ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှု အနုပညာ
Posted_Date
Image

Body
ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။
လူသားအားလုံးအတွက် အဝတ်အထည်သည် အရေးကြီးသည်။ သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ် အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။ မြန်မာတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။
ထို့နောက် သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။
မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင် တွင်ကျယ်ခဲ့သည်။
ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။
ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည် စာမတတ်လျှင် အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင် ပေါ်ထွန်းခဲ့သည်။ ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။
“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်
“ ရွှေချည်ငွေချည် တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ
လက်ခတ်ကယ် ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေး” ဟူ၍
ဆရာဦးသော်ဇင်စီစဉ်ပြုစုသော ကျေးလက်တောရွာတေးကဗျာ စာအုပ်တွင် လေ့လာဖတ်ရှုရသည်။
အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်
“ဘုရားငုတ်တိုရောင်တော်လွှတ်မှ
ပုံတော်စင်ဝတ် ကြပါစို့ မောင်ကြီးရေတော့
အောက်ပြည်ဆို လှေတော်ထိုး
ပိုးမှာလိုက်တယ် လေလေ့
အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ်
အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ
လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”
ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ လူထုကြားတွင် တွင်ကျယ်စေခဲ့သည်။
မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။
ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို မျိုးဆက်သစ်များ လေ့လာကာ ဝံသာနုစိတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင် တာဝန်ရှိသည်။
ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
Source-www.moi.gov.mm
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့နှင့် မေတ္တာပွားခြင်း အကျိုး
Posted_Date
Image

Body
ဝါခေါင်လ
ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်သည်။ ဝါခေါင်လသည် မိုးဥတု တွင်ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟု လည်းကောင်း ရေးထိုးထားကြောင်း တွေ့ရသည်။
နံကာလ၏ အဓိပ္ပာယ်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းသော လဖြစ်သောကြောင့် တောင်သူလယ်သမားများ စပါးစိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လဟုဆိုသည် ။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာခြင်္သေ့ရုပ်၊ ရာသီပန်းမှာ ခတ္တာ၊ ရာသီပွဲတော်မှာ “စာရေးတံပွဲ”ဖြစ်သည်။
ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်ရွယ်၍ဦးယာက
"တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊
ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊
သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊
မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း"
