(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး
ရှေးခေတ်နှောင်းခေတ်မဟူ ခေတ်အဆက်ဆက်တွင်နေထိုင်လာခဲ့ကြသော လူတို့သည် ဘေးအန္တရာယ်အမျိုးမျိုးကို ကြောက်ရွံ့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မီးဘေးသည် တစ်ပါးအပါအဝင်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ငြှိမ်းသတ်နိုင်ရန် သက်ဦးစံပိုင်ဘုရင်များလက်ထက်ကပင် စီမံဆောင်ရွက်လာခဲ့ကြသည်။ မီးသတ်လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက်တည်းလုပ်၍မရဘဲ လူအများပေါင်းစပ်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ရာ အုပ်ချုပ်သူ ဘုရင်များ၊ ရဲမက်များ၊ ပြည်သူများ၏ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိရောက်စွာကာကွယ်နိုင်ကြောင်း ရှေးကပင် သိရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာဘုရင်များလက်ထက်ကပင် မီးဘေးလုံခြုံရေးအတွက် အထူး အလေးထားဆောင်ရွက်ခဲ့ကြသည်။ ပုဂံမင်းဆက် ၄၃ ဆက်မြောက်မင်းဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင် ပုဂံမင်းနေပြည်တော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကပ်သား(မီးသတ်သမား) ၆၆၃ ဦးကိုခန့်ထား၍ နေ့စဉ်ပင် မီးကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုရန် မောင်းကြေးနင်းခတ်၍ နှိုးဆော်သတိပေးစေခဲ့ကြောင်း၊ ပုဂံမင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးအတွက်ထားရှိသည့် မီးကပ်သားအရေအတွက်နှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အစွဲပြု၍“သောသောညံ ပုဂံမီးဆော်မောင်း” ဟူ၍ အတိုကောက်လင်္ကာဖြင့် အစဉ်အဆက်မှတ်သားခဲ့ကြသည်။
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့တို့၏ မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသော အင်္ဂလိပ်များ၊ ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ မြို့ကြီးများမှ ကျန်မြို့ငယ်ရွာငယ်များ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအားလျစ်လျူရှုထားသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမြို့ရွာများတွင် အမျိုးသားရေးစိတ်ဓာတ်ရှိသော ဩဇာအာဏာနှင့် စည်းရုံးရေးကောင်းသော ရပ်ရွာမျက်နှာဖုံးပုဂ္ဂိုလ်များက ဦးစီးဦးဆောင်ပြုလျက် မိမိတို့မြို့ရွာမီးဘေးကာကွယ်ရေးအတွက် အမျိုးကိုစောင့်ရှောက်သည့် မျိုးချစ်အပျော်တမ်း မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက်ထူထောင်လာခဲ့ကြသည်။
ထိုသို့ မီးသတ်တပ်ဖွဲ့အမျိုးမျိုးရှိသော်လည်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့များ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ကိုယ့်အဖွဲ့နှင့်ကိုယ် ရပ်တည်နေခဲ့ကြရာမှ အမြော်အမြင်ရှိသော မီးသတ်တပ်ဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံးစုစည်းညီညွတ်သော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းလာခဲ့သည်။
ပထမအကြိမ် မီးသတ်ညီလာခံ
စေတနာ့ဝန်ထမ်း အစည်းအရုံးများစုစည်းရန်အတွက် ဗမာပြည်လုံးဆိုင်ရာမီးသတ်အစည်း အရုံး ပထမအကြိမ်ညီလာခံကို ၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေး ဇိနတ် (ဇိနတ္တူ) အစ္စလာမ် မိန်းကလေးကျောင်းခန်းမ၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့သည်။ ညီလာခံကို တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။
ညီလာခံပထမနေ့တွင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဆွေနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက မီးသတ်လုပ်ငန်းနှင့်ပတ်သက်၍ မိန့်ခွန်းတွင်‘‘မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေးနှင့် မီးသတ်တပ်ဖွဲ့အခြေအနေ
မြန်မာနိုင်ငံ၏အခြေအနေသည် ထိုကာလများဆီကအစစအရာရာ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကိုခံခဲ့ရသည့်အပြင် လွတ်လပ်ရေးရလုရခင် နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများရှိနေခြင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု၊ ဘေးဒဏ်အမျိုးမျိုးခံရခြင်းတို့ကို ရင်ဆိုင်ခံစားခဲ့ရသည်။ အဆိုပါအခြေအနေများကြောင့် လူထုအနေဖြင့် စစ်ဘေးစစ်ဒဏ်၊ မီးဘေးမီးဒဏ်ကို ဆိုးရွားစွာခံစားခဲ့ကြရသည်။
တစ်ဖက်တွင်လည်းမီးသတ်အဖွဲ့အစည်းများအနေဖြင့် တစုတစည်းတည်း စုရုံးထားနိုင်သေးသည့် အခြေအနေတွင်သာရှိသေးပြီး တပ်ဖွဲ့အဖြစ် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဖွဲ့စည်းထားနိုင်ခြင်းမဟုတ်သလို တစ်နိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအားလုံးအတွက် ပြဋ္ဌာန်းထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော အခြေအနေတွင်ရှိနေသည်။ ထို့ပြင် လွတ်လပ်ရေး ရပြီးခါစ အုပ်ချုပ်ရေးစနစ်ကလည်း စပ်ကူးမပ်ကူးကာလဖြစ်နေသည့်အလျောက် မီးသတ်အဖွဲ့အစည်းများတွင် နိုင်ငံခြားသားအုပ်ချုပ်မှုများက ရှိနေသေးသည်။ စနစ်ကအခြေမခိုင်ခင် အပြောင်းအလဲလည်း များခဲ့သည်။ သို့သော် မီးသတ်တပ်ဖွဲ့၏ဖွဲ့စည်းမှုပုံသဏ္ဌာန်က ပီပြင်မှုရှိလာသည်။
မီးသတ်အစည်းအရုံးကြီး၏ မျှော်မှန်းချက်များဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ဖွဲ့စည်းပြီးသည့်အခါ မီးသတ်အစည်းအရုံးကြီးက အဖွဲ့အစည်း၏ ရည်မှန်းလုပ်ဆောင်ရန်အချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုခေတ်က မီးသတ်တပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုခဲ့သူများ၏အမြော်အမြင်နှင့် ဦးတည်ချက်ကိုတွေ့မြင်ရသည်။ အဖွဲ့ကြီး၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလေ့လာကြည့်လျှင် ၎င်းတို့က မီးသတ်အစည်းအရုံးကြီးကို မီးငြှိမ်းသတ်ရန်တစ်ခုတည်းရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရမည်ဖြစ်သည်။ မီးသတ်အစည်းအရုံးကြီး၏လုပ်ငန်းစဉ်ကို သုံးပိုင်းခွဲထားသည်။
ပထမပိုင်းတွင် ပြည်သူ့အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွင် မီးဘေးကာကွယ်ရေး၊ သူနာပြုခြင်း၊ ရောဂါဆိုးနှင့် လူဆိုးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဟူ၍ လုပ်ငန်းအဆင့်များခွဲခြားထားသည်။
လုပ်ငန်းအဆင့်တစ်ခုချင်းစီ၏ အမည်ကိုမြင်လိုက်သည်နှင့်လုပ်ဆောင်သည့်အကြောင်းအရာကို တန်းခနဲမြင်နိုင်သည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ လူဆိုးဘေးမှ မြို့ရွာလူထုအေးငြိမ်းအောင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် မီးဘေးဒုက္ခသည်များသာမက ရေဘေး၊ လေဘေး ဘေးဒုက္ခရောက်နေသူများကို ကယ်ဆယ်၍နေရာချပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။
ဒုတိယပိုင်း၌ စေတနာ့ဝန်ထမ်းလုပ်ငန်းရပ်များတွင် အိမ်တွင်းအရေးများသာမက ရပ်ရွာအရေး ကိစ္စများကိုပါ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ထားခြင်းဖြစ်သည်။ ကျေးလက်နေပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အထိ ရည်မှန်းထားသည်။ တတိယပိုင်းက ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကိုပါ ဦးတည်လုပ်ဆောင်ရန် ပစ်မှတ်တည်ထားခဲ့ခြင်းဖြစ်သည်။
သမိုင်းမှတ်တမ်းတင်ရမည့်နေ့
ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်နိုင်လိုက်ခြင်းသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့များအနေဖြင့် သူ့နယ်ကိုယ့်နယ်၊ သူ့ဝါဒကိုယ့်ဝါဒဖြင့် စီမံဆောင်ရွက်နေရာမှ အားလုံးတစ်ပြေးညီ တစ်မိုးအောက်တွင် အတူတကွပူးပေါင်းဆောင်ရွက်လာနိုင်ကြသည်။ တစ်ချိန်က ဝါသနာပါရာအလုပ်တစ်ခုအဖြစ် အပျော်တမ်းမီးသတ်တပ်ဖွဲ့ကိုဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း ထိုသို့ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မည်သည်က မည်သို့ဂုဏ်ယူရမည်ဆိုသည့်အချက်ကို မသိခဲ့ကြချေ။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောမိန့်ခွန်းပါအချက်အလက်များသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့ဝင်များကို အားတက်စေခဲ့သည်။ မီးသတ်လုပ်ငန်းသည် လူငယ်လူရွယ်များကို မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်ကြောင်း ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံကြီး၏ဆုံးဖြတ်ချက်အရ ၁၉၄၆ ခုနှစ် မေလ ၅ ရက် “အစည်းအရုံးကြီးတည်ထောင်သောနေ့ကို မီးသတ်နေ့ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့)(BurmaFire Services Day-B.F.S Day)” ဟု တညီတညွတ်တည်းသတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၉) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ပြုတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
သွေးလေးဖက်နာ ရေနွေးစိမ်ပါ
ရေနွေးစိမ်ခြင်းသည် အဆစ်ရောင်၊ အဆစ်အမျက် ကိုက်ရောဂါ၊ လေးဖက်နာဝေဒနာသည်များအတွက် အလွန်ကောင်းသောနည်းဖြစ်သည်။ ရေနွေးစိမ်ကုသခြင်းကို ဂျပန်နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများတွင် များစွာတွေ့ရသည်။ စာရေးသူ မဲခေါင်မြစ်ဝှမ်း ဒေသခြောက်နိုင်ငံ တိုင်းရင်းဆေးဆရာများတွေ့ဆုံပွဲ တတိယအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်လေ့လာခဲ့စဉ်ကအစိုးရဆေးရုံများ သာမက ပုဂ္ဂလိကဆေးရုံများတွင် ရေနွေးစိမ်ကန်များ ကို သစ်သားစည်ကြီးများအသုံးပြု၍ ပြုလုပ်ထား သည်ကို တွေ့ရသည်။ဂျပန်နိုင်ငံသားများ ရေချိုးသည့်အခါ ရေနွေးကို စိမ်ချိုးကြသည်ဟု ငယ်စဉ်ကကြားဖူးသည်။ ၎င်းတို့ ရိုးရာဓလေ့မှာ ညောင်းညာကိုက်ခဲမှုကို ပြေလျော့စေသောနည်းလမ်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ဆေးပင်၊ ဆေးမြစ်များကိုပြုတ်ပြီး ရေနွေးစိမ်ခြင်း၊ ဆေးပြုတ်ရည်ဖြင့် ရေချိုးခြင်း၊ ခြေထောက်စိမ်ခြင်းများကိုလည်း တွေ့ခဲ့ရသည်။
ရေနွေးစိမ်ရန် ကန်အခက်အခဲရှိပါက ရေနွေးကို ပုံးဖြင့်ထည့်ပြီး ရေအေးဖြင့်သင့်တင့်အောင် စပ်ချိုးနိုင်ပါသည်။ ရေနွေးအတွင်း ဆားလက်တစ်ဆုပ်ခန့် ထည့်ပြီးချိုးလျှင် ပိုကောင်းသည်။ ဆားရည်နွေးသည်ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များကို ပွင့်စေသည်။ ငုပ်နေသော အခိုးအကင်းများကို အပြင်သို့ထွက်သွားစေသဖြင့် ညောင်းညာကိုက်ခဲမှုများ လျော့သွားစေ နိုင်သည်။တချို့ဒေသများ၌ သဘာဝနည်းအတိုင်းထွက်နေသော ရေပူစမ်းများရှိသည်။ ရေပူစမ်းမှာ ရေတွင် ထုံးဓာတ်တစ်မျိုးလွန်ကဲပြီး ပူနွေးနေသောရေမျိုး ဖြစ်သည်။ ယင်းရေပူစမ်းများတွင် စိမ်ခြင်းဖြင့် ညောင်းညာမှုများ ပြေလျော့စေသည်။ငပလီ၊ ချောင်းသာကမ်းခြေတို့၌ အပန်းဖြေသူများသည် ပင်လယ်ရေ(ဆားငန်ရည်)ကို စိမ်ချိုးရသည့် အပြင် ပင်လယ်ဘက်မှ တိုက်ခတ်လာသော ဆားပါသောလေကိုပါ ရှူရှိုက်ရသဖြင့် ကျန်းမာရေးကောင်း စေသည်ဟု ယူဆကြသည်။ကလေးများ ပိုလီယိုလေးဖက်နာဖြစ်ပြီး အဆစ်များ ကောက်ကွေးနေခြင်းကို နှစ်နှစ်သားအရွယ်မှစ၍ ရေနွေးစိမ်နှိပ်ပေးခြင်းဖြင့် ကောက်နေသော အရိုးအဆစ်များကို ပြန်ဖြောင့်အောင် ကုသပေးနိုင်ကြောင်း သိရသည်။ ရေစိမ်ကန်မရှိလျှင်လည်း ကလေးကို သံစည်ပိုင်းပြတ်တွင် အောက်မှမီးဖိုပေး၍ ရေကိုနွေးအောင် ပြုလုပ်၊ ဆားအနည်းငယ်ထည့်ပြီး စိမ်စေခြင်းဖြင့် ပိုလီယိုရောဂါကို ပြန်လည်သန်စွမ်းအောင် ကုသနိုင် ပါသည်။
ဂေါက်ရောဂါခေါ် ခြေမဆစ်၊ ခြေမျက်စိ၊ ခြေချင်းဝတ် အဆစ်ရောင်ရောဂါရှိသူများမှာ ဆားလက်တစ်ဆုပ်ထည့်ရေအေးသင့်အောင်ရောပြီး ခြေမျက်စိမြုပ်အောင် စိမ်ပေးခြင်းဖြင့် အဆစ်ရောင်နာကို သက်သာစေနိုင်သည်။ တစ်ကြိမ်ရေနွေးစိမ်လျှင် အနည်းဆုံး ၁၅ မိနစ်မှ နာရီဝက်အထိသာ စိမ်သင့်သည်။ ဂေါက်ရောဂါသည် ဆားရည်နွေးစိမ်ခြင်းဖြင့် သုံးရက်အတွင်း သက်သာစေနိုင်သည်။သွေးလေးဖက်နာမှာ လေးဖက်နာမှန်သမျှတို့တွင် ကုသရအခက်ဆုံးဖြစ်သည်။ လူ့ဘဝတွင်ဝဋ်နာ၊ ကံနာ ဟု ရှေးလူကြီးများပြောသည့်စကားမှာ သွေးလေးဖက် နာကဲ့သို့ ဝေဒနာမျိုးတွင် မှန်ကန်နေပေသည်။လူ့ခန္ဓာကိုယ်တွင် သွေးသည် အသက်၊ အသက် သည်သွေးပင်ဖြစ်သည်။ သို့သော် မိမိသွေးကဖောက် ပြန်၍ မိမိကိုယ်မိမိပြန်တိုက်ခိုက်သဖြင့် အဆစ်များ ဒဏ်ရာအနာတရဖြစ်ပြီး ပွန်းစားကုန်သောရောဂါကို သွေးလေးဖက်နာဟုခေါ်သည်။
သွေးလေးဖက်နာဖြစ်ပြီးနောက် ရုပ်ပျက်ဆင်းပျက် အဆစ်များကောက်ကွေးကုန်သည်အထိ ဖြစ်ရသော လေးဖက်နာအမျိုးအစားမှာ ဆေးတွေ့ရန်ခက်ခဲ သည်။ ပိုးလေးဖက်နာကဲ့သို့ ပင်နီဆီလင်ဆေးနှင့်လည်း မပျောက်ကင်းနိုင်ပေ။ သွေးလေးဖက်နာကို ပိုးလေးဖက်နာထင်ပြီး အနာတခြား ဆေးတခြား ဖြစ်ကာ ကျောက်ကပ်ပါ ပျက်စီးနိုင်သည်။
သွေးလေးဖက်နာနှင့် တခြားအဆစ်ရောင်
လေးဖက်နာ၊ ပိုးလေးဖက်နာများ ကွဲပြားသည့်အချက် မှာ ဘယ်ဘက်လက်ချောင်း သုံးချောင်းရောင်လျှင် ညာဘက်လက်ချောင်း သုံးချောင်းမှာလည်း ထပ်တူ ရောင်သည်။ ရောင်သည့်အဆစ်များမှာ ဂေါက်ရောဂါ ကဲ့သို့ အထိမခံနိုင်အောင် မနာကျင်သော်လည်း အတွင်းသို့ဖိကြည့်လျှင် နာကျင်ပြီး ကြာသောအခါ အရိုးများပွန်းစားကာ အကိုင်အတွယ် များသော လက်ချောင်းများ ကွေးကောက်သွားသည်။ အကြည့်ရဆိုး သည်။အနောက်တိုင်းတွင် ထိုကောက်ကွေးသွားသော အဆစ်များကို ပြန်ဆန့်ပေးနိုင်ရန် မီးလုံးဖြင့်အပူပေးခြင်း၊ ဖယောင်းတစ်မျိုးကိုအပူပေး၍ အရည်ပျော်စေပြီး ကပ်ပေးခြင်း စသည့် ရူပကုထုံးများဖြင့် ကုသပေးလေ့ရှိသည်။ သူ့နည်းနှင့်သူ စနစ်တကျကုသလျှင်၊ စိတ်ရှည်ရှည်ကုသလျှင် အဆစ်များကောက်ခြင်းကို ကာကွယ်နိုင်ပါသည်။သွေးအတွင်းမှ ဖောက်ပြန်မှုအတွက် ဆေးအတိ အကျမရှိဘဲ ပရက်ဒီစလုံးကဲ့သို့ ဆေးလုံးများဖြင့်သာ ကုသပေးလေ့ရှိသဖြင့် နောက်ဆက်တွဲ အရိုးကျိုးခြင်း၊ အရိုးဆွေးခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လမ်း မလျှောက်နိုင်ခြင်း၊ လေဖြတ်ခြင်းတို့ပါ ဖြစ်နိုင်သည်။ထိုသွေးလေးဖက်နာအတွက် စာရေးသူ၏အတွေ့ အကြုံအရ တစ်ဖက်တစ်လမ်းမှ သက်သာစေနိုင်သော နည်းလမ်းများရှိပါသည်။ ယင်းတို့မှာ ရေနွေးစိမ်ခြင်း၊ ဆီလိမ်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းကုသခြင်း တို့ဖြစ်သည်။
