ဝလာသူများတွင် ဝခြင်းအကြောင်းရင်းခံ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး ဝလာသူ၊ မျိုးရိုးအလိုက် ဝသူဖြစ်ပြီး နောက်တစ်မျိုးမှာ အသက် ၄၀ ကျော်၊ ၅၀ အတွင်းမှ ဝလာသူ (လေဝဟုခေါ်သည်)များဖြစ်သည်။
မျိုးရိုးအလိုက် ဝသူ၊ အဆီတိုးပြီ ဝလာသူများမှာ ကိုလက်စထရောတက်သည်ဟုဆိုသော်လည်း ကောင်းသည့်ကိုလက်စထရော (HDL) များနေလျှင် ဝသော်လည်း ကျန်းမာနေမည်၊ စားနိုင်၊ သွားနိုင်၊အိပ်ပျော်၊ ဝမ်းမှန်ဖြစ်နေတတ်သည်။
အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေးချူချာတတ်သည်။မျက်နှာနှင့် လက်ချောင်းများတွင် မဝဘဲ ဗိုက်စူထွက်လာသဖြင့် ဝလို့၊ လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက်နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်က သိသိသာသာစူထွက်ပြီး ကြည့်မကောင်းဖြစ်တတ်သည်။ ဘီယာဗိုက်ဟု ခေါ်ကြသည်။ စည်ဘီယာအသောက်များသူများတွင် ထိုသို့ဖြစ်တတ်သောကြောင့်ဖြစ်သည်။
အမှန်မှာ ညနေစောင်းနှင့် ညအချိန်မတော် စားရာမှ ဝမ်းဗိုက်နှင့် အူမကြီးတွင် အစာများစုပုံကာ အူမကြီးတွင် လေပွပြီး ဗိုက်စူထွက်လာခြင်းဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍သက်သာသွားတတ်သည်။
လေဝ ဝသူများ၏ အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒံပေါက်၊အကြော်အလှော်၊ အကင်များစားသည့်နေ့တွင် အစာမကြေဖြစ်ပြီး ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။
ဝမ်းချုပ်သောအခါ ဗိုက်ကပို၍ စူလာပြီး အသက်ရှူမဝသောရောဂါဖြစ်တတ်သည်။
ဗိုက်စူ၊ဝမ်းချုပ်သူများအတွက်အကောင်းဆုံးဓာတ်စာမှာ သင်္ဘောသီးမှည့်ဖြစ်သည်။
ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့်တစ်ခြမ်းခန့်စားပေးခြင်းဖြင့် ဝမ်းမှန်၊လေသက်ကာ ဝမ်းဗိုက်စူခြင်းကို သက်သာစေနိုင်သည်။ သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ ဝမ်းချုပ်ခြင်းနှင့် စမြင်းခံခြင်းကို သက်သာစေသဖြင့် လိပ်ခေါင်းရှိသူများအတွက်ပါအဆင်ပြေစေနိုင်သည်။
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၌ သင်္ဘောပင်များကိုအမြောက်အမြား စိုက်ပျိုးပြီး ပင်စည်မှအစေးကို ရော်ဘာအစေးထုတ်သကဲ့သို့ထုတ်ယူကာ အစာအိမ်ရောဂါပြင်းထန်သူများနှင့် အနာရှိသူများအတွက် ဆေးဝါးသစ်တစ်မျိုး ထုတ်လုပ်နိုင်ရန် သုတေသနပြုနေသည်။
သင်္ဘောသီး၏အညှာမှ အစေးသည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုသည်။ အရေပြားအက်ကွဲသည့် အနာနှင့်ရောင်ရမ်းသောနေရာများတွင် အစေးကို သုတ်လိမ်းပေးရမည်ဟုဆိုသည်။
သင်္ဘောရွက်နှင့် သင်္ဘောရိုးတံများကိုလည်း ပြုတ်ပြီး အရည်သောက်လျှင် ကင်ဆာရောဂါ ပျောက်ကင်းသည်ဟု ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့၌သုတေသနပြုလျက်ရှိသည်။
သင်္ဘောသီးဝယ်လျှင် ဆိုးဆေးဖြင့်မှည့်အောင်ပြုလုပ်ထားသောအသီးများကိုရှောင်ပါ။ ပင်မှည့် သို့မဟုတ် အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်မှစားလျှင် စိတ်အချရဆုံးဖြစ်သည်။
လေဝ ဝပြီး ဝမ်းချုပ်သူများသည်အနေတော်သင်္ဘောသီးမှည့်ကို ထက်ခြမ်းခြမ်းပြီး အစေ့များဖယ်ရှားကာ အတွင်းမှ ဝင်းဝါသောအသားကို ဇွန်းဖြင့်ခြစ်စားခြင်းသာ အကောင်းဆုံးဖြစ်သည်။
အခွံသင်၊ ရေဆေးပြီး အတုံးငယ်များ ပြုလုပ်၍စားလျှင် ဆေးစွမ်းအာနိသင်ရှိသောအစေးများ ရေနှင့်ပါသွားနိုင်ပါသည်။
ဝမ်းချုပ်သူများသည် တစ်ခါတစ်ရံအပူအထက်သို့ကန်ပြီး ပါးစပ်နှင့်ပါးစောင်တွင် အပူနာများ ပေါက်လေ့ရှိသည်။ သွားဖုံးတွင် အနာစက်များပေါက်ပြီး ရေစီးကမ်းပြိုဟုခေါ်သော အနာဖြစ်သူများပါ တွေ့ဖူးသည်။ ပါးစောင်နာနှင့် သွားဖုံးနာများအတွက် သင်္ဘောသီး မှည့်သည် ဆေးဖက်ဝင်သည်။
ရှေးတိုင်းရင်းမြန်မာ ဆေးဆရာကြီးများက သင်္ဘောသီးသည် အလယ်တွင် အခေါင်းပွပါသောကြောင့် အာကာသဓာတ်စာဟု ဆိုကြသည်။ အဆီပိတ်နေသူများနှင့်ဝမ်းချုပ်ဝမ်းပိတ်နေသူများသည် အာကာသပိတ်သူများဖြစ်သဖြင့်အာကာသဓာတ်စာကို စားရမည်ဖြစ်သည်။
သို့သော် သင်္ဘောသီးကို အစိမ်းသုပ်စား၊ အစိမ်းထောင်းစားလျှင် လေနာတတ်သည်ကို သတိပြုပါ။ အအေးစာဖြစ်သောကြောင့် အစားများလျှင် လေနာတတ်ခြင်းဖြစ်သည်။
သင်္ဘောသီးမှည့် စားသုံးခြင်းကြောင့် လေမနာတတ်ပါ။ ဝမ်းပျော့၊ လေသက်စေပါသည်။
သင်္ဘောသီးသည် ဝမ်းမှန်ပြီး အပူအပုပ်များကင်းစင်ကာ ဗိုက်စူထွက်ခြင်းကို သက်သာစေနိုင်သည်။ ဗီတာမင်ဓာတ် ကြွယ်ဝသဖြင့်အသားအရေကိုလည်း စိုပြည်လှပစေသည်။ ဝပြီးဗိုက်စူသူများစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်ပေသည်။ ။
ဒူးနာရောဂါအတွက် ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းကုသနည်း
ဒူးနာရောဂါမှာ အခြေခံအားဖြင့်နှစ်မျိုးရှိသည်။ ဒဏ်ကြောင့်ဖြစ်သော ဒူးနာနှင့် အသက်ကြီး၍ဖြစ်သော ဒူးနာတို့ဖြစ်သည်။ ဒဏ်ကြောင့်ဖြစ်သောဒူးနာမှာ အားကစားသမားများနှင့်မတော်တဆထိခိုက်မိသူများတွင် ဒူးနှင့်ခုံညင်းရိုးမှ အရွတ်အမြှေးများ စုတ်ပြဲသွားခြင်းကြောင့်ဖြစ်သည်။ ချက်ချင်းရောင်ကိုင်းလာတတ်သော ဒူးနာမျိုးဖြစ်သည်။ ဆေးပူလိမ်းခြင်း၊ ကျပ်ထုပ်ထိုးခြင်း စသည့်ကုထုံးများဖြင့် ရက်သတ္တနှစ်ပတ်ခန့်ကြာလျှင် ပြန်ကောင်းသွားတတ်ပါသည်။
အသက်ကြီး၍ဖြစ်သော ဒူးနာရောဂါမှာ အရိုး၊ အဆစ်တို့၏သဘာဝ အသက်ကြီးလျှင် ကျီးပေါင်းတက်သောကြောင့်ဖြစ်သည်။ သစ်ပင်များ အပင်ကြီးလျှင်အပွေး၊ အခေါက် ထူလာသကဲ့သို့ဖြစ်သည်။ ဒူးနှင့် ခုံညင်းမှအမြှေးပါးတို့ပွတ်တိုက်ဖန်များလာသောအခါ ဒူးဆစ်နာလာတတ်သည်။လမ်းလျှောက်နည်းသူ၊ အထိုင်များသူများတွင် ဒူးအတွင်းမှ သဘာဝအတိုင်းထွက်သော ချောဆီခန်းခြောက်လာသဖြင့် အဆစ်ကျပ်ပြီးအကွေးနှင့်အဆန့်တွင် အသံမြည်သည်အထိ ဖြစ်လာတတ်သည်။ ထို့ကြောင့် အရိုးအဆစ်ကုဆရာဝန်ကြီးများက အသက်ကြီးသူများကို ဒူးအတွင်းသို့ ပြင်ပမှ လူ၏ဒူးအတွင်းချောဆီနှင့်တူသော ချောဆီအတုကို ထိုးထည့်ပေးတတ်သည်။ ထိုသို့ထိုးခြင်းသည် မကြာခဏထိုးလျှင် မကောင်းပေ။ နောက်ဆက်တွဲဆိုးကျိုးများရှိသည်ဟုဆိုသည်။
ဒူးနှင့် ခုံညင်းဆစ်ကျီးပေါင်းတက်၊ အဆစ်ကျပ်သဖြင့် အရွတ်နှင့်အကြောကို ညပ်မိသော ဒူးနာမှာ ရေအိတ်ကြီးသဖွယ်ဖောင်းပြီး ရောင်လာလျှင် ဒူးကြီးရောဂါဟုခေါ်သည်။ ခွဲစိတ်ပြီး အတွင်းမှ ရေကို ဖောက်ထုတ်ပေးရတတ်သည်။ ခွဲစိတ်ခြင်းသည်လည်း နောက်ဆက်တွဲအန္တရာယ်ရှိသော ကုထုံးဖြစ်သဖြင့် ဒူးခွဲရမည်ဆိုလျှင် လူကြီးအတော်များများက လက်မခံကြပေ။
ဒူးအတွင်းမှခုံညင်းဆစ်ကျီးပေါင်းတက်သူများနှင့် အောက်ခံ ဒူးခွက် အမြှေးရောင်သူများသည် လှေကားထစ်များလျှင် အဆင်းအတက်မပြုလုပ်နိုင်ကြပေ။ လှေကားအတက်ထက် လှေကားအဆင်းတွင် ဒူးပိုနာလေ့ရှိသည်။ အဆင်းတွင်ထိန်းရသော ဒူးအရွတ်ကြောများ အားနည်းခြင်း၊ ဒူးအတွင်းမှ ခြင်ဆီ၊ချောဆီအားနည်းခြင်းတို့ကြောင့် မခံမရပ်နိုင်အောင်နာကျင်လေ့ရှိသည်။အခန့်မသင့်လျှင် လူကြီးများ လှေကားအဆင်းတွင် ဒူးမခိုင်၍ ချော်ကျလေ့ရှိသည်ကို သတိပြုကြရန်လိုသည်။
ဒူးနာကို မကုသဘဲ ရေရှည်မွေးထားသောကြောင့် ချော်လဲလျှင် လူကြီးများတွင် ဆုံထိပ်ရိုးကျိုးလေ့ရှိသည်။ ထိုအခါ ဆုံထိပ်ရိုးအစားထိုးခြင်း၊ ခွဲစိတ်ရခြင်း၊ခွဲစိတ်ပြီး အသားမကျမီ သုံးလခန့် လမ်းမလျှောက်ရခြင်းတို့ကြောင့် အိပ်ရာနာဖြစ်ကာ နောက်ဆက်တွဲအဆုတ်ပွသည့်ရောဂါပါ ဝင်ရောက်လာတတ်သည်။ ဒူးနာလျှင် အချိန်မဆွဲဘဲ ပျောက်ကင်းအောင်ကုသရန်လိုသည်။
ဒူးနာ၊ ဒူးဆစ်ကျပ်၊ ဒူးကျီးပေါင်း၊ ဒူးအတွင်း ချောဆီအားနည်းသူများအတွက် လက်တွေ့ကုသပျောက်ကင်းဖူးသော မြန်မာ့ရိုးရာဆေးမြီးတို ကုသနည်းတစ်နည်းမှာ ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းခြင်းပင်ဖြစ်သည်။ဆေးစည်းနည်းမှာ ချဉ်ပေါင်ရိုးနီ၊ ရွက်နီ (ဘိလပ်ချဉ်ပေါင်) အရွက်လက်နှစ်ဆုပ်ခန့်ကိုယူပါ။ ခွက်တစ်ခုတွင် ရေနွေးအဖြူပူပူလောင်းထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ထားပြီးနောက် ဆယ်ယူပါ။ ရေမကျန်အောင်ဆန်ခါဖြင့်စစ်ပါ။ ထို့နောက် ငရုတ်ဆုံတွင်ထည့်ပြီး ညက်အောင်ထောင်းပါ။ထိုချဉ်ပေါင်ရွက်ထောင်းကို နာသည့်ဒူးပေါ်တွင်အုံပြီး ပိတ်စ သို့မဟုတ် ဝါဂွမ်းအုပ်ပြီးနောက် ပတ်တီးဖြင့် လေလုံအောင်စည်းထားပါ။ နှစ်နာရီ၊ သုံးနာရီခန့်စည်းပြီးလျှင် ပတ်တီးပြန်ဖြေနိုင်သည်။ ဤအတိုင်း၁ဝ ရက်ခန့်စည်းပေးလျှင် ဒူးနာသက်သာသည့်အပြင် ဒူးအတွင်းမှ ချောဆီပြန်ထွက်လာသဖြင့် အကွေးနှင့်အဆန့်တွင် အသံမြည်ခြင်း၊ အဆစ်ကျပ်ခြင်းပါသက်သာနိုင်သည်။
တိုင်းရင်းဆေးဖြင့် စည်းလိုသူများအနေဖြင့် ဆေးအမှတ် (၄၇) ဟုခေါ်သောခုနစ်ပါးဆေးဝါလေးအမှုန့်ကို ပရဆေးဆိုင်မှဝယ်ယူကာ ချဉ်ပေါင်ရွက်ပြုတ်ထောင်းပြီး ရောမွှေစည်းပေးလျှင် ပို၍ အရောင်ကျမြန်ပါသည်။ ထိုဆေးမှုန့်ဝယ်မရလျှင် နနွင်းမှုန့်ဖြင့် ရောစည်းလျှင်လည်းသက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ။
Source: https://myawady.net.mm/stories
“ ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ ငလျင်ကြီးဟာ အုတ်၊သဲ၊ကျောက်၊ သံမဏိတွေနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး”
ယနေ့ ဧပြီလ (၂၈)ရက်နေ့ဟာ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ (၁)လ တင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်း ရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားလာ နိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ မိုခါ မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ရာဂိ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။
မတ်လ (၂၈) ရက်နေ့ မြင်ကွင်းပုံရိပ်များ...
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇.၇ ရစ်ချ်တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေး မသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရိစ္ဆာန်တွေအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြ ထားခဲ့ပါတယ်။
ထူးခြားမှုတစ်ခုအနေနဲ့ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ (၅) မိနစ်လောက် အလိုမှာ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝန်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍ အော်ဟစ် နေကြောင်း ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့ မိမိဘေးပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် တွေရဲ့ ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလို မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ ငါတို့တတွေ အတူတကွအမြန်ဆုံး ပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်းမြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ် နေတာကို ခံစားတွေ့မြင်ရပါတယ်။
အရေးကြီးရင် သွေးနီးတတ်တာ....
မတ်လ (၂၈)ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ငလျင်ကြောင့် သက်ရောက်ခဲ့တဲ့ အခြေအနေအရပ်အရပ်ကို သုံးသပ်ကာ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာချက် အား ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို နိုင်ငံတကာသို့ ချက်ချင်းအသိပေး ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အလားတူပင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော်တို့ နိုင်ငံသား တွေဟာ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို လူအား၊ ငွေအားနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက် နေမှုမြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့ အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို ဂုဏ်ယူစွာတွေ့ရှိရပါတယ်။
နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့ အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်း တွေ့ရှိခဲ့ရ ပါတယ်။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူး တင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံ တွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ(ကျပ်)၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ (ကျပ်)၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ (ကျပ်)ကို အစိုးရထံ လှူဒါန်း ပေးအပ် ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေနဲ့လည်း ၅၀၀ ဘီလီယံ(ကျပ်)ကို ကနဦး မတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင်ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာ ကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိ အဆောက်အဦများကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ သမိုင်းခေတ်အဆက်ဆက် မြန်မာ့အရေး အခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင် ဖြေရှင်းကျော်လွှား ခဲ့ကြရတာဆိုတာ ပကတိ အရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြသူတွေ အားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့ အသိတရားတွေနဲ့အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
“ မိုခါ ” မုန်တိုင်းကြီးကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်....
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့(၁)လပြည့်မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လ တာကာလအတွင်း အစိုးရနဲ့ပြည်သူ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ကြရတဲ့ အခြေအနေတွေဟာ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းမိုခါ (Mocha) ကို ပြန်လည် သတိရမိစေခဲ့ပါတယ်။ မှတ်သားမိသလောက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော် သတိပြုမိတာတစ်ခုကတော့ မုန်တိုင်းသတင်း စတင် ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။ ဒီလို မုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့မှုနဲ့ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ အစိုးရ၊ ဝန်ထမ်းတွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။
ယခုလည်း ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ် နိုင်ခဲ့တဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ မန္တလေး ငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမဲ့ အမြန်ဆုံးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီဖေးမမှု တွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေး အန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့ စိတ်ရင်း၊ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစုကာ ကျော်လွှားနိုင်သကဲ့သို့ ယနေ့ မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား နိုင်ငံရေးပရောဂတွေ မြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။
အခက်အခဲတွေကြားမှာ...အမြဲရှိတဲ့ အခွင့်အလမ်းတွေ
ကြီးမားသော အခက်အခဲတွေကြားက ရုန်းထွက်ရင်ဆိုင် ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း များစွာဟာ မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး ဒီလိုဘေး အန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင်ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးစေယုံသာမက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အခြေခံ အဆောက် အအုံတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ နယ်ပယ်ကဏ္ဍ မျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊ နျူကလီယားဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ ပြည်သူ ပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန် ချီတက်ခဲ့ကြလို့ ယနေ့ ဂျပန်နိုင်ငံဟာ ကမ္ဘာအလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူ လေးစားဖွယ် တွေ့မြင်နိုင်ပါတယ်။
ယနေ့မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာဖြစ်ပေမယ့် ဆက်စပ်အခွင့် အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျော့သောလုံ့လစိတ်ဓာတ်တွေ အပေါ်မှာ များစွာမူတည်နေပါတယ်။ မိမိတို့နိုင်ငံအပေါ် ပြည်ပြေး၊ ပြည်ဖျက် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေထိခိုက် ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အပြန်အလှန် ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ဆက်ဆံရေး အခွင့်အလမ်းကောင်းတွေ ဆက်လက်တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်း ဆက်သွယ်ရေး အခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိ စာနာ နားလည် ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြားကနေ အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာ ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူ လက်တွဲ ရုန်းကန်ထူထောင်ကြရမယ့် ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့် လုပ်ရပ်မျိုးကိုမှ ပြည်သူတွေ မလိုလားကြပါဘူး။ ဒီမြေမှာနေ ဒီရေသောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူတဲ့လူတိုင်း အတူတကွပြန်လည်ရုန်းထကျော်ဖြတ် ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံးတစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ် သွားကြရမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကို နည်းများမဆို ကြုံတွေ့ ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ်အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေး ဟာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အစိုးရရဲ့ ထက်မြက်တဲ့ ဦးဆောင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက် နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည် တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after earthquake) လုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့ နိုင်ငံတကာမိတ်ဆွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာ တွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက်လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည် အေးချမ်းသာယာဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့ စုပေါင်းအားမာန်တွေနဲ့အတူ လက်တွဲညီညီလျှောက်လှမ်းကြပါစို့လို့ ဆန္ဒပြုရင်း...။
သဘာဝဘေးအန္တရာယ်အမျိုးအစားများ
မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ (Natural Disasters) ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များလည်း ဖြစ်ပွားလေ့ရှိသည်။ ဘေးအန္တရာယ်များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။
(က)မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ
ဆိုင်ကလုန်းမုန်တိုင်း၊ မိုးသည်းထန်ခြင်းကြောင့် လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း၊ မြစ်ရေကြီးနှင့် မြို့ပြရေလွှမ်းမိုးခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ဖြစ်သည်။
(ခ) မြေမျက်နှာပြင်ဆိုင်ရာ ဘေးအန္တရာယ်များ
ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေနိမ့်ဒေသများ ရေလွှမ်းမိုးခြင်း၊ ကမ်းရိုးတန်းဒေသများ ဒီရေလွှမ်းမိုးခြင်း၊ ဆူနာမီရေလှိုင်းနှင့် ရေလွှမ်းမိုးခြင်းတို့ဖြစ်သည်။
(ဂ) ဇီ၀ဗေဒဆိုင်ရာ ဘေးအန္တရာယ်များ
ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားခြင်း၊ အင်းဆက်ပိုးမွှားကျရောက်ခြင်းနှင့် ဇီဝလက်နက်များ ဖြစ်သည်။
(ဃ) မတော်တဆမှုများနှင့် စက်မှုနည်းပညာဆိုင်ရာ ဘေးအန္တရာယ်များ
မီးလောင်ခြင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ ဥပမာ-ခရီးသည်ယာဉ်၊ ရထားတိမ်းမှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ မိုင်းတွင်းနှင့် အဆောက်အအုံပြိုကျခြင်း၊ ဓာတုစက်ရုံများနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ ပေါက်ကွဲခြင်း၊ ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များဖြစ်သည်။
(င) လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ
စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ လူမှုအဓိကရုဏ်းများဖြစ်သည်။
သဘာဝဘေးနှင့်ပတ်သက်၍ သိထား သင့်သောအချက်များ
သဘာဝဘေးအန္တရာယ်များတွင် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များလည်းရှိသည်။ ဥပမာ- ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့ တချို့သောဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း၍ ရနိုင်သော်လည်း ဥပမာ - မြေငလျင်လှုပ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်း ကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန် ခက်ခဲသည်။ သို့ဖြစ်ရာ ကြိုတင်ခန့်မှန်း၍ ရနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက်မိုးလေဝသသတင်းများကိုအမြဲနားထောင်သင့်သည်။ မြန်မာနိုင်ငံ၌ မိုးလေဝသသတင်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါမိုးလေဝသသတင်းများကို အမြဲမပြတ်နားထောင်ပြီး ဘေးအန္တရာယ် အသိပေးချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်
- မိုးလေဝသသတင်းများ၊ ဘေးအန္တရာယ် သတိပေးချက်များနှင့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။
- ဘေးအန္တရာယ်မကျရောက်မီအချိန်ကတည်းက အစားအစာ၊ သောက်သုံးရေနှင့် ပုံမှန်သောက်သုံးနေကျ ဆေးဝါးများအား အသင့်ကြိုတင်စုဆောင်းထားပါ။ ဆေးဝါးပြတ်လပ်မှုရှိပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။
- တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း မိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အအုံ၌နေထိုင်ပါ။
- ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် ဝတ်စားဆင်ယင်ပါ။
- ရေမျောစာများ၊ အမှည့်လွန်အစာများ၊ ယင်နားစာများ မစားပါနှင့်။ အစားအစာများကို ယင်မနားစေရန် ဖုံးအုပ်ထားပါ။
- ရေသန့်ဆေးထုပ်၊ ကလိုရင်းခတ်ထားသောရေ သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ယုံကြည်စိတ်ချရသောရေသန့်ကိုသာ သောက်ပါ။
- ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။
-တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ၊ အညစ်အကြေးကိုင်တွယ်ပြီးတိုင်း၊ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
- အမှိုက်များကို မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်း စသည်ဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ။
- ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ။ ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။
- မြွေဆိုးအန္တရာယ်၊ ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အခြေအနေတို့ကို ဂရုပြုနေထိုင်ပါ။
- ဘေးအန္တရာယ် ကျရောက်သော ဒေသများ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ပါ။
- ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှု စသည့်ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ပြီး အကယ်၍ ဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းထံတွင် ပြသပါ။
အရေးပေါ်ဒဏ်ရာကုသမှု သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ ပြည်သူများတွင် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားနိုင်သည့်အတွက် ယင်းဒဏ်ရာများကို သက်သာပျောက်ကင်းစေရန်နှင့် ရောဂါပိုးဝင်ရောက်ခြင်းတို့မှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ပါ။
- အရေပြားပွန်းပဲ့/ ပေါက်ပြဲဒဏ်ရာ ဖြစ်ပွားပါက မသန့်ရှင်းသောရေနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- ဒဏ်ရာအား ကုသမည့်လက်ကို ဆပ်ပြာနှင့် ရေသန့်တို့ဖြင့် သေချာစွာဆေးကြောပါ။
- ဒဏ်ရာတွင် အရာဝတ္ထုများ ဝင်ရောက်နေခြင်းမရှိပါက ဒဏ်ရာကုသနေစဉ်အတွင်း ယင်းဒဏ်ရာကို လက်နှင့်မထိပါနှင့်။ (ဖြစ်နိုင်လျှင် ပိုးသတ်ထားသော တစ်ခါသုံးလက်အိတ်ကို အသုံးပြုပါ)
- ဒဏ်ရာရနေသော ခန္ဓာကိုယ်အစိတ်အပိုင်းမှ လက်ဝတ်ရတနာများနှင့် အဝတ်အစားများကို ဖယ်ရှားပါ။
- အပူလောင် ဒဏ်ရာငယ်များအား သန့်ရှင်းသောရေအေးဖြင့် လောင်းပေးပါ သို့မဟုတ် သန့်ရှင်းသောအဝတ်စိုဖြင့် ကပ်ပေးပါ။ အပူလောင်ဒဏ်ရာမှ အရည်ကြည်ဖုများကို ဖောက်ထုတ်ခြင်း မပြုလုပ်ပါနှင့်။
- အပူလောင်ဒဏ်ရာကို သန့်ရှင်းသောအဝတ် သို့မဟုတ် ပတ်တီးဖြင့်ညင်သာစွာ ကာကွယ်ထားပါ။ တင်းကျပ်စွာ စည်းနှောင်ခြင်းမပြုပါနှင့်။
- ထိခိုက်/ရှနာ ဒဏ်ရာများတွင် သွေးထွက်နေပါက သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ရန် ယင်းနေရာကို သန့်ရှင်းသောအဝတ် သို့မဟုတ် ပတ်တီးဖြင့်ဖိထားပါ။ ဖြစ်နိုင်လျှင် ဒဏ်ရာနေရာကို နှလုံးနေရာထက် မြှင့်ထားပါ။
- သွေးတိတ်သွားပြီးနောက် ဒဏ်ရာကို ရေသန့် သို့မဟုတ် သန့်စင်သောရေဖြင့် ညင်သာစွာဆေးကြောပါ။
- ဒဏ်ရာတစ်ဝိုက်ကိုလည်း ဆပ်ပြာနှင့် ရေသန့်တို့ဖြင့် ညင်သာစွာ ဆေးကြောပါ။
- ဒဏ်ရာတွင် အညစ်အကြေးနှင့် အရာဝတ္ထုများ ဝင်ရောက်နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ရှိနေပါက ဖယ်ရှားပါ။ သေချာစွာမသန့်ရှင်းထားသော ဒဏ်ရာများတွင် ဗက်တီးရီးယားပိုးများ ခိုအောင်းနိုင်ပြီး ရောဂါပိုးဝင်နိုင်ပါသည်။
- ဆေးကြောပြီးနောက် ဒဏ်ရာကို ခြောက်အောင်သုတ်ပြီး ပတ်တီး သို့မဟုတ် သန့်ရှင်းသောအ၀တ်ဖြင့် စည်းပေးပါ။ ဖြစ်နိုင်လျှင် ရေစိုခံပတ်တီးကိုသုံးပါ။
- ဖြစ်နိုင်လျှင် ဒဏ်ရာရရှိသူအား အကိုက်အခဲပျောက်ဆေးတိုက်ပါ။
- ဒဏ်ရာကို အနည်းဆုံး ၂၄ နာရီတိုင်း တစ်ကြိမ် ပြန်စစ်ဆေးပေးပါ။
အောက်ပါလက္ခဏာများ ရှိပါက အမြန်ဆုံးဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပါ
- မီးလောင်/ အပူဒဏ်ရာရရှိသည့် ခန္ဓာကိုယ်နေရာ များပြားခြင်း၊
- သွေးထွက်နေသောဒဏ်ရာကို အချိန် ငါးမိနစ်ကျော်ကြာ ဖိထားသည့်တိုင် သွေးမတိတ်ခြင်း၊
- ဒဏ်ရာတွင် အညစ်အကြေးနှင့် အရာဝတ္ထုများ ဝင်ရောက်နေခြင်း
( ဥပမာ မြေကြီး၊ သစ်သားစ၊ သတ္တုစ သို့မဟုတ် တခြားအရာများ)၊
- တိရစ္ဆာန်အကိုက်ခံရသည့် ဒဏ်ရာဖြစ်ခြင်း၊
- ညစ်ညမ်းသည့် အရာဝတ္ထုတစ်စုံတစ်ရာဖြင့် ထိုးဝင်၊ ထိုးဖောက်၊ ထိခိုက်သည့်ဒဏ်ရာဖြစ်ခြင်း၊
- ဒဏ်ရာတွင် ရောဂါပိုးဝင်သော လက္ခဏာများရှိခြင်း (ဒဏ်ရာနီရဲရောင်ရမ်းခြင်း၊ ဒဏ်ရာမှ ပြည်နှင့်
အရည်များ စိမ့်ထွက်ခြင်း၊ အလွန်နာကျင်ခြင်း)၊
- သွေးဆိပ်တက်သည့် လက္ခဏာများရှိခြင်း ( ဒဏ်ရာရရှိသူတွင် ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ ခြေလက်များ အေးစက်နေခြင်း)၊
- မည်သို့သောဒဏ်ရာများ ရရှိသည်ဖြစ်စေ မေးခိုင်ကာကွယ်ဆေးထိုးနှံမှုခံယူရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေး အသိပညာပေး ရေးသားတင်ပြလိုက်ရပါသည်။
Source: https://myawady.net.mm/stories
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်နိုင်ငံသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိလာသည်။ လွတ်လပ်ရေးရရှိသည့် အချိန်တွင် ပထမဦးဆုံးသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်လာချိန်သည့်အချိန်တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်အား ဗိုလ်ချုပ်ကြီးနေဝင်းက တာဝန်ယူခဲ့ရသည်။
မြန်မာ့သမိုင်းကြောင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည် လွတ်လပ်ရေးရရှိသည့် ကာလတွင်လည်း ရရှိထားသော လွတ်လပ်ရေးကြီးပြန်လည် မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင် လက်နက်စွဲကိုင်ကာ နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက်သည့် သောင်းကျန်းသူအဖွဲ့များ အများအပြားပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးရရှိသည်ဟု ဆိုသော်လည်း မြန်မာပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်ရသည်မဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုလုံး၏ နယ်မြေအများအပြားသည် သောင်းကျန်းသူများ၏ ထိန်းချုပ်ခြင်းကိုခံရသည့်အတွက် ပြည်ပနိုင်ငံအချို့က ဖဆပလ အစိုးရကို ရန်ကုန်အစိုးရဟုပြက်ရယ်ပြုခဲ့သည်။
ထိုစဉ်က မြန်မာ့တပ်မတော်၏အင်အားမှာ ၂၀၀၀၀ ခန့်သာရှိပြီး သောင်းကျန်းသူများ၏ အင်အားမှာ ၄၅၀၀၀ ခန့်ရှိသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်တပ်မတော်သည် ဖိုးသာအောင်ကုန်းတံတား၊ ဝက်ကော်တံတား၊ ပဲခူးကတုတ်ကြီးဘုရား၊ အင်းစိန်၊ သာစည် စသည့်နေရာများတွင် တိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြီးများမှာ နိုင်ငံတော်၏ကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကြီးများဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သောင်းကျန်းသူများလက်မှ မြို့ကြီးများနှင့်မြို့ငယ်များကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။
တပ်မတော်၏စွန့်လွှတ်စွန့်စားကြိုးပမ်း တိုက်ခိုက်မှုကြောင့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှုများ ချုပ်ငြိမ်းဆဲတွင် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရပြန်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ တရုတ်ဖြူအင်အား ၂၀၀ ခန့်သည် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ရောက်ရှိလာသည်။ ၁၉၅၂ ခုနှစ်အကုန်သို့ ရောက်ရှိသည့်အခါ အင်အား ၁၅၂၅၀ ဦးခန့်ဖြစ်လာသည့် အတွက် မြန်မာ့တပ်မတော်သည် ကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ)များအား ကျိုင်းတုံစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ မိုင်းယောင်းစစ်ဆင်ရေး၊ မိုင်းခတ်စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီး ၂၀ ခုဖြင့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က စစ်ရေးအရ နိုင်ငံတော်ကို ကာကွယ်တိုက်ခိုက်နေရချိန်တွင် နိုင်ငံရေးအရ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် ဖဆပလအဖွဲ့ကြီးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံရေးထွက်ပေါက်အဖြစ် ကာကွယ်ရေးဦးစီးချုပ်အား ဝန်ကြီးချုပ် တာဝန်ယူပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံပေးစာနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်ကြားစာများကို သတင်းစာများတွင် ဖော်ပြကြသည်။
၁၉၅၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် အထက်မြန်မာနိုင်ငံသို့ စည်းရုံးရေး ခရီးထွက်သည်။ ခရီးမထွက်မီ ကြိုတင်အသံသွင်းခဲ့သော မိန့်ခွန်းတစ်ရပ်ကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါထုတ်လွှင့်ချက်တွင် တပ်မတော်နှင့် ပတ်သက်၍ “ မြန်မာ့တပ်မတော်ကြီးဟာ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးဖြစ်တယ်။ ပြည်ထောင်စုကြီးဟာ သူပုန်ရောင်စုံတွေကြောင့် ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာလိုတော့တဲ့ နေရာကနေပြီး အခုလို လွတ်မြောက်လာတာဟာ မြန်မာ့တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူစစ်တပ်တွေက ကျွန်တော်တို့ရဲ့ နယ်နိမိတ်ထဲ ကျူးကျော်စော်ကားခဲ့တာကို အင်မတိအင်မတန်ကြီးကျယ်တဲ့ အခက်အခဲတွေကြားတွေထဲက မြန်မာ့တပ်မတော်ဟာ အရိုးကြေကြေ အရေခန်းခန်းဆိုတဲ့ ဇွဲတွေ၊ သတ္တိတွေနဲ့ စွန့်စွန့်စားစား တိုက်ထုတ်ခဲ့တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ အဲဒါကြောင့်သန့်ရှင်းဖဆပလတွေဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်ကို တခြားလူတွေထက်ပိုပြီး ကာကွယ်နိုင်ကြပါစေ၊ မြန်မာ့တပ်မတော်ကြီးကို ပိုမိုလေးစားကြည်ညိုနိုင်ပါစေ” ဟူ၍ ပြောကြားခဲ့သည်။
ဤသည်မှာ ထင်ရှားသော သမိုင်းမှတ်တမ်းဖြစ်သည်။ ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာ လိုတော့သည်ဟူသော စကားမှာလည်း ဝန်ကြီးချုပ်ဦးနုက စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရတွင် တပ်မှ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်မှူးချုပ်တင်ဖေတို့ နှစ်ဦးသာပါဝင်ခဲ့သည်။ အိမ်စောင့် အစိုးရပြန်ပြင်ဖွဲ့သောအခါ ဗိုလ်မှူးချုပ် တင်ဖေ မပါဝင်တော့ပေ။ အိမ်စောင့်အစိုးရသည် သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။ မရသောအခါ သောင်းကျန်းသူများကို ထိုးစစ်ဆင်ကာ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်းသည်။ ထို့အတူရန်ကုန်မြို့တွင် စစ်ဘေးရှောင်များနှင့် ပြည့်နှက်နေပြီး စနစ်တကျနေထိုင်ခြင်း မရှိသည့်အတွက် ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်းကာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဝေဘာဂီ စသည့် မြို့သစ်များ တည်ထားပြီး ပြောင်းရွှေ့နေထိုင်စေသည်။
ထို့ပြင် ထူးခြားစွာဆောင်ရွက်နိုင်ခဲ့သည်မှာ ရှမ်းပြည်နယ်တွင်စော်ဘွားများ၏ အာဏာစွန့်လွှတ်နိုင်ရေးအတွက် တလုံးတစည်းတည်းသော (လျော်ကြေး) ပင်စင်ပေးခဲ့သည်။ ထို့အတူဖဆပလအစိုးရ လက်ထက်တွင် စတင်ဆောင်ရွက်သော်လည်း မပြီးမပြတ်သေးသည့် တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စများကို အိမ်စောင့်အစိုးရ လက်ထက်တွင် အောင်မြင်ပြီးမြောက်ခဲ့သည်။ သောင်းကျန်းသူများကြီးစိုးရာ နယ်စပ်ဒေသများတွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်နိုင်အောင် တပ်မတော်က စစ်ဆင်ရေးကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။ အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။
၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင်အိမ်စောင့်အစိုးရက ပါလီမန်အစည်းအဝေး ကျင်းပကာ ဦးနုထံသို့ နိုင်ငံတော်အာဏာကို လွှဲအပ်ပေးခဲ့သည်။ သန့်ရှင်းဖဆပလအဖွဲ့သည် ဦးနုအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ကာ အစိုးရအဖွဲ့ကိုဖွဲ့စည်းစေသည်။ သန့်ရှင်းဖဆပလအဖွဲ့ကိုလည်း “ပြည်ထောင်စုပါတီ” ဟု အမည်ပြောင်းခဲ့သည်။ သို့သော်ပါတီအတွင်း ဦး၊ ဗိုလ်၊ သခင်အုပ်စုများကွဲပြားခြင်း၊ ရှမ်းပဒေသရာဇ်အနွယ်များက ဖက်ဒရယ်မူကိုပြင်းထန်စွာ တင်ပြဆွေးနွေးပြီး နိုင်ငံတော်မှခွဲထွက်ရန် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာခြင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တည်ထောင်ရေးပြဿနာများပေါ်လာခြင်းတို့ကြောင့် ပြည်ထောင်စုကြီးအစိတ်စိတ် အမြွှာမြွှာပြိုကွဲ၍ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့် အခြေအနေကြုံလာသည့်အတွက် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်တွင်းသောင်းကျန်းမှုအား ထိရောက်စွာ အရှိန်လျှော့ချနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံကိုပြန်လည် ထူထောင်ရာတွင် တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း ထုတ်ပြန်ပေးခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုများကို ထိရောက်စွာ ချေမှုန်းနိုင်ရန်အတွက် ၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်တွင် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်ကို တပ်မတော်၏ ပထမဦးဆုံး ခြေမြန်တပ်မဌာနချုပ်အဖြစ် ဖွင့်လှစ်သည်။ ၁၉၆၇ ခုနှစ် မေလ ၁ ရက်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်နှင့် ၁၉၆၈ ခုနှစ် မေလ ၂၀ ရက်တွင် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့သည်။
ထိုအချိန်က တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ သောင်းကျန်းသူများနှင့်အခြားသောင်းကျန်းသူ မျိုးစုံတို့အား နွေဦးစစ်ဆင်ရေး၊ ရွှေလင်းယုန်စစ်ဆင်ရေးအဆင့် (၁)မှ(၁၀)၊ ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ(၅)၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖြစ် မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)နှင့်ထော်ပိုင် စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး မုံးကိုးစခန်းတိုက်ပွဲ၊ ကုန်းကြမ်းစခန်းတိုက်ပွဲ၊ ငါးပြေမစားကျက်တိုက်ပွဲ၊ မန်ယုံမော်တိုက်ပွဲ၊ မုံးစီး-နားလယ်တိုက်ပွဲ၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဆေးရုံစခန်းတိုက်ပွဲ၊ ပွိုင့်၃၁၂၇ တောင်ကုန်းတိုက်ပွဲ၊ ကောင်းခမ်းတိုက်ပွဲ၊ လောအမ်ကျိုင်းတိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏ ထင်ရှားသော တိုက်ပွဲများဖြစ်သည်။
မြန်မာနိုင်ငံတွင် ပါတီအများကြီးဖွဲ့ပြီးစိတ်ဝမ်းကွဲကာ မညီညွတ်ဖြစ်နေခြင်းမှာ တိုင်းပြည်တိုးတက်ရေးကို ထိခိုက်သည်။ ထို့ကြောင့် တစ်ပါတီစနစ်ကိုကျင့်သုံးပြီး ဆိုရှယ်လစ်စနစ်ဖြင့်ချီတက်ရန်အတွက် ပါတီပေါင်းစုံမှပုဂ္ဂိုလ်များကို ဖိတ်ခေါ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်စေခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါဥပဒေမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်ခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိကာလများသည် နိုင်ငံတော်ကိုတပ်မတော်က အုပ်ချုပ်ခြင်းမဟုတ်ပါ။ တပ်မတော်သည်နိုင်ငံတော်အစိုးရတစ်ရပ်၏ ဦးဆောင်မှုအောက်တွင်သာရှိနေပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအတွင်း ၁၉၈၀ ပြည့်လွန်နှစ်ရောက်ရှိချိန် နိုင်ငံ့စီးပွားရေး ကျဆင်းလာပြီး မှောင်ခိုဈေးကွက် ကြီးမားလာခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးလာခြင်း၊ ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ မသမာသူနိုင်ငံရေးသမားအချို့၏ ပယောဂနှင့်သွေးထိုး လှုံ့ဆော်မှုကြောင့် အစိုးရအပေါ်အထွေထွေ မကျေနပ်မှုများဖြစ်ပေါ်လာခြင်း၊ ပြည်ပအသံလွှင့်ဌာနများက အမျိုးမျိုးသော သတင်းအမှားများထုတ်လွှင့်ကာ သွေးထိုးလှုံ့ဆော်ခြင်း၊ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရပြီး ရဲစခန်းများအားမီးရှို့၊ လူသတ်ခြင်း၊ အရပ်သားပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်သည်အထိ မင်းမဲ့စရိုက်လွှမ်းမိုးလာသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူမှုအရေးအခင်းကြီး တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။
အဆိုးဆုံးအခြေအနေမှာ ပြည်ထောင်စုကြီးပြိုကွဲကာ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သဖြင့် တပ်မတော်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်တာဝန် အရပ်ရပ်ကို ထိန်းသိမ်းလိုက်ရသည်။
တပ်မတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးအဖြစ် ဦးထိပ်ထားဆောင်ရွက်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အချိန်ကာလများတွင် တပ်မတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်နေ့မအားညမအား ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ တပ်မတော်သားတို့သည်မူလပင်မအလုပ်များအပြင် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ပြေးလမ်းများ၊ မြစ်ကူးချောင်းကူးတံတားများ၊ မြို့သစ်များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ တည်ဆောက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ကြရသည်။
မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရသည်။ မိုင်းယန်း- မဲသဝေါ စသည့်နိုင်ငံအတွက်အရေးကြီးသည့်တိုက်ပွဲများကို အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။ ပြည်ပသို့ရောက်ရှိကာ စင်ပြိုင်အစိုးရအဖြစ်ရပ်တည်နေသည့်ပြည်ပြေးများကလည်း လေလှိုင်းကြားမှ အနှောင့်အယှက်ပေးနေသကဲ့သို့ အနောက်နိုင်ငံအချို့ကလည်း စီးပွားရေးပိတ်ဆို့မှုများကိုတင်းကျပ်စွာ ပြုလုပ်လျက်ရှိသည်။ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းနေသည့်ကုမ္ပဏီများ ပြန်လည်ရုပ်သိမ်းသွားကြသည်။ ထိုစဉ်က နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ထားသော လုပ်ငန်း များမှာလည်း မြန်မာနိုင်ငံတွင်းသို့ပြည်ပခရီးသွားများ လာရောက်ခြင်းမပြုကြရန် စည်းရုံးလှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးခဲ့ရသည်။
သို့သော် နိုင်ငံတော်၏တာဝန်ကို ဦးဆောင်နေရသည့် တပ်မတော်အနေဖြင့် နိုင်ငံ့အကျိုးကိုသာရှေးရှုဆောင်ရွက်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးကာ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ပေးခဲ့သည်။ ပြည်သူများ လိုလားတောင့်တသည့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရန်မှာ အဓိက လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။ အဆိုပါအမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။ ရရှိလာသည့်အခြေခံမူများအပေါ် မူတည်၍ ဥပဒေပညာရှင်များ ပါဝင်သောအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြပြီး ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၇ ရက်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ပထမဆုံးသော ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ပေါ်ပေါက်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များနှင့်အညီ နိုင်ငံရေးတာဝန် များကို ပါဝင်ထမ်းဆောင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရသည်။ ယနေ့မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တွေ့မြင်နေရသော နေပြည်တော်မြို့တော် အပါအဝင်မြို့သစ်များ၊ အစိုးရရုံးများ၊ လွှတ်တော်ဆိုင်ရာရုံးများ၊ လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များအားလုံးမှာ ထင်ရှားသောအရာများအဖြစ် တပ်မတော်က တည်ဆောက်ထားခြင်းဖြစ်သည်။
တပ်မတော်သည် နိုင်ငံအတွက်စတင်ပေါ်ထွန်းလာသည်မှ စဉ်ဆက်မပြတ်ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအမျိုးမျိုး ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီရောက်ရှိကာ ကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးလျက်ရှိသည်။
လူသားတိုင်းတွင် ကျန်းမာရေးသည် အဓိကဖြစ်ပေရာ ပြည်သူများ ကျန်းမာရေးအတွက် ဆောင်ရွက်ချက်များတွင် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးလည်း ပါဝင်သည်။
တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့အနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများ တစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်သည်။ (၁၈)ကြိမ်မြောက်အထိဒေသခံ ပြည်သူစုစုပေါင်း ၁၇၈,၇၃၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပြုပေးခဲ့သည်။ ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်၂၈ ဦးတို့အား အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့သည်။
အလားတူတပ်မတော် အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈) ကြိမ်မြောက်ဖြစ်သည်။ (၁၇)ကြိမ်မြောက် အထိ ဒေသခံပြည်သူစုစုပေါင်း ၁၅၇၀၈၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ် ရှိသားဖွားခန်းတွင် ကိုယ်ဝန်ဆောင် မိခင် ၂၁ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ဤသည်မှာထင်ရှားမြင်သာသော ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ပြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များတွင် တပ်မတော်၏ ဆောင်ရွက်ချက်များကြောင့် ပြည်သူများအသက်ရှင်သန်ခဲ့ကြရသည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကိုထာဝစဉ် ဦးထိပ်ထားသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသည့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို သမိုင်းစာမျက်နှာများက ထင်ရှားခိုင်မာစွာ ကမ္ပည်းတင်လျက်ရှိပါသတည်း။ ။
ဘဝတစ်ခုဖြစ်တည်လာပြီဆိုရင် အသက်ရှင်ရပ်တည်မှသာ ဘဝဆိုတာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ အသက်ဆိုတာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို အချိန်နဲ့တိုင်းတာတဲ့မျဉ်းကြောင်းတစ်ခုလိုပါပဲ။ မွေးဖွားလာတဲ့အချိန်ကစလို့ နေ့ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်းတိုးလာရင်း ကျွန်တော်တို့ရဲ့အသက်အရွယ်ကို သတ်မှတ်ပေးပါတယ်။ ဘဝဆိုတာ မွေးခြင်းနဲ့သေခြင်း ကြားကာလကိုဆိုလိုတာပါ။ အသက်မရှိရင် ဘဝမရှိပါဘူး၊ အသက်ရှိမှသာ ဘဝဆိုတာရှိတာပါ။ ဘဝမှာ အရေးကြီးဆုံးက ရှင်သန်နိုင်ဖို့ပါ။ ရှင်သန်ဖို့အရေးကြီးဆုံးကကျန်းမာရေးဖြစ်ပြီး ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့အရေးကြီးဆုံးက ပညာပဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ သတိထားစောင့်ကြည့်မယ်ဆိုရင်မိသားစုတစ်ခုမှာ ကျန်းမာရေးနဲ့ပညာရေးကို မြှင့်တင်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းဟာ ၎င်းမိသားစုဘဝတွေ တိုးတက်မြင့်မားလာကြတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ထို့နည်းတူပဲ သက်ရှိသယံဇာတများဖြစ်တဲ့ နိုင်ငံသားများရဲ့ကျန်းမာရေး၊ ပညာရေးမြှင့်တင်ပေးနိုင်တဲ့နိုင်ငံတွေမှာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။
အသက်ဘဝ
ဘဝဆိုတာလူတိုင်းအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့ ခရီးတစ်ခုပါ။ အသက်ရှင်နေထိုင်တယ်ဆိုတာ မွေးဖွားလာချိန်ကနေ သေဆုံးချိန်အထိ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ စုစည်းမှုလို့ဆိုနိုင်ပါတယ်။ တချို့ကတော့ အသက်ကြီးတဲ့အထိ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေနေရတုန်းပါပဲ။ ဒါကြောင့် အသက်နဲ့ဘဝဟာ တစ်ခါတလေ အချင်းချင်းလွဲချော်နေတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ပညာတိုးလာတယ်၊ အတွေ့အကြုံတွေ ပိုရလာတယ်ဆိုပေမယ့် ဘဝရဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုခံစားဖို့အချိန်နည်းလာတတ်ပါတယ်။ ဒါပေမဲ့လည်း အသက်ဘယ်လောက်ပဲရှိနေပါစေ၊ ကိုယ်လုပ်ချင်တာကိုလုပ်ဖို့၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကိုဝေမျှဖို့၊ ဒါမှမဟုတ် ကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ဘယ်တော့မှ နောက်ကျတယ်လို့မရှိပါဘူး။ အသက်ဟာ ကန့်သတ်ချက်တစ်ခုဖြစ်ပေမယ့် ဘဝကိုဘယ်လိုဖြည့်စွမ်းမလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့လက်ထဲ မှာပါ။ ဒီတော့ အသက်ကိုရေတွက်ရင်း ဘဝကိုမေ့မထားဖို့ အရေးကြီးပါတယ်။ နေ့စဉ်ဘဝမှာအသက်ရှင်နေရတာကို တန်ဖိုးထားပြီး ကိုယ်ရှိတဲ့အချိန်တွေကို အဓိပ္ပာယ်ရှိအောင်ဖြတ်သန်းနိုင်ဖို့ကြိုးစားရမှာပါ။ ထိုသို့ အရည်အသွေးရှိတဲ့ဘဝ တွေပိုင်ဆိုင်နိုင်ဖို့ဆိုရင် ပညာဟာမရှိမဖြစ်အရေးပါလာပါတယ်။ အသိပညာ အတတ်ပညာဆိုတဲ့ ပညာရှိမှ အသက်ဘယ်လိုရှင်သန်အောင် နေရမယ်ဆိုတာ သိမယ်။ ဘဝကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို နားလည်မှာဖြစ်ပါတယ်။
ပညာ
ပညာဆိုတာ အကြောင်းအကျိုးကိုသိခြင်းဖြစ်ပြီးတော့ ပညာသင်ခြင်းဆိုတာကတော့ အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းခြင်းပဲဖြစ်ပါတယ်။ ပညာဆိုတာ လူသားတွေရဲ့ဘဝကို အလင်းပေးတဲ့ မီးအိမ်တစ်လုံးလိုပါပဲ။ ပညာဟာစာအုပ်ထဲက စာသားတွေထက် ပိုကျယ်ပြန့်ပြီး ကျောင်းတက်ချိန်နဲ့ ကန့်သတ်မထားတဲ့ တစ်သက်တာသင်ယူမှုတစ်ခုပါ။ ပုဂံခေတ် သိင်္ဃသူ့သမီးကျောက်စာမှာ “ဤကောင်းမှုကိုပြုရခြင်းအကျိုးကြောင့် ငါသည်ပညာမရှိသော မိုက်သောမဖြစ်မူ၍ ပညာရှိသောအကြောင်းကိုသိသောသူဖြစ်လိုပါ၏” ဟုရေးထိုးထားတာကို တွေ့ရှိရပါတယ်။ ရှေးခေတ်ကာလတွေကတည်းက ပညာကိုဘယ်လောက်အလေးထားခဲ့ကြောင်း ထင်ရှားတဲ့အထောက်အထားပဲဖြစ်ပါတယ်။ ပညာဆိုတာထုထည်အလွန်ကြီးမားတယ်။ ပညာဆိုတာ လူရဲ့အရည်အသွေး လူရဲ့စွမ်းအင်တစ်ခုပဲဖြစ်ပါတယ်။ပညာက လူကိုအကျိုးပြုတဲ့စွမ်းအင်ရှိပါတယ်။ ဘယ်လိုစွမ်းအင်လည်းဆိုရင် ဖြစ်ချင်တာကိုဖြစ်အောင် မဖြစ်ချင်တာကိုမဖြစ်အောင် ပညာကလူကိုလုပ်ပေးနိုင်ပါတယ်။ ပညာရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တချို့က စာဖတ်တတ် စာရေးတတ် ဘွဲ့တွေရထားတာကို ပညာရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းပညာဆိုတာ ကျောင်းသင်ခန်းစာတွေထဲမှာ ပိတ်လှောင်ထားလို့မရတဲ့အရာပါ။ ဘဝအတွေ့ အကြုံကနေသင်ယူတာ၊ အမှားတွေကနေ ပြန်သင်ခန်းစာယူတာ၊ တခြားသူတွေရဲ့စကားကိုနားထောင်ပြီးဉာဏ်ပညာရယူတာတွေဟာလည်း ပညာရဲ့တစ်စိတ် တစ်ပိုင်းပါပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ပညာအဆင့်ကို စာရွက်ပေါ်ကအမှတ်တွေ၊ ဘွဲ့လက်မှတ်တွေနဲ့ပဲ အတိုင်းအတာသတ်မှတ်လို့မရပါဘူး။
ပညာရှိခြင်းရဲ့အကျိုးကျေးဇူးက ဘာလဲဆိုတော့ ပထမဆုံး ကိုယ့်ကိုယ်ကိုယ်နားလည်လာစေပါတယ်။ ကိုယ်ဘာလိုချင်လဲ၊ ဘာကိုလုပ်နိုင်လဲ၊ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို သိရှိလာတဲ့အခါ ဘဝရဲ့ရည်ရွယ်ချက်တွေ ပိုမိုရှင်းလင်းလာပါတယ်။ ဒါ့အပြင်ပညာဟာ ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ လူသားတွေဖြစ်လာအောင် ပြောင်းလဲပေးပါတယ်။ သည်းခံတတ်ခြင်း၊ စာနာတတ်ခြင်း၊ တခြားသူတွေရဲ့အမြင်ကို လေးစားတတ်ခြင်းဟာ ပညာရှိသူတွေမှာ တွေ့ရတတ်တဲ့အရည်အချင်းတွေပါ။ အရေးကြီးဆုံးကတော့ ပညာဟာ ကျွန်တော်တို့ကို လွတ်လပ်မှုပေးပါတယ်။ အသိဉာဏ်မရှိရင် ကိုယ်ဟာ အခြားသူတွေရဲ့လှည့်စား မှု၊ ဖိနှိပ်မှုတွေအောက်မှာ ပိတ်မိနေနိုင်ပြီး ပညာရှိတဲ့အခါ ကိုယ့်ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိလာပါ တယ်။ ဒါပေမဲ့ ပညာရှိဖို့ဆိုတာ လွယ်ကူတဲ့လမ်းစဉ်တော့မဟုတ်ပါဘူး။ အချိန်ယူရတယ်၊ ကြိုးစားရတယ်၊ တစ်ခါတလေ အမှားတွေကနေသင်ယူရတယ်။ဒါပေမဲ့ အဲဒီကြိုးစားမှုဟာ တန်ဖိုးရှိပါတယ်။ဘာကြောင့် လဲဆိုတော့ ပညာဟာ ဘယ်တော့မှကုန်ခန်းမသွားတဲ့ ဘဏ္ဍာတိုက်တစ်ခုဖြစ်နေလို့ပါ။ တစ်ခါရလာရင် ဘယ်သူမှ အတင်းအဓမ္မလုယူလို့မရသလို ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့အတူရှိနေမယ့်အရာတစ်ခုပါပဲ။
ဒီတော့ ပညာဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကိုပြန်တွေးကြည့်ရင် ပညာဟာ သင်ယူမှု၊ နားလည်မှု၊ အသုံးချမှုတို့ရဲ့ ပေါင်းစပ်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဗုဒ္ဓဘာသာအရတော့ ပညာဆိုတာသိတယ်၊ သိတဲ့ခဏ၌ပယ်ရမှာကိုပယ်တယ်၊ ရသင့်တာ ဆိုက်သင့်တာတွေကိုရပြီးသား၊ ဆိုက်ရောက်ရမယ့်နေရာကိုတစ်ခါတည်းဆိုက်ရောက်သွားကာ ဆက်လက်ပွားများရမယ့်အရာတွေကို ပွားများသွားနိုင်တယ်။ သိ၊ပယ်၊ ဆိုက်၊ ပွားဟာ ပညာရဲ့ကိစ္စလေးရပ်ပဲဖြစ်ပါတယ်။ အင်မတန်ရိုးရှင်းပါတယ်။ ဒီနေရာမှာထပ်မံအသိပေးလိုတာက ပညာသင်ယူခြင်း၊ ပညာရှာခြင်းဟာ စာသင်ကျောင်းထဲမှာပဲရှိတာမဟုတ်ဘဲ ဘဝရဲ့အဆုံးမရှိတဲ့ ခရီးတစ်လျှောက်မှာ ဆက်လက်ရှာဖွေရမယ့်အရာတစ်ခုပါ။ ဒါကြောင့် ပညာကိုတန်ဖိုးထားပြီး အမြဲတမ်းသင်ယူဖို့ကြိုးစားနေမယ်ဆိုရင် ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာဖြစ်သလို မိမိပတ်ဝန်းကျင်၊ မိမိရဲ့မိသားစု၊ မိမိရဲ့တိုင်းပြည်အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမှာအမှန်ပါပဲ။
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု
လူသားအရင်းအမြစ် (Human Capital) ဆိုသည်မှာ လူတစ်ဦးချင်းစီတွင်ရှိသော အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ကျန်းမာရေးကောင်းမွန်မှု စတဲ့အရည်အချင်းများကို စီးပွားရေးတန်ဖိုးအဖြစ်သတ်မှတ်တာကိုဆိုလိုပါတယ်။ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းဟာ တစ်ဦးချင်းဘဝတိုးတက်ရုံသာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျသောအချက်တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအပြိုင်အဆိုင်ဖြစ်နေချိန်တွင် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုသည်အရေးပါမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။ လူသားအရင်းအနှီးကို ဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသောအစိတ်အပိုင်းများမှာ ပညာရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်သင်ကြားမှုများဖြစ်ပါတယ်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ဆန်းသစ်တီထွင်နိုင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီးတော့ ကျန်းမာရေးကောင်းမွန်မှုက လူတစ်ဦးရဲ့အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကိုတိုးတက်စေပြီး လေ့ကျင့်သင်ကြားမှုများကမူ သတ်မှတ်ထားသောကျွမ်းကျင်မှုများကို အားဖြည့်ပေးပါတယ်။ ဤအရင်းအမြစ်များသည် တစ်ဦးချင်းစီ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျပါတယ်။
ထပ်မံ၍တင်ပြရမည်ဆိုရင် အသက်ဘဝတစ်ခုရလာပြီဆိုပါက ၎င်းကို စောင့်ရှောက်မွေးမြူနိုင်ရန် ပညာသည် မရှိမဖြစ်သောအရာပင်ဖြစ်ပါတယ်။ ပညာတတ်မှ ပညာရှိမှအသက်ရှည်နိုင်မယ်၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မယ်။ တစ်ဆက်တည်းဆိုရပါမူ လူ့အဖွဲ့အစည်းတစ်ခုမှာ ရပ်တည်ဖို့ဆိုပါက လူသားတစ်ယောက်အနေနဲ့ တာဝန်ကိုသိရမယ်၊ တာဝန်ယူဝံ့ရမယ်၊တာဝန်ကို ထမ်းဆောင်နိုင်ရပါမယ်။ ကိုယ်ကျင့်တရားရှိခြင်းသည် တာဝန်သိခြင်းဖြစ်ပြီးတော့ တာဝန်မဲ့ခြင်းသည် ကိုယ်ကျင့်တရားမဲ့ခြင်းပင်ဖြစ်ပါတယ်။ တာဝန်ယူဝံ့ခြင်းသည် သတ္တိရှိခြင်းမည်ကာ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်ရှိခြင်းပင်ဖြစ်ပါတယ်။ စွမ်းရည်ရှိဖို့ဆိုပါက ပညာတတ်ဖို့လိုပါမယ်။ ပညာမရှိရင် စွမ်းရည်လည်းရှိနိုင်မှာမဟုတ်ပါဘူး။
တစ်ဦးချင်းစီအနေဖြင့်သာမကဘဲ အဖွဲ့အစည်း/တိုင်းပြည်အတွက်ဆိုပါကလည်း လူသားများသည် အဓိကမောင်းနှင်အားဖြစ်တာကြောင့် Human Capital ကို မြှင့်တင်ရန် အစိုးရများနှင့် အဖွဲ့အစည်းများသည် ပညာရေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ရင်းနှီးမြှုပ်နှံကြရပါတယ်။ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်လာမှုဟာ လူတစ်ဦးချင်းအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေတိုးတက်မှုနှင့် ဘဝအရည်အသွေးမြင့်မား လာမှုကို ဖြစ်ပေါ်စေပါတယ်။ လူ့အဖွဲ့အစည်းအဆင့်တွင်မူ စီးပွားရေးတိုးတက်မှု၊ ဆင်းရဲမွဲတေခြင်း လျော့နည်းလာမှုနှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် လူတစ်ဦးချင်း တစ်ယောက်ချင်းစီအနေနဲ့ မိမိတို့ရဲ့အသက်ဘဝကို ဆင်ခြင်နိုင်ကြကာ အရေးအကြီးဆုံးဖြစ်တဲ့ပညာကို ဖြည့်တင်းခြင်းအားဖြင့် မိမိတို့မိသားစု၊ အဖွဲ့အစည်းများနဲ့ နိုင်ငံတို့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုစွမ်းဆောင်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
ပူပြင်းလှတဲ့နွေရာသီကာလမှာ အုန်းစိမ်းရည် လေးသောက်လိုက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုအားလုံး ပြေပျောက်သွားသလိုခံစားမိကြမှာပါ။ အုန်းစိမ်းရည် မှာ အရေပြားနဲ့ဆံသားလှပစေဖို့ အထောက်အကူပြု တဲ့ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ သဘာဝရဲ့လက်ဆောင်အားဖြည့်ဆေးရည်အနေနဲ့ပါ သုံးစွဲနိုင် ပါတယ်။
အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အုန်းစိမ်းရည်ကိုအစိုဓာတ်ထိန်းခရင်မ်(Wet cream)အဖြစ် ရာသီဥတု မရွေးအသုံးပြုနိုင်ပါတယ်။ အသားအရေစိုပြည်စေဖို့တစ်ကိုယ်လုံးကို လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေအနေနဲ့ အဆီထွက်တာလျော့ နည်းစေပါတယ်။ လိမ်းရုံတင်မကဘဲ သောက်သုံးပေး တာကလည်း အသားအရေအတွက် ကောင်းကျိုး
အာနိသင်ကို ရရှိစေပါတယ်။
ဝက်ခြံနဲ့အမာရွတ်တွေကို ဖယ်ရှားပေးပါတယ်။ အုန်းစိမ်းရည်နဲ့မျက်နှာသစ်တာ ပုံမှန်ပြုလုပ်ပေးရင် ဝက်ခြံ၊ အမည်းစက်၊ အရေးကြောင်းနဲ့ တင်းတိပ် စတဲ့ အရေပြားပြဿနာတွေ လျော့နည်းသက်သာ စေပါတယ်။ ဝက်ခြံအတွက် နနွင်းကို အုန်းစိမ်းရည်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး မျက်နှာပြင်အနှံ့လိမ်းပေးပါ။နောက်တစ်မျိုးအနေနဲ့ စန္ဒကူးမှုန့်နဲ့ အုန်းစိမ်းရည်ကို ခပ်ပျစ်ပျစ်ဖျော်ပြီး ညအိပ်ရာမဝင်မီလိမ်းပေးပါ။ အိပ်ရာထချိန်မှ မျက်နှာသစ်ပေးပါ။ ပုံမှန်ပြုလုပ်ပေး ရင် ဝက်ခြံနဲ့အမာရွတ်တွေ ဖယ်ရှားပေးနိုင်ပါတယ်။
