ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဒေါ်နယ်ထရမ့်၏ ဂုဏ်သတင်းသည် အမေရိကန်နိုင်ငံတွင်း၌ ကျဆင်းနေသော်လည်း အရှေ့ ဥရောပတွင်မူ ၎င်း၏အမှတ်အသားသည် ထူးခြားစွာ ခိုင်မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထရမ့်ကို နှစ်သက်သူ လက်ယာစွန်းဝါဒီ ဂျော့ဂျ် ဆီမီယွန်သည် ရိုမေးနီးယား သမ္မတရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးရောက် ခဲ့ပြီး သမ္မတရာထူးရရှိရန် အလားအလာကောင်းနေသည်။ ထရမ့်၏ “အမေရိကန်ကို နောက်တစ်ဖန် ကြီးကျယ်မြင့်မားလာအောင် လုပ်ဆောင်မည်” (Make America Great Again) ကတိစကားကို အတုယူကာ ဆီမီယွန်က “ရိုမေးနီးယားပြည်သူများထံမှ ယူငင်သွားသည်များကို ပြန်ပေးမည်” (Give back to the Romanian people what was taken from them) ဟု ကတိပြုထားသည်။ ထရမ့်ကို နှစ်သက်သူမှာ ၎င်းတစ်ဦးတည်းမဟုတ်ပေ။

အိမ်နီးချင်းဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ထရမ့်၏ ဥရောပဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ပွင့်ပွင့်လင်းလင်း ရပ်တည်နေသည်။ ဤဒေသတွင် ထရမ့်ကမ္ဘာ၏ ဩဇာ လွှမ်းမိုးမှုနယ်ပယ်သည် နိုင်ငံရေးထက်ပင် ကျော်လွန်နေသည်။ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ သည် ဘဲလ်ဂရိတ် မြို့လယ်တွင် အခြေစိုက်၍ အိမ်ခြံမြေလုပ်ငန်းတစ်ခုကို ဦးဆောင်လျက်ရှိပြီးသားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာမှာလည်း လွန်ခဲ့သော လအနည်းငယ်အတွင်း ဆားဘီးယား၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား နိုင်ငံများသို့ ဒုတိယအကြိမ်ခရီးစဉ်သွားရောက်ခဲ့ကာ ထရမ့် မိသားစုနှင့် ဆက်ဆံရေး တည်ဆောက်လိုသော နိုင်ငံရေးသမားများ၊ စီးပွားရေး အထက်တန်းလွှာများနှင့် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။

အရှေ့ဥရောပ၏ “အမေရိကန်သာ ပထမ” ဟူသည့် သမ္မတထရမ့်အပေါ် နှစ်ခြိုက်မှုသည် အတွေးအခေါ်ဆိုင်ရာကိုက်ညီမှုနှင့် ပြတ်သား၍လက်တွေ့ဆန်သောဝါဒတို့ကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ Make America Great Again (MAGA) ၏ သတင်းစကားသည် ကွန်မြူနစ်ခေတ်လွန် နိုင်ငံများတွင် ကျယ်ပြန့်စွာပဲ့တင်သံထပ်နေသည်။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက Gallup ၏ စစ်တမ်းအရ ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီနိုင်ငံမှ ၄၉% နှင့် ဆားဘီးယားနိုင်ငံမှ ၅၉% သော စစ်တမ်းဖြေကြားသူများသည် ကင်မလာ ဟဲရစ်ထက် ထရမ့်ကို ပိုမိုနှစ်သက်ကြကြောင်း ဖော်ပြခဲ့သည်။ ထိုအချက်သည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ အရှေ့ဂျာမနီမှ Alternative for Germany (AfD) ပါတီထောက်ခံသူများမှစ၍ တဘီလီစီမြို့တော်ရှိ Georgian Dream အစိုးရပါတီ အထိ အဆိုပါဒေသတွင်းရှိ လစ်ဘရယ်ဒီမိုကရေစီဆန့်ကျင်ရေးအစုအဖွဲ့များသည် လစ်ဘရယ်ဒီမိုကရေစီ သဘောတူညီချက်ကို ဆန့်ကျင်လျက်ရှိသည်။ LGBTQ အခွင့်အရေး၊ လူမျိုးရေး၊ ကျား/မတန်းတူမှု၊ ယဉ်ကျေးမှုပေါင်းစုံမှု၊ ကာကွယ်ဆေးနှင့် ယူကရိန်းအရေးကိစ္စများအပေါ် ၎င်းတို့၏ အမြင်များသည် ထရမ့်၏ အခြေခံသဘောတရားများနှင့် တူညီနေသည်။ ထရမ့်အနေဖြင့် ဗလာဒီမာ ပူတင်နှင့် ရင်းနှီးမှုသည် ဆားဘီးယားကဲ့သို့သော ရုရှားနှင့်မိတ်ဖက်နိုင်ငံများတွင် ပိုမိုဆွဲဆောင်နိုင်စေခဲ့သည်။

ထို့အပြင် နိုင်ငံတကာဆက်နွှယ်မှုရှုထောင့်လည်း ပါဝင်နေသည်။ အမေရိကန်နိုင်ငံရှိ အရှေ့ ဥရောပမှ ရွှေ့ပြောင်းနေထိုင်သူအများစုသည် လူမှုရေးရာရှေးရိုးစွဲဝါဒ သို့မဟုတ် အခြားလူမျိုးစုများနှင့် ယှဉ်ပြိုင် လိုမှုတို့ကြောင့် ထရမ့်ကို ပိုမိုထောက်ခံလေ့ရှိကြသည်။ အနောက်ဥရောပရှိ အလားတူ ပုဂ္ဂိုလ်များ သည်လည်း ၎င်းတို့မကြာခဏပြက်ရယ်ပြုလေ့ရှိသော နယ်စည်းမခြားမူဝါဒများမှ အကျိုးခံစားနေကြချိန်တွင် အလားတူသဘောထားမျိုးရှိကြသည်။ မကြာသေးမီက ရိုမေးနီးယား ရွေးကောက်ပွဲ တွင် ဥရောပသမဂ္ဂနှင့်ယူကေတို့တွင်နေထိုင်သော ရိုမေးနီးယားနိုင်ငံသား ၆၀% သည် ဆီမီယွန်ကို မဲပေးခဲ့ကြသည်။ ၎င်းတို့အနက်မှ များစွာသည် ယခင်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က မြူးနစ်လုံခြုံရေးညီလာခံတွင် လူသိရှင်ကြားကာကွယ်ပေးခဲ့သော လက်ယာစွန်းဝါဒီ ကာလင်း ဂျော့ဂျက် စကူကို ထောက်ခံခဲ့ကြသူများဖြစ်သည်။

ပြည်တွင်း၌ အထက်တန်းလွှာအများစုသည် ထရမ့်အား စွမ်းဆောင်နိုင်စွမ်းရှိသူအဖြစ် ရှုမြင်ကြသည်။ အကျင့်ပျက်ခြစားမှုများနှင့် ဒီမိုကရေစီဆုတ်ယုတ်မှုများကို လျစ်လျူရှုပေးမည့် ဝါရှင်တန်မှ အာဏာရှိသူတစ်ဦးသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေ နိုင်သည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒသည် ထရမ့်အဖွဲ့အစည်း၏ စီးပွားရေး အစီအစဉ်နှင့် ခွဲခြားမရဖြစ်လာနိုင်သည့် အလားအလာသည် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဲ့သို့သော မရေရာသည့်ကဏ္ဍများနှင့် ပြည့်နှက်နေသည့် အဆိုပါဒေသအတွက် ဆွဲဆောင်မှု ရှိနေသည်။ မကြာသေးမီက အရေးပါသည့် အမေရိကန်-ယူကရိန်း သတ္တုတူးဖော်ရေး သဘောတူညီချက်သည် လုပ်ငန်းအလိုက်ဆက်ဆံမှုကို ဦးစားပေးသည့် အိမ်ဖြူတော်နှင့် ရင်းနှီးမှု ရယူရန် နမူနာပုံစံတစ်ခုအဖြစ် ရှုမြင်ကြသည်။

ဤဆက်ဆံရေးသည် ယခု၌ပင် အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။ ဧပြီလက ထရမ့် အစိုးရအဖွဲ့သည် အော်ဘန်နှင့်နီးစပ်သူ အန်တယ် ရိုဂန်အပေါ် ဘိုင်ဒင်အစိုးရလက်ထက်က Global Magnitsky အက်ဥပဒေအရ ချမှတ်ခဲ့သော ဒဏ်ခတ်မှုများကို ပယ်ဖျက်ခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အခြားနေရာများတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ ဥပမာအားဖြင့် ဘူလ်ဂေးရီးယားတွင် Magnitsky ဒဏ်ခတ်မှုခံထားရသော စီးပွားရေးသူဌေးကြီးနှင့် နိုင်ငံရေးဩဇာရှိသူ ဒယ်ယန် ပိဗ်စကီးသည်လည်း အလားတူ ကင်းလွတ်ခွင့်ရရှိရန် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် အရှေ့ဥရောပ၏ ထရမ့်အပေါ်နှစ်ခြိုက်မှုသည် ထိခိုက်လွယ်သည့် အခြေအနေမျိုးဖြစ်သည်။ ထင်ရှားသည်မှာ ထရမ့်၏ အမျိုးသားအကျိုးစီးပွားဝါဒသည် ၎င်းနှင့်အတွေးအခေါ်တူမိတ်ဖက်နိုင်ငံများ၏ စီးပွားရေးစနစ်များကိုပင် အားနည်းသွားစေနိုင်ခြေရှိသည်။ မော်တော်ကားတင်ပို့မှု အပေါ် အလွန်အမင်းမှီခိုနေရသော ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် အမေရိကန်က ချမှတ်မည့် အကောက်ခွန်မူဝါဒကြောင့် ထိခိုက်နိုင်သည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ မော်တော်ကား လုပ်ငန်းတစ်ခုတည်းကပင် နိုင်ငံ၏တင်ပို့မှု၏ ၃၀% နီးပါးရှိပြီး အလုပ်သမား ၁၀% ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားသည်။ ၁၀% သာရှိသော အကောက်ခွန်ကပင် ဗဟိုဥရောပဒေသ၏ စက်မှုဇုန်များရှိ အလုပ်အကိုင်များစွာကို ပြုန်းတီးသွားစေနိုင်သည်။

ထိုသို့သော စီးပွားရေးဆိုးကျိုးများသည် နိုင်ငံရေးအရ ပြင်းထန်သော သက်ရောက်မှုများဖြစ်ပေါ် စေနိုင်သည်။ ချက်သမ္မတနိုင်ငံတွင် ထရမ့်နှင့်အလားတူ စီးပွားရေးလုပ်ငန်းရှင် အန်ဒရေး ဘာဘစ် သည် အစိုးရကို အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဟန်ဂေရီနိုင်ငံတွင်မူ အော်ဘန် သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပီတာမက်ဂျာထံမှ ကြီးမားသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရသည်။ ဆလိုဗက်ကီးယားတွင် ရောဘတ်ဖီကိုအစိုးရသည် မဲအရေအတွက် အနည်းငယ်မျှအသာဖြင့် အုပ်ချုပ်နေရပြီး ကန့်ကွက်သူများ တိုးပွားလျက်ရှိရာ ကာလကြာရှည် အုပ်ချုပ်ရန် မရေရာလှပေ။

ထရမ့်ဝါဒသည် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ရှိ လက်ယာစွန်းအင်အားစုများအတွက် ဝန်ထုတ် ဝန်ပိုးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အရှေ့ဥရောပသည် ဤဝါဒကို ပိုမိုလက်ခံနေဆဲဖြစ်သော်လည်း ဥရောပသမဂ္ဂ၊ လစ်ဘရယ်တန်ဖိုးများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပေါင်းစည်းမှုတို့ကိုဆန့်ကျင်သည့်လှုပ်ရှားမှုနှင့် အလွန်အမင်းပါဝင်ပတ်သက်နေခြင်း၏ အန္တရာယ်မှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

MAGA တော်လှန်ရေးသည် ဘူခါရက်စ်နှင့် ဘဲလ်ဂရိတ်မြို့များရှိ အများစုကို ဆက်လက် လှုံ့ဆော်နိုင်ဦးမည်ဖြစ်သော်လည်း ယင်း၏ဝိရောဓိအခြေအနေများသည် ယင်းကိုလက်ခံသူများအား အလွယ်တကူပင် ဒုက္ခရောက်စေနိုင်မည်ဖြစ်ပေသည်။

Source - https://www.aljazeera.com/opinions/2025/5/7/eastern-europe-bets-on-trump-but-at-what-cost

Aljazeera တွင် စာရေးသူ Dimitar Bechev ရေးသားထားသည့် “Eastern Europe bets on Trump – but at what cost?” အတွေးအမြင်ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

Dimitar Bechev

မိမိတို့ နိုင်ငံ၊ မိမိတို့ ပြည်သူလူထုသည် ယခုမြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ နှစ်အကူး ၂၀၂၅ ဧပြီလ မဟာသင်္ကြန်ကို ဝမ်းနည်းစွာဖြင့်ပင် ကျော်ဖြတ်ခဲ့ကြရပါပြီ။ အသက်ပေါင်းထောင်နှင့် ပင်ချီ၍၊ ပြည်သူလူထုနှင့် တိုင်းပြည်၏ ပစ္စည်းများ တန်ဖိုးကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသောနှစ်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယနေ့ခေတ်ကဲ့သို့ Richter Scale, Mercalli Scale အစရှိသည်ဖြင့် စနစ်များ စတင်အသုံးပြုသော ၂၀ ရာစုနှစ်နောက်တွင် ယခုမိမိတို့ခံစားခဲ့ရသော မန္တလေးမြေငလျင်ကြီးကြောင့် လူအသေအပျောက်နှင့် အိုးအိမ်ပစ္စည်းဆုံးရှုံးမှုသည် အများဆုံးဖြစ်သည်။ အိုးအိမ်နှင့် ပစ္စည်းတန်ဖိုးများကို တွက်ချက်နှိုင်းယှဉ်ရန် ခက်ခဲသော်လည်း ယခုငလျင်တွင် လူ့အသက်ပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၁၀ဝ ကျော်ရှိခဲ့သည်။

မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဆရာမကြီး ဒေါ်လှလှအောင်ရေးသားသော စာပေအရ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်တွင် လူအသေအပျောက် ၅၅၀ ခန့် သေဆုံးခဲ့သည်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဗိသုကာတစ်ဦးအနေဖြင့် သေချာစွာ ပြောနိုင်သည်မှာ ယခုမိမိတို့ပြန်လည်တည်ဆောက်ကြရမည့် လုပ်ငန်းရပ်သည်အလွန်ကြီးမားပြီး ငွေကြေးများစွာနှင့် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရပါမည်။ ယခုနှစ် မတ်လမြေငလျင်၏ Epicenter ဗဟိုသည် စစ်ကိုင်းမြို့အနီးဖြစ်သဖြင့် သေကျေပျက်စီးမှု အများဆုံးဖြစ်သည်ဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။ သို့သော် တစ်မြို့တည်း တစ်လမ်းတည်းတွင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ ကြသည်မှာ အချို့သောဆောက်လုပ်သူများ၏ အားနည်းချက်ဖြစ်သည်မှာလည်း ထင်ရှားပါသည်။

ဤဆောင်းပါးသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခုရရှိခဲ့သော သင်ခန်းစာများကိုအခြေခံ၍ လက်ခံကျင့်သုံးသင့်သောစနစ်များကို တင်ပြရန် ဖြစ်ပါသည်။ ထို့အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်မည့် Financial Resources ခေါ် ငွေကြေးအင်အားများ ဖော်ထုတ်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း တင်ပြအပ်ပါသည်။ ထိုသည်များနှင့် တွဲဖက်၍ ပြန်လည်တည်ဆောက်ကြသည့်အခါ မိမိတို့၏ မြို့များနှင့် ပတ်ဝန်းကျင်သာယာရေး၊ မိမိတို့၏ မြို့များတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးများအတွက် လိုအပ်ချက်များကိုလည်း ပူးတွဲတင်ပြအပ်သည်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ရရှိနိုင်မည့် Available Financial Resources ငွေကြေးအင်အားများကို သုံးသပ်ခြင်း

ယခု ငလျင်သည် မြန်မာ့သမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့်အတွက် မိမိတို့တွင်ရှိသော Resources အင်အားများမှ တတ်နိုင်သရွေ့အများဆုံးနှင့် ကူညီနိုင်သောသူအများဆုံးကို ကူညီကြရမည်ဟု ခံယူပါသည်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးဖြင့် ပါဝင်နိုင်မည့် အုပ်စုများကို သုံးသပ်ကြည့်မိပါသည်။ ထိုသည်တို့တွင် (၁) နိုင်ငံတော်အစိုးရ၊ (၂) ချမ်းသာကြွယ်ဝသော Condominium ပိုင်ရှင်သူဌေးကြီးများအုပ်စု၊ (၃) ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများဟု သုံးအုပ်စုကိုသာ ဦးစွာမြင်ကြရပေမည်။ ထိုသုံးအုပ်စုတို့၏ လုပ်နိုင်သောပမာဏများကို ဆန်းစစ်ကြည့်ကြပါမည်။

နိုင်ငံတော်အစိုးရ ။ ။ နိုင်ငံတော်အစိုးရသည် ငွေအင်အားအကြီးမားဆုံးရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ သို့သော် အစိုးရတွင် ဆုံးရှုံးပျက်စီးသွားသော အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ အစရှိသည်တို့ကို ပြန်လည်တည်ဆောက်ရန်ရှိသည်။ ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သော Infra-structure ခေါ် ကျောင်းများ၊ ဆေးရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်စနစ်များ စသည်တို့ကိုလည်း ပြန်လည်တည်ဆောက်ရန်ရှိသဖြင့် လူပေါင်းများစွာတို့၏ ဆုံးရှုံးခဲ့သော အိမ်ရာများကို ပြန်လည်တည်ဆောက်ရေးတွင် အမြောက်အမြားပါဝင်ရန် ခက်ခဲပါမည်။

ငွေကြေးအဆင်ပြေသော Condominium ပိုင်ရှင်များ။ ။ မြေငလျင်အတွင်း ပြိုပျက်သွားသော Condominiums ခေါ် အဆင့်မြင့်တိုက်ခန်းများကို တည်ဆောက်သွားသောပိုင်ရှင်ကြီးများက Ethics ဟုခေါ်သော လူ့ကျင့်ဝတ်၊ လူ့ဝတ္တရားအရသော် အချိန်အတိုင်းအတာအတွင်း မြန်ဆန်စွာ ပြန်လည်တည်ဆောက်ပေးသင့်ကြပါသည်။ ဥပဒေကြောင်းအရ ရှင်းကြမည်ဆိုသော် ရှေ့နေခငွေကြေးများစွာကုန်မည်၊ အချိန်နှစ်ပေါင်းများစွာ ကြာမြင့်ကြမည်ဟု စာရေးသူအတွေ့အကြုံအရ ခန့်မှန်းပါသည်။ မူလစာချုပ်တွင် မည်သို့ပါရှိပုံ၊ အာမခံထားခြင်းရှိမရှိ၊ “မြန်မာပြည်စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ Condominium Law” အရ တရားဝင်သတ်မှတ်ထားခြင်းရှိမရှိ စသည်ဖြင့် များစွာသော အဆင့်များရှိပါမည်။

ဖြစ်သင့်သည်မှာ တည်ဆောက်ခဲ့သူပိုင်ရှင်ကြီးများက လူ့ဂုဏ်သိက္ခာကို မနိမ့်ကျစေရန်နှင့် အသက်နှင့်ပစ္စည်းနစ်နာဆုံးရှုံးခဲ့ရသောသူများကို ငဲ့ညှာသင့်သည်။ သို့သော် ယခုငလျင်ကြောင့် အဆင့်မြင့်တိုက်ခန်းကြီးများတွင် နေထိုင်ရင်းအသက်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့သူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာခိုင်နှုန်းနည်းပါးသည်ဟု ခန့်မှန်းရပါသည်။

ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများ ။ ။ ထိုအုပ်စုတွင် ပါဝင်သည့် သူများတွင် (က) ပြန်လည်တည်ဆောက်ရန် အရင်းအနှီးရှိပြီး တတ်နိုင်သူများ၊ (ခ) တစ်စိတ်တစ်ပိုင်း အကူအညီရနိုင်လျှင် ပြန်လည်တည်ဆောက်နိုင်သူများနှင့် (ဂ) အိမ်ပျက်စီးသွားသဖြင့် မြေသာကျန်ခဲ့ပြီး ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်သူများဟု သုံးအုပ်စုရှိမည်ဟု ခန့်မှန်းရပါသည်။ ထိုအုပ်စုအတွင်း မည်သည့်အုပ်စုသည် မည်သည့်ရာခိုင်နှုန်းရှိသည်ကိုလည်း ခန့်မှန်းရန်ခက်ခဲပါသည်။ သို့သော် အောက်တွင် စာရေးသူစဉ်းစားမိသော ဘဏ်ချေးငွေစနစ်ကို အသုံးချနိုင်လျှင် အဘက်ဘက်က အထိုက်အလျောက်အဆင်ပြေကြမည်ဟု ယူဆပါသည်။

ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေးတွင်

အသုံးချရန်အဆိုပြုချက် ။ ။ စာရေးသူသည် အိမ်ဆုံးရှုံးခဲ့သော သူတစ်ဦးနှင့် မေးမြန်းခန်းကို ကြည့်ရပါသည်။ ထိုသူတွင် ယခင်က ကိုယ်ပိုင်အိမ်ရှိသည်၊ နေထိုင်စားသောက်ရန် ဝင်ငွေရှိသည်၊ ယခုအိမ်ပျက်စီးသွားသည့်အတွက် နေထိုင်ရန်အိမ်ကို ပြန်လည်တည်ဆောက်ရန် ငွေသိန်း ၅၀ဝ ခန့်ရရှိရန် မဖြစ်နိုင်ပါဟုဆိုသည်။ စာရေးသူက သင်ကြားခဲ့ဖူးသော Housing Economics အိမ်ရာစီးပွားရေးပညာရှုထောင့်မှ သုံးသပ်ကြည့်ပါသည်။ ထိုကဲ့သို့သောသူများမှ ဥပမာပြန်လည်တည်ဆောက်ရန် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနိုင်မည်ဆိုလျှင် ဘဏ်မှ ကျန်လိုအပ်ငွေ ၇၀ ရာခိုင်နှုန်းကို ချေးငွေအဖြစ်ရရှိပြီး ထိုသူက လစဉ်၊ နှစ်စဉ်ပြန်လည်ပေးဆပ်လျှင် နှစ်ဦးနှစ်ဖက် အထိုက်အလျောက်အဆင်ပြေသွားနိုင်ပါမည်။

ထိုကဲ့သို့သော အခြေအနေနမူနာ Hypothetical Model တစ်ရပ်ကို အစမ်းတွက်ကြည့်ကြပါမည်။ Basic assumptions အခြေခံအချက်များသည်- မိသားစုတစ်စုတွင် (၁) မြေရှိသည်။ (၂) စုဆောင်းပြီး ငွေသိန်း ၁၅၀ ခန့်ရှိသည်။ (၃) အလုပ်အကိုင်ကောင်းရှိကြသဖြင့် လစဉ်မိသားစုဝင်ငွေကျပ် ၆ သိန်းခန့်ရှိသည်။ (၄) ပြန်လည်ဆောက်လုပ်မည့် အိမ်တန်ဖိုးသည် ကျပ်သိန်း ၅၀ဝ ဖြစ်သောကြောင့် ကျပ်သိန်း သိန်း ၃၅၀ ချေးငွေလိုအပ်သည်။ ဤကိစ္စကို ဘဏ်နှင့် သက်ဆိုင်ရာတို့က လေ့လာစစ်ဆေးပြီး နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ချိန် ၁၀ နှစ်နှင့် သဘောတူသည်။ ချေးမည့်သူများပိုင်သော မြေကို အာမခံပစ္စည်း Collateral ဟု သတ်မှတ်သဘောတူကြသည်။ ဘဏ်မှတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းအရ တွက်ချက်ရာ ချေးငွေသိန်း ၃၅၀ အတွက် ထိုမိသားစုသည် လစဉ်ငွေကျပ် ၃ ဒသမ ၆၄ သိန်းခန့်နှင့် ၁၀ နှစ်တိုင်တိုင်အကြိမ်ပေါင်း ၁၂၀ ခန့် ပေးဆပ်ရမည်။

အထက်ပါနမူနာ Hypothetical Model တွင် လစဉ်ပြန်လည်ပေးဆပ်ရန် တွက်ချက်ခြင်းသည် ဘဏ်ပညာရှင်များ သုံးလေ့ရှိသောနည်း P = Ai / (1 – (1 + i)^-N) where: P = regular periodic payment. A = amount borrowed. i = periodic interest rate ပင်ဖြစ်ပါသည်။ နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ရန်အတွက် အချိန် ၁၀ နှစ်သည် စာရေးသူစိတ်ကူးအရ ထည့်တွက်ထားခြင်းဖြစ်သည်။ ပြန်လည်ပေးဆပ်ရန် အချိန်နှင့် ပတ်သက်၍ စာရေးသူသိသော အခြားတိုင်းပြည်များတွင် နှစ်ပေါင်း ၂၀-၃၀ အထိပင် ပေးလေ့ရှိပါသည်။

မြန်မာနိုင်ငံမှ ဘဏ်များက ထိုမျှကာလရှည်ပေးလေ့မရှိသော်လည်း ယခုကဲ့သို့ ငလျင်ဘေးသင့်သူများကို ကယ်ဆယ်ကူညီသည့်အနေဖြင့် ပြန်လည်သုံးသပ်သင့်ပါသည်။ ယခုနမူနာတွင်ပင် ပြန်လည်ပေးဆပ်ရသောအချိန်ကို ၁၅ နှစ်၊ နှစ်စဉ်အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် တွက်ပါမူ ချေးသူမိသားစုသည် လစဉ်ငွေကျပ် ၂ ဒသမ ၉ (၃ သိန်း ခန့်) နှင့် ၁၅ နှစ်တိုင် အကြိမ်ပေါင်း ၁၈၀ ပေးဆပ်ရပါမည်။ Hypothetical Model ကိုပင် အခြေခံ၍ အိုးအိမ်ဆုံးရှုံးသွားပြီး မြေပိုင်ဆိုင်သူများအတွက် အရင်းငွေပင်မလိုဘဲ နေစရာများရရှိနိုင်ပြီး အမြတ်အစွန်းပင်ရရှိနိုင်သောနည်းများကို အထက်ပါနမူနာကို အခြေခံထားပြီး တီထွင်နိုင်ပါသည်။ ဥပမာ မြေပေ ၄၀ x ၆၀ ခန့်ရှိသူ ၆ ဦးခန့်စုလျှင် စတုရန်းပေ ၁၄၄၀ဝ ရှိသော မြေကွက်ကိုရနိုင်ပြီး ထိုမြေပေါ်တွင် နှစ်ထပ်ဖြင့် စတုရန်းပေ ၇၀ဝ ခန့်ရှိသော အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းပေါင်း ၁၂ ခန်းခန့် ပေါ်ပေါက်နိုင်ပါမည်။

အထက်တွင်တင်ပြသည့် Hypothetical Model ကို အတိုချုပ်တင်ပြရသော် “ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေး” ပင်ဖြစ်ပါသည်။ ဤနည်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တွင် “ရွှေလင်ပန်းအိမ်ရာစီမံကိန်း”၊ “ကျန်စစ်မင်းအိမ်ရာ စီမံကိန်း”၊ “အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း” စသည်တို့နှင့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် “မြရည်နန္ဒာအိမ်ရာစီမံကိန်း” စသည့်အိမ်ရာစီမံကိန်း ၇ ခုခန့်နှင့် မိသားစု ၁၀၀၀၀ ခန့်အတွက် အိမ်ရာများ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။ အထက်တွင် နမူနာအနေဖြင့် တင်ပြခဲ့သော ငွေကြေးရယူနိုင်သောစနစ်နှင့် အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းတို့ အဓိကကွာခြားချက်မှာ အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းများက တည်ဆောက်ရန်မြေကို အစိုးရက လျှော့ဈေးဖြင့် တွက်ခဲ့သည်။ ယခု ငလျင်ဘေးသင့်သူများ ပြန်လည်တည်ထောင်ရေးတွင် မြေရှိသူများသာပါဝင်ရန်ဖြစ်သဖြင့် ဘဏ်များအတွက် မြေကိုအာမခံပစ္စည်း Collateral ရှိပြီး ဖြစ်သဖြင့် ပိုမို၍ပင် အဆင်ပြေပေမည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာစီမံကိန်းပုဂ္ဂလိကဆောက်လုပ်ရေးကမ္ပဏီများနှင့်ပင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်းဌာနမှ ကျွမ်းကျင်သူများက ကြီးကြပ်ခဲ့သဖြင့် ယခုငလျင်တွင် တည်မြဲခဲ့သည်။

နောက်နောင် ငလျင်နှင့်အခြားသော ဘေးအန္တရာယ်များအတွက် ကျင့်သုံးရန်စနစ်များ

စာရေးသူ သင်္ကြန်မတိုင်မီကရေးခဲ့သော ဆောင်းပါးတွင် ယခုမန္တလေး၊ စစ်ကိုင်းနှင့် မြန်မာပြည်အလယ်ပိုင်းငလျင်တွင် အဆောက်အအုံပေါင်းများစွာ ပြိုပျက်ခဲ့ခြင်း၏ အဓိအကြောင်းမှာ အထူးကျွမ်းကျင်ပညာရှင်များ Specialists များနှင့် ပူးပေါင်းမဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်ကို ဖော်ပြခဲ့ပါသည်။ ထိုသည်နှင့်ဆက်စပ်၍ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေးတွင် လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးပုံလုပ်ထုံးလုပ်နည်းများကို လေ့လာကြည့်ပါသည်။ ထိုသည်တို့တွင် (၁) Design state ပုံစံထုတ်တွက်ချက်သောအဆင့် (၂) ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားသောအဆင့် Building permit submission (၃) ဆောက်လုပ်ခြင်းနှင့် ကြီးကြပ်ခြင်း Construction and super-vision state (၄) ဆောက်လုပ်ပြီး လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ် Building Completion Certificate တို့ရရှိရန်ဟု အဆင့် ၄ ဆင့်ရှိသည်ကို တွေ့ရပါသည်။

Building Permit (BP) ဆောက်လုပ်ခွင့် ပါမစ်တင်သည့်အခါ Floor Plans ကြမ်းခင်းပုံစံများ၊ Sections ဖြတ်ပိုင်းပုံစံများ၊ အသေးစိတ် Steel list သံစာရင်းများ အစရှိသည်တို့ကို ပူးတွဲတင်ပြကြရသည်။ လူအများနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ၄ ထပ်အထက် အဆောက်အအုံများအတွက် လိုင်စင်ရ Structural Engineer ခိုင်ခံ့မှုကိုတွက်ချက်သော ပညာရှင်၏ လက်မှတ်နှင့် Structural calcu- lations တွက်ချက်ခြင်းများလည်း ပါဝင်ရသည်။

ထိုတွက်ချက်မှုများတွင် Stability Checking ဟူသော ခေါင်းစဉ်အောက်တွင် Overturning Checking ယိုင်လဲနိုင်မှုနှင့် Settlement Checking မြေအောက်ကျွံဝင်နိုင်မှု အစရှိသောပျက်စီးနိုင်မှုများကို စစ်ဆေးသောအချက်တို့ကို ထိုကျွမ်းကျင်ပညာရှင်က တွက်ချက်ချက်တင်ပြရပါသည်။ ထို့အပြင် ၁၂ ထပ်ထက်ပိုသော အဆောက်အအုံများကို အထပ်မြင့်ဟုသတ်မှတ်၍ Committee for Quality Control of High-Rise Building ဟုခေါ်သော “အထပ်မြင့်ကော်မတီ” သို့လည်း ထပ်ဆင့်တင်ရသေးသည်။ ထို CQHB တွင် မိမိတို့နိုင်ငံအဆင့် ပညာရှင်ကြီးများ ပါဝင်ကြသည်။ ထိုကဲ့သို့ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးသည့်နည်းတူ မန္တလေးမြို့တော် စည်ပင်သာယာကလည်း ကျင့်သုံးပေလိမ့်မည်။

အထက်တွင်ဖော်ပြသော အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်များသည် ပညာပိုင်းဆိုင်ရာရှုထောင့်မှကြည့်သော် ရန်ကုန်နှင့် မန္တလေးမြို့တွင် ဆောက်လုပ်ခွင့်ပါမစ်ရရှိရေးနှင့် လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ်ရရှိရေးလုပ်ငန်းများသည် ပြည့်စုံသည်ဟု သုံးသပ်နိုင်ပါသည်။ ထိုမြို့ကြီးများ၏ လုပ်ထုံးလုပ်နည်းများကို အခြားမြို့များကလည်း လုပ်ဆောင်ရန် ဖွဲ့စည်းပုံများ တိုးချဲ့ခြင်းနှင့် တတ်ကျွမ်းသော ပညာရှင်များကို အသုံးချရန်သာ လိုအပ်ပေမည်။ ဤတွင် ရန်ကုန်မြို့တွင် ငလျင်မလှုပ်ပါဘဲနှင့်ပင် ပြိုကျပျက်စီးသော အဆောက်အအုံများ ရှိခဲ့ပါသည်။ မမှန်မကန် တည်ဆောက်မှုဖြင့် ပြတင်းပေါက်မရှိ၊ အမှိုက်ပစ်ရန် နေရာမရှိသော၊ ကျန်းမာရေးနှင့် မကိုက်ညီသော အဆောက်အအုံများ မည်သို့ကြောင့် ပေါ်ပေါက်ခဲ့ပါသနည်း။ မန္တလေးမြို့တွင်လည်း ယခုငလျင်တွင် တစ်မြို့တည်းတစ်လမ်းတည်းတွင်ပင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ကြပါသနည်းဆိုသော မေးခွန်းပေါ်ပေါက်လာပါသည်။

ဤမေးခွန်းအတွက် အဖြေသည်တစ်ခုတည်း မဟုတ်နိုင်ဘဲ အချက်များရှိပါမည်။ ဖြစ်ခဲ့သည်များမှ တစ်ချက်မှာ ဆောက်လုပ်သူကန်ထရိုက်များက BP ဆောက်လုပ်ခွင့်ပါမစ်တင်သည့်ပုံများက တစ်မျိုး၊ လက်တွေ့ဆောက်သည့်အခါ ဆောက်လုပ်ရေးပစ္စည်းများ လျှော့ခြင်းလည်းဖြစ်နိုင်သည်။ ယခု ငလျင်တွင် ပြိုပျက်ခဲ့သော အဆောက်အအုံတို့တွင် တွန်းအား၊ ထမ်းအားများကို သယ်ပိုးရသော အစိတ်အပိုင်းများ Structural members များ လွန်စွာသေးနေခြင်းကို တွေ့ရသောကြောင့် ထိုအဆောက်အအုံသည် တတ်ကျွမ်းသော လိုင်စင်ရ Structural engineer က တွက်ချက်ခဲ့ခြင်း မဖြစ်နိုင်ပါ။ အခြားအကြောင်းတစ်ချက်သည် BP ရရှိရန် တင်စဉ်က တွက်ချက်လက်မှတ်ထိုးခဲ့သော Specialists ပညာရှင်ကြီးများကို ဆောက်လုပ်သည့်အခါ လုပ်ငန်းအပ်သူ သူဌေးကြီးများက ဆက်လက်အသုံးမပြုတော့ဘဲ ကိုယ်တိုင်ဝင်ကြီးကြပ်ကြသည်လည်း ကိုယ်တိုင်တွေ့ကြုံဖူးပါသည်။ ဤဆောင်းပါးဘောင်အတွင်း ပြီးခဲ့သော ဖြစ်ရပ်များကို ရှာဖွေရန် မရည်ရွယ်ဘဲ မိမိတို့ နောက်နောင် ဆောက်လုပ်ကြသည့်အခါ ယခုရရှိခဲ့သော သင်ခန်းစာများကို အခြေခံ၍ နောင်ထိုကဲ့သို့ မြေငလျင်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုမရှိစေရန် သို့မဟုတ် များစွာလျော့နည်းစေသော စနစ်များကို လက်ခံကျင့်သုံးသင့်ကြသည်များကို ဆွေးနွေးရန်ဖြစ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးကြခြင်းသည် တိုင်းပြည်အတွက် အကျိုးရှိသည်မှာ ထင်ရှားပါသည်။ ဟိုတယ်ကြီးများမှ မိမိတို့တိုင်းပြည်အတွက် နိုင်ငံခြားငွေရရှိကြသည်။ တိုက်ခန်းများမှ အချို့သူများ နေထိုင်စရာရရှိကြသည်။ ဆောက်လုပ်ရေးကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းများကို အုပ်စုလိုက် ခွဲခြားကြည့်လျှင် (၁) ဟိုတယ်ကြီးများ၊ ကွန်ဒိုတိုက်ကြီးများ ပေါ်ပေါက်လို၍ အရင်းအနှီးစိုက်ထုတ်သူများ၊ (၂) ထိုရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများ ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများရရှိရေးတွင် ပါဝင်ကူညီပေးမည့် ဗိသုကာများနှင့် အထူးကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ၊ (၃) ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများကို အာမခံတည်ဆောက်ပေးသည့် Construction Companies ဆောက်လုပ်ရေးကုမ္ပဏီများဟု အုပ်စု ၃ စုရှိကြသည်။      

ထို Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်း ရပ် ၃ အုပ်စုတို့အပြင် ပြည်သူလူထုဘေးအန္တရာယ်ကင်းရေး၊ လူများကျန်းမာရေးအတွက် သင့်လျော်သော၊ သာယာသော လူ့ပတ်ဝန်းကျင်ပေါ်ပေါက်ရေးကို ဦးတည်ရသော နိုင်ငံတော်အစိုးရကို ကိုယ်စားပြုသော စည်ပင်သာယာရေးကော်မတီများရှိသည်။ အထက်တွင် ဖော်ပြခဲ့သော Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်းရပ် ၃ အုပ်စုတို့တွင် ဒုတိယအုပ်စုဝင် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များသည် ရင်းနှီးမြှုပ်နှံသူများကို အထောက်အကူပြု ကူညီသူများသာဖြစ်သည်။

အထက်ပါ အုပ်စု ၃ စုတို့ ပူးပေါင်းဆောင်ရွက်ပုံကို စာရေးသူက သင်္ကြန်မတိုင်မီရေးသော ဆောင်းပါးတွင် Tripartite သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ပုံကို ဖော်ပြခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပင်ပန်းစွာဝင်၍ သံမည်မျှထည့်၊ ကွန်ကရစ်အချိုးမည်သို့စပ်၊ တိုင်၏အလျား၊ အနံသည်မည်မျှဖြင့်ဆောက် အစရှိသည်များကို ညွှန်ကြားကြပါလျှင် ထိုသူတို့သည် ထိုပညာတွင် ကျွမ်းကျင်သူများမဟုတ်သဖြင့် ယခုလက်တွေ့ကြုံခဲ့သကဲ့သို့ လူ့အသက်ပေါင်းများစွာနှင့် ပစ္စည်းပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။

အကောင်းဆုံး၊ အသင့်လျော်ဆုံးသောနည်း မှာ Tripartite သုံးပွင့်ဆိုင်စနစ် ပေါ်ပေါက်ပြီး ရင်းနှီးမြှုပ်နှံသူများကို “ကန်ထရိုက်” သို့မဟုတ် “ဆောက်လုပ်ရေးလုပ်ငန်းရှင်” ဟူသော အခေါ်များ အစား “ရင်းနှီးမြှုပ်နှံသူ” Investor သို့မဟုတ် Real Estate Developer ဟု ခေါ်ဆိုသင့်ပြီး လက်တွေ့ဆောက်လုပ်ရသူများကိုသာ ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies ဟု ခေါ်ဆိုသင့်ပါသည်။ အရေးကြီးသောအချက်သည် ရင်းနှီးမြှုပ်နှံသူ Real Estate Developer များ၏ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ခွဲခြားကြရပါမည်။ မြန်မာပြည်တွင် သီးသန့်ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies များရှိပါသည်။ ထိုကဲ့သို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြပါက အဆောက်အအုံများပျက်စီးလျှင် ဆောက်လုပ်ရေးကုမ္ပဏီများ၏ တာဝန်သာဖြစ်ရမည်။ ဆောက်လုပ်ရေးကုမ္ပဏီများက ကျွမ်းကျင်အင်ဂျင်နီယာများထားရှိခြင်း၊ နှစ်ပေါင်း ၂၀ - ၃၀ အာမခံထားရှိခြင်း စသောစနစ်များနှင့် လုပ်ကိုင်သင့်ကြပါသည်။

Planning Permit and Zoning Regulations ကြိုတင်ဆောက်လုပ်ခွင့်နှင့် မြို့တွင်းဇုန်များအတွက် စည်းမျဉ်းများလိုအပ်ချက်

အထက်တွင် ဆောက်လုပ်ခွင့်ရရှိရေးလိုအပ်ချက်များကို တင်ပြခဲ့ပါသည်။ ယခုအပိုဒ်တွင် မိမိတို့နိုင်ငံရှိ မြို့များတွင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနှင့် အခြားသော မြို့ပြဖွံ့ဖြိုးရေးတွင် လိုအပ်ချက်များကို တင်ပြအပ်ပါသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမိမိတို့မြန်မာ့မြို့များမှာ မိမိတို့၏ ယဉ်ကျေးမှုအဆင့်၊ မိမိတို့လူ့ဘောင်၏ ကြန်အင်လက္ခဏာများကို ဖော်ပြလျက်ရှိသည်။ ယခုကဲ့သို့ ပြန်လည်တည်ဆောက်ကြသည့် အခါတွင်လည်းကောင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်သည့် အခါတွင်လည်းကောင်း အထပ်မြင့်အဆောက်အအုံများသည် မိမိတို့၏ အထွတ်အထိပ်ဖြစ်သည့် ဘုရားစေတီပုထိုးများကို လွှမ်းခြင်းမရှိသင့်ပါ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်လက်ထက်တွင် မြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ရွှေတိဂုံစေတီတော်ဝန်းကျင်အဆောက်အအုံများကို စေတီတော်ရင်ပြင်ထက်ပို၍ မမြင့်ရန်စည်းကမ်းကို လက်ခံကျင့်သုံးခဲ့ကြသည်။ မန္တလေးမြို့တွင်လည်း သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်တွင် နန်းမြို့ရိုးပတ်လည်နှင့် မန္တလေးတောင်မြင်ကွင်းကို ကွယ်စေသည့် ၆၆ လမ်းတစ်လျှောက်တွင် အဆောက်အအုံ အမြင့်သတ်မှတ်ချက်စည်းကမ်းများထားရှိခဲ့သည်။

မြန်မာမြို့များ ကြန်အင်လက္ခဏာထိန်းသိမ်းရေးအပြင် လမ်းဆုံလမ်းခွများတွင်ကပ်၍ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လျှင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ထိုနေရာများတွင် ယာဉ်ရပ်နားရန် နေရာမရှိခြင်း စသည်တို့ကြောင့် မြို့များတွင် Zoning plans များ ထားရှိကြပါသည်။ Zoning plans များတွင် မြို့တွင်းဇုန်တို့အလိုက် Building heights ဆောက်ခွင့်ရှိသောအမြင့်၊ Floor area densities ကြမ်းခင်းဧရိယာသိပ်သည်းမှု၊ Set-back distance လမ်းမှ နောက်ဆုတ်ရန်အကွာအဝေးအစရှိသည်တို့ကို သတ်မှတ်ပါသည်။ ထိုအချက်နှင့် တွဲဖက်၍ အထက်တွင် ဆွေးနွေးခဲ့သော B.P. ဆောက်လုပ်ခွင့်ပါမစ်မတင်မီ Planning Permit ဟုခေါ်သော “အကြိုဆောက်လုပ်ခွင့်” ကိုတင်သော စည်းကမ်းထားကြသည်။ ထို P.P. “အကြိုဆောက်လုပ်ခွင့်” တွင် အထက်၌ ဆွေးနွေးခဲ့သော အသေးစိတ်ပုံများ၊ Structural calculations စသည်တို့မပါသေးဘဲ ဗိသုကာပုံစံများသာ လိုအပ်သည်။ ထိုသို့ Planning Permit ခေါ် “အကြို ဆောက်လုပ်ခွင့်” ထားရှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူတို့သည် ဗိသုကာများ၏အကူအညီနှင့် ဆောက်လုပ်မည့်အဆောက်အအုံ၏ အတိုင်းအတာ၊ အမြင့်၊ ရရှိနိုင်မည့် အခန်းပေါင်းစသည်တို့ကို ကြိုတင်တွက်ချက်နိုင်ပါသည်။

အကျဉ်းချုံးအဆိုပြုချက်များ

ဤဆောင်းပါးမှ အချက်အားလုံးတို့ကိုခြုံ၍ တင်ပြရပါလျှင် (၁) ယခု မတ်လတွင် ကြုံခဲ့ရသော အသက်နှင့်အိမ်ရာများ ဆုံးရှုံးသူများ ပြန်လည်တည်ဆောက်ရေးတွင် ဘဏ်ချေးငွေစနစ်ဖြင့်လည်း ပါဝင်ကူညီသင့်ပါကြောင်း တင်ပြအပ်ပါသည်။ (၂) Real Estate Developer ဟု ခေါ်ဆိုသင့်သော ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျွမ်းကျင်သည့် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်ကြီးများနှင့် ဆောက်လုပ်ရေးကမ္ပဏီ Con-struction Companies တို့သည် Tripartite သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြလျှင် နောက်နောင်ဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းများ ဆုံးရှုံးခြင်းများ များစွာလျော့နည်းပေမည်။ (၃) မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့မြို့ရွာများသည် မိမိတို့၏ ဘဝ၊ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်သည်။ မိမိတို့၏ ယဉ်ကျေးမှုအရ မိမိတို့၏ ဘုရားစေတီပုထိုးများအပေါ် အထပ်မြင့်အဆောက်အအုံများဖြင့် လွှမ်းမိုးခြင်း၊ စေတီပုထိုးများ၏ အမြင်လမ်းကြောင်း ပိတ်ဆို့ခြင်းများ မဖြစ်အပ်ပေ။ မိမိတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုအစရှိသောအထွေထွေ ပြဿနာများ လျော့နည်းစေရန် Zoning plans များ ထားရှိကြရန် လိုအပ်ပါသည်။   

Source: MOI 

ဒေါက်တာကျော်လတ် (ဂုဏ်ထူးဆောင်ပါမောက္ခ၊ ဗိသုကာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်)

ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသောမြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကိုရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန်အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လတ် ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါ တရားထက်သန်စွာဖြင့် ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ ထို့အပြင် ကုဆုန်လပြည့်နေ့ကို ကဆုန် ညောင်ရေသွန်းပွဲတော်အခါသမယနေ့ ဟုလည်း ခေါ်လေ့ရှိကြသည်။

ကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ဝိသာခါနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်းဖြစ်သည်။ ကု၊ က၏ အနက်အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။

 “ကဆုန်နယုန်ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏ အပူချိန်သည် လွန်စွာပင်ပူပြင်းလှပါသည်။ မေလအတွင်း တချို့သောဒေသများ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိပင် ရှိနေပြီဖြစ်သည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင် သောက်သုံးရေရှားပါးသော်လည်းအလှူဒါနရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ် ရေလောင်းလှူကြပါသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထတစ်ခုပင် ဖြစ်သည်။

မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းလှသည့်နွေရာသီတွင် ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်တော်ခံယူပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ဖြည့်ကျင့်ခဲ့ရသည်။ ထိုကာလများတွင် မြတ်စွာဘုရားအလောင်း တော်သည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာကို စွန့်လွှတ်ခဲ့ရသည်။ အထူးသဖြင့် သာမန်ပုထုဇဉ်လူသားတို့ ပြုနိုင်ခဲသော ခန္တီပါရမီကို ဖြည့်ကျင့်နိုင်မှုပင်ဖြစ်သည်။ အလှူ အတန်းနှင့်ပတ်သက်၍ ဇနီး၊ သား၊ သမီးများ အပါ အဝင် မိမိအသက်ကိုပင် ဘဝပေါင်းများစွာ၌ စွန့်လွှတ် လှူဒါန်းနိုင်ခဲ့ပေသည်။

“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ (သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်း တရားလေးပါးနှင့် ပြည့်စုံတော်မူသော နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။

ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့ တွင် ‘ဝိသာခါ’ Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ဖြစ်ရာ ယင်းအသံထွက်ကိုလိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက် နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

မြတ်စွာဘုရား၏ မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန် တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရား လောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန် အကြိမ်ကြိမ်တားဆီးခဲ့ပါသည်။ သို့ရာတွင် မိဖုရားကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေးမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီး ထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလပ်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူ ခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန် အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင် တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ် တောက်ပူပြင်းလှသည့် ကဆုန်နေရောင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကို ကယ်တင်နိုင်ရန်အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့ သည်။ ထိုသို့ ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ်က ဆုန်လပြည့်နေ့ (အင်္ဂါနေ့) တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရား နှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။

ဆိုရလျှင် နှစ်စဉ်ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာနလူမျိုးများအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သောသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါး တရားထူးတရားမြတ်ကို ထိုးထွင်း သိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။

အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်း ပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအား ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အမွှေးနံ့သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်း ဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် ကဆုန်ညောင်ရေ သွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားလျက်ရှိသည်။ ထိုမြင်ကွင်းများကို တွေ့ရ မြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာ ပီတိဖြစ်ရပါသည်။

ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများသည် လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပွားများ လှူဒါန်းနိုင်ကြပါသည်။

မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမျိုးဖြင့်သာ ညောင်ရေသွန်းပွဲတော်သို့ သွားရောက် လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့ လာရောက်ကုသိုလ်ပြု ကြသည့် အလှူရှင်များနှင့် ပြည့်နှက်နေလျက်ရှိသည်။ ထိုသို့လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင်တဘက် ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေပါသည်။

ဆိုရလျှင် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်မှုများရှိနေသောကြောင့် ဗုဒ္ဓနေ့ဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မြန်မာ လူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာကို ရည်မှန်းလျက် ဖွားဖက်တော် မဟာဗောဓိညောင်ပင်ကို အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်းလောင်းလေ့ရှိသည်။ ထိုဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများရှိ ဗောဓိ ညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင်လည်း ဥပုသ် သီတင်းသီလဆောက်တည်သူများ၊ တရားအားထုတ် သူများနှင့် ပြည့်နှက်လျက်ရှိသည်။

ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ်အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါ စို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။

Source: MOI

မောင်သောင်းဝင်း (တမန်ဟောင်း)

ယနေ့ကမ္ဘာ့အခြေအနေကို ပြန်တွေးဆကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက် လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဧကဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေနဲ့ အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင် ပါသေးတယ်။ ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့အခင်း အကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားတာမျိုး ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုး ဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့ ဦးတည်လျှောက်လှမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။

ဗဟုဝင်ရိုးကမ္ဘာကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာ

ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်းမတူပါဘူး။ ဧကဝင်ရိုးကနေရရှိလာတဲ့အကျိုးကျေးဇူးက တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာ ဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများက ဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်းနိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာတွေ့ရပါတယ်။

ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့

နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်မှသာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက် နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့် အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ယူထားရတဲ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကို လေးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ကာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြားအကျိုးရှိစေမယ့် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက မြန်မာနိုင်ငံအတွက် အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်

ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်း အနားတွေကို တက်ရောက်ဖို့အတွက်သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လာဖို့ကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ကိုယ်တိုင်က ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ ဖိတ်ကြားလိုက်တာပါ။ ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးကိုယ်တိုင်ကလည်း နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။

အခွင့်အလမ်းတွေ ပေါ်ထွန်းလာ

နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မေလ ၈ ရက်နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက် တီနာမတ်ဗီယန်ကိုနဲ့ တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကို ကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမကကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးမြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ နောက်ထပ်ထူးခြားမှုတစ်ခု ရှိပါသေးတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာပါဝင် တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက မြန်မာ့တပ်မတော်ကို ကမ္ဘာ့အသိုင်း အဝိုင်းမှာ ပိုမိုထင်ရှားလာစေပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ ပုံစံအတိုင်းပဲ အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက်အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ တာတွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက်နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်း ဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို ခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကိုလည်း ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက် ညနေပိုင်းမှာတော့ ကာဇက်စတန်နိုင်ငံသမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ပြီး ရုရှားသမ္မတနဲ့တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့တာလည်းတွေ့ရပါတယ်။ မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားသို့တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုပါတယ်။ ပြီးနောက် ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင် ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။

တကယ်တော့ မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက် အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသောနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်ရေးအမြင်ချင်းဖလှယ်ဆွေးနွေး

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ် မှာ စိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျ စကားတစ်ခု ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲကိုလည်း နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ ကမ္ဘာသိအသိပေးခြင်း ဖြစ်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဖွံ့ဖြိုးတိုးတက် မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။

မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံ

နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင် လည်းမမှားပါဘူး။

မေလ ၁၀ ရက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုအောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက်များလှစွာသော အကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီး ရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့်အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊ မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများ ပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။ ဒါကြောင့်လည်း ဧကဝင်ရိုးကမ္ဘာကြီးကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့ နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင် အထည်ဖော်လာနေပြီဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင်အထည်ဖော်နေကြသူများမှာ တူညီသော အကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

Source: MOI

ထက်မြတ်

လက်ရှိမှာ ရာသီဥတုပူပြင်းတာကြောင့် အိမ်အပြင်မှာရော အိမ်အတွင်းမှာပါ အပူဒဏ်ကိုရင်ဆိုင်ရနိုင်ပါတယ်။   အပူဒဏ်ကြောင့်ဖြစ်နိုင်တဲ့  ကျန်းမာရေးဆိုးကျိုးတွေကတော့ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)၊ အပူကြောင့်နုံးခွေခြင်း (Heat Exhaustion)နဲ့ အပူကြောင့် လေဖြတ်ခြင်း  (Heat  Stroke)  ဆိုပြီး  သုံးမျိုးရှိပါ တယ်။

အပူကြောင့်ကြွက်တက်ခြင်းဆိုတာ အပျော့စားပုံစံဖြစ်ပါတယ်။ အဓိက နေပြင်းတဲ့အချိန် ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ် ပြီးနောက် အားအင်ကုန်ခန်းခြင်း၊ အလွန် အမင်းချွေးထွက်ခြင်း၊ ကြွက်သားတွေနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ဖြစ်ပါတယ်။

အပူကြောင့် နုံးခွေခြင်းက ကြွက်တက်ခြင်းထက် ပိုမိုပြင်းထန်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေနဲ့ဆားဓာတ်ဆုံးရှုံးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အလွန်ပူပြင်းတဲ့  အပူ ရှိန်အောက်မှာ လုံလောက်တဲ့အရည်နဲ့ ဓာတ်ဆား  ဖြည့်စွက်သောက်သုံးခြင်းမရှိ ဘဲ ချွေးအလွန်အကျွံထွက်တဲ့အခြေအနေမျိုးတွေမှာဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က  သူ့အလိုလိုအေးမြအောင် မစွမ်းဆောင် နိုင်တော့တဲ့အထိ ဆိုးရွားလာပြီး အချိန်မီ မကုသရင်  အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း အထိ  ဖြစ်နိုင်ပါတယ်။  ရောဂါလက္ခဏာ အနေနဲ့  ပျို့ခြင်း  ဒါမှမဟုတ်  ဂနာမငြိမ် ဖြစ်ခြင်း၊     ခေါင်းမူးခေါင်းနောက်ခြင်း၊ ကြွက်တက်ခြင်း၊  အားပျော့ခြင်း၊ ပူအိုက်ခြင်း၊ နုံးချည့်ခြင်း၊ ရေဆာခြင်း၊  အလွန် အကျွံချွေးထွက်ခြင်းနဲ့  ခန္ဓာကိုယ်အပူချိန် တက်ခြင်းတို့ ခံစားရနိုင်ပါတယ်။အပူကြောင့် လေဖြတ်ခြင်းက  အပူချိန် ပြင်းထန်လို့ဖြစ်ပါတယ်။ အပူကြောင့် ဖြစ်တတ်တဲ့အဆင့်သုံးဆင့်မှာ လေဖြတ်ခြင်းက အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့အပူထိန်းစနစ်ပျက်စီး သွားတဲ့နောက်  ခန္ဓာကိုယ်က ချွေးလုံးဝ မထွက်တော့ဘဲ ကိုယ်ပူကြီးပြီး သတိလစ် သွားတတ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ သာမန်အပူကြောင့် နေမကောင်းဖြစ်တာ၊ ဖျားနာတာတွေမှာ အသက်အန္တရာယ်မရှိ နိုင်ပေမယ့် အပူလျှပ်လေဖြတ်တဲ့အဆင့်မှာ ပြန်ကောင်းနိုင်ခြေနည်းသွားပြီး အသက်သေဆုံးနိုင်တဲ့အတွက်    သတိပြုသင့်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အပူ၊ အအေးလွန်ကဲမှုက လူသားတို့စိတ်ကျန်းမာရေးမှာ စိတ်တိုခြင်း၊စိတ်ဖိစီးခြင်းအပြုအမူပိုင်း ဆိုင်ရာပြဿနာတွေ၊    အာရုံစူးစိုက်မှု သောကနဲ့ စိတ်ကျရောဂါတွေဖြစ်စေနိုင်လို့ ဆင်ခြင်နေထိုင်သင့်ပါတယ်။အပူဒဏ်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ပါတယ်။

ပူပြင်းတဲ့ရက်တွေမှာ အရည်များများ သောက်သင့်ပါတယ်။ သစ်သီးဖျော်ရည်တို့၊  ဓာတ်ဆားရည်တို့  သောက်သုံးနိုင် တယ်။သွေးတိုးရောဂါ၊  သွေးချိုဆီးချို ရောဂါရှိသူတွေကတော့ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးနဲ့  ဆီးချိုထိန်းနိုင် ဖို့လိုပါတယ်။

လက်ဖက်ရည်၊ ကော်ဖီနဲ့ကိုကာကိုလာလို    ကဖိန်းဓာတ်ပါတဲ့အရည်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အရက်၊ ဘီယာ တွေရှောင်ကြဉ်သင့်ပါတယ်။ အရက်နဲ့ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို အချိန်တိုအတွင်း ညစ်နွမ်းစေလို့ ရှောင်ကြဉ်သင့်ပါတယ်။

ပွပွချောင်ချောင်၊ အရောင်ဖျော့ဖျော့ ချည်ထည်အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်မယ်ဆိုရင်  အေးတဲ့အချိန်  ညနေပိုင်း ဒါမှမဟုတ် နံနက်စောစောအချိန်မှသာ ပြုလုပ်သင့်ပါတယ်။ အေးမြတဲ့နေရာမှာ အနားယူသင့်ပါတယ်။

အပြင်ထွက်ရင်  နေရောင်ကာပစ္စည်းတွေဖြစ်တဲ့ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာခရင်မ်၊  သနပ်ခါးအသုံးပြု သင့်ပါတယ်။

အပြင်သွားနေချိန်မှာ အပူချိန်ပြင်းတဲ့ နေရာတွေသွားရင်သတိပြုသင့်ပါတယ်။ နေပူထဲကနေအဲကွန်းရှိတဲ့နေရာကိုသွားမယ်ဆိုရင်နေရာတစ်ခုမှာ ခဏနေပြီးမှ သွားလာသင့်ပါတယ်။ အပူကနေ အအေး  ဒါမှမဟုတ် အအေး ကနေ အပူကို ညင်သာစွာ ကူးပြောင်းသင့်ပါတယ်။

အပြင်သွားလာရင် ရေခဲရေ၊ ရေခဲပါတဲ့ ဖျော်ရည်၊ အစားအစာတွေစားသောက်တာမျိုး သတိထားရပါမယ်။

ကားပါကင်အတွင်း  နေပူအောက်ကားထဲမှာ အချိန်အကြာကြီး စောင့်ဆိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး။

နေမကောင်းဖြစ်နေရင် ပုံမှန်အချိန်ထက်ပိုပြီး ဂရုစိုက်သင့်ပါတယ်။ နေ့စဉ် သောက်ရေသန့် ၂-၃ လီတာသောက် သင့်ပါတယ်။

အိမ်ကိုအေးမြအောင်သင့်ပါတယ်။ အခန်းအပူချိန်ကို  နံနက် ၈- ၁၀ နာရီအတွင်း မွန်းလွဲ ၁ နာရီနဲ့ ည ၁၀ နာရီ နောက်ပိုင်းစစ်ဆေးသင့်ပါတယ်။ အခန်း အပူချိန်က နေ့အချိန် ၃၂ ဒီဂရီစင်တီဂရိတ် အောက်၊ ညမှာ  ၂၄  ဒီဂရီစင်တီဂရိတ် အောက်ထားနိုင်ရင်    အကောင်းဆုံးဖြစ်ပါတယ်။   အဲဒီအပူချိန်က   မွေးကင်းစ ကလေးငယ်တွေ၊ အသက် ၆၀ အထက် လူကြီးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ အတွက် အထူးအရေးကြီးပါတယ်။ညအချိန်  သဘာဝလေက အိမ်တွင်း အပူချိန်လျော့နည်းစေဖို့ အသုံးဝင်ပါတယ်။ ညပိုင်းနဲ့နံနက်ပိုင်းအချိန်တွေမှာပြင်ပလေအေးရရှိအောင်ပြတင်းပေါက်နဲ့ လိုက်ကာတွေ ဖွင့်ထားသင့်ပါတယ်။တိုက်ခန်း ဒါမှမဟုတ် အိမ်အတွင်းရှိ အပူပမာဏလျှော့ချသင့်ပါတယ်။နေ့အချိန်နေပူရှိန်တိုက်ရိုက်ကျရောက်တဲ့ အိမ်ဖြစ်ရင်  ပြတင်းပေါက်နဲ့  လိုက်ကာတွေ   ပိတ်ထားသင့်ပါတယ်။မီးသီး၊ မီးချောင်းနဲ့လျှပ်စစ်ပစ္စည်းတွေပိတ်ထားသင့်ပါတယ်။

နေအိမ်မှာ အဲကွန်းတပ်ဆင်ထားပါက တံခါးနဲ့ပြတင်းပေါက်တွေ ပိတ်ထားခြင်း၊ မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေ ပိတ်ထား ခြင်းဖြင့် ရပ်ရွာအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ခြင်းကို လျှော့ချထိန်းသိမ်း သင့်ပါတယ်။ လျှပ်စစ်ပန်ကာတွေက အပူချိန်လျော့ကျစေပေမယ့် ၃၅ ဒီဂရီစင်တီ ဂရိတ်အထက်ဖြစ်ရင်  အပူဒဏ်ကြောင့် ဖြစ်တဲ့ နာမကျန်းမှုကို မကာကွယ်နိုင်ပါဘူး။ အိမ်ကို အေးမြအောင်ထားဖို့မဖြစ်နိုင်ရင် အေးမြတဲ့နေရာမှာ သုံးနာရီလောက် သွားရောက်နေထိုင်သင့်ပါတယ်။ ဥပမာ- အရိပ်၊ အေးမြပြီး  လေဝင်လေထွက် ကောင်းတဲ့နေရာတွေ၊ အဲကွန်းရှိတဲ့ အများပြည်သူအဆောက်အအုံတွေမှာ  နေသင့်ပါတယ်။   နေ့ခင်းဘက်   အပူရှောင်သင့်ပါတယ်။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု ရှောင်သင့်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့  ကလေးငယ်တွေ  ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပေးသင့်ပါတယ်။ ရေအေးနဲ့ရေချိုးသင့်ပါတယ်။အေးမြတဲ့အခန်းမှာ အလုပ်လုပ်ကိုင်ခြင်း ဒါမှမဟုတ်အလှည့်ကျလုပ်စေခြင်းပြုလုပ်သင့်ပါတယ်။     ။

Source: https://myawady.net.mm/stories

 

ဒေါက်တာလွင်သန့်

အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day)အား သူနာပြုများ၏ ရှေ့ဆောင်လမ်းပြ (Nursing Pioneer) အဖြစ် ထင်ရှား၍ ခေတ်သစ်သူနာပြုစုခြင်းပညာရပ်ကို စတင်တည်ထောင်သူ ဖလောရင့်နိုက်တင်ဂေး၏မွေးနေ့ မေလ ၁၂ ရက်ရောက်တိုင်း ကျင်းပခဲ့ကြသည်။ ၁၈၅၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ခရိုင်မီယန်စစ်ပွဲတွင် စစ်သည်များသည် ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ပြုစုမည့်သူမရှိဖြစ်ကြသည်။

လူကုံထံအသိုင်းအဝိုင်းက မွေးဖွားလာသော ဖလောရင့်နိုက်တင်ဂေးသည် သူမကိုယ်တိုင်ဦးဆောင်ပြီး ဒဏ်ရာရစစ်သည်များကို လိုက်လံရှာဖွေပြုစုကုသပေးခဲ့သည်။ နေ့မအားညမအား မှောင်မိုက်နေသည့်စစ်မြေပြင်တွင် မီးအိမ်လေးဆွဲကိုင်ပြီး လိုက်လံရှာဖွေပြုစုကုသပေးခဲ့သဖြင့် ဒဏ်ရာရစစ်သည်များက မီးအိမ်ရှင်မ “The Lady will the Lamp” အဖြစ် စတင်ပေးခဲ့သောနာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီကို  ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သူနာပြု ၂၈ သန်းကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းသည် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိုးတက်မှုရှိစေရန်ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ   သူနာပြုများနေ့၏ Theme ဆောင်ပုဒ်မှာ- "Our Nurses.  Our Future.Caring For Nurses Strengthens Economy."“အနာဂတ်ကမ္ဘာဖွံ့ဖြိုးဖို့၊  သူနာပြုစွမ်းရည် မြှင့်တင်စို့ ”ဖြစ်သည်။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ (Myanmar Military Medical Corps) သည် တပ်မတော်သားများနှင့်မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရုံသာမက ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့မအားညမအား ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်တွင် မမျှော်လင့်ဘဲကြုံလာတတ်သော သဘာဝဘေးအန္တရာယ်များ၊ မသမာသူတို့ဖန်တီးသော ဘေးအန္တရာယ်များကြုံတွေ့လာတိုင်း ရှေ့ဆုံးမှထွက်၍ မိမိတို့တတ်စွမ်းသောဆေးပညာဖြင့်  စွမ်းစွမ်းတမံကူညီစောင့်ရှောက်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်သဘာဝဘေးတွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ အချိန်ပိုင်းအတွင်း ကူညီ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ပြည်သူလူထုအား ရင်ဝယ်သားကဲ့သို့ ပြုစုစောင့်ရှောက်လျက်ရှိ သည်ကို   အထင်အရှားတွေ့မြင်နိုင်ပေသည်။

ကမ္ဘာ့သူနာပြုလောက၏ အဆင့်အမြင့်ဆုံးဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ်ကို  ၁၉၆၃ ခုနှစ်တွင် သူနာပြုအရာရှိ ဗိုလ်မှူးဒေါ်ခင်အုန်းမြသည် ထိုက်တန်စွာချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ထိခိုက်ဒဏ်ရာရသူများကို သက်စွန့်ဆံဖျား ပြုစုကုသအမှုထမ်းခဲ့၍ (၁၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီညီလာခံတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သူနာပြုများသည် ဆေးရုံဆေးတပ်ရင်းများတွင်သာမကရှေ့တန်းစစ်မြေပြင်အထိ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် တစ်သားတည်းအတူ ရဲဘော်စိတ်ဖြင့် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိသည်ကို တပ်မတော်သမိုင်းတစ်လျှောက်တွင် ထင်ရှားတွေ့မြင်နိုင်ပေသည်။

တပ်မတော်သူနာပြုများအနေဖြင့် နိုင်ငံတကာစံနှုန်းများအတိုင်း စနစ်တကျပြုစုကုသမှုပေးသောစနစ်၊  သူနာပြုအရည်အသွေး  တိုးမြင့်စေသော လမ်းညွှန်ချက်(Guideline)များအတိုင်း ပြုစုကုသမှုပေးနိုင်ရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏လမ်းညွှန်ချက် (Continuing Professional  Development (CPD) Guideline For Nursing and Midwifery Professional)  အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အထက်ပါ CPD Guideline များနှင့်အညီ တပ်မတော်ဆေးရုံများတွင်လည်း စဉ်ဆက်မပြတ် သူနာပြုစုမှုပညာသင်ကြားခြင်း (Continuing Nursing Education) များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဝေးလံခေါင်ဖျားဒေသရှေ့တန်းစစ်မြေပြင်ရှိ သူနာပြုများသည်လည်း Continuing Nursing Education ကို မိမိကြုံတွေ့ နေရသော  သူနာပြုစုမှုအတွေ့အကြုံပေါ် အခြေခံ၍ Narrative Notes (ဇာတ်ကြောင်းပြန်မှတ်စု) ပုံစံရေးသားခြင်းဖြင့် သင်ကြားနိုင်သည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာပညာရပ်များနှင့် ဆေးဘက်ဆိုင်ရာနည်းပညာများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၃ ခုနှစ် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းမိန့်ခွန်းတွင် “သူနာပြုကောင်းတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များသည် လူနာအတွက် ဝေဒနာတစ်ဝက်သက်သာစေခြင်းဖြစ်၍ မိတ်ဆွေကဲ့သို့ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊  ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့်  သူနာပြုတစ်ယောက် ကျင့်ကြံနေထိုင်ရမည့် အချက်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်လည်း လိုအပ်ကြောင်း”  မိန့်ခွန်းပြောကြားခဲ့သည်။ “ကျွမ်းကျင်ကူညီ ဆေးစစ်သည်”များအဖြစ် လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး   သင်တန်းဆင်းဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း ကျရာဒေသ၊ နေရာအသီးသီးတွင် သူနာပြုစိတ်ဓာတ်အပြည့်ဖြင့် စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကိုလေးစားလိုက်နာလျက်   သူနာပြုစုကုသမှုတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။

သူနာပြုများခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာ ကိုးချက်သည် လေးနက်ကျယ်ပြန့်သည်။  အဆိုပါအချက်များထဲမှ တစ်ချက်ဖြစ်သည့် “အကျွန်ုပ်သည် ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေးလုပ်ငန်း၊ သူနာပြုစုရေးလုပ်ငန်း၊ ရောဂါကုသရေးလုပ်ငန်း၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်း၊ ဆေးပေးခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် လူသားတို့၏ ကျန်းမာရေး သို့မဟုတ် အသက်အန္တရာယ်ကို ထိခိုက်စေမည့် မည်သည့်အပြုအမူကိုမဆို တားဆီးကာကွယ်ပါအံ့” ဟူသော အချက်နှင့်အညီ မိမိတာဝန်ကျရာနေရာတိုင်း၌ သူနာပြုများသည် ပေးအပ်သောတာဝန်များကိုအခြေခံကျသော၊ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိပေသည်။

“အကျွန်ုပ်သည် လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကဲ့သို့ယူဆပါအံ့” ဟူသောအချက်နှင့်အညီ တပ်မတော်သူနာပြုများသည် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ အကြင်နာ၊ အနစ်နာဟူသော နာငါးနာနှင့်အညီ တပ်မတော်သားများကိုသာမက  မိသားစုဝင်များ  ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများ၊  ဝေးလံခေါင်ဖျားဒေသမှ တိုင်းရင်းသားပြည်သူများကိုလည်း စိတ်ဓာတ်ကောင်းသော တပ်မတော်သူနာပြုများပီပီပြုစုကုသမှုပေးလျက်ရှိသည်။

“အကျွန်ုပ်သည် လူနာ၏ ဝေဒနာသက်သာမှုနှင့် ကျန်းမာရေးတိုးတက်မြင့်မားလာစေရန်အခြားကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့” ဟူသော အချက်နှင့်အညီ သူနာပြုများသည် ဆရာဝန်များ၊ သန့်ရှင်းရေးဝန်ထမ်းများပါမကျန် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  လက်ရုံးရည်နှလုံးရည်ပြည့်ဝသည့် သူနာပြုများအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်။

“အကျွန်ုပ်သည် လူနာ၏ဂုဏ်သိက္ခာနှင့် ယုံကြည်ကိုးကွယ်မှုများကို အစဉ်လေးစားပါအံ့” ဟူသောအချက်နှင့်အညီ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်အလတ်၊ အမြတ်မရွေး၊ လူမျိုး ဘာသာမရွေး သူနာပြုကောင်းတစ်ယောက်၏ ကျင့်ဝတ်များနှင့်အညီ ပြုစုကုသမှုပေးလျက်ရှိသည်။

နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနှင့် စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါ်ပေါက်ခဲ့သည့် တပ်မတော်၏ ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သော နှစ်(၈၀)ပြည့် တပ်မတော်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်    ပြောကြားသောမိန့်ခွန်းတွင်“ဒို့တပ်မတော်သားတွေဟာ အများသူငါလုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့သူတွေဖြစ်တာကြောင့်  စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အထူးလိုအပ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အနိုင်မခံ၊ အရှုံးမပေးချင်တဲ့စိတ်ဆန္ဒကနေ ဖြစ်တည်လာတာကြောင့် ရဲဘော်တို့အနေနဲ့ “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊  လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့်စိတ်ဓာတ်” စတဲ့ တပ်မတော်ရဲ့ စိတ်ဓာတ်တွေကို လေ့ကျင့်မွေးမြူထားကြရမှာဖြစ်တယ်။ ဒို့တပ်မတော် ဒီနေ့အချိန်ထိ မယိမ်းမယိုင်ရပ်တည်နိုင်ခြင်းဟာ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကြောင့် ဖြစ်တယ်” “ရဲဘော်တို့... ရယူခြင်း၊ ခံစားခြင်းဆိုတာ သက်ရှိသတ္တဝါတိုင်းပြုမူကြတာဖြစ်ပေမယ့် စွန့်လွှတ်ခြင်းဆိုတာကတော့ မြင့်မြတ်တဲ့ လူသားတချို့သာ ပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။  မိမိတိုင်းပြည်အတွက်၊ မိမိပြည်သူအတွက်၊ မိမိနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအတွက် မိမိအသက်ခန္ဓာကို  ပေးလှူစွန့်စားခြင်းဆိုတာကတော့   အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမူနိုင်ကြတဲ့အမူအကျင့်ပဲဖြစ်တယ်” ဟုမိန့်ခွန်းပြောကြားခဲ့သည်။       

သို့ဆိုလျှင်  ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးပေါ်တွင် အခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကိုသာ  အစဉ်ရှေးရှုဖော်ဆောင်ရန်ရည်ရွယ်သည့် ထာဝရတည်မြဲသော နိုင်ငံရေး “အမျိုးသားနိုင်ငံရေး” တာဝန်ကို ဦးလည်မသုန်ထမ်းရွက်လျက်ရှိသော တပ်မတော်က မွေးဖွားသန့်စင်လိုက်သော တပ်မတော်သူနာပြုများသည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် မရှိမဖြစ်လိုအပ်သောလက်ရုံးရည်နှလုံးရည်ပြည့်ဝသောသူနာပြုကောင်းများဖြစ်ရန်အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့တွင် ဂုဏ်ပြု ရေးသားလိုက် ရပါသည်။    ။

Source: https://myawady.net.mm/stories

 

မိခိုင်ဇင်ခင်လေး

ပိတ်ရက် တနင်္ဂနွေနေ့မှာ  စိုးသူတို့သူငယ်ချင်းတစ်သိုက် ဂွကန်ဘုန်းကြီးကျောင်းသို့သွားကြသည်။ သူတို့တတ်နိုင်သမျှ ကျောင်းဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ပြီး ချုံနွယ်များကို ရှင်းလင်းပေးကြသည်။ ထိုပွဲသို့ လေးလေးဦးချစ်တိုးလည်းလိုက်လာကာ စိုးသူတို့ကို ဝိုင်းကူပေးသည်။ ကျောင်းထိုင်ဆရာတော်က ခြံဝင်းအတွင်း ရှင်းလင်းလိုသည်များကို ပြောပြလေသည်။

“မောင်အေးပါလား၊ ဆွမ်းချိုင့်လာပို့တာလား”

“တင်ပါ့”

ကျောင်းထိုင်ဆရာတော်က    ဦးချလာသောမောင်အေးကို လှမ်းမေးလိုက်သည်။

“မင်းအမေရော  နေကောင်းလား”

“တင်ပါ့၊ ကောင်းပါတယ်ဘုရား”

“အေး...အေး၊ ဆွမ်းချိုင့်ကို ကျောင်းထဲသွားပို့လိုက်”

မောင်အေးက ဆရာတော်ကို ဦးချပြီးနောက်ဆွမ်းချိုင့်ကိုဆွဲကာ ကျောင်းထဲသို့ ဝင်သွားလေသည်။

“အဲဒါ စိုးလေးတို့နောက်ဘက်ခြံက မဟုတ်လား”“ဟုတ်တယ် လေးလေး၊ သူ့အမေက မျက်စိကွယ်နေတယ်”

“ဟုတ်လား၊ လေးလေး ထင်တော့ထင်သားကွ၊ဒီလူက လိမ္မာသားပဲ၊ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်တယ်”“လေးလေးကလည်း၊ နေ့တိုင်းမြင်နေရတာ အဆန်းလုပ်လို့”စိုးသူက လေးလေးစကားကို ပြန်ချေပလိုက်မိသည်။ လေးလေးက“နေ့တိုင်းမြင်နေရတော့လည်း အဆန်းမဟုတ်ဘူးပေါ့ စိုးသူလေးရာ၊ သေချာကြည့်ရင်တော့ ဆန်းတာပေါ့၊ မိခင်ရဲ့ကျေးဇူးဟာ ဘယ်လောက်အထိကြီးမားတယ်ဆိုတာ စိုးလေးတို့ကျောင်းမှာ မသင်ရဘူးလား”“ဆရာပြောပြပါတယ်လေးလေး”လေးလေးက ခုတ်ထွင်ပြီးသော ချုံနွယ်များကိုစုပုံနေရင်း“မိခင်ဆိုတာ သားသန္ဓေလွယ်ကတည်းက ရင်ထဲက သန္ဓေသားကို ကျန်းမာသူလေးဖြစ်ပါစေ၊ချမ်းသာသူလေးဖြစ်ပါစေ၊ ကိုယ်လက်အင်္ဂါပြည့်စုံပါစေလို့ ရင်ထဲက ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့ သူ့သန္ဓေသားလေးကို စချစ်ခဲ့တာ”စိုးသူက လေးလေးစုပုံပေးသော အမှိုက်များကိုသိမ်းကျုံးကာ ကျောင်းထောင့်ကို နှစ်ယောက်သားသွားပုံလိုက်သည်။

“ဒီကနေ့ တိုးတက်နေတဲ့ ခေတ်မို့သာပေါ့၊ ဟိုးရှေးတုန်းကဆိုရင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ဘဝဟာ သိပ်ပင်ပန်းကြရတာ၊ ဒါကြောင့် မိခင်ရဲ့ကျေးဇူးဟာ သိပ်ကြီးမားတယ်၊ ဆပ်လို့မကုန်နိုင်ဘူးလို့ ဘိုးဘေးတွေက မိန့်မှာခဲ့ကြတာပေါ့”“ဒီကနေ့အချိန်မှာ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့အမေများနေ့လို့ တချို့ကရက်သတ်မှတ်ပြီး အမေတွေကို ဂုဏ်ပြုဦးညွှတ်ဝပ်တွားကန်တော့ကြတယ်၊ဘုရားရှင်ကလည်း မိခင်ရဲ့ဂုဏ်ပုဒ်ကို ချီးကျူးထုတ်ဖော်ဟောပြဖူးတယ်။ အမေတိုင်းဟာ သူတို့ရဲ့သွေးနို့ရည်ကို တိုက်ပြီး လေးလေးတို့ စိုးလေးတို့ကို ကြီးထွားအောင်၊ လောကကြီးအလယ်မှာ မတ်တတ်ရပ်နိုင်အောင်၊ လောကကြီးကိုရှုမြင်နိုင်အောင်  သွန်သင်ဆုံးမခဲ့ကြတာ။ ကဲ စိုးလေးရော အမေ့ကိုချစ်လား၊အမေ့ကျေးဇူးကို  သိရဲ့လား”လေးလေးဦးချစ်တိုး၏    အမေးကို   စိုးသူကခေါင်းညိတ်၍  အဖြေပြန်ပေးလိုက်မိသည်။

မိခင်ဖခင်၏ ကျေးဇူးကိုသိ၍ မိခင်ဖခင်တို့အားကျွေးမွေးစောင့်ရှောက်တတ်သော သားသမီးတို့သည် ယခုဘဝနောက်ဘဝ နှစ်ဌာနလုံး၌ နတ်တို့၏ ချီးကျူးပူဇော်မှုကို ခံယူရရှိကြသည်။ လေးလေးစကားသည်စိုးသူနှလုံးသားထဲ၌ သံမှိုစွဲသလို စွဲထင်သွားသည့်နည်းတူ  မိခင်ဖခင်ကို  လုပ်ကျွေးပြုစုနိုင်သောသားရတနာဖြစ်အောင်ကြိုးစားသွားမည်ဟုလည်း ဆုံးဖြတ်လိုက်မိပါတော့သည်။

Source: https://myawady.net.mm/stories

 

ကိုဇော်ဌေး(ယဉ်ကျေးမှု)

ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လူသားတိုင်း၏  ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊   ရောဂါ ဖြစ်ပွားမှုလျော့ကျစေရန်နှင့် လူတိုင်း သက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ရန် လုပ်ဆောင်ရသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းသည်ရောဂါကာကွယ်ခြင်းသာမကရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်တို့ကိုပါ ပျော်ရွှင်ကျန်းမာစေရန် အထောက်အကူပြုပါသည်။

ကျန်းမာရေးအဆင့်မြှင့်တင်ရန်အတွက် ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း၊ လူတိုင်းအာဟာရမျှတအောင်စားသောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊   ကျန်းမာသောလူမှုဘဝနှင့် ပတ်ဝန်းကျင်ကောင်းများဖန်တီး ပေးခြင်း၊သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးကို ဦးစားပေးလုပ်ဆောင်ခြင်း၊ မူဝါဒဆိုင်ရာပြုပြင်မှုများ ပြုလုပ်ခြင်း စသည့်အချက်များပါဝင်ပါသည်။

ကျန်းမာခြင်းဟုဆိုရာတွင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိမှသာ ပြည့်စုံသောကျန်းမာခြင်းဖြစ်ပေမည်။ ထို့ကြောင့်ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် စိတ်ကျန်းမာရေးကဏ္ဍကိုချန်လှပ်ထား၍မရနိုင်ပါ။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည်လူတစ်ဦး၏ နေထိုင်မှု၊  အလုပ်လုပ်နိုင်မှု၊   လူမှုပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်မှု  စသည့်ဘဝတန်ဖိုးများကို တိုက်ရိုက် သက်ရောက်စေပါသည်။

စိတ်ကျန်းမာရေးသည် အလုံးစုံကျန်းမာရေး၏ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စိတ်ကျန်းမာရေးသည် လူနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းနှင့်  စိတ်ခံစားချက်များကိုထိန်းညှိ ခြင်းများအတွက်လည်း အရေးကြီးလှပါသည်။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည်  ကျန်းမာသောစားသောက်မှုပုံစံ၊   စိတ်ဖိစီးမှုထိန်းချုပ်နိုင်မှုနှင့် ရေရှည်ကျန်းမာရေးကောင်းမွန်အောင်  လုပ်ဆောင်ရာတွင် အရေးကြီးပါသည်။

စိတ်ကျန်းမာရေးကောင်းမွန်သည်ဟုဆိုရာတွင်-

(၁) ကောင်းမွန်သောစိတ်ခံစားချက်ရှိခြင်း(Emotional well-being)-မိမိစိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊     သင့်တင့်လျောက်ပတ်သောစိတ်ခံစားချက်ကိုသာပြသခြင်း၊ စိတ်ဖိစီးမှုများကိုဖြေရှင်းနိုင်ခြင်း၊

(၂) ကောင်းမွန်သောစိတ်အခြေအနေရှိခြင်း (psy-chological well-being) - မိမိ၏ဖြစ်တည်မှုကို လက်ခံခြင်း၊ ဘဝရည်မှန်းချက်ထားရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၊ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊

(၃) ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းရှိခြင်း (Social well-being) - တခြားသူများနှင့် ဆက်ဆံရေးကောင်းခြင်း၊ လူမှုရေးလုပ်ငန်းများတွင်ပါဝင်နိုင်ခြင်း၊  အကူအညီပေးနိုင်သူများနှင့် ချိတ်ဆက်ထားခြင်းတို့ပါဝင်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော   လူနေမှုဘဝပုံစံ များက စိတ်ကျန်းမာရေးပြဿနာမဖြစ်အောင် ကာကွယ်နိုင်သကဲ့သို့ ဖြစ်ပြီးသားစိတ်ကျန်းမာရေးပြဿနာများကိုလည်း ပိုမဆိုးလာအောင် ကာကွယ်စေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာကုထုံးများ၊ ပတ်ဝန်းကျင်၏ကူညီစောင့်ရှောက်မှု၊လူနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝသောအစားအစာများကို   စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံခြင်းသည်   စိတ်ရောကိုယ်ပါကျန်းမာစေရုံသာမက ကျန်းမာသောလူနေမှုပုံစံကိုလည်းဖြစ်စေပါသည်။

နေ့စဉ်နေထိုင်မှုဘဝပုံစံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့က အပြန်အလှန်သက်ရောက်မှုရှိပါသည်။ စိတ်ကျန်းမာရေးအခြေအနေကလည်း အပြုအမူကို လွှမ်းမိုးနိုင်ပါသည်။ နေ့စဉ် နေထိုင်မှုဘဝပုံစံကြောင့်လည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံတို့ကို ထိန်းသိမ်းရာတွင်   စိတ်ကျန်းမာရေးသည် အခြေခံအုတ်မြစ်အဖြစ် အရေးပါလှပါသည်။ နေ့စဉ်လူနေထိုင်မှုဘဝပုံစံများကြောင့်  ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသောအပြုအမူများကို ပြုလုပ်မိနိုင်သည်။

ယင်းတို့မှာ-

(၁) စားသောက်မှုပုံစံများ

စိတ်ဖိစီးမှုများခြင်း၊    စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကလည်း   ကျန်းမာရေးနှင့် မကိုက်ညီသောအစားအသောက်များကို စားမိစေပါသည်။ အဝလွန်ခြင်းများကို ဖြစ်လာစေပါသည်။

(၂) အိပ်မပျော်ခြင်း/အိပ်စက်ရခက်ခဲခြင်း

စိတ်ကျန်းမာရေးမပြည့်စုံမှုကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ ခဏခဏနိုးခြင်း၊ အစောကြီးနိုးနေခြင်းစသည့် အိပ်စက်ခြင်းဆိုင်ရာအခက်အခဲများဖြစ်စေနိုင်ပါသည်။

(၃) မူးယစ်ဆေးဝါးသုံးစွဲမိခြင်း

စိတ်ကျန်းမာရေးအခက်အခဲများကြောင့် ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် ဆေးဝါးများသုံးစွဲမိတတ်ပါသည်။ ထိုမှတစ်ဆင့် အရက်နှင့်မူးယစ်ဆေးစွဲခြင်း၊   ခန္ဓာကိုယ်ရောဂါများဖြစ်ပွားလာခြင်းနှင့် စိတ်ကျန်းမာရေးရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်လာနိုင်ပါသည်။

(၄) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

စိတ်မကျန်းမာခြင်းကြောင့်   ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊  အားမရှိသကဲ့သို့  ခံစားရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု    နည်းပါးသွားတတ်ပါသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာ ရေးထိခိုက်လာစေပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံကသာလျှင်       ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်ကျန်းမာရေးကောင်းမွန်ခြင်း၊ ခွန်အားနှင့်ပြည့်စုံ၍ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်လာခြင်းနှင့် ရေရှည်ကောင်းကျိုးများခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာ    လေ့ကျင့်နည်းများဖြစ်သည့်ယောဂ၊ ထိုက်ချီ၊ သတိပဋ္ဌာန်တရားကဲ့သို့ စိတ်တည်ငြိမ်စေရန်လေ့ကျင့်ခြင်းများနှင့်      အသိ/သတိနှင့်နေထိုင်ခြင်း  (Mindfulness)တို့သည်    စိတ်ဖိစီးမှုများကို   လျော့ကျစေပြီး စိတ်ခွန်အားများရရှိစေပါသည်။ ယောဂကျင့်စဉ်များကြောင့်    ဦးနှောက်၏တည်ဆောက်ပုံနှင့်      လုပ်ငန်းဆောင်တာများကို ကောင်းစေသည့်အတွက် စိတ်ဖိစီးမှုများကိုလျော့ကျစေနိုင်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လာနိုင်ပါသည်။ Mindfulness Based Stress Reduction (MBSR)ကို လေ့ကျင့်ခြင်းသည် စိုးရိမ်ပူပန်သော စိတ်ရောဂါကိုကုသရာတွင်  ဆေးဝါးများကဲ့သို့ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။

အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာစေရေးအတွက် အရေးကြီးသောအချက်တစ်ခုဖြစ်ပါသည်။ လူအများစုတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊   အိပ်ချိန်မမှန်ခြင်းနှင့်  အိပ်ချိန်မပြည့်ဝခြင်းတို့ကြောင့်   ပင်ပန်းနွမ်းနယ်ခြင်း၊  စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊  ဆုံးဖြတ်ချက်များဝေဝါးလာခြင်းနှင့် စိတ်မတည်ငြိမ်ခြင်းတို့ဖြစ်စေနိုင်ပါသည်။  နေ့စဉ်လုပ်ငန်းဆောင်တာများ  အပြောင်းအလဲများခြင်း၊လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် Screen  Time  များခြင်းတို့ကလည်း  အိပ်စက်ခြင်းကို  ထိခိုက်စေပါသည်။ ကျန်းမာသောလူနေမှုပုံစံတွင် အိပ်ရေးဝဝအိပ်ရစေရန် အိပ်ချိန်မှန်မှန်ထားခြင်း၊နေ့စဉ်လုပ်ငန်းများကို  ပုံသေထားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။

လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည်    စိတ်ကျန်းမာရေးအတွက် အရေးပါလှပါသည်။ လူတို့သည်အဖွဲ့အစည်းဖြင့်   နေထိုင်ကြရသောသဘာဝတရားဖြစ်ပါသည်။   တစ်ဦးတစ်ယောက်တည်းနေ၍မရ၊ တစ်ဦးတည်းသီးခြားနေထိုင်ပါက  စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများတွေ့ကြုံလာနိုင်ပြီး အချိန်မတိုင်မီ သေဆုံးခြင်းများပင် ဖြစ်လာနိုင်ပါသည်။

စိတ်ကစဉ့်ကလျားနှင့် စိတ်ကြွ၊  စိတ်ကျရောဂါကဲ့သို့သော  ပြင်းထန်သည့်စိတ်ရောဂါများသည်ပင်လျှင် လူမှုပတ်ဝန်းကျင်ပံ့ပိုးမှုကောင်းပါက သက်သာနိုင်ပါသည်။  မိသားစုနှင့်  ပတ်ဝန်းကျင်တို့၏အကူအညီကိုရရှိပါက အခက်အခဲများကို  ရင်ဆိုင်ဖြေရှင်းနိုင်ပြီး    စိတ်ဓာတ်ကြံ့ခိုင်မှုများရရှိလာမည်ဖြစ်ပါသည်။   မိမိအား ပံ့ပိုးကူညီသူ၊ ချစ်ခင်သူများရှိနေသည့်အတွက် စိတ်လုံခြုံမှုများရရှိနိုင်ပါသည်။

အရာရာကို   အကောင်းမြင်သည့်စိတ်များဖြင့်  မိမိကိုယ်ကို  တန်ဖိုးထားတတ်လာပြီး  အခက်အခဲများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်နှင့်ခန္ဓာကျန်းမာရေးအတွက်များစွာအထောက်အပံ့ကောင်းဖြစ်စေပါသည်။

ကျန်းမာရေးထိခိုက်စေသော အပြုအမူများ(ဥပမာ- ဆေးလိပ်၊   အရက်သောက်ခြင်း၊  စည်းကမ်းမဲ့စွာမော်တော်ယာဉ်မောင်းနှင်ခြင်း၊ မသန့်ရှင်းသော အစားအစာများစားသုံးခြင်း)ကြောင့် ရောဂါဖြစ်ပွားစေနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အပြင် လူမှုဒုက္ခများပါ ခံစားရနိုင်ပါသည်။ ထိုအပြုအမူများကို ပြုလုပ်မိအောင် တွန်းအားပေးသောအကြောင်းအရာများလည်းရှိပေသည်။ ယင်းတို့မှာ   တစ်ယောက်တည်းနေခြင်း၊ စိတ်ခံစားချက်များလွန်းခြင်း၊ လူနေထိုင်မှုဘဝနိမ့်ကျခြင်း၊ ပညာမတတ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အသက်အရွယ်ကြီးခြင်းနှင့် နာတာရှည်ရောဂါခံစားနေရခြင်းတို့ပါဝင်ပါသည်။ ကျန်းမာရေးထိခိုက်စေသောအပြုအမူများကို  မပြုလုပ်မိအောင်  ကာကွယ်ပေးနိုင်သည်များမှာ မိမိကိုယ်ကိုယုံကြည်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ စိတ်ခံစားချက်များကိုထိန်းချုပ်နိုင်ခြင်း၊ မိမိ၏အပြုအမူများကို ထိန်းချုပ်နိုင်ခြင်း၊ လောကဓံကိုခံနိုင်ရည်ရှိခြင်း၊ စိတ်ခွန်အားရှိခြင်း၊ ပတ်ဝန်းကျင်၏အထောက်အပံ့ကို ရရှိခြင်းတို့ဖြစ်ပေသည်။ကျန်းမာသောလူနေမှုပုံစံရရှိရန်အတွက်နည်းလမ်းကောင်းများစွာရှိပါသည်။

(၁) မိမိတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအပြုအမူများ ရှိ/မရှိ ဆန်းစစ်ပါ (ဥပမာ-အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာများများစားခြင်း)၊

(၂) ကျန်းမာသောလူနေမှုပုံစံရရှိအောင်  မိမိတွင်ရှိသော အားနည်းချက်၊ အားသာချက်များကို ရှာဖွေပါ (ဥပမာ-မိတ်ဆွေကောင်းများရှိခြင်း၊ အိမ်နီးချင်းကောင်းများရှိခြင်း)၊

(၃) မိမိကိုယ်တိုင်ပြုပြင် လုပ်ဆောင်နိုင်မည့်နည်းလမ်းများရွေးချယ်ပါ (ဥပမာ -  အချိန်မှန်မှန်အိပ်ခြင်း၊ ဖုန်းနှင့် Screen Time များလျှော့ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း)၊

(၄) မိမိအတွက် အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ရှားပါ (ဥပမာ-သူငယ်ချင်းများနှင့် Club သွားခြင်း)၊

(၅) မိမိအား အကူအညီပေးနိုင်သူများနှင့်ပေါင်းသင်းပါ (ဥပမာ- ယောဂသင်တန်းများသွားခြင်း၊ အားကစားဆိုင်ရာအသင်းတစ်ခုခုတွင် ပါဝင်လုပ်ဆောင်ခြင်း)၊

(၆) လိုအပ်ပါက   ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ပါ   (ဥပမာ-ကိုယ်အလေးချိန်လျှော့ချရန် အာဟာရဆရာဝန်နှင့်တိုင်ပင်ခြင်း)၊

(၇) ကျန်းမာသောလူနေမှုပုံစံဖြစ်အောင်ပြုပြင်ပြောင်းလဲရာတွင်ဖြစ်နိုင်သော၊တိုင်းတာ၍ရသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ အချိန်အကန့်အသတ်ရှိသောရည်မှန်းချက်များချမှတ်ပြီးအောင်မြင်စေရန် ထိန်းသိမ်းဆောင်ရွက်ရပါမည်။(ဥပမာ-တစ်လအတွင်း ဆေးလိပ်လုံးဝပြတ်ရမည်။ တစ်လအတွင်း ကိုယ်အလေးချိန် ၅ ပေါင်ကျအောင်ကြိုးစားမည်)၊

(၈) ကျန်းမာသောလူနေထိုင်မှုပုံစံဖြစ်အောင် ကြိုးစားရာတွင်  သင့်လျော်သောနည်းပညာအကူအညီဖြင့်တယ်လီဖုန်းများ၊ Digital device များတွင် Applicationများကို  ထည့်သွင်းအသုံးပြုခြင်း    (ဥပမာ- နေ့စဉ်လျှောက်သောခြေလှမ်းများမှတ်ခြင်း၊  နှလုံးခုန်နှုန်းမှတ်တမ်းမှတ်ခြင်း၊     Screen  Time   အသုံးပြုမှုမှတ်ခြင်း)၊

အထက်ဖော်ပြပါ  ကျန်းမာရေးထိခိုက်စေသော အပြုအမူများကိုရှောင်ကြဉ်ခြင်းနှင့်  ကျန်းမာသောလူနေထိုင်မှုပုံစံရရှိရန်နည်းလမ်းများကိုလိုက်နာဆောင်ရွက်ခြင်းသည် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရုံသာမက စိတ်ကျန်းမာရေးကိုပါ များစွာအထောက်အကူဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ရတနာ(သုတေသီ)

ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွား၊ ပွင့်၊ ဟော၊ စံ   ဆိုသည့်နေ့ထူးနေ့မြတ်ကြီး များဖြစ်ပေါ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရှိသည့်နေ့တစ်နေ့ဖြစ်သည်။    ကဆုန်လပြည့်နေ့တွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ ဇီဝိတဒါနအဖြစ် ငါးသက်စေ့လွှတ်ခြင်း၊  ဥပုသ်သီတင်းဆောက်တည် ခြင်းစသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ အစဉ်အလာမပျက်ကျင့် သုံးလျက်ရှိကြသည်။

သို့သော် ကဆုန်လ၏ထူးခြားဆန်းပြားပုံများအကြောင်းကိုမူ သိသူနည်းသည်။ သို့ပါ၍ အောက်ပါအတိုင်း အကျယ်တဝင့်ရေးသားဖော်ပြလိုက်ရသည်။

ထူးခြားဆန်းပြား ကဆုန်လအကြောင်း သိကောင်းစရာမြန်မာအဘိဓာန်တွင်ဖော်ပြသော ဆယ့်နှစ်ရာသီ အရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားအရ ကဆုန်လ၏ရာသီမှာ ပြိဿရာသီ၊ ရာသီရုပ်မှာ “နွားလား” ၊ ရာသီပွဲမှာ “ညောင်ရေသွန်းပွဲ” ၊ ရာသီပန်းမှာ “စံကားပန်း” ၊ စန်းယှဉ်နက္ခတ်မှာ “ဝိသာခါနက္ခတ်”ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ပြင် ကဆုန်လနှင့် ကဆုန်လပြည့်နေ့ကို “လ၏ ပန္နရသီ ပုဏ္ဍာတိထီ” ပြည့်ညီသောကြောင့်လည်းကောင်း၊ ဂိမှာန်ဥတု နွေရာသီအချိန်အခါ အချက်အချာအလယ်ကာလ ဖြစ်သောကြောင့်လည်းကောင်း၊ ကောင်းကျိုး တရားကို ထူးခြားစွာပေးနိုင်သည့်   “ဝိသာခါနက္ခတ်” နှင့် “စန်း” ဟုခေါ်သော တနင်္လာဂြိုဟ် ငွေလမင်းတို့ယှဉ်တွဲလျက် ထွန်းပေါ်လာသည့်အခါဖြစ်သောကြောင့် လည်းကောင်း အထူးကဲဆုံး၊ အမြင့်မြတ်ဆုံးအချိန်ကာလဖြစ်သည်ဟူ၍    ရှေးပညာရှိများက ညွှန်းဆိုကြ သည်။

ထို့ကြောင့် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်သော ကဆုန်လသည် ဆယ့်နှစ်လရာသီအနက် ဗုဒ္ဓဘာသာ ဝင်တို့၏ မွန်မြတ်ထူးခြားလှသော လတစ်လဟုဆိုရပေမည်။ ထို့ပြင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ဟူသော ဝိသေသထူးရှိနေသည်။ ပုဂံကျောက်စာတွင် ကုဆုန် ဟူသောအရေးအပြင် ခူဆုန်၊ ခုဆုန် ဟူသော ကွဲလွဲချက်များကိုတွေ့ရသော်လည်း သဘောမှာအတူတူဖြစ်သည်။ “ကု” သည် “ရေ” ဟုအဓိပ္ပာယ်ရပြီး “ဆုန်” မှာ “သွန်းလောင်းခြင်း” အဓိပ္ပာယ်ရှိသည့်အတွက် အလွန်ပူပြင်းသည့် နွေရာသီ၏အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟုဆိုခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့တွင်ကျင်းပကြသည်။

ကဆုန်လသည် ရေများခန်းခြောက်ကာ ရေအရှားပါးဆုံး လတစ်လဖြစ်သောကြောင့် ရှေးလူတို့သည် ဘုရားအလောင်းတော်ဘုရားအဖြစ်သို့ရောက်တော်မူရာတွင် မဟာဗောဓိပင်မှကူးယူစိုက်ပျိုးခဲ့သောမဟာဗောဓိပင်ကြီးရေခန်းခြောက်မူကြောင့်သေဆုံးမသွားစေရန်ရေအပြတ်လပ်ဆုံးဖြစ်သော ဤကဆုန်လတွင် ညောင်ရေသွန်းလောင်း၍ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရေသွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှုကိစ္စတစ်ရပ်ရှိသည်။  ၎င်းမှာ    ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း ဖြစ်သည်။

ကဆုန်လညောင်ရေသွန်းလောင်းခြင်းနှင့်ပတ်သက်၍လောကဗျူဟာအင်ရုံစာတမ်းတွင် ထူးခြားသော မှတ်ချက်တစ်ခုကို   ယခုလိုလေ့လာသိရှိရသည်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုးစကားအတိုင်း နွေကာလ၏ အပူဆုံးလများဖြစ်၍   ရေများခန်းခြောက်သည်။  ရမည်းသင်းမင်းတရားလက်ထက်တွင်   ကဆုန်လ  မိုးမရွာ၍ အိပ်မက်မြင်မက်ရာ ထိုအိပ်မက်ထဲကအတိုင်း ပတ္တမြားစေတီ၌ညောင်ရေသွန်း ခြင်းကိစ္စကိုစီရင်သည်။ ညောင်ရေသွန်းပြီးနောက် နန်းတော်သို့အပြန်မှာပင် မိုးသည်းစွာရွာချသည်။ ထိုအချိန်မှစ၍ ပတ္တမြားစေတီ၌ ညောင်ရေကို နှစ်စဉ်မပြတ်သွန်းလောင်းခဲ့ကြောင်းနှင့်   မိုးခေါင်ရေရှား အရပ်များတွင်မိုးကြီးရွာချစေရန် ညောင်ရေသွန်းသောဓလေ့ရှိခဲ့ကြောင်း လေ့လာမှတ်သားရသည်။

ထူးခြားဆန်းပြားသော ကဆုန်လ

ကဆုန်လနှင့်စပ်လျဉ်း၍ မှတ်သားဖွယ် (၁၆) ချက် ရှိသည်။ ၎င်းတို့မှာ-

(၁) အလောင်းတော်သုမေဓာသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတ ဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောလ(ခရစ်တော်မပေါ်မီ ၆၂၃ ဝိသာခါ (ကဆုန်လ) ၏ လပြည့်နေ့တွင်လုမ္ဗိနီအင်ကြင်းတော၌ဖွားမြင်တော်မူခဲ့သည်။)၊

(၃)  တောထွက်တော်မူသောလ၊

(၄)သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသောလ၊

(၅)ပရိနိဗ္ဗာန် စံဝင်တော်မူသောလ၊

(၆)ဗောဓိပင်မြတ်ကို ညောင်ရေဓာတ်သွန်းလောင်းသောလ၊

( ၇)စံကားပန်းပွင့်သောလ၊

(၈)ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ပြည့်သောလ၊

(၉) တံငါတာရာထွန်းသောလ (သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသောလ)၊

(၁၀) နေ့ ၃၂ နာရီ ၊ ည ၂၈ နာရီရှိ၍ ညတာတိုသောလ၊

(၁၁) ရက်စုံသတ်သောလ (ရက်သုံးဆယ်ရှိသောလ)၊

(၁၂)နဂါးဦးခေါင်း အနောက်မြောက်မှာဝမ်းပြင်တောင်ခွင်ကျောသားမြီးကား အရှေ့သို့ထားသောလ၊

(၁၃)စနေနှင့် ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူးနှင့် သောကြာ ပြဿဒါးဖြစ်သောလ၊

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သောလ၊

(၁၅) ပြိဿရာသီမည်သောလ၊

(၁၆)  ဖွားဖက်တော်ခုနစ်ပါးမွေးဖွားဖြစ်ပေါ်သောလ (ညီတော် အာနန္ဒာထေရ်၊ ဗောဓိပင်၊ ကာဠုဒါယီထေရ် သို့မဟုတ် အမတ်၊ ယသော်ဓရာမိဖုရား၊ ဆန္ဒထေရ် သို့မဟုတ် အမတ်၊ ရွှေအိုးကြီးလေးလုံး၊ ကဏ္ဍက      မြင်းဖြူတော်) စသည်တို့ဖြစ်ကြသည်။

ထို့ကြောင့် ၁၉၉၈ ခုနှစ် နို၀င်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပသောအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်တွင် ထူးခြားချက်အပေါင်းနှင့်ပြည့်စုံသော ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရန်   ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအဆိုကို ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းခဲ့သည်။ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းသော ယင်းအဆိုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် (Vesak Universal Holiday) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့သည်။

အချုပ်ဆိုရသော် ကဆုန်လသည် မြန်မာပြက္ခဒိန်၏ နွေလများထဲမှ ဗဟိုချက်မ အလယ်လဖြစ်၍ ကဆုန်လမှာ ဆွေ့ဆွေ့ခုန်ရလောက်အောင် ရာသီဥတုပူပြင်းသည်။ မည်သို့ပင်ဆိုစေကာမူ ကဆုန်လတွင် ဝိသာခါနက္ခတ်နှင့်စန်းယှဉ်၍ပွင့်သော “စံကားပန်း" ၏ ရနံ့သည် ပူပြင်းသောရာသီကို အန်တုပေးကာ အမှန်တကယ်ပင် အမောပြေလန်းဆန်းစေသည်။ သို့ပါ၍ ကဆုန်လတွင် ညောင်ရေသွန်းကြရင်း ရှားရှားပါးပါး ခါတော်မီ ရာသီပန်းတစ်မျိုးဖြစ်သော စံကားပန်းပွင့်လေးများကိုလည်း ဘုရားလှူနိုင်ကြပါစေကြောင်းနှင့်  နေ့အပူချိန်မြင့်တက်လျက်ရှိသော ယခုနှစ်နွေရာသီတွင်  ဗောဓိညောင်ပင်ကိုရေသွန်းလောင်းလှူပြီးမြန်မာပြည်သူပြည်သားအားလုံး ကြည်သာရွှင်ပျအေးမြကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ရပါသည်။      ။

Source: https://myawady.net.mm/stories

 

တင်ထက်ထက်ဇော်

ယနေ့ကမ္ဘာ့အခြေအနေကိုပြန်တွေးဆကြည့်မယ်ဆိုရင်တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက်လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့မဟုတ်ပါဘူး။ တစ်ဖက်က ဧက ဝင်ရိုးကိုလိုလားတဲ့နိုင်ငံတွေနဲ့    အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကို လိုလားတဲ့နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင်ပါသေးတယ်။  ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့ အခင်းအကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့  ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားတာမျိုးဖြစ်ပါတယ်။

ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုးဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ်လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့   ဦးတည် လျှောက်လှမ်းနေတဲ့   အခြေအနေဖြစ်ပါတယ်။ ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်း မတူပါဘူး။   ဧကဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးက   တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့   ကိုယ်ကြိုးစားရင်   ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။  ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကို   တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများကဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက   သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ကြိုးပမ်းဆောင်ရွက်နေသလို    သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်း နိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာ တွေ့ရပါတယ်။

နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာကိုင်တွယ်မှသာ   ကိုယ့်အတွက်အကျိုးကျေးဇူးများစွာရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကိုခေတ္တတာဝန်ယူဆောင်ရွက်နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့်အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့     ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်‌မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက     နိုင်ငံတော်တာဝန်များကိုယူထားရတဲ့  ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ရုရှားနိုင်ငံကို လေးကြိမ်မြောက်ချစ်ကြည်ရေးခရီးသွားရောက်ကာ    ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့     နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။    ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြား အကျိုးရှိစေမယ့်စီမံကိန်းများကို   ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက   မြန်မာနိုင်ငံအတွက်   အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီး သွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။

ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ   နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်းအနားတွေကိုတက်ရောက်ဖို့အတွက် သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုလာဖို့ကိုလည်း ရုရှားသမ္မတ  မစ္စတာ  ဗလာဒီမာပူတင်ကိုယ်တိုင်က    ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ   ဖိတ်ကြားလိုက်တာပါ။  ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ  နိုင်ငံတော်ဝန်ကြီးချုပ်၏  ဇနီးကိုယ်တိုင်ကလည်း   နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ  လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။    အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။

နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက မေလ၈ ရက် နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက်တီနာမတ်ဗီယန်ကိုနဲ့တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့   ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့ တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကိုကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့်   မြန်မာနိုင်ငံအတွင်းမှာသာမက  ကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ပါဝင်ပတ်သက်မှုကိုအားပေးမြှင့်တင်နိုင်မယ့်အခွင့်အလမ်းတွေ ပေါ်ထွန်းလာလို့ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့      အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ  နောက်ထပ်ထူးခြားမှုတစ်ခုရှိပါသေးတယ်။   အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ  ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်    စစ်ရေးပြ အခမ်းအနားနဲ့ဆက်စပ်အခမ်းအနားတွေကိုတက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့  အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု  စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာ  ပါဝင်တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာပထမဆုံး ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက      မြန်မာ့တပ်မတော်ကို  ကမ္ဘာ့အသိုင်းအဝိုင်းမှာပိုမိုထင်ရှားလာစေပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့      နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ပုံစံအတိုင်းပဲ   အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက် အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို  တက်ကြွစွာဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။                    

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက် နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်းဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို   ခိုင်မာစေရုံသာမက  မြန်မာနိုင်ငံရဲ့ပကတိအခြေအနေမှန်များကိုလည်း     ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက်ညနေပိုင်းမှာတော့   ကာဇက်စတန်နိုင်ငံ သမ္မတနဲ့တွေ့ဆုံပြီး    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့     ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့ အတူတက်ရောက်ပြီး  ရုရှားသမ္မတနဲ့တွေ့ဆုံကာရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။     မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချအလေးပြုပါတယ်။ပြီးနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။

တကယ်တော့   မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက်  အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသော နေ့တစ်နေ့ဆိုရင်လည်းမမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှ ခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြား    ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက် ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။    

ဒီလိုတွေ့ဆုံစဉ်မှာနှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ   အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင်  ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားနှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ်မှာစိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့   မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို    မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ်  ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။     နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျစကားတစ်ခုရှိပါတယ်။ ဒါကတော့မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့        အဲဒီရွေးကောက်ပွဲကိုလည်း  နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က အခုလိုတရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာတွေ့ရပါတယ်။  ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့  ကမ္ဘာသိ အသိပေးခြင်းဖြစ်တာကြောင့် နိုင်ငံတကာမျက်နှာစာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုတိုးတက်စေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ ခါးပတ်တစ်ကွင်း၊လမ်းတစ်ကြောင်းဆိုတဲ့ စီမံကိန်းကြီး အပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း၊တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။

နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို  ဆက်လက်ထောက်ခံကြောင်း၊   နိုင်ငံတည်ငြိမ်ရေးနဲ့   အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့်   ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက  တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင်လည်းမမှားပါဘူး။ 

မေလ ၁၀ ရက်မှာတော့   နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့     အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို   အောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် များလှစွာသောအကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ်မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီးရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ  ထိုးဖောက်နိုင်မယ့် အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊   မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့်အခွင့်အရေးတွေကိုဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက    ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။  ဒါကြောင့်လည်း ဧကဝင်ရိုး ကမ္ဘာကြီးကိုဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့်     ဗဟုဝင်ရိုးကမ္ဘာကြီးကိုအကောင်အထည်ဖော်လာနေပြီ ဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို  အကောင်အထည်ဖော်နေကြသူများ မှာတူညီသောအကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူ ပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။  ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့  ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။       ။

Source: https://myawady.net.mm/stories

 

ထက်မြတ်