ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည်  လူသားတို့၏အသိဉာဏ်ရည်ကိုတုပ၍ စက်ပစ္စည်းများတွင်ပေါင်းစပ်ကာ   လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊  ဆုံးဖြတ်နိုင်၊  လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာစိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို  ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။

ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊  ဆန်းစစ်ဝေဖန်တွေးခေါ်နိုင်မှုရှိသော စက်ကိရိယာတီထွင်အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ပြည့်နှစ်မှ စတင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များကြားတွင် စက်ရုံ၊  အလုပ်ရုံများ၌  လေးလံသောပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့်     အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက်     ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင်လာခဲ့ကြသည်။ လူသားတို့ပေးထားသော      ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သည့်      ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။

၁၉၈၀  ပြည့်နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့  ဗဟုသုတပြည့်စုံ၍  ဆုံးဖြတ်နိုင်စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။  ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ  ပုံမှန်မဟုတ်သည့်ရောဂါရှိသည့်အခြေအနေကို ရှာဖွေနိုင်သောကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင်    AI   စနစ်များသည် အချက်အလက်ပေါင်းများစွာကို    စီမံခန့်ခွဲနိုင်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိ ယာများတွင် ပေါင်းစပ်အသုံးပြုလာခဲ့ကြသည်။

အီလက်ထရွန်နစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်း များပြုလုပ်ရာတွင်  AI နည်းပညာကို အသုံးပြုလာ သဖြင့်  အချက်အလက်ပေါင်းများစွာ  စီမံခန့်ခွဲနိုင် ခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန် တိကျမှုရှိလာခဲ့သည်။  ၂၀၁၀  ပြည့်နှစ်ကာလများတွင် နက်ရှိုင်းစွာလေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာအချက်အလက်များကို   စိစစ် အဓိပ္ပာယ်ဖော်၍တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို   ရေးဆွဲပေးလာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင်များစွာအထောက်အကူပြုလာခဲ့ သည်။ ၂၀၂၀  ပြည့်နှစ်နောက်ပိုင်း  ယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 စသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် တခြားကဏ္ဍများနည်းတူ ကျန်းမာရေးကဏ္ဍတွင်များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏချိန်ညှိပေးနိုင်သကဲ့သို့     ဆေးဝါး သစ်များ  ရှာဖွေခြင်း၊     အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာ နိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင်ခန့်မှန်း ခြင်း၊    ကျန်းမာရေးဝန်ထမ်းများအားလေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။

သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံး ချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်း ကဏ္ဍ၏တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာဆုံးဖြတ်မှုများတွင် အထောက်အပံ့များစွာ  ရရှိစေပါသည်။  လူနာ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ စနစ်တကျ သိုမှီးသိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့   ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်သည်။ တခြားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့ပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံရတတ်သော မှားယွင်းမှုများကိုလျှော့ချနိုင်ပြီး အချိန်နှင့်တစ်ပြေးညီထိရောက်သော ပြုစုကုသမှုဆောင်ရွက်နိုင်စေသည်။ ခေတ်မီသူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို  အောက်ပါအတိုင်း တွေ့ရှိရပါ သည်-

(က)Clinical Decision Support

AI သုံးစက်ကိရိယာများသည်  လူနာ၏အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍  တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သောပြုစုကုသမှုကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သောအချက်အလက်များ     (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical Decision Support System စနစ် အတွင်းသို့ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေး သော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကိုလိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို   ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော   သုတေသနရလဒ်များကို အခြေခံ၍ Evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့်သဘောဖြစ်သည်။

(ခ)Predictive Analytics for patient deterioration 

 AI သုံးစက်ကိရိယာများသည် လူနာနှင့်ပတ်သက်သောအချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ၍ လူနာများ   ချော်လဲနိုင်ခြေ၊ ကျောပူနာဖြစ်နိုင်ခြေ၊  ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက် ရောက်နိုင်ခြေ စသည့်နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။  AI ၏ မျှော်မှန်းတွက်ချက်မှုပေါ်အခြေခံကာ  သူနာပြုများအနေဖြင့် အရေးကြီးလူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်း လဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်။

(ဂ) Patient case Assistance

AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာများ(Devices) အသုံးပြု၍  လူနာများကို ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်သဖြင့် သူနာပြုများအား ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့ပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးရာတွင်လည်း   အသုံးပြုနိုင်သောကြောင့်  ဆေးအမျိုးအစား၊ ဆေးဝါးပမာဏမှန်ကန်မှုရစေပြီး  ကုသမှုလုပ်ငန်းစဉ်တွင်  တွေ့ကြုံတတ်သော  ဆေးမှားတိုက်မိခြင်း၊   ဆေးမတိုက်မိခြင်းပြဿနာများမှလည်း   ပြေလည်စေနိုင်ပါသည်။   AI chatbots, virtual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့   အထောက်အကူပြုစေနိုင်ပါသည်။ ကျန်းမာရေးအကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ  သိလိုသည်များ  ဖြေကြားပေးခြင်းသာမက ဆေးဝါးများသောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်းများ ပြုလုပ်နိုင်သည်။ သူနာပြုများကလည်း ထို AI အကူစနစ်များမှပေးပို့သောသတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံကြည့်ရှုမည့် ရက်ချိန်းပေးနိုင်သကဲ့သို့    ရောဂါမျိုးစုံရှိသော၊ ရောဂါအခြေအနေထိန်းညှိရခက်သောလူနာများကို   အထူးစောင့်ကြပ်သတိထားနိုင်မည်ဖြစ်သည်။  တစ်ဦးချင်းစီနှင့်သက်ဆိုင်သောရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊  နေထိုင်စားသောက်ပုံစသည့်အချက်အလက်များပေါ်အခြေခံ၍ Personalized  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံချက်များကို AI မှ ရေးဆွဲပေးနိုင်သောကြောင့်သူနာပြုများသည်လူနာတစ်ဦးချင်းနှင့်ကိုက်ညီသောပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည်   တိကျသောအဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊   ဆေးဘက်ဆိုင်ရာကျွမ်းကျင်များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့်လူနာများအတွက်  ပို၍သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။

(ဃ)Remote Monitoring  and Telehealth

 လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့်နေ့စဉ်အချိန်နှင့်အမျှပြောင်းလဲနေသော  သွေးခုန်နှုန်း၊  သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်စသည့်နှလုံး၊အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ပြီးခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေးအခြေအနေကိုသူနာပြုများကအဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့သော   သတင်းအချက်အလက်များအရ လူနာ၏အခြေအနေကိုသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေးမှုများ၊ရက်ချိန်းမြန်မြန်ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။   အဝေးရောက်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကိုထိရောက်စွာအကောင်အထည်ဖော်နိုင်မှုတစ်ခုဖြစ်သည်။

(င)Patient Education and Engagement

လူနာတစ်ဦးချင်း၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင်ရွက်ပေးနိုင်ပြီး  ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို    ကျန်းမာရေးအထောက်အကူပြုသည့်နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကိုလည်း AI  သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည်     သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာအထောက်အကူ     ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်သူများကြား    ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော  ကုသမှုရစေနိုင်ပါသည်။

(စ)   Administrative Support

သူနာပြုများသည်လူနာပြုစု၊  ကုသမှုသာမက လူနာ၏မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျဖြစ်အောင်   ဆောင်ရွက်ရခြင်းစသည့်စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင်ရသည်။   AI-driven scheduling system နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာပြုစုကုသမှုတွင် ပို၍အချိန်ပေးလာနိုင်သည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ဂျူတီချိန်သတ်မှတ်ချက်၊ဂျူတီအပြောင်းအရွှေ့၊     အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းများသတ်မှတ်ရာတွင်   AI   သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသော ကြောင့် သူနာပြုများ လုပ်ငန်းခွင်အတွင်း  ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစုစောင့်ရှောက်မှုကို    ပို၍အလေးထားလာနိုင်သည်။   ဆေးရုံရှိ   လူနာခန်းများ၊   ခုတင်များ၊ စက်ကိရိယာများစသော  အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သဖြင့် သင့်လျော်သောလူနာများအတွက်ထိရောက်သောပြုစုကုသမှုရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက်မြန်ဆန်လာကာဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။

(ဆ) Electronic  Health Records with AI integration

AIနည်းပညာအားဖြည့်ထားသည့် အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းထားရှိမှုသည်ပို၍စနစ်တကျရှိစေပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။  လူနာတစ်ဦးချင်းစီနှင့်ပတ်သက်သောရောဂါမှတ်တမ်း၊ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန်ဆိုင်ရာအချက်အလက်များကိုအီလက်ထရွန်နစ်နည်းပညာဖြင့်ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာပေါင်းစပ်ခြင်းဖြင့် လူနာနှင့်ဆိုင်သော အချက် အလက်များကိုသုံးသပ်၍ အလွယ်တကူ မတွေ့မြင်နိုင်သော   အန္တရာယ်ကိုဖော်ထုတ်ကာ  အရေးကြီးလူနာဟုသတ်မှတ်ပေးနိုင်သည်သာမကကုသမှုဆိုင်ရာလုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊  ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို များစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။

(ဇ) Training and simulation

AI   သုံးစွမ်းအားမြင့်    စက်ကိရိယာများသည် သူနာပြုများအား    လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သောသင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ (ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ထိခိုက်ဒဏ်ရာရမှုပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးဘဲ လေ့ကျင့်သင်ကြား နိုင်ပြီး ပြုစုကုသမှုစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင်   သူနာပြုတစ်ဦးချင်း၏   လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို  ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်မီလာမှု  ရှိ/မရှိ ကို   စစ်ဆေးနိုင်ခြင်းကြောင့်    ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှုရရှိစေနိုင်ပါသည်။စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာလေ့လာမှုများတွင် AI ကို အသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။သူနာပြုများ၏ သုတေသနလုပ်ငန်းများတွင်လည်း  AI နည်းပညာသည် အချက်အလက်ပေါင်းများစွာ     ခွဲခြမ်းစိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။

လူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏အသုံးဝင်မှုများကို သိရှိလာသောကြောင့်  လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI  သုံးစက်ကိရိယာများနှင့်   အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန်ဆေးဘက်ပညာရှင်များအားအလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက်မှတစ်ဆင့် သင်ယူမှုများပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့်  IT နည်းပညာအဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲလူနာပြုစုမှုကိုပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သောပြုစုကုသမှုပေးလာနိုင်မည်ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင်သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့်ပင်ပန်းနွမ်းနယ်မှုများမှ လည်း သက်သာစေနိုင်ပါမည်။

လူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု  အရည်အသွေးကောင်းမွန်လာနိုင်သော်လည်းနည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုကြားသင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာကရုဏာထား ပြုစုကိုင်တွယ်မှုများကို   AI  သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။အတွေ့အကြုံနှင့်ယှဉ်သော သူနာပြုများ၏အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။

လူနာ၏အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏အတွင်းရေးအချက်အလက်များ  မပေါက်ကြားရေး၊ယုံကြည်စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာအရေးကြီးသော လိုက်နာရမည့်အချက်ဖြစ်ပါသည်။  ထို့ပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖည်မှုများရှိနိုင်ကြောင်းလည်း  သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင်(Hacking) ယူသွားနိုင်သည့်အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြုရာတွင် မှားယွင်းမှုများရှိလာပါက  ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

ဒေါက်တာဥမ္မာစော

မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင်  မွေးမြူရေးလုပ်ငန်းများကို   ယခင်က  မိရိုးဖလာမွေးမြူရေးအနေဖြင့်  မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို   မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏   ၈၉  ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက်   တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို    ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဝက်မွေးမြူရေးကို  တိုးချဲ့မွေးမြူရန်လိုအပ်လျက်ရှိပေသည်။

“သဗ္ဗေသတ္တာ   အာဟာရသုခိတာ” ဆိုသည့်အတိုင်းလူသားတို့ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီးသက်ရှည်ကျန်းမာရန်အတွက်အသားကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်ပေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်   ဝက်မွေးမြူရေးလုပ်ငန်းသည်လည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးတက်ဖော်ဆောင်ထုတ်လုပ်လာကြပြီဖြစ်သည်။

ဝက်မွေးမြူရေးလုပ်ငန်းတွင်  ယခင်က  အာဟာရဗေဒသဘောတရားအရ  ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ  (Nutrition Factor) များကို မသိရှိကြသောကြောင့် ဖွံ့ဖြိုးမှုနှေးကွေးကာ  ဝက်တစ်သုတ်လျှင် အချိန်အကြာကြီးမွေး၍ ကျွေးမွေးရပြီး တွက်ခြေမကိုက်ဖြစ်ရသည်။  ယခုအခါ ဝက်မျိုးကောင်းမျိုးသန့်များကို အာဟာရပြည့်ဝသောအစာများကျွေး၍ အချိန်တိုအတွင်းရောင်းချနိုင်အောင်၊ အကျိုးအမြတ်ရရှိအောင် မွေးမြူလာကြသည်။ မည်မျှရင်း၍မည်မျှမြတ်မည်၊ ဘယ်နှလမွေးလျှင် ဘယ်လောက်အမြတ်ရနိုင်မည် စသည့်အချက်များကိုပါ  ထည့်တွက်စဉ်းစားမွေးမြူ၍  စီးပွားရေးအကျိုးအမြတ်ကို ကြည့်လာကြသည်။   အောင်မြင်သော ဝက်မွေးမြူရေးခြံတစ်ခြံဖြစ်ရန်အတွက် အောက်ဖော်ပြပါအချက်များကို  အထူးအလေးထားဆောင်ရွက်ရမည်-

(၁)     မြေနေရာရွေးချယ်မှုနှင့် ခြံတည်ဆောက်ပုံစနစ်ကျခြင်း

(၂)     မျိုးကောင်းမျိုးသန့်  ရွေးချယ်မွေးမြူခြင်း

(၃)     မွေးမြူရေးနည်းစနစ်မှန်ကန်မှုရှိခြင်း

(၄)     အာဟာရပြည့်ဝသည့်အစာကျွေးမွေးခြင်း

(၅)     ရောဂါကြိုတင်ကာကွယ်ခြင်း

(၆)     ဈေးကွက်ရှာဖွေခြင်း

စသည့်အချက်များကို သေချာစွာဂရုစိုက်ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။ ဝက်ခြံအဆောက်အအုံ၊ အစာခွက်၊ ရေခွက်များအား သန့်ရှင်းအောင်ထား၍ မွေးမြူထားသော ဝက်ကောင်ရေအတွက်လုံလောက်သောအစာခွက်၊ရေခွက်ထားပေးရမည်။ ဝက်များကို  အသက်အရွယ်အစုံ၊  အကြီးအငယ်ဆိုဒ်စုံထား၍ မမွေးရပါ။ အသက်ညီသော၊ အရွယ်ညီသော ဝက်များကိုသာ ထည့်သွင်း၍မွေးမြူရပါမည်။

ကျန်းမာရေးစောင့်ရှောက်မှု   စီမံခန့်ခွဲမှုကောင်းမွန်ပါက  ရောဂါအန္တရာယ်နည်းပါး၍  ကြီးထွားနှုန်းမြန်မည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်း၍ စီမံခန့်ခွဲမှုညံ့ပါက ဝက်များဒဏ်ပိ၍ ကိုယ်ခံစွမ်းအားကျဆင်းပြီး   ကူးစက်ရောဂါများဖြစ်ပွားရန် အခွင့်အလမ်းများ ပိုများမည်ဖြစ်သည်။

ကြိုတင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရမည်။   လုံလောက်သောအစာအာဟာရ အပြည့်အဝကျွေးမွေးပေးရမည်။ ဝက်မကြီးများသားပေါက်ချိန်တွင် ဝက်မကြီးမပိမိစေရန် အထူးဂရုစိုက်ရမည်။ နှာခေါင်းနှင့် ပါးစပ်တွင်ပိတ်မိနေသော ရေအိတ်အမြှေးပါးကြောင့် အသက်ရှူကျပ်ကာ   အသက်ရှူမဝဘဲ   ဝက်ငယ်ကလေးများ သေဆုံးတတ်သည့်အတွက် ရေမြွှာအိတ်အမြှေးပါးများကို အဝတ်သန့် ဖြင့် ဖယ်ရှားသန့်စင်ပေးရမည်။ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီးအသက်ရှူအောင် ဖြည်းဖြည်းမှန်မှန်ဖိပေးပုတ်ပေးရမည်၊ ဝက်ကလေးများချက်ကြိုးပြတ်၍ သွေးထွက်နေပါက Gental Violent မင်ပြာဖျန်းဆေး သို့မဟုတ် Septidine၊ တင်ချာအိုင်အိုဒင်းဆေးရည်ဖြင့် သုတ်လိမ်းပေးရမည်။

ဝက်ပေါက်ကလေးများတွင်  ချွန်ထက်သောသွားများပါရှိလာသည့်အတွက်  မိခင်၏နို့အားမကိုက်မိစေရန်နှင့်  နို့အုံအနာမဖြစ်စေရန်အတွက် သွားများကိုဖြတ်ပေးရမည်။ ဝက်များသည် လှုပ်ရှားနေသော  အမြီးများကိုကိုက်တတ်သဖြင့် အမြီးကိုအရင်းမှတစ်လက်မသာချန်၍  ဖြတ်ပေးရမည်။

သားပေါက်၍မွေးဖွားပြီးခါစ ဝက်မကြီးများ၏နို့ဦးရည်တွင် တန်ဖိုးရှိသောပဋိပစ္စည်းပါဝင်သည့်အတွက် မွေးစဝက်ငယ်လေးများအား နို့ဦးရည်ကိုမဖြစ်မနေတိုက်ပေးရမည်။  မွေးပြီး  ၂၄ နာရီအတွင်း နို့ဦးရည်ကို မဖြစ်မနေတိုက်ပေးရမည်။ ဝက်ငယ်ကလေးများသည် အအေးဒဏ်ကို   မခံနိုင်သည့်အတွက် နွေးနွေးထွေးထွေးထားပေးရမည်။ နို့ပေးဝက်မကြီးများသည်   တစ်လအထိသာ နို့ကောင်းကောင်းပေးနိုင်ပြီး တစ်လကျော်သွားလျှင် နို့ထွက်နည်းသွားသည်။ ဝက်ကလေးများကြီးထွားဖွံ့ဖြိုးရန် အာဟာရပိုပြီးလိုအပ်သည့်အတွက် ဝက်ငယ်ကလေးများ  နှစ်ပတ်သားအရွယ်မှစ၍ အစာစားတတ်ရန် လေ့ကျင့်ပေးရမည်။

ဝက်ငယ်ကလေးများ  တစ်လသားအရွယ်တွင် သားခွဲပေးနိုင်ပါက  ဝက်မကြီးသည်  စောစောမြိုင်ပြန်လာကာ သားတောင်း၍  စောစောသားပေါက်နိုင်သည်။ သားပေါက်ကြိမ်ရေတိုးလာသောကြောင့်  ဝက်သားပေါက်ပိုမိုရရှိကာစီးပွားရေးအရ တွက်ခြေပိုကိုက်သည်။

အသားတိုးဝက်မွေးမြူရန်အတွက် နို့ခွဲဝက်ငယ်လေးများကို ရွေးချယ်ရာတွင် ကနဦးအရေးကြီးဆုံးအချက်မှာ မျိုးဝက်မ၊ဝက်သိုးများ၏  မျိုးရိုးဗီဇနှင့်  ကြီးထွားနှုန်းစံချိန် မီ၊ မမီ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဝယ်ယူမွေးမြူလျှင် အကောင်းဆုံးဖြစ်သည်။

ခန္ဓာကိုယ်   တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရာတွင်  ပခုံးနှင့်တင်ပါးတွင် ခန္ဓာကိုယ်အသားအစိုင်အခဲ ထင်ရှားသောဝက်ကလေးများကို ရွေးချယ်မွေးမြူရမည်။ သွားလာမှု ဖျတ်လတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တွင်စိတ်ဝင်စားမှုရှိခြင်းသည် ကျန်းမာသောလက္ခဏာဖြစ်သည့်အတွက် ဝက်ကလေးများ၏ လှုပ်ရှားမှုကိုကြည့်၍လည်း ရွေးချယ်မွေးမြူရမည်။ လှုပ်ရှားမှုနှေးကွေးပြီး  အမြီးတွဲလောင်းကျနေသောဝက်ကို မရွေးချယ်သင့်ပေ။ သားပေါက်တစ်အုပ်အတွင်း   ညှက်၍ကျန်ခဲ့သော အုပ်ညှက်ဝက်ကို ဘယ်သောအခါမှမမွေးသင့်ပါ။

