နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ်ပူးပေါင်း ပါဝင်မည့် အလားအလာ ရှိသည့် BRICSအဖွဲ့

Posted_Date

Image

နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ်ပူးပေါင်း ပါဝင်မည့် အလားအလာ ရှိသည့် BRICSအဖွဲ့

Body

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မလေးရှားနိုင်ငံသည် လွှမ်းမိုးမှု ကြီးထွားလာသည့် အဖွဲ့ကြီးတစ်ခုဖြစ်သော BRICS   သို့  ဝင်ရောက်ရန်လျှောက်လွှာ တစ်ရပ်ကို အဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသည့် ရုရှားနိုင်ငံသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း တွေ့ရသည်။

မလေးရှားနိုင်ငံအနေဖြင့်   ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးတစ်ခုဖြစ်သည့် BRICS  အဖွဲ့တွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းရန် စိတ်အားထက်သန်လျက်ရှိကြောင်း    မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းတွင် ပြောကြားထားသည်။ ထို့ပြင် မလေးရှားနိုင်ငံသည် BRICS  အဖွဲ့သို့ ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေကြောင်းကိုလည်း အီဘရာဟင်က နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိလာခဲ့သည့်   ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် အသေးစိတ်ဆွေးနွေးခဲ့သည်။

လက်ရှိတွင် BRICS  အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်  ရုရှားနိုင်ငံက   ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ တာဝန်လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ ယခုအခါ BRICS အဖွဲ့သို့အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ရန် နိုင်ငံအများအပြားက ကြိုးပမ်းလျက်ရှိရာ အဖွဲ့ကြီး၏ဂုဏ်သတင်းနှင့် လွှမ်းမိုးမှုသည် ပိုမိုထင်ရှား ကျော်ကြားလာခဲ့ပြီဖြစ်သည်။

BRICS   အဖွဲ့ကို   ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ၂၀၀၆ ခုနှစ်တွင် ကနဦးအဖြစ် BRIC ဟူ၍ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင်    တောင်အာဖရိကနိုင်ငံပါ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ခြင်းကြောင့် BRICS   ဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ BRICS အဖွဲ့၏ အဓိကရည်မှန်းချက်မှာ ကမ္ဘာ့နိုင်ငံရေးနှင့်   စီးပွားရေးကဏ္ဍများ၌ အမေရိကန်နှင့် အနောက်နိုင်ငံများအပေါ် မှီခိုနေရခြင်းကို   လျှော့ချနိုင်ရန် အတွက်ဖြစ်သည်။ 

ယခင်က BRICS အဖွဲ့အား လူသိနည်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်    ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲပြီးနောက် ရုရှားအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ ပိတ်ဆို့အရေးယူမှုနှင့်အတူ  BRICS အဖွဲ့အပေါ် အခြားနိုင်ငံများ၏ စိတ်ဝင်စားမှုမှာလည်း ထူးခြားစွာ မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူမှုများအား ရှောင်လွှဲရန် ကြိုးပမ်းချက်အဖြစ် တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြိုးပမ်းစည်းရုံး လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် မျက်မှောက်ခေတ်  ကမ္ဘာ့နိုင်ငံရေးတွင် မိမိနှင့်သဘောထား မတူညီသည့် နိုင်ငံများ သို့မဟုတ် သဘောထား ကွဲလွဲသည့်နိုင်ငံများ သို့မဟုတ် သြဇာမခံသည့် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် စီးပွားရေးပိတ်ဆို့မှုများ    ချမှတ်ခြင်းကို  လက်နက်အဖြစ်  အသုံးချလုပ်ဆောင်နေသည့်    အမေရိကန်၏ တစ်ဖက်သတ် လုပ်ဆောင်ချက်များကို   ရှောင်ရှားနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ် ရေးတွင် ဒေါ်လာငွေကြေးအသုံးပြုခြင်းကို လျှော့ချရန်အတွက်လည်း ကြိုးပမ်းလာခဲ့ကြသည်။

ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအနက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ စီးပွားရေးအင်အားသည် လာမည့်  ၂၀၅၀ ပြည့်နှစ်တွင်   ကမ္ဘာ့စီးပွားရေး အပေါ် လွှမ်းမိုးလာမည့် အလားအလာရှိနေသည်။  ထို့ကြောင့် BRICS အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့၏    စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ထိန်းချုပ်မှုကင်းမဲ့ပြီး လွတ်လပ်သည့် ငွေကြေးပေးချေမှုစနစ် တစ်မျိုးကို အသုံးပြုရန် လိုအပ်နေကြောင်းကို သဘောပေါက်လာခဲ့ကြသည်။

 သို့မှသာ အဆိုပါ ငွေကြေးပေးချေသည့် စနစ်အရ    အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း    ရုရှားဘဏ္ဍာရေး ဝန်ကြီး အန်တန်ဆီလူအာနော့ဗ်က တရုတ်နိုင်ငံ   ပေကျင်းမြို့တော်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပသည့် ရုရှား-တရုတ် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေး ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

BRICS အဖွဲ့၏   အဖွဲ့ဝင်နိုင်ငံများအနက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် နိုင်ငံတို့သည် ယခုအခါ ၎င်းတို့၏ စီးပွားရေး တိုးတက်မှုကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံများကြား ကုန်သွယ်ရာတွင်   ဒေါ်လာငွေကြေး    အသုံးပြုမှုကိုလျှော့ချရန် ဆွေးနွေးတိုင်ပင်မှုများကို ၂၀၂၄ ခုနှစ်အတွင်း တိုးမြှင့် လုပ်ဆောင်လာပြီဖြစ်သည်။

ထို့ပြင်    နိုင်ငံအများအပြားကလည်း ကမ္ဘာ့ကုန်သွယ်မှုတွင်   အမေရိကန်၏ လွှမ်းမိုးခြယ်လှယ်မှုကို    တုံ့ပြန်နိုင်ရေးအတွက် ဒေါ်လာငွေကြေး အသုံးပြုနေခြင်းကို လျှော့ချပစ်ရန်    ကြိုးပမ်းလာပြီဖြစ်သည်။

အမေရိကန်ဒေါ်လာသည်  ကမ္ဘာ့နိုင်ငံများကြား ကုန်သွယ်မှု လုပ်ဆောင်ရာတွင် အဓိကအသုံးပြုသည့်   ငွေကြေးအဖြစ် ဆယ်စုနှစ်များစွာကြာ ရပ်တည်လာခဲ့သော်လည်း အမေရိကန်၏  စီးပွားရေးတွင် အနိုင်ကျင့်ခြယ်လှယ်မှုကြောင့် နိုင်ငံအများအပြားက ဒေါ်လာငွေကြေးအစား အခြားရွေးချယ်စရာ ငွေကြေးများကို အသုံးပြုရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်ဟုဆိုနိုင်သည်။ လက်ရှိတွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့သည် ၎င်းတို့ကြား ကုန်သွယ်မှု လုပ်ဆောင်ရာတွင်     ၎င်းတို့နိုင်ငံသုံး ငွေကြေးများကို အသုံးပြုရန်  စီစဉ်လျက်ရှိသည်။

ယခုအခါ  BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အလျင်အမြန် ပုံဖော်လျက်ရှိပြီး လာမည့် ၂၀၄၀ ပြည့်နှစ်ခန့်တွင် စက်မှုအင်အားကြီး ခုနစ်နိုင်ငံပါဝင်သည့်  G7  အဖွဲ့၏ စီးပွားရေး အင်အားကို ကျော်တက်သွားမည်ဟု  Bloomberg  က ၂၀၂၃ ခုနှစ်ကတည်းက   ကြိုတင်ဟောကိန်း ထုတ်ခဲ့သည်။ 

