စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်

Posted_Date

Image

စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်

Body

ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့်  တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး  ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့် အိမ်တွင်းဆေးဝါးအဖြစ်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲလေ့ရှိကြသည်။

ကြက်သွန်ဖြူ၏အသုံးဝင်ပုံ

စားဖိုဆောင်သီးနှံကြက်သွန်ဖြူကို  အစိမ်းစားသုံးခြင်းသည်    ၎င်းတွင်   ပါဝင်သောဓာတ်များကို အပြည့်အဝရရှိစေနိုင်သော  စားသုံးနည်းတစ်ခုဖြစ်သည်။ အစာမစားရသေးမီ  မနက်ခင်းတိုင်းတွင် ကြက်သွန်ဖြူအမြွှာအနည်းငယ်ကို ရေတစ်ဖန်ခွက်နှင့် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူအစိမ်းစားသုံးခြင်းကဲ့သို့ပင်  ကြက်သွန်ဖြူအား  လက်ဖက်ရည်အဖြစ် မနက်ခင်းတိုင်း   သောက်သုံးပေးခြင်းသည်လည်း ကျန်းမာရေးအတွက်  များစွာအထောက်အကူပြုသည်။ ထိုသို့ သောက်သုံးရန်အတွက် ကြိတ်ခြေထားသော ကြက်သွန်ဖြူများကို  ရေတစ်ဖန်ခွက်ထဲသို့ထည့်ပြီး ကြိုချက်ပေးကာ  အနည်းငယ်ဆူပွက်လာပါက သစ်ကြံပိုးခေါက် ၁-၂ ဇွန်းထည့်မွှေပြီး နှစ်မိနစ်ခန့် ထပ်မံကြိုချက်ပေးပြီးနောက် အပူလျော့သွားပါက ပျားရည်နှင့်သံပရာရည်တစ်ဇွန်းစီထည့်မွှေ၍ သောက်သုံးနိုင်သည်။ ထို့ပြင် ကြက်သွန်ဖြူဆီအဖြစ် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးကောင်းသောဆီထဲသို့ ကြိတ်ခြေထားသော ကြက်သွန်ဖြူအမြောက်အမြားကိုထည့်သွင်းပြီး မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် အပူပေးရမည်ဖြစ်သည်။ ထို့နောက် ကြက်သွန်ဖြူဖတ်များကိုစစ်ထုတ်ပြီး  ဆီများကို ပုလင်းတစ်ခုထဲသို့စစ်ယူ၍ ရေခဲသေတ္တာတွင် သိုလှောင်သိမ်းဆည်းကာ နှစ်ပတ်ခန့်ကြာ  အသုံးပြုနိုင်မည်ဖြစ်သည်။

ကြက်သွန်ဖြူစိုက်ပျိုးရာဒေသ

ကြက်သွန်ဖြူသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲမှုမြင့်မားသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုမှုများပြားရုံသာမက ကမ္ဘာ့နေရာဒေသအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသောကြောင့် နှစ်စဉ် စိုက်ပျိုးဧရိယာများတိုးတက်လာပြီး ထုတ်လုပ်မှုလည်း မြင့်မားလျက်ရှိသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏  ၈၅ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့်  အခြားသောနိုင်ငံများမှာ တောင်ကိုရီးယား၊ အီဂျစ်၊ စပိန်၊ ယူကရိန်း၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်သည်။

အဓိကစိုက်ပျိုးသောမျိုး

မြန်မာနိုင်ငံတွင်  ကြက်သွန်ဖြူစိုက်ဧကပေါင်း ခုနစ်သောင်းနီးပါးခန့်ရှိပြီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သော  ရှမ်းပြည်နယ်တွင်  မိုင်းပန်၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် လဲချားမြို့နယ်တို့၌ ဧရိယာအမြောက်အမြား  စိုက်ပျိုးထုတ်လုပ်ကြပြီး ကျန်မြို့နယ်များတွင်လည်း  စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ကြက်သွန်ဖြူမျိုးများမှာ ရှမ်းမျိုး(အခွံဖြူ)၊ ရှမ်းမျိုး (အခွံနီ)နှင့် တရုတ်မျိုးတို့ဖြစ်ကြသည်။

ကြက်သွန်ဖြူစိုက်ပျိုးနည်း

ကြက်သွန်ဖြူကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မတ်လအတွင်းတွင် တူးဖော်ရိတ်သိမ်းလေ့ရှိသည်။  မြေချဉ်ငန်ဓာတ်   ၅   ဒသမ   ၅  မှ  ၆  ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ အပူအအေးသင့်လျော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်လျော်ဆုံးအပူချိန် ၁၈ ‒ ၂၀ ဒီဂရီစင်တီဂရိတ်တွင်  ဖြစ်ထွန်းပြီး ဥမှ အညှောက်ပေါက်ရန်အတွက် မြေတွင်းအပူချိန် ၂၂ ‒၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ ၂၇ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ၅ ‒ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံး ၁-၂ လရှိရန် လိုအပ်သည်။ တစ်ဧကလျှင် မျိုးအဖြစ်  ကြက်သွန်ဖြူဥ  ပိဿာချိန် ၂၅၀‒၃၀၀ ခန့်လိုအပ်သည်။ မျိုးဥအား အမြွှာကြီးပြီး ရောဂါကင်းသောမျိုးများကို အသုံးပြုရမည်။