ဝက်ကလေးများတွင် ကျောပြင်ကျယ်၍ ခါးလျားရှည်ခြင်း၊ ရင်အုပ်ကား၍ မေးရိုးခိုင်မာမှုရှိခြင်း၊  ပခုံး၊  တင်ပါးအသားထင်ထင်ရှားရှားရှိခြင်းသည်  ဝက်ငယ်ကလေးများကြီးထွားနှုန်းကောင်းမည့် လက္ခဏာရပ်များဖြစ်သည်။ အရေပြားပေါ်တွင် အနာများရှိခြင်း၊ မျက်ဝတ်ထွက်ခြင်း၊  ဝမ်းပျက်ဝမ်းသွားခြင်းများသည် နောင်တစ်ချိန်တွင်    ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည့်အချက်များဖြစ်သည်။

အသားတိုးဝက်မွေးမြူရာတွင် ဝက်ထီးကို ဝက်မထက် ပို၍နှစ်သက်ရွေးချယ်ဝယ်ယူမွေးမြူလေ့ရှိကြသည်။  ဝက်မများသည် ခြောက်လအထိ ကြီးထွားနှုန်းမြန်ပြီး မြိုင်ပေါ်ပါက အစာစားပျက်၍ ပိန်ပြီး ကြီးထွားနှုန်းကျသွားတတ်သည့်အတွက်ဖြစ်သည်။

မျိုးဝက်မရွေးချယ်ရာတွင် အသားတိုးဝက်နှင့် မျိုးဝက်မရွေးချယ်ရခြင်းများ ဆင်တူသည်။ မျိုးပွားရန်အတွက် ရွေးချယ်ရခြင်းကြောင့်ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု၊ မျိုးရိုးဗီဇစသည့်အချက်အလက်များကို အဓိကထားရွေးချယ်ရမည်။ ဝက်မ၏နို့အုံဖွံ့ဖြိုးမှုရှိ၍  နို့အုံ၌နို့သီးအနည်းဆုံး ၁၂ လုံးနှင့် အထက်ရှိရမည်။ နို့သီးအရွယ်ညီ၍ အကွာအဝေးညီရမည်။ နို့သီးခေါင်းများပေါ်လွင်ထင်ရှားနေရမည်။ ချိုင့်ပြီးအတွင်းသို့ဝင်နေသော နို့သီး( နို့ပါးစပ်)ပါရှိသောဝက်မများကို    မျိုးအဖြစ်မရွေးချယ်ရပါ။

ဝက်မကြီး၏မျိုးရိုး၊  သားပေါက်နှုန်းကောင်းခြင်း၊ နို့ပေးနှုန်းကောင်းခြင်း၊ ဝက်ငယ်ကလေးများအား  ထိန်းသိမ်းစောင့်ရှောက်မှုကောင်းခြင်း၊   ကြီးထွားဖွံ့ဖြိုးမှုကောင်းခြင်း၊ သားထိန်းကောင်း ခြင်း စသည့်အမူအကျင့်လက္ခဏာများကိုလည်း သေချာလေ့လာ၍ မျိုးဝက်မကို ရွေးချယ်မွေးမြူရမည်။ သားလျှော၊ သားပျက်တတ်သောရာဇဝင်နှင့် အသေမွေးဖွားဖူးသော   ဝက်မမှပေါက်ဖွား လာသော ဝက်မများကို မျိုးဝက်မအဖြစ် မရွေးချယ်ရပါ။ သားစဉ်မြေးဆက်အထိ ရောဂါသဏ္ဌာန် လက္ခဏာပါလာတတ်သည့်အတွက် မျိုးဝက်မအဖြစ် မရွေးချယ်သင့်ပါ။

မျိုးဝက်မအဖြစ်    ရွေးချယ်ရာတွင်  မိခင်ကိုစံနှုန်းထားပြီး  အလားအလာရှိနိုင်သည့်  အချက်အလက်များကို ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပေသည်။ သားပေါက်နှုန်း၊ နို့ထွက်နှုန်း၊ ဝက်ငယ်ကလေးများထိန်းသိမ်းနှုန်း(သားထိန်းနှုန်း)ကောင်းသည့် ဝက်မ၏ဗီဇသည် ၎င်း၏သမီး ဝက်ကလေးထံသို့လည်း   ဆက်လက်ဆင်းသက်လက်ဆင့်ကမ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။

မျိုးဝက်မသည် အသက်ရှစ်လမှ ၁၀ လ အရွယ်တွင် သားပေါက်သည်။ ဝက်မမြိုင်လာရက်(သားတောင်းရက်)သည်တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ကြာမြင့်သည်။ မြိုင်ပေါ်ကာလသည် သုံးရက်မှငါးရက်အထိကြာတတ်သည်။ မျိုးဝက်မကို  ပထမအကြိမ်မြိုင်လာချိန် (သားတောင်းချိန်)တွင်   သားမတင်သင့်ပါ။   ပထမအကြိမ်သားတောင်းချိန်တွင်  သားဥကြွေနှုန်းနည်း၍ သားပေါက်ကောင်ရေ နည်းတတ်သောကြောင့်ဖြစ်သည်။

ဝက်မတမ်းဝက်မကို   တတိယအကြိမ် သားတောင်းမြိုင်လာမှသားတင်လျှင် သားပေါက်ကောင်ရေ အများဆုံးရရှိနိုင်ပေသည်။ ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလသည် သုံးလ သုံးပတ် သုံးရက် စုစုပေါင်း ၁၁၄ ရက်ဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်သားနှင့် တစ်ဗိုက် သားပေါက်၍ ကိုယ်ဝန်ဆောင်နိုင်ပေသည်။

သားတင်ပြီး မျိုးပွားမည့်ဝက်မကလေးများကို နို့စို့စဉ် တစ်ပတ်သားမှစ၍ အစာစားလေ့ကျင့်ပေးရမည်။ သုံးလသားအရွယ်အထိ အစာကိုဝဝလင်လင်ကျွေးမွေးပေးရမည်။ သုံးလသားအရွယ်မှစ၍  ပထမမြိုင်ပေါ်သည်အထိ ခန္ဓာကိုယ်အဆီမပိုစေရန်အတွက်  ပုံမှန်ကျွေးနေကျအစာ၏   ၇၅  ရာခိုင်နှုန်းသာ ကျွေးပေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက်အစာကိုအဝပြန်ကျွေး၍ ဒုတိယမြိုင်ကို   လွှတ်၍   တတိယမြိုင်ပေါ်မှသာ သားတင်လျှင် သားပေါက်နှုန်းကောင်းကောင်းရမည်ဖြစ်ပေသည်။

ဝက်မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဝက်မကောင်းရရှိရန်လိုအပ်သကဲ့သို့  မျိုးဝက်သိုးကောင်းလည်း ရရှိရန်လိုအပ်သည်။ မိဘများမှ သားသမီးများဆီသို့ မျိုးရိုးဗီဇကောင်းများ ထပ်ဆင့်ဖြန့်ဖြူးရာတွင် ဝက်သိုး၏စွမ်းဆောင်ရည်မှာ ဝက်မထက်သာလွန်ကောင်းမွန်သည့်အတွက် ဝက်သိုးရွေးချယ်မှုသည်လည်း အရေးကြီးပေသည်။ 

ဝက်သိုး၏အရိုးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းရမည်။ အိပ်နေရာမှ မတ်တတ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးနေရမည်။   ဝက်သိုးကောင်း၏ လက္ခဏာများမှာ -

(၁)     ခြေထောက်လေးချောင်း တောင့်တင်းခိုင်မာမှုရှိရမည်။

(၂)     ထိပ်ခင်ကျယ်၍ တင်ပါးနှင့်ပခုံးများ အသားဖွံ့ဖြိုးပြီး အသားအစိုင်အခဲပေါ်လွင်ရမည်။

(၃)     ကျောပြင်ကျယ်၍ ကျောရိုးသန်မာပြီး ခပ်ခုံးခုံးအနေအထားပေါ်လွင်နေရမည်။

(၄)     ဝမ်းဗိုက်ချပ်၍ သိုကပ်နေရမည်။

(၅)     ကပ်ပယ်အိတ်နှစ်လုံး အရွယ်ညီ၍ ဖွံ့ဖြိုးမှုရှိရမည်။

အရွယ်ရောက်ပြီး ဝက်သိုးတစ်ကောင်၏ စွမ်းဆောင်ရည်သည် တစ်ရက်ခြားတစ်ကြိမ်သာအောင်မြင်စွာမိတ်လိုက်နိုင်သည်။ ဝက်သိုးကို နေ့စဉ်ရက်ဆက် မိတ်မလိုက်သင့်ပါ။

ကျွေးမွေးသောအစာအာဟာရကောင်းမှသာ ဝက်များကြီးထွားနှုန်းမြန်ပြီး သားအောင်သားပေါက်နှုန်းကောင်းမွန်မည်ဖြစ်သည်။  ဝက်မွေးမြူရေးတွင် ကုန်ကျစရိတ်အားလုံး၏ ၇၀ ရာခိုင်နှုန်းသည်   အစာအတွက်ကုန်ကျစရိတ်ဖြစ်သည်။  ဝက်များသည်  အစာမှအသားအဖြစ်သို့   ပြောင်းလဲမှုနှုန်းမြန်၍ ကြီးထွားမြန်တိရစ္ဆာန်များဖြစ်သည်။  ကြီးထွားနှုန်းမြန်ရန်အတွက်လုံလောက်သောအစာအာဟာရပါဝင်သည့်အစာများအား ကျွေးမွေးပေးရန်လိုအပ်သည်။

ဝက်မွေးမြူရေးအတွက် လိုအပ်သောအစာအာဟာရများ-

(၁)     ကစီဓာတ် - ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆပ်

(၂)     အဆီဓာတ် - ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊   အုန်းဖတ်၊  ဝါစေ့ ကြိတ်ဖတ်၊  နေကြာဖတ်၊ ကြယ်ပဲဖတ်

(၃)     အသားဓာတ် - ငါးမှုန့်၊ ပုစွန်ဖွဲ၊ ခရု၊ ကဏန်း၊ တီ၊ ခြ

(၄)     ဗီတာမင် - အသီး၊ အရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ

(၅)     သတ္တုဓာတ် - ခရုခွံ၊ ခုံးခွံ၊ ကဏန်း ခွံ၊ သစ်ရွက်ခြောက်၊ မြေကြီး

(၆)     ရေဓာတ် - သန့်ရှင်းသောရေအာဟာရဓာတ်များသည် ကုန်ကြမ်း

အမယ်တစ်မျိုးချင်းအလိုက်လည်း ရောနှောပါဝင်နေပေသည်။ စိုက်ပျိုးရေးထွက်သီးနှံများကို မွေးမြူရေးတွင်သုံးစွဲ၍ မွေးမြူရေးထွက်စွန့်ပစ်ပစ္စည်း (ဝက်ချေး၊ နွားချေး၊ ကြက်ချေး)  များကို စိုက်ပျိုးရေးတွင် တစ်ဖန်ပြန်လည်အသုံးချခြင်းဖြင့် လူသားတို့အတွက် လိုအပ်သောအစာအာဟာရ၊ စားရေရိက္ခာ၊ အစာကွင်းဆက်၊ အစာသံသရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းအရ  ဝက်ကောင်ရေ စုစုပေါင်း ၄၄ ဒသမ ၃ သန်းကျော်ရှိကာ နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည်လည်း ဝက်သားစားသုံး၍ ဝက်သားလိုအပ်ချက်ဈေးကွက်သည်လည်း ရှိနေမြဲဖြစ်ပေသည်။  တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းစနစ်မှန်မှန်ဖြင့်  လုပ်ကိုင်ဆောင်ရွက်သွားပါကစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် ထုတ်လုပ်လာနိုင်ကာ ပိုလျှံသည်များကို ကုန်ချောများ(အေးခဲသား၊  ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားလုံး၊ ဝက်စည်သွတ်ဘူး) စသည်ဖြင့်   ထုတ်လုပ်ပြီး     ပြည်ပပို့ကုန်ဈေးကွက်ရှာဖွေ၍  ထုတ်လုပ်ရောင်းချကာ    နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးကဏ္ဍမှ  အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

အောင်သူရိန် (လယ်ဝေး)

ပဲယဉ်းနီ (Pigeon Pea၊ သိပ္ပံအမည် - Cajanus cajan) သည် ပရိုတင်းဓာတ်ကြွယ်ဝသော ပဲမျိုးဖြစ်ပြီး အာဖရိက၊ အာရှနှင့် ကာရစ်ဘီယံဒေသများတွင် အဓိကစိုက်ပျိုးသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း ဒေသအလိုက် စိုက်ပျိုးကြသည်။ စားနပ်ရိက္ခာနှင့် စီးပွားဖြစ်ထုတ်လုပ်မှုအတွက် အရေးပါသည်။

၂၀၂၄ - ၂၀၂၅ ခုနှစ်   ရာဂိမုန်တိုင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ရေကြီးနစ်မြုပ်ဖြစ်ပေါ်ပြီး သဲဖုံးနုန်းဖုံးဧရိယာများဖြစ်ပေါ်ခဲ့သည့်ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌စမ်းသပ် စိုက်ပျိုးထားရှိသည့်ပဲယဉ်းနီသီးနှံအပင်ဖြစ်ထွန်းနေမှုကို တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပဲယဉ်းနီသီးနှံအား မြန်မာနိုင်ငံ အတွင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်တွန်းအားပေးစိုက်ပျိုးသင့်ပြီး   ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ဤဆောင်းပါးအားရေးသားရခြင်းဖြစ်သည်။

စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုနှင့်မြေရာသီဥတု

ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး သဲဆန်သောမြေနှင့်  ရေစီးရေလာကောင်းသော မြေတို့တွင်ဖြစ်ထွန်းသည်။  ပူနွေးခြောက်သွေ့သော ရာသီဥတု (အပူချိန် ၂၀–၃၀ ဒီဂရီစင်တီဂရိတ်)။ မိုးရေချိန် ၆၀–၁၀၀ စင်တီမီတာအထိ ခံနိုင်ရည်ရှိသည်။ မိုးနည်းဒေသများတွင် ရေသွင်းစိုက်ပျိုးလေ့ရှိသည်။   

မြေအမျိုးအစား ရေမဝပ်သောနုန်းသဲစေး သို့မဟုတ်  သဲဆန်သောမြေ (မြေအချဉ်ငန်ဓာတ် pH 5.0–7.0)။ မျိုးစေ့ရွေးချယ်ခြင်း၊ အရည်အသွေးမြင့်မျိုးများဒေသအလိုက်  ရာသီဥတုဒဏ်၊ ရောဂါဒဏ်ခံနိုင်သောမျိုးများ ဂျပန်ပဲယဉ်းနီကိုရွေးချယ်ပါ။  မျိုးစေ့ပြင်ဆင်ခြင်း စိုက်မည့်မျိုးစေ့ကို မှိုသတ်ဆေးဖြင့်လူးနယ်၍ ရောဂါကင်းအောင်ပြုလုပ်ပါ။ ပြင်ဆင်ခြင်း၊  မြေညှိခြင်း စိုက်ခင်းမြေကို ကောင်းစွာမွှေပေးပြီး သစ်ရွက်ဟောင်းများ၊ မြေဆွေးများထည့်သွင်းကာ သဘာဝဓာတ်မြေဩဇာမြှင့်တင်ပါ။ 

ရေထုတ်စနစ် ရေဝပ်မှုမရှိစေရန် စိုက်ကြောင်းများကို မြင့်မားအောင်ပြုလုပ်ပါ။စိုက်ပျိုးနည်းစနစ်၊ စိုက်ချိန် မိုးဦးကျ (ဧပြီ–ဇွန်) စိုက်ပျိုးရန်သင့်လျော်သည်။  မိုးလယ် (ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာ-နိုဝင်ဘာ) တို့တွင် စိုက်ပျိုးကြသည်။မျိုးစေ့နှုန်း အတန်းလိုက်စိုက်မည်ဆိုပါက ၁ ဧကလျှင် ၃ ပြည်မှ ၄ ပြည်နှုန်းသုံးစွဲနိုင်ပြီး ကြဲပက်စိုက်မည်ဆိုလျှင် ၁၀ ပြည် - ၁၂ ပြည်အထိ သုံးစွဲပေးရမည်။

အကွာအဝေးစနစ်  (စိုက်ကြောင်း) အတန်းနှင့်ပင်ကြား။  ။ တန်းကြား ၂၄–၃၆ လက်မ၊ ပင်ကြား ၁၂-၁၆  လက်မ။ စိုက်နက်ခြင်း မျိုးစေ့ကို ၂-၃လက်မအနက်တွင် စိုက်ပါ။ စိုက်နည်း မျိုးစေ့ကို တိုက်ရိုက်ချစိုက်ပါ။

မြေဩဇာ၊ ရေသွင်းခြင်းနှင့် အစိုဓာတ်ထိန်းသိမ်းခြင်း

အော်ဂဲနစ်မြေဩဇာ စိုက်ပျိုးချိန်တွင် နွားချေး၊ မြေဆွေး တစ်ဧကလျှင် ၂–၄ တန် ထည့်ပါ။ ဓာတ်မြေဩဇာ၊ စိုက်ချိန် နိုက်ထရိုဂျင်အနည်းငယ်သာလိုအပ်ပြီး ဖော့စဖိတ်နှင့် ပိုတက်စီယမ်ကို အဓိကထည့်သွင်း (ဥပမာ - DAP ဓာတ်မြေဩဇာ ၄၀-၈၀ ကီလိုဂရမ်/ ဧက)။ ပန်းပွင့်ချိန် ပိုတက်စီယမ်ဓာတ်မြေဩဇာ (၂၀-၄၀ ကီလိုဂရမ်/ဧက)။ရေသွင်း  မိုးမလုံလောက်ပါက ရေသွင်းပေးရန်လိုအပ်သည်။ မြေဖုံးပစ္စည်း မြေဆီလွှာအစိုဓာတ်ထိန်းရန် ကောက်ရိုးဖြင့်ဖုံးအုပ်ခြင်း။ 

 ပိုးမွှားနှင့်ရောဂါကာကွယ်ခြင်းနှင့်  စီမံခန့်ခွဲမှု

(IPM)၊  ပိုးမွှား

- ပဲခွံစားပိုး၊ ပင့်ကူနီ၊ ပဲပင်လုံးဖောက်ပိုး။ 

ရောဂါ

- မှိုစွဲညှိုးခြင်း၊ ဗိုင်းရပ်ရောဂါ။ 

ကာကွယ်နည်း

- မှိုသတ်ဆေးဖျန်းခြင်း။ 

- သဘာဝပိုးသတ်ဆေး (နီမ်ရွက်စိမ်ရည်)။ 

- ရောဂါဒဏ်ခံမျိုးများ ရွေးချယ်စိုက်ပျိုး။

   ကြိုတင်ကာကွယ်ခြင်း

- သီးလှည့်စိုက်ပါ (ပဲယဉ်းနီကို ပြောင်း၊ ဂျုံ စသည့်သီးနှံများနှင့်လှည့်စိုက်)။ 

- ပိုးမွှားဒဏ်ခံမျိုးများရွေးချယ်ပါ။ 

- ဇီဝနည်းဖြင့်ကာကွယ်ခြင်း

- နီမ်ရွက်စိမ်ရည်၊ငရုတ်သီးစိမ်ရည်ဖျန်းခြင်း။ 

 -   ပင့်ကူ၊ လိပ်ပြာကဲ့သို့သော သဘာဝသားရဲများကိုထိန်းသိမ်းပါ။ 

- ဓာတုဆေးဝါးလိုအပ်ပါက   ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးကို ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။ 

ရေပေးသွင်းခြင်းနှင့်အစိုဓာတ်ထိန်းခြင်း၊ ရေသွင်းချိန်

-  အပင်သက်တမ်း ၂၀–၂၅ ရက်သားတွင် ပထမအကြိမ် ရေသွင်းပါ။ 

-  ပန်းပွင့်ချိန်နှင့် ပဲခွံဖြစ်ချိန်တွင် ရေမပြတ်စေရန်ဂရုစိုက်ပါ။ 

- စိုက်ပျိုးနည်း။ 

မိုးခေါင်ဒေသများတွင်ရေတာသောနည်း (ဥပမာ - Drip Irrigation)ကိုအသုံးပြုပါ။ 

ရိတ်သိမ်းခြင်းနှင့်ထုတ်လုပ်မှု၊ ရိတ်သိမ်းချိန်စိုက်ပြီး ၄–၆ လအကြာ (မျိုးကွဲပေါ်မူတည်)။  အထွက်နှုန်း ပျမ်းမျှ ၄၀၀–၆၀၀ ကီလိုဂရမ်/ဧကထွက်ရှိသည်။

