောကြောင့် အပူဒဏ်ခံကာကွယ်ဆေးဟုခေါ်ခြင်းဖြစ်သည်။(၎င်းကာကွယ်ဆေးကိုသုံးခြင်းဖြင့် ကြက်များ ရာသီဥတုအပူဒဏ်ကိုပိုခံနိုင်သည်ဟုဆိုလိုခြင်းမဟုတ်ပါ)အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး (Thermos-table Newcastle disease vaccine, I2 Strain )ကို ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်(The University of Queensland)မှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်သုတေသနပြုထုတ်လုပ်ခဲ့သည်။ Newcastle ရောဂါဗိုင်းရပ်(NDV) အမျိုးအစားများ(ကနဦးတွင် V4 Strain နှင့် နောက်ပိုင်းတွင်I2 Strain)ကို အခြေခံထားပြီး ဒေသတွင်းတွင်ထုတ်လုပ်နိုင်ကာ ရေခဲသေတ္တာစနစ်(cold chain) ကို အပြည့်အဝမှီခိုရန်မလိုအပ်ပေ။ V4 Strain သည် ၁၉၆၆ ခုနှစ်တွင်(isolation) ခွဲထုတ်ရရှိခဲ့သော ရောဂါမဖြစ်စေနိုင်သည့်အူလမ်းကြောင်းဆိုင်ရာ NDV အမျိုးအစားဖြစ်သည်။ I2 Strain သည်Newcastle ရောဂါဗိုင်းရပ်(NDV)၏ ရောဂါမဖြစ်စေသော (avirulent)တစ်ခုဖြစ်ပြီး ၎င်း၏ကိုယ်ခံအားတုံ့ပြန်မှုဖြစ်စေနိုင်စွမ်း(antigenicity)နှင့် အပူဒဏ်ခံနိုင်မှု (thermostability) တို့ကြောင့်ရွေးချယ်ထားသော မျိုးစိတ်ဖြစ်သည်။ ဤကာကွယ်ဆေးများကို ဖွံ့ဖြိုးဆဲအပူပိုင်းနိုင်ငံများစွာတွင် အဓိကအသုံးပြုလျက်ရှိသည်။ အပူဒဏ်ခံနိုင်သော်လည်း I2 ကာကွယ်ဆေးကို အတတ်နိုင်ဆုံးအေးမြသောနေရာတွင်သိုလှောင်ထားရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် I2 Strain Newcastle ရောဂါကာကွယ်ဆေးကို ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင်
နိုင်ငံတစ်ဝန်းလုံးဆိုင်ရာကာကွယ်ဆေးအသုံးပြုခြင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။ကြက်သန္ဓေသားလောင်းပါသောကြက်ဥတွင် လည်လိမ်ရောဂါပိုးအမျိုးအစား I2 Strain ဗိုင်းရပ်ပိုးအရှင်ကိုပေါက်ပွားစေ၍အရည်ပုံစံ(Wet form) ထုတ်လုပ်ထားသည့်ကာကွယ်ဆေးဖြစ်သည်။ အရည်ပုံစံ(Wet form) ကာကွယ်ဆေးသည် အခန်းအပူချိန် ၂၂-၂၈ ဒီဂရီစင်တီဂရိတ်တွင် တစ်ပတ်ကြာအထားခံနိုင်သည်။ ကြာရှည်စွာသိမ်းဆည်းလိုပါက ၂-၄ ဒီဂရီစင်တီဂရိတ်ရှိသော ရေခဲသေတ္တာအတွင်းသိမ်းဆည်းနိုင်သည်။
ကြက်အသက် ၁၀ ရက်သားမှ အသက်အရွယ်အမျိုးမျိုးအထိ ကြက်များအားမျက်စဉ်းခတ်ပေးရန်ဖြစ်သည်။ ဆေးအဆ ၂၀၀ ပါသော ကာကွယ်ဆေးရည်တစ်ပုလင်းကို ကြက်တစ်ကောင်လျှင်တစ်စက်နှုန်း၊ ပထမအကြိမ်မျက်စဉ်းခတ်ပြီး နှစ်ပတ်အကြာတွင် ဒုတိယအကြိမ်အားဖြည့်ပေးခြင်း (Booster) ဖြင့် ရောဂါဆိုင်ရာခုခံအား လေးလအပြည့်ရရှိမည်ဖြစ်သည်။ Booster အသုံးမပြုနိုင်ပါက သုံးလတစ်ကြိမ် ပုံမှန်မျက်စဉ်းခတ်ပေးရမည်။ တစ်နှစ် လေးကြိမ်ခတ်ပေးခြင်းဖြင့် ကြက်များတွင်သေဆုံးမှုအများဆုံးဖြစ်သည့် ကြက်လည်လိမ်ရောဂါဘေးမှကာကွယ်နိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးအသုံးပြုရာတွင် ရောဂါခုခံအားဓာတ်အပြည့်အဝရရှိရေးအတွက်ကာကွယ်ဆေးကိုရေခဲဘူးဖြင့်သယ်ဆောင်ခြင်း၊ ကာကွယ်ဆေးပုလင်းဖွင့်ပြီး တစ်နာရီအတွင်း အသုံးပြုရခြင်းများကိုလုပ်ဆောင်သင့်ပါသည်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေရန်လိုအပ်သည်။

စီးပွားဖြစ်ကြက်ခြံများ၌ ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုနှုန်းကောင်းသော်လည်း တစ်နိုင်တစ်ပိုင်မွေးမြူရေးခြံများ၌ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုနှုန်းအားနည်းသည်။ ကျေးလက်ဒေသများတွင်တိုင်းရင်းကြက်ကို သဘာဝပတ်ဝန်းကျင်တွင် လွှတ်မွေးမြူခြင်း (Free- range)ကိုသာအများဆုံးလုပ်ကိုင်ကြသည်။ ရောဂါကာကွယ်မှု အားနည်းခြင်းတို့ကြောင့် ထုတ်လုပ်မှုနည်းပါးနိုင်သည်။ သို့ဖြစ်၍ တိုင်းရင်းကြက်မွေးမြူရေးတွင် ကြုံတွေ့ရသည့် ကပ်ရောဂါအသွင်ဖြစ်ပွားလေ့ရှိသောကြက်လည်လိမ်ရောဂါကို I2 ကာကွယ်ဆေးသုံးခြင်းဖြင့် တိုင်းရင်းကြက်မွေးမြူမှုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories
ဟင်းသီးဟင်းရွက်စားသုံးသူများ သို့မဟုတ် အသားဟူ၍ ငါးကိုသာစားသုံးသူများသည် အသားစားသူတို့နှင့် နှိုင်းယှဉ်ပါက ရောဂါလက္ခဏာပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေ ပို၍နည်းပါးကြောင်း သုတေသနပညာရှင်များက လေ့လာတွေ့ရှိထားသည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလူးဟတ်ပြည်သူ့ကျန်းမာရေးသိပ္ပံမှ သုတေသနပညာရှင်များ၏ လေ့လာချက်အရ အပင်ထွက်ပစ္စည်း အခြေခံအစားအစာကို အဓိကစားသုံးသူများ၌ ရောဂါလက္ခဏာ အတော်အသင့်ပြင်းထန်သော သို့မဟုတ် အလွန်ပြင်းထန်သောကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၇၃ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရသည်။
အလားတူ တခြားအသားများမစားဘဲ ငါးကိုသာ အဓိကစားသုံးသူများ၌လည်း ရောဂါလက္ခဏာအတော်အသင့်ပြင်းထန်သော သို့မဟုတ်အလွန်ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၅၉ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။ အဆိုပါသုတေသနပညာရှင်များသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လနှင့် စက်တင်ဘာလကြားကာလအတွင်း ကပ်ဘေးကို ရှေ့တန်းမှရင်ဆိုင်ခဲ့ကြသော ဆရာ၀န်နှင့် သူနာပြုများ၏ အစားအစာစားသောက်မှုပုံစံ၊ ကျန်းမာရေးမှတ်တမ်းနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုပုံစံတို့ကို လေ့လာပြီးနောက် အစားအစာနှင့် ရောဂါပြင်းထန်နိုင်မှုတို့ကြား ဆက်စပ်မှုတို့ကို ယခုကဲ့သို့ ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်စားသူများ နာတာရှည်ရောဂါဖြစ်နိုင်ခြေ ကျဆင်း
အသားစားသူများနှင့်နှိုင်းယှဉ်ပါက အသီးအရွက်ကို အဓိကစားသုံးသူများသည် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် တခြားနာတာရှည်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ ပုံမှန်ထက်ကျဆင်းနေတတ်ကြောင်း သိရသည်။ အထူးသဖြင့် အသီးအရွက် အဓိကစားသုံးသူများတွင်အထက်ပါရောဂါဘယများ၏ လက္ခဏာဖြစ်ဖွယ်ရှိသော ဇီ၀လက္ခဏာ၁၃ မျိုး၏အဆင့် သိသိသာသာကျဆင်းနေတတ်ကြောင်း စကော့တလန်နိုင်ငံ ဂလက်စတိုတက္ကသိုလ်မှ သုတေသနပညာရှင်များကဆိုသည်။ယင်းသုတေသီများသည် အရွယ်ရောက်သူဦးရေ ၁၇၇,၀၀၀ ကိုလေ့လာခဲ့ရာ အသီးအရွက်စားသုံးသူများသည် အသားစားသုံးသူများထက် ရောဂါအခြေပြ ဇီ၀လက္ခဏာများ ကျဆင်းနေတတ်သည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ရောဂါတို့၏ ရှေ့ပြေးလက္ခဏာများဖြစ်နိုင်သည့် ဇီ၀လက္ခဏာများထဲတွင် LDL နှင့် HDL ကိုလက်စထရော နှစ်မျိုးပေါင်းပမာဏ၊ LDL ကိုလက်စထရောပမာဏ စသည်တို့ပါ၀င်ကြောင်း သိရသည်။ ထို့ပြင် ဟင်းသီးဟင်းရွက်စားသုံးသူများတွင် နှလုံးရောဂါနှင့် ဆက်စပ်နေသည့် ပရိုတင်းနှစ်မျိုးနှင့် အသည်းပျက်စီးနေသူများတွင်တွေ့ရသည့် အင်ဇိုင်းနှစ်မျိုး ပါ၀င်မှုအဆင့်မှာ ကျန်းမာရေးနှင့်ညီညွတ်သောအဆင့်တွင်ရှိနေတတ်ကြောင်း စတော့တလန်သုတေသနပညာရှင်များက ပြောကြားသည်။
ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံ ပိုစားခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်
ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများက ခန္ဓာကိုယ်ကျန်းမာစေသည့် အစားအစာဟုသာ လူသိများကြသော်လည်း ၎င်းတို့၏ အကျိုးကျေးဇူးများက ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ကိုလည်း လွန်စွာကောင်းကျိုးဖြစ်စေသည်။ ကျန်းမာရေးသုတေသီများ၏ လေ့လာတွေ့ရှိချက်အသစ်အရ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံ ပိုစားပေးခြင်းက ရက်သတ္တနှစ်ပတ်အတွင်းမှာပင် သိသိသာသာစိတ်အာရုံခံစားမှုကို ပိုမိုကောင်းမွန်စေကြောင်း သိရသည်။ အဆိုပါစမ်းသပ်မှုကို နယူးဇီလန်နိုင်ငံ The University of Otago ရှိ စိတ်ပညာဌာနမှ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို ၁၄ ရက်တိတိနေ့စဉ်ပိုမိုစားသောက်စေပြီးနောက် ၎င်းကျောင်းသား၊ ကျောင်းသူများမှာ တက်ကြွရွှင်လန်း၍ စိတ်ခံစားမှု တိုးတက်မြင့်မားလာသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါတွေ့ရှိချက်ကို The Journal PLOS One ဟု အမည်ရသည့် အစားအသောက်ဆိုင်ရာ ကျန်းမာရေးဂျာနယ်တစ်စောင်တွင်ဖော်ပြထားသည်။
ယင်းအဆိုကို အမေရိကန်ပြည်ထောင်စုရှိ စိုက်ပျိုးရေးဌာနမှ ထောက်ခံထားပြီး ကျောင်းသား၊ ကျောင်းသူများသည် သစ်သီး၀လံနှစ်ခွက်နှင့် ဟင်းသီးဟင်းရွက် သုံးခွက်တို့ကို နေ့စဉ်စားပေးသင့်ကြောင်း အကြံပြုထားသည်။ ဥပမာအားဖြင့် သစ်သီး၀လံတစ်ခွက်ဆိုသည်မှာ ဂရိတ်ဖရုသီးတစ်၀က် သို့မဟုတ် လိမ္မော်သီးတစ်လုံးကို ဆိုလိုခြင်းဖြစ်ပြီးဟင်းသီးဟင်းရွက်တစ်ခွက်ဆိုသည်မှာ ငရုတ်ချိုပွကြီးတစ်ခု သို့မဟုတ် မီးကင်ထားသော ကန်စွန်းဥတစ်လုံးကိုဆိုလိုခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများများစားပေးခြင်းက စိတ်အာရုံခံစားမှုကို ပိုမိုတိုးတက်ကောင်းမွန်စေရုံမျှမက အ၀လွန်ရောဂါ၊ သက်ကြီးပိုင်းတွင် ဖြစ်လေ့ရှိသော ဆီးချိုရောဂါအမှတ်-၂၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါတော်တော်များများကို ဖြစ်မလာအောင် လျှော့ချပေးနိုင်သည်။
ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံများ ပိုစားပေးခြင်းက စိတ်ကျန်းမာရေးနှင့် မည်ကဲ့သို့ပတ်သက်ဆက်စပ်နေသနည်းဟု စာဖတ်သူတို့သိလိုပေလိမ့်မည်။ The University of Otago ရှိ စိတ်ပညာဌာနမှသုတေသီများက ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများသည် ကျန်းမာရေးအခြေအနေနှင့် မည်သို့မည်ပုံပတ်သက်ဆက်နွှယ်နေကြောင်းကို ယခုကဲ့သို့ ဆက်လက်၍ လေ့လာခဲ့ကြသည်။ သုတေသီများကအသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးကိုအုပ်စုသုံးခုခွဲ၍ ရက်သတ္တနှစ်ပတ်ကြာ အောက်ပါအတိုင်း စမ်းသပ်ခဲ့ကြသည်။
- ပထမအုပ်စုတွင် ပါဝင်သူများကို ၎င်းတို့စားနေကျပုံမှန်အတိုင်း စားသောက်စေသည်။
- ဒုတိယအုပ်စုတွင် ပါဝင်သူများကိုမူ ၎င်းတို့စားနေကျ အစားအစာ အပြင် မုန်လာဥနီ၊ ကီဝီသီး၊ ပန်းသီး၊ လိမ္မော်သီး စသည်ဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး၀လံ လတ်လတ်ဆတ်ဆတ်တို့ကိုလည်း တစ်နေ့တစ်ကြိမ်နှုန်းဖြင့် နေ့စဉ် စားသောက်စေသည်။
- တတိယအုပ်စုတွင် ပါဝင်သူများကို ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ သူတို့စားနိုင်သလောက် များများပိုမိုစားစေပါသည်။
ထိုသို့ စားသောက်စေပြီးနောက် ရက်သတ္တနှစ်ပတ်ကြာတွင် အုပ်စုသုံးခုတွင် ပါဝင်သူအားလုံးကို ပျော်ရွှင်မှု၊ တက်ကြွမှု၊ စိတ်အားငယ်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဆန္ဒစောမှု၊ စိတ်ဓာတ်ကျမှု စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေနှင့်ပတ်သက်သည့် မေးခွန်းများဖြင့် လေ့လာဆန်းစစ်ကြည့်ခဲ့သည်။ ထိုအခါ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို တစ်နေ့သုံးကြိမ်ခန့် များများပိုစားနိုင်သော တတိယအုပ်စုတွင်ပါဝင်သူများမှာ စိတ်ကျန်းမာရေး သိသိသာသာပိုမိုတိုးတက်ကောင်းမွန်နေသည်ကို တွေ့မြင်ရသည်။ ကျန်အုပ်စုနှစ်ခုတွင်ပါဝင်သူများကစမ်းသပ်မှုကာလပြီး၍ ရက်သတ္တနှစ်ပတ်ကျော်သည့်တိုင် စိတ်ပိုင်းဆိုင်ရာခံစားမှုအခြေအနေ တိုးတက်ပြောင်းလဲလာသည်ကို မတွေ့ရပေ။ ထို့ကြောင့် The University of Otago ရှိ စိတ်ပညာဌာနမှ သုတေသီများက "FV [fruits and vegetables] များများစား၊ လူငယ်လူရွယ်များ"ဟူ၍ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်ပုဒ်တစ်ခုကို မှတ်တမ်းတင်ခဲ့သည်။
အနီရောင်အသားစားသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ
၀က်သား၊ အမဲသား အပါအ၀င် ခြေလေးချောင်းသား အနီရောင် အသားများစားသုံးခြင်းက သံဓာတ်၊ အသားဓာတ်နှင့် ပရိုတင်းဓာတ် တို့ကို ပေးစွမ်းနိုင်သော်လည်း တစ်နေ့တာစားသင့်သည့်အတိုင်းအတာထက် ပို၍ဖြစ်စေ၊ နေ့စဉ်ရက်ဆက်စားသုံး၍ဖြစ်စေ လွန်လွန်ကဲကဲ စားသုံးပါက ကျောက်ကပ်ပျက်စီးခြင်း၊ အစာအိမ်ရောဂါအပါအ၀င် အူမကြီးကင်ဆာဖြစ်စေခြင်း၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါဖြစ်ခြင်း၊ မိသားစုထဲတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရာဇ၀င်ရှိသူများအနေဖြင့် ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများလာခြင်း စသည့်ကျန်းမာရေးပြဿနာများ မလွဲမသွေတွေ့ကြုံလာနိုင်သည်။ ထို့ပြင် တိရစ္ဆာန်တို့၏ကလီစာများကို စားသုံးပြီးနောက် လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိသည့်အခါ ယင်းအစားအစာနှင့်ပါလာသောအဆိပ်အတောက်များကို လူ့ခန္ဓာကိုယ်တွင်းရှိ အသည်းနှင့် ကျောက်ကပ်တို့က အချိန်တော်တော်ကြာ ပြန်လည်သန့်စင်အောင် ရှင်းလင်းပေးရသည်။ ထို့ကြောင့် တိရစ္ဆာန်တို့၏ကလီစာကို စားသုံးခြင်းက လူသားတို့၏အသည်းနှင့် ကျောက်ကပ်တို့ကို ဝန်ပိ၍ ပင်ပန်းစေပါသည်။ အထူးသဖြင့် ဘီပိုး၊ စီပိုးကူးစက်ခံထားရသူ၏ ခန္ဓာကိုယ်ထဲတွင် သံဓာတ်များလျှင် အသည်းမှာ အမာရွတ်ပို၍ထင်လွယ်သဖြင့်သံဓာတ်များစွာပါသော အစားအစာများဖြစ်ကြသည့် အနီရောင်အသားများ အပါအ၀င် အသည်း၊ အမြစ်၊ သွေးခဲ စသည်တို့ စားသုံးခြင်းမှ အထူးရှောင်ကြဉ်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် ကူးစက်မြန်ဆန်သော ကိုဗစ်-၁၉ ရောဂါခံစားရပြီးနောက် နာတာရှည်ရောဂါရှိသူများအနေဖြင့် ဘ၀နေထိုင်မှုပုံစံကို ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လိုက်နာ၍ ပြုမူနေထိုင်ရုံမျှမက စားသောက်မှုပုံစံကိုလည်း အထူးဂရုစိုက်ရန်လိုပါသည်။ ထို့ကြောင့် အထက်တွင်ရေးသားဖော်ပြထားသည့် အချက်အလက်များကို လေ့လာမှတ်သားကာ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံတို့ကို နေ့စဉ်ဘ၀တွင် ပိုမိုစားသုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။
Source: https://myawady.net.mm/stories
Photo Credit to https://www.news-medical.net/
ကုန်းဘောင်ခေတ်စာဆိုအကျော် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် နန္ဒီသေနပျို့(၁၁၂၈ ခုနှစ်)သေနင်္ဂဗျူဟာပျို့(၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)တို့ကို ခေတ်အခြေအနေအခင်းအကျင်းနှင့် စစ်ရေးဆိုင်ရာလိုအပ်ချက်အရဖွဲ့ဆိုခဲ့သည်။
ပျို့သည် ကဗျာအမျိုးအစားထဲတွင် ရိုးရှင်းသောအဖွဲ့အနွဲ့ဖြစ်သည်။ ကာရန်ဖြင့်ချိတ်ဆက်ထားသော လေးလုံးစပ်တစ်ပါဒစီ၊ ပါဒပေါင်းများစွာ၊ ပိုဒ်ရေပေါင်းများစွာ ကန့်သတ်ချက်မရှိ လွတ်လပ်စွာဖွဲ့သီနိုင်သောအဖွဲ့တစ်မျိုးဖြစ်သည်။ ပျို့စာဆိုသည် သိမှတ်စရာအကြောင်းအရာများကိုသဒ္ဓါလင်္ကာရ၊ အတ္ထာ လင်္ကာရတို့ဖြင့် တန်ဆာဆင်၍ နှစ်သက်ဖွယ်ကောင်းအောင်ဖွဲ့ဆိုသော လေးလုံးစပ်လင်္ကာရှည်တစ်မျိုးဖြစ်သည်။
ပျို့ဟူလျှင် - နှစ်သက်ဖွယ်ကောင်းရမည်။သိမှတ်စရာအကြောင်းအရာများပါဝင်ရမည်ဟုဆိုထားရာ ဖော်ပြပါပျို့ဂုဏ်ရည်များသည် လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်တွင်ပြည့်လျှမ်းနေသည်။
ပျို့ကဗျာတွင် အရင်းခံကိုယ်ထည်ရှိသည်။ ကိုယ်ထည်ကိုတန်ဆာဆင်ရာတွင် စာဆို၏ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလျောက် ပိဋကတ်ကျမ်းဂန်ဂန္ထန္တရ၊ လောကအတွေ့အကြုံအတွေးအမြင်၊ အယူအဆတို့ ဖြင့် ပုံဖော်နိုင်သည်။ ခြယ်မှုန်းနိုင်သည်။ တန်ဆာဆင်နိုင်သည်။ သို့ဖြစ်ရာ ပျို့ကဗျာတွင် ပျို့ဆရာ၏စိတ်စေတနာနှင့် ခေတ်သရုပ်ကိုပါတွေ့မြင်နိုင်သည်။
ပျို့စာဆိုသည် မြန်မာ့သေနင်္ဂဗျူဟာအကြောင်းပြောချင်သောအခါ ဆီလျော်မည့်ဇာတ်ကိုရှာသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကိုတွေ့သည်။ ဇာတ်တော်ကိုပျို့အသွင်ဖန်တီးသည်။သေနင်္ဂနှင့်ပတ်သက်၍ပြောရန် ဇာတ်ကွက်နှင့်ဇာတ်ရုပ်ကိုရှာပြန်သည်။နန္ဒီသေနအမတ်ကြီးကိုတွေ့သည်။ နန္ဒီသေနအမတ်ကြီး၏ဇာတ်ရုပ်ကို မိမိခစားခဲ့သော၊ လေးစားကြည်ညိုရင်းရှိသော ကျေးဇူးရှင်အလောင်းမင်းတရားကြီး၏ စစ်ရည်စစ်သွေး၊ စစ်တွေးစစ်ကြံ၊ စစ်ဟန်စစ်ထုံးများဖြင့် ခြယ်မှုန်းလိုက်သည်။ ကိုယ်ပြောလိုသောစကားကို နန္ဒီသေနအမတ်ကြီး၏ အငှားပါးစပ်ဖြင့် ပြောခိုင်းလိုက်သည်။ ပြောခိုင်းလိုက်ရသော်လည်း စာဆိုမှာအားမရသေးပေ။ ဇာတကမှ ပျို့အဖြစ်ဖန်တီးရာတွင် ဇာတ်ကြောင်းကိုငဲ့နေရသဖြင့် ပြောချင်သည်များကျန်ရစ်နေပေသေးသည်။
ထို့ကြောင့် စစ်သူကြီးတို့လက်စွဲကျမ်းအနေဖြင့် သေနင်္ဂဗျူဟာပျို့ကိုရေးဖွဲ့ခဲ့သည်။ထိုပျို့တွင်မူ ဇာတ်လမ်းမပါ၊ ရသမနွှယ်ဘဲသုတသာကဲသည်။ စစ်ရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များ မြန်မာ့သေနင်္ဂဆိုင်ရာမှတ်သားလိုက်နာဖွယ်ရာများကိုလမ်းညွှန်ထားသည်။ အာဂုံဆောင်လေ့ကျက်၍ စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ကျင့်သုံးရန် သတိပေးခဲ့သည်။
သေနင်္ဂဗျူဟာပျို့ဖွဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဗျူဟစက္ကိပျို့ကိုထပ်မံရေးဖွဲ့ပြန်သည်။ ဤပျို့ပါအချို့သောအကြောင်းအရာများသည်နန္ဒီသေနပျို့တွင်လည်းကောင်း၊ သေနင်္ဂဗျူဟာပျို့တွင်လည်းကောင်းပါဝင်ပြီးဖြစ်သည်။ သို့သော်...စာဆို၏စေတနာသည် ထိုပျို့နှစ်စောင်နှင့်အားမရ တင်းတိမ်၍မနေထပ်မံပေးလိုသေးသည်။ အသစ်အသစ်ပေါ်ထွန်းလာမည့် မြန်မာ့စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့စစ်သွေးထက်သူများအတွက် မှာကြားလိုသေးသည်။ လမ်းညွှန်လိုသေးသည်။ ထို့ကြောင့်ဗျူဟစက္ကိပျို့တွင် သေနင်္ဂဗျူဟာရေးဖွဲ့စဉ်ကကဲ့သို့ အသေးစိတ်မရှင်းလင်းခဲ့ရသော စစ်ဖျက်ခြင်းခြောက်ပါးကို မြန်မာ့သမိုင်းလာတိုက်ပွဲစဉ်များဖြင့် ချိန်ထိုးညွှန်ပြသည်။ ယခင်ပျို့များတွင် လမ်းညွှန်ရန်ကျန်ရစ်ခဲ့သော စစ်ခေါင်းဆောင်များအတွက် စစ်ရေးလမ်းညွှန်တစ်စိတ်တစ်ဒေသကိုလည်းဖော်ပြပေးလိုက်သေးသည်။
သေနင်္ဂဗျူဟာစစ်သမိုင်း(၁၉၄၃ခုနှစ်)၏ဥယျောဇဉ်တွင် ထိုစဉ်ကသေနာပတိချုပ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ်ပြောင်းခေတ်လွဲအခြေအနေအမျိုးမျိုးကိုထောက်ကာ ရှေးကရှိသည့်သေနင်္ဂဗျူဟာကျမ်းအမျိုးမျိုးကိုလေ့လာထိုက်သည်သာတည်း . . . ”ဟုတိုက်တွန်းခဲ့သည်သာမက မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် ခေတ်သစ်သေနင်္ဂဗျူဟာကို ချိန်ထိုးပြခဲ့သည့်သာဓကရှိခဲ့ပေသည်။
ရှေးပဝေသဏီကတည်းက အခြေတည်ခဲ့သော မြန်မာတို့သည် ပထမမြန်မာနိုင်ငံတော်-ပုဂံခေတ်မှသည် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်အထိ စစ်ရေးအသွင်၊ စစ်ရေးအမြင်များဖြင့်သာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်မဟုတ်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသောစစ်သွေးတို့ဖြင့်ပါ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ ခွာ၍မတွန့်” အသက်စွန့်ဝံ့သူများဖြစ်သည်။
“မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည့်”သူများလည်းဖြစ်ကြသည်။
ဗြိတိသျှတို့၏သိမ်းယူမှုမှလွဲ၍ တိုင်းတစ်ပါးသားတို့၏ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းမှာလည်း စစ်မှန်သောစစ်သွေးတို့ဆူဝေနေသည့် ခိုင်ကျည်သောမြန်မာ့စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။
ဗြိတိသျှတို့သည် မြန်မာပြည်ကို အလွယ်တကူသိမ်းယူသည်ဟုဆိုရမည်ဖြစ်သော်လည်း မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတို့၏ နေရာအနှံ့အပြားမှ အုံကြွတော်လှန်မှုကိုကား ခက်ခက်ခဲခဲနှိမ်နင်းခဲ့ရသည်။ စစ်စရိတ်ကုဋေချီကာသုံးစွဲခဲ့ရသည်။ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌လူ ၂၉၀၂ ဦးတွင် ပုလိပ်တစ်ဦးအချိုးဖြင့် တာဝန်ယူထိန်းသိမ်းနေချိန်တွင် အထက်မြန်မာနိုင်ငံ၌ လူ ၁၇၃ ဦးတွင် ပုလိပ်တစ်ဦးတာဝန်ယူနေရသည်မှာ စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာတို့၏သူ့ကျွန်မခံလိုသော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမည်မျှပြင်းထန်သည်ကိုထင်ရှားစေခဲ့သည်။
ထို့ပြင် မြန်မာမျိုးချစ်တပ်မတော်သားတို့သည် ဖက်ဆစ်ဂျပန်တို့ထံမှစစ်ပညာသင်ကြားခွင့်ရရှိသောအခါတွင် သင်ကြားပေးသည့်စစ်နည်းဗျူဟာများမှာ ချီစစ်၊ ထိုးစစ်နှင့်ဖျက်စစ်များကိုသာသင်ကြားပေးသည်။ခွာစစ်နှင့်ခံစစ်အားလုံးဝမသင်သဖြင့် သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့တို့မှ စစ်ပညာများနှင့် မြန်မာ့စစ်သမိုင်းမှ ခွာစစ်နှင့်ခံစစ်ကိုလေ့လာယူခဲ့ရပြီး မြန်မာ့ရိုးရာစစ်ပညာများဖြင့် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့ကြောင်း သုတေသီရာမညကိုကိုနိုင်ဝန်ခံခဲ့သည်။
စင်စစ်သော်ကား မြန်မာ့ရိုးရာစစ်ပညာသည် စစ်ရေးအပြင် စစ်ရေးအခင်းအကျင်းအစီအရင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူမှုစီးပွားဘဝတွင်ပါ လက်တွေ့ကျကျကျင့်သုံးနိုင်သော လုပ်ငန်းလမ်းညွှန်ချက်များဟုမှတ်ယူအပ်သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏ စစ်ပျို့များနှင့်ရှေးပညာရှင်တို့၏စစ်ကျမ်းများလာ စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ စစ်ခေါင်းဆောင်တို့ထားရှိအပ်သည့်စိတ်ဓာတ်နှင့် စစ်သူတို့ကျင့်ဆောင်အပ်သည့် ခံယူချက်များကိုလည်းကောင်း မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာကျင့်သုံးနိုင်သဖြင့် မြန်မာ့ရိုးရာစစ်ပညာသည် ယနေ့တိုင်မရိုးနိုင်သောမြန်မာရှိသရွေ့တည်တံ့နေမည်ဖြစ်သော လမ်းညွှန်ချက်များသာဖြစ်ပေတော့သည်။
နှစ်ပေါင်းထောင်ချီ၍ စစ်ပညာစစ်အတတ်ကိုအလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့မြန်မာများသည် အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီးသိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲရသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အစဉ်တစိုက်ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှသည်။
ဗျူဟစက္ကိ-ဟူသောအမည်နှင့်လိုက်လျောအောင် ဖော်ကျူးခဲ့သည်မှာ စစ်မဟာဗျူဟာ၂၉ ပါးပင်ဖြစ်သည်။ ဤဗျူဟာများကိုတစ်ပါးချင်းဖွင့်ဖော်ရှင်းပြထားသည့် စာဆို၏စေတနာ၊ စာဆို၏ကျေးဇူးမှာ နောက်လာမြန်မာ့စစ်သွေးသစ်တို့အတွက် တန်ဖိုးကြီးမားလှပေသည်။
