(ယမန်နေ့မှအဆက်)
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံအတွင်းသို့ လေပွေလှိုင်းအဆင့်ဖြင့် ၃ ရက်ခန့် ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ရာ ဖြတ်ကျော်ဝင်ရောက်နေသည့် ၉-၉-၂၀၂၄ ရက်နေ့မှ ၁၂-၉-၂၀၂၄ ရက်နေ့များအတွင်း မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ မိုးရေချိန် စံချိန်သစ်တင်ခြင်းများကို ၁၅ ကြိမ်တိုင်တိုင် တိုင်းတာရရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်းများ ဖြတ်သန်းနေစဉ်ကာလအတွင်း တောင်ကျချောင်းရေများ အရှိန်အဟုန် ပြင်းစွာ စီးဆင်းမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ နှစ်ပေါင်း ၈၀ ကျော်အတွင်း မကြုံစဖူးခံစားခဲ့ရခြင်းကြောင့် လူပေါင်း ၅၂၀ သေဆုံး၊ ပျောက်ဆုံးခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
(ဃ) ရာသီဥတုပြောင်းလဲမှုနှင့် မုန်တိုင်းများအခြေအနေ
မုန်တိုင်းအကြိမ်ရေ လျော့နည်းလာမှု။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းများဖြစ်ပေါ်ခြင်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေလေ့ရှိပါသည်။ မိုးကြိုကာလ မုန်တိုင်းဖြစ်လျှင် မုတ်သုံကို အဝင်စောစေပြီး မုတ်သုံကာလအတွင်း မုန်တိုင်းဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်းစေကာ မိုးပိုရစေပါသည်။ မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်ဖြတ်ပြီဆိုပါက ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတတ်သည်။ (၁၈၉၁-၂၀၂၀) အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအရေအတွက် စုစုပေါင်း ၁၂၂၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် (၁၈၉၁-၁၉၇၀) ကာလနှင့် (၁၉၇၁-၂၀၂၀) ကာလတို့ကို ခွဲခြားလေ့လာကြည့်လျှင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မုန်တိုင်းအရေအတွက် လျော့နည်းလာနေသည်ကို သိသာထင်ရှားစွာ တွေ့မြင်ရပါသည်၊၊
လွန်ခဲ့သည့် (၁၈၉၁-၁၉၇၀) ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မုန်တိုင်း ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကာလများဖြစ်သော (၁၉၇၁-၂၀၂၀) အတွင်းတွင် တစ်နှစ်ပျမ်းမျှအားဖြင့် မုန်တိုင်း ခုနစ်ကြိမ်ခန့်သာ ဖြစ်ပွားမှုရှိတော့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တစ်နှစ်တွင် ပျမ်းမျှအားဖြင့် မုန်တိုင်း လေးကြိမ်ခန့် လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။
မုန်တိုင်းပြင်းအားတိုးလာမှု။ မုန်တိုင်းအကြိမ်ရေနည်းသွားသော်လည်း မုန်တိုင်းဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီဆိုပါကလည်း အင်အားကြီးမုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်ကြောင်း၊ ၂၀၀၆ ခုနှစ် “မာလာ”မုန်တိုင်း၊ ၂၀၀၇ ခုနှစ် “အာကရှ်” မုန်တိုင်း၊ ၂၀၀၈ ခုနှစ် “နာဂစ်”မုန်တိုင်း၊ ၂၀၁၁ခုနှစ် “ဂီရိ” မုန်တိုင်း၊ ၂၀၂၃ ခုနှစ် “မိုခါ”မုန်တိုင်းများက သာဓကအဖြစ် ညွှန်ပြလျက်ရှိပါသည်။
မုန်တိုင်းအစပျိုးရာနေရာ၊ ဖြစ်ပွားသည့် အချိန်နှင့် မုန်တိုင်းလမ်းကြောင်းများ သွေဖည်လာမှု။ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အားကောင်းသော မုန်တိုင်းငယ် (02B/2022) သည် မုန်တိုင်းအဖြစ်နည်းသော ကပ္ပလီပင်လယ်ပြင်မှ အစပျိုးခဲ့ခြင်း၊ မုန်တိုင်းလုံးဝမဖြစ်ဖူး သော မတ်လတွင်ဖြစ်ပွားခြင်း စသည့် ထူးခြားချက်များ တွေ့ရှိလာရပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည်လည်း မုန်တိုင်းစတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ကမ်းခြေနှင့် အလွန်နီးကပ်စွာ စတင်အစပျိုးဖြစ်ပေါ်ခဲ့ပြီး အချိန်တိုအတွင်း မွန်ပြည်နယ်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။
အဆိုပါ မုန်တိုင်းငယ်သည် မုန်တိုင်း စတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့ကာ မုန်တိုင်းဝင်ရောက်လေ့မရှိသော မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် တစ်ခုတည်းသော ထူးခြားသည့် မုန်တိုင်းငယ်တစ်ခု ဖြစ်ခဲ့ပါသည်။ အလားတူပင် ၁၉၈၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော “ဂွ” မုန်တိုင်းနှင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော “နာဂစ်” မုန်တိုင်းတို့၏ မုန်တိုင်းလမ်းကြောင်းကို လေ့လာကြည့်လျှင်လည်း ပုံမှန်မုန်တိုင်းလမ်းကြောင်းများနှင့်သွေဖည်၍ လတ္တီကျုနိမ့်သော ဧရာဝတီတိုင်းဒေသကြီးအနီးမှလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
အနာဂတ်မြန်မာ့ရာသီဥတု ပြောင်းလဲနိုင်မှုအလားအလာများ
အနာဂတ်ကာလများတွင် ရာသီဥတု မည်ကဲ့သို့ပြောင်းလဲနိုင်မည်ဆိုသည့် ခန့်မှန်းချက်ကို သိရှိမှသာ အဆိုပါရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်နိုင်မည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့်နည်းလမ်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကာဗွန်ထုတ်လုပ်မှုတွက်ချက်သည့်လမ်းကြောင်း (Representative Concentration Pathway- RCP) RCP 4.5 နှင့် RCP 8.5 တို့ဖြင့် တွက်ထုတ်ထား သော နောင်လာမည့် မြန်မာနိုင်ငံ၏ အနာဂတ်ကာလများအတွက် ရွာကျမှုဖြစ်စဉ်များ ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းနှင့် အမြင့်ဆုံးအပူချိန် မြင့်တက်လာနိုင်မှုအလားအလာတို့ကို ဇယား-၂ အတိုင်း ဖော်ပြအပ်ပါသည်။
ဇယား-၂။ မြန်မာနိုင်ငံအတွက် RCP 4.5 နှင့် RCP 8.5 တို့ဖြင့် တွက်ထုတ်ချက်ရရှိသော ပြောင်းလဲလာနိုင်သည့် ရာသီဥတု အခြေအနေများ
စဉ် | အကြောင်းအရာ | ၂၀၄၀ ပြည့်နှစ် | ၂၁၀၀ပြည့်နှစ် | ||
RCP 4.5 | RCP 8.5 | RCP 4.5 | RCP 8.5 | ||
၁။ | ရွာကျမှုဖြစ်စဉ် တိုးလာနိုင်မှု (%) | ၁-၄ % | ၂-၆ % | ၂-၇ % | ၅-၁၇ % |
၂။ | နေ့အပူချိန်(C) တိုးလာနိုင်မှု | ၀.၉-၁.၁ ( C) | ၁.၁-၁.၄ ( C) | ၁.၄-၁.၇ ( C) | ၃.၅-၄.၃ ( C) |
ရာသီဥတု ပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံးရှိ လူသားများအား ခြောက်လှန့်နေသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတုမျှတစေရေးအတွက် ပြုမူဆောင်ရွက်မှုများ၊ ကျွမ်းကျင်မှုနည်းပညာများဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးများကို ဆောင်ရွက်နေကြသော်လည်း လေထုအတွင်းရောက်ရှိနေပြီးဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ထိခိုက်မှုဆိုးကျိုးများကို တစ်ကမ္ဘာလုံး ဆက်လက်ခံစားနေရဦးမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များအရ ရာသီဥတုပြောင်းလဲနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်မှုဆိုးကျိုးများကို လက်ရှိတွင် ခံစားနေရသကဲ့သို့ အနာဂတ်တွင်လည်း ဆက်လက်ဖြစ်ပေါ် ခံစားနေရဦးမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ၏ အရေးကြီးကဏ္ဍများတွင် ပျက်စီးဆုံးရှုံးလွယ်သည့်အခြေအနေများကို လျှော့ချရန်၊ လိုက်လျောညီထွေ ပြုမူ နေထိုင် ဆောင်ရွက်နိုင်ရန် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်များ၊ ချမှတ်ဆောင်ရွက်ရန် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော အစီအမံများကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များ ပေါ်ပေါက်လာပါကလည်း တရားမဝင်သတင်းဌာနများနှင့် Social Media များမှ ခိုင်မာမှုမရှိသော ထုတ်လွှင့်ချက်များအပေါ် နားယောင်မှုမပြုဘဲ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော ကြိုတင်သတိပေးချက်များကို ဂရုပြုနားထောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများကို သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းလုံခြုံနိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရလျက်ရှိရာ အခြားသောနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုသည် ယခင်ကထက် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားလာသည်သာမက အဖျက်စွမ်းအားသည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိရပါသည်။
၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index - 2023) အရ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း ၃၆ ဒသမ ၂၆ ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့်ခြောက်နေရာတွင် ရှိနေကြောင်း ဖော်ပြထားပါသည်။ (source: https://weltrisikobericht.de/wpcontent/ uploads/ 2024/01/ WorldRiskReport_ 2023_english_online.pdf) ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုသာမက လူသားတို့၏ လူမှုရေးနှင့် စီးပွားရေးကိုပါ သိသိသာသာ သက်ရောက်မှုရှိစေပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများအပေါ်တွင် မှီခိုနေရသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး ဖူလုံကြွယ်ဝမှုသည် သင့်တင့်မျှတသော ရာသီဥတုအခြေအနေပေါ်တွင် များစွာမူတည်လျက်ရှိပါသည်။ တစ်နည်းဆိုရသော် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များနှင့် သဘာဝ ဘေးဒဏ်များသည် မြန်မာ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ထိခိုက်လွယ်ပြီး သက်ရောက်မှုများစွာ ရှိစေပါသည်။
ဖန်လုံအိမ်အာနိသင်သည် နေ၏အပူကို စုပ်ယူထိန်းညှိပေးကာ မြေကြီးပေါ်ရှိ အပူချိန်ကို သက်သောင့်သက်သာ ဖြစ်စေသောကြောင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက် အကျိုးပြုသော သဘာဝဖြစ်စဉ် တစ်ခုဖြစ်သည်။ သို့သော် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ မွေးမြူရေး၊ မော်တော်ကားများနှင့် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုစသည့် လူသားတို့၏ လုပ်ဆောင်ချက်များမှ ဖန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံထုတ်လွှတ်သည့် အကျိုးဆက်အနေဖြင့် လေထုထဲတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏအဆမတန် တိုးလာစေပြီး ကမ္ဘာကြီးကို ပူနွေးလာစေကာ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကို ဦးတည်လာခဲ့ပါသည်။ မုတ်သုံရပ်ဝန်းတွင် တည်ရှိနေသော မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို သိသာထင်ရှားစွာ ခံစားနေရသည်ဖြစ်ရာ အနောက်တောင် မုတ်သုံလေဆိုင်ရာပြောင်းလဲမှုများ၊ နွေကာလစံချိန်တင်အပူချိန်မြင့်တက် လာမှုများ၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုများ၊ မုန်တိုင်းကြီးများဝင်ရောက်မှုများ စသည်တို့မှာ ထင်ရှားသည့် ရာသီဥတုပြောင်းလဲမှု၏ ခြေရာများပင်ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် ကြုံတွေ့ခံစားခဲ့ရသော ရာသီဥတုပြောင်းလဲမှုခြေရာများ
(က) အမြင့်ဆုံးအပူချိန်များ ပြောင်းလဲလာခြင်း
ယခုအခါ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုထွန်းကားသည့်ကာလ (၁၈၅၀-၁၉၀၀) ၏ ပျမ်းမျှအပူချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက ၁ ဒသမ ၄၅ ဒီဂရီဆဲလ်စီးယပ်အထက် ပိုမိုမြင့်တက်နေလျက်ရှိပြီး ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၏ အမြင့်ဆုံးအပူချိန်သည် (၁၉၈၁-၂၀၁၀) ကာလ၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဖြစ်သော ၃၁ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ထက် ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ အပူဆုံးလများဖြစ်သည့် မတ်လနှင့် ဧပြီလတို့တွင် ထိုလများ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်ခန့် ပိုမိုမြင့်တက်နေရာ ကျန်းမာရေးဆိုင်ရာ ပြဿနာများအပြင် သောက်သုံးရေရှားပါးသည့်ပြဿနာများကို မိုးခေါင်ဒေသများ၌သာမက မြေလတ်ဒေသများတွင်ပါ ခံစားနေကြရပါသည်။
၂၀၂၄ ခုနှစ်၏ နွေကာလမတ်လနှင့် ဧပြီလနှစ်လအတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းကို ၃၅ ကြိမ်တိတိ တိုင်းတာရရှိခဲ့ပြီး ၎င်းတို့အနက် ဧပြီလ ၂၈ ရက်နေ့တွင် တိုင်းတာရရှိခဲ့သော ချောက်မြို့၏ အပူချိန်စံချိန် သစ်ဖြစ်သည့် ၄၈ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် အယ်လ်ဒိုရာဒို ရာသီဥတုနှင့် မိုးလေဝသစင်တာမှ တစ်ကမ္ဘာလုံးရှိ မြို့ကြီးများအနက် အပူချိန်အမြင့်ဆုံး ၁၅ မြို့၏ အမြင့်ဆုံးအပူချိန်များကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ ညောင်ဦးမြို့တို့သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့တွင် ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။ (source: https:// www. eldor-adoweather.com/climate/world-extremes/world-temp-rainfall-extremes.php)
(ခ) အနောက်တောင် မုတ်သုံရာသီ ပြောင်းလဲလာခြင်း
မြန်မာနိုင်ငံသည် မုတ်သုံရာသီ စက်ဝန်းအတွင်း တည်ရှိနေသော နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ အနောက် တောင်မုတ်သုံရာသီပြောင်းလဲမှုသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို များစွာ သက်ရောက်မှုရှိပါသည်။ ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း ၁၉၆၁-၁၉၉၀ နှစ် ၃၀ ကာလအပိုင်းအခြားနှင့် နှိုင်းယှဉ်ပါက ၁၉၉၁-၂၀၂၀ ကာလအပိုင်းအခြားတွင် ရက်သတ္တပတ် သုံးပတ်တာ ခန့် တိုတောင်းလာမှုသည် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို များစွာအခက်တွေ့စေခဲ့ပါသည်။
သို့ဖြစ်ရာ ပြောင်းလဲလာသည့် မုတ်သုံကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သီးနှံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးလာရခြင်းများရှိသလို သက်တမ်းတိုမျိုးစိတ်များအား ပြောင်းလဲစိုက်ပျိုးလာကြရသည်။ အခြားတစ်ဖက်တွင်လည်း မုတ်သုံအဝင်နောက်ကျလာခြင်းသည် နွေကာလ ရက်ရှည်လာခြင်းဖြစ်ရာ အပူချိန်မြင့်မားသောရက်များကို တာရှည်စေပါသည်။
(ဂ) မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း
မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုပုံစံကိုလေ့လာကြည့်ပါက တစ်နှစ်တာပျမ်းမျှမိုးရွာသွန်းမှုပမာဏ သိသိသာသာ တိုးလာခြင်း၊ လျော့နည်းသွားခြင်းမျိုးမရှိဘဲ တစ်နှစ်တာရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီစွာ ရွာသွန်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ရွာရမည့် အချိန်မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နှစ်တာကာလအတွင်း ပျံ့နှံ့စွာဖြင့် ပုံမှန်ရွာသွန်းခြင်းမဟုတ်ဘဲ အချိန်တိုအတွင်း ပြင်းထန်စွာ ရွာသွန်းခြင်းအစရှိသည့် မူမမှန်သော မိုးရွာသွန်းမှုပုံစံများကို နှစ်စဉ် ကြုံတွေ့လာရပါသည်။
အဆိုပါ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ ဖြစ်ပွားသည့် အကြိမ်အရေအတွက် များပြားလာသကဲ့သို့ ပိုမိုပြင်းထန်လာသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် နောက်ဆက်တွဲ ဖြစ်စဉ်များဖြစ်သည့် လျှပ်တစ်ပြက်ရေကြီး ရေလျှံခြင်း၊ မြေပြိုခြင်းများကိုလည်း မကြာခဏ ကြုံတွေ့လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်တစ်ခုသည် မြန်မာနိုင်ငံ မောင်တောမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှတစ်ဆင့် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျ ချောင်းရေများ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းခဲ့၍ ပခုက္ကူမြို့နယ်အတွင်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ရွှေချောင်းတံတားပျက်စီးခြင်း၊ လူ ၁၀၆ ဦး သေဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကာလများတွင် မုတ်သုံလေအားကောင်းမှုကြောင့်လည်းကောင်း၊ အားပြင်း မုန်တိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းကာ နိုင်ငံအနှံ့ရှိ မြစ်များ၊ ချောင်းများတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ကျယ်ပြန့် ပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့ပါသည်။ အဆိုပါ ရေကြီးမှုကြောင့် သက်ရှိလူ၊ တိရစ္ဆာန်များ အသက်ဆုံးရှုံးရသည်သာမက လမ်းများ၊ တံတားများ၊ အိမ်များ၊ လယ်ကွင်းများနှင့် စိုက်ပျိုးသီးနှံ များ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည်။