အခြောက်လှန်းခြင်း 

ပဲခွံများကို နေရောင်၌ ၃–၄ ရက်အခြောက်လှန်း။ ရိတ်သိမ်းခြင်းနှင့်ရိတ်သိမ်းချိန်လွန်နည်းလမ်းများလုပ်ဆောင်ခြင်း၊ ရိတ်သိမ်းချိန် ပဲခွံ ၈၀ ရာခိုင်နှုန်းအရောင်ပြောင်းပြီး     ခြောက်သွေ့ချိန်တွင်ရိတ်ပါ။ အခြောက်လှန်းခြင်း နေပူတွင် ၃–၄ ရက်ခြောက်အောင်လှန်း၍ စိုထိုင်းဆ ၁၂ ရာခိုင်နှုန်း အောက်ရှိအောင်ထားပါ။ 

သိုလှောင်ခြင်း ပိုးမဝင်စေရန် လေလုံအိတ်များတွင် ထည့်၍ ခြောက်သွေ့အေးမြသောနေရာတွင် သိမ်းဆည်းပါ။ ထွက်ရှိမှု  ပဲယဉ်းနီသည်မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်သီးနှံများထဲမှတစ်ခုဖြစ်ပြီး အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစသည့်နိုင်ငံတို့သို့တင်ပို့ရောင်းချသည်။

စိုက်ပျိုးဧက  ၁ ဧကလျှင် ပျမ်းမျှထွက်ရှိမှု ၁၅–၂၀ တင်းခန့် (သီးနှံအမျိုးအစားနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍) ရှိသည်။စီးပွားရေးနှင့်အာဟာရတန်ဖိုး၊ စီးပွားရေး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ်  ရောင်းချနိုင်သည်။  အာဟာရ ပရိုတင်း ၂၀–၂၅ ရာခိုင်နှုန်း၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ သံဓာတ်ကြွယ်ဝသည်။  စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း သစ်ရွက်စိမ်းမြေဩဇာ (Green Manure) စိုက်ပျိုးပါ။သီးလှည့်စိုက်ခြင်း  ပဲယဉ်းနီကို နှံစားသီးနှံများနှင့်လှည့်စိုက်ခြင်းဖြင့် မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းပါ။ 

မှတ်တမ်းများနှင့်လေ့လာသင်ယူမှု၊   မှတ်တမ်းပြုစုခြင်း စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းမှု၊ ရောင်းဈေးနှုန်းများကို စနစ်တကျမှတ်သားပါ။  အသိပညာဖလှယ်ခြင်း ကျေးရွာအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများနှင့်   ပုံမှန်ဆွေးနွေးပါ။ အခက်အခဲများနှင့်အကြံပြုချက်များ၊ စိန်ခေါ်မှုများပိုးမွှားကျရောက်မှု၊ မိုးခေါင်ဒဏ်၊  မျိုးစေ့အရည်အသွေးနိမ့်ခြင်းစသည့်စိန်ခေါ်မှုများရှိသည်။

အကြံပြုချက်

ဒေသအလိုက်သင့်လျော်သောမျိုးများ ရွေးချယ်စိုက်ပျိုးပါ။  သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိမ်း။ဈေးကွက်အမျိုးအစားများ၊ ပြည်တွင်းဈေးကွက်ပဲယဉ်းနီကို မြန်မာနိုင်ငံအတွင်း စားသုံးမှုမြင့်မားပြီး ခြောက်သွေ့ဒေသများဖြစ်သည့်   မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဈေးကွက်ရှိ။  ပြည်ပဈေးကွက် အိန္ဒိယ၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ (ဥပမာ - ယူအေအီး၊ ဆော်ဒီအာရေဗျ) တွင် ပဲယဉ်းနီကို ဝယ်လိုအားမြင့်မားသည်။

စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများပြည်ပဈေးကွက်သို့  ပို့ကုန်အရည်အသွေးမမီခြင်း၊  နိုင်ငံတကာဈေးကွက်ပြိုင်ဆိုင်မှုမြင့်မားခြင်း (အာဖရိကနှင့် တန်ဇန်းနီးယားမှ ပဲယဉ်းနီ)၊  လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်တင်ကုန်ချစရိတ်မြင့်မား ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပိုးမွှားရောဂါ၊ ဈေးကွက်မတည်ငြိမ်မှုတို့က စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေသည်။ 

အခွင့်အလမ်းများ

အိန္ဒိယနိုင်ငံတွင် ပဲယဉ်းနီဝယ်လိုအား နှစ်စဉ်တိုးတက်လာခြင်း၊  အစားအစာလုပ်ငန်းများတွင် ပရိုတင်းအစားထိုးပစ္စည်းအဖြစ် ပဲယဉ်းနီကို စတင်အသုံးပြုလာခြင်း။ 

 ဈေးကွက်တိုးချဲ့ရန် အကြံပြုချက်များ၊  တန်ဖိုးမြှင့်ထုတ်ကုန်များ ပဲယဉ်းနီမှုန့်၊ ပဲပြား၊ စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချခြင်း။ 

ပူးပေါင်းဆောင်ရွက်မှု ဒေသအစိုးရနှင့် နိုင်ငံတကာအဖွဲ့များ (FAO, UNDP) မှ ဈေးကွက်ရှာဖွေရေးပံ့ပိုးမှုရယူခြင်း၊ ပဲယဉ်းနီထုတ်လုပ်သူများအသင်းများဖွဲ့စည်းကာ စုပေါင်းစီမံခန့်ခွဲခြင်း။ 

ဒစ်ဂျစ်တယ်စနစ်များ အသုံးပြုခြင်း

- အွန်လိုင်းဈေးကွက်များ (ဥပမာ - Facebook Marketplace, Myanmar Online Trade Platform) တွင် ကြော်ငြာရောင်းချခြင်း။ 

- နိုင်ငံတကာတင်ပို့မှုအတွက် နိုင်ငံတကာကုန်စည်ပြပွဲများကို အသုံးပြုခြင်း။  အစိုးရမှပံ့ပိုးမှုများ၊ အခွန်ကင်းလွတ်ခွင့် ပြည်ပသို့တင်ပို့သည့်    ပဲယဉ်းနီထုတ်ကုန်များအတွက် အခွန်လျှော့ချပေးခြင်း။ အရည်အသွေးမြှင့်တင်ရေး  စိုက်ပျိုးရေးဦးစီးဌာနမှ   မျိုးစေ့ထောက်ပံ့ခြင်းဈေးကွက်သတင်းအချက်အလက်များဖြန့်ဝေခြင်း။ 

စီးပွားရေးအရ အရေးပါမှုပဲမျိုးစုံသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုပြီး  နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော်ရရှိ စေသည်။ ကျေးလက်ဒေသစီးပွားရေးအတွက် အဓိက အထောက်အကူပြုသည်။ ပဲယဉ်းနီသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအတွက် စီးပွားဖြစ် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ဈေးကွက်ရရှိရန်   အရည်အသွေးစံချိန်မီအောင်ထုတ်လုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ  တိုးမြှင့်ခြင်းနှင့် အစိုးရ၏ပံ့ပိုးမှုများကိုအသုံးချခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်သည်။     

ပဲယဉ်းနီသည်ရာသီဥတုဒဏ်ခံနိုင်ပြီး အာဟာရပြည့်ဝသောသီးနှံဖြစ်သည်။ စိုက်ပျိုးနည်းစနစ်မှန်ကန်ပါက  စီးပွားဖြစ်ထုတ်လုပ်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သည်။

ပဲယဉ်းနီစိုက်ပျိုးရာတွင် အထက်ပါအလေ့အကျင့်ကောင်းများကိုလိုက်နာခြင်းဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်လျှော့ချနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးလာစေမည်ဖြစ်သည်။ အောင်မြင်သောဥပမာအနေဖြင့်   မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကသာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်တို့မှထွက်ရှိသည့် ပဲယဉ်းနီများအားပြည်ပသို့တင်ပို့ရောင်းချမှုမှာအောင်မြင်မှုရရှိနေသည်။ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးသူများသည် ပြည်ပသို့ပဲယဉ်းနီတင်ပို့ရာတွင်အောင်မြင်မှုရရှိနေပြီး  အိန္ဒိယနိုင်ငံတွင် မြန်မာ့ပဲယဉ်းနီများကို အိန္ဒိယ၏   ပြည်တွင်းစားသုံးမှုနှင့် ပြန်လည်တင်ပို့မှုအတွက် အသုံးပြုလျက်ရှိသည်။         ။

Source: https://myawady.net.mm/stories

 

YAU (99Batch)

လူရည်ချွန်ဖြစ်ဖို့   ကျွန်တော်ကြိုးစားမည်...

ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... မြန်မာ့

သားကောင်းဇာနည် စစ်သားကြီးကို   ကျွန်တော်

မျှော်မှန်းသည်...

တစ်နေ့က နေ့လယ်စာစားပြီး အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင် ထန်းလျက်ခဲလေးစား ရေနွေးကြမ်းလေး သောက် ဖုန်းထဲကနေ “လူရည်ချွန်” ဆိုတဲ့သီချင်းလေးနားထောင်နေတုန်း   ရုတ်တရက်ဆိုသလိုကားတစ်စီးထိုးဆိုက်လာပါတယ်။ ကားထဲကဆင်းလာသူက  ကျွန်တော့်ရဲ့တစ်မြို့တည်းနေမိတ်ဆွေရင်းကြီးကိုငြိမ်းချမ်းပေါ့။  သူ့ကြည့်ရတာ  အလောတကြီးနဲ့တစ်ခုခုကိုအလိုမကျပုံပဲ။ ဒါနဲ့ ကျွန်တော်ကပဲခရီးဦးကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။

ထက်မြတ်။ လာဗျာ ကိုငြိမ်းချမ်း။ ခင်ဗျားကြည့်ရတာ မောနေပုံပဲ။   ရေနွေးကြမ်းလေးသောက်၊ ထန်းလျက်လေးစားဦးဗျာ။

ငြိမ်းချမ်း။ ဟုတ်တယ် ကိုထက်မြတ်ရေ။ ကျွန်တော့်မှာလည်း အိမ်က အပျက်အစီးတွေကိုရှင်းရင်းနဲ့မောလာတာကတစ်ဖက်၊ အိမ်ကသားတော်မောင်က တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ သတင်းကတစ်ဖက်နဲ့ လူရောစိတ်ရောမောနေတာပဲဗျို့။ကိုငြိမ်းချမ်းတို့မိသားစုဆိုတာ ဟိုတလောက ငလျင်လှုပ်တော့ ကံကောင်းထောက်မစွာနဲ့ အပြင် ရောက်နေလို့ လူတွေကဘာမှမဖြစ်ပေမယ့် အိမ်ကတော့ဖြိုပြီးပြန်ဆောက်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။

ထက်။  ဆိုစမ်းပါဦးဗျ။ ဘာတွေစိတ်မောနေရတာလဲ။

ငြိမ်း။ ဒီလိုဗျ။  တက္ကသိုလ်ဝင်စာမေးပွဲတွေ ပြန်ဖြေရမယ်ဆိုတဲ့ကိစ္စလေ။   ခင်ဗျားလည်းကြားမှာပေါ့။ အိမ်ကသားကလည်းစာမေးပွဲပြန်ဖြေရမယ့်အထဲမှာပါတယ်လေ။ အခု ပြန်ဖြေခိုင်းရင်ကောင်းမလား။ မဖြေခိုင်းရင်ကောင်းမလား။ စဉ်းစားရကျပ်နေတာဗျ။ ကျွန်တော့်သဘောကတော့ အစိုးရအနေနဲ့ မီးလောင်တဲ့ထဲပါသွားတဲ့   အဖြေလွှာပိုင်ရှင်တွေအားလုံးကို အအောင်ပေးလိုက်လည်းရတာပဲမဟုတ်ဘူးလား။ ကျွန်တော်တော့ အခုလိုမျိုးပြန်ဖြေခိုင်းတဲ့ကိစ္စကြီးကို သိပ်သဘောမကျပါဘူးဗျာ။ ခင်ဗျားက ဒီအပိုင်းတွေနဲ့ပတ်သက်ရင် နည်းနည်းလည်း နှံ့နှံ့စပ်စပ် ရှိတော့ အကြံလည်းတောင်းရအောင် လာခဲ့တာပဲဗျို့။

ထက်။ ဟုတ်ပြီဗျာ။ ခင်ဗျားက  အကြံလာတောင်းတော့လည်း အကြံကောင်းပေးရတာပေါ့။ ကျွန်တော်ပေးမယ့်အကြံကတော့ ခင်ဗျားသားကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေခိုင်းလိုက်ပါဗျာ။

ငြိမ်း။ ဘာကြောင့်လဲဆိုတာ လင်းပါဦးဗျ။ အခုလိုမျိုးအကြံပေးရတဲ့အတွက် ခင်ဗျားမှာအကြောင်း ပြချက်ကောင်းတစ်ခုရှိမယ်လို့ယုံတယ်ဗျာ။

ထက်။  အကြောင်းပြချက်ကောင်းက တစ်ခုတည်းမဟုတ်ဘူးဗျ။ အများကြီးရှိတယ်။ အရင်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ မီးထဲပါသွားရတဲ့အကြောင်းကို ပြောပြမယ်။ ငလျင်လှုပ်တော့ မန္တလေးတက္ကသိုလ်ပင်မဆောင်မှာ စာစစ်လုပ်ငန်းဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမတွေအများကြီးပဲရှိတယ်ဗျ။ သူတို့လည်း ငလျင်လှုပ်ပြီဆိုတာနဲ့ အဆောင်အောက်ကိုပြေးထွက်ပြီး အသက်ဘေးလွတ်ရာကို ရှောင်တိမ်းကြရတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ပင်မဆောင်က ပြိုကျသွားတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ မီးလောင်မှုလည်းဖြစ်ခဲ့တယ်ဗျ။ အဲဒီမီးလောင်မှုမှာ အဖြေလွှာတွေအားလုံး မီးလောင်ပျက်စီးသွားရတာပဲဗျာ။ တစ်နိုင်ငံလုံးရဲ့  အဖြေလွှာတွေတော့မဟုတ်ပါဘူး။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့က ကျောင်းသားတွေရဲ့အဖြေလွှာတွေပဲပါသွားတာပါ။ ကျန်ရှိတဲ့ တိုင်းဒေသကြီး၊  ပြည်နယ်တွေက  ကျောင်းသားတွေရဲ့အဖြေလွှာတွေကတော့ အခုဆိုရင်အမှတ်တောင်ခြစ်ပြီးလောက်ပြီနဲ့တူတယ်ဗျ။ အဲဒီအဖြေလွှာတွေထဲမှာ ဂုဏ်ထူးထွက်တဲ့သူရှိမယ်။ ရိုးရိုးအောင်တဲ့သူရှိမယ်။ ခင်ဗျားပြောသလို မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်တွေအားလုံးကို အအောင်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ရမှတ်ကိုဘယ်လိုတွက်မလဲဗျ။ တချို့က  ပြောကြတာရှိတယ်။ အခု အအောင်ပေးလိုက်ပြီးသူတို့နှစ်သက်ရာတက္ကသိုလ်ကိုတက်တော့မှ တက္ကသိုလ်တွေကနေ ဝင်ခွင့်စာမေးပွဲစစ်ဆေးလိုက်ရင်  မရဘူးလားဆိုပြီးပြောကြတာလေ။ ခင်ဗျားလည်းကြားမိမယ်ထင်ပါတယ်။ ဒီအတွက်  ကျွန်တော့်အနေနဲ့ နည်းနည်းလောက်ထပ်ရှင်းပြဦးမယ်ဗျ။ အခုတော့ ရေနွေးလေးသောက်လိုက်ဦးမယ်။

ငြိမ်း။ သောက်ပါဗျာ။ သောက်ပါ။ ခင်ဗျားပြောမှသိရမယ့်သူဆိုတော့လည်း စောင့်ရမှာပေါ့။

ထက်။ ကျွန်တော်   အခုပြောမယ့်အကြောင်းက မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်စာမေးပွဲစနစ်က ဘယ်လိုအရာတွေနဲ့ချိတ်ဆက်ထားတယ်ဆိုတဲ့အကြောင်းပဲဗျ။ ခင်ဗျား GCE O-Level ဆိုတာ ကြားဖူးတယ်မလား။ အခုတော့ IGCSE လို့ခေါ်တာပေါ့။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့  တက္ကသိုလ်ဝင်စာမေးပွဲစနစ်လေ။ ဒီမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီးလို့ တခြားနိုင်ငံတွေမှာ   တက္ကသိုလ်ဆက်တက်ချင်တယ်။ နိုင်ငံခြားကို  ပညာတော်သင်အနေနဲ့သွားချင်တယ်ဆိုရင် IGCSE ကို မဖြစ်မနေဖြေရတာပေါ့။ အခု ကျွန်တော်တို့နိုင်ငံက ပညာရေးကိုအဆင့်မြှင့်တင်လာတဲ့အတွက် ဒီက  တက္ကသိုလ်ဝင်စာမေးပွဲနဲ့ IGCSE ကိုချိတ်ဆက်ထားတယ်ဆိုတာ သိတဲ့သူတော်တော် နည်းတယ်ဗျ။  ဆိုလိုတာက ဒီမှာတက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီဆိုတာနဲ့ IGCSE ကိုအောင်တာနဲ့အတူတူပဲလို့  ပြောလို့ရတာပေါ့။    အထူးသဖြင့် အင်္ဂလိပ်စာ၊ သင်္ချာ   စတဲ့ဘာသာရပ်အခြေပြု စာမေးပွဲပါ။ ဒီမှာအင်္ဂလိပ်စာအောင်ရင် IGCSE မှာလည်း အင်္ဂလိပ်စာ အောင်မယ်။ ဒီမှာ သင်္ချာအောင်ရင် IGCSE မှာလည်း သင်္ချာအောင်မယ်။ အဲဒီသဘောမျိုးပေါ့။ ဒါပေမဲ့ IGCSE က အောင်ရုံသက်သက်မဟုတ်ဘူးဗျ။ သူ့မှာအမှတ်စာရင်းဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့အမှတ်စာရင်းကိုရမှသာ အောင်တယ်လို့ဆိုနိုင်တာကိုးဗျ။ အစောပိုင်းက ခင်ဗျားပြောသလို အားလုံးကို အအောင်ပေးလိုက်ရင် မီးလောင်သွားတဲ့အဖြေလွှာပိုင်ရှင်တွေအတွက် သိပ်ကိုနစ်နာလှတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာအမှတ်စာရင်းမရှိဘူးလေ။ ဒီတော့ အစိုးရက အအောင်ပေးလို့သာ အောင်သွားရတယ်။ နိုင်ငံတကာမှာတော့ တန်းမဝင်နိုင်တော့ဘူးလေ။ အဓိကက နိုင်ငံခြားပညာတော်သင်မှန်းထားတဲ့သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုက အကြီးကြီးဖြစ်သွားမှာပါ။ ပြီးတော့ လူရည်ချွန်မှန်းထားတဲ့ကလေးတွေ။ အခုမီးလောင်သွားတဲ့အဖြေလွှာတွေထဲမှာ  ဘာသာစုံအမှတ်ပြည့်ရနိုင်တဲ့သူတွေမပါဘူးလို့   ခင်ဗျားတပ်အပ်ပြောနိုင်ပါ့မလား။ နိုင်ငံခြားပညာတော်သင်သွားချင်တဲ့ကလေးတွေ၊   သွားခွင့်ရမယ့်ကလေးတွေ၊ လူရည်ချွန်ဖြစ်နိုင်တဲ့ကလေးတွေ   မပါဘူးလို့ရောခင်ဗျားပြောနိုင်မလား။ ဒါကြောင့် တိုင်းဒေသကြီး၊ပြည်နယ်လေးခုက မီးလောင်သွားတဲ့အဖြေလွှာတွေအတွက် ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်ဖြေသင့်တယ်ဆိုတဲ့    ပထမဆုံးအကြောင်းပြချက်ကတော့ ဒါပါပဲဗျာ။

ငြိမ်း။   ခင်ဗျားပြောတော့လည်း ဟုတ်သားပဲဗျ။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲက GCE O-Level ၊ ခင်ဗျားပြောတဲ့ IGCSE နဲ့ချိတ်ဆက်ထားတယ်ဆိုတာ တကယ်ကိုမသိခဲ့တာဗျ။ အခုတော့ ခင်ဗျားကျေးဇူးကြောင့်သိလိုက်ရပါပြီ။ ဒါနဲ့   နောက်ထပ်အကြောင်းရင်းတွေရောရှိသေးလားဗျ။ ရှိရင်ပြောပါဦး။

