အမေရိကန်အတွက် အဓိက ခြိမ်းခြောက်မှုကြီးက ရုရှားလား တရုတ်လား၊ ရှင်းလင်းတဲ့ အဖြေရှိပြီးသားပါ

Posted_Date

Image

အမေရိကန်အတွက် အဓိက ခြိမ်းခြောက်မှုကြီးက ရုရှားလား တရုတ်လား၊  ရှင်းလင်းတဲ့ အဖြေရှိပြီးသားပါ

Body

“ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” ဟု ကမ္ဘာက သတ်မှတ်ထားသည့် အမေရိကန်ကို အဓိက ခြိမ်းခြောက်နေသူမှာ မည်သူနည်း။ မိမိကိုယ်ကို စစ်ရေးမဟာအင်အားကြီးနိုင်ငံ၊ စီးပွားရေး မဟာအင်အားကြီးနိုင်ငံ ဟု သတ်မှတ်ကြွေးကြော်ထားသူ ဝါရှင်တန်အတွက် အဓိက ပြိုင်ဘက်က ရုရှားလား ဒါမှမဟုတ် တရုတ်လား။ လေ့လာကြည့်ကြပါစို့။

မကြာသေးမီက အမေရိကန်သမ္မတ၏ ကာကွယ်ရေးဝန်ကြီး Pete Hegseth က “ပေကျင်း သည် မိမိတို့အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှု ဖြစ်ပါတယ်” ဟု ပြောကြားထား ခြင်းရှိပါသည်။ ဇန်နဝါရီက တက်လာသည့် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ကလည်း မိမိတို့ သည် အမျိုးသားလုံခြုံရေးအတွက် ပထမဦးစားပေး စဉ်းစားရသည်မှာ ပေကျင်းဖြစ်ကြောင်း မကြာခဏဆိုသလို ပြောဆိုကြပါသည်။ အမေရိကန်ကာကွယ်ရေးဌာန၏ အရင်းအမြစ်များ အဓိက အာရုံစိုက်ခံရမှုမှာ တရုတ်ဟု အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်အချို့က ဂုဏ်ယူစွာ ပြောဆိုသံများ ထွက်ပေါ်လာဖူးပါသည်။ တရုတ်ကို ပြိုင်ဆိုင်ရမှုမှာ ၎င်းတို့ အတွက် ဂုဏ်သတင်းတည်ဆောက်သလို တစ်ဖက်တွင်လည်း ယခုကဲ့သို့ အင်အားကြီး နိုင်ငံများ ပြိုင်ဆိုင်နေသည့်ခေတ်တွင် ဥရောပသည် မိမိကိုယ်ကို ကာကွယ်ရမည်ဟု မြူးနစ် ညီလာခံတွင် ငြင်းခုန်ရန်စောင်ဖူးကြပါသည်။

အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် "တရုတ်ကို ဦးစားပေးခြင်း" မှာ ယခုမှ မဟုတ်ပါ။  အနီးစပ်ဆုံးဆိုရလျှင် အိုဘားမားအစိုးရလက်ထက်ကတည်းကပင်   တရုတ်သည် အမေရိကန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ငြင်းခုံသူများမှာ ဝါရှင်တန် တွင် ဩဇာကြီးထွားခဲ့ကြပါသည်။ ယင်းအချက်မှာ သူတို့မှားနေပါသည်။ အကြောင်းရင်းမှာ ဤသို့ဖြစ်ပါသည်။

မည်သည့်ခြိမ်းခြောက်မှုကိုမဆို အကဲဖြတ်ရာတွင် အမေရိကန်သည် မိမိ၏ အဓိက အကျိုး စီးပွားများအား စိန်ခေါ်မှုများကို အကဲဖြတ်ခြင်းဖြင့် စတင်ရပါမည်။ တစ်နည်းအားဖြင့် ဆိုရသော် အမေရိကန်မူဝါဒချမှတ်သူများသည် နိုင်ငံ၏ တည်နေရာ၊ လူဦးရေ၊ နယ်မြေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ရိုက်ခြိမ်းခြောက်နေသော ခြိမ်းခြောက်မှုများကို ဦးစွာ ကြည့်သင့်ပါသည်။  ဤသို့ တွက်ချက်ပါက ရုရှားသည် ပထမ နေရာတွင်  ရှိနေပါသည်။

