ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်နှင့်အမျှ လူသားများသုံးစွဲသည့် ပလတ်စတစ်ပစ္စည်းပမာဏ များပြားလာပြီး ပလတ်စတစ်ညစ်ညမ်းမှု များပြားလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်လာကြောင်း တွေ့ရှိနေရသည်။ စည်းကမ်းမဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းများကြောင့် ကမ္ဘာကြီး သန့်ရှင်းမှုမရှိတော့ဘဲ လူသားများတွင် ရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။

ပလတ်စတစ်ထုတ်ကုန်များသည် ရှေးခေတ်ကတည်းက လူသားများကို အကျိုးပြုခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ယနေ့ခေတ်၌ ပင်လယ်သမုဒ္ဒရာများတွင် လူသားတို့အသုံးပြုပြီးသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စုပုံရောက်ရှိကာ အဏ္ဏဝါဂေဟစနစ်နှင့် ရေနေသတ္တဝါများ ရှင်သန် နေထိုင်မှုကို အနှောင့်အယှက်ပေးနေသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် ပလတ်စတစ်ထုတ်ကုန် တန်ချိန် သန်း ၄၀၀ ကျော်ကို ထုတ်လုပ်နေရာ ၎င်းတို့အနက်မှ ပြန်လည်အသုံးပြုနိုင်သည့် ပမာဏသည် ၁၀ ရာခိုင်နှုန်းထက်နည်းသည်ကို တွေ့ရှိရသည်။ ၎င်းပလတ်စတစ်ထုတ်ကုန်များ အနက်မှ ၁၁ သန်းသည် ရေကန်များ၊ ချောင်းများနှင့် မြစ်များအတွင်းသို့ ရောက်ရှိသွားကြပြီး ရေထု ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်လာစေခဲ့ကြောင်း သိရသည်။

ရေထု၊ လေထုနှင့် အစားအသောက်များထဲသို့ အလွန်သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများ ကပ်ငြိလာခြင်းကလည်း လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီသည် နှစ်စဉ် နှစ်တိုင်း ပလတ်စတစ်အမှုန်အမွှား ၅၀၀၀၀ ကျော်ကို ထိတွေ့နေရကြောင်းလေ့လာမှုများအရ သိရသည်။ ၎င်းသေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများ ရေထဲသို့ရောက်ရှိသည့်အချိန်တွင် ငါးများက စားသုံးနေပြီး ၎င်းငါးများ၏ ကိုယ်တွင်းအင်္ဂါများတွင် ကပ်ငြိနေသည့် ပလတ်စတစ်အမှုန်အမွှားများကြောင့် ငါးစားသုံးသူများတွင် ရောဂါများဖြစ်ပွားလာ သည်။

ပလတ်စတစ် ထုတ်ကုန်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပလတ်စတစ် ထုတ်ကုန်သုံးစွဲသူများတွင် ရင်သားကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာများ ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။

ယနေ့ခေတ်တွင် ပလတ်စတစ်အမှုန်အမွှားများကို လူသား၏သွေး၊ အဆုတ်စသည့် ကိုယ်တွင်းအစိတ်အပိုင်းများတွင်ပင် တွေ့ရှိနေရပြီး ကျန်းမာရေးအရ အကျိုးသက်ရောက်မှုများအဖြစ် နာတာရှည်ရောင်ရမ်းမှု၊ မျိုးဗီဇစနစ်ပျက်စီးခြင်း၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် သွေးကင်ဆာများကို ဖြစ်ပွားစေကြောင်း တွေ့ရှိရသည်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့်အချိန်တွင်လည်း ထွက်ရှိလာသည့် ဓာတုပစ္စည်းများကြောင့်လူသားများ၏ ကျန်းမာရေးအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ရေးကို အနှောင့်အယှက်ပေးနေသည်။ ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် တာဝန်ရှိသူများကလည်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။

ယခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ ပလတ်စတစ်ညစ်ညမ်း မှုအဆုံးသတ်ရေးဖြစ်သည်။ ၎င်းဆောင်ပုဒ်အရ ပလတ်စတစ်ထုတ်ကုန်များကို ငြင်းပယ်ခြင်း၊ သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပလတ်စတစ်အသုံးပြုရန် စဉ်းစားချင့်ချိန်ဆောင်ရွက်ခြင်းတို့ကို ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်မည် ဖြစ်သည်။

ဘရူနိုင်းနိုင်ငံတွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ပလတ်စတစ်ထုတ်ကုန် ပြန်လည်အသုံးပြုရေးနေ့ကို ယခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် ကျင်းပခဲ့သည်။ စဉ်ဆက်မပြတ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး နိုင်ငံသားများအား အသိပညာပေးသည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံအတွင်းသတ်မှတ်ဒေသများရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည်သုံးစွဲ၍ ထုတ်ကုန်များထုတ်လုပ်ရန် ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချသည့် လုပ်ငန်းများက ၎င်းအခမ်းအနားတွင် စုဆောင်းခဲ့ကြသည်။ နိုင်ငံသားများအား ပလတ်စတစ်ထုတ်ကုန် ပြန်လည်သုံးစွဲသည့်အလေ့အကျင့်ကို မွေးမြူနိုင်ရန် အစိုးရက ၎င်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင်လည်း အိမ်ထောင်စုများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြားသတ်မှတ်ကာ ပြန်လည်အသုံးပြုရေးဆောင်ရွက်နေကြပြီး စည်းကမ်းမဲ့ပလတ်စတစ် စွန့်ပစ်သူများကိုလည်း အရေးယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့ရေထုသည်လည်း လက်ရှိအချိန်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးနေသည်ကို တွေ့ရှိရသည်။

ကမ္ဘာပေါ်ရှိ မြေထု၊ ရေထုနှင့် ပင်လယ်သမုဒ္ဒရာများကို ထိန်းသိမ်းရန်အတွက် လူသားတိုင်းက တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ကင်းစင်သည့် လှပသောကမ္ဘာကို ရှေးရှုနိုင်မည် ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။

ကိုးကား - Save the environment from the danger of plastic waste GNLM

MOI

စိုးသူရ

မွေးကင်းစကလေးငယ်များ၏ အရေပြားသည် အလွန်နူးညံ့ပြီး ကိုယ်ခံအားစနစ်ကလည်း ဖွံ့ဖြိုးခါစကာလမို့လို့ အင်မတန်ထိခိုက်လွယ်ပါသည်။ ပတ်ဝန်းကျင်ကအမှုန်၊ ဖုန်၊ ပိုးမွှား၊ အပူဒဏ်၊ အအေးဒဏ်စသည့် ဒဏ်ကိုလည်း ကောင်းကောင်းခံနိုင်ရည်မရှိသေးသောကြောင့် ထိုအရာတွေနှင့် အနည်းငယ်ထိတွေ့ရုံဖြင့်တင် အရေပြားနီရဲရောင်ရမ်း တာတွေ၊ အနီစက်လေးတွေဖြစ်တာတွေစသည့် အရေပြားပြသာနာတွေဖြစ်လာနိုင်ပါသည်။

နောက်ပြီးမိမိလက်နှင့်ပွတ်တာ၊ မိမိ၏မစင်နှင့်ထိတွေ့မိတာတွေကြောင့်လည်း အရေပြားပေါ်မှာ အနီစက်ထ တာတွေ ဖြစ်နိုင်ပါသေးသည်။ မွေးကင်းစကလေးများ၏အရေပြား နီရဲရောင်ရမ်းခြင်း၊ အနီစက်ဖြစ်ခြင်းများသည် ဖြစ်ရသည့် အကြောင်းရင်းပေါ်မူတည်ပြီး မျက်နှာမှာလည်းဖြစ်နိုင်သလို ခြေလက်နေရာတွေ ဝမ်းဗိုက်နေရာတွေ ကျောနေရာတွေမှာလည်းဖြစ်နိုင်ပါသည်။ ယခုဆောင်းပါးမှာတော့ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ ဖြစ်သည့် အနီစက်လေးတွေအကြောင်းကို ပြောပြချင်ပါသည်။ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ အနီစက်လေးတွေဖြစ်လာရသည့် အကြောင်းတွေက အများကြီးရှိပါသည်။

(၁) Infantile eczema

နို့ပွေးလို့လည်း အရပ်အခေါ်အနေဖြင့် ခေါ်ကြပါသည်။ နို့ပွေးသည် အရေပြားပေါ်မှာဖြစ်သည့် အနီကွက်ပုံစံ အဖုကလေးတွေဖြစ်ပါသည်။ ထိုအနီကွက်အဖုကလေးများသည် ခြောက်သွေ့ကြမ်းတမ်းပြီးယားယံတတ်ပါသည်။ ကလေးများတွင် အဖြစ်များသော ပြသာနာတခုဖြစ်ပါသည်။ အသက်၅နှစ်အောက်တွင် အများဆုံးဖြစ်တတ်ပြီး နို့စို့ကလေးအရွယ်ဖြစ်သည့် အသက်၂လကနေ ၆လ အတွင်းမှာ ပိုအဖြစ်များပါသည်။ နို့ပွေးအဖြစ်များဆုံးနေရာ တွေကတေ့ လက်၊ မျက်နှာ၊ လည်ပင်း၊ တံတောင်ဆစ်နှင့် ဒူးအတွင်းပိုင်း(ဒကောက်ကွေး)နေရာတွေပဲဖြစ်ပါသည်။

 

နို့ပွေးကို Infantile eczema ဟု ခေါ်သလို Atopic dermatitis ဟု လည်းခေါ်ပါသည်။ Atopic Dermatitis ဟု ပြောရသည့်အကြောင်းရင်းကတော့ နို့ပွေးပေါက်သည့်ကလေးဟာ အခြားဓါတ်မတည့်၍ ဖြစ်သည့် Asthma (ပန်းနာရင်ကြပ်ရောဂါ)၊Hay fever စသည့်ရောဂါတွေပါ ဖြစ်နိုင်ခြေများလို့ပါ။ နို့ပွေးဖြစ်ရသည့်အကြောင်းရင်း ကိုတော့ အခုထိသေချာတိကျစွာမသိသေးပါ။ သို့သော်လေ့လာခဲ့သည့် သုတေသနတွေအရ မျိုးရိုးဗီဇနှင့် ဆိုင်နိုင် ခြေများသည်ဟု သိရပါသည်။ ဆိုလိုတာက ကလေး၏အဖေ (သို့မဟုတ်) အမေမှာ ငယ်ငယ်တုန်းက နို့ပွေး ဖြစ်ဖူးရင် ၎င်းတို့ကနေမွေးလာသည့်ကလေးမှာလည်း နို့ပွေးဖြစ်နိုင်ခြေများပါသည်။မျိုးရိုးလိုက်သည့်သဘောပေါ့။

အရေပြားမှာအကြောင်းတစ်ခုခုကြောင့်အဆီဆဲလ် (Fatty cells) တွေနည်းလာကာ ရေဓါတ်ဆုံးရှုံးပြီး အရေပြားခြောက်သွေ့သည့်အခါမှာလည်း နို့ပွေး ဖြစ်နိုင်ပါသည်။ နို့ပွေးဖြစ်သည့်အခါ ကလေးငယ်ကို ရေချိုးပြီး ကာစအချိန်တွင် ရေဓာတ်ပါသောလိုးရှင်းများ၊ အနံ့မပါသော cream ၊ အဆီများလိမ်းပေးခြင်းဖြင့် နို့ပွေးကို သက်သာစေနိုင်ပါသည်။

(၂) Cradle cap

တိကျသည့် မြန်မာအခေါ်အဝေါ်တော့မရှိပါ။ အရေပြားကနေ အဆီဓါတ်တွေလိုတာထက် ပိုထုတ်တာကြောင့် ကွာကျရမည့် အရေပြားဆဲလ်တွေဟာ ပုံမှန်အတိုင်းမကွာကျနိုင်တော့ဘဲ ထိုအဆီတွေနှင့် ကပ်နေကာ အဝါဖတ် ထူထူကြီးတွေဖြစ်နေခြင်းဖြစ်ပါသည်။ ဆေးပညာအရတော့ Seborrhoeic dermatitis လို့လည်းခေါ်ပါသည်။

မွေးကင်းစကနေ အသက်၃လကလေးတွေမှာအဖြစ်များပြီး ခေါင်းမှာအဖြစ်များတတ်ပါသည်။ သို့ပေမယ့် နဖူး၊ပါး စသည့် မျက်နှာနေရာတွေမှာလည်းဖြစ်တတ်ပြီး ဖြစ်သည့်နေရာမှာ အဝါရောင်ချွဲကျိကျိအဖတ်တွေရှိနေတာအပြင် နီရဲရောင်ရမ်းနေတာမျိုးလည်းရှိတတ်ပါသည်။

အရပ်ထဲမှာတော့ တချို့တွေက ဂျွတ်တက်တယ်လို့လည်းပြောတတ်ကြပါသည်။ အများအားဖြင့်တော့ အချိန်တခု ကြာသည့်အခါသူ့သာသာသူပျောက်သွားတတ်ပါသည်။ ဖြစ်သည့် အချိန်မှာသက်သာအောင် ဟင်းသီးဟင်းရွက်ဆီ တမျိုးလိမ်းပေးနိုင်ပါသည်။ သို့သော် သံလွင်ဆီလိမ်းခြင်းကိုတော့ရှောင်ရပါမည်။

(၃) Baby milia

Baby milia ဆိုတာကတော့ သေးငယ်ပြီး အဖြူရောင် သို့မဟုတ် အဝါရောင်ရှိသည့် အဖုသေးလေးတွေဖြစ်ပါတယ်။ အရေပြားဂလင်းတွေက ထွက်သည့်အဆီဓါတ် နှင့် ကရာတင် (Keratin)တွေဟာ အကြောင်းကြောင်းကြောင့် အရေပြားအောက်မှာ ပိတ်မိသည့် အခါမှာ ခုလိုမျိုးအဖုလေးတွေဖြစ်တတ်ပါသည်။ ဆေးပညာအရတော့ Epstein pearls ဟု ခေါ်ပါသည်။ ပါးနှစ်ဘက်ပေါ်မှာအဖြစ်များလေ့ရှိတတ်ပါသည်။ အများအားဖြင့်တော့ ဘာကုသမှုမှ မလိုဘဲ လပိုင်းလောက်အကြာမှာပျောက်သွားတတ်ပါသည်။ Baby milia ဖြစ်သည့် အခါ အဆီဓါတ်ပါသည့် ခရင်တွေလိမ်းခြင်းဟာ ပိုဆိုးစေနိုင်ပါသည်။

(၄) Miliaria

မိတ်ထွက်ခြင်းကိုခေါ်တာပါ။ ပူအိုက်သည့်နွေရာသီမှာဆိုရင် မိတ်ထွက်ခြင်းဟာ ပိုပြီးအဖြစ်များတတ်ပါသည်။ ကလေး၊ လူကြီး ကျား၊ မ မရွေးမိတ်ထွက်ခြင်းကိုခံစားရနိုင်ပါသည်။ မိတ်ထွက်တာကို ဆေးပညာအရ Miliaria သို့မဟုတ် Heat rash သို့မဟုတ် Prickly heat လို့ခေါ်ပါသည်။

မိတ်ထွက်တယ်ဆိုတာဟာ အရေပြားပေါ်မှာ အဖြူရောင်အရည်ကြည်ဖုလေးများ သို့မဟုတ် အနီရောင် အဖုလေး များ အနီရောင်ဗြင်ကွက်များ ပေါ်လာတာဖြစ်ပါသည်။ ချိုင်းကြား၊ပေါင်ကြား၊ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ မျက်နှာ နေရာတွေမှာ အဖြစ်များလေ့ရှိပါသည်။ အရပ်ခေါ်အနေဖြင့် အဖြူရောင်အရည်ကြည်ဖုလေးတွေကို မိတ်သေးဟု ခေါ်လေ့ရှိပြီး အနီရောင်အဖု အနီရောင်ဗြင်ကွက်တွေကိုတော့ မိတ်ကြီးလို့ခေါ်လေ့ရှိပါသည်။

မိတ်သေးထွက်သည့်အခါ ယားတာ၊နာတာမရှိတတ်ပေမယ့် မိတ်ကြီးထွက်သည့်အခါ ယားတာ၊ဆစ်ခနဲ ဆစ်ခနဲ နာသလိုဖြစ်တာ (မိတ်ကိုက်တာ)၊စပ်တာ တွေပါ ခံစားရတတ်ပါသည်။ မိတ်ထွက်ရတာဟာ အရေပြားမှာရှိသည့် ချွေးဂလင်းအပေါက်လေးတွေ ပိတ်ဆို့လို့ပါ။ ဘာဖြစ်လို့ ပိတ်ဆို့ရလဲဆိုသည့်အကြောင်းရင်းကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

မိတ်ထွက်သည့်အခါ ခံစားရသည့်ဝေဒနာတွေ သက်သာအောင် ကလေးကို အရိပ်ရအေးမြသည့်နေရာမှာထားပါ။ တတ်နိုင်ရင် အဲယားကွန်းအခန်းထဲမှာ ထားတာပိုကောင်းပါသည်။ အဲယားကွန်းမရှိလည်း သစ်ပင်အောက် သို့မဟုတ် လေဝင်လေထွက်ကောင်းသည့်နေရာ လေတိုက်သည့်နေရာတွေမှာထားလို့ရပါသည်။ ချွေးထွက်သည့်အခါ သဘာဝ ရေအေးအေးလေးနှင့် မကြာခဏ ရေဖတ်တိုက်ပေးပါ။(ရေခဲရေမသုံးပါနှင့်)

ယားယံတာ၊ မိတ်ကိုက်တာ သက်သာအောင် Caladyl lotion သို့မဟုတ် Calamine lotion လိမ်းနိုင်ပါသည်။ ထိုလိမ်းဆေးများ ဝယ်ရခက်ပါက ခရေပန်းခြောက်နှင့် သနပ်ခါးရောပြီးသွေးကာ လိမ်းနိုင်ပါသည်။ တအားယား ပါက Cetrine သို့မဟုတ် Burmeton ညတစ်ပြားသောက်နိုင်ပါသည်။

(၅) Baby acne

မွေးကင်းစကလေးတွေမှာ ဖြစ်တတ်သည့် ဝက်ခြံကိုခေါ်တာပါ။ မွေးကင်းစကလေးများ၏ ငါးပုံတစ်ပုံခန့်သည် ဝက်ခြံပေါက်တတ်ကြောင်း လေ့လာမှုတွေအရသိရပါသည်။ ဖြစ်ရသည့်အကြောင်းရင်းကိုတော့ သေချာ မသိ သော်လည်း မိခင်ဆီက ဟော်မုန်းကြောင့်ဖြစ်နိုင်ခြေရှိသည်ဟု သုတေသနပညာရှင်တွေကပြောထားပါသည်။

အများအားဖြင့် မွေးစနှစ်ပတ်ကနေ လေးလအရွယ်လေးတွေမှာ အဖြစ်များလေ့ရှိတတ်ပါသည်။ အဖြူရောင် သို့မဟုတ် အနီရောင်အလုံးသေးလေးတွေ ဖြစ်တတ်ပြီး မျက်နှာနေရာမှာ ဖြစ်လေ့ရှိပါသည်။ သို့သော် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောအပေါ်ဘက်တွေမှာလည်းဖြစ်နိုင်ပါသည်။ ဝက်ခြံဖြစ်သည့်အခါ ဖြစ်သည့်နေရာကို ရေကြက်သီးနွေးလေးဖြင့်သာ သန့်စင်ပေးပြီး အဝတ်သန့်နှင့် ဖွဖွခြောက်အောင်သုတ်ပေးပါ။ အဆီတွေ၊ ခရင်တွေ လိမ်းခြင်းသည် ဝက်ခြံကိုပိုဆိုးစေနိုင်သည့်အတွက် ရှောင်သင့်ပါသည်။

(၆) Slapped cheek syndrome

Slapped cheek syndrome ဆိုတာကတော့ B19 parvovirus ဆိုသည့် ဗိုင်းရပ်စ်ပိုးဝင်ပြီးဖြစ်သည့် အခြေ အနေကိုခေါ်တာပါ။ ဆေးပညာအရ Erythema infectiosum ဟုလည်းခေါ်ပါသည်။ ထိုပိုးဝင်သည့်အခါ ပါးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ အနီကွက်ပေါ်တာ၊ ရင်ဘတ်၊ လက်ခြေထောက်တွေမှာ အနီကွက် ပေါ်တာတွေဖြစ်နိုင်ပါသည်။

ပါးပေါ်ကအနီကွက်က ရက်အနည်းငယ်အတွင်းပျောက်သွားတတ်သော်လည်း တခြားနေရာတွေမှာပေါ်သည့် အနီကွက်တွေကတော့ ၇ရက်ကနေ ၁၀ရက်အထိကြာတတ်ပါသည်။ အနီကွက်ထွက်လာသည်နှင့်အတူ ယားတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာစေးတာ၊ လည်ချောင်းနာတာတွေပါ ခံစားရနိုင်ပါသည်။ အများအားဖြင့်တော့ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်လေ့မရှိဘဲ အချိန်တစ်ခုကြာရင် သူ့ဘာသာသူသက်သာ​ပျောက်ကင်းသွားနိုင်ပါတယ်။ ဖျားတာအတွက်က Acetaminophen, Ibuprofen စသည့်ဆေးတွေကို တိုက်နိုင်ပါသည်။

အထက်ပါ ခြောက်မျိုးကတော့ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ အနီစက် အနီကွက်ဖြစ်ရသည့် အကြောင်းရင်းတွေထဲက အဖြစ်များသည့်အကြောင်းတွေပါ။

အဆုံးသတ်အနေဖြင့် ခြုံပြောရပါက မျက်နှာမှာဖြစ်သည့် အနီစက်၊ အနီကွက်တွေအတော်များများက သိပ် မစိုးရိမ်ရတာများပြီး သူ့သာသာသူပြန်ပျောက်နိုင်ပါသည်။

သို့သော် အနီစက်တွေ အနီကွက်တွေထွက်သည်နှင့်အတူ ဖျားခြင်း ၊အရည်ကြည်ဖုတွေဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း ၊နုံးခြင်း ၊မှိန်းခြင်း ၊ချောင်းဆိုးခြင်း ၊ပြန်ရည်ကျိတ်တွေရောင်ရမ်းခြင်း စသဖြင့် ဖြစ်ပေါ်ပြီး အနီစက်အနီကွက်က မှေးမှိန်မသွားဘဲ ပိုများကာ ပိုဆိုးလာပါက အချိန်မဆွဲဘဲ ဆေးခန်း ပြသဖို့လိုပါသည်။

ကိုးကား- On Doctor

Dr 528

မကြာခဏ ဒူးနာ၊ ခါးနာတတ်သည့်သူတွေ ရှိကြလား?

ဒူးနာ၊ ခါးနာခြင်းသည် ကြွက်သားတွေ တောင့်တင်းနေလို့လည်း ဖြစ်နိုင်သလို ဒူးဆစ်နှင့် ခါးရိုးဆစ်မှာ ရှိသည့် အရိုး၊ အရိုးနုနှင့် အရွတ်တွေမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါသည်။

-အသက်ကြီးသည့်သူများ
-အားကစားသမားများ
-အဝလွန်သူများ
-ဒူးနှင့်ခါးမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရဖူးသူများသည် ဒူးနာ၊ ခါးနာ ဝေဒနာကို အများဆုံး ခံစား ရတတ်ပါသည်။

ဘာကြောင့် နာရတာလဲ?

ပုံမှန်အားဖြင့် ဒူးဆစ်နှင့် ခါးရိုးဆစ်တွေမှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်ဖို့ ချောဆီလို သဘာဝအရည်တွေ၊ အရိုးနုတွေ၊ တွယ်ဆက်တစ်ရှူးအရွတ်များနှင့်ဖွဲ့စည်းထားပါသည်။
-အသက်ကြီးလာသဖြင့် အရိုးပါး၊ အရိုးပွရောဂါတွေ ခံစားလာရခြင်း

-လေးဖက်နာရောဂါ၊ ဂေါက်ရောဂါလို အဆစ်တွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး ရောင်ရမ်းသည့်ရောဂါတွေဖြစ်ခြင်း

-osteoarthritis ဟုခေါ်သည့် လှုပ်ရှားပွတ်တိုက်ပါများသောကြောင့် အရိုးနုလေးတွေ ပျက်စီးပြီး အရိုးအဆစ်တွေ ရောင်ရမ်းခြင်း
-ထိခိုက်ဒဏ်ရာရပြီး အရိုးကျိုးတာ၊ အရွတ်နှင့် တွယ်ဆက်တစ်ရှူးတွေ ပျက်ဆီးခြင်း

-အဝလွန်သည့် သူများတွင် ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးအဆစ်တွေက ဒဏ်ပိုဖြစ်ခြင်း တွေက ဒူးနာ၊ ခါးနာရသည့် အကြောင်းရင်းတွေပါပဲ။

ရောဂါလက္ခဏာတွေ အနေဖြင့်…

-ဒူးတွေခါးတွေတောင့်တင်းနေခြင်း
-နီရဲပြီးနာကျင်နေခြင်း
-လှုပ်ရှားရခက်ခြင်း၊လမ်းမလျှောက်နိုင်ခြင်း
-ဒူးဆစ်ကရောင်ရမ်းပုံပျက်နေခြင်း
-ညအိပ်မရခြင်းများ ဖြစ်နိုင်ပါသည်။

အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ သင့်တော်သည့် လေ့ကျင့်ခန်း လုပ်ခြင်း၊ ကိုယ်နေဟန်ထား မှန်ကန်အောင် ဂရုစိုက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ ဒူးနာခါးနာ ဝေဒနာကို ကာကွယ်ရန်နှင့် သက်သာစေဖို့အတွက် ထောက်ပံ့ပေးသည့် ဖြည့်စွက်အားဆေးများလည်း မှီဝဲ လာကြပါသည်။ 

–အရိုးနုတွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်သည့် Glucosamine 1500 mg

-ပျက်စီးသွား သည့် အရိုးနုတွေ ပြန်လည်တည်ဆောက်သည့်နေရာမှာ ကူညီပေးသော Chondroitin sulfate 1200 mg
-အရိုးအဆစ်များရောင်ရမ်းနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေသလို အရိုးအဆစ်တွေ၊ တွယ်ဆက် တစ်သျှူးတွေ ကြံ့ခိုင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်သည့် Methyl Sulfonyl Methane 900 mg
-ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြည့်ဆည်းပေးပြီး အရိုးအဆစ်တွေ ကောင်းမွန်စွာ ကွေးဆန့်ရန် အရေးပါသော Hyaluronic Acid 5 mg စတာတွေ ပါဝင်သည့် ဖြည့်စွက်အားဆေးများ မှီဝဲသင့်ပါသည်။  

ကိုးကား- On Doctor

Photo – Myanmar Health Directory

Dr. Yee Mon

အိုမီဂါ Omega 3 Fatty Acids ဟာ သွေးထဲရှိ မကောင်းသည့် အဆီဓာတ်ဖြစ်သည့် ကိုလက်စထရော ဖြစ်ပေါ်ခြင်းကို ဟန့်တားပေးသည့် အဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရှိ ဦးနှောက်၊ နှလုံးနှင့် စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့်ဓာတ်တစ်ခုဖြစ်ပါသည်။ Omega 3 fatty acids မှာ ALA, EPA နှင့် DHA ဆိုပြီး သုံးမျိုးရှိပြီး ဦးနှောက်ဖွံ့ဖြိုးရေးအတွက် EPA နှင့် DHA က အဓိက အရေးပါပါသည်။ EPA နှင့် DHA သည် ဦးနှောက်ဆဲလ်တွေ အတွင်းမှာ များပြားစွာရှိတတ်ပြီး ကလေးကိုယ်ဝန်ဆောင်ထား ချိန်ကစလို့ ဘဝတစ်လျှောက်လုံးမှာ ဦးနှောက်၏ လုပ်ငန်းစဉ်တွေအတွက် အထောက်အကူပေးပါသည်။

ကလေးတွေမှာ omega 3 fatty acids ချို့တဲ့ပါက

– Attention Deficit Hyperactive Disorder (ADHD) ဟု ခေါ်သည့် အာရုံမစူးစိုက်နိုင်ဘဲ ဂနာမငြိမ်ဖြစ်သည့်ရောဂါ
–အော်တစ်ဇင်(autism)ရောဂါ
–Dyslexiaဟုခေါ်သည့်စာသင်စာဖတ်မရသည့်ရောဂါနှင့်
– စိတ်ကျရောဂါတွေ ဖြစ်နိုင်ပါသည်။

ခန္ဓာကိုယ်က omega 3 fatty acids တွေ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်သည့်အတွက် နေ့စဉ် စားသောက်သော အစားအစာတွေကနေ omega 3 fatty acids ကို ရယူရပါသည်။ အခွံမာသီး၊ ပဲပိစပ်ပဲ၊ ပဲပိစပ်ဆီ၊ ကန်နိုလာဆီ၊ နှမ်းကြတ်စေ့ flaxseeds၊ ချီယာစေ့ chiaseeds စတာတွေမှာ ALA ကြွယ်ဝပြီး ဆာဒင်းငါး၊ ငါးသလောက်နှင့် ဆယ်လ်မွန်ငါးကဲ့သို့ ပင်လယ်ငါးတွေမှာမှာ EPA နှင့် DHA ကြွယ်ဝပါသည်။

အစားအစာတွေမှာ omega 3 fatty acids အမြဲပါဝင်အောင် ဂရုမစိုက်နိုင်ရင်လည်း စိတ်ပူစရာ မလိုပါဘူး။ ပြင်ပကနေဖြည့်စွက် သောက်သုံးလို့ရသည့် အားဖြည့်အာဟာရဆေးတွေ ရှိပါသည်။ Omega 3 fatty acids ကို ပင်လယ်သမုဒ္ဒရာအတွင်းမှာ သဘာ၀အတိုင်း ရှင်သန်ပေါက်ဖွားသည့် ဆယ်လ်မွန်ငါးမှ ရရှိနိုင်ပြီး ဓာတုဆေးဝါး အဆိပ်အတောက်တွေ ကင်းစင်ပါသည်။

👉ဦးနှောက်ဖွံ့ဖြိုးစေတာ
👉မှတ်ဉာဏ်ကောင်းစေတာ
👉တီထွင်နိုင်စွမ်း၊သင်ယူနိုင်စွမ်းရှိပြီးဉာဏ်ရည်မြင့်မားတာ
👉အာရုံစူးစိုက်မှုကောင်းပြီးဖြတ်ထိုးဉာဏ်ရှိတာ
👉ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး စိတ်ပျော်ရွှင်တာတွေက omega 3 ကြောင့် ကလေးတွေမှာ ရရှိနိုင်မည့် အကျိုးကျေးဇူးတွေပါပဲ။
 
အသက်အရွယ် ကြီးရင့်လာသည်နှင့် ကြုံတွေ့ရလေ့ရှိသည့် ဦးနှောက်ကျုံ့ခြင်း မဖြစ်အောင် တားဆီးပေးသဖြင့် အသက်ကြီးလာသည့်အခါ Alzheimer’s ရောဂါနှင့် သူငယ်ပြန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင် ပါသည်။ 

ကိုးကား- On Doctor

Dr. Yee Mon

လေထိုးလေအောင့်ပြဿနာသည် လူတိုင်းနှင့် မစိမ်းသည့် ပြဿနာတစ်မျိုးဖြစ်ပါသည်။ လူတိုင်းနီးပါး၏ ဘဝမှာ အနည်းဆုံး တစ်ခါနှစ်ခါလောက်တော့ လေထိုးတာမျိုးကို ကြုံရဖူးမှာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်ပြီဆိုသည် နှင့် ဖြစ်ရသည့်အကြောင်းရင်းထဲမှာ လေထိုးတာကြောင့် အများဆုံး ဖြစ်နေတတ်ပါသည်။ လေထိုးလေအောင့် ဖြစ်ရင် ဗိုက်ထဲမှာ စူးပြီးထိုးအောင့်နေတာဟာ လူကိုအတော်ခံရခက်စေပါသည်။

အစာဝါးစားချိန်၊ ရေသောက်‌စဉ်၊ ဒါမှမဟုတ် တံတွေးမြိုချလိုက်သည့်အခါမှာ ပြင်ပလေများသည် အစာအိမ် လမ်းကြောင်းထဲသို့ ဝင်ရောက်လာနိုင်ပါသည်။ ထိုအခါမှာ ဝင်ရောက်လာသည့် လေတွေကို လေတက်ခြင်း၊ ဒါမှမဟုတ် လေလည်ခြင်းနှင့် ခန္ဓာကိုယ် ပြင်ပသို့ ပြန်လည် ထုတ်လွှတ်လိုက်ပါသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် အစာအိမ်လမ်းကြောင်းမှာ လေတွေ အလွန်အမင်း ပိတ်ဆို့‌ ဖောင်းပွလာသည့်အခါ လေထိုး‌ လေအောင့်တာမျိုး ခံစားရလာပါတော့သည်။

ဘာတွေကြောင့် ဖြစ်နိုင်သလဲ

  • ပဲအမျိုးမျိုး၊ အာလူး၊ ခေါက်ဆွဲ၊ Broccoli၊ ကြက်သွန်ဖြူ စသည့် လေပွစေသော အစားအသောက်များ အများအပြား စားသုံးမိခြင်း၊

  • Lactose Intolerance လို့ခေါ်သည့် နို့နှင့် နို့ထွက်ပစ္စည်းတွေမှာ ပါဝင်သော Lactose နှင့် ဓာတ်မတည့်သူများ၊

  • ဝမ်းခဏခဏချုပ်လေ့ရှိတတ်သူများ၊

  • စားသောက်နေထိုင်မှုပုံစံ – ပီကေ ဝါးနေတတ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများသူများမှာ တွေ့ရ တတ်သည့် Aerophagia ကြောင့် လေများ အူလမ်းကြောင်းထဲ အများအပြားဝင်လာခြင်း၊

  • အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများမှာ တွေ့ရတတ်ပါသည်။ 

လေထိုး‌ လေအောင့်သက်သာဖို့ ဘာတွေလုပ်ရမလဲ

  • လမ်းလျှောက်ပါ။ လှုပ်လှုပ်ရှားရှား နေကြည့်ပါ။ မလှုပ်ရှားဘဲ ထိုင်နေချိန်များသည့်အခါမှာ အူလမ်းကြောင်း စုပြုံနေသည့် လေတွေ အပြင်မထွက်နိုင်ဘဲ လေထိုးတာမျိုးကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် အစားစားပြီးချိန်ဆို လမ်း ပုံမှန်လျှောက်ပေးသင့်ပါသည်။

  • စားသောက်မှု ပုံစံကို ပြောင်းလဲကြည့်ပါ။


  • လေပွခြင်းသည် အစာခြေမှုစနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပါသည်။ အစာခြေနေသည့်အချိန်မှာ အူလမ်းကြောင်းမှာ Gas တွေ ထုတ်လွှတ်နိုင်ပါသည်။ အချို့အစားအသောက်များသည် အစာအိမ်နှင့် အူသိမ်မှာ မခြေဖျက်နိုင်ဘဲ အူမကြီးသို့ ရောက်ရှိသွားသည့်အခါမှာ အူမကြီးမှပိုးမွှားတွေနှင့်ပေါင်းပြီး Gas အများအပြား ထုတ်လွှတ် လိုက်ပါသည်။ ထိုအခါမှာ လေများစုပြုံလာပြီး လေထိုးလေအောင့်ခြင်းကို ခံစားရပါတော့သည်။ ထို့ကြောင့် မိမိစားတတ်သည့် အစားစာတွေနှင့် ဘယ်အရာစားပြီးရင် လေထိုးလေအောင့်ဖြစ်တတ်သလဲ သေချာမှတ်ထားပြီး ရှောင်ကြည့်ပါ။ အများအားဖြင့် ဟင်းသီးဟင်းရွက် အချို့ ဥပမာ-ပဲသီး၊ ဒါမှမဟုတ် နို့နှင့်နို့ထွက်ပစ္စည်း စတာ တွေကြောင့်ဖြစ်တတ်ပါသည်။ လေထိုးလေအောင့်နေရာကို အသာအယာနှိပ်နယ်ပေးပါ။ နှိပ်နယ်သည့်အခါ သွေးလှည့်ပတ်မှုကောင်းစေပြီး လေလည်သွားသည့်အခါ လေထိုးတာကို သက်သာစေနိုင်ပါသည့်။

  • ဆေးဖက်ဝင် အပင်တွေဖြစ်သည့် ကရဝေးရွက်၊ နနွင်း၊ စမုန်စပါး၊ နံနံပင် စတာတွေကို ရေနွေးလေးနဲ ရောပြီး သောက်ပေးရင်လည်း လေထိုးတာကိုသက်သာစေပါတယ်။

  • မီးဖိုချောင်ထဲမှ ပစ္စည်းများနှင့် လေထိုးသက်သာအောင် –

– Apple cider vinegar စတီးဇွန်း တစ်ဇွန်းစာ ကို ရေ ဖန်ခွက်တခွက်စာနှင့် သောက်ခြင်း။

Baking Soda ဇွန်းတစ်ဝက်ကို ရေ ဖန်ခွက် တခွက်စာထဲ ထည့်သောက်ခြင်း။

ပူစီနံ ဖျော်ရည် သို့ ပူစီနံလက်ဘက်ရည် ဟာလည်း လေထိုးလေအောင့်အတွက်သက်သာစေပါသည်။

  • လေထိုးလေအောင့်ခြင်းအတွက် သောက်သုံးရန် ဆေးဝါးများ

Simethicone ဟာ အူလမ်းကြောင်းထဲမှာ စုနေသည့် Gas Bubble တွေကို ချေဖျက်နိုင်စွမ်းရှိလို့ လေထိုး လေအောင့်ကို သက်သာစေပါသည်။

-Lactose Intolerance ဟု ခေါ်သည့် နို့နှင့် နို့ထွက်ပစ္စည်းတွေမှာပါဝင်သော lactose နှင့် ဓာတ်မတည့်သူတွေအနေဖြင့် lactase enzymes ပါဝင်သည့် ဆေးတွေ သောက်ရင် လေထိုးလေအောင့်တာကို သက်သာစေပါလိမ့်မည်။ 

လေထိုးလေအောင့် မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ

  • ရေဓာတ်ပြည့်ဝအောင် အရည်များများသောက်ပါ။

  • Gas ပါသော အ‌ချိုရည်များရှောင်ပါ။

  • ဆေးသကြားပါသော မုန့်သရေစာများ မစားပါနှင့်။

  • အကြာကြီး ဝါးရသည့် အရာများ (ပီကေ၊ ကွမ်းယာ) များကို ရှောင်ပါ။

  • အစားစားပြီး အနည်းငယ်လှုပ်ရှား‌ပေးပါ။ လမ်းပုံမှန်လျှောက်‌ပေးပါ။ 

ကိုးကား- On Doctor

Photo – Myanmar Health Directory

Dr. Aye Myat

အပြုံးတစ်ပွင့်သည် လူသားအချင်းချင်းရင်းနှီးမှုကို တိုးပွားစေပါသည်။ လှပသောအပြုံးတစ်ခုကိုဖန်တီးရာတွင် သွားလေးများ ကျန်းမာလှပနေရန် လွန်စွာအရေးကြီးပေသည်။ ထိုမျှမက သွားများသည် ကျွန်တော်တို့ ဘဝ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာပြန်လည်ရရှိနိုင်သော အရာလည်းဖြစ်သည်။ ထို့ကြောင့် သွားများ ကျန်းမာ ကောင်းမွန်နေစေရန် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်ပါလိမ့်မည်။

သွားများက ဘာကြောင့်အရေးကြီးပါသလဲ

သွားများသည် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ကျွန်တော်တို့ပါးစပ်ထဲတွင် တည်ရှိ နေကြသည်။ ထိုသို့ပုံသဏ္ဍာန်အရွယ်အစားကွဲပြားသည့်အတိုင်း သွားများ၏ လုပ်ဆောင်ချက်သည်လည်း ကွဲပြား သွားကြသည်။ သွားများသည်အစားအစာများကို ကြေညက်စွာဝါးသည့်လုပ်ဆောင်ချက်ကို အဓိကလုပ်ဆောင် ပါသည်။ စကားပြောရန်နှင့် စကားသံပီပြင်စွာထွက်ပေါ်လာရန်လည်း အကူအညီပေးပါသည်။ ထို့ပြင် မျက်နှာပုံစံဖြစ် ပေါ်လာစေသည့် အရာများတွင်လည်း သွားသည် တစ်ခုအပါအဝင်ဖြစ်ပါသေးသည်။ ထိုမျှမက သွားများသည် လှပသောအပြုံးကိုလည်း ဖန်တီးပေးသည့် လွန်စွာတန်ဖိုးရှိသောအရာတစ်ခုလည်း ဖြစ်ပါသည်။ ထိုသို့ အလွန် အရေးပါသော အရာတစ်ခုဖြစ်သည့်အလျောက် ကျွန်တော်တို့သည် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့် ပါသည်။

သွားများပျက်စီးယိုယွင်းလာရင် ဘာတွေဖြစ်တတ်လဲ

သွားများ ပျက်စီးယိုယွင်းခြင်းသည် နာကျင်မှုဝေဒနာကို ခံစားရပြီးနောက်ပိုင်းတွင် သွားများ ကျိုးပဲ့ ပျက်စီးကာ သွားများ နုတ်ပစ်ရခြင်း၊ သွားပြန်စိုက်ရခြင်းများကို ပြုလုပ်ရတတ်သည်။ သွားများ ပျက်စီးယိုယွင်းနေသည်ကို ဂရုမစိုက်ဘဲပစ်ထားပါက သွားနှင့် ချိတ်ဆက်ထားသော နာ့ဗ်ကြောများတွင် ပိုးဝင်၍ အကြောသေသွားပြီး သွားပြည်တည်ခြင်းများဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပါက Root Canal Treament ဖြင့် ကုသမှုခံယူပြီး သွားကို နုတ်ပစ်ရတတ်ပါသည်။ ထို့ကြောင့် သွားနှင့် ခံတွင်းကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ရန် အရေးကြီး ပါသည်။ သွားဖုံးရောဂါများသည် ဖြစ်လေ့ရှိသောရောဂါဖြစ်ပြီး အချိန်မီမကုသပါက သွားပတ်လည်ရှိသွားဖုံးရိုးများ ပျက်စီးသွားတတ်ပါသည်။ သွားနှင့် သွားဖုံးရောဂါများသည် ကြိုတင်ကာကွယ်၍ ရသောရောဂါများ ဖြစ်သည့် အလျောက် မိမိတို့၏ သွားနှင့် သွားဖုံးကို နေ့စဉ်သန့်ရှင်းပေးခြင်း၊ စစ်ဆေးပေးခြင်းဖြင့် နောင်ဖြစ်လာမည့်သွားနှင့် သွားဖုံးရောဂါများကို ကာကွယ်ပေးနိုင်ပါလိမ့်မည်။ အကယ်၍သွားများ ကျိုးပဲ့သွားပါက ထိုသို့ကျိုးပဲ့သွားသော နေရာတွင် သွားစိုက်ခြင်း၊ သို့မဟုတ် အံကပ်ဖြင့်ဖြည့်ထားခြင်းများကို ပြုလုပ်သင့်ပါသည်။

သွားနှင့် သွားဖုံးကျန်းမာအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့၏ သွား၊ သွားဖုံးနှင့် ခံတွင်းကို သန့်ရှင်းပြီး ကျန်းမာအောင်ပြုလုပ်ရန်မှာ လွယ်ကူပါသည်။ အောက် ဖော်ပြပါအချက်များကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် သွားများပျက်စီးယိုယွင်းခြင်းကို အကောင်းဆုံး ကာကွယ် နိုင်ပါသည်။

ဖလိုရိုက်ဓာတ်ပါသော သွားတိုက်ဆေးဖြင့် ညတိုင်းတစ်ကြိမ်နှင့် နံနက်၊ သို့မဟုတ် နေ့လယ်ဘက်တွင်တစ်ကြိမ် သွားတိုက်ခြင်း၊ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သွားကြားရှင်းကြိုး (Floss)ဖြင့် သွားကိုသန့်ရှင်းပေးခြင်း၊ ကောင်းမွန်သောစားသောက်ခြင်း အလေ့အထကိုသာပြုလုပ်ခြင်း (ဥပမာ- အချိုများသောအစားစာများ၊ အချိုရည် များကို နည်းနိုင်သမျှနည်းအောင် စားသောက်ခြင်း နှင့် သွားကို ပုံမှန်သွားဆရာဝန်ဖြင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သွားများပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။

သွားတိုက်ရတာ ဘာကြောင့်အရေးကြီးတာလဲ

နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးပြုလုပ်ခြင်းသည် သွားချေးများကို ဖယ်ရှားပေးခြင်း ဖြစ်သည့် အတွက် လွန်စွာအရေးကြီးပါသည်။ သွားချေးများကို သန့်ရှင်းခြင်းမပြုလုပ်ပါက သွားချေးများထပ်ထပ်ကျန်ခဲ့ပြီး အစာအကြွင်းအကျန်များ သွားချေးတွင် ကပ်ကျန်နေကာ ထိုမှတစ်ဆင့် သွားများယိုယွင်းပျက်စီးခြင်းနှင့် သွားဖုံး ရောဂါများကိုဖြစ်စေပါသည်။

သွားကို တစ်နေ့ ဘယ်နှကြိမ်တိုက်သင့်လဲ

မိမိတို့၏သွားများကို ဖလိုရိုက်ပါသောသွားတိုက်ဆေးဖြင့် ညအိပ်ရာမဝင်မီတစ်ကြိမ်နှင့် တစ်နေ့တာ၏ နံနက် အိပ်ယာနိုးချိန်မှ ညဘက်သွားမတိုက်ခင်အချိန်ထိ အနည်းဆုံးတစ်ကြိမ်ဖြင့် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် သွားပုံမှန်တိုက်သင့်ပါသည်။ သွားတိုက်ရာတွင်လည်း အနည်းဆုံးအချိန်နှစ်မိနစ်ခန့်တိုက်သင့်ပါသည်။ အကယ်၍ သွားတိုက်ရာတွင် သွေးထွက်ခြင်း၊ နာကျင်ခြင်းနှင့် အဆင်မပြေဖြစ်မှုများ မကြာခဏကြုံတွေ့လာရပါက သွား ဆရာဝန်ထံ သွားရောက်ကုသသင့်ပါသည်။ နေ့စဉ်ပုံမှန်သွားကျန်းမာရေးကိုဂရုစိုက်မည်ဆိုပါက သွားနှင့် ပတ်သက်သော အန္တရာယ်များကို ကာကွယ်ရန် အဓိကကျသောလက်နက်မှာ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် သွားသန့်ရှင်းသည့် ကိရိယာများပင်ဖြစ်ပါသည်။

ဘယ်လို သွားတိုက်တံအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါသလဲ

သွားတိုက်တံကို ရွေးချယ်အသုံးပြုမည်ဆိုပါက ပျော့ပျောင်းပြီး လုံးဝန်းသောအစွန်းရှိသည့် နိုင်လွန် အမွေးဖြင့် ပြုလုပ်ထားသော သွားတိုက်တံကိုသာ ရွေးချယ်သင့်ပါသည်။ သွားတိုက်တံ၏ ထိပ်ပိုင်းသည် ပါးစပ် အတွင်းရှိ အစိတ်အပိုင်းအားလုံးသို့ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်သင့်သည်။ အထူးသဖြင့် ပါးဆောင်အတွင်းပိုင်းအထိပါ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်ရပါမည်။ ကလေးများအတွက်ဆိုလျှင် သေးငယ်သောအရွယ်အစားရှိပြီး ပျော့ပျောင်း နူးညံ့သောအမွေးများပါသည့် သွားတိုက်တံကို ရွေးချယ်သင့်ပါသည်။

ယခုဆိုလျှင် စနစ်တကျသေချာစွာ ဖန်တီးထားသောသွား တိုက်တံများကို ဝယ်ယူအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ထိခိုက်လွယ်သော သွားများအတွက် သိသိသာသာပို၍ နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ထားသည့် သွားတိုက်တံ များကို အသုံးပြုနိုင်ပါသည်။ မညီညာသော သွားများအတွက် သွားတိုက်တံထိပ်ပိုင်း ပို၍သေးငယ်သော သွားတိုက်တံများကို အသုံးပြုသင့်ပါသည်။ သွားတိုက်တံကိုင်ရာတွင် ခက်ခဲမှုရှိသည့်အကြောအားနည်း၍ ခြေလက် တုန်နေသောရောဂါရှိသူများနှင့် မသန်စွမ်းသူများ လွယ်ကူစွာသွားတိုက် နိုင်စေရန်အတွက် သီးသန့် ထုတ်လုပ် ထားသော လက်ကိုင်ကြီးကြီးပါရှိသောသွားတိုက်တံနှင့် သွားတိုက်တံထိပ်ပိုင်းကို တစောင်းအနေအထားပြုလုပ် ထားသော သွားတိုက်တံများကို အသုံးပြုသင့်ပါသည်။

သွားတိုက်တံကို ဘယ်လောက်ကြာလျှင် အသစ်လဲပြီးအသုံးပြုသင့်ပါသလဲ

အချိန်အတန်ကြာအသုံးပြုထားသောကြောင့် ဖွာထွက်နေသောသွားတိုက်တံများသည် ကျွန်တော်တို့၏ သွားများ သန့်ရှင်းရာတွင် အကူအညီမပေးနိုင်သည့်အပြင် သွားဖုံးများကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် သွားတိုက်တံ များကို နှစ်လ၊ သို့မဟုတ် သုံးလ တစ်ကြိမ် ပုံမှန်အသစ်လဲခြင်း၊ သို့မဟုတ် သွားတိုက်တံအမွှေးများ စတင်ဖွာထွက် လာသောအချိန်တွင် အသစ်လဲ၍ အသုံးပြုသင့်ပါသည်။ သွားတိုက်တံအမွှေးများဖွာထွက်လာပါက ၎င်းတို့သည် သွားကိုသေချာစွာမသန့်ရှင်းနိုင်တော့သောကြောင့် ဂရုတစိုက် အသစ်လဲလှယ် အသုံးပြုသင့်ပါသည်။

ဖလိုရိုက်ပါသော သွားတိုက်ဆေးကို ဘာကြောင့်သုံးသင့်တာလဲ

ဖလိုရိုက်ပါသောသွားတိုက်ဆေးများသည် သွားများကို ခိုင်မာစေသည်။ ထို့ပြင် သွားများကို မာကျောစေပြီး သွားရောဂါများမှလည်းကာကွယ်ပေးနိုင်ရုံသာမက ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များအတွက် သွားများယိုယွင်းပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါသည်။

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ

လူအများစုတွေးထင်ကြသည်မှာ သကြားဓာတ်များစွာပါ သောအစားအစာများသည် သွားများ ယိုယွင်း ပျက်စီး စေတတ်သော အကြောင်းအချက်တစ်ခုဟု ထင်နေကြသည်။ တကယ်တော့မဟုတ်ပါ။ သွားကို တကယ် ထိခိုက် ပျက်စီးစေသောအကြောင်းမှာ အချိုများသော အစားအစာများကို အကြိမ်အရေအတွက် ဘယ်လောက်များများ စားသလဲဆိုသည့် အကြောင်းချက်ပေါ်တွင် မူတည်နေခြင်းများဖြစ်ပါသည်။ အချိုရည်များနှင့် အချိုများသော အစားအစာများကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်ဓာတ်များကို ပျောက်သွားအောင်ချေဖျက်ရန်မှာ အနည်းဆုံးတစ်နာရီမျှကြာသည်။ ထိုအချိန်အတွင်းတွင် ကျွန်တော်တို့၏သွားများသည် အက်စစ်ဓာတ်များ၏ ဖျက်ဆီးခြင်းကိုခံရသည်။ ထိုသို့အက်စစ်ဓာတ်များ၏ သွားဖျက်ဆီးနှုန်းလျော့နည်းစေရန် အချိုရည်များနှင့်  အချိုများသောအစားအစာများကို ထမင်းစားချိန်များတွင်သာ စားသောက်သင့်ပါသည်။ အသားစားပြီးချိန်နှင့် သရေစာမုန့်များစားပြီးချိန်တွင် အချိုမပါသောပီကေဝါးခြင်းနှင့် ရေသောက်ခြင်းသည် သကြားဓာတ်ကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ် ဓာတ်များကို လျင်မြန်စွာချေဖျက်ပေးပါသည်။

ထို့ပြင် သွားများယိုယွင်းပျက်စီးမှုကိုဖြစ်စေသော ဂက်စ်ပါသောအချိုရည်များ၊ အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် ဝိုင်များသည် သွားများကို ပျက်စီးသောအက်စစ်ဓာတ်များကို ဖြစ်စေပြီး သွားကြွေလွှာ ပျက်စီးခြင်းကိုဖြစ်စေပါသည်။ သွားကြွေလွှာ ပျက်စီးသွားပါက သွားများသည် အနည်းငယ်မျှထိခိုက်ဒဏ်ကို မခံနိုင်တော့ဘဲ သွားကျဉ်လွယ်ခြင်း၊ သွားအခေါင်းပေါက်များဖြစ်လာပြီး သွားကိုက်၊ သွားနာဖြစ်ခြင်း၊ သွားပြည် တည်ခြင်းစသည့် သွားနှင့် ပတ်သက်သောရောဂါဝေဒနာများကို ဖြစ်စေနိုင်ပါသည်။ Health Day သတင်းတွင် သွားကျန်းမာရေးကောင်းမွန်စေရန် သွားတိုက်ခြင်း၊ သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းနှင့်သွားကို ပုံမှန် စစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးကြောင်းဖော်ပြထားသည်။ သို့သော်လည်း သွားနှင့် သွားဖုံးကို ပိုမိုကျန်းမာစေရန် ထိန်းသိမ်းရမည့်နည်းလမ်းကောင်းများ ရှိပါသေးသည်။

အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက သွားနှင့် သွားဖုံးပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ရန် အကြံပြုချက်များကို အောက်ပါအတိုင်းဖော်ပြထားသည်။

ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ စားသုံးသင့်ပြီး မုန့်ပဲသရေစာများကိုလျှော့စားရမည်။

အချိုပေါ့သောအစားအစာများနှင့် အာဟာရများပါဝင်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရမည်။

ရေများများသောက်ရမည်။

တစ်နေ့လျှင်နှစ်ကြိမ် ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် သွားကို စနစ်တကျတိုက်ရမည်။

သွားချေးများကို ဖယ်ရှားရန် နေ့စဉ်သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းကို ပုံမှန်ပြုလုပ်ရမည်။

မိမိရက်သတ္တပတ်လုံးစားသုံးခဲ့သော အစားအစာများကို မှတ်သား၍ မိမိစားသုံးခဲ့သောအစားအစာများတွင် သွားနှင့်သွား ဖုံးများကို ပျက်စီးယိုယွင်းစေသောအစားအစာများ မည်မျှစားသုံးခဲ့သည်ကို သတိပြု၍ လွန်ကဲမှု မရှိစေရန်ချင့်ချိန်ရမည်။

သို့ဖြစ်ပါ၍ သွားကျန်းမာရေးကောင်းမွန်စေရန် မိမိတို့၏သွားလေးများကို နေ့စဉ်ပုံမှန် အနည်းဆုံး နှစ်ကြိမ်ခန့် သွားတိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ထို့ပြင် သွားဆရာဝန်များနှင့် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ် ပေးခြင်းသည်လည်း သွားနှင့် ပတ်သက်သောဝေဒနာများ မခံစားရစေရန် များစွာအထောက်အကူပေးနိုင်သည်။ သွားများပျက်စီးသွားမှ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် ပကတိအကောင်းအတိုင်းရှိသေးသော သွားများကို ပုံမှန်သန့်ရှင်း၍ ဂရုစိုက်ခြင်းသည်သာလျှင် သင့်ဘဝတစ်လျှောက်လုံး ကျန်းမာသောသွားများကို ပိုင်ဆိုင်နိုင်ပြီး သွားရောဂါအမျိုးမျိုးမှ ကာကွယ်နိုင်သည့် ထိရောက်သော အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။

ဒေါက်တာထက်ဝေ

ပြင်းထန်သောအရေပြားပိုးဝင်ခြင်းသည် အရေပြားကို ကာကွယ်ပေးသည့်အလွှာများကို ဖြတ်သန်းဖောက်ဝင်၍ အရေပြားအတွင်းသို့ ပြင်းထန်သည့် ဘက်တီးရီးယားကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အရေပြား၏အောက်သို့ရောက်ရှိသောအခါ ထိုဘက်တီးရီးယားများသည် ပွားများ၍ အရေပြားကို ရောင်ရမ်း စေသည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်ပါတော့သည်။

ထိခိုက်ရှနာဒဏ်ရာရသော နေရာမှတစ်ဆင့် အများအားဖြင့် ရောဂါပိုးများ ဝင်ရောက်လေ့ရှိသော်လည်း ဒဏ်ရာ အနာတရ ရသောနေရာမှမဟုတ်ဘဲ အရေပြားကိုဖြတ်သန်း၍လည်း ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်ပါသည်။

ထိုသို့ ကောင်းမွန်နေသော အရေပြားကို ဖြတ်သန်း၍ ဘက်တီးရီးယားရောဂါပိုးများ ဝင်ရောက်ခြင်းသည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်သော်လည်း ခြေထောက်တွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့်အရေပြားပေါ်တွင် ဖောင်းကား၊ ရောင်းရမ်းနေသည့်နေရာများ၊ သွေးစီးဆင်းမှု နည်းပါးနေသည့် နေရာများ၊ မှို စသည့်ရောဂါများကြောင့် အင်ပြင်ကွက်များ ဖြစ်ပေါ်၍ အရေပြားပေါက်ပြဲလွယ်သည့် နေရာများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

အကယ်၍ ထိုသို့အရေပြားပိုးဝင် အနာဖြစ်ခြင်းသည် မျက်လုံးတစ်ဝိုက်တွင်ဖြစ်ပွားခဲ့၍ ကောင်းမွန်စွာမကုသခဲ့ပါက ဦးနှောက်အတွင်းသို့ ရောဂါပိုးများ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ 

ရောဂါလက္ခဏာများ

အရေပြားအတွင်းသို့ ရောဂါပိုးများဝင်ရောက်သောအခါ အရေပြားသည် နီနေခြင်း၊ နွေးနေခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ကိုယ်အပူချိန်တက်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းများလည်း လိုက်ပါဖြစ်ပွားလေ့ရှိပါသည်။

အကယ်၍ရောဂါပိုးများ သွေးစီးကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါက သွေးပေါင်ချိန်ကျဆင်းခြင်းများ ဖြစ်ပွားနိုင် သကဲ့သို့ အသက်အလွန်ငယ်သည့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားစနစ်ကျဆင်းနေသည့် သူများနှင့် နှလုံးအဆို့ရှင် ပုံမှန်မဟုတ်သည့် လူများတွင် သွေးဆိပ်တက်ခြင်း ပြဿနာများကိုပါ ဖြစ်စေနိုင်ပါသည်။

ကာကွယ်ခြင်း

အရေပြားပိုးဝင်ခြင်း မဖြစ်စေရန် အကောင်းဆုံး ကာကွယ်နိုင်သည့် နည်းလမ်းမှာ အရေပြားတွင် ထိခိုက်ဒဏ်ရာများ မရအောင် ဂရုပြုကာကွယ်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် နေအိမ် အပြင်ဘက်သို့ထွက်ပြီး အလုပ်လုပ်သည့်အခါ၊ လမ်းလျှောက်ထွက်သည့်အခါ၊ ဥယျာဉ် စိုက်ပျိုးခြင်းများ ပြုလုပ်သည့်အခါ၊ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်း စသည့် အားကစားများ ပြုလုပ်သည့်အခါများ၌ အကာအကွယ် လက်အိတ်များ၊ ဘောင်းဘီရှည်များ၊ ခြေစွပ်ရှည်များ၊ ဒူးကာ၊ တံတောင်ဆစ်ကာများကို ဝတ်ဆင်ခြင်းအားဖြင့် ဒဏ်ရာအနာတရရှိခြင်းမဖြစ်စေရန် ကာကွယ်ရပါမည်။

ထို့အပြင် ဖိနပ်မစီးဘဲ ပြင်ပသို့သွားရောက်ခြင်းများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ 

ကုသခြင်း

အရေပြားပိုးဝင်ခြင်း မဖြစ်စေရန် အရေပြားပိုးဝင်ရောက်ရာ အများဆုံး လမ်းကြောင်းဖြစ်သည့် ဒဏ်ရာ အနာတရ များကို စနစ်တကျ ဂရုစိုက်ကုသရမည် ဖြစ်ပါသည်။

ထို့ကြောင့် မတော်တဆ ဒဏ်ရာအနာတရများ ရရှိလာသည့်အခါ ဒဏ်ရာအနာတရများအတွင်းမှ အညစ်အကြေး များကို သေချာစွာ သန့်စင်ဖယ်ရှားရပါမည်။

ထို့နောက် အနာပိုးသတ်ဆေးရည်များဖြင့် အသုံးပြု၍ ဒဏ်ရာအတွင်းသို့ ဝင်ရောက်နိုင်သည့် ရောဂါပိုးများကို ပိုးသတ်ခြင်းပြုလုပ်ရပါမည်။

ထို့နောက် ရောဂါပိုးများ ထပ်မံမဝင်ရောက်စေရန် ဒဏ်ရာကို သန့်စင်သည့် ပတ်တီး သို့မဟုတ် အဝတ်စ သို့မဟုတ် ပိတ်စ ဖြင့် ဖုံးအုပ်ထားရပါမည်။

အကယ်၍ ဒဏ်ရာသည် ထိုးသွင်းဒဏ်ရာဖြစ်ခြင်း သို့မဟုတ် ခွေး၊ ကြောင်စသည့် တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာဖြစ်ခြင်း သို့မဟုတ် မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်သည့် ဒဏ်ရာများဖြစ်ပါက ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ကုသတိုင်ပင်ရန် လိုအပ်ပါသည်။

ကိုးကား- On Doctor

Dr. CK

ကျွမ်းကျင်ဆေးပညာရှင်များကတော့ သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) ဟု တင်စား ခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သွေးတိုးရောဂါရှိသူများ၏ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး။

သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေသည့် နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များ၏ အဓိကအကြောင်းအရင်း တစ်ခု ဖြစ်ပါသည်။

အသက်၄၀ကျော်သူများ၊ မျိုးရိုးအလိုက်သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်၊အရက် အလွန်အကျွံသောက်သုံးသူများ၊ ကိုယ်အလေးချိန်များသူများ၊ စိတ်ဖိစီးမူရှိသူများနှင့် မကြာခဏသွေးပေါင်ချိန်တက်တတ်သည့် ရောဂါသူရှိသူ တွေမှာ သွေးတိုးရောဂါဖြစ်ပွားတတ်ကြပါသည်။

ပုံမှန်အားဖြင့် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ အများစုဟာ သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး။ ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊ အမြင်အာရုံဝေဝါးလာခြင်းတို့ ဖြစ်ပွားတတ်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေကတော့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးညစ်အားနည်းခြင်း၊ မျက်နှာယောင်အမ်းလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အမြင်ချို့ယွင်းလာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်ပါသည်။

သွေးတိုးရောဂါကို ထိန်းသိပ်ဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။ အငန်ဓာတ်ပါသော ငါးပိ၊ငါးခြောက်၊ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ။ အရက်နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန် စနစ်တကျ စစ်ဆေးပြီး ဆေးကုသမှုခံယူပေးပါ။

ထို့ကြောင့် မိမိမှာ သွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်၊ ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များ၏ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်ပြီး သာယာလှပသောဘဝကို ကျန်းမာခြင်းနှင့်အတူ လျှောက်လမ်းလိုက်ပါ။

အာရှတော်ဝင်ဆေးရုံ

တိုးတက်လာသော ငုံးမွေးမြူရေး    

ငုံးမွေးမြူရေး လုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်သည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ်မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း  နည်းပါးသဖြင့်  မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် မွေးမြူရေးငုံးကောင်ရေ ၁၃ သိန်းခန့် မွေးမြူထားရှိသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နှစ်ခန့်ကတည်းက ငုံးမွေးမြူရေးသည် မြန်မာနိုင်ငံတွင် လူကြိုက်များလာသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ငုံးငှက်များသည် အရွယ်သေးငယ်သော်လည်း  ဥထုတ်လုပ်မှုနှုန်းမြင့်မားပြီး အသားနှင့်ဥတွင် အာဟာရဓာတ်ကြွယ်ဝသောကြောင့် စားသုံးသူများကြားတွင်  တစ်နှစ်ထက်တစ်နှစ်  ရေပန်းစားလာသည်။

မွေးမြူလေ့ရှိသောငုံးမျိုးများ

ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ်ပေါင်း ၁၃၀ ကျော်ရှိပြီး  ၎င်းတို့၏အရွယ်အစားနှင့်  အသွင်အပြင်ကို လိုက်ကာ အနည်းငယ်မျှသာ ကွာခြားသည်။  ကမ္ဘာပေါ်တွင်တွေ့ရသော ငုံးမျိုးစိတ်များမှာ-

     (က)        Common quail၊

    ( ခ )        Japanese quail၊

    ( ဂ )        Blue- breasted quail နှင့်

   (ဃ)        Rain quail တို့ဖြစ်ကြသည်။  မြန်မာနိုင်ငံတွင်မူ Common quail နှင့် Japanese quail တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ်အများဆုံး မွေးမြူကြသည်။   ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် ဂျပန်ငုံးအပြင် Bobwhite Quail နှင့် Coturnix Quail  မျိုးစိတ်များကိုလည်း  မွေးမြူကြသည်။ ဤမျိုးစိတ်များသည် အသားထုတ်လုပ်မှုအတွက် ပိုမိုသင့်လျော်သည်။

အခြေခံမွေးမြူရေးစနစ်

ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော၊ ဥဥနှုန်းကောင်းမွန်သော ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်သည်။ ငုံးများသည် အသက်ခြောက်ပတ်သားအရွယ်တွင် ဥဥခြင်းစတင်ပြီး တစ်နေ့ တစ်လုံးဥလေ့ရှိသည်။ တစ်နှစ် ၂၅၀-၃၀၀ လုံးထိဥလေ့ရှိသည်။ ငုံးများသည် အသက်လေးပတ်သားအရွယ်ထိ အနွေးဓာတ်ပေးရန် လိုအပ်သောကြောင့် တစ်ပတ်သားအရွယ်ငုံးများကို   ရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေးကာ   ပြုစုစောင့်ရှောက်ရမည်။

ဥထုတ်လုပ်မှုဆောလျင်စွာရလိုပါက အသက်လေးပတ်သား အရွယ်ငုံးများကို ရွေးချယ်မွေးမြူသင့်သည်။

ငုံးတစ်ကောင်သည် နှစ်လမှ ရှစ်လအထိ ဥဥနှုန်း ကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိသည်။  ဥနှုန်းကျဆင်းသွားသော ငုံးများကိုလည်း အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်သည်။ ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီးအနည်းငယ် ရှည်ထွက်နေပြီး လည်ပင်းမှာအနီရောင်သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိသည်။ ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များရှိသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်သည်။ မျိုးငုံးများမွေးမြူမည်ဆိုပါက အထီးအမအချိုး ၁:၅ ခန့် ထားရှိသင့်သည်။

မျိုးငုံးဥများကို စက်နှင့်သားဖောက်ပါက ၁၈ ရက် အကြာတွင် အကောင်ပေါက်လာနိုင်သည်။

မွေးခြံတည်ဆောက်ပုံ

လှောင်အိမ်ကို ဒေသထွက် သစ်၊ ဝါးတို့ဖြင့်လည်းကောင်း၊ သံဆန်ခါကိုအသုံးပြု၍ လည်းကောင်းတည်ဆောက်နိုင်သည်။ အလျား ၄ ပေ ၊ အနံ ၃ ပေ ၊ အမြင့် ၂ ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ ၅၀ မွေးမြူနိုင်သည်။ ခြံကိုလေဝင်လေထွက် ကောင်းမွန်သောနေရာတွင်ရွေးချယ်ပြီး မွေးမြူရသည်။ ဥဥနေသော ငုံးမများကိုတစ်ရက်လျှင် အလင်းရောင် ၁၆ နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်သည်။

ငုံးစာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အစာကျွေးမွေးမှုစနစ်

မြန်မာနိုင်ငံတွင် ငုံးများကို စပါး၊ ပြောင်း၊ ပဲများနှင့် အခြားသဘာဝအစာများဖြင့် ကျွေးမွေးလေ့ရှိသည်။ အာဟာရပြည့်ဝသောအစာများကို ဈေးကွက်တွင် ရရှိနိုင်သော်လည်း ကုန်ကျစရိတ်သက်သာစေရေးအတွက် ကျေးလက်ဒေသများတွင်  သဘာဝအစာများကို ပိုမိုအသုံးပြုကြသည်။  ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ငုံးများကို  အာဟာရပြည့်ဝသော အသင့်သုံးစပ်စာများဖြင့် စနစ်တကျကျွေးမွေးကြသည်။ ဤအစာများတွင် အသားနှင့်ဥထုတ်လုပ်ရန်အတွက်  လိုအပ်မည့်   ပရိုတင်း၊ ဗီတာမင်နှင့်  သတ္တုဓာတ်များ   တွက်ချက်ဖော်စပ်ထားသည်။

 ငုံးမွေးမြူရာတွင်  ရေသည်အစာကိုကြေညက်စေပြီး   ခန္ဓာကိုယ်အပူချိန်ကို   ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် ၂၄ နာရီ ရေအမြဲရရှိရန်လိုအပ်သည်။

ငုံးများအတွက် အာဟာရပြည့်ဝသော အစာတွင် ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ သင့်တင့်မျှတသော အချိုးအစားသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ပါတို့မှာ ငုံးများအတွက် အာဟာရပြည့်ဝသောအစာတွင် ပါဝင်သင့်သော ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ အချိုးအစားဖြစ်သည်။

(၁) ပရိုတင်းဓာတ်

ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည်   ငုံးများ၏ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။  ပရိုတင်းဓာတ်သည်  ငုံးများ၏ခန္ဓာကိုယ် ဖွဲ့စည်းမှု၊ အမွေးအတောင်နှင့် ဥထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော  အာဟာရဓာတ်ဖြစ်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

   (က) ငါးခြောက်မှုန့်။  ပရိုတင်းပါဝင်မှု ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းရှိပြီး  ငါးမှုန့်သည် အမြင့်မားဆုံးသော ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်သော အစာအရင်းအမြစ်ဖြစ်သည်။ ကယ်ဆီယမ်နှင့် ဖော့စဖရပ်ဓာတ်များလည်းပါဝင်သည်။

    (ခ) ပုစွန်ခွံမှုန့်။ ပရိုတင်းပါဝင်မှု ၄၀ ရာခိုင်နှုန်းမှ ၅၀   ရာခိုင်နှုန်းရှိပြီး  ပုစွန်ခွံမှုန့်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကယ်ဆီယမ်ဓာတ်လည်း ပါဝင်သည်။

    (ဂ) နှမ်းဖတ်။ ပရိုတင်းပါဝင်မှု ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းရှိပြီး  နှမ်းဖတ်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီဓာတ်လည်း အနည်းငယ်ပါဝင်သည်။

    (ဃ) နေကြာဖတ်။ ပရိုတင်းပါဝင်မှု ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များပါဝင်သည်။

    (င) ပဲအမျိုးမျိုး။  ပရိုတင်းပါဝင်မှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရှိပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ စသည့်ပဲများသည် ပရိုတင်းဓာတ်ကြွယ်ဝသည်။

(၂) အမျှင်ဓာတ်

ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည် အစာချေစနစ်ကို ထောက်ပံ့ပေးရန်အရေးကြီးသည်။ အမျှင်ဓာတ်သည် အစာချေလမ်းကြောင်းကို ကောင်းမွန်စေပြီး ငုံးများ၏ကျန်းမာရေးကို မြှင့်တင်ပေးသည်။ သို့သော် အမျှင်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုကျွေးမွေးပါက အစာချေစနစ်ကိုထိခိုက်စေနိုင်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

    (က) စပါးဖွဲ။ အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅  ရာခိုင်နှုန်းရှိပြီး စပါးဖွဲသည် အမျှင်ဓာတ်ကြွယ်ဝပြီး ကစီဓာတ်နှင့် ပရိုတင်းဓာတ်များလည်း ပါဝင်သည်။

   ( ခ ) ပြောင်းဖူးဖွဲ။  အမျှင်ဓာတ်ပါဝင်မှု ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိပြီး ပြောင်းဖူးဖွဲသည် အမျှင်ဓာတ်နှင့် ကစီဓာတ်များ ပါဝင်သည်။

    ( ဂ ) နေကြာဖတ်။   အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ အမျှင်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းရှိပြီး ပဲများသည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များပါဝင်သည်။

(၃) ကစီဓာတ်

ငုံးစာအတွက် ကစီဓာတ် (စွမ်းအင်) ရရှိနိုင်သော အစာအရင်းအမြစ်များသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် နေ့စဉ်လှုပ်ရှားမှုအတွက် အရေးကြီးသောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ ကစီဓာတ်သည် ငုံးစာ၏ အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်ပြီး အောက်ပါအစာအရင်းအမြစ်များမှ ရရှိနိုင်သည်။

    (က) ပြောင်းဖူး။  ပြောင်းဖူးသည်  ကစီဓာတ်ကြွယ်ဝသော အဓိကအစာအရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်သည်။ စွမ်းအင်ကို အဓိကထောက်ပံ့ပေးပြီး ဈေးနှုန်းချိုသာသည်။

    ( ခ ) စပါး။ စပါးနှင့်စပါးဖွဲသည် ကစီဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်များဖြစ်သည်။ စပါးဖွဲကို ငုံးစာတွင် ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ထည့်သွင်းနိုင်သည်။ စပါးဖွဲတွင် အမျှင်ဓာတ်လည်း ပါဝင်သောကြောင့် အစာချေစနစ်ကို ထောက်ပံ့ပေးသည်။

    ( ဂ ) ဂျုံ။ ဂျုံနှင့် ဂျုံဖွဲသည် ကစီဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်လည်း အနည်းငယ်ပါဝင်သည်။ ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ ပဲအမျိုးမျိုး (ဥပမာ - ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ) တွင် ကစီဓာတ်နှင့် ပရိုတင်းဓာတ်များ  ပါဝင်သည်။  ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    (  င  ) သကြား/ထန်းလျက်ဓာတ်။  သကြားဓာတ်သည် စွမ်းအင်ကို အမြန်ရရှိစေသော အရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၂ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

(၄) အဆီဓာတ်

ငုံးများအတွက် အစာတွင် အဆီဓာတ် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပါဝင်သင့်သည်။ အဆီဓာတ်သည် စွမ်းအင်ထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သည်။ ထို့ပြင် အဆီဓာတ်သည် ဗီတာမင် A, D, E, K ကဲ့သို့သော ဗီတာမင်များကို  စုပ်ယူရာတွင်လည်း အထောက်အကူပြုသည်။ အဆီဓာတ်ရရှိနိုင်သော  အရင်းအမြစ်များမှာ   ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ-ပြောင်းဖူးဆီ၊ နေကြာဆီ၊ ငါးဆီ)စသည့် တိရစ္ဆာန်အဆီများဖြစ်သည်။

ဒေသထွက်အစာကုန်ကြမ်းများဖြင့် စပ်စာပြုလုပ်ခြင်း (နမူနာ)

ငုံးစာကို ဖွဲ၊ ငါးခြောက်မှုန့်၊ ပြောင်းဖူးမှုန့်၊ နှမ်းဖတ် စသည့် ဒေသထွက်အစာကုန်ကြမ်း လေးမျိုးတို့ဖြင့် အာဟာရပြည့်ဝစွာဖော်စပ်ရန် အောက်ပါအချိုးကို အသုံးပြုနိုင်သည်။ ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် လိုအပ်သောအာဟာရဓာတ်များကို မျှတစွာပံ့ပိုးပေးနိုင်သည့် ဖော်ပြပါအချိုးဖြင့် စပ်စာပိဿာ ၁၀၀ နမူနာစပ်ကျွေးနိုင်သည်။

ငုံးစာပိဿာ ၁၀၀ အတွက် အချိုး အစာကုန်ကြမ်း တစ်မျိုးချင်းအလိုက်ထည့်ဝင်ရမည့် အချိုးမှာ-

-           ဖွဲ (Rice Bran)                       - ၄၀ ပိဿာ (၄၀ ရာခိုင်နှုန်း)

-           ငါးခြောက်မှုန့် (Fish Meal)            - ၂၀ ပိဿာ (၂၀ ရာခိုင်နှုန်း)

-           ပြောင်းဖူးမှုန့် (Corn Meal)            - ၃၀ ပိဿာ (၃၀ ရာခိုင်နှုန်း)

-           နှမ်းဖတ် (Sesame Meal)   - ၁၀ ပိဿာ (၁၀ ရာခိုင်နှုန်း) ဖော်စပ်ပြီး  အစာတွင် အာဟာရဓာတ်ပါဝင်မှု ရာခိုင်နှုန်းမှာ-

-           ပရိုတင်း -    ၂၀ ရာခိုင်နှုန်း မှ      ၂၅  ရာခိုင်နှုန်း

-           ကစီဓာတ် - ၅၀ ရာခိုင်နှုန်းမှ      ၆၀  ရာခိုင်နှုန်း

-           အဆီဓာတ် -          ၅ ရာခိုင်နှုန်းမှ         ၈    ရာခိုင်နှုန်း

-           အမျှင်ဓာတ် -         ၈ ရာခိုင်နှုန်းမှ         ၁၀  ရာခိုင်နှုန်း

သတိပြုရန်မှာ ဤအချိုးသည် ငုံးများ၏ အသက်အရွယ်၊ ရည်ရွယ်ချက် (ဥထုတ်လုပ်ရန် သို့မဟုတ် အသားထုတ်လုပ်ရန်) အလိုက် အနည်းငယ်ပြောင်းလဲနိုင်သည်။  မိမိဒေသထွက် ဈေးနှုန်းသင့်တင့်ပြီး အာဟာရပြည့်ကုန်ကြမ်းများနှင့်လည်း ဖော်စပ်ကျွေးမွေးနိုင်သည်။ နားလည်ကျွမ်းကျင်သည့် မွေးမြူရေးပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် အကြံပြုလိုသည်။

 ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်း

ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်းမှာ ဖော်ပြပါအတိုင်းဖြစ်၍ အထက်တွင် ရှင်းလင်း ပြခဲ့သည့် အစာစပ်နည်းဖြင့် မိမိလိုအပ်သည့် အစာပမာဏကို မိမိမွေးမြူသည့် ကောင်ရေနှင့် အသက် အရွယ်အလိုက် တွက်ချက်ကျွေးမွေးနိုင်သည်။

-           ၄ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၅ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၆ ပတ်သားငုံး - ၁၈ ဂရမ်(၁ ဒသမ ၁ ကျပ်သား)

-           ၇ ပတ်သားငုံး - ၂၁ ဂရမ်(၁ ဒသမ ၂ ကျပ်သား)

-           ၈ ပတ်သားငုံး -၂၄ ဂရမ်(၁ ဒသမ ၄ ကျပ်သား)

ကျန်းမာရေးစောင့်ရှောက်မှု

 ငုံးများကိုမွေးမြူရာတွင်   ပုံမှန်သန်ချဆေးပေးရန် လိုအပ်သည်။ ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် ကြိုတင်ကာကွယ် ထားရန် လိုအပ်သည်။  ဝမ်းရောဂါဖြစ်ပွားပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။

ငုံးဥနှင့် ငုံးသားတို့၏ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

ငုံးဥတွင် အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်းနှင့် ဘီတူး၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်၊ အဆီဓာတ် ၁၄ ဂရမ်၊ ကယ်လိုရီဓာတ် ၂၂၇ ဂရမ်တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် သကြားဓာတ်များမပါဝင်ပါ။  ထို့ပြင် ငုံးသားတွင် သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B-3 နှင့် B-6 များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးဥစားခြင်းဖြင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။

 စားသောက်ဆိုင်မှ ငုံးဥနှင့် ငုံးသားအကင်

 တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာ အများစုတွင် ငုံးဥသည် မပါမဖြစ်ပါဝင်လျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီးဟင်းလျာများတွင်လည်း ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာလည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များသည်။ မြန်မာနိုင်ငံတွင် ငုံးမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသများတွင် စီးပွားဖြစ်လုပ်ကိုင်လာကြသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းနေသေးသည်။ မွေးမြူသူများအနေဖြင့် နည်းပညာမြှင့်တင်ခြင်း၊ အာဟာရပြည့်ဝသော အစာများကို ပိုမိုအသုံးပြုခြင်းနှင့် ရောဂါကာကွယ်ရေးစနစ်များ ပိုမိုတိုးတက်လာပါက မြန်မာနိုင်ငံ၏ ငုံးမွေးမြူရေး လုပ်ငန်းသည်လည်း  ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ ငုံးမွေးမြူရေးအတွက် သိပ္ပံနည်းကျနည်းစနစ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ် ရယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။   ။

MWD Web Portal

ဒေါက်တာရင်းမြစ် (မွေး/ကု)

စိတ်ပညာအသုံးအနှုန်း  တစ်ခုဖြစ်သည့် IQ ဟူသည့်စကားလုံးအား အထက်တန်းကျောင်းသားအရွယ်တွင်  စတင်ကြားဖူးသည်။ 

I  ဟူသည် Intelligence ဖြစ်၍ Q သည် Quotient ဖြစ်ပြီး ထိုနှစ်လုံးပေါင်းစပ်သည့် IQ အား အသိပညာအတိုင်းအတာ/ ပမာဏဟူ၍ မှတ်ယူနိုင်သည်။ ဉာဏ်ရည်အချိုးအစားကိုဖော်ပြသည့်ဂဏန်းဖြစ်ပြီး ဉာဏ်ရည်မြင့်လျှင်  IQ တက်၍ ဉာဏ်ရည်နိမ့်လျှင် IQ နိမ့်ကြောင်း သိရသည်။ IQ သည် လူတစ်ဦး၏ ရုပ်ရည်၊ ဥစ္စာဓန၊ အတန်းပညာ၊ ရာထူးရာခံများနှင့်သက်ဆိုင်ခြင်းမရှိပါ။   မျိုးရိုးနှင့်သက်ဆိုင်သလောဟု  အတွေးဝင်စရာ ရှိသော်လည်း ခိုင်လုံသည့် အထောက်အထားများ  မတွေ့ရပေ။ မျက်မှောက်ကာလတွင် IQ သာမက အခြား Q များဖြင့်လည်း တိုင်းတာလျက်ရှိကြောင်း တွေ့ရသည်။

IQ (Intelligence Quotient)ဉာဏ်ရည်အချိုးအစား

IQ မြင့်သူ၏မျိုးဆက်သည်  IQ မြင့်ရန် မသေချာသကဲ့သို့ IQ နိမ့်သူ၏ မျိုးဆက်တွင် တစ်မိပေါက်တစ်ယောက်ထွန်းထွက်ပေါ်သည်ကိုတွေ့ရသည်။ မျိုးရိုးမရှိဘဲ ချွန်ထွက်လာခြင်းဟုဆိုရမည်။ သာမန် IQ ရှိသူများအား ဖိဖိစီးစီးလေ့ကျင့် သင်ကြားပေးလျှင်   IQ တက်လာနိုင်ကြောင်း ကြားခဲ့ဖူးသော်လည်း ပင်ကို IQ မြင့်သူများကို မှီနိုင်မည်မထင်ပေ။

IQ Level ဟူသည်  ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်ခြင်းနှင့် သက်ဆိုင်ပြီး ဥပမာအားဖြင့် သင်္ချာပုစ္ဆာဖြေရှင်းနိုင်ခြင်း၊  ဖြစ်စဉ်ကြောင်းရာများကို  မှတ်သားလက်ခံမှုအားကောင်းခြင်း၊ အတွေ့အကြုံမှ သင်ခန်းစာ ဖော်ထုတ် နိုင်ခြင်းတို့ဖြင့် တိုင်းတာကြောင်းသိရသည်။

သာမန်လူတစ်ဦးအတွက် IQ ရမှတ်သည် (90-110)အတွင်းရှိသော်လည်း   နယ်ပယ်အသီးသီးမှ IQ မြင့်လူသားများအား ယခုကဲ့သို့တွေ့ရှိရသည်ရူပဗေဒပညာရှင်အိုင်ဇက်နယူတန်သည် IQ(190)ဖြစ်ပြီး အိုင်းစတိုင်း သည် IQ (160)ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင်မစ္စတာဘင်း(Rowan  Atkin  Son)သည် IQ(178)ဖြစ်ပြီး လေဒီဂါဂါသည် IQ(166)ဖြစ်သည်။   ဘတ်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်သည် IQ(154)ဖြစ်ပြီး ဝါရင့်သမ္မတကြီးပူတင်သည် IQ(150)ဖြစ်သည်။

ကမ္ဘာကျော်ဘီလျံနာများဖြစ်သည့် အီလွန်မတ်(155-160)၊ ဘီလ်ဂိတ်(160)၊ မတ်ဇူကာဘတ်(152)၊   ဂျက်ဘီဇော့(150)တို့ဖြစ်ကြသည်။

ထူးခြားသည့်စွမ်းဆောင်ရည်မသိသော်လည်း တောင်ကိုရီးယားနိုင်ငံသား Young Hoon Kim ၏ IQ သည် (276) ရှိကြောင်း သိရသည်။ လူ့သမိုင်းတွင် IQ အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ဒီမဲလိုး၏  IQ သည်(400)ရှိကြောင်း မှတ်သားရသည်။  IQ မြင့်လူသားတစ်ဦးသည် Critical Thinking သာမက Creative Thinking ပါ ပေါင်းစပ်နိုင်ပါက လူ့လောကအတွက် များစွာအကျိုးရှိနိုင်ကြောင်း သုံးသပ်ရသည်။

EQ(Emotional Quotient)

စိတ်ခံစားမှုနှင့် သက်ဆိုင်သည့် အတိုင်းအတာ/ပမာဏကိုဆန်းစစ်ရာတွင်  EQ   ကို သုံးကြသည်။  EQ သည်  ပတ်ဝန်းကျင်နှင့်ဆက်ဆံမှုကိုအကဲဖြတ်သလို   စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှု   (Mature)နှင့်လည်း တိုင်းတာသည်။ EQ Level ကို ဖော်ပြသည့်နမူနာအချက်အလက်များ အနေဖြင့် ပတ်ဝန်းကျင်နှင့် ဆက်ဆံသည့်အခါ မိမိ၏ရိုးဖြောင့်မှု၊ တာဝန်ယူမှုနှင့်တာဝန်ခံမှု၊  လေးစားတန်ဖိုးထားမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ချင်းစာတရားတို့ ပါဝင်ကြောင်း သိရသည်။ တစ်နည်းဆိုသော် EQ Level မြင့်မားမှုသည် ပင်ကိုစရိုက်/ဗီဇများနှင့်လည်း  သက်ဆိုင်နေမည်သာဖြစ်သည်။

လူတစ်ဦး၏အားနည်းချက်တွင် ကိုယ်/နှုတ်/နှလုံးစောင့်ထိန်း နိုင်စွမ်းနည်းခြင်း၊ စိတ်ဆတ်ခြင်းနှင့်  ဒေါသထွက်လွယ်ခြင်း  စသဖြင့် Emotion နောက်ပါသွားခြင်းတို့သည် EQ Level နိမ့်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ပညာရှိ/ပညာတတ်များလည်း အမျက်ဒေါသထွက်နိုင်သည်။  သို့ရာတွင်  ပညာရှိအမျက် အပြင်မထွက်အောင် မျိုသိပ်နိုင်ခြင်း၊ စကားနောက်တရားပါမဖြစ်ရန် ထိန်းသိမ်းနိုင်စွမ်းရှိခြင်းတို့သည်  EQ ကို  လေ့ကျင့်ထားသကဲ့သို့ဖြစ်သည်။    အတိုချုပ်ဆိုရပါလျှင်  တည်ငြိမ်ရင့်ကျက်မှု(Mature)သည် လူ့အသိုင်းအဝိုင်းအတွက် လိုအပ်ချက်ဖြစ်သည်။

SQ(Social Quotient)

လူမှုရေးနှင့်သက်ဆိုင်သည့် အတိုင်းအတာ/ပမာဏကို ဆန်းစစ်ရာတွင်  SQ ကို သုံးကြသည်။ တစ်နည်းဆိုသော် Social ဟုခေါ်သည့် လူ့အသိုင်းအဝိုင်းနှင့်  သဟဇာတဖြစ်မှုကို ချိန်ထိုးတိုင်းတာခြင်းဖြစ်သည်။  SQ သည် အပေါင်းအသင်းဆန့်ခြင်းတစ်ခုသာ ဆိုလိုသည်မဟုတ်ဘဲ  ပတ်ဝန်းကျင်အား  မည်မျှအကျိုးပြုသည်ဆိုသည်ကိုပါ  ထည့်သွင်းတိုင်းတာခြင်းဖြစ်သည်။  မိတ်ဆွေကောင်းပေါများခြင်း၊ မိတ်ဆွေများ၏ယုံကြည်ကိုးစားမှုရရှိခြင်းတို့သည်  SQ  Level  မြင့်မားမှု၏လက္ခဏာများဖြစ်သည်။ ထို့ကြောင့် SQ Level မြင့်မားသူများသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သူများဖြစ်ကြောင်းတွေ့ရသည်။

AQ(Adversity Quotient)

AQ သည်   ကြုံတွေ့ရသည့် အခက်အခဲ၊ အတားအဆီး၊ ဘေးဒုက္ခနှင့်မနှစ်မြို့ဖွယ်ရာများအား ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းဖြစ်ပြီး AQ Level မြင့်လေမကြောက်မရွံ့၊ နောက်မတွန့်သည့်စွမ်းရည်များ ပိုမိုပိုင်ဆိုင်လေဖြစ်သည်။

ရင်ဆိုင်မှုမှ   ထွက်ပေါ်လာမည့်အဖြေသည် Notorious ထက်စာလျှင် Famous ဖြစ်ရန်လိုအပ်သည်။ ပြဿနာကိုကျောခိုင်းတတ်သူ၊ သူရဲဘောကြောင်သူအများစုသည် AQ Level နိမ့်သူများဖြစ်သည်။ ကံကိုယိုးမယ်ဖွဲ့ခြင်း၊ ဗေဒင်ယတြာ   အားကိုးခြင်းတို့သည်လည်း AQ Level နိမ့်သူများ၏   လက္ခဏာများဖြစ်သည်။  AQ  Level  မြင့်သူများသည် နည်းလမ်းမှန်ကန်စွာနှင့် သမာသမတ်ကျကျဖြေရှင်းနိုင်ကြောင်း တွေ့ရသည်။ AQ ၏အခြေခံလိုအပ်ချက်သည် သတ္တိရှိခြင်း၊ ရဲရင့်ခြင်းနှင့် ပြဿနာကို  ရင်ဆိုင်ရဲခြင်းတို့ပင်ဖြစ်သည်။

ထို့ပြင် လဲရင်ပြန်ထ သဘာဝဟုခံယူမှုအား AQ Level မြင့်သူများတွင်   တွေ့ရမည်ဖြစ်သည်။

နှိုင်းချိန်စရာ Q များစွာ

လက်တွေ့ဘဝအား အောင်မြင်စွာဖြတ်သန်းကြသူအများစုသည် IQ ထက်စာလျှင် EQ နှင့် SQ ပိုမိုမြင့်မားသူများဖြစ်သလို AQ ကိုလည်း လက်ကိုင်ထားကြသူများဖြစ်သည်။

မျက်မှောက်ကာလတွင်  IQ မြင့်သူအများစုသည် EQ နှင့် SQ မြင့်သူများ၏ဝန်ထမ်းအဖြစ် ကျင်လည်လျက်ရှိကြောင်းလည်း   တွေ့နိုင်သည်။ IQ ကောင်းခြင်း၊ EQ ကိုကျော်လွှားနိုင်ခြင်း၊ SQ ကောင်းခြင်းများရှိသော်လည်း AQ ဟူသည့်ရင်ဆိုင်ကျော်လွှားနိုင်စွမ်းမရှိပါက တိုးတက်ကြီးပွားရန်လိုအပ်ကြောင်း  သတိပြုရမည်ဖြစ်သည်။ စာသင်သားအရွယ်တွင် IQ အတွက်သာမက  EQ၊  SQ၊  AQ များအတွက်ပါ ထိရောက်သည့် ဖွံ့ဖြိုးမှုများဆောင်ကြဉ်းပေးနိုင်ပါလျှင်  အနာဂတ်လူ့ပတ်ဝန်းကျင်သည် ဘက်စုံထူးချွန်သည့် လူသားများကိုမွေးထုတ်ပေးနိုင်လိမ့်မည်။ Quantity ထက်စာလျှင် Quality Drive လုပ်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးအတွက် ပိုမို၍အပေါင်းလက္ခဏာဆောင်မည်ဟု ယုံကြည်ပါကြောင်း  ရေးသားအပ်ပါသည်။   ။

MWD Web Portal

မောင်နေ(မြကျွန်း)