ခြင်ကိုက်တဲ့အခါ အရေပြားက ဓာတ်မတည့်မှုဖြစ်ပြီး ရောင်လာတတ်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ခြင်ကိုက်တဲ့နေရာမှာ အနီဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေ ဖြစ်လာပါတယ်။ အရေပြားမှာ အနီပြင်၊ အနီရည် ကြည်ဖု၊ အမာရွတ်တွေ တွေ့နိုင်ပါတယ်။ ခြင်ကိုက်တဲ့အခါ ယားလာမယ်။ အရေပြားမှာ အနီဖုပေါ်လာမယ်။ သွေး ခြည်ဥမယ်။ အရေပြားရောင်မယ်။ အင်ပျဉ် လိုအနီပြင်တွေ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ အချိန်က နွေဦးပေါက်နဲ့ မိုးရာသီဖြစ်ပါတယ်။
ခြင်ကိုက်ဖုက အနီဖုဖြစ်ရခြင်းမှာ ကိုယ်ခံစွမ်းအားစနစ်က ခြင်ကိုက်ခြင်းကို တန်ပြန်လို့ပဲဖြစ်ပါတယ်။ အပြင်ကနေ ဓာတ်မတည့်မှုဖြစ်စေမယ့်လှုံ့ဆော်မှု တစ်မျိုးဝင်လာတော့ ခန္ဓာကိုယ်တုံ့ပြန်ပြီး ယားလာပါတယ်။ ခြင်ကိုက်လို့ လူတစ်ဦး နဲ့တစ်ဦး ယားယံပြီးမတူညီကြပါဘူး။
တချို့လူတွေက ခြင်ကိုပိုဆွဲဆောင်နေတတ်သလိုဖြစ်နေပါတယ်။သူတို့ကိုပဲ ခြင်ပိုကိုက်တယ်လို့ ထင်ရလောက်အောင် ခြင်ကိုက်ရာတွေ များနေတတ်ပါတယ်။ သူတို့ကပိုယားပြီး ပိုလည်းကုတ်တတ် ကြပါတယ်။ တချို့ကတော့ ကိုယ်ခံစွမ်း အားစနစ်က ခြင်ကိုက်တာကိုတုံ့ပြန်မှု များပါတယ်။ တချို့ဆို ခြင်ကိုက်လို့ ကိုက်မှန်းမသိကြပါဘူး။ တချို့ကလေး တွေက ကြီးလာလေ ခြင်ကိုက်ခံရတာ ပိုလာလေဖြစ်တယ်။ ခြင်နဲ့မတည့်တဲ့ စွမ်းရည်ကပိုများလာပါတယ်။ အသက် ၁-၅ နှစ်အရွယ်အထိ ကလေးငယ်တွေက ခြင်ကိုက်ရင်ပိုယားတတ်ပါတယ်။ တချို့လူတွေမှာ ခြင်ကိုက်တာကို အဖု၊ အင်ပျဉ်အနေနဲ့မြင်ရပါတယ်။ ခြင်ကိုက် တဲ့အခါ ကုတ်လိုက်ရင် အရေပြားမှာ အင်ပျဉ်လိုအနီပြင်တွေ ထွက်တတ်ပါတယ်။
အိုသွေးအုပ်စုပိုင်ရှင်၊ ဂျီစစ်ပီဒီ(G6PD)အားနည်းသူတွေကို ခြင်ပိုကိုက်တတ်ပါတယ်။ အဝတ်အစားအရောင်ရင့်ရင့် ဝတ်ထားတဲ့သူကို ရွေးပြီးကိုက်တတ်ပါ တယ်။
ခြင်ကိုက်ဖုတွေဖြစ်ရင် မကုတ်ဘဲ ရေအေးဖတ်တင်ထားပြီး ရေအေးအေး နဲ့ဆေးလိုက်ရင် သက်သာပါတယ်။ ဒါမှအဆင်မပြေရင် ယားနာပျောက်ဆေး လိမ်းရပါမယ်။ ခြင်ကိုက်ဖုက နီနေပြီဆိုရင် အရောင်ကျ ဆေးလိမ်းသင့်ပါတယ်။
ခြင်ကိုက်တာမှာ နောက်ဆက်တွဲဆိုး ကျိုးတွေရှိတတ်ပါတယ်။ ကုတ်ရင်းကနေ ပြည်ဝင်၊ ပိုးဝင်၊ ပြည်တည်နာဖြစ်ပြီး အနာရင်းတတ်ပါတယ်။ ခြေထောက်မှာ အနာဖြစ်ရင် ပေါင်မှာအကျိတ်ဖြစ်လာ တတ်တယ်။ ကုတ်ရာနက်ရင် ခြေသလုံးနဲ့ လက်တွေမှာ အမာရွတ်ကျန်တတ်ပါတယ်။ အရေပြားထိခိုက်ပြီး အရေပြား အရောင်ညိုကာ မည်းလာတတ်ပါတယ်။
တချို့ကတော့ အရေပြားကုတ်ဖဲ့တာ အကျင့်ပါနေလို့ ယားယား၊ မယားယား ကုတ်တတ်တဲ့အကျင့်ဖြစ်သွားပြီး နာတာရှည်နှင်းခူနာတွေဖြစ်သွားတတ်ပါတယ်။
ခြင်ကိုက်ဖုတွေကနေဖြစ်တဲ့ အနာတွေပျောက်အောင် ခြင်ကိုက်တဲ့အခါမကုတ်ရင် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အနာဖြစ်လာရင် ဆေးရုံဆေးခန်းပြသင့် ပါတယ်။ ခြင်ကိုက်ဖုအပေါ်မှာ အရောင်ကျဆေးနဲ့ ယားနာပျောက်ဆေးတွေလိမ်းရပါမယ်။ သောက်ဆေးတွေသောက်ရပါတယ်။ ခြင်ကအရေပြားတစ်နေရာကို ကိုက်လိုက်ရင် တခြားနေရာဟောင်းတွေကလည်း ယားလာတတ်တာကို သတိထားရပါမယ်။
ခြင်ကိုက်ဖုနဲ့တွဲဖြစ်တတ်တဲ့အရေပြားပြဿနာတွေရှိပါတယ်။ ခြင်ကိုက်နာ မပျောက်ရင် ခြင်ကိုက်ရာဟုတ်ရဲ့လား၊ ရောဂါတစ်ခုခုရှိနေလားဆိုတာ စစ်ဆေး သင့်ပါတယ်။ ဥပမာ ခုခံအားနည်းသူတွေမှာ ယားနာ ဖြစ်တတ်ပါတယ်။
ခြင်ကိုက်တာဆိုးလာရင်၊ မပျောက်ရင်၊ အချိန်တိုအတွင်းဖြစ်လာရင် HIV/AIDS စစ်သင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူ တွေက ခြင်ကိုက်ရာကိုကုတ်လိုက် ရင်ပိုးဝင်လွယ်ပြီး ပြည်တည်နာဖြစ်တတ် ပါတယ်။ ဒါကြောင့် ခြင်ကိုက်တဲ့အခါ ပြည်တည်နာဖြစ်လွယ်ရင် ဆီးချိုသွေးချိုရောဂါကိုစစ်ကြည့်ဖို့လိုအပ်ပါတယ်။
ဒါ့ပြင် ခြင်ကိုက်ဖုနဲ့တူတဲ့ဝဲ၊ ယားနာ၊ ကာလသားရောဂါ၊ ဆေးဝါးနဲ့မတည့်တာ၊ မွေးညင်းပေါက်ရောင်တာ၊ ဓာတ်မတည့်တာနဲ့၊ နှင်းခူနာတွေကို သတိထားရပါတယ်။
လှေး၊ လောက်၊ ကြမ်းပိုး၊ ခွေးသန်း၊ ကြောင်သန်းတို့ကြောင့် ယားပြီးကုတ်ရင် ခြင်ကိုက်ရာနဲ့တူလို့ ဘာကြောင့် ယားယံသလဲဆိုတာကို သေသေချာချာစစ်ဆေး ဖို့လိုအပ်ပါမယ်။
ခြင်မကိုက်အောင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ဝတ်ရပါမယ်။ လုံချည်ရှည်ရှည်ဝတ်ရပါမယ်။ ခြေစွပ် စွပ်ရမယ်။ ခြင်ကိုက်နိုင်မယ့်အချိန်တွေမှာ အဝတ်အစားကို အရောင်ရင့်ရင့်မဝတ်ဘဲ အရောင်နုတာ ရွေးဝတ်ရပါမယ်။ ခြေသလုံး၊ လက်မောင်း၊ ခြေဖမိုး၊ လက်အထိအဝတ် ဖုံးထားရပါမယ်။ အဝတ်အစားတွေကို ခြင်မကိုက်စေမယ့်ဆေး စိမ်ရမယ်။ ခြင်အကိုက်ဆုံးအချိန်က ညနေစောင်းနဲ့ နံနက်အရုဏ်တက်ချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညနေစောင်းလာရင် အိမ်အပြင်မှာထိုင်တာရှောင်ကြဉ်သင့်ပါတယ်။
အိမ်ထဲကိုခြင်မဝင်အောင်ထားရမယ်။ ရေစပ်စပ်ရှိရင် ခြင်နေနိုင်လို့ ခြင်ပေါက်ပွားနိုင်တဲ့ ရေနုတ်မြောင်းတွေသန့်ရှင်းရေးပြုလုပ်ရပါမယ်။ ချုံတွေရှင်းရမယ်။ အိမ်ပြတင်းပေါက်တွေကို ခြင်လုံဆန်ခါ တပ်ဆင်ရပါမယ်။
ကျောင်းသား၊ ကျောင်းသူတွေစာကျက်ရင် ခြင်ထောင်အကြီးကြီးထဲမှာ ထိုင်ကျက်တာကခြင်မကိုက်နိုင်တော့ပါဘူး။
ခြင်ပေါက်ပွားရာနေရာတွေကို သန့်ရှင်းရေးပြုလုပ်သင့်တယ်။ ဥပမာ_ရေဟောင်း ရေညစ်တွေ စွန့်ပစ်တာတို့၊ ပန်းအိုးတွေရေမှန်မှန်လဲတာကိုပြုလုပ်ရပါမယ်။ ရေမြောင်းတွေပိတ်ဆို့နေရင် ရှင်းလင်းပေးရပါမယ်။
ခြင်ဝင်နိုင်တဲ့ အိမ်အပေါက်တွေကို ပြင်ရပါမယ်။ ခြင်ကြောက်တဲ့ရနံ့ကို ဖျန်းရပါမယ်။ အားလုံးသိတဲ့အတိုင်း လိမ္မော်ခွံ မီးရှို့တာ၊ နနွင်းမီးရှို့တာနဲ့ ခြင်ဆေးထွန်း တာတို့ကိုပြုလုပ် ရပါမယ်။
ခြင်ကိုက်ရာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တာက ခြင်ကိုက်ရာကိုကုတ်မိရင် အရေပြားပေါက်ပြဲပြီးပိုးဝင်လွယ်ပါတယ်။ သန့်ရှင်းအောင်မနေဘူးဆိုရင်ပိုးဝင်တတ်တယ်။ ခြင်ကိုက်ရာရှိတဲ့အရေပြားကို ကုတ်ဖဲ့တာမျိုး မလုပ်သင့်ပါဘူး။ အရေပြားပျက်စီးတတ်ပါတယ်။ အရေပြားကိုစားစေမယ့် ဆေးမျိုးမလိမ်းသင့်ပါဘူး။ အမာရွတ်ကျန်တတ်ပါတယ်။
ခြင်ကိုက်တဲ့နေရာကို တချို့ထုံးတို့တာ၊ သွားတိုက်ဆေးတို့တာက အရေပြားယားတာ အာရုံလွဲအောင်အလွယ်လုပ်တာပါ။ ဒါပေမဲ့ ဓာတ်မတည့်တာတစ်ခုခု မဖြစ်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာပဲတို့တို့ ယားတာ ခဏသက်သာတယ် ဆိုပေမယ့် အရေပြားမထိခိုက်ဖို့ သတိ ထားတာကအကောင်းဆုံးဖြစ်ပါတယ်။
ခြင်ကိုက်ဖုကြောင့် ကုတ်ဖဲ့ရင်း အမာရွတ်တွေဖြစ်တာ အများကြီးတွေ့ဖူးတယ်။ အနာဖုကိုကုတ်ဖဲ့ရင်းနဲ့ ဝဲ၊နှင်းခူနာ ဖြစ်လာတယ်။ တချို့ကတော့ ခြင်ကိုက် တာက ကုလို့မရတာကိုလက်ခံပြီး ခြင်ကိုက်ရင် ယားနာဖြစ်ပြီး ကုတ်ဖဲ့နေတတ်ပါတယ်။ အမာရွတ်က နက်နေရင် ဘယ်လောက်ဆေးလိမ်းဆေးစား ရောဂါ အကုန် မကောင်းနိုင်တော့ပါ။
အချုပ်ဆိုရရင် ခြင်ကိုက်တဲ့အခါ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ဆင်ခြေထောက်ရောဂါနဲ့၊ ဝဲ၊ ယားနာတို့ဖြစ်စေပါတယ်။ ပိုးရှိရင် ခြင်ကိုက်မခံတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အဖျားဝါဝါ (Yellow fever)နဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေလည်း ဖြစ်တတ်လို့ ခြင်မကိုက်အောင် ဂရု တစိုက်နေထိုင်သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
MWD Web Portal
သမ္မတ ဒေါ်နယ်ထရမ့်၏ ဖက်ဒရယ်အစိုးရကို ကိုင်တွယ်ပုံသည် ဘတ်ဂျက်ဖြတ်တောက်မှုများ ကိုသာ အလေးပေးခဲ့ခြင်းကြောင့် အစိုးရကဏ္ဍက ပါဝင်သည့် ဘေးအန္တရာယ်တစ်ခု ကြုံလာသော အခါ ၎င်းအနေဖြင့် အဆိုပါလျှော့ချမှုများနှင့်ပတ်သက်သည့် မေးခွန်းများကို ရှောင်လွှဲ၍မရနိုင်တော့ပေ။
၎င်း၏ ဒုတိယသက်တမ်း စတင်ပြီးစ အချိန်တွင် လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့သည့်အခါ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်း လိုအပ်ချက်ကို ပြစ်တင်ဝေဖန်ခံခဲ့ရသည်။
အစိုးရသည် အရေးပါသည့် ရာထူးများကို ပြန်လည်ဖြည့်တင်းရန် ရုန်းကန်နေရပြီး အလုပ်ဖြုတ်ချမှု တချို့ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းရသည့်အခါတွင် ယင်းကဲ့သို့ ဘတ်ဂျက်ဖြတ်တောက်မှုများ သည် လိုအပ်သည်ထက်ပိုနေပြီဟူသော စိုးရိမ်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်သည်။
မျှော်လင့်မထားသည့် ရေဘေးကြီး တစ်ခုကြုံလာရသည့်အခါတွင် ထရမ့်၏ ဘတ်ဂျက်ဖြတ်တောက် မှုများသည် အမျိုးသားမိုးလေဝသဌာနနှင့် FEMA အပေါ် သက်ရောက်ခဲ့မှုအတိုင်းအတာသည် ထောက်ပြ ဝေဖန်စရာ အချက်တစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
ဇူလိုင်လ ၄ ရက်နေ့ အားလပ်ရက်အတွင်း တက္ကဆက်တွင် ရုတ်တရက် ရေကြီးမှုကြောင့် လူပေါင်း ၉၅ ဦးအထိ သေဆုံးခဲ့ပြီး အခြားများစွာသောသူများ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသေးသောကြောင့် အမျိုးသားမိုးလေဝသဌာန (National Weather Service) တွင် ဝန်ထမ်းအင်အား လျှော့ချ ခံရမှုများ သို့မဟုတ် တက္ကဆက်ရှိ မိုးလေဝသ ခန့်မှန်းရေးရုံးများတွင် လစ်လပ်နေသော ရာထူးများ က အဆိုပါ ရေဘေး၏အကျိုးဆက်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု အတိအကျပြောဆိုရန် အချိန်မတန် သေးပေ။
ရှာဖွေရမည့် အချက်အလက်များ အများအပြားရှိနေပြီး ပြည့်စုံသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်မည်မှာ အသေအချာပင်ဖြစ်သည်။
အေဂျင်စီအတွင်း ဝန်ထမ်းခန့်ထားမှုနှင့် ဘတ်ဂျက်ဖြတ်တောက်မှုများသည် မိုးလေဝသ ခန့်မှန်းရေး လုပ်ငန်းများကို မည်သို့ထိခိုက်နေစေသည်ဆိုသည့် မကြာသေးမီက အစီရင်ခံစာများကို စောစီးစွာ သတိပေးချက်တစ်ခုဟု မြင်လာရနိုင်ပါသည်။
CNN သတင်းထောက် Andrew Freedman က မေလအတွင်းတွင် “လက်ရှိနှင့် ယခင်က မိုးလေဝသပညာရှင်တွေနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွေအရ အမျိုးသား မိုးလေဝသ ဝန်ဆောင်မှုသည် ယခင်ကထက် ပိုဆိုးနေပြီဖြစ်ကြောင်း သိရပါသည်၊ အကြောင်းက လူအင်အား လျှော့ချမှု၊ အစောပိုင်း အငြိမ်းစား ယူမှုနှင့် ရှိပြီးသား လစ်နေသည့် ရာထူးတွေကြောင့်ပါ” ဟု ပြောဆိုခဲ့ပြီး အစီရင်ခံစာ၌ အမျိုးသားမိုးလေဝသ ခန့်မှန်းရေးဌာနချုပ်များ၏ သုံးပုံတစ်ပုံတွင် အကြီးတန်း မိုးလေဝသပညာရှင် မရှိကြောင်းလည်း ဖော်ပြထားပါသည်။
CNN က ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော သတင်းတွင် ထရမ့်အုပ်ချုပ်ရေးက ရာသီဥတုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းများနှင့် သုတေသနလုပ်ငန်းများကိုပိတ်ရန် အစီအစဉ်ရှိသည်ဟု ဖော်ပြခဲ့ ပါသည်။ အဆိုပါလုပ်ငန်းများသည် ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ မိုးလေဝသ ခန့်မှန်းနိုင်စွမ်း ကို မြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းဘတ်ဂျက် အဆိုပြုချက်ကို မကြာသေးမီက ကွန်ဂရက် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
Project 2025 ဟုခေါ်သည့် အစိုးရအလှည့်အပြောင်းအတွက် အခြေခံကျသည့် အစီအစဉ်တွင် မိုးလေဝသ ခန့်မှန်းရေးအတွက် ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချပြီး ပုဂ္ဂလိက ကုမ္ပဏီများကို ပိုမှီခိုရန် တောင်းဆိုထားပါသည်။
တက္ကဆက်တွင် ဖြစ်ပေါ်ခဲ့သည့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကို ထရမ့်၏ လက်လွတ် စပယ် စီမံခန့်ခွဲမှုပုံစံက မည်သို့သက်ရောက်မည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ ပြောဆို၍မရ သေးဘဲ ထရမ့်က ရေဘေးသင့်ဒေသကို အဓိက ဘေးအန္တရာယ်ဇုန်အဖြစ် အမြန်ဆုံး ကြေညာခဲ့ပါ သည်။
သို့သော် ၎င်းက ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) ကို ပိတ်သိမ်းလိုနေပြီး ၊ ဖက်ဒရယ် အစိုးရ၏ အခန်းကဏ္ဍကို များစွာလျှော့ချလိုကြောင်း ပြောဆိုခဲ့ဖူးပါသည်။
တက္ကဆက်တွင် ဆိုးရွားသည့် ရေဘေးအန္တရာယ်ကြီး ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ထရမ့်အနေဖြင့် အဆိုပါသဘောထားကို ပြန်လည်သုံးသပ်ရန် ရှိ၊မရှိ မေးမြန်းမှုကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က “ထရမ့်သမ္မတကြီးအနေဖြင့် အရေးပေါ်အခြေအနေတွေမှာ ပြည်နယ်တွေကို ပံ့ပိုးပေးဖို့ အပြည့်အဝ ကတိကဝတ်ပြုထားပါသည်” ဟုသာ ပြန်လည်ဖြေကြားခဲ့ပါသည်။
CNN ၏ Gabe Cohen မှ မကြာသေးမီက တင်ပြချက်အရ ဘေးအန္တရာယ်ဆိုင်ရာ ဆုံးဖြတ်ချက် များအား FEMA နှင့် ပြည်နယ်များ၏ အကူအညီတောင်းခံမှုလုပ်ငန်းစဉ်များကို ကျော်ဖြတ်၍ အိမ်ဖြူတော်တွင် တိုက်ရိုက်ချမှတ်နေကြောင်း ဖော်ပြခဲ့သည်။
ဖက်ဒရယ်အစိုးရ၏ လုပ်ဆောင်မှုများကို လျှော့ချလိုသည့် အလားအလာများသည် ထရမ့်အစိုးရ၏ အဓိကအချက်ဖြစ်နေဆဲဖြစ်သည်။ ၎င်း လက်မှတ်ရေးထိုးခဲ့သော မူဝါဒအသစ်ကြောင့် Medicaid နှင့် အစားအသောက်အကူအညီများအတွက် ပြည်နယ်များသည် ကိုယ်ပိုင်ဘဏ္ဍာငွေများ ပိုမို အကုန် အကျခံရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံသားများ အကူအညီများ ဆုံးရှုံးသွားမည့် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဒေသခံများနှင့် တာဝန်ရှိသူများသည် ရုပ်မြင်သံကြားအင်တာဗျူးများတွင် အလွန်အမင်း တုန်လှုပ် နေကြပြီး ရေဘေးအတွက် လုံးဝမျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
Biden အုပ်ချုပ်ရေးလက်ထက်က National Oceanic and Atmospheric Administration ၏ အုပ်ချုပ်ရေးမှူး Rick Spinrad က CNN ၏ Boris Sanchez အား “မိုးလေဝသဌာနက ၎င်းတို့၏ တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့သည်” ဟု ပြောကြားခဲ့သော်လည်း မိုးလေဝသ ခန့်မှန်းသူများနှင့် အရေးပေါ်ဝန်ဆောင်မှုများအကြား ဆက်သွယ်ရေးပြတ်တောက်မှုရှိနိုင်ကြောင်း ဝန်ခံခဲ့သည်။
San Antonio မိုးလေဝသရုံးတွင် အရေးပါသော ညှိနှိုင်းရေးမှူးတစ်ဦး မရှိခဲ့ခြင်းသည် အဆိုပါ ပြဿနာ၏ အဓိကအချက်ဖြစ်နိုင်ကြောင်း Spinrad က ဆိုသည်။ ထိုရာထူးသည် လွန်ခဲ့သော ဧပြီလ ကတည်းက လစ်လပ်နေခဲ့ပြီး ထရမ့်အစိုးရ၏ လျှော့ချရေးအစီအစဉ်ကြောင့် ဝန်ထမ်းဟောင်း တစ်ဦး ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
“ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရနိုင်သော ရေဘေးကြီးဖြစ်သည်” ဟု Texas မှ သတင်းတင်ဆက်ခဲ့သူ CNN ၏ Pamela Brown က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒေသခံများသည် မြစ်ရေကြီးနိုင်သည်ကို သိထားကြသော်လည်း သူမနှင့်တွေ့ဆုံစကားပြောခဲ့သူများက အဆိုပါ ဖြစ်ရပ်ကို “ဘုရားသခင်၏ အလိုတော်” အဖြစ်သာ ရည်ညွှန်းနေကြသည်။
ကိုးကား- CNN
CNN တွင် Zachary B.Wolf ရေးသားထားသည့် “Trump’s government cuts and the catastrophe in Texas: Here’s what we know” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးက ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
ဇူလိုင် ၇
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူထုရှေ့မှောက်သို့မထွက်သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ခြင်းကြောင့် ၎င်း၏ အာဏာဆုပ်ကိုင်ထားနိုင်မှုအပေါ် မေးခွန်းများဖြစ်ပေါ်လာစေခဲ့ပါသည်။ ဇွန်လ ၄ ရက်နေ့မှစ၍ တရားဝင်ဗီဒီယိုများတွင် ၎င်းအား နှစ်ကြိမ်သာတွေ့မြင်ခဲ့ရပြီး စစ်တပ်အတွင်း ဖြုတ်ထုတ် ရှင်းလင်းမှု များနှင့် စီးပွားရေးအခက်အခဲများကြုံနေရချိန်တွင် စိုးရိမ်မှုများကို မြင့်တက်လာနေပါသည်
ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၎င်းအစား ဝန်ကြီးချုပ် လီကျန်းကသာ တရုတ်နိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရှီကျင့်ဖျင်သည် နိုင်ငံပိုင်မီဒီယာများတွင် မကြာခဏ တွေ့မြင်ရလေ့ရှိပြီး အဓိကသံတမန်ရေးရာအခမ်းအနားနှင့်ပွဲများကို လက်လွတ်လေ့မရှိသောကြောင့် ဤသို့ပျက်ကွက်ခြင်းသည် ပုံမှန်မဟုတ်သည့်အခြေအနေအဖြစ် သုံးသပ် ရပါသည်။
နိုင်ငံပိုင်မီဒီယာသည် ရှီကျင့်ဖျင်၏ မကြာသေးမီက ဗီဒီယိုနှစ်ခုကို ထုတ်ပြန်ခဲ့မှုရှိသော်လည်း တစ်ခုမှာ ဇွန်လ ၂၀ ရက်နေ့တွင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး အခြား တစ်ခုမှာ ဇွန်လ ၂၄ ရက်နေ့ တွင် စင်ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့မတွေ့ဆုံမီ ဇွန်လ ၄ ရက်နေ့က ဘယ်လာရုစ် သမ္မတနှင့် တွေ့ဆုံပြီးနောက်ပိုင်း ရှီကျင့်ဖျင်ကို လူမြင်ကွင်း၌ မြင်တွေ့ရခြင်းမရှိတော့ပါ။
တစ်ချိန်တည်းမှာပင် တရုတ်စစ်တပ်သည် အကြီးအကျယ်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးအများအပြားသည် ရာထူးမှဖယ်ရှားခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း များဖြစ်ပေါ်လျက် ရှိပါသည်။ သတင်းများတွင်မူ ရှီကျင့်ဖျင်သည် အာဏာကိုပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေခြင်း သို့မဟုတ် ၎င်း၏ဩဇာလွှမ်းမိုးမှု ကျဆင်းနေခြင်းဖြစ်နိုင်သည်ဟု ဆိုထားပါသည်။ ထို့အပြင် သမ္မတဟောင်း ဟူကျင်းတောင်နှင့် ဆက်နွှယ်မှုရှိသည့် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် ဝမ်ယန်ကဲ့သို့သော ပုဂ္ဂိုလ်များသည် တရုတ်ကွန်မြူနစ်ပါတီအတွင်း အာဏာပြန်လည်ရရှိလာပုံ ရပါသည်။
ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်သို့ထွက်ပေါ်လာမှုနည်းပါးလာခြင်းနှင့်အတူ နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်ပေါ် လာလျက်ရှိပြီး ပေကျင်းအစိုးရကမူ သမ္မတရှီကျင့်ဖျင်သည် “အချိန်ဇယား ညှိနှိုင်းမရမှုများကြောင့်” BRICS ထိပ်သီးအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ခြင်းဟု ဆိုသော်လည်း အများစုကမူ အဆိုပါ အကြောင်း ပြချက်ကို သံသယရှိနေကြပါသည်။
၎င်းအပြင် လေ့လာသူများက ရှီကျင့်ဖျင်၏ခေါင်းဆောင်မှုပုံရိပ်သည် အားနည်းလာနေသည် ဟု သုံးသပ် ထားကြပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရလာပြီးနောက်ပိုင်း ရှီကျင့်ဖျင်သည် နိုင်ငံပိုင် မီဒီယာများတွင် အမြဲတစေအသားပေးဖော်ပြခံခဲ့ရသူဖြစ်ပါသည်။ သို့သော် ဇွန်လအတွင်း ၂၂ ရက် ကြာမျှ ၎င်းအမည်သည် People's Daily သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင်ပါဝင်လာခြင်း မရှိသည့်အပြင် ပုံမှန်မြင်တွေ့နေကျ အခြေအနေမှ ရှားရှားပါးပါးကင်းကွာနေခြင်းလည်းဖြစ်ပါသည်။
ဤကာလအတွင်း ဝန်ကြီးချုပ် လီကျန်းနှင့် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်းကဲ့သို့သော အခြား အဆင့် ခေါင်းဆောင်များကသာ အဓိကအစည်းအဝေးများကို တာဝန်ယူခဲ့ကြသည်ကို တွေ့ရှိရပါ သည်။ ရှီကျင့်ဖျင် ၏ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံမှုတွင်လည်း ၎င်းသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး အာရုံစူးစိုက်နိုင်ပုံ မရသည့်အပြင် ပုံမှန်ထက်နည်းပါးသည့် လုံခြုံရေးအဖွဲ့ငယ်ဖြင့်သာ တွေ့မြင်ခဲ့ရပါသည်။ ထို့အပြင် ပုံမှန် မဟုတ်သော ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားတစ်ခု၏ ထုတ်လွှင့်မှုတစ်ခုတွင် ရှီကျင့်ဖျင်၏ တရားဝင်ရာထူးများကို ခေတ္တချန်လှပ်ထားခဲ့သည့် ဖြစ်စဉ် တစ်ခုရှိခဲ့ပြီး ထုတ်လွှင့်မှုအတွင်း အဆိုပါ အမှားကို လျင်မြန်စွာပြန်လည်ပြင်ဆင်ခဲ့သော်လည်း သတိပြုမိခဲ့ကြပါသည်။ ဤကဲ့သို့ သေးငယ်သော်လည်း ပုံမှန်မဟုတ်သော အသေးစိတ်အချက်အလက်များသည် ကွန်မြူနစ်ပါတီအတွင်း တစ်စုံတစ်ရာ မှားယွင်း နေသည် ဟူသော ယူဆချက်ကို ပိုမိုအားကောင်းစေပါသည်။
၂၀၂၃ ခုနှစ်အစောပိုင်းမှစ၍ တရုတ်စစ်တပ်အတွင်း အဓိကပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရ ပါသည်။ ဗိုလ်ချုပ်ကြီး ဟဲဝေတုန်း၊ ဗိုလ်ချုပ်ကြီး မြောင်ဟွာနှင့် ဗိုလ်ချုပ်ကြီး လင်ရှန်းယန် ကဲ့သို့သော အဆင့်မြင့် အရာရှိများကို ဖယ်ရှားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဒုံးတပ်ဖွဲ့နှင့် အနောက်ပိုင်း စစ်ဒေသတို့တွင် လည်း ခေါင်းဆောင်အသစ်များ ခန့်အပ်ထားခဲ့ခြင်း ဖြစ်ပါသည်။
ရှီကျင့်ဖျင်၏မဟာမိတ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားသည် ယခုအခါ စစ်တပ်အတွင်း အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာပုံရပါသည်။ သို့သော် ၎င်းသည် ဟူကျင်းတောင် အပါအဝင် ၎င်းနှင့် ဆက်နွှယ် နေသူများထံမှ ထောက်ခံမှုများရရှိနေပြီး အာဏာချိန်ခွင်လျှာပြောင်းလဲမှု တစ်ရပ်ကို အရိပ်အမြွက် ပြနေသည်ဟု ယူဆရပါသည်။
ရှီကျင့်ဖျင်၏ စစ်တပ်အပေါ်ချုပ်ကိုင်မှုသည် ၎င်း၏ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးအတွက် အဓိကကျခဲ့ပြီး ၎င်း၏သမ္မတသက်တမ်းအစောပိုင်းတွင် သစ္စာစောင့်သိမှုကိုသေချာစေရန် ဗိုလ်ချုပ်များစွာကို ဖြုတ်ထုတ် ရှင်းလင်းခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ “စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများ” ဟု မရေရာသော စွပ်စွဲချက်များဖြင့် ရာထူးမှထုတ်ပယ်ခြင်းများသည် သမ္မတရှီ အနေဖြင့် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်ကြိုးစားနေဆဲ သို့မဟုတ် ထိန်းချုပ်မှုဆုံးရှုံးနေသည်ကို ဆိုလိုခြင်းဖြစ်နိုင်ပါသည်။
ဟူကျင်းတောင်၏ နိုင်ငံရေးမဟာမိတ်အုပ်စုသည် ဩဇာအာဏာပြန်လည်ရရှိလာနေသည့် လက္ခဏာများ တိုးပွားလာနေပါသည်။ ၂၀၂၂ ခုနှစ် ပါတီညီလာခံတွင် ဟူကျင်းတောင်ကို မျှော်လင့်မထားဘဲ အပြင်သို့ ခေါ်ထုတ်သွားခဲ့ခြင်းကို ရှီကျင့်ဖျင်က ၎င်း၏အသာစီးရမှုကို ပြသခြင်းဟု အများကယူဆခဲ့ကြပါသည်။ သို့သော် ဟူကျင်းတောင်၏ မဟာမိတ်များဖြစ်သော ဝမ်ယန် ကဲ့သို့သောသူများ ပြန်လည် ပေါ်ထွက် လာခြင်းသည် ဟူကျင်းတောင်အနေဖြင့် အာဏာပြန်လည် ရရှိလာမှုကို ညွှန်ပြနေပါသည်။
ဟူကျင်းတောင်၏အုပ်စုမှ ပြုပြင်ပြောင်းလဲရေးလိုလားသူခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝမ်ယန်ကို အနာဂတ် ခေါင်းဆောင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဝမ်ယန်သည် ရှီကျင့်ဖျင်၏ တင်းကျပ်သောထိန်းချုပ်မှုနှင့်မတူဘဲ ပိုမိုပွင့်လင်းပြီး ဈေးကွက်ကိုဦးစားပေးသည့် ချဉ်းကပ်မှု ကို ထောက်ခံလိုလားသူဖြစ်ကြောင်း သိရပါသည်။
တရုတ်ပြည်တွင်းရေးပြဿနာများသည် ပိုမိုဆိုးရွားလာနေပုံရပြီး လူငယ်အလုပ်လက်မဲ့နှုန်းသည် ၁၅% ကျော်ရှိနေခြင်းနှင့်အတူ အိမ်ခြံမြေကဏ္ဍသည် ရုန်းကန်နေရကာ နိုင်ငံတော်ကြွေးမြီ ပမာဏသည် ဒေါ်လာ ထရီလီယံ ၅၀ ကျော်လွန်နေပြီဖြစ်ကြောင်း သိရပါသည်။ ဆန္ဒပြမှုများနှင့် မငြိမ်သက်မှုများ တိုးပွား လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်နှင့် တင်းမာမှု များကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလာလျက်ရှိပါသည်။
အဆိုပါပြဿနာများသည် ရှီကျင့်ဖျင်ကို ၎င်း၏နိုင်ငံရေးဦးဆောင်မှုတွင်ပြောင်းလဲရန် တွန်းအား ဖြစ်လာ စေပြီး အချို့လေ့လာသုံးသပ်သူများက ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်တွင် မြင်တွေ့ရမှု နည်းပါးခြင်းသည် ၎င်းအနေဖြင့် ပြည်တွင်းမှဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ အခြားသူများကမူ သမ္မတရှီကျင့်ဖျင်အနေဖြင့် နောက်ကွယ်မှနေ၍ နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကို ဂရုတစိုက်ပြန်လည်ဖွဲ့စည်းနေသည်ဟု ယူဆကြပါသည်။
သို့သော် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော နိုင်ငံရေးစနစ်တွင် ရှီကျင့်ဖျင်သည် အာဏာကို အပြည့်အဝချုပ်ကိုင်ထားဆဲလော သို့မဟုတ် ဘေးဖယ်ခံနေရသလောဆိုသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ပြီး ယခုအချိန်တွင် ၎င်း၏အချိန်ကြာမြင့်စွာပျောက်ကွယ်နေမှုနှင့် ဟူကျင်းတောင်၏မဟာမိတ်များ ရုတ်တရက်ပေါ်ထွက်လာမှုသည် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟူသော ထင်ကြေးပေးမှုများကို အားကောင်းလာစေလျက်ရှိပါသည်။
ကိုးကား- India Today
ပေးပို့သူ- သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး
ယမန်နေ့မှအဆက်
ဝါးပင်ပေါက်များရွှေ့ပြောင်းပျိုးထောင်ခြင်း
မျိုးဖောက်ပေါင်အတွင်း မျိုးဖောက်ထားသောဝါးပင်ငယ်များ အရွက်သုံးရွက်မှလေးရွက်ထွက်ရှိလာချိန် သက်တမ်းအားဖြင့် ရက်သတ္တတစ်ပတ်ခွဲခန့်ရှိ ဝါးပျိုးပင်ငယ်များကို အသင့်ပြင်ဆင်ထားသော ပလတ်စတစ်အိတ်များသို့ရွှေ့ပြောင်း၍ ဆက်လက်ပျိုးထောင်ရမည်။ ယင်းသို့ပျိုးထောင်ချိန်တွင် နေရောင်ခြည်အနည်းငယ်ထားရှိပေးရန်နှင့် အစိုဓာတ်မပြတ်စေရန် ဂရုပြုဆောင်ရွက်ပေးရန် အထူးလိုအပ်သည်။
ဝါးပင်ပိုင်း(ခန္ဓာပိုင်း) မျိုးပွားခြင်း
ဝါးမျိုးများပျိုးထောင်ရာတွင် အဓိကအားဖြင့် လက်တွေ့ဆောင်ရွက်ရာတွင် လွယ်ကူထိရောက်သော ဝါးခန္ဓာပိုင်းမျိုးပွားနည်းစနစ်သုံးနည်းရှိသည်။ ၎င်းတို့မှာ -
(က) ဝါးအမြစ်ဆုံကိုအသုံးပြုမျိုးပွားခြင်း၊
( ခ ) ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်း၊
( ဂ ) ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်းတို့ဖြစ်သည်။
ဝါးအမြစ်ဆုံအသုံးပြု မျိုးပွားခြင်း
ဤနည်းသည် မြန်မာနိုင်ငံတွင် မိရိုးဖလာဝါးပျိုးထောင်စိုက်ပျိုးသော နည်းတစ်နည်းဖြစ်ပြီး ကျေးလက်ဒေသများရှိ ဥယျာဉ်ခြံများ၊ ပုဂ္ဂလိကဝါးစိုက်ခင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးများသည့်နည်းတစ်နည်းဖြစ်ကြောင်းလေ့လာတွေ့ရှိရသည်။ တစ်နှစ်သားဝါး (ဝါးနု)၏ အမြစ်ဆုံအပိုင်းအား မိခင်ဝါးရုံမှ စနစ်တကျဖြတ်တောက်ယူ၍ ပျိုးထောင်စိုက်ပျိုးသောနည်းဖြစ်သည်။ ဤနည်းဖြင့် ပျိုးထောင်စိုက်ပျိုးပါက သုံးနှစ်မှလေးနှစ်အတွင်း ဝါးထုတ်ယူနိုင်သည့် ဝါးရုံအဆင့်သို့ရောက်ရှိနိုင်သည်။ ဤနည်းဖြင့် ဧရိယာကျယ်ပြန့်သော ဝါးစိုက်ခင်းတည်ထောင်ရန် မျိုးပင်အရေအတွက် အလုံအလောက်ရရှိရန် အခက်အခဲရှိနိုင်သည်။ ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း တစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအား ဝါးရုံမှမျှစ်မထွက်မီ မိုးကြိုကာလ ဧပြီလနှင့်မေလတို့တွင် စုဆောင်းပျိုးထောင်သင့်သည်။
အမြစ်ဆုံဖြင့် ပျိုးထောင်မျိုးပွားရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့် အမြစ်ဆုံဖြတ်ပိုင်းပျိုးပင်ကို ပျိုးထောင်နိုင်မည်ဖြစ်သည်-
- အမြစ်ဆုံယူမည့် မိခင်ဝါးပင်၏ အသက်သည် တစ်နှစ်သားဖြစ်ရမည်။
- တူးယူဖြတ်တောက်ရာတွင် တစ်နှစ်သားဝါးပင်အမြစ်ဆုံအား နှစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအခြေနှင့်ဆက်နေသည့်လည်တိုင်အား သေချာကြည့်၍ ဂရုပြုဖြတ်တောက်ရမည်။
- တူးယူသည့်အခါ အမြစ်ဆုံရှိ ဘေးမျက်စိများမပျက်စီးရန်နှင့် အမြစ်ခေါင်းကွဲအက်ပျက်စီးမှုမရှိစေရန် ဂရုပြုတူးယူရမည်။
- ဖြတ်တောက်ယူထားသော အမြစ်ဆုံများအား သယ်ဆောင်ရန်အတွက် ရေစိုအဝတ်ဖြင့် အုပ်ခြင်း သို့မဟုတ် ရေမပြတ်စွတ်ပေးရန်လိုအပ်သည်။
- အမြစ်ဆုံကို မိုးမကျမီ ကဆုန်လ (ဇွန်လ)တွင် တိုက်ရိုက်မြေချစိုက်ပျိုး၍သော်လည်းကောင်း၊ ပျိုးအိတ်ကြီးများတွင်လည်းကောင်း ၄၅ ဒီဂရီခန့် ခပ်စောင်းစောင်း သို့မဟုတ် ထောင်မတ်သည့်အနေအထားဖြင့် လှုပ်နိုင်ရန် တန်းတွင်ခိုင်မြဲစွာချည်နှောင်၍ ပျိုးထောင်စိုက်ပျိုးပေးရသည်။
- စိုက်ပျိုးပြီးပါက တစ်နေ့ ရေနှစ်ကြိမ်မှန်မှန်လောင်းပေးရမည်။ ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်းဤနည်းသည် ဘေးကိုင်းတက်ထွက်သော ဝါးမျိုးများအတွက် သင့်လျော်သော မျိုးပွားနည်းတစ်မျိုးဖြစ်သည်။ ဝါးလုံးတစ်လျှောက်ရှိ ဝါးအဆစ်များမှထွက်နေသော ကိုင်းတက်များ၏အောက်ခြေမှ မြေထုပ်စည်း၍ ဝါးပင်သစ်တစ်ပင်ရရှိအောင် မျိုးပွားသောနည်းဖြစ်သည်။
ဤနည်းသည် မျိုးပွားမည့် ဘေးကိုင်းတက်များကို မိခင်ဝါးရုံမှဖြတ်တောက်ခြင်းမပြုဘဲ ဘေးကိုင်းတက်အား အပင်သစ်တစ်ပင်အဖြစ် ရှင်သန်စေသောကြောင့် ရှင်သန်မှုနှုန်းကောင်းသည်ကိုတွေ့ရှိရသည်။ အရွယ်ညီ ဝါးပျိုးပင်များရရှိနိုင်ပြီး ပျိုးပင်အရေအတွက်များများကို ကုန်ကျစရိတ်နည်းနည်းဖြင့် ပျိုးထောင်နိုင်သည့်နည်းဖြစ်သည်။
ဘေးကိုင်းတက်မရှိသော ဝါးမျိုးများအတွက် သင့်လျော်မှုမရှိပေ (ဥပမာ ထီးရိုးဝါး)။ ခြောက်သွေ့သောရာသီတွင်လည်း ဆောင်ရွက်နိုင်သည်။ မတ်လနှင့်ဧပြီလတို့တွင် မြေထုပ်အား အစိုဓာတ်မပြတ်စေရန်လိုအပ်သည်။ မြေထုပ်စည်းပြီး တစ်လအကြာတွင် အမြစ်များဖွံ့ဖြိုးနိုင်သည်။ နောက် သုံးလမှလေးလကြာပါက အမြစ်များကောင်းစွာဖွံ့ဖြိုးနိုင်သည်။
အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဘေးကိုင်းတက်ပျိုးပင်များကို မိခင်ဝါးပင်မှ ဂရုတစိုက်ဖြတ်တောက်ယူ၍ မြေဆွေး၊ နွားချေး၊ ဖွဲပြာအား (၅:၃:၂) အတိုင်းရောစပ်အသင့်ပြင်ဆင်ထားသည့် ပျိုးအိတ်များအတွင်း ပြောင်းရွှေ့ ပျိုးထောင်စိုက်ပျိုးနိုင်သည်။ မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့်ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး လေးနှစ်မှငါးနှစ်ကျော်သည့်အချိန်တွင် ဝါးရင့်များ စတင်ခုတ်ယူနိုင်မည်ဖြစ်သည်။
ဘေးကိုင်းတက်မြေထုပ်စည်းခြင်းတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့် ဘေးကိုင်းတက်မြေထုပ်စည်းဝါးပျိုးပင်ကို ပျိုးထောင်နိုင်မည်ဖြစ်သည်-
- ဘေးကိုင်းတက်မြေထုပ်စည်းမည့်မိခင်ဝါးပင်သည် တစ်နှစ်သားဖြစ်ရမည်။
- မြေထုပ်စည်းမည့် ဘေးကိုင်းတက်၏အမြစ်ခေါင်းအား ထိခိုက်မှုမရှိစေရန် မိခင်ဝါးပင်နှင့်ဆက်စပ်နေသည့် အဆစ်အပေါ်ပိုင်းမှ အသားအနည်းငယ်ချန်၍ သံဖြတ်လွှဖြင့် တည်းတည်းဖြတ်ထားပေးရမည်။
- ဝါးပင်၏ အလယ်ပိုင်းရှိ ဘေးကိုင်းတက်များကို မြေထုပ်စည်းရန် ရွေးချယ်ရမည်။ ဝါးလုံး၏ အရင်းပိုင်းနှင့်အဖျားပိုင်းရှိ ဘေးကိုင်းတက်များအား မရွေးချယ်ရပါ။
- မြေထုပ်စည်းမည့် ဘေးကိုင်းတက်အထက်တွင် ဆစ်ကြားသုံးဆစ်မှလေးဆစ်ခန့်ချန်ထား၍ ကျန်အပေါ်ပိုင်းအားလုံး ဖြတ်တောက်ရမည်။
- မြေထုပ်တွင်ထည့်မည့် အုန်းဆန်မှုန့်၊ မြေဆွေးနှင့် ဖွဲပြာတို့ကို ဆတူရော၍ သမအောင်မွှေပြီး ရေဖြင့်ကြိုတင်နှပ်၍ စပ်မြေပြင်ဆင်ထားရမည်။
- ဘေးကိုင်းတက်အောက်ခြေတွင် မြေထုပ်စည်းရန် ၉ လက်မ ပတ်လည်ပလတ်စတစ်ထား၍ အတွင်းသို့ အသင့်စပ်ထားသော စပ်မြေထည့်ပြီးပါက အစိုဓာတ်မပြတ်စေရန် သေချာစွာကြိုးဖြင့် တင်းတင်းချည်နှောင်ပေးရမည်။
- မြေထုပ်စည်းအား ရေအစိုဓာတ်မပြတ်ရှိနေစေရန် ဂရုပြုဆောင်ရွက်ရမည်။
ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်း
ဤမျိုးပွားနည်းသည် နှစ်နှစ်သားသက်တမ်းရှိ ဝါးပင်များ၏အလယ်ပိုင်းရှိ အဆစ်များကို (တစ်ဆစ်၊ နှစ်ဆစ်) ဖြတ်တောက်၍ မြေတွင်မြှုပ်၍ အဆစ်ရှိဘေးဖူးများမှ ဝါးပင်သစ်များအဖြစ် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်သောနည်းဖြစ်သည်။ ဤမျိုးပွားနည်းသည် လုပ်ဆောင်ရလွယ်ကူပြီး လုပ်အားသက်သာကာ သယ်ယူပို့ဆောင်ရာတွင်လည်းလွယ်ကူမှုရှိသည်။
ဤနည်းကို ဘေးကိုင်းတက်မထွက်သောဝါးမျိုးများ မျိုးပွားရယူရန် အသုံးပြုနိုင်သည်။ အသားပါးသော ဝါးမျိုးများအတွက် အဆစ်ဘေးဖူးမှ ရွက်ညွန့်နှင့် အမြစ်ထွက်ရှိရန်အားနည်းသည်။ ပျိုးထောင်ထားသောအဆစ်ပိုင်းများမှ တစ်လအတွင်း အညွန့်များထွက်၍ အမြစ်ထွက်ရန် တစ်လခွဲမှ သုံးလခန့် ကြာမြင့်တတ်သည်။ အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဝါးဆစ်ပိုင်းပျိုးပင်များကို မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်သည်။ ဤနည်းဖြင့် ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး ငါးနှစ်မှခြောက်နှစ်ကျော်သည့်အချိန်မှ ဝါးရင့်များစတင်ခုတ်ယူနိုင်မည်ဖြစ်သည်။
ဝါးအဆစ်ဖြတ်ပိုင်းဖြင့် ပျိုးထောင်ရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ပါက ဝါးအဆစ်ဖြတ်ပိုင်းပျိုးပင်များ ပျိုးထောင်နိုင်မည်ဖြစ်သည်-
- တစ်နှစ်/တစ်နှစ်ခွဲ သက်တမ်းရှိ ဝါးပင်(မိခင်ပင်)၏အလယ်ပိုင်းရှိ ဝါးအဆစ်ပိုင်းများကို အသုံးပြုရသည်။ အဖျားပိုင်းနှင့်အရင်းပိုင်းမှ အဆစ်များမရွေးချယ်ရပါ။
- ဖြတ်တောက်ပြီးအဆစ်ပိုင်းများကို ပျိုးထောင်မည့်နေရာသို့ သယ်ဆောင်ရာတွင် ရေစိုဝတ်ဖြင့် ပတ်ထားရန်လိုအပ်မည်။
- အဆစ်နှစ်ဆစ်ကြား အလယ်တွင် အပေါက်ဖောက်၍ ရေ သို့မဟုတ် အပင်အားဆေးရည်ထည့်၍ ပျိုးထောင်ရသည်။
- မြေကြီးတွင် ဝါးအဆစ်များမြုပ်ရုံအနက်ထား၍ အပေါ်မှ ကောက်ရိုးများဖုံး၍ တစ်နေ့ရေနှစ်ကြိမ်လောင်းပေးရသည်။
- ရက်သတ္တနှစ်ပတ်ခန့်တွင် အညွန့်နှင့်အရွက်များထွက်လာပြီး တစ်လခန့်ကြာသော် အမြစ်ကောင်းစွာဖွံ့ဖြိုးလာပြီး ဝါးပျိုးပင်ငယ်များရရှိပြီး ပျိုးအိတ်တွင် သို့မဟုတ် မြေချ စိုက်ပျိုးနိုင်မည်ဖြစ်သည်။
ဝါးပျိုးထောင်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ
အောက်ပါအဓိကအချက်များကို လိုက်နာဆောင်ရွက်ပါက ဝါးမျိုးပွားပျိုးထောင်စိုက်ပျိုးခြင်းကို ကောင်းစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်-
- (ပျိုးထောင်ချိန်) ဝါးမျိုးပွားခြင်းကို ပွင့်လင်းရာသီ (ဝါးမြေအောက်ပင်စည်ပိုင်း နိုးကြားနေချိန်) ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်ပါ။
- (ဝါးပင်အသက်) ဝါးမျိုးပွားနည်းအလိုက် ရှိသင့်သည့် မိခင်ဝါးပင်၏အသက်ကို (သတ်မှတ် အသက်ထက်မကျော်ရန်) ဂရုပြုရွေးချယ်ပါ။
- (ရှင်သန်ခြင်း) ပျိုးထောင်သည့် ဝါးပင်သည် အညွန့်ထွက်ရုံဖြင့် ရှင်သန်သည်ဟု မဆိုနိုင်ပါ။ မြေအောက်အမြစ်ဆုံ၊ အဆစ်ဘေးမျက်စိဖူးများမှ (မျှစ်) ဝါးပင်ငယ်ထွက်လာမှသာ ရှင်သန်သည်ဟု ဆိုနိုင်သည်။ ဝါးအား ခန္ဓာပိုင်းမျိုးပွားခြင်းဆောင်ရွက်ရာတွင် ပျိုးပင်များမှ အပင်သစ် (မျှစ်) ထွက်ရှိအောင် ရေမှန်မှန်လောင်းပေးခြင်း၊ စိုထိုင်းဆရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အရိပ်စင် ပြုလုပ်ပေးခြင်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
- ပျိုးထောင်စိုက်ပျိုးချိန်မှန်ကန်ရန် ဝါးပျိုးပင်များကို ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း ကဆုန်လ (ဇွန်လ) ထက် နောက်မကျစေဘဲ ပျိုးထောင်စိုက်ပျိုးသင့်သည်။
- ပျိုးထောင်ထားသော ဝါးပျိုးပင်များ ကောင်းမွန်စွာရှင်သန်နိုင်ရန် ရေလောင်းပေါင်းသင်ခြင်း၊ လိုအပ်ပါကမြေဩဇာကျွေးခြင်း၊ ပိုးမွှားရောဂါဒဏ်ကာကွယ်ခြင်းများ စသည့်ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဝါးသယံဇာတသည် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သော ကျေးလက်နေပြည်သူများအတွက်အရေးကြီးသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ယခုအခါ ဝါးအခြေခံအသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ ဝါးသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရန်မှာ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ပါ၍ သဘာဝဝါးတောများ ပြုစုထိန်းသိမ်းခြင်း၊ ပုဂ္ဂလိကဝါးစိုက်ခင်းများတည်ထောင်ထုတ်လုပ်ခြင်း၊ စနစ်တကျဝါးနှင့်မျှစ်ထုတ်ယူခြင်းဆောင်ရွက်ခြင်း၊ ဝါးအခြေပြုစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ဝါးနှင့်ပတ်သက်သည့်အခန်းကဏ္ဍသည်လည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးလျက်ရှိသဖြင့် ဝါးအခြေပြုအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား မြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးသည် ဝါးပျိုးထောင် စိုက်ပျိုးထုတ်လုပ် လိုသူများအတွက် အထောက်အကူပြုနိုင်မည်ဟုယုံကြည်မိပါသည်။ ။







ဥစ္စာမကြွယ် ဂျင်ဂလယ်နိုင်ငံငယ်လေးများ မှတ်မှတ်သားသားရှိကြပါကုန်။
နယူးယောက် ဆင်စွယ်နန်းတော်ကြီးထိပ်မှာထိုင်နေတဲ့ ထွေချုပ်ကြီးဆိုသူဟာ အန်ကယ်ဆမ်ကြီးက ဘတ်ဂျက်ဖြတ်တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို ကြီးကြီးမားမား (အားလုံးတံခါးပိတ်လက်သိပ်ထိုးဗျို့) လုပ်နေပါတယ်ဆိုရင်းနဲ့ သူ့လူတွေ(သောက်ဖော်သောက်ဖက် အပေါင်းအသင်းရိုးရင်းတွေ)ကို ရာထူးတိုးပေးနေတယ်ဆိုတာ လူတွေကြားမှာ ပေါ်တင်ကြီးပေါ်ပေါ်ထင်ထင်ဖြစ်လာနေပါပြီ။ ဒီရာထူးတိုးပေးတာတွေ အားလုံးကလည်း ရာထူးနေရာလစ်လပ်ကြောင်း တရားဝင်ကြေညာတာမျိုးမရှိဘဲ လုပ်နေတာပါ။ “ပွင့်လင်းမြင်သာမှု”၊ “ဒီမိုကရေစီလုပ်ထုံးလုပ်နည်း”ဆိုတာတွေကို တွင်တွင် ဟောပြောနေတဲ့သူတွေ သူတို့အကျိုးစီးပွားနဲ့ယှဉ်လာတော့ ဘာလုပ်ထုံးလုပ်နည်းမှမရှိတော့ပါဘူး။
ဒီရာထူးတိုးကိစ္စတွေအားလုံးကို အန်ကယ်ကြီးသတိပြုမိပါစေလို့ပဲ မျှော်လင့်ကြပါစို့ရဲ့။ ဒီရာထူးတိုး ဆိုတာတွေမှာ ငွေရေးကြေးရေးတွေ ပါဝင်နေတာလေ။ ဟိုနေရာ ၂၀ ရာခိုင်နှုန်းဖြတ်၊ ဒီနေရာ ၂၀ ရာခိုင်နှုန်း ဖြတ်လုပ်နေတယ်ဆိုပြီး ပြောနေချိန်မှာပဲ သူ့လူရင်းတွေကတော့စားလို့ဝါးလို့ပေါ့။ ဘာမှမပြောင်းလဲသေးဘူးဆိုတာကို အန်ကယ်ကြီးသတိထားမိပါစေလို့ ဆုတောင်းရမှာပါပဲ။ “ပြုပြင်ပြောင်းလဲရေး”ဆိုပြီး ပြောနေသမျှဟာတွေက ပုံပျက်ပန်းပျက်နိုင်တဲ့ ပြက်လုံးတွေသက်သက်ပါပဲ။
ဒေသတွင်းကို ပြန်ကြည့်။
“ထွေချုပ်ကြီး”ကို လက်တို့သတိပေးကြစို့ရဲ့။ အရှေ့တောင်အာရှမှာ နိုင်ငံတစ်နိုင်ငံတည်းသာမက ရှိနေတယ်ဆိုတာ။ ဘာလို့လဲဆိုတော့ သူနဲ့သူ့နောက်မြီးဆွဲတွေက မြန်မာလို့ခေါ်တဲ့ သူတို့ထိုးနေကျဖွဲအိတ် နိုင်ငံလေးတစ်နိုင်ငံတည်းနဲ့ပဲ အမြဲအလုပ်ရှုပ်နေကြလို့ပါ။ ဒေသတွင်းတခြားနေရာတွေမှာ အခြေအနေတွေကမကောင်းပါဘူး။ နယ်စပ်ဖြတ်ကျော် ပဋိပက္ခတွေဖြစ်လာနိုင်ခြေရှိနေပြီး ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေလည်းရှိလာနိုင်ပါတယ်။ နယ်စပ်တွေပိတ်ထားတယ်။ တင်းမာမှုတွေမြင့်တက်နေတယ်။ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှာလည်း အခြေအနေတွေမကောင်းပါဘူး။ နိုင်ငံရေးပဋိပက္ခတွေ၊ အချင်းချင်းအာဏာလုပွဲတွေ (Game of Thrones!!!) ပိုပြီးဆိုးလာတယ်။ ဒီဒေသတွင်းက လတ်တလာဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ထွေချုပ်ကြီးနဲ့ သူ့ရဲ့နောက်မြီးဆွဲတွေဆီက ဘာများကြားမိကြလဲ။ “နိုး” ပါ။
သူတို့စိတ်ထဲမှာ မြန်မာတစ်နိုင်ငံတည်းကိုပဲ ပုံမှန်အတိုင်းအာရုံစိုက်နေကြတာလား။ သူတို့က စက်တင်ဘာလ ၃၀ ရက်နေ့မှာလုပ်မယ့် မြန်မာ့အရေးအသုံးမကျတဲ့ လေပန်းပွဲအတွက် ပြင်ဆင်နေတာများလား။ အချိန်ကုန်တဲ့ဆွေးနွေးပွဲလား။ လေကြီးမိုးကြီးရွာနေပြီး ဘာမှအကျိုးထွက်မလာနိုင်ဘူး။ ဒီလူတွေ ကပေါက်တိ ကပေါက်ချာနိုင်လိုက်တာ။ ကမ္ဘာတစ်ဝန်းကလူတွေ၊ အထူးသဖြင့် အခွင့်အရေးမဲ့သူတွေနဲ့ ထိခိုက်လွယ်သူတွေရဲ့ကောင်းကျိုးကို လုပ်ပေးနေတယ်လို့ထင်ရတဲ့ ဒီလူတွေဒီလိုဖြစ် နေတာဝမ်းနည်းစရာပဲ။ မျှော်လင့်စရာမရှိတော့ပါဘူး။
သူ့ရဲ့သက်တမ်း ၉ နှစ်မြောက်မှာ ထွေချုပ်ကြီးရဲ့ ကော့စ်ဘဇားကို ဓာတ်ပုံရိုက်ဖို့ သက်သက်သွားခဲ့တဲ့ ခရီးစဉ်ကို ပြန်သတိရကြဦးမလား။ အဲဒီတုန်းက ဘယ်လောက်တောင် ဂရုစိုက်သယောင်ယောင်၊ သနားသယောင်ယောင်လုပ်သွားခဲ့လဲနော်။
အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ ထွေချုပ်ကြီးက ကမ္ဘာကြီးရဲ့ကောင်းကင်အောက်မှာရှိတဲ့ အရာအားလုံးကို “အမိန့်ပေးတောင်းဆို” နေတာပဲ။ သူ့ရဲ့မိန့်ခွန်းတွေမှာလည်း “လုပ်ရမယ်”ဆိုတဲ့ စကားလုံးတွေနဲ့အပြည့်ပဲ။ ဒါလုပ်ရမယ်၊ ဟိုဟာလုပ်ရမယ်နဲ့။ မြတ်-စွာ-ဘုရား။ သူ့စကားကိုနားထောင်တဲ့သူရှိလို့လား။ ထွေချုပ်ကြီးက တန်းတူညီမျှရေးကို ဟောပြောရတာကြိုက်တယ်။ အဲဒီရှုထောင့်ကနေကြည့်ရင်ကြီးတဲ့ သူတွေကသူ့စကားကို နားမထောင်ဘူးဆိုရင် သေးတဲ့သူတွေအရေးမှာလည်း သူပါဝင်စွက်ဖက်ခွင့်မရှိပါစေနဲ့ပေါ့။ သူ့ကိုရော သူ့ရဲ့ နောက်မြီးဆွဲတွေကိုရော အဝေးမှာပဲခေါက်ထားလိုက်ပါ။
ထွေချုပ်ကြီးက လာမယ့်နှစ်မှာ ရာထူးကထွက်တော့မယ်။ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူက ဟန်ဆောင်မှုများတဲ့သူ၊ ကိုယ့်အကျိုးစီးပွားကြည့်တဲ့သူ၊ အကျင့်သိက္ခာမရှိဘဲ ရှိဟန်ဆောင်သူ၊ သူတော်ကောင်းယောင်ဆောင်တဲ့သူမဖြစ်ပါစေနဲ့လို့ မျှော်လင့်ကြရတော့မှာပဲ။ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲ မှုတွေကို ပိုအာရုံစိုက်မယ့်သူဖြစ်ပါစေလို့ မျှော်လင့်နေကြပါတယ်။
ကမ္ဘာကြီးမှာ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက်အခွင့်အရေးရှိနိုင်ကောင်းပါရဲ့။ ။
(၁ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ The Rot ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
အနံ့အရသာနှင့်ပြည့်စုံသောဒူးရင်းပင်၏ဌာနေဒေသမှာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒူးရင်းပင်မျိုးစိတ်ပေါင်း ၃၀ ရှိရာ ယင်းတို့အနက် ကိုးမျိုးသာစား၍ရသည်။ အပင်စိုက်ပြီး လေးနှစ်၊ ငါးနှစ်ခန့်အကြာတွင် စတင် အသီးသီးလေ့ရှိသည်။ အသီးမှည့်၍ နှစ်ရက်မှ လေးရက်အကြာတွင်သူ့အလိုလို အပင်ပေါ်မှကြွေကျတတ်သည်။ အဆူးမာအခွံများ၏အန္တရာယ်ကြောင့် ဒူးရင်းသီးများရင့်မှည့်သောရာသီရောက်ပါက အပင်အောက်မှသတိထားပြီးဖြတ်သန်းသွားလာသင့်သည်။ ခူးဆွတ်ပြီးငါးရက်မှ ခြောက်ရက်အတွင်း စားသုံးပါက အရသာပိုရှိသည်။ဒူးရင်းသီး၏ထူးခြားသောအရသာကြောင့်အရှေ့တောင်အာရှနိုင်ငံများ၌ ဒူးရင်းသီးကို အသီးမှာဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။
ဒူးရင်းသီး၏ထူးခြားချက်မှာ ညဘက်တွင် အပင်ပေါ်မှကြွေကျလေ့ရှိပြီး အပွင့်မှာလည်း ညဘက်မှသာ ကြွေကျလေ့ရှိသည်။ ဒူးရင်းသီးမှာ အဝါရောင်သန်းနေပြီး လက်ဖြင့်ပုတ်ကြည့်၍ ခပ်အုပ်အုပ်အသံထွက်ပါက ကောင်းသော၊ အသားပြည့်သော အသီးဖြစ်သည်။ ခဲရောင်သန်းနေပြီး လက်ဖြင့်ပုတ်ကြည့်၍ ဂလိုင်သံထွက်လာပါက ထိုအသီးထဲရှိအမြွှာမှာ ချောင်နေပြီး အသားမှာ မာဆတ်ဆတ်ဖြစ်သည်။ မွန်ပြည်နယ် ရေးမြို့မှထွက်သော ဒူးရင်းသီးသည် နာမည်ကျော်ကြားလှပြီး ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှလည်း ဒူးရင်းသီးထွက်ရှိသည်။
ဒူးရင်းသီးနှင့်ကျန်းမာရေး
-၁၀၀ ဂရမ် (သုံးမြွှာခန့်) အလေးချိန်ရှိသော ဒူးရင်းသီးတွင် ကယ်လိုရီ ၁၄၇၊ ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၅ ဂရမ်၊ အဆီဓာတ် ၅ ဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၃၆ မီလီဂရမ်တို့ အသီးသီးပါရှိသည်။
-ဒူးရင်းသီးအနှစ်သားသည် ပရိုတင်းဓာတ်ကြွယ်ဝရုံသာမက လူသားတို့ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့် သတ္တုဓာတ် ၁၇ မျိုး ပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့်ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။
-ဒူးရင်းသီးအနှစ်သားထဲတွင်သဘာဝသကြားဓာတ်ပါရှိကာ အလွန်နူးညံ့ပြီး အစာကြေ လွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေး ငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးနိုင် သည်။
-ဒူးရင်းသီးတွင်ပါရှိသောသံဓာတ်နှင့်ဖော့စဖရပ်စ်တို့သည် ငှက်ပျောသီးတွင်ပါဝင်မှုထက် ၁၀ ဆကျော်ပိုများသဖြင့် ကလေးမီးဖွားပြီးစမိခင်များအနေဖြင့်ဒူးရင်းသီးစားသုံးနိုင်သည်။ ထို့ပြင် အခွံကိုမီးမြှိုက်၍ အခွံအတွင်းသားအမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။
-အသီးထဲတွင်ပါဝင်သောအဆီဓာတ်သည် တခြားအသီးအနှံများထက် အဆီဓာတ်ပါဝင်မှု မြင့်မားသော်လည်း ကိုလက်စထရောကင်းသော အဆီဓာတ်ဖြစ်သည်။
-အစာကြေလွယ်သော အမျှင်ဓာတ်များ ပေါကြွယ်ဝသောကြောင့် ဝမ်းပျော့စေပြီး အူသိမ်၊ အူမထဲရှိ အရိအရွဲများကိုလျော့စေကာ အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ဝမ်းချုပ်ပါက ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ဝမ်းဗိုက်ကို ပွတ်တိုက်ပေးနိုင်သည်။
-ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်-B ဓာတ်ပေါင်းစုများ ကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မားကာ ပြင်ပရောဂါများကို အလွယ်တကူမကူးစက်နိုင်အောင် တိုက်ထုတ်ပေးသည်။
-ဒူးရင်းသီးသာမက အမြစ်နှင့်အရွက်တို့ကိုလည်း တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါကုထုံးများတွင် အသုံးပြုလေ့ရှိသည်။
-သွေးသန့်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး သံဓာတ်နှင့်ဖောလစ်အက်စစ်တို့ကြွယ်ဝသဖြင့်သွေးအားနည်းရောဂါကိုမဖြစ်စေနိုင်ပါ။
-ဒူးရင်းသီးထဲတွင်နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးနိုင်သည့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါရှိသည်။
-ဦးခေါင်းပေါ်ရှိဒက်နှင့်အရေပြားပေါ်ရှိ ပွေးကွက်များအတွက် ဒူးရင်းအရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင်သည်။
-ကော့ပါးဓာတ်ပါရှိသဖြင့် သိုင်းရွိုက်(လည်ပင်းအကျိတ်)ဝေဒနာများကို ကောင်းကျိုးပြုသည်။
-ပရိုတင်းဓာတ်ကြွယ်၀မှုကြောင့် ကြွက်သားများ ကောင်းမွန်စွာတည်ဆောက်မှုကိုအထောက်အကူပြုပေးသည်။
-ဒူးရင်းသီးသည် သွေးလည်ပတ်မှုကိုအားပေးသည်။
-အသီးထဲတွင် မဂ္ဂနီဆီယမ်၊ ဗီတာမင်-Bနှင့် ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးနှင့်အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာပံ့ပိုးပေးသည်။
-ခြေသည်း၊ လက်သည်းများ မှိုပိုးစွဲခြင်းအတွက် ဒူးရင်းပင်အမြစ်က ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။
-မဂ္ဂနိစ်ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်အောင်ထိန်းချုပ်ပေးသည်။
-မီးစုန်းဓာတ်ပါရှိသဖြင့် သွားနှင့်သွားဖုံးကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။
-ဒူးရင်းသီးအခွံကို ခုတင်အောက်၌ထားခြင်းဖြင့်ကြမ်းပိုးနှင့် ခြင်အန္တရာယ်တို့မှကင်းဝေးစေသည်။
-Pyridoxine (ခေါ်) ဗီတာမင်-B6 နှင့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သော Tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ပြေပျောက်စေကာ အိပ်မောကျစေ၍ ဉာဏ်ရည်တိုးတက်ကောင်းမွန်စေသည်။
- Riboflavin (ခေါ်) ဗီတာမင်-B2 ပါရှိသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသည်။
-သီအာမင်နှင့် နီအာစင်းဓာတ်များ ပါရှိသောကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ စိတ်ကျေနပ်မှုရစေ၍ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသည်။
-ဓာတ်ခွဲစမ်းသပ်ချက်များအရ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဗီတာမင်-C (RDA)ရာခိုင်နှုန်းအပြည့်အဝပါရှိသဖြင့်ခန္ဓာကိုယ်အတွက် မလိုလားအပ်သော Free Radicals များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါများကို ကာကွယ်ပေးကြောင်း၊ထိခိုက်ဒဏ်ရာများ အနာကျက်လွယ်စေကာ အရေပြားကိုကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာသိရှိရသည်။
- ဒူးရင်းသီးတွင်ပါရှိသော သဘာဝ Tryptophan ဓာတ်က လူ့ခန္ဓာကိုယ်ထဲရောက်သွားသောအခါ Serotonin အဖြစ်အလိုအလျောက်ဓာတ်ပြောင်းလဲသွားပြီး သွေးထဲသို့ Melatonin ထွက်ရှိစေသဖြင့် အိပ်ပျော်စေသည်။
ဒူးရင်းသီးစားလျှင် သတိယှဉ်
ဒူးရင်းသီးကအထက်ဖော်ပြပါကျန်းမာရေးအာနိသင်များကိုပေးစွမ်းနိုင်သော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ်ပြီး စားသုံးသင့်သည်။
-ဒူးရင်းသီးမစားသုံးမီနှင့်စားသုံးပြီးနောက် အရက်၊ ဘီယာ၊ ဝိုင် စသည့် အယ်လ်ကိုဟောပါဝင်သောအရည်များ သောက်သုံးခြင်းကို အထူး ရှောင်ကြဉ်သင့်သည်။ တွဲဖက်စားသုံးခြင်းအားဖြင့် အူချဉ်နာ၊ လေထိုးလေအောင့်နာ၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်စေနိုင်သည်။
- သွေးတိုးရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ အခန့်မသင့်ပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ (ထိုင်းနိုင်ငံတွင် ဒူးရင်းသီးစားသုံးပြီးနောက် ရှစ်နာရီအတွင်း နို့ထွက်ပစ္စည်းများကို မစားသုံးရန် တိုက်တွန်း ထားကြောင်း သိရသည်။)
-ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းက အပူစာနှစ်မျိုးကို တစ်ပြိုင်နက်တည်း စားသုံးသကဲ့သို့ ဖြစ်စေကာ အပူများပြီး လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းကို ဖြစ်စေနိုင်သည်။
-ဒူးရင်းသီးနှင့်ကဏန်းတွဲဖက်စားသုံးခြင်းက အပူစာနှင့်အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်၍ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့်ဗိုက်အောင့်၊ဗိုက်နာခြင်း ဖြစ်စေနိုင်သည်။
-အမဲသား၊ ဆိတ်သား၊ မှိုကဲ့သို့ အပူစာများနှင့် ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းက အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်သည်။
-ကဖင်းဓာတ်ကြွယ်ဝစွာပါရှိသော ကော်ဖီနှင့် ဒူးရင်းသီးတွဲဖက်စားသုံးခြင်းကရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဦးခေါင်း အလွန်အမင်းကိုက်ခဲခြင်းတို့ ဖြစ်စေနိုင်သည်။
-ဒူးရင်းသီးစားပြီးနောက် လိုက်ချီးသီးမစားပါနှင့်။အသက်အန္တရာယ်ဖြစ်စေတတ်သည်။
-ဒူးရင်းသီးက အပူဓာတ်ဖြစ်ကာ သကြားဓာတ်အမြောက်အမြားပါရှိသည့်အတွက် အဝလွန်ရောဂါရှိသူများ၊ ကိုယ်အလေးချိန်တက်သူများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ဆီးချိုရောဂါရှိသူများ မစားသင့်ပေ။
-ပိုတက်ဆီယမ်ဓာတ် အလွန်မြင့်မားစွာပါဝင်သဖြင့် နာတာရှည်ကျောက်ကပ်မကောင်းသူများနှင့် နှလုံးရောဂါရှိသူများ စားသုံးရန်မသင့်ပေ။
- အစာအိမ်မကောင်းသူများ၊ အသည်းရောဂါနှင့် သွေးတိုးရောဂါရှိသူများ ဒူးရင်းသီးစားရန် မသင့်ပေ။ အစာကြေရန် ခက်ခဲခြင်း၊ ဝမ်းတွင်း အပူရှိန်မြင့်တက်စေခြင်းဖြစ်နိုင်သည်။ဒူးရင်းသီးစားသုံးပြီးချိန်ရေ အမြောက်အမြား သောက်သုံးပေးသင့်သည်။ အပူစင်စေရန် ဒူးရင်းသီးစားပြီးနောက် မင်းကွတ်သီး အနည်းငယ်စားပေးသင့်သည်။ နာနတ်သီးစားပေးခြင်းဖြင့် အပူမကန်နိုင်ပါ။
ဒူးရင်းသီးကောင်းကောင်း ရွေးချယ်နည်း
အနံ့အရသာနှင့်ပြည့်စုံသော ဒူးရင်းသီးတစ်လုံး ရရှိရန် ဒူးရင်းသီး၏အဆူးများသည် တိုနေရပါမည်။ ဆူးလိုင်းများ ကျဲနေရမည်။ အသီးအညှာသည် ဖြောင့်တန်းနေရပါမည်။ အသီးကို နမ်းကြည့်ပြီးမှည့် ၊မမှည့် လွယ်ကူစွာသိရှိနိုင်သည်။ ဒူးရင်းသီးကို လှုပ်ခါကြည့်ပါ။ မှည့်သောအသီးက မသိမသာ အတွင်းအဆန် ချောင်နေပါသည်။ ထိပ်ပွင့်နေသော အသီးကို မဝယ်သင့်ပါ၊ အနံ့အရသာ မကောင်း တတ်ပေ။ အလွှာအကန့်များသောအသီးကို ရွေးချယ်ပါ။ အလွှာအကန့်များလေ ဒူးရင်းသီးအနှစ် ပါဝင်မှုများလေဖြစ်သည်။ အလုံးဝိုင်းဝိုင်း အောက်ခြေဖင်ပြားပြားအသီးကိုရွေးပါ။ အသားပြည့် မည်ဖြစ်သည်။ ဒူးရင်းသီးသည် အကျိုးပြုဓာတ်များစွာပါဝင်သဖြင့် ကျန်းမာရေးအတွက် အထောက် အကူပြုသော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ် စားသုံးသင့် ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
MWD Web Portal
Photo - Quill and Pad
ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို ငွေရောင်ဆူနာမီလှိုင်းများ (Silver Tsunami) ဟု ရည်ညွှန်းခေါ်ဆိုလာခြင်း ဖြစ်ပါသည်။
ယင်းအသက်အရွယ်အပိုင်းအခြား ပမာဏကြီးထွားပြောင်းလဲလာမှုသည် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။ သက်ကြီးရွယ်အို လူဦးရေပမာဏတိုးတက်လာသည်နှင့်အတူ ၎င်းတို့ကို ပြုစုစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်လာသည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ ဘဝနေဝင်ချိန်ကို သက်သောင့်သက်သာစိတ်ချမ်းမြေ့စွာဖြင့် အပူအပင်ကင်းကင်းကုန်ဆုံးနိုင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မား၍ ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်သည့်နေရာများသို့ ပြောင်းရွှေ့ခြင်း၊ ရာသီဥတုကောင်းမွန်သည့် ကာလတစ်ခုအတွင်း ပြောင်းရွှေ့နေထိုင်ခြင်း (ဥပမာ- နွေရာသီအပူရှောင်ခြင်း၊ ဆောင်းရာသီတွင် နွေးထွေး၍ နေရောက်ခြည်ရရှိသော နေရာများတွင် သွားရောက်နေထိုင်ခြင်း) တို့ကို ပြုလုပ်လာကြသည်။
တည်ငြိမ်အေးချမ်းမှုမရှိသောဒေသများ၊ သဘာဝဘေးအပါအဝင် ဘေးအန္တရာယ်ကျရောက်တတ်သည့် ဒေသများမှ သက်ကြီးရွယ်အိုများသည်လည်း ၎င်းတို့၏ ကျန်းမာရေးနှင့် လူမှုဘဝလုံခြုံမှုတို့ကိုပေးစွမ်းနိုင်သည့် နေရာများ၊ ဂေဟာများကို ပြောင်းရွှေ့နေထိုင်မှုများ ပြုလုပ်လာကြသည်။ သို့ဖြစ်ရာ Elderly Care Tourism ဟုခေါ်သော သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတွင် ကျယ်လာခဲ့ပြီး ပီပြင်သော ခရီးသွားလုပ်ငန်းပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေသူများကလည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို စိတ်ဝင်တစား ဦးတည်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
သက်ကြီးရွယ်အို စောင့်ရှောက်မှုခရီးသွားလုပ်ငန်း (Elderly Care Tourism - ECT) သည် ဆေးပညာရပ်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသည့် ခရီးသွားလုပ်ငန်း (Medical Tourism) နောက်တွင် နောက်ဆက်တွဲ အဖြစ်ပေါ်ထွက်လာသည့် ခရီးသွားလုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။ ၎င်းခရီးသွားလုပ်ငန်း ပုံစံနှစ်ရပ်သည်လည်း အခြားသော ခရီးသွားလုပ်ငန်းများနှင့် နှိုင်းစာပါက တစ်နည်းတစ်ဖုံအားဖြင့် ဆက်နွှယ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
စာရင်းဇယားများအရ ၂၀၂၆ ခုနှစ်တွင် သက်ကြီးစောင့်ရှောက်မှုလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြပြီး သက်ကြီးလူဦးရေပမာဏ တိုးတက်များပြားလာခြင်း (Silver Tsunami ဖြစ်လာခြင်း) နှင့်အတူ ဆက်လက်၍လည်း ယင်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားကြပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရှေ့တန်းသို့ ရောက်ရှိနေသော နိုင်ငံများသာမက ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံများကပါ အလားအလာရှိသော သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းကို အာရုံစိုက်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
ထိုနိုင်ငံများအနက် သီရိလင်္ကာနိုင်ငံသည်လည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အာရုံစိုက်လာသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သီရိ လင်္ကာနိုင်ငံသည် စာရင်းဇယားများအရ နှစ်စဉ်သူနာပြုဦးရေ ၆၀၀၀ ကျော် လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိသည်။ သီရိလင်္ကာသူနာပြုများသည် ဗြိတိန်၊ အီတလီ စသည့်ဥရောပနိုင်ငံများနှင့် ဩစတြေးလျ၊ အာရှအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ငှားရမ်းခေါ်ယူမှုအများဆုံး စာရင်းဝင်သူနာပြုများ ဖြစ်ကြသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဧည့်ဝန်ဆောင်မှုအတွက် လူသားအရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းအချက်သည် သက်ကြီးစောင့်ရှောက်မှုခရီးသွား လုပ်ငန်းဖော်ဆောင်ရန်အတွက် အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။ သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်အတွက် သီရိလင်္ကာနိုင်ငံ၌ လူသားအရင်းအမြစ်ကြွယ်ဝမှုအပြင် အခြားသော အားသာချက်များရှိကြောင်းကိုလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြထားသည်များလည်း ရှိပါသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်အရ သီရိလင်္ကာနိုင်ငံသည် မပူလွန်း၊ မအေးလွန်းသော သမမျှတသည့် ရာသီဥတုရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် နေထိုင်ရန် သင့်တော်မှုရှိခြင်း၊ ကိုလိုနီခေတ်လက်ရာ အငွေ့အသက်ရှိသည့် အဆောက်အအုံ၊ ဘန်ဂလိုများ တည်ရှိနေခြင်း၊ လုပ်သားနှင့်မြေယာပေါများခြင်း၊ ရိုးရာကုထုံးများနှင့် ခေတ်မီကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အဆင့်အတန်းရှိခြင်း၊ တည်ငြိမ်အေးချမ်းပြီး ဧည့်ဝတ်ပျူငှာသောနိုင်ငံအဖြစ် ပုံဖော်မြှင့်တင်လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်သော နိုင်ငံဖြစ်သဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ခြင်း (ဤတွင်သက်ကြီးရွယ်အိုများအတွက် ဘာသာရေးခရီးသွားလုပ်ငန်း Religious Tourism, Meditation Tourism အဖြစ်လည်း ပေါင်းစပ်မြှင့်တင်ဆောင်ရွက်နိုင်ပါသည်။)၊ စိမ်းလန်းသော လက်ဖက်စိုက်ခင်းများနှင့် သာယာလှပသော တောင်ကုန်းများရှိခြင်းတို့ကြောင့် အပန်းဖြေခရီးသွားလုပ်ငန်း (Leisure Tourism) ကိုသာမက သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အားသာချက်များ ရှိနေပါသည်။
ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ဖော်ပြပါအားသာချက်များ သက်သက်ဖြင့်သာ သက်ကြီး စောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရန် တွန်းအားပေးနေသည်မဟုတ်။ အခြားသော အလားအလာနှင့် အခွင့်အလမ်းများလည်းရှိနေသည်ကို လေ့လာဖော်ထုတ်တင်ပြကြသည်။ ၎င်းလေ့လာချက်များတွင် သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားသော ခရီးသွား ဧည့်သည်များတွင်ပါဝင်သည့် ဗြိတိန်နိုင်ငံ၌ ကြည့်ရှု စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် သက်ကြီးဘိုးဘွားအရေအတွက်သည် ငါးသိန်းခန့်ရှိ၍ ပြည်ပနိုင်ငံများသို့ သွားရောက်နေထိုင်လည်ပတ်လိုသော ဆန္ဒရှိခြင်း၊ အခြားဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံတွင် ၂၀၃၅ ခုနှစ်၌ အသက် ၆၇ နှစ်အထက် လူဦးရေသည် ငါးသန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားခြင်း၊ ဂျပန်နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ လူသုံးဦးတွင် တစ်ဦးသည် ၆၅ နှစ် အထက်ရှိလာမည်ဖြစ်ခြင်း၊ အရှေ့အလယ်ပိုင်းဒေသများမှ ကြွယ်ဝသော သက်ကြီးရွယ်အိုများ၊ ပင်စင်စားများသည် ရာသီဥတုကောင်းမွန်၍ စိမ်းလန်းစိုပြည်သော ဒေသများတွင် ကာလရှည်နေထိုင်လိုခြင်း၊ သီရိလင်္ကာနိုင်ငံအတွင်း၌ပင် လက်ရှိတွင် အသက် ၆၀ အထက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဆက်လက်တိုးတက်လျက်ရှိခြင်းကြောင့် ကျန်းမာရေးနှင့် သက်ကြီးစောင့်ရှောက်မှုပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ချဲ့ထွင်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံတွင် အကောင်အထည်ဖော်မြှင့်တင်ရန် အခြေအနေကောင်းများ ရှိနေသည်။
သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားသာချက်၊ အခွင့်အလမ်းများရှိသကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များလည်းရှိပါသည်။ ၎င်းလိုအပ်ချက်များတွင် ခရီးသွားလုပ်ငန်း၌ အဓိကလိုအပ်သော လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ သက်ကြီးခရီးသွားများ နေထိုင်မည့်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ သွားရောက်နေထိုင်နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်းရပ်တစ်ခုလည်းဖြစ်သည့် ဗီဇာထုတ်ပေးခြင်းလုပ်ငန်းဖြစ်ပါသည်။ သွားရောက်မည့်နိုင်ငံသို့ အဆင်ပြေလွယ်ကူချောမွေ့စွာဝင်ရောက်၍ လိုအပ်သော ကာလအတိုင်းအတာတစ်ခုအထိ နေထိုင်ခွင့်ရနိုင်မှသာ သက်ကြီးရွယ်အိုခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ပင်စင်စားခရီးသွားများ လာရောက်ရေးအတွက် ဆွဲဆောင်ခေါ်ယူသည့်အနေဖြင့် အငြိမ်းစားဗီဇာ (Retirement Visa) ကို စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲပြဋ္ဌာန်း၍ ထုတ်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။
အငြိမ်းစားဗီဇာထုတ်ပေးရာတွင် အသက် ၅၀ နှင့်အထက် ပုဂ္ဂိုလ်များကို ထုတ်ပေးပြီး အငြိမ်းစားဗီဇာလျှောက်ထားနိုင်ရန်အတွက် သတ်မှတ်ငွေကြေးပမာဏတစ်ရပ် (အနိမ့်ဆုံး ထိုင်းဘတ်ရှစ်သိန်း) ကို ထိုင်းဘဏ်တစ်ခုခုတွင် ဗီဇာမလျှောက်ထားမီနှစ်လကြိုတင်၍ အပ်နှံထားရမည်ဖြစ်ပြီး လစဉ်ဝင်ငွေအဖြစ် အနည်းဆုံး ဘတ် ၆၅၀၀၀ ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အငြိမ်းစားခရီးသွားများ ဝင်ရောက်နေထိုင်မှုမှ ထိုင်းနိုင်ငံအတွင်းသို့ ငွေကြေးစီးဝင်မှုတိုးပွားလာမည်ဖြစ်သည်။ ဗီဇာသက်တမ်းမှာ ဗီဇာအမျိုးအစားနှင့် လျှောက်ထားသည့် နိုင်ငံသားများအပေါ် မူတည်၍ ဗီဇာသက်တမ်း (ခွင့်ပြုကာလ) ကွဲပြားသွားမည်ဖြစ်သည်။ သို့ရာတွင် အငြိမ်းစားဗီဇာသည် ကာလရှည် (Long Stay) ဗီဇာအမျိုးအစားတစ်ခုဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံသည်လည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကြံပြုချက်များတွင် ငါးနှစ်မှ ၁၀ နှစ်အထိ ခွင့်ပြုပေးနိုင်သည့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Multientry Visa)ကို သက်ကြီးခရီးသွားများသို့ ထုတ်ပေးနိုင်ရေးနှင့် ၎င်းတွင် နိုင်ငံအတွင်း ကာလရှည်နေထိုင်မှုအတွက် ကျန်းမာရေးအာမခံထားရှိရေး ဝင်ငွေအထောက်အထားတို့ကို ခိုင်ခိုင်မာမာတင်ပြနိုင်ရန် ထည့်သွင်းအကြံပြုတင်ပြထားသည်ကို တွေ့ရှိရပါသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့သည် လူသားအရင်းအမြစ် ကိုအခြေခံသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သောကြောင့် သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်မည်ဆိုပါက စွမ်းဆောင်ရည်မြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပျိုးထောင်ပေးရန်မှာ အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးသာမက ဧည့်ဝန်ဆောင်မှု နှင့်ပတ်သက်သောခံယူချက်နှင့် အလေ့အကျင့်တို့ကိုပါ မွေးမြူထားရှိရေးကို ပြုစုပျိုးထောင်ရန်လိုအပ်မည်ဖြစ်ပါသည်။ အခြားအရေးပါသော အချက်များမှာ ယဉ်ကျေးမှုဆိုင်ရာ အပြုအမူများကို နားလည်ခြင်း၊ နိုင်ငံခြားဘာသာစကားများ ကျွမ်းကျင်လိမ္မာခြင်းနှင့် မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုပေးခြင်းတို့ကို လေ့ကျင့်သင်ကြားတတ်မြောက်ပြီးဖြစ်ရန် လိုအပ်မည် ဖြစ်ပါသည်။
အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို အားပေး
ဖော်ပြပါအချက်များအပြင် ခရီးသွားလုပ်ငန်း စီမံကိန်း/မဟာဗျူဟာကဲ့သို့သော အမျိုးသားအဆင့် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း စီမံကိန်း သို့မဟုတ် မဟာဗျူဟာ National Elderly Tourism Strategy (NETS) ကို စနစ်တကျရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ၎င်းမဟာဗျူဟာတွင် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို ဦးဆောင်အကောင်အထည်ဖော်မည့် အာဏာပိုင်အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မည့် ဌာန/အဖွဲ့အစည်းတို့ကို သတ်မှတ်ထားရှိရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးကြောင်း ဖော်ပြတိုက်တွန်းထားသည်ကို တွေ့ရှိရသည်။
ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအရေအတွက် ပမာဏတိုးတက်များပြားလာမှုကို သက်ဆိုင်ရာနိုင်ငံများက သတိထားတွက်ဆနေကြသည်ကို တွေ့ရှိရသည်။ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် ပင်စင်၊ လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးများ၏ ဘဝလုံခြုံစိတ်ချရရေးနှင့် အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးတို့ကို ပြင်ဆင်ဆောင်ရွက်နေကြသည်။ သို့သော် Silver Tsunami ဟု တင်စားခေါ်ဝေါ်သည့် သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုသည် စိုးရိမ်ဖွယ်ရာမဟုတ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေးမြှင့်တင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံအသီးသီးတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MOI
ဆီးချို ဟု ဆိုလိုက်ပါက အားလုံးကို အတူတူပဲဟု ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိကြောင်း သိသည့် သူများလည်း ရှိပါသည်။ ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုး ရှိပါသည်။
ထိုဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါသည်။ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေး ချင်ပါသည်။
ဆီးချိုဆိုတိုင်း အတူတူလား …….
ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါသည်။
အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက် နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်သောကြောင့်ဖြစ်ပါသည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက အင်ဆူလင်ကို ကောင်းကောင်း အသုံး မပြုနိုင်သောကြောင့်ဖြစ်ပါသည်။
ဒီလိုဆိုလို့ ဆီးချိုက အမျိုးအစား-၁ ရော အမျိုးအစား-၂ ရော အတူတူပဲဟု ယူဆစရာရှိပါသည်။ တကယ်တော့ ဒီဆီးချို အမျိုးအစားတွေက ရောဂါဖြစ်ရသည့် အကြောင်းရင်းခံတွေ မတူသလို ခံစားရသည့် လက္ခဏာတွေရော ကုသနည်း တွေပါ ကွာခြားနေနိုင်ပါသည်။
အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချိုတို့ ကြားက ကွာခြားချက်
အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဘယ်လိုတွေ ကွာခြားနေလဲ……
ဖြစ်ရတဲ့ အကြောင်းအရင်း
အမျိုးအစား-၁ ဆီးချို – ခန္ဓာကိုယ်က ပန်ကရိယမှာရှိသည့် ဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် မထုတ် နိုင်တာကြောင့် ဖြစ်ရတာပါ။
အမျိုးအစား-၂ ဆီးချို – ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တာကြောင့် ဖြစ်ရတာပါ။
ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေ
အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချို ဖြစ်စေသည့် အကြောင်းအရင်းကို အခုချိန်ထိ တိတိကျကျ မသိရ သေးပါ။
အမျိုးအစား-၂ ဆီးချို – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နေထိုင်စားသောက်မှုပုံစံ ကျန်းမာရေးနှင့် မညီညွတ်တာတွေက အမျိုးအစား-၂ ဆီးချို ဖြစ်စေနိုင်ပါသည်။
လက္ခဏာတွေ
အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုမှာ လက္ခဏာတွေက ပို၍ မြန်မြန်ပြသပါသည်။
အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချို လက္ခဏာတွေက သိသိသာသာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြသ တာကြောင့် သိရှိကုသဖို့ ခက်ခဲပါသည်။
စီမံထိန်းချုပ်နည်းတွေ
အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုကို အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့် နည်းလမ်းဖြင့်သာ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။
အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုမှာတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့်နည်းလမ်းက အမျိုးအစား-၁ ဆီးချိုထက် ပိုများပါသည်။ အမျိုးအစား-၂ ဆီးချို ရှိသူများအနေဖြင့် သောက်ဆေးတွေအပြင် အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ပါသည်။
၂မျိုးလုံးမှာ ဆေးဝါးဖြင့် ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် စားသုံးခြင်း စသည့် အချက်များကို လိုက်နာဖို့ လိုပါသည်။
ကာကွယ်ကုသနည်းတွေ
အမျိုးအစား-၁ ဆီးချို – လက်ရှိမှာ အမျိုးအစား-၁ ဆီးချိုအတွက် ကုသနည်း မရှိသေးပါ။ လေ့လာသုတေသန ပြုမှုတွေတော့ လုပ်ဆောင်နေပါသည်။
အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ဖြစ်နိုင်ခြေကို လျှော့ချ၍ ရသလို သေချာလေး ဂရုစိုက်ပြီး ကျန်းမာရေးလိုက်စားမည်ဆိုပါက သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်မှာပါ။
သိထားဖို့လိုမယ့် ဆီးချိုရောဂါ လက္ခဏာများ
ဆီးချိုရောဂါ အမျိုးအစား-၁နှင့် အမျိုးအစား-၂ မှာ လက္ခဏာလေးတွေက သိပ်မကွာလှပါ။
အမျိုးအစား-၁ ဆီးချို
အခုပြောပြမည့် လက္ခဏာတွေ ခံစားရမည်ဆိုလျှင် အမျိုးအစား-၁ ဆီးချို ရှိနေတာ ဖြစ်နိုင်ပါသည်။ အမျိုးအစား-၁ ဆီးချိုက အသက်ငယ်ငယ်ကလေးတွေမှာ ဖြစ်တတ်ပါသည်။
ရေ ခဏခဏ ဆာမည်
ဆီး ခဏခဏ သွားမည်
အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျမည်
ပင်ပန်းနွမ်းနယ်မည်။ အားမရှိသလို ခံစားရမည်
အမြင်အာရုံတွေ ဝေဝါးမည်။
အမျိုးအစား-၂ ဆီးချို
အမျိုးအစား-၂ ဆီးချို ခံစားရသည့် အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါသည်။ ယခင်က အသက် ၄၀ အထက်မှာ ဖြစ်သော်လည်း နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသောကြောင့် ၄၀အောက်တွေမှာလည်း ဖြစ်လာ သည်ကို တွေ့ရပါသည်။
ရေအရမ်းဆာမည်
ဆီးခဏခဏ သွားမည်
ခြေလက်တွေ ထုံကျဉ်မည်
ခြေကုန်လက်ပမ်းကျမည်
အမြင်အာရုံ ဝေဝါးမည်
ဗိုက် ခဏခဏ ဆာမည်
အသားတွေ ယားမည်
အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချို က ယခုလို ကွာခြားမှုလေးတွေ ရှိပါသည်။
အမျိုးအစား (၂) ဆီးချိုရောဂါ တစ်နည်းအားဖြင့် အင်ဆူလင်ဟော်မုန်းပေါ် မူတည်ခြင်းမရှိသော ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို မတုန့်ပြန်နိုင်ခြင်း (သို့) ပန်ကရိယမှ အင်ဆူလင်ကိုမထုတ်လုပ်နိုင်ခြင်းကြောင့် သွေးတွင်းရှိ ဂလူးကိုစ်ပမာဏကို ပုံမှန်ဖြစ်အောင် မထိန်းထားနိုင်သော ရောဂါဖြစ်ပါသည်။
♦ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားစေသောအကြောင်းရင်းများ
အ၀လွန်ခြင်း၊ အဆီများ ၀မ်းဗိုက်တွင် အလွန်အမင်းစုနေခြင်း
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိခြင်း
လူမည်းများ
အသက်ကြီးသောသူများ
သွေးထဲတွင် ပုံမှန်ထက်အချိုဓါတ်များခြင်း (Prediabetes)
ကိုယ်၀န်ဆောင်ချိန်တွင် ဆီးချိုသွေးချိုရောဂါခံစားရသူများ
မျိုးဥအိမ်တွင် အရည်အိတ်များစုနေသော ရောဂါစု (Polycystic Ovary Syndrome) ရှိသူများ
♦ ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့
- ရေခဏခဏငတ်ခြင်း
- ဆီးခဏခဏသွားခြင်း
- အလေးချိန်ကျဆင်းခြင်း
- မကြာခဏဆာလောင်ခြင်း
- နုံးခွေခြင်း
- အမြင်မှုန်ဝါးခြင်း
- အနာကျက်နှေးခြင်း
- အရေပြားအရောင်မည်းလာခြင်းတို့ ဖြစ်ပါသည်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
- နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်း
- အာရုံကြောအားနည်းခြင်း
- ကျောက်ကပ်အားနည်းခြင်း
- အတွင်းတိမ်ဖြစ်ခြင်း
- ရေတိမ်ဖြစ်ခြင်း
- အကြားအာရုံချို့ယွင်းခြင်း
- အရေပြားပိုး၀င်ခြင်း
- အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါသည်။
♦ စစ်ဆေးခြင်း
အမျိုးအစား (၂) ဆီးချိုရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။
(1) Glycated Hemoglobin (A1C) Test - ဟေမိုဂလိုဘင်ကို တွယ်ကပ်သော သွေးတွင်းရှိ သကြားရာခိုင်နှုန်းကို စစ်ဆေးခြင်း။ A1C ပမာဏ 6.5% နှင့် အထက်ရှိပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။
(2) Random Blood Sugar Test - သွေးတွင်းရှိ သကြားပမာဏကို ရုတ်တရက်စစ်ဆေးခြင်း၊ သွေးတွင်းရှိ သကြားပမာဏ 200mg/dl (11.1 mmo/L) ထက်များပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။
(3) Fasting Blood Sugar test - ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ နံနက်စောစော ၆ နာရီ ၇ နာရီ၀န်းကျင်တွင် သွေးတွင်းရှိ သကြားပမာဏစစ်ဆေးခြင်းဖြစ်ပါသည်။ သကြားဓာတ်ပမာဏ 126 mg/dL (7mmo/L) ထက်များပါက ဆီးချိုသွေးချို ရောဂါရှိနေပြီဖြစ်ပါသည်။ ပုံမှန်ဆိုလျှင် 100mg/dl (သို့) 5.6mmol/L အောက်လျော့နည်းရမှာ ဖြစ်ပါတယ်။ 100-125 mg/dl (သို့) 5.6-6.9 mmol/Lကြားရှိပါက ဆီးချိုမဖြစ်ခင်အဆင့် (Prediabetes) ဟု ခေါ်ပါသည်။
(4) Oral Glucose Tolerance test - ည ၁၀ နာရီနောက်ပိုင်း အစားမစားဘဲ နံနက်ခင်းတွင် သွေးတွင်းရှိ သကြား ဓာတ်ကို တိုင်းတာပါ။ ထို့နောက် အချိုဓာတ်ပါသော အစားအစာများကို စားသောက်ပြီး ၂ နာရီကြာသောအခါ ပြန်တိုင်းကြည့်ပါက 200mg/dL ထက်များပါက ဆီးချို၊ သွေးချိုရောဂါဖြစ်နေပြီဟု သတ်မှတ်နိုင်ပါသည်။
♦ ကုထုံးများ
ကုထုံးများမှာ-
ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားသုံးခြင်း
ဆီးချိုဝေဒနာရှင်များအနေဖြင့် အမျှင်ဓာတ်များစွာပါ၀င်သော သစ်သီးသစ်ဖုနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါသည်။
လေ့ကျင့်ခန်းလုပ်ခြင်း
တစ်နေ့လျှင် နာရီ၀က်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်သင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရုံသာမက သွေးတွင်းရှိ သကြားဓာတ်ပမာဏကို လျော့ကျစေပါသည်။
ဆီးချိုသွေးချိုကျဆေးများမှီ၀ဲခြင်း
ဆီးချိုရောဂါတွင်အသုံးများသည့် ဆေးဝါးများကတော့ -
1.Metformin - ၎င်းဆေးဝါးများသည် ခန္ဓာကိုယ်မှ အင်ဆူလင်သုံးစွဲမှုကို အားပေးပါသည်။ အသည်းမှ ဂလူး ကို့စ်ထုတ်လုပ်ခြင်းကို လျှော့ချပေးပါသည်။
2.Sulfonylureas (glipizide, glimepiride) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင် အားပေးပါသည်။
3.Meglitinides (repaglinide, nateglinide) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင်ကူညီပေးပါသည်။
4.Thiazolidinediones (pioglitazone, rosiglitazone)
ဆီးချိုအတွက်ဆေးဝါးအသစ်များကတော့ -
(1) DPP-4 Inhibitors (Sitagliptin, Saxagliptin)
(2) GLP 1 raeptor Agonists
(3) SGLT 2 inhibitors (Canagliflozin, dapagliflozin) တို့ ဖြစ်ပါသည်။
အင်ဆူလင်ထိုးခြင်း
အင်ဆူလင်ထိုးသည့် အပ်သပ်သပ်ရှိပါသည်။ လက်မောင်းမှာ ထိုးခြင်းဖြစ်ပါသည်။ အင်ဆူလင်ပါသည့် ဆေးဝါးတွေကို သောက်သုံးရင် အစာခြေစနစ်ကြောင့် အာနိသင်လျော့သွားနိုင်သည့်အတွက် ဆီးချိုသွေးချိုပမာဏများသည့်သူတွေမှာ ထိုးဆေးကို အသုံးပြုကြခြင်းဖြစ်ပါသည်။
အင်ဆူလင်ပါသည့် ထိုးဆေးတွေ အမျိုးမျိုးရှိပါသည်။ (ဥပမာ - Insulin Glulisine၊ Insulin Lispro) ဆရာ၀န် ရွေးချယ်ပေးသည့်ဆေးကို ညွှန်ကြားချက်အတိုင်း တိတိကျကျထိုးပေးရန် လိုအပ်ပါသည်။
သွေးတွင်းအချိုဓာတ်ကိုပုံမှန်စစ်ဆေးခြင်းလည်း လိုအပ်ပါသည်။
♦ ဆီးချို နှင့် ကိုယ်၀န်ဆောင်
ဆီးချိုဝေဒနာရှင် ကိုယ်၀န်ဆောင်များသည် ကိုယ်၀န်ဆောင်နေစဉ်အတွင်း နဂိုသောက်နေကျ ဆေးဝါးတွေကို ပြောင်းလဲရန် လိုတတ်ပါသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်မည်ဟု စိတ်ကူးရှိကတည်းက ဆရာ၀န်နှင့် သေချာ တိုင်ပင်ရန် လိုအပ်ပါသည်။
♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံး
ဆီးချိုရောဂါရှိနေပါက အောက်ဖော်ပြပါအချက်များအတိုင်း လိုက်နာကျင့်ကြံနေထိုင်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။
- ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ
- အဆီနှင့် အငန် လျှော့စားပါ
- အမျှင်ဓာတ်ပါသည့် ဟင်းသီးဟင်းရွက်တွေစားပါ
- လေ့ကျင့်ခန်းလုပ်ပါ
- အထွေထွေကျန်းမာရေးစစ်ဆေးမှုပုံမှန် လုပ်ဆောင်ပါ
- လိုအပ်သော ကာကွယ်ဆေးများထိုးထားပါ
- မျက်စိကို တစ်နှစ်တစ်ခါပုံမှန် စစ်ပါ
- သွားကျန်းမာရေးကို ဂရုစိုက်ပါ
- ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တွင် ဒဏ်ရာရှိ၊ မရှိအမြဲစစ်ဆေးပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ
♦ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ခြင်း
ဆီးချိုရောဂါမဖြစ်အောင် နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုပြင်နေထိုင်သင့်ပါသည်။
- အမျှင်ဓါတ်များများပါသော အစားအစာများကို ရွေးချယ်စားသုံးပါ။
- အဆီအဆိမ့်လျှော့စားပါ။
- လေ့ကျင့်ခန်းလုပ်ပါ။
- သင့်တင့်မျှတသော ကိုယ်အလေးချိန်ဖြစ်အောင်ထိန်းထားပါ။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘာလဲ
ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင် အပေါ် မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။
အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်း သကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက် အရွယ် များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘယ်လောက်အဖြစ်များသလဲ
အမျိုးအစား ၁ မှာ ၂ လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက် အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည် နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)၏ လက္ခဏာတွေကဘာတွေလဲ
အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ
အမြင်ဝေဝါးခြင်း
မကြာခဏဆီးသွားခြင်း
ရေအလွန်ငတ်ခြင်းနှင့် ဗိုက်အလွန်ဆာခြင်း
မကြာခဏ ပိုးဝင်ခြင်း
အချိန်တိုင်းလိုလို မောပန်းနေခြင်း
အနာကျက်နှေးခြင်း
ခြေထောက်များတွင် ထုံခြင်း ကျင်ခြင်း
ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့် ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့် သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေ အတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)ကို ဘာတွေက ဖြစ်စေသလဲ
အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်း ဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့ ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းတချို့မှာ
မျိုးရိုးရှိခြင်း- အမျိုးအစား ၁ ဆီးချိုရောဂါရှိသော မိဘ သို့မဟုတ် မောင်နှမရှိထားလျှင် ဖြစ်နိုင်ခြေ အနည်းငယ် မြင့်နိုင်ပါသည်။
ဗီဇ- တချို့သောဗီဇများ ပါလာခြင်းက အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ခြေကို တိုးစေပါသည်။
အသက်- အမျိုးအစား ၁ ဆီးချိုမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဖြစ်များဆုံး အသက် အရွယ်နှစ်ခုရှိ၏။ ပထမတစ်ခုမှ အသက် ၄ နှစ်နှင့် ၇ နှစ်ကြားဖြစ်ပြီး ဒုတိယမှာ ၁၀ နှစ်နှင့် ၁၄ နှစ်ကြားတွင် ဖြစ်သည်။
အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေ မပြရသေးပါ။ ထိုအချက်များမှာ
Epstein-Barr virus, Coxsackie virus, mumps virus and cytomegalovirus တို့လို ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း၊
နွားနို့ကို အသက်ငယ်ငယ်တွင် သောက်သုံးခြင်း၊
ဗီတာမင်ဒီ ပမာဏနည်းခြင်း၊
နိုက်ထရိုက်ပါသောရေကို သောက်ရခြင်း၊
အစောဆုံး ၄ လ မတိုင်ခင် သို့မဟုတ် အနောက်ကျဆုံး ၇ လနောက်တွင် နှံစားသီးနှံများ၊ ဂလူတင်များကို ကလေးအားကျွေးခြင်း၊
ကိုယ်ဝန်ဆိပ်တက်သော မိခင်မှ မွေးသည့်ကလေး၊
အသားဝါနှင့် မွေးလာသောကလေး၊
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမို သောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
Diabetes Mellitus Type 1ကို ဘယ်လိုအတည်ပြုပါသလဲ
အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။
အစားမစားဘဲ ဂလူးကို့စ်စစ်ခြင်း (Fasting blood glucose) – ≥ 7.0 mmol/L (≥ 126 mg/dL)
ဆီးချိုလက္ခဏာများနှင့် ကျပန်းဂလူးကို့စ်လယ်ဗယ်စစ်ခြင်း (Random blood glucose)– ≥ 11.1 mmol/L (≥ 200 mg/dL)
အစာစားပြီး ၂ နာရီခြား ဂလူးကို့စ်လယ်ဗယ် သို့မဟုတ် oral glucose tolerance test လုပ်ရာတွင် ≥ 11.1 mmol/L (≥ 200 mg/dL)
Hemoglobin A1c >6.5% (HbA1c test)
သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကိုလုပ်နိုင်မည်ဖြစ်သည်။
ဆီးချိုကြောင့် အာရုံကြောထိခြင်းကို စစ်ဆေးခြင်း၊
သွေးပေါင်ချိန်ကို စစ်ဆေးခြင်း၊
မျက်လုံးနောက်ဖက်အား အလင်းပါကိရိယာတစ်မျိုးဖြင့် စစ်ဆေးခြင်း၊
HbA1C အားစစ်ဆေးခြင်း။ (ဆီးချိုထိန်းနိုင်ခြင်းရှိ၊ မရှိ ၆ လတစ်ကြိမ်စစ်ဆေးရမည်)
အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့ အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။
ကိုလက်စ်ထရောနှင့် ထရိုင်ဂလစ်စရိုက်လယ်ဗယ် စစ်ဆေးခြင်း
ကျောက်ကပ်လုပ်ငန်းစဉ် စစ်ဆေးခြင်း (Glomerular filtration rate – eGFR, blood urea nitrogen – BUN, microalbuminuria and serum creatinine)
သွားကျန်းမာရေးအတွက် ၆ လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသခြင်း။ထိုဆရာများကိုလည်း သင့်တွင် ဆီးချိုရှိကြောင်း ပြောပြထားရမည်။
Diabetes Mellitus Type 1 ကို ဘယ်လိုကုသပါသလဲ
အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလော မှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်း မထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။
အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ
အင်ဆူလင်
ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်း သကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုး ရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့် ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
ကိုးကား- Hello ဆရာဝန်