နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့

Posted_Date

Image

နှလုံးအစဉ်ကျန်းမာဖို့  သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့

Body

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်သည်   ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ်  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် ကမ္ဘာ့နှလုံး ကျန်းမာရေးအဖွဲ့ချုပ်၏ ဆောင်ပုဒ်မှာ    " Use Heart for Action" ဖြစ်ပြီး မြန်မာဘာသာနှင့် ဆီလျော်စွာ  "နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့"ဟု ပြန်ဆိုထားပါသည်။

ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ   လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ဖြင့်   ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် နှလုံးကျန်းမာရေး အသိပညာဖြန့်ဝေခြင်းနှင့် ကောင်းမွန်သော ကျန်းမာရေး အလေ့အထများကို လုပ်ဆောင်ရန်  တိုက်တွန်းခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို လေ့လာကြည့်ရာ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ World Heart Federation (WHF) အဖွဲ့ကြီး၏ ဥက္ကဋ္ဌ  (President) အဖြစ်    တာဝန်ယူ ဆောင်ရွက်ခဲ့သော Autoni Baye’s de Luna ၏ စိတ်ကူးစိတ်သန်းဖြင့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို သတ်မှတ်၍    ကမ္ဘာ့လူသားများ၏ နှလုံးကျန်းမာရေးဆိုင်ရာ အသိပညာများကို မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ World Heart Federation(WHF)တို့ ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ်     စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့ကို  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း    သိရှိရပါသည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ     နှစ်စဉ်  စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်  စက်တင်ဘာလ၏      နောက်ဆုံးတနင်္ဂနွေနေ့ အစား စက်တင်ဘာလ ၂၉ ရက်ကို  ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့   (World Heart Day)အဖြစ် ပြောင်းလဲ၍   ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

နှစ်စဉ်နှစ်တိုင်း  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အခမ်းအနားများကို  စက်တင်ဘာလ  ၂၉ ရက်တွင် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ   ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများ  တိုးပွားစေရန်၊    နှလုံးသွေးကြော ရောဂါများဖြစ်ပွားမှုနှင့်    သေဆုံးမှုများ လျော့နည်းကျဆင်းစေရန် အတွက်  နှလုံးသွေးကြော ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည့် လူနေမှုဘဝ ပုံစံများဖြင့် နေထိုင်ကြစေရန်နှင့် တစ်ကမ္ဘာလုံးတွင် နှလုံးနှင့် သွေးကြောရောဂါများ၏ ပြည်သူ့ကျန်းမာရေးအပေါ်   ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးများ ရှိနေခြင်းတို့ကို     သတိပြုစေရန်တို့အတွက် ရည်ရွယ်၍  ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ် စက်တင်ဘာလ  ၂၉ ရက်တွင် ကျရောက်သော ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ (World Heart Day)ကိုလည်း ကမ္ဘာတစ်လွှားရှိ   ရာကျော်သော  ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့ဝင်    အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံ အားကစားအသင်းများ၊    နှလုံးရောဂါအဖွဲ့အစည်းများမှ   ဘာသာစကားမျိုးစုံ၊   လှုပ်ရှားမှုအသွင်သွင်ဖြင့် တက်ကြွစွာကျင်းပ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။    မြန်မာနိုင်ငံ အနေဖြင့်လည်း   ကမ္ဘာတစ်လွှား   နှလုံးကျန်းမာရေး လှုပ်ရှားမှုများတွင်    ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

နှလုံးနှင့် နှလုံးသွေးကြောရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်အမျှ သေဆုံးမှုများပြားနေသည်ကို  တွေ့ရှိရပါသည်။ နှလုံးသွေးကြောရောဂါ  (ရုတ်တရက်နှလုံးသွေးကြော ပိတ်ခြင်း၊   လေဖြတ်ခြင်းနှင့် နှလုံးညှစ်အား ကျဆင်းခြင်း)ကြောင့်   နှစ်စဉ်  လူဦးရေ   ၂၀ ဒသမ ၅ သန်းခန့် သေဆုံးနေကြပါသည်။ သေဆုံးမှုအများစုမှာ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအသင့်အတင့်ရှိသော နိုင်ငံများမှဖြစ်သည်။ထိုသေဆုံးမှုနှုန်းကို လျှော့ချရန်အတွက်-

- ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို  ကျန်းမာရေးနှင့် ညီညွတ်အောင်  ပြောင်းလဲနေထိုင် စားသောက်ပါ၊

- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊

- စိတ်ဖိစီးမှုကို လျှော့ချပါ၊ထိုသို့   ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့်  နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း၏  ၈၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍     သင့်တင့်သော အစားအစာကို ရွေးချယ်စားသုံးပါ

- အချိုဓာတ်များသော   ဖျော်ရည်များနှင့် အသီးဖျော်ရည်များ အစား ရိုးရိုးရေနှင့် အချိုဓာတ်နည်းသော ဖျော်ရည်များကို ရွေးချယ်ပါ၊

- အချိုဓာတ်များသော  သရေစာများအစား  ကျန်းမာရေးအတွက် ပိုမို သင့်လျော်သည့် လတ်ဆတ်သော အသီးအနှံများကို ပြောင်းလဲ စားသုံးပါ၊

- အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို  လက်တစ်ဆုပ်စာခန့် နေ့စဉ် စားသုံးပါ၊

