ဝပြီး ဗိုက်စူသူများအတွက် သင်္ဘောသီးဓာတ်စာ

Posted_Date

Image

ဝပြီး ဗိုက်စူသူများအတွက် သင်္ဘောသီးဓာတ်စာ

Body

ဝလာသူများတွင်  ဝခြင်းအကြောင်းရင်းခံ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး ဝလာသူ၊ မျိုးရိုးအလိုက် ဝသူဖြစ်ပြီး  နောက်တစ်မျိုးမှာ အသက် ၄၀ ကျော်၊ ၅၀ အတွင်းမှ ဝလာသူ (လေဝဟုခေါ်သည်)များဖြစ်သည်။

မျိုးရိုးအလိုက် ဝသူ၊ အဆီတိုးပြီ ဝလာသူများမှာ ကိုလက်စထရောတက်သည်ဟုဆိုသော်လည်း ကောင်းသည့်ကိုလက်စထရော (HDL) များနေလျှင် ဝသော်လည်း ကျန်းမာနေမည်၊ စားနိုင်၊ သွားနိုင်၊အိပ်ပျော်၊ ဝမ်းမှန်ဖြစ်နေတတ်သည်။

အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေးချူချာတတ်သည်။မျက်နှာနှင့် လက်ချောင်းများတွင် မဝဘဲ ဗိုက်စူထွက်လာသဖြင့် ဝလို့၊ လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက်နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်က သိသိသာသာစူထွက်ပြီး ကြည့်မကောင်းဖြစ်တတ်သည်။ ဘီယာဗိုက်ဟု   ခေါ်ကြသည်။    စည်ဘီယာအသောက်များသူများတွင် ထိုသို့ဖြစ်တတ်သောကြောင့်ဖြစ်သည်။

အမှန်မှာ  ညနေစောင်းနှင့်  ညအချိန်မတော် စားရာမှ ဝမ်းဗိုက်နှင့်  အူမကြီးတွင် အစာများစုပုံကာ  အူမကြီးတွင် လေပွပြီး ဗိုက်စူထွက်လာခြင်းဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍သက်သာသွားတတ်သည်။

လေဝ  ဝသူများ၏  အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒံပေါက်၊အကြော်အလှော်၊ အကင်များစားသည့်နေ့တွင်   အစာမကြေဖြစ်ပြီး  ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။

ဝမ်းချုပ်သောအခါ ဗိုက်ကပို၍ စူလာပြီး အသက်ရှူမဝသောရောဂါဖြစ်တတ်သည်။

ဗိုက်စူ၊ဝမ်းချုပ်သူများအတွက်အကောင်းဆုံးဓာတ်စာမှာ သင်္ဘောသီးမှည့်ဖြစ်သည်။

ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့်တစ်ခြမ်းခန့်စားပေးခြင်းဖြင့်  ဝမ်းမှန်၊လေသက်ကာ ဝမ်းဗိုက်စူခြင်းကို သက်သာစေနိုင်သည်။ သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ ဝမ်းချုပ်ခြင်းနှင့်   စမြင်းခံခြင်းကို   သက်သာစေသဖြင့်      လိပ်ခေါင်းရှိသူများအတွက်ပါအဆင်ပြေစေနိုင်သည်။

အိန္ဒိယနိုင်ငံနှင့်  ပါကစ္စတန်နိုင်ငံတို့၌ သင်္ဘောပင်များကိုအမြောက်အမြား စိုက်ပျိုးပြီး ပင်စည်မှအစေးကို ရော်ဘာအစေးထုတ်သကဲ့သို့ထုတ်ယူကာ   အစာအိမ်ရောဂါပြင်းထန်သူများနှင့် အနာရှိသူများအတွက်  ဆေးဝါးသစ်တစ်မျိုး ထုတ်လုပ်နိုင်ရန် သုတေသနပြုနေသည်။

သင်္ဘောသီး၏အညှာမှ  အစေးသည်လည်း  ဆေးဖက်ဝင်သည်ဟု  ဆိုသည်။ အရေပြားအက်ကွဲသည့်  အနာနှင့်ရောင်ရမ်းသောနေရာများတွင် အစေးကို သုတ်လိမ်းပေးရမည်ဟုဆိုသည်။

သင်္ဘောရွက်နှင့် သင်္ဘောရိုးတံများကိုလည်း   ပြုတ်ပြီး   အရည်သောက်လျှင် ကင်ဆာရောဂါ    ပျောက်ကင်းသည်ဟု ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့၌သုတေသနပြုလျက်ရှိသည်။

သင်္ဘောသီးဝယ်လျှင်  ဆိုးဆေးဖြင့်မှည့်အောင်ပြုလုပ်ထားသောအသီးများကိုရှောင်ပါ။  ပင်မှည့်  သို့မဟုတ်  အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်မှစားလျှင် စိတ်အချရဆုံးဖြစ်သည်။

လေဝ  ဝပြီး   ဝမ်းချုပ်သူများသည်အနေတော်သင်္ဘောသီးမှည့်ကို ထက်ခြမ်းခြမ်းပြီး  အစေ့များဖယ်ရှားကာ အတွင်းမှ ဝင်းဝါသောအသားကို ဇွန်းဖြင့်ခြစ်စားခြင်းသာ အကောင်းဆုံးဖြစ်သည်။

အခွံသင်၊ ရေဆေးပြီး အတုံးငယ်များ ပြုလုပ်၍စားလျှင် ဆေးစွမ်းအာနိသင်ရှိသောအစေးများ   ရေနှင့်ပါသွားနိုင်ပါသည်။

ဝမ်းချုပ်သူများသည်   တစ်ခါတစ်ရံအပူအထက်သို့ကန်ပြီး ပါးစပ်နှင့်ပါးစောင်တွင်   အပူနာများ  ပေါက်လေ့ရှိသည်။   သွားဖုံးတွင်  အနာစက်များပေါက်ပြီး ရေစီးကမ်းပြိုဟုခေါ်သော အနာဖြစ်သူများပါ တွေ့ဖူးသည်။ ပါးစောင်နာနှင့် သွားဖုံးနာများအတွက် သင်္ဘောသီး မှည့်သည်     ဆေးဖက်ဝင်သည်။

ရှေးတိုင်းရင်းမြန်မာ ဆေးဆရာကြီးများက သင်္ဘောသီးသည် အလယ်တွင် အခေါင်းပွပါသောကြောင့်   အာကာသဓာတ်စာဟု ဆိုကြသည်။ အဆီပိတ်နေသူများနှင့်ဝမ်းချုပ်ဝမ်းပိတ်နေသူများသည် အာကာသပိတ်သူများဖြစ်သဖြင့်အာကာသဓာတ်စာကို စားရမည်ဖြစ်သည်။

သို့သော် သင်္ဘောသီးကို အစိမ်းသုပ်စား၊ အစိမ်းထောင်းစားလျှင် လေနာတတ်သည်ကို သတိပြုပါ။ အအေးစာဖြစ်သောကြောင့် အစားများလျှင် လေနာတတ်ခြင်းဖြစ်သည်။

သင်္ဘောသီးမှည့် စားသုံးခြင်းကြောင့် လေမနာတတ်ပါ။ ဝမ်းပျော့၊ လေသက်စေပါသည်။

သင်္ဘောသီးသည် ဝမ်းမှန်ပြီး အပူအပုပ်များကင်းစင်ကာ ဗိုက်စူထွက်ခြင်းကို သက်သာစေနိုင်သည်။ ဗီတာမင်ဓာတ် ကြွယ်ဝသဖြင့်အသားအရေကိုလည်း စိုပြည်လှပစေသည်။   ဝပြီးဗိုက်စူသူများစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်ပေသည်။    ။

ဒူးနာရောဂါအတွက် ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းကုသနည်း

ဒူးနာရောဂါမှာ    အခြေခံအားဖြင့်နှစ်မျိုးရှိသည်။ ဒဏ်ကြောင့်ဖြစ်သော ဒူးနာနှင့်  အသက်ကြီး၍ဖြစ်သော ဒူးနာတို့ဖြစ်သည်။ ဒဏ်ကြောင့်ဖြစ်သောဒူးနာမှာ     အားကစားသမားများနှင့်မတော်တဆထိခိုက်မိသူများတွင်    ဒူးနှင့်ခုံညင်းရိုးမှ အရွတ်အမြှေးများ စုတ်ပြဲသွားခြင်းကြောင့်ဖြစ်သည်။   ချက်ချင်းရောင်ကိုင်းလာတတ်သော ဒူးနာမျိုးဖြစ်သည်။ ဆေးပူလိမ်းခြင်း၊ ကျပ်ထုပ်ထိုးခြင်း စသည့်ကုထုံးများဖြင့် ရက်သတ္တနှစ်ပတ်ခန့်ကြာလျှင် ပြန်ကောင်းသွားတတ်ပါသည်။

အသက်ကြီး၍ဖြစ်သော ဒူးနာရောဂါမှာ အရိုး၊ အဆစ်တို့၏သဘာဝ အသက်ကြီးလျှင် ကျီးပေါင်းတက်သောကြောင့်ဖြစ်သည်။  သစ်ပင်များ  အပင်ကြီးလျှင်အပွေး၊  အခေါက်  ထူလာသကဲ့သို့ဖြစ်သည်။    ဒူးနှင့်    ခုံညင်းမှအမြှေးပါးတို့ပွတ်တိုက်ဖန်များလာသောအခါ  ဒူးဆစ်နာလာတတ်သည်။လမ်းလျှောက်နည်းသူ၊   အထိုင်များသူများတွင်  ဒူးအတွင်းမှ သဘာဝအတိုင်းထွက်သော    ချောဆီခန်းခြောက်လာသဖြင့်    အဆစ်ကျပ်ပြီးအကွေးနှင့်အဆန့်တွင် အသံမြည်သည်အထိ ဖြစ်လာတတ်သည်။ ထို့ကြောင့် အရိုးအဆစ်ကုဆရာဝန်ကြီးများက အသက်ကြီးသူများကို ဒူးအတွင်းသို့ ပြင်ပမှ လူ၏ဒူးအတွင်းချောဆီနှင့်တူသော   ချောဆီအတုကို  ထိုးထည့်ပေးတတ်သည်။ ထိုသို့ထိုးခြင်းသည် မကြာခဏထိုးလျှင် မကောင်းပေ။ နောက်ဆက်တွဲဆိုးကျိုးများရှိသည်ဟုဆိုသည်။

ဒူးနှင့် ခုံညင်းဆစ်ကျီးပေါင်းတက်၊ အဆစ်ကျပ်သဖြင့် အရွတ်နှင့်အကြောကို ညပ်မိသော  ဒူးနာမှာ  ရေအိတ်ကြီးသဖွယ်ဖောင်းပြီး  ရောင်လာလျှင်  ဒူးကြီးရောဂါဟုခေါ်သည်။  ခွဲစိတ်ပြီး အတွင်းမှ  ရေကို   ဖောက်ထုတ်ပေးရတတ်သည်။ ခွဲစိတ်ခြင်းသည်လည်း နောက်ဆက်တွဲအန္တရာယ်ရှိသော ကုထုံးဖြစ်သဖြင့်  ဒူးခွဲရမည်ဆိုလျှင် လူကြီးအတော်များများက လက်မခံကြပေ။

ဒူးအတွင်းမှခုံညင်းဆစ်ကျီးပေါင်းတက်သူများနှင့်   အောက်ခံ   ဒူးခွက် အမြှေးရောင်သူများသည် လှေကားထစ်များလျှင် အဆင်းအတက်မပြုလုပ်နိုင်ကြပေ။  လှေကားအတက်ထက်  လှေကားအဆင်းတွင် ဒူးပိုနာလေ့ရှိသည်။ အဆင်းတွင်ထိန်းရသော     ဒူးအရွတ်ကြောများ အားနည်းခြင်း၊    ဒူးအတွင်းမှ   ခြင်ဆီ၊ချောဆီအားနည်းခြင်းတို့ကြောင့် မခံမရပ်နိုင်အောင်နာကျင်လေ့ရှိသည်။အခန့်မသင့်လျှင်   လူကြီးများ လှေကားအဆင်းတွင် ဒူးမခိုင်၍ ချော်ကျလေ့ရှိသည်ကို သတိပြုကြရန်လိုသည်။