ဟူ၍ စပ်ဆိုခဲ့၏။
မေတ္တာအခါတော်နေ့
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏မေတ္တသုတ်တော် ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူ၍ တောအုပ်အတွင်း ပုရိမဝါဆိုတရားအားထုတ်ကြသည်။ ထိုအခါရဟန်းတို့၏ သီလကြောင့်သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါရဟန်းတို့ တရားရှုမှတ်၍မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့်အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြောပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။
ထို့နောက်ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှ စ၍ ဒုတိယဝါကပ်ကြပြီး မြတ်စွာဘုရား သင်ပြတော်မူသည့်အတိုင်း နတ်တို့နှင့်တကွ အားလုံးသော သတ္တဝါ ဝေနေယျတို့အပေါ် မေတ္တာဖြန့်လျက် ပို့လွှတ်သောအခါ နတ်များကကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းငါးရာတို့သည် ရဟန္တာဖြစ်သွားကြသည်။ ရဟန်း ငါးရာတို့သည် ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်မှ မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။
မေတ္တသုတ်ဒေသနာတော်နှင့် ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူး
ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်ဒေသနာတော်တွင် လူနတ်ဗြဟ္မာတို့ လိုက်နာရမည့်အချက် ၁၅ ချက်ကို ဟောကြားထားပါသည်။ ၎င်းတို့မှာ “မေတ္တာစိတ်ကို တစိုက်မတ်မတ် စွမ်းနိုင်အောင် ပွားများရပါမည်။ကိုယ်၊ နှုတ် နှစ်ပါးလုံး ရိုးသားဖြောင့်မတ်ရာတွင် သာမန်မဟုတ်ဘဲ အလွန်ကောင်းစွာ ဖြောင့်မတ်ရပါမည်။ ဆိုဆုံးမ လွယ်သူဖြစ်ပြီး စိတ်ထားမှာလည်း နူးညံ့သိမ်မွေ့ရပါမည်။ မိမိကိုယ်ကိုအထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေး ခြင်းဆိုသည့် မာန်မာန မထားရပါ။ ရောင့်ရဲလွယ်တတ်ပြီး အသက်မွေးမှုပညာရှိရပါမည်။အမှုကိစ္စတို့ နည်းပါး သင့်ပြီး ပေါ့ပါးသော အသက်မွေးမှုရှိရပါမည်။ ငြိမ်သက်သော ဣန္ဒြေရှိပြီး ရင့်ကျက်တည်ငြိမ်သည့် ပညာဉာဏ် လည်းရှိရပါမည်။
ကိုယ်၊ နှုတ်၊ နှလုံးကြမ်းတမ်းခြင်း မရှိစေရ။ အမျိုးလေးပါးတို့တွင် တပ်မက်မှုမရှိဘဲဒုစရိုက်တို့ကို အနည်းငယ် မျှမပြုကျင့်ရာ”တို့ ဖြစ်ကြပါသည်။
မေတ္တာပို့သူသည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှ နိုးထရသည်။ မကောင်းသောအိပ်မက်များ မမြင်မက်ဘဲ လူအများ၏ ချစ်ခင်မှုကို ရစေ၏။ ပရလောကသားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက် ကြသည်။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေးတို့ မထိရောက်ပါ။ ကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံပြုမည်ဆိုလျှင် သမာဓိရလွယ်၏။ မေတ္တာစိတ်ကြောင့်မျက်နှာမှာကြည်လင်နေပြီးသေဆုံးခါနီးအချိန်တွင် ချမ်းသာသုခဖြင့် သေဆုံး ရပါသည်။ ယခုဘဝတွင် မဂ်ဖိုလ်မရနိုင်လျှင်သော်မျှ မေတ္တာဈာန်ဖြင့် ဗြဟ္မာပြည်ကို ရောက်နိုင်ပါသည်။
မေတ္တာ
မေတ္တာဟူသည်မှာ ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်းသဘောဟု အဓိပ္ပာယ်ရသည်။ မေတ္တာဟူသည် အေးမြသော ဓာတ်လည်း ရှိသည်။ ရှေးလူကြီးများကသတ္တဝါအားလုံးအပေါ်တွင်မေတ္တာထားပါ၊မေတ္တာဖြင့်သာဆက်ဆံပါ၊၊ မေတ္တာရောင်ပြန်ဟူသည် သာယာချမ်းမြေ့သော ဘဝကိုပိုင်ဆိုင်စေသည်ဟု ဆိုဆုံးမလေ့ရှိသည်။ လူအချင်းချင်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ စကားပြောဆိုရာ၌ လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ လည်းကောင်း မေတ္တာဟူသည့် ချစ်ခြင်းသဘောကို အခြေခံကြရမည်ဖြစ်သည်။ လောကတွင် မေတ္တာတရားဖြင့် အသက်ရှင် နေထိုင်ခြင်းသည် လူသားအားလုံးအတွက် အေးမြလုံခြုံသောဘဝကိုသာ ပိုင်ဆိုင်ရရှိစေပါသည်။
