သောတအာရုံကောင်းစေချင်

Posted_Date

Image

သောတအာရုံကောင်းစေချင်

Body

မြန်မာစာပေစကားတွင် မျက်စိအဆုံး၊ နားအရှုံးဟူသောဝေါဟာရ ကို သုံးလေ့ရှိကြသည်။ အကြားအာရုံချို့ယွင်းခြင်းကြောင့် လူဖြစ်မရှုံး သော်လည်း မိမိကိုယ်ကို ယုံကြည်မှုကင်း၍ လူ၀င်မဆံ့ဖြစ်လာတတ် သည်။ အာရုံခံ (၆) ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သောတအာရုံ ကောင်းမွန်ကြစေရန်ရည်ရွယ်၍ ဤဆောင်းပါးဖြင့် အကြံပြုရေးသား လိုပါသည်။

နား သို့မဟုတ် သောတအာရုံ

နားတစ်စုံတွင် အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍   အပိုင်းသုံးပိုင်းရှိသည်။  အပြင်နားဟူသည်မှာ  နားရွက်နှင့်နားလမ်းကြောင်းဖြစ်ပြီး  အသံလှိုင်းများကိုလက်ခံ၍   နားစည်ကိုရိုက်ခတ်တုန်ခါပေးသည်။ ထို့နောက် အလယ်နားထဲရှိ အရိုးငယ်လေးများက အသံလှိုင်းများကိုထိရိုက်သည်။ ယင်းမှတစ်ဆင့်အတွင်းနားထဲရှိ အရည်ကိုတုန်ခါ စေပြီး အသံလှိုင်းကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသောနည်းဖြင့် အကြားအာရုံကို ဦးနှောက်ထံပို့ဆောင်ပေးသည်။

အတိတ်ကံအကျိုးဆက်ကြောင့် တချို့သူများတွင် မွေးရာပါအကြားအာရုံချို့ယွင်းလာကြသကဲ့သို့  ကိုယ်ဝန်ဆောင်ကာလနှင့်မွေးကင်းစတွင်ဖြစ်ပွားလေ့ရှိသောရောဂါများနှင့်ဆက်စပ်နေခြင်းကြောင့် အကြားအာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။ လူအများစုကလည်း မကြာ ခဏအိပ်ရေးပျက်ခြင်း၊    ဖုန်းအမြဲနားထောင်၍  အလုပ်လုပ်ရခြင်း၊ပတ်၀န်းကျင်ဆူညံသံများဖုံးလွှမ်းသောနေရာ၌   အလုပ်လုပ်ရခြင်း၊ နားကြပ်တပ်၍  သီချင်းများနားထောင်လေ့ရှိခြင်း  စသည်တို့ကြောင့် နားအူခြင်း၊ နားလေထွက်ခြင်း၊ နားယားခြင်းတို့ဖြစ်ပွားတတ်ပြီး အခန့်မသင့်ပါက နားကန်းသွားတတ်သည်။

ထို့ပြင် အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် တခြားရောဂါပိုးများဝင်ရောက်ခြင်း၊   နားအနောက်ဘက်နှင့် လည်ချောင်းအတွင်း ဂလင်း(အကျိတ်)ရောင်ခြင်း၊   နားပြည်ယိုခြင်း၊ နားစည်နှင့်လည်ချောင်းပြွန်ပိတ်ဆို့ခြင်း၊နားကိုထိခိုက်မိခြင်းနှင့် ကျယ်လောင်သောအသံ စသည်တို့ကလည်း အကြားအာရုံချို့ယွင်းစေ နိုင်သည်။ နား၊ နှာခေါင်း၊ လည်ချောင်းတို့သည် အာရုံကြောများနှင့် ဆက်စပ်နေသဖြင့်  နားထဲပိုး၀င်ပါက  ဦးနှောက်ကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် နားကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိရှိထားကြရန်လိုအပ်သည်။