စာဆိုသည် နန္ဒီသေနပျို့ (၁၁၂၈ခုနှစ်)ကိုရှေးဆရာတို့မစပ်ဆို၍စပ်ဆိုရကြောင်း၊ သေနင်္ဂဗျူဟာပျို့ (၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)ကို စစ်ရေးဆိုင်ရာလိုအပ်ချက်အရ ဖွဲ့သီရကြောင်းသက်ဆိုင်ရာပျို့များတွင် ဖော်ပြထားသည်။ စာဆို၏စေတနာတန်ဖိုးကိုထိုခေတ်၏အခြေအနေနှင့်ယှဉ်ထိုး၍ တွက်စစ်နိုင်သည်။
စာဆိုသည် တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)လက်ထက်တွင်ဖွား၍ ဟံသာဝတီပါမင်းတရား (၁ဝ၉၅- ၁၁၁၃) လက်ထက်တွင် လူလားမြောက်ခဲ့သည်။ ဆယ်နှစ်ကျော်အရွယ်ကတည်းက ကသည်းတို့၏ ကျူးကျော်စစ်နှင့်ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်-မြန်မာတိုက်ပွဲများ၊ ကွေ့-ဂုဏ္ဏအိန်၏ပုန်ကန်မှုများကြောင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးသိန်းရှင်ထံခစားရသည့်အခါတွင်မူ စစ်ရေးစစ်ရာတို့နှင့်လုံးထွေးနေခဲ့ရတော့သည်။
အင်းဝပျက်ပြီး ကုန်းဘောင်ခေတ်ထူထောင်သောအခါ အလောင်းမင်းတရားကြီး (၁၁၁၄-၁၁၂၂) ၏အပါးတော်တွင် အမှာတော်ရေးအဖြစ် တတိယမြန်မာနိုင်ငံတော်ထူထောင်ရေးစစ်ပွဲများ၊ မဏိပူရ၊အာသံနှင့်ယိုးဒယားတို့သို့ချီသောဘုန်းတန်ခိုးပြစစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ဆုံကြုံခဲ့ရသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏စစ်ရေးစွမ်းရည်တို့ကိုလေ့လာမှတ်သားနိုင်ခဲ့သည်။
နောင်တော်ကြီး (၁၁၂၂-၁၁၅၁)လက်ထက်တွင် မင်းခေါင်နော်ရထာအရေး၊ တောင်ငူစားသတိုးသင်္ခသူအရေး စသည့်ပြည်တွင်းရေးအပြင် ပြည်ပစစ်ဖြစ်သည့် ဇင်းမယ်အရေးနှင့်လည်းဆုံကြုံခဲ့ရသည်။
ဆင်ဖြူရှင်(၁၁၂၅-၁၁၃၈)လက်ထက်ကား မြန်မာတို့စစ်တံခွန်လွှားသောခေတ်ဖြစ်သည်။ ဘုန်းတန်ခိုးပြစစ်ပွဲများဖြစ်သော ယိုးဒယား၊ မဏိပူရ၊ အာသံသို့စစ်ချီတိုက်ခိုက်မှု၊ တရုတ်တို့၏ကျူးကျော်စစ်ကိုတွန်းလှန်မှုတို့နှင့်ကြုံတွေ့ခဲ့ရပြန်သည်။
ထိုမျှပင်မကသေးပါ။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၁)လက်ထက် ရခိုင်သို့ချီသည့် ပြည်တွင်းစစ်၊ ယိုးဒယားနှင့် အာသံသို့ချီသည့် ပြည်ပစစ်တို့နှင့် ဆူဆူဝေဝေနေရာ ကုန်းဘောင်ခေတ်ဦးသို့မဟုတ်ပျို့စာဆို၏သက်တမ်းတစ်လျှောက်သည် စစ်ရေးမက်ရေးတို့ဖြင့် ရောထွေးယှက်တင်နေခဲ့ပေသည်။
စစ်ရေးနှင့်ကြုံရသဖြင့် စစ်သဘောကိုသိရှိခဲ့သည်။ စစ်အရေးစစ်အမြင်များကြွယ်ဝလာသည်။ အထူးသဖြင့် အလောင်းမင်းတရားကြီး၏ စစ်ရေးအစီအရင်၊ စစ်ရေးအမြင်တို့ ရင်ဝယ်စွဲငြိခဲ့သည်။ စစ်ရေးအောင်မြင်မှုများကို ပြန်ပြောင်းသုံးသပ်လေလေ မင်းတရားကြီး၏စစ်ရေးပရိယာယ် ကြွယ်ဝမှုကို အံ့ချီးမဆုံးဖြစ်ရလေလေ ခံစားလာမိသည်။ မြန်မာ့သေနင်္ဂဗျူဟာအပေါ်တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားလိုစိတ်များတဖွားဖွားပေါ် ပေါက်လာသည်။ မိမိကဲ့သို့ပင် စစ်သွေးလုလင်တို့ ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားကာ လေးစားလိုက်နာကျင့်သုံးစေလိုသောစေတနာဖြင့် စစ်ပျို့များကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပေသည်။
ပျို့စာဆိုနှင့် ရှေးခေတ်ပညာရှင်တို့ကျေးဇူးကြောင့် ကမ္ဘာဇမ္ဗူမြန်မာလူတို့စစ်ရေးစွမ်းရည်ထက်မြက်ခဲ့ကြသည်။ကျမ်းအသီးသီးလာစစ်ပညာအရပ်ရပ်ကို တိုက်ရင်းလေ့လာ လေ့လာရင်းတိုက်ခဲ့ကြသဖြင့်စစ်ရည်ဝခဲ့ကြသည်။ ကျမ်းအဆိုကိုအခြေခံ၍ လက်တွေ့သရုပ်မှန်နှင့်ပေါင်းစပ်ညှိနှိုင်းလိုက်သောအခါ မြန်မာ့နည်းမြန်မာ့ဟန်အပြည့်အဝရှိသော မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီဆီလျော်သောမြန်မာ့စစ်ပညာရပ်တို့ တိုးပွားများပြားလာခဲ့ရသည်။
မြန်မာ့ရိုးရာစစ်ပညာကို နည်းနိဿယအဟောင်းအမြင်းအဖြစ် မစွန့်ပစ်ပယ်လိုက်ပေ။ ဟောင်းပင်ဟောင်းသော်လည်း အကောင်းတွေများစွာရှိသည်။ ခေတ်ကာလနှင့် လူမှုဘဝအပြောင်းအလဲကြောင့် အသွင်သဏ္ဌာန်ပြောင်းသော်လည်း အနှစ်သာရမပြောင်း။ အမည်နာမပြောင်းသော်လည်း မူဝါဒမပြောင်း၊ စစ်ရေးအသွင်ပြောင်းသော်လည်း စစ်ရေးအမြင်ကားမပြောင်း။
- သံတမန်ရေးအရဝိုင်းပယ်ခြင်း
- နိုင်ငံရေးအရဖိအားပေးခြင်း
- အဖျက်လုပ်ငန်းများအားပေးခြင်း
- လုပ်ကြံဝါဒဖြန့်သိက္ခာချစော်ကားသော ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင်ဆွခြင်း
- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန်ကြိုးစားခြင်း
- စစ်ရေးအရအနှောင့်အယှက်ပေးခြင်း - ကုန်သွယ်ရေးအရတားမြစ်ပိတ်ပင်ခြင်း အစရှိသဖြင့် မိမိနိုင်ငံတော်၏အကျိုးစီးပွားကိုပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူမှန်သမျှကို ထိထိမိမိပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်းရှိရမည်။
အလုံးစုံသော သေနင်္ဂဗျူဟာအတတ်ပညာဟူသမျှအားလုံးတို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။ နိမ့်ကျအောင်ဖိနှိပ်နေကြ၏။ ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူအချို့တို့ကမသိ။ အငိုက်မိကာရန်သူ့အလိုအကြိုက်သို့လိုက်ပါမိတတ်၏။ ထို့ကြောင့် စစ်ပရိယာယ်ကိုနားလည်ရန်လိုအပ်မည်ဖြစ်၍ အမိနိုင်ငံတော်ကိုအဓွန့်ရှည်စွာခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသောမြန်မာလူငယ်များကဲ့သို့ပင် သေနင်္ဂဗျူဟာအတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်း ဆရာချစ်နိုင်(စိတ်ပညာ)က ကောင်းသောအကြံ မှန်သောအကျင့် သင့်သောအယူဖြစ်ရေး လမ်းညွှန်ပေးခဲ့သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏စစ်ပျို့သုံးစောင်ကိုလေ့လာရာတွင်ပျို့စာကိုယ်ပါစစ်ရေးဆိုင်ရာအကြောင်းအရာများအစီအရင်များနှင့်ဆက်နွှယ်၍ မြန်မာ့သမိုင်းကြောင်းလာစစ်ရေးဖြစ်စဉ်များကိုလည်းသက်ဆိုင်ရာ ရာဇဝင်ကျမ်းများ၊ အရေးတော်ပုံကျမ်းများမှကောက်နုတ်ဖော်ပြခဲ့ခြင်းမှာ မြန်မာတို့၏စစ်ရေးအသွင်၊ စစ်ရေးအမြင်နှင့်စွေးစွေးနီသောမြန်မာ့စစ်သွေးတို့ကို သိရှိခံစားနားလည်စေလို၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်မားသည့် မြန်မာ့ဂန္ထဝင်စာပေများကို ခံစားသိတတ်၊ ခံယူတတ်ရန်ရည်ရွယ်သည်။
ဤစစ်ပျို့သုံးစောင်လေ့လာချက်ကျမ်းစာပေကိုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သောစစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်မြဲမြံခိုင်ကျည်သော “ကမ္ဘာဇမ္ဗူ မြန်မာလူ”များပေါ်ထွန်းလာရမည်မှာမလွဲပေတည်း။ ။
Source: https://myawady.net.mm/stories
ရေဘုံပိုင်မှ ရေများပွင့်ကျနေသည်ကိုတွေ့လျှင် ပြေး၍ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများအလဟဿဆုံးရှုံးနေသည်ကို နှမြော၍ဖြစ်သည်။ ရေဘားများမလုံ၍၊ ရေပိုက်များမလုံ၍ရေများစိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျှင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့်ရေများအသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကိုနှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန်မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသောဆုံးရှုံးမှုပင်ဖြစ်သည်။ ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြီးမားသောရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်းသို့ မြစ်ခွဲပေါင်းများစွာစီးဝင်လျက်ရှိရာ အဆိုပါရေချိုများအားအသုံးမပြုနိုင်ဘဲ သို့မဟုတ် အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားခဲ့ပါလျှင် မည်မျှနှမြောစရာကောင်းမည်ကိုတွေးမိစေရန်ဖြစ်သည်။ သို့ဖြစ်ရာ တန်ဖိုးရှိသော ရေချိုများအလေအလွင့်မရှိစေရေး၊ ရေချိုများရယူအသုံးချနိုင်စေရေး၊ ရေချိုအရင်းအမြစ်များ စနစ်တကျထိရောက်စွာကိုင်တွယ်နိုင်စေရေး စသောရေစီမံခန့်ခွဲမှုများအရေးကြီးလျက်ရှိပြီး အဆိုပါရေစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အရေးကြီးသောအချက်တစ်ခုမှာ ရေတံခါးများတည်ဆောက်ခြင်းနှင့် စနစ်တကျထိန်းသိမ်း လည်ပတ်ခြင်းပင်ဖြစ်သည်။
မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော စိုက်ပျိုးထုတ်လုပ်ရေးအတွက်အရေးကြီးသည့်စနစ်များကို ပီပြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ မှန်ကန်သည့်မြေပေါ်တွင် အောင်မြင်ဖြစ်ထွန်းမည့်မျိုးအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရာတွင် လိုအပ်သောရေကို လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်းအချိုးညီစွာသွင်းယူပေးရန်မှာ အရေးကြီးလျက်ရှိသည်။ ထိုသို့ တောင်သူများ၏ရည်မှန်းချက် လိုအပ်ချက်များပြည့်မီစေရန်အတွက် အရေးကြီးသောရေစီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရန် ရေတံခါးများတည်ဆောက်ပေးလျက်ရှိသည်။ ရေတံခါးများ တည်ဆောက်ရာတွင် တည်ဆောက်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ရေသွင်း ရေတံခါး၊ ရေထုတ်ရေတံခါး၊ ရေသွင်းရေထုတ်လိုသလိုထိန်းညှိဆောင်ရွက်နိုင်သော ရေထိန်းရေတံခါး၊ စက်လှေရေယာဉ်မော်တော်များ ဆက်သွယ်သွားလာနိုင်ရန် ရေယာဉ်အဝင်၊ အထွက် ရေတံခါးစသည်ဖြင့်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်၊မြို့ပြစနစ်ဖွံ့ဖြိုးစေရန်၊ စက်မှုလုပ်ငန်းများလည်ပတ်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် ရေကြီးမှုသဘာဝဘေးကာကွယ်ရန် စသော ဒေသ၏အခြေခံလိုအပ်ချက်အခြေအနေများပေါ်မူတည်၍ တည်ဆောက်ပေးလျက်ရှိသည်။ အဆိုပါရေတံခါးများအနက် တောင်သူများ၏အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုလျက်ရှိသော ရေတံခါးအချို့ကို နားလည်လွယ်စေရန် ကောက်နုတ်တင်ပြပါမည်။
ရေသွင်းရေတံခါးများ
တန်ဖိုးရှိလှသောရေချိုများ ပင်လယ်အတွင်းသို့စီးဝင်၍ ဆုံးရှုံးမှုများနည်းနိုင်သမျှနည်းစေရန်အတွက် ရေချိုလိုအပ်သောနေရာများသို့ ပို့ဆောင်ပေးနိုင်ရန်ရေချိုသွင်းရေတံခါးများကို တည်ဆောက်ပေးလျက်ရှိသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ထားခြင်းမရှိပါက ရေချိုများအနီးဝန်းကျင်တွင်ရှိနေသည့်တိုင် အသုံးပြု၍မရနိုင်ပေ။ ရေချိုဝင်သည့် နေရာများရှိပါကလည်း ရေမြင့်ချိန်တွင် ရေချိုများဝင်လာပြီး ရေနည်းချိန်တွင် မြစ်ချောင်းများအတိုင်း ပြန်ထွက်သွားမည်ဖြစ်သည်။အချို့နေရာများတွင် ရေချိုကိုရယူနိုင်ရန်လမ်းတာများတွင်ပြွန်ငယ်လေးများဖောက်၍ရေချိုအနည်းငယ်မျှကိုပင် ခက်ခက်ခဲခဲယူနေကြရပြီး အချို့နေရာများတွင် ကားလမ်းတာများကို ယာယီချိုးဖွင့်၍ (ယာယီအုန်းတုံးတံတားများထိုး၍)ရေချိုကိုခက်ခက်ခဲခဲရယူစိုက်ပျိုးနေကြရသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးခြင်းဖြင့် တောင်သူများ၏နှစ်စဉ်ကုန်ကျစရိတ်များ များစွာသက်သာသွားပြီး လုံလောက်သောရေချိုကို လွယ်ကူသေချာစွာရရှိနိုင်ပြီဖြစ်သည်။ တောင်သူများအတွက်အသက်တမျှအရေးကြီးလှသောရေသွင်းရေတံခါးများဖြစ်သည်။ ရေသွင်းရေတံခါးများသည်လိုသလိုလှည့်တင်လှည့်ချနိုင်သော ရေတံခါးရွက်များတပ်ဆင်ထားပြီး လိုအပ်သောပမာဏကို လိုအပ်သောအချိန်တွင် သွင်းယူနိုင်စေရန်စီစဉ်ထားခြင်းဖြစ်ရာရေတံခါးရွက်အတင်၊ အချစနစ်များကောင်းမွန်စေရန်နှင့် ရေယူရာလမ်းကြောင်းများရှင်းလင်းကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ရေထုတ်ရေတံခါးများ
မိုးရာသီအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများမဖြစ်ပေါ်စေရန်အတွက် ရေထုတ်ရေတံခါးများကို တည်ဆောက်လေ့ရှိသည်။ အထူးသဖြင့်ရေတက်၊ ရေကျဖြစ်ပေါ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဆက်စပ်ဒေသများတွင် တည်ဆောက်လေ့ရှိသည်။ ရေထုတ်ရေတံခါးများတည်ဆောက်ထားခြင်းမရှိပါက မိုးများစွာရွာသွန်းချိန်တွင် မိုးရေများစိုက်ခင်းများအပေါ် တက်ရောက်ဖုံးလွှမ်းပြီး အဆိုပါမိုးရေများ ပင်လယ်အတွင်းသို့ စီးဆင်းခြင်းမပြုနိုင်ဘဲတစ်ရက်နှစ်ကြိမ် တက်ရောက်သောပင်လယ်ဒီရေများ စိုက်ခင်းများအတွင်း ထပ်မံဝင်ရောက်လာခြင်းဖြင့် စိုက်ပျိုးသီးနှံများရေနစ်မြုပ်ပျက်စီးဆုံးရှုံးရလျက်ရှိသည်။ ရေထုတ်ရေတံခါးများတည်ဆောက်ခြင်းဖြင့် ပင်လယ်ရေမဝင်ရောက်စေရန်တားဆီးပြီး ပင်လယ်ရေကျချိန်တွင် ပိုလျှံသောမိုးရေများ ပင်လယ်အတွင်းသို့ လျင်မြန်စွာထုတ်နုတ်ပေးလျက်ရှိရာ မိုးစပါးစိုက်တောင်သူများအတွက် အရေးကြီးသော အားထားရာရေထုတ်ရေတံခါးများဖြစ်သည်။ ရေထုတ်ရေတံခါးများတွင် ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေထုတ်နုတ်ရာ ရေလမ်းကြောင်းများကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်း လျက်ရှိသည်။
ရေထိန်းရေတံခါးများ
နွေစပါးရေချိုသွင်းခြင်း၊ မိုးရာသီ ပိုလျှံမိုးရေများ လျှော့ချထုတ်နုတ်ခြင်း စသည်တို့အပြင် ရေတံခါးအတွင်းရှိ ရေချိုများလေလွင့်ဆုံးရှုံးမှုမရှိစေရန် ရေချိုထိန်းခြင်း (အောင်ရေထိန်းခြင်း) စသည့် ရေစီမံခန့်ခွဲမှု များလုပ်ဆောင်နိုင်ရန် ရေထိန်းတံခါးကြီးများကို တည်ဆောက်လေ့ရှိသည်။ရေထိန်းတံခါးများသည် မြစ်ရေကြီးချိန် မြစ်ရေများဝင်ရောက်ခြင်းမပြုနိုင်စေရန်၊ပင်လယ်ရေတက်ချိန် ပင်လယ်ရေများဝင်ရောက်ဖုံးလွှမ်းခြင်းများမဖြစ်ပေါ်စေရန်ရေတံခါးချပ်များဖြင့် တားဆီးပေးပြီးပင်လယ်ရေကျချိန်တွင် ပိုလျှံမိုးရေများ ပင်လယ်အတွင်းသို့ လျှော့ချထုတ်နုတ်နိုင်စေရန် တစ်ဖက်ပွင့်ရေတံခါးချပ်များကို ရေထုတ်နုတ်မည့် ပင်လယ်ဘက်တွင် တပ်ဆင်ထားလေ့ရှိသည်။ အတင်၊ အချ ပြုလုပ်နိုင်သော ရေတံခါးချပ်များကို ရေတံခါး၏အတွင်းဘက် (စိုက်ပျိုးနေသည့်ဘက်)တွင်တပ်ဆင်လေ့ရှိသည်။ အဆိုပါအတင်၊ အချရေတံခါးများအား မိုးရာသီတွင်ရေထုတ်နိုင်ရန် မိုးရာသီတစ်ခုလုံးဖွင့်ထားပြီး မိုးကုန်မှသာ (နွေရာသီရောက်မှသာ) ရေချိုသိုလှောင်နိုင်စေရန်အတွက် ပြန်လည်ပိတ်ထားလေ့ရှိသည်။ အတင်အချ၊ အဖွင့်အပိတ်ကို လိုအပ်သလိုထိန်းညှိဆောင်ရွက်နိုင်သည်ဖြစ်ရာ တောင်သူများအတွက် ရေသွင်း၊ ရေထုတ်သေချာစေသော ရေထိန်းတံခါးကြီးများဖြစ်သည်။
