အထိုင်များခြင်းကြောင့် ရောဂါများစွာဖြစ်နိုင်
Posted_Date
Image

Body
အထိုင်များခြင်းကြောင့် ရောဂါများစွာဖြစ်နိုင်
အထိုင်များခြင်းသည် အသက် ၁၆ နှစ်အရွယ်အထိ ပြဿနာကြီးစွာ မရှိသော်လည်း အသက် ၂၅ နှစ်ကျော် အရိုးတိုးပွားမှုအားကုန်သည့် အရွယ်မှစ၍ အချိန်ကြာမြင့်စွာထိုင်ခြင်းကြောင့် ရောဂါများစွာဝင်လာနိုင်သည်။
ဆေးရုံကြီးများရှိ နှလုံးရောဂါဆိုင်ရာ ကုသမှုဌာနများ၌ လာရောက် ကုသမှုခံယူသော လူနာတို့၏ ရောဂါဖြစ်ကြောင်းရာဇဝင်ကို မေးမြန်း ကြည့်သောအခါ အထိုင်များသောအလုပ်ကို နှစ်ရှည်လုပ်ကိုင်ခဲ့သူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ စာရေးဆရာများ၊ အယ်ဒီတာများ၊ ရုံးအုပ်ကြီးများ၊ ကွန်ပျူတာနှင့်အလုပ်လုပ်သူများ၊ တခြားအထိုင် အလုပ်လုပ်သူများအပြင် တစ်ခါတစ်ရံ ဆေးခန်းအထိုင်များသည့် ဆရာဝန်ကြီးများကိုယ်တိုင်ပင် မသိမသာ နှလုံးအဆီဖုံး၊ သွေးကြောပိတ်သည့်ဝေဒနာဝင်ရောက်နေကြောင်း တွေ့ရှိရပေသည်။
အကြောအဆစ်ပညာရှင်ရှုထောင့်မှကြည့်လျှင် အထိုင်များသည့် အလုပ်လုပ်သူများတွင် ခါးရိုးဆစ်များကြား ခုခံထားသည့် ဝါရှာသဖွယ် အရွတ်တုံးများပါးပြီး ပွန်းစားခြင်းကြောင့် ခါးကြောညပ်သည့်ဝေဒနာ ဖြစ်လွယ်သည်ကို တွေ့ရသည်။ ခါးနာဝေဒနာမှာ မကြာခဏဖြစ်သဖြင့် ၎င်းတို့အဖို့ ရိုးနေပြီဖြစ်သည်။ အရပ်ပုသူနှင့် အရပ်ရှည်သူများတွင် အရပ်ရှည်သူသည် ပိုပြီးခါးနာမှုဖြစ်နိုင်ခြေရှိသည်။ အရပ်မြင့်လေ ခါးဆစ်က အရိုးထမ်းအား ပိုများလေဖြစ်သည်။
ဝမ်းဗိုက်ကို ခေါက်ပြီးထိုင်သူများသည် အူအတွင်းရှိ လေလှုပ် ရှားမှုနည်းသဖြင့် လေချုပ်ပြီး ဗိုက်စူထွက်ခြင်း၊ ခေါက်ရိုးအတိုင်း ဗိုက် ခေါက်ထူလာခြင်းတို့ဖြစ်လာနိုင်သည်။
တချို့သူများတွင် အထိုင်များသည့်အပြင် ခေါင်းငုံ့ပြီး စာရေးခြင်း၊ ဂဏန်းတွက်ခြင်း၊ စာရင်းရေးခြင်း စသော အသိစိတ်အာရုံထားရသည့် အလုပ်များကိုလုပ်ရလျှင် ကျီးပေါင်းတက်သောရောဂါဖြစ်လေ့ရှိသည်။ ထိုလည်ပင်းရိုးဆစ်ကျီးပေါင်းကြောင့် ဇက်ကြောတက်လေ့ရှိပြီး တစ်ခါတစ်ရံ သွေးတိုးရောဂါနှင့် မှားတတ်သည်။ သွေးတိုးထင်ပြီး သွေး ကျဆေးများသောက်ရာမှ ကျီးပေါင်းရောဂါမှာ ပိုဆိုးလာတတ်သည်။
