အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Posted_Date

Image

အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Body

တစ်ခေတ်ဆန်းလာသော အသားတိုးနွားမွေးမြူရေးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲကောင်ရေ  ၈၇၀၅၅၇ ကောင်၊ နို့စားကျွဲကောင်ရေ  ၄၁၁၇ ကောင်၊  ခိုင်းနွားကောင်ရေ၈၈၄၉၁၁၈ ကောင်၊ နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်၊ အသားတိုးနွားကောင်ရေ ၇၄၆၄ ကောင်၊ သိုး၊ ဆိတ်ကောင်ရေ ၂၅၆၄၁၄၆ ကောင်၊  ဝက်ကောင်ရေ ၄၄၇၁၉၆၂ ကောင်၊ ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊  ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်၊ ဒေသဘဲကောင်ရေ ၃၉၃၆၀၉၁ ကောင်၊ ဥစားဘဲကောင်ရေ ၁၅၄၀၀၀၇ ကောင်၊ အသားစားဘဲကောင်ရေ ၁၀၅၃၆၄ ကောင် မွေးမြူထားရှိသည်။ 

စာရင်းကောက်ယူရရှိသော အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန် မွေးမြူထားသောအိမ်ထောင်စုဦးရေ၏ ၄၅ ရာခိုင်နှုန်း ခန့်သည် ကျွဲ၊ နွားမွေးမြူသူများဖြစ်သည်ကိုတွေ့ရှိရသည်။ ယခင်က ဒေသနွားများကို ခိုင်းနွားအဖြစ် အဓိကထားမွေးမြူကြသော်လည်း ယခုအခါ ဒေသနွားများကို အသားစားနွားအဖြစ် ထိန်းကျောင်းကျွေးမွေး၍ နိုင်ငံခြားသို့ရောင်းချခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာကြသည့်အပြင် နိုင်ငံခြားအသားစားနွားမျိုးများကိုလည်းဒေသနွားမဖြင့်မျိုးပွား၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော မေထုန်မဲ့ မျိုးရည်ခဲချောင်းများဖြန့်ဝေပေးခြင်းနှင့် မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ပါ၍ အမဲသားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက်  အသားစားနွားမျိုးများအကြောင်း၊ အသားစားနွားမျိုးရွေးချယ်မွေးမြူနည်း၊ အစာရွေးချယ်ခြင်းနှင့် အခြေခံအာဟာရဗေဒပညာ၊ အသားစား နွားများတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ မေထုန်မဲ့မျိုးမြှင့်တင်ခြင်း၊ စားကျက်စိုက်ခင်းထူထောင်ခြင်း၊ ကျွေးမွေးခြင်းနည်းပညာနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်းဖော်ပြအပ်သည်။

အသားစားနွားမျိုးများ

ကမ္ဘာပေါ်တွင် အသားစားနွားမျိုးပေါင်း ၂၅၀ကျော်ရှိပြီး မွေးမြူသူအကြိုက်မျိုး ၁၂ မျိုးရှိသည့် အနက်  မြန်မာနိုင်ငံတွင်ဖြစ်ထွန်းပြီး မွေးမြူသူနှစ်သက်သည့်မျိုးလေးမျိုးမှာ-

(က)  ဘရာမင် (BRAHMAN)

အိန္ဒိယနွားမျိုးဖြစ်သော Guzeart, Nellore နှင့် Gir အစရှိသည့် ဇီဘူး (ZEBU)နွားမျိုးမှာ မျိုးမြှင့်ထုတ်လုပ်ထားသောနွားမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သည်။ ဦးချိုပါသည်။ ကြီးမားထင်ရှားသောဘို့ပါရှိသည်။ နားရွက်ရှည်ပြီး လည်ပတ်ကြီးသည်။ အမွေးအရောင်မှာ မီးခိုးဖျော့၊ အနီ၊ အနက်တို့ရှိပြီး အဓိကအရောင်မှာ မီးခိုးရောင်ဖြစ်သည်။  နွားထီးသည် ကိုယ်အလေးချိန် ၈၀၀ မှ ၁၁၀၀ ကီလိုဂရမ်ထိရှိပြီး နွားမသည်  ၅၀၀ မှ ၇၀၀  ကီလိုဂရမ်ထိရှိသည်။ ကာလတိုအတွင်း အသားထုတ်လုပ်မှုကောင်းသော မျိုးများအနက်ထင်ရှားသောမျိုးဖြစ်သည်။

(ခ)  အန်းဂတ် (ANGUS)

မူရင်းမှာစကော့တလန်နွားမျိုးဖြစ်ပြီးထင်ရှားသော အသားစားနွားမျိုးတစ်မျိုးဖြစ်သည်။အန်းဂတ်အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၈၅၀ကီလိုဂရမ်ရှိပြီး အမသည် ၇၅၀ ကီလိုဂရမ်ရှိသည်။ ဘရာမင်နှင့်နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အရွယ်အစားသေးငယ်သောအသားစားနွားမျိုးဖြစ်သည်။ ဆလင်ဒါပုံပြည့်ဖြိုးသောခန္ဓာကိုယ်အနေအထားရှိပြီး အနီနှင့် အနက်ရောင်ရှိသည်။ ဦးချိုမဲ့မျိုးဖြစ်သည်။ အသားအရည်အသွေးကောင်းမွန်မှုအတွက် လူကြိုက်များသည့်နွားမျိုးဖြစ်သည်။

