ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကိုမှီခိုနေထိုင်ကြရသည်။ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်အောင် သဘာဝပတ်ဝန်းကျင် ရင်ခွင်ထဲတွင် ကျင်လည်ကျက်စားလာခဲ့ရသည်။ နောင်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်မှီတွယ်ကြရဦးမည်ဖြစ်သည်။ လူသားတို့မှီတင်းနေထိုင်ရာ တောတောင်၊ ရေ၊ မြေ၊ လေ စသော သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် ကျေးဇူးကြီးမားသော မိတ်ဆွေကောင်းကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏စားဝတ်နေရေးအတွက် လိုအပ်သောသယံဇာတများကို ထိုသဘာဝမိတ်ဆွေကောင်းကြီးထံမှရရှိသောကြောင့်ဖြစ်သည်။ လူအပါအဝင် သက်ရှိသတ္တဝါတို့အသက်ရှင်သန်မှုအတွက် ရှူရှိုက်ရသောအောက်ဆီဂျင်ကို သဘာဝလေထုက လက်ဆောင်အဖြစ်ပေးထားသည်။ တစ်မနက်ပင်အငတ်မခံနိုင်သော ရေသယံဇာတကို သဘာဝမိခင်မြေကြီးက တိုက်ကျွေးနေပါသည်။ ဤသို့ လူသားတို့ကိုများစွာအကျိုးပြုနေသော သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးသည် လူသားတိုင်းပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။

လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် အညမညအပြန်အလှန်ဆက်စပ်လျက်ရှိသည်။ လူသားတို့သည် သဘာဝပတ်ဝန်းကျင်တွင် အခြေချနေထိုင်ပြီး သဘာဝပတ်ဝန်းကျင်ကပေးသော သယံဇာတများကို အသုံးပြုရှင်သန်ရလေသည်။ မြေ၊ ရေ၊ လေတို့က လူသားတို့အတွက် အဖိုးတန်ကောင်းကျိုးတို့ကို စဉ်ဆက်မပြတ်ပေးအပ်နေသကဲ့သို့ ၎င်းတို့ချင်းလည်း အပြန်အလှန် ဆက်စပ်အမှီသဟဲပြုလျက်ရှိသည်။ ထိုမြေ၊ ရေ၊ လေတို့နှင့် လူသားတို့သည်လည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန်တည်မှီနေသည့် ကွင်းဆက်များဖြစ်သည်။ ယင်းသို့ကွင်းဆက်များရှိနေသည့်စနစ်ကို ဂေဟစနစ်ဟုခေါ်သည်။ သို့သော် လူသားတို့သည် သဘာဝတရား၏ ဆက်စပ်ဖြစ်တည် မှုဂေဟစနစ်ကို အလေးမထားဘဲ ကမ္ဘာ့လေထု၊ မြေထု၊ ရေထုတို့ကို အလွန်အကျွံအသုံးချမှုများကြောင့် တဖြည်းဖြည်းယိုယွင်းပျက်စီးလာရသည်။ ထိုယိုယွင်းပျက်စီးမှုများကို အချိန်မီထိန်းသိမ်းပြုပြင်မှုမလုပ်ခဲ့လျှင် ဂေဟစနစ်များ ပိုမိုပျက်ယွင်းကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပြီး လူသားတို့၏ ရှင်သန်နေထိုင်မှုကို ဒုက္ခပေးလာမည်ဖြစ်သည်။

ကမ္ဘာ့အပူချိန်ပို၍တိုးလာရ

လူသားတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မယုံကြည်နိုင်လောက်အောင် အဘက်ဘက်မှ ဆုတ်ယုတ်လာသည်။ တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူသားများက မိမိတို့ နေရာထိုင်ခင်းအတွက် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းကြသည်။ သစ်များအလွန်အကျွံထုတ်လုပ်ကြသည်။ လောင်စာအတွက်အသုံးပြုကြသည်။ ထိုအခါ ကမ္ဘာမြေကို ထီးကဲ့သို့အုပ်မိုးပေးထားသော သစ်တောသစ်ပင်များ လုံးပါးပါးလာပြီး စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်သည် ကန္တာရလွင်တီးခေါင်ဖြစ်လာရသည်။ သစ်ပင်များလျော့ပါးလာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်မှု အားနည်းလာသည်။ လေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ များပြားလာသည့်အခါ ကမ္ဘာ့အပူချိန်ပို၍တိုးလာရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် နေမှလာသော အနီအောက်ရောင်ခြည်များကို စုပ်ယူကာ ပြန်မလွှတ်ဘဲစုဆောင်းထားသည်။ ထိုအခါ အနီအောက်ရောင်ခြည်ကြောင့် လေထုအပူချိန်ကို မြင့်မားလာစေပြီး ကမ္ဘာမြေ၏ ဝင်ရိုးစွန်းဒေသမှ ရေခဲတောင်များ အရည်ပျော်လာရသည်။ ထို့ကြောင့် ပင်လယ်ကမ်းစပ်ကုန်းမြေများ ရေလွှမ်းမိုးခံရပြီး ရေခဲဒေသမှ ကျေးငှက်တိရစ္ဆာန်တို့ သေကျေပျက်စီးကြရသည်။ ပုံမှန်အားဖြင့် ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုပမာဏမှာ အလွန်နည်းပါးပြီး တစ်ရာခိုင်နှုန်းပင်မရှိပေ။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းမြင့်မားလေလေ ပူပြင်းလေလေဖြစ်သည်။ သောကြာဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု ရာခိုင်နှုန်း ၉ဝ ကျော်ရှိ၍ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိမြင့်မားကာ လောင်ကျွမ်းလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းမှသာ အပူရှိန်နည်းပြီး လူသားတို့အသက်ရှူရာတွင် သန့်စင်သော အောက်ဆီဂျင်ကိုလည်းရရှိမည်။ ရာသီဥတုပူပြင်းမှု လျော့နည်းပြီး မိုးခေါင်မှုဘေးမှကင်းဝေးမည်။

အကယ်၍သာ ကာဗွန်ဒိုင်အောက်ဆိုက်များပြား လာမှုကိုမထိန်းချုပ်နိုင်လျှင် အပူရှိန်ပြင်းထန်မှုကြောင့် ရေခဲတောင်များအရည်ပျော်ပြီး ကျွန်းစုများနှင့် ပင်လယ်ကမ်းစပ်မြို့များသည် ရေအောက်သို့နစ်မြုပ်သွားရပေလိမ့်မည်။ စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သော တန်ချိန်သန်းပေါင်းထောင်ချီသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲတွင် များပြားလာသဖြင့် ကမ္ဘာကြီးပူနွေးပြီး ရာသီဥတုဖောက်ပြန်၍ အပူလှိုင်း၊ အအေးလှိုင်းတို့ ဖြတ်သန်းခြင်း၊ မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ကာ အသက်အိုးအိမ်များစွာကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လူ့အသက်တစ်သိန်းကျော်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရသည်က သက်သေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ နာမကျန်းဖြစ်လာသော သဘာဝပတ်ဝန်းကျင်ကို ကုစားရန်သည် လူသားတို့၏တာဝန်မှတစ်ပါး အခြားမရှိတော့ပြီ။

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်

ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ကုစားပြုပြင်ရန် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်ဖြစ်သည်။ ထိုသို့လျှော့ချရန် ရေနံ၊ ကျောက်မီးသွေး ရုပ်ကြွင်းလောင်စာများအစား နေရောင်ခြည်စွမ်းအင်နှင့် ဇီဝလောင်စာများအစားထိုးရမည်။ သစ်တောများသည် ကမ္ဘာ့လေထု၏ ၈ဝ ရာခိုင်နှုန်းကို စုပ်ယူလျှော့ချပေးနိုင်သဖြင့် သစ်ပင်များကို အင်တိုက်အားတိုက် တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များရှင်သန်အောင် ဂရုစိုက်ခြင်း၊ သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ဥပမာ- ကားမစီးဘဲ စက်ဘီးစီးခြင်း၊ လျှပ်စစ်ဓာတ်အား ချွေတာခြင်း၊တစ်နိုင်တစ်ပိုင်သစ်ပင်များ စိုက်ပျိုးခြင်း စသည့်ဆောင်ရွက်ချက်များဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိုသို့ပြုလုပ်ထိန်းသိမ်းကြရန် ဆရာဇော်ဂျီက “ပုပ္ပားမောင် တောင်ကတုံး၊ သျှောင်ထုံးစို့ကွယ်တို့ရယ်” ဟု ကဗျာဖြင့်နှိုးဆော်ခဲ့သကဲ့သို့ စာဆိုဘုတလင်ချစ်လေးကလည်း “သည်ချောင်းအရေး၊ အသက်ပေး၍၊ တုံ့နှေးမဆ၊ ဖြေရှင်းရမည်”ဟု ကဗျာ ခေါင်းလောင်းထိုး၍ နှိုးဆော်ခဲ့သည်။

နည်းပညာမြင့်မားလာသည်နှင့်အမျှ လူတို့သည် အခန်းများတွင် လေအေးစက်များကို တပ်ဆင်ကြသည်။ အဖျော်ယမကာနှင့် အချိုရည်စသည်တို့ကို အေးအေးမြမြသောက်သုံးနိုင်ရန် ရေခဲသေတ္တာကို တီထွင်သုံးစွဲကြသည်။ မိမိ၏ ကိုယ်ခန္ဓာရနံ့သင်းပျံ့စေရန် ရေမွှေးများ ထုတ်လုပ်ပက်ဖျန်းကြသည်။ ယင်းလုပ်ရပ်တို့၏ ဘေးထွက်ဆိုးကျိုးကားလေထုထဲသို့ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့များ ထွက်လာခြင်းပင်ဖြစ်သည်။ ထိုဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော အိုဇုန်းလွှာကိုတိုက်စားပြီး တဖြည်းဖြည်းပါးလွှာကာ အပေါက်ဖြစ်လာစေသည်။ ခရမ်းလွန်ရောင်ခြည်သည် ထိုအိုဇုန်းလွှာအပေါက်မှဖြတ်သန်း၍ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက်သည့်အခါ လူသားတို့အရေပြားနှင့်ထိတွေ့ပြီး အရေပြားကင်ဆာရောဂါဖြစ်စေသည်။ ထို့ကြောင့် နေမှလာသောခရမ်းလွန်ရောင်ခြည်ကို လူသားတို့နှင့်မထိတွေ့စေရန် ကြားခံတံတိုင်းကြီးသဖွယ် ကာကွယ်ပေးနေသော အိုဇုန်းလွှာမပျက်စီးရေးအတွက် ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အက်စစ်မိုးများရွာသွန်း

ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့်အတူ စားရေရိက္ခာထုတ်လုပ်ရေးကလည်း အရေးပါလာသည်။ သီးနှံများကို သမားရိုးကျနည်းဖြင့် အချိန်ကုန်ခံမစိုက်ပျိုးတော့ဘဲ အချိန်တိုကာလအတွင်း သီးနှံအထွက်တိုး ရေးနည်းလမ်းများကို ရှာဖွေလာကြသည်။ သီးနှံအထွက်တိုးရန် ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများကို များစွာအသုံးပြုလာကြသည်။ စိုက်ပျိုးရေးတွင်အသုံးပြုလိုက်သော နိုက်ထရိုဂျင်ဓာတ်မြေ သြဇာများသည် သဘာဝမြေကြီး၏ မီသိန်းဓာတ်ငွေ့ စုပ်ယူနိုင်သောစွမ်းအားကို ထိန်းချုပ်တားဆီးထားလေသည်။ ထိုအခါလေထုထဲတွင်မီသိန်းဓာတ်ငွေ့များ ကြောက်ခမန်းလိလိစုဝေးလာကာ ကမ္ဘာကြီး၏ အပူချိန်ကို မြင့်မားလာစေပြန်သည်။ စက်ရုံ အလုပ်ရုံများတွင်အသုံးပြုသော ဓာတုဆေးများသည် လည်း မိုးရေမှတစ်ဆင့် မြေကြီးနှင့် မြစ်ချောင်းအင်းအိုင်ထဲသို့ပျံ့နှံ့စိမ့်ဝင်ကာ အဆိပ်အတောက် များဖြစ်ပွားစေသည်။ ထို့အတူ ကလိုရင်းဓာတ် အခြေခံသော ချွတ်ဆေးများမှ ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဒိုင်အောက်ဇင်းဓာတ်အညစ်အကြေးများသည် မြစ်ချောင်းအတွင်း စိမ့်ဝင်ကာ အဆိပ်အတောက်များ တိုးပွားလာစေပြန်သည်။ ကျောက်မီးသွေးများ လောင်ကျွမ်းမှုကြောင့်လည်း လေထုညစ်ညမ်းကာ အက်စစ်မိုးများရွာသွန်းစေသည်။

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ချင်းဖြေရှင်း၍ မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်ကိုဖွဲ့စည်းကာ ကမ္ဘာမြေစိမ်းလန်းသာယာပြီး သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် လုံခြုံစိတ်ချရပြီး ကောင်းမွန်သောကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် လူသားများအား သယံဇာတအရင်းအမြစ်များကို အချိန်အခါမရွေး ထင်သလိုရရှိနေမည်မဟုတ်သော ကြောင့် သဘာဝအရင်းအမြစ်များကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းထားပေသည်။ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်အသီးသီးမှ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ သစ်တောများ၊ သမုဒ္ဒရာများ၊ ရေချိုနှင့် သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲသည့် နည်းလမ်းများကိုလည်း ရှာကြံပေးသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း ငွေကြေးနှင့် နည်းပညာအကူအညီများပေးကြရန်လည်း တိုက်တွန်းထားသည်။ မည်သို့ပင်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓာတ်ဖြင့် နိုးကြားစွာပါဝင်ဆောင်ရွက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးကို လှမ်းမျှော်ကြည့်လိုက်လျှင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ တရုတ်နိုင်ငံတွင် သစ်ပင်ပြန်လည်စိုက်ပျိုးရေးကို ယန်စီမြစ်ဒေသတစ်လျှောက်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ဒေသခံအစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုပိတ်ပင်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စိုက်ပျိုးသစ်ပင်များ ၈ဝ ရာခိုင်နှုန်းရှင်သန်ပြီး ရေထုနှင့် မြေထုထိန်းသိမ်းမှုများကို သိသာတိုးတက်စေခဲ့ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်ရေမြေတောတောင် စိမ်းလန်းစိုပြည် သာယာရေးအတွက် နိုင်ငံတော်က သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးပြုစု ကာကွယ်ထိန်းသိမ်းလျက်ရှိရာ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေ ဧရိယာစတုရန်းမိုင် ခြောက်သောင်းကျော် ဖြစ်ထွန်းတည်ရှိနေပြီဖြစ်သည်။ ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းများ၊ သဘာဝနယ်မြေနှင့် ဘေးမဲ့တောထူထောင်ခြင်းများကို ဖော်ဆောင်လျက်ရှိပါသည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကော်မရှင်က ၁၉၈၇ ခုနှစ်တွင် “ကျွန်ုပ်တို့၏ ဘုံအနာဂတ်” ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် “ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်အမျိုးမျိုးသည် ပတ်ဝန်းကျင်အရင်းအမြစ်ပေါ်တွင် အခြေခံပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် ပတ်ဝန်းကျင်အရင်းအမြစ်များအား ထိပါးပျက်စီးစေသည်” ဟု ဖော်ပြထားသည်။ သဘာဝကမ္ဘာမြေကြီးပျက်စီးရခြင်းမှာ လူတို့၏စီးပွားရေးနှင့် လူမှုရေးမညီမျှမှုတို့၏ အကျိုးဆက်ဟုဆိုပါသည်။ လူသားတို့၏ မိုက်မဲမှု၊ ဥပေက္ခာပြုမှု၊ အမြော်အမြင်ကင်းမဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးရခြင်းဖြစ်ပေရာ မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား။ ။ဝန်းကျင်ကမ္ဘာထိန်းသိမ်းပါ(ဦးရဲဝေ  မြန်မာစာ)

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(ဒေါက်တာဇော်လွင်)

အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်ကို ပူနွေးလာစေပြီး ကမ္ဘာ့ရာသီဥတုပုံစံကို ပြောင်းလဲစေနိုင်သော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်နီညိုသည် ၂ - ၇ နှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး ၉ - ၁၂ လအထိ ကြာတတ်ပါသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းထန်သော သက်ရောက်မှုကို ခံစားရနိုင်သောနိုင်ငံများကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများအတွက် ဦးစားပေး စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် မှ ၂၀၁၅ ခုနှစ်အတွင်း-

(၁) ၁၉၈၂- ၁၉၈၃၊

(၂) ၁၉၈၆-၁၉၈၇၊

(၃) ၁၉၈၇-၁၉၈၈၊

(၄) ၁၉၉၁-၁၉၉၂၊

(၅) ၁၉၉၇-၁၉၉၈၊

(၆) ၂၀၀၂-၂၀၀၃၊

(၇) ၂၀၀၉-၂၀၁၀၊

(၈) ၂၀၁၄-၂၀၁၅ များတွင် အယ်လ်နီညိုဖြစ်ပွားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အောက်လျော့နည်းရရှိပြီး အပူချိန်မြင့်တက်မှုပြင်းထန်နိုင်ပြီး ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ တရားဝင်မိုးလေဝသကြေညာချက်များကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့မိုးလေဝသအဖွဲ့က နှိုးဆော်ထားပါသည်။

အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှု

ကမ္ဘာ့ရာသီဥတုသည် အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကြောင့် ပူနွေးလာလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ရိုက်ခတ်လျက်ရှိသကဲ့သို့ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကိုပါ သက်ရောက်နေပါသည်။ အယ်လ်နီညိုအားကောင်းမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေပြီး စားနပ်ရိက္ခာထောက်ပံ့မှုကွင်းဆက်ကို နှောင့်ယှက်ဟန့်တားမှုများနှင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသောဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တို့တွင် အဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။

ထို့ကြောင့် အယ်လ်နီညိုသည် ဝါသီးနှံကို အဓိကစိုက်ပျိုးနေသော ဒေသများ၌ ကာလရှည်မိုးခေါင်မှုကို ဖြစ်စေနိုင်ပြီး စိုက်ပျိုးရာသီအတွက် အထူးသဖြင့် မိုးကောင်းသောက် ဝါစိုက်ဒေသများတွင် ပုံမှန်ရာသီဥတုရှိသော နှစ်များနှင့်ယှဉ်ပါက ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်ပါသည်။ တခြားတစ်ဖက်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ရှိပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကို သက်ရောက်စေနိုင်ပါသည်။ မိုးခေါင်ရေရှားမှုနှင့် အပူချိန်တိုးလာမှုကြောင့် ဝါသီးနှံအပေါ် ရေလိုအပ်ချက်သည် ပုံမှန်စိုက်ရာသီများထက် ပိုနိုင်ပြီး မြေအောက်ရေနှင့် ဆည်ရေသောက်ဒေသများတွင် ရေကိုစနစ်တကျသုံးစွဲရန် အရေးကြီးပါသည်။

ထို့ပြင် ကမ္ဘာကြီးပူနွေးလာပြီး အပူချိန်တိုးလာသည်နှင့်အမျှ အင်းဆက်အားလုံးနီးပါးကို သက်ရောက်မှုရှိပြီး အင်းဆက်ဖျက်ပိုးများကိုသာမက ရောဂါဖြစ်စေသော သက်ရှိများ (မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ နီမတုတ် စသည့်) သက်ရှိများ၏ ဇီဝဖြစ်စဉ်ကိုပါ လျင်မြန်စေသည်ဟု သုတေသနစာတမ်းများတွင် ဆိုထားသည်။ ဤအကျိုးသက်ရောက်မှုများသည် အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသော သက်ရှိများ၏အရေအတွက် တိုးလာပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှုများ ကြုံလာရနိုင်ပါသည်။ ဝါပင်၏ ပြင်ပပုံသဏ္ဌာန်နှင့် အပင်ဇီဝဆိုင်ရာ တည်ဆောက်ထားမှု ပုံသဏ္ဌာန်ထူးခြားချက်များသည် အခြားသီးနှံများထက် ပိုးကျရောက်ဖျက်ဆီး ပိုမိုကျရောက်ရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။

ဝါပင်၏ ရာသီဥတုအပေါ်တုံ့ပြန်မှု

ဝါသည် ပူ၍ခြောက်သွေ့သောဒေသများကို ကြိုက်နှစ်သက်ပြီး အမြင့်ဆုံးအထွက်နှုန်းကို ၎င်းဒေသများတွင် ရရှိနိုင်သော်လည်း ၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်အတွင်း ညီညာသောအပူချိန်ရရှိရန် လိုအပ်ပါသည်။ ဝါပင်သည် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်အထက်ဆိုလျှင် မသင့်လျော်ပါ။ သို့သော် ၄၃ - ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ရက်အနည်းငယ် ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိပါသည်။ ၎င်းအပူချိန်အတိုင်း ရက်အတော်ကြာ ဆက်ရှိနေမည်ဆိုပါက ဝါအထွက်နှုန်းကို ဆိုးကျိုးသက်ရောက်နိုင်ပါသည်။