အဆစ်ရောင်ပျောက်သော ကျားမနိုင်နွယ်ပင်
ကျားမနိုင်မြစ်ဟု အများကခေါ်ကြသောအပင်မှာ နွယ်ပင်ကြီးဖြစ်သည်။ ယင်းကျားမနိုင်နွယ်ပင်၏ ထိပ်ဖြတ်ပိုင်းတွင် ကျားခြေရာနှင့်တူသော အကွက် များကိုတွေ့ရသည်။ ထို့ကြောင့်ပင် ကျားမနိုင်ပင်ဟု ခေါ်ကြခြင်းဖြစ်သည်။
သနပ်ခါးသည် အအေးဖြစ်သည်။ သွေးလိမ်းလျှင် အေးမြသောအရသာကို အရေပြားပေါ်တွင်ဖြစ်စေသည်။ ကျားမနိုင်သည်လည်း အအေးပင်ဖြစ်သည်။ ကျောက်ပျဉ်တွင် သွေးလိုက်လျှင် နီကြင်ကြင်အရောင်များ ထွက်လာသည်။ သို့သော် အရေပြားပေါ်သို့ လိမ်းလိုက်သောအခါ သနပ်ခါးကဲ့သို့ပင် အေးမြမှုကိုခံစားရသည်။
ပူ၍ရောင်သော အဆစ်ရောင်ရောဂါမှန်သမျှ ကျားမနိုင်နှင့်သင့်သည်။ တစ်ခါက ဝက်သားစား၊ မျှစ်ချဉ်စားပြီး ခြေမဆစ်ကြီးရောင်လာသူတစ်ဦးကို တွေ့ဖူးသည်။ ယင်းခြေမဆစ်မှာ နီရဲနေပြီး ဖိနပ်မစီးနိုင်၊ ခြေမထောက်နိုင်၊ ခြေတွဲလောင်းချထိုင်နေလျှင်ပင် တစစ်စစ်ကိုက်နေသည်။ဤကဲ့သို့သော အဆစ်ရောင်ခြင်းအတွက် ကျားမနိုင်သွေးလိမ်းလျှင် အလွန်သင့်လျော်သည်။ လိမ်းလိုက်လျှင် အေးသွားပြီး အပူများအငွေ့ပြန်သလိုဖြစ်ကာ လိမ်းထားသောဆေးမှာ အမြန်ခြောက်သွေ့သွား သည်။ ဆက်ထားလျှင် ဆေးဖတ်များအက်ကွဲပြီး ကွာကျသွားလေသည်။ ထိုအခါ ကျားမနိုင်နွယ်ကို ထပ်မံသွေးပြီး လိမ်းပါ။ တဖြည်းဖြည်း အပူလျော့သွားပြီး အရောင်လည်း ကျသွားသည်ကို တွေ့ရမည် ဖြစ်သည်။
ကျားမနိုင်ကို အပူနာမှန်သမျှလိမ်းပေးနိုင်သည်။ မျက်စိနာလျှင် ကျားမနိုင်သွေးပြီး မျက်လုံးတစ်ဝိုက် ကွင်းပေးပါက ရဲနေသောမျက်သားများ ပြန်ဖြူလာနိုင်သည်။ မျက်ရိုးကိုက်လျှင်လည်း ကျားမနိုင်ကို မျက်ခွံနှင့် မျက်ခုံးပေါ်တွင် လိမ်းပေးပါက သက်သာစေနိုင်သည်။အာသီးရောင်၊ လည်ချောင်းနာ၊ အပူငုပ်၊ အသံဝင်လျှင် ကျားမနိုင်ကိုသွေးပြီး လည်ပင်း၊ မေးအောက်တွင် သုံးကြိမ်ခန့် လိမ်းပေးလျှင် သက်သာစေနိုင်သည်။မမှည့်မပေါက်ဘဲခဲနေသော ဝက်ခြံ၊ သွေးစုနာ၊ ကိန္နရာနာစသော အပူဖုများကိုလည်းကျားမနိုင် သွေးလိမ်းပေးလျှင် သက်သာစေနိုင်သည်။အနာနုလျှင်မပေါက်ဘဲ အဖုပျောက်ပြီး ချပ်သွားစေနိုင်သည်။ ဒဏ်ရာဟောင်းများကိုလည်း အမာရွတ်မထင်စေရန် ကျားမနိုင်ကို လိမ်းပေးနိုင်သည်။လေးဖက်နာအတွက် ကောက်သွားသော လက်ချောင်း၊ အဆစ်လေးများ ဖုထစ်နေသော ကျီးပေါင်းဆစ်များကို ကျားမနိုင်သွေးလိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ကျားမနိုင်ကို ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ တချို့က ကျားမနိုင်အပြင်အခေါက် ကိုခွဲပြီး တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြ သည်။ တချို့က ကျားမနိုင်နွယ်မှအဆီကို နည်းအမျိုးမျိုးဖြင့်ထုတ်ယူကြသည်။ ကျားမနိုင်မှာ သောက်သုံးလျှင် ဝမ်းသွားလွန်တတ်သဖြင့် သောက်ဆေးအဖြစ် သုံးစွဲမှုမပြုကြပေ။ လိမ်းဆေးအဖြစ် သုံးစွဲခြင်းမှာ အန္တရာယ်ကင်းပြီး ထိရောက်မှုလည်း ရှိသော ဆေးအေးအမျိုးအစားဖြစ်သည်။
အဆစ်ရောင်နာနှင့် ကွမ်းရွက်ကပ်ခြင်း
တချို့အဆစ်ရောင်နာများမှာ မပူ၊ မရောင်ဘဲ အတွင်းမှနာသော အဆစ်ရောင်မျိုးလည်းရှိသည်။ ထိုရောဂါမျိုးသည် မိုးရွာတော့မည်ဆိုလျှင် အရိုးထဲမှ ကိုက်လာသည်။ တချို့မှာ ရေကိုင်ခြင်း၊ အဝတ်လျှော်ခြင်းများပြုလုပ်လျှင်ပင် အဆစ်ကိုက်လာသည်။ထိုကဲ့သို့သော အဆစ်ရောင်နာမျိုးကို လိမ်းဆေး အဆီ၊ ပရုတ်ဆီ၊ လေးညှင်းဆီ၊ မုန်ညင်းဆီတို့ လိမ်းပေးလျှင် သက်သာစေနိုင်သည်။ ဖြစ်နိုင်လျှင် အဆီကို မီးဖြင့် အပူပေးပြီးမှ စိမ့်ဝင်အောင်လိမ်းပေးလျှင် ပို၍သက်သာစေနိုင်သည်။အတွင်းအရိုးထဲမှနာသော အဆစ်နာများအတွက် လွယ်လွယ်ကူကူနှင့်ထိရောက်သောကုသနည်းမှာ ရိုးရာကုထုံးကွမ်းရွက်ကပ်ခြင်းပင်ဖြစ်သည်။
ကွမ်းရွက်ပြောင်ချောနေသောဘက်ကိုမီးအပူပေးပြီးအနည်းငယ်ပျော့ပျောင်းလာသောအခါ အဆစ်ပေါ်တွင် ကပ်ထားရုံသာဖြစ်သည်။ ကပ်နည်းမှန်ကန်လျှင် တော်တော်နှင့်ကွာမကျပါ။ ကွမ်းရွက်ကို အဆစ်၏အရွယ်အစားကိုလိုက်၍ အနေတော်ဖဲ့ပြီး အသုံးပြုနိုင်သည်။ လက်ဆစ်၊ လက်ချောင်းလေးများအတွက်ဆိုလျှင် ကွမ်းရွက် ကို အနေတော်ဖဲ့ပြီး မီးကင်ကပ်ပေးရမည်ဖြစ်သည်။ လက်ချောင်းငါးချောင်းစလုံး တစ်ချောင်းစီ စိတ်ရှည် ရှည်ကပ်ပေးရန်လိုသည်။ခြေမျက်စိဆစ်၊ ခြေမဆစ်၊ ဒူးဆစ်များအတွက်ဆို လျှင်ကွမ်းရွက်ကိုအဆစ်ပုံသဏ္ဌာန်လိုက်၍ဖဲ့ပြီး ကပ်ရန်လိုပေသည်။ကွမ်းရွက်သည် ဒဏ်နှင့်အတွင်းငုပ်နေသော ရောဂါများကိုဆွဲထုတ်နိုင်သောအစွမ်းရှိသည်။ မျက်လုံးတွင်ကပ်လျှင် မျက်စိဒီဂရီကို လျော့စေနိုင် သည်။ မျက်စိဒဏ်နှင့် တိမ်ရောဂါများပင် ကွမ်းရွက်ကပ်၍ပျောက်ကင်းဖူးသော သာဓကများစွာရှိသည်။
နားကိုက်ရောဂါရှိသူသည် နားရွက်နောက် နားအုံအရိုးဖုပေါ်တွင် ကွမ်းရွက်ကို ပုံစံကျဖဲ့ပြီး ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ယင်းရောဂါသည် နားစည်အတွင်းပိုင်းရှိ အရိုးနုငယ်လေးများရောင်သောရောဂါဖြစ်သည်။ စားဆေးနှင့်မပျောက်ဘဲကွမ်းရွက်အုံ၍ ပျောက်သောသူကို တွေ့ရဖူးသည်။ တစ်ခါက ဆိုင်ကယ်နှင့်စက်ဘီးတိုက်မိရာတွင် စက်ဘီးလက်ကိုင်နှင့် ဆောင့်မိသဖြင့်ဘယ်ဘက်ရင်အုံနှလုံးတည့်တည့်တွင် အောင့်နေသူ အမျိုးသမီးငယ်တစ်ဦးကိုကုသဖူးသည်။ နူးညံ့သောရင်သား ဖြစ်၍ ပရုတ်ဆီလိမ်း၍လည်းမဖြစ်၊ ရင်အုံအောက်၌ ရှိသော နံရိုးများကြား အမြှေးပါးရောင်သွားသော ဝေဒနာဖြစ်သည်။ နောက်ဆုံး ကွမ်းရွက်ကိုမီးကင်ပြီး ရင်သားအောက် နံရိုးပေါ်တွင် ကပ်ပေးခြင်းဖြင့် သက်သာသွားသည်။ငွေကုန်ကြေးကျမရှိဘဲ လွယ်လွယ်ကူကူနှင့် ပျောက်ကင်းသွားသည်မှာ ခဲယဉ်းသော အရိုးအဆစ် ဖုရောင်သောဝေဒနာဖြစ်သည့်အတွက်ကွမ်းရွက် သည်ဆေးဖက်ဝင်အသုံးပြုနိုင်ကြောင်ရေးသား လိုက်ရပါသည်။
Source: https://myawady.net.mm/stories
Photo : Steemit
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်း ဦးတည်ချက်များချမှတ်ဆောင်ရွက်နေသကဲ့သို့ သီးနှံများဓာတ်ကြွင်းအာနိသင်လျော့နည်းပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးမှုအာဟာရတန်ဖိုးများကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာစိုက်ပျိုးခဲ့သောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်း (မိုးနှောင်းနှမ်း)စသည်ဖြင့် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး မြေနှင့် အစိုဓာတ်အပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေ အထိမြင့်နိုင်ပြီး အပူပိုင်းဒေသတွင် ၃ ပေ မှ ၅ ပေ အထိရှိနိုင်ကြောင်း သိရသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး ဆုံးရှုံးမှုလည်းနည်းပါးကာ ငှက်၊ ကြွက် စသည့်အကောင်များ၏ ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့်ပိုးများကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။ နှမ်းသီးနှံသည် ဆီထွက်သီးနှံစိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများအလွယ်တကူစိုက်ပျိုးနေသည့် သီးနှံဖြစ်သည်။ နှမ်းသည် ဆီထွက်သီးနှံစိုက်ဧရိယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့် နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့် ဒေသများတွင် တစ်ဧကတင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် လိုအပ်ကြောင်းတိုက်တွန်းလိုသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ စိုက်ပျိုးမြေအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၇၁ ရာခိုင်နှုန်းကျော်သည် မိုးနှမ်းသီးနှံစိုက်ဧရိယာများဖြစ်သည်။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ ပြည်ပပို့ကုန် ဈေးကွက်ကောင်းရရှိသည့် နှမ်းမျိုးသန့်များ အာဟာရတန်ဖိုးမလျော့ကျစေရေးနှင့် ဓာတ်ကြွင်းအာနိသင်မရှိစေရေး၊ နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူများသိရှိလိုက်နာလာစေရန်၊ တောင်သူများ၏ သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုအပေါ် သိပ္ပံနည်းကျလေ့လာသုံးသပ်၍ ခေတ်မီနည်းပညာများလိုက်နာကျင့်သုံး လာစေရန်၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ပြီး စိုက်ပျိုးရေးကဏ္ဍများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောသူများလည်း ကျယ်ပြန့်စွာပါဝင်ဆောင်ရွက်လာခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ တိုးတက်ထုတ်လုပ်နိုင်စေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။
တောင်သူများအနေဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် အောက်ပါနည်းပညာများကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုသည်။နှမ်းသည် ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သောမြေမျိုး၊ မစေးလွန်းမဖွယ်လွန်းသောမြေမျိုးနှင့် မချဉ်လွန်းမငန်လွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အစိုဓာတ်ထိန်းသိမ်း၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်သည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်သည်။
နှမ်းသည် မြေ၏ အပူချိန် ၇၀° F / ၂၁°C ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀°F / ၂၆°C ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးသည်။ နှမ်းမှာမိုးရေချိန်လက်မ ၂၀ ခန့်ကို ညီညွတ်မျှတစွာရပါက လုံလောက်သည်။ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်သည်။မိုးကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင် တစ်ကြိမ်၊ စိုက်ပြီး အပင် ၄ - ၆ လက်မရှိချိန် သို့မဟုတ် ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင် တစ်ကြိမ် စုစုပေါင်း ရေသုံးကြိမ်ပေးသွင်းသင့်သည်။ စိုထိုင်းဆအနေဖြင့် ၇၀ ရာခိုင်နှုန်းအောက်ကျပါက အပွင့်အောင်မြင်မှုနည်းသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ ၄၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်သည်။လက်ရှိစိုက်ပျိုးလျက်ရှိသောနှမ်းမျိုးများမှ ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်း ကွဲပြားလျက်ရှိသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြသည်။
နှမ်းလျင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီ-မတ်လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် မေ-ဇွန်လတွင်စိုက်ပျိုးနိုင်သည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ - နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ အသက်ရက်မှာ ၇၅ - ၉၀ ရက်ခန့်ရှိသည်။နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် ဩဂုတ် - စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ နေ့တာတုံ့ပြန်မှုရှိသဖြင့် အခြားအချိန်တွင် စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်မှာ ၁၂၀-၁၃၅ ရက်ခန့်ရှိသည်။ သက်လျင် သက်ရက် ၆၀-၇၀၊ သက်လတ်သက်ရက် ၈၀-၉၀၊ သက်ကြီးသက်ရက် ၁၂၀-၁၅၀ ဟူ၍လည်း သက်ရက်အလိုက် နှမ်းမျိုးအုပ်စုသုံးမျိုးခွဲခြားကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးများ၏အများစုမှာ ကိုင်းဖြာသောမျိုးများဖြစ်ကြသည်။ တစ်ပင်တိုင်ကိုင်းမဖြာမျိုးအချို့လည်းရှိသည်။နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှ တိုးထွက်နိုင်ရန် ထွန်ရေးညက်ရန်လိုသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန်လိုအပ်သည်။ မိုးဦးစိုက်ပျိုးပါက သင်္ကြန်မတိုင်မီ မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန်လိုအပ်သည်။ ထယ်ရေးနက်နက်ရရှိစေရန်သုံးသွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်သည်။သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကျမ်းတုံးဖြင့် ဖုံးဖိထားရမည်။ ဒလိမ့်တုံး၊ ဓားကျမ်းတုံးများကိုသုံး၍လည်း ထယ်ခဲခြေပေးပြီး ထွန်ရေးပြုပြင်နိုင်သည်။
နှမ်းစိုက်ရန်အတွက် သင့်လျော်သည့်အတန်းအကွာအဝေးမှာ တစ်ပင်တိုင်မျိုးအတွက် ၂၁ လက်မ၊ ကိုင်းဖြာမျိုးအတွက် ၁၅ လက်မဖြစ်သည်။ ပင်ကြားမှာ ၄ လက်မဖြစ်သည်။ မြေသန်လျှင် ၁၈ လက်မအတန်း စိုက်ပျိုးနိုင်သည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုသည်။ ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ဘဲ အပင်ပေါက်ညံ့မည်ဖြစ်သည်။ တစ်ဧကလျှင် မျိုးစေ့ ၂-၄ ပြည်အထိ အသုံးပြုနိုင်ပြီး အသင့်လျော်ဆုံးအပင်ဦးရေမှာ တစ်သိန်းခွဲခန့် လိုအပ်သည်။
နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊ အပင်ပေါက်နှုန်းကောင်းရန်၊ အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါများကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုရန်လိုအပ်မည်ဖြစ်သည်။ နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း မိုးမိသွားလျှင် ထိပ်တင်း၍နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းနိုင်ဘဲနေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင် ထွန်သွားချွန်ချွန်တပ်ဆင်၍ ကန့်လန့်ဖြတ်ဖွင့်ပေးရမည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍ အထွက်ကောင်းမည်ဖြစ်သည်။ စိုက်တန်းအတွင်း မျိုးစေ့ချရမည့် အကွာအဝေးမှာ ၃ - ၅ လက်မဖြစ်ပြီး တစ်ကြိမ်မျိုးစေ့ချလျှင် ၁၀ စေ့ခန့်ချပေးရန်လိုအပ်သည်။ မျိုးစေ့များ မြေတွင်းချပေးရမည့်အနက်မှာ ၁-၂- ၃-၄ လက်မခန့်ဖြစ်သည်။နို့ဆီဘူးအောက်ခြေတွင် ၃ လက်မ သံချောင်းဖြင့် အပေါက်တစ်ပေါက်ဖောက်ပြီး မျိုးစေ့ချကိရိယာအဖြစ်လည်းအသုံးပြုနိုင်သည်။ ထွန်ကြောင်းခံလက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်သည်။
နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့်မျိုးစေ့များမြေကြီးထဲနက်နက်ချထားပါက မတွန်းကန်နိုင်ဘဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးပေးရန်လိုအပ်သည်။ အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့် ပေါင်းရှင်းရလွယ်ကူခြင်း၊ ပင်ကြားတန်းကြား ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရလွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင်လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုစေသည်။ ၁၅ ရက်သားတွင်တစ်ကြိမ် ၃၅ ရက်သားတွင် တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန်လိုအပ်သည်။ပေါင်းမြက်ကင်းစင်လေ အထွက်ကောင်းလေဖြစ်သည်။ လက်ပေါင်းမရှင်းပါက အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်သည်။ ၁၅ ရက်သားတွင် လက်ပေါင်းမလိုက်မီ အပင်ငယ်များကို လေးသွားထွန်ဖြင့်မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကိုဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး သုံးကြိမ်ခန့် ကြားထွန်လိုက်ပေးရမည်။
နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းကင်းစေရန် အပင်ခြေအထိကပ်၍ ကြားထွန်လိုက်ပေးရန်လိုအပ်သည်။ နှမ်းကိုအပူပိုင်းဒေသများတွင်စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးသည်။ အစိုဓာတ်နှင့် အာဟာရကို ပေါင်းမြက်များကလုယူစားသုံးခြင်းမှကာကွယ်ရန်အတွက် အပင်ငယ်စဉ်ကပင် ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်သည်။
နှမ်းအထွက်ကောင်းစေရန် မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေးလှည်းအစီး ၅ - ၁၀ စီးခန့်ထည့် ပေးရန်လိုအပ်သည်။ မြေဆီလွှာကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ စိုက်ပျိုးရာသီတစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို အချိုးညီအချိန်ကိုက်ကျွေးသင့်သည်။ မြေဩဇာအသင့်အတင့် ကြွယ်ဝသောမြေအတွင်း (၂၆:၁၃:၇) (နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်း ထားသုံးသင့်သည်။
အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အထွက်ကောင်းစွာမရရှိစေသဖြင့် ထည့်သွင်းနည်းမှန်ကျင့်သုံးရန်လိုသည်။ မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ ပိုမိုစိုက်ပျိုးကြသဖြင့် နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို မစိုက်မီ ၇-၁၀ ရက်ခန့် ကြိုတင်၍ထည့်ပေးရန်လိုသည်။မြေဩဇာများကို ကြိုတင်ထည့်ပေးခြင်းဖြင့် စိုက်ချိန်၌အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်သည်။နှမ်းသီးနှံတွင် အထွက်နှုန်းကိုထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ဖြစ်ကြသည်။
အပင်ငယ်စဉ်ကျရောက်မည့် စုပ်စားပိုးများအတွက် မျိုးစေ့လူးနယ်ဆေးက ကာကွယ်ပေးမည်ဖြစ်ပြီးသက်ရက် ၂၅ - ၃၀ ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း၊ ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေအထူးကာကွယ်ရန်လိုအပ်သည်။
နှမ်းဖိုရောဂါကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန် ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကိုတွေ့ရှိနိုင်သည်။
နှမ်းရိုးမည်းရောဂါသည် ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်သည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်းဖွာလန်၍လာသည်။ ယင်းတစ်သျှူးသားပေါ်တွင် ခပ်မည်းမည်းအဖုလေးများဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နှမ်းပင် ခြေရင်းတွင် လုံးဝမည်းနက်ပြီး အပင်အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာညှိုးစပြုလာသည်။ နောက်ဆုံး တစ်ပင်လုံးမည်းခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။
အထွက်နှုန်းလျော့နည်းရသည့် အဓိကအကြောင်းရင်းဖြစ်သည့် အောက်သီးများကွဲခြင်းမဖြစ်စေရန် မျိုးအလိုက်အသီးပီပြင်သည့် အဖျားသီးများခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် သို့မဟုတ် နှမ်းပင်အရွက်များဝါလာလျှင် ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းပြီးနောက် ထွာဆိုင်ခန့်စည်းပြီး ဖိုခုံလောက်ဆိုင် အစည်းများထောင်၍နေလှန်းပေးရမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက အစည်းကိုဇောက်ထိုးထားပြီး သန့်ရှင်းစင်ကြယ်သော စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍ အစေ့ခြွေခြင်းပြုလုပ်နိုင်သည်။ သန့်စင်ပြီးနှမ်းစေ့များအား အစိုဓာတ် ၉ ရာခိုင်နှုန်း ရှိအောင်လှန်းပြီး အလုံပိတ်ထားသောပုံးများ၊ သိုလှောင်အိတ်များ၊ ပုတ်များဖြင့်သိုလှောင်ရမည်ဖြစ်သည်။မြေ၊ မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် တင်း ၃၂၀ အထိထွက်ရှိနိုင်သည်။ နှမ်းတစ်တင်းမှ နှမ်းဆီခြောက်ပိဿာထွက်ရှိသည်။ နှမ်းသီးနှံမှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်သည်။
နှမ်းကိုစားသုံးခြင်းဖြင့် ဆံသားကျန်းမာခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်စေခြင်း၊ အရေပြားကျန်းမာခြင်း၊ သွားကျန်းမာခြင်း၊ အစာခြေလွယ်စေခြင်း၊ စွမ်းအင်ရရှိစေသော အရင်းအမြစ်ဖြစ်ခြင်း၊ သွေးဖိအားထိန်းပေးခြင်း၊ အရိုးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းကိုသက်သာစေခြင်း၊ Unsaturated Fats ကြွယ်ဝခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်လည်း ဖော်ပြပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ဆက်တိုက် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးပြည့်ဝပြီး ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှမ်းနီ ၂၅/၁၆၀၊ မကွေးဖြူ၊ စမုန်နက်၊ ဆင်းရတနာ -၅၊ ဆင်းရတနာ - ၃ စသည့်မျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် နှမ်းစိုက်ဧက၅၅၅၂၆ စိုက်ပျိုးပြီး တစ်ဧကလျှင် ၆ ဒသမ ၉၁ တင်းနှုန်းဖြင့် ၃၈၃၆၇၄ တင်း ထွက်ရှိပြီးပန်းတိုင်ဧက ၅၀၀၀ တွင် ၂၀ ဒသမ ၂၀ တင်းနှုန်းဖြင့် ၁၀၁၀၀၀ တင်း ထွက်ရှိကာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ဧက ၅၅၇၀၉ စိုက်ပျိုးပြီး တစ်ဧကလျှင် ၉ ဒသမ ၄၈ တင်းနှုန်းဖြင့် ၅၂၈၀၀၀ တင်းထွက်ရှိပြီး ပန်းတိုင်ဧက ၅၅၀၀ တွင် ၂၀ ဒသမ ၄၅ တင်းနှုန်းဖြင့် ၁၁၂၅၀၀ တင်းထွက်ရှိသည်အထိ ဖြစ်ထွန်းအောင်မြင်ပြီး ဒေသတွင်းကြိတ်ခွဲ၍လည်းကောင်း၊ အခြားဒေသများသို့ တင်ပို့ရောင်းချ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး တောင်သူများဝင်ငွေတိုးပွား၍ ပြုံးပျော်ရွှင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော သီးနှံထုတ်ကုန်များထွက်ရှိရေးအတွက် တောင်သူများ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများအားလုံး စီးပွားရေးများတိုးတက်အောင်မြင်ပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံးကြစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ဆေးဝါးအသုံးပြုတော့မယ်ဆိုရင် အညွှန်းအတိုင်းလိုက်နာမှ သောက်သုံးသူအတွက် အန္တရာယ်ကင်းစေပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတာကို မသက်သာနိုင်ပါဘူး။ ပဋိဇီဝဆေးဝါးတွေက ဗက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးဝါးကိုအသုံးပြုတာကြောင့် ဆေးယဉ်ပါးမှုဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ပြင် ဆေးဝါးရဲ့ဆိုးကျိုးဖြစ်တဲ့ ဝမ်းပျက်တာ၊ အဖုအပိမ့်ပေါက်တာနဲ့ မှိုဝင်ရောက်နိုင်တာလိုမျိုး ကျန်းမာရေးပြဿနာအသစ်တွေ ပေါ်လာနိုင်တယ်။ဆေးဝါးတွေမှာ ရက်လွန်သတ်မှတ်ထားတဲ့အကြောင်းရင်းရှိပါတယ်။ လူ ၁၀ ယောက်မှာ တစ်ယောက်က ရက်လွန်တဲ့ဆေးဝါးတွေကို အသုံးပြုနေတာက ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ဆေးဝါးတွေကိုသိမ်းဆည်းတဲ့ရက်ကြာရှည်ရင် သူနဲ့ဓာတ်မတည့်တဲ့ တခြားဆေးဝါးတွေနဲ့မတော်တဆပေါင်းစပ်ပြီး သောက်မိတတ်ပါတယ်။ ဥပမာ-ပြီးခဲ့တဲ့သုံးနှစ်က ဒူးနာတာကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးကို အခုချိန်မှာ ဘယ်ဆရာဝန်မှမညွှန်ကြားဘဲ မိမိသဘောနဲ့မိမိဆက်လက်အသုံးပြုနေတဲ့အပြင် လက်ရှိမှာ ရောဂါတစ်ခုကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့သွေးကျဲဆေးကိုအသုံးပြုနေရင် ဆေးအာနိသင်ပြင်းထန်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ တခြားဆေးဝါးတွေဖြစ်တဲ့ နှလုံးရောဂါကြောင့် ရင်ဘတ်နာတာအတွက် အသုံးပြုတဲ့ဆေးဝါးတွေနဲ့ အင်ဆူလင်ဆေးဝါးတွေကလည်း သက်တမ်းကုန်သွားရင် ဆေးရဲ့အကျိုးအာနိသင်လျော့နည်းသွားတဲ့အပြင် အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ဆေးဗီရိုကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပြီး ရက်လွန်ဆေးဝါးတွေ ဒါမှမဟုတ် ပျက်စီးဆေးဝါးတွေ ဒါမှမဟုတ် အသုံးပြုဖို့မလိုတော့တဲ့ဆေးဝါးတွေကို လွှင့်ပစ်သင့်တယ်။ ဆေးဗီရိုကလည်း ရေနွေးငွေ့ ဒါမှမဟုတ် အပူချိန်များတဲ့နေရာမှာ မထားသင့်ပါဘူး။ ဆေးတွေကိုမှောင်ပြီးအေးတဲ့နေရာမှာသာ သိုလှောင်ထားသင့်ပါတယ်။
လိမ်းဆေးတွေကလည်း ဆေးဝါးဖြစ်တယ်လို့ သတ်မှတ်ထားသင့်ပါတယ်။ တချို့လူတွေက လိမ်းဆေးတွေကို ဆေးဝါးတွေလို့ မသတ်မှတ်ကြပါဘူး။ လိမ်းဆေးတွေအသုံးပြုမယ်ဆိုရင် ဆေးဝါးအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီဆေးဝါးတွေကို လိမ်းဆေးအဖြစ် အလွန်အကျွံအသုံးပြုတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတဲ့ဥပမာ ရှိနှင့်ပြီးဖြစ်ပါတယ်။
နှင်းခူရောဂါလိုမျိုး အရေပြားပြဿနာတွေအတွက် စတီးရွိုက်လိမ်းဆေးတွေကို အသုံးပြုပါများရင်၊ ပရိုဂျက်စတုန်းဆေးဝါးတွေကို ခရင်မ်အနေနဲ့ အသုံးပြုပါများရင် ဟော်မုန်းအဆင့်တွေမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် လိမ်းဆေးတွေကိုအသုံးပြုမယ်ဆိုရင် သူ့မှာပါဝင်တဲ့ပစ္စည်းတွေနဲ့တူညီတဲ့ တခြားဆေးဝါးတွေနဲ့ရောစပ်ပြီးအသုံးမပြုသင့်ပါဘူး။ ဆေးဝါးမသုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ ဆာလ်ဖာမတည့်သူတွေ ဆာလ်ဖာပါဝင်တဲ့လိမ်းဆေး၊ ပင်နယ်ဆီလင်မတည့်သူတွေ ပင်နယ်ဆီလင်ပါဝင်တဲ့ဆေး အသုံးမပြုသင့်ပါဘူး။
ဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ တချို့က ဒိုင်ကလိုဖန်နစ်နဲ့မတည့်ဘူး။ ကလေးငယ်က လည်ချောင်းနာလို့ ရေသောက်ရင်ဝေဒနာခံစားရလို့ ဆရာဝန်သွားပြရာကနေ ဆေးခန်းက ဗိုင်းရပ်စ်ပိုးဝင်တယ်သတ်မှတ်ပြီး အကိုက်အခဲပျောက်ဆေးပေးလိုက်တယ်။ ဆေးသောက်ပြီး ခြောက်ရက်အကြာမှာ တစ်ကိုယ်လုံးအဖုအပိမ့်တွေထွက်လာတာကြောင့် ဆေးခန်းပြရာမှာ ဓာတ်မတည့်ကြောင်း သိရပါတယ်။
သူ့မှာ ဓာတ်မတည့်ရောဂါ စတီဗင်ဂျွန်ဆင်ရောဂါစု ဖြစ်နေလို့ဒိုင်ကလိုဖန်နစ်ဆေးဝါးနဲ့ ဓာတ်မတည့်မှုဖြစ်တာတွေရှိပါတယ်။နှစ်စဉ်နှစ်တိုင်း လူ ၁၀၀ မှာ သုံးယောက်နှုန်းစတီဗင်ဂျွန်ဆင်ရောဂါစုဖြစ်ပွားလေ့ရှိပါတယ်။
တချို့ဆေးဝါးတွေ တစ်ခြမ်းခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီး အသုံးမပြုသင့်ပါဘူး။ ဆေးဝါးရဲ့အရွယ်ပမာဏကြီးလို့ မမျိုချနိုင်ရင် ဆေးဝါးတွေကိုခွဲခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီးအသုံးပြုတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုခွဲခြမ်းကြိတ်ပြီး အသုံးပြုတာက ဆေးဝါးစုပ်ယူရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးမှာ ထိရောက်တဲ့အကျိုးရရှိစေဖို့ အစာခြေစနစ်အတွင်း အချိန်ယူပြီးပျော်ဝင်အောင်ပြုလုပ်ထားတဲ့ခါးပတ်တောင့်လိုမျိုး ဆေးဝါးတွေနဲ့ခန္ဓာကိုယ်တွင်းကို တဖြည်းဖြည်းရောက်ရှိစေတဲ့စနစ်နဲ့ပြုလုပ်ထားတဲ့ ဆေးဝါးတွေက ဆေးတွေကိုကြိတ်လိုက်တာ၊ ခွဲခြမ်းလိုက်တာကြောင့် ဆေးဝါးရဲ့ပျော်ဝင်နိုင်စွမ်းနှေးကွေးမှု၊ အာနိသင်လျော့နည်းသွားမှုဖြစ်တတ်ပါတယ်။
မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့ဆေးဝါးဆိုတာ ဦးနှောက်နဲ့အာရုံကြောကိုထိခိုက်ထုံထိုင်းစေတာ ဒါမှမဟုတ် မူးယစ်စေတာ၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းနဲ့ ဘေးအန္တရာယ်ဖြစ်စေတဲ့ဆေးဝါးတွေကို ဆိုလိုပါတယ်။အဲဒီဆေးဝါးတွေက ဆက်လက်မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားတဲ့ဆေးဝါးကို ဆိုလိုပါတယ်။ ဘိန်းအနွယ်ဝင်ကိုဒင်း၊ ပက်သဒင်း၊မော်ဖင်း၊ ဟီးရိုးအင်း၊ မီသာဒုန်းဆေးဝါးတွေက ကင်ဆာရောဂါနောက်ဆုံးအဆင့်လူနာတွေအတွက် အသုံးပြုတဲ့ဆေးဝါးတွေဖြစ်ပါတယ်။ ကြီးကြပ်ကန့်သတ်ဆေးဝါးတွေထဲမှာ ထည့်သွင်းထားပါတယ်။ စစ်မြေပြင်မှာ မိုင်းထိမှန်တာ၊ လက်နက်ငယ်ထိမှန်တာတို့မှာလည်း အဲဒီဆေးဝါးတွေကို မနာကျင်စေလိုလို့ သုံးစွဲပေးကြပါတယ်။ ခွဲစိတ်ရာမှာ ခဏအတွင်းအိပ်မောကျစေလိုတဲ့အခါလည်း သုံးစွဲကြပါတယ်။ အဲဒီဆေးဝါးတွေကို လက်လွတ်စပယ်သုံးစွဲနေပြီဆိုရင် ဆေးစွဲနေပြီဖြစ်လို့ ဆေးဖြတ်စင်တာနဲ့ဆက်သွယ်ရပါတယ်။
ဆီးချိုရောဂါကုသဆေးအတွက် မက်ဖော်မင်ပေးတတ်ကြပါတယ်။
ဆေးတစ်မျိုးတည်းပေးတာက ဆေးယဉ်ပါးတာနဲ့ ဘေးထွက်ဆိုးကျိုးများတာကို တွေ့ရှိရပါတယ်။ မက်ဖော်မင်နဲ့ ဂလစ်တွဲပြီးပေးရင် ဆေးယဉ်ပါးမှုလျော့နည်းစေတဲ့အပြင် ဆေးတိုးမြှင့်စားသုံးဖို့မလိုတာ၊ ရလဒ်ကောင်းတာ၊ ဘေးထွက်ဆိုးကျိုးလျော့နည်းတာတွေတွေ့ရှိရတဲ့အတွက် ဆီးချိုလူနာတွေကို အနည်းဆုံး မက်ဖော်မင်နဲ့ တခြားဆီးချိုဆေးတစ်မျိုးမျိုးပေးတတ်ကြပါတယ်။
သွေးပေါင်ကျဆေးကိုလည်း တစ်မျိုးတည်းမပေးဘဲ ဆီးဆေးနဲ့တွဲပေးလိုက်တဲ့အခါဆေးယဉ်ပါးမှုနည်းပါးတာ၊သွေးတိုးကျစေမှုပိုကောင်းတာ၊ ဆေးတိုးမြှင့်သောက်ဖို့မလိုတာ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနည်းတာတွေတွေ့ရပြီး ရလဒ်ကောင်းလို့ ယခုအခါ တွဲစပ်ပေးပြီးကုသနေကြပါတယ်။
ပဋိဇီဝဆေးတချို့မှာလည်း နှစ်မျိုးတွဲပေးတာက အာနိသင်ပိုကောင်းကြောင်းတွေ့ရှိရလို့ အမောက်စီကလောက်၊ ဖလူကလောက်ဆလင် စသဖြင့် တွဲဖက်ဖော်စပ်ထားတဲ့အတွဲက ရလဒ်ကောင်းမွန်တာ၊ ဆေးယဉ်ပါးမှုနည်းတာ၊ဘေးထွက်ဆိုးကျိုးနည်းတာ၊ အကျိုးပိုရှိစေလို့တွဲဖက်ပြီးပေးလာကြသလိုတွဲဖက်ပြီးထုတ်လုပ်ဖြန့်ချိလာတာတွေ့ရှိရပါတယ်။ ။
Source: https://myawady.net.mm/stories
Photo: Kerala Kaumudi