BRICS  အဖွဲ့တွင် စတင်တည်ထောင်ချိန်၌ အဖွဲ့ဝင်ငါးနိုင်ငံသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့ပါ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ မကြာမီ ကာလတွင်လည်း နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မည့် အလားအလာရှိသည်။ ထို့ပြင် အခြားအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံကလည်း BRICS အဖွဲ့သို့   ဝင်ရောက်နိုင်ရန် မျှော်မှန်းလျက်ရှိသည်။

သို့ဖြစ်ရာ BRICS   အဖွဲ့သည် လက်ရှိတွင် ၎င်းတို့၏လွှမ်းမိုးမှုကို အရှေ့တောင် အာရှဒေသသို့ပါ    ချဲ့ထွင်လာနိုင်ခဲ့ပြီး အနာဂတ်ကာလတွင်လည်း လက်ရှိအဖွဲ့ဝင် အဖြစ်ပါဝင်နေသည့်   နိုင်ငံများအပြင် အဖွဲ့ဝင်သစ်များအဖြစ် ပူးပေါင်းပါဝင်လာမည့် နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာ၌ ဒေါ်လာငွေကြေးအစား အခြားငွေကြေး သို့မဟုတ် မိမိတို့နိုင်ငံသုံး ငွေကြေးများဖြင့် အစားထိုး သုံးပြုနိုင်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်ရေးတွင်   နေရာယူထားသည့် အမေရိကန်ဒေါ်လာ၏    လွှမ်းမိုးမှုကို ခြိမ်းခြောက်လာနိုင်ဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source- www.moi.gov.mm

တရုတ်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းမှာ ဒရုန်းအုပ်များနဲ့ စက်ရုပ်ခွေးများကိုပါ ထည့်သွင်းအသုံးပြုလာ

Posted_Date

Image

တရုတ်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းမှာ ဒရုန်းအုပ်များနဲ့ စက်ရုပ်ခွေးများကိုပါ ထည့်သွင်းအသုံးပြုလာ

Body

 မကြာသေးမီက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း    ရှင်းကျန်းဝီဂါဒေသမှာ လုပ်ဆောင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်းတစ်ခုမှာ  ဒရုန်းအုပ်များနဲ့စက်ရုပ်ခွေးများကို   အသုံးပြုလာတာတွေ့ရပါတယ်။

ဒီလေ့ကျင့်ခန်းဟာ  ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ Interaction-2024အမည်ရှိ ပူးတွဲအကြမ်းဖက်မ တိုက်ဖျက်ရေး လေ့ကျင့်ခန်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်က အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ    ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသဖို့ အတွက်ရည်ရွယ်တာပါ။

ဒါ့အပြင် ဒီလေ့ကျင့်ခန်းဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအားလုံးပါဝင်တဲ့  ပထမဆုံးသော ပူးတွဲလေ့ကျင့်ခန်း တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီလေ့ကျင့်ခန်းမှာ   စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက မောင်းပြန်သေနတ်တွေ၊ ပစ္စတိုတွေ၊   အဓိကရုဏ်းထိန်းသိမ်းရေး ကိရိယာတွေကို ကိုင်ဆောင်ထားတဲ့အပြင် တိုက်ပွဲဝင် ဝတ်စုံကိုလည်း အပြည့်အစုံ ဝတ်ဆင်ထားပါတယ်။

တချို့စစ်သည်တွေက ဘက်စုံသုံးသံချပ်ကာယာဉ်များမှ လည်းကောင်း၊ တချို့တွေက ရဟတ်ယာဉ်များ ပေါ်မှလည်းကောင်း လိုက်ပါဆင်းသက် လာကြပါတယ်။ ဒါ့အပြင် စက်ရုပ်ခွေးတွေ၊  ဒရုန်းအုပ်တွေကလည်း လေ့ကျင့်ခန်းမှာ  ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဒီလေ့ကျင့်ခန်းမှာ အကြမ်းဖက်သမားတွေရဲ့ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စေဖို့အတွက် အကြမ်းဖက်အဖွဲ့ အမြစ်ဖြတ်ချေမှုန်းရေးလိုမျိုး သီးခြား ရေးဆွဲထားတဲ့ လေ့ကျင့်ခန်းများလည်း ပါဝင်ပါတယ်။

