ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက်ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့ ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကိုရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါတရားထက်သန်စွာ ရေစင်သွန်းလောင်းလေ့ရှိကြသည်။
ကဆုန်လဆိုသည်မှာကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင်ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန် လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင်စန်းယှဉ်နက္ခတ်မှာဝိသာခါနက္ခတ်ဖြစ်သည်။
ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားလားရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ရေးသားလာခြင်းဖြစ်သည်။ ကု၊ က ၏ အနက် အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏ အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟုအဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏အပူချိန်သည် လွန်စွာပင်ပူပြင်းလှသည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင်သောက်သုံးရေရှားပါးသော်လည်း အလှူဒါန ရက်ရောကြသည့် မြန်မာလူမျိုးတို့သည်ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ်ရေလောင်းလှူကြသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သောအလေ့အထတစ်ခုပင် ဖြစ်သည်။
ဗုဒ္ဓနေ့
“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များအထွတ်အမြတ်ထားရာနေ့တစ်နေ့ပင်ဖြစ်သည်။ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့(သောကြာနေ့) တွင် ဘုရားအလောင်းတော်အားဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်းတရားလေးပါးနှင့်ပြည့်စုံတော်မူသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ဖွားမြင်တော်မူ
မြတ်စွာဘုရား၏မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန်တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ ဘုရားလောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော် မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန်အကြိမ်ကြိမ်တားဆီး ခဲ့သည်။ သို့ရာတွင် မိဖုရားကြီး၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီးထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလတ် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။
သစ္စာလေးပါးကိုသိမြင်ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်းနန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကိုမြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကိုရှာဖွေရန်အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင်တွင် ခြောက် နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲ၊ လုံ့လဖြင့်စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ်တောက်ပူပြင်းလှသည့် ကဆုန်နေရောင် အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထားမြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။
ပရိနိဗ္ဗာန်စံဝင်
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကိုကယ်တင် နိုင်ရန်အတွက် ညဉ့်အချိန်တွင် ၂ နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များဟောကြားသွန်သင်ဆုံးမခဲ့သည်။ထိုသို့ ကရုဏာကြီးမားစွာ သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန်သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့(အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရားနှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
အမြတ်ဆုံးနေ့
ဆိုရလျှင်နှစ်စဉ်ကဆုန်လပြည့်နေ့သည်ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် ထူးခြားလေးနက်သောနေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သော သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလိုပူပြင်း ခြောက်သွေ့သောနွေရာသီ အပူချိန်အောက်တွင် သစ္စာလေးပါးတရားထူးတရားမြတ်ကို ထိုးထွင်းသိမြင်နိုင်အောင်ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန် တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့်ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်းပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း မဟာဗောဓိ ညောင်ပင်ကို မြတ်စွာဘုရားအဖြစ်ရည်မှန်းကာ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် အမွှေးနံ့ သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ ထိုသို့မြတ်စွာဘုရားအားရည်မှန်း၍ကုသိုလ်ပြုကြသောကြောင့် ယုံကြည်မှုသဒ္ဓါတရား အပေါ်မူတည်၍ အကျိုးပေးမှုများလည်းကွာခြားလှပေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုစည်ကားလာလျက်ရှိသည်။ ထိုမြင်ကွင်း များကိုတွေ့ရမြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာပီတိဖြစ်ရသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများ သည်လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့သွားရောက်ကာ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာပြုလုပ်ပွားများလှူဒါန်း နိုင်ကြသည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယဉ်ထုံးဖွဲ့ မှုမျိုးဖြင့် သာ ညောင်ရေသွန်းပွဲတော်သို့သွားရောက်လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့လာရောက်ကုသိုလ်ပြုကြသည့် အလှူရှင်များနှင့်ပြည့်နှက် နေလျက်ရှိသည်။ ထိုသို့ လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင် တဘက်ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေ သည်။
ထိုသို့သွားရောက်ရာတွင် ကလေး၊ လူကြီးပါမကျန် မီးခိုးတိတ်သွားရောက်ကြပြီး မဟာဗောဓိ ညောင်ပင် အနီးအနားတွင် သံဃာတော်များထံမှသီလခံယူပြီးမှသာ အမွှေးနံသာရည်များဖြင့် ကုသိုလ် ဖြစ် ညောင်ရေသွန်းလောင်းကြသည်။ ပီတိဖြစ်ဖွယ်မြင်ကွင်းများပင်ဖြစ်သည်။ ထိုမြင်ကွင်းမျိုးကို ကမ္ဘာ ပေါ်ရှိ မည်သည့်နိုင်ငံတွင်မျှ တွေ့မြင်ရလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက် လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက်ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ဖွားဖက်တော် မဟာဗောဓိ ညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ် အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါစို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် ၎င်းတို့အတွက် အခြေခံကျသောလူမှုစီးပွားရေးဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားဖြစ် ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်ဖြစ်စေ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုဝလံအုပ်စုဝင် ဘူးပင်စိုက်ပျိုးရေးအား တင်ပြသွားမည်ဖြစ်သည်။
ဘူးပင်၏မူရင်းဒေသမှာ အာဖရိကတိုက်မှစတင်ပေါက်ရောက်ပြီးနောက် တောင်အမေရိကတိုက်ဘက်သို့ပျံ့နှံ့ရောက်သည်ဟုသိရသည်။ ဘူးပင်သည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဝလံမျိုးနွယ်တစ်မျိုးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးနိုင်သော ဝလံမျိုးနွယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးအောင် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရသည်။
ဘူးပင်သည် အရွက်ဖားဖားနှင့် နွယ်တက်ပင်မျိုးဖြစ်ပြီး သုံးလတစ်ကြိမ် အသီးသီးသည်။ အပွင့်မှာ မြေဖြူရောင်ရှိပြီး ညအချိန်တွင်သာပွင့်၍ ပင်တည်းဝတ်မှုန်ကူးခြင်းဖြင့် မျိုးပွားသည်။ ဘူးသီးများသည် အရွယ်အစားစုံသီးတတ်ပြီး အရည်ရွှမ်းသည်၊ စိုက်ပြီးနှစ်လအကြာတွင် ပန်းစတင်ပွင့်သည်။ ဘူးပင်သည် မိုးရေကို အဓိကထားစိုက်ပျိုးကြသော်လည်း ရေအခြေအနေပေးပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အားသာချက်ရှိသောအပင်ဖြစ်သည်။
ဘူးသီး၏ ပုံသဏ္ဌာန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်၊ ဘူးရှည်စက၊ ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးခေါ်တွင်ကြသည်-
(က) ဘူးသပိတ် - ဤဘူးပုံသဏ္ဌာန်သည် သပိတ်ပုံ ရှိပြီး အလွန်အလုံးကြီးသည်။ လည်ပင်းမရှိချေ။
(ခ)ဘူးလည်လှ - ဤဘူးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည့် တိုင်အောင်ထားပြီး အထဲမှအစေ့များ ထုတ်၍ ရေဘူးလုပ်ကြသည်။အလွန်ပူအိုက်သော နွေရာသီတွင်ကျေးလက်တောရွာများ၌ ဘူးခါး ရေနှင့်ကြမ်းကြားလေသည် အေးမြ သောအသွင်ကိုဖော်ကျူးကြသည်။
(ဂ) ဘူးရှည်စက - ဤဘူးမျိုးသည် အရှည်လည်း မဟုတ်၊ အပုလည်းမဟုတ် စက ဖြစ်သည်။
(ဃ) ဘူးရှည် - ဤဘူးမျိုးကို ဆင်နှာမောင်းမျိုး ဟုလည်းခေါ်သည်။ အချို့ ၇ ပေ ခန့်ထိရှည်သည်။
(င) ဘူးရေမှုတ်-ဤဘူးမျိုးသည် လက်သီးဆုပ်သာသာရှိပြီး လည်ပင်းမှာတစ်တောင်ခန့် ရှည်သည်။ တောင်သူ ကြီးများသည် ၎င်းဘူးကို အလျား လိုက် အလယ်မှခွဲပြီးလျှင် ရေခပ်ရန်ရေမှုတ်ပြုလုပ်ကြသည်။
ဘူးပင်၏ အင်္ဂလိပ်အမည်မှာ Bottle Gourd ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Lagenria Vulgaris ဖြစ်သည်။ မျိုးရင်း Cucurbitaceae အတွင်းပါဝင်သည်။
မြေအမျိုးအစားအများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း သဘာဝမြေဆွေးများနှင့် ကြွယ်ဝနေသော၊ ရေသွင်းရေထုတ်ကောင်းမွန်စွာပြုလုပ်နိုင်သော နုန်းမြေအမျိုးအစားတွင် ပိုမိုအထွက်ကောင်း၍ အရည်အသွေးပြည့်မီသော အသီးများထုတ်လုပ်ပေးနိုင်သည်။ မြေချဉ်ငန်ဓာတ် ၆ နှင့် ၇ ကြားတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။
ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိသည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။
ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး ဓာတ်မြေဩဇာများ သမအောင်မွှေထားသောမြေကို စိုက်ပေါင်များပြုလုပ်၍ စတင်စိုက်ပျိုးသည်။
ဘူးသည် စင်တင်စိုက်ပျိုးရသော အပင်တစ်မျိုးဖြစ်ပြီး ပေါင်တင်၍စိုက်ပျိုးနိုင်သည်။ စိုက်ပေါင်မြေကို ပေါက်တူးဖြင့်ပေါက်ပြီး မြေဆွေးနှင့်သမအောင်ရော၍ စိုက်ပေါင်ပြုလုပ်သည်။ စိုက်ပေါင်တစ်ပေါင်လျှင် အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့်ထား၍ပြုလုပ်ကြသည်။
ဘူးပင်တစ်ဧကလျှင် နွားချေး သို့မဟုတ် သစ်ဆွေးမြေဩဇာ နွားလှည်း ၁၀ မှ ၂၀ အထိလိုအပ်ပြီး ဓာတ်မြေဩဇာတစ်ဧကလျှင် ယူရီးယား ၂၀ ကီလိုဂရမ် (၁၂ ပိဿာ)နှင့် တီစူပါ ၂၄ ကီလိုဂရမ် (၁၄ ပိဿာ) ကျော်ခန့်လိုသည်။ စိုက်ပေါင်များပြုလုပ်ရာတွင် ဓာတ်မြေဩဇာနှင့်မြေဆွေးများကို သမအောင်ရောမွှေပေးရမည်။ တီစူပါမြေဩဇာကို ပထမအကြိမ် ၂၀ ကီလိုဂရမ် (၁၂ ပိဿာ) နှင့် ယူရီးယားဓာတ်မြေဩဇာ ၁၀ ကီလိုဂရမ် (ခြောက်ပိဿာ)ကို စိုက်ပေါင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်သောယူရီးယား ၁၀ ဂရမ်ကို ပန်းစတင်ပွင့်ချိန်တွင် ထည့်ပေးရမည်ဖြစ်သည်။
ဘူးပင်ကိုပျိုးထောင်ရာတွင် မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်အတွင်း ဘူးစေ့နှစ်စေ့ခန့် အပင်အရွက်သုံးရွက်၊ လေးရွက်ထွက်လျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။
စင်တင်စိုက်ပါက စိုက်ပေါင်အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့် ပေါင်ပြုလုပ်ပြီး မျိုးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း တစ်ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့ခုနစ်စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်နှစ်ပင်ချန်ထားလျှင် သင့်လျော်သည်။ကျင်းဖြင့်စိုက်ပျိုးပါက အနက် ၁ ဒသမ ၅ ပေ၊ အနံနှစ်ပေ၊ အလျားသုံးပေရှိ ကျင်းများတူးပြီး နွားချေးနှင့်မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း ၃-၄ လက်မအလိုခန့်ထိထည့်ပြီးလျှင် အပေါ်မှမြေရိုးရိုးကိုဖို့ရမည်။ တစ်ကျင်းလျှင်ခုနစ်ပင်၊ ရှစ်ပင်ခန့်စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင်နှစ်ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရမည်။
ဘူးပင်ကို တစ်နိုင်တစ်ပိုင် စင်တင်စိုက်ပျိုးနိုင်သကဲ့သို့ အရွက်စားသုံးနိုင်ရန်အတွက် ခြံစည်းရိုးများတွင်တင်၍လည်းကောင်း၊ စိုက်ခင်းများတွင်ကျင်းတူး၍လည်းကောင်း စိုက်ပျိုး၍ အပင်တစ်လသားတွင် စတင်ကာ ဘူးညွန့်များခူး၍ရောင်းချခြင်း၊ စားသောက်ခြင်းများ ပြုလုပ်နိုင်သည်။
ဘူးပင်ကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ ၂-၃ ကီလိုဂရမ် (၁ ပိဿာ၂၀ ကျပ်သားမှ ၁ ပိဿာ ၈၀ ကျပ်သား) လိုအပ်သည်။ နောင်နှစ်တွင်စိုက်ပျိုးရန် ဘူးမျိုးစေ့ရရှိရန်အတွက် မိမိစိုက်ပျိုးသော စိုက်ခင်းအတွင်းမှ အကောင်းဆုံး၊ အကြီးဆုံးဘူးသီးသုံးလုံးခန့်ကို အပင်တွင်ရင့်အောင်ထားရှိပြီး မျိုးထားရန်လိုသည်။ ဘူးသီးတစ်လုံးလျှင် မျိုးစေ့ ၁၅၀ မှ ၂၀၀ ခန့်အထိရရှိနိုင်သည်။ မျိုးကောင်းမျိုးသန့်ရရှိရန်အတွက် မိမိဒေသထွက်မျိုးများကိုထားရှိပြီး စနစ်တကျထိန်းသိမ်းထားရန်လိုအပ်သည်။ အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင်စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်သည်။
အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ သုံးရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုအပ်သည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုသည်။
ဘူးစိုက်ရာတွင်ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာနှိမ်နင်းရန်လိုအပ်သည်။ ထိရောက်စွာမနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကျေပျက်စီးနိုင်သည်။ ဘူးပင်ကို ပိုးသတ်ဆေးပက်ဖျန်းပါက ဓာတ်ကြွင်းအာနိသင်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေးများမပက်ဖျန်းမိစေရန်အတွက် နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည်။
