ထိုင်ဝမ်ငါးသလောက် (milkfish) ကို မီးကင်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ အနံ့အရသာပြည့်စုံသော ဟင်းချို ထဲတွင်ဖြစ်စေ စီမံ ထားသော ဟင်းလျာသည် အင်ဒိုနီးရှားစားပွဲများတွင် အဓိက မပါမဖြစ် စားသုံးလေ့ရှိသော အစားအစာ တစ်ခု ဖြစ်သည်။ ၎င်း၏အသားမှာ နူးညံ့ပြီး အရသာမှာ ချိုမြိန်ပါသည်။ သို့သော် အရသာလုံးဝမရှိသည်မှာ ၎င်းငါး၏ ခန္ဓာကိုယ်အတွင်းရှိ မိုက်ခရိုပလတ်စတစ်အမှုန်များ ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ ဂျကာတာ ပင်လယ်အော်မှ နမူနာယူထားသော ငါးများ၏ ၉၄% နီးပါးတွင် ခန္ဓာကိုယ်အတွင်းရှိ ပါးဟက်နှင့် အူများထဲ၌ အဆိပ်ဖြစ်စေသော မိုက်ခရိုပလတ်စတစ်အမှုန် အစအနများ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ထိုအမှုန်အမွှားတစ်ခုစီသည် ၅ မီလီမီတာထက် မပိုကြပေ။
“မိုက်ခရိုပလတ်စတစ်အမှုန်တွေကို ငါးတွေက စုပ်ယူပြီး လူတွေက စားသုံးမိပြီဆိုပါက ဒါဟာ လူ့ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း စုပုံလာမည်ဆိုသည့်သဘောပါ” ဟု အင်ဒိုနီးရှား အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှု အေဂျင်စီ (BRIN) ၏ အကြီးတန်းသုတေသီ Widodo Setiyo Pranowo က သတိပေးပြောကြားခဲ့သည်။
ပလတ်စတစ်အကြီးစားများ ပြိုကွဲပျက်စီးရာမှ မိုက်ခရိုပလတ်စတစ်အမှုန်များ ဖြစ်ပေါ်လာပြီး သဘာဝပတ်ဝန်းကျင်အနှံ့ ကုန်းမြေ၊ ပင်လယ်နှင့် မိမိတို့ရှူရှိုက်နေရသော လေထုထဲအထိ ထိုမမြင်ရသောအမှုန်ငယ်များ စိမ့်ဝင်နေပါသည်။
အင်ဒိုနီးရှားနိုင်ငံသားများသည် မိုက်ခရိုပလတ်စတစ် အမှုန်ကို အများဆုံးထိတွေ့နေရသူများဖြစ်နေပြီး၂၀၂၃ ခုနှစ်က Cornell တက္ကသိုလ်၏ လေ့လာမှုတစ်ခုအရ အင်ဒိုနီးရှားနိုင်ငံသားများသည် တစ်လလျှင် ၁၅ ဂရမ် (ခရက်ဒစ်ကတ် သုံးချပ်စာ) မိုက်ခရိုပလတ်စတစ် အမှုန်များစားသုံးနေကြောင်း တွေ့ရှိခဲ့သည်။ မလေးရှားနိုင်ငံသားများသည် တစ်လလျှင် ၁၂ ဂရမ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံသားများမှာ ၁၁ ဂရမ် စီ စားသုံး နေကြသည်။
အရှေ့တောင်အာရှဒေသသည် ပလတ်စတစ်ညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်နေပြီး ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ သမုဒ္ဒရာထဲသို့ ပလတ်စတစ်ညစ်ညမ်းမှု အများဆုံးထုတ်လွှတ်နေသော နိုင်ငံ ၁၀ နိုင်ငံအနက် ၆ နိုင်ငံမှာ အဆိုပါ ဒေသတွင်ပါဝင်နေသည်။
“အရှေ့တောင်အာရှနိုင်ငံများစွာတွင် ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော အစားအစာများကို အလွန်အမင်း မှီခိုနေရပါသည်” ဟု ဖိလစ်ပိုင် တက္ကသိုလ် (Diliman) မှ ရေနက်ပိုင်းသိပ္ပံပညာရှင် Deo Florence L Onda က ရှင်းပြသည်။ “ပလတ်စတစ် အစ အကြီးများ ပျက်စီးသွားပါက မိုက်ခရို ပလတ်စတစ် အမှုန်များ အစားအစာနှင့် အချိုရည်များထဲ သို့ ရောနှောဝင်ရောက်သွားနိုင်သည်”
သို့သော် အဆိုပါပြဿနာသည် ထုပ်ပိုးမှုထက် ပိုမိုကျယ်ပြန့်နေပြီး Insight အစီအစဉ်က မိုက်ခရို ပလတ်စတစ်အမှုန်များ၏ နေ့စဉ်ဘဝအတွင်းသို့ စိမ့်ဝင်လာပုံ၊ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ကာကွယ်နည်းများကို စုံလင်စွာ ဆန်းစစ်ထားပါသည်။
လွန်ခဲ့သည့်နှစ်က အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုတွင် ဝက်၊ အမဲ၊ ကြက်နှင့် ပင်လယ်စာ ကဲ့သို့သော လူသုံးများသည့် အသားဓာတ် ၁၆ မျိုးတွင် မိုက်ခရိုပလတ်စတစ်များ တွေ့ရှိခဲ့သည်။
သုတေသနပြုချက်များအရ ပင်လယ်စာနမူနာများတွင် အများဆုံးပမာဏ (ပျမ်းမျှနမူနာတစ်ခုလျှင် မိုက်ခရို ပလတ် စတစ် ၁၁.၆ မှုန်) တွေ့ရှိရပြီး၊ အမဲသားနှင့် ကြက်သားတို့တွင် အနည်းဆုံး (ပျမ်းမျှ ၂.၉ မှုန်) သာ တွေ့ရသည်ဟု ဖော်ပြထားသည်။
သိပ္ပံပညာရှင်များက အဆိုပါ တွေ့ရှိချက်သည် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုသည် မိမိတို့၏ အစားအစာ ကွင်းဆက်တစ်လျှောက် မည်မျှကျယ်ပြန့်စွာ ပျံ့နှံ့နေကြောင်း သက်သေပြနေသည်ဟု သတိပေးထားသည်။
ပင်လယ်စာနှင့်ပတ်သက်လျှင် ငါးများသည် ဘက်တီးရီးယားများ ဖုံးလွှမ်းနေသော မိုက်ခရိုပလတ်စတစ်များကို အစာနှင့်မှားပြီး မျိုချမိကြသည်။
“ငါးသေးသေးလေးတွေကို ကြော်စားသည့်အခါ ငါးတစ်ကောင်လုံး စားမိတတ်ပါသည်” ဟု အင်ဒိုနီးရှား တက္ကသိုလ် မှ ရေနက်ပိုင်း ဇီဝဗေဒပါမောက္ခ Mufti Petala Patria က ရှင်းပြသည်။ “ထိုအချက်က ငါး၏ပါးဟက်၊ အစာခြေလမ်းကြောင်းစသည့် ကိုယ်တွင်းအင်္ဂါတွေထဲက မိုက်ခရိုပလတ်စတစ်အမှုန်များပါ မိမိတို့အနေဖြင့် စားမိသွားသည်ဆိုသည့်သဘောပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါအမှုန်အများစုသည် ပုံမှန်စားသုံးကုန်ပစ္စည်းများမှ ဆင်းသက်လာပြီး PET (Polyethylene Terephthalate) ဘူးများ နှင့် ပလတ်စတစ်အိတ်များ အဓိကပါဝင်သည်။
ဥပမာအားဖြင့် PET ပလတ်စတစ်သည် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးယိုယွင်းပြီး သမုဒ္ဒရာလှိုင်းများ၊ ရေအက်စစ်ဓာတ်တို့နှင့် ထိတွေ့ကာ ပိုမိုသေးငယ်သောအမှုန်များအဖြစ် ကွဲထွက်သွားသည်။
ကုလသမဂ္ဂ၏ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အရ သမုဒ္ဒရာ ပလတ်စတစ်ညစ်ညမ်းမှု၏ ၈၀% ခန့်သည် ကုန်းမြေ မှ စတင်ဖြစ်ပေါ်ပြီး တစ်ခါသုံး ပြန်လည်မသုံးစွဲနိုင်သော ပလတ်စတစ် အိတ်ငယ်များ (sachets) သည် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် Greenpeace ၏ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် ပလတ်စတစ်အိတ်ငယ်ပေါင်း ဘီလီယံ ၈၅၅ ခန့် ရောင်းချခဲ့ရပြီး ၎င်းတို့၏ ထက်ဝက်ခန့်မှာ အရှေ့တောင်အာရှတွင် သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။
Ecological Observation and Wetlands Conservation (Ecoton) အဖွဲ့မှ Mohammad Alaika Rahmatullah က “အင်ဒိုနီးရှားနိုင်ငံသားအများအပြားသည် တစ်ခါသုံးပလတ်စတစ်ကို ဦးစားပေး သုံးစွဲကြသည်မှာ ပထမ အချက် က စျေးပေါခြင်း ဒုတိယအချက်က သယ်ဆောင်ရလွယ်ကူခြင်း ကြောင့်ဖြစ်သည်” ဟု ရှင်းပြသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း နေ့စဉ် ပလတ်စတစ် အိတ်ငယ်ပေါင်း ၁၆၄ သန်း သုံးစွဲနေပြီး ၎င်းသည် နိုင်ငံ၏ ပလတ်စတစ် အမှိုက်၏ ၅၂% ခန့်ရှိသည်။
အမှိုက်စွန့်ပစ်မှုဆိုင်ရာ ယဉ်ကျေးမှု အားနည်းခြင်းကလည်း အဆိုပါပြဿနာကို ပိုမိုဆိုးရွားစေပါသည်။ ဂျကာတာ မြို့ရှိ မြစ်ငယ်တစ်ခုအနီးတွင် နေထိုင်သူ အသက် ၅၄ နှစ်အရွယ် Edi က “လူတွေက မြစ်ထဲကို အမှိုက်တွေ အလွယ်တကူ ချပစ်ကြသည်။ တခြားသူက အလွယ်တကူ အမှိုက်ပစ်လိုက်သည်ကို မြင်ပြီး မိမိလည်း အတုယူကာ အဝေးကို သွားမပစ်ချင်တော့သဖြင့် အမှိုက်များကို မြစ်ထဲပဲ ပစ်လိုက်ပါသည်” ဟု ဝန်ခံပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က Ecoton အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၎င်းတို့စစ်ဆေးခဲ့သော အင်ဒိုနီးရှားနိုင်ငံရှိ မြစ် ၆၈ စင်း၏ အနီးတစ်ဝိုက်တွင် မိုက်ခရိုပလတ်စတစ်အမှုန် ညစ်ညမ်းမှုများ ပျံ့နှံ့နေကြောင်း တွေ့ရှိခဲ့သည်။
အထူးသဖြင့် ဘရန်တတ်မြစ်တွင် မိုက်ခရိုပလတ်စတစ် ၁ လီတာလျှင် အမှုန် ၁၀၀ ကျော် ၊ ဘန်ဂါဝမ်ဆန်မြစ်တွင် ၁ လီတာလျှင် အမှုန် ၈၀၀ နီးပါး ၊ မြစ်ကျင်းမြစ်တွင် ၁ လီတာလျှင် အမှုန် ၅၀၀ ခန့် တွေ့ရှိခဲ့ပြီး အဆိုပါ အချက် များသည် အင်ဒိုနီးရှား၏ ပလတ်စတစ်ညစ်ညမ်းမှု အခြေအနေမည်မျှ ဆိုးရွားနေကြောင်း သက်သေပြနေသည်။
Ecoton ၏ အကြီးတန်းသုတေသီ Daru Setyorini က “မြစ်များထဲရှိ မိုက်ခရိုပလတ်စတစ်အမှုန်များသည် နောက်ဆုံးတွင် ပင်လယ်ထဲရောက်ရှိသွားပြီး ရေနေသတ္တဝါများနှင့် လူသားများအတွက် ကြီးမားသော ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်သည်” ဟု သတိပေးပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် ကုမ္ပဏီများ သို့မဟုတ် ရေသန့်စင်စက်ရုံများအား မိုက်ခရိုပလတ်စတစ်အမှုန်များကို ဖယ်ရှားရန် ဥပဒေအရ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း Deo Florence L Onda က ရှင်းပြသည်။ “ရေသန့်စက်ရုံများ၏ စွမ်းဆောင်ရည်ကို မိမိတို့မသိရပါ။ အဓိကအကြောင်းမှာ ၎င်းတို့လိုက်နာရမည့် မူဝါဒမရှိသောကြောင့်ဖြစ်သည်” ဟု ၎င်းက ဆိုသည်။
မြို့ပြဖွံ့ဖြိုးမှုနှင့် ကျယ်ပြန့်လာမှုသည် အမှိုက်စီမံခန့်ခွဲမှု ဝန်ဆောင်မှုများထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေသည်။
Greenpeace Philippines မှ ပညာရှင် Marian Frances Ledesma က “တစ်ခါတရံတွင် မိမိတို့၏ ကျေးရွာများတွင် အမှိုက်ပုံးများ၊ အမှိုက်ပြန်လည်အသုံးပြုရေးစင်တာများ မရှိပါ။ ထို့ကြောင့် ကျေးရွာသားများအတွက် အမှိုက် အမျိုးအစားအလိုက် သင့်လျော်စွာ စွန့်ပစ်နိုင်မည့် နည်းလမ်း မရှိပါ” ဟု ရှင်းပြသည်။
ဂျကာတာမြို့၏ အချို့နေရာများသို့ အမှိုက်ကားများ လွယ်ကူစွာမရောက်ရှိနိုင်ခြင်းကြောင့် ဒေသခံများက အမှိုက်များကို ပတ်ဝန်းကျင်အနီးစွန့်ပစ်ကြသည်ဟု ဆိုသည်။ အင်ဒိုနီးရှား တက္ကသိုလ်မှ ရေနက်ပိုင်းဇီဝဗေဒ ပါမောက္ခ Mufti က သတိပေးသည်မှာ “အမှိုက်ပုံအဖြစ်သတ်မှတ်ထားသော နေရာများတွင် ပလတ်စတစ်အမှိုက်များ စုပုံလာခြင်းသည် အလွန်အန္တရာယ်များပါသည်။ အဆိုပါ ပလတ်စတစ်များမှ ထွက်ပေါ်လာသော အဆိပ်အတောက် ဓာတ်ငွေ့ များနှင့် မိုက်ခရိုပလတ်စတစ်အမှုန်များသည် မြေအောက်ရေထဲသို့ စိမ့်ဝင်ကာ ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပါသည်” ဟု ဆိုသည်။
အချိန်ကြာလာသည်နှင့်အမျှ ပလတ်စတစ်များသည် အမှုန်အမွှားငယ်များအဖြစ် ပြိုကွဲပျက်စီးကာ ပလတ်စတစ် အမှိုက်များသည် တဖြည်းဖြည်းပျက်စီးလာပြီး မိုက်ခရိုပလတ်စတစ်အမှုန်များအဖြစ် မြောင်းများ၊ ချောင်းများ၊ မြစ်များ၊ ပင်လယ်ထဲသို့ စီးဝင်ခြင်း သို့မဟုတ် မြေအောက်ရေထဲသို့ စိမ့်ဝင်နိုင်ကြောင်း မုဖ်တီက ရှင်းပြသည်။
ဂျကာတာ၏ Bantar Gebang အမှိုက်ပုံဧရိယာ၌ လက်ရှိတွင် အမှိုက်ပေါင်း တန်ချိန် ၄၅ သန်း စုပုံနေပြီး မကြာမီ ကာလအတွင်း ပြည့်လျှံလာမည် ဖြစ်သည်။
ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမှိုက်တင်သွင်းမှုများသည် ၎င်းတို့၏ ပြန်လည်အသုံးပြုရေးလုပ်ငန်းများကို ထောက်ပံ့ပေးနေသည်။ သို့သော် အမှိုက်အားလုံးကို ဒုတိယအကြိမ်ပြန်လည် အသုံးမပြုနိုင်ပေ။ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် ယခုနှစ်မှစ၍ ထိုကဲ့သို့သော အမှိုက်တင်သွင်းမှု များကို တားမြစ်ထားသည်။ အင်ဒိုနီးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖိုရမ်၏ လှုပ်ရှားမှုမန်နေဂျာ Abdul Gofar က “တင်သွင်းလာသော အမှိုက်များသည် အသုံးမကျတော့သည့် အကြွင်းအကျန်များဖြစ်ပြီး နေရာတကာတွင် စွန့်ပစ် ခံနေရသည်။ ၎င်းတို့သည် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ရိုက်ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်” ဟု ရှင်းပြသည်။
ကလာရီဇာ ဘာကူဂန်း (၃၅ နှစ်)သည် မိသားစုအတွက် မနီလာမြို့ရှိ “ဟက်ပီလန်း” (ဘီဆာယာ ဘာသာဖြင့် “အမှိုက်ပုံ” ဟု အဓိပ္ပာယ်ရသော ဆင်းရဲနွမ်းပါးရပ်ကွက်) တွင် နေထိုင်လုပ်ကိုင်နေပြီး မိသားစုအတွက် ပြန်လည် အသုံးပြုရေးလုပ်ငန်းများသို့ ရောင်းချရန် ပလတ်စတစ် အမှိုက်များ ကောက်ယူခြင်းသည် အန္တရာယ်များလှသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နေသည်ကို သူမ သိရှိသည်။ “ရုပ်မြင်သံကြားများတွင် ပလတ်စတစ်နှင့် ကစားတာ၊ ကလေးတွေစားသည့် အစားအစာထဲ ပလတ်စတစ်ပါသွားရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မကြာခဏပြကြသည်” ဟု သူမက ရှင်းပြသည်။ “မိမိလည်း စိုးရိမ်မိတာပေါ့။ အဆိပ်သင့်ပစ္စည်းတစ်ခုဆိုရင် ဆေးရုံတက်ရသည်အထိဖြစ်သွားနိုင်သည်”ဟု သူမကဆိုသည်။ ထိုနေရာသည် မနီလာမြို့၏အကြီးမား ဆုံး အမှိုက်စွန့်ပစ်ရာ နေရာတစ်ခုဖြစ်သည်။
နောက်ဆုံးတွေ့ရှိချက်များအရ မိုက်ခရိုပလတ်စတစ်အမှုန်များ နေရာတကာတွင် ရှိနေကြောင်း သိပ္ပံပညာရှင်များ သိရှိ ထားသော်လည်း၊ ယခုအခါမှသာ ၎င်းတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို စတင်နားလည်လာကြသည်။
ဖိလစ်ပိုင် အဆိပ်သင့်မှုဆိုင်ရာ ကျွမ်းကျင်သူ John Paul Ner ကသွေးကြောထဲသို့ ဝင်ရောက်သော အလွန် သေးငယ်သည့် မိုက်ခရိုပလတ်စတစ်အမှုန်များကို ကျောက်ကပ်မှ စစ်ထုတ်နိုင်သော်လည်း ကိုယ်ခံအားစနစ်က ထိုအမှုန်များကို စားသုံးမှုကို အပြည့်အဝမဖယ်ရှားနိုင်ဘဲ ကျန်ရှိနေသောအမှုန်များက အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။
၂၀၂၂ ခုနှစ်က Toxicology ဂျာနယ်တွင် ပါဝင်သော လေ့လာမှုတစ်ခုအရ DNA နှင့် ဗိုင်းရပ်စ်များနှင့် အရွယ်အစား တူသော နာနိုပလတ်စတစ် များသည် ဦးနှောက်ကို အဆိပ်အတောက်များမှ ကာကွယ်ပေးသော အာရုံကြောစနစ် ကို ကာကွယ်ပေးနေသည့် သွေးဦးနှောက်စစ်ထုတ်ခြင်း (blood-brain barrier) ကို ဖြတ်ကျော်နိုင်ကြောင်း၊ အဆိုပါ အတားအဆီးသည် အာဟာရဓာတ်များကိုသာ ဖြတ်သန်းခွင့်ပြုပြီး အဆိပ်အတောက်များကို တားဆီးပေးသည့် ဆဲလ်အမြှေးပါးဖြစ်သည်။
အဆိုပါ တွေ့ရှိချက်များက နာနိုပလတ်စတစ်များ၏ အန္တရာယ်သည် ယခင်ထင်မှတ်ထားသည်ထက် ပိုမို ကြီးမားနိုင်ကြောင်း ဦးနှောက်နှင့် အာရုံကြောစနစ်ကို ရေရှည်တွင် ထိခိုက်စေနိုင်ကြောင်း ပိုမိုနက်ရှိုင်းသော သုတေသနများ လိုအပ်နေကြောင်း ညွှန်းဆိုနေသည်။
တိရစ္ဆာန်များနှင့်ပြုလုပ်သော လေ့လာမှုများကလည်း အလားတူသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် က သုတေသီများသည် မိုက်ခရိုပလတ်စတစ်အမှုန်များနှင့် သုံးပတ်ကြာထိတွေ့ခံရသည့် ကြွက်များတွင် လူသားတို့၏ မှတ်ဉာဏ်ချို့ယွင်းရောဂါ (dementia) နှင့်ဆင်တူသော ဉာဏ်ရည်ကျဆင်းမှုလက္ခဏာများ စတင်ပေါ်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။
နှလုံးနှင့်သွေးကြောစနစ်လည်း အန္တရာယ်မှ ကင်းလွတ်ခြင်းမရှိပေ။ လွန်ခဲ့သောနှစ်က နှလုံးရောဂါ ရှိသူများ၏ သွေးကြောအတွင်း အဆီခဲများကို လေ့လာခဲ့သော သုတေသနတစ်ခုတွင် လူနာ တစ်ဝက်ကျော်၏ အဆီခဲများထဲ၌ မိုက်ခရိုပလတ်စတစ်အမှုန်များ တွေ့ရှိခဲ့သည်။ ထိုလူနာများသည် သွေးကြောထဲတွင် ပလတ်စတစ် ညစ်ညမ်းမှု မရှိသူများထက် နှလုံးရုတ်တရက်ဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ငါးဆနီးပါးပိုများကြောင်း တွေ့ရှိရသည်။
ဘာကူဂန်း၏ ကလေးငယ် ငါးဦးအပါအဝင် (ခန့်မှန်းခြေ လူဦးရေ ၂၀,၀၀၀ မှ ၄၀,၀၀၀ အထိ နေထိုင်သည့် Happyland ရပ်ကွက်တွင်) မိုက်ခရိုပလတ်စတစ်အမှုန်များမှ စိမ့်ထွက်လာသည့် ဓာတု ပစ္စည်းအချို့သည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သုတေသနများက ဖော်ပြထားသည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည်။
လီဒီစမာက ရှင်းပြသည်မှာ ပလတ်စတစ်အမျိုးမျိုးတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၁၆,၀၀၀ ခန့်ရှိပြီး ၎င်းတို့ အနက် ၄,၀၀၀ ကျော်မှာ လူသားများအတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားကြောင်း ထောက်ပြသည်။
အန္တရာယ်ရှိသော်လည်း ဘာကူဂန်းက သူမ၏မိသားစုအတွက် လက်ရှိလုပ်ကိုင်နေသည့် အမှိုက်ကောက်ခြင်းသည်သာ ကလေးများ၏ မုန့်ဖိုးအပါအဝင် နေထိုင်စားသောက်စရိတ်များအတွက် တစ်ခုတည်းသော အသက်မွေး ဝမ်းကျောင်း လုပ်ငန်းဖြစ်ကြောင်း ပြောကြားသည်။
သို့သော်လည်း သူမသည် မိမိ၏ကလေးများအတွက် ပိုမိုကောင်းမွန်သော ဘဝကို မျှော်လင့်နေဆဲဖြစ်ပြီး မက်ထရို မနီလာမှ နေ့စဉ်စွန့်ပစ်သည့် တန် ၁၀,၀၀၀ ကျော်သော အမှိုက်များထဲမှ ပိုမိုရရှိနိုင်မည့် ၎င်းတို့၏လက်ရှိနေရပ်မှ ဝေးဝေးသို့ ရောက်ရှိမည့် ဘဝတစ်ခုကို မျှော်မှန်းထားသည်။ “သူတို့(၎င်း၏သားသမီးများ) ပညာတတ်မြောက်ပြီး ဘဝတိုးတက်လာရင် ဒီကနေထွက်သွားကြမည်ဟု မျှော်လင့်မိပါသည်” ဟု သူမက ဆိုသည်။
ထိုပိုမိုကောင်းမွန်သောဘဝသည် မဝေးတော့ပေ။ ဖိလစ်ပိုင်နိုင်ငံရှိ မြို့များစွာတွင် “အမှိုက်မှ ငွေပြန်အမ်းသည့် အစီအစဉ်” (Trash to Cashback) များ ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်လျက်ရှိပြီး၊ နေထိုင်သူများ အနေဖြင့် ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်များကို အစားအစာနှင့် အခြားလိုအပ်ချက်များအတွက် အသုံး ပြုနိုင်သည့် ငွေအဖြစ် လဲလှယ်နိုင်သည်။
၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ အစီအစဉ်သည် အမှိုက်ပုံများတွင် စုပုံနေသည့် တစ်ခါသုံး ပလတ်စတစ် ပမာဏကို လျှော့ချရန် ရည်ရွယ်သည်။ ယခုအခါတွင် ပလတ်စတစ်အမှိုက် ကီလိုဂရမ် ၃၀၀,၀၀၀ ကျော်ကို စုဆောင်းမိပြီဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံကလည်း ၎င်း၏ပြန်လည်အသုံးပြုရေးစနစ်ကို ချဲ့ထွင်လျက်ရှိပြီး ပလတ်စတစ် အမှိုက်များကို ကျေးရွာအဆင့်စုဆောင်းရေးစင်တာများတွင် အမျိုးအစားခွဲပြီး၊ စက်မှုလုပ်ငန်းများ သို့မဟုတ် ပြန်လည် အသုံးပြု နိုင်ရေးလုပ်ငန်းများက လာရောက်ကောက်ယူမည်ဖြစ်သည်။
“အဆိုပါ စနစ်ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါသည်။ လမ်းညွှန်ချက်များ ပြီးမြောက် ပါက ကျေးရွာ ၇၅,၀၀၀ တွင် အသုံးပြုနိုင်မည်” ဟု အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမှိုက်စီမံခန့်ခွဲမှုဒါရိုက်တာ နိုဗရီဇယ်တာဟာ က ရှင်းပြခဲ့သည်။
“ပလတ်စတစ်ကို ထုတ်လုပ်ပုံ သဘောသဘာဝအရ နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ပြန်လည်အသုံးပြုနိုင်သည်” ဟု လီဒီစမာက ရှင်းပြသည်။
ပြဿနာရင်းမြစ်ကို ဖြေရှင်းရန်အာဏာပိုင်များသည် အရင်းအမြစ်ဘက်သို့ အာရုံစိုက်လာကြပြီး ပလတ်စတစ် ထုတ်လုပ်ပုံနှင့် သုံးစွဲမှုပုံစံကို ပြန်လည်သုံးသပ်လာကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၉ နှစ်ကုန်တွင် တစ်ခါသုံး ပလတ်စတစ်များကို အဆင့်ဆင့်ရပ်စဲနိုင်ရေးဆောင်ရွက်ရန် ကတိပြုထားသည်။ အပြုအမူ ပြောင်းလဲမှုများလည်း စတင်အရှိန်ရလာပြီး ၂၀၂၀ ပြည့်နှစ်တွင် ဂျကာတာမြို့ရှိ စျေးဝယ်စင်တာများ၊ အလွယ်တကူ ဝယ်ယူနိုင်သော ဆိုင်များနှင့် ဈေးများတွင် တစ်ခါသုံးပလတ်စတစ်အိတ်များကို တားမြစ်ပြီးနောက် တစ်နှစ်အတွင်း အိမ်ထောင်စု အဆင့် ပလတ်စတစ်အိတ်သုံးစွဲမှု ၄၂% ကျဆင်းသွားခဲ့သည်။
ထိုဥပဒေများက ထုတ်ကုန်တစ်ခု၏ သက်တမ်းတစ်လျှောက် (စားသုံးသူအသုံးပြုပြီးနောက် အမှိုက်ဖြစ်သည်အထိ) ကုန်ကျစရိတ်အား ထုတ်လုပ်သူများက ကျခံရန် ပြဋ္ဌာန်းထားသည်။
အွန်ဒါ၏ အဆိုအရ ပလတ်စတစ်ပြဿနာသည် ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေပြီး “လူများ ပလတ်စတစ် သုံးစွဲရခြင်းမှာ အစားအစာလိုအပ်ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့ဝယ်ယူနိုင်သည့် အစားအစာများမှာ ပလတ်စတစ် အိတ်ငယ်များဖြင့် ထုပ်ပိုးထားသော အစားအစာများသာ ဖြစ်နေသည်” ဟု ၎င်းက ဆိုသည်။
“ထို့ကြောင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံပြဿနာကို မဖြေရှင်းနိုင်ပါက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်” ဟု ၎င်းက ထပ်လောင်း ရှင်းပြခဲ့သည်။
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
ဇူလိုင် ၆
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အကြီးမားဆုံးသော နိုင်ငံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရ ဖွယ်ရှိသည်ဟု လက်ရှိတွင် သတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲပြုလုပ်ရန် တိတ်တဆိတ် ကြိုးပမ်းနေကြသည်ဟု သတင်းများထွက်ပေါ်လာလျက်ရှိပါသည်။
သတင်းများအရ ရှီကျင့်ဖျင်၏ ကျန်းမာရေးသည် ဆိုးရွားလာနေသည်ဟု သိရပါသည်။ အချို့က သမ္မတ ရှီအနေဖြင့် ရာထူးမှဆင်းပေးခြင်း သို့မဟုတ် ဂုဏ်ထူးဆောင်ရာထူးတစ်ခုကိုသာ ရယူခြင်း ပြုလုပ်ကောင်းပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ဆိုကြပါသည်။ သို့သော် လတ်တလော လူမြင်ကွင်း မှ ပျောက်ကွယ်နေခြင်းသည် အာဏာလွှဲပြောင်းမှုဖြစ်နိုင်ခြေနှင့် ပတ်သက်သည့် ထင်ကြေးပေးမှု များကို ပိုမိုအားကောင်းလာစေလျက်ရှိပါသည်။
ရှီကျင့်ဖျင်သည် အာဏာချုပ်ကိုင်မှု ဆုံးရှုံးနေခြင်းဖြစ်နိုင်ကြောင်း New York Post သတင်းစာမှ ဖော်ပြထားပါသည်။ သမ္မတဟောင်း ဟူကျင်းတောင်နှင့် အခြားထိပ်တန်းခေါင်းဆောင် များသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့်စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးပမ်း မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆမှုများရှိနေပါသည်။
၂၀၂၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီညီလာခံ၌ သမ္မတရှီကျင့်ဖျင်သည် သမ္မတဟောင်း ဖြစ်သူ ဟူကျင်းတောင်အား လူအများရှေ့တွင် ညီလာခံအတွင်းမှ ဆွဲထုတ်၍ အရှက်ရစေအောင် ဆောင်ရွက်ခဲ့ခြင်းရှိပါသည်။ ယခုအခါ သမ္မတ ရှီကျင့်ဖျင်၏ ကျန်းမာရေးချို့ယွင်းမှုနှင့် လာမည့် သြဂုတ်လတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် ဖြစ်လာနိုင်ဖွယ်ရှိသော အပြောင်းအလဲများက ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ များ ဖြစ်လာစေပါသည်။
မကြာသေးမီက ရှီကျင့်ဖျင်နှင့် ရင်းနှီးသော သစ္စာခံစစ်ဗိုလ်ချုပ်ကြီးအချို့သည် ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် ရှင်းလင်းမှုမရှိသည့် အခြေအနေများအောက်တွင် သေဆုံးခဲ့သည်များ ရှိခဲ့ပါသည်။ အဆိုပါ ဗိုလ်ချုပ်ကြီးများ၏ နေရာတွင် အစားထိုးခန့်အပ်ခံရသည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အသစ်များအနေဖြင့်မူ ရှီကျင့်ဖျင်အပေါ် သစ္စာစောင့်သိသူများဟု ယူဆ၍မရပါ။
အဓိကကျသူတစ်ဦးဖြစ်သည့် ကျန်းယိုရှား (Zhang Youxia) သည် ယခင်က ရှီကျင့်ဖျင်နှင့် ရင်းနှီးသူတစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။ လက်ရှိတွင် ကျန်းယိုရှားသည် တရုတ်တပ်မတော်ကို ဦးဆောင်လျက်ရှိပြီး ယင်းက အာဏာချိန်ခွင်လျှာပြောင်းလဲမှု၏ အရိပ်အယောင်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ပြီးခဲ့သည့် လအတွင်း၌ ရှီကျင့်ဖျင်၏ သမ္မတ လုံခြုံရေးအဖွဲ့ဝင်အင်အားကိုလည်း တစ်ဝက်အထိ လျှော့ချခဲ့ ကြောင်း သိရပါသည်။
ရှီကျင့်ဖျင်သည် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းကြားတွင် နှစ်ပတ်နီးပါး လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်ပြီး ထိုကာလအတွင်း နိုင်ငံတကာခေါင်းဆောင်များ ပေကျင်းသို့ လာရောက်လည်ပတ်မှုများ ရှိခဲ့သော်လည်း ရှီကျင့်ဖျင်အနေဖြင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ အခြားသော ပါတီခေါင်းဆောင်များကသာ ဧည့်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ဇွန်လအစောပိုင်း တွင် ရှီကျင့်ဖျင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံရန် ပြန်လည်ပေါ်ထွက်လာခဲ့ သော်လည်း ၎င်း၏ အသွင်အပြင်မှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဝင်စားမှုမရှိသည့်ပုံစံအဖြစ် မြင်တွေ့ခဲ့ ရပါသည်။
အချို့သတင်းများအရ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲများနှင့် ကျန်းယိုရှားတို့သည် ရှီကျင့်ဖျင်၏နေရာကို ဆက်ခံရန်အတွက် ဝမ်ယန် (Wang Yang) ကို ထောက်ခံနိုင်သည်ဟု သိရ ပါသည်။ ဝမ်ယန်သည် ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီမှအငြိမ်းစားယူခဲ့သော ပြုပြင်ပြောင်းလဲရေးလိုလားသူတစ်ဦး ဖြစ်ပါသည်။ ဝမ်ယန်သည် တရုတ်နိုင်ငံ၏ ခေတ်မီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့သူ တိန့်ရှောင်ဖိန် (Deng Xiaoping) မှ မြှောက်စားခြင်းခံခဲ့ရသူဖြစ်ပြီး နည်းပညာတတ်အရာရှိ (technocrat) တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ၎င်းသည် စကားပြောဆိုရာတွင် နူးညံ့သိမ်မွေ့မှုရှိပြီး လွတ်လပ်သောဈေးကွက်ကို ထောက်ခံအားပေးသည့် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ရှုမြင်ခံရလည်းဖြစ်ပါသည်။ ၎င်း၏မူဝါဒများတွင် အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် နိုင်ငံခြားရေးရာများတွင် ထိပ်တိုက်ရင်ဆိုင်မှုနည်းသော ချဉ်းကပ်မှုကို ဦးစားပေး သူဖြစ်ကြောင်း သိရပါသည်။ ဝမ်ယန်သည် ၂၀၂၃ ခုနှစ်တွင် ရာထူးမှ အနားယူရန် ဖိအားပေးခံခဲ့ ရသည်ဟု သတင်းများရှိပါသည်။
ပေးပို့သူ- သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး
ကမ္ဘာကြီးသည် တိုးပွားလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် အသစ်တွေ့ရှိလာသော သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက် လာသည်ကို ရင်ဆိုင်နေရသည်။ ကိုဗစ် -၁၉ ရောဂါသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ သွေးချိုဆီးချိုရောဂါမရှိသောလူနာများတွင် ရေရှည် နောက်ဆက်တွဲပြဿနာတစ်ခုအဖြစ်သွေးချိုဆီးချိုရောဂါအသစ် စတင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ မကြာသေးမီက လေ့လာမှုများ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေ နှစ်ဆနီးပါးတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံး၊ လူမျိုးစုအားလုံးနှင့် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသောသူများတွင်ပင် ဖြစ်ပွားမှုတိုးလာနိုင်သည့်အန္တရာယ်ကို တွေ့လာရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်များစွာကို အခြေခံသော လေ့လာမှုတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများသည်သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပြီး တစ်နှစ်အတွင်း သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုသည် လူပေါင်း ၁၀၀၀ တွင် ၁၃ ဦးမှ ၁၄ ဦးအထိရှိကြောင်း တွေ့ရှိရသည်။ တစ်ကမ္ဘာ လုံးတွင် ပြင်းထန်သော ကိုဗစ်-၁၉ရောဂါ၏အကျိုးဆက်များကို လေ့လာမှုများနှင့် စနစ်တကျပြန်လည်သုံးသပ်မှုများအရ အသစ်စတင် ဖြစ်ပွားသည့် သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ကိုဗစ်- ၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် သုံးလအတွင်းတွင် ပိုများလာ ကြောင်း တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် နောက် ဆက်တွဲဆိုးကျိုးအဖြစ် အသစ်တွေ့ရှိသော သွေးချိုဆီးချိုရောဂါတွင် အမျိုးအစား- ၁ နှင့် အမျိုးအစား-၂ သွေးချိုဆီးချိုနှစ်မျိုးစလုံး ဖြစ်ပေါ် လာစေနိုင်သည်။
သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားခြင်းဆိုသည်မှာ သွေးချိုဆီးချိုရောဂါရာဇဝင်မရှိသူများတွင် သွေးချိုဆီးချိုရောဂါလက္ခဏာများ ပထမ ဆုံးဖြစ်ပေါ်လာခြင်း သို့မဟုတ် သွေးစစ်ဆေး၍ ရောဂါသတ်မှတ်ခြင်း ဖြစ်သည်။ တချို့သောလေ့လာမှုများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရပြီးနောက် သွေးချိုဆီးချိုရောဂါအသစ်စတင်မှုနှင့်ပတ်သက်၍ လက်ရှိ သုံးသပ်ချက်အရ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာ များသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားသောလူနာများနှင့်နှိုင်းယှဉ်ပါက ပထမသုံးလတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါးရှိကြောင်း ပြသခဲ့သည်။
ကိုဗစ်-၁၉ရောဂါ၏သက်ရောက်မှုနှင့် သွေးချိုဆီးချိုရောဂါ
ကိုဗစ်-၁၉ ရောဂါသည် အင်ဆူလင်ထုတ်လုပ်သည့် ပန်ကရိယဘီတာ ဆဲလ်များကို တိုက်ရိုက်ကူးစက်အန္တရာယ်ပြုနိုင်ပြီး အင်ဆူလင်ထုတ် လွှတ်မှုကို လျော့ကျစေသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်တွင် ရောင်ရမ်းတုံ့ပြန်မှုနှင့် နာတာရှည်ရောင်ရမ်းခြင်းသည် ဂလူးကို့စ်ဇီဝဖြစ်ပျက်မှု၊ အင်ဆူလင်ခံနိုင်ရည်ရှိမှုနှင့် ပန်ကရိယဘီတာဆဲလ်များ၏လုပ်ဆောင်မှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်။ စတီးရွိုက်ဆေးများအသုံးပြုခြင်း၊ မျိုးရိုးဗီဇအရထိခိုက် လွယ်သူများတွင် ဘီတာဆဲလ်များပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း၊ အဝလွန်ခြင်း၊ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစုရှိခြင်း၊နာမကျန်းမှု၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကြောင့် သွေးတွင်းသကြားဓာတ် ကိုမြင့်တက်စေနိုင်သည်။ တချို့သောဗိုင်းရပ်စ်များသည် ခန္ဓာကိုယ် တစ်သျှူးများတွင်ရှိနေနိုင်ပြီး သွေးတွင်းသကြားဓာတ်ထိန်းညှိမှုပြဿနာ များကို ဆက်လက်ဖြစ်ပေါ်စေသည်။
ကိုဗစ်-၁၉ ရောဂါအလွန် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအန္တရာယ်အများဆုံးရှိသူများ
ကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါစတင်မှုနှင့် ဆက်နွှယ်သည့် အန္တရာယ်အရှိဆုံးအချက်များမှာ အသက်ကြီးသူများ၊ အဝလွန်သူ များ၊ ပြင်းထန်သောကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး စတီးရွိုက်အသုံးပြုရ ခြင်း၊ အောက်ဆီဂျင်လျော့ကျမှုနှင့် အသက်ရှူစက်တပ်ရသည့်အခြေအနေ များဖြစ်သည်။ ဆေးရုံတက်ရခြင်း သို့မဟုတ် အထူးကြပ်မတ်ကုသဆောင် တွင် ကုသရသူများသည် နောက်ပိုင်းတွင် သွေးချိုဆီးချိုဖြစ်နိုင်ခြေပိုများ သည်။ မိသားစုသွေးချိုဆီးချိုရောဂါရာဇဝင်၊ Metabolic syndrome ခေါ် ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစု၊ မူလရောဂါအခံရှိမှုနှင့် ဆေးလိပ်သောက်သည့်အလေ့အထရှိသူများတွင် ဖြစ်နိုင်ခြေများသည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူတိုင်း သွေးချိုဆီးချိုရောဂါရှိနိုင် သော်လည်း တချို့သောအုပ်စုများ (အသက် ၆၅ နှစ်အထက်၊ လူမည်းတိုင်းရင်းသားနွယ်ဖွားများ၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၃၀ ကျော်ပြီး အဝလွန်သူများ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကိုလက်စထရောများခြင်းကဲ့သို့သော တခြားကျန်းမာရေးအခြေ အနေရှိသူများ)သည် အန္တရာယ်ပိုများသည်။ သွေးချိုဆီးချိုရောဂါဖြစ်နိုင် ခြေအန္တရာယ်ရှိသည့် တချို့သောအခြေအနေများသည် ကာကွယ်ဆေးထိုးခြင်းဖြင့်အန္တရာယ်ကိုလျှော့ချနိုင်သည်ဟုလေ့လာမှုတချို့က အကြံပြုထားသည်။
ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲများကွဲပြားခြားနားသောကြောင့် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအမျိုးမျိုးရှိနိုင်ပြီး ကိုဗစ်-၁၉ ရောဂါ၏ Delta မျိုးကွဲသည် Omicron နှင့်နှိုင်းယှဉ်ပါက သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ Omicron မျိုးကွဲသည် Omicron မဟုတ်သော မျိုးကွဲများနှင့်နှိုင်းယှဉ်ပါက အမျိုးအစား-၂ သွေးချိုဆီးချို ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ကျယ်ပြန့် သောလေ့လာမှုတစ်ခုအရ Omicron အမျိုးအစားကူးစက်ခံရပြီးနောက် သုံးလနှင့်ခြောက်လအတွင်းတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေတိုးလာကြောင်း တွေ့ရှိမှုသည် Omicron မျိုးကွဲ၏ လျင်မြန်စွာပျံ့နှံ့နိုင်စွမ်း၊ ဆဲလ်အချင်းချင်းကူးစက်မှုနှင့် ကိုယ်ခံစွမ်းအား၏တိုက်ထုတ်မှုမှ လွတ်မြောက်ခြင်းတို့ကြောင့် သွေးချိုဆီးချိုရောဂါနှင့် တခြားရောဂါများ၏ အန္တရာယ်ကို ဖြစ်ပေါ်စေသည်။
အမေရိကန်နိုင်ငံမှသုတေသီများ၏၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ရှည်လျားသော ကိုဗစ်- ၁၉ ရောဂါကာလတွင် ဖြစ်ပွားခဲ့သည့် သွေးချို ဆီးချိုရောဂါ၏အန္တရာယ်နှင့် နောက်ဆက်တွဲရောဂါများလေ့လာမှုတွင် အသက် ၁၈ နှစ်အောက်ကလေး ၂ ဒသမ ၅ သန်းကျော်၏ ဒေတာဘေ့စ် များအရ ကိုဗစ်-၁၉ ရောဂါပြန်လည်ကောင်းမွန်ပြီးနောက် သွေးချိုဆီးချို ရောဂါအသစ် ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာလတွင်ဖြစ်သော သွေးချိုဆီးချိုရောဂါအသစ်များ၏ အန္တရာယ်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမပေါ်ပေါက်မီ ကူးစက်ပျံ့နှံ့ နေသော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ခံရသူများ တွင် သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုထက် ပိုများကြောင်း တွေ့ရှိရသည်။
စောင့်ကြည့်ရမည့် ရောဂါလက္ခဏာများ
ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သုံးလမှ ၁၂ လ အတွင်း သွေးချိုဆီးချိုရောဂါလက္ခဏာများကို စစ်ဆေးတွေ့ရှိနိုင်ပါ သည်။ မကြာခဏရေငတ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေး ခြင်း သို့မဟုတ် တချို့လူနာများတွင် သွေးချိုဆိပ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်အလွန်အမင်းမြင့်တက်၍ ရေဓာတ်ခန်းခြောက်ခြင်း ကြောင့် အရေးပေါ်အခြေအနေဖြစ်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သွေးချို ဆီးချိုရောဂါအသစ် စတင်ဖြစ်ပွားသည့်လူနာများသည် သွေးချိုဆီးချို ရောဂါရှိသူ သို့မဟုတ် ယခင်သွေးတွင်းသကြားဓာတ်မြင့်တက်ဖူးသော ကိုဗစ်-၁၉ ရောဂါလူနာများထက် သေဆုံးနိုင်ခြေပိုများကြောင်း သိရ သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူများ တွင် သွေးချိုဆီးချိုရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးပြီး စောစောစီးစီးဖော်ထုတ်ရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ရောဂါအလွန်သွေးချိုဆီးချိုရောဂါမှ ကြိုတင်ကာကွယ်ခြင်း
ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကိုထိန်းသိမ်းပါ၊၊ သွေးချို ဆီးချိုရောဂါအန္တရာယ်ကိုလျှော့ချရန် မျှတသောအစားအစာကိုစားပါ။ တက်ကြွစွာနေထိုင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကျန်းမာသောကိုယ် အလေးချိန်ကို ထိန်းသိမ်းပါ။ အကြိုသွေးချိုရောဂါ သို့မဟုတ် တခြား နာတာရှည်ရောဂါများရှိပါက ကျန်းမာရေးအခြေအနေများ ပိုမိုဆိုးရွားလာမှု သို့မဟုတ် ပြင်းထန်ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး များကို ကာကွယ်ထိန်းချုပ်ရန် အနီးကပ်စောင့်ကြည့်ပြီး အထူးကုဆရာ ဝန်များနှင့်ပြသ၍ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ပါသည်။
နောက်ထပ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကာကွယ်ရန်နည်းလမ်းများ
တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်စေရန်လက်ကိုမကြာခဏဆေး ပါ။ အစာမစားမီ၊ သန့်စင်ခန်းသုံးပြီးနောက်၊ နှာချေ/ချောင်းဆိုးသည့် အခါနှင့်အများသူငါထိုင်သောနေရာများ၌ထိုင်ပြီးနောက်တွင် လက်ကိုဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာပွတ်တိုက်ပြီး သေချာစွာဆေးကြောပါ။ ဆပ်ပြာနှင့်ရေမရရှိနိုင်သောအခါတွင် အနည်း ဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါသော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။ လက်မဆေးဘဲ နှာခေါင်းနှင့်ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ဖြင့်အုပ်ပါ။ တစ်ရှူးများကို စနစ်တကျ စွန့်ပစ်ပြီး လက်ကိုချက်ချင်းဆေးကြောပါ။ လူထူထပ်သောနေရာများသို့သွားခြင်းမှရှောင်ကြဉ်ပြီး မဖြစ်မနေသွားရန်လိုအပ်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ လူစည်ကားသော သို့မဟုတ် လေဝင်လေ ထွက်မကောင်းသောနေရာများကို ရှောင်ကြဉ်ပါ။
ကာကွယ်ဆေးထိုးခြင်းသည် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကိုတားဆီးရာတွင် အထောက်အကူဖြစ်စေပြီး ပြင်းထန်ဖျားနာမှု နှင့် ရေရှည်နောက်ဆက်တွဲပြဿနာများကိုကာကွယ်ရန် အထိရောက် ဆုံးနည်းလမ်းဖြစ်သည်။ အသက်ခြောက်လနှင့်အထက် လူတိုင်းအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးခြင်းသည် တုပ်ကွေးဖြစ်နိုင်ခြေနှင့်တုပ်ကွေးလက္ခဏာများ၏ပြင်းထန်မှုကိုလျှော့ချနိုင်သည်။
ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် နှစ်စဉ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများကို ထိုးထားသင့်သည်။ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ လုံလောက်စွာအိပ်စက်ပါ၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။
အကယ်၍အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကူးစက်ခံရသောလက္ခဏာများ ပေါ်ပေါက်လာပါက အဖျားမရှိသည့်တိုင်အောင် အနည်းဆုံး ၂၄ နာရီအိမ်တွင်နေပြီး တခြားသူများနှင့် ဝေးဝေးနေပါ။ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်သောအခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များကို သတိပြုလိုက်နာဆောင်ရွက်ပါ။
အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအကျိုးသက်ရောက်မှုများ ခံစားခဲ့ရပြီးနောက် ပေါ်ပေါက်လာသောနောက်ဆက်တွဲရောဂါတစ်ခုမှာ ကိုဗစ်-၁၉ ရောဂါ မှ ပြန်လည်ကောင်းမွန်လာပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ်လာနိုင် ခြင်းဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ လူထုအား အသိပညာပေးခြင်းဖြင့် အသိပညာမြှင့်တင်ရန်၊ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များချမှတ်ရန်နှင့် စစ်ဆေးကုသပေးရန်ပြင်ဆင်ထားသင့်ကြောင်း တင်ပြအပ်ပါသည်။
MWD Web Portal
“နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကိုညဉ့်ခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့”
အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏ ဝဏ္ဏပဘာရတုကဗျာမှ ပြစ်မျိုးမှည့်မထင်သော၊ ဖြူစင် ဝင်းပသော၊ ရှုချင်စဖွယ် တင့်တယ်လှပသော၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နေတတ်သောလှမှန်ကင်းဖြစ်သော မိန်းကလေးငယ်၏ပင်ကိုအလှကို ဖွဲ့ဆိုထားသည့်အလှအဖွဲ့ဖြစ်သည်။
အလှဟူသည်
ကျွန်မတို့သည် အလှ၊ အလှအပ၊ အလှတရားဟုဆိုလိုက်ပါလျှင် ယေဘုယျအားဖြင့် မျက်နှာအလှ၊ အသားအရေအလှ၊ ကိုယ်ခန္ဓာအလှ၊ ရုပ်ဆင်းသွင်ပြင်အလှစသည်များကို မြင်မိထင်မိတတ်ကြသည်။ စာပေထဲကအလှဘွဲ့ဟုဆိုပါလျှင်လည်း မောင်တို့မယ်တို့၏ရုပ်ဆင်းရူပကာ အလှအပအဖွဲ့အနွဲ့များကို အောက်မေ့သတိရမိတတ်ကြသည်။
“ဣတ္ထိ ရူပံ ဓနံ”- မိန်းမတို့၏ ဥစ္စာပစ္စည်းသည် အဆင်းဖြစ်သည်ဟူသော ဆိုရိုးစကားသည်လည်း ကျွန်မတို့ပစ်ပယ်၍မရသော၊ မပစ်ပယ်နိုင်သော လောကီဝါဒအလှအယူအဆဖြစ် နေသည်။ မြန်မာ စာပေကို အဖတ်အမှတ်နာလာသောအခါ၊ အလေ့အလာအဆည်းအပူးများလာသောအခါ၊ မြန်မာစာပေ ထဲမှမိန်းမလှများကိုကျွန်မသတိပြုမိလာသည်။
စာပေထဲမှယင်းမိန်းမလှများသည် ပုဂံခေတ်ကျောက်စာများထဲတွင် မြင်ရတွေ့ရထိတွေ့ခံစားရသော အလှူ့အမ ပုဂံသူမိန်းမသားများ၊ အနှစ် ၁၀၀၀ ကြာပြီဖြစ်သော မြန်မာစာပေခရီးလမ်းကြောင်းတွင် စာပေဂီတကဗျာအနုပညာပစ္စည်းများဖန်တီးခဲ့ကြသူ စာပြုစာဆိုသူမိန်းမသားများ၊ ဝတ္ထုကဗျာစသော ရသစာပေများထဲတွင် သက်ဝင်လှုပ်ရှားနေကြသောဇာတ်ဆောင်မိန်းမသားများ စသည်များစွာတို့၏ စာအလှ၊ စိတ်အလှ၊ သဒ္ဓါတရားအလှ၊ ကိုယ်ကျင့်တရားအလှ၊ အချစ်အလွမ်းအလှ၊ အိမ်ထောင်မှုအလှ၊ မိသားစုအလှ၊ လူနေမှုအလှစသောအနှစ်သာရပြည့်ဝသော အဖိုးထိုက်တန်သောအလှများကို ပိုင်စိုးထား သူများဖြစ်ကြသည်။
တောင်တွင်းရှင်ငြိမ်းမယ်
“နှမလေးမယ်တို့မောင်မှာ၊ စစ်သံကြားလျှင် ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်လို့ရှာသည်၊ ရိက္ခာကနည်း မိုးကသည်းသနှင့်၊ သင်းတွဲကိုမှ ကူးနိုင်ပါ့မလားတော်”
ဟူသော စစ်မှာတစ်မူ အိုင်ချင်းမှကဗျာတစ်စကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းကို ဖြတ်သန်းဖူးသူတိုင်း စွဲခဲ့ကြသည်။
စစ်မှာတစ်မူ အိုင်ချင်းကဗျာရှင်ဖြစ်သော ရှင်ငြိမ်းမယ်သည် “ချစ်တဲ့သူငယ်လေ ....... သူငယ်ချင်း ကောင်း ယောက်မတို့လေ”
ဟူ၍ သူငယ်ချင်းအား ရင်းနှီးချစ်ခင်စွာခေါ်ဆိုပြီး ရင်ဖွင့်ခဲ့သော ချစ်စဖွယ်အိုင်ချင်းကဗျာများကို ရေးဖွဲ့ခဲ့ သည့် ညောင်ရမ်းခေတ်ကျေးလက်သူဖြစ်သည်။
သို့ရာတွင် နာမည်ဂုဏ်သတင်းကျော်စောခြင်းမရှိသော၊ ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝခြင်းမရှိသော၊ ရာထူးရာခံကင်းမဲ့သော၊ ကျေးတောသူတစ်ဦးမျှသာဖြစ်သော ရှင်ငြိမ်းမယ်သည် သူ့ခေတ်သူ့အခါက အမှတ်ထင်ထင်မှတ်တမ်းတင်ခံရသောစာဆိုမဖြစ်ခဲ့ရပါချေ။ မွေးဖွားရာဇာတိရွာအမည်၊ မွေးဖွားသောခုနှစ်သက္ကရာဇ်၊ မိဘမည်ရည်၊ ဘဝခရီးပုံရိပ်၊ ကွယ်လွန်သော ခုနှစ်သက္ကရာဇ် အစရှိသောသူမ၏ဘဝအတ္ထုပ္ပတ္တိကိုလည်းမတွေ့ရှိကြရပါချေ။ နောက်နှောင်းလူများအနေဖြင့် ရှင်ငြိမ်းမယ်ကို တောင်တွင်းကြီးနယ်သူ ညောင်ရမ်းခေတ် မြန်မာအမျိုးသမီးတစ်ဦး၊ နှစ်လိုဖွယ် အိုင်ချင်းကဗျာများကို ရေးဖွဲ့သူ ကျေးလက်စာဆိုမယ်တစ်ဦးအဖြစ်သာ တွေ့မြင်သိရှိကြရသည်။
ရှင်ငြိမ်းမယ် ရေးဖွဲ့ခဲ့သောအိုင်ချင်းကဗျာများ ၁၅ ပုဒ်ခန့်တွေ့ရှိရသည်။ မြန်မာသက္ကရာဇ် ၉၀၀ မှ ၁၁၀၀ ဝန်းကျင်အတွင်း ပေါ်ထွက်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းအိုင်ချင်းများကို “ရာပြည့်အိုင်ချင်းများ”ဟု နှောင်းလူတို့က သတ်မှတ်ခေါ်ဆိုကြသည်။ ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ကျေးလက် နေလုလင်ပျိုနှင့်လုံမပျိုတို့၏ချစ်ရေးချစ်ရာများကို ပြုံးချင့်စဖွယ်ကြည်နူးလွမ်းမောဖွယ် ဖွင့်အံသွန်ချ ထားသော အချစ်ရသ၊ အလွမ်းရသကျေးလက်တေးကဗျာများဖြစ်သည်။
အိုင်ချင်းကဗျာ
ပုဂံဝန်ထောက်မင်းဦးတင်က “အိုင်”ဟူသော ဝေါဟာရသည် ကဗျာ၊ အသံ၊ ပြည့်လျှမ်းသော၊ အင်းအိုင် ဟူသော အနက်များရှိကြောင်း ဆိုခဲ့သည်။
ဆုတောင်းခန်းပျို့မှ “နေစိမ့်ကိုင်သို့၊ အိုင်အိုင်ရင့်ကျူး၊ နှလုံးနူးအောင်”ဟူသောအဖွဲ့ မဂ္ဃစိုးခန်းပျို့မှ “ထိုရပ်ပြည်ကား၊ သံကြည်ရိုက်အိုင်၊ မိုးဖြိုင်ဖြိုင်လျှင်၊ မနိုင်မကန်”ဟူသောအဖွဲ့၊ ကဝိလက္ခဏ သတ်ပုံသံပေါက်မှ “ပိုက်ပိုက်ထုပ်ထုပ်၊ ငြင်းလက်ခုပ်၊ စည်းဆုပ်တီးအိုင်အိုင်”ဟူသောသံပေါက်အဖွဲ့ များအရ “အိုင်”သည် အသံကိုဆိုလိုကြောင်း ထင်ရှားလှသည်။
ထို့ပြင် “အိုင်”ဟူသောစကားမှာ သီဆိုရာ၌ အသံတစ်မျိုးကိုဆိုလိုကြောင်း၊ ထိုအသံကို “အိုင်သံ”ဟု ခေါ်ဆိုကြောင်း၊ ဆရာကြီးဦးဖေမောင်တင်ကလည်း “သီဆိုရန်အတွက် စိတ်နှလုံးကြည်နူး စေတတ်သော အသံမျိုးဖြင့် စီစဉ်ဖွဲ့နွဲ့အပ်သောသီချင်းဖြစ်သောကြောင့် “အိုင်ချင်းဟူ၍ခေါ်ဆိုခြင်း ဖြစ်သည်”ဟု အနက်ဖွင့်ခဲ့သည်။
ရှင်ငြိမ်းမယ်နှင့် အိုင်ချင်းကဗျာ
ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ချစ်သူမောင်နှင့်ချစ်သူမယ်တို့၏ အချစ်အလွမ်း၊ မိန်းကလေး ၏ဘဝနှင့်ဘဝဝန်းကျင်ပုံရိပ်များကို ချစ်ဖွယ်၊ သနားဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်၊ သတိမူဖွယ်၊ ဆင်ခြင်ဖွယ်၊ ပြုံးချင်ဖွယ်၊ ရယ်မောချင်စဖွယ်ဖွဲ့ဆိုထားသော တေးကဗျာများဖြစ်သည်။
အိမ်ထောင်ပြုခြင်းကို တစ်သက်မှာတစ်ခါဟုလက်ခံထားကြသော မြန်မာအမျိုးသမီးများသည် လူရည် လူသွေးနုန့်နဲ့သော သာမန်လုလင်ပျိုမျှကို ခင်ပွန်းအဖြစ် မရွေးချယ်ချင်ခဲ့ကြပါချေ။ ဤသဘောကို ပန်ရ မည်ဆိုပါလျှင်လည်း ပင်မြင့်ထက်မှသဇင်ပန်းကိုမှ ပန်လိုသူ၊ လိမ်းရမည်ဆိုလျှင်လည်း ရွှေအဆင်းလို ဝါဝင်းသော နနွင်းတက်ကိုမှ လိမ်းလိုသူ၊ “ကြင်ပါရလို၊ ကြင်ရလျှင်လည်းရေမြေ့သခင်၊ အရှင်စက် ရင်းရွှေတိုက်တော်မှာ၊ စာရင်းသွင်းသည်ခြင်းခြင်းတောက်တဲ့လူ မှသာတဲ့” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ မစဉ်းစားမဆင်ခြင်ဘဲ ချစ်သူရည်းစားထားတတ်သူမဟုတ်ကြောင်း၊ ဘုရင်မင်းမြတ် ၏ရွှေတိုက်တော်တွင် စာရင်းဝင်သော မင်းမှုထမ်းကောင်းမျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်း မိန်းကလေးငယ်၏ ချစ်စိတ်ကူးကို တွေ့မြင်ရသည်။
တကယ်တမ်းချစ်မိသွားသောအခါတွင်မူ ထွေးလေးများက တားဆီးကြသောကြောင့် မတွေ့ရတာ ကြာခဲ့ပြီဖြစ်သောချစ်သူနှင့် တွေ့ရပြန်သောအခါ မယ့်ချစ်သူ လူပုံနွဲ့က“ပဝါရက်သစ်၊ မယ်ကပေး တဲ့ပိုးသေးမဲပါ၊ ခေါင်းပေါင်းပြာလည်မှာရစ်လို့၊ ဖွင့်လှစ်ကယ်မဆိုပခုံးဘယ်တင်၊ မယ့်ကျောပြင်လက်တင် ရပ်လို့၊ မတ်တတ်ကယ်ငိုမောင့်ကိုစိမ်းကား၊ မယ်နှမကဆိုသလား”ဟု စကားနာထိုးလာသောအခါ ယောက်ျားသားဖြစ်ပါလျက် မျက်ရည်ကျနေသောလူပျော့လူနွဲ့ချစ်သူမောင်ကိုပင် စိတ်မပျက်နိုင်ဘဲ “တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေနေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တိုမြင်တိုင်းမုန်းစရာ့ ကုန်းမအိုရေလို ခန်းခြောက်ပါစေသား...” ဟု အဒေါ်များကိုသာ ရန်ထောင်စကားဆိုမိလိုက်ပါတော့သည်။
ယင်းသို့ပင် ဘကြီး ဒေါ်ကြီးများက သဘောမတူ၍ ဝိုင်းဝန်း၍ ဖျက်ကြ၊ တားကြ၊ လှေကားခုံမှာ ဂဠုန် စောင့်၊ လှေကားဦးမှာ ဘီလူးစောင့်၊ ထရံကြားမှာ ဓားသွားထားသည့်ကြားမှ ချိန်းတွေ့ကြသော အခါ.... သူခိုးအမှတ်နှင့် လူလိုက်ခံရသောအခါ ....
“ညီမအထွေး၊ ရွှေတလေးကိုပြေး၍ကြည့်ချေ၊ စေလသောခါအမယ်မမ၊ ကျွန်မခဲအို မြင်ငဲ့ငါတို့၊ ရွာလယ်ကောင်တွင်ခုတင်ကြီးမှာ၊ စောင်းတီးလို့လေး ....”
ဟူ၍ ပူပင်နေသောမိန်းကလေးကိုမှ အားမနာ၊ ရွာလယ်ကောင်ရှိ ကွပ်ပျစ်ခုတင်ပေါ်တွင် စောင်းတီးကာ အေးဆေးသာယာနေသော ချစ်သူမောင်ကို ချစ်စိတ်ဖြင့် အပြစ်မတင်ရက်ခဲ့သူများဖြစ်သည်။
မြန်မာမင်းများအုပ်ချုပ်စဉ်ကာလများတွင် အရေးတော်ပေါ်လေတိုင်း လုလင်တို့သည် စစ်ထွက်ကြ ရသည်။ ချစ်သူမယ်သည် တိုင်းရေးပြည်ရာအတွက် “ရွှေဓားငယ်မှပြိုးပြောင်၊ ရွှေလှံထောင်နှင့်၊ ဝေးခေါင် ရပ်မြေ၊ စစ်ချီရလေတော့သည့်”ချစ်သော စစ်သည်မောင်အတွက် ချစ်စိတ်လွမ်းစိတ်သောကစိတ်တို့ ဖြင့် ပူပန်နေမိသည်။
“စစ်မှာတစ်မူ၊ နှမလေး မယ့်ထက်ဖြူကို၊ ယူမလို့လားတော်၊ စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို၊ ရမလို့လားတော်”ဟူ၍လည်း ထေ့ငေါ့မိသေးသည်။
“မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေ”နိုင်ဖြစ်နေရပါကြောင်း၊ အလွမ်းများကြောင့် ပိုးလောက်လမ်းကဲ့သို့ ကျွမ်းပစ်နေရပါကြောင်းကို “သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ်နှမမှာမှ၊ ကြုံရတယ်ရှင်”ဟု ရင်ဖွင့်ခဲ့သည်။
ချစ်သူထံမှအောင်လေပြီဖြစ်ကြောင်း၊ ဆီမလူးသော ပေဖူးစာနှင့် မှာလိုက်သောအခါတွင်မူ “ဓားကိုသို့ကိုင်၊ လှံကိုသို့နုတ်၊ စစ်မြေပြင်မှာ၊ ဝင်ကာခုတ်”သော မောင်သည် “ဗိုလ်ပေါင်းငယ်မှဝန်းရုံ၊ ရဲမက် ပုံမှာ၊ စိတ်ကုန်အောင် မယ်ချစ်တဲ့၊ မောင်စစ်သည်”ဖြစ်ပါကြောင်း၊ ချစ်သူရဲမက်အတွက် ဂုဏ်ယူ ချစ်ခင်သူလည်းဖြစ်သည်။
ရှေးမြန်မာကြီးများသည် “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးခုချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်တဲ့အမျိုး”ဟူ၍ မြန်မာ့အိမ်ထောင်မှုနှုန်းစံကို ယင်းသို့သတ်မှတ်ကြသည်။ အမေများ၊ အဒေါ်များ၊ အစ်မများသည် သမီးများ၊ တူမများ၊ ညီမများ၏အိမ်ထောင်မှုကိစ္စများတွင် မေတ္တာစေတနာ ထားကြသည်။ ဝိုင်းဝန်းစဉ်းစားပေးတတ်ကြသည်။ မသင့်ဟုယူဆလျှင်လည်း တားမြစ်တတ်ကြသည်။
သင့်လျော်သူများတွေ့လျှင်လည်း ဝိုင်းဝန်းနားချပေးတတ်ကြသည်။ အနာဂတ်ကို မစဉ်းစားချင်သေး သော ကာယကံရှင်လူငယ်များအတွက်မူ တစ်ဖက်သတ်ခံစားမှုများ ပြင်းထန်ကြရစမြဲဖြစ်သည်။
“ကြင်ချင်းငယ်မှရည်တူရှင်လူထွက်သစ်၊ ဆယ့်ခြောက်နှစ်ကယ်ကချစ်တဲ့သူကို၊ ကလူငယ်မှကလဲ ချစ်ဖော်ကွဲရ၊ အသည်းကနာသည်အရီးအေ၊ မိထွေးအေတို့မွှေနှောက်လှာသည်”
“တောင်တစ်ပြင်မှာ ၊ အင်ခွင်ရှိသည့်ဗောဓိတကာ၊ ပိန်ပါးပါးသည်မယားကွာက၊ ရှာရှာဖွေဖွေသုံးခါ ရောက်လို့၊ သုံးခေါက်စေလျှင်မျိုးဆွေလုပ်ခွင်၊ ဝတ်ဖြူထွားနှင့် ပုဏ္ဏားမြင်ဗေဒင်အမယ်မေးမိတယ်”
“ဥစ္စာကိုမက်၊ ဘယ်အတွက်ကြောင့်သမက်ဖို့ကြံ၊ ဟိုလတွင်းကအသွင်းငယ်ခံသည်လူစံအမယ် ရွေးလှ တယ်”ဟူသောရှင်ငြိမ်းမယ်၏ “လူစံအမယ် ရွေးလှတယ်”
အိုင်ချင်းသည် မြန်မာအမျိုးသမီးတို့၏ အိမ်ရာထူထောင်မှုနယ်ပယ်နှင့်မိသားစုဝင်လူကြီးလူငယ်တို့၏ ဝိရောဓိများကို စိတ်ဝင်စားဖွယ်၊ သတိပြုမိဖွယ်၊ ပြုံးချင်ဖွယ်၊ နှစ်သက်ဖွယ် ဖွဲ့ဆိုထားသောအိုင်ချင်း ဖြစ်သည်။
အိုင်ချင်းကဗျာများကို ဖတ်ရှုရသောအခါ တောင်တွင်းရှင်ငြိမ်းမယ်ဟူသော လွန်ခဲ့သောနှစ်ပေါင်း လေးရာခန့်က ကျေးလက်စာဆိုတစ်ဦး၏အိုင်ချင်းကဗျာများသည် မြန်မာအမျိုးသမီးတို့၏ချစ်ခြင်း မေတ္တာကိုတန်ဖိုးထားမှု၊ အိမ်ထောင်ရေး၌ လေးနက်မှု၊ ချစ်သူခင်ပွန်းအပေါ် နက်ရှိုင်းစွာ ချစ်ခင်မှု၊ မိခင်ဖခင်များသာမက ထွေးတော်မိကြီးများကပါ သားသမီးများအပေါ်တာဝန်ယူတတ်မှု၊ နွေးထွေး သော လူမှုဆက်ဆံရေးဝန်းကျင်ရှိမှု အစရှိသော ညောင်ရမ်းခေတ် ကျေးလက်လူ့အဖွဲ့အစည်း၏ ပုံရိပ်များကို ချိုသာပြေပြစ်စွာ၊ ပီပြင်ပေါ်လွင်စွာ၊ လှပစွာ၊ ရသမြောက်စွာ ဖော်ကျူးထားသော သီချင်းကဗျာအလှ များဖြစ်သည်ကို တွေ့ရှိရသည်။
အိုင်ချင်းကဗျာများဖြင့် မြန်မာအမျိုးသမီးများ၏အလှကိုစာပန်းချီခြယ်ခဲ့သော တောင်တွင်းရှင်ငြိမ်း မယ်သည်လည်း “အိုင်ချင်းကဗျာအလှ စာပေရသ”များကို ဖန်တီးနိုင်သော ချစ်ခင်နှစ်သက်ဖွယ် ချီးမြှောက်ဖွယ်ကောင်းလှသော မိန်းမလှတစ်ဦးဖြစ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင် ....။ ။
MWD Web Portal
သစ်အစားထိုးနိုင်သည့်ရွှေစိမ်း
ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ၏ ပေါင်းစပ်တီထွင်လာမှုနှင့် အတူ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo particle Board၊ Bamboo Lumber များ ထုတ်လုပ်သုံးစွဲလာနိုင်ခြင်းကြောင့် သစ်၏နေရာတွင် အစားထိုးအသုံးပြုနိုင်လာသည့် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝ သယံဇာတတစ်မျိုးလည်းဖြစ်လာခြင်း၊ ထို့ပြင် ဝါးထုတ်ကုန်ပစ္စည်းထုတ်လုပ်ရာမှထွက်ရှိလာသည့် ဝါးအပိုင်းအစများမှ ဘေးထွက်ပစ္စည်းထုတ်ကုန်အဖြစ် ဝါးမီးသွေးထုတ်လုပ်ခြင်း၊ ဝါးအချဉ်ရည်မှ လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများ၊ ဝါးအမျှင်မှ အဝတ်အထည်များ စသည့်ဝါးထုတ်ကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်နိုင်သည်။ ဝါးအခြေခံထုတ်ကုန်လုပ်ငန်းများ ယခုထက်ပိုမိုတွင်တွင်ကျယ်ကျယ် ထွန်းကားလာမည်ဆိုပါက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ရရှိလာနိုင်ခြင်းတို့ကြောင့် ယခုအခါ ဝါးကို “ရွှေစိမ်း” ဟူ၍လည်း တင်စားခေါ်ဝေါ်လာခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များ
ဤကဲ့သို့အရေးပါသည့် သစ်မဟုတ်သည့် အခြားသစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဝါးသယံဇာတ အရင်းအမြစ်အားလေ့လာကြည့်ပါက ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် ၁၂၅၀ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသဖြင့် ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ၈ ရာခိုင်နှုန်းခန့်သည် နိုင်ငံတစ်ဝန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိကြောင်းတွေ့ရှိရသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်အဖွဲ့အစည်း (International Bamboo and Rattan Organization-INBAR) ၏ စံသတ်မှတ်ချက်များဖြစ်သည့် ကျယ်ပြန့်စွာပျံ့နှံ့ ပေါက်ရောက်မှု၊ မျိုးပွားခြင်းနှင့်စိုက်ပျိုးရန် နည်းလမ်းရှိမှု၊ ဘက်စုံအသုံးချနိုင်မှု၊ ဈေးကွက်ဝင်မှုစသည့် စံသတ်မှတ်ချက်များအရ မြန်မာနိုင်ငံရှိ ဝါးမျိုး ၁၀၂ မျိုး အနက် ဖော်ပြပါဝါးမျိုးစိတ် ၁၈ မျိုးအား စီးပွားရေးအသုံးဝင်ဝါးမျိုးစိတ်များအဖြစ် မှတ်တမ်းတင်ထားသည်ကိုလေ့လာတွေ့ရှိရသည်-
ဝါးပေါက်ရောက်ပုံသဘာဝ
ဝါးပင်နှင့်ပတ်သက်သည့် ပင်ပိုင်းဖွဲ့စည်းပုံဆိုင်ရာ ရုက္ခဗေဒသွင်ပြင်လက္ခဏာအခြေခံအချက် အလက် များ၊ ပေါက်ရောက်ပုံအလေ့အထ၊ ကြီးထွားရှင်သန်ပုံ အစရှိသည့်အကြောင်းအရာများကို လေ့လာသိရှိ နားလည်ထားခြင်းဖြင့် ဝါးမျိုးများပျိုးထောင်စိုက်ပျိုးခြင်း၊ ဝါးစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝ ဝါးတောများ ထာဝစဉ်ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
မိုးရေချိန်၊ အပူချိန်၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်နှင့် မြေဆီလွှာအနေအထားပေါ်မူတည်၍ ကွဲပြားသောဝါးမျိုးစိတ်များ ရှင်သန်ပေါက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ဝါးကောင်းမွန်စွာ ပေါက်ရောက်နိုင်သည့် သဘာဝပတ်ဝန်းကျင်အခြေအနေများမှာ အပူချိန် ၈ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ် လိုအပ်ပြီး မိုးရေချိန်အနည်းဆုံး ၃၉ လက်မရှိရန်လိုအပ်သည်။ စိုထိုင်းဆများရန်လည်း လိုအပ်သည်။ များသောအားဖြင့် မိုးရေချိန် ၄၇ လက်မ မှ ၁၅၇ လက်မအတွင်းရှိ ဒေသများတွင်လည်း သဘာဝအလျောက် ဝါးပေါက်ရောက်လေ့ရှိသည်။ ဝါးပေါက်ရောက်မှုကောင်းသည့် မြေအမျိုးအစားမှာ မြေချဉ်ငန်ဓာတ် (pH ၆ ဒသမ ၅-၇) ရှိ အချဉ်ဓာတ်အနည်းငယ်ရှိသော သဲဆန်သည့်နုန်းမြေမျိုးဖြစ်သည်။ အဆိုပါမြေမျိုးသည် ရေစီးရေလာကောင်းမွန်သည့်အပြင် အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်ပြီး ဝါး အတွက်လိုအပ်သည့် အာဟာရနှင့်ပြည့်စုံသောမြေလည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ဝါးပေါက်ရောက်မှုကိုလေ့လာကြည့်ပါက သစ်တောများအတွင်း ဝါးသည် သစ်တော သစ်ပင်များအောက်တွင် အောက်ခံပင်များအဖြစ်လည်းကောင်း၊ သစ်တောသစ်ပင်များနှင့် မိတ်ဖက် အပင်အနေဖြင့်လည်းကောင်း ပေါက်ရောက်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များအလင်းပွင့် သွားပါက ထိုနေရာတွင် သဘာဝအလျောက် ဝါးများတိုးချဲ့ဝင်ရောက်ပေါက်ရောက်ကြသည်။ ရွက်ပြတ် ရောနှောတော၊ တောစိုများတွင် အထူးသဖြင့် တနင်္သာရီနှင့် ရခိုင်ရိုးမရှိ သစ်တောများတွင် ကရင်ဝါး မျိုးများ တစ်ဆက်တစ်စပ်တည်း ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ကြပြီး သစ်တောသစ်ပင်များ လျော့နည်းသွားပါက ထိုနေရာများတွင် ထူထပ်စွာအစားထိုးဝင်ရောက်ပေါက်ရောက်တတ်ကြသည်။ ရွက်ပြတ်ရောနှောတောများတွင် ကြသောင်း၊ မြင်၊ တင်း၊ ဝါးဖြူတို့သည် ကျွန်း၊ ပျဉ်းကတိုးကဲ့သို့သော တန်ဖိုးရှိအပင်ကြီးမျိုးများနှင့် ကောင်းမွန်စွာရောနှောပေါက်ရောက်လျက်ရှိတတ်သည်။
ဝါးပင်၏အစိတ်အပိုင်းများ
ဝါးရုံတစ်ရုံ၌ နှစ်ချင်းပေါက်တစ်နှစ်သားဝါးကို ဝါးနုဟူ၍လည်းကောင်း၊ နှစ်နှစ်သားဝါးကို တညင်ဝါး ဟူ၍လည်းကောင်း၊ သုံးနှစ်နှင့်အထက်ဝါးများကို ဝါးရင့်ဟူ၍လည်းကောင်း ဝါးလုံး၏သက်တမ်းပေါ်မူ တည်၍ သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဝါးရုံတစ်ရုံတွင် မြေအောက်ပင်စည်အဖွဲ့ အစည်းနှင့် မြေပေါ်ပင်ပိုင်း အဖွဲ့အစည်းဟူ၍ နှစ်ပိုင်းခွဲခြားလေ့လာနိုင်မည်ဖြစ်သည်။
ဝါးပေါက်ရောက်ပုံသဘာဝ၊ရာသီဥတုအပိုင်းအခြား(အပူပိုင်း၊ နွေးသမပိုင်း၊ သမပိုင်း) ပေါ်မူတည်၍ ဝါး ပေါက်ရောက်ပုံအား သုံးမျိုးခွဲခြားလေ့လာနိုင်သည်။
ယင်းတို့မှာ-
(က) တစ်ပင်ချင်းပေါက်သောဝါးအမျိုးအစား
( ခ ) အစုလိုက်အရုံလိုက်ပေါက်သောဝါးအမျိုးအစားနှင့်
(ဂ ) အထက်ပါအုပ်စုနှစ်စုစပ်ဝါးအမျိုးအစား ဟူ၍လေ့လာနိုင်မည်ဖြစ်သည်။
တစ်ပင်ချင်းပေါက်သောဝါးအမျိုးအစား
တစ်ပင်ချင်းစီပေါက်သော ဝါးအမျိုးအစားတွင် ရှည်လျားသော မြေအောက်ပင်စည်ရှိသည်။ မိခင်မြေ အောက်ပင်စည်၏အဆစ်များရှိ ဘေးဖူးမှဖြစ်ပေါ်လာသော မြေလျှောက်ပင်စည်အသစ်သည် မြေကြီး အတွင်း မြေပြင်ညီအနေအထားအတိုင်း အတော်အတန် အကွာအဝေးထိ လျှောက်သွားကာ မြေပေါ်သို့ အပင်သစ်တစ်ပင်(မျှစ်)အဖြစ် ရှင်သန်ပေါက်ရောက်လေ့ရှိသည်။ ဤကဲ့သို့ မိခင်ဝါးပင်၏ ရှည်လျားသော မြေလျှောက်ပင်စည်မှ အပင်သစ်တစ်ပင်(မျှစ်)ဖြစ်ပေါ်လာခြင်းကြောင့် ဝါးပင်များသည် ခပ်ကျဲကျဲအနေ အထားဖြင့် တစ်ပင်ချင်းပေါက်ရောက်နေသကဲ့သို့ဖြစ်နေသည်။ တစ်ပင်ချင်းပေါက်သောဝါးမျိုးများကို သဘာဝအလျောက် ကမ္ဘာ့အအေးပိုင်းဒေသနှင့် နွေးသမပိုင်းဒေသများဖြစ်သည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ တွင် အများဆုံးတွေ့ရှိနိုင်သည်။ တစ်ပင်ချင်းပေါက်သော ဝါးမျိုးများတွင် ထင်ရှားသောဝါးမျိုးစိတ်မှာ Phyllostachys pubescens ဖြစ်ပြီး (Moso Bamboo)ဟုထင်ရှားသည်။
အစုလိုက်အရုံလိုက်ပေါက်သောဝါးမျိုး (Sympodial Type of Bamboo)
ဤဝါးမျိုးတွင် တိုတောင်းသော မြေအောက်ပင်စည်ရှိသည်။ မြေအောက်ပင်စည်၏ အဆစ်များရှိဘေး ဖူးမှမိခင်အပင်၏အနီးသို့မဟုတ်ဘေးဘက်တွင်ကပ်လျက်မြေအောက်ပင်စည်အသစ်တစ်ခုထပ်မံဖွံ့ဖြိုးလာပြီး မျိုးပွားသောကြောင့် အစုလိုက်သဘောဖြင့် ပေါက်ရောက်လာခြင်းဖြစ်သည်။ အစုလိုက်ပေါက် သောဝါးမျိုးများကိုအပူပိုင်းဒေသဖြစ်သည့် မြန်မာ၊ အိန္ဒိယ စသည့်နိုင်ငံတို့တွင်တွေ့ရှိနိုင်သည်။ အပူပိုင်း ဒေသတွင် ပေါက်ရောက်သည့် အစုလိုက်အရုံလိုက်ပေါက်သော ဝါးမျိုးတို့၏ ကြီးထွားမှုသည် နေ၊ ရေနှင့် အပူချိန်ကောင်းစွာရရှိမှုကြောင့် အကြီးမြန်စွာပေါက်ရောက်တတ်သည်။
အထက်ပါအုပ်စုနှစ်စုစပ်ဝါးမျိုး
ဤဝါးအမျိုးအစားတွင် မတိုလွန်းမရှည်လွန်းသော မြေအောက်ပင်စည်ရှိသည်။ မိခင်မြေအောက်ပင်စည် ၏ ဘေးဖူးမှဖြစ်ပေါ်လာသော မြေလျှောက်ပင်စည်အသစ်သည် မြေကြီးအတွင်း မြေပြင်ညီအနေအထား အတိုင်း မြေလျှောက်နိုင်ပြီး အပင်သစ်တစ်ပင်အဖြစ် မျိုးပွားနိုင်သည်။
ဤကဲ့သို့ မိခင်ဝါးပင်၏ မြေလျှောက်ပင်စည်မှ အပင်သစ်တစ်ပင်ဖြစ်ပေါ်လာခြင်းကြောင့် ဝါးပင်များ သည် ကျပ်ညပ်၍မနေဘဲ ခပ်ကျဲကျဲအနေအထားဖြင့် ပေါက်ရောက်လေ့ရှိသည်။ Melouccana baccifera ခေါ် ကရင်ဝါးမျိုးသည် ဤအုပ်စုဝင်ဝါးမျိုးဖြစ်သည်။
မျှစ်စတင်ဖြစ်ထွန်းပွားများခြင်းနှင့် ဝါးပင်သစ်အဖြစ် ဆက်လက်ကြီးထွားခြင်း
မြန်မာနိုင်ငံတွင် မုတ်သုံရာသီ မိုးဦးကာလအစ မေလနှင့်ဇွန်လတို့တွင် မိခင်ဝါးရုံပင်၏မြေအောက်ပင် စည် အမြစ်ဆုံများမှ ဝါးပင်သစ်ကိုဖြစ်ပေါ်စေမည့် မျှစ်အဖြစ်ထိုးထွက်လာကြကာ ဝါးပင်သစ် တစ်ပင်အဖြစ်ပွားများကြသည်။ ဝါးပင်အသစ်သည် မိုးနှောင်းကာလ နိုဝင်ဘာလအထိဆက်တိုက် ကြီးထွားဖွံ့ဖြိုးကာ သန်မာသောဝါးပင်တစ်ပင်အဖြစ် ရှင်သန်ပွားများကြသည်။ ဝါးပင်အသစ်သည် များသောအားဖြင့် တစ်နှစ်သားအရွယ် မိခင်ဝါးပင်၏ မြေအောက်ပင်စည်ရှိ အသန်မာဆုံးသော ဘေးဖူးမှ ကြီးထွားပွားများလာခြင်းကြောင့် ဝါးရုံရှိ တစ်နှစ်သားဝါးနုများကိုထိန်းသိမ်းရန်လိုအပ်သည်။ ဝါးမျိုးအလိုက်ရှိသင့်သည့် ဝါးပင်တစ်ပင် (ဝါးလုံးတစ်လုံး) ၏ အမြင့်နှင့်လုံး ပတ်ကြီးထွားရန်အတွက် ငါးလမှ ခြောက်လခန့်ကြာမြင့်တတ်သည်။ ကြီးထွားရာသီကုန်ဆုံးသည်နှင့် ဝါးသည်အမြင့်နှင့်လုံးပတ်များ ဆက်လက်ကြီးထွားလာခြင်းမရှိတော့သော်လည်း ဝါးပင်ဝါးလုံးတောင့် တင်းရင့်သန်မှုအတွက် ဆက်လက်ဖွံ့ဖြိုးကြသည်။
ဝါးရုံ၏ မြေပေါ်ပိုင်းကြီးထွားရာသီတွင် မျှစ်သည် ဝါးအမျိုးအစားကိုလိုက်၍ တစ်နေ့လျှင် အမြင့် ၁ ပေ မှ ၄ ပေ အထိ ကြီးထွားနှုန်းရှိသည်။ အအေးပိုင်းဒေသတွင်ပေါက်သော မိုဆိုဝါးမျိုး၏ အမြင့်ကြီး ထွားဖွံ့ဖြိုးမှုသည် တစ်ရက်လျှင် ၄ ပေ ခန့်ရှိကြောင်း လေ့လာသိရှိရသည်။ အပူပိုင်းဒေသတွင် ပေါက်ရောက်သော ဝါးမျိုးများ၏ တစ်ရက်လျှင် ပျမ်းမျှအမြင့်ပေအားဖြင့် ကရင်ဝါးတွင် ၁ ပေ ၆ လက်မ ခန့်၊ ဝါးနက်တွင် ၂ ပေ ၁ လက်မခန့်၊ ကြခတ်ဝါးတွင် ၁ ပေ ၆ လက်မ ခန့်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
ဝါးရုံဖြစ်ထွန်းခြင်း
နှစ်စဉ်ပွားများလာသော ဝါးပင်သစ်များသည် မိခင်ဝါးပင်များ၏ ဘေးအပြင်ပတ်လည်မှ တိုးပွား လာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် ဝါးပင်များပွားများလာကာ ဝါးရုံတစ်ရုံအဖြစ် ရှင်သန်ကြီးထွား လာကြသည်။ ဝါးရုံတစ်ရုံအဖြစ် ဖွဲ့စည်းလာပါက အသက်ရင့်သော ဝါးများသည် အတွင်းဘက်တွင် တည်ရှိနေပြီး အသက်နုသော ဝါးပင်များက အပြင်ဘက်ဆုံးတွင် ဝိုင်းပတ်ထားသည့် သဘောရှိသည်။ မိမိခုတ်ယူလိုသည့် ဝါးရင့်များသည် ဝါးရုံ၏အလယ်တွင် များသောအားဖြင့် တည်ရှိနေခြင်းကြောင့် ဝါးများစနစ်တကျခုတ်ယူရာတွင် ဤအချက်ကို သိရှိထားသင့်သည်။ ဝါးရုံများရှိ ဝါးရင့်များအား နှစ်စဉ် အချိုးကျခုတ်ယူသင့်သလို ရွေးချယ်ခုတ်လှဲသည့်စနစ်ကို ကျင့်သုံးနိုင်ပါက အရည်အသွေးကောင်းမွန် သည့် ဝါးသယံဇာတအရင်းအမြစ်များကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ဝါးရုံများမှ ဝါးရင့်များအား နှစ်စဉ် သို့မဟုတ် သင့်တင့်သည့် ခုတ်ပတ်ထား၍ ခုတ်ယူခြင်းမရှိပါက တစ်နှစ်ထက်တစ် နှစ် ဝါးပင်သစ်များလည်း ပွားများလာခြင်းကြောင့် ဝါးရုံရှိဝါးများ တဖြည်းဖြည်း ကျပ်လာကာ ဝါးရုံ၏အရည်အသွေးရော အရေအတွက်ပါကျဆင်းလာနိုင်သည်။ ဝါးလုံးများကျပ်ညပ်နေသည့် ဝါးရုံများ ကို ပုံမှန်ခုတ်ထွင်မှုမပေးပါက ဝါး၏မူလအရည်အသွေးများ ဆုတ်ယုတ်လာတတ်သဖြင့် ထိုသို့သော ဝါးရုံများကို ပြုပြင်မှုပေး၍ ခုတ်ယူသင့်သည်။
ဝါးရုံတစ်ရုံ၏ သက်တမ်းမှာ မြေအောက်ပင်စည် အဖွဲ့အစည်းပေါ်တွင်သာတည်မှီပြီး မြေပေါ်ပင်စည် (ဝါးပင်)၏ သက်တမ်းမှာ ထွက်ရှိလာသည့် နှစ်အပိုင်းအခြားပေါ်တွင် မူတည်လျက်ရှိသည်။ ဝါးရုံတစ်ရုံ တွင် အသက်အားဖြင့်ခြားနားသော ဝါးပင်များနှင့်ဖွဲ့စည်းထားသည်။ ဥပမာ - တစ်နှစ်သားဝါး(ဝါးနု)၊ နှစ်နှစ်သားဝါး (တညင်)နှင့် သုံးနှစ်သားနှင့်အထက်ဝါးဟူ၍ သက်တမ်းအရ ခွဲခြားလေ့လာနိုင်သည်။ ဝါးရုံတစ်ရုံ၌ ဝါးလုံး၏သက်တမ်းပေါ်မူတည်၍ နှစ်ချင်းပေါက်တစ်နှစ်သားဝါးကို ဝါးနုဟူ၍လည်းကောင်း၊ နှစ်နှစ်သားဝါးကို တညင်ဝါးဟူ၍လည်းကောင်း၊ သုံးနှစ်နှင့်အထက်ဝါးများကို ဝါးရင့်ဟူ၍လည်းကောင်း သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြသည်။
ဝါးသုဉ်းခြင်း (ဝါးသီးပွင့်ခြင်း)
ဝါးပင်များသည် အခြားအပွင့်ဆောင်ပင်မျိုးများနှင့်မတူ တစ်မူထူးခြားသောဇီဝကမ္မဖြစ်စဉ်တစ်ခုရှိသည်။ ယင်းမှာနှစ်အပိုင်းအခြားတစ်ခုအတွင်း ပွင့်သီးခြင်းဖြစ်ပေါ်ပြီး သေဆုံးခြင်းပင်ဖြစ်သည်။ ၎င်းကို ဝါးသုဉ်းခြင်းဟုခေါ်ဆိုသည်။ မျိုးရင်း (Poaceae)၊ မျိုးရင်းခွဲဝင်(Bambusoideae) ဝါးမျိုးစိတ်များ အားလုံးနီးပါးသည် ဝါးမျိုးကိုလိုက်၍ ပုံမှန်နှစ်ရှည်အပိုင်းအခြား (Regular long time interval) အတွင်း ဝါးသီးပွင့်ခြင်း (Bamboo flowering) ဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိသည်။ မျိုးစိတ်ကိုလိုက်၍သော်လည်း ကောင်း၊ ဒေသကိုလိုက်၍သော်လည်းကောင်း ဝါးသုဉ်းခြင်းကာလအပိုင်းအခြားမှာ နှစ် ၂၀ မှ နှစ် ၆၀ ခန့်ရှိသည်။ ဝါးသုဉ်းခြင်း ဖြစ်စဉ်တွင် ဖြစ်ပေါ်သည့် ဧရိယာပမာဏနှင့် အနေအထားပေါ် မူတည်၍ ဝါးသုဉ်းခြင်းပုံစံသုံးမျိုးရှိသည်။
၎င်းတို့မှာ-
(က) ဧရိယာတစ်ခွင်တစ်ပြင်တွင်အစုလိုက်ဝါးသုဉ်းခြင်း (Gregarious flowering)၊
( ခ ) ကွက်ကျားဝါးသုဉ်းခြင်း (Sporadic flowering) နှင့်
( ဂ ) နှစ်စဉ်ဝါးသုဉ်းခြင်း(Annual flowering) တို့ဖြစ်သည်။
တချို့သော ဝါးမျိုးများသည် ဝါးသုဉ်းခြင်းဖြစ်ပြီးပါက ဝါးရုံများခြောက်သွေ့သေကျေသွားတတ်သည်။ ဝါးသုဉ်းခြင်းဖြစ်ပေါ်ပြီးမှသာ ရင့်မှည့်သောဝါးစေ့များမှ ဓမ္မတာအလျောက်မျိုးဆက်ပြန့်ပွားကြသည်။
အစေ့ပေါက် ဓမ္မတာမျိုးဆက် ဝါးပင်ငယ်များအဆင့်မှ ခုတ်ယူသုံးစွဲနိုင်သောဝါးရုံနှင့် ဝါးပင်များအဖြစ်ရှင် သန်နိုင်ရန် ဝါးမျိုးကိုလိုက်၍ သုံးနှစ်မှ ငါးနှစ်ခန့်ကြာနိုင်သည်။ ထို့ကြောင့် ဝါးသုဉ်းပြီး ဧရိယာများအတွင်း အလျင်အမြန်ဝါးသယံဇာတများ ပြန်လည်ရရှိနိုင်ရေး စနစ်တကျစီမံအုပ်ချုပ်ရန်လိုအပ်သည်။
ဝါးမျိုးပွားခြင်း
ဝါးပင်အား မျိုးပွားခြင်းနည်းနှစ်နည်းရှိသည်။ ၎င်းတို့မှာ-
(က) ဝါးစေ့ကို အသုံးပြု၍ မျိုးပွားခြင်း
( ခ ) ခန္ဓာပိုင်းများကိုအသုံးပြု၍ မျိုးပွားခြင်းဟူ၍ဖြစ်သည်။
ဝါးစေ့သည် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာရရှိနိုင်သည့်အတွက် အချိန်တိုင်း သို့မဟုတ် နှစ်စဉ်ဝါး စေ့မှ မျိုးပွားရယူနိုင်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ ဝါးများကိုမျိုးပွားရယူရန် ခန္ဓာပိုင်းမျိုးပွားနည်းကို အဓိကအသုံးချမျိုးပွားနိုင်သည်။
ဝါးမျိုးစေ့ကိုအသုံးပြု၍ မျိုးပွားခြင်း
ဝါးအမျိုးအစားနှင့် ဒေသကိုလိုက်၍ ဝါးသည် နှစ် ၂၀ မှ ၆၀ ခန့်ကြာမှ ဝါးသုဉ်းခြင်း (ဝါးပွင့်သီး) ပြီးမှ အသီးတစ်ကြိမ်သီးလေ့ရှိခြင်းကြောင့် ဝါးမျိုးစေ့ကို နှစ်စဉ်မရရှိနိုင်သည့်အတွက် ဝါးမျိုးစေ့ဖြင့် ပျိုးထောင်မျိုးပွားခြင်းနည်းမှာ အကန့်အသတ်ရှိနိုင်သည်။ သို့ရာတွင် မိမိဒေသအတွင်း ဝါးသုဉ်းခြင်း ဖြစ်ပေါ်ပြီးပါက ဝါးသီးများစွာသီးလေ့ရှိသည်။ ဝါပင်၊ မြက်ပင်နှင့် စပါးပင်များသည် မျိုးရင်း (Poaceae) တစ်ခုတည်းတွင်ပါဝင်သည့် အပင်မျိုးအုပ်စုတူများဖြစ်သည့်အတွက် မျိုးစေ့အဖြစ်အသုံးပြုမည့် ဝါးစေ့ များကို ကြာရှည်သိုလှောင်ပါက အစေ့ပေါက်နှုန်းကျဆင်းနိုင်သဖြင့် နှစ်ချင်းအမြန်ပျိုးထောင်ရန် လိုအပ် သည်။
ဝါးမျိုးစေ့စုဆောင်းခြင်းဝါးမျိုးစေ့များကို အသုံးချပျိုးထောင်ရန်အတွက် ဝါးသုဉ်းခြင်း
ဖြစ်ပေါ်ပြီး ဝါးသီးရင့်မှည့်သည့်အချိန် မတ်လနှင့်ဧပြီလတွင် စုဆောင်းထားရန်လိုအပ်သည်။ ဝါးမျိုးစေ့များစုဆောင်းရန် ဝါးရုံများ၏အောက်ခြေအား ပေါင်းမြက်ရှင်းလင်းခြင်း၊ တံမြက်စည်း လှည်းခြင်းကို ကြိုတင်ဆောင်ရွက်ထားရမည်။ သို့မှသာ ဝါးမျိုးစေ့များကို အလွယ်တကူ စုဆောင်းနိုင်မည်ဖြစ်သည်။ စုဆောင်းလာသော ဝါးမျိုးစေ့များနှင့် ရောနှောပါဝင်နေသော အမှိုက်သရိုက်များသန့်စင်သွားအောင် စပါးလှေ့သကဲ့သို့ ဆောင်ရွက်ပြီး နေတစ်ရက်ခန့်လှန်းခြင်းဖြင့် သန့်စင်စေပြီး ထိုဝါးစေ့များကို ပျိုးထောင်ခြင်းမပြုမီအထိ လေလုံပုံးများအတွင်း ထည့်သွင်းသိမ်း ဆည်းထားပေးရမည်။
ဝါးစေ့များပျိုးထောင်ရန် မျိုးဖောက်ပေါင်ပြုလုပ်ခြင်း
ဝါးမျိုးစေ့များမျိုးဖောက်ရန် နေရောင်ခြည်ကောင်းစွာရရှိပြီး ရေစီးရေလာကောင်းပြီးရေမဝပ်နိုင်သည့် မြေနေရာတွင် အကျယ် ၄ ပေ၊ အလျားပေ၂၀ ၊ အမြင့် ၈ လက်မခန့်ရှိ မျိုးဖောက်ပေါင်များကို ပြုလုပ်ထားရမည်။ မျိုးဖောက်ပေါင်အတွင်း သဲ၊ ဖွဲပြာနှင့် မြေဆွေးတို့ကို (၅:၃:၂) အတိုင်းရောစပ်၍ မျိုးဖောက်ပေါင်အတွင်းတွင် ထည့်သွင်းပြီး မျက်နှာပြင်ညီညာစေရန် ညှိပေးထားရမည်။
ဝါးစေ့များမျိုးဖောက်ခြင်း
ဝါးမျိုးစေ့များကို ပြုပြင်ထားသော မျိုးဖောက်ပေါင်များအတွင်း ကြဲပက်၍ဖြစ်စေ၊ လိုင်းအလိုက်ဖြစ်စေ မျိုးဖောက်ပျိုးထောင်နိုင်သည်။ မျိုးဖောက်ပေါင်အတွင်း ဝါးမျိုးစေ့များမျိုးချပြီးပါက ၎င်းတို့၏အပေါ်မှ ၁ ဒသမ ၅ လက်မခန့် မြေဆီလွှာဖြင့်ဖုံးအုပ်ပေးပြီး ၎င်းအပေါ်မှထပ်မံ၍ မြက်ခြောက် သို့မဟုတ် ကောက်ရိုးခြောက်ဖြင့်ဖုံးအုပ်ပြီး ရေလောင်းပေးရမည်။ တစ်ရက်လျှင် ရေအနည်းဆုံးနှစ်ကြိမ်လောင်းပေးရန်လိုအပ်သည်။ ရက်သတ္တတစ်ပတ်မှနှစ်ပတ်အတွင်း ဝါးစေ့များအညှောက်ပေါက်လာမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
MWD Web Portal
ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်ပေ။ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်က အာယုဗ္ဗေဒဆေးကျမ်းများတွင် တွေ့ရှိရသော 'မဓုပမေဟ' ခေါ် ဆီးတွင် ပုရွက်ဆိတ်များအုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ ယခုအခါ သွေးချို၊ ဆီးချိုရောဂါဟု ဆရာဝန်ကြီးများက ခေါ်ဝေါ်သုံးစွဲလာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါနှင့် အတူတူပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံသည့် အဆင့်ရောက်လျှင် သွေးချိုမှာ အတော်ပင်မြင့်နေပြီဖြစ်သည်။ လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို ကြောက်၍ သတိထားစစ်ဆေးကြသော်လည်း ဆီးချိုရောဂါကို သတိမေ့နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်ကြောင်းသိလျှင် နောက်ကျနေပြီဖြစ်တတ်သည်။ ဖြစ်နေသည်ကို နှစ်ချီကြာသည်အထိ မသိရှိ၊ သတိမထားမိဖြစ်တတ်ကြသည်။ မိတ်ဆွေတစ်ဦးသည် ခြေစွယ်ငုပ်သဖြင့် ဓားဦးချွန်ဖြင့် ဖော်လိုက်ရာမှ အနာမကျက်ဘဲ ပြည်တည်လာသည်။ ခြေမတစ်ဝိုက် ညိုမည်းပြီး ပုပ်တော့မည့်အနေအထားဖြစ်လာမှ ဆေးရုံပြပြီး စစ်ဆေးလိုက်သောအခါ သွေးချို၊ ဆီးချိုအဆင့် ၁၂ အထိတက်နေကြောင်း သိရသည်။ ဆီးချိုအမြန်ချပြီး ကုသလိုက်ရသည်။ ခြေမ မဖြတ်လိုက်ရသည်မှာ ကံကောင်းသည်ဟု ဆရာဝန်ကြီးကပြောသည်။ 'မဓုပမေဟ' ခေါ် ဆီးချိုရောဂါ၏အစမှာ အအေးကြိုက်ခြင်းကြောင့်ဖြစ်သည်ဟု ရှေးဆေးကျမ်းများက ဆိုသည်။ ခန္ဓာကိုယ် အအေးကြိုက်ခြင်းသာမက အေးသောအစားအစာကို ကြိုက်နှစ်သက်မှုလွန်ကဲခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်သည်။ ချိုသောအစာကို ကြိုက်နှစ်သက်လွန်းလျှင်လည်း ဖြစ်နိုင်သည်။ အချိုဓာတ်သည် သီတပထဝီဓာတ်ဟုခေါ်၍ ဝမ်းထဲရောက်ပြီး ခုနစ်နာရီခန့်ကြာသောအခါ သွေးထဲသို့ ရသရည်အဖြစ် ရောက်သည်။ ရသရည်အရောက်များသဖြင့် မကြေကျက်နိုင်သောအခါ သွေးချိုရောဂါ ဖြစ်ရသည်။ သွေးချိုရောဂါမှ စွန့်ထုတ်သောဆီးတွင် သကြားဓာတ်များပါသွားသဖြင့် ဆီးချိုရောဂါဟု ခေါ်ဆိုခြင်းဖြစ်သည်။ ယခုခေတ်တွင် နောက်ထပ်ပေါ်လာသော အအေးစာတစ်မျိုးမှာ ရေခဲသေတ္တာတွင် ကြာရှည်စွာသိမ်းထားသော အသားနှင့် အသီးများဖြစ်သည်။ မီးဖြင့် ချက်စားသော်လည်း အတွင်းတွင် အောင်းနေသော သီတဓာတ်ကို ပျက်အောင်မချက်နိုင်သဖြင့် ရသရည်မှတစ်ဆင့် သွေးထဲ ရောက်သွားပြီး သွေးချိုရောဂါ ဝင်လာတတ်သည်။ ကျန်းမာရေးအတွက် ဆီးချိုရောဂါ၊ သွေးချိုရောဂါကို ရှောင်လိုလျှင် သဘာဝအတိုင်း လတ်ဆတ်သော အသီးအနှံ ကိုသာ ရွေးချယ်စားသုံးသင့်သည်။ ပင်လယ်ငါးစားခြင်းဖြင့် Omega-3 ဖက်တီးအက်စစ်တို့ပါဝင်သဖြင့် သွေးတွင်းအဆီ၊ မကောင်းသောအဆီကျစေသည်ဟု ဆိုကြသော်လည်း ရေခဲရိုက်ထားသော လချီကြာသည့် ပင်လယ်ငါးများမှာ စားသုံးရန်မသင့်ပေ။ ရေခဲစိမ်ကြက်သား၊ ရေခဲစိမ်ငါးများကြောင့် အစာအဆိပ်သင့်ရောဂါနှင့် သွေးချို၊ ဆီးချိုရောဂါများ ဖြစ်ပွားနိုင်သည်။ မျိုးရိုးကြောင့် မဟုတ်ဘဲ သွေးချို၊ ဆီးချိုရောဂါရသူများမှာ ရေခဲရိုက်အစားအစာများကို နှစ်သက်စွာ စားသုံးသူများဖြစ်ကြောင်း လေ့လာသိရှိရသည်။ အအေးခန်းတွင် အိပ်စက်ခြင်းနှင့် အအေးခန်းတွင် နေ့စဉ် အလုပ်လုပ်ရခြင်းကြောင့်လည်း ကြာလျှင် ဆီးချိုရောဂါ ဝင်လာနိုင်သည်။ ကလေးများကို ငယ်စဉ်ကတည်းက အအေးနှင့် အချိုကြိုက်အောင် မပြုလုပ်သင့်ပေ။ ကလေးများသာမက သက်လတ်ပိုင်း အသက် ၄ဝ အရွယ်ရောက်မှ ကျွဲရိုင်းအချိုရည်သံဘူးကို တစ်ရက်လျှင် ၁ဝ ဘူးခန့်သောက်သုံးခဲ့သည့် အနုပညာရှင်တစ်ဦးကို တွေ့ဖူးသည်။ ၎င်းသည် အရက်သေစာမသောက်ဘဲ အသက်ငယ်ငယ်နှင့် သွေးချို၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးရောဂါတို့ဖြင့် ကွယ်လွန်သွားရသည်။ ပညာရှင်ဖြစ် ၍ နှမြောစရာပင်ဖြစ်သည်။ အလုပ်ပင်ပန်းသည်ကို အကြောင်းပြု၍ အချိုရည်သံဘူးများ အလွယ်တကူ သောက်သုံးခြင်းအကျင့်ကို သတိပြု ရှောင်ကြဉ်သင့်သည်။ဂက်စ်ပါသော အချိုရည်များကို နေ့စဉ်သောက်သုံးခြင်းကြောင့် အသက်ငယ်ငယ်နှင့် ဆီးချိုရောဂါ ခံစားနေရသူများလည်း ရှိသည်။ အေးစိမ့်၍ နေရောင်ခြည်မရသော အိပ်ခန်းများ၌ နေထိုင်သည့် လူကြီးများတွင် အချိုမစားဘဲ သွေးချို၊ ဆီးချိုရောဂါ ဝင်ရောက်လာတတ်သည်။ သွေးချို၊ ဆီးချိုရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ရန်ခက်ခဲသည့်ရောဂါဖြစ်သဖြင့် မဖြစ်မီ ကြိုတင်သတိရှိသင့်ကြောင်း တင်ပြအပ်ပါသည်။ ။
MWD Webportal
မြန်မာဆိုရိုးစကားတစ်ခုရှိသည်။ “လိုလျှင်ကြံဆ နည်းလမ်းရ” ဟူ၍ဖြစ်သည်။ တော်တော်များများလည်း ကြားဖူးကြပေမည်။ လက်တွေ့အကောင်အထည်ဖော်သူတော့ နည်းလိမ့်မည်ဟုထင်သည်။ ဆိုရိုးစကား၏အဓိပ္ပာယ်က ကိုယ်သည် ရည်မှန်းချက်တစ်ခုကို ဖော်ဆောင်ဖို့ အမှန်တကယ် ဆန္ဒရှိသည်ဆိုလျှင် ထိုရည်မှန်းချက်ဆီအရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေကြံဆခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။
အလားတူ ဘယ်လာရုစ်နိုင်ငံရှိ ဆလာဗစ်လူမျိုးများတွင်လည်း ဆိုရိုးတစ်ခုရှိသည်။ “Sun will look in our window too” ဟူ၍ဖြစ်သည်။ မြန်မာလိုဆိုရလျှင် “ဖန်ဝါနေမင်းဆိုက်ရောက်လာမည် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ” ဟုဆိုနိုင်သည်။ သူ၏အဓိပ္ပာယ်ကား တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကောင်းကျိုးများစွာက ကိုယ့်ဆီကို ဆိုက်ရောက်လာလေမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ဤနေရာတွင် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ ဖန်ဝါနေမင်း ဆိုက်ရောက်လာသည်ကိုမြင်တွေ့နိုင်စေဖို့အတွက် ပြတင်းတံခါးကိုတော့ ဖွင့်ထားဖို့လိုအပ်မည် မဟုတ်ပါလား။
ထို့ကြောင့် မြန်မာဆိုရိုးနှင့် ဘယ်လာရုစ်ဆိုရိုးကို ချိတ်ဆက်ကြည့်လျှင် ကောင်းကျိုးများစွာရရှိစေဖို့ နည်းလမ်းရှာဖွေရမည်ဖြစ်သကဲ့သို့ ရရှိလာသောနည်းလမ်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပါက ကောင်းခြင်း မင်္ဂလာများက ကိုယ့်ဆီသို့ဆိုက်ရောက်လာလေမည်မှာ မလွဲဧကန်ပင်ဖြစ်မည်ဟုဆိုနိုင်ပေသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည် အတိတ်ကာလတွင် အချို့သောပြည်တွင်း သစ္စာဖောက်များနှင့် ပြည်ပအင်အားကြီးနိုင်ငံအချို့၏ ကြားဝင်စွက်ဖက်မှု၊ အဘက်ဘက်မှပိတ်ဆို့မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှ ုနှောင့်နှေးခြင်းကြောင့် နိုင်ငံအတွက် ကောင်းကျိုးများစွာ ယုတ်လျော့ခဲ့ရသည်မှာလည်း မငြင်းနိုင်သည့်အမှန်တရားပင်ဖြစ်သည်။
ထိုအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရအဖွဲ့က မြန်မာနိုင်ငံကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် စစ်မှန်သောစေတနာဖြင့် နည်းလမ်းများစွာကိုရှာဖွေပြီး အောင်မြင်မှုရရှိသည်အထိ ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။
တစ်နည်းဆိုရလျှင် နိုင်ငံအတွက်၊ နိုင်ငံသားများအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနေခြင်းဖြစ်သည်။
နည်းလမ်းရှာဖွေရာတွင်လည်း ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသည့် အောင်မြင်မှုများစွာအတွက် နည်းနိဿယများကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်သွား၍ လေ့လာခြင်း၊ တတ်သိပညာရှင်များစေလွှတ်၍ နိုင်ငံအတွင်းအကောင်အထည်ဖော်စေခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိသည်။ မကြာသေးခင်ကပင် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်ခရီးစဉ်က စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ တက်ရန်ဖြစ်သည်။
သို့သော် ထို့ထက်ပိုသည့်အလုပ်များကိုလည်း လုပ်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လုပ်ဆောင်မှုများကား မြန်မာနိုင်ငံ၏ကောင်းကျိုးအတွက်ကိုသာ ရှေးရှုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်က ဇွန်လ ၂၅ ရက်မှစသည်။ ဇွန်လ ၂၉ ရက်တွင်ပြန်ရောက်သည်။ ထိုခရီးစဉ်အတွင်း လေကြောင်းခရီး၊ ရဟတ်ယာဉ်ခရီး၊ ကုန်းလမ်းခရီး စသည်တို့၏ ကြာမြင့်ချိန်မှာ ၃၂ နာရီနှင့် ၄၃ မိနစ်အထိရှိသည်။
သွားရောက်ခဲ့သည့် ခရီးအကွာအဝေးစုစုပေါင်းမှာ ကီလိုမီတာအားဖြင့် ၁၇၅၉၅ ဒသမ ၆ ကီလိုမီတာရှိသည်။ သာမန်အားဖြင့် ဥရောပ-အာရှစီးပွားရေးဖိုရမ်တက်ရုံမျှဆိုလျှင် ထိုမျှလောက်အထိ ခရီးအကွာအဝေးကို သွားရောက်မည်မဟုတ်ပေ။ ယခုကဲ့သို့ သွားရောက်သည့်ခရီးအကွာအဝေး များပြားရခြင်းမှာ ဘယ်လာရုစ်နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခြင်းကြောင့်ဖြစ်သည်။ အဘယ်ကြောင့် လေ့လာရသည်ဆိုလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်စေရန်ပင်ဖြစ်သည်။ ထိုသို့သွားရောက်လေ့လာသည့် ခရီးတစ်ခုချင်းစီအတွက်လည်း သီးခြားရည်ရွယ်ချက်များရှိသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ရောက်ရှိနေစဉ် ပထမဆုံးသွားရောက်လေ့လာသည့်နေရာက Belmedpreparaty ဆေးဝါးစက်ရုံဖြစ်သည်။
ထိုဆေးဝါးစက်ရုံက ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးသော ဆေးဝါးစက်ရုံလည်းဖြစ်သကဲ့သို့ အမျိုးမျိုးသော ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် နေရာလည်းဖြစ်သည်။
ယင်းဆေးဝါးစက်ရုံသည် နာမည်ကြီးသည့်အထဲတွင် ပါသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် အင်ဆူလင်ဆေးဝါး၊ အင်ဇိုင်းဆေးဝါးအပြင် ကင်ဆာနှင့်တီဘီရောဂါတို့အတွက် ဆေးဝါးများကဲ့သို့ အရည်အသွေးမြင့်မားသည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းကြောင့်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲက ထိုဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ၍ ဘယ်လာရုစ် ကျန်းမာရေးဝန်ကြီးအပါအဝင် စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများလုပ်ဆောင်သည်။ နိုင်ငံ တော်အကြီးအကဲအနေဖြင့် ထိုဆေးဝါးစက်ရုံသို့ သွားရောက်၍ လေ့လာဆွေးနွေးမှုများ လုပ်ဆောင်ရခြင်းအတွက်ရည်ရွယ်ချက်က မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီဆေးဝါးများကို အသုံးပြုနိုင်ရေးနှင့် နောင်တစ်ချိန်တွင် ထိုသို့ကမ္ဘာ့အဆင့်မီဆေးဝါးများကို မြန်မာနိုင်ငံတွင်ပါထုတ်လုပ်နိုင်စေရေးကို မျှော်မှန်းထားခြင်းဖြစ်သည်။
ဆေးဝါးဆိုသည်မှာ မွေးကင်းစကလေးမှသည် သက်ကြီးရွယ်အိုများအထိ မည်သည့်အရွယ်မဆို လိုအပ်သောအရာတစ်ခုဖြစ်သည်။ ဆေးဝါးများကိုထုတ်လုပ်ရသည့် ရည်ရွယ်ချက်က လူ့အသက်များကို ကယ်တင်နိုင်ရန်ဖြစ်သော်လည်း အရည်အသွေးနိမ့်ကျသော ဆေးဝါးများကြောင့် လူ့အသက်များစွာ ဆုံးရှုံးသွားရသည်များလည်း ရှိသည်။ ထို့ကြောင့် အရည်အသွေးမြင့်မားသည့် ကမ္ဘာ့အဆင့်မီဆေးဝါးများကို သက်သာသောဈေးနှုန်းဖြင့် အသုံးပြုခွင့်ရရှိရေးမှာ အလွန်အရေးကြီးလှပေသည်။
ထိုမှတစ်ဆင့်တက်၍ ကမ္ဘာ့အဆင့်မီဆေးဝါးများကို ကိုယ့်နိုင်ငံအတွင်း ထုတ်လုပ်နိုင်မည်ဆိုလျှင် နိုင်ငံတော်၏ လူသားအရင်းအမြစ်အတွက်သာမက စီးပွားရေးအတွက်ပါ ကောင်းကျိုးများစွာကို ရရှိစေမည်ဖြစ်သည်။ ထိုအရေးများကိုကြိုတင်မြော်တွေးနိုင်စွမ်းရှိသည့် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံအတွင်း ပထမဆုံးလေ့လာရေးနေရာအဖြစ် Belmedpreparaty ဆေးဝါးစက်ရုံကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ကျွန်တော်ကတော့မြင်မိသည်။ ဤကား မြန်မာနိုင်ငံအတွက် ကောင်းကျိုးများစွာဆိုက်ရောက်နိုင်စေမည့် ပထမဆုံးသောပြတင်းတံခါးတစ်ချပ်ကို ဖွင့်လိုက်ခြင်းဖြစ်သည်။
နောက်တစ်ရက်တွင် နိုင်ငံတော်အကြီးအကဲသွားရောက်လေ့လာသည့်နေရာမှာMinsk Tractor Works အမည်ရှိ ထွန်စက်စက်ရုံဖြစ်သည်။
ဒီစက်ရုံကြီးပေါ်ထွန်းလာစေရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်နေရာက ရထားတစ်စင်းပေါ်တွင်ဖြစ်သည်။ ၁၉၄၆ ခုနှစ်မှစ၍ လည်ပတ်ခဲ့သည့် အဆိုပါထွန်စက်စက်ရုံက ဘယ်လာရုစ်နိုင်ငံအတွက်လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ထွန်စက်များကိုသာမက စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရေးပါသောယာဉ်များကို ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။ စက်ရုံမှထုတ်လုပ်သည့် ထွန်စက်များက ပြည်တွင်းအသုံးပြုမှုအတွက်သာမက ပြည်ပဆိုလျှင် အနောက်ဥရောပဒေသနှင့် အာဆီယံဒေသတို့ကိုပါ ဖြန့်ဖြူးပေးနေသည့် စက်ရုံကြီးဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံဆိုသည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုးပင် စိုက်ပျိုးရေးကို ဦးစားပေးသောနိုင်ငံဖြစ်သည်။ သူတို့၏ စိုက်ပျိုးရေးကဏ္ဍက ပြည်တွင်းစားသုံးမှုအတွက် ဖူလုံသည်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုနေသည့်ကဏ္ဍဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းကသာမက မွေးမြူရေးလုပ်ငန်းကလည်း ဘယ်လာရုစ်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့ဖြစ်နေသည်။ ဘယ်လာရုစ်နိုင်ငံ၏လူဦးရေမှာ ကိုးသန်းကျော် ၁၀ သန်းမျှသာရှိသည်။ ထို့ပြင် ဘယ်လာရုစ်နိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုလည်းဖြစ်သည်။
သို့သော် ထိုမျှလောက်သောလူဦးရေဖြင့် စိုက်ပျိုးရေးကို နိုင်ငံ့စီးပွားရေးအတွက် အဓိကလုပ်ငန်းအဖြစ်လုပ်ကိုင်နေခြင်းက အားကျအတုယူစရာကောင်းလှသည်။ သူတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ရပ်တည်နေနိုင်သနည်းဟုဆိုရလျှင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို သမားရိုးကျနည်းလမ်းမှသည် ခေတ်မီနည်းလမ်းများသို့ ပြောင်းလဲအသုံးပြုခြင်းကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ခေတ်မီနည်းလမ်းများတွင် လယ်ယာသုံးစက်ကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ ကိုယ်တိုင်ထုတ်လုပ် အသုံးပြုခြင်းတို့သည်လည်း မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဘယ်လာရုစ်နိုင်ငံက ကိုယ့်အားကိုယ်ကိုးပြီး ဖြည့်ဆည်းထားနိုင်ခြင်းကြောင့် စိုက်ပျိုးရေးကို နိုင်ငံ၏ပင်မ စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက် လာနိုင်ခြင်းဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ လူဦးရေအားဖြင့် သန်း ၅၀ ကျော်ရှိသည်။ နိုင်ငံအတွင်းထုတ်လုပ်မှုက နိုင်ငံသားများအတွက် လုံလောက်မှုရှိသည်။ ပိုလျှံသည်ကိုပြည်ပသို့တင်ပို့နိုင်သည်။ သို့သော် နိုင်ငံ့စီးပွားအတွက် ပင်မအရင်းအမြစ်ကြီးတစ်ခုဖြစ်မလာသေးပေ။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့်မြေဧကအမြောက်အမြားကျန်ရှိနေဆဲပင်ဖြစ်သည်။ ထိုမြေများကို အကျိုးရှိစွာ အသုံးချနိုင်ဖို့သာလိုအပ်သည်။ ထိုမြေများကို အသုံးချရာတွင်လည်း လယ်ယာသုံးစက်ကိရိယာများကို အကောင်းဆုံးအသုံးပြုနိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လယ်ယာသုံးစက်ကိရိယာများကို ယခင်ကတည်းက အသုံးပြုနှင့်နေပြီးဖြစ်သည်။ သို့သော် ကိုယ်တိုင်ထုတ်လုပ် နိုင်ရေးအတွက် နည်းပညာ အားနည်းချက်များရှိသည်။
လက်ရှိအသုံးပြုနေသော ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် အစရှိသည့် အကြီးစားလယ်ယာသုံး စက်ကိရိယာများကို ပြည်ပမှတင်သွင်းမှုအပေါ် အဓိကအားထားနေရခြင်းဖြစ်သည်။ ယင်းကြောင့်ပင် မြန်မာနိုင်ငံ၌ စိုက်ပျိုးနိုင်သည့်မြေများ သော်လည်း စိုက်ပျိုးနေသည့်မြေနည်းပါးနေခြင်းဖြစ်သည်။ တကယ်လို့များ စိုက်ပျိုးနိုင်သောမြေမှန်သမျှကို စက်ကိရိယာများစွာအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးမည်ဆိုပါက ကျွန်တော်တို့မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေး လုပ်ငန်းက အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည်။
ထိုအခြေအနေကို နိုင်ငံတော်အကြီးအကဲကသိသည်။ သိသည့်အတိုင်းပင် အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းတစ်ခုအဖြစ် နိုင်ငံအတွင်းအကြီးစား လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ်နိုင်ရန် ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိစဉ် Minsk Tractor Works သို့သွား၍ လေ့လာမှုများ လုပ်သည့်အပြင် ဆွေးနွေးမှုများစွာကိုလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လုပ်ဆောင်ချက်ကား နိုင်ငံအတွက် ကောင်းကျိုးဟူသော နေရောင်ခြည်ဝင်ရောက်လာနိုင်စေရန် ဒုတိယမြောက် ပြတင်းတံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုရပေမည်။
နိုင်ငံတော်အကြီးအကဲက ထွန်စက်စက်ရုံကိုလေ့လာပြီးနောက် မော်တော်ယာဉ်ဖြင့် ၇၈ မိနစ်ကြာမောင်းနှင်သွားလာရသည့် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့သွားရောက်၍ လေ့လာမှုများပြုလုပ်သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ယင်းစက်ရုံသို့သွားရောက် လေ့လာခြင်းက အကြောင်းမဲ့သက်သက်မဟုတ်ပေ။ နိုင်ငံတော်၏ ကောင်းကျိုးအတွက် ရည်ရွယ်ချက်ကြီးတစ်ခုဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်သည်။ ထိုရည်ရွယ်ချက်သည်ကား နိုင်ငံတော်၏စီးပွားရေးအတွက်သာမက နိုင်ငံသားများ၏ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုပါ မျှော်ကိုးထားခြင်းဖြစ်သည်။
Slutsk Cheese Factory နို့မှုန့်စက်ရုံ ဆိုသည်မှာ ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးသော နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံဖြစ်သည်။
တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀၊ နို့မှုန့်တန်ချိန် ၁၅၀၊ ထောပတ်တန်ချိန် ၁၀၀၊ ဒိန်ခဲတန်ချိန် ၁၀၀ နှင့် အခြားနို့ထွက်ပစ္စည်းတန်ချိန် ၃၀၀၀ အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် စက်ရုံဖြစ်သည်။ ထိုသို့ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်ရေးစက်ရုံငါးရုံ၊ စိုက်ပျိုးမွေးမြူရေးခြံကြီး သုံးခြံတို့ဖြင့်လည်ပတ်နေခြင်းဖြစ်သည်။
သူ၏သက်တမ်းကား နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများသည် လူတို့အတွက် အင်မတန်မှအကျိုးကျေးဇူးများသော စားသောက်ကုန်များဖြစ်သည်။
သူ့တွင် ကယ်လဆီယမ်ဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဒီသာမက အခြားသော ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင်သည်။ ပါဝင်သည့်အရာအားလုံးကလည်း လူသားတို့၏ ဘက်စုံကျန်းမာရေးအတွက် အထောက်အကူပြုသည့် အရာများသာဖြစ်သည်။
အဆိုပါနို့်နှင့်နို့ထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှု အတွက်ဖူလုံပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။ စီးပွားရေးအရ တွက်ကြည့်လျှင် အင်မတန်ကိုက်သည်ဟု ပြောရမည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၉၁ ဒသမ ၅ ဘီလီယံရှိသည်။ ၂၀၃၃ ခုနှစ်တွင် ဈေးကွက်ဝေစုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိရှိမည်ဟု မျှော်မှန်းရသည်။ ကမ္ဘာတစ်ဝန်းဈေးကွက် ဝေစုအရဆိုလျှင် အာရှ-ပစိဖိတ်ဒေသက အများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၁ ဒသမ ၀၂ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် နို့နှင့်နို့ထွက်ပစ္စည်းက နိုင်ငံသူ၊ နိုင်ငံသားများအတွက် ဘက်စုံကျန်းမာရေးကိုထောက်ပံ့ပေးနိုင်သည်သာမက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပါကလည်း ခိုင်မာသောဈေးကွက်က ရှိပြီးသားဖြစ်သည့်အတွက် နိုင်ငံ့စီးပွားရေးကိုများစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နေခြင်းဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံနှင့် အတူတူပင်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် စီးပွားဖြစ်လုပ်ဆောင်မှုကနည်းပါးသည်။ တစ်နိုင်တစ်ပိုင်သာ လုပ်ဆောင်လေ့ရှိသည်။ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံဆိုသည်မှာလည်း ယခုနောက်ပိုင်းမှသာ တည်ထောင်လာသည့် တစ်ခုစ၊ နှစ်ခုစမျှသာရှိသည်။ နိုင်ငံသားတစ်ဦးအနေဖြင့်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နို့နှင့်နို့ထွက်ပစ္စည်း ဈေးကွက်သို့ဝင်နိုင်ပါက စီးပွားရေးအခွင့်အလမ်းများစွာရရှိမည်ကို မြင်တွေ့ရသည်။ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ထိုသို့ရှုမြင်နိုင်သည်ဆိုပါက နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် ထို့ထက်မကမြော်တွေးနိုင်မည်မှာ ယုံမှားဖွယ်ရာမရှိပေ။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေစဉ် နို့နှင့်နို့ထွက်ပစ္စည်းများကို နေ့စဉ်တန်ချိန်များစွာထုတ်လုပ်နေရကာ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချနေရသည့် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လေ့လာမှုနှင့်အတူ ဆက်လက်အကောင်အထည်ဖော်ရမည့် အခြေအနေများကို နိုင်ငံတော်အကြီးအကဲက ကောင်းစွာသုံးသပ်ကာ ဆက်လက်ဆောင်ရွက်သွားမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သွားရောက်လေ့လာခြင်းက နိုင်ငံတော်အကြီးအကဲ၏ မျှော်မှန်းချက်တစ်ခုဖြစ်သည့် နိုင်ငံတော်၏စီးပွားရေးနှင့် နိုင်ငံသားများ၏ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေးဟုဆိုသော အကျိုးစီးပွားအတွက် နောက်ထပ်ပြတင်းတံခါးတစ်ချပ်ကိုဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည် ဘယ်လာရုစ်နိုင်ငံမှပြန်လာစဉ် လမ်းခရီးတစ်ထောက်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ်ရှိ Ulan-Ude မြို့သို့ဝင်ရောက်ခဲ့သေးသည်။
Buryatia ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် သက်သောင့်သက်သာဖြင့် နားနေရန်စဉ်းစားခြင်းမရှိဘဲ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံသို့သွားရောက်လေ့လာခဲ့သေးသည်။
ထိုသို့လေ့လာမှုကလည်း နိုင်ငံတော်၏အကျိုးအတွက်ပင်ဖြစ်သည်။Ulan-Ude LVRZ မီးရထားစက်ရုံကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားခြင်းအတွက် ယခုအခါစက်ရုံ၏ သက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော်လာပြီဖြစ်သည်။ စက်ရုံတစ်ရုံအနေဖြင့် နှစ်ပေါင်း ၉၀ ကျော်ကြာဖြတ်သန်းလာပြီးနောက် ရရှိထားသည့် အတွေ့အကြုံများက တန်ဖိုးမဖြတ်နိုင်ပေ။ ထိုအတွေ့အကြုံများကို လက်တွေ့တွင် အကျိုးရှိရှိအသုံးချလိုက်သည့်အခါ တန်ဖိုးရှိသောအရာများထွက်ပေါ်လာပေမည်ဖြစ်သည်။ စက်ရုံ၏အဓိက လုပ်ငန်းက မီးရထားဆက်စပ် ပစ္စည်းများပြုပြင်ခြင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မီးရထားကဏ္ဍကို တဖြည်းဖြည်းနှင့် အဆင့်မြှင့်တင်လာသည်ကို မျက်ဝါးထင်ထင်မြင်တွေ့နေရသည်။ ဥပမာအားဖြင့် ကျွန်တော်တို့ငယ်စဉ်က မီးရထားစီးခရီးသွားလျှင် အချိန်တော်တော်ပေးရသည်။
ယခုမူကား DEMU ရထားများကြောင့် ခရီးတစ်ခုကို အချိန်တိုအတွင်း စိတ်လက်ချမ်းသာစွာ ရောက်ရှိနိုင်နေပြီဖြစ်သည်။ မီးရထားဆိုသည်မှာ ကုန်စည်ပို့ဆောင်ရေး အတွက်သာမက ခရီးသည်ပို့ဆောင်ရေးအတွက် များစွာအထောက်အကူပြုသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ နိုင်ငံတိုင်းတွင် တွင်ကျယ်စွာအသုံးပြုလျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း မီးရထားအသုံးပြုမှု ယခုထက်ပိုမိုတွင်ကျယ်လာစေရေး ဆောင်ရွက်လျက်ရှိသည်ကိုမြင်တွေ့နေရသည်။
ယခင်က မီးရထားစက်ခေါင်းများကို ပြည်ပမှသာမှာယူတင်သွင်းရသည်။ ယခုမူ ထိုသို့သောစက်ခေါင်းများကို ပြည်တွင်းမှာပင်ကိုယ်တိုင် ထုတ်လုပ်တပ်ဆင်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း အတွေ့အကြုံနှင့်ပညာဟူသည်ကား မည်သည့်အခါမျှရယူ၍ မကုန်နိုင်သကဲ့သို့ ကိုယ့်တွင်ရှိပြီးဖြစ်သည့် နည်းပညာများနှင့် ကမ္ဘာ့အဆင့်မီစက်ရုံများ၏ နည်းပညာများကြား ကွာဟမှုများကို လေ့လာကာ ကောင်းသည့်အချက်များကို ရယူ၍ ကိုယ့်ကိုယ်ကိုယ်တန်ဖိုး မြှင့်တင်နိုင်စေမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် UlanUde LVRZ မီးရထားစက်ရုံသို့ သွားရောက်လေ့လာခြင်းသည် ကိုယ့်နိုင်ငံအတွင်း၌သာမက ကမ္ဘာမှာပါအရေးပါသည့် သယ်ယူပို့ဆောင်ရေး စနစ်အတွက် လိုအပ်လာမည့်နည်းပညာများကို ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်နိုင်စေရန်ဖြစ်သည်။ ထိုသို့နည်းပညာအဆင့်မြှင့်တင်ခြင်းမှတစ်ဆင့် ရရှိမည့်ကောင်းကျိုးများမှာ ပိုမိုလုံခြုံစိတ်ချရမှုနှင့် ပျက်စီးမှုအနည်းဆုံးဖြစ်သည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်မည်သာမက ပြုပြင်ထိန်းသိမ်းရေး အတွက်လည်း ကိုယ့်အားကိုယ်ကိုးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်၏ အရေးပါသော သယ်ယူပို့ဆောင်ရေးစနစ်တွင် များစွာသောဖွံ့ဖြိုး တိုးတက်မှုများကို ရရှိနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် UlanUde LVRZ မီးရထားစက်ရုံသို့ သွားရောက်လေ့လာခြင်းက နိုင်ငံတော်အတွက် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက် နောက်ထပ်ပြတင်းတံခါးတစ်ချပ်ကို လှစ်ဟလိုက်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်တက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သော်လည်း ခေါင်းဆောင်ကောင်းတစ်ဦး ပီသစွာ အမြော်အမြင်ရှိရှိဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးပြီး လေ့လာမှုများစွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ထိုလုပ်ဆောင်မှုများ အားလုံးအတွက် တစ်ခုတည်းသော မျှော်မှန်းချက်က နိုင်ငံ့ကောင်းကျိုးအတွက်သာဖြစ်သည်မှာ မငြင်းနိုင်သော အမှန်တရားဖြစ်သည်။
“လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသည့် မြန်မာဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အကြီးအကဲက နိုင်ငံ့ကောင်းကျိုးကိုလိုချင်သည့်အတွက် နည်းလမ်းများကိုရှာဖွေဖော်ထုတ်ပေးခဲ့ပြီဖြစ်သည်။ တစ်နည်းဆိုရလျှင် ဘယ်လာရုစ်ဆိုရိုးဖြစ်သည့် “ဖန်ဝါနေမင်း ဆိုက်ရောက်လာမည် ကိုယ့်ရဲ့ပြတင်းပေါက်ဆီ” ဆိုသည့်အတိုင်း တစ်နေ့မှာကောင်းခြင်းတွေကိုပိုင်ဆိုင်ရစေဖို့အတွက် နိုင်ငံတော်အကြီးအကဲက ပြတင်းပေါက်များစွာကို ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့်ကျွန်တော်တို့ကလည်း နိုင်ငံတော်အကြီးအကဲက ရှာဖွေဖော်ထုတ်ပေးသည့် နည်းလမ်းများကို အကောင်းဆုံး အသုံးချခြင်းအားဖြင့် နိုင်ငံတော်အကြီးအကဲဖွင့်ပေးခဲ့သော ပြတင်းပေါက်များမှ တစ်ဆင့် ဝင်ရောက်လာမည့် နေရောင်ခြည်နွေးနွေးကို ခံစားရတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။
အထူးသဖြင့် ပုံမှန်ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ဘဝ တိုးတက်ရေးအတွက် များစွာအခရာကျလျက်ရှိသည်။ ပညာတတ်လူငယ်များပြားသော တိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံသည်လည်း ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုအပေါ်တွင် များစွာမူတည် လျက်ရှိသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ပညာရေးကဏ္ဍအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ လူငယ်များပညာဆုံးခန်း တိုင်အောင် သင်ကြားခွင့်ရရှိရေးအတွက် အစိုးရပိုင်းက အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးနေသလို မိဘအုပ်ထိန်းသူများကလည်း သားသမီးများ စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးသွားရန် လိုအပ်ပေသည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ပညာတတ်မြောက်မှုသည် ထိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအခရာကျလျက်ရှိသည်။
လူမဆန်သောလုပ်ရပ်များ
သို့သော် NUG နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ စတင်ချိန်မှာပင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်း ပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာလုပ်ဆောင်ခဲ့ကြသည်။
အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်းသေဆုံးသူ ၈၀ ၊ ဒဏ်ရာရရှိ သူ ၃၅ ဦး ရှိပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လူမဆန်သောလုပ်ရပ်များကြောင့် နိုင်ငံသားများ၏ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများကို ထိခိုက်စေလျက်ရှိသည်။
ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူ ဖော်ဆောင်ပေးနေသော ဆရာ ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် ပညာသင်ယူခွင့်အခွင့်အရေး တို့ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။
“နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး” အလေးအနက်အသိအမှတ်ပြုကာ ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။
ဆိုရလျှင် တိုင်းပြည်အတွင်း ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေသည်။ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရန်လိုအပ်သည်။
အထူးသဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ သို့မှသာ ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများတိုးပွားလာပြီး ၎င်းတို့ဘဝအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများဖတ်ရှုခြင်းမှလည်း ရရှိနိုင်ပါသည်။
အလားတူ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့်သူများဖြစ်သည့် ဆရာ ဆရာမများအနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ်လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည်။ ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်ရှုခြင်းမှရရှိခဲ့သည့် အသိအမြင်များကိုလည်း ကလေးငယ်များကို မျှဝေပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် တိုင်းပြည်၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ်လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိစဉ် ကျောင်းစုံညီခန်းမ၌ ဆရာ ဆရာမများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၏ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက်ကိုလည်း သင်ကြားရေး တာဝန်ယူထားရသည့် ဆရာ ဆရာမများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက် အလက်များအရ မိမိတို့နိုင်ငံအနေဖြင့် ပညာရေး အားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲ ဖြစ်ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေး အားနည်းလျက်ရှိနေကြောင်း၊ ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ ဆရာမများကလည်း သွန်သင်ပေးမှုများ ရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့်အချိန်များသဖြင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်း လုံးဝမနေဖူးသူများအနေဖြင့် ဆရာ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ ဆရာမများအနေဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရေးသည် အဓိက အရေးကြီးကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။
ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကြီးကို တိုးတက်အောင်ထူထောင်နိုင်မည်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များ အနေဖြင့်လည်း တိုးတက်အောင်မြင်သော ဘဝပိုင်ဆိုင်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက ပညာရေးတွင် အပတ်တကုတ်ကြိုးပမ်းသွားရန်လိုအပ်သည်။ ပညာသင်ယူသည့်အရွယ်တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာအပါအဝင် ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုအပ်ပေသည်။ ပြိုင်ဆိုင်မှုပြင်းထန်သောခေတ်ကြီးတွင် လေ့လာသင်ယူမှုရပ်တန့်လိုက်သောသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့ရမည် ဖြစ်သည်။
အလားတူ မိဘအုပ်ထိန်းသူများကလည်း မိမိသားသမီးများ ပညာထူးချွန်ကာ လူတော်လူကောင်းများ ဖြစ်လာရေးအတွက် စနစ်တကျမြေတောင်မြှောက်ပေးရန်လိုအပ်သည်။ သားသမီးများကို မိမိထက်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာလျှင် မိဘဝတ္တရားကျေပွန်မည်ဖြစ်သည်။ မျိုးဆက်သစ်များ ပညာထူးချွန်ရေးအတွက် ကျွမ်းကျင်သော ဆရာ ဆရာမများ လိုအပ်သလို သင်ထောက်ကူပစ္စည်းများလည်း လိုအပ်သည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို တိုးတက်အောင် ပုံဖော်တည်ဆောက်မည့် မျိုးဆက်သစ်လူငယ်များအေးချမ်းစွာပညာသင်ယူနိုင်ရေး၊ ပညာထူးချွန်ပြီး လူတော်လူကောင်းများ ဖြစ်လာရေးအတွက် ဝိုင်းဝန်းပြုစုမြေတောင်မြှောက်ပေးကြရမည် ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ ။
ကိုးကား။ ။ နေ့စဉ်ထုတ်သတင်းစာများ။
MOI
သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရသောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။
ကမ္ဘာ့လူသားများ အသက်ရှင်သန်နေထိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှင်သန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် အရေးကြီးသည့် ရေသည် ကမ္ဘာ့လူဦးရေတိုးပွားမှု၊ သဘာဝပတ်ဝန်းကျင်များ ပျက်သုဉ်းမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် တဖြည်းဖြည်း ပိုမိုရှားပါး လာနေပြီဟု သုတေသီများက ထောက်ပြကြသည်။ ဤသို့ဆိုလျှင် ကမ္ဘာ့စီးပွားရေး ပုံမှန်လည်ပတ်နိုင်ရေးအတွက် အရေးကြီးသော လောင်စာအရင်းအမြစ် ရေနံကဲ့သို့ ယခုအခါ “ရေ”သည် ကမ္ဘာကြီးအတွက် အရေးကြီးသယံဇာတ အရင်းအမြစ်ဖြစ်လာနေပြီလော။
တဖြည်းဖြည်း တန်ဖိုးမြင့်လာသည့်ရေ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသောကဏ္ဍများတွင် မရှိမဖြစ်လိုအပ်နေသည့်ရေနံကဲ့သို့ပင် “ရေ” သည် လူသားဘဝ ရှင်သန်ရေးအတွက် အရေးကြီးအရင်းအမြစ်ဖြစ်လာလျက်ရှိရာ “ရေသယံဇာတ” သည် ယခင်ကထက် တန်ဖိုးပိုမြင့်လာသည်။ ရေသယံဇာတစီမံခန့်ခွဲမှုသည်လည်း ယခင်ကာလများကထက် ပို၍အရေးပါလာ၏။ သေချာသည်မှာ အသုံးဝင်သည့် ရေသယံဇာတသည် လူသားများ၏မသိမှု အဝိဇ္ဇာတို့နှင့်အတူ ဆက်လက်၍ ရှားပါးလာနိုင်သည့် အလားအလာရှိနေခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် အနာဂတ်ကာလများတွင် ရေ၏တန်ဖိုး သည် တဖြည်းဖြည်း ပို၍ကြီးမားလာပေလိမ့်မည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူ အိတ်ချ်အို)၏အဆိုအရ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၂ ဘီလီယံခန့်သည် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးမထိခိုက်စေရန် ပြုပြင်စီမံထားသော သောက်ရေကို မရရှိနိုင်ကြဟုဆိုထားသည်။ အမှန်တကယ်ပင် ကမ္ဘာ့နေရာတိုင်း၌ လုံလောက်သောသောက်ရေ၊ သုံးရေထောက်ပံ့ပေးနိုင်ရန်မှာ ခက်ခဲလျက်ရှိနေသည်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရေရှားပါးမှုအခြေအနေကို ပိုမိုတွေ့မြင် လာကြသည်။ လူဦးရေတိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု အားကောင်းလာခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် အမျိုးမျိုးသော ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းမှာ အဓိကအကြောင်းတရားများဖြစ်နေသည်။
ပိုမိုပီပြင်လာသော ရှားပါးမှု
ပေါပေါများများရှိနေချိန်တွင် မရှိမဖြစ်အရေးကြီးကြောင်း လေးလေးနက်နက် သတိမထားမိသည့် ရေသယံဇာတအရင်းအမြစ်သည် ယခုအချိန်တွင် ကမ္ဘာကြီး၏ နေရာအချို့၌ သိသိသာသာ လိုအပ်ချက်ကြီးမားလာနေသည်ကို တွေ့ရသည်။ လူဦးရေတိုးတက်များပြားလာမှု၊ ရေအသုံးအစွဲ ပိုမိုလာမှုနှင့်အတူ ရေအရင်းအမြစ်လျော့နည်းလာမှုတို့ အကြောင်းဆုံလာသောအခါ ရေသယံဇာတရှားပါးမှုမှာ ကမ္ဘာ့လူသားများအားလုံးအတွက် အရေးတကြီးဖြေရှင်းရမည့် ပြဿနာကြီးတစ်ရပ် ဖြစ်လာနေတော့သည်။
ရေရှားပါးလာခြင်းဆိုသည်မှာ လူသားတို့ အမှန်တကယ်အသုံးပြုနိုင်သည့် ရေရရှိနိုင်မှုပမာဏ လျော့ကျလာခြင်းဖြစ်သည်။ ရေသည်ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသော်လည်း ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ သောက်သုံးနိုင်သော အခြေအနေတွင်ရှိနေသည်ဟု သိရသည်။ ထို့အပြင်ရေချိုအများစုသည် ရေခဲမြစ်များ သို့မဟုတ် မြေအောက်လွှာများတွင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့်အချို့မှာ ညစ်ညမ်းလျက်လူသားတို့ အသုံးမပြုနိုင်သည့် အခြေအနေတွင်ဖြစ်နေခြင်းစသည့် အခြေအနေများကြောင့် လူသားတို့ ရေသယံဇာတရရှိရေးမှာ အဟန့်အတား များ ပိုမိုဖြစ်လာနေသည်ဟု လေ့လာမှုများအရ သိရသည်။
လူသားတို့ လက်ရှိဘဝအသက်ရှင် ရပ်တည်နိုင်မှုနှင့် အနာဂတ်မျိုးဆက်များ တည်မြဲနိုင်မှုအတွက်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်း များအတွက်လည်းကောင်း မရှိမဖြစ်လိုအပ်သည့်ရေချိုမှာ ပို၍ရှားပါးလာပါက လူသားအနာဂတ် မည်သို့ဖြစ်လာနိုင် သနည်း။
ရေသယံဇာတ၏ အရေးပါမှုကို ယခင်ကလျှော့တွက်ခဲ့ကြ၏။ ယခုတော့ ထိုအခြေအနေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်င်၏ စီးပွားရေးတွင် ရေသယံဇာတသည် မည်ကဲ့သို့ အသုံးဝင်သည်၊ မည်ကဲ့သို့ အသုံးပြုနေကြသည်၊ မည်မျှပါဝင်သည် စသဖြင့် ရေသယံဇာတနှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုစိတ်ဝင်တစားရှိလာနေကြ၏။ သုတေသန စာတမ်းတစ်ခုတွင် တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု ဂျီဒီပီတွင်ရေနှင့် သက်ဆိုင်သော လုပ်ငန်းသည် ၁၀ ရာခိုင် နှုန်းရှိကြောင်း၊ စိုက်ပျိုးရေး၊ စွမ်းအင် ထုတ်လုပ်ရေးနှင့် စက်မှုကုန်ထုတ် လုပ်ငန်းအပါအဝင် အခြားသောစီးပွား ရေးလုပ်ငန်းများစွာသည် သန့်ရှင်းသော ရေရရှိမှုအပေါ်တွင် အဓိကအားထား မှီခိုမှုပြုနေရကြောင်း ဖော်ပြထားသည်။
အသုံးဝင်သော ရေသယံဇာတ၏ ရှားပါးမှုအခြေအနေ ပိုမိုကြီးမားလာ သောအခါ ရေရရှိမှုအတွက် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအကြား အပြိုင်အဆိုင် အားထုတ်လာကြသည်။ အကန့်အသတ် ဖြင့်တည်ရှိပြီး ရှားပါးလာသည့် သယံဇာတဈေးနှုန်းသည် အခြေအနေအရ မြင့်တက်လာနိုင်ဖွယ်ရှိသည်။ ဤသို့ဆိုလျှင်အနာဂတ်ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် မည်သို့သက်ရောက် လာနိုင်မည်နည်း။
အလေးထားရတော့မည့် ရေစီမံခန့်ခွဲမှု
ကမ္ဘာတစ်ဝန်းရှိ လူသားများ ရေသယံဇာတ လုံလောက်စွာရရှိစေရေး၊ မျှတစွာသုံးစွဲနိုင်ရေးအတွက် ရေသယံဇာတစီမံခန့်ခွဲမှု အရေးတကြီး လိုအပ်လာသည်ကို သုတေသီများက ထောက်ပြနေကြပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ရေသယံဇာတကုန်ခန်းမှု ဖြစ်လာခဲ့ သည့်အချိန်၌ နိုင်ငံများအကြား “ရေ” ရရှိရေး အပြိုင်အဆိုင်အားထုတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတကာ ပဋိပက္ခများအထိ ဦးတည်သွားနိုင်သည်ဟုလည်း သုံးသပ်ထားကြသည်။ ထို့ကြောင့် ရေသယံဇာတနှင့်ပတ်သက်၍ နိုင်ငံအစိုးရများသာမက ပုဂ္ဂလိကကဏ္ဍကပါ စိတ်ဝင်တစား ပါဝင်လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများသည်လည်း ၎င်းတို့ရရှိထားသော အောင်မြင်မှုများ ဆက်လက်ခိုင်မြဲစေရေးအတွက် ရေစီမံခန့်ခွဲမှု အလေ့အကျင့်များ၏ အရေးပါမှုကို ပိုမိုသိရှိကာ ဆက်လက်တန်ဖိုးထား လုပ်ဆောင်သင့်သည်။ ရေအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေသန့်စင်မှုနည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရေးစသည်ဖြင့် ရေသယံဇာတ စီမံခန့်ခွဲမှုကို ထိထိရောက်ရောက် လုပ်ဆောင်ကြရန် ပြင်ဆင်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်သည်။
ဦးစားပေးရေး အားပြိုင်လာသည့် ရေနှင့်ရေနံ
ရေနံသည် ကမ္ဘာ့အရေးအကြီးဆုံး ကုန်ပစ္စည်းဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်သည်။ ကမ္ဘာကြီးက အကန့်အသတ်ဖြင့်သာ ထောက်ပံ့နိုင်သည့် ရေနံ၏အခြေအနေနှင့်အတူ အရေးပါမှုမြင့်တက် လာသော ရေ၏ပုံရိပ်တို့ကို နှိုင်းယှဉ် စဉ်းစားလာနေကြပြီဖြစ်သည်။ သုတေသနလေ့လာမှုများဖြင့် အကဲဖြတ်နေကြ ပြီ။ လန်ဒန်အခြေစိုက် Schroders သုတေသနအဖွဲ့၏ အကဲဖြတ်အကြံပြုချက်အရ ကမ္ဘာ့လူဦးရေ ပိုမိုတိုးပွားလာပါက ရေသယံဇာတသည် ရေနံစိမ်းထက် ပိုမိုတန်ဖိုးရှိလာနိုင်မည်ဟု ကြိုတင် သုံးသပ်နေကြသည်။ မိုးခေါင်မှုများ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှုများသည် ကမ္ဘာ့စီးပွားရေးကို သက်ရောက်စေသည့် ရာသီဥတုပြောင်းလဲမှု အခြေအနေနှစ်ရပ်ဖြစ်ပြီး ရေစီမံခန့်ခွဲမှု ပိုမိုစနစ်တကျနှင့် ထိထိရောက်ရောက်ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေပြီ ဟုလည်း ဆိုရပေမည်။
အရေးကြီးကုန်စည်တစ်ခု
စွမ်းအင်လောင်စာအတွက် ရေနံသည် အရေးကြီးကြောင်း တွင်တွင်ရေးသား၊ ဆွေးနွေးနေကြဆဲအချိန်တွင် “ရေသယံဇာတ”ကိုလည်း အလေးထားရကောင်းမှန်း ကမ္ဘာ့လူသားတို့ ပိုမိုသဘောပေါက်လာနေကြပြီ။ စီးပွားရေးရှုထောင့်မှ ကုန်စည်တစ်ခုအနေဖြင့် ဆိုရလျှင် လူသားတို့စိုးရိမ်ပူပန်ရမည့် အရေးကြီးကုန်စည်တစ်ခု တိုးလာခဲ့ပြီဟု ကောက်ချက်ချရမည်။ “ရေနှင့်ရေနံ မည်သည့်အရာကို အရေးတကြီး သဘောထား၍ ဦးစားပေးကြမည်နည်း”။
အစိုးရများသာမက၊ ကော်ပိုရေးရှင်းများ၊ စီးပွားရေးလုပ်ငန်းနှင့် ပြည်သူများသည်လည်း စဉ်ဆက်မပြတ်လုပ်ဆောင် နိုင်သည့်ရေစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်များကို ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်း ရေသယံဇာတအညီအမျှ ရရှိစေရေး အာမခံနိုင်ရန်အလို့ငှာ၊ ရေသယံဇာတဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက် အားလုံးပူးပေါင်းအားထုတ်လုပ်ဆောင်ကြရမည်။ သန့်ရှင်းသောရေ ရရှိနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အလုပ်ဖြစ်မည်၊ သေချာသော ရလဒ်တစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ ။
ကိုးကား - https://www.eurasiareview.com/
MOI
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃ ဒသမ ၄၄၆ သန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဥစ္စာဓနကြွယ်ဝချမ်းသာရေးနှင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် နိုင်ငံအသီးသီးရှိ အစိုးရအဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်၊ ခွန်အားအပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ ဖြစ်ပေါ်ရေး CIRDAP အဖွဲ့က နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အခြေစိုက်သော အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific - CIRDAP)သည် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံအလိုက်ဆောင်ရွက်နေသော ကျေးလက်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ပင်မဆက်သွယ်ရာဌာနအဖြစ် တာဝန်ယူ၍ နိုင်ငံတကာမျက်နှာစာတွင် တက်ကြွပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် “တို့ကမ္ဘာမြေတိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ပြန်တွေးကြည့်ပါက ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ရေရှည်တည်တံ့ခိုင်မြဲစေရေးရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ပင်မမဏ္ဍိုင်တစ်ရပ်အနေဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။
နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကျေးလက်ဒေသများကိုအခြေခံထားပြီးဖော်ဆောင်ကြရခြင်းပင်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်မှာ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်စီးပွားမြင့်မားရေးနည်းပညာနှင့် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။
ထို့ကြောင့် နိုင်ငံတော်အမျိုးသားရေးရည်မှန်းချက်များ၊ မူဝါဒများနှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ရည်မှန်းချက်များအောင်မြင်စေရန် မူဝါဒကောင်းများရှိရန် လိုအပ်သည့်အတွက် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs)၊ အာဆီယံကျေးလက်ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးပင်မစီမံချက်၊ မြန်မာနိုင်ငံ၏ ဘက်စုံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MCSDP)များနှင့် ချိတ်ဆက်၍ တိကျခိုင်မာအားကောင်းသော ဖွံ့ဖြိုးရေးမူဝါဒများချမှတ်ကာ ပြည်သူ့အကျိုးပြု ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ၊ လုပ်ငန်းများကို ပြည်သူလူထုအပါအဝင် သက်ဆိုင်သူအားလုံးနှင့် လက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်မှာ မရှိမဖြစ်လိုအပ်လှသည်။ ကျေးလက်ဒေသအတွက် လမ်း၊ တံတား၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် ကျေးလက်ဒေသအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်လမ်းမိုင်ပေါင်း ၂၀၁၉၆ ဒသမ ၂၉ မိုင်၊ ကုန်ထုတ် လမ်းမိုင်ပေါင်း ၄၀၁၂ မိုင်၊ တံတား ၂၀၉၂၉ စင်း ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ကျေးရွာ ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၅၈ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရသည်။
ထို့ပြင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရေကြည်ရေသန့်ရရှိသော စက်ရေတွင်းများ၊ သန့်စင်မှုစနစ်ပါဝင်သော စိမ့်စမ်းရေသွယ်လုပ်ငန်းများဖြင့် အိမ်တိုင်ရာရောက် ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျေးလက်နေပြည်သူများ၏ ရေရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်စေရန် ရေရရှိရေးလုပ်ငန်းပေါင်း ၄၄၂၁၀ အား ကျေးရွာပေါင်း ၃၂၃၂၅ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၈၄ ဒသမ ၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တောင်ပေါ်၊ မြေပြန့် နယ်စပ်ဒေသပါမကျန် ဖွံ့ဖြိုးစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပြင် ကျေးလက် လမ်းဦးစီးဌာနကလည်း ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းတံတားများအဖြစ် ဖော်ဆောင် ပေးလျက်ရှိသလို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်းနယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများပါမကျန် ဖွံ့ဖြိုးမှုအခြေခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်မှာ ကျေးလက်နေပြည်သူများအတွက် အားတက်ဖွယ်ဖြစ်သည်။
စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍ
ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးသည် လူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်သည့် အခြေခံစွမ်းအင်တစ်ခုဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း (On-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးလက်ဒေသများတွင် မဟာဓာတ်အားလိုင်း ပြင်ပ (Off-Grid) မီးလင်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် ကျေးရွာပေါင်း ၄၂၇၂၃ ရွာ မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရောင်ဖြင့် ထိန်ထိန်လင်းသည့် ကျေးရွာညများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်း ဆောင်ရွက်ပေးရာတွင် အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေးကို အဓိက ဖော်ဆောင်ပေးသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ပြည်သူများအကြား ပြည်သူ့အကျိုးပြုဖွံ့ဖြိုးမှု စီမံကိန်းများပင်ဖြစ်သည်။ ယင်းစီမံကိန်းများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်ပေးနေသည့် ပြည်သူအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းများပင်ဖြစ်သည်။
ယနေ့အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၅၁၇၆ ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း ၁၂၈ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ၁၅၆ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၁၉၄၁၇ ရွာ၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)၂၈၂၃ ရွာနှင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်း ၅၉၆၆ ကြိမ်တို့ကို နိုင်ငံအနှံ့ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍လည်း အားမာန်အပြည့်ဖြင့် ဖော်ဆောင် လျက်ရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးရေးကဏ္ဍ
ကျေးလက်ဒေသအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထား ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများပေးအပ်ခြင်း၊ ငွေကြေးအရင်းအနှီးများ ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးဆောင်ရွက်ပေးခြင်းတို့အပြင် နိုင်ငံတော်စီမံကိန်းဝင်သီးနှံများဖြစ်သော ဝါနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေအပါအဝင် ငွေကြေးနှင့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပါအဝင် ဆက်စပ်ဦးစီးဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
နို့စားနွားမွေးမြူရေးလုပ်ငန်းကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မိတ္ထီလာခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သမဝါယမဦးစီးဌာနကလည်း သမဝါယမစနစ်ဖြင့် ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် နို့စားနွားမွေးမြူသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး နေ့စဉ်ဝင်ငွေများရရှိ၍ မိသားစုဝင်ငွေ တိုးပွားလျက်ရှိသည်။
ကျေးလက်ဒေသများတွင် သမဝါယမစနစ် ထွန်းကားတိုးတက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခိုင်မာစွာဆောင်ရွက်လာနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိသလို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများသီးနှံအထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေဖြင့်လည်းကောင်း သမဝါယမကန်ထရိုက် လယ်ယာလုပ်ငန်း (Cooperative Contract Farm-ing)ကို သမဝါယမဦးစီးဌာနက ဖော်ဆောင်ပေး လျက်ရှိပေသည်။
စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ
ယနေ့ခေတ်တွင် တောင်သူများအတွက် ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ အလုပ်ချိန်လျှော့ချပေးခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်းတို့သည် စက်မှုလယ်ယာဖွံ့ဖြိုးမှုအပေါ် မှီခိုလျက်ရှိသည်။ ထို့ကြောင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် စနစ်ကျလယ်ယာမြေကွက်များ ပေါ်ထွန်းစေရန် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ဆောင်ပေးလျက်ရှိရာ ဧကပေါင်း ၁ ဒသမ ၃၁၄ သိန်းအား စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ
ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးမြှင့်စေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးတွင် ငွေကြေးအရင်း အနှီးနှင့်နည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိရေး၊ ရောင်းချနိုင်ရေးနှင့် လုပ်ငန်းရှင်များအချင်းချင်း ကွန်ရက်ထူထောင်နိုင်ရေး အရောင်း ပြပွဲများ စီစဉ်ကျင်းပပေးခြင်း၊ E-market place တည်ထောင်၍ ဈေးကွက်ရရှိရေးစီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အစီအစဉ်များကိုလည်း အားပေးမြှင့်တင်လျက်ရှိသည်။ ယခုလို MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က အဓိကတာဝန်ယူဆောင်ရွက်နေသလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာ ဖွံ့ဖြိုးရေးကဏ္ဍ
ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ လူထုအခြေပြုခရီးသွား လုပ်ငန်းကျေးရွာများကို ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် ယနေ့အထိ Community Base Tourism ဆောင်ရွက်ပြီး ကျေးရွာ ၃၇ ရွာနှင့် ဆောင်ရွက်ဆဲကျေးရွာနှစ်ရွာ ဖော်ဆောင်ပေးလျက်ရှိသည်။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် မူလတန်းမှ အထက်တန်းအထိ အခြေခံပညာကျောင်းများ တည်ဆောက်ခြင်း၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေး ဆောင်ရွက်ခြင်းအပြင် ကျောင်းနေရာခိုင်နှုန်း မြင့်မားလာရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ကျေးလက်ဒေသများတွင် အထက်တန်းကျောင်း ၅၂၀၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၆၃၇၂ ကျောင်း၊ မူလတန်းကျောင်း ၂၅၁၉၉ ကျောင်း၊ စုစုပေါင်း ၄၆၇၆၆ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၃ ဒသမ ၄၄၈ သိန်း ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် သင်ကြားပေးမည့် ဆရာ ဆရာမပေါင်း ၂၃၀၀၀၀ ကျော်ကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ပါသည်။
အခြေခံစာတတ်မြောက်ရေးကဏ္ဍတွင် စာဖတ် ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ကျေးရွာနေပြည်သူများ စာဖတ် သည့် အလေ့အထရရှိစေရေး၊ စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရေးအတွက် ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ၃၅၀၈ လုံး ဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသရှိ တိုင်းရင်း သားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။
ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက်ကျန်းမာရေးဌာန ၁၉၀၄ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၇၇ ခု တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကျေးလက် ဒေသများတွင် ဆရာဝန် ၃၇၀၊ သားဖွားဆရာမ ၇၉၉၃ ဦးနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ၁၂၆၉ ဦး၊ ကျန်းမာရေးမှူး ၉၃၃၀ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေး အသိပညာပေးလုပ်ငန်း အကြိမ် ၁၄၂၃၀၆၀ နှင့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ
ကျေးလက်ဒေသများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားရှိခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အထိ သက်ကြီးပုဂ္ဂိုလ် ၁၁၃၆၈၈ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ် ၁၆၉၅၄၇ ဦးအား ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကဏ္ဍ
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဝင် ကျေးရွာများနှင့် အခြားကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများ၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းများ၊ အိမ်တွင်းလေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်း၊ အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်းလုပ်ငန်းများ၊ ကျေးရွာတွင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖော်ဆောင်ပေးလျက်ရှိပါသည်။
ဆက်လက်ကြိုးပမ်းဆောင်ရွက်
ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လူ့ဘဝအရည်အသွေးမြှင့်တင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ တစ်ခုတည်းမဟုတ်ဘဲ ဒေသခံပြည်သူများ အပါ အဝင် သက်ဆိုင်သူအားလုံးပါဝင်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းချက်များ ထိရောက်အောင်မြင်မည် ဖြစ်ပါသည်။ ထို့ပြင် မကြာခဏ ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များကြောင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးမှု၊ အနာဂတ်အစီအစဉ်များ နှောင့်နှေးမှုစသည့် အဟန့်အတားများကို ဖြေရှင်းမည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသလို ဒေသခံပြည်သူ များကလည်း မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးမှသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ဆီသို့ တက်လှမ်းဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” ကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။ ။
MOI