ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူသားတို့မွေးဖွားလာသည်မှစတင်၍ လူ့လောကတွင်  စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ဘဝခရီးကို ဖြတ်သန်းလိုကြသည်မှာ တူညီသောဆန္ဒဖြစ်သည်။ တစ်ဦးအပေါ်တစ်ဦး      လက်နက်ကိုင် အားကိုးဖြင့်အနိုင်ကျင့် လွှမ်းမိုးနေခြင်းကို  မည်သူမျှနှစ်သက်သဘောကျမည် မဟုတ်ပါ။ လက်နက်ကိုင်ဆောင်ကာ မတရားမှုများ ကျူးလွန်နေသူများရှိနေသည့်အတွက် ိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် တည်ငြိမ်မှုကင်းမဲ့ကာ  စိတ်သောက များစွာဖြင့် နေထိုင်ရခြင်းမှာ လူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအဆက်ဆက်ကကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏ တာဝန်ကိုစတင် ထမ်းဆောင်ချိန်မှစ၍ ငြိမ်းချမ်းရေးကိစ္စများကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်   NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်” ဟူသောလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်လျက်ရှိသည်။   တပ်မတော်အနေဖြင့်  တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို အကြိမ်ပေါင်းများစွာပြုလုပ်ရင်း ရင်းနှီးပွင့်လင်းသော၊  ထင်ရှားမြင်သာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို  ကျင်းပပေးခဲ့သည်။

အချို့သော လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူရမည်ကို စိုးရွံ့သည့်အတွက် မရေရာမတိကျသောအကြောင်းအချက်များကိုပြ၍ ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်လျက်ရှိသည်။ ပြည်သူတို့၏လူမှု စီးပွားဘဝတည်ငြိမ်အေးချမ်းဖို့အတွက်    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရမည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင်   တိုင်းပြည်ငြိမ်းချမ်းရမည်။

ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစာချုပ်သည်  နိုင်ငံတော်အစိုးရ၊  တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသာမက  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်    ပြည်ပနိုင်ငံအချို့မှ ခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုး ထားသည့်  သမိုင်းဝင်စာချုပ်ဖြစ်သည်။

ဤစာချုပ်မှာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည့် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” မှစတင်ခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ ရည်ရွယ်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆို

ခဲ့သည်မှာ   “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်သည်။ ဤအချက်များကို NCA တွင် မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ  ဆွေးနွေးနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာရယူလိုပါက တရားဝင်နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ချင်လျှင် ကုမ္ပဏီထောင်ရမည်ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်မည့် စစ်မှုထမ်း လုပ်ချင်ပါက    နိုင်ငံတော်၏ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်သို့ ဝင်ရောက်ကြရမည်ဖြစ်သည်။ ဤသည်မှာနည်းမှန်လမ်းမှန်ဖြစ်သည်။   ဤသည်ကိုမျက်ကွယ်ပြုကာ တစ်ဖက်က ငြိမ်းချမ်းရေးကို  အကြောင်းပြလျက် လက်နက်စွဲကိုင်လျက်  နိုင်ငံရေးတည်ဆောက်နေခြင်းမျိုး၊  လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေခြင်းမျိုး၊ နယ်မြေတည်ဆောက်နေခြင်းမျိုး၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်ကာ ပြည်သူများလိုလားသည့် ဒီမိုကရေစီကိုဆန့်ကျင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုကိုဆန့်ကျင်ခြင်း၊    လက်နက်ကိုင်ပြီး သူတစ်လူငါတစ်မင်း၊     နယ်တစ်နယ် ဓားတစ်စင်းစနစ်ကို တည်ထောင်နေခြင်းတို့မှာ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့်  မိမိတို့လိုလားချက်များကို တင်ပြကြရမည်ဖြစ်သည်။

ထိုသို့ဆွေးနွေးတင်ပြနိုင်ရန် အတွက် ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဖိုရမ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ရန်၊ လူသားချင်းစာနာမှု  အကူအညီများနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊  နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် တို့အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ရန်ကျင်းပခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင်     မိမိတို့၏ဆန္ဒ၊ အကျိုးစီးပွားထက်      ပြည်ထောင်စုတိုင်းရင်းသား ပြည်သူများ  အားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍  စိတ်ရင်းစေတနာ မှန်ကန်စွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ကြသည်ကို တွေ့မြင်ရသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဧည့်သည်တော်ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။  ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ  ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များ၊ ဖိုရမ်မှာပါဝင်ဆွေးနွေးကြမည့် ပြည်တွင်းပြည်ပ  ပညာရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊  အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊  အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။    နိုင်ငံတကာက ပညာရှင်ကြီးများ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပုဂ္ဂိုလ်များကိုယ်တိုင်    ပါဝင်တက်ရောက်    ဆွေးနွေးသည့်ပွဲဖြစ်၍ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကဏ္ဍတွင် ထူးခြားသည့်သမိုင်းမှတ်တိုင်အဖြစ် မော်ကွန်းတင်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပြဿနာကလည်း ဒွန်တွဲပါလာခဲ့သည်ကို ထင်ရှားစွာမြင်ကြပြီးဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများက  တတ်နိုင်သမျှ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ ထို့နောက် နိုင်ငံတော်၏သမိုင်းကြောင်းအ‌ခြေအနေများအရ ၁၉၆၂ခုနှစ်တွင်    တော်လှန်ရေးကောင်စီက  နိုင်ငံတော် တာဝန်များကိုရယူခဲ့ရသည်။

ထို့နောက်ဆိုရှယ်လစ်စနစ်ကို ၁၉၈၈ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။  ပြည်သူများက ပါတီစုံဒီမိုကရေစီစနစ်ကူးပြောင်းရန်တောင်းဆိုချက်အရ  ၁၉၈၈  ခုနှစ်တွင် တပ်မတော်က  ဒီမိုကရေစီကူးပြောင်းရေးကို တစ်ဆင့်ပြီးတစ်ဆင့်  အသားကျအောင်လုပ်ဆောင်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်တို့ကို ဖြည်းဖြည်းချင်းပြောင်းလဲခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်

ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည်ပြုဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)တွင်ဖက်ဒရယ် အခွင့်အရေးနှင့် ပတ်သက်၍ ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို   လေ့လာတွေ့ရှိနိုင်သည်။ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများကိုလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ၌  ပြင်ဆင်ရန် လိုအပ်သည်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပေးမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ပြည်သူများ၏ဆန္ဒနှင့်

အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် တပ်မတော်သည်ပြည်သူလူထု၏ အကျိုးစီးပွားကို  အစဉ်ဦးထိပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်ချည်းဖြစ်သည်။ 

ပြည်သူများလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်တွင်   တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနှင့်  အောင်မြင်စွာ ကူးပြောင်းပေးနိုင်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို  ယခင်ကတည်းက အလေးထား ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ကို ထင်ရှားစွာသိမြင်နိုင်သည်။

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက်  ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ချမှတ်ပြီး ယနေ့တိုင် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ငြိမ်းချမ်းရေးမူဝါဒများမှာ NCA စာချုပ်၏အနှစ်သာရဖြစ်ပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုများမှ ရရှိလာသည့် “အသိတရား” ဖြစ်သည်။ လက်ရှိ  ငြိမ်းချမ်းရေး တည်ဆောက်မှု ခိုင်မြဲစေရန်အတွက် လိုက်နာလုပ်ဆောင်ရမည့်   “အရှိတရား” များလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ  ပြည်သူလူထုက ရွေးချယ်သည့်အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားစေခြင်းဖြစ် သည်။ တစ်နည်းအားဖြင့်  ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့်  တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊   လူမျိုးများနှင့်လူမျိုးစုများ စုစည်းလုပ်ကိုင်ရာကနေ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး       ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် ယခုနှစ်    အကုန်ပိုင်းမှာ ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ်   (PR)စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲ    ကျင်းပနိုင်ရေးမှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေပေါ်တွင်  အများကြီးမူတည်သည်။ ရွေးကောက်ပွဲကျင်းပပြီးပါက ဥပဒေနှင့်အညီ လွှတ်တော်အသီးသီး ပေါ်ပေါက်လာမည်။  

လွှတ်တော်ပေါ်ပေါက်လာပြီး   ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းကြရမည်။ ထိုအချိန်အခါမျိုးတွင် လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်သည်ကို တောင်းဆိုခြင်းမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်ဖန်တီးနေခြင်း မျိုးများမှာ    ဒီမိုကရေစီနှင့် ဆန့်ကျင်သွေဖည်နေသည်။  

မိမိတို့၏လိုလားချက်များကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြု ဆောင်ရွက်ကြရမည်သာဖြစ်သည်။

ဒီမိုကရေစီဖော်ဆောင် ကျင့်သုံးရာတွင်  နိုင်ငံ၏သမိုင်းကြောင်း၊   လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊  ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့်  ဖော်ဆောင်သွားကြရမည်သာဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံးစုဖွဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုပါက ထိရောက်အောင်မြင်မှာဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဆန္ဒအစစ်အမှန်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် ညီညွတ်မျှတသည့် လူမှုစီးပွားဘဝလုံခြုံရေးနှင့် အာမခံချက်ရရှိရေးတို့သာ အဓိကဖြစ်သည်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်မှုကို ရရှိမှာဖြစ်သည်။ ထိုသို့အခြေအနေမျိုးသို့ရောက်ရှိရန်မှာ  မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ကြရန်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိဖို့လိုသလို ပြည်တွင်းက အဖျက်အမှောင့်ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း    လိုပါတယ်။

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ရရှိအောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့အပြည့်အဝ ယုံကြည်ထားပါတယ်” ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်က ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစတင် တာဝန်ယူပြီး အရင်ဆုံး ဦးစားပေးဆောင်ရွက်ခဲ့သည်မှာ ထာဝရငြိမ်းချမ်းရေးပင်ဖြစ်သည်။   ငြိမ်းချမ်းရေးအားကြိုးမာန်တက် ဆောင်ရွက်ရန် ကော်မတီများ  ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်းလမ်းဖွင့်ထားပြီး  ကြိုတင်သတ်မှတ်ချက်မရှိသည့်ဆွေးနွေးပွဲများကို   ဖိတ်ခေါ်ကမ်းလှမ်းမှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်  မိမိတို့၏ဆန္ဒနှင့် မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားထက်   ဖြစ်သင့်ဖြစ်ထိုက်သည့်  ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်နှင့် ရှုမြင်သုံးသပ်ပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးကို လိုက်ပါလုပ်ဆောင်ကြရန်ဖြစ်သည်။

နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်အခါမှာ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သည်။ သို့သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်သည့်လမ်းစဉ်ဖြင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသည့် လုပ်ရပ်သာဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြမှသာ အမှန်ကန်ဆုံးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လိုလားချက်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အားပေးဆောင်ရွက်သွားကြရမည်သာဖြစ်သည်။ သို့မှသာ တိုင်းရင်းသားအားလုံး   စည်းစည်းလုံးလုံး၊    ညီညီညွတ်ညွတ်၊ တက်ညီလက်ညီနှင့် ရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်မှာ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေး ရရှိရေးသာဖြစ်သည်။ 

လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လုပ်ရပ်များကြောင့်   နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး   ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ   လက်တွဲဖော်ဆောင် ကြရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊   အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက် PDF အဖွဲ့အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနှင့်ရွေးကောက်ပွဲ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက်လည်း  နိုင်ငံတော်အစိုးရက အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ရရှိပေါက်ဖွားလာသည့် ရလဒ်ကောင်းများနှင့် ဖော်ဆောင်ကြရမှာသာဖြစ်သည်။  တွေ့ဆုံဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို  နိုင်ငံတော်အနေဖြင့် အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။

လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကမိမိတို့၏ လိုလားချက်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာကာ  ပြည်သူတို့ နှလုံးစိတ်ဝမ်း အေးချမ်းစေမည့်ငြိမ်းချမ်းရေးကို  ကြိုးပမ်းဆောင်ရွက်ကြရန်  ဖြစ်ပါကြောင်း  တိုက်တွန်းရေးသား လိုက်ရပေသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)

မုတ်သုံမိုးက ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါးရွာသွန်းလျက်ရှိသည်။ မိုးကြောင့်ပတ်ဝန်းကျင်သည် စိမ်းစိုလန်းဆန်းနေသည်။ ကျောင်းတက်ကျောင်းဆင်းချိန်နှင့် ကြုံကြိုက်ပါက ဝန်းကျင်တစ်ခိုသည် ပို၍ စိမ်းမြသစ်လွင်နေတော့သည်။ သည်မြင်ကွင်းကား အခြေခံပညာကျောင်းများဖွင့်လှစ်ချိန် ဇွန်လရောက်လျှင် တွေ့မြင်နေကျမြင်ကွင်းတစ်ခုဖြစ်သော်လည်း ဘယ်သောအခါမျှမရိုးနိုင်ပါပေ။ စိတ်အစဉ်ကို ကြည်နူးချမ်းမြေ့စေသည်။

ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ခြောက်သန်းနီးပါး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကိုအခမဲ့ပေးဝေပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ငယ်စဉ်အခါမှာ ပညာရှာကြရပေမည်။ ပညာခေတ်တွင် ပညာရေးသည် လူတိုင်းအတွက် အရေးပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မိမိတို့နိုင်ငံအလိုက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာကြသည်။

တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကျောင်းသား ကျောင်းသူများကို သိပ္ပံပညာအကြောင်း ပြောပြလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကိုသင်ယူလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကို အသုံးပြုလာနိုင်စေရန်နှင့် တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေးပြီး လက်တွဲခေါ်ဆောင်ပေးလျက်ရှိသည်။

CRI သတင်း၏ အဆိုအရ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့နံနက်တွင် တရုတ်နိုင်ငံစန်းကျန့်မြို့၊ ပေကျင်းမြို့၊ ဟော်ပေပြည်နယ်၊ စန်းတုန်းပြည်နယ်တို့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများကိုယ်တိုင် စမ်းသပ်ပြုလုပ်ထားသော ပထမဆုံး မိုးလေဝသနှင့် အာကာသစူးစမ်းလေ့လာရေးဒုံးပျံ “ဖေးယန့်-၁” (Feiyan-1)ကို ချင်းဟိုင် ပြည်နယ်လန်ဟူမြို့နယ်တွင် အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့သည်ဟုဆိုသည်။ ဒုံးပျံပစ်လွှတ်ပြီးနောက်တွင် မြေပြင်ဂြိုဟ်တုလက်ခံစခန်းမှ ရှာဖွေစုဆောင်းရန်စီစဉ်ထားသည့် မိုးလေဝသအချက်အလက်များကို အောင်မြင်စွာလက်ခံရရှိခဲ့သည်ဟု သိရသည်။

ဖေးယန့်-၁ ၏ တီထွင်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်စတင်ခဲ့ပြီး အဆိုပါအာကာသဝါသနာရှင် အထက်တန်းကျောင်းသားများက ပေကျင်း-ကျင်ရှို့အာကာသနှင့် လေကြောင်းသိပ္ပံ နည်းပညာအခြေစိုက်စခန်းသို့ သွားရောက်လေ့လာဆည်းပူးခဲ့ကြပြီး အစီအစဉ်များ ဆန်းစစ်သုံးသပ်ခဲ့ကြကာ ဒုံးပျံ၏ ပဏာမဒီဇိုင်းကို ပြီးမြောက်အောင်ရေးဆွဲခဲ့ကြသည်။

ယင်းနောက် သက်ဆိုင်ရာကျောင်းများသို့ ပြန်သွားခဲ့ကြပြီး ကျောင်းပြင်ပအချိန်ကို အသုံးချကာ ဒုံးပျံစမ်းသပ်ထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းလုပ်ငန်းစဉ်များနှင့်အညီ ဒုံးပျံဒီဇိုင်းရေးဆွဲမှု၊ လက်တွေ့စမ်းသပ်မှု၊ အချောသပ်မှု၊ စုပေါင်းမှု၊ တပ်ဆင်မှုနှင့် စမ်းသပ်စစ်ဆေးမှုတို့ကို ပြီးမြောက်သည်အထိ စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။

စန်းကျန့်မြို့ ယန့်ချွမ်းအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ ဝမ်ယွိနင်က ဒီဇိုင်နာချုပ်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။ ဝမ်ယွိနင်သည် ငယ်စဉ်ကတည်းက ဒုံးပျံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စူးစမ်းလိုစိတ်ရှိပြီး လေကြောင်းအာကာသ အသိပညာများကို စနစ်တကျ လေ့လာဆည်းပူးခဲ့သည်။ ယန့်ချွမ်းအထက်တန်းကျောင်းလေကြောင်းနှင့် အာကာသဆိုင်ရာ အထူးပညာသင်ကြားရေးစနစ်၏ အားပေးမှုနှင့်အတူ အာကာသအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒုံးပျံဒီဇိုင်း ရေးဆွဲမှု၊ လောင်စာဖော်စပ်မှု၊ လေကြောင်းအီလက်ထရောနစ်ထိန်းချုပ်ရေး စသည့်အသိပညာများကို သင်ယူခဲ့သည်ဟုဆိုသည်။

ဖေးယန့်-၁ အာကာသစူးစမ်းလေ့လာရေးဒုံးပျံသည် တရုတ်နိုင်ငံနေရာဒေသအနှံ့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများ ကိုယ်ပိုင်သဘောဆန္ဒဖြင့် စတင်ခဲ့သည့် အာကာသသိပ္ပံတီထွင်မှု စီမံကိန်းတစ်ခုဖြစ်ပြီး ဒုံးပျံပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် အထက်တန်းကျောင်းသားများ ကိုယ်တိုင်တီထွင်ပြုလုပ်ခဲ့ကြသော ပထမဆုံးအာကာသစူးစမ်းလေ့လာရေးဒုံးပျံဖြစ်ကြောင်း သိရသည်။

ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းကျောင်းများ နှစ်စဉ်ဖွင့်လှစ်

မြန်မာနိုင်ငံတွင်လည်း ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(လေ)က လေကြောင်းလူငယ်သင်တန်းများကိုလည်းကောင်း၊ တပ်မတော်(ရေ)က ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာ များဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရေကြောင်းလူငယ်သင်တန်းများကို လည်းကောင်း နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အိမ်နီးချင်း လာအိုနိုင်ငံတွင်လည်းပညာရေး၏ တန်ဖိုးကိုမြှင့်တင်ရန်၊ ကျောင်းထွက်နှုန်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်း အခြေခံပညာသင်ကြားခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ပညာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသည် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်းကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ကျောင်းတက်ရခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရန်နှင့် ပညာရေးသည် လူမှုဘဝအတွက်ရော လုပ်ငန်းခွင်အတွက်ပါ အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို လာအိုပြည်သူများ နားလည်ပြီး လက်ခံလာအောင် တိုက်တွန်းလှုံ့ဆော်နိုင်မည့် ဗီဒီယိုတစ်ခုဖန်တီးနိုင်ရန် ဇာတ်ညွှန်းရေးသားခြင်းနှင့် ပုံပြောခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။

ပညာရေး၏တန်ဖိုးနှင့်ပတ်သက်၍ ဘဝဇာတ်ကြောင်းများ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့မူ ငယ်စဉ်တောင်ကျေးကလေးဘဝကပင် ပညာရေး၏ တန်ဖိုးနှင့်ပတ်သက်၍ ငယ်စဉ်အခါမှာပညာမရှာခဲ့၍ ကြီးခါမှခွက်လက်စွဲကာ တောင်းရမ်းစားသောက်နေရသော ဗာရာဏသီပြည်မှကုဋေရှစ်ဆယ်သူဌေးသားတစ်ဦး၏ ဘဝဇာတ်ကြောင်း၊ မြတ်စွာဘုရားရှင် လက်ထက်တော်ကာလက ပထမအရွယ်တွင် လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်ပါက လောကီအရာတွင် ပထမတန်းထိပ်တန်းသူဌေးကြီး၊ လောကုတ္တရာနယ်ပယ်တွင် ကိလေသာအာသဝေါ တရားကင်းစင်သော ရဟန္တာအရှင်မြတ်အဖြစ်လည်းကောင်း၊ ဒုတိယအရွယ်တွင် အသိတရားရပြီး ကြိုးစားအားထုတ်ပါက လောကီအရာတွင် ဒုတိယတန်းစားသူဌေး၊ လောကုတ္တရာနယ်ပယ်တွင် အနာဂါမ်၊ သကဒါဂါမ်အဖြစ်လည်းကောင်း၊ တတိယအရွယ်တွင်လည်း အချိန်မနှောင်းမီကြိုးစားခဲ့ပါက လောကီအရာတွင် တတိယတန်းစားသူဌေးတစ်ဦး၊ လောကုတ္တရာနယ်ပယ်တွင် သောတာပန်ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်းကောင်း လောကီ၊ လောကုတ္တရာနှစ်ဝနှစ်ဌာနတွင် တစ်ဖက်ဖက်က အကျိုးများ နိုင်ဖွယ်ရှိမည်ဖြစ်သော်လည်း အရွယ်သုံးပါးလုံးကို အချည်းနှီးကုန်ဆုံးခဲ့သဖြင့် အရွယ်လွန်အချိန်နှောင်းကာ အသက် အရွယ်ကြီးမြင့်ချိန်ရောက်မှ ခွက်လက် စွဲကာ တောင်းရမ်းစားသောက်ခဲ့ရသော အဘိုးအို ဇနီးမောင်နှံနှစ်ဦးတို့၏ ဘဝဇာတ်ကြောင်းတို့ကို လေ့လာမှတ်သားခဲ့ကြဖူးပေမည်။

မျက်မှောက်ခေတ်တွင်လည်း ပညာသည် လူသားတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်၍ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိမိသားစုနှင့် လူမှုအဖွဲ့အစည်းအားအကျိုးပြုရန်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ငယ်စဉ်အခါကတည်းက ပညာရှာကြရလေသည်။ ပညာသင်ကြားကြရပေသည်။ ဘဝတက်လမ်းအမြင့်သို့ တက်လှမ်းလိုသူတိုင်းအဖို့မူလည်း ပညာရေးနောက်ခံကောင်းမှ၊ ပညာတတ်မှ၊ ပညာရှိမှ လိုရာခရီး ပန်းတိုင်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်း၊ ကျောင်းအပ်နှံမှုနည်းပါးလာခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ကြသော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံကြီးများအဖို့မူ ပညာရေး၏တန်ဖိုးကို ဖွံ့ဖြိုးဆဲနိုင်ငံများထက် ဆယ်စုနှစ်များစွာရာစုနှစ် နီးပါးစောစီးစွာ နားလည်သဘောပေါက်ခဲ့ကြပြီး လက်ရှိပညာရေးစနစ်ကိုလည်း ခေတ်နှင့်လျော်ညီစွာ အထပ်ထပ်မွမ်းမံ တည်ဆောက်ခဲ့ကြ၍ ယနေ့ကမ္ဘာတွင် ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ရယူနိုင်ခြင်းဖြစ်ပေသည်။

သို့ဖြစ်၍ ပညာခေတ်တွင် ကျောင်းသား လူငယ်မောင်မယ်များသာမက ကျောင်းသားမိဘများကိုယ်တိုင် ပညာရေး၏တန်ဖိုးကို နားလည်သဘောပေါက်ကာ မိမိတို့ရင်သွေးငယ်များ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မပျက်မကွက် ပညာသင်ကြားသင်ယူနိုင်ရေးအပေါ် အလေးထား အားပေးဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

MOI

မောင်ကမ္ဘာ

ဗာဒံပင်သည် အသီးရော အရွက်ပါ ဆေးဖက်ဝင်ပြီး ကျန်းမာရေးအတွက် အကျိုးများစွာရရှိစေနိုင်သည်။ ဗာဒံစေ့ ၂၈ ဂရမ်တွင် အမျှင်ဓာတ် ၃ ဒသမ ၅ ဂရမ်၊ အသားဓာတ် ၆ ဂရမ်၊ အဆီ ၁၄ ဂရမ်၊ ဗီတာမင်- E ၃၇ ရာခိုင်နှုန်း၊ မဂ္ဂနိစ် ၃၂  ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၂၀ ရာခိုင်နှုန်းပါဝင်သည့်အပြင် ဗီတာမင် B2၊  ကော့ပါး နှင့်    ဖော့စပရပ်စ်ဓာတ်များလည်း    အနည်းငယ်စီ ပါဝင်သည်။

ဗာဒံစေ့တွင်   ခန္ဓာကိုယ်အတွက်   လိုအပ်သောအာဟာရဓာတ်ပြည့်ဝစွာပါဝင်နေသဖြင့် လိုအပ်သည့် ဗီတာမင်နှင့်သတ္တုဓာတ်များကို ပြည့်ဝအောင်စားသုံးခြင်းဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကို လျော့ကျစေကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေနိုင်သကဲ့သို့ သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်သည်။ ဗာဒံစေ့သည် အသားအရေကိုနုပျိုစေပြီး   မှတ်ဉာဏ်စွမ်းအားလည်း ကောင်းစေသောကြောင့် အမျိုးသား၊ အမျိုးသမီး အရွယ်သုံးပါးမရွေး  စားသုံးသင့်ကြောင်းကို အမေရိကန်စိုက်ပျိုးရေးဌာနမှ အကြံပြုထားသည်။ ဗာဒံစေ့ကို တစ်ကြိမ်စားလျှင် ၄-၅ စေ့စားနိုင်ပြီး တစ်ရက်လျှင်  နှစ်ကြိမ်ခန့်စားနိုင်သည်။

အရွယ်တင်နုပျိုစေသောဗာဒံစေ့

ဗာဒံစေ့စားခြင်းအားဖြင့်   အူသိမ်၊ အူမများနှင့် အတွင်းပိုင်းအကျဆုံးရှိ အူအားလုံးကိုသန့်စင်စေသည်။ ဗာဒံစေ့ကို ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြုဗက်တီးရီးယားများကို လှုံ့ဆော်ပေးသောကြောင့် အစာချေဖျက်မှုကိုအားပေးကာ ဝမ်းပုပ်များ သက်စေပြီး  အစာခြေအင်္ဂါအဖွဲ့အစည်းကိုလည်းသန့်စင်စေကာ အသားအရေကိုကောင်းမွန်စေသည်။လူတစ်ဦး၏အသားအရေသည် အစာခြေအင်္ဂါအဖွဲ့အစည်း၏   အလုပ်လုပ်နိုင်စွမ်းအားနှင့်   တိုက်ရိုက်အချိုးကျနေသည်။   အစာခြေအင်္ဂါများ  အားနည်းလာ‌သည့်အခါ ဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး ဝက်ခြံစို၊ ဝက်ခြံခြောက်များဖြစ်ပေါ်လာစေသည်။  ဝက်ခြံစို၊ ဝက်ခြံခြောက်၊  ဆားဝက်ခြံအမျိုးမျိုးနှင့်  မျက်နှာပေါ်ရှိ   အမည်းစက်များ၊   အမာရွတ်များအတွက်   ဗီတာမင်-E   သောက်သုံးနိုင်သည်။ ထိုဗီတာမင်-E ဆေးတောင့်နှင့်  ဗီတာမင်-E  ဓာတ်ပါသော    ဆေး အားလုံးသည် Alpha-Tocopherol  ဓာတ်ပစ္စည်းနှင့်ဖော်စပ်ထားခြင်းကြောင့် အသားအရေကိုကောင်း မွန်စေသည်။ ဗီတာမင်- E ကြွယ်ဝရာအရင်းအမြစ် ဖြစ်သော ဗာဒံစေ့သည် ဝက်ခြံပေါက်သူများသာမက အရေပြားရောဂါရှိသူများလည်း  မဖြစ်မနေ စားသုံးသင့်သည်။ 

အသားအရေကိုလှပစေသောဗာဒံစေ့

ဗာဒံစေ့ကိုမှန်မှန်စားသည့်အပြင်  ဗာဒံစေ့အဆီနှင့်  မျက်နှာကို  အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရေးအကြောင်းများမဖြစ်စေနိုင်ဘဲ အသားအရေကို ပိုကောင်းစေနိုင်သည်။ မျက်လုံးအောက်တစ်ဝိုက် ဗာဒံစေ့အဆီမှန်မှန်လိမ်းပေးခြင်းဖြင့်    မျက်ကွင်းညိုခြင်းကို    ရက်အနည်းငယ်အတွင်း    လျော့ပါးစေသည်။

ကင်ဆာအကျိတ်ကိုချေဖျက်ပေးနိုင်သောဗာဒံစေ့

အမျိုးသမီးတော်တော်များများတွင်    ခံစားနေရသော ရင်သားကင်ဆာဖြစ်ပွားမှုမရှိစေရန် ဗာဒံစေ့ စားသုံး၍  ကာကွယ်နိုင်သည်။   ဓာတ်တိုးဆန့်ကျင် အာနိသင်(Antioxidant)  ကြွယ်ဝသော   ဗာဒံစေ့ သည် ကင်ဆာရောဂါအမျိုးမျိုးကို အထိရောက်ဆုံး  ကာကွယ်ပေးနိုင်သည်။    ဗာဒံစေ့တွင်    ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများပါဝင်သည့်အတွက်    ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလျော့ကျစေပြီး    အူမကြီး ကင်ဆာ၊   ရင်သားကင်ဆာနှင့်    ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုများကို   အဓိကလျော့ကျစေနိုင်သည်ဟု လေ့လာချက်များအရ သိရှိရသည်။  ဗာဒံစေ့ကိုပုံမှန် စားသုံးပေးခြင်းဖြင့်   အူမကြီးတစ်လျှောက်  အစာလှုပ်ရှားမှုကိုအားကောင်းစေသည်။ 

လူမမာများစားသုံးသင့်သောဗာဒံစေ့

အာဟာရပိုမိုရရှိစေရန်နှင့် အစာကြေညက်စေရန် ဗာဒံစေ့အဆန်ကို ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သည့် ငရုတ်ကောင်း၊ နနွင်း၊ ဖာလာတို့နှင့်တွဲဖက်စားသုံးလေ့ရှိသည်။ နွေရာသီနှင့်ပူအိုက်သည့် အခြေအနေ များတွင် ဗာဒံသီးစားပါက အပေါ်ယံအခွံပါးကိုဖယ်ရှားပြီးစားရန်လိုသည်။  သို့မဟုတ်ပါက  ခန္ဓာကိုယ်အတွင်း အလွန်ပူလာနိုင်သည်။ ဗာဒံစေ့သည် ဖွံ့ဖြိုးစ အရွယ်ကလေးများအတွက်  အားဆေးတစ်မျိုးဖြစ်သည်။  ဗာဒံစေ့အဆန် သုံးခုမှခြောက်ခုကို   ရေစိမ်၊အခွံပါးကိုခွာ၍   ကြိတ်ပြီး   နို့နှင့်ပျားရည်တစ်ဇွန်းထည့်ကာ   ကလေးငယ်များကို    တစ်နေ့နှစ်ကြိမ် နှစ်လဆက်တိုက်ကျွေးပါက ခန္ဓာကိုယ်ကြီးထွားပြီး   အရိုးများသန်မာစေသည်။  အပျိုဖော်ဝင်နောက်ကျ သော    အမျိုးသမီးငယ်များအတွက်    အထူးသင့်လျော်သည်။  နာလန်ထလူမမာများအတွက်လည်း အကောင်းဆုံးအစားအစာဖြစ်သည်။

အားကောင်းစေသောဗာဒံစေ့

ဗာဒံစေ့အဆန် ၁၂ ခုမှ ၁၅ ခုခန့်ကို ရေနွေးဖြင့်စိမ် ပြီး အခွံပါးကိုဖယ်၍  ညက်အောင်ကြိတ်ကာ နို့နှင့် ရောပြီးနောက် ငှက်ပျောသီးအမှည့်တစ်လုံးကိုခြေထည့်ပြီး အဖတ်များကို အဝတ်ပါးဖြင့်စစ်၍ ပျားရည် လေးဇွန်းထည့်ကာ တစ်နေ့နှစ်ကြိမ်ခန့် စားသုံးခြင်း ဖြင့်  အားနည်းခြင်းကို  သက်သာပျောက်ကင်းစေသည်။ ဆံပင်ကျွတ်သူများအနေဖြင့် ဗာဒံဆီကိုလိမ်း ပေးနိုင်သည်။ သွေးထဲရှိ ကိုလက်စထရောပမာဏကို လျော့နည်းစေသောကြောင့်    နှလုံးကျန်းမာစေပြီး  မှတ်ဉာဏ်နှင့် ကိုယ်ခံစွမ်းအားများ   တိုးပွားလာစေ သည်။  အယ်လ်ဇိုင်းမား (ခေါ်)  ဦးနှောက်ဇရာအကြို ရောဂါဝေဒနာရှင်များ     ဗာဒံစေ့ကို     ဖြည့်စွက်စာအားဆေးအဖြစ် စားပေးနိုင်သည်။

ဗာဒံရွက်၏အကျိုးကျေးဇူးများ

ဗာဒံရွက်တွင် ပိုးသတ်ဆေးအာနိသင်ပါဝင်သဖြင့် ဗာဒံရွက်သတ္တုရည်ကို  ထိခိုက်ဒဏ်ရာများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ ဓာတ်မတည့်မှုကြောင့် အရေပြားယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများဖြစ်လျှင်လည်း အရွက်သတ္တုရည်ကို     လိမ်းပေးခြင်းဖြင့်သက်သာစေသည်။   သွေးအားနည်းခြင်းအတွက်   ဗာဒံရွက် သတ္တုရည်  ဟင်းစားဇွန်းတစ်ဇွန်းကို  တစ်ရက်လျှင် နှစ်ကြိမ်မှ   သုံးကြိမ်အထိ   သောက်ပေးနိုင်သည်။ အသည်းရောင်ခြင်းနှင့် အသည်းဆိုင်ရာရောဂါများအတွက် ဗာဒံရွက်ပြုတ်ရည် ရေနွေးကြမ်းတစ်ခွက်ကို  တစ်ရက်လျှင် နှစ်ကြိမ်မှသုံးကြိမ်အထိ သောက်ပေးနိုင်သည်။       ဝမ်းကိုက်ရောဂါရှိသူများအတွက်  အခေါက်ပြုတ်ရည် ရေနွေးကြမ်းတစ်ခွက်ကို တစ်ရက်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ သောက်ပေးနိုင်သည်။ မျက်စိနာခြင်းအတွက် ဗာဒံရွက်သတ္တုရည်ကိုမျက်စဉ်း ခတ်ပေးနိုင်သည်။ သွားနှင့်ခံတွင်းရောဂါများအတွက် ဗာဒံပင်၏အခေါက်ပြုတ်ရည်ကို     ငုံဆေးအဖြစ် အသုံးပြုနိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ဗာဒံစေ့သည်  ဗီတာမင်- E ကြွယ်ဝသည့် အရင်းအမြစ်တစ်ခုဖြစ်သောကြောင့် ဝက်ခြံပေါက်သူများသာမက  အရေပြားရောဂါရှိသူ များလည်း မဖြစ်မနေစားသုံးသင့်သည်။ ဗီတာမင်-E သည်    အသားအရေတစ်ခုတည်းအတွက်သာမက  နှလုံးရောဂါ၊   ကင်ဆာရောဂါနှင့်     အယ်လ်ဇိုင်းမား ရောဂါကဲ့သို့  ရောဂါများဖြစ်ပွားနိုင်ခြေကိုပါ လျော့နည်းစေသည်။  မဂ္ဂနီဆီယမ်ဓာတ်ပါဝင်နေခြင်းကလည်း ခန္ဓာကိုယ်၏သွေးဖိအားကျဆင်းရန် အထောက် အကူပြုသည်။     ခန္ဓာကိုယ်တွင်   သွေးဖိအားတက်နေမည်ဆိုလျှင်    လေဖြတ်ခြင်းအပြင်     နှလုံးနှင့် ကျောက်ကပ်ကို ထိခိုက်နိုင်သောကြောင့် မဂ္ဂနီဆီယမ် ဓာတ်ရရှိမည်ဆိုပါက သွေးဖိအားကျဆင်းရန် များစွာ ကူညီနိုင်မည်ဖြစ်သည်။

ဗာဒံစေ့တွင်ပါဝင်သည့်  အမျှင်ဓာတ်များက စားသုံးလိုက်သောအစားအစာများတွင်ပါလာသည့် ပြင်ပအဆီများအား     ခန္ဓာကိုယ်မှစုပ်ယူခြင်းကို   ဟန့်တားပေးသည်။  ထို့ပြင် ဗာဒံစေ့တွင်  ဗီတာမင်-E၊  ပြည့်ဝဆီများ၊   မဂ္ဂနီဆီယမ်နှင့်    ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများ လုံလောက်စွာပါဝင်နေသောကြောင့် နှလုံးသွေးလည်ပတ်စီးဆင်းမှုအားကောင်းစေသည်။ ဗာဒံစေ့သည် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်းနှင့် အသည်းအဆိပ်သင့်ခြင်းတို့ကို   တားဆီးပေးသောကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်သည့်ဓာတ်စာတစ်ခုဖြစ်သည်။  ဗာဒံစေ့က  နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သကဲ့သို့   ဗာဒံစေ့တွင်ပါဝင်သည့်အဆီက  ဝမ်းဗိုက်ပိုင်းတွင် ဖြစ်သည့် နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သည်။

ဗာဒံစေ့တွင်  Linolenic   အက်စစ်နှင့်  Linolenic   အက်စစ်ကဲ့သို့   အကျိုးပြု  Fatty  Acid  များပါဝင် နေသောကြောင့်  ခန္ဓာကိုယ်တွင်ဖြစ်သည့် ရောင်ရမ်းမှုများကိုသက်သာစေနိုင်သည်။  Fatty   Acid  က  သွေးတွင်းရှိ အကျိုးမပြုသောကိုလက်စထရောများကို  ကျဆင်းစေနိုင်သည်။  ကိုယ်ဝန်ဆောင်ချိန်တွင်    မိခင်ရော ကလေးပါလိုအပ်သည့် ဖောလစ်အက်စစ် ကို ဗာဒံစေ့မှရရှိနိုင်သည်။  ဗာဒံစေ့က စိတ်ကျေနပ်မှု ရစေပြီး   မကြာခဏအစာစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။     အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အဆာခံနိုင်ပြီး အစာခြေစနစ်နှင့် အူမကြီးကို ကျန်းမာစေနိုင်သည်။ ဗာဒံစေ့ကိုပုံမှန် စားသုံးပေးခြင်းဖြင့် ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေး ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ကာ ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေသည်။

ဗာဒံစေ့ကို အတန်အသင့်စားသုံးခြင်းဖြင့် ကျန်းမာ ရေးအကျိုးကျေးဇူးများ  ရရှိနိုင်မည်ဖြစ်သော်လည်း အလွန်အကဲစားသောက်ခြင်းဖြင့်     ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊   မူးဝေခြင်း၊   ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊  ဝမ်းလျှောခြင်း၊  ထုံထိုင်းခြင်းတို့ ဖြစ်စေနိုင်သည်။    ဓာတ်မတည့်သူများအနေဖြင့် အသက်ရှူရခက်ခြင်း၊ အဖုများထွက်ခြင်း၊ ပျို့အန်ခြင်း တို့ဖြစ်နိုင်သောကြောင့်   ဗာဒံစေ့နှင့် ဓာတ်မတည့်သူများ   ဗာဒံပင်ထွက်ပစ္စည်းများကို   ရှောင်ကြဉ်သင့်ပါ ကြောင်း ရေးသားလိုက်ရပါသည်။

MWD Web Portal

ဒေါက်တာလပြည့်ခင်

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone) (C15H11ClN2O) ထုတ်လုပ်ရာ၌ တရားမဝင် ဖန်တီး၍သုံးသည်။

Methaqualone(မက်သာကွာလုံး)နှင့် Mecloqualone (မက်ကလိုကွာလုံး)Methaqualone ၏ Trade Name မှာ Quaalude ဖြစ်ပြီး ယင်းသည် ဗဟိုအာရုံကြောစနစ်၏လုပ်ဆောင်ချက်ကိုနှောင့်နှေးစေပြီး စိတ်ပူပန်မှုကိုလျှော့ချပေးပြီး အိပ်စက်ခြင်းကို နှိမ့်ချပေးသည့် sedative တစ်မျိုးဖြစ်သည်။ Mandrax (Methaqualone)ကို ဆေးခြောက်နှင့်   ရောနှောအသုံးပြုခြင်းကို   တောင်အာဖရိကတွင်သာ အစီရင်ခံခဲ့ပြီး “White pipe”ဟုခေါ်သည်။ Methaqualone သည် Barbiturates နှင့် ဆင်တူသော ဆေးဝါးဗေဒဆိုင်ရာအာနိသင်များရှိသော စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဆေးအဖြစ်   လုပ်ဆောင်ပေးကာ စိတ်ပူပန်မှုကိုသက်သာစေပြီး အိပ်ပျော်ခြင်းကိုမြှင့်တင်ပေးသည်။ Methaqualone ကို ၁၉၅၄ ခုနှစ်တွင် US စျေးကွက်၌ ဆေးခန်းတွင် မိတ်ဆက်ထားခဲ့သော်လည်း မြင့်မားသော အလွဲသုံးစားပြုမှု အလားအလာကြောင့် ၎င်းကို ၁၉၈၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယနေ့ခေတ်တွင် အခြားဆေးဝါးများ မထိရောက်ပါက   ခွဲစိတ်မှုနှင့်ပတ်သက်သော   စိုးရိမ်ပူပန်မှု၊ စိတ်ငြိမ်ဆေးအတွက်နှင့် ခေါင်းကိုက်ခြင်းတို့အတွက် Barbiturates  ကိုအသုံးပြုသည်။ Mecloqualone (Nubarene, Casfen)သည် ၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးထုတ်လုပ်ခဲ့သော Methaqualone ၏ Analogue တစ်ခုဖြစ်ပြီး ပြင်သစ်နှင့်အခြားဥရောပနိုင်ငံအချို့တွင် အဓိကအားဖြင့် စျေးကွက်တင်ခဲ့သည်။ ၎င်းတွင် စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဓာတ်နှင့် စိတ်အားထက်သန်သောဂုဏ်သတ္တိများပါရှိပြီး အိပ်မပျော်ခြင်းကို ကုသရာတွင်အသုံးပြုသည်။ Mecloqualone သည် Methaqualone  ထက်  ပိုတိုသော်လည်း တာရှည်ခံနိုင်သောကြောင့်  အိပ်ဆေးအဖြစ်သာ အသုံးပြုခဲ့သည်၊၊ Mecloqualone ကို Methaqualone ကဲ့သို့ တွင်ကျယ်စွာအသုံးမချတော့ဘဲ အလွဲသုံးစားလုပ်မှုနှင့် ဆေးလွန်ကဲမှုဖြစ်နိုင်ခြေကို စိုးရိမ်မှုများကြောင့် သတ်မှတ်ခြင်းမရှိတော့ပါ။

Ethyl Ether (အီသိုင်းလ်အီသာ) (CH3CH2)2O ကို  ဒိုင်အီသိုင်းလ်အီသာ(Diethyl Ether) ဟုလည်းခေါ်ပြီး အတိုကောက်အားဖြင့်  Ether ဟုလည်းခေါ်သည်။ အရည်သွက်၍ အငွေ့ပြန်နိုင်ပြီး အလွန်မီးလောင်လွယ်သည်။ ချိုအီစူးရှသည့်အနံ့ရှိသည်။ Peroxide များနှင့်ရောနှော၍ လေ၊ အလင်းရောင်တို့နှင့်ဓာတ်ပြုပြီး ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ ဓာတ်ခွဲခန်းသုံးနှင့်ဓာတုဗေဒလုပ်ငန်းသုံး ဓာတုဆေးရည်များနှင့် ဆေးဝါးများထုတ်လုပ်ရာ၌လည်းကောင်း၊ ဆေးခြောက် စမ်းသပ်ရာ၌ လည်းကောင်း၊ အဆိပ်အတောက်များဓာတ်ခွဲစမ်းသပ်ရာ၌ လည်းကောင်း၊ တိရစ္ဆာန်အဆီ၊ အခြားအဆီများ၊  ဖယောင်းများ၊ အဆီခဲများ၊   သစ်ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ သတ္တုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ရေမွှေးများ၊ အမွှေးနံ့သာများ၊  အများသုံးထုံဆေး၊ မေ့ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ ပေါက်ကွဲစေသောဒြပ်ပေါင်းများနှင့်ခဲယမ်းများ ထုတ်လုပ်ရာ၌လည်းကောင်း အသုံးပြုသည်။ အထူးသဖြင့် Cellulose Acetate ကဲ့သို့သော Cellulose ပလတ်စတစ်များထုတ်လုပ်ရာတွင် ဓာတုပစ္စည်းအဖြစ် အသုံးများသည်။ ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းအဖြစ်နှင့် အချို့အင်ဂျင်များအတွက် စတင်ရည်အဖြစ် အသုံးများသည်။ Halothane ကဲ့သို့သော မီးလောင်လွယ်သောဆေးဝါးများမတီထွင်မီ   ၎င်းကိုယေဘုယျထုံဆေးအဖြစ် အသုံးပြုခဲ့သည်။ မူးယစ်ခြင်းကိုဖြစ်စေရန်အတွက် အပန်းဖြေဆေးအဖြစ် အသုံးပြုထားသည်။

Hydrochloric  Acid  (ဟိုက်ဒရိုကလိုရစ်အက်စစ်) HCL စူးရှသောအနံ့ရှိသည့် ကြည်လင်သော အဝါဖျော့ရောင်အရည်ဖြစ်ပြီး ယင်းကို ဟိုက်ဒရိုကလိုရိုက်(Hydrochloride)နှင့် ကလိုရိုက်(Chloride) ဆားများ၊ Organic ပစ္စည်းဖြင့်ဖန်တီးသောဓာတ်ဆားရည်များနှင့်အခြေခံဓာတ်ပြယ်ခြင်းစနစ်တွင် ဓာတ်ကူပစ္စည်းကဲ့သို့အရာများ (Chloride နှင့် Hydrochloride ဆားများ)၏ဓာတ်ပြုမှုတွင် ဓာတ်ပြယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဓာတုဆေးရည်အဖြစ်လည်းကောင်း၊ သတ္တုသန့်စင်ရာတွင် လည်းကောင်း အသုံးပြုသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများဖြစ်သည့် Heroin ၊ Cocaine ၊ Hydrochloride ၊  Ephetamine ၊ Phency-clidine (PCP)၊ Phantanine နှင့် ၎င်း၏ဓာတ်ပေါင်းများ၊  Methaqualone ၊ Mecloqualone၊ Maxclean၊ L.S.D၊ Cylocine၊   Diethyltritamine (DET)နှင့် PEPAP များ ထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

Methyl Ethyl Ketone (MEK) (မီသိုင်းလ်အီသိုင်းလ်ကီတုန်း)ကို  ဗျူတာနုန်း (Butanone) (C8H8O) ဟုလည်းခေါ်သည်။   စူးရှသောမွှေးရနံ့နှင့်အရောင်မဲ့အရည်ဖြစ်သည်။  သဘာဝထုတ်ကုန်တစ်မျိုး ဖြစ်သည့် သစ်ပင်တချို့မှထုတ်လုပ်ထားခြင်းဖြစ်ပြီး   အသီးအရွက်နှင့် အသီးအနှံတို့တွင် အနည်းငယ်သာ တွေ့ရသည်။ ၎င်းကို ကား၊ ထရပ်ကားအိတ်ဇောများမှလည်း လေထဲသို့ ထုတ်လွှတ်သည်။  MEK ကို  ကော်များ၊  သန့်စင်ရည်များ၊ အရောင်တင်ပစ္စည်းများ၊ အဆီအခဲများ၊  အရည်ပျော်စေသောပစ္စည်းများနှင့်  အခိုးမဲ့ပေါင်ဒါများထုတ်လုပ်ရာတွင် အသုံးများသော ဓာတုဆေးရည်ဖြစ်သည်။ ကိုကင်းဘေ့စ်(Cocaine Base)နှင့် ကိုကင်းဟိုက်ဒရိုကလိုရိုက်(Cocaine Hydrochloride)သို့ ပြောင်းလဲရာတွင် အသုံးပြုသော ဓာတုဆေးရည်ဖြစ်သည်။

Phenylacetic   Acid  (ဖီနိုင်းလ်အက်စီတစ်အက်စစ်) C8H8O2 သည် ရှည်မျောမျောအပြားငယ် အမှုန့်များဖြစ်သည်။ မင်သော်(Menthol)နှင့်ဆင်တူပြီး ရေတွင်အနည်းငယ်သာပျော်ဝင်၍  Ether Alcohol နှင့်ရေပူတွင်ပျော်ဝင်နိုင်သည်။ စားသောက်မိပါက အဆိပ်ဖြစ်ပြီး  အပူ သို့မဟုတ် မီးနှင့်တွေ့ပါက မီးလောင်တတ်သည်။  ဓာတုပစ္စည်းစက်ရုံနှင့်ဆေးဝါးစက်ရုံများတွင် Phenyl Acetate Ester၊ Ephetamine နှင့် ၎င်း၏ဘေးထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပင်နီဆီလင်ပေါင်းစပ် ထုတ်လုပ်သည်။ အမွှေးနံ့သာပစ္စည်းများနှင့်ရေမွှေးများ၊  သန့်စင်သောဓာတုဆေးရည်များတွင် ပေါင်းစပ်ထုတ်လုပ်ရာ၌လည်းသုံးသည်။

Piperidine  (ပိုင်ပါရီဒင်း)  C5H11N သည် အရောင်မဲ့ သို့မဟုတ် အဝါနုရောင်ဖြစ်ပြီး ဆပ်ပြာရည်နှင့်ဆင်တူသည်။  Chloroform၊ Benzene နှင့် Ether တို့တွင်ပျော်ဝင်သည်။ မီးလောင်လွယ်ပြီး အရေပြားကိုလောင်စေနိုင်သည်။ ဓာတုဗေဒစက်ရုံ၊ ဆေးဝါးစက်ရုံနှင့် ဓာတ်ခွဲခန်းများတွင် ပျော်ရည်နှင့်ဓာတ်ပြုပစ္စည်းအဖြစ်အသုံးများသကဲ့သို့ အနံ့ရှိသောပုံဆောင်ခဲများ၊ ရော်ဘာပစ္စည်းများနှင့်  ပလတ်စတစ်များထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။ မက်သာမက်ဖက်တမင်း (Methamphe-tamine)၊  Phencyclidine (PCP) နှင့် Tenocylidine (TCP)များ ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုသည်။

Phencyclidine (PCP) 

PCP သည် အရက် သို့မဟုတ် ရေတွင်ပျော်ဝင်နိုင်သော အဖြူရောင်အမှုန့်အဖြစ်များသောအားဖြင့် ထွက်လာသော တရားမဝင်လမ်းဘေးဆေး(Street Drug)ဖြစ်သည်။ အမှုန့် သို့မဟုတ် အရည်အဖြစ် ဝယ်နိုင်သည်။ အရည်များတွင် လျင်မြန်စွာပျော်ဝင်သော်လည်း ထူးခြားပြီး ခါးသက်သောဓာတုအရသာရှိသည့် ဓာတုဆေးတစ်မျိုးဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များက မေ့ဆေးအဖြစ်အသုံးပြုခဲ့ပြီး  လူနာများ တုန်လှုပ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့်သုံးစွဲရန်အဆင်မပြေခြင်းတို့ကြောင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ  တိရစ္ဆာန်အကောင်ကြီးများ ငြိမ်သက်စေရန် မေ့ဆေးအဖြစ်သုံးသည်။   PCP သည်  စိတ်ငြိမ်ဆေးအာနိသင်ရှိနိုင်သည်။   အယ်လ်ကိုဟော သို့မဟုတ် စိတ်ကျဆေးများကဲ့သို့ အခြားသောစိတ်ငြိမ်ဆေးများနှင့်ရောစပ်ပါက သုံးစွဲသူကိုမေ့မြောသွားစေနိုင်သည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသောနောက်ဆက်တွဲများကိုဖြစ်စေနိုင်သည်။ ControlledSubstances Act အရ Schedule II အရာဝတ္ထုတစ်ခုဖြစ်သည်။ ကိုကင်း(Cocaine)နှင့် စိတ်ကြွဆေးများ (Methamphetamine) ပါဝင်သော Schedule II မူးယစ်ဆေးဝါးများသည်  အလွဲသုံးစားလုပ်ရန်  အလားအလာမြင့်မားသည်။ ဤဆေးဝါးများကိုအလွဲသုံးစားလုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ (Psycological) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) အားကိုးအားထားပြုခြင်းသို့ ဦးတည်သွားစေနိုင်သည်။ PCP ကို နှာခေါင်းမှတစ်ဆင့် ရှူသွင်းခြင်း (နှာစေးခြင်း)၊ သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း(သေနတ်ပစ်ခြင်း)၊ သောက်ခြင်း၊ မျိုချခြင်း စသည်ဖြင့် မတူညီသောနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။

Potassium Permanganate (ပိုတက်စီယမ်ပါမင်းဂနိတ်) KMnO4 သည် စိုစွတ်သော အခြေအနေတွင် အနံ့မရှိသောခရမ်းရောင် (သို့) အနက်ရောင်နီးပါးရှိသော ပုံဆောင်ခဲ (သို့) အမှုန့် ဖြစ်သည်။ ပိုတက်စီယမ်ပါမင်းဂနိတ်သည် ပိုးသတ်ဆေး၊ အနံ့ဆိုးထွက်ခြင်းနှင့် ယားယံခြင်းဂုဏ်သတ္တိများပါရှိသော    ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည်။ ၎င်း၏ဘုံအမည်မှာ Condy’s crystals ဖြစ်ပြီး ယင်းကို ဓာတုဗေဒလုပ်ငန်းတွင် ဓာတ်ခွဲဖန်တီးထုတ်လုပ်သော Organic Material  နှင့် ဓာတ်ခွဲခြင်းဆိုင်ရာများတွင်  ပြင်းထန်သောဓာတ်တိုးအေးဂျင့်အဖြစ်လည်းကောင်း၊ အနာများကိုသန့်ရှင်းစေရန်နှင့်  အထွေထွေပိုးသတ်ဆေးအဖြစ်လည်းကောင်း၊ နှင်းခူရောဂါ၊ အရေပြားခြောက်သွေ့ရောဂါနှင့်အရေပြားရောင်ရမ်းခြင်းအတွက် အရေးကြီးသော ဓာတ်ပြုပစ္စည်းများဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

MWD Web Portal

ဒေါက်တာလပြည့်ခင်

ဖရဲသီးသည် လူကြိုက်များသောအသီးတစ်မျိုးဖြစ်သည်။ အရသာလည်းကောင်းသည်။ ဖရဲသီးကို အထူးသဖြင့် နွေရာသီလိုအခါမျိုးမှာ စားသုံးကြသလို  ရောင်းအားလည်းကောင်းသည်။ ဖရဲသီးက ရေဓာတ်များသော အသီးတစ်မျိုးဖြစ်သည့်အတွက် ချွေးထွက်ပြီး ရေငတ်ပါက ရေဓာတ်များသော ဖရဲသီးကို ရေငတ်ပြေအောင်စားကြသည်။ ဖရဲသီးကကျန်းမာရေးကိုလည်းအကျိုးပြုသည်။ ကျောက်ကပ်ကို အကျိုးပြုကြောင်း သိရသည်။

ထို့ကြောင့် ကွမ်းစားသူအများစုက ဖရဲသီးကိုနှစ်သက်စွာ စားသုံးကြသည်။ ဖရဲသီးကိုဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက်သုံးကြသည်။ အချိုပွဲသဘောမျိုးအဖြစ်လည်း စားသုံးကြသည်။ ဖရဲသီးသည် စျေးကွက်ရှိသည်။

စာရေးသူတို့ဒေသမှာ ဖရဲစိုက်တောင်သူများရှိသည်။ ထို့ကြောင့် ဖရဲသီးကိုစီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင် စတင်စိုက်ပျိုးမည့်စိုက်ပျိုးတောင်သူများအနေဖြင့်စိုက်ပျိုးနည်းကိုလေ့လာတင်ပြမျှဝေပေးမည်ဖြစ်သည်။

ဖရဲပင်၏နောက်ခံသမိုင်း

ဖရဲပင်၏မူရင်းဒေသမှာ တောင်အာဖရိကတိုက်ဟု ယုံကြည်လက်ခံထားကြသည်။ အကြောင်းမှာ ထိုဒေသ၌ ယခုတိုင်အောင် ဖရဲအရိုင်းပင်များကို တွေ့နေရသောကြောင့်ဖြစ်သည်။ ထိုဖရဲရိုင်းများမှာ အရသာသုံးမျိုးရှိသည်။ တချို့ကခါးသောအရသာရှိသည်။ တချို့က ခပ်ပေါ့ပေါ့အရသာရှိသည်။ တချို့အသီးကအနည်းငယ်ချိုသော အရသာရှိသည်။

ဖရဲပင်သည်အပူပိုင်းအာဖရိကတိုက်၏ ဒေသန္တရပေါက်ပင်မျိုးဖြစ်သည်ဟု ၁၈၂၂ ခုနှစ်လောက်က Alphonse deCaldolle ဆိုသူသိပ္ပံပညာရှင်တစ်ဦးက အတည်ပြုခဲ့သည်။ ပညာရှင်များ၏အဆိုအရ ဘီစီ ၂၀၀၀ မတိုင်မီကပင် နိုင်းမြစ်ဝှမ်းဒေသများ၌ ဖရဲစိုက်ပျိုးမှုရှိသည်ဟုဆိုသည်။

ဖရဲသီးအများဆုံး ထုတ်လုပ်သော တရုတ်နိုင်ငံတွင်မူ အေဒီ ၁၀  ရာစုကစတင်စိုက်ပျိုးခဲ့သည်။ မြန်မာနိုင်ငံမှာမူ ဖရဲပင်ကို မည်သည့်အချိန်က စတင်စိုက်ပျိုးခဲ့သည်ဟူသော မှတ်တမ်းမရှိပေ။ သို့သော် အိမ်နီးချင်းတရုတ်နိုင်ငံမှတစ်ဆင့် ရောက်ရှိလာသည်ဟုသာ မှန်းဆကြသည်။

၁၆ ရာစုလောက်မှ ကမ္ဘာအနှံ့ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖရဲမျိုးများနှင့်ပုံသဏ္ဌာန်

ဖရဲသီးကို အင်္ဂလိပ်အမည်အားဖြင့် Water Melon ဟုခေါ်ပြီး သိပ္ပံအမည်အားဖြင့် Citrullus Lanatus ဖြစ်သည်။ မျိုးရင်းအမည်မှာ Cucurbitacea ဖြစ်သည်။ ဖရဲသီးကိုဒေသအမည်ကိုလိုက်၍လည်း ခေါ်လေ့ရှိကြသည်။ ဂျပန်၌စိုက်ပျိုးသော အန်စာတုံးပုံဖရဲသီး၊ ဒိုက်ဦးဖရဲ၊ ထိုင်ဝမ်ဖရဲစသည်ဖြင့်လည်း ဒေသစွဲခေါ်ကြသည်။ ကမ္ဘာပေါ်မှာဖရဲမျိုးပေါင်း  ၁၂၀၀ ကျော်ရှိသည်။ ဖရဲသီး၏အတွင်းသားအရောင်မှာအနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နှင့် အဖြူရောင်တို့ရှိကြသည်။

အများဆုံးတွေ့ရသောအရောင်မှာ အနီရောင်ဖြစ်သည်။ ထင်ရှားသောဖရဲမျိုးများမှာ  Carolina Cross မျိုးဖြစ်ပြီး အလေးချိန် ၂၆၂ ပေါင်အထိရှိသည်။ အကြီးဆုံးဖရဲမျိုးဖြစ်သည်။  Yellow Crimson ဖရဲမျိုးဖြစ်ပြီး အခွံစိမ်း၊ အသားဝါမျိုးဖြစ်သည်။ အရသာချိုသည်။ 

Orangeglo ဖရဲမျိုးမှာ အခွံစိမ်းပြီး အသားကလိမ္မော်ရောင်ရှိသည်။

Moon and Star ဖရဲမျိုးဖြစ်ပြီး အခွံက ပန်းရောင်၊ အနက်ရောင်နှင့် အဝါရောင်ကြယ်ကဲ့သို့ အဝိုင်းများပါသည်။  ဤကားအနည်းငယ်ဖော်ပြခြင်းသာဖြစ်သည်။ ဂျပန်နိုင်ငံကစိုက်ပျိုးသော ဖရဲသီးသည် လေးထောင့်အန်စာတုံးပုံသဏ္ဌာန်ရှိသည်။ ထိုင်ဝမ်ဖရဲက အလွန်ချိုသဖြင့်နာမည်ကြီးသည်။ စာရေးသူတို့ ဒေသထွက်ဖရဲသီးမှာလည်း ချိုသည်။ ဖရဲပင်သည်နွယ်ပင်အမျိုးအစားဖြစ်သည်။ အရွက်ရော၊ အနွယ်ပါ အစိမ်းရင့်ရောင်ဖြစ်သည်။ အသီးပုံသဏ္ဌာန်မှာ အလုံးဝိုင်းပုံ၊လုံးရှည်ပုံ၊ ဘဲဥပုံစသည်ဖြင့်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာမျိုးကိုလိုက်ပြီး ၉ လက်မ မှ လက်မ  ၃၀ အထိရှိတတ်သည်။  အခွံက အစိမ်းရင့်ရင့်သက်သက်ချည်းရှိသလို အခွံစိမ်းပေါ်မှာ အဝါရောင်ဖျော့ဖျော့ အစင်းပါသည့် အခွံမျိုးလည်းရှိသည်။ ယင်းကိုအစင်းပါနှင့်အစင်းမဲ့ဟုခေါ်ကြသည်။

ဖရဲစိုက်မည့်သူများ ကြိုတင်စဉ်းစားထား

ဖရဲစိုက်ပျိုးမည်ဟုဆုံးဖြတ်ပြီးလျှင် ကြိုတင်စဉ်းစားထားရမည့်အချက်များရှိသည်။ ပွဲမဝင်ခင်အပြင်က ကြိုတင်ကျင်းပဆိုသကဲ့သို့ ဖြစ်သည်။ သို့မှသာ စိုက်သလောက်ဖြစ်ထွန်းပြီး ဖြစ်ထွန်း သလောက်စျေးကွက်ဖြန့်အားရှိမည် ဖြစ်သည်။ ထိုအချက်များမှာ မိမိစတင်စိုက်ပျိုးမည့်ဒေသ၌ ဖရဲစိုက်သူမည်မျှရှိသနည်း။

-        စိုက်ပျိုးသူများသည် ဧကမည်မျှအထိရှိပြီး ဖရဲစိုက်ပျိုးရန်သင့်လျော်သောမြေဖြစ်သလား။

-        ဖရဲစိုက်ရန်သင့်လျော်သောရာသီဥတုနှင့်စိုက်ပျိုးရန်ရည်မှန်းထားသောဒေသ၌ တစ်ဧကအထွက်နှုန်းမည်မျှရှိသနည်း။

-        တစ်ဧကစိုက်ပျိုးစရိတ်မည်မျှကုန်နိုင်ပြီး စျေးကွက်မည်သို့ရှိသနည်း။

-        စျေးကွက်သို့တင်ပို့ရာတွင်အခက်အခဲရှိ၊ မရှိ။

-        မည်သည့်မျိုး၊ ကျင်းစနစ်၊ မြောင်းစနစ်မည်သည့်စနစ်ဖြင့်စိုက်မည်နည်း။

-        ရေအလွယ်တကူရနိုင်သော ချောင်း၊ မြောင်း ရှိ၊ မရှိ၊ ရှိလျှင်မည်မျှဝေးသနည်း။ ထိုအချက်များကိုတွက်ချက်ပြီး အဆင်ပြေမှစိုက်ပျိုးသင့်သည်။

မြေနေရာရွေးချယ်ခြင်း

မြေအမျိုးအစားနှင့်ရာသီဥတုဖရဲစိုက်မည်ဆိုလျှင် ရေဝင်ရေထွက်၊ ရေလွှမ်းသော နေရာမျိုးမှာ မစိုက်သင့်ပါ။ ဖရဲစိုက်မြေနေရာသည်နေရောင်ခြည်အပြည့်အဝရသောနေရာ၊ ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာကိုရွေးချယ်ရမည်။ စိုက်ပျိုးရန် သင့်လျော်သောမြေမှာ သဲနုန်းမြေဖြစ်သည်။ မိုးရာသီအကုန်မြစ်ရေကျချိန် သဲနုန်းမြေများပေါ်၌ လည်းကောင်း၊ စပါးရိတ်သိမ်းပြီးချိန် လယ်ကွင်းများ၌လည်းကောင်း စိုက်ပျိုးနိုင်သည်။ ဖရဲစိုက်ပျိုးရန် မြေချဉ်ငန်ကိန်းသည် ၆ မှ ၆.ရှိရမည်ဖြစ်သည်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးသော မြေ၊ ရေဝပ်သော မြေ၊ စိုထိုင်းဆများသောမြေမျိုးမှာမစိုက်သင့်ပါ။ အပူချိန်အားဖြင့် ၂၁ မှ ၃၄ စင်တီဂရိတ်နှင့် လေစိုထိုင်းဆနည်းသောဒေသများ၌ ဖရဲကောင်းစွာဖြစ်ထွန်းသည်။

ဖရဲမျိုးစေ့

မည်သည့်အပင်မဆိုအထွက်နှုန်းကောင်းဖို့ဆို မျိုးစေ့ကောင်းဖို့လိုသည်။ ထို့ပြင် ပန်းတိုင် အထွက်နှုန်းအတွက် ရည်မှန်းချက်ထားစိုက်မည်ဆိုလျှင်လည်း မျိုးစေ့ကောင်းဖို့လိုသည်။ မျိုးစေ့ကိုဝယ်ယူရာတွင် စျေးသက်သာရာကို မလိုက်မိဖို့လိုသည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ဝယ်ယူပါ။ မျိုးစေ့ညံ့လျှင် အပင်ပေါက်နှုန်းမကောင်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်း၊ အသီးတင်မှု၊ အသီးကြီးထွားမှုမကောင်းခြင်းနှင့် အသီးအရွယ်အစားမညီခြင်းတို့ဖြစ်တတ်သည်။ မျိုးစေ့ကိုမစိုက်ပျိုးမီ အပင်ပေါက်နှုန်းကိုစမ်းသပ်ပြီးမှစိုက်ပျိုးသင့်သည်။ သို့မှသာတစ်ဧကဝင်ဆံ့ အပင်ရေနှင့် ပေါက်နှုန်းကို တွက်ချက်ပြီး စိုက်ပျိုးနိုင်မည်ဖြစ်သည်။

မျိုးပေါက်နှုန်းစမ်းသပ်နည်းမှာ ခပ်ရွယ်ရွယ်အဝတ်စတစ်စကိုရေစိမ်၍ စားပွဲပေါ်ဖြန့်ခင်းပြီး  ဖရဲမျိုးစေ့ ၁၀၀ စီချ၍ အဝတ်စကိုလိပ်၍ ထိပ်နှစ်ဖက်ကိုကြိုးချည်ကာ ရေ ၁၂ နာရီစိမ်ပါ။ ထိုအဝတ်ကိုစွတ်စိုပြီး အပူချိန်ရှိသော နေရာမှာထားပါ။ ထို့နောက် အညှောက်ပေါက်လာပါက အညှောက်ပေါက်သော အစေ့သည် အပင် ၉၀ ခန့်ပေါက်ပါက ထိုမျိုးစေ့ကိုစိုက်ပျိုးသင့်သည်။

ပျိုးထောင်နည်းနှင့်စိုက်ပေါင်ပြုလုပ်နည်း

ဖရဲပင်ကို တိုက်ရိုက်အစေ့ချ၍သော်လည်းကောင်း၊ အပင်ဖောက်ပြီး ရွှေ့ပြောင်း၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ် များသဖြင့် ပျိုးထောင်၍သာ စိုက်ပျိုးသင့်သည်။ မျိုးစေ့ပျိုးထောင်ရာတွင် ဖရဲခွံသည်မာသဖြင့် အစေ့လောင်းရှိရာ ထိပ်ချွန်ဘက်ကို လက်သည်းညှပ်ဖြင့်အစေ့ခွံကွဲအောင်ညှပ်ပေးရသည်။ ထို့နောက် အပေါက်သေးသေးဖောက်ထားသော ပလတ်စတစ်အိတ်အတွင်းထည့်ရသည်။ ထိုအိတ်ကိုရေမှာ နာရီဝက်ခန့်စိမ်ပြီး မျိုးစေ့များကိုမျက်နှာသုတ်ပဝါအတွင်းထည့်၍လိပ်ပြီး အခြားပလတ်စတစ်အိတ်ထဲ ထည့်၍ ၂ ပေခန့်ရှိသော စက္ကူကပ်ပုံးထဲထည့်ထားရသည်။ ထိုမျိုးစေ့ထုပ်ပေါ်မှာ သတင်းစာစက္ကူဖြင့် အလင်းရောင်မထိအောင်ကာပြီး ဝပ် ၄၀ သို့မဟုတ် ဝပ် ၆၀ မီးသီးထွန်း၍ ၂၄ နာရီအပူပေးထားရသည်။ အညှောက်ထွက်လာလျှင် ၄ x ၄ လက်မအရွယ်ပျိုးအိတ်များလက်မဝက်မြှုပ်၍ ပျိုးထောင်ရသည်။

မိမိစိုက်ပျိုးမည့်နေရာကို  ပေါက်ပြား သို့မဟုတ် စက်ဖြင့် ၆ လက်မအကျယ်၊ ၆ လက်မအနက်ရှိသော မြောင်းများဖော်ပြီးတစ်ဧကလျှင် ယူရီးယားမြေသြဇာ ၉၉ ပေါင်၊ တီစူပါ ၉၉ ပေါင်၊ ပိုတက် ၇၇ ပေါင်၊ နွားချေးဆွေးလှည်း ၄၀ စီးထည့်ပေးရသည်။ ထို့နောက် စိုက်ပေါင်ပေါ်တွင် ၁ ပေခွဲအကျယ်ရှိသည့် ပေါင်ဖော်ပေးရသည်။ ပေါင်တစ်ပေါင်နှင့်တစ်ပေါင်အကြား တစ်ပေအကျယ်ရေသွယ်မြောင်း ထားပေးရသည်။ ပေါင်းမြက်နှင့်အစိုဓာတ်မလျော့စေရန် ပလတ်စတစ်အုပ်ပေးထားရသည်။

ဖရဲစိုက်ပျိုးခြင်း

အထက်ဖော်ပြပါအတိုင်း အရည်အသွေးကောင်းမျိုးစေ့ရွေးချယ်ခြင်း၊ စမ်းသပ်မျိုးအညှောက်ဖောက်ခြင်း၊ ပျိုးထောင်ခြင်းနှင့် စိုက်ပေါင်ပြင်ခြင်းများ ပြုလုပ်ပြီးပါက ပျိုးထောင်ထားသော ဖရဲပင်များကို ရွှေ့ပြောင်းစိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးရာတွင်ပျိုးထောင်ကာအပင်ပေါက်ပြီး ၁၀ ရက် ၁၅ ရက်အကြာတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

ဖရဲတစ်ဧကတွင် ပင်ကြား၊ တန်းကြား ၉ လက်မ ၁ လက်မခွဲစိုက်လျှင် အပင်ပေါင်း ၅၃၀၀၊ ၉ လက်မ ၁ လက်မစိုက်လျှင် အပင်ပေါင်း ၄၀၀၀၊ ၉ လက်မ ၃ လက်မစနစ်ဖြင့် စိုက်မည်ဆိုလျှင် အပင်ပေါင်း ၂၅၀၀ ဝင်ဆံ့ကြောင်းသိရသည်။ တချို့က တစ်ပင်နှင့်တစ်ပင်အကွာအဝေးကို ရိုးရိုးဖရဲအလုံးကြီးဆို ၃၂ လက်မ၊ အလုံးသေးဆို ၂၄ လက်မ၊ တစ်တန်းနှင့်တစ်တန်းအကွာအဝေးမှာ အလုံးကြီးက၂၁ ပေ၊ အလုံးသေးက ၁၅ ပေ၊ အစေ့မဲ့ဖရဲဆို ပေ ၂၀ ဖြစ်သည်။ တချို့ကလည်း တစ်တန်းနှင့်တစ်တန်းပေ ၂၀ ခွာပြီး တစ်ကျင်းနှင့်တစ်ကျင်း ၃ ပေခြားစိုက်ပျိုးသည်လည်းရှိသည်။ ထိုစနစ်ဖြင့်စိုက်ပျိုးပါကတစ်ဧကကို အပင်ရေ ၇၅၀ ခန့်ဝင်ဆံ့သည်။

အပင်ပြုစုခြင်းနှင့်မြေသြဇာကျွေးခြင်း

ဖရဲပင်ရွှေ့ပြောင်းစိုက်ပျိုးပြီး အပင် ၁ ပေခွဲခန့်မှာ  နွယ်များကိုဖြောင့်ပေးရသည်။ တန်းကြားကို ကောက်ရိုးဖုံးပေးရသည်။ ကောက်ရိုးဖုံးပေးခြင်းသည် ပေါင်းမြက်ပေါက်နှုန်းနည်းစေပြီး မြေအစိုဓာတ်ကို ထိန်းပေးသည်။ ထို့ပြင် ဖရဲပင်သည် စင်မဲ့ပင်ဖြစ်သဖြင့် နှာမောင်းမှာကောက်ရိုးမျှင်ကို ကုပ်တွယ်ထားသဖြင့် လေဒဏ်ကိုလည်းခံနိုင်ပြီး အပင်မရွေ့လျားနိုင်ပေ။ ထို့နောက် ရွှေ့ပြောင်းစိုက်ပြီး ငါးရက်ခန့်အကြာတွင် ရေ ၂၀ လီတာတွင် ယူရီးယားဓာတ်မြေသြဇာ ၄၈ ဂရမ်၊ တီစူပါမြေသြဇာမှုန့် ၅၂ ဂရမ်ဖျော်ပြီး  အပင်ခြေသို့ တစ်ပင်လျှင် ၁၀ စီစီခန့်လောင်းပေးရသည်။ နှစ်ပတ်အကြာတွင် တစ်ဧကကိုယူရီးယား ၁၈ ကီလိုဂရမ်၊ ပိုတက် ၁၄ ကီလိုဂရမ်နှုန်းထည့်ပေးရသည်။ သုံးပတ်အကြာတွင်ရေ ၂၀ လီတာမှာ ယူရီးယား ၁၃ ဂရမ်၊ တီစူပါ ၂၉ ဂရမ်၊ ပိုတက် ၁၃ ဂရမ်၊ မြေသြဇာကြီး Boyfolan ၄၀ စီစီနှင့် Borax ၄၀ ဂရမ်ကိုဖျော်စပ်ပြီး အပင်ကိုဖျန်းပေးရသည်။  လေးပတ်အကြာတွင်လည်း Borax ကိုမထည့်ဘဲ ကျန်မြေသြဇာများကို ထိုအချိုးအတိုင်းဖျော်ပြီး  ထပ်ဖျန်းပေးရမည်။ အသီးလိုက်လာပြီးနောက် အသီးတင်သည့်အချိန်ရောက်လျှင် ဖရဲတစ်ဧကလျှင် ယူရီးယားမြေသြဇာ ၁၅ ပြည်၊ တီစူပါ ခုနစ်ပြည်၊ ပိုတက် ၁၅ ပြည်နှုန်းထည့်ပေးရသည်။ ဖရဲစိုက်ပျိုးရာတွင်သတိပြုရမည့်အချက်တစ်ချက်ရှိသည်။ ထိုအချက်က အပွင့်လိုက်ချိန် ဝတ်မှုန်ကူးပေးခြင်း ဖြစ်သည်။ ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက် ၂၀ မှ ၃၀ လောက်ဆိုအပွင့်စပွင့်သည်။ အစေ့ပါဖရဲမျိုးကို ပျားများကဝတ်မှုန်ကူးပေးသည်။

အစေ့မဲ့ဖရဲကိုမူ ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုပွင့်ဖြင့် အစေ့မဲ့ဖရဲအမပွင့်အားနံနက် ၇ နာရီမှ ၉ နာရီအတွင်း ဝတ်မှုန်ကူးပေးရသည်။  သို့မှသာအသီးအောင်၍အသီးတင်မည်ဖြစ်သည်။ နောက်ထပ် သတိပြုရမည့် အချက်မှာ ပထမဆုံးအပွင့်မှသီးသည့်အသီးသည် အသီးအရည်အသွေး မကောင်းသဖြင့် ပထမဆုံးအပွင့်ကိုခြွေပေးရသည်။ ပင်ခြေမှ  ၂ ပေခွဲ ၃ ပေခန့်ရှိအသီးကိုသာ ယူသင့်သည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

စိုက်ပျိုးပင်များအတွက် ပိုးမွှားရောဂါသည် အထူးဂရုစိုက်ရမည့်ကိစ္စဖြစ်သည်။ ပိုးမွှားရောဂါ ကျရောက်ပါက အချိန်မီမနှိမ်နင်းနိုင်လျှင် အပင်များပျက်စီးဆုံးရှုံးနိုင်သလို အထွက်လည်း လျော့တတ်သည်။

ဖရဲကိုစိုက်ပျိုးပြီး တစ်ပတ် ၁၀ ရက်အတွင်း မြောင်းရေ၊ တွင်းရေမသွင်းပေးရပါ။ ရေဝပ်ပြီးအမြစ် ပုပ်နိုင်သောကြောင့်ဖြစ်သည်။ ရေပန်းကရားဖြင့်သာ ရေလောင်းသင့်သည်။  အပင်ငယ်စဉ် ရေလောင်းရာမှာ တစ်ရက်ခြားတစ်ကြိမ်လောင်းပေးရသလို အစိုဓာတ်ရှိနေသေးလျှင် ရေလောင်းရန် မလိုအပ်ပါ။ အပင်ငယ်များမှာ တတိယအရွက်နှင့်စတုတ္ထအရွက်ထွက်လာလျှင် ပြနှင့်ဖြုတ်စိမ်းများ မကျရောက်နိုင်စေရန် သုံးရက်ခြားတစ်ကြိမ်ပိုးသတ်ဆေးဖျန်းပေးရမည်။ အချိန်မီဆေးမဖျန်းပါက စုပ်စားပိုးကြောင့် အရွက်များအောက်သို့ ကုပ်ကွေးနေပေလိမ့်မည်။ ထိုအခါအပင်သည် ဆက်လက်ဖြစ်ထွန်းရန် အားယုတ်သွားသည်။

ရောဂါနှင့်ပိုးမွှားများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် နွားချေးနှင့်မြေဆွေးထည့်စဉ် မြေတွင်းအောင်း ပိုးသတ်ဆေးတစ်မျိုးမျိုးကို လက်ဖက်စားဇွန်းတစ်ဇွန်းစာ ထည့်မွှေပေးရသည်။ မြေတွင်းအောင်း ပိုးသတ်ဆေးမထည့်ပါက အပင်ငယ်စဉ်ခြကိုက်ခြင်း၊ ဖိုးလမင်းကျိုင်းကိုက်ခြင်း၊ ကျိုင်းကောင်များ မြေတွင်းဝင်၍ဖျက်ဆီးနိုင်သည်။ မှိုရောဂါသည်စိုထိုင်းဆများသည့်အချိန်တွင် ဖရဲပင်အဆင့်ဆင့်တွင် ကျရောက်နိုင်သည်။ ရောဂါများမှာ ဖရဲရွက်ခြောက်ရောဂါ၊ အစက်အပြောက်ဖြစ်ကာ ဖျက်ဆီးတတ်သောငှက်မျက်လုံးရောဂါ၊ အရွက်များပေါ်တွင်ပေါင်ဒါမှုန့်ဖြူးထားသလို ကျရောက်တတ်သော ဖားဥမှိုရောဂါ၊ ပင်ညှိုးရောဂါတို့ဖြစ်တတ်သည်ကို သတိပြု၍ ကြိုတင်၍ ဆေးဖျန်းထားသင့်သည်။

ဖရဲသီးခူးဆွတ်ခြင်းနှင့်အကျိုးအမြတ်

ဖရဲသီးကိုမျိုးအလိုက် စိုက်ပျိုးပြီး ရက်ပေါင်း ၇၀ ခန့်ကျော်ပြီး အတွင်းသား ၉၀ ရာခိုင်နှုန်းခန့်မှည့်လျှင်  ခူးဆွတ်နိုင်ပြီဖြစ်သည်။

ဖရဲသီးခူးဆွတ်မည်ဆိုပါက ခူးမည့်အသီးရှိအပင်နွယ်ကို  နံနက်ပိုင်းကတည်းကဖြတ်ထားရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖရဲသီးအတွင်းရှိအရည်များသိပ်သည်းသွားသည်ဟုသိရသည်။ ခူးဆွတ်မည့် အသီးကိုလက်ဖြင့် ပုတ်ကြည့်ပါက လိုဏ်သံထွက်နေလျှင် ဖရဲသီးမှည့်နေပြီဖြစ်သည်။ ဖရဲသီးကို အပူချိန်လျော့နည်းလာသည့် ညနေပိုင်း ၄ နာရီအချိန်လောက်မှာခူးရမည်။မရင့်မီခူးမိပါက တဖြည်းဖြည်း ပိန်ရှုံ့သွားမည်ဖြစ်သည်။ စာရေးသူ ဖေ့ဘွတ်ပေါ်မှာ ဖရဲသီးနှင့်ပတ်သက်ပြီး ဖတ်ခဲ့ရသည်ကိုမျှဝေချင်သည်။ ဖရဲသီးအလုံးများပေါ်၌ ကျောက်တုံးတင်ထားသည်ကို ဖေ့ဘွတ်ပေါ်မှာ တွေ့ရသည်။ ထိုသို့ပြုလုပ်ထားခြင်းမှာ နေ့အချိန်ကျောက်တုံးကအပူချိန်ကိုစုပ်ယူပြီး ဖရဲသီးအပေါ် ပြင်းထန်စွာ ကျရောက်မည့်အပူချိန်ကို ကာကွယ်ပေးသည်။ ညအခါကျောက်တုံးက စုပ်ယူထားသည့် အပူချိန်ကို တဖြည်းဖြည်းပြန်ထုတ်ပေးပြီး အပူချိန်ကွာခြားမှုကိုဖန်တီးပေးသည်ဟုဆိုသည်။ ထိုသို့အပူချိန် ကွာခြားမှုက ဖရဲသီးရင့်မှည့်မှု လုပ်ငန်းကို လှုံ့ဆော်ပေးပြီး ဖရဲသီးကိုပိုချိုစေသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ဤကား နည်းပညာတစ်ခုဟုပင်ဆိုရပေမည်။ ဖရဲသီးတစ်ပင်ကို အလုံးလတ်မျိုးဆိုသုံးလုံး၊ အလုံးငယ်မျိုးဆိုလေးလုံးရှိနိုင်သည်ဟုသိရသည်။ ဖရဲသီးသည်စျေးကွက်၌ အလုံးအကြီးအသေးပေါ်မူတည်၍ စျေးမတူပေ။ တစ်တန်းနှင့်တစ်တန်း ပေ ၂၀ ကွာပြီး ၃ ပေခြားစိုက်လျှင် တစ်ဧက အပင် ၇၅၀ ခန့်ဖြစ်သည်။ တစ်ပင်သုံးလုံးနှုန်းဆိုလျှင် အပင် ၇၅၀ ဆိုအလုံး ၂၂၅၀ ခူးနိုင်မည်။ တစ်လုံးငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပျမ်းမျှတွက်ကြည့်လျှင်ပင်  အလုံး ၂၂၅၀ ဆိုလျှင် ငွေကျပ်သိန်း ၁၀၀ ကျော်ရရှိမည်ဖြစ်သည်။ ထို့ကြောင့်  ဖရဲသီးသည် စီးပွားဖြစ်စိုက်ပျိုးသင့်သော အသီးမျိုးဖြစ်သည်။  ဒါကြောင့်မို့ ဖရဲသီးစိုက်ပျိုးမည်ဆိုလျှင်  သိထားသင့်သည်များကို  လေ့လာတင်ပြလိုက်ရပါသည်။    ။

MWD Web Portal

ကိုကျော်စွာ(ကျိုက်ပိ)

ကမ္ဘာပေါ်မှာ ဆီးချို ဖြစ်ပွားမှုနှုန်း က တစ်နှစ်ထက်တစ်နှစ် တစ်ရှိန်ထိုးကို တက်တက်လာပါသည်။ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဇိမ်ခံပစ္စည်းတွေလည်းများလာသလို ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိသလောက် နည်းပါးလာပါသည်။ ထို့အပြင် အသင့်စား အစားအစာတွေ၊ အချိုရည်တွေ၊ fast food ဆိုင်တွေများလာသည်နှင့်အမျှ ခန္ဓာကိုယ်အလေးချိန်ကလည်း မိမိသတိမထားမိသည့် အချိန်မှာ တော်တော်လေးတက်လာတက်ပါသည်။ ယခုလိုမျိုး ဝလာခြင်း ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်းတို့က ဆီးချိုဖြစ်စေသည့် အဓိကတရားခံ နှစ်ခုပါ။ ယခုတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်များအတွက် ကျန်းမာသည့် အစားအသောက်ပုံစံ အကြောင်း ပြောပြပေးချင်ပါသည်။

ဆီးချိုဝေဒနာရှင်များအတွက် ကျန်းမာသည့်အစားအသောက်ပုံစံ

ဆီးချိုစဖြစ်နေပြီဆိုပါက အောက်ပါအချက်လေးတွေ လိုက်နာဆောင်ရွက်နိုင်ရန် တိုက်တွန်းပါရစေ။ ဆီးချိုဝေဒနာရှင် များအတွက် ကျန်းမာသည့်အစားအသောက်ပုံစံ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

(၁) ထမင်းကို သတ်မှတ်ထားသည့်ပမာဏအတိုင်း စားပေးရပါမည်

ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးဟု မိမိအနေဖြင့် မပြောလိုပါ။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ သို့သော် စားသည့်အခါမှာ ချင့်ချိန်ပြီးစားပေးရန် လိုပါသည်။ ဥပမာ နေ့လယ်စာထမင်း ကို ထမင်းစားဇွန်း ၅-၆ ဇွန်းစား နိုင်ပါသည်။ စားသည့် နေရာမှာလည်း ဆန်ကို ရေငှဲ့ချက်ပါက ပိုကောင်းပါသည်။ ပေါ်ဆန်းမွှေးအစားဆန်လုံးညို ဘာစမာတီ တို့စားလည်းရပါသည်။ ဆန်လုံးညို ၊ ဘာစမာတီ တို့သည် အမျှင်ဓာတ်များသည့် အတွက် ကိုလက် စထရော ကျစေသည့်အပြင် ပေါ်ဆန်းမွှေးထက်စာပါက အဆာပိုခံပါသည်။

သို့သော် ကစီဓာတ်(carbohydrate) ပါဝင်သည့် ပမာဏကတော့ ပေါ်ဆန်းမွှေးနှင့် မကွာပါ။ ထို့ကြောင့် ထမင်းကို ၅-၆ ဇွန်းပဲ ထိန်းပြီးစားနိုင်ပြီ ဆိုပါက ပေါ်ဆန်းမွှေးဆန် အဖြူ စားလို့ရပါသည်။ ထိန်းပြီး မစားနိုင်ပါက ဘာစမာတီ တို့ ဆန်လုံးညိုတို့စားပေးပါ။ သူတို့က ၅-၆ ဇွန်း လောက်စားလျှင် ဗိုက်ပြည့်သွားတတ်ပါသည်။ သတိထားရမှာက ဘာဆန် ပဲစားစား များများစားရင် ဆီးချိုတက်မယ်ဆိုတာပါ။

(၂) အရွက်များများစားပါ

ဆီးချိုဝေဒနာရှင်တွေမှာ ထမင်းကို စားနေကျထက် လျှော့စားလိုက်ရတဲ့ အတွက် ဗိုက်မဝသည့် ပြဿနာ ဖြစ်တတ် ပါသည်။ ဒါကို ဖြေရှင်းပေးနိုင်မည့် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံး နည်းလမ်းက ပာင်းသီးပာင်းရွက်များများ စားပေးတာပါပဲ။ အမျှင်ဓာတ် ကြွယ်ဝသည့်အပြင် ဗီတာမင်၊ သတ္တုဓာတ် များစွာပါဝင်သည့်အတွက် ဆီးချို ဝေဒနာရှင် တော်တော်များများမှာကြုံတွေ့နေရသည့် ဗီတာမင်နှင့် သတ္တုဓာတ်ချို့တဲ့နေသည့် ပြဿနာကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားပါသည်။

(၃) အမျှင်ဓာတ် ကြွယ်သည့် oatmeal လိုမျိုးကို နံနက်စာ အနေဖြင့် စားပေးပါ

အမျှင်ဓာတ်များသည့် အတွက် သွေးတွင်းကိုလက်စထရောကို ကျစေသည့်အတွက် ဆီးချိုထိန်းသည့်နေရာမှာ အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် oatmeal စားခြင်းဖြင့် အလွယ်တကူ ဗိုက်ပြည့်လွယ်သည့်အတွက် စားသည့်ပမာဏ နည်းသွားပြီး သွေးတွင်းသကြားဓာတ် တက်နှုန်းကို ထိန်းပေးနိုင်ပါသည်။

(၅) အသားပမာဏ ပြည့်မီအောင်စားပါ

မိမိတို့ မြန်မာလူမျိုးများ၏ အဓိက ပြဿနာကတော့ အသားများများ စားတတ်သည့်အကျင့်မရှိတာပါပဲ။ အသားစားပေးခြင်းက အဆာပိုခံပါသည်။ အသားသိပ်မစားကြတော့ ဗိုက်မပြည့်ကြ၊ ဗိုက်မပြည့်တော့ ထမင်းပိုစားမိ ကြပြီး ဆီးချိုက လည်းထိန်းမရ ဖြစ်သွားပါသည်။ အနည်းဆုံး နေ့လယ်စာ နှင့် ညစာမှာ အသား ငါးကျပ်သားစီ စားပေးဖို့လိုပါသည်။ ကြက်ဥအကာလည်း အလျဉ်းသင့်လျှင် သင့်သလို စားပေးသင့်ပါသည်။

(၆) ပာင်းအနှစ်ကို တတ်နိုင်သမျှရှောင်ပါ

လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ သို့သော် မြန်မာလူမျိုးဖြစ်နေတော့ မြန်မာပာင်းကတော့ စားချင်မှာပဲ ဆိုတော့ ချက်ကတည်းက ဆီလျှော့ချက်တာမျိုး၊ ထမင်းစားရင် အသားပဲ ရွေးခပ်စားတာမျိုး လုပ်ပေးပါ။ ခပ်လိုက်သည့် အသားတုံးမှာ ကပ်နေသော အနှစ်နည်းနည်းလေးဖြင့်သာ နယ်စားတတ်သည့် အကျင့်လုပ်ပါ။ ပာင်းအနှစ်ချည်း သပ်သပ် ခပ်စားတာမျိုး လုံးဝ မလုပ်သင့်ပါ။

(၇) အသီးစားနိုင်ပါသည်

ဆီးချိုဝေဒနာရှင်များတွင် အသီးလုံးဝ မစားရဘူးဆိုပြီး လွဲမှားနေတာတွေ တွေ့ရပါသည်။ တကယ်တော့ ဆီးချို ဝေဒနာရှင်များအနေဖြင့် အသီးစားနိုင်ပါသည်။ သို့သော် သတ်မှတ်ထားသည့် အသီးကို သတ်မှတ်ထားသည့်ပမာဏ စားပေးရန် လိုပါသည်။

ဥပမာ –

• ပန်းသီး အလုံးသေး တစ်လုံး၊

• လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊

• မာလကာသီး တခြမ်း၊

• ငှက်ပျောသီး တဝက်၊

• နှင်းသီး သုံးလုံး၊

• ကြက်မောက်သီး ၄ လုံး၊

• မင်းဂွတ်သီး ၄ လုံး၊

• ကျွဲကောသီး နှစ်စိတ်၊

• ပန်းသစ်တော် တခြမ်း၊

• သင်္ဘောသီး ၄ တုံး၊

• စပျစ်သီး အသေး ၁၅ လုံး၊ အကြီး ၇-၈ လုံး စသဖြင့် စားနိုင်ပါသည်။

မစားသင့်သည့် အသီးတွေကတော့ နာနတ်သီး၊ ဒူးရင်းသီး၊ ပျားလိမ္မော် စတာတွေ မစားသင့်ပါ။ ယခုပြောထားသည့် စားလို့ရသည့် အသီးများနှင့် ပမာဏ အတိအကျကို နေ့လယ်စာနှင့် ညစာစားပြီး ၁ နာရီခွဲလောက် ကြာမှ စားပေး ရပါမည်။ ထမင်း စားစားပြီးချင်း အချိုတည်းတယ်ဆိုပြီး ချက်ချင်း အသီးစားလိုက်ပါက ဆီးချို ချက်ချင်း တက်သွား နိုင်ပါသည်။

(၈) ကလီစာရှောင်ပါ

ဝမ်းတွင်းကလီစာတွေ ဖြစ်သည့် ကြက်အသည်း၊ ဝက်အသည်း၊ ဝက်အူ၊ အမဲအူ၊ ဝက်သားတုတ်ထိုး စတာတွေ မှာ ကိုလက်စထရော အရမ်းများသည့်အတွက် ရှောင်ရှားသင့်ပါသည်။ တစ်နေ့ကို ကိုလက်စထရော ၂၀၀-၃၀၀ mg ပဲ စားလို့ရပါသည် ဥပမာ- ကလီစာ တစ်မျိုးဖြစ်သည့် ဝက်ဦးနှောက် ဆိုရင် ၆ကျပ်သားမှာ ကိုလက်စထရော ၁၅၀၀ ကျော်ခန့် ပါပါသည်။ ဒါမျိုးဆို အရမ်း များပါသည်။ သွေးတွင်းကိုလက်စထရော အရမ်းတက် လာစေပြီး ဆီးချိုပါ ထိန်းမရဖြစ်တတ်ပါသည်။

(၉) ကြက်ဥအနှစ် ကို တစ်နေ့ ၁ လုံး ထက်ပို မစားမိပါစေနှင့်

ကြက်ဥ အနှစ် ၁ လုံးမှာ ကိုလက်စထရော ၁၈၀ mg ပါဝင်သည့်အတွက် တစ်ရက်တစ်လုံး ထက်မပိုသင့်ပါ။ အကာ ကတော့ ၄-၅ လုံး ထိစားလို့ရပါသည်။

(၁၀) ဆား ကို တစ်နေ့ လက်ဖက်စားဇွန်း ၁ ဇွန်းထက်မပိုပါစေနှင့်

အကယ်၍ ငံပြာရည်သုံးသည် ဆိုပါက တစ်နေ့လုံးကို ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ။ ပဲငံပြာရည် အကြည် သုံးရင်တော့ ထမင်းစားဇွန်း ၃ ဇွန်းထက် မပိုသင့်ပါ။ ယခုပြောထားသည့် အမျိုးအစားများအနက် တစ်နေ့ကို တစ်မျိုးသာ သုံးရမှာဖြစ်ပါသည်။

(၁၁) ဆီကို တစ်နေ့ ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ

ယခုလိုပြောသဖြင့် ပာင်း အနှစ် ၂ ဇွန်း ထည့်စားနိုင်သည်ဟု မဆိုလိုပါ။ ယခုပြောထားသည့် နှစ်ဇွန်းပမာဏသည် အရွက်ကြော်နှင့် အသားချည်းခပ်သည့်နေရာမှာ ကပ်ပါလာမည့် ဆီပမာဏ နှင့် တူတူပါပဲ။

ဒေါက်တာ ညီညီကျော်

သွေးတိုးတာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မည်ဆိုပါက အသက်အန္တရာယ် ထိခိုက် စေနိုင်ပါသည်။ သွေးတိုးသမားများ သိထားရန် လိုအပ်သည့် အန္တရာယ်ရှိသည့် လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါသည်။

ဘယ်လောက်ဆိုရင် သွေးတိုးနေပြီဟု ဆိုနိုင်လဲ

ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါသည်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg – 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နှင့် အောက်သွေးက 90 mmHg ဆိုရင်တော့ သွေးတိုးနေတာပါ။

ဒါကို တစ်ကြိမ်တည်း တိုင်းကြည့်ရုံဖြင့် သွေးတိုးရှိနေပြီဟု ဆုံးဖြတ်၍ မရပါ။ သေချာအောင် ဆေးရုံ၊ ဆေးခန်းများတွင် စနစ်တကျတိုင်းဖို့ လိုပါသည်။

သွေးတိုးသမားများ သိထားရန် လိုအပ်သည့် နောက်ဆက်တွဲပြဿနာများ

သွေးတိုး ရှိသည်ကို သေချာ ဂရုမစိုက်ဘူးဆိုလျှင် နောက်ဆက်တွဲ အနေဖြင့်

  • ရုတ်တရက် နှလုံးရပ်တာ

  • နှလုံးရောဂါ

  • လေဖြတ်တာတွေ ခံစားရနိုင်ပြီး အဆိုးဆုံးအနေဖြင့် အသက်ဆုံးရှုံးနိုင်ပါသည်။

သွေးတိုးသမားများ သိထားရန် လိုအပ်သည့် အန္တရာယ်ရှိသည့် လက္ခဏာများ

သွေးတိုးသမားတွေ ယခုလို လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါသည်။

  • သွေးပေါင်ချိန် 180/120 mmHg အထက်

  • ခေါင်းကိုက်မယ် (ပြင်းပြင်းထန်ထန် ကိုက်တာမျိုး)

  • အမြင်တွေ ဝေဝါးလာမည်

  • စိတ်ရှုပ်ထွေးမည်

  • စိုးရိမ်စိတ်တွေ များလာမည်

  • မအီမသာ ဖြစ်မယ်

  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်မည်

  • ဘာလက္ခဏာမှ မရှိဘဲ သွေးတက်နေမယ်ဆိုရင်လည်း ဆေးခန်းသွားဖို့ လိုပါသည်

သွေးတိုးကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် လက္ခဏာများ

  • အမြင်အာရုံ ဆုံးရှုံးမည် (ယာယီအားဖြင့် ဘာမှ မမြင်ရတော့တာမျိုး)

  • တက်မည်

  • သတိလစ်မည်

  • အသက်ရှူမြန်မည်

  • အော့အန်မည်

  • ခြေဆစ်လက်ဆစ်တွေ ဖောရောင်မည်။ ဒါတွေက မြင်သာသည့် လက္ခဏာတွေပါ။

အထက်ပါ လက္ခဏာတွေခံစားနေရလျှင် ဘာလုပ်သင့်သလဲ

သွေးတိုးရောဂါရှိတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အထက်ပါ လက္ခဏာတွေ ခံစားရသည့်အခါ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားသင့်ပါသည်။ ဒါတွေက အရေးပေါ် လက္ခဏာတွေ ဖြစ်ပြီး အခန့်မသင့်လျှင် အသက် အန္တရာယ် ဖြစ်သွားနိုင်ပါသည်။

ယခုလိုအချိန်မှာ အိမ်ကသွေးကျဆေးတွေ သောက်တာ၊ သွေးတိုးမြန်မြန်ကျအောင် မလုပ်သင့်ပါ။ ထိုအချိန်မှာ သွေးတိုးကို အမြန်ချတာက အန္တရာယ်ရှိသောကြောင့် တတ်သိနားလည်သည့် ဆရာဝန်ဖြင့် ပြသခြင်းသည် အကောင်းဆုံးပါ။

ကိုယ်တွင်းပိုင်းမှာ သွေးတိုးတာကြောင့် ထိခိုက်မှုများ

သွေးတိုးခြင်းက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက် ပျက်စီးနိုင်ပါသည်။ သွေးတိုးသည့်အခါ ပြင်းထန်သည့် လက္ခဏာများ အနေဖြင့် 

  • စိတ်တွေ ထွေပြားလာမည်

  • ဦးနှောက်ထဲ သွေးယိုမည် (ဦးနှောက် သွေးကြောပေါက်ခြင်း)

  • နှလုံးရပ်မည်

  • ရင်ဘတ်အောင့်မည်

  • အဆုတ်ထဲမှာ ရေဝင်မည်

  • ရုတ်တရက် နှလုံးရပ်မည်

  • ကိုယ်ဝန်သည်တွေမှာ ကိုယ်ဝန်ဆိပ်တက်မည် စတာတွေကို ခံစားရနိုင်ပါသည်။

သွေးတိုးရောဂါရှိသူတွေအနေဖြင့် မိမိ၏သွေးတိုးကို ပုံမှန်မတိုင်းဘူး။ သေချာမကုသဘူးဆိုပါက အထက်ပါ ပြဿနာတွေ ဖြစ်လာနိုင်သောကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရက်ချိန်းပုံမှန်ပြသခြင်းတို့ လိုအပ်ပါသည်။

Hello ဆရာဝန်

နှလုံးဆိုတာ လူ့ကိုယ်ခန္ဓာ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနှင့်ပတ်သက် ဆက်နွှယ်ပြီး ဖြစ်သည့်ရောဂါတွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်သူတွေလည်း ရှိကြသလို နှလုံးရောဂါ ဘယ်နှစ်မျိုးရှိလဲ။ ဘာတွေလဲဆိုတာ မသိကြသေးသည့်သူတွေ ရှိကြမည်ဟု ထင်ပါသည်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ။ 

ခန္ဓာ ဗေဒအရ နှလုံးတစ်ခုကို

  • နှလုံးကြွက်သား (cardiac muscle)

  • အဆို့ရှင် (valves)

  • သွေးပြန်ခန်း (atrium) နှစ်ခု

  • သွေးလွှတ်ခန်း (ventricles) နှစ်ခု

  • သွေးခန်းတွေကို ခြားထားသည့် အလယ်က ကြွက်သား

  • နှလုံးအပြင်ဘက်ကို ဖုံးထားပေးသည့် အလွှာပါး (pericardium)

  • နှလုံးသွေးကြော၊ (veins နှင့် artries) တို့အပြင် အခြားသွေးကြောတွေ အများကြီးဖြင့် ဖွဲ့စည်းထားတာပါ။ ဆိုတော့ အဲဒီနေရာတွေမှာဖြစ်သည့် ပြဿနာတိုင်းသည့် နှလုံးရောဂါဖြစ်စေသည့် အရာတွေပါပဲ။

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ဆိုတော့

Congenital heart disease (မွေးရာပါ နှလုံးရောဂါ ) 

အမေ့ဗိုက်ထဲမှာနေသည့် အချိန်တည်းက ဖွံဖြိုးမှု အပိုင်းမှာ တစ်စုံတရာ ချို့ယွင်းခဲ့သဖြင့် မွေးရာပါ နှလုံးရောဂါ ဖြစ်ရတာပါ။

  • နှလုံးသွေးခန်းတွေ ဆက်သည့်ကြားက ကြွက်သားလေးက ပိတ်မနေဘဲ အပေါက်ပါသောကြောင့် ဖြစ်ရသည့် ရောဂါ (Septal defects)

  • နှလုံးမှာ သွေးတွေ စီးဝင်သည့် ပြန်ထွက်သည့် အပေါက်တွေ ပိတ်နေတာ (Obstruction defects)

  • နှလုံးသွေးညှစ်အားမကောင်းသဖြင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ အပြည့်အဝ မရောက်တော့ဘဲ တစ်ကိုယ်လုံး ပြာလာသည့် ရောဂါ (Cyanotic heart disease) တို့သည် မွေးရာပါ နှလုံးရောဂါတွေပါ။

နှလုံးကြွက်သား မှာ ဖြစ်တတ်သည့် ရောဂါများ ( Cardiomyopathy)

နှလုံးကြွက်သား myocardium မှာ အများဆုံးဖြစ်သည့် ပြဿနာတွေပါ။

  • နှလုံးကြွက်သားတောင့်သွားတာ -Hypertrophic cardiomyopathy

  • ကြီးလာတာ -Dilated cardiomyopathy

  • ရှုံ့သွားတာ – Restrictive cardiomyopathy တို့သည် အများဆုံးဖြစ်တတ်သည့် နှလုံးကြွက်သားဆိုင်ရာ ပြဿနာ တွေပါ။ ၎င်းတို့ကိုဖြစ်စေသည့် အကြောင်းအရင်းတွေကို သေချာ မသိသော်လည်း အရက်ကြောင့်၊ ဆေးဝါး တချို့ကြောင့် ဖြစ်ရသည်ဟု ယူဆထားကြပါသည်။

နှလုံး အဆို့ရှင်မှာ ဖြစ်တတ်သည့် ရောဂါ (Heart valves disease)

နှလုံးနှင့် သွေးကြောများ ကြားထဲက သွေးများ အဝင်အထွက်လုပ်လျှင် အဖွင့်အပိတ်တာဝန်ကို ယူထားရသည့် အဆို့ရှင်လေးများသည် မွေးရာပါချို့ယွင်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုး ကြောင့်ပဲဖြစ်ဖစ်၊ သွေးတိုး ရောဂါကြော့င့် ဖြစ်ဖြစ် ပြဿနာတက်နိုင်သည့်အပြင် Endocarditis ဟုခေါ်သည့် ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်သည့်အခါမှာ အဆို့ရှင်လေးတွေ ထိနိုင်သလို rheumatic fever ကြောင့် နှလုံးထိသွားသည့် Rheumaticheart disease မှာလည်း အဆို့ရှင်လေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါသည်။

Coronary Artery Disease (CAD) (နှလုံးသွေးကြောများတွင် ဖြစ်တတ်သည့်ရောဂါ) 

အဖြစ်အများဆုံး နှလုံးရောဂါ တစ်ခုပါ။ အသက်အရွယ်ကြီးလာသောကြောင့် နှလုံးသွေးကြောများ  တောင့်လာတာ၊ အဆီတွေအစားများသဖြင့် သွေးကြောထဲ အဆီစုပြီး နှလုံး သွေးကြောကျဉ်းတာ၊ ဆေးလိပ်ကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ သွေးကြောတွေ ကျဉ်းသွားတာမျိုးတွေဟာ (CAD) ကို ဖြစ်စေရသည့် အကြောင်းအရင်းတွေပါ။ ယခုလိုသွေးကြောတွေ ကျဉ်းသွားတာကြောင့်

  • နှလုံးဆီကို သွေးရောက်တာနည်းသွားပြီး နှလုံးကြွက်သားပုတ်တာ (Ischemic heart disease)

  • နှလုံးအောင့်တာ (angina နှင့် myocardial infarction) တို့အပြင်

  • နှလုံးမှာရှိသည့် သွေးကြောတွေ အကုန်ပိတ်သွားသဖြင့် ရုတ်တရက် သေဆုံးခြင်း ဖြစ်နိုင်ပါသည်။

နှလုံးခုန် စည်းချက် မမှန်တာ

နှလုံးခုန် စည်းချက် မမှန်သည့် ရောဂါ တွေဖြစ်သည့်

  • Tachycardia (arrythemia) – နှလုံးခုန်မြန်ခြင်း

  • Bradycardia – နှလုံးခုန် နှေးခြင်း တို့သည် နှလုံးခုန် စည်းချက် မူမှန်သည့် ပြဿာနာတွေပါ။

နှလုံး အပြင်ဘက်ကို ဖုံးထားပေးသည့် အလွှာပါး (pericardium)

ဘက်တီးရီးယားကြောင့် pericardium ရောင်တာ၊ နှလုံးနှင့် pericardium ကြားထဲမှာ အရည်တွေ စုလာသဖြင့် ဖြစ်သည့် pericardial effusion တို့သည်လည်း ဖြစ်တတ်သည့် နှလုံး ရောဂါတွေပါ။

Heart failure ( နှလုံး ကိုယ်တိုင်က မခုန်နိုင်တော့တာ)

အပေါ်မှာပြောထားသည့် အကြောင်းအရာတွေ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်ပြီး နောက်ဆုံး အဆင့်မှာ နှလုံး လုံးဝ အလုပ် မလုပ်နိုင်တော့တာမျိုးပါ။ လုံးဝကို သွေးတွေ မညှစ်နိုင်၊ မခုန်နိုင်တော့လို့ နှလုံးဆီလည်း သွေးတွေ မရောက်၊ အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းကိုလည်း သွေးတွေ မရောက်နိုင်တော့ဘဲ လူလည်းမောလာ၊ အသက်ရှူရခက် လာတာ မျိုးပါ။

ဒါတွေကတော့ နှလုံးမှာဖြစ်တတ်သည့် ရောဂါအမျိုးအစားတွေပါ။ နှလုံးကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်လို အခြား သွေးတိုး၊ ဆီးချို၊ရောဂါ၊ စိတ်ဖိစီးမှု၊ အသက်အရွယ်၊ မိမိနေထိုင်စားသောက်သည့် ပုံစံများနှင့် သောက်နေသည့် ဆေးဝါး များ၏ ဘေးထွက်ဆိုးကျိုးများကနေ ယခုလို နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါသည်။

Hello ဆရာဝန်

လူ့ခန္ဓာကိုယ်သည် ကားတစ်စီးဆိုပါက နှလုံးသည် အင်ဂျင်နှင့်တူပါသည်။ လူတစ်ယောက်အသက်ရှင်ရန် အတွက် အဓိက မောင်းနှင်ပေးနေသည့်အရာသည် နှလုံးဖြစ်သည့်အတွက်နှလုံးကျန်းမာရေးသည် အရေးကြီးပါသည်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါသည်။ နှလုံးသည် လူတစ်ယောက်၏ ရင်ဘတ်အလယ်ပိုင်းနှင့် အဆုတ် နှင့်ကြားတွင် တည်ရှိပါသည်။ ပုံမှန်လူတစ်ယောက်၏ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားဖြင့် တစ်နေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ ခန့်ခုန်ပါသည်။ နှလုံး၏အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါသည်။ နှလုံး၏ကြွက်သားတွေက Contraction ဟုခေါ်သည့် ညှစ်ထုတ်ခြင်းနှင့် Relaxation ဟု ခေါ်သည့် လျော့ချခြင်းတို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးသည် ကောင်းစွာအလုပ်လုပ်ပါသည်။ သို့မှသာ နှလုံး ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပါသည်။

နှလုံး၏ကြွက်သားတွေကျန်းမာရန်အတွက် အောက်ဆီဂျင်ပါသည့်သွေးတွေလိုပါသည်။ ထိုသွေးကို ပို့လွှတ်ပေးနေ သည့် သွေးကြောတွေကို Right & Left Coronary arteries (ဘယ်/ညာ ကိုရိုနရီ သွေးကြောများ) ဟုခေါ်ပါသည်။ အဆိုပါသွေးကြောလေးများ ကျဉ်းသွားခြင်းကို နှလုံးသွေးကြောကျဉ်းသည်ဟု ခေါ်ဆိုပြီး နှလုံးနှင့်ပတ်သက်ပြီး လူတွေအဖြစ်များဆုံးရောဂါဖြစ်ပါသည်။

နှလုံးကျန်းမာရေးအတွက် မည်သို့ပြုမူနေထိုင်ရမလဲ 

နှလုံးကျန်းမာဖို့အတွက်အရေးကြီးဆုံးကတော့ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစားအသောက်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ဆိုတာကတော့ နှလုံးအတွက်မှမဟုတ်ဘဲ လူတစ်ယောက်အတွက်မဖြစ်မနေလိုအပ်သည့် အရာဖြစ်သဖြင့် လေ့ကျင့်ခန်း လုပ်ရန် တိုက်တွန်းခဲ့ပါသည်။ သို့သော် နှလုံးအတွက်ကတော့ လေ့ကျင့်ခန်းအပြင်းစားကြီးတွေမလိုပါ။ ကခုန်ခြင်းနှင့် လမ်းမှန်မှန်လျှောက်ခြင်းသည် နှလုံးသွေးလည်ပတ်မှုစနစ်ကို အထောက်အကူဖြစ်စေပါသည်။

အဓိကကတော့ အစားအသောက်ပါပဲ။ နှလုံးသွေးကြောကျဉ်းတာ ၊ နှလုံးနှင့် ဆက်စပ်သည့်ရောဂါတွေဖြစ်လို့ ဆေးခန်း သွားပြသည့်အခါ ဆရာဝန်အများစုက သင့်ကိုဘာတွေအများဆုံးစားသလဲလို့မေးကြမှာပါ။ အဲ့ဒါကြောင့် နှလုံး ကျန်းမာရေး အတွက် ရှောင်ရမည့်အစားအစာများနှင့် စားရမည့် အစားအစာတွေကို တွဲဖက်တင်ပြပေးလိုက်ပါသည်။

ကိုလက်စထရောကိုရှောင်ပြီး / အနီရောင်ကိုဆောင်ပါ

ကိုလက်စထရောသည် သွေးကြောများကို ဒုက္ခအပေးဆုံးပါ။ ထို့ကြောင့် အစားအစာ စားသောက်သည့် အခါတိုင်းမှာ ကိုလက်စထရောပါဝင်မှုနည်းသည့် အစားမျိုးကိုရှောင်ပြီး ကရိုတီနွိုက်ဓာတ်နှင့် အင်တီအောက်ဆီးဒင့်ဓာတ်များ ပါဝင်သည့် စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊ စပျစ်သီးတွေကို များများစားပေးပါ ။ အဆိုပါအစားစာများသည် ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးသည့်အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်သောကြောင့် နှလုံးရောဂါသည်များအတွက် အကောင်းဆုံး အာဟာရ ဟု ဆေးပညာရှင် တချို့က ဆိုပါသည်။

ဆိုဒါကိုရှောင်ပါ / ဟင်းခတ်အမွှေးကြိုင်သုံးပါ

ဆိုဒါသည် သကြားဓာတ်အလွန်ပါသောကြောင့် အဝလွန်ပြီး နှလုံးရောဂါကိုပါဖြစ်ပွားစေနိုင်ပါသည်။ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ရောဂါတချို့ကို တိုက်ထုတ်ပေးနိုင်သည့် အစွမ်းရှိပါသည်။ ဟင်းလျာ တခုခု ချက်ပြုတ် သည့်အခါမှာ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်းစသည့် ဟင်းခတ် အမွှေးအကြိုင်တွေကို သုံးပေးတာ နှလုံးအတွက်သင့်တော်ပါသည်။

Ready-made သစ်သီးဖျော်ရည်ကိုရှောင်ပါ / လတ်ဆတ်သည့် သစ်သီးဖျော်ရည်ကိုဖျော်သောက်ပါ

ဆိုလိုရင်းကတော့ Ready – made သစ်သီးဖျော်ရည်များနှင့် ဖျော်ရည်အဆီတွေကို မသောက်စေချင်တာပါ။ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို အသီးချည်းပဲဖျော်သောက်ခြင်းက အကောင်းဆုံးပါပဲ။

Fast food နှင့် sausage တွေကိုရှောင်ပါ / မပြည့်ဝသည့် ဆီကိုစားပါ

အသင့်စား အစားအစာများနှင့် တာရှည်ခံအောင်ပြုလုပ်ထားသည့် ဝက်အူချောင်း၊ကြက်အူချောင်းများတွင် ဆိုဒီယမ် နှင့် ဓာတုပစ္စည်းများကိုလွန်ကဲစွာသုံးထားပါသည်။ ထို့ကြောင့်ရှောင်ကိုရှောင်သင့်ပြီး တခြားအစားအသောက် ချက်ပြုတ်ရာမှာလည်း ထောပတ်၊ မာဂျရင်း၊ စားအုန်းဆီတို့ကိုရှောင်သင့်ပါသည်။ ဆီနှင့်ပတ်သက်ရင် ပဲဆီ ၊ နှမ်းဆီ ၊ သံလွင်ဆီ ကဲ့သို့ မပြည့်ဝဆီမျိုးကိုသာ သုံးသင့်ပြီး ငါးကြီးဆီများများပါသည့် ငါးများကိုစားသုံးခြင်းဖြင့် သင့်နှလုံးကို အမြဲကျန်းမာနေစေမှာပါ။

ထိုအချက်သည် နှလုံးကျန်းမာရေးအတွက် အရေးကြီးသည့် အစားအသောက်နှင့် နေထိုင်မှုပုံစံဖြစ်ပြီး မိမိကိုယ်ကို ကျန်းမာရေးနှင့် သင့်တော်အောင် ရွေးချယ်ချက်ပြုတ်စားသောက်နိုင်ပါသည်။ ထို့အပြင် ခါးမှာအဆီတွေ စုလာပြီ ဆိုပါက နှလုံးအတွက်အန္တာရယ်ရှိသောကြောင့် ကိုယ်အလေးချိန်ကိုမဖြစ်မနေလျှော့ချရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ အချက်များ အားလုံးထက်ပိုပြီးထိရောက်သည့် အရေးကြီးဆုံးအချက်တစ်ချက်လည်း ကျန်ပါသေးသည်။ ဆေးလိပ်သောက်သူဆိုရင်ဆေးလိပ်ဖြတ်လိုက်ဖို့ပါပဲ။ ဆေးလိပ်ဖြတ်ခြင်းသည် နှလုံး ၊ အဆုတ် တင်မက လူတစ်ကိုယ်လုံး အတွက်ကောင်းပါသည်။ သင်တစ်ယောက်တည်းအတွက်တောင်မဟုတ်၊ သင့်မိသားစုနှင့် သင့်ပတ်ဝန်းကျင် လေထု အတွက်လည်း ကောင်းပါသည်။ သင်သည် မည်သည့်နှလုံးအားဆေးမှသောက်စရာမလိုဘဲ ဆေးလိပ်လေးဖြတ်လိုက် ရုံဖြင့် သင့်နှလုံးသည် မူလထက် သုံးပုံတစ်ပုံပိုကျန်းမာသန်စွမ်းသွားပါသည်။

နှလုံးကျန်းမာရေးနှင့်ပတ်သက်ပြီး အကြမ်းဖျဉ်းဆောင်ရန်၊ရှောင်ရန်လေးတွေကတော့ ဒီလောက်ပါပဲ။

မိဘပြည်သူများအားလုံးနှလုံးနှင့်ပတ်သက်ပြီး ဂရုတစိုက်ဆင်ခြင်စားသောက်နေထိုင်ခြင်းဖြင့် ကိုယ်စိတ်နှလုံး အမြဲ ကျန်းမာရွှင်ပြုံးနိုင်သည့် ဘဝလေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း အာရှတော်ဝင်ကနေ ဆုတောင်းဂါရဝပြုလိုက် ပါသည်။

ASIA Royal Hospital

ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့်   မှတ်တမ်းထားရှိရေးကို  လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

အရည်အသွေးမြင့်ငါးမျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်းနှင့် မျိုးဗီဇမြှင့်ငါးမျိုးစိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း နှင့်သုတေသနပြုသားဖောက် မွေးမြူထုတ်လုပ်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရေချိုရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန်  ဌာန၊ ပုဂ္ဂလိကနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီထွေမှုရှိသော ငါးမျိုးစိတ်များနှင့်မွေးမြူရေးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တောင် အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန အဖွဲ့ဝင်နိုင်ငံများ၏ လာမည့် ၂၀၃၀ ပြည့်နှစ်တိုင် ၁၀ နှစ်တာ ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များထဲမှ သားဖောက်မည့်မျိုးငါး၊ မျိုးပုစွန် (Breeder or Broodstock) များ မျိုးဗီဇကောင်းမွန်စေရေး၊ အရည်အသွေးကောင်းသော ငါး၊ ပုစွန်သားပေါက်များထုတ်လုပ်သည့် ပုဂ္ဂလိကနှင့် အစိုးရသားဖောက်စခန်းများ တည်ထောင်ခြင်း၊ မျိုးဗီဇမြှင့်ထားသော ငါး၊ ပုစွန်များကိုသေချာစွာထိန်းသိမ်းဖြန့်ဖြူး၍   ၎င်းနှင့်ပတ်သက်သောနည်းပညာနှင့် မျိုးပွားနည်းသစ်များကိုဖြန့်ဝေခြင်း၊ သဘာဝရေပြင်မှ သားပေါက်နှင့် မျိုးငါးများကို တာဝန်သိစိတ်ဖြင့် စုဆောင်းအသုံးပြု၍ သီးသန့်ရောဂါကင်းသော ငါး၊ ပုစွန်သားပေါက်များ(Specific Pathogen Free-SPF)ထုတ်လုပ်ရန်နှင့် ပိုမိုကောင်းမွန်သောသားဖောက်ရုံစီမံမှုကျင့်စဉ်(Better Hatchery Management)ဆိုင်ရာ   မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်ခြင်း၊ တစ်နိုင်တစ်ပိုင်   သားပေါက်ထုတ်လုပ်သူများကို ကျန်းမာသန်စွမ်းသောမျိုးငါးများအသုံးပြုရန်  အားပေးခြင်း၊ မွေးမြူရေး ရေသတ္တဝါများ  ဇီဝလုံခြုံမှုတိုးတက်ကောင်းမွန်စေရန် မျိုးထိန်းသိမ်းခြင်း၊ အသေးစား ငါးသားဖောက် ရုံများနှင့် အသေးစားငါးမွေးမြူသူများမှ ကျန်းမာသန်စွမ်းသော မျိုးငါး၊ မျိုးပုစွန်များရယူအသုံးပြု၍ အရည်အသွေးကောင်း သားပေါက်များထုတ်လုပ်စေခြင်း၊ ပြည်ပငါး၊ ပုစွန်မျိုးစိတ်များမွေးမြူခြင်းဆိုင်ရာ ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းနှင့် အဆိုပါမျိုးစိတ်များ ပြင်ပရေပြင်သို့ လွတ်ထွက်မသွားရန် ကာကွယ်တားဆီးသည့်အစီအမံများချမှတ်လုပ်ဆောင်ခြင်း၊ သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးကွဲမှုကို ထိခိုက်စေနိုင်မှုများကိုကာကွယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၌ မျိုးဗီဇပြောင်းထားသောရေသတ္တဝါမျိုးနှင့် အစာများအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သုတေသနများနှင့် ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းတို့   ပါဝင်ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အာရှ-ပစိဖိတ်ဒေသတွင်း ငါးမွေးမြူရေးဗဟိုဌာနများဆိုင်ရာ ကွန်ရက် (NACA)မှ မျိုးဗီဇနှင့် ဇီဝမျိုးကွဲမှုအစီအစဉ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရေသတ္တဝါများ မျိုးဗီဇအရင်း အမြစ်ဆိုင်ရာ သိပ္ပံနည်းကျဗဟုသုတများ ကောင်းမွန်တိုးတက်လာစေရန်၊ ဇီဝမျိုးကွဲမှုနှင့် သဘာဝဒေသ ငါးမျိုးများအား ထိခိုက်သက်ရောက်မှု အနည်းဆုံးဖြစ်ရေး  တာဝန်သိစိတ်ဖြင့် အသုံးပြုရန်၊ အပြည်ပြည် ဆိုင်ရာ သဘောတူညီမှုများအောက်ရှိ ၎င်းတို့၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးများတိုးတက်ကောင်းမွန်စေရန်၊   တည်ရှိပြီးသော ရေသတ္တဝါမျိုးများ၏ မျိုးဗီဇလက္ခဏာများ သတ်မှတ်ဖော်ထုတ်ခြင်း၊ မျိုးဗီဇဆိုင်ရာနည်းပညာအသစ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊  ဒေသရင်း မဟုတ်သော ပြည်ပငါးမျိုးစိတ်များ၏ မျိုးဗီဇကွဲပြားခြားနားမှုအကဲဖြတ်ဆန်းစစ်ရန်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုမျိုးများအတွက် သတင်းအချက်အလက်များစုဆောင်းရန် ဒေသတွင်း ဆိုင်ရာအချက်အလက်များအား Database ထူထောင်ပေးခြင်း၊ မော်လီကျူလာ နည်းပညာ အသစ်များ၊ နည်းလမ်းများနှင့် မဟာဗျူဟာများအသုံးချခြင်းနှင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ စီမံခန့်ခွဲခြင်း ဆိုင်ရာလူ့စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးစိတ်သစ်များ၊ တန်ဖိုးရှိဗီဇအရင်း အမြစ်များ ကိုရှာဖွေရန် ရေသတ္တဝါများမျိုးဗီဇအရင်းအမြစ်များလက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ တိုင်းရင်းငါးမျိုး များ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်သိမျိုးဗီဇ Germplasm များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်း သောမျိုးပွားထုတ်လုပ်ခြင်းနှင့် ရရှိလာသည့်အကျိုးအမြတ်များကို မျှဝေခြင်းအတွက် စီမံပေးခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ  ဖွံ့ဖြိုးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက်လုပ်ငန်းစဉ်များကို လိုက်နာအကောင် အထည်ဖော်ဆောင်ရေးအားသိရှိနိုင်ရန်၊ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအတွက် ရေနေသတ္တဝါမျိုးဗီဇ အရင်းအမြစ်များဆိုင်ရာ  နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ၂၃ ရက်အထိ  ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏မွေးမြူရေးပြုလုပ်နေသော ရေသတ္တဝါများနှင့် ၎င်းရေ သတ္တဝါများနှင့်ဆက်စပ်သော  သဘာဝရေပြင်ရှိ   မျိုးစိတ်များ၏   သတင်းအချက်အလက်များ  ဆွေးနွေးခဲ့သည်။

