ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အစ္စရေးဝန်ကြီးချုပ်ဟောင်း Ehud Olmert က ဂါဇာတွင် “လူသားချင်း စာနာမှုဆိုင်ရာ မြို့” တည်ဆောက်မည့် အစီအစဉ်သည် ထောင်ပေါင်း များစွာသော ပါလက်စတိုင်းများကို ထိန်းသိမ်း ထားမည့် “အကျဉ်းထောင်” ဖြစ်လာလိမ့်မည်ဟု သတိပေး ပြောကြားလိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ CNN သတင်းတွင် ဖော်ပြပါသည်။

ယခင် ရက်သတ္တပတ်အတွင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က  ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်ကြသည့် လူအားလုံးအတွက် ဇုံတစ်ခုတည်ဆောက်ရန် ကြိုတင်ပြင်ဆင်ထားရန် စစ်တပ်ကို ပြောကြားခဲ့ပါသည်။ ယင်းအစီအစဉ် တည်ဆောက်မည့်နေရာသည် ဂါဇာကမ်းမြောင်ဒေသ တောင်ဖက် ပိုင်း ရာဖာမြို့၏(Rafah) အပျက်အစီးများအပေါ်တွင် ဖြစ်နိုင်ပြီး၊ ပါလက်စတိုင်းများ  အဆိုပါ ဇုံအတွင်း သို့ဝင်သည်နှင့် တစ်ပြိုင်နက် ပြန်ထွက်ခွင့်မရှိနိုင်ပေ။ Katz က ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း များ ရွှေ့ပြောင်းနေထိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။

တနင်္ဂနွေနေ့  Olmert က The Guardian သတင်းဌာနသို့ ပြောကြားရာတွင် “ဒါဟာ အကျဉ်းထောင်ပဲ၊ မိမိ စိတ်မကောင်းပါဘူး” “အကယ်၍ ၎င်းတို့ (ပါလက်စတိုင်းများ) “လူသားချင်း စာနာမှု ဆိုင်ရာ မြို့” နေရာအသစ်သို့  ပြောင်းရွှေ့ခံရလျှင်  ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဟု ပြောနိုင်ပါ သည်” ဟု ပြောကြား ခဲ့ပါသည်။ 

ဝန်ကြီးချုပ်ရုံးက Olmert ၏ ပြောကြားချက်ကို တုန့်ပြန်ရာတွင် “CNN သတင်းဌာနတွင် အစ္စရေး အား အရှက်ရစေသော ရာဇဝတ်မှု ကျူးလွန်သူ” အဖြစ် ပြောကြားခဲ့ပါသည်။  ထုတ်ပြန်ချက်တွင် ယင်းဌာနမှ “မိမိတို့ အရပ်သားများကို ဘေးလွတ်ရာ ပို့ပေးခြင်းသာဖြစ်ပါသည်၊ ဟားမက်တို့က ၎င်းတို့ကို ပိတ်ဆို့ထားသည်၊  ဒါဟာ စစ်ရာဇဝတ်မှုပဲ” ဟု ပြောပါသည်။   

Olmert သည် လာဘ်စားမှုဖြင့် ထောင် ၁၆ လ ကျခံခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက် လာခဲ့သူ ဖြစ်ပါသည်။

Olmert သည် ယခင်က ဂါဇာကမ်းမြောင်တွင် အစ္စရေးစစ်တပ်၏ အပြုအမူနှင့် နိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင်များကို ပြစ်တင်ဝေဖန်ခဲ့သည်။  မေလအတွင်းက မိမိအနေဖြင့် အစ္စရေးကို စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များအပေါ် တုန့်ပြန်သွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။  “စစ်ရာဇဝတ်မှု မဟုတ်ရင် ဘာဖြစ်မလဲ” ဟု  စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်၍ CNN သတင်းဌာနနှင့်တွေ့ဆုံ မေးမြန်းခန်း၌ မေးခွန်းထုတ်ခဲ့ပါသည်။ ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု နှင့် ၎င်း၏ လက်ယာစွန်း အစိုးရအဖွဲ့သည် “မည်သည့်နည်းနှင့်မျှ အဓိပ္ပာယ် မဖော်ပြနိုင်သည့် အလုပ် တွေကို လုပ်နေကြကြောင်း” ပြောကြားခဲ့ပါသည်။

စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၅၈,၀၀၀ ကျော် သေကြေခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါသည်။

အစ္စရေးဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော Olmert ၏ နောက်ဆုံးပြောကြားချက်၌ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနိုင်ငံ၏ ရည်ရွယ်ပြုမူချက်များသည်   ဝေဖန်စရာများဖြစ်နေပြီး၊ အထူးသဖြင့် အစ္စရေးရှိ နာဇီအကျဉ်းစခန်းများနှင့်ပင် နှိုင်းယှဉ်ပါက  မည်သို့မျှ စဉ်းစား၍ မရကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် Olmert က အဆိုပါ အစီအစဉ်နှင့် စပ်လျဉ်း၍ “မလွှဲမရှောင်သာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း”ဖြစ်ကြောင်း ပြောကြားပါသည်။

“၎င်းတို့ စခန်းတစ်ခု တည်ဆောက်ရင် ဂါဇာကမ်းမြောင်ဒေသ ထက်ဝက်ခန့်က “သန့်စင်” သွားလိမ့်မည်၊ထို့နောက် ၎င်းတို့ (ပါလက်စတိုင်း) အနေဖြင့် အဆိုပါမဟာဗျူဟာက ၎င်းတို့အတွက် မလုံခြုံဘူး ဆိုသည်ကို နားလည်ရမှာဖြစ်ပါသည်၊ ဒါဟာ ၎င်းတို့ကို အဝေးကိုနှင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါသည်” ဟု Olmert က The Guardian သတင်းဌာနသို့ ပြောကြားပါသည်။

Katz ၏ “လူသားချင်းစာနာမှုဆိုင်ရာ မြို့” ဟု အမည်ပေးထားသည့် စီမံကိန်းသည် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် နေတန်ယာဟုနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုပါသည်။ သို့ရာတွင် အဆိုပါ ဇုံစီမံကိန်းတည်ဆောက်ရန်အတွက် လပေါင်း များစွာကြာမြင့်နိုင်ပြီး၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း အစ္စရေး သတင်းဌာန က ဖော်ပြထားသော်လည်း၊ နေတန်ယာဟုက အချိန်တိုတိုနှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် တည်ဆောက်ရန် ပြောကြားခဲ့ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ 

အစ္စရေးအတိုက်အခံခေါင်းဆောင် Yair Lapid က အဆိုပါ စီမံကိန်းမှာ နာတန်ယာဟု၏ လက်ယာ စွန်း အစိုးရအပေါင်းအပါများကို   “၎င်း၏ မိတ်ဖက်များကို ကာကွယ်ရန်အတွက် အလွန်စိတ်ကူးယဉ် ဆန်သည့်ကိစ္စဖြစ်ကြောင်း” ရှုတ်ချပြောကြားခဲ့ပြီး၊ “စစ်ပွဲပြီးဆုံး၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ကို ပြန်ခေါ်ရန်” လိုသည်ဟု လူမှုကွန်ယက်တွင် ရေးသားခဲ့ပါသည်။ 

အစ္စရေး လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ Michael Sfard က Katz ၏ အစီအစဉ်သည် ပြည်သူများကို အတင်းအကျပ်  ပြည်နှင်ဒဏ်ပေးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှာ စစ်ရာဇဝတ်မှု ကျူးလွန်သူများဖြစ်ကြောင်း၊ “အကယ်၍ ထုနှင့်ထည်နှင့် အသိုက်အဝန်းများအားလုံးကို ထိုသို့ ဆောင်ရွက်ပါက လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သည်” ဟုပြောကြားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှ မည်သည့်ထွက်ခွာမှုမျိုးကိုမဆို မိမိဆန္ဒအလျောက် ပြုလုပ်နိုင်သည်ဆိုသည့် အယူအဆကို ပယ်ချလိုက်ပါသည်။ 

ကိုးကား- CNN

CNNတွင် ဆောင်းပါးရှင် Eugenia Yosef နှင့် Oren Liebermann တို့ရေးသားသည့် “Former Israeli leader says planned ‘humanitarian city’ in Gaza would be a ‘concentration camp’ ကို ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

Eugenia Yosef နှင့် Oren Liebermann

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ဒီကနေ့ခေတ်မှာ အင်မတန်မှ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစား တွက်ချက်ရတဲ့အထိ ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ကား လောကဆိုတာ လောင်စာဆီကို အများအပြား အသုံးပြုရတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ကြည့်မယ်ဆိုရင် ပြိုင်ကားလောကနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတဲ့ အရာလို့ဆိုရမှာပါ။

ဒါပေမဲ့ အမေရိကန်မှအင်ဂျင်နီယာ ကျောင်းသား ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က အမေရိကန်ပြိုင်ကား ကလပ်ရဲ့ကူညီမှုနဲ့အတူ စနစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူတို့ဖန်တီးလိုက်တဲ့စနစ်က ပြိုင်ကားတွေကို အသုံးပြုပေမယ့် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်းဖြစ်ပါ တယ်။ အခြေခံသဘော တရားကတော့ လောင်စာဆီသုံးပြိုင်ကားတွေမှာ စွမ်းအင်နှစ်မျိုးပေါင်းစပ် အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

သူတို့ဖန်တီးလိုက်တဲ့ပြိုင်ကားက လေးဘီးယက်စနစ်နဲ့ပြိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံတော့မဟုတ်ပါဘူး။ ရှေ့နှစ်ဘီးအတွက်ကို လျှပ်စစ်မော်တာ အသုံးပြုထားပြီး နောက်နှစ်ဘီးအတွက်ကိုသာ လောင်စာဆီသုံးအင်ဂျင် အသုံးပြုထားတာဖြစ်ပါတယ်။ ဒီစနစ်ရဲ့နောက်ထပ် ထူးခြားမှုတစ်ခုက ကား အတွင်းပိုင်းမှာ ရှေ့ဘီးယက်စနစ်နဲ့ နောက်ဘီးယက် စနစ်တို့ကြား ဘယ်လိုမျိုးဆက်သွယ် ချိတ်ဆက်မှုမှ မရှိခြင်းဘဲဖြစ်ပါတယ်။

သူ့မှာ ဘရိတ်ဖမ်းစနစ်ကနေ တစ်ဆင့်လျှပ်စစ်စွမ်းအင်ကို ဘက်ထရီထဲအား ပြန်သွင်းတဲ့စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သိုလှောင်သိမ်းဆည်းထားတဲ့ စွမ်းအင်ကို လောင်စာဆီသုံးအင်ဂျင်ရဲ့စွမ်းအင်ကို မြှင့်တင်ပေးဖို့အတွက်လည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်အနေနဲ့လောင်စာဆီကိုအသုံးပြု ထားရပေမယ့်လည်း ဆီစားသက်သာတဲ့အပြင် အရှိန်တင်မှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အခုဖန်တီးလိုက်တဲ့ကားက လျင်မြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူယှဉ်တွဲ တည်ရှိနိုင်တယ်ဆိုတာကို သက်သေပြ လိုက်တာဖြစ်ပါတယ်။

MWD Web Portal


 

ကိုထက်

စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့ကို လိုက်နာ ဆောင်ရွက်လျက် ခေတ်နှင့်လျော်ညီသော  စိုက်ပျိုးသီးနှံနှင့်ထွက်ကုန်များကို  ဦးစားပေးစိုက်ပျိုး လာကြသည်။  

ထိုနည်းတူ ခေတ်မီနည်းစနစ်များကို အမီလိုက်လာသော ခေတ်မီအပင်ရောဂါများကို  ကုစားရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကိုလည်း ဆန်းသစ်တီထွင်သုံးစွဲလာကြသည်။ထိုသို့သုံးစွဲလာခြင်း၏ နောက်ဆက်တွဲအနေဖြင့် အကျိုးပြုပျားမျိုးစိတ်များကိုပါ ထိခိုက်လာသည်ကို ကြုံတွေ့လာရသည်။သွင်းအားစုများသည်  ထွက်ကုန်ကောင်းစေရန်လိုအပ်သကဲ့သို့  တောင်သူအကျိုးပြုဝတ်မှုန်ကူး လုပ်ငန်းကို   ဆောင်ရွက်နေကြသည့်ပျားအပါအဝင် အခြားဝတ်မှုန်ကူးသတ္တဝါများ၏ အခန်းကဏ္ဍကိုလည်းမေ့လျော့ချန်လှပ်ထားရန်မဖြစ်နိုင်ပေ။ပျားမျိုးစိတ်များသည်ဝတ်မှုန်ကူးဝန်ဆောင်မှုကို လုပ်ဆောင် ကြပြီး သီးနှံအထွက်တိုးရေးအတွက် တစ်ဖက်တစ်လမ်းမှအကူအညီပေးနေကြသူများပင်ဖြစ်သည်။

တောင်သူအကျိုးပြုပျားမျိုးစုများမြန်မာနိုင်ငံတွင် ပျားမျိုးစိတ်များကိုမွေးမြူရေးပျားနှင့်တောပျားဟူ၍အလွယ်တကူခေါ်ဝေါ်ကြသည်။ ကမ္ဘာပေါ်တွင် ပျားမျိုးစိတ်ပေါင်း ၂၂၀၀၀ ကျော်ရှိသည့်အနက် ဝတ်ရည်စုပျား တစ်နည်းအားဖြင့် ပျားရည်ထုတ်လုပ်သောပျားအမျိုးအစားမှာ ကိုးမျိုးသာရှိသည်။ ထိုပျားအမျိုးအစားများကိုအမူအကျင့်နှင့်အရွယ်အစားကိုလိုက်၍ အုပ်စုသုံးခုခွဲ၍ လေ့လာနိုင်သည်။ (၁)ပျားကြီးမျိုးများ (Giant Honey Bees)၊  (၂)သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees) နှင့် (၃)ပျားငယ်မျိုး (Dwarf Bees)ဟူ၍  ခွဲခြားလေ့လာနိုင်သည်။

(၁) ပျားကြီးမျိုး (Giant Honey Bees)

အာရှပျားကြီးမျိုးဖြစ်ပြီး အာရှတိုက်တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင် တွေ့ရသည်။ မြေပြင်မှ အမြင့်ပေ ၃၀ နှင့်အထက်   အပင်အမြင့်များတွင်  ပျားသလက်ချပ်တစ်ခုလျှင် ပျားအုံတစ်အုံအဖြစ် အုံဖွဲ့ နေတတ်သည်။ လုပ်သားပျားတစ်ကောင်သည် အရွယ်အစားအားဖြင့် (ဝ.၇-ဝ.၈)လက်မခန့်ရှိသည်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊  သီရိလင်္ကာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင်တွေ့ရသည်။ အုံတစ်ခုနှင့်တစ်ခုကို နီးကပ်စွာတည်ဆောက်တတ်ကြသည်။ ရာသီ အလိုက်အုံပြောင်းရွှေ့တတ်သောအကျင့်ရှိသည်။  ၃ လ - ၄ လလျှင်တစ်ကြိမ်ခန့်နေရာပြောင်းရွှေ့ လေ့ရှိသည်။ သုတေသနမှတ်တမ်းများအရ ရွှေ့ပြောင်းလျှင်လည်း မူလအုံဖွဲ့သည့် နေရာသို့သာ ပြန်လည်အုံဖွဲ့တတ်ကြသည်။ အထူးသဖြင့် အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် အုံအသစ်ဖွဲ့လေ့ရှိ သည်။

အုံအသစ်သည်လည်း မူလနေရာမှ မီတာ ၅၀ဝ အကွာတွင်တည်ဆောက်လေ့ရှိကြောင်း သုတေသန မှတ်တမ်းများအရသိရှိရသည်။   မြန်မာနိုင်ငံတွင်ပျားကြီးပျားမျိုးများသည် သစ်ပင်ကြီးများ ပေါ်နှင့် တောင်ကမ်းပါးယံဘုရားပုထိုးစေတီများ၊ ဆင်းတုတော်များတွင်လည်း  အုံဖွဲ့တတ်ကြသည်။  နေရာမတူ သကဲ့သို့ အရွယ်အစားလည်းမတူညီကြပေ။

အညာဒေသတွင် ပျားကြီးအုံများ၏အရွယ်အစားကြီးမားမှုသည်လှည်းဘီး၏ပမာဏခန့်ရှိသည့်အတွက် ထိုပျားကြီးမျိုးကိုလှည်းဘီးပျားဟုလည်း ခေါ်တတ်ကြသည်။ တောင်ပေါ်ဒေသများတွင်တွေ့ ရတတ် သော  ပျားကြီးများသည်  သစ်ပင်ကြီးငယ်များတွင်သာမက ကျောက်တောင်ကမ်းပါးယံများတွင်လည်း   တွေ့ရတတ်သည်။   ထိုကဲ့သို့သော ပျားကြီးမျိုးကို ကျောက်ပျားဟုလည်းခေါ်ကြသည်။လှည်းဘီးပျား ဟုခေါ်ဝေါ်သောပျားကြီးမျိုးများ၏အရောင်အသွေးမှာအဝါနှင့်အနက်ကျားသောပုံစံဖြစ်ပြီး ကျောက်ပျားဟုခေါ်ဝေါ်သောပျားမျိုးမှာ အဖြူနှင့်အနက်ကျားသောအရောင်ရှိသည်။ ထိုကဲ့သို့ ပျားမျိုးကို ဟိမဝန္တာပျားကြီးမျိုး သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ပျားကြီးမျိုးဟုလည်း ခေါ်ဝေါ်ကြသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တွေ့ရှိရသည်။  ပျားကြီးများမှာ  အရွယ်အစားကြီးမားသကဲ့သို့ပျံသန်းနိုင်သော အကွာအဝေးမှာလည်းကျန်ပျားများထက်ပိုမိုသွားရောက်နိုင်သည်။ ထိုပျားကြီးများသည် နံနက်အရုဏ်မတက်ခင်အချိန်မှစ၍    ညမိုးချုပ်သည့်အချိန်အထိ  လွတ်လပ်စွာပျံသန်းသွားလာတတ်ကြသည်။ ထို့ကြောင့် တောင်သူတို့ စိုက်ပျိုးထားသောသီးနှံများဖူးပွင့်ချိန်တွင်စိုက်ခင်းများအနီးရှိ သစ်ပင်ကြီးများပေါ်တွင် အုံဖွဲ့နေထိုင်ကာ ဝတ်မှုန်ကူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးသဘာဝအလျောက် အသက်မွေးရှင်သန်နေထိုင်ကြသည်။ ပျားရည်စုဆောင်းအသက်မွေးကြသူများက   ပျားကြီးအုံများမှပျားရည်ရယူကာ လက်လီရောင်းချလေ့ရှိကြသည်။

(၂) သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees)

အများအားဖြင့် သစ်ပင်၊ ပင်စည်အခေါင်းအတွင်းဝင်၍ အုံဖွဲ့နေတတ်သောကြောင့် သစ်ခေါင်းပျားဟုခေါ်ဝေါ်ကြပြီး သစ်ခေါင်းအတွင်းအုံဖွဲ့နေတတ်သော သဘာဝရှိသည့်ပျားအမျိုးအစားငါးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင်တောပျားဟုခေါ်သည့် Apis Cerana သစ်ခေါင်းပျားမျိုးနှင့်မွေးမြူရေးပျားဟုခေါ်ဝေါ်ကြသည့် Apis Mellifera ဥရောပပျားမျိုးကိုသာတွေ့ရှိရသည်။   ဥရောပပျားမွေးမြူရေးလုပ်ငန်းမှ    ပျားရည်အမြောက်အမြားစုဆောင်းရရှိသည်။

(က) တောပျား

Apis Cerana ကိုအိန္ဒိယမှလာသောပျားမျိုးများဟု ခေါ်ဝေါ်ခဲ့ကြသည်။  အာရှဒေသနိုင်ငံတော်တော်များများတွင်တွေ့ရှိရသောကြောင့် အာရှပျားအဖြစ်လည်းသတ်မှတ်ထားကြသည်။ တောပျား သဘာဝကို ပိုင်ဆိုင်ထားကြသည့်ပျားများဖြစ်သည့်အတွက် အုံသွင်းမွေးမြူနိုင်သော်လည်း မကြာခဏအုံမှစွန့်ခွာထွက်ပြေးကာ    တောသဘာဝတွင် ပြောင်းရွှေ့နေထိုင်ကြလေ့ရှိသည်။  အရောင်မှာအဝါနှင့်အနက်ကျားသောအရောင်ရှိပြီး မူရင်းပျားမျိုးမှာ  အနက်ရောင်ပိုများသည်။အာရှပျားမျိုးဖြစ်သည့်အတိုင်း အာရှဒေသတွင်းနိုင်ငံများတွင် အများဆုံးတွေ့ရသည်။ လက်ရှိအချိန်တွင်တွေ့ရှိထားသောမှတ်တမ်းများအရ   Apis Cerana  ပျားမျိုးကွဲပေါင်းရှစ်မျိုးရှိနေသည်။

မြန်မာနိုင်ငံတွင်အင်္ဂလိပ်တို့ကျူးကျော်စစ်စသည့်အချိန်တွင်  ပျားမွေးမြူသည့်အလေ့အထပါလာခဲ့သည်ဟု မှတ်သားခဲ့ဖူးသော်လည်း အထောက်အထားခိုင်ခိုင်မာမာမတွေ့ရသေးပေ။  ပျားမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏နိုင်ငံခြားဝင်ငွေကို  တစ်ဖက်တစ်လမ်းမှ  ရှာဖွေပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအတိုင်းပေါက်ရောက်နေသော သစ်တောသစ်ပင်သဘာဝသယံဇာတများစွာပေါများသည့်အတွက် ပျားစာလွန်စွာပေါများသည်။ ထို့ကြောင့် သစ်ခေါင်းပျားများကဲ့သို့သော အာရှပျားမျိုးစိတ်များသည် သစ်တောများတွင် သဘာဝအလျောက် ပွားများနေထိုင်နိုင်ကြသည်။ ထိုကဲ့သို့သောပျားမျိုးများကို သစ်ခေါင်းတွင်းသို့ အုံသွင်းမွေးမြူတတ်သည့်  မိရိုးဖလာပျားရည်ထုတ်လုပ်ရောင်းချသူများလည်း ရှိနေသေးပေသည်။

ကွင်းဆင်းလေ့လာမေးမြန်းချက်များအရ ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ မြရာကုန်းကျေးရွာနှင့် သံတောင်မြောက်ပိုင်းတွင် မြောက်ပယ်ဘိုးကျေးရွာ၊ သင်္ဘာတောကျေးရွာ၊ ကျောက်ဖြာကျေးရွာ၊ နန်းချိုကျေးရွာ၊   သက်နုကုန်းကျေးရွာတို့တွင် မိရိုးဖလာသစ်ခေါင်းပျားမွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပြီး တစ်နှစ်လျှင် သစ်ခေါင်းပျား ပျားရည်တန်ချိန် ၃၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရသည်။

ထိုကဲ့သို့သော မိရိုးဖလာမွေးမြူနည်းစနစ်များကိုနိုင်ငံတော်မှပံ့ပိုးကူညီပေးနိုင်လျှင် ခေတ်မီသစ်ခေါင်းပျားမွေးမြူရေးနည်းစနစ်များအဖြစ် မွေးမြူလာနိုင်ပြီးသဘာဝအတိုင်းရရှိသော သစ်ခေါင်းပျား ပျားရည်စစ်စစ်ကို အမြောက်အမြားထုတ်လုပ်ရရှိနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်ပေလိမ့်မည်။  ထူးခြားချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသောပျားရည်ဆွမ်းလောင်းပွဲတော်ကိုတနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာတွင်  နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒေသခံသစ်ခေါင်းပျားမွေးမြူရေးမှရရှိသော သဘာဝပျားရည်များကို ဆွမ်းလောင်းလှူပွဲကျင်းပကြသည်။ ၂၀၂၃ ခုနှစ်တွင်  အီတလီနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏အထောက်အပံ့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သစ်ခေါင်းပျားများမွေးမြူခြင်းသင်တန်းများ  ဖွင့်လှစ်ပို့ချကာဒေသပျားမျိုးများကို  မွေးမြူသည့်အလေ့အထကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဒေသပျားမျိုးများသည် ဒီရေတောအပင်များတွင် ဝတ်မှုန်ကူးလုပ်ငန်းများဆောင်ရွက်ကြပြီး ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုပါ ဆောင်ရွက်နိုင်မည့်အစီအစဉ်ဖြစ်လာသည်။ ထိုကဲ့သို့ တောပျားများသည် သဘာဝသစ်တောများ၊ဒီရေတောများနှင့်တောင်ပေါ်ဒေသများရှိအပင်များပွားများရှင်သန်နိုင်ရေးကို အထူးလုပ်ဆောင်နိုင်ကြောင်း  တွေ့ရှိရသည်။   သုတေသနမှတ်တမ်းအရ   မြန်မာနိုင်ငံမြောက်ဘက်ဖျားမှ မြန်မာနိုင်ငံတောင်ဘက်ဖျားအထိ သစ်ခေါင်းပျားမျိုးများ ပျံ့နှံ့နေထိုင်ကြကြောင်းသိရှိရသည်။ ဒေသခံတောင်သူများသည် သဘာဝတောပျားများကိုမိရိုးဖလာနည်းလမ်းများဖြင့်  မွေးမြူလုပ်ကိုင်လျက်ရှိကြပြီး ထိုတောင်သူများကို နိုင်ငံတော်မှ ခေတ်မီနည်းပညာများ၊ အထောက်အပံ့များပံ့ပိုးပေးနိုင်ပါက အရည်အသွေးမီ သဘာဝပျားရည်များကို အသေးစား၊  အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ်   ထူထောင်နိုင်မည်ဖြစ်ကာဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်လည်းအောင်မြင်ပြီးမြန်မာ့သဘာဝပျားရည်အဖြစ် နိုင်ငံတကာသို့တင်ပို့ရောင်းချကာ နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေနိုင်ပေလိမ့်မည်။ 

(ခ) မွေးမြူရေးပျား (သို့) ဥရောပပျား

မြန်မာနိုင်ငံတွင် ခေတ်မီပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန သည် ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်(UNDP)ကမ္ဘာ့စားနပ် ရိက္ခာနှင့်    စိုက်ပျိုးရေးအဖွဲ့(FAO)တို့၏ပူးပေါင်းကူညီမှုဖြင့်တိရစ္ဆာန်မွေးမြူရေးကော်ပိုရေးရှင်း၌ ဥရောပပျားမျိုး (Apis Mellifera Lingustica)ပျားအုံ၃၅ အုံကို သြစတြေးလျနိုင်ငံမှမှာယူပြီး ပျားမွေးမြူရေးလုပ်ငန်းကျွမ်းကျင်သူ ပိုလန်နိုင်ငံသား Dr.C.B Zmarlicsks နှင့် ခေတ်မီပျားမွေးမြူရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကာလအတွင်း ပြည်ပမှပျားဘုရင်မများတင်သွင်း၍ ပျားအုံများခွဲထုတ်ခြင်း၊ ပျားစခန်းအသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပျားရည်ထုတ်လုပ်ပြီး ပြုပြင်ရောင်းချခြင်း၊ စက်ပစ္စည်းများဝယ်ယူတပ်ဆင်ပြီး ပျားအိမ်နှင့် ပျားသလက်အခြေခံပျားများထုတ်လုပ်ခြင်း၊ ပျားဘုရင်မစမ်းသပ်မွေးမြူခြင်း၊ ပျားစာပင်များလေ့လာဖော်ထုတ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။   

ပျားရည်ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်ပကုန်သွယ်မှုအနေဖြင့် မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချခဲ့ရာ  ၁၉၈၉-၁၉၉ဝ  ဘဏ္ဍာနှစ်တွင် ပျားလုပ်ငန်းဌာနမှ ဂျပန်နိုင်ငံသို့ပျားရည်မက်ထရစ်တန် ၄ဝ တင်ပို့ရာမှ ပြည်ပတင်ပို့မှုစတင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂလိကပိုင်ပျားရည်များကို ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှစ၍ ပြည်ပသို့ ပျားရည် ၉၄ မက်ထရစ်တန် စတင်တင်ပို့ရောင်းချနိုင်ခဲ့သည်။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲ၏မှတ်တမ်းများအရ ၂၀၂၃ - ၂၀၂၄ ကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၂၅၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်းသိရှိရသည်။  မွေးမြူရေးပျားဖြစ်သည့် ဥရောပပျားမျိုးများသည် တောင်သူများစိုက်ပျိုးသီးနှံပွင့်သည့်ရာသီကိုလိုက်၍ ရွှေ့ပြောင်းမွေးမြူကြရသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းမွေးမြူခြင်းမှရရှိသော ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုအတွက်သာမက   ပြည်ပသို့တင်ပို့ကာ ရောင်းချခြင်းဖြင့်  နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခဲ့သည်။ 

(၃) ပျားငယ်မျိုး(Dwarf Bees)

ပျားငယ်အမျိုးအစားအနေဖြင့် (ယင်ပျား) Apis Florea နှင့်(ယင်ပျားငယ်) Apis Andreniformis  ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင် နှစ်မျိုးလုံးတွေ့ရသည်။ မြေပြန့်လွင်ပြင်ဒေသအားလုံးနီးပါးတွင် တွေ့နိုင်သည်။ အရောင်အသွေးမှာ ယင်ကောင်နှင့်ပုံသဏ္ဌာန်တူသောကြောင့် ယင်ပျားဟုလည်း ခေါ်ဝေါ်သည်။

အာရှပျားမျိုးနွယ်ဝင် ပျားငယ်အမျိုးအစားဖြစ်သည်။ အုံဖွဲ့ခြင်းကို လဟာပြင်တွင် ဖွဲ့တတ်ကြပြီး အကောင်အရွယ်အစားသေးငယ်သလို အုံအရွယ်အစားလည်း သေးငယ်သည်။ လုပ်သားပျား၏အရွယ်အစားသည် အလွန်သေးငယ်သည်။ အရွယ်အစားအားဖြင့် ၇ မီလီမီတာမှ ၁၀ မီလီမီတာအရွယ်ခန့်သာရှိသည်။

အရောင်မှာနီညိုရောင်ဖြစ်သည်။ အာရှနှင့်အာဖရိကဒေသတို့တွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိုမန်၊ အီရန်၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ  သစ်တောများတွင် အတွေ့ရများသည်။  အုံဖွဲ့ရာတွင် အုံအသစ်နှင့်အုံအဟောင်းကိုအတူတွဲ၍ အုံဖွဲ့သောအလေ့အကျင့်မရှိပေ။ ထို့အတူ အခြားသောပျားမျိုးများကဲ့သို့  နေရာအဟောင်း၊   အုံအဟောင်းတွင် ပြန်လည်နေထိုင်ခြင်းမျိုးကိုမတွေ့ရပေ။ ယင်ပျားမှပျားရည်ထုတ်ယူသုံးစွဲခြင်းကို ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်တွေ့ရှိရသည်။  မြန်မာနိုင်ငံတွင် ကျောက်ဆည်၊ မန္တလေး၊ မိတ္ထီလာ၊ ပုဂံ၊ ညောင်ဦး၊ မကွေးမြို့နယ်တို့တွင် ပေါများစွာတွေ့ရသည်။ ပျားအုံအရွယ်အစားသေးငယ်သကဲ့သို့ ပျားများသည်  ဝတ်ရည်စုဆောင်းမှုနှင့်အလုပ်လုပ်ရာတွင် အခြားပျားမျိုးများနှင့်နှိုင်းယှဉ်ပါက  အနည်းငယ်ပျင်းရိလေးလံသောပျားငယ်မျိုးဖြစ်သည့်အတွက် တောင်သူတို့အတွက်  များစွာအထောက်အကူပြုသည်မဟုတ်သော်လည်း  တတ်နိုင်သလောက်ဝတ်မှုန်ကူးဆောင်ရွက်ကြသူများပင်ဖြစ်သည်။

ပျားဖြင့်ဝတ်မှုန်ကူးသုတေသနဆောင်ရွက်ချက်များ

ပျားသည် သဘာဝအရ  ဝတ်မှုန်ကူးဝန်ဆောင်မှုကိုဆောင်ရွက်ကြသူများဖြစ်ကြပြီး ထိုပျားများကို မိမိတို့စိုက်ပျိုးသောသီးနှံအလိုက် ချထားမွေးမြူခြင်းများဆောင်ရွက်နိုင်ရန် မကွေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့  အတူပူးပေါင်း၍  စမ်းသပ်ကွက်များဖြင့် သုတေသနပြုဆောင်ရွက်ခဲ့သည်။  သုတေသနရလဒ်များအရ နှမ်းသီးနှံတွင် ပျားဖြင့်ဝတ်မှုန်ကူးဆောင်ရွက်ပါက မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ကြောင်း တွေ့ရှိခဲ့ရသည်။

ပဲစင်းငုံသီးနှံတွင်မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ပြီး နေကြာသီးနှံတွင် မူလအထွက်နှုန်းထက် ၄ ဆခန့်ပိုမိုကြောင်း တွေ့ရှိရသည်။ သုတေသနစမ်းသပ်ခြင်းသည် ပတ်ဝန်းကျင်၏ကျရောက်လာနိုင်သောအခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ကြိုတင်ပြင်ဆင်သုတေသနပြုခြင်းဖြစ်သည့်အတွက် ပြင်ပမှပကတိအခြေအနေများဖြင့် တိုက်ရိုက်ကိုက်ညီမည်တော့မဟုတ်ပေ။ သို့သော် သုသေသနအပေါ် သုံးသပ်ကြည့်ပါက ပျားဖြင့်အတူထားစိုက်ပျိုးခြင်းသည် ပျားမရှိခြင်းထက် ပို၍တိုးတက်သည်ကိုတော့ ငြင်း၍မရပေ။ အနည်းဆုံး အသီးအနှံများ အောင်မြင်ဖြစ်ထွန်းခြင်းကို ခံစားရမည်ဖြစ်သည်။

ပျားကြီး၊ သစ်ခေါင်းပျားနှင့် ပျားငယ်အုပ်စုများသည် အမျိုးသဘာဝအရ ကွဲပြားခြားနားနေကြသော်လည်း  အဓိကတာဝန်မှာဝတ်မှုန်ကူးခြင်းလုပ်ငန်းကို  ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။

တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများဖွံ့ဖြိုးအောင် အခြားသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ရသကဲ့သို့ ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည့်ပျားမျိုးများအနက် လူတို့မွေးမြူ၍ရသော ပျားမျိုးများကို  တစ်နိုင်တစ်ပိုင်မွေးမြူခြင်းများဆောင်ရွက်မည်ဆိုပါက မိမိတို့၏မူလသီးနှံစိုက်ခင်းကို ပုံမှန်ထက် အထွက်တိုးစေခြင်းအပြင် မိမိတို့မွေးမြူထားသော ပျားအုံများမှရရှိမည့် ပျားရည်နှင့် ပျားထွက်ပစ္စည်းများရောင်းချခြင်းမှလည်း  အပိုဝင်ငွေကို  ထပ်မံရရှိစေမည်ဖြစ်သည့်အတွက် “တောင်သူဝင်ငွေတိုးပွားဖို့   ပျားမွေးမြူရေးအားပေးစို့”ဟုတိုက်တွန်းရေးသားလိုက်ပါသည်။   ။

MWD Web Portal

Dr. Bee (မွေး/ဆေး)

လောက၌ မိမိအကျိုးစီးပွားလိုလားသူကိုသာလျှင် “မိတ်ဆွေ” ဟု ခေါ်ဆိုထိုက်သည်ဖြစ်ရာ  လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊  အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊နိုင်ငံများအနေဖြင့် လည်းကောင်း မိမိတို့၏အကျိုးစီးပွားကိုဖြစ်ထွန်းစေနိုင်မည့် မိတ်သင်္ဂဟကိုရှာမှီးမှသာ ကောင်းကျိုး ဖြစ်ထွန်းကြီးပွားနိုင်မည်ဖြစ်သည်။“အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိ၊ အမြဲတမ်းအကျိုး စီးပွားသာရှိသည်”ဟူသော စကားရှိနေသော်လည်းနှစ်ဦးနှစ်ဖက်လုံးကောင်းကျိုးဒွန်တွဲဖြစ်ထွန်းအောင် သစ္စာ၊ ဉာဏ်ပညာ၊ မုဒိတာတရားများဖြင့် ထိန်းသိမ်းကာ  ဆောင်ရွက်နိုင်ကြလျှင် မိတ်သင်္ဂဟတို့ အကြားတွင် မင်္ဂလာတရားများနှင့် ပြည့်စုံနေမည်သာဖြစ်သည်။

ဗဟုဝင်ရိုးဆီဦးတည်သောကမ္ဘာကြီးတွင် ဩဇာလွှမ်းမိုးမှု  ပါဝါဟန်ချက်သည် ယခင်ကကဲ့သို့ တစ်ဖက်စောင်းနင်းမဖြစ်တော့ပေ။နိုင်ငံများအနေဖြင့်လည်း မိမိနိုင်ငံပထဝီအနေအထား၊ မိမိနိုင်ငံသယံဇာတ၊ မိမိနိုင်ငံ အဓိကကျောရိုးစီးပွားရေးတို့နှင့် လိုက်လျောညီထွေသည့် မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများတွင် ပါဝင်လာကြသည်။ သို့မှသာလျှင် အင်အားကြီးနိုင်ငံများ၏ ဘက်စုံစစ်ပွဲအသွင်ကျူးကျော်မှုများကို ကြံ့ကြံ့ခံကာကွယ်နိုင်မည်ဖြစ်သည်။       

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက်တမ်း ကောင်းမွန်သောဆက်ဆံရေးမူဝါဒဖြစ်သည့် လွတ်လပ်တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးရပ်တည်လျက်ရှိသည်။နိုင်ငံတစ်နိုင်ငံ၏ကြီးပွားတိုးတက်မှုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ တည်ငြိမ်အေးချမ်းရေး၊ အုပ်ချုပ်သူအစိုးရ၏ခေါင်းဆောင်မှုနှင့် နိုင်ငံသားများ၏ပူးပေါင်းပါဝင်မှု စသည့်အချက်များ ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ဖို့လိုသလိုကဏ္ဍပေါင်းစုံတွင်  နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုသည်လည်း အရေးကြီးသည်။ မိမိနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် မိတ်ကောင်းသဖွယ်ဖြစ်သော မိတ်ဖက်နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးများ တည်ဆောက်ထားခြင်းအားဖြင့် မိမိနိုင်ငံအတွက် မိတ္တဗလနှင့်ပြည့်စုံစေကာ အကျိုးစီးပွားဖော်ဆောင်နိုင်စွမ်းကို တိုးတက်ကာ မြင့်မားလာစေသည်။

(၂၈) ကြိမ်မြောက်   စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ထိုမှတစ်ဆင့်ရရှိလာမည့်အကျိုးကျေးဇူးများ

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအကျိုးစီးပွားကိုမျှော်ရည်၍ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိသည်။ထိုအထဲကမှမကြာသေးမီကကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအချို့ကို ထုတ်နုတ်တင်ပြလိုသည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr.Maksim Reshe-tnikov သည် မြန်မာနိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တစ်ခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့်  သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများအပါအဝင် အခြားနယ်ပယ်များပူးပေါင်းဆောင်ရွက်မှုတွင်လည်း လွယ်ကူချောမွေ့စေမည်ဖြစ်သည်။ 

အထက်ပါစာချုပ်ချုပ်ဆိုပြီးအသက်ဝင်ပြီဆိုပါက မြန်မာနိုင်ငံအနေဖြင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတိုးမြင့်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်းနိုင်မည့်  အခွင့်အလမ်းကို ချိတ်ဆက်နိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပြည်တွင်းသို့စီးဆင်းမှုတိုးလာမည်ဖြစ်သည်။ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်  ရုရှားမှနည်းပညာနှင့်လုပ်ငန်းဆောင်ရွက်မှုများကိုရရှိပြီး ပြည်တွင်းလုပ်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများလည်း တိုးတက်လာနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများလည်း တိုးလာနိုင်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့် သတ္တုတူးဖော်ရေးကဏ္ဍတွင် လည်း နည်းပညာအကူအညီရယူကာ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်မည်ဖြစ်သည်။

(၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏  ဆက်စပ်အစည်းအဝေးအဖြစ်ကျင်းပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးသည်    မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံတို့အကြားကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သည့်အပြင်  ၂၀၁၉  ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း  ဥရောပ-အာရှစီးပွားရေးကော်မရှင် မေခရို(အကြီးစား)စီးပွားရေးနှင့်  ပေါင်းစည်းရေးဝန်ကြီး Mr.Eldar  Alisherov က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုများအရသိရှိရသည်။  

ကုန်သွယ်မှုပမာဏသုံးဆတိုးလာခြင်းသည် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့အစည်းကြား စီးပွားရေး ဆိုင်ရာဆက်ဆံမှု

ပိုမိုခိုင်မာလာသည့်သက်သေပင်ဖြစ်သည်။ EAEU ၏ပံ့ပိုးကူညီမှုဖြင့်  မြန်မာနိုင်ငံမှ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုများဖြစ်သည့် အလုပ်သင်များစေလွှတ်နိုင်ခြင်း၊ ပညာတော်သင်စေလွှတ်ခြင်း၊   နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်ရေးသင်တန်းများစေလွှတ်ခြင်း၊ ကုန်သွယ်ရေးဈေးကွက်အတွက် မိမိနိုင်ငံ၏ပို့ကုန်၊သွင်းကုန်များနှင့်ကိုက်ညီသောနိုင်ငံသစ်များတိုးလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။

စိန့်ပီတာစဘတ် စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ဆေးဝါး၊ ဆောက်လုပ်ရေးနှင့် မြန်မာနိုင်ငံသို့မြေဩဇာတင်ပို့ခြင်း   စသည့်နယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာကောင်းများရှိကြောင်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံများကိုမျှဝေရန်နှင့် ကုန်စည်နှင့်အခြားဝန်ဆောင်မှုများကို ကမ်းလှမ်းရန်စီစဉ်နေကြောင်း၊ နှစ်နိုင်ငံအကြားအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့တွင်လာမည့်နိုဝင်ဘာလ၂၁ရက်နှင့်၂၂ရက်တို့တွင်ကျင်းပမည့်BRICSအဖွဲ့ဝင်များ၏သတ္တမအကြိမ် နိုင်ငံတကာမြူနီစပယ်ဖိုရမ်သို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားကြောင်းတို့ကို    စိန့်ပီတာစဘတ်   ပြည်ပဆက်ဆံရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr.Vyacheslav Kalganov က ပြောကြားခဲ့သည်။

ဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း ရုရှားနိုင်ငံမှဆေးဝါးဆိုင်ရာအဆင့်မြင့်နည်းပညာများကို မြန်မာနိုင်ငံတွင်ပူးပေါင်းအကောင်အထည်ဖော်နိုင်ခြင်း၊ ဆေးရုံနှင့် ဆေးသုတေသနစင်တာများဆောက်လုပ်ရန်အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံနှင့်နည်းပညာအကူအညီများ၊ ခေတ်မီအဆောက်အအုံဆောက်လုပ်မှုနည်းပညာများ၊ မိမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောမြေဩဇာထုတ်လုပ်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာများ၊  စက်မှုလယ်ယာနည်းပညာများကိုရရှိနိုင်သည်။ BRICS  ဖိုရမ်သို့ ဖိတ်ကြားခြင်းခံရသည့်အတွက် BRICSအဖွဲ့ဝင်နိုင်ငံများနှင့် တိုက်ရိုက်ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊   စွမ်းအင်ဖူလုံရေး၊   ဒစ်ဂျစ်တယ်စီးပွားရေး၊ ကဏ္ဍစုံအတွက် နည်းပညာပံ့ပိုးမှုလမ်းစများပွင့်လန်းလာမည်ဖြစ်သည်။

နောက်ထပ်ဝမ်းသာစရာသတင်းတစ်ခုမှာ မြန်မာ၊ ဂျော်ဒန်နှင့်ဘာရိန်းနိုင်ငံတို့ကို  ၂၀၂၅ ခုနှစ်တွင် ဗီဇာလိုအပ်ချက်ဖျက်သိမ်းရန်စီစဉ်နေကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန  ညွှန်ကြားရေးမှူးချုပ်  Mr.Nikita Kondratyev  က ရုရှားမီဒီယာတစ်ခုဖြစ်သည့်TASSနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည့်သတင်းဖြစ်သည်။

ဗီဇာလိုအပ်ချက်ဖျက်သိမ်းခဲ့လျှင်ရရှိနိုင်မည့်အကျိုးကျေးဇူးများကိုလည်း အနည်းငယ်ပြောပြလိုသည်။ဗီဇာလိုအပ်ချက်စည်းမျဉ်းများလျော့နည်းသွားသည့်အတွက် ခရီးသွားဧည့်သည်များတိုးလာကာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ လေကြောင်းလုပ်ငန်းများတွင်လည်း အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလျှင် ခရီးသွားဧည့်သည်များဆီမှ ဝင်ငွေကြောင့် ဒေသတွင်းစီးပွားရေးတိုးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ ကုန်သွယ်မှုလုပ်ငန်းတွင်လည်း နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဗီဇာအဟန့်အတားကင်းမှုကြောင့်ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့နိုင်သည်။ ယဉ်ကျေးမှုဖလှယ်ခြင်းကိစ္စများနှင့်  ရုရှားနိုင်ငံရှိ တက္ကသိုလ်များသို့ ပညာတော်သင်စေလွှတ်ခြင်းကိစ္စများတွင် ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်သည်။ ဗီဇာဖျက်သိမ်းခြင်း ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်စေမည်ဖြစ်သည်။

အထက်ပါအကြောင်းအရာများသည် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများစွာထဲမှ တစ်ခုဖြစ်သော (၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့မြန်မာကိုယ်စား လှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရရှိမည့်  စီးပွားရေး ဆိုင်ရာအကျိုးကျေးဇူးများကို လူတိုင်းနားလည်လွယ်အောင် အကြမ်းဖျင်းသုံးသပ်ဖော်ပြ ထားခြင်း ဖြစ်သည်။

စီးပွားရေးသည်နိုင်ငံတစ်နိုင်ငံအတွက်အလွန်အရေးပါပုံ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသည် အဓိကအရေးပါသောအခန်းကဏ္ဍမှ ပါဝင် သည်။ စီးပွားရေးတောင့်တင်းခိုင်မာပါက ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်၊ စီးပွားရေးကျဆင်းမှုဒဏ်၊ ကမ္ဘာ့ ကပ်ရောဂါများကြောင့်ဖြစ်ပေါ်သော  စီးပွားရေးကျပ်တည်းမှုဒဏ်များကို ခံနိုင်ရည်ရှိပြီး ပြည်တွင်း စီးပွားရေးကို ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ ပြည်တွင်းလူမှုစီးပွားဘဝမြင့်မားမှုကြောင့် နိုင်ငံသားတိုင်း ၏တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး အလုပ်လက်မဲ့နှုန်းလျော့ကျစေသည်။ ထို့ပြင်  နိုင်ငံခြားရင်းနှီး မြှုပ်နှံ မှုဆောင်ရွက်မည့် နိုင်ငံများအတွက် မိမိနိုင်ငံ၏တည်ငြိမ်သောစီးပွားရေးအခြေအနေသည် စိတ်ချ ယုံကြည်မှုကို တိုးစေသည်။ နိုင်ငံတကာ နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေး သဘော တူညီချက်များတွင်လည်းမိမိနိုင်ငံ၏စီး ပွားရေးအခြေအနေများကြောင့် လွယ်ကူမြန်ဆန်ကာ  အခွင့် အလမ်းများ တစ်ခုပေါ်တစ်ခုဆင့်ပေါ်ပေါက်လာနိုင်ပေသည်။ စီးပွားရေးတောင့်တင်း ခိုင်မာခြင်းသည် မိမိနိုင်ငံ၏ နိုင်ငံရေးနှင့်ကာကွယ်ရေးကဏ္ဍ တို့တွင်ပါ တိုက်ရိုက်အချိုးကြမည် ဖြစ်သည်။

အနှစ်ချုပ်ရသော် စီးပွားရေးတောင့်တင်းခိုင်မာမှုနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ထို့ကြောင့် မိမိ နိုင်ငံအကျိုးစီးပွား အရှိန်အဟုန်ဖြင့်တိုးမြင့်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။    ။ 

ကိုးကား

https://www.reuters.com/business/energy/russia-signs-investment-deal-wit...

https://tass.com/economy/1977721

https://eec.eaeunion.org/en/news/eldar-alisherov-nash-dialog-prizvan-sod...

https://en.iz.ru/en/1908962/2025-06-23/russia-plans-cancel-visas-three-c...

အေးကျော်(ရူပဗေဒ)

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) ဈေးကွက်မှာတော့ တရုတ်နိုင်ငံရဲ့ BYD က မြင့် မားတဲ့စွမ်းဆောင်ရည်နဲ့အတူ အာမခံချက် အရှိဆုံးသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာ နေပါတယ်။ အခုနောက်ဆုံးအနေနဲ့ BYD ကုမ္ပဏီက God's Eye လို့ခေါ်တဲ့ အဆင့်မြင့်ယာဉ်မောင်းထောက် ပံ့ရေးစနစ်ကိုဖန်တီးထားပါတယ်။ ဒီဖန်တီးမှုရဲ့တစ် စိတ်တစ်ပိုင်းအဖြစ် L4-level မောင်းသူမဲ့စနစ်လည်း ပါဝင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ BYD က သူတို့ရဲ့ထုတ်ကုန်ကိုအာမခံတဲ့အနေနဲ့ အလုံးစုံအာ မခံကိုပါ ထည့်သွင်းပေးထားတာပါ။

ဒီစနစ်ထဲမှာ အဆင့်မြင့်မားလှတဲ့ ပါကင်ထိုးစနစ် များပါဝင်ပြီး အရှိန်နှုန်းသုံးမျိုးနဲ့ပါကင်ထိုးတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ အသုံးပြုသူရဲ့ အတွေ့အကြုံကိုလည်း မြှင့်တင်ထားပါတယ်။ ဒီအတွက်အသုံးပြုထားတဲ့ L4 စနစ်ဆိုတာကတော့ ယာဉ်တစ်စီးအနေနဲ့ ယာဉ်မောင်းသူရဲ့လုပ် ဆောင်ချက်တစ်စုံတစ်ရာ မလိုအပ်ဘဲ ယာဉ်မောင်းနှင်မှုလုပ်ငန်းများအားလုံးကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတာပါ။ ဒါ့အပြင် ကြိုတင် သတ်မှတ်ချက်ပေးထားပြီးတော့လည်း သူ့ကိုခိုင်းစေနိုင်ပါတယ်။

BYD ကုမ္ပဏီက သူ့ရဲ့ God's EYE စနစ်အပေါ် သိပ်ကိုယုံကြည်ထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မကြာသေးမီကထွက်ပေါ်လာတဲ့ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုအရ အသုံးပြုသူတွေအနေနဲ့  BYD ရဲ့ God's EYE B နဲ့ C စနစ်တွေကို မကြာခင်မှာ အဆင့်မြှင့်တင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။

BYD က သူတို့ရဲ့ L4 ပါကင်ထိုးစနစ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ သီးခြားအခြေအနေတွေမှာ ကားအနေနဲ့ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက် လုံးဝမလိုအပ်ပါဘဲ ပါကင်ထိုးခြင်းအလုပ်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့များ သူတို့စနစ်ကိုအသုံးပြုပြီး ပါကင်ထိုးတဲ့နေရာမှာ မှားယွင်းမှုတစ်ခုခုဖြစ်သွားတယ်ဆိုရင် ယာဉ်မောင်းသူအစား ကားကသာ တာဝန်အပြည့်အဝယူသွားမှာပါလို့ BYD ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြန်ပါတယ်။

အဲဒီလိုမျိုးတာဝန်ယူမှုထဲမှာ God's EYE စနစ်ကို အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြုပြင်မှုကုန်ကျ စရိတ်များအားလုံး၊ တတိယအဖွဲ့ရဲ့ ပျက်စီးမှုအားလုံး၊ လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လျော်ကြေးငွေအားလုံးကို BYD က ပေးလျော်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စနစ်ရဲ့မှားယွင်း မှုကြောင့် ဒီလိုမျိုးမတော်တဆမှု ဖြစ်လာခဲ့တယ်ဆိုရင်ပေါ့လေ။

အကယ်၍ ဒီလိုမတော်တဆမှုဖြစ်လာခဲ့တယ်ဆိုရင် ယာဉ်မောင်းသူအနေနဲ့ အာမခံကုမ္ပဏီကနေ တစ်ဆင့်လျှောက်ထားစရာမလိုဘဲ BYD ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုးဆက်သွယ်လာရင် ဘယ်လိုအာမခံငွေသားကိုမျှ ထိခိုက်မှုမရှိဘဲ သီးခြားအာမခံအနေနဲ့ ပေးလျော်မှု တွေလုပ်သွားမယ်လို့ ပြောပါတယ်။

BYD အနေနဲ့ God's EYE အဆင့်မြင့်ယာဉ်မောင်းသူ အထောက်အပံ့ပေးစနစ်ကို ယခုနှစ်ဖေဖော်ဝါရီလမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ထုတ်လုပ်ထားတဲ့ မော်တော်ကားတွေအားလုံး ဒီစနစ်ကို အသုံးပြုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။       

ကိုထက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က  သွေးအားနည်းမှုတွေ့ကြုံနေကြရပြီး    ယင်းတို့အနက် အများစုမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ အသက် ၁၉ နှစ်ကနေ ၅၀  နှစ်အရွယ်အမျိုးသားတွေအတွက်    နေ့စဉ်သံဓာတ်လိုအပ်ချက်ပမာဏမှာ  ၈  မီလီဂရမ်ဖြစ်ပြီး  အမျိုးသမီးတွေအတွက်   ၁၈   မီလီဂရမ် လိုအပ်ပါတယ်။   ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာတော့ ယင်းပမာဏထက်ပိုပြီး လိုအပ်နေတဲ့အပြင် ကိုယ်၀န်ဆောင်တွေအတွက် ၂၇ မီလီဂရမ်လိုအပ်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့ (NIH) ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

သံဓာတ်ချို့တဲ့မှုကြောင့်ခန္ဓာကိုယ်မှာရှိတဲ့တစ်သျှူးတွေဆီ အဆုတ်မှအောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတင်းဓာတ်ဖြစ်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုပမာဏ မလုံလောက်ဖြစ်လာတဲ့အတွက် မောပန်းပြီးအားအင်ကုန်ခန်းခြင်း၊   အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်နာခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း နဲ့ အသားအရေဖျော့တော့ခြင်း စတာတွေတွေ့ကြုံရနိုင်ပါတယ်။ ပျမ်းမျှအမျိုးသမီး ၁၀ ဦးမှာ ခြောက်ဦးလောက် သံဓာတ်ချို့တဲ့လေ့ရှိကြပါတယ်။

သံဓာတ်က လူသားအကျိုးပြုသတ္တုဓာတ်တစ်မျိုးဖြစ်တာကြောင့် မိမိခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ခြင်း ရှိ၊ မရှိ အောက်ပါလက္ခဏာရပ်တွေနဲ့ ဆန်းစစ်နိုင် ပါတယ်။

အလွန်အမင်းမောပန်းခြင်း

ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြုပြီး သွေးကလာပ်စည်းဆဲလ်တွေထဲမှာရှိတဲ့အောက်ဆီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့လာတဲ့အခါကျန်းမာသန်စွမ်းတဲ့သွေးဆဲလ်တွေအလုံအလောက်မရှိတော့ဘဲ အလွန်အမင်းမောပန်းနွမ်းနယ်လာပါ တယ်။

အာရုံစူးစိုက်၍ မရခြင်း

သံဓာတ်ချို့တဲ့လာတဲ့အခါအာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် နေ့စဉ်ပုံမှန်လုပ်နေကျအလုပ်တွေမှာတောင်အာရုံစူးစိုက်လို့မရတော့ဘဲ စွမ်းဆောင်ရည်တွေတဖြည်းဖြည်း ကျဆင်းလာပါတယ်။

စိတ်၀င်စားမှုမရှိခြင်း

သံဓာတ်ချို့တဲ့လာခြင်းကြောင့်အာရုံခံအင်္ဂါအဖွဲ့အစည်းတွေကိုထိခိုက်စေရုံမကစိတ်နောက်ကျိလာပြီးမိမိပတ်၀န်းကျင်၊ မိသားစု၊လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အရင်ကလို စိတ်၀င်စားမှု မရှိတော့ဘဲ တစ်ယောက်တည်းနေလိုစိတ် ပြင်းပြနေတတ်ပါတယ်။

အသက်ရှူကျပ်ခြင်း

သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်က   အောက်ဆီဂျင်လိုအပ်လာပြီး  အသက်ရှူမ၀ဘဲ မွန်းကျပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန်လေ့ကျင့် ခန်းလုပ်တဲ့အခါ၊  ပုံမှန်လမ်းလျှောက်တဲ့ အခါတွေမှာ အရင်ကနဲ့မတူ သိသိသာသာအသက်ရှူမ၀ဖြစ်လာခြင်းက  သံဓာတ်ချို့တဲ့နေတဲ့လက္ခဏာ တွေပဲဖြစ်ပါ တယ်။

အသားအရေဖြူရော်ရော်ဖြစ်ခြင်း

လူ့ခန္ဓာကိုယ်အတွင်း သံဓာတ်ချို့တဲ့နေရင် နှုတ်ခမ်း၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေ ဖြူဆုတ်လာခြင်း၊လက်ဖဝါးနဲ့ခြေဖဝါးတွေ အေးစက်လာခြင်း၊မျက်နှာနဲ့အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းတို့ ဖြစ်လာပါတယ်။

ကြွက်သားတွေနာကျင်ခြင်း

ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်အားနည်း လာတာကြောင့်ကြွက်သားတွေလျော့ရဲလာပြီး တော်ရုံဖိမိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ နာကျင်လာပါတယ်။ ဒါ့ပြင် အရေပြားအောက်ခြေမှာအလွယ်တကူသွေးခြည်ဥလာပြီး အရေပြားတွေ အညို အမည်းစွဲလာပါတယ်။

ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း

ခြေသည်း၊လက်သည်းအစပ်နားတွေအလိုလို တစ်စစီကွဲထွက်ခြင်းကသံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။တချို့သူတွေမှာလက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ ဇွန်းသဏ္ဌာန်အတွင်းပိုင်းကိုချိုင့်ခွက်၀င်နေကြပါတယ်။

မကြာခဏဖျားနာခြင်း

အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊  ချောင်းဆိုး စတဲ့   ရာသီဖျားတွေ    မကြာခဏကူးစက်ခံရခြင်း၊ အနည်းငယ်အအေးခံရုံနဲ့  နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း၊   အသံ၀င်ခြင်းတို့ကလည်း  သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

ပန်းရောင် သို့မဟုတ် အနီရောင်ဆီးသွားခြင်း

သွေးဆုံးပြီးအမျိုးသမီးတွေ ပျမ်းမျှ ၁၀ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် သို့မဟုတ် အနီရောင်ဆီးသွားတတ်ပါတယ်။ တချို့အမျိုးသမီးတွေက လက်ဖက် ရည်ကြမ်းကျကျကဲ့သို့  နီညိုရောင်ဆီးသွားတတ်ပါတယ်။ အကယ်၍ အနီရောင်ခြယ်စတော်ဘယ်ရီသီး တွေ၊ beet root ခေါ် သကြားမုန်လာခေါ်သွေးနီရောင် အရည်ရွှမ်းတဲ့မုန်လာဥနီတွေ၊နဂါးမောက်သီး အနီတွေကို မစားမသောက်ဘဲ ဆီး အရောင်က  သူ့အလိုလို  ပန်းရောင် သို့မဟုတ်  အနီရောင်ပြောင်းသွား ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

သံဓာတ်ဖြည့်တင်းပေးတဲ့အစားအစာများ

- တစ်ခွက်စာပမာဏရှိတဲ့အမဲအသည်းမှာ သံဓာတ် ၅ ဒသမ ၈ မီလီဂရမ်ပါရှိပြီး ကျန်းမာရေးကိုထိခိုက်စေမယ့် အဆီနဲ့ကယ်လိုရီပါ၀င် မှု လွန်စွာနည်းပါးတဲ့အတွက် စားပေးသင့်ပါ တယ်။

- တစ်ခွက်စာပမာဏရှိတဲ့ အမဲသား(မိုးခိုသား)မှာ  သံဓာတ် ၂  ဒသမ  ၉ မီလီဂရမ်ပါရှိတဲ့ အပြင်ကျန်းမာရေးကို  အထောက်အကူဖြစ် စေတဲ့ ပရိုတင်း၊ ဗီတာမင်ဘီ-6 ၊ ဗီတာမင်-C နှင့် ဗီတာမင်-D တို့ ကြွယ်၀စွာပါရှိတဲ့အတွက် စားပေးသင့်ပါတယ်။

-  တစ်ခွက်စာပမာဏရှိတဲ့ အမဲသားမှာ သံဓာတ် ၁ ဒသမ ၈ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့ကိုလက်စထရောတွေကျဆင်းအောင်ပံ့ပိုးပေးပါတယ်။ဒါကြောင့် အမဲသားစားပေးသင့်ပါတယ်။

-  တစ်ခွက်စာပမာဏရှိတဲ့ကြက်(ရင်ပုံသား)မှာ သံဓာတ် ၁ ဒသမ ၁  မီလီဂရမ်ပါရှိနေလို့ ခြေလေးချောင်းသားမစားသူတွေအဖို့ သံဓာတ် အားဖြည့်စာအဖြစ်  ကြက်ရင်ပုံစားပေးသင့်ပါတယ်။

-   တစ်ခွက်စာပမာဏရှိတဲ့ဆယ်လ်မွန်ငါးမှာ သံဓာတ် သုည  ဒသမ  ၇  မီလီဂရမ်ပါရှိပြီးOmega-3 Fatty Acid တွေပါရှိနေတာကြောင့် သွေးခဲပိတ်ဆို့ခြင်းနဲ့ လေဖြတ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် စားပေးသင့်ပါတယ်။

- တစ်ခွက်စာပမာဏရှိတဲ့ရွှေဖရုံသီးအစေ့မှာ   သံဓာတ် ၄  ဒသမ  ၂   မီလီဂရမ်ပါရှိပြီး   ကျောက်ကပ်ကျောက်တည်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

-   တစ်ခွက်စာပမာဏရှိတဲ့ချောကလက်စစ်စစ် အမည်းရောင်ထဲမှာ  သံဓာတ်  ၄  ဒသမ  ၁ မီလီဂရမ်ပါရှိပြီး သွေးထဲက ကိုလက်စထရော တွေကိုလျော့ကျစေပြီးသွေးအားနည်းခြင်း ကနေလည်း ကာကွယ်ပေးပါတယ်။

-  တစ်ခွက်စာပမာဏရှိတဲ့ စမုန်ဖြူ(အခြောက်)မှာ   သံဓာတ်  ၃  ဒသမ  ၇   မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C တို့ပါရှိ နေတဲ့အပြင် ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေတဲ့ကိုလက်စထရောလုံး၀မပါရှိတဲ့အတွက် စားပေးသင့်ပါတယ်။

 - တစ်ခွက်စာပမာဏရှိတဲ့Apricots    ခေါ် ဆီးသီးခြောက်ထဲမှာ သံဓာတ် ၃ ဒသမ ၆ မီလီ ဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု beta caro-tene၊ အမျှင်ဓာတ်နှင့် တခြားအာဟာရဓာတ် တွေပါရှိပါတယ်။

-တစ်ခွက်စာပမာဏရှိတဲ့ပဲနီကလေးထဲမှာ သံဓာတ် ၃ ဒသမ ၃ မီလီဂရမ်ပါရှိပြီး မပျော်၀င်လွယ်တဲ့အမျှင်ဓာတ်တွေပါရှိနေတာကြောင့် ဆာလောင်မွတ်သိပ်မှုမဖြစ်စေဘဲ အဆာခံစေပါတယ်။

-  တစ်ခွက်စာပမာဏရှိတဲ့  အာလူးထဲမှာ  သံဓာတ် ၃  ဒသမ  ၂   မီလီဂရမ်ပါရှိပြီး  အာဟာရသိဒ္ဓိ ပြည့်၀တဲ့အစာဖြစ်ပါတယ်။

-   တစ်ခွက်စာပမာဏရှိတဲ့     ဟင်းနုနယ်ထဲမှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါရှိပြီး ကင်ဆာ ဆဲလ်တွေကြီးထွားမှုကို  ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။

-   တစ်ခွက်စာပမာဏရှိတဲ့        ပဲကတ္တီပါထဲမှာ သံဓာတ် ၂ ဒသမ ၆ မီလီဂရမ်ပါရှိပြီး ခွန်အား တိုးပွားစေတဲ့အပြင်နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးအောင်ကူညီပေးပါတယ်။

 - တစ်ခွက်စာပမာဏရှိတဲ့  ပန်းဂေါ်ဖီစိမ်းထဲမှာ သံဓာတ်  ၁  ဒသမ  ၂  မီလီဂရမ်ပါရှိပြီး  အမျှင်ဓာတ်တွေအမြောက်အမြားပါရှိတာကြောင့် အူမကြီးနဲ့အစာအိမ်ကင်ဆာတွေမဖြစ်စေအောင်ဟန့်တားပေးပါတယ်။

MWD Web Portal

Photo- အစိမ်းရောင်လမ်း

ပေါက်ပေါက်

ငါးနှစ်အောက်ကလေး ပြုစုစောင့်ရှောက်ရေး

၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုအရေအတွက် ၄ ဒသမ ၈ သန်းသို့ ကျဆင်းသွားကြောင်း ယင်းနှစ်   မတ်လ  ၂၅ ရက်က  ထုတ်ပြန်သော  ကုလသမဂ္ဂ၏အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ ၂ဝ၂၂ ခုနှစ်က အသက်ငါးနှစ်မတိုင်မီ သေဆုံးသော ကလေးငယ်အရေအတွက် ငါးသန်းအောက်သို့ ပထမအကြိမ် ရောက်ရှိခဲ့သည်။ သို့ရာတွင် တိုးတက်မှုနှုန်းနှေးကွေးနေပြီး ကာကွယ်နိုင်သောရောဂါများဖြင့် ကလေးများစွာ အသက်ဆုံးရှုံးနေရဆဲ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းအသက်ငါးနှစ်အောက်ကလေးသေဆုံးမှုသည် ဆယ်စုနှစ်များစွာပင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေခဲ့သည်။ ကုလသမဂ္ဂ၏ ကြိုးပမ်းအကောင်အထည်ဖော်မှုများကြောင့်  အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂ဝ၂၂ ခုနှစ်နောက်ပိုင်းတွင် ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းကာ ပထမအကြိမ် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း အဆင်းရဲဆုံးမိသားစုများမှ မွေးဖွားလာသောကလေးများသည် အချမ်းသာဆုံးမိသားစုများနှင့်နှိုင်းယှဉ်ပါက အသက်ငါးနှစ်မတိုင်မီ သေဆုံးနိုင်ခြေ နှစ်ဆ၊ ပဋိပက္ခဒဏ်ခံရသော အခြေအနေများတွင်  နေထိုင်သောကလေးများသည်  တခြားနေရာများရှိ ကလေးများထက် ငါးနှစ်မပြည့်မီ သေဆုံးနိုင်ခြေ သုံးဆနီးပါး ပိုများသည်ဟု ကုလသမဂ္ဂကဆိုသည်။

နိုင်ငံတစ်နိုင်ငံ၌ မိခင်သေဆုံးမှုနှုန်း၊ မွေးကင်းစကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းများသည် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများဖြစ်၍ အထူးဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားသည်။ ကိုယ်ဝန်ဆောင်စဉ် မိခင်၏ အာဟာရ၊ မွေးဖွားစဉ်နှင့် မီးတွင်းကာလ ကျန်းမာရေးစောင့်ရှောက်မှုများသည် မွေးကင်းစကလေးတစ်ဦး၏ ကျန်းမာရေးအတွက် အဓိကအဆုံးအဖြတ်ပေးသည့် အကြောင်းတရားများဖြစ်သည်။   ထို့ကြောင့်   ကိုယ်ဝန်ရှိချိန်မှစ၍ စနစ်တကျ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူရန်၊ တတ်ကျွမ်းသူနှင့် မွေးဖွားရန်၊ အခြေခံမွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထောက်အပံ့ပစ္စည်းများ ရရှိရေးတို့မှာ အရေးပါသည့် ကိစ္စရပ်များဖြစ်သည်။

မြန်မာနိုင်ငံနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုအခြေအနေမြန်မာနိုင်ငံ၌လည်း အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် မွေးကင်းစကလေးသေဆုံးမှုနှုန်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအဖြစ် ပါဝင်နေသည်။ ကုလသမဂ္ဂ၏ ၂ဝ၂၂ ခုနှစ် ကလေးသေဆုံးမှုခန့်မှန်းချက်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုကို လျှော့ချရာတွင် ရလဒ်ကောင်းများ ရရှိနေကြောင်း အောက်ပါအတိုင်း တွေ့ရသည်။

- မွေးကင်းစကလေး သေဆုံးမှုနှုန်းအဖြစ် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၃၇ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေး ကလေး ၁ဝဝဝ လျှင် ၂၁ ဦးခန့်သို့လည်းကောင်း၊ - အသက်တစ်နှစ်အောက်ကလေးသေဆုံးမှုနှုန်းအနေဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၆ဝ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၃၂ ဦးခန့်သို့လည်းကောင်း၊ - အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၈၃ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ  လျှင် ၄ဝ ဦးခန့်သို့လည်းကောင်း လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

အသက်ငါးနှစ်အောက်ကလေးအား ပြုစုစောင့်ရှောက်နည်းအသက်ငါးနှစ်အောက်ကလေးတွင် အောက်ဖော်ပြပါ  အထွေထွေအန္တရာယ်လက္ခဏာများအနက်   တစ်ခုခုဖြစ်ပေါ်လာပါက   ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ချင်းသွားရောက်ပြသပါ။

- အရည်မသောက်နိုင်ခြင်း သို့မဟုတ် နို့မစို့နိုင်ခြင်း။

- စားသောက်သမျှအန်ခြင်း။

- တက်ခြင်း (နေမကောင်းစဉ်တွင် တက်ခြင်း သို့မဟုတ် တက်နေခြင်း)။

- မှိန်း၍ နှိုးရခက်ခြင်း သို့မဟုတ် သတိလစ်ခြင်း။

- အထွေထွေအန္တရာယ်လက္ခဏာရှိပါက    ပြင်းထန်သောအခြေအနေတွင်ရှိသဖြင့် အဆိုပါကလေးငယ်အား ဆေးရုံသို့ အရေးပေါ်လွှဲပြောင်းပို့ရန်လိုအပ်သည်။

နေမကောင်းသောကလေးအား ပြုစုစောင့်ရှောက်ခြင်း

- ကလေးကိုယ်ပူခြင်း သို့မဟုတ် အန်ခြင်း သို့မဟုတ် ဝမ်းသွားခြင်းများကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်များ လျော့နည်းသွားသဖြင့် အရည်ပိုတိုက်ရန် လိုအပ်သည်။ (ဥပမာ အသက်ခြောက်လအောက်တွင် မိခင်နို့၊ အသက်ခြောက်လအထက်တွင် မိခင်နို့တိုက်ကျွေးနေပါက မိခင်နို့အပြင် ဆန်ပြုတ်၊ ထမင်းရည်၊ ရိုးရိုးရေ၊ လိုအပ်ပါက ဓာတ်ဆားရည်)။

- အစားအစာကို ပုံမှန်ကျွေးမှသာ ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။

- မိခင်နို့တိုက်နေသော ကလေးအား မိခင်နို့ ဆက်တိုက်ပါ။ ပုံမှန်ထက် အကြိမ်ရေ ပိုတိုက်သင့်ပါသည်။

- ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့နှင့် လတ်ဆတ်သော သစ်သီးဖျော်ရည် စသည်တို့ တိုက်ကျွေးနိုင်သည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်း ပြန်တိုက်ပေးပါ။

- ကျွေးနေကျအစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပျောင်းနူးညံ့သော အစာများဖြစ်ရပါမည်။

- အန္တရာယ်လက္ခဏာများ စောင့်ကြည့်ပါ။

- နောက်ဆက်တွဲပြဿနာများ   မဝင်နိုင်ရန်   နာလန်ထချိန်တွင် စားနေကျထက် တစ်နပ်ပိုကျွေးပါ။  အနည်းဆုံး တစ်ပတ်ခန့်ကျွေးပါ။

ဖျားနေသောကလေးငယ်ကို အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း

- ကလေးငယ်များ နေမကောင်းဖြစ်သည့်အခါ အစာမကျွေးခြင်း၊ အစားအစာလျှော့ကျွေးခြင်းမပြုလုပ်ရပါ။ စားနေကျအစားအစာ အတိုင်း ပုံမှန်ဆက်ကျွေးပါ။

- နို့စို့ကလေးများကို မိခင်နို့ဆက်တိုက်ပါ။ ခြောက်လအထက်ဖြစ်ပါက အရည်ပိုတိုက်ပါ။

- ကိုယ်အပူချိန်များပါက ရေစိုအဝတ် (ရိုးရိုးရေ) ဖြင့် တစ်ကိုယ်လုံးရေဖတ်တိုက်ပေးပါ။

- ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားဝတ်ပေးပါ။

- လေကောင်းလေသန့်ရသော၊ လေဝင်လေထွက်ကောင်းသော နေရာ၌ထားပါ။

- မက်ကလောင် မဖောက်ပါနှင့်။

-နာလန်ထချိန်တွင်   အစားအစာကို  အနည်းဆုံးတစ်ပတ်ခန့် ကျွေးနေကျအကြိမ်ထက် တစ်ကြိမ်ပိုကျွေးရန်လိုပါသည်။

အချုပ်ဆိုရလျှင် ငါးနှစ်အောက်ကလေးများ သေဆုံးခြင်းသည် ကာယကံရှင်မိသားစုတိုင်းအတွက် ဝမ်းနည်းဖွယ်ဖြစ်သကဲ့သို့ နိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းတွက်ချက်ရာတွင်လည်း အရေးကြီးသည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လူတိုင်းလက်လှမ်းမီနိုင်မှု၊  ကျန်းမာရေးဆိုင်ရာ   ရန်ပုံငွေတိုးမြှင့်ရရှိမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ  ပြုစုပျိုးထောင်နိုင်မှုတို့သည် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုကို လျှော့ချရာတွင် အရေးကြီးသည့်အချက်များဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

Photo - Shutter Stock

ပေါက်ပေါက်

လက်ရှိမိုးဦးဝင်ကာလသည် ရာသီတုပ်ကွေးကာလဖြစ်ပြီး သတိပြု ရမည်မှာ ရာသီတုပ်ကွေးအပြင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော နှင့် ကိုဗစ်-၁၉ ရောဂါတို့ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ၌ပထမရက်သတ္တပတ်ဖြစ်သည့်  မေလ ၁၁ ရက်မှ ၁၈ ရက်အတွင်း လူနာ သစ် တစ်ဦးတွေ့ရှိကာ ကူးစက်မှု သုည ဒသမ ၀၄ ရာခိုင်နှုန်း၊ ဒုတိယရက် သတ္တပတ်အတွင်း သုည ဒသမ ၂၂ ရာခိုင်နှုန်း၊ တတိယရက်သတ္တပတ် အတွင်း သုည ဒသမ ၉၆ ရာခိုင်နှုန်း၊ စတုတ္ထရက်သတ္တပတ်အတွင်း  ၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပဉ္စမရက်သတ္တပတ်အတွင်း ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဆဋ္ဌမရက်သတ္တပတ်အတွင်း ၁ ဒသမ ၃၂ ရာခိုင်နှုန်း တဖြည်းဖြည်းကူးစက်မှု တိုးလာသည်မှာ စိုးရိမ်စရာဖြစ်သော်လည်း ယခုအချိန်ထိ  ပြင်းထန်လူနာ၊အထူးကြပ်မတ်ကုသမှုပေးရသောလူနာ၊ သေဆုံးလူနာမရှိသေးကြောင်းသိရသည်။  ကိုဗစ်-၁၉ ရောဂါတစ်ကျော့ပြန်လာသည်ဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံ၌ဖြစ်ပွားသော  ကိုဗစ်-၁၉ မျိုးကွဲ(Nimbus) (NB. 1.8.1)သည် ကူးစက်မှုပြင်းထန်မှု၊ သီးသန့်ခွဲခြားနေရမှု စိုးရိမ်စရာမရှိ နိုင်သောအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါဖြစ်သည်။ရောဂါကူးစက်ဖြစ်ပွားမှုနှင့်သေဆုံးမှုမှာစိုးရိမ်ဖွယ်ရာမရှိသော်လည်းအိမ်နီးချင်း ထိုင်းနိုင်ငံ၌ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်မားပြီး သေဆုံးသူရှိနေ၍ ဂရုစိုက်ရမည်ဖြစ်သည်။  ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာ ဆောင်ရွက်ကြရန် ထုတ်ပြန်ထားရှိမှုများကို ဖော်ပြပေးပါမည်။

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာရှိသူများအနေဖြင့် မိမိမှတခြားသူများသို့ကူးစက်မှု မရှိစေရေးအတွက်လူထူထပ်သောနေရာများသို့   သွားလာခြင်းမှရှောင် ကြဉ်ခြင်း၊ မဖြစ်မနေ သွားရောက် ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိချိန်တွင် နှာချေ၊ ချောင်းဆိုးပါက  လက်ကိုင်ပဝါ၊  တစ်သျှူး၊ တံတောင်ကွေးဖြင့် လုံအောင်အုပ်ရန်၊ နှာချေ၊ ချောင်းဆိုးလက္ခဏာ ပြင်း ထန်ပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက် ပြသ၍  ဆေးကုသမှုခံယူခြင်း၊  တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့်  လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက် ဆေးကြောခြင်း၊ ရေမရပါက လက်သန့်ဆေးရည်ဖြင့် မကြာခဏ စနစ်တကျဆေးကြော ခြင်းများကို     သတိပြုလုပ်ဆောင်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းသည်  ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက် ဖြစ်ပွားခြင်း၊ ရောဂါလက္ခဏာပြင်းထန်မှုနှင့်အသက်ဆုံးရှုံးမှုတို့မှ  ထိရောက်စွာကာကွယ်ပေးသည့် အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့် မားနိုင်မည် မဟုတ်ပေ။

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက  ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားနိုင်သည့်အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဦးစားပေးအစီအစဉ် ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်၍ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း သိရသည်။ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီး ဌာန၏   အင်တာနက်စာမျက်နှာတွင်   ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း  မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)မှ ထုတ်ပြန်ကြေညာထားသည်။

လတ်တလောကိုဗစ်-၁၉ ရောဂါမျိုးကွဲ(Nimbus)(NB.1.8.1)ကူးစက်ဖြစ်ပေါ်နေကြောင်း   ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် အသိပေးထုတ်ပြန်ထား၍  သတိပြုလိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ ကူးစက်မှု မဖြစ်ရန် ကြိုတင်ကာကွယ်ရမည်သာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမျိုးရင်းဖြစ်သည့် Corona Virus သည်ပျောက်ကွယ် သွားခြင်းမရှိဘဲ  ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် HIV/AIDS နှင့်     ဆက်လက် နေထိုင်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါနှင့်   အတူယှဉ်တွဲနေထိုင် ရန်သင်ယူရမည်ဖြစ်ကြောင်း   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ၂၀၂၀ ပြည့်နှစ်   မေလ ၁၄ ရက်က ထုတ်ပြန်ထားသော အသိပေးစကားကို သတိပြုသင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတကာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်  ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီလ  ၃၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားခြင်းကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့  ကိုဗစ်-၁၉ ရောဂါကူးစက်မှု သည် အသွင်ပြောင်းမျိုးဗီဇကွဲများအနေဖြင့် ဆက်လက်တည်ရှိနေဆဲဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးမူကို မိမိတို့အားလုံးတည်ဆောက် ကြရမည်ဖြစ်သည်။    တရားဝင်ကိန်းဂဏန်းများ ရေတွက်ခြင်းကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်မှစတင်၍ ဆက်လက်ရေတွက်ခြင်းမပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း(Delta Wave)တွင် ရောဂါကူးစက် ပျံ့နှံ့မှု နှင့်သေဆုံးမှုများကို အချိန်တိုအတွင်းကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်။သမိုင်းမှတ်တမ်းဝင်သည့်ကာလ ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦးတွေ့ရှိပြီး နောက်ပိုင်း  သေဆုံးခြင်းမရှိခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခုနှစ်ဧပြီလအတွင်းအိမ်နီးချင်းထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် JN1၊  XEC မျိုးကွဲများ ကူးစက်မှုမြင့်မားကာဆေးရုံတက်ရောက်ကုသရမှု၊ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည်  မျိုးဆက်ဟောင်း သို့မဟုတ် မျိုးဆက်သစ်ဖြင့်ကမ္ဘာအနှံ့ခြေဆန့် ခဲ့သည်မှာယခုအခါငါးနှစ်ကျော်ကာလ သို့ရောက်ရှိလာပြီဖြစ်သည်။   မြန်မာနိုင်ငံ၌တွေ့ရသော ကိုဗစ်-၁၉ မျိုးကွဲ(Nimbus)(NB.1.8.1)သည် ရောဂါပြင်းထန်မှုနည်းပါးသော်လည်း ကူးစက်မှုနှုန်း မြန်ဆန်သည့်အတွက် သတိထားစောင့်ကြည့်လျက်ရှိသည်။ အဓိကလက္ခဏာမှာအသက်ရှူလမ်းကြောင်းပြဿနာများဖြစ်သည့်မကြာခဏချမ်းတုန်ဖျားခြင်း၊ချွေးထွက်ခြင်း၊ဆိုးဆိုးရွားရွားလည်ချောင်းနာခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊  ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်းများဖြစ်ပြီး ရောဂါမဖြစ်မီကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သည်။

လူတိုင်း  ကိုဗစ်-၁၉ ရောဂါ  ထပ်ဆင့်မြင့်ကာကွယ်ဆေး(Booster Dose)ထိုးနှံထားသင့်သည်။ ကာကွယ် ဆေးထိုးနှံရာတွင်လည်း ခြောက်လပြည့်လျှင် တစ်ကြိမ်ထိုးနှံသင့်သည်။ လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်သင့်သည်။လူတစ်ဦးနှင့်တစ်ဦး   ၆   ပေခွာနေထိုင်သင့်သည်။ လူစုလူဝေးရှောင်သင့် သည်။ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောသင့်သည်။ ရေမရှိပါ ကလက်သန့်ဆေးရည် အသုံးပြုနိုင်သည်။ ရောဂါလက္ခဏာများတွေ့ရှိပါက စိုးရိမ်သောကမဖြစ်ဘဲမိမိကိုယ်တိုင်ဖြစ်စေ၊မိသားစုတွင်ဖြစ်စေ တွေ့ရှိပါကနီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်စနစ်တကျ စစ်ဆေးကုသမှုခံယူသင့်သည်။

ကိုဗစ်-၁၉ မျိုးကွဲ (Nimbus)(NB .1.8.1)ကူးစက်ခံရပါက  အသက်အန္တရာယ်မရှိသော်လည်း အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး ဆေးဝါးကုသမှုခံယူရမည်ဖြစ်သည်။ ခုခံမှုစနစ်အားနည်းတတ်သည့်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊အသက် ၆၀ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ခုခံအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ၊ HIV/AIDS ရောဂါရှိသူများသည်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဒဏ်ခံကြရမည်မှာအသေအချာပင်ဖြစ်သည်။ ထို့ကြောင့် မိမိနေရပ်များ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသည့်အခါများတွင်မပျက်မကွက်ထိုးနှံကြရန်နှင့်ရောဂါဖြစ်ပါက စနစ်တကျကုသမှုခံယူကြရမည် ဖြစ်ကြောင်းရေးသားလိုက်ရပါ သည်။        ။

 MWD Web Portal

Photo - Yale Medicine

ဒေါက်တာလွင်သန့်

ဝိဇ္ဇာ/သိပ္ပံဘာသာရပ် ပထဝီဝင်

ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးသည် ထူးဆန်း အံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေပြီး ကမ္ဘာ့ရေထု၊ လေထု၊ မြေထုအကြောင်းများကို ကျောင်းသင်ခန်းစာများတွင် သင်ကြားခဲ့ရသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