မေတ္တာသည်ရေဓာတ်နှင့် တူညီပေသည်။ ရေသည်မိမိထက်မြင့်သော ကုန်းမြင့်များထက်သို့ တိုင်အောင် စိုစွတ်အေးမြစေသည်။ မေတ္တာဓာတ်များပြားလာလျှင်လည်း ထိုမေတ္တာများသည် ကုန်းမြင့်နှင့်တူသော မိမိ၏ ရန်ဘက်များကို ဖျန်းပက်သကဲ့သို့ အေးမြစေပါသည်။ မေတ္တာရေအလျဉ်သည်မိမိ၏ အကျိုးကိုမမျှော်ကိုးဘဲ စိမ့်စမ်းရေကဲ့သို့ တသွင်သွင်စီးဆင်းစေပါက မိမိသာမက သူတစ်ပါးကိုလည်း အေးမြစေပါသည်။
ဗုဒ္ဓဘာသာတွင် မေတ္တာတရားသည် အပြန်အလှန်ရှိကြရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မိမိအပေါ်၌ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေမိမိဘက်မှ အကောင်းအဆိုးဟူ၍ခွဲခြားခံစားခြင်းမရှိဘဲ မိမိပေးနိုင်သည့် မေတ္တာတရားကိုသာ လူသတ္တဝါအားလုံးအပေါ်၌ဖြန့်ကြက် ပို့လွှတ်ထားရမည်ဖြစ်ပေသည်။
မေတ္တာအခါတော်နေ့ တရားတော်၌ မေတ္တာပို့ခြင်းကြောင့် မိမိတို့မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်များ သည်ပင်လျှင်မေတ္တာတရား၏ အနှစ်သာရကို နှစ်သက်သည်ဟု ဖော်ပြထားသောကြောင့် မြင်အပ်သော လူအပါ အဝင်သတ္တဝါ အားလုံးတို့သည်လည်း မေတ္တာတရားကိုပို၍ နှစ်သက်ကြမည်မှာ အမှန်တရားပင် ဖြစ်သည်။ အေးမြသောအရိပ်၊ ငြိမ်းချမ်းသော ဘဝများကိုပိုင်ဆိုင်နိုင်ရန်အတွက် လူသားတိုင်း မေတ္တာတရား များနှင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ကြရမည်ဖြစ်သည်။
မိမိကိုယ်ကိုမေတ္တာပို့ပါ
မေတ္တာဟူသည် လူသားတိုင်းနှင့် ဆိုင်သော မမြင်နိုင်သည့် စိတ်စွမ်းအင်တစ်ခုပင်ဖြစ်သည်။
လူသားအားလုံးတို့သည် မိမိကိုယ်ကိုမေတ္တာထားရန် လိုအပ်ပါသည်။ မိမိကိုယ်ကို မေတ္တာပို့သည်ဟူသော အဓိပ္ပာယ်မှာမိမိသာလျှင် ကောင်းကျိုးရစေသည့် အတ္တဗဟိုပြုသည့် တစ်ကိုယ်ကောင်းဆန်သော စိတ်ထားမျိုး ရှိရမည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရရှိရန်အတွက် သူတစ်ပါးအပေါ်တွင် မရိုးသားသော အပြုအမူ၊ အပြောအဆိုတို့ မပြုလုပ်မိစေရန် မိမိစိတ်အားပြုပြင် ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ မိမိ၏ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို အပြစ်တစ်စုံတစ်ရာ မဖြစ်အောင် ထိန်းချုပ်ထားသောကြောင့် လူသားတို့အပေါ် အလေးထားမှုဖြင့် မေတ္တာတရားကိုဖြန့်ကြက်ထားနိုင်ရန် ဖြစ်ပါသည်။
မိမိကိုယ်ပိုင်စိတ်စွမ်းအားသည် အေးချမ်းသည်နှင့် အမျှတစ်ပါးသူတို့အား ပေးဝေငှသော အကြောင်းအရာ ဟူသမျှတွင်လည်း မေတ္တာဓာတ်ဟူသော အေးချမ်းခြင်းတို့ သက်ဝင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ မိမိကိုယ်ကိုမေတ္တာပို့ခြင်းသည် မိမိသာမကတခြားသူတို့အားလည်း မေတ္တာပို့လွှတ် အေးချမ်းခြင်းများ ရရှိစေ သည်ကိုလူသားတိုင်း သတိပြုဆင်ခြင်ကြရန် လိုအပ်ပါပေသည်။ ထို့ကြောင့်နေ့တစ်နေ့တာ၏ အစ၌ပင် မိမိကိုယ်ကိုမိမိ မေတ္တာပို့ခြင်းကို မမေ့မလျော့ဆောင်ရွက်သင့်ကြပေသည်။
မေတ္တာပို့ပါ
