အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society)

Posted_Date

Image

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society)

Body

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းဆိုသည်မှာ ပုံမှန်အားဖြင့် လူသိများသောအကြောင်းအရာမဟုတ်သော်လည်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်မူ သေရေးရှင်ရေးမက အရေးကြီးသော သတိပြုစရာ အကျင့်စရိုက်တစ်ခုဖြစ်သည်။ အဆင်အခြင်မဲ့လူ့အဖွဲ့အစည်း ဆို သည်မှာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုအပေါ် ကြားနာ၊ တုံ့ပြန်၊ သုံးနှုန်းရာတွင် သုံးသပ်မှု မရှိသလောက် အားနည်းခြင်းနှင့် သုံးသပ်ချက်များသည်လည်း တည်ငြိမ်သော စိတ်ဝင်စားမှုနှင့်အတူ ထပ်ဆင့်မေးခွန်းများ ဉာဏ်သုံးဆင့်ထုတ်ကာ စုံစမ်းချင့်ချိန်နိုင်မှု အားနည်းသော/မရှိသော လူ့အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသို့သောလူ့အဖွဲ့အစည်းမှလူများသည် ပျော်ရွှင်စိတ်အေး/စိတ်ချမှုများဖြင့်သာ နေ့စဉ်ဘဝကို ပုံမှန် လုပ်ဆောင်ဖြတ်သန်းကာ ဖြစ်ပေါ်လာသော အကြောင်းအရာအခြေအနေများအပေါ် ထပ်ဆင့်တွေးခေါ်ခြင်း၊ မေးခွန်းဆင့်ကဲထုတ်ခြင်း၊ သင်ခန်းစာယူ ဉာဏ်နှင့်ယှဉ်သင်ယူမှုများ မရှိသလောက်အား နည်းကြသည်ကိုတွေ့ရှိကြရမည်ဖြစ်သည်။ ထိုကဲ့သို့ အဆင်အခြင်မဲ့သော လူမှုအဖွဲ့အစည်းများတွင် အောက်ပါအင်္ဂါရပ်များပါဝင်သည်ကို လေ့လာတွေ့ ရှိရမည်ဖြစ်သည်။

၁။ သဘောထားကိုက်ညီမှု (Conformity)။ 
လူတွေဟာ ပုံမှန်အလေ့အထ၊ ယုံကြည်မှုကိုသာ ဆုပ်ကိုင်ထားခြင်းနှင့် မိမိမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ်ပြောဆိုမှုကိုသာအလေးထားတတ်ပြီး သဘောထားကိုက်ညီမှုကိုသာ ဦးစားပေး အဆင်အခြင် အမေးအမြန်းမရှိ ဆက်ဆံယုံကြည် ပေါင်းသင်းတတ်ကြခြင်း။

၂။ ဆင်ခြင်တွေးခေါ်မှုအားနည်းခြင်း (Lack of Critical Thinking)။ 
လူတို့သည် သတင်းအချက်အလက်များအပေါ်တွင် ကွဲပြားသောအမြင်များရှိနိုင်ကြောင်း အချိန်ပေး စဉ်းစားဆင်ခြင်ကာတွေးခေါ်ခြင်းမရှိဘဲ လက်ခံယုံကြည်တတ်ခြင်း။

၃။ လေးနက်မှုမရှိ ပေါ့ပျက်ခြင်း (Superficiality)။
များသောအားဖြင့် လူများသည် လူပုဂ္ဂိုလ် (သို့မဟုတ်) လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အပေါ် ယံအမြင်နှင့် ဖြစ်လေ့ဖြစ်ထများကိုသာ ဦးစားပေး ခံစားတွေးခေါ်တတ်ကြပြီး အကြောင်းအရာအရင်းခံကိုမူ စဉ်းစားဖော်ထုတ်ရန် စိတ်မဝင်စားဘဲ ဝန်လေးတတ်ကြသည့်အပြင် ပစ္စည်းဝယ်ယူမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ လေးစားကြည်ညိုမှုများအထိပါ အဆင်အခြင်မဲ့ ပေါ့ပျက်ဉာဏ်နည်းတတ်ကြခြင်း။

၄။ များများထုတ်၊ များများသုံး ဝါဒ (Consumerism)။ 
လူများသည် ပစ္စည်းဝယ်ယူခြင်းမှအစ လက်ဝတ်ရတနာ၊ အိမ်၊ ခြံ၊ မြေ၊ ကား စသည်အထိပါ လိုအပ်ခြင်းမလိုအပ်ခြင်း၊ အချိန်ကာလ ယခုနှင့် အနာဂတ်ဈေးကွက်များနှင့် သင့်တော်မှုများ ရှိ/မရှိကို ခံစားသိခြင်းမရှိဘဲ အဆင်အခြင်မဲ့ စိတ်ကြိုက် ပိုမိုလိုချင်ခြင်း၊ သာလွန်လိုခြင်း၊ စိတ်ကိုသာအခြေခံ ရှေ့တန်းတင်ဝယ်ယူတတ်ကြခြင်း။

၅။ အမှန်တရား/အရှိပကတိတရားနှင့် အဆက်ပြတ်ခြင်း (Disconnection from Reality)။ 
ထိုသို့သော လူ့အသိုင်းအဝိုင်းသည် လောက၏နက်နဲသောအကြောင်းအရာများ၊ မသိမဖြစ် သိရှိရမည့် ခါးသီးသော ပကတိအရှိတရားများကို လက်ခံနား လည်ခြင်း၊ ဆက်သွယ်ရှာဖွေမေးမြန်း အဖြေရှာခြင်းမရှိဘဲ စိတ်ခံစားမှုနှင့် ဖြစ်ချင်လိုမှုကိုသာ မျက်စိမှိတ် ရည်ညွှန်းလုပ်ဆောင်တတ်ခြင်း။ ထို့ပြင် အမှန်တရားအတွက် လက်တွဲခေါ်လိုသူများကိုပင် အတ္တကြီး ပြင်းထန်ပုတ်ခတ်တတ်ကြပြီး မိမိ မှားမှန်းသိနေလျှင်ပင် သဘောထားတူသူများနှင့်သာ ဇွတ်မှိတ် မိတ်ဖွဲ့စုစည်း နေလိုတတ်ကြခြင်း။

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းမှသည် အဆင်အခြင်မဲ့နိုင်ငံအဖြစ် (Mindless Society to Mindless Nations)


အဆင်အခြင်မဲ့ အတွေးအခေါ် ကြီးစိုးယုံကြည်ထားသောလူ့အဖွဲ့အစည်း (Mindless Society) ၏ အတွေးအခေါ်များသည် နိုင်ငံတစ်ဝန်း အများစုသော လူ့အဖွဲ့အစည်းများကိုပါ ကျယ်ပြန့်စွာလွှမ်းမိုးလာ ပါက အဆင်အခြင်မဲ့သော နိုင်ငံ/လူမျိုး (Mindless Nations)အဆင့်သို့ ရောက်ရှိလာနိုင်သည်။ အဆင် ခြင်မဲ့သောလူမျိုးများသည် ဖြစ်ပေါ်ကြားမြင်ရသောအကြောင်းအရာတိုင်းကို မိမိစိတ်ကူးတစ်ခုတည်းနှင့်သာ လက်ခံ၊ ကြည့်မြင်၊ နားလည် ထောက်ခံတတ်ကြရာက တစ်ဆင့် ရိုးရာလက္ခဏာအဖြစ်ယဉ်ပါးလာကာ နိုင်ငံဖြစ်တည်မှု၏ အဓိကကျသော နိုင်ငံရေး၊ နိုင်ငံလုံး လွှမ်းခြုံသောလူမှုအရေးများအထိပါ သက်ရောက်လာလေ့ရှိတတ်သည်။ တွေ့ရှိလေ့လာနိုင်သော လူအဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံများ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အာဏာရှင်ဆန်သော အစိုးရစနစ် (Authoritarian Regimes)။ 
သဘောထားကျဉ်းမြောင်းသော၊ ဉာဏ်နှင့် ယှဉ်ဆင်ခြင်တွေးခေါ်တတ်ခြင်းများကို ကန့်သတ်သော၊ သဘောထားကွဲလွဲမှု အတွေးအမြင်များအပေါ် နှိမ်နင်းတတ်သော၊ ခေါင်းဆောင်မှုအမိန့်တစ်ခုအောက်တွင် အမေးအမြန်းမရှိ သဘောတူလက်ခံရတတ်သည့်အလေ့အထရှိသော အစိုးရစနစ်များအောက်တွင် ဆယ်စုနှစ်များစွာ ရှင်သန်နေထိုင်ခဲ့ရသူများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများ။