နျူကလီးယားထိပ်ဖူး  ၅,၅၈၀ ခု ပိုင်ဆိုင်ထားသော  ရုရှားက တရုတ်ပိုင်ဆိုင်ထားသည့်  ၆၀၀ ခန့်ထက် များစွာ သာလွန်နေပါသည်။ စွမ်းအင်နှင့် စိုက်ပျိုးရေးတွင် ကိုယ်ပိုင်လုံလောက်မှုရှိနေသည့် ရုရှားသည် ပြည်ပဈေးကွက်သစ်များကို ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ပြင်းထန်သော နိုင်ငံတကာအရေးယူပိတ်ဆို့မှု ဒဏ်ကို ခံရသော် လည်း  စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားသည် အမေရိကန်သမ္မတနှင့် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲများကို လွှမ်းမိုးရန် သတင်းမှားများ ဖြန့်ချိခဲ့ပြီး အမေရိကန်အဖွဲ့အစည်းများအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖန်တီးပေးခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် ဗီယက်နမ်နှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း စစ်မက်ဖြစ်ပွားခြင်း မရှိတော့သည့် တရုတ်နှင့်မတူဘဲ ရုရှားစစ်တပ်သည် ဂျော်ဂျီယာ၊ ဆီးရီးယားနှင့် ယူကရိန်းတို့တွင် တိုက်ပွဲအတွေ့အကြုံများ ရှိလာခဲ့ပါသည်။ တရုတ်က ဓားသွေးနေစဉ်တွင် ရုရှားသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော စစ်မြေပြင် ကို ဥရောပမြေမှာ ပြန်လည်ဖော်ဆောင်ခဲ့ပြီး လူပေါင်းများစွာ  သေဆုံးဒဏ်ရာရကာ မြို့တစ်မြို့လုံး  ပျက်စီးစေခဲ့ပါသည်။

ဥရောပသည် အမေရိကန်အတွက် အရေးပါသော နေရာဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂ(EU)နှင့် EU အဖွဲ့ဝင်မဟုတ်သော NATO မဟာမိတ်များဖြစ်သည့် နော်ဝေနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ စုစုပေါင်းဂျီဒီပီသည် ၂၂.၅ ထရီလီယံဒေါ်လာရှိပါသည်။ ထိုပမာဏမှာ တရုတ်၏ ၁၈.၅ ထရီလီယံထက်  သာလွန်နေပါသည်။ အမေရိကန်-ဥရောပ စီးပွားရေး မိတ်ဖက်ပြုမှုမှာ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုဆက်ဆံရေးလည်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်-ဥရောပကုန်သွယ်မှုပမာဏသည် ခန့်မှန်းခြေ ၁.၂ ထရီလီယံဒေါ်လာရှိပြီး အမေရိကန်၏ တရုတ်နှင့်ကုန်သွယ်မှုထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားပါသည်။ အမေရိကန်၏ ဥရောပရှိ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အာရှ-ပစိဖိတ်နိုင်ငံများထက် လေးဆနီးပါး ပိုမိုများပြားပါသည်။ အမေရိကန်ကုန်သွယ်မှုလုပ်ငန်းများအသင်းကြီးက "ကမ္ဘာပေါ်ရှိ မည်သည့်ဒေသ ၂ ခုမဆို  အမေရိကန်နှင့် ဥရောပလောက်  နက်ရှိုင်းစွာ ပေါင်းစည်းမှုမရှိပါ" ဟုဆိုထားပါသည်။  သို့ဖြစ်ရာ ယခုလို ကုန်သွယ်မှုဆက်ဆံရေးမျိုး  ပျက်ပြားသွားပါက အမေရိကန်နှင့် ကမ္ဘာ့ စီးပွားရေးအပေါ် ချက်ချင်းလက်ငင်း ဧရာမ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါသည်။