ဘူးပင်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ဘူးညွန့်များခူးရသည်။ ဘူးညွန့်ခေါင်ညွန့်ကိုချိုးနှိမ်ပေးမှသာလျှင် ဘူးညွန့်များများထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်သည်။ ဘူးခေါင်ညွန့်ကို ဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှအရွက်များထွက်ပေါ်လာပြီး အတက်များမှအသီးများလည်း တင်လာမည်ဖြစ်သည်။ ကိုင်းကျွန်းမြေများတွင် ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး ၃၀ ခန့်သီးကြောင်း လေ့လာသိရှိရသည်။
ဘူးသီးကိုစိုက်ပြီးနောက် ၇၅ ရက်မှ ရက် ၉၀ အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါကချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိသည်။သို့အတွက် ဘူးကိုမနုမရင့်အနေတော်ခူးရသည်။ တစ်ဧကလျှင် ဘူးသီးအလုံးရေ ၆၀၀၀ မှ ၈၀၀၀ အထိထွက်သည်။ ဘူးသီးနှင့်ဘူးညွန့်များ၏ ဈေးကွက်အခြေအနေကိုလိုက်၍ တစ်ဧကလျှင် ငွေကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ အကျိုးအမြတ်ရရှိနိုင်သည်။ ထို့ကြောင့်ပင် မြန်မာလူမျိုးတို့၏စကားပုံများတွင် ဘူးဆိုဖရုံမသီး၊ ဘူးလေးရာဖရုံဆင့်၊ ဘူးသီးသီးမှ အရီးလာမတော်နှင့် စသည့်စကားပုံများရှိခဲ့ခြင်းဖြစ်သည်။
ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း၊ ဘူးသီးကြော်၊ ဘူးသီးချဉ်၊ ဘူးသီးကြက်သားဟင်း၊ ဘူးသီးမြေပဲထောင်းသုပ်၊ ဘူးသီးခေါက်ဆွဲကြော်၊ ဘူးသီးဟင်းခါးအဖြစ် အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ ဘူးညွန့်ကိုလည်း ကြော်၍စားခြင်း၊ ချက်၍စားခြင်း၊ အတို့အမြှုပ်ပြုလုပ်၍စားခြင်းအပြင်ဆောင်းရာသီတွင် နှင်းဓာတ်ဖြင့်သီးသော ဘူးသီးများကိုလည်း ဘူးသီးချောင်းကြော်အဖြစ်ပြုလုပ်၍ လူတိုင်းကြိုက်နှစ်သက်စွာ စားသုံးကြသည်။
ဘူးသီးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်ရရှိသော ကောင်းကျိုးများမှာ ဘူးသီးမှရရှိ သောသတ္တုရည်သည် အမြဲတမ်းသုံးစွဲပါက ကျန်းမာရေးအထောက်အကူဖြစ်စေသည်။ အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်သွေးအတွင်းရှိ သကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုသွေးချိုရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ပြီး ဝမ်းချုပ်ခြင်းကိုသက်သာစေကာ အိပ်မပျော်သောရောဂါကိုကုသရန်အတွက် အသုံးပြုနိုင်သည်။ ဘူးရွက်မှာလည်း အမျှင်ဓာတ်များစွာပါရှိ၍ အစာအိမ်အူလမ်းကြောင်းကိုသန့်စင်ပေးသည့်အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသောကြောင့် နေ့စဉ်စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။
ဘူးပင်စိုက်ပျိုးခြင်းဖြင့် ထွက်ရှိသောဘူးသီး၊ဘူးရွက်များကို စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးရပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးစိုက်ထုတ်ငွေနည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံးနေ့စဉ်ဝင်ငွေရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး စိုက်ပျိုး၍လွယ်ကူသော ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့ အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက်ကောင်းကျိုးပြုသည့်ဘူးပင်ကို စိုက်ပျိုးသွားရန်တင်ပြအပ်ပါသည်။ ။
Source: https://myawady.net.mm/stories
သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိသည်။ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် အခြေခံအဆောက်အအုံများ၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို ပျက်စီးစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးအရင်းအမြစ်နည်းပါးမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည်နှေးကွေးတတ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် လူသေဆုံးမှု၊ ဒဏ်ရာရမှုနှင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုများကိုဖြစ်ပေါ်စေပြီးဆင်းရဲမှုနှင့်မညီမျှမှုကို ပိုမိုဆိုးရွားစေသည်။ သောက်သုံးရေပြတ်လပ်မှု၊ ကူးစက်ရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထိခိုက်ခြင်းစသည်တို့ကြောင့် ပြည်သူများ၏ကျန်းမာရေးကိုထိခိုက်စေသည်။ ကျောင်းများနှင့် ပညာရေးအဆောက်အအုံများပျက်စီးခြင်းကြောင့် ကလေးများ၏ပညာသင်ကြားမှု ရပ်တန့်သွားတတ်ကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကိုဦးတည်ပြီး ရေရှည်ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဝိသေသများ
ဖွံ့ဖြိုးဆဲနိုင်ငံများသည် GDP နှင့် စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျကာ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများထက် စိုက်ပျိုးရေးကို အဓိကမှီခိုနေရသည်။ လူမှုဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index)ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် သက်တမ်းရှည် နေထိုင်နိုင်မှုတို့တွင် အဆင့်နိမ့်ကျကာ စာတတ်မြောက်မှုနှုန်းနည်းပါးပြီး ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း အားနည်းနေတတ်သည်။ အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးစနစ်များတွင် အကန့်အသတ်ရှိကာ မြို့ပြဖွံ့ဖြိုးမှုနှုန်းလည်း နှေးကွေးသည်။ မွေးဖွားနှုန်းမြင့်မားပြီး သေဆုံးနှုန်းလည်း မြင့်မားနိုင်သည်။ ချမ်းသာသူနှင့် ဆင်းရဲသူအကြား ကွာဟချက် ကြီးမားသည်။ အလုပ်အကိုင်အခွင့်အလမ်း အကန့်အသတ်ရှိပြီး အလုပ်လက်မဲ့နှုန်းမြင့်မားနိုင်သည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးကာ နည်းပညာတိုးတက်မှု နှေးကွေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် သဘာဝသယံဇာတများ (ဥပမာ- သတ္တုတွင်း၊ စိုက်ပျိုးရေး)ကို အဓိကမှီခိုနေရသည်။ ပို့ကုန်မှာလည်း အဓိကအားဖြင့် ကုန်ကြမ်းများသာဖြစ်တတ်သည်။ ကျား၊ မ တန်းတူညီမျှမှု သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာများတွင်လည်း စိန်ခေါ်မှုများရှိနိုင်သည်။
သဘာဝဘေးအန္တရာယ်များ၏အတိုင်းအဆ
သဘာဝဘေးအန္တရာယ်များသည် လူတစ်ဦးချင်းစီအပေါ်တွင် ကြီးမားသည့်သက်ရောက်မှုများရှိသလို နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအပေါ်တွင်လည်း သက်ရောက်မှု အတိုင်းအဆကြီးမားတတ်သည်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက သက်ရောက်မှုပမာဏအလွန်များပြားတတ်သည်။ အခြေခံအဆောက်အအုံများ(လမ်းများ၊ တံတားများ၊ စက်ရုံများ)ပျက်စီးမှုကြောင့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုရပ်တန့်သွားနိုင်သည်။ လယ်ယာမြေများ ပျက်စီးခြင်းနှင့် သီးနှံဆုံးရှုံးမှုသည် စားနပ်ရိက္ခာဖူလုံမှုနှင့် ပို့ကုန်ဝင်ငွေကို ထိခိုက်စေသည်။ ပြန်လည်ထူထောင်ရေးအတွက် ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ် လိုအပ်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရန်ပုံငွေကို လမ်းကြောင်းပြောင်းသွားစေသည်။ သဘာဝဘေးအန္တရာယ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ဆင်းရဲမှုတိုးပွားခြင်းသည် လူမှုတည်ငြိမ်မှုကို ထိခိုက်စေသည်။ ကျောင်းများနှင့် ဆေးရုံများ ပျက်စီးခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြတ်တောက်စေကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည် ရေရှည်တွင် လူမှုဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်သည်။ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှုကဲ့သို့သော ဘေးအန္တရာယ်များသည် သဘာဝအရင်းအမြစ်များ(မြေဆီလွှာ၊ ရေအရင်းအမြစ်၊ သစ်တောများ)ကို ပျက်စီးစေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာစေကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရင်းနှီးမြှုပ်နှံရန်လိုအပ်မှုတိုးလာသည်။ သဘာဝဘေးအန္တရာယ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ်များအတွက် ကြီးမားသောစိန်ခေါ်ချက်များကို ဖြစ်စေနိုင်သည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ ဦးစားပေးအသုံးပြုရသဖြင့် အခြားဖွံ့ဖြိုးရေးမူဝါဒများ နှောင့်နှေးနိုင်သည်။ သဘာဝဘေးအန္တရာယ်များသည် အားနည်းသော လူထုအပေါ် ပိုမိုသက်ရောက်မှုရှိပြီး ဆင်းရဲမှုသံသရာကို ပိုမိုဆိုးရွားစေသည်။ သဘာဝဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေနည်းပါးမှုမှတစ်ဆင့် လူမှုအဖွဲ့အစည်းအတွင်း မညီမျှမှုကို ပိုမိုဖြစ်ပေါ်စေသည်။
လျော့ပါးသက်သာစေရေးနည်းအသွယ်သွယ်
သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစီအမံများ၊ နည်းလမ်းများကို အကောင်အထည်ဖော်ထားရှိရန် လိုအပ်သည်။ ဘေးအန္တရာယ်စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးစနစ်များ (ဥပမာ- မုန်တိုင်းသတိပေးချက်၊ ငလျင်စောင့်ကြည့်ရေးစနစ်) တည်ဆောက်ရန်၊ ဒေသခံလူထုအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရန်နှင့် ကယ်ဆယ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်၊ ငလျင်၊ ရေကြီးမှု၊ မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အအုံများ (ဥပမာ- ခိုင်ခံ့သောနေအိမ်၊ တံတားများ) တည်ဆောက်ရန်၊ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းများဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့်နေရာများကို ရှောင်ရှားရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းများ (ဥပမာ- မိုးခေါင်ဒဏ်ခံသီးနှံများ) နှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကိုမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဥပမာ- နေစွမ်းအင်၊ လေစွမ်းအင်)အသုံးပြုမှုကိုတိုးမြှင့်ရန်၊ အမျိုးသားအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေစုဆောင်းရန်၊ ဘေးအန္တရာယ်အာမခံအစီအစဉ်များကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေး၊ နည်းပညာနှင့် လေ့ကျင့်ရေးအကူအညီများရယူရန်၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် အရင်းအမြစ်များနှင့် အသိပညာမျှဝေရန်၊ အမျိုးသမီးများ၊ ကလေးများနှင့် အားနည်းသောအုပ်စုများအတွက် အထူးအကာအကွယ်နှင့်ပံ့ပိုးမှုများပေးရန် စသည့်အချက်များ အလေးထားဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေနိုင်သည်။
အကျိုးကျေးဇူးများ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးရမှုလျော့နည်းစေရေးနှင့် ခံနိုင်ရည်ရှိစေရေး စီမံဆောင်ရွက်မှုများမှတစ်ဆင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအနေဖြင့် စီးပွားရေးတည်ငြိမ်မှုရရှိပြီး ပြန်လည်ထူထောင်ရေးကုန်ကျစရိတ်များ လျော့နည်းနိုင်သည်။ လူမှုဖွံ့ဖြိုးမှုအားကောင်းလာပြီး ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိလာနိုင်သည်။ သဘာဝဘေးကြိုတင်ခန့်မှန်းနိုင်ပြီး အရေးပေါ်အခြေအနေတုံ့ပြန်မှုစနစ်များ ကောင်းမွန်လာခြင်းကြောင့် သေဆုံးမှုနှုန်းလျော့ကျစေသည်။ ပြည်သူများအား ဘေးအန္တရာယ်သတိပေးစနစ်များ၊ ပညာပေးလုပ်ငန်းများဖြင့် ကြိုတင်ပြင်ဆင်နိုင်စွမ်း တိုးမြင့်လာစေသည်။ ကြိုတင်ကာကွယ်မှုများအစီအစဉ်တကျ ဆောင်ရွက်ထားရှိခြင်းအားဖြင့် လူနေအဆောက်အအုံများ၊ အခြေခံအဆောက်အအုံများ (လမ်း၊ တံတား၊ ဆည်များ) ပျက်စီးမှုကို လျှော့ချနိုင်သည်။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ပိုမိုတည်ငြိမ်စေသည်။ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရသူများ (Displaced Persons) နည်းပါးလာပြီး ဒုက္ခသည်ပြဿနာ လျော့ကျစေသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာကာ ကပ်ဘေးကြောင့်ဖြစ်ပွားသောရောဂါများ (ဥပမာ - ရေကြီးပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ)ကို ကာကွယ်နိုင်သည်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးခြင်းဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည် (Climate Resilience)တိုးမြင့်လာစေသည်။ ရေဝေရေလဲနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများက ရေကြီး/မိုးခေါင်မှုကို လျော့ပါးစေသည်။ သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ငွေကြေး၊ နည်းပညာပံ့ပိုးမှုများ ပိုမိုရရှိနိုင်သည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးခြင်း၊ လေ့ကျင့်သင်ကြားခြင်းများဖြင့် ပြည်သူများ၏ဘေးဒဏ်ခံနိုင်ရည် (Resilience) တိုးတက်လာစေသည်။
နိဂုံး
သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးမှုအလားအလာများကို သိသာစွာထိခိုက်စေသည်။ သို့သော် ကြိုတင်ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများဖြင့် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လျော့ပါးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်သည်။ ဤဗျူဟာများကို ဒေသအလိုက် လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်အကောင်အထည်ဖော်ရန်လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် ကြိုတင်ကာကွယ်မှုမူဝါဒများ၊ အခြေခံအဆောက်အအုံခိုင်မာရေးများအပြင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ရာသီဥတုက တော်တော်လေးကို သာယာသည်ဟုဆိုရမည်။ ဘယ်နေရာမှာလဲဆိုရင် ရုရှားနိုင်ငံ မော်စကိုမြို့၊ နေရာအတိအကျဆိုရရင်တော့ ရင်ပြင်နီမှာဖြစ်သည်။ ရင်ပြင်နီဆိုတာ သမိုင်းမှတ်တမ်းကောင်းများစွာ ကိုစိုက်ထူထားခဲ့တဲ့နေရာတစ်ခုဖြစ်သလို ကမ္ဘာတည်သရွေ့ ထာဝရတည်ရှိနေမယ့် နေရာလို့ပြောမည်ဆိုပါကလည်း ပြောနိုင်သည့်နေရာတစ်ခုဖြစ်သည်။ ကျွန်တော့်အနေနဲ့ ဘာအတွက်ကြောင့် ရုရှားနိုင်ငံမော်စကိုမြို့ရဲ့ အထင်ကရနေရာရင်ပြင်နီကို ရောက်နေရသလဲလို့မေးလာမယ်ဆိုရင်တော့ အဖြေကတစ်ခုတည်းရှိသည်။
မေလ ၉ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခွင့်ရလာခြင်းကြောင့်ပင်ဖြစ်သည်။
