အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား

Posted_Date

Image

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား

Body

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား 

  ကြိုတင်မျှော်လင့်နိုင်သော၊ ကြိုတင်မျှော်လင့်ထားခဲ့သော အရာကဖြစ်ပေါ်လာခဲ့ပြန်ပါပြီ။ ဘယ်လို အကြောင်းအရာလဲဆိုရင် အမေရိကန်နဲ့ဗြိတိန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာအသုံး ပြုခွင့်ပေးလိုက်ခြင်းပါပဲ။ ဒီလိုအခြေအနေဟာ စစ်ပွဲ ကိုပိုပြီးကြာရှည်စေမယ်၊ ယူကရိန်းကို ပိုပြီးအထိနာ စေမယ်ဆိုတာသိသိကြီးနဲ့ အနောက်အုပ်စုက အခုလို လုပ်ရပ်တွေကို လုပ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒါဆိုရင် သူတို့ကဘာကြောင့်များ တင်းမာမှုတွေပိုပြီး ဖြစ်ပေါ်လာအောင် လုပ်နေရတာလဲ။

အနောက်အုပ်စုအနေနဲ့ အခုလိုအခြေအနေမျိုး မရောက်ရောက်အောင် လှမ်းလာလိမ့်မယ်ဆိုတာကို အစောကြီးကတည်းက ကြိုတင်တွက်ဆ ထားပြီးသားပါ။ အရင်တုန်းကတော့ ယူကရိန်းကို ထောက်လှမ်းရေး သတင်းတွေပေးတယ်။ ကြေးစားစစ်သည်တွေ စေလွှတ်တယ်။ စစ်ရေးအကြံပေးတွေပို့ပေးတယ်။ ဒီလောက်နဲ့ ရုရှားကိုအလဲမဖြိုနိုင်တဲ့အခါမှာ အမျိုးမျိုးသောတင့်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေနဲ့ မကြာသေးမီကဆိုရင် F-16 တိုက် လေယာဉ်တွေကိုတောင်မှ ပေးပို့ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီတိုက်လေယာဉ်တွေထဲက တစ်စင်းကတော့ ယူကရိန်းဆီရောက်ပြီး မကြာမီမှာပဲ ပျက်ကျသွားပါ တယ်။

အခုတော့ Storm Shadow ဒုံးကျည်ကို အသုံးပြုဖို့အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ အဲဒါပြီးရင် တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုလာပါတော့မယ်။ ဒီလိုဒုံးကျည်တွေ အသုံးပြုဖို့အတွက် သူတို့ပြလာတဲ့အကြောင်းကတော့ အီရန်နိုင်ငံက ရုရှားနိုင်ငံကို တာတိုပစ်အမြင့် ပျံဒုံးကျည်တွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပါပဲ။ ဒီလိုစွပ်စွဲလာသူက အမေရိကန်နဲ့ အပေါင်းအပါတွေပါ။ အီရန်ကတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမေရိကန်တွေဆိုတာ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေချင်ပြီဆိုရင် ပြင်းထန်တဲ့ ကောလာဟလတွေ၊ စွပ်စွဲချက်တွေနဲ့ အရင်စွပ်စွဲပါတယ်။ ပြီးတော့မှ အဲဒီနိုင်ငံမှာ ဒီလိုတွေရှိနေလို့ ကျွန်တော်တို့က အခုလိုလုပ်ရတာပါဆိုပြီး အသံကောင်းဟစ်တာပါ။ အီရတ်မှာဆို ရင်လည်း အဖျက်စွမ်းအားပြင်း လက်နက်တွေရှိနေတယ်။ အဲဒီလက်နက်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုနေပါတယ်လို့ ပြောပြီး ကျူးကျော်မှုတွေ လုပ်ရာမှာ အီရတ်ဆိုတာ လက်ရှိမှာပြာပုံဘဝကနေ မနည်းရုန်းကန်ထနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ တကယ်လို့များ အီရန်က ဒုံးကျည်တွေကို ပို့ဆောင်ပေးနေတယ် ဆိုစေဦးတော့။ ဒါဟာ အချုပ် အခြာအာဏာပိုင် နိုင်ငံများကြားက လုပ်ပိုင်ခွင့်တစ်ခုသာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဘာမဟုတ်တဲ့ ဒီလိုကိစ္စတွေကို ပြဿနာတစ်ရပ်အဖြစ်ရှုမြင်ခြင်းကြောင့်လည်း အခုလိုအချိန် ကမ္ဘာတစ်ဝန်းမှာ သူတို့ မွှေးတဲ့မီးတွေ လောင်ကျွမ်းနေရတာပါ။