ဥရောပသည် အမေရိကန်၏ စာချုပ်စာတမ်းများအရ မဟာမိတ် ၃၀ ခု ခန့်ကို ပူးပေါင်း ဆောင်ရွက်နေသလို ကုလသမဂ္ဂကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်မြေပြင်တွင် ဝါရှင်တန်ကို  ထောက်ခံပေးနေပါသည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဥရောပစစ်သားထောင်ပေါင်းများစွာ သေဆုံးဒဏ်ရာရသွားခြင်းက သက်သေပြနေပါသည်။ အမေရိကန်သည် ဤမဟာမိတ်များနှင့်အတူ စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုအားကောင်းလာရန် လုပ်ဆောင်သင့်ပါသည်။ ဥရောပရှိ သမိုင်းဝင် မဟာမိတ်များကို စွန့်လွှတ်မည်ဆိုပါက အမေရိကန်စာချုပ်အရ ပစိဖိတ်ရှိ မဟာမိတ်များလည်း မလွယ်ကူ  နိုင်ပါ။ 

အမေရိကန်ရှေးရိုးစွဲများ၏ ဝေဖန်မှုများကြားထဲကပင် အမေရိကန်နှင့် နေတိုးမဟာမိတ် များသည် ၂၀၂၄ ခုနှစ်တွင် ကာကွယ်ရေးအတွက် ဒေါ်လာ ၄၈၅ ဘီလီယံ သုံးစွဲခဲ့ကြပါသည်။ ထိုပမာဏမှာ ရုရှား၏ သုံးစွဲမှုထက် လေးဆကျော်ပိုမိုကာ ၎င်းတို့၏ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း ထက် ကျော်လွန်ခဲ့ပါသည်။ ထိုစစ်သုံးစရိတ်များမှာ နောက်ပိုင်းတွင်  ဆက်လက် တိုးတက်လာရန်သာ ရှိပါသည်။ သတိပြုရမည့်အချက်မှာ ထိုကိစ္စကို ဖြေရှင်းရန် လိုအပ်သော အဆင်သင့်ဖြစ်မှုနှင့် စွမ်းဆောင်ရည်ကွာဟမှုများ ရှိနေသေးပါသည်။ မဟာမိတ်နိုင်ငံများစွာ၏ ကာကွယ်ရေးမူဝါဒများနှင့် စံနှုန်းများကို စေ့စပ်ညှိနှိုင်းခြင်းမှာ အမေရိကန် အတွက်  ပစိဖိတ်ဒေသတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါသည်။ သို့သော် ဥရောပသည် F-35 တိုက်လေယာဉ်၊ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်၊ M1-series တိုက်ပွဲဝင်တင့်ကားများနှင့် အခြားကာကွယ်ရေးပစ္စည်းများ ရောင်းအားမြင့်တက်လာမှုကြောင့် အမေရိကန်ကာကွယ်ရေးလုပ်ငန်းများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြပါသည်။

တဖန် အမေရိကန်၏ ဆက်လက်ထောက်ခံခြင်းနှင့် ဦးဆောင်မှုဖြင့် ဥရောပသည် ရုရှား၏ ခြိမ်းခြောက်မှုကိုရင်ဆိုင်နိုင်ပြီး ဥရောပတွင် စစ်ပွဲကျယ်ပြန့်မှုကိုတားဆီးကာကွယ်ရန် လိုအပ်သော လူအင်အား၊ ငွေကြေးနှင့် စစ်ရေးယန္တရားများ၏ အဓိကအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပါသည်။ သို့သော် ထိုအင်အားသည်ခိုင်မာသော အတ္တလန္တိတ် ချိတ်ဆက်မှု အထူးသဖြင့် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုအပေါ် မှီခိုနေပါသည်။ အမေရိကန် ပါဝင်ပတ်သက်မှုလျော့နည်းသွားပါက ဥရောပတွင် စစ်ပွဲကျယ်ပြန့်လာနိုင်ခြေမှာ ဖြစ်နိုင်သည်သာမက ဖြစ်လာနိုင်ခြေလည်း များပါသည်။ ထိုအချက်က  အမေရိကန်၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်လာခြိမ်းခြောက်ကာ ကမ္ဘာ့စီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာစနစ်၏ တည်ငြိမ်မှုကိုထိခိုက်စေနိုင်ပါသည်။
ရုရှားစစ်တပ်သည် ပြင်းထန်သော ဆုံးရှုံးမှုများရှိခဲ့သော်လည်း အလျင်အမြန် ပြန်လည် တည်ဆောက်နိုင်ပြီး တိုင်းတာချက်များအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို စစ်ပွဲမဆင်နွှဲမီကာလထက် ၎င်းစစ်အင်အားမှာ ပိုမိုကြီးမားလာခဲ့ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဤပဋိပက္ခကို ယူကရိန်းတစ်ခုတည်းနှင့်သာမက နေတိုးအဖွဲ့၊ အနောက်နိုင်ငံများနှင့်ဖြစ်ပွားနေသည့်စစ်ပွဲဟု အပြည့်အဝ ရှုမြင်ထားပါသည်။ ၂၀၂၂ ခုနှစ် ကတည်းက ဥရောပတွင် ရုရှား၏ ဖျက်ဆီးမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများလည်း သိသိ သာသာမြင့်တက်လာခဲ့သည်မှာ  ထိုအချက်ကို သက်သေပြနေပါသည်။ 