လည်ပင်းရိုးဆစ်ကျီးပေါင်းရောဂါထက်ပိုဆိုးသည်မှာ လည်ပင်းရိုးကွင်းကျီးပေါင်းရောဂါဖြစ်သည်။ လည်ပင်းအရိုးကွင်းများထူပြီး ဦးနှောက်သို့ပို့သည့် သွေးကြောပိုက်လိုင်းကို ဖိမိသောအခါ ချာချာလည်အောင် မူးတတ်သည်။ ငုံ့ကြည့်လိုက်လျှင် သို့မဟုတ် မော့ကြည့်လိုက်လျှင် မူးလဲသွားတတ်သည်။ နှလုံးရောဂါထင်ပြီး မိမိသဘောဖြင့် နှလုံးအားဆေးများဝယ်သောက်လျှင် ပို၍ရောဂါတိုးတတ်သည်။
အထိုင်များသူများ၊ ဆိုင်ကယ်စီးသူများ၊ ကုပ်ဆက်(လည်ပင်းရိုးနှင့် ကျောရိုးဆက်သည့်)နေရာတွင် ကျီးပေါင်းတက်ခဲ့လျှင် လက်မ၊ လက်ညှိုး၊ လက်ခလယ်ဆစ်များတွင် ထုံကျဉ်နေတတ်သည်။ ထိုအဆစ်များတွင် ကျီးပေါင်းတက်လျှင် လက်ပြင်၊ လက်ဖျံ၊ လက်မောင်းတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ ထုံကျဉ်ကိုက်ခဲလာပြီး လက်ချမရဖြစ် တတ်သည်။ ပစ္စည်းများကိုင်တွယ်လျှင် လွတ်ကျသဖြင့် လေဖြတ်မည့် လက္ခဏာဟု အထင်မှားတတ်ကြသည်။ အထိုင်များသူများအတွက် ကုထုံးမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ နံနက်စောစောအိပ်ရာထ၍ လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါမျိုးစုံဝင်ရောက်လာမည့်ဘေးမှ ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။
အနီရောင်အသား အစားများလျှင် အကြောအဆစ်ကိုက်ရောဂါရနိုင်
အနီရောင်ရှိသော အသားဆိုသည်မှာ အမဲသား၊ ဆိတ်သား၊ ချေသား၊ ပြောင်သား၊ တောဝက်သား၊ သမင်သား စသည့် ခြေလေး ချောင်းသတ္တဝါများ၏ အသားကိုဆိုလိုသည်။ အသား၏အရောင်မှာ အနီရောင်များပြီး အဖြူရောင်အကြောများဖြင့် ဖုံးအုပ်ထားလျက်ရှိ သည်။ အနီရောင်မဟုတ်သည့်အသားများလည်းရှိသည်။ ဝက်သားမှာ အဖြူရောင်အသား၊ထို့အတူ ကြက်သား၊ ဘဲသားတို့သည်လည်း အဖြူ ရောင်ရှိသောအသားများဖြစ်ကြသည်။
ရိုးရာဆေးပညာအရ အသားမှန်သမျှသည် ပထဝီစာဖြစ်သော်လည်း အသားတွင် မျှတသော ရေဓာတ်(အာပေါဓာတ်)တွဲ၍ပါမြဲဖြစ်သည်။ ထိုအခါ ပထဝီဓာတ်သည် မာကျောပထဝီမဖြစ်တော့ဘဲ နူးညံ့ပထဝီဖြစ်သဖြင့် စားသုံးသူတွင် အာဟာရဖြစ်ပြီး မျှတသော၊ အန္တရာယ်မရှိသော အသားတိုး၍ ဝဖြိုးခြင်းကိုဖြစ်စေနိုင်သည်။ ပထဝီ+ အာပေါ မျှတသည့် အဖြူရောင်အသားများသည် စားသုံးရန်သင့်သည်။ ကြီးမားသောဘေးအန္တရာယ်မရှိဟုဆိုနိုင်သည်။ ကြက်သား၊ ငါးအမျိုးမျိုးတို့သည် အဖြူရောင်ရှိသောအသားဖြစ်သည့်အတွက် နေ့စဉ်စားသုံးသော်လည်း ဘေးဖြစ်ခဲသည်။ စားသင့်သည်ဟု ဆိုလိုသည်။
အနီရောင်ရှိသောအသားများတွင် မာကျောပထဝီဓာတ်လွန်ကဲ သောကြောင့် ချက်လျှင်ကျက်ခဲသည်။ စားပြီးလျှင် အစာကြေခဲသည်။ အစာကြေခြင်းနှစ်မျိုးမှာ အစာအိမ်တွင် အစာကြေခြင်းအပြင် သွေးတွင်းရောက်မှ ရသရည်ဖြစ်အောင် အစာကြေခြင်းလည်း ရှိသေးသည်။ အနီရောင်အသားများသည် အစာအိမ်တွင် အစာကြေသည့်တိုင် သွေးတွင်းရောက်လျှင် ရသရည်ဖြစ်အောင် အစာကြေရန်ခဲယဉ်းသည်။
သွေးကြောတွင်းရောက်ပြီးမှ ကြေကျက်ရန်ခက်ခဲသောကြောင့် အနီရောင်အသားကြားမှ အဖြူရောင်အဆီခဲများသည် သွေးကြောနံရံ များတွင် ကပ်ငြိကျန်ခဲ့ကာ သွေးကြောထူခြင်း၊ သွေးပိုက်လိုင်းကျဉ်း ခြင်းကိုဖြစ်စေသည်။ နှလုံးသွေးကြောကျဉ်းရောဂါရသူအများစုမှာ အနီရောင်အသားကြိုက်နှစ်သက်သူများဖြစ်သည်။ အနီရောင်အသားကို ကင်၍စားလျှင် အဆီများလောင်ကျွမ်းပြီး မည်းသွားသောကျပ်ခိုးကြောင့် ကင်ဆာခေါ် အမြစ်တွယ်နာကိုပင်ဖြစ်စေနိုင်သဖြင့် သတိပြုရှောင် ကြဉ်သင့်ပေသည်။
အကြောအဆစ်များကိုက်ခဲရခြင်းမှာ မကြေကျက်နိုင်သော မာကျော ပထဝီများ သွေးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောများ၊ အရိုး နှစ်ခုကြားရှိ အရွတ်တုံးများ၊ အဆစ်များသို့ရောက်ရှိသောကြောင့်ဖြစ်သည်။ နှလုံးအခန်းများရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေးဖက်နာ၊ ဂေါက်ရောဂါဖြစ်ခြင်းများအပြင် သေချာစွာ မကုသခဲ့လျှင် နှစ်ကြာသော အခါ နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်များ ကောက်ကွေးသည်အထိ ဖြစ်ရသူများ၊ သွေးလေးဖက်နာဖြစ်ရသူများကို တွေ့ဖူးပါသည်။
ပထဝီဓာတ်သည် ဓာတ်ကြီးလေးပါးတွင် ခိုင်ခံ့မှုအတွက် အရေးပါသောဓာတ်ကြီးဖြစ်သော်လည်း အနီရောင်ရှိသောအသားများတွင် ပါဝင်သော မာကျောပထဝီဓာတ်ကြောင့် အကြောအဆစ်ကိုက်ခဲသည့် သာမန်ရောဂါမှတစ်ဆင့် နှလုံးသွေးကြောရောဂါ၊ နာတာရှည်လေးဖက်နာ ရောဂါ၊ ဂေါက်ခေါ် အဆစ်ရောင်ရောဂါများဖြစ်ပွားနိုင်သဖြင့် ဆင်ခြင် စားသုံးသင့်ကြောင်း ရေးသားလိုက်ရပေသည်။
Source: Myawady Web Portal