- လတ်ဆတ်သော အသီးအနှံ၊ အအေးခံထားသော အသီးအနှံများနှင့်   အသီးအနှံ စည်သွတ်ဘူးများ၊  အခြောက်ခံထားသော အသီးအနှံ၊  ဟင်းသီးဟင်းရွက် များကို စားသုံးပါ၊

-အရက်ကို   အသင့်အတင့်ချင့်ချိန်၍ သောက်သုံးပါ။  မသောက်သုံးခြင်းသည် ပို၍ကျန်းမာရေးနှင့် ညီညွတ်ပါသည်၊

-ဆားအငန်ဓာတ်၊    အချိုဓာတ်နှင့် အဆီများသော တာရှည်ခံစည်သွတ်အသားများကို လျှော့စားပါ။ အသင့်စားအစားအသောက်များအစား လတ်ဆတ်သော အစားအစာများကို ချက်ပြုတ်စားသောက်ပါ၊

-နှလုံးကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်နည်းများကို လူမှုကွန်ရက်မီဒီယာတွင် ရှာဖွေလေ့လာပါ။အသိဉာဏ်ဖြင့်ဆင်ခြင်၍  ဆေးလိပ်နှင့်ဆေးရွက်ကြီး ရှောင်ကြဉ်ပါ ။

-နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေသည်   ဆေးလိပ်ဖြတ်ပြီး    တစ်နှစ်အတွင်း သိသာစွာ ကျဆင်းပါသည်။

-ဆေးလိပ်ဖြတ်ပြီး    ၁၅ နှစ်အကြာတွင် ဆေးလိပ် မသောက်သုံးသူများနှင့် တန်းတူဖြစ်လာနိုင်ပါသည်၊

-တစ်ဆင့်ခံ  ဆေးလိပ်ငွေ့ရှူရှိုက်မိသော သူများတွင်လည်း  နှလုံးရောဂါ ဖြစ်နိုင်ပါသည်၊

-ဆေးလိပ်ဖြတ်ခြင်း၊ ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာရေး အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါသည်၊

-ဆေးလိပ်ဖြတ်ရန်ခက်ခဲနေပါက ကျွမ်းကျင်သော ဆရာဝန်/ ပညာရှင်များထံမှ   အကြံဉာဏ်ကောင်းများရယူပါ၊

-E-စီးကရက်များနှင့် ဆေးလိပ်အစားထိုး နီကိုတင်း အငွေ့ရှူစက်များ (ဥပမာ-Vape)သည် အန္တရာယ်ကင်းသော ဆေးလိပ်အစားထိုးပစ္စည်းများ မဟုတ်ရုံမျှမက   ပို၍ပင်  နှလုံးသွေးကြောရောဂါ  ဖြစ်နိုင်ခြေ အန္တရာယ်ရှိပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍   လှုပ်ရှားတက်ကြွစွာနေထိုင်ပါ ။

-အသင့်အတင့်ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် မိနစ် ၁၅၀ မှ မိနစ် ၃၀၀ အထိ၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၇၅ မိနစ်မှ မိနစ် ၁၅၀ အထိ ကြိုးစားလုပ်ဆောင်ပါ၊

-ထိုထက်ပို၍  လေ့ကျင့်ခန်း ပိုလုပ်နိုင်လေ  ပိုကောင်းလေဖြစ်သည်။ ပို၍တက်ကြွစွာ နေထိုင်ခြင်းသည် သင့်ကျန်းမာရေးကို  ပို၍ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသော လူနေမှုပုံစံ၏ မကောင်းကျိုးများကို ရှောင်ရှားနိုင်ပါသည်၊

- နေ့စဉ် တက်ကြွစွာလှုပ်ရှားပါ၊ ဓာတ်လှေကားအစား  ရိုးရိုးလှေကားကို အသုံးပြုပါ၊ ကားစီးသွားမည့် အစား လမ်းလျှောက်ပါ၊    စက်ဘီးစီးပါ၊ ပြေးလွှားကစားပါ၊  အိမ်မှုကိစ္စများလုပ်ပါ၊ ကခုန်ပါ၊ နှစ်သက်ရာ ရွေးချယ်ပြုလုပ်ပါ၊

-ခန္ဓာကိုယ်ရှိကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများကို  တစ်ပတ်လျှင် နှစ်ရက်ခန့် လုပ်ဆောင်ပါ၊

-ခြေလှမ်းမှတ်သော  နာရီ၊ စက်ငယ်များကို အသုံးပြုပြီး   တိုးတက်မှုကို သုံးသပ်နိုင်ပါသည်၊ သင်နှစ်ခြိုက်သော    ကိုယ်လက်လှုပ် ရှားမှုပုံစံကို ရွေးချယ်ပါ။ သင်လုပ်ဆောင်နိုင်မည့် အနေအထားအတိုင်း ရည်မှန်းချက်ထား ဖြည်းဖြည်း လုပ်ဆောင်ပြီး တိုးတက်လာအောင် ကြိုးစားပါ။ လှုပ်ရှားတက်ကြွစွာ နေထိုင်ရန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ    လုပ်ရမည်ဟုမဆိုလိုပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပြီး လေ့ကျင့်ခန်းလုပ်၍  ပျော်ရွှင်လာစေခြင်းကို ရည်ရွယ်သည်။   