(ဂ)  ဘရမ်းဂတ် (BRANGUS)

အန်းဂတ်နှင့်ဘရာမင်မျိုးဖြစ်သည်။ အသားနှင့်နို့အတွက်ပါမွေးမြူနိုင်သော ထုတ်လုပ်မှုကောင်းသည့်နွားမျိုးဖြစ်သည်။ ထိန်းကျောင်းရလွယ်ကူပြီး အမများသည် မျိုးအောင်နှုန်းနှင့်  နို့ထွက်နှုန်းမြင့်သည်။

အခြားမျိုးများနှင့်နှိုင်းယှဉ်ပါကအရွယ်ရောက်ချိန် အနည်းငယ်နောက်ကျသည်။  ရာသီဥတုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ အနီရင့် သို့မဟုတ် အနက်ရောင်အမွေးရှိသည်။ အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၉၀၀ ကီလိုဂရမ်ရှိပြီး အမသည် ၆၅၀ ကီလိုဂရမ်ရှိသည်။

(ဃ) ရင်လင်း(Yunling)

ဘရာမင် ၅၀ ရာခိုင်နှုန်း၊ တရုတ်ယူနန်ဒေသနွားမျိုး၂၅ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုကောင်းသော အခြား အပူပိုင်းဒေသနွားမျိုး ၂၅ ရာခိုင်နှုန်းဖြင့်  မျိုးကွဲသုံးမျိုးပေါင်းစပ်ထားသည့် Yunling နွားမျိုးသည် ကြီးထွားနှုန်းမြန်ခြင်း၊ အသားအရည်အသွေးကောင်းမွန်ခြင်း၊ ပူပြင်းစိုစွတ်သောရာသီဥတုတွင်  ခံနိုင်ရည်ရှိခြင်း၊မှက်၊ခြင်ဒဏ်ခံနိုင်ခြင်းအပါအဝင် အားသာချက်များစွာရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီး၌ မွေးမြူလျက်ရှိသည်။

အသားစားနွားမျိုးရွေးချယ်ရာတွင် အဓိကကျသည့် အချက်များရွေးချယ်သောမျိုးသည် ကြီးထွားနှုန်းကောင်းခြင်း၊ထုတ်လုပ်မှုစွမ်းရည်မြင့်ခြင်းနှင့်  စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်းတို့သည် ဟန်ချက်ညီနေရမည်ဖြစ်သည်။

ဥပမာ- ကြီးထွားနှုန်းကောင်းသော်လည်း စားသုံးသူကြိုက်နှစ်သက်သောအသားအရည်အသွေးမပြည့်စုံပါက ဈေးကွက်မအောင်မြင်၍ စီးပွားရေးအရ ဆုံးရှုံးနိုင်သည်။ထုတ်လုပ်မှုမြင့်သော်လည်း အစာအာဟာရပိုင်းတွင်ကုန်ကျစရိတ်မြင့်မားနေပါက စီးပွားရေးအရ တွက်ခြေမကိုက်ပါ။

မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိသောမျိုးဖြစ်ခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်း၊ မျိုးသားပေါက်ဝယ်ယူရန် လွယ်ကူမှုရှိခြင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ကျွဲ၊ နွားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်များဖြင့် မိမိတို့နိုင်ငံမှမွေးမြူသူအများစုသည် ဘရာမင်အသားစားနွားမျိုးကို ရွေးချယ်ခဲ့ကြသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ဘရာမင်၊ အင်ဒိုဘရာဇီးနှင့် အန်းဂတ်နွားမျိုးတို့ကိုစမ်းသပ်မွေးမြူခဲ့ရာ ဘရာမင်နွားမျိုးကိုမြန်မာ့မွေးမြူသူများက ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့ရ၍ ဒေသနွားမများကိုဘရာမင်မျိုးရည်ခဲချောင်းဖြင့် မေထုန်မဲ့မျိုးပွားနိုင်ရန် ဌာနမှ ဘရာမင် ၁၀၀ ရာခိုင်နှုန်း မျိုးသန့်နွားသိုးဝယ်ယူ၍ မျိုးရည်ခဲချောင်း  ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် ထိုင်းနိုင်ငံမှ မျိုးရည်ခဲချောင်းများမှာယူ၍ ဖြန့်ဖြူးမျိုးပွားပေးခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်တွင်ဘရာမင်မျိုးအသားစားနွားများကိုဈေးကွက်တွင်ထုတ်လုပ်ရောင်းချနိုင်သည့်  မွေးမြူသူများပေါ်ထွက်လာပြီဖြစ်သည်။ ဌာနမှလည်း ဘရာမင်မျိုးနွားမတမ်းများကို မွေးမြူသူများထံမှ ရွေးချယ်ဝယ်ယူ၍ အသုံးချသုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

နွားခြံတည်ထောင်ခြင်း

နွားခြံတစ်ခုတည်ထောင်မည်ဆိုလျှင်အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရမည်။ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံ ဉာဏ်ရယူနိုင်သည်။

၁။  မြေနေရာရွေးချယ်ခြင်း

(က)   လူနေရပ်ကွက်၊ကျေးရွာနှင့်သတ်မှတ်ထားသော အကွာအဝေးရှိရမည်။

(ခ)     သန့်ရှင်းသောသောက်သုံးရေရရှိရမည်။

(ဂ)     လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာစွမ်းအင်ရရှိရမည်။

(ဃ)   လိုအပ်သော အဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်နှင့် အကျိုး အမြတ်ပိုမိုရရှိစေရေးအတွက်စားကျက်စိုက်ခင်းထူထောင်ရန် လုံလောက်သောအကျယ်အဝန်း ရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။

၂။  အဆောက်အအုံတည်ဆောက်ခြင်း

(က)   မိမိဒေသ   ရာသီဥတုနှင့်ကိုက်ညီသောဒီဇိုင်းဖြင့်ဆောက်လုပ်နိုင်ရမည်။သစ်၊ဝါးစသည့်  သစ်တော ထွက်ပစ္စည်းများအစား သံနှင့် သံထည် ပစ္စည်းများဖြင့် ဆောက်လုပ်ပါက အမိုးအမြင့် အနည်း ဆုံး ၁၀ ပေထား၍တိရစ္ဆာန်များ  အပူဒဏ်မခံရ စေရန်နှင့်  လေဝင်လေထွက် ကောင်းစေရန် စီမံပေးရမည်။

(ခ)     တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သော နေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီ ဆောက်လုပ်နိုင်ရမည်။

(ဂ)     လေဝင်လေထွက် ကောင်းမွန်ပြီးလုံလောက်သော အလင်းရောင်ရရှိစေရမည်။ ရေစီး ရေလာ ကောင်းမွန်ရန် ပြင်ဆင်ရာတွင်ချောမွတ်သောကြမ်းခင်းမဖြစ်ရ။

(ဃ)   မွေးမြူမည့်  နည်းလမ်း/ရည်ရွယ်ချက်နှင့်အညီ လိုအပ်သော အဆောက်အအုံများတည်ဆောက်ပေးရမည်။

ဥပမာ-အသားထုတ်ရန်အတွက်သာ သီးသန့်မွေးမြူပါကသားမွေးနှင့် သားထိန်းဆိုင်ရာ အခန်း/ အဆောက်အအုံငယ်များထည့်သွင်းရန်မလိုအပ်ပါ။

(င)     နာမကျန်းတိရစ္ဆာန်  သီးသန့်ဆောင်နှင့် ဆေးဝါးကုသဆောင်ထည့်သွင်းရမည်။

(စ)     ဇီဝလုံခြုံမှုနည်းလမ်းများနှင့်အညီလိုအပ်သော စာရင်းနှင့်မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင် ရန် အလုပ်ရုံးခန်းနှင့် အလုပ်သမား နေအိမ်များတည်ဆောက်ရမည်။

(ဆ)   အစာကြမ်း၊ အစာနုများ သိုလှောင်ရန်သီးခြားအဆောက်အအုံ တည်ဆောက်ရမည်။  အဆောက် အအုံဆောက်လုပ်ခြင်းဆိုင်ရာသိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် ဆက်သွယ်၍ အကြံဉာဏ် ရယူနိုင်သည်။

၃။ သွင်းအားစုများထည့်သွင်းခြင်း

(က)   မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော နွားမျိုးထည့်သွင်းရန်။

(ခ)     အစာကြမ်း၊  အစာနုနှင့်  အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်။

(ဂ)     နွားခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးပစ္စည်းများထားရှိရန်။

          ဥပမာ-အစာကြမ်း ရိတ်ဖြတ်စက်၊ အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊ အညစ်အကြေးသန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊ တိရစ္ဆာန် ထိန်းချုပ်ပစ္စည်းများ။

(ဃ)   တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်။

(င)     မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီးဇီဝလုံခြုံမှုနှင့်ကိုက်ညီသောခြံစည်းရိုးကာရံရန်နှင့် ခြံအဝင် အထွက်ပေါက်တွင်ပိုးသတ်ဆေးကန်ထားရှိရန်။

နွားခြံအဆောက်အအုံသည် မွေးမြူမည့်ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် မိမိသုံးစွဲမည့်ငွေကြေးအရင်းအနှီးအင်အားအပေါ်မူတည်၍ ဆောက်လုပ်နည်းနှင့် အဆောက်အအုံဒီဇိုင်းကွဲပြားသည်။မည်သည့်နည်းစနစ်ဖြင့်မွေးမြူသည်ဖြစ်စေ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် သန့်ရှင်းသောသောက်သုံးရေ  အလုံအလောက်ရရှိစေရန်၊ ရေစီးရေလာကောင်းမွန်ရန်နှင့်  ကုန်ထုတ်လမ်းရရှိရန်လိုအပ်သည်။        

ဆက်လက်ဖော်ပြပါမည်။

Source: https://myawady.net.mm/stories