အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

News Image

  • အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၀ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦးက လတ်တလောကာလများတွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှု အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယက-ပါကစ္စတန် Nur Khan လေတပ် စခန်း စသည့်အဆောက်အဦများကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပါကစ္စတန်ဘက်က “Operation Bunyan-ul-Marsoos” စစ်ရေးလှုပ်ရှားမှု စတင်လိုက်ပြီဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံက ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ် ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံဘက်က လက်ရှိ အိန္ဒိယ-ပါကစ္စတန် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဖြစ်ရပ်အခြေအနေ အရှိန်အဟုန် မြင့်တက်လာမှုအပေါ် များစွာစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအခင်းအကျင်းကြီးကို အဓိကထား၍ ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ်ရှိကြရန်၊ ငြိမ်းချမ်းရေးနည်းလမ်းဖြစ်သည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိကြရန်၊ တင်းမာမှု အခြေအနေ တစ်ဆင့်တိုး အရှိန်မြင့် တက်စေမည့် လှုပ်ရှားမှုများကို ရှောင်ရှားကြရန် အပြင်းအထန် တိုက်တွန်းကြောင်း၊ ယင်းမှာ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိစေသည့်အပြင် နိုင်ငံတကာအသိုက်အဝန်း၏ အများမျှော်လင့်ချက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထို့အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မှီငြမ်း။ Xinhua