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် ကမ္ဘာတစ်ဝန်းရှိပြည်သူများအား      နှလုံးကျန်းမာရေး သတိရှိစေရန်အတွက် အသိပညာပေးမျှဝေခြင်းနှင့်    လက်တွေ့လုပ်ဆောင်ခြင်းကို ဆောင်ရွက်နိုင်ရန်     နည်းလမ်းများ  ချမှတ်ပေးရန် လိုအပ်ပါသည်။

ယခုနှစ်တွင်  နိုင်ငံတစ်ဝန်း   နှလုံးကျန်းမာရေးအတွက် အဓိကထား လိုက်နာလုပ်ဆောင်ရမည့် အချက်များကို တိုးမြှင့်ဆောင်ရွက်ရန်  တိုက်တွန်း နှိုးဆော်ထားပါသည်။

ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေးအတွက် မိမိအသိဉာဏ်ဖြင့် နေ့စဉ်ပြုမူဆောင်ရွက်နေသည်များကို   ကောင်းမွန်မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့်  အသက်ရှည်၍ ပိုပြီးကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။   

Source-Myawady Webportal

ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး

Posted_Date

Image

ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး

Body

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့်  အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ  ချောက်မြို့၌     ၄၆   ဒီဂရီဆဲလ်စီးယက်၊  မြင်းခြံမြို့၊  ညောင်ဦးမြို့၊  မင်းဘူးမြို့၊   မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌    ၄၄ ဒီဂရီဆဲလ်စီးယက်၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊   တံတားဦး (လေကြောင်းမိုးလေဝသ)၊   ဂန့်ဂေါမြို့နှင့်   ဆင်ဖြူကျွန်းမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးယက်   အသီးသီးရှိကြောင်း  သိရသည်။

နေ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်း ကျရောက်နိုင်သည်။     ခရမ်းလွန် ရောင်ခြည်ကို Ultraviolet (UV) ဟုခေါ်ပြီး ယင်းတွင် UVA နှင့့် UVB နှစ်မျိုးရှိသည်။ 

UVA က   အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ Collagen  ကို ပျက်စီးစေကာ အသားအရေအဖတ်လန်ခြင်း၊  အသားအရေခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ  အိုမင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။ 

UVB က နေလောင်ခြင်းကိုဖြစ်စေသောကြောင့် နံနက် ၁၀  နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။

သို့ဖြစ်ရာ    ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့်   နေလောင်ခြင်း၊ အသားညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှု ကာလကြာလာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း၊  ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်။

ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ

ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ  ကျရောက်နိုင်သည့်   နံနက် ၁၀ နာရီမှ  ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။

ခရမ်းလွန်ရောင်ခြည် အလွယ်တကူမထိုးဖောက်နိုင်သော   ချည်သားထူထူပွပွအဝတ်အထည်များ ဝတ်ဆင်သင့်သည်။

ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။

 မဖြစ်မနေအပြင်ထွက်ရသည့်အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေရန်     ထီး၊  ဦးထုပ်တို့ ဆောင်းသင့်သည်။ 

အဝတ်ကင်းလွတ်သော လက်၊ လည်ပင်း၊ ပခုံး စသည့်နေရာများကို    သနပ်ခါးထူထူ    သို့မဟုတ်  SPF 15 + ပါဝင်သော     နေရောင်ကာခရင်မ်ကို နေရောင်ခြည်ထဲမထွက်မီ   ၁၅ မိနစ်ခန့် ကြိုပြီးလိမ်း သင့်သည်။

ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။ 

အသက်တစ်နှစ်အောက်     ကလေးငယ်များကို အပြင်သို့မထွက်စေဘဲ အရိပ်ထဲတွင်သာထားသင့်သည်။

အထက်တွင် ဆိုထားသည့်အတိုင်း      ခရမ်းလွန်ရောင်ခြည်သည်  အရေပြား၏  အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး      အရေပြားဆဲလ်များကို တိုက်ခိုက်စေနိုင်သည်။   ထို့ကြောင့်   မိမိတို့အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ဆေးဖက်ဝင် မြန်မာ့သနပ်ခါးကို လိမ်းခြယ်သင့်သည်။ သနပ်ခါးပင်သည် ရှောက်မျိုးရင်းဖြစ်၍ အသားအရေအတွက် လွန်စွာဆေးဖက်ဝင်သည်။  သနပ်ခါးသည် မြန်မာမိန်းကလေးများစွဲမြဲစွာသုံးစွဲကြသည့် အလှကုန်ပစ္စည်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါး

အလှကုန်ပစ္စည်းဈေးကွက်တွင်  တားမြစ်ဓာတု ဆေးဝါးများဖြင့်ပြုပြင်ဖော်စပ်ထားသည့် သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော  အသားဖြူခရင်မ်များကို လိမ်းမည့်အစား မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။ 

၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် ခေါ် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော  ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေနိုင်သော ဓာတ်များနှင့်   အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော  ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါရှိကြောင်း   လေ့လာတွေ့ရှိခဲ့ကြသည်။ သနပ်ခါးသည်  နေပူဒဏ်အပြင်  နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုလည်း   ကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။

အလှကုန်ပစ္စည်းဈေးကွက်တွင် သဘာဝသနပ်ခါးစစ်စစ်များ ရှိသကဲ့သို့   လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို   တာရှည်ခံအောင်ပြုလုပ်၍    သနပ်ခါးအရည်၊