မြေပြင်နည်း

တစ်ဧကတွင် သဘာဝမြေသြဇာ  ၁၀-၂၀ တန်၊ ယူရီးယားနှစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်အသုံးပြုရမည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကျမ်းတုံးရိုက်၍   ပေါင်ဖော်စိုက်ပျိုးလေ့ရှိသည်။ မြေခံအဖြစ် ယူရီးယားတစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်ထည့်ပေးပြီး   ကျန်ယူရီးယားတစ်အိတ်ကို ကြားပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်း ချိန်တွင် ထည့်ပေးရမည်။ ပေါင်အမြင့် ၈ လက်မ၊ အကျယ် ၃ ပေခန့်ထား၍ ပေါင်ဖော်ပြီး တစ်တန်းနှင့်တစ်တန်း ၄ လက်မခွာ၍  တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ စိုက်ပျိုးသည်။ စိုက်ပြီးပေါင်အမြင့်နှင့်အညီ ရေပေးသွင်းရသည်။ ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည် အထူးအရေးကြီးသည်။ လက်ဖြင့် ပေါင်းနှိမ်နင်းလေ့ရှိပြီး စိုက်ပြီး တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်နင်းပေးရမည်။ အပင်နှစ်လသားအထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရမည်။ မြေအလွန်ကျပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရမည်။ ကြက်သွန်ဖူးများကို  အပတ်စဉ်ချိုးပေးရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက ၄‒၅ ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ ရေသွင်းချိန် ရှစ်ကြိမ်မှ ၁၀ ကြိမ်ထိလိုအပ်သည်။ အပင်နှစ်လသား အမြင့် ၁ ပေခွဲခန့်ရှိချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ ပိုးမွှားရောဂါကျရောက်ပါက သင့်လျော်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်သည်။ အပင်သက်တမ်းမှာ ၁၃၅‒၁၅၀ ရက် ရှိသည်။ ပင်စည်နှင့် အရွက် ၁၅‒၂၅ ရာခိုင်နှုန်းခန့် ဝါလာလျှင်သို့မဟုတ် ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍   သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါက အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍  ဝါးတန်းပေါ်တွင်  အခြောက်ခံထားပါ။ နုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍  နေနှစ်ရက်ခန့်လှန်းထားနိုင်သည်။ တစ်ဧကပိဿာချိန်  ၁၅၀၀ မှ  ၃၀၀၀ ထိ ထွက်နိုင်သည်။ ကြက်သွန်ဖြူဥများ နုတ်သိမ်းရာတွင်  မြေကြီးထဲ၌  ဥများမကျန်ခဲ့စေရန် သတိပြုရမည်။

ကြက်သွန်ဖြူဈေးကွက်

ကြက်သွန်ဖြူဈေးနှုန်းများသည် ယေဘုယျအားဖြင့် ဇန်နဝါရီလမှ  မေလအတွင်း  ဈေးနှုန်းအမြင့်ဆုံးရရှိလေ့ရှိကြပြီး ဇွန်လမှ‌ အောက်တိုဘာလအတွင်းတွင် ဈေးအနိမ့်ဆုံးရရှိလေ့ရှိကြသည်။ ရှမ်းကြက်သွန်ဖြူများသည် တရုတ်ကြက်သွန်ဖြူများထက် ဈေးနှုန်းပိုမိုမြင့်မားတတ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သည့်အတွက် လူကြိုက်များသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလေ့ရှိပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချမှုအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(မြေပြန့်)အဖြစ် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြပြီး တရုတ်ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(ကြူကုတ်)အဖြစ် ရောင်းချလေ့ရှိသည်။

မြန်မာနိုင်ငံသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဓိကဒေသဖြစ်သော ရှမ်းပြည်နယ်တွင် စိုက်ဧကသောင်းချီ၍နှစ်စဉ်  စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ထွက်ရှိသော ပြည်တွင်းကြက်သွန်ဖြူမျိုးများဖြစ်သည့် ဗမာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူတို့သည် အနံ့အရသာပိုမိုကောင်းမွန်သည့်အတွက်  ပြည်တွင်းဈေးကွက်အခိုင်အမာရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်၍ တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများကို ဈေးနှုန်းသက်သာစွာဝယ်ယူတင်သွင်းခဲ့သဖြင့်မြန်မာ့ကြက်သွန်ဖြူမျိုးများသည်  ဈေးကွက်လွှမ်းမိုးမှုဒဏ်ကြုံတွေ့ခဲ့ရသည်။ အရွယ်အစားကြီးပြီး အခွံခွာရလွယ်ကူသဖြင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။

ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများသည် တရုတ်ပြည်မှ   ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ခြင်းနှင့်   ရှမ်းကြက်သွန်ဖြူများ၏ထုတ်လုပ်မှုအခြေအနေများအပေါ်မူတည်၍ပြောင်းလဲနိုင်သဖြင့် တရုတ်ကြက်သွန်ဖြူများ၏ အဓိကဝင်ရောက်သည့်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကို    ထိန်းချုပ်ပေးခြင်းနှင့်  ပြည်တွင်းကြက်သွန်ဖြူများ၏ဈေးကွက်ကို ချဲ့ထွင်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းဈေးကွက်ပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories