ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်၍ ပြည်ထောင်စုနေ့အခမ်းအနားကို ဦးတည်ချက်များ ချမှတ်ကာ နှစ်စဉ် နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ပါသည်။ ၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များတွင် ပြည်ထောင်စုနေ့သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသည်။ ၁၉၅၄ ခုနှစ် မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့ သဘင်ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင် ဖြစ်ပါသည်။ ထိုနှစ်တွင် တိုင်းရင်းသားလူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြခန်းများ၊ ကြိုဆိုပွဲများဖြင့် တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ ပြည်သူများက သောင်းသောင်းဖျဖျပါဝင် တက်ရောက်ကြသည့်အတွက် တည်ရှိပြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထပ်လောင်းခိုင်မာစေပါသည်။

ပြည်ထောင်စုနေ့ ဖြစ်တည်လာပုံမှာ ရှေးယခင်က မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မြန်မာတစ်နိုင်ငံလုံး စည်းစည်းလုံးလုံး ရှိခဲ့ဖူးပါသည်။ ဗြိတိသျှအစိုးရလက်အောက်မှာ စတင်ပြီး မြန်မာနိုင်ငံတော်ကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန်အတွက် တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု စတင် ပြိုကွဲခဲ့ရပါသည်။ အနှစ် ၇၀ မျှကာလပတ်လုံး ဗြိတိသျှလက်အောက်မှလွတ်မြောက်ရေးကို ကြိုးပမ်းရာမှာ မြေပြန့်သားနှင့် တောင်တန်းသားတို့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ သို့ပေမယ့် “သေသော်မှတည့်၊ ဪ…ကောင်း၏” ဆိုရိုးစကားအတိုင်း ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာမှာတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခဲ့ကြပါသည်။ လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းဆောင်ရွက်ခဲ့ကြပါသည်။ 

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလ ညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သောပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းဗဟိုချက်၌ရှိသော ပင်လုံမြို့မှာ ရှမ်းစော်ဘွားများညီလာခံကို ကျင်းပခဲ့ပြီး မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်းပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောအဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ ပြည်မနှင့် တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့ပါသည်။ သို့ပေမယ့် တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောထားသက်ဝင်သော အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဆိုက်ရောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေအချိန်တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၃ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားကို သန္ဓေတည်ခြင်းပင်ဖြစ်ပေသည်။ ထိုကဲ့သို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို "ပြည်ထောင်စုနေ့"ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။

ထိုကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စုတိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ ထို့အတူ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံးက တက်ညီလက်ညီနှင့် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သလို တိုင်းရင်းသားပြည်သူများအတွင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားနေရမည် ဖြစ်ပါသည်။ နိုင်ငံတစ်ခုအတွက်အသက်ကား ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေသည်။ ‘နွားကွဲလျှင် ကျားဆွဲမည်’ ဖြစ်သောကြောင့် တိုင်းရင်းသားအားလုံး၏ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ အေးအတူပူအမျှ မျှဝေခံစားတတ်သော စိတ်ဓာတ်တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဇွန်ဖြူရေးသားသည့် “ပြည်ထောင်စု”ကဗျာလေးမှ ကောက်နှုတ်ချက်ဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

“အေးချမ်းသာယာ ပြည်မြန်မာမှာ

စည်ကာပေါင်းစု အကြောင်းပြုလို့

ကောင်းမှုဝေဖြိုး အလှတိုး

ဆွေမျိုးတစ်စု နေထိုင်ပြုခဲ့…

အပေါင်းသဟာ စုတည်ထောင်တဲ့

တို့ပြည်ထောင် တစ်လွှားမှာဖြင့် 

အစဉ်သာ စည်ဖြိုးဖို့

စုပေါင်းဆောင်ရွက်ကြပါစို့”

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ပါစေ                   

                                                                     

မှီငြမ်း

၁။     www.wiki .com

၂။      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော ‘ပြည်ထောင်စုတိုင်းရင်းသား’ မဂ္ဂဇင်း

၃။     ငြိမ်းချမ်းဝင်း(ကမ္ဘာအေး)၏ ‘ဆုရစာစီစာကုံးများ’

၄။     ဦးဝမ်ထိန်၏ ‘ကမ္ဘာနေ့ကြီးရက်ကြီးများနှင့် မြန်မာ့နေ့ကြီးရက်ကြီးများ’ စာအုပ်

ရဲရင့်

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်ဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ရပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့်ပြည်သူလူထု လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရသကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပြည်သူလူထု၏ ဆောင်ရွက်ချက်များသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်မှုရှိစေရန် တရားစီရင်ရေးမဏ္ဍိုင်က ထိန်းကျောင်းတည့်မတ်ပေးရပါသည်။ ရှေးပဝေသဏီ ခေတ်အဆက်ဆက်တွင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် တရားစီရင်ရေး စနစ်များ ကျင့်သုံးခဲ့ပါသည်။  တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ တိုးတက် မြင့်မားလာစေရန် အလေးထား၍ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး စသည့် နိုင်ငံသားများ၏ အခွင့်အရေးများကိုလည်း ကာကွယ်စောင့်ရှောက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖွဲ့စည်း ဆောင်ရွက်ခဲ့ကြရာ တရားရုံး (Court) နှင့် ခုံရုံး (Tribunal) တို့မှာ အဓိကကျသည့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖြစ်လာကြပါသည်။

တရားရုံး(Court) ၏ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          တရားရုံး(Court) ဟူသောဝေါဟာရ၏ မူလအရင်းအမြစ်သည် လက်တင်ဘာသာစကား “Cohors” ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရပြီးအလုံပိတ်ဧရိယာ သို့မဟုတ် ခြံ ဟု အဓိပ္ပာယ်ရပါသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ Cohors ၏ အဓိပ္ပာယ်ကို တရားမျှတမှု၊ ညီမျှမှု၊ ရည်ရွယ်ချက်အမျိုးမျိုးအတွက် လူအများစုဝေး အဖြေရှာရာနေရာ ဟုအဓိပ္ပာယ်ဖွင့်ဆိုလာကြပါသည်။ 

          အလယ်ခေတ်ဥရောပတွင် နိုင်ငံတော်၏ဘုရင် သို့မဟုတ် စီမံအုပ်ချုပ်သူ အဆင့်မြင့်အရာရှိ များကို ထိန်းကျောင်းသူများ၊ အကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် မြင့်မြတ်သည့် ဂျူရီလူကြီးများ စုဝေးပြီး အငြင်းပွားမှုပြဿနာများကို ဆွေးနွေးအဖြေရှာ၍ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက် ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရုပ်လုံးပေါ်စေခဲ့ကာ တရားရုံး (Court) ဟူသော အဓိပ္ပာယ် သက်ရောက်လာပါသည်။ ကမ္ဘာတစ်လွှား တရားမျှတမှုဆိုင်ရာအယူအဆ (Concepts of Justice) များ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ တရားရုံးများသည် အငြင်းပွားမှုပြဿနာများကို မျှတ မှန်ကန်စွာ ဆွေးနွေးအဖြေရှာနိုင်‌ရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ရေး ကိစ္စများကို  ဆောင်ရွက်သည့် နေရာ၊ ဌာန တစ်ခုအဖြစ် ယနေ့ခေတ်တိုင် ဆက်လက်တည်ရှိနေ ပါသည်။ 

ရှေးမူလအစ တရားရုံးများ

          မှတ်တမ်းများအရ ဘီစီ ၃၀၀၀ ဝန်းကျင်၌ ရှေးခေတ် အီဂျစ်နိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ဆောင်ရွက်သည့် ရှေးအကျဆုံးသော  တရားရုံးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုတရားရုံးများ၌ အီဂျစ် ဖာရိုဘုရင်များသည် အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသည့် တရား သူကြီးများအဖြစ် ဆောင်ရွက်ကြပြီး ဒေသဆိုင်ရာတရားရုံးများက အသေးစားအငြင်းပွားမှု ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ တရားစီရင်ဆုံးဖြတ်ရာတွင် ဘာသာရေးဆိုင်ရာ ကျင့်ထုံး များနှင့်အညီ ဆုံးဖြတ်လေ့ရှိပြီး တစ်ခါတစ်ရံ ယဇ်ပုရောဟိတ်များသည် တရားသူကြီးများအဖြစ် ခံယူ၍ အဆုံးအဖြတ်ပေးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ “The Great Kenbet” သည် ကြီးလေးသော တရားစီရင်မှုများကို ကြားနာဆုံးဖြတ်သော အဓိကတရားရုံးဖြစ်ပြီး ဖာရိုဘုရင် သို့မဟုတ် ၎င်းက ခန့်အပ်သော အရာရှိများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြရပေသည်။ 

          မက်ဆိုပိုတေးမီးယားခေတ် (ဘီစီ-၁၇၅၄) တွင် ဘုရင် ဟန်မူရာဘီ (King Hammurabi) သည်တရားစီရင်ရေးလုပ်ငန်းများ၌ တရားသူကြီးများက ကိုးကား၍ စစ်ဆေးအဆုံးအဖြတ်ပြုနိုင်ရန်အစောဆုံးနှင့် အပြည့်စုံဆုံးဖြစ်သည့် ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ကို ရေးဆွဲခဲ့ ပါသည်။ နိုင်ငံတစ်ဝှမ်း ဘေဘီလုံတရားရုံးများ တည်ထောင်ခဲ့ပြီး ဟန်မူရာဘီ ကိုဓဥပဒေကို တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်စေကာ ထင်ရှားကျော်ကြားသည့် တရားစီရင်ရေးစနစ်တစ်ခုဖြစ်စေ ခဲ့ပါသည်။

          ရှေးဂရိနိုင်ငံရှိ အေသင်တရားရုံးများသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဂျူရီလူကြီးများက ကြားနာစီရင်ဆုံးဖြတ်ပေးသည့် ပြည်သူ့တရား စီရင်ရေးရုံးများသို့ အမှုများကို လွတ်လပ်စွာ တင်သွင်းနိုင်ပါသည်။ အေသင်ရှိ ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် Heliaia Court သည် နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ စီရင်ဆုံးဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရားစီရင်ရေးအတွက် ဂျူရီလူကြီးများကို နိုင်ငံသားများက မဲပေးရွေးချယ်သည့်စနစ်ဖြင့် ခန့်အပ်သည့် တရားရုံးဖြစ်ပါသည်။

          ရောမအင်ပါယာခေတ်တွင် ပေါ်ပေါက်ခဲ့သည့် Roman Law သည် ခေတ်မီတရားစီရင်ရေး စနစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဥပဒေတစ်ခုပင်ဖြစ်ပါသည်။ ပြည်သူ့တရားစီရင်ရေးကိစ္စရပ်များတွင် တရားသူကြီးများသာမက ရေမြေ့အရှင် ဧကရာဇ်မင်းကပါ ပါဝင်ဆုံးဖြတ်ပေးသည့် တရားရေးစနစ်များ ပေါ်ထွန်းခဲ့ပါသည်။ ရောမအင်ပါယာခေတ် ထင်ရှားသော တရားရုံးများအနက် The Praetor’s Court သည် ကြီးလေးသော ပြစ်မှုနှင့် တရားမမှုများကို စီရင်ဆုံးဖြတ်ပေးသည့် အဓိက တရားရုံးအဖြစ် ထင်ရှားခဲ့ပါသည်။ ရောမခေတ်တွင် သာမန်အငြင်း ပွားမှုမဟုတ်သော ကိစ္စရပ်များကို စီရင်ဆုံးဖြတ်ရန်နှင့် အယူခံအဆင့်ဆင့် တက်ရောက်နိုင်သည့် သီးခြားအထူးတရားရုံးများလည်း ပေါ်ပေါက်ခဲ့ပါသည်။

          အလယ်ခေတ် ဥရောပတွင် ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ကြသဖြင့် တရားစီရင်ဆုံးဖြတ်မှု များသည် ပဒေသရာဇ်စနစ်နှင့် လျော်ညီသည့် တရားစီရင်မှုအသွင်ဆောင်ခဲ့ပါသည်။ ဒေသအာဏာပိုင် များသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားဖွယ်ကိစ္စရပ်များကို ဒေသတရားရုံးများ ဖွင့်လှစ်၍ ကြားနာစီရင်ဆုံးဖြတ်ပေးခဲ့ကြသည်။ ဘာသာရေးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် တရားရုံးများလည်း ပေါ်ထွန်းခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၇ ရာစုခန့်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် The Old Bailey တရားရုံးသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် တစ်ခုဖြစ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို စီရင် ဆုံးဖြတ်ပေးလျက်ရှိသည့် တရားရုံးဖြစ်ပါသည်။

မျက်မှောက်ခေတ် တရားရုံးများ

          မျက်မှောက်ခေတ်တွင် တရားစီရင်ရေးဆိုင်ရာ အယူအဆများ ရှုပ်ထွေးကျယ်ပြန့်လာသည် နှင့်အမျှ ဒေသဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်အဆင့် တရားရုံးများ၊ နိုင်ငံတကာအဆင့် တရားရုံး များအပြင် သီးခြားအထူးတရားရုံးများဟူ၍ အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖွဲ့စည်းဆောင်ရွက်လာကြ ပါသည်။ မျက်မှောက်ခေတ်တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ တရားစီရင် ရေးအာဏာ အပ်နှင်းခံရသည့် အဖွဲ့အစည်းများ ဖြစ်လာသည့်အလျောက် ပုံမှန်အားဖြင့် အမှီအခို ကင်းပြီး တရားမျှတမှုအတွက် သမာသမတ်ကျစွာ တရားစီရင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရသော လွတ်လပ်သည့် အဖွဲ့အစည်းများ ဖြစ်လာပါသည်။ ရှေးခေတ်နှင့် အလယ်ခေတ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော စည်းမျဉ်းများနှင့် ကျင့်ထုံးများသည် ခေတ်ပြိုင် တရားစီရင်ရေးစနစ်ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။

ခုံရုံး(Tribunal) ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          ခုံရုံး(Tribunal) ဟူသောဝေါဟာရသည် Classical Roman Republic ၏ ခုံသမာဓိလူကြီးများ (Magistrates) ကို ရည်ညွှန်းသော လက်တင်ဘာသာ “Tribunes” မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြပြီး ခုံသမာဓိလူကြီးများက အမှုများကို ကြားနာစီရင်ဆုံးဖြတ်ရန်နေရာ “ခုံရုံး” ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခုံသမာဓိရုံး၏ အယူအဆနှင့် ဆောင်ရွက်ချက်များသည် သီးခြား (Entity) အဖွဲ့အစည်း အဖြစ် ရပ်တည်၍ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် အုပ်ချုပ်ခံ လူတန်းစားတို့အကြား အငြင်းပွားဖွယ် ကိစ္စရပ်များကို တရားစီရင်ရေးသဘောဆန်ဆန်ဖြင့် မျှတမှန်ကန်အောင် စီရင်ဆုံးဖြတ် ပေးရန်နှင့် တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း ဖြင့် တရားစီရင်ရေးကဏ္ဍမြန်ဆန်ထိရောက်မှုရှိစေရန် ရည်ရွယ်ပါသည်။

ရှေးမူလအစ ခုံရုံးများ

          ရောမခေတ်တွင် အုပ်ချုပ်သူလူတန်းစားတို့၏ ချိုးဖောက်မှုများကို စစ်ဆေးဖော်ထုတ်ရန်နှင့် ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပြည်သူက ရွေးချယ်တင်မြှောက်သည့်ခုံသမာဓိလူကြီးများကို ခန့်အပ်တာဝန်ပေးကြပါသည်။ ခုံသမာဓိလူကြီးများသည် ပြည်သူလူထု သို့မဟုတ် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို စစ်ဆေးဖော် ထုတ်ရန် အုပ်ချုပ်သူအာဏာပိုင်များနှင့် ပြည်သူများကို ခုံရုံးသို့ ဆင့်ခေါ်၍ စီရင်ပိုင်ခွင့်ရှိပါသည်။ အုပ်ချုပ်သူ များက ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်းပြုခြင်းအတွက် ထိုခုံရုံးတွင် ခုခံချေပတောင်းဆိုနိုင်ရုံ မျှသာမက ချမှတ်သော ဆုံးဖြတ်ချက်များအပေါ် ကျေနပ်မှုမရှိပါက အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်းရှိကြပါသည်။ ရောမအင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ် ဥရောပ တစ်ဝှမ်းတွင် ခုံရုံးများသည် သဘောသဘာဝ၊ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ကျယ်ပြန့်လာပါသည်။ ကိုးကွယ် ယုံကြည်မှုနှင့် အခြားသော ဘာသာရေးဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးရန် Church တည်ထောင်ခဲ့သည့် The  Inquisition ကဲ့သို့ အဖွဲ့အစည်းများသည်လည်း ထင်ရှားသောခုံရုံးများ ဖြစ်ခဲ့ကြပါသည်။

မျက်မှောက်ခေတ် ခုံရုံးများ

          မျက်မှောက်ခေတ်တွင် အုပ်ချုပ်သူအာဏာပိုင်များ၏ တရားစီရင်ရေးသဘောဆောင်သည့် (Quasi-judicial) ကိစ္စရပ်များကို  ဖြေရှင်းဆောင်ရွက်နိုင်ရန် ခုံရုံးများ ဖွဲ့စည်း၍ ကျယ်ပြန့်စွာ ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရန် အလုပ်သမားခုံသမာဓိအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယကမ္ဘာစစ် အပြီးကာလ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေးနှင့် သီးခြား ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် Nuremberg Trials International War Crime Tribunal ကဲ့သို့သော နိုင်ငံတကာခုံရုံးများကိုလည်း ဖွဲ့စည်းထားရှိကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။

တရားရုံးနှင့် ခုံရုံး၏ ကွဲပြားခြားနားချက်

          တရားရုံးများနှင့် ခုံရုံးများသည် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများဖြစ်သော်လည်း စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများအရ ကွဲပြားခြားနားမှု များစွာရှိနိုင်ပါသည်။ ထိုကွဲပြားခြားနားချက်များအနက်မှ အချို့ကို လေ့လာတင်ပြအပ်ပါသည် -

တရားရုံးနှင့် ခုံရုံးတို့၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်

တရားရုံးများသည် ပိုမိုကျယ်ပြန့်သော တရားစီရင်ပိုင်ခွင့်ရှိပြီး အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပါအဝင် လေးနက်ရှုပ်ထွေးသော အမှုအခင်း များစွာကို ကြားနာစစ်ဆေး ကိုင်တွယ်ဖြေရှင်း ရပါသည်။

ခုံရုံးများသည် စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ ကဲ့သို့သော သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းပေးထား သည့် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသည့် သီးခြားအထူးခုံရုံးများ ဖြစ်ပါသည်။

တရားရုံးနှင့် ခုံရုံးတို့၏ လုပ်ထုံးလုပ်နည်း

တရားရုံးများသည် တရားဝင်ချမှတ်ထားသော တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီရင်ထုံးများ၊ ရှေးရိုးနည်းလမ်းများ၊ သက်သေ အထောက်အထားများကို ကိုးကားလိုက်နာရပြီး တစ်ခါတစ်ရံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို တင်းကြပ်စွာလိုက်နာရသဖြင့် လုပ်ထုံးလုပ်နည်း ကွဲလွဲတတ်သည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်လေ့ရှိပါသည်။

ခုံရုံးများသည် ယေဘုယျအားဖြင့် တင်းကြပ်စွာ လိုက်နာရသည့် လုပ်ထုံးလုပ်နည်း နည်းပါးပြီး မူဝါဒအရ ပြုပြင်ပြောင်းလဲရန် လွယ်ကူ၍ ပိုမို မြန်ဆန်ထိရောက်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ရပါသည်။

တရားသူကြီးများနှင့် ခုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း

တရားရုံးများတွင် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရင့်သန်ပြီး အရည် အချင်းပြည့်ဝသော ပုဂ္ဂိုလ်များကို တရားသူကြီးများအဖြစ် တာဝန်ပေးခန့်အပ်ရပါသည်။

ခုံရုံးများတွင်လည်း သာမန်အားဖြင့် ဥပဒေပညာရပ် ကျွမ်းကျင်သူများကို ခုံအဖွဲ့ဝင်များအဖြစ် ခန့်အပ်သော်လည်း ခုံရုံး၏ လုပ်ငန်း သဘောသဘာဝကို လိုက်၍ သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရပါသည်။ (ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးကို ခုံအဖွဲ့ဝင် အဖြစ် ခန့်ထားရမည်ဖြစ်ပါသည်)

 

အယူခံမှုလုပ်ငန်းစဉ်

တရားရုံးများတွင် သတ်မှတ်ထားသည့် တရားစီရင်ရေးစနစ်နှင့်အညီ လက်အောက်ခံ ဒေသန္တရ တရားရုံးမှ ချမှတ်သည့် အမိန့်ကို ကျေနပ်မှု မရှိပါက ချမှတ်သည့် အမိန့်နှင့်အတူ အထက် တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်နိုင်ပါသည်။ (အချို့သောနိုင်ငံများတွင် အယူခံဝင်ရောက်မှုကို အမြင့်ဆုံးတရားရုံးက ငြင်းပယ်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အညီ စာချွန်တော် လျှောက်ထားနိုင်သော အခွင့်အရေးများ ရှိပါသည်)

ခုံရုံးများတွင်မူ ချမှတ်သည့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက နစ်နာသည်ဟု ယူဆသူသည် ထိုခုံရုံးသို့ အယူခံဝင်ရောက်ခွင့်ရှိသည့် ယန္တရားတစ်ရပ်ရှိသကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့် ခုံရုံးထက် တစ်ဆင့်မြင့်တရားရုံး သို့မဟုတ် ခုံရုံးသို့အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်း ရှိပါသည်။ သို့သော် အယူခံဝင်မှုလုပ်ငန်းစဉ်များသည် ခုံရုံးများ၏ သဘောသဘာဝနှင့် တည်ဆဲ ဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။

စီရင်ဆုံးဖြတ်ချက်များ

        တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် သဘောသဘာဝအရ ထိရောက်ကျယ်ပြန့်၍ သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များဖြစ်ပြီး နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများ အဖြစ် ထုံးဖွဲ့မှတ်တမ်းတင်နိုင်ပါသည်။

          ခုံရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် ထိရောက် ကျယ်ပြန့်၍ သက်ရောက်မှုရှိသော စီရင် ဆုံးဖြတ်ချက်များ ဖြစ်သော်လည်း တရားရုံးများမှ ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်များကဲ့သို့ နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများအဖြစ် မှတ်တမ်းမတင်နိုင်ပါ။

အမှုတင်သွင်းလျှောက်ထားနိုင်မှုနှင့် ကုန်ကျစရိတ်

          လုပ်ထုံးလုပ်နည်းများပြားသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရခြင်းနှင့် ဥပဒေနှင့်အညီ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ရခြင်းကြောင့် တရားရုံးတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် ကုန်ကျစရိတ်ပိုမိုများပြားပြီး အချိန်ပိုမို ကြာမြင့်နိုင်ပါသည်။

ခုံရုံးများတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် လုပ်ထုံးလုပ်နည်းအရ တရားရုံးများထက် ပိုမိုလွယ်ကူ၍ ကုန်ကျစရိတ် သက်သာပြီး မြန်ဆန်သည့် ဖြေရှင်းချက်ကို ရရှိစေနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံး (Court) များ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းတည်ထောင်ထားရှိပါသည်-

(က)    ပြည်ထောင်စုတရားလွှတ်တော်ချုပ်

(ခ)     တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ

(ဂ)     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ

(ဃ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတရားရုံးများ

(င)     ခရိုင်တရားရုံးများ

(စ)     မြို့နယ်တရားရုံးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထင်ရှားသော အထူးပြုခုံရုံး (Tribunal) များ

          (က)    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်)

          (ခ)     အခွန်အယူခံခုံအဖွဲ့ရုံး

(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းသည့် အခွန်အယူခံခုံအဖွဲ့ဥပဒေအရ ၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်)

အချုပ်အားဖြင့်ဆိုသော် တရားရုံးများနှင့် ခုံရုံးများသည် အငြင်းပွားမှု ပြဿနာများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်သော်လည်း တရားရုံးသည် ခုံရုံးထက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း ပိုမိုများပြား၍ စီရင်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်ပါသည်။ တရားရုံးများတွင် တရားသူကြီးများအဖြစ် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ကျွမ်းကျင်သော ပညာရှင်များကသာ ဆောင်ရွက်နိုင်ပါသည်။ ခုံရုံးများသည် နိုင်ငံတော်၏ မူဝါဒအရ ဖြစ်ပေါ် တည်ရှိ လာသည့် အထူးကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် အထူး ခုံရုံးများဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ခုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကားချက်များ

(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

(၂)      အခွန်အယူခံခုံအဖွဲ့ဥပဒေ(၂၀၁၈)

(၃)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုဒ် (www.unionsupremecourt.gov.mm)

(၄)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဝက်ဘ်ဆိုဒ် (www.constitutionaltribunal.gov.mm)

(၅)     အခွန်အယူခံခုံအဖွဲ့ ဝက်ဘ်ဆိုဒ် (https://www.ratb.gov.mm)

(၆)     တရားစီရင်ရေးတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ ဆောင်းပါး (မောင်စာဂ)

(၇)     Differences between court and tribunal (https://lawboomi.com)

(၈)     Differences between court and tribunal (https://keydifferences.com/)

(၉)     Differences between court and tribunal (https://www.tutorialspoint.com/)

(၁၀)   How Did Early Judicial System? (https://www.dailyhistory.org/)

ညီညီမြတ်(အခယ)၊ ဦးစီးမှူး၊ အခွန်အယူခံခုံအဖွဲ့

အိပ်စက်ခြင်းသည် လူသားများ၌သာမက သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်နိုင်ရန်အရေးပါသော    လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။အသက်ရှင်သန်မှုအတွက် ရေ၊ လေ၊ အစားအစာများကဲ့သို့ပင် မရှိမဖြစ်လိုအပ်သောကြောင့် လူသားများသည်  မိမိသက်တမ်း၏သုံးပုံတစ်ပုံကို အိပ်စက်ကာကုန်ဆုံးကြခြင်းဖြင့် ဆက်လက်အသက်ရှင်ရပ်တည်နေနိုင်ကြသည်။ အိပ်စက်ခြင်းသည် သက်ရှိသတ္တဝါများ စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် များစွာအထောက်အကူပြုသောကြောင့်      အပြည့်အဝမအိပ်စက်နိုင်ခြင်း၊  အိပ်ချိန်လျော့နည်းခြင်းတို့သည်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။

အိပ်စက်မှုကိုဖြစ်စေသော သဘာဝအကြောင်းရင်းများ 

အိပ်စက်ခြင်းကိုဖြစ်စေသော ဇီဝကမ္မအခြေအနေများကို လေ့လာကြည့်ရာတွင် ဦးနှောက်အတွင်းရှိAdenosine   ဓာတ်သဘာဝက   ဦးနှောက်နိုးကြားတက်ကြွမှုကို မဖြစ်စေသော အာရုံကြောစနစ်ကို နှိုးဆွခြင်းဖြင့် အိပ်စက်မှုကိုဖြစ်စေသည်။  ထို့ပြင်ဦးနှောက်အစိတ်အပိုင်းတစ်ခုဖြစ်သော Hypotha-lamus  ရှိ  Suprachiasmatic   အာရုံကြောဆဲလ်များကလည်း နေ့၊ ည/ အလင်းအမှောင်အလိုက်အိပ်စက်ခြင်း၊ နိုးကြားခြင်းကို ထိန်းညှိပေးကြသည်။ဦးနှောက်ရှိ   Pineal  Gland  မှထွက်လာသောMelatonin   ဟော်မုန်းသည်    ညနေအချိန်တွင် ပိုထွက်လာပြီး  အိပ်စက်ခြင်းကို  အားပေးကြောင်း တွေ့ရသည်။

အိပ်စက်ခြင်း၏ သဘောသဘာဝနှင့် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများ

အိပ်စက်ရာတွင် တစ်ဆက်တည်း အိပ်ပျော်သွားသည်ဟုထင်ရသော်လည်း အမှန်မှာ NREM (Non-Rapid Eye Movement) အိပ်စက်ခြင်းနှင့် REM (Rapid – Eye movement) အိပ်စက်ခြင်းတို့ ပုံမှန်လည်ပတ်ဖြစ်ပေါ်နေရသည်။ စတင်အိပ်ပျော်ချိန်မှ မိနစ် ၉၀-၁၂၀ အကြာတွင် အိပ်မှုစက်ဝန်း(Sleepcycle) တစ်ခုဖြစ်သွားပြီး တစ်ညလျှင် အိပ်မှုစက်ဝန်း၄ - ၆  ကြိမ်မျှ ဖြတ်ကျော်နေကြရသည်။ အစောပိုင်းတွင် NREM Sleep ဖြစ်ချိန်ပိုများပြီး နောက်ပိုင်း စက်ဝန်းများတွင် REM sleep အချိန် ပိုကြာမြင့်လာသည်။

NREM sleep အချိန်သည် အိပ်ချိန်၏ ၇၅-၈၀ ရာခိုင်နှုန်းခန့်ရှိပြီး    အဆင့်(၃)ဆင့်ကို ဖြတ်ကျော်ရသည်။ အဆင့်(၁)သည်   နိုးတစ်ဝက်အိပ်ပျော်တစ်ဝက်ဖြစ်နေပြီး ၅ မိနစ်-၁၀ မိနစ်မျှ ကြာမြင့်သည်။ မျက်လုံးလှုပ်ရှားမှုနည်းလာကာ  ခန္ဓာကိုယ်ကြွက်သားများ ပြေလျော့လာပြီး နှလုံးခုန်နှုန်းလည်းစတင်နှေးလာသည်။ ဒုတိယအဆင့်တွင် ခန္ဓာကိုယ်အပူချိန်ကျလာကာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများတဖြည်းဖြည်းပိုနှေးလာပြီး    မျက်လုံးလှုပ်ရှားမှုလည်း  မရှိတော့ပေ။   အဆင့်(၃)တွင်    နှစ်ခြိုက်စွာအိပ်ပျော်နေပြီး   ကြွက်သားများ    ပို၍ပြေလျော့လာသည့်အပြင် အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းများ ပို၍နှေးလာသည်။ ထိုအဆင့်သည်  ခန္ဓာကိုယ်ကြီးထွားရန်၊   ပြန်လည်ပြင်ဆင်ရန်နှင့်  ကိုယ်ခံစွမ်းအားစနစ်ထူထောင်ရန်     အရေးပါသောအဆင့်ဖြစ်သည်။ကြွက်သားများ၌    သွေးလည်ပတ်မှုကောင်းစေပြီးကြီးထွားမှုဟော်မုန်းများလည်း    ထွက်ရှိစေသည်။REM sleep အဆင့်တွင် အိပ်မက်မက်နေသောအချိန်ဖြစ်သောကြောင့် ကြွက်သားများ ဖြေလျော့နေသော်လည်း ဦးနှောက်မှာ ပြန်၍တက်ကြွလာကာ မျက်လုံးလှုပ်ရှားမှုများ မြန်လာသည်။ ထိုအချိန်တွင် နှလုံးခုန်နှုန်း၊  သွေးပေါင်ချိန်၊  အသက်ရှူနှုန်းများ အတက်အကျဖြစ်နေတတ်သည်။ ထိုအဆင့်သည် မှတ်ဉာဏ်များ အားကောင်းလာစေရေးနှင့် စိတ်ခံစားမှု၊ သင်ယူလေ့လာမှုတို့အတွက်  အရေးပါကြောင်း  တွေ့ရသည်။ ဦးနှောက်တွင်းလျှပ်စီးလှိုင်း (Brain wave)များကိုလေ့လာပါက နိုးနေစဉ် မြန်သော Beta wave များတွေ့ရပြီး   အိပ်စမှစ၍   လှိုင်းကြိမ်နှုန်းများ တဖြည်းဖြည်းနှေးလာကာ    နှစ်ခြိုက်စွာအိပ်ပျော်လာသည်နှင့်အမျှ  Alpha wave မှ နှေးသော Theta wave၊ Delta wave များအဖြစ်ပြောင်းလဲလာသည်။ သို့ရာတွင်  REM  sleep  အချိန်၌  ဦးနှောက်တက်ကြွမှုကိုပြသည့်  wave များ  ပြန်လည်တွေ့ရှိရသည်။  ခန္ဓာကိုယ်တက်ကြွလှုပ်ရှားမှုနှင့်  ဆက်စပ်သော Cortisol ဟော်မုန်းသည် ညဦးတွင် လျော့နည်းလာပြီးအိပ်စက်အနားယူစေကာ အိပ်ရာမနိုးခင် ပြန်တက်လာပြီး လှုပ်ရှားသွားလာမှုကို  အားပေးသည်။

အိပ်စက်ခြင်း၏ ခန္ဓာကိုယ်အပေါ်အကျိုးပြုမှု

 လုံလောက်သောအိပ်စက်မှုသည် ကိုယ်ခံစွမ်းအားစနစ်ကို အားဖြည့်ပေးပြီး ရောဂါပိုးမွှားများအန္တရာယ်မှ   ကာကွယ်ပေးသည်။  နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး  ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်များနှင့်     ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးသည်။ ခန္ဓာကိုယ်တွင်း ပြန်လည်ပြင်ဆင်ကုသမှုကို ဆောင်ရွက်ပေးကာ ကြွက်သားများ၊ အရိုးများကို သန်မာစေနိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ခိုင်မာလာစေပြီး    စိတ်ခံစားမှုများကို   ထိန်းချုပ်နိုင်ရုံသာမက စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေသည်။ လူမှုဆက်ဆံရေးလည်း   ပိုမိုကောင်းမွန်လာသည့်အပြင်တွေးခေါ်မှု မှန်ကန်စေသောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချလာနိုင်သည်။ တီထွင်စမ်းသပ်လုပ်ကိုင်နိုင်ပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စီမံခန့်ခွဲမှု၊ ပြဿနာများကိုဖြေရှင်းနိုင်မှု စသော ဦးနှောက်၏ လုပ်ငန်းဆောင်ရွက်မှုများ  ပိုမိုကောင်းမွန်လာစေသည်။

အိပ်စက်ရန် ခက်ခဲသူများနှင့် အိပ်စက်ခြင်းဆိုင်ရာဝေဒနာများ

 လူတစ်ဦးအတွက်     ပုံမှန်အိပ်ချိန်အနည်းဆုံး၈   နာရီခန့်   လိုအပ်သော်လည်း   အသက်အရွယ်ငယ်ရွယ်သူ၊  ကလေးသူငယ်များတွင်  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အိပ်ချိန်ပို၍ လိုအပ်သည်။သက်ကြီးရွယ်အိုများတွင် အိပ်ချိန်နည်းလာပြီး နေ့နှင့်ညအိပ်ချိန်လွဲခြင်းများ ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ သက်ကြီးသတိမေ့ရောဂါစသည့် ဦးနှောက်အာရုံကြောရောဂါ ဝေဒနာခံစားနေရသော  လူကြီးများတွင်  ညဘက်ကောင်းစွာအိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ နေ့ဘက်တွင် အိပ်ချိန်များ၍ အမြဲငိုက်မျဉ်းနေခြင်း စသော အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာများခံစားကြရသည်။  ကျောင်းစာ ဖိစီးမှု၊ အလုပ်ခွင်ဖိစီးမှုများသော လူငယ်လူလတ်များ၊ ခန္ဓာကိုယ်ရောဂါဝေဒနာခံစားနေရသူများတွင်စအိပ်ရန်ခက်ခဲခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊ မကြာခဏနိုးခြင်းများ ခံစားကြရသည်။ လည်ပင်းတိုသောကြောင့်   ညဘက်ဟောက်၍   ခဏခဏအသက်ရှူရပ်တတ်သောသူများ (Obstructive Sleep Apnea)တွင်လည်း   အိပ်ရေးကောင်းစွာမဝခြင်း၏နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။

ကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်၊ ဦးနှောက်စွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

ညဘက်ကောင်းစွာ  အိပ်မပျော်ခြင်း၊  အိပ်ရေးအပြည့်အဝမရခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် နေ့ခင်းဘက်တွင် နုံးပြီး တက်ကြွမှုမရှိဘဲလေးလံထိုင်းမှိုင်းနေတတ်သည်။ စိတ်ပူပန်မှုနှင့် စိတ်မငြိမ်မသက်ဖြစ်ကာ စိတ်တိုလွယ်ပြီး စိတ်ကျရောဂါများခံစားရနိုင်သည်။ စိတ်ခံစားလွယ်ပြီး စိတ်ဖိစီးမှုကို ခံနိုင်စွမ်းအားလျော့နည်းလာတတ်သည်။ အချိန်ကြာမြင့်စွာ အိပ်ရေးပျက်ခြင်းသည်   ထင်ယောင်ထင်မှားဖြစ်ခြင်း၊    သံသယစိတ်များဝင်လာခြင်းမှသည် စိတ်ရောဂါဆိုင်ရာလက္ခဏာများပါ ခံစားရနိုင်သည်။ ထို့ပြင် လူမှုဆက်ဆံရေးအားနည်းလာပြီး မိသားစုနှင့် အလုပ်ခွင်တွင် အဆင်မပြေမှုများ ပို၍ တွေ့ကြုံနိုင်သည်။

ကိုယ်ခံစွမ်းအားစနစ်အားနည်းမှုကြောင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်ပြီး ပိုးဝင်ရောင်ရမ်းမှုများအပြင် ကင်ဆာရောဂါများပင် ဖြစ်လွယ်ကြောင်း   တွေ့ရသည်။     စိတ်ဖိစီးမှုနှင့်ဆိုင်သော Cortisol Hormone မြင့်တက်လာကာ ခန္ဓာကိုယ်တွင်း    ဇီဝကမ္မဖောက်ပြန်မှုများဖြစ်စေသည်။သကြားဓာတ်ချေဖျက်မှု   ပြောင်းလဲခြင်း၊  Insulin ဟော်မုန်းကို    ကောင်းစွာမတုံ့ပြန်ခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်စေသည်။ အိပ်ရေးပျက်သူများတွင်စားသောက်ခြင်းပေါ်သက်ရောက်သော   ဟော်မုန်းအပြောင်းအလဲကြောင့် ချိုသောအစားအစာများကို ရှာဖွေစားသောက်လာခြင်း၊ အစားများ ပိုစားခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာတတ်သည်။ သွေးတွင်းအဆီနှင့် သကြားဓာတ်များလာကာ အဝလွန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။ သွေးပေါင်ချိန်တက်၊ နှလုံးခုန်နှုန်းမြန်လာစေသောကြောင့် သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါများ ခံစားရနိုင်စေသည်။ ခန္ဓာကိုယ်ကြီးထွားစေသောဟော်မုန်း၊ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှု နည်းလာခြင်းကြောင့်    ကြွက်သားများကြီးထွားမှုလျော့နည်းစေသကဲ့သို့      မျိုးဆက်ပွားမှုလည်းအားနည်းလာစေသည်။   နာကျင်မှုဝေဒနာခံနိုင်ရည်စွမ်းအားလည်း နည်းလာသည့်အပြင် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်     ပို၍ကြီးမားကြောင်းလည်း တွေ့ရသည်။

အိပ်ရေးဆက်တိုက်ပျက်ခြင်း၊ အိပ်ချိန်မပြည့်ခြင်းတို့ကြောင့်       မှတ်ဉာဏ်စွမ်းအားကျဆင်းလာပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်း၊   စီမံခန့်ခွဲလုပ်နိုင်စွမ်းများ၊ လေ့လာသင်ယူနိုင်စွမ်းများ လျော့နည်းလာသည်။ထို့ပြင်  သက်ကြီးသတိမေ့ရောဂါ(Alzheimer )နှင့်တုံ့တုန်နှေး၊ ပါကင်ဆန် (Parkinson) ရောဂါများသည်   နာတာရှည်အိပ်ရေးပျက်ခြင်းများကြောင့်ဖြစ်နိုင်ကြောင်းတွေ့ရှိရသည်။    ညဖက်အလုပ်လုပ်ရသူများ၊ အိပ်ရေးဝဝမအိပ်ရသူများသည် နေ့ဘက်ငိုက်မျဉ်းတတ်မှုကြောင့် လုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုများဖြစ်နိုင်ပြီး   ကားမောင်းရာတွင်လည်း ယာဉ်အန္တရာယ် တွေ့ကြုံနိုင်ခြေများသည်။

ကောင်းစွာအိပ်ပျော်ရန် လိုက်နာဆောင်ရွက်သင့်သည်များ

အိပ်စက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့်   လူမှုဒုက္ခများ   မတွေ့ကြုံနိုင်စေရန် အိပ်ချိန်အပြည့်အဝရရှိအောင် အလေးထားဆောင်ရွက်သင့်သည်။ အိပ်ချိန်မထိခိုက်စေရန်အတွက် မိမိအလုပ်လုပ်ချိန်ကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်သည်။ပုံမှန်အိပ်ရာဝင်၊  အိပ်ရာထသင့်ပြီး မအိပ်ခင်  ကော်ဖီ၊ စိတ်ဓာတ်တက်ကြွစေသည့် အချိုရည်များသောက်သုံးခြင်းမပြုသင့်ပေ။ အိပ်ခါနီးမှ ထမင်းစားခြင်း၊ အစားများစွာ စားခြင်းသည် လှဲချိန်တွင် သက်သောင့်သက်သာမဖြစ်ဘဲ အိပ်ရခက်နိုင်သည်။ နေ့ခင်းဘက်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းက အိပ်ရေးဝနေသဖြင့် ညဘက်အိပ်မပျော်ဖြစ်နိုင်သည်။ ညအိပ်ခါနီးတရားနာ၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ သာယာဖွယ်တေးသီချင်းများ  နားထောင်ခြင်းသည်  စိတ်တည်ငြိမ်မှုရစေပြီး ကောင်းစွာအိပ်ပျော်စေသည်။ စိတ်ဖိစီးမှုဖြစ်စေသော အတွေးများ အိပ်ရာဝင်ခါနီးမတွေးဘဲ စိုးရိမ်ပူပန်စေမှုများကို တစ်ခုချင်းအခြေခံမှစ၍ အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်ဖြေရှင်းသင့်ပါသည်။

ထိုသို့ ဆောင်ရွက်သော်လည်း အိပ်ပျော်ရန်ခက်ခဲခြင်း၊ ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ အိပ်နေစဉ်ကယောင်ကတမ်းဖြစ်ခြင်း၊    နံနက်စောစောနိုးနေခြင်း၊    နေ့ဘက်အအိပ်များခြင်းများ   ခံစားရပါကဆေးပညာရှင်များနှင့်   ပြသတိုင်ပင် ကုသသင့်သည်။ ညဘက် အသက်ရှူလမ်းကြောင်းပိတ်၍ ဟောက်ပြီးမကြာခဏအသက်ရှူရပ်တတ်သူများ၊ နာတာရှည်ဦးနှောက်အာရုံကြော   ဝေဒနာခံစားနေရသူများ၊ခန္ဓာကိုယ်တွင်းမကျန်းမာ၍ ကောင်းစွာအိပ်မပျော်သူများကို အိပ်ပျော်စေရန် အသုံးပြုသောဆေးဝါးများပေး၍  ကုသမှုအပြင် မူရင်းရောဂါဝေဒနာများကိုလည်း   စနစ်တကျ ကုသမှုခံယူသင့်သည်။ အိပ်စက်ခြင်း၏ ကိုယ်၊ စိတ် ကျန်းမာရေးပေါ်သက်ရောက်မှုများကို သိရှိနားလည်ကာ  အိပ်ချိန်အပြည့်အဝရစေရန်နှင့် ကောင်းမွန်စွာအိပ်ပျော်နိုင်စေရန် လိုက်နာရမည့်အချက်များကို အလေးထားလုပ်ဆောင်သင့်သည်။ စိတ်ပင်ပန်းနွမ်းနယ်မှုများကင်းဝေး၍ သက်ရှည်ကျန်းမာပျော်ရွှင်စွာနေနိုင်ရေးအတွက်လူတိုင်းကောင်းမွန်စွာ    အိပ်စက်နိုင်စေကြောင်းဆုမွန်ကောင်းတောင်းရင်း အိပ်စက်ခြင်း၏ ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုများအကြောင်းကိုရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Web Portal                                

ဒေါက်တာဥမ္မာစော

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ဒေါ်နယ်ထရမ့်သည် ကံကြမ္မာတစ်ကြော့ပြန်၍ (၄၇)ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့လေပြီ။ နေရာတိုင်းလိုလိုတွင် ပွဲဆူအောင်လုပ်ကိုင်ပြောဆိုတတ်သည့် ထရမ့်သည် သမ္မတအဖြစ်တာဝန်မယူမီကပင် သူ၏သမ္မတသက်တမ်းအတွင်း ဆောင်ရွက်လိုသည့်ကိစ္စများကို အမြည်းသဘောမျိုးထုတ်ဖော်ပြောဆိုလာခဲ့ရာ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ကမ္ဘာ့မြောက်ဖျားစွန်းရှိ ဂရင်းလန်ကျွန်းအား ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူရေး(သို့မဟုတ်) အင်အားသုံးရယူရေး၊ အလယ်အမေရိကရှိ ပနားမားတူးမြောင်းအား ပြန်လည်ရယူရေး၊ အိမ်နီးချင်းမက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ ပြည်နယ်အသစ်များအဖြစ် သိမ်းသွင်းရေးဟူသည့် ထူးထူးခြားခြား စိတ်ကူးစိတ်သန်းများ ပါရှိခဲ့သည်။

ယေဘုယျအားဖြင့် ထရမ့်၏စိတ်ကူးများမှာ ယနေ့ခေတ်တွင် ဖြစ်နိုင်ဖွယ်မရှိသော ကိစ္စများဖြစ်ပြီး ကြောင်စီစီနိုင်လှသည်ဟု ဝေဖန်သူများလည်းရှိခဲ့ကြသည်။ သို့ရာတွင် ထရမ့်၏ပြောဆိုချက်များ နောက်ကွယ်တွင် ထူးခြားလေးနက်သော နောက်ခံအကြောင်းတရားများလည်းရှိနေကြောင်း သေချာစွာလေ့လာထားသူအချို့က ထောက်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် သူ၏ကြွေးကြော်သံဖြစ်သော အမေရိကန်ကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးအဖြစ် ပြန်လည်ထူထောင်ရေး “Make America Great Again” အတိုကောက် အားဖြင့် MAGA လမ်းစဉ်နှင့် ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ကမ္ဘာ့မြောက်ဖျားစွန်းဒေသ အာတိတ်စက်ဝိုင်း၌ရှိနေပြီး မြေမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းက ဆယ့်နှစ်ရာသီပတ်လုံး ရေခဲထုကြီးဖုံးလွှမ်းနေသော ဂရင်းလန်ကျွန်းက ထရမ့်၏ MAGA လမ်းစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည် ဆိုခြင်းမှာမူ သာမန်အားဖြင့် အတော်အတန်နားလည်ရခက်မည့် အနေ အထားရှိနိုင်ပါသည်။ ဤကိစ္စအလို့ငှာ ဂရင်းလန်ကျွန်း၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အနေအထားကို သေချာစွာသိရှိနားလည်ရန် လိုအပ်ပေလိမ့်မည်။

ဂရင်းလန်ကျွန်း၏ ပထဝီဝင် နောက်ခံအခြေအနေ

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျွန်းကြီးဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၈၃၆၃၂၆ မိုင်ရှိသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းထက် သုံးဆကျော် ကြီးမားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ကျွန်း၏သုံးပုံနှစ်ပုံမှာ ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းအတွင်း၌ ရှိနေပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်းမှာ ရေခဲပြင်ထုကြီး ဖုံးလွှမ်းနေသည်။ ရေခဲပြင်၏ ပျမ်းမျှထုမှာ မီတာ ၁၅၀၀ ခန့်ရှိပြီးအထူဆုံးနေရာတွင် မီတာ ၃၀၀၀ (နှစ်မိုင်ခန့်)ထူထဲသည်။ အပူချိန်မှာ နွေရာသီတွင် ကျွန်းတောင်ပိုင်း၌ ပျမ်းမျှ ၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မြောက်ဘက်ခြမ်းတွင် ၄ ဒီဂရီစင်တီဂရိတ်ရှိသည်။ ဆောင်းရာသီ၌မူ ကျွန်းတောင်ပိုင်းတွင် -၇ ဒီဂရီ စင်တီဂရိတ်နှင့် မြောက်ပိုင်းတွင် -၃၄ ဒီဂရီစင်တီဂရိတ်ရှိသည်။

ကျွန်းပေါ်ရှိလူဦးရေမှာ ၂၀၂၄ ခုနှစ် ခန့်မှန်းခြေအရ ၅၆၈၀၀ ရှိပြီး လူဦးရေတိုးနှုန်းမှာ သုညရာခိုင်နှုန်း ဖြင့် ရပ်တန့်နေသည်။ လူအများစု ၉၀ ရာခိုင်နှုန်းကျော်မှာ အီညု(အက်စကီမိုး)လူမျိုးများဖြစ်သည်။ မြို့နေလူတန်းစားအများစု ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုရာနှုန်း ပြည့်ဖြစ်သည်။ လူဦးရေ၏ထက်ဝက်ကျော်မှာ အစိုးရဝန်ထမ်းများဖြစ်ကြသည်။ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ငါးဖမ်းခြင်းနှင့်ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသည်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော်ရှိသည့်အတွက် ကြွယ်ဝသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကြွယ်ဝခြင်းမှာ ကျွန်းသားတစ်ဦး ချင်း၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရှာဖွေမှုကြောင့်ထက် ကျွန်း၏သဘာဝသယံဇာတများကို အစိုးရအစီအစဉ်ဖြင့် ရောင်းချမှုများမှ အစိုးရ၏ ထောက်ပံ့ငွေရရှိမှုကြောင့်ဖြစ်သည်။ စင်စစ်၌ ဂရင်းလန်ကျွန်းသည် အပြင်ဘက်အခွံ၌ ရေခဲများဖုံးလွှမ်းနေသော သဘာဝသယံဇာတ ရတနာသိုက်ကြီး ဖြစ်လေသည်။

ပထဝီစီးပွားရေးအနေအထား

ကမ္ဘာ့ခေါင်မိုးပေါ်ရှိ ဂရင်းလန်ကျွန်းသည် အဖိုးတန်သဘာဝသယံဇာတ မြောက်မြားစွာ တည်ရှိနေပြီး ယနေ့ထက်တိုင် များများစားစား တူးဖော်ထုတ်ယူရခြင်းမရှိသေးသည့် အရိုင်းမြေ(Virgin Soil) ဖြစ်သည်။ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်ကျွန်းတွင် ယနေ့ခေတ်စားနေသည့် မြေရှားဒြပ်စင်များ၊ ရွှေ၊ ကြေးနီ၊ ဂရက်ဖိုက်၊ သံ၊ ကျောက်မီးသွေး၊ ကျောက်မျက်၊ ယူရေနီယံ၊ လစ်သီယံ၊ ပလက်တီနမ်၊ တိုက်တေနီယမ်၊ မိုလစ်ဘ်ဒီနမ် စသည့် တွင်းထွက်များနှင့် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝ ဓာတ်ငွေ့သိုက်များလည်း ပမာဏကြီးမားစွာ တည်ရှိသည်ဟုဆို၏။

မြေရှားဒြပ်စင်နှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်တွင် မြေရှားသယံဇာတတန်ချိန် တစ်သန်းခွဲခန့်ရှိနိုင်သည်ဟု ဆိုသည်။ ဥရောပကော်မရှင်၏ ပူးတွဲသုတေသနစာတမ်းတစ်ခု၏ အဆိုအရ ဂရင်းလန်ရှိ မြေရှားသယံဇာတအရင်း အမြစ်များသည် တူးဖော်ထုတ်လုပ်နိုင်သော မြေရှားသယံဇာတ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင်ရှိသမျှ မြေရှားအရင်းအမြစ် ပမာဏအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆို၏။

ဂရင်းလန်၏ ကမ္ဘာ့အဆင့်မီ မြေရှားဒြပ်စင် ထုတ်လုပ်နိုင်မှုအလားအလာမှာ လက်ရှိ ကမ္ဘာ့ဝယ်လိုအား၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာရှိသည်ဟုဆိုသည်။

ဂရင်းလန်၏ မြေရှားအရင်းအမြစ်သည် တရုတ်မြေရှားဒြပ်စင်များအပေါ် မှီခိုနေရသော အမေရိကန်အတွက် အလွန်အရေးပါသော ထွက်ပေါက်ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားထုတ်လုပ်မှုကို လွှမ်းမိုးထားနိုင်သည့် နိုင်ငံဖြစ်၏။ ကမ္ဘာ့မြေရှားဒြပ်စင်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို တရုတ်ကထုတ်လုပ်ခြင်းဖြစ်ပြီး မြေရှားဒြပ်စင်များ သန့်စင်မှု၏ ၉၅ ရာခိုင်နှုန်းမှာလည်း တရုတ်နိုင်ငံက ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ္ဘာ့မြေရှားဒြပ်စင်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက တင်ပို့ခြင်းဖြစ်ပြီး တရုတ်တင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာလည်း အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်လေသည်။ မြေရှားဒြပ်စင်များမှာလည်း ယခုခေတ်စားလျက်ရှိ သည့် လျှပ်စစ်မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လက်ကိုင်ဖုန်း စသည့်အီလက်ထရွန်နစ် ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သည့် သတ္တုများဖြစ်သည်။

အမေရိကန်နှင့်တရုတ်အကြား အနာဂတ် ကမ္ဘာကြီးကို စိုးမိုးနိုင်ရေးအားပြိုင်မှုတွင် လက်ရှိ အနေအထားအရ ဉာဏ်ရည်တု AI နည်းပညာအတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Super Chip) ထုတ်လုပ်မှု၌ အမေရိကန်နှင့် ယင်း၏ အနောက်အုပ်စုဝင်များက သာလွန်လျက်ရှိသည်။ ထိုအကဲသာမှုကို ထိန်းသိမ်းနိုင်ရန်အတွက် Super Chip ထုတ်လုပ်သည့် နည်းပညာပိုင်ဆိုင်သော နိုင်ငံလေးခု (Chip 4) စုပေါင်း၍ တရုတ်ထံသို့ ထိုနည်းပညာ မရောက်ရှိစေရေး ပိတ်ဆို့ထားရန်အမေရိကန်က ဖိအားပေးကြိုးပမ်းလျက်ရှိသည်။

အပြန်အလှန်အားဖြင့် တရုတ်ကလည်းထိုအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် မဖြစ်မနေအသုံးပြုရသည့် မြေရှားဒြပ်စင်နှင့် အခြားအရေးပါသော ရှားပါးသတ္တုများကို အမေရိကန်သို့ တင်ပို့ခြင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပိတ်ပင်တားမြစ်ခဲ့သည်။ တရုတ်က ပိတ်ပင်တားမြစ်ခဲ့သည့် သတ္တုများတွင် အဆင့်မြင့်တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် မရှိမဖြစ်အရေးပါသော ဂါလီယမ်(Gallium)၊ ဂျာမေနီယံ (Germanium)နှင့် စစ်လက်နက်ပစ္စည်းများအတွက် အရေးပါသော အင်တီမိုနီ(Antimony)နှင့် ဂရက်ဖိုက် (Graphite)တို့လည်း ပါဝင်ခဲ့သည်။

ထိုသို့သောပစ္စည်းများမှာ နိုင်ငံတိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးသော ကုန်ပစ္စည်းများ (Critical Goods)ဖြစ်ကြသည်။ ထိုပစ္စည်းများကို နိုင်ငံလုံခြုံရေးအတွက် အစဉ်အမြဲ လုံလောက်စွာ ဝယ်ယူထုတ်လုပ် သိုလှောင်ထားကြရလေ့ရှိသည်။ ယခုကဲ့သို့ တရုတ်နှင့် အမေရိကန်တို့ အကြား သေရေးရှင်ရေးသဖွယ်ဖြစ်သော မဟာဗျူဟာအားပြိုင်မှုတွင် ဤသို့သော အရေးကြီးသတ္တုများ မဖြစ်မနေရရှိရေးမှာ အမေရိကန်အတွက် အထူးလိုအပ်လျက်ရှိရာ အဆိုပါသတ္တုများရရှိနိုင်ရေးအတွက် ယင်းသယံဇာတ အရင်းအမြစ်ကြွယ်ဝ လှသောဂရင်းလန်အား လက်ဝယ်ပိုင်ပိုင် ရယူနိုင်ရေးမှာ အမေရိကန်အတွက် မရှောင်လွှဲနိုင်သည့် လိုအပ်ချက်ဖြစ်လာနေတော့သည်။

 ပထဝီနိုင်ငံရေးအနေအထား

ကမ္ဘာ့ခေါင်မိုး မဟာဗျူဟာ အချက်အချာနေရာတွင် တည်ရှိသော ဂရင်းလန်ကျွန်း၏ တည်နေရာမှာလည်း ပထဝီနိုင်ငံရေးအရ အထူးအရေးပါလျက်ရှိသည်။ အထူးသဖြင့် အာတိတ်စက်ဝိုင်း၏ တစ်ဖက်တစ်ချက် ကမ္ဘာ့မြောက်ခြမ်းတွင် ရပ်တည်နေကြသော အာရှနှင့် ဥရောပတိုက် မြောက်ဘက်စွန်းမှရုရှားနှင့် အမေရိကတိုက် မြောက်ပိုင်းကို လွှမ်းမိုးထားသော အမေရိကန်တို့၏ သမိုင်းကြောင်းနှင့် မျက်မှောက်ကာလအားပြိုင်မှုတို့တွင် ဂရင်းလန်မှာ အရေးပါသော မဟာဗျူဟာ ခြေကုပ်ဖြစ်နေလေသည်။

စင်စစ်၌ ဂရင်းလန်ကို အမေရိကန်တို့က ဝယ်ယူလိုသည်မှာ ယခုမှမဟုတ်ပေ။ အမေရိကန်က အလာစကာနယ်မြေကို ရုရှားတို့ထံမှ ၁၈၆၀ ပြည့် လွန်နှစ်များတွင် ဝယ်ယူခဲ့သည့် ကာလတစ်ဝိုက်ကပင် အမေရိကန်သမ္မတ အင်ဒရူးဂျွန်ဆင်က ၁၈၆၇ ခုနှစ်တွင် ဂရင်းလန်ကျွန်းကို ဝယ်ယူရန်ကြိုးပမ်း ခဲ့ဖူးသည်။ အလားတူပင် ၁၉၁၀ ပြည့်နှစ်ကလည်း အမေရိကန်သမ္မတ ဝီလျံတက်ဖ်က ဝယ်ယူရန် ကြိုးစားခဲ့ဖူးသကဲ့သို့ ၁၉၄၆ ခုနှစ် (ဒုတိယကမ္ဘာစစ် ပြီးစကာလ)တွင် အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ဒိန်းမတ်ထံမှ ဂရင်းလန်ကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။

ရှေ့ပိုင်းက ကမ်းလှမ်းမှုများမှာ ဂရင်းလန်၏ စီးပွားရေးအလားအလာအပေါ် မူတည်သော်လည်း ထရူးမင်း၏ ကမ်းလှမ်းမှုမှာမူ မဟာဗျူဟာလုံခြုံရေးအပေါ် ပို၍မူတည်လေသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်တပ်ဖွဲ့များက ဥရောပတစ်နံတစ်လျား ကို သိမ်းပိုက်ခဲ့ရာ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကျွန်း ကို ဂျာမန်တို့ အပိုင်စီးမသွားနိုင်စေရန် အမေရိကန်တို့ကို အကူအညီ တောင်းခဲ့သည်။ အမေရိကန်တို့က ၁၉၄၁ ခုနှစ်မှစ၍ ဂရင်းလန်ကျွန်းပေါ်တွင် လေတပ်စခန်း အများအပြားကို စတင်ဆောက်လုပ်၍ တပ်စွဲထားခဲ့သည်။ ဂျာမန်တို့ စစ်ရှုံးပြီး ၁၉၄၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားသည့်နောက်ပိုင်း၌ အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြန်ရာ မြောက်အမေရိကတိုက်နှင့် ဥရောပ/ အာရှတိုက် မြောက်ပိုင်းဒေသနှစ်ခု၏ စပ်ကြားနယ်မြေဖြစ်သော ဂရင်းလန်မှာ မဟာဗျူဟာအရ အရေးပါလာပြန်သည်။ ထို့ကြောင့်လည်း သမ္မတထရူးမင်းက ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခဲ့ခြင်းဖြစ်၏။

အမေရိကန်တို့က ဂရင်းလန်ကျွန်းကို အပိုင်ဝယ်ယူ၍ မရခဲ့သော်လည်း စစ်အေးတိုက်ပွဲကာလ တစ်လျှောက်လုံးမှသည် ယနေ့ကာလတိုင်အောင် ဂရင်းလန်၌ မဟာဗျူဟာ လေတပ်အခြေစိုက်စခန်း (ထူလီအာကာသသိပ္ပံ လေ့လာရေးစခန်း)ကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်း၍ ဆက်လက်ထားရှိခဲ့သည်။ အမေရိကန်မှ တာဝေးကင်းထောက်လေယာဉ်များနှင့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများသည် ဂရင်းလန်ကျွန်းကို ဖြတ်ကျော်၍ ပျံသန်းခဲ့ကြသကဲ့သို့ B-36 ၊ B-47 ၊ B-52 မဟာဗျူဟာဗုံးကြဲ လေယာဉ်ကြီးများလည်း အလှည့်ကျ အခြေစိုက်ကာ ကမ္ဘာ့ခေါင်မိုး ကောင်းကင်ပေါ်၌ စဉ်ဆက်မပြတ် ပျံဝဲစိုးမိုးခဲ့ကြသည်။

ဆိုဗီယက်က အမေရိကန်သို့ တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်ပါက ခရီးအတိုဆုံး လမ်းကြောင်းသည် ဂရင်းလန်ကျွန်းပေါ်မှဖြတ်၍ ပျံသန်းခြင်းဖြစ်ရာ ဆိုဗီယက်တိုက်ချင်းပစ်ဒုံးပျံများကို ခုခံကာကွယ်ရန် တာဝေးထောက်လှမ်းရေး အာရုံခံစနစ်များကိုလည်း အမေရိကန်တို့က ဂရင်းလန်ကျွန်းတွင် ချထား ခဲ့သည်။ ထို့အပြင် ဆိုဗီယက်နယ်မြေအတွင်းသို့ ပစ်လွှတ်တိုက်ခိုက်နိုင်သည့် Iceman ခေါ် ရေခဲပြင် အခြေစိုက် တိုက်ချင်းပစ် ဒုံးပျံအစင်း ၅၀၀ ကိုလည်း ဂရင်းလန်ရေခဲထုအတွင်း လိုဏ်ခေါင်းတူး၍ ချထားရန် ဆောင်ရွက်ခဲ့ဖူးသည်။ ရွေ့လျားနေသော ရေခဲထုလွှာများကို ထိန်းချုပ်ရန် အလွန်ခက်ခဲသည့် အတွက် ၁၉၆၇ ခုနှစ်တွင် လက်လျှော့ခဲ့ရသည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ်တွင် အဏုမြူဗုံးများပါရှိသည့် မဟာဗျူဟာဗုံးကြဲ လေယာဉ်တစ်စင်း ဂရင်းလန်တွင် ပျက်ကျသွားသည့်နောက်ပိုင်းတွင် ယင်းသို့သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ဂရင်းလန်ကျွန်း၌ ထားရှိခြင်းကို ရုပ်သိမ်းခဲ့ရသည်။ သို့သော်လည်း ယနေ့ကာလတိုင်အောင် ဂရင်းလန်ကျွန်းရှိ ထူလီလေတပ်စခန်း၌ အမေရိကန် F 35 ဘက်စုံသုံး တိုက်လေယာဉ်များ ထားရှိနေဆဲဖြစ်သည်။

ဤသို့ မဟာဗျူဟာအရအရေးပါမှုကြောင့် လည်းသမ္မတထရမ့်က ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခြင်းဖြစ်ပြီး သူ၏ပထမသမ္မတ သက်တမ်းကာလအတွင်းကပင် ဂရင်းလန်ကျွန်းကို ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။

တရုတ်နိုင်ငံနှင့် ဂရင်းလန်ကျွန်း

တရုတ်နိုင်ငံသည် ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသအပေါ် အထူးစိတ်ဝင်စားမှုရှိခဲ့သည်။ ယင်းမှာ ဂရင်းလန်ကျွန်း၏ သယံဇာတကြွယ်ဝမှုနှင့် အာတိတ်ဒေသ၏ မဟာဗျူဟာအရ အရေးပါမှုတို့ကြောင့် ဖြစ်လေသည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မြောက်ဝင်ရိုးစွန်း၌ ရေခဲပျော်မှုမြင့်တက် လာလေရာ ဂရင်းလန်ကျွန်း၌ တည်ရှိနေသော ရေခဲပြင်ထု လျော့ပါးလာသည်နှင့်အမျှ ကုန်းမြေထုအတွင်း တည်ရှိနေသော တွင်းထွက်သယံဇာတများရှာဖွေတူးဖော်ထုတ်လုပ်ရေး အခွင့်အလမ်းများ လည်း ပိုမိုပေါ်ပေါက်လာသည်။

တရုတ်တို့က ၂၀၁၀ ပြည့်လွန်နှစ်မှစ၍ ဂရင်းလန်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်ခဲ့ရာ တရုတ်အစိုးရပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အခြားနိုင်ငံများမှ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ဆောင်မှုများဖြင့် ဂရင်းလန်နိုင်ငံ၏ သတ္တုတူးဖော်မှု၊ အခြေခံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရေး စသည့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ ဂရင်းလန်တွင် တရုတ်တို့ ပါဝင်နေသော စီးပွားရေးလုပ်ငန်းကြီးငါးခုရှိရာ ကျွန်း၏ မြောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်မှစ၍ တရုတ် အစိုးရပိုင် Non-Ferrous Metal ကုမ္ပဏီကဩစတြေးလျ သတ္တုတွင်းကုမ္ပဏီ Ironbank နှင့် တွဲဖက်၍ သွပ်နှင့် ခဲထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်း အနောက်ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကပိုင် General Nice ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစ၍ သံရိုင်းထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းအရှေ့ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကကုမ္ပဏီ Jiangxi Zhongrun က Nordic Mining ကုမ္ပဏီနှင့် ပူးတွဲ၍ ၂၀၀၈ ခုနှစ်တွင် ကြေးနီတူးဖော်ထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းတောင်ပိုင်းတွင် တရုတ်ဒေသန္တရအစိုးရပိုင် Shenghe ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှစ၍ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၊ ဂရင်းလန်ကျွန်း၏ မြို့တော်ဖြစ်သော နူးခ်မြို့ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း(တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို မူလက ရွေးချယ်လျာထားမှုတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒိန်းမတ်ကုမ္ပဏီကသာ တာဝန်ယူ လုပ်ဆောင်ခဲ့သည်)တို့ ဖြစ်ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်လည်း တရုတ် ကုမ္ပဏီကြီးနှစ်ခုက ပါဝင်လုပ်ဆောင်လျက်ရှိသည်။

၂၀၀၉ ခုနှစ်တွင် ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ရာ စီးပွားရေး လုပ်ငန်းများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ အရင်းအနှီးတောင့်တင်းသော တရုတ်တို့ကို ဂရင်းလန်ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

တရုတ်တို့ကလည်း ဂရင်းလန်ကျွန်းအပါအဝင် အာတိတ်ဒေသနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် စက္ကူဖြူစာတမ်းတစ်ရပ် ထုတ်ပြန်၍ ယင်း၏သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ အဆိုပါ စက္ကူဖြူစာတမ်းအရ တရုတ်နိုင်ငံသည် အာတိတ်သမုဒ္ဒရာနှင့် မထိစပ်သော်လည်း အာတိတ်နှင့် နီးစပ်သောနိုင်ငံ Near Artic State တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာတိတ်ဒေသ စီမံခန့်ခွဲမှုကိစ္စနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ အာတိတ်ဒေသ၏ ကြွယ်ဝလှသော သဘာဝသယံဇာတများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ဆင်ဆင်ခြင်ခြင် ထုတ်ယူအသုံးပြု သင့်သည်ဟူသောအမြင်ကို ထောက်ခံကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် အာတိတ်ဒေသ၏ ရေလမ်းကြောင်းများ အရေးပါမှုကို အလေးထားကြောင်း၊ တရုတ်တို့၏ ရပ်ဝန်းပိုးလမ်းမအစီအစဉ်တွင် မြောက်ဝင်ရိုးစွန်း ပိုးလမ်းမ Polar Silk Road အဖြစ် ထည့်သွင်းမည်ဖြစ်ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။

ထို့ကြောင့် တရုတ်တို့အနေဖြင့် ကမ္ဘာ့ကုန်ထုတ်စက်ရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်၊ အဆင့်မြင့် နည်းပညာသုံးစက်ပစ္စည်းများကို တိုးမြှင့် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းသတ္တု တွင်းထွက်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဂရင်းလန်ကျွန်းမှထွက်ရှိမည့် သယံဇာတများကို ရယူလိုသကဲ့သို့ အရှေ့ကမ္ဘာခြမ်းမှ အနောက်သို့ ကုန်ပစ္စည်းများကို အတိုဆုံးလမ်းကြောင်းမှ ပို့ဆောင်နိုင်ရေးအတွက် အာတိတ်ဒေသ မြောက်ဝင်ရိုးစွန်း ရေလမ်းကြောင်း (North Pole Sea Route - NSR) ကို ထိရောက်စွာ အသုံးချလိုသည်မှာ ထင်ရှားနေလေသည်။

တရုတ်စီးပွားရေးပညာရှင်အချို့၏ ခန့်မှန်းချက်အရ တရုတ်ကုန်စည်များကို NSR မှတစ်ဆင့် တင်ပို့နိုင်လျှင် ကုန်စည်ပို့ဆောင်ခ ဒေါ်လာဘီလီယံ ၆၀ မှ ၁၂၀ ခန့်အထိ နှစ်စဉ် သက်သာသွားနိုင်သည်ဟုဆိုသည်။ ထို့အပြင်တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်တို့ကိုဖြတ်၍ တောင်ဘက်မှ ပတ်သွားရမည့် ရေလမ်းကြောင်းပေါ်ရှိ မလက္ကာ ရေလက်ကြား၊ ပင်လယ်နီနှင့် စူးအက်တူးမြောင်းစသည့် ပုလင်းလည်ပင်း (Bottle-neck Choke Point) နေရာများမှ ပိတ်ဆို့ခံရမည့်အန္တရာယ်၊ ပင်လယ်ဓားပြအန္တရာယ်စသည့် ရေကြောင်းလုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

အနာဂတ်အလားအလာ

မည်သို့ပင်ဖြစ်စေ တရုတ်ကို မဟာဗျူဟာအရ အဓိကပြိုင်ဘက်အဖြစ် မှတ်ယူထားသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက်မူ ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသသို့ တရုတ်တို့ ပိုမိုထိုးဖောက်ချဉ်းကပ် လာခြင်းကို မည်သို့မျှ နှစ်မြို့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဂရင်းလန်ကျွန်းကို မရ-ရသည့် နည်းဖြင့် ရယူမည်ဟု ကြုံးဝါးပြောဆိုနေခြင်းဖြစ်၏။ ကနေဒါနိုင်ငံမှာလည်း ဂရင်းလန်နှင့် အမေရိကန်အကြား စပ်ကြားနယ်မြေဖြစ်နေလေရာ ကနေဒါကို အမေရိကန်ပြည်ထောင်စုအတွင်း သွတ်သွင်းနိုင်ပါက မြောက်ဝင်ရိုးစွန်းမှ အလယ်အမေရိကတိုင်အောင် အနောက်ကမ္ဘာခြမ်းတစ်ခုလုံး၏ မြောက်ပိုင်း တစ်ပိုင်းလုံးကို အမေရိကန်က မောင်ပိုင်စီးနိုင်လိမ့်မည် ဖြစ်လေသည်။ ဤသည်ပင် ပထဝီနိုင်ငံရေးအရ ထရမ့်၏ မဟာအမေရိကန် နယ်ပယ်ချဲ့ထွင်ရေး (Pax Americana) MAGA စိတ်ကူးဟု ရှုမြင်ရပေသည်။

ထရမ့်၏ နယ်မြေချဲ့ထွင်ရေးစိတ်ကူးမှာ ၂၀ ရာစုအစပိုင်းက ပေါ်ထွန်းခဲ့သည့်ပညာရှင် Friedrich Ratzel ၏ ပထဝီနိုင်ငံရေးဆိုင်ရာ Organic Theory ကို ပြန်လည်ကျင့်သုံးနေသည့်ပုံရှိသည်ဟု လေ့လာ သူအချို့က ဆိုကြသည်။ Ratzel ၏ သီအိုရီ အကျဉ်းချုပ်မှာ နိုင်ငံများသည် သက်ရှိသတ္တဝါများ ရှင်သန်ရေးနှင့် ခွန်အားရှိရေးအတွက် အစာစားသကဲ့သို့ နယ်မြေများကိုရယူချဲ့ထွင်၍ အင်အားတိုးချဲ့ ရမည်ဟူသော အယူအဆဖြစ်သည်။ ယခုလည်းထရမ့်၏ နယ်မြေချဲ့ထွင်ရေးအယူအဆကို Ratzel ၏ နောက်လိုက်တစ်ဦးဖြစ်သည့် ဟစ်တလာနှင့် နှိုင်းယှဉ်၍ ဟစ်တလာပုံစံပေါက်နေသော ထရမ့်ရုပ်ပုံ ရေးဆွဲသရော်မှုများလည်း ပေါ်ပေါက်လာသည်။

သို့သော်လည်း ထရမ့်၏ ဂရင်းလန်အိပ်မက်မှာ လက်တွေ့ဖော်ဆောင်ရန် ခက်မည့်သဘောရှိ၏။ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အချင်းချင်းဖြစ်သော ဒိန်းမတ်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်၍ ဂရင်းလန်ကို အင်အားသုံးရယူရန်မှာ မဖြစ်နိုင်သလောက် ရှိသည်။ ငွေကြေးဖြင့် ဝယ်ယူရန်မှာလည်း “ဂရင်းလန်သည် ရောင်းရန်မဟုတ်”ဟု ဒိန်းမတ်ဝန်ကြီးချုပ်က ကြေညာထားသောကြောင့် အလားအလာ နည်းလှသည်။

အခြားတစ်ဖက်တွင်မူ ဂရင်းလန်ကျွန်းသားများ၏ သဘောဆန္ဒက အဓိကကျသည်။ ၂၀၀၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေအရ ဂရင်းလန်ကျွန်းသားများက လူထုသဘောထားဆန္ဒ ခံယူပွဲကျင်းပ၍ ဂရင်းလန်၏ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိသည်။ ထို့ကြောင့် ဂရင်းလန်ကျွန်းသားများက ဒိန်းမတ်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူလိုက်လျှင် အမေရိကန် နှင့် ပေါင်း/မပေါင်း ဆုံးဖြတ်ရန်မှာ လူဦးရေ ခြောက် သောင်းအောက်သာရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းကြီး ကို ပိုင်ဆိုင်သော ဂရင်းလန်သားများ၏ သဘောထား သက်သက်မျှ ဖြစ်သွားပေလိမ့်မည်။ ထိုမျှနည်းပါးသော လူဦးရေဖြင့် ထိုမျှကြီးမားသော ကျွန်းကြီးကို ထိန်းချုပ်ကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့အပြင် လက်ရှိအခြေအနေတွင်လည်း အမေရိကန်စစ်စခန်းက ဂရင်းလန်ကျွန်းပေါ်၌ ရှိနေသည်။ အကယ်၍သာ ဂရင်းလန်ကျွန်းသားများ ကို မက်လောက်သည့် စီးပွားရေးနှင့် ကာကွယ်ရေး မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးနိုင်လျှင်မူ ထရမ့်၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကောင်း ဖော်နိုင်ဖွယ်ရှိပေသည်။

လက်သွက်သော ထရမ့်ကလည်း သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီကပင် သားဖြစ်သူ ဂျူနီယာထရမ့်ကို သူ၏ကိုယ်ပိုင်လေယာဉ်ကြီးဖြင့် ဂရင်းလန်သို့ စေလွှတ်ကာ ကျွန်းသားများနှင့် ထိတွေ့ဆွေးနွေးစေ ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ဂရင်းလန်သည် အမေရိကန် ပိုင်နက်နယ်မြေအဖြစ် တရားဝင် ဖြစ်မလာနိုင်သေးသည့်တိုင်အောင် အမေရိကန်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စောင့်ရှောက်ခံဘဝသို့ ပုံစံတစ်မျိုးမျိုးဖြင့် တဖြည်းဖြည်း ရောက်ရှိလာရန် အလားအလာမှာကား နီးစပ်နိုင်သည်ဟု ကောက်ချက်ချတင်ပြအပ်ပါသတည်း။ ။

ကိုကိုလှိုင်

ထိပ်တန်း စီအီးအိုများ၏ ကြားနာပွဲ

၂၀၂၄ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၂၅ ခုနှစ်သို့ ရောက်ခဲ့ပြီ။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ်အပျက်များစွာရှိခဲ့သည့်အနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့်စပ်လျဉ်းသည့် သတင်းအဖြစ်အပျက်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ယင်းသတင်းအဖြစ်အပျက်များထဲမှတစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကြားနာပွဲသတင်းက ကမ္ဘာ့သတင်းမီဒီယာများတွင် နေရာယူမြင်တွေ့ခဲ့ရသည်။

ယင်းကြားနာပွဲတွင် ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ စီအီးအိုများကိုယ်တိုင် ကလေးသူငယ်များ၏ အွန်လိုင်းဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး သက်သေထွက်ဆိုခဲ့ကြရသည်။ အွန်လိုင်းမှကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ Facebook, Instagram, Threads နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Meta ၏ CEO Mark Zuckerberg အပါအဝင် Discord ၊ Snap ၊ TikTok နှင့် X (ယခင် Twitter)စသည့် ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာပလက်ဖောင်းများ ဝန်ဆောင်မှုပေးသည့် နည်းပညာကုမ္ပဏီကြီးများမှ CEO များ တစုတစည်းတည်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှေ့တွင် ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ၏ ကြားနာစစ်ဆေးမှုအတွင်း အထက်လွှတ်တော်အမတ်များက အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများအား အွန်လိုင်းတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရေး အထောက်အကူပြုလျက် ရှိနေကြောင်း၊ ယင်းတို့၏ Algorithm အသုံးပြုသည့် Content ဦးစားပေးဖော်ပြမှုနှင့် ကြော်ငြာထည့်သွင်းမှု ပုံစံများအပါအဝင် စီးပွားရှာသည့် ပုံသဏ္ဌာန်များသည် အလွန်အကျူးစွဲလမ်းစေသည့် Addictive features များ၊ သေကြောင်းကြံစည်ခြင်းနှင့် နေထိုင်စားသောက်မှုမူမမှန်ခြင်း (Suicide and eating disorders) များ၊ လက်တွေ့မကျသော အလှတရားစံနှုန်းများ (Unrealistic beauty standards)နှင့် ဆိုက်ဘာအနိုင်ကျင့်မှု (Cyber Bullying)များ စသည့်မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများကို အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် အသုံးပြုသူလူငယ်များက ထိခိုက်ခံစားရစေလျက်ရှိကြောင်းနှင့် ယင်းအပေါ်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းကုမ္ပဏီများက အသုံးပြုသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသည့် အစီအမံများမရှိဘဲ ငွေရှာဖို့သက်သက်သာလုပ်ဆောင်လျက်ရှိကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ ယင်းကြားနာပွဲသို့ လွှတ်တော်အမတ်များ၊ မီဒီယာများနှင့်အတူ ထိခိုက်ခံစားခဲ့ရသည့် (အချို့အသက် သေဆုံးခဲ့ရသည့်) ကလေးများ၏ မိဘများကိုယ်တိုင် တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

ကြားနာမှုအတွင်း Meta CEO Mark Zuckerberg နှင့် အခြား CEO များသည်အသက်မပြည့်သေးသည့်ကလေးငယ်များ ခေါင်းပုံဖြတ်အသုံးချခံရခြင်းနှင့် အန္တရာယ်ရှိသည့် ရေးသားဖော်ပြချက်များမှ ကာကွယ်ပေးရန် ၎င်းတို့ကုမ္ပဏီများ၏ အစီအမံနှင့် အားထုတ်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြင်းထန်သည့်မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ဖော်ပြချက်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကလေးများ၏ အတွေ့အကြုံများကို သက်ဆိုင်ရာ ကလေးငယ်များနှင့် မိဘများထံမှ မှတ်တမ်းတင်ထားသော သက်သေခံချက်ဖြင့် စတင်ကြားနာခဲ့ပြီး အဆိုပါကိစ္စရပ်များ၏ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သည်။

အွန်လိုင်းစွဲလမ်းမှုကြောင့် ပညာရေးထိခိုက်မှုမှသည် မိမိကိုယ်ကို သေကြောင်းကြံစည်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် ကလေးများ၏ ထိခိုက်နစ်နာမှုများအတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင် ဘီလျံနာများထံမှ လုံလောက်သည့်စာနာမှုကို ရှာဖွေနိုင်ရန် ကြိုးပမ်းမှုကို ၂၀၂၄ ခုနှစ် ကန့်လန့်ကာအဖွင့်မှာ မြင်တွေ့ခဲ့ရခြင်းပင်ဖြစ်သည်။

ကျင့်ဝတ်မဲ့ စီးပွားရေးကို ဥပဒေနှင့် ထိန်းကျောင်းရန်လိုအပ်

၂၁ ရာစု၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ဉာဏ်ရည်တု(AI)နည်းပညာများနှင့် ပေါင်းစပ်ခဲ့ပြီးနောက်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုကြီးမားပြင်းထန်လာခဲ့သည်။ Deep Fake နည်းပညာကို အလွယ်တကူ လက်လှမ်းမီအသုံးပြု လာနိုင်မှုများကြောင့် သတင်းတု၊ သတင်းမှားနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းများဖြန့်ဝေမှု၊ အမုန်းစကားဖြန့်ဝေမှုများမှတစ်ဆင့် လူ့အဖွဲ့ အစည်းအတွင်း မလိုလားအပ်သည့် ထိခိုက်နစ်နာစေမှုများ (Negative Externalities)ပိုတိုးလာစေခဲ့သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အထောက်အကူပြုသည့် ကိရိယာများအဖြစ် တွင်တွင်ပြောဆို လျက်ရှိသော်လည်း တစ်ဖက်တွင် ကျင့်ဝတ်မဲ့စွာ စီးပွားရှာသည့် စားကျက်ကြီးတစ်ခုအဖြစ် မြင်တွေ့လာရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင်များက နေ့ချင်းညချင်း ဘီလျံနာများအဖြစ် ကြီးပွားလာသည့် အခြားတစ်ဖက်တွင် အကြမ်းဖက်သမားများနှင့် မသမာသူများက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးလိုဘများအတွက် တလွဲအသုံးချလျက်ရှိသည့် အခြေအနေများကို တားဆီးဟန့်တားရန် ပျက်ကွက်ခဲ့သည်။

ယင်းကြောင့်ပင် ကမ္ဘာ့နိုင်ငံဒေသအသီးသီးတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ အပြုသဘောမဆောင်သည့် အကျိုးဆက်များမှ ရုန်းထွက်နိုင်ရေး အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သည့် အုပ်စုဝင်များအတွက် ဆိုရှယ်မီဒီယာအသုံးပြုမှု ဘေးကင်းလုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေပြုသူများနှင့် တာဝန်ရှိသူများက အလေးပေး လုပ်ဆောင်လာခဲ့ကြသည်။ မလေးရှားနိုင်ငံတွင်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဝန်ဆောင်မှုများအား နိုင်ငံတွင်းလိုအပ်ချက်များနှင့် အညီဖြစ်စေရေးအတွက် အင်တာနက်အသုံးပြုသူများထံမှ စစ်တမ်းကောက်ယူရရှိမှုများအပေါ် အခြေခံ၍လိုအပ်သည့် စည်းမျဉ်းဥပဒေများကို မလေးရှားဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင်(MCMC)က ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

မလေးရှားနိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း များ လိုင်စင်လျှောက်ထားခြင်းဆိုင်ရာမူဘောင်

မလေးရှားနိုင်ငံတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အင်တာနက်စာတိုပေးပို့ဝန်ဆောင်မှု ဆောင်ရွက်သည့် အက်ပလီကေးရှင်းများ၏ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ မူဘောင် (the licensing framework for internet messaging services and social media services)ကို MCMC က ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အများပြည်သူထံသို့ စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥပဒေစတင်အသက်ဝင်စေခဲ့ပြီးဖြစ်သည်။

မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ(CMA) (1998) အရ ရေးဆွဲ ပေါ်ပေါက်လာသည့် အဆိုပါမူဘောင်အသစ်အရ မလေးရှားနိုင်ငံတွင် အသုံးပြုသူ ၈ သန်းနှင့်အထက်ရှိသော အင်တာနက်စာတိုပေးပို့ခြင်းဝန်ဆောင်မှုများနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများသည် အက်ပလီကေးရှင်းဝန်ဆောင်မှုပေးသူ အတန်းအစားလိုင်စင် (ASP(C) Licence)ကို ရရှိ ထားရမည်ဖြစ်သည်။

လျှောက်ထားရာတွင် ၂၀၂၁ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် cloud လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာမူဘောင်ကဲ့သို့ပင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုများကို မထိခိုက်စေရေး လျှောက်ထားမှုလွယ်ကူစေရန် MCMC က မူဝါဒချမှတ်ထားသည်။ ASP(C) License ၏ သက်တမ်းမှာ တစ်နှစ်သတ်မှတ်ထားပြီး လိုင်စင်ကြေးကို မလေးရှားရင်းဂစ် ၂၅၀၀ သတ်မှတ်ထားသည်။ လိုင်စင်ရယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးသူများသည် ဒဏ်ငွေမလေးရှားရင်းဂစ် ၅၀၀၀၀၀ အထိနှင့်/သို့မဟုတ် ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခံရနိုင်သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ပြစ်မှုဆက်လက်ကျူးလွန်သည့်နေ့ တစ်ရက်တိုင်းအတွက် ရင်းဂစ် ၁၀၀၀ စီ ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။ လိုင်စင်လိုအပ်ချက်ကို လိုက်နာရန်ပျက်ကွက်သော အဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုတွင် ဒါရိုက်တာများ၊ အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်များသည်လည်း တာဝန်ရှိသည်ဟု မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ASP(C) လိုင်စင်လျှောက်ထားရန်အတွက် ကူးပြောင်းချိန်ကာလ ၅ လ(၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ) သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကဲ့သို့သော အွန်လိုင်းအန္တရာယ်များကို ၎င်းတို့၏ ပလက်ဖောင်းအသီးသီးမှ လျှော့ချနိုင်ရေး အားထုတ်မှုများလုပ်ဆောင်ရန် MCMC က တိုက်တွန်းခဲ့သည်။

မူဝါဒအသစ်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှ စတင်ပြောင်းလဲ ကျင့်သုံးမည့် မူဘောင်အသစ်နှင့်စပ်လျဉ်း၍ ထုံးစံအတိုင်း အချို့သောစိုးရိမ်မှုများနှင့် ဝေဖန်မှုများ လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် Article 19 ကဲ့သို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ဘက်မှ တာဝန်ရှိသူများက ၎င်းမူဘောင်အသစ်မှာ မလေးရှားနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အစိုးရက ဥပဒေများကို အသုံးပြုလာခြင်းပေလောဟု မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။

သို့ရာတွင် ယင်းသို့ လိုင်စင်မူဘောင်သတ်မှတ်ချက်သည် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အကာအကွယ်ပေးရန်အတွက် အစိုးရ၏ ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း Kota Melaka မြို့တော်၏ လွှတ်တော်အမတ် Khoo Poay Tiong ကပြောကြားခဲ့ပြီး မလေးရှားဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil ကလည်း ယခုမူဘောင်အသစ်သည် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းမရှိဘဲ မလေးရှားနိုင်ငံအတွင်း ကြော်ငြာဝင်ငွေများရယူခြင်းဖြင့် စီးပွားရေးအရ ဆောင်ရွက်လျက်ရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိကြောင်း ပြောကြားထားသည်။

ယင်းသို့ ဆောင်ရွက်မှုသည် ပိုမိုလုံခြုံသော အွန်လိုင်းဂေဟစနစ် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ကလေးများနှင့် မိသားစုများအတွက် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း MCMC က တုံ့ပြန်ခဲ့သည်။

လိုင်စင်လျှောက်ထားရန် ဆောင်ရွက်မှု

မလေးရှားနိုင်ငံတွင် အင်တာနက်နှင့်ဆိုရှယ် မီဒီယာအသုံးပြုမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး www.statista.com ၏ ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် စာရင်းအင်းများတွင် Facebook သည် မလေးရှား နိုင်ငံတွင်သုံးစွဲသူ ၂၂ ဒသမ ၃၅ သန်းရှိ၍ စုစုပေါင်း လူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ နိုင်ငံရေးသတင်းများ အပါအဝင် သတင်းအချက်အလက်အများစုကို မလေးရှားနိုင်ငံသားများက Facebook မှတစ်ဆင့် ရရှိနေခြင်းဖြစ်သည်။ လက်ရှိထုတ်ပြန်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်သတ်မှတ်ချက်အရ မလေးရှားတွင် လိုင်စင်လျှောက်ထားရန် သတ်မှတ်ချက်အကျုံးဝင်သည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှာ Facebook, Instagram, WhatsApp, Telegram, WeChat နှင့် TikTok အပါအဝင် ရှစ်ခုထက်မနည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်အထိ Tencent ၏ WeChat၊ ByteDance ၏ TikTok သည် ဤစည်းမျဉ်းအသစ်အရ လုပ်ငန်းလည်ပတ်ရန်လိုင်စင်များ လျှောက်ထားရယူထားပြီးဖြစ်ပြီး Telegram ကို လည်း MCMC က ဇန်နဝါရီလ ၂ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် Facebook၊ Instagram နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta အနေဖြင့် ယင်း၏ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများအတွက် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းစဉ်အား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း MCMC ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

သို့ရာတွင် X (ယခင် Twitter)အနေဖြင့်မူ လိုင်စင်ထုတ်ပေးသည့် မူဘောင်ပါသတ်မှတ်ချက် တစ်ခုဖြစ်သည့် မလေးရှားတွင် အသုံးပြုသူအရေအတွက် ၈ သန်းမရှိဟုဆိုကာ လျှောက်ထားခြင်း မပြုသေးကြောင်းသိရသည်။ အလားတူ YouTube ၏ မိခင်ကုမ္ပဏီ Google ကလည်း ၎င်း၏ ဗီဒီယို မျှဝေခြင်းဆိုင်ရာ ဝန်ဆောင်မှုများသည် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများနှင့် သဘာဝကွဲပြားသဖြင့် ဥပဒေပါ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအားဖော်ပြပြီး လိုင်စင်လျှောက်ထားခြင်းကိစ္စကို ဆွေးနွေးနေစဲဖြစ်ကြောင်း သိရှိရသည်။ တစ်ဖက်တွင် လိုင်စင်လျှောက်ထားခြင်းမရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအနေဖြင့် ဥပဒေအရ စိစစ်အရေးယူမှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအား မူဝါဒကြီးကြပ်သည့် မူဘောင်တစ်ရပ်ကို စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်မှုများကိုလည်း တွေ့ရှိလာရသည်။

စောင့်ကြည့်ရမည့် အခြေအနေ

၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်အသုံးပြုသူ ၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယင်းပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၆၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ယင်းအနက်မှ စုစုပေါင်း၏ ၅ ဒသမ ၂၂ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၆၃ ဒသမ ၈ ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာအသုံးပြုသူများဖြစ်သည်။ လက်ရှိတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် လူမှုအသိုက်အဝန်းကို အကျိုးပြုသည့် သာမန်ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက်ဖြန့်ချိရာနေရာ တစ်ခုမျှသာမဟုတ်ဘဲ အခွန်ဘဏ္ဍာစည်းကြပ်မှုလျော့ရဲစွာဖြင့် ကြော်ငြာခများ နိုင်ငံတွင်းမှ စီးထွက်ရာ၊ အစွန်းရောက် အကြမ်းဖက်အယူအဆများ ပေါက်ဖွားရာ၊ သတင်းတုသတင်းမှားနှင့် အမုန်းစကားတို့၏ မြစ်ဖျားခံရာ၊ အွန်လိုင်းလိမ်လည်မှုများ အလွယ်တကူဆောင်ရွက်ရာ နေရာများအဖြစ် လူမှုအသိုက်အဝန်းအတွက် မလိုလားအပ်သည့် အကျိုးဆက်များနှင့် အန္တရာယ်များကို ဆောင်ကြဉ်း လာလျက်ရှိနေပြီဖြစ်သည်။

ယင်းမလိုလားအပ်သည့် လူမှုဒုက္ခများကို လျှော့ချနိုင်စေရေးနိုင်ငံနှင့် ဒေသအဖွဲ့အစည်း အသီးသီးက လိုအပ်သည့် ဥပဒေများထုတ်ပြန်၍ ပြန်လည်ထိန်းကျောင်းလျက်ရှိရာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ တုံ့ပြန်ဆောင်ရွက်ချက်များအား ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်ပါသည်။

ကိုးကား-

https://www.demandsage.com/social-media-users/

https://apnews.com/article/meta-tiktok-snap-discord-zuckerberg-testify-senate-00754a6bea92aaad62585ed55f219932

https://insightplus.bakermckenzie.com/bm/technology-media-telecommunications_ 1/malaysia-licensing-of-social-media-and-internet-messaging-service-providers-from-1-january-2025-onwards

https://www.dataguidance.com/news/malaysia-mcmc-unveils-new-regulatory-framework-social

https://www.statista.com/statistics/617136/digital-population-worldwide/

Source: www.moi.gov.mm

ဇေလက်ျာ

မော်တော်ဆိုင်ကယ်စီးခြင်းသည် စီးနင်းသူများအား အခြားယာဉ်အနည်းငယ်သာ ရရှိတွေ့ကြုံ ခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာနှင့် လွတ်လပ်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဆိုင်ကယ်စီးခြင်းနှင့်အတူ အသက်အန္တရာယ်နှင့်ကြုံတွေ့ရနိုင်ခြင်းကဲ့သို့သော သိသာ ထင်ရှားသည့် အန္တရာယ်များနှင့်လည်း တွေ့ကြုံရနိုင်ပါသည်။ မော်တော်ဆိုင်ကယ်စီးနေစဉ် မိမိကိုယ်ကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းပင် ဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်စီးနင်းသူများသည် အန္တရာယ်အရှိဆုံးစွမ်းအင်သုံးယာဉ်လမ်း အသုံးပြုသူများဖြစ်သည်။ ဤဆောင်းပါးသည် မော်တော်ဆိုင်ကယ်စီးသူများအတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် မရှိမဖြစ် လိုအပ်သည့် အကြောင်းရင်းများ၊ ဘေးကင်းစေရေး၊ တရားဥပဒေသတ်မှတ်ချက်များနှင့် တာဝန်သိစွာ စီးနင်းမှု မြှင့်တင်ရေးတို့ကို အလေးပေး ဖော်ပြထားပါသည်။

ဦးထုပ်ဘာကြောင့်ဆောင်းရတာလဲ။            မော်တော်ဆိုင်ကယ်တိမ်းမှောက်ခြင်းသည် မာကျောသော အရာများနှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် (သို့မဟုတ်) အလွန်အမင်းအရှိန်ကြောင့်ဖြစ်စေ ဦးခေါင်း ဒဏ်ရာရရှိနိုင်သည်။ ဆိုင်ကယ်စီးနှင်းသူ၏ဦးခေါင်းက လူသွားလမ်း (သို့မဟုတ်) မြေပြင်ကို ထိမိသည့် အခါ ဦးခေါင်းခွံအတွင်းက အရိုးတွေကို ထိမိပြီး သေစေနိုင်သည့်အတွက် မော်တော်ဆိုင်ကယ်စီးသည့် အခါ ဆိုင်ကယ်စီးဦးထုပ်ကို အမြဲဆောင်းရန် အလွန်အရေးကြီးပါသည်။

ဦးထုပ်ဆောင်းရန် တရားဝင်တာဝန်ရှိပါသလား။      အဖြေက “ဟုတ်ကဲ့” ဖြစ်ပါသည်။ နိုင်ငံတိုင်းနီးပါး တွင် ဆိုင်ကယ်စီးနင်းသူများနှင့် ခရီးသည်များအား အကာအကွယ်ဦးထုပ်ဆောင်းရန် ဥပဒေများပြဋ္ဌာန်း ထားသော်လည်း နိုင်ငံတစ်ခုနှင့်တစ်ခု ယာဉ်မောင်းများ၏ အသက်နှင့်ယာဉ်စွမ်းအား သတ်မှတ်ချက်ပေါ် မူတည်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြသော်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် တာဝန်ရှိကြောင်း တွေ့ရှိရပါသည်။

ဘေးကင်းရေး ပထမ။           ဆိုင်ကယ်စီးဦးထုပ်ဆောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ လုံခြုံရေး ဖြစ်သည်။ လေ့လာမှုများအရ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် မတော်တဆမှုတစ်ခုတွင် ဦးခေါင်း ဒဏ်ရာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးကြောင်း တွေ့ရှိရပါသည်။ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းသည် မော်တော်ဆိုင်ကယ်စီးနင်းသူများ အသက်ဆုံးရှုံးစေသော ထိခိုက်ဒဏ်ရာများကို ကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိပါသည်။ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ဦးထုပ်သုံးစွဲမှုဆိုင်ရာလေ့လာမှုအရ ၂၀၁၆ ခုနှစ်တွင် ခန့်မှန်းခြေ ဦးထုပ်ဆောင်းမှုမှာ ၅၁.၆၆ ရာခိုင်နှုန်းဖြစ်သည်။ ယာဉ်တိုက်မှုတွင် ထိခိုက်မှုမှာ ပြင်းထန်သော ဦးနှောက်ဒဏ်ရာများအထိ ဖြစ်စေနိုင်ပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းသည် အရေးကြီးသော ကာကွယ်မှုကိုပေးနိုင်ပြီး ဦးခေါင်းဒဏ်ရာရခြင်းမှ အထိ ရောက်ဆုံး ကာကွယ်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

ဥပဒေကဏ္ဍတွင်လည်း ဒေသများစွာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် ဘေးကင်းစေရေး အတိုင်းအတာ တစ်ခုမျှသာမက ဥပဒေပြဋ္ဌာန်းချက်လည်းဖြစ်ပါသည်။ နိုင်ငံတစ်ခုနှင့်တစ်ခု ဥပဒေများ သည် ကွဲပြားသော်လည်း အများစုတွင် အဆိုပါဥပဒေများသည် မော်တော်ဆိုင်ကယ် မတော်တဆမှုများ နှင့်ဆက်စပ်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအတွက် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ပြဋ္ဌာန်းထားပါသည်။ ဤဥပဒေများကို လိုက်နာခြင်းဖြင့် ဆိုင်ကယ်စီးနင်းသူများသည် မိမိတို့ ကိုယ်ကို ကာကွယ်ရုံ သာမက လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လူမှုအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများကိုလည်း အထောက်အကူဖြစ်စေပါသည်။ အဆိုပါဥပဒေများကို လျစ်လျူရှုပါက ဒဏ်ငွေနှင့် တရားဥပဒေဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်စေပြီး စီးနင်းသူများအနေဖြင့် ဥပဒေစည်းမျဉ်းများကို နားလည်ပြီး လိုက်နာရန် မရှိမဖြစ် လိုအပ်ပါသည်။ 

ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွားဘဝ ဆုံးရှုံးမှု များ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ(NRSC)၏ အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး Quick Win လုပ်ငန်းအစီအမံ(၅)ရပ်နှင့်အညီ အောက်ပါအတိုင်းဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော် ထားပါသည်။

(က)  မော်တော်ယာဉ်မောင်းနှင်အသုံးပြုရာတွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်အသုံးပြုရန်၊

(ခ)  မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းသူများ၊ နောက်မှလိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်နှင့် မေးသိုင်းကြိုး မြဲမြံစွာ တပ်ဆင်အသုံးပြုရန်၊

(ဂ)   အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရန်၊ 

(ဃ)  မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊

(င)   မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း မပြုရန်။

တာဝန်သိစီးနင်းခြင်းအမူအကျင့်ကို မြှင့်တင်ခြင်း။      ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် တာဝန်သိစွာ စီးနင်းခြင်း ယဉ်ကျေးမှုကို အားပေးပါသည်။ ဆိုင်ကယ်စီးနင်းသူများသည် အကာအကွယ်ပစ္စည်းများကို အသုံးပြု ခြင်းဖြင့် ၎င်းတို့၏ဘေးကင်းရေးကို ဦးစားပေးသောအခါ အခြားသူများအတွက် အပြုသဘော ဆောင်သော စံနမူနာတစ်ခုဖြစ်သည်။ ဤအပြုအမူသည် ဘေးကင်းသော အလေ့အကျင့်များကို ကျင့်သုံးရန် ဆိုင်ကယ်စီးနှင်းသူအသစ်များအတွက် စံနမူနာဖြစ်ပါသည်။ ထို့အပြင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းသည် မော်တော်ဆိုင်ကယ်စီးခြင်းနှင့် ဆက်စပ်နေသောအန္တရာယ်များကို သတိပေးချက်အဖြစ် ဆောင်ရွက်ပေးနိုင်ပြီး လမ်းပေါ်တွင်စီးနင်းသူများ ပိုမိုသတိရှိရန် လှုံ့ဆော်ပေးပါသည်။ ဤ အသိတရားမြင့်မားလာခြင်းသည် အာရုံထွေပြားခြင်းများကို ရှောင်ကြဉ်ခြင်း၊ လမ်းစည်းကမ်းလိုက်နာခြင်းနှင့် သင့်လျော်သောအရှိန်ဖြင့် စီးနင်းခြင်းကဲ့သို့သော ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက် ချခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် မော်တော်ဆိုင်ကယ်စီးရင်း အမြဲဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အရေးကြီးသော အလေ့အကျင့် တစ်ခုဖြစ်ပြီး ၎င်းသည် ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးကာ ဥပဒေကိုလိုက်နာသော တာဝန်ယူမှု ရှိသည့် စီးနင်းခြင်းယဉ်ကျေးမှုကို မြှင့်တင်ပေးပါသည်။ မော်တော်ဆိုင်ကယ်စီးသူများသည်  လွတ်လပ်မှုကို နှစ်သက်သည်နှင့်အမျှ မိမိတို့ကိုယ်ကို ကာကွယ်ရန် အရေးကြီးကြောင်းကိုလည်း သတိထား ဆောင်ရွက်ရမည်ဖြစ်ပါသည် အဆုံးစွန်သောအားဖြင့် ဆိုင်ကယ်ဦးထုပ်သည် ကံဆိုးမိုးမှောင် ကျသည့် ဖြစ်ရပ်တွင် အသက်ကို ကယ်တင်နိုင်ပြီး ဒဏ်ရာပြင်းထန်မှုကို လျှော့ချနိုင်သည့် အရေးကြီး သော လုံခြုံရေးကိရိယာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မော်တော်ဆိုင်ကယ်စီးလျှင်  အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန် အားလုံးကို တိုက်တွန်းပါကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာသံလွင်ထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်တာခရီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် ဘီစီ ၂ ရာစုမှစတင်ကာ  နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို    အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင် နိုင်ခဲ့သည်မှာ  (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း  နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံခြားရေးဌာနကို  ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် "Department of Foreign Service" အဖြစ် စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး ဒင်္ဒသမနငါည ဉ်ငခနဒဒ ဟု အမည်ပြောင်းလဲခဲ့ပြီး  အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန ဒဒွှ့န ငြညငျအမပ သ် ၤသမနငါည ဗ်ငေမျဒဒ (ြဥၤဗ) အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင်  အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလတစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ်ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ်အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြားတင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင်အထင်ကရဖြစ်သည့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်  ပူးတွဲချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးဦးတည်သည့် အဆိုပါ မူကြီး(၅)ချက်မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊  တန်းတူညီမျှရှိပြီး  အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါသည်။

ထိုမှတစ်ဆင့်  နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏သံတမန်ရေးရာ ဦးဆောင်မှုကို  ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ကို   ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ    အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။

အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီးထူထောင်ရေးတွင်လည်း    မြန်မာနိုင်ငံမှ တက်<ကစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများတိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း   ပြည်ထောင်စုဝန်ကြီးမှ အလေးထားပြောကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ  လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ်    မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယား လက်နက် တားဆီးရေး စာချုပ်၊ နျူကလီးယားစမ်းသပ်မှုအလုံးစုံ တားဆီးရေးစာချုပ်တို့တွင်   လက်မှတ် ရေးထိုးခြင်း၊ နျူကလီးယား    လုံခြုံစိတ်ချစွာသုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင်   အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါအဝင်   လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။  ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာပထမကော်မတီတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင်   အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။

၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာကမ္ဘာ့ စီးပွားရေးဖိုရမ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို  မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင်    ဖွံ့ဖြိုးမှု အကူအညီများရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။

အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်းဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။

လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်<ကစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင်  မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ်   သတ်မှတ်ကာ အလေးပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ လှည့်ဖြားခံရခြင်း အပါအဝင်   အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင်ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။

စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။

အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂမျက်နှာစာနှင့်အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက် နာခဲ့ကြသည့် မူကြီးများကို  အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့်  နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကိုအလေးထားကာ   မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနသည်   ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 (၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက်မျိုးဆက်သစ်သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများ ပေါ်ထွန်းစေမည့်  နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။  ။

Source: Myawady Webportal

နိုင်ငံခြားရေးဝန်ကြီးဌာန

ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့် ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများ သေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ် သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

ပလတ်စတစ်အမှိုက်များအကြောင်း

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပလတ်စတစ်အန္တရာယ်နှင့် ပတ်သက်၍ ကုလသမဂ္ဂမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်းဖော်ပြထားကြောင်း လေ့လာသိရှိရပါသည်-

ယနေ့ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန်သန်း ၅၀၀ မှ တန်ချိန်သန်းပေါင်း တစ်သန်း (တစ်ထရီလီယံ) အထိ သုံးစွဲလျက်ရှိပြီး မိနစ်တိုင်းတွင် ပလတ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ကုန်စုံဆိုင်လုပ်ငန်းသုံး အိတ်များကို ၅ ထရီလီယံအထိ သုံးစွဲနေပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမှုမရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ရာစုနှစ်ဝက်အရောက်တွင် ပလတ် စတစ်အိတ်တန်ချိန် ၁၂ ဘီလီယံကြောင့် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှုဒဏ် ခံစားရနိုင်သည်။ ထိုသို့နှစ်စဉ် ၅ ထရီလီယံ ထုတ်လုပ်နေခြင်းက တစ်မိနစ်လျှင် ပလတ်စတစ်အိတ် ၁၀ သန်းနီးပါး အသုံးပြု ခြင်းနှင့် ညီမျှသည်။ အသုံးပြုပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့်အသုံးပြုပြီး ပလတ်စတစ်အိတ် ၇၉ ရာခိုင်နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွားသည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများသည် အန္တရာယ်ရှိသော ပစ္စည်းများစွန့်ပစ်မှုအတွက် အသုံးပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန်ခက်ခဲလာကာ အချို့ရေကြောင်း နေရာများသည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော နေရာအဖြစ်ပြောင်းလဲလာသည်။ ပလတ်စတစ်ပစ္စည်း အများစုသည် ရေကြောင်းကိုပိတ်စေပြီး ကောက်ရိုး၊ ပလတ်စတစ်အိတ်နှင့် ဇွန်း၊ ခက်ရင်း အစရှိသော ပစ္စည်းများက အမှိုက်ပုံတစ်ခုကဲ့သို့ ဖြစ်လာသည်။ ပလတ်စတစ်အိတ်များသည် ရေဆိုးပိုက်များကို ပိတ်စေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး တိရစ္ဆာန်များ၏ အစားအစာထဲသို့ပါသွားပါက အသက်ဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံးသွားသောနွားများ၏ဝမ်းဗိုက်အတွင်း ပလတ်စတစ်အိတ်များတွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ ဝေလငါးတစ်ကောင်သည်လည်း အသုံးပြုပြီး ပလတ်စတစ် အိတ်များစားသုံးမိသဖြင့် သေဆုံးခဲ့သည်။

ကမ္ဘာကိုခြောက်လှန့်နေသော ပလတ်စတစ်အန္တရာယ်

အမေရိကန်သိပ္ပံပညာရှင်များ၏ တွက်ချက်မှု အရလွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပေါ်တွင် လူသားများအနေဖြင့် ထုတ်လုပ်သုံးစွဲလာသော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈ ဒသမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သော ၆၅ နှစ်ခန့် ကစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်ပမာဏသည် ဆင်အကောင်သန်းတစ်ထောင်ခန့်နှင့် အလေးချိန် ညီမျှနေပြီး ကမ္ဘာကြီးသည် ပလတ်စတစ်ဂြိုဟ်ကြီးကဲ့သို့ ဖြစ်လာနေပြီဖြစ်ကြောင်း စိုးထိတ်ဖွယ် လေ့လာသိရှိရ သည်။ ယနေ့ခေတ်လူသားတို့ ထုတ်လုပ်သုံးစွဲလိုက်သမျှ ပလတ်စတစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်သည် အလေအလွင့်ဖြစ်သွားပြီး မြစ်ချောင်းအင်းအိုင်များ နှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန်ကြောင်း၊ ထုတ်လုပ်သမျှ ပလတ်စတစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး ကျန် ၈၀ ရာခိုင်နှုန်းကျော်ခန့်က ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့ သွားကြောင်း သိရသည်။ အဆိုပါနှုန်းအတိုင်း ဆက်လက် ဖြစ်ပေါ်နေမည် ဆိုပါက လာမည့် အနှစ် ၃၀ ခန့်တွင် ပလတ်စတစ် ပစ္စည်းစွန့်ပစ်မှုပမာဏ တန်ချိန်ပေါင်း ၁၂ ဘီလီယံ ခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပလတ်စတစ် အိတ်မှ လေယာဉ်ကိုယ်ထည်အထိ ထုတ်လုပ်ခဲ့သမျှ ပလတ်စတစ်ပစ္စည်းအားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင်ပြောင်းယူ၍မရဘဲ မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး၍ ရနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့မီးရှို့ခြင်းက အီသိုင်လင်းအောက်ဆိုက်နှင့် ဒိုင်အောက်စင် စသည့်အန္တရာယ်ဖြစ်စေတတ်သော ဓာတ်ငွေ့များထွက်ရှိလာသဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ယင်းအငွေ့များကိုရှူရှိုက်မိသည့် လူ၏သွေးနှင့် ဆီးထဲကို ရောက်ရှိပြီး ကင်ဆာရောဂါ ဖြစ်နိုင်သည်။ ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုသည် အလွန်စိုးရိမ်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာပြီး အစားထိုးသုံးစွဲမှုများနှင့် ပြန်လည်သန့်စင် သုံးစွဲရေးအစီအမံများ အလွန်အရေးကြီးလာပြီဖြစ် ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင် လက်ရှိထုတ်လုပ် သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာဂျင်တီးနားနိုင်ငံ အကျယ်အဝန်းကိုပင် ဖုံးလွှမ်း၍ရနေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များကတွက်ချက် သတိပေးထားသည်။

ပလတ်စတစ်အသုံးအဆောင်များ၏ ဘေးအန္တရာယ်

ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွင် ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင်ရင်း ဓာတ်များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသော အစားအသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက ယင်းဓာတုပစ္စည်းများက အစားအသောက်များထဲကို ဓာတ်ပြုပျော်ဝင်သွားကာ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့နည်းတူ ကလေးနို့ဘူး ပြုလုပ်သည့် PVC ပလတ်စတစ်နှင့် ပလတ်စတစ် ရေပိုက်များတွင် မိုနိုမာ(ခေါ်)အလွန်အဆိပ်ပြင်းသည့် ဓာတ်တစ်မျိုး ပါဝင်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါ ဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေးသတိအသိဖြင့် ရှောင်ရှားသင့်သည်။ ထို့ပြင် မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သည်။ ထို့ကြောင့် ဖန်ထည်၊ ကြွေထည်များဖြင့် ပြုလုပ်ထားသော ပစ္စည်းများကိုသာသုံးသင့်သည်။ ကလေးနို့ဘူးကိုလည်း ဖန်ထည်နှင့်ပြုလုပ်ထားသည့် ပစ္စည်းသုံးခြင်းက ကလေးကို ပလတ်စတစ်ထဲမှာပါဝင်သော ဓာတုပစ္စည်းတွေ မနှောင့်ယှက်အောင် ကာကွယ်ပေးရာ ရောက်သည်။ သြစတြေးလျသုတေသီများ၏ လေ့လာမှုမှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို မကြာခဏဆိုသလိုတွေ့ရလေ့ရှိပြီး ယင်းဓာတုပစ္စည်းက ပလတ်စတစ်ကို ကြည်လင်စေရန်၊ ပျော့ပျောင်းစေရန်၊ တာရှည်ခံစေရန် ပြုလုပ်ထားကြောင်း၊ ထိုဓာတုပစ္စည်းအုပ်စုကို အစားအစာ ထုပ်ပိုးမှုများ၊ ဆေးဝါးထည့်ပစ္စည်းများ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာကိရိယာများတွင် အသုံးပြုမှုပိုများကြောင်း၊ ထို phthalates ဓာတုပစ္စည်းများနှင့် ထိတွေ့သူများ၌ အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။ အထူးသဖြင့် အမျိုးသမီးမျိုးပွားခြင်း၊ သန္ဓေတည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် (EDC) ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူး၊ ခွက်များတွင်ပါဝင်မှုများကြောင်း ဂျာမနီသုတေသီများကဆိုသည်။ ပလတ်စတစ်ပစ္စည်းထဲတွင် ပါရှိသော ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းက လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းကို ကစဉ့်ကလျားဖြစ်စေနိုင်သည်။ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကာ ဆဲလ်ပျက်စီးခြင်းနှင့် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကင်ဆာ ဖြစ်နိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ ထို့ပြင်မွေးဖွားလာသော ကလေးတွင် အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာ ခြင်းများ ဖြစ်ပွားနိုင်သည်။ အချို့သူများက သွားတိုက်တံကို မိုက်ကရိုဝေ့ မီးဖိုတွင် အပူပေးပိုးသတ်လေ့ရှိကြသည်။ ထိုနည်းက လွန်စွာ မှားယွင်းနေပါသည်။ သွားတိုက်တံများကို ပလတ်စတစ်၊ ဆီလီကွန်၊ နိုင်လွန်ပစ္စည်းများဖြင့် ပြုလုပ်ထားကြပြီး ၎င်းတို့ကို မီးဖိုမှာအပူငွေ့ပေး လိုက်ရာ Bisphenol-A (BPA) ခေါ် ဓာတုပစ္စည်း တစ်မျိုးထွက်ရှိလာသည်။ ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေသည့်အပြင် ကျား-မ မြုံခြင်းကိုပါ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ သွားတိုက်တံ တစ်ချောင်းကို အများဆုံး သုံးလထက် ပို၍ မသုံးဘဲအသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွားတိုက်တံသုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံ မသုံးမီ ရေခပ်နွေးနွေး၊ ဆပ်ပြာတို့ဖြင့် စိမ်၍ သန့်စင် ဆေးကြောပြီးမှသုံးပါ။

ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး

ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသော ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများမှာ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ကြောက်ခမန်းလိလိတိုး၍နေသည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များ လျော့နည်းကျဆင်း စေပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်ရည်ရွယ်၍ မြန်မာပြည်အနှံ့ရှိ တိုင်း ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များတွင် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့ကကြီးမှူးကာ ပြည်သူများ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲများ၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှု အစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအဖြစ် အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူအိတ်များ ပေးဝေခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း စသည့် ပုံစံ အမျိုးမျိုးဖြင့် အသိပညာပေး ဆွေးနွေးလျက်ရှိသည်။ အချုပ်ဆိုသော် ပလတ်စတစ်ထုတ်ကုန်များသည် ဈေးသက်သာပြီး ထုပ်ပိုးရန်လွယ်ကူသော်လည်း ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေခြင်း၊ ဆွေးမြည့်ရန်မလွယ်ကူခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း စသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏စည်းကမ်းမဲ့၊ ဆင်ခြင်တုံတရား မဲ့မှုတို့ကြောင့် ဖြစ်လာရသည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ်ထိန်းချုပ်မှုများကို အချိန် မနှောင်းမီ ပြုလုပ်ကြရန် လူတိုင်းကိုယ်စီ အသိ တရားများဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် အများပြည်သူတို့အနေ ဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန်လိုအပ်ပါကြောင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် အသွယ်သွယ်က ရှောင်လွှဲ၍ လွတ်ဖို့ခဲယဉ်းသည့်အလျောက် အညစ်အကြေး ကင်းစင်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။

Source: Myanmar Digital News

ပေါက်ပေါက်

မုန်လာဥနီအမျိုးအစားနှစ်မျိုး

ဆောင်းဦးပေါက်ရာသီတွင် လှိုင်လှိုင်တွေ့ရလေ့ရှိသော အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော မုန်လာဥနီကို အချို့ကမုန်လာဥဝါဟုခေါ်ကြပြီး အများစုက “ဥနီ”ဟု အလွယ်ခေါ်ကြပါ သည်။ ရှမ်းပြည်နယ်မှထွက်သော မုန်လာဥနီမှာအသားကျစ်ပြီး အရွယ်အနည်းငယ်ညှက်ကာ အနံ့၊ အရသာပိုမိုစူးရှပြီး “ခါကြက်ဥ” ဟုခေါ်ကြပါသည်။ မုန်လာဥနီသည် လိမ္မော်ရောင်ရှိသောအမြစ်ဖြစ်ပြီး ပေါ့ပါး၍နူးညံ့သောအရွက်ရှိသည့် ဟင်းမွှေးရွက်အုပ်စုဝင် နှစ်နှစ်တစ်ကြိမ် စိုက်ပျိုးရသောအပင်မျိုး ဖြစ်သည်။ လက်တင်အမည်မှာ Daucus Carota ဖြစ်သည်။ မုန်လာဥနီအမျိုးအစားအားဖြင့် နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဒေဆီ(Desi) မျိုးဖြစ်ပြီး အနီရင့်ရောင်ရှိပါသည်။ ဒုတိယမျိုးမှာ ဝီလာယတီ (Wilayati) မျိုးဟုခေါ်ပြီး အနီဖျော့ဖျော့လိမ္မော်ရောင်ရှိကာ အရသာနှင့်အသုံးဝင်ပုံမှာဒေဆီ (Desi) မျိုးထက်ပိုမိုကောင်းမွန်ပါသည်။

မုန်လာဥနီစိုက်ပျိုးနည်း

မုန်လာဥနီကို တန်ဆောင်မုန်းလနှင့် နတ်တော်လတို့တွင် စိုက်ပျိုးနိုင်သည်။ မည်သည့်မြေမျိုး တွင်မဆိုစိုက်ပျိုးနိုင်ပြီး မြေပွ၍မြေဆွေးလျှင် ပိုကောင်းပါသည်။ (၂၀x၄) ပေရှိသော စိုက်ခင်းအတွက် မျိုးစေ့တစ်ကျပ်ခွဲသားလိုအပ်၍ တစ်ပင်နှင့်တစ်ပင် လေးလက်မခြား၍ တစ်တန်းနှင့်တစ်တန်း ရှစ်လက်မခြားစိုက်ရပါသည်။ မိမိခြံအတွင်း၌ မြေကျဉ်းလျှင် ရက်ကြာသော ဟင်းသီးဟင်းရွက် အပင်တန်းများကြားတွင်ဖြစ်စေ အားလပ်သောမြေနေရာတွင် စိုက်နိုင်ပါသည်။ စိုက်ခင်းတွင် အကြောင်း ခပ်တိမ်တိမ်ပြုလုပ်၍ မျိုးစေ့များချပြီး မြေမှုန်နုနုဖြင့် အုပ်ပေးရမည်။ ဥကြီးကြီးလိုလျှင်အပင်ရင်း၌ မြေကြီးကို မောက်မောက်လေးစုပေးရပါမည်။ မုန်လာဥနီစိုက်သောမြေသည် အမြဲစွတ်စိုနေရန် လိုပြီး မကြာခဏ ပေါင်းသင်မြေဆွပေးရသည်။ ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်းတူးဖော်နိုင်ပါသည်။ မုန်လာဥနီကို ရာသီစာအဖြစ်သော်လည်းကောင်း၊ တစ်နှစ်ပတ်လုံးသော်လည်းကောင်းစျေးများတွင် ပေါများစွာတွေ့ရပါသည်။

မုန်လာဥနီစားသုံးမှုအများဆုံးနိုင်ငံများနှင့် စားသုံးမှုပမာဏ

အာရှတိုက်တွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သည် မုန်လာဥနီအစားများသော နိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်တွင် မုန်လာဥနီ စားသုံးမှုအများဆုံးမှာ အမေရိကန်လူမျိုးများဖြစ်ပြီး အမေရိကန်လူမျိုးတစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်လာဥနီ ၁၂ ပေါင်ခန့် နှစ်ခြိုက်စွာစားသုံးလေ့ရှိသောကြောင့် မုန်လာဥနီသည် ကမ္ဘာပေါ်တွင် အာလူးပြီးလျှင် ဒုတိယရေပန်းအစားဆုံးဟင်းသီးဟင်းရွက်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါနိုင်ငံများတွင် မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊ အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ ကင်မ်ချီ၊ တော့ပိုကီ၊ မုန်လာဥနီ Croquettes၊ စပါ(ဂ်)တီခေါက်ဆွဲနှင့် ဂျပန် Cole Salw စသည့်ဟင်းလျာတို့အပြင် အချိုပွဲအဖြစ် ကိတ်မုန့်၊ ကွတ်ကီး၊ Pie Cake ၊ ပူတင်း၊ ယို၊ ရေခဲမုန့်၊ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော်စားသောက်ကြသည်။

မြန်မာနိုင်ငံတွင် မုန်လာဥနီကိုအများအားဖြင့် ကြော်စားကြသည်။ မုန်လာဥနီကိုအတို့အမြှုပ် အနေဖြင့်ဖြစ်စေ၊ စွပ်ပြုတ်အနေဖြင့်ဖြစ်စေ ထည့်သွင်းစားသုံးနိုင်ပါသည်။ မုန်လာဥနီကို ရေဖြင့် သေချာဆေးကြောပြီး အစိမ်းလိုက်သော်လည်းကောင်း၊ အချိုပြုတ်၍သော်လည်းကောင်း စားသုံးနိုင်သကဲ့သို့ ကော်ပြန့်ကြော်များ၌ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ၊ မုန်လာဥနီသနပ်၊ မုန်လာဥနီ ချဉ်ဖတ်အဖြစ်ဖြစ်စေ ပုံစံအမျိုးမျိုးပုံဖော်၍ စားသုံးလေ့ရှိပါသည်။ ကျန်းမာရေးလိုက်စားသူများက ငှက်ပျောသီးကဲ့သို့ သစ်သီးများနှင့် ရောကြိတ်ပြီး ဖျော်ရည်အနေဖြင့် သောက်သုံးကြပါသည်။

မုန်လာဥနီ၏ ဆေးဖက်ဝင်အာဟာရဓာတ်များ

မုန်လာဥနီကို အစာအာဟာရဓာတ်အဖြစ် အသုံးများသော်လည်း ဆေးဖက်ဝင်အာဟာရဓာတ် များဖြစ်သည့် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကေ(Vitamin A၊ B၊ C၊ K) ဓာတ်များအပြင် သံဓာတ် (Fe)၊ မီးစုန်းဓာတ် (P)နှင့် ကန့်ဓာတ်(S)၊ ပိုတက်ဆီယမ် (K)နှင့် မဂ္ဂနိစ် (Mn) များလည်း ပါဝင်သဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ကို တွေ့ရသည်။ ထို့ပြင် ဗီတာမင်အေ (Vitamin A) ဓာတ်အဖြစ် အလွယ်တကူ ကူးပြောင်းသွားနိုင်သော ကာရိုတင်းဓာတ် (Carotene) ကြွယ်ဝသောကြောင့် ဗီတာမင်အေ ဓာတ် အလုံအလောက်ရရှိစေရန် မုန်လာဥနီကိုစားသုံးပေးရန် အကြံပြုကြပါသည်။ မုန်လာဥနီကို ခွန်အားတိုးစေသောသစ်ဥသစ်ဖု (Tonic tuber) အဖြစ် လူသိများပြီး ရောဂါဘယမျိုးစုံမှလည်း အကာအကွယ်ပေးနိုင်သောကြောင့် လူတိုင်းကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် စားသုံးပေးသင့်ပါသည်။

ဓာတုဗေဒစစ်ဆေးချက်များအရ မုန်လာဥနီတွင် သံဓာတ်၊ မီးစုန်းဓာတ်နှင့် ကန့်ဓာတ်များပေါကြွယ်ဝမှုကြောင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သောသံဓာတ်ထုတ်လုပ်မှုတွင် အခြား ခေတ်ပေါ်ဆေးဝါးများနေရာ၌ အစားထိုးသုံးစွဲနိုင်ပါသည်။ မုန်လာဥနီကဲ့သို့ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါရှိသော တွင်းထွက်ဆားသည် ထပ်ဆင့်ပြောင်းလဲမှုမရှိဘဲ သွေးနှင့် တိုက်ရိုက်ပူးပေါင်း ရောထွေးသွားနိုင်သောကြောင့် သွေးလည်ပတ်မှုကိုပိုမိုချောမွေ့စေပါသည်။ မုန်လာဥနီတွင် သကြားဓာတ် ၁၀ ရာခိုင်နှုန်းခန့်ပါရှိသည်။ ပရိုတိန်းဓာတ်အနည်းငယ်သာပါဝင်သော်လည်း အခြားဓာတ်များ အလျှံပယ်ပါဝင်သောကြောင့် အလွန်အဖိုးထိုက်တန်ပါသည်။ ထို့ပြင် မုန်လာဥနီ တွင် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါ တို့ကို ကာကွယ်ပေးနိုင်သည့် Antioxidant များအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိသည့် သတ္တုဓာတ်များ ပါဝင်နေသဖြင့် နေ့စဉ်အာဟာရအတွက် မရှိမဖြစ်ထည့်သွင်းစားပေးရန် လိုအပ်ပါသည်။

မုန်လာဥနီ၏ ဆေးဖက်ဝင်ပုံအမျိုးမျိုး

မုန်လာဥနီကဲ့သို့ အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော လိမ္မော်ရောင်ခြယ်သစ်သီး ဥမျိုးကို မှန်မှန်စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို ဦးနှောက်အာရုံကြောစနစ် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ မျက်စိ၊ နား၊ နှာခေါင်း ဆိုင်ရာရောဂါများကို တားဆီးကာကွယ်ပေးပြီး ဆီးပူညောင်းကျရောဂါများ ကင်းဝေးစေသည်။ မုန်လာဥနီကို ငရုတ်ဆုံတွင် ညက်ညက်ထောင်း၍ အရည်ညှစ်ထုတ်ပြီး ခြောက်အောင်စမှ ရှစ်အောင်စ ခန့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်သုံးပေးလျှင် ကိုယ်ခန္ဓာတွင်း အက်စစ်ဓာတ် လွန်ကဲမှု (Hyperacidity) ကို ထိန်းချုပ်ပေးနိုင် ပါသည်။ ထို့ပြင် အစာအိမ်နာ (Gastric ulcer)၊ အူသိမ်အူမအနာ(Intestinal ulcer) နှင့် ဝမ်းချုပ် ရောဂါ (Constipation) များကို တွန်းလှန်ဖယ်ရှားပစ်နိုင်ပါသည်။ ဥနီကို ၁၅ ရက်မှ ရက် ၂၀ ခန့် ဆက်စားပေးလျှင် ဝဲနာ၊ ယားနာနှင့် အခြားအရေ ပြားရောဂါများ သက်သာပျောက်ကင်းစေပြီး အနီးမီးယား(Aniemia) ဟုခေါ်သည့် သွေးအားနည်းရောဂါကိုလည်း ဖယ်ရှားပေးပါသည်။

အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာပေးနိုင်သည့် အစာလည်းဆေး၊ ဆေးလည်းအစာအုပ်စုထဲတွင် မုန်လာဥနီလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မုန်လာဥနီတွင် ကင်ဆာရောဂါများဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်သော ကာရိုတနွိုက်(Carotenoids) ဟု ခေါ်သည့် ဓာတ်ပေါင်းများစွာပါဝင်သဖြင့် မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနှင့်အမျိုးသားများတွင် ဖြစ်တတ်သည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

မျက်စိအားတိုးစေသည့်မုန်လာဥနီ

ဗီတာမင်အေ (Vit A) ပေါကြွယ်ဝသည့် မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်အားဆေးအဖြစ် လူသိများကြပါသည်။ မုန်လာဥနီသည် မျက်စိအားကောင်းစေပြီး အမြင်ကြည်လင်စေကာ ညဘက်များတွင် ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါသည်။ ဗီတာမင်အေချို့တဲ့သည့် အသက်ငယ်ရွယ်သူကလေးငယ်များကို မုန်လာဥနီ နေ့စဉ်ပုံမှန်ကျွေးပေးခြင်းဖြင့် မျက်စိအားနည်းခြင်း၊ မျက်စိမှုန်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

သွေးတိုး၊ နှလုံးကင်းစင်ရေး မုန်လာဥနီစားပေး

မုန်လာဥနီတွင် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) နှင့် သတ္တုဓာတ်များ (Metals) အများအပြားပါဝင်သဖြင့် ဆီးချိုရောဂါရှင်များ ပုံမှန်စားပေးသင့်သည့် အစားအစာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန်လာဥနီတွင် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ် ပေါကြွယ်ဝစွာပါဝင်သဖြင့် သွေးတိုးခြင်းကို ထိန်းပေးနိုင်သည့်အပြင် နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်သည့် နှလုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် မုန်လာဥနီတွင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်စီဓာတ်များ အများအပြားပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်ရောဂါများကို တိုက်ဖျက် ပေးနိုင်ပါသည်။ ဆောင်းရာသီတွင်ဖြစ်တတ်သည့် အအေးမိဝေဒနာကိုသက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။

ထို့ပြင် မုန်လာဥနီသည် သွေးတွင်းကိုလက် စထရောဓာတ်ကို လျှော့ချပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်သောကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် နေ့စဉ်ပုံမှန်စားသုံးပေးသင့်ပါသည်။ တစ်ပတ်လျှင် မုန်လာဥနီခြောက်လုံးထက် ပိုစားသည့်သူများသည် တစ်လလုံးလျှင် မုန်လာဥနီတစ်လုံးမျှသာစားသော သူများထက် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း ဟားဗက်တက္ကသိုလ်မှ အမေရိကန်သုတေသီများက အကြံပြုထားကြောင်း လေ့လာဖတ်ရှုရပါသည်။

အချုပ်အားဖြင့်ပြောရလျှင် မုန်လာဥနီတွင် သက်စောင့်သတ္တုဓာတ်မျိုးစုံနှင့် အာဟာရဓာတ် များစွာပါဝင်သောကြောင့် မုန်လာဥနီစားသုံခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါ ကာကွယ်ရန်ကူညီပေးနိုင်ခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးစေရန် ကူညီနိုင်ခြင်း၊ အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်ရန်ကူညီနိုင်ခြင်း၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခြင်းများကို ကာကွယ်ရန် ကူညီနိုင်ခြင်း၊ နှလုံးရောဂါကိုကာကွယ်ရာတွင် ကူညီနိုင်ခြင်း၊ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်း၊ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း၊ အူနှင့်သွားကျန်းမာရေးကို ကာကွယ်နိုင်ခြင်း၊ ရုတ်တရက်လေဖြတ်မှုကို ကာကွယ်နိုင်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်တိုးတက်ရန် ကူညီနိုင်ခြင်းနှင့် အစာခြေစနစ်ကောင်းမွန်ရန် ကူညီနိုင်ခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများစွာကို ပေးစွမ်းနိုင်သဖြင့် မုန်လာဥနီကိုစားသုံးရန် တိုက်တွန်းလိုပါသည်။ ။

Source: www.moi.gov.mm

ဒေါက်တာလပြည့်ခင်

နံနက်စာသည် တစ်နေ့တာ၏ဇီဝဖြစ် စဉ်ကိုစတင်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးနိုင်သောကြောင့်  တစ်နေ့တာအတွက်အရေးကြီးဆုံး အစားအစာဖြစ်သည်။

အထူးသဖြင့်  သွေးတွင်းသကြားဓာတ် ပမာဏကိုတည်ငြိမ်စေရန် ကြိုးစားနေသူများအတွက် မျှတသော နံနက်စာဖြစ်ရန် အရေးကြီးသည်။   

နံနက်စာမစားခြင်း သို့မဟုတ် နံနက်ခင်းတွင် အစားအသောက်ရွေးချယ်မှု မမှန်ကန်ခြင်းသည် တစ်နေ့တာလုံး  သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို ထိခိုက်စေနိုင်သည်။  သွေးတွင်းသကြားဓာတ်မြင့်တက်စေပြီး မောပန်းနွမ်းနယ်ခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်းတို့အပြင် ကျန်းမာရေးထိခိုက်စေနိုင်သည်။ အထူးသဖြင့် သွေးချိုဆီးချိုရောဂါရှိသူများ၊ အကြိုသွေးချိုရောဂါရှိသူများနှင့် ဇီဝဖြစ်စဉ် ကျန်းမာရေးနှင့်ပတ်သက်သောရောဂါရှိသူများအတွက် ရေရှည်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် တစ်နေ့တာလုံးစွမ်းအင် မြင့်မားနေစေရန်၊ သွေးတွင်းသကြားဓာတ် ပမာဏကို  တည်ငြိမ်စေရန်နှင့် ကိုလက်စထရောကို  ထိန်းထားရန် မျှတသောနံနက်စာကို ပုံမှန်စားရန် အရေးကြီးပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာကို မှန်ကန်စွာ ရွေးချယ်စားသောက်ခြင်းဖြင့် စိတ်ကျေနပ်မှုနှင့်ပျော်ရွှင်မှုကို ထိန်းသိမ်းခြင်းသည် သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရောပမာဏကို  ထိန်းသိမ်းရန် ရေရှည်အောင်မြင်မှုအတွက် အရေးကြီးသောအချက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ နံနက်စာစားသုံးခြင်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုစလုံးကို အကျိုးပြုကြောင်း ပြသထားသည်။

နံနက်စာလုံးဝမစားဘဲနေခြင်းကိုရှောင်ပါ

နံနက်စာကို လုံးဝမစားဘဲနေခြင်းသည် ကိုယ်အလေးချိန်ကျရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပြီး ကယ်လိုရီကိုမြန်မြန်ဖြတ်ရန် နည်းလမ်းတစ်ခုဟု  လူတော်တော်များများက  ထင်နေကြပါသည်။ တကယ်တော့ နံနက်စာမစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး  တစ်နေ့တာလုံး  ကာဗိုဟိုက်ဒရိတ်များသည့်အစားအစာများကို အလွန်အကျွံစားသုံးခြင်း သို့မဟုတ် သကြားဓာတ်များသည့်အစားအစာများကိုတောင့်တခြင်း စသည့်စိတ်ကိုဖြစ်စေနိုင်ပါသည်။

နံနက်စာမစားခြင်းသည် တစ်နေ့တာတွင် ကျန်းမာရေးနှင့်မညီညွတ်သော သရေစာများစားသုံးခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့်ကိုလက်စထရောပမာဏ မြင့်မားခြင်းနှင့် ဆက်စပ်နေသည်။  သွေးချိုဆီးချို ရောဂါရှိသူများတွင်  သွေးတွင်းသကြားဓာတ်ကိုထိန်းညှိရန်  ဆေးသောက်နေပါက   နံနက်စာမစားဘဲနေခြင်းသည် သွေးတွင်းသကြားဓာတ်နည်းခြင်း (hypo-glycemia) ကိုဖြစ်စေနိုင်သည်။

သုတေသနလေ့လာမှုများအရ နံနက် စာမစားသူများသည် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ သွေး ချိုဆီးချိုရောဂါနှင့် ဇီဝဖြစ်စဉ်လက္ခဏာစုများ ဖြစ်နိုင်ခြေကို  တိုးမြင့်စေပြီး နောက်ဆုံးတွင် နှလုံးသွေးကြောရောဂါဖြစ်ပွားမှု အန္တရာယ်များကြောင်း  တွေ့ရှိခဲ့သည်။

သွေးတွင်းသကြားဓာတ် များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းများသည် သွေး ချိုဆီးချိုရောဂါနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ပရိုတင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အဆီနှင့်အမျှင်ဓာတ်များ ပါဝင်သည့်  မျှတသောအစားအစာများဖြင့် တစ်နေ့တာကို စတင်ခြင်းသည် တစ်နေ့တာလုံး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် ထိန်းထားနိုင်သောကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားခြင်းနှင့် နည်းခြင်းကို ရှောင်ရှားနိုင်သည်။

သကြားများပါ၀င်သော ကာဗိုဟိုက်ဒရိတ်များစွာ စားသုံးခြင်းကိုရှောင်ပါ

 နံနက်ခင်းတွင် ရိုးရာကစီဓာတ်မြင့်မားသော အစားအစာများကို ပထမဦးစွာ စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက်လျင်မြန်စွာ မြင့်တက်စေပြီး    နှလုံးကိုအန္တရာယ်ဖြစ်စေသည်။ စတိုးဆိုင်မှဝယ်သော  နံနက်စာများဖြစ်သည့် ပေါင်မုန့်ဖြူ၊ ကိတ်မုန့်၊ ပန်ကိတ်၊ ဝေဖာမုန့်များ၊ ကွတ်ကီးများ၊ ဒိုးနတ်မုန့် များတွင် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်နှင့် ပြည့်ဝဆီများ   ကြွယ်ဝသဖြင့် သွေးတွင်းသကြားဓာတ်နှင့်    မကောင်းသော ကိုလက်စထရော (LDL) အမျိုးအစားကို  မြင့်တက်စေနိုင်ပါသည်။  သွေးတွင်း သကြားဓာတ်မြင့်တက်မှုသည် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်တိုခြင်းနှင့်သကြားဓာတ်များသည့် ချိုသော အစားအစာများကို တောင့်တခြင်းတို့ကို  ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သကြားပါဝင်မှုနည်း၍ အမျှင်ဓာတ်ကြွယ်ဝသော အုတ်ဂျုံကဲ့သို့သော ကောက်နှံများ၊  ဂျုံလုံးများ၊  အညိုရောင်ပေါင်မုန့် သို့မဟုတ် အစေ့အဆန် ပေါင်မုန့်ကဲ့သို့သော မပြုပြင်ရသေးသည့် ကာဗိုဟိုက်ဒရိတ်များတွင်   အမျှင်ဓာတ်ပိုများသဖြင့် အစာခြေနှေးခြင်းကို ကူညီ ပေးပြီး နံနက်ခင်းတစ်လျှောက်လုံးတွင် သွေးတွင်းသကြားဓာတ်ကို ပိုမိုတည်ငြိမ် စေပါသည်။

သကြားပါသော ဖျော်ရည်များကိုရှောင်ပါ

    လူအများစုသည်နံနက်စာကို သကြားပါသော ကော်ဖီဖျော်ရည်များ သို့မဟုတ်ခရင်မ်ပါသော လက်ဖက်ရည်တို့ဖြင့် တွဲဖက် စားသုံးကြသည်။  ဤဖျော်ရည်များသည် ပြည့်ဝဆီများနှင့် သကြားဓာတ်များသောကြောင့်      သွေးတွင်းသကြားဓာတ်နှင့်  ကိုလက်စထရောကို မြင့်မားစေနိုင်သည်။ အချိုရည်နှင့်  သစ်သီးဖျော်ရည်များဖြင့် နံနက်ခင်းတွင် စတင်ခြင်းသည် သွေးတွင်း  သကြားဓာတ်ပမာဏကို လျင်မြန်စွာ မြင့်တက်စေသည်။  အချိုရည်နှင့် သစ်သီးဖျော်ရည်များတွင် သကြားဓာတ်များစွာ ပါဝင်လေ့ရှိပြီး  အမျှင်ဓာတ်ချို့တဲ့ခြင်းကြောင့်  သွေးကြောအတွင်း သကြားဓာတ်စုပ်ယူမှုကို လျင်မြန်စေသည်။ သွေး တွင်းသကြားဓာတ် အလွန်အကျွံမြင့်တက်ခြင်းသည် အင်ဆူလင် ထုတ်လုပ်မှုမြင့်တက်စေပြီး  ကိုယ်အလေးချိန်တိုးလာစေနိုင်သည်။ ထို့ကြောင့် ဘလက်ကော်ဖီ၊ အချိုမပါသော လက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်းကိုရွေးချယ်ပါ။ ဖျော်ရည်သောက်မည့်အစား အမျှင်ဓာတ်ပါသောလတ်ဆတ်သည့် အသီးအနှံများကို ရွေးချယ်ပြီး ပရိုတင်းရင်းမြစ်တစ်ခုဖြစ်သော ဒိန်ချဉ်နှင့်တွဲစားပါ။ အကယ်၍ လတ်ဆတ်သောသစ်သီးဖျော်ရည်ကို နှစ်သက်ပါက အစာစားချိန်တွင် ခွက်တစ်ဝက်ခန့် သောက်သုံးနိုင်ပါသည်။

နံနက်စာတွင် အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကိုစားပါ

အပင်များတွင်တွေ့ရသော  အစာချေဖျက်မှုနှေးသည့်   အမျှင်ဓာတ်သည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပြည့်ဝသော ခံစားချက်ကို တိုးလာစေသည့်အပြင်  နှလုံး၊  အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို  မြှင့်တင်ရန် အတွက်အရေးကြီးပါသည်။  အမျှင်ဓာတ်သည် သွေးတွင်းသကြားဓာတ်ထိန်းညှိမှုတွင်   ကိုလက်စထရောကို လျှော့ချရန်အတွက်လည်းမရှိမဖြစ်လိုအပ်သည်။ အမေရိကန်သွေးချိုဆီးချိုရောဂါ အသင်း(ADA)၏အဆိုအရသွေးချိုဆီးချိုရောဂါရှိသူများသည် သာမန်လူများကဲ့သို့ တစ်နေ့ လျှင်  အမျှင်ဓာတ်ပမာဏ  ၂၅ ဂရမ်မှ ၃၈ ဂရမ်အထိ  စားသင့်သည်။  ဂျုံ၊  သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ်သည် အစာအိမ်အတွင်း ကိုလက်စထရောနှင့်ပေါင်းစပ်နိုင်ပြီး ယင်းကို ခန္ဓာကိုယ်မှဖယ်ရှားနိုင်သည်။

အသီးအနှံများ အလွန်အကျွံစားခြင်းကို ရှောင်ပါ

အသီးအနှံများသည် အစားအသောက်အတွက် ကျန်းမာရေးနှင့် ညီညွတ်သောဖြည့်စွက်စာဖြစ်သော်လည်း   နံနက်ခင်းတွင် အသီးအနှံများ အလွန်အကျွံစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို   သိသိသာသာ မြင့်တက်စေနိုင်ပါသည်။  ငှက်ပျောသီး၊ စပျစ်သီးနှင့်သရက်သီးကဲ့သို့သော  အသီးအနှံများသည်  သဘာဝသကြားဓာတ်မြင့်မားပြီး သွေးတွင်းဂလူးကို့စ်ပမာဏ မညီမျှခြင်းကို ဖြစ်စေနိုင်သည်။ အသီးအနှံစားသုံးမှုကို မျှတစေရန် ပရိုတင်းနှင့်အမြဲတွဲစားပေးပါ။ ဘလူးဘယ်ရီနှင့် စတော်ဘယ်ရီကဲ့သို့သော ဘယ်ရီသီးများသည် သကြားဓာတ်နည်းသဖြင့် နံနက်စာအတွက် ဒိန်ချဉ်၊ အခွံမာသီးလက်တစ်ဆုပ်စာနှင့်အတူ   တွဲဖက်စားနိုင်ပါသည်။

နံနက်စာတွင် ပရိုတင်းရင်းမြစ်များ မျှတစွာပါဝင်စေပြီး ပြုပြင်ထားသော အသားများကို ရှောင်ပါ

လူအများစုသည်    နံနက်စာအတွက် ကာဗိုဟိုက်ဒရိတ်ကို အာရုံစိုက်ကြသော်လည်း သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းရာတွင်  ပရိုတင်းသည်လည်း ထပ်တူအရေးကြီးပါသည်။ ပရိုတင်းဓာတ်သည်  ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို   နှေးကွေးစေပြီး တစ်နေ့တာလုံးအတွက် တည်ငြိမ်သော   စွမ်းအင်ပမာဏကို မြှင့်တင်ပေးသည်။ လုံလောက်သော ပရိုတင်းမပါဝင်လျှင် အစာစားပြီးပြီးချင်း သွေးတွင်း သကြားဓာတ်တက်လာနိုင်ပြီး  အင်ဆူလင်ထုတ်လုပ်မှု မြင့်တက်စေသဖြင့် အစာစားပြီးပြီးချင်း ဆာလောင်မှုကို ခံစားရနိုင်သည်။ နံနက်စာတွင် ကြက်ဥ၊ တိုဟူး၊ ပဲနို့၊ ကြက်ကင်နှင့်အဆီမပါသောအရည်အသွေးမြင့် ပရိုတင်းမှုန့်၊  ကြက်ကင်နှင့် အဆီမပါသော ပရိုတင်းအရင်းအမြစ်ကောင်းများကို ရွေးချယ်စားသင့်ပါသည်။ လူကြိုက်များသောနံနက်စာများဖြစ်သည့်ဝက်အူချောင်းများ၊ ပြုပြင်ထားသော ကြက်သားပြားများနှင့် ငါးကြော်များတွင် ပြည့်ဝဆီနှင့် ဆိုဒီယမ်မြင့်မားသဖြင့် ယင်း တို့ကိုပုံမှန်စားသုံးလျှင်   မကောင်းသော ကိုလက်စထရော(LDL)    ကိုတိုးစေပြီး     နှလုံးကိုအန္တရာယ် ဖြစ်စေနိုင်ပါသည်။ 

ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ ပါဝင်စေရန် သတိပြုပါ

ကျန်းမာရေးနှင့်ညီညွတ်ရန် ကြိုးစားရာတွင်   အဆီအားလုံးကို ရှောင်ကြဉ်ရန် မလိုအပ်ပါ။ အဆီများသည် အစာချေဖျက်မှုနှင့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေး စေပြီး   သွေးတွင်းသကြားဓာတ်ကို မျှတအောင်ထိန်းထားရန်  မရှိမဖြစ် လိုအပ်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်အောင်ထိန်းပေးကာ အချိန်ကြာ ကြာ  ဗိုက်ပြည့်စေသည်။ ထောပတ်သီး၊ အခွံမာသီး၊  အစေ့အဆန်များနှင့် သံလွင် ဆီကဲ့သို့   ကျန်းမာရေးနှင့်ညီညွတ်သော အဆီများသည် ကောင်းသော  ကိုလက်စထရော (HDL)ကို မြှင့်တင်ရန်နှင့် မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချရန်ကူညီပေးသည်။သို့ဖြစ်၍   ပုံမှန်နံနက်စာ အစီအစဉ်တွင် ၎င်းတို့ကို သင့်တင့်မျှတစွာ စားသုံးရန် လိုအပ်သည်။

နံနက်စာစားသောအချိန်နှင့် ပမာဏကိုပုံမှန်ဖြစ်စေရန် သတိပြုပါ

အစားအသောက်များကို တစ်သမတ်တည်းမစားခြင်းသည် သွေးတွင်းသကြားဓာတ် မမှန်ခြင်းနှင့် အလွန်အကျွံစားခြင်း တို့ကိုဖြစ်စေနိုင်သည်။  ဥပမာ- တစ်နေ့မှာ နံနက်စာမစားဘဲ နောက်နေ့နံနက်စာ များများစားရင် သွေးတွင်းသကြားဓာတ် ပမာဏမညီညွတ်တာကို  တွေ့ရနိုင်ခြေ ပိုများပါတယ်။  နံနက်စာစားပြီး နှစ်နာရီအကြာမှာ သွေးတွင်းသကြားဓာတ်တက် လာတာကိုသတိပြုမိရင် စားခဲ့တဲ့အစားအစာ အမျိုးအစားနှင့် ပမာဏကိုပြန်ကြည့်ပါ။ သွေးတွင်းသကြားဓာတ်ပမာဏသည် သောက်သောဆေးဝါးများ၊ စားထားသည့် အစားအစာ၊ စားပြီးသောပမာဏနှင့် လှုပ်ရှားမှုပေါ်မူတည်၍  ကွဲပြားပါသည်။ နံနက်စာအတွက် တူညီသော ကာဗိုဟိုက်ဒရိတ်ပမာဏကို အကြမ်းဖျင်းစားပြီး ခန္ဓာကိုယ်ကတုံ့ပြန်ပုံကို    အကဲဖြတ်ပါ။

မျှတသောနံနက်စာအတွက် အမျှင်ဓာတ်၊ ပရိုတင်းနှင့်   မပြည့်ဝဆီများ ပါဝင်သော အစားအစာများကို    စားရန်သတိပြုပါ

အချုပ်အားဖြင့်ဆိုရသော် နေ့ရက်တိုင်းတွင် ကျန်းမာရေးနှင့် ညီညွတ်သောနံနက် စာဖြင့်စတင်ရန် အမျှင်ဓာတ်ကြွယ်ဝသော ကာဗိုဟိုက်ဒရိတ်များ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊  အစေ့အဆန်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော  အဆီနှင့်ပရိုတင်းများ၊ ငါးများကိုရွေးချယ်၍ အချိန်နှင့်ပမာဏကို ပုံမှန်ဖြစ်စေရန်  သတိပြုစားသောက်သင့်ပါသည်။  သင့်တင့်မျှတ သောနံနက်စာသည်   ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ပမာဏကို အားဖြည့် ပေးနိုင်ပြီး  သွေးချိုဆီးချိုရောဂါ၊   နှလုံးသွေကြောဆိုင်ရာ ရောဂါနှင့် ရေရှည်ကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Webportal

ဒေါက်တာသိင်္ဂီကျော်