အနှစ်ဘူးများ၊  ပုလင်းများဖြင့်   အလွယ်တကူဝယ်ယူရရှိနိုင်ရန် ထုတ်လုပ်ထားသည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင်  တာရှည်ခံစေရန်နှင့်  တခြားအမွှေးရနံ့များ ပါဝင်နေ၍  တချို့အသားအရေများနှင့်   ဓာတ်မတည့်မှုဖြစ်စေနိုင်သည်။    သို့သော် ခေတ်မီနည်းပညာများ  တိုးတက် လာသည်နှင့်အမျှ ဈေးကွက်ထဲ၌ အသင့်အသုံးပြုနိုင်သည့်   စံနှုန်းပြည့်အသိအမှတ်ပြု သနပ်ခါးဘူး၊     ပုလင်းများရှိကြရာ   မိမိအသားအရေနှင့်ဓာတ်တည့်သော   သနပ်ခါးဘူးများ ရွေးချယ်အသုံးပြုရန် လိုအပ်သည်။

သနပ်ခါးတုံးရွေးချယ်နည်း

သနပ်ခါးပင်တစ်ပင်၏ တန်ဖိုးသည် ယင်းအပင်၏ အခေါက်၊ အပွေးတို့ဖြစ်သည်။ ထို့ကြောင့်  အပွေးမြင်အပင်သိဟူသော ဆိုရိုးစကားရှိသည်။ အပင်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးသကဲ့သို့ တာရှည်လည်း အသွေးမခံပေ။ ထို့ကြောင့် အရွေးမမှားစေရန် အရည်အသွေးကောင်းမွန်သော သနပ်ခါးတုံး ရွေးချယ်နည်းများကို  အောက်ပါအတိုင်းအကြံပြုလိုပါသည်။

ပြည်တွင်း၌ သနပ်ခါးကို  စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊  မုံရွာ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များ၌  အများဆုံး စိုက်ပျိုးကြသည်။ ယင်းတို့အနက် ရေစကြိုမြို့နယ်မှ   ရှင်မတောင်သနပ်ခါးသည်  ထိုဒေသ၏ ရေမြေသဘာဝထူးခြားချက်များကြောင့်   တခြားနယ်များမှ ထွက်ရှိသည့်သနပ်ခါးများထက် ပိုကောင်းသည်။

အပင်တုတ်ခြင်း၊ မတုတ်ခြင်းထက် အပွေးအရောင်အသွေးနှင့် အထူကိုကြည့်ရသည်။ သနပ်ခါးအပွေးမှာ ကြေးနီရောင်အပွေး၊  ဥသျှစ်ပွေး၊ ဂုံပွေးဟူ၍ သုံးမျိုး ရှိသည်။   ယင်းတို့အနက်    ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများကဲ့သို့ အခေါက်များ အမြှောင်းလိုက်ကြွနေကာ အပွေးမာကျောပြီး ပထမတန်းစား အပွေးဖြစ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆီရောင်ရှိသော အပွေးကိုလည်းတွေ့ရသည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာ ပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍ ဂုံပွေးမှာ  အဖြူရောင်အခေါက်ပါး၊   အပွေးလည်းပါးပြီး ပွရောင်းသောအညံ့စားသနပ်ခါးဖြစ်သည်။

သနပ်ခါးတုံးတစ်တုံး၏အပွေးကို လက်သည်းဖြင့် အသာဖိဆိတ်ကြည့်ပါ နစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်သင့်ပေ။

လက်ဖြင့်ကိုင်ဆကြည့်ပါက   ပေါ့လွန်းနေလျှင် ယင်းသနပ်ခါးအတုံးသည် အသားကျစ်လျစ်မှု နည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ  ရေဓာတ်ခန်းသွားပြီဖြစ်၍  အလေးချိန်ပေါ့နေခြင်း ဖြစ်သည်။  သက်တမ်းရင့်အပင်သည် အသားကျစ်လျစ်မှုကြောင့်     ရေငွေ့ပြန်နှုန်းနှေးကာ တခြားအပင်များထက် ပိုမိုလေးသည်။

ဖြတ်ထားခါစ သနပ်ခါးတုံး၏ အတွင်းသားမှာ အနံ့သင်းသည်။ ချဉ်စူးစူးအနံ့ရနေလျှင် မှိုစွဲနေသည့် သနပ်ခါးတုံးဖြစ်သည်။

သနပ်ခါးတုံး၏ထိပ်ဝရှိ အခေါက်နှင့်အတုံးသားကြားတွင် ပြာမှိုင်းမှိုင်းအရောင်တွေ့ရပါက မှိုတက်နေသည့်လက္ခဏာဖြစ်သည်။ 

တချို့သော  စီးပွားဖြစ်သနပ်ခါးရောင်းသူများသည် အပွေးမလှသော သနပ်ခါးတုံးအစစ်ကို ရှားစေး၊ မြေနီ၊ ထမင်းရည်စသည်တို့ဖြင့်ရောစပ်ပြီး သွားပွတ်တံနှင့် သနပ်ခါးအခေါက်ကြား သုတ်လိမ်း၍ အရောင်တင်ကာ ရောင်းတတ်ကြ၍ ဂရုပြုဝယ်ယူသင့်သည်။