ယူကရိန်းအရေးကိုပြန်ဆက်ရရင် အနောက်အုပ်စုအနေနဲ့ ယူကရိန်းနိုင်ငံကို အခုလိုမျိုး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အဲဒီနိုင်ငံအနေနဲ့ ရုရှားနဲ့ပဋိပက္ခမှာ အရှုံးကြီးရှုံးနေတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ မကြာသေးခင်ကဖြစ်သွားတဲ့ တိုက်ပွဲများကို ကြည့်မယ်ဆိုရင် ယူကရိန်းဘက်က ခု(စ်)ဒေသကို အသေခံကျူးကျော် တိုက်ခိုက်မှုတွေလုပ်တယ်။ အဲဒီတိုက်ခိုက်မှုတွေကို ရုရှားက ထိန်းချုပ်လိုက်နိုင်တယ်။ ပြီးတဲ့အခါ တန်ပြန်တိုက်စစ်ဆင်နွှဲတယ်။ ယူကရိန်းတို့ရဲ့ထိုးစစ်က အသက်သွေးချွေး ဆုံးရှုံးမှုများစွာနဲ့ စတေးလိုက်ရပေမယ့် မြေပြင်မှာတော့ ရုရှားတို့ရဲ့ တန်ပြန်တိုက်စစ်ကြောင့် ယူကရိန်းအနေနဲ့ အရှေ့ပိုင်းနယ်မြေ အများအပြားကို စွန့်လွှတ်လာနေရတယ်လို့  အမေရိကန်နိုင်ငံရဲ့ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာ အမေရိကန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ  အသုံးပြုခွင့်ပေးပေမယ့်လည်း ဇီလန်စကီအစိုးရရဲ့ ရှုံးနိမ့်မှုနဲ့ ပြိုလဲမှုကိုမကယ်တင် နိုင်တော့ပါဘူး။ အထင်ရှားဆုံးတစ်ခု ပြောရမယ်ဆိုရင် ယူကရိန်းမှာ ဒီလိုတာဝေးပစ်ဒုံးကျည် ပမာဏက သိပ်များများစားစား မရှိပါဘူး။ အနောက်အုပ်စုရဲ့နိုင်ငံရေး အခြေအနေတွေနဲ့ ထုတ်လုပ်မှုပမာဏက ယူကရိန်း ကို အမြောက်အမြားပံ့ပိုးပေးစေဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍ ယူကရိန်းက  ကံကောင်းပြီး ရုရှားနိုင်ငံထဲမှာ ပျက်စီးမှုတချို့ဖြစ်သွားစေတယ် ဆိုရင်တောင်မှ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့လမ်းကြောင်းကတော့ ပြောင်းလဲသွားမှာ မဟုတ်တော့ပါဘူး။

ဒီလက်နက်တွေနဲ့ ရုရှားအပေါ် တိုက်ခိုက်မှုတွေ လုပ်လာရင် ရုရှားကလည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမှာပါ။ အဲဒီတန်ပြန် တိုက်ခိုက်မှုတွေက ယူက ရိန်းကြောင့် သူတို့ခံစားရတာထက် အဆပေါင်းများစွာ ပိုပါလိမ့်မယ်။ ယူကရိန်းအစိုးရအနေနဲ့ကလည်း ကောက်ရိုးမျှင်ကို တစ်မျှင်ပြီးတစ်မျှင် လှမ်းဆွဲတတ် တဲ့ အကျင့်လေးကရှိနေပြန်ပါတယ်။ ဒါကြောင့် ယူကရိန်းအနေနဲ့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဝါဒဖြန့်မှုတွေလုပ်နိုင်စေဖို့ အတွက် တိုက်ခိုက်မှုကြီးကြီး မားမားတွေကို ဆက်လုပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဒေသတွင်းဖြစ်တဲ့ ဥရောပဒေသစစ်ပွဲ သာမက တစ်ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးအထိပင်ဖြစ်သွားနိုင်ပါလိမ့်မယ်။   ဒီလိုမျိုးကမ္ဘာပျက်လုမတတ် စစ်ပွဲကြီးတွေဖြစ်ပွားခြင်းက ယူကရိန်းအနေနဲ့ အရှုံးကို တွန်းလှန်ပယ်ရှားနိုင်မယ့် နောက်ဆုံး အခွင့်အရေးလို့ သတ်မှတ်ထားပုံရပါတယ်။

အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံ အလွန်မှာရှိတဲ့ ထိန်းချုပ်ဖို့ရန်ခက်ခဲသော အန္တရာယ်ကြီးတစ်ခုက ထင်သာမြင်သာ ပေါ်ထွက်လာပါပြီ။ ဒီအခြေအနေကိုမှ မထိန်းချုပ်ကြဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲလောက်အောင်ကို ဖြစ်လာမှာ အသေအချာပါပဲ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က တော့ ယူကရိန်းအနေနဲ့ ဒီလိုမျိုးလက်နက်တွေရလာတာဟာ အနောက်အုပ်စု အထူးသဖြင့် NATO အုပ်စုရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေဖြစ်ကြောင်း၊ ယူကရိန်းကသာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်မယ်ဆိုရင် ဒါဟာ NATO နဲ့ရုရှားတို့ကြားစစ်ဖြစ်တာ နဲ့အတူတူပဲဖြစ်ကြောင်း၊ ဒီအချိန်မှာ အနောက်အုပ်စုအနေနဲ့ ဖြေရှင်းချက် ကောင်းကောင်းပေးရမှာဖြစ်ကြောင်းနဲ့ ဒီလိုသာမဟုတ်ဘဲ တာဝေးပစ်ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်လိုက်မယ်ဆိုရင် ဒါက လက်ရှိပဋိပက္ခမှာ တိုက်ရိုက်ပါဝင်လာတာလို့ မှတ်ယူရမှာဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။