ထို့အပြင် မိုးသည်းထန်၍ ရေတိုက်စားမှုများကြောင့် အချို့တောင်တန်း ကုန်းမြင့်ဒေသများတွင် မြေပြိုမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာသွန်းခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော ၅၉ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်သည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ရေခံကောင်းခြင်း၊ မြစ်အထက်ပိုင်းနှင့် မြစ်ဝှမ်းအတွင်း မိုးပျံ့နှံ့စွာနှင့် သည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ဒီရေမြင့်တက်ချိန်နှင့် တိုက်ဆိုင်ခြင်း စသည်တို့ကြောင့် အခြားနှစ်များထက် အခြေအနေပိုဆိုးခဲ့ကာ ပဲခူးမြို့တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးမြစ် ရေမှတ် ၁၀၀၄ စင်တီမီတာဖြင့် စံချိန်တင် မြစ်ရေကြီးခဲ့ပါသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှုကြောင့် အင်းလေးကန်တစ်ခုလုံး ရေများ ခန်းခြောက်သွားသည်အထိ ရာသီဥတုဖောက်ပြန်ခဲ့ပြီး တစ်ဖန် ယခုနှစ် ၂၀၂၄ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အင်းလေးကန်အတွင်း ရေများအဆမတန်စီးဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး အင်းလေးကန်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ မြန်မာ့ရိုးရာ ရက်ကန်းစင်များ ရေနစ်မြုပ်ခဲ့ရပါသည်။ ထိုသို့ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များ နှစ်စဉ်ကြုံတွေ့ ခံစားရနေသည်မှာ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးပြယုဂ်များပင် ဖြစ်ပါသည်။
မကြာသေးမီက ဖိလစ်ပိုင်ပင်လယ်ပြင်မှ စတင်အစပျိုးခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်း အကျန်တိမ်တိုက်များသည် ဖိလစ်ပိုင် နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ ကုန်းတွင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီးနောက် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံသို့တိုင်ရောက်ရှိခဲ့ကာ အဖျက်စွမ်းအား အလွန် ပြင်းထန်ခဲ့ပါသည်။ ယင်းတိုင်ဖွန်း မုန်တိုင်း၏အရှိန်ကြောင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စသည့်နိုင်ငံပေါင်း ကိုးနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများကြုံတွေခဲ့ရကာ အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ သေကျေ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာမှာ နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင် အားနဲ့ ကာကွယ်ရေးမောင်းနှင်အားဆိုပြီး မောင်းနှင်အား သုံးမျိုးရှိပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုရှိမယ်၊ စည်းလုံးညီညွတ်မှု ရှိမယ်ဆိုရင် နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါကလည်း ကာကွယ်ရေးအင်အား ကောင်းမွန်မှာဖြစ်ပါတယ်။ ဒီအင်အားနှစ်ခု ကောင်းမွန်နေဖို့အတွက် အခြေခံကတော့ စီးပွားရေးအင်အားပဲ ဖြစ်ပါတယ်။ စီးပွားရေး မောင်းနှင်အားဟာ တိုင်းပြည်အတွက် အဓိကကျပါတယ်။
မိမိတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အောင်မြင်အောင်ထုတ်လုပ်နိုင်တဲ့ အခြေခံ ကောင်းတွေကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာ မှာ စားရေရိက္ခာလုံခြုံရေး Food Security ကို များစွာအထောက်အကူပြုနိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို ဒေသထွက်ကုန်ကြမ်းတွေ အသုံးပြုပြီး အရည်အသွေးမြင့်ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေး ဖြစ်တဲ့ ပြည်တွင်းထွက်ကုန်ကနေ ပြည်ပပို့ကုန်ထိ မျှော်မှန်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်မှုရေချိန်တစ်ခုကို အားလုံးလှမ်းမျှော်မြင်တွေ့ကြမှာလည်း ဖြစ်ပါတယ်။ ဒီကတစ်ဆင့် ပြည်ပပို့ကုန်ဆိုတဲ့အပိုင်းမှာလည်း မိမိတို့နိုင်ငံရဲ့ ဘိုးဘွားအမွေ ပထဝီမြေဟာ ဘယ်လိုနေရာမျိုးပိုင်ဆိုင်ထားပါသလဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးကို ပြည်ပအထိ ဘယ်လိုထိုးဖောက်ဆောင်ရွက်သွားမလဲဆိုတာ နိုင်ငံသားတိုင်း သိသင့်တဲ့ အချက် တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ စာရေးသူဟာ မြန်မာနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ ရည်မှန်းချက်အချို့ကို စာဖတ်သူများထံ သတင်းစကားပါးသွားမှာပဲဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဆိုသည်မှာစာရေးသူဆိုခဲ့တဲ့ မဟာဗျူဟာရည်မှန်းချက်တွေကို မပြောခင်မှာ မဟာမဲခေါင်ဒေသခွဲရဲ့ သမိုင်းအကျဉ်းကို စာဖတ်သူတို့နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တည်ရှိပါတယ်။ အာရှဒေသမှာ ရှိတဲ့ မဲခေါင်မြစ်ရဲ့ နိုင်ငံဖြတ်ကျော်ဒေသတစ်ခုလို့ ဆိုရပါမယ်။ အာရှဖွံ့ဖြိုးရေးဘဏ်( Asian Development Bank-ADB) ဟာ ၁၉၉၂ ခုနှစ်မှာ အာရှဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို စတင်ရေးဆွဲခဲ့တယ်။ ဒီအစီအစဉ်မှာ အာရှဒေသတွင်း ခြောက်နိုင်ငံဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ပါဝင်ခဲ့ကြတယ်။ မဟာမဲခေါင်ဒေသခွဲ (GMS) ဆိုတာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်ဖြစ်ပြီး မြေဧရိယာအကျယ်အဝန်း ၂ ဒသမ ၆ သန်း စတုရန်းကီလိုမီတာနဲ့ လူဦးရေပေါင်း ၃၂၆ သန်းကျော် မှီတင်းနေထိုင်တဲ့ ဒေသခွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့ပြင် မဟာမဲခေါင်ဒေသခွဲဟာ အရှေ့အာရှ၊ တောင်အာရှနဲ့အရှေ့တောင် အာရှဒေသတွေရဲ့ Land Bridge (ကုန်းမြေပေါင်းကူး)တစ်ခုအဖြစ် မဟာဗျူဟာကျကျ အရေးပါနေတယ်ဆိုတာကို စာဖတ်သူများဆီ မျှဝေပေးလိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS)အတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဲခေါင်မြစ်ကော်မရှင်(Mekong River Commission -MRC) ၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(GMS – Programme)နဲ့ အာဆီယံ-မဲခေါင်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ( ASEAN - Mekong Basin Development Cooperation -AMBDC) စတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုပါ ချမှတ် ဆောင်ရွက်နေတာကို တွေ့ရပြန်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ကြတဲ့ နေရာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ရယူဆောင်ရွက်ကြသလို အဓိကထောက်ပံ့ပေးတဲ့အဖွဲ့အစည်းကတော့ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)ပဲဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွယ်ချက်ကတော့ ပိုမိုပေါင်းစည်း ၍ ပြည့်စုံကြွယ်ဝပြီး လိုက်လျောညီထွေမှုရှိသည့် မဲခေါင်ဒေသခွဲ ဖြစ်လာစေရေး၊ ချိတ်ဆက်မှု (Connectivity) ပိုမိုကောင်းမွန်လာစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း( Competitiveness) မြင့်မားလာ စေရေးနှင့် အသိုက်အဝန်း(Community) စိတ်ဓာတ်ကို မြှင့်တင်ရေးတွေပဲဖြစ်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ၏ မဟာဗျူဟာဦးတည်ချက် လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ ဒေသတွင်း နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးအတွင်းမှာပဲ ဖြစ်ဖြစ်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဟာ မည်ရွေ့မည်မျှ ခိုင်မာကျစ်လျစ်လည်းဆိုတာကို အားလုံး သိချင်ကြမှာပါပဲ။ သူတို့ဘာတွေ လုပ်ကြမှာလဲ၊ ဒေသတွင်းကတစ်ဆင့် ပါဝင်တဲ့နိုင်ငံတွေထိ အမျိုးသား အကျိုးစီးပွားမည်ရွေ့မည်မျှ ခိုင်မာကောင်းမွန်သွားကြမှာလဲ၊ ပြည်သူတွေဘယ်လောက် မျှော်လင့်ချက်ရေချိန်ထားနိုင်ကြမှာလဲ စတဲ့အချက်တွေဟာ ပေါ်ပေါက်လာတဲ့ ဒီအဖွဲ့အစည်းကြီးကို အကဲခတ်မေးမြန်းနေကြမယ့် မေးခွန်းများလည်းဖြစ်ပါတယ်။ဥပမာလက်ရှိကမ္ဘာကြီးက စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ BRICS အဖွဲ့ အစည်းကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေကြသလိုမျိုးလို့ ဆိုရမှာပေါ့။
GMS လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့အစည်းရဲ့ အစီအစဉ်ကဏ္ဍတွေကို လေ့လာကြည့် ကြမယ်ဆိုရင်-
(၁) သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transport)
(၂) စွမ်းအင်ကဏ္ဍ (Energy)
(၃) ဆက်သွယ်ရေးကဏ္ဍ(ICT)
(၄) လယ်ယာစိုက်ပျိုးရေးကဏ္ဍ (Agriculture)
(၅) သဘာဝပတ်ဝန်းကျင်ကဏ္ဍ (Environment)
(၆) ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)
(၇) ကျန်းမာရေးကဏ္ဍ (Health)
(၈) ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကဏ္ဍ (Tran sport and Trade Facilitation)
(၉) မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ (Urban Development)
(၁၀) အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ ( Other Multisector) စတဲ့ ကဏ္ဍအသွယ်သွယ်ရဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မဟာဗျူဟာ ဦးတည်ချက်တွေချမှတ်ထားတာကို လေ့လာတွေ့ရှိရတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဖွဲ့စည်းဆောင်ရွက်မှုများ
GMS ဒေသတွင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများရဲ့ တိုးတက်မှုအခြေအနေ အရပ်ရပ်ကိုတော့ GMS ထိပ်သီးအစည်းအဝေး၊ GMS စီးပွားရေးစင်္ကြံများဖိုရမ်၊ GMS ဝန်ကြီးအဆင့် အစည်းအဝေး၊ GMS အဆင့်မြင့်အရာရှိများ အစည်းအဝေးနဲ့ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး ဆောင်ရွက် တာကိုတွေ့ရတယ်။ GMS ရဲ့ (၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲရဲ့ ကဏ္ဍအလိုက်လုပ်ငန်း(၇)ရပ် လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းအဖွဲ့တွေ၊ ကော်မတီတွေနဲ့ ဖိုရမ်များကိုဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒီကဏ္ဍတွေကတော့ -
(၁) စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့
(၂) ဒေသတွင်း စွမ်းအင်ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ
(၃) ဒေသခွဲပို့ဆောင်ရေးဖိုရမ်
(၄) ခရီးသွားလုပ်ငန်းအဖွဲ့
(၅) မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့
(၆) ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့
(၇) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ စတဲ့ကဏ္ဍတွေအလိုက်၊ လုပ်ငန်းအဖွဲ့အလိုက်၊ ကော်မတီအလိုက် ဆွေးနွေးညှိနှိုင်းကြတာပဲဖြစ်တယ်။
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ် မည်သူကတာဝန်ယူပြီး နိုင်ငံအနေနဲ့ မည်သည့် လုပ်ငန်းတွေမှာ ပါဝင်နေကြတာလဲ၊ ကိုယ့်နိုင်ငံရဲ့ ပထဝီမြေအနေအထားကရော မဟာမဲခေါင်ဒေသခွဲစီမံကိန်းမှာ ဘယ်လောက်အရေးပါလဲဆိုတဲ့ အချက်ဟာ ကျွဲကူးရေပါ အသိမျိုးမဟုတ်ဘဲ တိတိပပသိရမယ့် အချက်ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS) တွင် မြန်မာနိုင်ငံမှဆောင်ရွက်မှုများ
မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံညှိနှိုင်းရေးမှူးရုံး၊ နိုင်ငံဆိုင်ရာ အတွင်းရေးမှူးရုံးတွေအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီနေရာမှာ GMS အစီအစဉ်ကဏ္ဍများရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပါဝင်တဲ့ GMS စီးပွားရေးစင်္ကြံလမ်းကြောင်း သုံးခုကို ကနဦးသိဖို့ လိုအပ်ပါတယ်။
ဒီစင်္ကြံသုံးခုကိုကတော့ မြန်မာနိုင်ငံနဲ့ GMS အဖွဲ့ဝင်နိုင်ငံများကြား တောင်-မြောက်စီးပွားရေးစင်္ကြံမှာ ရန်ကုန် - ကူမင်း၊ အရှေ့-အနောက်စီးပွားရေးစင်္ကြံမှာ ဒါနန်း (ဗီယက်နမ်)-မော်လမြိုင်(မြန်မာ)-သီလဝါ(တိုးချဲ့)နဲ့ တောင်ပိုင်းစီးပွားရေးစင်္ကြံမှာ ဗန်ကောက်-ကန်ချနာဘူရီ-ထားဝယ် တိုးချဲ့အပိုင်းဆိုတဲ့ စင်္ကြံသုံးခုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသတစ်လျှောက်ရဲ့ စာဖတ်သူများအနေနဲ့ မိမိဒေသများရဲ့ နိုင်ငံအတွက်အရေးပါမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝစတဲ့ အနာဂတ်ပုံရိပ်များကို လှမ်းမျှော်ရှုမြင်နိုင်မှာပဲဖြစ်ပါတယ်။
GMS အဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်ပြောင်းလဲလာမယ့် လူဦးရေ၊ လူမှုစီးပွား၊ ပတ်ဝန်းကျင် အခြေအနေဆိုင်ရာ အချက်အလက်တွေကို ကြိုတင်တွက်ဆ ထားပြီးဖြစ်တယ်။ တွက်ဆထားချက်များအရ နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အရည်အသွေးပြည့်ဝစေဖို့ GMS ၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှုတွေရှိနေကြောင်း လေ့လာတွေ့ရှိရတယ်။ နိုင်ငံတော်ရဲ့စီးပွားရေး ရည်မှန်းချက်ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်တွေကို ခေတ်မီနည်းစနစ်တွေသုံးပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ပြည်တွင်းပို့ကုန်မှသည် ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ဖို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ဦးတည်ချက်ချမှတ် ဆောင်ရွက်နေတာကို စာဖတ်သူတို့ သိမြင်ပြီးသားပဲဖြစ်ပါတယ်။ GMS အဖွဲ့ဝင်နိုင်ငံများနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအပြင် အဖွဲ့ဝင်နိုင်ငံများနှင့် ချုပ်ဆိုခဲ့တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသောနိုင်ငံတကာ ကတိကဝတ်များကိုလည်း တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဦးတည်ချက်
စီးပွားရေးကဏ္ဍ တိုးတက်မှုတွေကို နိုင်ငံများမှာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှု ကဏ္ဍစတဲ့ ကဏ္ဍတစ်ခုခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကိုကြည့်ပြီး နိုင်ငံတော်၏ GDP ကို တွက်ချက်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကအခြေခံထားတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလို အခြေခံထားရခြင်းအကြောင်းကလည်း မိမိနိုင်ငံရဲ့ ပထဝီပိုင်ဆိုင်မှုကိုက စိုက်ပျိုးမွေးမြူရေးကို အခြေခံစေတဲ့ သမိုင်းမြေခံဖြစ်နေလို့ပဲဆိုတာကို အားလုံးသိမြင်နားလည်ကြရပါမယ်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက ရရှိလာတဲ့ ထွက်ကုန်တွေကို ကုန်ထုတ်စွမ်းအားစုတွေအဖြစ်ပြောင်းလဲပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်မြှင့်တင်ရေးအထိ တိုးချဲ့မျှော်မှန်းဆောင်ရွက်ကြရပါမယ်။ မိမိနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးလုပ်ငန်းဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကနေ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေတိုးမြှင့် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောကြားနေခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သူ့လူ့စွမ်းအား အရင်းအမြစ်၊ သူ့ Productများနဲ့သူ နိုင်ငံ့စီးပွားရေးကို ခိုင်မာအောင်တည် ဆောက်နေကြပါတယ်။ ကိုယ့်နိုင်ငံအနေနဲ့လည်း ကိုယ့်လူ့စွမ်းအား အရင်းအမြစ်၊ ကိုယ့် Product ကို ကိုယ်တိုင်တည်ဆောက်ပြီး ကမ္ဘာကိုပြသနိုင်ရပါမယ်။ ကိုယ့်နိုင်ငံစီးပွားရေးကို အရှိန်အဟုန်မြှင့် တိုးတက်ပြီး ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားကြရပါမယ်။ ဟုတ်ပါပြီ ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရဲ့ ရှုထောင့်ကနေကြည့်ရင်လည်း ကိုယ့်နိုင်ငံရဲ့ပိုင်ဆိုင်ထားတဲ့ ရေခံမြေခံကောင်းဟာ မဟာမဲခေါင်ဒေသခွဲ (GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာ မည်ရွေ့မည်မျှ အရေးပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုစာရေးသူ စိတ်ဝင်စားတာကတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကဏ္ဍပါပဲ။ အဲဒါနဲ့ဆက်စပ်တဲ့ မဟာဗျူဟာကတော့ စင်္ကြံ သုံးခုပါပဲ။ ဒီအပိုင်းမှာလည်း ကိုယ့်နိုင်ငံရဲ့ ပြည်ထောင်စုလမ်းမကြီးတွေရဲ့ အရေးပါနေပုံကို လယ်ပြင်မှာ ဆင်သွားသလို အထင်းသားမြင်နေရပြန်ပါတယ်။