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကို ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး   ကနဦး အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တရုတ်၊ တာဂျီကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ ပါဝင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့    ဘယ်လာရုစ်နိုင်ငံတို့ကလည်း   အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာပါပြီ။

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဟာ အတိတ်မှာတုန်းကလည်း အကြမ်းဖက်မှုချေမှုန်းရေးကို အတူလက်တွဲပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့  သာဓကများစွာ ရှိပါတယ်။

အဖွဲ့ဝင်နိုင်ငံများစွာရှိတဲ့အထဲမှာမှ တရုတ်နိုင်ငံဟာ စက်ရုပ်ခွေးတွေကို သိသာထင်ရှားစွာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မေလမှာတုန်းက ကမ္ဘောဒီးယားနိုင်ငံနဲ့ အတူဆောင်ရွက်တဲ့ ၁၅ ရက်ကြာ စစ်ရေးလေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တရုတ်နိုင်ငံဘက်က စက်သေနတ် တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးများကို ထုတ်ဖော်ပြသ ခဲ့ဖူးပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား အကြီးဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်တဲ့   အဲဒီ လေ့ကျင့်ခန်းမှာ တရုတ်နိုင်ငံက သူတို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ယာဉ် အများအပြားကိုလည်း ကမ္ဘောဒီးယား စစ်သည်တွေကို ပြသခဲ့ ပါသေးတယ်။

အဲဒီလေ့ကျင့်ခန်းမှာ နှစ်ဖက်စစ်သည် အင်အား ၂၀၀၀ ကျော်ပါဝင်ခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က အင်အား ၇၆၀ ခန့်သာ ပါဝင်ခဲ့တာပါ။

Golden Dragon လို့နာမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ စစ်ရေယာဉ်နဲ့ ရဟတ်ယာဉ် ၁၄ စင်းအပြင် သံချပ်ကာယာဉ်နဲ့ တင့်အစီးရေ ၇၀ နီးပါးအထိ ပါဝင်တယ်လို့ဆိုပါတယ်။ 

Source- Myawady Webportal

ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

Posted_Date

Image

ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

Body

ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

 

    စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး    (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများကအမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်းအချက်အလက်များ ပိုမိုပူးပေါင်း မျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့်အခြေအနေနှင့်အကောင်အထည် ဖော်   ဆောင်ရွက်ကြရမည့် နည်းလမ်းများအား  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အစည်းအဝေးတက်ရောက်လာကြတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ  အကြံပေးပုဂ္ဂိုလ်များဟာ သက်ဆိုင်ရာ နိုင်ငံများအလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာ ရှိသူများဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်များမှာ  မူဝါဒချမှတ်သူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် စုံစုံညီညီတက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအတွက်    များစွာအထောက်အကူဖြစ်စေပြီး ဒီလိုအဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့ Legitimacy ကို အားကောင်းစေသလို    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကောင်းများနဲ့  သံတမန်ရေး ဂုဏ်သိက္ခာတွေကို ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများ ပါဝင်တာကြောင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့    လက်နက်ကိုင်ပဋိပက္ခများနဲ့ မူးယစ် ဆေးဝါး    မှောင်ခိုရောင်းဝယ်မှုများကို      ပူးပေါင်းနှိမ်နင်းနိုင်မယ့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။