တကယ်တမ်းပြောရလျှင် ဒီနေ့လိုနေ့ ရက်ရောက်လာမည်ကို စောင့်မျှော်နေခဲ့ ခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် စစ် ရေးပြအခမ်းအနားများစွာကို မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ယခုကဲ့သို့နိုင်ငံ ပေါင်းစုံပါဝင်ဆင်နွှဲသည့် စစ်ရေးပြအခမ်းအနားကိုတော့ အခုမှသာမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခြင်းဖြစ်သည်။ ဒီလိုအတွေ့အကြုံကိုပေးစွမ်းသည့်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်ရသည်။ အခုလိုစစ်ရေးပြအခမ်းအနား မှာ ရုရှားနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးမှုရှိပြီး စစ်ရေးပြအခမ်းအနားတွင် ပါဝင်နိုင်စွမ်းရှိသည့်နိုင်ငံများမှ တပ်မတော်သားများ ကသာ ပါဝင်စစ်ရေးပြခွင့်ရခြင်းဖြစ်သည်။အရေအတွက်အားဖြင့် နိုင်ငံပေါင်း ၁၃နိုင်ငံရှိသည်။
အချိန်အားဖြင့် ဒေသစံတော်ချိန်နံနက် ၉ နာရီမိနစ် ၅၀ ခန့်တွင် စစ်ရေးပြမည့် စစ်ကြောင်းများက ရင်ပြင်နီ၌နေရာယူထား ကြပြီးဖြစ်သည်။ နိုင်ငံတကာမှ ဧည့်သည်တော်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ကလည်း သတ်မှတ်နေရာအသီးသီးတွင် နေရာယူထားကြပြီးဖြစ်သည်။ သိပ်မကြာမီတွင် ကရင်မလင်နန်းတော်ရှိ နာရီစင်ကြီးဆီမှ နံနက် ၁၀ နာရီထိုးသည့် အချက်ပေးသံထွက် ဩပေါ်လာသည်။ အချက်ပေးသံဆုံးသွားပြီး နောက် စစ်ရေးပြမှူးဖြစ်သည့် ရုရှားကြည်း တပ်ဦးစီးချုပ်ထံမှ စစ်မိန့်သံထွက်ပေါ်လာ ဩသည်။ အဲဒီစစ်မိန့်သံအဆုံးမှာ ရုရှားဖက် ဒရေးရှင်းနိုင်ငံအလံနှင့် အောင်ပွဲရအလံကို သယ်ဆောင်လာသည့် အလံတော်အဖွဲ့က စစ်သည်များ၏အလေးပြုမှုကိုခံယူသည်။
စစ်သည်များ၏အလေးပြုမှုပြီးနောက် စစ်ရေးပြမှူးထံမှထွက်လာသော နောက်ထပ်အမိန့်သံတစ်ခုအဆုံးတွင် ရုရှားကာကွယ်ရေးဝန်ကြီးက စစ်ရေးပြကွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက်စစ်ရေးပြမှူးက ကာကွယ်ရေးဝန်ကြီးအားတပ်အပ် ခြင်းနှင့် ကာကွယ်ရေးဝန်ကြီးက တပ်ကို စစ်ဆေးခြင်းတို့လုပ်ဆောင်သည်။ ယင်းနောက်တွင် ကာကွယ်ရေးဝန်ကြီးက ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင် ထံသို့သွားရောက်သတင်းပို့သည်။ သမ္မတ ကသတင်းပို့မှုကိုခံယူပြီးနောက် မိန့်ခွန်းပြောသည်။ ၎င်း၏မိန့်ခွန်းအနက်အချို့ကို ကောက်နုတ်ပြရလျှင် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့သည် ရုရှားနိုင်ငံ၏အထင်ရှားဆုံးသောအားလပ်ရက်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယနေ့လို လွတ်လပ်မှုနှင့်ငြိမ်းချမ်းရေးကို ရရှိစေဖို့ ဆိုဗီယက်ပြည်ထောင်စုက အသက်သွေးချွေးသန်းပေါင်းများစွာကို စွန့်လွှတ်ခဲ့ရကြောင်း၊ ရုရှားနိုင်ငံသည် နာဇီဝါဒကိုဆန့်ကျင်သည့် မချိုးဖျက်နိုင်သောအတားအဆီးတစ်ခုဖြစ်သည့်အပြင် နာဇီဝါဒကိုကျင့်သုံးနေသည့်ရက်စက်ကြမ်းကြုတ်သူများကိုလည်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ဆောင်နေသည့် ရုရှား၏အထူးစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသူများအားလုံးကိုတစ်နိုင်ငံလုံးကထောက်ခံပြီး ၎င်းတို့၏ခိုင်မာသောစိတ်ဓာတ်ကို ဂုဏ်ယူရကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်နာဇီဝါဒကို အမှန်တကယ်အောင်နိုင်ခဲ့သူများ အပေါ်အသရေဖျက်ခြင်းကို ခွင့်လွှတ်သွားမည်မဟုတ်ကြောင်း၊ နာဇီဝါဒအပေါ်အလုံးစုံအောင်နိုင်ခြင်းသည်နိုင်ငံများစွာ၏ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုကြောင့်ဖြစ်သည့်အတွက် ရုရှားနိုင်ငံက ထိုနိုင်ငံများ ၏စွန့်လွှတ်စွန့်စားမှုအပေါ် လေးစားရ ကြောင်း၊ရုရှားပြည်သူများအနေဖြင့် စစ်မှုထမ်းဟောင်းကြီးများနှင့် ၎င်းတို့၏အမိမြေကိုကာကွယ်လိုသော ခိုင်မာသည့်စိတ်ဓာတ်တို့ကို လေးစားရမည်ဖြစ်ကြောင်း ပြောသွားခြင်းဖြစ်သည်။
သမ္မတ၏မိန့်ခွန်းအပြီးတွင်အမြောက်တပ်ဖွဲ့က အမြောက်များပစ်ဖောက်ကာ ဂုဏ်ပြုသည်။ ယင်းနောက် စစ်ကြောင်းကြီးများက သမ္မတ ဗလာဒီမာပူတင်အား ချီတက်အလေးပြုကြသည်။ ဒီအထိက စစ်ရေးပြအခမ်းအနားတစ်ခု၏ သမားရိုးကျလုပ်ရိုးလုပ်စဉ်များသာဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် ဆက်လက်ရေးသားဖော်ပြမည့်အရာများက ရုရှားနိုင်ငံအနေဖြင့် နှစ်(၈၀)ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့စစ်ရေးပြအခမ်းအနားအတွက် ဘယ်လောက်အထိ ကြိုးပမ်းအားထုတ်ထားသည်ကိုမြင်တွေ့နိုင်သည်။ ယခု စစ်ရေးပြချီတက်အလေးပြုခြင်းတွင် ရုရှား နိုင်ငံ၏ ၈၅ နှစ်ကြာ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် မော်စကိုစစ်ဘက်ဆိုင်ရာဂီတသင်တန်းကျောင်းမှ လူငယ်စစ်တီးဝိုင်းအဖွဲ့ကရှေ့ဆုံးမှဦးဆောင်ခြင်းဖြင့် စတင်လာခြင်းဖြစ်သည်။ ၎င်း၏နောက်တွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသောတပ်ဖွဲ့များကိုကိုယ်စားပြုသည့်စစ်ရေးပြတပ်ခွဲက ဆိုဗီယက်ပြည်ထောင်စု ခေတ်ယူနီဖောင်းများ၊စစ်လက်နက်များ ကိုင်ဆောင်ကာ ချီတက်အလေးပြုကြသည်။ ထို့နောက် သတ်မှတ်ထားသည့် ခြေလျင်စစ်သည်တပ်ဖွဲ့များက ချီတက်အလေးပြုပြီးချိန်တွင်နိုင်ငံတကာမှကိုယ်စားပြု စစ်ရေးပြတပ်ခွဲများက ဆက်လက်ချီတက်အလေးပြုခြင်းဖြစ်သည်။
၎င်းတို့၏နောက်တွင်ရုရှားနိုင်ငံမှသက်ဆိုင်ရာတပ်ဖွဲ့များက ဆက်လက်ချီတက်အလေးပြုသည်ကို မြင်တွေ့ရသည်။စစ်သည်များ၏ချီတက်အလေးပြုမှုပြီးနောက် စစ်လက်နက်ပစ္စည်းများ ဖြင့်ချီတက်မှုအခန်းကဏ္ဍက တစ်ဆက်တည်း လိုက်ပါလာသည်။ ထိုအခန်းကဏ္ဍကို ဦးဆောင်လာသူက T-34 တင့်များဖြစ် သည်။ ထိုတင့်များမှာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ရန်သူများအပေါ်လက်စွမ်း ပြခဲ့သည့် ဂန္ထဝင်တင့်များဖြစ်သည်။ ထိုဂန္ထဝင်တင့်များ၏နောက်တွင် အဆင့်မြင့် T-90 M တင့်များ၊ Iskander-M ဒုံးကျည်စနစ်များ၊ S-400 Triumph လေကြောင်း ရန်ကာကွယ်ရေးစနစ်များ၊ Yars တိုက်ချင်း ပစ်ဒုံးကျည်စနစ်များနှင့် ဒရုန်းတင်ယာဉ် များကအစဉ်လိုက်လိုက်ပါလာသည်။ ဒီနှစ် စစ်ရေးပြအခမ်းအနားတွင် ထူးခြားမှုတစ်ခုမှာ ဒရုန်းများကို စစ်ရေးပြအခမ်းအနား၌ ပထမဆုံးအကြိမ် ပွဲထုတ်လာခြင်းဖြစ်သည်။ အဓိကအသုံးပြုသွားသည့် ဒရုန်း များမှာ Lancet နှင့် Orlan ဒရုန်းများဖြစ်သည်။
မြေပြင်တွင် စစ်သည်များနှင့်စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များက ချီတက်အလေးပြုပြီးနောက် ကောင်းကင်ယံတွင်ရုရှား သူရဲကောင်းနှင့် ပျံလွှားငှက်များဟုအမည် ပေးထားသော လေသူရဲအုပ်များက Su-30နှင့် MiG-29 လေယာဉ်များကိုမောင်းနှင် လျက် လေကြောင်းစွမ်းရည်မျိုးစုံကိုပြသ ကြသည်။စစ်ရေးပြအခမ်းအနား၏နောက် ဆုံးပိတ်အနေဖြင့် Su-25 တိုက်ခိုက်ရေးလေယာဉ်များက ကောင်းကင်ယံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအလံကို ပုံဖော်ပြသသွားသည်။ စစ်ရေးပြအခမ်းအနား အဆုံးသတ်အဖြစ် ရုရှားနိုင်ငံ၏နိုင်ငံတော် သီချင်းနှင့် အောင်ပွဲနေ့ဟူသောသီချင်းတို့ကိုသီဆိုကာ အခမ်းအနားကိုပိတ်သိမ်းလိုက်သည်။
ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီ များ၏ကျူးကျော်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့်အပြင် ၎င်းတို့ကိုဘာလင်မြို့အထိရောက်အောင်ပင် တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုမှညီအစ်ကိုမောင်နှမများ၏ ခိုင်မာသောဇွဲလုံ့လ၊ ရဲဝံ့ပြောင်မြောက်သောသတ္တိတို့ဖြင့်ရေးထိုးနိုင်ခဲ့သည့်သမိုင်းမှတ်တမ်းကြီးမှာ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းတွင် နာဇီဂျာမနီတို့၏လက်နက်ချပါသည်ဟူသော သဘောတူစာချုပ်ပင်ဖြစ် သည်ဟုဆိုရပေမည်။ အဆိုပါသဘောတူစာချုပ်ကြောင့်ပင် မဟာမျိုးချစ်စစ်ပွဲကြီး အောင်မြင်ခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်ကိုလည်း အပြီးသတ်စေရန် တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။ အဆိုပါတွန်းအားကို ယနေ့အချိန်အထိတိုင် ဆက်လက်ထိန်းသိမ်းထားပြီး ရုရှားနိုင်ငံနှင့်တကွ မိတ်ဖက်နိုင်ငံများက အကြမ်းဖက်ဝါဒကိုဆက်လက်တွန်းလှန်သွားနေဦးမည်မှာ သေချာနေကြောင်း အတွေးတစ်စအဖြစ် ရေးသားလိုက်ရပါသည်။
Ref: Sputnik
နေ့ကား ၁၉၄၅ ခုနှစ် မေလ ၉ ရက် ဖြစ်သည်။ ဒီလိုနေ့ ဒီလိုရက်ကိုပင် အလက်ဇန်းဒါးနဲ့ဆိုဖီယာတို့က မျှော်တလင့်လင့်ဖြင့် စောင့်စားနေခဲ့ကြသည်မှာ နှစ်အနည်းငယ်ပင်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အတိအကျဆိုလျှင် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်ကတည်းကဟုပင် ဆိုရမည်ဖြစ်သည်။ အဲဒီနေ့က ဂျာမနီက ပိုလန်ကို ဝင်ရောက်ကျူးကျော်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကြီး စတင်ခဲ့ရသည့်နေ့ ဖြစ်သည်။
အလက်ဇန်းဒါးနှင့်ဆိုဖီယာတို့မှာ သား တစ်ဦးနှင့်သမီးတစ်ဦးရှိသည်။ သူတို့လက်ထပ်ပြီးသုံးနှစ်အကြာတွင် သမီးငယ်မာ ရီယာကိုမွေးဖွားခဲ့ခြင်းဖြစ်သည်။ မာရီယာ ကိုမွေးဖွားပြီးနောက် သူတို့မိသားစုကစတာလင်ဂရတ်သို့ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြောင်းပြီးမကြာမီ ဒုတိယ ကမ္ဘာစစ်မီးကြီး စတင်တောက်လောင်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီကပိုလန်ကိုကျူးကျော်စဉ်က ထိုစစ်မီးသည်ဆိုဗီယက်ပြည်ထောင်စုသို့ ကူးစက်လာမည်ဟုမထင်ခဲ့ရိုးအမှန်ပင်ဖြစ်သည်။ သို့ပေမယ့်လည်း သူတို့ထင်မြင်သည့်အတိုင်း မဖြစ်လာခဲ့ပေ။
၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင် တိုက်တိုင်းအောင်နေသည့်နာဇီဂျာမနီ၏တပ်တော်က ဘာဘာရော့ဆာစစ်ဆင်ရေးဖြင့် ဆိုဗီယက်ပြည်ထောင်စုသို့ဝင်ရောက်လာသည်။ ထိုစစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်တွင်လူသေဆုံးမှုအများဆုံး၊နယ်မြေအကျယ်ဝန်းဆုံးသော စစ်နယ်ဝန်းဖြစ်ပေါ်လာခြင်း၏ အစပင်ဖြစ်သည်။
ထိုစစ်ဆင်ရေးစတင်သည်နှင့် နာဇီဂျာမနီတို့က တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုက နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ထိုအချိန်တွင် ဆိုဗီယက်ပြည်ထောင်စုကရှိသမျှသော စစ်သည်အင်အားတို့ဖြင့် ရန်သူ၏တိုက်ခိုက်မှုကို အလူးအလဲရင်ဆိုင်နေရချိန်ဖြစ်သည်။ နာဇီဂျာမနီတို့၏ တိုက်ခိုက်မှုများကြောင့် အသက်ပေးခဲ့ရသည့်စစ်သည်များနှင့် အရပ်သားပြည်သူ လွန်စွာများပြားလှသည်။ နာဇီဂျာမနီတို့ ကလည်း ဆိုဗီယက်ပြည်ထောင်စုအတွင်း ပိုင်းထဲအထိပင် လျင်မြန်စွာထိုးဖောက်ဝင် ရောက်လာနေပြီဖြစ်သည်။ ဒီအချိန်တွင် နာဇီဂျာမနီတို့ကို တွန်းလှန်နိုင်ခြင်းမရှိပါက နောက်ဆုံးတွင်ဆိုဗီယက်ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ၎င်းတို့၏လက်တွင်း သို့သာကျဆင်းဖွယ်သာရှိတော့သည်။ နာဇီဂျာမနီတို့ကလည်း မဟာဗျူဟာအရအရေးပါသော စတာလင်ဂရတ်ကိုသိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်လာသည်။ မကြာသေးမီကမှ စတာလင်ဂရတ်ကိုပြောင်းရွှေ့လာသော အလက်ဇန်းဒါးတို့မိသားစုမှာလည်း စစ်ကြီး၏ဆိုးကျိုးကိုမလွဲမသွေရင်ဆိုင်လာရတော့သည်။
အလက်ဇန်းဒါးနှင့်ဆိုဖီယာတို့က သားသမီးများကို ရင်အုပ်မကွာစောင့်ရှောက်ရင်း အိမ်ထဲမှာပင် နေဝင်မီးငြိမ်းပုံစံဖြင့်နေနေရသည်။ ထိုအခြေအနေမျိုးကို မည်သူမျှမလိုချင်။ သို့သော်လည်း သူတို့အနေဖြင့် မည်သို့မျှမတတ်နိုင်ဖြစ်နေရသည်။ ဒီလိုနဲ့နေလာရင်းတစ်နေ့မှာ အလက်ဇန်းဒါး တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကိုပိုင် ပိုင်နိုင်နိုင်ချမှတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ကား သူ့အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏တပ်နီတော်သို့ဝင်ရောက်ပြီး နယ်ချဲ့ကျူးကျော်သူများဖြစ်သည့် နာဇီဂျာမနီများကို တွန်းလှန်တိုက်ခိုက်ရန်ပင် ဖြစ်သည်။ ဆိုဖီယာကလည်း အလက်ဇန်းဒါး ၏ဆုံးဖြတ်ချက်ကို တစ်စက်ကလေးမျှ တားမြစ်ခြင်းမရှိပေ။ သူ၏ပုံစံက “မောင်ကြီးသာ တိုင်းပြည်ရဲ့ရန်သူတွေကို ရွပ်ရွပ်ချွံချွံနဲ့ချေမှုန်းခဲ့ပါ။ တကယ်လို့တိုက်ပွဲ မှာကျဆုံးသွားခဲ့သည့်တိုင်အောင် နှမမှာ မငိုဘဲ ထာဝရဂုဏ်ယူနေပါမယ်” လို့ပြော နေသယောင်ပင်ဖြစ်သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လတွင် စတာလင် ဂရတ်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်၌တပ်နီတော်နှင့်နာဇီဂျာမနီတို့ကြားတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသည်။ စတာလင်ဂရတ်တိုက်ပွဲက ဒုတိယကမ္ဘာ စစ်ကာလတွင် လူသေဆုံးမှုအများဆုံးနှင့် အလှည့်အပြောင်းအဖြစ်ဆုံးသော တိုက်ပွဲစဉ်တစ်ခုဖြစ်လာသည်။ တစ်ဖက်နှင့် တစ်ဖက်တိုက်ခိုက်မှုကလည်း အင်မတန် မှပြင်းထန်လှသည်။ နှစ်ဖက်စလုံးမှာဒဏ် ရာရရှိသူနှင့်သေဆုံးသူများပြားလှသည်။ သမိုင်းမှတ်တမ်းများအရဆိုလျှင် သေဆုံး သူနှင့်ဒဏ်ရာရရှိသူစုစုပေါင်း သန်းနှင့်ချီ ရှိသည်ဟုဆိုနိုင်သည်။ ဒီလိုနှင့်နှစ်ဖက်တပ်များက စတာလင်ဂရတ်တိုက်ပွဲတွင်တိုက်ခိုက်လာရင်း ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျာမနီ၏အမှတ် (၆)တပ်တော်ကတပ်နီတော်၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်။ ထို့ကြောင့် အမှတ်(၆)တပ်တော်က တပ်နီတော်ထံသို့ လက်နက်ချအညံ့ခံလိုက်ရသည်။
အမှတ်(၆)တပ်တော်က လက်နက်ချ အညံ့ခံလိုက်ပြီဆိုသော သတင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် ရဲစိတ် ရဲမာန်များပိုမိုတက်ကြွလာပြီး နာဇီဂျာမနီ တို့ကို တိုက်စစ်ဖွင့်ရင်ဆိုင်လာနိုင်ပြီဖြစ် သည်။ ထိုအချိန်တွင် ခံစစ်ဖြင့်သာခုခံနေ ရသော နာဇီဂျာမနီတို့ကို ယူကရိန်းဒေသ၊ ရုရှားဒေသနှင့် အရှေ့ဘယ်လာရုစ်ဒေသ တို့မှ မြန်မြန်ဆန်ဆန်ပင်မောင်းထုတ်လာ နိုင်သည်။ စတာလင်ဂရတ်တိုက်ပွဲ၌စစ်ရှုံး သွားသော နာဇီဂျာမနီတို့အနေဖြင့်ဝရုန်း သုန်းကားမပြေးရုံတမယ် ခွာစစ်ဆင်သွား ရကာ နောက်ဆုံးတွင်ဘာလင်မြို့အထိ သို့ပင်ဆုတ်ခွာသွားရသည်အထိ တပ်နီ တော်ကလက်စွမ်းပြနိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ်မှစတင်၍ စစ်မျက်နှာအစုံတွင်တိုက် စစ်များဖွင့်ကာ ဥရောပဒေသအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့ကို နာဇီဂျာမနီတို့၏သိမ်းပိုက်မှုအောက်မှလွတ်မြောက်စေအောင် တပ်နီတော်က ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆိုဖီယာတစ်ယောက် တပ်နီတော်၏ အောင်ပွဲများကိုနေ့စဉ်နှင့်အမျှ ကြားသိနေရသည့်အတွက် ဝမ်းသာမဆုံးရှိနေသည်။ သို့သော် သူ၏ချစ်လှစွာသောအလက်ဇန်းဒါးထံမှ စာတစ်လွှာပေတစ်ရွက်မျှရောက် မလာသေးပေ။ သို့သော်လည်း ဆိုဖီယာ ၏မျက်နှာမှာတော့ ဝမ်းနည်းသည့်အရိပ် အယောင်တစိုးတစိမျှမရှိ။ လူမှန်းသိတတ် နေပြီဖြစ်သော သူ၏သားနှင့်သမီးတို့ကိုလည်း “သားတို့သမီးတို့ဖေဖေကလေ အခု နာဇီဂျာမနီတွေအပေါ် အောင်ပွဲဆင်နေတဲ့ တပ်နီတော်ကြီးနဲ့အတူ တိုက်ပွဲဝင်နေတာ ကွဲ့” ဟုညအိပ်ရာဝင်တိုင်း ဂုဏ်ယူမဆုံး ပြောလေ့ရှိသည်။
အချိန်ကား ၁၉၄၅ ခုနှစ် ဧပြီလသို့တိုင် ရောက်ရှိလာသည်။ ထိုအချိန်တွင် တပ်နီတော်၏အောင်မြင်မှုက ဂျာမနီနိုင်ငံ၏ ဘာလင်မြို့အထိပင် ရောက်ရှိလာပြီဖြစ်သည်။ သမိုင်းတွင်နာမည်ကျော်သောဘာလင်တိုက်ပွဲကြီးကို ဆင်နွှဲနေခြင်းဖြစ်သည်။ ထိုတိုက်ပွဲကြီးက နာဇီဂျာမနီတို့၏ဘဝကံကြမ္မာကိုအဆုံးသတ်ပေးမည့်တိုက်ပွဲကြီးလည်းဖြစ်သည်။စစ်သည်အင်အား နှစ်သန်းခွဲ၊ တင့်အစီးရေ ၆၂၅၀၊ လေယာဉ်အစင်းရေ ၇၅၀၀ ပါဝင်သည့် တပ်နီတော် က ၁၉၄၅ ခုနှစ် ဧပြီလ ၁၆ ရက်တွင် အခိုင် အမာခံစစ်ဆင်ထားသော ဂျာမနီတို့၏ ခံစစ်စည်းကိုချိုးဖျက်နိုင်မည့် စစ်ဆင်ရေး စတင်လိုက်သည်။ ထိုနှစ် ဧပြီလ ၃၀ ရက် တွင်မူ ဂျာမနီတို့၏လွှတ်တော်အဆောက် အအုံကို ဆိုဗီယက်တပ်ဖွဲ့များကသိမ်းပိုက် လိုက်နိုင်သည်။ ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် မေလ ၈ ရက်ညပိုင်းတွင် နာဇီဂျာမနီတို့က လက်နက်ချအညံ့ခံကြောင်း သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ရခြင်းဖြစ်သည်။ ဤကားဒုတိယကမ္ဘာစစ်ကိုအဆုံး သတ်စေမည့်နိဂုံး၏နိဒါန်းပင်ဖြစ်သည်။ တစ်ဖက်တွင် ပစိဖိတ်စစ်မျက်နှာ၌ မဟာမိတ်တပ်ဖွဲ့များ၏တိုက်ခိုက်မှုများကြောင့်ထိုနှစ် စက်တင်ဘာလ ၂ ရက်တွင် လက်နက်ချအညံ့ခံကြောင်း ဂျပန်အင်ပါယာက လက်မှတ်ရေးထိုးလိုက်ရသည်။ ထိုအချိန် ကား ကမ္ဘာတစ်ဝန်းတွင် ဒုတိယကမ္ဘာစစ် အဆုံးသတ်သောနေ့ပင်ဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီ တို့ကိုလက်နက်ချစေနိုင်ခဲ့သည့် ၁၉၄၅ ခုနှစ် မေလ ၈ ရက်ညပိုင်းပြီးနောက် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ အဖြစ်သတ်မှတ်လိုက်သည်။ ထိုသို့သတ်မှတ်ရသည့်အကြောင်းရင်းများစွာရှိမည် ဖြစ်သော်လည်း ထင်ရှားလှသည့်တစ်ခုတည်းသောအကြောင်းရင်းမှာမူ အလက်ဇန်းဒါးကဲ့သို့သော သာမန်ပြည်သူများကပင် တိုင်းပြည်၏လွတ်လပ်ရေးအတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုစစ်ပွဲတွင် ဆိုဗီယက်ပြည်ထောင်စု၌ မှီတင်းနေထိုင်လျက်ရှိသော ပြည်သူအပေါင်း၏ စည်းလုံးညီညွတ်မှု အားကိုပြသနိုင်ခဲ့သည်။သူမတူသည့်ရဲစွမ်းသတ္တိကိုပြသနိုင်ခဲ့သည်။ ဘယ်သူပင် ကျင့်သုံးသုံး ဘယ်သူမှအကျိုးမရှိနိုင်သည့် အကြမ်းဖက်နယ်ချဲ့ဝါဒကိုအပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ဒီလိုမျိုးသမိုင်းဝင် လာစေမယ့်စစ်ပွဲကြီးအတွက် ပေးဆပ်မှုများစွာရှိသည်။ ဆိုဗီယက်ပြည်ထောင်စု တစ်ခုတည်းမှာပင် သေဆုံးသူစုစုပေါင်း ၂၇ သန်းခန့်ရှိသည်။ စစ်ပွဲအတွင်းပျောက် ဆုံးသွားခဲ့ရသည့် အရပ်သားများ၊ ကလေးငယ်များ၏အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သည်။ ဘေးလွတ်ရာကို တိမ်းရှောင်ရသူကလည်း ဒုနှင့်ဒေးပင်။ ထိုသို့ဘေးလွတ်ရာသို့ တိမ်းရှောင်ရသူများထဲတွင် ဆိုဖီယာတို့မိသားစုလည်းပါဝင်သည်။ ဆိုဖီယာအနေဖြင့် နေရာတွေမည်မျှပင်ပြောင်းရွှေ့ရစေကာမူ သူ၏အမျိုးသားအလက်ဇန်းဒါး၏ သတင်းကိုကား စောင့်မျှော်နေဆဲဖြစ်သည်။ တစ်ရက်တွင်မူ သူ့ထံသို့သတင်းစကားတစ်ခုရောက်ရှိလာသည်။ ထိုသတင်းစကားမှာ အလက်ဇန်းဒါးတစ်ယောက် ဘာလင်တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားရပြီ ဟူသောသတင်းပင်ဖြစ်သည်။
ထိုသတင်းကိုကြားရသောနေ့က ဆိုဖီယာတစ်ယောက် သူ၏ကမ္ဘာပြိုလဲသွားပြီ ဟုပင်ယူဆလိုက်သည်။ သို့သော် ပြန်တွေး ကြည့်လိုက်တော့ သူ၏ချစ်လှစွာသော အလက်ဇန်းဒါးမှာ သူနှင့်သားသမီးများ သာမက တိုင်းပြည်တစ်ခုလုံးသူ့ကျွန်ဘဝ မကျရောက်စေရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် သူ့ကိုယ်သူပေးဆပ်သွား သည်ဟူသောအသိက ဆိုဖီယာ၏မျက်ဝန်း တို့ကို အရောင်တောက်လာစေခြင်းဖြစ် သည်။ တစ်နေ့နေ့တစ်ချိန်ချိန် ဒီစစ်ပွဲပြီး ဆုံးသွားပါက မိသားစုတွေပျော်ပျော်ရွှင် ရွှင်ပြန်ဆုံကြမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်သည်လည်း ပျက်ပြားသွားခဲ့ရသည်။ ဆိုဖီယာ့လိုပင်မိသားစုတကွဲတပြားဖြစ်သွားရသူ သန်းနှင့်ချီရှိသည်။ သူတို့၏စိတ်ထဲမှာလည်း သူတို့အမျိုးသားများ၊ မောင်များ၊ ဆွေမျိုးများမှာ သူတို့တိုင်းပြည် အတွက် အသက်ကိုစွန့်လွှတ်ခဲ့သူများဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားရှိနေမည်မှာအမှန်ပင်ဖြစ်သည်။ ၁၉၄၅ ခုနှစ်မေလ ၉ ရက်မှာတော့ အလက်ဇန်းဒါးတစ်ယောက်ဆိုဖီယာ့ဘေးမှာရှိနေရင်းပျော်ရွှင်နေမည်မည်ဟုပင်ယုံကြည်မိသည်။
အခုတော့ မဟာမျိုးချစ်စစ်ပွဲကြီးပြီးဆုံး ခဲ့သည်မှာ ၂၀၂၅ ခုနှစ် မေလ ၉ ရက်တွင် နှစ်(၈၀)တင်းတင်းပြည့်ပြီဖြစ်သည်။ ထို သို့သောနှစ်ပေါင်း ၈၀ ကာလတွင် ဆိုဗီယက်ပြည်ထောင်စုမှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဟူ၍ ဖြစ်ပေါ်လာသည့်တိုင် ရုရှားအစိုးရအဆက်ဆက်၊ တစ်နည်းဆိုရလျှင် မဟာမျိုးချစ်စစ်သည်များချန်ရစ် ထားခဲ့သော မျိုးဆက်အဆက်ဆက်ကကမ္ဘာကြီးတွင် နာဇီဝါဒနှင့်ဖက်ဆစ်ဝါဒတစ်ဖန်ပြန်လည်ထွန်းကားလာခြင်းမရှိရလေအောင် ဘိုးဘေးဘီဘင်များ၏သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေဆဲဖြစ်သည်။ နောင်တွင်လည်း နောင်မျိုးဆက်များက ထိုတာဝန်ကိုဆက်လက် ထမ်းဆောင်သွားနေဦးမည်ဟုယုံကြည်သည်။ အကြောင်းရင်းမှာမူကား နာဇီဝါဒနှင့်ဖက်ဆစ်ဝါဒတို့ကို နိဂုံးချုပ်စေခဲ့သော မဟာမျိုးချစ်စစ်ပွဲကြီးကို မျိုးချစ်သူရဲကောင်းကြီးများ၏ နှလုံးသွေးဖြင့်ကမ္ပည်း ထိုးပြီး အောင်ပန်းဆင်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပေတော့သည်။ ။
Ref: Online
Source: https://myawady.net.mm/stories
လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့ကို ပြပါဆိုလျှင် ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။ ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့် စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်။
ကြက်ခြေနီအသင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က သန္ဓေတည်စတင်ခဲ့လေသည်။ ၁၈၅၉ ခုနှစ်က အီတလီနိုင်ငံတွင်ဖြစ်ပွားသော ဆိုဖာရီနိုစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရသော စစ်သားများအား ကူညီပြုစုပေးမည့်သူမရှိဘဲ အတိဒုက္ခရောက်ခဲ့သည်။ ဤစစ်မြေပြင်သို့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ရောက်ရှိသွားသောအခါ ကူညီသူမဲ့၍ ညည်းညူနေသော ဒဏ်ရာရစစ်သားများကို အနီးဝန်းကျင်ရွာ၌စုဝေး၍ ကူညီပြုစုပေးခဲ့သည်။ ဟင်နရီဒူးနန့် မိမိနေရပ်ပြန်ရောက်သောအခါ ဆိုဖာရီနိုစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကို စာအုပ်ရေးသားပြုစုခဲ့သည်။
ထိုစာအုပ်ကို မမေ့နိုင်သောဆိုဖာရီနို ( A Memory of Soferino )ဟု အမည်ပေးထုတ်ဝေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံဖြန့်ဝေခဲ့သည်။ ထိုစာအုပ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် လုပ်သင့်လုပ်ထိုက်သော အသိအမြင်နှင့် သတိယှဉ်နိုင်ခဲ့ကာ စစ်မြေပြင်မှဒုက္ခသည်များအားကူညီရန် လူမှုရေးအသင်းကြီးတစ်သင်းဖွဲ့စည်းရန် နည်းလမ်းရှာကြသည်။ သို့နှင့် ၁၈၆၃ ခုနှစ် မေလ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC ) ကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။ ဟင်နရီဒူးနန့်၏ စတင်ကြိုးပမ်းစွမ်းဆောင်မှုဖြင့် အသင်းကြီးပေါ်ပေါက်လာခဲ့သောကြောင့် ၁၉၀၁ ခုနှစ်တွင် ဟင်နရီဒူးနန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူ့ကိုမွေးဖွားခဲ့သည်မှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်ဖြစ်၍ ယင်းကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ်နှင့် ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ရာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုသော အမှတ်အသားကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပသော ပထမအကြိမ် သံတမန်များညီလာခံက ယင်းကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကြက်ခြေနီအမှတ်အသားအဖြစ် ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်ပြီး နောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရာ၌လည်း အဓိကပါဝင်ကူညီခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီအသင်းဖခင်ကြီး ဟင်နရီဒူးနန့်တို့ကို ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။နောက်ပိုင်းတွင် ဤကြက်ခြေနီအမှတ်အသားကို ဆက်လက်အသုံးပြုရန် ၁၉၄၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ဂျီနီဗာသဘောတူညီချက်ဖြင့်ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်များကျရောက်တိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်မှကူညီရေးတို့ကို သက်တမ်းရှည်ကြာစွာဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် ခံယူကာ ကြက်ခြေနီလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဗမာကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်လာနိုင်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတွင်မြန်မာကြက်ခြေနီအသင်းက အသင်းဝင်အဖြစ်ပါဝင်လာနိုင်ခဲ့သည်။
ကြက်ခြေနီအသင်း၏ မူလရည်မှန်းချက်မှာ စစ်မြေပြင်တွင်ဒဏ်ရာရသော လူနာများကို ကူညီကယ်ဆယ်ပြုစုရန်ဖြစ်သော်လည်း နောက်ပိုင်း ပိုမိုကျယ်ပြန့်လာကာ သာမန်အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးများကြုံသောအခါတွင်လည်း ကြက်ခြေနီအသင်းက ပါဝင်ကူညီခဲ့ကြသည်။ မီးတောက်မီးလျှံတို့ကို ကျောချင်းကပ်ရင်ချင်းအပ်ကာ ငြှိမ်းသတ်ခဲ့ကြသည်။ ရေလှိုင်းတံပိုးတို့ကို လက်ချင်းတွဲယှက်ရင်ကော့လျက်ဖြင့် တာတမံလုပ်ပေးခဲ့သည်။ နေပူကျဲကျဲ မိုးသည်းသည်းတွင်ခရီးပြင်းနှင်ကာ ဒုက္ခရောက်သူများအရေးအတွက် လက်မနှေးတမ်းပါဝင်ကူညီခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးတို့သာမက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေတ္တာကို အခြေခံ၊ စေတနာ၊ အနစ်နာနှင့် ကျားကန်၍ အကြင်နာတရားကိုမဏ္ဍိုင်ပြုဆောင်ရွက်သော ပရဟိတအကျိုးဆောင်အဖွဲ့စစ်စစ်ဖြစ်သည်။
မြန်မာကြက်ခြေနီအသင်း၏ဆောင်ရွက်ချက်သည် အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြကာ ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရဖူးသည်။ ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်သည် ရေထဲသို့ထိုးကျသွားသောကားထဲတွင် သေအံ့ဆဲဆဲလူနာကို အသက်စွန့်၍ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စွမ်းဆောင်မှုအမြင့်မားဆုံးဆုဖြစ်သော ဟင်နရီဒူးနန့်ဆုကို စိုင်းအောင်လှိုင်မြင့်အား ၁၉၇၇ ခုနှစ်တွင် ချီးမြှင့်ပေးခဲ့သည်။အလားတူပင် သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြ၊ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်၊ သားဖွားဆရာမ ဒေါ်သိန်းရီတို့ကိုလည်း အမြင့်မားဆုံးကြက်ခြေနီဆုတံဆိပ်ဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုများချီးမြှင့်ခဲ့သည်။
နိုင်ငံတော်အစိုးရသည် ၁၉၅၉ ခုနှစ်တွင် ကြက်ခြေနီအသင်းအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုင်ငံတော်အက်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ကြက်ခြေနီအသင်း၏အခြေခံမူများအဖြစ်အောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ ယင်းအခြေခံမူများမှာ-
(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)
(၂)ခွဲခြားမှုမရှိခြင်း (Impartiality)
(၃)ကြားနေခြင်း (Neutrality)
(၄)လွတ်လပ်ခြင်း (Independence)
(၅) စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)
(၆)စည်းလုံးညီညွတ်ခြင်း (Unity)
(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်သည်။ထိုအခြေခံမူများတွင် လူသားချင်းစာနာထောက်ထားခြင်းသည် ကြက်ခြေနီအသင်း၏အဓိကရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင်ကိုဗစ် - ၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရသည့်အခါ ကြက်ခြေနီအသင်းသားများသည် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက်ကူညီနိုင်စေရန် ကြက်ခြေနီအခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို စနစ်တကျ သင်ကြားလေ့ကျင့်ထားရပေသည်။ အရေးပေါ်အခြေအနေများကြုံရသည့်အခါတွင်လည်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲချမ်းသာ ကျား မ မရွေး အကြင်နာ၊ မေတ္တာဖြင့် ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ဆောင်ရွက်ပေးကြသည်။ ကြက်ခြေနီဟူသည်မှာ စေတနာ့၀န်ထမ်းအကျိုးဆောင်သူများဖြစ်ရာ လူသားအားလုံးအပေါ် မေတ္တာတရားကိုအခြေခံ၍ လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဖေးမသောအဖွဲ့အစည်းအဖြစ် အမြဲရပ်တည်နေမည်ဖြစ်သည်။ ယခု မကြာမီကကြုံတွေ့ခဲ့ရသော မန္တလေးငလျင်ကြီးတွင် ကြက်ခြေနီမောင်မယ်များက အစုစုသော ပရဟိတအကျိုးဆောင်အဖွဲ့များနှင့်ပူးပေါင်းလျက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်။နောက်နောင်တွင် မည်သို့သော သဘာဝဘေးအန္တရာယ်များကြုံလာပါစေ ကြက်ခြေနီများက ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့် ပြည်သူမှန်သမျှကို ရန်သူ၊ မိတ်ဆွေ၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီဖေးမကြမည်ဖြစ်သည်။ ထိုသို့သော စိတ်ထားစေတနာမြတ်နှင့် ကူညီဖေးမဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း ကြက်ခြေနီမောင်မယ်များကို စာနာနားလည်မှု၊ လက်ကမ်းကြိုဆိုမှုနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည်လောကကြီးကို တည်တံ့အောင် ၊ ငြိမ်းချမ်းသာယာအောင်စောင့်ရှောက်ပေးသောတရားများဖြစ်၍ လောကပါလတရားဟုခေါ်ဆိုသည်။ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် ထိုဗြဟ္မစိုရ်တရားလောကပါလတရားများကိုလက်ကိုင်ပြု၍ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာတရားနှင့် အမြဲကူညီစောင့်ရှောက်ပေးနေသော အဖိုးတန်လူသားများဖြစ်သည်။ သူတို့၏ မေတ္တာ၊ စေတနာအရင်းခံသော ကူညီဖေးမမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသောကဝေဒနာရှင်များအငိုတိတ်၍ စိတ္တသုခ၊ ကာယသုခများ ပွားများခံစားနေကြရပေရာ လူသားအကျိုးပြု ကြက်ခြေနီအသင်းကြီး ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့ပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် သက်မွေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေနှင့်ရာသီဥတုအနေအထားအရလည်း စိုက်ပျိုးမွေးမြူရေးကို နိုင်ငံ့စီးပွားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ လုပ်ငန်းသဘောသဘာဝအရ တိရစ္ဆာန်အစာအဖြစ် လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဇီဝမြေသြဇာများကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်အသုံးပြုရခြင်းဖြင့် အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေသည်။ ထို့ပြင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခြင်းတို့တွင်လည်း စက်ကိရိယာအသုံးမပြုနိုင်သေးသော လယ်ယာမြေများအတွက် ကျွဲ/နွားများကို အသုံးပြုခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသဘာဝရှိပေသည်။
နိုင်ငံတွင်းရှိတိုးတက်များပြားလာသော လူဦးရေအချိုးအစားနှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် ဆန်၊ ဆီ၊ အသားငါး၊ နို့နှင့်ဥ စသည့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရမှလည်း မူဝါဒများချမှတ်လျက် ကာလတို၊ ကာလရှည်စီမံကိန်းများဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းသည့် အသား၊ နို့ ၊ ဥ ထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ အသား၊ နို့၊ ဥ စားသုံးမှုဖူလုံပြီးနောက် ပိုလျှံသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ပါ စီးပွားရေးဦးတည်ချက်သုံးရပ်၏ ပထမဦးတည်ချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဆိုသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုထုတ်ပြန်လျက် မွေးမြူထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်နေသည်။ ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာတွင် ဌာနအနေဖြင့် အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာထုတ်လုပ်နိုင်ရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသမျိုးရင်းတိရစ္ဆာန်များကို မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်ခြင်း၊ နိုင်ငံခြားမျိုးကောင်းမျိုးသန့်များကို စိစစ် တင်သွင်းခြင်းနှင့် နိုင်ငံခြားမျိုးစစ်မျိုးသန့်များဖြင့် ဒေသမျိုးကောင်းများကို ထုတ်လုပ်မှုကောင်းသော တိရစ္ဆာန်မျိုးများအဖြစ် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အဓိကဖြစ်သော မျိုး၊ မြေ၊ ရေနှင့် နည်းပညာဆိုသည့် ဒေါက်တိုင် (၄)ရပ်ကိုအခြေပြုလျက် နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်စနစ်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မျှော်မှန်းချက်မှာ ဖော်ပြပါအတိုင်းဖြစ်သည်-
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ သားငါးကဏ္ဍနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။
ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဌာန၏လုပ်ငန်းတာဝန်များမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
(က) တစ်နိုင်ငံလုံး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ခ) တိရစ္ဆာန် မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများကောက်ယူပြုစုခြင်း၊
(ဂ) တိရစ္ဆာန်ရောဂါ ကာကွယ်ကုသဆေးများထုတ်လုပ်ခြင်းနှင့်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဃ) စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) မျိုးကောင်းမျိုးသန့် တိရစ္ဆာန်တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဆ) ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များဖော်ထုတ်ဆောင်ရွက်ခြင်း၊
(ဇ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ဈ) တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထိန်းသိမ်းစစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊
(ည) တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း၊
(ဋ) စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း။
MSME နှင့် မွေးမြူရေးထုတ်ကုန်ကဏ္ဍမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် MSME ဆိုင်ရာ မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်အနက် ဒုတိယဦးတည်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံနည်းကျမွေးမြူရေးစနစ်များကို မွေးမြူထုတ်လုပ်သူများ စနစ်တကျလိုက်နာကျင့်သုံးနိုင်ရေးအတွက် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကို ဖော်ပြပါရည်ရွယ်ချက်များဖြင့် ရေးဆွဲထုတ်ပြန်လျက်ရှိသည်-
(က) အရည်အသွေးကောင်း တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိရေး
(ခ)စားသုံးသူ ဘေးကင်းလုံခြုံရေး
(ဂ) တိရစ္ဆာန်များ သက်သာချောင်ချိရေး
(ဃ)မွေးမြူရေးခြံလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
(င) ရေရှည်တည်တံ့သည့်ပတ်ဝန်းကျင်အကျိုးပြု မွေးမြူထုတ်လုပ်မှုဖြစ်စေရေး
(စ) ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကိုပြည်ပသို့တင်ပို့နိုင်ရေးထုတ်ပြန်ထားရှိသည့် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကိုစနစ်တကျ လိုက်နာကျင့်သုံးသည့် မွေးမြူထုတ်လုပ်သူများအနေဖြင့် ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်သည်-
(က) အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊
(ခ)စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊
(ဂ) ဇီဝလုံခြုံမှုကောင်းမွန်လာပြီး သဘာဝပတ်ဝန်းကျင်အကျိုးပြု မွေးမြူရေးများဖြစ်ထွန်းလာခြင်း၊
(ဃ) မွေးမြူရေးခြံအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊
(င) တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊
(စ) GAHP ထုတ်ကုန်ဈေးကွက်ဖြစ်ပေါ်၍ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်၍ ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်ခြင်း။
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ထုတ်ပြန်ပြီးဖြစ်သည့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ကိုးမျိုးမှာ ဖော်ပြပါအတိုင်းဖြစ်သည်။
(က) နို့စားနွားမွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ခ) အသားတိုးနွားမွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဂ) ဆိတ်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဃ) မိရိုးဖလာ ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(င) ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(စ)တိုင်းရင်းကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဆ) ဥစားကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဇ) အသားတိုးကြက် မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
(ဈ) ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
ဆိုသည်နှင့်အညီ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးသို့ တက်လှမ်းရာတွင် မွေးမြူမည့်တိရစ္ဆာန်မျိုး၊ မွေးမြူမည့်မြေ၊ မွေးမြူမည့် တိရစ္ဆာန်အမျိုးအစားနှင့် ကောင်ရေအလိုက် လိုအပ်မည့်သုံးရေနှင့် အာဟာရပြည့်အစာ၊ မွေးမြူရေးဆိုင်ရာနည်းစနစ်စသည်တို့ကို ဇီဝလုံခြုံမှုစနစ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး(ထိခိုက်မှုမရှိစေရန်ရည်ရွယ်၍)ဖြင့် မွေးမြူသူနှင့် စားသုံးသူနှစ်ဦးနှစ်ဖက်ဘေးအန္တရာယ်ကင်းရှင်းစွာ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်လုပ်ငန်းစဉ်များ သတ်မှတ် ထုတ်ပြန်ပေးထားခြင်းပင်ဖြစ်သည်။ ဦးစီးဌာနကလည်း စီးပွားဖြစ်မွေးမြူသူများထံသို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ရေး စည်းရုံးခြင်း၊ ပညာပေးပြုပြင်ပြင်ဆင်ပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ရခြံမှ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပပို့ကုန်အဆင့်အထိ ထုတ်လုပ်တင်ပို့နိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ယေဘုယျအားဖြင့်ဆိုပါလျှင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို ဖော်ပြပါအတိုင်း အပိုင်း(၇)ပိုင်းဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်၍ အဆိုပါအပိုင်းအလိုက် အမှန်တကယ်လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို ဌာနမှသတ်မှတ်ထားသော စိစစ်ရေးအချက်အလက်များဖြင့် စိစစ်ပြီး လိုက်နာဆောင်ရွက်ပါက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်-
(က) မွေးမြူရေးခြံ
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် မြေနေရာအကျယ်အဝန်းနှင့် မြေအနေအထား၊ တရားဝင်မြေယာ အသုံးချမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ခ) မွေးမြူရေးခြံအဆောက်အအုံနှင့်ခြံအထောက်အပံ့ပစ္စည်းများ၊ စားကျက်ဧရိယာ
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် ခြံအကျယ်အဝန်းနှင့် ခြံအဆောက်အအုံဒီဇိုင်း၊ လိုအပ်သည့် ခြံသုံးပစ္စည်း၊အစာသိုလှောင်ရုံ၊ အာဟာရပြည့် တိရစ္ဆာန်စားကျက်စိုက်ခင်း မြေအနေအထားတို့ကို သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ဂ) မွေးမြူရေးခြံစီမံခန့်ခွဲမှု
(မျိုး၊ မြေ၊ ရေ၊ နည်းပညာ၊ လုပ်သား)မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊ အစာနှင့် ဆေးဝါး၊ နည်းပညာ၊ ခြံအလုပ်သမားများအတွက်ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းခွင်ဖန်တီးထားမှုစသည်တို့ကို သတ်မှတ်ချက်အတိုင်း ဇီဝလုံခြုံမှုစနစ်နှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိနှင့် လိုအပ်သည့်စာရင်းမှတ်တမ်းပြုစုခြင်း ရှိ၊ မရှိကို စိစစ်ပါသည်။
(ဃ) တိရစ္ဆာန်များအား ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သယ်ဆောင်ခြင်း
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်ထားသော တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(င) ဇီဝလုံခြုံမှု
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ဇီဝလုံခြုံမှုလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(စ) ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု
မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။
(ဆ) မှတ်တမ်းများထိန်းသိမ်းခြင်း
မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊ အစာနှင့် ဆေးဝါး၊ နည်းပညာ၊ခြံအလုပ်သမားများအတွက် ဘဏ္ဍာငွေအရ အသုံး စသည်တို့ကို သတ်မှတ်နည်းစနစ်အတိုင်း သတ်မှတ်ကာလအလိုက် မှတ်တမ်း၊ စာရင်းများနှင့်အညီဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူထုတ်လုပ်သူများထံသို့ အဆိုပါထုတ်ပြန်ပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs) နှင့်အညီ လိုက်နာကျင့်သုံးစေရေး စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အကြံပြုနည်းပညာပေးခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို လုပ်ငန်းစဉ်(SOPs)အဆင့်အတိုင်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
အသားကဏ္ဍအတွက် ထုတ်လုပ်သည့် တိရစ္ဆာန်ထုတ်ကုန်အလိုက် MSME ဆိုင်ရာ သိကောင်းစရာများကို ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)နှင့်အညီ ဆက်လက်ဖော်ပြသွားပါမည်။ ။
Source: https://myawady.net.mm/stories
“ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” ဟု ကမ္ဘာက သတ်မှတ်ထားသည့် အမေရိကန်ကို အဓိက ခြိမ်းခြောက်နေသူမှာ မည်သူနည်း။ မိမိကိုယ်ကို စစ်ရေးမဟာအင်အားကြီးနိုင်ငံ၊ စီးပွားရေး မဟာအင်အားကြီးနိုင်ငံ ဟု သတ်မှတ်ကြွေးကြော်ထားသူ ဝါရှင်တန်အတွက် အဓိက ပြိုင်ဘက်က ရုရှားလား ဒါမှမဟုတ် တရုတ်လား။ လေ့လာကြည့်ကြပါစို့။
မကြာသေးမီက အမေရိကန်သမ္မတ၏ ကာကွယ်ရေးဝန်ကြီး Pete Hegseth က “ပေကျင်း သည် မိမိတို့အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှု ဖြစ်ပါတယ်” ဟု ပြောကြားထား ခြင်းရှိပါသည်။ ဇန်နဝါရီက တက်လာသည့် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ကလည်း မိမိတို့ သည် အမျိုးသားလုံခြုံရေးအတွက် ပထမဦးစားပေး စဉ်းစားရသည်မှာ ပေကျင်းဖြစ်ကြောင်း မကြာခဏဆိုသလို ပြောဆိုကြပါသည်။ အမေရိကန်ကာကွယ်ရေးဌာန၏ အရင်းအမြစ်များ အဓိက အာရုံစိုက်ခံရမှုမှာ တရုတ်ဟု အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်အချို့က ဂုဏ်ယူစွာ ပြောဆိုသံများ ထွက်ပေါ်လာဖူးပါသည်။ တရုတ်ကို ပြိုင်ဆိုင်ရမှုမှာ ၎င်းတို့ အတွက် ဂုဏ်သတင်းတည်ဆောက်သလို တစ်ဖက်တွင်လည်း ယခုကဲ့သို့ အင်အားကြီး နိုင်ငံများ ပြိုင်ဆိုင်နေသည့်ခေတ်တွင် ဥရောပသည် မိမိကိုယ်ကို ကာကွယ်ရမည်ဟု မြူးနစ် ညီလာခံတွင် ငြင်းခုန်ရန်စောင်ဖူးကြပါသည်။
အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် "တရုတ်ကို ဦးစားပေးခြင်း" မှာ ယခုမှ မဟုတ်ပါ။ အနီးစပ်ဆုံးဆိုရလျှင် အိုဘားမားအစိုးရလက်ထက်ကတည်းကပင် တရုတ်သည် အမေရိကန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ငြင်းခုံသူများမှာ ဝါရှင်တန် တွင် ဩဇာကြီးထွားခဲ့ကြပါသည်။ ယင်းအချက်မှာ သူတို့မှားနေပါသည်။ အကြောင်းရင်းမှာ ဤသို့ဖြစ်ပါသည်။
မည်သည့်ခြိမ်းခြောက်မှုကိုမဆို အကဲဖြတ်ရာတွင် အမေရိကန်သည် မိမိ၏ အဓိက အကျိုး စီးပွားများအား စိန်ခေါ်မှုများကို အကဲဖြတ်ခြင်းဖြင့် စတင်ရပါမည်။ တစ်နည်းအားဖြင့် ဆိုရသော် အမေရိကန်မူဝါဒချမှတ်သူများသည် နိုင်ငံ၏ တည်နေရာ၊ လူဦးရေ၊ နယ်မြေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ရိုက်ခြိမ်းခြောက်နေသော ခြိမ်းခြောက်မှုများကို ဦးစွာ ကြည့်သင့်ပါသည်။ ဤသို့ တွက်ချက်ပါက ရုရှားသည် ပထမ နေရာတွင် ရှိနေပါသည်။
နျူကလီးယားထိပ်ဖူး ၅,၅၈၀ ခု ပိုင်ဆိုင်ထားသော ရုရှားက တရုတ်ပိုင်ဆိုင်ထားသည့် ၆၀၀ ခန့်ထက် များစွာ သာလွန်နေပါသည်။ စွမ်းအင်နှင့် စိုက်ပျိုးရေးတွင် ကိုယ်ပိုင်လုံလောက်မှုရှိနေသည့် ရုရှားသည် ပြည်ပဈေးကွက်သစ်များကို ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ပြင်းထန်သော နိုင်ငံတကာအရေးယူပိတ်ဆို့မှု ဒဏ်ကို ခံရသော် လည်း စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားသည် အမေရိကန်သမ္မတနှင့် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲများကို လွှမ်းမိုးရန် သတင်းမှားများ ဖြန့်ချိခဲ့ပြီး အမေရိကန်အဖွဲ့အစည်းများအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖန်တီးပေးခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် ဗီယက်နမ်နှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း စစ်မက်ဖြစ်ပွားခြင်း မရှိတော့သည့် တရုတ်နှင့်မတူဘဲ ရုရှားစစ်တပ်သည် ဂျော်ဂျီယာ၊ ဆီးရီးယားနှင့် ယူကရိန်းတို့တွင် တိုက်ပွဲအတွေ့အကြုံများ ရှိလာခဲ့ပါသည်။ တရုတ်က ဓားသွေးနေစဉ်တွင် ရုရှားသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော စစ်မြေပြင် ကို ဥရောပမြေမှာ ပြန်လည်ဖော်ဆောင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးဒဏ်ရာရကာ မြို့တစ်မြို့လုံး ပျက်စီးစေခဲ့ပါသည်။
ဥရောပသည် အမေရိကန်အတွက် အရေးပါသော နေရာဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂ(EU)နှင့် EU အဖွဲ့ဝင်မဟုတ်သော NATO မဟာမိတ်များဖြစ်သည့် နော်ဝေနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ စုစုပေါင်းဂျီဒီပီသည် ၂၂.၅ ထရီလီယံဒေါ်လာရှိပါသည်။ ထိုပမာဏမှာ တရုတ်၏ ၁၈.၅ ထရီလီယံထက် သာလွန်နေပါသည်။ အမေရိကန်-ဥရောပ စီးပွားရေး မိတ်ဖက်ပြုမှုမှာ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုဆက်ဆံရေးလည်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်-ဥရောပကုန်သွယ်မှုပမာဏသည် ခန့်မှန်းခြေ ၁.၂ ထရီလီယံဒေါ်လာရှိပြီး အမေရိကန်၏ တရုတ်နှင့်ကုန်သွယ်မှုထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားပါသည်။ အမေရိကန်၏ ဥရောပရှိ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အာရှ-ပစိဖိတ်နိုင်ငံများထက် လေးဆနီးပါး ပိုမိုများပြားပါသည်။ အမေရိကန်ကုန်သွယ်မှုလုပ်ငန်းများအသင်းကြီးက "ကမ္ဘာပေါ်ရှိ မည်သည့်ဒေသ ၂ ခုမဆို အမေရိကန်နှင့် ဥရောပလောက် နက်ရှိုင်းစွာ ပေါင်းစည်းမှုမရှိပါ" ဟုဆိုထားပါသည်။ သို့ဖြစ်ရာ ယခုလို ကုန်သွယ်မှုဆက်ဆံရေးမျိုး ပျက်ပြားသွားပါက အမေရိကန်နှင့် ကမ္ဘာ့ စီးပွားရေးအပေါ် ချက်ချင်းလက်ငင်း ဧရာမ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါသည်။
ဥရောပသည် အမေရိကန်၏ စာချုပ်စာတမ်းများအရ မဟာမိတ် ၃၀ ခု ခန့်ကို ပူးပေါင်း ဆောင်ရွက်နေသလို ကုလသမဂ္ဂကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်မြေပြင်တွင် ဝါရှင်တန်ကို ထောက်ခံပေးနေပါသည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဥရောပစစ်သားထောင်ပေါင်းများစွာ သေဆုံးဒဏ်ရာရသွားခြင်းက သက်သေပြနေပါသည်။ အမေရိကန်သည် ဤမဟာမိတ်များနှင့်အတူ စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုအားကောင်းလာရန် လုပ်ဆောင်သင့်ပါသည်။ ဥရောပရှိ သမိုင်းဝင် မဟာမိတ်များကို စွန့်လွှတ်မည်ဆိုပါက အမေရိကန်စာချုပ်အရ ပစိဖိတ်ရှိ မဟာမိတ်များလည်း မလွယ်ကူ နိုင်ပါ။
အမေရိကန်ရှေးရိုးစွဲများ၏ ဝေဖန်မှုများကြားထဲကပင် အမေရိကန်နှင့် နေတိုးမဟာမိတ် များသည် ၂၀၂၄ ခုနှစ်တွင် ကာကွယ်ရေးအတွက် ဒေါ်လာ ၄၈၅ ဘီလီယံ သုံးစွဲခဲ့ကြပါသည်။ ထိုပမာဏမှာ ရုရှား၏ သုံးစွဲမှုထက် လေးဆကျော်ပိုမိုကာ ၎င်းတို့၏ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း ထက် ကျော်လွန်ခဲ့ပါသည်။ ထိုစစ်သုံးစရိတ်များမှာ နောက်ပိုင်းတွင် ဆက်လက် တိုးတက်လာရန်သာ ရှိပါသည်။ သတိပြုရမည့်အချက်မှာ ထိုကိစ္စကို ဖြေရှင်းရန် လိုအပ်သော အဆင်သင့်ဖြစ်မှုနှင့် စွမ်းဆောင်ရည်ကွာဟမှုများ ရှိနေသေးပါသည်။ မဟာမိတ်နိုင်ငံများစွာ၏ ကာကွယ်ရေးမူဝါဒများနှင့် စံနှုန်းများကို စေ့စပ်ညှိနှိုင်းခြင်းမှာ အမေရိကန် အတွက် ပစိဖိတ်ဒေသတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါသည်။ သို့သော် ဥရောပသည် F-35 တိုက်လေယာဉ်၊ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်၊ M1-series တိုက်ပွဲဝင်တင့်ကားများနှင့် အခြားကာကွယ်ရေးပစ္စည်းများ ရောင်းအားမြင့်တက်လာမှုကြောင့် အမေရိကန်ကာကွယ်ရေးလုပ်ငန်းများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြပါသည်။
တဖန် အမေရိကန်၏ ဆက်လက်ထောက်ခံခြင်းနှင့် ဦးဆောင်မှုဖြင့် ဥရောပသည် ရုရှား၏ ခြိမ်းခြောက်မှုကိုရင်ဆိုင်နိုင်ပြီး ဥရောပတွင် စစ်ပွဲကျယ်ပြန့်မှုကိုတားဆီးကာကွယ်ရန် လိုအပ်သော လူအင်အား၊ ငွေကြေးနှင့် စစ်ရေးယန္တရားများ၏ အဓိကအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပါသည်။ သို့သော် ထိုအင်အားသည်ခိုင်မာသော အတ္တလန္တိတ် ချိတ်ဆက်မှု အထူးသဖြင့် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုအပေါ် မှီခိုနေပါသည်။ အမေရိကန် ပါဝင်ပတ်သက်မှုလျော့နည်းသွားပါက ဥရောပတွင် စစ်ပွဲကျယ်ပြန့်လာနိုင်ခြေမှာ ဖြစ်နိုင်သည်သာမက ဖြစ်လာနိုင်ခြေလည်း များပါသည်။ ထိုအချက်က အမေရိကန်၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်လာခြိမ်းခြောက်ကာ ကမ္ဘာ့စီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာစနစ်၏ တည်ငြိမ်မှုကိုထိခိုက်စေနိုင်ပါသည်။
ရုရှားစစ်တပ်သည် ပြင်းထန်သော ဆုံးရှုံးမှုများရှိခဲ့သော်လည်း အလျင်အမြန် ပြန်လည် တည်ဆောက်နိုင်ပြီး တိုင်းတာချက်များအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို စစ်ပွဲမဆင်နွှဲမီကာလထက် ၎င်းစစ်အင်အားမှာ ပိုမိုကြီးမားလာခဲ့ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဤပဋိပက္ခကို ယူကရိန်းတစ်ခုတည်းနှင့်သာမက နေတိုးအဖွဲ့၊ အနောက်နိုင်ငံများနှင့်ဖြစ်ပွားနေသည့်စစ်ပွဲဟု အပြည့်အဝ ရှုမြင်ထားပါသည်။ ၂၀၂၂ ခုနှစ် ကတည်းက ဥရောပတွင် ရုရှား၏ ဖျက်ဆီးမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများလည်း သိသိ သာသာမြင့်တက်လာခဲ့သည်မှာ ထိုအချက်ကို သက်သေပြနေပါသည်။
၂၀၀၈ ခုနှစ်တွင် မော်စကိုက ဂျော်ဂျီယာကို ကျူးကျော်ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ကာ ဒွန်ဘတ်စ်တွင် စစ်ပွဲစတင်ခဲ့သည့်တိုင်အောင်ဥရောပတွင် ရုရှား၏ အကြီးစားစစ်ပွဲတစ်ခု ဖန်တီးလာနိုင်မှု ဖြစ်နိုင်ခြေကို နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ များက နှစ်ကာလများစွာ လျှော့တွက်ခဲ့ကြပါသည်။ ယူကရိန်းကိစ္စပေါ်လာမှ ထိုအချိန်က ၎င်းတို့၏ အမြင်မှားယွင်းကြောင်း နောက်ပိုင်းတွင် အပြင်းအထန် ဝေဖန်ခံခဲ့ရပါသည်။ ပူတင်အနေဖြင့် အားနည်းချက်တွေ့ရှိပါက ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည် ဆိုသည်ကို ထပ်ခါထပ်ခါ ပြသသွားခဲ့ခြင်း ဖြစ်ပါသည်။
အမေရိကန်၏ အမျိုးသားလုံခြုံရေးလိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ရာတွင် တရုတ် ခြိမ်းခြောက်မှုအား ပိုမိုကြီးကျယ်အောင် မပြောဆိုမိရန် အရေးကြီးလှပါသည်။ တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်တွင် စစ်သင်္ဘောအရေအတွက် ပိုမိုများပြားကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးများ မကြာခဏပြောဆိုနေကြသော်လည်း အမေရိကန် ရေတပ်မှာ သာလွန်အားကောင်းနေဆဲဖြစ်ပါသည်။ အမေရိကန်ရေတပ်တွင်တရုတ်ရေတပ် ထက် ခေတ်မီဆန်းပြားသော မစ်ဆိုင်းများ၊ ပိုမိုအရွယ်အစားကြီးသော ဖျက်သင်္ဘော၊ ကရူဆာ သင်္ဘောနှင့် ဖရီဂိတ်သင်္ဘော အများအပြား ပိုမိုပိုင်ဆိုင်ထားပါသည် (တရုတ်ရေတပ်၏ အများစုဖြစ်သော ကမ်းရိုးတန်းစောင့်ကြပ်ရေး သင်္ဘောငယ်များနှင့် ဆန့်ကျင်ဘက်)။ ထို့ပြင် အမေရိကန်၏ နျူကလီးယားတပ်ဆင်ထားသော လေယာဉ်တင်သင်္ဘောများနှင့် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် တရုတ်ပိုင် အရေအတွက်ထက် များစွာသာလွန်ပြီး အမေရိကန်၏ ရေတပ်နည်းပညာများသည်လည်း ပိုမိုအဆင့်မြင့်မားပါသည်။
ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့၏ မဟာမိတ်ရေတပ်များကို ထည့်သွင်းစဉ်းစားပါက အမေရိကန်ရေတပ် အားသာချက်သည်တရုတ်ထက် ပိုမိုကြီးမားလာပါသည်။ အမေရိကန်၏ လေတပ်အင်အားသည်လည်း အလားတူသာလွန်မှုရှိပြီး စတုတ္ထ မျိုးဆက်နှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ် အများအပြားရှိသည့်အပြင် C4ISR (စစ်တပ်၏ "အာရုံကြောစနစ်" ဟုခေါ်ဆိုလေ့ရှိသော ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး) တွင်လည်း အလွန်အမင်း သာလွန်နေ ပါသည်။ အမေရိကန်အတွက် မိမိသာလွန်မှုကို မဟာမိတ်များက ထပ်မံအားဖြည့်ပေးထား ပါသည်။ ကမ်းခြေဒုံးပစ်စနစ်များ၏ အကွာအဝေးအတွင်းတွင် တရုတ်သည် အန္တရာယ်ရှိသော ပြိုင်ဘက်ဖြစ်သော်လည်း ပင်လယ်ပြင်တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပါသည်။
ထို့အပြင် တရုတ်သည် မိမိအိမ်နီးချင်းမှာတွင် ခိုင်မာသော မဟာမိတ်များ ကင်းမဲ့ခြင်း၊ မိမိ၏ စီးပွားရေးရှင်သန်ရေးအတွက် ရေကြောင်းကုန်သွယ်ရေးအပေါ် မှီခိုနေရခြင်းကြောင့် အားနည်းချက်ရှိနေပါသည်။ ထိုကုန်သွယ်ရေးလိုင်းများသည် စစ်ဖြစ်ပါက အလျင်အမြန် ပိတ်ဆို့ခံရနိုင်ပါသည်။ အမှန်စင်စစ်တရုတ်၏ ရေနံသွင်းကုန် ၈၀ ရာခိုင်နှုန်းသည် မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေပြီး ထိုနေရာသည် တရုတ်ရေတပ်၏ လက်လှမ်း မမှီသောအကွာအဝေးတွင် တည်ရှိပါသည်။ ထို့ထက်ပို၍ အမေရိကန်၏ လေတပ်နှင့် ရေတပ်အင်အားဖြင့် အားဖြည့်ထားသော အင်အားကြီးစစ်တပ်များရှိသည့်နိုင်ငံများက တရုတ်ကို ဝန်းရံထားပါသည်။ စီးပွားရေးတိုးတက်မှုနှေးကွေးပြီး ပြင်းထန်သော ပြည်တွင်း ပြဿနာများရှိနေသည့် တရုတ်သည် အကြီးစားဒေသတွင်းပဋိပက္ခ ဖြစ်ပွားပါက ထိထိ ရောက်ရောက် တွန်းလှန်နိုင်မည် မဟုတ်ပါ။
သေချာသည်မှာ တရုတ်သည် ယနေ့အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် မိတ်ဖက်များအတွက် အရေးကြီးသော စိန်ခေါ်မှုများကို ဖန်တီးနေပါသည်။ဤပြဿနာများကို လျစ်လျူရှုထားရန် မသင့်ပါ။ ထို့အပြင် တိုးတက်လာသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်သည့် တရုတ်၏ ခြိမ်းခြောက်နိုင်စွမ်းနှင့် လိုအင်ဆန္ဒမှာ အနာဂတ်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိ ပါသည်။ ပေကျင်းသည် ၎င်း၏အနီးတစ်ဝိုက်ရှိ နိုင်ငံများအပေါ် နိုင်ရင်နိုင်သလို နိုင်ငံရေး၊ စီးပွားရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများဖြင့် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းပါလိမ့်မည်။ သို့သော် အကြီးစားစစ်ပွဲတစ်ခုက တရုတ်ကွန်မြူနစ်ပါတီ၏ အသက်ရှင်ရပ်တည်ရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုကို ဖြစ်စေနိုင်ပါသည်။
အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စီးပွားရေးနှင့်စစ်ရေးမဟာအင်အားကြီးနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် မဟာဗျူဟာမြောက် အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက မလိုလားအပ်သည့် မဆင်ခြင်မှုမျိုး ဖြစ်လာစေနိုင်ပါသည်။ အာရှ-ပစိဖိတ်ဒေသကို အလွန်အမင်းအလေးပေးပြီး ဥရောပကို သီးသန့်ထားခြင်းမှာ ကျရှုံးမည့် အန္တရာယ်ရှိပြီး လက်မခံနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဥရောပနှင့် အာရှ-ပစိဖိတ်နှစ်ခုလုံးမှာ ဝါရှင်တန်အတွက် အထူး အရေးကြီးလှပါသည်။ ထိုနှစ်ခုစလုံးမှာ ဝါရှင်တန်၏ စစ်မှန်သော အလေးထားမှုနှင့် ကတိ ကဝတ်တို့နှင့် ထိုက်တန်နေပါသည်။ ။
သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြပါသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့ အစဉ်အဆက်စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့် မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင်ရှင်သန်နေစဉ် အသီးအပွင့်အရွက်စသည်တို့ ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိပါမည်။
မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့်ဘာသာတရား၏ အဆုံးအမအရသော်လည်းကောင်း၊ မိရိုးဖလာအစဉ်အလာအရသော်လည်းကောင်း ဟိုးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက်အချိန်တွင် သစ်ပင်စိုက်ခြင်းကိုဆောင်ရွက်ကြပါသည်။
ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြ
သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များတိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြပါသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြပါသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက်ပြုခဲ့ကြပါသည်။
သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ရင်းအတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါရဲ့လား။ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ အပြည့်အဝဖြစ်ပါရဲ့လား။ သစ်ပင်စိုက်လျှင် ရှင်သန်ချင်လိုက်နာကြဖို့ အသိယှဉ်စေချင်ပါသည်။
ဥပမာ ကျွန်းဆိုပါစို့၊ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား၊ ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက အောင်လုံကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်းမဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇအရည်အသွေးကိုပင် ယုတ်လျော့ကျဆင်းစေနိုင်ပါသည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်းဒေသတို့တွင်စိုက်က ရှင်သန်အောင်လုံမှု မရှိနိုင်ပါ။ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပြီး စိုက်သည့်ရည်ရွယ်ချက်မှာ လောင်စာအတွက် ဖြစ်ပါက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်တိုင်မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန် သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊
မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်မည်။ မြေဆီမြေနှစ် မြေသြဇာကင်းမဲ့ သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသောမြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းပါသည်။ အပင်ရှင်သန်ရန် ရေလို သလို လိုသည်ထက်ပိုသောရေဝပ်နေရာများ၊ ရေစီးရေလာမကောင်း သောနေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရပါမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုး ကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာ ဦးစားပေးလိုက မြေနေရာနှင့် လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကို ရွေးစိုက်ရမည်ဖြစ်ပါသည်။
ရှောင်ရှားရမည့်နေရာ
သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်း အဆင့်မြှင့်တင်မည့်လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက် အအုံဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့် နေရာ၊ ရေဝပ်သည့်နေရာတို့ဖြစ်ပါက ရှောင်ရှားရပါမည်။ ဓာတ်ကြိုးများ အောက်ခြေမှ ပေ ၅၀ ခွာရပါမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက် သောမြေစာဖို့ရပါမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်းအပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့်သစ်မျိုးကို ရွေးရပါမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် အောင်လုံသန်စွမ်းသော ပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက် မီ အချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်ခြင်း (Hard-ening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရပါမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီးရှင်သန်ကြီးထွားမှုကောင်းစေရန် ဒဏ်ခံနိုင်သော၊ အောင်လုံသန်စွမ်းသော အမြင့်နှစ်ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူလူထုသို့ အခမဲ့ ဖြန့်ဝေလျက်ရှိပါသည်) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။
မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်း သိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x ၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်းအလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန် ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်အရွယ်အစား ကျင်းတူးရပါမည်၊ ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။
မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်
ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန် လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် အောင်လုံသောပျိုးပင်တို့ သယ်ယူချိန်တွင် ပျိုးပင်များ မကျိုးမပျက်စေရန် ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရပါမည်။
သစ်ပင်စိုက်ကြပါစို့၊ ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်ကို လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။ စိုက်ပင်ကို တည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့် ကျင်းအတွင်း အသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရပါမည်။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့်မြေဆွေးပုံပေးရပါမည်။
စိုက်ပင်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများမရှိစေရန် အကာအရံ၊ အရံအတားများ စနစ်တကျ ပြုလုပ်ပေးရပါမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။
သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများကို အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလသစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင်ပျိုးထောင် မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလ တစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများပါဝင်ပါက နှစ်စဉ် မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီများသော အရေအတွက်ပမာဏဖြင့် ပျိုးထောင်ကြပါသည်။ ထိုအတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏တန်ဖိုးကား အနမတဂ္ဂပါ။ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက အကြောင်းမျိုးမျိုးကြောင့် စိုက်ပင်များပျက်စီးပြီး တန်ဖိုးတွက်ချက်ရသည်ရော၊ မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနော ရှိပေချိမ့်။
မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များကို
- ရှင်အောင်စိုက်၊
- ကြီးအောင်ပြုစု
-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့၊
သစ်ပင် သစ်တောများသည်-
အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများပင်။နောင် လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။ ။
Source: Myanmar Digital News
“ကြိုဆိုပါတယ် ဟူသီတွေရေ”။ အနောက်နိုင်ငံများမှ ကုန်စည်သင်္ဘောများသည် အစ္စရေးသို့ သွားလာနေကြသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပင်လယ်နီတွင် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ရင်ဆိုင်နေရချိန်တွင် တရုတ်လူမှုကွန်ယက်များတွင် ယခုကဲ့သို့ ကြွေးကြော်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်အမှတ်အသားပါ သင်္ဘောများသည် ထိုရေပိုင်နက်တွင် ဖြတ်သန်းခုတ်မောင်းလျက်ရှိသည်။ ထိုအချင်းအရာသည် တိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။ ဟူသီ အာဏာပိုင်များက ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သောအချက်များကို ရေကြောင်းခြေရာခံဒေတာများက အတည်ပြုခဲ့သည်။ ယင်းမှာ အမေရိကန်တို့၏အကျိုးစီးပွားကို ရန်လိုနေသည့် ပဋိပက္ခဇုန်အတွင်း၌ တရုတ်သင်္ဘောများသည် အထူးအလေးပေးဆက်ဆံမှုခံနေရခြင်းဖြစ်သည်။
ဤအလေးပေးဆက်ဆံမှုသည် တိုက်ဆိုင်မှုမဟုတ်ဘဲ တရုတ်တို့၏ အထူးဂရုပြုစီစဉ် ဖန်တီးတတ်သည့် သံတမန်ရေးရာအတတ်ပညာ၏ ရလဒ်သာဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေး ဌာန၏ မကြာသေးမီက ပိတ်ဆို့မှုများက ယီမင် နိုင်ငံရေးဦးသျှောင်ကောင်စီရုံးမှ မိုဟာမတ် အလီ အယ်လ်ဟူသီ အပါအဝင် ဟူသီခေါင်းဆောင်များသည် တရုတ်အာဏာပိုင်များနှင့် တိုက်ရိုက် ညှိနှိုင်းကာ ၎င်းတို့၏ သင်္ဘောများ ပစ်မှတ်မဖြစ်စေရန် အာမခံချက်ရယူခဲ့ကြောင်း ပေါ်လွင်စေခဲ့သည်။ ဤလျှို့ဝှက်သဘောတူညီချက်မှာ အိုမန်နိုင်ငံတွင်ကျင်းပသော နိုင်ငံတကာဆွေးနွေးပွဲများအတွင်း တရားဝင် ပေါ်ထွက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ သင်္ဘောများကို ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုများမြင့်တက်နေချိန်တွင် တရုတ်သင်္ဘောများအတွက် လုံခြုံစွာဖြတ်သန်းခွင့် အာမခံချက် ရရှိခဲ့သည်။ ဟူသီအာဏာပိုင်များက အနောက်နိုင်ငံသင်္ဘောများနှင့် တရုတ်သင်္ဘောများကို ခွဲခြား ထားသည်ဟု အများသိအောင် ပြောဆိုနေသော်လည်း ၎င်းတို့၏ ပစ်မှတ်ချိန်တွယ်နည်းပညာမှာ အခြေခံအဆင့်တွင်သာရှိပြီး အမှားအယွင်းများဖြစ်တတ်ကာ ဘာဘ် အန် မန်ဒက်ရေလက်ကြားမှ ဖြတ်သန်းနေသော တရုတ်သင်္ဘောများကို အခါအားလျော်စွာ မှားယွင်းပစ်ခတ်မိသည့်ဖြစ်စဉ်မျိုး ရှိခဲ့သော်လည်း တရုတ်၏နည်းပညာထောက်ပံ့မှုကြောင့် ပစ်မှတ်တိကျမှုအပိုင်းတွင် တိုးတက် လာသည်ကို တွေ့ရှိရသည်။
ပေကျင်းအစိုးရအတွက်မူ တိုက်ပွဲအစစ်အမှန်သည် အစ္စလာမ်မစ်ကမ္ဘာ၏ ကွန်ရက်များမှ တစ်ဆင့် အသက်သွေးကြောသဖွယ် ရေလမ်းကြောင်းများကို ထိန်းချုပ်ခြင်းသည် မည်သည့် ကုန်သွယ်ရေးသဘောတူညီချက်ထက်မဆို ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည့် စီးပွားရေးရှေ့တန်းစစ်မျက်နှာပြင်မှ စတင်မည်ဖြစ်သည်။
တရုတ်၏ ဤမဟာဗျူဟာမြောက်တွက်ချက်မှုသည် ၎င်း၏တရားဝင်သတင်းထုတ်ပြန်ချက် များတွင် ထင်ဟပ်နေသည်။ ဆင်ဟွာသတင်းဌာနက ဤအကျပ်အတည်းကို “ဟူသီကဲ့သို့သော အစဉ်အလာမဟုတ်သည့် ဆန့်ကျင်ဘက်အဖွဲ့များအပေါ် အမေရိကန်မှ ထိရောက်စွာမကိုင်တွယ် နိုင်မှု” အဖြစ်ရှုမြင်ပြီး အမေရိကန်၏ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် “ပိုမိုကြီးထွားသော ခုခံမှုကိုသာ ဖြစ်စေခဲ့ပြီး အမေရိကန်၏ စီးပွားရေးဩဇာလျော့နည်းမှုနှင့် မဟာမိတ်စနစ်ပြိုကွဲမှုကို ထင်ရှားစေခဲ့သည်” ဟုဆိုသည်။ ဤကြွေးကြော်သံ၏နောက်ကွယ်တွင် “ပင်လယ်နီကို ဖြတ်သန်း နိုင်ရန်” ဆိုသည့် ရှင်းလင်းသော စီးပွားရေးအရ အရေးပါမှုတစ်ခုရှိနေသည်။ ပေကျင်းအတွက် ဤရေလမ်းကြောင်းတွင် လွတ်လပ်စွာသွားလာခွင့်ကို ထိန်းသိမ်းခြင်းသည် အငြင်းပွားဖွယ် မရှိသော အရေးကြီးကိစ္စရပ်ဖြစ်သည်။ တိုက်ခိုက်မှုများစတင်သည့်အချိန်မှစ၍ ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောအရေအတွက် ၇၀% နီးပါးကျဆင်းသွားသော်လည်း တရုတ်သင်္ဘောများ၏ ကုန်တန်ချိန်ပမာဏမှာ သိသိသာသာတိုးတက်လာခဲ့ပြီး ၎င်းတို့သဘောတူညီမှု၏ ထိရောက်မှုကို အသံတိတ်သက်သေပြနေခြင်းဖြစ်သည်။
ထိုဖြစ်စဉ်သည် ဥရောပစီးပွားရေးဈေးကွက်အပေါ်တွင်လည်း ပြင်းထန်စွာသက်ရောက် ခဲ့သည်။ ဥရောပ၏အဓိကရေကြောင်းကုမ္ပဏီကြီးများသည် ၎င်းတို့၏သင်္ဘောများကို ဂွတ်ဟုပ်အငူကို ပတ်၍ လမ်းကြောင်းပြောင်းလဲရန် တွန်းအားပေးခံခဲ့ရသည်။ ဤအခြေအနေသည် တရုတ် ကုန်ပစ္စည်းများအတွက် လူလုပ်ယှဉ်ပြိုင်မှုအားသာချက်တစ်ရပ်အဖြစ် ဖန်တီးပေးလိုက်ပြီး ဥရောပ ပြိုင်ဘက်များအနေဖြင့် နှောင့်နှေးမှုနှင့် ကုန်ကျစရိတ်တိုးလာမှုတို့ ကြုံတွေ့နေရစဉ် တရုတ်ကုန်စည် များမှာ ပင်လယ်နီရေလမ်းကြောင်းမှတစ်ဆင့် အဟန့်အတားမရှိ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ ဂျာမနီနှင့် ပြင်သစ်ထုတ်လုပ်သူများသည် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများနှင့် တရုတ် ပြိုင်ဘက်များထံ ဈေးကွက်ဝေစုဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ဤသည်မှာ အမေရိကန်နှင့် တိုက်ရိုက်ကုန်သွယ်ရေးယှဉ်ပြိုင်မှုထက် ကြားခံပဋိပက္ခ (Proxy Conflict) မှတစ်ဆင့် ရရှိခဲ့သော ပေကျင်းအတွက် သိသာထင်ရှားသည့် စီးပွားရေးအောင်ပွဲတစ်ရပ်ပင်ဖြစ်သည်။
ဤသဘောတူညီချက်သည် ဗျူဟာမြောက် ရေတိုပူးပေါင်းဆောင်ရွက်မှုထက် ပိုမိုနက်ရှိုင်း သည်။ တရုတ်ဂြိုလ်တုနှင့်ရေကြောင်းကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများက ပေကျင်း၏နည်းပညာနှင့် ထောက်ပံ့ရေးအကူအညီများသည် ဟူသီတို့၏စွမ်းရည်ကို မြှင့်တင်ပေး ခဲ့ပြီး တရုတ်၏ ပင်လယ်ပြင်အကျိုးစီးပွားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးကြောင်း သက်သေပြနေသည်။ ဟူသီတို့၏ ဒုံးကျည်နှင့်ဒရုန်းစွမ်းရည်များကို မြှင့်တင်ပေးသည့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့နေသည်ဟူသော အကြောင်းပြချက်ဖြင့် ရှန်ကျန်း ဘိုယူ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီများစွာသည် ပိတ်ဆို့အရေးယူခံထားရသည်။ ပေကျင်းသည် ဒုံးကျည်များမပစ်ခတ်သော်လည်း ပစ်မှတ်ထိမှန်အောင်ကူညီပေးသည့် အစိတ် အပိုင်းများ၊ ဆော့ဖ်ဝဲများနှင့် ဂြိုလ်တုထောက်လှမ်းရေးစနစ်များကို ထောက်ပံ့ပေးနေသည်။
တရုတ်၏ နည်းပညာနှင့် သံတမန်ရေးထောက်ပံ့မှုကွန်ရက်
ယီမင်ရှိဟူသီများအား ပင်လယ်နီရှိ အမေရိကန်ရေတပ်အင်အားစုများအပေါ် တိကျသော တိုက်ခိုက်မှုများပြုလုပ်နိုင်သည့် ဂြိုလ်တုပုံရိပ်များထောက်ပံ့ပေးခဲ့သည်ဟူသော အကြောင်းပြ ချက်ဖြင့် အမေရိကန်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ချန်ဂန်ဂြိုလ်တုနည်းပညာကုမ္ပဏီ (CGSTL) ကို ပိတ်ဆို့အရေးယူခဲ့သည်။ CGSTL ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကလည်း ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဆိုင်ရာထောက်လှမ်းရေးအချက်အလက်များ ထောက်ပံ့ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပိတ်ဆို့ခံခဲ့ရဖူးပြီး အမေရိကန်၏ရန်သူတော်များအတွက် တရားဝင်မဟုတ်သော ထောက်လှမ်းရေး အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေပြနေသည်။ သို့သော် CGSTL သည် သာမန်ကုမ္ပဏီတစ်ခု မဟုတ်ပေ။ တရုတ်သိပ္ပံအကယ်ဒမီအတွင်း အခြေစိုက်ကာ ဂျီလင်ပြည်နယ်အစိုးရ၏ နောက်ခံထောက်ပံ့မှုဖြင့် လည်ပတ်နေသော အဆိုပါကုမ္ပဏီသည် တရုတ်၏ “စစ်ဘက်-အရပ်ဘက်ပေါင်းစပ်မှု မူဝါဒ” (Military-Civil Fusion Policy) ၏ ပြယုဂ်တစ်ခုဖြစ်ပြီး လွတ်လပ်သောစီးပွားရေးလုပ်ငန်းထက် ပေကျင်း၏ထောက်လှမ်းရေးယန္တရား၏ တိုးချဲ့အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်နေသည်။ ဝါရှင်တန်၏ အကြိမ်ကြိမ်သတိပေးမှုများကို လျစ်လျူရှုလျက် ပေကျင်းသည် စစ်ရေးအထောက်အပံ့များကို ဆက်လက်ပေးပို့၍ ကြားနေဟန်ဆောင်ကာ မည်သည့် ထင်ရှားသော ပြုပြင်ပြောင်းလဲမှုကိုမျှ မဆောင်ရွက်သည့် “နိုင်ငံရေးအရငြင်းဆိုမှု” (Strategic Denial) ဟူသော ခံယူချက်ကို ဆက်လက်ထိန်းသိမ်းလျက်ရှိသည်။