ဒါ့ပြင် ပြည်တွင်းရေလမ်းသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေကလည်း တွဲဖက်အရေးပါလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့သယ်ယူ ပို့ဆောင်ရေးလမ်းမကြီးတွေဟာ အမိမြန်မာနိုင်ငံမှသည် မဟာမဲခေါင်ဒေသခွဲထိဆိုတဲ့ ခရီးပန်းတိုင်တစ်ခုထိ ဦးတည်နေတယ်ဆိုတာကို အမိမြေရဲ့ သမိုင်းရေခံမြေခံတွေက သက်သေညွှန်းဆိုနေပါတယ်။ ဒီလမ်းကြောင်းတွေက တစ်ဆင့် မြင်လာရမယ့် အခြားသော ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များဟာ ကန့်လန့်ကာနောက်ကွယ်က ပြကွက်ပြရုပ်များပမာ စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။
အဓိက သယ်ယူပို့ဆောင်ရေးလမ်းများဆီက နယ်စပ်ကုန်သွယ်ရေးဇုန်များရဲ့ အရေးပါမှုကို လည်း အထင်းသားမြင်ရပြန်ပါတယ်။ဒီလမ်းမကြီးများမှာ မည်သို့သော အခက်အခဲ အတားအဆီးများ ရှိနေစေကာမူ GMS အဖွဲ့ဝင်နိုင်ငံတစ်ခု၊ အဖွဲ့ဝင်နိုင်ငံများရဲ့ အသိုင်း အဝိုင်းနှင့်ဆိုလျှင် တစ်စတစ်စပျောက် ကွယ်သွားမယ့် ဒီအခက်အခဲ အတားအဆီးများရဲ့ အနာဂတ်မှေးမှိန်သွားနိုင်မှုကိုလည်း မှန်းဆမြင်တွေ့နိုင်မှာပဲ ဖြစ်တယ်။ ဒါဆိုရင် အစိုးရ တစ်ရပ်ခိုင်မာစေရေးဟာ အဓိကအရေးပါနေပြီး ခိုင်မာတဲ့ အစိုးရတစ်ရပ် ပိုင်ဆိုင်နိုင်ရေး ဟာ တိုင်းရင်းသားပြည်သူများရဲ့ မှန်ကန်တဲ့အတွေးအခေါ် အယူအဆရွေးချယ်မှုများဟာ အဓိကကျကြောင်း ညွှန်းဆိုနေပြန်ပါတယ်။
နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်တဲ့ ဘယ်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရတစ်ရပ်ဟာ အမျိုးသားအကျိုးစီးပွားအတွက် မဆုတ်မနစ် သောဇွဲနဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ မှန်ကန်တဲ့အမြင်နဲ့ ရှုမြင်တတ်ဖို့လိုပြီး ကျစ်လျစ်တဲ့စုပေါင်းအားနဲ့ ဝန်းရံထောက်ခံဖို့ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတစ်ရပ်လုံးအတွက် တာဝန်ထက်ပိုတဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတရား တစ်ခုသာဖြစ်ကြောင်း အသိပေးနှိုးဆော်လိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေမှာ မြန်မာနိုင်ငံ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားတက်သရော ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့မြင် ရမှာပဲဖြစ်ပါတယ်။ သမိုင်းကပေးတဲ့ ပထဝီဆိုတဲ့ ရေ၊ မြေ အခြေခံကောင်းတွေ ကြောင့် အမိမြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဆီဆိုတဲ့ ရည်မှန်းချက်ကို မဆုတ်မနစ် လျှောက်လှမ်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှုစတဲ့ တိုးတက်မှု အခြေခံကောင်းများကို မြင်တွေ့နိုင်စေဖို့ မဟာမဲခေါင်ဒေသခွဲဗျူဟာများနှင့် အမိမြန်မာနိုင်ငံဟူသော ဆောင်းပါးလေးဖြင့် စာလွှာပါးလိုက်ရပါတော့တယ်။ ။
Source- Myawady Webportal
ဆောင်းရာသီတွင် ရာသီဥတုအပူချိန် ကျဆင်းလာသည်နှင့်အမျှ ပန်းနာရင်ကျပ်ရောဂါ (Asthma) ပို၍အဖြစ်များလာနိုင်သည်။ ပန်းနာ ရင်ကျပ်ရောဂါသည် အဆုတ်လေပြွန်ရောင်ရမ်းသည့် နာတာရှည် ရောဂါတစ်မျိုးဖြစ်ပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သကဲ့သို့ ဓာတ်မတည့်မှု၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ အအေးမိခြင်းတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်များရောင်ရမ်းကျဉ်း မြောင်းလာပြီး အသက်ရှူရခက်လာခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် လေအေးသည် အဆုတ်လေပြွန်များကိုရောင်ရမ်းစေသည့် Histamine များထုတ်လုပ်ရန် လှုံ့ဆော်ပေးနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ကို ပိုမိုဆိုးရွားလာစေနိုင်သည်။ ခန္ဓာကိုယ်နွေးနွေးထွေးထွေးရှိနေခြင်းသည် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာစေရန် ကြိုတင်ကာကွယ် ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကျန်းမာနေရန်နှင့် နာတာရှည်အဆုတ်ပျက်စီး မှုမှ ကာကွယ်နိုင်ပါသည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများပိုမိုဆိုးရွားလာနိုင်သည့် အကြောင်းရင်းများ
အဆုတ်အတွင်းရှိ လေပြွန်လမ်းကြောင်းများကို စိုစွတ်သောအလွှာ တစ်ခုဖြင့် ကာကွယ်ထားသည်။ ဆောင်းရာသီတွင် ခြောက်သွေ့သော ပြင်ပလေအေးနှင့် ထိတွေ့သောအခါ စိုစွတ်သောအလွှာသည် အငွေ့ပြန် သွားသဖြင့် လေပြွန်လမ်းကြောင်းရောင်ရမ်းလာပြီး ယားယံစေပါသည်။ လေပြွန်လမ်းကြောင်းများကို အကာအကွယ်ပေးသောချွဲအလွှာသည် ပြင်ပရာသီဥတုအေးလာသည့်အခါ ထူလာပြီး သာမန်အအေးမိတုပ်ကွေးနှင့် ဗိုင်းရပ်စ်ပိုးများကဲ့သို့ အသက်ရှူလမ်းကြောင်းရောဂါပိုးများဝင်နိုင်ခြေများပါသည်။ အဆိုပါရောဂါပိုးများသည် အဆုတ်လေပြွန်လမ်းကြောင်းများ ရောင်ရမ်းခြင်းနှင့်ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကိုဖြစ်စေသည်။
ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် လေအေးကဲ့သို့သောအရာများ မှအစပြု၍ ထိလွယ်ရှလွယ်ဖြစ်သော လေပြွန်လမ်းကြောင်းများရှိသည်။ ဆောင်းရာသီတွင် ပြင်ပအပူချိန်ကျဆင်းပြီး အေးသောလေကို ရှူသွင်းလိုက်သောအခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ကာ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူမဝခြင်း စသည့် လက္ခဏာများဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိသူများ သည် ပြင်ပအပူချိန်ကျဆင်း၍ အေးနေသောအခါ နှာခေါင်းမှ အသကရှူသွင်းရန် အရေးကြီးပါသည်။ နှာခေါင်းပေါက်များမှ တစ်ဆင့် လေကိုရှူရှိုက်သောအခါ နှာခေါင်းအတွင်းပိုင်းရှိ ဖွဲ့စည်းပုံများကြောင့် လေသည် စိုစွတ်လာပြီး နွေးထွေးစေသည်။ အဆုတ်ထဲရောက်သွားသည့် အခါ လေသည် ပို၍ပူနွေးလာသောကြောင့် လေလမ်းကြောင်းတွင် ယားယံနိုင်ခြေနည်းပါးသည်။ ပါးစပ်မှအသက်ရှူခြင်းကိုရှောင်ကြဉ်ပါ။အေးသောရာသီဥတုတွင် ပါးစပ်မှလေကို ရှူရှိုက်ခြင်းသည် အဆုတ်ထဲသို့ အေးသောလေကို တိုးဝင်စေပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားလာ စေသည်။
ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်သည့် အကြောင်းရင်းများသည် လူတစ်ဦးချင်းစီတွင် ကွဲပြားနိုင်သည်။ ဆောင်း ရာသီတွင် ရာသီဥတုပိုအေးသောကြောင့် အိမ်ထဲတွင်နေထိုင်သော အချိန်ပိုများလာသည်နှင့်အမျှ အိမ်တွင်းဓာတ်မတည့်မှုများနှင့် ထိတွေ့မှုပိုများလာပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနိုင်ခြေ တိုးမြင့်လာနိုင်သည်။ အေးသောရာသီဥတုကြောင့် ဖြစ်ရသည့် ဓာတ်မတည့်မှုသည် အိမ်တွင်းမှ ပိုးမွှားများ၊ မှိုများ၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန်များ၏ အညစ်အကြေးများနှင့် မီးခိုးငွေ့များကြောင့်ဖြစ်သည်။ ဆောင်းရာသီ တွင် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးပို၍ဖြစ်တတ်သည်ကို သတိပြုပါ။ ထို့ကြောင့် ဆောင်းရာသီတွင် အအေးမိခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ရှိ၊ မရှိကို အမြဲစစ်ဆေးသင့်ပါသည်။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ
လမ်းလျှောက်ရင်း အေးသောလေကိုရှူရှိုက်ခြင်းဖြင့် ချောင်းဆိုးပြီး အသက်ရှူမဝသကဲ့သို့ လက္ခဏာများဖြစ်ပေါ်လာနိုင်ပါသည်။ အေး သောလများတွင် ခံစားရသည့် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများသည် ပူနွေးသောလများတွင် ခံစားရသော လက္ခဏာများနှင့်အတူတူပင်ဖြစ်ပါသည်။ ကွာခြားချက်မှာ ရောဂါလက္ခဏာများသည် ဆောင်းရာသီတွင် ပုံမှန်ထက်ပိုဆိုးနိုင်ပြီး မကြာခဏဖြစ်ပွားလေ့ ရှိသည့်အပြင် ထိန်းချုပ်ရန် ခက်ခဲတတ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ၏အဖြစ်များသော လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူမဝခြင်း၊ မောခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်သကဲ့သို့ ခံစားရခြင်း၊အသက်ရှူသံ ရွှီရွှီမြည်ခြင်းတို့ဖြစ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ အဆိုးဆုံးဖြစ်နေသည့်အခါတွင် နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူမြန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကဲ့သို့သော နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါကုသမှုနည်းလမ်းများ
အသက်ရှူရလွယ်ကူစေပြီး လေလမ်းကြောင်းကို ဖွင့်ပေးသည့် အောက်ဆီဂျင်ကုထုံးနှင့် ရင်ကျပ်ခြင်းကို သက်သာစေသည့်ဆေးများ ပေးခြင်းဖြင့်ကုသနိုင်ပါသည်။ အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်း မှုကိုထိန်းချုပ်နိုင်ရန် Prednisolone ကဲ့သို့သော စတီးရွိုက်ဆေးများကို ပေးနိုင်သည်။ ဓာတ်မတည့်မှုများမှ သက်သာစေရန် Antihistamine ကဲ့သို့ဆေးများပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းကို ရှောင်ကြဉ်ရန်နည်းလမ်းများ
အိပ်ရာခင်းများကို တစ်ပတ်လျှင် တစ်ကြိမ်ရေနွေးဖြင့်လျှော်ပါ။ အိမ်မွေးတိရစ္ဆာန်များကို အိပ်ခန်းအပြင်တွင်ထားပါ။ အိမ်တွင်းအစိုဓာတ်ထိန်းစက် (Humidifiers) ကို အသုံးပြုပါ။ ဖုန်မှုန့်များနှင့်မှိုများ၏ ကြီးထွားမှုကိုဟန့်တားရန် အိမ်ကိုခြောက်သွေ့အောင်ထားပါ။ အိမ်တွင်းလေထုသန့်ရှင်းမှုရှိစေရန် ဖုန်စုပ်စက်ဖြင့် သန့်စင်ပေးပါ။ ဖုန်မှုန့်များနှင့်ဓာတ်မတည့်မှု ရှိပါက နေ့ခင်းဘက်တွင် ခေါင်းအုံးနှင့်မွေ့ရာအဖုံးများကို အသုံးပြုပါ။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ရှောင်ရှားနိုင်သည့် အရေးကြီးဆုံး နည်းလမ်းတစ်ခုမှာ ဆရာဝန်ညွှန်ကြားသော ပန်းနာရင်ကျပ် ပျောက်ဆေးများကို နေ့စဉ် အချိန်မှန်သောက်သုံးခြင်း ဖြစ်ပါသည်။ အေးသောရာသီဥတုတွင် မကြာခဏဖြစ်ပွားနေပါက ပန်းနာရင်ကျပ်ရောဂါ ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန် ဆရာဝန်နှင့်ဆွေးနွေး၍ ကုသမှုခံယူပါ။ မကုသဘဲထားပါက ထိန်းမရသောပန်းနာရင်ကျပ်ရောဂါသည် ရေရှည်တွင် အဆုတ်ကိုပျက်စီးစေနိုင်ပြီး အသက်ရှူရ ပိုမိုခက်ခဲစေနိုင်သည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကိုကာကွယ်ရန် အထောက်အကူဖြစ်စေမည့် အကြံပြုချက်များ
၁။ လက်ကိုမကြာခဏဆေးပါ။ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာ သေချာစွာ ဆေးကြောခြင်း သို့မဟုတ် အပြင်ထွက်စဉ် လက်သန့်ဆေးရည်သုံး ခြင်းသည် ရောဂါပိုးမွှားပျံ့နှံ့မှုကိုလျှော့ချပေးပြီး ဆောင်းရာသီတွင် ဖျားနာမှုများကို ကင်းဝေးစေနိုင်သည်။
၂။ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။
၃။ ဖျားနာနေသူများကိုရှောင်ပါ။ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ် နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်နှင့်အုပ်ပါ။ တစ်ရှူး များကို စနစ်တကျစွန့်ပစ်ပြီးလျှင် လက်ကိုချက်ချင်းဆေးကြောပါ။
၄။ အာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပါ၊ ရေဓာတ် ထိန်းထားရန် စွပ်ပြုတ်ရည်၊ ဟင်းချိုများနှင့် ကဖိန်းဓာတ်မပါသော ရေနွေးကြမ်းများသောက်ပါ။
၅။ နွေးနွေးထွေးထွေးနေပါ။ ဆောင်းရာသီတွင် အနွေးအင်္ကျီ၊ ပဝါ၊ ဦးထုပ်နှင့်လက်အိတ်တို့ကို ဝတ်ဆင်ပါ။ ပါးစပ်နှင့်နှာခေါင်းကို ပဝါသို့မဟုတ် Mask ဖြင့် ဖုံးအုပ်ခြင်းက ရှူသွင်းလိုက်သည့် လေအေးကိုနွေးထွေးစေသဖြင့် လေအေးကြောင့် ယားယံစေမည့်အန္တရာယ်ကိုလျော့နည်းစေသည်။အပြင်ထွက်သည့်အခါ နှာခေါင်းဖြင့် အသက်ရှူ ပါ။
၆။ ဆောင်းရာသီတွင် ပြင်ပလေ့ကျင့်ခန်းလုပ်ရန် အဆင်မပြေပါက အိမ်အတွင်း သို့မဟုတ် Gym တွင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်သောနေရာကို လေဝင်လေထွက်ကောင်းအောင်စီမံပါ။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်၊ Tai Chi ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို နွေးထွေး စေပါသည်။
၇။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
၈။ အိမ်တွင် သို့မဟုတ် အပြင်ထွက်လျှင် ဆေးလိပ်ငွေ့နှင့် မီးခိုးငွေ့များကို ရှောင်ပါ။
၉။ ရှူဆေး (inhaler) ကို မိမိနှင့်အတူ အချိန်တိုင်းဆောင်ထားပါ။
အပြင်သို့ထွက်သောအခါတိုင်း ယူသွားပါ။ ပိုမိုဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများနှင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ရှောင်ရှားနိုင်ရန် အပြင်မထွက်မီ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း Ventolin inhaler ကဲ့သို့ လေပြွန်အမြန်ကျယ်စေသော ရှူဆေးကို အသုံးပြုနိုင်ပါသည်။
ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်သောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲနေထိုင်ပြီး ဆေးကုသမှု သေချာစွာခံယူ၍ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာခြင်းဖြင့် ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
Source- Myawady Webportal
ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီးတော့ တရုတ်နိုင်ငံရဲ့အနောက်မြောက်ဘက် အာရှအလယ်ပိုင်းနှင့် အရှေ့အာရှဆုံရာမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့အကြီးဆုံးပြည်နယ်ခွဲတစ်ခုဖြစ်ပြီး စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်း ကျယ်ဝန်းပါတယ်။ ဒေသခံလူမျိုးစုစုပေါင်း ၂၅ သန်းခန့် နေထိုင်ပါတယ်။ ရှင်းကျန်းဒေသဟာ အလွန်လှပတဲ့နေရာတစ်ခုဖြစ်ပြီး ထူးခြားတဲ့သဘာဝအလှများနဲ့ပြည့်စုံကာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ အကောင်းဆုံးဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒါ့ပြင် ရှင်းကျန်းဒေသဟာ ရှေးဟောင်းပိုးလမ်းမကုန်သွယ်မှုလမ်းကြောင်းအတွက် အချက်အချာကျတဲ့ဒေသတစ်ခုဖြစ်ပြီး အရှေ့နဲ့အနောက် မြို့ပြဖွံ့ဖြိုးရေးဖော်ဆောင်မှုတွေအတွက်လည်း ပေါင်းကူးတံတားသဖွယ် အရေးပါလျက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် (၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို ဆင်ဟွာသတင်းအေဂျင်စီနဲ့ ရှင်းကျန်းဒေသအစိုးရတို့ ပူးပေါင်းကာ အဆိုပါနေရာမှာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရှင်းကျန်းဒေသဟာ ဥရောပတိုက်နဲ့ အာရှတိုက် နှစ်ခုပေါင်းထားတဲ့ ဥရောပအာရှတိုက်ကြီးရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး မွန်ဂိုလီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့နဲ့ လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနဲ့ အာရှတောင်ပိုင်းတို့ကို ချိတ်ဆက်ပြီး ဥရောပအထိ ခရီးလမ်းကြောင်းပွင့်နေ တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရှေးခေတ်အချိန်တွေကတည်းက ရှင်းကျန်းဒေသဟာ ကုန်ပစ္စည်းတွေ စုဆောင်း၊ သိုလှောင်ဖြန့်ဖြူးရာ နေရာတစ်ခုဖြစ်သလိုအရှေ့နဲ့ အနောက်ကြားယဉ်ကျေးမှုပေါင်းစည်းရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရှင်းကျန်းဒေသဟာ ရှေးယခင်ကတည်းက အရာရှိ၊ အရာခံ၊ ကုန်သည် ပွဲစားတွေ ကုန်စည်ကူးသန်းသွားလာခဲ့ကြတဲ့ အတွက် တက်ကြွတဲ့ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အငွေ့အသက်တွေဟာ အခုအချိန်အထိ နက်ရှိုင်းစွာ ကျန်ရှိနေပါတယ်။
ရှင်းကျန်းဒေသဟာ ရှေးခေတ်ပိုးလမ်းမပေါ်မှာ တည်ရှိတဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါ တယ်။ ဒီနေ့ခေတ်မှာတော့ ပိုးလမ်းမသစ်လို့ ခေါ်နိုင် တဲ့ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုပူးပေါင်းဆောင် ရွက်မှုဟာ ရှင်းကျန်းဒေသကို အခွင့်အလမ်းသစ်တွေ၊ ရှင်သန်တက်ကြွမှုတွေ ပြန်လည်ဆောင်ကြဉ်းပေး နေပြီဖြစ်ပါတယ်။ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ရှင်းကျန်းဟာ ကုန်းတွင်း ပိတ်ဒေသမှ တရုတ်နိုင်ငံရဲ့ အနောက် ဘက်အထိ လမ်းဖွင့်ပေးပြီး အာရှနဲ့ ဥရောပကို ဆက်သွယ်ထားတဲ့ ရွှေရောင်လမ်းကြောင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အနောက်ဘက် ပင်လယ် ကုန်သွယ်ရေးစင်္ကြံလမ်းသစ်ရဲ့ ဘက်စုံသုံးရထား ဝန်ဆောင်မှုစနစ်ကို စတင်လိုက်တဲ့အတွက် ရှင်းကျန်းဟာ အာရှအလယ်ပိုင်းနဲ့ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်ရာမှာ အချက်အချာကျတဲ့နေရာတစ်ခု ဖြစ်လာရုံသာမက အာရှအနောက်ဘက်နဲ့ ဥရောပကိုလည်း ချိတ်ဆက်လာနိုင်ခဲ့သလို ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခုကို အပြည့်အဝအသုံးချနိုင်ခဲ့ တဲ့အတွက်လည်း အရည်အသွေးမြင့်ကုန်ပစ္စည်းတွေကို ပင်လယ်နဲ့တောင်တန်းတွေ ဖြတ်ကျော်ပြီး ကမ္ဘာ့ဈေးကွက်အထိ လွယ်ကူစွာ တင်ပို့လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လျင်မြန်စွာဖော်ဆောင်လျက်ရှိ
ရှင်းကျန်းဒေသဟာ ပြည်တွင်း၊ ပြည်ပကုန်စည် စီးဆင်းလည်ပတ်မှုနဲ့အတူ ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ စံနမူနာပြယုဂ်တစ်ခုဖြစ်လာဖို့ တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ အခွင့်အလမ်းတွေဝေမျှပေးရာ နေရာတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာကဏ္ဍနှစ်ခုစလုံးမှာ ပွင့်လင်းမြင်သာစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ အရင်းအမြစ်တွေ ပိုမိုပေါများလာတဲ့ဈေးကွက်ကြီးတစ်ခု၊ လမ်းပန်းဆက်သွယ်ရေးပိုမို အဆင်ပြေမှု၊ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုပိုမိုချောမွေ့လာမှုနဲ့ ပိုမိုဖော်ရွေတဲ့စီးပွားရေးပတ်ဝန်းကျင်တွေကို လျင်မြန်စွာ ဖော်ဆောင်လျက်ရှိပါတယ်။
ရှင်းကျန်းဒေသဟာ စွမ်းအင်နဲ့ ဓာတ်သတ္တု အရင်းအမြစ်တွေ ပေါကြွယ်ဝလှပါတယ်။ စွမ်းအင်နဲ့ ဓာတ်သတ္တု ၁၃ မျိုးဟာ ပထမတန်းစားတွေဖြစ်ပြီး ၅၆ မျိုးကတော့ အဆင့် (၅) မှာ ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်အတွက် အလွန်ကြီးမားကျယ်ပြန့်တဲ့ ကုန်းမြေဒေသရှိတဲ့ အတွက် အကြီးစားရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တာတွေ၊ အကြီးစားကျောက်မီးသွေး ထုတ်လုပ်တာတွေ၊ ကျောက်မီးသွေးသုံးဓာတ်အား ပေးစက်ရုံ တည်ဆောက်တာတွေ၊ ကျောက်မီးသွေး ဓာတုအခြေခံစက်ရုံ တည်ဆောက်တာတွေ၊ အကြီး စားလေအားလျှပ်စစ်စက်ရုံ တည်ဆောက်တာတွေ အကြီးအကျယ်လုပ်ဆောင်နေတာကို တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် စိုက်ပျိုးနိုင်တဲ့သစ်တော မြေတွေ၊ မျက်စိတစ်ဆုံးမြင်နိုင်တဲ့ မြက်ခင်းစိမ်း တွေ၊ လုံလောက်တဲ့နေရောင်ခြည်ရရှိမူတွေ၊ သင့်တော်တဲ့ ရာသီဥတုတွေက ဆန်စပါးနဲ့ တိရစ္ဆာန်ထွက်ကုန် ပစ္စည်းထုတ်လုပ်မှုတွေ၊ အရည်အသွေးမြင့်ဝါဂွမ်း ထုတ်လုပ်မှုတွေနဲ့ ထူးခြားကောင်းမွန်တဲ့ သစ်သီး တွေ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာလည်း အလွန်ကို အထောက်အကူဖြစ်စေပါတယ်။ ရှင်းကျန်းဟာ လေစွမ်းအင်နဲ့ နေစွမ်းအင်သုံးမကုန်နိုင်အောင် အများအပြားရှိပြီး အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အခြေအနေကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒေသအတွင်းနဲ့ ဒေသအပြင်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းက လျှပ်စစ်ပိုးလမ်းမကြီးကို ဖန်တီးတည်ဆောက်ပေးပြီး ရှင်းကျန်းအတွက် မမျှော်မှန်း နိုင်လောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ ကို ယူဆောင်လာခဲ့ပါပြီ။ ရှင်းကျန်းဒေသမှာ မြစ်ချောင်းတွေ၊ ရေကန်တွေ အမြောက်အမြားရှိတဲ့အတွက် ရေအရင်းအမြစ်လည်း ပေါကြွယ်လှပါတယ်။
အလားအလာကောင်းများကို ဖြစ်စေ
သို့သော်လည်း ရှင်းကျန်းဒေသဟာ သဘာဝ အရင်းအမြစ်တွေကိုချွေတာပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ထို့အတူ ခေတ်မီလယ်ယာ စိုက်ပျိုးရေးနည်းစနစ်တွေ၊ ရေချွေတာရေးနည်းစနစ်တွေ၊ စွမ်းအင်ချွေတာရေးနဲ့ ကာဗွန်လျှော့ချရေး နည်းပညာတွေကိုလည်း အသုံးပြုလျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ စိမ်းလန်းတဲ့စက်မှုဖွံ့ဖြိုးရေး အတွေးအခေါ်ကို လက်ကိုင်ပြုထားတဲ့အတွက် အဓိကစက်မှုလုပ်ငန်းတွေဟာ စရိတ်စကများပြားခြင်းကိုအဆုံးသတ်ပြီး ကာဗွန်လျှော့ချ ထုတ်လုပ်ရေး ဆိုင်ရာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ ဂေဟစနစ်ထိန်းသိမ်းမှုနဲ့ သဲကန္တာရ ထိန်းချုပ်မှုမှာလည်းအားကောင်းပါတယ်။ ရှင်းကျန်း ဒေသရှိ တာလီမခန်းလို့ခေါ်တဲ့ သဲကန္တာရဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသဲကန္တာရကြီးတစ်ခု ဖြစ်ပါ တယ်။ အဲဒီသဲကန္တာရကြီးကို အဘက်ဘက်က တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိသလို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်နဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခါးပတ်လမ်း အစီအစဉ်ရဲ့ အရေးပါတဲ့ အဓိကလုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ အဲဒီစီမံကိန်း တွေဟာ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ မိုးနည်းရေရှားဒေသတွေမှာ ရှိတဲ့ သဲကန္တာရထိန်းချုပ်မှုအတွက် စံနမူနာကောင်းတွေဖြစ်စေသလို တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက်လည်း ကျယ်ပြန့်တဲ့အလားအလာကောင်းတွေကို ဖြစ်စေပါတယ်။
အရှိန်အဟုန်နဲ့ သစ်လွင်ဆန်းသစ်
ပြည်နယ်နဲ့မြို့တော် ၁၉ ခုကလည်း ရှင်းကျန်းဒေသတိုးတက်အောင် ကူညီလုပ်ဆောင်ပေးသလို ရှင်းကျန်းရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု ဒေသရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အဓိက အကောင်အထည်ဖော်လျက်ရှိတဲ့အတွက် ရှင်းကျန်းဒေသဟာ ပွင့်လန်းမှုအရှိဆုံးနဲ့ ဖွံ့ဖြိုးမှုအရှိဆုံးဖြစ်လာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ ပိုမိုသွက်လက်ပွင့်လင်းပြီး လှပတဲ့ ရှင်းကျန်းဟာ အနာဂတ်အလားအလာကောင်းတွေကို ပြသနေပြီးကမ္ဘာကြီးကို အခွင့်အလမ်းကောင်းတွေယူဆောင်လာနေပြီဖြစ်ပါတယ်။ တူညီတဲ့ဆန္ဒတွေသာရှိမယ်ဆိုရင်တောင်တန်းတွေနဲ့ ပင်လယ်တွေဟာ လူတွေကိုဝေးကွာသွားအောင် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ တရုတ်စကားပုံအရ ရှင်းကျန်းဒေသဟာ သူ့ရဲ့နိုင်ငံတကာတံခါးပေါက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေလည်းအရှိန်အဟုန်နဲ့သစ်လွင်ဆန်းသစ်လျက်ရှိပါကြောင်း။ ။
Source- ကြေးမုံသတင်းစာ
မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။
မြန်မာတို့၏ ၁၂ လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း” ဖြစ်သည်။ ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ်မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း” ၊ “ခဝဲပွင့်ချိန် ခင်းကထိန်” ၊ “ခဝဲ လှိုင်လှိုင် တန်ဆောင်တိုင်” စသည်ဖြင့် မှတ်တမ်းတင်ကြသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို ၁၂ လရာသီတော်ဝင်ပန်းများစာရင်းတွင် တခမ်းတနားထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်က “ခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ) ပိတ်ပေါင်းတို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးခနဲ၊ ဝင်းခနဲ၊ ထိန်ခနဲ၊ လက်ခနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသော ရနံ့ကိုလည်း လွန်စွာအာရုံပြုကြခဲ့ပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေရာသည်” ဟူ၍ မှတ်တမ်းတင်ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ်ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။
သာမညဖလအခါနေ့
တန်ဆောင်မုန်းလပြည့်နေ့ညသည် အဇာတသတ်မင်းကို အကြောင်းပြု၍ “သာမညဖလ အခါနေ့”ဟု သုံးနှုန်းကြသည်။ ဖခင်သတ်ပြီးမှ ဘုရင်ဖြစ်လာသော အဇာတသတ်မင်းသည် အမှားကြီးကြောင့် နောင်တပူပန်ဖြစ်နေရသည်။ ဆေးဆရာကြီး ဇီဝက၏လမ်းညွှန်မှုဖြင့် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘုရားရှင်ထံသို့ ရောက်လာခဲ့သည်။ တည်နေရာမှာ မာဂဓတိုင်း ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်တောဥယျာဉ်(အမ္ဗဝန)ရှိ ကျောင်းတော်၌ဖြစ်သည်။ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြသော သံဃာထုကို အဖန်ဖန်ကြည့်၍ မင်းကြီးသည်ဗုဒ္ဓထံသို့ “ရဟန်းပြုရခြင်း၏အကျိုး” ကို မေးလေသည်။
ဘုရားရှင်၏အဖြေကို အချုပ်တင်ပြရလျှင် ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားများမှာ-
• မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း၊
• အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်း၊
• ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း၊
• ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း၊
• ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှကင်းလွတ်၍ မဇ္စျိမသီလနှင့် ပြည့်စုံရခြင်း၊
• နက္ခတ်ဗေဒင်ယတြာ ဆေးကုပေးခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်း၊
• ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း၊
• သတိနှင့် ပြည့်စုံခြင်း၊
• သမ္ဗဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်း၊
• သန္တောသခေါ် စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်း၊
• နီဝရငါးပါးမှ ကင်းလွတ်ရခြင်း၊
• စျာန်တရားများ ရနိုင်ခြင်း၊
• ဝိဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်း၊
အိမ်ရာထူထောင်ခြင်းမပြုသော သူတော်ရဟန်းဘဝ၏ အကျိုးတရားကို ဟောတော်မူသောကြောင့် အဇာတသတ်မင်းသရဏဂုံတည်သည်။
အမျိုးသားအောင်ပွဲနေ့
တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအတွက် ထူးခြားမွန်မြတ်သော ရက်တစ်ရက်ရှိနေပါသေးသည်။ ၎င်းမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် “အမျိုးသားနေ့” ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်တွင် ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ပညာရေးကို ဆန့်ကျင်သည့်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် သပိတ်မှောက်ခဲ့သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ဖြစ်သဖြင့် မြန်မာပြည်အတွက် မမေ့သင့်မမေ့ထိုက်သော သမိုင်းဝင်နေ့ ဖြစ်သည်။
တန်ဆောင်မုန်းလနှင့် ပွဲတော်များ
တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။
တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည်
“ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှအရာအားလုံးကိုခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင် ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာသာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာသိရှိရသည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်သာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက်တိုင်တိုင်ကာလဖြစ်သည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ
ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်တော်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါး သုံးကျိပ်တို့သည် ခြောက်ယူဇနာ ၄၈ မိုင်ခန့် ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများ ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန်အလို့ငှာထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း” ဝတ်ရုံတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပညတ်ချက်များ
ကထိန်ခင်းရာတွင် ပညတ်များစွာရှိသည်။ ကျောင်းရှိသံဃာများက ဒကာ၊ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုပါ။ မိုးပေါ်ကရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ၊ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်းဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန်” အဖြစ်လည်း လှူဒါန်းနိုင်သည်။ သံဃာတော်များ ဆင်မြန်းသည့် သင်္ကန်းသည် အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း” ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ” ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင်” ခေါ် ခါးဝတ်သင်္ကန်းတို့ဖြစ်သည်။ ၎င်းသုံးထည်ကို စုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာကပ်ရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဥတ္တိဒုတိယ ကမ္မဝါစာ” ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း” ဟု ခေါ်ကြခြင်းဖြစ်သည်။
ယနေ့ကာလ ဉတ်သင်္ကန်းကို ဟထိုးအသံနှင့် ညှပ်သင်္ကန်းဟု မှားယွင်းစွာခေါ်ဆိုနေကြသည်။ အသံထွက်အမှန်က “ညတ်” သင်္ကန်း ဖြစ်သည်။
ကထိန်ခင်းထိုက်သောရဟန်း
ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက်သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာကဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့်ရဟန်း စသည့် ကထိန်ခင်းရန်စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုသည်။
ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်
အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း” သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်သည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့်လည်း “ကထိန်အာနိသင်သင်္ကန်း” ဟု ခေါ်နိုင်သည်။ ကထိန်ခင်းကြသည်ဆိုရာဝယ် ကထိန်သင်္ကန်း များစွာလှူခြင်း၊ ဝတ္ထုငွေ များစွာလှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည့်အခါ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး၊ ဉတ်သင်္ကန်းလှူသူကသာ ကထိန်အလှူရှင် ဖြစ်သည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့် မရသေးသရွေ့ဘယ်သောအခါမျှ ကထိန်အလှူရှင်မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပါရစေဟူ၍ လှူလို့မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။
ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်
အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်မှာပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်သည်။
မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့် ကျောင်းတိုက်၏ ကျောင်းအမည်ကို တပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည်ဖြစ်သည်။
ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး
ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများ ရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားသည်။
မသိုးသင်္ကန်း
“မသိုးသင်္ကန်း” ရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူဒါနတစ်ခု ဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင့်။ တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည့်အခါ အလှူဒါနမြောက်စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း စာရေးသူမှ ဤဆောင်းပါးဖြင့် ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။ ။
Source- Myawady Webportal
အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ် တို့ကို လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ ရရှိလာသော အသိပညာနှင့် အတတ်ပညာ များကိုအခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံ များ၊ စက်၊ ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းစဉ်များကို ဒီဇိုင်းတွက်ချက် တည်ဆောက်၊ ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့် ယှဉ်ပြီး အသုံးချရသော ပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။
အင်ဂျင်နီယာပညာရေးအား အဓိပ္ပာယ် ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု အင်ဂျင်နီယာများ ၏ ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်နေသည်ကို သိရှိရန် လိုအပ်သည်။
ဆက်နွှယ်နေသည့် အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများ အပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသောချဉ်းကပ်မှုများ ကြောင့် ပညာရပ်ဆိုင်ရာ ချဉ်းကပ်လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေး များပင် ဖြစ်သည်။
လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေး ဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန် ဆက်နွှယ်မှုများရှိနေသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့် တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။
သဘာဝပတ်ဝန်းကျင်၏ ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ် သက်ရောက်မှု ရှိနေတတ်သည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။ လူမှုရေး၊ စီးပွားရေး၊ နည်းပညာရပ် ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များ အကြားမှာ ရှိသည့် အချို့သော ဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝ ပြဿနာအခက်အခဲများကို တည်ငြိမ် အေးချမ်းမှု ပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် အင်ဂျင်နီယာပညာရေး ဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ - စီးပွားရေး ပညာတို့၏ အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ် တစ်ခုဖြစ်လာစေသည်။
အင်ဂျင်နီယာပညာရေး၏ အခန်းကဏ္ဍအပေါ် ပြည်သူလူထုအကြား အချီအချ အပြန်အလှန် ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေသည်ကို သိစေရန် အင်ဂျင်နီယာ ပညာရေး၏ လိုအပ်ချက်များကို မည်ကဲ့သို့ပြုပြင် ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ ကို ပြဋ္ဌာန်းဆောင်ရွက်လာကြသည်။
အစဖြစ်တည်မှု၏ သဘာဝကို အဓိပ္ပာယ်ရှိရှိ လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်သည်။ ၁၉၁၈ ခုနှစ် Mann အစီရင်ခံစာမှာ “အင်ဂျင်နီယာ ပညာရေး” ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက အဓိပ္ပာယ် သတ်မှတ်ဖွင့်ဆိုကြသည်။
အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲ ဖန်တီးသူများက ထုတ်ပြန်ခဲ့သည်။ အင်ဂျင်နီယာ ပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍ တစ်ရပ်အနေနှင့် ပါဝင်သောကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာ ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည် ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်သည်။
ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲ ခဲ့ကြသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ ဖော်ပြရေးသားထားကြသည်။ ဆောင်ရန်၊ ရှောင်ရန် အချက်များလည်း ပါဝင်သည်။
အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့် ဤနည်းနှင့်သွားမည်၊ မသွားဘူးစသည်တို့ကို ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်များကြောင့် တင်းမာမှုများ ပေါ်ပေါက်စေခဲ့သည်။
ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊ လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့် သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သောဘာသာရပ်လား စသည်ဖြင့်ဖြစ်ပေါ်လာ သည်။ ဤသို့သော အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာ လေ့လာခဲ့ရသည်
အထိ ဤကိစ္စသည် အရေးပါလာခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့သည်။
အခြေခံသဘောတရားနှင့်ကန့်သတ်မူဘောင်(တက္ကဗေဒအခြေခံစနစ်)
အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ထားသည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်းခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေ သည်ကိုပဲ ဖြစ်သည်။ အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာ ပညာရေးနှင့် အချိန်နှင့်အမျှပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများ အကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်သည်။
ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေ သည် ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာဆိုင်ရာများနှင့် အခြားသော ဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်သည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ ၏ လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည် ကျွန်ုပ်တို့ ဘာတွေလေ့လာ သင်ကြားရမည် ဆိုသည်နှင့် ဘယ်လိုလေ့လာ ဆည်းပူးကြရမလဲ ဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေသည်။
ဤတွင် “စနစ်” ဆိုသောစကားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်ကို သီးသန့်ကွဲထွက်စေ သော သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲ ဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာ ပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာပညာရေးသည် လည်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိသည်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည် အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်စေသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာ ပညာရေး ကလည်း ပိုမို ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်သည်။ ဤသုံးသပ် ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွား တစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော ထုတ်ပြန်မှု တစ်ခုဖြစ်လာစေ သည်။ အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမား ကျယ်ပြန့်သော စနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့် အချက်သည် ရေရှည်အကျိုးစီးပွားတွင် ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာ ထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်သည်။
အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှု အခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏ အလေ့အကျင့်များကို အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန်လိုသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏ ဆက်စပ်မှုကို လေ့လာသောအခါ တည်ငြိမ်သော ရှုထောင့်ကို ရွေးချယ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ၊ အင်ဂျင်နီယာဘာသာရပ်၏ တန်ဖိုးများသည် ပိုမိုကြီးမားသော အခြားစနစ် များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်သည်။ မတိကျမှုများဖြစ်နေနိုင်သည်ကို တွေ့မြင်နေရသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှုနည်းပါး သဖြင့် တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာသည်။ အဓိပ္ပာယ်ရှိရှိ တွေးခေါ်ရန်၊ ဘဝဖြစ်တည်မှု လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း “Talk around each other” (ဝိုင်းကြီးပတ်လည်စကား လက်ဆုံကျရင်း) နှင့် ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေး အတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍ ဖော်ပြနေသည်။ ဤအတွေးအမြင်များကို “အဓိပ္ပာယ် ပြန်ဆို” ရန် တောင်းဆိုနေသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့ အကြားကဆက်နွှယ်မှုကို ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆိုပါက ဆောင်းပါးရှင်များအနေဖြင့် အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို ရွေးချယ်ကြသည်။ ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်” ကို ချဉ်းကပ်လေ့လာရသည့် အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သော စနစ်ကြီးနှင့် ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့် အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှုများရှိနေ၍ဖြစ်သည်။ ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
အင်ဂျင်နီယာလုပ်ငန်းဆိုတာဘာလဲ။
ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက်အကျိုးမဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကို လည်း အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေနှင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း စသည်များ ဖြစ်လာစေသည်။ ကျွန်တော်တို့က တစ်ပြေးညီသတ်မှတ်ချက်များပြဋ္ဌာန်းပြီး မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ စိတ်ကူးအကြံဉာဏ်များလည်း မတိကျမသေချာမှုဖြစ်ပေါ်နိုင်သည်။ ဒါကြောင့် အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီးလိုအပ်လာသည်။
ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲ ဆိုသည်ကိုသိရှိအောင် လုပ်ပေးသည်ဆိုသော အချက်ကို ထောက်ပြထားသည်။
အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော အရာများဖြစ်သည်။
ဒါကြောင့် အဓိပ္ပာယ်သတ်မှတ်ချက် များသည် အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုးမဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမို တောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့သည်။ အချိန်နှင့်အမျှ ဘယ်လိုပြောင်းလဲနေသည် ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့သည်။
အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲ သွားသည်ဆိုသည်ကို ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုသည်။
အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို ထည့်သွင်းစဉ်းစားသောအခါ မူဝါဒဆိုင်ရာစာတမ်းများထဲက အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ် သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊ တစ်စုံတစ်ဦးက သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ် အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို ဖော်ပြရန် လိုအပ်လာသည်။ အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်း ကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး သေချာဆန်းစစ်လေ့လာကြည့်သောအခါ အတော်လေးရှုပ်ထွေးနက်နဲလာသည်။
အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေသည်။ မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာ အမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည် သဘောပေါက်ရန်အတွက် မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင် ဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့သည်-
“ဖွင့်ဆိုချက် ငါးခု” (Highlight five types of definitions)
(၁) Etymalogical (ရင်းမြစ်ဗေဒ)
(၂) Essential (အနှစ်သာရ)
(၃) Precriptive (ပြဋ္ဌာန်းချက်များ)
(၄) Linguistic (ဘာသာဗေဒ)
(၅) Pragmatic (လက်တွေ့သဘောတရား)
ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်းငါးခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစားအခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း (Extensional) သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (Denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ပါဝင်သော အကြောင်းအရာများကို အစီအစဉ်တကျ စာရင်းနှင့်သတ်မှတ်ခြင်းမျိုးတို့ ပါဝင်သည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့် သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်သည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများနှင့် ရှိနေသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ ဖြစ်လာတတ်သည်။
ခေတ်အဆက်ဆက် စာတမ်းများနိုင်ငံတကာတွင် ၁၉ဝဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ခေတ်အဆက်ဆက် အင်ဂျင်နီယာပညာရေး စာတမ်းများ ရေးသားပြုစုခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် မန်း၏စာတမ်း၊ ၁၉၂၃ ခုနှစ်တွင် ဝစ်ကင်ဒန်၏ လေ့လာချက်၊ ၁၉၄၀ ပြည့်နှစ်တွင် ဟာမန်း၏ စာတမ်း၊ ၁၉၅၅ ခုနှစ်တွင် ဂရင်တာ၏ စာတမ်း၊ ၁၉၆၆ ခုနှစ်တွင် အမျိုးသားအင်ဂျင်နီယာသိပ္ပံအဖွဲ့ အင်န်အေအီးသည် အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့်ပတ်သက်ပြီး ဘာများလုပ်သင့်ပြီလဲ၊ ၁၉၆၈ ခုနှစ်တွင် “အင်ဂျင်နီယာပညာရေး၏ ပန်းတိုင်များ”၊ ၁၉၈၅ ခုနှစ်တွင် ယူအက်(စ်)(US) ၏ “အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာတို့၏ အလေ့အကျင့်” များ (အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ကျင့်ထုံးများ)၊ ၂ဝဝ၄ ခုနှစ်တွင် “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” ဆိုသောစာတမ်းများ ပေါ်ထွက်လာခဲ့ ပါသည်။
“အင်ဂျင်နီယာပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်” အား ကျယ်ပြန့်နက်ရှိုင်းစွာ နားလည်စေရန် ၈၆ နှစ် (၁၉၁၈-၂ဝဝ၄)အတွင်း တင်သွင်းခဲ့သော စာတမ်းပေါင်းမြောက်မြားစွာအနက် “အင်ဂျင်နီယာ ပညာရေးမူဝါဒ” စာတမ်းများကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကာလအားလျော်စွာ ဘယ်လိုပြောင်းလဲ လာသည်ဆိုသည်ကို ပိုင်နိုင်စွာ စူးစမ်းနိုင်ရန် သရုပ်ဖော်ပုံ၏ အချိန်ကာလပြဇယား၌ ပြထားသောစာတမ်းများကို ရွေးချယ်ခဲ့ပါသည်။ ဤစာတမ်းများကို ရွေးချယ်ရာမှာ မူဝါဒစာတမ်းများ အများကြီးကို စိစစ်ပြီး ယင်းတို့အထဲကမှ အတိအလင်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့် လည်းကောင်း အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်အဝပါရှိသည်များကို ရွေးထုတ်ခဲ့ခြင်းဖြစ် သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များကို စူးစမ်းလေ့လာရင်းနှင့် အမျိုးမျိုးသော အစီရင်ခံစာစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ကောလိပ်များ၊ သက်မွေးပညာသင် ကျောင်းများက ကိုးကားခဲ့ကြသည်ကို တွေ့ရသည်။
အစီရင်ခံစာစာတမ်းတစ်ခုကို အခြားအစီရင်ခံစာ စာတမ်းများကလည်း ကိုးကားလာခဲ့ကြသည်။ အင်ဂျင်နီယာနှင့်ဆိုင်သော ဆရာများ၊ တက္ကသိုလ်အုပ်ချုပ်သူများ၊ (မူဝါဒ) ပေါ်လစီ ရေးဆွဲသူများသည် အစီရင်ခံစာစာတမ်းများကိုဖတ်ကြားခဲ့ကြပြီး ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ အချိန်ကြာရှည်စွာ ကိုးကားလာကြသော်လည်း ရလဒ်များကို တိကျစွာ မတိုင်းတာနိုင်ခဲ့ကြပါ။ ပထမဆုံးသော ယူအက်(စ်)(US) ဗဟိုပြုစာတမ်းများအနေနှင့် ဗြိတိန်က ပူးတွဲသုံးစွဲခဲ့ကြသည်။ ပထမဆုံးတစ်ချက်အနေနှင့် ဤစာတမ်းသည် အမေရိကန်ပြည်ထောင်စုရှိ မှတ်တမ်းမှတ်ရာ အထောက်အထားများကို အဓိကဗဟိုပြုထားပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံကဲ့သို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လေ့ရှိသော အခြားနိုင်ငံများ၏ မှတ်တမ်းမှတ်ရာ အထောက်အထား များအား ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။
ဒုတိယအနေနှင့် ဤစာတမ်းများသည် သမိုင်းဆိုင်ရာ နောက်ဆက်တွဲပိုင်းတွင် မပြည့်စုံသည့်အတွက် ပြည့်ဝစွာနားလည်နိုင်ရန် လိုအပ်လာသည်ကို တွေ့ရသည်။ ထိုသို့နားလည်ရန် ကြိုးစားလာကြရင်းနှင့် ဤစာတမ်းကို ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ အဓိပ္ပာယ်သတ်မှတ်ချက်ဆို သည်မှာ သမိုင်းဆိုင်ရာနောက်ကြောင်းအပြင် ယနေ့ခေတ်စကားရပ်များနှင့် အပြည့်အဝ နားလည်ခြင်းမျိုးဖြစ်ရပါမည်။ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ဆက်နွှယ်မှုများမှတစ်ဆင့် အဓိပ္ပာယ် သတ်မှတ်ချက်များကို နားလည်ရန် အားထုတ်ရာမှာ အလွန်အကျွံဖြစ်သွားပါကလည်း ဤစာတမ်း၏ဘောင်ကို ကျော်လွန်သွားမည်ဖြစ်သည်။
နောက်ပိုင်းတွင် ၁၂ တန်း အပြီး လေးနှစ်သင်ကောလိပ်များ၊ တက္ကသိုလ်များ၊ သက်မွေးပညာကျောင်းများတွင်ပါ သမိုင်းဆိုင်ရာများပြည့်စုံရန် ဖြည့်စွက်လာကြသည်။ ဤအရာများကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရင်း တချို့သောအဖွဲ့များ၊ ကော်မတီများတွင် သုံးစွဲလာကြသည်။ အမျိုးမျိုးဖြစ်နိုင်ခြေရှိသော၊ ဘက်လိုက်သည့် သဘော အဆိုပါအဖွဲ့များတွင် သုံးသပ်တင်ပြလာကြပြန်သည်။