- နားကျန်းမာရေးအတွက် နားဝန်းကျင်ပြင်ပသန့်ရှင်းမှုကလည်း အရေးကြီးသည်။ ထို့ကြောင့် ရေချိုးပြီးစတွင်   မျက်နှာသုတ်ပဝါ စိုထိုင်းထိုင်း သို့မဟုတ် တစ်သျှူးတို့ဖြင့် နားပြင်ပတစ်ဝိုက်ကို  သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။

- နားကျပ်ဆီတစ်မျိုးဖြင့် နားသန့်စင်ပေးနိုင်သည်။  သို့သော်   ယင်း အဆီများကို ပိုမိုသုံးစွဲမိပါက ကြေးညှော်တက်ကာ  အကြားအာရုံ ပိတ်ဆို့တတ်သောကြောင့် လိုအပ်သည်ထက်ပိုမသုံးသင့်ပေ။

- နားပိုး၀င်ခြင်းအစ နားကျပ်ဂွမ်း၊ မီးခြစ်ဆံ၊ နားဖာကလော်တို့ကဟု မှတ်သားထားပါ။

- နားအတွင်းယားယံ၍ နာကျင်လာပါက ကုသမှုခံယူပါ။

- အကယ်၍ နားဖောက်မည်ဆိုပါက   မေးခိုင်ပိုးမ၀င်စေရန်နှင့် အနာမရင်းစေရန် နားပတ်လည်နှင့် နားသီးတို့ကို အရက်ပြန်ဖြင့် သုတ်လိမ်းပေးပါ။

- ချွန်ထက်သော ကလစ်၊  နားကျပ်တံများက နားအတွင်းနံရံများ နှင့်   နားစည်ကိုထိခိုက်ဒဏ်ရာရစေတတ်၍ထိုပစ္စည်းများဖြင့် နားသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

- လူတချို့က နားကိုသန့်ရှင်းစင်ကြယ်အောင်     နားပေါက်ထဲရေလောင်းထည့်တတ်ကြသည်။  ထိုနည်းလမ်းကလွန်စွာမှားယွင်း နေပြီး နားဖာချေးများက အနောက်ဘက်သို့ပြန်ရောက်ကာ ပိတ်ဆို့ သွားတတ်သည်။

- သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့က နားဖာချေးများကို ပျော့ပျောင်း စေပြီး  အပြင်သို့ အလွယ်တကူထွက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

- နှာခေါင်းပေါက်  တစ်ဖက်ချင်းစီကို  လက်ဖြင့်ပိတ်ပြီးမှသာလျှင်  နှပ်ချေးညှစ်ထုတ်သင့်ပါသည်။ သို့မဟုတ်ပါက နားထဲသို့ ကူးစက် ပိုး၀င်ကာ နားအူစေတတ်သည်။

- နားထဲမှ အရည်များယိုစီးကျခြင်းသည် ကူးစက်ပိုး၀င်ခြင်းဖြစ်၍အမြန်ဆုံးကုသမှုခံယူသင့်သည်။

ဖျားနာပျောက်ဆေးများနှင့် နားအန္တရာယ်

ဖျားနာပျောက်ဆေးများ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ပိုးသတ် ဆေးပြင်းပြင်း သောက်သုံးရသည့်အခါ ယင်းဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးအဖြစ် နားထဲမှလေထွက်ခြင်း၊ နားအူခြင်း၊ နားထဲတွင် ဆူညံ သံများဆက်တိုက်ကြားရခြင်း   စသည်ဖြင့်   အကြားအာရုံထိခိုက်စေသည်။ ထိုအခြေအနေမျိုးတွင် တတ်ကျွမ်းနားလည်သောဆရာ၀န်နှင့် အမြန်ဆုံး ပြသ၍ ကုသမှုခံယူသင့်သည်။

- တချို့အလုပ်ရုံ၊  စက်ရုံများနှင့် လုပ်ငန်းခွင်များသည် နား၏ခံနိုင်ရည်အသံလှိုင်းထက်ကျယ်လောင်ကာ နားစည်တုန်ခါမှုကို အနှောင့်အယှက်ဖြစ်စေ၍နားအကာအကွယ်ကိရိယာများ တပ်ဆင်သင့်သည်။

