တပို့တွဲလရာသီနှင့် ဆေးဖက်ဝင်ပေါက်ပန်း
Posted_Date
Image

Body
နှာရည်ယိုရွှဲ တပို့တွဲ
တပို့တွဲလသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး ဆောင်းရာသီ နောက်ပိုင်းချိန်ဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တို့ တွဲညွတ် သောရာသီဖြစ်၍ တပို့တွဲလဟုခေါ်ခြင်းဖြစ်သည်။ တပိုဝ်သည် ထန်းဖူးကိုဆိုလိုပြီး တွဲသည်၊ အသီးခိုင်တွဲလောင်းကျသည်ကို ရည်ညွှန်းသည်။ တပို့တွဲလတွင် ထန်းဖူးများကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည် ခံသည့်လဖြစ်၍ ထိုလ၌ ထန်းတောင်သူများ ထန်းလျက်ချက်ကာ အလုပ်များသောလဖြစ်သည်။
တပို့တွဲလ၏ အထိမ်းအမှတ်ပန်းများမှာ ပေါက်ပန်း၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမင်းနဲပွဲကျင်းပကြသည်။ ကောက်ညှင်း စပါးသစ်ပေါ်ချိန်တွင် ထမင်းနဲထိုး၍ ကျွေးမွေး လှူဒါန်းလေ့ရှိကြသည်။
ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့ကာ နွေဦးပေါက်လာသည်။ ဆယ့်နှစ်လရာသီရှိသည့်အနက် ရှေးယခင်က မြန်မာနိုင်ငံ၏ အေးသောလကို တပို့တွဲလအဖြစ် သတ်မှတ်ခဲ့ပြီး အချမ်းအေးဆုံးအချိန်ကို တပို့တွဲလပြည့်နေ့မတိုင်မီ လေးရက်အလိုနှင့် တပို့တွဲလပြည့်ပြီးနောက် လေးရက်အထိ သတ်မှတ်ခဲ့ကြသည်။ တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲ တပို့တွဲဟုလည်း ဆိုကြသည်။
တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့
သနပ်ခါးစိုက်ပျိုးသော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့်ပေါက်မြို့တို့၌ တပို့တွဲလပြည့် နေ့ညတွင် မြို့နယ်များအလိုက် ဘုရားစေတီများ၌ သနပ်ခါးမီးပူဇော် ခြင်းနှင့်အတူ ထမနဲစတုဒိသာပွဲများ ပြုလုပ်လေ့ရှိကြသည်။ ဖော်ပြပါ သနပ်ခါးစိုက်ပျိုးသော ဒေသများအနက် အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုမြို့တို့တွင် သနပ်ခါးမီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ် တပို့တွဲလပြည့်နေ့က စတင်ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ပေါက်မြို့၌ ထမနဲပွဲနှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်လိုက်သည်။
ပေါက်ပန်းအကြောင်း သိကောင်းစရာ
ဆယ့်နှစ်လရာသီပန်းများတွင် ပေါက်ပန်းသည် တပို့တွဲလ၏ပန်း အဖြစ် မှတ်တမ်းတင်ထားသည်။ ရာသီမသိ ပန်းနှင့်ညှိဟူသော ဆိုရိုး စကားနှင့်အညီ နှာရည်ယိုရွှဲ တပို့တွဲကာလ၌ ပေါက်ပင်တစ်ပင်လုံး ပန်းများဝေနေအောင် ပွင့်ကြသည်။ ပေါက်ပန်းများသည် ကြက်တူရွေး နှုတ်သီးသဏ္ဌာန်ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော်လည်း အပွင့်အလွန်လှသည်။ လိမ္မော်ရောင်နီကြန့်ကြန့်ပန်းများ ပင်လုံး ကျွတ်ဝေဆာနေသဖြင့် အဝေးမှကြည့်လျှင် မီးတောက်များသဖွယ် အမြင်ဆန်းကြယ်နေသည်။ ထို့ကြောင့် ရောမလူမျိုးများက ပေါက်ပင်ကို Flame of the Forest (သစ်တောမီးတောက်ပင်) ဟု အင်္ဂလိပ်အမည် မှည့်ခေါ်ကြဟန်တူသည်။ မြန်မာနိုင်ငံ၏ အထက်အညာဒေသများ၌ အဖြူရောင် ပေါက်ပန်းမျိုးကိုလည်း တွေ့ရတတ်သည်။
အရသာရှိသောပေါက်ပန်း
သဘာ၀အလျောက်ပေါက်ရောက်သော်လည်း တချို့ကဟင်းလျာ အဖြစ်စားသုံးရန် ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အပွင့်၏အရသာမှာ မဆိုသလောက်ခါး၍ ဆိမ့်သက်သဖြင့် ခံတွင်းရှင်းသည်။ အပွင့်ကို ကြော်စား၊ ချက်စား၊ ဟင်းချိုချက်စား၊ ပြုတ်ပြီးသုပ်စား စသည်ဖြင့် ဟင်းလျာမျိုးစုံ ပြုလုပ်စားသုံးနိုင်သည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်စားနိုင်သလို အရွက်ကြော်အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍ တစ်ဖုံစားသုံးနိုင်သည်။
ပေါက်ပင်၏ပုံသဏ္ဌာန်
ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်သည်။ တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသရှိ ချောင်း၊ မြောင်း၊ အင်း၊ အိုင် နံဘေးများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသည်။ ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၅၀ မှ ပေ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များပါရှိပြီး အကိုင်းအခက်ကောက် ကွေး၍ထွက်သည်။ အညွန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သော အမွေးများရှိသည်။ အခေါက်မှ အနီရောင်အစေးများ ထွက်ရှိသည်။ အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍ အရင်း ကျယ်သည်။ အရွက်၏ အပေါ်ယံမျက်နှာပြင်သည် သားရေကဲ့သို့ပြောင် ချောသော်လည်း အောက်မျက်နှာပြင်တွင် အမွေးနုလေးများရှိသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ တန်ခူးလ၊ ကဆုန်လတို့တွင် အသီးသီးလေ့ရှိသည်။ အသီးတောင့်သည် ၆ လက်မမှ ၈ လက်မ အထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်း တွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင် ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။
ဆေးဖက်၀င် ပေါက်ပန်း
အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းအားလုံး ဆေးဖက်၀င်သည်။ မြန်မာ့ဆေးကျမ်းများ အဆိုအရ ပေါက်ပင်သည် ဖန်၊ ခါး၊ စပ်အရသာရှိသည်။ ပူသည်၊ ဝမ်းမီးကိုတောက်စေသည်၊ ကျိုးသောအရိုးကိုဆက်စေသည်၊ ဆီးရွှင်စေသည်။ ပေါက်သီး သည် စပ်သည်၊ ဒူလာသရောနာ၊ ဝမ်းမီးတောက်သောအနာ၊ အလုံးအခဲ တည်သောအနာ၊ မြင်းသရိုက်နာများအားနိုင်သည်။ အပွင့်သည် ဖန်၊ ခါး၊ စပ်သည်၊ အေးသည်၊ လေကိုပွားစေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။ အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့်နှင့် နူနာရောဂါတို့ကိုပျောက်ကင်းစေသည်။ ကြက်မျက်သင့်သော အနာ၊ နှာစေးနာတို့ကိုနိုင်သည်။ အဆီ အနှစ်ကိုဖြစ်စေသည်။ ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည်ဟု ဖော်ပြထားသည်။
အိန္ဒိယဆေးကျမ်းများတွင် ပေါက်စေ့သည် ဝမ်းသက်စေသည်၊ ကပ်ပါးကောင်များကိုသေစေသည်။ ပေါက်ရွက်နှင့်ပေါက်ပန်းသည် ခွန်အားဖြစ်စေသည်၊ အရေပြားကို သွေးတိတ်စေသည်၊ ဆီးရွှင်စေသည် ဟု ဖော်ပြထားသည်။
အပွင့်နှင့်ကျန်းမာရေး
- အဖြူ နှင့် အနီ နှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍ ဆေးစွမ်းထက်မြက်သည်။
- ပေါက်ပွင့်ကို ရေအေးတွင် တစ်ညစိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်သောက်ပါက စအိုဝနာခြင်း၊ ဆီးနှင့်ရော၍သွေးပါ ခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။
- ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့အတွက် ပေါက်ပွင့်ကို ရေနွေးနှင့်ကျိုချက်သောက်ပါ။ ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ် အုံပေးခြင်းဖြင့် ဆီးရွှင်စေသည်။
- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ခတ်၍ သောက်ပါက အသည်းရောဂါအမျိုးမျိုးနှင့် ပျက်စီးနေသောအသည်း ကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်း ကိုပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အသက်ကြီးသူများ ဖြစ်တတ်သော လေအားနည်းဝေဒနာကိုလည်း သက်သာစေသည်။
- အပွင့်ကို အရည်ညှစ်ပြီး မျက်စိတွင်ခတ်ပေးပါက မျက်စိမှုန်၊ မျက်စိဝေခြင်းတို့ကို ပျောက်ကင်းစေသည်။
- ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့် သို့မဟုတ် အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါ။
- အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့် ရောဂါဖြစ်ပါက အပွင့်ကို ပြုတ်စားပေးနိုင်သည်။
- မီးယပ်အဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါအတွက် အပွင့်ကို သုပ်စားနိုင်သည်။
အစေးနှင့်ကျန်းမာရေး
- အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့် အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းနိုင်ပါသည်။
- ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ၀မ်းသွားခြင်းဖြစ်ပါက ပေါက်စေးလက်ဖက် ရည်ဇွန်း သုံးပုံတစ်ပုံခန့်ကို တစ်ရက်လျှင်သုံးကြိမ် ရေနွေးဖြင့် သောက်ပါ။
အစေ့နှင့်ကျန်းမာရေး
- ပေါက်စေ့သည် ဝမ်းကိုက်နာ၊ အလွန်ပူသောအနာနှင့် သွားနာရောဂါများကိုနိုင်သည်။
- ပွေး၊ ယားနာများအတွက် ပေါက်စေ့ကို သံပရာရည်နှင့်သွေး၍ လိမ်းပါ။
- အစေ့ကို ရေတွင်စိမ်၍ အခွံခွာပြီးလျှင် အတွင်းဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့နှစ်ကြိမ် ဆက်စားပြီး လေးရက်မြောက်သောအခါ ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျစေနိုင်သည်။
- ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့်သန်ကောင်တို့ကိုနိုင်သည်။ ပေါက်စေ့၊ ငရုတ်ကောင်းနှင့် ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးလေးများလုံးပြီး စားလျှင် သန်ကောင်များကိုသေစေသည်။
အရွက်နှင့်ကျန်းမာရေး
- အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။
- အရွက်ကို အနာ၊ အဖုအပိမ့်များပေါ် လိမ်းအုံပေးပါက ပျောက်ကင်းစေသည်။
- အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့် ဆတူရောပြီး ရှူပေးပါက စိတ်ဖောက်ပြန်ပျံ့လွင့်သော ရောဂါကို ပျောက်ကင်းစေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်း အတိုင်း ရှူပေးပါ)
- အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါဖြစ်ပါက ပေါက်ရွက်ကို ငရုတ်ကောင်းနှင့်ရောကြိတ်ပြီး ရှူပေးပါ။
- ပေါက်ရွက်ကို ကျီးအာသီးဆန်နှင့် ရောစားပါက ပန်းသေရောဂါ ပျောက်ကင်းနိုင်သည်။
- တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက် ပေါက်ရွက်ကို ကြက်သွန်နီများများနှင့် ကြော်စားပါ။
- အပူလောင်နာဖြစ်ပါက ပေါက်ရွက်သတ္တုရည်ထည့်ပေးပါ။
- ထိခိုက်ဒဏ်ရာရပါက ပေါက်ရွက်သတ္တုရည်ကို လက်ဖက်ရည် အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။ အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။
အခေါက်နှင့်ကျန်းမာရေး
- အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။
- အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော် အဆိပ်တက်ခြင်းမှပြေစေသည်။
- တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့်အခေါက်ပြုတ်ရည်သောက်ပါ။
ဥနှင့်ကျန်းမာရေး
- ပေါက်ဥမှုန့်ကို ပျားရည်နှင့်စားပါက အားအင်ပြည့်ဖြိုးကာ အသက် ရှည်စေသည်။
အမြစ်နှင့် ကျန်းမာရေး
- အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွံခြင်းတို့ကို ပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။
- အဆစ်ရောင်ရောဂါအတွက် အမြစ်ကိုရေနှင့်သွေးပြီး မီးနှင့်နွေးအောင်ပြုလုပ်ကာ ရောင်နာနေသော အဆစ်ပေါ်လိမ်းပေးပါ။
သတိပြုရန်
ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော်လည်း တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကြူး စားသောက်မိပါက ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ စားသုံးရန် မသင့်ကြောင်း ရေးသားလိုက်ရပါသည်။
Source: Myawady Web Portal