ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မိုးရာသီသည်  အေးမြသောအပူချိန်နှင့်   စိမ်းလန်းစိုပြည်သော   သစ်ပင်များဖြင့်   လန်းဆန်းသော   စိတ်ခံစားမှုကိုရရှိနိုင်သော်လည်း ရောဂါအမျိုးမျိုး၏ ခြိမ်းခြောက်မှုမြင့်မားလာပြီး ကျန်းမာရေးစိန်ခေါ်မှုများ တွေ့ကြုံရနိုင်ပါသည်။ စိုစွတ်သောရာသီဥတုနှင့်  ရေစိမ့်သောမြေကြီးသည်  ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် မှိုများပေါက်ပွားနိုင်ပါသည်။ လေထုထဲတွင် စိုထိုင်းဆနှင့် အစိုဓာတ်တိုးလာခြင်းသည်  ရောဂါပိုးမွှားများ၊     အစာခြေလမ်းကြောင်းဆိုင်ရာ    ပြဿနာများနှင့် ရေကြောင့်ဖြစ်သောရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။

စိုစွတ်သော မိုးရာသီတွင် လူအများစုသည် ပူပူနွေးနွေးကြွပ်ကြွပ်ရွရွကြော်ထားသော သရေစာများနှင့်  တွဲဖက်ထားသော    ကော်ဖီပူပူတစ်ခွက်ကို  စားသောက်ချင်ကြသည်။      သို့သော်   လမ်းဘေးတွင် အလွယ်တကူ ရနိုင်သော ပူပူနွေးနွေးဆီကြော်စာများ၊ ပူပူစပ်စပ်ဟင်းများနှင့် သရေစာများသည်   ဆွဲဆောင်မှုရှိသော်လည်း  မိုးရာသီကျန်းမာရေးအတွက် မသင့်လျော်ပါ။ ထို့ကြောင့် မိုးရာသီတွင် လမ်းဘေးအစားအစာများ၊  အစိမ်းရောင် အရွက်များ     (သေချာစွာဆေးကြောပြီးမချက်ပြုတ်ပါက)၊ ပင်လယ်စာ၊ လှီးဖြတ်ထားသော     သစ်သီးများနှင့်ကြော်ထားသော အစားအစာများကို  ရှောင်ကြဉ်သင့်ပါသည်။ အဆိုပါအစားအစာများသည် မိုးရာသီတွင်    ညစ်ညမ်းမှုပိုမိုဖြစ်နိုင်ပြီး  အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်သည့် ပြင်ပရောဂါပိုးများ ဝင်ရောက်နိုင်သည်။

လမ်းဘေးအစားအစာများ

လမ်းဘေးအစားအစာများ အထူးသဖြင့် အကြော်နှင့်ကုန်ကြမ်း ပစ္စည်းများသည် သန့်ရှင်းမှုမရှိသော အခြေအနေများတွင်  ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များနှင့်  မကြာခဏထိတွေ့ရပြီး ညစ်ညမ်းစေနိုင် သည်။     လမ်းဘေးအစားအစာအများစုကို လွယ်လင့်တကူပြင်ဆင်ရသဖြင့်  သန့်ရှင်းမှုစံနှုန်းများနှင့် မကိုက်ညီသောအခြေအနေများ မကြာခဏဖြစ်နိုင်သည်။ လမ်းဘေးလဟာပြင်ဆိုင်များသည် အစိုဓာတ်၊ ဖုန်မှုန့်များ၊ ယင်ကောင် များနှင့် ထိတွေ့ပြီး အစားအစာများကိုညစ်ညမ်းစေနိုင်သည်။ လမ်းဘေးဈေးသည်များသည် တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များကိုအမြဲမလိုက်နာနိုင်ပါ။ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ  ပို၍မြင့်မားလာနိုင်ပါသည်။  တချို့သောရောင်းချသူများသည်   ဗက်တီးရီးယားများကိုသေစေရန် အပူချိန်မြင့်သော ချက်ပြုတ်ခြင်းကို ဦးစားပေးသော်လည်း တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်  ပါဝင်ပစ္စည်းများ၏ အရင်းအမြစ်နှင့်    အရည်အသွေး၊ အထူးသဖြင့်  ကြော်ရန်အသုံးပြုသောဆီများကို သတိထားရန် လိုအပ်ပါသည်။

အရွက်စိမ်းများ

ဟင်းနုနယ်ရွက်၊ ဂေါ်ဖီထုပ်နှင့်ဆလတ်ရွက်တို့ကဲ့သို့သော အရွက်စိမ်းများစားခြင်းသည်  ယေဘုယျအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော်လည်း မိုးရာသီတွင် မသန့်ရှင်းမှုနှင့်  ညစ်ညမ်းမှုအန္တရာယ် ပိုများ သောကြောင့်  ရှောင်ကြဉ်သင့်သည်။

မိုးရာသီအတွင်း အစိုဓာတ်ပါဝင်မှုမြင့်မားသည့်အတွက် အဆိုပါ ဟင်းသီးဟင်းရွက်များတွင်  ဗက်တီးရီးယား၊ မှိုနှင့်ကပ်ပါးပိုးများ ရှင်သန်ရန်လွယ်ကူသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သဖြင့်  အစားအစာ ကြောင့်ဖြစ်သော  ရောဂါများဖြစ်နိုင်ခြေများသည်။ ပူနွေးစိုစွတ်သောအခြေအနေများသည် Salmonella နှင့် E. coli ကဲ့သို့သော  ဗက်တီးရီးယားများ  ပေါက်ပွားမှုအတွက် သင့်လျော်သဖြင့် အရွက်စိမ်းများကို အစိမ်းလိုက်စားခြင်းသည် ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားစေသည်။  မိုးရာသီတွင်  အစိမ်းရောင်အရွက်များအတွင်း၌ ရောဂါပိုးများ ခိုအောင်းတွယ်ကပ်နေနိုင်သောကြောင့် အသီးအနှံများကို သေချာစွာဆေးကြောသော်လည်း  မလုံလောက်သဖြင့်     ဤကာလအတွင်း     ယင်းတို့ကို မုန်လာဥနီ၊  မုန်လာဥ၊  အာလူးနှင့်ပဲများကဲ့သို့သော   တခြားဟင်းသီးဟင်းရွက်များနှင့်    လဲလှယ်စားသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ပင်လယ်စာ

ပင်လယ်စာသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်နှင့် သတ္တုဓာတ်များ  ကြွယ်ဝသောအရင်းအမြစ်ဖြစ်သည်။ ပရိုတင်း၊ ဗီတာမင်(A၊ D၊ နှင့်  B ကဲ့သို့သော ဗီတာမင်)နှင့်  Omega-3 (Fatty acid)တို့ကိုလည်း ထောက်ပံ့ပေးသည်။ သို့သော်  မိုးရာသီသည် သားပေါက်ရာသီဖြစ်သောကြောင့်   လတ်ဆတ်သောငါးနှင့်  ခရုများသည်   ညစ်ညမ်းမှုပိုများသောကြောင့်  စားသုံးရန်အန္တရာယ်ရှိသည်။ 

မုတ်သုံရာသီအတွင်း ရေထဲတွင် များသောအားဖြင့် မိလ္လာများနှင့်ပြည့်နေတတ်သဖြင့်  ငါးများနှင့် တခြားပင်လယ်စာများသည်  အဆိပ်၊ ဗက်တီးရီးယားများနှင့်   ထိတွေ့နိုင်ခြေတိုးလာစေသည်။မျိုချမိပါက  အစာအဆိပ်သင့်ခြင်း၊   ဝမ်းလျှောခြင်းနှင့်   တခြားသောအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ  ဖြစ်နိုင်ခြေပိုများသည်။  ပင်လယ်စာများ သယ်ယူပို့ဆောင်စဉ်တွင်   ညစ်ညမ်းနိုင်ခြေပိုများသည်။

ထို့ကြောင့်   မိုးရာသီအတွင်း   ပင်လယ်စာနှင့်ဆက်စပ်သော အစာအဆိပ်သင့်မှုတိုးလာနိုင်ပါသည်။   ပင်လယ်စာများကို မရှောင်နိုင်ပါက  ရောဂါများကို ကာကွယ်ရန် အေးခဲထားသော သို့မဟုတ် စည်သွတ်ဘူးများကို ရွေးချယ် ကာ သေချာစွာချက်ပြုတ်ရန် လိုအပ်ပါသည်။

ကြော်ထားသောအစားအစာများ

မိုးရာသီအတွင်း    ပူပူနွေးနွေးကြော်ထားသော အစားအစာများနှင့်  သရေစာများသည် အစာခြေစနစ်ကို ထိခိုက်စေပြီး အက်စစ်ဓာတ်များခြင်း၊ အစာမကြေခြင်း နှင့် တခြားသော အစာခြေပြဿနာများကို  ဖြစ်စေနိုင်သည်။  မုတ်သုံလေသည် အစာခြေစနစ်နှင့်      ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေသည်။   ကျန်းမာရေးနှင့်ညီညွတ်သော  တခြားရွေးချယ်စရာများကို အစားထိုးစားသုံးသင့်သည်။

လှီးဖြတ်ထားသောသစ်သီးများနှင့် အသင့်စားအသုပ်များ

လှီးဖြတ်ထားသော   သစ်သီးများနှင့် အသင့်စားအသုပ်များကို ရောင်းချသူများ သို့မဟုတ်    စူပါမားကတ်များတွင်    ရရှိနိုင်သော   လွယ်ကူမှုသည်   မိုးရာသီတွင် ကျန်းမာရေးကို     ထိခိုက်စေနိုင်သည်။ သစ်သီး များနှင့်   ဟင်းသီးဟင်းရွက်များသည် လှီးဖြတ်ပြီးသည်နှင့် ပတ်ဝန်းကျင်နှင့်ထိတွေ့ရသောကြောင့်    အစိုဓာတ်၊ ဖုန်မှုန့်များ၊    ယင်ကောင်များ၊   ဗက်တီးရီးယားများနှင့်ထိတွေ့ပြီး သန့်ရှင်းမှုမရှိတော့ပေ။  သစ်သီးများသည်  စိုစွတ်သော လေနှင့်ထိတွေ့ပြီး    ဗက်တီးရီးယားနှင့်   မှိုများကိုဆွဲဆောင်ကာ   အစာအိမ်ရောဂါပိုးဝင်နိုင်သည်။  တိုက်ဖွိုက်၊  ကာလဝမ်း၊ သွေးဝမ်း၊   အစာအိမ်ရောဂါနှင့်    တခြားပြင်းထန်သော အစာအဆိပ်သင့်မှုတို့ကို ဖြစ်နိုင်ခြေမြင့်မားစေသည်။ ကျန်းမာရေးနှင့်ညီညွတ်စေရန်     သစ်သီးနှင့် ဟင်းသီး

ဟင်းရွက်များကိုဝယ်ယူပြီး      အိမ်တွင် စားသုံးခြင်းမပြုမီ  သန့်ရှင်းသောရေဖြင့်   သေချာဆေးကြော၍    အစာမစားခင် ကိုယ်တိုင်လှီးဖြတ်ပါ။ ဖြစ်နိုင်လျှင် သခွားသီးနှင့် ပန်းသီးကဲ့သို့သောသစ်သီးများကို အခွံခွာစားပါ။

အချုပ်အားဖြင့်ဆိုရသော် မိုးရာသီတွင်  ကျန်းမာနေရန်အတွက် မျှတသောအစားအစာကို  ရွေးချယ်စားသောက်ပြီး အစားအစာတချို့ကို  ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ ဤရာသီတွင်  သင့်ကျန်းမာရေးကို ကာကွယ်ရန်၊   ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန်နှင့် ဖျားနာမှုများကို ရှောင်ရှားရန်  အိမ်တွင်ချက်ပြုတ်ထားသော အစားအစာများကိုရွေးချယ်၍  ပူပူနွေးနွေးစားသောက်ရန်     အကောင်းဆုံးဖြစ်ပါကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။

MWD Web Portal

ဒေါက်တာသိင်္ဂီကျော်

စာအုပ်စာပေ လူ့မိတ်ဆွေဟုအဆိုရှိသည့်အတိုင်း စာအုပ်စာပေဟူသည် လောကသမိုင်းဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ စာရေးသူတစ်ဦးချင်းစီ၏ လေ့လာအားထုတ်မှု    နှလုံးသား အာဟာရစာစုများပင်ဖြစ်သည်။

စာရေးသူတစ်ယောက်၏ဖြူသော နှလုံးသားဖြင့် လောကကို အလှဆင်ခြင်းလည်းဖြစ်သည်။ စာကောင်းဖြစ်ရေး စိတ်ကောင်းမွေးမြူပေးရသည်။ စာဖတ်သူအတွက် အကျိုးရှိစေမည့် စေတနာထားရှိရသည်။ လောကအကျိုးဆောင်ရသည်။ အကျိုးတစ်ဖက်တည်းကို မကြည့်ဘဲ မျှတသောအကြည့်ဖြင့်  စာပေရှုထောင့်မျိုးစုံက  ရှုမြင်ရေးသားကြရသည်။  ကောင်းသောစာဖြစ်ရန်  ကောင်းသောအတွေးရှိရပေသည်။ စာရေးသူ တစ်ယောက်သည် ပတ်ဝန်းကျင်ဗဟုသုတနှင့်လေ့လာမှုမှ ဖြစ်တည်သောအတွေးအရေးကို လိုက်လျောညီအောင် ပြုစုကြရသည်။ သို့မှသာ အတွေးပြောင်း၍ အရေးကောင်းအောင်  ပြုလုပ်နိုင်မည်ဖြစ်သည်။

စာပေအမျိုးအစားများအနက် အချစ်၊ ရသ၊ ဟာသ နှစ်သက်ရာဖတ်ရှုနိုင်ပေသည်။ ယူတတ်လျှင် ဗဟုသုတ၊ ပညာ  ကောင်းစွာရရှိနိုင်သည်။ အသက်အရွယ်အလိုက် စာအမျိုးအစားစုံလင်အောင် ဖတ်မှတ်ထားသင့်သည်။ သုတ၊ ရသဖတ်သင့်သကဲ့သို့  စိတ်အာဟာရပြည့်ဝသည့် စာအုပ်စာပေကိုလည်း လေ့လာသင့်သည်။ စာအုပ်စာပေမှပညာဗဟုသုတကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန်ခြင်း အကျိုးကျေးဇူးများကို ခံစားရရှိစေနိုင်ပြီး  ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအားရှိမှု အလိုက်

အတွေးအခေါ်များ  ပိုမိုအားကောင်းလာနိုင်သည်။   စာဖတ်ခြင်းက ခရီးသွားခြင်းနှင့်တူသကဲ့သို့ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေကောင်းသဖွယ်ဖြစ်သည်။ သိလိုသမျှ ရှင်းပြနိုင်သည့်ဆရာတစ်ဆူအဖြစ် သတ်မှတ်နိုင်သည်။ သို့ဖြစ်၍ စာဖတ်ခြင်းသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားဆေးဟု ညွှန်းဆိုခြင်းဖြစ်သည်။

စာပေ၏တန်ခိုးသည် လွန်စွာကြီးမားလှသည်။ မိမိ၏မှေးမှိန်နေသော ဇွဲ၊ လုံ့လ၊ ဝီရိယကို တစ်ဖန်နိုးထစေသကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်း ခက်ထန်သူတစ်ယောက်ကို နူးညံ့ယဉ်ကျေးစေအောင်လည်း စွမ်းဆောင်နိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ စိတ်တွင် ကိန်းဝပ်လာစေသည်။ အဓိကအားဖြင့် အဆိုးအကောင်းကို ချိန်ဆတတ်စေသည်။

ဒေါသဦးဆောင်ရမည့်နေရာကို သည်းခံခြင်းအစားထိုး လာနိုင်သကဲ့သို့ စာဖတ်ရာတွင်လည်း စိတ်နှလုံးနူးညံ့စေသည့် စာအုပ်ကောင်းများကို ကြိုက်နှစ်သက်လာသည်။  တစ်အုပ်ပြီးတစ်အုပ်ဖတ်လျက်  လူ့ဘဝများစွာကို မြင်ကြည့်နိုင်စွမ်းရှိလာသည်။ လူ့အလှတရားတွေကို ခံစားတတ်လာသည်။

အရေးမကောင်းမီ စာပေနယ်အတွင်း သက်ဆင်းရာတွင် လောကဓံအခက်အခဲမျိုးစုံ ကြုံဆုံကြရသည်။ အယ်ဒီတာစားပွဲများစွာ ဖြတ်သန်းကြရသည်။   ရေးတိုင်း အထမမြောက်သဖြင့်   စိတ်ပင်ပန်းရသည်။

စာပေဝါသနာအနုအရင့်အလိုက်   စာပေလောကနှင့် လမ်းခွဲခြင်း၊ လမ်းလွဲခြင်းနှင့် လမ်းတည့်သွားခြင်းများ ြစ်ရသည်။ စာပေဇွဲသည် လွန်စွာအရေးကြီးသည်။ ဝါသနာနုလျှင် စာပေစိတ်ထား မပြတ်သားလျက် လမ်းခွဲဖြစ်နိုင် သည်။ ဝါသနာရင့်၍ ဇွဲကြီးသူသာလျှင် စာပေလမ်းတွင် ပန်းပွင့်နိုင်ပေသည်။ စာရေးလိုလျှင် ကနဦးစာဖတ်ရမည်ဖြစ်သည်။ စာရေးခြင်းနှင့် စာဖတ်ခြင်းသည် ဆက်စပ်နေသည်။ စာဖတ်အားကောင်းသူသည် စာများများ ရေးနိုင်လာမည်ဖြစ်သည်။ ပိုကောင်းသောစာရေးနိုင်မည့်   အတွေးတံခါးပွင့်သွားစေမည်ဖြစ်သည်။    စာပေရေးသား အကဲဖြတ်နိုင်စွမ်းလည်း ရင့်ကျက်လာမည်ဖြစ်သည်။

ကိုယ်တိုင်ရေးသောစာကို ကိုယ်တိုင်ဖတ်၍နှစ်သက်မှသာ စာပေစင်မြင့်တက်လှမ်းသင့်သည် ဆိုသောစကားမှာ မမှားလှပေ။ ရေလောင်းပေါင်းသင် ပေးလျက် စာပန်းမပွင့်သည့်အဖြစ် ဆိုက်ရောက်နိုင်သည်။