အဆုံးတွင် စာတမ်းအများစုသည် အထွေထွေအဆန်းဆန်း သိမ်မွေ့နက်နဲသော ဆွေးနွေးချက်များနှင့် အပြီးသတ်တည်းဖြတ်ခဲ့ကြသည်။ ထို့အတွက် စာတမ်းများသည် အချီအချဆွေးနွေးမှုများ အလုံးစုံကို အပြည့်အဝမဆိုနိုင်ပေမယ့်လည်း အများသဘောဆန္ဒအဖြစ် ရှုမြင်နိုင်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ၊ ကော်မတီဝင်များသည် အများသဘောဆန္ဒအမြင်ကို အကျိုးသက်ရောက် စေသူများဖြစ်သည်။ သူတို့ကြောင့် အမျိုးမျိုးသော ဖြစ်နိုင်ခြေရှိသည့် ဘက်လိုက် တတ်သော သဘောများကို မြင်သာစေသည်။
“အင်ဂျင်နီယားရင်း” (Engineering) ၏ ဝေါဟာရပိုင်းဆိုင်ရာ အခြေခံဝေါဟာရဗေဒအရ ပြောရမည်ဆိုလျှင် အင်ဂျင်နီယားရင်းဆိုသည်မှာ အရစ်(စ်)တိုတယ်(လ်)၏ စစ်မှန်သောအတွေးအခေါ် တစ်ခုဖြစ်သည့် ရှေးခေတ်ဂရိများ၏ ဒဿနိကကိုအခြေခံလာသော အခေါ်အဝေါ်ဖြစ်သည့် နည်းနာ (Techne) ဆိုသော ထုတ်လုပ်မှုစွမ်းရည် သို့မဟုတ် ဖြစ်ထွန်းအောင်လုပ်သည့် အနုပညာဆိုသည့် စကားရပ်ကနေ ဆင်းသက်လာဟန် ရှိသည်။ နည်းနာဆိုသောစကားထဲတွင် ခေတ်သစ်အင်ဂျင်နီယားရင်း အဓိပ္ပာယ်သတ်မှတ်ချက်များပါဝင်သော ဖန်တီးတီထွင်ခြင်းနှင့် ကျွမ်းကျင်ပါးနပ်စွာပြုလုပ်ခြင်းတို့ ပါဝင်နေသည်။
ယခုခေတ်အခါမှာ ဖွင့်ဆိုနေကြသော “အင်ဂျင်နီယားရင်း” ဆိုသည်မှာ ရှေးခေတ်ဂရိတို့တွင် မရှိခဲ့သေးသလို ခေတ်သစ်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းမျိုး မဟုတ်ကြောင်း သိသာထင်ရှားစေသည်။
အနောက်တိုင်း၏ အတွေးအခေါ်များအပေါ် ရှေးခေတ်စာပေအရေးအသားများ လွှမ်းမိုးခဲ့ခြင်းမျိုး ကျန်ရှိနေဟန်တူသည်။ “အင်ဂျင်နီယားရင်း” ဆိုသည်မှာ လက်တင်ဝေါဟာရအရင်းအမြစ်ကလာသော အင်ဂျင်နီအာရယ် (Ingeniare) တီထွင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ဖြစ်မြောက် အောင်ကြံဆောင်ခြင်းဆိုသော အဓိပ္ပာယ်ရှိသည်။ အင်ဂျင်နီယာဆိုသော အခေါ်အဝေါ်သည် အလယ်ခေတ် ကာလခန့်တွင် အစပြုခဲ့ပြီး စစ်သုံးလက်နက်ကိရိယာတန်ဆာပလာများနှင့် ဆက်စပ်နေသော စစ်သည်တော်များ၊ မြို့ပြလူနေမှု တည်ဆောက်ရေးများကို တီထွင်ကြံဆလုပ်ကိုင်ကြသော ဗိသုကာပညာရှင်များနှင့် အရင်ဆုံး ပတ်သက်ဆက်စပ်ခဲ့သည်။
စာရေးသူအချို့၏ ဖော်ပြချက်များအရတပ်မတော်များသည် အင်ဂျင်နီယာများပါသော တပ်ခွဲများရှိ ဦးဆောင်အရာရှိများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်သင်ကြားခြင်းမျိုး ရှိခဲ့သည်။ နပိုလီယန်၏ အရာရှိများကို သင်တန်းပေးသော ပြင်သစ်နိုင်ငံမှ အီကိုးလ် သိပ္ပံ နည်းပညာကောလိပ် (Ecole Polytechnic) (၁၇၉၄ ခုနှစ်) သည် ပထမဆုံးအသိအမှတ်ပြု အင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာခဲ့သည်။
အလားတူ ယူအက်(စ်) စစ်တက္ကသိုလ် ဝက်စ်ပွိုင့် (US Military Academy, West Point) သည်လည်း ယူအက်(စ်)၏ ပထမဆုံးအင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာ ခဲ့သည်။ ဤသို့ တပ်မတော်များက အစပြုခဲ့ပုံများကို အင်ဂျင်နီယာအများစု သတိမပြုမိကြသော်လည်း တပ်မတော်နှင့်ဆိုင်သော “စစ်သည်တော်များ” သို့မဟုတ် “စစ်ပွဲ” စသော အခေါ်အဝေါ်များသည် အင်ဂျင်နီယာဆိုသော စကားလုံးနှင့် ယခုထက်ထိတိုင် မသိမသာ အပြန်အလှန် ဆက်စပ်နေသည်။
အင်ဂျင်နီယာနှင့် အင်ဂျင်နီယားရင်း (Engineering) ဆိုသော အသုံးအနှုန်းများသည် အရပ်ဘက်မှာ ပိုမိုအသုံးများလာသောအခါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံများနှင့် ဓလေ့ထုံးတမ်းများအကြားတွင် စတင်ကွဲပြားလာပါတော့သည်။ အင်္ဂလိပ်စကားပြောကြသော နိုင်ငံများတွင် အင်ဂျင်နီယားရင်း၏ ပထမဆုံးခေတ်သစ် အရပ်ဘက်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် “UK မြို့ပြအင်ဂျင် နီယာများအသင်း” (Institution of Civil Engineers, UK) ၏ ပဋိညာဉ်ကနေ အကြောင်းပြု ထွက်ပေါ် လာသည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြသည်။
ယုတ္တိဗေဒနှင့် သိပ္ပံဘာသာရပ်သည် ၁၉ ရာစု နှင့် ၂ဝ ရာစုများမှာ လွှမ်းမိုးကြီးစိုးလာခဲ့သောကြောင့် သိပ္ပံဆိုင်ရာ ရှာဖွေလေ့လာ တွေ့ရှိချက်မှ အသိအမြင်ဗဟုသုတများကို စက်မှုလုပ်ငန်း၏ ထုတ်ကုန်များနှင့် လုပ်ငန်းစဉ်များတွင် အလျင်အမြန် ပူးပေါင်းလာပါတော့သည်။
ထို့ပြင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ခြင်းများ၌ ၁၉ ရာစု တစ်လျှောက်တွင် စက်ယန္တရားများကို ပိုမိုပြီး အစားထိုးလာခဲ့ကြသည်။ ဤသို့ စက်ယန္တရားအစားထိုးအသုံးပြုခြင်းများအား အတော်လေး အရှိန်အဟုန်ကောင်းလာခဲ့သောကြောင့် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်းများနှင့် ပို၍နှီးနွှယ်လာပါတော့သည်။
မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရေးအား အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ် ၌ စတင်ခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ လူမှုဘဝနှင့် ကိုက်ညီသည့် “အင်ဂျင်နီယာပညာရေးအဓိပ္ပာယ်” ကို အနာဂတ်ကာလတွင် ပြဋ္ဌာန်း ချမှတ် သတ်မှတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် လွန်ခဲ့သော နှစ် “၁၀၀” ကာလအတွင်း တိုးတက်ပြောင်းလဲလာမှုများကို အခြေခံ၍ ပြုစုရေးသားတင်ပြလိုက်ပါသည်။ အထက်ဖော်ပြပါအတိုင်း အင်ဂျင်နီယာပညာရေးဆိုင်ရာ နိုင်ငံတကာစာတမ်းစတင်ပေါ်ပေါက်ခဲ့ပြီး ခြောက်နှစ် အကြာတွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေးစတင်ခဲ့သည်ကို ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။ ယခုအခါ KG+12 စနစ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အင်ဂျင်နီယာပညာရေးကို KG+12 ပြီးလျှင် ပညာသင်နှစ် ဘယ်နှနှစ်ဖြင့် သင်ကြားမလဲဆိုသည့် မေးခွန်းအတွက်လည်း စဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အင်ဂျင်နီယာပညာရပ်သည် လူမှုသိပ္ပံပညာနှင့် နည်းပညာတို့ ဒွန်တွဲနေသည့် ဘာသာရပ်အဖြစ် သိသာထင်ရှားလာသည်ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်နှင့်အညီ မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို ခေတ်ကာလ လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းကြပါစို့လို့ ရေးသားတင်ပြအပ်ပါသည်။ ။
မိမိမိတ်ဆွေများနှင့် ဘတ်ကနေးတက္ကသိုလ်က ဒေါက်တာအလန်လ်ရှယ်ဗယ် ရေးသားသည့် Defining Engineering Education ကို အကြိမ်ကြိမ် ဘာသာပြန်ရေးသားဆွေးနွေးခဲ့သည်ကို မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြင်ဆင်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။
Source-www.moi.gov.mm
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာ လ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။
အဲဒီဓာတ်ပုံတွေအနက် စန်းကျန့် (Shenzhen) တံငါရွာလေးရဲ့ ၂၀ ရာစုနှစ် ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလက မြင်ကွင်းနဲ့ လက်ရှိ ၂၀၂၄ ခုနှစ် မြင်ကွင်းနှိုင်းယှဉ်ဖော်ပြထားတဲ့ပုံကို သတိပြုမိ ပါတယ်။ ယခင်ကရေပတ်လည်ဝိုင်းနေတဲ့ ကွင်းပြင်သာသာမြေနေရာဟာ အခုတော့ မိုးပျံအဆောက် အအုံတွေအစီအရီနဲ့ မိုးနဲ့မြေကွာခြားသလို ရင်သပ်ရှုမောမဆုံး တွေ့မြင်လိုက်ရပါတယ်။
၁၉၇၄ ခုနှစ် ဧပြီလမှာ တရုတ်ကွန်မြူနစ်ပါတီ စန်းတုန်ပြည်နယ်၊ ပြည်နယ်ပါတီကော်မတီက ဗဟိုကော်မတီကို ဟောင်ကောင်၊ မာကောက် (မကာအို) တို့နဲ့ နယ်နိမိတ်ချင်းစပ်နေတဲ့ စန်းကျန့်၊ ကျူးဟိုင်တို့မှာ ပြည်ပပို့ကုန်အချောကိုင် ဒေသထူထောင်သွားရေးကို တင်ပြလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က အဲဒီနေရာတွေရဲ့တန်ဖိုးကို ချက်ချင်း ထက်ထက် မြက်မြက် တွက်ဆမိတဲ့အတွက် “အထူးဒေသလို့ခေါ်တာ ကောင်းပါတယ်။ ဟိုတုန်းကလည်း ရှမ်းဆီး-ကန်စု-နင်ရှပြည်နယ် နယ်စပ်ဒေသကို အထူးဒေသလို့ ခေါ်ခဲ့တာပဲ။ ဗဟိုမှာတော့ ငွေမရှိဘူး။ ရဲဘော်တို့ဘာသာ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ကြပါ။ ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြကြပါ” လို့ ချက်ချင်းအဖြေပေးလိုက်ပါတယ်။
သုံး၊ လေးနှစ်အတွင်း မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့
ဒီနောက်မှာတော့ အထူးဒေသရဲ့ ရှင်သန်မှုစွမ်းအားဟာ အလွန်လျင်မြန်စွာ တိုးတက်ပေါ်ထွက်လာ ပါတယ်။ သုံး၊ လေးနှစ်အတွင်းမှာ ယခင်တံငါရွာလေးဟာ မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့ပြီး ပမာဏအားဖြင့် ခေတ်မီမြို့ပြတစ်ခုရဲ့ အတိုင်းအတာအထိ ရှိလာခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာ တိန့်ရှောင်ဖိန်ကိုယ်တိုင် အထူးဒေသကို လာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် “အထူးဒေသဟာ ပြတင်းပေါက်တစ်ခုဖြစ်တယ်။ အတတ်ပညာတွေရဲ့ ပြတင်းပေါက်၊ စီမံအုပ်ချုပ်မှုရဲ့ ပြတင်းပေါက်၊ အသိပညာတွေရဲ့ ပြတင်းပေါက်ဖြစ်သလို ပြည်ပပေါ်လစီရဲ့ ပြတင်းပေါက်လည်း ဖြစ်တယ်” လို့ ဆိုလိုက်တယ်။ အဲဒီနောက် တရုတ်ပြည်မှာ စီးပွားရေးအထူးဒေသမှ ပင်လယ်ကမ်းရိုးတန်း တံခါးဖွင့်မြို့တွေဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ကမ်းတစ်လျှောက်နဲ့ အတွင်းပိုင်း ဒေသတွေမှာ၊ နေရာအားလုံးတွေမှာ၊ အစီအစဉ်မျိုးစုံနဲ့ ကျယ်ပြောလှတဲ့ နယ်ပယ်ကြီးရဲ့ ပြည်ပတံခါးဖွင့် အခင်းအကျင်းများအဖြစ် တစ်စတစ်စ ဖြစ်တည်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လုပ်ဆောင်ချက် ဟာ စီးပွားရေးအထူးဒေသထူထောင်မှုက မြစ်ဖျားခံခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီလိုပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ကို ကွင်းဆက်ကျကျ၊ အချိတ်အဆက်မိမိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်မှုတို့ရဲ့ ဆက်စပ်မှုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဝေါဟာရသုံးလုံးနဲ့ ပတ်သက်ပြီး တိန့်ရှောင်ဖိန်လက်ရွေးစင်ကျမ်း တတိယအတွဲရဲ့ ဆောင်းပါးတိုင်းနီးပါး မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
ဒါ့အပြင် တိန့်ရှောင်ဖိန်ဟာ “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေးဦး လိုအပ်ချက်နဲ့ အာမခံချက်ဖြစ်တယ်”လို့လည်း ဆိုခဲ့ပါတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေး ၁၀ နှစ်တာ ရဲ့ လေးနက်လှတဲ့ သင်ခန်းစာတွေက တည်ငြိမ်စည်းလုံးညီညွတ်တဲ့လူမှုရေး၊ နိုင်ငံရေးအခြေအနေ ဆုံးရှုံး တာနဲ့ တစ်ပြိုင်နက် အကျိုးဆက်ကတော့ ဒီမိုကရေစီအကောင်အထည်မဖော်နိုင်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ဘဲ နိုင်ငံတော်မှာ ဝရုန်းသုန်းကားဖြစ်ပြီး လူထုရဲ့စိတ်ဓာတ်လည်း ဖရိုဖရဲအခြေ အနေ ဖြစ်ပေါ်တတ်တယ်ဆိုတာကိုလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေကို သိမြင် နားလည်ထားစေခဲ့ပါတယ်။
တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်
ဒီသင်ခန်းစာတွေအရပဲ တိန့်ရှောင်ဖိန်က “တရုတ်ပြည်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားကတော့ တည်ငြိမ်ရေးပါပဲ”လို့ အလေးအနက်ညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်တယ်လို့လည်း ရှုမြင်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးဖြစ်ပြီး အခြားတစ်ခုက ပေါ်လစီတည်ငြိမ်ရေး ဖြစ်တယ်လို့ဆိုပါတယ်။
၁၉၈၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ တွေ့ဆုံစဉ်မှာလည်း တိန့်ရှောင်ဖိန်က “ဒီနေ့ ဒီအပိုင်းက လူတွေက လမ်းပေါ်တက်လိုက်၊ နောက်တစ်နေ့ဟိုအပိုင်းက လူတွေက လမ်းပေါ်ထွက်လိုက်၊ တရုတ်နိုင်ငံမှာ လူသန်းပေါင်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် ရှိနေတာ နေ့တိုင်းပြဿနာရှိနေမယ်ဆိုရင် နေထိုင်မှုဘဝတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ်တည်ဆောက်ရေးတွေ လုပ်နိုင်ပါ့မလဲ။ ဒါကြောင့် ခင်ဗျားတို့ ရှုထောင့်ကနေ တရုတ်နိုင်ငံပြဿနာတွေကို ကြည့်လို့ မဖြစ်နိုင်ဘူး။ တရုတ်နိုင်ငံရဲ့ အဓိက ရည်မှန်းချက် က ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့ အင်အားတိုးတက် လာစေရေး ဖြစ်တယ်။ ပြည်သူလူထုနေထိုင်စား သောက်မှုဘဝ ပြည့်စုံကုံလုံလာစေ ရေးဖြစ်တယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ရှိရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်မရှိရင် ဘာကိစ္စမှ လုပ်လို့မရနိုင်ဘူး”လို့ ထောက်ပြခဲ့ပါတယ်။
အလားတူ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်သမ္မတဟောင်း နစ်ဆင်နဲ့ တွေ့ဆုံရာမှာလည်း တိန့်ရှောင်ဖိန်က “တည်ငြိမ်စည်းလုံးညီညွတ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် တည်ငြိမ်တဲ့ လူမှုရေးအခြေအနေလည်း ရှိမှာမဟုတ်ဘူး။ ဘာမှလည်း လုပ်လို့ဖြစ်လာမှာ မဟုတ်ဘူး။ တည်ငြိမ် ရေးက အရာရာကို လွှမ်းမိုးထားတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။
တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းဟာ အလွန်တရာအရေးကြီး
ထို့အတူ ၁၉၉၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီ တတိယစုံညီအစည်းအဝေး နှစ် (၂၀) မြောက် အထိမ်းအမှတ်အစည်းအဝေး မှာ ထိုစဉ်က ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး သမ္မတကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ရဲ့ဆက်စပ်မှုကို တစ်လျှောက်လုံးမှန်မှန်ကန်ကန် ဆုပ်ကိုင်သွား ရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခိုင်မာတဲ့တရားဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ပြဿနာအားလုံး ပြေလည်ရေး ကွင်းဆက်ဟာ မိမိရဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မှီခိုနေတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တွန်းအား၊ တည်ငြိမ်ရေးဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံကျတဲ့ ရှေးဦးလိုအပ်ချက်ဖြစ်တယ်။ တည်ငြိမ်မှုမရှိရင် ဘာပြဿနာမှ ဆောင်ရွက်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ပါတီဟာ အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်၊ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေပြီး တံခါးဖွင့်ရေးကို တိုးချဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းတင်၊ တည်ငြိမ်ရေးကိုထိန်းသိမ်းတဲ့ အခြေခံလမ်းညွှန်ဟာ လုံးဝမှန်ကန်တယ်လို့ လက်တွေ့က သက်သေပြလိုက်တယ်”လို့ ညွှန်ပြပြောဆိုခဲ့ပါတယ်။ အလားတူ ကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုးတက်မှုတွေကို တည်ငြိမ်မှုနဲ့အတူ မှန်ကန်စွာကိုင်တွယ်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းကို ထိန်းသိမ်းတာဟာ အလွန်တရာအရေးကြီးတဲ့အဓိပ္ပာယ်ရှိတယ်။ တည်ငြိမ်မှုမရှိရင် ဘာကိစ္စမှလုပ်လို့ အောင်မြင်မှာမဟုတ်ဘူး” လို့ ညွှန်ပြခဲ့ပါတယ်။
လက်ရှိကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးသမ္မတ ရှီကျင့်ဖျင်ကလည်း “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးရေးအတွက် မရှိမဖြစ် ရှိနေရမယ့် လိုအပ်ချက်တစ်ခုဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုတို့ဟာ တစ်ပြေးညီ ယှဉ်တွဲပြီး ရှေ့ဆက်တိုးတက်လာတာသေချာအောင် လုပ်ကိုင်ကြရမယ်။ လူမှုရေးတည်ငြိမ်မှုဟာ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့အခြေအနေကို ဆောင်ကြဉ်းပေးတယ်။ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေက လူမှုရေးတည်ငြိမ်မှုအတွက် ခိုင်ခံ့တဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးတယ်။ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လျင်မြန်မှုနဲ့ သာမန်ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေကို ရေရှည်ထိန်းသိမ်းပြီး ပြောင်းလဲနိုင်ရေးအပေါ်မှာ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ချမ်းသာသုခ ပိုမိုပြည့်စုံတိုးတက်ရေးဟာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ ညီညီမျှမျှ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု အဖြစ်မှတ်ယူကြရမှာဖြစ်တယ်”လို့ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ဒုတိယမြောက်အုပ်စုလေ့လာရေး အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒါဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာထက်က ၇၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုပြယုဂ် မှတ်တမ်းဓာတ်ပုံတွေအရသော်လည်းကောင်း ယနေ့ခေတ်သစ်တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တရုတ်နိုင်ငံခေါင်းဆောင် အစဉ်အဆက် လက်ကိုင်ပြုကိုင်စွဲထားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးဆက်စပ်မှုကွင်းဆက်သဘောတရားရဲ့ အကျိုးရလဒ်တွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အိမ်နီးချင်းဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ဖော်ဆောင်တဲ့အခါမှာ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်၊ တည်ငြိမ်တဲ့ လူမှုရေးပတ်ဝန်းကျင်အပါအဝင် ဘက်စုံတည်ငြိမ်မှုရရှိစေရေးဟာ ဘယ်ခေတ်မဆို အဓိကသော့ချက်တစ်ခုဖြစ်တယ်လို့ သတိချပ်ဆင်ခြင် နှလုံးသွင်းနိုင်ဖို့ ဆက်စပ်တင်ပြလိုက်ရပါတယ်။ ။
ကိုးကား -
- ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု။
- ရဲဘော်မိုးဦး၏ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာခံ ကောက်ကြည့်ခြင်း)
Source- Myawady Webportal
ပေ ၁၀၀ ကျယ်ဝန်းသည့်လမ်းမကြီးက စက်မှုဇုန်တစ်ခု၏ အသွင်သဏ္ဌာန်ပေါ်လွင်လာစေရန် အစပြုပေးသည့် လမ်းမကြီးဖြစ်နေသည်။ ဒေသစီးပွား တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် မကွေးစက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းများသည် စတင်နေပြီဖြစ်သည်။ စီမံကိန်းတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု အပါအဝင် လမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေဆိုးထုတ်စနစ်၊ လုံခြုံရေးစနစ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး စုဝေးခန်းမ စသည်ဖြင့် စက်မှုဇုန်တစ်ခုအတွက် လိုအပ်သည့် အခြေခံ လိုအပ်ချက် အားလုံးပါဝင်မည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းများစွာ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများစွာသည် တစ်နေရာတည်းတွင် စုစည်းကာ စက်မှုဇုန်တစ်ခုအဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။
စက်မှုဇုန်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေ
မကွေးစက်မှုဇုန်သည် စက်မှုဇုန်တစ်ခုအဖြစ် ရှင်သန်ရပ်တည်သွားနိုင်ရန် စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေနေရာရှိခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာဝင်ထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာနယ်စပ် ဆက်သွယ်ရေးလမ်းကြောင်း ရှိခြင်းနှင့် ပြည်တွင်း ဈေးကွက်များကို အလွယ်တကူ သွားလာဆက်သွယ်နိုင်ခြင်းစသည့် စက်မှုဇုန် အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေသည်။
“ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းထွက်တဲ့ နေရာဒေသဆိုတော့ ဒါနဲ့ဆက်စပ်တဲ့ ပဲကြော် လုပ်ငန်း လုပ်ပါတယ်။ ဇာတိက နမ့်ဆန်ကပါ။ နမ့်ဆန်က လက်ဖက်နဲ့ မကွေးကပဲကြော်ကို ပေါင်းစည်းနိုင်ဖို့ ဒီဒေသကိုပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ခဲ့တာပါ။ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ ပဲကြီးက အနံ့ အသက်ရှိတဲ့အတွက် လူနေရပ်ကွက်နဲ့ အဆင်မပြေဘူး။ ဈေးကွက်ကလည်းရှိတဲ့အတွက် လုပ်ငန်း ချဲ့ရင်ချဲ့သလောက် အကျိုးဖြစ်မှာဖြစ်တဲ့အတွက် အခုလို စက်မှုဇုန်ပေါ်လာတာ ဝမ်းသာတယ်။ စက်မှုဇုန်မှာက လမ်း၊ မီး၊ ရေ၊ ရေဆိုးစနစ် အကုန်ပါတယ် ကြားပါတယ်။ ဒီတော့ စက်မှုဇုန်ထဲ ပြောင်းလဲလုပ်ဖို့ အခုကတည်းက အသင့်ပြင်ထားပါတယ်” ဟု မကွေးမြို့မှ ခါတော်ဦး ပဲကြော်၊ လက်ဖက်ရောင်းဝယ်ရေးလုပ်ငန်းမှ ဒေါ်မိုးသူဇာက ဆိုသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မကွေးစက်မှုဇုန်ကို မကွေးမြို့ကွန်ပျူတာတက္ကသိုလ် အနီး မကွေး-တောင်တွင်းကြီး ကားလမ်းဘေးရှိ မြေဧရိယာ ၄၆၁ ဒသမ ၁၄ ဧက ပေါ်တွင် ဖော်ဆောင် နေခြင်းဖြစ်သည်။
“အဓိကတော့ စက်မှုဇုန်တစ်ခုအဖြစ်ရပ်တည်ပြီး ဒေသတွင်း စီးပွားရေးအခွင့်အလမ်းတွေကို ကြိုးစား ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ပါတယ်။ ဒီလိုဖော်ဆောင်နိုင်ဖို့ မကွေး စက်မှုဇုန်ဟာ စက်မှုဇုန်ဥပဒေနဲ့ကိုက်ညီတယ်၊ ပြီးတော့ ဒေသတွင်းမှာ စပါး၊ ပဲ၊ နှမ်း၊ ဝါ စတဲ့ သီးနှံတွေ အများကြီးထွက်တယ်၊ ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေနဲ့ ဆက်စပ်ပြီး ကုန်ထုတ်လုပ်ငန်းတွေ အများကြီး ရှိတယ်၊ တခြားစားသောက်ကုန်လုပ်ငန်းတွေလည်းရှိတယ်၊ ဒီလို လုပ်ငန်းအရပ်ရပ်အတွက် ၂၄ နာရီ မီးရရှိအောင်၊ ရေရရှိအောင်၊ လမ်းကောင်းအောင် အပါအဝင်အခွင့်အလမ်းတွေကို ဒီစက်မှုဇုန်မှာ ဖော်ဆောင်ပေးထားတယ်။ ဒီလိုတစ်နေရာစီလိုက်ပြီး ဖြည့်ဆည်းတာထက် ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေ စက်မှုဇုန်မှာ စုစည်းတဲ့အခါ နိုင်ငံတော်အနေနဲ့ ဒေသစီးပွားလုပ်ငန်းတွေအတွက် ဖြည့်ဆည်း ပေးရမယ့်အပိုင်းရှိရင် တစ်နေရာတည်းမှာ စဉ်းစားဆောင်ရွက်ပေးလို့ရတယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြား သည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ဝါသီးနှံအဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သည့် အတွက် စက်မှုဇုန်အတွင်း ဆီနှင့် ဆီသန့်စင်လုပ်ငန်းများ၊ ဝါအခြေခံ စက်မှုလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ ပဲ၊ နှမ်းအခြေခံစက်မှုလုပ်ငန်းများအား ဦးစားပေးလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ စက်မှုဇုန် ဖော်ဆောင်ရာတွင် လိုအပ်သည့် စက်မှုကုန်ကြမ်းများ၊ အရင်းအမြစ်များနှင့် အခြေခံထုတ်ကုန်များ ပြည့်စုံလုံလောက်စွာ ရရှိနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား ရရှိနိုင်ခြင်းစသည့် အားသာချက်များရှိနေသည်။
မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧကပေါ်တွင် တည်ဆောက်သွားမည်
ထို့ပြင် စက်မှုဇုန်တစ်အခု ရေရှည်ရပ်တည်ဆောင်ရွက်သွားနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ စက်မှုဇုန်လျာထား မြေဧရိယာအတွင်း မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧက ပေါ်တွင် 7MW Solar Power Plant တည်ဆောက်သွားမည်ဖြစ်သည့်အပြင် လျာထား မြေနေရာမှ (၁ ဒသမ ၅) မိုင် အကွာအဝေးရှိ မကြီးကန်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ သီးသန့် ဓာတ်အားလိုင်းဖြင့်ရယူပြီး (၃၃/ ၁၁) ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရယူဆောင်ရွက်သွားမည်ဖြစ်သည်။
“တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးကို စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူခဲ့ပါတယ်။ မြေပဲ ခွဲစက်၊ ဆီစက်၊ ဝါကြိတ်စက်၊ အထည်ချုပ်လုပ်ငန်း စတဲ့လုပ်ငန်းတွေ အများဆုံးအဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒေသကထွက်တဲ့ သီးနှံတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အဆိုပြုလွှာတွေ ကိုက်ညီတဲ့အတွက် စက်မှုဇုန်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားတာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနေ မကွေးတိုင်း က ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနဲ့ ဝါသီးနှံ အဓိက စိုက်ပျိုးထွက်ရှိတဲ့ တိုင်းဒေသကြီးဖြစ်တဲ့အတွက် ဆီထွက်သီးနှံ အခြေခံတဲ့ ဆီစက်၊ ဆီသန့်စင်စက်၊ ပဲ၊ နှမ်း သန့်စင်လုပ်ငန်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်း စတဲ့စက်မှုလုပ်ငန်းတွေ၊ ဝါသီးနှံအခြေခံတဲ့ ဝါကြိတ်စက်၊ ချည်မျှင်စက်၊ အထည်ရက်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စတာတွေကို အစုအဖွဲ့အလိုက် စက်မှုဇုန်အတွင်း ဦးစားပေးနေရာချထားနိုင်ရေး စီမံဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်မှုဇုန် အတွင်းမှာ ဒီလုပ်ငန်းတွေကို အစုအဖွဲ့အလိုက် နေရာချထားဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒီဟာတင်မဟုတ်ပါဘူး။ တခြားလုပ်ငန်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းမှန်သမျှ ကြိုဆိုနေပါတယ်” ဟု မကွေးတိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်ကပြောသည်။
စက်မှုဇုန်တွင် လာရောက်လုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို စက်မှုဇုန်နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေး ကော်မတီ (ဒေသဆိုင်ရာကော်မတီ) ၏ ကြီးကြပ်မှုဖြင့် ရင်းနှီးတည်ဆောက်သူ (Developer) မှ မြေကွက်များရောင်းချပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ (Investors) အတွက် မြေငှားဂရန် များလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မကွေးစက်မှုဇုန်စီမံကိန်းကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ မြေအသုံးချမှု အင်္ဂါရပ်များနှင့်အညီ ပေ(၂၀၀ x ၂၀၀) မြေကွက်-၂၁၇ ကွက်၊ ပေ(၁၀၀x ၁၅၀) မြေကွက် - ၁၅၇ ကွက်၊ ပေ(၁၀၀ x ၁၀၀) မြေကွက် -၂၃ ကွက် စုစုပေါင်း ၃၉၇ ကွက်ဖော်ထုတ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုစက်မှုဇုန်အကောင်အထည်ဖော်ရမှာ လုပ်ငန်းအဆင့်ဆင့်တိုင်းကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရပါတယ်။ အခုကတော့ မကွေးစက်မှုဇုန် အကောင် အထည်ဖော်ဖို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ နိုင်ငံပိုင်မြေကို အငှားပေးပြီး လုပ်ငန်းရှင်ကို ဆောင်ရွက်စေတာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်အနေနဲ့ လာရောက်လုပ်ကိုင်ရင် အဆင်သင့်ဖြစ်အောင် လမ်း၊ မီး၊ ရေ၊ လုံခြုံရေးစနစ် အပါအဝင် စက်မှုဇုန်တစ်ခုမှာ ပါရှိရမယ့် အခြေခံလိုအပ်ချက်အားလုံးကို ပြည့်စုံအောင်လုပ်ထားပေးပြီး လုပ်ငန်းရှင်ကို လာရောက်လုပ်ကိုင်စေတာမျိုးဖြစ်ပါတယ်။ အခုကတော့ တင်ဒါစနစ်နဲ့ ရင်းနှီးမြှုပ်နှံ သူ (Developer) ကို ရွေးချယ်ခေါ်ယူပြီး အခြေခံလိုအပ်ချက်တွေကို ဖော်ဆောင်တာ စတင်နေပါပြီ” ဟု ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ရှင်းပြသည်။
လက်ရှိတွင် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မကွေး-တောင်တွင်း ကားလမ်းမ ကြီးမှ စက်မှုဇုန်အတွင်းသို့ ပေ ၁၀၀ အကျယ် လမ်းမကြီးဖောက်လုပ်ခြင်း၊ စက်မှုဇုန် အပြင်ပတ်လမ်း (ရထားလမ်းနှင့်အပြိုင်) နှင့် စက်မှုဇုန်အတွင်းလမ်းပိုင်းကို ပေ ၈၀ လမ်းနှင့် အတွင်းလမ်းများကို ပေ ၆၀ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
စက်မှုဇုန်အတွင်းလမ်းပိုင်းများ ဆောင်ရွက်ရာတွင် ထုတ်ကုန်များသယ်ယူရာတွင် Container Box များ၊ တန်ချိန်(၅၀၊ ၆၀)ဝန်ပါ တွဲကားကြီးများ ဝင်ထွက်သွားလာနိုင်သည့် လမ်းများအဖြစ် ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။
“လက်ရှိမှာ မြေသားလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ပြီးရင် ကွန်ကရစ်လမ်းလုပ်ငန်းကို စတင်မှာ ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းရပ်တွေမှာ လမ်း၊ ရေမြောင်း ၊ မီးသတ်အဆောက်အအုံ၊ မုခ်ဦး၊ ပန်းခြံ၊ လမ်းအရိပ်ရသစ်ပင်တွေ ပါဝင်ပါတယ်။ မီးရရှိရေးက လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းနဲ့ ဆိုလာစီမံကိန်း နှစ်ခုပါဝင်ပါတယ်။ အဓိကက ၂၄ နာရီ မီးရရှိအောင် ဆောင်ရွက်မယ့်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးတော့ စုဝေးခန်းမ၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ လုံခြုံရေးအဆောက်အအုံ၊ CCTV လုံခြုံရေးကင်မရာ တပ်ဆင်တာ တွေ၊ အမှိုက်ကားနဲ့ အမှိုက်ကန်တွဲစနစ် အားလုံးပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန်မှာ ခုနက အခြေခံလိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ နေ့စဉ်ဆောင်ရွက်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ၊ ကြီးကြပ်စစ်ဆေးမှုနဲ့အညီ လုပ်ငန်းအားလုံးကို ၂၀၂၆ ခုနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် မှ စီမံကိန်းမန်နေဂျာ ဦးပေါရွှင်က ပြောပြသည်။
စက်မှုဇုန်စီမံကိန်းတွင် စီမံခန့်ခွဲရေးရုံးနှင့် လူဦးရေ ၂၀၀ ဆံ့သည့် စက်မှုဇုန်ရှင်းလင်းဆောင်ခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းပါဝင်ပြီး စက်မှုဇုန်လုပ်ငန်းများစတင်သည့်အခါ ယင်းခန်းမတွင် ဒေသ ထုတ်ကုန်များကို စုစည်းပြသသွားနိုင်ရန် ရည်ရွယ်ထားသည်။
မကွေးစက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက ပြည်တွင်း ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့် မကွေးမြို့ စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်သည်။
မကွေးမြို့ စက်မှုဇုန်တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများရှိလာနိုင် သဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်မှု လျော့နည်းစေရေးအတွက် ရင်းနှီးတည်ဆောက်သူ (Developer) မှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာရေးဆွဲရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စက်မှုဇုန်အတွင်းမှ ထွက်ရှိသောရေဆိုးများကို သန့်စင်ရန်အတွက် ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) ကိုပါ စီမံကိန်းတွင် ထည့်သွင်းထားရှိကြောင်း သိရသည်။
သို့ဖြစ်ရာ မကွေးစက်မှုဇုန်တွင် လုပ်ငန်းရှင်တိုင်းအတွက် လိုအပ်သည့် လမ်း၊ မီး၊ ရေ အပါအဝင် လိုအပ်သည့် အခြေခံအချက်များပြည့်စုံစွာ ဆောင်ရွက်ပြီး ကုန်ကြမ်း၊ အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားတို့နှင့် ပေါင်းစပ်လိုက်ပါက ဒေသတွင်း စီးပွားရေးကို ခိုင်မာအားကောင်းစေမည့် စက်မှုဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုကဲ့သို့ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဒေသတွင်း ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများသည် တိုးတက်လာမည်ဖြစ်သည့်အတွက် ဒေသလူမှု စီးပွားကို များစွာအထောက်အကူပြုနိုင်မည့် စက်မှုဇုန်တစ်ခု မကြာမီပေါ်ထွက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source- Myawady Webportal
(ယမန်နေ့မှအဆက်)
၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ
၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာအတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက် တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်းလိုက်နာကျင့်ကြံရပေ တော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက် များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။
ဂျိုကိုဝီလည်း အသက်ရခဲ့ပြီ။ ၁၉၆၁ ခုနှစ်ဖွား ဂျိုကိုဝီသည် အသက် ၆၃ နှစ် ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် သမ္မတဆက်လုပ်ရန်လည်း အခွင့်မရှိ တော့ပြီဖြစ်ရာ သူ၏မျိုးဆက်ရင်သွေး နန်းညွန့်များကိုသာ နန်းစဉ်နိုင်ငံရေးအမွေပေးခဲ့ရန် စဉ်းစားရတော့မည်ဖြစ်သည်။ ထိုသို့ နိုင်ငံခေါင်းဆောင် သားသမီးများ ခေါင်းဆောင်ဆက်လုပ်ကြသည်မှာ ဒီမိုကရေစီနိုင်ငံကြီးများအပါအဝင် ကမ္ဘာပေါ်၌ ထူးဆန်းလှသည့် ကိစ္စတော့မဟုတ်ပေ။ အမေရိကန်၌ သမ္မတဘုရှ်သားအဖ၊ အိန္ဒိယ၌ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ နန်းဆက်၊ ပါကစ္စတန်၌ ဘူတိုဖခင်နှင့်သမီး၊ ဘင်္ဂလားဒေ့ရှ်၌ ရှိမူဂျစ်နှင့် ရှိတ်ဟာဆီနာ၊ ဖိလစ်ပိုင်၌ အကွီနို၊ မားကို့စ်၊ အာရိုယို၊ ထိုင်းနိုင်ငံ၌ သက်ဆင်နန်းဆက်၊ ကမ္ဘောဒီးယား၌ ဟွန်ဆန် သားအဖ၊ စသည် စသည်ဖြင့် များပြားလှသည်။