ထက်။  ရှိသေးတယ်ဗျ။ ဒါကျတော့ ဂုဏ်သိက္ခာနဲ့ဆိုင်သွားပြီ။ ဥပမာဗျာ။ အခု အစိုးရက မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်တွေကို အားလုံးအအောင်ပေးလိုက်ပြီဆိုပါစို့။ ကျောင်းပြီးလို့ အလုပ်ခွင်တွေဝင်ကြတဲ့အခါ အချင်းချင်းမေးကြမြန်းကြတာရှိတယ်လေ။ တက္ကသိုလ်ဝင်စာမေးပွဲကို ဘယ်နှခုနှစ်ကအောင်တာလဲပေါ့။ ၂၀၂၅ ခုနှစ်မှာ  အောင်တာပါပေါ့။ ဟာ  ဒါဆို တက္ကသိုလ်ဝင်စာမေးပွဲကို အလိုအလျောက်အောင်လာတဲ့သူတွေပေါ့ဆိုတဲ့အကြည့်နဲ့ အရင်ဆုံးအကြည့်ခံရမှာမဟုတ်ဘူးလားဗျ။ ခင်ဗျားကို မန္တလေးကလား၊ ရန်ကုန်ကလား ဘယ်သူမှမေးမှာမဟုတ်ဘူးဗျ။ ၂၀၂၅ ခုနှစ်မှာအောင်တယ်ဆိုတာနဲ့တင် အဲဒီသူရဲ့အရည်အချင်းကို လူတွေကတန်းပြီးအကဲဖြတ်လိုက်ကြမယ်ဆိုတာ ခင်ဗျားလည်းရိပ်စားမိမှာပါ။

ငြိမ်း။ ခင်ဗျားပြောတော့လည်း  ဟုတ်တာပဲဗျ။ ကျွန်တော်တောင် အဲဒီလိုမျိုးမတွေးမိဘူး။ အဲဒီလို မျိုးသာဆိုရင်   တကယ်ကိုအရည်အချင်းရှိပေမယ့် ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိရှိပါတယ်ဆိုတာကို ဖော်ပြခွင့်မရတဲ့သူရယ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ဖို့   အရည်အချင်းမပြည့်မီတဲ့သူရယ်ကို တစ်တန်းတည်းသဘောထားပြီး ဆက်ဆံကြမယ့်အခြေအနေဖြစ်သွားမှာပေါ့။   ဒါလေးက ဘာမှမဟုတ်ဘူးဆိုပေမယ့် တကယ်တမ်းရှင်းပြလို့မရတဲ့အတိုင်းအတာနဲ့ သူတင်ကိုယ်တင်ပြောကြတဲ့ အခြေအနေမှာတော့   အရေးပါတယ်လို့ဆိုရမှာဗျ။

ထက်။ ဟုတ်တာပေါ့ဗျာ။ အခုလိုမျိုး တက္ကသိုလ်ဝင်စာမေးပွဲကို တချို့လူတွေပြောကြသလို အားလုံးကို အအောင်ပေးလိုက်မယ်ဆိုပါစို့။ တစ်နှစ်ပတ်လုံး ဒီစာမေးပွဲအတွက် ကျားကုတ်ကျားခဲကြိုးစားပြီး အများကြီးမျှော်လင့်ခဲ့တဲ့ကလေးတွေက အောင်တယ်ဆိုရုံလေးနဲ့ကျေနပ်ရမယ်ဆိုရင် ခင်ဗျားရော ကြိုက်ပါ့မလား။   ကျွန်တော်ကတော့ မကြိုက်ဘူးဗျ။ ဒါကြောင့်လည်းနောင်တစ်ချိန်ရင်ဆိုင်ရမယ့် ကိုယ့်ဂုဏ်သိက္ခာအတွက် အခုကတည်းက နည်းနည်းလောက်ပိုပြီးအပင်ပန်းခံပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေသင့်တယ်မဟုတ်ဘူးလားဗျာ။ ဒါကတော့ ဒုတိယမြောက်အကြောင်းပြချက်ပေါ့။

ငြိမ်း။ အခုကဒုတိယအကြောင်းပြချက်ဆိုရင် နောက်ထပ်အကြောင်းပြချက်တွေရှိသေးလို့လားဗျ။

ထက်။ ရှိပါသကောဗျာ။ ခင်ဗျားလည်း တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေခဲ့တယ်။   ကျွန်တော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေခဲ့တယ်။ ကျွန်တော်ဆိုလည်း ဂုဏ်ထူးသုံးဘာသာမှန်းတာ တစ်ဘာသာပဲရခဲ့တယ်။ ခင်ဗျားလည်း ဂုဏ်ထူးမှန်းထားပေမယ့် ရိုးရိုးပဲအောင်ခဲ့တယ်။ ဟုတ်တယ်မလား။ ကျွန်တော်တို့ရဲ့အမှတ်စာရင်းတွေကလည်း ကျွန်တော်တို့ရဲ့အိပ်မက်ကိုရိုက်ချိုးပြီး  အခုလက်ရှိ ရပ်တည်နေရတဲ့လမ်းကြောင်းပေါ်    တင်ပေးလိုက်ကြတာမဟုတ်ဘူးလားဗျာ။ ကျွန်တော်ဆိုရင် ဝါသနာပါတာက အင်ဂျင်နီယာပေမယ့် တကယ်တမ်းလုပ်နေရတော့ သာမန်ဝန်ထမ်းလေးပဲဖြစ်ခဲ့ရတာလေ။    တကယ်လို့များ ကျွန်တော်တို့အသက်တွေပြန်ငယ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်ဖြေခွင့်ရမယ်ဆိုရင်ခင်ဗျားရောပြန်မဖြေချင်ဘူးလား။

ငြိမ်း။ ဘယ့်နှယ်ပြောပါလိမ့်ဗျာ။ ပြန်ဖြေချင်တာပေါ့။ တကယ်လို့များ  ပြန်ဖြေခွင့်ရမယ်ဆိုရင် ကျွန်တော်အားနည်းခဲ့တဲ့ဘာသာရပ်တွေကို သေချာပိုင်နိုင်အောင်လုပ်မယ်။ ပြီးရင် အမှတ်ကောင်းကောင်းရပြီး ရေကြောင်းပညာတက္ကသိုလ်ကို ဆက်တက်မယ်ဗျာ။

ထက်။ကျွန်တော်ပြောချင်တာလည်းအဲဒါပဲဗျ။ အခု မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်ကလေးတွေဟာလည်း ပြီးခဲ့တဲ့စာမေးပွဲကြီးမှာ စိတ်တိုင်းကျမဖြေနိုင်ခဲ့တာရှိမှာပဲဗျ။ တချို့ဆိုရင် အင်္ဂလိပ်စာဖြေတဲ့နေ့မှာတင် တော်ပါပြီ   ဂုဏ်ထူးမမှန်းတော့ပါဘူး။ နှစ်ချင်းပေါက်အောင်ရင်ပဲ ရပါပြီဆိုပြီး သူတို့ရဲ့အိပ်မက်တွေကို လက်လျှော့လိုက်ကြတဲ့ ကလေးတွေရှိမှာပဲလေ။ ဒီလိုမျိုး မတတ်သာလို့ အိပ်မက်ကိုလက်လျှော့လိုက်ရတဲ့ကလေးတွေအတွက် အဆိုးထဲကအကောင်း အနေနဲ့ အခုတစ်ကြိမ်က ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ရတယ်လို့ယူဆလိုက်မယ်ဆိုရင် စာကို ပိုပြီးတော့ကြိုးစားချင်စိတ်ဖြစ်လာပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ပထမတစ်ကြိမ်ကထက် ပိုပြီးပိုင်ပိုင်နိုင်နိုင်ဖြေဆိုနိုင်မှာ  မဟုတ်ဘူးလားဗျာ။ ဒါကြောင့်  အခုတစ်ကြိမ်စာမေးပွဲကို ပြန်ဖြေသင့်တယ်ဆိုတဲ့   တတိယမြောက်အကြောင်းပြချက်ကတော့    ပိုကောင်းဖို့ဖြစ်လာတယ်လို့သာတွေး ကြည့်ပြီး  ကံကြမ္မာက   နောက်တစ်ကြိမ်ကြိုးစားခွင့်ပေးလိုက်တယ်ဆိုတဲ့အချက်ပဲဗျ။

ငြိမ်း။ ခင်ဗျားပြောတော့လည်း တော်တော်လေးတော့ သဘောကျဖို့ကောင်းသဗျ။ ဒါနဲ့နေပါဦးဗျ။ ဒီလိုမျိုးသဘာဝဘေးတွေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထပ်မဖြေရတော့ဘဲ အအောင်ပေးလိုက်တဲ့ဖြစ်စဉ်တွေ နိုင်ငံတကာမှာရှိလားဗျ။ ရှိရင်  ကျွန်တော်တို့ဗဟုသုတရအောင် ပြောပြပါဦး။

ထက်။  ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်ပေါ့ဗျာ။ ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ ပြင်းအား ၆ ဒသမ ၉ ရစ်(ခ်)တာစကေးရှိတဲ့ ငလျင်ကြီးလှုပ်တယ်ဗျ။ အဲဒီငလျင်မှာသေဆုံးသွားသူအရေအတွက်က ၆၄၀၀ ကျော်ရှိတယ်။ အဲဒီငလျင်လှုပ်တဲ့အချိန်က ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့အချိန်ဗျ။ မနက်ဖြန်၊ သန်ဘက်ခါဆိုရင်ပဲ စာမေးပွဲကဖြေတော့မှာ။ အဲဒီအချိန်မှာ ငလျင်က ထလှုပ်တာပေါ့။ ငလျင်လှုပ်တော့ စာမေးပွဲဖြေရမယ့်ကလေးတွေအားလုံးကို စာမေးပွဲမဖြေဘဲ အအောင်ပေးလိုက်တယ်လို့မထင်နဲ့ဗျ။ ငလျင်ဒဏ်သင့်ဒေသမှာရှိတဲ့ကလေး တွေအားလုံး ရက်ပြောင်းပြီးတော့ စာမေးပွဲဖြေရတယ်ဗျ။  ဆိုလိုတာက နိုင်ငံတကာမှာလည်း သဘာဝဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကိုမဖြေခိုင်းဘဲ   အအောင်ပေးလိုက်တာမျိုးမရှိဘူးပေါ့ဗျာ။

ငြိမ်း။  ခင်ဗျားပြောလို့ အဖြေလွှာတွေမီးလောင်တဲ့အထဲပါသွားတဲ့ ကလေးငယ်တွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေသင့်တယ်ဆိုတဲ့အကြောင်းတော့ သိရပါပြီ။ ဒါပေမဲ့ ကလေးတွေဘက်မှာလည်း အခက်အခဲရှိတယ်ဗျ။ အမြင်သာဆုံးအခက်အခဲကိုပြောရရင် ကျွန်တော့်သားဆိုရင် စာမေးပွဲပြန်ဖြေပါမယ်ဆိုရင်တောင် စာအုပ်တွေမရှိတော့ဘူး။ ပြီးတော့ သိတဲ့အတိုင်းပဲ ကလေးအများစုက စာမေးပွဲပြီးပြီဆိုတာနဲ့ စာတွေကိုခေါင်းထဲက  ထုတ်လိုက်ကြတော့တာ။ အခု စာမေးပွဲပြန်ဖြေမယ်ဆိုတော့ စာပြန်သင်ရမယ့်နေရာလည်းမရှိ၊   စာပြန်သင်ပေးမယ့်သူလည်းမရှိနဲ့၊ ခင်ဗျားပြောတဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ရနိုင်မှာလဲဗျ။

ထက်။ ဒီအတွက်လည်း   မပူပါနဲ့ဗျာ။ ကံကြမ္မာက မျက်နှာသာမပေးဘူးလို့ထင်ရပေမယ့် နိုင်ငံတော် အစိုးရကတော့ မျက်နှာသာပေးပါတယ်ဗျ။ အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဆိုရင် ပညာရေးကိုအဓိကဦးစားပေးတဲ့ အစိုးရအဖွဲ့လို့မြင်မိတယ်ဗျ။  ဒါကြောင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဖို့လိုအပ်တဲ့ ကလေးတွေအတွက် လိုအပ်ချက်တွေကိုဘက်စုံထောင့်စုံကနေ ဖြည့်ဆည်းပေးဖို့အသင့်ရှိပါတယ်ဗျာ။ အရင်ဆုံး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့အတူ တာဝန်ရှိသူတွေဦးစီးပြီး လေ့ကျင့်သင်ကြားရေးစခန်းတွေကိုဖွင့်ပေးသွားမှာဗျ။   အခု  ဧပြီလကုန်ပိုင်းမှာ အဲဒီစခန်းတွေကိုဖွင့်လှစ်ပြီး မေလ ၂ ရက်ကစလို့ ကလေးတွေကိုစာတွေပြန်သင်ပေးသွားမယ်။ စာမေးပွဲပြန်ဖြေရမယ့်ရက်က ဇွန်လ ၁၆ ရက်ဆိုတော့ ကြားထဲမှာ စာကြည့်ချိန်နဲ့ကြိုတင်ပြင်ဆင်ချိန် တစ်လခွဲလောက်ရတယ်ဗျ။ တစ်လခွဲဆိုတာက မကြာသေးခင်ကမှ   ဖြေပြီးသွားတဲ့စာမေးပွဲကို နောက်ထပ်တစ်ကြိမ်ပြန်ဖြေဖို့အတွက်ပြန်လှန်လေ့ကျင့်ချိန်လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုပေါ့ဗျာ။ ဒီလိုမျိုးစခန်းသွင်းလေ့ကျင့်မှုမှာပါဝင်တဲ့ကလေးတွေအားလုံးအတွက် နိုင်ငံတော်အစိုးရက  စရိတ်ငြိမ်းစီစဉ်ပေးထားတယ်ဗျ။   နံနက်စာ၊ နေ့လယ်စာ၊ ညစာ ဘာမှ ပူပင်စရာမရှိအောင် စီစဉ်ပေးထားတယ်။ ပြီးတော့ ကျောင်းသုံးစာအုပ်တွေ၊ဗလာစာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း အခမဲ့ထောက်ပံ့ပေးသွားဦးမယ်။ တကယ်လို့ အဲဒီကလေးက လေ့ကျင့်သင်ကြားရေးစခန်းမှာမနေချင်ဘူး၊ အိမ်မှာပဲနေပြီး စခန်းမှာစာလာသင်ချင်တယ်ဆိုရင်လည်း  အကြို၊   အပို့အတွက် ကားတွေကိုလည်း  အခမဲ့စီစဉ်ပေးသွားဦးမှာဗျာ။ပြီးရင် လေ့ကျင့်သင်ကြားရေးစခန်းတွေကနေ စာမေးပွဲဖြေရမယ့်နေရာတွေကိုလည်း ကားနဲ့ပဲ  အကြို၊ အပို့လုပ်ပေးဦးမှာပါ။  ဒါတွေအားလုံးကဘယ်လိုကျောင်းသားမျိုးမှ မရနိုင်တဲ့အထူးအခွင့်အရေးကြီးပေါ့ဗျာ။

ငြိမ်း။  အစီအစဉ်က ကောင်းလှချည်လားဗျ။ ကလေးတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ ဒါနဲ့ သူတို့ကို ဘယ်သူတွေက စာလာသင်ပေးမှာလဲဗျ။ စာလာသင်ပေးတဲ့သူတွေအတွက်ရော ဘယ်လိုတွေစီစဉ်ထားလဲ။

ထက်။ ကလေးတွေကို   စာလာသင်ပေးမှာကတက္ကသိုလ်တွေက သက်ဆိုင်ရာဘာသာရပ်သင် မေးခွန်းထုတ်တဲ့ ဆရာ၊ ဆရာမကြီးတွေကိုယ်တိုင် လာသင်ပေးမှာဗျ။ ပြီးရင် ဆင့်ပွားသင်ပေးမယ့် ဆရာ၊ ဆရာမတွေလည်းရှိဦးမှာပါ။ ဒါတင်ပဲလားဆိုတော့၊ မဟုတ်ဘူးဗျ။ ကလေးတွေကို စာကူကျက်ပေးမယ့် အကူဆရာ၊ ဆရာမတွေလည်းပါဦးမှာဗျ။ ကျွန်တော်တို့အခေါ် ဂိုက်ဆရာ၊ ဆရာမတွေပေါ့။ ဘာသာရပ်သင်ဆရာ၊ ဆရာမကြီးတွေ၊ ဆင့်ပွားသင်မယ့် ဆရာ၊ ဆရာမတွေ၊ဂိုက်ဆရာ၊ ဆရာမတွေကလည်း အဲဒီလေ့ကျင့်သင်ကြားရေးစခန်းမှာပဲ ကလေးတွေနဲ့အတူနေမှာဗျ။ သူတို့အတွက် စားစရိတ်တို့၊ နေ့တွက်စရိတ်တို့ကိုလည်း အစိုးရကပဲ  အားလုံးကျခံပေးသွားဦးမှာပါ။ ကဲ ဘာလိုသေးလဲဗျာ။

ငြိမ်း။  ဘာမှကို မလိုတော့လောက်အောင်ကို ပြီးပြည့်စုံလွန်းလှတဲ့ အစိုးရရဲ့အမြော်အမြင်နဲ့ အကွက်စေ့စေ့စီစဉ်တတ်မှုကြီးကိုတော့ မချီးကျူးဘဲမနေနိုင်ဘူးဗျာ။ ဒီလိုမျိုးသာဆိုရင် ကျွန်တော်တောင်မှ စာမေးပွဲပြန်ဖြေချင်လာပြီဗျာ။

ထက်။  ဒါပေါ့ဗျာ။ အခုကလေးတွေအားလုံးကို အစိုးရအမိန့်နဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အအောင်ပေးလိုက်လည်းရတာပဲ။ ဒါပေမဲ့ အချိန်ကုန်ခံ၊ ငွေကုန်ကြေးကျခံပြီးတော့ ကလေးတွေအတွက်ကို သီးသီးသန့်သန့်စဉ်းစားပေးထားတာဗျ။ ဒီနေရာမှာ အစိုးရရဲ့သဘောထားကိုလည်း မြင်ရသေးတယ်ဗျ။   ဘာလဲဆိုတော့ တစ်ဖက်မှာက ကလေးတွေရဲ့အနာဂတ်အတွက် စည်းမျဉ်းစည်းကမ်းကို ဦးစားပေးပြီး အခြားတစ်ဖက်မှာကျတော့ ငယ်ရာကနေကြီးလာကြတဲ့သူတွေပီပီ ကလေးတွေရဲ့အခက်အခဲကိုရှုမြင်ပြီး စာနာထောက်ထားမှုအပြည့်နဲ့ဆောင်ရွက်ပေးမှုကိုပါ။ ခင်ဗျားရောအစိုးရရဲ့လုပ်ဆောင်ချက်အပေါ်   ဘယ်လိုမြင်လဲဗျ။

ငြိမ်း။  ကျွန်တော့်အမြင်က  ဘယ်လိုရှိလဲဆိုတော့ ကျောင်းသားမိဘတစ်ဦးအနေနဲ့  ကြည့်မယ်ဆိုရင် တော်တော်လေးကို ဝမ်းသာမိတယ်ဗျ။ တစ်ဖက်မှာ ငလျင်ဒဏ်သင့်တာနဲ့ တစ်ဖက်မှာကျတော့ ကျွန်တော့်သားလေး   တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေရမလို၊ မဖြေရမလို၊ ဖြေရင်လည်း အရည်အချင်းရှိရှိနဲ့မအောင်မှာရယ်တွေးပြီး ဝမ်းနည်းနေတဲ့စိတ်တွေက အခုခင်ဗျားနဲ့တွေ့မှပဲ ယူပစ်သလိုပျောက်သွားတော့တာပဲဗျ။ ခင်ဗျားနဲ့တွေ့တာ သိကြားနဲ့တွေ့ရသလိုပါပဲဗျာ။

ထက်။  နိုး နိုး နိုး။ ဒါတော့မဟုတ်ဘူးဗျ။ ကျွန်တော်နဲ့တွေ့ရတာထက် အခုလိုမျိုး ပြည်သူတွေအတွက် စေတနာအရင်းခံတဲ့ အစိုးရကောင်းမျိုးနဲ့တွေ့ရတာကမှ သိကြားနဲ့တွေ့သလိုဖြစ်တာပါဗျာ။

ငြိမ်း။  ဟုတ်ပါရဲ့ဗျာ။ ကျွန်တော်ကတော့လေ အခုပြန်ဖြေရမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲလို့မမြင်မိတော့ဘူးဗျ။

ထက်။  စာမေးပွဲကို စာမေးပွဲလို့မမြင်လို့ ခင်ဗျားက ဘယ်လိုမြင်တာတုန်းဗျ။ ပြောပြပါဦး။