လူ့ဘောင်လောကတွင် လူသားတို့သည်တစ်ဦးတစ်ယောက်တည်း ခွဲထွက်နေထိုင်ကြရသည် မဟုတ်ချေ။ လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်၊ မိသားစုစသည်ဖြင့်အုပ်စုဖွဲ့၍ ရောနှောနေထိုင်ကြရခြင်းဖြစ်သည်။ ထိုသို့နေထိုင်ကြရာ၌ စရိုက်မတူ၊အသွင်မတူ၊ ခံယူချက်၊ ယုံကြည်ချက် မတူညီကြသကဲ့သို့ ဘာသာဓလေ့ ထုံးတမ်းများလည်း မတူညီကြချေ။ သို့သော်လည်း လူသားဟူသောဖြစ်တည်မှုမှာ အတူတူပင်ဖြစ်ပေသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ အခွင့်အရေးရရှိမှုဟူသော လူ့အခွင့်အရေးသည် လည်း ညီတူညီမျှခံစားခွင့်ရှိကြပေသည်။ ညီမျှသော လူ့အခွင့်အရေးရှိသည့် အလျောက်လူသား အချင်းချင်း မာန်မာနထောင်လွှားခြင်းမရှိဘဲ မေတ္တာတရားဖြင့် ဆက်ဆံပေါင်းသင်း နေထိုင်ကြရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ပင်ဖြစ်ပေသည်။
မေတ္တာပို့ကြသည်ဆိုရာ၌ တစ်ပါးသူအားပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေရန် ပေးပို့ရခြင်းမဟုတ်ပေ။
မိမိအပေါ် မကောင်းသူအား မေတ္တာသာပို့လိုက်ပါဟု အလွယ်ပြောတတ်လေ့ရှိကြသည်။ သူတစ်ပါးအား ထိခိုက်စေလိုသော မေတ္တာပို့ခြင်းသည် မိမိကိုယ်တိုင် ဦးစွာပူလောင်ရတတ်ပါသည်။ မည်သို့သော အခြေအနေ အချိန်အခါ၌မဆို သတ္တဝါအားလုံး၏ကောင်းကျိုးလိုရာကိုဖြစ်ပေါ်စေသည့် စိတ်ဆန္ဒဖြင့် မေတ္တာပေးပို့မှ သာလျှင် မိမိကိုယ်တိုင်သာမက မေတ္တာပေးပို့ခံရသူတို့လည်း အေးမြခြင်းကို ခံစားကြရပေမည်။ မေတ္တာဟူသည် အအေးဓာတ်ဆောင်သောကြောင့် အမုန်းတရားကင်းဝေး၍ အေးချမ်းခြင်းကို လူသားတိုင်း စံစားရရှိလိုပါလျှင် မိမိနှင့်တကွ သတ္တဝါအားလုံးအပေါ်၌ မေတ္တာပို့သဖြန့်ကြက်ကြရပေမည်။
မေတ္တာဖြင့်လောကကိုအလှဆင်ပါ
လူ့လောကကြီးတစ်ခုလုံး သာယာငြိမ်းချမ်းရန် အတွက်မေတ္တာအရင်းခံစိတ်သည် လူသားတိုင်းတွင် ကိန်းအောင်းတည်ရှိရန် လိုအပ်ပါသည်။ ကိုယ်ချင်းစာတရား ထားတတ်လျှင်မေတ္တာစိတ်သည် လူသားတို့၏ ရင်ထဲကိန်းအောင်းလာမည်ဖြစ်သည်။ မေတ္တာဓာတ်ကိန်းအောင်းသည်နှင့်အမျှ မိမိကိုယ်တိုင် အေးချမ်းသကဲ့သို့ သူတစ်ပါးကိုလည်း အေးချမ်းမှုသာပေးအပ်ချင်လာပါလိမ့်မည်။ မေတ္တာတရားဖြင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ပါလျှင် ဤလောက၌ အမုန်းတရားရှိလိမ့်မည်မဟုတ်။ အမုန်းတရားကင်းစင်သောကြောင့် ရန်ငြိုးရန်စဟူသည်လည်း မရှိတော့ပေ။ သံသယဟူသောအတွေးမှား၊ အမြင်မှားတို့သည်လည်းအလျှင်းမရှိဘဲ ငြိမ်းချမ်းနေပေလိမ့်မည်။
ထို့ကြောင့်အပြုံးလှလှ၊ နှလုံးလှလှဖြင့်အမုန်းစကား မဆိုဘဲမေတ္တာနှင့်လောကကို အလှဆင်ကြရပေမည်။ မေတ္တာပွားနေရုံမျှနှင့် မရောင့်ရဲဘဲ မိမိ၏စိတ်နှလုံးတွင် မေတ္တာစိတ်ကို အစဉ်ကိန်းအောင်းနေရန် လေ့ကျင့်ကြိုးစားကြရပေမည်။ မေတ္တာနှလုံးသားဖြင့် လောကကို အလှဆင်ကြပါရန် သတိသံဝေဂတရားဖြင့် တိုက်တွန်းရေးသားလိုက်ရပေသည်။ ။
Source-www.moi.gov.mm
သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၄၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၉ ဦးရှိ
News Image

သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါဌာနက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၁၀၉ ဦး ရှိကြောင်း နှင့် သေဆုံးသူ ၁၉ ဦး ရှိကြောင်း ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံး ပြည်နယ်မှာ အနောက်ပိုင်းပြည်နယ်ဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုပေါင်း၏ ၄၂ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။