သို့ရာတွင် ဂျိုကိုဝီ၏ ရင်သွေးများအား နိုင်ငံရေးနန်းဆက်အမွေပေးရေးတွင် အဖုအထစ် အခက်အခဲ အချို့ရှိနေခဲ့သည်။ ဂျိုကိုဝီတွင် အရွယ်ရောက်ပြီးဖြစ်သော သားနှစ်ဦးရှိရာ သားအကြီး ဂီဘရန် ရာကာဘူမင်နှင့် သားအငယ် ကေဆန်ပန်ဂါရက်တို့ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်မှာ အသက် ၁၀ နှစ်ခန့်ကွာကြလေရာ သားအကြီးက သမ္မတသက်တမ်း ၁၀ နှစ်ပြည့်ချိန်တွင် သားအငယ်က သမ္မတအသစ်အဖြစ် ထီးမွေနန်းမွေဆက်ခံရန် အသင့်ဖြစ်နေပေလိမ့်မည်။ ယင်းစိတ်ကူးမှာ သမ္မတ ဂျိုကိုဝီကတော် မဒမ်အီရိယန်နာက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း မီဒီယာအချို့က ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ သားများအတွက် ပဒေသရာဇ်စနစ်ကဲ့သို့ အဖေနန်းစွန့်သည်နှင့် သားဖြစ်သူဥပရာဇာက အကြားအလပ်မရှိ ချက်ချင်းထီးနန်း ဆက်ခံသည့် “အဝိဂတပစ္စယော” ပုံစံတော့လုပ်၍ ရမည်မဟုတ်ပေ။ ဒီမိုကရေစီနိုင်ငံဖြစ်သည့် အားလျော်စွာသားများအတွက် “နိုင်ငံရေးအလုပ်သင်” ကာလတစ်ရပ်ကိုမူ ဖြတ်သန်းပေးရပေလိမ့်မည်။ ယင်းမှာလည်း မဖြစ်နိုင်သည်မဟုတ်။ နောက်ရွေးကောက်ပွဲတွင် အလားအလာရှိသည့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းနှင့် “ဆန်ပေး၍ ဆေးရ” သည့် နိုင်ငံရေး အပေးအယူလုပ်ကာ ယင်းသမ္မတလောင်း၏ တွဲဖက်ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းပေး လိုက်ရန်သာဖြစ်၏။ ဤနည်းဖြင့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းလည်း ပါတီနှစ်ခု ပေါင်း ထောက်ခံမှုဖြင့် ရှောရှောရှူရှူ သမ္မတဖြစ်၊ သားတော်မောင်လည်း ဒုတိယသမ္မတဖြစ်၊ ဆိတ်နှင့်ခွေး ဇာတ်လမ်းကဲ့သို့ မိမိတို့လိုရာကို လဲလှယ်ရယူနိုင်ကြမည် ဖြစ်လေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြိုင်ဘက်ပါတီမှ သမ္မတ ဟောင်း ဖာဒီနန်မားကို့စ်၏ သားမားကို့စ်ဂျူနီယာ (ဘွန်ဘွန်း)နှင့်အတူ အာဏာရပါတီမှ သက်တမ်းကုန် သမ္မတ ဒူတာတေး၏သမီးကို ဒုတိယသမ္မတလောင်းအဖြစ်တွဲ၍ ရွေးကောက် ခံစေသောသာဓကမှာလည်း လောလောလတ်လတ် ရှိနေလေသည်။
သို့သော် အဓိကအခက်အခဲမှာ ဂျိုကိုဝီ၏ သားတော်မောင်များက ရည်မှန်းထားသည့် နိုင်ငံရေး ရာထူးများအတွက် အခြေခံဥပဒေက သတ်မှတ်ထားသည့် အသက်များမပြည့်မီသေးခြင်းဖြစ်သည်။ သားအကြီးဂီဘရန်ကသမ္မတ/ ဒုတိယသမ္မတလောင်း ရွေးကောက်ပွဲဝင်ရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် အသက် ၄၀ နှစ် မပြည့်သေး။ အသက် ၃၇ နှစ်သာ ရှိသေးသည်။ သားအငယ် ကေဆန်ကိုလည်း ဂျာကာတာမြို့တော်ဝန် မျှော်မှန်းထားရာ သူကလည်း သတ်မှတ်ထားသော အသက် ၃၀ မပြည့်သေးပေ။
ယင်းအတွက် “လိုလျှင်ကြံဆ၊ နည်းလမ်းရ” ဆိုသကဲ့သို့ ဥပဒေ၏ ဟာကွက် လစ်ကွက်၊ မျှော့ကြိုးကဲ့သို့ ဆွဲဆန့်ရမည့် အကွက်များကို ရှာကြံရတော့သည်။ သားအကြီး ဂီဘရန်အတွက်မူ ဂျိုကိုဝီ၏ ယောက်ဖ၊ ဂီဘရန်၏ ဦးလေးဖြစ်သူ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ် အန်နဝါအူစမန်က၊ သမ္မတ/ဒုတိယသမ္မတလောင်းသည် ယခင်ကရာထူးတစ်ခုအတွက် ရွေးကောက်တင်မြှောက်ခံရဖူးသူ ဖြစ်လျှင် အသက်ကန့်သတ်ချက်ထားရှိရန်မလိုဟူ၍ စီရင်ဆုံးဖြတ်လိုက်သည့်အတွက် အဆင်ပြေသွား ခဲ့သည်။ ဂီဘရန်မှာ ဖခင်ဖြစ်သူ၏ အရိုက်အရာကိုဆက်ခံ၍ ၂၀၂၀ ပြည့်နှစ်တွင် ဆူရာကာတာ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသောကြောင့်ဖြစ်၏။ တရားရုံးစီရင်ချက်မှာ သမ္မတ/ ဒုတိယ သမ္မတလောင်းများ မှတ်ပုံတင်ရန်သုံးရက်အလိုတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤစီရင်ချက်မှာ ယခင်က တရားရုံးဆုံးဖြတ်ချက်များကို ချိုးဖောက်၍ မျက်နှာ လိုက်သည်ဟုဆိုကာ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တရားရေးကျင့်ဝတ်ကောင်စီကို တိုင်တန်းအရေးဆိုကြသောကြောင့် ဦးလေးဖြစ်သူ အန်နဝါမှာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
သို့ရာတွင် သားငယ်ကေဆန်မှာမူ အစ်ကိုဖြစ်သူကဲ့သို့ ကံမကောင်းခဲ့ပေ။ ပါလီမန်တွင် ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့ ဦးစီးသည့်ပါတီများမှ အမတ်များက မြို့တော်ဝန်အဖြစ် အရွေးခံမည့်သူများသည် ရွေးကောက်ပွဲနေ့၌ အသက် ၃၀ မပြည့်သေးလျှင်ပင် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ အသက် ၃၀ ပြည့်ပြီးလျှင်ရွေးကောက်ပွဲ ဝင်ခွင့်ပြုနိုင်သည်ဟူသော ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ တစ်နိုင်ငံလုံးက မကျေမနပ်ဖြစ်၍ ဆူပူဆန္ဒပြကြသောကြောင့်၊ အခြေခံဥပဒေတရားရုံးကလည်း ယင်းကိစ္စကို ပယ်ချသည့် စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့်ကေဆန်မှာ ဂျာကာတာမြို့တော်ဝန်ရာထူးနှင့်လွဲခဲ့ရသည်။ သားကြီး ဖြစ်သူဂီဘရန် ဒုတိယသမ္မတဖြစ်ရေးအတွက် ဂျိုကိုဝီသည်သူ၏ နိုင်ငံရေးအခြေကုပ်ဖြစ်သော PDI-P ပါတီ၏ ဥက္ကဋ္ဌ မီဂါဝတီနှင့်အတိုက်အခံပြုကာ ညောင်ညိုပင်စခန်းမှ လမ်းခွဲခဲ့ရသည်။ မီဂါဝတီက သူကြိုးဆွဲနိုင်မည့် လူယုံဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ ဂန်ဂျာကို ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလို သော်လည်း ဂျိုကိုဝီက ပြိုင်ဘက်ဟောင်း ပရာဘိုဝို ကို ထောက်ခံ ခဲ့သည့်အတွက် စိတ်ဝမ်းကွဲခဲ့ရခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့၏ စနစ်တကျအကွက်ချထားသော ရွေးကောက်ပွဲ စီမံကိန်းကြီးကား ကောင်းစွာအောင်မြင်ထမြောက်သွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က သမ္မတလောင်း ပရာဘိုဝိုနှင့် ဒုတိယသမ္မတလောင်း ဂီဘရန်တို့သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ခုနစ်လကျော်အချိန်ယူ၍ အောက်တိုဘာလ ၂၀ ရက်နေ့ကျမှ ကျင်းပရန် စီစဉ်ခဲ့သည်။ ထိုကာလအတွင်း သမ္မတဟောင်း ဂျိုကိုဝီကအာဏာကို နောက်ကွယ်မှ ရေရှည်ထိန်းချုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ကျားကွက်ရွှေ့နေသကဲ့သို့ သမ္မတအသစ်ဖြစ်လာမည့် ပရာဘိုဝိုကလည်း နိုင်ငံတကာသို့ လှည့်ပတ်သွားလာ၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ၏ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ ပရာဘိုဝိုတွေ့ဆုံခဲ့သော ခေါင်းဆောင်များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့အပါအဝင် ဥရောပနှင့် အာရှမှ နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည်။ ပရာဘိုဝိုအနေဖြင့် သူ့အရင် သမ္မတဂျိုကိုဝီကဲ့သို့နိုင်ငံခြား ဆက်ဆံရေးကိစ္စများကို နိုင်ငံခြားရေးဝန်ကြီးဖြင့်သာ လွှဲအပ်တာဝန်ပေးထားမည့်ပုံမရှိဘဲ သူကိုယ်တိုင် ကိုင်တွယ်မည့်ပုံရှိသည်ဟု လေ့လာသူများက မှန်းဆခဲ့ကြသည်။
ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်နှင့် ရှေ့အလားအလာ
ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်သည် ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ဝန်ကြီး ၄၈ ဦး၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းအကြီးအကဲ ငါးဦးပါဝင်သည်။ ဒုတိယဝန်ကြီးများနှင့် အဆင့်တူများပါ ပေါင်းပါက ၁၀၉ ဦးပါဝင်ပြီး ၁၉၆၆ ခုနှစ်က သမ္မတဆူကာနို၏ ဝန်ကြီးအဖွဲ့ ၁၃၂ ဦး ပြီးလျှင်၊ အင်ဒိုနီးရှားတွင် အင်အားအများဆုံး အစိုးရအဖွဲ့ဖြစ်သည်ဟု ဆိုသည်။
ပရာဘိုဝိုက သူ၏အစိုးရအဖွဲ့သည် အင်အားတောင့်တင်းသော အစိုးရဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်း ထားသည်ဟု ပြောကြားခဲ့ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် အနီနှင့်အဖြူ (အင်ဒိုနီးရှား အလံ) အစိုးရဖြစ်သည်ဟုဆိုသည်။ ပရာဘိုဝို ပြောကြားသည့်အတိုင်းပင် သူ၏ အစိုးရအဖွဲ့မှာ ဖက်စပ်ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သည်ကို တွေ့ရသည်။ အစိုးရအဖွဲ့အတွင်း၌ အမာခံအင်အားစု သုံးဖွဲ့ရှိရာ ဂျိုကိုဝီ၏ အတွင်းလူများ၊ ပရာဘိုဝို၏ အတွင်းလူများနှင့် ဂျိုကိုဝီလက်ထက်က ခန့်အပ်တာဝန်ပေးခဲ့သော ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များဖြစ်သည်။ ထို့ပြင် မိတ်ဖက်ပါတီများမှ ခေါင်းဆောင်များကိုလည်း ဒုတိယဝန်ကြီးချုပ် အဆင့်သဘောမျိုးဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးများအဖြစ် ခန့်ထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် သမ္မတဟောင်း ယူဒိုယိုဒို (SBY) ၏ ဒီမိုကရက်ပါတီ (PD)မှ ပါတီခေါင်းဆောင် (SBY ၏ သား) အာဂုစ်ဟာရီ မူရ်တီ ယူနိုယိုဒို (AHY)အား အခြေခံအဆောက်အအုံနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဂိုလ်ကာပါတီခေါင်းဆောင် ဟာတာတိုအား စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အစ္စလမ္မစ်ဝါဒီ National Awakering Party ခေါင်းဆောင် မူဟိုင်းမင်းအစ္စကန်ဒါအား လူမှုအသိုက်အဝန်းအားမြှင့်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ဂျိုကိုဝီ၏ စီးပွားဖက်ဖြစ်သူ လူဟွတ်မှာ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပရာ ဘိုဝို၏ လူယုံဖြစ်သည့် ဆူဂျီယိုနိုမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှာမူ ဂျိုကိုဝီလက်ထက်က လူဟောင်းများ ဆက်လက်ပါဝင်လာ ကြသည်ကို တွေ့ရသည်။ ဤနည်းအားဖြင့် ပရာဘိုဝို၏ အစိုးရအဖွဲ့သစ်မှာ အားလုံးကျေနပ်အောင် အားလုံးပါဝင်နေရာရကြသည့် အင်အားကြီးမားသော အစိုးရအဖွဲ့တစ်ခုဖြစ်လာခဲ့သည်ကိုတွေ့ရ လေသည်။
ပရာဘိုဝို ရှေ့ဆက်သွားမည့် မူဝါဒနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေးတွင် အများကြိုက် မူဝါဒများဖြင့် လူထုထောက်ခံမှုကို ဆက်လက်ဆွဲဆောင် ထိန်းသိမ်းသွားရန် ရည်ရွယ်ထားဟန်ရှိသည်။ ဒေါ်လာဘီလီယံ ၃၀ ခန့်ကုန်ကျမည့် “ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် စာသင် ကျောင်းများ၌ အခမဲ့နေ့လယ်စာကျွေးရေး” အစီအစဉ်မှာ ထင်ရှားသောသာဓကဖြစ်၏။ ယင်းပမာဏမှာ အင်ဒိုနီးရှား အစိုးရ၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက်တစ်ခုလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။ စာသင်ကျောင်း အခမဲ့ နေ့လယ်စာ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားရေရိက္ခာဖူလုံရေး၊ အခြေခံပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး၊ လူမှုဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာတိုးမြှင့်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အိုးအိမ်အခြေခံ အဆောက်အအုံနှင့် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု၊ အခွန်အကောက်များ တိုးတက်ရရှိရေးစသည့် ကာလတိုအစီအစဉ်ရှစ်ရပ်နှင့် ရေရှည်ဦးစားပေး အစီအစဉ် ၁၇ မျိုးကိုလည်း ပရာဘိုဝိုအစိုးရက ချမှတ်ထားသည်။
စီးပွားရေးအပိုင်းတွင် လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းခန့်မှ ပရာဘိုဝို၏ ပထမအစိုးရသက်တမ်းအဆုံး လာမည့်ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထား သည်။ နှစ်စဉ် ဒေါ်လာဘီလီယံ ၂၀ ဖိုးခန့်ဒီဇယ်လောင်စာဆီ တင်သွင်းနေရမှုကိုလျှော့ချရန် ပြည်တွင်း ထွက်စားအုန်းဆီမှ ဇီဝလောင်စာဆီ တိုးမြှင့်ထုတ်လုပ်ရန်၊ ဟွန်ဒိုင်း၊ LG စသော ကုမ္ပဏီ များနှင့်ပူးပေါင်း၍ ပြည်တွင်း၌ လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်ရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်တွင်းဈေးကွက်၌ လိုအပ်သော ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားရန် စသည့် အချက်များပါဝင်သည်။
ကာကွယ်ရေးအပိုင်းတွင် အင်ဒိုနီးရှားတပ်မတော်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်မှန်း ထားသော်လည်း နိုင်ငံခြားရေးမူဝါဒတွင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမည်ဟုဆိုသဖြင့် မည်သည့်စစ်ရေးအုပ်စုဖွဲ့ မဟာမိတ်ပြုမှုများတွင်မျှ ပါဝင်ခြင်းမပြုဘဲ မဟာဗျူဟာ ချိန်ခွင်လျှာညီမျှစေရန် လိမ္မာပါးနပ်စွာ ထိန်းညှိသွားမည်ဟု မှန်းဆရပေသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံကြီး ဖြစ်သည့်အားလျော်စွာ အစ္စလမ္မစ်အဖွဲ့ချုပ်အတွင်း ဦးဆောင်နေရာတစ်ခုရရှိရေး ကြိုးပမ်းသွားဖွယ် ရှိပြီး ပါလက်စတိုင်းအရေးတွင် ဘာသာတူ ပါလက်စတိုင်းဘက်မှရပ်တည်ကာ ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပါဝင်ကြိုးပမ်းသွားမည်ဟု ယူဆရသည်။ အာဆီယံအဖွဲ့ အတွင်း၌ အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့်အတိုင်း ဦးဆောင်နေရာကို ဆက်လက်ထိန်းသိမ်းသွားမည့် သဘောရှိသော်လည်း အနောက်လိုလားသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို၏ ဖိအားပေး လှုပ်ရှားမှုပုံစံမျိုး ဆက်လက်ကျင့်သုံးဖွယ်မရှိဟု မှန်းဆရပေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာ
ပရာဘိုဝိုအစိုးရလက်ထက် အင်ဒိုနီးရှား နိုင်ငံ၏ရှေ့အလားအလာကို သုံးသပ်ရမည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော နယ်မြေပမာဏ၊ ကြီးမားသော လူဦးရေ၊ အရှေ့တောင်အာရှ ဒေသတွင်အကြီးမားဆုံးစီးပွားရေးပမာဏနှင့် မဟာဗျူဟာအချက်အချာကျသော တည်နေရာ တို့ကြောင့် ကမ္ဘာက အာရုံစိုက်အလေးထားနေရသည့် နိုင်ငံကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ ယခင်အစိုးရနှစ်ဆက် (SBY နှင့် ဂျိုကိုဝီ) လက်ထက် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့ ကြောင့် ယေဘုယျအားဖြင့် အလားအလာကောင်းလျက်ရှိပြီး ယင်းတိုးတက်မှု ဒီရေမြင့်သည်နှင့်အတူ အောင်မြင်စွာ လိုက်ပါဆောင်ရွက်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာနိုင်ပေသည်။
သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအနေအထားများအရ အင်ဒိုနီးရှားအတွက် သတိထားရမည့် အန္တရာယ်များလည်း ရှိနေပေသည်။ နိုင်ငံတကာတွင် ကမ္ဘာ့မဟာဗျူဟာ အားပြိုင်ပွဲက ပြင်းထန်တင်းမာလာလျက်ရှိရာ မဟာဗျူဟာအရ အရေးပါသော အင်ဒိုနီးရှားကို နှစ်ဖက်စလုံးက သူ့ဘက်ကိုယ့်ဘက်ပါအောင် လွန်ဆွဲကြမည့် အလားအလာရှိနေသည်။ အထူးသဖြင့် “ငါနှင့်မတူ ငါ့ရန်သူ” ဟု ရှုမြင်တတ်လေ့ ရှိသော မဟာအင်အားကြီးအုပ်စုက မျက်မာန်ရှခြင်း မခံရရေးနှင့် စီးပွားရေးအရ ပစ်ပယ်မရနိုင်သော အနီးကပ်အင်အားကြီးနှင့်လည်း သင့်မြတ်စွာ ဆက်ဆံနိုင်ရေးမှာ “နိုင်ငံခြားရေး သမ္မတ” ဟု ကင်ပွန်းတပ်ခံရဖွယ်ရှိသည့် ပရာဘိုဝိုအတွက် အရေးပါသော အရည်အချင်းစစ် စာမေးပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။
သမ္မတသစ် ပရာဘိုဝိုအနေဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့် သဘောရှိ
ပြည်တွင်းနိုင်ငံရေး၌မူ ဂျိုကိုဝီ၏ အားပေးထောက်ခံမှုဖြင့် သက်သောင့်သက်သာ သမ္မတဖြစ်ခဲ့ရပြီး ဂျိုကိုဝီ၏ ဝန်ကြီးဟောင်းများနှင့် မူဝါဒဟောင်းများကို ဆက်ခံထားကာ ဂျိုကိုဝီ၏သားကို ဒုတိယ သမ္မတအဖြစ် ထွေးပိုက်ထားရသော သမ္မတသစ်ပရာဘိုဝိုအနေဖြင့် မည်ရွေ့မည်မျှ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ချက်ဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့်သဘောရှိပါ၏။ ဂျိုကိုဝီသာမက အခြားသောပါတီအကြီးအကဲများစွာလည်း အနီနှင့်အဖြူအစိုးရအဖွဲ့အတွင်း ပါဝင် လျက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံရေးထုံးစံဓလေ့အရ (Consultation and Concensus) ညှိနှိုင်း ပေါင်းစပ်၍ အားလုံးသဘောတူမှု ရရှိရေးမှာများစွာခက်ခဲဖွယ်ရှိပါသည်။
ထို့ပြင် အင်ဒိုနီးရှား နိုင်ငံရေးအသိုက်အဝန်း၌ အမြစ်စွဲဖြစ်တည်နေကြသော နိုင်ငံခေါင်းဆောင် ဟောင်းများ၏ သားမြေးမိသားစုတို့က နန်းစဉ် နန်းဆက်နိုင်ငံရေးအမွေခံရန်နေရာယူထားမှု (ဥပမာ၊ SBY ၏သား ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးAHY၊ မီဂါဝတီ၏သမီး အောက်လွှတ်တော်ဥက္ကဋ္ဌပူအန်မဟာရာနီ)နှင့် နေရာယူရန် ကြိုးစားနေသည့် ဂျိုကိုဝီ၏ သားများအကြား နိုင်ငံရေးနန်းလုပွဲ ဖြစ်လာနိုင်သည့် အလားအလာနှင့် ထိုနိုင်ငံရေးမျိုးဆက်သစ်များအကြား စီးပွားရေးလောကသားများနှင့် ထွေးရောယှက်တင်ကာ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ ကြီးထွားလာသည့်ပြဿနာတို့မှာလည်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနှောင့်ယှက်လာနိုင်ဖွယ်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ။
Source- www.moi.gov.mm