အကယ်၍များ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် ပိုလန် နဲ့ ရိုမေးနီးယားတို့မှာရှိတဲ့ NATO တပ်ဖွဲ့ရဲ့စစ်စခန်းတွေဟာလည်း ရုရှားရဲ့တရားဝင် စစ်ရေးပစ်မှတ်ကြီးတွေဖြစ်သွားပြီး တိုက်ခိုက်မှုတွေ ခံရမှာမလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။   သို့သော် တခြားသောနည်းနဲ့ တုံ့ပြန်လာနိုင်ပါတယ်။ အဲဒီနည်းကတော့ အနောက်အုပ်စုရဲ့ ပြိုင်ဘက်နိုင်ငံတွေကို လက်နက်တွေထောက်ပံ့ ပေးလာနိုင်ခြင်း ဖြစ်ပါတယ်။ အခု အနောက်အုပ်စုက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေသလို မျိုးပါပဲ။

နောက်တစ်ချက်က ရုရှားအစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒီမီထရီပက်စကော့ရဲ့ ပြောဆိုချက်တချို့ကို ကြည့်မယ်ဆိုရင် ယူကရိန်းအစိုးရ အနေနဲ့စိုးရိမ်သင့် တဲ့အချက် ပါဝင်နေတာကိုတွေ့ရမှာပါ။ အဲဒါကတော့ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုဆိုတာက ငရဲပြည်မှမိတ်ဆွေများ ဖြစ်တယ်လို့ပြောထားတာပါ။ ဒါ့အပြင် အနောက်အုပ်စုရဲ့ ယူကရိန်းအပေါ် ထားရှိတဲ့မူဝါဒကိုကြည့်မယ်ဆိုရင်လည်း ယူကရိန်းဆိုတာ   သူတို့ရဲ့ပထဝီနိုင်ငံရေး လိုဘများအတွက် ထားရာနေစေရာသွားမယ့် နယ်ရုပ်တစ်ရုပ်လောက်သာ သဘောထားကြတာပါ။

ဒီတော့ ယူကရိန်းက ရုရှားကိုတာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာပြီဆိုရင် ရုရှားရဲ့လက်တုံ့ပြန်မှုကို အရင်ဆုံးခံစားရမှာက ယူကရိန်းပါ။ ဒီစစ်ပွဲမှာ အနောက်အုပ်စုက ဘယ်လောက်ပဲ   ထဲထဲဝင်ဝင် ပါတယ်ပြောပြော ရှေ့တန်းကနေ အရင်ဆုံးအသေခံပေးရမှာက ယူကရိန်းဖြစ်လို့နေပါတယ်။ သူကနယ်ရုပ် ဆိုတော့ ထိုးကျွေးခံရတဲ့သဘောပါပဲ။ ဒီအခြေအနေ ဖြစ်လာမှာကို အနောက်အုပ်စုက မတွေးထားဘဲမနေပါဘူး။ တွေးထားပါတယ်။ ဒီလိုဖြစ်အောင်ပဲ သူတို့က တမင်ရည်ရွယ်ချက် ရှိရှိလုပ်လိုက်တာပါ။ အဲဒီရည်ရွယ် ချက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားနဲ့အပေးအယူ အလျှော့အတင်းလုပ်   ညှိနှိုင်းလာစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် အရှေ့မှာပြောခဲ့သလိုမျိုးပဲ ယူကရိန်းမှာ ရုရှားကိုပစ်ဖို့  တာဝေးပစ်ဒုံးကျည်တွေ အလုံအလောက်မရှိပါဘူး။ ရသမျှတာဝေးပစ်ဒုံးကျည် တွေနဲ့ပစ်လိုက်မယ် ဆိုရင်လည်း ရုရှားရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ နောက် ဆုံးမှာတော့ ယူကရိန်းနိုင်ငံစိစိညက်ညက်အကြေခံ မလား။ ဆွေးနွေးညှိနှိုင်းပြီး  စစ်ပြေငြိမ်းမလားဆိုတဲ့ ရွေးချယ်မှုနှစ်ခုကိုသာ ရွေးသွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာဆိုရင် ယူကရိန်းရဲ့ ဆုံးရှုံးမှုက ပိုမိုကြီးမားလာဖို့သာ ရှိမှာပါ။

ဒါဆိုရင် ဒီစစ်ပွဲကြီးဖြစ်နေရခြင်းရဲ့ နောက်ဆုံးရလဒ်က ဘာလဲ။ အနောက်အုပ်စုကရော သူတို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်မှန်း သိသိကြီးနဲ့ ဘာကြောင့်မို့ ယူကရိန်းကို ရုရှားဆီမှာ ထိုးကျွေးရတာလဲ။  ယူကရိန်းအစိုးရကရော   ဒီအခြေအနေတွေကို ထည့်သွင်း မစဉ်းစားဘူးလား အစရှိတဲ့မေးခွန်းပေါင်းများစွာကတော့ သမိုင်းမှာကျန်ရှိနေခဲ့တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနောက်အုပ်စုဟာ ယူကရိန်းအတွက် ငရဲပြည်ကလာတဲ့ မိတ်ဆွေတွေဖြစ်နေပြီလားဆိုတာ ယုံရတော့ မလိုတောင်ဖြစ်နေပါပြီ။   

Source-Myawady Webportal

ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား

Posted_Date

Image

ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား

Body

လူ့လောကကြီးတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်အချိန်မှစ၍ လူသားတိုင်းတွင် လူသားတစ်ဦး၏  အခွင့်အရေး အပြည့်အဝရှိပေသည်။ 

