ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှု အနုပညာ

Posted_Date

Image

 ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှုအနုပညာ

Body

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။

လူသားအားလုံးအတွက်    အဝတ်အထည်သည်  အရေးကြီးသည်။  သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ်  အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ    တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။  မြန်မာတို့သည်လည်း   ထိုနည်းတူပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က   မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော  ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်  ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည်  လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။

ထို့နောက်  သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော  ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။

မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို   လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင်  တွင်ကျယ်ခဲ့သည်။

ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊   သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ   ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို    ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။

ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင်  အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည်  စာမတတ်လျှင်  အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင်    ပေါ်ထွန်းခဲ့သည်။  ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း  သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။

“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်

“ ရွှေချည်ငွေချည် တန်းပါလို့

ရက်ကန်းကိုယ်စီ တန်းကိုယ်စီ

လက်ခတ်ကယ် ကျွန်းဖိုသား

သောင်းတိုင်က ကြားသလေလေး” ဟူ၍

ဆရာဦးသော်ဇင်စီစဉ်ပြုစုသော   ကျေးလက်တောရွာတေးကဗျာ  စာအုပ်တွင်  လေ့လာဖတ်ရှုရသည်။

အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်

“ဘုရားငုတ်တိုရောင်တော်လွှတ်မှ

  ပုံတော်စင်ဝတ်    ကြပါစို့ မောင်ကြီးရေတော့

  အောက်ပြည်ဆို လှေတော်ထိုး

  ပိုးမှာလိုက်တယ်  လေလေ့

 အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ်  စိမ်းနုခြယ်

  အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်

  လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ

  လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ

 လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”

ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ  လူထုကြားတွင်  တွင်ကျယ်စေခဲ့သည်။

မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ  ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။

ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို  လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။

မြန်မာ့ယဉ်ကျေးမှုတွင်     ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော   မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို    မျိုးဆက်သစ်များ လေ့လာကာ   ဝံသာနုစိတ်၊  ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ  မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ   ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင်  တာဝန်ရှိသည်။

ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း   ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

Source-www.moi.gov.mm