အတွေးမပြောင်းအရေးမကောင်းနိုင်ပါပေ။ စာရေးသူတိုင်း စာဖတ်ရေး တိုက်တွန်းမှုသည် အချည်းအနှီးမဟုတ်ပေ။  ဝါရင့်စာရေးဆရာကြီးများ၏ ရေးဟန်၊ တွေးဟန်ကို လေ့လာခြင်းဖြစ်သည်။ အနီးကပ်လေ့လာခြင်း ဖြစ်သည်။ ပြီးနောက် တုပရေးသားရမည်။ တိုက်ရိုက်ကူးချခြင်းမျိုးမဟုတ်ဘဲကိုယ်ပိုင်အတွေးအရေးနှင့် ချိန်ညှိခြင်းကိုဆိုပေသည်။ စာပေရေးသားရင်း လိုအပ်ချက်များကို ရှာဖွေတွေ့ရှိလာမည်ဖြစ်သည်။ အကြောင်းအရာကို လေးနက်စေမည့်    ဖြည့်စွက်ရမည့် စာလုံးများကို ရွေးချယ်တတ်လာမည်ဖြစ်သည်။  စာရေးရင်းစာဖတ်၍  စာဖတ်ရင်းပြင်ဆင်ဖြည့်စွက် နိုင်စွမ်းရှိလာမည်ဖြစ်သည်။

စာပေစင်မြင့်တက်လှမ်းလင့်ရာတွင် ဘဝင်မာန ပယ်ခွာချထားသင့်ပေသည်။ စာပေမာန်ဝင်လျှင် အမှန်မမြင်နိုင်သောကြောင့်ဖြစ်သည်။

စာပေသမားသည် ရိုးသားသည်။ ဉာဏ်ပညာအရင်းအနှီးဖြင့် ရရှိသော ဉာဏ်ပူဇော်ခကို တန်ဖိုးထားသူများပီပီ စာပေအပေါ်  သစ္စာရှိရမည်ဖြစ်သည်။ စာဖတ်သူများအတွက် အကျိုးမဲ့ပြီး အဆိပ်သင့်သောစာပေ အရေးအသားများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ ဖြတ်လမ်းနည်းဖြင့် စာပေရေးသားခြင်းသည် နည်းလမ်းမှန်ကန်သော စာရေးခြင်းမျိုးမဟုတ်ပေ။ ငွေကြေးအမြတ်ရရှိခြင်း အစား ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားရမည်ဖြစ်သည်။

တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုစကားတစ်ရပ်ရှိပေသည်။ မသွားသူအတွက် ခရီးတစ်ခုမရောက်နိုင်သေးသကဲ့သို့ မကြိုးစားသူအတွက် အောင်မြင်မှုရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘဝသည်  လွန်စွာလက်တွေ့ဆန်ပေသည်။ ကြိုးစားလုံ့လပြုရမြဲဖြစ်သည်။ နံရံတစ်ချပ်ကို ထိုးဖောက်လိုလျှင် တူကဲ့သို့ မာကြောသောအရာဝတ္ထုရှိရန်လိုအပ်သည်။ တူသည် ထူထဲသောနံရံကို ထိုးဖောက်နိုင်သည့် သံမဏိစိတ်ဓာတ်တစ်စုံဖြစ်ပေသည်။ ရပ်တန့်မနေသင့်သဖြင့် ရှေ့ခရီးကိုဆက်ရမည်ဖြစ်သည်။ နေ့စဉ်ဘဝတွင် မိမိလိုလားသည့် ပန်းတိုင်တစ်ခုဆီသို့ မရောက်မချင်း စိတ်ဓာတ်မကျရေး ကြိုးစားရမည်ဖြစ်သည်။  ဘဝသက်တမ်းသည်တိုသလောက်  သံသရာကရှည်လျား လွန်းသောကြောင့် အသိဉာဏ်ပညာမြင့်မားရေး ခရီးကြမ်းလမ်းဖောက် နေရဦးမည်ဖြစ်သည်။ ဘဝထဲကစာ၊ စာထဲက ဘဝများစွာ၏ သုခနှင့်ဒုက္ခကိုထင်ဟပ်စေသည့် စာပေအရေးအသားများဖြင့် လူ့တန်ဖိုးကို အထူးပင်မြှင့်တင် ပေးရမည်ဖြစ်သည်။

လောကတွင် သင်ယူစရာများဖြင့်ပြည့်နှက်နေသည်။ လူ့သက်တမ်း အသက်အရွယ်အလိုက် လောကအတွေ့အကြုံများ အထိုက်အလျောက်ရှိသော်လည်း ဆင်ခြင်တုံတရားက ကွာဟသည်။ သိသင့်သိထိုက်သည့် အရာကိုသိရှိခြင်း၊ သာလွန်ထိုးထွင်းသိရှိခြင်းတို့ဖြင့် လောကအခက်အခဲ ပြဿနာများကိုဖြေရှင်းကြရသည်။  ဘဝတစ်လျှောက်တွင် အရေးကြီးကိစ္စများ ပြည့်နှက်နေသည်။  အရေးများစွာတွင်ပင်  အရေးကြီးသော အလုပ်များ၊ ဆုံးဖြတ်ရမည့်ကိစ္စများစွာပါဝင်နေသည်။ သာမန်အရေးကိစ္စများကို ပြေလည်အောင်ဖြေရှင်းနိုင်ကြသည်။ သာမန်ထက်ပိုသော အရေးကိစ္စများကို မဖြေရှင်းနိုင်သဖြင့် ထွက်ပြေးတိမ်းရှောင်သူများလည်းရှိသည်။ သာလွန်ထိုးထွင်းသိရှိသူအတွက် အခက်အခဲပြဿနာသည် သင်ခန်းစာတစ်ပုဒ်ပမာ လွယ်ကူစွာတွက်ချက် နိုင်စွမ်းရှိသည်။

လောကသဘာဝတရားများကို အနုစိတ်လေ့လာရာတွင် လွန်စွာကျယ်ဝန်းကြောင်း တွေ့ရှိရပေသည်။ လူ့သဘာဝတရားအရ လေ့လာအားထုတ်မှုမှတစ်ဆင့် စတင်ခဲ့ကြရပေသည်။ အဆင့်ဆင့်သော စမ်းသပ်မှုများဖြင့် မိမိအလိုရှိရာများကို ပြည့်စုံအောင်ဖန်တီး တည်ဆောက်ကြရသည်။ သို့သော် ပြီးပြည့်စုံခြင်းမရှိဘဲ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ရှာဖွေလေတွေ့ရှိလေ စကားနည်းတူ သင်ယူလေ့လာမှုဖြစ်စဉ်သည် စဉ်ဆက်မပြတ် ဖြစ်ထွန်းနေမည်ဖြစ်သည်။ သင်ယူလိုစိတ်ရှိသူသာ ရှေ့ခရီးတိုးပေါက်ခရီးရောက်လေ့ရှိသည်။  ဘဝတစ်လျှောက် သင်ယူရမည့် သင်ခန်းစာများကို ကိုယ်တိုင်လေ့လာရင်း၊ ဖြေရှင်းရင်း မျှဝေစိတ်ထား အခြေခံ ထားရှိရပေမည်။ ဘဝ၏ပုံသေနည်းများကို ရိုးရှင်းစွာချဉ်းကပ်ပြီး ထိုးထွင်းကာ အဖြေထုတ်ရမည်ဖြစ်သည်။

စာအုပ်စာပေသည် ဦးနှောက်အားဆေးဖြစ်ပြီး အသိပညာဖြည့်တင်းရေးအတွက် ကွက်လပ်တစ်စုံလည်း ဖြစ်သည်။ ဆုံးဖြတ်ရမည့် အရေးကိစ္စများ သိမ်မွေ့စွာဖြေရှင်းနိုင်မှုသည် အခရာကျသည်။ အခက်အခဲ၊ ဒုက္ခမျိုးစုံသည် နေ့စဉ်နှင့်အမျှ ဖွဲ့စည်းတည်ဆောက် ထားရှိခြင်းကြောင့် ရင်ဆိုင်နိုင်သူသည် အောင်မြင်မှုစင်စစ် ရရှိသူဖြစ်သည်။ လောကဓံရှစ်ပါး ကြံ့ကြံ့ခံနိုင်စွမ်းရှိစေသည်။ လောကဓံနှင့်တွေ့ကြုံမှုရှိလာတိုင်း စိတ်မတုန်မလှုပ် ရင်ဆိုင်နိုင်မှုသည် မင်္ဂလာရှိလှသည်။ အဆိုးလောကဓံကို မည်သူမျှ မကြုံချင်ကြသော်လည်း ကြုံတွေ့ရမည်ကား မလွဲနိုင်ပါပေ။

အရေးကြုံသက်လုံကောင်းရေး ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ သန်မာသော စိတ်ဓာတ်တစ်စုံဖြင့် ဘဝထဲတွင် အသားတကျနေထိုင်နိုင်ရေး လေ့ကျင့်ရမည်ဖြစ်သည်။ လေ့ကျင့်မှုသည် အောင်မြင်မှု၏ သော့ချက် ဖြစ်ပေသည်။ နှလုံးမတုန်၊ မျက်ရည်မဝိုင်း ပကတိတည်ငြိမ်သောစိတ်ဓာတ်ဖြင့် လောကဓံကိုမျက်နှာမူနိုင်သူများကို လောကကြီးက ကြိုဆိုလျက်ရှိပေသည်။ အခက်အခဲပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းသည် ကွက်လပ်ဖြည့် အဖြေတစ်ခုဖြစ်သဖြင့် အသစ်တစ်ဖန်ဘဝထဲကစာစုများအဖြစ် နေ့စဉ်ဘဝကိုထုဆစ်လျက်  လောကဓံကို မျက်နှာမူကြရမည် ဖြစ်ပါကြောင်း အတွေးအမြင်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။    ။

ထက်ဝေအောင်(စစ်ကိုင်း)

နျူကလီးယားဒုံးကျည်ဆိုတာကို အဟန့် အတားတစ်ခုအနေနဲ့ ကမ္ဘာ့နိုင်ငံကြီး တွေက ပိုင်ဆိုင်ထားကြပါတယ်။ အဟန့် အတားဆိုတဲ့အတိုင်း  နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကို တော်ရုံတန်ရုံရန်ပြု တိုက်ခိုက် ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တကယ်တမ်းပြောရရင် နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားမှုက အဟန့် အတားလို့ဆိုတဲ့အတိုင်း အဟန့်အတားနေရာမှာပဲ ရပ်တန့်နေမှာပါ။

လက်တွေ့မှာတော့ နျူကလီးယားလက်နက်ကို အသုံးပြုနိုင်တဲ့ နေရာမရှိပါဘူး။ ဘယ်သူ့ကိုမှငဲ့ညှာမှု မရှိတဲ့၊ ကမ္ဘာသူကမ္ဘာသားတွေကို မငဲ့ညှာတဲ့ စစ်ပွဲကြီးသာမဖြစ်လာဘူး ဆိုရင်ပေါ့။ တကယ်လို့များ ဒီလိုမျိုးနျူကလီးယား လက်နက်လည်း အသုံးပြုဖို့မဖြစ်နိုင်ဘူး။ တစ်ဖက်ရန်သူကလည်း ကိုယ့်အပေါ်ကိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာနေတယ်။ ဒါဆိုရင် ဘယ်လိုမျိုးလက်နက်ကို   အသုံးပြုလို့ရနိုင်မလဲဆိုတာ တွေးဆကြရပါတော့မယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တုန်းက နီးပါးမြစ်ရဲ့ကောင်းကင်ယံမှာ မီးလုံးကြီးတစ်လုံးကအရှိန် ပြင်းပြင်းနဲ့ဖြတ်သန်းသွားပါတယ်။ အဲဒါက ဥက္ကာခဲ လည်းမဟုတ်သလို ဒရုန်းတစ်စင်းလည်းမဟုတ်ခဲ့ ပါဘူး။ အဲဒီနောက် မှာတော့ ကြီးမားတဲ့ပေါက်ကွဲသံ ကြီးထွက်ပေါ်လာသလို ချောက်ချားဖွယ်ကောင်းစွာ ငြိမ်သက်မှုကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ နေရာကတော့ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ယုဇမက် ကာကွယ်ရေးပစ္စည်း စက်ရုံမှာပါ။

ပေါက်ကွဲသံကြားပြီး နာရီပိုင်းအတွင်း လွတ်လပ်မှုရှိတဲ့ သီးခြားလေ့လာသူတွေ၊ ထောက်လှမ်းရေးအဖွဲ့ တွေရဲ့ လေ့လာတွေ့ရှိချက်တွေဟာ အွန်လိုင်းပေါ် ကိုတက်လာပါတယ်။ ဒါပေမဲ့ အဲဒီပေါက်ကွဲသံကြီးက ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ ဘယ်လိုဖြစ်တာ လဲဆိုတာကိုတော့ ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်မပြောမချင်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ဒီဖြစ်စဉ်မှာ အသုံးပြုသွားတာက Oreshnik ဖြစ်ပါ တယ်။ သူက ရုရှား နိုင်ငံရဲ့ အမြင့်ပျံဒုံးကျည်အမျိုး အစားတစ်မျိုးပါ။

Oreshnik ရဲ့အမြန်နှုန်းက အသံရဲ့အလျင်ထက် ၁၀ ဆကျော်ပိုမြန်ပါတယ်။ အာကာသထဲကနေ ကမ္ဘာ့ လေထုလွှာထဲကိုပြန်ဝင်ချိန်မှာ ခံနိုင်ရည်ရှိတဲ့အပူ ချိန်က ၄၀၀၀ ဒီဂရီစင်တီဂရိတ်ပါ။ ဒါ့အပြင် သူက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ ဖက်ပြိုင်နိုင်တဲ့ အရွေ့စွမ်းအား၊ တစ်နည်းအားဖြင့် ပွတ်တိုက်အားကိုလည်း ကောင်းစွာပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် Oreshnik ဒုံးကျည်က လျင်မြန်မှု သာမက တစ်မူထူးခြားတဲ့ ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။

အချိန်ကာလအားဖြင့်    တစ်နှစ်မတိုင်မီမှာပဲ ရှေ့ပြေးပုံစံကနေ အမြောက်အမြား ထုတ်လုပ်မှုအထိ လုပ်ဆောင်နိုင်ခဲ့တာပါ။ အနာဂတ်မှာဆိုရင်လည်း အဲဒီဒုံးကျည်တွေကို ဘယ်လာရုစ်နိုင်ငံမှာဖြန့်ကြက် ချသွားဖို့ စီစဉ်ထားပါတယ်။ အခုလိုမျိုး လက်နက် ထွက်ပေါ်လာခြင်းဟာ ရုရှားနိုင်ငံအနေနဲ့ မဟာဗျူ ဟာမြောက် အဟန့်အတားတစ်ခုကို ဆန်းသစ်လိုက် ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်ကမဟာဗျူဟာမြောက် အဟန့်အတားဆိုတာ နျူကလီးယားလက်နက်ကို သာပြောခဲ့ကြတာမဟုတ်ပါလား။

အခု Oreshnik ဟာဆိုရင် ဘယ်လိုမျိုးသဘော တူညီချက်ကိုမှ ချိုးဖောက်ခြင်းလည်း မရှိပါဘူး။ ဒါ့ အပြင် တိတ်ဆိတ်မှု အပိုင်းဆိုရင်လည်း ဘယ်သူမှ တောင်မသိလိုက်ပါဘူး။ ပစ်မှတ်ဆီကိုပျံသန်းရာမှာ လည်း   လိုသလို လမ်းကြောင်း ပြောင်းလဲနိုင်သလို တိကျမှုကလည်း အမြင့်ဆုံးမှာရှိနေပါတယ်။ ဒါကြောင့် Oreshnik ဆိုတာဘာလဲ။ သူကဘယ်ကနေထွက် ပေါ်လာတာလဲ။ သူ့ရဲ့စွမ်းဆောင်ရည်တွေကဘာလဲ။ နျူကလီးယား လက်နက်မဟုတ်တဲ့  မဟာဗျူဟာမြောက် လက်နက်တစ်ခုဖြစ်တဲ့ သူ့အနေနဲ့ စစ်မြေပြင်ကိုဘယ်လောက်အထိ ပုံဖော်နိုင်မလဲဆိုတာတွေကို ဖော်ပြပေးသွားပါမယ်။

Oreshnik  ဒုံးကျည်နဲ့တိုက်ခိုက်မှု ခံလိုက်ရတဲ့ ယုဇမက်စစ်လက်နက်ပစ္စည်း စက်ရုံဟာ မီးလောင်ပြင် ကြီးလိုမျိုး ဖြစ်ကျန်ခဲ့တာမရှိပါဘူး။ ပတ်ပတ်လည် မှာလည်း ပြိုကျပျက်စီးမှုတွေ ဖြစ်သွားတာမရှိပါဘူး။ အဲဒီအစား ဘာတွေဖြစ်သွားလဲဆိုတာကို ထောက်လှမ်း ရေးအချက်အလက်တွေ အရပြောရရင် ထိခိုက်မှုနယ် မြေကကျဉ်းမြောင်းပါတယ်။ အဆောက်အအုံကြီး တစ်ခုလုံးက မြေအောက်ထဲကို ကျွံကျသွားပါတယ်။ မြေပေါ်မှာတော့ ပျက်စီးမှုတွေကို သိပ်မတွေ့ရဘူးလို့ဆိုနိုင်ပါတယ်။

ဒီလိုမျိုးဖြစ်ရတာနဲ့ပတ်သက်လို့ သုတေသီများရဲ့ လေ့လာမှုများအရ ပြောရမယ်ဆိုရင် Oreshnik ဒုံးကျည်က ပဒေသာအမျိုးအစား ဖောက်ထွင်းထိပ်ဖူး ကို တပ်ဆင်ထားဖွယ်ရှိပါတယ်။ အဲဒီထိပ်ဖူးထဲမှာ သိပ်သည်းဆ မြင့်မားတဲ့ ခဲယမ်းတွေ ပါဝင်နိုင်ပါတယ်။ ဒုံးကျည်ထိပ်ဖူးက ပစ်မှတ်ထဲကို လိုဏ်ခေါင်းပုံစံဖြစ် အောင်ဝင်သွားပြီးမှသာ ပေါက်ကွဲမှုစတင်ဖြစ်ပေါ်တာပါ။ ဒါဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦ တွေကို အတွင်းပိုင်းမှာသာ ပျက်စီးဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်စေဖို့အတွက် ဒီဇိုင်းဆွဲထားတာမျိုး ဖြစ်ပါတယ်။

သမားရိုးကျအမြင့်ပျံဒုံးကျည် အများအပြားဟာ အာကာသထဲကနေ ကမ္ဘာ့လေထုထဲ ပြန်ဝင်ပြီဆိုရင် အရှိန်လျော့ကျ သွားလေ့ရှိပါတယ်။ ဒါပေမဲ့ Oreshnik ကတော့ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ပျံသန်းမှုနောက် ဆုံးအဆင့်ထိတိုင် သူ့ရဲ့အသံနှုန်းလွန် အမြန်နှုန်းကို ဆက်လက်ထိန်းသိမ်း ထားနိုင်ပါတယ်။ ဘယ်လောက် အထိအောင်လည်းဆိုရင်  သိပ်သည်းမှုမြင့်မားတဲ့ လေထုအလွှာများထဲမှာတောင်မှ အသံထက် ၁၀ ဆကျော်၊ ၁၁ ဆလောက်အထိမြန်တဲ့ အမြန်နှုန်းနဲ့ပျံသန်း နိုင်စွမ်းရှိတာဖြစ်ပါတယ်။  ဒါဟာ သူ့ရဲ့  ထူးခြားချက်တစ်ခုပါပဲ။  ဒီလိုအရှိန်နဲ့ပစ်မှတ်တစ်ခုကို ပြေးဝင် ဆောင့်တာဖြစ်တဲ့အတွက် ပစ်မှတ်ရဲ့ အတွင်းပိုင်းထဲ အထိဖောက်ထွင်း ဝင်ရောက်နိုင်အားကိုလည်း မြင့်မား စေပြီး ကြီးမားတဲ့ဖောက်ခွဲအား မလိုအပ်ပါဘဲနဲ့ ပြင်းထန်တဲ့ပေါက်ကွဲအားကိုလည်း ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

နောက်တစ်ချက်က အာကာသထဲကနေ ကမ္ဘာ့ လေထုထဲကို ပြန်ဝင်တဲ့အခါ လေထုဖိအားနဲ့ ဒုံးကျည်ရဲ့အရှိန်ကြောင့် ပွတ်တိုက်မှုအားကနေ အပူဆိုတာ ဖြစ်ပေါ်လာပါတယ်။  အဲဒီအပူကို  တော်ရုံတန်ရုံ ဒုံးကျည်တွေက ခံနိုင်စွမ်းမရှိပါဘူး။ Oreshnik အနေနဲ့ ဒီအပူကိုခံနိုင်စေဖို့အတွက် အဆင့်မြင့်မားလှတဲ့ ကုန် ကြမ်းပစ္စည်းတွေကို အသုံးပြုထားရပါတယ်။ ဒါဟာ အသံနှုန်းလွန် ဒုံးကျည်တွေရဲ့ ရှင်သန်နိုင်စွမ်းကို ပိုမို မြင့်မားလာစေတဲ့ အချက်ဖြစ်ပါတယ်။

ဒီလိုမျိုးလျင်မြန်လှတဲ့ အမြန်နှုန်းကြောင့်ပဲ နျူကလီးယားထိပ်ဖူး မတပ်ထားတဲ့ သမားရိုးကျဒုံးကျည် တစ်စင်းဟာ မဟာဗျူဟာမြောက် က်နက်အဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုရမှာပါ။ သူ့ရဲ့အလျင်ကြောင့်ပဲ ကွပ်ကဲမှုဘန်ကာများ၊ ရေဒါနေရာများ၊ ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်ပေါက်များလိုမျိုး ထူထဲ စွာကာကွယ်ထားတဲ့ နေရာတွေကို ထိရောက်မှုရှိစွာ ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ ဒီလက်နက်ရဲ့ထိရောက်မှုက ပေါက်ကွဲမှု အဝန်းအဝိုင်း ဘယ်လောက်အထိ ကြီးမားတယ်ဆိုတဲ့အပေါ် မူတည်နေခြင်းမရှိပါဘူး။ တိကျမှုနဲ့ သူ့ရဲ့မြင့်မားလှတဲ့ စွမ်းအင်အပေါ်မှာသာ မူတည်နေတာပါ။ ဒီလိုအရည်အချင်းတွေကြောင့်ပဲ Oreshnik ကို ထောက်လှမ်းတွေ့ရှိဖို့နဲ့ ကြားဖြတ်ပစ် ချဖို့ ခက်ခဲတာပဲဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က INF သဘော တူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုကာစာချုပ်ပါ အချက်အလက်တွေအတိုင်း လိုက်နာခဲ့ဖူးတဲ့နိုင်ငံ တွေဖြစ်ပါတယ်။ အဲဒီသဘောတူ စာချုပ်မှာတော့ ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ အတွင်းရောက်ရှိနိုင် တဲ့ မြေပြင်အခြေစိုက် ဒုံးကျည်တွေကို ဖြန့်ကြက်ခြင်း၊ အသုံးပြုခြင်းတို့ကို တားမြစ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ အမေရိကန်က ဒီသဘောတူစာချုပ်ကနေ တစ်ဖက်သတ် နုတ်ထွက်သွားပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ အသက်ဝင်နေဆဲ စစ်လက်နက် ပစ္စည်းဖြန့်ကြက်ချထားမှုဆိုင်ရာ သဘောတူညီချက် မရှိပါဘူး။ ဒါပေမဲ့လည်း အဟန့်အတားတစ်ခုရှိထား ဖို့အတွက်ဆိုရင်တော့ ဒီလိုလက်နက်မျိုးက လိုအပ်တယ်လို့ပြောရမှာပါ။

၂၀၂၅ ခုနှစ် ဇွန်လတုန်းက ရုရှားသမ္မတဗလာဒီမာ ပူတင်ဟာ ရုရှားထိပ်တန်း စစ်ကျောင်းကြီးများမှ သင်တန်းဆင်းအရာရှိများနဲ့ တွေ့ဆုံစဉ်မှာ ရုရှားနိုင်ငံက Oreshnik ဒုံးကျည်ကို အမြောက်အမြား ထုတ်လုပ် နေပြီလို့ တရားဝင် အတိအလင်းပြောထားတာ ရှိပါတယ်။ အခုလိုမျိုး ရှေ့ပြေးပုံစံထုတ်၊ စစ်မြေပြင်မှာ အသုံးပြု၊ ပမာဏအမြောက်အမြား ထုတ်လုပ်ဆိုတဲ့ အဆင့်တွေကို လျင်မြန်စွာ လုပ်ဆောင်လာနိုင်တာက တကယ့်ကို မှတ်သားလောက်ဖွယ်ရာပါပဲ။ လက်ရှိမှာ ရုရှားက အဲဒီဒုံးကျည်အမျိုးအစားကို ဘယ်လာရုစ် နိုင်ငံမှာပါ ဖြန့်ကြက်ချထားမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း  ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက  ဇူလိုင်လ ၂ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဒီနှစ်အကုန်ကျရင် Oreshnik  ဒုံးကျည်တွေကို နိုင်ငံအတွင်း ဖြန့်ကြက်ချသွားတော့ မယ်လို့ လူသိရှင်ကြား ပြောထားပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် Oreshnik ဒုံးကျည်ဆိုတာ ထိရောက်မှုက တိကျတယ်။ သူ့ကိုကြားဖြတ်နိုင်စွမ်းကမရှိဘူး။  ပျက်စီးမှုမှာဆိုရင်လည်း ဘေး ထွက်ထိခိုက်မှုတွေမရှိဘဲ ပစ်မှတ်တစ်ခုတည်းကို သာထိခိုက် စေတယ်။ ပစ်မှတ်အနေနဲ့ ဘယ်လိုမှကို နာလန်မထူနိုင်အောင် ပျက်စီးသွားစေနိုင်စွမ်းရှိတယ်။ နျူကလီးယားလိုမျိုးလည်း မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်မှုမရှိဘူး။ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး။ ဒီအတွက် နျူကလီးယား လက်နက်တွေဆိုတာ အဟန့်အတား သဘောမျိုးသာဖြစ်ပြီး လက်တွေ့မှာ အသုံးပြုရနိုင်ခြေ     အင်မတန် နည်းပါးတာကြောင့် အခု Oreshnik က နျူကလီးယား လက်နက်နေရာမှာ အစားထိုးနိုင်မယ့် တစ်ခုတည်းသော မဟာဗျူဟာမြောက် အဟန့်အတား တစ်ခုဖြစ်လာမှာ သေချာနေပါတယ်။ ဒါကြောင့် နျူကလီးယား လက်နက်ဆိုတာ ကို ရာဇဝင်ထဲမှာသာ ထားခဲ့ရတော့မယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။     ။   

MWD Webportal

ကိုထက်

ပင်ပန်းနွမ်းနယ်ခြင်းသည် အိပ်ဆေးတစ်ခွက်ဖြစ်သည်ဟူသောစကားရှိသည်။    ပင်ပင်ပန်းပန်း အလုပ် လုပ်ရသူများသည် ကောင်းစွာ အိပ်ပျော်ကြပြီး ကိုယ်လက်လှုပ်ရှားမှုမရှိသူ၊ စည်းစိမ်ခံနေသူများ သည်    အိပ်မပျော်သောရောဂါဖြစ်တတ်သည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

ကောင်းစွာ၊ နှစ်ခြိုက်စွာ အိပ်ပျော်ရခြင်း၏တန်ဖိုးကို အိပ်မပျော်သည့်အခါမှ သိရလေ့ရှိသည်။ မိမိနှင့် အတူနေ အိမ်သူအိမ်သားများ အိပ်ပျော်သွားချိန်တွင် မိမိတစ်ဦးတစ်ယောက်တည်း    အိပ်မပျော်ဖြစ်နေသောအခါတွင်  စိတ်ကယောင်ချောက်ချားဖြစ်လာတတ်သည်။    ဤသို့ဖြစ်ရသည့်ရက်ရှည်လာသည့် အခါ မစားနိုင်၊ မသောက်နိုင်ဖြစ်လာသည့်အပြင် စိတ်ကျရောဂါပါရလာတတ်သည်။    စိတ်ရောဂါအထူးကုဆရာဝန်များထံ ပြသရသည်အထိ ဖြစ်တတ်သည်။ အလွန်ခေတ်မီတိုးတက်သော နိုင်ငံကြီး များတွင် စိတ်ရောဂါကုဆရာဝန်များ ကုသရမှုအများဆုံးရောဂါမှာ စိတ်ကျရောဂါနှင့် အိပ်မပျော်ခြင်း ရောဂါများသာ ဖြစ်သည်ဟု ဆိုသည်။

အာယုဗ္ဗေဒဆေးပညာရှုထောင့်၏    အလိုအရ အိပ်မပျော်ရောဂါစွဲကပ်ရခြင်းသည်   ဒေါသသုံးပါးအနက် မှ လေဒေါသနှင့် သည်းခြေဒေါသနှစ်ပါးတွဲ၍ ဖောက်ပြန်သောကြောင့်ဖြစ်ရသည်။   လေပင့်၍ နှလုံးလေ ရိုက်ခြင်းနှင့်   သည်းခြေအားယုတ်ခြင်းကြောင့် စိတ်ဂနာမငြိမ်ဖြစ်ခြင်း စသောအကြောင်းရင်းခံများ ကြောင့်အိပ်မပျော်သည့်ရောဂါဖြစ်ရသည်။ ဒေသနာနည်း ဆေးပညာအလိုတွင်မူ ပထဝီပျက်၍   ဝါယော လွန်ကဲခြင်းကြောင့်   ခန္ဓာကိုယ်အတွင်း လေများ ဦးတည်ချက်မရှိ သွားချင်ရာသွားပြီး အိပ်မပျော်နိုင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် အသက်ကြီးသောလူကြီးများ အိပ်မပျော်လျှင် ညအိပ်ရာဝင်ချိန် အားဆေးများတိုက်ပေးပါက အိပ်ပျော်လေ့ရှိသည်။ ရှေးကမြန်မာလူကြီးများအား ဆေးဆရာကြီးများက ပေးသည့် အားဆေးမှာ   စတုမဓူအားဆေးပင်ဖြစ်သည်။   စတုမဓူဆေးတွင် ပျားရည်၊ ထောပတ်၊ တင်လဲရည် (သကာရည်)နှင့် နှမ်းဆီ (နှမ်းနက်ဆီ) လေးမျိုးပါဝင်သည်။ ရဟန်းများသုံးဆောင်ရန်ပင်  မြတ်စွာဘုရားရှင်က ခွင့်ပြုသည် ဟုဆိုသည်။

အသက်ငယ်ရွယ်သူ၊ အလုပ်များ၍ အိပ်မပျော်သူ၊ စိတ်သောကများသူများအတွက်မှာမူ     သာမန် အကြောင်းမဟုတ်သဖြင့်၊ အားနည်း၍ အိပ်မပျော်ခြင်းမဟုတ်သဖြင့် စတုမဓူဆေးနှင့် အိပ်ပျော်လိမ့် မည်မဟုတ်ပေ။   စိတ်ကို လျှော့ချသောနည်းများကို  ဦးစွာပြုလုပ်ပြီးမှ  ဝမ်းတွင်းရှိ  အစာအိမ်ကို အအေး ဓာတ်ပေးသော  ဖျော်ရည်တစ်ခုခု သောက်သုံးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်။

စိတ်သောကကို လျော့ကျစေသောနည်းများမှာ စိတ်ဝင်စားစရာ စာအုပ်ဖတ်ခြင်း၊ တရားထိုင်နည်း တစ်ခုခုကို  လေ့လာပြီး အာနာပါနခေါ် ဝင်သက်ထွက်သက်ကို မှန်မှန်ရှူပြီး  ပျံ့လွင့်သောစိတ်ကို ထိန်းချုပ်ခြင်း၊   ပုတီးစိပ်ခြင်း၊   အလင်းရောင်ကိုလျှော့ချပြီး မှောင်သောအခန်းတွင် အသက်မှန်မှန်ရှူ၍ အိပ်ပျော်အောင် ကြိုးစားခြင်းများ ပြုလုပ်သင့် သည်။

သာမန်အိပ်မပျော်ခြင်းများအတွက်   သင့်လျော်သောဆေးတစ်ခွက်မှာ ရှားစောင်းလက်ပပ်ဖျော်ရည်ပင် ဖြစ်သည်။ ရှားစောင်းလက်ပပ်သည် ဝမ်းတွင်းအပူကိုငြိမ်းစေသည့် နံပါတ်တစ်ဆေးပင်မျိုးဖြစ်သည်။ ရင်ပူခြင်း၊  အိပ်မပျော်ခြင်း၊ သွေးတိုးခြင်း၊ သွေးဆူခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ မီးယပ်သွေးလွန်ကဲခြင်းများ ကိုပါ ပျောက်ကင်းစေနိုင်သည်။

အလွယ်ကူဆုံးနည်းမှာ ရှားစောင်းလက်ပပ်ပင်၏ အလယ်နှစ်ကိုယူ၍ သကြားအနည်းငယ်နှင့်ခေါက်ပြီး ညအိပ်ရာမဝင်မီ စားသုံးပေးပါ။ ဟင်းစားဇွန်းသုံးဇွန်းစာမျှ စားသုံးပေးခြင်းဖြင့် ဝမ်းတွင်းမှ အပူငြိမ်းပြီး အိပ်ပျော်စေနိုင်သည်။သစ်သီးဖျော်ရည်စက် အသုံးပြုသောအိမ်များတွင်ရှားစောင်းလက်ပပ် ဖျော်ရည်ပြု လုပ်နိုင်သည်။ အပြင်မှအခွံအစိမ်းရောင်ကို ဖယ်ရှားပြီးအလယ်မှအနှစ်အကြည်ကိုယူကာ သကြားရည် သို့မဟုတ် သစ်ခွဖျော်ရည်၊ ဆီးဖျော်ရည်၊  သံပရာဖျော်ရည်တို့နှင့်ရောစပ်ပြီး   ဖျော်ရည်တစ် ခွက်အဖြစ် အိပ်ရာမဝင်မီ သုံးဆောင်နိုင်သည်။ တစ်ပတ်လျှင်  အနည်းဆုံး   သုံးကြိမ်သောက်သုံးပေးလျှင်  အိပ်ပျော် စေသည့်အပြင်   အသားအရေကောင်းမွန်စေသော ဆေးတစ်ခွက် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။       ။  

MWD Web Portal

ကြည်လွင်မြင့်(မုဒြာ)

ပညာ ဆိုတာ အကျိုးအကြောင်းကိုသုံးသပ်နိုင်စွမ်းရှိပြီး  အဆိုးအကောင်းကိုခွဲခြားနိုင်တဲ့ အမွန်မြတ်ဆုံးသော ရတနာတစ်ပါးဖြစ်ပါတယ်။

လူတစ်ဦး၏ လူမှုဘဝအနာဂတ်ခိုင်မာစွာရပ်တည်နိုင်ဖို့ ပညာဟာ အက္ခရာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု၊  နိုင်ငံတော်တစ်ခုဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမောင်းနှင်အားကလည်း ပညာသာဖြစ်ပါတယ်။ ထို့ကြောင့် လူတစ်ဦးမှသည် နိုင်ငံတော်အထိ အဓိကအဖော်မွန်ဟာပညာသာဖြစ်တယ်လို့ဆိုချင်ပါတယ်။

ကျောင်းပညာရေးနှင့်ယနေ့လူငယ်

ပညာရေးဟုဆိုလိုက်လျှင် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တိုင်  ဆောင်ရွက်ပေးခဲ့တာကိုတွေ့မြင်ရမှာဖြစ်တယ်။သို့သော်ကျေးလက်နှင့်မြို့ပြစာတတ်မြောက်မှုရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများကနည်းပါးနေတာကိုတွေ့ရပါတယ်။ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုရာခိုင်နှုန်းနည်းပါးရခြင်းဟာ ကျောင်းရှိပေမယ့် ကျောင်းနေရာခိုင်နှုန်းနည်းပါးမှု၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူမှုအားနည်းမှုတွေပဲ ဖြစ်ပါတယ်။

ဒီအားနည်းချက်တွေကို ပြန်ကြည့်ရင်လည်း ဘာသာစကားအခက်အခဲ၊ ပညာရေးအားပေးမှုနည်းပါးခြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့်သာ အဓိကဖြစ်တာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၃  ခုနှစ်  စက်တင်ဘာလ ၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက်ပေးရမယ်လို့ လမ်းညွှန်မှာကြားခဲ့တာပဲဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ ပညာခေတ်ပဲဖြစ်ပါတယ်။ ပညာခေတ်ဖြစ်လို့ ပညာတတ်မြောက်ထားမှသာဘဝရပ်တည်ရေး၊နိုင်ငံရေးစနစ်တည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးထိ  ရည်မှန်းချက်ပန်းတိုင်များကို လျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။  ဒါ့ကြောင့် ယနေ့မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးဟာ တစ်သက်တာအဖော်မွန်ဖြစ်တာကို မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပဲဖြစ်တယ်။

နိုင်ငံတော်ရဲ့အနာဂတ်အတွက် ယနေ့မျိုးဆက်သစ်လူငယ်တွေကို ပညာဆိုတဲ့အဖော်မွန်နဲ့ ယှဉ်တွဲထားရမှာပဲဖြစ်ပါတယ်။ ပညာဆိုတာ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားနိုင်ပါတယ်။ လူသားများရဲ့ဘဝဟာ အသိပညာ၊အတတ်ပညာပြည့်စုံမှုရှိ၊ မရှိ ဆိုတဲ့အပေါ်မှာမူတည်ပြီး ကွာခြားချက်၊ ပြောင်းလဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့မြင်ရပါတယ်။   အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။ ယနေ့ကျောင်းနေအရွယ်လူငယ်တိုင်းဟာ ပညာသင်ဖို့  စာသင်ခန်းကိုယ်စီမှာ  မဖြစ်မနေရှိနေရမှာပဲဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကျောင်းမှာပညာသင်ကြားနိုင်မှသာ အတန်းပညာအပြင်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။   ဒါ့အပြင်  တိုင်းပြည်ချစ်စိတ်၊  မျိုးချစ်စိတ်များ ကိန်းအောင်းလာခြင်းမှစပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအထိ နိုင်ငံတော်အတွက် မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူသားတစ်ယောက်အတွက် ပညာဟူသော အဖော်မွန်သည်သာ ဘဝလက်တွဲဖော်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါတယ်။

ယနေ့ကြုံတွေ့နေရသော လူငယ်များနှင့် အကြမ်းဖက်လမ်းစဉ်

ပညာဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဆန်းစစ်ခွဲခြားနိုင်တယ်လို့ ဆိုခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်ရဲ့စာရင်းကောက်ယူချက်များအရ မိမိတို့နိုင်ငံအနေဖြင့် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပညာရေးအားနည်းလျက်ရှိကြောင်း နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင်ခရီးစဉ်မှာချပြခဲ့တာကို မှတ်သားရပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်မှာ လူငယ်တွေအများအပြား ဆူပူအုံကြွမှုထဲမှာ ပါဝင်သွားခဲ့ကြတယ်။ အဖျက်အမှောင့်လုပ်ရပ်များရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း နောက်ဆုံးလက်နက်ကိုင်လမ်းစဉ်ထဲမှာ လမ်းဆုံးသွားကြပြီ။

ဒီအလှည့်အပြောင်းကိုပြန်ကြည့်ရင်အတန်းပညာနည်းပါးခြင်း၊ အတွေးအခေါ် နိမ့်ပါးခြင်းတွေအပေါ်အခြေခံပြီး  လူငယ်အများစုကို ဝါဒမှိုင်းနဲ့သွတ်သွင်းခဲ့ကြတာတွေ့မြင်ကြရမယ်။ အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲမှာ နစ်မွန်းနေတဲ့ လူတစ်စုထဲမှာ  အုပ်စုနှစ်စုကွဲနေတာကိုလည်း တွေ့မြင်ရပြန်တယ်။ ဒါကတော့ အတန်းပညာနည်းပါးသူများ၊ အတန်းပညာတတ်မြောက်ပြီး အသိပညာနိမ့်ပါးသူများဆိုပြီး တွေ့ရပါတယ်။

ယနေ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို လူမှုကွန်ရက်အသီးသီးမှာ လေ့လာကြည့်ပါ။ PDF ခေါင်းဆောင်ဆိုတဲ့သူတွေဟာ ကျေးလက်ဒေသတွေမှာ ဘယ်လိုလူမျိုးတွေလည်းဆိုတာတွေ့မြင်ရပါမယ်။ တစ်နေ့ စာရေးသူ စစ်ကိုင်းတိုင်းဇာတိဘက်က မိတ်ဆွေတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ သူရွာပြန်လို့မရတဲ့အကြောင်း  လက်ရှိဒီမြို့မှာပဲ လုပ်စားကိုင်စားနေရတဲ့အကြောင်း ပြောပြလာတယ်။ သူ့အပြောလေးရှိတယ်။ “ရွာရဲ့  PDF ခေါင်းဆောင်က အရင်ကရွာမှာ ဘယ်နေရာမှာမှ သုံးစားမရတဲ့ ငမူးငရူးဗျ။ အရင်ကတောင် ထင်ရာစိုင်းတာ၊ အခုလိုလက်ထဲသေနတ်ရလာတော့ ပိုဆိုးတယ်ဆရာရေ” တဲ့ ။ လက်ရှိအနယ်နယ်အရပ်ရပ်မှာ ဒီလိုဖြစ်စဉ်တွေ ဒုနဲ့ဒေးပဲဆိုတာ အားလုံးသိကြမှာပါ။

မီးရထားလမ်းဗုံးခွဲရင်၊ လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီးရင်၊ ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးရင်၊ ဓာတ်အားခွဲရုံတွေကို ဖောက်ခွဲဖျက်ဆီးရင် နိုင်ငံတော်ရဲ့အစိုးရတစ်ရပ်ပြုတ်ကျပြီလို့ ထင်ထားကြတဲ့သူတို့အတွေး။ ဖောက်ခွဲဖျက်ဆီးမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်သူတွေခံရမလဲဆိုတာကို မတွေးခေါ်နိုင်ကြဘူး။ ဒါဟာ အတန်းပညာတတ်မြောက်မှု အားနည်းချက် ရာခိုင်နှုန်းတွေကို ယနေ့ဖြစ်စဉ်တွေက ညွှန်းဆိုပြသထားတာပဲဖြစ်တယ်။ ရှိပါသေးတယ်။ အတန်းပညာတတ်မြောက်ခဲ့ပေမယ့် အတွေးအခေါ်မပြည့်မီတဲ့ အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲက သူတွေဖြစ်ပါတယ်။ အတန်းပညာတွေတတ်မြောက်ခဲ့ပေမယ့် အသိပညာတွေးခေါ်သုံးသပ်နိုင်မှုမှာ နုန့်နဲ့တဲ့သူမျိုးတွေကို ဆိုလိုပါတယ်။ သူတို့ကတော့ အတန်းစဉ်အလိုက် ကူးပြောင်းနိုင်ခဲ့ပါရဲ့။ သို့သော် အသိပညာအားနည်းသူဖြစ်ခဲ့တယ်ဆိုတာမျိုးကို သုံးသပ်ရမှာပါ။

ဖြစ်စဉ်တစ်ခု။  နယ်တစ်နယ်မှာ  အကြမ်းဖက်အမျိုးသမီးတစ်ဦး။ အရင်ကတော့ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ဆရာမဖြစ်ခဲ့ဖူးတယ်လို့ သတင်းတွေအရသိရပါတယ်။ နည်းပညာအထက်တန်းကျောင်းက ဆရာမတစ်ယောက်က လေယာဉ်တွေပေါ်မှာ sound box တွေနဲ့ သီချင်းဖွင့်ပြီး  အောင်ပွဲခံတာကို မြေပြင်ကကြားလိုက်ရတယ်လို့ အာသာငမ်းငမ်းပြောဆိုခဲ့ဖူးပါတယ်။ နည်းပညာအထက်တန်းကျောင်းက  ဆရာမရောဟုတ်ရဲ့လားလို့ စာရေးသူတွေးမိပါသေးတယ်။  ဒီလိုလူတွေ ယနေ့အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲမှာ အများကြီးရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် သညာတတ်တွေလို့ စာရေးသူသုံးနှုန်းခြင်းပဲဖြစ်ပါတယ်။

ဒီလိုသညာတတ် ဆရာမမျိုးတွေက မွေးထုတ်ခဲ့ရင် ဘယ်လိုမျိုးဆက်သစ်တွေ ပေါ်ထွန်းလာမလဲ။ နိုင်ငံတော်အတွက် ရတက်မအေးစရာ အနာဂတ်တွေကို  စိုးရိမ်တကြီးမြင်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်ခရီးစဉ်ရဲ့ စာသင်ကျောင်းတစ်ခုမှာ-

“မိမိတို့နိုင်ငံတွင်  ဖြစ်ပွားလျက်ရှိသည့်  မတည်မငြိမ်မှုများနှင့်  အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည် ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာ တတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များ ကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာ စေကြောင်း”

“ဆရာ၊  ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာ သင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိ ပညာနှင့်အတွေးအမြင်များကိုသင်ကြားပေးရမည်”လို့လမ်းညွှန်မှာကြားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အတန်းပညာတတ်မြောက်မှုနဲ့သင်ယူခဲ့မှုအားနည်းခဲ့လေလေ လူမှုစီးပွားဘဝတစ်ဦးချင်းစီမှ လူမှု ဘဝ များတည်ဆောက်ရေး၊ နိုင်ငံရေးစနစ်ကောင်းတစ်ရပ်တည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အထိ ပျက်စီးလာနိုင်လေလေပဲဖြစ်ပါတယ်။ ယနေ့ ကမ္ဘာကြီးမှာ ဘက်စုံ စစ်ပွဲအသွင်တွေ  ဆန်းသစ်လာ လေလေ  ပညာရေးအုတ်မြစ်အခြေခံကောင်းဖြင့် လူသားအရင်းအမြစ်ကောင်းများ ပိုမိုမွေး ထုတ်နိုင် ဖို့ လိုအပ်လာလေလေပဲဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို ပိုင်ဆိုင်ချင်ရင်၊ ခေတ်မီဖွံ့ဖြိုး တိုးတက် တဲ့ နိုင်ငံတော်ကိုပိုင်ဆိုင်ချင်ရင်ပညာကို သာဘဝအဖော်မွန်အဖြစ်ရွေးချယ်ကြရပါမယ်။ ဒါဟာယနေ့ မျက်မှောက်ကမ္ဘာက ညွှန်းဆိုတဲ့သက်သေပြချက်တစ်ခုပါပဲ။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်တဲ့ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များထွန်းကားလာ စေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး  ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်  လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့ ဦးတည်ချက်တွေကို ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ကြပါ။ ယနေ့ဆရာ၊ ဆရာမများအနေနဲ့ မိမိရဲ့တပည့်ကိုယ်စီကို အတွေးအခေါ် မြင့်မားပြီး အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်တဲ့ နိုင်ငံ့သား ကောင်းများဖြစ်အောင် မွေးထုတ်ကြပါ။ မိဘပြည်သူများ၊ ကျောင်းသားလူငယ်များအနေနဲ့လည်း မိမိသားသမီးများဘဝရဲ့ အဖော်မွန်ဟာ  ပညာပဲဆိုတဲ့အသိနဲ့  ပညာရေးကိုအားပေးကြပါလို့  စာပန်းချီ ခြယ်မှုန်းရင်း တိုက်တွန်းလိုက်ရပါတော့တယ်။      ။

MWD Web Portal

ကျော်တေဇ(ဥက္ကလာ)

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့သို့ ရောက်ရှိပြန်တော့မည်။ အာဇာနည်နေ့ရောက်တိုင်း မြန်မာပြည်သူများက လွန်ခဲ့သော ၇၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အမှတ်ရလေ့ရှိကြသည်။

သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော၊ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော တစ်နည်းအားဖြင့် ဗိုလ်ချုပ်လမ်းစဉ် နှင့်ပတ်သက်၍မူ ရေရေရာရာ၊ တိတိကျကျ အမှတ်ရ သူများကား နည်းပါးလှပေသည်။

ဗိုလ်ချုပ်သည် အမျိုးသားညီညွတ်ရေးကို ရှေးရှုသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားသည်။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝမှအမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် နှလုံးရည်အားဖြင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခြေခံ၍ တည်ဆောက်ခဲ့သည်။

ဗြိတိသျှနယ်ချဲ့သမားက နယ်ချဲ့များပီပီ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ (Policy of Divide and Rule)ကို ကျင့်သုံးကာ မြန်မာတိုင်းရင်းသားအချင်းချင်း ကြား ရန်တိုက်ပေးပြီး သွေးခွဲခဲ့သည်။ ဖက်ဆစ်တို့ကလည်း ထိုပေါ်လစီကိုပင်ကျင့်သုံးကာ မြန်မာ တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်နည်း အမျိုးမျိုးဖြင့်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် က နယ်ချဲ့တို့၏ ပယောဂကြောင့် ပေါ်ပေါက်ခဲ့သော အကွဲအပြားကို ရင်ကြားစေ့အောင် ဆောင်ရွက်ခဲ့ သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးစားပေး တည်ဆောက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသောအခါ တွင်လည်း ဗိုလ်ချုပ်က ဖဆပလကို ခိုင်မာတောင့်တင်းလာစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ခဲ့သည်။ ဖဆပလသည် အမျိုးသားတပ်ပေါင်းစုဖြစ်သည်နှင့်အညီ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ စသောနိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားအစည်းအရုံး၊ တောင်သူ လယ်သမားသမဂ္ဂ၊ တောင်သူလယ်သမား အစည်း အရုံး၊ လူတန်းစားအဖွဲ့အစည်းများ၊ လူငယ်အစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ ပြည်သူ့ရဲဘော်စသည့် လူထုအဖွဲ့အစည်းများအပြင် ဦးဘဖေ၊ ဒီးဒုတ် ဦးဘချို၊ ပျော်ဘွယ်ဦးမြ၊ ဟင်္သာတဦးမြ၊ ဂျာနယ်ကျော် ဦးချစ်မောင် စသောတစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားကြီးများ စသည်ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။

ဗဟိုဦးစီးအဖွဲ့တွင်လည်း နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များသာမက တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်ထင်ရှားသော တစ်သီးပုဂ္ဂလပုဂ္ဂိလ်များ၊ နိုင်ငံရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုသို့ကျယ်ပြန့်စွာဖွဲ့စည်း နိုင်ခြင်းသည် ဗိုလ်ချုပ်၏အမြင်ကျယ်မှုနှင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုအလေးထားမှုကြောင့်ဖြစ်သည်။

 ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့ဝင်အများစုမှာ ဖဆပလကိုယ်စားလှယ်များသာမက ဦးစော၊ သခင်ဗစိန်၊ ဆာမောင်ကြီး၊ စောဘဦးကြီးတို့ ပါဝင်ခဲ့ကြသည်။ များစွာသော နိုင်ငံရေးသမားတို့က အာဏာရရေး(ဝါ)အစိုးရဖြစ်ရေးကို မိမိတို့ပန်းတိုင်အဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုနိုင်ငံရေးသမားများသည် အစိုးရဖြစ်လာသောအခါ မိမိ၏အစိုးရဘဝကို သာယာလာကြသည်။ ဘဝမြင့်လာ၍ အောက်ခြေလွတ်သွားတတ်ကြသည်။ ဗိုလ်ချုပ်မူကား အစိုးရဖြစ်ရေးကို အဓိကမထား၊ တိုင်းပြည်လွတ်လပ်ရေးကိုသာ အဓိကထားပြီး လုပ်ငန်းအောင်မြင် ပြီးမြောက်အောင် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက် ခဲ့သည်။

တစ်ဖက်တွင်လည်း အမျိုးသားစည်းလုံး ညီညွတ်မှုမပြိုကွဲစေရန် အတန်တန်သတိပေး ပြောကြားခဲ့သည်။ အထူးသဖြင့် မြန်မာပြည်တွင် လူမျိုးအချင်းချင်းမကွဲဖို့၊ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမားအချင်းချင်း မကွဲဖို့ သတိပေးခဲ့သည်။

“လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီး တဲ့ မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှ မလုပ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ် ရေးအရသာကို ကျပ်ပြည့်တင်းပြည့်ခံစားရမှာ မဟုတ်ဘူး” (၁၉၄၇ ခုနှစ် မတ်လ၊ ရန်ကုန်မြို့ မြန်မာ နိုင်ငံတော် အသံလွှင့်ဌာနမှအသံလွှင့်ချက်မှ)

“မြန်မာပြည် လွတ်လပ်တဲ့အချိန်အခါမှာ ဘယ်သူလာပြီးဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ကျုပ်မလန့်ဘူး။ မြန်မာပြည်လူထုညီညွတ်ဖို့လိုတယ်။ နိုင်ငံရေးစားဖားတွေ ညီညွတ်ဖို့မလိုဘူး။ ဘယ်သူတွေညီညွတ်ရမယ်ဆိုရင် တက်ခေတ်မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာပြည်ညီညွတ်မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီမညွတ်ဖြစ်နေရင် အချုပ်အခြာအာဏာပိုင်အဖြစ် ရောက်နိုင်မှာမဟုတ်ဘူး” (၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နိုင်ငံရေးရှင်းလင်းပွဲမိန့်ခွန်းမှ)

ထို့အတူ ဗိုလ်ချုပ်သည် တစ်ဖက်မှ လွတ်လပ် ရေးအတွက်ပြင်ဆင်ရင်း အခြားတစ်ဖက်မှလည်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စိုင်းပြင်း ခဲ့ရလေသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆိုရင်တိုဗီလာအဆောက်အအုံ၌ နိုင်ငံ ရေးသမားများ၊ စီးပွားရေးသမားများ၊ ဌာနအသီးသီးမှ ပါရဂူများတက်ရောက်သော ကွန်ဖရင့်ကို ကျင်းပ ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းရေးဆွဲခဲ့သည်။

အဆိုပါကွန်ဖရင့်၏ ရည်ရွယ်ချက်မှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ရေရှည်စီမံကိန်း ရေးဆွဲရန်မဟုတ်ဘဲ လက်ငင်းပြဿနာများဖြစ်သော လူနေမှုစရိတ်ကျဆင်းရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး(သို့မဟုတ်) လျော့ပါးစေရေး၊ သယ်ယူ ပို့ဆောင်ရေး၊ လူနေအိမ်များအရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေး စသည် တို့အတွက် စီမံကိန်းရေးဆွဲရန်ဖြစ်သည်။

“နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာတည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေနဲ့ကင်းလို့ မဖြစ်နိုင်ဘူး။ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီနိုင်ငံကို ရောက်အောင်သွားနိုင်မယ်” (၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မြွက်ကြား သည့် နှစ်သစ်ကူးမိန့်ခွန်းမှ)

အထက်ပါ သဘောတရားခံယူချက်နှင့်အညီ ဗိုလ်ချုပ်သည် မြန်မာပြည် လွတ်လပ်ရေးရသည့် အခါတွင်လည်း ပြန်လည်ထူထောင်ရေးစီမံကိန်းများ ကို အမျိုးမျိုးသောနည်းများဖြင့် အတော့်ကို ကြိုးစား လုပ်ကိုင်ပါမှ အနှစ် ၂၀ ကျော်ခန့်ကြာမှ မြန်မာပြည် တော်ရုံရောက်နိုင်မည်။ အခြားလွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်းလှမ်းလျှင် ကိုယ့်ခြေက လေး၊ ငါးလှမ်း လှမ်းနိုင်မှ တော်ရုံကျမည်။ မလုပ်လို့ရှိလျှင် ယိုးဒယားတောင်မီမှာ မဟုတ်ဟု မကွယ်လွန်မီ တစ်ပတ်ခန့်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွက်ကြားခဲ့ သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးရှင်းလင်းပွဲ ကြီးတွင် နောက်ဆုံးမိန့်ခွန်းအဖြစ် သတိပေး ပြော ကြားသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် မြန်မာပြည်သူအပေါင်း အား ညီညွတ်ဖို့၊ စည်းကမ်းရှိဖို့၊ ခြိုးခြံသင့်သည့် နေရာတွင် ခြိုးခြံချွေတာဖို့၊ ကိုယ်လိုချင်သည့် ပန်းတိုင်ရောက်အောင် လုံ့လဝီရိယနှင့်ကြိုးစား အားထုတ်လုပ်ကိုင်ဖို့ သတိပေးပြောကြားသွားခဲ့ သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့လေပြီ။ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ၊ အဆက်ဆက်က ယနေ့တိုင် အောက်မေ့တမ်းတ၊ အမှတ်ရနေကြဆဲပင်။

သို့ရာတွင် မြန်မာ့နိုင်ငံရေးရာသည် ရှေးယခင်မှ ယနေ့တိုင်များသောအားဖြင့် မူကိုစွဲကိုင်သော နိုင်ငံရေးမဟုတ်မူဘဲ ပုဂ္ဂိုလ်စွဲနိုင်ငံရေးမျှသာဖြစ်သည့်အလျောက် ဗိုလ်ချုပ်၏ပညာရှင်ဆန်သော အတွေးအခေါ်များ၊ အနာဂတ်နိုင်ငံတော်အတွက် ဗိုလ်ချုပ်၏ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ၊ မထောက်မညှာ ဘွင်းဘွင်းရှင်းရှင်း သတိပေး မှာကြားချက်များနှင့် စပ်လျဉ်း၍မူ အမှတ်ရမှု၊ လိုက်နာအကောင်အထည်ဖော်မှုတို့တွင် အားနည်း ခဲ့ကြသည်ဟု ဆိုရပေမည်။

ယခုမှမဟုတ်၊ ရှေးယခင်ကတည်းက ဖြစ်ခဲ့၍ ကာတွန်းပညာရှင်ကြီး ဆရာကြီး ဦးဘဂျမ်းကပင် လျှင် အာဇာနည်နေ့အခမ်းအနားတွင် လာရောက်အလေးပြုကြပြီးနောက် ယခင်အတိုင်း နေမြဲ၊ စားမြဲ၊ စည်းကမ်းမဲ့ကြစမြဲဟူ၍ ကာတွန်းရုပ်ပြောင်ဖြင့် ဝေဖန်ထောက်ပြခဲ့သည်။

စာရေးဆရာကြီး မောင်ထင်ကလည်း “ဗိုလ်ချုပ် ကိုရည်စူး၍ ငါတို့ဘာတွေလုပ်နေကြသလဲ” ခေါင်းစဉ်ဖြင့် “ကျွန်ုပ်တို့အတွက် ဗိုလ်ချုပ် အောင်ဆန်းဆောင်ရွက်ပေးခဲ့သည်တို့ကို စာရင်း တင်ပြဟုဆိုလျှင် သမိုင်းတစ်လျှောက်လုံး၌ မှတ်တမ်းတင်၍ ကုန်နိုင်ဖွယ်မရှိချေ။ ကျွန်ုပ်တို့ အတွက် ဗိုလ်ချုပ်လုပ်ဆောင်ခဲ့သမျှကို ကျွန်ုပ်တို့ကအပြန်အလှန်အားဖြင့် ကျေးဇူးဆပ်ဖို့ရှိသည်။ ထို့ကြောင့် ဦးပုကလေးက ငါတို့ဗိုလ်ချုပ်အတွက် ဘာတွေလုပ်ခဲ့သလဲဟု မေးမြန်းလိုက်သောအခါ ကျွန်တော်ကလည်း ငါတို့ဗိုလ်ချုပ်ကျေးဇူးကို သိသောအားဖြင့် ဘာတွေလုပ်နေကြသနည်းဟု မေးလိုက်ချင်သည်။

 ယုတ်စွအဆုံး ဗိုလ်ချုပ်မှာခဲ့သော စည်းကမ်း ကိုပင်လျှင် အမြတ်တနိုးလိုက်နာကြမည်ဆိုပါက ဗိုလ်ချုပ်မျှော်မှန်းသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက် နေသောစီမံကိန်းအဝဝတို့သည် နိုင်ငံသူနိုင်ငံသားတို့ကို ကောင်းကျိုးပေးလျက်ရှိနေကြလိမ့်မည်။

 ထို့ကြောင့် ဤခေတ်ဤအခါ၌ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲဟုတွေး၍ငေး၍ မနေကြပါနှင့်။ ငါတို့ဗိုလ်ချုပ်ကို ဘာတွေလုပ်နေကြသလဲဟု အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ဖို့သာကောင်း သည်”ဟူ၍ ရေးသားခဲ့ပေသည်။

ထို့အတူ ဆရာကြီးမောင်ထင်က “ဗမာ့နိုင်ငံရေးသုခမိန်” စာအုပ်တွင်လည်း “ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များရင့်သန်လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ် လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။

နိုင်ငံရေးသမားပေါသလောက်၊ နိုင်ငံရေးသုခမိန်ရှားလှသော ဤနိုင်ငံတွင်နိုင်ငံရေးသုခမိန်များ ထွန်းပေါ်လာပါစေရန်ရည်သန်၍ ကျွန်တော်မှတ်မိသမျှဗိုလ်ချုပ်၏ ဟောပြောချက်၊ ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်”ဟူ၍ ရေးသားခဲ့ပေသည်။

သို့ဖြစ်ရကား မြန်မာပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂိုလ်ရေးရှုထောင့်မှ ချဉ်းကပ်မှုထက်ဗိုလ်ချုပ်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မိန့်မှာချက်များကို အလေးထား ဖို့လိုသည်။ လိုက်နာဖို့လိုသည်။

နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း “တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်ခါစကလို၊ အခု ဘိလပ်မှာဖြစ်နေသလို လူတွေဟာ ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ်ဆောင် ရွက်လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ မြန်မာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်းကျုပ်တို့လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြ ပြီး သတ္တိရှိရှိလုပ်ပြရလိမ့်မယ်”ဟူသည့် ဗိုလ်ချုပ်၏ မိန့်မှာချက်များအတိုင်း လူထုကို ရှေ့ဆောင်လမ်းပြ ၍ လုပ်ကိုင်ကြရန် လိုအပ်ပေသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဗိုလ်ချုပ် မိန့်မှာချက်အတိုင်း “အတော့်ကိုပြဲအောင်” ကြိုးစားလုပ်ကိုင်ကြ ရမည့်အစား ကျဉ်းမြောင်းသောလူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကို ရှေ့တန်းတင်ခဲ့မှုကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုပျက်ပြားကာ လက်နက်ကိုင်ပဋိပက္ခကို ခေတ်အဆက်ဆက် ဖော်ဆောင်ခဲ့ကြသဖြင့် အမိမြန်မာနိုင်ငံတော်သည် လက်ရှိကာလတွင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်ကို အလေးအနက်ဆင်ခြင်စဉ်းစားပြီး အချိန်မနှောင်း သေးမီ ပြင်ဆင်သင့်သည်များကိုပြင်ဆင်၍ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံး တက်ညီလက်ညီ၊ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြရန် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခါ သမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

MOI

စာဖတ်ပရိသတ်တစ်ဦး

အပူပိုင်းဒေသ အဓိကပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊  မြေဆီလွှာအာဟာရ လျော့နည်းလာခြင်း၊  မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝ မျိုးစုံမျိုးကွဲများလျော့နည်းလာခြင်း   စသည့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်း  အပူပိုင်းဒေသများတွင်လည်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်း မှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးသည်။ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ် ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ လေထုနှင့်မြေထုအပူချိန် မြင့်မားမှု ဒဏ်ကြာရှည်စွာခံစားရခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုနှုန်းမြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊   မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေးအဆင့်အတန်းနိမ့်ကျခြင်း၊ ရေနှင့်လေ တိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားခြင်းစသည်တို့သည် အဓိကရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်သည်။

မြေယာအတန်းအစား ကျဆင်းခြင်း

မြေယာအတန်းအစား ကျဆင်းခြင်းဆိုသည်မှာ မြေသြဇာကောင်းမွန်သောမြေများမှ စိုက်ပျိုးရေး သီးနှံထုတ်ကုန်များစိုက်ပျိုးထုတ်လုပ်ရန် မဖြစ်ထွန်းနိုင်သောခြောက်သွေ့သောမြေများ၊ သစ်ပင်များ ပေါက်ရောက်နိုင်ရန် စိုက်ပျိုးနိုင်ရန် ခက်ခဲသောမြေများ၊ အောက်ခံကျောက်သားများသာ တွေ့မြင် ရနိုင်သည့် ကျောက်တောင်၊  ကျောက်ကုန်းများအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဉ်ကိုဆိုလိုသည်။ မြေယာအတန်းအစား ကျဆင်းပျက်စီးခြင်း၊  တစ်မုဟုတ်ချင်း ပြောင်းလဲသွားခြင်းမဟုတ်ဘဲ သစ်ပင် သစ်တောများပျက်စီးပြုန်းတီးမှု၊ ဂေဟစနစ်များ ပျက်စီးမှုများမှတစ်ဆင့်   အပင်များပေါက်ရောက် နိုင်မှုမရှိဘဲ တစ်စတစ်စလျော့နည်းပျောက်ကွယ်သွားသည့်ဖြစ်စဉ်ဖြစ်သည်။  နောက်ဆုံးတွင် သဲကန္တာရ ဖြစ်ပေါ်လာသည့် အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်များသည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို  ထိခိုက်နှောင့်နှေးစေနိုင်သည့်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ခုလည်းဖြစ်သည်။

သစ်တောသယံဇာတများကို စနစ်တကျစဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်း၊  သစ်တောပြုန်းတီးသော တောနိမ့်တောပျက်များတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ မြေအသုံးချမှုစနစ်တကျထိရောက်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များအသုံးပြုခြင်း (Climate Smart Agriculture-CSA)စသည့် နည်းလမ်းများသည်   အဆိုပါပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်သည့်  သဘာဝအခြေခံသော နည်းလမ်းများ (Nature-based solutions)ဖြစ်သည်။

မြေဆီလွှာထိန်းသိမ်းရေး

စိုက်ပျိုးရေးသီးနှံများဖြစ်စေ၊ သစ်တောသစ်ပင်များဖြစ်စေ ရှင်သန်ကြီးထွားဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် “မျိုး၊ မြေ၊ ရေ၊ နည်း”ပြည့်စုံကောင်းမွန်ရန်လိုအပ်သည်။ အဆိုပါလေးမျိုးအနက် မြေဆီလွှာ(Soil)သည်အပင်များအသက်ရှင်ရပ်တည်နိုင်ရေးအတွက်အထောက်အကူပြုသော  အပေါ်ယံ မြေလွှာဖြစ်သည်။ ကြေကွဲပျက်စီးနေသော သတ္တုများ(Minerals)၊ ဆွေးမြည့်နေသည့် အော်ဂဲနစ် ပစ္စည်းများ၊ အလွှာအမျိုးမျိုးပါသော သဘာဝမြေသားကိုမြေဆီလွှာဟုခေါ်ဆိုကြသည်။ ပြိုကွဲကျေ ပျက်ပြီးသော တွင်းထွက်သတ္တုများနှင့်ဆွေးမြည့် သက်ရှိပစ္စည်းများ ရောနှောပါဝင်ဖွဲ့ စည်းထားသော အရင်းအမြစ်လည်းဖြစ်သည်။  မြေဆီလွှာသည်  အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး အပင်များ ကြီးထွားရန်အတွက် အထောက်အကူပြုသည့်ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်သည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို ထောက်ပံ့ပေးနေသည့် သဘာဝသယံဇာတ ဖြစ်သည်။

မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာ ပျက်စီးခြင်းကြောင့်  ဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်နိုင် သည်။ မြေဆီလွှာပျက်စီးခြင်း၏လက္ခဏာများမှာ များပြားသည်။ ရုပ်ဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ-မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့် မြေစိုင်မြေခဲများ ကြေမွပျက်စီးခြင်း၊ မြေသားဖွဲ့ စည်းတည်ဆောက်မှုကိုပျက်စီးခြင်း)၊ ဓာတ်ဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ-မြေသည်  ဆိုးဆိုးရွားရွား မြေချဉ်ခြင်း၊ ငန်ခြင်း ၊ အက်စစ်ဖြစ်ပေါ်ခြင်း၊ ဆားပေါက်ခြင်း၊ Micronutrient နှင့် Macronutrient စသည့်အာဟာရဓာတ်များချို့တဲ့ခြင်း)၊ ဇီဝဂုဏ်သတ္တိများပျက်စီးခြင်း(ဥပမာ- မြေဆီလွှာတွင်ပါဝင်သည့် အဏုဇီဝပိုးမွှားများ Micro- organism နှင့် Macro-organism များ လျော့နည်းသွားခြင်း) ဟူ၍လည်း ခွဲခြားနိုင်သည်။

မြေဆီလွှာ၊ ရေ၊ သယံဇာတနှင့်သစ်ပင်သစ်တောများသည် တစ်ခုနှင့် တစ်ခုဆက်နွှယ်နေသဖြင့် မြေ၊ ရေနှင့် သစ်ပင်သစ်တောများကို  ဘက်စုံကဏ္ဍစုံနည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းကြရမည်ဖြစ်သည်။

ကွန်တိုကန်သင်းတည်ဆောက်ခြင်း၊ နုန်းတားဆည်/ကန်သင်းတည်ဆောက်ခြင်း၊ ရေကျော်ကျောက် တန်းတည်ဆောက်ခြင်း၊ရေစုကျင်း၊  ရေစုကန်များတည်ဆောက်ခြင်း၊ စိုက်ကျင်းများဖြင့် သစ်ပင်စိုက်ပျိုး ခြင်းကဲ့သို့  ရုပ်ဝတ္ထုများအသုံးပြုထိန်းသိမ်းခြင်း (Physical Measures)၊ တောင်စောင်းများတွင် ကွန်တို လိုင်းအတိုင်း  သီးနှံပင်များ၊ မြက်များကို စိုက်ပျိုးခြင်း၊ မြေဆီလွှာဖုံးရန်အပင်ငယ်များ စိုက်ပျိုး ခြင်း၊ လေကာပင်များစိုက်ပျိုးခြင်း စသည့်သက်ရှိများအသုံးပြုထိန်းသိမ်းခြင်း (Biological Measures)နှင့်  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း၊ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းလမ်းကောင်းများကျင့်သုံးစိုက်ပျိုးခြင်း(Good Agriculture  Practices)  အစရှိသည့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း(Agronomic Measures)  အဓိကအသုံးပြု ဆောင်ရွက်နိုင်သည်။

အထူးသဖြင့်  အပူပိုင်းဒေသများတွင် အပူချိန်လျှော့ချနိုင်ရန်နှင့် အရိပ်အာဝါသများရရှိစေရန်၊ ရေရှည် တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုစေရန်၊ မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာစေရန်၊ အပူပိုင်းမိုးခေါင်ရေရှားဒေသများတွင် မိုးရေအားစုဆောင်းရန်နှင့်  ရေသယံဇာတများထိန်းသိမ်းနိုင်ရန် “ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)” က အောက်ပါ လုပ်ငန်းများဆောင်ရွက်ရန်တိုက်တွန်းထားသည်-

- သစ်တောများပြန်လည်တည်ထောင်ခြင်း၊  သဘာဝတောများထိန်းသိမ်းခြင်း၊   ဓမ္မတာ မျိုးဆက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊

- ရေများကိုချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီးပြန်လည်သုံးစွဲခြင်း၊ မိုးရေကိုစနစ်တကျစုဆောင်းအသုံးပြုခြင်း များအပါအဝင် ရေသယံဇာတများထိန်းသိမ်းခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်း၊

- လေတိုက်စားမှု၊  ရေတိုက်စားမှုများကာကွယ်ရန်အတွက် မြေဆီလွှာအကာအကွယ်အဖြစ်ရှင် သန်နိုင် မည့် ဒေသ မျိုးရင်းအပင်များ၊ ကြီးမြန်သစ်ပင်များ၊ အပူဒဏ်ခံနိုင်သော အပင်များစိုက်ပျိုးခြင်း၊

- လယ်၊ ယာအစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့ သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊  တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်ခြင်း၊

- သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့်ကိုင်းချိုင်ခြင်းမှရရှိလာသော သစ်ရွက်၊  သစ်ကိုင်းများကို အပင်ခြေတွင်စုပုံပြီး မြေဆီလွှာအား အကာအကွယ်ပေးခြင်း။

မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ နည်းလမ်းများစွာရှိရာ  သစ်ပင်သစ်တောများစိုက်ပျိုး ထိန်းသိမ်းခြင်းသည်  အခြေခံအကျဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ ရိုးရှင်းလွယ်ကူဆုံး၊ လူတိုင်း လူတိုင်းနေရာ ဒေသမရွေး ဆောင်ရွက်နိုင်ဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။

သစ်ပင်စိုက်ပျိုး၍ မြေယာပြုပြင်ထိန်းသိမ်းခြင်း

အပူပိုင်းဒေသသည်  ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံ မြေဆီလွှာနည်းပါးသဖြင့်   အပင်များ သဘာဝမျိုးဆက်ရန်ပင်   ခက်ခဲလှသလို  ရှင်သန်အောင်မြင်စေရန် စိုက်ပျိုးရန်လည်းခက်ခဲသည်။ အထူးသဖြင့် အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန်အလွန်ခက်ခဲသည်။ သစ်ပင်စိုက်ပျိုးသည့် နေရာဒေသ ၏ ရာသီဥတု၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာအခြေအနေနှင့် စိုက်ပျိုးမည့်သစ်မျိုးတို့ အပေါ် မူတည်ပြီး   ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်၊ မှန်ကန်သင့်လျော်သည့်    စိုက်ပျိုးနည်းစနစ်၊ လုံလောက်သော သွင်းအားစု၊ စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းမှုတို့ဖြင့် စိုက်ပျိုးဆောင်ရွက်ကြမှသာ အောင်မြင်နိုင်သည်။

အပူပိုင်းဒေသများရှိ   မြေဆီဩဇာအာဟာရနည်းပါးနေသောမြေများ၊ ထုတ်လုပ်နိုင်မှုစွမ်းအားကျဆင်း နေသောမြေများ၊ မြေဆီလွှာအတန်းအစား ကျဆင်းနေသောမြေများကို ပြန်လည်ကောင်းမွန်လာစေရေးအတွက်   သစ်တောသစ်ပင်များ၊   နှစ်ရှည်စားပင်သီးပင်များကို   မှန်ကန်စွာရွေးချယ်စိုက်ပျိုးမှသာ အပင် များရေရှည်ရှင်သန်အောင်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ အပူပိုင်းဒေသတွင် ရှင်သန်အောင် မြင်နိုင်သည့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ မြန်မာကုက္ကို၊ မြန်မာရှား၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊ ပန်းမဲဇလီ၊ မည်စည်၊ စန္ဒကူး၊ ဖျောက်ဆိပ်၊ စံကားဝါ၊ သစ်ဆိမ့် စသည့်ဒေသမျိုး ရင်းသစ်မျိုးများကို ပျိုးထောင်စိုက်ပျိုးလာလျက်ရှိသည်။ အဆိုပါဒေသမျိုးရင်းသစ်မျိုးများသည်  နွေအပူ ဒဏ်ခံနိုင်၍  အရိပ်အာဝါသပေးစွမ်းနိုင်ရုံသာမက အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုနိုင်သည့်အကျိုးကျေးဇူးများ ပံ့ပိုးပေး သည်။ အပူပိုင်းဒေသ ဇီဝမျိုးစုံမျိုးကွဲများလည်း  တိုးပွားစေသည်။

ထို့ပြင် မြေညံ့များကို  ထုတ်လုပ်မှုစွမ်းအားပြန်လည်ကောင်းမွန်လာစေရေးအတွက် မြေပေါ်ဇီဝဒြပ် ထုထုတ်လုပ်မှု အားကောင်းသော အပင်များ၊ နိုက်ထရိုဂျင်ဓာတ်ထုတ်နိုင်စွမ်းမြင့်မား သောအပင်များ (Nitrogen fixing trees)၊ ရေသောက်မြစ်ရှည်သော၊ အမြစ်မွှားများသောအပင်များ၊ ပင်ကြွေဆွေးမြည့်မှု မြန်သောအပင်များ၊ ခြောက်သွေ့မှုဒဏ်ခံနိုင်သောအပင်များစသည်ဖြင့် ရွေးချယ်စိုက်ပျိုးနိုင်သည်။

ဥပမာ-ဘောစကိုင်း၊ သင်္ဘောပန်းတမာ၊ ပဲချယ်ရီ၊ ယမနေ၊ မြန်မာကုက္ကို၊ ပိတောက်၊ ပေါက်ပန်းဖြူ၊ မဲဇလီ၊ ပန်းမဲဇလီ၊ ဆီး၊ အော်ရေးရှား၊ မန်ဂျန်ရှား၊  ဖျောက်ဆိပ်၊ ဒဟတ်၊ ကန္တာစိမ်းစသည့် အပင်မျိုးများကိုလည်း နေရာဒေသအလိုက် သင့်လျော်သလိုရွေးချယ်စိုက်ပျိုးနိုင်သည်။

လမ်းဘေးဝဲ/ယာများတွင် စိုက်ပျိုးခြင်း

လမ်းဘေးဝဲ/ယာတွင်   စိုက်ပျိုးရန်အတွက် နေရာဒေသ၊ ရေ၊ မြေ၊  ရာသီဥတုအခြေအနေနှင့် ကိုက်ညီ သောအပင်မျိုးများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်သကဲ့သို့ အမြဲစိမ်းအပင်များ၊ အရွက်သေးသော၊ ရွက်အုပ်ကောင်းသော၊ အပွင့်လှပသော၊ အမြစ်နက်ရှိုင်းစွာရှိပြီး အကြမ်းခံသော အပင်စရိုက် လက္ခဏာများရှိသည့်သစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ဥပမာ- မြန်မာကုက္ကို၊ ထနောင်း၊ တမာ၊ စိန်ပန်း၊ မဲဇလီ၊ ပန်းမဲဇလီ၊ ခရေ၊ ပိတောက်၊ ငုစပ်၊ ငုရွှေ၊ ပဲချယ်ရီ၊ စွယ်တော်၊ ညောင်၊ မန်ကျည်း၊ ပျဉ်းမ၊ ရေတမာ(သင်္ဘောတည်)၊ မန်ဂျန်ရှား၊ အကေးရှား၊ ယူကလစ်၊ ပြည်လုံးချမ်းသာ၊ သင်္ဘောကုက္ကို၊ ခါတော်မီ၊ ဆီသပြေ၊ မည်စည် စသည်တို့ကို စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင် အရိပ်ကောင်းသော မန်ကျည်း၊ လက်ပံ၊ ညောင်၊ ညောင်ထောက်၊ ပေါက် စသည်တို့ကိုလည်း စိုက်ပျိုးကြသည်။ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့်    ရာသီဥတုမျှတ ကောင်းမွန်လာစေပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလာခြင်း၊  ထုတ်လုပ်မှု ကောင်းမွန်သောမြေယာများပြန်လည်ဖြစ်လာစေခြင်း၊ သဲကန္တာရ ဖြစ်ထွန်းမှုများ၊ မိုးခေါင်ရေ ရှားမှုပြဿနာများနှင့် ပူပြင်းခြောက်သွေ့မှုများကို   တားဆီးကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိနိုင်မည်ဖြစ်သည်။

သစ်တောနယ်မြေပြင်ပတွင်စိုက်ပျိုးခြင်း

သစ်တောနယ်မြေများ  (သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ)တွင်သာမက သစ်တောနယ် မြေပြင်ပမှ သစ်ပင်များ (Trees outside Forests-ToF)၏အခန်းကဏ္ဍကိုလည်း ပိုမိုမြှင့်တင်စိုက်ပျိုး ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် စိမ်းလန်း စိုပြည်သော  ကျေးရွာနှင့်မြို့ပြများပေါ်ထွက်လာမည်ဖြစ်သည်။ ဥပမာအားဖြင့်မိမိတို့၏အိမ်ခြံဝင်းပတ်လည်နှင့်  လယ်ယာများပတ်လည်တွင် စားပင်၊ သီးပင်၊   နှစ်ရှည် ပင်၊သစ်တောသစ်ပင် အစရှိသည့်အပင်များစိုက်ခြင်းနှင့် သဘာဝအပင်ကျန်များ ထိန်းသိမ်း ခြင်း၊ ကျေးရွာအတွင်းနှင့်ပတ်ဝန်းကျင် တစ်အုပ်တစ်မ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာထင်းစိုက်ခင်း နှင့်ဘက်စုံသုံးစိုက်ပျိုးခြင်း၊ မြို့ပြနှင့်မြို့ပြပတ်ဝန်းကျင်အတွင်း အစိမ်းရောင်ဧရိယာများ (Green Space) များ  စိုက်ပျိုးထိန်းသိမ်းခြင်း၊ မြစ်၊ ချောင်းတစ်လျှောက်နှင့် ရေကန်များ၊ အင်း၊ အိုင်များ ပတ်လည်တွင် စိုက်ပျိုးထိန်းသိမ်းခြင်း၊ မီးရထားလမ်း၊ ကားလမ်းဘေးဝဲ/ယာများတွင် စိုက်ပျိုးခြင်း၊ တောင်ထိပ်၊ တောင်ကုန်းများတွင် စိုက်ပျိုးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ သစ်တောနယ်မြေပြင် ပနေရာ များတွင် စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် စိမ်းလန်းသောကျောင်းများ၊ ကျေးရွာများ၊ မြို့ပြများထွက် ပေါ်လာ မည်ဖြစ်သည်။

အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူပိုင်းဒေသအပါ အဝင် ဂေဟစနစ်အမျိုးမျိုးရှိ သစ်ပင်သစ်တောကျဲပါးသောနေရာများတွင် သစ်တောဖုံးလွှမ်းမှုတိုးတက် ကောင်းမွန်လာစေရေး၊ သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောများကို စနစ်တ ကျစီမံအုပ်ချုပ်လုပ်ကိုင်လျက်ရှိသည်။

နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁- ၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း(၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများတွင် အပူဒဏ်လျော့ပါးသက်သာစေရန်၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးအထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုသာယာကောင်းမွန်လာစေရန်ရည်ရွယ်ပြီး နှစ်တို၊ နှစ်ရှည်စီမံချက်များအရ စိုက်ပျိုးခြင်းအပြင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ  နှစ်ဧက စိုက်ခင်း ၁၀၄၉ ဒသမ ၄၁ ဧက (အပင်ပေါင်း ၃၅၈၅၀၃ပင်)၊ ဘက်စုံသုံးစိုက်ခင်း ၃၃၉ ဒသမ ၇၉ ဧက(အပင်ပေါင်း ၁၀၆၉၂၄ ပင်)၊ကျေးရွာ ထင်းစိုက်ခင်းဧက  ၁၈၅၀ (အပင်ပေါင်း ၁၅၅၅၁၀၀ ပင်)၊ ရေဝေရေလဲစိုက်ခင်း ၉၀၅ဧက (အပင်ပေါင်း ၂၈၇၅၇၅ ပင်)၊ တောင်တန်းစိုက်ခင်း ၂၇၅ ဧက (အပင်ပေါင်း ၁၁၀၈၂၅ ပင်)၊ အခြားစိုက်ခင်းဧက ၂၀၀ (အပင်ပေါင်း ၂၄၂၀၀)၊  အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၃၅၉၅၂၉ ပင်၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၂၇ ဒသမ ၈၇ ဧက(အပင် ပေါင်း ၅၅၇၇ ပင်)၊ လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း ၂၉၂၂၀ ပင်၊ သစ်ပင် စိုက်ပျိုးပွဲတော်များကျင်းပခြင်း ၂၈၆၈၈ ပင် စုစုပေါင်း ၄၆၄၇ ဒသမ ၀၇ ဧက၊ (အပင်ပေါင်း ၂၈၆၆၁၄၁ ပင်)တို့ကို စိုက်ပျိုးတည်ထောင်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီတွင် စုစုပေါင်း ၄၂၉၁ ဒသမ ၉၅ ဧက (အပင်ပေါင်း ၁၈၈၇၅၉၀ ပင်) စိုက်ပျိုးဆောင်ရွက် လျက်ရှိသည်။ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ပြီး  လူထုလှုပ်ရှားမှုအသွင်ဖြင့်  သစ်ပင်စိုက်ပျိုးပွဲတော်များကို   အပူပိုင်းဒေသ ၁၃ ခရိုင် အပါအဝင် နိုင်ငံ တစ်ဝန်းကျင်းပလျက်ရှိသည်။

သစ်ပင်ကိုချစ်မြတ်နိုးပြီး တန်ဖိုးထားဂုဏ်ယူသောစိတ်ဖြင့် စိုက်ပျိုးထိန်းသိမ်းပါစို့

“သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး”ဟုဆိုသည်။ သစ်ပင်သစ် တောများကို  ချစ်ခင်နှစ်သက်စွာ  စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် အဖိုးတန်ရွှေများကို ပိုင်စိုးရသကဲ့သို့ ချမ်းသာကြွယ်ဝနိုင်ကြောင်း  ဖော်ညွှန်းထားခြင်းဖြစ်သည်။ “သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားခို”ဆိုသော်လည်း    သစ်ပင်တစ်ပင်ရှင်သန်အောင်မြင်ပါက ကျေးငှက်တိရစ္ဆာန်များစွာ နားခိုနိုင်ရုံသာ မက  ဘက်စုံအကျိုးကျေးဇူးများကိုရရှိခံစားနိုင်သည်။  သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများသည် နိုင်ငံတော်၏ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များ အတွက်အလွန် အရေးကြီးပြီး  အကျိုးကျေးဇူးကြီးမားစေသည့်သဘာဝရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။

စိမ်းလန်းစိုပြည်သာယာသည့် ရေမြေတောတောင် သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ကောင်းများကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းနိုင်ရန်၊  ဂုဏ်ယူတန်ဖိုးထားတတ်ရန်၊  စိမ်းစိုသာယာ လှပသည့် မိမိတို့နိုင်ငံကို ချစ်ခင်စိတ်၊ မျိုးချစ်စိတ်များရှင်သန်နေစေရန်၊ သစ်တောများမှပံ့ပိုးသော ဂေဟ စနစ်ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝရရှိခံစားနိုင်ရန် သစ်ပင်များအရှိန်အဟုန်ဖြင့်   စဉ်ဆက်မပြတ်စိုက်ပျိုး ကြရမည်ဖြစ်သည်။ သစ်တောနယ်မြေနှင့်သစ်တောနယ်မြေပြင်ပ မည်သည့်နေရာမှ  သစ်ပင်သစ်တော များကိုမဆို  တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်သည်။ တစ်ဦးချင်းတစ်ယောက်ချင်း အနေဖြင့်လည်း ကောင်း၊ အစုအဖွဲ့ဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊   လူမှုအဖွဲ့အစည်းများ၊  အကျိုးဆက်စပ်ပတ်သက်သူများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး မိမိတို့၏ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို သစ်ပင်ပန်း မန်များ၊ သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး ရာသီဥတုမျှတကောင်းမွန်သော ဒေသကြီးများဖြစ်လာ စေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းကို တန်ဖိုးထားဂုဏ်ယူစွာ စိုက်ပျိုးထိန်းသိမ်း ပါစို့ဟု တိုက်တွန်းအပ်ပါသည်။      ။

သစ်တောမောင်

ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးရှိ ကြရာတွင်  ရုက္ခဗေဒအမည်  Ocimum Sanctum ဟုခေါ်သော ပင်စိမ်းပင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ယနေ့ကမ္ဘာပေါ်ရှိ အရှေ့တိုင်း၊ အနောက်တိုင်းအစား အစာဟင်းလျာများတွင်ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြု နေကြသည်။  ပြည်တွင်းမှစားသောက်ဖွယ်ရာများဖြစ်သည့် ပင်လယ်စာ၊ပုစွန်၊ ငါးနှင့်အသားဟင်းလျာတို့တွင် ဟင်းညှီနံ့ပျောက်ရုံသာမကအနံ့၊အရသာပိုမိုပေါ်လွင်လာစေရန်ပင်စိမ်းကိုမဖြစ်မနေ အသုံးပြုကြသည်။  သခွားသီးသုပ်၊ပုစွန် ချဉ်၊ငါးဖယ်ချဉ်၊ငါးလေးချဉ်သုပ်၊ တာလပေါဟင်းရည်နှင့် ပိန်းဥဟင်းလျာ တို့တွင်လည်း ပင်စိမ်းရွက်မပါလျှင် မပြည့်စုံနိုင်ပေ။ ထို့ပြင်ကြက်ဥ၊ ဘဲဥမွှေကြော်တွင် ပင်စိမ်းရွက်ကိုအပေါ်မှဖြူး၍လည်းကောင်း၊ ငါးကင်သောအခါတွင် ပင်စိမ်းရွက်ကိုနုပ်နုပ်စဉ်း၍ ငါးဝမ်းဗိုက်ထဲတွင်အစာသွတ်၍လည်းကောင်း၊ ပင်စိမ်းရွက်ကိုထောင်း၍ထွက်လာသောအရည်(သတ္တုရည်)ကို ကြက်၊ ဝက်၊ ဆိတ်၊ အမဲတို့တွင်စိမ့်ဝင်အောင်နယ်နှပ်ထားပြီးအသားကင်၍လည်းကောင်းစသည်ဖြင့်အသုံးပြုလေ့ရှိကြသည်။

ပင်စိမ်းပင်ပုံစံနှင့်ဆေးဖက်ဝင်ပုံ

ပင်စိမ်းပင်သည် အမြင့် ၂ ပေ မှ ၃ ပေ အထိရှိသော အပင်ငယ်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်ကာလေးထောင့်ပုံရှိသည်။ အခက်အလက်များနူးညံ့၍အမွေးများရှိပြီးအနံ့မွှေးသည်။ ပင်စည်နှင့်အကိုင်း အခက်အစိမ်းရောင်ဖြစ်သော်လည်း တစ်ခါတစ်ရံ သပြေရောင်သန်းသည်။ ရွက်ဆိုင် အလှည့်ကျထွက်ပြီး ရွက်ထိပ်ချွန်ကာ ရွက်ရင်းသွယ်သည်။ အလျား ၁-၃ လက်မအထိရှည်ပြီးရွက်နားလွှသွားပုံရှိကာ ရွက် ညှာ တစ်လက်မအထိရှည်သည်။တပေါင်းလနှင့်တန်ခူးလတွင်ပွင့်သည့်ပင်စိမ်းပွင့်သည် သေးငယ်ပြီးအဖြူရောင်ရှိကာ အလွန်မွှေးပြီး အခိုင်လိုက်ပွင့်သည်။ ပင်စိမ်း ပွင့်ချပ်ပေါ်တွင် အမွေးလေးများရှိသည်။ အရောင်မည်းပြီးအနံ့မရှိ၊ အရသာပူစပ်သော ပင်စိမ်းအစေ့သည်လုံးဝိုင်းပြီးတစ်ဖက်တွင်အနည်းငယ်မောက်၍ တစ်ဖက်တွင်ပြားသည်။ပင်စိမ်းပင်၏ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများမှာအရွက်နှင့်အစေ့ဖြစ်သည်။ပင်စိမ်းပန်းစတင်ပွင့်ချိန်လောက်တွင် ရိတ်သိမ်းဖြတ်ယူပြီး အငုတ်မှထွက်လာသော အတက် များသည်  နောက်တစ်ကြိမ်ပွင့်လာပါကထပ်မံဖြတ်ယူနိုင်သည်။ တစ်ရာသီလျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိရယူနိုင်သည်။ အညွန့်နှင့်အရွက်များကိုအရိပ်ထဲ၌ အခြောက်လှန်းရသည်။ ပင်စိမ်းရွက်ကို ကြိတ်ညှစ်၍ရသော အရည်သည် ချောင်း ဆိုးရောဂါ၊ အရေပြားရောဂါ၊ မစားချင်မသောက်ချင်ဖြစ်ခြင်းနှင့်အစာအိမ်ရောဂါကြောင့်ဗိုက်နာသောဝေဒနာတို့ကိုပျောက်ကင်းစေသည်။ မြန်မာဆေးကျမ်းများအဆိုအရ ပင်စိမ်းပင်သည်ပူစပ်ပြီးအနည်းငယ်ခါးသည်။ လေသလိပ်ကိုနိုင်ပြီးဆီးကိုနိုင်သည်။လေကိုသက်စေပြီးသွေးကိုတက်စေနိုင်သည်။ ရင်ကျပ်နာ၊အစာမကြေ၊ ချွဲကျပ်နာတို့ကိုနိုင်သည်။ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာ များကို ယူပစ်သလိုပျောက်ကင်းစေသည်။ အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊  အညှီ နံ့ပျောက်ခြင်း၊  အသံသာခြင်း၊အသက်ရှည်ခြင်းစသည့်အချက်များ နှင့်ပြည့်စုံသည်။

တစ်ပင်လုံးအသုံးဝင်သောပင်စိမ်း

ပင်စိမ်းပင်သည် အရွက်နှင့်အစေ့သာမက တစ်ပင်လုံး မြစ်၊  ခေါက်၊ ပွင့်၊ သီး အသုံးဝင်သည်။ လူတို့အတွက် ကျန်းမာရေးဓာတ်စာသာမက တိရစ္ဆာန်များရောဂါကုထုံးအတွက်လည်း အသုံးဝင်သည်။ အများစုသည် ပင်စိမ်းကို ဟင်းခတ်အမွှေး အကြိုင်အဖြစ်သာသုံးကြပြီး တခြားနည်းဖြင့်   အသုံးပြုမှု မရှိပေ။   ပင်စိမ်းစေ့ကို မသုံးသလောက်ဖြစ်သည်။ပင်စိမ်းစေ့သည်ဖျားနာခြင်း၊အပူငြိမ်းစေခြင်း၊ ဆီးရွှင်စေ၍ဆီးပုပ်၊ဆီးရောဂါတို့ကိုပျောက်စေခြင်း၊ အသည်းရောင်ရောဂါနှင့် သွားကိုက်၊သွားဖုံးရောင်၊လေရောဂါ၊ သလိပ်ကပ်ခြင်းတို့ကိုပျောက်ကင်းစေနိုင်သည်။

ပင်စိမ်းစားခြင်းဖြင့်   ချွေးကိုထွက်စေသည်။အရွက်ကိုအမှုန့်ပြုလုပ်၍ရှူသော်နှာခေါင်းရောဂါပျောက်သကဲ့သို့ပင်စိမ်းရွက်အရည်ညှစ်လောင်းပေးလျှင် ပွေး၊ ဝဲ၊ ယားနာပျောက်သည်။ပင်စိမ်းသည်စားသုံးမှု၊ ဆေးဝါးကုသမှုတွင်သုံးသည် သာမကဆေးဝါးဖော်စပ်မှုမှတစ်ဆင့်တက်၍ရေမွှေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ပင်စိမ်းစေ့မှဆေးဖက်ဝင်ပင်စိမ်းဆီထုတ်ယူနိုင်သည်။

ပင်စိမ်းရွက်ကို လက်ဖက်ခြောက်ကဲ့သို့ပြုလုပ်သောက်ခြင်းဖြင့် ရောဂါကာကွယ်မှု၊ စိတ်ကြည်ရွှင်လန်းဆန်းမှုကို ရစေနိုင်သည်ဟုဆိုကြသည်။ ပင်စိမ်းရွက်အခြောက်ကို လေးညှင်းပွင့် အစားထိုးသုံးကြပြီး မဆလာပြုလုပ်၍လည်း စားသုံးနိုင်သည်။ ပြင်းထန်သောပင်စိမ်းနံ့သည် ပိုးမွှားများ မလာစေရန် ဟန့်တားပေးနိုင်သောကြောင့်  ပိုးမွှားကာကွယ်ရေးအတွက်လည်း အသုံးပြုနိုင်သည်။ပင်စိမ်းပင်ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ နာတာရှည်ရောဂါများ အတွက်လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံ အညာဒေသရှိယာစိုက်ခင်းများတွင် တောပင်စိမ်းဟုခေါ်သော ပင်စိမ်းအရိုင်းများ အလေ့ကျပေါက်သည်။ ယင်းတို့သည် ပင်စိမ်းအယဉ်ပင်ထက်အနံ့ပိုပြင်းပြီး ပရဆေးဖော်စပ်ရာတွင်အသုံးများကြသည်။ ထို့ပြင်တောင်သူဦးကြီးတို့အတွက် ကျွဲ၊ နွားများရောဂါဖြစ်လျှင် ပင်စိမ်းရွက်လက်တစ်ဆုပ်နှင့် ငရုတ်ကောင်းစေ့အစေ့ ၂၀ ကို ရေ ၅၀ ကျပ်သားနှင့်ရော၍ကျိုပြီး တိုက်ကျွေးခြင်းဖြင့်ပျောက်ကင်း စေနိုင်သည်။ကြက်၊ဘဲဝမ်းရောဂါအတွက်ပင်စိမ်းရွက်ပြုတ်ရည်နှင့် ဆေးကြောပေးခြင်း၊ ပင်စိမ်း စေ့အမှုန့်လိမ်းပေးခြင်းများဖြင့်ကုသပေးနိုင်သည်။ဆန်ပိုးထိုးသောအခါ ဆန်အိုးထဲသို့ ပင်စိမ်းပင်ထည့်ကာ နှိမ်နင်းနိုင်သည်။

ပင်စိမ်းရွက်တွင်ပါဝင်သည့် အာဟာရနှင့်သတ္တုဓာတ်များ

ပင်စိမ်းရွက်နှင့်ကျန်းမာရေးဆေး သုတေသီများ၏သိပ္ပံနည်းကျလေ့လာစမ်းသပ်မှုအရ ၂ ဂရမ်အလေးချိန်ရှိသော ပင်စိမ်းရွက်တွင် လူသားတို့ကျန်းမာရေး ကို  ကောင်းကျိုးပြုစေသောကယ်လိုရီ  ၆ ကယ်လိုရီ၊ အဆီဓာတ် သုည  ဒသမ  ၃  ဂရမ်၊ ပိုတက်ဆီယမ် ၂ဝ မီလီဂရမ်၊ ကစီ ဓာတ် ၁ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၁ ဂရမ်၊ ဗီတာမင်-A  ၂ ရာခိုင်နှုန်း၊ ဗီတာမင်- C  ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၃  ရာခိုင်နှုန်း၊ သံဓာတ် ၃  ရာခိုင်နှုန်း၊ ဗီတာမင်- E ၁ ရာခိုင်နှုန်း၊ ဗီတာမင်-K ၄၃ ရာခိုင်နှုန်း၊ သိုင်ရာမင် ၁ ရာခိုင်နှုန်း၊ နိုင်ရာစင် ၁ ရာခိုင်နှုန်း၊ ဗီတာမင်-B ၆၃ ရာခိုင်နှုန်း၊ ဖောလိပ်အက်စစ် ၁ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၂ ရာခိုင်နှုန်း၊ ဇင့် ၁ ရာခိုင်နှုန်း နှင့် မဂ္ဂနိစ် ၃ ရာခိုင်နှုန်းတို့ပါဝင်သည်။ ပင်စိမ်းရွက်တွင်ပါဝင်သောဓာတ်တိုးဆန့်ကျင်သတ္တိများက ပန်းသီး၊  လိမ္မော် သီးနှင့်ဘလူးဘယ်ရီသီး များထက်ပိုမို အစွမ်းထက်သဖြင့် စားသုံးသူကို အရွယ် တင်နုပျိုစေသည်။ 

အဆိပ်ရှိသတ္တဝါများ၏အန္တရာယ်မှကာကွယ်နိုင်သောပင်စိမ်း

နေအိမ်ခြံဝင်းထဲ၌ပင်စိမ်းပင်စိုက်ပျိုးထားခြင်းဖြင့်မြွေအန္တရာယ်မှကင်းဝေးစေနိုင်သည်။ မြွေ၊ကင်းမြီးကောက်၊ပျား၊ ပုရွက်ဆိတ်စသည့် အဆိပ်ရှိသတ္တဝါများ၏ကိုက်ခဲခြင်းကိုခံရပါက ဒဏ်ရာပေါ်တွင်ပင်စိမ်းရွက်ကိုကြိတ်ခြေအုံပေးခြင်းဖြင့်အဆိပ်ပြေစေသကဲ့သို့ ပင်စိမ်းစေ့ကိုစားခြင်း၊ အမှုန့်လိမ်းခြင်းပြုလုပ်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ အဆိပ်ရှိသောမြွေ၊ကင်းများသည်ပင်စိမ်းတောတွင်နေထိုင်မှုနည်းပြီး အညာဒေသ၌မြွေကိုက်လျှင်ပန်းသုံးဆင့်အပင်အပွင့်များစားသုံးပါကသက်သာပျောက်ကင်းစေသည် ဟုလည်းဆိုကြသည်။

ဉာဏ်စွမ်းအားကောင်းစေသော ပင်စိမ်း

ဂျာမနီနိုင်ငံဆေးသုတေသီများ၏ မှတ်တမ်းများအရပင်စိမ်းရွက်တွင်ပါရှိသော သဘာဝဓာတ်ပေါင်း စုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန် စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသပေးနိုင်ကြောင်း အတည်ပြု ထောက်ခံထားသည်။ ထို့ပြင် ပင်စိမ်းသည် ကလေးငယ်များ၏ဉာဏ်ရည်စွမ်းအားကိုတိုးတက်မြင့်မားစေနိုင်၍အရွယ်သုံးပါးမရွေးပင်စိမ်းစားသုံးသင့်သည်။

တုပ်ကောင် သန်ကောင်များကိုရှင်းလင်းပေးသော ပင်စိမ်း

ပင်စိမ်းရွက်က ကူးစက်စေတတ်သော ဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်သောအစွမ်းရှိသဖြင့် အူတွင်းရှိကပ်ပါးပိုးမွှားများနှင့် တုပ်ကောင်၊ သန်ကောင်တို့ကိုသုတ်သင်ရှင်းလင်းပေးနိုင်သည်။ ခွဲစိတ်ထားသောအနာများရင်း၍ပိုးဝင် ပါကပင်စိမ်းရွက်ကိုပြုတ်ပြီးဖန်ရည်အဖြစ်ဆေးကြော၍ဖြစ်စေ၊ပင်စိမ်းရွက်ခြောက်မှုန့်ကိုဖြူး၍ဖြစ်စေ ကုသပါကပိုးသေစေပြီး အနာကို လျင်မြန်စွာကျက်စေသည်။

သွေးသန့်စေသောပင်စိမ်း

ပင်စိမ်းရွက်ထဲတွင်ပိုတက်ဆီယမ်အလုံအလောက်ပါရှိသဖြင့်နှလုံးခုန်နှုန်းနှင့်သွေးဖိအားတို့ကိုကောင်းစွာထိန်းချုပ်ပေးနိုင်သည်။လူတစ်ယောက်၏တစ်နေ့တာ မှီဝဲသင့်သော သံဓာတ်ပမာဏသည် ၂၆  ရာခိုင်နှုန်းရှိသင့်ရာ  ပင်စိမ်းရွက်တွင် သံဓာတ်ကြွယ်ဝစွာပါရှိသဖြင့် သွေးနီဥကိုအားအင်ဖြစ်စေကာသွေးအားကောင်းစေပြီးသွေးသန့်စေကြောင်းရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal

ဒေါက်တာလပြည့်ခင်

မြန်မာနိုင်ငံတွင် မြို့ပြနှင့်ကျေးလက်များပါမကျန် ဟင်းသီးဟင်းရွက်များကို အမြတ်တနိုး စားသုံးလေ့ရှိကြသည်။  ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ကြော်လှော်၍ လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နေရာဒေသအလိုက် အမျိုးမျိုးပြုပြင် ဖန်တီးစားသောက်ကြလေ့ရှိသည်။

ထိုဟင်းသီးဟင်းရွက်အမျိုးမျိုးရှိသည့်အနက် အာဟာရဓာတ်မျိုးစုံပါဝင်ပြီး ဆေးဖက်လည်းဝင် ထမင်းမြိန်ပြီး လူမျိုးမရွေးကြိုက်နှစ်သက်သော ခရမ်းသီးပင်နှင့်ပတ်သက်၍ တင်ပြလိုသည်။

ခရမ်းသီး၏မူရင်းဒေသသည် အိန္ဒိယနိုင်ငံ၊ အင်္ဂလိပ်အမည်မှာ Egg Plant(OR) Branjal၊ ရုက္ခဗေဒအမည်မှာ Solanum Melongena ဖြစ်သည်။

ခရမ်းမျိုးများ

မြန်မာနိုင်ငံတွင်တွေ့ရှိသော  ခရမ်းသီး၏အမျိုးအစားများမှာ ပင်ထောင်၊ ပင်ပြန့် စသည်ဖြင့် အပင်ပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး ပင်ပြန့်သည်  သက်လျင်မျိုးသက်တမ်းဖြစ်ပြီး  ပင်ထောင်သည်  သက်ကြီးမျိုး သက်တမ်းဖြစ် သည်။ ပန်းပွင့်သည် အဆစ်ခြောက်ဆစ်မှ  ၁၄ ဆစ်အကြားတွင်ပွင့်သည်။  ခရမ်းကို ခရမ်းရှည်(ခရမ်းရောင်)၊ ဆင်စွယ်ခရမ်း(အဖြူရောင်)၊ ခရမ်းကြွပ်(အဖြူ/ခရမ်း)၊ ခရမ်းခါး(အထက်မြန်မာပြည်-စစ်ကိုင်းတိုင်း ဒေသကြီးတွင်တွေ့ရှိနိုင်)၊ ခရမ်းကစော့သီး၊ ခရမ်းခေါင်းသီး၊ ခရမ်းပဒေသာ(အစုလိုက်၊ အခိုင်လိုက်သီး)၊ ထောပတ်ခရမ်းဟူ၍ ဒေသအလိုက်အမျိုးမျိုးခေါ်တွင် စိုက်ပျိုးကြသည်။   

ခရမ်းသည် အပူကြိုက်အပင်ဖြစ်၍ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသ အလွန်အေးသောဒေသမှလွဲ၍ ကျန်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

အများအားဖြင့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်စိုက်ပျိုးကြပြီး ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။  မြေဆီထက်သန်ပြီးရေသွင်း၊ ရေထုတ်ကောင်းမွန်၍ အပူချိန် ၁၃ ဒီဂရီဆဲလ်စီးယက်မှ ၂၁ ဒီဂရီဆဲလ်စီးယက်၊ PH 5.5- 6.5 ရှိသောမြေမျိုးတွင်စိုက်ပျိုးပါက အထူးသင့်လျော်သည်။ စီးပွားဖြစ်  တစ်ဧကလျှင် မျိုးစေ့ ၅၀၀ ဂရမ် (၃၀ ကျပ်သား)ခန့်သုံးနိုင်သည်။

ခရမ်းသီးကို ခရမ်းသီးနှပ်၊ ခရမ်းသီးသုပ်၊ ခရမ်းသီးအစာသွတ်၊ ခရမ်းသီးကြော်၊ တို့စရာပြုလုပ်၍ ပုံစံအမျိုးမျိုး ချက်စားလေ့ရှိကြသည်။  

ခရမ်းသီးမီးဖုတ်သုပ်သည် မြန်မာတိုင်းရင်းသားတို့၏ အနှစ်သက်ဆုံးအစားအစာ တစ်ခုတွင်ပါဝင်သည်။ ယခုအခါ အကင်ဆိုင်များ၊ မြန်မာ့ရိုးရာထမင်းဆိုင်များ၊ ဟိုတယ်များတွင်လည်း ခရမ်းသီးဖြင့်ချက်ပြုတ်သော ဟင်းအမယ်စုံများ  နေရာယူလာကြသည်ကို လေ့လာသိရှိလာရသည်။ မိသားစုတွင်လည်း  ခရမ်းသီးနှင့်အသားဟင်းကို တွဲဖက်ချက်ပြုတ်ခြင်း၊  ဟင်းချိုများ၊ သီးစုံဟင်းများတွင်  ခရမ်းသီးသည်  ဇာတ်လိုက်ဖြစ်နေသည်။ ထို့ပြင် ခရမ်းသီးကို အခြောက်လှန်း၍ ရာသီမရွေးချက်ပြုတ် စားနိုင်အောင်လည်း ပြုပြင်ဆောင်ရွက်ကြသည်။ ထို့ကြောင့် ခရမ်းသီးသည် မြန်မာ့ကျေးလက်နှင့်မြို့ပြတို့၏ စားဖိုဆောင်တွင် အရေးပါနေခြင်းဖြစ်သည်။

ခရမ်းပင်စိုက်ပျိုးနည်းနှင့်မြေပြုပြင်နည်း

 ခရမ်းပင်ကိုပျိုးထောင်၍လည်းကောင်း၊ ရိုးရိုးကျင်းဖြင့် လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။ ပျိုးထောင်၍စိုက်ပျိုးမည်ဆိုပါက အလျား ၃ ပေ၊ အရှည်ပေ ၃၀ ရှိသော ပေါင်ပေါ်တွင် မျိုးစေ့များကို ၄ လက်မစီခြား၍ အပေါ်မှကောက်ရိုးပါးပါးဖုံး၍  ရေပန်းကရားဖြင့် ရေပါးပါးလောင်းပေးရသည်။ လှီသောအပင်များကို နုတ်ပစ်ရသည်။

တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၅၀ ကီလို နှစ်အိတ်၊ ပိုတက် ၅၀ ကီလို နှစ်အိတ်နှုန်းဖြင့် ယူရီးယားကို မြေပြင်စဉ်တစ်ကြိမ်နှင့် စိုက်ပြီး ၁ လမှ ၂ လတွင် တစ်ကြိမ်ထည့်ပေးရသည်။

စိုက်ခင်းမြေပေါ်တွင်   ထယ်ထိုး၍  ထွန်ရေးညက်အောင်ပြင်၍ တန်းကြား ၃ ပေမှ ၄ ပေ၊ ပင်ကြား ၂ ပေမှ ၃ ပေထား၍ ပျိုးခင်းမှပျိုးပင်များကို ပြောင်းရွှေ့စိုက်ပေးရသည်။ စိုက်ခင်းမြေသည် အစိုဓာတ်အသင့်အတင့် ရှိနေရန် ရေကြိုတင်သွင်းထားရမည်။ ပျိုးပင်သည်  အနည်းဆုံးအရွက် ငါးရွက်မှခြောက်ရွက်ရှိပါက စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ရာသီဥတုပြင်းပါက အပေါ်မှအရွက်များ အုပ်ပေးခြင်းဖြင့်လည်းကောင်း သို့မဟုတ် ကောက်ရိုးပါးပါးဖြင့်လည်းကောင်း ဖုံး၍နေကာထားပေးရမည်။

ရေသွင်းနည်း

ပေါင်းရှင်းခြင်း၊ ပေါင်လုံးခြင်း၊ ရေမဝပ်အောင်မြေတောင်မြှောက်ခြင်း၊ အပင်ယိုင်လဲမှုမရှိစေရန် တိုင်ထောင်ပေးခြင်း၊ မြေအစိုဓာတ်နည်းပါက  ရေသွင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရသည်။ အိမ်တွင်းမိသားစု တစ်နိုင် တစ်ပိုင်အဖြစ်လည်း  စိုက်ပျိုးခြင်းဖြင့်  စားဖိုဆောင်စရိတ်သက်သာစေပြီး အပိုဝင်ငွေရရှိနိုင်သည်။

ခရမ်းပင်တွင်ပိုးမွှားအနေဖြင့် ခေါင်ညွန့်ထိုးပိုး၊သီးလုံးဖောက်ပိုးကျရောက်နိုင်သောကြောင့် လက်နှင့်ကောက်ယူဖျက်ဆီးခြင်း၊ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ အပင်ရောဂါအနေဖြင့် ဗက်တီးရီးယား ပင်ညှိုးရောဂါ ကျရောက်နိုင်သည်။

ခရမ်းသီးခူးရာတွင် အသီးပုံသဏ္ဌာန်ကိုကြည့်ပြီး ဆွတ်ခူးနိုင်သည်။ လုံးဝိုင်းသောအသီးကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်တွင်လည်းကောင်း၊ လုံးရှည်မျိုးကို ၃၀ ရက်တွင်လည်းကောင်း၊ အရှည်မျိုးကို ပန်းပွင့်ပြီး ၃၅  ရက်မှ ၄၀ ရက်တို့တွင်လည်းကောင်း ခူးဆွတ်နိုင်သည်။

အသီးများခူးဆွတ်ပြီး အသီးထွက်မှုကျဆင်းသွား၍ လမိုင်းထားမည်ဆိုပါက ပင်ခြေမှ အနည်းဆုံး ၆ လက်မှ ၈ လက်မခန့် သို့မဟုတ် ပင်ခြေမှအဆစ်သုံးဆစ်ချန်၍ အပေါ်ပိုင်းဖြတ်ပြီး ယူရီးယားကျွေးခြင်း၊ ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်ဆိုပါက တစ်လအတွင်း အသီးများ ထပ်မံခူးနိုင်သည်။ တစ်ဧကလျှင် ခရမ်းသီးပိဿာ ၆၀၀၀ မှ ၈၀၀၀ ခန့်ထွက်ရှိနိုင်ပြီး ဝင်ငွေအကျိုးအမြတ် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းအထိ ရရှိနိုင်သည်။      

ခရမ်းသီးသည်  ဗီတာမင်စီဓာတ်ကြွယ်ဝခြင်း၊  ရောင်ရမ်းခြင်းဝေဒနာကို သက်သာနိုင်ခြင်း၊ နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကိုအကျိုးပြုသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းနိုင်စွမ်းရှိကြောင်း၊ လူတစ်ဦး ၅၀၀ ဂရမ်ခန့် စားသုံးသင့်ကြောင်း၊ ခရမ်းသီးတွင် Phytonutrients ဟုခေါ်သော နှလုံးကိုကာကွယ်ပေးသော ဒြပ်ပေါင်းတစ်မျိုး ပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက် ကောင်းမွန်စေကြောင်းသိရှိရသည်။ ခရမ်းသီးအခွံတွင်ပါသော Nasunin ခေါ်သောဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေကြောင်း၊Nasunin သည် ဦးနှောက်ထဲတွင် အဆီဓာတ်များ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားကြောင်း၊ ဦးနှောက်ဆဲလ်အမြှေးထဲတွင် တွေ့ရှိရကြောင်း၊ ထို့ကြောင့် ခရမ်းသီးကို အခွံမခွာဘဲစားသင့်ကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာစေနိုင်ကြောင်းကို ကျန်းမာရေးနှင့်ဆေးပညာ ဝက်ဆိုက်မှ ဖတ်ရှုမှတ်သား ရသည်။

ခရမ်းသီးများကို ဒေသတွင်းစီးပွားဖြစ် စိုက်ပျိုးကြသော တောင်သူများက လက်ကားဈေးမှတစ်ဆင့် ဈေးအသီးသီးရှိ လက်လီဆိုင်များ၊ ထိုမှတစ်ဆင့် ဆိုက်တွဲ၊ သုံးဘီး၊ စက်ဘီးတို့ဖြင့် ရွေ့လျားဈေးသည်များ အဆင့်ဆင့် ဖြန့်ဖြူး ရောင်းချပေးနေကြသည်။

ထို့ပြင် တစ်နိုင်တစ်ပိုင်စိုက်ကြသော တောင်သူငယ်များကလည်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချနေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ လတ်ဆတ်စွာစားသုံးနိုင်ရန် မိမိအိမ်ခြံဝင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ကြောင်း အကြံပြုအပ်သည်။  အချို့သောဒေသများတွင် နေရာအခက်အခဲရှိသဖြင့် အိုးများဖြင့်ထည့်သွင်းစိုက်ပျိုးသည့်အတွက် လွယ်ကူစွာစိုက်ပျိုးနိုင်သည်။

ခရမ်းမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံနှင့်ဇီဝဌာနမှလည်း သုတေသနပြုဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မျိုးစေ့ကော်မတီမှ မှတ်ပုံတင်ခွင့်ရရှိထားသော မျိုးစေ့ထုတ်ကုမ္ပဏီများကလည်း ရောင်းချပေးနေ၍ ကြိုက်နှစ်သက်ရာမျိုးကို ဝယ်ယူစိုက်ပျိုးနိုင်သည်။

နိုင်ငံသူ၊ နိုင်ငံသားများ၏စားရေရိက္ခာကြွယ်ဝရေး၊ အာဟာရပြည့်ဝသော ဟင်းလျာများစားသုံးနိုင်ရေးတို့အတွက် ခရမ်းစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ စို့ဟု တိုက်တွန်းလိုက်ရပါသည်။    ။

MWD Web Portal

တာတာဝင်း(SCD)

ကျောက်သွေးသူသည် သဘာဝကျောက်ရိုင်းတုံးများကို သွေးပေးရ၏။    ကျောက်ရိုင်းတုံးများကိုသွေးပေးလိုက်ပါက   တောက်ပြောင်လာသည်။ အရည်အသွေးပေါ်လာသည်။

ကျောက်၏တန်ဖိုးသည်  အရည်အသွေးတောက်ပြောင်မှုအပေါ်  မူတည်နေသည်။  အရည်အသွေးမတောက်ပြောင်ဘဲ မှေးမှိန်နေပါက တန်ဖိုးနည်းပါးသည်။ ကျောက်သွေးမကျွမ်းကျင်သူ၏ လက်ဝယ်တွင်ရှိသော  သဘာဝ ကျောက်ရိုင်းတုံးများသည် အချည်းနှီးဖြစ်ရရှာသည်။  ကျောက်သွေးသူ ကျွမ်းကျင်လေလေ  ကျောက်ရိုင်းတုံးများ၏ အရည်အသွေးက တောက်ပြောင်လေလေဖြစ်သည်။ အရည်အသွေးတောက်ပြောင်လေလေ    တန်ဖိုးကြီး မြင့်လေလေဖြစ်သည်။

ယနေ့ ကျောင်းနေအရွယ်ကလေးတို့သည် ကျောက်ရိုင်းတုံးလေးများနှင့်တူလှ၏။ ထိုကျောက်ရိုင်းတုံးလေးများကို  လက်ဝယ်ပိုင်ပိုင်ရှိနေကြသူများသည် မိဘများဖြစ်ကြ၏။ မိဘတို့သည် ကျောက်ရိုင်းတုံးလေးများနှင့် တူလှသော ရင်နှစ်သည်းချာ သားသမီးရတနာများကို     အရည်အသွေးတောက်ပြောင်လာအောင်  သွေးပေးကြရပေမည်။  ကျောက်ရိုင်းတုံးလေးများကို  မသွေးဘဲပစ်ထားပါက  အလဟဿဖြစ်ရသကဲ့သို့ သားသမီးများကို မသွေးဘဲထားပါကလည်း အလဟဿဖြစ်ချေမည်။ မိဘတို့ကသားသမီးများကို  ပြုစုပျိုးထောင် မွေးမြူပေးနေခြင်းသည် သားသမီးတို့၏ ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်လာအောင် သွေးပေးနေခြင်းဖြစ်သည်။

မိဘတိုင်းသည် မိမိ၏ရင်နှစ်သည်းချာ သားသမီးများကို “လိမ္မာယဉ်ကျေးသူ၊ စာရိတ္တကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင် ကြသည်။   ထိုသို့ဖြစ်ပေါ်လာအောင်ပြုစုပျိုးထောင်မွေးမြူပေးရမည့်  တာဝန်ဝတ္တရားကလည်း မိဘတိုင်းတွင်ရှိသည်။ မိဘတိုင်းတွင်ရှိသော တာဝန်ဝတ္တရားများကို  သင်္ဂဇာဆရာတော်ကြီးက  “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ အနှစ်ချုပ်ပြီးမိန့်ကြားခဲ့သည်။ မိဘတို့၏ ဝတ္တရားငါးပါးကို မိဘတိုင်းကကျေပွန်ကြရပေမည်။

ကျောင်းမနေမီအရွယ်ကတည်းက အလေ့အကျင့်သည်  သားသမီးတို့၏ရင်ထဲတွင်  စွဲမြဲသန္ဓေတည်လာသည်။ ထိုသန္ဓေသည် အလိုလိုစွဲတည်လာခြင်းမဟုတ်ပေ။  မိဘတို့ကတည်ပေးလိုက်သော သန္ဓေသာဖြစ်သည်။ မိဘများက  ကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် ကောင်းသောသန္ဓေစွဲတည်နေမည်ဖြစ်ပြီး မိဘများက မကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် မကောင်းသောသန္ဓေစွဲ တည်နေမည်ဖြစ်သည်။ ဘာမဆိုအလိုကျ လိုက်လျောထားခြင်းသည်   ကောင်းသောအလေ့အကျင့်မဟုတ်ပေ။ အလေ့အကျင့်ဆိုးဖြစ်သည်။ ထိုအလေ့အကျင့်ဆိုးသည် သားသမီးတို့ရင်ထဲ သန္ဓေစွဲတည်နေမည်ဖြစ်သည်။    ထိုသန္ဓေဆိုးပေါက်ဖွားလာပါက  မိဘတို့ လိုလားတောင့်တ မျှော်မှန်းထားသော သားကောင်းသားမွန်၊ သမီးကောင်းသမီးမွန်များဖြစ်မလာဘဲ သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်များဖြစ်လာပေမည်။

သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်တို့သည် မိသားစုကိုကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်နှင့်အများပြည်သူကိုပါ ဒုက္ခပေးနေတော့သည်။ ထိုမျှနှင့်အားမရ။ မိဘကိုရန်ပြုသည်အထိ လက်ရဲဇက်ရဲဖြစ်လာသည်။  မိဘခမျာမှာ သားသမီးများ ငယ်စဉ်အရွယ်တွင်မသွန်သင်၊ မညွှန်ပြ၊ မဆုံးမခဲ့သည်ကို နောင်တရနေသည်။ မိဘတိုင်းကို ထိုနောင်တမျိုးမရစေချင်သော မန်လည်ဆရာတော်ကြီးက “သားကိုငယ်က၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏” ဟု သတိပေးထားသည်။ ထိုသတိပေးဆုံးမစာလင်္ကာကို မိဘတိုင်းသတိမူကြရပေမည်။ သတိမမူခဲ့လျှင် “နားရွက်ကိုက်ဖြတ်ခံရသည့်မိခင်” ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရမည်မှာသေချာသည်။ သားဆိုးသမီးဆိုးတို့၏ မိဘတို့သည် လူပုံအလယ်တွင်  ခေါင်းမဖော်ရဲကြပေ။

မျက်နှာပျက်အရှက်ကွဲနေကြရရှာသည်။ “သားသမီးမကောင်း မိဘခေါင်း” မဟုတ်ပါလော။မိဘတိုင်းကသားသမီးတိုင်းကို  “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင်ကြသလို မိဘတို့၏သားသမီးများဖြစ်ကြသည့် မိမိ၏တပည့်များကို “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန် ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များဖြစ်စေချင်ကြသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက“အတတ်လည်းသင်၊   ပဲ့ပြင်ဆုံးမ၊   သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ”  ကို တစ်သဝေမတိမ်းဦးထိပ်ပန်ဆင်ထားကြသည်။

မိဘတို့၏ သားသမီးများဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏ တပည့်အပေါင်းတို့ကို ကန်တော်မင်းကျောင်းဆရာတော်ကြီးက “မိဘဆရာ၊ စကားနာ၍၊  ကျမ်းစာသိမြင်၊  တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊  ကောင်းရာ တုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးကာ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း” ဟူ၍ ပျို့လင်္ကာနှင့်ဆိုဆုံးမထားခဲ့သည်။ ဆုံးမစာအတိုင်း ကောင်းကျိုးတည်အောင် ကြိုးပမ်းကြရမည့်သူများမှာ မိဘတို့၏သားသမီးများ ဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏တပည့် များကိုယ်တိုင်ဖြစ်ကြသည်။ သို့မှသာ ကောင်းကျိုးတည်မည်ဖြစ်သည်။ သို့ရာတွင် လက်ဦးဆရာဟူသည့် မိဘများနှင့် ဒုတိယမိဘများဟူသည့် ဆရာ၊ ဆရာမတို့၏   အခန်းကဏ္ဍက  အရေးကြီးလှပေသည်။

သားသမီး၊ တပည့်များကို ကောင်းကျိုးတည်အောင် ကောင်းကျိုးသန္ဓေတည်ပေးကြရာတွင် အဓိကအခရာမှာ   မိဘ၊ ဆရာတို့ပင်မဟုတ်ပါလော။

မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်းဆောင်ရွက်လျှင်  “မိကောင်းဖခင်သားသမီးများ” ဖြစ်ပေါ်လာမည် ဖြစ်သကဲ့သို့ “ဆရာကောင်းတပည့် ပန်းကောင်းပန်သူများ” ဖြစ်ပေါ်လာမည်မှာမလွဲပေ။

ထိုသို့သော သားသမီးများ၊ တပည့်များဖြစ်ပေါ်လာစေရန်အတွက်   အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းသား၊   ကျောင်းသူတို့၏  မိဘများနှင့်ကျောင်းသား၊ ကျောင်းသူတို့၏ ဆရာ၊ ဆရာမများကို အချိုးညီညီ ပူးပေါင်းဖွဲ့စည်းထားသည့်“မိဘ၊ ဆရာအသင်း” ရှိပေသည်။ မိဘ၊ ဆရာအသင်းကို မိဘတို့၏သားသမီးများဖြစ်ကြပြီး ဆရာ၊ ဆရာမတို့၏ တပည့်များဖြစ်ကြသည့် “ကျောင်းသား၊ ကျောင်းသူတို့၏ ပညာရည်မြင့်မားအောင် ပူးပေါင်းဆောင်ရွက်ရန်” ဟူသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မိဘ၊ ဆရာအသင်း၏ “မိဘ၊ ဆရာပူးပေါင်း၊ ကလေးပညာကောင်း” ဟူသောဆောင်ပုဒ်သည် ကျောင်းသား၊ကျောင်းသူအားလုံး   ပညာရည်မြင့်မားအောင် သင်ကြားလေ့ကျင့်ပေးရာတွင် မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရမည်ကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။

မိဘနှင့်ဆရာ၊ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအားသည်  ကျောင်းနေအရွယ်ကလေးများအား“ကာယဗလ၊ ဉာဏဗလ၊  ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ”  တည်းဟူသော ဗလငါးတန်ကို ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ “အခြေခံပညာကျောင်း”များသည်  “ပညာအခြေခံကောင်း”  များကိုသာမက ဗလငါးတန်အခြေခံကောင်းများကိုပါ  သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်။   မိဘနှင့်ဆရာ၊  ဆရာမများ  ပူးပေါင်းလက်တွဲမှုအားကောင်းလေလေ ရင်သွေးရတနာတို့၏ ဗလငါးတန်ဖွံ့ဖြိုးမှု အားကောင်းလေလေဖြစ်မည်ကို သတိမူအပ်ပေသည်။

အခြေခံပညာကျောင်းများသည် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်ဆောင်ပုဒ်အတိုင်း  အမိနိုင်ငံတော်အတွက်  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်   ပညာတတ်လူသား အရင်းအမြစ် ကောင်းများကို     မွေးထုတ်ပေးနိုင်ရမည်ဖြစ်ပေသည်။

ယနေ့  ကျွန်တော်တို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့မြင်ကြရမည်ဖြစ်ပေသည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။ ထိုအကြမ်းဖက်ဖြစ်စဉ်များကြောင့်ဒေသခံနှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများကိုပါထိခိုက်လာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ ဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ   “ဆရာ၊ ဆရာမများအနေဖြင့်  မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်း ရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက်   စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်၊ အရည်အသွေးပိုမိုကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက်   ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း”ဖြင့် မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ဆရာ၊ ဆရာမများအနေဖြင့်   မိဘတို့၏အားကိုယူကာ   ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မိဘ၊ ဆရာပူးပေါင်းမှုအားမကောင်းလျှင် လူငယ်လူရွယ်တို့၏ဘဝလမ်းကြောင်းသည် အခြေမခိုင်ဘဲယိမ်းယိုင်တိမ်းစောင်းသွားပေမည်။ “မျဉ်းလွတ်လျှင်ကိုင်း၊ ဆရာလွတ်လျှင်ရိုင်း” ဆိုရိုးစကားကဲ့သို့ ဖြစ်ရပေသည်။ လက်ဦးဆရာဖြစ်သောမိဘနှင့် အခြေခံပညာသင်ဆရာ၊ ဆရာမတို့၏ ဆုံးမ၊ ပဲ့ပြင်၊ သွန်သင်၊ ညွှန်ပြသည်များကို မနာယူ၊ မနာခံ၊ မလိုက်နာကြသော တပည့်များသည် ဆရာလွတ်နေကြသူများဖြစ်ပေသည်။ 

ထိုသူများသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ခွဲခြားမသိမြင်နိုင်ကြပေ။   မနှစ်မြို့စရာအမူအကျင့်များကိုခုံမင်ကာ မိုက်မဲရိုင်းစိုင်းသူများဖြစ်လာကြသည်။ “သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း” ပေါ်သို့ ရောက်လာမည်ကို မိဘတိုင်း၊ ဆရာ၊ ဆရာမတိုင်းသတိမူသင့်လှပေသည်။ မိဘနှင့်ဆရာ၊ ဆရာမများပူးပေါင်းပြီး လက်တွဲညီညီရှေ့သို့ချီမှသာ လူငယ်မောင်မယ်တို့၏  အနာဂတ်ဘဝလမ်းဖြောင့်တန်းနေမည်ဖြစ်သည်။ 

လူငယ်မောင်မယ်အပေါင်းတို့၏ ဘဝလမ်းကြောင်း   မတိမ်းစောင်းအောင် ထိန်းကျောင်းပေးကြရမည့်သူများသည်ကား မိဘနှင့်ဆရာ၊ ဆရာမများပင်မဟုတ်ပါလော။       ။

MWD Web Portal

ဦးကျော်ညွန့်(ရေနံချောင်း)