လူသားတစ်ဦး၏ အခွင့်အရေးကို  အတင်းအဓမ္မ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်ဖြစ်သည်။  ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်ခြင်းများထဲတွင် လူကုန်ကူးမှု နည်းလမ်းမှာ အဆိုးရွားဆုံးသော လုပ်ရပ်ပင်ဖြစ်ပေသည်။ လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲကိုယ်ချင်းစာတရား ကင်းမဲ့စွာပြုမူခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်၌ပင် ရောင်းဝယ်ဖောက်ကားခြင်း မပြုအပ်သော အရာများတွင်လူကုန်ကူးမှုဟူသော    ဇာတ်တူသားချင်း ရောင်းဝယ်ခြင်းကို မပြုအပ်ကြောင်း  မိန့်ကြားတော်မူခဲ့ပေသည်။ 

ဇာတ်တူသားချင်းရောင်းဝယ် ဖောက်ကားသောလူကုန်ကူးမှုသည် မိမိအတွက်လည်း  ဒုစရိုက်အကုသိုလ်ကိုဖြစ်စေသကဲ့သို့ သူတစ်ပါးကိုလည်း ဒုက္ခဆင်းရဲဖြစ်စေသည်ကို သတိပြုသင့်ကြပေသည်။

လူကုန်ကူးမှုဆိုသည်မှာ

လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုမူခြင်း၊  သွေးဆောင်ဖြားယောင်းခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့်  သို့မဟုတ်  အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်သူ သို့မဟုတ်  တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေးပစ္စည်း  သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာပေးခြင်း  သို့မဟုတ် လက်ခံရယူခြင်း နည်းလမ်းများဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ပြုလုပ်ခြင်းကို ဆိုလိုသည်။

လူကုန်ကူးမှုပုံစံအမျိုးမျိုး

    မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပုံစံများတွင်  အဓမ္မအလုပ်ခိုင်းစေမှု၊ အဓမ္မထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့အပြင် ကလေးသူငယ်များအား အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အငှားကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ ကျွန်ပြုခြင်း စသည့်လူကုန်ကူးမှု ပုံစံအသစ်များကို တွေ့ရှိလာရသည်။   တချို့သော လူကုန်ကူးမှုများသည် နှစ်ဦးနှစ်ဖက် သဘောတူ၍သော်လည်းကောင်း၊ အုပ်ထိန်းသူများ၏ သဘောတူမှုကြောင့်သော် လည်းကောင်း လူကုန်ကူးမှုကို အထမြောက်အောင်မြင်သွားသည့် ပုံစံမျိုးကိုလည်း တွေ့ရှိရပေသည်။

လူကုန်ကူးမှုပြဿနာသည်  ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျေးကျွန်စနစ် အသွင်ဖြင့်ပြန်လည် ပေါ်ပေါက်လာသည့်    ပြဿနာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုလည်းဖြစ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ

လူကုန်ကူးမှုများသည် ပုံသဏ္ဌာန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံနေရကြောင်းတွေ့ရှိရသည်။    ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမို၍ အန္တရာယ်ကြီးမားလာခဲ့သည်။  ၅၀  ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။

ပြည်တွင်းလူကုန်ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းသည် ပြည်ပသို့လူကုန်ကူးမှုများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

လူကုန်ကူးခံရသူ ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။   မိမိတို့နိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးများနှင့် အဓမ္မထိမ်းမြား လက်ထပ်ရန်အတွက် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခြင်း၊  အငှားကိုယ်ဝန်ဆောင်စေခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ SocialMedia ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင် ရောင်းစားခြင်းစသည့် လူကုန်ကူးမှုပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ အဓမ္မစေခိုင်းမှု မှုခင်းများသည် ၆၁  ဒသမ  ၁၁  ရာခိုင်နှုန်းဖြင့်  အများဆုံးဖြစ်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းမှု ၂၂ ဒသမ ၂၂ရာခိုင်နှုန်းရှိကာ အဓမ္မလက်ထပ်မှု ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် အဓမ္မမွေးစားမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏   လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်

မြန်မာနိုင်ငံသည် လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ်ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ်ကတည်းကပင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်   တားဆီးကာကွယ်ခဲ့သည်။ လူကုန်ကူးမှု မှုခင်းများ တားဆီးကာကွယ်ရေး လုပ်ငန်းများကို  နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှုမှုခင်းများအား  တရားစွဲဆိုရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းများ ရေးဆွဲ၍  နှစ်အလိုက်စီမံချက်များချမှတ်ကာ   ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင်၍ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ နှစ်စဉ်ကျင်းပခဲ့သည်။  ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါပျံ့နှံ့လာမှုများကြောင့် အထိမ်းအမှတ်အခမ်းအနားများကို    ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများနှင့်   လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  Online  Campaign များကို ကျင်းပနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည်လူကုန်ကူးမှု မှုခင်းများ တိုက်ဖျက်ရေး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ  ၃၀  ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့် အညီဖြစ်စေရန်  ပြင်ဆင်၍  လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေအဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင် ကာကွယ်ရေး၊    လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု  မှုခင်းများအား  တရားစွဲဆိုရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ   ယခုအခါ  မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို ဟန်ချက်ညီညီ  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများဆိုင်ရာ  စာမျက်နှာကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နောက်ဆက်တွဲစာချုပ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုပို့ဆောင်ခြင်း ကျူးလွန်သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းအားတိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း၊  လူကုန်ကူးမှုတိုက်ဖျက်ခြင်းဆိုင်ရာ   အာဆီယံကွန်ဗင်းရှင်း၊  မြန်မာ-တရုတ်/မြန်မာ-ထိုင်း/မြန်မာ-လာအို/မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို   တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

