မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ အပိုင်း(၅)
Posted_Date
Image

Body
အရေးပါသည့် ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်း များ
Caffeine (ကေဖင်း) C8H10N4O2သည် အဖြူရောင်ကဲ့သို့ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး လက်ဖက်၊ ကော်ဖီစေ့နှင့် ကိုလာစေ့များတွင်ပါရှိသည့် အဲလ်ကာလွိုက်တစ်မျိုးဖြစ်၍ ရေတွင်ပျော်ဝင်လွယ်သည်။ အစပြုသည့်ပရီကာဆာမဟုတ်သောဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သွေးကြောများကျယ်၍လန်းဆန်းစေသောအာနိသင်အနည်းငယ်ရှိသည်။စိတ်ရွှင်လန်းပြီး အားအင်ပြည့်ဖြိုးရန်အတွက် အချို့သောလစ်ပိုဗီတန်၊ ကျွဲရိုင်း၊ လစ်ပိုနှင့် အချို့သောကော်ဖီမှုန့်များတွင်လည်း အသုံးပြုသည်။ Amphetamine၊ Methamphe-tamine နှင့် MDMA(Ecstacy)တို့ကို အခြားပရီကာဆာဓာတုပစ္စည်းဖြင့် ထုတ်လုပ်ရရှိပြီးနောက် အားမြှင့်ပေးသည့်ဓာတုပစ္စည်းဖြစ်သည်။ ဆေးဝါးများတွင် ရောစပ်သုံးစွဲကြသည်။ကမ္ဘာအနှံ့ တွင်ကျယ်စွာသုံးစွဲနေသည့် မူးယစ်ဆေးဝါးဖြစ်သည့် Amphe-tamine (WY ဆေးပြား)တစ်ပြားတွင် Caffeine ပမာဏ 70 mg မှ 100 mg ထိပါပြီး Amphetamine ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပါဝင်ကြောင်းသိရသည်။
Red Phosphrous (Red-P) (အနီရောင်ဖော့စဖရပ်စ်) P4 (chain)ကို အီလက်ထရွန်နစ်အလွှာများ၊ ပိုလီမာများအတွက် မီးမလောင်စေသောအလွှာများတွင်လည်း ဘေးကင်းရေး မီးခြစ်ဆံများ၊ မီးပုံးပျံများ၊ လောင်မီးခွံများ၊ မီးခိုးဗုံးများ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင်သုံးသည်။ အက်စစ်မှကလိုရိုက်သို့ပြောင်းလဲရာတွင် ကလိုရင်းသွင်းဓာတ်ပြုခြင်း၊ ဓာတ်တိုးခြင်းပြုလုပ်ရာတွင် တရားဝင်အသုံးပြုပြီး Metham-phetamine ထုတ်လုပ်ရာတွင် ဟိုက်ဒြောလစ်အက်စစ်နှင့် ဓာတ်လျှော့ရာတွင် ဓာတ်ပြုပစ္စည်းအဖြစ် တရားမဝင်အသုံးပြုသည်။Methylamine (မီသိုင်းလမင်း)သည် အမိုးနီးယားအနံ့ရှိသည့် အရောင်မဲ့ဓာတ်ငွေ့ဖြစ်ပြီးအလွန်မီးလောင်လွယ်ကာအဆိပ်သင့်စေနိုင်သည်။
ယင်းသည် ရေ၊ အရက်နှင့်အီသာတွင် ပျော်ဝင်ပြီး ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရေး၊ ရေသန့်စင်ရေး၊ အစားအသောက်ထိတွေ့ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ Sur-factants နှင့် Accelerator အပါအဝင် အခြားစက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးမျိုးအတွက် အခြေခံအဖြစ်အသုံးပြုသည့် အလယ်အလတ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သားရေအရောင်ဆိုးခြင်း၊ ဆေးဆိုးခြင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများအပြင် လောင်စာဆီထုတ်လုပ်ခြင်းလုပ်ငန်းများတွင်လည်း အသုံးများသည်။
Ammonium Chloride (အမိုနီယမ်ကလိုရိုက်) NH4Cl သည် တိုင်းရင်း/ပရဆေးတွင်ဇဝက်သာဟုခေါ်သည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းတစ်ခုဖြစ်သည်။ ဇဝက်သာသည် ရေထဲ၌ ကောင်းစွာပျော်ဝင်နိုင်ပြီး ရေတွင်စူးရှသောအနံ့ကိုဖြစ်စေနိုင်သည့်အပြင် ရေတွင်အက်စစ်ဓာတ်အနည်းငယ်ရနိုင်သည်။
ဇဝက်သာကို ဆေးဝါး(အထူးသဖြင့် ချောင်းဆိုးပျောက်ဆေး)တွင် ဆီးချဆေးအဖြစ်လည်းကောင်း၊ အထပ်သားကိုချည်နှောင်ရာ၌ အထောက်အကူဖြစ်စေသောကော်တွင်လည်းကောင်း၊ Aqueous Solutions များ၊ Lechanche Cell များတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင် တဆေး(Yeast)ကို အာဟာရပစ္စည်းအဖြစ် အစာဖြည့်စွက်ပစ္စည်းများ (Food Additives)တွင်လည်းကောင်း အသုံးပြုသည်။
Sodium Acetate (ဆိုဒီယမ်အစီတိတ်) C2H3NaO2 သည် ရေတွင်အလွန်ပျော်ဝင်သော Hygroscopic အမှုန့်ဖြစ်သည်။ ဆိုဒီယမ်အစီတိတ်ကို ဆိုဒီယမ်အိုင်းယွန်း၏ရင်းမြစ်တစ်ခုအဖြစ် Dialysis အတွက်လည်းကောင်း၊ အထည်အလိပ်လုပ်ငန်းတွင် Aniline ဆိုးဆေးအဖြစ်လည်းကောင်း၊ Chrome Tanning တွင် Pickling Agent အဖြစ်လည်းကောင်း၊ ကွန်ကရစ်အလွှာ(Concrete Sealant) တစ်ခုအဖြစ်လည်းကောင်း၊ အစားအစာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ pH တန်ဖိုးဆက်တိုက်ထိန်းသိမ်းရန် ၎င်းကို Acetic Acid နှင့်အတူ ကြားခံ(Buffer)အဖြစ်လည်းကောင်း၊ အပူပေးအဖုံးများ၊ ရေခဲဘူးများနှင့်လက်ပူစက်များတွင်လည်းကောင်း၊ တည်ငြိမ်လျှပ်စစ်ဓာတ်ကိုဖယ်ရှားရာတွင်လည်းကောင်း အသုံးပြုသည်။ ဆေးပညာအရ ဆိုဒီယမ်အစီတိတ်သည် သွေးကြောသွင်းသည့်အခါတွင် Electrolyte အားဖြည့်ဆေးအဖြစ် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
Lead Acetate (လိဒ်အစီတိတ်) Pb(C2H3O2)2 သည် အချိုအရသာရှိသည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းဖြစ်သည်။ Lead Acetate ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်(Hydrogen Peroxide)နှင့် အက်စီတစ်အက်စစ်(Acetic Acid)တွင်ပွက်ပွက်ဆူအောင် တည်ခြင်းဖြင့်ပြုလုပ်နိုင်သည်။ ယင်းသည် အခြားခဲဓာတ်များကဲ့သို့ပင် ခဲဆိပ်သင့်နိုင်သည်။ ဓာတ်ခွဲခန်းသုံးဓာတုပစ္စည်းအဖြစ်လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊ ရွှေတူးဖော်ရာတွင်လည်းကောင်း၊ အထည်အလိပ်ပန်းရိုက်ခြင်းနှင့်ဆေးဆိုးခြင်းတို့တွင် ညီညာမျှတစေရန်လည်းကောင်း၊ အရောင်တင်ဆီနှင့်သုတ်ဆေးများတွင် အခြောက်ခံပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုသည်။
Tartaric Acid (တာတာရစ်အက်စစ်)သည် C4H6O6 ရှိသော ကာဘောဇလစ်အက်စစ်ဖြစ်ပြီး အရောင်ကင်း၍ အလင်းပေါက်သည့်ပုံဆောင်ခဲအဖြူ Diprotic Aldaric Acid ဖြစ်သည်။ ၎င်းကို 2,3-dihydroxy-succinic Acid သို့မဟုတ် Racemic Acid ဟုလည်းခေါ်သည်။ဝိုင်တွင်အရေးကြီးသော အက်စစ်ထဲမှတစ်ခုဖြစ်သည်။ Tartaric Acid သည် ငှက်ပျောသီး၊ စပျစ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအများအပြားတွင်တွေ့ရသော အော်ဂဲနစ်အက်စစ်ဖြစ်ပြီး ငှက်ပျောသီး၊ ဆစ်ထရပ်စ်(Citrus)နှင့် မန်ကျည်းသီးများတွင်လည်း တွေ့ရသည်။
Cosmetics၊ Food Additives ၊ Antioxidant၊ Fragrances အဖြစ်လည်းကောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်ရန်လည်းကောင်း၊ ဆေးဝါးနယ်ပယ်တွင်လည်းကောင်း၊ ခံတွင်းဆေးများ၏အရသာကိုမြှင့်တင်ရန်လည်းကောင်း၊ မဂ္ဂနီစီယမ်နှင့် ကယ်လစီယမ်ကဲ့သို့သော သတ္တုအိုင်းယွန်းများကို Chelate ပြုလုပ်ရန်လည်းကောင်း၊ အချဉ်အရသာရှိစေရန် အစားအစာများတွင်လည်းကောင်း၊ အော့အန်စေရန်လည်းကောင်း၊ ငွေရောင်မှန်ပြုလုပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်များကို ဆေးဆိုးရာတွင် ညီညာစေရန်လည်းကောင်း၊ သားရေကို ဆေးလိမ်းခြယ်ရာတွင်လည်းကောင်း၊ သကြားလုံးများတွင်လည်းကောင်း၊ Tartaric Acid ကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်(Sodium Bicarbonate)နှင့်ရောစပ်ပါက မုန့်ဖုတ်အမှုန့်ရရှိပြီး မုန့်ဖုတ်ဆိုဒါနှင့် တဆေး (Yeast) အဖြစ်လည်းကောင်း၊ ၎င်း၏ခရင်မ်ပုံစံတွင် အစားအစာကိုတည်ငြိမ်စေသော Stabilizer အဖြစ်လည်းကောင်းအသုံးပြုနိုင်သည်။ Tartaric Acid ကို အများအပြားသုံးစွဲပါက လေဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာနိုက်) NaCN သည် အဆိပ်ရှိသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။
အဖြူရောင်အခဲဖြစ်ပြီး ခါးသက်သောဗာဒံသီးအနံ့ရှိသည့်ရေတွင်ပျော်ဝင်နိုင်သော Sodium Cyanide ကိုအခိုးတိုက်/ပိုးသတ်မှိုင်းတိုက်ခြင်း၊ သတ္တုရည်စိမ်ခြင်း၊သတ္တုရိုင်းများမှရွှေငွေထုတ်ယူခြင်းအဆင့်နိမ့်သတ္တုရိုင်းကျောက်တွင်းများမှ အဖိုးတန်သတ္တုများထုတ်ယူရာတွင် Sodium Cyanide ကို အမြောက်အမြားအသုံးပြုသည်။ Cyanide သည် သတ္တုများနှင့်ဆက်စပ်မှုမြင့်မားသောကြောင့် ဆား၏အဆိပ်သင့်မှုမြင့်မားစေသည်။ဓာတုပစ္စည်းများထုတ်လုပ်ရာတွင် စီးပွားဖြစ်အသုံးပြုသည်။ အလွန်အဆိပ်သင့်သောကြောင့် Sodium Cyanide ကို ဇီဝဗေဒပညာရှင်များအသုံးပြုသော အိုးများစုဆောင်းခြင်းနှင့်တရားမဝင်ငါးဖမ်းခြင်းကဲ့သို့ လျင်မြန်စွာဖမ်းဆီးရန်/ သတ်ရန်သို့မဟုတ် ထိတ်လန့်စေရန်အတွက် အသုံးပြုသည်။
ဆက်လက်ဖော်ပြပါမည်။