BIMSTEC အဖွဲ့ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေနဲ့ စီးပွားရေး တိုးချဲ့ ဆက်သွယ် ဆောင်ရွက်လိုသော Look West Policy၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့ တောင်အာရှဒေသနိုင်ငံများနဲ့ စီးပွားရေးအရ   ပိုမိုနီးကပ်စွာဆောင်ရွက်လိုတဲ့Look East Policy တို့ရဲ့ ပေါင်းစည်းထားတဲ့ ရလဒ်ကနေဖြစ်ပေါ်လာတဲ့ ဒေသတွင်းခိုင်မာအားကောင်းတဲ့     အဖွဲ့အစည်း ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင်   စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း လေးနိုင်ငံသာပါဝင်ကာ (Bangladesh-India-Srilanka-Thailand Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂  ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဘူတန်နဲ့  နီပေါနိုင်ငံတွေဟာ အဖွဲ့ဝင် နိုင်ငံသစ်များအဖြစ် ပါဝင်လာခဲ့ပါတယ်။ BIMSTEC ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁  ဒသမ ၈ ဘီလီယံ(၂၀၂၃) ရှိပြီး တစ်ကမ္ဘာလုံး လူဦးရေ၏  ၂၂  ရာခိုင်နှုန်း ရှိပါတယ်။   ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ  ၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။   ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနှင့်   အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့်  အရှေ့အာရှဒေသသို့ ဆက်သွယ် ပေါင်းကူးရေးအတွက် အရေးကြီးသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

BIMSTEC

ဘင်းမ်စတက်အဖွဲ့ရဲ့ မူဘောင်အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တွေဟာ ဆိုရင်  အချုပ်အခြာအာဏာ တန်းတူရည်တူရှိရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေး အမှီအခို ကင်းရေး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး၊ ကျူးကျော်မှုမပြုရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန် လေးစားရေးနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေရေးတို့အပေါ်တွင် အခြေခံရေးနှင့် ဆုံးဖြတ်ချက်အားလုံးကို  တူညီဆန္ဒ(Consensus)အပေါ်တွင်သာ အခြေခံနိုင်ရေး အတွက်   ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားပါတယ်။

ဘင်းမ်စတက်အဖွဲ့ဟာ အခြားအဖွဲ့အစည်းများနဲ့မတူဘဲ ကွဲပြားခြားနားမှု တွေက နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုစတဲ့ အချက်တွေ ကွဲပြားကြတဲ့ နိုင်ငံ များနဲ့   ဖွဲ့စည်းတည်ထောင်ထားပြီးတော့     အဖွဲ့ဝင် နိုင်ငံများအားလုံးဟာလည်း ဒေသတွင်း အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်   နည်းပညာကဏ္ဍတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကူအညီပေးရေးတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

ဘင်းမ်စတက်အဖွဲ့ဟာဆိုရင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊  ဘင်းမ်စတက်လုပ်ငန်းအဖွဲ့အစည်းအဝေးဆိုပြီး အဓိကယန္တရား (၄)ရပ် ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါတယ်။