- iPod  နှင့်  MP3  player  များဖြင့်  အချိန်ကြာမြင့်စွာ သီချင်းနားထောင်ခြင်းကလည်းနားကို အန္တရာယ်ဖြစ်စေတတ်သဖြင့် သတိပြုဆင်ခြင်သင့်သည်။

- လေ့လာဆန်းစစ်ချက်များအရကမ္ဘာပေါ်တွင်အကြားအာရုံချို့ယွင်းသူအများစုသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ယင်း တို့သည် အသက် ၁၀ နှစ်အရွယ်မတိုင်မီကစ၍ အသံနှုန်းမြှင့်ကာ နားကြပ်ဖြင့် အသံကျယ်ကျယ်သီချင်းနားထောင်လေ့ရှိကြောင်း၊ ထိုသို့ ကာလတာရှည်နားထောင်ခြင်းက  လုံး၀နားကန်းသွားနိုင်ကြောင်း တွေ့ရသည်။

- အသံပါဝါယူနစ်ဟူသည်မှာ အသံအတိုးအကျယ် တိုင်းတာနှုန်း ထားဖြစ်ပြီး  နားကြပ်မှ  အသံပါဝါယူနစ်ကို  ၈၅  အထိထား၍ တစ်ရက်လျှင် ရှစ်နာရီကြာ သီချင်းနားထောင်သည့်အခါ  ယာယီ နားကန်းသွားစေနိုင်ကြောင်း၊ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိထား၍ လေးနာရီကြာမျှ    သီချင်းနားထောင်သောအခါတွင်လည်း ယာယီနားကန်းသွားစေကြောင်း၊  အကယ်၍  အသံပါဝါ ယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍  သီချင်းနားထောင်ပါက ၁၅  မိနစ်အချိန်တွင်းမှာပင်  နား(လုံးဝ)  ကန်းသွားနိုင်ကြောင်း  ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ  Dr. Brian Fligor က ဆိုသည်။

- အိမ်တွင်းစတူဒီယိုနှင့် အသံသွင်းခန်းမများသည် နားစည်တုန်ခါမှုဖြစ်စေတတ်သဖြင့်  အသံပမာဏနှုန်းကို နှိမ့်ထားသင့်သည်။

- အင်တာနက်ဂိမ်းဆိုင်တချို့တွင်နားကြပ်ကိုလူတကာသုံးစွဲထားသောကြောင့်ဗက်တီးရီးယားပိုးမွှားများကိုလက်ဆင့် ကမ်းသယ်ဆောင်သွားကြပြီး နားထဲပိုး၀င်နိုင်သည်။  ထို့ကြောင့် မိမိကိုယ်ပိုင်နားကြပ်သီးသန့်သုံးစွဲသင့်သည်။

- မဖြစ်မနေ နားကြပ်တပ်သုံးရသည့်အခါ နားစည်တုန်ခါမှုမပြင်းထန်စေရန် နားကြပ်ကို နားကလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါ နှင့်။ မိမိကြားလောက်ရုံမျှသာ  အသံပမာဏကို  ချိန်ဆ၍လျှော့ သုံးပါ။ နားကြပ်သုံးစွဲချိန်ကို တစ်နာရီပြည့်တိုင်း ငါးမိနစ်နားပါ။

- တယ်လီဖုန်းများနှင့်  ဟန်းဖုန်း volume  များ  လျှော့ထားခြင်း ဖြင့် နားထိခိုက်မှုမှ ကြိုတင်ကာကွယ်ရာရောက်သည်။

- မော်တော်ဆိုင်ကယ်၊ စကိတ်၊ မြင်းစီးခြင်း စသည်တို့သည် ဦးခေါင်းနှင့်  နားကိုထိခိုက်စေသောကြောင့်  နားကာဦးထုပ်များ ဝတ်ဆင် ထားသင့်သည်။