နိုင်ငံတစ်ခု၏လူဦးရေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊  စီးပွားရေး စသည့်ပညာရပ်များသာမကစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ ရွှေ့ပြောင်း နေထိုင်ခြင်းများ၊ ပထဝီနိုင်ငံရေး စသည့် အကြောင်း အရာတို့အပေါ် လေ့လာသည့်ဘာသာရပ်ကို လူမှုပထဝီဝင်(Human Geography)ဟု ခေါ်ဆိုပြီး ဝိဇ္ဇာဘာသာရပ်အဖြစ်သတ်မှတ်နိုင်သည်။ ကမ္ဘာ့ကုန်းမြေမျက်နှာပြင်၊ရေ၊မြေအမျိုးအစား၊ ရာသီဥတု၊  ဂေဟ စနစ်၊  ကျောက်မြေလွှာလှုပ်ရှားမှုများအကြောင်းကို လေ့လာသည့်ပထဝီဝင်ကို ရူပပထဝီဝင်(Physical Geography)အဖြစ် သတ်မှတ်ထားပြီး သဘာဝသိပ္ပံ၊ဘူမိဗေဒဘာသာရပ်တို့နှင့်လည်း ဆက်နွှယ် လျက်ရှိရာ သိပ္ပံဘာသာရပ်အဖြစ် သတ်မှတ်နိုင်သည်။ မြန်မာနိုင်ငံရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များတွင် ပထဝီဝင်ဘာသာရပ်ကို B. A ဘွဲ့၊ M. A ဘွဲ့၊ Ph.D ဘွဲ့လက်မှတ်တို့   ချီးမြှင့်ပေးလျက်ရှိသည်။ဗြိတိန်၊  အမေရိကန်၊ အိန္ဒိယနှင့် ဩစတြေးလျကဲ့သို့သော နိုင်ငံများတွင် ပထဝီဝင်ဘာသာရပ်ကို မိမိတို့ လေ့လာ ခဲ့သည့် ခေါင်းစဉ်အလိုက်  ဝိဇ္ဇာဘွဲ့/မဟာဝိဇ္ဇာဘွဲ့များအဖြစ်လည်းကောင်း၊ သိပ္ပံဘွဲ့/မဟာသိပ္ပံဘွဲ့များ အဖြစ်လည်းကောင်း ပေးအပ်ချီးမြှင့်လျက်ရှိသည်။

ပထဝီဝင်ဘာသာရပ်သည် သဘာဝသိပ္ပံဘာသာရပ်(Ecology)နှင့် လေ့လာမှုနယ်ပယ်တူညီမှုများ ရှိသော်လည်း မတူကွဲပြားခြားနားသည်။ သဘာဝသိပ္ပံပညာရှင်သို့မဟုတ် ဂေဟဗေဒပညာရှင်များက အနာဂတ်ဖြစ်စဉ်များအပေါ် ခန့်မှန်းတွက်ချက်မှုများပြုလုပ်နေစဉ် ပထဝီဝင်ပညာရှင်များက  မည်သို့ စတင်ကာ မည်သို့ပြောင်းလဲဖြစ်ပေါ်လာကြောင်းကိုဖြေရှင်းနိုင်ရန် စူးစမ်းရှာဖွေကြသည်။ ယေဘုယျ အားဖြင့်ပထဝီဝင်ဘာသာရပ်သည်ကမ္ဘာ့မြေမျက်နှာပြင်အကြောင်းကိုအထူးပြု၍ လေ့လာသောသိပ္ပံ ပညာရပ်ဖြစ်ပေသည်။

အချိန်ဇုန်သတ်မှတ်ခြင်း

ကမ္ဘာ့တောင်ခြမ်းနှင့်မြောက်ခြမ်းကို အီကွေတာမျဉ်းကပိုင်းခြားထားပြီး  အရှေ့နှင့်အနောက်ကို ဂရင်းနစ် မျဉ်းကပိုင်းခြားထားသည်။ ဘရာဇီးနိုင်ငံမက်ကာဘာမြို့ကိုအီကွေတာမျဉ်း တိုက်ရိုက် ဖြတ်သန်း သွားပြီး ဂရင်းနစ်မျဉ်းဖြတ်သန်းရာမြို့သည် ဂါနာနိုင်ငံရှိ တီမာမြို့ဖြစ်ပေသည်။ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံတွင် အချိန်ဇုန် ၁၁ ခုထိကျယ်ပြန့်ပြီး မြန်မာနိုင်ငံတွင် အချိန်ဇုန်တစ်ခုသာရှိသည်။  မြန်မာနိုင်ငံ သည်  (UTC+6:30)  တွင်ရှိသဖြင့် အင်္ဂလန်နိုင်ငံလန်ဒန်မြို့(ဆောင်းရာသီတွင် (UTC+0)ထက် ပျမ်းမျှ အားဖြင့် အချိန် ၆ နာရီ ၃၀ မိနစ်ခန့် စောသည်ဟုမှတ်ယူနိုင်သည်။ နေသည် အရှေ့အရပ်မှထွက်၍ အနောက်အရပ်သို့ဝင်သဖြင့် အာရှတိုက်ရှိနိုင်ငံများ နေကိုအရင်မြင်ရပြီးမှ  ကမ္ဘာ့အနောက်ခြမ်းရှိ ဥရောပတိုက်၊ အမေရိကတိုက်နိုင်ငံများကနောက်မှမြင်ရသည့်သဘောပင်ဖြစ်သည်။

Coordinated Universal Time UTC ၏အဓိပ္ပာယ်မှာ အချိန်နာရီများကိုပုံမှန်လည်ပတ်ရန် ကမ္ဘာ့စံတော် ချိန်အဖြစ်အချိန်အားလုံးကိုအခြေခံထားပြီး Zero ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ဥပမာ အရှေ့ဘက် ရှိအိမ်နီးချင်းထိုင်းနိုင်ငံသည် (UTC+7:00) ရှိသဖြင့် မြန်မာစံတော်ချိန်ထက် မိနစ် ၃၀ စောလျက်ရှိ ပေသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်သည် မွန်းတည့် ၁၂ နာရီဖြစ်ပါက ထိုင်းနိုင်ငံတွင် ၁၂ နာရီ ၃၀ မိနစ် ရှိနေမည်ဖြစ်သည်။

အလုပ်အကိုင်နှင့်အခွင့်အလမ်းများ

မြို့ပြစီမံကိန်း၊ အခြေခံအဆောက်အဦ၊ မြေယာအသုံးပြုမှုစီမံကိန်းများ စသည့်လုပ်ငန်းနယ်ပယ်များ ပါဝင်သည့် အစိုးရရုံး၊ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အခြားအဖွဲ့အစည်းများ(NGO) များတွင် ကျွမ်းကျင်သူ၊ နည်းပညာရှင်များအဖြစ် မိမိတို့လေ့လာခဲ့သည့်ဘာသာရပ်ခွဲ၊  ဒီပလိုမာ၊  ဘွဲ့များအလိုက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည်။ထို့ပြင်ပထဝီနိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူ၊ သုတေသနပညာရှင်၊ သင်ကြားရေးပုဂ္ဂိုလ် စသည့်လုပ်ငန်းနယ်ပယ်များတွင်လည်း အားထုတ်ကြိုးစားမှု နှင့်ကျွမ်းကျင်မှုတို့အလျောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ပထဝီဝင်ဘာသာရပ်သည်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူခြင်းနှင့်လည်း နက်ရှိုင်းစွာဆက်နွှယ်လျက်ရှိသည်။ လူဦးရေစာရင်း ကောက်ယူရန်အတွက် GIS (Geographic Information System)ကိုအသုံးပြုရပြီး ကျေးလက်နှင့်မြို့ပြ ဆိုင်ရာ နယ်နိမိတ်အပိုင်းအခြားကို တိကျစွာရေးဆွဲနိုင်မှသာအမှန်တကယ်လူဦးရေစာရင်းထက်လျော့နည်းစွာကောက်ယူစာရင်းသွင်းမိခြင်း၊ နှစ်ခါကောက်ယူမိခြင်း စသည့်အန္တရာယ်ကြီးများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

မြေပုံရေးဆွဲခြင်း

ပထဝီဝင်အကြောင်းကိုပြောလျှင် မြေပုံရေးဆွဲခြင်းကိုလည်း ချန်လှပ်ထား၍မရနိုင်ပေ။ အကွာအဝေး၊ မြေအနိမ့်အမြင့်တို့ကို တိုင်းတာနိုင်သည့် ဂြိုဟ်တု၊ ဒရုန်းကဲ့သို့သော နည်းပညာရပ်ဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းများကိုအသုံးပြု၍ သိပ္ပံနည်းကျတွက်ချက်ကာ ကမ္ဘာ့မြေမျက်နှာပြင်ကို တိကျစွာမြေပုံထုတ်ရေးဆွဲပါက သိပ္ပံဘာသာရပ်ခွဲတစ်ခုအဖြစ် မြေပုံရေးဆွဲခြင်းကို  သတ်မှတ်နိုင်ပေသည်။  သင်္ချာဆိုင်ရာတွက်ချက်မှုများ၊ Geodesy ဟုခေါ်ဆိုသည့် ကမ္ဘာမြေတိမ်းစောင်းမှု၊ ဆွဲငင်အား နယ်ပယ်၊ ပုံပန်းသဏ္ဌာန်တို့ကို သိပ္ပံနည်းကျတိုင်းတာခြင်းများပါဝင်နိုင်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် မြန်မာနိုင်ငံသည် ၄၀ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး မြောက်လတ္တီကျု ၂၈' ၃၁ ''နှင့် ၉' ၃၂" ကြား၊ အရှေ့လောင်ဂျီကျု ၁၀၁' ၁၀"နှင့် ၉၂' ၁၀" မိနစ်ကြားတို့တွင် တည်ရှိသဖြင့် တောင်မြောက်ရှည်လျားသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံမြေပုံကို UTM(Universal Transverse Mercator)စနစ်ကို အသုံးပြုရေးဆွဲထားခြင်းဖြစ်ပြီး ၁ : ၁ သန်းမှ ၁ : ၅ သန်းအတွင်း ရေးဆွဲလေ့ရှိကြသည်။  ၁ : ၁ သန်းဆိုသည်မှာ မြေပုံတွင် ၁  စင်တီမီတာသည် မြေပြင်တွင် ၁၀ ကီလိုမီတာဖြစ်သည်။ ဥပမာ မြန်မာပြည်မြောက်ဖျားမှ တောင်ဖျားအကွာအဝေးသည် ၂၁၀၀ ကီလိုမီတာဖြစ်သဖြင့် ၁ : ၁ သန်းဖြင့် မြေပုံရေးဆွဲမည်ဆိုပါက အလျား ၂၁၀ စင်တီမီတာ(၇ ပေခန့်) ရှိမည်ဖြစ်သည်။

မြန်မာ့ပထဝီဝင်

မြန်မာနိုင်ငံ၏အရှေ့ဘက်အစွန်းဆုံးတွင် မိုင်းယောင်းမြို့၊အနောက်ဘက်အစွန်းဆုံးတွင် မောင်တောမြို့၊ မြောက်ဘက်အစွန်းဆုံးတွင် ပန်နန်းဒင်မြို့နှင့် တောင်ဘက်အစွန်းဆုံးတွင် ကော့သောင်းမြို့တို့တည်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်၊ လာအိုနယ်စပ်မှ   ရခိုင်ပြည်နယ် အနောက်ဘက် ဘင်္ဂလားပင်လယ်အော်အထိ ၉၂၅ ကီလိုမီတာ (၅၇၅ မိုင်)ကွာဝေးပြီး ကချင်ပြည်နယ်မြောက်ဖျား ဟိမဝန္တာတောင်တန်းများမှ တနင်္သာရီတိုင်းဒေသကြီး မလေး ကျွန်းဆွယ်အထိ ၂၁၀၀ ကီလိုမီတာခန့် (၁၃၀၀ မိုင်)ကွာဝေးသည်။ အကျယ်အဝန်းအားဖြင့်  စတုရန်းမိုင် ၂၆၁၂၂၈ ကျယ်ဝန်းသော  မြန်မာနိုင်ငံသည်  အရှေ့တောင်အာရှနိုင်ငံများတွင်   အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။  မြန်မာနိုင်ငံ၏ မြစ်အများစုသည် မြောက်မှတောင်သို့ စီးဆင်းသော် လည်း မြေမျက်နှာသွင်ပြင်အရ သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊  အတ္ထရံမြစ်၊  ဇော်ဂျီမြစ်၊  မြစ်သာမြစ်၊ တနင်္သာရီမြစ်တို့မှာ တောင်မှမြောက်သို့စီးဆင်းလျက်ရှိသည်။

ပထဝီဝင်ဗဟုသုတတိုးပွားလာပုံလူတို့သည် အရပ်တစ်ပါးသို့ စတင်ခရီးထွက်သည့်အချိန်မှစ၍ ပထဝီဝင် ဗဟုသုတတိုးပွားခဲ့ကြသည်။ ရှေးခေတ်က   ကမ်းခြေအနီးနေထိုင်ကြသော ယဉ်ကျေးမှုမဖွံ့ဖြိုးသေး သည့်လူများသည် တောင်ပေါ်မုဆိုးများထံသွားရောက်၍ ကုန်ပစ္စည်းချင်းဖလှယ်ခဲ့ကြသည်။ ဤသို့ ဖြင့် နေထိုင်ပုံစရိုက်သဘာဝချင်း မတူညီကြသည့်အဖြစ်ကို    သိရှိလာကြသည်။

ဂရိလူမျိုးများသည် ပထဝီဝင်ကို ပထမဆုံးစတင်လေ့လာသူများဖြစ်ပြီး မိမိတို့နေထိုင်ရာပတ်ဝန်းကျင် တောတောင်ရေမြေတို့ကို မြေပုံများရေးဆွဲမှတ်သားခဲ့ကြသည်။ခရစ်တော်မပေါ်မီ ဘီစီ ၂၀၀ ခန့်ကပင် ကမ္ဘာ့အချင်း၊ ဧရိယာတို့ကို တွက်ချက်ခြင်းများရှိခဲ့ပြီဖြစ်သည်။ တစ်နည်း ပထဝီဝင်ဘာသာရပ်သည် လူအများ နယ်ပယ်ဒေသအသစ်များသို့ ခရီးသွားရာမှ ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ပေသည်။

ပထဝီဝင်ဘာသာရပ်၏အရေးပါပုံနိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ထဝီဆိုင်ရာအသိအမြင် လိုအပ် သည့်အပြင် လူမှုစီးပွားဘဝနှင့်ဆက်စပ်လျက်ရှိသည့် သဘာဝအရင်းအမြစ်၊ ဒေသန္တရ ကွာခြားမှုနှင့် လူသားအရင်းအမြစ်အခန်းကဏ္ဍများအပေါ် စူးစိုက်စွာသုတေသနပြုသင့်ပြီး အောက်ပါအချက်များ အပေါ်  ယေဘုယျအားဖြင့်အခြေခံသင့်လှပေသည်-

(၁)နိုင်ငံအတွင်းရှိ မြစ်များ၊ ကမ်းရိုးတန်းဒေသများ၊ တောတောင်၊ လွင်ပြင်များအလိုက် သက်ရောက်နိုင်သည့်သယ်ယူပို့ဆောင်ရေးနှင့်အခြေပြုလုပ်ငန်းများ။

(၂)ရာသီဥတုအခြေအနေ(မိုးခေါင်ခြင်း၊ရေကြီးခြင်းစသည်)၊ သီးနှံအထွက်နှုန်း၊ ရေရရှိနိုင်မှုအခြေအနေ များ။

(၃) သီးနှံအထွက်တိုးစေရေး မြေဆီဩဇာနှင့်  စိုက်ပျိုးမြေအသုံးချနိုင်မှုအခြေအနေများ။

(၄) အစိုးရရုံးဌာနများ၊ လူနေတိုက်တာများ စသည့်  အခြေခံအဆောက်အဦများ မဆောက်လုပ်ခင် မြေပုံ ရေးဆွဲခြင်း၊ ငလျင်ဖြစ်လေ့ဖြစ်ထရှိနိုင်သော ဒေသများကိုပါ ထည့်သွင်းတွက်ချက်ခြင်း။

(၅) ဒေသအလိုက်  သဘာဝတွင်းထွက်ပစ္စည်းထွက်ရှိမှုအခြေအနေ၊ ဆည်မြောင်း၊ အလုပ်ရုံ၊ စက်ရုံများ အတွက် ရေပေးဝေနိုင်မှုအခြေအနေ၊ သောက်သုံးရေရရှိနိုင်မှုအခြေအနေ။

(၆)သစ်တောနှင့်ဇီဝမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊  ခရီးသွားလုပ်ငန်းနှင့် မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များ။

(၇) လူဦးရေတိုးပွားလာခြင်းကြောင့် မြို့ပြလူနေထိုင်မှုသိပ်သည်းလာခြင်းအပေါ် အိမ်ရာချထားပေးနိုင်မှု၊   သယ်ယူပို့ဆောင်ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအခြေအနေများ။

(၈)စိုက်ပျိုးရေးဇုန်၊ စက်မှုကုန်ထုတ်လုပ်ငန်းများအခြေချရာနေရာ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များ(ကုန်း၊ ရေ၊ လေ)နှင့် နိုင်ငံတကာဈေးကွက်အခြေအနေများ။

(၉)ဆက်သွယ်မှုကွန်ရက်အခြေအနေ၊ လျှပ်စစ်မီးပေးဝေနိုင်မှု၊ ပင်လယ်ရေမြင့်တက်မှု၊ မိုးခေါင်ခြင်းနှင့် အကျိုးသက်ရောက်မှုများ။

ထို့ပြင် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရိုးရာယဉ်ကျေးမှု၊ တောတောင်ရေမြေများသည် လည်းခရီးသွားလုပ်ငန်းအောင်မြင်မှုအလားအလာကို ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ UNESCO  အသိအမှတ်ပြု ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှုများ ဖြစ်ပေါ်လာစေရန်အားပေးဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

တိုးတက်ခြင်းလမ်းစ

ပညာရပ်တစ်ခုအစဉ်ဖွံ့ဖြိုးရှင်သန်နိုင်ရန် တစ်ခုတည်းသောလမ်းကြောင်းမှာသုတေသနပြုခြင်းသည် အဓိကဖြစ်သည်။ ၎င်းပညာရပ်များကိုထိရောက်စွာအသုံးချနိုင်မည့်လူသားအရင်းအမြစ်များ ကြွယ်ဝပေါများစေခြင်းသည်နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်တိုးတက်ခြင်းလမ်းစပင်ဖြစ်သည်။မည်သည့်ပညာရပ်မဆိုမှန်ကန်သောနည်းလမ်းဖြင့်အကျိုးရှိစွာအသုံးပြုနိုင်မည်ဆိုပါကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ကောင်းများရရှိစေနိုင်မည်ဖြစ်သဖြင့်ပထဝီဝင်အကြောင်းသိကောင်းစရာ အဖုံဖုံအား ရေးသားတင်ပြလိုက်ရပါသည်။    ။

 MWD Web Portal

Photo- fb

သော်တာစိုး

ယခုအခါ သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့ပြင် သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကိုတာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။ လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့် သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။

လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်

ကမ္ဘာ့နိုင်ငံအသီးသီးသည် လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်ရန်နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေး အစီအစဉ်များလည်း တစိုက်မတ်မတ်ကြိုးစားမှုအဖြစ် သစ်တောပြုန်းတီးမှုပြဿနာကို အဖြေရှာဖွေလျက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး အားထုတ်လျက်ရှိပေသည်။ သစ်တောများကို ကမ္ဘာကြီး၏ အဆုတ်ဟုတင်စားထားသဖြင့် သစ်တောသစ်ပင်များကို လိုအပ်သည်ထက် ပိုမိုမထုတ်ယူကြရန်နှင့် ဆုံးရှုံးသွားသော သစ်တောများ၊ သစ်ပင်များကို ပြန်လည်အစားထိုးစိုက်ပျိုးသွားရန် လိုအပ်သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းမက နားခိုနိုင်သည့် စကားရပ်အတိုင်းသစ်တစ်ပင်၊ ဝါးတစ်ပင်၏တန်ဖိုးကိုသိရှိမှသာ တန်ဖိုးထားနားလည်နိုင်မည်ဖြစ်သည်။ သစ်ပင်သည် မြေဆီလွှာဖြစ်တည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သစ်ပင်များကို တန်ဖိုးထားစိုက်ပျိုးသွားကြရမည်ဖြစ်သည်။

သစ်ပင်များကို မြတ်နိုးတန်ဖိုးထား၍ စိုက်ပျိုးခြင်းသည် လောကကို အလှဆင်ခြင်းဖြစ်ပြီး သစ်ပင်၊ ဝါးပင်၊ ပန်းအလှပင်ဟူသမျှ မျက်စိပသာဒလှပသည်သာမက စိတ်ကြည်နူးမှုကိုပါဖြစ်စေသည်။ ခြံဝင်းထဲတွင် သီးပင်၊ စားပင်များစိုက်ပျိုးခြင်းဓလေ့သည် ကျေးလက်သာမကမြေဧရိယာကျယ်ဝန်း သူတိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည်။ ပျိုးပင်မြေချအမြစ်ခိုင်လာသည့်အချိန်မှစ၍ သစ်ပင်တန်ဖိုးသိရှိခွင့်ရကြသည်။ ပန်းပင်စိုက်ပျိုးလျှင် ဘုရားပန်းကပ်လှူနိုင်ပြီး ခြံဝင်းအတွင်းပန်းရနံ့တို့ မွှေးကြိုင်စေမည်ဖြစ်သည်။ အလားတူသီးပင်စားပင်စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုချောင်ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖေးကူစွမ်းနိုင်ပေသည်။

ရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံးအချိန်ကာလဖြစ်

မိုးတွင်းကာလသည် သစ်ပင်များရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံးအချိန်ကာလဖြစ်ခြင်းကြောင့် မိုးရွာမြေစိုလျှင် မျိုးစေ့ချကြသည်။ အပင်ပေါက်လာသည့်ပျိုးပင်များကို ရှင်သန်အောင် ထိန်းသိမ်းရမည်ဖြစ်သည်။ အဆိုပါသစ်ပင်လေးများ ရှင်သန်ရေးအတွက် မြေနေရာရွေးချယ်သတ်မှတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေတောင်မြှောက်ခြင်း၊ စိုက်ပျိုးပြီးအပင်များရှင်သန်ရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ရလေ့ရှိသည်။ သစ်ပင်များ ရှင်သန်ကြီးထွားမှုဖြစ်စဉ်တွင် အလင်းရောင်နှင့် ရေသည်အဓိကကျသည်။ လောင်းရိပ်ကျသော အပင်များ၊ ချုံနွယ်ပင်တက်နေသော အပင်များသည် လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့်များ ဆုံးရှုံးရလေ့ရှိသည်။ ကိုင်းထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရမည်။ အလင်းဖွင့်ပေးရမည်။ ချုံနွယ်များကို ရှင်းလင်းပေးရမည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးခြင်းသည် သစ်ပင်များရှင်သန်ရန် အကောင်းဆုံးအချိန် ကာလဖြစ်ပေသည်။

နှစ်ရှည်ပင်စိုက်ပျိုးခြင်း လုပ်ငန်းသည် အရိပ်လည်းရ၊ လေကောင်းလေသန့်လည်းရရှိသဖြင့် အကျိုးရှိသော အလုပ်ဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးကြရာတွင် ပင်ကြားတန်းကြား မြေကျင်းစီစီရီရီ၊ ပျိုးပင်ညီညီနှင့် စိုက်ပျိုးကြရမည်ဖြစ်သည်။ သစ်ပင်စိုက်လျှင် စေတနာထည့်၍ စိုက်ပျိုးမှသာ ပိုမိုကောင်းမွန်သည်။ ယေဘုယျအားဖြင့် စိုက်သမျှအပင် ရှင်သန်နိုင်ခြင်းက မသေချာလှပေ။ ရှင်သမျှအပင်များကို ပြုစုပျိုးထောင်ရင်း အနာဂတ်ဘဝလှပရေး သစ်ပင်စိုက်ပျိုးရေးပွဲတော်များ ဆက်လက်ကျင်းပကြရပါမည်။

သာမန်အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းက လွယ်ကူပေသည်။ သို့သော်သစ်ပင်စိုက်ပြီးနောက် ရှင်သန်ကြီးထွားရေးအပိုင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းများ ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်။ သစ်တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေးအတွက် စိုက်ပျိုးမည့်အပင်နှင့် မြေနေရာရွေးချယ်မှုအပိုင်း အလေးထားကြရပါသည်။ သစ်ပင်တစ်ပင်ကို လွယ်လင့်တကူမခုတ်ယူသင့်သကဲ့သို့ မစိုက်ပျိုးမီကပင် ရေရှည်မြော်တွေး စိုက်ပျိုးရမည်ဖြစ်သည်။ အကွာအဝေးနှင့် အတန်းညီညီ၊ အပင်အမျိုးအစားတူတူ စိုက်ပျိုးမှသာ ရေရှည်တည်တံ့လှပသည့် သစ်ပင်အုပ်၊ သစ်တောအုပ်များဖြစ်ပေါ်လာမည်ဖြစ်သည်။

ရည်ရွယ်ချက်များစွာရှိ

သစ်ပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်များစွာရှိသည်။ သစ်ပင်စိုက်ပျိုးခြင်းမှတစ်ဆင့် ရာသီဥတုကောင်းမွန်ရေးအတွက် အထောက်အကူဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို အကျိုးပြုခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေခြင်းတို့ကို ဖြစ်စေသည်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကောင်းစွာအန်တုနိုင်သည်။ လေထုအတွင်းတည်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပြီးနောက် လူနှင့်သက်ရှိတိရစ္ဆာန်များကို အကျိုးပြုစေမည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်စွမ်းရှိသည့် အပြင်သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်း၊ လေကောင်းလေသန့်ထုတ်လုပ်ပေးခြင်း၊ အေးမြသည့်အရိပ်များ ဖန်တီးပေးခြင်းနှင့် ထင်းအဖြစ်သုံးစွဲနိုင်ခြင်းဖြင့် လူသားတို့အတွက် အကျိုးပြုနိုင်စွမ်းရှိပေသည်။ သို့သော် လောင်စာအတွက် သစ်ပင်များကို အဆမတန်ခုတ်လှဲခြင်း၊ ပရိဘောဂနှင့် အိမ်ဆောက်ပစ္စည်းအသုံးပြုရန်အတွက် သစ်ပင်များကို အလုံးအရင်းခုတ်လှဲခြင်းများကို ထိန်းညှိဆောင်ရွက်ကြရပေမည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုကျဆင်းလာခြင်းကြောင့် ယခုအခါ သစ်တောဧရိယာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာကျန်ရှိသည်။ ယခုအခါတစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်း ပြန်လည်ရရှိစေရန်အတွက် အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို လက်ငင်းမရနိုင်သော်လည်း နောင်ဆယ်စုနှစ်တစ်ခုအတွင်း အကျိုးခံစားနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းကြောင့် သစ်ကြီးဝါးကြီး အရိပ်အာဝါသများကို ခံစားကြရသလို မိမိတို့အနေဖြင့်လည်း နောင်လာမည့်သားစဉ်မြေးဆက်ကို မိမိတို့ကဲ့သို့ ခံစားစေလိုသည့် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

သစ်တော စိုက်ကွင်း၊ စိုက်ခင်းများ အစားထိုးဖော်ဆောင်

သစ်ပင်မှရရှိနိုင်သည့် အကျိုးကျေးဇူးများကို တန်ဖိုးသတ်မှတ်ရန် ခက်ခဲလှပါသည်။ အဓိကအားဖြင့် ရာသီဥတုကိုထိန်းညှိပေးနိုင်သည့် လုပ်ဆောင်ချက်ကြောင့် သစ်ပင်စိုက်ပျိုးခြင်းကို လူတိုင်းအားဖြည့်ပါဝင်ကူညီသင့်သည်။ သစ်တောဖုံးလွှမ်းမှု ပြန်လည်အားကောင်းလာစေရေး သစ်တောစိုက်ကွင်း၊ စိုက်ခင်းများ အစားထိုးဖော်ဆောင်ခြင်းသာ အကောင်းဆုံးကုစားမှုတစ်ခုဖြစ်သည်။ သစ်ပင်စိုက်ပျိုးပွဲများတွင်လည်း ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါကဲ့သို့ ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များသည် ဇူလိုင်လ၏ မိုးဖွဲများအောက် မြေပြင်ခြင်း၊ ကျင်းတူးခြင်းများနှင့် သစ်ပင်စိုက်ပျိုးခြင်းများကို တစ်တပ်တစ်အား ပြုလုပ်လျက်ရှိသည်။ ပူပြင်းခြောက်သွေ့သော အခြေအနေမှ စိမ်းလန်းသောကမ္ဘာတစ်ခုဖြစ်ပေါ်ရေး သစ်ပင်စိုက်ပျိုး​နိုင်စွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။ သစ်တောအုပ်များဖြစ်ပေါ်ပါက သက်ရှိသက်မဲ့အားလုံးအတွက် ပင်ပန်းဆင်ရဲခြင်းဒုက္ခမှ အထိုက်အလျောက်သက်သာစေမည်ဖြစ်သည်။ ယခုအချိန်တွင် ရှောင်လွှဲ၍မရသည့် သဘာဝဘေးအန္တရာယ်များမှ စွမ်းနိုင်သမျှ ကာကွယ်နိုင်ရန်အတွက် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုစေသော သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များအလိုက်သော်လည်းကောင်း ပါဝင်စိုက်ပျိုးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

MOI

ထက်ဝေအောင်(စစ်ကိုင်း)