ငြိမ်း။ တကယ်တော့ ဒီပွဲဟာ “လူရည်ချွန်တို့ပျော်တဲ့ပွဲ... အစိုးရရဲ့စေတနာကိုမြင်ရမယ့်ပွဲ...” လို့သာ ခေါင်းစဉ်တပ်လိုက်ချင်တော့တယ်ဗျို့။

ထက်။ ဟုတ်ပါရဲ့ဗျာ။ ခင်ဗျားနဲ့ကျွန်တော် စိတ်ချင်းတစ်ထပ်တည်းကျပါပေတယ်ဗျာ။     ။

Source: https://myawady.net.mm/stories

 

ထက်မြတ်

ဆောင်းရာသီက  တခြားရာသီဥတုထက် အအေးပိုလို့ ကလေးငယ်တွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ အာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးသင့်ပါတယ်။ ဆောင်းရာသီမှာဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားရောဂါပိုး ကူးစက်မှုလည်း ခံရနိုင်တာကြောင့် ကလေးငယ်တွေ ခုခံအားကောင်းဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက်   အာဟာရဓာတ်ပြည့်ဝအောင်   စားသုံးမယ်ဆိုရင် ခုခံအားကောင်းမွန်ပြီး ရောဂါပိုးမွှားတွေမဝင်ရောက် နိုင်အောင်  တားဆီးပေးနိုင်ပါတယ်။  ဒါကြောင့် လတ်ဆတ်တဲ့သစ်သီးတွေကို    သကြားမထည့်ဘဲ ဖျော်ရည်ပြုလုပ်ပြီး  ကလေးငယ်တွေကို  တိုက်သင့် တယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး ဒါမှမဟုတ် နွားနို့၊   ဒိန်ချဉ်စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ တိုက်ကျွေးသင့်ပါတယ်။

ဆောင်းရာသီမှာ ကလေးငယ်တွေကို  ရေနွေးနွေးနဲ့ ရေချိုးပေးသင့်တယ်။ ရေနွေးနွေးနဲ့ရေချိုးပေးတာကြောင့် ကလေးငယ်ကိုနွေးထွေးစေပါတယ်။ ညအိပ်ရာမဝင်မီ ကလေးငယ်ကိုရေနွေးနွေးနဲ့ရေချိုးပေးတာကြောင့်  အိပ်တဲ့အခါမှာလည်း   နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။  ရေချိုးပေးတဲ့အခါ  ငါးမိနစ်ထက်ပိုပြီး မကြာသင့်ပါဘူး။ ကလေးငယ်တွေ အပေါ့၊ အလေးသွားပြီး သန့်စင်ပေးတဲ့အခါမှာလည်း ရေနွေးနွေးကိုသာ အသုံးပြုသင့်ပါတယ်။

ကလေးငယ်တွေကို  နွေးနွေးထွေးထွေးဝတ်ဆင် ပေးသင့်ပါတယ်။ ကလေးငယ်တွေ ရာသီဥတုအေးတဲ့ ဒဏ်ကိုခံနိုင်ရည်ရှိအောင်၊ နွေးနွေး ထွေးထွေးဖြစ်အောင် ဝတ်ဆင်ပေးသင့်ပါတယ်။ ကလေးရဲ့အဝတ်အစားတွေ အောက်မှာ ကိုယ့်လက်ထည့်ကြည့်လို့ ပူနေမယ်ဆိုရင် ဝတ်ထားတာများနေပြီဖြစ်လို့ အဝတ်တစ်ထပ်လျှော့ပြီး ဝတ်ပေးနိုင်ပါတယ်။

အစိုဓာတ်ထိန်းပေးသင့်ပါတယ်။    အရေပြားအတွက် အရေးကြီးတာက အစိုဓာတ်ပါပဲ။ အသားအရေ နူးညံ့စိုပြည်ဖို့၊ ချောမွေ့ဖို့၊ ပျော့ပျောင်းဖို့ဆိုရင် အစိုဓာတ်ရရှိဖို့က အရေးကြီးပါတယ်။ ဆောင်းရာသီမှာ ရာသီဥတုအေးတာနဲ့ လေအေးတွေကြောင့် လူကြီးတွေတောင်  အသားအရေတင်းပြီး  ခြောက်သွေ့နေတတ်ပါတယ်။ ကလေးတွေရဲ့ နုနယ်တဲ့အသားအရေ ဆိုရင်  ပိုပြီးဂရုစိုက်သင့်ပါတယ်။  ကလေးရဲ့အသား အရေမှာ အစိုဓာတ်ရရှိဖို့ဆိုရင် ရေဓာတ် ၈၀ ရာခိုင် နှုန်းပါဝင်တဲ့ Lotion လိမ်းပေးသင့်ပါတယ်။

ဦးခေါင်းနဲ့ခြေလက်တွေကို နွေးထွေးအောင်ထားသင့်ပါတယ်။ အဝတ်တွေအထပ်ထပ်ဝတ်ပေးရုံနဲ့မလုံလောက်သေးပါဘူး။ ကလေးရဲ့လက်ဖျား၊ ခြေဖျားတွေ နွေးနေစေဖို့အတွက် လက်အိတ်၊  ခြေအိတ်တွေဝတ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့ပြင် နားရွက်ဖုံးအောင် ခေါင်းစွပ်တို့၊ ဦးထုပ်တို့ ဆောင်းပေးဖို့လိုအပ်ပါတယ်။ ဦးခေါင်းနဲ့ခြေလက်တွေနွေးနေမယ်ဆိုရင်  အအေးဒဏ်ကို ပိုပြီးကြာရှည်ခံနိုင်ပါတယ်။

အခန်းအပူချိန်ကို စစ်ဆေးသင့်ပါတယ်။ ကလေးငယ်အိပ်စက်တဲ့၊ ဆော့ကစားတဲ့အခန်းရဲ့ အပူချိန်ကို သတိပြုမိဖို့ လိုအပ်ပါတယ်။ ပြင်ပက ရာသီဥတုအရမ်းအေးနေရင်   ပြင်ပလေတွေမဝင်ရောက်နိုင်အောင်ပြတင်းပေါက်တွေနဲ့ အခန်းတံခါးကို ပိတ်ထားပေးသင့်တယ်။ အခန်းတံခါးပိတ်ထားပေမယ့် အခန်းတွင်းမှာ ပိတ်လှောင်နေတာမျိုးလည်း မဖြစ်ရပါဘူး။ အခန်းတွင်းမှာ လေဝင်လေထွက်ကောင်းကောင်းနဲ့ ကလေး သက်သောင့်သက်သာ ဖြစ်အောင် လေနွေးစက်သုံးပေးနိုင်ပါတယ်။

ကလေးငယ်အိပ်တဲ့အခန်းထဲမှာ ရေနွေးငွေ့စက်ဖွင့်ထားသင့်ပါတယ်။ ဒါမှ အရေပြားကအစိုဓာတ်ကို စုပ်ယူနိုင်မှာဖြစ်ပြီး အသားအရေခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နှင်းခူလိုလက္ခဏာမျိုး    သတိပြုသင့်ပါတယ်။

ကလေးရဲ့အရေပြားမှာ  နှင်းခူလိုလက္ခဏာပြလာပြီဆိုရင် အစိုဓာတ်ထိန်းခရင်မ် တစ်နေ့နှစ်ကြိမ်လိမ်းပေး ဖို့ လိုအပ်နေပါပြီ။ ထပ်ပြီးပိုမဆိုးလာဖို့၊ ဆက်မဖြစ် အောင်ကာကွယ်နိုင်ဖို့နဲ့ ကလေးသက်သောင့်သက်သာ ဖြစ်စေဖို့   အရေပြားကိုအစိုဓာတ်ထိန်းပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ညင်သာစွာနှိပ်နယ်ပေးသင့်ပါတယ်။ ကလေးငယ်ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် နေ့စဉ်ညင်ညင်သာသာ နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ နှိပ်နယ်ပေးတာကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နှိပ်နယ်တဲ့အခါ အဆီတစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ကလေးငယ်ကို နှိပ်နယ်ပေးတာကြောင့် ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး ရာသီဥတုဒဏ်ခံနိုင်ရည် ရှိစေပါတယ်။

ကိုယ့်ကလေးရဲ့ အရေပြားက ခြောက်သွေ့နေပြီး အထိခိုက်မခံရင်၊  နီရဲနေရင်၊  ယားယံနေရင်  ဟိုက် ဒရိုကော်တီစုန်းပါတဲ့ ခရင်မ်ကို   အရေပြားပေါ်မှာ လိမ်းပေးနိုင်ပါတယ်။  ကလေးရဲ့အရေပြားနီရဲတာ၊    ယားယံတာတွေ  နှစ်ရက်ကြာတဲ့အထိ  မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် ထားသင့်ပါတယ်။ ဆောင်းရာသီကအေးတာကြောင့်  ကလေးတွေ  ရေသိပ်မသောက်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။   မိခင်တွေက သတိထားပြီး  ကလေးငယ်တွေကို  ရေသောက်ဖြစ် အောင် ဂရုစိုက်ပြီးတိုက်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှုကလည်း    ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကိုမချီခင် လက်အရင်ဆေးသင့်ပါတယ်။ လက်မှာ မမြင်နိုင်တဲ့ဗက်တီးရီးယားများစွာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ကိုချီတာမျိုး မလုပ်မီ အရင်ဆုံး လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောသင့်ပါတယ်။ ဒီလို လုပ်ခြင်းက   ကလေးငယ်ကို  ဗက်တီးရီးယားတွေ ကြောင့် ဖျားနာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမကြာခဏလျှော်ပေးသင့်ပါတယ်။ အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို ညစ်ပေနေမှ လျှော်တာ၊  လဲတာမျိုးမလုပ်သင့်ပါဘူး။ဖြစ်နိုင်ရင်  နှစ်ရက်တစ်ကြိမ်၊  အနည်းဆုံးသုံးရက်တစ်ကြိမ်လောက် လျှော်ဖွပ်ပေးသင့်ပါတယ်။ လျှော် ပြီးရင် အခြောက်လှန်း၊ မီးပူတိုက်ပြီးမှ အသုံးပြုသင့်ပါတယ်။

နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားသင့်ပါတယ်။ နေအိမ်ပတ်ဝန်းကျင်နဲ့ ကလေးရဲ့အခန်းကို သပ်ရပ်နေစေဖို့နဲ့  သန့်ရှင်းအောင်ထားဖို့လိုအပ်ပါတယ်။ ဒါမှဗက်တီးရီးယား၊ မှိုနဲ့တခြားပိုးမွှားတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကလေးကိုလူထူ၊   ဖုန်ထူတဲ့နေရာတွေကို  ခေါ်မသွားသင့်ပါဘူး။ လူတွေထူထပ်လေ ရောဂါပိုးပိုများ လေ ကလေးငယ်အတွက် ရောဂါကူးစက်ခံရမှုပိုများ လေဖြစ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး  ဂရုစိုက်သင့်ပါတယ်။

ရာသီဥတုအေးလို့ဆိုပြီး ကလေးငယ်ကို ရေမချိုးပေး ဘဲမနေသင့်ပါဘူး။   နေ့စဉ်ရေနွေးနွေးနဲ့ရေချိုးတာ၊ နေပူဆာလှုံတာမျိုး မဖြစ်မနေလုပ်ပေးသင့်ပါတယ်။  ရေချိုးပေးတဲ့အခါ   ကလေးတိုက်တဲ့   ကိုယ်တိုက် ဆပ်ပြာသုံးသင့်ပါတယ်။ ဒါမှ  မမြင်ရတဲ့ရောဂါပိုးတွေ  ကာကွယ်နိုင်မှာပါ။  မမြင်ရတဲ့ရောဂါပိုးအများဆုံးရှိ နေနိုင်တာက   လက်ချောင်းလေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ခန္ဓာကိုယ်ထဲကို ဗက်တီးရီးယား တွေမဝင်ရောက်စေဖို့  လက်ကိုသေချာသန့်စင်ဆေးကြောပေးသင့်ပါတယ်။   ရေမရှိနိုင်တဲ့နေရာတွေမှာ   လက်သန့်ဆေးရည်ယူဆောင်သွားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု    ပြုလုပ်ပေးသင့်ပါတယ်။

ကလေးငယ်ကို ဆော့ကစားစေသင့်ပါတယ်။ သတိပြုသင့်တာက  ကလေးငယ်ကို   ကာကွယ်ဆေးအားလုံး ထိုးနှံထားသင့်ပါကြောင်း ဆောင်းရာသီမှာ ကလေး ငယ်တွေဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေနဲ့ မိဘတွေ လိုက်နာသင့်တဲ့အချက်တွေ သိရှိနိုင်စေဖို့ ရေးသား တင်ပြလိုက်ရပါတယ်။      ။

Source: https://myawady.net.mm/stories

 

ဒေါက်တာလွင်သန့်

ပျားမွေးမြူရေးလုပ်ငန်းတွင် အခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်းမွေးမြူနည်းဟူ၍နှစ်မျိုးရှိသည်။ အခြေစိုက်မွေးမြူနည်းကို ပျားအုံ ၅ အုံမှ အုံ ၅၀ အထိသာ မွေးမြူသင့်ပြီး    ဝါသနာအရ    မွေးမြူခြင်း၊သင်ထောက်ကူအဖြစ် သင်တန်းကျောင်းများတွင် မွေးမြူခြင်း၊ စိုက်ပျိုးရေးသုတေသန ခြံများတွင် ဝတ်မှုန်ကူးပေးရန်အတွက်မွေးမြူခြင်း၊ ပျားဘုရင်မသီးသန့်မွေးမြူထုတ်လုပ်ရန်မွေးမြူခြင်း စသည့်ရည်ရွယ်ချက်များဖြင့်သာ မွေးမြူလေ့ရှိသည်။ အားသာချက်များအဖြစ် ပျားအုံရွှေ့ ပြောင်းစရိတ်ကုန်ကျမှုမရှိခြင်း၊ ဝတ်မှုန်ကူးခြင်းကို ရာသီအလိုက် စိုက်ပျိုးသီးနှံများအား ဆောင်ရွက်ပေးနိုင်ခြင်း၊ သင်တန်းသားများအား လက်တွေ့ပြသဆောင်ရွက်နိုင်ခြင်း၊ ပျားအုံနှင့်ပျားလုပ်ငန်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးခြင်းနှင့် ပျားဘုရင်မမွေးမြူရာတွင် ဘုရင်မပျို မိတ်လိုက်ဧရိယာ တည်မြဲစွာရှိနေနိုင်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် ပျားအုံမြောက်မြားစွာ  စီးပွားဖြစ်မွေးမြူမှု မပြုနိုင်ခြင်း၊ ဧကများစွာဝတ်မှုန်ကူးနိုင်မှုမရှိခြင်းနှင့် ပျားစာအမြဲမပြတ်ရရှိနိုင်ရန် ခက်ခဲခြင်းကြောင့် အစားထိုးစာ/ဖြည့်စွက်စာများကျွေးမွေးစရိတ်ကုန်ကျခြင်း စသည့်အားနည်းချက်များကြောင့်   ရွှေ့ပြောင်းပျားမွေးမြူရေးစနစ် (Migratory Beekee-ping)ကိုသာ မြန်မာနိုင်ငံ၌ကျင့်သုံးမွေးမြူကြသည်။

ပျားတို့၏အစာအာဟာရလိုအပ်မှုများ

ပျားများအတွက် အဓိက အစာအာဟာရနှစ်မျိုးရှိပြီး ဝတ်မှုန်(pollen)နှင့် ဝတ်ရည်(nactor) ဖြစ်သည်။ ပျားတို့သည် ဝတ်မှုန်ကို  အသားဓာတ်(protein)အတွက်စားသုံးပြီး ဝတ်ရည်(nactor) ကိုမူ စွမ်းအင်(Energy)အတွက် စားသုံးရသည်။ ပျားများအတွက် အစာရရှိသော ပျားစာရအပင်များ (honey plant)တွင် ဝတ်မှုန်တစ်မျိုးတည်းသာရရှိသောအပင်များ၊ ဝတ်ရည်တစ်မျိုးသာရရှိသောအပင်များနှင့် ဝတ်ရည်၊ ဝတ်မှုန်နှစ်မျိုးရသောအပင်များဟူ၍ရှိသည်။

မြန်မာနိုင်ငံရှိ ပျားစာပင်များ

မြန်မာနိုင်ငံတွင်  ပျားစာရအပင်များ(honey plant)အဖြစ် သဘာဝပေါင်းပင်များ၊ သစ်တောသစ်ပင်များ၊ နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးသီးနှံပင်များဟူ၍ ငါးမျိုးရှိသည်။ သဘာဝပေါင်းပင်များဖြစ်သော ပိစပ်၊ ပင့်ကူထိပ်ပိတ်(နှမ်းဘီလူး၊ ပန်းသုံးဆင့်)၊ ဘောက်ခွေး၊ ဆူးလေ၊ တောငရုတ်၊ တပင်ရွှေထီး၊ ပုစွန်စာ၊ ထိကရုံး၊ နေကြာရိုင်း (ရှမ်းပြည်နယ်တွင် ပေါက်ရောက်သည်) စသည်တို့သည်လည်းကောင်း၊ သစ်တောသစ်ပင်များဖြစ်သည့် လက်ပံ၊ အင်ကြင်း၊  လဲမှို့၊ ကန္တာရရှား၊ အော်ရေးရှား၊ မန်ဂျန်ရှားအပင်များသည်လည်းကောင်း၊   ဆီး၊လိုက်ချီး၊ လောင်ကန်၊ နှင်းသီး၊ ရော်ဘာ၊သရက် စသည့် နှစ်ရှည်ပင်များသည်လည်းကောင်း၊ ငှက်ပျော၊ ဘူး၊ ဖရုံ၊ သခွား၊ဖရဲ၊ ခဝဲ၊ ကြက်သွန်၊ ငရုတ် စသောဥယျာဉ်ခြံသီးနှံပင်များသည်လည်းကောင်း၊ နှမ်း၊နေကြာ၊ ပန်းနှမ်း၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်းအမျိုးမျိုး စသည့်ရာသီသီးနှံတို့သည်လည်းကောင်း ပျားတို့အတွက် ပျားစာပင်(honey plant)များ ဖြစ်သည်။

မြန်မာနိုင်ငံ၏ပျားစာအရလုပ်ငန်းစဉ်များ

ပျားမွေးမြူရေးလုပ်ငန်းအောင်မြင်ရန်အတွက် အဓိကအားဖြင့် အချက်လေးခုဖြင့် ပြည့်စုံရန် လိုအပ်သည်။ ပျားရောဂါကင်းစင်မှု၊ ပျားဘုရင်မများ အရည်အသွေးကောင်းမွန်မှု၊ ပျားစာပြတ်လပ်ခြင်းအားဖြေရှင်းနိုင်မှု၊ ပျားမွေးမြူသူ  ပျားစခန်းတာဝန်ခံ( Beekeeper )၏  ပျားအုံကိုင်တွယ်ထိန်းသိမ်းခြင်း(management)ကောင်းမွန်မှန်ကန်မှုတို့ဖြစ်သည်။ ထိုအချက်လေးခုအနက် ပျားစခန်းတာဝန်ခံ၏   တာဝန်ပြည့်စုံကောင်းမွန်မှုသည် စဉ်ဆက်မပြတ်လိုအပ်နေပြီး ပျားရောဂါကင်းစင်ရန်နှင့်ပျားဘုရင်မများအရည်အသွေးကောင်းမွန်နေစေရန်အတွက်ကိုမူ ပျားစာရာသီအလိုက် အချိန်ကိုက်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်   ပျားရောဂါများအနေဖြင့်  အတောင်လိပ် ရောဂါ၊ ကပ်ပါးမွှား(Tropilaelaps)နှင့် ကပ်ပါးမွှား(Varroa)ရောဂါတို့သာအဖြစ်များပြီး အမေရိကန် သားလောင်းပုပ်ရောဂါ (AFB)နှင့် ဥရောပသားလောင်းပုပ်ရောဂါ (EFB)တို့ ဖြစ်ပွားမှုမရှိပါ။ (ဖြစ်ပွားမှုရှိလျှင် ပျားအုံနှင့် လုပ်ငန်းသုံးပစ္စည်းများပါ မီးရှို့ဖျက်ဆီးရတတ်သည်)။