IT နည်းလမ်းဖွံ့ဖြိုး တိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများက အမြတ်ထုတ် အသုံးချနေမှုများကလည်း    တားဆီးနှိမ်နင်းရေး ကဏ္ဍများအတွက်    စိန်ခေါ်မှုများစွာဖြစ်ပေါ်လျက်ရှိသည်။

အရွယ်ရောက်သူများသာမက   ကလေးသူငယ်များကိုပါ လူကုန်ကူးမှုပြုလာကြသည်။ အနာဂတ်မျိုးဆက်များ ပျက်သုဉ်းမှုကိုပါ  ဦးတည်လာကြသည်။

ထို့ကြောင့် လူကုန်ကူးမှုကာကွယ် တိုက်ဖျက်ရေးတွင် ပြည်သူများအနေဖြင့်  ကျရာအခန်းကဏ္ဍမှ ပါဝင်လျက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်(၄) ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊  လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်  ပြည်သူလူထုတစ်ရပ်လုံး၏     ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ကို   အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။     ။

Source- Myawady Webportal

လူငယ်တို့အတွက် မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်

Posted_Date

Image

လူငယ်တို့အတွက် မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်

Body

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။  ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ  နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့  ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊   လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ   နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံတော်လုံခြုံရေးမှာ  ပြည်သူတွေပါဝင်လာတဲ့ အခါ  တပ်အပေါ်  ပြည်သူ့ဘက်ကခံစားချက်၊ ပြည်သူ့အပေါ်  တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာနာမှုတွေနဲ့အတူ နီးစပ်မှု ပိုမိုရှိလာကြတော့မှာဖြစ်ပါတယ်။ ပြည်သူအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာစစ်ဘက်နဲ့အရပ်ဘက်အကြားလူမှုပေါင်းကူးတံတား (Civil-military Social Bridge)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဒါ့ကြောင့်လည်း ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း  ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်ရပ်ကို  စတင်အာဏာတည်ခဲ့တာဟာ  နိုင်ငံအတွက်  အလွန်ပဲကောင်းမွန်လှပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အခုမှပြဋ္ဌာန်းခြင်း မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီးသားပါ။ ၂ဝ၁ဝ ပြည့်နှစ်  နိုဝင်ဘာလမှာ  ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ အခုအချိန်အခါမှာမှ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။  စစ်မှုမထမ်းမနေရ ကျင့်သုံးတဲ့နိုင်ငံ၊  ဥပဒေကိုပြဋ္ဌာန်းထားပြီး   တာဝန်ထမ်းဆောင်ရခြင်း မရှိသေးတဲ့  နိုင်ငံတွေရှိသလို ဥပဒေနဲ့အညီ  မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်း ရှိတာတွေ့ရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်ပြောရရင် နိုင်ငံတော်အတွက် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။ တပ်မတော်ဆိုတာ အမြဲရှိနေရမယ်။ တပ်မတော်မှာ ဝင်ရောက်စစ်မှုထမ်းသူတွေ စဉ်ဆက် မပြတ်ရှိနေရမယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလို့ စာရေးသူတွေးမြင် မိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ၊ နိုင်ငံတော် ကိုကာကွယ်ကြရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ  နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒီထက်ပိုပြီး သေချာအောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈၃ မှာ ‘‘နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စု မပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’’ ဆိုပြီးပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။

ပုဒ်မ ၃၈၅ မှာ‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို  ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်’’ လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူပါပဲ။

ပုဒ်မ ၃၈၆ မှာ  ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ   စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’  လို့လည်း   ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း  အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုတာ    ပြဋ္ဌာန်းထားမှ မဟုတ်ပါဘူး။  ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ဟာ လူငယ်တိုင်းမှာရှိထားရမယ့် စိတ်ထားဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့် လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့   နိုင်ငံ့သားကောင်းအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည် နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေ    စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊    ရင့်ကျက်မှုနဲ့ ယုံကြည်မှု၊   ဇွဲလုံ့လဝီရိယနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ    တိုးတက်ရရှိလာမှာ ဧကန်ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းကနေ ရရှိလာတဲ့အတွေ့အကြုံနဲ့ အသိပညာဟာ အနာဂတ်လူငယ်တွေရဲ့ ဘဝရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။

နိုင်ငံသားတိုင်းသည်   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေး ထားပါတယ်။ ထုတ်နုတ်ပြောရရင် စစ်မှုတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့စရိတ်ရရှိမယ်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်ခဲ့ရင် တာဝန်ထမ်းဆောင်ခြင်းနဲ့ အကျုံးဝင်ရင် တပ်မတော်မှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေရရှိပါမယ်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့ရင် မူလအလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း  အလုပ်ရှင်က ခန့်ထားရပါမယ်။