ရေထိန်းတံခါးများ မတည်ဆောက်ထားပါက မိုးချိုး၊ နွေပိတ်ဟု တောင်သူ များခေါ်ဝေါ်သည့် ချောင်းပိတ်တမံများကို နှစ်စဉ်ပြုလုပ်ကြရသည်။ တောင်သူများသည် မိမိတို့စိုက်ပျိုးရေယူမည့်ချောင်းကိုနွေရာသီရေငန်မဝင်မီအမြန်ပိတ်ဖို့ရမည်ဖြစ်သည်။ သို့မှသာ ရေငန်ဝင်ရောက်မှုမှကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။အဆိုပါချောင်းပိတ်ကို မိုးမကျမီတွင် ပြန်၍ချိုးဖျက်ပစ်မှသာ မိုးရာသီတွင် မိုးရေများလျှော့ချထုတ်နုတ်နိုင်မည်ဖြစ်သည်။မိုးရာသီမတိုင်မီ ချောင်းပိတ်ကို ပြန်မချိုးဖျက်ပစ်ပါကရေထုတ်နုတ်မှုမရှိဘဲ လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးမည်ဖြစ်သည်။ သို့ဖြစ်ရာ တောင်သူများအဖို့ နွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက်နှစ်စဉ်ကြီးမားသောကုန်ကျစရိတ်များကျခံဆောင်ရွက်ရလျက်ရှိပြီး ချောင်းပိတ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ ကျိုးပေါက်တတ်ခြင်း၊ရေကျော်ဝင်ရောက်တတ်ခြင်း စသော မသေချာမရေရာမှုများကြောင့် အနည်းငယ်သာစိုက်ပျိုးကြသည့်အပြင်နှစ်စဉ်လည်းဆုံးရှုံးမှုများမကြာခဏကြုံရလေ့ရှိသည်။ ထို့ပြင် မိုးချိုး၊နွေပိတ်ချောင်းပိတ်များပြုလုပ်ရန်မြေကြီးအများအပြားလိုအပ်ပြီး မြေယူရန်ခက်ခဲသောဖို့မြေရှားပါးခြင်းဒုက္ခများကိုလည်း နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။ ရေထိန်းတံခါးများတည်ဆောက်ခြင်းဖြင့် တောင်သူများအတွက် နွေသီးထပ်စိုက်ပျိုးရေသေချာစေသည့်အပြင် နှစ်စဉ်ကျခံနေရသောကုန်ကျစရိတ်များသက်သာခြင်း၊ ဖို့မြေရှာရသည့်ဒုက္ခများကင်းဝေးပြီး ပုံမှန်ထက်ပိုမို၍ စိုက်ပျိုးလာနိုင်သည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ ရေထိန်းတံခါးများသည် ရေတံခါးချပ်များဖြင့် ရေငန်တားခြင်း၊ ရေချိုအလေအလွင့်မဖြစ်စေရန်အောင်ရေထိန်းခြင်း စသည်များကို ဆောင်ရွက်ရသည်ဖြစ်ရာ ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေတံခါးအတင်၊ အချစနစ်များ၊ ရေဝင်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်စေရန် အလေးထားပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ရေယာဉ်အဝင်၊ အထွက်ရေတံခါးများ
ရေတံခါးများတည်ဆောက်ခြင်းဖြင့် အထက်ဖော်ပြပါကောင်းကျိုးများစွာရရှိနိုင်သော်လည်း တစ်ဖက်တွင်မူ မြစ်ကြောင်းများအတွင်း ရေကြောင်းသွားလာရေးကို ထိခိုက်မှုဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ ရေယာဉ်အဝင်၊ အထွက် ရေတံခါးများကိုပါ ရေတံခါးများအနီးတွင် တွဲလျက်တည်ဆောက်လေ့ရှိသည်။ ဒီရေအတက်၊ အကျ ဖြစ်ပေါ်သောနေရာများတွင် ရေတံခါးများတည်ဆောက်လေ့ရှိရာ ရေတံခါး၏အတွင်းရှိ ရေအမြင့်နှင့် ရေတံခါး၏အပြင်ရှိ ပင်လယ်ရေအမြင့်ကို တူညီစွာထိန်းညှိနိုင်ရန် ရေညှိကန်ကိုတည်ဆောက်ပေးလေ့ရှိသည်။ ရေလမ်းခရီးအသုံးများသောဒေသများတွင် ရေတံခါးများတည်ဆောက်ရမည်ဆိုပါက ရေယာဉ်သွားလာမှုများအပေါ် စနစ်တကျဆန်းစစ်၍ လိုအပ်သောရေညှိကန်အကျယ်အဝန်းနှင့် လှေလမ်းအရွယ်အစားကို သတ်မှတ်တည်ဆောက်လေ့ရှိသည်။ ရေယာဉ်အဝင်၊ အထွက်ရေတံခါးများရှိခြင်းဖြင့် ရေတံခါးများ တည်ဆောက်ခြင်းကြောင့် ရေလမ်းသွားလာမှုကို အဟန့်အတားဖြစ်ပေါ်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်ဖြစ်ရာ ဒေသနေတောင်သူများအတွက် သီးနှံများတိုးတက်စိုက်ပျိုးနိုင်သည့်အပြင် ရေလမ်းဖြင့်ကုန်ထုတ်မှုတွင်လည်း အဆင်ပြေလျက်ရှိသည်။ ရေယာဉ်အဝင်၊ အထွက် ရေတံခါးများတွင် ရေတံခါးချပ်များဖြင့် ရေထိန်းညှိရသည်ဖြစ်ရာ ရေတံခါးချပ်များကောင်းမွန်စေရေး အစဉ်ဂရုစိုက်ဆောင်ရွက်လျက်ရှိသည်။
ဖော်ပြပါရေတံခါးများဖြင့် တန်ဖိုးရှိလှသော ရေချိုအရင်းအမြစ်များကိုစနစ်တကျ ထုတ်ယူသုံးစွဲလျက်ရှိသည့်အပြင် တောင်သူများ၏အကျိုးစီးပွားကိုလည်းမြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တောင်သူများဘက်မှလည်း ရေသွင်း၊ရေထုတ်ရေတံခါးများနှင့်ရေထိန်းတံခါးများအပေါ် ပြန်လည်၍ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ရေတံခါးအနီး ငါးဖမ်းခြင်း၊ ဒိုက်ဗေဒါများချခြင်း၊ ချုံချငါးဖမ်းခြင်း၊ ရေတံခါးရွက်များလှန်ဖွင့်၍ ရေစိမ်းထိုးခြင်း (ပိုက်ထောင်ခြင်း)စသော တရားမဝင်ခွင့်ပြုထားခြင်းမရှိသည့်တောင်သူအကျိုး၊ နိုင်ငံ့အကျိုးကို ထိခိုက်စေနိုင်သော အပြုအမူများကို ရှောင်ရှားရမည့်အပြင် တစ်ပါးသူဆောင်ရွက်နေသည်များကို တွေ့မြင်ရပါကလည်း တားမြစ်ရမည်၊ သက်ဆိုင်ရာသို့ အသိပေးအကြောင်း ကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ရေတံခါးနယ်နိမိတ်များအတွင်း ကျူးကျော်နေထိုင်ခြင်းနှင့် ရေတံခါးအဝင်၊ အထွက်လမ်းကြောင်းများကို အတားအဆီးဖြစ်စေသော အပြုအမူ များကို ရှောင်ရှားရမည့်အပြင်တွေ့ရှိပါကလည်း ရေတံခါး ရေရှည်တည်တံ့ရေးအတွက် ကူညီပေးရမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် တောင်သူများနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားသော ရေတံခါးများ ကာလသက်တမ်း ကြာရှည်စွာ ရေသွင်းရေထုတ်လုပ်ငန်းများလုပ်ဆောင်နိုင်စေရေးအတွက် နိုင်ငံတော်တစ်ခုတည်းတွင်တာဝန်ရှိသည်ဟုမှတ်ယူခြင်းမပြုဘဲ တောင်သူများဘက်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့်ဒေသနေတောင်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ပါကြောင်း ဒေသ၏လူမှုစီးပွားရေးများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ယနေ့ခေတ် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် သမိုင်းစဉ်ဆက်ခေတ်အဆက်ဆက်ကတည်းက ရှင်သန်ပေါ်ထွန်းခဲ့သော မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ် တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင်တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်၍ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထူထောင်ထားသော အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် မျိုးချစ်တပ်မတော်ပင်ဖြစ်သည်။
ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် ယနေ့ချိန်ခါမှ ပြည်သူ့ကြားမှပေါ်ထွန်းလာသော တပ်မတော်တစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားစေနိုင်သော၊ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ထွန်းခဲ့သော မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုဘယ်တော့မှသစ္စာမဖောက်ခဲ့ပါ။ နိုင်ငံနှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက် အမြဲတမ်းတာဝန်ကျေပွန်ခဲ့သော တပ်မတော်လည်းဖြစ်သည်။ ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် အမျိုးကိုကာကွယ်စောင့်ရှောက်လိုသောစိတ်၊ အမျိုးဂုဏ်ကိုမြှင့်တင်လိုသောစိတ်ကိုအခြေခံပြီး ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝသူတို့၏နှလုံးသွေးဖြင့် ပုံဖော်ထုဆစ်တည်ဆောက်ထားသော “မျိုးချစ်တပ်မတော်”ဆိုရင်လည်းမမှားပေ။
တပ်မတော်ဟူသည် စစ်ရေးစစ်ရာအတွက် လက်နက်တပ်ဆင်ထားပြီး ကြည်း၊ ရေ၊ လေ တပ်များစနစ်တကျပါဝင်ဖွဲ့စည်းထားသည့်နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးတပ်ပေါင်းစုကြီးလည်းဖြစ်သည်။ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ်ရှိမှသာလျှင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အေးချမ်းသာယာမှုတို့ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ပထမမြန်မာနိုင်ငံကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီးသည် စစ်သည်ရဲမက်များကို အလွယ်တကူ စုစည်းနိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ဆယ်ပြုမြို့တို့ကို စနစ်တကျထူထောင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့ဩဇာအာဏာသည် တောင်ဘက်တွင် မလာယုကျွန်း၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယား၊ အရှေ့ဘက်နှင့်မြောက်ဘက်တွင်တရုတ်နယ်စပ်၊ အနောက်ဘက်တွင် ပဋိက္ကရားအထိ ပျံ့နှံ့သက်ရောက်ခဲ့သည်။
အလားတူ ဒုတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာနိုင်ငံပြင်ပဖြစ်သော မဏိပူရ၊ ကသည်း၊ ရှမ်းကိုးပြည်၊ ဇင်းမယ်နှင့်လင်းဇင်း ပြည်နယ်များကိုလည်းကောင်း၊မြန်မာတို့၏ဩဇာခံဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့သည်။ စနစ်ကျသောဘုရင့်နောင်၏တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ်နှင့်လှံတပ်များ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မြန်မာ့တပ်မတော်၏စွမ်းအားသည်အရှေ့တောင်အာရှနယ်ပယ်အားလုံးကို ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။
ထိုနည်းတူ တတိယနိုင်ငံတော်ကိုထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်သည်လည်း အင်အားတောင့်တင်းပြီးအရည်အသွေး၊ အဆင့်အတန်းမြင့်မားခဲ့သည်။ အလောင်းမင်းတရားကြီးလက်ထက်တွင် ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ်နှင့်ရေတပ်များအပြင် မြင်းရည်တက်တပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့်အင်အားကြီးမား၍ စွမ်းရည်မြင့်မားသောတပ်မတော်ကို အလောင်းမင်းတရားကြီးလက်ထက်တွင် တွေ့မြင်နိုင်သည်။ ပြည်သူတို့၏စိတ်နှလုံးလည်း အေးချမ်းခဲ့ရသည်။ စီးပွားရေး၊ လူမှုရေးကိစ္စများလည်း အဆင်ပြေစေခဲ့ပြီး တစ်မျိုးသားလုံးမျိုးချစ်စိတ်ဓာတ် ရှင်သန်ခဲ့ရသည်။သို့သော် ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ်တွင်အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲနှင့်နောက်ဆုံး သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ကာ မြန်မာတို့ထီးကျိုး စည်ပေါက်ထီးနန်းပျောက်ခဲ့ရသည်။ သို့သော်လည်း မြန်မာတို့သည် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေ အသင်း၊ ၁၉၂၀ ပြည့်နှစ်တွင်ဂျီစီဘီအေအသင်းနှင့် ပထမကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင်တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃၆ ခုနှစ်တွင် ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံအစရှိသော အမျိုးသားရေးလှုပ်ရှားမှုတို့ဖြင့် နယ်ချဲ့တို့ကိုဆန့်ကျင်တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း နယ်ချဲ့တို့၏လူအင်အားသာလွန်မှု၊ လက်နက်အင်အားကောင်းမွန်မှုတို့ကြောင့် ထင်တိုင်းမဖြစ်ခဲ့ပေ။ မျိုးချစ်စိတ်မည်သို့ပင်ပြင်းပြပါစေ ခေတ်မီဖွံ့ဖြိုးတိုးတက်၍စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်မဟုတ်သည့်အတွက်ရည်ရွယ်ချက်ပန်းတိုင်နှင့်အလှမ်းဝေးကွာခဲ့သည်။
ထို့ကြောင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံကာ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သည့်တပ်မတော်တစ်ရပ်ရှိမှသာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်မည်ဟုသိရှိနားလည်ခဲ့သောကြောင့် သခင်အောင်ဆန်းဦးဆောင်သည့် မျိုးချစ်လူငယ်သုံးကျိပ်တို့သည် ဂျပန်တို့၏အကူအညီများရယူ၍ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာရပ်ကို ပင်ပန်းဆင်းရဲခံ၍ ခက်ခဲကြမ်းတမ်းစွာ သင်ယူခဲ့ကြသည်။
ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေအိမ်၌လက်မောင်းသွေးဖောက်၊ သွေးသစ္စာသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်သန္ဓေတည်ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ်လည်းကောင်း၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့အမျိုးသားတပ်မတော်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော်အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ခဲ့သည်။ မျိုးချစ်စိတ်ကိုသန္ဓေတည်ပြီး ရှင်သန်ပေါက်ဖွားခဲ့သော မြန်မာ့တပ်မတော်သည်မည်သို့သောအခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ပါစေ စိတ်ဓာတ်၊စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်း၊ရဲဘော်တိုင်းထားရှိကြသည့် အခြေခံအရည်အချင်းငါးပါးနှင့်အညီခံယူချက်ကောင်းကောင်း၊ ရည်မှန်းချက်ကောင်းကောင်းဖြင့် ပြည်သူ့ရှေ့ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ထို့နောက် မြန်မာ့မြေပေါ်မှ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ချေမှုန်းခဲ့သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် အများပြည်သူ မျှော်လင့်တောင့်တခဲ့သော လွတ်လပ်ရေးအောင်ပန်းကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးမရခင်ကလည်းကောင်း၊ လွတ်လပ်ရေးရပြီးချိန်တို့တွင်လည်းကောင်းပြည်တွင်းပြည်ပရန်သူဟူသမျှကို စစ်ဆင်ရေးကြီးပေါင်းများစွာဆင်နွှဲကာ အမိမြေအတွက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက်အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်တို့ဖြင့်ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့သော မြန်မာ့တပ်မတော်၏စွမ်းရည်သည် ကမ္ဘာကပင်အသိအမှတ်ပြု ချီးကျူးခြင်းခံခဲ့ရသည်။
မြန်မာ့တပ်မတော်သားတို့သည် ပြည်သူကိုချစ်သော၊ ကာကွယ်လိုသောစိတ်ဓာတ်တို့ကြောင့် အမိမြေအတွက် အသက်သွေးချွေးပေါင်းများစွာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုတို့ကြောင့်လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သော ပြည်တွင်းရောင်စုံသောင်းကျန်းမှုတွေကိုလည်း ရင်ဆိုင်တွန်းလှန်ခဲ့ပြန်သည်။
အလားတူ ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသော တရုတ်ဖြူ(ကူမင်တန်)တပ်များနှင့် သောင်းကျန်းသူများကြီးစိုးသောဒေသများကို ကျိုင်းတုံစစ်ဆင်ရေး၊ ပင်လုံစစ်ဆင်ရေး၊ မိုးကြိုးစစ်ဆင်ရေး၊ နဂါးနိုင်စစ်ဆင်ရေး၊ဗန္ဓုလစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးကြီးများဖြင့်အနိုင်ယူကာအနက်ရောင်နယ်မြေများကို အဖြူရောင်နယ်မြေများဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့သည်။
ပြည်သူ့အရေးအစဉ်တွေးပြီးကာကွယ်စောင့်ရှောက်နေသောမြန်မာ့တပ်မတော်သည် ပြည်သူတို့၏လိုလားချက်နှင့်ဖြစ်ပေါ်လာသော သမိုင်း၏ တောင်းဆိုချက် များအရ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် အိမ်စောင့်အစိုးရကိုဖွဲ့စည်းကာ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်တာဝန်ယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် မြန်မာ-တရုတ် နယ်နိမိတ်သတ်မှတ်မှုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ အိမ်စောင့်အစိုးရသည်ထောက်ပံ့ရေးဌာန၊ သမဝါယမနှင့်ဖက်စပ်ကော်ပိုရေးရှင်းများ၏မူနှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့သစ်ကိုဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်ကြီးအား မြို့တော်အင်္ဂါရပ်နှင့်ညီအောင်ဆောင်ရွက်ခဲ့သည်။ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပနှင့်သာကေတမြို့သစ်တို့ကို တိုးချဲ့တည်ထောင်ပေးခဲ့ပြီး အခြေခံလူတန်းစားများ၏ဘဝများကို လူနေမှုဘဝမြင့်မားအောင် လုပ်ဆောင်ပေးခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် လွတ်လပ်၍တရားမျှတသောအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိခဲ့သောသန့်ရှင်းဖဆပလအဖွဲ့သို့ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်တွင် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ တပ်မတော်သည် စနစ်ကျစွာ နိုင်ငံတော်အာဏာကို လွှဲပေးခဲ့သော်လည်း အာဏာရပါတီ၏မညီညွတ်မှုကြောင့် ပြည်ထောင်စုပြိုကွဲမည့်အခြေအနေသို့ရောက်ရှိခဲ့ပြန်သည်။
ထို့ကြောင့် ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲတော့မည့်အရေးတွင်မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းရယူခဲ့ပြီး တစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ခဲ့သည်။ တောင်သူလယ်သမား၊ အလုပ်သမားများ၏ဘဝအခက်အခဲများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး နှီးနှောဖလှယ်ပွဲများကိုပါ ကျင်းပပြုလုပ်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုစတင်ရေးဆွဲခဲ့ကာ လူထုထံသို့မူကြမ်းသုံးကြိမ်ချပြခဲ့သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ၃၁ ရက်အထိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၁၉၇၄ ခုနှစ်ဇန်နဝါရီလ ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၁၉၇၄ ခုနှစ်မတ်လ ၂ ရက်တွင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်အစစ်ဖြစ်သူတိုင်းရင်းသားပြည်သူများအားကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်အပ်နှင်းခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ် ပြည်တွင်းဆူပူမှုကာလတွင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာဆုံးရှုံးရမည့်အန္တရာယ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၁၈ ရက်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြန်သည်။ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းရေး၊ အများပြည်သူလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် ပြည်သူတို့၏စားဝတ်နေရေးချောင်လည်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအချိန်နှင့်တစ်ပြေးညီ အဆင်ပြေစွာသွားလာနိုင်စေရန် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းနှင့် မြို့သစ်များကိုပါ တိုးချဲ့တည်ဆောက်ပေးခဲ့သည်။ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စိုက်ပျိုးရေဖူလုံစေရန် ဆည်မြောင်းတာတမံများကိုလည်း အဆင့်မြင့်မားစွာ တည်ဆောက်ပေးခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ်ကြိုးပမ်းရင်း ဈေးကွက်စီးပွားရေးစနစ်ကိုပါအကောင်အထည်ဖော်ဆောင်ပေးခဲ့သည်။ ထို့ပြင် ၁၉၉၇ ခုနှစ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့အား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက်မှာတော့ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဟု ပြောင်းလဲပြင်ဆင်ပြီး အမျိုးသားစွမ်းအားကိုထူထောင်ပေးခဲ့သည့်အပြင် အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုအကျိုးစီးပွားကိုပါ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်တာဝန်ယူနေစဉ်အတွင်း အဘက်ဘက်က ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသောအစိုးရထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြည်သူ့အရေးဆို ခေတ်အဆက်ဆက်တာဝန်ကျေပွန်ခဲ့သောမြန်မာ့တပ်မတော်သည် မည်သို့သောအကြောင်းတရားများနှင့် ရင်ဆိုင်ကြုံတွေ့ပါစေ စနစ်မှန်၊ နည်းလမ်းမှန်ဖြင့် ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည့်အတွက်တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)တွင်ပါရှိသော “ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုနိုင်ရန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုလွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့်ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟုမှတ်ယူရမည်။ ယင်းလွှတ်တော်များ၏သက်တမ်းကုန်ဆုံးသည့်အခါသက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်”ဟုပါရှိသည်နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုလက်ခံရယူပြီး ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အမျိုးသားနိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်ခဲ့ရပြန်သည်။
မြန်မာ့တပ်မတော်သည် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို သယ်ပိုးနိုင်ရန်အမျိုးသားနိုင်ငံရေးကို ထမ်းဆောင်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(င)တွင်ပါရှိသော “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပုဒ်မ(၂၀)၊ပုဒ်မခွဲ(စ)တွင်ပါရှိသော “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းသောတာဝန်များကိုပါကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ ယင်းမှာ နိုင်ငံတော်၏အခြေခံမူများတွင်ပါဝင်သော “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟူသော ပြဋ္ဌာန်းချက်အရ ပါဝင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့ မြန်မာ့တပ်မတော်သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများကို တစိုက်မတ်မတ် အားသွန်ကြိုးပမ်းဆောင်ရွက်ရင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိသည်။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ မဟာစင်မုန်တိုင်း၊ တာလေငလျင်၊ စစ်ကိုင်းငလျင်၊ ပုဂံငလျင်၊ ဧရာဝတီရေဘေး၊ကလေးရေဘေး အစရှိသော မြန်မာနိုင်ငံအနှံ့အပြားတို့တွင် ဖြစ်ပေါ်ခဲ့သောပြည်သူလူထုအပေါ်ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များကိုလည်း လူသားချင်းစာနာစိတ်အပြည့်အဝထားပြီး အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်ကူညီဆောင်ရွက်ခဲ့သည်။ ၁၉၈၈ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေလှောင်တမံစီမံကိန်းနှင့် မြစ်ရေတင်စီမံကိန်းကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊လေကြောင်း/ရေကြောင်း ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့်လူမှုရေး၊ စီးပွားရေးအစရှိသောတိုင်းပြည်၏ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ပြည်သူနှင့်လက်တွဲပြီးကာကွယ်စောင့်ရှောက်လျက်ရှိသလို ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာကိုလည်း အသက်သွေးချွေးပေါင်းများစွာတို့ဖြင့် ပေးဆပ်စောင့်ရှောက်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့တပ်မတော်သည် စတင်သန္ဓေတည်ပေါ်ပေါက်လာစဉ်ကတည်းက ပြည်သူနှင့်အတူလက်တွဲ၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းမှု၊ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ပြည်ပကျူးကျော်မှုကိုနှိမ်နင်းခြင်းနှင့် တိုင်းရင်းသားရင်ကြားစေ့ရေးလုပ်ငန်းကို ဖော်ဆောင်ခဲ့သည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ခြင်းနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ သို့ဖြစ်ပါသောကြောင့် တိုင်းပြည်အရေးကိစ္စကြုံလာတိုင်း အသက်သွေးချွေး စဉ်မနှေး၊ ပေးဆပ်သည်မှာ တပ်မတော်ပါဆိုသည့်အတိုင်းအစဉ်အလာကောင်းများဖြင့် ပြည်သူ့အရှေ့မှာအမြဲအသင့်ရှိနေသည့်တပ်မတော်ပင်ဖြစ်ပါကြောင်းနှစ်(၈၀)ပြည့် တပ်မတော်နေ့အားဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories