ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိသည့်အနက် စီးပွားရေး ဦးတည်ချက်(၃)ရပ်မှာ-

   (က)   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော    စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊

    (ခ  )    တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို  အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊

    (ဂ  )    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်သည်။

ဦးတည်ချက်(၃)ရပ်အနက် ဦးတည်ချက် (က)နှင့်(ဂ)သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  အဓိကတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ်အဆိုပါဦးတည်ချက်များ  ပြည့်မီအောင်ဆောင်ရွက်ပြီး   ဦးတည်ချက်(ခ)အရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်အနေဖြင့် “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားရေရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်”ဖြစ်ပြီး မျှော်မှန်းချက်ပြည့်မီရေးအတွက်   “ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေး လုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှု နည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းပြည်ပဈေးကွက် ဝယ်လိုအားနှင့်အညီ  ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့်   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်”ဟူသည့်  လုပ်ငန်းတာဝန်အား ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့် ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုမှာ ၂၃ ဒသမ  ၇ ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းအနေဖြင့်  ၃ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၅၅၄ ဒသမ ၃၈ သန်း(လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၃၈၃၁ ဒသမ ၃၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၂၃ သန်းနှင့်  ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၁၄ ဒသမ ၈၄ သန်း)ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍ၏ ဆောင်ရွက်နိုင်မှုအနေဖြင့် စိုက်ပျိုးမြေဧရိယာဧက ၃၀ ဒသမ ၉၇၅ သန်းရှိပြီး အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ‌ရော်ဘာနှင့်ချက်ကြံရင့် စသည့်သီးနှံများအပါအဝင် သီးနှံ ၆၁ မျိုးကို စုစုပေါင်းစိုက်ဧက ၅၀ ဒသမ ၄၀ သန်းကျော်စိုက်ပျိုးလျက်ရှိသည်။ မိုးစပါးဧက ၁၄ ဒသမ  ၉၉ သန်း၊ နွေစပါးဧက ၂ ဒသမ ၉၉ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ  ၇၇ သန်း၊ ပဲမျိုးစုံ စုစုပေါင်းဧက ၁၀ ဒသမ ၂၈ သန်း၊ ဝါစုစုပေါင်းဧက သုည ဒသမ  ၆၁ သန်း၊ ချက်ကြံရင့်ဧက သုည ဒသမ  ၄၂ သန်း စသည်တို့စိုက်ပျိုးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ   ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် နှီးနွှယ်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။  သို့ဖြစ်ရာ  ကျေးလက်ဒေသ၏  အဓိကစီးပွားရေးဖြစ်သောစိုက်ပျိုးရေးကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူအများစု၏ လူမှုစီးပွားဘဝများကို  မြင့်မားလာစေမည်လည်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း”ဟူ၍ အခြေခံ(၄)ရပ်ရှိရာ သီးနှံမျိုးကောင်းမျိုးသန့်များ  အလွယ်တကူရရှိအောင်  ဆောင်ရွက်ပေးခြင်း၊ မြေကိုစနစ်တကျပြုပြင်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများပေးဝေခြင်း၊  စိုက်ပျိုးရေလိုအပ်ချိန်တွင် အောင်ရေရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များဖြန့်ဝေခြင်းတို့ လိုအပ်နိုင်သော်လည်း အဓိကအကျဆုံးမှာ    တောင်သူများကိုယ်တိုင်ပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများထူထောင်လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ  ပိုမိုတိုးတက်လာမည်ဖြစ်သည်။

ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည်ဖြစ်သောကြောင့် ကုန်ချောထုတ်လုပ်ရာတွင် အသေးစား၊   အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်း  (MSME) များသည် တိုင်းပြည်၏  အဓိကမောင်းနှင်အားပင်ဖြစ်ပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(Small and Medium Enterprises-SME)ကို   ထုတ်လုပ်မှုလုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးခွဲခြားထားကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲအနေဖြင့် ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်သည့် MSME လုပ်ငန်းများကို တိုက်ရိုက်လုပ်ကိုင်ခြင်း မရှိသော်လည်း  တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်ရာတွင် စိုက်ခင်းများမှထွက်ရှိလာသော  ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ(ကုန်ကြမ်း)များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ သီးနှံများ၏ ရိတ်သိမ်းချိန်လွန် သုတေသနလုပ်ငန်းများ၊ တောင်သူပညာပေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ဌာနခွဲတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသည့် ကုန်ကြမ်းပစ္စည်းဖြစ်သော အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ သုတေသနရလဒ်များကိုအခြေခံ၍ စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား  တောင်သူပညာပေးခြင်းလုပ်ငန်း၊  GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ဥယျာဉ်ခြံ၊   ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ငန်း၊ သစ်သီးဝလံပျိုးပင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(VFRDC)တွင် အဓိကဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံမြို့နယ်၌ တည်ရှိသောအပင်ဇီဝနည်းပညာ ဗဟိုဌာန(Plant Biotechnology Center) တွင် အပင် Tissue Culture နည်းပညာ၊ Genetic Engineering နည်းပညာ စသည့်နည်းပညာများဖြင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများအပြင် စပါး၊ ဝါ စသည့်နှံစားသီးနှံများကိုပါ သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်ပေးခြင်း   စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

MSME လုပ်ငန်းများတွင် အဓိကလိုအပ်သော အရည်အသွေးကောင်း စိုက်ပျိုးရေးထုတ်ကုန်များနှင့်   တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်  နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ဥယျာဉ်-ဇီဝဌာနခွဲအောက်ရှိ နေပြည်တော်တိုင်းဒေသကြီး ရေဆင်းနယ်မြေတွင် တည်ရှိသော ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာန(PHRI)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်   တည်ရှိသော ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (PHTTC) တို့မှလည်း သီးနှံရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရမည့်နည်းပညာ၊ သိုလှောင်နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာများကို သုတေသနပြုခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များသို့ စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ GAP လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍  အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူများ အစားအစာဘေးကင်းရန်နှင့်  တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ရရှိရန်ရည်ရွယ်လျက်   စိုက်ပျိုးရေး ထွက်ကုန်သီးနှံများအပေါ်  မြန်မာ GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာ GAP လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သော (၁) မြန်မာ GAP နည်းစနစ်လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်း၊(၂) မြန်မာ GAP  အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ဆိုသည်မှာ  မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ  စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန်လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်နှင့် ဈေးကွက်ရရှိရန်တို့ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်   သရက်စိုက်တောင်သူများအနက်မှ ပုဂ္ဂလိကပိုင် ၂၅ ခြံနှင့် ဌာနပိုင်ခြံနှစ်ခြံ စုစုပေါင်း ၂၇ ခြံအား GAP Certificate ပေးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပိုင် သရက်ခြံ ၂၀ နှင့်  ဌာနပိုင်ခြံငါးခြံ၊ ပုဂ္ဂလိကပိုင်ခရမ်းချဉ်ငါးခြံ စုစုပေါင်း ၃၀ အား GAP Certificate  ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ဖက်နှင့်ကော်ဖီသီးနှံအပါအဝင် သီးနှံ ၃၃ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၇၄ စောင်ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီးနှံ ၄၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၅၅၁ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၀၂၁ ခုနှစ်  စက်တင်ဘာလအထိ သီးနှံ ၃၂ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၁၁၇ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂  (Mini Budget)တွင်  ၂၀၂၂ ခုနှစ် မတ်လအထိ  သီးနှံ ၁၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၁၉ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် သီးနှံ ၂၈ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၀၇ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် သီးနှံ ၄၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၉၅ စောင် ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိတွင် သီးနှံ ၃၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၉၆ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၄၅၁၆ စောင် ထုတ်ပေးခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့် အညီ(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တင်ပြအပ်ပါသည်။   ။

Source: Myawady Web Portal

သနပ်ခါး (YAU)

ဟားခါးမြို့၏ အထင်ကရ ရုန်းတောင်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်မှ ကလေးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပျံသန်းချိန် ၁ နာရီ ၁၀ မိနစ်၊ ကလေး မှ ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပျံသန်းချိန် မိနစ် ၃၀ စွန်းစွန်းမျှသာ။

ဟားခါးမြို့ပေါ် ဝဲပျံနေချိန်မှာတော့ အရင်ဆုံး ကျွန်တော်ရည်မှန်းဦးခိုက်လိုက်မိသည်က ရုန်းတောင်ပေါ်တွင် စံပယ်တော်မူလျက်ရှိသည့် ဇေယျသိဒ္ဓိရုပ်ပွားတော်မြတ်ကြီးကိုပဲ ဖြစ်ပါသည်။ ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော်တွင် နယ်စပ်/ စည်ပင်ဝန်ကြီးဌာန ပြခန်းတာဝန်များကို ထမ်းဆောင်ရင်း ရုန်းတောင်ပေါ်သို့တက်၍ ပထမဆုံးအကြိမ် ဖူးမြော်ဖြစ်ခဲ့သည်။ ကျွန်တော် အမှတ်မမှားလျှင် ရာသီဥတုကလည်း ယခုလိုဖေဖော်ဝါရီ လ အခါသမယပင် ဖြစ်နေ၍ တောင်ဇလပ်ပန်းနီနီတို့ လှပစွာ ပွင့်ဖူးနေချိန်မို့ ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသော၊ တောင်ဇလပ်ပန်းဆိုတာကို ယခုမှမြင်ဖူးတွေ့ဖူးသော ကျွန်တော့်အတွက် ရုန်းတောင်သို့ အတက်ခရီးသည် မောပန်းသည် ဟုပင် မထင်ခဲ့မိ။

ရဲရဲနီစွေးနေသော တောင်ဇလပ်ပန်းတို့ကို ငေးရင်းမောရင်း တပည့်များနှင့်အတူ ရုန်းတောင် ထိပ်သို့ ရောက်ခဲ့သည်။ ထိုစဉ်က ကားလမ်းမရှိသေး၊ ခြေကျင်ခရီးဖြင့် နှင်ခဲ့ကြခြင်းဖြစ်၏။ ယင်းနောက်ပိုင်း နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်ဖြင့် ဟားခါးမြို့သို့ ရောက်တုန်းရောက်ခိုက် ရုန်းတောင်ပေါ်သို့ တစ်ခေါက်ရောက်ခဲ့သေး၏။ ထိုအချိန်တွင်မတော့ တောင်ပေါ်သို့ကားလမ်းပေါက်နေပေပြီ။ ရုန်းတောင်ပေါ်တွင် ပဉ္စဝဂ္ဂီငါးဦးအား တရားဟောနေဟန်တည်ထားသည့် ဇေယျသိဒ္ဓိရုပ်ပွားတော် ကြီးအပြင် တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ရုပ်တု၊ မပုပ်မသိုး ဖူးမြော် တွေ့ရှိနေရသည့် ခွာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ သီရိန္ဒ၏ ရုပ်ကလာပ်တော်တို့ ရှိနေပါသည်။ ထိုမှ ဘုရားကျောင်း စေတီသာသနိက အဆောက်အအုံများ တစ်စတစ်စ တိုးပွားလာကြောင်း သိရ၏။

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာ

(၇၅) နှစ်မြောက်နှင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့များသို့ ကျွန်တော် ရောက်ခဲ့၊ တက်ခဲ့၊ ပါဝင်ဆင်နွှဲခဲ့ဖူးပါပြီ။ ယခု (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောအဖွဲ့နှင့်အတူ လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်၏။

အခမ်းအနားအစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်ကို ကိုယ်စားပြုသော သဘာပတိ အဖွဲ့ဝင်ကိုးဦးက စင်မြင့်ထက်တွင်နေရာ ယူကြပြီးနောက် နိုင်ငံတော်အလံအား အလေးပြုကြပါသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားသည်။

ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တစ်လျှောက် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများက ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့ကို ဆန့်ကျင်တွန်းလှန် တိုက်ခိုက်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဂုဏ်ပြု ဖော်ပြထားပါသည် -

“နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ်တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရစဉ်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသော တိုင်းရင်းသားပြည်သူတို့နှင့်အတူ ရဲဝံ့စွန့်စားစွာဖြင့် ခုခံတော်လှန်ခဲ့ကြပါသည်။ လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ် ကာလကလည်း ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့ သည် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။

၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့စဉ် သုံးကြိမ်လုံး ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) သီရိပျံချီ ဦးထပ်လိုင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယ ဗိုလ်မှူးကြီးဟရန်း ထီးယို၊ ဒုတိယဗိုလ်မှူးကြီးလျန်ကျင့်ဇမ်း၊ ဗိုလ်ကြီးသူရအောင်ဆန်း သူရိယတိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင်ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများသည် နိုင်ငံတော်အတွက် ကျရာတာဝန် အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။”

ကျွန်တော်ငယ်စဉ်က နေထိုင်ပညာသင်ကြားခဲ့ဖူးသော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို စတင်တည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီး ဘဒ္ဒန္တပညာ လောကသည် နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သခင်ပညာလောက ဘွဲ့အမည်ခံ၍ နယ်ချဲ့ဆန့်ကျင် ရေးတရားများ ဟောကြားခဲ့သဖြင့် အင်္ဂလိပ်အစိုးရက ထောင်သုံးခါချခြင်းခံရပြီး ထောင်ထဲမှာ ဦးဝမ္မ သူးမောင်တို့နှင့်အတူ နေခဲ့ရကြောင်း မကြာခဏ မိန့်ကြားခဲ့ဖူးပါသည်။ နိုင်ငံတော်အကြီးအကဲထံမှ ပေးပို့သောသဝဏ်လွှာတွင် လက်နက်ကိုင် အကြမ်း ဖက်မှုများ၏ ဆိုးကျိုးကို သတိမူမိစေရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းစေရန်တို့အတွက် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အောက်ပါအတိုင်း ဖော်ပြထားပါသည်-

လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှ မှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုး မှုအရှိန်အဟုန်ရရှိနေသည့်အခြေအနေမှ ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏ အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျ များစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။

Source: Myanmar Digital News

မြင့်စိုး(နတလ)

အန္တာတိကတိုက်နှင့် အာတိတ်ဒေသတို့ပြီးလျှင် ရေခဲပမာဏအကြီးမားဆုံး သိုလှောင်ထားသည့် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ဒေသအလိုက် စီးပွားရေးကို ပျက်စီးစေပြီး ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်မှုကို တွန်းအားပေးမည့် ရေခဲများလျင်မြန်စွာအရည်ပျော်မှု၏ ဆိုးရွားသောသက်ရောက်မှုများကို ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ အရေးပေါ် အရေးယူဆောင်ရွက် ကြရမည်ဖြစ်သည်။             

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၅ ခုနှစ်ကို နိုင်ငံတကာ ရေခဲတောင်များထိန်းသိမ်း စောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့ခြင်းသည် ကမ္ဘာ့ရေခဲလွှာများ အရည်ပျော်ကျနေသည့် အဖြစ်မှန်ကို ပေါ်လွင်ထင်ဟပ်စေခဲ့သည့် အခိုက်အတန့်ဖြစ်ပေသည်။ ရာသီဥတုပြောင်းလဲမှုသည် အထူးသဖြင့် အာတိတ်ဒေသနှင့် အန္တာတိကတိုက်ပြီးနောက် အကြီးမားဆုံးသော ရေခဲပမာဏ ရှိသဖြင့် ကမ္ဘာ့တတိယ ဝင်ရိုးစွန်းဟုလူသိများသော ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးအပေါ် များစွာသက်ရောက်လျက်ရှိသည်။             

အာဖဂန်နစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်း ရှစ်နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၃၅၀၀ ကျော် ရှည်လျားသော ထိုတောင်တန်းသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ယခု ရာစုနှစ်အကုန်တွင် စက်မှုတော်လှန်ရေးမတိုင်မီကထက် အပူချိန် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပါက ဒေသတွင်းရှိ ရေခဲတောင်များ၏ ၇၅ ရာခိုင်နှုန်းအထိ အရည်ပျော်ခြင်း၊ ရေရရှိနိုင်မှု လျော့နည်းခြင်း၊ အစားအစာနှင့် စွမ်းအင်လုံခြုံမှုကို လျော့နည်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း စသည်တို့ ပိုမို ဆိုးရွားလာစေမည်ဖြစ်သည်။             

ရေခဲပြင်များ အရည်ပျော်ခြင်းသည် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းနှင့် ဒေသန္တရ စီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှုများ တိုးမြင့်လာခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် ကမ္ဘာတစ်ဝှမ်း မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။          

၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံရှိ မယ်လန်ချီမြစ်ရေကြီးရေလျှံမှုဘေးသည် နောင်ဖြစ်လာမည့် အခြေအနေများကို အရိပ်အမြွက်ပေးခဲ့သည်။ ပုံမှန်မဟုတ်သော မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်း၊ နှင်းမိုးများထူထပ်စွာရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးမြေဟက်တာ ထောင်ပေါင်းများစွာ ဆုံးရှုံး၍ အရေးပါသော အခြေခံအဆောက်အအုံများစွာ ပျက်စီးကာ လူသိန်းပေါင်း များစွာ သောက်သုံးရေ ပြတ်လပ် ခဲ့ရသည်။             

ရေခဲတောင်များလျော့နည်းလာခြင်းကြောင့် ရေအနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းအပေါ် ထိခိုက်စေနိုင်မည်ဟု ခန့်မှန်းထားကြသည်။ မြစ်ရေ စီးဆင်းမှုလျော့နည်းလာခြင်းကြောင့် ကမ္ဘာ့ဆန်၏ သုံးပုံတစ်ပုံနှင့် ဂျုံ၏ လေးပုံ တစ်ပုံခန့် ထွက်ရှိသော ဧရိယာတွင် သီးနှံများစိုက်ပျိုးရန် ပိုမိုခက်ခဲလာစေနိုင်သည်။ ရေပေးဝေရေးနှင့် မိလ္လာစနစ်ကို ထိန်းသိမ်းရန် ခက်ခဲလာကာ ဒေသတွင်းအခြေခံမိလ္လာစနစ် လက်လှမ်းမမီသော လူဦးရေ တစ်ဘီလီယံခန့်လည်း ထပ်လောင်း တိုးလာစေနိုင်သည်။ စားနပ်ရိက္ခာမလုံလောက်မှုသည်လည်း ပိုမိုဆိုးရွားလာမည်မှာ အသေချာပင်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးသည်ပင်လျှင် ရေချိုရှာဖွေရန်အတွက် ရွှေ့ပြောင်း သွားလာရန် လိုအပ်လာပေလိမ့်မည်။ အာရှတိုက်၏ အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံး ပြည်သူများသည် ပြင်းထန်စွာ ထိခိုက်ခံစားကြရဦးမည်ဖြစ်သည်။         

အဆိုပါဒေသရှိ ရေခဲများအရည်ပျော်မှု မြန်ဆန်လာခြင်း၏ ဆိုးရွားသော သက်ရောက်မှုများကို ရှောင်ရှားရန် ကမ္ဘာကြီးအနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘေးအန္တရာယ် ပေါင်းစုံ အကဲဖြတ်စစ်ဆေးမှု (Multi-hazard Risk Assessment)တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့၏ အသိပညာများ ပိုမိုကြွယ်ဝလာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် ကမ္ဘာ့အပူချိန် 1.5°၊ 1.8°၊ 2° သို့မဟုတ် 3°C မြင့်တက်လာခြင်းအပေါ် များစွာ မူတည်နေပါသည်။ အချက်အလက်စုဆောင်းမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အသိပညာမျှဝေခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနှင့် မြစ်ညာနှင့်မြစ်အောက်ပိုင်းနေထိုင်သောပြည်သူများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပေါင်းစည်းမြစ်ဝှမ်းစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။           

အခြေခံအဆောက်အအုံအသစ်များနှင့် ရှိရင်းစွဲအခြေခံအဆောက်အအုံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းသည် ဘေးကင်းသော သောက်သုံးရေနှင့် စွမ်းအင်လုံခြုံရေးတို့အပြင် မိလ္လာ၊ ဆည်မြောင်း နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဂေဟစနစ်များကို ကာကွယ်ရန်နှင့် သစ်တောပျိုးထောင်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ စိမ့်မြေထိန်းသိမ်းခြင်းနှင့် ရေလွှမ်း လွင်ပြင် ပြန်လည်ထူထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံ ဖြေရှင်းနည်းများကို မြှင့်တင်ရန်လည်း အချိုးညီစွာ အရေးကြီးပေသည်။             

အဆိုပါ နည်းဗျူဟာ၏အစိတ်အပိုင်းတိုင်းသည် ဘဏ္ဍာငွေ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသည် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အရေးပါမှု ကို ပေးထားသည့် အဆိုပါရေခဲဒေသနှင့် ၎င်း၏မြစ်ဝှမ်းဒေသတို့ကို ကမ္ဘာလုံးဆိုင်ရာ အများသူငှာ ကောင်းကျိုး အဖြစ်သတ်မှတ်၍ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်သည်။             

နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသည် ပူးပေါင်းဆောင်ရွက်မှုနှင့် သံခင်းတမန်ခင်း နည်းလမ်းအားဖြင့် ရေခဲပြင်အရင်းအမြစ်များကို သာတူညီမျှစွာအသုံးပြုမှုကို မြှင့်တင်ပေး ရမည်ဖြစ်သည်။ ယင်းသည် ဖြစ်နိုင်ခြေရှိသော တင်းမာမှုများကို ပြေပျောက်စေပြီး ဒေသတွင်းရှိ ရေခဲတောင်များသည် ပဋိပက္ခထက် ငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးကြောင်းသေချာစေကာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။             

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အဆိုပါရည်မှန်းချက်အချို့ကို ပြည့်မြောက်အောင် ဆောင်ရွက် လျက်ရှိသည်။ Green Climate Fund နှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ADB သည် Glaciers to Farms အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပြီး အာရှအလယ်ပိုင်းနှင့် အနောက်အာရှ တို့တွင် စိုက်ပျိုးရေးကဏ္ဍ၌ ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်းလာစေရန် ဒေါ်လာ ၃.၅ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟိန္ဒူကုရှ်ဟိမဝန္တာ-ဘူတန်နှင့် နီပေါနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို စီစဉ်ရေးဆွဲရာတွင်လည်း ကူညီ ပံ့ပိုးပေးနေသည်။ ထို့အပြင် ADB သည် ဂေဟစနစ်ပြန်လည်ဖြည့်ဆည်းမှု (Eco-compensation Mechanisms), ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့် ကာဗွန်အရောင်းအဝယ်စနစ် (Carbon Markets) and ရေကုန်သွယ်ရေး(Water Trading)နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်စပ်နေသော စာချူပ်များ (Sustainability-linked Bonds) ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်သစ်များကိုလည်း စမ်းသပ် လုပ်ဆောင်လျက်ရှိသည်။             

UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့သည် ပြီးခဲ့သောလက နိုင်ငံတကာ ရေခဲတောင် များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့မှုအပေါ် WMO အထွေထွေ အတွင်းရေးမှူးချုပ် Celeste Saulo က ကမ္ဘာကြီးအနေဖြင့် တက်ကြွနိုးကြားစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ရာသီဥတုဒဏ်ခံနိုင်ရည် တည်ဆောက်ခြင်းမှသည် စိမ်းလန်းသော အကူးအပြောင်း (ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုရေရှည်တည်တံ့သော လူနေမှု ပုံစံများဆီသို့ ကူးပြောင်းမှု) နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ခြင်းအထိ ရေခဲတောင် များနှင့် ၎င်းတို့၏ ဆက်စပ်ဂေဟစနစ်ကို မှီခိုနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် ရေရှည်တည်တံ့သောအနာဂတ် သေချာစေရန်အတွက် ကမ္ဘာ့အသိုက်အဝန်းသည် ၎င်း၏စွမ်းအားဖြင့် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့ အားလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပေသည်။

စာရေးသူ Masatsugu Asakawa သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌဖြစ်သည်။ 

ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Source: https://www.eco-business.com/opinion/meltdown-at-the-top-of-the-world/

Masatsugu Asakawa

လိင်မှုဆိုင်ရာကျန်းမာရေးကောင်းမွန်စေရန် ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ခြင်း

ယနေ့ခေတ်ကမ္ဘာကြီးတွင်  ကပ်ရောဂါအသွင်ဖြစ်ပွားနေသည့်   ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV/AIDS) နှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ(Sexually Transmitted Infections-STIs)များဖြစ်ပွားနေမှုသည် ၂၀၂၂ ခုနှစ်ကုန်အထိရရှိသော စာရင်းဇယားများအရ   ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV) ပိုးကူးစက်ခံနေရသူသည် ကမ္ဘာတစ်ဝန်း ၌  ၃၉ သန်းခန့်ရှိပြီး အရှေ့တောင်အာရှဒေသတစ်ခု ထဲတွင်ပင် ၃ ဒသမ ၉ သန်းခန့် HIV ပိုးကူးစက်ခံနေရပါသည်။

လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ(STIs)များအနက် ပျောက်ကင်းအောင်ကုသနိုင်သည့် Syphilis၊ Gonorrhoea၊  Chlamydia နှင့် Trichomoniasisကဲ့သို့သော  ရောဂါလေးမျိုးသည်ပင် ယနေ့ထိတိုင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကဏ္ဍအတွက် အဓိကစိန်ခေါ်မှုအဖြစ်ရှိနေဆဲပင်ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် ကုန်စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်း (၁၅-၄၉)နှစ်အရွယ်ရှိသူများတွင် ယင်းလိင်မှတစ်ဆင့်ကူးစက် တတ်သောရောဂါလေးမျိုး၏ အသစ်ကူးစက်ဖြစ်ပွား မှု (Incidence) သည် ၃၇၄ သန်းအထိရှိခဲ့ပြီး  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊   အရှေ့တောင်အာရှဒေသတစ်ခု တွင်ပင် သန်း ၆၀ အထိရှိကြောင်းနှင့်  ကမ္ဘာတစ်ဝန်း၌   နေ့စဉ်လူတစ်သန်းခန့်အထိ    လိင်မှတစ်ဆင့်ကူးစက်တတ်သော    ရောဂါပိုးအသစ်ကူးစက်ခံနေရကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

ခန့်မှန်းတွက်ချက်မှုများအရ   ၂၀၂၃   ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း  (၁၅-၄၉)  နှစ်အရွယ်ရှိသူများ အနက် HIV ပိုး ကူးစက်ခံရမှုနှုန်းသည်(သုည ဒသမ  ၆၇ ရာခိုင်နှုန်း)ရှိပြီး HIV ပိုးရှိရှင်သန်သူမှာ ၂၈၃၀၀၀ ဦးခန့်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်ကုန်အထိ ရရှိသော စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါသည်အားလုံး၏ (၇၆ ရာခိုင်နှုန်း) အား(Lifelong ART) အေအာရ်တီဆေးဖြင့်   ကုသ ပေးနိုင်ခဲ့ပြီးဖြစ်သည်။  HIV   ပိုးရှိ ကိုယ်ဝန်ဆောင်မိခင်မှ မိမိရင်သွေးသို့  ရောဂါပိုးကူးစက်မှုကာကွယ် ခြင်း (Prevention of Vertical Transmission-PMTCT) လုပ်ငန်းသည်လည်း တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ၈၅ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုပေး ထားနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၌ လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အနေဖြင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများကို  စီမံ ချက်ထားဆောင်ရွက်နေခြင်းကြောင့် ဦးတည်အုပ်စု များကြား ကာလသားရောဂါ(syphilis)ဖြစ်ပွားမှုနှုန်းသည်  (၂၀၀၇ မှ  ၂၀၂၀ ခုနှစ်) အတွင်း သိသာစွာ ကျဆင်းလာခဲ့ပေသည်။

ရောဂါပိုးအသစ်ကူးစက်ခံရမှုနှင့်   ဖြစ်ပွားမှုနှုန်းကျဆင်းလာမှုတို့တွင် Biomedical၊ Structural နှင့် Behavioral Intervention များပါဝင်သည့် ပေါင်းစပ်ကာကွယ်ရေးအစီအစဉ် (Combination Prevention Programme) သည် အရေးပါလှပါသည်။

ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသော လိင်ဆက်ဆံမှုအားလုံးတွင်   ကွန်ဒုံးကို စနစ်တကျနှင့် မှန်ကန် စွာအသုံးပြုခြင်း (Condom Promotion) နှင့် ရောဂါ ပိုးကူးစက်ရန်အန္တရာယ်ရှိသူများနှင့် လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း (Abstinence) နည်းလမ်းများသည် HIV နှင့်  လိင်မှတစ်ဆင့်  ကူးစက်တတ်သောရောဂါများကို ကာကွယ်ရာ၌ အခြေခံကျ၊ ထိရောက်သည့် နည်းလမ်းများဖြစ်ပါသည်။

မိမိအခြေအနေကိုသိရှိအောင် စမ်းသပ်စစ်ဆေးခြင်း (Know Your Status)အတွက် ရွေးချယ်စရာ နည်းလမ်းများဖြစ်သော- မိမိအနေဖြင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ဆေးခန်း (NAP Clinic)နှင့် ပြည်သူ့ဆေးရုံ၊ လူထုအခြေပြုကွင်းဆင်း စစ်ဆေးပေးသည့်နေရာ(Community-based Clinic) များတွင်  စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသည့် အညွှန်းခံရသူကို ရှာဖွေစစ်ဆေးခြင်း (Index case testing)နှင့် မိမိကိုယ်တိုင်လျှို့ဝှက် စွာ စမ်းသပ်စစ်ဆေးခြင်း  (Self-testing)   စသည့်နည်းလမ်းများအနက် မိမိနှစ်သက်သည့်နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသော အညွှန်းခံရသူကိုရှာဖွေစစ်ဆေးခြင်း  (Index  case  testing) ဆိုသည်မှာ ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသည့် အညွှန်းခံရသူကို ရှာဖွေစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိ ပါက ထိုသူနှင့်ဆက်စပ်နှီးနွှယ်ထားသူများ (ဥပမာ-လိင်ဆက်ဆံဖော်၊  သား၊ သမီးနှင့်   မူးယစ်ဆေး အကြောထဲထိုးသွင်းသူဖြစ်ပါက  ဆေးထိုးအပ်မျှဝေ သုံးစွဲသူစသည်ဖြင့် ကွင်းဆက်ယူကာ ဆက်လက် စမ်းသပ်စစ်ဆေးသွားသည့်     နည်းလမ်းပင်ဖြစ်ပါသည်။  ဤကဲ့သို့  စစ်ဆေးရာတွင်  စမ်းသပ်စစ်ဆေး ခံသူ၏လျှို့ဝှက်ချက်ကို   သေချာစွာစောင့်ထိန်းရ မည်ဖြစ်ပြီး အကယ်၍ ရောဂါပိုးစစ်ဆေးတွေ့ရှိပါက လည်း  ညွှန်းပို့ပေးခြင်းကို  ဆက်လက်ဆောင်ရွက် သွားရပါမည်။

ကိုယ်တိုင်နမူနာယူခြင်း (Self-sampling) နည်းလမ်းသည်   မိမိတွင်  လိင်မှတစ်ဆင့်ကူးစက်တတ် သောရောဂါပိုးကူး စက်ခံရခြင်းရှိ၊ မရှိအခြေအနေကို သိရှိရန်အတွက် များစွာအဆင်ပြေပြီး    ကိုယ်ရေး ကိုယ်တာကိုလည်း ထိန်းသိမ်းနိုင်သည့်  နည်းလမ်းဖြစ်ပါသည်။ ဤနည်းလမ်းဖြင့်  အချိန်မီ ဆောလျင်စွာ ကုသမှုခံယူနိုင်ပြီး ကူးစက်မှုအန္တရာယ်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

ကုသမှုဖြင့်ကာကွယ်ခြင်း (Treatment as Prevention)  နည်းလမ်းသည်  အလွန်ထိရောက်သော မဟာဗျူဟာတစ်ခုပင်ဖြစ်ပါသည်။ (Lifelong ART) အေအာရ်တီဆေးကို   စနစ်တကျပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း HIV ဗိုင်းရပ်စ်ကို   ပုံမှန် စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းဖြင့် ရှာဖွေမတွေ့နိုင် သည့်အဆင့်(Undetectable Level) အထိ လျှော့ချ နိုင်ပြီး ယင်းအခြေအနေသို့ရောက်ရှိပါက  တခြားသူ တစ်ဦးသို့  ထပ်မံမကူးစက်နိုင်သည့်အဆင့်  (Un-transmittable Level) အထိ ရောက်ရှိသွားစေမည် ဖြစ်ပါသည်။  ယင်းအခြေအနေကို နိုင်ငံတကာတွင် “U=U”ဟု ခေါ်ဆိုသုံးနှုန်းပါသည်။

မိမိနှင့် မိမိ၏လိင်ဆက်ဆံဖော်တွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ(STIs)ရှိနေပါက ပျောက်ကင်းသည်အထိ    ထိထိရောက်ရောက်ကုသမှုခံယူခြင်းဖြင့်  ရောဂါပြန်လည်ကူးစက်မှု   (Reinfection)နှင့် တခြားသူများကို ထပ်မံကူးစက်ခြင်း  စသည်များကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

၂၀၀၀ ပြည့်နှစ်ခန့်တွင် မြန်မာနိုင်ငံ၌  စတင်ခဲ့သော မိခင်မှ ကလေးသို့ HIV ရောဂါပိုးကူးစက်မှုကာကွယ်ခြင်း (Prevention of Vertical Transmission-PMTCT)  စီမံချက်သည်  ကိုယ်ဝန်ဆောင်မိခင်များအတွက် မိမိရင်သွေးကို ရောဂါပိုးကူးစက်မှုမှကာကွယ်ရန်  အထိရောက်ဆုံးသော  နည်းလမ်းတစ်ခုဖြစ်ပါ သည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ  HIV နှင့်  Syphilis ရောဂါနှစ်မျိုးစလုံးအား   တစ်ပြိုင်နက် စမ်းသပ် စစ်ဆေးပေးနိုင်သည့် Dual Test kit များကို ဝယ်ယူ ဖြန့်ဖြူးထားရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်မှ ကလေးသို့ HIV နှင့် Syphilis ရောဂါနှစ်မျိုးစလုံး ကူးစက်ခံရမှု ကင်းစင်ပပျောက်သည်အထိ (Dual elimination of mother to child transmission of HIV and Syphilis)   ဆောင်ရွက်သွားရန်နှင့်    ဖြစ်နိုင်လျှင် အသည်းရောင်အသားဝါဘီပိုး  ကူးစက်ခံရမှုကိုပါ ကင်းစင်ပပျောက်အောင်  ပေါင်းစပ်ဆောင်ရွက်ရန် (Triple  elimination)   ရည်ရွယ်ချက်အထိထားရှိပြီး ကြိုးပမ်းသွားမည်ဖြစ်ပါသည်။    ဤအစီအစဉ်တွင်   ကိုယ်ဝန်ဆောင်မိခင်သာမက  ဇနီးမောင်နှံစမ်းသပ် စစ်ဆေးကုသခြင်း(Spouse testing)  သည်   အရေး ကြီးသော  အစိတ်အပိုင်းတစ်ခုအဖြစ်    ပါဝင်နေပါသည်။

ရောဂါပိုးကူးစက်မခံရမီ  ကြိုတင်ကာကွယ်ခြင်း (Pre-exposure Prophylaxis- PrEP) နည်းလမ်းသည်   ထိရောက်သောကာကွယ်ရေးမဟာဗျူဟာတစ်ခုပင်ဖြစ်ပါသည်။ ဤနည်းလမ်းအတွက် သောက် ဆေး (Oral PrEP) အပြင် အမျိုးသမီးများအတွက် Dapivirine ARV ပါဝင်သည့် Vaginalring  ကို အမျိုးသမီး ကိုယ်တွင်းထည့်သွင်းပြီး     တစ်လတစ်ကြိမ် လဲလှယ်ပေးသည့် နည်းလမ်းသည် ရောဂါပိုးကူးစက် ရန် အန္တရာယ်များသော အခြေအနေရှိသည့်  အမျိုး သမီးများအတွက် ရွေးချယ်စရာများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

Cabotegravir ကဲ့သို့ Long-acting injectable ARV ထိုးဆေးများသည်လည်း နိုင်ငံတကာစျေးကွက် ထဲတွင် စတင်မိတ်ဆက်လာနေပြီဖြစ်ပါသည်။ အစော ပိုင်းကာလ    ဆေးဘက်ဆိုင်ရာသုတေသနပြုချက် (Clinical trials) များအရ ယင်း Cabotegravir ထိုး ဆေးကို ၂-လ တစ်ကြိမ်ပုံမှန်ထိုးနှံပေးပါက HIV ပိုး ကူးစက်ခံရမှုကို ၉၉ ရာခိုင်နှုန်းအထိ လျှော့ချပေး နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း စျေးနှုန်းကြီးမြင့် မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန် အခက်အခဲရှိ နေသေးကြောင်း လေ့လာတွေ့ရှိရသည်။

ရောဂါပိုးကူးစက်ရန်   အန္တရာယ်များသောသူနှင့်အတူနေပြီးနောက် ကာကွယ်ဆေးသောက်သုံးခြင်း (Post -exposure prophylaxis-PEP)သည် အန္တရာယ် ရှိသော  အခြေအနေများတွင် HIV နှင့် တခြားသော လိင်မှတစ်ဆင့်   ကူးစက်တတ်သောရောဂါများကို အချိန်မီကာကွယ်နိုင်ရန်အတွက်     အရေးပါသော နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ PEP  ကို ဖြစ်နိုင် သမျှမြန်မြန်၊  အထူးသဖြင့် အန္တရာယ်ရှိသော အခြေ အနေမှ   ၇၂  နာရီအတွင်း   စတင်သောက်သုံးရန် အရေးကြီးပါသည်။

ဆေးထိုးအပ်/ဆေးထိုးပြွန်များအား မျှဝေသုံးစွဲမှု မပြုခြင်းသည်လည်း ထိရောက်သော ကာကွယ်ရေးနည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။ ဆေးထိုးရန်လိုအပ်ပါက  သန့်ရှင်းသော တစ်ခါသုံးဆေးထိုးအပ်အသစ် များကိုသာ    အသုံးပြုခြင်းဖြင့်   ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV  ပိုးကူးစက်မှုကို  ကာကွယ်နိုင်သည်။ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော Needle Syringe Programme- NSP သည် Safe  injection  practice  အတွက်  ပံ့ပိုးပေးရာ၌ အရေးကြီး‌သောအခန်းကဏ္ဍမှ ပါဝင်နေသည်။

မူးယစ်ဆေးဝါး အကြောတွင်းသို့ ထိုးသွင်းသုံးစွဲမှု ကို ရှောင်ကြဉ်ခြင်းသည် ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV ပိုးကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ်နိုင်သောနည်းလမ်းဖြစ်ပါသည်။    မူးယစ်ဆေးအလွဲသုံးစွဲမှု နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ (Substance use disorder)များနှင့်ပတ်သက်ပြီး အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုပေးသည့်      ဝန်ဆောင်မှုများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းဆေးခန်းများတွင် ရရှိနိုင်သည်။

မြန်မာနိုင်ငံ၌ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် HIV  နှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်ပြီး     အသိပညာမြှင့်တင်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊  ကာကွယ်မှုနှင့်ကုသမှု ပေးခြင်း    စသည့် ရွေးချယ်စရာ နည်းလမ်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး      ဤနည်းလမ်းများကို ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအထိ ရောက်ရှိစေရန်    ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

HIV/ AIDS ကာကွယ်၊ ကုသရေးဆိုင်ရာ  သုတေ သနဆောင်ရွက်မှုများအနေဖြင့်  ART ကုထုံးများကို တိုးတက်ကောင်းမွန်စေရန်၊  ကာကွယ်ဆေး (HIV Vaccines) များ တီထွင်ရန်နှင့် မျိုးရိုးဗီဇပြုပြင်ခြင်း (Gene editing)ကဲ့သို့  နည်းပညာအသစ်များကို စူးစမ်းရှာဖွေလျက်ရှိပါသည်။ မျိုးရိုးဗီဇပြောင်းလဲမှု (CCR5-delta  32 Genetic mutation) ရှိပြီးသား အလှူရှင်ထံမှ ပင်မဆဲလ်အစားထိုးကုသမှု  (Stem cell transplant) ခံယူခြင်းမှ  မမျှော်လင့်ဘဲ   HIV (ယာယီ) ရောဂါပျောက်ကင်းမှု(Long-term HIV remission) ရသွားသည့် “ဘာလင်” လူနာ(Berlin Patient- Timothy Ray Brown) နှင့် “လန်ဒန်”လူနာ (London  Patient- Adam  Castillejo)  တို့သည် ဆောင်ရွက်ဆဲ ဆေးဘက်ဆိုင်ရာသုတေသန လုပ်ငန်းများအတွက် တွန်းအားဖြစ်စေပါသည်။

မြန်မာနိုင်ငံ၌           လိင်မှုဆိုင်ရာကျန်းမာရေး ထိန်းသိမ်းနိုင်ရန်အတွက် ခုခံအားကျဆင်းမှုကူးစက် ရောဂါ (HIV/AIDS)   နှင့်   တခြားလိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ  (STIs) များ၏   ဖြစ်ပွားနေမှု၊    ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ၊    တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာများအကြောင်းကို    မျှဝေပေးရန် ရည်ရွယ်၍‌     ရေးသားလိုက်ရပါသည်။      ။

 

ဒေါက်တာထွန်းညွန့်ဉီး

လယ်ယာသီးနှံများမှ   စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု  အဝတ်အထည်၊  တိရစ္ဆာန်အစာနှင့်  လောင်စာစွမ်းအင်တည်းဟူသော   Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း  ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင်   ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။   စားနပ်ရိက္ခာအဖြစ်   သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့်  စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွက်ကုန်ကိုလည်းကောင်း၊ လောင်စာအဖြစ် ဇီဝအီသနောကို လည်းကောင်း ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့်    စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ ကြံပင်သည် မျိုးရင်း (Family) Gramineae (or) Poaceae တွင်ပါဝင်ပြီး သိပ္ပံအမည်အားဖြင့်် မျိုးစိတ်များစွာရှိသည့်အတွက်  Saccharum sp. ဟုသာ ခေါ်ဝေါ်ရေးသားသည်။

ကြံပင်သည် ကြီးထွားချိန်တွင် ပူအိုက်စွတ်စိုပြီး ရင့်မှည့်ချိန်တွင် အေးမြခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် ၄၀ လက်မမှ ၆၀ လက်မအတွင်း    ရွာရန်လိုအပ်သော်လည်း ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။  ကြံသီးနှံသည် စပါးသီးနှံကဲ့သို့ ရေများများစားစား မလိုအပ်သော်လည်း စပါးသီးနှံရေ လိုအပ်ချက်၏ ငါးပုံ သုံးပုံခန့်ရေကို လိုအပ်သည်။ သွင်းရေကို ကြိုက်နှစ်သက်သောသီးနှံဖြစ်သဖြင့်   ရေသွင်းစိုက်ပျိုးမည်ဆိုပါက ကြံအထွက်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိစေနိုင်သည်။ ကြံသီးနှံသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၏ ကြံစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ကြံစိုက်ဧက ၁၃၀၀၀၀ ခန့်ရှိရာမှ ယခုအခါ ဧကပေါင်းလေးသိန်းကျော်ထိ စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။

ကြံစိုက်ပျိုးထုတ်လုပ်မှုတွင် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင်  ကြိတ်ဝါးကြံရရှိမှု၊  အထွက်နှုန်းနှင့် ကြံအရည်အသွေးများသည်လည်း  တဖြည်းဖြည်း ပြောင်းလဲတိုးတက်လျက်ရှိသည်။  ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင်  တစ်နိုင်ငံလုံး  စိုက်ဧက  ၃၈၀၀၀၀ ကျော်မှ  တန်ချိန်  ၈၆  သိန်းကျော်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် စိုက်ဧကလေးသိန်းကျော်မှ တန်ချိန် ၁၁၅ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်တွင် ကြံစိုက်ဧက  ၁၇၀၀၀၀ ကျော်ရှိပြီး ရှမ်းမြောက်ဒေသမှ စိုက်ဧကပေါင်း  ၁၄၀၀၀၀ ကျော်ထိစိုက်ပျိုးခဲ့ရာ ကြိတ်ဝါးကြံ တန်ချိန် ၃၈ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ရှမ်းပြည်နယ်သည် ကြံပင်ကြီးထွားမှုအတွက်   လိုအပ်သောအပူချိန်နှင့် ရေမြေပတ်ဝန်းကျင်ကောင်းများရှိသည့်အတွက် နှစ်စဉ်ကြံစိုက်ဧရိယာ တိုးတက်လျက်ရှိသလို တစ်ဧကအထွက်နှုန်းကောင်းပြီး   သုံးနှစ်မှ  လေးနှစ်ထိ ကြံလမိုင်းများ ထားလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ၂၀၂၃−၂၀၂၄ ခုနှစ် ကြံရာသီ ပျမ်းမျှကြံအထွက်နှုန်းသည် တစ်ဧကလျှင် ၂၇ ဒသမ ၅၅ တန်ဖြစ်သည်။ ကြံသီးနှံ၏ တစ်ဧကပန်းတိုင် အထွက်နှုန်းသည်  တန်  ၃၀  ဖြစ်သည့်အတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင်  သကြားထုတ်လုပ်သည့် နိုင်ငံပေါင်း ၁၁၀ ခန့်ရှိပြီး ပျမ်းမျှအားဖြင့် ကြံမှသကြား ထုတ်လုပ်မှုမှာ စုစုပေါင်းသကြားထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး သကြားမုန်လာမှ ထုတ်လုပ်မှုသည် ၂၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်သကြားထုတ်လုပ်မှုသည်  မက်ထရစ်တန်သန်း ၁၈၀ ခန့်ရှိပြီး  ကမ္ဘာ့သကြား အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ  ဘရာဇီးနိုင်ငံဖြစ်ကြောင်းသိရသည်။ ၂၀၁၀−၂၀၁၁ ခုနှစ်မှ  ၂၀၂၂−၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်  သကြားထုတ်လုပ်မှုသည် ၂၀၁၇−၂၀၁၈ ခုနှစ်တွင် အများဆုံးဖြစ်ပြီး  မက်ထရစ်တန် ၁၉၄  ဒသမ ၈၈ သန်းဖြစ်ကြောင်း တွေ့ရှိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ်သကြားစားသုံးမှုသည်   ၂၀၂၂−၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်၁၇၆  သန်းမှ ၂၀၂၃−၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်၁၈၀ ဒသမ ၀၅  သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။     လေ့လာ တွေ့ရှိချက်များအရ အမေရိကန်ပြည်ထောင်စုသည်   ကမ္ဘာပေါ်တွင် သကြားစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး   လူတစ်ဦး တစ်နှစ်လျှင် သကြားပျမ်းမျှ ၄၆ ဒသမ ၁၃ ကီလိုဂရမ်ခန့် စားသုံးကြောင်းသိရှိရသည်။   သကြားအများဆုံးထုတ်လုပ်သည့် ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော  အိန္ဒိယ၊  တရုတ်၊ ထိုင်းနိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ သကြားထုတ်လုပ်မှုမှာ နှစ်စဉ်တန်ချိန် လေးသိန်းကျော်ဖြစ်သည်။  ၂၀၁၉  ခုနှစ်  မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်လျှင် သကြားစားသုံးမှု စစ်တမ်းအရ ပျမ်းမျှ ၇ ဒသမ ၇ ကီလိုဂရမ်ခန့်ရှိသည့်အတွက် လက်ရှိ မြန်မာနိုင်ငံလူဦးရေနှင့်  တွက်ချက်ကြည့်မည်ဆိုပါက သကြားတန်ချိန် ၄၂၀၀၀၀ ခန့်လိုအပ်ပြီး ပိုလျှံသောပမာဏကို ပြည်ပသို့တင်ပို့နိုင်သည်။

ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ တဖြည်းဖြည်းရှားပါးလာသဖြင့်   ကျောက်ဖြစ် ရုပ်ကြွင်းတွင်းထွက် ရေနံဓာတုလောင်စာနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်နှင့် လောင်စာဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက်  အစားထိုးလောင်စာစွမ်းအင် ဇီဝအီသနောကို ရေရှည်တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ ကြံမှသကြားအပြင် ဇီဝလောင်စာဆီဖြစ်သည့် အီသနောကို အများအပြား ထုတ်လုပ်လျက်ရှိကြရာ ၂၀၂၂ ခုနှစ်စာရင်းအရ အမေရိကန်ပြည်ထောင်စုသည် အီသနောဂါလန်သန်းပေါင်း ၁၅၄၀၀ ထုတ်လုပ်ပြီး ပထမနေရာမှ ဦးဆောင်လျက်ရှိသည်။ ဘရာဇီးနိုင်ငံက ဂါလန်သန်းပေါင်း ၇၄၂၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့်   ၂၀၂၁−၂၀၂၂ ခုနှစ် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး သုံးစွဲမှု၏ ၃ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းတွင်ထုတ်လုပ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်  ဖူလုံမှုရှိစေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအနက်  တစ်ခုအပါအဝင် ဖြစ်သည့် လယ်ယာထွက်သီးနှံနှင့်   ဘေးထွက်ပစ္စည်းများမှ ဇီဝလောင်စာစက်သုံးဆီများကို     ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ရေးမှာ   အထူးလိုအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။   ကြံမှ    ဇီဝလောင်စာစက်သုံးဆီအပြင် ကြံကြိတ်ဖတ်မှ    လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိနိုင်သည်။ ကြံတန် ၁၀၀ ကြိတ်လျှင် ကြံဖတ် တန်ချိန် ၃၀ ခန့်ရရှိပြီး ထွက်ရှိကြံဖတ်ကို ကြံမှသကြားကြိတ်ဝါးရာ၌လိုအပ်သည့် ဘွိုင်လာစွမ်းအင်တွင် ပြန်လည်အသုံးပြုနိုင်သည်။  မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော သကြားစက်ရုံ ၂၂ ရုံမှ တစ်နှစ်လျှင် ကြံတန်ချိန် သိန်း  ၄၀ ကျော် ကြိတ်ဝါး လျက်ရှိသည်။   သကြားစက်ရုံများလည်ပတ်ချိန်တွင် ကိုယ်ပိုင်စွမ်းအင်များထုတ်လုပ်၍   လည်ပတ်ခဲ့ခြင်းဖြစ်ပြီး စက်လည်ချိန်ကာလတွင် စက်ရုံသုံးအပြင် အပိုလျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်နိုင်သည်။

မြန်မာနိုင်ငံရှိ   သကြားစက်ရုံအများစုသည် တစ်ရက် ကြံတန်ချိန် ၂၀၀၀ စွမ်းအား ကြိတ်ဝါးသည့် စက်များဖြစ်သဖြင့်   ကြံဖတ်ပိုလျှံမှုနည်းပြီး   လျှပ်စစ်ထုတ်နိုင်မှုနည်းပါးသည်။ ပုဂ္ဂလိက သကြားစက်ရုံလေးရုံဖြစ်သည့်  နဝဒေးသကြားစက်၊  မောင်းကုန်းသကြားစက်၊  ဆင်းရွှေလီသကြားစက်နှင့် မိုင်းရယ်သကြားစက်တို့မှာ တစ်ရက်လျှင် ကြံတန်ချိန် ၅၀၀၀ တန်နှင့်အထက်  ကြိတ်ဝါးနိုင်သည့် စက်များဖြစ်သောကြောင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်စွမ်းအင်အပြင် ပိုလျှံသောလျှပ်စစ်စွမ်းအင်များကို အနီးပတ်ဝန်းကျင်ရှိရွာများအား ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသကြားစက်လုပ်ငန်းရှင်များအနေနှင့် စက်စွမ်းအားတိုးမြှင့်ပြီး   Value Added  ထုတ်လုပ်မှုများနှင့် ယှဉ်တွဲဆောင်ရွက်မည်ဆိုပါက သကြားစက်ရုံများအတွက်   အပိုဝင်ငွေရရှိပြီး   ကြံစိုက် တောင်သူများအားပံ့ပိုးနိုင်ကာ   စျေးကောင်းပေး ဝယ်ယူနိုင်ခြင်းတို့ကြောင့်   နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။

ထိုကဲ့သို့   ဘက်စုံအကျိုးကျေးဇူးများသည့် ကြံသီးနှံပင်စိုက်ပျိုးထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့စေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲအနေဖြင့် သုတေသနလုပ်ငန်းနှင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။   လက်ရှိအချိန်ထိ    ဌာနမှ   မှတ်ပုံတင်ထုတ်လုပ်ထားသော     ကြံမျိုးသစ်ကိုးမျိုးရှိပြီး တောင်သူများက ဒေသအလိုက် မိမိတို့ကြိုက်နှစ်သက်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။

မည်သည့်သီးနှံပင်ဖြစ်စေ မျိုးတစ်မျိုးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးပါက အရည်အသွေးနှင့် အထွက်နှုန်း ကျဆင်းလာနိုင်ခြင်းကြောင့် လက်ရှိထုတ်ဝေပြီး သားကြံမျိုးများမှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသော မျိုးများကို ခေတ်မီတစ်သျှူးနည်းဖြင့် မျိုးသန့်ပွားများပြီး   ဖြန့်ဝေခြင်းလုပ်ငန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသုံးခြံတွင်  ဆောင်ရွက်လျက်ရှိသည်။  တစ်သျှူးနည်းနှင့် ကြံမျိုးမွေးမြူခြင်းဖြင့် ရောဂါကင်းစင်ပြီး အရည်အသွေးကောင်းသော Healthy Seed Cane များကိုရရှိသည်။ အဆိုပါ တစ်သျှူးစတင်မွေးမြူခြင်းနှင့် ရရှိလာသည့် Breeder Seed နှင့် Foundation Seed အဆင့်များကို သုတေသနခြံများနှင့် မျိုးသန့်ခြံများတွင် ဆောင်ရွက်လျက်ရှိပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ Commercial Seed အဆင့်ကို  မျိုးသန့်ခြံများနှင့် သကြားစက်ရုံများမှတစ်ဆင့် တောင်သူများထံဖြန့်ဖြူးပေးလျက်ရှိသည်။

ထွက်ရှိလာသောသကြားများ၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် ပျဉ်းမနား ကြံသုတေသနခြံတွင် ဓာတ်ခွဲခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး  လိုအပ်သည့်  ပစ္စည်းအင်အား၊ လူအင်အားပြည့်စုံပါက  ISO   အသိအမှတ်ပြု သကြားအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့်  မိမိတို့နိုင်ငံမှထွက်ရှိသော အရည်အသွေးစံချိန်မီသည့်သကြားများကို အာဆီယံနှင့် အနောက်နိုင်ငံများအထိပါ တင်ပို့နိုင်မည်ဖြစ်သောကြောင့် တိုင်းပြည်ဝင်ငွေပိုမိုရရှိမည့်အပြင် သကြားစက်ရုံများနှင့် တောင်သူများပါ အကျိုးအမြတ်များစွာရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ရပေသည်။    ။

 

ဒေါက်တာခင်ခင်ကြီး

မြန်မာ့သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်က စတင်အသုံးပြုခဲ့ကြကြောင်း နံရံပန်းချီအထောက်အထားများအရ   လေ့လာသိရှိရသည်။    ထိုမှဆက်တိုက် ပင်းယခေတ်၊  အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည်  ယနေ့မျက်မှောက်ခေတ်ထိခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို  အမျိုးသား၊ အမျိုးသမီးမခွဲဘဲ  နှစ်ခြိုက်စွာ  အသုံးပြုကြသည်။

ဒြပ်မဲ့ယဉ်ကျေးမှု

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏  လူသားမျိုးနွယ်ကိုယ်စားပြု    ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The  Representative List of The Intangible Cultural Heritage of Humanity)တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရသည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုမတိုင်ခင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇   ရက်အထိ   ပါရာဂွေးနိုင်ငံ   အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု     အမွေအနှစ် ညီလာခံတွင်  ယူနက်စကို၏   ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်သည်  မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့  မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး  ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းအများစုကို Mercury၊ Hydroquinone၊    Betamethasone   17 Valerate စသည့် တားမြစ်ဓာတုဆေးဝါး များဖြင့် ပြုပြင်ဖော်စပ်ထားခြင်းဖြစ်သည်။

သုံးစွဲသူများကို      ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များအစား      ရှေးထုံးမပျက်   မြန်မာ့ရိုးရာသနပ်ခါးကို  ကိုယ်တိုင်သွေးလိမ်းပြီး  အလှဆင်သင့်သည်။

ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာကြရာ သနပ်ခါးမှာ    Antioxidant  (ခေါ်)   ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို    သက်သာစေသော ဓာတ်ပစ္စည်းများ၊   ဗက်တီးရီးယားများ ကို သေစေသောဓာတ်များနှင့် အရေပြားအရောင်ကို ပြောင်းလဲစေသော ဟော်မုန်းထွက်ရှိမှုကို      ဟန့်တားပေးနိုင်သည့်ဓာတ်ပစ္စည်းများ    သဘာဝအလျောက်ပါရှိနေကြောင်း  လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးသည် နေပူဒဏ်၊ နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားကြသည်။

အလားအလာကောင်းသော မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို    အသင့်လိမ်း၍ရသည့်အဆင့်ထိ  အချောထည်ထုတ်လုပ်ကာ  ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊   မြန်မာ့သနပ်ခါး   စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းစျေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး  ပြည်ပစျေးကွက်အနေဖြင့် အကြမ်းထည်အဖြစ်  တင်ပို့၍မရသည့်အတွက်  လိမ်း၍ရသည့်အဆင့်ထိ အချောထည်ထုတ်လုပ်ကာ ခရင်မ်ပုံစံမျိုးပြုလုပ်ပြီး တင်ပို့ရမည်ဖြစ်ကြောင်း  သိရသည်။

ပြည်တွင်း၌ သနပ်ခါးကို  မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး  ခန့်မှန်းစိုက်ဧက သုံးသိန်းခန့်ရှိကြောင်းနှင့်  သနပ်ခါးပင်များသည်     ခြောက်နှစ်မှ   ခုနစ်နှစ်အတွင်း စျေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးများကို    အပင်သက်တမ်းငါးနှစ်မှ  ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း   ၃၅   နှစ်ကြာမြင့်ကြောင်း  လေ့လာသိရှိရသည်။

သနပ်ခါး၏ ဆေးဖက်ဝင်အသုံးပြုပုံများ

မြန်မာလူမျိုးများသည်  သနပ်ခါးကို အလှအပအတွက်   အသုံးပြုသည့်အပြင် ဆေးဖက်ဝင်သည့်    အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ကြိုက်နှစ်သက်ကြသည်။ မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏၊ သွေးကိုကြွစေ၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာ နှစ်မျိုးစလုံးတွင် သုံးနိုင်၏။ အပင်၏အရွက်၊ အသီး၊ ပင်စည်၊ အမြစ်အားလုံးကို အသုံးပြုနိုင်၏ဟု ဖော်ပြထားပါသည်။

အရွက်၏ ဆေးဖက်ဝင်ပုံ

သနပ်ခါးကို ဝက်ရူးပြန်ရောဂါကုသဆေးဖော်စပ်ရာတွင်  အသုံးပြုနိုင်သည်။  အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍   ရေချိုးပြီး   ချွေးအောင်းပေးပါ။   အရွက်ပြုတ်ရည်ကို   ဆားများများခတ်၍သောက်ပါက     ငှက်ဖျားရောဂါပျောက်စေသည်။ မြုံနေသောအနာများအတွက် အရွက်ကိုကြိတ်၍ ဆန်ဆေးရည်နှင့်   သောက်ပေးပါ။  အရွက်ခြောက်ကို နေလှန်း၊ အမှုန့်ပြုလုပ်ပြီး  ရေဖြင့်သောက်ပါက   အဖောအရောင်၊    အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ       ကင်းရှင်းပပျောက်စေသည်။

အသီး၏ဆေးဖက်ဝင်ပုံ

သနပ်ခါးသီးကို  အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင်  ထည့်သွင်းအသုံးပြုနိုင်သည်။   အရွက်  သို့မဟုတ် အသီးလက်တစ်ဆုပ်စာကို    ရေနွေးဖြင့်ပြုတ်ပြီး ခပ်နွေးနွေးအရည်ကို  ငုံဆေး၊ အဖတ်ကို နာနေသောနေရာပေါ်ကပ်ပေးပါက   သွားနာ၊ သွားကိုက်သက်သာစေသည်။

ပင်စည်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးကို   တစ်ကိုယ်လုံးလိမ်းပေးပါက  ခန္ဓာကိုယ်တွင်းရှိ   မျက်စိဖြင့်မမြင်နိုင်သော  အညစ်အကြေးနှင့်  အခိုးတို့အား ခန္ဓာကိုယ်ပြင်ပသို့ သနပ်ခါးက      စုပ်ယူဆွဲငင်ယူပြီး အပူအပုပ်များ ထွက်စေပါသည်။  သနပ်ခါးကို မှန်မှန်လိမ်းပေးပါက  တင်းတိပ်၊ မှဲ့ခြောက်နှင့်  အဆီပြန်ခြင်းမှကင်းဝေးပြီး    အသားအရေအေးမြ၍ နေလောင်ဒဏ်သက်သာစေကာ  အသားအရေ   စိုပြည်လှပစေသည်။  ဝက်ခြံအစိုများအတွက်      သနပ်ခါးတုံးကိုသွေး၍ သံပရာရည်အနည်းငယ်ထည့် လိမ်းပေးပါ။ ဝက်ခြံအမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့၊ ညလိမ်းပါ။   သနပ်ခါးတွင်ဆားအနည်းငယ်ရောထည့်လိမ်းပေးခြင်းဖြင့်   မိတ်၊ အင်ပျဉ်တို့ယားယံခြင်းမှ သက်သာစေသည်။ ရေနွေးပူလောင်နှင့်     မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူလိမ်းအုံပေးခြင်းဖြင့် အသားအရေကို ပကတိအတိုင်း ပြန်လည်ရရှိစေသည်။

အရေပြားပါးလွှာပြီး   ယားနာဖုများ  မကြာခဏထွက်လေ့ရှိသူများအနေဖြင့်  Dettol  ဆပ်ပြာသုံး၍  ရေချိုးသန့်စင်ပြီးနောက်  သနပ်ခါးထူထူလိမ်းပါ။ ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနှင့်     အစာအိမ်နာရောဂါတို့ကို ကုသရာ၌လည်း သနပ်ခါးကို  ဆေးဝါးအဖြစ်  အသုံးပြုနိုင်သည်။  သနပ်ခါးတုံးအနှစ်သားကို   သွေး၍လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့အေးမြစေသည်။ 

(ခြွင်းချက်အနေဖြင့် သနပ်ခါးလိမ်းရာတွင် အရေပြားပါးလွှာ၍  နုနယ်သော  မျက်ဝန်းတစ်ဝိုက်ကို   ရှောင်ရပါမည်။  အဘယ်ကြောင့်ဆိုသော်  သနပ်ခါးပျစ်ပျစ်ထူထူလိမ်းပြီးနောက်  ခြောက်သွားသောအခါ အရေပြားကို    တင်းဆွဲနေသလိုခံစားရပါလိမ့်မည်။ ထို့ပြင်  မျက်ဝန်းတစ်ဝိုက်အရေပြားကို ဆွဲ၊ ဆန့်၊ ကျုံ့၍  တွန်းအားဖြစ်စေပြီး    မျက်ဝန်းတစ်ဝိုက်အရေပြားများကို    တွန့်လာစေမည်။)       သနပ်ခါးသွေးရည်ကို    တစ်ဝကြီးရှူရှိုက်ပေးခြင်းဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်၊  ခေါင်းအုံ၊ ဇက်ကြောထိုး၊ နှာခေါင်းပိတ်စသောရောဂါများကို သက်သာပျောက်ကင်းစေသည်။ အနာတစ်ဝိုက်က အရေပြားပေါ် ကို သနပ်ခါးရည်ကြည် ပွတ်လိမ်းပေးခြင်းက   ငန်းမန်းကိုနိုင်ပြီး အပူနာ၊   အအေးနာနှစ်မျိုးစလုံးအတွက် ကောင်းကျိုးပြုသည်။  အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး   ခန္ဓာကိုယ်ပူနွေးနေလျှင်    ကံ့ကော်ဝတ်ဆံနှင့် သနပ်ခါးရောသွေးပြီး      သကြားအနည်းငယ်ထည့် သောက်ပါ။  အပူများသောဒေသများတွင် သနပ်ခါးခြောက်သွားသည်နှင့်     ထပ်ခါထပ်ခါလိမ်းပေးပါက အပူငြိမ်းစေပါသည်။  သနပ်ခါးက   ခါးသက်သက်အရသာရှိပြီး    ဆန်ဆေးရည်ဖြင့်သွေး၍    သောက်ပေးပါက       အနာဝင်(အနာမြုံ)ရောဂါကို    သက်သာပျောက်ကင်းစေသည်။  နွေရာသီ၌      ကလေးများတွင်ဖြစ်လေ့ရှိသော  အပူဖု၊   အပူနာ၊   ကျောက်၊     ဝက်သက်ပေါက်ချိန်များတွင်   သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။  တစ်ကိုယ်လုံးလိမ်းပေးပါ။ ရင်ခွင်ပိုက်ကလေးငယ်များ အညှော်မိရာတွင် သနပ်ခါးသွေးရည်အနည်းငယ်ခွံ့ပေးခြင်းဖြင့်    အညှော်ထွက်စေပါသည်။

အမြစ်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးအမြစ်ကို   ဝမ်းနုတ်ဆေး၊   ချွေးထုတ်ဆေးတို့ဖော်စပ်ရာတွင်  ထည့်သုံးလေ့ရှိသည်။  မီးယပ်ရောဂါရှိသူများ အမြစ်ကို  နနွင်းမှုန့်နှင့်သွေး၍   သောက်ပေး၊ လိမ်းပေးပါက သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပျောက်ကင်းစေသည်။ ကလေးများ အအေးမိ၊ အစားမှား၊ချွဲကပ်   စသည်တို့အတွက်     သနပ်ခါးအမြစ်တုံးသွေး၍ ကွမ်းရွက်စိမ်းရည်ဆတူရောပြီး     တိုက်ကျွေးပေးပါ။   သနပ်ခါးမြစ်    ငါးပဲသားကို    ပျားရည်ခြောက်ပဲသားနှင့်ရော၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်းစေသည်။ သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍လျက်ပေးပါက အစာအိမ်ရှိ အဆိပ်ကိုပြေစေသည်။ အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေချောမွတ်စေပါသည်။  သနပ်ခါးအမြစ်ကို  ဆားနှင့်သွေးပြီး   နေ့စဉ်ပုံမှန်ရေနွေးကြမ်းပန်းကန်    တစ်ဝက်ခန့်သောက်သုံးပေးပါက  အသည်းရောင်ရောဂါပျောက်ကင်းစေသည်။

သတိပြုရန်

သဘာဝသနပ်ခါးတုံးစစ်စစ်များ ရှိကြသကဲ့သို့  ကြိတ်ပြီးသားအသင့်သုံး သနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍  သနပ်ခါးအရည်၊  အနှစ်စသည်ဖြင့် ဘူး၊ ပုလင်းတို့ကို   အလွယ်တကူဝယ်ယူရရှိနိုင်သည်။    ယင်းအသင့်သုံးသနပ်ခါး ဘူးနှင့်ပုလင်းများတွင် တာရှည်ခံစေရန်နှင့်  တခြားအမွှေးနံ့ပစ္စည်းများ  ပါဝင်သောကြောင့် လူတချို့၌ ဓာတ်မတည့်မှုများ  ဖြစ်စေနိုင်ပါသည်။ သို့သော် စျေးကွက်ထဲတွင် စံချိန်စံနှုန်းပြည့်အသိအမှတ်ပြု   သနပ်ခါးဘူး၊   ပုလင်းများရှိကြရာ မိမိအသားအရေနှင့်    ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူးများကို ရွေးချယ်အသုံးပြုသင့်သည်။

၂၀၂၁   ခုနှစ်မှစ၍    နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို  "မြန်မာ့သနပ်ခါးနေ့"အဖြစ် အထူးတလည်သတ်မှတ်လိုက်သည်။ သနပ်ခါးစိုက်ဒေသများဖြစ်သော   အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့် ပေါက်မြို့များ၌ တပို့တွဲလပြည့်ညတွင်  မြို့အလိုက်   ဘုရားများတွင် သနပ်ခါးမီးပူဇော်ခြင်း   (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း)များ   ပြုလုပ်ကြသည်။

အချုပ်ဆိုရသော်   ယခုအခါ  မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ  အားတက်သရောကြိုးပမ်းလျက်ရှိရာ    မြန်မာ့သနပ်ခါး    ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်

ယမန်နေ့မှအဆက်

ကျန်းမာရေးအတွက်  အကျိုးရှိစေမည့်  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လေးမျိုးရှိပါသည်။ (၁) သက်လုံကောင်းမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၂) ကြွက်သားအင်အားသန်မာမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့်  သက်ဆိုင်သောလေ့ကျင့်ခန်း၊  (၄)  ခန္ဓာကိုယ် ပျော့ပျောင်းမှုနှင့်  သက်ဆိုင်သောလေ့ကျင့်ခန်းတို့ ဖြစ်ပါသည်။

သက်လုံကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းသည် ခန္ဓာကိုယ်ရှိ ကြွက်သားအများစုပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသော   လေ့ကျင့်ခန်းဖြစ်ပါသည်။    နှလုံးသွေးကြောအဖွဲ့နှင့် အသက်ရှူလုပ်ငန်းအဖွဲ့၏ ကျန်းမာရေးကို အဓိကအထောက်အကူပြုသည်။  သက်လုံကောင်းလာခြင်းဖြင့်   မိမိလုပ်ကိုင်လိုသော အလုပ်များကို  ပိုမိုလုပ်ကိုင်နိုင်မည် ဖြစ်သည်။   ထို့ပြင်  နာတာရှည်ရောဂါများကိုလည်း မဖြစ်ပွားအောင်  ကာကွယ်နိုင်ပါသည်။   သက်လုံ ကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ-ပြင်ပထွက်၍ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်စက် နှင့် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ အာဂိုမီတာစက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောကစားခြင်း၊    ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ခြင်းလုံးခတ်ကစားခြင်း၊ အေရိုး ဗစ်ကစားခြင်း၊ ခြေလျင်တောင်တက်ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။  ဖော်ပြပါကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများအနက်မှ မိမိနှစ်သက်ရာ/ဝါသနာပါရာ အမျိုး အစားတစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။

ကြွက်သားအင်အားသန်မာမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းမှာ   အလေးတုံး/ အလေးမစက်များအသုံးပြု၍   အလေးမခြင်း၊  စပရင်များ/မျှော့ကြိုးများအသုံးပြု၍  လေ့ကျင့်ခြင်းများ၊  မိမိခန္ဓာကိုယ် အလေးချိန်ကို အသုံးပြုသော   လေ့ကျင့်ခန်းများ- ဒိုက်ထိုးခြင်း၊ ဘားတန်းခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်းများပါဝင်ပါသည်။    ဖော်ပြပါကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအနက်မှ မိမိနှစ်သက်ရာ/ဝါသနာပါရာ အမျိုးအစားတစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားများ ကြီးထွားသန်မာလာမှုသည်     ခန္ဓာကိုယ်ရွေ့လျား လှုပ်ရှား လုပ်ကိုင်နိုင်မှုကို အဓိကအထောက်အကူပြုပါသည်။ မူလချည့်နဲ့နေသူများအတွက်   ကြွက်သားအင်အား အနည်းငယ်တိုးရုံဖြင့် အမှီအခိုကင်းလှုပ်ရှားသွားလာပြုလုပ်နိုင်မည်ဖြစ်သည်။  ခန္ဓာကိုယ်အဆီမတိုးအောင် ထိန်းသိမ်းနိုင်သဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့ကို  ကာကွယ်ကုသမှုအတွက်  အထောက်အကူပြုပါသည်။

ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းများမှာ ခြေတစ်ချောင်းထောက်ရပ်ခြင်း၊     ထိုင်နေရာမှ     လက်ကိုင်အားမပြုဘဲ မတ်တတ် ရပ်ခြင်း၊ ဘယ်ညာတစ်လှည့်စီ ဖနောင့်နှင့်ခြေဖျားထိပ် ထိကပ်လမ်းလျှောက်ခြင်း၊ ထိုက်ကျိကစားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ထိန်းဘောလုံးပျော့များ၊ ဘုတ်ပြားများ အသုံးပြုလေ့ကျင့်ခြင်းတို့ ပါဝင်ပါသည်။ ခန္ဓာကိုယ်ဟန်ချက်ပျက်၍ လဲကျခြင်းစသော မတော်တဆထိခိုက် ဒဏ်ရာရခြင်းများကို ကာကွယ်ပေးပါသည်။

ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ ထိုက်ကျိ၊  ယောဂ၊ အကြောအဆစ် များဆွဲဆန့်ပေးခြင်းတို့ ဖြစ်ပါသည်။ ခန္ဓာကိုယ်အရိုး အဆစ်များပျော့ပျောင်းမှုသည်   ထိခိုက်ဒဏ်ရာရမှု၊ လဲကျမှုတို့ကို  ကာကွယ်တားဆီးပေးနိုင်ပါသည်။ သတိပြုရန်မှာ   ပျော့ပျောင်းလွန်းပါက   အဆစ်လွဲ တတ်ပြီး  တင်းလွန်းပါက အကြော၊ ကြွက်သားများ ပြတ်တတ်ပါသည်။

အရွယ်ရောက်ပြီးသူဖြစ်ပါက ပြင်းထန်မှုအတော် အသင့်ရှိသော     ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း  (ဥပမာ- တစ်နာရီ ၃  မိုင်နှုန်းလမ်းလျှောက်ခြင်း) ကို တစ်ပတ်လျှင် မိနစ် ၁၅၀၊ တစ်နေ့ ၃၀ မိနစ်၊ တစ်ပတ် လျှင်ငါးရက်၊ ကြွက်သားအင်အား သန်မာမှုအတွက် ကြွက်သားအုပ်စုများစွာ ပါဝင်သော     လေ့ကျင့်ခန်းကို  တစ်ပတ်လျှင်နှစ်ရက်နှင့် အထက်ပြုလုပ်ခြင်း သို့မဟုတ်       ပြင်းထန်သောကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - ရွရွပြေးခြင်း၊ တစ်နာရီ ၅ မိုင်နှုန်းနှင့်အထက်ပြေးခြင်း)  ကို  တစ်ပတ်လျှင် ၇၅ မိနစ်၊ တစ်နေ့ ၂၅ မိနစ်၊ တစ်ပတ်လျှင်သုံးရက် သို့မဟုတ်  ပြင်းထန်မှုအတော်အသင့်ရှိသော ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - တစ်နာရီ ၃ မိုင် နှုန်းလမ်းလျှောက်ခြင်း) ကို တစ်နေ့ မိနစ် ၃၀ ၊ တစ် ပတ်လျှင်သုံးရက်၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - ရွရွပြေးခြင်း၊ တစ်နာရီ ၅ မိုင် နှုန်းနှင့်အထက်ပြေးခြင်း) ကို   တစ်နေ့ ၁၅ မိနစ်၊ တစ်ပတ်လျှင်နှစ်ရက်  (ကြွက်သားအင်အားသန်မာမှု အတွက် လေ့ကျင့်ခန်းကိုဆောင်ရွက်ရာတွင် တစ် နေ့လျှင်နှစ်ခါ၊ တစ်ခါလျှင်ရှစ်ကြိမ်မှ  ၁၂  ကြိမ်၊  တစ် ပတ်လျှင်နှစ်ရက် သုံးရက်ခြား၍ ပြုလုပ်ရပါသည်။)

ကြာမြင့်ချိန်သတ်မှတ်ချက်အနေဖြင့်  သက်လုံကောင်းသောလေ့ကျင့်ခန်းအတွက် ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးမိခင်များအတွက် တစ်ပတ်လျှင် မိနစ် ၁၅၀၊ လူကြီးနှင့် သက်ကြီးရွယ်အိုများအတွက် တစ် ပတ်လျှင်  မိနစ်  ၁၅၀  မှ  ၃၀၀၊  ကလေးသူငယ်များ အတွက် တစ်နေ့လျှင် မိနစ်  ၆၀ (တစ်ပတ်လုံး) သတ် မှတ်ထားပြီး ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းကို  လူကြီးများအတွက်  တစ်ပတ်နှစ်ကြိမ်နှင့် သက်ကြီးရွယ်အိုများအတွက် တစ်ပတ်သုံးကြိမ် သတ် မှတ်ထားပါသည်။  မည်သူမဆိုလုပ်ဆောင်နိုင်ပါက တစ်ပတ်လျှင် မိနစ် ၃၀၀ အထက် ဆောင်ရွက်နိုင်ပါ က ပိုကောင်းသည်။

လေ့ကျင့်ခန်း ပြင်းထန်မှုကို    ခန့်မှန်းရာတွင် လွယ်ကူရိုးရှင်း၍ လက်တွေ့ခန့်မှန်းနိုင်သောနည်းမှာ စကားပြောစမ်းသပ်မှုနည်း ဖြစ်ပါသည်။ ပြင်းထန်မှုအတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် ကိုယ်လက်လှုပ်ရှား ပြုလုပ်နေစဉ် စကားကောင်းစွာ ပြောနိုင်သော်လည်း သီချင်းမဆိုနိုင်သော အတိုင်းအတာဖြစ်ပြီး    ပြင်းထန်သောကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းသည် အသက်ရှူမနားဘဲ စကား လုံးအနည်းငယ်ထက်  ပို၍မပြောနိုင်သောအတိုင်း အတာဖြစ်ပါသည်။ တခြားတိကျသောနည်းမှာ နှလုံး ခုန်နှုန်းဖြင့်  သတ်မှတ်ခြင်း ဖြစ်ပါသည်။   ပြင်းထန်မှု အတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းသည် အမြင့်ဆုံးနှလုံးခုန်နှုန်း၏ ၆၀-၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ပြင်းထန်သောကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းသည်  အမြင့်ဆုံးနှလုံးခုန်နှုန်း၏ ၇၀-၈၀ ရာခိုင် နှုန်းဖြစ်ပါသည်။ လမ်းလျှောက်စက်/အာဂိုမီတာစက် များတွင်    ပြင်းထန်မှုအတွက်    စွမ်းအင်အသုံးချမှု (ကယ်လိုရီ/မိနစ်)နှင့်ပြပါသည်။ ပြင်းထန်မှုအတော် အသင့်ရှိသော       ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း သည်  စွမ်းအင်အသုံးချမှု ၃ ဒသမ ၆ - ၅ (ကယ်လိုရီ/မိနစ်)    ဖြစ်ပြီး    ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် စွမ်းအင်အသုံးချမှု ၅ ဒသမ ၁ - ၇ ဒသမ ၅ (ကယ်လိုရီ/မိနစ်) ဖြစ်ပါသည်။

ကြွက်သားအင်အားသန်မာမှု     လေ့ကျင့်ခန်းအတွက်မူ ပြင်းထန်မှုကို တစ်ကြိမ်သာ မ နိုင်သော အများဆုံး အလေးချိန် (One Repetition Maximun) ၏ရာခိုင်နှုန်းနှင့်တွက်ဆပါသည်။      ပြင်းထန်မှု အတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် တစ်ကြိမ်သာ မ နိုင်သောအများဆုံးအလေးချိန်၏ ၅၀ - ၆၉ ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် တစ်ကြိမ်သာ မ နိုင်သောအများဆုံး အလေးချိန်၏ ၇၀ - ၈၄ ရာခိုင် နှုန်းဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို မကူးစက်နိုင် သောနာတာရှည်ရောဂါရှိသူများတွင်  တခြားလိုအပ် သောကုသမှုများ ပြုလုပ်နေစဉ်တွင်ပင်     ထည့်သွင်းလုပ်ဆောင်စေနိုင်ပါသည်။     ရောဂါကုသရာတွင် အထောက်အကူ ရပါသည်။  ဦးစွာ  လူနာ၏လက်ရှိခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအနေအထားကို   အကဲဖြတ်ဆန်းစစ်ရန် လိုပါသည်။     ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် လမ်းညွှန်ရာတွင် အကျိုးကျေးဇူး အပြည့်အဝရရှိရန် လေ့ကျင့်ခန်းအမျိုးအစား၊   ပြင်းထန်မှု၊ အချိန်၊ အကြိမ်အရေအတွက်တို့ကို အခြေခံ ထားစဉ်းစားရပါမည်။ ရောဂါအမျိုးအစားတစ်ခုချင်း အတွက်     လုပ်ဆောင်ရမည့်သတ်မှတ်ထားသော  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဟူ၍ သီးသန့်မရှိပါ။ လက်ရှိလူနာ၏ကျန်းမာရေးအခြေအနေ၊     ရောဂါ အတိုင်းအတာ၊ ကုသထားသောအနေအထား၊  ပေးထားသောဆေးဝါးနှင့်  ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေ တို့ကို  လူနာတစ်ဦးချင်းအလိုက် ပြည့်စုံစွာထည့်သွင်း စဉ်းစားရပါမည်။

ကျန်းမာရေးနှင့်ညီညွတ်သော     နေထိုင်မှုဘဝတိုးတက်လာစေရန် ဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်သူများ အနေဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အဆင့် (၃) ဆင့်ရှိပါသည်။ အဆင့် (၁)- ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်သူများသည် မိမိနှင့် တွေ့ဆုံရန် လာရောက်သူများ၊  လူနာများကို  ၎င်း၏ပြုလုပ်လျက် ရှိသော ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာပမာဏကို   အကဲဖြတ်ရန်လိုအပ်ပါသည်။    အကဲဖြတ်ရန်  မေးခွန်းနှစ်ခုမေးရပါမည်။ (၁) ပျမ်းမျှအားဖြင့် ပြင်းထန်မှုအတော်အသင့်မှ ပြင်းထန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို  တစ်ပတ်တွင် ရက်ပေါင်းမည်မျှလုပ် ပါသလဲ။  (၂)  ပျမ်းမျှအားဖြင့်  ဖော်ပြပါကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းကို  တစ်ရက်တွင်  မိနစ်မည်မျှ ပြုလုပ်ပါသလဲ။ (၃) ၁ နှင့် ၂ ကိုမြှောက်ပါက တစ်ပတ် အတွင်းလုပ်ဆောင်သော    မိနစ်ပေါင်းရရှိပါမည်။ အဖြေထုတ်ခြင်း ဥပမာ - တစ်ပတ်တွင်  ပြင်းထန်မှု အသင့်အတင့် ပြင်းထန်မှုရှိသောကိုယ်လက်လှုပ်ရှား မှုကို မိနစ် ၁၅၀ မလုပ်ဖြစ်ပါက ထိုသူသည် ကိုယ် လက်လှုပ်ရှားမှုနည်းပါးသူစာရင်းတွင်ပါဝင်မည်။

အဆင့်(၂)  -  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ရန် လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအတွက်လိုအပ်သော   ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လမ်းညွှန်ပေးရာတွင်  ရိုးရှင်းလွယ်ကူပြီး  အလွယ်တကူဆောင်ရွက်နိုင်မည့် အမျိုးအစားများကို မှန်ကန်သောအတိုင်းအတာ (ပြင်းထန်မှု၊ အချိန်၊ အကြိမ် အရေအတွက်) တို့ဖြင့်  လမ်းညွှန်ပေးရမည်။  ဆောင်ရွက်နိုင်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအမျိုး အစားများကို You Tube၊   TV အစီအစဉ်များနှင့်ကျန်းမာကြံ့ခိုင်မှုအကများ ဥပမာ- ဇွန်ဘာ(Zumba)၊ မြန်မာ့ကြံ့ခိုင်မှုအက  (Myanmar  Fitness  Dance)  တို့မှအလွယ်တကူရွေးချယ်လမ်းညွှန်နိုင်ပါသည်။ အရေးကြီးသည့်အချက်မှာ   မိမိလမ်းညွှန်မှုပေးမည့်သူအတွက် လိုအပ်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအမျိုး အစား၊ ပြင်းထန်မှု၊ အကြိမ်အရေအတွက်၊ အချိန်တို့ကို အဓိကထားစဉ်းစားပေးရပါမည်။    ထို့ပြင်    လူနာ၏ လက်ရှိကျန်းမာရေးအခြေအနေ၊ ရောဂါအတိုင်းအတာ၊ ကုသပေးနေသောအဆင့်၊  ပေးထားသောဆေးဝါးများ၊ လူနာ၏ခန္ဓာကိုယ်ကြံ့ခိုင်မှု ခံနိုင်ရည်တို့ကို တစ်ဦး ချင်းအလိုက် ထည့်သွင်းစဉ်းစားရပါမည်။ လေ့ကျင့် ခန်းစတင်ရာတွင် လုပ်ဆောင်ရမည့်ပမာဏကို နည်း နည်းဖြင့်စတင်၍ လိုအပ်သောအတိုင်းအတာပမာဏ သို့ တဖြည်းဖြည်းချင်းသာ တိုးမြှင့်ဆောင်ရွက်စေရ ပါမည်။

အဆင့် (၃) - ဆရာဝန်များမှ လူနာများကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း  စနစ်တကျမှန်ကန်စွာ ပြုလုပ်နိုင်ရန် လွှဲပို့ခြင်း၊  ယင်းအတွက်  ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းကို    စနစ်တကျလေ့ကျင့်ပေးနိုင်သော ပညာရှင်များ ပြုစုပျိုးထောင်ခြင်း အစီအစဉ်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အခြေအနေ၊ အထောက်အကူပြုပစ္စည်းများ   ပံ့ပိုးကူညီဆောင်ရွက်ခြင်းများ အတွက် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

အချုပ်အားဖြင့် တင်ပြလိုသည်မှာ -

(က)   တီဗွီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်းကစားခြင်း၊ကွန်ပျူတာနှင့်  ဖုန်းစသည်တို့ကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို လျှော့ရပါမည်။

(ခ)   ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အထိုင်များ သောနေထိုင်မှုပုံစံတို့သည် မည်သည့်အသက်အရွယ်၊  ကျန်းမာရေးအခြေအနေတွင်မဆို   ဆိုးကျိုးများသာ ရရှိမည်ဖြစ်ပါသည်။

(ဂ)   ခန္ဓာကိုယ်လှုပ်ရှားမှုရှိခြင်းက    ကျန်းမာရေး အတွက် အကျိုးရှိပါသည်။ ထို့ကြောင့် လမ်းလျှောက်နိုင်သော ခရီးအကွာအဝေးကို လမ်းလျှောက်သွားပါ။ ဓာတ်လှေကားသုံးမည့်အစား  လှေကားဖြင့်တက်ပါ။  ဖုန်းကို လမ်းလျှောက်ရင်းပြောပါ။ တီဗွီကြည့်နေစဉ် ကြော်ငြာဝင်ချိန်၊ ကွန်ပျူတာအသုံးပြုစဉ် မိနစ် ၂၀- ၃၀ တစ်ခါ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ပါ။ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်ပန်းပင်ရေလောင်းခြင်း စသည့်အိမ်အလုပ်များကို လုပ်ဆောင်ပါ။

(ဃ)    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပို၍ လုပ်ဆောင်နိုင်သည်နှင့်အမျှ    ပို၍အကျိုးရရှိနိုင်ပါသည်။

ရောဂါရှိခြင်းနှင့်   အသက်အရွယ်ကြီးလာခြင်းသည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းအတွက် အဟန့်အတားမဟုတ်ပါ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊  ကင်ဆာရောဂါရှိသူများပင်      ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို   သက်ဆိုင်ရာဆရာဝန်နှင့်   တိုင်ပင် ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ရောဂါကုသရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည်  ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့်  ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ခြင်း    လုပ်ငန်းများအတွက် အကုန်အကျသက်သာပြီး မိမိကိုယ်တိုင်ဆောင်ရွက် နိုင်သည့်လုပ်ငန်းဖြစ်ပါသည်။