ကပ်ပါးမွှားရောဂါကုသခြင်းကို နှစ်စဉ်  မေလတွင် ဆောင်ရွက်ရသည်။ အကြောင်းမှာ ပျားရောဂါကုသမှုပြီးဆုံးလျှင် ပျားအုံများ အင်အားလျော့နည်းကျဆင်းလေ့ရှိသဖြင့်ကုသမှုပြီးဆုံးသည့်အချိန်နှင့် ဝတ်ရည်+ဝတ်မှုန်နှစ်မျိုးလုံးရရှိပြီး ပျားဘုရင်မအတွက်   သားလောင်းပေါက်ပွားမှုကောင်းမွန်သော နွေနှမ်းပျားစာ (နှမ်းစိုက်ခင်း)ပေါများစွာရရှိမှု အချိန်ကိုက်ဖြစ်ရန်လိုသည်။ ထို့ကြောင့်  နှစ်စဉ်မေလတွင် ပျားရောဂါကုသမှုကို ပျားစခန်းအားလုံး ဆောင်ရွက်ရသည်။

ပျားအုံဖွံ့ဖြိုးရေး

ပျားရောဂါကင်းစင်သော ပျားအုံများအား ဖွံ့ဖြိုးတိုးတက်စေရန် ပျားဘုရင်မများ မွေးမြူ၍ ဥနှုန်းကျဘုရင်မများအား အစားထိုးလဲလှယ်ခြင်း၊ ပျားသလက်အသစ်များတည်ဆောက်ခြင်းတို့ကို ဇွန်လမှဇူလိုင်လကုန်အထိ (မိုးနှမ်း)နှမ်းပျားစာအချိန်တွင်ဆောင်ရွက်ကြပြီး ပျားအုံတိုးပွားခြင်း၊ ပျားသလက်ချပ်များတိုးပွားခြင်းများကိုသာ လုပ်ဆောင်ကြရသည်။ မြန်မာ့ပျားမွေးမြူရေးပြက္ခဒိန်အရ ဩဂုတ်လသည် ပျားစာရှားပါးသဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းဖူးစိုက်ခင်းများသို့ ရွှေ့ပြောင်းပြီး မွေးမြူကြသော်လည်း ပြောင်းဖူးစိုက်ခင်း(ပျားစာပင်)များသည် ဝတ်မှုန်တစ်မျိုး တည်းသာရရှိသဖြင့် ပျားအုံများအား ဝတ်ရည်ဖြည့်စွက်စာ/အစားထိုးစာအဖြစ် သကြားရည်တိုက်ကျွေး မွေးမြူကြရသည်။

ထိုသို့ သကြားရည်တိုက်ကျွေးခြင်းသည် ပျားရည်ထုတ်လုပ်ရန်မဟုတ်ပေ။ ပျားတို့အတွက် လိုအပ်သော အစာနှစ်မျိုး (ဝတ်ရည်+ဝတ်မှုန်)အနက် သဘာဝအစာအဖြစ် ဝတ်မှုန်တစ်မျိုးသာရရှိသဖြင့် လိုအပ်သောဝတ်ရည်အတွက် သကြားရည်တိုက်ကျွေးမွေးမြူခြင်းဖြင့် ပျားအင်အား တိုးပွားများပြားမှုကိုဖြစ်စေပြီး စက်တင်ဘာလမှအောက်တိုဘာလ(ဆီးပွင့်ချိန်)အတွင်း ပျားရည်ထုတ်လုပ်မှုကို  အင်တိုက်အားတိုက်ဆောင်ရွက်ရရှိနိုင်မည်ဖြစ်သည်။ဆီးပျားရည်သည်   မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပျားရည်အားလုံး၏ ၅၀ ရာခိုင်နှုန်းမှ၆၀ ရာခိုင်နှုန်းအထိထွက်ရှိသော အဓိကပျားရည်ဖြစ်သည်။

ဆောင်းရာသီနှင့်ပန်းနှမ်းပျားရည်

အောက်တိုဘာလကုန်၍ နိုဝင်ဘာလဆန်းလျှင် ဆောင်းရာသီပျားစာများအဖြစ် ပန်းနှမ်း၊ ဆီမုန်ညင်း၊ နေကြာရိုင်း၊ ပိစပ်ပျားစာပင်များပွင့်လန်းရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)ဒေသများသို့ အများစုရွှေ့ပြောင်းမွေးမြူကြပြီး အနည်းစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း  မိုးနေကြာ၊ ပဲစင်းငုံ ၊ ဆောင်းနှမ်း၊ ပဲအမျိုးမျိုး စိုက်ခင်းများသို့  ပြောင်းရွှေ့မွေးမြူကြသည်။ ပန်းနှမ်း၊ ဆီမုန်ညင်း ပျားရည်များသည် ရေပါဝင်မှုအနည်းဆုံး (အပျစ်ဆုံး) ပျားရည်များဖြစ်ပြီး ပြည်ပပို့ရာတွင် လူကြိုက်များသောပျားရည်ဖြစ်သည်။

ပျားရည်ဟူသည် ပန်းအမျိုးအစားအလိုက် ဆီးပျားရည်၊ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ ရော်ဘာပျားရည်စသဖြင့် အမျိုးအမည်ခေါ်ဝေါ်မှု ကွဲပြားကြသော်လည်းမည်သည့်ပျားရည်က ပိုကောင်းသည်ဟုမရှိပေ။ ပျားရည်အစစ်အမှန်ဖြစ်ရန်နှင့် ရင့်မှည့်ပျားရည်ဖြစ်ရန်သာလိုသည်။ ရင့်မှည့်ပျားရည်ဟူသည် လုပ်သားပျားများသယ်ယူစုဆောင်းထားသည့် ပန်းပွင့်မှဝတ်ရည်များအား အုံထိန်းပျား(house bee)များက ရုပ်ပြောင်းလဲခြင်း၊ ဒြပ်ပြောင်းလဲခြင်း ပြုလုပ်ပြီး ဝတ်ရည်(nactor)မှ ပျားရည်(honey)ဖြစ်စေကာ ပျားဖယောင်းဖုံးအုပ်ထားသော ပျားရည်ဖြစ်သည်။ တစ်နည်းအားဖြင့် စေးပျစ်မှုကောင်းပြီး ရေပါဝင်မှုနှုန်းတိုင်းကိရိယာ (Refratometer) ဖြင့်တိုင်းပါက  water contant   ၂၁ ရာခိုင်နှုန်းအောက်သာရှိသော ပျားရည်များဖြစ်သည်။

ပျားရောဂါကာကွယ်ခြင်း

မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန်အရ တစ်နှစ်လျှင် ပျားရောဂါကုသမှုတစ်ကြိမ် (မေလ) နှင့် ကာကွယ်မှုနှစ်ကြိမ်(ဩဂုတ်လ၊ ဒီဇင်ဘာလ)ဆောင်ရွက်ကြရသည်။ ဆောင်းရာသီပန်းနှမ်း၊ ဆီမုန်ညင်းပျားစာပြီးဆုံးချိန်တွင် တောင်ပေါ်မှမြေပြန့်သို့ ပြန်ဆင်းရွှေ့ပြောင်းရသဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့်လည်းကောင်း၊တောင်ပေါ်ဒေသတွင် ဒေသခံသစ်ခေါင်းပျားများ၊ ပျားကြီးမျိုးများနှင့်ထိတွေ့ရာမှ ကူးစက်မှုကြောင့်လည်းကောင်း Varroa-jacobsoni ကပ်ပါးမွှားရောဂါဖြစ်ပွား ကူးစက်တတ်သဖြင့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ ပျားရောဂါကာကွယ်မှုပြုလုပ်ပြီး   မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများရှိ  ဆောင်းနေကြာစိုက်ခင်းများ၊ လဲမှို့၊   လက်ပံ စသည့် သစ်တောသစ်ပင်များ၊ နံနံ၊ ကြက်သွန်စသည့် စားဖိုဆောင်သီးနှံစိုက်ခင်းများ၊ သရက်၊ သံပရာ စသည့်ဥယျာဉ်ခြံများသို့ ရွှေ့ပြောင်းမွေးမြူကြရပြန်သည်။ ၎င်းနေရာများတွင် တစ်လခွဲနှစ်လခန့်မွေးမြူ၍ ပျားဝတ်မှုန်ထုတ်လုပ်မှု၊ ပျားဘုရင်မမွေးမြူမှုနှင့် ပျားရည်ထုတ်လုပ်မှုဆောင်ရွက်ကြပြီး ဖေဖော်ဝါရီလ  စတုတ္ထပတ်ခန့်တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊   ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ လိုက်ချီးပျားစာပင်(နှစ်ရှည်ပင်)များရှိရာသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ(နှစ်ရှည်ပင်)ရော်ဘာစိုက်ခင်းများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ သဘာဝပေါင်းပင် (ပင့်ကူထိပ်ပိတ်၊ တောငရုတ်)များရှိရာသို့လည်းကောင်း အများစုရွှေ့ပြောင်းမွေးမြူကာ ရော်ဘာပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များ ထုတ်လုပ်ကြသည်။

ဤသို့ဖြင့် မတ်လကုန် ဧပြီလဆန်းတွင်လည်းကောင်း၊ ဧပြီလ  တတိယပတ်(သင်္ကြန်အပြီး) ကာလတွင်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းမှ ပျားစခန်း/ပျားအုံများအားလုံးနီးပါးသည် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နွေနှမ်း(ရေသွင်းနှမ်း)စိုက်ခင်းများရှိရာသို့ ပြန်လည်ရွှေ့ပြောင်းရောက်ရှိလာကြပြီး  မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန် ပထမလကို ပျားရောဂါကုသခြင်းဖြင့်     စတင်ကြပြန်ပါတော့သည်။    ။

Source: https://myawady.net.mm/stories

 

မောရဝတီ

ဝလာသူများတွင်  ဝခြင်းအကြောင်းရင်းခံ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး ဝလာသူ၊ မျိုးရိုးအလိုက် ဝသူဖြစ်ပြီး  နောက်တစ်မျိုးမှာ အသက် ၄၀ ကျော်၊ ၅၀ အတွင်းမှ ဝလာသူ (လေဝဟုခေါ်သည်)များဖြစ်သည်။

မျိုးရိုးအလိုက် ဝသူ၊ အဆီတိုးပြီ ဝလာသူများမှာ ကိုလက်စထရောတက်သည်ဟုဆိုသော်လည်း ကောင်းသည့်ကိုလက်စထရော (HDL) များနေလျှင် ဝသော်လည်း ကျန်းမာနေမည်၊ စားနိုင်၊ သွားနိုင်၊အိပ်ပျော်၊ ဝမ်းမှန်ဖြစ်နေတတ်သည်။

အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေးချူချာတတ်သည်။မျက်နှာနှင့် လက်ချောင်းများတွင် မဝဘဲ ဗိုက်စူထွက်လာသဖြင့် ဝလို့၊ လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက်နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်က သိသိသာသာစူထွက်ပြီး ကြည့်မကောင်းဖြစ်တတ်သည်။ ဘီယာဗိုက်ဟု   ခေါ်ကြသည်။    စည်ဘီယာအသောက်များသူများတွင် ထိုသို့ဖြစ်တတ်သောကြောင့်ဖြစ်သည်။

အမှန်မှာ  ညနေစောင်းနှင့်  ညအချိန်မတော် စားရာမှ ဝမ်းဗိုက်နှင့်  အူမကြီးတွင် အစာများစုပုံကာ  အူမကြီးတွင် လေပွပြီး ဗိုက်စူထွက်လာခြင်းဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍သက်သာသွားတတ်သည်။

လေဝ  ဝသူများ၏  အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒံပေါက်၊အကြော်အလှော်၊ အကင်များစားသည့်နေ့တွင်   အစာမကြေဖြစ်ပြီး  ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။

ဝမ်းချုပ်သောအခါ ဗိုက်ကပို၍ စူလာပြီး အသက်ရှူမဝသောရောဂါဖြစ်တတ်သည်။

ဗိုက်စူ၊ဝမ်းချုပ်သူများအတွက်အကောင်းဆုံးဓာတ်စာမှာ သင်္ဘောသီးမှည့်ဖြစ်သည်။

ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့်တစ်ခြမ်းခန့်စားပေးခြင်းဖြင့်  ဝမ်းမှန်၊လေသက်ကာ ဝမ်းဗိုက်စူခြင်းကို သက်သာစေနိုင်သည်။ သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ ဝမ်းချုပ်ခြင်းနှင့်   စမြင်းခံခြင်းကို   သက်သာစေသဖြင့်      လိပ်ခေါင်းရှိသူများအတွက်ပါအဆင်ပြေစေနိုင်သည်။

အိန္ဒိယနိုင်ငံနှင့်  ပါကစ္စတန်နိုင်ငံတို့၌ သင်္ဘောပင်များကိုအမြောက်အမြား စိုက်ပျိုးပြီး ပင်စည်မှအစေးကို ရော်ဘာအစေးထုတ်သကဲ့သို့ထုတ်ယူကာ   အစာအိမ်ရောဂါပြင်းထန်သူများနှင့် အနာရှိသူများအတွက်  ဆေးဝါးသစ်တစ်မျိုး ထုတ်လုပ်နိုင်ရန် သုတေသနပြုနေသည်။

သင်္ဘောသီး၏အညှာမှ  အစေးသည်လည်း  ဆေးဖက်ဝင်သည်ဟု  ဆိုသည်။ အရေပြားအက်ကွဲသည့်  အနာနှင့်ရောင်ရမ်းသောနေရာများတွင် အစေးကို သုတ်လိမ်းပေးရမည်ဟုဆိုသည်။

သင်္ဘောရွက်နှင့် သင်္ဘောရိုးတံများကိုလည်း   ပြုတ်ပြီး   အရည်သောက်လျှင် ကင်ဆာရောဂါ    ပျောက်ကင်းသည်ဟု ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့၌သုတေသနပြုလျက်ရှိသည်။

သင်္ဘောသီးဝယ်လျှင်  ဆိုးဆေးဖြင့်မှည့်အောင်ပြုလုပ်ထားသောအသီးများကိုရှောင်ပါ။  ပင်မှည့်  သို့မဟုတ်  အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်မှစားလျှင် စိတ်အချရဆုံးဖြစ်သည်။

လေဝ  ဝပြီး   ဝမ်းချုပ်သူများသည်အနေတော်သင်္ဘောသီးမှည့်ကို ထက်ခြမ်းခြမ်းပြီး  အစေ့များဖယ်ရှားကာ အတွင်းမှ ဝင်းဝါသောအသားကို ဇွန်းဖြင့်ခြစ်စားခြင်းသာ အကောင်းဆုံးဖြစ်သည်။

အခွံသင်၊ ရေဆေးပြီး အတုံးငယ်များ ပြုလုပ်၍စားလျှင် ဆေးစွမ်းအာနိသင်ရှိသောအစေးများ   ရေနှင့်ပါသွားနိုင်ပါသည်။

ဝမ်းချုပ်သူများသည်   တစ်ခါတစ်ရံအပူအထက်သို့ကန်ပြီး ပါးစပ်နှင့်ပါးစောင်တွင်   အပူနာများ  ပေါက်လေ့ရှိသည်။   သွားဖုံးတွင်  အနာစက်များပေါက်ပြီး ရေစီးကမ်းပြိုဟုခေါ်သော အနာဖြစ်သူများပါ တွေ့ဖူးသည်။ ပါးစောင်နာနှင့် သွားဖုံးနာများအတွက် သင်္ဘောသီး မှည့်သည်     ဆေးဖက်ဝင်သည်။

ရှေးတိုင်းရင်းမြန်မာ ဆေးဆရာကြီးများက သင်္ဘောသီးသည် အလယ်တွင် အခေါင်းပွပါသောကြောင့်   အာကာသဓာတ်စာဟု ဆိုကြသည်။ အဆီပိတ်နေသူများနှင့်ဝမ်းချုပ်ဝမ်းပိတ်နေသူများသည် အာကာသပိတ်သူများဖြစ်သဖြင့်အာကာသဓာတ်စာကို စားရမည်ဖြစ်သည်။

သို့သော် သင်္ဘောသီးကို အစိမ်းသုပ်စား၊ အစိမ်းထောင်းစားလျှင် လေနာတတ်သည်ကို သတိပြုပါ။ အအေးစာဖြစ်သောကြောင့် အစားများလျှင် လေနာတတ်ခြင်းဖြစ်သည်။

သင်္ဘောသီးမှည့် စားသုံးခြင်းကြောင့် လေမနာတတ်ပါ။ ဝမ်းပျော့၊ လေသက်စေပါသည်။

သင်္ဘောသီးသည် ဝမ်းမှန်ပြီး အပူအပုပ်များကင်းစင်ကာ ဗိုက်စူထွက်ခြင်းကို သက်သာစေနိုင်သည်။ ဗီတာမင်ဓာတ် ကြွယ်ဝသဖြင့်အသားအရေကိုလည်း စိုပြည်လှပစေသည်။   ဝပြီးဗိုက်စူသူများစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်ပေသည်။    ။

ဒူးနာရောဂါအတွက် ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းကုသနည်း

ဒူးနာရောဂါမှာ    အခြေခံအားဖြင့်နှစ်မျိုးရှိသည်။ ဒဏ်ကြောင့်ဖြစ်သော ဒူးနာနှင့်  အသက်ကြီး၍ဖြစ်သော ဒူးနာတို့ဖြစ်သည်။ ဒဏ်ကြောင့်ဖြစ်သောဒူးနာမှာ     အားကစားသမားများနှင့်မတော်တဆထိခိုက်မိသူများတွင်    ဒူးနှင့်ခုံညင်းရိုးမှ အရွတ်အမြှေးများ စုတ်ပြဲသွားခြင်းကြောင့်ဖြစ်သည်။   ချက်ချင်းရောင်ကိုင်းလာတတ်သော ဒူးနာမျိုးဖြစ်သည်။ ဆေးပူလိမ်းခြင်း၊ ကျပ်ထုပ်ထိုးခြင်း စသည့်ကုထုံးများဖြင့် ရက်သတ္တနှစ်ပတ်ခန့်ကြာလျှင် ပြန်ကောင်းသွားတတ်ပါသည်။

အသက်ကြီး၍ဖြစ်သော ဒူးနာရောဂါမှာ အရိုး၊ အဆစ်တို့၏သဘာဝ အသက်ကြီးလျှင် ကျီးပေါင်းတက်သောကြောင့်ဖြစ်သည်။  သစ်ပင်များ  အပင်ကြီးလျှင်အပွေး၊  အခေါက်  ထူလာသကဲ့သို့ဖြစ်သည်။    ဒူးနှင့်    ခုံညင်းမှအမြှေးပါးတို့ပွတ်တိုက်ဖန်များလာသောအခါ  ဒူးဆစ်နာလာတတ်သည်။လမ်းလျှောက်နည်းသူ၊   အထိုင်များသူများတွင်  ဒူးအတွင်းမှ သဘာဝအတိုင်းထွက်သော    ချောဆီခန်းခြောက်လာသဖြင့်    အဆစ်ကျပ်ပြီးအကွေးနှင့်အဆန့်တွင် အသံမြည်သည်အထိ ဖြစ်လာတတ်သည်။ ထို့ကြောင့် အရိုးအဆစ်ကုဆရာဝန်ကြီးများက အသက်ကြီးသူများကို ဒူးအတွင်းသို့ ပြင်ပမှ လူ၏ဒူးအတွင်းချောဆီနှင့်တူသော   ချောဆီအတုကို  ထိုးထည့်ပေးတတ်သည်။ ထိုသို့ထိုးခြင်းသည် မကြာခဏထိုးလျှင် မကောင်းပေ။ နောက်ဆက်တွဲဆိုးကျိုးများရှိသည်ဟုဆိုသည်။

ဒူးနှင့် ခုံညင်းဆစ်ကျီးပေါင်းတက်၊ အဆစ်ကျပ်သဖြင့် အရွတ်နှင့်အကြောကို ညပ်မိသော  ဒူးနာမှာ  ရေအိတ်ကြီးသဖွယ်ဖောင်းပြီး  ရောင်လာလျှင်  ဒူးကြီးရောဂါဟုခေါ်သည်။  ခွဲစိတ်ပြီး အတွင်းမှ  ရေကို   ဖောက်ထုတ်ပေးရတတ်သည်။ ခွဲစိတ်ခြင်းသည်လည်း နောက်ဆက်တွဲအန္တရာယ်ရှိသော ကုထုံးဖြစ်သဖြင့်  ဒူးခွဲရမည်ဆိုလျှင် လူကြီးအတော်များများက လက်မခံကြပေ။

ဒူးအတွင်းမှခုံညင်းဆစ်ကျီးပေါင်းတက်သူများနှင့်   အောက်ခံ   ဒူးခွက် အမြှေးရောင်သူများသည် လှေကားထစ်များလျှင် အဆင်းအတက်မပြုလုပ်နိုင်ကြပေ။  လှေကားအတက်ထက်  လှေကားအဆင်းတွင် ဒူးပိုနာလေ့ရှိသည်။ အဆင်းတွင်ထိန်းရသော     ဒူးအရွတ်ကြောများ အားနည်းခြင်း၊    ဒူးအတွင်းမှ   ခြင်ဆီ၊ချောဆီအားနည်းခြင်းတို့ကြောင့် မခံမရပ်နိုင်အောင်နာကျင်လေ့ရှိသည်။အခန့်မသင့်လျှင်   လူကြီးများ လှေကားအဆင်းတွင် ဒူးမခိုင်၍ ချော်ကျလေ့ရှိသည်ကို သတိပြုကြရန်လိုသည်။

ဒူးနာကို  မကုသဘဲ  ရေရှည်မွေးထားသောကြောင့် ချော်လဲလျှင် လူကြီးများတွင် ဆုံထိပ်ရိုးကျိုးလေ့ရှိသည်။ ထိုအခါ ဆုံထိပ်ရိုးအစားထိုးခြင်း၊   ခွဲစိတ်ရခြင်း၊ခွဲစိတ်ပြီး   အသားမကျမီ   သုံးလခန့် လမ်းမလျှောက်ရခြင်းတို့ကြောင့် အိပ်ရာနာဖြစ်ကာ   နောက်ဆက်တွဲအဆုတ်ပွသည့်ရောဂါပါ ဝင်ရောက်လာတတ်သည်။ ဒူးနာလျှင်  အချိန်မဆွဲဘဲ  ပျောက်ကင်းအောင်ကုသရန်လိုသည်။

ဒူးနာ၊  ဒူးဆစ်ကျပ်၊ ဒူးကျီးပေါင်း၊ ဒူးအတွင်း ချောဆီအားနည်းသူများအတွက် လက်တွေ့ကုသပျောက်ကင်းဖူးသော မြန်မာ့ရိုးရာဆေးမြီးတို ကုသနည်းတစ်နည်းမှာ ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းခြင်းပင်ဖြစ်သည်။ဆေးစည်းနည်းမှာ ချဉ်ပေါင်ရိုးနီ၊ ရွက်နီ (ဘိလပ်ချဉ်ပေါင်) အရွက်လက်နှစ်ဆုပ်ခန့်ကိုယူပါ။ ခွက်တစ်ခုတွင် ရေနွေးအဖြူပူပူလောင်းထည့်ပြီး ၁၀  မိနစ်ခန့်စိမ်ထားပြီးနောက် ဆယ်ယူပါ။ ရေမကျန်အောင်ဆန်ခါဖြင့်စစ်ပါ။   ထို့နောက်   ငရုတ်ဆုံတွင်ထည့်ပြီး   ညက်အောင်ထောင်းပါ။ထိုချဉ်ပေါင်ရွက်ထောင်းကို    နာသည့်ဒူးပေါ်တွင်အုံပြီး ပိတ်စ သို့မဟုတ် ဝါဂွမ်းအုပ်ပြီးနောက် ပတ်တီးဖြင့် လေလုံအောင်စည်းထားပါ။ နှစ်နာရီ၊  သုံးနာရီခန့်စည်းပြီးလျှင် ပတ်တီးပြန်ဖြေနိုင်သည်။ ဤအတိုင်း၁ဝ ရက်ခန့်စည်းပေးလျှင် ဒူးနာသက်သာသည့်အပြင် ဒူးအတွင်းမှ ချောဆီပြန်ထွက်လာသဖြင့်  အကွေးနှင့်အဆန့်တွင် အသံမြည်ခြင်း၊  အဆစ်ကျပ်ခြင်းပါသက်သာနိုင်သည်။

တိုင်းရင်းဆေးဖြင့်   စည်းလိုသူများအနေဖြင့် ဆေးအမှတ် (၄၇) ဟုခေါ်သောခုနစ်ပါးဆေးဝါလေးအမှုန့်ကို    ပရဆေးဆိုင်မှဝယ်ယူကာ   ချဉ်ပေါင်ရွက်ပြုတ်ထောင်းပြီး ရောမွှေစည်းပေးလျှင် ပို၍ အရောင်ကျမြန်ပါသည်။    ထိုဆေးမှုန့်ဝယ်မရလျှင်   နနွင်းမှုန့်ဖြင့်  ရောစည်းလျှင်လည်းသက်သာ ပျောက်ကင်းစေနိုင်ပါသည်။    ။

Source: https://myawady.net.mm/stories


 

ကြည်လွင်မြင့်(မုဒြာ)

   “ ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ ငလျင်ကြီးဟာ အုတ်၊သဲ၊ကျောက်၊ သံမဏိတွေနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး”

ယနေ့ ဧပြီလ (၂၈)ရက်နေ့ဟာ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ (၁)လ တင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်း ရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားလာ နိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ မိုခါ မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ရာဂိ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။

မတ်လ (၂၈) ရက်နေ့ မြင်ကွင်းပုံရိပ်များ...

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇.၇ ရစ်ချ်တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေး မသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရိစ္ဆာန်တွေအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြ ထားခဲ့ပါတယ်။ 

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”

ထူးခြားမှုတစ်ခုအနေနဲ့ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ (၅) မိနစ်လောက် အလိုမှာ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝန်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍ အော်ဟစ် နေကြောင်း ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့ မိမိဘေးပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် တွေရဲ့ ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလို မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ ငါတို့တတွေ  အတူတကွအမြန်ဆုံး ပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့  ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်းမြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ် နေတာကို ခံစားတွေ့မြင်ရပါတယ်။

အရေးကြီးရင် သွေးနီးတတ်တာ....

မတ်လ (၂၈)ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ငလျင်ကြောင့် သက်ရောက်ခဲ့တဲ့ အခြေအနေအရပ်အရပ်ကို သုံးသပ်ကာ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာချက် အား ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို နိုင်ငံတကာသို့ ချက်ချင်းအသိပေး ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”


အလားတူပင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော်တို့ နိုင်ငံသား တွေဟာ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို လူအား၊ ငွေအားနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့   ပူးပေါင်းပါဝင်ဆောင်ရွက် နေမှုမြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့ အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို ဂုဏ်ယူစွာတွေ့ရှိရပါတယ်။ 

နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့ အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်း တွေ့ရှိခဲ့ရ ပါတယ်။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူး တင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံ တွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ(ကျပ်)၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ (ကျပ်)၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ (ကျပ်)ကို အစိုးရထံ လှူဒါန်း ပေးအပ် ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး  နိုင်ငံတော်အစိုးရအနေနဲ့လည်း ၅၀၀ ဘီလီယံ(ကျပ်)ကို ကနဦး မတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ 
 

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ... အလှူရှင်များက ကျပ် ၁၁၆ ဒသမ ၈၄ ဘီလျံ လှူဒါန်း - YouTube

နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင်ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာ ကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိ အဆောက်အဦများကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ သမိုင်းခေတ်အဆက်ဆက်  မြန်မာ့အရေး အခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင် ဖြေရှင်းကျော်လွှား ခဲ့ကြရတာဆိုတာ ပကတိ အရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြသူတွေ အားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့ အသိတရားတွေနဲ့အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ 

 “ မိုခါ ” မုန်တိုင်းကြီးကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်....

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့(၁)လပြည့်မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လ တာကာလအတွင်း အစိုးရနဲ့ပြည်သူ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ကြရတဲ့ အခြေအနေတွေဟာ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းမိုခါ (Mocha) ကို ပြန်လည် သတိရမိစေခဲ့ပါတယ်။  မှတ်သားမိသလောက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်” “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”

https://www.cincds.gov.mm/sites/default/files/no%203%20mmk%20Picture1%20%281%29.jpg

အဲဒီအချိန်တုန်းက ကျွန်တော် သတိပြုမိတာတစ်ခုကတော့ မုန်တိုင်းသတင်း စတင် ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။  ဒီလို မုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့မှုနဲ့ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ အစိုးရ၊ ဝန်ထမ်းတွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ယခုလည်း ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ် နိုင်ခဲ့တဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ မန္တလေး ငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမဲ့ အမြန်ဆုံးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီဖေးမမှု တွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေး အန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့ စိတ်ရင်း၊ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစုကာ ကျော်လွှားနိုင်သကဲ့သို့ ယနေ့ မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား နိုင်ငံရေးပရောဂတွေ မြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”

အခက်အခဲတွေကြားမှာ...အမြဲရှိတဲ့ အခွင့်အလမ်းတွေ

ကြီးမားသော အခက်အခဲတွေကြားက ရုန်းထွက်ရင်ဆိုင် ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း များစွာဟာ မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး ဒီလိုဘေး အန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင်ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးစေယုံသာမက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အခြေခံ အဆောက် အအုံတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ နယ်ပယ်ကဏ္ဍ မျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊ နျူကလီယားဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ ပြည်သူ ပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန် ချီတက်ခဲ့ကြလို့ ယနေ့ ဂျပန်နိုင်ငံဟာ ကမ္ဘာအလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူ လေးစားဖွယ် တွေ့မြင်နိုင်ပါတယ်။              

ယနေ့မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာဖြစ်ပေမယ့် ဆက်စပ်အခွင့် အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျော့သောလုံ့လစိတ်ဓာတ်တွေ အပေါ်မှာ များစွာမူတည်နေပါတယ်။ မိမိတို့နိုင်ငံအပေါ် ပြည်ပြေး၊ ပြည်ဖျက် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေထိခိုက် ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အပြန်အလှန် ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ဆက်ဆံရေး အခွင့်အလမ်းကောင်းတွေ ဆက်လက်တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်း ဆက်သွယ်ရေး အခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိ စာနာ နားလည် ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုအခက်အခဲတွေကြားကနေ အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာ ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူ လက်တွဲ ရုန်းကန်ထူထောင်ကြရမယ့် ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့် လုပ်ရပ်မျိုးကိုမှ ပြည်သူတွေ မလိုလားကြပါဘူး။ ဒီမြေမှာနေ ဒီရေသောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူတဲ့လူတိုင်း အတူတကွပြန်လည်ရုန်းထကျော်ဖြတ် ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံးတစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ် သွားကြရမှာဖြစ်ပါတယ်။

Clean Yangon Myanmar Flag Waving Wind National Flag: วิดีโอสต็อก (ปลอดค่าลิขสิทธิ์ 100%)  1047238081 | Shutterstock 

ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကို နည်းများမဆို ကြုံတွေ့ ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ်အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေး ဟာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အစိုးရရဲ့ ထက်မြက်တဲ့ ဦးဆောင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက် နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည် တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after earthquake) လုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့ နိုင်ငံတကာမိတ်ဆွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာ တွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက်လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည် အေးချမ်းသာယာဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့ စုပေါင်းအားမာန်တွေနဲ့အတူ လက်တွဲညီညီလျှောက်လှမ်းကြပါစို့လို့ ဆန္ဒပြုရင်း...။  

မောင်မိုး

သဘာဝဘေးအန္တရာယ်အမျိုးအစားများ

မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ (Natural Disasters) ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော  ဘေးအန္တရာယ်များလည်း   ဖြစ်ပွားလေ့ရှိသည်။    ဘေးအန္တရာယ်များကို    အောက်ပါအတိုင်း  အမျိုးအစားခွဲခြားထားသည်။

(က)မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ

ဆိုင်ကလုန်းမုန်တိုင်း၊ မိုးသည်းထန်ခြင်းကြောင့်  လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း၊   မြစ်ရေကြီးနှင့်    မြို့ပြရေလွှမ်းမိုးခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊   အပူလှိုင်း၊   အအေးလှိုင်းဖြတ်ခြင်း၊  မိုးခေါင်ရေရှားခြင်းတို့ဖြစ်သည်။

(ခ)   မြေမျက်နှာပြင်ဆိုင်ရာ     ဘေးအန္တရာယ်များ

ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေနိမ့်ဒေသများ ရေလွှမ်းမိုးခြင်း၊ ကမ်းရိုးတန်းဒေသများ ဒီရေလွှမ်းမိုးခြင်း၊ ဆူနာမီရေလှိုင်းနှင့်   ရေလွှမ်းမိုးခြင်းတို့ဖြစ်သည်။

(ဂ)  ဇီ၀ဗေဒဆိုင်ရာ   ဘေးအန္တရာယ်များ

ကူးစက်ရောဂါ  ကပ်အသွင်ဖြစ်ပွားခြင်း၊ အင်းဆက်ပိုးမွှားကျရောက်ခြင်းနှင့်   ဇီဝလက်နက်များ ဖြစ်သည်။

(ဃ) မတော်တဆမှုများနှင့်   စက်မှုနည်းပညာဆိုင်ရာ ဘေးအန္တရာယ်များ

မီးလောင်ခြင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ  ဥပမာ-ခရီးသည်ယာဉ်၊  ရထားတိမ်းမှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ မိုင်းတွင်းနှင့် အဆောက်အအုံပြိုကျခြင်း၊ ဓာတုစက်ရုံများနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ ပေါက်ကွဲခြင်း၊ ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များဖြစ်သည်။

(င) လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ

စစ်ပွဲများ၊  အကြမ်းဖက်မှုများ၊ လူမှုအဓိကရုဏ်းများဖြစ်သည်။

သဘာဝဘေးနှင့်ပတ်သက်၍ သိထား သင့်သောအချက်များ

သဘာဝဘေးအန္တရာယ်များတွင်  ကြိုတင်ခန့်မှန်းနိုင်သော    ဘေးအန္တရာယ်များရှိသကဲ့သို့      ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များလည်းရှိသည်။  ဥပမာ- ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့  တချို့သောဘေးအန္တရာယ်များကို    ကြိုတင်ခန့်မှန်း၍     ရနိုင်သော်လည်း ဥပမာ - မြေငလျင်လှုပ်ခြင်းနှင့်  လေဆင်နှာမောင်းတိုက်ခတ်ခြင်း ကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန် ခက်ခဲသည်။ သို့ဖြစ်ရာ ကြိုတင်ခန့်မှန်း၍ ရနိုင်သော   ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက်မိုးလေဝသသတင်းများကိုအမြဲနားထောင်သင့်သည်။ မြန်မာနိုင်ငံ၌ မိုးလေဝသသတင်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  သတိပေးချက်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါမိုးလေဝသသတင်းများကို   အမြဲမပြတ်နားထောင်ပြီး  ဘေးအန္တရာယ် အသိပေးချက်များကို  လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်    ကျရောက်သောဒေသများရှိ   ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်

- မိုးလေဝသသတင်းများ၊     ဘေးအန္တရာယ်  သတိပေးချက်များနှင့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။

- ဘေးအန္တရာယ်မကျရောက်မီအချိန်ကတည်းက  အစားအစာ၊ သောက်သုံးရေနှင့် ပုံမှန်သောက်သုံးနေကျ ဆေးဝါးများအား အသင့်ကြိုတင်စုဆောင်းထားပါ။ ဆေးဝါးပြတ်လပ်မှုရှိပါက  ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။

- တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း  မိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အအုံ၌နေထိုင်ပါ။

- ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနှင့်ညီညွတ်အောင်  ဝတ်စားဆင်ယင်ပါ။

- ရေမျောစာများ၊   အမှည့်လွန်အစာများ၊   ယင်နားစာများ   မစားပါနှင့်။ အစားအစာများကို  ယင်မနားစေရန် ဖုံးအုပ်ထားပါ။

- ရေသန့်ဆေးထုပ်၊   ကလိုရင်းခတ်ထားသောရေ  သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ယုံကြည်စိတ်ချရသောရေသန့်ကိုသာ သောက်ပါ။

- ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။

-တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။  အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ၊     အညစ်အကြေးကိုင်တွယ်ပြီးတိုင်း၊      အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်  စင်ကြယ်စွာဆေးကြောပါ။

- အမှိုက်များကို မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊    အမှိုက်ပုံကို  ထုံးဖြူးခြင်း စသည်ဖြင့်    အမှိုက်များကို  စနစ်တကျစွန့်ပစ်ပါ။

-  ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။  မည်သည့်အချိန်တွင်မဆို   ခြင်ထောင်ဖြင့်သာ  အိပ်စက်ပါ။    ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။

- မြွေဆိုးအန္တရာယ်၊     ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အခြေအနေတို့ကို  ဂရုပြုနေထိုင်ပါ။

- ဘေးအန္တရာယ် ကျရောက်သော ဒေသများ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ပါ။

- ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှု   စသည့်ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ပြီး အကယ်၍  ဖြစ်ပွားပါက    နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းထံတွင် ပြသပါ။

အရေးပေါ်ဒဏ်ရာကုသမှု သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ  ပြည်သူများတွင်    ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားနိုင်သည့်အတွက် ယင်းဒဏ်ရာများကို    သက်သာပျောက်ကင်းစေရန်နှင့် ရောဂါပိုးဝင်ရောက်ခြင်းတို့မှ   ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ပါ။

- အရေပြားပွန်းပဲ့/  ပေါက်ပြဲဒဏ်ရာ ဖြစ်ပွားပါက မသန့်ရှင်းသောရေနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- ဒဏ်ရာအား    ကုသမည့်လက်ကို ဆပ်ပြာနှင့် ရေသန့်တို့ဖြင့် သေချာစွာဆေးကြောပါ။

- ဒဏ်ရာတွင်  အရာဝတ္ထုများ  ဝင်ရောက်နေခြင်းမရှိပါက ဒဏ်ရာကုသနေစဉ်အတွင်း  ယင်းဒဏ်ရာကို လက်နှင့်မထိပါနှင့်။   (ဖြစ်နိုင်လျှင်      ပိုးသတ်ထားသော       တစ်ခါသုံးလက်အိတ်ကို အသုံးပြုပါ)

-  ဒဏ်ရာရနေသော ခန္ဓာကိုယ်အစိတ်အပိုင်းမှ လက်ဝတ်ရတနာများနှင့် အဝတ်အစားများကို ဖယ်ရှားပါ။

- အပူလောင်  ဒဏ်ရာငယ်များအား သန့်ရှင်းသောရေအေးဖြင့်  လောင်းပေးပါ  သို့မဟုတ်  သန့်ရှင်းသောအဝတ်စိုဖြင့် ကပ်ပေးပါ။ အပူလောင်ဒဏ်ရာမှ    အရည်ကြည်ဖုများကို ဖောက်ထုတ်ခြင်း မပြုလုပ်ပါနှင့်။

- အပူလောင်ဒဏ်ရာကို     သန့်ရှင်းသောအဝတ် သို့မဟုတ် ပတ်တီးဖြင့်ညင်သာစွာ ကာကွယ်ထားပါ။ တင်းကျပ်စွာ စည်းနှောင်ခြင်းမပြုပါနှင့်။

- ထိခိုက်/ရှနာ       ဒဏ်ရာများတွင် သွေးထွက်နေပါက သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ရန် ယင်းနေရာကို သန့်ရှင်းသောအဝတ်    သို့မဟုတ် ပတ်တီးဖြင့်ဖိထားပါ။   ဖြစ်နိုင်လျှင် ဒဏ်ရာနေရာကို နှလုံးနေရာထက် မြှင့်ထားပါ။

-  သွေးတိတ်သွားပြီးနောက် ဒဏ်ရာကို ရေသန့် သို့မဟုတ် သန့်စင်သောရေဖြင့် ညင်သာစွာဆေးကြောပါ။

- ဒဏ်ရာတစ်ဝိုက်ကိုလည်း ဆပ်ပြာနှင့်    ရေသန့်တို့ဖြင့်     ညင်သာစွာ ဆေးကြောပါ။

- ဒဏ်ရာတွင်       အညစ်အကြေးနှင့် အရာဝတ္ထုများ   ဝင်ရောက်နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ရှိနေပါက ဖယ်ရှားပါ။ သေချာစွာမသန့်ရှင်းထားသော ဒဏ်ရာများတွင် ဗက်တီးရီးယားပိုးများ  ခိုအောင်းနိုင်ပြီး   ရောဂါပိုးဝင်နိုင်ပါသည်။

- ဆေးကြောပြီးနောက်  ဒဏ်ရာကို ခြောက်အောင်သုတ်ပြီး    ပတ်တီး သို့မဟုတ် သန့်ရှင်းသောအ၀တ်ဖြင့် စည်းပေးပါ။   ဖြစ်နိုင်လျှင်    ရေစိုခံပတ်တီးကိုသုံးပါ။

- ဖြစ်နိုင်လျှင်      ဒဏ်ရာရရှိသူအား အကိုက်အခဲပျောက်ဆေးတိုက်ပါ။

- ဒဏ်ရာကို အနည်းဆုံး ၂၄ နာရီတိုင်း တစ်ကြိမ် ပြန်စစ်ဆေးပေးပါ။

အောက်ပါလက္ခဏာများ        ရှိပါက အမြန်ဆုံးဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပါ

- မီးလောင်/   အပူဒဏ်ရာရရှိသည့် ခန္ဓာကိုယ်နေရာ များပြားခြင်း၊

- သွေးထွက်နေသောဒဏ်ရာကို အချိန် ငါးမိနစ်ကျော်ကြာ ဖိထားသည့်တိုင် သွေးမတိတ်ခြင်း၊

- ဒဏ်ရာတွင်   အညစ်အကြေးနှင့် အရာဝတ္ထုများ   ဝင်ရောက်နေခြင်း

( ဥပမာ မြေကြီး၊ သစ်သားစ၊ သတ္တုစ သို့မဟုတ် တခြားအရာများ)၊

- တိရစ္ဆာန်အကိုက်ခံရသည့် ဒဏ်ရာဖြစ်ခြင်း၊

- ညစ်ညမ်းသည့်    အရာဝတ္ထုတစ်စုံတစ်ရာဖြင့်    ထိုးဝင်၊     ထိုးဖောက်၊ ထိခိုက်သည့်ဒဏ်ရာဖြစ်ခြင်း၊

- ဒဏ်ရာတွင်   ရောဂါပိုးဝင်သော လက္ခဏာများရှိခြင်း   (ဒဏ်ရာနီရဲရောင်ရမ်းခြင်း၊ ဒဏ်ရာမှ ပြည်နှင့်

အရည်များ  စိမ့်ထွက်ခြင်း၊ အလွန်နာကျင်ခြင်း)၊

-  သွေးဆိပ်တက်သည့် လက္ခဏာများရှိခြင်း  ( ဒဏ်ရာရရှိသူတွင်   ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အသက်ရှူမဝခြင်း၊   နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊  ချွေးစေးများထွက်ခြင်း၊ ခြေလက်များ   အေးစက်နေခြင်း)၊

-  မည်သို့သောဒဏ်ရာများ    ရရှိသည်ဖြစ်စေ   မေးခိုင်ကာကွယ်ဆေးထိုးနှံမှုခံယူရန်     ဆောင်ရွက်ရမည်ဖြစ်ကြောင်း   သဘာဝဘေးအန္တရာယ်များအတွက်     ကျန်းမာရေး အသိပညာပေး      ရေးသားတင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories


 

ပေါက်ပေါက်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်နိုင်ငံသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိလာသည်။ လွတ်လပ်ရေးရရှိသည့် အချိန်တွင် ပထမဦးဆုံးသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ၃၁ ရက်နေ့အထိ   တာဝန်ထမ်းဆောင်ခဲ့သည်။   ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်လာချိန်သည့်အချိန်တွင်  ကာကွယ်ရေးဦးစီးချုပ်တာဝန်အား  ဗိုလ်ချုပ်ကြီးနေဝင်းက တာဝန်ယူခဲ့ရသည်။

မြန်မာ့သမိုင်းကြောင်းတွင်   လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည်  လွတ်လပ်ရေးရရှိသည့် ကာလတွင်လည်း ရရှိထားသော လွတ်လပ်ရေးကြီးပြန်လည် မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင်  လက်နက်စွဲကိုင်ကာ နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက်သည့် သောင်းကျန်းသူအဖွဲ့များ အများအပြားပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးရရှိသည်ဟု ဆိုသော်လည်း မြန်မာပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်ရသည်မဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုလုံး၏ နယ်မြေအများအပြားသည် သောင်းကျန်းသူများ၏ ထိန်းချုပ်ခြင်းကိုခံရသည့်အတွက် ပြည်ပနိုင်ငံအချို့က ဖဆပလ အစိုးရကို ရန်ကုန်အစိုးရဟုပြက်ရယ်ပြုခဲ့သည်။

ထိုစဉ်က မြန်မာ့တပ်မတော်၏အင်အားမှာ ၂၀၀၀၀ ခန့်သာရှိပြီး သောင်းကျန်းသူများ၏ အင်အားမှာ ၄၅၀၀၀ ခန့်ရှိသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်တပ်မတော်သည် ဖိုးသာအောင်ကုန်းတံတား၊ ဝက်ကော်တံတား၊ ပဲခူးကတုတ်ကြီးဘုရား၊ အင်းစိန်၊ သာစည်  စသည့်နေရာများတွင် တိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြီးများမှာ နိုင်ငံတော်၏ကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကြီးများဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သောင်းကျန်းသူများလက်မှ မြို့ကြီးများနှင့်မြို့ငယ်များကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။

တပ်မတော်၏စွန့်လွှတ်စွန့်စားကြိုးပမ်း တိုက်ခိုက်မှုကြောင့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှုများ ချုပ်ငြိမ်းဆဲတွင် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရပြန်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ တရုတ်ဖြူအင်အား ၂၀၀ ခန့်သည် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ရောက်ရှိလာသည်။ ၁၉၅၂ ခုနှစ်အကုန်သို့ ရောက်ရှိသည့်အခါ  အင်အား  ၁၅၂၅၀  ဦးခန့်ဖြစ်လာသည့် အတွက်  မြန်မာ့တပ်မတော်သည်  ကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ)များအား ကျိုင်းတုံစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ မိုင်းယောင်းစစ်ဆင်ရေး၊ မိုင်းခတ်စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီး ၂၀ ခုဖြင့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က စစ်ရေးအရ နိုင်ငံတော်ကို ကာကွယ်တိုက်ခိုက်နေရချိန်တွင် နိုင်ငံရေးအရ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် ဖဆပလအဖွဲ့ကြီးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံရေးထွက်ပေါက်အဖြစ် ကာကွယ်ရေးဦးစီးချုပ်အား  ဝန်ကြီးချုပ် တာဝန်ယူပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံပေးစာနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်ကြားစာများကို သတင်းစာများတွင် ဖော်ပြကြသည်။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် အထက်မြန်မာနိုင်ငံသို့ စည်းရုံးရေး ခရီးထွက်သည်။ ခရီးမထွက်မီ  ကြိုတင်အသံသွင်းခဲ့သော မိန့်ခွန်းတစ်ရပ်ကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါထုတ်လွှင့်ချက်တွင် တပ်မတော်နှင့် ပတ်သက်၍ “ မြန်မာ့တပ်မတော်ကြီးဟာ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးဖြစ်တယ်။  ပြည်ထောင်စုကြီးဟာ သူပုန်ရောင်စုံတွေကြောင့်  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာလိုတော့တဲ့ နေရာကနေပြီး အခုလို လွတ်မြောက်လာတာဟာ မြန်မာ့တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူစစ်တပ်တွေက ကျွန်တော်တို့ရဲ့ နယ်နိမိတ်ထဲ ကျူးကျော်စော်ကားခဲ့တာကို အင်မတိအင်မတန်ကြီးကျယ်တဲ့   အခက်အခဲတွေကြားတွေထဲက   မြန်မာ့တပ်မတော်ဟာ အရိုးကြေကြေ အရေခန်းခန်းဆိုတဲ့    ဇွဲတွေ၊   သတ္တိတွေနဲ့  စွန့်စွန့်စားစား တိုက်ထုတ်ခဲ့တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ အဲဒါကြောင့်သန့်ရှင်းဖဆပလတွေဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်ကို တခြားလူတွေထက်ပိုပြီး ကာကွယ်နိုင်ကြပါစေ၊ မြန်မာ့တပ်မတော်ကြီးကို ပိုမိုလေးစားကြည်ညိုနိုင်ပါစေ” ဟူ၍ ပြောကြားခဲ့သည်။

ဤသည်မှာ ထင်ရှားသော သမိုင်းမှတ်တမ်းဖြစ်သည်။  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာ လိုတော့သည်ဟူသော စကားမှာလည်း ဝန်ကြီးချုပ်ဦးနုက စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင်  တာဝန်ထမ်းဆောင်ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း  ဦးဆောင်သော အိမ်စောင့်အစိုးရတွင် တပ်မှ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်မှူးချုပ်တင်ဖေတို့ နှစ်ဦးသာပါဝင်ခဲ့သည်။  အိမ်စောင့် အစိုးရပြန်ပြင်ဖွဲ့သောအခါ ဗိုလ်မှူးချုပ် တင်ဖေ မပါဝင်တော့ပေ။ အိမ်စောင့်အစိုးရသည် သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။ မရသောအခါ သောင်းကျန်းသူများကို ထိုးစစ်ဆင်ကာ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်းသည်။ ထို့အတူရန်ကုန်မြို့တွင် စစ်ဘေးရှောင်များနှင့် ပြည့်နှက်နေပြီး စနစ်တကျနေထိုင်ခြင်း မရှိသည့်အတွက် ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်းကာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဝေဘာဂီ စသည့် မြို့သစ်များ တည်ထားပြီး ပြောင်းရွှေ့နေထိုင်စေသည်။

ထို့ပြင် ထူးခြားစွာဆောင်ရွက်နိုင်ခဲ့သည်မှာ ရှမ်းပြည်နယ်တွင်စော်ဘွားများ၏ အာဏာစွန့်လွှတ်နိုင်ရေးအတွက် တလုံးတစည်းတည်းသော   (လျော်ကြေး) ပင်စင်ပေးခဲ့သည်။  ထို့အတူဖဆပလအစိုးရ လက်ထက်တွင် စတင်ဆောင်ရွက်သော်လည်း မပြီးမပြတ်သေးသည့်   တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စများကို အိမ်စောင့်အစိုးရ လက်ထက်တွင်   အောင်မြင်ပြီးမြောက်ခဲ့သည်။ သောင်းကျန်းသူများကြီးစိုးရာ နယ်စပ်ဒေသများတွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်နိုင်အောင် တပ်မတော်က စစ်ဆင်ရေးကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။  အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင်အိမ်စောင့်အစိုးရက ပါလီမန်အစည်းအဝေး ကျင်းပကာ ဦးနုထံသို့ နိုင်ငံတော်အာဏာကို လွှဲအပ်ပေးခဲ့သည်။ သန့်ရှင်းဖဆပလအဖွဲ့သည် ဦးနုအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ကာ အစိုးရအဖွဲ့ကိုဖွဲ့စည်းစေသည်။     သန့်ရှင်းဖဆပလအဖွဲ့ကိုလည်း “ပြည်ထောင်စုပါတီ”  ဟု အမည်ပြောင်းခဲ့သည်။ သို့သော်ပါတီအတွင်း  ဦး၊ ဗိုလ်၊ သခင်အုပ်စုများကွဲပြားခြင်း၊ ရှမ်းပဒေသရာဇ်အနွယ်များက ဖက်ဒရယ်မူကိုပြင်းထန်စွာ တင်ပြဆွေးနွေးပြီး နိုင်ငံတော်မှခွဲထွက်ရန် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာခြင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တည်ထောင်ရေးပြဿနာများပေါ်လာခြင်းတို့ကြောင့် ပြည်ထောင်စုကြီးအစိတ်စိတ် အမြွှာမြွှာပြိုကွဲ၍ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့် အခြေအနေကြုံလာသည့်အတွက်  ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်  တော်လှန်ရေးကောင်စီက  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင်   နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

တော်လှန်ရေးကောင်စီ လက်ထက်တွင်   ပြည်တွင်းသောင်းကျန်းမှုအား ထိရောက်စွာ အရှိန်လျှော့ချနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံကိုပြန်လည် ထူထောင်ရာတွင်     တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ    ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း ထုတ်ပြန်ပေးခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုများကို ထိရောက်စွာ ချေမှုန်းနိုင်ရန်အတွက် ၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်တွင် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်ကို တပ်မတော်၏ ပထမဦးဆုံး ခြေမြန်တပ်မဌာနချုပ်အဖြစ်  ဖွင့်လှစ်သည်။  ၁၉၆၇ ခုနှစ် မေလ ၁ ရက်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်နှင့် ၁၉၆၈  ခုနှစ် မေလ ၂၀ ရက်တွင် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်တို့ကို  ဖွင့်လှစ်ခဲ့သည်။

ထိုအချိန်က  တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ သောင်းကျန်းသူများနှင့်အခြားသောင်းကျန်းသူ မျိုးစုံတို့အား နွေဦးစစ်ဆင်ရေး၊ ရွှေလင်းယုန်စစ်ဆင်ရေးအဆင့် (၁)မှ(၁၀)၊ ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ(၅)၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖြစ် မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)နှင့်ထော်ပိုင် စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး မုံးကိုးစခန်းတိုက်ပွဲ၊ ကုန်းကြမ်းစခန်းတိုက်ပွဲ၊  ငါးပြေမစားကျက်တိုက်ပွဲ၊  မန်ယုံမော်တိုက်ပွဲ၊ မုံးစီး-နားလယ်တိုက်ပွဲ၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဆေးရုံစခန်းတိုက်ပွဲ၊ ပွိုင့်၃၁၂၇ တောင်ကုန်းတိုက်ပွဲ၊ ကောင်းခမ်းတိုက်ပွဲ၊ လောအမ်ကျိုင်းတိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏  ထင်ရှားသော တိုက်ပွဲများဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီအများကြီးဖွဲ့ပြီးစိတ်ဝမ်းကွဲကာ မညီညွတ်ဖြစ်နေခြင်းမှာ တိုင်းပြည်တိုးတက်ရေးကို ထိခိုက်သည်။ ထို့ကြောင့် တစ်ပါတီစနစ်ကိုကျင့်သုံးပြီး    ဆိုရှယ်လစ်စနစ်ဖြင့်ချီတက်ရန်အတွက် ပါတီပေါင်းစုံမှပုဂ္ဂိုလ်များကို ဖိတ်ခေါ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်စေခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါဥပဒေမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်ခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိကာလများသည် နိုင်ငံတော်ကိုတပ်မတော်က အုပ်ချုပ်ခြင်းမဟုတ်ပါ။ တပ်မတော်သည်နိုင်ငံတော်အစိုးရတစ်ရပ်၏ ဦးဆောင်မှုအောက်တွင်သာရှိနေပြီး  နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအတွင်း ၁၉၈၀ ပြည့်လွန်နှစ်ရောက်ရှိချိန် နိုင်ငံ့စီးပွားရေး ကျဆင်းလာပြီး မှောင်ခိုဈေးကွက် ကြီးမားလာခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးလာခြင်း၊ ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ မသမာသူနိုင်ငံရေးသမားအချို့၏ ပယောဂနှင့်သွေးထိုး လှုံ့ဆော်မှုကြောင့်  အစိုးရအပေါ်အထွေထွေ မကျေနပ်မှုများဖြစ်ပေါ်လာခြင်း၊    ပြည်ပအသံလွှင့်ဌာနများက အမျိုးမျိုးသော   သတင်းအမှားများထုတ်လွှင့်ကာ သွေးထိုးလှုံ့ဆော်ခြင်း၊ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရပြီး ရဲစခန်းများအားမီးရှို့၊ လူသတ်ခြင်း၊   အရပ်သားပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်သည်အထိ မင်းမဲ့စရိုက်လွှမ်းမိုးလာသည်။  ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူမှုအရေးအခင်းကြီး တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

အဆိုးဆုံးအခြေအနေမှာ ပြည်ထောင်စုကြီးပြိုကွဲကာ  အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သဖြင့် တပ်မတော်က  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင်  နိုင်ငံတော်တာဝန် အရပ်ရပ်ကို  ထိန်းသိမ်းလိုက်ရသည်။ 

တပ်မတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော   ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးအဖြစ်   ဦးထိပ်ထားဆောင်ရွက်သည်။  

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အချိန်ကာလများတွင် တပ်မတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်နေ့မအားညမအား ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ တပ်မတော်သားတို့သည်မူလပင်မအလုပ်များအပြင် ရထားလမ်း၊ ကားလမ်း၊   လေယာဉ်ပြေးလမ်းများ၊ မြစ်ကူးချောင်းကူးတံတားများ၊ မြို့သစ်များ၊     အခြေခံပညာကျောင်းများ၊  တက္ကသိုလ်များ တည်ဆောက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ကြရသည်။

မူလတာဝန်ဖြစ်သည့်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရသည်။   မိုင်းယန်း- မဲသဝေါ  စသည့်နိုင်ငံအတွက်အရေးကြီးသည့်တိုက်ပွဲများကို   အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။ ပြည်ပသို့ရောက်ရှိကာ   စင်ပြိုင်အစိုးရအဖြစ်ရပ်တည်နေသည့်ပြည်ပြေးများကလည်း လေလှိုင်းကြားမှ အနှောင့်အယှက်ပေးနေသကဲ့သို့ အနောက်နိုင်ငံအချို့ကလည်း  စီးပွားရေးပိတ်ဆို့မှုများကိုတင်းကျပ်စွာ    ပြုလုပ်လျက်ရှိသည်။ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းနေသည့်ကုမ္ပဏီများ ပြန်လည်ရုပ်သိမ်းသွားကြသည်။  ထိုစဉ်က  နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ်    သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ထားသော  လုပ်ငန်း များမှာလည်း   မြန်မာနိုင်ငံတွင်းသို့ပြည်ပခရီးသွားများ လာရောက်ခြင်းမပြုကြရန် စည်းရုံးလှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးခဲ့ရသည်။

သို့သော်  နိုင်ငံတော်၏တာဝန်ကို ဦးဆောင်နေရသည့်    တပ်မတော်အနေဖြင့်  နိုင်ငံ့အကျိုးကိုသာရှေးရှုဆောင်ရွက်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးကာ  နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို   အကောင်အထည်ဖော်ပေးခဲ့သည်။  ပြည်သူများ လိုလားတောင့်တသည့်     စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရန်မှာ  အဓိက လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။   အဆိုပါအမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။   ရရှိလာသည့်အခြေခံမူများအပေါ် မူတည်၍ ဥပဒေပညာရှင်များ ပါဝင်သောအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေကို ရေးဆွဲခဲ့ကြပြီး ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၇ ရက်တွင် လွတ်လပ်၍ တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ပထမဆုံးသော ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ပေါ်ပေါက်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များနှင့်အညီ  နိုင်ငံရေးတာဝန် များကို   ပါဝင်ထမ်းဆောင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရသည်။   ယနေ့မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်   တွေ့မြင်နေရသော နေပြည်တော်မြို့တော်   အပါအဝင်မြို့သစ်များ၊ အစိုးရရုံးများ၊ လွှတ်တော်ဆိုင်ရာရုံးများ၊   လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များအားလုံးမှာ ထင်ရှားသောအရာများအဖြစ်   တပ်မတော်က တည်ဆောက်ထားခြင်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံအတွက်စတင်ပေါ်ထွန်းလာသည်မှ စဉ်ဆက်မပြတ်ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ပေးလျက်ရှိသည်။  သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအမျိုးမျိုး ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီရောက်ရှိကာ ကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးလျက်ရှိသည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 2 .jpg

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 4 .jpg

လူသားတိုင်းတွင် ကျန်းမာရေးသည် အဓိကဖြစ်ပေရာ  ပြည်သူများ ကျန်းမာရေးအတွက်   ဆောင်ရွက်ချက်များတွင် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးလည်း ပါဝင်သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 5 .jpg

တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား   ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့အနေဖြင့်  ၂၀၁၃  ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့်   မြစ်ကြောင်းများ တစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်သည်။   (၁၈)ကြိမ်မြောက်အထိဒေသခံ ပြည်သူစုစုပေါင်း ၁၇၈,၇၃၅ ဦးတို့ကို  ကျန်းမာရေး စောင့်ရှောက်မှုပြုပေးခဲ့သည်။ ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌   ကိုယ်ဝန်ဆောင်မိခင်၂၈ ဦးတို့အား  အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့သည်။

အလားတူတပ်မတော် အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွား     ဆေးရုံရေယာဉ်(သံလွင်)သည် ၂၀၁၆  ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိရာ  ယခုခရီးစဉ်သည်    (၁၈) ကြိမ်မြောက်ဖြစ်သည်။ (၁၇)ကြိမ်မြောက် အထိ ဒေသခံပြည်သူစုစုပေါင်း ၁၅၇၀၈၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ် ရှိသားဖွားခန်းတွင် ကိုယ်ဝန်ဆောင် မိခင် ၂၁  ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 6 .jpg

ဤသည်မှာထင်ရှားမြင်သာသော ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ပြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များတွင် တပ်မတော်၏ ဆောင်ရွက်ချက်များကြောင့် ပြည်သူများအသက်ရှင်သန်ခဲ့ကြရသည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကိုထာဝစဉ် ဦးထိပ်ထားသည့်အပြင် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသည့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင်  နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို    သမိုင်းစာမျက်နှာများက  ထင်ရှားခိုင်မာစွာ ကမ္ပည်းတင်လျက်ရှိပါသတည်း။    ။

 

သုမုခ