အချုပ်အားဖြင့်ဆိုရသော် သနပ်ခါးနှင့်ဓာတ်မတည့်သူ  မရှိသလောက်ရှားသည်။  ထို့ကြောင့်  မြန်မာ့သနပ်ခါးသည် ထိုင်းအလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် အရှိန်ယူနေပြီဖြစ်ရာ မကြာမီကာလအတွင်း ကမ္ဘာမှာကျော်ကြား မြန်မာ့သနပ်ခါး ဖြစ်လာတော့မည် ဖြစ်သည်။

မြန်မာ့သနပ်ခါးသည်     အသားအရေလှပခြင်းအတွက်သာမက ကိုယ်တွင်းကိုယ်ပရောဂါဘယများ အတွက်ကိုလည်း ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ဆေးဖက်ဝင်လှပေသည်။  သို့ပါ၍ ယခုကဲ့သို့ အပူချိန်မြင့်တက် နေသည့်ကာလအတွင်း     ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ညအိပ်ရာဝင်ခါနီးတိုင်း သနပ်ခါးသွေးလိမ်း သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

Source-Myawady Webportal

မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု ပြည်ထောင်စုမှခွဲထွက်လိုမှုနှင့် ပထဝီနိုင်ငံရေးအရအရေးပါသော အနောက်ဘက်တံခါးပြဿနာ

Posted_Date

Image

မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု ပြည်ထောင်စုမှခွဲထွက်လိုမှုနှင့် ပထဝီနိုင်ငံရေးအရအရေးပါသော အနောက်ဘက်တံခါးပြဿနာ

Body

နိဒါန်း

ယနေ့ရခိုင်ပြည်နယ်တွင်   ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည်   နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့်  နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။ 

အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ Choke Point ဆုံရာဒေသ အိန္ဒိယ-မြန်မာဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသော  ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်တွင်  တရားဝင်စတင်ခဲ့သော်လည်း တရုတ်နိုင်ငံ အနေဖြင့်မူ  ၁၉၅၀  ပြည့်နှစ်  ဇွန်လ ၈ ရက်တွင်မှသာ တရားဝင်စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ပထဝီအနေအထားဆက်စပ်မှုအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ကီလိုမီတာ ၂၂၀၀ အထိ ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ၏အရှေ့မြောက်ဒေသဖြစ်သော ပြည်နယ် ၄ ခုနှင့်လည်း   နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၁၆၄၃ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံကုန်းနယ်နိမိတ်နှင့် ၇၂၅ ကီလိုမီတာရှည်လျားသော ရေကြောင်းနယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်  အိန္ဒိယနိုင်ငံအတွက် ကုန်းနယ်နိမိတ်နှင့်   ရေနယ်နိမိတ်တို့နှစ်ခုစလုံးထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်နေသည်ကို  တွေ့ရှိရသည်။  အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် အတိတ် ကာလများ၌ သာမန်အားဖြင့် တိုးတက်မှုမရှိဟု ယူဆနိုင်သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ  ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ဖြစ်သူ  နာရန်ဒရာမိုဒီ  ချမှတ်ခဲ့သည့် အရှေ့လမ်း မူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမှု မူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေး မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ 

ထို့ပြင် ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲတွင်လည်း တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံ၏  မဟာဗျူဟာကျကျတည်ရှိမှုသည် အရေးပါလျက်ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊  အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံးစုဆုံရာ  ပထဝီအနေအထားတွင် ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်ထားခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတ <ကယ်ဝခြင်းတို့နှင့် အိန္ဒိယ၏ အရှေ့ဘက်ပြည်နယ်များ၏ အဓိကဝင်ပေါက်၊ တရုတ်နိုင်ငံ၏ အနီးစပ်ဆုံး မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက် ဖြစ်နေခြင်းတို့သည် အိမ်နီးချင်းနိုင်ငံကြီးများကြား အကျိုးစီးပွား ပြိုင်ဆိုင်မှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီနယ်မြေအနေအထားတည်ရှိမှုသည် ဗြိတိသျှပထဝီပညာရှင် ဆာဟန်ဖို့ ဂျွန်မက်ကင်းဒါဖော်ထုတ်ခဲ့သည့်     နှလုံးသားနယ်မြေ (Heartland Theory) နှင့် ယေးတက္ကသိုလ် နိုင်ငံတကာဆက်သွယ်ရေး ပညာပါမောက္ခ စပိုက်မင် ဖော်ထုတ်ခဲ့သည့် အစွန်အဖျားနယ်မြေ(Rimland Theory) တို့နှင့်လည်း ဆက်စပ်နေလျက်ရှိသည်။ အထူးသဖြင့်  စစ်ရေးနှင့်စီးပွားရေးတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့်  တရုတ်၊  အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အားပြိုင်မှုတွင် မြန်မာနိုင်ငံသည်  Rimland Theory အရ  Heartland Theory ၏ အနားသတ်မျဉ်းတွင် မဟာဗျူဟာကျကျ တည်ရှိလျက်ရှိနေသည်ကို တွေ့ရှိရသည်။  ထို့ပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်သည့် တရုတ်နိုင်ငံ၏ ပုလဲသွယ်စီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်း၊ အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းတို့သည် ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊  သံတမန်ရေးနှင့် စီးပွားရေးတို့အတွက်သော်လည်းကောင်း  အရေးကြီးဒေသ Choke Point အဖြစ် မဟာဗျူဟာကျကျ တည်ရှိနေလျက်ရှိသည်။ 

