လူသားချင်းစာနာမှုဖြင့် စောက်ရှောက်ပေးနေသောကြက်ခြေနီအသင်းကြီး
Posted_Date
Image

Body
လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့ကို ပြပါဆိုလျှင် ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။ ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့် စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်။
ကြက်ခြေနီအသင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က သန္ဓေတည်စတင်ခဲ့လေသည်။ ၁၈၅၉ ခုနှစ်က အီတလီနိုင်ငံတွင်ဖြစ်ပွားသော ဆိုဖာရီနိုစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရသော စစ်သားများအား ကူညီပြုစုပေးမည့်သူမရှိဘဲ အတိဒုက္ခရောက်ခဲ့သည်။ ဤစစ်မြေပြင်သို့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ရောက်ရှိသွားသောအခါ ကူညီသူမဲ့၍ ညည်းညူနေသော ဒဏ်ရာရစစ်သားများကို အနီးဝန်းကျင်ရွာ၌စုဝေး၍ ကူညီပြုစုပေးခဲ့သည်။ ဟင်နရီဒူးနန့် မိမိနေရပ်ပြန်ရောက်သောအခါ ဆိုဖာရီနိုစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကို စာအုပ်ရေးသားပြုစုခဲ့သည်။
ထိုစာအုပ်ကို မမေ့နိုင်သောဆိုဖာရီနို ( A Memory of Soferino )ဟု အမည်ပေးထုတ်ဝေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံဖြန့်ဝေခဲ့သည်။ ထိုစာအုပ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် လုပ်သင့်လုပ်ထိုက်သော အသိအမြင်နှင့် သတိယှဉ်နိုင်ခဲ့ကာ စစ်မြေပြင်မှဒုက္ခသည်များအားကူညီရန် လူမှုရေးအသင်းကြီးတစ်သင်းဖွဲ့စည်းရန် နည်းလမ်းရှာကြသည်။ သို့နှင့် ၁၈၆၃ ခုနှစ် မေလ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC ) ကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။ ဟင်နရီဒူးနန့်၏ စတင်ကြိုးပမ်းစွမ်းဆောင်မှုဖြင့် အသင်းကြီးပေါ်ပေါက်လာခဲ့သောကြောင့် ၁၉၀၁ ခုနှစ်တွင် ဟင်နရီဒူးနန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူ့ကိုမွေးဖွားခဲ့သည်မှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်ဖြစ်၍ ယင်းကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ်နှင့် ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ရာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုသော အမှတ်အသားကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပသော ပထမအကြိမ် သံတမန်များညီလာခံက ယင်းကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကြက်ခြေနီအမှတ်အသားအဖြစ် ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်ပြီး နောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရာ၌လည်း အဓိကပါဝင်ကူညီခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီအသင်းဖခင်ကြီး ဟင်နရီဒူးနန့်တို့ကို ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။နောက်ပိုင်းတွင် ဤကြက်ခြေနီအမှတ်အသားကို ဆက်လက်အသုံးပြုရန် ၁၉၄၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ဂျီနီဗာသဘောတူညီချက်ဖြင့်ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်များကျရောက်တိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်မှကူညီရေးတို့ကို သက်တမ်းရှည်ကြာစွာဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် ခံယူကာ ကြက်ခြေနီလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဗမာကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်လာနိုင်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတွင်မြန်မာကြက်ခြေနီအသင်းက အသင်းဝင်အဖြစ်ပါဝင်လာနိုင်ခဲ့သည်။
ကြက်ခြေနီအသင်း၏ မူလရည်မှန်းချက်မှာ စစ်မြေပြင်တွင်ဒဏ်ရာရသော လူနာများကို ကူညီကယ်ဆယ်ပြုစုရန်ဖြစ်သော်လည်း နောက်ပိုင်း ပိုမိုကျယ်ပြန့်လာကာ သာမန်အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးများကြုံသောအခါတွင်လည်း ကြက်ခြေနီအသင်းက ပါဝင်ကူညီခဲ့ကြသည်။ မီးတောက်မီးလျှံတို့ကို ကျောချင်းကပ်ရင်ချင်းအပ်ကာ ငြှိမ်းသတ်ခဲ့ကြသည်။ ရေလှိုင်းတံပိုးတို့ကို လက်ချင်းတွဲယှက်ရင်ကော့လျက်ဖြင့် တာတမံလုပ်ပေးခဲ့သည်။ နေပူကျဲကျဲ မိုးသည်းသည်းတွင်ခရီးပြင်းနှင်ကာ ဒုက္ခရောက်သူများအရေးအတွက် လက်မနှေးတမ်းပါဝင်ကူညီခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးတို့သာမက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေတ္တာကို အခြေခံ၊ စေတနာ၊ အနစ်နာနှင့် ကျားကန်၍ အကြင်နာတရားကိုမဏ္ဍိုင်ပြုဆောင်ရွက်သော ပရဟိတအကျိုးဆောင်အဖွဲ့စစ်စစ်ဖြစ်သည်။
မြန်မာကြက်ခြေနီအသင်း၏ဆောင်ရွက်ချက်သည် အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြကာ ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရဖူးသည်။ ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်သည် ရေထဲသို့ထိုးကျသွားသောကားထဲတွင် သေအံ့ဆဲဆဲလူနာကို အသက်စွန့်၍ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စွမ်းဆောင်မှုအမြင့်မားဆုံးဆုဖြစ်သော ဟင်နရီဒူးနန့်ဆုကို စိုင်းအောင်လှိုင်မြင့်အား ၁၉၇၇ ခုနှစ်တွင် ချီးမြှင့်ပေးခဲ့သည်။အလားတူပင် သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြ၊ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်၊ သားဖွားဆရာမ ဒေါ်သိန်းရီတို့ကိုလည်း အမြင့်မားဆုံးကြက်ခြေနီဆုတံဆိပ်ဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုများချီးမြှင့်ခဲ့သည်။
နိုင်ငံတော်အစိုးရသည် ၁၉၅၉ ခုနှစ်တွင် ကြက်ခြေနီအသင်းအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုင်ငံတော်အက်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ကြက်ခြေနီအသင်း၏အခြေခံမူများအဖြစ်အောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ ယင်းအခြေခံမူများမှာ-
(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)
(၂)ခွဲခြားမှုမရှိခြင်း (Impartiality)
(၃)ကြားနေခြင်း (Neutrality)
(၄)လွတ်လပ်ခြင်း (Independence)
(၅) စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)
(၆)စည်းလုံးညီညွတ်ခြင်း (Unity)
(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်သည်။ထိုအခြေခံမူများတွင် လူသားချင်းစာနာထောက်ထားခြင်းသည် ကြက်ခြေနီအသင်း၏အဓိကရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင်ကိုဗစ် - ၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရသည့်အခါ ကြက်ခြေနီအသင်းသားများသည် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက်ကူညီနိုင်စေရန် ကြက်ခြေနီအခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို စနစ်တကျ သင်ကြားလေ့ကျင့်ထားရပေသည်။ အရေးပေါ်အခြေအနေများကြုံရသည့်အခါတွင်လည်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲချမ်းသာ ကျား မ မရွေး အကြင်နာ၊ မေတ္တာဖြင့် ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ဆောင်ရွက်ပေးကြသည်။ ကြက်ခြေနီဟူသည်မှာ စေတနာ့၀န်ထမ်းအကျိုးဆောင်သူများဖြစ်ရာ လူသားအားလုံးအပေါ် မေတ္တာတရားကိုအခြေခံ၍ လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဖေးမသောအဖွဲ့အစည်းအဖြစ် အမြဲရပ်တည်နေမည်ဖြစ်သည်။ ယခု မကြာမီကကြုံတွေ့ခဲ့ရသော မန္တလေးငလျင်ကြီးတွင် ကြက်ခြေနီမောင်မယ်များက အစုစုသော ပရဟိတအကျိုးဆောင်အဖွဲ့များနှင့်ပူးပေါင်းလျက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်။နောက်နောင်တွင် မည်သို့သော သဘာဝဘေးအန္တရာယ်များကြုံလာပါစေ ကြက်ခြေနီများက ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့် ပြည်သူမှန်သမျှကို ရန်သူ၊ မိတ်ဆွေ၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီဖေးမကြမည်ဖြစ်သည်။ ထိုသို့သော စိတ်ထားစေတနာမြတ်နှင့် ကူညီဖေးမဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း ကြက်ခြေနီမောင်မယ်များကို စာနာနားလည်မှု၊ လက်ကမ်းကြိုဆိုမှုနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည်လောကကြီးကို တည်တံ့အောင် ၊ ငြိမ်းချမ်းသာယာအောင်စောင့်ရှောက်ပေးသောတရားများဖြစ်၍ လောကပါလတရားဟုခေါ်ဆိုသည်။ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် ထိုဗြဟ္မစိုရ်တရားလောကပါလတရားများကိုလက်ကိုင်ပြု၍ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာတရားနှင့် အမြဲကူညီစောင့်ရှောက်ပေးနေသော အဖိုးတန်လူသားများဖြစ်သည်။ သူတို့၏ မေတ္တာ၊ စေတနာအရင်းခံသော ကူညီဖေးမမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသောကဝေဒနာရှင်များအငိုတိတ်၍ စိတ္တသုခ၊ ကာယသုခများ ပွားများခံစားနေကြရပေရာ လူသားအကျိုးပြု ကြက်ခြေနီအသင်းကြီး ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့ပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories