မြန်မာနိုင်ငံအတွက် အကျိုးစီးပွားများစွာဖော်ဆောင်နိုင်ခဲ့တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ် (EEF 2025) သို့ ခရီးစဉ်
Posted_Date
Image

Body
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဟုသတ်မှတ်မည်ဆိုပါကထိုနိုင်ငံအတွက်စွမ်းစွမ်းတမံဦးစီး ဆောင်ရွက်ပေးသော ခေါင်းဆောင်ကောင်းရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများ ကို ရှာဖွေဖန်တီးဆုပ်ကိုင်လျှောက်လှမ်းမှုတို့က အကြောင်းတရားများ ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟုဆိုရာတွင် ကိုယ်ကျိုးကိစ္စများကို ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ဦးဆောင်ရသည့် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ကြဉ်းပေးနိုင်သူကိုသာ ခေါ်ဆိုရမည်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်ကောင်းရှိရုံ မျှဖြင့် မပြည့်စုံသေးပေ။ မိတ်ဆွေကောင်းများ နှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများလည်းရှိကာ ထိုအခွင့်အလမ်းကောင်းများ ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ရဦးမည်ဖြစ်သည်။
ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန်ဆိုသည်မှာ ကိုယ်တိုင်အသိစိတ်၊ စွန့်လွှတ်အနစ်နာခံ စိတ်တို့ နှင့်အတူ ထားရှိရမည့်စိတ်နေစိတ်ထားများကိုမွေးမြူရန်လိုအပ်လှပေသည်။ ထို့အတူပင် အခွင့်အလမ်း ကောင်းများဆိုသည်မှာလည်း သူ့အလိုလိုဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်က ဖန်တီး ယူရခြင်းဖြစ်သည်။ ပေါ်ထွန်းလာသောအခွင့်အလမ်းကောင်းများကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းရာတွင် မိတ်ကောင်း ဆွေကောင်းဆိုသည်မှာလည်း မရှိမဖြစ်အရေးပါလှသည်။ ထိုကဲ့သို့သောမိတ်ကောင်းဆွေကောင်း ဆိုသည်ကိုမူ မှန်ကန်စွာရွေးချယ်တတ်ဖို့အရေးကြီးသည်။ ထိုသို့ရွေးချယ်ခြင်းက ခေါင်းဆောင်ကောင်း အပေါ်မူတည်နေပြန်သည်။ ထို့ကြောင့် အရာအားလုံးသည် ကွင်းဆက်တစ်ခုကဲ့သို့ အပြန်အလှန်မှီခို ဆက်စပ်နေသည်ဟုဆိုရမည်ဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေခံမြေခံကောင်းသလို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်သည့် အချက်အချာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် ပြည်တွင်း၌ စည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျကျန်နေ ခဲ့သည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်မှစ၍ သိပ်မဝေးတော့သောကာလတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကို မိမိတို့အနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မည်ဟု ကျွန်တော်ကတော့ ယုံကြည်မိသည်။
အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်ကောင်းတစ်ဦး၏ခံယူချက်နှင့် မှန်ကန် သောလုပ်ရပ်များကြောင့် သာဖြစ်သည်။ ကျွန်တော်တို့စိုက်သော အပင်သည် နောင်လာနောက်သားများအတွက် ဖြစ်သည်ဟုဆို သောစကားနှင့်အညီ ထိုခေါင်းဆောင်ကောင်း၏ ပစ္စုပ္ပန်လုပ်ရပ်များသည် အနာဂတ်တွင် မိမိတို့၏ မျိုးဆက်များအတွက် အကျိုးများစေသည်မှာအမှန်ပင်ဖြစ်သည်။
ကျွန်တော်တို့၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင် ဘယ်လာရုစ်နိုင်ငံသို့သွား၍ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခြင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံ ခြင်းပင်ဖြစ်သည်ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သောရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျထိတွေ့ဆက်ဆံနိုင်ခဲ့သည့်အတွက်ဖြစ် သည်။ ထို့ကြောင့် EAEU အကြောင်းကို အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုသည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ဆိုသည်မှာ ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်တွင် ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ရုရှားနိုင်ငံတို့မှခေါင်းဆောင်များက သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်အသက်ဝင်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၁၄ခုနှစ်၏အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အာမေးနီးယားနှင့် ကာဂျစ်စတန်နိုင်ငံတို့ကို ထိုသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ခွင့်ပြုရေးအတွက် သဘောတူညီချက်များကို လက်မှတ် ထိုးခဲ့သည်။ ထို့နောက် တွင် EAEU သည် အဖွဲ့ဝင်ငါးနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။