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်တဲ့အခါမှာ   မိမိသဘောဆန္ဒအရ တပ်မတော်ကိုဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ စစ်မှုထမ်းခွင့်ပြုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့  အခါအားလျော်စွာ သတ်မှတ်တဲ့ အရည်အချင်းနဲ့    ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တာပါပဲ။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမယ့်လူငယ်များ အနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာတဲ့အခါ သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊   တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ   ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ  မိမိရဲ့ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံ့သားကောင်း တို့ရဲ့ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြတော့မှာဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေဆိုတာ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံး မိမိနိုင်ငံကို ကာကွယ်ဖို့တာဝန် ရှိတယ်။ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးအတတ်ပညာတွေ တတ်ရမယ်...ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်ကြတဲ့ မျိုးချစ်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အရေးကြီးတော့ သွေးနီးသည် ဆိုစကားအတိုင်း   အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းနေကြပါပြီ။  ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။   လက်ရှိမှာတော့    ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည်  သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ     မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့  စိတ်ဓာတ်ကောင်း၊  စည်းကမ်းကောင်းတို့နဲ့အတူ  သစ္စာ၊  စည်းလုံးမှု၊  စွမ်းရည်သုံးရပ်ပြည့်စုံမှုရှိတဲ့   သားကောင်းရတနာများ အဖြစ် ဂုဏ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုတာ တကယ့်ကိုမွန်မြတ်လှတဲ့ တာဝန်ဖြစ်တာကြောင့်ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးမြောက်သူများ၊  ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်လျက် ရှိသူများအားလုံးကို  ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ပါတယ်။   ။

Source-Myawady Webportal

အားကစားနှင့် အမျိုးသားရေး တာဝန်

Posted_Date

Image

အားကစားနှင့် အမျိုးသားရေး တာဝန်

Body

နေပြည်တော် ဇေယျာသီရိ အားကစားကွင်းကြီး၌ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် “၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ’’ဖွင့်ပွဲအခမ်းအနား ကျင်းပမှုအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ကြည့်ရှုလိုက်ရသည်။ ထိုသို့ကြည့်ရှုလိုက်ရသောကြောင့် ယခင်ရက်ပိုင်းကာလက  ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် မြင်တွေ့ခဲ့ရသော သံဝေဂရဖွယ်၊  စိတ်ထိခိုက်ဖွယ် ရေဘေးသင့်မြင်ကွင်းများကို   မြင်၍  စိတ်မချမ်းမသာဖြစ်ခဲ့ရသော စာရေးသူအနေဖြင့်  အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကြည့်ရှုလိုက်ရသောအခါ စိတ်ထဲအေးမြခြင်းနှင့် အတူ သက်သာသလို ခံစားမိသည်။            

တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် စက်တင်ဘာလ  ၁၀ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီအတွင်းရှိ  နယ်မြေများအပါအဝင်  အချို့သော တိုင်းဒေသကြီးများတွင် ပြည်သူများ ရေဘေးဒဏ်သင့်ခဲ့ရသည်။ စာရေးသူတို့မျက်စိရှေ့တွင်ပင်  သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)  ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်ခန့်က  စိမ်းစိုဝေဆာနေသော မြို့ပတ်လမ်းဘေးမှ လယ်ကွင်းများသည် သဘာဝဘေး၏ ခေါ်ဆောင်ရာနောက် မလွှဲမရှောင်သာ ဝပ်ဆင်းခဲ့ရသည်။ လမ်းတံတားများလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အတူ တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီ  နေ့ညမနား ကြိုးစားဆောင်ရွက်မှုကြောင့်  ယာယီ ဘေလီတံတားများကို အမြန်ဆုံး အစားထိုး တည်ဆောက်နိုင်ခဲ့ကာ   လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို ရေရှည်မခံစားခဲ့ရခြင်းဖြစ်သည်။ ထိုကာလအတွင်း တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့်   တာဝန်သိ လုပ်သားပြည်သူများ၊ ပရဟိတသမားများက ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလုပ်ငန်းများအပြင်  ရေလွှမ်းမိုးခဲ့သည့် နေရာများအား  သန့်ရှင်းရေးလုပ်ငန်းများကို နေပူမရှောင် မိုးရွာမရှောင် ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လည်းကောင်း၊ ကျေးရွာများအထိ သွားရောက်၍ လည်းကောင်း မြန်မာတို့၏ စေတနာသဒ္ဓါတရားကို ပြသခဲ့ကြသည်။  သိုက်ချောင်းတံတား မရောက်မီ ရေလွှမ်းခဲ့သော လမ်းဘေးရှုခင်းများနှင့် ယင်းတို့မှထွက်ပေါ်နေဆဲဖြစ်သော ရွှံ့နုန်းမြေအနံ့များသည်  ယခင်ခံစားနေကျ လယ်ကွင်းရနံ့များနှင့် ဆန့်ကျင်ဘက်ဖြစ်လို့ နေပါ၏။  ထိုအနံ့များကို မသိကျိုးကျွန်ပြုကာ သန့်ရှင်းရေးလုပ်ငန်းများ၊    တံတားတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၏ ပုံရိပ်များနှင့် အားကစားကဏ္ဍဖြင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ကို တစ်ဖက်တစ်လမ်းမှ ကျေပွန်စွာ ထမ်းဆောင်ကြမည့်  တပ်မတော်သားတို့၏ ပုံရိပ်များက  စာရေးသူ၏မျက်ဝန်းထဲ ထင်ထင်ရှားရှား ပေါ်လာခဲ့ရပြန်သည်။

နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်သုံးခုသည် တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ကြီးများပင်ဖြစ်ပေသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ တိုင်းရင်းသားပြည်သူများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် အချုပ်အခြာအာဏာ ထိပါးလာမှုအပေါ် ကာကွယ်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး ထိုကာကွယ်ရေးတာဝန် ဆောင်ရွက်နိုင်ရန် လေ့ကျင့်သား ပြည့်ဝစေရန်အတွက်လည်း တစ်ချိန်တည်းမှာပဲ လေ့ကျင့်မှုများကို   ဆောင်ရွက်ရပြန်ပါသည်။ 

ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ရန်ကို  နှိမ်နင်းရင်း၊  လေ့ကျင့်ရေးများ မပြတ်ဆောင်ရွက်ရင်း တစ်ဖက်မှာလည်း  ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နေ့နေ့ညည  ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အနီးစပ်ဆုံးအထက်တွင် တင်ပြခဲ့သည့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်လျက် ရှိသည့်ပုံရိပ်လွှာများက အထင်အရှား သက်သေတို့ပင်ဖြစ်ပါ၏။ 

ထိုများပြားလှသည့် တာဝန်များကြားမှပင်  အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သော အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက်ကျင်းပကာ နိုင်ငံတော်အတွက်  ရွက်ပုန်းသီး အားကစားသမားများကို  ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။

ပြည်သူကြားကပေါက်ဖွားလာသော ပြည်သူ့တပ်မတော်သားများ ပီပီ လူတန်းစားစုံသကဲ့သို့ အတတ်ပညာများကလည်း စုံလင်လှသည်။ မိမိတို့တွင် ပါလာခဲ့သော အားကစားပါရမီ၊ အနုပညာပါရမီတို့သည် တပ်မတော်တွင် စနစ်တကျ ထပ်မံလေ့လာ ဆည်းပူးမှုဖြင့်  ပိုမို၍အရောင်အသွေး တောက်ပသူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။  အနုပညာရှင်များ၊ အားကစားသမားကောင်းများသာမက ပြည်သူက အားကိုးရသော တပ်မတော်သား ဆရာဝန်များ၊   အင်ဂျင်နီယာပညာရှင်များကို မြင်တွေ့ရသည်မှာ တပ်မတော်အတွက် သာမက နိုင်ငံတော်အတွက်ပင် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။  “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်ပါသည်”ဟူသည့်အတိုင်း  နိုင်ငံတော်၏ အားကစားကဏ္ဍ    မြင့်မားစေရေးကို အထောက်အကူပြုနိုင်ရန် တပ်မတော်အတွင်း တပ်ရင်းအဆင့် ပြိုင်ပွဲများမှသည် တပ်နယ်၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်ပြိုင်ပွဲ အသီးသီးကို   ကျင်းပပြီး ထိုပြိုင်ပွဲများမှ လက်ရွေးစင်များကို စုဖွဲ့ကာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြိုင်ပွဲကြီးဆီ   ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ကြသည်။  ထိုသို့ကျင်းပရခြင်းမှာ တပ်မတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မကြာခင်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင်    ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ရေး ထူးချွန်သည့် လက်ရွေးစင်တပ်မတော်သား အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည်။

တပ်မတော်   (ကြည်း၊  ရေ၊  လေ) အားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်သော သေနတ်ပစ်၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ကစားနည်းတို့သည်  ကာကွယ်ရေး အထောက်အကူပြု အားကစား နည်းများပင်ဖြစ်ပေသည်။ မည်သည့်အားကစားနည်းမဆို အတွေးအခေါ် ရင့်သန်မှုကိုရရှိစေကာ ကိုယ်ကာယကြံ့ခိုင်မှု အကျိုးအမြတ်ကိုလည်း ရရှိစေသည်ဖြစ်၏။ အားကစားနည်းတိုင်းတွင် ဉာဏစွမ်းရည်ကို    ရှေ့တန်းတင်ရပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊  စိတ်ဓာတ်ခိုင်မာမှုတို့က ပံ့ပိုးပေးရလေ့ရှိသည်။ အစုအဖွဲ့နှင့် ယှဉ်ပြိုင်ရသော  အားကစားနည်းတိုင်းသည် တစ်ဦးကောင်းဖြင့်မရဘဲ စည်းလုံးညီညွတ်မှု၊ တစ်ကိုယ်ကောင်းစိတ်မရှိမှု၊  သက်လုံကောင်းမွန်မှုတို့က စကားပြောလာသည်။ မိမိထက် အင်အားကြီးသော အသင်း၊   ပြိုင်ဘက်ပင်ဖြစ်လင့်ကစား ကွင်းအတွင်း ပြိုင်ဘက်ကို   လေ့လာသုံးသပ် နည်းစနစ်မှန်ကန်စွာ ဉာဏ်ပညာသက်လုံပေါင်းလျက် ယှဉ်ပြိုင်နိုင်သူက အောင်ပွဲဆင်လေ့ရှိကြောင်း    ကမ္ဘာ့သမိုင်း အားကစားမှတ်တမ်းများက အထင်အရှား သက်သေပြလျက်ရှိနေပါသည်။  ထိုနည်းလမ်းဖြင့်  မည်သူမျှ  ထင်မှတ်မထားသော အောင်မြင်မှုကို ၁၉၉၂ ခုနှစ်တွင် ဒိန်းမတ်အသင်း၊ ၂၀၀၄ ခုနှစ်တွင် ဂရိအသင်း၊  ၂၀၀၇ ခုနှစ်တွင်  အီရတ်အသင်း၊   ၂၀၁၁  ခုနှစ်တွင်  ဂျပန်အမျိုးသမီး  ဘောလုံးအသင်းတို့က အသီးသီးအောင်ပွဲ ယူပြနိုင်ခဲ့ကြသည်။ စစ်တို့၏သဘောသည်  အင်အားအနည်းအများ ပဓာနမကျသကဲ့သို့ အားကစားသည်လည်း နာမည်ကြီး အားကစားသမားများ စုဖွဲ့ထားခြင်း    မစုဖွဲ့ထားခြင်းတို့က အရေးအကြီးဆုံးမဟုတ်ဘဲ  လက်တွေ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တို့ကသာ အခရာကျပါသည်။