ဝါပင်ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးနေ့တာမှာ ၈ - ၁၂ နာရီအတွင်း ဖြစ်ပါသည်။ ဝါပင်သန်စွမ်းကြီးထွားစေရန် ရေ(အစိုဓာတ်) လိုအပ်သည်။ အစိုဓာတ် မလုံလောက်လျှင် ဝါပင်ညှိုးစေပြီး အဖူး၊ အပွင့်နှင့် သီးကင်းများကြွေကျမည်။ အပင်ကြီးထွားမှုနှေးမည်။ အစိုဓာတ်များလျှင်လည်း အမြစ်များမှ အောက်ဆီဂျင်မရသဖြင့် အပင်ဖြစ်ထွန်းမှုမရှိဘဲ အဖူးနှင့် သီးကင်းများကြွေကျမည်။ အပင်ပုမည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် ပုံမှန်ရာသီဥတုတွင် ရေ ၂၈ ဒသမ ၀ - ၃၈ ဒသမ ၅ ဧကလက်မ လိုအပ်သည်။ သို့ဖြစ်၍ အပင်ကြီးထွားမှု အဆင့်အလိုက် မြေအစိုဓာတ်ထိန်းစွမ်းအား (Field Capacity) လိုအပ်ချက်မှာ- ပန်းမပွင့်မီအချိန်တွင် ၆၅ ရာခိုင်နှုန်း၊ ပန်းပွင့်ဖြိုင်ချိန်တွင် ၇၀ ရာခိုင်နှုန်း၊ ဝါသီးကွဲချိန်တွင် ၆၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပါသည်။

မိုးကောင်းသောက်စိုက်ပျိုးမည့်ဒေသတွင် ပျမ်းမျှမိုးရေချိန် ၂၀ လက်မ- ၄၀ လက်မရရှိရန်လိုသည်။ ဝါစိုက်ရန် အသင့်လျော်ဆုံးနှစ်စဉ်ပျမ်းမျှမိုးရေချိန် မှာ ၃၅ လက်မ - ၄၅ လက်မအတွင်း ဖြစ်ပါသည်။ ဝါစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုညီညာပျံ့နှံ့ရန်လိုသည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅ ရာခိုင်နှုန်းအောက် ရှိသင့်သည်။

ဝါစေ့စတင်စိုက်ပျိုးသည်မှ ဝါပင်မြေပေါ်ထွက်လာသည်အထိ ကာလကြာမြင့်မှုမှာ မြေတွင်းအပူချိန်နှင့် သက်ဆိုင်ပါသည်။ မြေအပူချိန် ၁၈ - ၂၂ ဒီဂရီဆဲလ်စီးယပ်အတွင်းတွင် ၁၀-၁၃ရက်ကြာတတ်ပြီး ၂၃-၂၆ ဒီဂရီဆဲလ်စီးယပ် အတွင်းတွင် ၇- ၉ ရက် ကြာတတ်ပါသည်။ မျိုးစေ့အပင်ပေါက်ရန် မြေအနက်လေးလက်မတွင် အနည်းဆုံး ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိရန် လိုအပ်သည်။ ၎င်းထက်နည်းလျှင် အပင်ပေါက်စုံလင်စွာမရနိုင်ပေ။ ပန်းပွင့်ချိန်နှင့် ဝါသီးသီးချိန်တွင် နေ့အပူချိန် ၂၆ - ၃၂ ဒီဂရီဆဲလ်စီးယပ်အတွင်း ညအချိန်တွင် အအေးအသင့်အတင့် လိုအပ်ပါသည်။ ညအပူချိန်မြင့်မားခြင်း (၈၀ ဒီဂရီဖာရင်ဟိုက်=၂၆ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်)သည် ဝတ်မှုန်အောင်မြင်မှုကျဆင်းစေပြီး အချို့ဝါမျိုးများသည် ညအပူချိန် (၉၈ ဒီဂရီဖာရင်ဟိုက် = ၃၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်)တွင် ဝတ်မှုန်ရှင်သန်မှု လုံးဝရပ်တန့်သွားပြီး ဝါစေ့အောင်မြင်မှုနည်းပါသည်။

ဝါစေ့အောင်မြင်မှု နည်းသည့်အတွက် ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်သည်။ ဝါပွင့်ဝတ်မှုန်သည် အစိုဓာတ်နှင့် တုံ့ပြန်မှုပြင်းထန်သည်။ ဝတ်မှုန်သည် ရေနှင့်ထိတွေ့ပါက ငါးစက္ကန့်အတွင်း ပေါက်ကွဲသွားလေ့ရှိသဖြင့် ပန်းပွင့်ရက်များတွင် နံနက်စောစောမိုးရွာခြင်း၊ ရေစိုခြင်းဖြစ်ပါက မျိုးကူးစက်အောင်မြင်မှုနည်းသည်။ ဝါပွင့်၏ ပွင့်ဖတ်များ ပြန့်ကားပန်းပွင့်လာစေရန် အဓိကအားဖြင့် ရေအစိုဓာတ်က ဆောင်ရွက်ပါသည်။ သို့သော် ပန်းပွင့်ရန်အတွက်မူ ရေနည်းသော်လည်း အောင်မြင်စွာ ပွင့်နိုင်သည်။

ထိုကာလတွင် ပန်းပွင့်သည် ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း သန္ဓေအောင်ပြီးနောက် ခံနိုင်ရည်အနည်းဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွားပြီး ရေနည်းလျှင်ချက်ချင်းကြွေပါသည်။ ပန်းပွင့်ဖြိုင်ချိန်တွင် ဝါခင်းရေမငတ်စေရန် သတိပြုရ မည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပြင်းထန်စွာရောက်ရှိပါက ဝါပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ မျိုးကူးစက်မအောင်မြင်ဘဲ အပွင့်နှင့် သီးကင်းကြွေကျမှုကို ဖြစ်စေပါသည်။

ဝါသီးကွဲချိန်တွင် မိုးရွာပါကအထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေနိုင်ပါသည်။ ဝါသီးရင့်မှည့်ချိန်တွင် ပျမ်းမျှနေ့အပူချိန် ၂၂ ဒီဂရီဆဲလ်စီးယပ်ရှိသင့်ပြီး ၎င်းကာလအတွင်း အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာပါက ဝါသီးရင့်မှည့်မှု ရပ်တန့်ကာ သေးငယ်စေပြီး ချည်မျှင်ရင့်မှည့်မှုကို အပြည့်အဝမဖြစ်စေဘဲ အထွက်နှုန်းနှင့် ဂွမ်းအရည်အသွေးကို ကျစေသည်။ ချည်အရည် အသွေးမြင့်မားစေရန် ဝါပင်အင်္ဂါအစိတ်အပိုင်းအလိုက် ပုံမှန်ဖွံ့ဖြိုးမှုလိုအပ်ပါသည်။ ထို့ကြောင့် ဝါကြိုက်နှစ်သောအပူချိန် (၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်)တွင် သင့်တော်သော စိုထိုင်းဆရှိပါက ဝါသီးတစ်လုံးတွင် ချည်မျှင်ပါဝင်မှုမြင့်မားပြီး ချည်အလျားတိုနေစေကာမူ ချည်မျှင်ကိုထူစေ၍ ခိုင်မာစေပါသည်။ မြေအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်အောက် ရက်အနည်းငယ် (ကာလတို) ကျရောက်ပါက ရေစုပ်ယူမှုကို နှေးကွေးစေပြီး သင့်လျော်သော အစိုဓာတ်ရှိလျှင်တောင်မှ ဝါပင်ကိုညှိုးစေနိုင်သည်။

ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးညှပ်စိုက်ပျိုးနည်းစနစ်

အချို့ဒေသများတွင် ဝါသီးနှံတစ်မျိုးတည်း စိုက်ပျိုးကြသည်များရှိသကဲ့သို့ သီးညှပ်စိုက်ပျိုးသော ဒေသများလည်းရှိပါသည်။ သီးနှံစိုက်ပျိုးနည်းစနစ်များ များစွာရှိသည့်အနက်မှ အယ်လ်နီညိုရာသီနှင့် လိုက်လျောညီထွေရှိသည့် စိုက်နည်းစနစ်များမှာ-

ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်း - ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၂ ပေ တစ်ကျင်း နှစ်ပင်ချန် သို့မဟုတ် ၃ ပေ x ၃ပေ တစ်ကျင်း နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါ စိုက်တန်းများ၏ အလယ်တွင် ပဲတီစိမ်းကို ကြွက်မြီးတန်းချစိုက်ပျိုးခြင်း။

ချည်မျှင်ရှည်ဝါနှင့် မြေပဲ - မြေပဲကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ကြွက်မြီးတန်းချစိုက်ပျိုးပြီး မြေပဲနှစ်တန်း (ဝါအဓိကပုံစံ) သို့မဟုတ် မြေပဲငါးတန်း (မြေပဲအဓိကပုံစံ) စိုက်ပျိုးပြီးတိုင်း ဝါနှစ်တန်း စိုက်ပျိုးရန် ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေး ဖြင့် စိုက်ပျိုးခြင်း။

ချည်မျှင်ရှည်ဝါနှင့် နှမ်း - နှမ်းကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ဖြူးချစိုက်ပျိုးပြီး နှမ်းငါးတန်းကျော်တိုင်း ဝါနှစ်တန်းစိုက်ရန်၊ ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေးဖြင့် စိုက်ပျိုးခြင်း။

ချည်မျှင်ရှည်ဝါနှင့် ငရုတ် - ပင်ကြား တန်းကြား ၃ပေ x ၂ပေ သို့မဟုတ် ၃ပေx ၃ ပေစနစ်ဖြင့် စိုက်ပျိုးထားသော ငရုတ်ခင်းတွင် ငရုတ်ပင်ကိုင်းခွပြီး ပန်းစပွင့်ချိန်၌ ငရုတ်စိုက်တန်းများအကြား သို့မဟုတ် ငရုတ်နှစ်ပင်ကြား ဝါကိုသတ်မှတ်အပင်ကြား အကွာအဝေးဖြင့် စိုက်ပျိုးခြင်း။

ချည်မျှင်ရှည်ဝါနှင့် ပဲစင်းငုံ- ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၃ ပေ နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ဝါ ၆-၈ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ ၁-၂ တန်း စိုက်ပျိုးခြင်း။

ချည်မျှင်တိုဝါနှင့် ပဲစင်းငုံ - ချည်မျှင် တိုဝါကို ၂ ဒသမ ၅ ပေ x ၁ ပေ နှစ်ပင်ချန် စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်တိုဝါ ၈-၁၀ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ တစ်တန်းစိုက်ပျိုးခြင်း။

အထက်ပါ သီးနှံအတွဲများသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ အကြံပြုထားသော ဝါစိုက်ပျိုးနည်းစနစ်များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပုံမှန်မဖြစ်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသော သတင်းများကို အမြဲမပြတ်လေ့လာစောင့်ကြည့်၍ ဝါစိုက်တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှုများ (အထူးသဖြင့် စိုက်ပျိုးနည်းစနစ်၊ သီးနှံကာကွယ်ရေး)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သို့မဟုတ် အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို စီမံဆောင်ရွက်ကြရန် ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ ထက်မံသိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဝက်ဆိုက် (www.doa.gov.mm) တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ (Call Center) MPT Free Call ဖုန်းနံပါတ် ၀၈၀၀၈၀၀၈၈၀၀ လည်းကောင်း၊ Viber No. ၀၉၇၆၄၀၀၀၈၄၁ သို့လည်းကောင်း ဖုန်းနံပါတ် ၀၆၇၃၄၁၀၁၃၉ သို့ ရုံးပိတ်ရက်မှအပ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ ။

ဇေယျာထွန်း

ဂရင်းလန်းဒေသ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုနှင့် အင်အားကြီးနိုင်ငံအချို့နှင့်ဖြစ်ပေါ်နေသော  တင်းမာမှုများကြောင့်ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့များကို အဆိုပါကျွန်းပေါ်၌ တပ်ဖြန့်ထားသင့်သည်ဟု အီးယူစစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက ပြောကြားလိုက်သည်။

ဂရင်းလန်းသည်      အနာဂတ်တွင် ဥရောပတပ်များကို  တပ်ဖြန့်ရာတွင် အကောင်းဆုံးဒေသတစ်ခုဖြစ်လာနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရောဘတ်ဘရီဂျာက ဂျာမနီသတင်းစာကြီးတစ်စောင်ဖြစ်သည့်Die Welt နှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင်   ပြောကြားခြင်းဖြစ်သည်။

အမေရိကန်တပ်များသည်   အဆိုပါကျွန်းပေါ်တွင် ၁၉၄၀ ပြည့်နှစ်အစောပိုင်းအထိ  တပ်စွဲခဲ့ရာ နေရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ပင်   ဥရောပတပ်များကိုလည်း အဆိုပါဒေသတွင်  တပ်ဖြန့်မည့်အစီအစဉ်ကို   ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက အမေရိကန်၏လုပ်ဆောင်ချက်ကိုရည်ညွှန်း၍   ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးရောဘတ်ဘရီဂျာ၏အဆိုပါပြောကြားချက်သည်   ဂရင်းလန်းနှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတ ထရမ့်က  ၎င်း၏သဘောထားများကို ထုတ်ဖော်ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အကယ်၍ အီးယူအဖွဲ့က ၎င်းတို့၏ဥရောပတပ်များအား ဂရင်းလန်းပေါ်တွင် တပ်ဖြန့်နိုင်မည်ဆိုပါက ဒေသတွင်းတည်ငြိမ်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ၎င်းကယုံကြည်လျက်ရှိသည်။

သို့ရာတွင်    အမေရိကန်တပ်များသို့မဟုတ် အီးယူတပ်များအား အဆိုပါဒေသတွင် တပ်ဖြန့်မည်ဆိုပါကဒေသတွင်းတည်ငြိမ်မှုအပေါ် ဂယက်ရိုက်ခတ်လာနိုင်ကြောင်း   အချို့ကယူဆလျက်ရှိသည်။ထို့ပြင် ဒိန်းမတ်နိုင်ငံမှ ကန့်ကွက်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။

အမေရိကန်တို့သည် အဆိုပါကျွန်းအား ဒေါ်နယ်ထရမ့် သမ္မတအဖြစ်  ကျမ်းသစ္စာမကျိန်ဆိုမီကတည်းက မျက်စိကျနေခြင်းဖြစ်ပြီး ယင်းကျွန်းအား အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက်ဟုဆိုကာအမေရိကန်ပြည်ထောင်စုနှင့်ပေါင်းစည်းလိုကြောင်းကိုလည်း    ထရမ့်ကလူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသည်။

ဂရင်းလန်းဒေသသည်   နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် အရေးပါမှုကြောင့် ယင်းဒေသသည် အမေရိကန်ပြည်ထောင်စု၏  အစိတ်အပိုင်းတစ်ခုဖြစ်လာသင့်ကြောင်းအမေရိကန်သမ္မတ ထရမ့်က ၎င်းသမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး  ၎င်းပြောဆိုချက်သည် ဒေသတွင်းနိုင်ငံများကိုအံ့အားသင့်စေခဲ့သည်။ ထို့ပြင် ထရမ့်သည် ၎င်း၏ အဆိုပါအယူအဆကို ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင်အား ဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ခြင်းကြောင့်      ဒိန်းမတ်အစိုးရအဖွဲ့အတွင်း စိုးရိမ်မှုများမြင့်တက်လာခဲ့သည်ဟု Financial   Times  သတင်းစာကပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းဖော်ပြခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် အမေရိကန်၏ အဆိုပါအစီအစဉ်ကို ဒိန်းမတ်နိုင်ငံသား များက သဘောတူမည့်လက္ခဏာမရှိပေ။ အကြောင်းမှာ   ဂရင်းလန်းဒေသအား အမေရိကန်ပြည်ထောင်စုနှင့် ပေါင်းစည်းခြင်းကို ဒိန်းမတ်နိုင်ငံသား ၉၀ ရာခိုင်နှုန်းက ကန့်ကွက်လျက်ရှိသည်ဟု DR ရုပ်သံဌာနက ဇန်နဝါရီလ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

Epinion သုတေသနအဖွဲ့ကြီးသည် ဂရင်းလန်းဒေသက အမေရိကန်ပြည်ထောင်စုနှင့် ပေါင်းစည်းမှုနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိလူ ၁၀၁၆ ဦးအား ၎င်းတို့၏ သဘောထားများကို စစ်တမ်းကောက်ယူခဲ့ရာ ဒိန်းမတ်နိုင်ငံသား ၃ ရာခိုင်နှုန်းကသာ ဂရင်းလန်း အား အမေရိကန်နှင့်ပေါင်းစည်းခြင်းကို လိုလားပြီး အခြား ၇ ရာခိုင်နှုန်းကမူ တိကျသည့်  သဘောထားဖော်ပြနိုင်ခြင်းမရှိကြောင်းတွေ့ရှိခဲ့ရသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ဂရင်းလန်းဒေသအား အမေရိကန်နှင့်ပေါင်းစည်းခြင်းကို ဒိန်းမတ်နိုင်ငံသားအများစုက ကန့်ကွက်နေခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါဒေသအား ဒိန်းမတ်နိုင်ငံ၏   အစိတ်အပိုင်းတစ်ခုအဖြစ်    ဆက်လက်တည်ရှိနေစေရန်၎င်းတို့ကဆန္ဒရှိနေသည်။

ဂရင်းလန်းဒေသည် ၁၉၅၃ ခုနှစ်အထိ ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်မြေတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး  ၂၀၀၉ ခုနှစ်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်လာခဲ့သော်လည်း ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

ဂရင်းလန်း၏ အားသာချက်များကိုလေ့လာမည်ဆိုပါက   ယင်းဒေသတွင် သတ္တုတွင်းထွက်များနှင့် ကုန်ကြမ်းပစ္စည်း ပေါကြွယ်ဝသည့်အပြင် အာတိတ်ဒေသရှိ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းနှင့်လည်း နီးစပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်   ယင်းဒေသသည်   ပထဝီနိုင်ငံရေးရှုထောင့်အရ အလွန်အရေးပါသည့်နယ်မြေတစ်ခုအဖြစ် အမေရိကန်တို့က ရှုမြင်နေခြင်းဖြစ်သည်။

အမေရိကန်ကွန်ဂရက်ရှိ ရီပတ်ဘလစ်ကန်အမတ်အချို့က  ထရမ့်၏အဆိုပါရပ်တည်ချက်၊ သဘောထားကို ထောက်ခံလျက်ရှိပြီး ထရမ့်နေဖြင့် ဂရင်းလန်းအား နိုင်ငံနှင့်ပေါင်းစည်းနိုင်ရေးလုပ်ဆောင်နိုင်ရန်အတွက် “Make Greenland Great Again” ဟုအမည်ပေးထားသည့် မူကြမ်းတစ်ရပ်ကို အန်းဒီ အိုလက်ဆိုသူ ရီပတ်ဘလစ်ကန်အမတ်တစ်ဦးက တင်သွင်းခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကာလာဆန်းကလည်း ထရမ့်၏အဆိုပါ သဘောထားကို ထောက်ခံထားသည်။ အကြောင်းမှာ ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းအား  အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိသောကြောင့်၎င်းကျွန်းအား အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းကသာ အခြေခံအသိဉာဏ်ပင်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သို့ရာတွင်   အမေရိကန်အနေဖြင့် အခြားနိုင်ငံများ၏ နယ်မြေပေါင်းစည်းမှုနှင့် ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံဥပဒေတို့ကို လေးစားမည်ဟု   မျှော်လင့်ကြောင်း အီးယူစစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက ပြောကြားခဲ့သည့်အပြင် ဂရင်းလန်းဒေသနှင့် စပ်လျဉ်း၍ အမေရိကန်၏ ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟုရုရှားနိုင်ငံကလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအာတိတ်ဒေသ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုသည် ဒေသတွင်းတင်းမာမှုများကို ဖြစ်ပေါ်လာစေနိုင်သည့်အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: moi.gov.mm

နိုင်ထူး

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် ဝါးအစည်းပြေသလိုပြိုကွဲကာ သမိုင်းအတွင်း ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သော တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။

ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်တီတိုးက ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယူဂိုဆလားဗီးယားသည် ဧရိယာစတုရန်းမိုင် ၉၈၇၆၆ ရှိပြီး ထိုစဉ်က လူဦးရေ ၁၇ သန်းကျော်မျှသာရှိသည်။ သို့သော် ပြည်နယ်နှင့် လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိသောကြောင့် ဒေသနယ်ပယ်အစွဲရှိကြသော တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်သူ့သမ္မတနိုင်ငံ ခြောက်နိုင်ငံထူထောင်ရန် မာရှယ်တီတိုးက လက်ခံသဘောတူခဲ့သည်။