တရုတ်မှ ဟူသီတပ်ဖွဲ့များသို့ နည်းပညာစီးဆင်းမှုသည် ကြားခံစစ်ပွဲ (Proxy Warfare) ဆိုင်ရာ အဆင့်မြင့်ဗျူဟာတစ်ရပ်ကို ကိုယ်စားပြုနေသည်။ ပင်လယ်နီတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဟူသီတို့၏ဒရုန်းများမှ ပြန်လည်ရရှိခဲ့သော တရုတ်နိုင်ငံထုတ် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များ (ဒရုန်းများ၏ ပျံသန်းအကွာအဝေးကို တိုးမြှင့်ပေးခြင်း၊ ထောက်လှမ်းနိုင်မှုကို လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်) ကို နယူးယောက်တိုင်းမ်သတင်းဌာနက မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အပြင် အိုမန်နယ်စပ်တွင် သိမ်းဆည်းရမိခဲ့သည့် တရုတ်နိုင်ငံထုတ် ဒရုန်းပန်ကာ ၈၀၀ သည် ဟူသီတပ်ဖွဲ့များ၊ အီရန်မှထောက်ခံသော အီရတ်ရှိ လက်နက်ကိုင်အဖွဲ့ များနှင့် ရုရှားထောက်ခံသော ယူကရိန်းရှိတပ်ဖွဲ့များ အသုံးပြုနေသည့်ဒရုန်းများတွင် တွေ့ရှိရသည့် မျိုးတူစက်ပစ္စည်းများဖြစ်သည်။ တရုတ်သည် လက်နက်စနစ်အပြည့်အစုံကို တင်ပို့ခြင်းထက် လမ်းညွှန်စနစ်များ၊ မောင်းနှင်စနစ်များ၊ စွမ်းအင်ထောက်ပံ့မှုစနစ်များကို အွန်လိုင်းရောင်းချသူများ ကဲ့သို့သော ကြားခံများမှတစ်ဆင့်ရောင်းချခြင်းဖြင့် တရားဝင်မဟုတ်သောငြင်းဆိုနိုင်မှုကို ထိန်းသိမ်း ထားသည်။
တန်ခိုးထွားလာသည့် အီရန်၊ ပိုမိုလွှမ်းခြုံနိုင်လာသည့် တရုတ်
တရုတ်၏ အီရန်အား ဗျူဟာမြောက်ထောက်ပံ့မှုသည် ပေကျင်းအားတိုက်ရိုက်ပါဝင်မှု မရှိစေဘဲ ၎င်း၏ရည်မှန်းချက်များကို အောင်မြင်စေသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အီရန် သင်္ဘောနှစ်စီးသည် အီရန်ရှိ ဘန်ဒါအဘားစ်ဆိပ်ကမ်းသို့ ဒုံးလောင်စာထုတ်လုပ်ရန်အတွက် အဓိက ကုန်ကြမ်းတစ်ခုဖြစ်သည့် ဆိုဒီယမ်ပါကလိုရိတ် တန်ချိန် ၁,၀၀၀ ကျော်ကို တရုတ်မှ သယ်ဆောင် လာခဲ့သည်။ ယင်းသည် တာလတ်ပစ်ဒုံးကျည် ၂၆၀ ခန့် ထုတ်လုပ်ရန်လုံလောက်သည့် ပမာဏ ဖြစ်သည်။ တရုတ်သည် အီရန်အား ဒုံးကျည်နည်းပညာများကို ဆယ်စုနှစ်များစွာကတည်းက ထောက်ပံ့ပေးခဲ့သည်။ ယခုကဲ့သို့ ပမာဏများစွာပို့ဆောင်မှုအပေါ် တရုတ်က ၎င်းပါဝင်ပတ်သက်မှု မရှိကြောင်းငြင်းဆိုနေဆဲဖြစ်သော်လည်း ဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးတိုးချဲ့မှုအဖြစ် ပေါ်လွင်ထင်ရှားသည်။
ဤအခြေအနေသည် ဒေသတစ်ခုလုံးကို လှိုင်းထန်စေသည်။ အီရန်၏ ဒုံးကျည်အစီအစဉ် တိုးတက်လာသည်နှင့်အမျှ ယီမင်ရှိ ဟူသီကဲ့သို့သော ကြားခံအုပ်စုများအား လက်နက်ကိုင်တွယ် နိုင်စွမ်းနှင့် ထိန်းသိမ်းနိုင်စွမ်းလည်း တိုးတက်လာသည်။ ယင်းအုပ်စုများအတွက် တာဝေးပစ် ဒုံးကျည်များ မလိုအပ်ဘဲ အဆင့်မြှင့်တင်ထားသောဒရုန်းများ၊ ပိုမိုကောင်းမွန်သော ပစ်မှတ်ချိန်တွယ် စနစ်များနှင့် ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များသာလိုအပ်ပြီး ထိုအရာအားလုံး သိသာစွာတိုးတက်လာသည်ကို မြင်တွေ့ရသည်။ တရုတ်သည် ဟူသီတို့အား လက်နက် တိုက်ရိုက် ထောက်ပံ့ရန် မလိုအပ်ပါ။ အီရန်အား အားဖြည့်ပေးခြင်းဖြင့် အမေရိကန်အား ကုန်ကျစရိတ် များပြားပြီး အကျိုးအမြတ်နည်းပါးသော ပဋိပက္ခနွံထဲတွင် သံသရာလည်နေစေပြီး တရုတ်၏ အကျိုးစီးပွားကို တိတ်တဆိတ်ဖြည့်ဆည်းပေးသည့် ဒေသတွင်းကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေသည်။
ပေကျင်းနှင့် တီဟီရန်ကြား တိတ်တဆိတ်ပူးပေါင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်က ဘန်ဒါအဘားစ်ဆိပ်ကမ်း၌ ပေါက်ကွဲမှုကြီးဖြစ်ပွားချိန်တွင် ပိုမိုရှင်းလင်းစွာ ပေါ်လွင်လာ ခဲ့သည်။ အီရန်အာဏာပိုင်များက ဒုံးလောင်စာတင်သွင်းခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သော်လည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဖြစ်သည့် အမ်ဘရေးကုမ္ပဏီက အဆိုပါဓာတုပစ္စည်းများကို မတ်လ အတွင်းက တရုတ်နိုင်ငံမှ ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဂြိုလ်တုကုမ္ပဏီများကို ပိတ်ဆို့ အရေးယူခဲ့သည့် တစ်ချိန်တည်းမှာပင် ဝါရှင်တန်သည် အီရန်မှ လောင်စာဆီများကို တရုတ်သို့ လျှို့ဝှက်သယ်ဆောင်ပေးနေသည့် ပနားမားအလံတင် တီနို့စ်-၁ ဆီတွဲသင်္ဘောနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကိုလည်း ပစ်မှတ်ထားခဲ့သည်။ ယင်းဆောင်ရွက်မှုကို အီရန်တော်လှန်ရေးအစောင့်တပ်မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး အီရန်အတွက် လောင်စာဆီရောင်းချမှုမှ ငွေကြေးရရှိပြီး တရုတ်အတွက် လောင်စာဆီနှင့် ဒေသဆိုင်ရာဩဇာလွှမ်းမိုးမှု နှစ်မျိုးလုံးရရှိသည့် နှစ်ဖက်အကျိုးရှိသော ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည်။
တရုတ်၏ ဗျူဟာမြောက် ဝိဝါဒနှင့် နှစ်လမ်းသွားဇာတ်ကြောင်း
ပေကျင်းသည် ပင်လယ်နီအကျပ်အတည်းကို ကိုင်တွယ်ရာတွင် လမ်းနှစ်သွယ်ချဉ်းကပ်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလျက်ရှိသည်။ နိုင်ငံတကာအလယ်တွင် တရုတ်အာဏာပိုင်များသည် ဟူသီတို့၏ တိုက်ခိုက်မှုများကို အစောပိုင်းတွင် ပွင့်ပွင့်လင်းလင်းမရှုတ်ချဘဲ “ဆက်စပ်နိုင်ငံများ အနေဖြင့် တည်ငြိမ်မှုကိုထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန်” ဟူသော ဝေဝါးသည့် ဖော်ပြချက်များဖြင့် တုံ့ပြန်ခဲ့သည်။ နိုင်ငံတကာဖိအားများ မြင့်တက်လာမှသာ တရုတ်၏ ကုလသမဂ္ဂကိုယ်စားလှယ်များက ဟူသီတို့၏ကုန်သွယ်ရေးဆိုင်ရာနှောင့်ယှက်မှုများကို အသိအမှတ် ပြုခဲ့သော်လည်း တရုတ်သင်္ဘောများသည် ဟူသီတို့ထိန်းချုပ်ထားသည့် ပင်လယ်ပြင်တွင် ဦးစားပေး အဆင့်အတန်းဖြင့် ဆက်လက်ဖြတ်သန်းခွင့် ရရှိနေဆဲဖြစ်သည်။
တရုတ်တို့၏ ကြိုတင်တွက်ချက်ထားသော ဝိဝါဒသည် လူမှုကွန်ယက်မီဒီယာများသို့ပါ ကျယ်ပြန့်စွာသက်ရောက်နေပြီး တရုတ်မှ လူမှုကွန်ယက်အသုံးပြုသူများက အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို ဟူသီတို့၏တိုက်ခိုက်မှုများအား ပွင့်ပွင့်လင်းလင်း အားပေးနေကြသည်။ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက “အမေရိကန်နှင့်ဗြိတိသျှစစ်သင်္ဘောများ ပေါက်ကွဲပျက်စီးသည့် သတင်းများမြင်တွေ့လိုသည်” ဟု ရဲရဲတင်းတင်း ရေးသားထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ သဘောထားအမြင်များသည် ယူကရိန်းနှင့် ဂါဇာတို့တွင် အနောက်အုပ်စု၏အကျိုးစီးပွားကို ဆန့်ကျင်သည့်အဖွဲ့များအား အစောပိုင်းကာလများက ထောက်ခံအားပေးမှုများကို ထင်ဟပ်စေသည်။
တရုတ်၏ ချဉ်းကပ်မှုပုံစံမှာ မဟာဗျူဟာမြောက် တိကျသေသပ်သည်။ ပေကျင်းသည် ဟူသီတပ်ဖွဲ့များ အပြီးအပိုင်အောင်ပွဲခံရန်လည်း မလိုလားသလို လုံးဝပြိုလဲသွားရန်လည်း မလိုလားပါ။ အမေရိကန်၏ရေတပ်အင်အားစုများ အတိုင်းအတာတစ်ခုအထိ အလုပ်ရှုပ်နေချိန်တွင် တရုတ်သင်္ဘောများကို အတားအဆီးနည်းနည်းဖြင့် ဖြတ်သန်းသွားလာနိုင်ရန် နှောင့်ယှက်မှုများကို တက်တက်ကြွကြွ ပြုလုပ်နေစေရန်သာ လိုအပ်သည်။ တရုတ်သင်္ဘောများကို ပစ်မှတ်မထားသော ဟူသီတို့၏ ဒုံးကျည်တိုင်းသည် အမေရိကန်၏တည်ရှိနေမှုအပေါ် ပေးဆောင်ရသော အခွန်တစ်ခု၊ ကမ္ဘာ့သင်္ဘောခရီးစဉ်များအတွက် ဖိအားစမ်းသပ်မှုတစ်ရပ်၊ အနောက်နိုင်ငံများ ဆုတ်ခွာခြင်း သို့မဟုတ် အရှိန်တိုးမြှင့်လုပ်ဆောင်ခြင်းမပြုမီ ၎င်းတို့အနေဖြင့် နှောင့်ယှက်မှုဒဏ်ကို မည်မျှအထိ ခံနိုင်ရည်ရှိသည်ကို သရုပ်ပြသည့် သာဓကတစ်ခု ဖြစ်လာသည်။
ရုရှား-တရုတ်-အီရန် မဟာမိတ်ဆက်ဆံရေး
ဤမဟာမိတ်အင်အားစုသည် ယခုအခါ ဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုများဖြင့် စနစ်တကျ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာ့ချီသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အမေရိကန်နှင့်ညှိနှိုင်းဆွေးနွေးမှုမတိုင်မီ မော်စကိုနှင့်ပေကျင်းသို့ ဗျူဟာမြောက် ခရီးစဉ်များသွားရောက်ခဲ့ခြင်းမှာ ၎င်းတို့၏သံတမန်ရေးရာသဘောထားများကို အချိန်ကိုက်ထုတ်ဖော် ပြသလိုက်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပေကျင်း၌ကျင်းပခဲ့သော သုံးနိုင်ငံဆွေးနွေးပွဲတွင်အနောက်အုပ်စု၏ဖိအားကို ပူးပေါင်းတုံ့ပြန်ရန် သဘောတူညီခဲ့ကြပြီး အထူးသဖြင့် တရုတ်က အမေရိကန်၏သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်စိန်ခေါ်မည့် အခြားရွေးချယ်စရာများကို တင်ပြခဲ့သည်။
သံတမန်ရေးရာနောက်တွင် ရုရှားသည် အနာဂတ်သဘောတူညီချက်များ၌ အီရန်၏ အမြင့်ဆုံးသန့်စင်ထားသော ယူရေနီယမ်ကို လက်ဝယ်ထိန်းသိမ်းရန် အလားအလာရှိပြီး အီရန်၏ နျူကလီးယားအစီအစဉ်အတွက် နည်းပညာဆိုင်ရာအကာအကွယ်တစ်ခုအဖြစ် ဆောင်ရွက်လာနိုင်သည်။ တစ်ဖက်တွင်မူ တရုတ်ကုမ္ပဏီများက ဟူသီများအပါအဝင် အီရန်၏ ကြားခံအဖွဲ့များအား စွမ်းအားမြှင့်တင်ပေးသည့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး နည်းပညာများကို ထောက်ပံ့ပေးလျက် ရှိသည်။ ယူကရိန်းတွင်တွေ့ရှိရသည့် ဒရုန်းအစိတ်အပိုင်းများနှင့် အတိအကျတူညီသောပစ္စည်း များကို ဟူသီလက်နက်သိုလှောင်ရုံများတွင် တွေ့ရှိရကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
ဤမဟာမိတ်အင်အားစုသည် ယခင်ကထက်ပိုမိုခိုင်မြဲလာပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်နှင့် နှစ်(၂၀) ဗျူဟာမြောက်မိတ်ဖက်စာချုပ်ချုပ်ဆိုခဲ့ခြင်းသည် ထင်ရှားသော သက်သေပင်ဖြစ်သည်။
တရုတ်က နည်းပညာထောက်ပံ့ပြီး အီရန်က ကြားခံတပ်ဖွဲ့များကို စီမံခန့်ခွဲနေစဉ်တွင် ရုရှားက သံတမန်ရေးအကာအကွယ်နှင့် နိုင်ငံတကာ တရားဝင်မှုကို ဖန်တီးပေးလျက်ရှိသည်။ ၎င်းသည် တိုက်ရိုက်ရင်ဆိုင်မှုမရှိဘဲ ဒေသတွင်းအင်အားချိန်ခွင်လျှာကို ပြန်လည်ပုံဖော်ရန် အဆင့်မြင့် စနစ်တစ်ရပ်အဖြစ် ဖန်တီးထားပြီး တစ်ချိန်တည်းတွင် တရုတ်သင်္ဘောများအတွက် ရေကြောင်း ဖြတ်သန်းခွင့် အထူးအခွင့်အရေးကိုလည်း အာမခံချက်ရရှိထားသည်။
စီးပွားရေးပြီးလျှင် ဩဇာလွှမ်းမိုးရေး
ပေကျင်း၏ ဟူသီအရေးအပေါ် ချဉ်းကပ်မှုသည် အခွင့်အရေးကို အရယူမှုသက်သက်မျှ မဟုတ်ဘဲ စနစ်တကျတွက်ချက်ထားသော နိုင်ငံရေးပရိယာယ်တစ်ရပ်ပင်ဖြစ်သည်။ ဟူသီတပ်ဖွဲ့ သည် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရုတ်၏ဂြိုလ်တုနည်းပညာများ ဖြင့်သာ လုပ်ဆောင်နေရပြီး တရုတ်နိုင်ငံထုတ် လမ်းညွှန်စနစ်ပါ အီလက်ထရွန်းနစ်ပစ္စည်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် တရုတ်ကုမ္ပဏီတစ်ခုချင်းစီကို ပိတ်ဆို့ အရေးယူနိုင်သော်လည်း တရုတ်၊ အီရန်နှင့် ဒေသတွင်းကြားခံအဖွဲ့များအကြား သုံးပွင့်ဆိုင် ဆက်ဆံရေးကို တိုက်ရိုက်ရင်ဆိုင်ခြင်းမပြုသရွေ့ တရုတ်သင်္ဘောများသည် အငြင်းပွားဖွယ် ရေပြင်တွင် အတန်အသင့်လုံခြုံစွာ ဖြတ်သန်းနေဦးမည်သာဖြစ်ပြီး အမေရိကန်အနေဖြင့် အမြဲလိုလို နောက်ကျကျန်ရစ်မည်သာဖြစ်သည်။
ဝါရှင်တန်အနေဖြင့် တရုတ်နှင့်စီးပွားရေးပြိုင်ပွဲတွင် အမှန်တကယ်အနိုင်ရရှိလိုပါကအကောက်ခွန်ကိစ္စထက် နယ်မြေအရေးကိစ္စများတွင် ပို၍အာရုံစိုက်သင့်သည်။ ဗျူဟာမြောက် အရေးပါသော ပင်လယ်နီကဲ့သို့ဒေသမျိုးမှ တရုတ်ကိုဖယ်ရှားပစ်ရန်လိုအပ်ပြီး စျေးကွက်၏ အနာဂတ်ကို စာရွက်ပေါ်ကကန့်သတ်ချက်များက ဆုံးဖြတ်မည်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာတည်ရှိမှု ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ၎င်းနှင့်ပတ်သက်၍ တစ်နွယ်ငင်တစ်စင်ပါဖြစ်နေသော၊ ယခုအကျပ်အတည်း၏ စီးပွားရေးအကျိုးဆက်များကို ခံစားနေ ရသော၊ အရေးပါသော ရေလမ်းကြောင်းများမှတစ်ဆင့် လွတ်လပ်စွာသွားလာခွင့်ရရှိရေး အကျိုးတူ ဖြစ်သော ဥရောပမဟာမိတ်များနှင့် ပိုမိုခိုင်မာသော ဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။
အလားတူအရေးကြီးသည်မှာ အင်အားကြီးနိုင်ငံများ၏ လက်ပါးစေအဖြစ် အသုံးချခံရ ခြင်းကို စိတ်ပျက်နေပြီး မိမိတို့နိုင်ငံ၏အနာဂတ်ဆွေးနွေးပွဲများတွင် လျစ်လျူရှုခံနေရသည်ဟုခံစားနေရသော ယီမင်ပြည်သူများနှင့် တိုက်ရိုက်အပြန်အလှန်ဆက်ဆံရန်ဖြစ်သည်။ မည်သည့် ရေရှည်တည်တံ့သောဖြေရှင်းနည်းနှင့်မဆို ၎င်းတို့၏ သဘာဝကျသော မကျေနပ်ချက်များကို ဖြေရှင်းပေးရမည်ဖြစ်ပြီး ယီမင်ကို အင်အားကြီးနိုင်ငံများ၏ ပြိုင်ကွင်းသက်သက်အဖြစ် သဘော ထားခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။
နိဂုံးချုပ်ရလျှင် ဝါရှင်တန်အနေဖြင့် ယီမင်အရေးသည် အရေးမပါသောပဋိပက္ခတစ်ခုမျှ မဟုတ်ကြောင်း နားလည်ရမည်။ ယခုအခါ ယီမင်အရေးသည် တရုတ်၏ စီးပွားရေးဝင်ဆံ့ရန် အတွက် ဗျူဟာမြောက်အသာစီးရအောင် မည်သို့ပြောင်းလဲခဲ့ပုံ၊ ပဋိပက္ခ ဖန်တီးခဲ့ပုံ၊ တာဝန်ယူမှု ရှောင်လွှဲခဲ့ပုံနှင့် အမေရိကန်၏အင်အားကို ကြားခံအဖွဲ့များစွာဖြင့် မည်သို့ဖြိုခွင်းခဲ့ပုံ စသည်တို့၏ ပြယုဂ်တစ်ခုဖြစ်နေပြီဖြစ်သည်။ အမေရိကန်နိုင်ငံရေးသမားများအနေဖြင့် ဟူသီအရေးသည် စိုးရိမ် စရာလိုအပ်ချင်မှ လိုအပ်မည်ဟု ငြင်းခုံနေကြစဉ် ပေကျင်းသည် ၎င်း၏သင်္ဘောများအတွက် လုံခြုံသောရေလမ်းကြောင်းများဖောက်လုပ်ရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အသာစီးရယူရန် အတွက် မတည်ငြိမ်မှုကို လက်နက်အဖြစ်အသုံးချရန် အလုပ်များနေသည်။ ထို့အပြင် တရုတ် အင်တာနက်အလွန်အကျွံသုံးစွဲသူများသည် ဟူသီများကို အွန်လိုင်းတွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆို နေကြသည့်အတိုင်း ပင်လယ်နီရှိ ပေကျင်း၏ တွက်ချက်ထားသော ကစားကွက်သည် မည်သည့် ကုန်သွယ်ရေးညှိနှိုင်းမှုမျိုးကမျှမပေးနိုင်သည့် အကျိုးအမြတ်များကို ဆက်လက်ရရှိနေဦးမည် ဖြစ်ပေသည်။
Atlantic Council Website တွင် စာရေးသူ Fatima Abo Alasrar ရေးသားထားသည့် “How China turned the Red Sea into a strategic trap for the US” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။