ရေသတ္တဝါမွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်မွေးမြူနိုင်ရေးသည် အခြေခံကျသောအချက်ဖြစ်သကဲ့သို့ အဆိုပါရေသတ္တဝါများသည် ပတ်ဝန်းကျင်ရာသီဥတုနှင့်လိုက် လျောညီထွေမှုရှိပြီး ရှင်သန်ထုတ်လုပ်နိုင်မှု ကောင်းမွန်ရန်လည်းလိုအပ်သည်။ ထို့ကြောင့် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ငါး၊ ပုစွန် မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေးသည် ငါးမွေးမြူရေးလုပ်ငန်းအတွက် အဓိကကျသောလိုအပ်ချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အများစုမွေးမြူထုတ်လုပ်သော ငါးမျိုးများသည် ပြည်တွင်း၌ လုံလောက်စွာထုတ် လုပ်နိုင်သော်လည်း ရေချို၊ ရေငန် ပုစွန်မျိုးများမှာလုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်ပကိုမှီခိုနေရ သေးသဖြင့် အဆိုပါမျိုးများရရှိနိုင်ရန် ကုန်ကျစရိတ်မြင့်မားခြင်း၊ မွေးမြူသူများ အလွယ်တကူရရှိနိုင်ရန် ခက်ခဲခြင်းစသည့်အခက်အခဲများကို တွေ့ကြုံနေကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ၁၉၆၇ ခုနှစ်မှ စတင်၍ ဒေသရင်းငါးမျိုးဖြစ်သည့်  ငါးမြစ်ချင်း  ငါးမျိုးအား အောင်မြင်စွာ ဆေးထိုးသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး နောက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပေးနိုင်ခဲ့သဖြင့် ငါးမွေးမြူရေးလုပ်ငန်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ သည်။ ယနေ့ဆိုလျှင် မွေးမြူရေးရေချိုငါးများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ငါးမျိုးစိတ် ၁၂ မျိုး သားဖောက်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ငါးများကို နှစ်ကာလကြာမြင့်စွာမျိုးရိုးစဉ်ဆက်အလိုက်သားဖောက်ထုတ်လုပ်ခြင်းကြောင့်   မျိုးဗီဇနည်းပညာအရ မျိုးနိမ့်ကျလာပြီး မွေးမြူရာ၌ ကြီးထွားနှုန်းနှေးလာခြင်း၊ အရောင်အသွေးညံ့ဖျင်းခြင်းစသည့်အားနည်းချက်များဖြစ်ပေါ်လာသည်။  အကျိုးဆက်အနေဖြင့်  မျိုးညံ့သောငါးမျိုးများမွေးမြူပါက မွေးမြူကာလကြာမြင့်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားပြီး ရင်းနှီးကုန်ကျမှုမြင့်လာသဖြင့် ငါးမွေးမြူရာ၌ ရေရှည်တွင် စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးမှုများကြုံတွေ့ရလျက်ရှိသည်။   နိုင်ငံတော်၏ငါးမွေးမြူ ရေးထုတ်လုပ်မှုပိုမိုတိုးတက်၍ ငါးမွေးတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက်  ငါးမြစ်ချင်း ငါးမျိုးဗီဇမြှင့်တင်ရေးလုပ်ငန်းအား ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းတို့မှတတ်သိပညာရှင်များဖြင့်ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ ငါးမြစ်ချင်း ငါးမျိုးဗီဇများ တိုးတက်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများမှ ငါးမြစ်ချင်းငါးမျိုးများစုဆောင်းခြင်း၊ မျိုးစပ်သားဖောက်ရန် သားဖောက်ခြင်းအစီအစဉ်များ (Breeding Programme)နှင့် လမ်းညွှန် (Guideline) များရေးဆွဲပြီး    တိုင်းဒေသကြီး/ပြည်နယ်များရှိငါးလုပ်ငန်းစခန်းများသို့ ကွင်းဆင်းပညာပေးခြင်းတို့ဆောင်ရွက်ခဲ့သည်။

ထို့အတူ  ထုတ်လုပ်မှုကောင်းမွန်သောနိုင်ငံခြားငါးမျိုးဖြစ်သည့် တီလားဗီးယားငါးမျိုးအား ရောဂါနှင့်ရာသီဥတုဒဏ်တို့ကိုခံနိုင်ရည်ရှိပြီး ကြီးထွားနှုန်းကောင်းသည့် မျိုးဗီဇမြင့်တီလားဗီးယား ငါးမျိုးများ(Genetically Improved Farmed Tilapia-GIFT)ကို ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ကြီးထွားနှုန်းမြန်ဆန်ကောင်းမွန်သော တီလားဗီးယားအထီးသီးသန့်မွေးမြူခြင်းအတွက် သားပေါက်အရွယ်တွင် ဟော်မုန်းဖြင့်ဖော်စပ်ထားသော အစာကျွေးခြင်းဖြင့်

လည်းကောင်း၊ မျိုးဗီဇပိုင်းဆိုင်ရာ မျိုးစပ်ယူခြင်းဖြင့်လည်းကောင်း တီလားဗီးယားအထီး သီးသန့်သားပေါက်များကိုသားဖောက်ထုတ်လုပ်ကြသည်။ ထိုကဲ့သို့ အဆင့်မြင့်နည်းပညာများဖြင့် မျိုးစပ်သားဖောက်ခြင်းများတွင် Genetically Improved Farmed Tilapia (GIFT) တီလားဗီးယားငါးမျိုးသည် အာရှဒေသအတွက် မျိုးမြှင့်ထားသော နိုင်းတီလားဗီးယားငါးမျိုးတစ်မျိုးဖြစ်ပြီး အခြားသောတီလားဗီးယားငါးမျိုးများနှင့် နှိုင်းယှဉ်ပါက ကြီးထွားနှုန်း ၈၅ ရာခိုင်နှုန်း  ပိုမိုမြန်ပြီး ရှင်သန်နှုန်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟု သိရှိရသည်။ အချို့သော သုတေသနပြုချက်များအရ GIFT တီလားဗီးယားငါးမွေးမြူခြင်းသည် စျေးကွက် အရွယ်ဝင်ထိ မွေးမြူရာ၌ ထုတ်လုပ်မှုကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း ဆိုထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏  တီလားဗီးယားစျေးကွက်၌ GIFT တီလားဗီးယားမျိုးမှာ၂၅ ရာခိုင်နှုန်း ရရှိထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌လည်း GIFT တီလားဗီးယားမျိုးကို မွေးမြူစမ်းသပ်ချက်အရ ၎င်းတို့ရှိ တီလားဗီးယားငါးမျိုးများထက် ကြီးထွားနှုန်း ၁၈ ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၌ အများဆုံးမွေးမြူကြသော တီလားဗီးယားငါးမျိုးဖြစ်သည့် Tilapia niloticus ငါးမျိုးဖြစ်သည်။ တီလားဗီးယားငါးမျိုးအား မြန်မာ့ရေလုပ်ငန်း၊ ငါး

လုပ်ငန်းဦးစီးဌာနတို့မှ ၁၉၅၃၊ ၁၉၇၈၊ ၁၉၈၀ ကာလ များအပြင် နောက်ပိုင်းကာလများတွင်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ အကြိမ်ကြိမ်တင်သွင်း၍ သားဖောက်ပြီး ကျေးလက်တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်ဖြန့်ဖြူးခဲ့သည်။ သို့သော်  တင်သွင်းလာသောတီလားဗီးယားငါးမျိုးများအား မျိုးရင်းထိန်းခြင်း၊ မျိုးမြှင့်တင်သားဖောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့်အစီအမံကောင်းများဆောင်ရွက်မှုအားနည်းခဲ့သဖြင့်  ကြီးထွားနှုန်းကောင်းမွန်သော တီလားဗီးယားငါးမျိုးများ အလုံအလောက်ထုတ်လုပ်နိုင်မှုမရှိခဲ့ပါ။     

ငါးလုပ်ငန်းဦးစီးဌာနမှ World Fish Center Myanmar နှင့်ပူးပေါင်း၍ စီမံကိန်းအစီအစဉ်ဖြင့် မလေးရှားနိုင်ငံ World  Fish Center မှ ကြီးထွားနှုန်းကောင်းမွန်သည့်မျိုးဗီဇမြှင့်ထားသော တီလားဗီးယား(Genetically Improved Farmed Tilapia- GIFT)ကိုတင်သွင်းပြီး ကောင်းမွန်စနစ်ကျသော မျိုးထိန်းသိမ်းမွေးမြူသားဖောက်မှုအစီအမံများဖြင့် ကျေးလက်အသေးစားငါးမွေးတောင်သူများအတွက် ဖြန့်ဖြူးပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် FAO မှ ငါးလုပ်ငန်းဦးစီးဌာနဖြင့်ပူးပေါင်း၍  တရုတ်နိုင်ငံမှ GIFT တီလားဗီးယားငါးမျိုးများတင်သွင်းပြီး ကောင်းမွန်သောမျိုးထိန်းသိမ်းမှုစနစ်ဖြင့်သားဖောက်၍ ငါးမွေးတောင်သူများကို   ဖြန့်ဖြူးခဲ့သည်။ ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၏ပံ့ပိုးမှုဖြင့် Royal Thai Tilapia တီလားဗီးယားမျိုးကို၂၀၁၇ ခုနှစ်တွင် နောက်ဆုံးတင်သွင်းခဲ့ပြီး မျိုးရင်းများကို ထိန်းသိမ်းခြင်းနှင့် သားဖောက်ဖြန့်ဖြူးပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအရနှင့်မွေးမြူရေးအတွက် သင့်လျော်သော ရေငန်ငါးမျိုးများ ဥပမာ-ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကဘီလူးငါးနှင့် ငါးတိန်းမျိုးများရှိသည်။ ဤငါးမျိုးများအနက် ကျောက်ငါးနှင့် ကကတစ်ငါးမျိုးများသည် တန်ဖိုးမြင့်မားကြောင်းတွေ့ရှိရပြီး ပုဂ္ဂလိကကုမ္ပဏီ သုံးလေးခုမှ ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့်မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။

သို့သော် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာလိုအပ်ချက်များရှိနေသေးကြောင်းကို တွေ့ရှိရသည်။ မွေးမြူရန်အတွက်   လိုအပ်သောငါးမျိုးများအားသဘာဝမှစုဆောင်းရယူနေရသည်။

ယခုအခါတွင် ကမ္ဘာပေါ်တွင် သဘာဝမှ ငါး၊ ပုစွန်သားပေါက်များရရှိမှု လျော့နည်းလာခြင်းအတွက်မွေးမြူရေးအပိုင်းကို အားစိုက်ပြီးကြိုးစားဆောင်ရွက်လာကြသည်။ ယခင်က အရှေ့တောင်အာရှဒေသရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့တွင် ဒေသရင်းမျိုးစိတ်ဖြစ်သော ကျားပုစွန် (Penaeus monodon) ကို မွေးမြူကြသည်။ ၂၀၀၃ ခုနှစ် လောက်တွင် ထိုင်းနိုင်ငံ ပုစွန်မွေးမြူရေးလောကတွင် White Spot Syndrome Virus  (WSSV) ရောဂါကျ ရောက်ခြင်းကြောင့် မွေးမြူနေသောမျိုးစိတ်အမယ်သစ်ဖြစ်သောပုစွန်ဖြူ(Litopenaeus vannamei)ကိုပြောင်းလဲမွေးမြူခြင်းဖြင့် ထုတ်လုပ်မှုပြန်လည်တိုးတက်လာသည်။ ပုစွန်မွေးမြူသောနိုင်ငံများသည် ပုစွန်မွေးမြူထုတ်လုပ်မှု   ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လာကြသည်။ 

မြန်မာနိုင်ငံ  ရေချိုပုစွန်မွေးမြူရေးတွင်လက်ရှိမွေးမြူနေသော ဒေသရင်းမျိုးစိတ်မှာ ရေချိုပုစွန်တုပ်ကြီး (Macrobrachium rosenbergii) ဖြစ်သည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးသည် လက်မနှင့်ခေါင်းပိုင်းတိုပြီး   ကိုယ်ထည်ပိုရှည်ကာ  အရောင်အသွေးလည်းလှသည်။  ရေချိုပုစွန်အသားတိုးမွေးကန်များမှ ပြည်တွင်းဝယ်လိုအားမြင့်မားနေမှုကြောင့် ပြည်ပမှရေချိုပုစွန်သားပေါက်များတင်သွင်းလာခဲ့ကြသည်။ အများစုမှာ  ထိုင်းမျိုးဖြစ်ပြီး ဗီယက်နမ်မျိုးကို  အစောပိုင်းမှာတင်သွင်းပြီး နောက်ပိုင်းတင်သွင်းမှုမရှိတော့ပါ။ ယနေ့အထိ ထိုင်းမျိုးစိတ်ကိုသာ တင်သွင်းလာကြသည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးကို မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးအတွက်  မျိုးမြှင့်ခြင်းလုပ်ငန်းကိုလည်း   လုပ်ဆောင်သင့်ကြောင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးနိုင်မှသာ  ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး စဉ်ဆက်မပြတ်ထုတ်လုပ်မှုရှိနေမည်ဖြစ်သည်။

မိမိတို့နိုင်ငံအတွက်ဒေသနှင့်လျော်ညီပြီးထုတ်လုပ်မှုမြင့်မားသည့်မျိုးကောင်းမျိုးသန့်ငါး၊ ပုစွန်ကိုယ်ပိုင်မျိုးများထုတ်လုပ်နိုင်ရေးအတွက် ဒေသမျိုးရင်း/ မျိုးစစ်များအား စနစ်တကျထိန်းသိမ်းခြင်း၊ မှတ်တမ်းများထားရှိခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးဗီဇမြှင့်တင်ရွေးချယ်သားစပ်ကာလိုအပ်သောမျိုးရရှိအောင် သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာသုတေသနပြုခြင်းတို့အားဆောင်ရွက်ပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဒေါက်တိုင်တစ်ခုဖြစ်သည့်မျိုးမြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါမျိုးထိန်းခြင်း၊   မျိုးမြှင့်သားစပ်ခြင်း၊ ကိုယ်ပိုင်မျိုးသစ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်းများသည် ကာလရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့်   နိုင်ငံ၏ရေသတ္တဝါမွေးမြူရေး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကျေးဇူးရရှိလာမည်ဖြစ်သည်။ အဆိုပါနိုင်ငံနှင့်ကိုက်ညီသည့် ငါးပုစွန်မျိုးကောင်းမျိုးသန့်များကိုထုတ်လုပ်နိုင်ခြင်းဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက် ထုတ်လုပ်မှုများ မြင့်မားလာခြင်း၊ နိုင်ငံခြားမှ သားပေါက်နှင့်မျိုးများတင်သွင်းဝယ်ယူရမည့်ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။    ။

MWD Web Portal

ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)