ယနေ့ကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးသက်ရောက်မှုများကို ခံစားလျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံ၏ ပထဝီအနေအထားအရ အယ်လ်ပိုဒ် (Alpide) ငလျင်ရပ်ဝန်းအတွင်းတည်ရှိနေပြီး အဆိုပါငလျင်ရပ်ဝန်းသည် ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့် ဇုန်တစ်ခုဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း ပြတ်ရွေ့များစွာရှိပြီး အဆိုပါပြတ်ရွေ့များထဲတွင် စစ်ကိုင်းပြတ်ရွေ့သည် အရှည်လျားဆုံးဖြစ်ပြီး နိုင်ငံ၏အလယ်ကိုဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။
ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများသည် အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်သည်။ ငလျင်မှလွဲ၍ ကျန်ရှိသောဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်သည်။ ငလျင်ဘေးအန္တရာယ်မှာမူ ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြင်းထန်သော ငလျင်လှုပ်မည်ဆိုပါက တုံ့ပြန်နိုင်မှုစွမ်းရည်နည်းပါးခြင်း၊ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးနိုင်ခြင်းနှင့် ငလျင်လှုပ်မည်ကို ကြိုတင်သတိပေးမည့် စနစ်များမရှိသေးခြင်းကြောင့် ငလျင်ဘေးအန္တရာယ်မှာ အဖျက်စွမ်းအားအကြီးမားဆုံးသော ဘေးအန္တရာယ်အဖြစ်ဆက်လက်တည်ရှိနေသည်။
မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် အင်အားအလွန်ပြင်းထန်သည့်ငလျင်များလှုပ်ခတ်ခဲ့သည်။ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက် အင်းဝဒေသ၌လှုပ်ခဲ့သော ငလျင်မှာ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၅ အထက်ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ အချို့မှတ်တမ်းများအရ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၉ ရှိသည်ဟုလည်း ဆိုသည်။ ငလျင်ကြောင့် လူ ၅ဝဝ ကျော်ခန့်သေဆုံးခဲ့ပြီး စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရှိကြောင်းတွေ့ရသည်။
၁၉၃ဝ ပြည့်နှစ် မေလ ၅ ရက် ပဲခူးဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၃ အထက်ရှိသည့်ငလျင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၅ဝ ခန့်သေဆုံးခဲ့ကာ နေအိမ်များနှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါငလျင်သည် ပြင်းထန်စွာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အနည်းငယ်သာကွာခြားသည်ဟု သိရသည်။
ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၁၀ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၀၈ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၉ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ၃၇ ကြိမ် စသည်ဖြင့် လှုပ်ခတ်ခဲ့ပြီး အကြမ်းအားဖြင့် အကြိမ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်လာသည်။
တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်မှုများနှင့်အတူ ၁၉၃၀ ပြည့်နှစ် အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးသည်မှာလည်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်သည်။ အင်အားပြင်းထန်သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၀၀ ခန့်လျှင် တစ်ကြိမ်လှုပ်ခတ်ကြောင်း အရပ်စကားလည်းရှိသည်။ အထက်ပါအကြောင်းအရာများနှင့် ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များအရ စစ်ကိုင်းငလျင်ကြောကြီးသည် နောက်ထပ်တစ်ဖန် ပြန်လည်လှုပ်ခတ်ရန်အချိန်သို့ များစွာကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ထင်မြင်ယူဆခဲ့ကြဟန်ရှိသည်။ ဆိုလိုသည်မှာ ငလျင်ကြီးတစ်ခု အချိန်မရွေးလှုပ်ခတ်နိုင်သည့် သဘောဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အဆောက်အအုံများပြိုကျပျက်စီးခြင်းကြောင့် သေကျေပျက်စီးမှုကြီးမားနိုင်ခြင်း၊ မီးလောင်ကျွမ်းနိုင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ ရေတွင်းများပျက်စီးခြင်း၊ တယ်လီဖုန်းတိုင်များ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မြို့ရေပေးဝေရေးစနစ်များ၊ မြို့ပြစက်မှုလုပ်ငန်းများ စသည့် နိုင်ငံ၏ အရေးပါသောအသက်သွေးကြောလုပ်ငန်းစနစ်များ ပြတ်တောက်ခြင်းများဖြစ်ပွားလာနိုင်သည်။
နိုင်ငံတော်၏ မူဝါဒ/လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့် အညီ မီးသတ်ဦးစီးဌာနမှ ဌာနအကြီးအကဲနှင့် အရာရှိကြီးများသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက များပြားလှသော အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြသည်။ လိုအပ်သည့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဝယ်ယူဖြည့်တင်းခဲ့သည်။
ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်အတွက် မီးသတ်စခန်းအလိုက် လေ့ကျင့်ခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မေလ ၅ ရက်တွင် နှစ်စဉ်ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအဆင့် အင်အား ၁၁၆ ဦးဖြင့် နိုင်ငံတကာအဆင့်မီ ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းအစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နှစ်စဉ်နီးပါး အခါအားလျော်စွာ ထည့်သွင်းပြုလုပ်မှုများက သက်သေဖြစ်ပေသည်။
မတ်လ ၂၈ ရက်တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ နေရာဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။ယင်းငလျင်သည် အနက်တိမ်သောကြောင့် (အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့်) သေဆုံးထိခိုက်ပျက်စီးမှုများပြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့်ဒေသများဖြစ်သော နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကနဦးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါနေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသောဒေသများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထပ်မံစုဖွဲ့၍ ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အင်အားများဖြန့်ခွဲစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
မတ်လ ၂၉ ရက်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံမှ China Search and Rescue Team၊ China International Search and Rescue Team၊ Yunnan Rescue and Medical Team နှင့် Hong Kong Search and Rescue Team၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ UAE နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ တူကီယဲနိုင်ငံ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးဆိုင်ရာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့်ဒေသများတွင် ယင်းဒေသရှိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အသင့်လေ့ကျင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များကို ဖြန့်ခွဲစေလွှတ်ခဲ့ရာ နေပြည်တော်သို့ ၃၆၈ ဦး၊ မန္တလေးမြို့သို့ ၂၁၇ ဦး၊ စစ်ကိုင်းမြို့သို့ ၃၈ ဦးအား မတ်လ ၂၈ ရက်ညနေ ၃ နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ စေလွှတ်၍ လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မရောက်ရှိမီ ငလျင်လှုပ်ခတ်ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံးသူ ၁၄၅ ဦး၊ ၃၆ နာရီအတွင်း အသက်ရှင်လျက် ၆၀၄ ဦး၊ သေဆုံးသူ ၃၄၈ ဦးတို့၏ ရုပ်အလောင်းများအား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့သည်။ မော်ကွန်းတင်ထားထိုက်သောမှတ်တမ်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှုမှာလည်း ကျေနပ်အားရစရာဖြစ်သည်။ စုဖွဲ့လေ့ကျင့်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်သည်။
နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အသက်ရှင်သူ ရှစ်ဦးနှင့် သေဆုံးသူ ၁၉၉ ဦးတို့အား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့အနေဖြင့် ဖြစ်စဉ်တစ်ခုလုံးတွင် အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၈၈ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့စာရင်းများအရသိရသည်။ ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်လျှင် တကယ်ဖြစ်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။
မီးသတ်တပ်ဖွဲ့အဖြစ် ပေါ်ပေါက်လာသည့်အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သောအခြေအနေ မျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနဲ့ ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုတစ်ရပ်လုံးက မီးသတ်တပ်ဖွဲ့ကို အလေးထားအားကိုးကြသည်မှာ လွဲမည်မထင်ပါကြောင်းနှင့် မြန်မာ့လူ့ဘောင်အတွက်လည်း မရှိမဖြစ်အရေးပါသော တပ်ဖွဲ့ကြီးတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုလျက်တင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့် မြေပဲသီးနှံမှဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်းဆီထွက်ရှိမှု၏ ၅၂ ဒသမ ၄၁ ရာခိုင်နှုန်း ထွက်ရှိခဲ့သည်။
မြေပဲသီးနှံသည် တစ်နှစ်ခံပဲမျိုးရင်းဝင်ပင်ဖြစ်ပြီး မြေပဲမျိုးကွဲများသည် စိုက်ပျိုးသည့်ဒေသအလိုက် ကွဲပြားလေ့ရှိပြီး အဓိကအားဖြင့် ပင်ထောင်မြေပဲမျိုးနှင့် ပင်ပြန့်မြေပဲမျိုးဟု ခွဲခြားထားသည်။ ပင်ထောင်မျိုးသည် ဘေးကိုင်းများထောင်၍ အပင်အမြင့်မှာ ၁၂ လက်မခန့်ရှိပြီး ပင်စည်တွင် ပန်းပွင့်၍ သီးတောင့်နှစ်ဆစ်ပါပြီး သီးတောင့်တိုမျိုးဖြစ်သည်။ ပင်ပြန့်မျိုးတွင် ဘေးကိုင်းများသည် မြေတွင်ကပ်၍ ကြီးထွားပန်းပွင့်ပြီး အပင်သိပ်မမြင့်ဘဲ သီးတောင့်အဆစ်မှာ ၂ - ၄ ဆစ်အထိရှိပြီး အတောင့်ကြီးမျိုးဖြစ်သည်။
မြေပဲစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြားဆီထွက်သီးနှံများထက်များလာခဲ့သော်လည်း မြေပဲစိုက်ပျိုးထုတ်လုပ်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ယခုအချိန်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး နိုင်ငံခြားမှ သွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ဆီထွက်သီးနှံအထွက်တိုးရေးအတွက် ဆီထွက် သီးနှံဇုန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တောင်သူများသည် ဆီထွက်သီးနှံများအထွက်တိုးရေးကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ရေးတို့သည် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်လာသည်။
ရာသီဥတု
မြေပဲသီးနှံသည် အပင်အညှောက်ပေါက်သည်မှ ရိတ်သိမ်းချိန်အထိ မျိုးကွဲအလိုက် အသက် ရက် ၁၁၀ - ၁၃၀ ခန့်ရှိပြီး တစ်နှစ်မိုးရွာသွန်းမှု ၂၀ - ၃၉ လက်မ စိုက်ပျိုးနိုင်သော်လည်း မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်အတွက် မိုးရေချိန် ၁၂ - ၁၆ လက်မ ရွာသွန်းသည့်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်သည် မြေပဲစိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း မြေပဲပန်းပွင့်ခြင်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး သီးနှံအထွက်နှုန်းကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံကြိုက်နှစ်သက်မှုမရှိသည့် ရာသီဥတုအခြေအနေများကိုလည်း ရှောင်လွှဲပြီး စိုက်ပျိုးမည့်ရာသီချိန်ကို သေချာစွာဂရုပြုရွေးချယ်သင့်သည်။
မြေအမျိုးအစား
မြေပဲသီးနှံသည် ရေစိမ့်ဝင်အားကောင်းပြီး မြေသားပွရွ၍ ကယ်စီယမ်နှင့် မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြေပဲပင်များကောင်းစွာကြီးထွားပြီး မြေပဲစွယ်များမြေထဲသို့ လွယ်ကူစွာထိုးဝင်နိုင်ရန်နှင့် ရိတ်သိမ်းရာတွင် မြေပဲတောင့်များ မြေထဲတွင်ကျန်ရစ်နိုင်မှု နည်းပါးစေရန်အတွက် မြေပဲစိုက်ပျိုးသည့်မြေသည် မြေမှုန်ဖွဲ့စည်းမှုအသွင်အပြင်နှင့် မြေမှုန်ဖွဲ့စည်းမှုကောင်းမွန်ရန် လိုအပ်သည်။ မြန်မာနိုင်ငံရှိ မြေပဲစိုက်ပျိုးရာဒေသများတွင် သဲနုန်း၊ နုန်းမြေ၊ နုန်းမြေစေးနှင့် သမမြေစေး စသည့်မြေများတွင် စိုက်ပျိုးလျက်ရှိသော်လည်း ရွှံ့စေးမြေများတွင်စိုက်ပျိုးပါက နုတ်သိမ်းရာတွင် အခက်အခဲရှိသဖြင့် ရွှံ့စေးများတွင် မြေပဲစိုက်ပျိုးရန် မသင့်လျော်ပါ။ မြေပဲသီးနှံကို အနည်းငယ်စေးသောမြေများတွင် မြေပဲစိုက်ပျိုးပါက သဘာဝမြေဆွေးများနှင့်ရောမွှေ၍ ထွန်ရေးမှုန့်ညက်အောင် ပြုပြင်ဆောင်ရွက်သင့်သည်။ မြေပဲသီးနှံအား မြေချဉ်ငန်ကိန်း ၆ - ၆ ဒသမ ၅ တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
စိုက်ပျိုးချိန်မြေပဲအစေ့အဆန်သည် အခြားဆီထွက်သီးနှံများထက် အစေ့အရွယ်အစားပိုကြီးသဖြင့် မြေပဲပင်မျိုးအညှောက်ပေါက်ရန်အတွက် အခြားသီးနှံများထက် အစိုဓာတ်ပိုမိုလိုအပ်သည်။ မိုးမြေပဲအား မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲအား အထက်မြန်မာပြည်တွင် စက်တင်ဘာလ၌ စိုက်ပျိုးကြပြီး ကိုင်းမြေကျွန်းမြေ၊ နုန်းတင်မြေနုမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးစိုက်ပျိုးအပြီးတွင် စိုက်ပျိုးကြသည်။
မြေပြုပြင်ခြင်း
မြေပဲသီးနှံကို ယာသီးနှံများအဖြစ်စိုက်ပျိုးကြရာတွင် မိုးရေများစိမ့်ဝင်ပြီး အစိုဓာတ်ထိန်းထားရန်အတွက် မိုးကြိုထယ်ရေးကြိုတင်ဆောင်ရွက်ထားသင့်သည်။ ထိုသို့ထယ်ရေးပြင်သည့်အခါ သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များကို မီးမရှို့ဘဲ မြေထဲသို့ပြန်ထည့်ခြင်းဖြင့် မြေဆွေးဓာတ်ရရှိစေပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုင်းမြေများနှင့် လယ်သီးထပ်စိုက်သောမြေများတွင် ထယ်ရေးကောင်းစေရန်အတွက် ပထမအကြိမ်ထယ်ထိုးပြီး ကျမ်းတုံးရိုက်ကာ တစ်ညသိပ်ထားပြီးသည့်နောက် ထွန်မွှေခြင်းသည်လည်း မြေတွင်းအပူချိန်နှင့် အစိုဓာတ်များထွက်ရှိလာမှုတို့ကြောင့်မြေသားမွလာပြီး ထယ်ရေးကောင်းစေမည်ဖြစ်သည်။ မြေမာကြော( Hard pan)ဖြစ်ပေါ်တတ်သည့် သဲမြေများတွင် မြေပဲစိုက်ပျိုးပါက မြေပဲပင်အမြစ်များသည် မြေမာကြောကို မထိုးဖောက်နိုင်ဘဲ အပေါ်ယံမြေရှိ အစိုဓာတ်နှင့်အာဟာရဓာတ်ကိုသာစုပ်ယူနိုင်ပြီး မြေမာကြောအောက်ရှိအစိုဓာတ်နှင့် အာဟာရဓာတ်များကို မစုပ်ယူနိုင်သည့်အတွက် မြေပဲအထွက်နှုန်းကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံစိုက်ပျိုးရာတွင် မြေသားမွပြီး ရေနှင့်အာဟာရဓာတ်စုပ်ယူမှုကောင်းစေရန်အတွက် ထယ်ရေးနက်နက် ပြုပြင်ခြင်းအားဖြင့် မြေပဲသီးနှံအထွက်တိုးရေးကို ဆောင်ရွက်သင့်သည်။