EAEU သည် ကုန်စည်နှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းရေးကိုအားပေးကာ မေခရိုစီးပွားရေး ရပ်ဝန်း၊ ပို့ဆောင်ရေး၊ စက်မှုနှင့်စိုက်ပျိုးရေး၊ စွမ်းအင်၊ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်၊ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း အစရှိသည်တို့ကို ဖော်ဆောင်ပေးသောအဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့၏အနာဂတ်မျှော်မှန်းချက် တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံ များကြားကုန်သွယ်ရေးတွင် ဘုံငွေကြေးတစ်ရပ်ကိုဖော်ဆောင် အသုံးပြုရေးနှင့် အဖွဲ့ဝင်နိုင်ငံအရေ အတွက် တိုးတက်များပြားလာရေးဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွက် ကောက်ယူရရှိသော စာရင်းများအရ ထိုအဖွဲ့တွင် လူဦးရေပေါင်း ၁၈၃ သန်းပါဝင်ပြီး ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ အထိရှိသည်။
EAEU နှင့်အတူ အရေးပါသည့်အရာတစ်ခုမှာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်းသာမက အဖွဲ့ဝင်ပြင်ပနိုင်ငံများနှင့်ပါ စီးပွားရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် EAEU ဖွဲ့စည်းတည်ထောင်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ကိုတွေ့ရသည်။ အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ကျွန်တော်တို့၏ နိုင်ငံတော်အကြီးအကဲသည်လည်း ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲပြောကြားသောမိန့်ခွန်းအနက် အချက်အလက်အချို့ကို ထုတ်နုတ်ကြည့်ရလျှင် မြန်မာနိုင်ငံနှင့် EAEU တို့ကြားထိတွေ့ဆက်ဆံမှုက ၂၀၂၂ ခုနှစ်မှစတင်ခြင်းဖြစ်သော်လည်း ၂၀၂၃ ခုနှစ်တွင် ထိုဆက်ဆံမှုက အရှိန်အဟုန်မြင့်တက်လာသည်ကိုတွေ့ရသည်။ ယင်းသို့ထိတွေ့ဆက်ဆံမှုမှ တစ်ဆင့် ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့သည့် ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ် သော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ မြန်မာနိုင်ငံ၏အဓိကထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ အနာဂတ် အတွက်အုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍ၊ ကုန်စည်စီးဆင်းမှုအတွက် အရေးပါသောသယ်ယူပို့ဆောင် ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံပါဝင်သည်။
ဤနေရာတွင် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ အရေးပါမှုကိုလည်းထည့်တွက်ရမည်ဖြစ် သည်။ ၂၀၂၃ ခုနှစ်မှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်နိုင်သည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန် အုတ်မြစ်ချ နိုင်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်မှာတော့ ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခြင်းဖြင့် အပြန်အလှန်ဆက်ဆံရေးက ပိုမိုခိုင်မာလာပြီဖြစ်သည်။ ဒီလိုခိုင်မာမှုနှင့်အတူ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဖော်ထုတ်ပြီး တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။
ထိုကဲ့သို့ အပြန်အလှန်ဆက်ဆံရေးတိုးတက်မြင့်မားလာမှုအတွက် အရေးပါပြီးအရာရောက်သည့် တစ်ခုမှာ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။ ထိုဖိုရမ်ကြောင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား အပြန် အလှန်စီးပွားရေး ဆက်ဆံမှုများ၊ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာသည်။ မကြာသေးမီကကျင်းပပြီးစီးခဲ့သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်ရီရှတ်နီကော့က မြန်မာ နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုစာချုပ်မှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်မည့် အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် သယ်ယူ ပို့ဆောင်ရေးအခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ အပါအဝင်အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေမည် ဖြစ်သည်။
(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်း အဝေးအဖြစ်ကျင်း ပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကိုလည်း အပြန်အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများတိုးမြှင့်ရေးနှင့် လုပ်ငန်းအဖွဲ့များအကြား ဆွေးနွေးရန်လိုအပ်သော စီးပွားရေး ဆိုင်ရာ အခက်အခဲများကို သတ်မှတ်ခြင်းတို့ကို အဓိကရည်ရွယ်ပြီးကျင်းပခဲ့သည်။ထိုအစည်းအဝေး တွင် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် စည်းမျဉ်း စည်းကမ်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းသည် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင် နိုင်ငံငါးနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ဆွေးနွေး ခြင်းဖြစ်သည့်အပြင်၂၀၁၉ ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr.Eldar Alisherov က ပြောကြားခဲ့သည်။ မိမိနိုင်ငံအကျိုးစီးပွားအတွက် လက်ရှိအစိုးရ၏ကြိုးပမ်းဆောင်ရွက်မှု အသီးအပွင့်များပင်ဖြစ်သည်။ထိုမှတစ်ဆင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးအတွက် ယုံကြည်မှုများ ပိုမိုတိုးမြှင့်ရရှိလာမည်ဖြစ်သည်။
ယခုဘယ်လာရုစ်နိုင်ငံတွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံမှနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ရောက်ခြင်းက အိမ်ရှင်ဘယ်လာရုစ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက ထိုသို့တက်ရောက်ခွင့်ရချိန်တွင် ရရှိသောအခွင့် အရေးကိုအကောင်းဆုံးအသုံးချသည့်အနေဖြင့် မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ့ ခေါင်းဆောင်များက ထောက်ခံဆောင်ရွက်ပေးရန် အလေးအနက်ထားမေတ္တာရပ်ခံ လိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏တည်နေရာနှင့် ရုရှား၊ ဘယ်လာရုစ် အစရှိသော ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏တည်နေရာကို မြေပုံပေါ်တွင်ကြည့်လျှင် တော်တော်လေးဝေးကွာသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံက ထိုသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးကြိုးပမ်းမှုသည် အရာထင်ပါ့ မလားဟူသော စိုးရိမ်မှုတို့ရှိနေနိုင်သည်။ သို့သော် ထိုအချက်ကိုစိတ်ပူစရာမလိုပေ။ အကြောင်းရင်းမှာမူ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွက် အချက်အချာကျသောနေရာတွင်ရှိနေခြင်းကြောင့်ဖြစ်သည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂဆိုသည်မှာ နိုင်ငံရေး၊ စစ်ရေးထက် စီးပွားရေးကို အဓိက ဦးစားပေး ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အတွက် ၎င်းတို့အနေဖြင့် စီးပွားရေးကွန်ရက်ကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်သည်။ ယင်းသို့ချဲ့ထွင်ရာတွင်ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စီးပွားရေးလုပ်ခြင်းထက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် အလားအလာကောင်းများရှိသော နယ်မြေများကိုရှာဖွေရာတွင် အာဆီယံဒေသကရှေ့ဆုံးတွင်ရှိနေသည်။ အာဆီယံဒေသအတွက် မည်သည့်နိုင်ငံကအချက် အချာဖြစ်မည်ကိုဆက်လက်ရှာဖွေရာတွင် မြန်မာနိုင်ငံကထိပ်ဆုံးကပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါက မြန်မာနိုင်ငံအတွက်သာမက အာဆီယံဒေသအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်စေမည်ဖြစ်သည်။
ထိုအရေးကိုကြိုတင်ရှုမြင်ထားသည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ က မြန်မာနိုင်ငံကိုဧည့်သည်တော်အဖြစ်ဖိတ်ကြားသည်။ ကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မည့်အလားအလာကောင်းများကိုမြော်တွေးကာ ဖိတ်ကြားမှုကိုလက်ခံသည့်အပြင် မိန့်ခွန်းပါပြောကြားပြီး မြန်မာ နိုင်ငံကို ၎င်းတို့၏မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်နေကြောင်းပြောကာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ်ဆောလျင်စွာ ပါဝင်ခွင့်ပြုရေး မေတ္တာရပ်ခံခဲ့သည်။
အစောပိုင်းတွင်ပြောခဲ့သည့်စကားကိုပြန်ကောက်ရလျှင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်ကောင်းရှိပြီး ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းကောင်းများကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင် နိုင်စွမ်းရှိရမည့်အပြင် မိတ်ကောင်းဆွေကောင်းကိုလည်း မှန်ကန်စွာရွေးချယ်တတ်ရမည်ဖြစ်သည်။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကြည့်လျှင် ခေါင်းဆောင်ကောင်းတစ်ဦးပီသသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့ကဲ့သို့သော မိတ်ကောင်းဆွေကောင်းများကိုမှန်ကန်စွာရွေးချယ်ကာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဟူသည့် အခွင့်အလမ်းကောင်းကိုဆုပ်ကိုင်၍ အခွင့်အရေး အဖြစ်ပြောင်းလဲအသုံးချကာ မြန်မာနိုင်ငံ၏အကျိုးစီးပွားအတွက် အောင်မြင်မှုရှိစွာ ဖန်တီးနိုင်ခဲ့ သည်ကိုတွေ့ရသည်။
အကယ်၍များ မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရသွား ပြီဆိုလျှင် မြန်မာနိုင်ငံနှင့်ထိုအဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာမည်။ ကုန်သွယ်မှုများမြင့်တက်လာမည်။ နိုင်ငံအတွင်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာမည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသားတို့၏ ဘဝသည်လည်း ရေမြင့်၍ ကြာတင့်သကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။ ထိုသို့သောအကျိုးကိုရရှိအောင် ကောင်းမွန်သော အကြောင်းတရားကိုကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက ဖန်တီးဆောင်ရွက်ထားပြီဖြစ်ပေတော့သည်။ ။