လူငယ်မောင်မယ်တို့၏ဘဝလမ်းကြောင်း မတိမ်းစောင်းဖို့ မိဘနှင့်ဆရာ ဆရာမများ ပူးပေါင်းထိန်းကျောင်းစို့
Posted_Date
Image

Body
ကျောက်သွေးသူသည် သဘာဝကျောက်ရိုင်းတုံးများကို သွေးပေးရ၏။ ကျောက်ရိုင်းတုံးများကိုသွေးပေးလိုက်ပါက တောက်ပြောင်လာသည်။ အရည်အသွေးပေါ်လာသည်။
ကျောက်၏တန်ဖိုးသည် အရည်အသွေးတောက်ပြောင်မှုအပေါ် မူတည်နေသည်။ အရည်အသွေးမတောက်ပြောင်ဘဲ မှေးမှိန်နေပါက တန်ဖိုးနည်းပါးသည်။ ကျောက်သွေးမကျွမ်းကျင်သူ၏ လက်ဝယ်တွင်ရှိသော သဘာဝ ကျောက်ရိုင်းတုံးများသည် အချည်းနှီးဖြစ်ရရှာသည်။ ကျောက်သွေးသူ ကျွမ်းကျင်လေလေ ကျောက်ရိုင်းတုံးများ၏ အရည်အသွေးက တောက်ပြောင်လေလေဖြစ်သည်။ အရည်အသွေးတောက်ပြောင်လေလေ တန်ဖိုးကြီး မြင့်လေလေဖြစ်သည်။
ယနေ့ ကျောင်းနေအရွယ်ကလေးတို့သည် ကျောက်ရိုင်းတုံးလေးများနှင့်တူလှ၏။ ထိုကျောက်ရိုင်းတုံးလေးများကို လက်ဝယ်ပိုင်ပိုင်ရှိနေကြသူများသည် မိဘများဖြစ်ကြ၏။ မိဘတို့သည် ကျောက်ရိုင်းတုံးလေးများနှင့် တူလှသော ရင်နှစ်သည်းချာ သားသမီးရတနာများကို အရည်အသွေးတောက်ပြောင်လာအောင် သွေးပေးကြရပေမည်။ ကျောက်ရိုင်းတုံးလေးများကို မသွေးဘဲပစ်ထားပါက အလဟဿဖြစ်ရသကဲ့သို့ သားသမီးများကို မသွေးဘဲထားပါကလည်း အလဟဿဖြစ်ချေမည်။ မိဘတို့ကသားသမီးများကို ပြုစုပျိုးထောင် မွေးမြူပေးနေခြင်းသည် သားသမီးတို့၏ ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်လာအောင် သွေးပေးနေခြင်းဖြစ်သည်။
မိဘတိုင်းသည် မိမိ၏ရင်နှစ်သည်းချာ သားသမီးများကို “လိမ္မာယဉ်ကျေးသူ၊ စာရိတ္တကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင် ကြသည်။ ထိုသို့ဖြစ်ပေါ်လာအောင်ပြုစုပျိုးထောင်မွေးမြူပေးရမည့် တာဝန်ဝတ္တရားကလည်း မိဘတိုင်းတွင်ရှိသည်။ မိဘတိုင်းတွင်ရှိသော တာဝန်ဝတ္တရားများကို သင်္ဂဇာဆရာတော်ကြီးက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ အနှစ်ချုပ်ပြီးမိန့်ကြားခဲ့သည်။ မိဘတို့၏ ဝတ္တရားငါးပါးကို မိဘတိုင်းကကျေပွန်ကြရပေမည်။
ကျောင်းမနေမီအရွယ်ကတည်းက အလေ့အကျင့်သည် သားသမီးတို့၏ရင်ထဲတွင် စွဲမြဲသန္ဓေတည်လာသည်။ ထိုသန္ဓေသည် အလိုလိုစွဲတည်လာခြင်းမဟုတ်ပေ။ မိဘတို့ကတည်ပေးလိုက်သော သန္ဓေသာဖြစ်သည်။ မိဘများက ကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် ကောင်းသောသန္ဓေစွဲတည်နေမည်ဖြစ်ပြီး မိဘများက မကောင်းသောသန္ဓေကိုတည်ပေးလိုက်လျှင် မကောင်းသောသန္ဓေစွဲ တည်နေမည်ဖြစ်သည်။ ဘာမဆိုအလိုကျ လိုက်လျောထားခြင်းသည် ကောင်းသောအလေ့အကျင့်မဟုတ်ပေ။ အလေ့အကျင့်ဆိုးဖြစ်သည်။ ထိုအလေ့အကျင့်ဆိုးသည် သားသမီးတို့ရင်ထဲ သန္ဓေစွဲတည်နေမည်ဖြစ်သည်။ ထိုသန္ဓေဆိုးပေါက်ဖွားလာပါက မိဘတို့ လိုလားတောင့်တ မျှော်မှန်းထားသော သားကောင်းသားမွန်၊ သမီးကောင်းသမီးမွန်များဖြစ်မလာဘဲ သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်များဖြစ်လာပေမည်။
သားဆိုးသားမိုက်၊ သမီးဆိုးသမီးမိုက်တို့သည် မိသားစုကိုကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်နှင့်အများပြည်သူကိုပါ ဒုက္ခပေးနေတော့သည်။ ထိုမျှနှင့်အားမရ။ မိဘကိုရန်ပြုသည်အထိ လက်ရဲဇက်ရဲဖြစ်လာသည်။ မိဘခမျာမှာ သားသမီးများ ငယ်စဉ်အရွယ်တွင်မသွန်သင်၊ မညွှန်ပြ၊ မဆုံးမခဲ့သည်ကို နောင်တရနေသည်။ မိဘတိုင်းကို ထိုနောင်တမျိုးမရစေချင်သော မန်လည်ဆရာတော်ကြီးက “သားကိုငယ်က၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏” ဟု သတိပေးထားသည်။ ထိုသတိပေးဆုံးမစာလင်္ကာကို မိဘတိုင်းသတိမူကြရပေမည်။ သတိမမူခဲ့လျှင် “နားရွက်ကိုက်ဖြတ်ခံရသည့်မိခင်” ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရမည်မှာသေချာသည်။ သားဆိုးသမီးဆိုးတို့၏ မိဘတို့သည် လူပုံအလယ်တွင် ခေါင်းမဖော်ရဲကြပေ။
မျက်နှာပျက်အရှက်ကွဲနေကြရရှာသည်။ “သားသမီးမကောင်း မိဘခေါင်း” မဟုတ်ပါလော။မိဘတိုင်းကသားသမီးတိုင်းကို “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန်ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များ ဖြစ်စေချင်ကြသလို မိဘတို့၏သားသမီးများဖြစ်ကြသည့် မိမိ၏တပည့်များကို “လိမ္မာယဉ်ကျေးသူ၊ အကျင့်စာဂကောင်းမွန်သူ၊ အားကိုးအားထားပြုရသူ၊ ကျန်းမာကြံ့ခိုင်သူ၊ ထူးချွန် ထက်မြက်သူ” စသည်ဖြင့် လူကောင်းလူတော်များဖြစ်စေချင်ကြသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ကို တစ်သဝေမတိမ်းဦးထိပ်ပန်ဆင်ထားကြသည်။
မိဘတို့၏ သားသမီးများဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏ တပည့်အပေါင်းတို့ကို ကန်တော်မင်းကျောင်းဆရာတော်ကြီးက “မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာ တုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးကာ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း” ဟူ၍ ပျို့လင်္ကာနှင့်ဆိုဆုံးမထားခဲ့သည်။ ဆုံးမစာအတိုင်း ကောင်းကျိုးတည်အောင် ကြိုးပမ်းကြရမည့်သူများမှာ မိဘတို့၏သားသမီးများ ဖြစ်ကြသည့် ဆရာ၊ ဆရာမတို့၏တပည့် များကိုယ်တိုင်ဖြစ်ကြသည်။ သို့မှသာ ကောင်းကျိုးတည်မည်ဖြစ်သည်။ သို့ရာတွင် လက်ဦးဆရာဟူသည့် မိဘများနှင့် ဒုတိယမိဘများဟူသည့် ဆရာ၊ ဆရာမတို့၏ အခန်းကဏ္ဍက အရေးကြီးလှပေသည်။
သားသမီး၊ တပည့်များကို ကောင်းကျိုးတည်အောင် ကောင်းကျိုးသန္ဓေတည်ပေးကြရာတွင် အဓိကအခရာမှာ မိဘ၊ ဆရာတို့ပင်မဟုတ်ပါလော။
မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်းဆောင်ရွက်လျှင် “မိကောင်းဖခင်သားသမီးများ” ဖြစ်ပေါ်လာမည် ဖြစ်သကဲ့သို့ “ဆရာကောင်းတပည့် ပန်းကောင်းပန်သူများ” ဖြစ်ပေါ်လာမည်မှာမလွဲပေ။
ထိုသို့သော သားသမီးများ၊ တပည့်များဖြစ်ပေါ်လာစေရန်အတွက် အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းသား၊ ကျောင်းသူတို့၏ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူတို့၏ ဆရာ၊ ဆရာမများကို အချိုးညီညီ ပူးပေါင်းဖွဲ့စည်းထားသည့်“မိဘ၊ ဆရာအသင်း” ရှိပေသည်။ မိဘ၊ ဆရာအသင်းကို မိဘတို့၏သားသမီးများဖြစ်ကြပြီး ဆရာ၊ ဆရာမတို့၏ တပည့်များဖြစ်ကြသည့် “ကျောင်းသား၊ ကျောင်းသူတို့၏ ပညာရည်မြင့်မားအောင် ပူးပေါင်းဆောင်ရွက်ရန်” ဟူသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မိဘ၊ ဆရာအသင်း၏ “မိဘ၊ ဆရာပူးပေါင်း၊ ကလေးပညာကောင်း” ဟူသောဆောင်ပုဒ်သည် ကျောင်းသား၊ကျောင်းသူအားလုံး ပညာရည်မြင့်မားအောင် သင်ကြားလေ့ကျင့်ပေးရာတွင် မိဘနှင့်ဆရာ၊ ဆရာမတို့က လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရမည်ကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။
မိဘနှင့်ဆရာ၊ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအားသည် ကျောင်းနေအရွယ်ကလေးများအား“ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ” တည်းဟူသော ဗလငါးတန်ကို ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ “အခြေခံပညာကျောင်း”များသည် “ပညာအခြေခံကောင်း” များကိုသာမက ဗလငါးတန်အခြေခံကောင်းများကိုပါ သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်။ မိဘနှင့်ဆရာ၊ ဆရာမများ ပူးပေါင်းလက်တွဲမှုအားကောင်းလေလေ ရင်သွေးရတနာတို့၏ ဗလငါးတန်ဖွံ့ဖြိုးမှု အားကောင်းလေလေဖြစ်မည်ကို သတိမူအပ်ပေသည်။
အခြေခံပညာကျောင်းများသည် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်ဆောင်ပုဒ်အတိုင်း အမိနိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသား အရင်းအမြစ် ကောင်းများကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ပေသည်။
ယနေ့ ကျွန်တော်တို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့မြင်ကြရမည်ဖြစ်ပေသည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။ ထိုအကြမ်းဖက်ဖြစ်စဉ်များကြောင့်ဒေသခံနှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများကိုပါထိခိုက်လာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ ဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ “ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်း ရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်၊ အရည်အသွေးပိုမိုကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း”ဖြင့် မှာကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများအနေဖြင့် မိဘတို့၏အားကိုယူကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မိဘ၊ ဆရာပူးပေါင်းမှုအားမကောင်းလျှင် လူငယ်လူရွယ်တို့၏ဘဝလမ်းကြောင်းသည် အခြေမခိုင်ဘဲယိမ်းယိုင်တိမ်းစောင်းသွားပေမည်။ “မျဉ်းလွတ်လျှင်ကိုင်း၊ ဆရာလွတ်လျှင်ရိုင်း” ဆိုရိုးစကားကဲ့သို့ ဖြစ်ရပေသည်။ လက်ဦးဆရာဖြစ်သောမိဘနှင့် အခြေခံပညာသင်ဆရာ၊ ဆရာမတို့၏ ဆုံးမ၊ ပဲ့ပြင်၊ သွန်သင်၊ ညွှန်ပြသည်များကို မနာယူ၊ မနာခံ၊ မလိုက်နာကြသော တပည့်များသည် ဆရာလွတ်နေကြသူများဖြစ်ပေသည်။
ထိုသူများသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ခွဲခြားမသိမြင်နိုင်ကြပေ။ မနှစ်မြို့စရာအမူအကျင့်များကိုခုံမင်ကာ မိုက်မဲရိုင်းစိုင်းသူများဖြစ်လာကြသည်။ “သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း” ပေါ်သို့ ရောက်လာမည်ကို မိဘတိုင်း၊ ဆရာ၊ ဆရာမတိုင်းသတိမူသင့်လှပေသည်။ မိဘနှင့်ဆရာ၊ ဆရာမများပူးပေါင်းပြီး လက်တွဲညီညီရှေ့သို့ချီမှသာ လူငယ်မောင်မယ်တို့၏ အနာဂတ်ဘဝလမ်းဖြောင့်တန်းနေမည်ဖြစ်သည်။
လူငယ်မောင်မယ်အပေါင်းတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်းပေးကြရမည့်သူများသည်ကား မိဘနှင့်ဆရာ၊ ဆရာမများပင်မဟုတ်ပါလော။ ။
MWD Web Portal