မျိုးရွေးချယ်ခြင်း
မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အရည်အသွေးကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသည့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မျိုးစေ့အဆန်ရွေးချယ်ရာတွင် မျိုးစေ့အဆန်ကွဲများ၊ လုံးပိန်လုံးညှက်များကိုဖယ်ရှား၍ မျိုးစေ့လုံးချောများကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။ လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် မြေပဲမျိုးများမှာ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ SP-121၊ တွန်တာနီ၊ မကွေး-၁၀၊ မကွေး-၁၁၊ မကွေး-၁၂ နှင့် ကျောင်းကုန်းပင်ပြန့်တို့ဖြစ်သည်။ မြေပဲသီးနှံသည် ပဲမျိုးရင်းဝင်အပင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများထွက်ရှိပြီး လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်ရန်အတွက် မြေပဲမျိုးဆန်များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ ထို့ပြင် အပင်ပေါက်အားကောင်းစေရန်နှင့် မှိုနှင့်ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေးအတွက် မျိုးဆန်အား မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရန် လိုအပ်သည်။
စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းမြေပဲသီးနှံအထွက်တိုးရေးတွင် တစ်ဧကသတ်မှတ်အပင်ဦးရေဝင်ဆံ့မှုသည် အရေးကြီးသည်။ ထို့ကြောင့် သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရာတွင် လွယ်ကူစေရန်အတွက် မြေပဲအားကြဲပက်စိုက်ပျိုးခြင်းထက် အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပင်ထောင်မြေပဲအား ပင်ကြား၊ တန်းကြား ၁၅"x ၄"နှင့် ပင်ပြန့်မြေပဲကို ပင်ကြား၊ တန်းကြား ၁၈" x ၆"ဖြင့် မျိုးစေ့အား ၁ ဒသမ ၅ လက်မ အနက်ထား၍ တစ်ဧကလျှင် မြေပဲမျိုးတောင့် ၆-၈ တင်း စိုက်ပျိုးသင့်သည်။ မြေပဲစိုက်ပျိုးရာတွင် အပူချိန်များ၍ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် နံနက်စောစောမှ နံနက် ၁၀ နာရီခွဲအထိနှင့် ညနေ နေကျချိန် ၄ နာရီနောက်ပိုင်းတွင်သာ စိုက်ပျိုးသင့်သည်။ ထို့ပြင် မြေပဲမျိုးစေ့ဆန်မျိုးစေ့ချပြီးပြီးချင်း (သို့) နာရီဝက်အတွင်း ကျမ်းတုံးရိုက်၍ ဖုံးအုပ်ရန်လိုအပ်သည်။ မြေပဲစိုက်ပျိုးရာတွင် အစိုဓာတ်အုပ်မိစေရန်၊ သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရန်နှင့် မျိုးစေ့နှုန်းထားသက်သာစေရန်အတွက် လက်ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာကိုအသုံးပြု၍ စိုက်ပျိုးသင့်သည်။
မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈-၁၀ ပတ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီးသီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံးကာလများဖြစ်သည်။ ထို့ကြောင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင်ဆောင်ရွက်ပေးခြင်းသည် မြေပဲသီးနှံအထွက်တိုးစေနိုင်မည်ဖြစ်သည်။
မြေပဲသီးနှံစိုက်ပျိုးရာတွင် ပေါင်းမြက်နှင့် ပိုးမွှားရောဂါကြောင့် သီးနှံအထွက်ထိခိုက်စေနိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်သည်။ မြေပဲစိုက်ပျိုးပြီး ၄ - ၅ ရက်သားတွင် စိုက်ပျိုးမြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်း၍ မြေတွင်းအပူချိန်လျော့နည်းပြီး အစာရေစာချက်လုပ်မှုအားကောင်းစေရန် မျိုးအညှောက်ကုန်းချိန် ကြားတိုက်ပေးရန်လိုအပ်သည်။ ထို့ပြင် ကြားတိုက်ခြင်းအားဖြင့် တန်းကြားတွင်ပေါက်ရောက်နေသည့် ပေါင်းမြက်များကို ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေသည်။ လေ့လာတွေ့ရှိချက်များအရ မြေပဲသီးနှံအတွက် ပေါင်းမြက်ကင်းစင်ရန်ကာလသို့မဟုတ်လက်ပေါင်းရှင်းသင့်သည့်အချိန်မှာ စိုက်ပျိုးပြီး ၁၀ - ၂၀ ရက်သားတွင် အလေးပေးဆောင်ရွက်သင့်သည်။ လက်ပေါင်းလိုက်ခြင်းအပြင် ဓာတုပေါင်းသတ်ဆေးများကိုလည်းအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။
ယာသီးနှံများစိုက်ပျိုးရာတွင် မြေကြီးအစိုဓာတ်ထိန်းရန်နှင့် သီးနှံပင်အတွက်သစ်ဆွေးဓာတ်များရရှိစေရန်အတွက် သဘာဝမြေဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် တင်း ၂၀ ပါ လှည်းငါးစီးမှခြောက်စီးနှုန်းကို နှစ်စဉ်ထည့်ပေးသင့်သည်။ မြေပဲသီးနှံသည် ပဲမြစ်ဖုဗက်တီးရီးယား (Rhizobium) ၏အစွမ်းဖြင့် လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမျိုးရင်းဝင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများဖြစ်ပေါ်ရန်အတွက် နိုက်ထရိုဂျင်မြေဩဇာအား သီးနှံစိုက်ပျိုးချိန်တွင် ထည့်သွင်းပေးသင့်
သည်။ ပဲမြစ်ဖုများမှ ဖမ်းယူပေးသော နိုက်ထရိုဂျင်သည် သီးနှံပင်လိုအပ်သည့် နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းကို သာရရှိနိုင်သဖြင့် မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင်မြေဩဇာထည့်သွင်းပေးခြင်း အားဖြင့် သီးတောင့်အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်သည်။ မြေပဲပန်းတိုင်သီးနှံ အထွက်တိုးရန်အတွက် ယူရီးယား တစ်ဧက ၁၉ ကီလိုဂရမ်အား မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်းပေးသင့်သည်။
မြေပဲမြစ်ဖုများများထွက်စေရန်နှင့် မြေပဲအတောင့်များဖြစ်ပေါ်စေရန်အတွက် တစ်ဧကလျှင် တီစူပါ ၃၈ ကီလိုဂရမ်နှုန်းနှင့် မြေပဲသီးနှံပင်များ အစာချက်လုပ်ရန်နှင့် အတောင့်ကြီးထွားစေရန် ပိုတက်မြေဩဇာအား တစ်ဧက ၁၉ ကီလိုဂရမ်တို့အား မြေပြုပြင်ချိန်တွင် ထည့်သွင်းပေးသင့် သည်။ မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆမ်ကျောက်မှုန့်အား ထည့်သွင်းပေးခြင်းအားဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင်လိုအပ်သည့် ကယ်စီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဂျစ်ပဆမ် ကျောက်မှုန့်အား စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၁၁၄-၁၃၆ ကီလိုဂရမ်အား ထည့်သွင်း ပေးသင့်သည်။
သို့ရာတွင် ဂျစ်ပဆမ်ကျောက်မှုန့်ထည့်သွင်းချိန်တွင် အစိုဓာတ်လုံလောက်ရန်လည်း အရေးကြီးသည်။
လေ့လာတွေ့ရှိချက်များအရ ပိုးမွှားရောဂါကျရောက်မှုကြောင့် နှစ်စဉ်သီးနှံ၏အထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်ပြီး မိုးမြေပဲတွင် ပင်ငယ်စဉ်တွင် ဖိုးလမင်းကျိုင်း၊ ခြ၊ ရွက်လိပ် ရွက်ကပ်ပိုးနှင့် စုပ်စားပိုးများကျရောက်တတ်ပြီး ဆောင်းမြေပဲတွင် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှောင်တောင်နှင့် ရွက်စုံစားခူများ ကျရောက်တတ်သည်။ မြေပဲသီးနှံသည် ရောဂါကျရောက်မှုများသော သီးနှံဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မြေပဲရွက်ပြောက်ရောဂါ၊ ပင်စည်ရင်းပုပ်၊ ပင်စည်ပုပ်နှင့် သံချေးရောဂါများ ကျရောက်ကြောင်းတွေ့ရှိရသည်။ မြေပဲရွက်ပြောက်ရောဂါကာကွယ်ရန်အတွက် သီးနှံပင်မြေပဲပင်အကြွင်းအကျန်များကို မီးရှို့ခြင်း၊ အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးဖျန်း၍ ကာကွယ်သင့်သည်။ မြေပဲအညွန့်ပုပ်( Aspergilus crownrot)၊ ပင်စည်ရင်းပုပ်နှင့် အပင်ပေါက်လောင်မီးရောဂါတို့သည် မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မြေပဲပင် သက်တမ်းတစ်လျှောက် ကျရောက်နိုင်သဖြင့် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် သေချာစွာ လူးနယ် စိုက်ပျိုးသင့်သည်။
မြေပဲအထွက်နှုန်းလျော့နည်းမှုမဖြစ်စေရန်အတွက် ရိတ်သိမ်းချိန်တွင် ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည်။ မျိုးကွဲအလိုက်သက်တမ်းအလိုက် မြေပဲရွက်များ အဝါရောင်သို့ပြောင်းသည့်အချိန်တွင် အပင်အချို့အားနုတ်ယူ၍ မြေပဲတောင့်ရင့်မှည့်မှုအား စစ်ဆေးရ မည်ဖြစ်သည်။ မြေပဲအတောင့် ၇၀ ရာခိုင်နှုန်းနှင့်အထက် ရင့်မှည့်ပါက မြေပဲအား ရိတ်သိမ်းရန် လိုအပ်သည်။ မရင့်မှည့်သေးသည့် မြေပဲအတောင့်အနုများကို စောင့်ဆိုင်းခြင်းဖြင့် ရင့်မှည့်ပြီး မြေပဲတောင့်များ အဆန်များကွဲထွက်၍ ဆုံးရှုံးစေနိုင်သဖြင့် ရိတ်သိမ်းရန်စစ်ဆေးခြင်းအား တောင်သူ များဂရုပြု၍ ဆောင်ရွက်သင့်သည်။ ရိတ်သိမ်းပြီးသည့်အခါ မြေပဲအတောင့်ခူးဆွတ်ခြင်းအား အလျင်အမြန်ဆောင်ရွက်နိုင်ရန် ရိတ်သိမ်းပြီး မြေပဲပင်များအား ခုနစ်ရက်ခန့်နေလှန်း၍ အသီးတောင့် ခြွေခြင်းများပြုလုပ်သင့်သည်။ ခူးဆွတ်ပြီးမြေပဲတောင့်များသိုလှောင်ရာတွင် မှိုကြောင့် အတောင့်များ မပုပ်စေရန်အတွက် မြေပဲအတောင့်အား အစိုဓာတ် ၆-၈ ရာခိုင်နှုန်းမှာ လေလုံအိတ်/ခွက်များ အတွင်း သိမ်းဆည်းသိုလှောင်သင့်ပါသည်။
မြေပဲသီးနှံပန်းတိုင်အထွက်နှုန်း တင်း ၇၀ ရရှိရေးဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် လုပ်ငန်းများမှာ-
(၁) မျိုးရွေးချယ်ရာတွင် မိုးခေါင်ဒဏ်ခံရသည့် မြေပဲစိုက်ခင်းမှမြေပဲကို မျိုးအဖြစ်အသုံးမပြုရန်၊
(၂) မျိုးစေ့အဆန်ရွေးချယ်ရာတွင် နုလွန်း၊ ရင့်လွန်းခြင်းမရှိစေရေန်နှင့် အစေ့၊ အခွံထိခိုက်သော အစေ့များအား ဖယ်ရှားရန်၊ မျိုးစေ့- အပင်ပေါက်ရာခိုင်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးရန်၊
(၃) စိုက်ပျိုးရာသီချိန်မှန်ကန်စွာရွေးချယ်ရန်၊
(၄) စိုက်ပျိုးမည့်မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊
(၅) ကယ်စီယမ်ဓာတ် အပြည့်ပါရန် အပင် ၄၅ ရက်သား၌ လချေး/ကျောက်မှုန့် သုံးထားသော အကွက်မှ မြေပဲကိုမျိုးအဖြစ်သုံးပါ။
(၆) မျိုးထားမည့်စိုက်ခင်းအား နုတ်သိမ်းချိန်နီးက ရေမသွင်းရန်၊
(၇) ရိတ်သိမ်းချိန် စောလွန်း/နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်အချက်များအား အလေးထား ဆောင်ရွက်သင့်သည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်သည်။ မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြ သည်။
နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုး၍ ရရှိသည့်မြေများတွင် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories
လူတိုင်းသိပြီးဖြစ်သည့် ကန်စွန်းဥ၏ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဖော်ပြလိုပါသည်။ ကန် စွန်းကြီးပင်၏ အမြစ်ဥဖြစ်သည့် ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော အသီးအနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ မြေအောက်ဥဖြစ်သည့်ကန်စွန်းဥ (Ipomoea batatas) သည် ရောင်ရမ်းနေသောအမြစ် (Tuberous Root) ဖြစ်ပြီး ပင်စည်ကဲ့သို့ အဖုငယ်များ (Nodes)၊ အဆစ် များ (Internodes)နှင့် အဖူးအတက်များ ( Buds) မရှိပေ။ ကမ္ဘာတစ်ဝန်းစိုက်ပျိုးသော ချိုမြိန်သည့် ကစီဓာတ်ရှိသော အသီးအနှံဖြစ်ပြီး ကစီဓာတ်များစွာ ပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပိုင်းဒေသတို့၌ စိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်သည်။
ခရမ်းရောင်ကန်စွန်းဥ၏အာနိသင်များ
ခရမ်းရောင်ကန်စွန်းဥမှာ သဘာဝအရ အမြင်အာရုံ တွင် ဆွဲဆောင်မှုရှိပြီး အစားအသောက်နှင့် အဖျော် ယမကာလုပ်ငန်းတွင် ကျယ်ပြန့်စွာအသုံးပြုသည်။ ခရမ်းရောင်ကန်စွန်းဥကို အဖျော်ယမကာများ၊ မုန့် များ၊ နို့ထွက်ပစ္စည်းများနှင့် မုန့်ဖုတ်ပစ္စည်းများတွင် တွေ့ရများသည်။ ယင်း၏သဘာဝမူလနှင့် တက်ကြွ သောအရောင်ကြောင့် ကန်စွန်းဥအမှုန့်ကို အလှကုန် နှင့် တစ်ကိုယ်ရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်း များတွင် ပိုမိုအသုံးပြုကြသည်။ အသားအရေထိန်းသိမ်းမှုအမျိုးမျိုးနှင့် ဆံပင်ထိန်းသိမ်းမှုဖော်မြူလာများ တွင် တွေ့ရှိနိုင်ပြီး ဓာတုဆိုးဆေးများ၏သဘာဝ အတိုင်း အစားထိုးဆောင်ရွက်နိုင်သည်။ ဆေးဝါးနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများအနေဖြင့် ကန်စွန်းဥ အမှုန့်ကို ဆေးတောင့်များ၊ ဆေးပြားများနှင့် ကျန်းမာ ရေးဖြည့်စွက်စာများတွင် ထည့်သွင်းအသုံးပြုလေ့ရှိ သည်။ ခရမ်းရောင်ကန်စွန်းဥသည် အရောင်အစွမ်း ထက် Antioxidant များအဖြစ် လုပ်ဆောင်ပေးသော Anthocyanins ကြွယ်ဝသည်။ ဤဒြပ်ပေါင်းများသည် ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို ချေဖျက် ပေးနိုင်ပြီး Oxidative Stress နှင့် ရောင်ရမ်းမှုကို လျှော့ချပေးသည်။ ဤဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ လုပ်ဆောင်ချက်သည် ကျန်းမာရေးကို အထောက် အကူပြုသည်။ ခရမ်းရောင်ကန်စွန်းဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့်အတူ စွယ်စုံရသဘာဝဆေး အဖြစ် ထွက်ပေါ်လာပြီး သဘာဝပါဝင်ပစ္စည်းများကို နှစ်သက်သဘောကျသော စျေးကွက်လမ်းကြောင်းများနှင့်အတူ စက်မှုလုပ်ငန်းခွင် အမျိုးမျိုးတွင် ကျယ်ပြန့်စွာအသုံးချမှုများကြောင့် ကမ္ဘာ့ဈေးကွက် တွင် Key Player အဖြစ် နေရာယူထားကြောင်း မှတ်သားရသည်။
ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်သောကန်စွန်းဥ
ကန်စွန်းဥစားသုံးခြင်းဖြင့် ဦးနှောက်၏လုပ်ဆောင် မှုကို တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ မှတ်ဉာဏ် ကိုလည်း တိုးစေနိုင်သည်။ ကန်စွန်းဥက အာဟာရကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) လည်းကြွယ်ဝသည့် စားစရာတစ်မျိုးဖြစ်သဖြင့် အသက်အရွယ်ကြောင့်ဖြစ်သော မှတ်ဉာဏ်ယုတ် လျော့မှုကိုလည်း လျော့ပါးစေနိုင်သည်။ ဗီတာမင်-A ကြွယ်ဝသည့်ကန်စွန်းဥသည် ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်တတ်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ပြေလျော့စေသည်။
ကိုယ်ခံအားကောင်းစေသောကန်စွန်းဥ
ကန်စွန်းဥတွင် ဗီတာမင်- A ပါဝင်သောကြောင့် ကိုယ်ခံအားဆဲလ်များထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကူးစက်ရောဂါများ မဝင်ရောက်အောင် တားဆီးပေးနိုင်သည်။ ကန်စွန်းဥတွင် ကြွယ်ဝစွာပါဝင်သောအမျှင် ဓာတ်က အစာကိုကြေညက်စေကာ အဆိပ်အတောက် များကိုလည်း ပြေပျောက်စေသည်။
အမြင်အာရုံကောင်းမွန်စေနိုင်သောကန်စွန်းဥ
ကန်စွန်းဥက ကိုယ်ခံအားကောင်းစေရုံသာမက ဗီတာမင်-A ကြွယ်ဝသည့်အတွက် အမြင်အာရုံကိုပါ ကောင်းမွန်စေနိုင်သည်။ ဗီတာမင်-A ချို့တဲ့မှုကြောင့် ဖြစ်သည့် မျက်စိခြောက်ခြင်း၊ ညဘက်တွင် အမြင်အာရုံ ဝေဝါးခြင်း၊ အသက်အရွယ်ကြောင့်ဖြစ်သည့့် အမြင်အာရုံချို့ယွင်းမှုများနှင့် အမြင်အာရုံဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။
ကိုယ်အလေးချိန်ကျစေပြီး ရင်သားကင်ဆာကိုကာကွယ်နိုင်သောကန်စွန်းဥ
အာဟာရဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်များစွာပါဝင် သည့်ကန်စွန်းဥက အဆာခံစေနိုင်ပြီး အစာစားချင် စိတ်ကိုလျှော့ချပေးနိုင်သောကြောင့် ကိုယ်အလေး ချိန်လျှော့ချလိုသူများ စားသုံးပေးသင့်သည်။ ထို့ပြင် ကန်စွန်းဥစားခြင်းဖြင့် ရင်သားကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။
အစာအိမ်အနာကိုသက်သာစေနိုင်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါသည့်အမျှင်ဓာတ်က အစာခြေ စနစ်ကို ကောင်းမွန်စေနိုင်သကဲ့သို့ အူများ၏လှုပ်ရှားမှု ကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့ပြင် ဗီတာမင်-B အုပ်စု၊ ဗီတာမင်-C၊ ဘီတာကယ်ရိုတင်း (Beta-carotene)၊ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ်ပါဝင် မှုကြောင့် အစာအိမ်အနာများကို သိသာစွာသက်သာ စေနိုင်သည်။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်အတွင်း အက်စစ်ဖြစ်ပေါ်မှုနည်းစေသဖြင့် အစာအိမ်အနာဖြစ် နိုင်ခြေကို လျှော့ချပေးနိုင်သည်။
ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ခန္ဓာ ကိုယ်မှ ရေဓာတ်များမဆုံးရှုံးရအောင် ကာကွယ် ပေးနိုင်သည်။ ကိုယ်တွင်းရေဓာတ်ကိုထိန်းညှိပေးပြီးဆဲလ်များ ကောင်းမွန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးသည်။
သတိထားရမည့်ကန်စွန်းဥ
ကန်စွန်းဥသည် စိတ်ကြိုက်စားသုံး၍ရသောအစားအစာတစ်မျိုးဖြစ်သော်လည်း အလွန်အကျွံ မစားမိရန် လိုအပ်သည်။ အထူးသဖြင့် ပိုးသတ်ဆေး မပါဘဲ စိုက်ပျိုးထားသော ကန်စွန်းဥမျိုးကို ရွေးချယ် စားသုံးရန်လိုအပ်သည်။ လတ်ဆတ်သောကန်စွန်းဥ ၏အပေါ်ယံအခွံသည် ပြောင်တင်းနေပြီး အစိမ်း ရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပေ။ ကန်စွန်းဥကို အထူးတလည် ထုပ်ပိုးဖုံးအုပ်ထားစရာမလိုဘဲ အေးပြီးခြောက်သွေ့ သောနေရာ၌ ၁၀ ရက်ခန့်ကြာသည်အထိ ထားနိုင် သော်လည်း ကန်စွန်းဥကို ရေခဲသေတ္တာအတွင်း ထည့်ထားခြင်း၊ ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားခြင်းတို့ ပြုလုပ်ပါက အာနိသင်ပျက်ပြယ်တတ်သည်။
တခြားဘေးထွက်ဆိုးကျိုးများ
တခြားဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဗီတာမင်- A မြင့်မားသဖြင့် ဗီတာမင်-A ကို အများအပြား စားသုံးပါက ဗီတာမင်လွန်ကဲခြင်းဖြစ်လာနိုင်ပြီး ခေါင်းကိုက်ခြင်း၊ အရေပြားနီမြန်းယားယံခြင်းတို့ဖြစ်နိုင်ပြီး အချိန်အတော်ကြာ ဤအခြေအနေ၏ လက္ခဏာရပ်များဖြစ်သည့် မျက်ခုံးမွေးအပါအဝင် အမွေးအမှင်ကျွတ်ခြင်း၊ နှုတ်ခမ်းကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ကြမ်းတမ်းခြင်းတို့ ဖြစ်လာနိုင်သည်။ ဗီတာမင်-A များစွာ စွဲသောက်မည်ဆိုပါကလည်း အသည်းပျက်စီးလာနိုင်သည်။ အမျိုးသမီးများ တစ် ရက်လျှင် ဗီတာမင်-A ၇၀၀ မိုက်ခရိုဂရမ်နှင့် အမျိုး သားများ တစ်ရက်လျှင် ၉၀၀ မိုက်ခရိုဂရမ် သောက် သုံးပေးရန် အကြံပြုထားသည်။ ထိုပမာဏထက် ပိုပြီးသောက်သုံးမိပါက ဆရာဝန်နှင့်ပြသင့်သည်။ ထို့ပြင် ဆီးကျောက်တည်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ပြဿနာရှိသူများ ကန်စွန်းဥမစားမီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ကန်စွန်းဥကိုအများအပြားမစားဘဲ ဆင်ခြင်ပြီးစားသင့်သူများ
ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသည့် ကန်စွန်းဥကိုစားပါဟု တိုက်တွန်းနေသော်လည်း ကန် စွန်းဥမစားသင့်သူ အနည်းငယ်ရှိသည်။ သွေးတွင်း ကိုလက်စထရောများသူများမှလွဲ၍ တခြားသူများ မှာ အတိုင်းအတာပမာဏတစ်ခုအထိ စားသုံးနိုင်သည်။
ဆီးကျောက်တည်ရောဂါရှိသူများမစားသင့်သောကန်စွန်းဥ
ကန်စွန်းဥက အော်ဂဲနစ်အက်စစ် (Organic Acid) အမျိုးအစားဖြစ်သည့် Oxalate ဓာတ်မြင့်မားသော ကြောင့် ဆီးကျောက်တည်ရောဂါခံစားနေရသည့်အချိန်တွင် ကန်စွန်းဥကို များများစားမည်ဆိုပါက ပြဿနာဖြစ်လာနိုင်သည်။ Oxalate က ရှိနှင့်ပြီးသား ကျောက်များပေါ်တွင် နုန်းတင်လာပြီး ရောဂါလက္ခဏာ နှင့် နာကျင်မှုကိုတိုးလာစေနိုင်သည်။ ကန်စွန်းဥတွင် Oxalate ပါဝင်မှုမြင့်မားသည့်အတွက် ဆီးကျောက် တည်တတ်သူများ ရှောင်သင့်ပြီး ရံဖန်ရံခါမှသာ စားသုံးသင့်သည်။
အစာအိမ်မကောင်းသူများမစားသင့်သောကန်စွန်းဥ
ကန်စွန်းဥတွင် သကြားအယ်လ်ကိုဟောဟုခေါ် သည့် ကာဗိုဟိုက်ဒရိတ်အမျိုးအစားတစ်ခုဖြစ်သော မန်နီတော (Mannitol) ပါဝင်သည့်အတွက် ကာဗို ဟိုက်ဒရိတ်အမျိုးအစားကိုစားသုံးလျှင် အန္တရာယ်မရှိ သော်လည်း ပမာဏများစွာစားသုံးလျှင် အစာအိမ်မအီ မသာဖြစ်သူများအတွက် ပြဿနာဖြစ်လာနိုင်သည်။ အစာအိမ်မအီမသာဖြစ်သည့်အခါ ကန်စွန်းဥများစွာ စားခြင်းဖြင့် အစာအိမ်နာခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ဖြစ်လာနိုင်သောကြောင့် အစာ အိမ်မကောင်းသူများ ကန်စွန်းဥမစားသင့်ပေ။
ဆီးချိုရောဂါသည်များ မစားသင့်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါဝင်သည့် သကြားဓာတ်ညွှန်းကိန်း (Glycemic Index) ပမာဏသည် အာလူးနှင့်နှိုင်းယှဉ် ပါက ပိုနည်းသောကြောင့် ကျန်းမာရေးနှင့်ပိုပြီးညီညွတ်သည်။ ကန်စွန်းဥကိုစားသုံးခြင်းဖြင့် အင် ဆူလင်တုံ့ပြန်နိုင်မှုကောင်းမွန်အောင် အထောက် အကူပေးသည်။ ကန်စွန်းဥသည် အမျှင်ဓာတ်မြင့်မား ပြီး Glycemic Index (GI) (၄၄-၉၆) ကြားရှိသဖြင့် GI နည်းပါးသည့်ကန်စွန်းဥက ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်ဟုဆိုထားသော် လည်း သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်လာနိုင်သည့်အတွက် ဆီးချိုရောဂါသည်များ ကန်စွန်း ဥကို ပမာဏများစွာ မစားသုံးသင့်ပေ။
နှလုံးပြဿနာရှိသူများမစားသင့်သောကန်စွန်းဥ
ပိုတက်ဆီယမ်ကြွယ်ဝသည့် ကန်စွန်းဥက နှလုံး ပြဿနာဖြစ်နိုင်ခြေကို လျှော့ချပေးသော်လည်း ကန်စွန်းဥများစွာစားသုံးမည်ဆိုပါက ပိုတက်ဆီယမ် ပမာဏများပြီး ပိုတက်ဆီယမ်မြင့်မားလျှင်ဖြစ်တတ် သော Hyperkalemia ရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လာရခြင်း၏အကြောင်းရင်း တစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရသည်။
ဤကဲ့သို့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ဖြစ် သောကန်စွန်းဥကို စားသုံးပေးခြင်းဖြင့် ရရှိသောကျန်းမာရေး ကောင်းကျိုးများနှင့် အလွန်အကျွံမစားသင့်သောသူများလည်းသိရှိပြီး အစာလည်းဆေး၊ ဆေးလည်း အစာဆိုသည့်အတိုင်း ဈေးနှုန်းချိုသာကာ အလွယ်တကူဝယ်ယူရရှိနိုင်သည့်ကန်စွန်းဥကို ချင့်ချိန် စားသုံးပေးသင့်ကြောင်း၊ ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ ကြောင်းနှင့် စိုက်ပျိုးတောင်သူများအနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်နည်းပြီး အကျိုး အမြတ်များစွာရရှိသောကန်စွန်းဥကို နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရသော် ဤကဲ့သို့ အာဟာရ ပြည့်ဝသောကန်စွန်းဥကို ကိုယ်အလေးချိန်ကျလိုသူ များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများနှင့် အဆစ်ရောင်ရောဂါဖြစ်သူများကို စားသုံး ရန်ထောက်ခံပေးထားသည်။ အားလုံးအတွက် ကန် စွန်းဥက ဘေးကင်းသော်လည်း တချို့သောသူများ စားသုံးသည့်အခါ အနည်းငယ်ဂရုစိုက်ပေးရန်လို သည်။ အရောင်ရင့်သောကန်စွန်းဥများသည် ကျန်းမာ ရေးအတွက် ပိုမိုအစွမ်းထက်မြက်စေနိုင်သည်။ ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်း သို့မဟုတ် ချက်စားခြင်းက အာဟာရဓာတ်ပိုမိုရရှိကာ အထက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူး များ အပြည့်အဝ ရရှိစေမည်ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
Source: https://myawady.net.mm/stories
ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝဖူလုံမှုသည် ဘဝအနာဂတ်လင်းရောင်ခြည်ပင်ဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြုအလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမိုရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်းဖြစ်သည်။
အလုပ်သမားအများစုသည် လုပ်ခလစာကိုအခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး တောင်းဆိုသံများပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် မိသားစုဘ၀ စားဝတ်နေရေးဖြေရှင်းနိုင်သည့် အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် ပုံမှန်အလုပ်ချိန်အပေါ်မူတည်သတ်မှတ်ထားသော နှုန်းထားလည်းဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦးအကျိုးစီးပွားကို တစ်ဦးက အထောက်အကူပြုပေးသည့်ပုံစံနှင့်တူသည်။ ယင်းတို့အကြား အပြန်အလှန် ကိုယ်ချင်းစာနာစိတ်ဖြင့် လုပ်ခလစာနှင့် စေတနာလဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်းဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေးအသွင်ဆောင်သော ဆက်ဆံရေးတစ်ရပ်ထူထောင်ခြင်းဖြစ်သည်။
တန်ဖိုးရှိလှသော လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရမည်။ အလုပ်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေးကြီးလွန်းလှသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့ အကျိုးဖြစ်ထွန်းသောလုပ်ရပ်များဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက်အရွယ်ကို သတိပြုရမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ အလုပ်ခွင်ဝင်ရောက်ရန်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျလိုက်နာရမည်ဖြစ်သည်။ လူငယ်များသည် မိသားစုစားဝတ်နေရေးကြောင့် အလုပ်ခွင်အတွင်း ၀င်ရောက်နေကြရသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများနှင့်ပတ်သက်သော အသိပညာဗဟုသုတအားနည်းခြင်း၊ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့် အခွင့်အရေးများနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများမရှိခြင်းတို့ကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရနိုင်မှုနှင့်အတူ လူငယ်များ၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန်မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါ တစ်မျိုးမျိုးခံစားခြင်းများမဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သားများဘက်မှလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သောအသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးက အရေးပါလာခဲ့သည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှုအရေအတွက်မှာ စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိသည်။ နိုင်ငံတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကျိုးအမြတ်များရရှိစေနိုင်သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာသိရှိနားလည်ရန်လိုအပ်လှသည်။ အလုပ်သမား များသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမား စေလွှတ်ရေးအေဂျင်စီများမှလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်းအစရှိသော တရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်း သွားလာမှုလုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေးဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံတမန်အရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီအလုပ်သမားများအရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကားအခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာသိရှိရသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ် လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် လွန်စွာအရေးပါသကဲ့သို့နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း၊နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိစေရေး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချလျက်ရှိရာ အဓိကအင်အားတစ်ရပ်ဖြစ်သည့် အလုပ်သမားများ၏အခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့အကြုံများကို ပြည်တွင်းပြည်ပလုပ်ငန်းခွင် များတွင်အသုံးချနိုင်ရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးစနစ် အပြည့်အဝရရှိရေးစသော ကောင်းမြတ် သော ဦးတည်ချက်များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့်စံချိန်မီထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောလုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ယုံကြည်လျက် မေလ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza or Bird Flu) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စောင့်ကြည့်နေသော ရောဂါများစွာထဲမှတစ်ခုဖြစ်ပြီး ဗိုင်းရပ်မျိုးကွဲအလိုက် လူသို့ကူးစက်နိုင်သော ပြည်သူ့ကျန်းမာရေးအန္တရာယ် (Pandemic Risk) ရှိသည့် (က)စာရင်းဝင်ရောဂါဖြစ်သည်။ ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည့် မွေးမြူရေးငှက်များနှင့် အရိုင်းငှက်မျိုးစိတ်များတွင် အဓိက ဖြစ်ပွားတတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အချို့သောဗိုင်းရပ်မျိုးကွဲများ ( ဥပမာ H5N1, H7N9) သည် လူသို့ကူးစက်နိုင်ကာ ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
