ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူမှုစီးပွားဘဝအခြေခံ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုရည်ရွယ်ဆောင်ရွက်နေကြသည့်  ယနေ့ခေတ်တွင်  လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏မောင်းနှင်အားကိုလည်း မေ့ထား၍မရပေ။ ပြည်သူလူထု၏နေ့စဉ်လူနေမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေး အစိုးရများက ကြိုးစားဆောင်ရွက်နေကြသည်။ မည်သည့်အလုပ်တွင်မဆို အရင်းအနှီးက အဓိကကျလှသဖြင့် စတင်အကောင်အထည်ဖော်ကာစ စီးပွားရေးလုပ်ငန်းငယ်များအတွက် လိုအပ်သည့်ငွေကြေးအပါအဝင် အခြားသောအရင်းအနှီးများကို ပံ့ပိုးပေးရန်လိုအပ်သည်။

ပြည်သူလူထု၏လူမှုစီးပွားဘဝလိုအပ်ချက်များနှင့်  စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများနှင့်အရင်းအမြစ်များကို  တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ရှာဖွေစုဆောင်းနိုင်ခြင်းမရှိသည့်အခါ အများစုပေါင်းစွမ်းအားဖြင့် ကြိုးစားရှာဖွေရသည်။ မိမိတို့တွင်ရှိသည့်အရင်းအမြစ်များကို မျှဝေခံစားနိုင်ရေးကြိုးစားခြင်းဖြင့်  အစုအဖွဲ့ပုံစံဖြစ်လာကြသည်။ စိတ်တူကိုယ်တူများ စုဖွဲ့ထားသည့်အဖွဲ့များက အဖွဲ့ဝင်များ၏လူမှုစီးပွားဘဝလိုအပ်ချက်များကို “ငွေကြေးထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့်လည်းကောင်း၊  အရင်းအမြစ်များကို မျှဝေပေးခြင်းဖြင့်လည်းကောင်း”  အပြန်အလှန်ကူညီပေးကြသည်။ 

ထိုအဖွဲ့များသည် လူမှုစီးပွားဘဝအခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးနေကြသည့် သမဝါယမအသင်းအဖွဲ့များပင်ဖြစ်သည်။

သမိုင်းကြောင်းအစ သမဝါယမ

“တစ်ဖက်သားကို ကူညီလိုသည့်စိတ်၊ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းတည့်မတ်ပေးလိုသည့်စိတ်၊ မိမိတွင်ရှိသည့်အရာများကို သူတစ်ပါးတို့လိုအပ်ချိန်တွင် ပြန်လည်ပေးဝေငှလိုသည့်စိတ်၊ စည်းလုံးညီညွတ်စွာ အခက်အခဲဟူသမျှကိုရင်ဆိုင်ဖြေရှင်းလိုသည့်စိတ်” စသည့်စိတ်ဓာတ်များကို သမဝါယမအသင်းများတွင် တွေ့ရသည်။ မိမိတို့တွင်ရှိသည့် “ငွေကြေးနှင့် ပစ္စည်းများ”ကို စုပေါင်းထည့်ဝင်ထားပြီး လိုအပ်သည့်အခါ  အခြားအဖွဲ့ဝင်များသို့  စနစ်တကျပြန်လည်ထုတ်ချေးပေးနိုင်သည့်  တစ်ခုတည်းသောစနစ်ပင်ဖြစ်သည်။ သမဝါယမအသင်းများ၏ ကနဦးအစသည်ကလည်း လူမှုစီးပွားအခက်အခဲများကို အတူတကွလက်တွဲရင်ဆိုင်ဖြေရှင်းကြမည်ဆိုသည့်စိတ်ဓာတ်များဖြင့် စခဲ့သည်ဟုဆိုနိုင်သည်။

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ  ရော့ခ်ဒေးမြို့၌နေထိုင်၍ ရက်ကန်းအလုပ်ဖြင့်အသက်မွေးရသည့် ရက်ကန်းသမားတို့သည် စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများရှာဖွေခြင်းနှင့် ကုန်ပစ္စည်းများရှာဖွေခြင်းတို့တွင် အခက်အခဲများရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအခါ သမဝါယမစွန့်ဦးတီထွင်ကြသူများဟုပင် ကင်ပွန်းတပ်နိုင်သည့်  ရက်ကန်းသမား ၂၈ ဦးတို့က အစုအဖွဲ့ပုံစံဖြင့်စုဖွဲ့ကာ မိမိတို့တွင်ရှိသော ငွေကြေးအရင်းအနှီးများကိုစုပေါင်းထည့်ဝင်၍ ကုန်ပစ္စည်းများကို ဝယ်ယူစုဆောင်းထားကာ အဖွဲ့ဝင်များအနက် လိုအပ်သူများရှိလာသည့်အခါ ဈေးနှုန်းသက်သာစွာ ပြန်လည်ရောင်းချပေးခဲ့သည်။ ထို ၂၈ ဦးအဖွဲ့သည် နောင်အခါတွင် ကမ္ဘာ့ပထမဦးဆုံးသော  သမဝါယမအသင်းအဖွဲ့ဖြစ်လာခဲ့ရတော့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်

၁၈၄၄ ခုနှစ် ဝန်းကျင်ခန့်က အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ရှိ ရက်ကန်းသမားများသည်  လုပ်ငန်းခွင်အခက်အခဲများ ကြုံတွေ့နေရသကဲ့သို့ လုပ်ခလစာများနည်းပါးနေသည့်အချိန်တွင် လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ၏ဈေးနှုန်းများကလည်း အဆမတန်ကြီးမြင့်နေပြန်သည်။ အဘက်ဘက်မှချွတ်ခြုံကျနေသည့် လူမှုစီးပွားဘဝလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး စုပေါင်းအဖြေရှာခဲ့ရသည်။

မိမိတို့တွင်ရှိသော အနည်းငယ်သောအရင်းအမြစ်များကိုစုစည်းပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် “ဂျုံမှုန့်၊ သကြား၊ ထောပတ်”စသည်တို့ကို အရေအတွက်များများဝယ်ယူနိုင်ခဲ့သည်။ အများစုပေါင်းငွေဖြင့် အရေအတွက်များများဝယ်ယူသည့်အခါ ကုန်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များက များစွာသက်သာခဲ့သဖြင့် အဖွဲ့ဝင်များသို့ ဈေးနှုန်းသက်သာစွာ  လက်လီပြန်လည်ရောင်းချနိုင်ခဲ့သည်။ ထိုအချိန်မှစ၍  ရော့ခ်ဒေးသမဝါယမအသင်း၏လုပ်ဆောင်ချက်များအတိုင်း အခြားသောစီးပွားရေးရပ်ဝန်းများက လိုက်ပါဆောင်ရွက်ကြည့်ကြရာမှအစပြု၍ သမဝါယမဆိုသည့်အသင်းများ ကမ္ဘာတစ်လွှားပေါ်ထွန်းလာခဲ့သည်။

သမဝါယမလုပ်ငန်းများ၏ ကနဦးသန္ဓေတည်မွေးဖွားရှင်သန်ကြီးပြင်းခဲ့ရာ လန်ဒန်မြို့မှာပင် ကမ္ဘာ့ပထမဦးဆုံးသော သမဝါယမညီလာခံကြီးကို ၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ “အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ အမေရိကန်” စသည့် နိုင်ငံကြီးများကပင် ပါဝင်တက်ရောက်ခဲ့သည်။ ထိုညီလာခံကြီး၌ပင် တက်ရောက်လာသည့်နိုင်ငံများ၏ သဘောထားဆန္ဒများနှင့်အညီ နိုင်ငံများသို့သမဝါယမအသင်းများနှင့်စပ်လျဉ်းသည့်သတင်းအချက်အလက်များဖလှယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အပြန်အလှန်အကူအညီပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်စေရန်အတွက်  အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည် သမဝါယမများ၏အကျိုးစီးပွားနှင့်အောင်မြင်မှုတို့ကို ရှေးရှုသည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့ကို ဖြစ်ပေါ်စေသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကို ကျင်းပပေးလျက်ရှိသည်။

သမဝါယမနေ့

၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင်   စတင်ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည်  သမဝါယမလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  “ဆန္ဒအလျောက် အသင်းသားအဖြစ် လွတ်လပ်စွာပါဝင်ခွင့်ရှိခြင်း၊ ဒီမိုကရေစီနည်းလမ်းတကျအသင်းသားများ၏ဆန္ဒနှင့်အညီ  စီမံခန့်ခွဲခြင်း၊ သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်လွတ်လပ်မှုရှိခြင်း၊ ပညာပေးရေး၊ လေ့ကျင့်ရေးနှင့်သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်း” စသည့်အခြေခံမူ(၇)ချက်ကို ချမှတ်ထားသည်။ ထိုမူဝါဒ(၇)ချက်  အကောင်အထည်ဖော်မှုကို ပိုမိုထိရောက်အောင်မြင်နိုင်စေရေးအတွက်  အထွေထွေညီလာခံအပါအဝင်အစည်းအဝေးများနှင့်  အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိသည်ကို တွေ့ရသည်။ ၁၉၉၄ ခုနှစ်တွင်ကျင်းပခဲ့သည့်  ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံများတွင် ကျင်းပနေသည်ကိုတွေ့ရသည်။

ကမ္ဘာ့သမဝါယမအသင်းများသည် အလုပ်လုပ်ကိုင်သူ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ကို   အလုပ်ခန့်ထားပေးနိုင်လျက်ရှိသည်။ သမဝါယမအသင်းများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကမ္ဘာသူ၊ကမ္ဘာသားများ၏   လူမှုစီးပွားဘဝတိုးတက်ရေးအတွက်  များစွာအထောက်အကူဖြစ်စေသဖြင့် ကုလသမဂ္ဂက ၂၀၂၅ ခုနှစ်ကို သမဝါယမနှစ်(International Year of Cooperatives)အဖြစ် သတ်မှတ်ထားပြီး အနာဂတ်ကမ္ဘာသာယာလှပရေး  သမဝါယမကဆောင်ရွက်ပေး(Cooperative Build a Better World)ဆိုသည့်မူဝါဒကိုချမှတ်၍ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၏ဆောင်ပုဒ်ကိုမူ   အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က “အနာဂတ်ကမ္ဘာသာယာလှပရေး အားလုံးပါဝင်ပြီး  ရေရှည်တည်တံ့သောသမဝါယမကဏ္ဍကိုဖော်ဆောင်ပေး”(Cooperatives : Driving Inclusive and Sustainable Solutions for a Better World) ဟုချမှတ်ထားသည်။

ပါဝင်ဆောင်ရွက် ပြည်သူ့အတွက်

သမဝါယမစုပေါင်းရောင်းချရေးလုပ်ငန်းကို မြန်မာနိုင်ငံ၌ ၁၉၅၁-၁၉၅၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ဆန်စပါး၊ ဝါဂွမ်းနှင့်ကြံများ  အဓိကထားလုပ်ကိုင်ခဲ့သည်ဟုသိရသည်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ၂၈-၂-၂၀၂၅ ရက်အထိ မြန်မာနိုင်ငံ၌ သမဝါယမအသင်းစုစုပေါင်း ၃၈၆၄၀ သင်းရှိသည်ကိုတွေ့ရသည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင်  အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်အခမ်းအနားများကို  ကျင်းပလျက်ရှိသည်။ သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကိုလည်း အောက်ဖော်ပြပါအတိုင်း ချမှတ်ထားသည်ကိုတွေ့ရသည်-

(၁)     သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်းနှင့် သမဝါယမပညာပေးလုပ်ငန်းများကို ဆောင်ရွက်မည်၊

(၂)     ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာ အရစ်ကျရောင်းချရေးလုပ်ငန်းများနှင့်သွင်းအားစုများရောင်းချခြင်းအပါအဝင် သမဝါယမလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်မည်၊

(၃)     သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည်၊

(၄)     နိုင်ငံတကာသမဝါယမအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်၊

(၅)     ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆိုင်ရာ သမဝါယမအသင်းများအား အဆင့်မြှင့်တင်ရေးဆောင်ရွက်မည်။

လူမှုစီးပွားဘဝတိုးတက်ရေး

“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှု သမဝါယမအသင်းများအား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏လူမှုစီးပွားရေးတည်ဆောက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်”ဆိုသည့်မျှော်မှန်းချက်ကိုချမှတ်ကာ သမဝါယမလုပ်ငန်းများ   အရှိန်အဟုန်ဖြင့်တိုးတက်ရေးကို နိုင်ငံတော်ဘက်က ဘက်စုံထောင့်စုံဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ သမဝါယမအသင်းများသည် ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သည့်ကွက်လပ်များကို  ဖြည့်ဆည်းပေးနေသည်မှာ ငြင်းချက်ထုတ်စရာမရှိပေ။ ပြည်သူလူထုအနေဖြင့် စိတ်တူကိုယ်တူများစုဖွဲ့၍    သမဝါယမအသင်းများကို ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို စုပေါင်းစွမ်းအားဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ”စသည့်  မိမိတို့ကျင်လည်ရာနယ်ပယ်ကဏ္ဍအလိုက် သမဝါယမအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ကြမည်ဖြစ်ပေသည်။   ။

MWD Web Portal

လင်းလက်

ဒီနေ့ကမ္ဘာ့အခင်းအကျင်းဟာ ဗဟုဝင်ရိုးကမ္ဘာဟုခေါ်သည့် ဝင်ရိုးစုံကမ္ဘာသို့ ပြောင်းလဲနေတာ ဖြစ်ပါတယ်။  အင်အားကြီးနိုင်ငံတွေရဲ့   စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရလွှမ်းမိုးမှုတွေကို ကျော်လွှား နိုင်ဖို့ ကြံ့ကြံ့ခံနိုင်ဖို့အတွက် စိတ်တူ၊ သဘောတူနိုင်ငံများအချင်းချင်း၊  ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးတွေ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ နိုင်ငံအချင်းချင်း ထိတွေ့ဦးစားပေးဆက်ဆံနေကြတာဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ စီးပွားရေးကျောရိုးဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ခေတ်မီနည်းပညာများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာကျသော စီမံခန့်ခွဲခြင်းများနဲ့  ခိုင်မာအားကောင်းသော စီးပွားရေးမောင်းနှင်အားတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၅ မှာ “ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” လို့ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ ဈေးကွက်စီးပွားရေးစနစ်ဆိုတာနဲ့ပတ်သက်လို့လည်း   ဖတ်မှတ်ဖူးတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မျှဝေချင်ပါသေးတယ်။“ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အချိန်နဲ့အမျှ ဆန်းစစ်ပြုပြင်နေကြရသည့် လက်တွေ့ကျင့်စဉ်နှင့်အဖွဲ့အစည်းရေးရာတစ်စုံသာဖြစ်သည်” လို့ဖော်ပြထားတာပါ။ မှန်ပါတယ်။ ဒီစနစ်ဟာ လူတစ်ဦးချင်း၊ လူတစ်စုတစ်ဖွဲ့မှသည် နိုင်ငံတစ်ခုရဲ့စီးပွားရေးအထိ စီးပွားရေးဦးမော့စေဖို့၊ ဦးမော့တဲ့စီးပွားရေးကောင်းမွန်စေဖို့၊ ကောင်းမွန်လာတဲ့စီးပွားရေးတောင့်တင်းခိုင်မာဖို့၊ တောင့်တင်းခိုင်မာလာတဲ့ စီးပွားရေးလက်တံဖြန့်ကြက်နိုင်မှုကွန်ရက်ကျယ်ပြန့်စေဖို့ စဉ်ဆက်မပြတ်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့လမ်းစရှာဖွေနေကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရရော၊ ကိုယ့်နိုင်ငံတည်ရှိမှုရဲ့ ပထဝီအနေအထားအရရော  စီးပွားရေးဆိုင်ရာခိုင်မာတောင့်တင်းစေရေးအတွက်  မိမိနိုင်ငံကိုကြိုဆိုတဲ့၊ မိမိနိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ဖိတ်ကြားခြင်းခံရတဲ့နိုင်ငံအဖြစ်လည်းကောင်း၊ လေ့လာသူနိုင်ငံအဖြစ်လည်းကောင်း၊ ဧည့်သည်တော်နိုင်ငံအဖြစ် လည်းကောင်း၊အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းအမျိုးမျိုးမှာ တက်ကြွစွာပါဝင်လျက်ရှိပြီး ကိုယ့်နိုင်ငံအကျိုး၊ အဖွဲ့အစည်းအကျိုးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ စာရေးသူအနေနဲ့  မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ EAEU အဖွဲ့အစည်းအကြောင်းကို အများပြည်သူသိရှိအောင်မျှဝေလိုပါတယ်။

EAEU ဆိုတာ

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU)ဖြစ်ပြီး ဥရောပ-အာရှတိုက်ရှိ ရုရှား၊  ဘယ်လာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယားနဲ့ ကာဂျစ္စတန်ဆိုတဲ့ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတို့ပါဝင်တဲ့ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

EAEU ဖွဲ့စည်းခြင်း

၂၀၁၄ ခုနှစ် မေလ ၂၉ ရက်မှာ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်တို့က EAEU စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ တရားဝင်စတင်ခဲ့တာပါ။ အာမေးနီးယားနဲ့ကာဂျစ္စတန်တို့ဟာ ၂၀၁၅ ခုနှစ်အတွင်း အဖွဲ့ဝင်အဖြစ်ပူးပေါင်းခဲ့ပါတယ်။ 

EAEU ရဲ့ အဓိကရည်ရွယ်ချက်များ

အဓိကရည်ရွယ်ချက်ကတော့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် အလုပ်သမားများအတွက် ဘုံဈေးကွက်တစ်ခုဆီသို့ ဖန်တီးပေးဖို့ဖြစ်ပါတယ်။  ရေရှည်တည်တံ့မယ့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကုန်သွယ်ရေးတိုးမြှင့်ခြင်းတွေကတစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ဖို့လည်း ရည်ရွယ်ပါတယ်။

EAEU ရဲ့ ပူးပေါင်းဆောင်ရွက်မှုများEAEU ဟာ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာဆက်ဆံမှုများကို မြှင့်တင်နိုင်ဖို့အတွက် CIS၊ SCO၊ ASEAN၊ BRICS လိုအဖွဲ့အစည်းတွေနဲ့ မိတ်ဖိတ်ဆက်ဆံရေးကိုတည်ဆောက်ခြင်း၊ ဗီယက်နမ်၊ စင်ကာပူတို့နဲ့ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FATs) ချုပ်ဆိုခြင်း၊ တရုတ်အပါအဝင်အခြားနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများရှိခြင်း၊ SCO၊ ASEAN တို့အပြင် အရှေ့အလယ်ပိုင်း၊  အာရှအလယ်ပိုင်းရှိ  နိုင်ငံတွေအထိပါ ထိတွေ့ဆွေးနွေးမှုများပြုလုပ်ခြင်း၊  မြန်မာ၊  ASEAN တို့နဲ့ နားလည်မှုစာချွန်လွှာ(MoU)များချုပ်ဆိုထားပြီး ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ ပူးပေါင်းစီမံကိန်းတွေချမှတ်ခြင်းတို့ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

EAEU ဟာ စီးပွားရေးတိုးတက်မှုအတွက် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ကုန်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အဓိကထားပြီးပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ  EAEU ရဲ့ လေ့လာသူနိုင်ငံတွေကတော့   ကျူးဘား၊မော်လ်ဒိုဗာနှင့် ဥဇဘက်ကစ္စတန်တို့ဖြစ်ပါတယ်။

EAEU ရဲ့ ရည်မှန်းချက်များ

တရုတ်၏ Belt and Road Initiative (BRI) နှင့် ချိတ်ဆက်ဖို့လုပ်နေသလို  အိန္ဒိယ၊ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတို့သို့ ကုန်သွယ်ရေးချဲ့ထွင်ဖို့လည်းလုပ်နေတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ရူဘယ်(Digital Ruble) နှင့် ဘလော့ခ်ချိန်း(Blockchain)နည်းပညာများမြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေပါတယ်။ ရုရှားဗဟိုဘဏ်က ဒစ်ဂျစ်တယ်ရူဘယ်(Digital Ruble)ကို ၂၀၂၅ ခုနှစ်တွင်တရားဝင်အသုံးပြုဖို့  စီစဉ်နေတယ်လို့သိရပါတယ်၊ ဒီငွေဟာ  EAEU အဖွဲ့ဝင်နိုင်ငံများအကြားမှာ ကြိုးမဲ့ငွေလွှဲမှုတွေအတွက် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်ပြီး  လုပ်တာဖြစ်ပါတယ်။ 

အမေရိကန်နဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားကို အရေးယူပိတ်ဆို့မှုတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်လောက်မှာ SWIFT ဆိုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ်ကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ရုရှားအနေနဲ့ကလည်း SWIFT နေရာမှာ အစားထိုးအသုံးပြုဖို့အတွက်  Blockchain နည်းပညာနဲ့ System for Transfer of Financial Messages (SPFS)စနစ်ကို အသုံးပြုပြီးတော့  ဒေါ်လာငွေကြေးအပေါ် မှီခိုနိုင်မှုလျှော့ချဖို့ လုပ်နေတာဖြစ်ပါတယ်။

ဆက်လက်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း  ပြောပြပါဦးမယ်။

ဘယ်လာရုစ်နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများဘယ်လာရုစ်နိုင်ငံဟာ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထုတ်လုပ်မှုအရမ်းအားကောင်းပါတယ်။ ကမ္ဘာ့အကြီးဆုံးသတ္တုတူးဖော်ရေးထရပ်ကားတွေ၊ အလတ်စားပစ္စည်းသယ်ကားတွေ၊ ဘတ်စကားတွေကို ဘယ်လာရုစ်နိုင်ငံကထုတ်ပါတယ်။ အဓိကထွက်ကုန်တွေကတော့ ဓာတ်မြေဩဇာ၊ မော်တော်ယာဉ်ကြီးတွေနဲ့သူ့အစိတ်အပိုင်းတွေ၊ နို့ထွက်ပစ္စည်းတွေ၊  သံမဏိနဲ့ သတ္တုပစ္စည်းတွေထွက်ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများကာဇက်စတန်နိုင်ငံဟာ သဘာဝအရင်းအမြစ်ပေါများပြီးရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ ဂျုံစိုက်ပျိုးရေးတို့ကို  အဓိကလုပ်ကိုင်ပါတယ်။ ဂျုံထုတ်လုပ်မှုမှာဆိုရင် ကမ္ဘာ့ဆဋ္ဌမမြောက်အကြီးဆုံးဂျုံထုတ်လုပ်သူနိုင်ငံလို့တောင် သိရှိရပါတယ်။ သူ့နိုင်ငံရဲ့အဓိကပို့ကုန်များကတော့  ရေနံနဲ့ဓာတ်ငွေ့တွေ၊ သတ္တုတွေ၊ စိုက်ပျိုးရေးထွက်ကုန်(ဂျုံ၊ ဂွမ်း)တွေဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများရုရှားနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုထုတ်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ Statista ဝက်ဘ်ဆိုက်၏ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျပြီးရင် ရုရှားဟာ ကမ္ဘာ့တတိယမြောက် ရေနံထုတ်လုပ်သူဖြစ်ကြောင်း ဖော်ပြထားပါတယ်။ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှု၊ သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း(ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူနိုင်ငံများထဲကတစ်ခု) ၊ နည်းပညာနဲ့အာကာသပိုင်းဆိုင်ရာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ အဓိကအားဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကာကွယ်ရေးသုံးပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေကို  အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

အာမေးနီးယားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများနည်းပညာ၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေးတို့ကိုအဓိကလုပ်ပါတယ်။  နိုင်ငံငယ်လေးဆိုပေမယ့် လူသားအရင်းအမြစ်ကောင်းတွေအများကြီးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ကြေးနီ၊ ရွှေ စတဲ့ သတ္တုများ၊  အစားအစာများ(ဝိုင်/အရက်)၊  ဆော့ဖ်ဝဲနဲ့ IT ဝန်ဆောင်မှုတွေကတော့ နိုင်ငံရဲ့အဓိကလုပ်ငန်းများပဲဖြစ်ပါတယ်။

ကာဂျစ္စတန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းများစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီငွေလွှဲလုပ်ငန်းဟာ နိုင်ငံ့ GDP ရဲ့ ၂၀  ရာခိုင်နှုန်းနီးပါးရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်များက ခန့်မှန်းကြပါတယ်။ ဒါ့အပြင်စွမ်းအင်ကဏ္ဍနဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း လုပ်ကိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဂျုံ၊ ဝါဂွမ်း၊ ဆေးရွက်ကြီးအပြင် သစ်သီးဝလံတွေ၊ သိုးမွေးမြူရေးတွေလုပ်ကိုင်ကြပါတယ်။

မြန်မာနိုင်ငံနဲ့ EAEU ဆက်ဆံရေး

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ဖိတ်ကြားချက်အရ EAEU နဲ့ ဥရောပစီးပွားရေးကော်မရှင်(ECC)ရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုကလာရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အလေးပေးဆောင်ရွက်နေတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ   စတဲ့ကဏ္ဍတွေကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ရုရှားနိုင်ငံမှာကျင်းပတဲ့(၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့အကြား  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား  ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအကောင်အထည်ဖော်ရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံ နေပြည်တော်မှာ တစ်ကြိမ်၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာတစ်ကြိမ် ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှုတို့ကို မြှင့်တင်နိုင်ခဲ့ပါတယ်၊ ဒါဟာ အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန်အတွက်  အခြေခံအုတ်မြစ်ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဆက်ဆံရေးတိုးမြှင့်အကောင်အထည်ဖော်နိုင်မှုရဲ့ အသီးအပွင့်အနေနဲ့ ၂၀၂၅ ခုနှစ်မှာတော့ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်( Eurasian  Economic Forum - EFF) ရဲ့မျက်နှာစုံညီအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်အကြီးအကဲကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကဖိတ်ကြားခဲ့ပါတယ်။ ဘယ်နိုင်ငံမဆို မိမိနိုင်ငံဘက်ကနေ မိတ်ဝတ်မပျက်ဆက်ဆံနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း  မိမိနိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကို ပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ပိုပြီးအကျိုးပြုမယ့်အဖွဲ့အစည်းတွေနဲ့ ဦးစားပေးထိတွေ့ဆက်ဆံသွားရမှာဖြစ်ပါတယ်။  မိမိနိုင်ငံအကျိုးစီးပွားတောင့်တင်းခိုင်မာစေဖို့အတွက်  စေတနာမှန်တဲ့ ဆန္ဒမွန်တွေကို နိုင်ငံတော်အကြီးအကဲဟာ ဥရောပ-အာရှစီးပွားရေးဖိုရမ်( Eurasian  Economic Forum - EFF) မှာမိန့်ခွန်းပြောကြားမှုမှတစ်ဆင့် EAEU ထံအသိပေးနိုင်ခဲ့ပါတယ်။ EAEU အနေနဲ့လည်း မြန်မာနိုင်ငံရဲ့လေ့လာသူနိုင်ငံအဖြစ်လည်းကောင်း အဲဒီကမှတစ်ဆင့် မိသားစုဝင်နိုင်ငံအထိတက်လှမ်းနိုင်ဖို့လိုတဲ့ သဘောထားအမှန်တွေကိုသိပြီး  မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဆောင်ရွက်နိုင်စေဖို့ စာရေးသူတို့လို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်။

EAEUနဲ့ ပူးပေါင်းဆောင်ရွက်လျှင်ရရှိမယ့်အကျိုးကျေးဇူးများ

EAEU အဖွဲ့အစည်းကြီးတွင်လူဦးရေပေါင်း ၁၈၃ သန်းပါဝင်ပြီးဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံအထိရှိတယ်လို့ ၂၀၂၃ ခုနှစ်စာရင်းများအရ သိရပါတယ်။ စာရေးသူအထက်မှာပြောခဲ့တာတွေကလည်း သူတို့အဖွဲ့အစည်းရဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ သူတို့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ၊ သူတို့ငါးနိုင်ငံရဲ့  အဓိကစီးပွားရေးနဲ့ ထွက်ကုန်တွေရယ်ကြောင့် အာရှနှင့် ဥရောပဒေသအတွက် ဒီ EAEU အဖွဲ့အစည်းကြီးရဲ့ ဩဇာကျယ်ပြန့်မှုကိုသတိပြုမိကြဖို့ဖြစ်ပါတယ်။ ပြီးတော့  အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အချုပ်အခြာအာဏာတူညီမှုနဲ့   နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်း စတဲ့အချက်တွေကလည်း  EEF ကိုတက်ရောက်ဖို့လာတဲ့ လေ့လာသူနိုင်ငံတွေ၊ ဖိတ်ကြားခံရသူနိုင်ငံတွေ အထူးစိတ်ဝင်စားစေတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်လည်း နိုင်ငံတော်တော်များများဟာ EAEU မှာအဖွဲ့ဝင်အဖြစ်ပါဝင်ချင်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘယ်လာရုစ်ခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲနဲ့ ဥရောပ-အာရှစီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့ဟာ မြန်မာနိုင်ငံနဲ့ EAEU အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေအပြင် ကုန်စည်ပြပွဲနဲ့ ဖိုရမ်တွေကျင်းပဖို့စတဲ့ စီးပွားရေး ဆိုင်ရာပူးပေါင်းမြှင့်တင်ဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာကို နိုင်ငံပိုင်မီဒီယာတွေကကြည့်လိုက်ရပါတယ်။ပြီးတော့မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သတ္တုတူးဖော်မှုဆိုင်ရာနည်းပညာနဲ့စွမ်းအင်ကဏ္ဍတွေမြှင့်တင်ရေးအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ရယ်၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူ နိုင်ငံအဆင့်ထိတက်လှမ်းနိုင်ဖို့အတွက်ရယ် ကူညီပေးမှာဖြစ်ကြောင်းကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို  အခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေခံနိုင်အောင်လို့လည်း သဘာဝတရားကြီးကပေးထားတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရရဲ့ ဦးတည်ချက်(၉)ရပ်ထဲမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို ခေတ်မီနည်းစနစ်တွေနဲ့တိုးတက်အောင်ဆောင်ရွက်မယ်၊ ပြီးတော့ အခြားစီးပွားရေးကဏ္ဍတွေကိုလည်းဘက်စုံတိုးတက်အောင်လုပ်မယ်လို့ဆိုထားပါတယ်။  ပြီးတော့ MSME စက်မှုလုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်ပြီး မြန်မာ့ပို့ကုန်ကဏ္ဍတိုးမြှင့်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ One Region One Product ဖြစ်ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ ထွက်ရှိတဲ့ ထုတ်ကုန်တွေဟာ ပြည်တွင်းသာမက Export Quality မီစေဖို့အတွက် မိရိုးဖလာနည်းများအပြင် ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေကို အမီလိုက်နိုင်ဖို့လိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတတွေဟာ သူများနိုင်ငံတွေဆီ Export အဆင့်မီသည့်တိုင်   ကုန်ကြမ်းအနေနဲ့  Export မလုပ်ဘဲ ကုန်ချောအနေနဲ့ Export လုပ်နိုင်ဖို့လိုပါတယ်။  ဥပမာ ကုန်ကြမ်းအနေနဲ့ ၁၀၀၀ တန်တဲ့အရာတစ်ခုဟာ ကုန်ချောဖြစ်သွားရင် ၁၀၀၀၀  သော်လည်းကောင်း၊ ၁၀၀၀၀၀  သော်လည်းကောင်း  နည်းပညာအကူအညီနဲ့ တန်ဖိုးတက်သွားနိုင်ပါတယ်။  နောက်ပြီးနည်းပညာတွေ ဘယ်လောက်တိုးတက်ပါတယ်ပြောပြော အဓိကအခြေခံလိုအပ်ချက်ကတော့ လူသားအရင်းအမြစ်ရရှိဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကထုတ်လုပ်တဲ့  ထုတ်ကုန်တွေအတွက် ကမ္ဘာနဲ့ချီတဲ့ဈေးကွက်ရဖို့လည်းလိုပါတယ်။ ဒီအတွက် EAEU  လိုအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ရရှိနိုင်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်ရရှိနိုင်တဲ့အကျိုးအမြတ်များ

EAEU  အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အဓိကထွက်ကုန်ပစ္စည်းတွေဟာ  အခွန်ကောက်ခံမှုရာခိုင်နှုန်းအနည်းငယ် ဒါမှမဟုတ် အခွန်ကောက်ခံမှုကင်းလွတ်ခွင့်တွေနဲ့ တင်ပို့ခွင့်ရပြီး ကုန်သွယ်ရေးအခွင့်အလမ်းတွေ ပွင့်လန်းလာနိုင်ပါတယ်။

EAEU အဖွဲ့အစည်းကြီးဟာ လူဦးရေ ၁၈၃ သန်းကျော်လောက်ရှိတဲ့ ဈေးကွက်ကြီးဖြစ်တဲ့အတွက် မြန်မာ့ထုတ်ကုန်တွေအတွက် ဈေးကွက်အခြေအနေကောင်းရရှိနိုင်ပါတယ်။ EAEU အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ  ရေနံ၊  သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအားအစရှိတဲ့ စွမ်းအင်ဆိုင်ရာတွေ၊  သူနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦတွေကို လာရောက်ရင်းနှီးမြှုပ်နှံလာနိုင်တဲ့အတွက် မိမိနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းရော၊ နိုင်ငံခြားဝင်ငွေ ပြည်တွင်းသို့ စီးဆင်းမှုရော တိုးပွားလာနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့်ကဏ္ဍစုံအတွက် နည်းပညာဆိုင်ရာပံ့ပိုးပေးမှုတွေကို လက်ခံရရှိနိုင်ပါတယ်။ ပညာတော်သင်စေလွှတ်မှုတွေ၊ ကာလတို၊ ကာလရှည် သင်တန်းတွေတက်ရောက်ပြီး လူသားအရင်းအမြစ်တွေမွေးထုတ်နိုင်ပါတယ်။

အနောက်နိုင်ငံအချို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေအတွက်ထွက်ပေါက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ပြီးတော့ EAEU ဟာ သူ့နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်တွေကို ဖြေလျှော့ပေးထားတာဖြစ်တဲ့အတွက်  မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေရာတွေ၊ သဘာဝအလှတရားဖြစ်တဲ့ တောင်တန်း၊ ပင်လယ်တွေဆီ ခရီးသွားဧည့်သည်တွေလာရောက်ဖို့ ဆွဲဆောင်နိုင်ရင် ဆွဲဆောင်နိုင်သလောက် ခရီးသွားလုပ်ငန်းလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်တော့ EAEU နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းသစ်များဖန်တီးပေးနိုင်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမှာဖြစ်တဲ့အတွက် EAEU နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ လေ့လာသူနိုင်ငံမှသည် မိသားစုဝင်နိုင်ငံအဆင့်ထိတက်လှမ်းနိုင်ကာ မြန်မာ့အကျိုးစီးပွားအတွက် ဆတက်ထမ်းပိုး မြှင့်တင်နိုင်ပါစေကြောင်း ရေးသားလိုက်ပါတယ်။   ။

MWD Web Portal

အေးကျော်(ရူပဗေဒ)

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ။ ငါးနှင့်ပုစွန်များသည်အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကိုအကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသောအရင်းအမြစ်ဖြစ်သည်။ အဆိုပါ အကျိုးရှိသောအာဟာရဓာတ်များထဲမှတစ်မျိုးဖြစ်သော အိုမီဂါ-၃ အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများလျော့နည်းစေရန် ဆက်စပ်မှုများရှိသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသောသန္ဓေသားနှင့်မွေးဖွားပြီး ကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည်ကျန်းမာဖွံ့ဖြိုးရေးအတွက်လည်း ပိုမိုကောင်းမွန်စေပြီး ငယ်ရွယ်သူကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရန်အဟန့်အတားဖြစ်စေသည့် ပြဿနာများကိုလည်းတိုးတက်ကောင်းမွန်စေသည်။

ငါးစားသုံးခြင်းဖြင့် အခြားသောဖြစ်စေနိုင်သည့်အရာများအချို့သော ငါးမျိုးများမှာ မာကျူရီဓာတ်မြင့်မားစွာပါဝင်သဖြင့် အဆိုပါငါးမျိုးများကို ကာလကြာရှည်စွာပမာဏများများစားသုံးပါကကျန်းမာရေးဘေးအန္တရာယ်ရှိနိုင်သည်။ မာကျူရီဓာတ်သည် ဦးနှောက်နှင့်အခြားသော အာရုံကြောစနစ်၏ အချို့သောအပိုင်းများကို ပျက်စီးစေနိုင်သည်။ မမွေးဖွားရသေးသော သန္ဓေသားများ၊ ကလေးငယ်များနှင့်ငယ်ရွယ်သူများသည် ၎င်းတို့၏အာရုံကြောစနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်သဖြင့် မာကျူရီ၏ဘေးအန္တရာယ်မှာ အလွန်ကြီးမားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ အမြဲတမ်းထိခိုက်နိုင်သည်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့်အသက် ခုနစ်နှစ်အရွယ်အောက်ကလေးများသည် မာကျူရီအဆိပ်သင့်မှုအနည်းဆုံးဖြစ်စေရန်ဂရုပြုရမည်ဖြစ်သည်။

ငါးပမာဏမည်မျှစားသုံးသင့်ပါသနည်း။သင်စားသုံးမည့် ပင်လယ်စာအမျိုးအစားနှင့် ပမာဏတို့ကိုကန့်သတ်ချင့်ချိန်ခြင်းဖြင့် ငါးစားသုံးခြင်းမှ မာကျူရီအဆိပ်သင့်မှုကိုလျှော့ချနိုင်ပြီး အစာအာဟာရမှ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထောက်ခံထားသည်မှာရက်သတ္တပတ်လျှင် ပင်လယ်စာအမျိုးမျိုးနှစ်ကြိမ် စားသုံးသင့်ကြောင်းအကြံပြုထားသည်။ အရွယ်ရောက်သူများအနေဖြင့် ငါးကိုရက်သတ္တပတ်လျှင်  ၁၂ အောင်စ၊ ၆ အောင်စ နှစ်ကြိမ် စားသုံးသင့်ပြီး ငယ်ရွယ်သူကလေးများအနေဖြင့်  ရက်သတ္တပတ်လျှင် ၆ အောင်စ(၃ အောင်စ ၂ ကြိမ်) စားသုံးသင့်သည်။ ချက်ပြုတ်ပြီးသောငါး  ၆ အောင်စသည် မချက်ပြုတ်ရသေးသော ငါး ၈ အောင်စ (ပေါင်ဝက်) နှင့် ညီမျှသည်။

မည်သည့်ငါးမျိုးများသည် စားသုံးရန် အသင့်လျော်ဆုံးဖြစ်ပါသနည်း။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမြင့်မားသောငါးများသည်စားသုံးရန်အသင့်လျော်ဆုံးဖြစ်သည်။ မည်သူမဆို မာကျူရီဓာတ်နည်းသော ငါးမျိုးကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်စားသုံးရမည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမြင့်မားစွာပါရှိသည့်စားသုံးရန် အကောင်းဆုံးငါးမျိုးများမှာ ဟာရင်း (Herring)၊ ယောက်သွား (Mussels)၊ ကမာ(Oysters)၊ ဆယ်လ်မွန်(Salmon)၊ ငါးသေတ္တာငါး ခေါ် ငါးကုန်းညို (Sardine)၊ ငါးဖြူ (Whitefish) တို့ဖြစ်သည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမမြင့်မားသော်လည်း စားသုံးရန်သင့်လျော်သောငါးမျိုးများမှာ စည်သွတ်ကျူနာ (Light Canned  Tuna)၊ ငါးခူငါးမျိုး (Catfish)၊ ကဏန်း (Crab)၊ ရေချိုကျောက်ပုစွန် (Crawfish)၊ ခုံးကောင် (Scallops, Clams)၊ ရေငန်ပုစွန် (Shrimp)၊ ကင်းမွန် (Squid)၊ ထရောက်ငါး(Trout)၊ ဖလောင်ဒါငါး (ငါးခွေးလျှာငါးမျိုး Flounder)တို့ဖြစ်သည်။

မာကျူရီဓာတ်အသင့်အတင့် ပါဝင်သောအကန့်အသတ်အတိုင်းအတာဖြင့်  စားသုံးရမည့်ငါးမျိုးများမှာစည်သွတ်ကျူနာ (Canned Tuna- White/ albacore)၊ ငါးလက်ကိုက်/ငါးခွေးကဲ့သို့ငါးကင်(Halibat steak)၊ ကျူနာငါးကင် (Tuna Steak)တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့်အမျိုးသမီးများ၊ ကလေးအမေများနှင့်ကလေးငယ်များသည်အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့်ငါးမျိုးများကို ရက်သတ္တပတ်လျှင် တစ်နပ်သာစားသုံးပါက ဘေးအန္တရာယ်ကင်းနိုင်ပြီး မာကျူရီဓာတ်နည်းသော (ရေငန်ပုစွန်၊ စည်သွတ်ကျူနာ၊ ဆယ်လ်မွန်ငါး၊ ပိုလော့ငါးနှင့် ငါးခူ) ငါးများကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်စားသုံးနိုင်သည်။ သို့ပါ၍ အကြံပြုရလျှင်အိုမီဂါ-၃ ဓာတ်မြင့်မားစွာပါပြီး မာကျူရီဓာတ်ပါဝင်မှုနည်းသောငါးကိုစားပါ။ သေးငယ်ပြီးငယ်ရွယ်သောငါးကိုစားပါ။

အခြားငါးများကို မစားသောငါးကို ရွေးချယ်စားပါ။ အရွယ်ကြီးပြီး အသားစားသော ငါးမျိုးများသည် မာကျူရီဓာတ် ပိုမိုစုဆောင်းပါရှိနိုင်သောကြောင့် ဖြစ်သည်။မည်သည့်ငါးမျိုးများကိုရှောင်စားရမလဲ။အမေရိကန် FDA မှ အကြံပြုထားသည်မှာကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့်အမျိုးသမီးများ၊ကလေးအမေများနှင့်အသက် ခုနစ်နှစ်အောက်ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသောငါးများဖြစ်သည့် ငါးကွမ်းရှပ် (king mackerel)၊ ငါးဂဠုန်(Swordfish)၊ ငါးမန်း (Shark)၊ ငါးပါးနီ (Golden snapper) တို့ကိုစားသုံးခြင်းအား ရှောင်ရှားရမည်ဖြစ်သည်။ အရွယ်ရောက်သူများနှင့် အသက် ခုနစ်နှစ်အထက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသောငါးများကိုရက်သတ္တပတ်လျှင် တစ်နပ်စားသုံးပါက ဘေးကင်းနိုင်သည်။ မာကျူရီဓာတ်မြင့်မားသော ငါးများကိုစားပါက ကျန်းမာစေသော အိုမီဂါ-၃ ဓာတ်၏အကျိုး အာနိသင်ကိုလည်း လျော့နည်းစေမည်ဖြစ်သည်။ အခြားသောရေထွက်ကုန်ငါးများကိုရောဘယ်လိုစားနိုင်ပါသလဲ။

စည်သွတ်ကျူနာ (Chunk light tuna)သည် ကျူနာငါးအသားတုံး (Solid white or chunk white tuna) ထက် မာကျူရီဓာတ်ပါဝင်မှုနည်းသဖြင့် စားသုံးရန် ဘေးဥပဒ်ကင်းသည်။ တစ်နပ်လျှင် စည်သွတ်ကျူနာ (Chunk light tuna) ၆ အောင်စမှ ၈ အောင်စ စားနိုင်ပြီး ရက်သတ္တပတ်လျှင် နှစ်ကြိမ်အထိစားနိုင်သည်။ ကျူနာငါးအစိမ်း သို့မဟုတ် ကျူနာငါးအကင်ဆိုပါက ရက်သတ္တပတ်လျှင် တစ်ကြိမ်သာစားသင့်သည်။ မွေးမြူရေးရေထွက်ကုန်များဖြစ်သော ငါးခူမျိုးများ၊ တီလားဗီးယားငါးများ၊ ရေငန်ပုစွန်နှင့် ယောက်သွားများသည် မာကျူရီဓာတ်နည်းသော ရေထွက်ကုန်များဖြစ်သည်။ ငါးအသားချောင်း၊ အသားညှပ်ပေါင်မုန့်ကဲ့သို့ အမြန်စာ (fish sticks, fast food sandwiches)၊ အခြားသော အေးခဲငါးများ၊ ပေါင်မုန့်ကပ်ရေထွက်ကုန်များသည် မည်သူမဆိုစားသုံးရန်ဘေးကင်းပြီး ရက်သတ္တပတ်လျှင် နှစ်ကြိမ်အထိစားသုံးနိုင်သည်။ သို့သော် အဆိုပါ ရေထွက်ကုန်များသည် အိုမီဂါ-၃ အဆီအက်စစ်မြင့်မားစွာမပါရှိဘဲ အဆီဓာတ်နှင့် ကယ်လိုရီဓာတ်များပါဝင်မှုများသည်။ ကဏန်းနှင့်ကျောက်ပုစွန် အသားတုများသည် မည်သူမဆိုစားသုံးရန် ဘေးကင်းသည်။ ပင်လယ်စာ သို့မဟုတ် ခုံးတို့နှင့် ဟင်းသီးဟင်းရွက်များကျိုထားသော ဟင်းချိုပျစ်ပျစ် (Seafood chowder and clam chowder) များသည် မည်သူမဆိုစားသုံးရန် ဘေးကင်းသည်။ ရက်သတ္တပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသောပမာဏထက်ပိုစားပါက ဘာဖြစ်နိုင်ပါသလဲ။

သင့်ကျန်းမာရေးအတွက် အကျိုးရှိစေမည့် စားသုံးရန်သင့်လျော်သော ငါးပမာဏသည် သင်၏အသက်၊ နှလုံးကျန်းမာရေးအခြေအနေနှင့် သင်စားသုံးမည့် ငါးမျိုးအပေါ်မူတည်မည်။ အကယ်၍ သင်သည်ရက်သတ္တပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားလိုပါကသင့်အတွက် အသင့်လျော်ဆုံးဖြစ်မည့်ငါးမျိုးကို ရွေးချယ်နိုင်ရန်ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်သည်။ ပင်လယ်စာငါးများကိုမည်ကဲ့သို့ အကောင်းဆုံးချက်ပြုတ်ပြင်ဆင်စားသုံးသင့်ပါသလဲ။

ပင်လယ်စာသည်သဘာဝအားဖြင့်အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အဆီနှင့်ကယ်လိုရီဓာတ်နည်းပါးစွာ ပါဝင်သည်။ (စားမည့်ငါး ၆ အောင်စတွင် ကယ်လိုရီဓာတ် ၁၈၀-၂၀၀ ကယ်လိုရီပါရှိသည်။) ပင်လယ်စာ၏အာဟာရအကျိုးရှိမှုကို မပျက်စီးစေရန် အဆီအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများ သင်ရွေးချယ်စားသုံးရန် အရေးကြီးသည်။ ပင်လယ်စာ၏ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်ရန် အတွက် ချက်ပြုတ်သည့်နည်းလမ်းများသည်အရေးကြီးသည်။ ငါးတစ်ကိုယ်လုံးတွင် မာကျူရီဓာတ်များ တွေ့ရှိရပါသဖြင့် သန့်စင်ခြင်းနည်းစနစ်များသည် ငါးဟင်းတွင်ပါဝင်သော မာကျူရီပမာဏကိုလျှော့ချနို င်လိမ့်မည်မဟုတ်ပါ။  ငါးကိုဖုတ်ခြင်း (Baking)၊ မီးကင်ခြင်း (Broiling)၊ ရေနွေးဖြင့်ပြုတ်ခြင်း (Poaching)၊ ပေါင်းခြင်း(Steaming)၊ ကင်ခြင်း(Grilling)၊ မိုက်ခရိုဝေ့ဖြင့် ချက်ခြင်း (microwaving)၊ ထောပတ် သို့မဟုတ် ဆီအနည်းငယ်ဖြင့်ကြော်ခြင်းတို့သည် သင်၏ ဟင်းပွဲတွင်အဆီဓာတ်ပါဝင်မှု အနည်းဆုံးဖြစ်စေပါလိမ့်မည်။ ငါးအမျိုးမျိုးအတွက် တစ်ခုသော စံပြုချက်နည်းတစ်ရပ်မှာအထူ တစ်လက်မရှိသောငါးအသားလွှာကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ၁၀ မိနစ်ကြာ ဖုတ်ခြင်း(Baking) ဖြစ်သည်။ ငါးကိုချက်ပြုတ်ရာ၌ ဆီများများဖြင့် ကြာမြင့်စွာကြော်ပြီး ခရင်ဆော့ဖြင့် စားမည်ဆိုပါက သင်၏ဟင်းပွဲတွင် အဆီဓာတ်နှင့် ကယ်လိုရီဓာတ်မြင့်စေမည်ဖြစ်သည်။အရည်အသွေးကောင်းသော အေးခဲငါးကို  မည်ကဲ့သို့ရွေးချယ်နိုင်မည်နည်း။ အေးခဲငါးများ၏ ထုပ်ပိုးထားသောအရာများသည် ပျက်စီးမနေရပါ။

အေးခဲငါးများ၏ အထုပ်အပိုးအပေါ်၌ရေခဲမှုန်များနှင့် နှင်းခဲမှုန်များဖုံးနေပါက မဝယ်ပါနဲ့။ အဆိုပါ ငါးများသည် ရက်ကာလရှည်ကြာစွာသိုလှောင်ထားသောငါးများ သို့မဟုတ်အရည်ဖျော်ပြီးပြန်လည်အေးခဲထားသော ငါးများဖြစ်သည်။ လတ်ဆတ်သောငါးအသားလွှာ၏အရောင်သည် အမျိုးမျိုးဖြစ်နေသော်လည်း  များသောအားဖြင့် အရောင်ညီစွာတောက်ပနေပြီး အစွန်းဘက်များ၌ အဝါရောင် သို့မဟုတ်  မြေဖြူရောင်သန်းမနေပါ။ ငါးအသားလွှာများသည် စိုစွတ်၍တင်းမာနေရမည်ဖြစ်ပြီး လတ်ဆတ်သော အနံ့ဖျော့ဖျော့ဖြစ်နေရမည်။ ငါးညှီနံ့စူးစူးဝါးဝါးဖြစ်မနေရပါ။ အိမ်၌ မည်ကဲ့သို့ငါးများကို သိုလှောင်ထားရပါမည်နည်း။

ငါးများကိုနေရောင်ခြည်အောက်၌တိုက်ရိုက်မထားဘဲ ရေခဲအပေါ်၌ထားရှိရမည်။ လတ်ဆတ်သောငါးများ သို့မဟုတ် အေးခဲသောငါးများကို နှစ်ရက်အတွင်းချက်ပြုတ်စားသောက်ရမည်။ ငါးကိုအေးခဲခန်းဖြင့်ဆိုလျှင် သုံးလအထိ သိုလှောင်ထားနိုင်သည်။ ချက်ပြုတ်ပြီးသောငါးကို ရေခဲသေတ္တာအတွင်း၌ သုံးရက်မှလေးရက်ကြာသိုလှောင်ထားနိုင်ပြီး အေးခဲအခန်း၌ဆိုပါက တစ်လကြာ သိုလှောင်ထားနိုင်သည်။    ။

MWD Web Portal

ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)

 သမိုင်းကြောင်း

           ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတနိုင်ငံတို့မှ စာချုပ် လက်မှတ် ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း စတင်၍ တရားဝင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေးနီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိက ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။  ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော်၊ စုစုပေါင်း GDP ၂.၄ အမေရိကန် ထရီလီယံကျော် ရှိပြီး၊ ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄.၅%၊ သဘာဝဓာတ်ငွေ့ ၂၀.၃% ထုတ်လုပ်နိုင်ပါသည်။  

Eurasian Economic Union : Russia, Belarus, Kazakhstan, Armenia, Kyrgyzstan

အဖွဲ့ဝင်နိုင်ငံများ၏ အခန်းကဏ္ဍ

          ရုရှားနိုင်ငံသည် EAEU တွင် အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ၏မူဝါဒများနှင့် ဦးတည်ချက်များကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ စွမ်းအင်အရင်း အမြစ်များ ကြွယ်ဝသောကြောင့် ရုရှားသည် အခြားအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသော ကုန်သွယ်ဖက်နှင့် စွမ်းအင်ထောက်ပံ့သူနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါသည်။ ဘယ်လာရုစ်နိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် အားသာ ချက်များစွာရှိပါသည်။ ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိပြီး EAEU ၏ အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကာဇက်စတန်နိုင်ငံသည် သဘာဝအရင်းအမြစ်များ ကြွယ်ဝ ပြီး ရေနံနှင့် သတ္တုများထုတ်လုပ်ရာတွင် အဓိကကျပါသည်။ EAEU ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသောနိုင်ငံဖြစ်ပါသည်။ အာမေးနီးယား နှင့် ကာဂျစ္စတန်နိုင်ငံတို့သည် စီးပွားရေးအရ သေးငယ်သော်လည်း EAEU တွင် ပါဝင်ခြင်းအားဖြင့် ၎င်းတို့၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အခွင့်အလမ်းများရရှိ နေကြပါသည်။ ထို့အပြင် မောလ်ဒိုဗာ၊ ဥဇဘက်ကစ္စတန်၊ ကျူးဘားနိုင်ငံနှင့် အီရန် တို့သည် လေ့လာသူနိုင်ငံ (Observer Status) များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

 

EAEU နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ

EAEU သည် အခြားသော နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် Belt and Road Initiative (BRI)နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။  ၂၀၁၈ ခုနှစ်တွင် EAEU-China Trade and Economic Cooperation Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ် ရေး အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထို့အတူ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)နှင့်လည်း ပူးပေါင်းနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်၊ ဆားဘီးယား၊ အင်ဒိုနီးရှား၊ အီရန်နိုင်ငံတို့ဖြင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ချုပ်ဆိုထားရှိသည်။  အိန္ဒိယ၊ အီဂျစ်၊ တူရကီနိုင်ငံများနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ယခုအခါ EAEU သည် တတိယနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှု ဆက်ဆံ ရေးများ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်တည်ဆောက်နေပြီး ဥရောပ-အာရှတိုက်အတွင်း စီးပွားရေးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် ၎င်း၏ဩဇာ လွှမ်းမိုးမှုကို ဆက်လက်တည်ဆောက်နိုင်ရန် အလားအလာကောင်းများ ရှိနေသည်။ သို့ဖြစ်ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုပြုလုပ်သည့် ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် “တရားမျှတသည့် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကို ပုံဖော်ရာတွင် EAEU ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ မိမိတို့၏ မဟာမိတ်အဖွဲ့အစည်းသည် စိတ်ဝင်စားသည့် နိုင်ငံခြားမိတ်ဖက်အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အမြဲတမ်းလမ်းဖွင့်ထားပါကြောင်း၊ အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံ ရေးများသည် ဥရောပ-အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတစ်ခွင်ရှိ နိုင်ငံများနှင့်အတူ တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း” အလေးအနက် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

EAEU နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ

          EAEU နိုင်ငံများသို့ မြန်မာ၏ အဓိကပို့ကုန်များတွင် ဆန်၊ ကော်ဖီ၊ စားအုန်းဆီ၊ ကိုကိုးစေ့ များ ပါဝင်ပါသည်။ မြန်မာနိုင်ငံသို့ သွင်းကုန်ပြုလုပ်ရာတွင် ဓာတ်မြေသြဇာများ၊ စားသုံးသူ သုံးကုန်ပစ္စည်းများ၊ စက်ကိရိယာများနှင့်ပစ္စည်းများ၊ သတ္တုများ၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့် ဆေးဝါးများက အဓိကနေရာယူထားပါသည်။  ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) နှင့် မြန်မာနိုင်ငံတို့အကြားရှိ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်မှစ၍သုံးဆကျော် တိုးလာခဲ့ကြောင်း ဥရောပ-အာရှစီးပွားရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မင့်(စ်)ခ် မြို့၌ ပြုလုပ်ခဲ့သော ဥရောပ-အာရှစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲ၌ ဥရောပ-အာရှ စီးပွားရေး ကော်မရှင်၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် အလုပ် သဘော တွေ့ဆုံဆွေးနွေးစဉ် “၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ EAEU နိုင်ငံများနှင့် မြန်မာ နိုင်ငံအကြားရှိ ကုန်သွယ်မှုပမာဏသည် သုံးဆကျော်အထိ တိုးတက်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံကျော်လွန်သွားပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကာ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ အာရှစီးပွားရေး ကော်မရှင် (EEC) ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပြီး ထိတွေ့ ဆက်ဆံမှု သည် ၂၀၂၃ ခုနှစ်က စပြီး အရှိန်အဟုန်မြင့် တက်လာခဲ့ကာ (၂၆)ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် တို့ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။     

ယနေ့အချိန်တွင် EAEU အနေဖြင့် စိန်ခေါ်မှုများကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရုရှား-ယူကရိန်းစစ်ရေးအခြေအနေ ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး EAEU ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများကို ထိခိုက်စေသည်။ ဥပမာအားဖြင့် SWIFT Digital ငွေလွှဲ စနစ်မှ ရုရှားနိုင်ငံ၏ ဘဏ်များကို ပိတ်ပင်ခြင်း၊ ဖယ်ရှားခံရခြင်း အခြေအနေများသည် EAEU အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံတကာငွေလဲလှယ်မှုကို အနည်းငယ်ထိခိုက်ခက်ခဲစေခဲ့သည်။ သို့ဖြစ်၍လည်း ဥရောပ-အာရှစီးပွား ရေးသမဂ္ဂ (EAEU) သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျက် ရှိပြီးအချို့က ၎င်း၏ ကောင်းကျိုးကို လိုလားကြသကဲ့သို့ အချို့ကလည်း ၎င်းအား ယိုင်နဲ့ သွားသည်ကို သို့မဟုတ် ပြိုကွဲသွားသည်ကိုပင် လိုလားကြကြောင်း ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် ယနေ့ EAEU အဖွဲ့အစည်း၏ ကမ္ဘာ့အလယ်တွင် မည်မျှအရေးပါမှု အခြေအနေများကို မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။

Lukashenko speaks against national digital sovereignty inside EAEU

မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ

          ကမ္ဘာလုံးဆိုင်ရာမတည်မငြိမ်မှုများနှင့် မဟာမိတ် စုဖွဲ့မှုအပြောင်းအလဲများ ဖြစ်ပေါ် နေသော ယခုကဲ့သို့ ကာလမျိုးတွင် EAEU ကဲ့သို့သော အဖွဲ့အစည်းများသည် ဝန်ဆောင်မှု လွတ်လပ်ခွင့်၊ ကုန်သွယ်ရေးလွယ်ကူမှုနှင့် ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စသည့် အရေးကြီးသော ကိစ္စရပ်များကို အတူတကွပူးပေါင်းရင်ဆိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ သတ္တုတွင်းထွက်ကုန်များနှင့် အခြားအထွက်ကုန်များအတွက် EAEU အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နိုင်သည့် အလားအလာများစွာရှိပါသည်။ အလားတူပင် ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများ၏ စက်မှုထုတ်ကုန်၊ နည်းပညာနှင့် စွမ်းအင်ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များ၊ စွမ်းအင် နည်းပညာ၊ အခြားစက်မှုလုပ်ငန်းများအတွက် ရုရှားနှင့် EAEU အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများလည်း ရှိနေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကိုအခြေခံသည့် နိုင်ငံဖြစ်သဖြင့် EAEU အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဈေးကွက်ဝင်ရောက်မှုအခွင့်အလမ်းများက စိုက်ပျိုးရေးထွက်ကုန်များ၊ စက်မှု ထုတ်ကုန်များ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးရေးစက်ယန္တရား၊ အရည်အသွေးမြှင့်တင်ရေးနည်းပညာများ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဝင်ရောက်လာနိုင်ပါသည်။

          EAEU နိုင်ငံများမှ နည်းပညာသစ်များ၊ စက်မှုလုပ်ငန်းနည်းပညာ၊ သုတေသနနှင့် ပညာရေးပူးပေါင်းမှုများသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ ပါသည်။ ပညာရေး၊ သုတေသန၊ လူမှုရေးပူးပေါင်းမှုများအတွက်လည်း အလားအလာများစွာ ရှိပါသည်။ အထူးသဖြင့် ပညာရေးအတန်းမြှင့်တင်ရေး၊ နည်းပညာ လေ့လာရေး၊ ကျောင်းသား လဲလှယ်ရေးအစီအစဉ်များတွင် ပိုမိုတိုးတက်လာနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓါတ်မြေဩဇာ၊ ရေနံထွက်ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများကို EAEU နိုင်ငံများမှ တင်သွင်းနိုင်သလို၊ မြန်မာ့ထုတ်ကုန်များကိုလည်း ဈေးကွက်အသစ်များသို့ ပို့နိုင်မည် ဖြစ်ပါသည်။ EAEU သည် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာလွှဲပြောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြန်မာနိုင်ငံအတွက် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေးသဘောတူညီချက်များ တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေပါသည်။ ကမ္ဘာ့စီးပွားရေး ဩဇာသက်ရောက်မှုများ ပြောင်းလဲလာပြီး အသစ်အသစ်သော ကုန်သွယ်ရေးလမ်းကြောင်းများ ပေါ်ထွန်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်-

(က)       မဟာဗျူဟာကျသော ချိတ်ဆက်မှုများကို စူးစမ်းရှာဖွေခြင်း။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် EAEU တွင် လေ့လာသူနိုင်ငံ (Observer Status) အဖြစ် အဆိုပြုခဲ့ခြင်းသည် EAEU ၏ အာရှဒေသသို့ ချဲ့ထွင်မှုအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်လည်း ပုံဖော်လာနိုင်စွမ်းရှိမည်ဖြစ်ပါသည်။ EAEU အဖွဲ့ဝင်နိုင်ငံ မဟုတ်သေးသော်လည်း မြန်မာနိုင်ငံသည် အဖွဲ့၏ ပူးပေါင်းဆက်ဆံရေး ဗျူဟာများကို အနီးကပ်လေ့လာနိုင်ပါသည်။ ဤသို့လေ့လာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ရှိပြီးသား သမားရိုးကျဈေးကွက်များအပြင် အခြားသော နိုင်ငံတကာဈေးကွက် များသို့ ချဉ်းကပ်ရေးနည်းလမ်းများ၊ နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းဗျူဟာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မိမိ၏စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ရန် နည်းလမ်းများစသည်တို့ကို ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(ခ)       ကုန်သွယ်ရေးနှင့် ဈေးကွက်အခွင့်အလမ်းများ။ EAEU သည် ဝန်ဆောင်မှု လွတ်လပ်ခွင့် (Service Liberation) နှင့် ပြင်ပမိတ်ဖက်များနှင့် ကုန်သွယ်ရေး ချဲ့ထွင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထည်ချုပ်လုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် အထူးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်နိုင် ပါသည်။

(ဂ)  ဒေသတွင်းပေါင်းစည်းမှုပုံစံများကို လေ့လာခြင်း။ EAEU သည် ဒေသတွင်း ပေါင်းစည်းမှု၏ ဥပဒေသ တစ်ခုဖြစ်ပါသည်။ ASEAN တွင် တက်ကြွစွာပါဝင် နေသော မြန်မာနိုင်ငံအတွက် ဒေသတွင်းအဖွဲ့အစည်းများသည် အချုပ်အခြာ အာဏာနှင့် စီးပွားရေးညှိနှိုင်းမှုတို့အား မည်သို့ချိန်ညှိကြပုံကို နားလည်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

(ဃ)    နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာ များ။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ရေရှည်တည်တံ့သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော ကဏ္ဍများသည် မြန်မာနိုင်ငံအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အသိပညာ ဖလှယ်ရန် ရှာဖွေနိုင်သည့် နယ်ပယ်အသစ်များဖြစ်ပါသည်။

(င)   ဒေသတွင်းအဆင့်တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုထင်ရှားစွာ ပြသနိုင်ခြင်း။ လေ့လာသူ အဆင့်ဖြင့်သော်လည်းကောင်း၊ ဆက်စပ်ဖိုရမ်များတွင်သော်လည်းကောင်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင် အာရှကြားရှိ ၎င်း၏ မဟာဗျူဟာကျသော တည်နေရာကို အသုံးချခြင်းဖြင့် နိုင်ငံပေါင်းစုံနှင့် စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုများကို ဖွင့်လှစ်ထားကြောင်း ပြသနိုင်ပါသည်။

          သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဥရောပ-အာရှ စီးပွားရေးဖိုရမ်၌ “ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံ များ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်းတို့သည် ကမ္ဘာတွင် လက်တွေ့လိုအပ် နေသည့်အရာများပင်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ ၏ အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက် သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစု အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်း” အလေးနက်ထား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 

Myanmar eager to join EAEU as member state | State Administration ...

          ယနေ့ကမ္ဘာတွင် ဒေသတွင်းစီးပွားရေးပူးပေါင်းချိတ်ဆက်မှုများ အရှိန်အဟုန်မြှင့် တိုးမြင့် လာသည်နှင့်အမျှ ယခုကဲ့သို့ EAEU အဖွဲ့အစည်းအတွင်း လေ့လာသူနိုင်ငံအဆင့်၊ ၎င်းမှအမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက မြန်မာနိုင်ငံအတွက် မိမိ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေကို မှန်တစ်ချပ် ကဲ့သို့ ပြန်လည်သုံးသပ်နိုင်ပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေး လမ်းကြောင်းများ ပါဝင်သည့် မြေပုံတစ်ချပ်ကို လက်ဝယ်ရရှိလိုက်သကဲ့သို့ အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း..... 

ကိုးကား

  1. https://sacoffice.gov.mm/my/niungngntteaaciimnaupkhuprekeaangciiukktttth-niungngntteaawnkiikhup-biulkhupmuukii-297

  2. https://www.eaeunion.org/?lang=en

  3. https://eng.belta.by/economics/view/trade-between-eaeu-myanmar-triples-since-2019-169293-2025/

  4. https://eng.belta.by/economics/view/putin-lauds-eaeus-role-in-shaping-fair-multipolar-world-169339-2025/

မောင်မိုး

အသက်ခြောက်လသာကွာသော ဖေဖေနှင့်မေမေတို့၏ ၁၁၁ နှစ်ပြည့်မွေးနေ့အမီ အသက် ၁၀၀ ပြည့်မွေးနေ့တုန်းကကဲ့သို့ ဘုရားစာအုပ်ဓမ္မဒါနလှူချင်မိသည်။ စီစဉ်မှုနှောင့်နှေးသွားပြီး ၂၀၂၅ ခုနှစ် မတ်လက ဖေဖေ့မွေးနေ့မမီလိုက်၍ ယခုစက်တင်ဘာလတွင် မေမေ့မွေးနေ့အမီတော့ရေးမည်ဟု စိတ်ကူးရှိခဲ့သည်ကို အကောင်အထည်ဖော်ရန် ကြိုးစားရပါသည်။

ရှိခဲ့ပါလျှင် လာမည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စာရေးဆရာမကြီး မမြတ်လေး (ဒေါ်သိန်းဆိုင်)၏ အသက် ၁၁၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၉၂ နှစ်အရွယ်အထိသာ အသက်ရှိနေနိုင်ခဲ့သော သူ၏အတွေး၊ သူ၏အရေး၊ သူ၏လမ်းညွှန်မှုများသည် ခေတ်နှင့်အညီ တစ်ပြေးတည်းရှိနေဆဲပါ။

၁၉၆၂ ခုနှစ်တွင် ကင်းထောက်ဗဟိုကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော အမျိုးသမီး ကင်းထောက်မင်းကြီးလည်းဖြစ်ပါသည်။

လူငယ်များကို စာကြိုးစားသင်ချင်စိတ်ရှိစေရန် အားပေးသကဲ့သို့ အသက်ကြီးပြီးပညာလည်း တတ်ပြီးဖြစ်သည်မို့ဆက်လက်၍ စာသင်ယူရန် အရွယ်မဟုတ်တော့ဟု ယူဆကြသူများကိုလည်း life long learning (အသက်ရှင်နေသရွေ့ပညာရှာ) ဆိုသည့်အသိတရားကို ကိုယ်တိုင်လက်တွေ့ပြ၊ အကောင်အထည်ဖော်ခြင်းဖြင့် အသက် ၉၁ နှစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်မှဘွဲ့နှစ်ခုကို ထပ်မံယူခဲ့ခြင်းဖြင့် အမျိုးသမီးထုအတွက်ပါ ရှေ့ဆောင်လမ်းပြခဲ့ပါသည်။

တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်ဟူသောစကားကို သက်သေပြခဲ့ပါသည်။

ထို့ကြောင့် ကျောင်းစာပေပညာသင်ကြားခြင်းကို နောက်ဆုံးအချိန်အထိ သားသမီးမြေးများနှင့်အတူ သစ်ပုပ်ပင်ကြီးရှိရာ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရန်ကုန်)၌ ကိုယ်တိုင်တက်ရောက်သင်ယူခြင်းပြုရာ သူ၏အသက်ကို ပညာနှင့် အမှန်တကယ်ပင်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

စာပေသည် သူ၏အသက်

နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်သွားမည်ဟု ဆန္ဒရှိခဲ့သူ၊ စာပေကိုချစ်မြတ်နိုးသူ၊ ၉၂ နှစ်အရွယ်ရှိ စာရေးဆရာမကြီး မမြတ်လေးသည် မကွယ်လွန်မီလပိုင်းဖြစ်သော ၂၀၀၆ ခုနှစ် ဧပြီလထုတ် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ မေတ္တာစမ်းရေမဂ္ဂဇင်းအတွက် “ကျွန်တော် မဖြေရှင်းနိုင်သော်လည်း” ဝတ္ထုကို ရေးသားခဲ့ခြင်းဖြင့် အမှန်တကယ်ပင် နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်ခဲ့ပါသည်။

ကျောင်းနေစဉ် အထက်တန်းကျောင်းသူဘဝမှစတင်ကာ ကျောင်းနံရံကပ်စာစောင်များတွင် စာပေများရေးသားခဲ့ကာ တစ်ဆင့်ပြီးတစ်ဆင့် ကလောင်သွေးခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး အထိမ်းအမှတ်ဝတ္ထုတိုပြိုင်ပွဲတွင် “အုတ်မြစ်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါသည်။

နိုင်ငံတော်က ပညာရေးကိုအားပေးသော၊ စာပေကိုတန်ဖိုးထားသော ယခုကာလတွင် မိမိတို့နိုင်ငံမှ လူငယ်များနှင့် စာရေးဆရာမကြီးမမြတ်လေး တို့ခေတ်ကာလ အလှမ်းကွာဝေးသဖြင့် မသိ၊ မကြား၊ မဖတ်ဖူးသူများအတွက် ဗဟုသုတအဖြစ် ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

- တစ်ချိန်က လွတ်လပ်ရေးအတွက် ခင်ပွန်းသည် တော်လှန်ရေးတပ်သားကောင်း ဗိုလ်တင်ဖေနှင့်အတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက်တိုင်းပြည်လွတ်လပ်ရေးမရမီ လွတ်လပ်ရေးရရန် ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန်အတွက် ကလောင်တိုက်ပွဲ ဝင်ခဲ့သည်။

- ၁၉၄၅ ခုနှစ်တွင် မိမိမွေးဖွားရာဇာတိအား ဂုဏ်ပြုသောအားဖြင့် ပဲခူးအမည်ပါသော ပဲခူးသိန်းသိန်း က‌လောင်အမည်ဖြင့် တိုးတက်ရေးဂျာနယ်တွင် ဆောင်းပါးစတင်ရေးခဲ့သည်။

- အသက် ၂၀ ကျော်မှစ၍ မဂ္ဂဇင်းများတွင် ပဲခူးသိန်းသိန်းအမည်ဖြင့် ဝတ္ထုဆောင်းပါးများ ရေးသားခဲ့သည်။

- တိုးတက်ရေးဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းနှင့် နဂါးနီဂျာနယ်များတွင် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။

- ၁၉၄၆ ခုနှစ်တွင် အရှေ့တိုင်းမဂ္ဂဇင်းဝတ္ထုပြိုင်ပွဲ၌ “မမြတ်လေး” ကလောင်အမည်ဖြင့် ဝတ္ထုတိုပြိုင်ပွဲဝင်ခဲ့ရာ ထိုစဉ်မှစ၍ မမြတ်လေးကလောင်အမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

- မြတ်လေးပန်းသည် အလွန်ရိုးသားပြီး မွှေးရနံ့သင်းသည်ကို နှစ်သက်ခြင်းကြောင့် ကလောင်အမည်ကို မမြတ်လေးဟု သုံးစွဲခဲ့ခြင်းဖြစ်သည်။

- လွတ်လပ်ရေးရပြီး တိုင်းပြည်အတွက် အကျိုးပြုစာပေများ၊ ဗဟုသုတဆောင်းပါးများ၊ ဝတ္ထုတို ဝတ္ထုရှည်များကို ငွေတာရီ မဂ္ဂဇင်းနှင့် မြဝတီမဂ္ဂဇင်းတို့တွင် ရေးသား ခဲ့သည်။

- အထက်တန်းပြဆရာမဘဝဖြင့် ရေကျော်အစိုးရအထက်တန်းကျောင်းနှင့် တာမွေ အစိုးရအထက်တန်းကျောင်းတို့တွင် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

- ၁၉၄၈ ခုနှစ် လွတ်လပ်ရေးဝတ္ထုတို ရွှေတံဆိပ်ဆုရှင်။

- ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုရှင်။

- ၂၀၀၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အတွက် ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို ရေးသားသူ၊ ဘွဲ့လွန်ပညာရပ်များကို ဆည်းပူးသူအသက်အရွယ်အကြီးဆုံး အမျိုးသမီးဆုရှင်။

- ၂၀၀၄ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန် ပထမ ဆင့်ရရှိသူ။

- သက်ကြီးကန်တော့ခံ စာပေပညာရှင်။

- သက်ကြီးကန်တော့ခံ တရားရုံးချုပ်ရှေ့နေကြီး ဥပဒေပညာရှင်။

- မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)အတွက် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန် “ထာဝရချစ်ခြင်းတရားကို ပိုင်ဆိုင်ထားသောချစ်သူများ” အမည်ရှိ အမျိုးသမီးများသားဆက်ခြား ကျန်းမာရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အတွက် မြန်မာ့ရုပ်မြင်သံကြားမှ အမျိုးသမီးများနေ့ ဂုဏ်ပြုထုတ်လွှင့်ရန် “အမေဆိုတာတစ်ခါတုံးက သမီးပါပဲ” အမည်ရှိ လူမှုရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြတ်လေးမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေ ခဲ့သည်။

- မမြတ်လေး ပညာရည်ချွန်ဆု၊ မမြတ်လေး အခြေခံအုတ်မြစ်ဆု၊ မမြတ်လေး အခြေခံ အုတ်မြစ်အထူးဆု၊ မမြတ်လေး အခြေခံအုတ်မြစ်အားကစားဆုတို့အတွက် ငွေပဒေသာပင်စိုက်ထူခဲ့သူအဖြစ် အမျိုးသမီးထုအတွက် ဂုဏ်ဆောင်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ BA, DT, BL ဘွဲ့များကိုရယူခဲ့ပြီး ကျောင်းဆရာမအဖြစ် ရပ်တည်ခဲ့ကာ နိုင်ငံ့ဝန်ကိုထမ်းခဲ့ပါသည်။ ခင်ပွန်းသည် အငြိမ်းစားယူပြီးသောအခါ မိသားစုစားဝတ်နေရေးအတွက် ဗဟိုတရားရုံးရှေ့နေအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။ ။

MOI

ခင်မြတ်လေး

အစဉ်အလိုက်လော တစ်ခုမဟုတ်တစ်ခုလော

နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့သော ကမ္ဘာကြီး၏သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် ရုပ်ပိုင်းဝတ္ထုဆိုင်ရာ ဖွံ့ဖြိုးမှုများတိုးတက်မှုသည် ဖြည်းဖြည်းခြင်းဖြင့်လည်းကောင်း၊ လျင်မြန်သော အရှိန်အဟုန်ဖြင့်လည်းကောင်း အံ့မခန်းဖြစ်ပေါ်နေခဲ့သည်ကို မျက်မြင်ထင်ရှားတွေ့ရှိကြရသည်။ တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်လာသော အနိဋ္ဌာရုံများ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပင် ဖြစ်ပျက်နေကြသည်ကိုလည်း တွေ့ကြရလိမ့်မည်။ မနာလိုဝန်တိုမှုနှင့် လွန်ကဲသော လောဘ၊ ဒေါသကို သရုပ်ဖော်နေသောအပြုအမူများ၊ စစ်ပွဲများ၊ ပဋိပက္ခများ၊ အဖြစ်အပျက်ဆိုးများသည် တစ်ခုပြီးတစ်ခု အစဉ်အလိုက်ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်ခုမဟုတ်တစ်ခုဖြစ်နေသကဲ့သို့ လည်းကောင်း တွေ့နေရသည်။

အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု

မိတ်ဆွေတစ်ယောက်၏ ပြောစကားကို အမှတ်ရသည်။ အိန္ဒိယဂန္ထဝင်စာပေတွင် ရာမယဏ (Ramayana) နှင့် မဟာဘာရတ္တ (Mahabharata) ဇာတ်လမ်းများရှိပြီး မော်ကွန်းတင်ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုထားကြသည်။ မော်ကွန်းတင် ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုရလောက်သည့် အဆိုပါဇာတ်လမ်းများထဲ၌ ဇာတ်ကောင်များ၏ ကြမ်းတမ်းသော၊ ကျင့်ဝတ်သိက္ခာမဲ့သော၊ ခိုက်ရန်ဖြစ်ပွားသော စရိုက်လက္ခဏာများ၊ ငြိမ်းချမ်းလိုသည့် ဆန္ဒရှိသော၊ စိတ်ကောင်းစေတနာရှိသော စရိုက်လက္ခဏာများ၊ မြင့်မြတ်သောအပြုအမူများကို လုပ်ဆောင်သည့်အမျိုးသားများ၊ အမျိုးသမီးများနှင့် သူတော်ကောင်း၊ သူတော်စင်များ၏ အပြုအမူများစသဖြင့် အကောင်းအဆိုးအခြေအနေများကို ဖော်ညွှန်းရေးသားထားသည်။

ဇာတ်လမ်းဇာတ်ကွက်များသည် အတိတ်သမိုင်းယဉ်ကျေးမှုကို သရုပ်ဖော်ထင်ဟပ်နေသကဲ့သို့ အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့ကြား သဟဇာတဖြစ်မှု၊ လူသားတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးအတွက် မှတ်သားလိုက်နာသင့်သည့် လမ်းညွှန်မှုတို့ကို သင်ခန်းစာယူ၊ မှတ်သားဖွယ်ရာ ဖော်ပြထား သည်။ လူသားဝါဒတို့နှင့်ဆက်စပ်သော မြင့်မြတ်သည့်အတွေးအခေါ်များ၊ ဘာသာအယူဝါဒအပေါ် သက်ဝင်ယုံကြည်မှုအပါအဝင် ကောင်းမွန်သောအကျင့်စရိုက်များ၊ အပြုအမူများကိုလည်း သရုပ်ဖော်ထား၏။ ကမ္ဘာကြီးနှင့် လူသားတို့ အပြန်အလှန်မှီခိုရှင်သန်နေနိုင်ရေး၊ လူသားများအချင်းချင်းကြား သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးနှင့် မကောင်းမှုများသည် ကမ္ဘာကြီးနှင့်လူသားတို့ကို ပျက်စီးစေသည်ဟူသော သတိချပ်စရာ၊ မှတ်သားလိုက်နာ စရာများလည်းပါဝင်သည်။

နှောင်းခေတ်လူသားတို့မှတ်သား၊ လိုက်နာ၊ ကျင့်ကြံနိုင်ခြင်းရှိပါသလော။ ပစ္စုပ္ပန်အခြေအနေများဖြင့် သက်သေထူနိုင်ပါသည်။ ယနေ့ကမ္ဘာတွင် မကောင်းမှုများသည် အတိတ်ကာလများထက်ပင် ပို၍ဖြစ်ပေါ်လာနေတော့၏။

ထိုဇာတ်လမ်းများထဲတွင် ဖော်ပြထားသော ဇာတ်ကောင်များ၏ စရိုက်လက္ခဏာများနှင့် ယနေ့ခေတ်အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်မိသည်။ လက်ရှိအချိန်ကာလတွင် နေထိုင်ကြသော လူအများစု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ၊ အပြုအမူများနှင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက နေထိုင်ခဲ့သော လူတို့စရိုက်လက္ခဏာ၊ အပြုအမူများသည်များစွာ ကွာခြားမှုမရှိသည်ကို ရှင်းရှင်းလင်းလင်းသိမြင်နေရ၏။ ထိုအချိန်ထိုအခါက အခြေအနေများကို ထင်ဟပ်စေသော အကောင်းအဆိုး၊ ဇာတ်လမ်း ဇာတ်ကွက်များသည် ယနေ့ခေတ်တွင် ဖြစ်ပျက်နေသောအခြေအနေများနှင့် များစွာကွာခြားမှုမရှိပေ။ သိသာထင်ရှားသောအချက်မှာ သိပ္ပံနှင့်နည်းပညာများ သိသိသာသာဖွံ့ဖြိုးတိုးတက်လျက်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ အားကောင်းလာခဲ့သော်လည်း လူသားတို့၏ စိတ်သဘောထားသည် နှစ်ပေါင်းများစွာအတွင်း ပိုမိုကောင်းမွန်သည့် အပြောင်းအလဲများစွာ ဖြစ်မလာခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့နေရခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ အခြေခံအမူအကျင့်များသည် ယခင်အချိန်များက လူသားများ ကဲ့သို့ပင်ရှိနေသည်။ ယဉ်ကျေးမှုရှုထောင့်မှဆိုရလျှင် ကျောက်ခေတ်ကာလများမှသည် ယနေ့အချိန် ကာလအထိ လူသားတို့၏နေထိုင်မှုများမှာ တဖြည်းဖြည်းချင်းတိုးတက်လာခဲ့သော်လည်း လူသားတို့၏ စိတ်ထားနှလုံးသားတို့သည် ကောင်းစွာမတိုးတက်သေး၊ စိတ်ပျက်ဖွယ်ကောင်းနေတော့သည်ဟု သုတေသီအချို့ကထောက်ပြသည်။ အဘယ်ကြောင့်ဆိုသော် သတ္တဝါများထဲတွင် အသိဉာဏ်အရှိဆုံး ဖြစ်သည့် လူသားများသာကြီးစိုးသော ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ယခုအချိန်အထိ ပြည့်ပြည့်ဝဝမရရှိသေးသော ကြောင့်ဖြစ်သည်။

အဆိုးသင်ခန်းစာများထပ်ရနေသော ကမ္ဘာ

ကမ္ဘာကြီးတွင် အတိတ်ကာလများက စစ်ပွဲများစွာဖြစ်ပွားခဲ့၏။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့သည် အကြီးမားဆုံး၊ အပျက်စီးဆုံးနှင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သည့် အနိဋ္ဌာရုံကြီးများဖြစ်သည်။ လေးနှစ်ကျော်ကြာမြင့်ခဲ့သည့် ပထမကမ္ဘာစစ်အပြီးတွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း အသိရလာခဲ့ကြပြီး ငြိမ်းချမ်းမှုကို နှလုံးသွင်းလျက် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ကြသည်။ တဒင်္ဂသာခံ၏။ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့ရာ အချိန်ကာလခြောက်နှစ်ကြာမြင့်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးခဲ့သောအခါ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ တစ်ကျော့ပြန် စတင်ခဲ့ပြီး စစ်ပွဲမရှိသော ကမ္ဘာကြီးကို မျှော်လင့်ခဲ့ကြပြန်သည်။ ပို၍သေချာမှုရှိစေရန် ရည်ရွယ်လျက် ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယခု ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့သည်မှာ ခုနစ်ဆယ့်ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ခံ့ခံ့ထည်ထည်ရှိနေဆဲ။ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေဆဲမှာပင် ငြိမ်းချမ်းရေးဆိုသည်ကို နိဒါန်းပင်မပျိုးနိုင်သေးပေ။ စစ်ပွဲကြီးငယ်များသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲ။ ယူကရိန်းစစ်ပွဲ အဆုံးမသတ်နိုင်သေး။ ၂၀၂၃ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားပြည်သူများစွာ သေကျေခဲ့ရသည့် အစ္စရေးနှင့်ဟားမာ့စ်တို့၏ စစ်ပွဲများဖြစ်ပွားခဲ့သည်။ နိုင်ငံအတော်များများတွင် ဒေသတွင်းစစ်ပွဲများ၊ နယ်စပ်ပဋိပက္ခများ တစ်နေ့ တခြားတိုးလာနေ၏။ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အီရန်-အစ္စရေး နှစ်နိုင်ငံ စစ်ပွဲမီး စတင်ခဲ့ပြန်သည်။

စစ်ပွဲဖန်တီးဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအကြီး၊ အငယ်များအပေါ် demonstration effect ဖြစ်ပေါ်လျက် အတုမြင်အတတ်သင် အဆိုးသင်ခန်းစာကို ထပ်မံပေးနေခြင်းလော။

မြင့်မြတ်သောနှလုံးသားများရှိနေသည့်တိုင်

ဤသို့ဆိုလျှင် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခေါင်းဆောင်များ ငြိမ်းချမ်းရေးကို မည်သူကမျှ နှစ်နှစ်ကာကာ စိတ်ဝင်စားမှုမရှိခြင်း သဘောပေလော။ ထိုကဲ့သို့မဟုတ်ပေ။ အတိတ် ကာလများကတည်းက ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးလျက် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့သူများရှိခဲ့၏။ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မင်ဒဲလားအပါအဝင် ခေါင်းဆောင်အချို့သည် စစ်ပွဲတိမ်တိုက်မည်းကြီးများ လွင့်စဉ်ပျောက်ကွယ်၍ ကောင်းကင်ပြာပြာတွင် ငြိမ်ချမ်းရေးချိုးငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်ရေးအတွက် ၎င်းတို့၏ဘဝကိုမြှုပ်နှံ၍ ရုန်းကန်လှုပ်ရှားပင်ပန်းခဲ့ကြသည်။ ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံတတ်သော နှလုံးသားများ၏ မြင့်မြတ်သောအားထုတ်မှုများရှိခဲ့သည့်တိုင် စစ်ပွဲဖန်တီးရေး နှလုံးသားများသည် ဟန်ဆောင်မှုများကိုသာ အထင်းသားပြ၍ အတွင်းစိတ်သဘောကမူ တုတ်တုတ်မျှမလှုပ်ခဲ့ချေ။ အခြေအနေများသည် အရင်အတိုင်းရန်လိုမုန်းထားမှုများ ကြီးစိုးနေဆဲ။ ကမ္ဘာကြီးသည် ကြေကွဲနေရဆဲဖြစ်၏။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထပ်ထပ်အခါခါ ကတိကဝတ်ပြုခဲ့ကြသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ နှုတ်ကတိများသည်လည်း အချည်းအနှီး။ လေထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွားသော၊ စာရွက်ပေါ်တွင် သမိုင်းမှတ်တမ်းအဖြစ်ပြရုံ သက်သက်စကားလုံးများသာဖြစ်သည်ကို ဖြစ်နေဆဲစစ်ပွဲများက သက်သေပြလျက်ရှိနေသည်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား၊ နယ်မြေချဲ့ထွင်လိုမှုလောဘ၊ အခြားနိုင်ငံများအပေါ် လွှမ်းမိုးကြီးစိုးလိုစိတ် စသည့် ပါဝါများအတွက် စစ်ပွဲဖန်တီးရန် တွန့်ဆုတ်ခြင်းမရှိကြ။ ပဋိပက္ခများ၊ စစ်ပွဲများကို မသိမသာရော၊ သိသိသာသာပါ ဖန်တီးပြီးရင်း ဖန်တီးနေကြသည်။

ငြိမ်းချမ်းသည့်နှလုံးသားရှိသူများသာ ငြိမ်းချမ်းရေးအတွက်အဖြေရှာနိုင်

ယနေ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များထံမှ ထွက်ပေါ်လာသော “ငြိမ်းချမ်းရေး” ဆိုသော ဝေါဟာရသည် ၎င်းတို့အားလုံး၏ စိတ်ထားနှင့်ထပ်တူကျပါ၏လော။ ငြိမ်းချမ်းရေးဖြစ်စေချင်သော ရယူလိုမှုများသည် စိတ်ကူးယဉ်သက်သက် ဖြစ်နေပြီလော။ ကမ္ဘာ့ဒေသများစွာတွင် ကျင်းပပြုလုပ်ခဲ့ကြသော ငြိမ်းချမ်းရေးဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများတွင် မည်သည့်အရာ လစ်ဟာ နေပါသနည်း။

ကမ္ဘာကြီးငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးစားအားထုတ်မှုများတွင် ပါဝင်နေကြသော ခေါင်းဆောင်တစ်ဦးချင်းစီသည် ၎င်းတို့၏ အတွင်းစိတ်သဘော မနောတို့ကိုပြန်လည်ဆန်းစစ်ကြဖို့ လိုလာသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခြင်းမပြုမီ ၎င်းတို့တစ်ဦးချင်း၏စိတ်ထဲ၌ လောဘ၊ ဒေါသကိုတစ်ဖက်၊ ငြိမ်းချမ်းရေးကို တစ်ဖက်ထားလျက် စိတ်တိုက်ပွဲဝင်ခိုင်းနေသင့်သည်ဟု အကြံပြုပါသည်။ အဆိုပါစိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးက အနိုင်ရရှိစေရန် မိမိတို့၏စိတ်သန္တာန်ကို ပြင်ဆင်နေရမည်။ ငြိမ်းချမ်းရေးကသာ အမှန်တကယ်အနိုင်ရနေရမည်။ ငြိမ်းချမ်းရေးဖြစ်စေရန် စိတ်နှလုံးတွင် လောဘ၊ ဒေါသတို့ကို လျှော့ချနိုင်သလောက် လျှော့ချထားနေရမည်။ လောဘ၊ ဒေါသ လျှော့ချထားနိုင်လေလေ၊ ငြိမ်းချမ်းလိုသည့်စိတ် ပိုအားကြီးလေလေဖြစ်မည်။ ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နေသည့် ခေါင်းဆောင်များ၏ အတွင်းစိတ်၌ ငြိမ်းချမ်းရေးအနိုင်ရရှိနေမှသာ (စိတ်ငြိမ်းချမ်းမှုရှိနေမှသာ) အပြင်လောကနိုင်ငံများ အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးကိုဦးတည်သည့် ကနဦးပြင်ဆင်မှုများ အလုပ်ဖြစ်မည်ဟုဆိုသည်။ စိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးအနိုင်ရရှိထားသူများဖြင့်သာ၊ မိမိကိုယ်တိုင်ငြိမ်းချမ်းသည့် နှလုံးသားရှိသူများကသာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အဖြေရှာနိုင်လိမ့်မည်ဟု ယူဆ၏။

မျှော်လင့်ချက်မဲ့ ကမ္ဘာ

ယနေ့ ကမ္ဘာကြီးတွင် လူတို့၏မဆင်ခြင်သော အပြုအမူများနှင့် သဘာဝတရား၏ ဟန်ချက်မညီ ယို့ယွင်းမှုများကြောင့် အပူချိန်ဒီဂရီများ တိုးလာနေစဉ် ကမ္ဘာကြီးကို မှီခိုနေကြသော လူသားတို့၏ စိတ်နှလုံး သားများသည်လည်းမသိမှု၊ အဝိဇ္ဇာတိုးလျက် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ပူလောင်မြိုက် လျက်ရှိနေပါသည်။ ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့လူသားတို့ မျှော်လင့်ချက်မဲ့ရတော့မည်လား။

ကောင်းကင်ပြာတစ်ခွင်၌ လွတ်လပ်စွာပျံသန်းနေသော ငြိမ်းချမ်းရေးချိုးငှက်ကို ရှာဖွေကြည့်သည်။ တွေ့မြင်ရနိုးနိုးမျှော်လင့်မိ၏။ ယခုအချိန်အထိ အရိပ်အယောင်မျှပင်မတွေ့ရသေး။ ။

ကိုးကား - https://www.eurasiareview.com/

MOI

ရွှေသင် (MPP)

မခူးရက် . . . မမွှေးရက်ဘူးကွဲ့ . . . ရင်ခွင်မှာပျိုးတဲ့ပန်းကို မြတ်နိုးယုယမှုနဲ့ . . . သမုဒယကြိုးတွေနှောင်တွယ်. . .   ကြွေသည်ရှိ  . . . ပွင့်သည်လည်းရှိ. . . မွှေးလွန်းတော့ရင်ဖိုမော ညှိုးကြွေမှာစိုးသည်. . .  အလှပဲကြည့်လို့နေချင်သည် . . .  ကြွေသည်  ဝေသည်ရှိပစေ. . .    နှင်းဆီ တစ်ပွင့်တည်း ဖူးပွင့်ဝေစီ . . . နေခြည်ထွေးကာနွေးစေ. . . ပင်ယံမြင့်မှာဝေ. . . နေခြည်ထိုးရင် . . .  ညှိုးသွားမှာလည်းစိုးသည်   . . . ကြွေသည်. . .  ပွင့်သည် . . .   မွှေးသည် . . .   ရင်မှာနင့်အောင်မွှေးသည် . . . တေးသံရှင် ပိုးအိစံ၏ “ရင်နင့်ပန်းလေးနှင်းဆီ”သီချင်းကိုနားထောင်ရတိုင်း  အမျိုးသမီးတို့၏ ဘဝနှင့်အလှကို  ပန်းဘဝပန်းအလှနှင့် ပမာပြုတင်စားရေးဖွဲ့ထားသည်အား အတွေးနယ်ချဲ့မိသည်။

ကျွန်မတို့အမျိုးသမီးများ၏ဘဝသည် ငယ်ရွယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာသည့်အခါ ဖူးရာမှငုံ ငုံရာမှပွင့် ငွားငွားစွင့်စွင့် အလှပန်းပွင့်လာသည့်အခါ ခူးချင်သူ၊ ပန်ချင်သူတွေ ဝိုင်းဝိုင်းလည်၍ လာပါတော့သည်။ မွှေးပျံ့သောရနံ့နှင့် ပန်းအလှ၏ဆွဲဆောင်မှုကြောင့် အမြတ်တနိုးတန်ဖိုးထား၍ ခေါင်းပေါ်တင် ပန်ဆင်လိုသူများရှိသလို ချိုးဖဲ့ဖျက်ဆီးကျိုးကြေအောင် လုပ်မည့်သူများလည်းရှိနေသည်။ ပန်းကလေးတစ်ပွင့်သဘာဝအလျောက် ဖူးငုံရာမှစ၍ ဂရုစိုက်မှုပြုရသလို မိန်းမသားဘဝမှာလည်း ကလေးအရွယ်မှ အပျိုစင်ဘဝထိ  မိဘနှစ်ပါး၏အရိပ်တကြည့်ကြည့်ဖြင့် ကြီးပြင်းကြသည်။ အိမ်ထောင်သည်ဘဝမှာ ခင်ပွန်းသည်လင်သား၏အကာအကွယ်ပေးမှုဖြင့် အုပ်ထိန်းသူရှိသလို မိခင်အိုကြီးဘဝတွင်လည်း သားသမီးများ၏စောင့်ရှောက်ခံဘဝဖြစ်ရာ မြန်မာ့လူနေမှုစနစ်အရ အရွယ်သုံးပါးလုံး ကာကွယ်စောင့်ရှောက်မှုလိုအပ်ပေသည်။

တိုင်းရင်းသူလုံမပျိုများဖြစ်သော ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်တို့သည် ဆွေမျိုးသားချင်းသွေးရင်းညီအစ်မများသာဖြစ်သည်။ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာများကို မြတ်နိုးစွာထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့်ပညာရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများနှင့်အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေ၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးများနှင့်လူကုန်ကူးမှု၊ အမျိုးသမီးများနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရား၊ အမျိုးသမီးများနှင့်အခွင့်အရေး၊ အမျိုးသမီးများနှင့်မီဒီယာ၊ အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများနှင့်  ငယ်ရွယ်ကဏ္ဍများပါဝင်သည့် အဖွဲ့အစည်းဖြစ်သည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာစီမံကိန်း NSPAW (1) (၂၀၁၃-၂၀၂၂)နှင့် NSPAW (2) (၂၀၂၃-၂၀၃၂)အထိ ရေးဆွဲပြီးစီးဆောင်ရွက်နေပြီဖြစ်သည်။ အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်းများနှင့်အတူ နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။မူလတန်းကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး တို့တွင် သင်ယူတတ်မြောက်စေရန် ကျား၊ မ မခွဲခြားဘဲ တန်းတူပညာသင်ကြားခွင့်ကို မိဘ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ပေးနေသည်။ ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ကွာခြားချက်မကြီးမားစေရေး၊ အသိပညာ၊ အတတ်ပညာမြင့်ပြီး ဗလငါးတန်ပြည့်ရန် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးမှာ   အမျိုးသမီးများကဏ္ဍ  အရေးပါလျက်ရှိသည်။

မိခင်သေဆုံးမှုနှုန်း   လျော့နည်းကျဆင်းရေး၊ စွမ်းဆောင်ရည်မြင့်မားရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများကို ဥပဒေနှင့်အညီကာကွယ်ရေး၊ ကျူးလွန်သူကိုထိရောက်စွာအရေး ယူဆောင်ရွက်နိုင်ရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ပေးနေသည်။ အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားနေမှုပပျောက်ရေး၊   အာဆီယံဒေသတွင်း ကတိကဝတ်များနှင့်   ကုလသမဂ္ဂကချမှတ်သောစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဖြစ်သော ကျား/မ တန်းတူညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့ကို ရည်မှန်းချက်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတကာအမျိုးသမီးများနှင့်တန်းတူစွမ်းဆောင်ရည်မြင့်မားရန် မိမိတို့၏ အရည်အသွေးကို အစဉ်မြှင့်တင်နေရမည်ဖြစ်ပြီး အခြားတစ်ဖက်ကလည်း မြန်မာအမျိုးသမီးပီသစွာ  ရရှိသည့်အခွင့်အရေးကို တလွဲအသုံးချခြင်းမပြုဘဲ  ယဉ်ကျေးမှုဆိုင်ရာအမွေကို  နောင်လာမည့်မျိုးဆက်သစ် အမျိုးသမီးငယ်များအတွက်  ရှေ့ဆောင်လမ်းပြ ထိန်းသိမ်းကြရန်လိုအပ်သည်။

မြန်မာအမျိုးသမီးစစ်စစ်မှန်လျှင် မည်မျှပင်ထူးချွန်ထက်မြက်စေကာမူ မြန်မာ့ဓလေ့နှင့်အညီ မိမိတို့ထက်အသက်အရွယ်ဂုဏ်သိက္ခာအားဖြင့် ကြီးမြင့်သူများနှင့်ပတ်သက်၍ မိမိကိုယ်မိမိ နှိမ့်ချဆက်ဆံတတ်ကြသကဲ့သို့ မိမိထက်ငယ်ရွယ်သူများအပေါ်ကြင်နာသနားစိတ်၊  နားလည်ခွင့်လွှတ်မှုစသောစိတ်ယဉ်ကျေးမှုအမျိုးမျိုးကို  အလိမ္မာတိုးအောင် ဆောင်ရွက်ပေးနေသော လူ့အဖွဲ့အစည်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း အစဉ်အဆက်  အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊   ရဲဝံ့စွန့်စားမှုများနှင့်  ပါဝင်ခဲ့သည်။

၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင်ကျင်းပခဲ့သောစတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံပေကျင်းကြေညာစာတမ်းအရ နိုင်ငံတိုင်းတွင် အမျိုးသမီးများဆိုင်ရာ အဓိကလုပ်ငန်းစဉ်(၂)ရပ်ဆောင်ရွက်ရန်   ချမှတ်ခဲ့သည်။အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံအဆင့်လုပ်ငန်းယန္တရား (National Mechanism) ဖွဲ့စည်းရန်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာစီမံကိန်းရေးဆွဲရန်ဖြစ်သည်။ 

ထို့ကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Comittee for Women’s Affairs - MNCWA)ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃   ရက်နေ့တွင်  ဖွဲ့စည်းခဲ့သည်။ မြန်မာအမျိုးသမီးများအတွက်ကာကွယ်စောင့်ရှောက်လမ်းညွှန်ပေးသည့်အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။၂၀၀၈ခုနှစ်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟုအမည်ပြောင်းခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အချက်များနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်ကိုအခြေခံသော အမျိုးသမီးများဆိုင်ရာ အဓိကနယ်ပယ်(၁၂)ရပ်ရေးဆွဲခဲ့သည်။အမျိုးသမီးများနှင့်ကလေးငယ်များကို ထိုက်ထိုက်တန်တန် အခွင့်အရေးများ၊ အပြန်အလှန်စောင့်စည်းရမည့်ကျင့်ဝတ်များ၊ လေးစားနာယူကျင့်သုံးကြရမည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အစဉ်အလာ၊ အမျိုးသမီးများ၏ဂုဏ်သိက္ခာ၊ စိတ်နေစိတ်ထားစွမ်းဆောင်မှုများကိုဖော်ညွှန်းသော စာပေ၊ ဂီတ၊ သီချင်းများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသူများရိုးရာဝတ်စားဆင်ယင်မှုပြပွဲများ၊ မဂ္ဂဇင်းစာစောင်များ၊ မီဒီယာများကတစ်ဆင့် ဂုဏ်ပြုရေးသားထုတ်လွှင့်ခြင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာပြိုင်ပွဲများကျင်းပဆုချီးမြှင့်ခြင်း၊ ထုတ်ကုန်ပစ္စည်းများပြသခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဥယျာဉ်မှူးနှင့်တူသော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ပျိုးထောင်ပံ့ပိုးပေးမှုများပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ ဆက်စပ်ယှက်နွှယ်ပြောင်းလဲမှုဖြစ်စဉ်   ကြီးထွားတိုးတက်ဖြစ်ထွန်းနေသည့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီရယူကြရာတွင် မိမိတို့ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာနှင့် စံနှုန်းများ မပျက်မယွင်းစေရန်လည်း လိုက်နာကြရန်ဖြစ်သည်။ အမျိုးသမီးများ၏ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက်  ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းပါဝင်ရန်လိုအပ်သလို  တစ်ဦးချင်းစီမှသည် မိသားစုရပ်ရွာနိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကြပါစို့ဟုတိုက်တွန်းရင်း  ဇူလိုင်လ  ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။    ။

MWD Web Portal

ခင်ပြည်ချစ်

တိုင်းရင်းကြက်(ဒေသကြက်)သည် မြန်မာနိုင်ငံတစ်ဝန်းဒေသအသီးသီး၏ရာသီဥတုနှင့်ပတ်ဝန်းကျင်အခြေအနေများအပေါ်လိုက်လျောညီထွေစွာရှင်သန်လာခဲ့သောဒေသခံမျိုးစိတ်တစ်ခုဖြစ်ပြီး ကျေးလက်ဒေသများတွင်   မိရိုးဖလာမွေးမြူလာခဲ့ကြသည့်ကြက်မျိုးများကိုရည်ညွှန်းသည်။ တိုင်းရင်းကြက်မွေးမြူရေးပုံစံမှာ  မိရိုးဖလာသဘာဝအလျောက် မွေးမြူခဲ့ကြသဖြင့် နည်းစနစ်တကျမွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်း၊ ကြီးထွားမှုနှုန်းနှင့် ထုတ်လုပ်မှုအမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်ပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည်  စီးပွားဖြစ်မွေးမြူရေးအသွင်ဖြစ်လာစေရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဒေသခံတိရစ္ဆာန်မျိုးစိတ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ပြန်လည်မြှင့်တင်လာသကဲ့သို့ မိမိတို့မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းကြက်ကို စနစ်တကျမွေးမြူခြင်းဖြင့် အသားကဏ္ဍတိုးတက်လာကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးလာမည်ဖြစ်သည်။ 

ကျေးလက်ဒေသမွေးမြူရေးစနစ်

တောင်သူလယ်သမားများတစ်နိုင်တစ်ပိုင်မွေးမြူထားကြသောဒေသကြက်များသည်စီးပွားရေးအသွင်ဆောင်သော မွေးမြူရေးလုပ်ငန်းမဟုတ်သည့် အတွက် ကြက်မွေးမြူပြီး အကျိုးအမြတ်ရရှိသူနည်းပါးလှသည်။ မိရိုးဖလာမွေးမြူကြခြင်းဖြစ်သည့်အတွက်မျိုးရွေးချယ်ခြင်း၊ မွေးမြူရေးခြံဆောက်လုပ်ပေးခြင်း၊ အစာအာဟာရကောင်းမွန်စွာကျွေးမွေးခြင်းနှင့် မွေးမြူနည်းများကို စနစ်တကျကျင့်သုံးခြင်း စသည့်အခြေခံမွေးမြူနည်းစနစ်များကို လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိချေ။ ကြက်မွေးမြူရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုသက်သာပြီး အချိန်တိုကာလအတွင်း၌ ငွေကြေးပြန်လည်ထွက်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ တိုင်းရင်းကြက်များမွေးမြူသင့်သည့်အချက်များ_

-တိုင်းရင်းကြက်များသည် ဒေသရင်းရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများကို ရာစုနှစ်ပေါင်းများစွာ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်လာခဲ့သောကြောင့် အပူချိန်ပြင်းထန်မှု၊ မိုးခေါင်ရေရှားမှု၊  စိုထိုင်းဆမြင့်မားမှု စသည့်ရာသီဥတုအခြေအနေများကို ကောင်းစွာခံနိုင်ရည်ရှိခြင်း။ 
-နိုင်ငံခြားမျိုးစိတ်များထက် ရောဂါပိုးမွှားများနှင့်ကပ်ပါးကောင်များကို တိုက်ထုတ်နိုင်သော ခုခံအားစနစ် ပိုမိုကောင်းမွန်ခြင်း။
-အစာကို မိမိဘာသာရှာဖွေစားသောက်နိုင်ပြီး အာဟာရနည်းပါးသောအစာများဖြင့်ပင် အသက်ရှင်သန်နိုင်စွမ်းရှိပြီး ကုန်ကျစရိတ်နည်းပါးခြင်း။
-ဖောက်စက်အကူအညီမလိုဘဲသဘာဝနည်းဖြင့် ကိုယ်တိုင်ဝပ်ပြီး သားဖောက်နိုင်စွမ်းရှိသည့်အားသာချက်ရှိပြီး ကျေးလက်မွေးမြူသူများအတွက် အထူးသင့်လျော်ခြင်း။
-သားပေါက်နှုန်း (Hatchability)မြင့်မားပြီး ကျန်းမာသန်စွမ်းသော ကြက်ပေါက်များရရှိ နိုင်ခြင်း။
-ဒေသကြက်မျိုးစိတ်များသည် အရွယ်ရောက်ပြီးချိန်တွင် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းနှင့်ရှင်သန်လှုပ်ရှားနိုင်စွမ်းအလွန်မြင့်မားသည်။ ဤသို့သောလက္ခဏာများသည် သဘာဝပတ်ဝန်းကျင်တွင်ရှင်သန်ရန် အားသာချက်ဖြစ်စေခြင်း။
-ကြက်သား၏ အနံ့၊ အရသာနှင့်ဖွဲ့စည်းမှုကောင်းမွန်ပြီး မွေးမြူရေးကြက်များထက် ပရိုတင်းဓာတ်ပိုမိုပါဝင်ပြီး အဆီနည်းသောအသားဖြစ်ခြင်း။ 
-ကြက်ဥ၏အနှစ်အရောင်သည် လိမ္မော်ရောင်ရင့်ရင့်ဖြစ်ပြီး   စီးပွားဖြစ်ကြက်ဥများ၏ အဝါဖျော့ဖျော့ထက် ပိုမိုစူးရှကာ ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်းတို့ဖြစ်သည်။

ထင်ရှားသောတိုင်းရင်းကြက်မျိုးများ
အင်ပင်ဝကြက်

မိတ္ထီလာမြို့နယ် အင်ပင်ဝကျေးရွာတွင် အများဆုံးမွေးမြူကြသည်။ အမွေးအရောင်မှာ အဖြူရောင်ရှိပြီး အနက်မွေးနှင့်မီးခိုးရောင်အမွေးများရောနှောပေါင်းစပ်ထားသည့်  အရောင်ရှိသည်။  ခန္ဓာကိုယ်ထွားကျိုင်းသန်မာ၍ ရင်အုပ်ပိုင်းကျယ်သောကြက်မျိုးဖြစ်ပြီး (၅-၆)လသားတွင် အရွယ်ရောက်၏။ ကြက်ထီးတစ်ကောင် (၂ -၂ ဒသမ ၅) ပိဿာအထိ၊ ကြက်မတစ်ကောင် (၁ ဒသမ ၅-၂) ပိဿာခန့်အထိ  ပျမ်းမျှအလေးချိန်ရှိနိုင်သည်။

ညောင်ကန်ကြက်

မကွေးတိုင်းဒေသကြီး ညောင်ကန်ကျေးရွာတွင် မူလပထမမွေးမြူကြသည်။ အနီရောင်၊ အညိုရောင်အရောင်အမျိုးမျိုးတွေ့ရှိနိုင်ပြီး မြန်မာတိုက်ကြက်မျိုးနှင့်  သွင်ပြင်လက္ခဏာဆင်တူ၍ လွဲမှားနိုင်သည်။ (၆-၈)လသားတွင်  အရွယ်ရောက်ပြီး ကြက်ထီးတစ်ကောင် (၇၅-၈၀)ကျပ်သားခန့်ရှိပြီး  ကြက်မတစ်ကောင် (၅၀-၇၅) ကျပ်သားခန့်ပျမ်းမျှကိုယ်အလေးချိန်ရှိသည်။  

လည်ပြောင်ကြက်

လည်ပင်းတစ်လျှောက်နှင့်ရင်ဘတ်တွင် အမွေးမပေါက်ဘဲ ဦးခေါင်းနှင့်ကိုယ်လုံးများ၌သာလျှင် အမွေးများဖုံးအုပ်နေသည်။ ၇ လသားနှင့် ၈ လသားအရွယ်တွင် ကြီးကောင်ဝင်ပြီး ပျမ်းမျှအားဖြင့် ကြက်ထီး ၁ ဒသမ ၅ ပိဿာနှင့် ကြက်မ ၁ ဒသမ ၂ ပိဿာအလေးချိန်ရှိသည်။ အများဆုံးတွေ့ရသောအရောင်မှာ ရွှေဝါရောင်၊ အနက်ရောင်နှင့် ရစ်များဖြစ်သည်။ လည်ပြောင်ကြက်များသည် အပူဒဏ်ခံနိုင်ရည်ရှိပြီး အစာစားနှုန်းကောင်းမွန်ခြင်းကြောင့် ကြီးထွားနှုန်းကောင်းသည်။ 

စစ်တကောင်းကြက်

ရခိုင်ပြည်နယ်တွင် အများအပြားတွေ့ရသည်။ ခြေတံ၊ လက်တံရှည်ပြီးရင်အုပ်ကျယ်သည်။ ကြီးထွားနှုန်းကောင်းသည်။  ခန္ဓာကိုယ်၏အမွေးမှာဖြူပြီး တောင်ဖုံးမွေးများမှာ ရွှေဝါရောင်ဖြစ်သည်။ အနက်ရောင်စစ်တကောင်းကြက်များကိုလည်း တွေ့ရသည်။ ဦးခေါင်းသေးငယ်ပြီး   အမောက်သည် မောက်လုံးဖြစ်၏။ လည်ပင်းသေးသည်။ စစ်တကောင်းနယ်ဘက်မှရောက်ရှိလာသည့်မျိုးဖြစ်၍ စစ်တကောင်းမျိုးဟုခေါ်တွင်သည်။ အရွယ်ရောက်ကြက်ဖမှာ ပျမ်းမျှ ၂ ပိဿာရှိပြီး အမမှာ ၁ ဒသမ ၇၀ ပိဿာရှိသည်။

တိန်ညင်ကြက်

အလှမွေးရန်အတွက် သီးသန့်သားစပ်မွေးမြူသော ကြက်မျိုးဖြစ်သည်။ တောကြက်များထက် အရွယ်အားဖြင့်  သေးငယ်ပြီး အရွယ်ရောက်ချိန်တွင် အထီးမှာ ပျမ်းမျှအလေးချိန် ၃၅ ကျပ်သားနှင့်အမမှာ ၂၅ ကျပ်သားခန့်ရှိသည်။   တောကြက်နှင့်ပိုမိုနီးစပ်မှုရှိသဖြင့် အခြားဒေသကြက်များထက် ပျံသန်းနိုင်စွမ်းအားသာ၍   အိပ်တန်းရွေးချယ်ရာတွင်နေရာအမြင့်ကိုနှစ်သက်သည်။ 

ရွှေတစ်ဆုပ်ကြက်

အလှမွေးရန်အတွက်ရွေးချယ်သားစပ်ထားသော ကြက်မျိုးဖြစ်သည်။ ကြက်မျိုးရင်းအားလုံး၌ အသေးငယ်ဆုံးကြက်မျိုးဖြစ်သည်။ ခြေတံတိုပြီး ရင်ပုံသားကျယ်သည်။ ကြက်ဖ၏အမြီးမှာ တိန်ညင်ကြက်ဖကဲ့သို့ တံစဉ်ပုံစံကွေးမနေဘဲ ခပ်ခုံးခုံးဆန့်တန်းလျက်ရှိသည်။ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ခိုငှက်များ၏ပုံသဏ္ဌာန်နှင့်ဆင်တူသည်။ ယခုအခါ နိုင်ငံခြားမှအလှကြက်များ တင်သွင်းသားစပ်ကြသည့်အတွက် တိုင်းရင်းရွှေတစ်ဆုပ်   ကြက်မျိုးရင်းရှားပါးပြီး ကွယ်ပျောက်နိုင်သည့်  အခြေအနေတွင်ရှိသည်။ အရောင်အသွေးအများစုမှာ အဝါဖျော့နှင့်ခဝဲရောင်များဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးမွေးမြူကြသည်။

မျိုးကြက်ရွေးချယ်ခြင်း

တိုင်းရင်းကြက်များတွင် မျိုးရွေးချယ်ခြင်းသည် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ မိမိတို့ဒေသနှင့်ကိုက်ညီသည့်မျိုးရင်းလက္ခဏာကြန်အင်များနှင့် ပြည့်စုံသောမျိုးကောင်းမျိုးသန့်ကြက်များကိုသာ အဓိကထားရွေးချယ်သင့်သည်။ ကြက်လတ် ၁၀ ပတ်သားမှ ၁၅ ပတ်သားအတွင်း မျိုးရွေးချယ်မှုကိုလုပ်ဆောင်ရမည်။ မျိုးပယ်ကြက်များကို ဟင်းစားကြက်များအဖြစ်သာအသုံးပြုမည်။  ကြက်ထီးတစ်ကောင်လျှင် ကြက်မ ၁၅ ကောင်နှုန်း ဦးတည်ရွေးချယ်ရမည်။

ကြက်မျိုးများအဖြစ် ရွေးချယ်မည့်ကြက်များ
-    ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ကျန်းမာသန်စွမ်းခြင်း။
-   ကြက်ဥအရွယ်ကြီးကြီးဥခြင်း၊ အကြိမ်များများဥခြင်း။
-    အမွေးရောင်စိုနေခြင်း။
-    မတ်တတ်ရပ်သည့်အခါ ခန္ဓာကိုယ်ဝပ်တွား၍ မနေဘဲမတ်နေခြင်း။
-    ကြက်ဥများမျိုးအောင်မှု၊   သားပေါက်မှုကောင်းခြင်း။
-    သားထိန်းကောင်းခြင်း။

မိရိုးဖလာမွေးမြူမှုစနစ်၏အားနည်းချက်များ 

တိုင်းရင်းကြက်များကို  စနစ်တကျဂရုတစိုက်ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသဖြင့် အောက်ပါဆုံးရှုံးမှုများကြုံတွေ့လေ့ရှိသည်။

ကြက်ခြံကြက်တဲဆောက်လုပ်ပေးမှုမရှိခြင်း
-    ခွေး၊ ကြောင်၊ ငှက် စသည့်တိရစ္ဆာန်များ၏ရန်ပြုမှုကို ခံရသည်။
-    ခိုးယူခြင်းခံရသည်။ ရာသီဥတုဒဏ်ခံရသည်။
-    ဥကျင်းများစနစ်တကျမထားသဖြင့် ဥများဆုံးရှုံးရသည်။ ကျန်းမာရေးအခြေအနေကို စစ်ဆေးရန်ခက်သည်။
-    ကာကွယ်ဆေးထိုးရန်၊ဆေးကုသရန် ထိန်းသိမ်းဖမ်းဆီးရခက်သည်။

သန့်ရှင်းသော ရေ၊ အစာအာဟာရလုံလောက်စွာမရခြင်း
-    ကြီးထွားနှုန်းမကောင်းပါ။ ဥနှုန်းနည်းသည်။ သားပေါက်ကြိမ်ရေနည်းသည်။ ရောဂါဖြစ်ရန် အခွင့်အလမ်းများသည်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုအားနည်းခြင်း
-    ကူးစက်ရောဂါဖြစ်ပွားလျှင် တစ်ခြံလုံးကုန်တတ်သည်။
-    ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်ခက်သည်။
-    ချေးဖြူကပ်ရောဂါ၊ သွေးဝမ်းရောဂါ၊ သန်ရောဂါများ အဖြစ်များသည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စနစ်တကျသားစပ်ပေးမှုမရှိခြင်း
-    ကြီးထွားနှုန်းကောင်းသော၊ ဥနှုန်းကောင်းသော မျိုးများကို ထိန်းသိမ်းမထားနိုင်ပါ။
-    တိုင်းရင်းကြက်မျိုးကောင်းများ ဖြစ်ထွန်းမလာပါ။ 

ကြက်ခြံဆောက်လုပ်ခြင်း
-    ဒေသထွက်သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ဖြင့် ဆောက်လုပ်နိုင်သည်။
-    လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းစွာရသောနေရာကိုရွေးပါ။
-    ကြက်ကြီး ၁၅ ကောင်စာအတွက် ကြက်ခြံသည် ၇ ပေ ပတ်လည်ခန့်ရှိသင့်သည်။
-    ကြက်ခြံအခင်းမြေကြီးကို အနည်းဆုံး ၁ ပေခန့်မြှင့်ထားခြင်းဖြင့် စိုစွတ်ခြင်း၊ ရေဝပ်ခြင်းမှကာကွယ်နိုင်သည်။

-   အိပ်တန်းများကို မြေပြင်အခင်းထက် ၃ ပေခန့်အမြင့်တွင်  ထားသင့်ပြီး ကြက်ငယ်၊ ကြက်လတ်များ အလွယ်တကူအိပ်တန်းတက်နိုင်စေရန် အနိမ့်မှအမြင့်သို့ အဆင့်ဆင့်လုပ်ထားပေးရမည်။ လုံးပတ်မှာ ကြက်များခြေထောက်မြဲမြံစွာကုပ်ထားနိုင်သောအရွယ်အစားဖြစ်ရမည်။

ဥကျင်းများထားပေးခြင်း

ဥကျင်းများကို ကြက်ခြံထောင့်အေးမြ၍အလင်းရောင်နည်းသောနေရာ၊ နံနက်ခင်းနေရောင်တိုက်ရိုက်မထိုးသောနေရာတွင်ထားပါ။ မြေပြင်ကြမ်းခင်းမှ ၁ ပေခွဲ (ဒူးဆစ်ခန့်) မြင့်သောနေရာတွင်  ကောက်ရိုး၊မြက်ခြောက်ခင်းပြီးခိုင်မြဲစွာထားပါ။ ဥကျင်းတစ်ခုလျှင် ၁ စတုရန်းပေပတ်လည်ရှိရမည်။ ကြက်မငါးကောင်အတွက် ဥကျင်းတစ်ခုနှုန်းထားပေးရမည်။ ဆေးရွက်ကြီးမှုန့်၊ ထုံးမှုန့်တို့အား ဥကျင်းအတွင်းရောစပ်ပေးခြင်းဖြင့် သန်း၊ လှေး၊ ကြက်မွှားများရန်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

အစာကျွေးခြင်း

ကြက်များသည် အစုံစားသတ္တဝါများဖြစ်ပြီး အနီးအနားရှိအပင်များ၊ အစာအကြွင်းအကျန်များ၊ ပိုးကောင်ငယ်များ၊ ကောက်နှံများ စသည်ဖြင့်ရနိုင်သမျှအစာကို စားသုံးလေ့ရှိသည်။ တိုင်းရင်းကြက်များသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရာ၌ အဓိကကျသောအစာများမှာ ဆန်ကွဲ၊ ဖွဲနု၊ ထမင်းဖြစ်ပြီး ပတ်ဝန်းကျင်တွင်ရရှိနိုင်သည့် အင်းဆက်ပိုးမွှားများ၊ နွားချေးပုံမှလောက်များ၊ တီကောင်၊ ခြများ၊ ခရု၊  ပက်ကျိ၊ ယောက်သွား၊  အစေ့အဆန်၊ မြက်နှင့်သဘာဝအလျောက်ပေါက်ရောက်နေသည့်  သီးနှံများအား ရွေးချယ်စားသောက်ကြသည်။ ဘောစကိုင်းရွက်၊ ပေါက်ပန်းဖြူရွက်၊ ဗေဒါပင်၊ ကန်စွန်းရွက်နှင့်ဂေါ်ဖီထုပ်အရွက်စိမ်းများသည်လည်း ကြက်များအတွက် အမျှင်ဓာတ်နှင့်ဗီတာမင်ဓာတ်များပေးစွမ်းနိုင်ပြီး အစာခြေစနစ်ကိုအားကောင်းစေသည်။ သောက်သုံးရေအနေဖြင့်လည်း မိုးရေ၊ ကျင်းငယ်များ၊ ရေအိုင်တို့မှ သောက်သုံးကြသည်ကိုတွေ့ရှိရသည်။ ကြက်များသည်  ရေအလွန်ငတ်တတ်သည်။  အဓိကအစာဖြစ်သောအစာများနှင့်အတူ သန့်ရှင်းသောသောက်ရေကို အဆက်မပြတ်ရရှိစေရန် ဂရုစိုက်ပေးရမည်။   ကြက်များ၏ကျန်းမာရေးနှင့်အစာစားနှုန်းအတွက် ရေသည်  အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။  ကြက်များကျန်းမာဖွံ့ဖြိုးရန်အတွက် သန့်ရှင်းသောရေ၊ လတ်ဆတ်သောအစာနှင့် မှန်ကန်သောအချိန်သည် အဓိကအချက်သုံးချက်ဖြစ်သည်။ ကြက်များအား  နံနက် ၆-၇ နာရီ (နေမထွက်ခင်)နှင့် ညနေ ၄-၅ နာရီ အိပ်တန်းဝင်ခါနီးအချိန်တွင်   ဖြည့်စွက်စာကျွေးမွေးပေးခြင်းသည်အကောင်းဆုံးအချိန်ဖြစ်သည်။ တစ်နေ့တာကျွေးမွေးရမည့်အစာအား နှစ်ပုံခွဲ၍ နံနက် ၅၀ ရာခိုင်နှုန်းနှင့် ညနေ ၅၀ ရာခိုင်နှုန်းခွဲခြားကျွေးမွေးနိုင်သည်။ဖြည့်စွက်ကျွေးမွေးရမည့်အစာသဘာဝအလျောက် ရှာဖွေစားသောက်သောအစာအပြင် အာဟာရဓာတ်အမျိုးမျိုးပြည့်စုံစွာရောစပ်ထားသောအစာများကိုလည်း ဖြည့်စွက်ကျွေးမွေးရမည်။   အစားအစာသည်  အသားနှင့်ဥထုတ်လုပ်မှုအမြင့်မားဆုံးရရှိနိုင်ရန် အရေးပါသည်။ 

လွှတ်ကွင်းနှင့်မွေးမြူသော တိုင်းရင်းကြက်မွေးမြူရေးစနစ်တွင်  တစ်နှစ်တာကာလပတ်လုံး  အစာလုံလောက်စွာမရရှိနိုင်သဖြင့် အစာအာဟာရများဖြည့်စွက်ကျွေးမွေးရန်လိုအပ်လှပေသည်။ 
လွှတ်ကွင်းနှင့်မွေးမြူရာတွင် ကြက်ကြီးတစ်ကောင်အတွက် အကျယ်အဝန်းမှာ ကြက်တစ်ကောင်လျှင် ၉  ဒသမ  ၅ စတုရန်းပေလိုအပ်သည်။သို့မှသာလွှတ်ကွင်းအတွင်း အစာရှာဖွေစားသောက်နိုင်မည်ဖြစ်သည်။ အစာစိမ်းအဖြစ်အသုံးပြုမည့် နေဗီယာမြက်အား နေ့စဉ်အပူချိန်မြင့်မားချိန်တွင် ကျွေးမွေးရမည်။ မွေးမြူထားသည့်ဒေသကြက်များအတွက် လိုအပ်သောသတ္တုဓာတ်များရရှိရန် သဘာ၀မြေဩဇာ(ဥပမာ-သစ်ရွက်ဆွေး၊ မြေဆွေး)နှင့် နွားချေးခြောက်များအား ရက်သတ္တပတ်လျှင် နှစ်ကြိမ်ခန့် ကြဲပက်ကျွေးမွေးရမည်။ သဘာဝမြေဩဇာနှင့် နွားချေးခြောက်တွင် ကယ်လဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်အပါအဝင် အရေးကြီးသောသတ္တုဓာတ်များပါဝင်ပြီး ကြက်များ၏အရိုးနှင့်အမွေးအတောင်ဖွံ့ဖြိုးမှုကို အားပေးသည်။

စီမံအုပ်ချုပ်မှုပုံစံနှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းသဘာဝအတိုင်း   လွှတ်ကျောင်းမွေးမြူသော တိုင်းရင်းကြက်များ၏   မျိုးပွားမှုစက်ဝန်းအား အောက်ပါအတိုင်းပိုင်းခြားနိုင်သည်။ 
-    ဥဥသောကာလ        ၁၀ - ၁၄ ရက်
-   ဥများအားဝပ်သောကာလ ၂၁ ရက်
-   သားထိန်းကာလ         ၅၆ ရက်
-    စုစုပေါင်းကြာမြင့်ချိန်         ၈၇ - ၉၁ ရက်
တိုင်းရင်းကြက်မတစ်ကောင်သည်   သားခွဲပြီး ၁၀ - ၁၄ ရက်အတွင်း ပြန်ဥလေ့ရှိသည်။ သို့ဖြစ်ရာ ပထမအကြိမ် ဥစဥချိန်မှသားခွဲပြီးနောက် ဒုတိယအကြိမ် ဥပြန်ဥသည့်ကာလသည် ၉၇ - ၁၀၅ ရက် အထိ  ကြာမြင့်နိုင်သည်။   ထို့ကြောင့်  ကြက်မတစ်ကောင်မှာ တစ်နှစ်လျှင် သုံးကြိမ် သို့မဟုတ် နှစ်နှစ်လျှင်    ခုနစ်ကြိမ်သားပေါက်နိုင်သည်။ ကျေးလက်ဒေသများတွင် လက်ရှိမွေးမြူနေသည့်ပုံစံမှာ သားထိန်းရက်အား ၇၅ ရက် ကြာမြင့်သည်ကိုတွေ့ရှိရသဖြင့်   စနစ်တကျမွေးမြူသည့်ခြံတွင် သားထိန်းရက်အား ၃ဝ ရက်သာထားရှိပြီး ကြက်ငယ်များအား  ကြက်လတ်ခြံသို့ပို့ဆောင်၍ ကြက်မကြီးအား သားခွဲလုပ်ဆောင်မည်ဖြစ်သည်။ တစ်လသားအရွယ်သားခွဲထားသော ကြက်ငယ်များအား အစာရေစာအာဟာရပြည့်စုံစေရန် စီမံကျွေးမွေးခြင်းဖြင့် ဈေးကွက်ဝင်အရွယ်ရောက်ရှိစေရန် ၆-၇ လသားအထိ ထိန်းသိမ်းစောင့်ရှောက်ရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိလာမည်ဖြစ်သည်။ ကြက်ငယ်တစ်လသားအရွယ်တွင် သားခွဲကြက်မကြီးအား  ပြုပြင်ထိန်းသိမ်းကြက်ခြံတွင် ၁၀ ရက် လေ့ကျင့်ပေးပြီးပါက ကြက်ကြီးခြံသို့ ပြန်လည်ပို့ဆောင်ဥဥစေရန် စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။
အထက်ပါနည်းစနစ်များအတိုင်း ဒေသကြက်များအားမွေးမြူသွားခြင်းဖြင့် မိရိုးဖလာမွေးမြူနေသော တစ်နှစ်လျှင် သုံးသားပေါက်ခြင်းမှ ဥကြက်မကြီးတစ်ကောင်လျှင် ငါးသားပေါက်စေမည်ဖြစ်ပြီးပိုမိုတိုးတက်ထုတ်လုပ်နိုင်လာမည်ဖြစ်သည်။ 

မှတ်တမ်းများထားရှိခြင်း

တိုင်းရင်းကြက်မွေးမြူမှုမှတ်တမ်းများ  ထားရှိခြင်းသည် ကြက်တစ်ကောင်ချင်းစီ၏ ကျန်းမာရေး၊ အစာစားနှုန်းနှင့် ဥဥမှုကို မှတ်သားထားခြင်းဖြင့် ရောဂါလက္ခဏာများကို အချိန်မီသတိပြုမိနိုင်ပြီး ပြုပြင်ဆောင်ရွက်နိုင်သည်။  ကြက်မတစ်ကောင်ချင်းစီ၏ ဥဥသည့်နှုန်း(ဥအရေအတွက်)၊ ဥဥမှုပုံမှန်ဖြစ်မှု၊   ဥအရွယ်အစား  စသည့်အချက်များကို မှတ်တမ်းတင်ထားခြင်းဖြင့် မျိုးကောင်းကြက်မများရွေးချယ်ခြင်းနှင့် အားနည်းသောကြက်မပယ်ထုတ်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။ ကောင်းမွန်သောမှတ်တမ်းစနစ်သည် မွေးမြူရေးလုပ်ငန်းအောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။

ကျေးလက်ဒေသနေပြည်သူများသည်  ဒေသကြက်မွေးမြူရေးအား မိရိုးဖလာမွေးမြူရေးအဖြစ်သာ လုပ်ဆောင်လျက်ရှိသည်။  မိရိုးဖလာမွေးမြူရေးလုပ်ငန်းဖြစ်သည်နှင့်အညီ အဓိကစိန်ခေါ်မှုများဖြစ်သည့် -
(က)    မွေးမြူသူတစ်ဦးချင်းစီမှ ထုတ်လုပ်မှုနည်းပါးခြင်း(မွေးမြူသူတစ်ဦးချင်းစီ၏ အတွေ့အကြုံနည်းပါးခြင်း၊ မျိုးကောင်းမျိုးသန့်မသုံးခြင်း)
(ခ)     ရောဂါထိန်းချုပ်နိုင်မှုမရှိခြင်း(ကာကွယ်ဆေးထိုးနှံမှုနည်းပါးခြင်း၊ ရောဂါလက္ခဏာများကို အချိန်မီမသိရှိခြင်း)
(ဂ)     အာဟာရပြည့်စုံလုံလောက်စွာ ကျွေးမွေးမှုမရှိခြင်း(သဘာဝအစာကိုသာ အဓိကကျွေးမွေးခြင်း၊ ဖြည့်စွက်အာဟာရမလုံလောက်ခြင်း)
(ဃ)    မွေးမြူရေးနည်းပညာနှင့်   ဗဟုသုတနည်းပါးခြင်း (စနစ်ကျသောမွေးမြူရေးနည်းလမ်းများကို မသိရှိခြင်း)
(င)     ဒေသကြက်မျိုးမြှင့်တင်မွေးမြူမှုမရှိခြင်း(မျိုးရိုးဗီဇအားနည်းသော ဒေသကြက်မျိုးများကိုသာ အသုံးပြုခြင်း)
(စ)     ပုံမှန်မွေးမြူထုတ်လုပ်မှု  လုပ်ငန်းစဉ်၊ ဦးတည်ချက်၊ စံချိန်စံညွှန်းများ အစီအစဉ်မရှိခြင်း(မှတ်တမ်းများမထားခြင်း၊ ရေရှည်စီမံကိန်းမရှိခြင်း)
(ဆ)    မွေးမြူထုတ်လုပ်သူအချင်းချင်း စုစည်းညီညွတ်စွာ ပေါင်းစပ်လုပ်ကိုင်မှုမရှိခြင်း(တစ်ဦးချင်းစီကွဲပြားစွာ လုပ်ကိုင်ခြင်း)
(ဇ)     မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်မှု အားနည်းခြင်း(ကာကွယ်ဆေးနှင့် နည်းပညာအထောက်အပံ့များရရှိအောင် ဆောင်ရွက်ခြင်း)
အဆိုပါအချက်များအားပြုပြင်ဆောင်ရွက်အကောင်အထည်ဖော်မည်ဆိုပါက လက်ရှိမွေးမြူနေသည့် စနစ်၏အားနည်းချက်ဖြစ်သည့် ကြက်သေနှုန်း ၅၀ ရာခိုင်နှုန်းမှ ၁၀  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်း၊ ဈေးကွက်ဝင်အလေးချိန် ၂ လမှ ၁.၅ လသို့ ကာလတိုတောင်းလာခြင်း၊   ထုတ်လုပ်မှုအရည်အသွေးမြင့်မားလာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကြက်သားနှင့်ဥများဈေးကွက်သို့ပိုမိုရောက်ရှိလာခြင်းများဖြစ်ပေါ်လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအတွက် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးသည်  ကျေးလက်ဒေသဖွံ့ဖြိုးရေး၏အဓိကသော့ချက်ဖြစ်စေရန် ယခုအချိန်မှစ၍ စနစ်တကျပြောင်းလဲကြပါစို့။   ။

MWD Web Portal

ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)

အနောက်နိုင်ငံတွေမှာ အတုယူစရာကောင်းတဲ့ အချက်တစ်ချက်ရှိတယ်။ အရေးအကြောင်းဆို သူတို့အားလုံး ညီညွတ်ကြပါတယ်။ အမေရိကန်နဲ့ ဥရောပအတူတူပဲ။ ဥရောပနဲ့ ကနေဒါအတူတူပဲ။ ကနေဒါနဲ့ သြစတြေးလျ၊ နယူးဇီလန်အတူတူပဲ။ ဆိုလိုတာ သူတို့အားလုံးဟာ မဟာမိတ်တွေဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်တွေ၊ ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တယ်။ အချင်းချင်းမဟာမိတ်စာချုပ်တွေရှိတယ်။ သူတို့ မတည့်ဘူးဆိုလည်း ယာယီသာဖြစ်တယ်။ နိုင်ငံအချင်းချင်းအကျိုးစီးပွားတွေကတော့ ပြိုင်ဆိုင်မှုရှိမယ်။ သို့သော် အရေးအကြောင်း ဆိုသွေးနီးတယ်။

တစုတဝေးတည်း ရပ်တည်

အဲဒီမဟာမိတ်တွေထဲကမှ အမေရိကန်၊ ယူနိုက်တက်ကင်းမ်ဒမ်း (UK)၊ သြစတြေးလျ၊ နယူးဇီလန်ဆိုရင်သမိုင်း၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုတွေတူညီကြတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေဖြစ်ပြီး တစ်ချိန်က UK အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေလည်းဖြစ်တယ်။ သူတို့တွေက အရင်းဆုံးပဲ။ အင်္ဂလိပ်လိုတော့ Anglosphere လို့သုံးတယ်။ ကမ္ဘာ့စစ်ပွဲကြီး တိုင်းမှာ Anglosphere တွေဟာ အတူတကွ ဝင်ရောက်တိုက်ခိုက်ကြတယ်။ အနောက်နိုင်ငံတွေဟာ နိုင်ငံတကာအရေးအခင်း တစ်ခုခုဖြစ်လာရင် အစပိုင်းမှာ သူတစ်ခွန်း၊ ငါတစ်ခွန်းနဲ့ စကားများကြပြီး သဘောမညီကြပေမယ့် တကယ့်အရေးအကြောင်း စစ်ပွဲဖြစ်ပြီဆိုရင် အားလုံးတစုတဝေးတည်း ရပ်တည်ကြတယ်။

အပြင်က လေ့လာသူတွေကတော့ သူတို့အချင်းချင်းကွဲနေပြီပေါ့။ သူတို့အချင်းချင်း ချကြတော့မယ်ပေါ့။ ကွဲချင်ကွဲမယ်။ ချသလို ဖြစ်ချင် ဖြစ်မယ်၊ သို့သော် သူတို့ကွဲတာ၊ သူတို့ချတာ၊ သူတို့စည်းအတွင်းကပဲ ဖြစ်တယ်။ စစ်ဖြစ်တာမဟုတ်ဘူး။ အသေအကျေအပြတ်ရှင်းကြတာမဟုတ်ဘူး။ အပြန်အလှန်ငြင်းခုံတယ်။ သူနိုင်ကိုယ်နိုင်ပြောတယ် ဆိုတာ သူတို့ဓလေ့ပဲ။ အားမနာတာ သူတို့ဓလေ့ပဲ။ အခု ထရမ့်ခေတ်မှာ ပိုဆိုးတာပေါ့။ လူရှေ့သူရှေ့လည်း ဆတ်ခနဲ ပြောလိုက်တာပဲ။ ချိန်းပြီးဖျက်ချင်ဖျက်တာပဲ။ နည်းနည်းရိုင်းတယ်ဆိုပေမယ့် အဲဒီရိုင်းတာက ခေတ်စားလာနေတယ်။ သို့သော် သူတို့အချင်းချင်းက နားလည်မှုရှိတယ်။ အချိန်တန်ရင်ပြီးသွားတယ်။ အဲဒီလို အချင်းချင်းစကားများကြ၊ ရန်ဖြစ်ကြ၊ သဘောမတူကြရင်း တစ်ချိန်က အီရတ်လည်း ဒီလိုပဲဝင်တိုက်တာပဲ။ အမေရိကန်တိုက်တော့ အားလုံးတစ်တွဲကြီးပါတာပဲ။ လစ်ဗျားလည်း တိုက်တာပဲ။ ဆီးရီးယားလည်းတိုက်တာပဲ။ အာဖဂန်လည်း တိုက်တာပဲ။

အခုဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ အီရန်ပဋိပက္ခကို လေ့လာကြည့်တယ်။ အစ္စရေးနဲ့ အီရန်တင်းမာမှုက အခုမှမဟုတ်ဘူး။ တောက်လျှောက်ရှိနေခဲ့တယ်။ ဟိုး ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး (Iranian Revolution) ကာလလောက်ကတည်းက ခြေရာ ကောက်လို့ရတယ်။ အခု ၂၀၂၅ ခုနှစ် ဇွန်လထဲမှာ နှစ်နိုင်ငံစစ်ဖြစ်တဲ့အထိ ပေါက်ကွဲထွက်လာတယ်။ အရင်ကလည်း သူတို့ အပြန်အလှန်တိုက်ခိုက်တာ ရှိပေမယ့် အခုလောက်မပြင်းထန်ဘူးပေါ့။

 ဒီနေရာမှာ အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်ပုံကို ဆွေးနွေးလိုတယ်။ အခုအစ္စရေး-အီရန်အရေးအခင်းမတိုင်မီ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးနိုင်ငံ အကြမ်းဖက်ခံရတဲ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်အပြန်အလှန်တိုက်ကြတယ်။ ဖြစ်စဉ်တွေတော့ အသေးစိတ်မရေးတော့ဘူး။ ၂၀၂၅ ခုနှစ် မတ်လကစလို့ အစ္စရေးကဂါဇာကို လူသားချင်းကူညီမှုတွေ ပိတ်ဆို့တယ်။ သူတို့နဲ့ အဆင်ပြေတဲ့ INGO တစ်ခုကနေ လူသားချင်းစာနာမှုတွေထောက်ပံ့တယ်။ ဂါဇာကို ထိုးစစ်အသစ်ဆင်နွှဲပြီး ဟားမတ်စ်တွေကို တိုက်တယ်ပေါ့။

အမေရိကန်က အစ္စရေးဘက်က တောက်လျှောက်ထောက်ခံတယ်။ ဥရောပနဲ့ ကနေဒါက လူသားချင်းစာနာထောက်ထားမှုကို အကြောင်းပြပြီး အစ္စရေးကို ဝေဖန်တယ်။ သတင်းတွေဖတ်ရင် အမေရိကန်က အစ္စ‌ရေးဘက်၊ ဥ‌ရောပက ပါလက်စတိုင်းတွေဘက်က အဲဒီလိုမြင်တွေ့ရတယ်။ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစ္စရေးရဲ့ ဂါဇာက လုပ်ရပ်တွေကို ရှုတ်ချတယ်။ ဆိုတော့ ကြည့်ရင် အစ္စရေးဘက်မှာ အမေရိကန်ပဲ ရှိတဲ့ပုံစံပေါက်တယ်။ ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပါလက်စတိုင်းပြည်သူတွေဘက်က ရပ်တည်တဲ့သဘောမြင်ရတယ်။ အစ္စရေးကို ဥရောပ၊ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောက်လျှောက်ဝေဖန်တယ်။ အထူးသဖြင့် UN အဖွဲ့အစည်းတွေက အစ္စရေးကို စစ်ရာဇဝတ်မှုကျူးလွန်တယ်၊ လူမျိုးတုံးသတ်တယ် စသဖြင့် စွပ်စွဲကြတယ်။ လူအများစုအမြင်မှာကတော့ UN က ပါလက်စတိုင်းတွေဘက်က မားမားမတ်မတ် ရပ်တည်နေတယ်ပေါ့။

အားလုံးက လေသံပြောင်းသွား

၂၀၂၅ ခုနှစ်မှာ အစ္စရေးနဲ့ အီရန်တင်းမာမှုတွေ ဖြစ်တဲ့အခါ အမေရိကန်က အစ္စရေးဘက်ကရှိပေမယ့် ဥရောပနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အီရန်ကိုမတိုက်ဖို့ အစ္စရေးကိုသတိပေးတယ်။ သံတမန်နည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းတယ်။ အခုဇွန်လထဲမှာ အစ္စရေးက အီရန်ကို တကယ်လည်းတိုက်ရောအားလုံးက လေသံပြောင်းသွားတယ်။ အီရန်ကို အပြစ်တင်ကြတယ်။ အစ္စရေးဘက်ရပ်တည်ကြတယ်။

အစ္စရေးက ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အောက်မှာ ဥရောပအင်အားကြီး တွေဖြစ်တဲ့ ယူနိုက်တက်ကင်းမ်ဒမ်းတို့၊ ပြင်သစ်တို့၊ ဂျာမနီတို့ဟာ အစ္စရေးနဲ့ သွေးစည်းညီညွတ်ကြောင်း ပြခဲ့ကြတယ်။ ဒါကြောင့်လည်း ပြင်သစ်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Le Mode က ဥရောပခေါင်းဆောင်တွေက ဂါဇာကိစ္စမှာတော့ အစ္စရေးကို ဝေဖန်တယ်။ အခုအီရန်ကိစ္စမှာတော့ အစ္စရေးကို ထောက်ခံတယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်သာသုံးမယ်ဆိုရင် ဘယ်သူမဆို တိုက်လို့ ရတယ်ဆိုပြီး ဥရောပရဲ့ နှစ်ဖက်ခွမပြတ်သားတဲ့ မူဝါဒတွေကို ခနဲ့တယ်။

အတိုင်အဖောက်ညီညီနဲ့ သံစုံထွက်လာ

အီရန်ကိုတိုက်တဲ့ကိစ္စမှာ အမေရိကန်ကော၊ ဥရောပကော တစ်သံတည်းထွက်လာပြီဆိုတဲ့အခါကျတော့ UN အဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း အရင်က စုံစမ်းမှုတွေမပြတ်သေးသလို ဖြစ်နေရာကနေချက်ချင်းပဲ အီရန်ဟာ နျူကလီးယားနဲ့ပတ်သက်ပြီး လိုက်နာရမယ့် တာဝန်တွေပျက်ကွက်တယ်ဆိုကာ အသံထွက်လာတယ်။ အီရန်က နျူကလီးယားလက်နက်ပိုင်ဆိုင်မယ့် အခြေအနေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ထောက်ခံချက်ပေးလိုက်တယ်။ တီးဝိုင်းက အတိုင်အဖောက်ညီညီနဲ့ သံစုံထွက်လာတယ်။ အစကတော့ သူတော်ကောင်းတွေလိုလို၊ အားနည်းတဲ့သူဘက် ရပ်တည်သလိုနဲ့ တကယ်လည်းဖြစ်ကော သွေးကစကားပြောဘိသကဲ့သို့ ညီညာဖြဖြ အစ္စရေးဘက်က ရပ်ကြတာပါပဲ။ အစ္စရေးမှားတယ်၊ အီရန်မှန်တယ်ရေးနေတာမဟုတ်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးရဲ့ ကြောက်စရာကောင်းတဲ့ လှည့်ကွက်အပြောင်းအလဲတွေကို ထောက်ပြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အီရန်က ပါလက်စတိုင်းမဟုတ်ဘူးလေလို့ ပြောလို့ရပါတယ်။ အီရန်က ဂါဇာမဟုတ်ဘူးလေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ UN နဲ့ နိုင်ငံတကာက အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပါတယ်လို့ အကြိမ်ကြိမ်စွပ်စွဲနေတဲ့အချိန်မှာ အစွပ်စွဲခံရသူက နောက်ထပ်စစ်ပွဲတစ်ပွဲသာ ဖန်တီးမယ်ဆိုရင် အကယ်လို့ အခြားနိုင်ငံတစ်နိုင်ငံသာဆို အခြေအနေက တစ်မျိုးဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး အန္တရာယ်ပြုတယ်ဆိုပြီး NATO ကော၊ UN တပ်တွေကော ဝင်ကြပါလိမ့်မယ်။ အစပိုင်းမှာ အီရန်ဘက်ကပဲ ကာပေးသလိုလို၊ အစ္စရေးကိုပဲ တားဆီးသလိုလို၊ သံတမန်ရေးလမ်းကြောင်းပဲ အားပေးသလိုလိုနာမည်ကောင်းတွေယူပါတယ်။ စစ်မဖြစ်ခဲ့ရင်တော့ ငြိမ်းချမ်းရေးလိုလားသူတွေပေါ့။ အီရန်ရဲ့ ကျေးဇူးရှင်တွေတောင်ဖြစ်ပါလိမ့်ဦးမယ်။

တားလို့မရဘဲ စစ်လည်းဖြစ်ကော ကြားနေလို့ ရတာတောင်မနေကြပါဘူး။ တကယ်စစ်ဖြစ်ရင် အနောက်နိုင်ငံ မဟာမိတ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကြားနေတယ်ဆိုတာမရှိပါဘူး။ ကြားနေတယ်ဆိုတာ အချောင်သမားဝါဒဖြစ်ပါတယ်။ ဆိုတော့ တကယ့်အရေးအကြောင်းဆိုတော့ အနောက်မဟာမိတ်အားလုံးက အစ္စရေးဘက်ရပ်တည်ကြပါတယ်။ စစ်ကိုအားမပေးပေမယ့် အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ထောက်ခံတယ်ပေါ့။ အချို့နိုင်ငံတကာအရေးအခင်းတွေက မျက်နှာဖုံးတွေကို ကွာကျစေပါတယ်။

အခုလို ပထမပိုင်းမှာ သူတော်ကောင်းယောင်ဆောင်ကြပေမယ့် သူတို့ နာမည်ပျက်စာရင်းသွင်းထားတဲ့ နိုင်ငံတစ်နိုင်ငံကို တကယ်တိုက်တဲ့အခါ တက်ညီလက်ညီ ကူညီပံ့ပိုးကြတာ အခုအစ္စရေး-အီရန် ပဋိပက္ခမှမဟုတ်ပါဘူး။ အရင်နိုင်ငံတကာအရေးအခင်းတွေမှာလည်း အလားတူပုံစံတွေ မသိမသာကော၊ သိသိသာသာကော မြင်တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာ သမိုင်းဆိုတာ သူတို့အမြင်နဲ့ အတိအကျမှတ်တမ်းတင်တာဖြစ်ပါတယ်။ တစ်ယောက်က မှတ်တမ်းတင်တာလည်း နောက်တစ်ယောက်က ထပ်ဆင့်မှတ်တမ်းတင်ပါတယ်။ ဆက်လက်အသုံးပြုပါတယ်။

ဆိုလိုတာက လူတစ်ယောက်ကို၊ နိုင်ငံတစ်နိုင်ငံကို မကောင်းမှတ်တမ်းတင်ထားပြီဆိုရင် အစဉ်အဆက်ပါပဲ။ အစီရင်ခံစာတစ်ခုမှာ အဲဒီနိုင်ငံကို မကောင်းရေးထားတယ်ဆိုရင် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဲဒီအစီရင်ခံစာကိုပဲ အကိုးအကားပြုကြပါတယ်။ တစ်ဖက်ကပြင်ဆင်တယ်၊ လိုက်လျောညီထွေဖြစ်အောင် နေတယ်ဆိုရင်‌တောင် သူတို့လူမဟုတ်မချင်း တစ်နည်းမဟုတ်ပြဿနာရှာ၊ အပြောင်းအလဲဖြစ်အောင် လုပ်တာပါပဲ။ အခုလည်း အီရန်ဟာ အစ္စရေးနဲ့ တစ်နိုင်ငံချင်းစစ်ဖြစ်တယ်ဆိုပေမယ့် အနောက်အုပ်စုရဲ့ ခဲထားခြင်းကို ခံလိုက်ရပါပြီ။

သူ့ရှေ့မှာ အီရတ်ဆိုလည်း ဒီလိုပဲ နိုင်ငံတကာက လက်မခံပေမယ့် အမေရိကန်က အီရတ်ကို နျူကလီးယားလက်နက်ထုတ်ပါတယ် အကြောင်းပြပြီး စစ်ဝင်တိုက်တဲ့အခါ အနောက်နိုင်ငံမဟာမိတ်တွေတစ်တွဲကြီးပါတာပါပဲ။

 ဒီလိုပဲ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်ပုံစံတွေ အတိအကျမတူပေမယ့် လူဆိုးစာရင်းသွင်းပြီး ဝင်တိုက်ကြတာပါပဲ။ အခုက ၂၀၀၀ ပြည့်နှစ်၊ ၂၀၁၀ ပြည့်နှစ်တွေ မဟုတ်တော့ပါဘူး ဆိုသည့်တိုင်အနောက်နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံတကာဆက်ဆံရေးအတွေးအခေါ်က မပြောင်းလဲပါဘူး။ ပိတ်ဆို့မယ်။ ပိတ်ဆို့တဲ့ကြားက ဆက်ပြီးကြီးထွားလာရင် တားဆီးမယ်။ တားဆီးတဲ့ကြားက ကြီးထွားလာရင် အခွင့်သင့်ရင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှာပါပဲ။ သူတို့အချင်းချင်း နိုင်ငံရေးမှာ ဘယ်လောက်အထိ သဘောထားကွဲပြားနေပါစေ။ အရေးအကြောင်း စစ်ဆိုတဲ့အထိဖြစ်ပြီဆိုရင် တစည်းတလုံးရပ်တည်ကြပါတယ်။ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန် သူတို့ စစ်ဝင်တိုက်ပြီး အစိုးရတွေ အပြောင်းအလဲဖြစ်ပေမယ့် အခုထိ အဲဒီနိုင်ငံတွေ တစ်နိုင်ငံမှ မငြိမ်းချမ်းသေးပါဘူး။

သာမန် ကမ္ဘာ့ပြည်သူတွေဆိုတာ မေ့မေ့ပျောက်ပျောက်ပါပဲ။ သူတို့က နိုင်ငံရေးနဲ့ ဝေးပါတယ်။ ဆူဆူညံညံဖြစ်ပြီဆိုမှ ထကြည့်ကြတာများပါတယ်။ နိုင်ငံတကာအရေးအခင်းတစ်ခုဆိုတာ အစအဆုံး နှစ်နဲ့ချီပြီးကြာတတ်ပါတယ်။ အချို့ဆို ဆယ်စုနှစ်နဲ့ချီပြီး ကြာပါတယ်။ မျက်ခြည်မပြတ် လေ့လာနေသူတွေသာ မြင်လိုက်တဲ့ကိစ္စတွေရှိပါတယ်။ သတင်းတွေမှာ ညှိနှိုင်းလိုက်၊ ဆွဲဆောင်လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ ပြဇာတ်တစ်ပုဒ်ကြည့်နေရသလိုပါပဲ။ နိုင်ငံအများစုကလည်း ကိုယ့်ကို မထိမချင်းငြိမ်ငြိမ်သက်သက်ပဲ နေကြပါတယ်။ အုပ်စုဖွဲ့အနိုင်ကျင့်နေမှန်းသိတဲ့တိုင် တစ်ဖက် နိုင်ငံတွေကလည်း လူဆိုးစာရင်းအသွင်းခံထားရတော့ သနားစရာကောင်းမနေဘူးပေါ့။

ဒီလိုနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဟန်ဆောင်ပြဇာတ်ကြီးထဲမှာ စီးမျောရင်းအရေးအခင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တာ အခုကတော့ အီရန်အလှည့်ပေါ့။

အခုနောက်ဆုံး ကနေဒါနိုင်ငံမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်သီး စက်မှုခုနစ်နိုင်ငံ အစည်းအဝေးမှာလည်း အီရန်နဲ့ပတ်သက်လို့ ထုတ်ပြန်ချက်က အစ္စရေးဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်ပြီး အီရန်ကို အပြစ်တင်ထားပါတယ်။ အစကတော့ ဥရောပမဟာမိတ်တွေက ထရမ့်နဲ့လည်း အဆင်မပြေ၊ အစ္စရေးကိုလည်း ဂါဇာကိစ္စမှာ မကျေလည်၊ အမေရိကန်နဲ့ အီရန်ကြားပဲ ဝင်ပေးတော့မလို၊ အစ္စရေးနဲ့ အီရန်ကြားပဲ ဝင်ပေးတော့မလိုနဲ့ အမှန်တကယ်စစ်လည်းဖြစ်ကော အားလုံးက အမေရိကန်ဘက်၊ အစ္စရေးဘက်ပဲ ပါသွားကြတာပါပဲ။ နောက်ဆုံးတော့ သူတို့အားလုံး အတူတူပါပဲ။ ။

MOI

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများ (CSA - Child Sexual Abuse) ကို မီဒီယာများတွင် အကြိမ်ကြိမ်မြင်တွေ့ကြားသိနေရပါသည်။ သို့သော် ကျွန်ုပ်တို့ မြင်တွေ့နေရသည်မှာ ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသော အစိတ်အပိုင်းငယ်လေးမျှသာဖြစ်ပြီး ရေအောက်တွင်နစ်မြုပ်လျက်ရှိသော အစိတ်အပိုင်းများ၏ ပမာဏကိုမူ မည်သူမျှ အပြည့်အဝမသိနိုင်ကြပါ။

CSA သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ စိုးရိမ်ဖွယ်ရာတိုးပွားလျက်ရှိသော လူမှုပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် CSA ကို ကြုံတွေ့နေရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် CSA ကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း အမှန်တကယ်အရေးယူနိုင်မှု နည်းပါးနေဆဲဖြစ်ပါသည်။ U-Report ၏ မြန်မာနိုင်ငံအတွင်း CSA ဆိုင်ရာ သုတေသနစစ်တမ်း၌ ပါဝင်ဖြေဆိုသူအားလုံး၏ ၅၁ ရာခိုင်နှုန်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် CSA များရှိကြောင်း အတည်ပြုခဲ့ပါသည်။ ဤပြဿနာ၏ ပိုမိုနက်ရှိုင်းသော အချက်မှာ လူမှုရေးယဉ်ကျေးမှုအရ CSA ကို ဖုံးကွယ်လေ့ရှိခြင်းနှင့် အစီရင်ခံမှုနည်းပါးခြင်းတို့ကြောင့် စာရင်းဇယားများတွင် ဖော်ပြထားသည်ထက် အမှန်တကယ်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားနေခြင်း ဖြစ်ပါသည်။

CSA ၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ

CSA ဆိုသည်မှာ လူကြီးတစ်ဦးဦး (သို့) အသက်ပိုကြီးသူတစ်ဦးဦးက ကလေးတစ်ဦးအား အာဏာ၊ ယုံကြည်မှု၊ စီးပွားရေးကိုအလွဲသုံးစားပြု၍ လိင်မှုကိစ္စအတွက် စော်ကားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုအဖြစ် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ CSA ကို အဓိကအားဖြင့် ထိတွေ့ကိုင်တွယ်မှုပါသော အလွဲသုံးစားမှုများ (ဥပမာ - လိင်အင်္ဂါထိတွေ့ခြင်း၊ အဓမ္မပြုကျင့်ခြင်း) နှင့် ထိတွေ့မှုမပါသော အလွဲသုံးစားမှုများ (ဥပမာ- လိင်ပိုင်းဆိုင်ရာရုပ်ပုံပြသခြင်း၊ အွန်လိုင်းမှ နှောင့်ယှက်ခြင်း) ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် အချက်အလက်များအရ အသက် ၅ - ၁၇ နှစ်အတွင်းရှိ ကလေးများသည် CSA ခံရနိုင်ခြေအမြင့်ဆုံးဖြစ်ပြီး ကျူးလွန်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ကလေး၏ မိသားစုဝင်ဆွေမျိုး သို့မဟုတ် ရင်းနှီးကျွမ်းဝင်သူ များ ဖြစ်နေတတ်ပါသည်။ ဤအချက်က ကလေး၏ စိတ်ဒဏ်ရာကို ပိုမိုနက်ရှိုင်းစေပါသည်။ CSA တွင် လိင်မှုဆိုင်ရာစကားများ အတင်းပြောစေခြင်း၊ ကလေးအား လိင်လုပ်သားအဖြစ်အသုံးချခြင်း (Child Trafficking)၊ ကလေးများအား လိင်မှုကိစ္စအတွက် ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးခြင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်း (Cyber Grooming) ကဲ့သို့သော ရှုပ်ထွေးသည့်ပုံစံများလည်း ပါဝင်နိုင်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ CSA သည် မိန်းကလေးများတွင်သာမက ယောက်ျားလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး ယောက်ျားလေးများတွင် အစီရင်ခံမှုနှုန်း ပိုမိုနည်းပါးလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အွန်လိုင်းမှ CSA အမှုများ တိုးပွားလာသည်ကို တွေ့ရှိရပါသည်။ CSA ၏ အခြားသောအန္တရာယ်ရှိသည့် ပုံစံတစ်ခုမှာ “Child Marriage” (ကလေးအား အတင်းအကျပ်လက်ထပ်စေခြင်း) ဖြစ်ပြီး ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များလေ့ရှိပါသည်။

CSA ၏ လက္ခဏာများနှင့် ရေရှည်ဆိုးကျိုးများ

CSA ပြုလုပ်ခံရသော ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအဖြစ် လိင်အင်္ဂါနာကျင်ခြင်း၊ ယားယံခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနှင့် HIV/AIDS အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ကူးစက်ခံရနိုင်ခြေမြင့်မားစွာ တွေ့ရှိရပါသည်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ကလေးငယ်များ ကြောက်ရွံ့လွန်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန် စဉ်းစားခြင်းများ ပါဝင်သည်။ ကလေး ၇၅ ရာခိုင်နှုန်းခန့်သည် CSA ဖြစ်စဉ်ကို အနည်းဆုံးငါးနှစ်အထိ ဖုံးကွယ်ထားတတ်ပြီး ယင်းမှာ ကျူးလွန်သူ၏ ခြိမ်းခြောက်မှု၊ အပြစ်ရှိသည်ဟုခံစားရမှုနှင့် မိသားစုဂုဏ်သိက္ခာကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာ ဆိုးကျိုးများအဖြစ် ကျောင်းစွမ်းဆောင်ရည်ကျဆင်းခြင်း၊ လူမှုဆက်ဆံရေးတွင် ယုံကြည်မှုပျောက်ဆုံးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ CSA ပြုလုပ်ခံရသော ကလေးများ၏ ၆၀ ရာခိုင်နှုန်းခန့်တွင် Post - Traumatic Stress Disorder (PTSD) စိတ်ဒဏ်ရာနောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်တတ်ပြီး ၄၅ ရာခိုင်နှုန်းခန့်တွင် နှစ်ရှည်လများ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety Disorder) ကို ခံစားရတတ်ပါသည်။ ရေရှည်တွင် CSA ပြုလုပ်ခံရသူများသည် အရွယ် ရောက်လာသည့်အခါ မူးယစ်ဆေးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများကို ပိုမိုပြုလုပ်တတ်ပြီး အိမ်ထောင်ရေးနှင့် အလုပ်အကိုင်ဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသနတွေ့ရှိ ချက်များက ဖော်ပြထားပါသည်။

မိဘများအနေဖြင့် သတိထားရမည့်အချက်များမှာ ကလေး၏အပြုအမူများ ရုတ်တရက်ပြောင်းလဲခြင်း (ဥပမာ - ရေချိုးခန်းဝင်ရန် ငြင်းဆန်ခြင်း၊ အခြားသူများနှင့် ထိတွေ့ရန် ရှောင်ဖယ်ခြင်း)၊ အသက်အရွယ်နှင့် မလိုက်အောင် လိင်ပိုင်းဆိုင်ရာ အကြောင်းအသိပညာများပြားလာခြင်းတို့ ဖြစ်ပါသည်။ CSA ၏ ဆိုးရွားသောအချက်တစ်ခုမှာ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာ အာဟာရချို့တဲ့ခြင်း (Stunted Growth) နှင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ဖြစ်စေနိုင်သည့်အချက်ဖြစ်ပါသည်။

CSA ကို ကာကွယ်ရန်နည်းလမ်းများ

ကလေးများကို CSA မှ ကာကွယ်ရန် “လုံခြုံသောထိတွေ့မှု” နှင့် “မလုံခြုံသောထိတွေ့မှု” တို့ကို ခွဲခြားသိရှိအောင် ပညာပေးရပါမည်။ ကလေးများအား ကိုယ်ခန္ဓာအကြောင်း သင်ကြားပေးပြီး တစ်ပါးသူ ထိတွေ့ခွင့်မပေးရမည့် အစိတ်အပိုင်းများ (Private Parts) အကြောင်း ရှင်းလင်းစွာ ပြောပြရပါမည်။ “မိမိခန္ဓာကိုယ်ကို မိမိပိုင်ဆိုင်သည်” ဟူသော အသိစိတ်ကို ကလေးငယ်ဘဝကတည်းက မွေးမြူပေးခြင်းဖြင့် CSA ကို ကာကွယ်နိုင်ပါသည်။ ကလေးများအား တစ်စုံတစ်ယောက်က ဘယ်သူ့မှမပြောနဲ့ဟု ခြိမ်းခြောက်လာပါက မိဘ /ယုံကြည်ရသူကို ချက်ချင်းပြောရန် သင်ကြားပေးရပါမည်။ မိဘများအနေဖြင့် ကလေး၏ အပြုအမူပြောင်းလဲမှုကို နေ့စဉ်စောင့်ကြည့်ပါ။ ရုတ်တရက်စကားပြောနည်းလာခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ကျောင်းစွမ်းဆောင် ရည်ကျဆင်းခြင်းများကို သတိထားပါ။ ကျောင်းများတွင် CSA ကာကွယ်ရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားပေးရပါမည်။

ကလေးများအား တစ်စုံတစ်ယောက်က CSA ပြုလုပ်လာပါက လုပ်ဆောင်ရမည့် “NO-GO-TELL” (ငြင်းဆို-ထွက်ပြေး-ပြောပြ) နည်းလမ်းကို လက်တွေ့သင်ကြားပေးခြင်းဖြင့် အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းမြှင့်တင်ပေးနိုင်ပါသည်။ အွန်လိုင်းလုံခြုံရေးအတွက် ကလေး၏ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ပါ။ မသင့်လျော်သောဆက်သွယ်မှုများ၊ ဗီဒီယိုစာမျက်နှာများမှ ကာကွယ်ရန် Parental Control Software များ တပ်ဆင်ပေးပါ။ မိဘနှင့် သားသမီးအကြား ယုံကြည်စိတ်ချရသောဆက်ဆံရေးတည်ဆောက်ပါ။ CSA ကာကွယ်ရေးတွင် အရေးကြီးဆုံးအချက်မှာ ကလေးများ၏စကားကို နားထောင်ပေးခြင်းနှင့် ယုံကြည်မှုပေးခြင်းဖြစ်ပါသည်။

CSA ကြုံလာပါက တုံ့ပြန်ဆောင်ရွက်နည်းများ

ကလေး၏စကားကို အပြစ်မတင်ဘဲ နားထောင်ပါ။ ကလေးကိုယုံကြည်ကြောင်း၊ ကလေးမှာ အပြစ်မရှိကြောင်း ရှင်းလင်းစွာပြောဆိုပါ။ သံသယဖြစ်ဖွယ်အခြေအနေများတွေ့ပါက ရဲတပ်ဖွဲ့ (အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ) ဖုန်း 199 (မြန်မာနိုင်ငံရဲတပ်ဖွဲ့အရေးပေါ်ဖုန်း)၊ အနီးစပ်ဆုံးရဲစခန်းသို့ ဆက်သွယ်ပါ။ နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ သွားရောက်ကာ ဒဏ်ရာများ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် စိတ်ဒဏ်ရာများအတွက် ချက်ချင်းစစ်ဆေးကုသမှုခံယူပါ။ ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် မဖော်ပြဘဲသက်ဆိုင်ရာ အာဏာပိုင်များသို့သာ အကြောင်းကြားပါ။ တရားဥပဒေဆိုင်ရာ အကူအညီရယူရန် ရဲစခန်းတွင် အမှုဖွင့်ပါ။

သက်သေအထောက်အထားများ (အဝတ်အစား၊ မက်ဆေ့ချ်များ) ကို မဖျက်ဘဲ သိမ်းဆည်းထားပါ။ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး ဥပဒေအရ CSA ကျူးလွန်သူများအား ထောင်ဒဏ် နှစ် ၂၀ မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါသည်။

လိုအပ်လျှင် ကလေးသူငယ်စိတ်ကျန်းမာရေးပညာရှင်နှင့် ချိတ်ဆက်ကာ ကုသမှုခံယူပါ။ ကျူးလွန်သူနှင့် ထပ်မံမထိတွေ့စေရန် ယုံကြည်စိတ်ချရသော မိသားစုဝင်များနှင့်သာ နေထိုင်စေပါ။ အခြားကလေးများနှင့် အတူတူထားပါ။ တစ်ယောက်တည်းမနေစေရ။ CSA ခံရသော ကလေးများသည် နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာကို ခံစားရနိုင်သဖြင့် မိသားစုအနေဖြင့် စိတ်ရှည်လက်ရှည်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

CSA သည် ကလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသည့် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ခြိမ်းခြောက်နေသော ပြဿနာဖြစ်ပါသည်။ ထို့အပြင် CSA ပြုလုပ် ခံရသောကလေးများ သေချာစွာ ပြုစုစောင့်ရှောက်မှု မခံရဘဲကြီးပြင်းလာပါက လူကြီးဘဝတွင် အလားတူအကြမ်းဖက်မှုများ ပြုလုပ်နိုင်ခြေ သုံးဆပိုများကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားရာ ဤပြဿနာသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ကူးစက်တတ်သော အရာတစ်ခုအဖြစ်ရှိနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။

သို့ဖြစ်၍ CSA ဖြစ်ပွားမှုမှကာကွယ်ရန် မိဘများ၊ ဆရာများနှင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် အရေးကြီးပါသည်။ CSA ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ကလေးများအား လုံခြုံစွာနေထိုင်နည်း ပညာပေးခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများပေးခြင်းတို့ကို အချိန်မီဆောင်ရွက်ရမည်။ ကလေးတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို လုံခြုံစွာကာကွယ်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ဤအခွင့် အရေးသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါသည်။ ထို့ကြောင့် “ကလေးတိုင်းသည် လုံခြုံစိတ်ချရသောဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည်” ဟူသောအသိဖြင့် လူတိုင်းက CSA ကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးထားတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

References

1. Ministry of Social Welfare, Relief and Resettlement (Myanmar) & UNICEF (2020).

*“National Plan of Action on the Prevention and Response to Violence Against Children in Myanmar (2019-2023).”*

2. UNICEF Myanmar – Child Protection Programs.

https://www.unicef.org/myanmar/child-protection

3. Child Helpline International – Myanmar (2022). “Support Services for Child Abuse Victims in Myanmar.”

MOI

ဒေါက်တာ ဇင်ဇေယျာဝင်း