သို့သော်    အောင်ပွဲဆွတ်ခူးနိုင်ရန် အတွက်မူ လေ့ကျင့်သားပြည့်ဝရပါမည်။ ကျွမ်းကျင်မှုရှိရပါမည်။ နည်းစနစ်ကျရပါမည်။ ကြံ့ခိုင်သန်စွမ်းမှုနှင့်အတူ စိတ်ဓာတ်စည်းကမ်းပါ ကောင်းရပါဦးမည်။ ထိုအရာများမရှိပါဘဲ အောင်မြင်မှု အလွယ်တကူ မရနိုင်ပါချေ။

မြန်မာ့အားကစား   အောင်မြင်မှု မှတ်တမ်းများကို လေ့လာကြည့်ရာတွင်  တပ်မတော်သား အားကစားသမားများ၏ မှတ်တမ်းကောင်းများကို  ဂုဏ်ယူဖွယ် တွေ့ရှိရပေမည်။ တစ်ခါဆီက ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှ အိုလံပစ် ပြိုင်ပွဲများတွင် တပ်မတော်ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော  အားကစားနည်း အမျိုးမျိုးမှ  အားကစားသမားများစွာ  ပေါ်ထွက်ခဲ့ကြသည်။  ယနေ့ထက်တိုင်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင်  အောင်ပွဲ ဆွတ်ခူးပေးနေကြသော တပ်မတော်သား အားကစားသမားများကို    တွေ့မြင်နေရသည့်အတွက် စာရေးသူအနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။   ထိုအစဉ်အလာကောင်းများ မပျောက်ပျက်သွားစေရေးနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အသင့်ဖြစ်နေစေရန် ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီးကို ကျင်းပပေးနေခြင်းဖြစ်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။ ထိုသို့ကျင်းပပေးခြင်းအားဖြင့်  မျိုးဆက်သစ်အားကစား ဝါသနာရှင်များအတွက်လည်း  အခွင့်အလမ်းကောင်းများကို  ရရှိစေမည်ဖြစ်ပေသည်။

ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့်လည်း “တစ်မျိုးသားလုံး  သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်    ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်   အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”ဟူသည့်  အချက်အား ဦးတည်ချက်(၉)ရပ်တွင်   ထည့်သွင်းပြဋ္ဌာန်းထားပြီး   ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့်   လုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ အားကစားအောင်မြင်မှုသည် ဒြပ်မဲ့နည်းလမ်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးကြံ့ခိုင်မှုကို ဖော်ညွှန်းနေသော အရာတစ်ခုပင်ဖြစ်၏။ အားကစားသည် ကွင်းအတွင်း ယှဉ်ပြိုင်နေကြသော ကစားသမားများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည် မဟုတ်ဘဲ  ယင်းတို့နှင့်ဆက်နွှယ်နေသည့် တိုင်းရင်းသားပြည်သူများမှသည် နိုင်ငံတော်အထိ ကိုယ်စားပြုနေခြင်းဖြစ်သည်။ ထို့ကြောင့်ပဲ  အားကစားသမား တိုင်းသည်  မိမိတို့၏ ယှဉ်ပြိုင်ခြင်းမှာ အားကစားဆိုသည်ထက် အမျိုးသားရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း ခံယူကာ   မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်ကြခြင်း ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၅ ရက်နေ့ နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်“တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစားသမား ဖြစ်ရမည်ဟူသည့်  ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို  ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင် အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွားကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့်တပ်မတော်သားကောင်း အဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် မလျော့သောဇွဲ၊    လုံ့လ၊   အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သား   အားကစားသမားတို့သည်လည်း တပ်မတော်၏ စိတ်ဓာတ်များဖြစ်သည့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊  တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် ယခုဆိုလျှင် မိမိတို့ပါဝင်  ယှဉ်ပြိုင်ကြမည့် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးအတွက် အသင့်ရှိနေကြပြီဟု ယုံကြည်မိပါသည်။  စာလုံး  သုံးလုံးတည်းသာရှိသော်ငြား များစွာလေးနက်မှုရှိသည့် “အားကစား”ဟူသော ဝေါဟာရ၏နောက်ကွယ်တွင်  မမြင်ရနိုင်သော   စွမ်းအားများရှိနေပါသည်။  ထိုစွမ်းအားများသည်  တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  များစွာ အထောက်အကူပြုလျက်ရှိနေပါသည်။ ယင်းစွမ်းအားများ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် တပ်မတော်သည် အဓိက လုပ်ငန်းတာဝန်ကြီးသုံးခုအပြင်  အမျိုးသားရေးတာဝန်ဖြစ်သော အားကစားကဏ္ဍကိုလည်း ဟန်ချက်ညီညီ အကောင်အထည် ဖော်လျက်ရှိနေပါသည်။ ဆိုရပါလျှင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးသည် တပ်မတော်သားတို့သာ   ဝင်ရောက်ယှဉ်ပြိုင်ရသည့်  အားကစားပွဲကြီးဖြစ်သည်မှာ မှန်သော်ငြား အားကစားသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်  အမျိုးသားရေး တာဝန်တစ်ရပ်ပင်     ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်ခင်ဗျာ။  ။

Source-Myawady Webportal