ရေတွင်ကျက်စားလေ့ရှိသောငှက်ရိုင်းများ (Water Birds) နှင့် ကမ်းခြေနေ ငှက်ရိုင်းများ(ShoreBirds)တို့သည် ကြက်ငှက်တုပ်ကွေး (Avian Influenza) ရောဂါပိုးများအား သဘာဝအတိုင်းသယ်ဆောင်နိုင်သည့် လက်ခံကောင်များ (Natural Reservoirs) ဖြစ်သည်။ ထိုငှက်များသည် ရောဂါလက္ခဏာပြခြင်းမရှိဘဲ ဗိုင်းရပ်ပိုးများကိုသယ်ဆောင်နိုင်ပြီး ဆောင်းခိုငှက်များ (Migratory Birds) အဖြစ် နိုင်ငံအချင်းချင်း ရွှေ့ပြောင်းသွားလာမှုများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှုကိုဖြစ်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါ၏ အကျိုးသက်ရောက်မှုများ
စီးပွားရေးထိခိုက်မှု - ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေနိုင်သည့်အပြင် ရောဂါကူးစက်ခံရသော ကြက်ငှက်များကိုသတ်ပစ်ရသဖြင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။
ပြည်သူ့ကျန်းမာရေး - ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် လူသို့ကူးစက်နိုင်ပြီး အထူးသဖြင့် H5N1 နှင့် H7N9 ဗိုင်းရပ်များသည် အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။
ဂေဟစနစ်ထိခိုက်မှု - ငှက်ရိုင်းများတွင်ရောဂါပြန့်ပွားခြင်းသည် ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ပိုး၏ မျိုးရင်းနှင့်မျိုးစုကြက်ငှက်တုပ်ကွေးကိုဖြစ်စေသော ဗိုင်းရပ်များသည် Orthomyxoviridae မျိုးရင်းတွင်ပါဝင်ပြီး ဤမျိုးရင်းတွင် လူနှင့်အခြားနို့တိုက်သတ္တဝါများတွင်တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်များလည်းပါဝင်သည်။ Orthomyxoviridae မျိုးရင်းအတွင်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် Influenza virus A မျိုးစုတွင်ပါဝင်သည်။
ရောဂါဖြစ်စေနိုင်စွမ်းပြင်းထန်သောအမျိုးအစား (HPAI - Highly Pathogenic Avian Influenza)
HPAI ဗိုင်းရပ်များ အထူးသဖြင့် H5 နှင့် H7 အုပ်စုဝင်ဗိုင်းရပ်များသည် ငှက်များတွင် ပြင်းထန်သောရောဂါလက္ခဏာများနှင့် သေဆုံးနှုန်းမြင့်မားစေနိုင်သည်။
အားပျော့သောအမျိုးအစား (LPAI - Low Pathogenic Avian Influenza)
LPAI ဗိုင်းရပ်များသည် ကြက်များတွင် ရောဂါလက္ခဏာသိပ်မပြင်းထန်ဘဲ အသက်ရှူလမ်းကြောင်း၊ အစာခြေလမ်းကြောင်း သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ - ဥဥနှုန်းကျခြင်း) ကိုသာဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာမပြသောအမျိုးအစားအချို့အခြေအနေများတွင် ရောဂါလက္ခဏာလုံးဝမပြဘဲ ဓာတ်ခွဲစစ်ဆေးမှုများဖြင့်သာ ရောဂါကို ဖော်ထုတ်နိုင်သည်။
လူသို့ကူးစက်နိုင်မှုအခြေအနေများ (Zoonotic Potential)
အချို့သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ပြီး အသက်အန္တရာယ် ရှိသော ရောဂါများဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် H5N1 နှင့် H7N9 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် လူသို့ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေနိုင်ကာ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်။ ဗိုင်းရပ်များသည် ဗီဇပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လူအချင်းချင်းအလွယ်တကူကူးစက်နိုင်သော ပုံစံသစ်တစ်ခုဖြစ်ပေါ်လာပါက ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ပြန့်ပွားနိုင်ပေသည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ မျိုးဗီဇဖွဲ့စည်းပုံကြက်ငှက်တုပ်ကွေးဗိုင်းရပ်များတွင်အပိုင်းရှစ်ပိုင်းပါဝင်သော negative-sense single-stranded RNA ဗီဇပစ္စည်းပါရှိပြီး ထိုဖွဲ့စည်းပုံသည် ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲနိုင်စွမ်း (High Genetic Variability) ကို အထောက်အကူဖြစ်စေကာ မတူညီသော ဗိုင်းရပ်မျိုးကွဲများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့မတူညီသော ဗိုင်းရပ်များပူးတွဲကူးစက်ပါက ဗီဇအပိုင်းများ ပြန်လည်ပေါင်းစည်းကာ Reassortment ဗိုင်းရပ်အမျိုးအစားအသစ်များဖြစ်ပေါ်နိုင်ပြီး ကပ်ရောဂါအန္တရာယ်ရှိသည်။ Influenza A ဗိုင်းရပ်များကို ၎င်းတို့၏မျက်နှာပြင်ရှိ ဂလိုက်ကိုပရိုတင်းနှစ်မျိုးအပေါ်အခြေခံ၍ Hemagglutinin (H) နှင့် Neuraminidase (N)ဟူ၍ခွဲခြားထားသည်။ HPAI (Highly Pathogenic Avian Influenza) ၏ ထင်ရှား သောမျိုးကွဲများမှာ H5N1, H7N9 စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံ၏ကြက်မွေးမြူမှုအခြေအနေ မြန်မာနိုင်ငံ၏ ကြက်မွေးမြူခြင်းကဏ္ဍကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။ ကြက်ကိုမြန်မာနိုင်ငံအနှံ့အပြားမွေးမြူကြပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုများ၏ ၂၄ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ဒေသကြက်ကိုအများဆုံးမွေးမြူကြပြီး စုစုပေါင်းကောင်ရေ ၈၈ ဒသမ ၆ သန်း၏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ တစ်နိုင်တစ်ပိုင် လွှတ်ကျောင်းမွေးမြူရေးကိုကြည့်လျှင် အိမ်ထောင်စုအလိုက် မွေးမြူထားသော ပျမ်းမျှဒေသကြက်ကောင်ရေမှာ အိမ်ထောင်စုတစ်စုတွင် ၁၅-၂၀ ကောင်ခန့်ရှိသည်။ အသားစားကြက် ၂၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဥစားကြက် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဒေသဘဲ ၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဥစားဘဲ ၁ ဒသမ ၇၄ ရာခိုင်နှုန်း၊ ငုံး ၁ ဒသမ ၄၆ ရာခိုင်နှုန်းတို့ဖြစ်ပြီး အသားစားဘဲ၊ ကြက်ဆင်၊ ဘဲငန်းနှင့် မန်ဒါလီတို့ကို ၁ ရာခိုင်နှုန်းအောက်သာ မွေးမြူကြောင်းတွေ့ရှိရသည်။ (တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာ ၂၀၂၃ မှ)သဘာဝတောရိုင်းငှက်များအခြေအနေမြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောနှင့် အမျိုးသားဥယျာဉ် ၃၃ ခုရှိသည်။ ဧရိယာအားဖြင့် ၃၁၈၃ စတုရန်းကီလိုမီတာ(၈၂၄၅ စတုရန်းမိုင်)ရှိသည်။
ပျမ်းမျှ ၉၇ စတုရန်းကီလိုမီတာတွင် ၂၅၀ စတုရန်းမိုင် သဘာဝဘေးမဲ့တောတစ်တောရှိသည်။ မြန်မာနိုင်ငံအတွင်း၌တွေ့ရသောကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့် မှတ်တမ်းတင်ထားသောငှက်မျိုးမှာ ၁၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှရောက်လာတတ်သည့်ဧည့်သည်ငှက်မျိုးဖြစ်၍ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေသောငှက်များဖြစ်၏။
သို့သော်လည်း ထိုသို့အမြဲတမ်းနေသောငှက်များထဲတွင် နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုးများလည်းပါဝင်ပေသေးသည်။ မြန်မာနိုင်ငံ၏တည်နေရာသည် တိုတောင်းသည့်နွေရာသီအတွင်း အစာရေစာမရှားပါးလှသော်လည်း ဆောင်းရာသီအတွင်း အခြေအနေများလွန်ကဲပြင်းထန်လှသည့် အာရှတိုက်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏ တောင်ဘက်တွင်ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့်ဟင်းသီးဟင်းရွက် အစားအစာပေါများရာ မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုရန်ငှက်များအုပ်နှင့်ချီ၍ ရောက်လာတတ်သည်။ ထိုသို့လာရောက်ရာတွင် ဇူလိုင်လမှစတင်ကာ တဖြည်းဖြည်းရောက်လာတတ်ပြီးလျှင် စက်တင်ဘာလတွင်ကား အများဆုံးဖြစ်လေသည်။
ငှက်ရိုင်းများနှင့် ကြက်ငှက်တုပ်ကွေးရောဂါ၏ ဆက်နွှယ်မှုငှက်ရိုင်းများသည် ကြက်ငှက်တုပ်ကွေးရောဂါပြန့်ပွားမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်သောကြောင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန်အတွက် ငှက်ရိုင်းများကိုစောင့်ကြည့်လေ့လာခြင်းသည် လွန်စွာအရေးကြီးသည်။ ငှက်ရိုင်းများ အထူးသဖြင့် ရေနေငှက်များသည် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ သဘာဝအိမ်ရှင်များ ဖြစ်ပြီး ထိုငှက်ရိုင်းများသည် ဗိုင်းရပ်ကိုသယ်ဆောင်နိုင်ပြီး ရောဂါလက္ခဏာမပြဘဲနေနိုင်သည်။ ရေနေငှက်များ (ရေကြက်၊ စင်ရော်၊ ရေဘဲ၊ ဘဲငန်း) နှင့် ကမ်းခြေနေငှက်များ (ကြိုးကြာ၊ မြစ်တွေး၊ တင်ကျီး၊ ဗျိုင်း) တို့တွင် ပုံမှန်အားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါအပျော့စားဗိုင်းရပ်ပိုးများ ခိုအောင်းလျက်ရှိသည်။ ၎င်းတို့ကျက်စားရာဒေသတွင် မွေးမြူရေးဘဲများနှင့်ရောနှော၍ ဗိုင်းရပ်များမျိုးရိုးဗီဇပြောင်းလဲစေသည်။ ထိုမှတစ်ဆင့် ရောဂါပြင်းထန်သောကြက်ငှက်တုပ်ကွေးရောဂါအသွင်ပြောင်းလဲ၍ မွေးမြူရေးကြက်များအပြင် လူကိုပါကူးစက်၍သေဆုံးနိုင်သည်။
အချို့နိုင်ငံများတွင် ယခင်အခါက လုံးဝဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးသည့် ကြက်ငှက်တုပ်ကွေးရောဂါမှာ ယခုအခါတွင် ဆောင်းခိုငှက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားကြောင်းတွေ့ရှိရသည် (ဥပမာ - အိုက်စလန်၊ ဖင်လန်၊ နော်ဝေ၊ ကနေဒါ၏ အချို့ဒေသများ)။ ဆောင်းခိုငှက်များ မြန်မာနိုင်ငံသို့လာရောက်ရာတွင် မြန်မာနိုင်ငံရှိ အထင်ကရတည်ရှိသော အင်းအိုင်ကြီးများတွင် နေထိုင်ကျက်စားကြပြီး အချို့မှာ ခေတ္တ နားနေကြပြီးနောက်တောင်ဘက်နိုင်ငံများသို့ ဆက်လက်ပျံသန်းပြီး အချို့မှာ ဆောင်းရာသီကုန်ဆုံး သည်အထိ မြန်မာနိုင်ငံတွင်ပင်နေထိုင်ကြသည်။
ဆောင်းခိုငှက်များ ရာသီအလိုက်ရွှေ့ပြောင်းသွားလာသည့်အခါတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်သွားနိုင်ခြင်းသည် ရောဂါပျံ့နှံ့မှုကိုအားပေးသည့် အဓိကအချက် တစ်ခုဖြစ်သည်။ သစ်တောဦးစီးဌာန၏စာရင်းများအရ ဆောင်းခိုငှက်များလာရောက်တတ်သော အင်းအိုင်၊ ဆည်မြောင်းနှင့် မြစ်များ၏စာရင်းအရ ၈၈ ခုရှိပြီး အထူးသဖြင့် ၎င်းတို့အနက် ၁၂ ခုမှာ ဆောင်းခိုငှက်များကြောင့် ပိုမိုထင်ရှားကြောင်းသိရှိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားရန်အန္တရာယ်ရှိသောဒေသများ
H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် ငှက်မျိုးစိတ် ၇၅ မျိုးကျော် (ငှက်မျိုးစဉ် ၁၀ ခုအတွင်း) တွင် တွေ့ရှိရသော်လည်း ရေတိမ်ဒေသ (သို့) ရေနေငှက်မျိုးစိတ်များတွင် အဓိကအဖြစ်များသည်။ H5N1ကူးစက်ခံရသော အရိုင်းငှက်များ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရေတိမ်ဒေသငှက်များဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်မားသည်။
ရေတိမ်ဒေသဆိုသည်မှာ ရေချိုနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အနည်းဆုံးကာလအတိုင်းအတာတစ်ခုအထိ ရေလွှမ်းမိုးနေသော မြေနေရာများကိုဆိုလိုသည်။ သို့သော် ရေတိမ်ဒေသများသည် မြေဆီလွှာအမျိုးအစား၊ ဆားငန်ဓာတ်၊ ရေလွှမ်းမှု အကြိမ်ရေနှင့် သစ်ပင်ပန်းမန်များအပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ သဘာဝရေတိမ်ဒေသများ ဆုံးရှုံးလာခြင်းနှင့်အတူ လူသားတို့ဖန်တီးထားသော ရေတိမ်ဒေသများ (ဥပမာ-ရေလှောင်ကန်၊ ဆားအိုင်များ၊ စပါးစိုက်ခင်းများ၊ မွေးမြူရေးကန်များ)သည်လည်း ငှက်များ၏ အဓိကနေထိုင်ရာနေရာများ ဖြစ်လာသည်။ သဘာဝရေတိမ်ဒေသများဆုံးရှုံးလာ ခြင်းနှင့် စပါးစိုက်ခင်းများပြောင်းလဲခြင်းတို့ကြောင့် ရေငှက်များသည် နေရာကျဉ်းကျဉ်းတွင် ပိုမိုစုဝေးလာရသည်။ ဤသို့သိပ်သည်းစွာစုဝေးမှုသည် H5N1 အပါအဝင် ဗိုင်းရပ်များကူးစက်မှုအန္တရာယ်ကိုမြင့်တက်စေသည်။ မွေးမြူရေးကြက်များ သိပ်သည်းစွာမွေးမြူထားသောဒေသများနှင့် အင်းအိုင်ချောင်းမြောင်းဒေသများ (ငှက်ရိုင်းနှင့် မွေးမြူရေးကြက်များ အလွယ်တကူရောယှက်နိုင်သည့်ဒေသများ)တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်များ အလွယ်တကူကူးစက်နိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါပိုးသယ်ဆောင်နိုင်သောငှက်များရေဝမ်းဘဲ၊ တစီးမှုတ်၊ ဆက်ရက်၊ တင်ကျီး၊ အော်ရော၊ ငန်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ဘဲငန်း၊ ငှက်ကျား၊ ဘဲကျား၊ ဘဲတောင်ကျား၊ ခရုစုတ်၊ ဘဲရစ်၊ ရေကြက်ဒုံ၊ သင်္ဘောရေကြက်၊ စင်ရော်ခေါင်းမည်း၊ စွန်၊ လင်းတ၊ သိမ်းငှက်တို့ဖြစ်သည်။
ငှက်ရိုင်းများတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများ
• ရုတ်တရက်သေဆုံးခြင်း။
• ဝမ်းကျဲကျဲသွားခြင်း။
• နှာချေခြင်း။
• အကြောင်းတစ်စုံတစ်ရာမရှိဘဲပိန်ချုံးနေခြင်း။
• ကိုယ်ခန္ဓာအရေပြားအောက်တွင် သွေးယိုစီးမှုများဖြစ်ပေါ်ခြင်း။
• ပါးစပ်၊ နှာခေါင်း၊ နားရွက်နှင့် စအိုဝများမှအရည်များယိုစီးနေခြင်း။
• ဦးခေါင်းရောင်ရမ်းခြင်း။ (မျက်စိအပါအဝင်)
• အတောင်ပြန့်ကားနေခြင်း၊ သွေးယိုစီးခြင်း။
• အမူအကျင့်ပုံမှန်မဟုတ်ခြင်း။ (မတ်တတ် မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် မပျံသန်းနိုင်ခြင်း)
• ငှက်ရိုင်းများ အစုလိုက်အပြုံလိုက်နှင့်တစ်စုစီသေဆုံးခြင်း။
အထက်ဖော်ပြပါလက္ခဏာများကိုတွေ့ရှိရပါက သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန်လိုအပ်သည်။
ငှက်ရိုင်းများမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ
• ငှက်ရိုင်းများကျက်စားသော ဒေသဝန်းကျင်တွင် မွေးမြူရေးဘဲနှင့်ကြက်များ မမွေးမြူစေခြင်း။
• ငှက်ရိုင်းများကျက်စားသောဒေသတွင်းရှိ ရေကန်များမှရေကို မွေးမြူရေးကြက်များ အား မတိုက်ကျွေးစေခြင်း။
• ငှက်ရိုင်းနှင့်မွေးမြူရေးကြက်များ ထိတွေ့မှု မရှိစေခြင်း။
• ကြက်မွေးမြူရေးခြံမှ ထွက်ရှိလာသော အညစ်အကြေးများကို ငှက်ရိုင်းများကျက်စားရာရေအိုင်များသို့ မစွန့်ပစ်ရခြင်း။
• ငှက်ရိုင်းများကို စိုက်ပျိုးရေးဒေသများ သို့မဝင်ရောက်စေခြင်း။
• ကြက်၊ ဘဲမွေးမြူရေးသမားများအနေနှင့် ကြက်ငှက်တုပ်ကွေးရောဂါကို ငှက်ရိုင်းများမှ မကူးစက်နိုင်စေရန် ကျန်းမာသန့်ရှင်းမှုနှင့် ဇီဝလုံခြုံရေးဆိုင်ရာအဆင့်အတန်းများကို ခြံများတွင် မြှင့်တင်ထားရှိရမည့်အပြင် ကြက်နှင့်ဘဲများ သယ်ဆောင်ရာတွင် ဘေးကင်းလုံခြုံမှုကိုဂရုပြုရမည်။