BIMSTEC အဖွဲ့စတင်တည်ထောင်ချိန်တုန်းက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကို  ဦးတည်ခဲ့သော်လည်း  ပထဝီဝင်နိုင်ငံရေး အခြေအနေ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများ၊ လက်နက် နှင့်မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကြောင့်   လုံခြုံရေးကဏ္ဍကိုလည်း သမားရိုးကျ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) အပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊  ဘင်္ဂလားပင်လယ်အော်နဲ့     ကပ္ပလီပင်လယ်တို့ကြောင့်   ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး (Maritime Security) ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားလာကြပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးမှာ “အကြမ်းဖက်ဝါဒနှင့် တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်း”ခေါင်းစဉ်နဲ့ဒေသတွင်းမှာ  အစွန်းရောက်အကြမ်းဖက်မှုအတွေးအခေါ်များ    မပျံ့နှံ့စေရေးနှင့်   တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ   ပပျောက်စေရေးတို့ အတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ အိမ်ရှင်ဖြစ်တဲ့    မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအကြမ်းဖက် နှိမ်နင်းရေး  ပူးပေါင်း   ဆောင်ရွက်မှုများအတွက်နည်းလမ်းများ၊ အခွင့်အလမ်းများ၊  အကြံဉာဏ်များ ရရှိခဲ့သလို သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ(Non-Traditional Security Threats)ကိုလည်း ဝိုင်းဝန်းကာကွယ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ  ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့ တောင်အာရှဒေသရဲ့ အချိတ်အဆက် နိုင်ငံတစ်ခုဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်း အတွင်းမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုလို ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများရဲ့    အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ   အစည်းအဝေးကို အောင်မြင်စွာ ဦးဆောင် ကျင်းပပြုလုပ်နိုင်ခြင်းဟာ    မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့လှုပ်ရှားမှု ဖြစ်ပြီး စီးပွားရေးအရ လည်း အဖွဲ့ဝင်နိုင်ငံများနဲ့   ကုန်သွယ်မှုများပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မယ့်  အလားအလာကောင်းတွေကို ရရှိခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက်မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းကို မှီခို နေရတာထက် အနောက်ဘက်မှာရှိတဲ့ လူဦးရေ၁ ဒသမ ၄ဘီလီယံနေထိုင်ရာ အိန္ဒိယနဲ့ပါ ရင်းနှီးပွင့်လင်းစွာပူးပေါင်းဆောင်ရွက်နိုင်မယ့်  အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့ပါတယ်။ ဘင်းမ်စတက် အဖွဲ့ဝင်တွေထဲက ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှ တစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံများကိုပါ ကူးသန်းရောင်းဝယ်မှု ချိတ်ဆက်နိုင်ရေး  ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတွေရှာဖွေနိုင်ခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ   အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association  of Southeast Asian Nations- ASEAN)မှာ ပါဝင်တဲ့ နိုင်ငံများ ပါရှိသလို   တောင်အာရှဒေသ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့  (South   Asian Association for Regional Cooperation - SAARC)တွင်လည်း ပါဝင်တဲ့နိုင်ငံတွေဖြစ် တဲ့အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးဟာ   ယင်းဒေသအတွင်း  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း နှစ်ခုကို ဆက်စပ်ပေါင်းကူးပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

အာဆီယံမှာမြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့  လာအိုတို့ပါတယ်။ ဘင်းမ်စတက်အဖွဲ့ မှာလည်း  မြန်မာအိမ်နီးချင်း  ထိုင်း၊  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ပါဝင်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ထဲက အိမ်နီးချင်းများဟာ သဘောထားမှန်ကန်ပြီး  နှစ်နိုင်ငံအကျိုးစီးပွားအတွက် မျှတတဲ့အမြင်နဲ့ပူးပေါင်း ဆောင်ရွက် ကူညီမှုတွေ ရှိနေပါတယ်။ သံတမန်ရေးအရ ထိုးနှက်ပိတ်ဆို့ခံနေရတဲ့ နစက အစိုးရဟာ  ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာ   ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ     ဘင်းမ်စတက်အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိပါတယ်။

နိုင်ငံတကာအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ ဘင်းမ်စတက် ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုကို ခြိမ်းခြောက်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ အထူးသဖြင့် သတင်း ဖလှယ်ရေး အပါအဝင် အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေကို  ထိထိရောက်ရောက် တိုက်ဖျက်မည့် အစီအစဉ် တွေနဲ့    ဆောင်ရွက်မယ့်မူဝါဒတွေကို ချမှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း တွေမှာ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

ယနေ့အချိန်ကာလမှာ ကမ္ဘာ့နိုင်ငံအများစုဟာ   နိုင်ငံရေး၊   စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်း  ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့သည့်အတွက်  အခြားနိုင်ငံတစ်နိုင်ငံနှင့်သော် လည်းကောင်း၊ အခြားနိုင်ငံ အများစုနှင့်သော် လည်းကောင်း၊ ပူးပေါင်းပြီးရပ်တည်နိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးသော အကျိုး သက်ရောက်မှုများ ရှိပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူရရှိ နိုင်မှာဖြစ်လို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဘင်းမ်စတက်၊ အာဆီယံကဲ့သို့   ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့များ  ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါကြောင့်  ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများအကြား   ကုန်းတွင်းအချိတ်အဆက် ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက် နှိမ်နင်းရေးနဲ့  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမယ့်    အခြေအနေနဲ့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်တဲ့ အချက်အချာနိုင်ငံတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

Source- www.moi.gov.mm