- ရေထဲသို့ ဒိုင်ဗင်ထိုးချခြင်း၊ ရေကူးခြင်းနှင့် ရေထဲတွင် အလုပ်လုပ် ရခြင်းကြောင့်   ရေထုဖိအားက  နားကိုအနှောင့်အယှက်ဖြစ်စေသဖြင့် နားအကာအကွယ်ပစ္စည်းတပ်ဆင်ထားသင့်ပါသည်။

- လေယာဉ်စီးနေစဉ် လေထုဖိအားမှကာကွယ်ရန်   အထူးဆန်ခါပါသော နားကြပ်တပ်ဆင်ထားခြင်း၊ နားထဲရှိလေဖိအားကို  မျှခြေ ဖြစ်စေရန် မကြာခဏတံတွေးမျိုချခြင်း သို့မဟုတ် ပါးစပ်ဟ၍သမ်းခြင်း၊   အအေးမိနှာစေးနေပါက   လေယာဉ်ပေါ်မတက်မီ တစ်နာရီခန့်ကြိုတင်၍   နှာချေပျောက်ဆေးသောက်ထားခြင်း စသည်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသင့်သည်။

- အကြားအာရုံကောင်းမွန်သော်လည်း နားလည်တတ်ကျွမ်းသော ဆရာ၀န်ဖြင့် နားကိုပုံမှန်စစ်ဆေးကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှကာကွယ်ရန်     နားတစ်ဝိုက် sunscreen လိမ်းခြင်း၊ မတော်တဆထိခိုက်မှုကြောင့် နားရောင်ရမ်း နာကျင်နေပါက   ဆရာ၀န်နှင့်ပြသစစ်ဆေးခြင်း    စသည်ဖြင့်အထွေထွေစောင့်ရှောက်မှုများ ပြုလုပ်သင့်သည်။

အကြားအာရုံဆုံးရှုံးခြင်းကိုအောက်ပါလက္ခဏာများက ဖော်ပြလျက်ရှိသည်။

- တစ်ဖက်လူဖြေဆိုသောစကားကိုမကြား၍   ထပ်ခါထပ်ခါတူညီသောမေးခွန်းမေးနေခြင်း၊

- အမေးနှင့်အဖြေတလွဲဖြစ်နေခြင်း၊

- တယ်လီဖုန်းပြောသောအခါ သေသေချာချာမကြားရခြင်း၊

- တီဗွီ၊ ရေဒီယို၊ ကက်ဆက်အသံများကို တခြားသူများထက် အသံ နှုန်းပမာဏတိုးမြှင့်မှသာ ပီသစွာကြားနိုင်ခြင်း၊

- မိမိကို   စကားပြောလာသည့်  တစ်ဖက်လူများအပေါ်   စကား မပီမသပြောနေကြသည်ဟု မကြာခဏသံသယ၀င်မိခြင်း၊

- ပတ်ဝန်းကျင်ရှိ ငှက်လေးများ၏အော်မြည်သံကို သဲသဲကွဲကွဲမကြား ရခြင်း၊

- တစ်ဖက်လူပြောဆိုသောစကားကို  သဲသဲကွဲကွဲမကြားရသဖြင့် ဟန်ဆောင်၍ ခေါင်းညိတ်၊ ခေါင်းခါ၊ ပြုံးပြနေရခြင်း၊

- ကြည်ကြည်လင်လင်မကြားရ၍ပြောနေသောစကားဝိုင်းမှ ရှောင်ထွက်လာရခြင်း၊

- တစ်ဖက်လူ၏နှုတ်ခမ်းကိုကြည့်ပြီးမှသာမိမိက ခက်ခဲပင်ပန်းစွာ စကားဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ခြင်း၊

- ပြင်ပ ပယောဂအသံကြောင့်မဟုတ်ဘဲ နားထဲတွင် အလိုအလျောက် တဝီဝီအသံများ   အဆက်မပြတ်ကြားနေခြင်း    စသည်တို့ဖြစ်သည်။

ထို့ကြောင့်   လူသားအားလုံး အကြားအာရုံချို့ယွင်းမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုရေးသားလိုက်ပါသည်။

Source: https://myawady.net.mm/stories