ရေဓာတ်ဖြည့်ပေးပါတယ်။ အရေပြားမှာ ရေဓာတ် ပြည့်ဝနေစေဖို့ အုန်းစိမ်းရည်က ကူညီပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်နေရင် အသားအရေ မွဲခြောက်ပြီး လှပမှုတွေ ပျောက်ကွယ်နေတတ်ပါ တယ်။ အုန်းစိမ်းရည်ကို ခြောက်သွေ့တဲ့အသားအရေ နဲ့ ညိုညစ်ညစ်အသားအရေတွေအတွက် အသုံးပြု နိုင်ပါတယ်။ အုန်းစိမ်းရည်ကို မျက်နှာပေါ် နေ့စဉ်လိမ်းပေးရင် အသားအရေနူးညံ့စိုပြည်မှုကို ရရှိစေ ပါတယ်။
အင်တီအောက်စီးဒင့်တွေပါဝင်ပါတယ်။ အုန်းစိမ်း ရည်မှာအင်တီအောက်စီးဒင့်တွေများစွာပါဝင်ပြီးဆဲလ်တွေကိုဖျက်ဆီးမယ့်ဓာတ်တိုးပစ္စည်းတွေကိုဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါ အရေပြားဆီ သွေးစီးဆင်းမှုလျော့နည်းသွားပြီးအိုမင်းရင့်ရော်စေတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာစေပါ တယ်။ အုန်းစိမ်းရည်မှာ ခန္ဓာကိုယ်တွင်းက ဓာတ်တိုး ပစ္စည်းတွေကိုချေဖျက်ပေးပြီး အရေပြားကျန်းမာစေ ပါတယ်။
သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ်မှုမကောင်းလို့ အောက်ဆီဂျင်ရရှိမှုနည်း တဲ့အခါ အရေပြားမှာ စွန့်ပစ်ပစ္စည်းတွေစုပုံနေတတ် ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တိုင်းက အောက်ဆီ ဂျင်ကိုလိုအပ်ပြီး သွေးလှည့်ပတ်မှုနဲ့အတူ အောက်ဆီ ဂျင်ကို ရရှိကြပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အောက်ဆီဂျင် ရရှိမှုလုံလောက်လို့ ဆဲလ်တွေကို ကျန်းမာစေကာ အသားအရေဖြူဝင်းစေပါတယ်။
ဆံပင်ကျွတ်ခြင်းကိုသက်သာစေပါတယ်။ အုန်းစိမ်း ရည်က ဦးရေပြားသွေးလှည့်ပတ်မှုကို ကောင်းမွန်စေ လို့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဆံချည် မျှင်အိတ်တွေကိုကျန်းမာစေလို့ ဆံပင်တွေသန်စွမ်း စေပါတယ်။
နုပျိုလှပစေပါတယ်။ အရေပြားအိုမင်းလာတာက အလှအပအတွက် ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အသက်ကြီးလာတာ၊ ဓာတုပစ္စည်း၊ လေထု၊ နေထု၊ဖုန်မှုန့်ညစ်ညမ်းမှုတွေနဲ့ နေ့စဉ်ထိတွေ့နေရတာတွေ က အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ အုန်းစိမ်းရည် ထဲမှာ ဆိုင်တိုကိုင်နင် (Cytokinin)ပါဝင်လို့ အိုမင်းရင့်ရော်မှုကို တားဆီးပေးတာကြောင့် နုပျိုလှပစေပါတယ်။ အုန်းစိမ်းရည်ကို နေ့စဉ်သောက်ပေးရင်နုပျိုပြီးကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါ တယ်။
ဆံသားခြောက်သွေ့ခြင်းမှကင်းဝေးစေပါတယ်။ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်တာအတွက် အုန်းစိမ်းရည်ကို ဦးရေပြားအနှံ့လိမ်းပေးပြီး ညင်သာ စွာနှိပ်နယ်ပေးပါ။ ဆံသားများနူးညံ့ပြီး စိုပြည်တောက်ပြောင်စေပါတယ်။
နေရောင်ခြည်ကြောင့် အသားအရေညိုညစ်တာ ကို သက်သာစေပါတယ်။ နေရောင်ခြည်ကြောင့်အသားအရေညိုညစ်တာမျိုးကို လူတိုင်းနီးပါးဖြစ် တတ်ကြပါတယ်။ နေရောင်ခြည်နဲ့ကြာရှည်ထိတွေ့မှုရှိတဲ့သူတွေအနေနဲ့ အသားအရောင်ညိုတာကို အုန်း စိမ်းရည်အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။ အုန်းစိမ်း ရည်ကို မျက်နှာပြင်အနှံ့လိမ်းပြီး ကြေးချွတ်တာကို နေ့စဉ်ပြုလုပ်ပေးရင် နေလောင်တာတွေပျောက် ကင်းစေပါတယ်။
ဆံသားကျိုးပြတ်တာမဖြစ်အောင် ကာကွယ်ပေး ပါတယ်။ အုန်းစိမ်းရည်ထဲမှာပါဝင်တဲ့ ပရိုတင်းဒြပ် ပေါင်းတစ်မျိုးက ဆံသားကို အရင်းကနေအဖျားအထိ အလွှာတစ်ထပ်အနေနဲ့ဖုံးအုပ်ထားပြီး ဆံသားကျိုး ပြတ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
အရေပြားပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးပါ တယ်။ အုန်းစိမ်းရည်က အနာကျက်မြန်စေပြီး ပိုး သတ်အာနိသင်ရှိလို့ အရေပြားပိုးဝင်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အုန်းစိမ်းရည်ကို အရေပြား ပေါ်တိုက်ရိုက်လိမ်းနိုင်သလို ရေနဲ့ရောပြီး ရေချိုးပေး နိုင်ပါတယ်။
အဆီမပြန်အောင်ထိန်းချုပ်ပေးပါတယ်။ အဆီပြန်တဲ့အသားအရေရှိသူတွေအတွက် အုန်းစိမ်းရည် ကို မျက်နှာပေါ်ကအဆီတွေဖယ်ရှားဖို့ အသုံးပြုနိုင် ပါတယ်။ အုန်းစိမ်းရည်ကို မျက်နှာပြင်အနှံ့လိမ်းပြီး ခြောက်အောင်ထားပြီးမှ ရေကြက်သီးနွေးနဲ့သန့်စင် ပေးပါ။ သဘာဝအတိုင်းတောက်ပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဆံသားတောက်ပြောင်ပြီး ဗောက်ကင်းစင်စေပါ တယ်။ အုန်းစိမ်းရည်ထဲမှာ ဆံသားကိုအားဖြည့်ပေး တဲ့ ဗီတာမင် K နဲ့ သံဓာတ်ပါဝင်လို့ ဆံသားတောက် ပြောင်လှပစေပါတယ်။ အုန်းစိမ်းရည်က ဦးရေပြား ပေါ် ဗက်တီးရီးယားပိုးနဲ့ မှိုပိုးတွေမငြိတွယ်အောင် တားဆီးပေးလို့ ဦးရေပြားဗောက်ထတာ၊ သန်းတွယ် တာ၊ ယားယံတာတွေကနေ ကင်းဝေးစေပါတယ်။
ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်း ရည်မှာပါတဲ့ ဆိုင်တိုကိုင်နင်(Cytokinin)လို့ခေါ်တဲ့အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေ သလို ဗက်တီးရီးယားတွေနဲ့ ကင်ဆာရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ အုန်းစိမ်းရည် က ကျန်းမာရေးအတွက်အထောက်အကူများစွာပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အပူဒဏ်ကြောင့် ရေငတ် တာပြေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
သွေးတိုးကျစေပါတယ်။ အုန်းစိမ်းရည်မှာ ဗီတာမင် C၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းက အကျိုးမပြုတဲ့ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတဲ့ အတွက် သွေးတိုးကျစေဖို့ အထောက်အကူပြုနိုင်ပါ တယ်။
နှလုံးကျန်းမာစေပါတယ်။ ကိုလက်စထရောနဲ့အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာ စေတယ်။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက် စထရော(LDL-Low density Lipoprotein)ကိုလျော့ကျ စေပြီး အကျိုးပြုကိုလက်စထရော(HDL-High density Lipoprotein)ကိုတိုးစေတာကြောင့် နှလုံးရောဂါကို လျှော့ချပေးပါတယ်။
အရက်နာကျတာကိုသက်သာစေပါတယ်။ အုန်း စိမ်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ အရက်က ခန္ဓာ ကိုယ်ရဲ့ရေဓာတ်ကုန်ဆုံးစေပြီး ရေဓာတ်ကုန်ဆုံးမှုက နောက်တစ်နေ့နံနက်မှာ အရက်နာကျတာကိုဖြစ်စေ ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်ရဲ့သတ္တုဓာတ် ကို ပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ်ကို ပြန်လည် ဖြည့်တင်းစေနိုင်တာကြောင့် အရက်နာကျတာကို သက်သာစေပါတယ်။
ခန္ဓာကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ ခန္ဓာ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအနေနဲ့ အုန်းစိမ်း ရည်သောက်သုံးဖို့ သင့်တော်ပါတယ်။ ကယ်လိုရီပါဝင် မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အကူပြုပါတယ်။ အုန်းစိမ်းရည်ထဲမှာ အစာချေဖျက်မှုကိုအထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကိုတိုးမြှင့်ပေးနိုင်တဲ့ Bioactive အင်ဇိုင်းတွေ ပါဝင်တယ်။
ခေါင်းကိုက်တာကိုသက်သာစေပါတယ်။ ခေါင်း ကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေ ဓာတ်ဆုံးရှုံးလို့ဖြစ်တယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အီလက်စတိုလိုက်(Electrolytes)တို့ ထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့ရေဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။မဂ္ဂနီဆီယမ်လျော့နည်းရင် ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်တတ်ပါတယ်။ အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်လို့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစား နေရသူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။
Source: https://myawady.net.mm/stories
ပါဟယ်ဂမ်ဒေသဆိုတာ သိပ်ကိုအေးချမ်းတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ပါ။ သူ့ရဲ့တည် နေရာက အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ တို့ကြား ကက်ရှမီးယားဒေသမှာဖြစ်ပါတယ်။ သူတို့ နှစ်နိုင်ငံကြား စစ်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း ပါဟယ်ဂမ်မြို့က ငြိမ်းချမ်းတဲ့နေရာတစ်ခု၊ အပန်းဖြေလို့ ကောင်းတဲ့နေရာတစ်ခု၊ ခရီးသွားတွေကိုဆွဲဆောင်ပေးနိုင်တဲ့နေရာတစ်ခု၊ ပြောရရင်သိပ်ကိုသာယာနာပျော်ဖွယ်ကောင်းလွန်းတဲ့ နေရာလေးတစ်ခုပေါ့။
ဒါပေမဲ့ ဧပြီလ ၂၂ ရက်မှာတော့ အဲဒီလိုသာယာလွန်းလှတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ဟာ အကြမ်းဖက်သမားများကြောင့် ငရဲခန်းတစ်ခုသဖွယ် ချောက်ခြားခဲ့ရပါတော့တယ်။ တကယ်တော့ အကြမ်းဖက်သမားဆိုတာ အကြမ်းဖက်သမားစိတ်ပဲရှိတာပါ။ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ လူသတ်နေရရင်၊ သူတို့စိတ်ပျော်ရွှင်အောင် အဖျက်အမှောင့်လုပ်ငန်း တွေလုပ်နေရရုံနဲ့ ကျေနပ်နေတဲ့လူတန်းစားတစ်ရပ် ဖြစ်ပါတယ်။ အခုလည်း အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ပါဟယ်ဂမ်မြို့လေးကိုအလည် လာတဲ့ ခရီးသွား ၂၆ ယောက်ဟာ အသက်ဆုံးရှုံးခဲ့ရ ပါတယ်။ သူတို့ထဲကမှ ၂၅ ယောက်က အိန္ဒိယနိုင်ငံ သားတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ နီပေါနိုင်ငံသားပါ။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံထဲ မှာအခြေချနေတဲ့ The Resistance Front အမည်ရှိ အကြမ်းဖက်အဖွဲ့ငယ်လေးက သူတို့လုပ်တာပါဆိုပြီး အတိအလင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခု တိုက်ခိုက်မှုမှာ ပါကစ္စတန်အစိုးရရဲ့ထောက်ပံ့မှုပါနေ တယ်ဆိုပြီး အိန္ဒိယအစိုးရကပြောထားပါတယ်။ တစ် ချိန်တည်းမှာပဲ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီ တွေကလည်း ပါကစ္စတန်ထောက်လှမ်းရေးဌာနဖြစ် တဲ့ ISI က ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ လက်သည် အနေနဲ့ပါဝင်နေတယ်ဆိုတဲ့ သတင်းအချက်အလက် တွေကို အခိုင်အမာရရှိထားတယ်လို့ ဆိုထားပြန်ပါ တယ်။ အဲဒီအချက်အလက်တွေထဲမှာ တိုက်ခိုက်မှု လုပ်သူတွေဟာ မူဇာဖာရာဘတ်နဲ့ ကရာချိမြို့တို့မှာ ရှိတဲ့ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ရဲ့ လျှို့ဝှက် နေအိမ်တွေဆီသွားခဲ့တာကိုတွေ့ရှိထားမှုလည်းပါဝင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာပါကစ္စတန်ဘက်က ပါဝင် ကူညီမှုတွေ မလွဲမသွေရှိနေတယ်လို့ အိန္ဒိယဘက်က အတိအလင်းပြောထားတာဖြစ်ပါတယ်။ ပါကစ္စတန် ကတော့ သူတို့အနေနဲ့ဒီကိစ္စမှာပါဝင်မှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့သူတွေထဲကသုံးဦးဟာ ပါကစ္စတန်နိုင်ငံအခြေစိုက် လက်ရှကာ-အီး-တိုင်ဘာ (LeT) လို့အမည်ရတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ LeT အဖွဲ့ဆိုတာ ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြောရရင် ကမ္ဘာသိအကြမ်းဖက်အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့် အိန္ဒိယရဲတပ်ဖွဲ့က အဲဒီအကြမ်းဖက်သမားသုံးဦးကိုဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို ဆုတော်ငွေအဖြစ် ရူပီးနှစ်သန်းစီပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကနေအသက်ရှင်သန်လွတ်မြောက်လာသူတွေရဲ့ ပြန်ပြောချက်အရသိရတာကအကြမ်းဖက် သမားများဟာ ဘာသာရေးကိုအခြေခံတဲ့အကြမ်း ဖက်တိုက်ခိုက်မှုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ပထမ ဦးစွာ စစ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ အကြမ်း ဖက်သမားများက ခရီးသွားတွေသာယာစွာရှုခင်းကြည့်နေတဲ့ မြက်ခင်းပြင်ရှိရာနေရာကိုဝင်လာပြီး တစ်ဦးချင်းစီရဲ့နာမည်တွေကိုမေးပါတယ်။ ပြီးရင် အစ္စလာမ်မစ်အဆိုအမိန့်တွေကို ရွတ်ခိုင်းပါတယ်။ မရွတ်နိုင်တဲ့သူတွေကိုတော့ သေနတ်နဲ့တေ့ပစ်သွားကြတာဖြစ်တယ်လို့ဆိုပါတယ်။
အခုကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အိန္ဒိယအစိုးရ က ပါကစ္စတန်နိုင်ငံနဲ့ဆက်ဆံရေးအဆင့်ကို လျှော့ချ လိုက်ပါတယ်။ သံတမန်ဝန်ထမ်းအရေအတွက်ကိုလည်း ၅၅ ယောက်ကနေအယောက် ၃၀ အထိလျှော့ချလိုက်ပါတယ်။ နှစ်နိုင်ငံကြားအဓိကကျတဲ့ နယ်စပ် ဂိတ်ကိုလည်းပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံကြားမှာ အရေးပါလှတဲ့ ရေမျှဝေရေးသဘောတူစာချုပ်အပေါ် လိုက်နာမှုကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ရပ်ဆိုင်း လိုက်ပါတယ်။ ဒါ့အပြင် တခြားသောလုပ်ဆောင်ချက် တွေကိုလည်း ဆောင်ရွက်လိုက်ပါသေးတယ်။ ဒီအချိန် မှာပဲ ပါကစ္စတန်ဘက်ကလည်း နှစ်နိုင်ငံကြားကုန် သွယ်မှုကိုရပ်ဆိုင်းလိုက်ခြင်းအပါအဝင် လက်တုံ့ပြန်မှုများစွာကိုလုပ်ဆောင်ပါတယ်။ အိန္ဒိယကနိုင်ငံအတွင်းမှာရှိတဲ့ ပါကစ္စတန်နိုင်ငံသားတွေအားလုံးကို ဧပြီလ ၂၇ ရက်မတိုင်မီထွက်သွားခိုင်းပြီး ဗီဇာတွေ အားလုံးကိုပယ်ချလိုက်သလို ပါကစ္စတန်ကလည်း အိန္ဒိယနိုင်ငံသားတွေရဲ့ဗီဇာတွေကို ခွင့်မပြုတော့ပါဘူး။
ဧပြီလ ၂၄ ရက်မှာတော့ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက နိုင်ငံအရှေ့မြောက်ပိုင်း ဘီဟာပြည်နယ် မှာမိန့်ခွန်းပြောစဉ် “အိန္ဒိယအစိုးရအနေနဲ့ အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိ လိုက်လံရှာ ဖွေချေမှုန်းသွားမယ်” လို့ကတိပြုကြောင်းပြောခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အိန္ဒိယဝန်ကြီးချုပ်ဟာ မိန့်ခွန်းပြောတဲ့အခါ ဟင်ဒီဘာသာစကားနဲ့သာပြော လေ့ရှိပေမယ့် အခုတစ်ခေါက်မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ပါပြောလာတာဖြစ်ပါတယ်။ သူက ဘာတွေပြောသွားလဲဆိုတော့-
“ကျွန်တော့်အနေနဲ့ ဘီဟာမြေပေါ်မှနေ၍ တစ်ကမ္ဘာလုံးကို ပြောချင်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အကြမ်းဖက်သမားမှန်သမျှကိုသာမက သူတို့အပေါ် ထောက်ပံ့ပေးနေသူတွေကိုပါ လိုက်လံရှာဖွေပြီးအပြစ် ပေးသွားမှာပါ။ အိန္ဒိယနိုင်ငံရဲ့စိတ်ဓာတ်ဟာ အကြမ်း ဖက်ဝါဒကြောင့် ပြိုကွဲသွားမှာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကိုလည်း ဒီအတိုင်းလွှတ်ပေးထားမှာမဟုတ်ပါဘူး။ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်နိုင်တာ မှန်သမျှအားလုံးလုပ်ဆောင်သွားမှာပါ။ တစ်နိုင်ငံလုံး ကလည်း ခိုင်ခိုင်မာမာရပ်တည်သွားမှာဖြစ်ပါတယ်။”
ဧပြီလ ၂၄ ရက်မှာပဲ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှီဘားရှာရစ်က တပ်မတော်ထိပ်တန်းအရာရှိကြီးတွေ ပါဝင်တဲ့ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေး ကိုကျင်းပပါတယ်။ အဲဒီအစည်းအဝေးပြီးနောက် ဝန်ကြီးချုပ်ကပါကစ္စတန်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့လုံခြုံရေးကိုထိခိုက်စေမယ့် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းထန်တဲ့လက် တုံ့ပြန်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ပြောထားပါတယ်။
အဲဒီလိုပြောပြီးလို့မကြာခင်မှာပဲ ပါကစ္စတန်တပ်မတော်အနေနဲ့ ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ သူတို့ရဲ့ အထူးစီးပွားရေးဇုန်အတွင်းရှိကမ်းရိုးတန်းဒေသမှာမြေပြင်မှမြေပြင်ပစ်ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ လုပ်ဖို့သတိပေးချက်ထုတ်ထားတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများက ပါကစ္စတန်ရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်များကပြောထားတာတွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယလေကြောင်းလိုင်းတွေအတွက် ပါကစ္စတန်ရဲ့ ဝေဟင်ကိုပိတ်လိုက်ပြီလို့လည်း ကြေညာထားပါ သေးတယ်။
အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မကြာခဏဆိုသလိုဖြစ်လေ့ ရှိပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေဖြစ်တိုင်းလည်း အကြမ်းဖက်သမားတွေက ပါကစ္စတန်နိုင်ငံထဲအခြေ စိုက်ကြသူတွေများပါတယ်။ ပါကစ္စတန်ဘက်က သူတို့အနေနဲ့ အကြမ်းဖက်သမားတွေကိုလက်ခံထား တာမရှိဘူးလို့ ဘယ်လိုပင်ပြောပြော အိန္ဒိယကတော့ ပါကစ္စတန်ပိုင်နက်ထဲအထိဝင်ပြီး အကြမ်းဖက်သမား တွေရဲ့စခန်းကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။
အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဆိုတာ ဘာသာရေးကိုအခြေခံတဲ့ပဋိပက္ခတွေနဲ့အတူ နယ်မြေလုစစ်ပွဲတွေလည်းဖြစ်ပွားခဲ့ဖူးပါတယ်။ ဖြစ်ပွားခဲ့ဖူးတဲ့စစ်ပွဲတွေတိုင်းမှာလည်း နှစ်ဖက်စလုံးကထိခိုက်ဆုံးရှုံး မှုများနဲ့သာရင်ဆိုင်ခဲ့ကြရတာပါ။ ဒီမတိုင်ခင်ကာလမှာလည်း နှစ်နိုင်ငံစလုံးက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ကင်းလို့မရနိုင်တဲ့အခြေအနေကြောင့်ကောင်းဟန်ဆောင်ကာ ဆက်ဆံခဲ့ရတဲ့အနေအထားဖြစ်ပါတယ်။ အခုတကယ်တမ်းဖြစ်လာပြီလည်း ဆိုရော တစ်ယောက်နဲ့တစ်ယောက်လက်တုံ့ပြန်မှုတွေနဲ့သာ စတင်ခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် နောက်ထပ်ဘာဆက်ဖြစ်လာနိုင်လဲဆိုရင် သူတို့နှစ်နိုင်ငံရဲ့ရှေ့ဆက်လှုပ်ရှားမှုအပေါ်မှာသာမူတည်နေပါတယ်။ လေ့လာသူတချို့ကတော့ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှု ဖြစ်တဲ့အဆင့်အထိရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ ခုနှစ် ဘလာကော့အရေးအခင်းမှာဆိုရင် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခြင်းနဲ့လက်တုံ့ပြန်ခဲ့ပါတယ်။ စစ်ရေးအရကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယတပ်မတော်ကအင်အားပိုမိုတောင့်တင်းလာကာ ပါကစ္စတန်ကတော့ ပြည်တွင်းရေးအကျပ်အတည်းကြောင့် အရင်ကထက်အင်အားတောင့်တင်းလာတာမျိုးမရှိပါဘူး။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံဘက်က ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုရင် ပါကစ္စတန်ဘက်ကလည်း ငြိမ်ခံနေမယ့်အခြေအနေတော့မရှိပါဘူး။
ဒီတစ်ကြိမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာထူးခြားတာတစ်ခုက အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင်ကိုက အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိလိုက် ရှာပြီးချေမှုန်းသွားမယ်လို့ဆိုထားတာပါ။ အရင်ဖြစ် စဉ်တွေတုန်းက အခုလိုမျိုးကတိပြုမှုကို မတွေ့ခဲ့ဖူး ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်အကြမ်းဖက်သမား တွေရဲ့တိုက်ခိုက်မှုဖြစ်စဉ်ဟာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဘယ်လိုမှညှိနှိုင်းလို့မရနိုင်တဲ့အခြေအနေဆီကို ရောက်စေမှာလား။ ဒါမှမဟုတ် ကြားဝင်စေ့စပ်ပေး သူတွေကြောင့် ပြန်ပြီးပြေလည်သွားမှာလားဆိုရင် ကျွန်တော်ကတော့ သူတို့နှစ်နိုင်ငံကြားတင်းမာမှု ပြေလျော့စေဖို့က အချိန်တော်တော်ကြာဦးမယ်လို့ မှတ်ချက်ပြုရပါလိမ့်မယ်။ ။
Ref: AGC
Source: https://myawady.net.mm/stories
ဆီးသွားတဲ့အခါ နာကျင်မှု ဒါမှမဟုတ် ပူလောင်မှုခံစားရတာကို ဆီးသွားတဲ့အခါနာကျင်မှု (Dysuria) လို့ခေါ်ပါတယ်။ အဲဒီနာကျင်မှုက ရောဂါကြီးမဟုတ်ဘဲ ဆီးလမ်းကြောင်း ဒါမှမဟုတ် ဆီးလမ်းကြောင်း နဲ့ဆက်စပ်သက်ဆိုင်တဲ့လက္ခဏာတစ်ခုပဲဖြစ်တယ်။ ဥပမာ-အမျိုးသမီး တွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ(UTI)ကြောင့် Dysuria ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာ (Prostatitis) ဒါမှမဟုတ် ဆီးပြွန် ရောင်တာ (Urethritis) ကြောင့်ဖြစ်နိုင်တယ်။ ဆီးသွားတဲ့အခါနာကျင်မှု (Dysuria)ဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေက ကျောက်ကပ်ကျောက် တည်တာ၊ မိန်းမကိုယ်မှိုစွဲတာ၊ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ သန့်ရှင်းမှုအားနည်းတာနဲ့ ရေသောက်နည်းတာတွေကြောင့်ဖြစ်ပါ တယ်။ Dysuria ရဲ့အကြောင်းကိုသိရှိဖို့နဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါ့ပြင် အကောင်းဆုံးအိမ်တွင်းနည်းလမ်း တချို့ကိုလည်း သိရှိလိုက်နာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ရေများများသောက်သင့်ပါတယ်။ ရေဓာတ်ခန်းခြောက်တာက Dysuria ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ရေများများ သောက်တာက ဆီးသွားတဲ့အခါ နာကျင်မှုသက်သာစေနိုင်ပါတယ်။ဗက်တီးရီးယားပိုးဝင်တာကြောင့် Dysuria ဖြစ်နေရင်လည်း ရေများများသောက်တာက ဆီးအိမ်နဲ့ဆီးပြွန်ထဲကပိုးမွှားတွေကို ဆေးကြောပေးနိုင်ပါတယ်။
အုန်းရည်လတ်လတ်ဆတ်ဆတ်သောက်သင့်ပါတယ်။ အုန်းရည်က လန်းဆန်းပြီး ချိုမြိန်တဲ့အရသာရှိတာကြောင့် Dysuria ကိုသက်သာစေနိုင်ပါတယ်။ ရာစုနှစ်တွေကတည်းက ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်ဆိုင်ရာပြဿနာတွေအတွက် ရိုးရာဆေးပညာရှင်တွေက အုန်းရည်သောက်ဖို့ အကြုံပြုခဲ့ကြပါတယ်။ တစ်ရက်ကို အုန်းရည်နှစ်ခွက်လောက် သောက်ပေးရင် Dysuria ကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ပန်းသီးရှလကာရည်ကိုရေနဲ့ရောပြီး သောက်သင့်ပါတယ်။ ပန်းသီး ရှလကာရည်မှာ ဗက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အာနိသင်ရှိ ပါတယ်။ ဒါ့ပြင် ဗက်တီးရီးယားပိုးဝင်တာကြောင့် Dysuria ဖြစ်နေရင် သက်သာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့စံပမာဏကို ပြန်လည်ထိန်းညှိပေး ပြီး ပိုးမွှားတွေမပြန့်ပွားအောင် ကာကွယ်ပေးပါတယ်။ ပန်းသီးရှလကာ ရည်တစ်ဇွန်းကို တစ်ရက်နှစ်ကြိမ် သောက်ပေးသင့်ပါတယ်။
မုန်လာဥနီဖျော်ရည်သောက်သင့်ပါတယ်။ မုန်လာဥနီက ဗီတာမင်-A ကြွယ်ဝတာကြောင့် မျက်စိအတွက်ကောင်းတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါ့ပြင် မုန်လာဥနီဖျော်ရည်သောက်တာက Dysuria အတွက်လည်း ထိရောက်မှုရှိစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်က ခန္ဓာကိုယ်ရဲ့စံပမာဏကိုထိန်းညှိပေးပြီး ဗက်တီးရီးယား တွေကိုတိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင် ပေးပါတယ်။
ဒိန်ချဉ်နေ့စဉ်စားသင့်ပါတယ်။ ဒိန်ချဉ်မှာ အူထဲကမကောင်းတဲ့ပိုးမွှား တွေကို ထိန်းချုပ်ပေးနိုင်တဲ့ ကောင်းတဲ့ဗက်တီးရီးယားပိုးတွေ ဘီလီယံ ချီ ပါဝင်ပါတယ်။ ဒိန်ချဉ်ကို တစ်နေ့နှစ်ကြိမ်သောက်ပေးတာက ဗက်တီး ရီးယားပိုးဝင်ခြင်းကြောင့် ဆီးသွားတဲ့အခါ နာကျင်တာကိုသက်သာစေ နိုင်ပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားမပါတဲ့ဒိန်ချဉ်ကို ရွေးချယ် သောက်သုံးသင့်ပါတယ်။
လေးညှင်းဆီ အသုံးပြုပေးနိုင်ပါတယ်။ လေးညှင်းဆီက အူလမ်းကြောင်းရှိ ကပ်ပါးပိုးတွေနဲ့ ကင်ဒီဒါ(Candida) မှိုပိုးတွေကို တိုက်ဖျက် ပေးနိုင်တယ်လို့ လူသိများပါတယ်။ သုတေသနတွေအရလည်း လေးညှင်းဆီက ဗက်တီးရီးယားပိုးတွေကို တားဆီးနိုင်စွမ်းရှိပြီး ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လေးညှင်းဆီမှာ အဓိကပါဝင်တဲ့ ယူဂျီနော(Eugenol) ဒြပ်ပေါင်းက ရောင်ရမ်းမှုကိုလျော့ကျစေပြီး မှိုနဲ့ ဗက်တီးရီးယားပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေရှိပါတယ်။
သံပရာရည်လတ်လတ်ဆတ်ဆတ်ကို သောက်သင့်ပါတယ်။ သံပရာရည်က အချဉ်ဓာတ်ရှိပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီဓာတ်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ရေနွေးနွေးတစ်ခွက်ထဲကို သံပရာရည်ညှစ်ထည့်ပြီးသောက်တာက ခန္ဓာကိုယ်ရဲ့စံပမာဏကိုပုံမှန် ဖြစ်စေပြီး Dysuria ဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေမပွားနိုင်အောင် ကာကွယ်ပေးပါတယ်။
ဖာလာစေ့ကို အသက်ရှူလမ်းကြောင်းဆိုင်ရာလန်းဆန်းစေဖို့၊ အစာခြေစနစ်ကိုကူညီဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းမွန်ဖို့ အသုံးပြုကြပါတယ်။ ဆီးရွှင်စေတဲ့အာနိသင်ရှိပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ ရေဓာတ်ကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ပြင် သုတေသနတွေအရ ဗက်တီးရီးယားပိုးတချို့ကိုလည်း သေစေနိုင်တယ်လို့သိရပါတယ်။ ဖာလာစေ့ အမှုန့်တစ်ဇွန်းကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး ညတိုင်းအိပ်ရာမဝင်မီသောက်သုံးနိုင်ပါတယ်။ အရသာကောင်းအောင် ပျားရည်အနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။
သခွားသီးစားတာ ဒါမှမဟုတ် သခွားသီးဖျော်ရည်သောက်ပေးသင့်ပါတယ်။ သခွားသီးက ဆီးသွားရင်နာကျင်တာ ဒါမှမဟုတ် ပူလောင်တာကို သက်သာစေနိုင်ပါတယ်။ သခွားသီးမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိတာကြောင့် ဆီးသွားတာကိုများစေပြီး ဗက်တီးရီးယားပိုးတွေကို ဆေးကြောပေးနိုင်ပါတယ်။ သခွားသီးကိုခြေပြီး အရည်ညှစ်ယူကာ ရလာတဲ့အရည်ကို တစ်ရက်နှစ်ကြိမ်သောက်ပေးပါက Dysuria ကို ချက်ချင်းသက်သာစေနိုင်ပါတယ်။
တစ်ရက်ကို ချင်းလက်ဖက်ရည် တစ်ခွက်ကနေနှစ်ခွက်အထိ သောက်သင့်ပါတယ်။ ချင်းက ဟင်းလျာတွေကို အရသာပိုကောင်းစေရုံသာမက ဗက်တီးရီးယားပိုးဝင်တာနဲ့ ရောင်ရမ်းမှုတွေအတွက်လည်း ထိရောက်တဲ့အိမ်တွင်းကုထုံးတစ်ခုဖြစ်ပါတယ်။ ချင်းမှာ အားကောင်းတဲ့ပိုးသတ် နိုင်စွမ်းနဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။ တစ်ရက်ကို ချင်းလက်ဖက်ရည်(၁-၂)ခွက်သောက်တာက Dysuria ကို သက်သာစေပါတယ်။
ဆီးသွားရင်နာကျင်ခြင်း(Dysuria)က အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုတဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း အသက်ကြီးသူတွေက အသက်ငယ်သူတွေထက် ပိုပြီးအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆီးချိုဝေဒနာရှင်တွေနဲ့ဆီးအိမ်ရောဂါရှိသူတွေက ဆီးသွားရင်နာကျင်တာကို အရင်ဆုံးခံစားရ သူများဖြစ်ကြပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ အမျိုးသားရော အမျိုးသမီးပါ ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းတို့ကို ခံစားရလေ့ ရှိပါတယ်။ တချို့သူတွေမှာ ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်ကြပါတယ်။ တချို့မှာ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ဆီးအိမ်၊ ဆီး ကျိတ်တို့တည်ရှိရာနေရာမှာ နာကျင်တတ်ပါတယ်။ ရောဂါဖြစ်ပွားစဉ် ကာလအတွင်း လူနာက ဆီးခဏခဏသွားလိုခြင်းကို ခံစားရပါတယ်။
ဆီးကုန်အောင်မသွားနိုင်တဲ့အခါ ဆီးအိမ်ထဲအနည်အမှုန်များ စုပုံ ပြီး ကျောက်တည်လာတတ်ပါတယ်။ အဲဒီကျောက်တွေက ဆီးလမ်း ကြောင်းပိတ်ဆို့စေပြီး ဆီးကျင်တာကို ခံစားရစေပါတယ်။ ဆီးအိမ် ရောင်ရမ်းခြင်း၊ ဆီးစွန့်ပြွန်မှတစ်ဆင့် ဗက်တီးရီးယားပိုးဝင်ရောက်ပြီး ဆီးအိမ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ ဆီးကျိတ်ရောဂါပိုးဝင်တဲ့အခါ ရောင်ရမ်းခြင်းဖြစ်ပြီး နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ ဆီးစွန့်ပြွန်ရောင်ခြင်း၊ ကျောက်ကပ်ရောဂါ ပိုးဝင်ခြင်း စတာတို့ဖြစ်တတ်ပါတယ်။
မသက်သာရင် ဆီးပိုးမွေးပြီး ပဋိဇီဝဆေး(Antibiotics)ကျွေးသင့်ပါ တယ်။ လူကြီး အမောက်ဆလင် (Amoxicillin 500Mg) တစ်ရက်နှစ်ကြိမ် (၅-၇)ရက် ဒါမှမဟုတ် စီပရိုဖလောက်ဆင် (Ciprofloxacin 500Mg BD) (၅-၇) ရက် သောက်နိုင်ပါတယ်။ ဂျင်တာမိုင်ဆင် (I/m Gentami-cin) ထိုးဆေးကို အစားအသောက်စားပြီး တစ်နေ့နှစ်ကြိမ် (၅-၇)ရက် ထိုးနှံနိုင်ပါတယ်။ ယင်းမှာ Gonorrhoea ပိုးအတွက် ထိုးနှံခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
ဘဝနှင့်လောကဓံတရား
ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းနေသူများဖြစ်ကြသည်။ ဘဝခရီးကိုလျှောက်လှမ်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေတွေ့ကြုံကြရမည်။ မြတ်ဗုဒ္ဓက ကျွန်ုပ်တို့လူသားများတွေ့ကြုံရမည့်လောကဓံတရားရှစ်ပါးကို ဟောကြားခဲ့သည်။ ယင်းတို့မှ လာဘဟူသော လာဘ်ပေါများခြင်း၊ အလာဘဟူသော လာဘ်နည်းပါးခြင်း၊ ယသဟူသော အခြွေအရံများခြင်း၊ အယသဟူသော အခြွေအရံနည်းပါးခြင်း၊ နိန္ဒာဟူသော ကဲ့ရဲ့ခြင်း၊ ပသံသာဟူသောချီးမွမ်းခြင်း၊ သုခဟူသော ချမ်းသာခြင်း၊ ဒုက္ခဟူသော ဆင်းရဲခြင်းတို့ဖြစ်ကြသည်။ ယခုကျွန်ုပ်တို့ခံစားနေရသော မန္တလေးငလျင်ကြီးသည် ဒုက္ခဆင်းရဲခြင်းဟူသော လောကဓံတရားပင်ဖြစ်သည်။
ကျွန်ုပ်တို့၏တာဝန်နှစ်ရပ်
ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းရင်းလောကဓံတရားတစ်မျိုးမျိုး တွေ့ကြုံရသည့်အခါဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ရှိသည်။ ပထမတာဝန်မှာ တွေ့ကြုံရသည့်လောကဓံတရားအပေါ် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီးရင့်ကျက်တည်ငြိမ်သောစိတ်အခြေအနေတစ်ရပ်တည်ဆောက်ရန်ဖြစ်သည်။ ဒုတိယတာဝန်မှာ ကြုံတွေ့ရသည့်လောကဓံတရားအား သတိ၊ ပညာ၊ဝီရိယဟူသော အားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းပြီးအဖိုးတန်ဘဝသင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိ၊ သတိ စသည့်ကောင်းကျိုးရလဒ်အမျိုးမျိုးကို ထုတ်ယူရန်ဖြစ်သည်။ ဤတာဝန်နှစ်ရပ်ကိုမပျက်မကွက်ထမ်းဆောင်ပါက လောကဓံတရားတစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီးသည့်အခါတိုင်း ကျွန်ုပ် တို့၏စိတ်ဓာတ်သည် ပိုမိုရင့်ကျက်တည်ငြိမ်လာမည်။ ကျွန်ုပ်တို့၏အတွေ့အကြုံ၊ ဗဟုသုတနှင့် အသိ၊ သတိ အဆင့်အတန်းသည် ပိုမိုမြင့်မားလာမည်။ လောကဓံတရားက မည်သို့ပင်ဆိုးကျိုးပေးနေစေကာမူ အသိ၊ ပညာ၊ ဝီရိယဖြင့် ယင်းဆိုးကျိုးများကိုကောင်းကျိုးအဖြစ်သို့ ပြောင်းယူနိုင်မည်ဖြစ်သည်။
ယောနိသောမနသီကာရ
ယောနိသောမနသီကာရဆိုသည်မှာ ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားတစ်မျိုးမျိုးကြုံတွေ့ရသည့်အခါ ဗုဒ္ဓအဆုံးအမတရားများကိုနှလုံးသွင်းဆင်ခြင်သည်။ ဤသို့ဆင်ခြင်မှုကြောင့် ကြုံတွေ့နေရသည့်လောကဓံတရားနှင့်ပတ်သက်၍မှန်ကန်သောအသိဖြစ်ပေါ်လာသည်။ မှန်ကန်သောအသိကြောင့် မှန်ကန်သောအယူဖြစ်ပေါ်လာသည်။ မှန်ကန်သောအယူကြောင့် မှန်ကန်သောအတွေးဖြစ်ပေါ်လာသည်။ မှန်ကန်သောအတွေးကြောင့် ရင့်ကျက်တည်ငြိမ်သော စိတ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤသဘောသည် ယောနိသောမနသီကာရ မှန်ကန်စွာ နှလုံးသွင်းခြင်းသဘောဖြစ်သည်။ ဘဝခရီးတစ်လျှောက်လုံး လောကဓံတရားတစ်မျိုးမျိုးနှင့်တွေ့ကြုံရမည်ဖြစ်ရာ ကျွန်ုပ်တို့အစဉ်စွဲကိုင်ရမည့်တရားမှာ ယောနိသောမနသီကာရပင်ဖြစ်သည်။
လောကဓံထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်း
လောကဓံထံမှကောင်းကျိုးရလဒ်ထုတ်ယူခြင်းဆိုသည်မှာ တွေ့ကြုံလာရသောမည်သည့်လောကဓံတရားမျိုးကိုမဆို မိမိ၏စိတ်ကို အသိတရားဖြင့်ထိန်း၊ အရာရာကိုပညာဖြင့်ဆင်ခြင်ပြီး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို မလျှော့သောဝီရိယဖြင့်ကြိုးပမ်းဆောင်ရွက်ပြီး အောင်မြင်မှုရလဒ်အမျိုးမျိုးကို ဖော်ထုတ်ရယူခြင်းဖြစ်သည်။ တွေ့ကြုံနေရသောလောကဓံတရားကြောင့် အခြေအနေဆိုးအမျိုးမျိုးဖြစ်ပေါ်နေစေကာမူ ယင်းအခြေအနေဆိုးများကို အသိ၊ ပညာ၊ ဝီရိယဖြင့်ကိုင်တွယ်ဖြေရှင်းပြီး အခြေအနေကောင်းများအဖြစ်သို့အောင်မြင်စွာပြောင်းလဲခြင်းဖြစ်သည်။ ဤသဘောသည် လောကဓံတရားထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်းသဘောဖြစ်သည်။
ကျွန်ုပ်တို့ခံစားခဲ့ရသည့်မန္တလေးငလျင်ကြီး
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်သင့်ခဲ့သည်။
ထိုသို့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။
မန္တလေးငလျင်ကြီးအားမှန်ကန်စွာနှလုံးသွင်းမည်
မန္တလေးငလျင်ကြီးသည် သူ့သဘောသူဆောင်ကာ ကျွန်ုပ်တို့ထံရောက်လာပြီး ကြီးစွာသောထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အား ဝမ်းနည်းပူဆွေးသောကအမျိုးမျိုးကိုပေးသော်လည်း ကျွန်ုပ်တို့ကလက်မခံပါ။ ဗုဒ္ဓအဆုံးအမတရားများဖြင့် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီး ဓမ္မအသိ၊ ဓမ္မသတိများကိုဖော်ထုတ်ကာ ရင့်ကျက်တည်ငြိမ်သော စိတ်အခြေအနေတစ်ရပ်ကိုသာတည်ဆောက်မည်။ နှလုံးသွင်းဆင်ခြင်ရမည့် ဗုဒ္ဓအဆုံးအမတရားတော်များအနက် အောက်ဖော်ပြပါတရားတော်သုံးမျိုးကို ဖော်ပြလိုသည်-
လောကသည် အနတ္တအစိုးမရသည့်သဘော
လောကကြီးသည် မိမိဖြစ်စေချင်သည့်အတိုင်းမဖြစ်ဘဲ သူဖြစ်ချင်သည့်အတိုင်းဖြစ်နေသည်။ထို့ကြောင့် လောကကြီးသည် အနတ္တအစိုးမရသည့်သဘောရှိသည်။ ဤသို့အစိုးမရသည့်သဘောကို ကျွန်ုပ်တို့ရှောင်လွှဲ၍မရပါ။ ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည် အနတ္တအစိုးမရဟူသောတရားသဘောအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လောက၌ထာဝရတည်မြဲသောအရာဟူ၍မရှိ၊ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ကြရမည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် အနတ္တအစိုးမရသောလောကကြီးတွင် ရပ်တည်နေရသည်နှင့်အမျှကာလပတ်လုံး အချိန်တိုင်း အသိနှင့်သတိကြီးစွာထားနေရန်လိုအပ်သည်ဟူသောသင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။
ပြုခဲ့သောကံ၏အကျိုးကိုရှောင်လွှဲ၍မရ
အကြင်သူသည်ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ နှုတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ စိတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ ဤမကောင်းသောကံသုံးပါး၏ဆိုးကျိုးသည် မခံစားရဘဲပျောက်ပျက်၍မသွား၊ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ အကြင်သူသည်ကိုယ်ဖြင့်ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ ဤကောင်းသောကံသုံးပါး၏ အကျိုးသည်မခံစားရဘဲပျောက်ပျက်၍မသွား။ ယခုဘဝ၌လည်းခံစားရ၏၊ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏ဟုဗုဒ္ဓအဆုံးအမရှိ၏။ ဤအဆုံးအမကိုနှလုံးသွင်းပြီးယခုကဲ့သို့ငလျင်ဒဏ်ခံစားရခြင်းသည် အတိတ်ဘဝကကျွန်ုပ်တို့ပြုခဲ့ကြသော မကောင်းသောကံသုံးပါး၏ဆိုးကျိုးဖြစ်သည်ဟုဆင်ခြင်မည်။ ထို့နောက်မကောင်းသော ဆိုးကျိုးလောကဓံတရားမျိုး ထပ်မံမခံစားနိုင်စေရန်အတွက် မကောင်းသောကံသုံးပါးကိုလုံးဝမကျူးလွန်ဘဲကောင်းသောကံသုံးပါးကိုသာပြုမူမည်ဟု ကျွန်ုပ်တို့ သင်ခန်းစာဖော်ထုတ်ကြရမည်။
ကပ်ကြီးသုံးပါးဖြစ်ရသည့်အကြောင်းရင်း
လူတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ဘေးဟူသော ဒုဗ္ဘိက္ခန္တရကပ်ကျရောက်သည်။ လူတို့ဒေါသတရားကြီးမားလာသောအခါ လက်နက်ဘေးဟူသော သတ္ထန္တရကပ်ကျရောက်သည်။ လူတို့မောဟတရားကြီးမားလာသောအခါ အနာရောဂါဘေးဟူသော ရောဂန္တရကပ်ကျရောက်သည်ဟူ၍ ဗုဒ္ဓအဆုံးအမရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်သင့်ခြင်းသည် ကျွန်ုပ်တို့လောဘတရားကြီးမားနေကြသောကြောင့်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် ဤကဲ့သို့ငလျင်ဒဏ်အပါအဝင်အခြားမည်သည့်ကပ်ကြီးမျိုးမှမကျရောက်စေရန်အတွက် စိတ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့်မကောင်းသောစိတ်များမဝင်စေဘဲ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာကရုဏာ၊ မုဒိတာ စသည့်ကောင်းမှုကုသိုလ်စိတ်များကိုသာ ဝင်ရောက်နေစေရမည်ဟူသော သင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။
ငလျင်ဒဏ်ထံမှရလဒ်ကောင်းများထုတ်ယူခြင်း
လောက၌အခြေအနေဆိုးတစ်ရပ်ဖြစ်ပေါ်လာတိုင်းယင်းအခြေအနေဆိုးနှင့်အတူ အခြေအနေကောင်းများ ပူးတွဲဖြစ်ပေါ်နေလေ့ရှိသည်။ ယင်းအခြေအနေကောင်းများကို သတိပညာဖြင့် ဆင်ခြင်သုံးသပ်ဖော်ထုတ်ပြီး ဝီရိယရှိစွာ အသုံးချပါက တွေ့ကြုံခံစားနေရသောအခြေအနေဆိုးများကို အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်သည်။ ဤသဘောအတိုင်းမန္တလေးငလျင်ဆိုးကြီးသည် ယင်းနှင့်အတူ အခြေအနေကောင်းများယူဆောင်လာခဲ့သည်။ ယင်းအခြေအနေကောင်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများက သတိ၊ ပညာ၊ ဝီရိယကြီးစွာ၊ ထိရောက်မှန်ကန်စွာ အသုံးချနေမှုကြောင့် အမိနိုင်ငံအတွက် ရလဒ်ကောင်းများ၊ အခြေအနေကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်ပေါ်နေသော ရလဒ်ကောင်း၊ အခြေအနေကောင်းများအနက် အဓိကအချက်လေးချက်ကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်-
ဓမ္မအသိနှင့်သတိပိုမိုမြင့်မားလာခြင်း
လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့်လောကကြီးသည်အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊အနတ္တအမြဲမရှိဟူသော ဓမ္မအသိနှင့်သတိ ပိုမိုမြင့်မားလာသည်။ လူသည်မိမိပြုသောကံနှင့်တူသော အကျိုးကိုမလွဲမသွေခံစားရသည်။ အကြောင်းတရားကောင်းမှသာ အကျိုးတရားကောင်းမည်ဆိုသည့် ဓမ္မအသိပိုမိုခိုင်မာလာသည်။ ကပ်ကြီးသုံးပါးမည် သည့်အတွက်ကြောင့်ဖြစ်ရသည်ကိုလည်းကောင်း၊မည်ကဲ့သို့ကာကွယ်တားဆီးနိုင်သည်ကိုလည်းကောင်းသိမြင်လာသည်။ တွေ့ကြုံရသော မည်သည့်လောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းခြင်းပင်ဖြစ်သည်ဆိုသော ဓမ္မအသိပိုမိုမြင့်မားလာသည်။
အသိမှန်အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း
ယခုအခါ နိုင်ငံတော်အကြီးအကဲသည် ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမြန်ဆုံးအရေးတယူဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်မှန်သမျှကို နေ့မအား ညမအား စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေး၊ ကျန်းမာရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ တပ်မတော်ကလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့ ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေမှု၊ ဘေးဒုက္ခအကျပ်အတည်းများကို ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့် မျှဝေခံစားနေမှုတို့ကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်၏ သဘောထားနှင့်စေတနာအမှန်ကို မိဘပြည်သူများကပိုမိုသိမြင်လာကြသည်။
စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း
ယခုအခါ ငလျင်ဒဏ်သင့်ပြည်သူများကိုစေတနာ၊ သဒ္ဓါတရားထက်သန်သောစီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံ့ဝန်ထမ်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များက ဝိုင်းဝန်းကူညီဖေးမလျက်ရှိသည်။ ဤသို့ ဒုက္ခနှင့်အကျပ်အတည်းပေါင်းစုံကြုံတွေ့နေရချိန်တွင် ကရုဏာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့် ကူညီဖေးမမှုတို့ကြောင့် ခံစားနေရသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ အတိုင်းအတာတစ်ခုအထိလျော့ကျသွားခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပိုမိုချစ်ခင်မြတ်နိုးလာကြသည်။ အချင်းချင်းအပြန်အလှန်အားကိုးယုံကြည်လာကြသည်။ ပိုမိုစည်းလုံးညီညွတ်လာကြသည်။ စည်းလုံးညီညွတ်ခြင်း၏အကျိုးအာနိသင်ကို လက်တွေ့သိမြင်လာကြသည်။ ဤသို့စည်းလုံးညီညွတ်နေမှသာ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာသည့်အခါတိုင်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟူသောစည်းလုံးညီညွတ်ရေးစိတ်ဓာတ်မြင့်မားလာသည်။
နိုင်ငံတကာဆက်ဆံရေးပိုမိုအောင်မြင်လာခြင်း
ပြည်ပအင်အားစုအချို့က ကျွန်ုပ်တို့ အမိနိုင်ငံအား ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကိုခံရသည့်နိုင်ငံ၊ အထီးကျန်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သို့သော် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးက ယင်းပြည်ပအင်အားစုများ၏ ကြိုးပမ်းမှုများကို ရိုက်ချိုးပစ်ခဲ့သည်။ ငလျင်ဒဏ်သင့်သောကျွန်ုပ်တို့အမိနိုင်ငံအား ပြည်ပမိတ်ဆွေ ၁၆ နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ အချိန်တိုအတွင်း အမြန်ရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အလှူ ရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့်ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၉၇၅ ဦး၊ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း ၃၅၀၃ ဒသမ ၅၇ တန်တို့ကျွန်ုပ်တို့အမိနိုင်ငံထံသို့ရောက်ရှိခဲ့သည်။ဤသို့ မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုများကိုလက်ခံရရှိခြင်းသည် အမိနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေခြင်းသဘောဖြစ်သည်။ မန္တလေးငလျင်ကြီးက မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ကြောင်း မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုကို ထိုက်တန်စွာရရှိထားသည့်နိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။
အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်
မန္တလေးငလျင်ကြီးအား ကျွန်ုပ်တို့ အမိနိုင်ငံအနေဖြင့် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ ပညာ၊ဝီရိယ စွမ်းအားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ဤသို့ဖြေရှင်းမှုကြောင့် အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်ဆိုသကဲ့သို့ နိုင်ငံသားများ၏ ဓမ္မအသိနှင့် သတိမြင့်မားလာခြင်း၊ အသိမှန်၊ အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပိုမိုအောင်မြင်လာခြင်း စသည့်အောင်မြင်မှုရလဒ်များရရှိခဲ့သည်။
မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အမိနိုင်ငံအား ယိုင်လဲအောင်ပြုလုပ်ခဲ့သော်လည်းကျွန်ုပ်တို့အမိနိုင်ငံ ပိုမိုခိုင်မြဲလာခဲ့သည်။ အမိနိုင်ငံအား ကျိုးပျက်အောင်ချိုးဖျက်ခဲ့သော်လည်း ကျွန်ုပ်တို့အမိနိုင်ငံ တိုးတက်ခဲ့သည်။ ယောနိသောမနသီကာရနှင့် သတိ၊ ပညာ၊ ဝီရိယ စွမ်းအားသုံးမျိုးကြောင့် ဤသို့တိုးတက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင်လည်း ယခုမန္တလေးငလျင်ကြီးကဲ့သို့ ဆိုးဝါးသော လောကဓံတရားမျိုးနှင့် တွေ့ကြုံကောင်းတွေ့ကြုံနိုင်သည်။ ဤသို့တွေ့ကြုံလာပါက မပျက်မကွက်ဆောင်ရွက်ရမည့်နည်းလမ်းမှာ တွေ့ကြုံလာရသည့် လောကဓံတရားအပေါ် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ပညာ၊ ဝီရိယဟူသော စွမ်းအားသုံးမျိုးဖြင့် အောင်မြင်စွာရင်ဆိုင်ကျော်လွှားခြင်းသာဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြ အပ်ပါသည်။ ။
Source: https://myawady.net.mm/stories
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသော မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီမုန်ညင်း၊ ပဲပုပ်တို့အနက်နေကြာသည် ဆီထွက်ကောင်းသောသီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်ကောင်းသောနေကြာမျိုးများစိုက်ပျိုးရန်အတွက် ရေမြေဒေသအခြေအနေနှင့်သင့်လျော်သော စိုက်နည်းစနစ်များကိုစနစ်တကျလိုက်နာစိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများဝင်ငွေတိုးကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သည်။
ဒေသဆီဖူလုံရေးနှင့် ကျန်းမာရေးအတွက် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးရန်အတွက်အောက်ပါအချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးသည်။
မျိုးရွေးချယ်ခြင်း
• ဆီထွက်ကောင်းသောမျိုး - နေကြာမျိုးများထဲတွင်ဆီထွက်နှုန်းမြင့်မားသောမျိုးများကို ရွေးချယ်ရန် အရေးကြီးသည်။ ဥပမာ - ဟိုက်ဘရစ်မျိုးများ (Hybrid varieties) နှင့် ဒေသနှင့်ကိုက်ညီသည့်ဆင်းရွှေကြာ -၂ နှင့် ရေဆင်း- ၁ တို့သည်ဆီထွက်နှုန်းမြင့်မားပြီး ရောဂါဒဏ်ခံနိုင်ရည်လည်း ရှိသည်။
• နေကြာသီးနှံသည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းသောသီးနှံဖြစ်သော်လည်း အေးမြခြောက်သွေ့သောဒေသများတွင်လည်း ကောင်းစွာဖြစ်ထွန်းသည်။
• မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းဟူသောစကားနှင့်အညီ မျိုးစေ့ရွေးချယ်ခြင်းသည်အလွန်အရေးကြီးလှသည်။ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသောစကားနှင့်အညီသီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် မှန်လေးမှန်သည် လွန်စွာအရေးကြီးလှသည်။
မြေပြင်ခြင်း
• သီးနှံစိုက်ပျိုးရန် အရေးကြီးသောအချက်တစ်ခုမှာမြေပြုပြင်ခြင်းဖြစ်သည်။ မြေယာပြုပြင်ခြင်းသည် သီးနှံကာလတစ်လျှောက်လုံးတွင် အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ ယာသီးနှံများသည် မြေမှုန်ခြင်းကို ပိုမိုနှစ်သက်သဖြင့် အပင်ပေါက်ကောင်းရန်နှင့် အမြစ်ဆင်းအားကောင်းစေရန်အတွက် မြေနက်နက်နှင့်ညက်ညက်ပြုပြင်ခြင်းသည် လွန်စွာအရေးပါလှသည်။
• နေကြာပင်ကိုစိုက်ပျိုးရာတွင် မြေအမျိုးအစား ရွေးချယ်ခြင်းသည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ နေကြာပင်သည် မြေအမျိုးအစားအားဖြင့် ရွေးချယ်မှုများတွင် လိုက်လျောညီထွေရှိသော်လည်း အကောင်းဆုံးကြီးထွားဖို့ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
• မြေအမျိုးအစား - နေကြာသည် မြေအားလုံးတွင်ဖြစ်ထွန်းပြီး မြေဆီလွှာအတွက် သိပ်မရွေးချယ်သော်လည်း ရေစီးရေလာကောင်းသော သဲနုန်းမြေမျိုးကို ပို၍နှစ်သက်သည်။ ထို့ပြင် စနယ်မြေစေးနှင့် ရွှံ့စေးမြေတို့တွင်လည်း ကောင်းစွာဖြစ်ထွန်းအောင်မြင်သဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
• သဲဆန်သောမြေ သို့မဟုတ် နုန်းမြေသည် နေကြာပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
• မြေသည် ရေစီးဆင်းမှုကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်သည်။
• နေကြာပင်သည် မြေကြီးတွင် ရေဝပ်ခြင်းကိုမကြိုက်သောကြောင့် ရေစီးဆင်းမှုကောင်းမွန်သောမြေမျိုးကို ရွေးချယ်သင့်သည်။
• နေကြာပင်သည် pH 6.0 မှ 7.5 ကြားရှိသောမြေမျိုးကို နှစ်သက်သည်။
• မြေသည် အလွန်အချဉ်ဓာတ်များနေပါက ထုံးထည့် ၍ pH ကို ညှိပေးနိုင်သည်။
• နေကြာပင်သည် အာဟာရဓာတ်ကြွယ်ဝသောမြေ မျိုးကို နှစ်သက်သည်။
• မြေဆီလွှာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် စသည့်အာဟာရဓာတ်များ ပါဝင်သင့်သည်။
• မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများပါဝင်မှုများပါက ပိုမိုကောင်းမွန်သည်။
• မြေပြုပြင်ရာတွင် ထွန်ရေးနက်နက်နှင့်မြေမှုန်မှုကောင်းစေရန် ထွန်ရေးညက်ညက်ဖြစ်အောင် ပြုပြင်ပေးရမည်။ မြေဆီလွှာတွင် သဘာဝမြေဩဇာများထည့်ပေးရန်လိုအပ်သည်။ ထို့ပြင် ကွန်ပေါင်းဓာတ်မြေဩဇာကိုလည်း မြေပြင်ချိန်တွင် အပြီးထည့်ပေးထားရမည်ဖြစ်သည်။
စိုက်ပျိုးခြင်း
• စိုက်ချိန် - နေကြာကို တစ်နှစ်ပတ်လုံး ရေရရှိလျှင် စိုက်ပျိုးနိုင်သော်လည်း ပန်းပွင့်ချိန်တွင်အပူချိန်မြင့်မားပါက ဝတ်မှုန်ကူးမှုအားနည်းပြီး အစေ့အဆန်တည်မှုနည်းသောကြောင့် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အတွင်း စိုက်ပျိုးရန်ရှောင်ရှားသင့်သည်။ နေကြာကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုမှန်ကန်သောဒေသများတွင် ဇွန်လမှဇူလိုင်လအတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး စိုက်ပျိုးချိန်များမှာ မိုးနှောင်းကာလ စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးခြင်းက အလေအလွင့်နည်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှုအကောင်းဆုံးဖြစ်သည်။
• စိုက်နည်း - နေကြာကို အတန်းလိုက်စိုက်ပျိုးလေ့ ရှိပြီး တန်းကြား ၂ ပေနှင့် ပင်ကြား ၉ လက်မ အများဆုံးစိုက်ပျိုးကြသည်။ အပင်ဦးရေ ပိုမိုဝင်ဆံ့စေရန် ၁ ပေပတ်လည် စိုက်နည်းစနစ် ကိုလည်း စတင်စမ်းသပ်စိုက်ပျိုးနေပြီဖြစ်သည်။စပ်မျိုးနေကြာများကိုလည်း ၂ ပေခွဲ ၉ လက်မနှုန်းဖြင့် စိုက်ပျိုးလျက်ရှိသည်။
• မျိုးစေ့နှုန်း - အပင်ပေါက်နှုန်းကောင်းမွန်သောမျိုးစေ့ကို တစ်ဧကလျှင် ၃ ကီလိုမှ ၄ ကီလို (သုံး ပြည်မှ လေးပြည်) စိုက်ပျိုးသင့်သည်။
• ပေါင်းမြက်များကို စိုက်ပြီး နှစ်ကြိမ်နှိမ်နင်းပေးရသည်။ ပေါင်းမြက်များက သီးနှံအား အာဟာရနှင့်ရေကို ယှဉ်ပြိုင်ယူသွားနိုင်သည်။
• ဆီထွက်သီးနှံများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည် ရှိပြီး စိုက်ပျိုးရန်လွယ်ကူသည်။
• မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။
• သားခွဲခြင်းလုပ်ငန်းများကိုလည်း စိုက်ပြီး ၁၄ ရက်အတွင်း အပြီးသားခွဲနိုင်ရမည်ဖြစ်သည်။ သားခွဲမှုသည် အပွင့်ကြီးထွားမှုနှင့် ပြောင်းပြန်အချိုးကျသဖြင့် သားခွဲလျှင် အပွင့်ကြီးပြီး သားမခွဲလျှင်အပွင့်သေးမည်ဖြစ်သဖြင့် သားခွဲခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။
ရေသွင်းခြင်း
• ရေလိုအပ်ချက် - နေကြာသည် ရေလိုအပ်ချက်အတော်အသင့်ရှိသော သီးနှံဖြစ်သည်။ အထူး သဖြင့် ပန်းပွင့်ချိန်နှင့် မျိုးစေ့ဖွံ့ဖြိုးချိန်တွင် ရေလိုအပ်သည်။ ရေကိုလုံလောက်စွာ ပေးသွင်း နိုင်မှသာ အစေ့အဆန်ပိုမိုပြည့်တင်းပြီး ဆီထွက်နှုန်းလည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သီးနှံကာလတစ်လျှောက် ရေလုံလောက်စွာပေးသွင်း နိုင်မှသာ ပန်းတိုင်အထွက်နှင့် ကျော်လွန်အထွက်ကို ရရှိမည်ဖြစ်သည်။
• ရေသွင်းခြင်း - မိုးခေါင်ပါက ရေသွင်းပေးရန် လိုအပ်သည်။ ရေဝပ်ခြင်းကို ရှောင်ရှားရန် ရေထုတ်မြောင်းများ ပြုလုပ်ထားသင့်သည်။ နေကြာသည် ရေလိုအပ်ချက်များသောသီးနှံဖြစ်သော်လည်း ရေမဝပ်စေရန်ဂရုပြုရသည်။အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်နှင့် အစေ့ဖြစ်ချိန်တွင် ရေလိုအပ်ချက်များပြားသည်။ ရေလိုအပ်ချက်ရှိသော သီးနှံဖြစ်သော်လည်း ရေများပါကအပင်ထိုင်ခြင်း၊ အပင်ဖြစ်ထွန်းမှုနှေးကွေးခြင်းတို့ကိုဖြစ်စေသဖြင့် ရေပေးသွင်းရာတွင်ဂရုတစိုက်ရေသွင်းရမည်ဖြစ်သည်။
မြေဩဇာကျွေးခြင်း
• သဘာဝမြေဩဇာ - စိုက်ပျိုးမြေတွင် သဘာဝ မြေဩဇာများ (နွားချေး၊ ကြက်ချေး)ထည့်ပေး သင့်သည်။
• ဓာတ်မြေဩဇာ - နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် ဓာတ်မြေဩဇာများကို သင့်လျော် သောပမာဏဖြင့်ထည့်ပေးရသည်။ ပုံမှန်အားဖြင့် N:P:K = 60:40:40 kg/acre ထည့်ပေးရသည်။ အနည်းလို အာဟာရဓာတ်များနှင့် အပင်ဆဲလ်များသန်မာစေရန်အတွက် ကယ်စီယမ်နှင့် ဆာလဖာ တို့ကိုလည်း ထည့်ပေးသင့်သည်။
• နေကြာစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ် မြေဩဇာများလိုအပ်သည်။ မြေဩဇာများကို စိုက်ပျိုးချိန်နှင့် ပန်းပွင့်ချိန်တွင် ထည့်ပေးရသည်။ ဓာတ်မြေဩဇာသုံးစွဲရာတွင် သဘာဝမြေဩဇာတို့နှင့် တွဲဖက်သုံးစွဲမှသာအပင်မှပိုမိုရရှိပြီး ကြာရှည်စွာ အပင်စားသုံးနိုင်မည်ဖြစ်သည်။
ပိုးမွှားနှင့် ရောဂါကာကွယ်ခြင်း
• ပိုးမွှားများ - နေကြာတွင် ဖျက်ပိုးများ (ဥပမာ - ပင်စည်ထိုးပိုး၊ ရွက်စားပိုး) ကျရောက်တတ်သည်။ ပိုးသတ်ဆေးများကို သင့်လျော်သောပမာဏဖြင့်ဖျန်းပေးရသည်။
• ရောဂါများ - မှိုရောဂါများ (ဥပမာ - ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ) ကျရောက်တတ်သည်။ရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
• နေကြာတွင် မှဲ့ပြောက်ရောဂါ၊ မှိုရောဂါနှင့် ပိုးမွှားများ ကျရောက်တတ်သည်။ ရောဂါနှင့် ပိုးမွှားများကိုကာကွယ်ရန် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများဖျန်းပေးရသည်။
• ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ပန်းပွင့်ချိန်တွင်လုံးဝသုံးစွဲခြင်းမပြုဘဲ ရှောင်ရှားသင့်သည်။ပန်းပွင့်ချိန်တွင်အသုံးပြုပါက ဝတ်မှုန်ကူးပြီး သန္ဓေအောင်စေသော ပျားနှင့်ပိတုန်း တို့ကိုထိခိုက်သေစေနိုင်သဖြင့် ပန်းပွင့်ချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ရှားသင့်သည်။
• တမာကဲ့သို့သော သဘာဝပိုးသတ်ဆေးများကိုအသုံးပြုနိုင်သည်။
• ပိုးမွှားများကို စားသောက်ဖျက်ဆီးသည့် အကျိုးပြုအင်းဆက်များကိုမွေးမြူပါ။
• အပင်များကို သင့်လျော်သောအကွာအဝေးဖြင့်စိုက်ပျိုးခြင်းအားဖြင့် ပိုးမွှားများပျံ့နှံ့မှုကိုလျှော့ချနိုင်သည်။
• ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပါ။ ပေါင်းမြက်များသည် ပိုးမွှားများအတွက် ခိုအောင်းရာနေရာဖြစ်နိုင်သည်။
• နေကြာပင်သည် နေရောင်ခြည်ကိုအလွန်နှစ်သက်သောကြောင့် နေရောင်ခြည်ပြည့်ဝစွာရရှိသောနေရာကို ရွေးချယ်သင့်သည်။ လေဝင်လေထွက်ကောင်းပြီးနေရောင်ခြည်ကောင်းစွာရသောနေရာများသည် ပိုးမွှားရောဂါကျရောက်မှုသက်သာသည်ကိုတွေ့ရှိရသဖြင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ရိတ်သိမ်းခြင်း
• ရိတ်သိမ်းချိန် - နေကြာပန်းပွင့်ပြီး ၃၀ ရက် သို့မဟုတ် ပန်းပွင့်နောက်ကျောဘက် အဝါရောင်သန်းလာပါက ရိတ်သိမ်းရန်သင့်လျော်သောအချိန်ဖြစ်သည်။ ရိတ်သိမ်းချိန်စောလွန်း၊ နောက်ကျလွန်းခြင်းသည်လည်း သီးနှံအရည်အသွေးနှင့် ဆီထွက်နှုန်းများကိုလည်း များစွာ လွှမ်းမိုးမှုရှိသည်။ ရိတ်သိမ်းချိန်စောလျှင် အစေ့အဆန်မအောင်မမြင်ဖြစ်ကာ ဆီထွက်နှုန်းကို ထိခိုက်လျော့နည်းစေပြီး ရိတ်သိမ်းချိန်နောက်ကျလွန်းလျှင်လည်းအလေအလွင့်များစွာဖြစ်ပေါ်စေသည်။
• ရိတ်သိမ်းနည်း - နေကြာခေါင်းများကို ဓားဖြင့်ဖြတ်ယူပြီး နေလှန်းကာ အစေ့များကိုခြွေယူရသည်။ ရိတ်သိမ်းပြီး စုပုံထားပါက အရည်ထွက်ခြင်း၊ အပွင့်ပုပ်ခြင်းတို့ကိုဖြစ်စေပြီး နေကြာအရည်အသွေးကို ညံ့စေသောကြောင့် အထူးဂရုစိုက် ရိတ်သိမ်းနေလှန်းရမည်ဖြစ်သည်။ရိတ်သိမ်းအခြောက်လှန်းထားသော နေကြာခွက်များကို လူဖြင့်လည်းကောင်း၊ ခြွေလှေ့စက်ဖြင့် လည်းကောင်း ခြွေလှေ့သန့်စင်ပြီး သန့်စင်အောင် ပြုလုပ်၍ အစိုဓာတ်နည်းအောင် နေလှန်းထားရမည်ဖြစ်သည်။
ဆီထုတ်လုပ်ခြင်း
• အစေ့ခြွေခြင်း - နေကြာခေါင်းများမှ အစေ့များကို ခြွေယူပြီး သန့်စင်ကာ ဆီထုတ်လုပ်ရသည်။
• ဆီထုတ်လုပ်ခြင်း - နေကြာစေ့များကို ဆီထုတ် စက်ဖြင့် ဆီထုတ်ယူနိုင်သည်။ ဆီထွက်နှုန်းသည်လည်း မျိုးနှင့်နေကြာသန့်စင်မှု၊ အစေ့အဆန်တင်းမှုတို့ဖြင့် လွှမ်းမိုးလျက်ရှိသည်။ ပုံမှန်အားဖြင့် နေကြာတစ်တင်း ၃၂ ပေါင်သည်ဆီကြိတ်လျှင် ၂ ဒသမ ၅ ပိဿာ မှ ၃ ပိဿာထိထွက်ရှိသည်။
သိုလှောင်ခြင်း
• အစေ့သိုလှောင်ခြင်း - မျိုးစေ့သိုလှောင်ခြင်းတွင် ဆီထွက်သီးနှံများကို သိုလှောင်ခြင်းသည်လွန်စွာအရေးကြီးသည်။ နေကြာစေ့များကိုခြောက်သွေ့သောနေရာတွင် သိုလှောင်ထားရသည်။ စိုထိုင်းမှုနှင့် ပိုးမွှားများ မဝင်ရောက်စေရန်ဂရုပြုရသည်။ မျိုးအတွက် သိုလှောင်မည်ဆိုပါကစိုဓာတ် ၅ ရာခိုင်နှုန်းခန့်နှင့် အေးမြခြောက်သွေ့ သောနေရာများတွင်သိုလှောင်မှသာကြာရှည် သိုလှောင်နိုင်မည်ဖြစ်သည်။မျိုးအဖြစ်သိုလှောင်ခြင်းသည် နေကြာသီးနှံတွင် အရေးကြီးဆုံးဖြစ်သဖြင့် အထူးဂရုစိုက်သိုလှောင်ရမည်ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် ဈေးကွက်တင်ပို့ရောင်းချခြင်း
• နေကြာကို အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါများကူးစက်မှုကို လျှော့ချနိုင်သည်။
• ဈေးကွက်လိုအပ်ချက် - နေကြာဆီသည် ကျန်းမာ ရေးနှင့် ညီညွတ်သောဆီအဖြစ် လူကြိုက်များသည်။ ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးစီးပွားဖြစ်စိုက်ပျိုးနိုင်သည်။
• ဆီထွက်သီးနှံများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး ရောင်းချနိုင်သည့်ကုန်ပစ္စည်းများဖြစ်သည်။
• နိုင်ငံတကာဈေးကွက်တွင်ပါ ရောင်းချနိုင်သည့်သီးနှံများဖြစ်သည်။
• ဆီထွက်သီးနှံများမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီများသည် ကျန်းမာရေးနှင့်ညီညွတ်သည်။
• အာဟာရဓာတ်များ ကြွယ်ဝသည်။
• အရည်အသွေးကောင်းသော နေကြာစေ့များကို ရွေးချယ်ပါ။ နေကြာစေ့များသည် လတ်ဆတ်ပြီး မှိုမတက်ရန် အရေးကြီးသည်။ စိုက်ပျိုးရာသီနှင့် မျိုးစေ့အမျိုးအစားအပေါ်မူတည်၍ အရည်အသွေး ကွဲပြားနိုင်သည်။
• နေကြာစေ့များတွင်ပါဝင်သော အမှုန်အမွှားများ၊ကျောက်စရစ်များနှင့် အခြားညစ်ညမ်းမှုများကို ဖယ်ရှားရန်သန့်စင်ရမည်။
• ကြိတ်ခွဲထားသော နေကြာစေ့များမှဆီကို ဖိအား ဖြင့်သို့မဟုတ် သွင်းအားဖြင့် ထုတ်ယူသည်။ ဤအဆင့်တွင် အပူချိန်ကို ထိန်းချုပ်ရန်အရေးကြီးသည်။အပူချိန်မြင့်မားပါကဆီ၏အရည်အသွေးကျဆင်းနိုင်သည်။
• ထုတ်ယူထားသော ဆီတွင်ပါဝင်နေသော အမှုန်အမွှားများနှင့် မလိုလားအပ်သော ဒြပ်ပေါင်းများကိုဖယ်ရှားရန် သန့်စင်ရမည်။ ဤအဆင့်တွင် စစ်ထုတ်ခြင်း၊ အနည်ထိုင်ခြင်းနှင့် အခြားသန့်စင်မှု နည်းလမ်းများပါဝင်သည်။
• သန့်စင်ပြီးသောဆီကို လေလုံသောပုလင်းများ သို့မဟုတ် ဘူးများတွင် ထည့်၍သိုလှောင်ရမည်။ ဆီကို အလင်းရောင်နှင့် လေထုထဲမှ အောက်ဆီဂျင် တို့မှကာကွယ်ရန် အရေးကြီးသည်။
• ထုတ်လုပ်ပြီးသော ဆီ၏ အရည်အသွေးကို စစ်ဆေးရန် လိုအပ်သည်။ ဤအဆင့်တွင် ဆီ၏အနံ့၊ အရောင်၊ အာဟာရတန်ဖိုးနှင့် မှိုတက်မှုရှိ၊မရှိ စစ်ဆေးခြင်းတို့ ပါဝင်သည်။
• အရည်အသွေးကောင်းမွန်သောနေကြာဆီကို ဈေးကွက်သို့တင်ပို့ရန် သင့်လျှော်သောထုပ်ပိုးမှုများဖြင့် ထုပ်ပိုးရမည်။
• ထုပ်ပိုးပြီးသောဆီများကို အေးမြပြီးခြောက်သွေ့ သောနေရာတွင် သိုလှောင်ထားရမည်။ ဈေးကွက်သို့ဖြန့်ဖြူးရာတွင် လိုအပ်သောသယ်ယူပို့ဆောင်မှုနှင့် ဖြန့်ဖြူးမှုစနစ်များကို သေချာစွာစီစဉ်ရမည်။ဂရုတစိုက်လိုက်နာခြင်းဖြင့် အရည်အသွေးကောင်းမွန်သော နေကြာဆီကို ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် တောင်သူဘဝဝင်ငွေပိုမိုတိုးတက်ကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သဖြင့် မြေကြီး မှရွှေသီးရန် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးသင့်ပါကြောင်း တင်ပြအပ်ပါသည်။ ။
Source: https://myawady.net.mm/stories