၂၀၀၈ ခုနှစ်တွင် မော်စကိုက ဂျော်ဂျီယာကို ကျူးကျော်ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ကာ ဒွန်ဘတ်စ်တွင် စစ်ပွဲစတင်ခဲ့သည့်တိုင်အောင်ဥရောပတွင် ရုရှား၏ အကြီးစားစစ်ပွဲတစ်ခု ဖန်တီးလာနိုင်မှု ဖြစ်နိုင်ခြေကို နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ များက နှစ်ကာလများစွာ လျှော့တွက်ခဲ့ကြပါသည်။ ယူကရိန်းကိစ္စပေါ်လာမှ ထိုအချိန်က ၎င်းတို့၏ အမြင်မှားယွင်းကြောင်း နောက်ပိုင်းတွင် အပြင်းအထန် ဝေဖန်ခံခဲ့ရပါသည်။  ပူတင်အနေဖြင့် အားနည်းချက်တွေ့ရှိပါက ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည် ဆိုသည်ကို  ထပ်ခါထပ်ခါ ပြသသွားခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်၏ အမျိုးသားလုံခြုံရေးလိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ရာတွင် တရုတ် ခြိမ်းခြောက်မှုအား  ပိုမိုကြီးကျယ်အောင် မပြောဆိုမိရန် အရေးကြီးလှပါသည်။ တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်တွင် စစ်သင်္ဘောအရေအတွက် ပိုမိုများပြားကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးများ မကြာခဏပြောဆိုနေကြသော်လည်း အမေရိကန် ရေတပ်မှာ သာလွန်အားကောင်းနေဆဲဖြစ်ပါသည်။ အမေရိကန်ရေတပ်တွင်တရုတ်ရေတပ် ထက် ခေတ်မီဆန်းပြားသော မစ်ဆိုင်းများ၊ ပိုမိုအရွယ်အစားကြီးသော ဖျက်သင်္ဘော၊ ကရူဆာ သင်္ဘောနှင့် ဖရီဂိတ်သင်္ဘော  အများအပြား ပိုမိုပိုင်ဆိုင်ထားပါသည် (တရုတ်ရေတပ်၏ အများစုဖြစ်သော ကမ်းရိုးတန်းစောင့်ကြပ်ရေး သင်္ဘောငယ်များနှင့် ဆန့်ကျင်ဘက်)။ ထို့ပြင် အမေရိကန်၏ နျူကလီးယားတပ်ဆင်ထားသော လေယာဉ်တင်သင်္ဘောများနှင့် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် တရုတ်ပိုင် အရေအတွက်ထက် များစွာသာလွန်ပြီး အမေရိကန်၏ ရေတပ်နည်းပညာများသည်လည်း   ပိုမိုအဆင့်မြင့်မားပါသည်။

ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့၏ မဟာမိတ်ရေတပ်များကို ထည့်သွင်းစဉ်းစားပါက အမေရိကန်ရေတပ် အားသာချက်သည်တရုတ်ထက် ပိုမိုကြီးမားလာပါသည်။ အမေရိကန်၏ လေတပ်အင်အားသည်လည်း အလားတူသာလွန်မှုရှိပြီး စတုတ္ထ မျိုးဆက်နှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ် အများအပြားရှိသည့်အပြင် C4ISR (စစ်တပ်၏  "အာရုံကြောစနစ်" ဟုခေါ်ဆိုလေ့ရှိသော ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး) တွင်လည်း အလွန်အမင်း သာလွန်နေ ပါသည်။ အမေရိကန်အတွက် မိမိသာလွန်မှုကို  မဟာမိတ်များက  ထပ်မံအားဖြည့်ပေးထား ပါသည်။ ကမ်းခြေဒုံးပစ်စနစ်များ၏ အကွာအဝေးအတွင်းတွင် တရုတ်သည် အန္တရာယ်ရှိသော ပြိုင်ဘက်ဖြစ်သော်လည်း ပင်လယ်ပြင်တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပါသည်။

ထို့အပြင် တရုတ်သည် မိမိအိမ်နီးချင်းမှာတွင်  ခိုင်မာသော မဟာမိတ်များ ကင်းမဲ့ခြင်း၊ မိမိ၏ စီးပွားရေးရှင်သန်ရေးအတွက် ရေကြောင်းကုန်သွယ်ရေးအပေါ် မှီခိုနေရခြင်းကြောင့် အားနည်းချက်ရှိနေပါသည်။ ထိုကုန်သွယ်ရေးလိုင်းများသည် စစ်ဖြစ်ပါက အလျင်အမြန် ပိတ်ဆို့ခံရနိုင်ပါသည်။ အမှန်စင်စစ်တရုတ်၏ ရေနံသွင်းကုန် ၈၀ ရာခိုင်နှုန်းသည် မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေပြီး ထိုနေရာသည် တရုတ်ရေတပ်၏ လက်လှမ်း မမှီသောအကွာအဝေးတွင် တည်ရှိပါသည်။ ထို့ထက်ပို၍ အမေရိကန်၏ လေတပ်နှင့် ရေတပ်အင်အားဖြင့် အားဖြည့်ထားသော အင်အားကြီးစစ်တပ်များရှိသည့်နိုင်ငံများက တရုတ်ကို ဝန်းရံထားပါသည်။ စီးပွားရေးတိုးတက်မှုနှေးကွေးပြီး ပြင်းထန်သော ပြည်တွင်း ပြဿနာများရှိနေသည့် တရုတ်သည် အကြီးစားဒေသတွင်းပဋိပက္ခ ဖြစ်ပွားပါက ထိထိ ရောက်ရောက်  တွန်းလှန်နိုင်မည် မဟုတ်ပါ။ 

သေချာသည်မှာ တရုတ်သည် ယနေ့အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် မိတ်ဖက်များအတွက် အရေးကြီးသော စိန်ခေါ်မှုများကို ဖန်တီးနေပါသည်။ဤပြဿနာများကို လျစ်လျူရှုထားရန် မသင့်ပါ။ ထို့အပြင် တိုးတက်လာသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်သည့် တရုတ်၏ ခြိမ်းခြောက်နိုင်စွမ်းနှင့် လိုအင်ဆန္ဒမှာ အနာဂတ်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိ ပါသည်။ ပေကျင်းသည် ၎င်း၏အနီးတစ်ဝိုက်ရှိ နိုင်ငံများအပေါ်  နိုင်ရင်နိုင်သလို နိုင်ငံရေး၊ စီးပွားရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများဖြင့် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းပါလိမ့်မည်။ သို့သော် အကြီးစားစစ်ပွဲတစ်ခုက တရုတ်ကွန်မြူနစ်ပါတီ၏ အသက်ရှင်ရပ်တည်ရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုကို  ဖြစ်စေနိုင်ပါသည်။

အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စီးပွားရေးနှင့်စစ်ရေးမဟာအင်အားကြီးနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် မဟာဗျူဟာမြောက် အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက မလိုလားအပ်သည့်  မဆင်ခြင်မှုမျိုး ဖြစ်လာစေနိုင်ပါသည်။ အာရှ-ပစိဖိတ်ဒေသကို အလွန်အမင်းအလေးပေးပြီး ဥရောပကို သီးသန့်ထားခြင်းမှာ ကျရှုံးမည့် အန္တရာယ်ရှိပြီး လက်မခံနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဥရောပနှင့် အာရှ-ပစိဖိတ်နှစ်ခုလုံးမှာ  ဝါရှင်တန်အတွက် အထူး အရေးကြီးလှပါသည်။ ထိုနှစ်ခုစလုံးမှာ  ဝါရှင်တန်၏ စစ်မှန်သော အလေးထားမှုနှင့် ကတိ ကဝတ်တို့နှင့်  ထိုက်တန်နေပါသည်။         ။