ပြည်ထောင်စု ယူဂိုဆလားဗီးယားသမ္မတနိုင်ငံ

သို့ဖြင့် ဆားဘီးယား၊ ခရိုအေးရှား၊ ဆလိုဗီးနီးယား၊ မွန်တီနီဂရိုး၊ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား၊ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံတို့ကို စုပေါင်း၍ ပြည်ထောင်စု ယူဂိုဆလားဗီးယား သမ္မတနိုင်ငံအဖြစ် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ဆားဘီးယားသမ္မတနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှစ်ခုအဖြစ် ကိုဆိုဗိုနှင့် ဗော့ချ်ဗိုဒီနာတို့ ပါဝင်သည်။ ယူဂိုဆလားဗီးယား ဖက်ဒရယ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တစ်ခုလုံးကို ရှစ်ဦးပါ သမ္မတအဖွဲ့က ဦးဆောင်သော်လည်း အလုံးစုံအာဏာပိုင်အဖွဲ့မှာ ယူဂိုဆလားဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်သည်။

မာရှယ်တီတိုးသည် စစ်ထောင်း၍ ကျေခဲ့သော ယူဂိုဆလားဗီးယားနိုင်ငံကို အမြန်ဆုံးပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ရသည်။ မာရှယ်တီတိုးသည် ယူဂိုဆလားဗီးယားနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် တည်ဆောက်ခဲ့သော်လည်း တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယူဂိုဆလပ်စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့လေသည်။

သို့ရာတွင် မာရှယ်တီတိုးခေတ်မှာပင် ယူဂိုဆလားဗီးယားသည် ဖြေရှင်းရန် ပြဿနာများစွာရှိခဲ့သည်။ လူဦးရေအများဆုံး ဆာ့ဗ်လူမျိုးများနှင့် ဒုတိယအများဆုံးဖြစ်သော ခရိုအေးရှန်းတို့မှာ သမိုင်းရန်ငြိုးရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ခရိုအေးရှားနယ်သား အများစုသည် နာဇီဂျာမနီတို့နှင့်ပူးပေါင်းကာ ခရိုအေးရှားနယ်၌ နေထိုင်ကြသော ဆာ့ဗ်လူမျိုးများကို လူမျိုးရေးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ ဆာ့ဗ်လူမျိုး တစ်သိန်းခန့်အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထိုဖြစ်စဉ်များကြောင့် ဆာ့ဗ်နှင့် ခရိုအေးရှန်းတို့မှာ ရန်ငြိုးမပြေရှိခဲ့ကြသည်။

တစ်ဖန် မြောက်ပိုင်း / တောင်ပိုင်းပြဿနာလည်း ရှိပြန်သည်။ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့ ပါဝင်သော မြောက်ပိုင်းဒေသများသည် ရေမြေသယံဇာတကြွယ်ဝသဖြင့် အစဉ်အဆက် ပြည့်စုံကြွယ်ဝချမ်းသာခဲ့သော်လည်း တောင်ပိုင်းဒေသများမှာမူ သယံဇာတရှားပါး၍ ဆင်းရဲသည်။ မြောက်ပိုင်း ခရိုအေးရှားနှင့် ဆလိုဗီးနီးယားမှ လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၀၀၀ ရှိသော်လည်း တောင်ပိုင်းမွန်တီနီဂရိုးနယ်နှင့် ကိုဆိုဗိုတွင် ဒေါ်လာ ၇၀၀ မျှသာရှိလေသည်။

ထိန်းမနိုင်သိမ်းမရ

သို့နှင့် မာရှယ်တီတိုးက ပြည်ထောင်စုမူအရသမ္မတနိုင်ငံများ အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်မှုအပေါ် ပြည့်စုံကြွယ်ဝသော မြောက်ပိုင်းက ဆင်းရဲသော တောင်ပိုင်းဒေသများကို အမြဲတမ်းဝေမျှပေးနေရသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ အချိုးညီညီ တိုးတက်ရေးဟူသော ဗဟိုအစိုးရ၏ လှုံ့ဆော်ချက်သည် မြောက်ပိုင်းသားများအကြားတွင် အရာမဟုတ်ဘဲရှိနေခဲ့သည်။ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနေချိန်၌ ပြဿနာအကြီးအကျယ်မတက်ခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှု ကို ၁၉၆၆ ခုနှစ်မှစ၍ လျှော့ပေးလိုက်သည့်နောက်တွင် သမ္မတနိုင်ငံများအကြား ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ကြသည်။

ခရိုအေးရှားအရေးအခင်းသည် မာရှယ်တီတိုးအဖို့ ခေါင်းခဲစရာ ပြည်တွင်းရေးပြဿနာတစ်ရပ် ဖြစ်လာခဲ့လေသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများ အလာများ၍ နိုင်ငံခြားဝင်ငွေ အလွန် ကောင်းသော ခရိုအေးရှားနိုင်ငံက နိုင်ငံခြားဝင်ငွေ ခွဲဝေသုံးစွဲရာတွင် ခရိုအေးရှားနိုင်ငံအတွက် ခွဲတမ်းအများဆုံးပေးရမည်ဟု တောင်းဆိုရာမှ စတင်ခဲ့သည်။

ခရိုအေးရှားမြို့တော် ဇာဂရက်တွင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလကဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲကြီးမှတစ်ဆင့် ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်လေကြောင်းဆက်သွယ်ရေး၊ ကုလသမဂ္ဂသို့ သီးခြားဝင်ရောက်ရေးအပါအဝင် ခရိုအေးရှားသမ္မတနိုင်ငံ သီးခြားခွဲထွက်ရေးအထိ တောင်းဆိုလာခဲ့ကြသည်။

အစွန်းရောက်မှုကို သည်းမခံနိုင်

ခရိုအေးရှားသီးခြားခွဲထွက်ရေး အယူအဆမှာ ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ တည်ရှိခဲ့သည်။ ခွဲထွက်ရေးသမား ၁၀၀၀ ခန့်သည် အနောက်ဥရောပ နိုင်ငံအချို့နှင့် ကနေဒါ၊ အမေရိကန်နိုင်ငံများတွင် ပြည်ပြေးများအဖြစ် နေထိုင်ခဲ့ကြပြီး ခရိုအေးရှား ပြည်တွင်းဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် အခွင့်ကြုံတိုင်း အားပေးအားမြှောက်လုပ်ခဲ့ကြသည်။ ဇာဂရက်ဆန္ဒပြပွဲကြီးသည် ပြည်ပြေးများနှင့် တစ်လေသံတည်း ထွက်လာသောအခါ မာရှယ်တီတိုးသည် ခရိုအေးရှားနယ်သားဖြစ်သော်လည်း မိမိဇာတိဌာနေသားတို့၏ အစွန်းရောက်မှုကို သည်းမခံနိုင်တော့ဘဲ ခပ်ကြမ်းကြမ်းကိုင်တွယ် ခဲ့လေသည်။ တစ်ဖက်တွင်လည်း မာရှယ်တီတိုးသည် ပြည်ထောင်စုကြီးတည်မြဲရေး၊ သမ္မတနိုင်ငံများ ခွဲမထွက်ဘဲ သင့်မြတ်စွာ ပူးပေါင်းနေထိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် ဆွေးနွေးခဲ့သည်။

သို့ရာတွင် ခွဲထွက်ရေးသမားပြည်ပြေးတို့က ယူဂိုဆလားဗီးယားလေကြောင်းပိုင် လေယာဉ်တစ်စင်းနှင့် အမြန်ရထားတစ်စင်းတို့ကို ဗုံးပေါက်ခွဲ၍ အပြစ်မဲ့ခရီးသည်အချို့ သေကျေဒဏ်ရာရရှိခဲ့ကြသည်။ ထို့ပြင် ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းရှိ ယူဂိုဆလပ်သံအမတ်ကြီးကိုလည်း ခရိုအေးရှား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ခရိုအေးရှားအကြမ်းဖက်သမားများသည် မာဖီးယားဂိုဏ်းကြီးပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီးနိုင်ငံခြားတွင် အလုပ်လုပ်နေကြသော ခရိုအေးရှား လူမျိုးများထံမှ နှစ်စဉ်ဆက်ကြေးကောက်ခံ၍ ရန်ပုံငွေအဖြစ် စုဆောင်းခဲ့ကြသည်။

၁၉၈၀ ပြည့်နှစ် မေလတွင် မာရှယ်တီတိုးကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သော်လည်း ခေါင်းဆောင်ကောင်းပီပီ နိုင်ငံတစ်နိုင်ငံကို ၃၅ နှစ်လုံးလုံး ဦးဆောင်မှုပေးခဲ့သည်။ မာရှယ်တီတိုး မကျန်းမမာဖြစ်စဉ်ကတည်းက လေ့လာသူများက ယူဂိုဆလားဗီးယားနိုင်ငံ၏ အခြေအနေကို သုံးသပ်တွက်ချက်ခဲ့ကြရာ ဘာသာအမျိုးမျိုးနှင့် စကားအထွေထွေရှိသည့် လူမျိုးစုများအနေဖြင့် ဆက်လက်ပြီး စည်းလုံးညီညွတ်ပါ့မလား၊ ကိုယ်ကျိုးစီးပွားအခြေခံသည့် အယူအဆများ လွှမ်းမိုးပြီး ရှေ့တန်းရောက်သူက နောက်ကျကျန်သူကို အနစ်နာခံပြီး တွဲခေါ်နိုင်ပါ့မလား၊ အစဉ်အလာအရ သမိုင်းနှင့်ချီပြီး ရန်ဘက်ပဋိပက္ခဖြစ်ခဲ့မှုတွေကို ဆက်လက်ပြီးပြည်ဖုံးကားချနိုင်ပါ့မလား စသည်ဖြင့် မေးခွန်းများစွာထုတ်ခဲ့ကြပြီး ယူဂိုဆလားဗီးယား နိုင်ငံအတွက် အန္တရာယ်အရှိဆုံးမှာ ပြည်တွင်းရေး ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အက်ကြောင်းပေါ်ပေါက်လာ

လေ့လာသူများ သုံးသပ်အဖြေထုတ်သကဲ့သို့ပင် ယူဂိုဆလားဗီးယားနိုင်ငံသည် မာရှယ်တီတိုးကွယ်လွန်ပြီး ၁၀ နှစ်မျှအကြာတွင် စတင်အက်ကြောင်းပေါ်ပေါက်လာသည်။ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း တစ်စစီပြိုကွဲသွားခဲ့လေသည်။

၁၉၈၈ ခုနှစ်တွင် ဆားဘီးယားပါတီဥက္ကဋ္ဌအဖြစ် ဆလိုဘိုဒန်မီလိုဆီဗစ် တက်လာသည်။ မီလိုဆီဗစ်သည် ယူဂိုဆလားဗီးယားပြည်ထောင်စုတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဆာ့ဗ်တို့က ပြန်လည်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဆာ့ဗ်လူမျိုးစုမဟုတ်သော တိုင်းရင်းသားလူမျိုးများ စိုးရိမ်ထိတ်လန့်လာကြသည်။ ၁၉၈၈ နှင့် ၁၉၈၉ ခုနှစ်တွင် မီလိုဆီဗစ်သည် ဗော့ချ်ဗိုဒီနာနှင့် မွန်တီနီဂရိုးပါတီ နှင့် ပြည်နယ်ခေါင်းဆောင်များကို ဖယ်ရှားပစ်ခဲ့သည်။ ကိုဆိုဗိုနှင့်ဗော့ချ်ဗိုဒီနာပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကိုလည်း ရုပ်သိမ်းလိုက်သည်။ ကိုဆိုဗိုတွင် လူများစုဖြစ်သော အယ်လ်ဘေးနီးယား လူမျိုးများကို နှိပ်ကွပ်လွန်းဟုယူဆပြီး အယ်လ်ဘေးနီးယားများ သူပုန်ထကြသည်။

၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယားကွန်မြူနစ်အဖွဲ့ချုပ် ပြိုကွဲလေသောအခါ ထိုနှစ်နှောင်းပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများတွင် အမျိုးသားရေးပါတီများ နေရာရလာကြသည်။ ထိုအခါ သီးခြားခွဲထွက်ရေးတောင်းဆိုမှု ဖြစ်ပေါ်လာ၍ ဆန္ဒခံယူပွဲများပြုလုပ်ခဲ့ကြရာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆလိုဘင်းတို့ကစတင်၍ ခွဲထွက်မည်ဟုဆန္ဒပေးကြသည်။ ၁၉၉၁ ခုနှစ် ဇွန်လတွင် ခရိုအေးရှားကလည်း ခွဲထွက်မည်ဟု ဆန္ဒပေးကြပြန်သည်။ သို့နှင့် ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့က လွတ်လပ်ရေးကြေညာခဲ့ကြသည်။

မကြာမီ ခရိုအေးရှားတွင် ပြည်တွင်းစစ်ထဖြစ်လာတော့သည်။ ယူဂိုဆလပ်တပ်မတော်၏ ထောက်ပံ့မှုရရှိသော ခရိုအေးရှားဆာ့ဗ်ပြည်သူ့စစ်များက တစ်ဖက်၊ အရေးပေါ် ခရိုအေးရှားလွတ်လပ်ရေးတပ်ကတစ်ဖက် တိုက်ခိုက်ကြရာ ကုလသမဂ္ဂက အထူးကိုယ်စားလှယ်စေလွှတ်၍ ကြားဝင်ဖျန်ဖြေခဲ့ရသည်။ ဥရောပအဖွဲ့ EC (ယခု EU)က ယူဂိုဆလားဗီးယား ပြန်လည်စည်းလုံးညီညွတ်ရေးကို ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အဆုံး ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ဆလိုဗီးနီးယားနှင့် ခရိုအေးရှားကို အသိအမှတ်ပြုလိုက်သည်။

ထိုအခါ မက်ဆီဒိုးနီးယားနှင့် ဘော့စနီးယား နှစ်နိုင်ငံစလုံးကလည်း ဆာ့ဗ်များကြီးစိုးနေသည့် လက်ကျန် ယူဂိုဆလားဗီးယားပြည်ထောင်စုထဲတွင် မနေလိုတော့ဟုဆိုကာ လွတ်လပ်ရေးကြေညာရန် စိုင်းပြင်းခဲ့ကြပြန်သည်။ EC က အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ် နှစ်ကုန်ခါနီးတွင် လျှောက်ထားခဲ့ကြသည်။

၁၉၉၂ ခုနှစ် နွေဦးတွင် ယူဂိုဆလပ်နှင့် မက်ဆီ ဒိုးနီးယားတို့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့ပြီး ယူဂိုဆလပ်စစ်တပ်များ ငြိမ်းချမ်းစွာ ပြန်လည်ရုပ်သိမ်းပေးခဲ့၍ မက်ဆီဒိုးနီးယားသည် စစ်မဖြစ်ဘဲ လွတ်လပ်ရေးရသော ယူဂိုဆလားဗီးယား၏ အမွေခံနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။

ဘော့စနီးယားတို့မှာမူ ကံမကောင်းခဲ့ချေ။ ၁၉၉၂ ခုနှစ် ဧပြီလတွင် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ စစ်ဖြစ်ချိန်မှာပင် အမေရိကန်နှင့် EC (ယခု EU) က ဘော့စနီးယားကို အသိအမှတ်ပြုခဲ့သည်။ ဘော့စနီးယားတွင် ဆာ့ဗ်၊ ခရိုအက်နှင့် ဘော့စနီးယား မူဆလင်တို့သည် လူမျိုးရေးကို ရှေ့တန်းတင်၍ အပြင်းအထန်တိုက်ခိုက်ကြရာ အပြစ်မဲ့ပြည်သူ အမြောက်အမြားသေကျေပျက်စီးခဲ့ကြရလေသည်။

တစ်ဖန် ဆားဘီးယားနိုင်ငံ၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ကိုဆိုဗိုပြည်နယ်ကလည်း သီးခြားလွတ်လပ်ခွင့်တောင်းဆိုရာမှ ၁၉၉၈ ခုနှစ်တွင် ကိုဆိုဗိုစစ်မီး ထပ်ဆင့်လောင်ကျွမ်းခဲ့လေရာ ယခုတစ်ကြိမ်တွင် အမေရိကန် ဦးဆောင်သော နေတိုးစစ်အုပ်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မပါဘဲ ယူဂိုဆလားဗီးယားကို လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နေတိုးစစ်အုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်မှာပင် စစ်ရေးပစ်မှတ်များကို ပြင်ဆင်နေခဲ့ပြီး ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လေကြောင်းမှ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဆားဘီးယားနှင့် မွန်တီနီဂရိုးသည် ၁၉၉၂ ခုနှစ် ဧပြီလတွင် ယူဂိုဆလား ဗီးယားဖက်ဒရယ်သမ္မတနိုင်ငံဟု ကြေညာခဲ့ရာ ထိုကြေညာချက်သည် ကျန်လေးနိုင်ငံ ခွဲထွက်သွားသည်ကို အသိအမှတ်ပြုလုပ်သည့်သဘော သက်ရောက်သွားလေသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ယူဂိုဆလားဗီးယားဖက်ဒရယ် သမ္မတနိုင်ငံကို ဆားဘီးယားနှင့် မွန်တီနီဂရိုးနိုင်ငံဟု အမည်ပြောင်းလိုက်သည်။

ဝါးအစည်းပြေသလို ဖရိုဖရဲ

ဤသို့ဖြင့် ၃၅ နှစ်ကြာမျှ မာရှယ်တီတိုး တည်ဆောက်ခဲ့သော ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် တီတိုးလွန်ပြီး ဆယ်စုနှစ်တစ်ခုမျှအကြာတွင် ဝါးအစည်းပြေသလို ဖရိုဖရဲပြိုကွဲသွားခဲ့ရလေသည်။

ယခင်က အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများထဲတွင် စံပြတစ်နိုင်ငံအဖြစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကာလအတွင်း ထောင်းလမောင်း ကြေမွပျက်စီးသွားခဲ့သည်။ စစ်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူများ သိန်းနှင့်ချီ သေကျေပျက်စီးခဲ့ကြရသလို ကျန်ရှိသူများမှာလည်း စားရမဲ့၊ သောက်ရမဲ့ စစ်ဘေးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများတွင် ခိုလှုံနေခဲ့ကြရသည်။ ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်များသည် ပြည်ထောင်စုနိုင်ငံများအတွက် သမိုင်းသင်ခန်းစာတစ်ရပ်ဖြစ်ပေသည်။

သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားတိုင်းက ဥမကွဲသိုက်မပျက်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အေးအတူပူအမျှဟူသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ကျင့်ကြံမွေးမြူကြရပါမည်။

နွားကွဲလျှင် ကျားဆွဲပေလိမ့်မည်။ ယခုမျက်မှောက်ကာလမှာပင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့ကြီးစိုးနေသော ဒေသအချို့တွင် လက်နက်ကိုင်အချင်းချင်း သူတစ်လူငါတစ်မင်း နယ်မြေလုရင်း ပဋိပက္ခများဖြစ်ပေါ်နေသည်ကို သင်ခန်းစာအဖြစ် ကျွန်ုပ်တို့ ပြည်ထောင်စုသားအားလုံး ရှုမြင်သတိချပ်ကြရပေမည်။ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ပြည်ထောင်စု၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်ကိုသာ ဦးထိပ်ပန်ဆင်ကြရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေမှသာ ပြည်ထောင်စု၏အရိပ်ကို ကျွန်ုပ်တို့ သားစဉ်မြေးဆက် ငြိမ်းချမ်းပျော်ရွှင်စွာ ခိုလှုံနိုင်ကြမည်ဖြစ်ပါသည်။ ။

ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”

Source: moi.gov.mm
 

မောင်ကမ္ဘာ

ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေကိုရှုမြင်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် အချို့ဒေသများတွင် ဒေသခံပြည်သူများ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်ပါသည်။

ဒေသခံတိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေရသည့် အဖြစ်ဆိုးများသည် တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းဖြစ်၍ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ဆင်းရဲဒုက္ခပင်ဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကို မောင်နှမတစ်ဦးဦး ဆင်းရဲဒုက္ခရောက်သည့်အခါ အခြားညီအစ်ကို မောင်နှမများလည်း စိတ်ဆင်းရဲ၊ စိတ်မကောင်းဖြစ်ကြရသကဲ့သို့ သောကအပူမီးကူးစက်ခံရပါသည်။

စိတ်မကောင်းဖြစ်ရ

ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ ပြည်ပမှ အိမ်ကြက်ချင်း အိုးမည်းသုတ်သည့် ယုတ်မာပက်စက်သည့် အကြံအစည်များကြောင့်လည်းကောင်း နှစ်ဖက်စလုံးထိခိုက်ကြေပြုန်းနေရသည့် အဖြစ်များမှာ မိမိတို့ တိုင်းရင်းသားအချင်းချင်း ဖြစ်နေသည်ဆိုသည့် အချက်ကို သတိချပ်ဖို့လိုပါသည်။ လက်ရှိကာလအတွင်း၌ပင် အယူအဆ၊ ခံယူချက်လွဲမှားမှု၊ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် မြန်မာနိုင်ငံသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးခဲ့ကြသဖြင့် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရ၊ ဒုက္ခဆင်းရဲ ခံခဲ့ကြရသည့် မြန်မာနိုင်ငံသားများမှာ ရာထောင်သောင်းချီရှိနေပြီ။ မိမိတို့နိုင်ငံသားအချင်းချင်း ဖြစ်၍ မိသားစုဝင်နိုင်ငံသားများအားလုံးအနေဖြင့်လည်း စိတ်မကောင်းဖြစ်ကြရသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး အချိန်မှစ၍ မျက်မှောက်ကာလယနေ့အချိန်အထိ နိုင်ငံတစ်ဝန်း၌ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခအမျိုးမျိုးတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသည့် ပြည်သူများအရေအတွက် မည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အသက်ခန္ဓာများ အချည်းနှီးဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ဆုံးရှုံးသွားခဲ့ရသော မိသားစုများ၏ ဘဝများ၊ လူသားအရင်းအမြစ်များ အမြောက်အမြားဆုံးရှုံးခဲ့ရခြင်းတို့သည် နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ ပြည်သူအားလုံးအတွက် ဝမ်းနည်းကြေကွဲစရာပင် ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ကြဖို့၊ တော်လောက်ကြဖို့ အချိန်ကျရောက်နေပြီဟု ဆိုချင်ပါသည်။

ညီညွတ်မှုတည်ဆောက်

ပြည်တွင်း၊ ပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနေသူ များတွင် အများစုမှာ အသက် ၁၈ နှစ်ဝန်းကျင်မှ အသက် ၃၀ ဝန်းကျင်ရှိသည့် မျိုးဆက်သစ် လူငယ် လူရွယ်များဖြစ်နေသည်ကို ပြည်သူအားလုံး သတိချပ်စေချင်ပါသည်။ ထို့ကြောင့် သွေးထိုးမြှောက်ပင့်ပေးမှု၊ စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်မှုများကြောင့် အချင်းချင်းကျေကွဲပျက်စီးအောင် ပြုလုပ်မှုများကို ဆင်ခြင်ကြရန်လိုပါသည်။ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးအချင်းချင်း စာနာမှု၊ ရိုင်းပင်းမှု၊ မေတ္တာတရားထားမှုများနှင့် လူငယ်လူရွယ်များ အချည်းနှီးပျက်စီးဆုံးရှုံးမှု မဖြစ်စေဘဲ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် ပျိုးထောင်ပေးကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးအဖြစ် လက်တွဲညီညီစည်းလုံးညီညွတ်စွာ တည်ဆောက်သွားရန် တိုက်တွန်းအပ်ပါသည်။

မကြာသေးမီကာလအတွင်းက သောင်းကျန်းသူအဖွဲ့အမျိုးမျိုးတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရသည်။ ပြည်နယ်နှင့်ဒေသများအတွင်း နေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်သည်။ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသများတွင် နေထိုင်ကြသူများကပင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်မှုများကို အချိန်မီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်မှာလည်း ဒေသခံများပင်ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့များက လုပ်ဆောင်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ်အယူအဆဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ်မွေးဖွားဒေသ၊ ကိုယ့်တိုင်းရင်းသား ပြည်သူများအပေါ် သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ

အေးချမ်းသာယာဝပြောသည့် နိုင်ငံတည်ဆောက်နိုင်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးသော အချိန်ကာလဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်။ နှစ်ပေါင်းရှည်ကြာလာခဲ့ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံသားများ အသက်ခန္ဓာများ အမြောက်အမြားဆုံးရှုံးခဲ့ရပြီးဖြစ်သလို နိုင်ငံတော်ကြီးသည်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်ပင် အတော်ပင်နောက်ကျ ကျန်ရစ်နေပြီကို သတိမူကြဖို့ လိုမည်ဖြစ်သည်။ ဆက်လက်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်းကြားတွင် စိတ်ဝမ်းကွဲပြားမှုများ ဆက်ဖြစ်နေမည်ဆိုလျှင် တိုင်းရင်းသားပြည်သူများပင် ထို့ထက်မက ဆုံးရှုံးပျက်စီးမှုများ များလာမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးမှု ယခုထက်မက နောက်ကျလာမည်ဖြစ်သည်။

အဓိကမှာ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးဖြစ်သည်။ နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခြင်းသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ခြေလှမ်း များပင်ဖြစ်သည်။ နိုင်ငံရေးအရ၊ ဝါဒရေးအရ၊ တိုင်းရင်းသားအရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနည်းလမ်းနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုပါသည်။ ငြိမ်းချမ်းရေးကို ရှေးရှုရာတွင် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်းတစ်ခုတည်းသာ မဟုတ်ပါ။ ဒီမိုကရေစီနည်းလမ်းဖြင့်လည်း အဖြေရှာနိုင်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာရောက်မည်ဖြစ်သည်။

ပဋိပက္ခသံသရာလည်

နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ရိုးသားမှုရှိရန်လိုသည်။ သို့သော် အရေးမသာတော့မှ နိုင်ငံရေးနည်းလမ်းကိုဆိုလိုက်၊ အခြေအနေအလှည့်အပြောင်း အကွက်ချောင်းပြီး နိုင်ငံရေးနည်းလမ်းဆိုလိုက်ဖြင့် မရိုးမသားပြုလုပ်နေမည်ဆိုလျှင် ငြိမ်းချမ်းရေးခရီးနှင့် မနီးဘဲဝေးသထက်ဝေးပြီး ပဋိပက္ခသံသရာတွင် လည်နေမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများလည်း ထိခိုက်သထက်ထိခိုက်လာမည်ဖြစ်သည်။ တိုင်းပြည်လည်း ကျဆင်းသထက် ကျဆင်းလာမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းနေသည်ကို တွေ့မြင်နေရသည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရက အရှိန်အဟုန်ဖြင့် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်နေသည်မှာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအရေးအတွက် ဖြစ်သည်။ ထိုကဲ့သို့ လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက်မှာ ပြည်သူအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအကျိုးကို ပြည်သူများကပင် အသိဉာဏ်ပညာဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဖန်တီးပေးလျက်ရှိသည်။

ထိရောက်စွာဆောင်ရွက်

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များ ချမှတ်နိုင်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အစိုးရတစ်ရပ်တည်းက ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့်အတူ ဒေသခံပြည်သူများကလည်း အတူလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှသာ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပြည်ပမှ သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေးမှုများ၊ ခံယူချက်၊ ယုံကြည်ချက်၊ အသိအမြင်လွဲမှားမှုများဖြင့် ပြည်ထောင်စုကြီးနှင့် ပြည်သူများအကျိုးကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကိုသာ ဇွတ်တိုးလုပ်ကိုင်နေပါလျှင် မြန်မာပြည်ဖွား ပြည်သူများအချင်းချင်း ကြေပြုန်းပျက်စီးခြင်းသို့ရောက်ကြပြီး မိမိတို့ဒေသ၊ မိမိတို့ဒေသခံပြည်သူများ၏ အနာဂတ်ပျောက်နေမည်ကို သတိပြုရမည်ဖြစ်သည်။ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည့်နယ်တစ်ခု၊ ဒေသတစ်ခုဖြစ်စေရန် ပြည်နယ်အတွင်း၊ ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ စိတ်ဓာတ်နှင့်အင်အားသည် အဓိကဖြစ်သည်။ နိုင်ငံ၏အင်အားသည် နိုင်ငံအတွင်းမှာ ရှိသကဲ့သို့ ပြည်နယ်၊ ဒေသများ၏ အင်အားသည်လည်း ပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအင်အားများပင်ဖြစ်သည်။

ညီညွတ်သောအင်အား

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် စည်းလုံးညီညွတ်မှုကို အခိုင်အမာသက်သေထူပြနိုင်ခဲ့သော ပင်လုံစာချုပ်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး၏ ညီညွတ်သော စုပေါင်းအင်အားများကို အထောက်အပံ့ပြု၍ ပေါ်ထွက်လာသောရလဒ်ဖြစ်သည်။ မိမိတို့၏ အမျိုးသားခေါင်းဆောင်ကြီးများ၊ ဘိုးဘေးဘီဘင်များ အခိုင်အမာစိုက်ထူခဲ့သော စည်းလုံးညီညွတ်မှု အဖိုးတန်အမွေအနှစ်ကို မပျက်စီးအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ မျက်မှောက်ကာလရှိ တိုင်းရင်းသား ပြည်သူများအားလုံး၏ တာဝန်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဆက်လက်တည်ဆောက်ကြရမည် ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်

 ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား မျိုးချစ်စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

နိုင်ငံ၏ အနာဂတ်မျိုးဆက်များကို ပျက်စီးပြုန်းတီးမှုမဖြစ်စေဘဲ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ကာကွယ်စောင့်ရှောက်ပျိုးထောင်ကြရမည် ဖြစ်သည်။ ပြည်နယ်များ၊ ဒေသများရှိ တိုင်းရင်းသားပြည်သူများလည်း အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်များတွင် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပြီး ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာဝပြော၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြပါရန် ဆန္ဒပြုတိုက်တွန်းရေးသားလိုက်ရပါသည်။       ။

Source: moi.gov.mm
 

ကိုရင်မောင်

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်၍ ပြည်ထောင်စုနေ့အခမ်းအနားကို ဦးတည်ချက်များ ချမှတ်ကာ နှစ်စဉ် နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ပါသည်။ ၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များတွင် ပြည်ထောင်စုနေ့သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသည်။ ၁၉၅၄ ခုနှစ် မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့ သဘင်ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင် ဖြစ်ပါသည်။ ထိုနှစ်တွင် တိုင်းရင်းသားလူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြခန်းများ၊ ကြိုဆိုပွဲများဖြင့် တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ ပြည်သူများက သောင်းသောင်းဖျဖျပါဝင် တက်ရောက်ကြသည့်အတွက် တည်ရှိပြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထပ်လောင်းခိုင်မာစေပါသည်။

ပြည်ထောင်စုနေ့ ဖြစ်တည်လာပုံမှာ ရှေးယခင်က မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မြန်မာတစ်နိုင်ငံလုံး စည်းစည်းလုံးလုံး ရှိခဲ့ဖူးပါသည်။ ဗြိတိသျှအစိုးရလက်အောက်မှာ စတင်ပြီး မြန်မာနိုင်ငံတော်ကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန်အတွက် တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု စတင် ပြိုကွဲခဲ့ရပါသည်။ အနှစ် ၇၀ မျှကာလပတ်လုံး ဗြိတိသျှလက်အောက်မှလွတ်မြောက်ရေးကို ကြိုးပမ်းရာမှာ မြေပြန့်သားနှင့် တောင်တန်းသားတို့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ သို့ပေမယ့် “သေသော်မှတည့်၊ ဪ…ကောင်း၏” ဆိုရိုးစကားအတိုင်း ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာမှာတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခဲ့ကြပါသည်။ လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းဆောင်ရွက်ခဲ့ကြပါသည်။ 

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလ ညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သောပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းဗဟိုချက်၌ရှိသော ပင်လုံမြို့မှာ ရှမ်းစော်ဘွားများညီလာခံကို ကျင်းပခဲ့ပြီး မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်းပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောအဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ ပြည်မနှင့် တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့ပါသည်။ သို့ပေမယ့် တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောထားသက်ဝင်သော အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဆိုက်ရောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေအချိန်တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၃ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားကို သန္ဓေတည်ခြင်းပင်ဖြစ်ပေသည်။ ထိုကဲ့သို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို "ပြည်ထောင်စုနေ့"ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။

ထိုကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စုတိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ ထို့အတူ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံးက တက်ညီလက်ညီနှင့် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သလို တိုင်းရင်းသားပြည်သူများအတွင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားနေရမည် ဖြစ်ပါသည်။ နိုင်ငံတစ်ခုအတွက်အသက်ကား ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေသည်။ ‘နွားကွဲလျှင် ကျားဆွဲမည်’ ဖြစ်သောကြောင့် တိုင်းရင်းသားအားလုံး၏ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ အေးအတူပူအမျှ မျှဝေခံစားတတ်သော စိတ်ဓာတ်တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဇွန်ဖြူရေးသားသည့် “ပြည်ထောင်စု”ကဗျာလေးမှ ကောက်နှုတ်ချက်ဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

“အေးချမ်းသာယာ ပြည်မြန်မာမှာ

စည်ကာပေါင်းစု အကြောင်းပြုလို့

ကောင်းမှုဝေဖြိုး အလှတိုး

ဆွေမျိုးတစ်စု နေထိုင်ပြုခဲ့…

အပေါင်းသဟာ စုတည်ထောင်တဲ့

တို့ပြည်ထောင် တစ်လွှားမှာဖြင့် 

အစဉ်သာ စည်ဖြိုးဖို့

စုပေါင်းဆောင်ရွက်ကြပါစို့”

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ပါစေ                   

                                                                     

မှီငြမ်း

၁။     www.wiki .com

၂။      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော ‘ပြည်ထောင်စုတိုင်းရင်းသား’ မဂ္ဂဇင်း

၃။     ငြိမ်းချမ်းဝင်း(ကမ္ဘာအေး)၏ ‘ဆုရစာစီစာကုံးများ’

၄။     ဦးဝမ်ထိန်၏ ‘ကမ္ဘာနေ့ကြီးရက်ကြီးများနှင့် မြန်မာ့နေ့ကြီးရက်ကြီးများ’ စာအုပ်

ရဲရင့်

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်ဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ရပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့်ပြည်သူလူထု လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရသကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပြည်သူလူထု၏ ဆောင်ရွက်ချက်များသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်မှုရှိစေရန် တရားစီရင်ရေးမဏ္ဍိုင်က ထိန်းကျောင်းတည့်မတ်ပေးရပါသည်။ ရှေးပဝေသဏီ ခေတ်အဆက်ဆက်တွင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် တရားစီရင်ရေး စနစ်များ ကျင့်သုံးခဲ့ပါသည်။  တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ တိုးတက် မြင့်မားလာစေရန် အလေးထား၍ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး စသည့် နိုင်ငံသားများ၏ အခွင့်အရေးများကိုလည်း ကာကွယ်စောင့်ရှောက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖွဲ့စည်း ဆောင်ရွက်ခဲ့ကြရာ တရားရုံး (Court) နှင့် ခုံရုံး (Tribunal) တို့မှာ အဓိကကျသည့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖြစ်လာကြပါသည်။

တရားရုံး(Court) ၏ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          တရားရုံး(Court) ဟူသောဝေါဟာရ၏ မူလအရင်းအမြစ်သည် လက်တင်ဘာသာစကား “Cohors” ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရပြီးအလုံပိတ်ဧရိယာ သို့မဟုတ် ခြံ ဟု အဓိပ္ပာယ်ရပါသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ Cohors ၏ အဓိပ္ပာယ်ကို တရားမျှတမှု၊ ညီမျှမှု၊ ရည်ရွယ်ချက်အမျိုးမျိုးအတွက် လူအများစုဝေး အဖြေရှာရာနေရာ ဟုအဓိပ္ပာယ်ဖွင့်ဆိုလာကြပါသည်။ 

          အလယ်ခေတ်ဥရောပတွင် နိုင်ငံတော်၏ဘုရင် သို့မဟုတ် စီမံအုပ်ချုပ်သူ အဆင့်မြင့်အရာရှိ များကို ထိန်းကျောင်းသူများ၊ အကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် မြင့်မြတ်သည့် ဂျူရီလူကြီးများ စုဝေးပြီး အငြင်းပွားမှုပြဿနာများကို ဆွေးနွေးအဖြေရှာ၍ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက် ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရုပ်လုံးပေါ်စေခဲ့ကာ တရားရုံး (Court) ဟူသော အဓိပ္ပာယ် သက်ရောက်လာပါသည်။ ကမ္ဘာတစ်လွှား တရားမျှတမှုဆိုင်ရာအယူအဆ (Concepts of Justice) များ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ တရားရုံးများသည် အငြင်းပွားမှုပြဿနာများကို မျှတ မှန်ကန်စွာ ဆွေးနွေးအဖြေရှာနိုင်‌ရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ရေး ကိစ္စများကို  ဆောင်ရွက်သည့် နေရာ၊ ဌာန တစ်ခုအဖြစ် ယနေ့ခေတ်တိုင် ဆက်လက်တည်ရှိနေ ပါသည်။ 

ရှေးမူလအစ တရားရုံးများ

          မှတ်တမ်းများအရ ဘီစီ ၃၀၀၀ ဝန်းကျင်၌ ရှေးခေတ် အီဂျစ်နိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ဆောင်ရွက်သည့် ရှေးအကျဆုံးသော  တရားရုံးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုတရားရုံးများ၌ အီဂျစ် ဖာရိုဘုရင်များသည် အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသည့် တရား သူကြီးများအဖြစ် ဆောင်ရွက်ကြပြီး ဒေသဆိုင်ရာတရားရုံးများက အသေးစားအငြင်းပွားမှု ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ တရားစီရင်ဆုံးဖြတ်ရာတွင် ဘာသာရေးဆိုင်ရာ ကျင့်ထုံး များနှင့်အညီ ဆုံးဖြတ်လေ့ရှိပြီး တစ်ခါတစ်ရံ ယဇ်ပုရောဟိတ်များသည် တရားသူကြီးများအဖြစ် ခံယူ၍ အဆုံးအဖြတ်ပေးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ “The Great Kenbet” သည် ကြီးလေးသော တရားစီရင်မှုများကို ကြားနာဆုံးဖြတ်သော အဓိကတရားရုံးဖြစ်ပြီး ဖာရိုဘုရင် သို့မဟုတ် ၎င်းက ခန့်အပ်သော အရာရှိများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြရပေသည်။ 

          မက်ဆိုပိုတေးမီးယားခေတ် (ဘီစီ-၁၇၅၄) တွင် ဘုရင် ဟန်မူရာဘီ (King Hammurabi) သည်တရားစီရင်ရေးလုပ်ငန်းများ၌ တရားသူကြီးများက ကိုးကား၍ စစ်ဆေးအဆုံးအဖြတ်ပြုနိုင်ရန်အစောဆုံးနှင့် အပြည့်စုံဆုံးဖြစ်သည့် ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ကို ရေးဆွဲခဲ့ ပါသည်။ နိုင်ငံတစ်ဝှမ်း ဘေဘီလုံတရားရုံးများ တည်ထောင်ခဲ့ပြီး ဟန်မူရာဘီ ကိုဓဥပဒေကို တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်စေကာ ထင်ရှားကျော်ကြားသည့် တရားစီရင်ရေးစနစ်တစ်ခုဖြစ်စေ ခဲ့ပါသည်။

          ရှေးဂရိနိုင်ငံရှိ အေသင်တရားရုံးများသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဂျူရီလူကြီးများက ကြားနာစီရင်ဆုံးဖြတ်ပေးသည့် ပြည်သူ့တရား စီရင်ရေးရုံးများသို့ အမှုများကို လွတ်လပ်စွာ တင်သွင်းနိုင်ပါသည်။ အေသင်ရှိ ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် Heliaia Court သည် နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ စီရင်ဆုံးဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရားစီရင်ရေးအတွက် ဂျူရီလူကြီးများကို နိုင်ငံသားများက မဲပေးရွေးချယ်သည့်စနစ်ဖြင့် ခန့်အပ်သည့် တရားရုံးဖြစ်ပါသည်။

          ရောမအင်ပါယာခေတ်တွင် ပေါ်ပေါက်ခဲ့သည့် Roman Law သည် ခေတ်မီတရားစီရင်ရေး စနစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဥပဒေတစ်ခုပင်ဖြစ်ပါသည်။ ပြည်သူ့တရားစီရင်ရေးကိစ္စရပ်များတွင် တရားသူကြီးများသာမက ရေမြေ့အရှင် ဧကရာဇ်မင်းကပါ ပါဝင်ဆုံးဖြတ်ပေးသည့် တရားရေးစနစ်များ ပေါ်ထွန်းခဲ့ပါသည်။ ရောမအင်ပါယာခေတ် ထင်ရှားသော တရားရုံးများအနက် The Praetor’s Court သည် ကြီးလေးသော ပြစ်မှုနှင့် တရားမမှုများကို စီရင်ဆုံးဖြတ်ပေးသည့် အဓိက တရားရုံးအဖြစ် ထင်ရှားခဲ့ပါသည်။ ရောမခေတ်တွင် သာမန်အငြင်း ပွားမှုမဟုတ်သော ကိစ္စရပ်များကို စီရင်ဆုံးဖြတ်ရန်နှင့် အယူခံအဆင့်ဆင့် တက်ရောက်နိုင်သည့် သီးခြားအထူးတရားရုံးများလည်း ပေါ်ပေါက်ခဲ့ပါသည်။

          အလယ်ခေတ် ဥရောပတွင် ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ကြသဖြင့် တရားစီရင်ဆုံးဖြတ်မှု များသည် ပဒေသရာဇ်စနစ်နှင့် လျော်ညီသည့် တရားစီရင်မှုအသွင်ဆောင်ခဲ့ပါသည်။ ဒေသအာဏာပိုင် များသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားဖွယ်ကိစ္စရပ်များကို ဒေသတရားရုံးများ ဖွင့်လှစ်၍ ကြားနာစီရင်ဆုံးဖြတ်ပေးခဲ့ကြသည်။ ဘာသာရေးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် တရားရုံးများလည်း ပေါ်ထွန်းခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၇ ရာစုခန့်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် The Old Bailey တရားရုံးသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် တစ်ခုဖြစ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို စီရင် ဆုံးဖြတ်ပေးလျက်ရှိသည့် တရားရုံးဖြစ်ပါသည်။

မျက်မှောက်ခေတ် တရားရုံးများ

          မျက်မှောက်ခေတ်တွင် တရားစီရင်ရေးဆိုင်ရာ အယူအဆများ ရှုပ်ထွေးကျယ်ပြန့်လာသည် နှင့်အမျှ ဒေသဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်အဆင့် တရားရုံးများ၊ နိုင်ငံတကာအဆင့် တရားရုံး များအပြင် သီးခြားအထူးတရားရုံးများဟူ၍ အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖွဲ့စည်းဆောင်ရွက်လာကြ ပါသည်။ မျက်မှောက်ခေတ်တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ တရားစီရင် ရေးအာဏာ အပ်နှင်းခံရသည့် အဖွဲ့အစည်းများ ဖြစ်လာသည့်အလျောက် ပုံမှန်အားဖြင့် အမှီအခို ကင်းပြီး တရားမျှတမှုအတွက် သမာသမတ်ကျစွာ တရားစီရင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရသော လွတ်လပ်သည့် အဖွဲ့အစည်းများ ဖြစ်လာပါသည်။ ရှေးခေတ်နှင့် အလယ်ခေတ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော စည်းမျဉ်းများနှင့် ကျင့်ထုံးများသည် ခေတ်ပြိုင် တရားစီရင်ရေးစနစ်ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။

ခုံရုံး(Tribunal) ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          ခုံရုံး(Tribunal) ဟူသောဝေါဟာရသည် Classical Roman Republic ၏ ခုံသမာဓိလူကြီးများ (Magistrates) ကို ရည်ညွှန်းသော လက်တင်ဘာသာ “Tribunes” မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြပြီး ခုံသမာဓိလူကြီးများက အမှုများကို ကြားနာစီရင်ဆုံးဖြတ်ရန်နေရာ “ခုံရုံး” ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခုံသမာဓိရုံး၏ အယူအဆနှင့် ဆောင်ရွက်ချက်များသည် သီးခြား (Entity) အဖွဲ့အစည်း အဖြစ် ရပ်တည်၍ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် အုပ်ချုပ်ခံ လူတန်းစားတို့အကြား အငြင်းပွားဖွယ် ကိစ္စရပ်များကို တရားစီရင်ရေးသဘောဆန်ဆန်ဖြင့် မျှတမှန်ကန်အောင် စီရင်ဆုံးဖြတ် ပေးရန်နှင့် တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း ဖြင့် တရားစီရင်ရေးကဏ္ဍမြန်ဆန်ထိရောက်မှုရှိစေရန် ရည်ရွယ်ပါသည်။

ရှေးမူလအစ ခုံရုံးများ

          ရောမခေတ်တွင် အုပ်ချုပ်သူလူတန်းစားတို့၏ ချိုးဖောက်မှုများကို စစ်ဆေးဖော်ထုတ်ရန်နှင့် ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပြည်သူက ရွေးချယ်တင်မြှောက်သည့်ခုံသမာဓိလူကြီးများကို ခန့်အပ်တာဝန်ပေးကြပါသည်။ ခုံသမာဓိလူကြီးများသည် ပြည်သူလူထု သို့မဟုတ် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို စစ်ဆေးဖော် ထုတ်ရန် အုပ်ချုပ်သူအာဏာပိုင်များနှင့် ပြည်သူများကို ခုံရုံးသို့ ဆင့်ခေါ်၍ စီရင်ပိုင်ခွင့်ရှိပါသည်။ အုပ်ချုပ်သူ များက ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်းပြုခြင်းအတွက် ထိုခုံရုံးတွင် ခုခံချေပတောင်းဆိုနိုင်ရုံ မျှသာမက ချမှတ်သော ဆုံးဖြတ်ချက်များအပေါ် ကျေနပ်မှုမရှိပါက အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်းရှိကြပါသည်။ ရောမအင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ် ဥရောပ တစ်ဝှမ်းတွင် ခုံရုံးများသည် သဘောသဘာဝ၊ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ကျယ်ပြန့်လာပါသည်။ ကိုးကွယ် ယုံကြည်မှုနှင့် အခြားသော ဘာသာရေးဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးရန် Church တည်ထောင်ခဲ့သည့် The  Inquisition ကဲ့သို့ အဖွဲ့အစည်းများသည်လည်း ထင်ရှားသောခုံရုံးများ ဖြစ်ခဲ့ကြပါသည်။

မျက်မှောက်ခေတ် ခုံရုံးများ

          မျက်မှောက်ခေတ်တွင် အုပ်ချုပ်သူအာဏာပိုင်များ၏ တရားစီရင်ရေးသဘောဆောင်သည့် (Quasi-judicial) ကိစ္စရပ်များကို  ဖြေရှင်းဆောင်ရွက်နိုင်ရန် ခုံရုံးများ ဖွဲ့စည်း၍ ကျယ်ပြန့်စွာ ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရန် အလုပ်သမားခုံသမာဓိအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယကမ္ဘာစစ် အပြီးကာလ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေးနှင့် သီးခြား ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် Nuremberg Trials International War Crime Tribunal ကဲ့သို့သော နိုင်ငံတကာခုံရုံးများကိုလည်း ဖွဲ့စည်းထားရှိကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။

တရားရုံးနှင့် ခုံရုံး၏ ကွဲပြားခြားနားချက်

          တရားရုံးများနှင့် ခုံရုံးများသည် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများဖြစ်သော်လည်း စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများအရ ကွဲပြားခြားနားမှု များစွာရှိနိုင်ပါသည်။ ထိုကွဲပြားခြားနားချက်များအနက်မှ အချို့ကို လေ့လာတင်ပြအပ်ပါသည် -

တရားရုံးနှင့် ခုံရုံးတို့၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်

တရားရုံးများသည် ပိုမိုကျယ်ပြန့်သော တရားစီရင်ပိုင်ခွင့်ရှိပြီး အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပါအဝင် လေးနက်ရှုပ်ထွေးသော အမှုအခင်း များစွာကို ကြားနာစစ်ဆေး ကိုင်တွယ်ဖြေရှင်း ရပါသည်။

ခုံရုံးများသည် စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ ကဲ့သို့သော သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းပေးထား သည့် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသည့် သီးခြားအထူးခုံရုံးများ ဖြစ်ပါသည်။

တရားရုံးနှင့် ခုံရုံးတို့၏ လုပ်ထုံးလုပ်နည်း

တရားရုံးများသည် တရားဝင်ချမှတ်ထားသော တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီရင်ထုံးများ၊ ရှေးရိုးနည်းလမ်းများ၊ သက်သေ အထောက်အထားများကို ကိုးကားလိုက်နာရပြီး တစ်ခါတစ်ရံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို တင်းကြပ်စွာလိုက်နာရသဖြင့် လုပ်ထုံးလုပ်နည်း ကွဲလွဲတတ်သည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်လေ့ရှိပါသည်။

ခုံရုံးများသည် ယေဘုယျအားဖြင့် တင်းကြပ်စွာ လိုက်နာရသည့် လုပ်ထုံးလုပ်နည်း နည်းပါးပြီး မူဝါဒအရ ပြုပြင်ပြောင်းလဲရန် လွယ်ကူ၍ ပိုမို မြန်ဆန်ထိရောက်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ရပါသည်။

တရားသူကြီးများနှင့် ခုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း

တရားရုံးများတွင် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရင့်သန်ပြီး အရည် အချင်းပြည့်ဝသော ပုဂ္ဂိုလ်များကို တရားသူကြီးများအဖြစ် တာဝန်ပေးခန့်အပ်ရပါသည်။

ခုံရုံးများတွင်လည်း သာမန်အားဖြင့် ဥပဒေပညာရပ် ကျွမ်းကျင်သူများကို ခုံအဖွဲ့ဝင်များအဖြစ် ခန့်အပ်သော်လည်း ခုံရုံး၏ လုပ်ငန်း သဘောသဘာဝကို လိုက်၍ သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရပါသည်။ (ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးကို ခုံအဖွဲ့ဝင် အဖြစ် ခန့်ထားရမည်ဖြစ်ပါသည်)

 

အယူခံမှုလုပ်ငန်းစဉ်

တရားရုံးများတွင် သတ်မှတ်ထားသည့် တရားစီရင်ရေးစနစ်နှင့်အညီ လက်အောက်ခံ ဒေသန္တရ တရားရုံးမှ ချမှတ်သည့် အမိန့်ကို ကျေနပ်မှု မရှိပါက ချမှတ်သည့် အမိန့်နှင့်အတူ အထက် တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်နိုင်ပါသည်။ (အချို့သောနိုင်ငံများတွင် အယူခံဝင်ရောက်မှုကို အမြင့်ဆုံးတရားရုံးက ငြင်းပယ်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အညီ စာချွန်တော် လျှောက်ထားနိုင်သော အခွင့်အရေးများ ရှိပါသည်)

ခုံရုံးများတွင်မူ ချမှတ်သည့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက နစ်နာသည်ဟု ယူဆသူသည် ထိုခုံရုံးသို့ အယူခံဝင်ရောက်ခွင့်ရှိသည့် ယန္တရားတစ်ရပ်ရှိသကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့် ခုံရုံးထက် တစ်ဆင့်မြင့်တရားရုံး သို့မဟုတ် ခုံရုံးသို့အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်း ရှိပါသည်။ သို့သော် အယူခံဝင်မှုလုပ်ငန်းစဉ်များသည် ခုံရုံးများ၏ သဘောသဘာဝနှင့် တည်ဆဲ ဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။

စီရင်ဆုံးဖြတ်ချက်များ

        တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် သဘောသဘာဝအရ ထိရောက်ကျယ်ပြန့်၍ သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များဖြစ်ပြီး နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများ အဖြစ် ထုံးဖွဲ့မှတ်တမ်းတင်နိုင်ပါသည်။

          ခုံရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် ထိရောက် ကျယ်ပြန့်၍ သက်ရောက်မှုရှိသော စီရင် ဆုံးဖြတ်ချက်များ ဖြစ်သော်လည်း တရားရုံးများမှ ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်များကဲ့သို့ နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများအဖြစ် မှတ်တမ်းမတင်နိုင်ပါ။

အမှုတင်သွင်းလျှောက်ထားနိုင်မှုနှင့် ကုန်ကျစရိတ်

          လုပ်ထုံးလုပ်နည်းများပြားသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရခြင်းနှင့် ဥပဒေနှင့်အညီ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ရခြင်းကြောင့် တရားရုံးတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် ကုန်ကျစရိတ်ပိုမိုများပြားပြီး အချိန်ပိုမို ကြာမြင့်နိုင်ပါသည်။

ခုံရုံးများတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် လုပ်ထုံးလုပ်နည်းအရ တရားရုံးများထက် ပိုမိုလွယ်ကူ၍ ကုန်ကျစရိတ် သက်သာပြီး မြန်ဆန်သည့် ဖြေရှင်းချက်ကို ရရှိစေနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံး (Court) များ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းတည်ထောင်ထားရှိပါသည်-

(က)    ပြည်ထောင်စုတရားလွှတ်တော်ချုပ်

(ခ)     တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ

(ဂ)     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ

(ဃ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတရားရုံးများ

(င)     ခရိုင်တရားရုံးများ

(စ)     မြို့နယ်တရားရုံးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထင်ရှားသော အထူးပြုခုံရုံး (Tribunal) များ

          (က)    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်)

          (ခ)     အခွန်အယူခံခုံအဖွဲ့ရုံး

(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းသည့် အခွန်အယူခံခုံအဖွဲ့ဥပဒေအရ ၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်)

အချုပ်အားဖြင့်ဆိုသော် တရားရုံးများနှင့် ခုံရုံးများသည် အငြင်းပွားမှု ပြဿနာများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်သော်လည်း တရားရုံးသည် ခုံရုံးထက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း ပိုမိုများပြား၍ စီရင်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်ပါသည်။ တရားရုံးများတွင် တရားသူကြီးများအဖြစ် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ကျွမ်းကျင်သော ပညာရှင်များကသာ ဆောင်ရွက်နိုင်ပါသည်။ ခုံရုံးများသည် နိုင်ငံတော်၏ မူဝါဒအရ ဖြစ်ပေါ် တည်ရှိ လာသည့် အထူးကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် အထူး ခုံရုံးများဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ခုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကားချက်များ

(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

(၂)      အခွန်အယူခံခုံအဖွဲ့ဥပဒေ(၂၀၁၈)

(၃)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုဒ် (www.unionsupremecourt.gov.mm)

(၄)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဝက်ဘ်ဆိုဒ် (www.constitutionaltribunal.gov.mm)

(၅)     အခွန်အယူခံခုံအဖွဲ့ ဝက်ဘ်ဆိုဒ် (https://www.ratb.gov.mm)

(၆)     တရားစီရင်ရေးတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ ဆောင်းပါး (မောင်စာဂ)

(၇)     Differences between court and tribunal (https://lawboomi.com)

(၈)     Differences between court and tribunal (https://keydifferences.com/)

(၉)     Differences between court and tribunal (https://www.tutorialspoint.com/)

(၁၀)   How Did Early Judicial System? (https://www.dailyhistory.org/)

ညီညီမြတ်(အခယ)၊ ဦးစီးမှူး၊ အခွန်အယူခံခုံအဖွဲ့

အိပ်စက်ခြင်းသည် လူသားများ၌သာမက သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်နိုင်ရန်အရေးပါသော    လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။အသက်ရှင်သန်မှုအတွက် ရေ၊ လေ၊ အစားအစာများကဲ့သို့ပင် မရှိမဖြစ်လိုအပ်သောကြောင့် လူသားများသည်  မိမိသက်တမ်း၏သုံးပုံတစ်ပုံကို အိပ်စက်ကာကုန်ဆုံးကြခြင်းဖြင့် ဆက်လက်အသက်ရှင်ရပ်တည်နေနိုင်ကြသည်။ အိပ်စက်ခြင်းသည် သက်ရှိသတ္တဝါများ စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် များစွာအထောက်အကူပြုသောကြောင့်      အပြည့်အဝမအိပ်စက်နိုင်ခြင်း၊  အိပ်ချိန်လျော့နည်းခြင်းတို့သည်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။

အိပ်စက်မှုကိုဖြစ်စေသော သဘာဝအကြောင်းရင်းများ 

အိပ်စက်ခြင်းကိုဖြစ်စေသော ဇီဝကမ္မအခြေအနေများကို လေ့လာကြည့်ရာတွင် ဦးနှောက်အတွင်းရှိAdenosine   ဓာတ်သဘာဝက   ဦးနှောက်နိုးကြားတက်ကြွမှုကို မဖြစ်စေသော အာရုံကြောစနစ်ကို နှိုးဆွခြင်းဖြင့် အိပ်စက်မှုကိုဖြစ်စေသည်။  ထို့ပြင်ဦးနှောက်အစိတ်အပိုင်းတစ်ခုဖြစ်သော Hypotha-lamus  ရှိ  Suprachiasmatic   အာရုံကြောဆဲလ်များကလည်း နေ့၊ ည/ အလင်းအမှောင်အလိုက်အိပ်စက်ခြင်း၊ နိုးကြားခြင်းကို ထိန်းညှိပေးကြသည်။ဦးနှောက်ရှိ   Pineal  Gland  မှထွက်လာသောMelatonin   ဟော်မုန်းသည်    ညနေအချိန်တွင် ပိုထွက်လာပြီး  အိပ်စက်ခြင်းကို  အားပေးကြောင်း တွေ့ရသည်။

အိပ်စက်ခြင်း၏ သဘောသဘာဝနှင့် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများ

အိပ်စက်ရာတွင် တစ်ဆက်တည်း အိပ်ပျော်သွားသည်ဟုထင်ရသော်လည်း အမှန်မှာ NREM (Non-Rapid Eye Movement) အိပ်စက်ခြင်းနှင့် REM (Rapid – Eye movement) အိပ်စက်ခြင်းတို့ ပုံမှန်လည်ပတ်ဖြစ်ပေါ်နေရသည်။ စတင်အိပ်ပျော်ချိန်မှ မိနစ် ၉၀-၁၂၀ အကြာတွင် အိပ်မှုစက်ဝန်း(Sleepcycle) တစ်ခုဖြစ်သွားပြီး တစ်ညလျှင် အိပ်မှုစက်ဝန်း၄ - ၆  ကြိမ်မျှ ဖြတ်ကျော်နေကြရသည်။ အစောပိုင်းတွင် NREM Sleep ဖြစ်ချိန်ပိုများပြီး နောက်ပိုင်း စက်ဝန်းများတွင် REM sleep အချိန် ပိုကြာမြင့်လာသည်။

NREM sleep အချိန်သည် အိပ်ချိန်၏ ၇၅-၈၀ ရာခိုင်နှုန်းခန့်ရှိပြီး    အဆင့်(၃)ဆင့်ကို ဖြတ်ကျော်ရသည်။ အဆင့်(၁)သည်   နိုးတစ်ဝက်အိပ်ပျော်တစ်ဝက်ဖြစ်နေပြီး ၅ မိနစ်-၁၀ မိနစ်မျှ ကြာမြင့်သည်။ မျက်လုံးလှုပ်ရှားမှုနည်းလာကာ  ခန္ဓာကိုယ်ကြွက်သားများ ပြေလျော့လာပြီး နှလုံးခုန်နှုန်းလည်းစတင်နှေးလာသည်။ ဒုတိယအဆင့်တွင် ခန္ဓာကိုယ်အပူချိန်ကျလာကာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများတဖြည်းဖြည်းပိုနှေးလာပြီး    မျက်လုံးလှုပ်ရှားမှုလည်း  မရှိတော့ပေ။   အဆင့်(၃)တွင်    နှစ်ခြိုက်စွာအိပ်ပျော်နေပြီး   ကြွက်သားများ    ပို၍ပြေလျော့လာသည့်အပြင် အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းများ ပို၍နှေးလာသည်။ ထိုအဆင့်သည်  ခန္ဓာကိုယ်ကြီးထွားရန်၊   ပြန်လည်ပြင်ဆင်ရန်နှင့်  ကိုယ်ခံစွမ်းအားစနစ်ထူထောင်ရန်     အရေးပါသောအဆင့်ဖြစ်သည်။ကြွက်သားများ၌    သွေးလည်ပတ်မှုကောင်းစေပြီးကြီးထွားမှုဟော်မုန်းများလည်း    ထွက်ရှိစေသည်။REM sleep အဆင့်တွင် အိပ်မက်မက်နေသောအချိန်ဖြစ်သောကြောင့် ကြွက်သားများ ဖြေလျော့နေသော်လည်း ဦးနှောက်မှာ ပြန်၍တက်ကြွလာကာ မျက်လုံးလှုပ်ရှားမှုများ မြန်လာသည်။ ထိုအချိန်တွင် နှလုံးခုန်နှုန်း၊  သွေးပေါင်ချိန်၊  အသက်ရှူနှုန်းများ အတက်အကျဖြစ်နေတတ်သည်။ ထိုအဆင့်သည် မှတ်ဉာဏ်များ အားကောင်းလာစေရေးနှင့် စိတ်ခံစားမှု၊ သင်ယူလေ့လာမှုတို့အတွက်  အရေးပါကြောင်း  တွေ့ရသည်။ ဦးနှောက်တွင်းလျှပ်စီးလှိုင်း (Brain wave)များကိုလေ့လာပါက နိုးနေစဉ် မြန်သော Beta wave များတွေ့ရပြီး   အိပ်စမှစ၍   လှိုင်းကြိမ်နှုန်းများ တဖြည်းဖြည်းနှေးလာကာ    နှစ်ခြိုက်စွာအိပ်ပျော်လာသည်နှင့်အမျှ  Alpha wave မှ နှေးသော Theta wave၊ Delta wave များအဖြစ်ပြောင်းလဲလာသည်။ သို့ရာတွင်  REM  sleep  အချိန်၌  ဦးနှောက်တက်ကြွမှုကိုပြသည့်  wave များ  ပြန်လည်တွေ့ရှိရသည်။  ခန္ဓာကိုယ်တက်ကြွလှုပ်ရှားမှုနှင့်  ဆက်စပ်သော Cortisol ဟော်မုန်းသည် ညဦးတွင် လျော့နည်းလာပြီးအိပ်စက်အနားယူစေကာ အိပ်ရာမနိုးခင် ပြန်တက်လာပြီး လှုပ်ရှားသွားလာမှုကို  အားပေးသည်။

အိပ်စက်ခြင်း၏ ခန္ဓာကိုယ်အပေါ်အကျိုးပြုမှု

 လုံလောက်သောအိပ်စက်မှုသည် ကိုယ်ခံစွမ်းအားစနစ်ကို အားဖြည့်ပေးပြီး ရောဂါပိုးမွှားများအန္တရာယ်မှ   ကာကွယ်ပေးသည်။  နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး  ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်များနှင့်     ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးသည်။ ခန္ဓာကိုယ်တွင်း ပြန်လည်ပြင်ဆင်ကုသမှုကို ဆောင်ရွက်ပေးကာ ကြွက်သားများ၊ အရိုးများကို သန်မာစေနိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ခိုင်မာလာစေပြီး    စိတ်ခံစားမှုများကို   ထိန်းချုပ်နိုင်ရုံသာမက စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေသည်။ လူမှုဆက်ဆံရေးလည်း   ပိုမိုကောင်းမွန်လာသည့်အပြင်တွေးခေါ်မှု မှန်ကန်စေသောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချလာနိုင်သည်။ တီထွင်စမ်းသပ်လုပ်ကိုင်နိုင်ပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စီမံခန့်ခွဲမှု၊ ပြဿနာများကိုဖြေရှင်းနိုင်မှု စသော ဦးနှောက်၏ လုပ်ငန်းဆောင်ရွက်မှုများ  ပိုမိုကောင်းမွန်လာစေသည်။

အိပ်စက်ရန် ခက်ခဲသူများနှင့် အိပ်စက်ခြင်းဆိုင်ရာဝေဒနာများ

 လူတစ်ဦးအတွက်     ပုံမှန်အိပ်ချိန်အနည်းဆုံး၈   နာရီခန့်   လိုအပ်သော်လည်း   အသက်အရွယ်ငယ်ရွယ်သူ၊  ကလေးသူငယ်များတွင်  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အိပ်ချိန်ပို၍ လိုအပ်သည်။သက်ကြီးရွယ်အိုများတွင် အိပ်ချိန်နည်းလာပြီး နေ့နှင့်ညအိပ်ချိန်လွဲခြင်းများ ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ သက်ကြီးသတိမေ့ရောဂါစသည့် ဦးနှောက်အာရုံကြောရောဂါ ဝေဒနာခံစားနေရသော  လူကြီးများတွင်  ညဘက်ကောင်းစွာအိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ နေ့ဘက်တွင် အိပ်ချိန်များ၍ အမြဲငိုက်မျဉ်းနေခြင်း စသော အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာများခံစားကြရသည်။  ကျောင်းစာ ဖိစီးမှု၊ အလုပ်ခွင်ဖိစီးမှုများသော လူငယ်လူလတ်များ၊ ခန္ဓာကိုယ်ရောဂါဝေဒနာခံစားနေရသူများတွင်စအိပ်ရန်ခက်ခဲခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊ မကြာခဏနိုးခြင်းများ ခံစားကြရသည်။ လည်ပင်းတိုသောကြောင့်   ညဘက်ဟောက်၍   ခဏခဏအသက်ရှူရပ်တတ်သောသူများ (Obstructive Sleep Apnea)တွင်လည်း   အိပ်ရေးကောင်းစွာမဝခြင်း၏နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။

ကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်၊ ဦးနှောက်စွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

ညဘက်ကောင်းစွာ  အိပ်မပျော်ခြင်း၊  အိပ်ရေးအပြည့်အဝမရခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် နေ့ခင်းဘက်တွင် နုံးပြီး တက်ကြွမှုမရှိဘဲလေးလံထိုင်းမှိုင်းနေတတ်သည်။ စိတ်ပူပန်မှုနှင့် စိတ်မငြိမ်မသက်ဖြစ်ကာ စိတ်တိုလွယ်ပြီး စိတ်ကျရောဂါများခံစားရနိုင်သည်။ စိတ်ခံစားလွယ်ပြီး စိတ်ဖိစီးမှုကို ခံနိုင်စွမ်းအားလျော့နည်းလာတတ်သည်။ အချိန်ကြာမြင့်စွာ အိပ်ရေးပျက်ခြင်းသည်   ထင်ယောင်ထင်မှားဖြစ်ခြင်း၊    သံသယစိတ်များဝင်လာခြင်းမှသည် စိတ်ရောဂါဆိုင်ရာလက္ခဏာများပါ ခံစားရနိုင်သည်။ ထို့ပြင် လူမှုဆက်ဆံရေးအားနည်းလာပြီး မိသားစုနှင့် အလုပ်ခွင်တွင် အဆင်မပြေမှုများ ပို၍ တွေ့ကြုံနိုင်သည်။

ကိုယ်ခံစွမ်းအားစနစ်အားနည်းမှုကြောင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်ပြီး ပိုးဝင်ရောင်ရမ်းမှုများအပြင် ကင်ဆာရောဂါများပင် ဖြစ်လွယ်ကြောင်း   တွေ့ရသည်။     စိတ်ဖိစီးမှုနှင့်ဆိုင်သော Cortisol Hormone မြင့်တက်လာကာ ခန္ဓာကိုယ်တွင်း    ဇီဝကမ္မဖောက်ပြန်မှုများဖြစ်စေသည်။သကြားဓာတ်ချေဖျက်မှု   ပြောင်းလဲခြင်း၊  Insulin ဟော်မုန်းကို    ကောင်းစွာမတုံ့ပြန်ခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်စေသည်။ အိပ်ရေးပျက်သူများတွင်စားသောက်ခြင်းပေါ်သက်ရောက်သော   ဟော်မုန်းအပြောင်းအလဲကြောင့် ချိုသောအစားအစာများကို ရှာဖွေစားသောက်လာခြင်း၊ အစားများ ပိုစားခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာတတ်သည်။ သွေးတွင်းအဆီနှင့် သကြားဓာတ်များလာကာ အဝလွန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။ သွေးပေါင်ချိန်တက်၊ နှလုံးခုန်နှုန်းမြန်လာစေသောကြောင့် သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါများ ခံစားရနိုင်စေသည်။ ခန္ဓာကိုယ်ကြီးထွားစေသောဟော်မုန်း၊ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှု နည်းလာခြင်းကြောင့်    ကြွက်သားများကြီးထွားမှုလျော့နည်းစေသကဲ့သို့      မျိုးဆက်ပွားမှုလည်းအားနည်းလာစေသည်။   နာကျင်မှုဝေဒနာခံနိုင်ရည်စွမ်းအားလည်း နည်းလာသည့်အပြင် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်     ပို၍ကြီးမားကြောင်းလည်း တွေ့ရသည်။

အိပ်ရေးဆက်တိုက်ပျက်ခြင်း၊ အိပ်ချိန်မပြည့်ခြင်းတို့ကြောင့်       မှတ်ဉာဏ်စွမ်းအားကျဆင်းလာပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်း၊   စီမံခန့်ခွဲလုပ်နိုင်စွမ်းများ၊ လေ့လာသင်ယူနိုင်စွမ်းများ လျော့နည်းလာသည်။ထို့ပြင်  သက်ကြီးသတိမေ့ရောဂါ(Alzheimer )နှင့်တုံ့တုန်နှေး၊ ပါကင်ဆန် (Parkinson) ရောဂါများသည်   နာတာရှည်အိပ်ရေးပျက်ခြင်းများကြောင့်ဖြစ်နိုင်ကြောင်းတွေ့ရှိရသည်။    ညဖက်အလုပ်လုပ်ရသူများ၊ အိပ်ရေးဝဝမအိပ်ရသူများသည် နေ့ဘက်ငိုက်မျဉ်းတတ်မှုကြောင့် လုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုများဖြစ်နိုင်ပြီး   ကားမောင်းရာတွင်လည်း ယာဉ်အန္တရာယ် တွေ့ကြုံနိုင်ခြေများသည်။

ကောင်းစွာအိပ်ပျော်ရန် လိုက်နာဆောင်ရွက်သင့်သည်များ

အိပ်စက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့်   လူမှုဒုက္ခများ   မတွေ့ကြုံနိုင်စေရန် အိပ်ချိန်အပြည့်အဝရရှိအောင် အလေးထားဆောင်ရွက်သင့်သည်။ အိပ်ချိန်မထိခိုက်စေရန်အတွက် မိမိအလုပ်လုပ်ချိန်ကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်သည်။ပုံမှန်အိပ်ရာဝင်၊  အိပ်ရာထသင့်ပြီး မအိပ်ခင်  ကော်ဖီ၊ စိတ်ဓာတ်တက်ကြွစေသည့် အချိုရည်များသောက်သုံးခြင်းမပြုသင့်ပေ။ အိပ်ခါနီးမှ ထမင်းစားခြင်း၊ အစားများစွာ စားခြင်းသည် လှဲချိန်တွင် သက်သောင့်သက်သာမဖြစ်ဘဲ အိပ်ရခက်နိုင်သည်။ နေ့ခင်းဘက်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းက အိပ်ရေးဝနေသဖြင့် ညဘက်အိပ်မပျော်ဖြစ်နိုင်သည်။ ညအိပ်ခါနီးတရားနာ၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ သာယာဖွယ်တေးသီချင်းများ  နားထောင်ခြင်းသည်  စိတ်တည်ငြိမ်မှုရစေပြီး ကောင်းစွာအိပ်ပျော်စေသည်။ စိတ်ဖိစီးမှုဖြစ်စေသော အတွေးများ အိပ်ရာဝင်ခါနီးမတွေးဘဲ စိုးရိမ်ပူပန်စေမှုများကို တစ်ခုချင်းအခြေခံမှစ၍ အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်ဖြေရှင်းသင့်ပါသည်။

ထိုသို့ ဆောင်ရွက်သော်လည်း အိပ်ပျော်ရန်ခက်ခဲခြင်း၊ ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ အိပ်နေစဉ်ကယောင်ကတမ်းဖြစ်ခြင်း၊    နံနက်စောစောနိုးနေခြင်း၊    နေ့ဘက်အအိပ်များခြင်းများ   ခံစားရပါကဆေးပညာရှင်များနှင့်   ပြသတိုင်ပင် ကုသသင့်သည်။ ညဘက် အသက်ရှူလမ်းကြောင်းပိတ်၍ ဟောက်ပြီးမကြာခဏအသက်ရှူရပ်တတ်သူများ၊ နာတာရှည်ဦးနှောက်အာရုံကြော   ဝေဒနာခံစားနေရသူများ၊ခန္ဓာကိုယ်တွင်းမကျန်းမာ၍ ကောင်းစွာအိပ်မပျော်သူများကို အိပ်ပျော်စေရန် အသုံးပြုသောဆေးဝါးများပေး၍  ကုသမှုအပြင် မူရင်းရောဂါဝေဒနာများကိုလည်း   စနစ်တကျ ကုသမှုခံယူသင့်သည်။ အိပ်စက်ခြင်း၏ ကိုယ်၊ စိတ် ကျန်းမာရေးပေါ်သက်ရောက်မှုများကို သိရှိနားလည်ကာ  အိပ်ချိန်အပြည့်အဝရစေရန်နှင့် ကောင်းမွန်စွာအိပ်ပျော်နိုင်စေရန် လိုက်နာရမည့်အချက်များကို အလေးထားလုပ်ဆောင်သင့်သည်။ စိတ်ပင်ပန်းနွမ်းနယ်မှုများကင်းဝေး၍ သက်ရှည်ကျန်းမာပျော်ရွှင်စွာနေနိုင်ရေးအတွက်လူတိုင်းကောင်းမွန်စွာ    အိပ်စက်နိုင်စေကြောင်းဆုမွန်ကောင်းတောင်းရင်း အိပ်စက်ခြင်း၏ ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုများအကြောင်းကိုရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Web Portal                                

ဒေါက်တာဥမ္မာစော

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ဒေါ်နယ်ထရမ့်သည် ကံကြမ္မာတစ်ကြော့ပြန်၍ (၄၇)ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့လေပြီ။ နေရာတိုင်းလိုလိုတွင် ပွဲဆူအောင်လုပ်ကိုင်ပြောဆိုတတ်သည့် ထရမ့်သည် သမ္မတအဖြစ်တာဝန်မယူမီကပင် သူ၏သမ္မတသက်တမ်းအတွင်း ဆောင်ရွက်လိုသည့်ကိစ္စများကို အမြည်းသဘောမျိုးထုတ်ဖော်ပြောဆိုလာခဲ့ရာ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ကမ္ဘာ့မြောက်ဖျားစွန်းရှိ ဂရင်းလန်ကျွန်းအား ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူရေး(သို့မဟုတ်) အင်အားသုံးရယူရေး၊ အလယ်အမေရိကရှိ ပနားမားတူးမြောင်းအား ပြန်လည်ရယူရေး၊ အိမ်နီးချင်းမက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ ပြည်နယ်အသစ်များအဖြစ် သိမ်းသွင်းရေးဟူသည့် ထူးထူးခြားခြား စိတ်ကူးစိတ်သန်းများ ပါရှိခဲ့သည်။

ယေဘုယျအားဖြင့် ထရမ့်၏စိတ်ကူးများမှာ ယနေ့ခေတ်တွင် ဖြစ်နိုင်ဖွယ်မရှိသော ကိစ္စများဖြစ်ပြီး ကြောင်စီစီနိုင်လှသည်ဟု ဝေဖန်သူများလည်းရှိခဲ့ကြသည်။ သို့ရာတွင် ထရမ့်၏ပြောဆိုချက်များ နောက်ကွယ်တွင် ထူးခြားလေးနက်သော နောက်ခံအကြောင်းတရားများလည်းရှိနေကြောင်း သေချာစွာလေ့လာထားသူအချို့က ထောက်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် သူ၏ကြွေးကြော်သံဖြစ်သော အမေရိကန်ကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးအဖြစ် ပြန်လည်ထူထောင်ရေး “Make America Great Again” အတိုကောက် အားဖြင့် MAGA လမ်းစဉ်နှင့် ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ကမ္ဘာ့မြောက်ဖျားစွန်းဒေသ အာတိတ်စက်ဝိုင်း၌ရှိနေပြီး မြေမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းက ဆယ့်နှစ်ရာသီပတ်လုံး ရေခဲထုကြီးဖုံးလွှမ်းနေသော ဂရင်းလန်ကျွန်းက ထရမ့်၏ MAGA လမ်းစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည် ဆိုခြင်းမှာမူ သာမန်အားဖြင့် အတော်အတန်နားလည်ရခက်မည့် အနေ အထားရှိနိုင်ပါသည်။ ဤကိစ္စအလို့ငှာ ဂရင်းလန်ကျွန်း၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အနေအထားကို သေချာစွာသိရှိနားလည်ရန် လိုအပ်ပေလိမ့်မည်။

ဂရင်းလန်ကျွန်း၏ ပထဝီဝင် နောက်ခံအခြေအနေ

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျွန်းကြီးဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၈၃၆၃၂၆ မိုင်ရှိသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းထက် သုံးဆကျော် ကြီးမားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ကျွန်း၏သုံးပုံနှစ်ပုံမှာ ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းအတွင်း၌ ရှိနေပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်းမှာ ရေခဲပြင်ထုကြီး ဖုံးလွှမ်းနေသည်။ ရေခဲပြင်၏ ပျမ်းမျှထုမှာ မီတာ ၁၅၀၀ ခန့်ရှိပြီးအထူဆုံးနေရာတွင် မီတာ ၃၀၀၀ (နှစ်မိုင်ခန့်)ထူထဲသည်။ အပူချိန်မှာ နွေရာသီတွင် ကျွန်းတောင်ပိုင်း၌ ပျမ်းမျှ ၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မြောက်ဘက်ခြမ်းတွင် ၄ ဒီဂရီစင်တီဂရိတ်ရှိသည်။ ဆောင်းရာသီ၌မူ ကျွန်းတောင်ပိုင်းတွင် -၇ ဒီဂရီ စင်တီဂရိတ်နှင့် မြောက်ပိုင်းတွင် -၃၄ ဒီဂရီစင်တီဂရိတ်ရှိသည်။

ကျွန်းပေါ်ရှိလူဦးရေမှာ ၂၀၂၄ ခုနှစ် ခန့်မှန်းခြေအရ ၅၆၈၀၀ ရှိပြီး လူဦးရေတိုးနှုန်းမှာ သုညရာခိုင်နှုန်း ဖြင့် ရပ်တန့်နေသည်။ လူအများစု ၉၀ ရာခိုင်နှုန်းကျော်မှာ အီညု(အက်စကီမိုး)လူမျိုးများဖြစ်သည်။ မြို့နေလူတန်းစားအများစု ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုရာနှုန်း ပြည့်ဖြစ်သည်။ လူဦးရေ၏ထက်ဝက်ကျော်မှာ အစိုးရဝန်ထမ်းများဖြစ်ကြသည်။ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ငါးဖမ်းခြင်းနှင့်ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသည်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော်ရှိသည့်အတွက် ကြွယ်ဝသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကြွယ်ဝခြင်းမှာ ကျွန်းသားတစ်ဦး ချင်း၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရှာဖွေမှုကြောင့်ထက် ကျွန်း၏သဘာဝသယံဇာတများကို အစိုးရအစီအစဉ်ဖြင့် ရောင်းချမှုများမှ အစိုးရ၏ ထောက်ပံ့ငွေရရှိမှုကြောင့်ဖြစ်သည်။ စင်စစ်၌ ဂရင်းလန်ကျွန်းသည် အပြင်ဘက်အခွံ၌ ရေခဲများဖုံးလွှမ်းနေသော သဘာဝသယံဇာတ ရတနာသိုက်ကြီး ဖြစ်လေသည်။

ပထဝီစီးပွားရေးအနေအထား

ကမ္ဘာ့ခေါင်မိုးပေါ်ရှိ ဂရင်းလန်ကျွန်းသည် အဖိုးတန်သဘာဝသယံဇာတ မြောက်မြားစွာ တည်ရှိနေပြီး ယနေ့ထက်တိုင် များများစားစား တူးဖော်ထုတ်ယူရခြင်းမရှိသေးသည့် အရိုင်းမြေ(Virgin Soil) ဖြစ်သည်။ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်ကျွန်းတွင် ယနေ့ခေတ်စားနေသည့် မြေရှားဒြပ်စင်များ၊ ရွှေ၊ ကြေးနီ၊ ဂရက်ဖိုက်၊ သံ၊ ကျောက်မီးသွေး၊ ကျောက်မျက်၊ ယူရေနီယံ၊ လစ်သီယံ၊ ပလက်တီနမ်၊ တိုက်တေနီယမ်၊ မိုလစ်ဘ်ဒီနမ် စသည့် တွင်းထွက်များနှင့် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝ ဓာတ်ငွေ့သိုက်များလည်း ပမာဏကြီးမားစွာ တည်ရှိသည်ဟုဆို၏။

မြေရှားဒြပ်စင်နှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်တွင် မြေရှားသယံဇာတတန်ချိန် တစ်သန်းခွဲခန့်ရှိနိုင်သည်ဟု ဆိုသည်။ ဥရောပကော်မရှင်၏ ပူးတွဲသုတေသနစာတမ်းတစ်ခု၏ အဆိုအရ ဂရင်းလန်ရှိ မြေရှားသယံဇာတအရင်း အမြစ်များသည် တူးဖော်ထုတ်လုပ်နိုင်သော မြေရှားသယံဇာတ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင်ရှိသမျှ မြေရှားအရင်းအမြစ် ပမာဏအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆို၏။

ဂရင်းလန်၏ ကမ္ဘာ့အဆင့်မီ မြေရှားဒြပ်စင် ထုတ်လုပ်နိုင်မှုအလားအလာမှာ လက်ရှိ ကမ္ဘာ့ဝယ်လိုအား၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာရှိသည်ဟုဆိုသည်။

ဂရင်းလန်၏ မြေရှားအရင်းအမြစ်သည် တရုတ်မြေရှားဒြပ်စင်များအပေါ် မှီခိုနေရသော အမေရိကန်အတွက် အလွန်အရေးပါသော ထွက်ပေါက်ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားထုတ်လုပ်မှုကို လွှမ်းမိုးထားနိုင်သည့် နိုင်ငံဖြစ်၏။ ကမ္ဘာ့မြေရှားဒြပ်စင်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို တရုတ်ကထုတ်လုပ်ခြင်းဖြစ်ပြီး မြေရှားဒြပ်စင်များ သန့်စင်မှု၏ ၉၅ ရာခိုင်နှုန်းမှာလည်း တရုတ်နိုင်ငံက ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ္ဘာ့မြေရှားဒြပ်စင်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက တင်ပို့ခြင်းဖြစ်ပြီး တရုတ်တင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာလည်း အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်လေသည်။ မြေရှားဒြပ်စင်များမှာလည်း ယခုခေတ်စားလျက်ရှိ သည့် လျှပ်စစ်မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လက်ကိုင်ဖုန်း စသည့်အီလက်ထရွန်နစ် ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သည့် သတ္တုများဖြစ်သည်။

အမေရိကန်နှင့်တရုတ်အကြား အနာဂတ် ကမ္ဘာကြီးကို စိုးမိုးနိုင်ရေးအားပြိုင်မှုတွင် လက်ရှိ အနေအထားအရ ဉာဏ်ရည်တု AI နည်းပညာအတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Super Chip) ထုတ်လုပ်မှု၌ အမေရိကန်နှင့် ယင်း၏ အနောက်အုပ်စုဝင်များက သာလွန်လျက်ရှိသည်။ ထိုအကဲသာမှုကို ထိန်းသိမ်းနိုင်ရန်အတွက် Super Chip ထုတ်လုပ်သည့် နည်းပညာပိုင်ဆိုင်သော နိုင်ငံလေးခု (Chip 4) စုပေါင်း၍ တရုတ်ထံသို့ ထိုနည်းပညာ မရောက်ရှိစေရေး ပိတ်ဆို့ထားရန်အမေရိကန်က ဖိအားပေးကြိုးပမ်းလျက်ရှိသည်။

အပြန်အလှန်အားဖြင့် တရုတ်ကလည်းထိုအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် မဖြစ်မနေအသုံးပြုရသည့် မြေရှားဒြပ်စင်နှင့် အခြားအရေးပါသော ရှားပါးသတ္တုများကို အမေရိကန်သို့ တင်ပို့ခြင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပိတ်ပင်တားမြစ်ခဲ့သည်။ တရုတ်က ပိတ်ပင်တားမြစ်ခဲ့သည့် သတ္တုများတွင် အဆင့်မြင့်တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် မရှိမဖြစ်အရေးပါသော ဂါလီယမ်(Gallium)၊ ဂျာမေနီယံ (Germanium)နှင့် စစ်လက်နက်ပစ္စည်းများအတွက် အရေးပါသော အင်တီမိုနီ(Antimony)နှင့် ဂရက်ဖိုက် (Graphite)တို့လည်း ပါဝင်ခဲ့သည်။

ထိုသို့သောပစ္စည်းများမှာ နိုင်ငံတိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးသော ကုန်ပစ္စည်းများ (Critical Goods)ဖြစ်ကြသည်။ ထိုပစ္စည်းများကို နိုင်ငံလုံခြုံရေးအတွက် အစဉ်အမြဲ လုံလောက်စွာ ဝယ်ယူထုတ်လုပ် သိုလှောင်ထားကြရလေ့ရှိသည်။ ယခုကဲ့သို့ တရုတ်နှင့် အမေရိကန်တို့ အကြား သေရေးရှင်ရေးသဖွယ်ဖြစ်သော မဟာဗျူဟာအားပြိုင်မှုတွင် ဤသို့သော အရေးကြီးသတ္တုများ မဖြစ်မနေရရှိရေးမှာ အမေရိကန်အတွက် အထူးလိုအပ်လျက်ရှိရာ အဆိုပါသတ္တုများရရှိနိုင်ရေးအတွက် ယင်းသယံဇာတ အရင်းအမြစ်ကြွယ်ဝ လှသောဂရင်းလန်အား လက်ဝယ်ပိုင်ပိုင် ရယူနိုင်ရေးမှာ အမေရိကန်အတွက် မရှောင်လွှဲနိုင်သည့် လိုအပ်ချက်ဖြစ်လာနေတော့သည်။

 ပထဝီနိုင်ငံရေးအနေအထား

ကမ္ဘာ့ခေါင်မိုး မဟာဗျူဟာ အချက်အချာနေရာတွင် တည်ရှိသော ဂရင်းလန်ကျွန်း၏ တည်နေရာမှာလည်း ပထဝီနိုင်ငံရေးအရ အထူးအရေးပါလျက်ရှိသည်။ အထူးသဖြင့် အာတိတ်စက်ဝိုင်း၏ တစ်ဖက်တစ်ချက် ကမ္ဘာ့မြောက်ခြမ်းတွင် ရပ်တည်နေကြသော အာရှနှင့် ဥရောပတိုက် မြောက်ဘက်စွန်းမှရုရှားနှင့် အမေရိကတိုက် မြောက်ပိုင်းကို လွှမ်းမိုးထားသော အမေရိကန်တို့၏ သမိုင်းကြောင်းနှင့် မျက်မှောက်ကာလအားပြိုင်မှုတို့တွင် ဂရင်းလန်မှာ အရေးပါသော မဟာဗျူဟာ ခြေကုပ်ဖြစ်နေလေသည်။

စင်စစ်၌ ဂရင်းလန်ကို အမေရိကန်တို့က ဝယ်ယူလိုသည်မှာ ယခုမှမဟုတ်ပေ။ အမေရိကန်က အလာစကာနယ်မြေကို ရုရှားတို့ထံမှ ၁၈၆၀ ပြည့် လွန်နှစ်များတွင် ဝယ်ယူခဲ့သည့် ကာလတစ်ဝိုက်ကပင် အမေရိကန်သမ္မတ အင်ဒရူးဂျွန်ဆင်က ၁၈၆၇ ခုနှစ်တွင် ဂရင်းလန်ကျွန်းကို ဝယ်ယူရန်ကြိုးပမ်း ခဲ့ဖူးသည်။ အလားတူပင် ၁၉၁၀ ပြည့်နှစ်ကလည်း အမေရိကန်သမ္မတ ဝီလျံတက်ဖ်က ဝယ်ယူရန် ကြိုးစားခဲ့ဖူးသကဲ့သို့ ၁၉၄၆ ခုနှစ် (ဒုတိယကမ္ဘာစစ် ပြီးစကာလ)တွင် အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ဒိန်းမတ်ထံမှ ဂရင်းလန်ကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။

ရှေ့ပိုင်းက ကမ်းလှမ်းမှုများမှာ ဂရင်းလန်၏ စီးပွားရေးအလားအလာအပေါ် မူတည်သော်လည်း ထရူးမင်း၏ ကမ်းလှမ်းမှုမှာမူ မဟာဗျူဟာလုံခြုံရေးအပေါ် ပို၍မူတည်လေသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်တပ်ဖွဲ့များက ဥရောပတစ်နံတစ်လျား ကို သိမ်းပိုက်ခဲ့ရာ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကျွန်း ကို ဂျာမန်တို့ အပိုင်စီးမသွားနိုင်စေရန် အမေရိကန်တို့ကို အကူအညီ တောင်းခဲ့သည်။ အမေရိကန်တို့က ၁၉၄၁ ခုနှစ်မှစ၍ ဂရင်းလန်ကျွန်းပေါ်တွင် လေတပ်စခန်း အများအပြားကို စတင်ဆောက်လုပ်၍ တပ်စွဲထားခဲ့သည်။ ဂျာမန်တို့ စစ်ရှုံးပြီး ၁၉၄၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားသည့်နောက်ပိုင်း၌ အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြန်ရာ မြောက်အမေရိကတိုက်နှင့် ဥရောပ/ အာရှတိုက် မြောက်ပိုင်းဒေသနှစ်ခု၏ စပ်ကြားနယ်မြေဖြစ်သော ဂရင်းလန်မှာ မဟာဗျူဟာအရ အရေးပါလာပြန်သည်။ ထို့ကြောင့်လည်း သမ္မတထရူးမင်းက ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခဲ့ခြင်းဖြစ်၏။

အမေရိကန်တို့က ဂရင်းလန်ကျွန်းကို အပိုင်ဝယ်ယူ၍ မရခဲ့သော်လည်း စစ်အေးတိုက်ပွဲကာလ တစ်လျှောက်လုံးမှသည် ယနေ့ကာလတိုင်အောင် ဂရင်းလန်၌ မဟာဗျူဟာ လေတပ်အခြေစိုက်စခန်း (ထူလီအာကာသသိပ္ပံ လေ့လာရေးစခန်း)ကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်း၍ ဆက်လက်ထားရှိခဲ့သည်။ အမေရိကန်မှ တာဝေးကင်းထောက်လေယာဉ်များနှင့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများသည် ဂရင်းလန်ကျွန်းကို ဖြတ်ကျော်၍ ပျံသန်းခဲ့ကြသကဲ့သို့ B-36 ၊ B-47 ၊ B-52 မဟာဗျူဟာဗုံးကြဲ လေယာဉ်ကြီးများလည်း အလှည့်ကျ အခြေစိုက်ကာ ကမ္ဘာ့ခေါင်မိုး ကောင်းကင်ပေါ်၌ စဉ်ဆက်မပြတ် ပျံဝဲစိုးမိုးခဲ့ကြသည်။

ဆိုဗီယက်က အမေရိကန်သို့ တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်ပါက ခရီးအတိုဆုံး လမ်းကြောင်းသည် ဂရင်းလန်ကျွန်းပေါ်မှဖြတ်၍ ပျံသန်းခြင်းဖြစ်ရာ ဆိုဗီယက်တိုက်ချင်းပစ်ဒုံးပျံများကို ခုခံကာကွယ်ရန် တာဝေးထောက်လှမ်းရေး အာရုံခံစနစ်များကိုလည်း အမေရိကန်တို့က ဂရင်းလန်ကျွန်းတွင် ချထား ခဲ့သည်။ ထို့အပြင် ဆိုဗီယက်နယ်မြေအတွင်းသို့ ပစ်လွှတ်တိုက်ခိုက်နိုင်သည့် Iceman ခေါ် ရေခဲပြင် အခြေစိုက် တိုက်ချင်းပစ် ဒုံးပျံအစင်း ၅၀၀ ကိုလည်း ဂရင်းလန်ရေခဲထုအတွင်း လိုဏ်ခေါင်းတူး၍ ချထားရန် ဆောင်ရွက်ခဲ့ဖူးသည်။ ရွေ့လျားနေသော ရေခဲထုလွှာများကို ထိန်းချုပ်ရန် အလွန်ခက်ခဲသည့် အတွက် ၁၉၆၇ ခုနှစ်တွင် လက်လျှော့ခဲ့ရသည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ်တွင် အဏုမြူဗုံးများပါရှိသည့် မဟာဗျူဟာဗုံးကြဲ လေယာဉ်တစ်စင်း ဂရင်းလန်တွင် ပျက်ကျသွားသည့်နောက်ပိုင်းတွင် ယင်းသို့သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ဂရင်းလန်ကျွန်း၌ ထားရှိခြင်းကို ရုပ်သိမ်းခဲ့ရသည်။ သို့သော်လည်း ယနေ့ကာလတိုင်အောင် ဂရင်းလန်ကျွန်းရှိ ထူလီလေတပ်စခန်း၌ အမေရိကန် F 35 ဘက်စုံသုံး တိုက်လေယာဉ်များ ထားရှိနေဆဲဖြစ်သည်။

ဤသို့ မဟာဗျူဟာအရအရေးပါမှုကြောင့် လည်းသမ္မတထရမ့်က ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခြင်းဖြစ်ပြီး သူ၏ပထမသမ္မတ သက်တမ်းကာလအတွင်းကပင် ဂရင်းလန်ကျွန်းကို ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။

တရုတ်နိုင်ငံနှင့် ဂရင်းလန်ကျွန်း

တရုတ်နိုင်ငံသည် ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသအပေါ် အထူးစိတ်ဝင်စားမှုရှိခဲ့သည်။ ယင်းမှာ ဂရင်းလန်ကျွန်း၏ သယံဇာတကြွယ်ဝမှုနှင့် အာတိတ်ဒေသ၏ မဟာဗျူဟာအရ အရေးပါမှုတို့ကြောင့် ဖြစ်လေသည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မြောက်ဝင်ရိုးစွန်း၌ ရေခဲပျော်မှုမြင့်တက် လာလေရာ ဂရင်းလန်ကျွန်း၌ တည်ရှိနေသော ရေခဲပြင်ထု လျော့ပါးလာသည်နှင့်အမျှ ကုန်းမြေထုအတွင်း တည်ရှိနေသော တွင်းထွက်သယံဇာတများရှာဖွေတူးဖော်ထုတ်လုပ်ရေး အခွင့်အလမ်းများ လည်း ပိုမိုပေါ်ပေါက်လာသည်။

တရုတ်တို့က ၂၀၁၀ ပြည့်လွန်နှစ်မှစ၍ ဂရင်းလန်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်ခဲ့ရာ တရုတ်အစိုးရပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အခြားနိုင်ငံများမှ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ဆောင်မှုများဖြင့် ဂရင်းလန်နိုင်ငံ၏ သတ္တုတူးဖော်မှု၊ အခြေခံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရေး စသည့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ ဂရင်းလန်တွင် တရုတ်တို့ ပါဝင်နေသော စီးပွားရေးလုပ်ငန်းကြီးငါးခုရှိရာ ကျွန်း၏ မြောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်မှစ၍ တရုတ် အစိုးရပိုင် Non-Ferrous Metal ကုမ္ပဏီကဩစတြေးလျ သတ္တုတွင်းကုမ္ပဏီ Ironbank နှင့် တွဲဖက်၍ သွပ်နှင့် ခဲထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်း အနောက်ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကပိုင် General Nice ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစ၍ သံရိုင်းထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းအရှေ့ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကကုမ္ပဏီ Jiangxi Zhongrun က Nordic Mining ကုမ္ပဏီနှင့် ပူးတွဲ၍ ၂၀၀၈ ခုနှစ်တွင် ကြေးနီတူးဖော်ထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းတောင်ပိုင်းတွင် တရုတ်ဒေသန္တရအစိုးရပိုင် Shenghe ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှစ၍ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၊ ဂရင်းလန်ကျွန်း၏ မြို့တော်ဖြစ်သော နူးခ်မြို့ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း(တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို မူလက ရွေးချယ်လျာထားမှုတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒိန်းမတ်ကုမ္ပဏီကသာ တာဝန်ယူ လုပ်ဆောင်ခဲ့သည်)တို့ ဖြစ်ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်လည်း တရုတ် ကုမ္ပဏီကြီးနှစ်ခုက ပါဝင်လုပ်ဆောင်လျက်ရှိသည်။

၂၀၀၉ ခုနှစ်တွင် ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ရာ စီးပွားရေး လုပ်ငန်းများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ အရင်းအနှီးတောင့်တင်းသော တရုတ်တို့ကို ဂရင်းလန်ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

တရုတ်တို့ကလည်း ဂရင်းလန်ကျွန်းအပါအဝင် အာတိတ်ဒေသနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် စက္ကူဖြူစာတမ်းတစ်ရပ် ထုတ်ပြန်၍ ယင်း၏သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ အဆိုပါ စက္ကူဖြူစာတမ်းအရ တရုတ်နိုင်ငံသည် အာတိတ်သမုဒ္ဒရာနှင့် မထိစပ်သော်လည်း အာတိတ်နှင့် နီးစပ်သောနိုင်ငံ Near Artic State တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာတိတ်ဒေသ စီမံခန့်ခွဲမှုကိစ္စနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ အာတိတ်ဒေသ၏ ကြွယ်ဝလှသော သဘာဝသယံဇာတများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ဆင်ဆင်ခြင်ခြင် ထုတ်ယူအသုံးပြု သင့်သည်ဟူသောအမြင်ကို ထောက်ခံကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် အာတိတ်ဒေသ၏ ရေလမ်းကြောင်းများ အရေးပါမှုကို အလေးထားကြောင်း၊ တရုတ်တို့၏ ရပ်ဝန်းပိုးလမ်းမအစီအစဉ်တွင် မြောက်ဝင်ရိုးစွန်း ပိုးလမ်းမ Polar Silk Road အဖြစ် ထည့်သွင်းမည်ဖြစ်ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။

ထို့ကြောင့် တရုတ်တို့အနေဖြင့် ကမ္ဘာ့ကုန်ထုတ်စက်ရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်၊ အဆင့်မြင့် နည်းပညာသုံးစက်ပစ္စည်းများကို တိုးမြှင့် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းသတ္တု တွင်းထွက်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဂရင်းလန်ကျွန်းမှထွက်ရှိမည့် သယံဇာတများကို ရယူလိုသကဲ့သို့ အရှေ့ကမ္ဘာခြမ်းမှ အနောက်သို့ ကုန်ပစ္စည်းများကို အတိုဆုံးလမ်းကြောင်းမှ ပို့ဆောင်နိုင်ရေးအတွက် အာတိတ်ဒေသ မြောက်ဝင်ရိုးစွန်း ရေလမ်းကြောင်း (North Pole Sea Route - NSR) ကို ထိရောက်စွာ အသုံးချလိုသည်မှာ ထင်ရှားနေလေသည်။

တရုတ်စီးပွားရေးပညာရှင်အချို့၏ ခန့်မှန်းချက်အရ တရုတ်ကုန်စည်များကို NSR မှတစ်ဆင့် တင်ပို့နိုင်လျှင် ကုန်စည်ပို့ဆောင်ခ ဒေါ်လာဘီလီယံ ၆၀ မှ ၁၂၀ ခန့်အထိ နှစ်စဉ် သက်သာသွားနိုင်သည်ဟုဆိုသည်။ ထို့အပြင်တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်တို့ကိုဖြတ်၍ တောင်ဘက်မှ ပတ်သွားရမည့် ရေလမ်းကြောင်းပေါ်ရှိ မလက္ကာ ရေလက်ကြား၊ ပင်လယ်နီနှင့် စူးအက်တူးမြောင်းစသည့် ပုလင်းလည်ပင်း (Bottle-neck Choke Point) နေရာများမှ ပိတ်ဆို့ခံရမည့်အန္တရာယ်၊ ပင်လယ်ဓားပြအန္တရာယ်စသည့် ရေကြောင်းလုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

အနာဂတ်အလားအလာ

မည်သို့ပင်ဖြစ်စေ တရုတ်ကို မဟာဗျူဟာအရ အဓိကပြိုင်ဘက်အဖြစ် မှတ်ယူထားသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက်မူ ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသသို့ တရုတ်တို့ ပိုမိုထိုးဖောက်ချဉ်းကပ် လာခြင်းကို မည်သို့မျှ နှစ်မြို့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဂရင်းလန်ကျွန်းကို မရ-ရသည့် နည်းဖြင့် ရယူမည်ဟု ကြုံးဝါးပြောဆိုနေခြင်းဖြစ်၏။ ကနေဒါနိုင်ငံမှာလည်း ဂရင်းလန်နှင့် အမေရိကန်အကြား စပ်ကြားနယ်မြေဖြစ်နေလေရာ ကနေဒါကို အမေရိကန်ပြည်ထောင်စုအတွင်း သွတ်သွင်းနိုင်ပါက မြောက်ဝင်ရိုးစွန်းမှ အလယ်အမေရိကတိုင်အောင် အနောက်ကမ္ဘာခြမ်းတစ်ခုလုံး၏ မြောက်ပိုင်း တစ်ပိုင်းလုံးကို အမေရိကန်က မောင်ပိုင်စီးနိုင်လိမ့်မည် ဖြစ်လေသည်။ ဤသည်ပင် ပထဝီနိုင်ငံရေးအရ ထရမ့်၏ မဟာအမေရိကန် နယ်ပယ်ချဲ့ထွင်ရေး (Pax Americana) MAGA စိတ်ကူးဟု ရှုမြင်ရပေသည်။

ထရမ့်၏ နယ်မြေချဲ့ထွင်ရေးစိတ်ကူးမှာ ၂၀ ရာစုအစပိုင်းက ပေါ်ထွန်းခဲ့သည့်ပညာရှင် Friedrich Ratzel ၏ ပထဝီနိုင်ငံရေးဆိုင်ရာ Organic Theory ကို ပြန်လည်ကျင့်သုံးနေသည့်ပုံရှိသည်ဟု လေ့လာ သူအချို့က ဆိုကြသည်။ Ratzel ၏ သီအိုရီ အကျဉ်းချုပ်မှာ နိုင်ငံများသည် သက်ရှိသတ္တဝါများ ရှင်သန်ရေးနှင့် ခွန်အားရှိရေးအတွက် အစာစားသကဲ့သို့ နယ်မြေများကိုရယူချဲ့ထွင်၍ အင်အားတိုးချဲ့ ရမည်ဟူသော အယူအဆဖြစ်သည်။ ယခုလည်းထရမ့်၏ နယ်မြေချဲ့ထွင်ရေးအယူအဆကို Ratzel ၏ နောက်လိုက်တစ်ဦးဖြစ်သည့် ဟစ်တလာနှင့် နှိုင်းယှဉ်၍ ဟစ်တလာပုံစံပေါက်နေသော ထရမ့်ရုပ်ပုံ ရေးဆွဲသရော်မှုများလည်း ပေါ်ပေါက်လာသည်။

သို့သော်လည်း ထရမ့်၏ ဂရင်းလန်အိပ်မက်မှာ လက်တွေ့ဖော်ဆောင်ရန် ခက်မည့်သဘောရှိ၏။ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အချင်းချင်းဖြစ်သော ဒိန်းမတ်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်၍ ဂရင်းလန်ကို အင်အားသုံးရယူရန်မှာ မဖြစ်နိုင်သလောက် ရှိသည်။ ငွေကြေးဖြင့် ဝယ်ယူရန်မှာလည်း “ဂရင်းလန်သည် ရောင်းရန်မဟုတ်”ဟု ဒိန်းမတ်ဝန်ကြီးချုပ်က ကြေညာထားသောကြောင့် အလားအလာ နည်းလှသည်။

အခြားတစ်ဖက်တွင်မူ ဂရင်းလန်ကျွန်းသားများ၏ သဘောဆန္ဒက အဓိကကျသည်။ ၂၀၀၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေအရ ဂရင်းလန်ကျွန်းသားများက လူထုသဘောထားဆန္ဒ ခံယူပွဲကျင်းပ၍ ဂရင်းလန်၏ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိသည်။ ထို့ကြောင့် ဂရင်းလန်ကျွန်းသားများက ဒိန်းမတ်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူလိုက်လျှင် အမေရိကန် နှင့် ပေါင်း/မပေါင်း ဆုံးဖြတ်ရန်မှာ လူဦးရေ ခြောက် သောင်းအောက်သာရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းကြီး ကို ပိုင်ဆိုင်သော ဂရင်းလန်သားများ၏ သဘောထား သက်သက်မျှ ဖြစ်သွားပေလိမ့်မည်။ ထိုမျှနည်းပါးသော လူဦးရေဖြင့် ထိုမျှကြီးမားသော ကျွန်းကြီးကို ထိန်းချုပ်ကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့အပြင် လက်ရှိအခြေအနေတွင်လည်း အမေရိကန်စစ်စခန်းက ဂရင်းလန်ကျွန်းပေါ်၌ ရှိနေသည်။ အကယ်၍သာ ဂရင်းလန်ကျွန်းသားများ ကို မက်လောက်သည့် စီးပွားရေးနှင့် ကာကွယ်ရေး မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးနိုင်လျှင်မူ ထရမ့်၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကောင်း ဖော်နိုင်ဖွယ်ရှိပေသည်။

လက်သွက်သော ထရမ့်ကလည်း သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီကပင် သားဖြစ်သူ ဂျူနီယာထရမ့်ကို သူ၏ကိုယ်ပိုင်လေယာဉ်ကြီးဖြင့် ဂရင်းလန်သို့ စေလွှတ်ကာ ကျွန်းသားများနှင့် ထိတွေ့ဆွေးနွေးစေ ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ဂရင်းလန်သည် အမေရိကန် ပိုင်နက်နယ်မြေအဖြစ် တရားဝင် ဖြစ်မလာနိုင်သေးသည့်တိုင်အောင် အမေရိကန်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စောင့်ရှောက်ခံဘဝသို့ ပုံစံတစ်မျိုးမျိုးဖြင့် တဖြည်းဖြည်း ရောက်ရှိလာရန် အလားအလာမှာကား နီးစပ်နိုင်သည်ဟု ကောက်ချက်ချတင်ပြအပ်ပါသတည်း။ ။

ကိုကိုလှိုင်

ထိပ်တန်း စီအီးအိုများ၏ ကြားနာပွဲ

၂၀၂၄ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၂၅ ခုနှစ်သို့ ရောက်ခဲ့ပြီ။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ်အပျက်များစွာရှိခဲ့သည့်အနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့်စပ်လျဉ်းသည့် သတင်းအဖြစ်အပျက်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ယင်းသတင်းအဖြစ်အပျက်များထဲမှတစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကြားနာပွဲသတင်းက ကမ္ဘာ့သတင်းမီဒီယာများတွင် နေရာယူမြင်တွေ့ခဲ့ရသည်။

ယင်းကြားနာပွဲတွင် ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ စီအီးအိုများကိုယ်တိုင် ကလေးသူငယ်များ၏ အွန်လိုင်းဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး သက်သေထွက်ဆိုခဲ့ကြရသည်။ အွန်လိုင်းမှကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ Facebook, Instagram, Threads နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Meta ၏ CEO Mark Zuckerberg အပါအဝင် Discord ၊ Snap ၊ TikTok နှင့် X (ယခင် Twitter)စသည့် ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာပလက်ဖောင်းများ ဝန်ဆောင်မှုပေးသည့် နည်းပညာကုမ္ပဏီကြီးများမှ CEO များ တစုတစည်းတည်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှေ့တွင် ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ၏ ကြားနာစစ်ဆေးမှုအတွင်း အထက်လွှတ်တော်အမတ်များက အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများအား အွန်လိုင်းတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရေး အထောက်အကူပြုလျက် ရှိနေကြောင်း၊ ယင်းတို့၏ Algorithm အသုံးပြုသည့် Content ဦးစားပေးဖော်ပြမှုနှင့် ကြော်ငြာထည့်သွင်းမှု ပုံစံများအပါအဝင် စီးပွားရှာသည့် ပုံသဏ္ဌာန်များသည် အလွန်အကျူးစွဲလမ်းစေသည့် Addictive features များ၊ သေကြောင်းကြံစည်ခြင်းနှင့် နေထိုင်စားသောက်မှုမူမမှန်ခြင်း (Suicide and eating disorders) များ၊ လက်တွေ့မကျသော အလှတရားစံနှုန်းများ (Unrealistic beauty standards)နှင့် ဆိုက်ဘာအနိုင်ကျင့်မှု (Cyber Bullying)များ စသည့်မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများကို အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် အသုံးပြုသူလူငယ်များက ထိခိုက်ခံစားရစေလျက်ရှိကြောင်းနှင့် ယင်းအပေါ်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းကုမ္ပဏီများက အသုံးပြုသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသည့် အစီအမံများမရှိဘဲ ငွေရှာဖို့သက်သက်သာလုပ်ဆောင်လျက်ရှိကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ ယင်းကြားနာပွဲသို့ လွှတ်တော်အမတ်များ၊ မီဒီယာများနှင့်အတူ ထိခိုက်ခံစားခဲ့ရသည့် (အချို့အသက် သေဆုံးခဲ့ရသည့်) ကလေးများ၏ မိဘများကိုယ်တိုင် တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

ကြားနာမှုအတွင်း Meta CEO Mark Zuckerberg နှင့် အခြား CEO များသည်အသက်မပြည့်သေးသည့်ကလေးငယ်များ ခေါင်းပုံဖြတ်အသုံးချခံရခြင်းနှင့် အန္တရာယ်ရှိသည့် ရေးသားဖော်ပြချက်များမှ ကာကွယ်ပေးရန် ၎င်းတို့ကုမ္ပဏီများ၏ အစီအမံနှင့် အားထုတ်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြင်းထန်သည့်မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ဖော်ပြချက်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကလေးများ၏ အတွေ့အကြုံများကို သက်ဆိုင်ရာ ကလေးငယ်များနှင့် မိဘများထံမှ မှတ်တမ်းတင်ထားသော သက်သေခံချက်ဖြင့် စတင်ကြားနာခဲ့ပြီး အဆိုပါကိစ္စရပ်များ၏ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သည်။

အွန်လိုင်းစွဲလမ်းမှုကြောင့် ပညာရေးထိခိုက်မှုမှသည် မိမိကိုယ်ကို သေကြောင်းကြံစည်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် ကလေးများ၏ ထိခိုက်နစ်နာမှုများအတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင် ဘီလျံနာများထံမှ လုံလောက်သည့်စာနာမှုကို ရှာဖွေနိုင်ရန် ကြိုးပမ်းမှုကို ၂၀၂၄ ခုနှစ် ကန့်လန့်ကာအဖွင့်မှာ မြင်တွေ့ခဲ့ရခြင်းပင်ဖြစ်သည်။

ကျင့်ဝတ်မဲ့ စီးပွားရေးကို ဥပဒေနှင့် ထိန်းကျောင်းရန်လိုအပ်

၂၁ ရာစု၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ဉာဏ်ရည်တု(AI)နည်းပညာများနှင့် ပေါင်းစပ်ခဲ့ပြီးနောက်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုကြီးမားပြင်းထန်လာခဲ့သည်။ Deep Fake နည်းပညာကို အလွယ်တကူ လက်လှမ်းမီအသုံးပြု လာနိုင်မှုများကြောင့် သတင်းတု၊ သတင်းမှားနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းများဖြန့်ဝေမှု၊ အမုန်းစကားဖြန့်ဝေမှုများမှတစ်ဆင့် လူ့အဖွဲ့ အစည်းအတွင်း မလိုလားအပ်သည့် ထိခိုက်နစ်နာစေမှုများ (Negative Externalities)ပိုတိုးလာစေခဲ့သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အထောက်အကူပြုသည့် ကိရိယာများအဖြစ် တွင်တွင်ပြောဆို လျက်ရှိသော်လည်း တစ်ဖက်တွင် ကျင့်ဝတ်မဲ့စွာ စီးပွားရှာသည့် စားကျက်ကြီးတစ်ခုအဖြစ် မြင်တွေ့လာရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင်များက နေ့ချင်းညချင်း ဘီလျံနာများအဖြစ် ကြီးပွားလာသည့် အခြားတစ်ဖက်တွင် အကြမ်းဖက်သမားများနှင့် မသမာသူများက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးလိုဘများအတွက် တလွဲအသုံးချလျက်ရှိသည့် အခြေအနေများကို တားဆီးဟန့်တားရန် ပျက်ကွက်ခဲ့သည်။

ယင်းကြောင့်ပင် ကမ္ဘာ့နိုင်ငံဒေသအသီးသီးတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ အပြုသဘောမဆောင်သည့် အကျိုးဆက်များမှ ရုန်းထွက်နိုင်ရေး အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သည့် အုပ်စုဝင်များအတွက် ဆိုရှယ်မီဒီယာအသုံးပြုမှု ဘေးကင်းလုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေပြုသူများနှင့် တာဝန်ရှိသူများက အလေးပေး လုပ်ဆောင်လာခဲ့ကြသည်။ မလေးရှားနိုင်ငံတွင်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဝန်ဆောင်မှုများအား နိုင်ငံတွင်းလိုအပ်ချက်များနှင့် အညီဖြစ်စေရေးအတွက် အင်တာနက်အသုံးပြုသူများထံမှ စစ်တမ်းကောက်ယူရရှိမှုများအပေါ် အခြေခံ၍လိုအပ်သည့် စည်းမျဉ်းဥပဒေများကို မလေးရှားဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင်(MCMC)က ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

မလေးရှားနိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း များ လိုင်စင်လျှောက်ထားခြင်းဆိုင်ရာမူဘောင်

မလေးရှားနိုင်ငံတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အင်တာနက်စာတိုပေးပို့ဝန်ဆောင်မှု ဆောင်ရွက်သည့် အက်ပလီကေးရှင်းများ၏ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ မူဘောင် (the licensing framework for internet messaging services and social media services)ကို MCMC က ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အများပြည်သူထံသို့ စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥပဒေစတင်အသက်ဝင်စေခဲ့ပြီးဖြစ်သည်။

မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ(CMA) (1998) အရ ရေးဆွဲ ပေါ်ပေါက်လာသည့် အဆိုပါမူဘောင်အသစ်အရ မလေးရှားနိုင်ငံတွင် အသုံးပြုသူ ၈ သန်းနှင့်အထက်ရှိသော အင်တာနက်စာတိုပေးပို့ခြင်းဝန်ဆောင်မှုများနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများသည် အက်ပလီကေးရှင်းဝန်ဆောင်မှုပေးသူ အတန်းအစားလိုင်စင် (ASP(C) Licence)ကို ရရှိ ထားရမည်ဖြစ်သည်။

လျှောက်ထားရာတွင် ၂၀၂၁ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် cloud လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာမူဘောင်ကဲ့သို့ပင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုများကို မထိခိုက်စေရေး လျှောက်ထားမှုလွယ်ကူစေရန် MCMC က မူဝါဒချမှတ်ထားသည်။ ASP(C) License ၏ သက်တမ်းမှာ တစ်နှစ်သတ်မှတ်ထားပြီး လိုင်စင်ကြေးကို မလေးရှားရင်းဂစ် ၂၅၀၀ သတ်မှတ်ထားသည်။ လိုင်စင်ရယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးသူများသည် ဒဏ်ငွေမလေးရှားရင်းဂစ် ၅၀၀၀၀၀ အထိနှင့်/သို့မဟုတ် ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခံရနိုင်သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ပြစ်မှုဆက်လက်ကျူးလွန်သည့်နေ့ တစ်ရက်တိုင်းအတွက် ရင်းဂစ် ၁၀၀၀ စီ ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။ လိုင်စင်လိုအပ်ချက်ကို လိုက်နာရန်ပျက်ကွက်သော အဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုတွင် ဒါရိုက်တာများ၊ အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်များသည်လည်း တာဝန်ရှိသည်ဟု မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ASP(C) လိုင်စင်လျှောက်ထားရန်အတွက် ကူးပြောင်းချိန်ကာလ ၅ လ(၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ) သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကဲ့သို့သော အွန်လိုင်းအန္တရာယ်များကို ၎င်းတို့၏ ပလက်ဖောင်းအသီးသီးမှ လျှော့ချနိုင်ရေး အားထုတ်မှုများလုပ်ဆောင်ရန် MCMC က တိုက်တွန်းခဲ့သည်။

မူဝါဒအသစ်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှ စတင်ပြောင်းလဲ ကျင့်သုံးမည့် မူဘောင်အသစ်နှင့်စပ်လျဉ်း၍ ထုံးစံအတိုင်း အချို့သောစိုးရိမ်မှုများနှင့် ဝေဖန်မှုများ လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် Article 19 ကဲ့သို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ဘက်မှ တာဝန်ရှိသူများက ၎င်းမူဘောင်အသစ်မှာ မလေးရှားနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အစိုးရက ဥပဒေများကို အသုံးပြုလာခြင်းပေလောဟု မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။

သို့ရာတွင် ယင်းသို့ လိုင်စင်မူဘောင်သတ်မှတ်ချက်သည် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အကာအကွယ်ပေးရန်အတွက် အစိုးရ၏ ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း Kota Melaka မြို့တော်၏ လွှတ်တော်အမတ် Khoo Poay Tiong ကပြောကြားခဲ့ပြီး မလေးရှားဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil ကလည်း ယခုမူဘောင်အသစ်သည် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းမရှိဘဲ မလေးရှားနိုင်ငံအတွင်း ကြော်ငြာဝင်ငွေများရယူခြင်းဖြင့် စီးပွားရေးအရ ဆောင်ရွက်လျက်ရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိကြောင်း ပြောကြားထားသည်။

ယင်းသို့ ဆောင်ရွက်မှုသည် ပိုမိုလုံခြုံသော အွန်လိုင်းဂေဟစနစ် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ကလေးများနှင့် မိသားစုများအတွက် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း MCMC က တုံ့ပြန်ခဲ့သည်။

လိုင်စင်လျှောက်ထားရန် ဆောင်ရွက်မှု

မလေးရှားနိုင်ငံတွင် အင်တာနက်နှင့်ဆိုရှယ် မီဒီယာအသုံးပြုမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး www.statista.com ၏ ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် စာရင်းအင်းများတွင် Facebook သည် မလေးရှား နိုင်ငံတွင်သုံးစွဲသူ ၂၂ ဒသမ ၃၅ သန်းရှိ၍ စုစုပေါင်း လူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ နိုင်ငံရေးသတင်းများ အပါအဝင် သတင်းအချက်အလက်အများစုကို မလေးရှားနိုင်ငံသားများက Facebook မှတစ်ဆင့် ရရှိနေခြင်းဖြစ်သည်။ လက်ရှိထုတ်ပြန်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်သတ်မှတ်ချက်အရ မလေးရှားတွင် လိုင်စင်လျှောက်ထားရန် သတ်မှတ်ချက်အကျုံးဝင်သည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှာ Facebook, Instagram, WhatsApp, Telegram, WeChat နှင့် TikTok အပါအဝင် ရှစ်ခုထက်မနည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်အထိ Tencent ၏ WeChat၊ ByteDance ၏ TikTok သည် ဤစည်းမျဉ်းအသစ်အရ လုပ်ငန်းလည်ပတ်ရန်လိုင်စင်များ လျှောက်ထားရယူထားပြီးဖြစ်ပြီး Telegram ကို လည်း MCMC က ဇန်နဝါရီလ ၂ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် Facebook၊ Instagram နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta အနေဖြင့် ယင်း၏ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများအတွက် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းစဉ်အား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း MCMC ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

သို့ရာတွင် X (ယခင် Twitter)အနေဖြင့်မူ လိုင်စင်ထုတ်ပေးသည့် မူဘောင်ပါသတ်မှတ်ချက် တစ်ခုဖြစ်သည့် မလေးရှားတွင် အသုံးပြုသူအရေအတွက် ၈ သန်းမရှိဟုဆိုကာ လျှောက်ထားခြင်း မပြုသေးကြောင်းသိရသည်။ အလားတူ YouTube ၏ မိခင်ကုမ္ပဏီ Google ကလည်း ၎င်း၏ ဗီဒီယို မျှဝေခြင်းဆိုင်ရာ ဝန်ဆောင်မှုများသည် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများနှင့် သဘာဝကွဲပြားသဖြင့် ဥပဒေပါ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအားဖော်ပြပြီး လိုင်စင်လျှောက်ထားခြင်းကိစ္စကို ဆွေးနွေးနေစဲဖြစ်ကြောင်း သိရှိရသည်။ တစ်ဖက်တွင် လိုင်စင်လျှောက်ထားခြင်းမရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအနေဖြင့် ဥပဒေအရ စိစစ်အရေးယူမှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအား မူဝါဒကြီးကြပ်သည့် မူဘောင်တစ်ရပ်ကို စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်မှုများကိုလည်း တွေ့ရှိလာရသည်။

စောင့်ကြည့်ရမည့် အခြေအနေ

၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်အသုံးပြုသူ ၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယင်းပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၆၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ယင်းအနက်မှ စုစုပေါင်း၏ ၅ ဒသမ ၂၂ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၆၃ ဒသမ ၈ ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာအသုံးပြုသူများဖြစ်သည်။ လက်ရှိတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် လူမှုအသိုက်အဝန်းကို အကျိုးပြုသည့် သာမန်ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက်ဖြန့်ချိရာနေရာ တစ်ခုမျှသာမဟုတ်ဘဲ အခွန်ဘဏ္ဍာစည်းကြပ်မှုလျော့ရဲစွာဖြင့် ကြော်ငြာခများ နိုင်ငံတွင်းမှ စီးထွက်ရာ၊ အစွန်းရောက် အကြမ်းဖက်အယူအဆများ ပေါက်ဖွားရာ၊ သတင်းတုသတင်းမှားနှင့် အမုန်းစကားတို့၏ မြစ်ဖျားခံရာ၊ အွန်လိုင်းလိမ်လည်မှုများ အလွယ်တကူဆောင်ရွက်ရာ နေရာများအဖြစ် လူမှုအသိုက်အဝန်းအတွက် မလိုလားအပ်သည့် အကျိုးဆက်များနှင့် အန္တရာယ်များကို ဆောင်ကြဉ်း လာလျက်ရှိနေပြီဖြစ်သည်။

ယင်းမလိုလားအပ်သည့် လူမှုဒုက္ခများကို လျှော့ချနိုင်စေရေးနိုင်ငံနှင့် ဒေသအဖွဲ့အစည်း အသီးသီးက လိုအပ်သည့် ဥပဒေများထုတ်ပြန်၍ ပြန်လည်ထိန်းကျောင်းလျက်ရှိရာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ တုံ့ပြန်ဆောင်ရွက်ချက်များအား ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်ပါသည်။

ကိုးကား-

https://www.demandsage.com/social-media-users/

https://apnews.com/article/meta-tiktok-snap-discord-zuckerberg-testify-senate-00754a6bea92aaad62585ed55f219932

https://insightplus.bakermckenzie.com/bm/technology-media-telecommunications_ 1/malaysia-licensing-of-social-media-and-internet-messaging-service-providers-from-1-january-2025-onwards

https://www.dataguidance.com/news/malaysia-mcmc-unveils-new-regulatory-framework-social

https://www.statista.com/statistics/617136/digital-population-worldwide/

Source: www.moi.gov.mm

ဇေလက်ျာ