ဒူးနာကို  မကုသဘဲ  ရေရှည်မွေးထားသောကြောင့် ချော်လဲလျှင် လူကြီးများတွင် ဆုံထိပ်ရိုးကျိုးလေ့ရှိသည်။ ထိုအခါ ဆုံထိပ်ရိုးအစားထိုးခြင်း၊   ခွဲစိတ်ရခြင်း၊ခွဲစိတ်ပြီး   အသားမကျမီ   သုံးလခန့် လမ်းမလျှောက်ရခြင်းတို့ကြောင့် အိပ်ရာနာဖြစ်ကာ   နောက်ဆက်တွဲအဆုတ်ပွသည့်ရောဂါပါ ဝင်ရောက်လာတတ်သည်။ ဒူးနာလျှင်  အချိန်မဆွဲဘဲ  ပျောက်ကင်းအောင်ကုသရန်လိုသည်။

ဒူးနာ၊  ဒူးဆစ်ကျပ်၊ ဒူးကျီးပေါင်း၊ ဒူးအတွင်း ချောဆီအားနည်းသူများအတွက် လက်တွေ့ကုသပျောက်ကင်းဖူးသော မြန်မာ့ရိုးရာဆေးမြီးတို ကုသနည်းတစ်နည်းမှာ ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းခြင်းပင်ဖြစ်သည်။ဆေးစည်းနည်းမှာ ချဉ်ပေါင်ရိုးနီ၊ ရွက်နီ (ဘိလပ်ချဉ်ပေါင်) အရွက်လက်နှစ်ဆုပ်ခန့်ကိုယူပါ။ ခွက်တစ်ခုတွင် ရေနွေးအဖြူပူပူလောင်းထည့်ပြီး ၁၀  မိနစ်ခန့်စိမ်ထားပြီးနောက် ဆယ်ယူပါ။ ရေမကျန်အောင်ဆန်ခါဖြင့်စစ်ပါ။   ထို့နောက်   ငရုတ်ဆုံတွင်ထည့်ပြီး   ညက်အောင်ထောင်းပါ။ထိုချဉ်ပေါင်ရွက်ထောင်းကို    နာသည့်ဒူးပေါ်တွင်အုံပြီး ပိတ်စ သို့မဟုတ် ဝါဂွမ်းအုပ်ပြီးနောက် ပတ်တီးဖြင့် လေလုံအောင်စည်းထားပါ။ နှစ်နာရီ၊  သုံးနာရီခန့်စည်းပြီးလျှင် ပတ်တီးပြန်ဖြေနိုင်သည်။ ဤအတိုင်း၁ဝ ရက်ခန့်စည်းပေးလျှင် ဒူးနာသက်သာသည့်အပြင် ဒူးအတွင်းမှ ချောဆီပြန်ထွက်လာသဖြင့်  အကွေးနှင့်အဆန့်တွင် အသံမြည်ခြင်း၊  အဆစ်ကျပ်ခြင်းပါသက်သာနိုင်သည်။

တိုင်းရင်းဆေးဖြင့်   စည်းလိုသူများအနေဖြင့် ဆေးအမှတ် (၄၇) ဟုခေါ်သောခုနစ်ပါးဆေးဝါလေးအမှုန့်ကို    ပရဆေးဆိုင်မှဝယ်ယူကာ   ချဉ်ပေါင်ရွက်ပြုတ်ထောင်းပြီး ရောမွှေစည်းပေးလျှင် ပို၍ အရောင်ကျမြန်ပါသည်။    ထိုဆေးမှုန့်ဝယ်မရလျှင်   နနွင်းမှုန့်ဖြင့်  ရောစည်းလျှင်လည်းသက်သာ ပျောက်ကင်းစေနိုင်ပါသည်။    ။

Source: https://myawady.net.mm/stories