တန်ဆေးလွန်ဘေးဟူသော စကားကိုလည်း အမြဲသတိထားပါ။ မိမိ၏ကျန်းမာရေးအခြေအနေကြံ့ခိုင် မှုတို့ထက်ပိုသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြင်းထန်လွန်းပါက ဆိုးကျိုးခံစားရနိုင်ပါသည်။

မလှုပ်ရှားလျှင် ရောဂါဝင်နေ့စဉ်လှုပ်ရှား အကျိုးများ

ဆေးဝါးမည်ထိုက်၊ Exercise တစိုက်မတ်မတ်၊ လုပ်ဆောင်အပ်။

(ကိုးကား- ၂၂-၁-၂၀၂၅  ရက်နေ့ကကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၊ ကျန်းမာရေးပြဿနာဖြစ်စေနိုင် သည့်အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာ ရေးနှင့်ညီညွတ်သောလူမှုဘဝမြှင့်တင်စေရန်ဆောင်ရွက်ခြင်း ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှ 'အထိုင် လျှော့ပါ၊  များများလှုပ်ရှားပါ၊  လေ့ကျင့်ခန်းသည် ဆေးဖြစ်သည်။')

Source: Myawady Web Portal

ဒေါက်တာရဲတင့်လွင်(ဆေးသုတေသန)

တပ်မတော်သည်  နိုင်ငံတော်၏ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်သည်။

မရှိမဖြစ်ဟုဆိုရခြင်းမှာ   ယနေ့ခေတ်မြန်မာနိုင်ငံသားများ   ပိုင်ဆိုင်သော  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တပ်မတော်၏အစဖြစ်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်က စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်စေဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်   ရဲဘော်သုံးကျိပ်တို့  ဦးဆောင်ဖွဲ့စည်းခဲ့သည့် တပ်မတော်က စတင်ကြိုးပမ်းခဲ့ရသည်။  တပ်မတော်အနေဖြင့်   လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဖက်ဆစ်တော်လှန်ရေးကာလတို့တွင်  ထဲထဲဝင်ဝင်ဦးဆောင်ပါဝင်ခဲ့ရသလို လွတ်လပ်ရေး ရရှိပြီးနောက်တွင် ရရှိထားသောလွတ်လပ်ရေးကြီး ပြန်လည်ဆုံးရှုံးနိုင်သည့် အခြေအနေနှင့်ကြုံလေတိုင်း တပ်မတော်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင်    ဦးဆောင်ပါဝင်ခဲ့ရသည်။

မြန်မာနိုင်ငံ၏   ဖြစ်စဉ်သမိုင်းကိုဆစ်ပိုင်းလေ့လာကြည့်ပါက  မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များအရ ပါလီမန်ဒီမိုကရေစီ စနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်မှသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်    ပါတီစုံဒီမိုကရေစီ စနစ်ဟူ၍  မည်သည့်စနစ်  ကျင့်သုံးသည်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊  လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို အစဉ်တစိုက်   ထမ်းဆောင်နေသည်သာ ဖြစ်သည်။   တပ်မတော်ဟုဆိုရာ၌  ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော     နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို  ခေါ်ဆိုခြင်းဖြစ်သည်။

ကြည်း/ရေ/လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ  ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏   စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့ စုံလင်စွာရှိနေရမည်ဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသော စစ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်ထားစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။

ထို့ကြောင့်  တပ်မတော်တွင် လေ့ကျင့်ရေးသည် ပဓာနအကျဆုံးသောကဏ္ဍတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ လေ့ကျင့်မှု မရှိဘဲ မည်သည့်အရာမျှတတ်မြောက်လိမ့်မည်မဟုတ်ပေ။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးဟူသော    ဆောင်ပုဒ်ကို ကြည့်လျှင်   လေ့ကျင့်ရေးလုပ်ချိန်တွင် စစ်ဆင်ရေးတစ်ရပ်ကို  ဆင်နွှဲသကဲ့သို့ သဘောထားရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တပ်မတော်သားတိုင်းသည်  မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့်   တပ်မတော်သို့ ဝင်ရောက်ကာ  နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူတိုင်းသည်   သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပြီးမှသာ တပ်မတော်သားအဖြစ်သို့ ရောက်ရှိခြင်း ဖြစ်သည်။

ထို့အတူ တပ်မတော်သားအဖြစ် နိုင်ငံ့တာဝန်များကို   ထမ်းဆောင်နေရင်း မိမိတို့၏ပညာအရည်အချင်းနှင့် စစ်မှုထမ်းသက်အရ    သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံလာသည့်အခါ ၎င်းတို့၏ဘဝတိုးတက်ရေးအတွက်  သင့်လျော်သည့် သင်တန်းများကို   ဆက်လက်တက်ရောက်ကြရသည်။ အဆိုပါသင်တန်းများတွင် ဗိုလ်လောင်းသင်တန်းသည်လည်း  တစ်ခုပါဝင်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင်     တက်ရောက်ခွင့်ရရှိသူများကို ဗိုလ်သင်တန်းကျောင်းရှိ နည်းပြများက “အနာဂတ်၏စစ်ခေါင်းဆောင်”များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကို   ပြင်ဦးလွင်(မေမြို့)တွင် စတင်တည်ထောင်ခဲ့သည်။  ထိုမှတစ်ဆင့် ၁၉၆၃ ခုနှစ်တွင် မှော်ဘီမြို့၌ဖွင့်လှစ်ခဲ့သည်။ ထိုမှတစ်ဖန် ၁၉၉၁ ခုနှစ် ဩဂုတ်လတွင်   မှော်ဘီမြို့မှ  ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

လူတိုင်းသည် မိမိတို့၏ဘဝတိုးတက်ရေးကို အစဉ်အမြဲကြိုးစားနေကြရမည်ဖြစ်သည်။ တပ်မတော်သားတိုင်းသည် တပ်မတော်တွင်   အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို  ကျေပွန်စွာထမ်းဆောင်ရင်း မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေးထက်မြက်အောင် ကြိုးစားနေကြရသည်။ မြန်မာနိုင်ငံအကြောင်းကို စုံလင်စွာ   သိရှိနေရမည် ဖြစ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း အချိန်နှင့်တစ်ပြေးညီသိရှိနိုင်အောင် လေ့လာကြရသည်။   အသိပညာနှင့် အတတ်ပညာထူးချွန်သူများကို သတ်မှတ်ချက်နှင့်အညီ ဗိုလ်လောင်းသင်တန်းများသို့ ရွေးချယ် တက်ရောက်စေခြင်းဖြင့်  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)သို့ တက်ရောက်ခွင့်ရရှိကြသည်။ သူများထက်ပိုတော်ချင်လျှင် သူများထက်ပို၍ ကြိုးစားကြရမည်မှာဓမ္မတာဖြစ်သည်။

ကြိုးစားမှုရှိသူမှန်သမျှသည်  မိမိတို့၏ကြိုးစားမှုနှင့်ညီမျှသောအောင်မြင်မှုကို  ရရှိကြသည်။

တပ်မတော်(ကြည်း)   ဗိုလ်သင်တန်းကျောင်း(ဗထူး)သည်  အရာရှိငယ်များကို နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိရာ   ယခုအခါ  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သို့ရောက်ရှိခဲ့ပြီဖြစ်သည်။   “တပ်မတော်(ကြည်း)တွင် အရည်အချင်းပြည့်ဝသောအရာရှိများဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍  စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်”ရည်ရွယ်ချက်ဖြင့် ဗိုလ်လောင်းများကို   မွေးထုတ်ပေးနေခြင်းဖြစ်သည်။    သင်တန်းကာလတွင်   စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် အခြားဘာသာရပ်များကို  စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးထားသည်။  တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးများကိုလည်း လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။

တပ်မတော်သားတို့သည်  နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်သည်။  သက်စွန့်ကြိုးပမ်းထမ်းဆောင်ရသည့်  နိုင်ငံ့ဂုဏ်ဆောင်လုပ်ငန်းဖြစ်၍ လေ့ကျင့်ရေးကို  အမှန်တကယ်စိတ်ရောကိုယ်ပါ  လေ့ကျင့်ကြရသည်။   “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း   တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သင်တန်းသားများသည် လေ့ကျင့်ရေး တာဝန်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို ခေါင်းဆောင်ကောင်းများအဖြစ် ဦးစီးလုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

တပ်မတော်သားတစ်ယောက်ဖြစ်လာရသည်မှာ  ဂုဏ်ယူစရာကောင်းသည့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုဖြစ်သည်။ ပို၍ဂုဏ်ယူဖွယ်ကောင်းသည်မှာ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းနေသူများသည် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ကိုယ်ပိုင်ဆန္ဒအရဝင်ရောက်ခဲ့သူများဖြစ်ခြင်း ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ပြီး  တပ်မတော်သည်နိုင်ငံအတွက် မရှိမဖြစ် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ တပ်မတော်သည်သမိုင်းအစဉ်အလာကောင်းများနှင့် ရပ်တည်ခဲ့ကြောင်းကို သမိုင်းတွင်  အထင်အရှားရှိထားပြီးဖြစ်သည်။ နိုင်ငံတော်သမိုင်းနှင့်တပ်မတော်သမိုင်းသည် ခွဲခြား၍  မရနိုင်သည့်သမိုင်းဖြစ်သည်။  နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်နှင့်ကြုံရလေတိုင်း တပ်မတော်သည်  အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခဲ့ရသည်။

နိုင်ငံတော်ပြိုကွဲမည့်    အန္တရာယ်ဆိုသည်မှာ မည်သည့်အချိန်တွင် မည်ကဲ့သို့ပေါ်ပေါက်လာမည်ဟု မည်သူမှကြိုတင်မှန်းဆ၍ ရနိုင်သည်မဟုတ်ပေ။ ထို့ကြောင့်တပ်မတော်သားတို့သည် “အမြဲလေ့ကျင့်၊ အမြဲစစ်ရေးသတိရှိ၊   အမြဲတိုက်ပွဲဝင်အသင့်ရှိ”ဟူသော မြဲ(၃)မြဲနှင့်နေထိုင်ကြရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားအမည်ခံကာ  တရားမဝင်လက်နက်စွဲကိုင်နေသည့်အဖွဲ့အစည်းအချို့သည် တိုင်းရင်းသားများအရေး၊   တန်းတူညီမျှရေး စသည်ဖြင့်အကြောင်းအမျိုးမျိုးပြကာ လက်နက်စွဲကိုင်နေသော်လည်း  အမှန်တကယ် လုပ်ဆောင်နေသည်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ နိုင်ငံ၏သယံဇာတများကို ခိုးထုတ်ကာ ပြည်ပသို့ရောင်းချခြင်း၊ အရွယ်မရောက်သေးသူကလေးများကို  အတင်းအဓမ္မ  လူသစ်စုဆောင်းကာ  လက်နက်ကိုင်ဆောင်စေခြင်း၊   ဒေသခံပြည်သူတို့အပေါ် ဆက်ကြေးကောက်ခံခြင်း စသည်များကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။

နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများကင်းစင်ပပျောက်မှသာ နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်ပြီး  ပြည်သူများ၏ လူနေမှုဘဝလည်း အေးချမ်းသာယာမည်ဖြစ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့်   နိုင်ငံရေးပြဿနာကို   နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက်   လက်နက်ကိုင် ဆောင်ခြင်းအစား   ပါတီဖွဲ့စည်းတည်ထောင်၍ရွေးကောက်ပွဲဝင်ကြရန်လည်း အသိပေးထားပြီး ဖြစ်သည်။ အဆိုပါနည်းလမ်းမှာ  အလွန်ကောင်းမွန်သည့်နည်းလမ်းကောင်းဖြစ်သည်။    မိမိတို့ကိုယ်စားပြုသည့် လူမျိုးများ၏ ရပိုင်ခွင့်များအားလုံးကို တရားဝင်တင်ပြ တောင်းဆိုနိုင်သည်။  အဆိုပါအခွင့်အရေးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပေးအပ်ထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ    နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။   နိုင်ငံရေးဦးတည်ချက်တွင် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး”ကိုကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ဤအကြောင်းအရာများမှာ အနာဂတ်၏ စစ်ခေါင်းဆောင်များ  သိရှိထားရမည့် အကြောင်းအရာများ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များက အကြောင်းပြနေသည့် ဖက်ဒရယ်စနစ်ကို  နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပုံဖော်ပေးနေပြီဖြစ်သည်။   နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဆက်ဆက်က   ဆောင်ရွက်ပေးနေသော်လည်း  အကြမ်းဖက်လက်နက်ကိုင် ဆောင်နေသည့်   အဖွဲ့အစည်းတို့၏   ဖျက်ဆီးနှောင့်ယှက်မှုများကြောင့်  နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကောင်းမွန်စွာတည်ဆောက် ပေးထားသည့် ဒေသဖွံ့ဖြိုးရေးတို့မှာ ပျက်စီးခဲ့ရသည်။

ထင်ရှားစွာမြင်တွေ့နိုင်သော သာဓကများအနက် ငွေကြေးအကုန်အကျများစွာကုန်ကျခံကာ ခေတ်မီတည်ဆောက်ထားသည့် “လွိုင်ကော်တက္ကသိုလ်”၏  အခြေအနေကို   မြင်တွေ့ကြရပြီးဖြစ်သည်။

ထို့ကြောင့်    ပြည်သူများအနေဖြင့် တပ်မတော်သာ  အားကိုးရာအဖြစ် တပ်မတော်ကိုစဉ်ဆက်မပြတ် အားပေး ထောက်ခံလျက်ရှိသည်။   တပ်မတော်သည်   ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို     အစဉ်ကာကွယ် စောင့်ရှောက်နေသကဲ့သို့    ပြည်သူလူထု၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားသည်။  ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းမပျက်ယွင်းရေးအတွက် တပ်မတော်က  တည့်မတ်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က  (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ  တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာကြုံတွေ့ခဲ့ရတဲ့အားနည်းချက်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲဖြစ်တယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကိုမျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း တပ်မတော်သည်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။  ထို့ပြင်  “တပ်မတော်သည် အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော   ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဆိုသည့်အတိုင်း တပ်မတော်သားတို့က ကြိုးပမ်းတည်ဆောက်နေကြရမည် ဖြစ်သည်။ အဆိုပါတည်ဆောက်မှုတွင် ယခုအခါ   သင်တန်းပြီး မြောက်ပြီဖြစ်သည့် တပ်မတော်(ကြည်း)   ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ သင်တန်းဆင်းအရာရှိငယ်များသည်လည်း ပါဝင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည်  အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်   နိုင်ငံဖြစ်သည်။  

နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်ရမည်။  နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်။ အဆိုပါအချက်များအားလုံးသည် ကမ္ဘာတည်သရွေ့  မြန်မာနိုင်ငံတော်တည်ရှိနေရေးအတွက်   အခြေခံမူများဖြစ်သည်။

ထိုအခြေခံမူများခိုင်မာစွာ  တည်တံ့နေစေရန်မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်သားအားလုံးသည်  စစ်ရေးစွမ်းရည်၊  အုပ်ချုပ်ရေးစွမ်းရည်နှင့်  စည်းရုံးရေးစွမ်းရည်များ ပြည့်ဝနေကြရမည်ဖြစ်သည်။ ထိုသို့ပြည့်ဝနေစေရေးအတွက် သက်ဆိုင်ရာသင်တန်းကျောင်းများ၌ စာတွေ့သင်ကြားပေးပြီး ဖြစ်သည့်အတွက်  လက်တွေ့လိုက်နာ လုပ်ဆောင်ကြရန်ဖြစ်သည်။ တပ်မတော်သည်  စည်းကမ်းစနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် စည်းကမ်းသည်   တပ်မတော်၏ကျောရိုးမဏ္ဍိုင် ဖြစ်သည်။  စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)နှင့်အညီ ပြုမူကျင့်ကြံနေထိုင်ကြရသည်။ တပ်မတော်သား မှန်သမျှသည် ၁၉၅၉ ခုနှစ်   တပ်မတော်အက်ဥပဒေကိုလိုက်နာကြရ သကဲ့သို့   နယ်ဘက်ဥပဒေများကိုလည်း   လိုက်နာကြရသည်။  နိုင်ငံတော်အတွက် တပ်မတော်သားကောင်းများရှိနေသမျှကာလပတ်လုံး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းများသည် သင်တန်းပြီးမြောက်ကာ  သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များတွင်    တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်ကြရာတွင် သိပ္ပံပညာထွန်းကားမှုကြောင့်   စစ်မှုအတတ်ပညာ(Military Technology) များ ပြောင်းလဲ တိုးတက်နေခြင်း၊ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများပြောင်းလဲနေခြင်း စသည်များကို ခေတ်နှင့်အညီ  ရင်ပေါင်တန်းနိုင်ရန် လေ့လာဆည်းပူး လေ့ကျင့်ပွားများလျက် နိုင်ငံတော်ကာကွယ်ရေးအတွက်  အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။

Source: Myawady Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)

မြန်မာနိုင်ငံ၏ ဆီလိုအပ်မှုအခြေအနေ

 လူတစ်ဦး တစ်နေ့ဆီ ၁ ဒသမ ၇ ကျပ်သားနှုန်း စားသုံးသည်ဟု တွက်ပါက လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ပိဿာ စားသုံးပါသည်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ဖြင့် ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန်  ၅  သိန်းကျော်  လိုအပ်မည်ဖြစ်သည်။ စားသောက်ကုန် ထုတ်လုပ် သည့် လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ်တည်းခိုခန်းများ၊ တိရစ္ဆာန်အစားအစာ တွင် အသုံးပြုမှုများနှင့် အခြားသော အသုံးပြုမှုများအရ တစ်နှစ်လျှင်တန်ချိန် ၃-၄ သိန်းခန့် လိုအပ် မည်ဟု ခန့်မှန်းသည်။ သို့ဖြစ်၍ တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်မှာ တန်ချိန် ၈ သိန်းမှ ၉  သိန်းခန့်   လိုအပ်မည်ဖြစ်သည်။  အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၀  ပြည့် နှစ်မတိုင်မီက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာသန်း ၆၀၀‌ ကျော်အထိ ကုန်ကျခဲ့သည်။

စားအုန်းဆီ

စားအုန်းဆီသည် ဆီအုန်းပင်များမှ  ထွက်ရှိပြီး   ဆီထွက်သီးနှံများတွင် ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်ခြင်းကြောင့် စားသုံးဆီများတွင် စားအုန်းဆီသည်    နေရာရရှိလာသည်ကို  တွေ့နိုင်သည်။

မြန်မာနိုင်ငံသို့ စားအုန်းဆီကို ၁၉၇၆ ခုနှစ်ခန့်မှ စတင်တင်သွင်းခဲ့သည်ဟု သိရသော်လည်း အများအပြား တင်သွင်းလာသည်မှာ  ၁၉၉၀   ပြည့်နှစ်တွင်မှဖြစ်သည်။   ထိုစဉ်က   စားအုန်းဆီသည် ဈေးနှုန်းသက်သာခြင်းကြောင့်  ဝင်ငွေနည်းသော လုပ်သားပြည်သူများအတွက်  ဈေးသက်သက်  သာသာဖြင့် စားသုံးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

စားသုံးဆီတစ်မျိုးချင်း၏ အားသာချက် အားနည်းချက်များ

 စားသုံးဆီတစ်မျိုးချင်း အနေဖြင့် အားသာချက်၊ အားနည်းချက်များရှိကြသည်။ ထိုအထဲတွင် စားသုံးဆီများအကြောင်း  သိထားသင့်သည်မှာ စားသုံးဆီတိုင်းတွင်  ပြည့်ဝဆီ (Saturated fatty acid)၊ မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid) နှင့် ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) ဟူသော  အမျိုးအစားသုံးမျိုးသာ ပါဝင်ကြသည်။

ပြည့်ဝဆီ  (Saturated fatty acid) ပါဝင်မှုများသော ဆီသည်  ကျန်းမာရေးကို  များစွာထိခိုက်စေနိုင်သည်။   မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid)  နှင့်ပိုလီမပြည့်ဝဆီ (Polyunsaturated  fatty acid) များသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်။

မပြည့်ဝဆီထဲတွင် ပါဝင်သော အိုမီဂါ- ၃ သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ဟုဆိုသည်။   ထိုအထဲတွင် ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီများမှာ  ဝက်ဆီ၊  အမဲဆီနှင့်  စားအုန်းဆီတို့ဖြစ်ကြပြီး အဆိုပါဆီများကို စားသုံးပါက လူ့ခန္ဓာကိုယ်၏  သွေးကြောများကိုကျဉ်းစေကာ  နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

ထိုအချက်အပြင်  အရေးကြီးသော အချက်တစ်ခုမှာ  စားသုံးဆီများ၏ အရည်အသွေးတစ်ခုအဖြစ်   သတ်မှတ်ထားသော   အိုင်အိုဒင်းတန်ဖိုး (Iodine Value - IV) ပါဝင်မှုရာခိုင်နှုန်းဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးသည် ပြည့်ဝဆီ၊ မပြည့်ဝဆီတို့နှင့် သက်ဆိုင်နေ၍  ပြည့်ဝဆီများလေလေ  အိုင်အိုဒင်းတန်ဖိုးနည်းလေလေဖြစ်ပြီး   ပြည့်ဝဆီနည်း၍  မပြည့်ဝဆီများလေလေ  အိုင်အိုဒင်းတန်ဖိုးများ လေလေဖြစ်သည်။ ထို့ကြောင့် စားသုံးဆီများကို စားသုံးရန်အတွက် ရွေးချယ်မည်ဆိုပါက အိုင်အိုဒင်းတန်ဖိုးများသော ဆီများကိုသာ‌ ရွေးချယ်စားသုံးသင့်သည်ဟု အကြံပြုလိုသည်။ ပြည်တွင်း၌ အများဆုံးထုတ်လုပ်သော  စားသုံးဆီများဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့သည် အားသာချက်များစွာရှိသည်ကို အများသိရှိပြီးဖြစ်သည်။ ထိုဆီများနှင့် နိုင်ငံခြားငွေများသုံးစွဲပြီး   တင်သွင်းနေရသော စားအုန်းဆီတို့ကို နှိုင်းယှဉ်၍ တင်ပြလိုသည်။

မြေပဲဆီကို ပထမဦးစွာ ကြည့်မည်ဆိုပါလျှင် မြေပဲဆီတွင်ပါဝင်သော အာဟာရဓာတ် မိုနိုမပြည့်ဝဆီ ၄၆ ဂရမ်၊  ပိုလီမပြည့်ဝဆီ  ၃၂  ဂရမ်ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ   ပါဝင်သည်ဟုသိရသည်။ မြေပဲ၏အားသာချက်တစ်ခုမှာ အချို့သောဆီများကဲ့သို့  အရောင်အနံ့ချွတ်ရန်မလိုအပ်ဘဲ သဘာဝအတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင် အရသာများအတိုင်းရရှိစေသည်။  မြေပဲဆီတွင် ကိုလက်စထရော မပါဝင်သကဲ့သို့ ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်အီးနှင့် သွပ်ဓာတ်များ ပါဝင်ကြသည်။ 

မြေပဲတွင် အဓိကသတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာတောက်ဆင်မှိုဆိပ် ပါဝင်လာမည်ဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ ၈၅ မှ ၁၁၀ ဂရမ်/ ၁၀၀ ဂရမ်အထိပါဝင်သည်။ ထို့ကြောင့် ရောနှောဆီအဖြစ် အခြား အိုင်အိုဒင်းတန်ဖိုးနိမ့်သောဆီ   (ဥပမာ- စားအုန်းဆီ အိုင်အိုဒင်းတန်ဖိုး ၅၈)  ဖြင့် ရောနှောပါက ရော‌နှောဆီသည်   စားအုန်းဆီသက်သက်ထက် အရည်အသွေးတက်လာမည်ဖြစ်သည်။  မြေပဲဆီကို မြန်မာနိုင်ငံတွင်   လူကြိုက်အများဆုံး ဆီအဖြစ် သတ်မှတ်ရမည်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။

စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း  အများဆုံးစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ချရသော နာမည်ကြီး ဆီစက်ကြီးများကလည်း မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက်ဆိုပါက မြေပဲ ဆီကို စားသုံးရန် အသင့်ဆုံးအခြေအနေဖြစ်သည်ဟု ဆိုနိုင်သည်။ စားသုံးဆီဖူလုံပါက မြေပဲဆီကိုသာ လူထုက‌ရွေးချယ် စားသုံးကြမည်မှာ သေချာလျက်ရှိသည်။

ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ (အိုမီဂါ-၃နှင့် အိုမီဂါ-၆)  ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်) ၁၉ ဒသမ  ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ  ၃ ဂရမ်တို့ပါဝင်သည်။  နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင် အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ်/ ၁၀၀ ဂရမ်အထိ ပါဝင်နေသည်ကို  တွေ့ရကြောင်းသိရသဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု   ဆိုနိုင်သည်။   နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရသည်။ မှိုဆိပ်ကင်းစင်သည့်အပြင် ဗီတာမင်ကေနှင့်  ဗီတာမင်အီးကြွယ်ဝခြင်း၊ ကျန်းမာ‌ရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင်သည်။ နေကြာဆီကို  ဆီပါးသည်ဟု ယူဆကြသော်လည်း အမှန်မှာ နေကြာဆီသည် အနံ့၊ အရသာကောင်းမွန်သဖြင့်      ချက်ပြုတ်ခြင်းအပြင် ကြော်လှော်သည့် နေရာတွင်လည်း သုံးစွဲနိုင်သည်။

နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များတွင် မိုနိုမပြည့်ဝဆီ အိုးလီရစ်အက်စစ်  ၄၂ ဂရမ်၊ ‌ပိုလီမပြည့်ဝဆီ  လီနိုလီရစ်အက်စစ် ၄၃ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့်အီးတို့    ပါဝင်ကြသည်။  ကိုလက်စထရောလည်း   မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ်/၁၀၀ ဂရမ်အထိ ပါဝင်ကြသည်။ နှမ်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသကဲ့သို့   မက်မက်မောမော  စားသုံးကြသည်။  ရိုးရာတိုင်းရင်းဆေးအဖြစ်  သုံးစွဲလေ့ရှိပြီး အိန္ဒိယတွင် လိမ်းဆေးအဖြစ်လည်း သုံးစွဲလေ့ရှိသည်။

နှမ်းဆီကိုကြော်ရာတွင် အမြှုပ်ထွက်များသည်ဟုဆိုကာ အိမ်ရှင်မများက  ကြိုက်နှစ်သက်မှု နည်းတတ်သော်လည်း  အမှန်အားဖြင့်  နှမ်းဆီ၏ ဆီခိုးမှတ်မှာ ၃၅၀ မှ ၄၅၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိသဖြင့် ကောင်းစွာကြော်လှော်နိုင်သည်။   ယခုအခါ ဆီစက်များ၏  အရည်အသွေး တိုးတက်လာသဖြင့် နှမ်းဆီကောင်းများ   ပိုမိုရရှိလာပြီး နှမ်းဆီကို ကောင်းစွာသုံးစွဲနိုင်ပြီဖြစ်သည်။ နှမ်းလှော်ဆီမွှေး သည် များစွာတန်ဖိုးရှိသဖြင့် ပြည်တွင်းဖူလုံမှုအတွက်အပြင်  ပြည်ပတင်ပို့ရေးအတွက်လည်း  နှမ်းဆီ ကို ကြိတ်ခွဲထုတ်လုပ်သင့်သည်။ စားရန်သင့်တော်သော ဆီတစ်မျိုးမှာ ပဲပုပ်ဆီ (Soybean Oil) ဖြစ်သည်။ အဆိုပါဆီကို ဆီစက်သမားများက  ပဲပိစပ်ဆီဟုလည်း အမည်ပေးတတ်ပါသည်။ “ပုပ်” ဆိုသော  စကားလုံးနှင့် အသံထွက်ကို မသုံးလိုသဖြင့်  ပြောင်းလဲသုံးစွဲခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ခေါ်တွင်စေကာမူ အဆိုပါ Soybean Oil ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ [ လီနိုလီရစ်အက်စစ် (အိုမီဂါ-၆) ၅၀ ဂရမ်နှင့် (အိုမီဂါ- ၃) ၁၀ ဂရမ်] ၆၀ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ် အိုမီဂါ- ၉) ၂၅ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်၊ ဗီတာမင်အီးနှင့်   ဗီတာမင်ကေ   အနည်းငယ်ပါဝင်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ အလွန်မြင့်မားပြီး ၁၂၀-၁၃၆ ဂရမ်/ ၁၀၀ ဂရမ်အထိ   ရှိသည်ဟုသိရှိရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကြောင်း သိရသည်။ 

အထက်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီတို့အပြင် ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင်   ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊   အရွယ်တင်နုပျိုခြင်းစသော အချက်များကိုလည်း  ဤဆီများထဲတွင် တွေ့နိုင်သည်။

ပြည်တွင်း၌ အနည်းငယ်သာထုတ်လုပ်နိုင်ပြီး ဈေးသက်သာသဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စားအုန်းဆီနှင့်ပတ်သက်၍ သိထားသင့်သည်များကို တင်ပြလိုပါသည်။ စားအုန်းဆီသည် အုန်းဆီပြီးလျှင် ပြည့်ဝဆီပါဝင်မှု အများဆုံးဆီဖြစ်သည်။  အုန်းဆီထက် နိမ့်သည်ဆိုသော်လည်း အုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် သင့်တော်ပြီး စားအုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ ပိုမိုရောက်သည်ဟု     ဆိုနိုင်ကြောင်းသိရသည်။

စားအုန်းဆီ ၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ  ၃ ဂရမ်၊ မိုနိုမပြည့်ဝဆီ  ၃၆  ဒသမ   ၆  ဂရမ်နှင့် ပိုလီမပြည့်ဝဆီ   ၉   ဂရမ်ခန့်သာပါဝင်သည်။    အခြားသော   ဗီတာမင်ဓာတ်များလည်း   ပါဝင်မှုမရှိဟုသိရသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့်သာ ပါဝင်တတ်သည်။

ယခုတင်သွင်းသော စားအုန်းဆီမှာ စားသုံးသူများအတွက် သင့်တင့်သော အရည်အသွေးရစေရန် အိုင်အိုဒင်းတန်ဖိုး ၅၈  ဂရမ် တင်သွင်းထားခြင်းဖြစ်သည်။ထို့ကြောင့်  သာမန်စားအုန်းဆီထက် ဈေးအနည်းငယ်မြင့်နေခြင်းဖြစ်သည်။

နယ်စပ်မှဝင်သော   ပုစွန်နှစ်ကောင်အစရှိသော စားအုန်းဆီများမှာ  အရည်အသွေး စစ်ဆေးထားခြင်းမရှိကြပါ။  “စားအုန်းဆီနှင့် ကျန်းမာရေးအန္တရာယ်”ဟု ဒေါက်တာခင်မောင်လွင် (Fame) က သူ၏ ဆောင်းပါးပေါင်းချုပ်စာအုပ်တွင်ဖော်ပြထားပါသည်။  ဖော်ပြထားသောအချက်များမှာ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီ၌  ပါဝင်သည့်အက်စစ်မှာ ပါမစ်တစ်အက်စစ်ဖြစ်ပြီး ပြည့်ဝဆီ (၅၄ ဒသမ  ၃ ဂရမ်တွင်) ၄၄ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရသည်။

အဆိုပါဆီသည် အစားအသောက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းရောက်ပါက    အသည်းမှ တစ်ဆင့်  အယ်ဒီအယ်လ်ကိုလက်စထရောများကို ထုတ်လုပ်ပေးရန် ကုန်ကြမ်းများအဖြစ် သွေးတွင်း တွင် အဆိုပါကိုလက်စထရောကို မြင့်တက်စေသည်။ တစ်ခါတစ်ရံနှင့် နည်းနည်းသာစားပါက ပြဿနာနည်းနိုင်သော်လည်း  နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် သုံးပါက သွေးကြောအတွင်း အဆီများစုလာကာ သွေးကြောများ ကျဉ်းလာမည်ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်လာကာ    နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့်    စားအုန်းဆီပါဝင်မှုများသော အစားအစာများကို  ရှောင်ကြဉ်သင့်သည်။  အထူး သဖြင့်  အဝလွန်သူများ၊  သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးရင့်သူများ၊  လှုပ်ရှားမှုနည်းသူများ မစားသင့်ကြောင်း သိရသည်။  ဆရာက စားအုန်းဆီစားသုံးမှုကိုလျှော့ပြီး ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့ကို စားသုံးသင့်ကြောင်း အကြံပြုထားသည်။ မြေပဲဆီဈေးက မြင့်နေလျှင် လည်း စားအုန်းဆီဝယ်မည့်ငွေကြေးအား မြေပဲဆီစသည့် ပြည်တွင်းထုတ်ဆီကို ရသလောက် ဝယ်ယူပြီး ရေလည်ဆီလည်ချက်စားသင့်ကြောင်း အကြံပေးထားသည်။ မှန်ပါသည်။ ပြည်တွင်းဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမိုအားပေးသင့်သည်။ ကျန်းမာရေးထိခိုက်ပါက ကြီးမားသော   ဆေးကုသစရိတ်ကိုပါ  ထပ်မံကုန်ကျမည်ကို  အထူးသတိချပ်သင့်သည်။  

ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေးဝယ်ယူစားသုံးသင့်သည်။

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက်၌  ရောင်းချခြင်းဖြင့်  သင့်တော်သောဝင်ငွေရရှိနိုင်ရေးအတွက် ဆီစက်များ  များများ လည်ပတ်နိုင်ရန် လိုအပ်သည်။ ပြည်တွင်းတွင် ဆီစက်များ  တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာနိုင်သည်။    နိုင်ငံခြားငွေကိုသုံးစွဲပြီး ပြည်ပမှတင်သွင်းရကာ  ဈေးကြီးပေး ဝယ်စားနေရ သော  စားအုန်းဆီများအစား    ပြည်တွင်း၌ ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုစားသုံးခြင်းဖြင့်   ပြည်တွင်းစက်မှုကဏ္ဍကို အားပေးရာလည်းရောက်သည်။ ထို့ပြင်အထက်တွင် ဖော်ပြသကဲ့သို့   အလုပ်အကိုင်အခွင့်အလမ်း များပြားလာခြင်း၊ Supply Chain တစ်ခုလုံး လိုက်ပါ လည်ပတ်ပြီး တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်နှင့် စားသုံးသူများအားလုံး   အကျိုးကျေးဇူးလည်း တိုးတက်ရရှိလာနိုင်သည်။

ပြည်တွင်းဖြစ်ကိုအားပေးခြင်းသည် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ရာလည်း ရောက်မည်ဖြစ်သည်ကို မျှော်လင့်ခြင်းများစွာဖြင့် တင်ပြလိုက်ရပါသည်။ ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများသည် ပြည်တွင်းထုတ်မြေပဲဆီ၊နှမ်းဆီများထက် ဈေးနှုန်းချိုသာသဖြင့် စားသုံးခဲ့ရခြင်းဖြစ်သည်။ ပေါပေါရတိုင်း များများသုံးခဲ့ခြင်း၏ အကျိုးဆက်အနေဖြင့် ကျန်းမာရေးထိခိုက်မှုကို ကြုံကြရသည်။ ထို့ကြောင့် စားအုန်းဆီဝယ်မည့်ငွေကို ပြည်တွင်းထုတ်မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ စသည်တို့ကို ဝယ်ယူစားသုံးသင့်သည်။ ငွေလည်းချွေတာ၊    ကျန်းမာရေးအတွက် လည်းကောင်း၊ ပြည်တွင်းစက်မှု လုပ်ငန်းများကိုလည်း အားပေးရာရောက်သဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေခင်ဗျား။    ။

မျိုးသူ(ကုန်သွယ်မြှင့်)

အမိပြည်ထောင်စုမြန်မာတော်သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် တင့်တည်ထည်ဝါစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်ပါသည်။ တကောင်းအဘိရာဇာမင်းကြီးလက်ထက်မှသည် မယိမ်းမယိုင် တည်တံ့ခိုင်မြဲသော ကျွန်ုပ်တို့ နိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁၀၄၄) ပထမမြန်မာနိုင်ငံတော်၊ အင်းဝခေတ် ဘုရင့်နောင်မင်းလက်ထက် (အေဒီ ၁၅၅၁) ဒုတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် (အေဒီ ၁၇၅၂) တတိယမြန်မာနိုင်ငံတော် စသဖြင့် အင်ပါယာ ဘဝသို့ပင် ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော နိုင်ငံဖြစ်ပါသည်။[1]

ရှေးယခင်က မြန်မာဘုရင်မင်းမြတ်များသည် ဘုန်းမီးနေလ တောက်ပခဲ့ကြသဖြင့် မြန်မာဘုရင်များထံသို့ စော်ဘွားများ၊ နယ်စား၊ နယ်ရှင်များက အခွန်ဘဏ္ဍာများ ဆက်သခဲ့ ကြပြီး ဘုန်းတော်ရိပ်တွင် ခိုလှုံခဲ့ကြသည်မှာ ငြင်းမရနိုင်သည့် သမိုင်းအမှန်ပင်ဖြစ်ပါသည်။ ခိုင်လုံသော သမိုင်းသက်သေအထောက်အထားများအရ ဗမာတိုင်းရင်းသားများသာ လူဦးရေ အရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ၊ စီးပွားရေးအင်အားအရဖြစ်စေ အင်အား တောင့်တင်းကာ တစ်ထီးတစ်နန်းဖြင့် အနီးပတ်ဝန်းကျင်နယ်မြေများသာမက ယိုးဒယားစသည့် တိုင်းတပါးနယ်မြေများအထိပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရား ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ထို့နောက်တွင်ကား ဗြိတိသျှနယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိတိ အနိုင်ကျင့်ဗိုလ်ကျ၍ ကျူးကျော်စစ် ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်)တွင် ထီးကျိုးစည်ပေါက်၍ တစ်နိုင်ငံလုံးသူ့ကျွန် ဘဝ ကျရောက်ခဲ့ရသည်။

ကမ္ဘာ့သမိုင်းတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ခင်းကြရာဝယ် စစ်နိုင်သည့်နိုင်ငံက စစ်ရှုံးသည့် နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အင်္ဂလိပ် တို့က မြန်မာနိုင်ငံအပေါ် ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းများဖြင့် စစ်ပြုခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပါသည်။ ကောက်ကျစ်စဉ်းလဲသော နယ်ချဲ့အင်္ဂလိပ် တို့၏ လုပ်ရပ်အဖြစ် ထင်ရှားသည့်သာဓကတစ်ခုမှာ “မြင်ကွန်းအရေးတော်ပုံ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်အကြံအစည်ရှိသည့် နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် နောင်တစ်ချိန် မြန်မာနှင့် တတိယအကြိမ် စစ်ပွဲဖြစ်ပွားမည့်အချိန်၌ အနှောင့်အယှက် ဖြစ်နိုင်သည့် မြန်မာဘုရင် မင်းတုန်းမင်းကြီး၏ ညီတော်ဖြစ်သောဘက်စုံထူးချွန်သူ အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နယ်ချဲ့အင်္ဂလိပ်တို့က ပြည်တွင်း သစ္စာဖောက် များဖြစ်ကြသည့် ဘုရင့်အာဏာရယူလိုသော မြင်ကွန်းနှင့် မြင်ခုံတိုင်မင်းသား တို့ကို အသုံးချခဲ့ကြောင်း တွေ့ရှိရပါသည်။ 

လွတ်လပ်ရေးဆုံးရှုံးပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ တိုင်းရင်းသားလူမျိုး များက အမျိုးသားဇာတိမာန်တက်ကြွစွာဖြင့် ရရာလက်နက်စွဲကိုင်ကာ ကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် နှင့်အခြေအနေ၊ အချိန်အခါကို တွက်ဆထောက်ချင့်၍ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျွန်သက် ၁၂၃ နှစ်တိုင်တိုင် သက်ဆိုးရှည်ခဲ့ရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ရေး (Divide and Rule) နည်းဗျူဟာဖြင့် မြေပြန့် ဒေသနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားမှုများပြုလုပ်ခဲ့ခြင်း၊ ‘တောင်တန်းဒေသများရှိ တိုင်းရင်းသား များသည် မြေပြန့်ဒေသများရှိ ဗမာတိုင်းရင်းသားများထက် အဆင့်အတန်း မြင့်မားစွာနေထိုင်ခဲ့သည်၊ ဗမာတိုင်းရင်းသားများက လွှမ်းမိုးသိမ်းပိုက်ခဲ့သည်’စသဖြင့် သမိုင်း အချက်အလက် အမှားများဖြင့် ရိုးသားသောတိုင်းရင်းသားများကို သွေးထိုးမြှောင့် ပင့်လှုံ့ဆော် ခြင်းနှင့် သေးငယ်သော ချီးမြှင့်မြှောက်စားခြင်းတို့ဖြင့် မြန်မာတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်စွာဖြင့် တည်ရှိနေသော အခြေအနေကို ရည်မှန်းချက်ရှိရှိ၊ အကွက်ကျကျ ဖျက်ဆီးခဲ့ပေသည်။

အလားတူ ဂျပန်ခေတ်အတွင်း၌လည်း နယ်ချဲ့အင်္ဂလိပ်တို့က ခလောက်ဆန်အကြံဖြင့် မရိုးသားသောလုပ်ရပ်များ ဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအချို့ တင်ပြရမည်ဆိုပါက ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ “ဗမာပြည်စီမံကိန်း”(Blueprint for Burma) အစီရင်ခံစာအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ(တောင်တန်းဒေသ) နှင့်ပတ်သက်၍ “သီးခြားဒေသများဖြစ်ကြသည့်  ရှမ်း၊ ချင်း၊ ကချင်၊ ကရင်ဒေသတို့မှာ မြန်မာ ဒိုမီနီယံနိုင်ငံနှင့် ပူးပေါင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်မပြမချင်း ထိုဒေသများကို မြန်မာဒိုမီနီယံ နိုင်ငံထူထောင်ရာတွင် သီးခြားဒေသများ၏ လက်ရှိအနေအထားကို ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်ဟူ၍ ကော်မတီက သဘောမထားပေ[2]ဟူ၍ စဉ်းလဲသောဉာဉ်ဖြင့်ဖော်ပြခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားလူမျိုးများအကြား သပ်လျှိုသွေးခွဲခဲ့သည့် ထင်ရှားသည့် သာဓကတစ်ခုပင် ဖြစ်ပါသည်။

နောက်ထပ်သာဓကတစ်ခုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာပြည်စိုးမိုးရေး လမ်းစဉ် (Burma Statement Policy by X.M.J, 1945) သို့မဟုတ် ဆင်းမလား စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် “မြန်မာနိုင်ငံတော်အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာ လူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့၊ ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့နေထိုင်သော တောတောင် ဒေသများ ပါဝင်သည့်စာရင်းပါ နယ်မြေများကိုမူကား ထိုလူမျိုးများက မိမိတို့ နေထိုင်သော ရပ်ကွက်ဒေသများကို မြန်မာလူမျိုးတို့နှင့် သင့်တော်သောနည်းဖြင့် ပေါင်းစပ် လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့်အချိန်သို့ မရောက်သေးမီ အတေ အတွင်း ၌ ဘုရင်ခံမင်းကြီးက အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း[3]  စသဖြင့် သွေးခွဲစကား ဖော်ပြထားပြန်သည်ကိုတွေ့ရှိနိုင်ပါသည်။

တစ်ဖန်မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၏ သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံ စာချုပ် မချုပ်ဆိုနိုင်သေးမီကာလများ၌လည်း ဗြိတိသျှအစိုးရက စေလွှတ်ခဲ့သော မစ္စတာ ဘော်တွမ်လေ ကဲ့သို့ နယ်ချဲ့ကိုယ်စားလှယ်များသည် တောင်တန်းဒေသများမှ တိုင်းရင်းသား များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မတွေ့ဆုံမီ သွေးထိုးအကြံပေးမှုများဖြင့် မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏ သွေးထိုးပေးမှုကြောင့် ပင်လုံညီလာခံကာလတွင် ရှမ်းနှင့်ကချင်တို့က ဦးဆောင်၍ စာတမ်းရှည်တစ်ခုတင်သွင်းခဲ့ပြီး အဆိုပါစာတမ်းတွင် “လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ ပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့် ရှိစေမည်[4] ဟူသောအချက်ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

အထက်ပါဥပမာများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ စဉ်းလဲသော မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအနက် မပြောပလောက်သော ဆောင်ရွက်ချက်အချို့သာဖြစ်ပြီး မြန်မာတိုင်းရင်းသားများအကြား အချင်းချင်းသွေးကွဲပြီး အစဉ်ဒုက္ခကြုံ တွေ့နေရစေရန်အတွက် သမိုင်းစဉ်ဆက် တစ်လျှောက် ထိုထက်မက ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သမိုင်းအချက်အလက်အမှားများဖြင့် သွေးထိုးမှုများကို လွတ်လပ် ရေး ရပြီးသည့် ကာလနောက်ပိုင်းတွင်လည်း တွေ့ရှိခဲ့ရပါသည်။ သာဓကတစ်ရပ်အနေဖြင့် ရန်ကုန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ်လူမျိုး ပါမောက္ခဂေါ်ဒင်လုစ် (Gordon Luce) က ခေတ်ပြိုင်သမိုင်းအထောက်အထားများ ခိုင်လုံစွာမပြနိုင်ဘဲ “မြန်မာအစ ကျောက်ဆည်က” ဟူ၍ အတင်းအကြပ် ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအချက်မှာ မှန်သည်/ မမှန်သည် အပထား၊ မြန်မာ့သမိုင်းတွင် အငြင်းပွားမှုနှင့် ရှုပ်ထွေးမှုများသာပိုမိုဖြစ်ပေါ်ခဲ့ပြီး စုပေါင်းအဖြေရှာရန်ထက် သူ့ဘက်ကိုယ့်ဘက် အုပ်စုများသာ ကွဲသွားခဲ့ကြပါသည်။ ထိုမျှ သာမက ကျောက်ဆည်တွင် ဗမာ၊ ကရင်နှင့် မွန်စသည့် တိုင်းရင်းသားများနေထိုင်ကြရာမှ ဗမာများက လွှမ်းမိုးသိမ်းပိုက် အုပ်ချုပ်ခဲ့သည်ဟူ၍လည်း သမိုင်းလိမ်၊ သမိုင်းညာများ ထုတ်လွှင့်ကာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှုကို အဆိပ်မှိုင်း တိုက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

အချို့ရာဇဝင်ဆရာများကလည်း မြန်မာလူမျိုးအစမှာ အရှေ့တစ်လွှားရှိ တိဗက်တိုဘား မင်းအနွယ်များဖြစ်ပြီး ကနဦးကာလ မြန်မာ့မြေပေါ်တွင် လာရောက်နေထိုင်လျက် ထိုမှ မွန်ခမာ၊ မွန်မြန်မာဟူ၍ ဖြစ်လာဟန်ရှိကြောင်း၊ ပျူ၊ ကမ်းယံ၊ သက် အစရှိသည်တို့ပင် တိဗက် အနွယ်မှ ကွဲပြားဆင်းသက်လာဟန်ရှိကြောင်း ဒွိဟသံသယများဖြစ်စေရန် ခိုင်မာသော အထောက်အထား များမရှိဘဲ ရေးသားခဲ့ကြပါသည်။[5]

ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲအုပ်ချုပ်မှုလုပ်ရပ်များ၏ ဆိုးကျိုးအဖြစ် ထိုစဉ်က တိုင်းရင်းသားအချို့မှာ လွတ်လပ်သောပြည်ထောင်စု နိုင်ငံကြီးအဖြစ် ဝင့်ကြွားစွာ နေထိုင်ရခြင်းထက် တောင်တန်းဒေသအုပ်ချုပ်ရေး အောက်တွင် နေထိုင်လိုသည့် ဆန္ဒများ ရှိလာခဲ့ခြင်း (ယခုအချိန်တွင်လည်း အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကြောင်းပြ၍ ခွဲထွက်ခွင့်ကို ဦးတည်လုပ်ဆောင်နေခြင်း)၊ လူမျိုးရေးအတ္တအကျိုးစီးပွားနှင့် စစ်ဘုရင်ဝါဒကို ရှေ့တန်းတင် အသားပေးလာခဲ့ခြင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ရန် “ဗမာလူမျိုးကြီး ဝါဒ”ဟူသော နယ်ချဲ့အင်္ဂလိပ်တို့၏ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းလှည့်ဖျားမှု စကားရပ် ကို ယနေ့အချိန်ထိ အသုံးပြုနေခြင်းတို့သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်များပင် ဖြစ်ပါသည်။

 တစ်ထီးတစ်နန်းနေခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ရှိခဲ့စဉ် မည်သည့် ဒေသမှ ကြွင်းကျွန်ရစ်ခဲ့ခြင်းမရှိဘဲ အားလုံးအတူတူ ကျွန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကချင်း၊ ချင်း၊ ရှမ်း၊ ကရင်ဟူ၍ ကွက်ကျန်နေခဲ့ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုစဉ်အချိန်ကတည်းက မြန်မာနိုင်ငံဟု တစ်စုတစ်စည်းတည်းရှိခဲ့ပြီး ကျွန်ဖြစ်ခဲ့ချိန်တွင်လည်း တိုင်းရင်းသားအားလုံး ကျွန်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်းသာဖြစ်ပါသည်။ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ၊ ချင်းနိုင်ငံဟူ၍ တိုက်ခိုက်ခဲ့သည်ဟု မည်သည့်သမိုင်းမှာမျှ တွေ့ရှိခဲ့ရခြင်းမရှိချေ။ အနောက်နိုင်ငံများက ဘက်လိုက်စွာဖြင့် ပြုစုရေးသားသည့် မြန်မာ့သမိုင်းများတွင်သော်မှ ထိုကဲ့သို့ တွေ့ရှိရခြင်း မရှိချေ။[6] လွတ်လပ်ရေး မဆုံးရှုံးမီကာလနှင့် သူ့ကျွန်ဘဝရောက်ခဲ့ရစဉ်ကာလများ၌ တစ်စု တစ်စည်းတည်း စုပေါင်းနေထိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ရှေ့ဆောင်ရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးရရှိချိန်မှသာ ပြည်ထောင်စုမှ ခွဲထွက်ကာ တစ်သီးတစ်သန့်နေလိုသည့် ပြည်တွင်း/ပြည်ပ အမျိုးဖျက်များကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲမည့် အန္တရာယ်များ ကျရောက်ကြုံတွေ့လျက်ရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏“အမျိုးသားစည်းလုံးညီညွတ်ရေး”အပေါ် အဆိပ်မှိုင်း၊ ဝါဒမှိုင်းတိုက်ခဲ့ သော အင်္ဂလိပ်နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲသော၊ သွေးထိုးလှုံ့ဆော်လှည့်ဖျားသော လုပ်ရပ်များ၏ အကျိုးဆက်များကြောင့်သာမက အနောက်အုပ်စုနိုင်ငံများက သတင်းမီဒီယာ များနှင့် ငွေကြေး အင်အားများအသုံးပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်းများသည် ယနေ့ အချိန်ထိ အမျိုးသား စည်းလုံးညီညွတ်ရေး (National Solidarity)အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေလျက်ရှိပြီး ကိုယ်ကျိုးစီးပွား ရှေ့တန်းထားတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ သဘောထားနှင့် လုပ်ရပ်များ၊ NUG နှင့် CRPH စသည့် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သမား PDF များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း နှောင့်နှေးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုသည့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့် အလှမ်း ဝေးကွာလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ပြည်တွင်း ရေးကို မိမိတို့နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို လစ်လျူရှု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းတို့ကြောင့် ယနေ့အချိန်အခါတွင် အမျိုးသားရင်ကြားစေ့ရန်၊ တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရန် ခက်ခဲနှောင့်နှေးလျက် ရှိသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခြင်းသာဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ၊ စိတ်ခံစားချက်များထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်ကာ အမြင်ကျယ်ကျယ်၊ နားလည်မှုရှိရှိဖြင့် အင်အားကြီးနိုင်ငံအချို့၏ ဖိနှိပ်ခြယ်လှယ်အုပ်စိုးလိုသည့် ဘေးအန္တရာယ်များ၊ တန်းတူနိုင်ငံအချို့၏ ပျက်စီးရာ ပျက်စီးကြောင်း လိုလားသည့် လုပ်ဆောင်ချက်များကို လက်တွဲပူးပေါင်း၊ ဝိုင်းဝန်းဖြေရှင်းသွားရန် ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
 

[1]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀။

[2]။ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့၊ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ’။ စာ-၇၅။

[3]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[4]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[5]။  စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၄၉။

[6]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀၊ ၅၁။

Photo: Pinterest

ဦးနေဟိန်း၊ ညွှန်ကြားရေးမှူး၊ NSPD