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အကျိုးစီးပွားတည်ရှိမှု

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းသည် မလက္ကာရေလက်ကြားအား ဖြတ်ကျော်တင်ပို့နေရခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေကြောင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်အပေါ် ပိတ်ဆို့နိုင်ရေး၊ မလက္ကာရေလက်ကြားအား ထိန်းချုပ်နိုင်ရေးနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန်အတွက်  ဘင်္ဂလားပင်လယ်အော် ကျောက်ဖြူ(စစ်တွေ) ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ယူနန်ပြည်နယ် ကူမင်းမြို့သို့ တိုက်ရိုက်သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် အချိန်တိုသည့်  လမ်းကြောင်းဖြစ်သည်။ ထို့ပြင် အဆိုပါကျောက်ဖြူပိုက်လိုင်းသည် မြန်မာနိုင်ငံမှတစ်ဆင့်  အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းသစ်အတွက် အရေးကြီးသည့် မဟာဗျူဟာစီမံကိန်းတစ်ခုအဖြစ်ရှုမြင်နိုင်သည့်အပြင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် စွမ်းအင်လုံခြုံရေးအတွက် ပထဝီနိုင်ငံရေးအရအရေးပါကြောင်း တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ယူနန်ပြည်နယ်မှတစ်ဆင့် မူဆယ်၊ မန္တလေး၊ ကျောက်ဖြူလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျသောလမ်းကြောင်းအဖြစ်  တည်ရှိနေကြောင်း တွေ့ရှိနိုင်သည်။ 

အိန္ဒိယနိုင်ငံသည် ၎င်းင်းတို့၏ အရှေ့မျှော်မူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက်   ဒေါ်လာ သန်း ၄၈၀ ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နိုင်ငံ၏  မြောက်ပိုင်းရှိ   မီဇိုရမ်ပြည်နယ်များသို့ ပြည်မမှ ကုန်ပစ္စည်းများကို ကိုးလ်ကတ္တားမှတစ်ဆင့် ပို့ဆောင်နိုင်ရေးဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းများသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း၍ စစ်တွေမြို့မှတစ်ဆင့်   ကုလားတန်မြစ်ကို  ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော အရှေ့ဘက်ပြည်နယ်များသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ကျောက်ဖြူဆိပ်ကမ်းကို ဆောင်ရွက်ထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည် ထိန်းညှိနိုင်ရေးအတွက် ကုလားတန်စီမံကိန်းသည် အရေးပါနေလျက်ရှိကြောင်း  တွေ့ရှိနိုင်ပေသည်။  ထို့ပြင် ကီလိုမီတာ ၁၄၀၀ ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံတို့၏ အဝေးပြေးလမ်းစီမံကိန်းကို အရှေ့မျှော်မူဝါဒအရ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူး၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ကာ  အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသများသို့ ပထမဆုံးဆက်သွယ်ပေးမည့် အရေးပါသော စီမံကိန်းတစ်ခုအဖြစ် တွေ့ရှိနိုင်သည်။ 

အထက်တွင်ဖော်ပြခဲ့သောအချက်အလက်များကြောင့် ပထဝီနိုင်ငံရေးနှင့်  စီးပွားရေးအရ  ရခိုင်ပြည်နယ်သည်  မဟာဗျူဟာကျသည့်နေရာတစ်ခုအဖြစ် ကောင်းစွာတည်ရှိနေသော်လည်း ၎င်းဒေသသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ အားပြိုင်မှုများအပြင် ရခိုင်ပြည်နယ်တွင်း    အခြေချတပ်စွဲထားသည့် AA လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် မျှော်မှန်းသလောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုမရှိခဲ့သည်ကိုလည်း တွေ့ရှိနေရသည်။

AA  လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တည်မှုနှင့်   ရခိုင်ပြည်နယ်ပျက်စီးခြင်းအစ 

AA လက်နက်ကိုင်အဖွဲ့သည်  ုှုဗ အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌ ၂၀၀၉ ခုနှစ်တွင် စတင်အခြေချ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅  ခုနှစ်တွင်  ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်လာခဲ့ကာ လူမျိုးရေးစိတ်ဓာတ်များ တွန်းအားပေးခြင်းဖြင့် တစ်စတစ်စကြီးထွားလာခဲ့ပြီးနောက် တိုက်ပွဲများ စတင်ဖော်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် AA လက်နက်ကိုင်တပ်ဖွဲ့ အင်အားကြီးမားလာသည့် အဓိကအခြေခံ အကြောင်းတရားသည် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟုဆိုကာ လူမျိုးရေးအရ ဝါဒမှိုင်းသွတ်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်များကြောင့်ပင် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုကြီးအတွင်း၌ လူမျိုးစွဲ၊ ဒေသစွဲရှိသည့် စိတ်ဓာတ်များ ရှင်သန်ကြီးထွားလာပြီးနောက် ဒေသတွင်းနေထိုင်သည့်  တိုင်းရင်းသားလူမျိုးစုများကြားတွင် လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများ  ပိုမိုပြင်းထန်လာခဲ့သည်ကို တွေ့ရှိရသည်။     

ထို့ပြင် ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုမှတစ်ဆင့် ယာယီအပစ်အခတ်ရပ်စဲထားနိုင်ခဲ့သည့် ရခိုင်ပြည်နယ်သည်AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်အားနည်းသည့် ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။ AA လက်နက်ကိုင်တို့သည် အင်အားနည်းသည့် ရဲစခန်းများကို တိုက်ခိုက်ခြင်းများအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင်လည်း ရပ်^ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လမ်းပြင်လုပ်သားယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ  လုပ်ဆောင်ခဲ့သည်။ AA လက်နက် ကိုင်တပ်ဖွဲ့များ၏ အဆိုပါလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေပြီး ပြည်ပရင်းနှီးမြုှပ်နှံမှုလုပ်ငန်းများကိုလည်း ရပ်တန့်စေခဲ့သည်။ 

ရခိုင်ပြည်နယ်သည်  ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြားတွင်  တည်ရှိသော ကမ်းမြောင်ဒေသတစ်ခုဖြစ်ပြီး  ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော ဒေသတစ်ခုလည်းဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုသည် ရခိုင်ပြည်နယ်၏ အဓိကအားသာချက်ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကိုလည်း မကြာခဏ ကြုံတွေ့ခံစားရသော ဒေသတစ်ခုလည်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ထိုသို့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည့်အပြင် လူလုပ်ဘေးအန္တရာယ်ဖြစ်သော အကြမ်းဖက်စစ်မီးကိုလည်း ဗဗ လက်နက်ကိုင်တပ်ဖွဲ့များမှ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ  စစ်မီးတောက်လောင်မှုသည် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးအား အချိန်တိုအတွင်း လျင်မြန်စွာကူးစက် တောက်လောင်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီးမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ  ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များ တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိနိုင်ပေသည်။ ထို့ပြင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်သောတိုက်ပွဲများသည် ဒေသတွင်းပြည်သူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိစေသည်သာမက ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များလည်း ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်လည်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များသည် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အပြင် သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဟုဆိုသည့်အတိုင်း များလှစွာသော ရှေးဟောင်းစေတီပုထိုးများသည် ရှေးဘိုးဘွားများထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက များစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်လည်းဖြစ်သည်။

မိုခါမုန်တိုင်းတွင် လက်ရှောင်နေခဲ့သည့် AA လက်နက်ကိုင်တပ်ဖွဲ့များ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအား မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ မုန်တိုင်းထွက်ခွာသွားချိန်အထိ နာရီပေါင်း ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အား ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည်။ မေလ ၁၅ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများသို့ ရောက်ရှိပြီး  ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအားလုံးတို့၏ စားဝတ်နေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဝန်ကြီးဌာနတို့အနေဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုခဲ့သည်ကိုတွေ့ရှိရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်းမြန်ဆန် ပြီးစီးနိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ဦးစီးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး  လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်ရေး ပစ္စည်းများ၊ စားသုံးဆီနှင့် စက်သုံးဆီများပါဝင်သော ကူညီကယ်ဆယ်ရေး ရေယာဉ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။ 

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်း ၅၉၆ လုံး၊ အလယ်တန်းကျောင်း ၆၄၇ လုံး၊ အထက်တန်းကျောင်း ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း ၉ လုံးအထိ ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင်   ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦပေါင်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးအတွက် တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံ လရေယာဉ်(သံလွင်)ကို သံတွဲ၊ မာန်အောင်နှင့်ကျောက်ဖြူမြို့တို့သို့ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ပေးခဲ့သည်။ 

ထို့ပြင် စစ်တွေမြို့ပေါ်ရှိ မီတာ ၆၀ အမြင့်ရှိသော ရုပ်သံထပ်ဆင့်လွှင့်စက်  တာဝါတိုင်ပြိုကျခဲ့ရပြီး ဆက်သွယ်မှုများပြတ်တောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခုဆက်သွယ်မှုပြတ်တောက်ခဲ့သည့်အပြင် မဟာဓာတ်အားလိုင်း ပို့လွှတ်ဆောင်ရွက်သည့် တာဝါတိုင်နှင့် ကွန်ကရစ်တိုင်  ၂၆၃၆ တိုင် ရှိသည့်အနက် တာဝါတိုင် ၅၂ တိုင်နှင့် ကွန်ကရစ်တိုင် ၄၂၈ တိုင်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့်  ရခိုင်ပြည်နယ်အား အစိုးရ၊  ဌာနဆိုင်ရာအလိုက်  ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သင်တန်းကျောင်းမှ သင်တန်းသားတို့၏ စုပေါင်းဆောင်ရွက်မှုကြောင့် မြို့တွင်းလျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းများသည် ဇွန်လ ၁၃ ရက်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့သည်ကိုတွေ့ရှိရသည်။ 

မိုခါကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိကအဆောက်အအုံ အများအပြားပျက်စီးမှုရှိခဲ့ပြီး ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်း အဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးတို့ ချို့ယွင်းပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တို့၏ထောက်ပံ့မှုများ၊ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို အသုံးပြု၍ တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)၊ စစ်ရေယာဉ်(မုတ္တမ)၊ စစ်ရေယာဉ်(ပြည်တော်အေး-၂)၊ ကမ်းထိုးရေယာဉ် (၁၇၁၁)၊ (၁၇၂၂)၊ တင့်ကားတင် ကမ်းထိုးယာဉ် (၁၆၁၃)၊ (၁၆၁၄)နှင့်တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု၍ အစိုးရ၊ ပြည်သူနှင့်တပ်မတော် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် မိမိလူမျိုးနေထိုင်ရာဒေသ၏ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လက်ရှောင်နေခဲ့သည်ကို တွေ့ရှိနိုင်သည်။   မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီခြင်းမရှိရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီး၍ စီးပွားရေးပြန်လည်နာလန်ထူတော့မည့်အချိန်တွင် စစ်မီးတစ်ဖန် မွှေးခဲ့ကြခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ တရားမဝင်လူသစ်စုခြင်းနှင့် AA လက်နက်ကိုင်တို့၏ ခွဲထွက်ရေးအိပ်မက် ရခိုင်ပြည်နယ်အတွင်း အခြေချတပ်စွဲလျက်ရှိသည့် AA လက်နက်ကိုင်တပ်ဖွဲ့တို့၏ အဓိကဝင်ငွေရလမ်းတစ်ခုမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အခကြေးငွေများရယူ၍ ဘင်္ဂါလီလူမျိုးများအား အခြားနိုင်ငံများသို့ ပို့ဆောင်ပေးနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် AA အကြမ်းဖက် တပ်ဖွဲ့ဝင်များအနေဖြင့် မျိုးဆက်သစ် လူငယ်များ အပါအဝင် လူသားမျိုးနွယ်စု တစ်စုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့်  မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေသည့်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်းတို့အကြမ်းဖက်အဖွဲ့မှ လူ၊ လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားများအတွက် တရားမဝင် ဘင်္ဂါလီခိုးဝင်မှုများကိုလည်း ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။  ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၂၄)တွင် AA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ပြည်မကိုဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိနေပြီး ရှစ်ကြိမ်ခန့်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားလူမျိုးများသာမက ချင်းပြည်နယ် ပလက်ဝဒေသရှိ ချင်းတိုင်းရင်းသားများကိုပါ တရားမဝင်အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ဆောင်ရွက်နေခဲ့သည်ကို တွေ့ရှိရသည်။ AA လက်နက်ကိုင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို အတင်းအကျပ်စစ်သင်တန်းတက်ရောက်စေခြင်း၊ မတက်ရောက်လိုပါက ငွေကြေး တောင်းခံခြင်းနှင့် ၎င်းင်းတို့၏ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထားသည့် ဆန်စပါးများ ပေးဆောင်စေခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမပြုသည့် ဒေသခံများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအပြင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို   AA အကြမ်းဖက်အဖွဲ့က  လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၄ ဦး သေဆုံးခဲ့သည့်အပြင် ဧပြီလ ၂၂ ရက်တွင်လည်း သရက်အုပ် ကျေးရွာအုပ်စု အဘူဂျာကျေးရွာရှိ ဘင်္ဂါလီ ၅ ဦးသည်လည်း AA လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တွေ့ရှိရသည်။  

ထိုသို့ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ခိုးဝင်ဘင်္ဂါလီများအား အခကြေးငွေရယူ၍   အခြားဒေသများသို့ ပို့ဆောင်ခြင်း၊ ဒေသတွင်း တိုင်းရင်းသားများအပေါ်  အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းနှင့် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စစ်ပွဲများဖော်ဆောင်ခြင်းတို့သည် ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် "Arakan Dream 2020" ဖြစ်ပြီး ရခိုင်ပြည်နယ်အား လွတ်မြောက်နယ်မြေဒေသအဖြစ် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ 

နိဂုံး

၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် AA လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်ကိုအကြောင်းပြု၍ ရခိုင်ပြည်နယ်အား လွတ်မြောက်ဒေသတစ်ခုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်နိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲများဖော်ဆောင်နေခြင်း ဖြစ်သည်ဟု  သုံးသပ်ရသည်။ မျိုးချစ်စိတ်အားအခြေခံ၍ လူမျိုးရေးမုန်းတီးစိတ်များ ထွန်းကားလာစေရေး တွန်းအားပေးခြင်းကို အခြေခံဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင် အင်အားစု လက်အတွင်းသို့ အလုံးစုံကျရောက်စေရေးအတွက်  စစ်ပွဲများဖော်ဆောင်၍ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌လည်း လူသားမျိုးနွယ်တစ်စုလုံး ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့်လုပ်ငန်းများအပြင် ဘာသာရေးအရ ခြားနားမှုရှိပြီး အပြန်အလှန်သတ်ဖြတ်မှုနှင့် ပြင်းထန်သော လူမျိုးရေးပဋိပက္ခများဖြစ်ခဲ့ဖူးသည့် ဘင်္ဂါလီလူမျိုးများ အပေါ်တွင်လည်း အတင်းအကျပ် စစ်မှုထမ်းစေခြင်းနှင့် သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်ပင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယနေ့ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ စစ်မီးတောက်လောင်မှုသည် မိုခါမုန်တိုင်းဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများစတင်ရန် ကြိုးပမ်းနေသည့် ပြည်သူလူထု၏ ဘဝလုံခြုံရေးကဏ္ဍများကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်ကောင်းစားရေးဖြစ်သော  ရခိုင်နိုင်ငံထူထောင်လိုမှု၊ ပြည်ထောင်စုမှခွဲထွက်လိုသော ဆန္ဒတို့ကို ရှေ့တန်းတင်သည့် ထွန်းမြတ်နိုင်ခေါင်းဆောင်သော AA အဖွဲ့၏ ဆောင်ရွက်ချက်သည်သာ အဓိကအကြောင်းတရား ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြလိုက်ရပါသည်။   ။

Source-Myawady Webportal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm