ကုန်သွယ်ရေး တင်းမာမှုကို လျှော့ချနိုင်ပြီး တရုတ်နှင့် အမေရိကန်တို့ကြား Win-win အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မည့် တရုတ်အစိုးရ၏ကြိုးပမ်းမှု
Posted_Date
Image

Body
တရုတ်အစိုးရသည် ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသစ်က တရုတ်နိုင်ငံမှ တင်သွင်းလာမည့် သွင်းကုန်များအပေါ် အခွန်ထပ်မံတိုးမြှင့် ကောက်ခံမှုများကို တုံ့ပြန်နိုင်ရေးအတွက် ကုန်သွယ်ရေး အဆိုပြုချက်ဟောင်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု Wall Street ဂျာနယ်က ဖော်ပြထားသည်။
လက်ရှိတွင် ထရမ့်အစိုးရက တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ဆုံးဖြတ်ခဲ့သည်။ အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့် နိုင်ငံများတွင် တရုတ်နှင့်အတူ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့လည်းပါဝင်သည်။
အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့် အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတထရမ့်က ဖေဖော်ဝါရီလ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမည်ဟု ရွေးကောက်ပွဲမဲဆွယ်ပွဲကာလအတွင်း၌ ပြောကြားခဲ့ခြင်းကြောင့် အကယ်၍ ထရမ့်အနေဖြင့် ထိုကတိကဝတ်အတိုင်း လုပ်ဆောင်လာခဲ့ပါက တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအပေါ် သက်ရောက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။
အမေရိကန်၏အခွန်တိုးမြှင့်မည့် အဆိုပါဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေးမူဝါဒကို သေချာလေ့လာမည်ဆိုပါက ထရမ့်သည် ယခင်ပထမသမ္မတ သက်တမ်း ထမ်းဆောင်စဉ်ကတည်းက အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကို ဦးစားပေးဖော်ဆောင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံ၍ ထိပ်တိုက် ရင်ဆိုင်ခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်း တစ်ရပ်ကို ချဉ်းကပ် လုပ်ဆောင်လာသည်ဟု Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါနည်းလမ်းမှာ ထရမ့်၏ပထမသမ္မတ သက်တမ်းကာလ ၂၀၂၀ပြည့်နှစ် အစောပိုင်းက တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို ပြန်လည် ဖော်ဆောင်မည့် အစီအစဉ်ဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို အဆင့် ၁ သဘောတူညီချက် ဟုအမည်ပေးထားသည်။
၎င်းအဆင့် ၁ သဘောတူညီချက်အရ တရုတ်နိုင်ငံက ၂ နှစ် ကျော်အတွင်း၌ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို ထရမ့်က နှစ်သက်သဘောကျလွန်းသောကြောင့် ယင်းသဘောတူညီချက်သည် တရုတ်နှင့် အမေရိကန်တို့ကြား ထိုစဉ်ကချမှတ်ခဲ့သည့် သဘောတူညီချက်များ အနက် “အထူးခြားဆုံးနှင့် အကောင်းဆုံး” ဟု သတ်မှတ်ခဲ့သည်။
သို့သော် အဆိုပါ အဆင့် ၁ သဘောတူညီချက်မှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ် ၂၀၂၁ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဂျိုးဘိုင်ဒင်အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ချိန်မှစ၍ အဆိုပါ သဘောတူညီချက်မှာ မှေးမှိန်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ တရုတ်အစိုးရသည် ယခင် ထရမ့်၏ ပထမသက်တမ်းအတွင်း လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါသဘောတူညီချက် ပြန်လည်အကောင်အထည် ဖော်ဆောင်ရေးအတွက် ထရမ့်အစိုးရနှင့် ဆွေးနွေးရန် လိုလားလျက်ရှိသည်။ အဓိကဆွေးနွေးလိုသည့်အချက်မှာ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုမှ မည်သည့်အရာများကို ဝယ်ယူရမည်ဟူသော အချက်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ တရုတ်က အမေရိကန်တို့ထံမှ မည်သည့် ထုတ်ကုန်များကို ဝယ်ယူရန်လိုအပ်သည်ဟူ၍ ဖြစ်သည်ဟုလည်းဆိုနိုင်သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ နည်းပညာကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်မည်ဟု အဆိုပြုလာနိုင်သည်။ တရုတ်နိုင်ငံက လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်မော်တော်ကားများအတွက် လိုအပ်သည့် ဘက်ထရီများ ထုတ်လုပ်ခြင်းလည်းပါဝင်နိုင်သည်။
အလားတူပင် တရုတ်အစိုးရအနေဖြင့် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် fentanyl ဆေးဝါးတင်ပို့မှုကို လျှော့ချမည်ဟူသော ကတိကဝတ်များကိုလည်း ပေးအပ်ဖွယ်ရှိသည်ဟု အတွင်းသိများကပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကဖော်ပြထားသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် fentanyl ဆေးဝါးကို ကနေဒါနှင့် အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည်ဟု ထရမ့်က စွပ်စွဲထားခြင်းကြောင့်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဆင့် ၁ သဘောတူညီချက် ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းချက်သည် နှစ်နိုင်ငံစလုံးအတွက် Win-win အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မည့် အလားအလာ ရှိသည့်အပြင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကိုပါ လျှော့ချနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: Myawady Web Portal