၂။ ဝယ်ယူခြင်းကိုအခြေခံသော စီးပွားရေး (Con­sumer-Driven Economies)။ 
ဆယ်စုနှစ်ပေါင်းများစွာ ထုတ်ကုန်တင်ပို့ကုန်မရှိဘဲ သွင်းကုန်သာရှိသော စီးပွားရေးစနစ်ရှိသည့် နိုင်ငံပညာအသားပေးချိန်ဆခြင်းနှင့် တရားမျှသော လိုချင်စိတ်ကိုအခြေမခံ လိုချင်တာကိုဖန်တီးရန် အစားဝယ်လိုက်ရင်ရကြောင်းသာ လိုက်လျောညီထွေ ဖြစ်သလိုတွေးတတ်သော လူ့အဖွဲ့အစည်း။

၃။ ကမ္ဘာတစ်ဝန်းလုံးနှင့် ယဉ်ကျေးမှုအမျိုးမျိုး (Glo­balization and Cultural Homogenization)။ မိမိနိုင်ငံပြင်ပကမ္ဘာတစ်ဝန်းမှ အတွေးအခေါ်များ၊ အနောက်တိုင်းယဉ်ကျေးမှု၊ လူနေမှုနှင့် ဓလေ့ထုံးစံများ ကူးစက်ပျံ့နှံ့လွယ် လက်ခံလွယ်သော လူ့ အဖွဲ့အစည်းများသည် မိမိနိုင်ငံ့ ပကတိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၏ တန်ဖိုးကို မရေရာ ဝေဝါးသွားစေခြင်း (uniformity of values)အထိ ဘေးထွက်ဆိုးကျိုးအဖြစ် ဦးတည်လာနိုင်သည်။ ထို့ ပြင် လူမျိုးလိုက်ပါ နိုင်ငံအဝန်း မိမိနိုင်ငံအတွင်းက တိုင်းရင်းသားများအကြား ဗဟုဝါဒ မတူကွဲပြားမှုများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို ယုံကြည်မှုကျဆင်း အမုန်းပွားလာနိုင်ခြင်းနှင့်အတူ အတွေးအခေါ်အဖြစ် အမြစ်တွယ်လာသော လူ့အဖွဲ့အစည်း။

၄။ လူမှုကွန်ရက်ကို အခြေခံလွှမ်းမိုးမှု (Social Me­dia Influence)။ 
နေ့စဉ် လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်နည်းပညာများမှတစ်ဆင့်ရရှိသော သတင်းအချက်အလက်နှင့် အတွေးအခေါ်ဖြစ်ရပ်များအပေါ်သာ ပင်မအသိပညာ နေ့စဉ်အသိဖြစ်ကြောင်း အတွေးအခေါ်အယူအဆမြင်များကို ပုံသွင်းခံရပြီး ခက်ခဲရှုပ်ထွေးသော အဖြစ်အပျက်ပြဿနာများကို ဖြေရှင်းရာတွင်ပင် လူချင်းတွေ့ဆုံ ယုံကြည်မှုတည်ဆောက်ဆွေးနွေးခြင်းဓလေ့ လျော့ပါးပျောက်ပျက်နေသော လူ့အဖွဲ့အစည်း။

လူမှုအဖွဲ့အစည်းနှင့် အတွေးအခေါ်များကို လေ့လာသော ကမ္ဘာ့ပညာရှင်ကြီးအများစုကတော့ အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society) ဟူသောအတွေးအခေါ်သည် လူ့အဖွဲ့အစည်းများ၊ လူမျိုးစုများ၊ နိုင်ငံများအတွက်မကောင်းကြောင်း အကျိုးမရှိကြောင်း ထောက်ခံရေးသား သုတေသနပြုခဲ့ကြသည်။

အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ


၁။ ပညာရေး (Education)။ 
ဓမ္မဓိဋ္ဌာန်ကျကျတွေးခေါ်တတ်ခြင်းနှင့် ထိုးဖောက်တွေးမြင်စဉ်စားတွေးခေါ်တတ်ခြင်းဓလေ့ကို လူမှုအဖွဲ့အစည်းများအကြား မြှင့်တင်ပေးရန်။ အကြောင်းအရာများကို တည်ငြိမ်စွာ ချဉ်းကပ်တတ်စေခြင်း၊ မေးခွန်းများမေးခြင်း၊ အချက်အလက်များကို ဆက်လက်ရှာဖွေ ကိုးကားတတ်စေခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်စေခြင်းများသည် သာလွန်သော ဆင်ခြင်တုံတရားရှိစေခြင်းနှင့် လူသားတို့အကြား တွေ့ ဆုံ ဆွေးနွေးစာနာနားလည် အဖြေရှာတတ်ခြင်း အလေ့အထများကို ရင့်သန်တိုးပွားလာစေပါမည်။

၂။ မီဒီယာ သဘောတရား အလေ့အထများကို နားလည်ခြင်း(Media Literacy)။ 
လူများကို မီဒီယာ၏သဘောတရားများ၊ အားနည်းချက်၊ အားသာချက်များ၊ ဘေးထွက်ဆိုးကျိုးများ၊ အသုံးချနိုင်စွမ်းများကို ပိုမိုသိရှိနားလည်လာစေရန် အစီအမံများဆောင်ရွက်ရမည်။

၃။ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း (Politi- cal Engagement)။ 
ပြည်သူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး ပူးပေါင်းပါဝင်နိုင်စေခြင်း အခွင့်အလမ်းနှင့် အတွေးအမြင်များ စုစည်းနားလည်ပြီး အတူတကွ ဆုံးဖြတ်တတ်ကြသောဓလေ့ကို အသားကျလာအောင် တိုက်တွန်းကျင့်သုံးကာ ပြည်သူသာလျှင် နောက်ဆုံး၌ နိုင်ငံ၏အနာဂတ်ကို အဆုံး အဖြတ်ပေးနိုင်သူဖြစ်သည်ကို ပြည်သူများအကြား ဂုဏ်ယူတတ်ကာ ယုံကြည်နားလည်လာစေရန်မှသည် ဒီမိုကရေစီစံထားသောလူ့အဖွဲ့အစည်းတစ်ခုအထိ ဦးတည်လာစေရန်။

၄။ ယဉ်ကျေးမှုဆိုင်ရာ လိုက်လျောညီထွေရှိခြင်း (Cultural Diversity)။ 
နိုင်ငံ၏သင်္ကေတ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ လူမျိုးစုတစ်စုချင်းစီတိုင်း၏ ဖြစ်တည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ၊ အတွေးအခေါ်၊ တန်ဖိုးများကို လူမျိုးစုများအကြား ဖလှယ်ခြင်းမှသည် သိရှိနားလည်လေးစား စာနာတတ်စေပြီး လိုက်လျောညီထွေ အတွေးအခေါ်မြင့်သော လူမှုအဖွဲ့အစည်းဆိုင်ရာ ဓလေ့ကောင်းများတည်ဆောက်ရန်။

အချုပ်အားဖြင့်ဆိုရလျှင် အဆင်အခြင်မဲ့လူ့ အဖွဲ့အစည်း (Mindless Society) မှလူများသည် ပညာစိတ်မြင့်မားကြီးမြတ်မှု အားနည်းခြင်း၊ အဓိပ္ပာယ်ကို နက်နဲစွာနားလည်နိုင်စွမ်း အားနည်းခြင်း၊ ပြဿနာများကိုဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုမေးခွန်းများ ဆင့်ကဲမထုတ်တတ်ခြင်း စသော အတွေးအခေါ် ဆိုင်ရာ အားနည်းခြင်းများရှိတတ်ကြသည်။ အဆင်အခြင်မဲ့ လူမျိုး/နိုင်ငံ (Mindless Nations)များတွင်မူ အစိုးရမှစပြီး အင်အားစုများ၊ လူများသည် ရှိထားပြီး သားနည်းပညာများအပေါ် လိုသည်ထက် မှီခိုလွန်ခြင်း၊ မတူကွဲပြားအောင် တီထွင်လိုစိတ်အားနည်းခြင်း၊ သာလွန်ကောင်းမွန် ပြောင်မြောက်ခြင်းထက် အလုပ်ပြီးစီးရုံမျှနှင့် တင်းတိမ်တတ်ခြင်း၊ သမားရိုးကျများဖြစ်စဉ်အပေါ် ဆန့်ကျင်မှုများမရှိဘဲ အစဉ်အလာအတိုင်းသာ လိုက်နာစီစဉ်လုပ်ကိုင်မြဲလုပ်ကိုင်တတ်ကြခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝကင်းမဲ့ကာ ခေါင်းဆောင်သူတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်မှုတစ်ခုတည်း၏အောက်တွင် အရာရာကို လိုက်ပါဆောင်ရွက်တတ်ခြင်းအလေ့အထများသာ ကြီးစိုးသောနိုင်ငံ ကိုဆိုလိုသည်။

Source: NP News