• ငှက်ရိုင်းများ ကျက်စားသောနေရာနှင့် နားနေသောနေရာများမှ ကြက်၊ ဘဲလွှတ်ကျောင်းခြင်းကိုရှောင်ကွင်းရမည်။
• လွှတ်ကျောင်းစနစ်ဖြင့်မွေးမြူထားသော ဒေသကြက်များကို ခြံလှောင်စနစ်ဖြင့်
မွေးမြူရန် လူထုပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း။
• ရောဂါစမ်းသပ်ရန်အတွက် သေနေသောငှက်ရိုင်းနှင့် နာနေသောငှက်ရိုင်းများကိုယူဆောင်၍ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ပေးပို့ခြင်း။
အချုပ်အားဖြင့်ဆိုသော် ကြက်ငှက်တုပ်ကွေးရောဂါသည် တိရစ္ဆာန်များအကြား ကူးစက်မှုမြင့်မားပြီး လူသားများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် သတိထားကာကွယ်ရန် အရေးကြီးသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ကြက်မွေးမြူရေးလုပ်ငန်းများနှင့် ဂေဟစနစ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငှက်ရိုင်းများ (Wild Birds) သည် ဤရောဂါပျံ့နှံ့မှုတွင် အဓိကသယ်ဆောင်သူများအဖြစ်ပါဝင်နေသည်။ ထို့ကြောင့် ငှက်ရိုင်းများ၏အခန်းကဏ္ဍကိုနားလည်ခြင်းသည် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် အရေးကြီးသည်။ H5N1၊ H7N9 အပါအဝင် အချို့သောကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် ငှက်ရိုင်းများ၏ သဘာဝကျက်စားရာဒေသမှတစ်ဆင့် မွေးမြူရေးကြက်များသို့ကူးစက် ပျံ့နှံ့ကာ လူသားများအတွက်ပါ ကြီးမားသောကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သည်။ ငှက်ရိုင်းများသည် ဂေဟစနစ်၏ အရေးပါသောအစိတ်အပိုင်းဖြစ်သော်လည်း ၎င်းတို့မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ထိရောက်စွာစီမံခန့်ခွဲရန်အရေးကြီးသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံအချို့တွင် အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဖြစ်ပွားမှုအသစ်များရှိခဲ့ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ သတင်းပို့ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်တွင် ကြက်ငှက်တုပ်ကွေး(HPAI) ရောဂါကူးစက်မှုများဖြစ်ပွားနေသဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် သတိထားကြိုတင်ကာကွယ်ရန်လိုအပ်သည်။
ဤဖြစ်စဉ်များသည် ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြုံတွေ့နေရဆဲဖြစ်သော ကြီးမားသည့် ခြိမ်းခြောက်မှုများကို ထင်ဟပ်ပြနေပြီး ပိုမိုထိရောက် သောကြိုတင်စောင့်ကြည့်ရေးစနစ်များနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ကာကွယ်မှုများချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းသတိပေးနေသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်ရေးအား အမျိုးသားအဆင့်ငှက်ရိုင်းဆိုင်ရာ စူးစမ်းလေ့လာရေး (Wild Bird Surveillance) အပါအဝင် မွေးမြူရေးခြံများတွင် ကာကွယ်ထိန်းချုပ်ခြင်း၊ ဇီဝလုံခြုံရေးစည်းမျဉ်းများအားချမှတ်ခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအစီအမံများကိုမွမ်းမံခြင်း၊ ပြည်သူလူထုအား ကြက်ငှက်တုပ်ကွေးရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများဖြင့်ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများမှကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ၏ ခြိမ်းခြောက်မှုကို သိသာစွာလျှော့ချနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၏စီးပွားရေး၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ သတိပြုကာကွယ်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုပုံစံ စနစ်မကျခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေကြရကာ ဆန်းသစ်သော ဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီးသောရောဂါနှင့် တွေ့ကြုံနေကြရသည်။ ကျောက်ကပ်၏လုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှား၍ သွေးကိုသန့်စင်ပေးသည်။ အကယ်၍ ကျောက်ကပ်သည် ၎င်းအလုပ်လုပ်နိုင်သည်ထက်ပို၍ အလုပ်လုပ်ရသည့်အခါ ဖိအားများစွာဖြစ်လာပြီး ကျောက်ကပ်ပျက်စီးလာသည်။
ကျောက်ကပ်ပျက်စီးခြင်းဝေဒနာကို အမျိုးသား၊ အမျိုးသမီးအားလုံး ခံစားရနိုင်သည်။ ဆီးအခြေအနေပြောင်းလဲခြင်း၊ ခက်ခက်ခဲခဲဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခန္ဓာကိုယ်ဖောသွပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း၊ မူးနောက်၍ အာရုံမစူးစိုက်နိုင်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အရေပြားယားယံ၍ အနီစင်းကြောင်းများပေါ်ခြင်း၊အသက်ရှူရာတွင် အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှူမ၀ခြင်း၊ ခါးဘေးနာကျင်ခြင်းစသည်တို့သည် ကျောက်ကပ်ပျက်စီးသော လက္ခဏာများဖြစ်၍ မပေါ့ဆသင့်ပေ။
သို့ပါ၍ ကျောက်ကပ်ကျန်းမာရေးအတွက် မိမိတို့နေ့စဉ်ဘ၀တွင် ရှောင်ရန်၊ ဆောင်ရန် အစားအစာများကို အောက်ပါအတိုင်း ရေးသား အကြံပြုလိုက်ရပါသည်။
ကျောက်ကပ်ကို ကောင်းကျိုးမပြုသောအစားအစာများ
- နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည့်တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားသည့် နို့ထွက်ပစ္စည်းများကို လွန်ကဲစွာစားသောက်ပါက ကျောက်ကပ်ထဲ ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေသည်။
- ဆိုဒီယမ်(အငန်)ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်များကို မျှတအောင်ထိန်းပေးနိုင်သောကြောင့် ဆားက မရှိမဖြစ်ဆိုသော်လည်း အငန်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများသဖြင့် အရိုးသန်မာမှုကို လျော့နည်းစေသည့်အပြင် ကျောက်ကပ်တွင် ကျောက်တည်နိုင်ခြေ အလားအလာပိုများလာစေသည်။ ထို့ကြောင့် ဆားကို လျှော့နိုင်သမျှ လျှော့စားပါ။
- အသားစား မကြူးပါနှင့်။ အထူးသဖြင့် အမဲ၊ သိုး၊ ဆိတ်၊ ကြက်ဆင် စသည့် အနီရောင်အသားများ၊ ပင်လယ်ငါးနှင့် ပုစွန်တို့တွင်ပါရှိသော Phosphorus (ခေါ်) မီးစုန်းဓာတ်က ကျောက်ကပ်ကို လုံးဝကောင်းကျိုးမပြုနိုင်ပေ။
- အရက်အလွန်အကျွံမသောက်ပါနှင့်။ အရက်ထဲတွင်ပါသော အယ်လ်ကိုဟောက အသည်းရောဂါကြောင့် ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ပျက်စီးစေသည်။
- ရှားစောင်းလက်ပပ်ပင်၏ အနှစ်(ဂျယ်လီ)က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း ယင်းဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီထက် ပိုစားမိပါက ကျောက်ကပ်ပျက်စီးစေနိုင်သည်။
- ဟင်းနုနယ်ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။
- Oxalates ဓာတ်ကြွယ်၀သော ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်၍ သင့်တင့်ရုံသာစားပါ။
- ဥပမာ- အစားအစာများကို တာရှည်ခံအောင် ပြုပြင်ထားသော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စည်သွတ်ဘူးများ၊ ကြက်အူချောင်း၊၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့်စားခေါက်ဆွဲထုပ်၊ကြာဆံထုပ် စသည်တို့က အသည်းနှင့်ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ရံဖန်ရံခါမှသာ စားသုံးပါ။
- သဘာ၀သစ်သီးဖျော်ရည်မဟုတ်သော အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့တွင် တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားသဖြင့် အာဟာရမဖြစ်သည့်အပြင် ကျောက်ကပ်ကိုပါ ထိခိုက်နိုင်သည်။
-ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက်ဂက်စ်ထည့်ထားသည့် အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိသွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စသည့်ဆိုးကျိုးများဖြစ်စေနိုင်သည်။
- ကဖိန်းဓာတ်များသော ကော်ဖီနှင့်လက်ဖက်ရည်ကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးသောကြောင့် သွေးဖိအားများလာပြီး ကျောက်ကပ်ကို ဖိအားဖြစ်စေသည်။
ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစားအစာများ-
ကြက်ဥ၊ ဘဲဥအကာ(အဖြူရောင်အကာ)ထဲတွင်ပါရှိသော အမိုင်နိုအက်စစ်က ကျောက်ကပ်ကို ကျန်းမာစေသည်။
- ဂေါ်ဖီထုပ်ထဲတွင် ပိုတက်ဆီယမ်ပါ၀င်မှု လွန်စွာနည်းပါးသည့်အပြင် ယင်းထဲရှိ သဘာဝဗီတာမင်များနှင့် အမျှင်ဓာတ်များက ကျောက်ကပ်အတွက် အားဆေးဖြစ်သည်။
- လူတို့တွင် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးတိုးရောဂါဖြစ်စေပြီး ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေသည်။ ထို့ကြောင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀သည့် အစားအစာများဖြစ်ကြသော အခွံမာသီးအစေ့အဆန်များ၊ မြေထောက်ပဲနှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။
- အစိမ်းရောင်ငရုတ်ပွထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါ၀င်မှု နည်းပါးသည့်အပြင် ယင်းထဲရှိ သဘာ၀ဗီတာမင်နှင့် သတ္တုဓာတ်က ကျောက်ကပ်ကို သန့်စင်ပေးနိုင်သည့်အစွမ်းများရှိသည်။
- စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးသောကြောင့် ဆီးရွှင်စေကာ ကျောက်ကပ်ကျန်းမာစေသည့်အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေသည်။
- ဘယ်ရီသီးမျိုးနွယ်၀င်များဖြစ်ကြသော စတော်ဘယ်ရီနှင့် Cran-berry (ခေါ်) အချဉ်အရသာရှိသည့် ဘယ်ရီသီးအနီရောင်ထဲတွင် ပါရှိသော Hippuric အက်စစ်က ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်သည်။
- ကြိတ်မှန်ရွက်ပဉ္စငါးပါးကို ရေစင်စင်ဆေး၊ အခြောက်လှန်းပြီးသွပ်ပြားပေါ်တင်၍ ပြာချပါ။ ယင်းပြာကို သံဒယ်အိုးတွင်ထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးခြင်းဖြင့် ရလာသောဆေးကို ကြိတ်မှန်ရွက်ရုက္ခမူဆားဟု ခေါ်သည်။ ယင်းကို ထမင်းမစားမီ ဆီးကင်းခန့် နေ့စဉ် အချိန်မှန်မှန်စားပါ။
- မည်သည့်ငှက်ပျောပင်၏ အူတိုင်ကိုမဆို ကျောက်ဖရုံသီးဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ် ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
- ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိအဆီက ကျောက်ကပ်၏စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ပေးနိုင်၍ ဆီးကျောက်တည်ခြင်းကို မဖြစ်စေတော့ပေ။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ထိထိရောက်ရောက်တားဆီး ကာကွယ်ပေးနိုင်သည်။
- နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီးနှင့် တွဲဖက်စားပေးပါက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးကာ ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည်။ ထို့ပြင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သောကြောင့် ကျောက်ကပ်ကို သန့်စင်စေသည်။
- အာလူးထဲတွင် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာပါရှိနေပြီး ထိုဓာတ်က ကျောက်ကပ်နှင့်တစ်သျှူးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။
- ကြံရည်က ကျောက်ကပ်ကိုအားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။
- ခရမ်းချဉ်သီးကို အစေ့ဖယ်စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်သည်။
- မြင်းခွာရွက်ကို နေ့စဉ်မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နှင့်ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးကို ကြိုတင်ကာကွယ်ရာရောက်သည်။
ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သော သဘာ၀ဖျော်ရည်များ- Beet Root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံးကလည်း ကျောက်ကပ်အတွက် ဆေးတစ်ပါးဖြစ်သည်။ Beet Root ထဲရှိ Betaine ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကျောက်ကပ်အတွင်း ကယ်လ်စီယမ်၊ Phosphorus ဖြစ်တည်ခြင်းကို ရှင်းထုတ်ပေးကာ ကျောက်ကပ်ကင်ဆာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်သည်။ ယင်းအတွက် Beet Root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်သည်။ Beet Root ကို မြန်မာနိုင်ငံ၏ အေးမြစိုစွတ်သော တောင်ပေါ်ဒေသ ရှမ်းပြည်နယ်၌ တွေ့ရတတ်သည်။ သွေးနီရောင် သို့မဟုတ် ခရမ်းနီရောင်ဖြစ်ပြီး ဓားဖြင့်လှီးလိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။ ပုံစံမှာ ကြက်သွန်နီကဲ့သို့ လုံးဝိုင်း၍ အပေါ်ယံအခွံအထပ်ထပ်ဖြစ်နေကာ လက်သီးဆုပ်ခန့်အရွယ်အစားဖြစ်သည်။ ဥ၏ထိပ်ပိုင်းတွင် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းညိုရောင်သန်းနေသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိကြသည်။
- သံပရိုသီးက ကျောက်ကပ်ထဲရှိ ကျောက်များကို ကြေပျက်စေသည်။ သံလွင်ဆီက ကျောက်ကပ်ထဲရှိ ကျောက်များ၏အရွယ်အစားကို သေးငယ်သွားစေနိုင်သည်။ ပန်းသီးရှလကာရည်(ခေါ်) Apple Cider Vinegar (ACV)က ဆီးကျောက်တည်ခြင်းဝေဒနာကို ကောင်းကျိုးပြုသည်။ သံပရိုသီးအရည် ၁ အောင်စ၊ ရေသန့် ၁၂ အောင်စ၊ ACV လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောစပ်၍ ရလာသောဖျော်ရည်ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်သည်။
ဟင်းသီးဟင်းရွက်တစ်မျိုးစီတွင်သဘာဝမှပေးစွမ်းထားသော ကျန်းမာရေးအတွက် အာနိသင်တစ်မျိုးစီပါရှိနေသည်။ တရုတ်နံနံ၊ ဂေါ်ဖီ၊ သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကိုက်လန် စသည်တို့က ကျောက်ကပ်အတွက် အထူးဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။ ထို့ကြောင့် ယင်းဟင်းသီးဟင်းရွက်အားလုံးကိုဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ တစ်ပြိုင်တည်းကြိတ်ခြေကာ ဖျော်ရည်အဖြစ် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဆီး(အရည်)အဖြစ်စွန့်ထုတ်ပေးကာ ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်သည်။
အချုပ်ဆိုရသော် အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုသော်လည်း တန်ဆေး၊ လွန်ဘေးဖြစ်တတ်၍ မည်သည့်အစားအစာကိုမဆို သင့်တင့်မျှတစွာစားသုံးကြစေလိုကြောင်းနှင့် ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories